Saturday, June 30, 2012
Electronic Transaction Law (Episode II)
အခန်း (၂)
ရည်ရွယ်ချက်များ
၃။ ဤဥပဒေ၏ ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။
(က) ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော် တည်ဆောက်ရာတွင် အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေး နည်းပညာဖြင့် အထောက်အကူပြုနိုင်ရန်၊
(ခ) အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး နည်းပညာဖြင့် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ စီးပွားေး ကဏ္ဍဖွံ့ဖြိုး တိုးတက်ရေး၊ လူမှုရေးနှင့် ပညာရေးကဏ္ဍ အပါအ၀င်ကဏ္ဍပေါင်းစုံ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အခွင့်အလမ်းများ ပိုမိုရရှိလာစေရန်၊
(ဂ) ကွန်ပျူတာကွန်ရက်ကို အသုံးပြု၍ ပြည်တွင်းပြည်ပ ဆက်သွယ်ဆာင်ရွက်သည့် ကိစ္စများတွင် အီလက်ထရောနစ် မှတ်တမ်းနှင့် အီလက်ထရောနစ်အချက်အလက်သတင်းလွှာများ၏စစ်မှန်မှုနှင့် ယုံကြည်စိတ်ချရမှုကို အသိအမှတ်ပြုပြီး ဥပဒေအရ အကာအကွယ် ပေးနိုင်ရန်၊
(ဃ) အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး နည်းပညာကိုအသုံးပြု၍ ပြည်တွင်း ပြည်ပအချက်အလက်များကို အချိန်နှင့်တစ်ပြေး ညီ ထုတ်လွှင့်ပေးပို့ခြင်း၊ လက်ခံဖမ်းယူခြင်းနှင့် သိုမှီးထိန်းသိမ်းခြင်းတို့ပြုလုပ်နိုင်ရန်၊
(င) ကွန်ပျူတာ ကန်ွရက်ကို အသုံးပြု၍ အပြည်ပြည်ဆိုင်ရာ အဖွဲ့ အစည်းများ၊ ဒေသဆိုင်ရာအဖွဲ့ အစည်းများ၊ ပြည်ပနိုင်ငံများ၊ ပြည်တွင်း ပြည်ပ အစိုးရဌာန၊ အဖွဲ့ အစည်းများ၊ ပုဂ္ဂလိကအဖွဲ့ အစည်းများနှင့် ပုဂ္ဂိုလ်များ ထိရောက်လျင်မြန်စွာ ဆက်သွယ်ပူးပေါင်း ဆောင်ရွက်နိုင်ရန်၊
အခန်း (၃)
သက်ဆိုင်ခြင်း
၎။ (က) ဤဥပဒေပါ ပြဋ္ဌာန်းချက်များသည် ပြည်တွင်း ပြည်ပဆက်ဆံမှု၊ လုပ်ငန်းဆက်စပ်ဆောင်ရွက်မှု၊ စီစဉ်မှု၊ သဘောတူညီမှု ၊ ပဋိညာဉ်ချုပ်ဆိုမှု၊ သတင်းအချက်အလက်ဖလှယ်မှုနှင့် သိုမှီးထိန်းသိမ်းမှုများ အပါအ၀င် စီးပွားရေးသက်ဆိုင်သောကိစ္စရပ်များတွင်ဖြစ်စေ၊ စီးပွားရေးနှင့်သက်ဆိုင်ခြင်းမရှိသော ကိစ္စရပ်တွင်ဖြစ်စေ အသုံးပြုသည့် အီလက်ထရောနစ်မှတ်တမ်းနှင့် အီလက်ထရောနစ် အချက် အလက်သတင်းလွှာအမျိုးအစား တစ်မျိုးမျိုးနှင့်သက်ဆိုင်စေရမည်။
(ခ) မည်သူမဆို ဤဥပဒေအရ အရေးယူနိုင်သော ပြစ်မှုတစ်ရပ်ရပ်ကို ပြည်တွင်းတွင်ကျူးလွန်လျှင်ဖြစ်စေ၊ ပြည်တွင်းမှ ပြည်ပသို့ လည်းကောင်း၊ ပြည်ပမှ ပြည်တွင်းသို့လည်းကောင်း အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေး နည်းပညာကို အသုံးပြု၍ ကျူးလွန် လျှင်ဖြစ်စေ ဤဥပေဒနှင့် သက်ဆိုင်စေရမည်။
၅။ ဤဥပဒေပါ ပြဋ္ဌာန်းချက်များသည် အောက်ပါတို့နှင့် သက်ဆိုင်ခြင်းမရှိစေရ
(က) အမွေဆက်ခံခြင်း အက်ဥပဒေ ပုဒ်မ ၂၊ ပုဒ်မခွဲ (ဇ)တွင် အဓိပ္ပါယ်ဖွင့်ဆိုထားသောသေတမ်းစာ၊
(ခ) လွှဲပြောင်းနိုင်သော စာချုပ်စာတမ်းများ အက်ဥပဒေပုဒ်မ ၁၃ တွင် အဓိပ္ပါယ်ဖွင့်ဆိုထားသောလွှဲပြောင်းနိုင်သောစာချုပ်စာတမ်း၊
(ဂ) ယုံကြည်အပ်နှံမှု အက်ဥပဒေ ပုဒ်မ ၃ တွင် အဓိပ္ပါယ် ဖွင့်ဆိုထားသော ယုံကြည်အပ်နှံမှု၊
(ဃ) ကိုယ်စားလှယ်လွှဲပြောင်းခြင်း အက်ဥပဒေအရ ပေးအပ်သော ကိုယ်စားလှယ်စာ၊
(င)ပိုင်ဆိုင်ခွင့်ဆိုင်ရာစာတမ်းအမှတ်အသားများ၊
(စ) တည်ဆဲဥပဒေ တစ်ရပ်ရပ်တွင် မှတ်ပုံတင်ရမည်ဟု ပြဋ္ဌာန်းထားသည့် စာချုပ်စာတမ်းများ၊
(ဆ) ၀န်ကြီးဌာနက အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် အမိန့်ကြော်ငြာစာထုတ်ပြန်၍ ကင်းလွတ်ခွင့်ပြုသော ကိစ္စများ။
Note: အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေ အခန်းစုစုပေါင်း (၁၃)ခန်းရှိသည်ကို ဆက်လက်ဝေငှပါမည်။
Friday, June 29, 2012
တိတိကျကျသေသေချာချာပွင့်တော်မူခြင်း
ကျွန်တော်စာအုပ်လေးတွေလျှောက်ဖတ်ကြည့်မိတော့ မိမိကိုးကွယ်ရာ မြတ်စွာဘုရားသခင်ရဲ့ ပွင့်တော်မူရာကာလကိုသိချင်မိတယ်။ ပြီးတော့ သစ္စာတရားကို ရှာဖွေတယ်ဆိုပြန်တော့ ဘာလဲသစ္စာတရားဆိုတာသိချင်ပြန်တယ်။ နောက် ဗုဒ္ဓသာသနာရဲ့ အနှစ်ချုပ်က ဘာတဲ့လဲ...အင်း ကျွန်တော်ဖတ်မိသမျှလေးပြန်ဝေမျှလိုက်ပါတယ်။
တိတိကျကျသေသေချာချာပွင့်တော်မူခြင်း
(၁) ပါရမီဖြည့်တာ တိကျသေချာ
(၂) မွေးဖွား နှစ်၊လ၊ရက် (မဟာသက္ကရာဇ် -၆၈၊ကဆုန်လပြည့်၊ သောကြာနေ့)
(၃) မိဘနှစ်ပါး (သုဒ္ဓေါဒနမင်းကြီး နှင့် မယ်တော် မာယာဒေ၀ီ)
(၄) မွေးဖွားနေရာ (အိန္ဒိယ နှင့် နီပေါနယ်စပ်အနီး၊ နီပေါနိုင်ငံပိုင် လုမ္ဗနီ ဥယျာဉ်)
(၅) လူသားအစစ်ဖြစ်ခြင်း
(၆) မွေးမွေးခြင်းဘုရားမဖြစ်၊ ကျင့်ပြီးမှဖြစ် (ကျင့်စဉ်အားလုံးတိကျသေချာပြထားသည်။)
(၇) ဘုရားဖြစ်သောရက် တိကျသေချာ (မဟာသက္ကရာဇ် - ၁၀၃၊ ကဆုန်လပြည့်၊ ဗုဒ္ဓဟူးနေ့)
သစ္စာတရား (Universal Truth)
(က) Person ပုဂ္ဂိုလ်မရွေး
(ခ) Place နေရာမရွေး
(ဂ) Time အချိန်မရွေး မှန်ကန်မှသာ သစ္စာတရားဖြစ်သည်။
ဗုဒ္ဓသာသနာအနှစ်ချုပ်
သစ္စာလေးပါးသည် အနှစ်ချုပ်ဖြစ်သည်။
(က) သိ = ဒုက္ခသစ္စာ (ဖောက်ပြန်၊နှိပ်စက်၊ လိုတာမရ၊ ရတာ မလိုလို့ဆင်းရဲခြင်း)
(ခ) ပယ် = သမုဒယသစ္စာ (ဒုက္ခဖြစ်ပေါ်စေသောအကြောင်းတရား-လောဘ)
(ဂ) ဆိုက် = နိရောဓသစ္စာ (ဒုက္ခသမုဒယချုပ်ငြိမ်းခြင်း-နိဗ္ဗာန်)
(ဃ) ပွား= မဂ္ဂသစ္စာ (နိရောဓသို့ဆိုက်ရန် ပွားသော မဂ္ဂင်ရှစ်ပါးအကျင့်)
စာကြွင်း။  ။ ဗုဒ္ဓဘာသာနှင့်ပတ်သက်သော သိမှတ်ဖွယ် အခြေခံအကြောင်းအရာလေးများအားဆက်လက်ဝေငှပါမည်။
Thursday, June 28, 2012
Electronic Transaction Law (Episode I)
ပြည်ထောင်စုမြန်မာနိုင်ငံတော်
နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ
အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေ
(နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥပဒေအမှတ် ၅ ။ ၂၀၀၄)
၁၃၆၆ ခုနှစ်၊ ကဆုန်လဆန်း ၁၂ ရက်
(၂၀၀၄ ခုနှစ် ၊ ဧပြီလ ၃၀ ရက်)
နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီသည် အောက်ပါဥပဒေကိုပြဋ္ဌာန်းလိုက်သည်။
(အခန်း ၁)
အမည်နှင့် အဓိပ္ပာယ်ဖော်ပြချက်
၁။ ဤဥပဒေကို အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေဟု ခေါ်တွင်စေရမည်။
၂။ ဤဥပဒေတွင် ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ်သက်ရောက်စေရမည်။
(က) သတင်းအချက်အလက် (Information) ဆိုရာတွင် အချက်အလက် (Data)၊ မူရင်းစာ (Text) ၊ ပုံရိပ်သဏ္ဍာန် (Image) ၊ အသံ၊ သင်္ကေတ (Code) ၊ ကွန်ပျူတာ ပရိုဂရမ်၊ ဆော့ဖ်ဝဲ(Software) နှင့် အချက်အလက် အစုအဝေး (Data base) တို့ပါဝင်သည်။
(ခ) အီလက်ထရောနစ် မှတ်တမ်း (Electronic record) ဆိုသည်မှာ သတင်းအချက်အလက်စနစ်တစ်ခုတွင်သော်လည်းကောင်း၊ သတင်း အချက်အလက်စနစ်တစ်ခုမှ အခြားစနစ်တစ်ခုသို့ပေးပို့ရေးအတွက်သော်လည်းကောင်း၊ အီလက်ထရောနစ် နည်းဖြင့်ဖြစ်စေ၊ သံလိုက် ဓာတ်ဖြင့်ဖြစ်စေ၊ အလင်းတန်းဖြတ်သန်းခြင်း နည်း (Optical Means) ဖြင့်ဖြစ်စေ၊ အလားတူအခြားနည်းပညာ တစ်ရပ်ရပ် ဖြင့်ဖြစ်စေ၊ သတင်းအချက်အလက်တစ်ခုခုကို ဖြစ်ပေါ်စေသော၊ပေးပို့သော၊ လက်ခံရယူသော (သို့) သိုမှီးထိန်းသိမ်းသော အထောက် အထား မှတ်တမ်းကိုဆိုသည်။
(ဂ) အီလက်ထရောနစ် အချက်အလက် သတင်းလွှာ (Electronic Data message) ဆိုသည်မှာ အီလက်ထရောနစ်အချက်အလက် အပြန်အလှန် ပို့ဆောင်သည့် အီးဒီအိုင်စနစ်(Electronic data interchange) ဖက်စ်၊ အီးမေးလ်၊ ကြေးနန်း၊ တဲလက်စ်နှင့် တယ်လီ ကော်ပီတို့အပါအ၀င် အီလက်ထရောနစ်နည်းဖြင့်ဖြစ်စေ၊ အလင်းတန်းဖြတ်သန်းခြင်း နည်းဖြင့်ဖြစ်စေ၊အလားတူအခြားနည်းပညာ တစ်ရပ်ရပ်ဖြင့်ဖြစ်စေ ဖြစ်ပေါ်စေသော ၊ ပေးပို့သော၊ လက်ခံရယူသော (သို့) သိုမှီးထိန်းသိမ်းသော သတင်းအချက်အလက်ကို ဆိုသည်။
(ဃ) ကွန်ပျူတာ ဆိုသည်မှာ သတင်းအချက်အလက်နှင့် မှတ်တမ်းများရယူခြင်း၊ ထားရှိခြင်း၊တစ်နေရာမှ တစ်နေရာသို့ ပေးပို့ခြင်း၊ သိုမှီး ထိန်းသိမ်းခြင်း၊ လုပ်ငန်းစဉ်အလိုက် ဆောင်ရွက်ခြင်း နှင့် လိုအပ်သော အချိန်၌ ပြည်လည်ဖော်ထုတ်၍ အသုံးပြုခြင်းတို့ကို လည်းကောင်း၊ သင်္ချာဆိုင်ရာနှင့် ယုတ္တိဗေဒဆိုင်ရာ နည်းလမ်းများ အသုံးပြုဆောင်ရွက်ခြင်းကိုလည်းကောင်း၊အီလက်ထရောနစ် နည်းဖြင့်ဖြစ်စေ၊ သံလိုက်ဓာတ်ဖြင့်ဖြစ်စေ၊ အလားတူ အခြားနည်းပညာတစ်ရပ်ရပ်ဖြင့် ဖြစ်စေ ဆောင်ရွက်နိုင်သည့် ပစ္စည်းကိရိယာကို ဆိုသည်။
(င) ကွန်ပျူတာကွန်ရက် (Computer network) ဆိုသည်မှာ ဂြိုဟ်တုမှ တစ်ဆင့်ဖြစ်စေ၊အခြားနည်းပညာတစ်ရပ်ရပ်မှတစ်ဆင့်ဖြစ်စေ ကွန်ပျူတာအချင်းချင်းချိတ်ဆက်အသုံးပြုသောကွန်ယက်စနစ်ကို ဆိုသည်။
(စ) အီလက်ထရောနစ် ထိုးမြဲလက်မှတ် (Electronic signature) ဆိုသည်မှာ အီလက်ထရောနစ်မှတ်တမ်း၏ ပင်ရင်းစစ်မှန်ကြောင်းနှင့် ပြင်ဆင်မှု (သို့) အစားထိုးမှုမရှိကြောင်းတို့ကိုအတည်ပြုရန် အီလက်ထရောနစ် နည်းပညာဖြင့်ဖြစ်စေ ၊အလားတူအခြားနည်းပညာတစ်ရပ်
ရပ်ဖြင့်ဖြစ်စေ ကိုယ်တိုင် (သို့) ကိုယ်စားစီစဉ်ထားသည့် သင်္ကေတ (သို့) အမှတ်အသားကိုဆိုသည်။
(ဆ) သက်သေခံလက်မှဃတ် ထုတ်ပေးပိုင်ခွင့်ရှိသူ (Certification authority) ဆိုသည်မှာ အီလက်ထရောနစ် ထိုးမြဲလက်မှတ်နှင့် စပ်လျဉ်း၍ ၀န်ဆောင်မှု လုပ်ငန်းဆောင်ရွက်နိုင်ရန်ကြီးကြပ်မှုအဖွဲ့က ဤဥပဒေအရ ထုတ်ပေးသည့်လိုင်စင်ကို ရရှိသောပုဂ္ဂိုလ် (သို့) အဖွဲ့အစည်းကို ဆိုသည်။
(ဇ) သက်သေခံလက်မှတ် (Certificate) ဆိုသည်မှာ လက်မှတ်ရေးထိုးသူနှင့် ထိုးမြဲလက်မှတ်ဖန်တီးသော အချက်အလက်တို့၏ ဆက်နွယ်မှုကို သေချာစေသည့် အီလက်ထရောနစ်အချက်အလက်သတင်းလွှာ (သို့) အခြားမှတ်တမ်းအဖြစ် သက်သေခံလက်မှတ် ထုတ်ပေးပိုင်ခွင့်ရှိသူက ငှားရမ်းသုံးစွဲသူ (Subscriber) အား ထုတ်ပေးသည့်လက်မှတ်ကို ဆိုသည်။
(ဈ) မူလဆောင်ရွက်ပေးပို့သူ (Originator) ဆိုသည်မှာ အီလက်ထရောနစ်မှတ်တမ်း (သို့)အီလက်ထရောနစ် အချက်အလက် သတင်းလွှာကို ဖန်တီးရန်ဖြစ်စေ၊ စတင်ဆောင်ရွက်ရန်ဖြစ်စေ၊ ပေးပို့ရန်ဖြစ်စေ၊ ဆောင်ရွက်သူ (သို့) ထိုသူ၏ ကိုယစားလှယ်ကို ဆိုသည်။ ယင်းစကားရပ်တွင် အီလက်ထရောနစ်မှတ်တမ်း (သို့) အီလက်ထရောနစ် အချက်အလက်သတင်းလွှာနှင့် စပ်လျဉ်း၍ အခြားသူတစ်ဦးတစ်ယောက်အတွက် ဆောင်ရွက်ပေးသည့် ကြားခံဆောင်ရွက်သူမပါဝင်။
(ည) လက်ခံသူ (Addressee) ဆိုသည်မှာ မူလဆောင်ရွက်ပေးပို့သူက ပေးပို့သည့် အီလက်ထရောနစ်မှတ်တမ်း (သို့) အီလက် ထရောနစ်အချက်အလက်သတင်းလွှာကို လက်ခံရရှိစေရန်ရည်ရွယ်သည့် ပုဂ္ဂိုလ်ကိုဆိုသည်။ ယင်းစကားရပ်တွင် အီလက်ထရောနစ် မှတ်တမ်း (သို့) အီလက်ထရောနစ် အချက်အလက်သတင်းလွှာနှင့်စပ်လျဉ်း၍ အခြားသူ တစ်ဦးတစ်ယောက်အတွက် ဆောင်ရွက်ပေး သည့် ကြားခံဆောင်ရွက်သူ မပါဝင်။
(ဋ) ငှားရမ်းသုံးစွဲသူ ဆိုသည်မှာ သက်သေခံလက်မှတ်တွင် နည်းပညာတစ်ရပ်ရပ်အရ အမည်ဖော်ပြထားသော အီလက်ထရောနစ် ထိုးမြဲလက်မှတ် ရေးထိုးသူ အမှန်ဖြစ်ကြောင်း သတ်မှတ်ခြင်းခံရသည့် ပုဂ္ဂိုလ်ကိုဆိုသည်။
(ဌ) ဗဟိုအဖွဲ့ ဆိုသည်မှာ ဤဥပဒေအရ ဖွဲ့စည်းသော အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဗဟိုအဖွဲ့ကို ဆိုသည်။
(ဍ) ၀န်ကြီးဌာန ဆိုသည်မှာ ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနကို ဆိုသည်။
(ဎ) ကြီးကြပ်မှုအဖွဲ့ ဆိုသည်မှာ ဤဥပဒေအရ ဖွဲ့စည်းသော အီလက်ထရောနစ် ဆက်သွယ်ရေး ကြီးကြပ်မှုအဖွဲ့ကို ဆိုသည်။
Note: အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေ အခန်းစုစုပေါင်း (၁၃)ခန်းရှိသည်ကို ဆက်လက်ဝေငှပါမည်။
သတင်းလေးနှစ်ခု...
ဦးကျော်လှအောင်နှင့် ပတ်သက်၍ နယ်စည်းမထား ဆရာဝန်များ အဖွဲ့ရှင်းလင်း
ရန်ကုန်၊ ဇွန်-၁၈ နယ်စည်းမထားဆရာဝန်များအဖွဲ့ (MEDECINS SANS FRONTIERES
-HOLLAND (AZG)) မှ ၀န်ထမ်းတစ်ဦးဖြစ်သူ ဦးကျော်လှအောင်သည်ရခိုင်ပြည်နယ်အတွင်း၌ အကြမ်းဖက်အဖွဲ့များနှင့် ဆက်သွယ်မှုရှိသည်ဟူသောသတင်းများနှင့်ပတ်သက်၍ AZG မှ ရှင်းလင်းပွဲတစ်ရပ် ဇွန် ၁၇ ရက်
ယနေ့တွင်ပြုလုပ်ခဲ့သည်။ သက်ဆိုင်ရာမှ AZG ရှိ ရုံးခန်းများနှင့်ဂိုဒေါင်များအားကောင်းမွန်စွာဝင်ရောက်ရှာဖွေခြင်း ပြုလုပ်ခဲ့ပြီးဖြစ်ပြီးမသင်္ကာဖွယ်ရာ တစ်စုံတစ်ရာတွေ့ရှိခဲ့ခြင်းမရှိခဲ့ကြောင်း AZG မှဒုတိယဌာနေကိုယ်စားလှယ် Ms. Vickie Hawkins က ရှင်းလင်းပွဲတွင်ပြောသည်။ AZG မှဝန်ထမ်းများသည် မိမိတို့ စီမံကိန်းများ လုပ်ကိုင်လျက်ရှိရာ နိုင်ငံများ၏
ဥပဒေများအား လိုက်နာဆောင်ရွက်ရပြီး AZG မှလည်း လိုက်နာရမည့်စည်းကမ်းချက်များအား လက်မှတ်ရေးထိုး ထားစေကြောင်းသိရသည်။ အကယ်၍ဖောက်ဖျက်ခဲ့ပါက စည်းမျဉ်းအတိုင်း အရေးယူမည်သာ ဖြစ်ကြောင်း ၎င်းကဆိုသည်။
လက်ရှိတွင် ဦးကျော်လှအောင်ကိစ္စနှင့်ပတ်သက်၍ သက်ဆိုင်ရာမှခေါ်ယူစစ်ဆေးသည်မှာမှန်သော်လည်း အကြမ်းဖက်အဖွဲ့အစည်းနှင့် ဆက်သွယ်မှုရှိသည်မရှိသည်ကို အတည်ပြုပြောကြားခြင်းမရှိသေးကြောင်း သတင်းရရှိသည်။
ဦးကျော်လှအောင်သည် AZG ၏ စီမံရေးရာဌာနတွင် အလုပ်လုပ်လျက်ရှိသောဝန်ထမ်းတစ်ဦးဖြစ်ပြီး မြန်မာနိုင်ငံတွင်နေထိုင်သည့်မွတ်စလင်လူမျိုးတစ်ဦးဖြစ်ကာ AZG တွင် တာဝန်ထမ်းဆောင်ခဲ့သည်မှာ ၁၀ နှစ်ခန့်
ရှိပြီဖြစ်ကြောင်း AZG မှ အတည်ပြုပြောကြားသည်။
အာရှမှာ မူးယစ်ဆေး ထုတ်လုပ် သုံးစွဲမှု ပြန်မြင့်တက်
ATS လို့ ခေါ်တဲ့ amphetamine အမျိုးအစား စိတ်ကြွဆေးပြား မှောင်ခိုရောင်းဝယ်မှုနဲ့ သုံးစွဲမှုတိုးပွားလာတာ၊ တရားမ၀င် တားမြစ်ထားတဲ့ ဆေးဝါးထုတ်လုပ်မှုနဲ့ သုံးစွဲသူတွေများပြားလာတာဟာ အာရှဒေသအတွက် ကြီးမားလာတဲ့ ပြဿနာဖြစ်တယ်လို့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့က ပြောပါတယ်။
အထူးသဖြင့် တရုတ်နဲ့အရှေ့တောင် အာရှနိုင်ငံတွေမှာ ဒါတွေက ခေတ်စားနေတယ်လို့ UNODC က အင်္ဂါနေ့မှာ ထုတ်ပြန်တဲ့ ကမ္ဘာလုံးဆိုင်ရာ မူးယစ်ဆေးဝါး အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ တကမ္ဘာလုံးမှာ ဘိန်းထုတ်လုပ်မှု တိုးမြင့်မလာအောင် ထိန်းထားနိုင်ပေမယ့် အာရှဒေသမှာတော့ ဘိန်းထုတ်လုပ်မှု မြင့်မား လာနေတယ်လို့ အဲ့ဒီ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ဟောင်ကောင် အပါအ၀င် တရုတ်၊ မလေးရှားနဲ့ ဗီယက်နမ်တို့မှာ ဓာတုဗေဒနဲ့ ထုတ်ဖော်ထားတဲ့ ဆေးဝါးတွေ ကပ်တမင်းလို ဆရာဝန်ညွန်ကြားချက်နဲ့ ၀ယ်ယူရတဲ့ ဆေးဝါးသုံးစွဲမှုလည်း များလာတယ်လို့ အစီရင်ခံစာမှာ ပါပါတယ်။ ဘရူနိုင်း ဂျပန် ဖိလစ်ပိုင်နဲ့ တောင်ကိုရီးယားနိုင်ငံတွေမှာ မက်သာဖက်တမင်းဆေးသုံးစွဲမှု များပြား တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ဘူတန်နဲ့ သီရိလင်္ကာ နိုင်ငံတွေမှာတော့ ဆေးခြောက် သုံးစွဲမှုနဲ့ ATS ဆေးပြားသုံးစွဲမှု များပြားလာသလို ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာလည်း မြို့ပြဒေသတွေမှာ များပြားလာနေတာပါ။ ဒါ့အပြင် မူးယစ်ဆေး ထိုးသွင်း သူ ဒေသထဲမှာ များလာတာမို့ AIDS ရောဂါဖြစ်ပွားနိုင်တဲ့ HIV ဗိုင်းရပ်စ်ပိုး ကူးစက်နိုင်တဲ့ အန္တရာယ်လည်း ပိုကြီးမားလာနိုင်ပါတယ်။
ဗီအိုအေအာရှမှာ မူးယစ်ဆေးထုတ်လုပ်သုံးစွဲမှု ပြန်မြင့်တက် 
Wednesday, June 27, 2012
အမျိုးသမီးအင်္ဂါ ရောင်ရောင်ခြင်း
အမျိုးသမီး အင်္ဂါရောင်တာကို တိတိကျကျပြောရရင် Vulvovaginitis (ဗဂျိုင်းနား + မိန်းမကိုယ်) ရောင်ခြင်း ဖြစ်တယ်။
သိသာတဲ့ ရောဂါလက္ခဏာတွေကတော့ -
1. Vulvar itching မိန်းမကိုယ်ယားယံခြင်း၊
2. Vaginal discharge ဗဂျိုင်းနားက တခုခုဆင်းခြင်း နဲ့
3. Vaginal odor ဗဂျိုင်းနားက အနံ့ထွက်ခြင်းတွေဖြစ်တယ်။
Acute vulvovaginitis ရုတ်တရက်-ရက်တို မိန်းမကိုယ် နဲ့ ဗဂျိုင်းနား ရောင်ခြင်းကို ဖြစ်စေတာတွေကတော့ -
- Infections ရောဂါပိုးဝင်တာ၊
- Irritant or allergic contact အသင့်တာ၊ မတည့်တာနဲ့ ထိတွေ့မိတာ နဲ့
- Atrophic vaginitis အသက်ကြီးလာလို့ ဖြစ်ရတဲ့ မွေးလမ်းကြောင်း ပါးလာတဲ့ ဇရာဖြစ်စဉ်တွေ ဖြစ်တယ်။
Infections ရောဂါပိုးဝင်တာ အများဆုံး (၃) မျိုးကနေဖြစ်စေတယ်။
1. Bacterial vaginosis ဗဂျိုင်းနားရောင်ခြင်းဆိုတာ ရှိနေကြပိုးတွေ အခြေအနေပြောင်းသွားလို့ဖြစ်ရတဲ့ Gardnerella vaginalis (ဂါ့ဒ်နီရဲလား ဗဂျိုင်နိုက်တစ်)၊
2. Candida albicans (ကင်ဒီဒါ အယ်လ်ဘီကန်) ပိုးကနေဖြစ်စေတဲ့ Candidiasis (ကင်ဒီဒိုင်ယေးဆစ်) နဲ့
3. Trichomonas vaginalis (ထွိုင်ကိုမိုးနပ်စ် ဗဂျိုင်နယ်လစ်) ကနေဖြစ်စေတဲ့ Trichomoniasis (ထွိုင်ကို မိုနီယေးဆစ်) တွေဖြစ်တယ်။
Infectious vulvovaginitis ရောဂါပိုးကြောင့် ဗဂျိုင်းနားရောင်တာမျိုးက Sexually active women လိင်မှုရေးရာ တက်ကြွမှုရှိတဲ့ အမျိုးသမီးတွေမှာ ဖြစ်ပြီး Candidiasis (ကင်ဒီဒိုင်ယေးဆစ်)၊ Contact vaginitis မတည့်တာနဲ့ ထိတွေ့လို ဖြစ်တဲ့ (ကွန်တက် ဗဂျိုင်နိုက်တစ်) နဲ့ Atrophic vaginitis အသက်ကြီးမှဖြစ်တဲ့ (အထောဖစ် ဗဂျိုင်နိုက်တစ်) တွေကတော့ လိင်နဲ့ မဆိုင်ဘဲ ဖြစ်တယ်။
- Gynecological and sexual history သားဖွါးမီးယပ်နဲ့ဆိုင်တာ လိင်နဲ့ဆိုင်တဲ့ ရောဂါရာဇဝင် အားလုံး မေးရမယ်။
- သန့်ရှင်းလုပ်ရာမှာ ဆပ်ပြာ၊ ဆေးရည် စတာမှာ ဘာတွေသုံးသလဲ မေးရမယ်။
- STDs လိင်ကတဆင့် ကူးစက်ရောဂါရှိပြီး အသေအခြာကုသရဲ့လားမေးမယ်။
- Unprotected sexual intercourse လိင်ဆက်ဆံရာမှာ အကာအကွယ် ပါ-မပါလဲ မေးရမယ်။
- Pelvic examination မွေးလမ်းကြောင်း စစ်ဆေးတာ လုပ်ရမယ်။ Discharge ဆင်းတာ၊ Odor အနံ့၊ Ulcerations အနာ၊ Cervical abnormalities သားအိမ်ဝခြေအနေ၊ Cervical discharge သားအိမ်ဝက ဘာဆင်းသလဲ၊ Cervical motion or adnexal tenderness to palpation သားအိမ်ဝကို ထိ-ဖိရင် နာသလား။
- Urine pregnancy test ကိုယ်ဝန်ရှိ-မရှိ ဆီးစစ်တာလဲလုပ်ရမယ်။
- Discharge pH determination ဆင်းနေတာရဲ့ အက်စစ်ဓါတ်၊
- Examination of a wet mount ဆင်းနေတာကို ဓါတ်ခွဲခမ်းစစ်ဆေးခြင်း၊
- PID တင်ပါးဆုံတွင်းအင်္ဂါတွေ ရောင်တာကို သံသယရှိရင် Dirty or initial-stream urine sample ထွက်ထွက်ခြင်းခံထားတဲ့ ဆီးထဲမှာ Gonorrhea (ဂနိုရီးယား) နဲ့ Chlamydia (ကလာမိုင်ဒီးယား) ပိုးတွေကို စစ်ရမယ်။
- Endocervical samples သားအိမ်ဝ နမူနာ ယူပြီးလဲ Gonorrhea (ဂနိုရီးယား) နဲ့ Chlamydia (ကလာမိုင်ဒီးယား) ပိုးတွေကို စစ်နိုင်မယ်။
- Midstream urine ဆီးသွားနေတုံး အလည်ပိုင်းမှာခံယူတဲ့ ဆီးကို Urinary tract infection ဆီးလမ်းပိုး ရှိ-မရှိ စစ်နိုင်တယ်။
Treatment Recommendations ဘယ်လိုကုသမလဲ -
1. Bacterial vaginosis ဗက်တီးရီးယားကြောင့် ဗဂျိုင်းနားရောင်ခြင်း
- First-line treatment options ပဌမဦးစားပေးဆေး
• Metronidazole 500 mg တနေ့ ၂ ကြိမ်၊ ၇ ရက်သောက်ပါ။
• Metronidazole gel 0.75% မွေးလမ်းကြောင်းထဲ တညတခါ၊ ၅ ရက်ထည့်ပါ။
• Clindamycin cream 2% မွေးလမ်းကြောင်းထဲ တညတခါ၊ ၇ ရက်ထည့်ပါ။
- Alternatives ဒုတိယဦးစားပေးဆေး
• Clindamycin 300 mg တနေ့ ၂ ကြိမ်၊ ၇ ရက်သောက်ပါ။
• Clindamycin ovules 100 mg တည တကြိမ် ၃ ခါ သွေးပြန်ကြောထဲထိုးပါ။
2. Candidiasis (ကင်ဒီဒိုင်ယေးဆစ်)
• Fluconazole 150-mg တခါတည်းသောက်ပါ။
• Butoconazole 2% cream မွေးလမ်းကြောင်းထဲ ၃ ရက်ထည့်ပါ။
• Butoconazole 2% cream မွေးလမ်းကြောင်းထဲ တခါတည်းထည့်ပါ။
• Clotrimazole 1% cream မွေးလမ်းကြောင်းထဲ ၇-၁၄ ရက်ထည့်ပါ။
• Miconazole 2% cream မွေးလမ်းကြောင်းထဲ ၇ ရက်ထည့်ပါ။
• Miconazole 200 mg vaginal suppository မွေးလမ်းကြောင်းထဲ ၃ ရက်ထည့်ပါ။
• Miconazole 1200 mg vaginal suppository မွေးလမ်းကြောင်းထဲ တခါတည်းထည့်ပါ။
• Nystatin 100,000 unit vaginal tablet မွေးလမ်းကြောင်းထဲ ၁၄ ရက်ထည့်ပါ။
• Tioconazole 6.5% ointment မွေးလမ်းကြောင်းထဲ တခါတည်းထည့်ပါ။
3. Genital herpes လိင်လမ်းရေယုံ
• Acyclovir 400 mg တနေ့ ၃ ကြိမ်၊ ၇-၁ဝ ရက်သောက်ပါ။
• Acyclovir 200 mg တနေ့ ၅ ကြိမ်၊ ၇-၁၄ ရက်သောက်ပါ။
• Famciclovir 250 mg တနေ့ ၃ ကြိမ်၊ ၇-၁ဝ ရက်သောက်ပါ။
• Valacyclovir 1 g orally twice a day for 7–10 days တနေ့ ၂ ကြိမ်၊ ၇ ရက်သောက်ပါ။
4. Pelvic inflammatory disease တင်ပါးဆုံတွင်းအင်္ဂါများရောင်ခြင်း
- First-line treatment options ပဌမဦးစားပေးဆေး
• Levofloxacin 500 mg တနေ့ ၁ ကြိမ်၊ ၁၄ ရက်သောက်ပါ။ (ဆေးယဉ်လာလို့ တချို့နေရာတွေမှာ မသုံးတော့ပါ)
• Ofloxacin 400 mg တနေ့ ၂ ကြိမ်၊ ၁၄ ရက်သောက်ပါ။ (ဆေးယဉ်လာလို့ တချို့နေရာတွေမှာ မသုံးတော့ပါ)
• အဲဒီဆေးနဲ့အတူ တွဲဘို့လိုရင် Metronidazole 500 mg days တနေ့ ၂ ကြိမ်၊ ၁၄ ရက်သောက်ပါ။
- Alternatives ဒုတိယဦးစားပေးဆေး
• Ceftriaxone 250 mg IM တခါတည်းထိုးပါ + Doxycycline 100 mg တနေ့ ၂ ကြိမ်၊ ၁၄ ရက် သောက်ပါ။
• အဲဒီဆေးနဲ့အတူ တွဲဘို့လိုရင် Metronidazole 500 mg days တနေ့ ၂ ကြိမ်၊ ၁၄ ရက်သောက်ပါ။
• Cefoxitin 2 g IM တခါတည်းထိုးပါ + Probenecid 1 g တခါတည်းသောက်ပါ + Doxycycline 100 mg တနေ့ ၂ ကြိမ်၊ ၁၄ ရက်သောက်ပါ။
• အဲဒီဆေးနဲ့အတူ တွဲဘို့လိုရင် Metronidazole 500 mg days တနေ့ ၂ ကြိမ်၊ ၁၄ ရက်သောက်ပါ။
5. Trichomoniasis (ထွိုင်ကို မိုနီယေးဆစ်)
- First-line treatment options ပဌမဦးစားပေးဆေး
• Metronidazole 2 g တခါတည်းသောက်ပါ။
• Tinidazole 2 g တခါတည်းသောက်ပါ။
- Alternative ဒုတိယဦးစားပေးဆေး
• Metronidazole 500 mg တနေ့ ၂ ကြိမ်၊ ၇ ရက်သောက်ပါ။
အမျိုးသမီးတိုင်းကို Pap smear လုပ်ဘို့ တိုက်တွန်းရမယ်။ ၂၁ နှစ်ကနေ ၃ဝ အထိရှိသူတွေ တနှစ်တခါ၊ အသက် ၃ဝ နဲ့ ၆၅ နှစ်ကြား အမျိုးသမီးမှာ Pap Test နဲ့ HPV Test တွေက ကောင်းနေရင် ၅ နှစ်တခါ စစ်ပါ။
ဒေါက်တာတင့်ဆွေ (၂ဝ-၆-၂ဝ၁၂ )
ဒေါက်တာတင့်ဆွေအမျိုးသမီးအင်္ဂါ ရောင်ရောင်ခြင်း  
Tuesday, June 26, 2012
အမှာကဗျာ (အပိုင်း နှစ်)
-နောင်လာနောက်သားများအတွက်
ကျွန်မ၏နေအိမ် (သို့)
ကျွန်မ၏အကျဉ်းထောင်
အင်းစိန်ထောင်ခွဲ
အမှတ် (၅၄) တက္ကသိုလ်ရိပ်သာလမ်း
အောင်းဆန်းစုကြည်၏ ပြတိုက်အဖြစ်
ကျွန်မ၏အသုံးအဆောင်......စာအုပ်
တီးသူမဲ့သော စန္ဒရား
ကျွန်မ၏ မြန်မာအ၀တ်အစား
ရိုးသားသော
မြန်မာအမျိုးသမီးများ၏ တန်ဖိုးများ
နောင်လာနောက်သားများ ရှုမြင်စေ။
- ကျွန်မ၏ ကျန်ရစ်သော
ဘဏ်ငွေသား အနည်းငယ်
ကျွန်မ၏ ဈာပနစရိတ်နှင့်
ဆင်းရဲသော သံဃာအိုများအတွက်
ကျန်းမာရေး ဇီဝိတဒါန ဆေးအလှူ
ကွယ်လွန်သူ မိဘများအမှူးထား၍
ကျွန်မနှင့် ကွယ်လွန်သော ခင်ပွန်းအတွက်
သားများမှ ရေစက်ချ.....အမျှဝေစေချင်ပါတယ်။
- ကျွန်မရသော ငြိမ်းချမ်းရေး
နိုဘယ်လ်ဆုငွေသား
$ 1.3 million အား
ကိုယ်ကျိုးအတွက်မသုံးစွဲ
တစ်ပြားမချန်
မြန်မာပြည်သူများအတွက်
ကျန်းမာရေးနဲ့ ပညာရေးရန်ပုံငွေ
လှူဒါန်းခဲ့ပါတယ်။
ကိုယ်စိတ်နှစ်ဖြာ
ကျန်းမာချမ်းသာကြပါစေ။
ကြားကြားသမျှ.....အမျှ.....အမျှ.....အမျှ......
ယူတော်မူ။
- အများအတွက်ထားတဲ့
အမေ့ရဲ့စေတနာကို
နားလည်ပါရမီဖြည့်ပေးသူ သားများ
အမေ့ဘ၀မှာ မွေးရကျိုးနပ်ပါတယ်။
အမေ့ဘ၀အတွက် အကောင်းဆုံး
ဘုရားပေးသောဆုလာဘ်
ဒီသားများသာ ဖြစ်ပါတယ်။
- ဒီသားများအတွက်
အမေမွေးခဲ့သော ဇီဝိတအသက်
အဖေပေးခဲ့သော ပညာမှတစ်ပါး
အခြားပေးရန် စည်းစိမ်အမွေမရှိ။
စိတ်ဓာတ်နှင့် ကြံ့ခိုင်သော မျိုးရိုး၏အမွေ
အောင်ဆန်းမျိုးရိုး ဆက်ကျန်နေပါစေ။
- ကျွန်မ သွားတဲ့အခါ
တရားသံဝေဂရ
မျက်ရည်မကျကြပါနဲ့။
- မပြီးဆုံးသေးတဲ့ ကျွန်မရဲ့ဝတ္တရား
ကျရာနေရာမှ ကူညီပါဝင်
ဖြည့်ဆည်းပေးကြပါ။
ကျွန်မအတွက်ထားတဲ့ ချစ်မေတ္တာ
တိုင်းပြည်အမျိုးအတွက်
လက်ဆင့်ကမ်း ကြိုးစားပေးပါ။
အဖေပေးခဲ့တဲ့လွတ်လပ်ရေး
ကျွန်မလက်ထက်မှာ မရသေးခင်
ကျွန်မ သေလွန်ခဲ့ပါလျှင်
ကျွန်မကိုယ်စား
တာဝန်ဆက်ယူပေးနိုင်စေ။
တစ်နေ့မှာ.....ဒေါင်းမျိုးနွယ်ဆက်
ပြန်ခေါင်းထောင်ထနိုင်ကြပါစေ။
တို့မြန်မာလူမျိုး......သိက္ခာမျိုးနွယ်ဆွေ....။
အောင်ဆန်းစုကြည်
(Note: စာအုပ်တစ်အုပ်ထဲတွင်တွေ့ရှိသဖြင့် ပြန်လည်ကူးယူဖော်ပြခြင်းဖြစ်ပါသည်။ အမှားအယွင်း အကျအပေါက်ရှိပါက ကျွန်တော့် အမှားသာဖြစ်ကြောင်း)
အမှာကဗျာ (အပိုင်း တစ်)
- ဘ၀ဟူသည်
တိုတောင်းလှပေစွ၊
ကန်ရေပြင်၌တက်သော
ရွေပွက်မျှသာဖြစ်တယ်။
- ကွေးသောလက်များ
ဆန့်မသွားမီ
မတည်သော သမာဓိ
ခန္ဓာဟူသည်
ဇာတိ ဇရာ မရဏ
သောက ပရိဒေ၀ အနိစ္စ
အမြဲ မှန်ကန်သောအရာ
မမြဲခြင်းသာဖြစ်တယ်။
ဘုရားရှင်တောင်မှ မလွှဲနိုင်တဲ့တရား
အနိစ္စ သေဆုံးခြင်း၏ တရား။
- တစ်နေ့တစ်ချိန်
လေမှာလွင့်သော ပွင့်ချပ်ငယ်နှယ်
ကျွန်မ သေဆုံးပါလိမ့်မယ်။
ကျွန်မ အသက် လူကြီးအရွယ်
သွားရမဲ့လမ်း ပြင်ဆင်ခဲ့ပါတယ်။
- ကျွန်မကိုယ်ကျွန်မ
ဖေဖေ့လို အာဇာနည်လို့ မယူဆပါဘူး။
အမှန်တရားနဲ့ တရားဥပဒေသာ
မြတ်နိုးပါတဲ့ သာမန်လူ
မြန်မာလူမျိုး ကောင်းစားရေးကို ရှေးရှုသူသာဖြစ်တယ်။
- အကယ်၍
ကျွန်မသေလွန်တဲ့အခါ
မငိုပါနဲ့၊ မပူဆွေးကြပါနဲ့။
ကြီးကြီးကျယ်ကျယ် ဈာပနပွဲ
မလုပ်ကြပါနဲ့။
ကျွန်မကို ချစ်သူ မချစ်သူ
မည်သူမဆို လာရှုနိုင်တယ်။
ပုပ်ပွဖူးယောင် လူသေကောင်၏
မျက်မြင်မုချ အသုဘကမ္မဋ္ဌာန်း
အိုနာသေခြင်း၏ မမြဲသောလမ်း။
-ကျွန်မ သေဆုံးပြီးနောက်
ချန်ထားခဲ့ပါရစေ။
ကျွန်မ၏ အထွတ်မြတ်သော ဆံပင်
ရွှေတိဂုံဆံတော်ရှင်သို့ လှူဒါန်းပါ။
ကျွန်မ၏မျက်ကြည်လွှာ
အလင်းမရသူကို လှူဒါန်းပေးပါ။
ကျွန်မ၏ နှလုံးသား၊ ကျောက်ကပ်
အသည်း ကလီဇာများ
ကောင်းသေးပါက
လိုအပ်သူများအား လှူဒါန်းပေးပါ။
- မသာတစ်ခေါက်
ကျောင်းဆယ်ခေါက်
နာရေးကူညီသော စေတနာရှင်
စင်ကြယ်သော ကုသိုလ်နဲ့ ကိုကျော်သူ
ကျွန်မ အသက်မဲ့ခန္ဓာကို လှူပါတယ်။
ဖုတ်ကျည်းသင်္ဂြိုဟ်ပေးပါ။
ပုပ်ပွလာမဲ့ ခန္ဓာအား
မီးသင်္ဂြိုဟ်ပြီး
ရလာသော ခန္ဓာ၏ ပြာ မြေဇာ
အပင်တို့အတွက်
မြေသြဇာကျွေးပေးပါ။
(ကဗျာကအနည်းငယ်ရှည်သည့်အတွက် အပိုင်း တစ် နှင့်နှစ်ခွဲပြီးတင်လိုက်ပါတယ် နားလည်ပေးပါခင်ဗျ။)
Monday, June 25, 2012
ဖိုနှင့်မ ကိစ္စ၊ Sex & Living Together ကိစ္စ၊ Singapore ကိစ္စနောက်ဆက်တွဲများ
အလွန်ပင် ယဉ်ကျေးသိမ့်မွေ့ ပြီး အနေအထိုင် အပြောအဆို၊ အပြုအမူတို့ များတွင်
ကျက်သရေနှင့်မင်္ဂလာ ရှိသောကြောင့် မိန်းမတို့ ကုနြေ္ဒရွှေပေးလို့မရဆိုပါသည်။
အရှက်သိက္ခာ နှင့် နာမည်ဂုဏ်သတင်းတို့ တွင် အသက်ထက် တန်ဖိုးထားမြတ်နိုးကြသည်။
ယခု၂၁ ရာသစ်တွင် မိဘများသည် သူတို့၏စီးပွားရေးနှင့် ၀မ်းရေးင့် မိသားစု
စားဝတ်နေရေးပြေလည်စေရန်အတွက် ဖခင်နှင့်မိခင်တို့သည် နေ့စဉ်လိုလို ကြိုးစား
ရုန်းကန်ပြီး ၀င်ငွေရှာဖွေနေကြသည်။ ထို့သို့ မိဘများသည် သားသမီးများ
ပညာရေးနှင့် စားဝတ်နေရေးတို့ အတွက် နေ့စဉ် ရုန်းကန် ရှာဖွေနေရသော်ငြားလည်း
သားသမီးများသည် အချိန်တန်လျှင် သူငယ်ချင်း များနှင့် အပြင်ထွက်လည်ပတ်၊
အများနည်းသူ Shopping တွေထွက်ကြ၊ အသစ်အဆန်းများတွေ့ လျှင် ၀ယ်ကြ၊
ချစ်သူများနှင့်တွေ့ လျှင် သုံးဖြုန်းကြ၊ အသောက်စားတတ်သူများကလည်း အသောက်
စားများနှင့် ကလပ်များတက်ကြ။ ထိုကဲ့သိုပြုလုပ်နေကြသော သားသမီးများကြောင့်
မိဘများသည် သားသမီးများအတွက် ပူပန်ရသည်က တမျိုး၊ စီးပွားရှာရသည်က တမျိုးနှင့်
ပူပန်နေရရှာသည်။ သားသမီးများကတော့ သူတို့ မိဘ၏ ရင်တွင်းအပူမီးများကို
နားလည်လိမ့်မည် မဟုတ်ပေ။ထိုသို့ ဖြစ်ရပ်များကြားထဲတွင် အဆိုးဆုံးကိစ္စတရပ်ကတော့
မိန်းကလေးများ Living Together အတူတူနေထိုင်ပေါင်း သင်းနေကြခြင်းပါပဲ။ လက်ထပ်
ထားခြင်းမဟုတ်သော်ငြားလည်း အိမ်ထောင်သည်များကဲ့သို ပြုမူနေကြခြင်းကို အဓိက
ဆိုလိုပါသည်။
ယနေ့ ခေတ်ကြီးတွင် ယောင်္ကျားလေးနှင့် မိန်းကလေး တူတူနေထိုင်သော အခါတွင်
ကိုယ်ဝန်မရရှိစေရန် ဆေးအမျိုးမျိုးနှင့် ထိုးဆေးများလည်း နိုင်ငံတကာမှ
ထုတ်လုပ်ထားတာတွေ ရှိပါသည်။ သို့သော် ထိုဆေးများ သုံးစွဲရခြင်း၏
ဆေးအာနိသင်နှင့်မိမိ ကျန်းမာရေးအတွက် ဘာဖြစ်လာမည်ဆိုသည့် ဆိုးကျိုးများကို
နားလည်မှုမရှိပဲ သုံးစွဲမှီဝဲနေကြခြင်း ပင်ဖြစ်ပါသည်။ မိမိတို့
လူမပတ်ဝန်းကျင်းတွင် မိတ်ဆွေများလည်းတွေ့  ဖူးမှာပါ ရည်းစားရှိလျှက် AIDS
ဖြစ်ခြင်း၊ ကိုယ်ဝန်ရရှိခြင်း၊ အရှက်ကြောင့် မိမိကိုယ်ကို သတ်သေခြင်း။
ကိုယ်ဝန်သားဆေးများ စား/ထိုးသည့်ကြားမှ ကိုယ်ဝန်ထွက်လာခြင်း။ တကိုယ်လုံးတွင်
အနူကဲ့သို့ ဖြစ်ပေါ်လာပြီး အဖုများ ထွက်လာခြင်း။ တကိုယ်လုံးဖောယောင်ခြင်း။
ဖိုမ ဆက်ဆံရမှ ကူးစက်လာသော သုတ်ရည်ကြောင့် ဆိုးကျိုးများ ရရှိခြင်းနှင့်
အခြားအခြားသော ရောဂါနှင့် ဖြစ်စဉ်ပေါင်းစုံ များသည် Living toghter
နေထိုင်ခြင်းကြောင်နှင့် ဆေးများမှီဝဲ၊ ဆေးထိုးခြင်းကြောင့် ဖြစ်ပါသည်။
ယနေ့ ခေတ်တွင် နိုင်ငံတိုင်း နေရာတိုင်းတွင် လွပ်လပ်စွာ ပျော်ပါးခွင့်နေရာများ
အမြောက်အများရှိ ပါသောကြောင့် ချစ်သူအတွဲများသည် လွယ်လင့်တကူပင် အိမ်ထောင်
လင်မယားများကဲ့သို့ တူတူအိပ် နေထိုင် လျှက် ရှိကြပါသည်။ ထို့အပြင်
မီဒီယာလောကာမှာလည်း Porn ဟုခေါ်သော အပြာရုပ်ရှင်များနှင့် အင်တာနက် sexual
websites မှာသည် ထောင်သောင်းများစွာ ပေါ်ပေါက်နေသောကြောင့် လူငယ်များ
ထိုစိတ်ဓာတ်ကိုနှိုးဆွမှု ဖြစ်စေသဖြင့် လူငယ် ဖိုနှင့်မ များသည် လက်တွေ
့စမ်းသပ်ချင် စိတ်များ တဖွားဖွားဖြစ်နေကြသည်မှာ မုချမလွဲပါ။ လူပျို
အပျိုများကလည်း စိတ်ဆန္ဒကို အကောင်ထည်ဖော်လိုကြသလို၊ အိမ်ထောင်ရှင်များ ကလည်း
မိမိ ဇနီးသည်/ခင်ပွန်းနှင့် ဝေးကွာသော အခါတွင် စိတ်၏သွေးသားတောင်းတမှုကြောင့်
အိမ်ထောင်မှု ဖောက်ပြန်ကြတာလည်း အတော်ပင် များပါသည်။ ထိုကဲ့သို့ ကိစ္စများ သည်
ပြည်တွင်းနှင့် ပြည်ပ တို့တွင် တူညီစွာဖြစ်ပေါ် လျှက်ရှိပါသည်။
နိုင်ငံခြားရုပ်ရှင်များ နှင့်ဇတ်လမ်းတွဲများ ကလည်း လူငယ်များ၏
စိတ်ဓာတ်များကို နေ့စဉ်ဖျက်ဆီးလျှက် ရှိသော်ငြားလည်း
ပိတ်ပင်တားဆီးမှုမရှိ/တားဆီးမှုမပြုလုပ်သောနိုင်ငံများတွင်လည်း လွတ်လပ်စွာ
ထိုအခွေများနှင့် ဇတ်လမ်းတွဲများကို လွပ်လပ်စွာ ၀ယ်ယူကြည့်ရှုနေကြပါပြီ။
(မြန်မာနိုင်ငံမှာ ဆိုလျှင်လည် လမ်းဘေးတိုင်း ၀ယ်ယူနိုင်ကြသည်ကို တွေ့ ရှိ
ရပါမည်။)
ထို့ အပြင် နိုင်ငံခြား တိုင်းပြည်များ ရောက်နေသော မြန်မာပြည်သူ ပြည်သားများ၏
လိင်မှု ဆိုင်ရာနှင့် Living Together ကိစ္စကို ဆက်လက်တင်ပြ ပေးပါမည်။ ယခု ၂၀၁၂
အထိ ပညာရှင်များ၏ ပြောကြားချက် အရ ပြည်ပရောက်နေသူများသည် လိင်မှုဆိုင်ရာနှင့်
Living Together ကိစ္စတွင် ပိုမို စိတ်အားထက်သက်စွာဖြင့် ရာခိုင်းနှုန်းသည်
ယခင် နှစ်တွေများထက် ပိုမိုလွန်ကဲစွာ များပြားလာသည် ကို ထောက်ပြ
ဖော်ပြပြောကြားထားကြပါသည်။ ဥပမာ နိုင်ငံခြားတွင် ပညာသင်နေကြသော ကျောင်းသား၊
ကျောင်းသူများနှင့် အလုပ်လုပ်ကိုင်နေထိုင်ကြ သူများသည် သူတို့
အားလပ်ချိန်များတွင် ဆန့်ကျင်ဖက် လိင်ကိုသာ ဦးစားပေး စဉ်းစားပြီး အချိန်ကုန်
ဆုံးစေလျှက်ရှိကြပါသည်။ ထိုစိတ်များကို နှုတ်ဖြင့် ဟုတ်ပါသလားမေးကြည့်လျှင်
လူတိုင်းဝန်ခံမည့် မေးခွန်းမျိုး မဟုတ်ပါ။ အမြင်နှင့် အကဲခေတ်လျှင် လုံးဝအသိသာ
ဖြစ်နိုင်ပါသည်။ ဥပမာတခုကိုကြည့်ပါ… မိသားစု တစ်စု သို့ မဟုတ် သူငယ်ချင်း
တစ်စုတွင် ' အေးလှိုင် နင်ဒီနေ့ ငါတို့နဲ့  ဘုန်းကြီးကျောင်းလိုက်ခဲ့ပါလား '
ဟုခေါ်လျှင် တုန့် ပြန်မည့်စကား သည်' ဆောရီးပါ .ငါဒီနေ့ ငါ့ချစ်သူနဲ့
ချိန်ထားတာရှိလို့ သိုမဟုတ် အခြား Reason ရှင်းလင်းချက်ဖြင့် "ငါဒီနေ့
အရေးတကြီးကိစ္စရှိလို့ " စသည့်ပြောပြီး ငြင်းဆိုလိမ့်မည်ကို တွေ့ ရပါမည်။
ထိုအချက်တခုသည် သာဓက တချက်ဖြစ်သည်။
ပြည်ပရောက်မြန်မာ လူမျိုးများ၏ Living Together ကိစ္စွနှင့် အိမ်ထောင်ရေး
ဖောက်ပြန်မှုများ စင်ကာပူနိုင်ငံ အကြောင်း စင်ကာပူနိုင်ငံတွင် မြန်မာလူမျိုး
အများစုသည် လူမှုကျင့်ဝတ် များကို ဖောက်ဖျက်နေ ထိုင်လျှက် ရှိကြပါသည်။
အလားတူစွာပင် အဝေးေ၇ာက် မြန်မာအချင်းအချင်း ခေါင်းပုံ ဖြတ်အမြတ်ကြီးထုတ်။
ရန်လို။ ပြိုင်ဆိုင် ၊ မနာလိုမှု၊ ဂုန်းလျှော ဂုန်းတိုက်မှုများ၊
ရာထူးအရှိန်ဝါကြောင့် မြန်မာ လူမျိုးအချင်းချင်း မတူမတန်စွာ ဆက်ဆံနေကြခြင်း၊
ပညာအရည်ချင်း မိမိထက် နိမ့်သည်ကို နှိမ့်ချပြီး မိမိထက်မြင့်သည့်သူကို ကပ်ဖား
နေခြင်း။ အိမ်ထောင်ရေး ဖောက်ပြန်ကြခြင်း၊ ရည်းစား အများပြား ထားပြီး ပြသနာများ
ရှုပ်နေကြခြင်းနှင့် Living Together ကိစ္စကြောင့် နောက်ဆက်တွဲ ပြသနာ၊
လိင်မှုကိစ္စကြောင့် မိသားစု သားသမီးများကို လမ်းခွဲရခြင်းများသည် စင်ကာပူ
ရောက်ရွှေမြန်မာများတွင် အများဆုံး နေ့စဉ် တကွ ဖြစ်ပေါ်နေသော
အရာကိစ္စများဖြစ်ပါသည်။ ထိုကိစ္စများထဲမှာ အိမ်ထောင်ရေး ဖောက်ပြန်မှုနှင့်
Living Together ကိစ္စများကို အဓိက ဖော်ပြပေးပါမည်။
စင်ကာပူသို့  မြန်မာလူမျိုး အများစုသည် နေ့စဉ် ဆိုသလို ရောက်ရှိလာကြပြီး
ကျောင်းတက်သူများနှင့် အလုပ်ရှာဖွေသူများ။ လက်ရှိ
အလုပ်ကိုင်နှင့်နေထိုင်သူများ။ စင်ကာပူနိုင်ငံသား ခံယူထားသူများ ဆိုပြီး
အမြောက်များ ရှိပါသည်။ ထို့သို့ စင်ကာပူသို့ ရောက်ရှိလာသူများ ထဲတွင်
ကျောင်းသားကျောင်းသူများသည် Polytechnic ကျောင်းများ။ Accounting နှင့်
Business School များ။ Hotel & Tourism Management ကျောင်းတို့ကို
လာရောက်တက်ကြ ပညာသင်ယူကြလျှက် ရှိသည်။ ထိုသူများသည် စင်ကာပူသို့
ရောက်ရှိလာပြီး လပိုင်း အနည်းငယ်အတွင်းမှာ ချစ်သူများ ကိုယ်စိရှာကြသည်။
ချစ်သူများကိုလည်း အပြိုင်အဆိုင် ထားကြသလို မိမိချစ်သူဟု တွဲနေသူနှင့်
ကလပ်များကို အပတ်စဉ် ကြာသာပတေးနှင့် သောကြာနေ့ များတွင် Night Club (student
entry free of charge= just present student ID) တက်ရောက်ကြလျှက် ရှိကြပြီး
ကလပ်မှ မူးပြီးပြန်လာကြလျှင် Living Together နေထိုင်ကြခြင်း။ အဖွဲ့လိုက်
မိမိတို့ အိပ်ခန်းတွင် Living Together နေထိုင်ကြခြင်းများဖြင့် ပျော်ပါး
တတ်ကြပါ သည်။
နောက်ဆက်တွဲ ဇတ်လမ်းများကတော့ ကိုယ်ဝန်နှင့် မြန်မာပြည်သို့ ပြန်သွားရခြင်း၊
အချို့မှာ ဆေးရုံဆေးခန်းများသို့ သွားရောက်ဖျက်ချရခြင်းနှင့် မိမိကိုယ်ကို
သတ်သေကြခြင်းကြောင့် မြန်မာ မိန်းကလေးများ သတင်း သည် ဆေးရုံ ဆေးခန်း
နယ်ပယ်လောကတွင် အလွန်ပင် နာမည်ကျော်ကြားလျှက်ရှိပါသည်။ (မယုံကြည်သူများ
သွားရောက်စုံးစမ်းကြည့်ခြင်းဖြင့် သက်သေ ထူနိုင်ပါလိမ့်မည်။ စင်ကာပူနိုင်ငံသည်
ငွေပေး တိုင်း စာရင်းဖျောက်မရသောကြောင့် မြန်မာနာမည်နှင့် IC/NIRC/FIN
မှတ်ပုံတင်နံပါတ်များ ဆေးရုံဆေးခန်းများ စာရင်းနှင့် Computer System Record
ထဲတွင် မုချ ရှိနေပါ သည်)။ ကျောင်းသားကျောင်းသူ များသည်လည်း
ချစ်သူအတွဲများဖြင့် Living together တခန်းတည်းတွင် ဌားရမ်းနေထိုင်ကြသည်ကို
မြန်မာ မိသားစုများကလည်း ငွေရလျှင် လက်ခံပြီး အခန်းဌားရမ်းထားကြပါသည်။
အလုပ်သမားများနှင့် ချစ်သူများ စင်ကာပူတွင် အလုပ် လုပ်ကိုင်နေကြသော
မြန်မာလူမျိုးများသည် ထိုသူတို့ အလုပ်ပိတ်ရက်များတွင် ဆန့်ကျင်ဖက်
လိင်များဖြင့် တူတူ နေထိုင်လျှက် ရှိကြပါသည်။ အိမ်ထောင် ရှိသော သူများကလည်း
မိမိအိမ်ထောင်ဖက် ဝေးကွာနေသောကြောင့် အပျော်သဘောနှင့်ဟု အစတွင် တွဲလျှက်
တူတူနေထိုင်ခဲ့ကြသော်လည်း အချိန်ကာလ ကြာမြင့်လာသည့်အခါ မြန်မာနိုင်ငံတွင်
ကျန်ရစ်နေ ခဲ့သော မိသားစုနှင့် ကလေးကိုပင် စိတ်ထဲတွင် အရေး မပါတော့ပေ။
လစဉ်လည်း မိသားစု အတွက်ငွေမလွှဲနိုင် ပစ္စည်းများ မပို့နိုင်တော့ပေ။ လူပျို
အပျို လူလွတ်များကလည်း မိဘများကို အစဉ် အမြဲထောက်နေ ကြသော်လည်း ထိုသူတို့
အတွက် အတွဲအဖော်များ ရရှိလာသောအခါ မိဘများကို လစဉ်ငွေလွှဲပို့ခြင်း
ထောက်ပံ့ခြင်းများ မပြုနိုင်တော့သဖြင့် မိမိကို ကျွေးမွေးခဲ့ပြီး သား
သမီးနိုင်ငံခြား ရောက်ရန် ပေါင်ရန်း ရောင်း ချပေးလိုက်ရသည့် ထိုမိဘများ ဘ၀မှ
အလွန်ပင် သနားဖို့ ကောင်းလှပါသည်။ အမျိုးသားများ ကလည်း အပျော်သဘောနှင့်
ဆိုသလို အချောင်ရလျှင် ရသလို အပျော် ရမ္မက် အတွက် ဖန်တီးရှာဖွေကြသလို
မိန်းကလေးများကလည်း မိမိတို့ စင်ကာပူနိုင်ငံတွင်
ငွေလည်ပတ်ချောင်လည်ရေးအတွက်နှင့် PR ( Parmenant Resident)
အမြဲတမ်းနေထိုင်ခွင့် ရှိသည့်သူများ မည့်သည် အိမ်ထောင်ရှိသည်ဖြစ်စေ
လူလွတ်ဖြစ်စေ မိမိအတွက် အခွင့်အလန်းများရှိလျှင် လက်ခံ တွဲဖက်နေထိုင် တတ်ကြသည်။
ထိုကဲ့သို့  နှစ်ဦးနှစ်ဖက် Living Together နေထိုင်ကြသောကြောင့်
ထိုသူများနှင့် ပတ်သတ်ဆက်နွယ်နေသော မြန်မာပြည်တွင် ကျန်ရှိခဲ့သော မိသားစုနှင့်
ကလေးများ ပညာရေး/စားဝတ်နေရေးနှင့် မိဘနှစ်ပါးများ အတွက် လစဉ်ငွေလွှဲ
ငွေထောက်ပံ့ပေးခြင်း မပြုလုပ်နိုင်တော့ပဲ စင်ကာပူနိုင်ငံမှာ ဆန့်ကျင်ဖက်လိင်
အမျိုးသမီး အမျိုးသားများ ပျော်မြူးပျော်ရွှင်စွာ နေထိုင်လျှက်ရှိကြသည်။
မိမိသည် သူတပါးထံမှ အချောင်လိုချင် သဖြင့် မိမိဘ၀ကိုရင်းခြင်း မပြုလုပ်ကြပဲ
မိမိတကယ်မေတ္တာစစ်ရှိသော ဘ၀ကြင်ယာဖော်တွေ့ ရှိပြီး ဆင်းရဲချမ်းသာ အေးအတူ
ပူအမျှနေထိုင်ခြင်းသည် မိမိ၏ စိတ်အား တကယ့်ပျော်ရွှင်ချမ်းမြေ့ သာယာမှု အနှစ်သာရ
အစစ်ကို ရရှိပါလိမ့်မည်။ မည့်သည်အရာမှ သူတပါးထံမှာ မည်သည့်နည်းနှင့်မျှ
သွေးဆောင်ဖြားယောင်း ပေးဆပ် ယူဆောင်ခြင်းမပြုသင့်ဟု ဗုဒ္ဒ၏ တရားတော် အဆိုအမိန့်
များတွင် ပါရှိသလို အခြားသော ဘာသာတို့၏ ကျမ်းခံများတွင်လည်း ပါရှိပါလိမ့်မည်။
ထို့ အပြင် ယနေ့ ခေတ်သည် အွန်လိုင်းသည်လည်း အင်မတန် တိုးတက် နေသောကြောင့်
Facebook၊ Twitter နှင့် Gtalk၊ VZO၊ Skype နှင့် Pfingo တို့ကို အသုံးပြုကာ
Online Chatting များဖြင့် ဆန့်ကျင်ဘက် ဖိုနှင့်မများကို အွန်လိုင်းမှ
ရှာဖွေပြီးချစ်သူများပြုလုပ်ကာ အပြင်မှာ ချိန်းကြ ပြီး ရက်အနည်းငယ်ကြာသောအခါ
Living Together များပြုလုပ်သော လုပ်ရပ်များသည် စင်ကာပူရှိ မြန်မာများအတွက်
ပေါ်ပြူလာ Popular and Famous ဖြစ်လာပြီး နာမည်ကျော်ကြားနေ ပါသည်။
ရည်းစားလက်ရှိ ရှိနေကြသော သူများကလည်း နောက်ထပ် ချစ်သူများကို အွန်လိုင်း
ချက်တင် (Online Chatting ) မှတစ်ဆင့် ထပ်မံ ရှာဖွေကြ သည်။ နောက်ထပ်တွေ့ သော
သူသည် အပြောလည်းကောင်းပြီး ရာထူးနှင့်ငွေပိုရှိ ဂုဏ်ပိုရှိလျှင် ပထမ
ချစ်သူကို ခွာပြီး နောက်တစ်ယောက်ထံသို့ လိုက်သွားလေ့ရှိ သည်မှာလည်း အစဉ်အလာ
တခုကဲ့သို့ ဖြစ် ပါသည်။ လေလှိုင်းတွင် ပြောချင်ရာပြောပြီး ယုံချင်ရာ ယုံသူများ
သာဓက တခုပြောရလျှင် ကျွန်ုပ်နှင့် အွန်လိုင်းတွင် သိရှိသော အမကြီးတယောက်သည် ၈
နှစ်တိတိ ချစ်သူဖြစ်ခဲ့သော်ငြားလည်း မိမိချစ်သူတွင် ကလေး ၂ ယောက်ရှိသည်ကိုပင်
မသိရှိခဲ့ပေ။ ထိုမျှ ပိရိစွာလိမ်လည်တက်သောသူအား နိုင်ငံခြားသွားရန် အတွက်
ငွေများလည်းထောက်ပံ့ဖူးသည်ဟု သိရှိခဲ့ရပါသည်။ ထို့ ကြောင့်
မိတ်ဆွေများအနေဖြင့် မိမိသည် Internet အသုံးပြုပြီး ချစ်သူရှာဖွေလျှင်
ဒုက္ခအကြီးအကျယ်ရောက်မည်ကို သဘောပေါက် လက်မခံသေးပါက မိမိကိုယ်တိုင်စမ်းကြည့်ပါ။
ထို့သို့ စမ်းကြည့်လျှင့် တနေ့ အဖြေမှန်ပေါ်ပေါက်ပြီး နောင်တရခဲ့လျှင်
ကျွန်ုပ်ဖော်ပြသော ဘလော့ပို့စ်ကို သတိပြန်ရကြည့်ပါ။
ထို့ကြောင့် Online သည် လူလိမ်လူညာများ လျှာရိုးမရှိသကဲ့သို
့မိမိအားဘ၀ဖျက်ဆီးရန် အတွက် လာရောက်ကြသော ဆန့်ကျင့်ဘက်လိင်များ ဖိုနှင့်မ
များဟု မိမိစိတ်ထဲတွင် နားလည်သဘောပေါက်ထား သင့်ပါသည်။ မိမိသည် မိမိအရမ်း
အယုံလွယ်ပါက သူငယ်ချင်းများ မိတ်မဖွဲ့ပါနှင့်။ သို့မဟုတ်ပါက မိကောင်းဖခင်
သားသမီးမဟုတ် သူများနှင့် လျှာရိုးမရှိသော သူများနှင့် တဏှာ ရမ္မက် မုဆိုးများ
၏ ပြော ဆိုကောင်းမှုအောက်တွင့် မေ့မျော သွားပါလိမ့်မည်။ ထိုသို့ မေ့မျောသွားပါက
ပြင်ပတွင် တွေ့ ရှိသောအခါ မိမိဘ၀သည် ရေတိမ်နစ်မည်ကိုသာ စဉ်းစားကြပေါတော့။
လူသားအားလုံး မိမိ၏ အပြုအမူ အနေအထိုင် အကျင့်စရိုက်များသည် မိမိတစ်ဦးထဲတင်
သာမက မိမိအားမွေးထုတ်ခဲ့သော မိဘနှစ်ပါးနှင့် ဆွေးမျိုးအသိုင်းအ၀ိုင်းကိုပါ
ထိခိုက်နိုင် အထင်သေးခံနိုင်ရပါသောကြောင့် အရာရာတိုင်းတိုင် ကိုယ်၊ နုတ်၊ စိတ်
ထိုသုံး ပါးအား အစဉ်အမြဲ သတိဖြင့် မိမိဦးနှောက်ဖြင့် ထိန်းချုပ်တွေးတော
လုပ်ဆောင်ရင်းဖြင့် အနာဂတ် ဘ၀လမ်းခရီးတွင် ပျော်ရွှင်ချောမွေ
့ဖြောင့်ဖြူးစွာဖြင့် ဘ၀၏ ကြင်ယာဖက် အစစ်မှန်များလည်းတွေ့  ရှိနိုင်ကြပါစေလို့
ဆုတောင်းရင်းဖြင့်……………
ရေးသားသူ – Ye Latt သည် ဇွန်လ 24, 2012 တွင် 2:00pm အချိန်၌ရေးသားခဲ့သည်
http://www.mmitpalace.com/profiles/blog/show?id=6456788%3ABlogPost%3A140328&xgs=1&xg_source=msg_share_postမှ
….
*လူဗိုလ်ဟူသည်* – ဖိုနှင့်မ ကိစ္စ၊ Sex & Living Together ကိစ္စ၊ Singapore
ကိစ္စနောက်ဆက်တွဲများ
<http://www.hivinfo4mm.org/www.lubo601.com/2012/06/sex-living-together-singapore.html#more>
Saturday, June 23, 2012
သတင်း...သတင်း
မိခင်နို့သည် အိတ်ခ်ျအိုင်ဗွီပိုး ကူးစက်မှု ကာကွယ်နိုင်စွမ်းရှိကြောင်း တွေ့ရှိ
မိခင်နို့သည် ကလေးများတွင် အိတ်ခ်ျအိုင်ဗွီပိုး ကူးစက်မှုကို ကာကွယ်ပေးနိုင်ကြောင်း ကြွက် များတွင် သုတေသနပြု စမ်းသပ်မှုအပြီး လေ့လာတွေ့ရှိ ခဲ့ကြောင်း သိရသည်။
အမေရိကန်၊ မြောက်ကာရိုလိုင်း နားတက္ကသိုလ်မှ ဒေါက်တာဗစ်တာ ဂါစီယာက ယင်းသုတေသနကို ဦးဆောင်ပြုလုပ်ခဲ့ပြီး အွန်လိုင်းဂျာနယ်တစ်ခုဖြစ်သော Public Library of Science Pathogens တွင် ဖော်ပြ ခဲ့ကြောင်း သိရသည်။ အိတ်ခ်ျအိုင်ဗွီပိုး ကူးစက်ခံထားရသော ကြွက်များတွင် စမ်းသပ်မှုအရ ကြွက်အချို့မှာ အိတ်ခ်ျ အိုင်ဗွီပိုးကို မိခင်နို့တိုက်ကျွေးမှုမှ တစ်ဆင့်ရလာ ခဲ့ခြင်းဖြစ်သော်လည်း မိခင်နို့ထဲတွင်ပင် ဗိုင်းရပ်စ် ကို ပြင်းပြင်းထန်ထန် ခုခံနိုင်စွမ်း ရှိကြောင်း တွေ့ရှိခဲ့ခြင်းဖြစ်သည်။
ယင်းကဲ့သို့ နို့တိုက်ကျွေးမှုမှတစ်ဆင့် အိတ်ခ်ျအိုင်ဗွီပိုး ကူးစက်ခံရသော ကြွက်အများစုမှာ ကာလရှည်ကြာ ထပ်ခါတလဲလဲ ကူးစက်မှုကြုံခဲ့ရသော်လည်း အိတ်ခ်ျအိုင်ဗွီဖြင့် သေဆုံးခြင်း မရှိခဲ့ကြောင်း တွေ့ရှိခဲ့ ရခြင်း ဖြစ်သည်။
မိခင်နို့၏ အစွမ်းကို သိရှိထားသော်လည်း မွေးကင်းစနှင့် ကလေးငယ်များထံ အိတ်ခ်ျအိုင်ဗွီပိုး မည်သို့ ကူးစက်နိုင်ကြောင်း နားလည် သဘောပေါက်ထားပါက အေ့ဒ်စ်ရောဂါပျံ့နှံ့မှုကို ကာကွယ်နိုင် မည်ဖြစ်ကြောင်း ဂါစီယာက ပြောကြားခဲ့သည်။ မိခင်နို့ တိုက်ကျွေးမှုမှတစ်ဆင့် ကလေးထံ အိတ်ခ်ျအိုင်ဗွီပိုး ကူးစက်ခံရမှုမှာ မဖြစ်သင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
Eleven - မိခင်နို့သည် အိတ်ခ်ျအိုင်ဗွီပိုး ကူးစက်မှု ကာကွယ်နိုင်စွမ်းရှိကြောင်း တွေ့ရှိ 
ရခိုင်ပြည်နယ်တွင် HIV ဖြင့် အသက်ရှင်သူများ ဆေးကုမှုအတွက် အခက်အခဲဖြစ်နေ
အကြမ်းဖက်မှုများကြောင့် ရခိုင်ပြည်နယ်တွင်ဖွင့်ထားသော နယ်စီးမခြားဆရာဝန်များအဖွဲ့(AZG)ဆေးခန်းများ ပိတ်ထားရပြီး ဆေးကုသမှုခံယူနေသည့် HIV ဖြင့် အသက်ရှင်နေထိုင်ရသူများမှာ ကုသမှုအတွက် ခက်ခဲလျက် ရှိနေသည်ဟု ရခိုင်ပြည်နယ်ရှိလူထုအခြေပြု Utopia အဖွဲ့က ပြောသည်။
Utopia အဖွဲ့ခေါင်းဆောင် ဦးသန်းထွန်းက “လောလောဆယ် ကျနော်တို့ လက်လှမ်းမှီတဲ့ စစ်တွေက လူတွေ ကိုတော့ ဆေးစာအုပ်တွေတောင်းပြီး ရန်ကုန်က AZG မှာ ဆေးထုတ်ပေးပြီး လေယာဉ်နဲ့ တင်ပို့ပေး ပါတယ်။ ဒေသမှာရှိတဲ့ လူတွေက အိမ်တိုင်ရာရောက် လိုက်ပို့ပေးနေပါတယ်။ ဘူးသီးတောင်၊ မောင်တောကတော့ မလုပ်နိုင်သေးပါဘူး။ တတ်နိုင်သလောက် ကြိုးစားဆက်သွယ်ပြီး လုပ်ပေးမှာပါ။“ဟု ကေအိုင်စီ သို့ ပြောသည်။
ဇွန်လတွင်စစ်တွေမြို့ပေါ်မှ ARV(HIV ဖြင့် အသက်ရှင်သူများကို တိုက်တဲ့ဆေးတစ်မျိုး)ဆေးထုတ်ရန်အတွက် ၁၇၇ ဦးရှိ၍ ၄၄ ဦးအတွက် ဆေးပို့ပေးနိုင်ခဲ့ပြီး နောက်ထပ် ၃၀ ဦးအတွက် ဆေးထုတ်ပေးရန် ရှိသည်ဟု သိရသည်။
HIV သမားများအတွက် ကူညီပေးနေသော ဒေသခံတစ်ဦးက “သူတို့(HIV သမားတွေ)က အခု ကယ်ဆယ်ရေး စခန်းထဲမှာ နေကြပါတယ်။ လတ်တလောဖြစ်လာတဲ့ ရောဂါတွေတွက် စစ်တွေဆေးရုံကြီးက သမားတော်ကြီးနဲ့ ချိတ်ဆက်ပြီး ကုသဖို့ လုပ်ထားပါတယ်။”ဟု ပြောသည်။
သို့သော် ဆေးသောက်နေရသော HIV ဖြင့် အသက်ရှင်နေထိုင်သော အမျိုးသမီးတစ်ဦးက အဓိက ARV ဆေးမရတော့မည်ကို ကြောက်နေကြသည်ဟု ဆိုသည်။
တဆက်တည်း၌ပင် ရခိုင်ပြည်နယ်တွင် အကြမ်းဖက်မှုမှား စတင်ဖြစ်ပွားခဲ့သော ၉ ရက်နေ့ မှစတင်ကာ AZG ဆေးခန်းများကို ၀န်ထမ်းလုံခြုံရေးအတွက် ပိတ်ထားခဲ့ရကြောင်း AZG မှဆေးဝါးညှိနှိုင်းရေးမှုး ဒေါက်တာ ဒေါ်ခင်ငြိမ်းချမ်းက ပြောဆိုသည်။
“၀န်ထမ်းတွေရဲ့လုံခြုံမှုအတွက် မပိတ်မဖြစ်လို့ ပိတ်လိုက်ရတာပါ။ ပဋိပက္ခ မရှိတဲ့ နေရာတွေမှာတော့ ငှက်ဖျား နဲ့သက်ဆိုင်တဲ့ အလုပ်တွေ ဆက်လုပ်နေပါတယ်။ ART ပေးနိုင်ဖို့ကြိုးစားနေပါတယ်။ မြန်မာ ပေါ့စတစ် အဖွဲ့ကွန် ယက်နဲ့ချိတ်ပြီး လုပ်နေပါတယ်။ ဘယ်နေ့ဆေးခန်းတွေ ပြန်ဖွင့်မယ်ဆိုတာတော့ မပြောနိုင်သေးပါဘူး။“ဟု သူမက ရှင်းပြသည်။
လက်ရှိ စစ်တွေမြို့ရှိ ဆေးရုံကြီးတွင် ကုသမှုခံယူနေသူ ၄၀ ဦးအတွက်မူ အမျိုးသားခုခံကျကာလသားအဖွဲ့ (NAP)မှ ဆက်လက် တာဝန်ယူဆောင်ရွက်ပေးလျှက်ရှိသည်ဟု သိရသည်။
ဇွန်လ ၁၇ရက်၊ ၂၀၁၂ခုနှစ်။ နော်ဆဲကလယ်
ကေအိုင်စီရခိုင်ပြည်နယ်တွင် HIV ဖြင့် အသက်ရှင်သူများ ဆေးကုမှုအတွက် အခက်အခဲဖြစ်နေ 
MPG မှ သဘောထားကြေညာချက်ထုတ်ပြန်
Myanmar Positive Group (National PLHIV Network) အခြေစိုက်ရုံးမှ ရခိုင်ပြည်နယ်အတွင်းရှိ ART ကုထုံးဖြင့် ဆေးကုသမှုခံယူနေသူများနှင့်ပတ်သက်ပြီး သဘောထားကြေညာချက်ထုတ်ပြန်
ဇွန် ၁၅၊ ရန်ကုန်၊ သန်းထွန်း(MPG)
ရခိုင်ပြည်နယ်အတွင်းရှိ ARV ဆေးဝါးဖြင့် ကုသမှုခံယူနေသူများအတွက် ဆေးဝါးပြတ်လပ်မှု မရှိစေရေး အတွက် စစ်တွေမြို့ရှိ Utopia (Phoenix- Sittwe) အဖွဲ့နှင့် ဆက်သွယ်ဆောင်ရွက်နိုင်
ဇွန် ၁၅၊ ရန်ကုန်၊ သန်းထွန်း (MPG)
ရခိုင်ပြည်နယ်အတွင်းရှိ ART ကုထုံးဖြင့် ဆေးကုသမှုခံယူနေသော လူနာများအနေဖြင့် ART ဆေးပြတ်လပ်မှုနှင့် ဆေးယဉ်ပါးမှုကြောင့် နောက်ဆက်တွဲပြဿနာများ မဖြစ်ပေါ်စေရေးတို့အတွက် စစ်တွေမြို့ရှိ Utopia (Phoenix-Sittwe) အဖွဲ့ သည် ရန်ကုန်မြို့ရှိ Myanmar Positive Group (National PLHIV Network) (MPG) နှင့် ပူးပေါင်းကာ ဆောင်ရွက်လျက် ရှိပါသည်။ ရခိုင်ပြည်နယ်အတွင်းရှိ ART ကုထုံးဖြင့် ဆေး ကုသမှုခံယူနေသူများ အနေဖြင့် ဆေးဝါး မပြတ်လပ်စေရေး အတွက် စစ်တွေမြို့ရှိ Utopia (Phoenix-  Sittwe) အဖွဲ့မှ အောက်အမည်ပါပုဂ္ဂိုလ်များထံသို့ လာရောက်ဆက်သွယ်နိုင်ပါကြောင်း သိရှိရသည်။
(က) ကိုသန်းထွန်း      အဖွဲ့ခေါင်းဆောင်နှင့် MPG ၏ ရခိုင်ဒေသကိုယ်စားလှယ်        ၀၉၇၃၀၈၇၀၁၅
(ခ)  ကိုဦးဘဆွေ        ဘဏ္ဍာရေးမှူး                    
   ၀၉၄၅၀၅၃၉၆၄၃
(ဂ)  ကိုလှအောင်ကျော်    အတွင်းရေးမှူး                  ၀၉၈၅၀၀၈၃၈(တစ်ဆင့်)
(ဃ) ကိုကျော်စိန်        အဖွဲ့ဝင်                      
          ၀၉၄၂၁၇၁၀၀၇၆
မူရင်း ထုတ်ပြန်ချက်ပူးတွဲ
MPG Emergency Statement for Rakhine_June_2012 (PDF)
သစ်ထူးလွင်MPG မှ သဘောထားကြေညာချက်ထုတ်ပြန်
ဘွဲ့ဆိုတာ ထမင်းစားလက်မှတ်လား
ဘွဲ့လေးတစ်ခုတော့ရမှလို့ပြောကြတယ်။ ဘွဲ့မရရင် အလုပ်လည်း မလွယ်ဘူးလို့ ပြောကြတယ်။ ဘွဲ့ဆိုတာ အလုပ်အတွက် သတ်မှတ်ချက်တစ်ခုလိုဖြစ်လာတယ်။ အမှန်တကယ် ကျွမ်းကျင်တတ် မြောက်တယ် မတတ်မြောက်ဘူးဆိုတာ ပဓာနမကျဘူး။ ဘွဲ့တစ်ခုခုသာရလာ (ဘာဘွဲ့မဆို) အလုပ် လက်ခံနေကြတာလည်းရှိတယ်။
တက္ကသိုလ်ဆိုတာ စာသင်ရုံသက်သက် နေရာတစ်ခုမဟုတ်ဘူး။ တက္ကသိုလ်မှာ လူမစုနိုင်အောင် ရည်ရွယ်ချက်တွေလည်းပါတဲ့ အဝေးသင်ဆိုတာတွေလည်း တီထွင်ကြတယ်။ အဝေးသင်ဆိုတာ ဘွဲ့မြန်မြန်ရဖို့ တီထွင်ထားတဲ့ ပညာရေးစနစ်တစ်ခုလို့ သတ်မှတ်ထားရင် မှားနေပြီထင်တယ်။
ဘွဲ့တစ်ခုရလာတာကို ‘‘အလုပ်လက်မဲ့ မဖြစ်ရေး ထမင်းစားလက်မှတ်’’ လို့လည်း ပြောကြတယ်။ ဘွဲ့တစ်ခုရဖို့ ရင်းနှီးမြှုပ်နှံရမှုတွေ အထိုင်အလျောက်ရှိတယ်။ ဘွဲ့ကို ငွေနဲ့ ပေးဝယ်သလို ခံစားနေရတဲ့ မိဘတွေက ငါတို့ကုန်ကျလိုက်တာနဲ့ သူတို့ပြန်ရမှာ ထိုက်တန်ပါ့မလားလို့လည်း တွက်ဆလာကြ တယ်။ ဒါကြောင့် မိဘတွေဘက်က လေသံတွေကို ပြန်နားထောင်ကြည့်ရင် ‘‘ငါတို့ ကုန်ကျသမျှ ပြန်ရပါ့မလား’’ လို့တွက်ဆလာတာကို မှားတယ်လို့လည်း မပြောနိုင်ဘူး။
၂ဝဝ၉ ခုနှစ်တုန်းက “Smart Money” ဆိုတဲ့ စာအုပ်တစ်အုပ်ထွက်လာတယ်။ စာရေးသူက Jack Hough ဖြစ်ပါတယ်။ သူကလည်း စာအုပ်ထဲမှာ မေးခွန်းတစ်ခု မေးထားတယ်။ ‘‘တက္ကသိုလ်ဘွဲ့ဆိုတာ တန်ဖိုးရှိသလား’’ တဲ့လေ။
သူ့ရေးသားချက်ထဲမှာ တက္ကသိုလ်တက်ရတဲ့ စရိတ်တွေကများလာ၊  ပညာရေးအရည်အသွေးတွေက နိမ့်ကျလာတာကို ဝေဖန်ထောက်ပြထားတယ်။ အမေရိကန်ပညာရေး မှာ ၆ နှစ်အတွင်း ဘွဲ့တစ်ခုခုရယူဖို့ ကျောင်းသားတွေ ၄ဝ ရာခိုင်နှုန်းလောက် လျှော့ကျသွားတာနဲ့ ထောက်ပြထားတယ်။ စဉ်းစားသင့်တဲ့ အနေအထားဖြစ်လာပါပြီ။
ပညာရေးအတွက်အသုံးနှင့် အလုပ်အကိုင် အခွင့်အလမ်း
၂ဝ၁ဝ အတွက် ပညာရေးဆိုင်ရာ ကုန်ကျစရိတ်နဲ့ ၂ဝ၁၁ အတွက် ကုန်ကျစရိတ်တွေကို နှိုင်းယှဉ် ကြည့်လိုက်တော့ အစိုးရရဲ့ ထောက်ပံ့မှုကနည်းလာ၊ လူတွေကလည်း မတတ်နိုင်၊ ဒါနဲ့ ပညာရေးကို လက်မှိုင်ချသွားတာတွေလည်းရှိတယ်လို့ အမေရိကန်ပညာရေးဌာန အကြံပေးကော်မတီရဲ့ ထောက်ပြ ချက်တစ်ခုကို သတိထားလိုက်မိတယ်။
အဲဒီအစီရင်ခံစာမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂ဝ အတွင်း ပညာရေး ဆိုင်ရာ ကုန်ကျစရိတ်တွေဟာ အမေရိကန်ကောလိပ်နဲ့ တက္ကသိုလ်တွေမှာ တလိမ့်လိမ့် တက်လာ တယ်လို့ဆိုတယ်။ မိဘတွေရဲ့ တစ်လဝင်ငွေကနေ ကျောင်းသားတစ်ယောက်အတွက် နှစ်စဉ် အသုံးစရိတ်ဟာ ၄၁ ရာခိုင်နှုန်းကနေ ၄၈ ရာခိုင်နှုန်းလောက် ဖြစ်သွားတယ်။ သာမန်ဝင်ငွေသာရှိတဲ့ မိသားစုတွေလည်း ပညာရေးအသုံးစရိတ်ကို ၂၂ ရာခိုင်နှုန်းကနေ ၂၆ ရာခိုင်နှုန်းလောက် သုံးနေရ တယ်လို့ဆိုတယ်။
ဒီအတိုင်းသာဆိုရင် မိဘတွေ အကြွေးတွေအတင်ခံပြီး ကျောင်းထားနေကြရတဲ့ သဘောဖြစ်နေတယ်။ ဝင်ငွေနည်းတဲ့ မိသားစုဝင်တွေအတွက် ချေးငွေစနစ်တွေ ရှိတော့ ရှိပါတယ်။ ဥပမာ Pell Grant လို ပညာသင်ထောက်ပံ့ကြေးမှာ ကောလိပ်ကျောင်းသားတစ်ယောက်အတွက် ၄ နှစ်ကို ‌ဒေါ်လာ ၃ဝ၈ဝဝ ပေးပြီး၊ တက္ကသိုလ်ကျောင်းသားတစ်ယောက်အတွက် ၄ နှစ်ကို ‌ဒေါ်လာ ၃၆၈ဝဝ ပေးတယ်။ အမှန်တကယ် သာမန်ကျောင်းသားတစ်ယောက်ရဲ့ ပုံမှန် ကုန်ကျစရိတ်က ၄ နှစ်ကို ‌ဒေါ်လာ ၅၇၄ဝဝ နဲ့ ‌ဒေါ်လာ ၆၃၈ဝဝ ကြားမှာရှိတယ်။ အဲဒီ ပညာသင်ထောက်ပံ့ကြေးကို မရရှိတဲ့ မိဘတွေ အမှန်တကယ် ကျခံပေးနေရတဲ့ ပညာရေးဆိုင်ရာ အသုံးစရိတ်တွေဖြစ်ပါတယ်။
ဒါကြောင့် စာရေးသူ Jack Hough က အဲဒီလောက်ငွေပမာဏကုန်ကျခံလိုက်ရတာနဲ့ ထိုက်တန်တဲ့ ပညာကို သင်ပေးနိုင်ကြရဲ့လား။ အမှန်တကယ် ကျွမ်းကျင်တတ်မြောက်အောင် သင်ကြားပေးနိုင်ကြ လို့လားဆိုတဲ့ မေးခွန်းကိုလည်း ပြန်လည်သုံးသပ်ရပါလိမ့်မယ်။ လုပ်ငန်းခွင်တွေက ဘွဲ့တွေကို တောင်းဆိုလာတယ်။ အဲဒီဘွဲ့တွေက လုပ်ငန်းခွင်တွေကို အထောက်အကူပြုနိုင်တဲ့ ကျွမ်းကျင်မှုတွေနဲ့ လေ့ကျင့်ပျိုးထောင်ပေးနိုင်ပြီလားဆိုတာ ဆန်းစစ်သင့်တဲ့ အချိန်ရောက်နေပါပြီ။
ကျောင်းမှာကုန်ရတဲ့အချိန်နဲ့ အဲဒီ ကျောင်းတက်နေချိန်မှာ လုပ်ငန်းခွင့်ထဲ ရောက်နေရင် ပြန်ရနိုင်တဲ့ လက်ငင်းအကျိုး တရားတွေကိုလည်း တိုင်းတာကြည့်နိုင်ရပါလိမ့်မယ်။ လုပ်ငန်းခွင်ကို စောစောဝင်ရင် ငွေမြန်မြန်ရမယ်၊ လုပ်ငန်းခွင် အတွေ့အကြုံရမယ်၊ ကျောင်းပြီးရင် အလုပ်ရှာနေစရာ မလိုဘူး၊ ကျောင်းတက်ဖို့ စရိတ်အတွက်လည်း သောကရောက်နေစရာ မလိုဘူး၊ ကြွေးတင်ခံပြီး ကျောင်းထား နေစရာ မလိုဘူးဆိုတဲ့ အတွေးတွေကြောင့် အမေရိကန်လို နိုင်ငံမျိုးတွေမှာ အထက်တန်းအဆင့်ပညာ သင်ပြီးရင် တက္ကသိုလ်၊ ကောလိပ်သွားနှုန်းတွေ ပိုပြီးကျဆင်းလာတာတွေ့ရပါတယ်။
လုပ်ငန်းခွင်ကို ကျောင်းပြီးတာနဲ့ ရောက်လာကြတဲ့သူတွေမှာ ဘယ်လိုပြဿနာတွေနဲ့ ရင်ဆိုင်ကြရ သလဲ။ အလုပ်ရှာရမယ်၊ အင်တာဗျူးတွေဖြေရမယ်၊ ခန့်လိုက်ရင်လည်း ကိုယ်တတ်ကျွမ်းထားတာကို အစွမ်းပြနိုင်ရမယ်၊ လုပ်ငန်းခွင်ထဲမှာ သဟဇာတဖြစ်ဖို့၊ အားလုံးနဲ့ ပေါင်းစည်းပြီး လှုပ်ရှား ဆောင်ရွက် နိုင်ဖို့လိုတယ်၊ သတ်မှတ်ချိန်အတွင်း အလုပ်ပြီးအောင် လုပ်ပြနိုင်ဖို့လိုတယ်။ အဲဒီလိုဆောင်ရွက်နိုင်ဖို့ တက္ကသိုလ်၊ ကောလိပ်တွေက အမှန်တကယ်လေ့ကျင့် ပြုစုပျိုးထောင်ပေးလိုက်ပြီလား။
ဘွဲ့ဆိုတာ စာဖွဲ့လောက်ပါသလား
နယူးယောက်ခ်တိုင်းမ် သတင်းစာကြီးရဲ့ ဘလော့ဂ်ဂါ David Leonhardt ကတော့  ‘‘ဘာမှထူးထူးခြားခြား ပြောင်းလဲမှုတော့ မရှိပါဘူး။ တက္ကသိုလ်၊ ကောလိပ်တွေကို လူတွေက အယုံအကြည် ကင်းမဲ့လာတာ နှစ်တွေအတော်ကြာသွားပြီ’’ လို့ထောက်ပြထားပါတယ်။ ဘလွန်းဘာ့ဂ် စီးပွားရေးဂျာနယ်က အယ်လီတာ Chris Farrell ကလည်း တက္ကသိုလ်၊ ကောလိပ်ပညာရေး အဆင့်က အထက်တန်းကျောင်းပညာရေး အဆင့်လောက်တောင်မရှိဘူးလို့ ပက်ပက် စက်စက်ဝေဖန်ထားတယ်။
တက္ကသိုလ်၊ ကောလိပ်တစ်ခုခုကနေ ဘွဲ့ရထားသူတစ်ယောက်ဟာ၊ ဘွဲ့မရထားသူ တစ်ယောက် ထက် ဝင်ငွေ ၇၅ ရာခိုင်နှုန်းလောက် သာတယ်လို့ပြောကြတယ်။ အဲဒါ ၁၉၈ဝ လောက်က ဟုတ်ပါလိမ့်မယ်။ နောက်ပိုင်း လုပ်ငန်းခွင်ကျွမ်းကျင်မှုကို ဦးစားပေးလာတော့ ဘွဲ့ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ ဝင်ငွေပိုင်းမှာ ကွာခြားချက်တွေ သိပ်မရှိတော့ပါဘူးလို့လည်းဆိုထားတယ်။
လုပ်ငန်းခွင်မှာ ၁၉၇၃ ခုနှစ်ကနေ ၂ဝဝ၈ ခုနှစ်အတွင်း ဆန်းစစ်ချက်အရ ပညာတတ်ဦးရေ တိုးတက်မှုနှုန်းဟာ ၂၈ ရာခိုင်နှုန်းကနေ ၅၉ ရာခိုင်နှုန်းလောက်ပဲ ရှိတယ်လို့သိရတယ်။
ဘွဲ့ယူမယ်ဆိုရင်လည်း အမေရိကန်မှာတော့ ရရင်ပြီးရော ဘာဘွဲ့ဖြစ်ဖြစ်ဆိုတာတွေထက် ဘယ်ဘွဲ့ အမျိုးအစားက ထိပ်တန်းမှာ ရှိနေသလဲဆိုတာကို တွက်ဆလာကြတယ်။ လုပ်ငန်းခွင်တွေက လိုအပ်ချက်များတဲ့ဘွဲ့၊ လူသစ်အခေါ်ဆုံးဘွဲ့ သို့မဟုတ် ပရောဂျက်တွေကို ကျောင်းသားတွေက ရွေးချယ်လာကြတယ်။ ဥပမာ နည်းပညာ၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေး၊ အစိုးရဝန်ထမ်း၊ စီးပွားရေးစတဲ့ နယ်ပယ်တွေဟာ လူကြိုက်အများဆုံးနဲ့ ထိပ်ဆုံးကနေရာရလာတဲ့ ဘွဲ့တွေဖြစ်လာ တယ်။
ဘွဲ့ရရင် အလုပ်ရမယ်ဆိုတာ ဖြစ်နိုင်ခြေအနည်းဆုံးနဲ့ တွက်ဆရအခက်ဆုံးဖြစ်နေပါပြီ။ ဒါကြောင့် လည်း ဘွဲ့ရ အလုပ်လက်မဲ့ဆိုတဲ့စကားတွေ ခေတ်စားနေတာပေါ့။ မကြာမီက ကာတွန်းတစ်ကွက်ကို ခံစားလိုက်မိပါတယ်။ ‘‘အေးပေါ့လေ ပညာမတတ်တော့ ဆိုက္ကားနင်းနေရတာပေါ့’’ လို့ ဆိုက္ကားစီးသူက ပြောလိုက်တဲ့စကားကို၊ ဆိုက္ကားဆရာက ‘‘ဘွဲ့မှ တစ်ဘွဲ့တောင်မဟုတ်ဘူး၊ နှစ်ဘွဲ့တောင်ရထားတာ’’ လို့ပြန်ပြော လိုက်တာဟာ ခေတ်ကို ထင်ဟပ်နေတဲ့ ပြကွက်တစ်ခုလို့ ဆိုချင်ပါတယ်။
ဘွဲ့ရလာသူတွေမှာ လုပ်ငန်းခွင်ဆိုင်ရာ ဝန်ထမ်းကျင့်ဝတ်၊ ကိုယ်ကျင့်တရား၊ ပြဿနာအရပ်ရပ်ကို ကိုင်တွယ်ဖြေရှင်းနိုင်တဲ့ ကျွမ်းကျင်မှု၊ စိတ်ခံစားချက်ကို ထိန်းချုပ်နိုင်တဲ့ ရင့်ကျက်မှုတွေ အမှန် တကယ်ပါလာပြီလား။ အဲဒီအရည်အချင်းတွေကို ဘွဲ့ပေးလိုက်တဲ့ ကျောင်းကြီးတွေက ထည့်ပေး လိုက်နိုင်ပြီလား ပြန်သုံးသပ်စရာဖြစ်လာပြီ။
ဘွဲ့ပေးလိုက်တာဟာ အလုပ်ရရေး၊ ပိုက်ဆံရှာရေးတစ်ခုတည်း မဖြစ်သင့်ဘူး။ ဒါကြောင့်လည်း ကျောင်းတွေမှာ အချိန်ပြည့်တက်ပြီး ဘွဲ့ယူရေးထက်၊ လုပ်ငန်းခွင်တွေကနေ ဘွဲ့ယူရေးတွေ ခေတ်စား လာတယ်။ လုပ်ငန်းခွင် ပညာရေးထဲမှာ အွန်လိုင်းပညာရေးကို လူတွေ စိတ်ဝင်စားလာကြတယ်။ တက္ကသိုလ်၊ ကောလိပ်တွေကလည်း အွန်လိုင်းပညာရေးကို ကျောင်းတွေမှာ လူစုမှာကြောက်လို့ဆိုတဲ့ အကြောင်း ပြချက်ထက်၊ လုပ်ခွင်မပျက် ပညာသင်ကြား နိုင်တဲ့ ရည်ရွယ်ချက်တွေနဲ့ ဖွင့်လာကြတယ်။
ပညာဖြင့် ကိုယ့်ကိုယ်ကို ပိုင်းဖြတ်ကြည့်ခြင်း
ကောလိပ်၊ တက္ကသိုလ်ပညာရေးဆိုတာ လူတိုင်းအတွက် ပညာရေးမဖြစ်နိုင်ပါဘူး။ ပညာတတ်မှ ဆိုတာတွေ၊ ပညာတတ်ရင် လူရာဝင်တယ်ဆိုတာတွေဟာ ခေတ်သစ်မှာ စိန်ခေါ်ချက်တွေ ဖြစ်နေ ပါလိမ့်ဦးမယ်။ လူငယ်တွေကို အထက်တန်းကျောင်းတွေ အဆင့်မှာလောက်ကတည်းက ရင့်ကျက် အောင် ပြုစုပျိုးထောင်သင့်တယ်။ စာဖတ်မယ်၊ ကြိုးစားမယ်၊ ပညာဆိုတာ ဆုံးတယ်လို့မရှိ၊ ဘဝတစ်သက်ရှာနေရမယ်ဆိုတဲ့ သဘောတရားတွေ ရိုက်ထည့်ပေးရမယ်။
အထက်တန်းကျောင်း အဆင့်မှာကတည်းက ဘဝအာမခံချက်ရှိနိုင်တဲ့ အသက်မွေးမှု ပညာရပ်တွေကို ပိုပြီးသင်ကြားပေးနိုင်ရ မယ်။ လုပ်ငန်းခွင်နဲ့ ပညာရေးဆက်စပ်အောင် ကြံဆောင်အားပေးရမယ်။ အထက်တန်းပြီးလို့ ကျောင်းဆက်မတက်နိုင်ရင်လည်း လုပ်ငန်းခွင်နဲ့ ပညာရေး ပေါင်းကူးပေးနိုင်တာမျိုးတွေကို အခွင့်အလမ်းတွေ ဖွင့်ပေးထားရမယ်။ ဘွဲ့အတွက် အရင်းအနှီးတွေ အများကြီး ပေးခဲ့ရတယ်ဆိုတာမျိုးတွေ မဖြစ်သင့်တော့ဘူး။
ဒါဆိုရင် ‘‘ဘွဲ့ဆိုတာ အချိန်နဲ့ငွေ ရင်းနှီးရလောက်အောင် ထိုက်တန်သလား’’ ဆိုတဲ့ မေးခွန်းကို ဖြေပါ့မယ်။ မေးခွန်းကို မေးခွန်းတွေနဲ့ပဲ ပြန်ဖြေပါရစေ
၁။ ဘာကြောင့် ပညာသင်နေတာလဲ
၂။ ပညာကို ကိုယ်တိုင်လိုချင်လို့ သင်နေတာလား၊ တိုက်တွန်းခံရပြီး သင်နေတာလား
၃။ ပညာရေးမှာ အစဉ်အလာ ကျောင်းတက်မှ ပညာရတယ်ဆိုတာကိုပဲ လက်ခံထားသလား၊ အွန်လိုင်းပညာရေး ရှိတယ်ဆိုတာ သိပါသလား
၎။ ဘွဲ့တစ်ဘွဲ့ရဖို့ ပိုက်ဆံဘယ်လောက်ကုန်သလဲ၊ မိဘတွေ ကြွေးဘယ်လောက်တင် နိုင်သလဲ ဆိုတာ သိပါသလား
၅။ ဘွဲ့တစ်ဘွဲ့ယူဖို့ အချိန်ဘယ်လောက်ပေးမှာလဲ၊ ပေးတာနဲ့ ထိုက်တန်အောင် ပြန်ယူနိုင်ခဲ့ပါ့မလား
၆။ ပန်းတိုင်ကဘာလဲ၊ ဘယ်လို ပညာ (ဘွဲ့) မျိုးကို လိုချင်တာလဲ
၇။ ဘာကြောင့် ဘွဲ့လိုချင်တာလဲ
၈။ ကိုယ်နဲ့ အဆင့်တူ၊ အသက်တူတွေ ဘယ်လုပ်ငန်းခွင်မှာ ဘာအဆင့်တွေ ရောက်နေပြီဆိုတာ သိပါသလား
အဲဒီမေးခွန်းတွေဟာ မှား/မှန်ဖြေရမယ့် မေးခွန်းမျိုးတွေတော့ မဟုတ်ပါဘူး။ ကိုယ်တိုင် သေသေချာချာ စဉ်စားဖြေကြည့်လိုက်ရင် ဘွဲ့ဆိုတာ အချိန်နဲ့ငွေ ရင်းနှီးရလောက်အောင် ထိုက်တန် သလားဆိုတာ ဖြေကြည့်ပြီးသား ဖြစ်ကောင်းဖြစ်နိုင်ပါလိမ့်မယ်။
Ref : The Bachelor’s Degree Debate: Is College Worth the Cost?by Cheri Watkins (Online Education Columnist)တင်ညွန့်
Credit: http://www.maukkha.org/index.php/feature-article/2173-maukkkha-degree-dabate