Sunday, April 30, 2017

“အရှုံးမပေးနဲ့ ငှက်ငယ်"


မြန်မာ့ရုပ်ရှင်ပရိသတ်တစ်ဦးပါလို့ ပြောရင် ရယ်ကြမလားပဲ။ ဟုတ်ပါတယ်၊ စွဲစွဲမြဲမြဲ ကြည့်ဖြစ်တာမျိုးတော့ မရှိပေမဲ့ ရုပ်သံတွေမှာ လွှင့်တာနဲ့ကြုံရင်တော့ မကြာခဏ ကြည့်လေ့ရှိတယ်။ အဲ့လိုကြည့်လိုက်တိုင်းလည်း လွဲချော်တာ၊ ဝေဖန်စရာတခုခုက ပါနေတတ်စမြဲပဲလေ။ ကြာတော့ ကိုရီးယားကားတွေမှာ ကုန်းပိုးတဲ့အခန်း အမြဲပါလေ့ရှိသလိုမျိုး အဲဒီလိုအလွဲတွေက မြန်မာဇာတ်ကားများရဲ့ သရုပ်တစ်ခုလိုတောင် ဖြစ်လာတယ်။
တကယ်တော့ သူတို့မှာလည်း ခက်ခဲမှုတွေ ရှိပါတယ်။ ဈေးကွက်က မရှိတော့ အမြတ်အစွန်းနည်းတယ်၊ ဒီတော့ ငွေကြေးစိုက်ထုတ်မှုကလည်း နည်းတယ်။ သိပ်အကုန်အကျမခံနိုင်ဘူး။ သူများဇာတ်ဆောင်တွေလို အချိန်ယူပြင်ဆင်တာမျိုးတွေလည်း မလုပ်နိုင်တော့ဘူး။ သင်တန်းကျောင်း၊ ပစ္စည်းကိရိယာ၊ နည်းပညာပိုင်း၊ ဒီလိုပံ့ပိုးမှုတွေကလည်း အားနည်းသေးတယ်။
ဒါပေမဲ့ အကုန်အကျခံနိုင်တော့မှ၊ အထူးအဆန်းတွေ ရိုက်ပြနိုင်တော့မှ ကမ္ဘာကိုထိုးဖောက်နိုင်တော့မှာလား။ အနီးစပ်ဆုံး အိန္ဒိယဇာတ်ကားတွေနဲ့ ဥပမာပေးမယ်။ လက်ရှိကမ္ဘာမှာ နာမည်ကြီးသွားတဲ့ ဇာတ်ကားတွေ၊ Slumdorg Millionaire၊ Every child is special၊ PK၊ Three idiots၊ ဒီလိုဇာတ်ကားတွေဟာ ငွေကုန်ကြေးကျအများကြီးခံ၊ နည်းပညာတွေအသုံးပြုပြီး ထူးထူးဆန်းဆန်းတွေ စိတ်ကူးယဉ်ရိုက်ထားတာ မဟုတ်ဘူး။ တကယ့်ဘ၀အစစ်အမှန်တွေကို ရိုးရိုးလေးနဲ့ ပရိသတ်ရင်ထဲရောက်အောင် ရိုက်ပြထားတဲ့ ဇာတ်ကားတွေပါ။
ဒါကြောင့် မြန်မာ့ရုပ်ရှင်တိုးတက်ဖို့အတွက် အဓိကလိုအပ်နေတာ ဘာလဲဆိုရင် လွတ်လပ်တဲ့အတွေးအခေါ်ပဲ ဖြစ်ပါတယ်။ အဲဒါဟာ လွတ်လပ်ရေးကို တစ်နှစ်ပဲခြားပြီး ရခဲ့ကြတာဆိုပေမဲ့ ခုချိန်မှာ မြန်မာ့ရုပ်ရှင်နဲ့ ဘောလီးဝုဒ်၊ နောက်ပြီး မြန်မာနိုင်ငံနဲ့ အိန္ဒိယကို အဓိက ခြားနားစေခဲ့တဲ့အရာတွေထဲက တစ်ခုဆိုလည်း မမှားပါဘူး။ ဒီမိုကရေစီ တည်တံ့ခဲ့ခြင်းရဲ့ အသီးအပွင့်တစ်ခုပေါ့လေ။
တကယ်တော့ ရုပ်ရှင်အနုပညာမှာမှမဟုတ်ဘူး။ နိုင်ငံရဲ့ အခန်းကဏ္ဍ တော်တော်များများမှာ အားနည်းမှုတွေ ရှိနေတာပါ။ ကျန်းမာရေး၊ စီးပွါးရေး၊ လူမှုရေး အားလုံးပေါ့။
အောက်ကပုံလေးက နှစ်ဆန်းတစ်ရက်နေ့မှာ ငှက်လွှတ်တော့ လှောင်အိမ်ထဲအကြာကြီးထည့်ခံထားရတဲ့ ငှက်လေးဟာ အတောင်ပံတွေချည့်နဲ့လို့ ကောင်းကောင်းမပျံသန်းနိုင်တော့ဘဲ သစ်ရွက်လေးတစ်ရွက်ပေါ် နားနေရတာကို ရိုက်ထားလိုက်တဲ့ပုံလေးပါ။
အဲ့ဒီငှက်လေးရဲ့အဖြစ်က ကျွန်တော်တို့တွေကို သတိပေးနေသလိုပဲ။ နှစ်ပေါင်းများစွာ အာဏာရှင်စနစ်အောက်မှာ အလုံပိတ်ခံထားရပြီးတဲ့နောက်မှာ ကျွန်တ်ာတို့တွေလည်း သူ့လိုပဲ ဖြစ်ကုန်ပါတယ်။
** ပညာတွေ ချည့်နဲ့ကုန်တယ် **
စာမတတ်သူ ပပျောက်ရေး ဆိုပြီး တစ်ချိန်က လုပ်ခဲ့ကြတယ်။ စာတတ်မြောက်မှုနှုန်း ဘယ်လောက်ဆိုပြီးလည်း ဂုဏ်ယူခဲ့ကြဖူးတယ်။ ခုခေတ်မှာတော့ နောက်ထပ် Literacy နှစ်ခု ထပ်တိုးလာတယ်။ Global literacy နဲ့ Digital literacy။ နိုင်ငံတကာဘာသာစကား ကျွမ်းကျင်မှုနဲ့ နည်းပညာအသုံးပြုနိုင်မှု။ ဒီနှစ်ခုလည်း ပိုင်ဆိုင်တော့မှ အဲဒီလူကို စာတတ်တယ်လို့ ခေါ်နိုင်တဲ့ခေတ် ရောက်နေပြီ။ အဲဒီသတ်မှတ်ချက်နဲ့သာဆို စာတတ်မြောက်မှုနှုန်း ဘယ်လောက်ထိ ကျသွားမလဲ။ တတ်ကျွမ်းသူတချို့ ရှိနေတဲ့တိုင်အောင် လူများစုက ချည့်နဲ့နေတုန်းဆိုတာတော့ ငြင်းမရကြဘူး။
** အတွေးအခေါ်တွေ ချည့်နဲ့ကုန်တယ် **
ငယ်ငယ်ကတည်းက လူကြီးစကားနားထောင်မှ လိမ္မာတယ်ဆိုပြီး ပျိုးထောင်ခံခဲ့ရတယ်၊ ဒါသင် ဒါကျက် ဒါဖြေ ပညာရေးစနစ်ကို ဖြတ်ကျော်ခဲ့ရတယ်၊ အဲဒီအခါမှာ လွတ်လွတ်လပ်လပ် တွေးခေါ်တယ်ဆိုတာ မရှိသလောက် ရှားလာတယ်။ အချိန်တန် လုပ်ငန်းခွင်ထဲရောက်တဲ့အခါ လူကြီးက ဘာခိုင်းမလဲ၊ ခိုင်းတာကို စောင့်ပြီး ခိုင်းတဲ့အတိုင်း လုပ်ဖို့ပဲ အားသန်နေကြတော့တယ်။
** အမြင်တွေ ချည့်နဲု့ကုန်တယ် **
ရုံးလေးတစ်ခုမှာ မန်နေဂျာလောက် နေရာရရင်ကို ဘ၀င်တွေမြင့်၊ အောက်ခြေတွေလွတ်ပြီး အောက်ကလူတွေကို နှိမ့်နှိမ့်ချချ ဆက်ဆံလာကြတယ်။ ဖုန်းတွေ၊ ကားတွေပေါလာတာကို တိုးတက်မှုကြီးအဖြစ် မြင်သူတွေလည်း မနည်းခဲ့ဘူး။
** ဆင်ခြင်နိုင်စွမ်းတွေ ချည့်နဲ့ကုန်တယ် **
ဖေ့စ်ဘွတ်မှာပဲ ကြည့်ပါ။ တိုက်ပေးရင် ရန်ဖြစ်တယ်။ သွေးထိုးရင် သွေးကြွတယ်။ ပြောသမျှ ယုံတယ်။ မြင်သမျှကို အဟုတ်ထင်တယ်။
** သည်းခံနိုင်စွမ်းတွေ ချည့်နဲ့ကုန်တယ် **
ကိုယ်ကိုးကွယ်တဲ့ဘာသာမှ အကောင်းဆုံးလို့ထင်တယ်၊ သူတစ်ပါးဘာသာကို ပုပ်ခတ်တယ်။ နိုင်ငံရေးမှာဆိုလည်း ဒီပါတီ၊ ဟိုပါတီမှ၊ ဒီလူမှ၊ ဟိုလူမှ အားပေးတယ်၊ ထောက်ခံတယ်။ ငါနဲ့မတူ ငါ့ရန်သူ ဆိုတာချည်းပဲ။ မတူညီမှုဆိုတာကို ရန်သူလို၊ ပြိုင်ဘက်လို သဘောထားပြီး အနိုင်ယူတယ်၊ ဆဲဆိုတယ်။ လေးစားမှု၊ ပေါင်းစည်းမှုဆိုတာ မရှိဘူး။
** အလုပ်လုပ်နိုင်စွမ်းတွေ ချည့်နဲ့ကုန်တယ် **
အလုပ်မှာ အပင်ပန်းခံနိုင်တာ၊ ပရော်ဖက်ရှင်နယ် ပီပီသသ အလုပ်လုပ်တာ၊ ဒါတွေအားနည်းတယ်။ ကိုယ့်ကိုကိုယ် သိပ်ညှာတယ်၊ တော်ရုံစိတ်ဖိစီးမှုကို မခံနိုင်ဘူး။
** လွတ်လပ်မှုကို အသုံးချနိုင်စွမ်းတွေ ချည့်နဲ့ကုန်တယ် **
အိမ်မှာအရမ်းတင်းကျပ်လို့ မိဘလစ်တာနဲ့ သောင်းကျန်းတတ်တဲ့ ကလေးတွေလို ဖြစ်နေတယ်။ ကိုယ်ရေးလိုက်တဲ့စာ၊ ကိုယ်ရှယ်လိုက်တဲ့ပို့စ်တစ်ခုကြောင့် ဘယ်သူတွေ ဘယ်လိုထိခိုက်သွားမယ်ဆိုတာ မတွေးမိကြဘူး။ မကျေနပ်ရင် မဖတ်နဲ့၊ ကျော်သွား၊ ငါ့အကောင့် ငါရေးချင်တာရေးမယ် ဆိုပြီး လွတ်လပ်မှုကို တလွဲသဘောပေါက်နေကြတယ်။
** သတ္တိတွေ ချည့်နဲ့ကုန်တယ် **
မှားတာကိုမှားတဲ့အကြောင်း၊ လက်မခံနိုင်တဲ့အကြောင်း၊ ကိုယ်မြင်ရင်မြင်တဲ့အကြောင်း ပြောရဲတဲ့သတ္တိတွေ နည်းကုန်တယ်။ နိုင်ငံတကာဆွေးနွေးပွဲတွေ သွားတဲ့အခါ သိပ်သိသာတတ်တယ်။ တခြားနိုင်ငံကလူငယ်တွေ ရဲရဲတင်းတင်း ပြောနေ၊ဆိုနေကြချိန် ကျွန်တော်တို့တွေမှာတော့ ပြောသင့်၊ မပြောသင့် ချိန်ဆရင်း ငေးမောလို့၊ တွေဝေလို့။
ဘာပဲဖြစ်ဖြစ် ခုချိန်ဟာ လှောင်အိမ်ထဲကနေ လွတ်စအချိန်လို့ ပြောရမှာပါပဲ။ မပျံသန်းတာကြာပြီဆိုတော့လည်း ခုနက ငှက်လေးလို အတောင်ပံတွေလည်း ချည့်နဲ့နေတာပေါ့။
ဒါပေမဲ့ သေချာတာကတော့ ကျွန်တော်တို့တွေ တခြားငှက်တွေနည်းတူ ပျံသန်းနိုင်အောင် ကြိုးစားရလိမ့်မယ်။ အရှုံးပေးလို့ မဖြစ်ဘူး။ စိတ်ဓါတ်ကျလို့ မဖြစ်ဘူး။
ပြီးတော့ အချိန်သိပ်ဆွဲနေလို့လည်း မရဘူး။ မိုးပေါ်က တခြားငှက်တွေ ကျွန်တော်တို့ကို လာသုတ်သွားလိမ့်မယ်။
ဒေါက်တာ ဖြိုးသီဟ
၂၃.၄.၂၀၁၆
Credit: ဒေါက်တာ ဖြိုးသီဟရဲ့ Page

Saturday, April 29, 2017

ကြေးမုံဘယ်လိုထုတ်ခဲ့သလဲ (The Mirror Newspaper)

ကြေးမုံဘယ်လိုထုတ်ခဲ့သလဲ
==================

တက်တိုး


၁၉၆၃ ခုနှစ် ဖေဖော်ဝါရီလက ထုတ်ဝေခဲ့သော ကြေးမုံသစ်(အထူး) သတင်းစာတွင် ပါရှိသည့် ဆရာကြီးတက်တိုးရေးသားခဲ့သော ''ကြေးမုံဘယ်လိုထုတ်ခဲ့သလဲ''ဆောင်းပါးကို အမှတ်တရပြန်လည်ဖော်ပြလိုက်ပါသည်။

''ခင်ဗျားတို့က ဘာလို့ သတင်းစာသစ်တစ်စောင်ထုတ်ချင်ရတာလဲ''

''ကျွန်တော်တို့ယုံကြည်ချက်ကို လွတ်လွတ်လပ်လပ်ရေးချင်လို့ပါ''

ကြေးမုံသတင်းစာထုတ်ရန် ငွေရင်းငွေနှီးထည့်ပါရန် ချဉ်းကပ်စဉ်က ကြေးမုံအစုရှင်များနှင့် ကြေးမုံအယ်ဒီတာတို့ပြောကြသည့်စကားမှာ အထက်ပါအတိုင်း ခပ်တိုတိုပင်ဖြစ်သော်လည်း အဓိပ္ပာယ်မှာ ကျယ်ဝန်းလှသည်။

ကြေးမုံသတင်းစာ မထွက်ပေါ်မီကာလသည် ဗမာသတင်းစာလောက၏ ခေတ်ပြောင်း လုလု စပ်ကူးမပ်ကူးကာလဖြစ်သည်။ စစ်ကြိုခေတ်ကာလက သတင်းစာကြီးနှစ်စောင်သာ ခေါင်းဆောင်ခဲ့သော်လည်း စစ်ပြီးခေတ်မှာ သတင်းစာသစ်များ အတော်များများပေါ်ထွက် နေသောကာလဖြစ်သည်။

သတင်းစာသစ်များ များပြားသည်နှင့်အမျှ သတင်းစာပညာမှာလည်း တစ်ဆင့်တစ်ဆင့် တိုးတက်သစ်လွင်လာခဲ့သည်။ သို့သော် သတင်းစာတိုက်တိုင်းတို့၌ သမားရိုးကျ အယ်ဒီတာကြီးများကြီးစိုးနေကာ သမားရိုးကျအရေးအသား၊ အထားအသို၊ အယူအဆတို့သာ တွင်ကျယ်နေခဲ့သည်။ ထိုတိုက်တို့သို့ အသစ်ဝင်လာသော လူငယ်သတင်းစာသမားတို့သည် အတွေးသစ်၊ အရေးသစ်၊ အထားအသိုသစ် စသည့် အသစ်တီထွင်မှုကို ပြုချင်တိုင်းမပြုကြရဖြစ်နေကြသည်။

အထူးသဖြင့် အယူအဆသစ်များကို လွတ်လပ်စွာရေးခွင့်ပြည့်ပြည့်ဝဝမရ ဖြစ်နေကြသည်။ ထို့ကြောင့် သတင်းစာတိုက် အသီးသီး၌ လက်ရှိလုပ်ကိုင်နေသူ လူငယ်တစ်စုသည် သူတို့လုပ်ကိုင်ရာ သတင်းစာတိုက်မှ နုတ်ထွက်ကာ သတင်းစာသစ်တစ်ခုကို သူတို့စိတ်တိုင်းကျထုတ်ကြရန် ငွေပင်ငွေရင်း ခေါ်ကြစဉ်က ''လွတ်လပ်စွာရေးလို၍'' ဟု ပြောခဲ့ကြသည်။ ငွေပင်ငွေရင်းရှာစဉ်ကလည်း အမြတ်ကြီးလိုလားသူ၊ နိုင်ငံရေးအကျိုးရှာလိုသူ စသည်တို့ထံ ချဉ်းကပ်ခြင်းမပြုဘဲ စေတနာသန့်ဖြင့် ငွေရင်းမြှုပ်နှံလိုသူတို့ထံ၌ ချဉ်းကပ်ခဲ့ကြသည်။

ထိုသူတို့၏ ငွေရင်းများအပြင် ကြေးမုံတိုက်၌ တကယ်လုပ်မည့်သူများပါ ငွေရင်းထည့်ဝင်၍ တည်ထောင်ခဲ့သည်။ အစုရှင်ကိုးဦးအနက် ငါးဦးမှာ တိုက်၌အလုပ်လုပ်ကြသူများဖြစ်သည်။ ကြေးမုံဂျာနယ်ကို ဦးစွာထုတ်ဝေပြီး အရှိန်ရမှ ကြေးမုံသတင်းစာကို ထုတ်ခဲ့ရာ၌ ဗမာပြည်သာမက ကမ္ဘာ့ရာဇဝင်တွင် ဤသို့ စောင်ရေတက်သော သတင်းစာမျိုးမရှိသည့်တိုင် အောင်မြင်ခဲ့လေသည်။ ကြေးမုံကို ၁၃၁၉ ခုနှစ် တန်ခူးလဆုတ် ၂ ရက် (၁၉၅၇ ခုနှစ် ဧပြီ ၁၆ ရက်)တွင် စတင်ထုတ်ဝေရာ ထိုနေ့တွင် ကြေးမုံနှင့်အတူ အခြားသတင်းစာသစ်  နှစ်စောင်  (အထောက်တော်နှင့် ပြည်တော်စိုး)  စတင်ထုတ်ဝေရာ  ဗမာ့သတင်းစာသမိုင်း၌ သတင်းစာသစ်သုံးစောင် တစ်ကြိမ်တည်း    စသောနေ့ဖြစ်သည်။ ကြေးမုံသည် ပထမနေ့က အခမဲ့ပေးစောင်ရေ အပါအဝင် ၇၅ဝဝ ထုတ်ခဲ့သည်၊ သုံးပုံနှစ်ပုံခန့်ကို အခမဲ့ဝေခဲ့သည်။ ဒုတိယနေ့စောင်ရေ ၃ဝဝဝနှိပ်ရာ အားလုံးရောင်းရသည်။

တတိယနေ့ ၃ဝဝဝ
စတုတ္ထနေ့  ၄ဝဝဝ
ဆဋ္ဌမနေ့  ၅ဝဝဝ
ဒွါဒသမနေ့ ၇ဝဝဝ

သတင်းစာစောင်ရေသည် နေ့စဉ်တိုးလာရာ တစ်လပြည့်သောနေ့တွင် ကြေးမုံသည်  စောင်ရေတစ်သောင်းကျော်သည့် သတင်းစာကြီးဖြစ်သွားလေတော့သည်။ ခြောက်လရှိသောအခါ စောင်ရေ ၁၆ဝဝဝ ရှိကာ ထိပ်တန်းသတင်းစာကြီးဖြစ်လာခဲ့ကာ ကြေးမုံသက်တစ်နှစ်နှင့် နှစ်လသားရှိသောအခါတွင်  သတင်းစာတစ်စောင်လုံးစီပြီး ရိုက်ပြီး ခေါက်ပြီး စက်ကြီးကို တပ်ဆင်ရာမှ စောင်ရေ သုံးသောင်းကျော်သွားကာ ဗမာပြည်တွင် စောင်ရေအများဆုံးသတင်းစာကြီးဖြစ်လာခဲ့တော့သည်။ ယနေ့ ကြေးမုံ၏ စံချိန်သည်   ဒုတိယစောင်ရေအများဆုံး သတင်းစာထက် စောင်ရေနှစ်ဆများသည့်တိုင် တိုးပွားလာသောကြောင့် လက်ရှိစက်များနှင့် မနိုင်တော့သဖြင့် ယခုစက်သစ်ကြီးများဖြင့် ရိုက်နှိပ်ရပြန်လေပြီ။    ။


(28th April 2017 တွင် ကြေးမုံသတင်းစာထုတ်ဝေခြင်း နှစ် ၆၀ ပြည့်ပြီ)

Friday, April 28, 2017

ခေါက်ဆွဲသုပ် - ထမင်းလက်သုပ် - တို့ဟူးသုပ် တို့ဟူးကြော် - လက်​ဖက်​သုတ်​ - ဖာလူဒါ

အသုပ်​စုံ

ထမင်းလက်သုပ်


တို့ဟူးသုပ်


လက်​ဖက်​သုတ်


ဖာလူဒါ


Thursday, April 27, 2017

ကျွန်တော်နဲ့နိုင်ငံရေးဘောဂဗေဒ

ကျွန်တော်နဲ့နိုင်ငံရေးဘောဂဗေဒ
***********************************
ရေးသူ  -  ပါမောက္ခဒေါက်တာအောင်ထွန်းသက်


ကျွန်တော်ဟာ စီးပွားရေးပညာကို လေ့လာသူတစ်ဦးဖြစ်ပါတယ်။ စီးပွားရေး ပညာလို့ ပြောတဲ့နေရာမှာ ရှုထောင့်အမျိုးမျိုးနဲ့ သုံးသပ်နိုင်တာမို့ မိမိရဲ့ ရှုမြင် သုံးသပ်မှုကို အခြေခံပြီး ဆန်းစစ်နိုင်မှာဖြစ်တယ်။ ကျွန်တော့် အနေနဲ့ ကတော့ နိုင်ငံရေးဘောဂသုံးသပ်မှုဟာ အထိရောက် ဆုံးဖြစ်တယ်လို့မြင် မိတယ်။ အမှန်တော့ ခေတ်သစ်စီးပွားရေး ပညာကို ဖော်ထုတ်ခဲ့တဲ့ အဲဒမ် စမစ်ဟာ နိုင်ငံရေးဘောဂပညာရှင်ဖြစ်တယ်။ အခြေခံ သဘော ကတော့ စီးပွားရေးကို နားလည်အောင် နိုင်ငံရေးအမြင်ရှိဖို့ လိုအပ်သလို နိုင်ငံရေးကို သုံးသပ်ရာမှာ စီးပွားရေးချဉ်းကပ်မှု လိုအပ်တာကို ဖော်ထုတ်ခြင်းဖြစ်တယ်။ စီးပွားရေးနဲ့ နိုင်ငံရေးကို ခွဲခြားပြီးစဉ်းစားလို့ မဖြစ်ဘဲ တွဲဖက်ပြီး ခြုံငုံသုံးသပ် ရမှာသာဖြစ်တယ်။

ကျွန်တော်ဝမ်းနည်းမိတဲ့ကိစ္စက တက္ကသိုလ် စတတ်တဲ့အချိန်မှာ နိုင်ငံရေးဘောဂဗေဒပညာကို သင်ခွင့် မရခဲ့ပါဘူး။ ခေတ်ရဲ့အနေ အထားတွေကြောင့် နိုင်ငံရေးနဲ့ စီးပွားရေးပညာတွေကို တွဲဖက်ပြီး သင်ကြား ခွင့်မရ ခဲ့ပါဘူး။ ဒီတုန်းက သင်ယူခဲ့တဲ့ နိုင်ငံရေးသိပ္ပံဟာလည်း အယူအဆ တစ်ခု၊ ၀ါဒတစ်ခုကို ရိုက်သွင်းခဲ့တာသာ ဖြစ်တယ်။ နိုင်ငံရေးပညာကို နက်နက်နဲနဲ သင်ကြားခွင့် မရခဲ့ပါဘူး။ နိုင်ငံခြား ပညာတော်သင်အဖြစ် သွားခွင့်ရတဲ့ အချိန်မှာ လေ့လာခွင့်ရခဲ့တာဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ရတဲ့ အခွင့်အရေးကို ရအောင်ယူပြီး လေ့လာခဲ့တယ်။ နောက်ပိုင်း ကုလသမဂ္ဂမှာ တာဝန်ယူတော့လည်း စီးပွားရေးပေါ်လစီတွေ ဖော်ထုတ်မှု၊ ဆန်းစစ်မှုတို့ တာဝန် ယူတဲ့အချိန်ပိုပြီး အရေးပါလာတာတွေ့ရတယ်။ အဖွဲ့ ၀င်နိုင်ငံတွေ မှာ လူမှုရေးပေါ်လစီတွေ ထုတ်ဖော်ရာမှာ စီးပွားရေး၊ နိုင်ငံရေး အခြေ အနေတွေကို သုံးသပ်ဖို့လိုတာကို သိလာခဲ့ပြန်တယ်။ နိုင်ငံလေးနိုင်ငံ မှာ ကျွန်တော် တာဝန်ယူပြီးဆောင်ရွက်ခဲ့တဲ့ သုတေသနတစ်ခုလုပ်ရင်း နိုင်ငံရေးဘောဂဗေဒရဲ့ အရေးပါမှုကို ပိုပြီးသဘော ပေါက်ခဲ့ပြန်တယ်။

နိုင်ငံတစ်နိုင်ငံ ဘာကြောင့်တိုးတက်ဖွံ့ဖြိုးသလဲ။ တိုးတက်ဖွံ့ဖြိုးမှုကို အားပေးအားမြောက်ပြုတဲ့ အခြေခံတွေက ဘာလဲ။ ဒီမေးခွန်းတွေကို အဖြေ ရှာဖို့ အာရှနိုင်ငံနှစ်နိုင်ငံနဲ့ အာဖရိကနိုင်ငံနှစ်နိုင်ငံမှာ သုတေသန လုပ်ငန်း ကိုဆောင်ရွက်ခဲ့တယ်။ သုတေသနအလုပ်ဆိုတာက အမှန်တော့ မေး ခွန်းတွေမေးခြင်းဖြစ်တယ်။ သိလိုတဲ့မေးခွန်းတွေမေးပြီး ဒုတိယအဆင့် အနေနဲ့ ဒီမေးခွန်းတွေနဲ့ ပတ်သက်လို့ ဖြစ်နိုင်ခြေရှိတဲ့ အဖြေ တွေကိုဖော် ထုတ်ခြင်းဖြစ်တယ်။ ဒါကို စာစကားအရ အဆိုပြုချက်တွေ ဖော်ထုတ်မှုလို့ ပြောကြတယ်။ နောက် ဆုံးအဆင့်ကတော့ ဒီအဆိုပြု ချက်ဖြစ်နိုင်ခြေ ရှိတဲ့ အဖြေတွေ ယုတ္တိရှိမရှိမှန်မမှန်ကို သက်သေအထောက် အထားတွေ စာရင်း အချက် အလက်တွေပြုစုပြီး ဆန်းစစ်ခြင်းဖြစ်တယ်။ စောစောကနိုင်ငံ တစ်နိုင်ငံ ရဲ့တိုးတက် ဖွံ့ဖြိုးမှုဟာ ဘာကြောင့်ဖြစ်ရသလဲဆိုတဲ့ မေးခွန်းမေး ပြီး အဆိုပြုချက်အနေနဲ့ ပညာရေး၊ ကျန်းမာရေးနဲ့ လူမှု ရေးလုပ်ငန်းတွေမှာ အစိုးရရဲ့ဘတ်ဂျက်ကို အနည်းဆုံး ၂၀ ရာခိုင်နှုန်းအသုံးချဖို့လိုကြောင်း ဖော် ထုတ်ခဲ့တယ်။ အခုလို မေးခွန်းမေး အဆိုပြုချက်ဖော်ထုတ်ပြီး ဖော်ထုတ်တဲ့ အဆိုပြုချက်ကို အတည်ပြုဖို့ စာရင်းအချက် အလက်တွေကို နိုင်ငံလေးနိုင်ငံ မှာ ကောက်ယူခဲ့ပါတယ်။ နိုင်ငံတစ်နိုင်ငံရဲ့ ဘတ်ဂျက်နဲ့ပတ်သက်ပြီး အဆုံး အဖြတ်ပေးတဲ့နေရာမှာ စောစောကတင်ပြခဲ့သလို ပညာရေး၊ ကျန်းမာရေးနဲ့ လူမှုရေးကဏ္ဍတွေမှာ ၂၀ ရာခိုင်နှုန်း သုံးစွဲဖို့ ငွေမရှိတာမဟုတ်ဘဲ နိုင်ငံရေး ခံယူချက်မရှိခဲ့ကြောင်း တွေ့ရပါတယ်။

စီးပွားရေးပညာဟာ အမှန်တော့ အင်မတန်မှ အခြေခံကျတဲ့ ဘာသာရပ်ဖြစ် တယ်။ စီးပွားရေး ပြဿနာ ကိုအဖြေရှာတဲ့ ပညာရပ်ပါ။ စီးပွားရေးပြဿနာ လို့ ပြောရင် အဆုံးအဖြတ်ပေးခြင်းပဲဖြစ်တယ်။ အလွယ်ဆုံး ဥပမာတစ်ခုကို ပေးခြင်းဖြစ်ပါတယ်။ စားသောက်ဆိုင်တစ်ဆိုင်ဝင်ပြီး အစားအသောက် မှာ တယ်ဆိုပါစို့။ မိမိမှာ ငွေလိုသလောက် ရှိနေရင် ကြိုက်တဲ့အစာကို မှာလို့ ရပေမဲ့ ငွေကြေးပမာဏမလုံလောက်ရင် ဟိုဟာစားမလား၊ ဒီဟာစားမလား ဆိုတာကို စဉ်းစားပြီးအဆုံးအဖြတ်လုပ်ရတယ်။ ဒါကြောင့် အဆုံးအဖြတ်ကို အကန့်အသတ် ဘောင်အတွင်းလုပ်ရရင် မှန်မှန်ကန်ကန်ရွေးချယ်နိုင်ဖို့ စီးပွားရေး ပညာကို အသုံးချရတာဖြစ်တယ်။

အခုလိုပဲ နိုင်ငံတော် အစိုးရမှာ လိုသလောက် ဘဏ္ဍာငွေတွေရှိရင် တံတား လည်းဆောက်နိုင်တယ်။ လမ်းလည်းဖောက်နိုင်တယ်။ ကျန်း မာရေးစောင့်ရှောက် မှုလည်းပေးနိုင်တယ်။ ပညာရေးကဏ္ဍကို မြင့်တင်နိုင် တယ်။ ဒါတွေအားလုံးကို လုပ်ဖို့ ဘဏ္ဍာငွေက အကန့်အသတ်ဖြစ်နေတာမို့ မလုပ်နိုင်ဘူး။ ဒါကြောင့် ဦးစား ပေးပြီးရွေးချယ်ရတယ်။ ဘာကို ဦး စားပေးပြီးရွေးချယ်သလဲ ဆိုတာက နိုင်ငံရေးဘောဂဗေ ဒပြဿနာပဲဖြစ် တယ်။ အခုလိုဆုံးဖြတ်တဲ့အခါ တစ်ချိန်တုန်းက စီးပွားရေးပညာအရ ဦးနှောက်ကို သုံးပြီး ချင့်ချိန်တယ်၊ တွက်ချက်တယ်။ စနစ်တကျ အကြောင်း အကျိုးအပြည့် စဉ်းစားပြီးမှ အကောင်းဆုံးရွေးချယ်မှုကို ပြုလုပ်တယ်လို့ သုံးသပ်ခဲ့တယ်။ အခုခေတ်မှာတော့ အခုလိုမဟုတ်တော့ဘဲ အဆုံး အဖြတ်ပေးတဲ့နေရာမှာ ဦးနှောက်သာမကဘဲ နှလုံးသားနဲ့ဆုံးဖြတ်ကြ တယ်။ တစ်နည်းပြောရရင် ခံစားချက်တွေကို တပါတည်းထည့် သွင်း တယ် လို့ လက်ခံလာတယ်။ ကျွန်တော်က တပည့်တွေကို အမြဲသတိပေး ခဲ့တာ မိမိရဲ့လေ့လာဆည်းပူးမှုကို မရပ်ဘဲ ခေတ်နဲ့အညီ လိုက်မီအောင် ကြိုးစား ဖို့ပြော တယ်။ လွန်ခဲ့တဲ့ဆယ်နှစ်က စီးပွားရေးပညာနဲ့ ယနေ့ စီးပွားရေး ပညာဟာ မတူတော့ပါဘူး။ တိုးတက်ပြောင်းလဲနေပါတယ်။ ဒါကြောင့် အမြဲမပြတ်ပညာကိုလေ့လာပါ၊ ဆည်းပူးပါလို့ တိုက်တွန်းပါတယ်။

နိုင်ငံတစ်နိုင်ငံရဲ့ စီးပွားရေး တိုးတက်ဖွံ့ဖြိုးမှု အတွက် အရေးပါဆုံးက ပုဂ္ဂလိက ကဏ္ဍဖြစ်တယ်။ ပုဂ္ဂလိက ကဏ္ဍတိုးတက်မှ နိုင်ငံရဲ့ စီးပွားရေး တိုးတက်နိုင်မှာဖြစ်တယ်။ ပုဂ္ဂလိက ကဏ္ဍကို လွတ်လပ်ရေးရပြီးချိန်ကစပြီး ယခုအချိန်ထိ နိုင်ငံရေးဘောဂဗေဒ ပညာရပ်နဲ့ သုံးသပ်နိုင်ပါတယ်။ ၁၉၄၈ ခုနှစ်မှ ၁၉၆၂ ခုနှစ်အထိ မြန်မာနိုင်ငံ မှာ နိုင်ငံတော်နဲ့ ပုဂ္ဂလိက ကဏ္ဍနှစ်ခု ပူးပေါင်းပြီး (Mixed Economy) လို့ ခေါ်တဲ့ အရောစီးပွားရေးစနစ်ကို အသုံးချခဲ့တယ်။ နိုင်ငံတော်အစိုးရက စီးပွားရေး အလုပ်တွေမှာ ပါဝင်ပတ် သက်ခဲ့တယ်။ စီးမံကိန်းစီးပွားရေး စနစ်ကို ကျင့်သုံးခဲ့တယ်။ အခုလိုဖြစ်တာ ကိုလည်း နိုင်ငံရေးဘောဂဗေဒ ရှုထောင့်က သုံးသပ်နိုင်ပါတယ်။ လွတ် လပ်ရေး ကြိုးပမ်းမှုတွေကို ဆောင်ရွက်တဲ့နေရာမှာ နိုင်ငံရေးအရ လုပ်ရုံ မက စီးပွားရေးအရလည်း ကြိုးစားခဲ့တယ်။ ကိုလိုနီစနစ်မှာ အရင်းရှင် စီးပွားရေးစနစ်ကို အခြေခံထားတာမို့ ဒီစနစ်ကို တွန်လှန်တဲ့နေရာမှာ နိုင်ငံ ရေးအရသာမက စီးပွားရေးအရလည်း ပြောင်းလဲဖို့လိုတယ်လို့ လက်ခံ လာခဲ့ တယ်။ ဒါကြောင့် စီမံကိန်း စီးပွားရေးစနစ်ကို ကျင့်သုံးခဲ့တယ်။

မြန်မာနိုင်ငံ အပါအ၀င် လွတ်လပ်ရေးရပြီးစ နိုင်ငံတိုင်းလိုလို အခုလိုပဲ ရွေး ချယ်ခဲ့ကြတယ်။ ဖားတစ် ပိုင်း ငါးတစ်ပိုင်း စီးပွားရေးစနစ်ကို ကျင့်သုံးခဲ့ကြ တယ်။ ဒုတိယကမ္ဘာစစ်ပြီးချိန် အရှေ့နဲ့အနောက် စစ်အေး ကျင်းပချိန်မှာ လွတ်လပ်ရေး ရပြီးစနိုင်ငံတွေမှာ အခုလိုပဲ ကျင့်သုံးခဲ့ကြတယ်။ ဒါကြောင့် လည်း မကြာမီက ကွယ်လွန်သွားတဲ့ ပါမောက္ခ ဆရာကြီးဒေါက်တာ ဦးလှမြင့်ဟာ စီးပွားရေး အကြံပေး တာဝန်ယူခဲ့စဉ် နိုင်ငံ့ခေါင်း ဆောင်နဲ့ သဘောထားကွဲလွဲပြီး လမ်းခွဲခဲ့တယ်။ ဆရာကြီး ကတော့ လွတ်လပ်တဲ့၊ ပွင့်လင်းတဲ့ စီးပွားရေးစနစ်လို ဖော်ထုတ်တိုက် တွန်းခဲ့သူဖြစ်တယ်။ တစ်ခုသတိပြုရမယ့်ကိစ္စက လွတ်လပ်ရေးရပြီး ဆယ်နှစ်တာ ကာလတွင်း နိုင်ငံစီးပွားရေးနဲ့ လူမှုရေးအခြေအနေတွေ သိသိသာသာတိုးတက်ခဲ့တယ်။ ၁၉၆၂ ခုနှစ်မှစပြီး တော်လှန်ရေး ကောင်စီ အစိုးရနဲ့ မဆလအစိုးရတို့ဟာ ဆိုရှယ်လစ် စီးပွားရေးစနစ်ကို ကျင့်သုံးလာ ခဲ့တယ်။ ရှိသမျှ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းတွေကို ပြည်သူပိုင် သိမ်းပိုက်ခဲ့ တယ်။ အခြားဆိုရှယ်လစ်စီးပွားရေးစနစ်ကို ကျင့်သုံးတဲ့ နိုင်ငံတွေထက် ပိုမိုပြင်းထန်တဲ့စနစ်ကိုဖော်ထုတ်ခဲ့တယ်။ အလယ်အလတ် လမ်းကြောင်း ကို ကျင့်သုံးတဲ့ နိုင်ငံမှာ အခုလို အစွန်းတရား လက်ခံခဲ့တာဟာ အံ့သြစရာ ကိစ္စတစ်ခုပါပဲ။ ရှင်သန်အရှိန်ရခါစ ပုဂ္ဂလိကကဏ္ဍဟာ ပျောက် ဆုံးခဲ့တယ်။ စီးပွားရေးကျပ်တည်းမှုတွေကို မှောင်ခိုစီးပွားရေးစနစ်နဲ့ အဖြေထုတ် ခဲ့ကြ တယ်။ အရာရာကို ကန့်သတ်ထားတွေကြောင့် အစစအရာရာရှားပါး ခဲ့တယ်။ လိုချင်တဲ့ ကုန်ပစ္စည်းတွေကို တရားမ၀င်တဲ့ လမ်းကြောင်းနဲ့ ဖြေရှင်း ခဲ့တယ်။ စီမံအုပ်ချုပ်မှုညံ့ဖျင်းခဲ့မှုကြောင့် ၁၉၈၇ ခုနှစ်မှာ မြန်မာနိုင်ငံ ဟာ ကမ္ဘာ့ဖွံ့ဖြိုးမှု အဆင့်အတန်း အနိမ့်ဆုံးစားရင်ဝင်ဖြစ်တဲ့တယ်။

၁၉၈၈ ခုနှစ်ကနေ ၂၀၁၀ ပြည့်နှစ်အတွင်း စစ်အစိုးရဟာ ဈေးကွက် စီးပွားရေးစနစ်ကို စတင်အကောင် အထည်ဖော်ခဲ့တယ်။ ဒါပေမဲ့ စစ်မှန်တဲ့ ဈေးကွက်စီးပွားရေးမဟုတ်ဘဲ အဆက်အသွယ် အပေါင်းအသင်းကို အခြေပြုတဲ့ စီးပွားရေးစနစ်ကို ကျင့်သုံးခဲ့တယ်။ ဒါကြောင့်လည်း နာမည်ကြီး ခရိုနီ စီးပွားရေးစနစ်ကို ဖော်ထုတ်ခဲ့တာ။ နိုင်ငံတကာဖိအားပေးမှုတွေ နိုင်ငံရေး၊ စီးပွားရေး ပိတ်ဆို့မှုတွေခံခဲ့ရတယ်။ ဒါကြောင့်လည်း မေးခွန်း မမေးဘဲ စီးပွားရေးအကျိုး တစ်ခုတည်းကိုကြည့်တဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံ မှုတွေကို ကြိုဆိုခဲ့တယ်။ လူ့အခွင့် အရေးပတ်ဝန်းကျင် ကာကွယ်ထိန်း သိမ်းစောင့်ရှောက် မှုတွေကို လျစ်လျူရှုခဲ့တယ်။ ကောင်းမွန်တဲ့စီမံအုပ်ချုပ် မှုကို မကျင့်သုံးပဲ တစ်ကိုယ်ကောင်းဆန်တဲ့ လုပ်ရပ်တွေ လွမ်းမိုးခဲ့တယ်။ ရှိသမျှ သဘာဝသယံဇာတပစ္စည်း တွေကို စည်းကမ်း မဲ့ဖော်ထုတ်ခွဲဝေ ခဲ့ကြတယ်။ နိုင်ငံချမ်းသာပြီး လူတွေက ဆင်းရဲသွားကြတယ်။ အခုလို ဖြစ် တဲ့ အခြေခံအကြောင်းအချက်ကတော့ နိုင်ငံရေးဘောဂဗေဒသာဖြစ် တယ်။ ၂၀၁၀ ပြည့်နှစ်နောက်ပိုင်းမှာ အသွင်ကူးပြောင်းဖို့ ကြိုးစားခဲ့ပေမယ့် အောင်အောင်မြင်မြင် မဆောင်ရွက်နိုင်ခဲ့ဘူး။ ၂၀၁၅ ခုနှစ်ရွေးကောက် ပွဲ ရလဒ်ကြောင့် တစ်နှစ်တာနိုင်ငံရေးတာဝန် ယူထားတဲ့ အစိုးရအသစ် အတွက် တာဝန်ကျေပွန်တဲ့ ပုဂ္ဂလိက ကဏ္ဍတစ်ခုကို ဖော်ထုတ်နိုင်ဖို့ အခွင့် အကောင်း တစ်ရပ်ဖြစ်တယ်။ ပြည်သူနဲ့အတူလက်တွဲပြီး လူမှုရေးကို အခြေပြုတဲ့ ဈေးကွက်စီးပွားရေးစနစ် (Social Maket Economy) တစ်ရပ် ကို ဖော်ထုတ်ဖို့လိုအပ်မှာဖြစ်တယ်။ စီးပွားရေး ပြုပြင်ပြောင်းလဲမှုကို နိုင်ငံတော် အစိုးရက ဦးဆောင်ဦးရွက်ပြုပေမဲ့ ပုဂ္ဂလိကကဏ္ဍမှ ရှေ့တန်းက အကောင် အထည်ဖော်ရမှာသာဖြစ်တယ်။

အစိုးရဟာ စီးပွားရေးကို လွတ်လွတ်လပ်လပ် လုပ်နိုင်မယ့် ပတ်ဝန်းကျင် တစ်ရပ်ကို ဖန်တီးပေးရမယ်။ ဥပဒေတွေနဲ့ အကာအကွယ်ပေးရမယ်။ တရားဥပဒေစိုးမိုးရေးကို အာမခံရမယ်။ ကိုယ်တိုင်ကိုယ်ကျ စီးပွားရေး ၀င်လုပ်တာကို အတတ်နိုင် ဆုံးရှောင်ရှားပြီး စီးပွားရေး လုပ်တတ်တဲ့၊ လုပ်နိုင်တဲ့ ပုဂ္ဂလိကကဏ္ဍကို လွတ်လပ်စွာ လုပ်ခွင့်ပြုရမယ်။ နိုင်ငံ့ စီးပွားရေးနဲ့ ပတ်သက်လာရင် စီမံကိန်း (Plan) နဲ့ အစီအစဉ် (Planing ) ခွဲခြားဖို့လိုအပ် တယ်။ ကျွန်တော်တို့နိုင်ငံဟာ စီမံကိန်းတွေကို သိပ်ကြိုက် တယ်။ လွတ်လပ်ရေးရပြီးချိန်မှာ ပြည်တော်သာ စီမံကိန်းကို ဖော်ထုတ်ခဲ့ သလို၊ မဆလခေတ်မှာလည်း ငါးနှစ်စီမံကိန်းတွေကိုရေးဆွဲခဲ့ကြတယ်။ စစ်အစိုးရ လက်ထက်မှာလည်း စီမံကိန်းတွေကို အားကိုးခဲ့ကြတယ်။ ခေတ် အဆက်ဆက် အကျင့်ပါနေလို့ထင်ပါရဲ့ စီမံကိန်းတွေကို ကျကျနနဆွဲ ခဲ့ပေမဲ့ အကောင်အထည်ဖော်မှုမှာ အားနည်းခဲ့တယ်။ စက္ကူပေါ်မှာ ကောင်းလှတဲ့ စီမံကိန်းတွေဟာ လက်တွေ့နဲ့ မနီးစပ်ခဲ့ဘူး။ အမှန်တကယ်လိုအပ်တာက အစီအစဉ်ဖြစ်တယ်။ မိမိရဲ့ရည်မှန်းချက် ရည်ရွယ်ချက်တွေကို ကြည် လင်ပြတ်သားလှတဲ့ ရူပါရုံဖော်ထုတ်ပြီး အစီအစဉ်တွေကို ဖော်ထုတ်ရမယ်။ နောက် အနှစ် ၁၅ နှစ်အတွင်း နိုင်ငံကို ဘယ်လိုဖြစ်စေလဲ။ လွန်ခဲ့တဲ့ နှစ်နှစ်လောက်က ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ အားလုံး လက်ခံထားတဲ့ စဉ်ဆက်မပြတ်ရည်မှန်းချက် ၁၇ ချက်ဟာ မြန်မာနိုင်ငံအတွက် ဦးတည် ချက်ဖြစ်တယ်။ တိုးတက်ဖွံ့ဖြိုးတဲ့နိုင်ငံတွေမှာ အမျိုးသားစီမံကိန်း (National Plans) ဆိုတာမရှိဘူး။ အဖွဲ့အစည်း တွေ၊ ကုမ္ပဏီတွေ၊ လူ ပုဂ္ဂိုလ်တွေဟာ လွတ်လပ်စွာ အစီအစဉ်တွေချမှတ်ကြပြီး နိုင်ငံတိုး တက်အောင် ကြိုးစား ကြတယ်။

ပုဂ္ဂလိကကဏ္ဍ တိုးတက်ဖို့အတွက် အခြေခံတစ်ခုကတော့ တရားသော ယှဉ်ပြိုင်မှုဖြစ်တယ်။ ဒါကြောင့် အစိုးရရဲ့တာဝန်ဟာ မြေညီကွင်းကို ဖော် ထုတ်ဖို့ဖြစ်တယ်။ ယှဉ်ပြိုင်မှုလို့ဆိုတဲ့နေရာမှာ ပြည်တွင်း လုပ်ငန်းတွေ အတွက်သာမက နိုင်ငံခြားကုမ္ပဏီတွေကို ကြိုဆိုပြီး ယှဉ်ပြိုင်မှုကို အားပေး ရမှာသာဖြစ်တယ်။ နိုင်ငံရေးအမြတ်ကို စီးပွားရေးအမြတ်ရအောင်၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေကို ရဲရဲဝံ့ဝံ့ ကြိုဆိုရမှာဖြစ်တယ်။ စီးပွားရေးနယ်ပယ် တိုင်း မှာ ယှဉ်ပြိုင်မှုကို အားပေးပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို လက်ခံရမှာ သာဖြစ်တယ်။ ဒါကတော့ ကျွန်တော့်ရဲ့ နိုင်ငံရေးဘောဂဗေဒ အမြင်ဖြစ် တယ်။ တချို့ကတော့ စီးပွားရေးကိုပိတ်ထားချင်တယ်။ ယှဉ်ပြိုင်မှု ကိုကြောက်တယ်။ အသာစီရထားတဲ့သူတွေက မိမိအခြေအနေကို မထိ ခိုက်စေချင်ဘူး။ ဒါပေမဲ့ ကျွန်တော်တို့အာရုံထားရမှာက ပြည်သူ့မျက်နှာ၊ စားသုံးသူတွေရဲ့မျက်နှာသာဖြစ်တယ်။

ရဲရင့်ပြတ်သားတဲ့စီးပွားရေး၊ လူမှုရေးမူဝါဒတွေ ချမှတ်ပြီး စစ်မှန်တဲ့ လူမှုဈေး ကွက်စီးပွားရေး စနစ်တစ်ရပ်ကိုဖော် ထုတ်သင့်တယ်။ ဘာပဲဖြစ်ဖြစ် အချိန် တိုတိုအတွင်း လိုအပ်တဲ့စီးပွားရေးနယ်ပယ်မှာ အောင်မြင်မှုတွေ၊ တိုးတက် မှုတွေ ရရှိအောင် နိုင်ငံတော်အစိုးရက ပုဂ္ဂလိကကဏ္ဍနဲ့ ပူးပေါင်း ပြီးဆောင် ရွက်ရမှာသာဖြစ်တယ်။

#မြန်မာ့အလင်းသတင်းစာ (24.4.2017)

Credit: B2B Myanmar

Wednesday, April 26, 2017

Hypertension (သွေးတိုးရောဂါ)

Hypertension (1) သွေးတိုးရောဂါ (၁)


တကမ္ဘာလုံးမှာ သွေးတိုးရှိနေသူပေါင်း ၁ ဘီလီယမ်လောက်ရှိနိုင်တယ်။ သွေးလွှတ်ကြောထဲမှာ ဖိအားတွေ များနေတာကို ခေါ်ပါတယ်။ သွေးဖိအားအဖြေမှာ အထက်ဂဏန်းနဲ့ အောက်ဂဏန်းဆိုပြီးရှိတယ်။ အထက်ဂဏန်းဆိုတာ နှလုံးက သွေးတွေကို ညှစ်ထုတ်လိုက်ချိန်မှာ ရှိနေတဲ့ သွေးလွှတ်ကြောထဲရှိတဲ့ ဖိအားဖြစ်ပြီး၊ အောက်ဂဏန်းကတော့ သာမန်အချိန်မှာရှိနေတဲ့ ဖိအားဖြစ်တယ်။ သွေးဖိအားကို ၅ မိနစ်ခြား ၂ ခါတိုင်းတာ ကောင်းတယ်။

• ပုံမှန် = အပေါ်ဂဏန်း ၁၂ဝ နဲ့အောက်၊ အောက်ဂဏန်း ၈ဝ နဲ့အောက်၊
• သွေးတိုး ရှိချင်သလို အဆင့် = အပေါ်ဂဏန်း ၁၂ဝ-၁၃၉၊ အောက်ဂဏန်း ၈ဝ-၈၉၊
• သွေးတိုး အဆင့် (၁) = အပေါ်ဂဏန်း ၁၄ဝ-၁၅၉ အောက်၊ အောက်ဂဏန်း ၉ဝ-၉၉၊
• သွေးတိုး အဆင့် (၂) = အပေါ်ဂဏန်း ၁၆ဝ နဲ့အထက်၊ အောက်ဂဏန်း ၁ဝဝ နဲ့အထက်။

သွေးတိုး နှစ်မျိုးရှိပါတယ်။ ၉ဝ-၉၅% မှာ အကြောင်းရင်းတိတိကျကျမသိရဘဲဖြစ်တယ်။ Essential hypertension လို့ ခေါ်တယ်။ Secondary hypertension ခေါ် အမျိုးအစားမှာတော့ ကျောက်ကပ်ရောဂါ၊ သွေးလွှတ်ကြောမကြီးရောဂါ၊ ကျောက်ကပ် အထက်မှာရှိတဲ့ (အဒြီနယ်လ်-ဂလင်း) ရောဂါတွေကြောင့် ဖြစ်ရတယ်။ NSAIDs အနာအကိုက်ပျောက်ဆေးနဲ့ စတီရွိုက်ဆေးတွေကြောင့်လဲ ဖြစ်နိုင်တယ်။ ကိုယ်ဝန်ဆောင် ၁ဝ% မှာလဲ ဖြစ်တတ်တယ်။ အအိပ်ပျက်ရင်လည်း ဖြစ်တတ်တယ်။

ဘာလက္ခဏာမှမပြသူက ပိုများတယ်။ ခေါင်းမူး၊ ခေါင်းကိုက် မျက်စိဝါး၊ အန်တာဖြစ်နိုင်တယ်။ သွေးထဲမှာ Creatinine များနေတာကို စမ်းတွေ့ရမယ်။ ဆီးထဲမှာလဲ (ပရိုတင်း) ပါနေနိုင်တယ်။ အသက် ၄ဝ-၇ဝ နှစ်ကြား လူတွေ အထက်သွေး ၂ဝ တိုးတိုင်း၊ အောက်သွေး ၁ဝ တိုးတိုင်း နှလုံးသွေးကြောရောဂါဖြစ်စရာ ၂ ဆ တိုးလာတယ်။

နာတာရှည်သွေးတိုးဖြစ်လာရင်၊ သွေးလွှတ်ကြောလေးတွေရဲ့နံရံတွေ ထူပြီးမာလာမယ်၊ နှလုံးသွေးလွှတ်ကြောကျဉ်းလို့ Myocardial infarction နှလုံးသွေးကြောကျဉ်းပိတ်နိုင်တယ်၊ အဲလိုဖြစ်လို့ ရင်ပတ်အလွန်နာတာကို Heart attack ရတယ်လို့ခေါ်တယ်။ အလုပ်ပိုလုပ်ရလို့ နှလုံးကြီးလာမယ်။ Diastolic dysfunction, CHF, Cardiac arrhythmias နှလုံးရောဂါတခုခု ဖြစ်နိုင်တယ်၊ ၂၅% မှာ ECG နဲ့ သိနိုင်တဲ့ နှလုံးဘယ်ဘက်အောက်ခန်းကြီးတာ ဖြစ်တတ်တယ်။ ဦးနှောက်သွေးကြောကျဉ်း-ပိတ်-သွေးယိုလို့ ဦးနှောက် အလုပ်မလုပ်နိုင်တော့ဘဲ လေဖြတ်တာကို Stroke ရတယ်လို့ ခေါ်တယ်။ ၈၅% က သွေးလွှတ်ကြောလေးတွေ ကျဉ်းပြီးဖြစ်ရတယ်။ ၁၅%က သွေးယိုလို့ ဖြစ်ရတယ်။
မှတ်ဥာဏ်ချို့တဲ့မှုလဲ ဖြစ်နိုင်တယ်။ မျက်စိထဲက အရုပ်ထင်တဲ့နေရာ Retina သွားတဲ့သွေးလွှတ်ကြောတွေကို ထိခိုက်နိုင်တယ်။ ကျောက်ကပ်ရောဂါ ဝင်လာနိုင်တယ်။ ခြေဖျားလက်ဖျားသွေးမလျှောက်လို့ Gangrene အနာဖြစ်တတ်တယ်။

ဆရာဝန်တွေက အတော်ညံ့ကြတယ်။ ပျောက်အောင်မလုပ်နိုင်သေးပါ။ သွေးတိုးရှိ-မရှိ စောစောစီးစီးသိရင် ကောင်းတယ်။ နောက်ဆက်ရောဂါတွေမဖြစ်အောင်ကာကွယ်နိုင်မယ်။ သွေးကျဆေးအမျိုးမျိုးရှိတယ်။ အလွန် အရေးပါတာ အစားအစာ၊ ဆေးလိပ်၊ အရက်၊ ကော်ဖီ၊ ဝတာတွေက ပိုဆိုးစေသည်။ လေ့ကျင့်ခန်းလုပ်ရင် သက်သာမယ်။

သွေးကျဆေးအမျိုးမျိုး
၁။ Diuretics ဆီးသွားစေတဲ့ဆေးအုပ်စု၊ Hydrochlorothiazide, Lasix, Torsemide, Triamterene, Hydrochlorothiazide, Metolazone

၂။ Beta-blockers (ဘီတာ-ဘလော့ကား) အုပ်စု၊ Atenolol, Propranolol, Metoprolol, Nadolol, Betaxolol, Acebutolol, Pindolol, Bisoprolol

၃။ ACE inhibitors (အေစီအီး-အင်ဟဘစ်တာ) အုပ်စု၊ Enalapril, Captopril, Lisinopril, Benazepril, Quinapril, Perindopril, Ramipril, Trandolapril, Fosinopril, Moexipril

၎။ Angiotensin receptor blocker (ARB) (အေအာရ်ဘီ) အုပ်စု၊ Losartan, Irbesartan, Valsartan, Candesartan, Olmesartan, Telmisartan, Eprosartan

၅။ Calcium channel blockers (CCBs) (စီစီဘီ) အုပ်စု၊ Amlodipine, Sustained release Nifedipine, Felodipine, Nisoldipine

၆။ Alpha-blockers (အာလ်ဖါ-ဘလော့ကား) အုပ်စု၊ Clonidine
သွေးကျဆေးတမျိုးမကရောပေးပါမယ်။ လိုလာရင် အတိုးအလျှော့နဲ့ ဆေးပြောင်းပေးမယ်။ နှလုံးမကောင်းရင်၊ ကျောက်ကပ်မကောင်းရင်၊ နှလုံးသွေးကြောကျဉ်းနေရင်၊ (ACE) inhibitors or (ARB) ဆေးတွေကို သုံးသင့်တယ်။ နှလုံးခုန်မြန်နေသူများနေသူတွေကို Beta-blockers ဆေးတွေကိုသုံးသင့်တယ်။ ကိုယ်ရောင်နေရင် Diuretics ဆီးသွားစေတဲ့ ဆေးတွေပါပေးရမယ်။ ကိုယ်ဝန်သွေးဆိပ်တက်ရောဂါ (PET) or Eclampsia ဖြစ်နေရင် Beta-blockers, Hydralazine, Labetalol, Alpha Methyldopa, Calcium Channel Blockers တွေပေးနိုင်တယ်။ ACE inhibitors, ARB drugs, Diuretics တွေကို မပေးရပါ။ သွေးတိုးများလွန်းနေရင် (ACE) inhibitors, (ARB), Beta-blockers, Diuretic, Calcium Channel Blockers, Alpha-blockers, Clonidine, Minoxidil, Vasopeptidase blocker တွေကိုပေးနိုင်တယ်။ အရေးပေါ်အခြေအနေမှာ Sodium Nitroprusside နဲ့ Labetalol ထိုးဆေးထိုးပေးနိုင်တယ်။

သွေးတိုးနဲ့ အစားအစာ
အစားမတော်တလုပ်ဆိုတာ ဒီနေရာမှာလဲမှန်တယ်။ (DASH) ဆိုတဲ့နည်းကို အမေရိကန်ဆရာဝန်တွေက ညွှန်းတယ်။ ဆန်-ဂျုံ-ပြောင်း-ပြောင်းဖူး-ဘာလီ-ရိုင်းစပါး-အုတ်စပါးစတဲ့ အနှံတွေကို ဖွေးဖြူသွားတဲ့အထိ မဖွပ်သေးဘဲစားသုံးတာ ပိုကောင်းတယ်။ ကြက်သား၊ ငါးနဲ့ အစေ့အဆံတွေကို အစားခိုင်းပြီး၊ အဆီ၊ အမဲသား-ဝက်သား-ဆိတ်သား၊ အချိုတွေနဲ့ သကြားပါသောက်စရာတွေကို လျှော့စေတယ်။ လူအများစားသုံးကြတဲ့ ကြံကထုတ်တဲ့ Sucrose သကြားမျိုးက သွေးတိုးစေတယ်။ (ဖိုင်ဘာ) ခေါ်တဲ့ အမျှဉ်ပါတဲ့အစာတွေကို ညွှန်းတယ်။ ဆားစားရင် သွေးတိုးများတယ်။ ဆားဆိုတာ (ဆိုဒီယမ်) ဖြစ်တယ်။ ဆားစားများတဲ့ လူမျိုးတွေမှာ သွေးတိုးပိုဖြစ်တယ်။ NIH ကနေသတ်မှတ်ပေးထားတဲ့ တနေ့တာ စားရမဲ့ ဆားပမာဏဟာ 2,400 mg ထက် မပိုသင့်ပါတဲ့။ အိမ်သုံးဆားမှာ (ဆိုဒီယမ်) ၄ဝ% ပါတယ်။ အကြမ်းဖျင်း ပါးစပ်ထဲဝင်သမျှ အစာ-အရည်တွေထဲမှာ တနေ့ကို ဆား လက်ဖက်ရည်ဇွန်း တဇွန်းစာသာ ပါပါစေ။ တနေ့ကို ဆား 1,500 mg သာ စားသူတွေမှာ အကျိုးရှိတာတွေ့ရတယ်။ အစာအာဟာရနည်းနဲ့ ကုသလို့ သွေးတိုးမဖြစ်၊ သွေးတိုးရှိနေရင်လဲ သက်သာတယ်။ တရုတ်နံနံ၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ခရမ်းချဉ်၊ မုံလာပွင့်စိမ်း၊ မုံလာဥနီ၊ နနွင်း၊ စမုန်နက်၊ တောရုံး၊ ငရုတ်ကောင်း၊ ပင်စိမ်း၊ ဝယ်စားတဲ့အစာတွေထဲမှာ ဆားဘယ်လောက် ပါတယ်ဆိုတာ သတိထား ဆင်ခြင်-ရှောင်ကြဉ်ပါ၊ အသင့်ဝယ်ရတဲ့အစားအစာ၊ သွားရည်စာတွေရှောင်ပါ။ ချက်-ပြုတ်-ကျော်-လှာ်ပြီးသာ အစားထဲ ဆား ထပ်မထည့်ပါနဲ့။ အိန္ဒိယား၊ မီဇိုးနဲ့ ချင်းလူမျိုးတွေ ဆားပန်းကန် တည်တဲ့အလေ့ ရှိကြတယ်။ ဆိုးစေနိုင်တယ်။ ဗမာကြိုက် ငါးပိ-ငံပြာရည်-ငါးခြောက်-ပုဇွန်ခြောက်၊ တရုတ်လက်စွဲ ပဲငံပြာရည်၊ (ဆိုယာ-ဆော့စ်)၊ (ဘာဘီကျူး-ဆော့စ်)၊ လျှော့ပါ။ အချဉ်တည်ထားတာ မစားပါနဲ့၊ ဆားသုံး-အခြောက်လှမ်းအစာ မတည့်ပါ။ ဟင်းချိုမှုံ့၊ အသားမှုံ့တွေမှာ (MSG) မှာ (ဆိုဒီယမ်) ပါလို့ မသင့်ပါ။

ဆားတခုထဲ လျှော့တာနဲ့ မရသေးပါ။ (ပိုတက်ဆီယမ်) များဘို့ လိုသေးတယ်။ Potassium acetate, Potassium bicarbonate, Potassium citrate, Potassium chloride, Potassium gluconate နာမည်နဲ့ ဆေးသောက်ပါ၊ ငါး၊ ပင်လယ်စာ၊ ချဉ်တဲ့အသီး၊ ပန်းသီး၊ ငှက်ပျောသီး တွေနဲ့ မုံလာပွင့်စိမ်း၊ ပဲ၊ ပဲသီး၊ ခရမ်းချဉ်၊ အခွံပါအာလူး၊ ဟင်းနုနွယ်ရွက်၊ မုံညင်းဖြူတွေမှာများများပါတယ်။ ကလေးတွေမှာ (ပိုတက်ဆီယမ်) တနေ့ 780-1,600 mg နဲ့ လူကြီးတွေမှာ 1,600-2,000 mg လိုတယ်။ Omega-3 fatty acids က အကျိုးများစေတယ်။ Calcium (800-1,200 mg) ဒါမှမဟုတ် Magnesium (300 mg) သောက်ပါ။

သွေးတိုး အစာအာဟာရ ဥပဒေသ = S သုံးလုံးရှောင်ဥပဒေသ မှတ်ပါ။ Saturated fat, Sugar and Salt တွေ နည်းရမယ်။ အဆီအမျိုးအစား များတဲ့အစာအစာတွေ = မလိုင်၊ ဒိတ်ခဲ၊ ထောပတ်၊ ဂီး၊ စားအုံးဆီ၊ ဝါစေ့ဆီ၊ ချော့ကလက်၊ (ကယ်လိုရီ) + ကိုယ်အလေးချိန် + အဆီတွေဟာ သွေးတိုးအတွက် မကောင်းပါ။ (ဆိုဒီယမ်) များတာ လုံးဝမကောင်းပါ။ (ပိုတက်ဆီယမ်) များတာ ကောင်းတယ်။ (ကယ်လ်ဆီယမ်) နည်းတာ မကောင်းပါ။

သွေးတိုးသမားတွေအတွက် လေ့ကျင့်ခန်း
သွေးပူ-လေ့ကျင့်ခန်း ၅-၁ဝ မိနစ် နဲ့စပါ။ (ယောဂ) ဖြစ်ဖြစ် တခြားနည်းဖြစ်ဖြစ်လုပ်ပါ။ အများဆုံး-နှလုံးခုန်နှုန်း ရဲ့ ၈ဝ% ထက် မပိုသင့်ပါ။ ၂၂ဝ ထဲကနေ ကိုယ့်အသက်ကို နုတ်ရင် MHR ရတယ်။ (MHR = 220 – Age) ကိုယ့်အလေးချိန်ကနေ ဖိစီးတဲ့ လေ့ကျင့်နည်းမျိုး မလုပ်သင့်ပါ။ အများအားဖြင့် လူတွေက ဝကြလို့ပါ။ တခါလုပ်ရင် ၂ဝ-၃ဝ မိနစ် ကြာသင့်တယ်။ ၇ ရက်တပါတ်မှ ၄ ရက်လုပ်သင့်တယ်။ ပြီးရင် ၅-၁ဝ မိနစ် နားလိုက်ပါ။ အလေးချိန်-လျှော့နည်းလုပ်နေတုံးမှာ အသက်ရှူအောင့်ထားတာမျိုး မလုပ်ပါနဲ့။

စာတွေကို အေးအေးဆေးဆေးဖတ်ပြီး လိုတာကိုလိုက်နာပါ။

Hypertension (2) သွေးတိုးရောဂါ (၂)

High blood pressure သွေးဖိအားများနေတာကို Hypertension သွေးတိုးရောဂါလို့ခေါ်တယ်။ နှလုံးကနေ တကိုယ်လုံးကို စီးလျှောက်နေတဲ့သွေးတွေက သွေးကြောနံရံပေါ်ကို ဘယ်လောက်ဖိအားနဲ့ သက်ရောက်နေသလဲ တိတိကျကျတိုင်းတာတဲ့ ကိန်းဂဏန်းဖြစ်တယ်။ ဒီဖိအားများနေတာက စဉ်တိုက်ဆက်တိုက်လို ဖြစ်နေတာမို့ ကြာလာတာနဲ့ သွေးကြောတွေတွေကို ပျက်စီးစေရုံသာမကဘဲ နှလုံးမှာပါရောဂါရလာစေနိုင်တယ်။ သွေးဖိအားကို ထိန်းမထားနိုင်ရင် တချိန်မှာ နှလုံးရောဂါ၊ ဦးနှောက်-သွေးကြောရောဂါနဲ့ ကျောက်ကပ်ရောဂါ တမျိုးမျိုးရလာစေနိုင်တယ်။

• သွေးတိုးလက္ခဏာတွေ
များသောအားဖြင့် ဘာမှမခံစားရသလိုနေပြီး ရုတ်တရက် အသက်ကို ရန်ရှာနိုင်တဲ့ အပြင်းအထန်ရောဂါရတတ်လို့ တိတ်တဆိတ် လူသတ်သမားလို့ တင်စားလေ့ရှိတယ်။ အဲလိုလူမျိုး ၅ ယောက်မှာ ၁ ယောက်ရှိတယ်။ အပြင်မှာ ဘာမှမဖြစ်သလိုနေပေမဲ့ ကိုယ်တွင်းထဲမှာတော့ နှလုံး၊ အဆုပ်၊ ဦးနှောက် နဲ့ ကျောက်ကပ်တွေကို ထိခိုက်နေတယ်။

• ဘာလို့ သွေးတိုးရတာလဲ
ဝေဒနာသည်အများစုမှာ ဘာလို့ သွေးတိုးလာဖြစ်သလဲ ဆရာဝန်တွေက အကြောင်းရှာမရကြဘူး။ လူကြီးတယောက်ရဲ့ ပုံမှန် သွေးဖိအားဟာ 120/80 ထက်မများရဘူး။ အထက်ဂဏန်းလို့ခေါ်တာက နှလုံးကနေ ညှစ်နေချိန်မှာ ရှိတာဖြစ်တယ်။ အောက်ဂဏန်းဆိုတာက နှလုံးက တခါနဲ့တခါကြား နားနေချိန်မှာရှိတာ ဖြစ်တယ်။ အကြောင်းရှာရတာတွေထဲမှာ ကျောက်ကပ်နဲ့ သူ့အထက်နားကအင်္ဂါမှာ ရောဂါတွေပါတယ်။

• သွေးတိုးရှိနိုင်နေပြီဆိုတာ
လူဦးရေရဲ့ ၄ ပုံ၁ ပုံမှာ သတိပေးချက်အဆင့် ရှိနေတယ်လို့ ပြောရင် ခြောက်ပြောတာ မဟုတ်ပါ။ အထက်ဂဏန်း 120 နဲ့ 139 ကြား၊ အောက်ဂဏန်း 80 နဲ့ 89 ကြား ရှိနေသူတွေပါတယ်။ ဒီလိုလူတွေက သာမန် သွေးဖိအား ရှိနေသူတွေထက် နှလုံးရောဂါရလမ်း ၂ ဆ ပိုတယ်။ ဆရာဝန်ဆီလာရင် လူနေမှုပုံစံ ပြောင်းပါလို့ အကြံပေးလိမ့်မယ်။

• အန္တရာယ်နယ်မြေ
သွေးဖိအား 140/90 နဲ့အထက်ရှိနေပမဲ့ လက္ခဏာတွေ မခံစားရတာ ရှိနိုင်တယ်။ 180/110 ဆိုရင်တော့ စိုးရိမ်အမှတ် ရောက်နေပြီ။ ခဏလေး ကိုယ်ရောစိတ်ပါ နားလိုက်ပါ။ သွေးဖိအားပြန်တိုင်းပါ။ ဒိထက်မကျရင် အရေးပေါ်ဌာန အမြန် ကြွပါ။ ဦးနှောက်ထိခိုက်တာ၊ နှလုံးရောဂါ၊ ကျောက်ကပ်ရောဂါနဲ့ သတိလစ်တာတွေ ဖြစ်လာနိုင်စရာရှိနေပြီ။ ခေါင်းတအားကိုက်မယ်၊ စိုးရိမ်စိတ်ကဲနေမယ်၊ နှာခေါင်းသွေးယိုမယ်၊ အသက်ရှူမဝဖြစ်မယ်။

• ဘယ်လိုလူတွေမှာ လာဖြစ်သလဲ
အသက် ၄၅ နှစ်အထိ ယောက်ျားတွေက မိန်းမတွေထက် ပိုဖြစ်နိုင်တယ်။ ဒိထက်ကြီးရင် အတူတူဖြစ်ကြတယ်။ မိန်းမတွေက အသက် ၆၅ နှစ်ကျော်လာရင် ပိုဖြစ်တယ်။ ဆီးချိုရောဂါလိုဘဲ မိသားစုထဲမှာ တယောက်ဖြစ်ရင် နောက်လူလဲ ဖြစ်တတ်တယ်။ အားလုံးတော့ မဟုတ်ပါ။ ဆီးချိုရှိနေသူထဲက ၆ဝ% မှာ သွေးတိုးလဲတွဲရှိနေတယ်။

• ဆားနဲ့ သွေးတိုး အမျိုးတော်တယ်
လူတွေ၊ တိရစ္ဆာန်တွေ ဆားမရှိရင် အသက်မရှင်နိုင်ဘူး။ ဒါပေမဲ့ သွေးတိုးနဲ့မတည့်ပါ။ ဆားထဲမှာ အများဆုံး ပါနေတာက (ဆိုဒီယမ်) ဖြစ်တယ်။ ဒီဓါတ်ကနေ သွေးဖိအားတက်စေတာသေခြာတယ်။ (ဆဲလ်) တွေထဲ ရေပိုအောင်းစေလို့ ကိုယ်ရောင်မယ်။ လူတယောက် တနေ့မှာ (ဆိုဒီယမ်) 1,500 milligrams ထက် များအစားဘို့ဖြစ်တယ်။ သိတဲ့အတိုင်း သူတို့က အာရှသားတွေထက် လူကောင်ကြီးသေးတော့ ကျွန်တော်တို့က ပိုနည်းသင့်သေးတယ်။ အလွယ်ဝယ်စားလို့ရတာတွေ၊ ပြုပြင်စီမံထားတဲ့ အစာတွေကနေ လိုအပ်ချက်ထဲက ၇၅% ရနေတာ သတိထားပါ။

• သွေးတိုးများတာနဲ့ စိတ်ဖိအား
စိတ်ဖိအားများရင် သွေးတိုးများတယ်။ ဘာလို့လဲတော့ အဆက်အစပ်မပြနိုင်သေးဘူး။ ဒါပေမဲ့ စိတ်ဖိစီးမှုများသူတွေဟာ နှလုံးရောဂါရလမ်းလဲ များတယ်။ ဒီလိုလူတွေက အစားကောင်းကောင်းမစား၊ အရက်သောက်၊ ဆေးလိပ်သောက်တာတွေလဲ လုပ်ကြတော့ ဆက်စပ်နေတယ်။

• သွေးချိန်နဲ့ ကိုယ်အလေးချိန်
ဝတဲ့သူတွေဟာ သူတို့နှလုံးအပေါ်ဖိအား များနေစေလို့ သွေးတိုးဖြစ်ဘို့ များတယ်။ ဒါကြောင့် အစားအသောက်မှာ ဆား လျှော့စားဘို့နဲ့အတူ ကိုယ်အလေးချိန်ချဘို့၊ (ကလိုရီ) ချဘို့ လိုအပ်တယ်။ အဆီလဲလျှော့၊ သကြားလဲ နည်းစေရတယ်။ အသီးအနှံတွေ၊ အသီးအရွက်တွေကို ပိုစားသင့်တယ်။ အဆီလွတ်အသားနဲ့ (ဖိုင်ဘာ) များအစားတွေကို အစားခိုင်းတယ်။ အလေးချိန် ၁ဝ ပေါင်ကျတာနဲ့ အန္တရာယ်ကိုနည်းစေတယ်။

• သွေးတိုးနဲ့ အရက်
အရက်များရင် သွေးတိုးများစေတယ်။ အမေရိကန်နှလုံးအသင်းရဲ့ လမ်းညွှန်ချက်မှာ အရက်ကို လူတိုင်းလိုလို သောက်နေတဲ့နိုင်ငံမို့ အမျိုးသားတိုင်း ၂ ခါသောက်၊ နဲ့ အမျိုးသမီးတိုင်း ၁ ခါသောက်ထက် မပိုဘို့ပါနေတယ်။ ၁ ခါ သောက်ဆိုတာ ဘီယာ ၁၂ အောင်စ၊ ဝိုင် ၄ အောင်စ၊ အရက် (80-Proof) ၁ အောင်စခွဲ နဲ့ အရက် (100-Proof) ၁ အောင်စကို ပြောတာဖြစ်တယ်။

• သွေးတိုးနဲ့ (ကေဖင်း)
(ကေဖင်း) ပါတဲ့ ကော်ဖီ စတာတွေ သောက်ရင် လူက တမျိုးတမည်ဖြစ်သလို သွေးတိုးကိုလဲ တက်စေတယ်။ ယာယီ သဘောတော့ ဖြစ်တယ်။ တနေ့ ၁ ခွက်၊ ၂ ခွက် သတ်မှတ်တယ်။

• သွေးတိုးနဲ့ ကိုယ်ဝန်
ကိုယ်ဝန်ဆောင်လို့ သွေးတိုးတယ်ဆိုတာ ဖြစ်တတ်တယ်။ ကိုယ်ဝန် နောက်ပိုင်းမှာ အဖြစ်များတယ်။ ဆေးကုသမှု မလုပ်ရင် ဆိုးဝါးတာတွေ ဆက်ဖြစ်လာနိုင်တယ်။ ဥပမာ PET ကိုယ်ဝန်ဆောင်သွေးဆိပ်တက်ခြင်းမဖြစ်မီအဆင့်) ကနေ မိခင်ရော ကလေးပါ ဆိုးဝါးတာတွေဖြစ်လောစေနိုင်တယ်။ ဒီလိုဖြစ်သူတွေ ကလေးမွေးပြီး ပြန်ကောင်းပါတယ်။

• သွေးတိုးနဲ့ ဆေးဝါးတွေ
အအေးမိဆေးတွေထဲမှာ Decongestants အမျိုးအစားဆေးတွေ ပါနေတယ်။ ဒီဆေးက သွေးတက်စေနိုင်တယ်။ တခြားဆေးတွေကတော့ အကိုက်အခဲပျောက်ဆေးတွေ၊ (စတီရွိုက်) ဆေး၊ ပိန်ဆေး၊ ကိုယ်ဝန်တားဆေးနဲ့ စိတ်ကျဆေးတွေ ဖြစ်တယ်။

• ကော်လာဖြူသွေးတိုး
အလုပ်လုပ်တဲ့နေရာ၊ ရုံးတွေမှာ သွေးချိန်တိုင်းရင် အိမ်မှာနေရင်း တိုင်းတာထက် တက်နေတတ်တယ်။ လူနာတွေလဲ ဆေးခန်းလာဘူးကာစ၊ ဆေးခန်းသစ်လာစ၊ ဆရာဝန်-ဆရာမ အသစ်နဲ့ စစ်ကာစ အချိန်တွေမှာ သွေးချိန် နည်းနည်း ပိုတက်နေတတ်တယ်။ ဒါကြောင့် အိမ်မှာ အေးအေးဆေးဆေး တိုင်းတာတာက ပိုသေခြာတဲ့ဂဏန်းကို ရစေနိုင်တယ်။ ဒါပေမဲ့ လူတိုင်းက အိမ်မှာချည်း အမြဲနေကြတာ မဟုတ်ပါ။ အပြင်နေရလို့ သွေးချိန်တက်တာလဲ သူ့သွေးချိန်ဘဲဖြစ်တယ်။

• သွေးတိုးနဲ့ ကလေး
သွေးတိုးဟာ လူကြီးရောဂါ မှန်တယ်။ ကလေးတွေလဲ မဖြစ်ဘူး မပြောနိုင်ပါ။ ကလေး ဝနေမယ်၊ မိဘတွေမှာ သွေးတိုး ရှိနေမယ်ဆိုရင် ကလေးလဲ တက်နေနိုင်တယ်။ ကလေးရဲ့ အသက်၊ အရပ်၊ ကျား-မ မတူရင် သွေးချိန်မတူဘူး။

• သွေးတိုးကို ဘယ်လိုကုသလဲ
အစားအသောက် ရွေးစားတာကြောင့် သွေတိုးကျစေတယ်။ DASH ဆိုတာ Dietary Approaches to Stop Hypertension ကို အတိုကောက်ရေးတာပါ။ အသီးတွေ၊ ဟင်းသီး-ဟင်းရွက်တွေ၊ ဖြူနေအောင်ချွတ်မထားတဲ့အဆံတွေ၊ အဆီလွတ်နို့၊ ငါး၊ ကြက်သား၊ အစေ့အဆံတွေကိုစားခိုင်းတာဖြစ်တယ်။ အမဲသား-ဆိတ်သား၊ အဆီ၊ အချိုတွေ လျှော့စားစေတယ်။ (ဆိုဒီယမ်) နည်းလေ ကောင်းလေဖြစ်တယ်။

• ကိုယ်လက်လေ့ကျင့်ခန်း
ပုံမှန်လေ့ကျင့်ခန်းလုပ်တာ သွေးတိုးအတွက်လဲ သက်သာစေတယ်။ ၇ ရက်တပါတ်မှာ မပြင်းထံတဲ့ လေ့ကျင့်ခန်း မိနစ် ၁၅ဝ လုပ်သင့်တယ်။ ဥယျာဉ်လုပ်တာ၊ လမ်းတိုလျှောက်တာ၊ စက်ဘီးစီးတာ၊ (အေရိုးဘစ်) လုပ်တာတွေလဲ ပါတယ်။ ကြွက်သား ဆန့်တန်းတာကိုလဲ တပါတ်မှာ ၂ ခါလုပ်သင့်တယ်။

• Diuretics ဆီးသွားစေတဲ့ဆေး
သတိပေးချင်တာက ဆီးဆေးဆိုတာ မတူတဲ့ ၂ မျိုး မရောစေချင်ဘူး။ ဆီးကို အတင်းသွားခိုင်းတဲ့ဆေး နဲ့ ဆီးအောင့်လို့ သောက်ရတာ မတူပါ။ သွေးတိုးမှာ ဆီးကို တမင်တကာ သွားစေအောင် လုပ်ရတယ်။ သွေးကျတာမြန်လို့ ပဌမတန်းစားဆေး အနေနဲ့ သုံးလေ့ရှိတယ်။ ဆီးသွားရင် ကိုယ်ထဲကနေ ရေရော၊ ဆားရောထွက်ကုန်စေတယ်။ သတိထားစရာက တချို့ ဆီးဆေးတွေက ပိုတက်ဆီယမ်နည်းစေနိုင်လို့ ကြွက်သားနာတာ၊ အားယုတ်တာတွေ ဖြစ်စေနိုင်တယ်။ တချို့ဆီးဆေးက ဆီးချိုတက်စေတတ်တယ်။ တချို့မှာ ယောက်ျားလိင်အရေး နည်းစေနိုင်တယ်။

• Beta-blockers (ဘီတာ-ဘလော့ကာ) ဆေး
ဒီဆေးမျိုးက နှလုံးခုန်တာနှေးစေတယ်။ တခြားနှလုံးရောဂါအတွက်လဲ သုံးတယ်။ ဥပမာ Arrhythmia ရောဂါ။ ဒီဆေးမျိုးက အိပ်မပျော်တာ၊ ခေါင်းမူးတာ၊ အားယုတ်တာ၊ ခြေ-လက်အေးစက်တာနဲ့ ယောက်ျား လိင်အားနည်းတာတွေ ဖြစ်စေနိုင်တယ်။

• ACE Inhibitors (အေ-ဟီ-အီး အင်န်ဟဘစ်တာ) ဆေး
သွေးကြောတွေကို ကျုံ့စေ-ကျဉ်းစေတဲ့ ကိုယ်ကနေထွက်တဲ့ Angiotensin II ဓါတ်ကို ဆန့်ကျင်တယ်။ ဒီဆေးမျိုးက ချောင်းခြောက်ဆိုးတာ၊ အရေပြားအနီစက်ထွက်တာ၊ ခေါင်းမူးတာ၊ (ပိုတက်ဆီယမ်) များတာတွေ ဖြစ်စေနိုင်တယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ မပေးသင့်ဘူး။

• ARBs (အေ-အာရ်-ဘီ) ဆေး
ဒီဆေးမျိုးက သွေးကြောတွေကို ကျုံ့စေ-ကျဉ်းစေတဲ့ Angiotensin II ဓါတ်ကို ကိုယ်ကနေထွက်တာကို နည်းစေတယ်။ ဆေးသတ္တိပြဘို့ အချိန်စောင့်ရတယ်။ ခေါင်းမူးတာ၊ ကြွက်သားနာတာ၊ အိပ်မပျော်တာ၊ (ပိုတက်ဆီယမ်) များတာတွေ ဖြစ်စေနိုင်တယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ မပေးသင့်ဘူး။

• Calcium Channel Blockers (ကယ်လ်စီယမ်-ချင်နယ်လ် ဘလော့ကာ) ဆေး ဒီဆေးမျိုးကနေ နှလုံးနဲ့ သွေးကြော (ဆဲလ်) တွေထဲကို (ကယ်လ်စီယမ်) ဓါတ်ဆား ဝင်တာကိုနှေးစေမယ်။ (ကယ်လ်စီယမ်) ဓါတ်က နှလုံကိုပိုညှစ်စေပြီး သွေးကြောကိုကျယ်စေတယ်။ ခေါင်းမူးတာ၊ ရင်တုန်တာ၊ ခြေထောက်ရောင်တာ၊ ဝမ်းချုပ်တာတွေ ဖြစ်စေနိုင်တယ်။ အစာနဲ့ သောက်ရတယ်။ အရက်၊ စပျစ်ဖျော်ရည်တွေနဲ့ တွဲမသောက်သင့်ဘူး။

• တခြားဆေးကျဆေးတွေ
Vasodilators, Alpha blockers, Central agonists အမျိုးအစားဆေးတွေကိုလဲ သုံးတယ်။ ခေါင်းမူးတာ၊ ရင်ခုန်-ရင်တုန်တာ၊ ခေါင်းကိုက်တာ၊ ဝမ်းလျှောတာတွေ ဖြစ်စေနိုင်တယ်။

• အထောက်အကူပြုကုသနည်းတွေ
တရားထိုင်တာ၊ ယောဂလုပ်တာ၊ အသက်ပြင်းပြင်းရှူတာတွေက သွေးတိုးကျဘို့ အထောက်အကူရစေနိုင်တယ်။ တိုင်းရင်းဆေးတချို့က သွေးတိုးကိုပိုတိုးစေတယ်။

• သွေးတိုးနဲ့ ဘယ်လိုစခန်းသွားမလည်း
သွေးတိုးကို ပျောက်သွာအောင် ဆရာဝန်တွေ မစွမ်းသေးပါ။ တသက်တာသွေးတိုးကို ထိန်းနေတတ်အောင် လုပ်နေနိုင်ရင် အသက်တမ်းစေ့ နေနိုင်ပါမယ်။ လူဆိုတာ ရသာ ၆ ပါးကို အာရုံထားကြတယ်။ ရှောင်ရမှာက ငန်တာတပါးတည်းပါ။ ကျန် ၅ ပါး အားကိုးရတာ မနည်းပါ။

Dr. တင့်ဆွေ

Credit: Dr. တင့်ဆွေရဲ့ Page

Saturday, April 22, 2017

ရဲစခန်းသို့  ဖုန်းဆက်ပါ

ရဲစခန်းသို့  ဖုန်းဆက်ပါ
^^^^^^^^^^^^^^^^^^^


သင့်အိမ်ရှေ့မှာရော၊ အမြင်မတော် လမ်းပေါ်မှာရော ၊ မတော်မတရား အနိုင်ကျင့် ဆူပူသောင်းကျန်း နေပါသလား ၊ ရဲစခန်းသို့ ဖုန်းသာ ဆက်လိုက်ပါ။

ရှေ့သို့လှမ်းချီ ၊ တိုးတက်ပြောင်းလဲရန် ကြိုးစားနေသော ဒီမိုကရေစီ မြန်မာနိုင်ငံတွင် ၊ မည်သူမဆို ၊ အေးချမ်း ၊ လုံခြုံစွာ ...နေချင်သည်မှာ ... ပြည်သူအားလုံး ဆန္ဒပါ။

ထို့ကြောင့် ပြည်သူပြည်သားများ ၊ လမ်းခရီးသွားလာ ၊ ထိပါးနှောက်ယှက်၊ မျက်မြင်ခံစား၊ အိမ်ရှေ့မှာ မှုးယစ်ရမ်းကား ၊ ဓါးကိုင်၊ တုတ်ရမ်း၊ သောင်းကျန်း၊ မတရားစော်ကား၊ ထိပါးလာသူများ၊ တွေ့ပါက အောက်ပါရဲဌာန စခန်းများသို့၊ ဖုန်းဆက် လိုက်ပါ။

မရပါက အွန်လိုင်းပေါ်သာ တင်ချလိုက်ပါ ၊ မှုခင်း ဆာဗာ ထိမ်းချုပ်ရေး ကလည်း ရှာဖွေ ဆောင်ရွက် ပါလိမ့်မယ်။

ကိုယ်နဲ့ ဖုန်းပြောတဲ့ ရဲဝန်ထမ်းရဲ့ အသံ ဖမ်းထားပါ။
(နံမည် ရာထူး တာဝန် ကိုမေးပါ)
ဘာမှ အရေးယူ မပေးရင် အွန်လိုင်းသာ တင်လိုက်။

ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ စခန်းများ၏ ဖုန်းနံပါတ်များ
*****************************************************************
၁။ ဒဂုံတောင်ရဲစခန်း ၀၁-၅၉၀၀၉၃

၂။ ဒဂုံမြောက်ရဲစခန်း ၀၁-၅၈၄၁၀၉

၃။ ဒဂုံအရှေ့ ၀၁-၅၈၅၁၈၇

၎။ ဒဂုံဆိမ်ကမ်း ၀၁-၅၉၃၀၀၇

၅။ ဗိုလ်တစ်ထောင် ၀၁-၂၉၁၈၇၄

၆။ မင်္ဂလာတောင်ညွန့် ၀၁-၂၉၁၀၃၄

၇။ သာကေတ အမှတ် ( ၁ ) ၀၁-၅၅၆၈၆၅

၈။ သာကတေအမှတ် (၂) ၀၁-၅၄၇၂၅၃

၉။ တောင်ဥက္ကလာပ ၀၁-၅၆၁၆၄၂

၁၀။ မြောက်ဥက္ကလာပ ၀၁-၉၆၉၉၃၈၄

၁၁။ ရွှေပေါက်ကံ ၀၁-၉၆၉၅၅၆၁

၁၂။ ဝေဘာဂီ ၀၁-၉၆၉၉၁၃၈

၁၃။ တာမွေ ၀၁-၅၅၆၇၇၁

၁၄။ သင်္ဃန်းကျွန်း ၀၁-၅၆၂၅၄၄

၁၅။ သုဝဏ္ဏ ၀၁-၅၆၂၅၈၈

၁၆။ ပုဇွန်တောင် ၀၁-၂၉၁၂၁၈

၁၇။ ဒေါပုံ ၀၁-၅၅၆၉၈၈

၁၈။ ရန်ကင်း ၀၁-၅၇၇၁၉၀

၁၉။ မရမ်းကုန်း ၀၁-၆၆၀၃၅၂

၂၀။ ဘုရင့်နောင် ၀၁-၆၈၀၇၇၄

၂၁။ လှိုင် ၀၁-၅၁၉၅၃၁

၂၂။ ပိတောက်ချောင်း ၀၁-၆၈၁၅၇၄

၂၃။ ကမာရွတ် ၀၁-၅၃၄၃၀၄

၂၄။ ဗဟန်း ၀၁-၅၅၄၆၃၀

၂၅။ စမ်းချောင်း ၀၁-၅၃၅၁၈၄

၂၆။ ကြည့်မြင်တိုင် ၀၁-၅၃၅၈၆၇

၂၇။ စက်ဆန်း ၀၁-၇၀၈၉၃၁

၂၈။ အလုံ ၀၁-၂၂၀၇၉၃

၂၉။ လမ်းမတော် ၀၁-၂၂၄၅၂၈

၃၀။ လသာ ၀၁-၂၅၃၂၀၂

၃၁။ ပန်းဘဲတန်း ၀၁-၃၇၁၃၉၈

၃၂။ ကျောက်တံတား ၀၁-၃၇၁၀၅၄

၃၃။ ဆိပ်ကမ်း ၀၁-၂၅၆၉၂၀

၃၄။ ဒလ ၀၁-၂၆၉၁၉၂

၃၅။ သံလျင် ၀၅၆-၂၁၅၀၄

၃၆။ ကျောက်တန်း ၀၅၆-၂၅၅၀၄

၃၇။ အင်းစိန် ၀၁-၆၄၅၈၁၉

၃၈။ မင်္ဂလာဒုံ ၀၁-၆၃၅၀၇၄

၃၉။ ထောက်ကြန့် ၀၁-၆၀၀၀၃၂

၄၀။ လှိုင်သာယာ ၀၁-၆၄၅၀၁၆

၄၁။ မှော်ဘီ ၀၁-၆၂၀၀၀၁

၄၂။ လည်းကူး ၀၁-၆၂၉၀၀၉

၄၃။ တိုက်ကြီး ၀၅၅-၂၀၀၀၃

၄၄။ သောင်းကြီး ၀၁-၇၂၂၉၁၆

၄၅။ လှော်ကား ၀၁-၇၀၈၉၃၀

၄၆။ မင်္ဂလာတောင်ညွန့်မြို့နယ်ရဲစခန်း 01 291034, 01 291035

၄၇။ သင်္ဃန်းကျွန်းမြို့နယ် ရဲစခန်း 01 562544, 01 562436

၄၈။ သာကေတမြို့နယ် ရဲစခန်း
      အမှတ်(၁) 01 556865, 01 556749
      အမှတ်(၂) 01 547253

၄၉။ တာမွေမြို့နယ် ရဲစခန်း 01 556771, 01 556862

၅၀။ ဒေါပုံမြို့နယ် ရဲစခန်း 01 556988, 01 554951

၅၁။ ဗိုလ်တထောင်မြို့နယ် ရဲစခန်း 01 291874, 01 291886

၅၂။ ပုဇွန်တောင်မြို့နယ် ရဲစခန်း 01 291218, 01 291240

၅၃။ အင်းစိန်မြို့နယ် ရဲစခန်း 01 645821, 01 645819

၅၄။ ဒဂုံမြို့သစ်(တောင်ပိုင်း) ရဲစခန်း 01 590093, 01 590070

၅၅။ ဒဂုံမြို့သစ်(အနောက်ပိုင်း) ရဲစခန်း01 584109, 01 584436

၅၆။ ဒဂုံမြို့သစ်(အရှေ့ပိုင်း) ရဲစခန်း 01 585191, 01 585187

၅၆။ ဒဂုံမြို့သစ်(အရှေ့ပိုင်း) ရဲစခန်း 01 585191, 01 585187

မန္တလေးတိုင်း ဒေသကြီး အတွင်းရှိ ရဲစခန်းများ၏ ဆက်သွယ်ရန် ဖုန်းနံပါတ်များ
++++++++++++++++++++++++++++++++++++++++++++++++++++
၁။ အမှတ်(၁)ရဲစခန်း ၀၂-၆၁၂၀၇

၂။ အမှတ်(၂)ရဲစခန်း ၀၂-၃၂၀၀၈

၃။ အမှတ်(၃)ရဲစခန်း ၀၂-၃၂၀၈၉

၎။ အမှတ်(၄)ရဲစခန်း ၀၂-၆၀၈၃၁

၅။ အမှတ်(၅)ရဲစခန်း ၀၂-၃၆၉၉၁

၆။ အမှတ်(၆)ရဲစခန်း ၀၂-၃၆၉၉၂

၇။ အမှတ်(၇)ရဲစခန်း ၀၂-၃၆၉၉၃

၈။ အမှတ်(၈)ရဲစခန်း ၀၂-၃၆၉၉၄

၉။ အမှတ်(၉)ရဲစခန်း ၀၂-၃၆၉၉၅

၁၀။ အမှတ်(၁၀)ရဲစခန်း ၀၂-၃၆၁၄၅

၁၁။ အမှတ်(၁၁)ရဲစခန်း ၀၂-၃၆၉၉၆

၁၂။ အောင်ပင်လယ်ရဲစခန်း ၀၂-၆၂၇၁၀

၁၃။ ပြည်ကြီးတံခွန်ရဲစခန်း ၀၂-၈၀၃၄၈

၁၄။ ပုသိမ်ကြီးရဲစခန်း ၀၂-၅၇၇၄၉

၁၅။ အုန်းချောရဲစခန်း ၀၈၅-၄၀၁၉၉

၁၆။ အမရပူရရဲစခန်း ၀၂-၇၀၉၉၈

၁၇။ မြစ်ငယ်ရဲစခန်း ၀၂-၅၅၀၇၅

၁၈။ ပြင်ဦးလွင်ရဲစခန်း ၀၈၅-၂၂၀၃၇

၁၉။ သရုပ်ပြရဲစခန်း ၀၂-၅၀၂၆၂

၂၀။ မတ္တရာရဲစခန်း ၀၂-၇၉၀၀၁

၂၁။ စဥ့်ကူးရဲစခန်း ၀၈၆-၃၅၁၉၉

၂၂။ သပိတ်ကျင်းရဲစခန်း ၀၈၆-၃၀၀၀၂

၂၃။ မိုးကုတ်ရဲစခန်း ၀၈၆-၂၀၀၁၃

၂၄။ ကျပ်ပြင်ရဲစခန်း ၀၈၆-၂၅၀၁၂

၂၅။ အချုပ်ထောင်ရဲစခန်း ၀၈၆-၂၀၀၁၄

၂၆။ ကျောက်ဆည်ရဲစခန်း ၀၆၆-၅၀၃၃၂

၂၇။ မြစ်သားရဲစခန်း ၀၆၆-၆၀၀၀၆

၂၈။ ကူမဲရဲစခန်း ၀၆၆-၆၂၀၁၃

၂၉။ စဥ့်ကိုင်ရဲစခန်း ၀၆၆-၄၀၀၃၁

၃၀။ ပလိပ်ရဲစခန်း ၀၆၆-၄၂၀၉၃

၃၁။ လေဆိပ်ရဲစခန်း ၀၂-၈၇၄၁၆

၃၂။ တံတားဦးရဲစခန်း ၀၆၆-၄၄၀၀၇

၃၃။ မိတ္ထီလာအမှတ်(၁)ရဲစခန်း ၀၆၄-၂၃၅၀၄

၃၄။ ရှမ်းမငယ်ရဲစခန်း ၀၉၆၅၂၀၆၇၁

၃၅။ အလယ်ရွာရဲစခန်း ၀၉၆၅၂၀၆၇၂

၃၆။ ယင်းမာပင်ရဲစခန်း ၀၉၆၅၂၀၆၇၃

၃၇။ ညောင်ရမ်းရဲစခန်း ၀၉၆၅၂၀၆၇၄

၃၈။ ဟံဇာရဲစခန်း ၀၉၆၅၂၀၆၇၅

၃၉။ ရွှေတောင်ရဲစခန်း ၀၉၆၅၂၀၇၂၄

၄၀။ ပင်းတလဲရဲစခန်း ၀၉၆၅၂၀၈၅၄

၄၁။ နှောကန်ရဲစခန်း ၀၉၆၅၂၀၇၃၆

၄၂။ ဆည်တိုရဲစခန်း ၀၉၆၅၂၀၇၃၅

၄၃။ မိတ္ထီလာအမှတ်(၂)ရဲစခန်း ၀၆၄-၂၃၅၀၅

၄၄။ မိတ္ထီလာအမှတ်(၃)ရဲစခန်း ၀၆၄-၃၅၁၉၉

၄၅။ မလှိုင်ရဲစခန်း ၀၆၄-၆၀၂၅၄

၄၆။ သာစည်ရဲစခန်း ၀၆၄-၆၉၀၀၁

၄၇။ ဝမ်းတွင်းရဲစခန်း ၀၆၄-၅၀၀၀၇

၄၈။ ရမည်းသင်းရဲစခန်း ၀၆၄-၄၀၀၀၃

၄၉။ ပျော်ဘွယ်ရဲစခန်း ၀၆၄-၄၉၀၀၆

၅၀။ မြင်းခြံအမှတ်(၁)ရဲစခန်း ၀၆၆-၂၁၅၀၄

၅၁။ မြင်းခြံအမှတ်(၂)ရဲစခန်း ၀၆၆-၂၁၀၃၉

၅၂။ ဆီမီးခုံရဲစခန်း ၀၆၆-၂၂၁၃၀

၅၃။ နွားထိုးကြီးရဲစခန်း ၀၆၆-၈၀၀၀၄

၅၄။ တောင်သာရဲစခန်း ၀၆၆-၇၀၅၀၄

၅၅။ ကျောက်ပန်းတောင်းရဲစခန်း ၀၆၁-၅၁၁၉၉

၅၆။ ငါန်းဇွန်ရဲစခန်း ၀၆၆-၄၆၂၂၉

၅၇။ ညောင်ဦးရဲစခန်း ၀၆၁-၆၀၅၀၃

၅၈။ ပုဂံရဲစခန်း ၀၆၁-၆၅၁၉၉

နေပြည်တော်တိုင်း  ဒေသကြီး အတွင်းရှိ ရဲစခန်းများ၏ ဖုန်းနံပါတ်များ
+++++++++++++++++++++++++++++++++++++++++++++++
၁။ ဇေယျာသီရိမြို့နယ်ရွှေတွင်းကုန်းရဲစခန်း ဝ၆၇-၇၅၂၃၃

၂။ ပုဗ္ဗသီရိမြို့နယ် ထုံးဖိုရဲစခန်း
   ပတ္တာရဲစခန်း ဝ၆၇-၅၀ဝ၁၉၉
                     ဝ၆၇-၄၃၃၀၂၉

၃။ ဇဗ္ဗူသီရိမြို့နယ် နေပြည်တော် အမှတ်(၁)ရဲစခန်း
     နေပြည်တော် အမှတ်(၂)ရဲစခန်း
     နေပြည်တော် အမှတ်(၃)ရဲစခန်း
     နေပြည်တော် အမှတ်(၄)ရဲစခန်း
     နေပြည်တော် အမှတ်(၅)ရဲစခန်း
     နေပြည်တော် အမှတ်(၇)ရဲစခန်း
     နေပြည်တော် အမှတ်(၈)ရဲစခန်း ဝ၆၇-၄၁၄၂၂၄
                                                 ဝ၆၇-၄၁၄၂၂၆
                                                 ဝ၆၇-၄၂၀၁၀၅
                                                 ဝ၆၇-၄၁၃၅၀၇
                                                 ဝ၆၇-၄၁၃၄၆၆
                                                 ဝ၆၇-၄၂၀၉၃၀
                                                 ဝ၆၇-၄၀၁၆၀ဝ                

၎။ ဒဏ္ခိဏသီရိမြို့နယ် ပေါက်တောရဲစခန်း ဝ၆၇-၄၁၉၁၉၉

၅။ ဥတ္တရသီရိမြို့နယ် ဘုရားကုန်းရဲစခန်း ဝ၆၇-၄၁၇၅၅၉

၆။ ပျဉ်းမနားမြို့နယ် ပျဉ်းမနားရဲစခန်း ဝ၆၇-၂၂၅၀၄

၇။ လယ်ဝေးမြို့နယ် လယ်ဝေးရဲစခန်း
                           အေလာရဲစခန်း
                           သာဝတ္ထိရဲစခန်း ဝ၆၇-၃၀၃၅၉,
                                                 ဝ၆၇-၆၀၁၉၉,
                                                 ဝ၆၇-၆၅၁၉၉

၈။ တပ်ကုန်းမြို့နယ် တပ်ကုန်းရဲစခန်း ဝ၆၇-၇၀၆၂၅

နံပါတ်များနေလို့ မေ့တတ်ရင်လည်း မိမိ ဒိုင်ယာယီ စာအုပ်ထဲ ကူး မှတ်ထားပေါ့။

# မြန်မာပြည်သား

Credit: ကိုဂျက်

မြန်မာ-ဗမာ Myanmar-Burma နှင့် တိုင်းရင်းသား ပြဿနာ

မြန်မာ-ဗမာ Myanmar-Burma နှင့် တိုင်းရင်းသား ပြဿနာ



နိုင်ငံခြားရေးဝန်ကြီး တာဝန်ယူထားသူ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် က နိုင်ငံခြားသံတမန်တွေနဲ့ တွေ့ဆုံစဉ်မှာ Burma ရော၊ Myanmar ပါ နှစ်မျိုးစလုံး အဆင်ပြေ သလို သုံးနှုန်းနိုင်တယ်ဆိုတဲ့ ပြောဆိုချက်နဲ့ အတူ မြန်မာလား၊ ဗမာလား၊ Myanmar လား Burma လား အခေါ်အဝေါ် ပြသ၁နာဟာ ဆင်ခြင်သုံးသပ်စရာ တစ်ခု အဖြစ် ပြန်ဖြစ်လာပါတယ်။

မတူကွဲပြားတဲ့ လူမျိုး၊ ဘာသာစုံ ရာစုနှစ်တွေချီ မှီတင်းနေထိုင်လာခဲ့တဲ့ ကျွန်တော်တို့ တိုင်းပြည်ရဲ့လက်ရှိနာမည်ဟာ ပြည်ထောင်စု အတွင်းက လူမျိုးစုစုံကို ဘယ်လောက် ကိုယ်စားပြုနိုင်ပါသလဲ။ ဒီတိုင်းပြည်နဲ့လူမျိုး အမည် ဝေါဟာရ ဇာစ်မြစ်များနဲ့ နောက်ဆက်တွဲ တိုင်းရင်းသား လူမျိုးစုပြသ၁နာ အကြောင်း ဆွေးနွေးချင်ပါတယ်။

နိုင်ငံရဲ့အမည်နာမမှာ နိုင်ငံရေးသဘောအရ အဓိက အလေးအနက်ထား စဉ်းစားရမယ့် အချက်က တိုင်းပြည်မှာ ဆယ်စုနှစ်များစွာ စွဲကပ်နေတဲ့ ပြည်တွင်းစစ် ပြသ၁နာနဲ့ သက်ဆိုင်နေပါတယ်။ အကြောင်းက နိုင်ငံကို ခေါ်ဝေါ်ညွှန်းဆိုတဲ့ အင်္ဂလိပ်၊ မြန်မာ မူကွဲနှစ်မျိုးစလုံး၊မြန်မာ (Myanmar) နဲ့ ဗမာ (Burma) ဟာ နိုင်ငံမှာ ရှေးပဝေသဏီ ကတည်းက ဓားမဦးချ အခြေချနေထိုင်လာခဲ့တဲ့ မြန်မာမဟုတ်တဲ့ အခြားတိုင်းရင်းသား လူမျိုးစုအားလုံးရဲ့ ဖြစ်တည်တည်ရှိမှု (Idenity) ကို ဖော်ဆောင်နိုင်မှု အားနည်းနေလို့ဖြစ်ပါတယ်။ သမိုင်းကြောင်းကို အကျယ်တင်ပြပါမယ်။

လွတ်လပ်ရေးခေတ်ဦး ပါလီမန် ဒီမိုကရေစီခေတ်၊ စစ်တပ်ကြီးစိုးတဲ့ တော်လှန်ရေးကောင်စီ၊ မဆလ တပါတီ အာဏာရှင်ခေတ်တွေမှာ ခေါ်ဝေါ်ခဲ့တဲ့ နိုင်ငံနာမည် မြန်မာလို ‘မြန်မာ’၊ အင်္ဂလိပ်လို ‘Burma’နဲ့ နဝတ၊ နအဖ စစ်အစိုးရခေတ် တလျှောက်နဲ့ လက်ရှိအချိန်ထိ သတ်မှတ်ထားတဲ့ မြန်မာလို ‘မြန်မာ’၊ အင်္ဂလိပ်လို ‘Myanmar’ နှစ်ခုစလုံးဟာ နိုင်ငံမှာ ရှိတဲ့ မြန်မာလူမျိုး တမျိုးတည်းကိုသာ အဓိက ညွှန်းဆိုနိုင်တဲ့အတွက် လူမျိုးကြီးဝါဒ (Chauvinism) ပုံဆောင်၊ တိုင်းပြည်ကို မြန်မာလူမျိုး တစုတည်းကသာ ပိုင်သလို ဖြစ်နေ ပါတယ်။ ဒီသဘောဟာ ခွင့်တူညီမျှ ဝါဒဖြူစင်တဲ့ တကယ့် ပြည်ထောင်စုစနစ် ပီပီပြင်ပြင် တည်ဆောက်လိုရင် အလေးအနက်ထား စဉ်းစားရမယ့် အချက်တခုပါပဲ။

တကယ်တော့ မူကွဲနှစ်ခုစလုံးရဲ့ နိုင်ငံနာမည် မြန်မာလိုအခါ် ‘မြန်မာ’ ဟာ မြန်မာ မဟုတ်တဲ့ တိုင်းရင်းသား အားလုံးနဲ့ သမိုင်း အစဉ်အဆက် ဘယ်လို့မှ ဆက်နွှယ်မှုမရှိခဲ့ဘူး။ ဗြိတိသျှ ကိုလိုနီ မဖြစ်ခင်အထိ လက်ရှိနိုင်ငံ နယ်နိမိတ်အတွင်း နေထိုင်နေတဲ့ မြန်မာအပါအဝင် တိုင်းရင်းသားတွေဟာ အပြန်အလှန် ပဒေသရာဇ်ခေတ် အင်ပါယာ ချဲ့ထွင်မှုသဘောအရ အတူ ယှဉ်တွဲနေထိုင်ရတဲ့ ကာလတွေ ရှိသော်ငြားလည်း တကယ့် သဘောအနေနဲ့က သီးသန့် ပဒေသရာဇ် မြို့ပြနိုင်ငံလေးများအသွင် ကိုယ့်ထီး၊ ကိုယ့်နန်းနဲ့ နေခဲ့ကြတဲ့ အတွက် ‘မြန်မာနိုင်ငံ’ ဆိုတဲ့ အခေါ်ဟာ အခြားတိုင်းရင်းသား အားလုံးနဲ့ ပတ်သက်စရာ အကြောင်း လည်း မရှိပါဘူး။

ဥပမာ - ပဒေသရာဇ်ခေတ် တလျှောက် မြန်မာက အင်အားသာတဲ့ အချိန်မှာ မွန်နိုင်ငံ ဟာ မြန်မာနိုင်ငံ လက်အောက်မှာရောက်နေပြီး မွန်အင်အားသာတဲ့ အခါမှာ မြန်မာနိုင်ငံဟာ မွန်နိုင်ငံ လက်အောက်မှာ ရောက်နေခြင်း သဘောဖြစ်ပါတယ်။ နာမည်အားဖြင့်လည်း ပဒေသရာဇ်မြို့ပြနိုင်ငံ အမည်များဖြစ်တဲ့ ပုဂံ (Pagan)၊ အင်းဝ (Ava)၊ ဟံသာဝတီ ပဲခူး (Hanthawaddy Pegu) ဒီလို သီးခြားအဖြစ် ရှိခဲ့တယ်။

မြန်မာစကား အရေး/အပြော နှစ်ခုစလုံးမှာ မြန်မာလူမျိုးကို ခေါ်တဲ့ အခေါ်အဝေါ်ဟာ ‘မြန်မာ’နဲ့ ‘ဗမာ’ ဆိုပြီး နှစ်မျိုးစလုံးရော ရောနေပါတယ်။ ယေဘုယျသဘောအရ ‘မြန်မာ’ကို အရေးမှာသုံးလေ့ရှိပြီး အပြောမှာတော့ ‘ဗမာ’လို့သုံးကြတယ်။ ဒါဟာ အရှေ့တောင် အာရှနိုင်ငံတွေရဲ့ ဘာသာစကားများမှာလည်း တွေ့နိုင်တဲ့ အရေးနဲ့အဖတ် အဓိပ္ပာယ်တူ စကားလုံးတချို့ကို 'ရေးတော့ အမှန်၊ ဖတ်တော့ အသံ’ ဆိုတဲ့ သဘောကွဲနေခြင်းပါ။ ခုအခေါ် မြန်မာ (ဗမာ) ဖြစ်လာမယ့် သူတွေဟာ လက်ရှိနိုင်ငံ နယ်နိမိတ် အရှေ့ဘက်တောင်ပေါ်ဒေသမှ အလယ်ပိုင်း မြေပြန့်ကို ၉ ရာစုဝန်းကျင်မှာ ဝင်ခဲ့တယ်၊ ပုဂံမှာ အခြေပြုကြတယ်။

အသစ်ဝင်လာသူတွေကို မြေပြန့်မှာ ရှေးဦးရှိနေပြီးဖြစ်တဲ့ မွန်တွေက မရမာ/မိုင်းရ်မာ (Mirma/Mranma) လို့ခေါ်ခဲ့တယ်။ ဒီအချက်ကို လက်ရှိအချိန်အထိ ကျန်ရှိနေသေးတဲ့ အထဲက ရှေးအကျဆုံး မွန်ဘာသာနဲ့ ရေးထားတဲ့ မွန်ကျောက်စာ (၁၁၀၂) မှာတွေ့နိုင် ပါတယ်။ ရှေးမြန်မာတွေ အလယ်ပိုင်းကို အခြေချနေထိုင်ပြီးနောက် ပျူ၊ မွန်တွေထံက တဆင့် အိန္ဒိယအက္ခရာကို အခြေခံတဲ့ စာပေကို မွေးစားယူ ရလာလို့ ကိုယ်တိုင် မှတ်တမ်းတွေ ရေးလာနိုင်ရာမှာလည်း လူမျိုးနာမည်ကို မွန်တွေခေါ်တဲ့ နာမည်အတိုင်း မရမာ/မိုင်းရ်မာ (Mirma/Mranma) လို့ပဲ သုံးခဲ့ပါတယ်။ ဒါကို လက်ရှိ ရှာဖွေတွေ့ရှိလို့ရတဲ့ အထဲက (နာမည်အခေါ်နဲ့ သက်ဆိုင်တဲ့) ရှေးအကျဆုံး မြန်မာဘာသာနဲ့ ရေးထိုး ထားတဲ့ မြန်မာကျောက်စာ (၁၁၉၀) မှာ တွေ့နိုင်ပါတယ်။ နောက်ပိုင်း မြန်မာဘာသာ စကားမှာ ရကောက်သံ ‘ရ (Ra )’ သံ ထည့်ရွတ်တာ ပျောက်ကွယ်သွားတဲ့ အတွက် ‘မရမာ/မိုင်းရ်မာ (Mirma/Mranma)’ ကနေ ‘မြမ္မာ/မြန်မာ (Myanmar)’ ဆိုပြီး လက်ရှိ သိတဲ့ လူမျိုးနာမည် “မြန်မာ” အဖြစ် ပြောင်း သွားခဲ့ပါတယ်။

ရှေးမြန်မာတွေဟာ ပျူ၊ မွန်၊ အိန္ဒိယတို့ဆီကနေ ယဉ်ကျေးမှု၊ စာပေတင်သာမက ကိုးကွယ် ယုံကြည်မှု ဘာသာတရားပါ ရရှိခဲ့တဲ့အတွက် ကိုးကွယ်ယုံကြည်မှုနဲ့ ဆက်နွှယ်တဲ့ ‘ဗြဟ္မာ’ က ဆင်းသက်တဲ့ သဘော ‘ဗြဟ္မာ’ လူမျိုး၊ အဲဒီကတဆင့် ‘ဗမာ’ လူမျိုးဆိုပြီး လူမျိုးနာမည် အသစ် မူကွဲ တမျိုးအနေနဲ့လည်း ထပ်ပေါ်လာခဲ့ပါတယ်။ ဒီ ‘ဗမာ’ ဆိုတဲ့ လူမျိုးအခေါ်အသစ် ထပ်ပေါ် လာခြင်းက ဘာသာဗေဒ သဘော၊ အသံထွက်စနစ် ပြောင်းလဲ ပုံနဲ့ ဆက်စပ်ဟန်ရှိပါတယ်။ မည်သို့ဆိုစေ လောလောဆယ် တွေ့ရှိရတဲ့ သမိုင်း ကျောက်စာ အထောက်အထား၊ သုတေသနများ အရ ရှေးမြန်မာတွေ မြေပြန့်ကို စဝင်လာခဲ့တဲ့ သမိုင်း မှတ်တမ်းရှိချိန် ကတည်းက ‘မြန်မာ’လို့သာ ခေါ်တဲ့အတွက် လူမျိုးနာမည် အနေနဲ့ ‘မြန်မာ’ က မူလ၊ ‘ဗမာ’ က ဆင့်ပွားဖြစ်တယ်ဆိုတာ ထင်ရှားပါတယ်။

ရှေးမြန်မာတွေ မြေပြန့်ကို စဝင်လာတဲ့အချိန်မှာ နိုင်ငံမရှိသေးဘူး ဆိုတာကိုလည်း ထည့် စဉ်းစားရပါမယ်။ နောက်ပိုင်း အင်အားကြီးမားလာပြီး ပုဂံပဒေသရာဇ် နိုင်ငံတော် အင်ပါယာကို ချဲ့ထွင်ရင်းနဲ့ ပုဂံလက်နက် နိုင်ငံတော်ကြီး ပထမ မြန်မာနိုင်ငံတော် ပေါ်လာ ခဲ့ပါတယ်။ ကျန်ရှိနေသေးတဲ့ ကျောက်စာ မှတ်တမ်းများ မှာ နိုင်ငံကို ‘မြန်မာပြည်’ လို့ တိုက်ရိုက် တပ်ခေါ်တာကို နရပတိစည်သူ/ ဒုတိယစည်သူ (၁၁၆၅-၁၂၁၁)ရဲ့ မြေး၊ ဇေယျသိင်္ခခေါ် နန်းတောင်းများမင်း (ထီးလိုမင်းလိုမင်း) ရဲ့ သား၊ ကျစွာမင်း (၁၂၃၄-၁၂၅၀) လက်ထက်က မြန်မာဘာသာနဲ့ ရေးထိုးခဲ့တဲ့ ကျောက်စာ မှတ်တမ်း (ဖော်ပြထားသည့် ဓာတ်ပုံတွင်ရှု) မှာ အထင်အရှား တွေ့နိုင်တယ်။

နောက်ပိုင်း ခေတ်တွေမှာလည်း နိုင်ငံနာမည်ကို ဒီသဘောမျိုးပဲ ခေါ်ခဲ့ကြောင်း သမိုင်း အထောက်အထားတွေ ရှိပါတယ်။ ဥပမာ - ကုန်းဘောင်မင်းဆက် မင်းတုန်းမင်း (၁၈၀၈ - ၁၈၇၈) က သူဟာ မြန်မာလူမျိုးတို့ရဲ့ ဘုရင်ဆိုပြီး ညွှန်းဆိုခဲ့တယ်။ ဒါပေမဲ့ မင်းတုန်းခေတ် မြန်မာကုန်းဘောင် အင်ပါယာဟာ မြန်မာလူမျိုး တမျိုးတည်းနေထိုင် တဲ့ နေရာများထက် ကျော်လွန်ပြီး ဖြစ်တဲ့အတွက် ဒီအခေါ်အဝေါ်ဟာ မြန်မာလူမျိုးကြီးဝါဒ သဘော ပဒေသရာဇ်အခေါ် သက်သက်သာ ဖြစ်ကြောင်း သတိပြုမိပါတယ်။

အဲဒီခေတ်အခြေအနေ၊ စနစ်နဲ့ အတွေးအခေါ်အရ နိုင်ငံနာမည်ကို လူအများစု အခြေပြု ‘မြန်မာ’ တပ်ခေါ်ခဲ့ခြင်းဟာ မျက်မှောက်ခေတ်လို တိုင်းရင်းသား လူမျိုးစုအားလုံး မူရင်း ရရှိခဲ့တဲ့ အခွင့်အရေးတွေအတိုင်း သာတူညီမျှ ဖြစ်အောင် ကြိုးစားနေတဲ့ အချိန်မှာ လုံးလုံး မသင့်လျော်တော့ပါ။

ဒါကြောင့် ဌာနေတိုင်းရင်းသား အားလုံး (မွန်၊ မြန်မာ၊ ရခိုင်၊ ရှမ်း၊ ပအို့၊ ကရင်၊ ကချင်၊ ချင်း အစရှိတဲ့) နဲ့ နိုင်ငံခြားမှ လာရောက် အခြေချနေထိုင်သူ တရုတ်၊ အိန္ဒိယ စတဲ့ လူမျိုးစုံ ပူးပေါင်း ပါဝင်ခဲ့တဲ့ ကိုလိုနီကျွန်ဘဝ လွတ်မြောက်ရေး ကြိုးပမ်းမှုခေတ်မှာ သခင်ဘသောင်း (၁၉၀၂-၁၉၈၀) ဦးဆောင်တဲ့ လူမျိုးစုံ ပါဝင်တဲ့ ရှေးသခင်ကြီးတွေရဲ့ ‘ဒို့ဗမာ အစည်းအရုံးကြီး’ က တနိုင်ငံလုံးမှာ ရှိတဲ့ လူမျိုးအသီးသီးရဲ့ အမျိုးသားရေး စိတ်နိုးကြားလာစေဖို့ နှိုးဆော်ရာမှာ ဒီနိုင်ငံဟာ ‘မြန်မာ’ နိုင်ငံမဟုတ်၊ ‘မြန်မာ’ တမျိုးတည်းမပိုင်၊ ‘မြန်မာ’ အပါအဝင် တိုင်းရင်းသား အားလုံးနဲ့ လူနည်းစု လူမျိုးစုများပိုင်တဲ့ နိုင်ငံဖြစ်တဲ့အတွက် ‘ဗမာ’ နိုင်ငံ လို့ သာ ခေါ်ဆိုရမယ် ဆိုပြီး ‘ဒို့ဗမာအစည်းအရုံး ကြေညာစာတမ်း’ မှာ အတိအလင်း ရေးသား တိုက်တွန်းခဲ့ပါတယ်။

အဖွဲ့အမည်ကိုလည်း အားလုံးကို ကိုယ်စားပြုနိုင်တဲ့ သဘော ‘ဒို့ဗမာအစည်းအရုံး’ လို့ သာ ပေးခဲ့ပြီး၊ ‘ဒို့မြန်မာ အစည်းအရုံး’ လို့ မခေါ်တွင်စေခဲ့ပါဘူး။ ဒါဟာ မြန်မာအပါဝင် အခြား လူမျိုးစုများ မှီတင်းနေထိုင်နေတဲ့ နိုင်ငံတနိုင်ငံရဲ့ နိုင်ငံနာမည်ကို (သမိုင်း အထောက်အထားနဲ့ ဘာသာဗေဒ သဘောအရလည်း ဆီလျော်တဲ့) မြန်မာ လူမျိုးနာမည် အစ မူလဖြစ်တဲ့ ‘မြန်မာ’ ကို မသုံးဘဲ ဆင့်ပွားမူ ‘ဗမာ’ ကိုသာ ‘ဒို့ဗမာအစည်းအရုံးကြီး’ က သုံးဖို့ညွှန်းဆိုခဲ့ခြင်း၊ တကယ် သုံးခဲ့ခြင်းဟာ မြန်မာမဟုတ်တဲ့ အခြားလူမျိုးစုများ အတွက်လည်း (အဲဒီခေတ် အခြေအနေအရ) ကျေနပ်လက်ခံစရာ ဖြစ်ခဲ့ရပါတယ်။ ‘ဒို့ဗမာ အစည်းအရုံး’ က မွေးထုတ် လိုက်တဲ့ သခင်ကြီးတွင် နိုင်ငံမှာ ပထမဆုံး အာဏာစရတဲ့ ဂျပန်ခေတ်မှာလည်း နိုင်ငံရဲ့ တရားဝင် နာမည်ဟာ ‘ဗမာနိုင်ငံတော်’ ဖြစ်ခဲ့ပါတယ်။

ဒုတိယကမ္ဘာစစ်အပြီး ဗြိတိသျှကိုလိုနီဘဝက လွတ်မြောက်၊ အပြည့်အဝ လွတ်လပ်ရေးယူတဲ့ အချိန်မှာတော့ ‘ဒို့ဗမာအစည်းအရုံး’ ခေတ်က တည်ဆောက်ထားနိုင်ခဲ့တဲ့ မြန်မာနဲ့ အခြား လူမျိုးစု တိုင်းရင်းသားများရဲ့ စည်းလုံးညီညွတ်၊ သာတူညီမျှ၊ ဥမကွဲသိုက်မပျက် စိတ်ဓာတ်နဲ့ အနှစ်သဘောတွေဟာ နယ်ချဲ့ရဲ့ သွေးထိုးမှု၊ လူမျိုးရေး သူငယ်နာ မစင်မှုနဲ့ နိုင်ငံရေး သဘောတွေကြောင့် မှေးမှိန်သွားခဲ့ပါတယ်။ လွတ်လပ်တဲ့ နိုင်ငံရဲ့ အခြေခံအုတ်မြစ် ပထမဆုံး ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ၁၉၄၇ မှာကိုက ပြည်ထောင်စု စစ်စစ်မူ မျှတတဲ့ ပြည်နယ်၊ အာဏာ၊ ခွဲဝေမှု အုပ်ချုပ်ရေး သဘောနဲ့ အကြိုသဘော တူညီထားခဲ့တဲ့ ပင်လုံကတိကဝတ်တွေကို အပြည့်အဝ မဖော်ဆောင်နိုင်ဖြစ်ခဲ့ရပြီး ရှေးယခင် ပဒေသရာဇ်ခေတ်မှာ ကတည်းက အပြန်အလှန် အင်ပါယာချဲ့ထွင်မှုကြောင့် အရင်းတည် ခဲ့တဲ့ လူမျိုးစုချင်း မယုံကြည်နိုင်မှု သံသယနဲ့ အမုန်းဟာ ပြန်လည် အသက်ဝင်လာခဲ့ပါတယ်။

လွတ်လပ်ရေး ရရချင်းမှာ မြန်မာအများစုနဲ့ ဖွဲ့စည်းထားတဲ့အစိုးရနဲ့ တချို့လူမျိုးစုတွေနဲ့လည်း စတင် ပြည်တွင်းစစ်ပွဲ ဖြစ်ခဲ့တယ်။ ဒီလို လွတ်လပ်ရေးခေတ်ဦး ဝါဒရေးရာ စစ်ပွဲ၊ နိုင်ငံရေး/ လူမျိုးရေးရာ သဘောဆောင်တဲ့ စစ်ပွဲတွေကြောင့် ‘တိုင်းပြည်ကနုနု မုန်တိုင်းက ထန်ထန်’ ဖြစ်နေတဲ့ကာလ၊ မြန်မာနဲ့အခြား တိုင်းရင်းသားများအကြား နိုင်ငံရေး သဘောတူညီမှု အပြည့်အဝ ညှိမရသေးတဲ့ အချိန်မှာ လူမျိုးကြီး ဝါဒသဘောဆောင်တဲ့၊ အများစု မြန်မာတွေကိုသာ ကိုယ်စားပြုတဲ့ နိုင်ငံနာမည် ‘မြန်မာ’ ဟာလည်း ပြန်လည် အသက်ဝင် နိုင်ငံရဲ့ တရားဝင်ပြဋ္ဌာန်းခံ အမည်ဖြစ်လာပါတော့တယ်။

လွတ်လပ်တဲ့ နိုင်ငံရဲ့ခေတ်ဦး ပါလီမန်ဒီမိုကရေစီအစိုးရဟာ တိုင်းရင်းသားတွေကို အထိုက်အလျောက် နေရာပေးပါတယ်။ အခြေခံဥပဒေအရ နိုင်ငံ့အုပ်ချုပ်ရေးမှာ အာဏာမရှိတဲ့ သမ္မတရာထူးတွေဟာ တိုင်းရင်းသားတွေချည်း ရခဲ့တယ်။ တိုင်းရင်းသား အခွင့်အရေးကို လေးစားတယ်လို့ ဆိုနိုင်ပေမယ့် အထက်မှာ ဆိုခဲ့သလို ရှုပ်ထွေးနေ တဲ့ မွေးကင်းစ တိုင်းပြည်မှာ ပြည်ထောင်စုစစ်စစ် ပင်လုံ အနှစ်သာရဟာ အပြည့်အဝ မဖော်ဆောင်နိုင်ခဲ့တဲ့အပြင် လူမျိုးကြီးဝါဒ သဘောဆောင်တဲ့ တိုင်းရင်းသားလူမျိုးစု ရဲ့ အာဏာနဲ့ လုပ်ပိုင်ခွင့်ကို ဝင်ရောက် ခြယ်လှယ်လိုခြင်း၊ တိုင်းပြည်ရဲ့ အရင်းအမြစ်များကို မျှတစွာ မခွဲဝေခြင်း သဘောတွေဟာ တဖြည်းဖြည်းနဲ့ အခြေတည်လာခဲ့တယ် ဆိုတာ သမိုင်းမှန် ပြန်လှန်လေ့လာနိုင် ပါတယ်။

တိုင်းပြည်ကို ချောက်ထဲ လုံးလုံးကျစေခဲ့တဲ့ စစ်အာဏာရှင်စနစ် စတင်ကျင့်သုံးတဲ့ ကာလ မှာတော့ စစ်အာဏာရှင် အဆက်ဆက်ဟာ လူအများစု ထောက်ခံမှုကို ရနိုင်ဖို့အတွက် အမျိုးသားရေးစိတ်ကို အလွဲသုံးစားလုပ်ကာ တမျိုး၊ တဘာသာ ဗဟိုပြု လူမျိုးကြီးဝါဒ သဘောတရားတွေကို စိတ်ကြိုက် ဖန်တီးထားတဲ့ စာပေ၊ ရုပ်ရှင်၊ သမိုင်း၊ ပညာရေးစနစ် စတဲ့ လူထုဝါဒဖြန့်ချိရေး ကြားခံတွေမှာ အကြီးအကျယ် သွတ်သွင်းတော့တာပါပဲ။

ဒါကြောင့် တိုင်းရင်းသား ပြသ၁နာ ပိုမို အမြစ်တွယ် ဖြေရှင်းမရ ဖြစ်ခဲ့မှုနဲ့အတူ အကျိုးဆက် များစွာထဲက တခုကတော့ နိုင်ငံနဲ့ အများစုရှိတဲ့ လူမျိုးရဲ့နာမည်ဟာ မူရင်း အမှန်နဲ့ ပြောင်းပြန် ဖြစ်ခဲ့ရပါတယ်။ နိုင်ငံကို ‘မြန်မာ’၊ လူမျိုးကို ‘ဗမာ’ ဆိုပြီး နိုင်ငံကို ‘မြန်မာ’ လူမျိုးသာ သီးသန့် ကိုယ်စားပြုတဲ့ နာမည် သုံးသလို၊ လူမျိုးနာမည်ကိုလည်း ဒုတိယ မူကွဲ ‘ဗမာ’ အဖြစ် သတ်မှတ်ခြင်းဖြင့် အမှန်တရားဟာ ပြောင်းပြန်လုပ်၊ လူမျိုးကြီးဝါဒ ဇာတ်သွင်းခြင်း ခံခဲ့ရပါတယ်။ ဒါဟာ စစ်ဝါဒီတွေ လက်ရှိအချိန်အထိ မှားကြောင်း ဝန်မခံနိုင်သေးဘဲ မျိုးဆက်သစ်ကို ဆက်မှိုင်းတိုက် အယုံသွင်းထားတဲ့ နိုင်ငံနာမည်နဲ့ လူမျိုးနာမည် မြန်မာလို အခေါ်ရဲ့ သမိုင်းမှန်ပါပဲ။

နိုင်ငံနာမည် အင်္ဂလိပ်လို အခေါ်ကို ‘Burma’ ကနေ ‘Myanmar’ လို့လည်း စစ်ဗိုလ်ချုပ်များပဲ ပြောင်းလဲခဲ့ပါတယ်။ ဒါကတော့ ၁၉၈၉ နဝတ စစ်အစိုးရခေတ်မှာပါ။

ရှစ်လေးလုံး အရေးတော်ပုံကြီးအတွင်း ရှေ့တန်းက ဦးဆောင်ခဲ့တဲ့ ကျောင်းသားတွေ အကြား အဖွဲ့တည်ထောင်မှုအကွဲ (ဗကသ/မကသ အကွဲ) ကို ပိုမို သပ်လျှိုသွေးထိုးလိုစိတ် တခုတည်းနဲ့ အာဏာရှင်ဟောင်း ဗိုလ်နေဝင်း အမွေခံ ဗိုလ်ခင်ညွန့်ဟာ ပညာရှင်တွေ ပါတဲ့ ကော်မရှင်တခုဖွဲ့ပြီး ဇွတ်အတင်း ပြောင်းစေခဲ့ပါတယ်။

အဲဒီကော်မရှင်က နိုင်ငံနာမည်ကို အင်္ဂလိပ်လို ‘Myanmar’လို့သာ ခေါ်သင့်ကြောင်း အခြေအမြစ်မရှိ၊ မခိုင်လုံတဲ့ အကြောင်းပြချက် သုံးချက်ပေးခဲ့ပါတယ်။ ဒီထဲက မခိုင်လုံဆုံး အချက်ကတော့ မြန်မာလို နိုင်ငံနာမည် ‘မြန်မာ’ ဟာ တိုင်းရင်းသား အားလုံးကို ကိုယ်စားပြုတယ်၊ ဒါကြောင့် အင်္ဂလိပ်လိုမှာလည်း မြန်မာ အသံထွက်ကို တိုက်ရိုက် အင်္ဂလိပ် စာလုံးပေါင်းတဲ့ ‘Myanmar’လို့သာ သုံးမယ်ဆိုတဲ့ အချက်ဖြစ်ပါတယ်။

အထက်မှာ ဆွေးနွေးခဲ့သလို မြန်မာလို ‘မြန်မာ’ ရဲ့ အဓိပ္ပာယ်ဟာ တိုင်းရင်းသား အားလုံးကို ဘယ်လိုနည်းနဲ့မှ ကိုယ်စားမပြုနိုင်တဲ့အတွက် အင်္ဂလိပ်လို ‘Myanmar’ ဟာလည်း တိုင်းရင်းသား အားလုံးကို ညွှန်းဆိုနိုင်စရာ အကြောင်းမရှိပါဘူး။ အစဉ်အဆက် နိုင်ငံ နာမည်ကို ‘Burma’ လို့ပဲ သုံးစွဲလာခဲ့တယ်။ ဗမာနိုင်ငံသား အားလုံး ပါဝင်တဲ့ အဖွဲ့အစည်းတွေကိုလည်း အင်္ဂလိပ်လို ‘Burma’လို့ပဲ တပ်ခေါ်ခဲ့ပါတယ်။ ဥပမာ - တော်လှန်ရေး တပ်တွေရဲ့ အင်္ဂလိပ်အမည်ဟာ BIA, BDA ပါ၊ MIA, MDA မဟုတ်ပါ။ စစ်အစိုးရ တည်ထောင်ခဲ့တဲ့ ‘မဆလ’ ပါတီ ကိုယ်တိုင်လည်း အင်္ဂလိပ်အမည်ကို ‘BSPP’လို့သာ ‘Burma’ နာမည် သုံးခဲ့ပါတယ်။

နိုင်ငံနာမည် အင်္ဂလိပ်လို ‘Burma’ဖြစ်ခဲ့ရခြင်းဟာ ကိုလိုနီ ဖြစ်ခဲ့ခြင်းက အစပြုခဲ့တယ်ဆိုတာ မှန်ပါတယ်။ စကားလုံးရဲ့ မူရင်းနဲ့ ရှေ့ကွင်းဆက် သဘောကတော့ နိုင်ငံခြားတိုင်းပြည်က လူမျိုးတွေနဲ့ စတင်ထိစပ်တဲ့ အချိန်တွေကတည်းက ဖြစ်ပါတယ်။ အိန္ဒိယက လူမျိုးတွေ က မြန်မာ (ဗမာ)တွေကို ဗရမာ/ဗြဟ္မာ (စာကို ဘာရမီ) လို့ခေါ်ကြတယ်။ ဒါဟာ မြန်မာ (ဗမာ)တွေ ကိုယ့်ဘာသာညွှန်းဆိုတဲ့ စကား (စာပေမဟုတ်) ကို နိုင်ငံခြားသားတွေက သူတို့နဲ့ နီးစပ်တဲ့ အသံထွက်နဲ့ ခေါ်ဆိုခြင်း ဖြစ်နိုင်သလို၊ ဗြဟ္မာအယူအဆကို လက်ခံတဲ့ လူမျိုးတွေလို့ ညွှန်းဆို ခေါ်ဝေါ်ခြင်းလည်း ဖြစ်နိုင်ပါတယ်။ ဒီ အိန္ဒိယ အခေါ်ကို ၁၆/၁၇ ရာစုလောက်မှာ ပူတကေ (ပေါ်တူဂီ) လူမျိုးတွေက မွေးစားပြီး မြန်မာ (ဗမာ)တွေကို သူတို့ အသံထွက်နဲ့ဘာမင်နီယား (Birmania) လို့ခေါ်ခဲ့ပါတယ်။ ဒီအခေါ်ကိုပဲ အင်္ဂလိပ်တွေက ၁၈ ရာစု လောက်မှာ ထပ်မံမွေးစားပြီး မြန်မာ (ဗမာ)တွေ နေထိုင်တဲ့ နေရာဟာ ဗမာ/ဘားမား (Burma) ဖြစ်လာပါတော့တယ်။ မူလအင်္ဂလိပ်စာလုံးပေါင်းမှာ ‘Burma’ ဆိုတာအပြင် မူကွဲတွေ အမျိုးမျိုးရှိခဲ့တယ်။ (ဥပမာ - Bermah, Birmah, Brama, Burmah။)၊

နောက်ပိုင်းကျမှ ‘Burma’ က အတည်ဖြစ်လာခဲ့ပြီး ကိုလိုနီဖြစ်တဲ့ အချိန်မှာလည်း နိုင်ငံ နာမည်ဟာ ‘Burma’အဖြစ် တရားဝင် ရုံးသုံး အခေါ် ဖြစ်လာခဲ့ပါတယ်။ မြန်မာ လူမျိုးကိုတော့ ‘Burman’ လို့ သုံးပါတယ်။ ‘Burmese’ ဆိုရင် ဗမာပြည်က မြန်မာအပါအဝင် လူမျိုးစု အားလုံးလို့ ရည်ညွှန်းကြပါတယ်။ ဒါတွေကို ကိုလိုနီခေတ် အင်္ဂလိပ်လိုရေး ခေတ်ပြိုင် မှတ်တမ်းတွေ၊ ဝတ္ထုတွေ၊ အစိုးရ ပြန်တမ်းတွေမှာ တွေ့နိုင် ပါတယ်။ နိုင်ငံခြားသားတိုင်း က မြန်မာ (ဗမာ) လူမျိုးတွေကို ခေါ်ရင် သူတို့ကြားရတဲ့ စကားသံ ‘ဗမာ’ ကို သူတို့လျှာနဲ့ နီးစပ်တဲ့ အသံထွက်နဲ့ခေါ်ဆိုမှာသာ ဖြစ်ပါတယ်။ ဒီနေရာမှာ သူတို့မဖတ်တတ်တဲ့ စာပေ အရေးအသားမှာ အများစုသုံးတဲ့ ‘မြန်မာ’ ကို အခြေပြုပြီး မခေါ်ဆိုနိုင်တာကို သတိပြုရပါမယ်။ ဒါကြောင့် လူမျိုးခြားအားလုံးက မြန်မာ (ဗမာ) တွေကို ခေါ်တဲ့ နေရာမှာ စကားသံ ‘ဗမာ’ ကိုပဲ အခြေပြု ခေါ်တတ်ကြပါတယ်။ ဥပမာ - ထိုင်းတွေက မြန်မာ (ဗမာ) တွေကို “ဖမာ” လို့ ခေါ် ပါတယ်။

နိုင်ငံ နာမည် ‘Burma’ ဖြစ်ခဲ့ခြင်းသဘောက ကိုလိုနီစဖြစ်ခဲ့တဲ့ အချိန်နဲ့လည်း သက်ဆိုင် ပါတယ်။ ကိုလိုနီစဖြစ်ချိန်မှာ ကုန်းဘောင် နိုင်ငံတော်ရဲ့ အာဏာဟာ မျက်မှောက်ခေတ် နိုင်ငံ နယ်နိမိတ်က နေရာအများစုလို့ ဆိုနိုင်တဲ့အထိ သက်ရောက်နေပြီ ဖြစ်ပါတယ်။ ရခိုင်နဲ့ မွန်နိုင်ငံတွေက မြန်မာကုန်းဘောင်မင်း နိုင်ငံရဲ့ လက်အောက်ကို လုံးလုံးရောက်နေပြီ၊ ရှမ်း၊ ကရင်နီဒေသတွေကိုလည်း အာဏာစက်ရောက်နေပြီ။ ဒီအနေအထားမှာ ဗြိတိသျှအင်ပါယာနဲ့ မြန်မာကုန်ဘောင် ဘုရင်အင်ပါယာတို့ အင်္ဂလိပ်-မြန်မာ ပထမစစ် (၁၈၂၄-၁၈၂၆) ဖြစ်ခဲ့တယ်။

မြန်မာစစ်ရှုံးလို့ စစ်ပြေငြိမ်းရာမှာ ကုန်းဘောင် အင်ပါယာအောက်မှာ အရင်သိမ်းပိုက်ထားတဲ့ နယ်မြေတချို့(ရခိုင်၊ တနင်္သာရီ) ကို စစ်နိုင်သူ အင်္ဂလိပ်ထံ လွှဲလိုက်ရတယ်။ နောက် ဒုတိယစစ် (၁၈၅၂) ဖြစ်တယ်။ ရှုံးလို့ အင်္ဂလိပ်ကို အောက်ပိုင်းဒေသ တခုလုံး ပေးလိုက်ရတယ်။ အင်္ဂလိပ်ကလည်း သူတို့နဲ့ စစ်တိုက် ခဲ့တဲ့ မြန်မာ (ဗမာ) ကုန်းဘောင်ဘုရင်တွေဆီက ရတဲ့အတွက် အဲဒီနယ်မြေတွေ အားလုံးကို အောက်ဗမာပြည် (Lower Burma) ဆိုပြီး နာမည်ပေးကာ ဗြိတိသျှ-အိန္ဒိယ အင်ပါယာအောက်ထဲ ထည့်အုပ်ချုပ်ခဲ့ပါတယ်။ နောက် တတိယစစ် (၁၈၈၅) ဖြစ်ပြီး အင်္ဂလိပ်က မြန်မာကုန်ဘောင်မင်း နန်းစိုက်ရာ နေရာအထိ သိမ်းပြီးတဲ့ အချိန်မှာတော့ ကုန်ဘောင်မင်းဆက် အာဏာစက် ရောက်ခဲ့တဲ့ လက်ရှိနိုင်ငံ နယ်နိမိတ် နေရာအများစုကို ဗမာနိုင်ငံ ‘Burma’လို့ သတ်မှတ်လိုက်ပါတော့တယ်။

ဒီနေရာမှာ သတိပြုရာမှာက ကုန်ဘောင်မင်းဆက် အာဏာ အပြည့်အဝ မသက်ရောက် ခဲ့တဲ့ နေရာတချို့ (ဥပမာ - ရှမ်းပြည်လို) ကို အင်္ဂလိပ်က တိုက်ရိုက်ကိုလိုနီအဖြစ် မသိမ်းပိုက်ဘဲ၊ အစောင့်အရှောက်ခံ နယ်မြေ အဖြစ် သတ်မှတ်ကာ ဒေသခံ ပဒေသရာဇ် စော်ဘွားတွေကို ကိုယ်ပိုင် အုပ်ချုပ်ခွင့် ပေးခဲ့ခြင်းပါ။ အင်္ဂလိပ်တွေ အနေနဲ့ သူတိုနဲ့ စစ်ဖြစ်ခဲ့ရတဲ့ မြန်မာ (ဗမာ) လူမျိုးတမျိုးတည်းသာ ဒီနိုင်ငံမှာ မနေထိုင်တဲ့ သဘောကို (ပိုသွေးကွဲစေချင်တဲ့အတွက် သုံးခဲ့တဲ့) Divide and Rule မတူကွဲပြားတဲ့ အုပ်ချုပ်ပုံစနစ်တွေ ကျင့်သုံးခဲ့ခြင်းက သက်သေပြုပါတယ်။ ဒါဟာ တနည်းအားဖြင့် အင်္ဂလိပ်တွေသုံးခဲ့တဲ့ ‘Burma’ ဟာ မြန်မာ မဟုတ်တဲ့ အခြား တိုင်းရင်းသား လူမျိုးစုတွေကိုပါ ညွှန်းဆိုသက်ရောက်တယ်လို့လည်း ဆိုနိုင်ပါတယ်။

‘မြန်မာ’ကို တိုက်ရိုက် အင်္ဂလိပ် စကားလုံးဖလှယ် သုံးထားတဲ့ ‘Myanmar’ ထက်တော့ ‘Burma’ က နိုင်ငံမှာ အတူယှဉ်တွဲ နေထိုင်နေရတဲ့ အခြားမြန်မာ မဟုတ်တဲ့ တိုင်းရင်းသား လူမျိုးစုတွေကို ကိုယ်စားပြုရာ ရောက်တယ်လို ကောက်ချက်ဆွဲရမှာ ဖြစ် တာမို့ နိုင်ငံ အမည်အမှန် ဖြစ်သင့်တာက မြန်မာကို တိုက်ရိုက် မယူတဲ့ ဗမာနိုင်ငံတော် (Burma) ပဲ ဖြစ်သင့်ပါတယ်။ ဒါဟာ တင်ပြခဲ့သလို သမိုင်းအထောက်အထား အချက်အလက်များ၊ ကိုလိုနီဖြစ်စဉ်သဘော၊ ဒို့ဗမာ အစည်းအရုံးကြီး ချမှတ်ခဲ့တဲ့ ပဒေသရာဇ်ခေတ် စနစ် မြန်မာလူမျိုးကြီးဝါဒ တိုက်ဖျက်စေလိုတဲ့ မူ အားလုံးနဲ့ ကိုက်ညီပါတယ်။

နောင်တိုင်းပြည်မှာ မြန်မာ မဟုတ်တဲ့ အခြား လူမျိုးစုအသီးသီး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့်၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့် ပီပီပြင်ပြင် သီးသီးသန့်သန့် ဖော်ဆောင် ခွင့်ရတဲ့ ဖယ်ဒရယ်ပြည်ထောင်စု စစ်စစ် ဖော်ဆောင်နိုင်တဲ့ အချိန်ကျရင် ဖြစ်သင့်တဲ့ ဗမာနိုင်ငံ (Burma) ဆိုတဲ့ သဘောကိုလည်း ပြည်သူလူထုဆန္ဒ (အထူးသဖြင့် လူနည်းစု လူမျိုးစု တွေရဲ့ဆန္ဒ) သဘော တောင်းခံကာ ပညာရှင်များရဲ့ အကြံပြုချက်များနဲ့ အညီ ပြုပြင်ပြောင်းလဲဖို့၊ သို့မဟုတ် ထပ်မံ ဖြည့်စွက်ဖို့ လုပ်ဆောင် ရမှာ ဖြစ်ပါတယ်။

နိဂုံးချုပ်ရရင် အမည်နာမဆိုတာ အပေါ်ယံသဘော သညာတွေသာ ဖြစ်တယ်ဆိုတာ မှန်ပေသိ ခုလောလောဆယ် တရားဝင်သုံးနေတဲ့ နဝတ စစ်အစိုးရမူ နိုင်ငံအမည် ‘မြန်မာ (Myanmar)’ ၊ လူအများစု လူမျိုးအမည် ‘ဗမာ (Bamar)’ဆိုတာဟာ ဘာသာဗေဒ၊ သမိုင်း အချက်အလက်များအရ မမှန်ပါဘူး။ မြန်မာလူမျိုးကြီးဝါဒကို အားပေးရာလည်းရောက်နေပြန်တယ်။ ပြည်တွင်းစစ်နဲ့ တိုင်းရင်းပြသ၁နာ မဖြေရှင်းနိုင်ခြင်းရဲ့ မူဝါဒပိုင်းဆိုင်ရာ ထည့်သွင်းစဉ်းစားရမယ့် နောက်ခံ အကြောင်းလည်း ဖြစ်ပါတယ်။ ဒါကြောင့် အခု ‘မြန်မာ (Myanmar) ဟေ့’ ဆိုပြီး ကြွေးကြော်နေကြခြင်းဟာ တဖက်က ကြည့်ရင် တိုင်းပြည်ရဲ့ လူမျိုးစုံ၊ ဘာသာစုံကို ကိုယ်စားမပြုနိုင်ကြောင်း စာဖတ်သူ၊ အထူးသဖြင့် စစ်အစိုးရခေတ် မွေးဖွားကြီးပြင်းခဲ့တဲ့ သမိုင်းမှန်ကိုအစွဲကင်းကင်း စနစ်တကျ လေ့လာသင်ယူခွင့်မရခဲ့ကြတဲ့ မျိုးဆက်သစ်လူငယ်များကို သိစေအပ်ပါတယ်။ ဒီမြန်မာ-ဗမာ နိုင်ငံအမည်ဟာ တိုင်းပြည်ရဲ့ အဓိက နိုင်ငံရေး ပြသ၁နာ တိုင်းရင်းသား လူမျိုးစု အချင်းချင်း သတ်ဖြတ်နေရတဲ့ ပဋိပက္ခနဲ့ဆက်စပ်နေတာကြောင့် အားလုံးအလေးထား ဆင်ခြင်သင့်ကြောင်းပါ ခင်ဗျား။

(ဆက်သွယ်ရန်နှင့် ပြန်လည်ဝေဖန်ရန် - nyeinchanaye81@gmail.com)

(လက်ရှိ ဖြစ်ပေါ်နေတဲ့ သတင်းများနှင့် အတူ မြန်မာ-ဗမာ Myanmar-Burma အခေါ်အဝေါ် ပြသ၁နာ ပြန်လည် ဆွေးနွေးလာကြခြင်းကြောင့် စာရေးသူ၏ ၂၀၁၂ ဧရာဝတီ တွင်ဆွေးနွေးခဲ့သည့် ဆောင်းပါးကို ပြန်လည် တင်ဆက်ခြင်း ဖြစ်သည်။)

ငြိမ်းချမ်းအေး

The Ladies News

Ref:
• Hall, DGE, "Pre-Pagan Burma", (3rd Edition), (1960).
• Ammon, Ulrich, “Sociolinguistics: An International Handbook of the Science of Language and Society”, Volume 3/3, (2nd Edition), (2004).
• Houtman, Gustaaf, “Mental culture in Burmese crisis politics”, ILCAA Study of Languages and Cultures of Asia and Africa Monograph Series No. 33, Institute for the Study of Languages and Cultures of Asia and Africa, (1999).
• Dittmer, Lowell, “Burma Or Myanmar? The Struggle for National Identity”, World Scientific, (2010).
• Thant Myint-U, “The River of Lost Footsteps--Histories of Burma”, (2006).
• Thant Myint-U, “The Making of Modern Burma”, (2001).
• Ma Thanegi, “Defiled on the Ayeyarwaddy: One Woman's Mid-Life Travel Adventures on Myanmar's Great River”, (2011).
• တင်မောင်သန်း၊ “သခင်နိုင်ငံတော်”၊ (၂၀၀၂).

ဓာတ်ပုံ အညွန်း (၁) :

မြန်မာဘာသာနဲ့ ရေးထိုးခဲ့တဲ့ပုဂံခေတ်ကျောက်စာမှတ်တမ်း၊ ဓာတ်ပုံ - ဆရာမ မသိင်္ဂီ စာအုပ် “Defiled on the Ayeyarwaddy: One Woman's Mid-Life Travel Adventures on Myanmar's Great River by Ma Thanegi”, (2011).

ဓာတ်ပုံ အညွှန်း (၂) : ဂျပန်တော်လှန်ရေးအတွင်း ကျဆုံးခဲ့သောဗိုလ်မှူးဗထူးအမှတ်တရ ကျောက်စာ၊ အောင်ပန်းမြို့၊ ဓာတ်ပုံ - ရဲရင့်ကျော်


Friday, April 21, 2017

ကြက်သား သံပုရာပေါင်း - ကြက်ခြေထောက်ပေါင်း - ကြက်သားထောင်း

ကြက်သား သံပုရာပေါင်း 



မြန်မာပြည်က တချို့ ဆိုင်တွေမှာ နာမည်ကြီးနေတဲ့ ကြက်သားသံပုရာပေါင်းကို လုပ်စားကြည့်ပါတယ်။ အရမ်းစားလို့ ကောင်းပြီး အရသာရှိလှပါတယ်။ လုပ်စားကြည့်ရအောင်နော်။

ပါဝင်သောပစ္စည်းများ
၁။ ကြက်သား ရင်အုပ်သား - ၂၅ ကျပ်သား
၂။ ရေ - ၂ ခွက် (သို့ ) ထမင်းစားဇွန်း ၃၂ ဇွန်း
၃။ သံပုရာသီး - ၁ ခြမ်း (သို့ ) ၁ လုံး
၎။ ယိုးဒယား ငံပြာရည် - ထမင်းစားဇွန်း ၁ ဇွန်း (သို့ ) ၁ ဇွန်းခွဲ
၅။ သကြား - လက်ဖက်ရည်ဇွန်း တ ဝက်
၆။ ဆား - အနည်းငယ်
၇။ ငရုတ်သီးစိမ်း - ၃ တောင့် (သို့ ) ၅ တောင့်
၈။ နံနံပင် - ၅ ပင်
၉။ ကြက်သွန်မြိတ် - ၂ ပင်
၁၀။ ကြက်သွန်ဖြူ - ၂ မွှာ
( ၁ ခွက် = 240 ml = ရိုးရိုးကော်ဖီခွက် ၁ခွက်)
(ထမင်းစားဇွန်း = 1 tablespoon= 15 ml)
(လက်ဖက်ရည်ဇွန်း = 1 teaspoon= 5 ml)

ပြုလုပ်နည်း
၁။ ကြက်သွန်ဖြူ၊ နံနံပင်၊ ကြက်သွန်မြိတ် နှင့် ငရုတ်သီးတို့ ကို ညက်နေအောင် တောက်တောင်စဉ်းထားပါ။
၂။ ကြက်သားကို အတုံးလိုက်ကို ရေဆေး ဆားအနည်းငယ်နှင့် နယ်ပြီး ရေ ၂ ခွက်ဖြင့် ဒယ်အိုးထဲထည့်ရ်ျ ပြုတ်ပါ။ ထည့်ထားသော ရေရဲ့ တဝက်လောက်ခမ်းသွားလျှင်မီးဖိုပေါ်မှချပါ။ (၁၅ မိနစ်လောက်ပြုတ်ရပါတယ်။)
၃။ ကြက်သားကို ပြုတ်ထားသော အိုးထဲမှ ဆယ်ရ်ျ အအေးခံပြီး အတုံးတုံးထားပါ။ ကြက်သားတုံးများကို ပန်းကန်ပြားတခုထဲထည့်ထားပါ။
၎။ ဒယ်အိုးထဲတွင် ကျန်သော ကြက်သားပြုတ်ရည်ကို ဆူအောင်တည်ပါ။ ယိုးဒယားငံပြာရည်၊ သကြား၊ သံပုရာရည်တို့ ကိုထည့်ပါ။ အပေါ့အငံနှင့်အချဉ်တို့ ကိုမြည်းပါ။
၅။ ထို့ နောက် တောက်တောက်စဉ်းထားသော အရာများကိုထည့်ပါ။ ၁ မိနစ်လောက်နေလို့ မွှေးလာလျှင် ကြက်သားပန်းကန်ထဲကိုလောင်းထည့်ပါ။
၅။ ချဉ်ငံစပ် စားလို့ အလွန်ကောင်းတဲ့ ကြက်သား သံပုရာပေါင်းကို သုံးဆောင်နိုင်ပါပြီရှင်။
Ei San

ကြက်ခြေထောက်ပေါင်း


ကြက်ခြေထောက်ပေါင်းနည်းလေး မေးကြလို့ မမီး လုပ်စားဖြစ်တဲ့ နည်းလေးကို ရေးပေးလိုက်ပါတယ်..။ ရိုးရိုးပြုတ်တာနဲ့ မတူဘဲ ၀ါးရတဲ့ အနေထားက ပိုကောင်းတယ်လို့ ထင်မိတယ်၊ ကြော်လိုက် ပေါင်းလိုက်နဲ့ အလုပ်ရှုတ်တယ် ထင်ရပေမဲ့ နှစ်သက်တယ်ဆို အလုပ်ရှုတ်ရကြိုးနပ်ပါတယ်။

ပါဝင်ပစ္စည်းများ
1. ကြက်ခြေထောက် .... ၁၀ ချောင်း
2. ပြောင်းကော်မှုန့် .......၁ စားပွဲဇွန်းခန့်
3. ဆီ (ကြော်ရန်) ...........၃ လက္မ အနက်
4. ချင်း ပါးပါး ................၃ ပြား
5. ကြက်သွန်ဖြူ .............၃မွှာ
6. ဆီ ...........................၁ စားပွဲဇွန်း
7. ပဲငံပြာရည်အပျစ် .........၁ လက်ဘက်ရည်ဇွန်း
8. သကြား..................... ၁/၂ စားပွဲဇွန်း
9. ဆား ..........................သင့်ရုံ
10. တရုတ်ပဲငပိ အစပ်...... ၁/၂ စားပွဲဇွန်း
11. စီချွမ် ငရုပ်ကောင်း ဆီ. ၁/၂ လက်ဘက်ရည်ဇွန်း (မထည့်လည်းရပါတယ်)
12. ခရုဆီ .......................၁ စားပွဲဇွန်း
13. ငရုပ်သီးအကြမ်း အစပ်မှုန့် .......... အနည်းငယ်
14. ကြက်သွန်မြိတ် အစိမ်းရောင်......... ၂ ခက်

ပြုလုပ်နည်း
1. ကြက်ခြေထောက်ကို ခြေသည်းများဖယ်ပီး သန့်စင်ဆေးကြောပါ။ ရေခြောက်အောင်သုပ်ပါ၊ ပြောင်းကော်မှုန့် ပါးပါးလေး ကြက်ခြေထောက်အနှံ့ဖြူးပီးမှ ဆီပူတွင်ကြော်ပါ။ ပြောင်းကော်မှုန့် မလူးလျှင် အကြီးကျယ် ဆီ ပေါက်ထွက်လိမ့်မည်၊ ၀က်ခေါက်ကြော်တာထက်ဆိုးတယ်..ပြောင်းကော်လူးထားလို့ မပေါက်တော့ဘူးဆိုပေမဲ့ မလူးမိတဲ့ တနေရာရာကနေ ထပေါက်တတ်တာကို ကြိုသိထားပီး ဆီအိုးကို ဖုံးထားပါ၊ ကြက်ခြေထောက် ပွလာပီး အရောင်ရင့်လာရင် ဆယ်ပီး ရေအေးတွင် ၁၀မိနစ်ခန့် စိမ်ပီး ဆယ်ထားပါ။ပွလာပီး အရောင်ရင့်လာရင် ဆယ်ပီး ရေအေးတွင် ၁၀မိနစ်ခန့် စိမ်ပီး ဆယ်ထားပါ။
2. ချင်းနဲ့ ကြက်သွန်ဖြူကို နုတ်နုတ်စင်းထားပါ။
3. ပေါင်းအိုး (pressure cooker) ထဲမှာ ဆီ အနည်းငယ်ထည့်ပါ၊ ချင်းနဲ့ ကြက်သွန်ဖြူ ထည့်ကြော်ပါ။ နွမ်းတဲ့ အခါ ပါဝင်ပစ္စည်း ၆ မှ ၁၁ အထိ ထည့်ပီးမွှေပေးပါ၊ ရေပူထည့်ပီး အဖုံးပိတ်ပီး ပေါင်းပါ၊ ပေါင်းအိုးမှာ ရေငွေ့တွေ ထွက်လာပီး ရှုးရှုးမြည်လာတဲ့အခါ မီးလျှော့၊ မီးအေးအေးဖြင့် ၁၀ မိနစ် ပေါင်းပါ။ (ပေါင်းအိုးက အငွေ့လုံရင် အချိန်တိုတွင်းမှာ နူးပါတယ်..အရမ်းနူးတာ မကြိုက်လျှင် ရေထည့်တာ များမသွားဘို့ အကြာကြီး မပေါင်းမိဘို့ သတိပြုပါ)
4. အချိန်ပြည့်လို့ အသားနူးပီး ရေကျန်နေသေးရင် အဖုံးဖွင့်ထားပီး ရေစပ်စပ်ကျန်သည်အထိ ဆက်တည်ပါ၊
5. ကြက်သွန်မြိတ်၊ ငရုပ်သီးမှုန့် စပ်စပ်လေး ဖြူးပီး ပူနွေးနေတုန်းသုံးဆောင်ပါ။။

Meemeetofu

ကြက်သားထောင်း
......................



ပါဝင်ပစ္စည်းများ
- ကြက်သားရင်ပုံ (ပြုတ်ပြီး) - ၂ ခု
- ကြက်သွန်ဖြူ - ၃ တောင့်ခန့်
- ငရုတ်သီးစိမ်း - ၄ တောင့်ခန့်
- ခရမ်းချဉ်သီး - ၁ လုံး (လေးစိတ်စိတ်ထားပါ)
- ပဲသီး (ပဲတောင့်ရှည်) - ၂ ချောင်းခန့်
- နံနံပင် - ၄ ပင်ခန့်
- ကြက်သွန်ဖြူကြော် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- နှမ်း - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- သံပရာရည် - စားပွဲဇွန်း ၁ ဇွန်း
- ငံပြာရည် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- အရသာမှုန့် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- မြေပဲ - စားပွဲဇွန်း ၁ ဇွန်း
- ဆီ - စားပွဲဇွန်း ၂ ဇွန်း

ပြုလုပ်နည်းအဆင့်ဆင့်
၁။ ကြက်သွန်ဖြူနှင့် ငရုတ်သီးစိမ်းကို ဒယ်အိုးထဲမှာအပူပေးပြီး လှော်ပေးပါ။ ပျော့လာ ပြီဆိုရင်တော့ ငရုတ်ဆုံထဲမှာထောင်းပါ။
၂။ ပြီးရင်တော့ မြေပဲ၊ ကြက်သွန်ဖြူကြော်၊ နှမ်းတို့ကို ရောပြီးထောင်းပါ။ ပြီးရင်ကြက် သားကို အမျှင်များမျှင်ထားပြီး ထည့်ထောင်းပေးပါ။
၃။ ပြီးရင်တော့ ခရမ်းချဉ်သီး ၊ ပဲတောင့်ရှည်ကို အနေတော် လှီးပြီးထည့်ထောင်း ပေးပါ။
၎။ ပြီးနောက် သံပရာရည်၊ ငံပြာရည်နှင့် ဆီတို့ဆမ်းပြီး နယ်ပေးပါ။ နံနံပင်ကို နုပ်နုပ်စဉ်း ပြီး ထည့်ပေးပါ။
၅။ အရသာမှာ ချို၊ စပ်၊ ချဉ်၊ ဆိမ့် အရသာရပြီဆိုရင်တော့ ပန်းကန်ပြင်ပြီးသုံးဆောင် နိုင်ပါပြီ။
............................
အံ့ဝင့်ထွဋ် (MRTV-4)

Credit:  Myanmar Food Magazine 

Thursday, April 20, 2017

Six Packs နဲ့ပတ်သက်ပြီး


________________________________

သင်gymမှာ နာရီများစွာအချိန်ယူပြီး အိပ်ထမတင်တွေ  ပြင်းပြင်းထန်ထန်လုပ်သော်လည်း သင့်ရဲ့ဗိုက်ကြွက်သားတွေ ဘာလို့မပေါ်ရတာလဲ???
်အောက်ပါအချက်(၆)ချက်မှ တစ်ခုခုကြောင့် ဖြစ်ပါလိမ့်မည်။

၁။ သင်ရဲ့ဝမ်းဗိုက်ကြွက်သားနံရံကို အဆီများစွာက အုပ်ထားလို့   ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဖြစ်ပါလိမ့်မည်။
~~~~~~~~~

ပေါ်လွင်မြင်သာတဲ့ six packsရဖို့အတွက် သန်မာတောင့်တင်းတဲ့ ဗိုက်ကြွက်သားကအရေးကြီးဆုံးမဟုတ်ပါဘူး။ အရေးကြီးဆုံးက သင့်ခန္ဓာကိုယ်မှာရှိတဲ့အဆီပမာဏ [ Body Fat Percentage] ပဲဖြစ်ပါတယ်။ အကယ်၍ သင့်ဝမ်းဗိုက်အရေပြားရဲ့အောက်မှာ အဆီအများကြီးရှိနေပါက သင် အိပ်ထမတင် ၊ ခြေထောက်မြှောက်တာကို ဘယ်နှစ်နာရီလုပ်လုပ် သင်လိုချင်တဲ့ six packs ကိုမြင်ရမှာမဟုတ်ပါဘူး။

ထင်ရှား[ripped] တဲ့ six packs ကိုရဖို့ သင့်အတွက် အထိရောက်ဆုံးအရာတစ်ခုက သင့်ရဲ့ diet ကို သန့်ရှင်းအောင် လုပ်ဖို့ပါပဲ။ သင့်ရဲ့ ဗိုက်ကြွက်သားလေ့ကျင်ခန်းတွေက သင့်ကို အတိုင်းအတာတစ်ခုအထိပဲ လုပ်ပေးနိုင်မှာပါ။ နည်းစနစ်ကျကျမှန်ကန်တဲ့ အစားအသောက်planနဲ့ သင့်ရဲ့body fat percentage ကို နည်းအောင်လုပ်ပြီး၊ သင့်ရဲ့ဗိုက်ကြွက်သားကိုပေါ်အောင်လုပ်လိုက်ပါ။ မဟုတ်ရင် သင်gymမှာကုန်ခဲ့တဲ့အချိန်တွေဟာ မိုက်မဲမှုတစ်ခုသာ ဖြစ်သွားပါလိမ့်မည်။

၂။ သင့်ရဲ့ဗိုက်ကြွက်သားလေ့ကျင်ခန်းတွေဟာ မကွဲပြားလို့ပါ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

လူအများစုက ဗိုက်ကြွက်သားတွေကို ခန္ဓာကိုယ်အလယ်ပိုင်းက မာကြောတဲ့အစိတ်အပိုင်းအနေနဲ့သာ သိကြတာပါ။ တကယ်တော့ ကြွက်သားsystemကြီးဟာ အနည်းငယ်ရှုပ်ထွေးပါတယ်။ သင့်ရဲ့ဝမ်းဗိုက်ကြွက်သားနံရံမှာ ကျွန်တော်တို့ six packs လို့ ခေါ်တဲ့ rectus abdominus ရယ် transversus abdominus နဲ့ သူ့အောက်အတွင်းမှာရှိတဲ့ internal oblique လို့ခေါ်တဲ့ ကြွက်သားတွေနဲ့ ဖွဲ့စည်းထားပါတယ်။ ပြီးတော့ နံရိုးဘေးမှာ မြင်ရတဲ့ serratus anterior ကိုလည်း ထည့်သင့်ပါတယ်။

အဆိုပါကြွက်သားတွေက သင့်ရဲ့ခန္ဓာကိုယ်အလယ်ပိုင်းကို ကွေးနိုင်[flex]၊ ဆန့်နိုင်[extend] ၊ ဟိုဘက်ဒီဘက်လှည့်နိုင်အောင် လုပ်ပေးနေတာပါ။ အကယ်၍ သင်က crunches တွေ အိပ်ထမတင်တွေကို မရပ်မနားလုပ်ပြီး သင့်ရဲ့ကြွက်သားတွေကို flex [ကွေး] သာလုပ်ခိုင်းနေမည်ဆိုပါက သူ့လမ်းကြောင်းနဲ့သူတည်ရှိနေတဲ့ ဗိုက်ကြွက်သားတိုင်းကို ကြီးထွားအောင်လုပ်နိုင်မှာ မဟုတ်ပါဘူး။ ဗိုက်ကြွက်သားတွေဟာ အခြားကြွက်သားတွေနဲ့မတူတဲ့အချက်က သူကိုလေ့ကျင်တဲ့အခါမှာ ထောင့်ပေါင်းစုံ ပုံစံပေါင်းစုံနဲ့လေ့ကျင့်မှ ပြူထွက်လာမှာပါ။

ဒါကြောင့် သင့်ရဲ့ခန္ဓာကိုယ်အလယ်ပိုင်းကို ထိရောက်ဖို့အတွက် Belly လေ့ကျင့်ခန်းကို အမျိုးအစားစုံလင်အောင် လုပ်ပါ။

၃။ သင်ဟာ ထိရောက်အောင် မလေ့ကျင်လို့ပါ။
~~~~~~~~~~~~~~~~~~~~~~~~~~~

အခုနောက်ပိုင်း လူတစ်ချို့က ရူးကြောင်ကြောင်နိုင်တဲ့ အပိုတွေ ပြောနေတာ ကြားနေရပါတယ်။ "မင်းရဲ့ဗိုက်ကြွက်သားကို trainတဲ့နေရာမှာ အကြိမ်ရေများများလုပ်ကိုလုပ်ရမယ်" ဆိုတာပဲဖြစ်ပါတယ်။ တစ်ချို့လူတွေကလည်း ရူးသွပ်စွာနဲ့ အိပ်ထမတင်ကဲ့သို့လေကျင့်ခန်းတွေကိုအကြိမ် ၅၀၀ ကျော် လုပ်နေကြပါတယ်။ အကယ်၍ သင်ဟာဗိုက်ကြွက်သားကို endurance (ခံနိုင်ရည်အား) ကောင်းအောင်လုပ်ချင်၍ဖြစ်စေ ၊ ဗိုက်ကြွက်သားနှင့်ကစားရသောအာကစားကိုကစားသောသူဖြစ်ပါက ဆက်လုပ်ပါ။ တကယ်လို့သင်ဟာ သင့်ရဲ့ဗိုက်ကြွက်သားတွေကို ဖွံဖြိုးစေချင်တယ် ကြီးချင်တယ်ဆိုပါက အခြားကြွက်သားတွေလိုပဲ ကြီးထွားလာအောင်လှုံ့ဆော်ပေးရပါမယ်။ ဥပမာ။  ။ သင်လက်မောင်းကြွက်သားကစားရင် [Biceps curl] ကစားနည်းတစ်ခုတည်းကို အကြိမ်ရေ ၅၀၀ သင်ကစားပြီး သင့်ရဲ့ကြွက်သားကိုကြီးအောင်သင်လုပ်ပါသလား။ သေချာတဲ့အဖြေက "No" ပါပဲ ။

ဒါကြောင့် သင့်ရဲ့ဗိုက်ကြွက်သားတွေကို လေ့ကျင့်တော့မယ် ဆိုပါက ဝိတ်ပြားအချို့ယူပြီအခြားကြွက်သားတွေလိုပဲလေ့ကျင့်ပါ။ အကြိမ်ရေကိုလည်း ကစားတဲ့ပြင်းထန်မှုအပေါ်မူတည်ပြီး အပြောင်းအလဲလုပ်ပါ။ ဥပမာ။ ။ အိပ်ထမတင်ကိုသင့်ရဲ့body weight နဲ့သာ ကစားတဲ့ အခေါက်ကို အကြိမ် ၁၅ ကနေ ၃၀ အတွင်း လုပ်ပြီး ၊ အခြားအခေါက်တွေကို အလေးပြားကိုင်ပြီးအကြိမ်ရေ ၈ ခါကနေ ၁၂ ခါ ခန့်လုပ်ပါ။ တစ်ခါတစ်ခါ ပိုမိုပြင်းပြင်းထန်ထန်ထိရောက်အောင်ကစားပါ။

၎။ အိပ်ထမတင်ကဲ့သို့ ဗိုက်လေ့ကျင့်ခန်းတွေလုပ်ပြီး
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အဆီကျချင်တာလား။
~~~~~~~~~~~~

ပိုမိုရှင်းလင်းအောင် ပြောပါရစေ..... သင်ဟာသင့်ရဲ့ခန္ဓာကိုယ်အစိတ်အပိုင်းသီးသန့်တစ်ခုတည်း(ဥပမာ ဝမ်းဗိုက်နေရာ) ကိုဦးတည်ပြီး ထိုအစိတ်အပိုင်းကိုသာ ထပ်ခါထပ်ခါ မကြာခဏလေ့ကျင့်ပြီးအဆီကျအောင်လုပ်၍ မရပါဘူး။ အကယ်၍ သင့်ကို တစ်စုံတစ်ယောက်က "မင်းရဲ့ဗိုက်နေရာကအဆီကျအောင် အိပ်ထမတင်လို ဗိုက်ကြွက်သားတွေလုပ်"လို့ပြောတဲ့သူကို မင်းပါးရိုက်ခဲ့ပါ။ သင့်ရဲ့ဗိုက်ကြွက်သားတွေကိုကာထားတဲ့အဆီတွေကို ဖြေးဖြေးနဲ့မှန်မှန် ဖယ်ရှားဖို့တစ်ခုတည်းသောနည်းလမ်းက မင်းရဲ့တစ်ကိုယ်လုံးကအဆီတွေကို cardio, nutrition , resistance training [weight training] ကဲ့သို့သော အရာများနှင့်လောင်ကျွမ်းအောင်လုပ်ဖို့ဖြစ်ပါတယ်။

ကံမကောင်းတဲ့အချက်က ဗိုက်အဆီက ကျရင်နောက်ဆုံးမှကျပြီး တက်ရင်အရင်ဆုံးတက်တယ် ဆိုတာပါပဲ။ ဒီလိုအချက်တွေက သင်ရဲ့ diet နဲ့ exercise ကိုကြိုးစားလုပ်ချင်တဲ့စိတ်ကို နှောက်ယှက်ပါလိမ့်မယ်။ လူအများစုဟာ လမ်းတစ်ဝက်ကနေ လှည့်ပြန်သွားကြတာပါ။ အကယ်၍ သင်ဟာ သင်လိုချင်တဲ့ အရာတစ်ခုရဖို့ဆို အရေးကြီးဆုံးက ဇွဲလုံ့ လ နဲ့ တစိုက်မတ်မတ် လုပ်ဖို့ပါပဲ။  ဗိုက်အဆီတွေဖယ်ရှားနိုင်ဖို့ လတွေသာမက နှစ်ပါချီပြီး ကြိုးစားရပါမယ်။ ဒါပေမဲ့ သင်ဟာသင့်ရဲ့မီးဖိုချောင်မှာ မှန်ကန်တဲ့dietကို စားသောက်ပါက သေချာပေါက် လိုချင်တဲ့ရလဒ်တစ်ခုကို တွေ့ရမှာပါ။

၅။ နေ့စဉ် သင့်ရဲ့ဗိုက်ကြွက်သားတွေကို train တာလား
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ဒီအကြောင်းအရာဟာ ဖြေရှင်းရန်ခက်ခဲတဲ့ ခေါင်းစဉ်တစ်ခုပါ။ ဘာလို့လဲဆိုတော့ fitness model , physique athletes တွေဟာသူတို့ရဲ့ workout တွေရဲ့အဆုံးမှာ ဗိုက်ကြွက်သားကို trainကြပါတယ်။ ဒါပေမဲ့ သူတို့လိုfitness model မျိုးတွေဟာ နှစ်ကာလအတော်ကြာအောင်အချိန်ယူပြီး သူတို့ရဲ့absတွေကို တည်ဆောက်ခဲ့တာပါ။ သူတို့တွေဟာ fitness professional တွေဖြစ်နေတဲ့သူတွေပါ။ ယခုမှစတင်သည့်သင့်အတွက် သူတို့နည်းလမ်းတွေဟာ ချဉ်းကပ်ဖို့သင့်တော်ချင်မှသင့်တော်မှာပါ။

သင်လေ့ကျင့်တဲ့ အောက်ပိုင်းထိုင်တာတို့၊ deadlift မတာ တို့ အစရှိသည့် လေ့ကျင့်ခန်း တွေမှာ သင့်ရဲဗိုက်ကြွက်သားတွေကို လှုံဆော်ပြီးပါပြီ။ ဘာလို့လဲဆိုတော့ အဆိုပါလေ့ကျင့်ခန်းတွေမှာ ဗိုက်ကြွက်သားတွေဟာ ကိုယ်လုံးကိုနောက်မယိုင်သွားအောင်ရှေ့မယိုင်သွားအောင် ထိန်းပေးရပါတယ်။ ဒါကြောင့် သင်တစ်ခါတစ်လေ သင်ရဲ့ဗိုက်ကြွက်သားတွေကို အနားပေးသင့်ပါတယ်။ သင့်ဗိုက်ကြွက်သားတွေကိုတိုက်ရိုက်မလေ့ကျင့်သော်ငြားလည်း အထက်တွင်ဖော်ပြခဲ့သောလေ့ကျင့်ခန်းတွေမှာ သင့်ရဲ့ဗိုက်ကြွက်သားတွေကိုလှုံ့ဆော်ခဲ့ပြီးပါပြီ။

အကောင်းဆုံးသောရလဒ်တွေရဖို့အတွက် တစ်ပါတ်ကို၂ခါ၃ခါ ခန့်လုပ်ပါ။ ကြားထဲမှာ တစ်ရက်ခြားပါ။ ကြွက်သားတစ်ခုကိုလေ့ကျင့်ပြီးတိုင်း အဆိုပါကြွက်သားတွေ ဒါဏ်ရာရသွားပါတယ်၊ ထိုအခါ repair ပြန်ပြင်ရပါတယ် ။ ထိုကဲ့သို့ repair လုပ်ခြင်းက ကြွက်သားကိုပိုမိုထူလာစေပြီး ကြွက်သားအရွယ်အစားပိုကြီးလာပါတယ်။ အဆိုပါrepairလုပ်တဲ့အချိန်ဟာ ၄၈နာရီ ခန့်ကြာပါတယ်။ အကယ်၍ သင်သည်နေ့တိုင်းabs တွေကိုလေ့ကျင့်နေပါက သင့်ရဲ့ဗိုက်ကြွက်သားဟာ repair မလုပ်ရတော့ပဲ ကြီးလာမှာ မဟုတ်ပါဘူး။

၆။ သင် မကြာခဏ dietပုံစံကို ပြောင်းပါသလား
~~~~~~~~~~~~~~~~~~~~~~~~~~~

လူအများစုဟာ muscleခွဲတဲ့ diet ၊ ပြိုင်ပွဲဝင်ဖို့diet အစရှိသည်ဖြင့် diet plan များစွာသုံးပြီး abs တွေပေါ်အောင်လုပ်ကြပါတယ်။ ဒါပေမဲ့ ပြိုင်ပွဲကာလပြီးသွား၍ဖြစ်စေ ၊ diet plan ပြီးသွား၍ဖြစ်စေ သူတို့တွေဟာ junk food တွေပြန်စားလာပါတယ် ၊ cardio မလုပ်တော့ပါဘူး။ ထိုအခါ သူတို့ရဲ့ six packs ကသူတို့ကို "bye bye" ဆိုပြီး ပြန်ပြောက်သွားပါပြီ။

အပေါ်ကအချက်တွေမှာပြောခဲ့သလိုပါပဲ six pack ပဟေဠိ မှာ အဓိကအဖြေက ဇွဲလုံ့ လ နဲ့ တစိုက်မတ်မတ် ကြိုးစားဖို့ပါပဲ။ သင်ဟာ fitness ကိုဘဝနေထိုင်မှုပုံစံ lifestyle တစ်ခု ဖြစ်အောင်လုပ်ရပါမယ်။ သင်ဟာတစိုက်မတ်မတ်နဲ့ မှန်ကန်တဲ့ diet ကိုစားမယ်၊ gymမှာပြင်းပြင်းထန်ထန်လေ့ကျင့်မယ်ဆိုပါက သင်လိုချင်တဲ့ six pack ကို သေချာပေါက်ရမှာပါ။

©redit _ Y.M.O

#YFC

Wednesday, April 19, 2017

မြန်မာငပုတွေ ဘယ်တော့ သန်မာထွားကျိုင်းမှာလဲ


ဖွံ့ဖြိုးတိုးတက်ရေး ဆိုတာကိုပြောတိုင်း မဖြစ်မနေ ထည့်သွင်းစဉ်းစားလာရတဲ့ ကိစ္စတခုကတော့ လူသား ရင်းမြစ် ဖွံ့ဖြိုးလာတာကို ထည့်သွင်းတွက်ချက်ဖို့ လိုလာပါတယ်။ လူသားရင်းမြစ် ဖွံ့ဖြိုးလာဖို့ဆိုတဲ့ နေရာမှာ လည်း ယေဘုယျအားဖြင့် နှစ်မျိုးရှိပါတယ်။ ပထမတမျိုးကတော့ အသိပညာ၊ အတတ်ပညာဆိုတဲ့ ပညာတွေကို တတ်မြောက်ခြင်းဖြစ်ပါတယ်။ ဒုတိယတချက်ကတော့ ကိုယ်ကာယအားဖြင့် ဖွံ့ဖြိုးခြင်းဆိုတာလည်း တချိန် တည်းမှာ ကပ်ပါနေပါတယ်။

ဒီတပတ်မှာ ပြောချင်တဲ့ ကိစ္စကတော့ ဒုတိယ အမျိုးအစား ဖြစ်တဲ့ ကိုယ်ကာယ ဖွံ့ဖြိုးတိုးတက်ခြင်း၊ ကျန်းမာ သန်စွမ်းခြင်း အကြောင်းပါ။ မြန်မာနိုင်ငံသားတွေရဲ့ ကိုယ်ကာယဖွံ့ဖြိုးတိုးတက်မှု ကောင်းမွန်ပါရဲ့လား။ မြန်မာနိုင်ငံသားတွေ သန်မာထွားကျိုင်းပါသလား။ အားမနာတမ်း ပြောရရင်တော့ မြန်မာ နိုင်ငံသားတွေရဲ့ ကာယဖွံ့ဖြိုးမှုဟာ နောက်ကျကျန် နေရစ်ပါတယ်။ မြန်မာနိုင်ငံသားတွေ တဖြည်းဖြည်းနဲ့ အရပ်အမောင်း ပုသထက် ပုလာတာကို လက်တွေ့ မြင်နေရပါတယ်။

လူလုံးလူဖန် သေးသေးကွေးကွေး ဖြစ်လာနေပါတယ်။ ငွေကြေးတတ်နိုင်တဲ့ မိသားစုက ပေါက်ဖွားလာတဲ့ လူငယ်တချို့ကတော့ထောင်ထောင် မောင်းမောင်းရှိ ပါတယ်။ ဒါပေမယ့် နိုင်ငံတဝန်းလုံး လူဦးရေနဲ့ ချိန်ထိုးလိုက်ရင် အဲဒါက လူနည်းစုသာ ဖြစ်ပါတယ်။ မြန်မာတွေ ပုကုန်ပါပြီ။

မိတ်ဆွေတဦးရဲ့ တူမလေး တယောက်က စင်ကာပူမှာ အလုပ်လုပ်ပါတယ်။ အလုပ်ကခွင့်ယူပြီး ပြန်လာတဲ့အချိန်မှာ မိတ်ဆွေရဲ့အိမ်မှာ ဆုံလိုက်ရပါတယ်။ အဲဒီ မိန်းကလေးက ခေတ်ပညာတတ် မိန်းကလေး တဦးပါ။ ပြုံးပြုံး ရွှင်ရွှင် ချက်ချက်ချာချာရှိပါတယ်။ စကားပြောကြည့် လိုက်တော့ အဲဒီကလေးမလေးဟာ Óဏ်လည်း အတော်ကောင်းပုံရပါတယ်။ သမီးအသက်ဘယ် လောက်ရှိပြီ လဲမေးတော့ သုံးဆယ်လို့ပြော ပါတယ်။ အချိန်နဲ့ပြောရမယ်ဆိုရင် အဲဒီမိန်းကလေးဟာ ၁၉၈၄ ခုနှစ်မှာ မွေးဖွားခဲ့တယ်လို့ ဆိုရမှာပေါ့။ သုံးဆယ်ဆို တာ မငယ်တော့တဲ့အရွယ်ပါ။ အိမ်ထောင်သားမွေး ပြုမယ်ဆိုရင် အရွယ်ကောင်းတဲ့အချိန်လို့ ဆိုရမှာပါပဲ။ သို့သော် ကလေးမလေးဟာ အတော်လေးအရပ် ပုပါတယ်။ ငါးပေတောင် မပြည့်ပါဘူး။ ရှိလှမှ လေး ပေကိုးလက်မလောက်ပဲ ရှိပါတယ်။ ခန္ဓာကိုယ်က လည်း ပါးပါးလှပ်လှပ်လေး ဖြစ်နေပါတယ်။ အခု ခေတ်မှာတွေ့ရတဲ့ မြန်မာအမျိုးသမီးငယ် အများစုဟာ အထက်ကပြောခဲ့တဲ့ မိန်းကလေးလို သေးသေး ကွေးကွေးလေးတွေဖြစ်နေတာ စိတ်မကောင်းဖွယ်ရာ မြင် နေရပါတယ်။

အဲဒါဆိုရင် ယောက်ျားလေးတွေက ကော အရပ်မြင့်သလားဆိုတာ့ ဒီဘက်ခေတ်မျိုးဆက်တွေဟာ အရပ်မမြင့်တဲ့အပြင် အရပ်ပုလာတယ်လို့ ဆိုနိုင်ပါတယ်။ ပြင်ဦးလွင် စစ်တက္ကသိုလ်က ဗိုလ်လောင်းတွေကို မြင်လိုက်ရတော့ မြန်မာအမျိုးသားတွေ အတွက်လည်း စိတ်မကောင်း ဖြစ်ရပြန်ပါတယ်။ ဗိုလ်လောင်းအများစုဟာ အရပ်ပုနေပြီး ခန္ဓာကိုယ် တည် ဆောက်ပုံကလည်း သေးသေးကွေးကွေးပါ။ နောင်မှာ ထောင်ထောင်မောင်းမောင်း စစ်သားကြီးတွေ မြန်မာ့ တပ်မတော်ထဲမှာ ရှိပါဦးမလားလို့ရင်လေးမိပြန်ပါတယ်။ နှစ်အတော်ကြာ လေ့ကျင့်ပေးပြီးမှ ဖြစ်လာရတဲ့ စစ်သားကြီးတွေ စစ်ဗိုလ်ကြီးတွေ ကိုယ်တိုင်ကမှ ထောင်ထောင်မောင်းမောင်း မရှိဘူးဆိုရင် အရပ်သူ အရပ် သားများအတွက်တော့ ဝေးရောပဲလို့ ဆိုရတော့မှာပါ။ ပြောရရင် ကာချုပ်ဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီး ကိုယ်တိုင် တောင် အရပ်အမောင်းကောင်းသူ မဟုတ်တာ တွေ့ရပါတယ်။

မြန်မာတွေ ဘယ်အချိန် လောက်ကတည်းက အရပ်အမောင်း ပုလာနေပါသလဲ။ အရပ်မြင့်တာ အရပ်ပုတာ ခန္ဓာကိုယ်ထွားကျိုင်း တာကို သုတေသနပြုနေတဲ့ ပညာရှင်မဟုတ်တော့ စာရေးသူကိုယ်တိုင် သုတေသနဆန်ဆန် စနစ်တကျတင်ပြဖို့ အခက်အခဲ ရှိပါတယ်။ ဒါပေမဲ့ မြန်မာတွေ အမျိုးသားရော အမျိုးသမီးပါ အရပ်အမောင်း ပုလာတယ်ဆိုတာကတော့ အားလုံးအမြင်ပါပဲ။ သမိုင်းစာအုပ်များထဲက မှတ်မိနေတာတချို့ရှိပါတယ်။ ၁၈ ရာစုခေတ်တုန်းက အလောင်းမင်းတရားကြီး ဦးအောင်ဇေယျနဲ့ တွေ့ဆုံခွင့်ရခဲ့တဲ့ အနောက်တိုင်း သံတမန်တဦးက သူရဲ့မှတ်တမ်းထဲမှာ ဒီလိုရေးထား ပါတယ်။ အလောင်းမင်းတရားကြီးဟာ ခန္ဓာကိုယ် ကြံ့ခိုင်ပြီး အရပ်အရှည် ငါးပေဆယ့်တလက်မခန့် ရှိတယ်လို့ ဆိုထားပါတယ်။ တခါ မြန်မာမှတ်တမ်းများအရ အလောင်းမင်းတရားကြီးရဲ့ မြင်းရည်တက် ခြောက်ကျိပ်ရှစ် ယောက်ဟာ ထွားထွားကျိုင်းကျိုင်း သန်သန်မာမာရှိသူများ ဖြစ်တယ်လို့ ဆိုထားပါတယ်။ အဲဒီအထဲက ဗိုလ်တွန်လို့ခေါ်တဲ့ မင်းခေါင်ကျော်ထင် နော်ရထာဟာ အရပ်အမြင့် “လေးတောင်” ရှိပြီး လက်မောင်းရင်း အတုတ်ဟာ “သုံးထွာ” လုံးပတ် ရှိတယ်လို့ သိရပါတယ်။

မြန်မာအတိုင်းအထွာ လေးတောင်ဟာ အင်္ဂလိပ် အတိုင်းအထွာ ခြောက်ပေနဲ့ ညီမျှပါတယ်။ အဲဒီခေတ် မြန်မာတွေအများစုဟာ အရပ်အမောင်း ကောင်းတယ်လို့ ဆိုနိုင်ပါတယ်။ အဲဒီ အနောက်တိုင်း သံတမန်ရဲ့ မှတ်တမ်းထဲမှာ မြန်မာတွေဟာ သိသိသာသာကြီး အရပ်ပုလှ တယ်လို့ မှတ်ချက်ချထားမျိုး မတွေ့ရပါဘူး။ ကုန်းဘောင်မင်းဆက်ရဲ့ ဒုတိယနောက်ဆုံးဘုရင်ဖြစ်တဲ့ မင်းတုန်းမင်း ကြီးလက်ထက်မှာ ကင်းဝန်မင်းကြီး ဦးကောင်းကို ခေါင်းဆောင်စေပြီး သံအဖွဲ့တခု အင်္ဂလန် ကိုစေလွှတ် ခဲ့ပါတယ်။ အဲဒါက ၁၉ ရာစုထဲမှာ ဖြစ်ပါတယ်။ မြန်မာသက္ကရာဇ်အရ ၁၂၃၃ ခုနှစ်လို့ မှတ်သားမိပါ တယ်။ အခုကာလက မြန်မာနှစ်အရ ၁၃၇၆ ခုနှစ် ဆိုတော့ ကင်းဝန်မင်းကြီး အင်္ဂလန်ကို သွားခဲ့တာ လွန်ခဲ့တဲ့ ၁၄၃ နှစ်ကဖြစ်ပါတယ်။ အင်္ဂလိပ်သက္ကရာဇ် အရ ၁၈၇၁ ခုနှစ်မှာ သွားခဲ့တယ်လို့ ပြောနိုင်ပါတယ်။ အင်္ဂလိပ်မှတ် တမ်းများအရ မြန်မာသံအဖွဲ့ ခေါင်း ဆောင်များနဲ့ လိုက်ပါလာတဲ့ ဘုရင့်ဝန်ထမ်းများရဲ့ ပုံပန်းသဏ္ဌာန်ကို ဒီလိုဆိုထားပါတယ်။ မြန်မာလူမျိုး တို့ဟာ အသားညိုပြီး လူလုံးလူဖန် သေးသွယ်တယ်၊ အရပ်ပုတယ်လို့ ဆိုပါတယ်။ အဲဒီအချိန် ကာလဖြစ် တဲ့ ၁၈၇၁ ခုနှစ်မှာ မြန်မာတွေဟာ အရပ်ပုတယ်လို့ စတင်သတ်မှတ်ခံ လာရပါပြီ။

သို့သော် အာရှတိုက် သားများထဲမှာတော့ မြန်မာတွေဟာ အဲဒီအချိန်မှာ ပုတယ်လို့ပြောမရပါ။ ၁၉ ရာစုနဲ့ ၂၀ ရာစု အလယ် လောက်အထိ ပုတယ်လို့ အများကသတ်မှတ်ထားတဲ့ လူမျိုးကတော့ ဂျပန်လူမျိုး တွေဖြစ်ပါတယ်။ ဂျပန် တွေနဲ့နှိုင်းစာရင် မြန်မာနိုင်ငံသားတွေဟာ အရပ် ရှည်ပါသေးတယ်။ မြန်မာနိုင်ငံမှာ ဂျပန်ခေတ်တုန်း က ဂျပန်တွေကို မြန်မာတွေက ငပုတွေလို့ ခေါ်ခဲ့တာ အားလုံးမှတ်မိကြမှာပါ။ ဂျပန်စစ်သား အများစုဟာ အရပ်ပုပါတယ်။ ဂျပန်ခေတ်ကိုမီလိုက်တဲ့လူကြီးများ အပြောအရ ဂျပန်စစ်သားတွေရဲ့ အရပ် အမောင်းဟာ ငါးပေနှစ်လက်မ၊ ငါးပေသုံးလက်မထက် မပိုဘူးလို့ ဆိုပါတယ်။ စကားစပ်မိလို့ပြောရရင် ဒုတိယကမ္ဘာ စစ်အပြီးမှာ အမေရိကန်နိုင်ငံက ပညာရှင်တွေက သုတေသနစစ်တမ်းတခု ပြုစုပါတယ်။ အဲဒီ သုတေသနက ဘာကြောင့် ဂျပန်တွေ စစ်ရှုံးရသလဲဆိုတာ ကိုလေ့လာထားတာပါ။ လေ့လာချက်များအရ ဂျပန် တို့စစ်ရှုံးခဲ့ရတဲ့ အကြောင်းအရင်း စုစုပေါင်း အချက် တစ်ရာ ရှိတယ်ဆိုပါစို့။ အဲဒီ အကြောင်းအရင်း တစ်ရာထဲ မှာ အရပ်ပုတာလည်း အချက်တချက်အနေနဲ့ ပါဝင်နေတယ်လို့ ဆိုထားပါတယ်။ မှတ်သားစရာပါ။

အခုခေတ်မှာ တော့ ပြောင်းပြန်ဖြစ်ကုန်ပါပြီ။ ဂျပန်လူမျိုးတွေ အရပ်ရှည်လာပါတယ်။ စစ်ပြီးခေတ်မှာ မွေးလာခဲ့တဲ့ မျိုးဆက် သစ် ဂျပန်တွေဟာ အရပ်ရှည်လာပါတယ်။ အခု ၂၁ ရာစုထဲမှာတော့ ပိုလို့ တောင် အရပ်မြင့်လာကြပါတယ်။ ဂျပန်ယောက်ျား တွေရဲ့ အနိမ့်ဆုံးပျမ်းမျှအရပ်ဟာ အခုဆိုရင် ငါးပေ ခုနှစ်လက်မ၊ ငါးပေရှစ်လက်မဖြစ်ပါတယ်။ အသက် နှစ်ဆယ်ဝန်းကျင် ဂျပန်လူငယ်တွေရဲ့ အရပ်အမောင်းဟာ ငါးပေ ဆယ်လက်မ၊ ခြောက်ပေအထိ ရှိလာနေပါတယ်။ ဂျပန်တွေမပုတော့ပါဘူး။ ဘာကြောင့်ပါ လဲ။ စားသောက်ပုံစနစ်ကို ပြင်လိုက်လို့ ဖြစ်ပါတယ်။ ရှေးတုန်းက ဂျပန်တွေဟာ ငယ်ရွယ်စဉ်ကလေးဘဝ ကတည်းက ငါးကိုသာ အစားများခဲ့ပါတယ်။ အမဲ သားတို့၊ နို့နဲ့ နို့ထွက်ပစ္စည်းတွေကို မစားသုံးခဲ့ပါဘူး။ အခုခေတ်မှာတော့ နို့နဲ့ နို့ထွက်ပစ္စည်းတွေကို မွေးဖွားကတည်းက ကျွေးမွေးလာတာမို့ အရပ်အမောင်း တွေမြင့်၊ လူကောင်တွေကြီးလာခဲ့ပါပြီ။ ဒီလိုမျိုး ကျွေးမွေးလာနိုင်တာ ကလည်း စီးပွားရေးဖွံ့ဖြိုးတိုး တက်လာတာကြောင့် ဖြစ်ပါတယ်။ ဆင်းရဲတွင်းနက်နက်ထဲမှာ နေထိုင်ရတာမျိုး မရှိတာက အဓိက အကြောင်းလို့ ဆိုနိုင်ပါတယ်။

အရပ်ရှည်တဲ့ လူမျိုးထဲမှာ အိမ်နီးချင်းတိုင်းပြည်တခုက လူတွေလည်း ပါပါသေးတယ်။ အဲတာကတော့ အိန္ဒိယနိုင်ငံပဲဖြစ်ပါတယ်။ ဟိန္ဒူလူများစုနေထိုင်တဲ့ တိုင်းပြည် ဖြစ်တာကြောင့် သက်သတ်လွတ်စားသူ များပါတယ်။ အမဲသားမစားပါ။ တခြားသော သားကြီးငါးကြီးလည်း မစားပါ။ ဒါပေမဲ့ နို့နဲ့ နို့ထွက်ပစ္စည်းတွေ စားသုံးပါ တယ်။ ဂျုံနဲ့ ပဲမျိုးစုံ စားသောက်ပါတယ်။ ဒါကြောင့် အိန္ဒိယ နိုင်ငံသားအများစု ထွားကြိုင်းပြီး အရပ်ရှည် ကြပါတယ်။ အိန္ဒိယနိုင်ငံဟာ အခုအထိ ဆင်းရဲသား များနေဆဲ တိုင်းပြည်ဖြစ်ပါတယ်။ ဒါပေမဲ့ အစိုးရက နွားနို့ကို ပုံမှန်ဈေးနှုန်းနဲ့ ဝယ်ယူစားသုံးနိုင်အောင် စီစဉ်ပေးထား တာကြောင့် လူတိုင်းလိုလို နို့ကိုစားသုံး နိုင်ပါတယ်။ ပဲကတော့ ပရိုတင်းဓာတ် ကြွယ်ဝပြီး နေ့တိုင်းစားနေတဲ့ ဟင်းအမည်ဖြစ်ပါတယ်။

နောက်ထပ်အိမ်နီးချင်းဖြစ်တဲ့ ထိုင်းနိုင်ငံမှာလည်း နောက်မွေးတဲ့ မျိုးဆက်သစ် လူငယ်များဟာ မိန်းကလေးရော ယောက်ျားလေးပါ အရပ်အမောင်း ကောင်းကြပါတယ်။ ကျောင်းတွေမှာပါ နွားနို့အခမဲ့တိုက်တဲ့အကျိုး ကျေးဇူးကြောင့်လို့ ဆိုနိုင်ပါတယ်။ တခြားအိမ်နီးချင်း တိုင်းပြည်များမှာ ကျနော်တို့ မြန်မာတွေလို အရပ်ပု ပြီး လူကောင်သေးနေတဲ့ နိုင်ငံများကတော့ ကမ္ဘော ဒီးယားနဲ့ လာအိုနိုင်ငံတို့ ဖြစ်ပါတယ်။ အမြင်မကျယ်တဲ့ ခေါင်းဆောင်တွေ တိုင်းပြည်အုပ်ချုပ် စီမံခန့်ခွဲနေ တာ ဖြစ်တာကြောင့် နိုင်ငံသားတို့ ကြီးထွားကြံ့ခိုင်မှုကို ဦးစားမပေးပါ။ နိုင်ငံရေးအရလည်း အာဏာရှင်များ အုပ်ချုပ်နေဆဲ တိုင်းပြည်တွေဖြစ် ပါတယ်။ ကမ္ဘော ဒီးယားကတော့ ကျနော်တို့ တိုင်းပြည်နဲ့ ဆင်ပါတယ်။ ဒီမိုကရေစီ အရေခြုံသာ ဖြစ်တယ်လို့ ဆိုရမှာပါပဲ။

တကယ်တမ်းတော့ မြန်မာလူမျိုးတွေဟာ ၁၉ ရာစု ဝန်းကျင်ကတည်းက တဖြည်းဖြည်း အရပ်ပုတဲ့ဘက် ကို ရောက်လာနေပါတယ်။ ၂၀ ရာစုအလယ် လွတ်လပ်ရေးရပြီးကတည်းက ပြည်တွင်းစစ်နဲ့ နပန်းလုံး၊ စစ်အာဏာရှင်တွေ အနှစ်ငါးဆယ်ကျော် အုပ်ချုပ်၊ အဲသလို အကျိုးဆက်တွေကြောင့် ဆင်းရဲတွင်းက နက်သ ထက် နက်လာပါတယ်။ နိုင်ငံသား အများစုဟာ ဆင်းရဲကြတာမို့ မွေးဖွားလာတဲ့ မျိုးဆက်အဆင့်ဆင့်ဟာ အာဟာရပြည့်ဝစွာ စားသုံးနေထိုင်နိုင်ခြင်း မရှိပါဘူး။ ဒါကြောင့် လူတွေဟာ သေးကွေးပိန်လှီလာ ပါတယ်။ အရပ်မြင့်ရာကနေ အရပ်ပုတဲ့ဘဝကိုရောက် လာပါတော့တယ်။

အခုလို ဆင်းရဲတွင်းနက်နေတာဟာ ကြာသထက် ကြာနေဦးမယ်ဆိုရင်တော့ နောင် လာမယ့်မျိုးဆက်တွေဟာ အခု အရပ်ပုနေတယ်ဆိုတဲ့ မျိုးဆက်ထက် ထပ်ပြီးပုဖို့ရာပဲ ရှိပါတော့တယ်။ ကိုယ့်အမျိုးကို ကိုယ်ကိုတိုင် ကာကွယ်လိုတယ်ဆိုရင် အရင်ဆုံးလုပ်ရမှာက ဆင်းရဲတွင်းက ရုန်းထွက်နိုင်ဖို့ ဖြစ်ပါတယ်။ ဆင်းရဲတွင်းက ရုန်းထွက်ဖို့ မှန်ကန်တဲ့ တရားမျှတတဲ့ လွတ်လပ်တဲ့ စီးပွားရေးစနစ်မျိုး ကျင့် သုံးဖို့ ထွန်းကားဖို့လိုပါတယ်။ အမျိုးကိုကာကွယ်ဖို့ စာရွက်ပေါ်မှာ ဥပဒေပြုရုံနဲ့တော့ မြန်မာနိုင်ငံသားတွေ ဆင်းရဲတွင်းက ထွက်နိုင်မှာ မဟုတ်သလို၊ သန်မာထွားကျိုင်း မြင့်မားလာမှာ မဟုတ်ဘူး ဆိုတာ သတိချပ်ဖို့လိုပါတယ်။ သေးကွေးကြုံလှီပြီး အရပ်ပုနေတာဟာ ဆုတ်ယုတ်မှုသာ ဖြစ်ပါကြောင်း။

(စာရေးသူသည် ဘန်ကောက်မြို့တွင်နေထိုင်လျက်ရှိပြီး နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာ သုံးသပ်ဝေဖန်ချက် ဆောင်းပါးများကို ကိုယ်ပိုင်ဘလော့ဂ် “ရွက်မွန်”တွင် ပုံမှန်ရေးသားနေသည်။)

ဇော်မင်း

Credit: ဧရာဝတီ သတင်းဌာန

Sunday, April 16, 2017

အကြိုက်၊ အချစ်၊ မေတ္တာနဲ့ ဥပေက္ခာ


သူငယ်ချင်းတွေနဲ့ အကင်ဆိုင်သွားဖြစ်တဲ့အခါ ကြက်သွန်ဖြူကင်၊ ရုံးပတီးသီးကင်၊ အာလူးကင်၊ စသဖြင့် ကျွန်တော် စားတတ်တယ်။ ကိုယ့်ကိုယ်ကိုယ်တော့ ဒါတွေကို ကြိုက်တယ်ထင်တာပေါ့။ ဒါပေမယ့် သူတို့နဲ့ တွဲစားရတဲ့အချဉ်ရည် မရှိတဲ့အခါ၊ အဲ့ဒီအချဉ်ရည်က ကျွန်တော်လိုချင်တဲ့အရသာမျိုး ဖြစ်မနေတဲ့အခါကျ သူတို့ချည်းသက်သက် စားပါဆို ကျွန်တော် မစားနိုင်တော့ဘူး။ အမှန်တော့ ကျွန်တော်ဟာ အဲ့ဒီအကင်တွေကို မကြိုက်ဘူး၊ အချဉ်ကြောင့်သာ ကြိုက်တယ်ထင်ခဲ့တာ။
အချစ်ဆိုတာလည်း အဲဒီလိုပဲ။ (အကင်ကိုတော့ ချစ်တယ်ရေးမရလို့၊ ကြိုက်တယ်လို့ပဲ ရေးပါတယ်) ရုပ်ရည်အလှအပ၊ အရည်အချင်း၊ ပိုင်ဆိုင်မှု၊ ဒီလို ဘယ်တစ်ခုအပေါ်မှာမှ မှီခိုထားခြင်း မရှိဘဲ သူ့ဟာသူ လွတ်လပ်စွာ တည်ရှိနေတဲ့အရာကို အချစ်လို့ခေါ်တယ်။ ရုပ်ချောလို့ ကြိုက်တယ်၊ ပိုက်ဆံရှိလို့၊ စကားပြောကောင်းလို့၊ စမတ်ကျလို့ ကြိုက်တယ်၊ ဒါပေမယ့် ချစ်တယ်ဆိုတာမှာတော့ ဘာကြောင့် ချစ်တယ်ရယ်လို့ အကြောင်းပြချက်မရှိဘူး။ ချစ်ချင်လို့ကို ချစ်တာ။ ဗိုက်ပူလာ၊ မျက်နှာကြီးဖောင်းကားလာလည်း ချစ်တာပဲ၊ ပိုက်ဆံမချမ်းသာတော့လည်း ချစ်တာပဲ၊ ဆံပင်ရှည်ရာကနေ တိုသွားလည်း ချစ်တာပဲ။
အိမ်ထောင်သည်ယောကျာ်းတွေ မိန်းမက ငယ်ငယ်ကလို မလှတော့တဲ့အခါ၊ အိမ်အလုပ်၊ ကလေးအလုပ်တွေနဲ့ပဲ နပန်းလုံးနေတဲ့အခါ အပြင်မှာ အပျော်ရှာချင်လာတယ်။ တကယ်တမ်း မေးကြည့်၊ ဒီအိမ်ထောင်ကိုကွာပြီး ဟိုဘက်တစ်ယောက်ကို ယူမလားဆို မယူဘူး၊ ဘာလို့ဆိုတော့ ကိုယ့်မိန်းမကိုက ချစ်တာ။ ခပ်ငယ်ငယ်၊ လှလှပပတစ်ယောက်ကိုက ငယ်လို့၊ လှလို့သာ သဘောကျတာသက်သက်ပဲ။ အရမ်းကို သဘောကျလို့ ယူလိုက်မိပြီဆိုလည်း အဲဒီအိမ်ထောင်ရေးက မခိုင်မြဲတာ များတယ်။ ဘာလို့ဆိုတော့ ချစ်လို့ ယူခဲ့ကြတာမှ မဟုတ်တာ။ လှလို့ကြိုက်တာ၊ ငွေကြေးရှိလို့ အထင်ကြီးတာကို ချစ်တယ်လို့ အမှတ်မှားပြီး ယူခဲ့ကြတာကိုး။ ဒါကြောင့် အဲဒီလိုတင်္ဒဂစိတ်ခံစားချက်တွေကို ရှေ့တန်းတင်မိလိုက်ရင် ကိုယ်တန်ဖိုးထားတဲ့ ဆက်ဆံရေးတစ်ခု၊ ကိုယ်ကြိုးစားပမ်းစား တည်ဆောက်ခဲ့ရတဲ့ အိမ်ထောင်တစ်ခုဟာ မဖြစ်သင့်ဘဲ ပျက်စီးသွားနိုင်တယ်။ (ယောကျာ်းလို့ ဥပမာပေးလိုက်ပေမယ့် မိန်းမတွေလည်း ဒါမျိုးဖြစ်နိုင်ပါတယ်)
မဂ္ဂဇင်းတစ်စောင်မှာ ဖတ်ဖူးတယ်။ တိုတိုပဲပြောရရင် ယောကျာ်းဖြစ်သူက သူ့အလုပ်က ကောင်မလေးတစ်ယောက်နဲ့ ဇာတ်လမ်းဖြစ်တယ်။ မိန်းမက သိတယ်၊ ဒါပေမယ့် မသိချင်ယောင်ဆောင်ပေးထားတယ်။ တစ်နေ့တော့ ယောကျာ်းက ဖွင့်ပြောလာတယ်။ သူ အဲဒီကောင်မလေးနဲ့ပဲ လက်တွဲတော့မယ် တဲ့။ မိန်းမက အသာတကြည်ပဲ ခွင့်ပြုလိုက်တယ်။ အဲဒီနောက်ပိုင်း မိတ်ဆွေတွေလို နေကြတယ်။ Honeymoon period မှာတော့ ဘာသံမှမထွက်ပေမယ့် အချိန်ကြာလာတော့ ယောကျာ်းဖြစ်သူဆီက ရင်ဖွင့်သံတွေ ကြားလာရတယ်၊ ကောင်မလေးနဲ့ အဆင်မပြေတဲ့အကြောင်း။ နောက်ဆုံးမှာတော့ အဲဒီယောကျာ်းက သူ့မိန်းမဆီကိုပဲ ပြန်ရောက်လာခဲ့တယ်။ ဒါမျိုးက စံနှုန်းဆိုတာကို သိပ်အလေးထားပြီး အမှားမခံတဲ့ မြန်မာ့အသိုင်းအ၀ိုင်းမှာတော့ ရှိခဲမယ့်အနေအထားမျိုး။ နည်းနည်းလေး အသံကြားရင်ကို ရန်တွေဖြစ်ကြ၊ အော်ကြဟစ်ကြ၊ ကွဲသာကွဲသွားလို့ကတော့ အဲဒီယောကျာ်းရော၊ ကောင်မလေးရော ဖေ့စ်ဘွတ်ပေါ် ရောက်ပြီပဲ။ ဘယ်ဟာမှန်တယ် မှားတယ် မပြောလိုပါဘူး။ လူ့စိတ်သဘာဝကို သဘောပေါက်ထားပြီး ပညာပါပါ ကိုင်တွယ်သွားတတ်ရင် ယိုင်သွားတဲ့အိမ်ထောင်ရေးကို ပြန်တည့်မတ်လိုက်လို့ ရတယ်ဆိုတာလေးတော့ ဒီစာကိုဖတ်ပြီး ခံစားမိဖူးတယ်။
ဘာသာရေးအယူအဆအရတော့ အချစ်ဆိုတာ တဏှာပဲ။ စွဲလမ်းတပ်မက်မှုပဲ။ သူဂရုစိုက်တာ လိုချင်တယ်၊ သတိရနေစေချင်တယ်၊ သူ့ကိုပိုင်ဆိုင်ခွင့်ရချင်တယ်ပေါ့။ မပိုင်ဆိုင်ရရင် စိတ်က ပူလောင်တယ်၊ ဒေါသတွေထွက်လာတယ်၊ ဒီအခါ ဓါးနဲ့ထိုး၊ ကတ်ကြေးနဲ့ထိုး ဖြစ်ကုန်တော့တာပေါ့။
အချစ်ထက်တစ်ဆင့်မြင့်တာကတော့ မေတ္တာပါ။ မေတ္တာဆိုတာ သူ့အကျိုးလိုလားခြင်းပေါ့။ ဘယ်အခါသိသာလဲဆို ဥပမာ ကိုယ့်ချစ်သူ နိုင်ငံခြားသွားတဲ့အခါမျိုးတွေမှာ ဟိုမှာ နောက်တစ်ယောက်နဲ့ တွေ့သွားမှာ၊ သစ္စာမရှိမှာ၊ ပြန်မလာတော့မှာ၊ ဒါမျိုးတွေ ပူပန်နေရတယ်။ မေတ္တာထားတဲ့သူကတော့ သူ ကိုယ့်ကို သတိရတာ၊ မရတာထက် သူ အဆင်ပြေနေတယ်ဆိုတာကိုသာ ကြားချင်တယ်၊ သူ ဘယ်သူနဲ့ အတူရှိနေတယ်ဆိုတာ မသိချင်ဘူး၊ အဲဒီလို အတူရှိနေတဲ့သူနဲ့ ပျော်နေဖို့၊ အဆင်ပြေနေဖို့ကိုပဲ လိုချင်တယ်။ ပြောရရင် ကိုယ့်သားသမီး စိတ်ချမ်းသာရင်၊ အဆင်ပြေရင် ပြီးရော၊ ငါတို့ ဂုဏ်တက်ဖို့ တို့၊ ငါတို့ကို ပြန်ထောက်ပံ့ဖို့တို့ ဆိုတာမျိုးတွေ တွက်မနေတဲ့ မိဘတွေရဲ့မေတ္တာမျိုး။
တကယ်လို့ သူက ကိုယ့်ကို ပြန်ချစ်သည်ဖြစ်စေ မချစ်သည်ဖြစ်စေ၊ သစ္စာရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ၊ အပျော်တွဲတာဖြစ်စေ အသုံးချတာဖြစ်စေ၊ လမ်းခွဲသွားတာဖြစ်စေ ဝေးကွာနေတာဖြစ်စေ၊ ကိုယ်မကြိုက်တာတွေ မလုပ်တော့တာဖြစ်စေ လုပ်နေသေးတာဖြစ်စေ၊ ကိုယ်ပျော်ဖို့၊ စိတ်ချမ်းသာဖို့၊ သူ့ကိုပိုင်ဆိုင်ရဖို့ထက် သူပျော်နေဖို့သာ အဓိကပဲ လို့ တွေးနေပြီဆိုရင်တော့ အဲဒါ မေတ္တာအစစ်အမှန်ကို ထားလိုက်နိုင်ပြီပဲ။ သူများတွေကတော့ ပြောလိမ့်မယ်မပေါ့။ မင်းက နွားပဲ၊ နင်က အရူးမပဲ၊ ဒါပေမယ့် အဲလိုလူမျိုးဟာ ဘယ်တော့မှ အသည်းမကွဲဘူး၊ မပူလောင်ဘူး၊ အထီးမကျန်ဘူး။
မေတ္တာထားနိုင်ရင်ရော အေးချမ်းပြီလားဆို မဟုတ်သေးဘူး။ မေတ္တာက ဥပေက္ခာနဲ့ မတွဲဘဲ သူ့ချည်းသက်သက်ဆိုလည်း ပူလောင်ရသေးတာပဲ။ အကျိုးလိုလားခြင်းဆိုတော့ အဲဒီကိုယ်အဆင်ပြေစေချင်တဲ့သူက မပြေတဲ့အခါ၊ ကိုယ်ကျန်းမာစေချင်တဲ့သူက မကျန်းမာတဲ့အခါတွေမှာ ကိုယ်လည်း စိတ်ဒုက္ခရောက်ရတတ်တယ်။ ဝေဒနာခံစားနေရတဲ့ သားသမီးကို ကြည့်ပြီး သူ့အစား ငါသာဖြစ်လိုက်ချင်တယ်ဆိုတာမျိုး မိဘတွေ ညည်းညူတတ်သလိုပေါ့။
ဒါဖြင့် ဥပေက္ခာဆိုတာ ဘာလဲ။ နင်တို့ဟာနင်တို့ ဖြစ်ချင်ရာဖြစ် ဆိုတာက ဒေါသပါတဲ့ ဥပေက္ခာ။ လုပ်ပေးနေတာပဲလေ၊ ဖြစ်မလာတာတော့ မတတ်နိုင်ဘူးဆိုတာကလည်း တာဝန်မယူတတ်တာ။ ဥပေက္ခာ မဟုတ်ဘူး။
တကယ်တော့ ဥပေက္ခာဆိုတာ အကောင်းဆုံးလုပ်ပါလျက်နဲ့ ဖြစ်လာမယ့်အကျိုးရလဒ်အပေါ် မမျှော်ကိုးတာမျိုးကို ခေါ်တာပါ။
နေမကောင်းတဲ့ မိဘကို အကောင်းဆုံးပြုစုကုသပေးမယ်၊ သူဝေဒနာခံစားနေရတာကို ကြည့်ပြီး ကိုယ့်စိတ် မပူလောင်အောင် ထားတာမျိုး
လိုအပ်နေတဲ့သူတွေကို အကောင်းဆုံးကူညီပေးမယ်၊ ကျေးဇူးတင်ခြင်း၊ မတင်ခြင်း၊ အသိအမှတ်ပြုခြင်း၊ မပြုခြင်းအပေါ် မခံစားတာမျိုး
တပည့်တွေကို အကောင်းဆုံးစာသင်ပေးမယ်၊ ကိုယ်ပေးတာကို ကောင်းကောင်းလက်ခံတဲ့ တပည့်က လက်ခံမယ်၊ လက်မခံတဲ့သူက မခံဘူး၊ သင်ပေးလို့ပဲ ရမယ်၊ သူတို့အစားတော့ ကိုယ်က သင်ယူလို့မရဘူး ဆိုပြီး သဘောထားနိုင်တာမျိုး
ကိုယ်က ရိုးရိုးသားသား၊ စိတ်ထားကောင်းကောင်းနဲ့ နေနေတဲ့အချိန် သူများအပေါ် ညစ်ပတ်ပြီး လှည့်ဖျားတတ်တဲ့သူတွေက ကိုယ့်ထက်ပိုကောင်းစားနေတာကို မြင်ရတဲ့အခါမှာလည်း မယိမ်းမယိုင် နေနိုင်တာမျိုး
ဒါတွေကို ဥပေက္ခာ လို့ ခေါ်တာဖြစ်ပါတယ်။ အဲဒါမပါဘဲနဲ့ ကိုယ့်စိတ်ငြိမ်းချမ်းမှု ရှိဖို့ဆိုတာ မလွယ်ပါဘူး။ ဒါကြောင့်လည်း ဥပေက္ခာဟာ ဗြဟ္မစိုရ်တရား(၄)ပါးထဲ ပါနေရတာ ဖြစ်ပါတယ်။
၂၄.၉.၂၀၁၆
Credit:  ဒေါက်တာ ဖြိုးသီဟရဲ့ Page