Wednesday, August 31, 2011

ဝက်နံရိုးကြံမဆိုင်ဟင်း၊ ပဲပုပ်သုပ်၊ ငရုတ်သီးထောင်း၊ ခရမ်းကြွပ်သီး တို့စရာ

ပဉ္စမနေ့

ဝက်နံရိုးကြံမဆိုင်ဟင်း၊ ပဲပုပ်သုပ်၊ ငရုတ်သီးထောင်း၊ ခရမ်းကြွပ်သီး တို့စရာ

ဝက်နံရိုးကြံမဆိုင်ဟင်း (ပါဝင်ပစ္စည်းများ)
ဝက်နံရိုး - ၅၀ကျပ်သား (နှစ်လက်မအရွယ် အတုံး တုံး၍ရေဆေးပြီး ဆား၊သကြား၊နနွင်း နယ်ပါ)
ကြက်သွန်နီ - ၄ ဥ(ရေဆေးပြီး အကွင်းလိုက် မထူမပါး လှီးထားပါ)
ကြက်သွန်ဖြူ - ၁၅မြွှာ (မညက်တညက် ထောင်းထားပါ)
ဆား၊သကြား၊နနွင်း - အနည်းငယ်
ချင်း (ဂျင်း) - လက်တစ်ဆစ် (မညက်တညက် ထောင်းပါ)
ကြံမဆိုင် - နှစ်ဆယ်သား (တစ်လက်မအရွယ် ပိုင်းဖြတ်ထားရန်)
ဆီ - ၅ကျပ်သား

ချက်ပြုတ်ပုံ
ဟင်းစချက်မယ်ဆိုရင် ဆီပူအိုးထဲတွင် နနွင်းမှုန့်နဲ့ ထောင်းထားတဲ့ ကြက်သွန်များ၊ ဂျင်းများ ထည့်ဆီသတ်ပါ။ ကြက်သွန်များ ရွှေဝါရောင် သန်းလာရင် ၀က်နံရိုးနှင့် အချို၊ အငန်များထည့်ပြီး သမအောင်မွှေပေးပါ။ ပြီးလျှင် ရေကို သင့်တင့်ရုံထည့်ပြီး အဖုံးအုပ်တည်ပါ။ ၀က်နံရိုး များ နူးတဲ့အထိ တည်ပေးရပါမယ်။ ၀က်နံရိုးနူးပြီဆိုမှ ကြံမဆိုင်အဖတ်နှင့် ရေအနည်းငယ် ထပ်ထည့်ပြီး ဟင်းရည်ဆူလာတဲ့အထိ ချက်ပါ။ ဟင်းရည်လည်းဆူလာပြီး ကြံမဆိုင်အဖတ်လည်းနူးသွားရင် အရသာမြည်းကြည့်ကာ မီးဖိုပေါ်မှချလို့ရပါပြီ။ ၀က်နံရိုး ကြံမဆိုင်ဟင်းကို နနွင်းဖြင့် အ၀ါချက်ပဲ ချက်စားကြပါတယ်။ ဒါကြောင့် ငရုတ်သီးအစိမ်းမှုန့်ထည့်မထားတာပါ။

ဝက်နံရိုး ကြံမဆိုင်ဟင်းနဲ့ လိုက်ဖက်မယ့် ပဲပုပ်သုပ်နဲ့ ငရုပ်သီးထောင်းကိုလည်း ပြင်ဆင်ထားပါတယ်။

ပဲပုပ်သုပ်

ရှမ်းပဲပုပ် - ၁၀ချပ် (မီးဖုတ်ပြီး အရွယ်တော်ချေထားရန်)
ကြက်သွန်နီ - ၂ ဥ (ရေဆေးပြီး ပါးပါးလှီးထားပါ)
ဆား၊သကြား - အနည်းငယ်
ပဲဆီမွှေး - ၅ကျပ်သား

ပန်းကန်တစ်ချပ်ထဲတွင် ခြွေထားတဲ့ ပဲပုပ်များ၊ ကြက်သွန်နီ၊ အချို၊ အငန်နှင့် ပဲဆီများ အားလုံးထည့်ပြီး သမအောင်နယ်ပြီးရင် စားသုံး လို့ရပါပြီ။

ငရုတ်သီးထောင်း
ငရုတ်သီးစိမ်း - ၅ကျပ်သား (အညှာခြွေ ရေဆေး၍ ကျက်အောင် ပြုတ်ထားပါ)
ပုစွန်ခြောက်မှုန့် - နှစ်ကျပ်ခွဲသား
ကြက်သွန်ဖြူ - ၁၀မြွှာ (ညက်အောင် ထောင်းထားပါ)
ဆား၊သကြား - အနည်းငယ်

ငရုတ်ဆုံထဲတွင် ကျက်ပြီးသား ငရုတ်သီးစိမ်းကို ညက်အောင်ထောင်းပါ။ ပြီးရင် ပုစွန်ခြောက်မှုန့်၊ ကြက်သွန်ဖြူ၊ ဆား၊ သကြား များကိုထည့်ပြီး သမအောင် ဆက်ထောင်းထားပါ။ သမသွားပြီးရင် ပန်းကန်ထဲ ဆယ်ထည့်ပါ။

ငရုတ်သီးထောင်းနဲ့ တွဲဖက်ပြီး ခရမ်းကြွပ်သီး လေးစိတ်ခွဲ၊ ကန်စွန်းရွက်ပြုတ်တို့နှင့်လည်း တို့စားလို့ရပါတယ်။

Tuesday, August 30, 2011

Weight Gain Tips!

လူအမျိုးမျိုး စိတ်အထွေထွေဆိုသလိုပါပဲ။ ၀နေလို့ ပိန်ချင်တဲ့လူရှိသလို ပိန်သေးလွန်းနေလို့ ခန္ဓာကိုယ်ပြည့်ချင်ပါတယ် ဆိုတဲ့သူတွေ လည်း အများကြီးပါပဲ။ ရှိနေတဲ့အရပ်နဲ့ ရှိသင့်တဲ့ကိုယ်အလေးချိန်မရှိဘဲ ရှိသင့်တာထက် လျော့နည်းနေသူများအတွက် ကိုယ်အလေးချိန် တက်လာစေမယ့် နည်းလမ်းလေးတွေကို ဖော်ပြပေးချင်ပါတယ်။ ၀ချင်သူတွေအနေနဲ့ အစားအသောက်ကို ရွေးချယ်စားသောက်တတ်ဖို့ လိုအပ်ပါတယ်။


ရွေးချယ်ပါ

ဝချင်လို့ အစာစားတဲ့နေရာမှာလည်း ကျန်းမာရေးနဲ့ ညီညွတ်တာကို ရွေးချယ်စားသောက်တတတ်ဖို့ လိုပါတယ်။ ဆီကြော်မုန့်နဲ့ အဆီများတဲ့အစားအစာတွေကိုရှောင်ပြီး လှော်ထား၊ ဖုတ်ထားတဲ့မုန့်တွေ၊ မွှေကြော်ကြော်ထားတာမျိုးနဲ့ ရေလုံပြုတ်တဲ့ အစား အသောက်တွေကို ရွေးချယ်စားသောက်တတ်ရပါမယ်။


အချိုးညီညီပေါင်းစပ်ပါ

အန္တရာယ်မရှိဘဲ ဘေးကင်းကင်းနဲ့ ကိုယ်အလေးချိန် တက်လာစေဖို့အတွက် ပရိုတင်း၊ ကာဗိုဟိုက်ဒြိတ်နဲ့ အဆီတွေကို အချိုးညီညီ ပေါင်းစပ်တတ်ဖို့လိုပါတယ်။ အစားအသောက်မစားဘဲနဲ့တော့ ကိုယ်အလေးချိန်တက်လာဖို့ မစွမ်းဆောင်နိုင်ပါဘူး။ ပရိုတင်းမြင့်မားတဲ့ အစားအသောက်၊ ကျန်းမာရေးနဲ့ညီညွတ်ပြီး အဟာရရှိစေတဲ့ အစားအသောက်တွေကသာ ကိုယ်အလေးချိန်တက်စေဖို့ အမှန်တကယ် အထောက်အကူပြုမှာပါ။ နေ့စဉ် ပရိုတင်းဓာတ်ကနေ ကယ်လိုရီ (၅၀) ရာခိုင်နှုန်း၊ ကာဗိုဟိုက်ဒြိတ်ကနေ ကယ်လိုရီ (၄၀)ရာခိုင်နှုန်းနဲ့ ကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ အဆီစားသုံးမှုအတွက်ဆိုရင် အဆီကရရှိတဲ့ ကယ်လိုရီဟာ (၁၀) ရာခိုင်နှုန်းမှ (၂၀) ရာခိုင်နှုန်း အထိပဲ စားသုံးပေးသင့်ပါတယ်။


ပရိုတင်းဓာတ်ရရှိနိုင်တဲ့ အစားအစာတွေ

တူနာငါး၊ ဆယ်လ်မွန်ငါး၊ ပင်လယ်ငါးများ၊ ကြက်ဆင်၊ ကြက်၊ အနီရောင်အသားများ၊ ချိစ်၊ နို့၊ အဆီနည်းဒိန်ချဉ်၊ ကြက်ဥ၊ ပဲ၊ အစေ့ အဆန်များ၊ ပဲတောင့်ရှည်၊ ၀က်ပေါင်၊ ၀က်သား၊ ခရုအစရှိသော အခွံမာရေနေသတ္တ၀ါများ၊ သိုးသား၊ တိုဟူး၊ ဂျုံ၊ ကြက်ဥ၊ ပဲနို့၊ ဒိန်ချဉ်အရည်ကြည်တို့ကို စားသုံးနိုင်ပါတယ်။


ကာဗိုဟိုက်ဒြိတ်ရနိုင်တဲ့ အစားအစာတွေ

အသီးအနှံများ၊ ဆန်လုံးညို၊ အာလူး၊ ပေါင်မုန့်အမာ၊ပါစတာ၊ ကောက်နှံပင်ကရရှိတဲ့ အစားအသောက်များ၊ ဘရိုကိုလီ၊ ပဲစိမ်း၊ ပြောင်းဖူးနဲ့ ပဲအမျိုးမျိုးတို့ကို စားသုံးနိုင်ပါတယ်။


အဆီ

သံလွင်ဆီ၊ မြေပဲ၊ မြေပဲထောပတ်၊ ဗာဒံစေ့၊နေကြာဆီ၊ ဂုန်လျှော်စေ့အဆီ၊ ထောပတ်သီး၊ ဆူးပန်းဆီ၊ ငါးအဆီ၊ Walnuts တို့ကို စားသုံး နိုင်ပါတယ်။ အဆီဆိုရာမှာ ပြည့်ဝဆီတွေကို မစားသုံးရပါဘူး။ ပြည့်ဝဆီတွေ စားသုံးလွန်းရင် နှလုံးနဲ့သက်ဆိုင်တဲ့ရောဂါတွေ ဖြစ်ပေါ်နိုင် ပါတယ်။


Snacks

ကိုယ်အလေးချိန် တက်ချင်သူတွေအနေနဲ့ သရေစာတွေ စားသုံးပေးဖို့ လိုအပ်ပါတယ်။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ သရေစာတွေကို တစ်နေ့တာလုံး စားသုံးနိုင်ဖို့ သယ်ဆောင်သွားပါ။ ပန်းသီး၊ မုန်လာဥနီ၊ ဥအမျိုးမျိုး၊ မီးဖုတ်ထားတဲ့ (သို့မဟုတ်) လှော်ထားတဲ့ အာလူး ချောင်း၊ အငန်ဓာတ်ပါတဲ့ ဘီစကွတ်မုန့်နဲ့ ဒိန်ချဉ်တို့ကို စားသုံးနိုင်ပါတယ်။ ဒါပြင် ပါစတာ၊ ကွတ်ကီးတို့ကိုလည်း စားပေးပါ။ Sandwich ထဲကို အဆီနည်းချိစ်တွေနဲ့ ထောပတ်သီးစိတ်လေးတွေ ထည့်စားတာမျိုး ပြုလုပ်ပေးပါ။


မကြာမကြာ စားပေးပါ

တကယ်လို့ သင်ဟာ အစာစားချင်စိတ် နည်းတယ်ဆိုရင် မကြာခဏ စားသုံးပေးပါ။ ဒါပေမဲ့ စားသမျှထဲမှာ သင့်တော်တဲ့ကယ်လိုရီ ပမာဏကို ထည့်သွင်းစားသုံးပေးရပါမယ်။ ဥပမာ - နံနက်စာမှာ အစေ့အဆန်တွေ ထည့်သွင်းစားသုံးတာမျိုး၊ အသားကင်နဲ့ ပေါင်မုန့် တွေထဲမှာ ထောပတ်များများ ထည့်စားတာမျိုးကို ပြုလုပ်ပေးသင့်ပါတယ်။ အစားအစာတွေ အများကြီး စားချင်စိတ်မရှိတဲ့အတွက် စား နိုင်တဲ့အစားအသောက်ထဲမှာပဲ ကယ်လိုရီပါဝင်မှုများအောင် စားသုံးပေးရမှာဖြစ်ပါတယ်။


မှန်ကန်တဲ့အစားအစာ စားပါ

ပြည့်ဝဆီ၊ ကယ်လိုရီနဲ့ သကြားတွေအများကြီး စုပုံများပြားတဲ့ အစားအစာတွေကိုတော့ ချင့်ချိန်စားသုံးရမှာပါ။ လတ်ဆတ်တဲ့ အသီးအနှံ၊ အသီးအရွက်နဲ့ အဆီနည်းတဲ့အသားတွေကို ထမင်းစားတိုင်း ထည့်စားပေးပါ။ ဂျုံဖြူနဲ့လုပ်ထားတဲ့ မုန့်အမျိုးမျိုးနဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့အဆီ (ဥပမာ - သံလွင်ဆီ) တစ်မျိုးမျိုးကို အစာတစ်နပ်နဲ့တစ်နပ်ကြားမှာ အဆာပြေအဖြစ်စားသုံးပေးပါ။ ပြောင်းဖူးနဲ့ အာလူး ကို ပိုစားပေးပါ။


အရည်သောက်ပါ

နို့၊လိမ္မော်ရည်နဲ့ တလည်းသီး(သလဲသီး)ဖျော်ရည်ကို သောက်သုံးပေးပါ။ သကြားများတဲ့ အချိုရည်တွေကို ရှောင်ပါ။ ဆိုဒါနဲ့ လက်ဖက် ရည် အချိုတွေကို မသောက်သုံးသင့်ပါဘူး။ ဖျော်ရည်တွေကို နေ့လယ်စာ၊ ညစာစတဲ့ အစားကြီးစားချိန်တွေမှာ တွဲဖက်မစားသုံးသင့်ပါ ဘူး။ ဖျော်ရည်တွေ သောက်တဲ့အတွက် ခဏလေးနဲ့ ဗိုက်ပြည့်စေပြီး ကယ်လိုရီဝင်ရောက်မှုနှုန်းလျော့နည်းစေနိုင်ပါတယ်။ ဖျော်ရည် သောက်မယ်ဆိုရင် မနက်စာနဲ့ နေ့ခင်းစာကြား၊ နေ့ခင်းစာနဲ့ ညစာမစားမီ ကြားအချိန်တို့မှာ သောက်သုံးပေးနိုင်ပါတယ်။ စွပ်ပြုတ်ပျစ် ပျစ်တွေဟာ စွပ်ပြုတ်ရေကြည်တွေထက် ကယ်လိုရီပိုမိုများပြားပါတယ်။ စွတ်ပြုတ်ပျစ်ပျစ်တွေထဲကို နို့မှုန့်တစ်ဇွန်း ထည့်စားပေးမယ် ဆိုရင်လည်း ကိုယ်အလေးချိန်တက်လာစေဖို့ အထောက်အကူပေးပါတယ်။ ကိုယ်အလေးချိန် တက်စေဖို့အတွက် အစားအသောက်သာ မက လေ့ကျင့်ခန်းတွေကလည်း အရေးပါလှပါတယ်။


Weight Training

ကြွက်သားအလေးချိန်ဟာ အဆီထက် ပိုမိုအလေးချိန်စီးပါတယ်။ ဒါကြောင့်ကြွက်သားတွေကို သန်မာတောင့်တင်းစေမယ့် လေ့ကျင့်ခန်း တွေကို များများပြုလုပ်ပေးနိုင်လေ ကိုယ်အလေးချိန်တက်လေပါပဲ။ ကြွက်သားတွေ သန်မာထွားကျိုင်းလာတဲ့အခါ အရိုး၊ အဆစ်နဲ့ အတွင်းအင်္ဂါတွေကို အထောက်အပံ့ပေးနိုင်ပြီး ထိခိုက်ဒဏ်ရာမရစေဖို့ ကာကွယ်ပေးနိုင်ပါတယ်။ ကြွက်သားသန်မာထွားကျိုင်းစေမယ့် လေ့ကျင့်ခန်းတွေကို အနည်းဆုံးတစ်ပတ်ကို (၃)ကြိမ် လေ့ကျင့်ပေးရပါမယ်။ ကြွက်သားအစိတ်အပိုင်း တစ်မျိုးချင်းစီအတွက် လေ့ကျင့် ခန်းတစ်မျိုးစီ ခွဲလုပ်ပေးတာက ပိုမိုထိရောက်ပါတယ်။ ဒါမှ မနေ့ကလေ့ကျင့်ခန်းပြုလုပ်ထားတဲ့ ကြွက်သားအစိတ်အပိုင်းကို အနားပေးပြီး သားဖြစ်မှာပါ။ လေ့ကျင့်ခန်း (၈)ခုမှ (၁၀)ခုအထိ အလှည့်ကျလေ့ကျင့်ပေးပြီး (၈)ကြိမ်မှ (၁၂)ကြိမ်အထိ ပြုလုပ်ပေးရပါမယ်။ အလေးမ ခြင်းဟာ ကြွက်သားတွေကြီးထွားလာဖို့ အကူအညီပေးတဲ့အတွက် ကိုယ်အလေးချိန် တက်လာစေဖို့ အထောက်အကူပေးပါတယ်။


ဖြည့်စွက်စာအနေနဲ့ Nutrition Shakes တချို့ကို သောက်သုံးပေးနိုင်ပါသေးတယ်။ (ဥပမာ - Appeton Weight Gain, Ensure နဲ့  Boost) ပဲနို့နဲ့ ပရိုတင်းပြည့်ဝတဲ့ နို့တို့ကို သောက်သုံးပေးပါ။


တချို့သော တိုင်းရင်းဆေးတွေဟာလည်း အစာစားချင်စိတ်ကို ဖြစ်ပေါ်စေနိုင်ပါတယ်။ များသောအားဖြင့် တရုတ်တိုင်းရင်းဆေးတွေကို ရရှိနိုင်ပါတယ်။ မြန်မာနိုင်ငံမှာဆိုရင်တော့ သွေးဆေး၊ချက်ဆေးနှင့် လျက်ဆားတွေ စားသုံးပေးရင်လည်း အစာစားချင်စိတ် ပိုမိုဖြစ်ပေါ် လာစေပါတယ်။ ဖော်ပြခဲ့တဲ့အချက်တွေဟာ ၀ိတ်တက်ချင်သူတွေအတွက် အထောက်အကူပြုနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

Monday, August 29, 2011

မြန်မာလူမျိုးများ မြန်မာနိုင်ငံတော်ကို ဘာကြောင့်စွန့်ခွါ

မြန်မာလူမျိုးများ မြန်မာနိုင်ငံတွင် ပညာသင်ကြားပြီး အရွယ်ရောက်လာသောအခါ နိုင်ငံရပ်ခြားသို့သွားရောက် အလုပ်လုပ်ကိုင်ကြသည်။ ထိုမှတဆင့် သက်ဆိုင်ရာနိုင်ငံသားအဖြစ်သို့ ကူးပြောင်းသွားကြသည်။ ထိုသို့ကူးပြောင်းကြသည်မှာ အကြောင်းအမျိုးမျိုးကြောင့် မြန်မာနိုင်ငံသားအဖြစ်မှ စွန့်လွှတ်ကာ တခြားနိုင်ငံသားအဖြစ်သို့ ကူးပြောင်းသွားကြသော်လည်း မြန်မာလူမျိုး (ဗမာ ရခိုင် ရှမ်း ကချင် ကရင် ချင်း စသည့် တိုင်းရင်းသားအားလုံး ) သည် မြန်မာနိုင်ငံကို ချစ်မြတ်နိုးတွယ်တာနေသောစိတ်မှာ မြန်မာနိုင်ငံတွင် နေထိုင်နေသောသူများကဲ့သို့ မလျှော့သောစိတ် အပြည့်ရှိနေသည်မှာ မေးခွန်ထုတ်စရာပင်မလိုအပ်ပါ။

သို့ပါသော်လည်း မြန်မာနိုင်ငံအတွင်း၌ရှိသော မြန်မာအစိုးရလူကြီးများ၊ ထိုအစိုးရအဖွဲ့ဝင်များကို အခွင့်အရေးရရှိရန် ဖားနေသူများ၊ မြန်မာအလင်းသတင်းစာတွင် မိမိအခွင့်အရေးရရန် မြန်မာနိုင်ငံသားအဖြစ်မှ စွန့်လွှတ်သွားသူများကို လိုက်လံအပြစ်ဖို့ ပြောဆိုနေသည်များကို တွေ့ရှိရ၍ အလွန်အင်မတန် စိတ်မကောင်းဖြစ်မိပါသည်။

ထိုသို့ မြန်မာနိုင်ငံသားစွန့်လွှတ်သွားသူများကို လိုက်လံ အပြစ်ပြောနေမည့်အစား ဘာကြောင့် နိုင်ငံသားအဖြစ်သို့ စွန့်လွှတ်သွားကြတာလဲဆိုတဲ့ အရင်းအမြစ်ကို ရှာဖွေကာ နောက်ထပ် မြန်မာနိုင်ငံသားအဖြစ် တည်ရှိနေသေးသော မြန်မာနိုင်ငံသားများကို နိုင်ငံသားအဖြစ်မှ မစွန့်လွှတ်ရန် ဘယ်လိုကာကွယ်ကြမလဲဆိုသည့် အချက်အလက်ကို မစဉ်းစားကြသည့်အတွက်လည်း ပို၍ပင်စိတ်မကောင်းဖြစ်မိပါသည်။

မြန်မာနိုင်ငံသားများ နိုင်ငံရပ်ခြားသို့ အလုပ်လုပ်ကိုင်ခြင်း၏ အကျိုးကျေးဇူးများ

ပထမဦးစွာ ဆွေးနွေးလိုသည်မှာ မြန်မာနိုင်ငံအတွင်းရှိ ဆောင်းပါးရေးသူ အမြင်ကျဉ်းကို စွဲကိုင်ထားသူများမှာ မြန်မာနိုင်ငံမှ ထွက်ခွာပြီး နိုင်ငံရပ်ခြားတွင် အလုပ်လုပ်ကိုင်နေသူများကို အပြစ်ဖို့ပြောဆိုခြင်းမှ စတင်ပါသည်။ မြန်မာနိုင်ငံသည် လက်ရှိအားဖြင့် စိုက်ပျိုးရေးကို အခြေခံသော နိုင်ငံဟုဆိုသော်လည်း ခေတ်မမှီသော၊ တိုးတက်မှုမရှိသော လယ်ယာစိုက်ပျိုးရေးကိုသာ အခြေခံနေသော နိုင်ငံတစ်ခုဟုသာ ဆိုရပေမည်။ တိုင်းပြည်အတွင်းတွင် စိုက်ပျိုးရေးစနစ်ကို တိုးတက်ရန်အတွက် အလေးထားလေ့လာသော ကောင်းမွန်သော Research centre မရှိ၊ ရှိသည့်သုတေသနတွင်လည်း နားလည်တတ်ကျွမ်းသော ပညာရှင်မရှိ၊ အချိန်တန်လခရသည်ပဲဟု တစ်နေ့တစ်နေ့ လဘက်ရည်ဆိုင်ထိုင်၊ ချဲထိုး၊ နှစ်လုံးထီထိုးနေသော သံချေးတက် ပညာတတ်များသာရှိသည်။ ထို့အပြင် နိုင်ငံအစိုးရ တာဝန်ရှိသူများကလည်း ထိုကဲ့သို့ နည်းပညာများထွန်းကားရန် မြေတောက်မြှောက်လိုစိတ် အလျှင်းမရှိ၊ ထိုထိုသော အကြောင်းအချက်များကြောင့် မြန်မာနိုင်ငံတွင် လယ်ယာစိုက်ပျိုးရေးထွက်ကုန်မှာ အဆင့်မတန်းမမှီ၊ နိုင်ငံရပ်ခြားပို့သော်လည်း တိရိစ္ဆာန်တောင်မှ ကျွေးမွေး၍မရသော ထွက်ကုန်သာ ရှိသည်။

ထိုအပြင် စက်မှု လက်မှုတွင်လည်း ကျွန်တော်တို့နိုငံတွင် တိုးတက်သော စက်မှု၊လက်မှု အခြေအနေမဟုတ်၊ အသစ်တီထွင်နိုင်သော အခြေအနေ မပြောနှင့် တခြားနိုင်ငံများမှ ထွက်သောကုန်ပစ္စည်းများကို ပုံတူကူးချပြီး ပြန်လည်ထုတ်ယူနိုင်သော အခြေအနေပင် ကောင်းကောင်းမရှိပေ။ ထိုသို့ ပုံတူကူးချထုတ်လုပ်နိုင်သော ပြည်တွင်းအသေးစားလုပ်ငန်းတစ်ခုဖြစ်သည့် စိုးလျှပ်စစ်မှ ထုတ်လုပ်သော ဂျင်နရေတာ၊ ထရန်စဖော်မာ၊ မီးစက်တချို့ကိုသာတွေ့ဖူးသည်။

အထက်ပါကဲသို့ မြန်မာနိုင်ငံ၏ လိုအပ်ချက်များကို ထောက်ပြနေသည်မှာ အပြစ်ပြောလို၍မဟုတ်ပါ။ မြန်မာနိုင်ငံသားအဖြစ်သို့ တည်ရှိနေသေးသော နိုင်ငံခြားရောက်မြန်မာနိုင်ငံသားများအတွက် မြန်မာနိုင်ငံတွင် လုပ်ကိုင်နိုင်ရန် ပတ်ဝန်းကျင်အခြေအနေတရပ်ကို ဖန်တီးနိုင်ဖို့ လိုအပ်ကြောင်းကို ထောက်ပြ ဆွေးနွေးခြင်းသာဖြစ်သည်။

တခြားသူများကို နမူနာ မပေး၊ မိမိကိုယ်ကိုသာ နမူနာအနေဖြင့် ပြောပြရမည်ဆိုလျင်၊ စက်မှုတက္ကသိုလ်မှဘွဲ့ရပြီး အစိုးရအလုပ် လုပ်ကိုင်ရန်ရည်ရွယ်ချက်ရှိသော်လည်း ဖခင်မှ အစိုးရအလုပ်လုပ်ကိုင်လည်း ပတ်ဝန်းကျင်မှ လာဘ်လာဘယူဆောင်ကြီးပွားမှုများကို ပါဝင်သွားကာ မတရားသော ကြီးပွားမှုမျိုး မလိုအပ်သောကြောင့် အစိုးရအလုပ်လုပ်ခြင်းကို တားမြစ်သည်။ ထိုကြောင့် ကျွန်တော်သည် ယာယီအသက်မွေးဝမ်းကျောင်းအဖြစ် ကျုရှင်ဆရာဘ၀ဖြင့် မိမိဝမ်းကို ကျောင်းခဲ့ရသည်။ သင်ကြားထားသော ပညာရပ်များကို မှန်ကန်စွာ အသုံးမချနိုင်ခဲ့။ ထိုမှတဆင့် မိမိ၏ကြိုးစားအားထုတ်မှုကြောင့် ဘွဲ့လွန်ကို နိုင်ငံခြား တက္ကသိုလ်တစ်ခုတွင် စကော်လားရှစ်ဖြင့် အခမဲ့ ပညာသင်ကြားနိုင်ခဲ့ပြီး မြန်မာနိုင်ငံတွင် ဆက်လက်နေထိုင်ပါက မည်သို့မျှ မသိနိုင်သည့် ပညာရပ်များကို နိုင်ငံခြားတိုင်းပြည်များတွင် လွယ်လင့်တကူလေ့လာနိုင်ခဲ့ပါသည်။

သို့သော် ထိုပညာရပ်များကို မိမိနိုင်ငံအတွက် ပြန်လည်အသုံးချနိုင်ရန် မြန်မာနိုင်ငံအတွင်း၌ ဖန်တီးထားသည့် အခြေအနေပတ်ဝန်းကျင်မရှိ၊ အကယ်၍ မိမိသည်မြန်မာနိုင်ငံကို ပြန်လည်ကျေးဇူးပြုလို၍ ပြန်လည်ရောက်ရှိပါက မိမိကျွမ်းကျင်သော လုပ်ငန်းရပ်များမရှိသဖြင့် ငယ်စဉ်က ပြုလုပ်ခဲ့သော ကျုရှင်ဆရာဘ၀ကို ပြန်လည်ရောက်ရှိကာ မိမိတတ်မြောက်ထားသော အတတ်ပညာရပ်များကို စတိုခန်းထဲ သိမ်းထားရသည့် ဘ၀သာ ပြန်လည်ရောက်ရှိနိုင်ပေသည်။

သို့ပေမဲ့လည်း နိုင်ငံခြားတွင် ထွက်၍လုပ်ကိုင်နေသော မြန်မာနိုင်ငံသားများအဖို့ မိမိကဲ့သို့ နိုင်ငံခြားတွင် ရေရှည်နေနိုင်သူများသာ မဟုတ်ပဲ ယာယီပါမစ်များဖြင့် နေထိုင်သူမှာ ၆၀-၈၀ ရာနှုန်းအထိရှိကာ ထိုကဲ့သို့ မြန်မာနိုင်ငံသားများ ပြန်လည်ရောက်ရှိပါက အောက်ပါ အကျိုးကျေးဇူးများလည်း မြန်မာနိုင်ငံသို့ ရရှိနိုင်ပါသည်။

(၁) အချိန်၏တန်ဖိုးကို နားလည်ခြင်းနှင့် အလုပ်ချိန်တွင် မိမိအား ပေးအပ်ထားသော အလုပ်ကို သေချာစွာလုပ်ကိုင်နိုင်ခြင်း။ (နိုင်ငံခြားတွင် အလုပ်လုပ်ကိုင်ခဲ့ခြင်း အကျိုးကျေးဇူး )
မြန်မာနိုင်ငံတွင်းအရှိ အစိုးရအလုပ်အပါဝင် တချို့သော အလုပ်များမှာ အလုပ်ချိန် တစ်နေ့(နံနက် ၁၀ နာရီမှ ၄ နာရီအတွင်း ) ၆နာရီခန့်အတွင်း ထမင်းစားချိန် လဘက်ရည်သောက်ချိန် များကို နှုတ်လိုက်ပါက ၄နာရီခန့်သာရှိသည်၊ ထို ၄နာရီအတွင်း လူတစ်ယောက်၏ အချိန်ဆွဲလုပ်ကိုင်မှုကြောင့် ၃ နာရီခန့်သာဖြစ်ပေလိမ့်မည်။ အလုပ်မပြီးစီးပါကလည်း နောက်တစ်နေ့ လုပ်လို့ရတာပဲဟု အချိန်ဆွဲလုပ်ကိုင်လိုစိတ်များ တာဝန်ယူမှုမရှိခြင်းများကို နေရာတော်တော်များများတွင် ၇၀-၈၀ ရာခိုင်နှုန်းခန့်တွေ့နေရသည်။

(၂) လူတစ်ဦးချင်းစီ၏ တာဝန်ယူမှု စိတ်ဓါတ်၊ ကတိစကား၏ တန်ဖိုးကို နားလည်သွားခြင်း။

(၃) နိုင်ငံရပ်ခြားမှ ရရှိလာသော အလုပ်ထဲမှ ပညာရပ်များ နှင့် စီမံခန့်ခွဲမှုများ။
အနည်းဆုံး မြန်မာနိုင်ငံတွင်း တေလေဂျပိုး၊ လဘက်ရည်ဆိုင်ထိုင် အချိန်ဖြုန်းနေသူတစ်ယောက် နိုင်ငံခြားတွင် အလုပ်လုပ်ပြီး ပြန်လာပါက အနိမ့်ဆုံး ဂဟေတော့ ဆော်တတ်၊ အချိန်နှင့် ငွေကြေးအ၀င်အထွက်ကိုတော့ စီစစ်သွားတတ်ပါသည်။

(၄) နိုင်ငံရပ်ခြားမှာ အလုပ်လုပ်နေသူများမှာ မိမိနိုင်ငံသို့ ပြန်ပို့သော ငွေများပြန်လည်ရရှိ ခြင်း။
အရှေ့တောင် အာရှတွင် နိုင်ငံရပ်ခြားသို့ သွားရောက်အလုပ်လုပ်ကိုင်နေသည့် သူတွေထဲမှာ အင်ဒိုနီးရှားနဲ့ ဖိလစ်ပင်းလူမျိုးတို့က အများဆုံးဖြစ်ပါသည်။ သူတို့တစ်တွေ သူတို့နိုင်ငံကို ပြန်လည်ပို့ဆောင်တဲ့ ငွေသည် တစ်နှစ်ကို ၁.၅ ဘီလိယန်စီ ရှိကြပါသည်။ ထိုနိုင်ငံများက တရားဝင်ငွေကြေး ပို့ဆောင်ရေးလုပ်ငန်းများရှိသောကြောင့် နိုင်ငံခြားတွင် လုပ်ကိုင်၍ရရှိသော ငွေများကို မိမိတို့မိသားစုများအတွက် ပြန်လည်ပို့ဆောင်ပေးနေကြသည်။ နိုင်ငံခြားသို့ ထွက်၍အလုပ်လုပ်ကိုင်သော မြန်မာများသည် ဖီလစ်ပိုင်၊ အင်ဒိုနီးရှားနိုင်ငံများကဲ့သို့ တစ်နှစ်လျင် ၁.၅ ဘီလီယန်ခန့် မရှိသော်လည်း အနည်းဆုံး အမေရိကန်ဒေါ်လာ သန်း ၃၀၀ နီးပါးခန့်ရှိမည်ဟု ခန့်မှန်းမိသည်။ သို့သော်လည်း မြန်မာနိုင်ငံ၏ ခေတ်မမှီသော၊ နည်းလမ်းမမှန်သော ဘဏ်စနစ်များကြောင့် ထိုငွေများသည် တရားမ၀င်သောလမ်းကြောင်းသို့ ရောက်ရှိသွားသည်။

ထိုကြောင့် မြန်မာနိုင်ငံအစိုးရအနေဖြင့် ထိုငွေများကို မှန်မှန်ကန်ကန် ဖြစ်အောင် ခိုင်မာသောလမ်းကြောင်းတစ်ခု တည်ဆောက်ရန် အမှန်အကန်လိုအပ်လျက်ရှိပါသည်။ ထိုအပြင် နိုင်ငံခြားရောက် မြန်မာနိုင်ငံသားများ မိမိမိသားစုဝင်များအား ထိုကဲ့သို့ ငွေကြေးများ ပြန်လည် ပို့ဆာင်မှုကြောင့် မြန်မာနိုင်ငံတွင်းရှိ မိသားစုဝင်များ၏ ၀င်ငွေတိုးပွားလာသည်။ ထိုသို့ ၀င်ငွေ တိုးပွားလာမှုကြောင့် ထိုမိသားစုဝင်များ၏ ငွေသုံးစွဲမှုကြောင့် မြန်မာနိုင်ငံအတွင်း ငွေလည်ပတ်ကာ တိုင်းပြည်၏ စီးပွားရေးကို တဖက်တလမ်းမှာ တိုးတက်စေနိုင်သော အချက်အလက်တစ်ခုလဲ ဖြစ်ပါသည်။

(၄) နိုင်ငံခြားတွင် အလုပ်လုပ်ကိုင်သော မြန်မာနိုင်ငံသားများ သက်ဆိုင်ရာသံရုံးများတွင် အခွန်ငွေများကို ပေးဆောင်ခြင်းဖြင့် နိုင်ငံ၏၀င်ငွေကို တိုးပွားစေခြင်း။
တကယ်တမ်း မြန်မာနိုင်ငံသားအဖြစ်သို့ ကူးပြောင်းသွားသူများရဲ့ အကြောင်းအရင်းထဲမှာ တခုအပါအ၀င်ဖြစ်တဲ့ ထိုအချက်သည် အရေးကြီးပါသည်။ အခွန်နှစ်ထပ်ပေးဆောင်ခြင်း စာချုပ် ရေးထိုးထားသော နိုင်ငံဖြစ်သည်၊ မဖြစ်သည် ခဏထား စင်္ကာပူရောက်မြန်မာနိုင်ငံသားများ ပေးဆောင်သော အခွန်ငွေပမာဏမှာ တနှစ်လျင် အမေရိကန်ဒေါ်လာ သန်း၃၀မှ သန်း၅၀ အတွင်းရှိပါသည်။ ထိုငွေများသည် မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်မှုအတွက် အတိုင်းအတာတခုအထိ လုပ်ဆောင်နိုင်သော ငွေကြေးပမာဏ တစ်ခုအနေနှင့် ဖြစ်ကောင်းဖြစ်ပါလိမ့်မည်။ သို့သော်လည်း ထိုငွေ သန်း ၃၀-၅၀ ငွေကြေးပမာဏသည် မြန်မာနိုင်ငံအတွက် အမှန်တကယ်ရောက်ရှိသွားသော ငွေကြေးပမာဏဖြစ်သည်လား မည်သူမှမသိ၊ နှစ်စဉ် အခွန်ဌာနမှလည်း မှန်ကန်သော စာရင်းကိုလည်း တင်ပြခြင်းမရှိ၊ အခွန်ဌာနနှင့် သံရုံး (နိုင်ငံခြားရေး ၀န်ကြီးဌာန) နှစ်ခုကြားတွင် ထိုငွေကြေးပမာဏသည် စက္ကူပါးလေထဲလွင့်သကဲသို့ ပျောက်ကွယ်သွားသည်လား မပြောတတ်ပေ။

(၅) နိုင်ငံရပ်ခြားသို့ ရောက်ရှိသွားသော မြန်မာနိုင်ငံသားများ မြန်မာနိုင်ငံသို့ လှူဒါန်းခြင်း။
မြန်မာလူမျိုးတော်တော်များများသည် ဗုဒ္ဓဘာသာဝင်များဖြစ်သည်အလျောက် အလှူအတန်းလုပ်ရာတွင် တခြားနိုင်ငံများကဲ့သို့ တွန့်ဆုတ်ခြင်းအလျဉ်းမရှိပဲ လှူဒါန်းကြပါသည်။ ဥပမာအားဖြင့် မြန်မာကျူးပစ်မင်ဘာများကိုယ်တိုင် ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းတိုက်ခိုက်စဉ်က ကျပ်သိန်း ၁၃၀ခန့်ကို မိမိတို့ချွေးနဲစာများမှ ခြစ်ခြုပ်လှူဒါန်းခြင်း၊ မြန်မာများအတွက် မြန်မာမှ ၂၀၁၀ ခုနှစ်တွင် ကျပ်သိန်းပေါင်း ၁၅၀ခန့် ကျောင်းဆောင် ဆောက်လုပ်လှူဒန်းခြင်း စသည်တို့ကို လုပ်ကိုင်ခဲ့သည်။ ကျူးပစ်မင်ဘာများ မြန်မာများအတွက် မြန်မာများကဲ့သို့ လူမှုရေးလှူဒါန်းမှုများသာမက တခြားသော လူမှုရေးအဖွဲ့အစည်းများ၊ အဖွဲ့များနှင့် မဟုတ်ပဲ သီးသန့်လှူဒါန်းမှုများမှာ တနှစ်လျင် အနည်းဆုံး ကျပ်ငွေ သိန်း ၁၀၀၀ မှ ၅၀၀၀ အတွင်း ခန့်ရှိပေသည်။ ထိုကဲ့သို့ နိုင်ငံခြားရောက်မြန်မာနိုင်ငံသားများ လှူဒါန်းမှုသည်လည်း တနည်းအားဖြင့် တိုင်းပြည်အတွင်း ငွေလည်ပတ်မှုများ၏ အထောက်အပံ့တခုအဖြစ် တည်ရှိလျက်ရှိနေပါသည်။

ထိုကဲ့သို့ မြန်မာနိုင်ငံသားများ နိုင်ငံရပ်ခြားသို့ သွားရောက် အလုပ်လုပ်ကိုင်ခြင်းကို သေသေချာချာ စနစ်တကျ စီစစ်လေ့လာခြင်း အလျင်းမရှိ၊ ထိုကဲ့သို့ သိရန်လဲ ကြိုးစားအားထုတ်ရန်လည်း မစဉ်းစားသော တာဝန်ရှိပုဂ္ဂိုလ်များ၊ အစိုးရ ၀န်ကြီးဌာနများတွင် မျက်နှာရရန် ဖား၍ သတင်းစာများတွင် ရေးသားလျက်ရှိသော အရည်အချင်းမရှိ ကော်လံစား ကလောင်ရှင်များကို ကျွန်တော်တို့ နိုင်ငံခြားရောက် မြန်မာနိုင်ငံသားစစ်စစ်များမှာ အလွန်အင်မတန် စက်ဆုပ်ရွံ့မုန်းမိပါသည်ဟုသာ ပြောကြားလိုပါသည်။

မောင်ခြိမ့်
၈၈၈၈ နှစ်ပတ်လည်နေ့ အမှတ်တရ။
======================================
ဆက်ရန်
မြန်မာနိုင်ငံသားများ နိုင်ငံသားစွန့်ပစ်ခြင်း အကြောင်းအရင်းနှင့် ခေတ်နောက်ပြန်ဆွဲ အတွေးပိုင်ရှင် ကော်လံစား သတင်းစာသမားများ
(ယနေ့ ၈၈၈၈ နှစ်ပတ်လည် ညနေတွင် ဆက်လက် ရေးသားပါမည်။)


ကျွန်တော်ဆက်လက်ရေးသားပြောဆိုမည့် အကြောင်းအရာများသည် လက်ရှိမြန်မာနိုင်ငံအစိုးရကို တိုက်ခိုက်လို၍ အကြောင်းမရှိ အပြစ်ရှာ ပြောဆိုနေခြင်းမဟုတ်ပါ။ တချို့သော ၀က်ဘ်ဆိုဒ်များတွင် လက်ရှိအစိုးရသာမက ပြီးခဲ့သော နအဖအဖွဲ့ကိုပါ ရိုင်းစိုင်းစွာ အ မနာပ ဆဲဆိုပုတ်ခတ်မှုများကိုလည်း တွေ့ရသည်။ ထိုအခါ ကျွန်တော်ကိုယ်တိုင် စိတ်ထဲမကောင်းခဲ့။ ကျွန်တော်သည် ဗုဒ္ဓဘာသာဝင်ဖြစ်သောကြောင့် ဗုဒ္ဓ၏အဆုံးအမအရ ဖရုဿဝါဆာ ညစ်ညမ်းသောစကားကို ဆိုခြင်းသည် ကျွန်တော်အတွက် သံသရာလည်းမကောင်း၊ ကိုယ်က ဆဲဆိုပုတ်ခတ်သော်လည်း ထိုသို့အပြောခံရသူက မေတ္တာနှင့်သော်လည်းကောင်း ဥပေက္ခာဖြင့်သော်လည်းကောင်း နေပါက ထိုသို့ ဆဲဆိုမှုသည် ကိုယ်တွင်ပြန်လည်၍ အကျိုးယုတ်စေမည်ဟု ယုံကြည်မိသည်။

နိုင်ငံတစ်နိုင်ငံ အုပ်ချုပ်သည်ဆိုရာ၌ မိသားစုတစ်စုအား အုပ်ချုပ်ခြင်းနှင့်မတူ၊ မိသားစု သိန်းပေါင်းများစွာကို အုပ်ချုပ်ရသည်။ အဖွဲ့အစည်းငယ်တစ်ခု အုပ်ချုပ်သည်နှင့်မတူ ခေါင်းဆောင်လုပ်သူမှာ ထိုအဖွဲ့အစည်းငယ်ကိုတာဝန်ခံရသည်။ ထိုကြောင့် လက်ရှိအစိုးရကို ဝေဖန်ရာတွင် အပြစ်တွေသာ ပြောဆိုခြင်းထက် အပြုသဘောဖြင့် အမှားကိုလဲ ထောက်ပြ အမှန်လမ်းကိုလည်း တာဝန်ရှိပြည်သူတစ်ယောက်အဖြစ် အကြံပြုခြင်းမျိုးကိုသာ အဓိက ဦးတည်ရေးသားပါသည်။

သို့သော်လည်း အဖွဲ့အစည်းငယ်ပဲဖြစ်ဖြစ်၊ နိုင်ငံတစ်ခုပဲဖြစ်ဖြစ် အခွင့်အရေးလိုချင်၍ ဖားယားရေးခြင်း ပြုမူခြင်းမျိုးကိုတော့ ကျွန်တော် အလွန်အင်မတန်ရွံ့မုန်းမိသည်။ ထိုကဲသို့ ဖား၍နေထိုင်သူများ အလိုတော်ရိများသည် တကယ့်တကယ်တော့ အဖွဲ့အစည်းကို ဖျက်စီးသူ၊ နိုင်ငံကိုဖျက်စီးသူ၊ သစ္စာဖောက်များသာ အမှန်တကယ်ဖြစ်တော့သည်။

ယခင်ပို့စ်တွင် မြန်မာနိုင်ငံသား နိုင်ငံခြားတွင် အလုပ်လုပ်ကိုင်နေသူများကြောင့် နိုင်ငံအတွက် အကျိုးကျေးဇူးများ ရှိနိုင်ကြောင်း အချက်အလက်တချို့ကို အကြမ်းဖျဉ်းအားဖြင့် ထောက်ပြခဲ့ပါသည်။ ကျွန်တော်ထောက်ပြဆွေးနွေးသော အချက်အလက်များထက် မလျော့တောင်မှ ပိုသော အကျိုးကျေးဇူးများ ရှိနိုင်ပါသေးသည်။ ယခုပို့စ်တွင် မြန်မာနိုင်ငံသားများ တခြားနိုင်ငံသားအဖြစ်သို့ မည်သည့်အတွက်ကြောင့် ပြောင်းလဲကြသည် ဆိုတာထက် မြန်မာနိုင်ငံသားအဖြစ်မှ တခြားနိုင်ငံသား အဖြစ်သို့ မပြောင်းလဲသေးသော ကျွန်တော်တို့အတွက် မြန်မာနိုင်ငံ အစိုးရနှင့် တာဝန်ရှိသူများက မြန်မာနိုင်ငံသားအဖြစ် ဆက်လက်တည်ရှိနေရန် မည်သို့လုပ်ကိုင်မည်လဲ၊ တခြားနိုင်ငံသားအဖြစ်သို့ ပြောင်းလဲမသွားရန် မည်သို့ ဆွဲဆောင်ကြမလဲဆိုတာကို အဓိက မီးမောင်းထိုးပြလိုပါသည်။

မြန်မာနိုင်ငံသားအဖြစ်မှ တခြားနိုင်ငံသားအဖြစ်သို့ ကူးပြောင်းသွားသူများကို တွေ့ကြုံရသလောက် မြန်မာနိုင်ငံသားအဖြစ်သို့ စွန့်ခွာသွားသူများကို မေးမြန်ကြည့်မိသော်လည်း နိုင်ငံရေးအမှန်တကယ်လုပ်သူများက မြန်မာနိုင်ငံသို့ ပြန်ပါက အဖမ်းအဆီးခံရမည်ကို စိုးရိမ်သူများမှာ ၇၀ ရာခိုင်နှုန်းနှင့် အထက်ရှိပါသည်။

တခြားအကြောင်းကြောင့် နိုင်ငံသားအဖြစ်သို့ ပြောင်းသွားသူများသည် မြန်မာနိုင်ငံကို မချစ်လို့ မဟုတ်၊ မုန်း၍လည်းမဟုတ် မိမိကျင်လည်ရာတွင် အကောင်းဆုံးအဖြစ် ရပ်တည်နိုင်ရန်ဆိုသည့် ရည်ရွယ်ချက်ဖြင့်သာ နိုင်ငံသားအဖြစ်ကို စွန်ခွာခဲ့ကြသည်။ ထိုသူများကို ကြုံကြိုက်လို့မေးပါက မြန်မာနိုင်ငံသို့ ပြန်ချင်သူများသာဖြစ်ပါသည်။ နိုင်ငံသားအဖြစ်သို့ ကူးပြောင်းသွားသူများ၏ တနှစ်တကြိမ်၊ နှစ်နှစ်တကြိမ် သူတို့၏ အားလပ်ရက်ကို အသုံးချရာနေရာကလည်း မြန်မာနိုင်ငံမှ လွဲ၍တခြားသော နိုင်ငံကို ရွေးချယ်မှုကနည်းပါသည်။

ထိုကြောင့် နိုင်ငံရပ်ခြားသို့ ရောက်နေသော မြန်မာလူမျိုးများအားလုံး မြန်မာနိုင်ငံကို ချစ်သူများသာ ဖြစ်ပါ၏၊ မြန်မာနိုင်ငံထဲနေမှ မြန်မာနိုင်ငံကို ချစ်သူများမဟုတ်၊ လိုအပ်ပါက မြန်မာနိုင်ငံအတွက် အသက်စွန့်ဝံသူများသာဖြစ်ပါသည်။ နိုင်ငံတော်ကာကွယ်ရန် တပ်မတော်ထဲဝင်၍ အမှုထမ်းမှ နိုင်ငံကိုချစ်သူမဟုတ်၊ မြန်မာလူမျိုး ကြီးကြီးငယ်ငယ် နိုင်ငံကိုချစ်သူများသာဖြစ်ပါသည်။ နိုင်ငံတစ်ခုဆိုသည်မှာ အစိုးရသည်လည်း ပြည်သူအတွက် ပြည်သူ့အကျိုးကို ကြည့်၍ တာဝန်ထမ်းသလို နိုင်ငံဝန်ထမ်းသည်လည်း နိုင်ငံအတွက် တာဝန်ထမ်းသည်။ နိုင်ငံခြားတွင် အလုပ်လုပ်နေသူလည်း သူတတ်နိုင်သလောက် နိုင်ငံတာဝန်ထမ်းရွက်နေသူများသာ ဖြစ်ပါသည်။ တပ်မတော်လည်း တပ်မတော်အလျောက်၊ ပညာရှင်လည်း ပညာရှင်အလျောက်၊ အနုပညာရှင်လည်း အနုပညာရှင်အလျောက် နိုင်ငံတာဝန်ထမ်းသူများသာ ဖြစ်ပါသည်။ ထိုကြောင့် နိုင်ငံတွင်း၌ နေထိုင်သူအားလုံး မည်သူမျှ ပို၍ နိုင်ငံကိုပိုချစ်သည် မရှိ နိုင်ငံသားအားလုံး နိုင်ငံကိုချစ်မြတ်နိုးကြသည်ဟု ပထမဦးစွာ ပြောဆိုလိုပါသည်။


တကယ်တမ်းဆိုလျင် နိုင်ငံသားအဖြစ်တည်ရှိနေသူ၊ ပြောင်းလဲသွားသူ မြန်မာလူမျိုးများအားလုံး မြန်မာနိုင်ငံမှာမွေး မြန်မာသွေး မြန်မာရေသောက်သုံးခဲ့ဖူးခဲ့ကြသည်ဖြစ်သည်အလျောက် မြန်မာပြည်ကို ချစ်ကြသော လူများသာဖြစ်ကြပါသည်။ နိုင်ငံခြားတွင် နေထိုင်ခဲ့သော ၁၆နှစ်ကာလအတွင်း မြန်မာနိုင်ငံကို မုန်းသည်ဟု ပြောသူ မတွေ့ဖူးသလောက်ပင်။ ခေတ်အဆက်ဆက် အုပ်ချုပ်မှု ယိုယွင်းမှုကြောင့်သာ မြန်မာနိုင်ငံအတွက် အားမလိုအားမရဖြစ်မှုများ၊ အုပ်ချုပ်သူလူတန်းစားကို မကျေနပ်မှုများကိုသာ ကျွန်တော်တွေ့ခဲ့ရသည်။ မြန်မာလူမျိုးစစ်စစ် (တိုင်းရင်သားများအပါအ၀င်) မပြောနှင့်၊ ဧည့်နိုင်ငံသားမှတ်ပုံတင်ကိုင် မြန်မာတရုပ်များကိုယ်တိုင်ကလည်း မြန်မာပြည်ကို အလွန်အင်မတန်ချစ်ခင်ကြောင်းကို ကျွန်တော်တွေ့ခဲ့ရပါသည်။

နိုင်ငံသားအဖြစ်မှ စွန့်လွှတ်သူများကို ကျွန်တော်လေ့လာဆန်းစစ်မိသည်မှာ မြန်မာနိုင်ငံ၏ သက်ဆိုင်ရာနိုင်ငံသံရုံးများသည် အဓိက တာဝန်ရှိသည်ဟု ပထမဦးဆုံးအနေဖြင့် မြင်ယောင်မိသည်။ အခွန်အခ ပေးဆောင်ရသည်ဆိုသည်ကို ခေတ္တခဏဘေးဖယ်ထားလိုက်ပါဦး။ ကျွန်တော်နားလည်ထားသည်မှာ မြန်မာသံရုံးဆိုသည်မှာ နိုင်ငံရပ်ခြားရောက်ပါက မြန်မာနိုင်ငံကို ကိုယ်စားပြုသည်ဟု မှတ်ယူထားမိပါသည်။ ယနေ့ မြန်မာသံရုံးများ၏ မြန်မာနိုင်ငံသားများအပေါ် ဆက်ဆံမှုနှင့် တခြားနိုင်ငံသံရုံးများ သူတို့နိုင်ငံသားများအပေါ် ဆက်ဆံမှုကို နှိုင်းယှဉ်မိသည့်အခါ မြန်မာသံရုံးများ မြန်မာလူမျိုးများအပေါ် ထားရှိသည် သဘောထားမှာ အလွန်အင်မတန် အောက်တန်းကျ အဆင်နိမ့်လှသည်ဟု ရိုးရှင်းစွာ မှတ်ယူမိလိုက်ပါသည်။

ကျွန်တော်တို့တတွေ တနှစ်တစ်ခါ သော်လည်းကောင်း၊ နှစ်ခါသော်လည်းကောင်း သံရုံးသို့ မဖြစ်မနေသွားရောက်ရသည့် အခြေအနေများဖြစ်ပေါ်လာတတ်ပါသည်။ အခွန်ငွေပေးသည့်အခါ၊ ပတ်စ်ပို့သက်တမ်းတိုးသည့်အခါ၊ ထောက်ခံစာသွားရောက်တောင်းဆိုသည့်အခါများတွင် သံရုံးကိုဆက်ဆံရပါသည်။ ကျွန်တော်တွေ့ဖူးသမျှ၊ ကျွန်တော်သွားဖူးသမျှ၊ ကြားဖူးသမျှ သံရုံးများသည် မြန်မာနိုင်ငံသားများကို လူကိုလူလို မဆက်ဆံကြ၊ သူတို့ကို အလုပ်ရှုပ်ရန် ဖန်တီးသူများ၊ ပြဿနာပေးသူများ၊ သူတို့ထက် အဆင့်နိမ့်ကျသူများကို ဆက်ဆံသလို ဆက်ဆံကြသည်။ စင်္ကာပူလို မြန်မာလူမျိုးများသောနိုင်ငံတွင် လူအများကို ကိုနေ့စဉ်နှင့်အမျှ အခွန်ငွေလက်ခံခြင်း၊ သက်တမ်းတိုးခြင်းစသည် လုပ်ငန်းများလုပ်ကိုင်သောကြောင့် လူသဘာဝအရ အလုပ်ရှုပ်၍ အလုပ်မှဖိအားကြောင့် စကားပြောအဆင်မပြေဖြစ်ခြင်းမဟုတ်၊ လူဦးရေ များစွာနှင့် မဆက်ဆံရသော သံရုံးများသည်လည်း မြန်မာနိုင်ငံသားများအပေါ် ဖိနှိပ်ကာဆက်ဆံတတ်ပါသည်။

မြန်မာသံရုံးများ ဆက်ဆံပုံက သူတို့သည် နိုင်ငံခြားရောက်မြန်မာများထက် မြင့်မြတ်သယောင်၊ အဆင့်ပိုရှိသယောင် ရာထူးဂုဏ်မောက် နှိမ့်ချပြောဆိုဆက်ဆံကြသည်။ ကျွန်တော်သိသလောက် အမှန်တကယ်ဆိုလျင် နိုင်ငံခြားရောက် မြန်မာများသည် မြန်မာသံရုံးဝန်ထမ်းများအတွက် ကျေးဇူးရှင်များသာ ဖြစ်ပါသည်။ ကောလဟလကြားဖူးသော စကားတစ်ခုရှိသည်၊ မြန်မာအစိုးရမှ သံရုံးဝန်ထမ်းများကို လခပေးရန် မြန်မာအစိုးရမှ ပေးအပ်ခြင်းမဟုတ်ပဲ နိုင်ငံခြားရောက်မြန်မာလူမျိုးများ ပေးအပ်သော အခွန်များကို ခွဲဝေ၍ လခပေးသည်ဟု သိရသည်။ ထိုကောလဟလ ဘယ်လောက်မှန်သည်ဟု မပြောတတ်ပါ။ စင်္ကာပူ၊ မလေးရှား၊ ထိုင်းနိုင်ငံများတွင် အခွန်ပေးဆောင်သော မြန်မာများသည့်အတွက်ကြောင့် ထိုမှရရှိသောငွေများကို တစ်ကမ္ဘာလုံးမှ မြန်မာလူမျိုးမရှိသလောက် ၀င်ငွေနည်းသော သံရုံးများသို့ ခွဲဝေပေးကာ လခယူကြသည်ဟုလည်း ပြောဆိုကြသည်။

ထိုကောလာဟလ မမှန်ကန်သည်ဟုလည်း ထားလိုက်ပါ။ သံရုံးဝန်ထမ်းဆိုသည်မှာ ပြည်သူဝန်ထမ်းသာ ဖြစ်သင့်သည်။ ဖြစ်သည်။ ပြည်သူမှ ပေးသောလခစားတစ်ယောက်ဖြစ်သောကြောင့် ပြည်သူအပေါ် မတူသလို မတန်သလို ပြည်သူကို နိမ်ချ မဆက်ဆံသင့်ပေ။ ကျွန်တော် မြန်မာသံရုံးသို့သွားတိုင်း အခွန်းပေးခြင်းသဘောတရားကို နားမလည်သော work permit လုပ်ကိုင်သော လူငယ်လေးများ သံဝန်ထမ်းမှာ ငေါက်ငန်းပြောဆိုနေသည်မှာ တိရိစ္ဆာန်၊ခွေးကို ငေါက်သည်ထက် မလျော့သော လေသံဖြင့် ပြောဆိုသည်ကို ကိုယ်တိုင်ကိုယ်ကျ ကြုံတွေ့ရသည်မှာ အကြိမ်ပေါင်းများစွာပင်ဖြစ်ပါသည်။

ထိုကြောင့် နိုင်ငံသားအဖြစ်သို့ မကူးပြောင်းသေးသော မြန်မာနိုင်ငံသားများကို ဆွဲဆောင်မှု တစ်ခုအနေဖြင့် ပထမဦးစွာ ပြုလုပ်ရမည်မှာ နိုင်ငံတိုင်းတွင်ရှိ မြန်မာသံရုံးမှ ၀န်ထမ်းများကို မြန်မာလူမျိုးများအား လူကိုလူလို ဆက်ဆံရန် အလွန်အရေးကြီးသော အချက်တစ်ခုအနေဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများ လုပ်ကိုင်ရမည်ဖြစ်သည်။

ဒုတိယအချက်အနေဖြင့် အခွန်ပေးဆောင်ခြင်း။ ကျွန်တော်ပြောမည့်အချက်များသည် အခွန်မပေးဆောင်လို၍ ပြောဆိုခြင်းမဟုတ်၊ မှန်ကန်သော အခွန် (သို့မဟုတ်) သင်တင့်သောအခွန်ကို မြန်မာလူမျိုးအားလုံး ပေးဆောင်လိုပါသည်။ နိုင်ငံတစ်ခုရပ်တည်ရန် အခွန်သည် မည်မျှအရေးကြီးကြောင်း ကျွန်တော်တို့ သိပါသည်။ သို့သော် မြန်မာနိုင်ငံသားများအပေါ် ကောက်ခံနေသောအခွန်မှာ စနစ်မကျဟု ထင်မိပါသည်။
ဥပမာပြောရလျင် စင်္ကာပူတွင် အလုပ်လုပ်ကိုင်သောကြောင့် စင်္ကာပူနိုင်ငံသို့ အခွန်ပေးရသည်။ စင်္ကာပူအစိုးရသည် အခွန်ကို ပြီးစလွယ်မကောက်၊ တနှစ်တာအတွင်း မိမိရရှိသော ငွေများထဲမှ မိမိအတွက်၊ မိသားစုအတွက်၊ သားသမီးအတွက်၊ မိဘအတွက် စသည်ခံစားခွင့်များကို ဖယ်၍ ကျန်ရှိနေသော ပမာဏ ကို အခွန်ပေးဆောင်ရန်ဝင်ငွေ (Taxable income) ဟု သတ်မှတ်သည်။ ထိုဝင်ငွေမှာ ၀င်ငွေ ၂သောင်းအောက် လျော့နည်းသူကို အခွန်ကင်းလွတ်၊ ၂သောင်းမှ ၃သောင်းအတွင်း ၃.၇၅ ရာနှုန်း စသည်ဖြင့် စနစ်တကျ သတ်မှတ်ကာ အခွန်ငွေ ပေးရသည်။ တနှစ် စုစုပေါင်းဝင်ငွေ ၅သောင်းရသောသူမှာ အခွန်ပေးရန်ဝင်ငွေမှာ ၄သောင်းခန့်ကျန်၍ ထိုသူပေးရသောငွေမှာ တနှစ်လုံးအတွက် ဒေါ်လာ တစ်ထောင်ကျော်ရုံသာရှိသည်။ ၾသစေတ်းလ် ဆိုလျင်လည်း သူတွင် သတ်မှတ်ထားသော နည်းလမ်းအတိုင်းကောက်ခံသည်။ ထိုကြောင့် နိုင်ငံခြားရောက် မြန်မာများသာမက မြန်မာပြည်တွင်းရှိ ပြည်သူများကို အခွန်ကောက်ခံရာတွင်လည်း အများပြည်သူသိရန် အခွန်ဥပဒေကို ကြေငြာ၍ ပြည်သူများကို သေချာစွာရှင်းပြကာ ကောက်ခံသင့်သည်ဟု ရိုးရှင်းစွာ မြင်မိသည်။ ထိုသို့လုပ်ရာ၌လည်း အခွန်ဦးစီးမှုးများ၊ သံဝန်ထမ်းများ လာဘ်စားမှုကင်းရှင်းရန် အလွန်လိုအပ်လှပါသည်။

ထားလိုက်ပါတော့။ ဆက်ပြီးရေးရလျင် အချက်အလက်များ ဒီထက်ပိုများစွားရေးသားနိုင်ပါသေးသည်။ ဆက်လက်ဆွေးနွေးလိုသည်မှာ ရိုင်းရိုင်းပြောရလျင် ချေးခြောက်ရေနှူး၊ ကပ်ဖားများအတွက် ပြောလိုပါသေးသည်။ မြန်မာလူမျိုးများသည် တချိန်က သာမန်အောင်မြင်မှုမျိုးကို ပြန်လည်တမ်းတကာ အရင်တုန်းက ဘာဖြစ်တယ်ညာဖြစ်တယ်ဆို၍ တမ်းတခါ လက်ရှိကာလတွင် တွေးငေးမှိုင်းမိနေတတ်သည်။ ငါတို့ မြန်မာလူမျိုးဆိုတာ ရွှေထီးဆောင်းခဲ့တာ၊ ကိုယ်ထီးကိုယ့်နန်း ကိုယ်ကြငန်းနှင့် နေခဲ့ကြတာများကို ပြန်တွေးကာ လက်ရှိတွင် တိုးတက်ရန် မကြိုးစား အတိတ်ကို ပြန်တမ်းတနေသူများဟု ပြောလျင် မလွန်လှပါ။ တကယ်တမ်း ပြောရလျင် ထိုရွှေထီးဆောင်းခဲ့သူများကြောင့် မြန်မာနိုင်ငံသည် ယနေ့အချိန်ထိ နင်းပြားဘ၀မှ မတက်နိုင်ခဲ့။ ထိုရွှေထီးဆောင်းသူများ နှိပ်စက်မှုကြောင့် ပြည်သူများ ဘ၀နိမ့်ပါးခဲ့ရသည်၊ နိုင်ငံတကာအလယ်တွင် မျက်နှာငယ်နှင့် ကျင်လှည်နေခဲ့ရသည်မှာ အမှန်ဟုသာ ဆိုချင်ပါသည်။

မြန်မာသမိုင်းကို ပြန်ကြည့်လိုက်ရင်လည်း အဖကို သားကသတ်၊ အကိုကို ညီကသတ်၊ ဦးရီးတော်ကို တူကသတ်ခါ နန်းလုခဲ့ကြသည်။ မြန်မာသမိုင်းကို လေ့လာလိုက်သောအခါ ၈၀ရာနှုန်းမှာ မှန်ကန်သော ထီးနန်းအပြောင်းအလဲတစ်ခုမှ မဖြစ်ခဲ့။ ဆိုးဝါးလှသော လူရေပေါ်ဆီ လူတန်းစား၏ မဟုတ်မှန်သော လုပ်ရပ်များနှင့် ပြည့်နေသည့် သမိုင်းသာဖြစ်နေသည်။ အလွန်အင်မတန် ရုပ်ဆိုးလှသည်။ ပြည်သူ့အတွက် ပြည်သူကို ငဲ့ညာသည်ထက် ငါ့ဆွေမျိုး ငါ ဆိုသည် အတ္တများပြည့်နေသော ရွှေထီးဆောင်း ရေပေါ်ဆီများသာဖြစ်သည်။

ထိုကြောင့် သမိုင်းတွေ အတိတ်တွေကို အတိတ်မှာထားခဲ့ကာ လက်ရှိ မြန်မာနိုင်ငံအတွက် တစ်ယောက်နှင့်တစ်ယောက် အပြစ်တင်မှုကင်းပြီး တစ်ယောက်လိုအပ်ချက် တစ်ယောက်ဖြည့်ဆည်းခါ မြန်မာနိုင်ငံအတွက် လုပ်ဆောင်ရမည့် အချိန်အခါလည်း ဖြစ်သည်ဟု ကျွန်တော်ယုံကြည်မိသည်။

မြန်မာအလင်းသတင်းစာတွင် မောင်တင်အေး (ရွှေဘို) က မြန်မာအစိုးရထံ အကြံပေးစာတစ်စောင် ရေးသားပေးပို့ဖူးပါသလော၊ ရိုးသားစွာ ဝေဖန်ထောက်ပြဖူးပါသလောဟု မေးခွန်းမေးလာခဲ့သည်။ ဟုတ်ကဲ့ ရေးသားခဲ့ဖူးပါသည်။ ထောက်ပြခဲ့ဖူးပါသည်။ ၂၀၀၈ ခုနှစ်တွင် စင်္ကာပူ မြန်မာ အခွန်နှစ်ထပ် ပေးဆောင်ခြင်းနှင့် ပတ်သက်၍ ခေါင်းဆောင်သူတစ်ယောက်မှ ဦးဆောင်၍ နောက်လိုက်ကောင်းအဖြစ်ရပ်တည်ကာ ထိုစဉ်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ လက်ရှိ သမ္မတ ဦးသိန်းစိန်၊ ဘဏ္ဍာရေးဝန်ကြီး မြန်မာသံရုံးတို့ကို လိပ်မူ၍ စင်္ကာပူ မြန်မာ အခွန်နှစ်ထပ် စာချုပ်ပါ အချက်အလက်များကို ထောက်ပြကာ အခွန်ပေးဆောင်ခြင်းအား ပြန်လည် စီစစ်ရန်၊ နာမည်အမှန်ထိုးကာ လက်မှတ်ထိုး၍ ပေးအပ်ခဲ့ဖူးပါသည်။ ထိုစာမှာလည်း လိပ်မူတပ်ထားသော ပုဂ္ဂိုလ်များ ဖတ်သည် မဖတ်သည် မပြောတတ်ပါ။ ဗျုရိုကရက် ခေတ်နောက်ပြန်ဆွဲ အတွေးအခေါ်ဟောင်းသမားများလက်ထဲ ပျောက်ပျက်သွားသည်လား မပြောတတ်။ တစ်စောင်မဟုတ် နှစ်စောင် ရေးပြန်သော်လည်း အကြောင်းမကြား။ ရှိသည်ဟု မသတ်မှတ် အလေးမထားမှုများကိုသာ ခံစားလိုက်ရပါသည်။

နိုင်ငံအတွက် လိုအပ်သော အခွန်ကို လွန်ခဲ့သော ၁၈နှစ် ၀င်ငွေရှိသည့်အချိန်မှစ၍ ယနေ့အချိန်ထိ ကျေပွန်စွာပေးအပ်နေသော၊ မြန်မာနိုင်ငံအတွင်း၌ လိုအပ်သော လူမှုရေး လုပ်ငန်းများကို စွမ်းစွမ်းတမံလုပ်ကိုင်ပေးခဲ့သော၊ မြန်မာနိုင်ငံ သဘာဝဘေးဒါဏ်များကြုံကြိုက်ပါက ယနေ့အထိ မိမိကိုယ်တိုင် လှူဒါန်းရုံသာမက၊ မိမိဝန်းကျင်ကိုပါ စည်းရုံး၍ သိန်းပေါင်းများစွာ ရရှိရန် လုပ်ကိုင်ဆောင်ရွက်ခဲ့သော မြန်မာနိုင်ငံသားအဖြစ်တည်ရှိလျက် မြန်မာနိုင်ငံသား ကျွန်တော့်ကို နိုင်ငံသားအဖြစ်မှ မစွန့်လွှတ်ရန် ကျွန်တော်ကဲ့သို့သော လက်ရှိမြန်မာနိုင်ငံသားများအားလုံး မြန်မာနိုင်ငံသားအဖြစ် မစွန့်လွှတ်ရန် လက်ရှိအစိုးရနှင့် တာဝန်ရှိသူများ ကြိုးစားကြပါဟုတိုက်တွန်းရင်း ဒီပို့စ်ကို အဆုံးသတ်လိုက်ပါသည်။

မောင်ခြိမ့်
================

မှတ်ချက်။ ဤဆောင်းပါး (ပို့စ် ၂ခု) သည် မည်သည် မြေအောက်အဖွဲ့အစည်း၊ အတိုက်အခံ ဆန်ကျင်ဖက် နိုင်ငံရေးလှုပ်ရှားသူများ၏ တိုက်တွန်းချက်ဖြင့် ရေးသားခြင်းမဟုတ်ပဲ ပြည်သူထဲမှ ပြည်သူတစ်ယောက်အနေဖြင့် ခံစားနားလည်မှုများကို စာလုံးများဖြင့် ဖန်တီးရေးသားခြင်းသာဖြစ်ပါသည်။

Saturday, August 27, 2011

ဧရာဝတီမြစ် အပါအဝင် မြန်မာနိုင်ငံ၏ လေးစားအပ်ပါသော ပြည်ထောင်စု မြန်မာနိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်ရှင့်

  • August 21, 2011 ရက် ၊ 10:00pm တွင် khin mg sun ရေးသားခဲ့သော ဘလော့ဖြစ်ပါသည် ။
လေးစားအပ်ပါသော ပြည်ထောင်စု မြန်မာနိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်ရှင့်....

ကျမသည် ဧရာဝတီမြစ် အပါအဝင် မြန်မာနိုင်ငံ၏ တချို့ သော မြစ်တို့ တွင် ဆောက်လုပ်ဆဲ / ဆောက်လုပ်မည့် ရေကာတာစီမံကိန်းများနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံသားတယောက် ထမ်းဆောင်ရမည့် အမျိုးသားရေးတာဝန်ကိုဦးထိပ်တွင်ပန်ဆင်ကာ မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော လူသန်းပေါင်း ၆၀ကျော်တို့ ၏ကိုယ်စား ၊ လှည်းနေ လှေအောင်း မြင်းဇောင်းမကျန်သော သက်ရှိသက်မဲ့အားလုံး ကိုယ်စား သမ္မတကြီးထံသို့ ဤ စာအား Facebook စာမျက်နှာမှတဆင့် ရေးသားပေးပို့ လိုက်ပေသည်။ 

ရည်ရွယ်ချက်မှာ ... 

(၁)ပြည်ထောင်စုမြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသည့် သန်းပေါင်း ၆၀ကျော်သော ပြည်သူတို့ တွင်ရရှိခံစားနေရသည့် ယခုလက်ရှိ ဆောက်လုပ်ဆဲ/ ဆောက်လုပ်မည့် ရေကာတာစီမံကိန်းများနှင့် ဆက်လျဉ်း၍ မလိုအပ်သော စိုးရိမ်ထိတ်လန့်မှု များကို ဖယ်ရှားရန် 

(၂)ရေမြေတောတောင်တို့ ၏ စိမ်းလန်းသာယာလှပမှုဖြင့် တည်ဆောက်ထား၍ ပင်ကိုယ်သဘာဝရေခံမြေခံကောင်း သဖြင့် လူပေါင်းများစွာ၏ ဘဝရပ်တည်မှုအား အပြည့်ဝဆုံး ထောက်ပံ့ပေးနိုင်သော နေရာဒေသဖြစ်ကြောင်းကို ရှေးယခင်ကတွေ့ ရှိခဲ့ကြသဖြင့် ဘာသာစကားနှင့် ကိုးကွယ်မှုမတူညီသည့် လူမျိုးစုပေါင်းများစွာ စုဝေး နေထိုင် ရောက်ရှိနေထိုင်လာခဲ့ကြရာ ပြည်ထောင်စုဟူ၍ နေရာဒေသတခုတိတိကျကျဖြစ်ပေါ်လာခဲ့သည်။ ထိုမှ တဆင့် ရာစုနှစ်ပေါင်းများစွာကို ကျော်ဖြတ်၍ ယခုအချိန်အခါတွင် လူသန်းပေါင်း ၆၀ ကျော်ပိုင်ဆိုင်သော " မြန်မာနိုင်ငံ " ဟု အမည်နာမတွင်ခဲ့သည့် ထိုပြည်ထောင်စုကြီးအား တို့ တာဝန် အရေးသုံးပါးထဲမှ တပါးဖြစ်သည့် "ပြည်ထောင်စု မပြိုကွဲရေး" ဆိုသည့်အချက်ကို လိုက်နာကျင့်သုံး၍ ကာကွယ်စောင့်ရှောက်ရန်

(၃)ပြီးခဲ့သည့် ၂၀၁၀ ပြည့်နှစ်တွင်ကျင်းပပြုလုပ်သော ပြည်ထောင်စု မြန်မာနိုင်ငံ သမ္မတရွေးချယ်ပွဲတွင် ပြည်သူများ၏ ဆန္ဒအများဆုံးဖြင့် ရွေးချယ်တင်မြောက်ခံရသောသမ္မတကြီးသည် ဘုရားဟောကြားခဲ့သော မင်းကျင့်တရား ၁၀ပါးအား ဦးထိပ်တွင် ပန်ဆင်၍ ပြည်သူများအား တရားမျှတစွာ အုပ်ချုပ်သည့်  မင်း/ သမ္မတ တစ်ဦးဖြစ်ကြောင်းကို သိရှိနား လည် သော ပြည်သူ သန်းပေါင်း ၆၀ကျော်၏ ခိုင်မာသည့်ယုံကြည်မှုကို ဆက်လက်မြင့်တင်ပေးရန် ....

စသည့် အချက် များပင်ဖြစ်သည်။ 

သို့ ရာတွင် ကျမသည် ဤစာကို ရေးသားရာ၌ မှီငြမ်းထောက်ကူစရာဟူ၍ 

(၁)ကျမ၏လုပ်ငန်းခွင် ဆိုင်ရာအတွေ့ အကြုံ 

(၂)တရားဝင်ထုတ်ပြန်ထားသော ဆောင်းပါးများ နှင့် လူမှုကွန်ယက်များမှ ထွက်ပေါ်လာသော ပြည်သူ့ အသံများ. 

(၃)နိုင်ငံသားတယောက်၏ နိုင်ငံသားတာဝန်ကျေပွန်လို သော အမျိုးသားရေးစိတ်ဓာတ် 

စသည် တို့ ဖြင့် ပြည်သူများ၏ ခံစားချက်ရှုထောင့်မှနေ၍ ရေးသားထားခြင်း ဖြစ်သည်။


စီမံကိန်းစာမျက်နှာများအား တိတိကျကျ ဖတ်ရှုနိုင်ခွင့် မရှိသောကြောင့်လည်းကောင်း ၊ ဖတ်ရှုခွင့်ရမည့်အခြေအနေ အားလဲ စောင့်ဆိုင်းနေရန် လုံလောက်သည့် အချိန်မရှိတော့သောကြောင့် လည်းကောင်း ၊ ကျမရေးသားပေးပို့ သောဤစာထဲတွင် မူရင်းစီမံကိန်း စာချုပ်နှင့် လွဲဖယ်မှုများပါရှိနေပါလျှင် ခွင့်လွှတ်ပေးပါရန် သမ္မတကြီးအား ပဏာမအနေနှင့် ဂါရဝရှေ့ ထား၍ တောင်းပန်အပ်ပါသည်။


ပြည်သူသန်းပေါင်း ၆၀ကျော်သိချင်သော အရေးကြီးသည့် အချက်များကိုသမ္မတကြီးအား တင်ပြရာတွင် လက်တလော ပြည်သူများ အာရုံစိုက်မိနေသည့် ဧရာဝတီ မြစ်ဆုံရေကာတာ စီမံကိန်းကို ဥပမာထား၍ တင်ပြလိုပါသည်။

၎င်းတို့ မှာ..

(၁)ရင်းနှီးမြုပ်နှံမု၊ အကျိုးအမြတ်ရလာဒ်နှင့် ဆုံးရှုံးမှုတန်ဘိုး ခွဲဝေရှင်းတမ်း (Project Cost and Profit & Loss Ratio)

(၂)နိုင်ငံတခုနှင့်တခု စီမံကိန်းဆိုင်ရာ ရင်းနှီးမြုပ်နှံမှုများပြုလုပ်ရာတွင်ဖြစ်ပေါ်လာနိုင်သော ဆိုးကျိုးများအားလုံးအတွက် အပြည့်အဝ ပြန်လည်အစားထိုးပေးကာကွယ်ပေးနိုင်သည့် အာမခံချက် ( Political Risk Insurance )

(၃)ကမ္ဘာ့ဘဏ်တွင်ထားရှိသော ရင်းနှီးမြုပ်နှံသူ၏ စီမံကိန်းဆိုင်ရာကုန်ကျစရိတ်နှင့် တိုက်ရိုက်မပတ်သတ်သော သတ်မှတ်ထားသည့် ငွေကြေး အာမခံချက် ( Banker's Guarantee from World Bank )

စသည်တို့ ဖြစ်သည်။

(၁)ရင်းနှီးမြုပ်နှံမှု၊အကျိုးအမြတ်ရလာဒ်နှင့် ဆုံးရှုံးမှုတန်ဘိုး ခွဲဝေရှင်းတမ်း ect Cost and Profit & Loss Ratio)

 ဤအချက်မှာ တိုင်းသူပြည်သားများ လွန်စွာရှုတ်ထွေး၍ မည်သည့်နည်းနှင့်မျှ နားမလည်နိုင်သောပထမချက် ဖြစ်သည်။ မြန်မာလူမျိုး သန်းပေါင်း ၆၀ ကျော် ပိုင်ဆိုင်သော သဘာဝ သယံဇာတများလွန်စွာပေါကြွယ်ဝသည့် ကချင် ပြည် နယ် ကဲ့ သို့ သော အထင်ကရ နေရာဒေသတခုတွင် ထိုလူမျိုးစုအကုန်လုံး အတွက် အဓိက အသက်အာမခံမှုကို အထောက်အကူပြုပေးနေသော မြစ်ဧရာဝတီ ရေ၏ ၇.၆ ရာခိုင်နှုန်းကို နှစ်စဉ်ပိုင်နိုင်စွာသုံး၍ ရင်းနှီး လုပ်ကိုင် မည့် အခွင့် အရေးအား တိုင်းသူပြည်သားများ၏ ဆန္ဒမရှိဘဲ တရုတ်ပြည်သည် မည်သည့်အတွက်ကြောင့် ရရှိကိုင်ဆောင်ထားနိုင်ခဲ့ပါသနည်း။


ထိုရေကာတာစီမံကိန်းမှ ရရှိလာမည့် အကျိုးအမြတ်အား ရင်းနှီးမြုပ်နှံသူတရုတ်ပြည်သည် ၇၀ ရာခိုင်နှုန်းရယူ ပိုင်ဆိုင် သွားမည် ဟုအတိအလင်းဆိုထားသည် ၊ စီမံကိန်းတွင် ပါဝင်သည့် အစိုးရအကြီးအကဲများမှလဲထိုစီမံကိန်းသည် မြန်မာအမျိုးသားများ၏ ငွေကြေးအင်အား ၊ နည်းပညာ အင်အားဖြင့် မတည်ဆောက်နိုင်၍ တရုတ်တို့ ၏ အကူအညီကို ရယူခဲ့ရပါသည်ဟုဆိုလျှင် မည်သည့်အတွက်ကြောင့် မြန်မာနိုင်ငံအား စဉ်ဆက်မပြတ်စောင့်ကြည့်အကူအညီ ပေးလိုသော တရုတ်ပြည်ထံမှ ထိုကုန်ကျမည့်ရင်းနှီးမြုပ်နှံမှု ငွေကြေးပမာဏကို အတိုး သက်သက်ဖြင့်သာ ချေးယူ၍ မရခဲ့ပါသနည်း။


မြန်မာနိုင်ငံအား ထိုရင်းနှီးမြုပ်နှံမှုမှ ထွက်ရှိလာသော အကျိုးအမြတ်၏ ၂၀ ရာခိုင်နှုန်း ရရှိခံစားစေမည် ၊ စီမံကိန်း အောင်မြင်ပီးနောက် လျှပ်စစ်မီး လုံလောက်စွာ ရရှိ မည်ဟူသော အချက်များသည် ပေးအပ်လိုက်ရသော သဘာဝ သယံဇာတ ပေါကြွယ်ဝသော နယ်မြေ နှင့် ၇.၆ ရာခိုင်နှုန်းသော မြစ်ဧရာဝတီ၏ သွေးသားနှင့် နှိုင်းယှဉ်ပါလျှင် ထိုက်တန်သည်ဟု မည်သည့်နည်းနှင့် ယူဆထားပါနည်း ။
ဤသည်မှာ တရုတ်ပြည်သည် ထိုသူတို့ ၏တိုင်းပြည် အကျိုးအတွက်တည်ဆောက်သော လျှပ်စစ် ရေကာတာ စီမံကိန်းအတွက် မြန်မာ့နယ်မြေကိုငှားရမ်းခ ၊ မြန်မာနိုင်ငံအသက်သွေးကြောမကြီးအား ထုတ်ယူသုံးစွဲခအား ဤမျှလောက်သော တန်ဘိုးပမာဏလေးဖြင့် ပိုင်းဖြတ်သွားသည်ဟု ယူဆနိုင်သည်။ မြန်မာနိုင်ငံသည်ရရှိ လာမည့် အကျိုးအမြတ်ကို ခံစားရယူခွင့်မဆိုထားဘိ . ပေးအပ်လိုက်ရသော ရင်းနှီးမှု၏ အရှုံးသည်ပင် မြင့်မိုရ်တောင်မက ကြီးမားနေသည်မှာ ထင်ရှားပေသည် ။


ထို့ ကြောင့် ဤစီမံကိန်းကို မည်သည့်အတွက်ကြောင့် တိုင်းသူပြည်သားများ၏ ဆန္ဒမပါပဲ လက်ခံခဲ့ပါသနည်း။


ဤမေးခွန်းများသည် ကျမကိုယ်တိုင် အပါအဝင် တိုင်းသူပြည်သားများမှ တိကျရေရာစွာ သိချင်နေသော မေးခွန်းများပင်ဖြစ်ပေသည်။

(၂)နိုင်ငံတခုနှင့်တခု စီမံကိန်းဆိုင်ရာ ရင်းနှီးမြုပ်နှံမှုများပြုလုပ်ရာတွင် ဖြစ်ပေါ်လာနိုင်သော ဆိုးကျိုးများအားလုံးအတွက် အပြည့်အဝ ပြန်လည်အစားထိုးပေးနိုင်သည့် နိုင်ငံတခုလုံးနှင့်သက်ဆိုင်သော အာမခံချက် (Political Risk Insurance )

 ထိုအချက်အား မတင်ပြမှီ ရှေးဦးစွာ ပြောလိုသည်မှာ ပြည်သူ သန်းပေါင်း ၆၀သည် ယင်းအချက်ကို သီအိုရီပိုင်းအရ နားလည်ချင်မှ နားလည်ပါလိမ့်မည်။ သို့ သော် ထိုအချက်သည် သဘောတရားအရ သော်လည်းကောင်း ၊ ပြည်သူတဦးချင်း၏ ရင်တွင်းခံစားချက်၌ သော်လည်းကောင်း ကိန်းဝပ်နေကြသည်။ ထိုခံစားချက်ကို ကျမ၏ လုပ်ငန်းခွင် အတွေ့ အကြုံနှင့် Website များမှလိုအပ်သည့် အချက်များ ထုတ်ယူ၍ ယှဉ်တွဲဖော်ပြခြင်းဖြစ်သည်။

ဤသည်မှာ...

နိုင်ငံတနိုင်ငံမှ တခြားတနိုင်ငံသို့  စီမံကိန်းတခု (သို့ မဟုတ် )တခုထက်ပိုသော ရင်းနှီးမြုပ်နှံမှုများအား အကောင်အထည်ဖော် ဆောင်ရွက်ရန်ခန့် အပ်ခြင်း ခံရမည်ဆိုပါလျှင် ထိုသို့ ခန့် အပ်ခြင်းခံရသူ (ယခု အခြေအနေအရ တရုတ်ပြည် - Contractor ) သည် ခန့် အပ်သူ ( ယခု အခြေအနေအရ မြန်မာပြည်- Owner ) အား လုပ်ငန်းခွင်ဆိုင်ရာ ထိခိုက်ပျက်ဆီးမှုများ ၊ နောက်ဆက်တွဲ ပျက်ဆီးဆုံးရှုံးမှုများ အားလုံးအတွက် အပြည့်အဝ ပြန်လည်အစားထိုးပေးနိုင်ပါသည်ဟု တိကျစွာဆိုထားသော အာမခံမှုစာချုပ် (Political Risk Insurance Contract )အား အာမခံပေးမည့်နိုင်ငံ (ယခု အခြေအနေအရ မြန်မာနှင့်တရုတ်မဟုတ်သော တခြား စီးပွားရေးတောင့်တင်းသည့် နိုင်ငံ - Insurance Broker) ထံမှ ဝယ်ယူပေးရမည်။


ထိုစာချုပ်( Political Risk Insurance)တွင် ပါဝင်ရမည့် ပျက်ဆီးဆုံးရှုံးနိုင်မည့်အခြေအနေများကို ကျွမ်းကျင်သော (တရုတ်မဟုတ်သည့်) နိုင်ငံတကာမှ ပညာရှင်များနှင့် မြန်မာပညာရှင်များ ပူးပေါင်းကာ အာမခံပေးမည့်နိုင်ငံ ( Insurance Broker )

အား ပျက်ဆီးဆုံးရှုံးမည့်အချက်များကို ရေးသားဖော်ပြရာ၌ အဓိကအားဖြင့်းပညာပိုင်းဆိုဟူသော အချက်အလက်အားလုံးကိုလဲ အဆင့်ဆင့် ထည့်သွင်းဖော်ပြရပေမည်။

 

သို့ သော် စီမံကိန်း မစမှီ

 

မြန်မာအစိုးရသည် လုပ်ငန်းခွင်ဧရိယာအတွင်း နေထိုင်နေသူ အားလုံးထံမှ မည်သည့်ခြိမ်းချောက်မှု ၊ တိုက်ခိုက်မှုမျိုးမှ မပါသော လုပ်ငန်းဆောင်ရွက်ခွင့် သဘောတူညီချက်စာချုပ်ကို ဒို့တာဝန်အရေးသုံးပါးထဲမှ တပါးအပါအဝင်ဖြစ်သော "တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး " ဆိုသည့်အချက်ကို အလေးထားဆောင်ရွက်သည့် အနေဖြင့် ရှေးဦးစွာ ရယူရပေမည်။ သို့ မှသာ Political Risk Insurance Contract ကို Insurance Broker ထံတွင် Contractor (တရုတ်ပြည်)မှ လွယ်ကူစွာ ဝယ်ယူ၍ မြန်မာနိုင်ငံ (Owner) သို့ သေချာစွာ ပေးအပ်နိုင်ရန်ဖြစ်သည်။


ကျမ၏ အမျိုးသားရေးစိတ်ဓာတ် ၊ နည်းပညာပိုင်းအရ ပျက်ဆီးဆုံးရှုံးနိုင်မည့် ခန့် မှန်းချက်အခြေအနေများနှင့် ယခုလက်ရှိ တိုင်းသူပြည်သားများ၏ စိုးရိမ်မှုအတိုင်းအတာ ၊ အခြေအနေများအရ Insurance Broker မှ တာဝန်ယူ အာမခံပေးရမည့် အချက်များအား ယေဘူယအားဖြင့် ဖော်ပြရသော်....

 

(၁)စီမံကိန်းပြုလုပ်ဆောင်ရွက်သော နေရာတွင် သတ်မှတ်ထားသည့် အတိုင်းအတာထက်ကျော်လွန်၍ ဖြစ်ပေါ်လာမည့် နယ်မြေ အနေအထားဆိုင်ရာပျက်ဆီးဆုံးရှုံးမှုများ မရှိနိုင်ပါဆိုသည့် အာမခံချက်

 

(၂)ရင်းနှီးမြုပ်နှံသူ (Contractor) ကြောင့် ဖြစ်ပေါ်လာမည့် နောက်ဆက်တွဲ ဆိုးကျိုးများအားလုံးကို တာဝန်ယူ ကာကွယ်ပေးနိုင်ပါသည် ဟူသော အာမခံချက်

ဥပမာ.

မြစ်ထဲသို့ စွန့် ပစ်သော ဓါတုပစ္စည်များကြောင့် မြစ်ရေ မသန့် ရှင်းမှုဖြစ်ကာ တိရိစ္ဆာန်များ ၊လူများ သေကြေပျက်ဆီးမှုမရှိခြင်း ဟူသော အာမခံချက် ၊

နှစ်စဉ်သုံးစွဲနေသော ရေအင်အား ၇.၆ရာခိုင်နှန်းသည် တိုင်းပြည်တွင် နေထိုင်သော ပြည်သူပြည်သား သန်း ၆၀ကျော်၏ အသက်မွေးဝမ်းကျောင်းမှုအား မည်သည့်နည်းနှင့်မျှ ထိခိုက်မှု မရှိနိုင်ပါ ၊

 

သောင်ထွန်း၍ မြစ်ကြောင်း ပြောင်းခြင်းများလဲ မရှိပါ ဟူသော အာမခံချက်များ

(၃)အကယ်၍ ထိုစီမံကိန်းကြောင့် တိုင်းပြည်ပျက်ဆီးခဲ့ပါလျှင် ထိုပျက်ဆီးသွားသော တိုင်းပြည်အတွက် နောက်ထပ် တိုင်းပြည်အသစ် တခု ပြန်လည်အစားထိုးပေးနိုင်ပါသည် ဟူသော အာမခံချက်

(၄)နောက်ဆုံးတွင် တိုင်းသူပြည်သားလူအများတို့ သည် ရင်းနှီးမြုပ်နှံသူ- Contractor ၏ လုပ်ဆောင်ချက်များကို သဘောကြ နှစ်ခြိုက်ခြင်း မရှိ၍ တတိုင်းပြည်လုံးနီးပါး ဆန့် ကျင်ခဲ့ပါလျှင် စီမံကိန်းစာချုပ်အား လွယ်ကူစွာ ဖျက်သိမ်းပေးရန် အာမခံပါသည်

ဟူသော အချက်များပင်ဖြစ်သည်။

သို့ အတွက်ကြောင့် မင်းကျင့်တရား ၁၀ပါးနှင့် ပြည့်စုံသော သမ္မတကြီးနှင့် ထိုစီမံကိန်းကိုအကောင်အထည် ဖော် ဆောင်နေသော အထက်လူကြီးများသည် တိုင်းသူပြည်သားတို့ သဘောကြနှစ်ခြိုက်ခြင်း မရှိသော ၊ ဆန့် ကျင် နေ သော ၊ စိုးရိမ်ထိန့် လန့် နေသော ထိုစီမံကိန်းနှင့် ပတ်သတ်သည့် ဆိုးကျိုးများ ၊ အခြေအနေများ အားလုံးသည် ဖြစ်လာဖွယ်ရာ မရှိပါဟူသည့် ဖြေရှင်းချက်ကို နည်းပညာပိုင်းဆိုင်ရာ မည်သည့်ပစ္စည်းများကို အသုံးပြုထား၍ ပြည်သူများ၏ မလိုအပ်သော စိုးရိမ်မှုများအား အတွေးထဲမှထုတ်ပြစ်လိုက်ပါဟူသည့် ဖြေသိမ့် ရှင်းလင်းချက်များကို ရေးသားဖော်ပြနေမည့်အစား Contractor မှ ဝယ်ယူပေးအပ်ထားသည့် Original Political Risk Insurance Contract အား တိုင်းသူပြည်သားများ လွယ်ကူစွာ သိရှိစေရန် ဆောင်ရွက်ခြင်းဖြင့် အောက်ဖော်ပြပါမလိုအပ်သော အခြေအနေများကို ဖယ်ရှားနိင်ပေမည်။

၎င်းတို့ မှာ - 

(၁) တရုတ် - Contractor သည် ၄င်းလုပ်ဆောင်ရမည့် စီမံကိန်းဆိုင်ရာ လုပ်ငန်းစဉ်များကို တိုင်းသူပြည်သားများ၏ သဘောတူညီမှုဖြင့် အေးဆေးစွာ လုပ်ဆောင်နိုင်မည်။ 

(၂) တိုင်းသူပြည်သားတို့ သည် ယင်းတို့ ၏ မလိုအပ်သော စိုးရိမ်မှုများကို လွယ်ကူစွာ ဖယ်ရှားနိုင်၍ နေ့ စဉ် ပြု လုပ်ရ မည့်  လုပ်ငန်းဆောင်တာများကို အေးဆေးစွာ ဆက်လက်လုပ်ဆောင်နိုင်မည်။

(၃) တိုင်းသူပြည်သားတို့ ၏ ထောက်ခံမှုကို ရရှိ၍ တရုတ်နှင့် မြန်မာကြား ချစ်ကြည်ရင်းနှီးမှုကိုလဲ ပိုမို ခိုင်မာစေမည်။

စသည့် အချက်များပင်ဖြစ်သည်။

နောက်ဆုံး တင်ပြလိုသည့် တတိယအချက်မှာ..

(၃)ကမ္ဘာ့ဘဏ်တွင်ထားရှိသော ရင်းနှီးမြုပ်နှံသူ၏ စီမံကိန်းဆိုင်ရာကုန်ကျစရိတ်နှင့် တိုက်ရိုက်မပတ်သတ်သော သတ်မှတ်ထားသည့် ငွေကြေး အာမခံချက် ( Bnker's Guarantee from World Bank )

 ဤအချက်သည် ရင်းနှီးမြုပ်နှံသူ တရုတ်ပြည် (Contractor) ၏ စီမံကိန်းနှင့် ပတ်သတ်သော ဘောတူစာချုပ်ပါ အချက်အလက်များမှ တခု သို့ မဟုတ် တခုထက်ပိုသော အချက်အလက်များကို လုပ်ဆောင်ခြင်းမရှိသော အခါတွင် ၊ သို့ မဟုတ် ငြင်းဆန်သော အခါမျိုးတွင် မြန်မာပြည် (Owner) မှ ရင်းနှီးမြုပ်နှံသူ၏ ကမ္ဘာ့ဘဏ်တွင် ထားရှိသော ငွေကြေးအား ရယူပိုင်ခွင့်ရှိပါသည် ဆိုသော ဘဏ်၏ အာမခံချက်သဘောတူ စာချုပ်အား ရယူထားနိုင်ခြင်းဖြစ်သည်။ ထိုအချက်သည်လည်း တိုင်းသူပြည်သားတို့ အား စိတ်အေးချမ်းသာမှုကို ပေးစွမ်းနိုင်၍ စီမံကိန်းကို အကောင် အထည် ဖော် ရာတွင် လွယ်ကူစွာ ပြီးမြောက်အောင်မြင်နိုင်ပေမည်။ အထက်ပါ အကြောင်းအရာ ၃ချက်အား စီမံကိန်းဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များမှ ရှင်းလင်းစွာ ဖော်ပြထားသည့် အထောက်အထားနှင့်တကွ ပါရှိသော စာမျက်နှာများ ၊ ခိုင်လုံသော သက်သေများသည် ယနေ့အချိန်အခါတွင်အစိုးရသတင်းစာများမှရေးသားဖော်ပြလျှက်ရှိနေသော

နည်းပညာပိုင်းပိုင်ဆိုင်ရာရှင်းလင်းချက်များ ၊ အားပေးနှစ်သိမ့်မှုများ ထက်ပိုမိုထိရောက်စွာသန်း ၆၀ ကျော်သော ပြည်သူပြည်သားတို့ ၏ မလိုအပ်သောစိုးရိမ်ထိတ်လန့် မှုအား ကာကွယ်မှု ပေးနိုင်ပေလိမ့်မည်ဟု ကျမယုံကြည်ပါသည်။

အဘယ့်ကြောင့်ဆိုသော် စီမံကိန်းတွင် အသုံးပြုထားသော အရည်အသွေးမြင့်မားသည့် ပစ္စည်းများ ၊နည်းပညာ များသည် လူသန်းပေါင်း ၆၀ ကျော်သော မြန်မာပြည်သူလူထုကြီးအား မည်သည့်နည်းနှင့်မျှ လေ့လာစစ်ဆေးခွင့်ရနိုင်ကြလိမ့်မည် မဟုတ်ပါ။ လေ့လာစစ်ဆေးခွင့် ရနိုင်သည် ဆိုစေကာမူ ထိုသန်း ၆၀ ကျော်သော တိုင်း သူပြည် သားအားလုံးတို့ သည် နည်းပညာ ဆိုင်ရာ အချက်အလက်များကို နားလည်ကြလိမ့်မည် မဟုတ်ပါ။


သို့ ပါသောကြောင့် တရားစောင့်သော သမ္မတကြီးသည် တိုင်းသူပြည်သားတို့ ၏ဆန္ဒဖြင့်ရွေးချယ်တင် မြှောက် ထား သော မင်း/သမ္မတ တဦး ဖြစ်သည်နှင့် လျှော်ညီစွာတိုင်းသူ ပြည်သားတို့ ၏အကျိုး နှင့် အသက်အိုးအိမ်စည်းစိမ်ကိုကာကွယ်စောင့်ရှောက်ခြင်း၊ တိုင်းသူပြည်သားတို့ ၏ စိုးရိမ်ထိတ်လန့် မှုနှင့် နှလုံးစိတ်ဝမ်း ဝမ်းနည်းကြေကွဲခြင်းများကို တိုင်းပြည် အေးချမ်းသာယာရေးကို ရှေးရှု၍ သုတ်သင်ဖယ်ရှားပေးနိုင်ခြင်းတည်းဟူသော လုပ်ဆောင်မှုများကို မျှော်လင့် အားကိုး၍ လူသန်းပေါင်း ၆၀ ကျော်၏ ဆန္ဒနှင့်ထပ်တူကျသော ယခုစာကို သမ္မတကြီးအား ပေး ပို့ လျှောက် ထားလိုက်ပေသည်။

အချုပ်အားဖြင့် ဆိုရသော် ကျမတို့ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း နေထိုင်ကြသည့် လှည်းနေ လှေအောင်း မြင်းဇောင်း မကျန်သော သက်ရှိသက်မဲ့ သတ္တဝါအားလုံးတို့ သည် ဘာသာတရားထွန်းကားသော တိုင်းပြည်၏
အရိပ်အာဝါသအောက်တွင် တည်ရှိကြသူများဖြစ်သည့်အားလျှော်စွာ သည်းခံခြင်း ပါရမီနှင့် အလွန်တရာ ပြည့်စုံကြွယ်ဝကြပေသည်။

သို့ သော် " အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေး" ဟူသောမြန်မာပြည်ဖွား နိုင်ငံသားတိုင်း လေးစားလိုက်နာရမည့်တာဝန်တရပ်အား ကျေပွန်ခြင်းငှာ မိမိတိုင်းပြည်ပျောက်ဆုံးပျက် ဆီး မည့်အရေးကို ကာကွယ်လိုခြင်း ၊ တိုင်းပြည်၏ အချုပ်အခြာအာဏာသည် တိုင်းသူပြည်သားတို့ ၏ လက်ဝယ်တွင် မရှိဘဲ တိုင်းတပါး၏ စီမံအုပ်ချုပ်ခံတိုင်းပြည်သို့ ရောက်ရှိမည့် အရေးအား ကာကွယ်ခြင်းလိုတည်းဟူသော အမျိုးသားရေးစိတ်ဓာတ်များကား မိမိအသက်ထက်ပိုမို၍ လွန်စွာ ရှင်သန်နိုးကြားလှပေသည်။

သို့ ပါသောကြောင့် တရားစောင့်သော သမ္မတကြီးသည် တိုင်းသူပြည်သားများအား သနားကြင်နာသောအားဖြင့် ကျမတို့ တိုင်းပြည်တွင် လက်ရှိရင်ဆိုင်နေရသော မြစ်ရေကာတာ စီမံကိန်းများနှင့် ဆက်လျှဉ်း၍ ဖြစ်ပေါ်နေသည့် စိုးရိမ်ထိတ်လန့် မှုများအား မင်းကျင့်တရား ၁၀ပါးနှင့် လျှော်ညီစွာ လိုအပ်သလို ဖယ်ရှားသုတ်သင်ပေးပါရန် မေတ္တာရပ်ခံအပ်ပေသည်။

"ကျမတို့ တိုင်းပြည်ရှိ တိုင်းသူပြည်သားများသည် တိုင်းတပါး၏ အနည်းငယ်မျှ ပေးကမ်းစွန့် ကြဲသော ချမ်းသာမှုများကို ရရှိခြင်းထက် ကိုယ့်တိုင်းပြည်၏အချုပ်အခြာအာဏာကို လက်ဝယ်ပိုင်ဆိုင်၍ ဆင်းရဲနေခြင်းအားပိုမိုလိုအပ်လှပေသည်။"

လေးစားစွာဖြင့်

KWT

http://www.edinooyin.com/profiles/blog/show?id=4347155%3ABlogPost%3A3297964&xgs=1&xg_source=msg_share_post

(မှတ်ချက် - ကျမသည် ယခု အချိန်အထိ အမိမြန်မာနိုင်ငံ၏ ဥပဒေအား ဆန့်ကျင်နေသည့် မည်သည့် ပါတီ၊ အဖွဲ့ အစည်းနှင့်မျှ ဆက်စပ်ခြင်း၊ တော်လှန်ပုန်ကန်ခြင်းများ မရှိခဲ့ကြောင်းကို ရှင်းလင်းရိုးသားစွာ သစ္စာကတိပြုပါသည်)


Notes: Forward Mail ကရတာလေးပြန်လည်မျှဝေလိုက်ပါတယ်

နိုင်ငံခြားသားအိမ်ခြံမြေပိုင်ဆိုင်ခွင့် ရှိမရှိဆိုတာ

(အထက်တန်းရှေ့နေ ဦးမောင်မောင်လတ်နဲ့တွေ့ဆုံခြင်း)


ရန်ကုန်၊ဇူလိုင် ၁၄ - အိမ်ခြံမြေတွေအ၀ယ်လိုက်လာတဲ့အခါမှာ နိုင်ငံခြားသားကနေ မြန်မာတစ်ဦးဦးအမည်ခံနဲ့ဝယ်တာလားဆိုတဲ့ အတွေးတွေရှိလာကြပါတယ်။


နိုင်ငံခြားသားတွေက အမည်ခံနဲ့မြေကြီးတွေကို နေရာကောင်းတွေမှာ ၀ယ်တဲ့အတွက် မြန်မာတွေ ကတော့ မြို့စွန်ထွက်ကြရ တယ်ဆို တာတွေ ပြောဆိုကြတာရှိပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ ဥပဒေအရ အိမ်ခြံမြေကို နိုင်ငံခြားသားဝယ်ယူခွင့် ရှိမရှိ၊ ပိုင်ဆိုင်ခွင့်ရှိမရှိဆိုတာကို အထက်တန်းရှေ့နေ ဦးမောင်မောင်လတ် ကို သူ့ရုံးမှာ သွားရောက်တွေ့ဆုံမေးမြန်းခဲ့တာတွေထဲက အချို့ကို ကောက်နုတ်ဖော်ပြလိုက် ပါတယ်။


မော်ဒန်  ။ မြန်မာနိုင်ငံရဲ့ ဥပဒေအရ ဘယ်လို လူမျိုးတွေက မြေ၀ယ်ယူခွင့်ရှိပါသလဲဆရာ။


ဦးမောင်မောင်လတ်။ ။  မြန်မာနိုင်ငံမှာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ခေတ်က လွှတ်တော်ဥပဒေအမှတ် (၁)နဲ့ ပြဋ္ဌာန်းခဲ့ပြီး အဲသည်နှစ်မှာ နည်းဥပဒေတွေကို အမိန့်ကြော်ငြာစာအမှတ် ၂/၈၇ နဲ့ ပြည်ထဲရေးနဲ့ သာသနာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့တယ်။ ၁၉၈၇ခုနှစ် ပြည်သူ့လွှတ်တော်ဥပဒေအမှတ်(၁)ပြဋ္ဌာန်းခဲ့တဲ့အချိန်မှာပဲ ၁၉၄၇ခုနှစ်က မရွှေ့မပြောင်းနိုင်တဲ့ပစ္စည်း ကန့်သတ်တဲ့ဥပဒေနဲ့ နည်းဥပဒေ ကို ရုပ်သိမ်းခဲ့တယ်။ အခုလက်ရှိမှာတော့ ၁၉၈၇ခုနှစ် ပြဋ္ဌန်းခဲ့တဲ့ ဥပဒေက အသက်ဝင်ကျင့်သုံးနေတုန်းပဲ။ အဲသည်ဥပဒေအရဆိုရင် လက်ရှိမှာ မရွှေ့မပြောင်းနိုင်တဲ့ပစ္စည်းကို ၀ယ်ယူခွင့်ရှိသူများသည် (နိုင်ငံသား)၊ (ဧည့်နိုင်ငံသား)နဲ့ ပြုနိုင်ငံသား(နိုင်ငံသားပြုခွင့်ရသူ) တို့ ဖြစ်တယ်။ ဧည့်နိုင်ငံသားနဲ့ပြုနိုင်ငံသားကလည်း မြန်မာနိုင်ငံရဲ့ ဥပဒေအတိုင်း ခံစားခွင့်ရှိတယ်။ ဒါပေမဲ့ ဧည့်နိုင်ငံသားနဲ့ ပြုနိုင်ငံသားတွေ ကို နိုင်ငံသားအဖြစ်က ရပ်စဲခြင်းခံရရင်တော့ နိုင်ငံခြားသားပြန်ဖြစ်သွားတယ်။ သူတို့အနေနဲ့ ပြစ်မှုတစ်စုံတစ်ရာ ပြုလုပ်ပြီး ပြစ်ဒဏ်ကျ ခံရရင် ရပ်စဲသွားနိုင်တယ်။


မော်ဒန်  ။ မရွှေ့မပြောင်းနိုင်တဲ့ ပစ္စည်းဆိုတာနဲ့ပတ်သက်ပြီး ပြောပြပေးပါ။


ဦးမောင်မောင်လတ်။   ။ မရွှေ့မပြောင်းနိုင်တဲ့ပစ္စည်းဆိုတာ မြေ၊ မြေမှ ဖြစ်ထွန်းတဲ့ အကျိုးခံစားခွင့်များ၊ မြေ၌ဆောက်လုပ်ထားသော သို့မဟုတ် တည်ရှိသော အဆောက်အအုံနဲ့ အရာဝတ္ထုများ၊ ယင်းအဆောက်အအုံ၌တပ်ဆင်ထားသော အရာဝတ္ထုတွေကို ဆိုလိုတယ် ဆိုပြီး ပါရှိတယ်။


မော်ဒန်။  ။ သည်မရွှေ့မပြောင်းနိုင်တဲ့ပစ္စည်းကို အမည်ခံနဲ့ဝယ်ယူထားပြီး နိုင်ငံခြားသားကတစ်ဆင့် ၀ယ်ယူထားတာလို့သိရင် တရား စွဲဆိုလို့ရပါသလား။


ဦးမောင်မောင်လတ်။  ။ တရားစွဲချင်ရင် ပြည်ထဲရေးဝန်ကြီးဌာနကို အရင်ခွင့်ပြုမိန့်တောင်းရတယ်၊ ဥပဒေနဲ့အညီ အမွေဆက်ခံခွင့် သို့မဟုတ် ပြည်သူ့ဘဏ္ဍာအဖြစ်သိမ်းဆည်းလို့ရတယ်။ ဆုံးဖြတ်ချက်ကို မကျေနပ်ရင် ရက်ပေါင်း၉၀အတွင်း အယူခံခွင့်ရှိတယ်။ နိုင်ငံတော်နဲ့အကျိုးတူ ကိစ္စရပ်တွေအတွက် စာချုပ်ချုပ်ဆိုပြီး ဖွဲ့စည်းထားတဲ့ ကုမ္ပဏီတွေ၊ အဖွဲ့အစည်းတွေဆိုရင် သည်ဥပဒေနဲ့ မသက်ဆိုင်ဘူးဆိုပြီး ပုဒ်မ ၁၅အရ ကင်းလွတ်ခွင့်ပေးထားတယ်။


ဥပဒေအရနိုင်ငံပိုင်ပစ္စည်းကို ကာကွယ်ထားတဲ့ သဘောမှာရှိတယ်။ အမည်ခံပြီး ၀ယ်ရင် အမည်ခံပေးသူကလည်း ဥပဒေနဲ့ငြိစွန်းနိုင် တယ်။ အထောက်အထားခိုင်ခိုင်လုံလုံပြရင်တော့ တရားစွဲဆိုနိုင်တယ်။ ဥပဒေအရကတော့ ပြည်ထဲရေးဝန်ကြီးဌာနကို လုပ်ပိုင်ခွင့်ပေး ထားတာမျိုး။


မော်ဒန်။  ။ အိမ်ခြံမြေအကျိုးဆောင်တွေကရော နိုင်ငံသားအမည်ခံဝင်ပြီး ၀ယ်ပေးတဲ့အခါ ပြဿနာတစ်စုံတစ်ရာ ပေါ်ပေါက်ရင် ငြိနိုင် ပါသလားဆရာ။


ဦးမောင်မောင်လတ်။   ။ အိမ်ခြံမြေအကျိုးဆောင်ကတော့ ရောင်းသူ၊၀ယ်သူဆီကလိုအပ်တဲ့အထောက်အထားတွေတောင်းမှာပဲ။ ၀ယ်သူ က လိပ်စာ၊ မှတ်ပုံတင်၊ နိုင်ငံသားဆိုတာကို ပြရမှာလေ၊ နိုင်ငံသားအမည်ခံပေးသူက အထောက်အထား ခိုင်ခိုင်လုံလုံနဲ့ဆိုရင် စာချုပ် စာတမ်းမှတ်ပုံတင်ဥပဒေအရ အမည်ခံပြီးဝယ်ပေးတဲ့ နိုင်ငံသားကတော့ တရားဝင်သွားတာမျိုး အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းအနေနဲ့ အားပေးကူညီသူအနေနဲ့ မငြိနိုင်ဖို့ဆိုရင် အသေးစိတ်အချက်အလက်တွေကို တောင်းဖို့လိုအပ်တယ်။ နိုင်ငံခြားသား၊ နိုင်ငံခြားသူ တစ်ဦး ဦးက မြန်မာအမျိုးသား၊ မြန်မာအမျိုးသမီးတစ်ဦးဦးနဲ့ လက်ထပ်ပြီး အဲသည်မြန်မာအမျိုးသား၊ အမျိုးသမီး နာမည်နဲ့ဆိုရင်တော့ မရွှေ့ မပြောင်းနိုင်တဲ့ပစ္စည်းတွေ ၀ယ်ယူလို့ရတယ်။


မော်ဒန် ။  ။ ဆရာ့အနေနဲ့ဖြည့်စွက်ပြောချင်တာရှိရင် ပြောပြပေးပါ။


ဦးမောင်မောင်လတ်   ။ နိုင်ငံခြားသားကို အိမ်ငှားရင်တောင် ဗီဇာတို့၊ ပတ်စ်ပို့စ်တို့နဲ့ဆိုရင် တစ်နှစ်ပဲငှားလို့ရတယ်။ တစ်နှစ်ပြီးနောက် တစ်နှစ်ထပ်ချုပ်ရင် renew လုပ်ပြီးချုပ်ရတယ်။ ဥပဒေကတော့ နိုင်ငံခြားသားကို အမည်ခံပေးပြီး ၀ယ်ပေးထားတဲ့ နိုင်ငံသားက အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံခြားသားပြန်မလာနိုင်ရင် အမည်ခံသွားသူက အကျိုးခံစားခွင့်ရသွားတာမျိုး။


မော်ဒန်  ။ အခုလိုအချိန်ပေးဖြေကြားပေးတဲ့ဆရာကို ကျေးဇူးတင်ပါတယ်။


အေးလပြည့်


Credit: မော်ဒန်သတင်းဂျာနယ်၊ ၂၂ ဇူလိုင်လ ၂၀၁၁

Friday, August 26, 2011

Microfinance နှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး

ရေးသူး ခင်မမမျိုး (၂၁၊ ၈၊ ၂၀၁၁)

နိဒါန်း

ဒေါ်မြမေဆိုတဲ့ ကလေးသုံးယောက်အမေ မုဆိုးမကြီးဟာ မြို့မှာ အကြော်များကို ဗန်းကလေးထဲထည့်ပြီး လိုက်ရောင်း တဲ့ ခေါင်းရွက်ဗျတ်ထိုး ဈေးသည် အမျိုးသမီးကြီး ဖြစ်ပါတယ်။ သူမဟာ အကြော်မျိုးစုံ ကြော်လှော်ခြင်းနဲ့ လက်သုပ်စုံ လုပ်ရာမှာ ကျွမ်းကျင်လှပေမယ့် ဆိုင်ဖွင့်ဖို့ အရင်းအနှီး မရှိပါဘူး။ သူမရဲ့ အိမ်လေးဟာ ကျောင်းသွားကျောင်းပြန် လမ်း ဖြစ်တာကြောင့် ဆိုင်လေးဖွင့်ရရင် အောင်မြင်မယ်လို့ သူမမျှော်လင့်နေပါတယ်။ ဒါကြောင့် အသိအကျွမ်းများကို အကူ အညီတောင်းပေမယ့် ဘ၀တူတွေမို့ ငွေချေးငှားပေးဖို့ မတတ်နိုင်ကြပါဘူး။ ရပ်ကွက်ထဲက ငွေတိုးချေးစားတဲ့ အိမ်ကို သွားတော့လဲ တရာမှာ ဆယ့်ငါးကျပ်တိုး၊ တရာမှာ နှစ်ဆယ်တိုးတွေ ဖြစ်တာကြောင့် သူမတတ်နိုင်တဲ့ အတိုးနှုန်းထက် ပိုပြီး မြင့်မားနေပါတယ်။

ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်ဆဲ နိုင်ငံအများအပြားမှာ ဒေါ်မြမေလိုပဲ ဆင်းရဲနွမ်းပါးမှုသံသရာကနေ ရုန်းထွက်ဖို့ အရင်းအနှီးမရှိသူ တွေ အများအပြား ရှိနေပါတယ်။ ဘဏ္ဍာရေးဝန်ဆောင်မှု အားနည်းတဲ့ နိုင်ငံတွေမှာ ဘဏ်တွေက ငွေချေးဖို့ ခဲယဉ်းတာ ကြောင့် ရပ်ကွက်၊ ကျေးရွာမှာရှိတဲ့ ငွေတိုးချေးစားသူတွေနဲ့ မိတ်ဆွေသူငယ်ချင်းများထဲမှ ချေးငွေ (informal credit) ကို အားကိုးကြရပါတယ်။ ဒီလို အားကိုးရာမှာလဲ အတိုးနှုန်းတွေက မြင့်မားခြင်းနဲ့ မိတ်ဆွေများထံမှ ငွေကို ရေတိုကာလအ တိုင်းအတာ တခုအထိသာ ချေးယူနိုင်မှု စတာတွေကြောင့် တပိုင်တနိုင် စီးပွားဖြစ် လုပ်ငန်းဆောင်တာလေးတွေ လုပ် ဆောင်နိုင်ခြင်း မရှိကြပါဘူး။ စီးပွားရေးနဲ့ ပတ်သက်တဲ့ အကြံဥာဏ်တွေ၊ ဗဟုသုတတွေလဲ ရဖို့ ခဲယဉ်းကြပါတယ်။ ဒီလို အခြေအနေတွေ ကြုံနေရသူတွေအတွက် ထွက်ပေါက်လိုပါတယ်။ ဒီထွက်ပေါက်ကတော့ microfinance ပဲ ဖြစ်ပါတယ်။

Microfinance ဆိုရာဝယ်

Micro ဆိုတာကို "သေးငယ်သော" လို့ အဓိပ္ပာယ်ဖွင့်ဆိုလေ့ရှိကြပြီး၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးရှူထောင့်ကနေ ရှုမြင် သုံးသပ်တဲ့အခါ သေးငယ်သော စွန့်ဦးတီထွင်စီးပွားရေး လုပ်ငန်းရှင်များ၊ တနိုင်တပိုင်လုပ်ကိုင်သော ကိုယ်ပိုင်စီးပွားရေး သမားများ၊ ၀င်ငွေနည်းပါးသော လူထုလူတန်းစားများ စတာတွေနဲ့ ဆက်စပ်ပါတယ်။ Finance (ဘဏ္ဍာရေး) ဆိုရာမှာလဲ စီးပွားရေးချေးငွေများ၊ ပညာရေးချေးငွေများ၊ စုဆောင်းငွေများနဲ့ အသေးစာအာမခံ လုပ်ငန်းများ စတာတွေနဲ့ ဆက်စပ် ပါတယ်။

Microfinance ဆိုတာမှာ ဒီလိုတိုက်ရိုက်ဘဏ္ဍာရေး ၀န်ဆောင်မှုတွေအပြင် စီးပွားရေးအကြံဥာဏ်နှင့် အခွင့်အလမ်းဆိုင်ရာ ၀န်ဆောင်မှုတွေ၊ ငွေစာရင်းရေးဆွဲမှုနှင့် ဘဏ္ဍာရေးစီမံခန့်ခွဲမှု သင်တန်းတွေ၊ ပြည်သူ့ ကျန်းမာရေး ပညာပေးမှုတွေ၊ အစားအစာနှင့် အာဟာရသန့်ရှင်းရေး လမ်းညွှန်ဆွေးနွေးမှုတွေစတဲ့ ဘဏ္ဍာရေး မဟုတ်သော ၀န်ဆောင်မှုများပါ ဆက်နွယ် ပတ်သက်နေပါတယ်။

ဒါကြောင့် Mircrofinance ဆိုတာကို သမရိုးကျ ဘဏ္ဍာရေးဝန်ဆောင်မှုတွေကို ခံစားခွင့်မရရှိသူများအား ဘဏ္ဍာရေးနှင့် ဘဏ္ဍာရေးမဟုတ်သော အခြားဝန်ဆောင်မှုများ ပေးခြင်းလို့ အဓိပ္ပာယ်ဖွင့်ဆိုမှုတွေ ရှိပါတယ်။ အဓိပ္ပာယ်ဖွင့်ဆိုချက် မူ ကွဲတွေ အမျိုးမျိုးရှိပေမယ့် ၀န်ဆောင်မှုတွေဟာ ၀န်ဆောင်မှုပေးအပ်ရမယ့် လူ့အဖွဲ့အစည်းရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီ တဲ့ ၀န်ဆောင်မှုတွေဖြစ်ဖို့ လိုအပ်တဲ့ အချက်ကိုတော့ လူအများက လက်ခံထားကြပါတယ်။

Microfinance Institutions (MFIs)

Microfinance ၀န်ဆောင်မှုများ ပေးဖို့အတွက် လူမှုရေးအမြင်နဲ့ ရည်မှန်းချက်များရှိတဲ့ အန်ဂျီအိုတွေ၊ အဖွဲ့အစည်းတွေ၊ ဘဏ်တွေ စတဲ့ Microfinance Institutions (MFIs) တွေ ပေါ်ထွက်လာဖို့ လိုအပ်ပါတယ်။ အချို့နိုင်ငံတွေမှာ နိုင်ငံ ရေးပါတီတွေနဲ့ နိုင်ငံရေး အဖွဲ့အစည်းတွေက microfinance ၀န်ဆောင်မှုတွေ ပေးအပ်လာကြတာ ရှိပါတယ်။ သို့ပေမယ့် ဒီလို လုပ်ဆောင်တဲ့အခါ နိုင်ငံရေးအမြင်၊ နိုင်ငံရေးရည်မှန်းချက်၊ နိုင်ငံရေး လုပ်ငန်းဆောင်တာတွေနဲ့ ရောထွေးသွား စေနိုင်တဲ့အတွက် နောက်ပိုင်းမှာ ရှုပ်ထွေးမှုတွေ ဖြစ်လာနိုင်ပါတယ်။ ဆက်စပ်မှုတွေ၊ ပေါင်းစည်းဆောင်ရွက် ရမှုတွေ ရှိနိုင်တယ်ဆိုပေမယ့် သွင်ပြင်လက္ခဏာနဲ့ ရည်မှန်းချက်တွေ မတူညီတဲ့အတွက် သီးခြား အဖွဲ့အစည်းတွေအနေနဲ့ ရပ် တည်လုပ်ဆောင်သင့်ပါတယ်။

Microfinance Institutions (MFIs) တွေမှာ အခြား နိုင်ငံရေး၊ စီးပွားရေး အင်စတီကျူးရှင်းတွေနဲ့ ကွဲပြားတဲ့ သွင်ပြင် လက္ခဏာတွေ ရှိပါတယ်။ MFI တွေဟာ informal credit ကို အစားထိုးပြီး ချေးငွေနဲ့ အခြား ဘဏ္ဍာရေးဝန်ဆောင်မှု တွေကို ပေးကြရပါတယ်။ ဒီလို ပေးအပ်ရမှာ ပေါင်နှံစရာပစ္စည်း လိုအပ်ခြင်း မရှိပါဘူး။ ချေးငွေရယူမှု လုပ်ငန်းဆောင် တာတွေက ရိုးရှင်းပြီး၊ စာရွက်စာတမ်း အချက်အလက်ဖြည့်စွက်ရမှုများက သမရိုးကျဘဏ်တွေထက် ပိုပြီး လျော့နည်း ပါတယ်။

များသောအားဖြင့် သက်ဆိုင်ရာရပ်ကွက်အလိုက်၊ ကျေးရွာအလိုက် solidarity groups များ စုဖွဲ့စေပြီး၊ အုပ်စုရဲ့ လူမှု အာမခံ (social insurance) ပေါ်မှာမူတည်ပြီး ချေးငွေ ပေးလေ့ရှိပါတယ်။ ပြီးတော့ ချေးငွေ ပြန်လည်ပေးဆပ်ရမှု အနေအထားကလဲ တဦးချင်းလိုအပ်ချက်နဲ့ အညီသတ်မှတ်ရမှာ ဖြစ်ပါတယ်။ အကျိုးအမြတ် ရယူရေး ရည်မှန်းချက်နဲ့ လုပ်ကိုင်တာ မဟုတ်တဲ့အတွက် ဆင်းရဲနွမ်းပါးရဲ့ ဒဏ်ကို အဆိုးရွားဆုံး ခံစားနေကြရတဲ့ အခြေခံ လူထုလူတန်းစားများ ကို အဓိကထားပြီး ဆောင်ရွက်ပေးရတဲ့ အင်စတီကျူးရှင်းတွေ ဖြစ်ပါတယ်။

Microfinance institutions များရဲ့ ရည်ရွယ်ချက်တွေကတော့ အမြတ်ကြီးစား ငွေတိုးချေးစားသူတွေရဲ့ ဆင်းရဲနွမ်းပါး သူများအပေါ် အနိုင်ကျင့်အခွင့်ကောင်းယူနေမှုများကို ရပ်တန့်ရန်၊ ဆင်းရဲနွမ်းပါးသူများကို အကုန် အကျ အနည်းဆုံး၊ သင့်လျော်သော အတိုးနှုန်းတွေနဲ့ ချေးငွေများ ရရှိစေရန် ကူညီပံ့ပိုးပေးရန်၊ စီးပွားရေးနှင့် လူမှုရေး အကျိုးကျေးဇူးဖြစ် ထွန်းစေသော ထင်သာမြင်သာသည့် ပရိုဂျက်များကို ဘဏ္ဍာရေး ထောက်ကူပေးရန်၊ အိမ်ထောင်စုများ၏ ဆုံးဖြတ်ချက် ချမှတ်နိုင်မှုတွင် ၀င်ငွေက အရေးပါသည်ဖြစ်ရာ အမျိုးသမီးများ၏ ၀င်ငွေ အခွင့်အလမ်းများ တိုးတက်များပြားလာခြင်း ဖြင့် ကျားမတန်းတူညီမျှမှု ရရှိလာစေရန်၊ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရန်၊ တပိုင်တနိုင် ကိုယ်ပိုင်လုပ်ငန်း လေးများမှ အိမ်ထောင်စုအတွက် လိုအပ်မျှတသော ၀င်ငွေများ ရရှိလာစေရန်နှင့် လူနေမှုအဆင့်အတန်းများ မြင့်မား လာစေရန် စတာတွေ ဖြစ်ပါတယ်။ ဒီလို ရည်မှန်းချက်တွေကို အကောင်အထည် ဖော်ဆောင်ခြင်းအားဖြင့် ဆင်းရဲနွမ်း ပါးမှုလျှော့ချရေးကို အထောက်အကူ ဖြစ်စေပါတယ်။

ဆင်းရဲနွမ်းပါးမှုလျှော့ချရေးအပေါ် အကျိုးသက်ရောက်မှုများ

Microfinance ကို development tool တခုအနေနဲ့ အသုံးပြုခြင်းအားဖြင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးအပေါ် အကျိုး သက်ရောက်မှု ရှိကြောင်း ပညာရှင်များက လေ့လာတွေ့ရှိခဲ့ကြပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ကျေးရွာအချို့မှာ Microfinance အသုံးပြုခြင်းအားဖြင့် ရရှိလာတဲ့ အကျိုးသက်ရောက်မှုတွေကို ပညာရှင် Khandker ဆိုသူက လေ့လာခဲ့ ကြရမှာ ငါးနှစ်အတွင်းမှာ ဆင်းရဲနွမ်းပါးမှုရာခိုင်နှုန်း ငါးရာခိုင်နှုန်းနှင့် ဆယ်ရာခိုင်နှုန်းအကြား ကျဆင်းသွားခဲ့ကြောင်း တွေ့ရှိခဲ့ကြပါတယ်။

ကမ္ဘာ့ဘဏ်မှ ပညာရှင် Marguerite Robinson ဆိုသူက ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ ဆင်းရဲနွမ်းပါးသူတွေကို ဘဏ္ဍာရေး ၀န် ဆောင်မှုများ ပေးခြင်းအားဖြင့် အိမ်ထောင်စုများ၏ ဘဏ္ဍာရေး စီမံခန့်ခွဲနိုင်စွမ်း တိုးတက်မှု ရှိလာခြင်း၊ ထုတ်လုပ်နိုင်စွမ်း မြင့်မားလာခြင်း၊ သေးငယ်သော စီးပွားရေးလုပ်ငန်းများကို ချဲ့ထွင်လာနိုင်ခြင်း၊ ၀င်ငွေတိုးပွား လာခြင်း စတဲ့ အကျိုးကျေး ဇူးတွေ ရှိနိုင်တာကြောင့် Microfinance ဟာလဲ အခြား စက်မှုတော်လှန်ရေး (Industrial Revolution) နဲ့ အိုင်တီတော် လှန်ရေး (IT Revolution) စတာတွေလိုပဲ လူ့အဖွဲ့အစည်း တိုးတက်ရေးအတွက် ပေါ်ထွက်လာတဲ့ တော်လှန်ရေး တရပ်ဖြစ်ကြောင်း ရေးသား ဖော်ပြခဲ့ပါတယ်။

ယူကေနိုင်ငံ၊ ဖွံ့ဖြိုးတိုးတက်ရေးလေ့လာမှုသိပ္ပံမှ ပညာရှင်များဖြစ်ကြတဲ့ Neil McCulloch နဲ့ Baulch တို့ရဲ့ လေ့လာဆန်း စစ်ချက်တွေအရ ၀င်ငွေအတက်အကျဖြစ်မှု (income fluctuations) ကို ထိန်းသိမ်းခြင်းအားဖြင့် ရေတိုကာလမှာ ဆင်း ရဲနွမ်းပါးမှုကို လျော့ကျစေနိုင်တဲ့အတွက် Microfinance ကို အသုံးပြုရန် လိုအပ်ကြောင်းနဲ့ ရေရှည်ကာလမှာ ဆင်းရဲနွမ်း ပါးမှု လျော့ကျစေရေးအတွက် လူသားအရင်းအမြစ် (Human capital) ပေါ်ထွက်လာအောင် လုပ်ဆောင်ရမှာ ဖြစ် ကြောင်း တွေ့ရှိရပါတယ်။

အာဖရိကတိုက်၊ ဇင်ဘာတွေနိုင်ငံမှာ Microfinance အသုံးပြုမှုကို လေ့လာခဲ့ကြတဲ့ Carolyn Barnes နဲ့ Erica Keogh ဆိုသူတို့ကလဲ Microfinance ကို အသုံးပြုသူများရဲ့ လစဉ်ဝင်ငွေဟာ အသုံးမပြုသူများရဲ့ လစဉ်ဝင်ငွေထက် နှစ်ဆခန့် ပိုမိုမြင့်မားကြောင်း လေ့လာတွေ့ရှိခဲ့ကြပါတယ်။ လက်တင်အမေရိကတိုက်၊ ပီရူးနိုင်ငံမှာ Microfinance အသုံးပြုမှုကို လေ့လာခဲ့တဲ့ Elizabeth Dunn ဆိုသူကလဲ Microfinance ကို အသုံးပြုသူများရဲ့ လစဉ်ဝင်ငွေဟာလဲ အသုံးမပြုသူများ ရဲ့ လစဉ်ဝင်ငွေထက် ငါးဆယ်ရာခိုင်နှုန်း ပိုမိုမြင့်မားပြီး၊ Below the poverty line မှာ Microfinance အသုံးပြုသူ နှစ် ဆယ့်ရှစ်ရာခိုင်နှုန်းသာရှိပြီး၊ အသုံးမပြုသူ လေးဆယ့် တစ်ရာခိုင်နှုန်းရှိကြောင်း လေ့လာတွေ့ရှိခဲ့ပါတယ်။

စုဆောင်းရေးက ပထမ လား၊ အကြွေးက ပထမလား (Savings First Vs Credit First)

(၁၉၅၀) ကာလတွေမှာတုန်းက ဆင်းရဲနွမ်းပါးမှုလျှော့ချနိုင်ရေးအတွက် စုဆောင်းငွေရှိရေးက အရေးကြီးတယ် ဆိုတဲ့ အယူအဆနဲ့ savings mobilization တွေ ကမ္ဘာတ၀ှမ်းမှာ ခေတ်စားခဲ့ပါတယ်။ (၁၉၈၀) နှောင်းပိုင်း ကာလတွေရောက် တော့ အကြွေးက အရေးကြီးတယ် ဆိုတဲ့ အယူအဆသစ်တွေ ခေတ်စားလာခဲ့ပြီး၊ အသုံးပြု ဖော်ဆောင်သူတွေနဲ့ လေ့ လာသူတွေအကြား အငြင်းပွားမှုတွေ ရှိခဲ့ပါတယ်။ ဒီလိုနဲ့ နှစ်ပေါင်းရှည်ကြာစွာ အငြင်းပွားမှုတွေ ရှိလာခဲ့ကြပြီး၊ နောက် ဆုံးမှာတော့ နည်းလမ်းနှစ်ခုစလုံးမှာ သက်ဆိုင်ရာ အားသာချက်၊ အားနည်းချက်တွေ ရှိတယ်ဆိုတာကို လက်ခံလာကြ တာနဲ့အမျှ နှစ်မျိုးစလုံးကို အသုံးပြုတဲ့ အင်စတီကျူးရှင်းတွေ ပါ ပေါ်ထွက်လာခဲ့ပါတော့တယ်။

စုဆောင်းရေးကို ပထမဦးစားပေးခြင်းအားဖြင့် သတင်းအချက်အလက်များ ရရှိခြင်း၊ အကြွေးကဲ့သို့ ပြန်လည် ပေးဆပ်ရ မည့် ရက်များ သတ်မှတ်ချက် မရှိခြင်း၊ စုဆောင်းသူများနဲ့ ဘဏ္ဍာရေးဝန်ဆောင်မှုများ အကြားတွင် ငွေစုသူများ အနေ ဖြင့် စတင်ခြင်း၊ စုဆောင်းမှုများမှ အတိုးများ ရရှိခြင်း စတဲ့ အကျိုးကျေးဇူးတွေ ရှိနိုင်ပါတယ်။ အကြွေးကို ပထမဦးစား ပေးခြင်းအားဖြင့် အလှူငွေများရယူကာ ဘဏ္ဍာရေးဝန်ဆောင်မှုများ စတင်ပြုလုပ်နိုင်ခြင်း၊ အများပြည်သူအကြားသို့ ကျယ်ကျယ်ပြန့်ပြန့် ၀န်ဆောင်မှုပေးနိုင်ခြင်း၊ ၀န်ဆောင်မှု များအား ချဲ့ထွင်နိုင်ခြင်း၊ စုဆောင်းခြင်းနဲ့ ဆက်စပ်တဲ့ transaction costs ကြီးမြင့်မှုများကို ထိန်းချုပ်နိုင်ခြင်းစတဲ့ အကျိုးကျေးဇူးတွေ ရရှိနိုင်ပါတယ်။

ဒီလို အကျိုးကျေးဇူးတွေနဲ့ တပြိုင်နက်တည်းမှာပဲ အားနည်းချက်တွေလဲ ရှိနိုင်ပါတယ်။ အကြောင်းအရာတိုင်းဟာ ဒင်္ဂါး ပြားတစေ့ရဲ့ ခေါင်းနဲ့ ပန်းလိုပါပဲ။ အားနည်းချက်တွေ ရှိသလို အားသာချက်တွေလဲ ဒွန်တွဲ ရှိနေနိုင်ပါတယ်။ စုဆောင်း ရေးကို ပထမဦးစားပေးခြင်းအားဖြင့် ၀င်ငွေအသင့်အတင့်ရှိသော middle income စီးပွားရေးသမားများကို ဆင်းရဲနွမ်း ပါးသူတွေထက် ပိုပြီးအကျိုးကျေးဇူး ရှိစေနိုင်ပါတယ်။

ကနဦးအနေနဲ့ ယုံကြည်မှု တည်ဆောက်မှု၊ ပါဝင်သူများကို ပညာပေးမှု၊ ပဏာမ စုဆောင်းငွေရှိလာစေရန် အချိန်အတိုင်း အတာ တခုယူရမှု စတာတွေကြောင့် တည်ထောင်ဖို့ ပြင်ဆင်ရတဲ့ အချိန်ကာလကလဲ ပိုပြီး ကြာနိုင်ပါတယ်။ ရရှိလာတဲ့ စုဆောင်းငွေများကို စီမံခန့်ခွဲမှုနဲ့ ပတ်သက်ပြီး စုဆောင်းငွေလုံခြုံရေး၊ အလွဲသုံးစားမှု၊ voting inequities စတဲ့ ပြဿနာ တွေ တက်နိုင်ပါတယ်။ စုဆောင်းငွေများကို လွှဲပြောင်းမှု၊ လိုက်လံ သိမ်းယူမှုတွေနဲ့ ပတ်သက်တဲ့ ကုန်ကျစရိတ်တွေလဲ များပါတယ်။

အကြွေးကို ပထမဦးစားပေးခြင်းအားဖြင့် အလှူငွေ (donor funding) များ၊ ဖောင်ဒေးရှင်းများ၊ ရင်းနှီးမြှုပ်နှံမှု အကျိုးအ မြတ် (Investment funding) များကို တည်မှီလုပ်ခြင်းကြောင့် ဖြစ်ပေါ်လာသော ဆိုးကျိုးတွေဖြစ်တဲ့ ထုတ်ချေးရန် ချေးငွေများ အလုံအလောက်မရှိမှုနဲ့ ငွေကြေးမတည်ငြိမ်မှု ပြဿနာများ ကြုံတွေ့ရနိုင်ပါတယ်။ ဆင်းရဲနွမ်းပါးသူများရဲ့ လူ့အဖွဲ့အစည်းအတွင်းကို တိုက်ရိုက်ဝင်ရောက်အကူအညီပေးမှု၊ empower လုပ်ပေးမှု၊ ပညာပေးသင်တန်းများနှင့် ဆွေးနွေးပွဲများ ကျင်းပပေးမှု စတာတွေမှာ အုပ်ချုပ်ရေးယန္တရားက ထိန်းချုပ်မှုတွေ ပြုလုပ်လာတာတွေ ရှိနိုင်ပါတယ်။

နိဂုံး

နိဂုံးချုပ်ဆိုရရင် Microfinance ဟာ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးအတွက် ပြီးပြည့်စုံသော Development tool တခုတော့ မဟုတ်ပါဘူး။ သို့ပေမယ့် အခြား ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူနည်းလမ်းတွေဖြစ်တဲ့ အခြေခံကျန်းမာရေး စောင့် ရှောက်မှု၊ ပညာသင်ကြားမှု အခွင့်အလမ်းများ တိုးမြှင့်ခြင်း၊ လူမှုအရင်းအနှီး (social capital) များပြားခြင်း၊ လူမှုဝန် ဆောင်မှု (social services) များဆောင်ရွက်ခြင်း စတာတွေနဲ့ တပြိုင်တည်း ပေါင်းစပ်ခြင်းအားဖြင့် ဆင်းရဲနွမ်းပါးမှုနဲ့ နောက်ဆက်တွဲ ပြဿနာများကို တိုက်ဖျက်နိုင်မှာ ဖြစ်ပါကြောင်း ရေးသားတင်ပြအပ်ပါတယ်။

ရည်ညွှန်းကိုးကား။

Credit: http://multiplygroups.multiply.com/journal/item/1297/1297

Thursday, August 25, 2011

ထမင်းကိုအရသာအမျိုးမျိုးနဲ့စားရအောင်

ထမင်းဆိုတာတော့ အာရှသားတွေအတွက် အဓိကပင်တိုင်ထားစားသောက်တဲ့ မရှိမဖြစ်အစားအစာတစ်မျိုးဖြစ်ပါတယ်။ ဒီထမင်းကိုပဲ ဟင်းလျာအမျိုးမျိုးနဲ့ တွဲဖက်စားသောက်ကြတာပါ။ တစ်ခါတလေ မနေ့ကကျန်တဲ့ဟင်း ဒါမှမဟုတ် အသင့်စားနိုင်တဲ့ ဟင်းလျာ တစ်ချို့နဲ့တွဲဖက်ပြီး တစ်မျိုးတစ်မည်ပြင်ဆင်စားသောက်မယ်ဆိုရင် ကျွန်တော်တို့ ညည်းငွေ့စရာအဖြစ်မြင်မှာမဟုတ်တော့ပါဘူး။

ဝက်အူချောင်း ထမင်းပေါင်း

ပါဝင်ပစ္စည်းများ
ဆန် - ၂ ခွက်
ဝက်အူချောင်း - ၂ ချောင်း
ဝက်မိုးခိုသား - ၁၀၀ ဂရမ်
ပုစွန် - ၂၀၀ ဂရမ်
ရှိတခဲမှို - ၃ ပွင့် (ရေစိမ်ပြီး ပွလာလျှင် လှီးထားပါ)
ဂျင်း (ချင်း) - အနည်းငယ် (ပါးပါးလှီးထားပါ)
ကြက်သွန်မြိတ် - စားပွဲတင်ဇွန်း ၂ ဇွန်းခန့် ရအောင် လှီးထားပါ။
ကြက်သွန်ဖြူ - စားပွဲတင်ဇွန်း ၁ ဇွန်းခွဲစာရအောင် နုတ်နုတ်စင်းထားပါ။
ခရုဆီ - စားပွဲတင်ဇွန်း (၂) ဇွန်း
ပဲငံပြာရည်အကြည် - စားပွဲတင်ဇွန်း (၂) ဇွန်း
ဆီ - စားပွဲတင်ဇွန်း (၄) ဇွန်း
ချက်ပြုတ်နည်းအဆင့်ဆင့်
ဝက်အူချောင်းနှင့် ဝက်သားကို တစ်ကိုက်စာ အရွယ်ရအောင် လှီးပါ။ ပုစွန်ကို ရေဆေးအခွံချွတ်ပြီး အကြောထုတ်ပါ။ ခေါင်းကိုဖယ်ပြီး အမြီးချန်ထားပါ။
ဆန်ဆေးပြီး ရေစစ်ထားပါ။
အိုးထဲဆီထည့်ပြီး အပူပေးပါ။ ဆီပူလာလျှင် ကြက်သွန်ဖြူနှင့် ချင်း (ဂျင်း) ထည့်ပြီး အနံ့မွှေးလာသည်အထိ ကြော်ပါ။ ဝက်အူချောင်း၊ ဝက်သားနှင့် ပုစွန်ထည့်ပါ။ အသားများ ကျက်လျှင် မှိုထည့်ပြီး ကောင်းစွာမွှေပါ။ ဆန်ထည့်ပါ။ ခရုဆီနှင့် ပဲငံပြာရည် ထပ်ထည့်ပြီး သမအောင် မွှေပေးပါ။ ပြီးလျှင် ၎င်းဆန်နှင့် အသားများအားလုံးကို ထမင်းပေါင်းအိုးထဲ ပြောင်းထည့်ပါ။
ရေသန့်ကို ယူပြီး မှိုစိမ်ရာတွင် သုံးထားသော ရေနှင့် ၃ ခွက်စာ ရအောင် ရောပါ။ ၎င်းရေကို ထမင်းပေါင်းအိုးထဲ ထည့်ပြီး ထမင်းကျက်အောင် ချက်ပါ။
ထမင်းကျက်ပြီဆိုက စားမည့်ပန်းကန်ထဲ လိုသလောက် ခူးထည့်ပါ။ အပေါ်မှ ကြက်သွန်မြိတ် အနည်းငယ်ဖြူးပြီး သုံးဆောင်ပါ။
ကြက်သားထမင်းသုပ်

ပါဝင်ပစ္စည်းများ
ကြက်သားပြုတ်ထောင်းကြော်အတွက် -

ကြက်သား - ၃၀ သား၊ ကြက်သွန်နီ - ၂၀သား၊
ဆီ - ၂၅ သား

ထမင်းသုပ်အတွက် -
ဆန်နို့ဆီဘူး - ၂လုံး,သခွားသီး - ၁လုံး,ကြက်သွန်နီအကြီး - ၃လုံး
ခရမ်းချဉ်သီး - ၃လုံး,ခရုဆီ - အနည်းငယ်,ကြက်ဥ - ၃လုံး
ငရုတ်သီးဆီချက် - အနည်းငယ်,သကြား - အနည်းငယ်
ဆား - အနည်းငယ်,ရှာလကာရည် - အနည်းငယ်
တရုတ်ပဲငါးပိ - အနည်းငယ်,ပဲငံပြာရည်(အကြည်) - အနည်းငယ်

ကြက်သားထမင်းသုပ်မသုပ်ခင် ကြက်သားကို တစ်ရက်ကြိုပြီး ကြက်သားပြုတ်ထောင်းကြော်လုပ်ထားရပါမယ်။ ကြက်သား (၃၀)သား လောက်ကိုပြုတ်ပြီး အသားကို နုတ်နုတ်စင်းထားပြီး ကြက်သွန်နီကို အရင်ကြော်ပါမယ်။ ကြက်သွန်နွမ်းသွားတော့မှ ကြက်သားစင်း ထားတာကို ထည့်ပြီး ကြက်သွန်နီရော ကြက်သားပါ ရဲပြီးကြွပ်သည်အထိ ကြော်ထားရပါမယ်။

ထမင်းကိုတော့ ဆန်နို့ဆီဘူး (၂)လုံးကို မပျော့မမာအောင် အနေတော်ချက်ပြီး အအေးခံထားရပါမယ်။ ကြက်ဥ(၃) လုံးကို အနှစ်မကျက် အောင် ကြော်ရပါမယ်။ တရုတ်ပဲငါးပိကို သူ့မှာပါတဲ့အရည်တွေခမ်းသွားအောင် ဆီနည်းနည်းနဲ့ မီးဖိုပေါ်တင်ပါ။ သခွားသီး၊ ကြက်သွန်နီ နဲ့ ခရမ်းချဉ်သီးတွေကို အနေတော်လှီးပြီး သကြား၊ဆား၊ရှာလကာရည်နဲ့စိမ်ပြီး နာရီဝက်လောက်နှပ်ထားပါ။ ထမင်းဇလုံထဲကို သခွားသီး၊ ခရမ်းချဉ်သီး၊ကြက်သွန် ကိုထည့်ပါ။ ပြီးတော့ တရုတ်ပဲငါးပိ၊ခရုဆီ၊ပဲငံပြာရည်၊ကြက်ဥကြော်ကို ချေထည့်ပါ။ ကြက်သားပြုတ်ထောင်း ကြော်နဲ့ ငရုတ်ဆီသတ်ကိုထည့်ပြီး သမအောင်နယ်ပါ။ ပြီးရင် ပန်းကန်ထဲထည့်ပြီး ကြက်သားကြော်လေးကို အပေါ်မှာထပ်ဖြူးပြီးရင် ကြက်သားထမင်းသုပ်လေးစားလို့ရပါပြီ။

ကြက်အသည်းအမြစ်ထမင်း

ပါဝင်သောပစ္စည်းများ
ကြက်သွန်နီ                     ၄လုံး
ကြက်အသည်းအမြစ်          ၁၅ကျပ်သား
ဆန်                               ၂လုံး
မုန်လာရွက်                      တစ်ပင်
တရုတ်နံနံပင်                   အနည်းငယ်
မှို                                  ၁၀ကျပ်သား
ဆီ                                 ၅ ကျပ်သား
ငရုတ်ကောင်း၊ဆား၊ချင်း      အနည်းငယ်

ပြင်ဆင်ချက်ပြုတ်နည်း
-           ကြက်အသည်းအမြစ်ကိုပြုတ်၍ သင့်လျော်ရုံ လှီးတုံးထားပါ။
-           ကြက်သွန်၊ တရုတ်နံနံ၊ မုန်လာရွက်တို့ကိုလည်း လှီးထားပြီး ဆီနှင့်ကြော်ပါ။
-           ဟင်းရွက်နူးလျှင် မှို၊ကြက်အသည်းအမြစ်ပြုတ်တို့ကို ရေဆေးပြီးသား ဆန်၊ဆား၊ငရုတ်ကောင်းမှုန့်၊ချင်းတို့နှင့် အားလုံးရော၍ ပေါင်းအိုးတွင်ထည့်ပါ။
-           စောစောက ကြက်အသည်းအမြစ်ပြုတ်ရည်တို့ကိုလည်း ထည့်၍ပေါင်းပါ။

နွားနို့ထမင်း

ပါဝင်သောပစ္စည်းများ
ဆန်                   ၄ လုံး
နွားနို့                  ၅၀ ကျပ်သား
သကြား              ၂၅ ကျပ်သား
အုန်းသီး ၁ လုံး
ချက်ပြုတ်နည်း

-           ဆန်ကို ရေနှင့်ကျိုပါ။
-           ၀တ်ဆံကြေလျှင် နွားနို့လောင်းထည့်ပါ။
-           ပျစ်လာလျှင် အနေတော်တွင်ချပါ။
-           အုန်းသီးမှုန့်၊ သကြားတို့နှင့် သုံးဆောင်ပါ။
(ထမင်းကိုပျော့ပျော့ချက်ပြီး ၀တ်ဆံကြေလျှင်နွားနို့ပါထည့်မွှေရင်းပျစ်ခဲလာတဲ့အထိတည်တာမျိုးပါ။)

ပဲထောပတ်ထမင်
ဆန်                   ၄လုံး
ထောပတ်            ၅ကျပ်သား
ဆီ                     ၂ကျပ်သား
ကုလားပဲ             ၁၀ကျပ်သား
ကြက်သွန်နီ         ၄လုံး
ကရဝေး              ၃ရွက်
သစ်ကြံပိုးခေါက်    ၁ဥ
သကြားထမင်းစားဇွန်း        ၁ဇွန်း
ဆား                  အနည်းငယ်

ချက်ပြုတ်နည်း
-           ပဲကို မနူးတနူးပြုတ်ပါ။
-           ဆန်ကိုရေစင်အောင်ဆေးပါ။
-           ဖိုပေါ်တွင် အိုးတင်၍ ထောပတ်နှင့်ဆီကိုထည့်ပါ။ ဆီပူလာလျှင် ကရဝေးရွက်ထည့်၍ ဆီသတ်ပါ။
-           ပြီးလျှင် ဆန်နှင့်ပဲကိုထည့်၍ မွှေပါ။
-           ဆားအနည်းငယ်ထည့်ပါ။
-           သကြားထည့်ပါ။
-           ဆန်ကို အိုး၌ညီအောင်ခင်းထည့်ပြီး ရေလက်တစ်ဆစ်မြုပ်အောင် ထည့်တည်ပါ။ ဆန်နပ်ခါနီး တွင် နပ် မနပ်ကြည့်၍ မနပ်သေးပါက ရေအနည်းငယ်တောက်ပြီး ကြက်သွန်နီ ၄ဥကို အခွံသင်၍ လေးစိတ် စိတ်ထည့်ပါ။ အဖုံးပြန်အုပ်လိုက်ပါ။ အနံ့သင်းလာပါက ဖိုပေါ်မှ ချနိုင်ပါသည်။