ဖုန်းချပြီးသည့်တိုင် စိတ်လှုပ်ရှား တုန်ယင်နေဆဲ ဖြစ်သော အမျိုးသမီးကြီးသည် ရပ်နေရာမှ အားအင် ကုန်ခမ်းသွားသလို ထိုင်ချလိုက်ရသည်။ သူ့နားထဲတွင်မူ သား၏ ငိုသံကို ကြားယောင်နေဆဲ ဖြစ်သည်။ ၁၅ နှစ်မျှ ဝေးကွာခဲ့သော သား၏ ငိုသံသည် သူ့ရင်ကို နာကျင်စေသည်။ သားကိုသူခွဲခွာရတော့ သား၏ အသက်မှာ ၁၅ နှစ်သာ ရှိပါသေးသည်။ ခုတော့ ခွဲခွာရသည်မှာ ၁၅ နှစ် ရှိခဲ့သည့် အတွင်း အသက် ၃၀ ကျော် လူရွယ်တစ်ဦး ဖြစ်နေပေပြီ။ သူတို့ ကျေးရွာငယ်လေးများက လူငယ်များ ဦးတည် ထွက်ခွာကြသည့် မလေးရှား ဆိုသော နိုင်ငံသို့ သားထွက်သွားချိန်မှ စကာ တစ်ကြိမ်မျှပင် ပြန်မဆုံတော့ပေ။ သား၏အသံ၊ သား၏ရုပ်ရည်ကိုပင် ပုံဖော်ရ ခက်ခဲနေပြီ။
''မလေးရှားထဲ ၀င်သွားပြီး ၁၅ နှစ်ကြာမှ ဖုန်းဆက်လာခဲ့တယ်။ ထောင်ထဲမှာ အဖမ်းခံနေရတယ်တဲ့။ အရင်ဆုံး သူနဲ့အတူ ထောင်ကျဖူးတဲ့ သူငယ်ချင်းက ရောက်လာပြီး ကျွန်မသားက ထောင်ထဲမှာ ကျန်ခဲ့တယ်။ သူက ငွေသုံးသိန်းပေးပြီး လွတ်လာပြီ၊ သားက ကျွန်မဆီက ငွေသုံးသိန်းနဲ့ လိုအပ်တဲ့ စာရွက်စာတမ်းတွေ ယူလာပေးပါလို့ ပြောလိုက်တယ်လို့ ပြောတယ်။ ပထမတော့ လာလိမ်တယ် ထင်တာပေါ့။ နောက်တော့သားက ဖုန်းဆက်လာခဲ့တယ်။ သားဆိုပေမယ့် ၁၅ နှစ်လောက် ဝေးသွားတော့ ငါ့သား မဟုတ်ဘူး ဆိုပြီး ဖုန်းချပစ်ခဲ့တယ်။ ချက်ချင်း ဖုန်းပြန်ဝင်လာတော့ ကျွန်မမေးသမျှ သူက မှန်အောင် ဖြေနိုင်တယ်။ ထောင်ကျနေတာ ခြောက်နှစ်လောက် ရှိပြီတဲ့။ ခုတော့ ထောင်ကလွတ်ပြီး ပြန်လာဖို့ လိုတဲ့ ငွေကို ရှိတဲ့ပစ္စည်းလေး ရောင်းပြီး၊ ချေးငှားပြီး ပေးလိုက်ပြီ''။
ထားဝယ်ခရိုင် လောင်းလုံမြို့နယ် အင်ကြီးရွာက ဒေါ်ကြည်သန်း၏ စကားသံ ဖြစ်ပါသည်။
သာမန်အားဖြင့်ကြည့်လျှင် ကျေးရွာတစ်ရွာက မိခင်တစ်ဦး၏ စကားဟုသာ မှတ်ထင်ဖွယ် ရှိသည်။ သို့သော် သည်စကားသည် မြန်မာနိုင်ငံ ဒေသအသီးသီးက ကျေးလက်ရွာကလေးများရှိ အမိအဖ အားလုံး၏ ပုံရိပ်ကို ထင်ဟပ်စေသော စကားဟု ဆိုလျှင် မမှားနိုင်ပေ။
မြန်မာနိုင်ငံ တစ်နံတစ်လျား ရှိကြသည့် ကျေးလက်ရွာကလေးများ အရေအတွက်ပေါင်း ၆၅၀၀၀ ကျော်ထဲက ရွာတစ်ရွာ၊ သို့မဟုတ် နှစ်ရွာ၊ သုံးရွာမျှ ရောက်ဖူးမည် ဆိုလျှင် ကျန်သောရွာများကို မှန်းဆ ကြည့်နိုင်မည် ဖြစ်သည်။
ပင်ပန်းသလောက် အကျိုးအမြတ် ပြန်မရသည့် လုပ်ငန်းများကို စွန့်ခွာ ချန်ထားခဲ့ကြသည်။ ချစ်သူခင်သူများကို ခွဲခွာခဲ့ကြသည်။ မြန်မာနိုင်ငံတွင် နိုင်ငံခြား မသွားဖူးသူ မရှိသော ရွာတစ်ရွာမျှပင် မကျန်တော့ဘူးဟု ဆိုနိုင်လာပြီ . . . |
လတ်တလောတွင်တော့ ကျေးလက်၌ မြင်တွေ့နေရသည့် ပုံရိပ်မှာ တစ်ခုတည်းသာဟု ဆိုနိုင်ပါသည်။ အိမ်ငယ်ကလေးများတွင် သက်ကြီးများကို ကျောင်းနေအရွယ် မြေးငယ်တို့နှင့် တွေ့ရမည်၊ လယ်ယာမြေများမှာ ကိုယ်တိုင် လုပ်ကိုင်ခြင်းကို တွေ့ရမည်၊ သားသို့မဟုတ်သမီးထံမှ မည်သို့သော အဆက်အသွယ်ကို ရသည် ဖြစ်စေ ကျေနပ်နေပျော်ခြင်း၊ တစ်ဖက်တွင် လွမ်းဆွတ်ခြင်းကို မြင်တွေ့ခံစားရမည်။
''သားသမီးလေးယောက် ရှိရာမှာ သုံးယောက်က ထိုင်းမှာ အလုပ် သွားလုပ်နေတယ်။ အိမ်မှာကျန်ခဲ့တဲ့ သမီးကြီးက သူတို့တွေ ထားခဲ့တဲ့ မြေးတွေကို ထိန်းကျောင်းပေးနေတယ်။
ကလေးတွေက ကျောင်းတက်နေကြတုန်းပါ။ ထိုင်းမှာပဲ အိမ်ထောင်ကျပြီး လူကြုံပွဲစားနဲ့ ဒီကိုပို့ပေးတဲ့ ကလေးတွေပေါ့။ ကလေးစရိတ်တော့ လစဉ် ပို့ပေးကြတယ်။ ဒီမှာ လယ်ယာလုပ်ငန်းကတော့ လုပ်မယ့်သူ မရှိတာနဲ့ ပဲခူးဘက်က လူငှား ခေါ်ထားရတယ်''ဟု မွန်ပြည်နယ် ချောင်းဆုံမြို့နယ် ကညှော်ကျေးရွာက ဦးချစ်တင်က ဆိုပါသည်။
မိဘဆွေမျိုးများနှင့် ဇာတိရပ်ရွာကို၊ တိုင်းပြည်ကို ခေတ္တမျှ စွန့်ခွာကာ သင့်လျော်ရာဒေသ၊ နိုင်ငံဆီသို့ သွားရောက်လျက် လူမှုဘ၀ ရေစီးကြောင်းတွင် ကျင်လည်ရသော ရွှေ့ပြောင်းမှု မျဉ်းပြိုင်သည် မြန်မာနိုင်ငံတွင် ဘယ်အချိန်ကစ၍ ပေါ်ပေါက်လာသည်ဟု အတိအကျပြောရန် ခက်ခဲမည် ထင်သည်။ ယခင်ကတည်းက ရှိနေတာ ဟုပင် ဆိုနိုင်သည်။ သို့သော် ၁၉၈၈ ခုနှစ် နောက်ပိုင်း နိုင်ငံကူးလက်မှတ် ထုတ်ပေးသည့် မူဝါဒ ပြောင်းလဲပြီး နောက်တွင်တော့ ပြည်ပ ထွက်ခွာသူ သိသိသာသာ တိုးတက်လာတာကို အားလုံး မျက်မြင် ဖြစ်ခဲ့ကြသည်။
၂၀၀၃ ခုနှစ်၊ ၂၀၀၄ ခုနှစ် နောက်ပိုင်းတွင် မလေးရှား အလုပ်အကိုင်က ရေပန်းစားလာသည်။ ရသောလစာငွေက မနည်းသလို ပညာအရည်အချင်း ကန့်သတ်ချက်ကလည်း နည်းပါးသည်။ မြန်မာလူငယ် အများစု အထူးသဖြင့် ကျေးလက်က လူငယ်လူရွယ်တို့ မလေးရှားဆီ ဦးတည်လာသည်။ ထိုင်းနိုင်ငံသို့လည်း နယ်ပယ်ချင်း နီးစပ်ရာ ဒေသများက လူငယ်တို့ ထွက်ခွာကြပြန်သည်။ မြန်မာလူငယ်တို့သည် ပညာတတ်မြောက်မှု၊ ငွေကြေးတတ်နိုင်မှုပေါ်တွင် အခြေခံကာ မိမိနှင့် အဆင်ပြေမည့် နိုင်ငံကို ရွေးချယ်ကြသည်။ ပညာနှင့် သွားသူက သွားသလို လုပ်အားနှင့် သွားသူက သွားကြသည်။ သည်လိုနှင့်ပင် ဆယ်စုနှစ်များကို လွန်မြောက်လာသည့် အခါတွင်တော့ ပြောင်းရွှေ့မှု ဆိုသည်မှာ ရိုးရာအသွင် ဖြစ်လာခဲ့ပေပြီ။
''ဘယ်လို အကြောင်းဖန်လာသလဲ ဆိုရင် ခေတ်အခြေအနေ ကြောင့်ပေါ့။ ပြည်တွင်းမှာ အလုပ်အကိုင်ရှိတယ် ဆိုပေမယ့် ခုအသက်မွေးဝမ်းကျောင်းထက် ပိုကောင်းဖို့၊ သားသမီးတွေရှေ့ရေး ကောင်းစားဖို့၊ လူတန်းစေ့ နေနိုင်ဖို့ ဆိုတာတွေကြောင့် သူတို့ အသိစိတ်ဓာတ်နဲ့ သူတို့ ထွက်သွားကြတာပဲ။ သူတို့ ပင်ပန်းကြရှာတယ်''။ ဦးချစ်တင်သည် အလုပ်လုပ်ကိုင်သူ မရှိတော့သော လယ်ယာမြေ အတွက် စိတ်ပူရသည်ထက် တစ်ဖက်နိုင်ငံက သားသမီးများကို ပိုပူပန်နေသည်။ သည်အပူသည် သူတစ်ဦးတည်း ပူပင်ရခြင်း မဟုတ်ပေ။ ကျေးလက်မှာ ကျန်ရစ်ခဲ့သော သက်ကြီးမိဘတိုင်း ပူပန်ရတာလည်း ဖြစ်သည်။
''ထိုင်းနိုင်ငံကို ဒေသအခေါ် တောလမ်း(အောက်လမ်း)ကနေ ပွဲစား အကူအညီနဲ့ သွားရတယ်။ ကရင်ပြည်နယ်၊ မွန်ပြည်နယ်က ရွေ့လျား အလုပ်သမား မှန်သမျှ ပွဲစားနဲ့ သွားကြတာ များတယ်။ စက်ရုံ အလုပ်သွင်းဈေးက တစ်ယောက်ကို ကျပ် ၄၅၀၀၀၀ ကနေ ၅၀၀၀၀၀အထိ ရှိတယ်။ အလုပ်သွင်းခ မပါရင် ကျပ် ၃၀၀၀၀၀ ပေါ့။ လေး၊ ငါးလ ခြားပြီး နယ်စပ် ငွေလွှဲတွေနဲ့ မိဘဆီ ပို့ပေးပါတယ်။ ဟိုမှာက ကလေးတွေ အရမ်း ပင်ပန်းရှာပါတယ်။ ညီအစ်ကို နှစ်ယောက်လုံး မဟာချိုင် ငါးသေတ္တာ စက်ရုံမှာ လုပ်တာပါ။ နေထိုင် စားသောက်စရိတ် နုတ်ပြီး ငွေပို့ကြတယ်။ ဒါကြောင့် ကျန်တဲ့ မောင်နှမတွေကို ကျောင်းဆက်ထားနိုင်ပါတယ်''။ သားသမီးများကို ခွဲခွာလိုက်ရသော မိဘများစွာထဲ အပါအ၀င် ဖြစ်သည့် ကရင်ပြည်နယ် ဘားအံမြို့က ဒေါ်ခင်မြင့် ဖြစ်ပါသည်။
သည်နှစ်များအတွင်း ကျေးလက်တွင် စိုက်ပျိုးရေးလုပ်ငန်းက မကောင်း။ ရာသီဥတု အပြောင်းအလဲအပေါ်မှီကာ လုပ်ကိုင်လာရသည်။ တစ်နှစ်တစ်နှစ် လုံးချာလည် လိုက်နေကြသည်က အများစု ဖြစ်သည်။ အကျိုးအမြတ်နည်းသော လုပ်ငန်း များအပေါ် လူငယ်တို့ စိတ်ဝင်စားမှု နည်းပါးလာသည်။ မိဘက လယ်လုပ်စေချင်သည်၊ အိုးမကွာ အိမ်မကွာ နေစေချင်သည် ဆိုသော်လည်း မနေနိုင်ကြတော့ပေ။ ပင်ပန်းသလောက် အကျိုးအမြတ် ပြန်မရသည့် လုပ်ငန်းများကို စွန့်ခွာ ချန်ထားခဲ့ကြသည်။ ချစ်သူခင်သူများကို ခွဲခွာခဲ့ကြသည်။ မြန်မာနိုင်ငံတွင် နိုင်ငံခြား မသွားဖူးသူ မရှိသော ရွာတစ်ရွာမျှပင် မကျန်တော့ဘူးဟု ဆိုနိုင်လာပြီ။
အသက်ရနေပြီ ဖြစ်သည့် မိဘ၊ ဇာတိရပ်ရွာ တို့ကို စွန့်ခွာရခြင်းသည် တကယ်တော့ လွယ်ကူသော ကိစ္စရပ် မဟုတ်ပါပေ။ တွန်းအားများကြောင့်သာ ဆုံးဖြတ်ကြရသည်။ တစ်ဖက်တွင်လည်း သူတို့ ဦးတည်ရောက်ရှိသွားရာ နိုင်ငံများတွင် ပင်ပန်းမှုက ဆီးကြိုနေသည်သာ ဖြစ်သည်။ မိခင် တိုင်းပြည်မှ ထွက်ခွာပြီး တိုင်းတပါးတွင် အလုပ်လုပ်ကိုင်ပြီ ဆိုကတည်းက မည်သည့်နိုင်ငံသား မဆို အခက်အခဲ ရှိနိုင်မည် ဖြစ်သည်။ ကောင်းကျိုးအဖြစ် မိသားစုကို ထောက်ပံ့နိုင်ခြင်း၊ လုပ်အားနှင့် ထိုက်တန်သော ငွေကြေးကို ရရှိနိုင်ခြင်း၊ ပညာဆည်းပူးနိုင်ခြင်း စသည်တို့ ရရှိကြပြီး အခြားသော တစ်ဖက်တွင်မူ အလုပ်ရှင်က နိုင်ငံသား အလုပ်သမားများနှင့် ခွဲခြားဆက်ဆံ ခံရခြင်း၊ လုပ်အားကို အလွဲသုံးစား အလုပ်ခံရခြင်း၊ လုပ်သားအား ချုပ်ကိုင်ထားခြင်း စသည်တို့ကိုလည်း ကြုံတွေ့ရသည်သာ ဖြစ်သည်။
မြန်မာလူငယ်တို့သည် စိန်ခေါ်မှု များစွာကို ရင်ဆိုင်လျက် ရေခြားမြေခြားတွင် နေ့ရက်များကို ဖြတ်သန်းနေကြသည်။ ကျေးရွာများက နေအိမ်များတွင် ကျန်ရစ်ခဲ့သော မိဘများကလည်း သားသမီးများ အတွက် မေတ္တာပို့ရင်း၊ နေ့တဓူဝ ကိစ္စများကို တတ်စွမ်းသမျှ အားနှင့်လုပ်ကိုင်ရင်း နေ့ရက်များကို ကျော်လွန်လာကြသည်။ တစ်နေ့တော့ တစ်မိုးအောက်က ထမင်းဝိုင်းကလေးတွင် ပြန်ဆုံရမည် ဆိုသည်မှာ အားလုံး၏ မျှော်လင့်ချက်ပင်။
''အဘက လေဖြတ်ထားတာ နှစ်နှစ်ကျော်ပြီ။ သားသမီးတွေက အကုန်လုံး ထိုင်းမှာ။ မြေးပဲ ကျန်ခဲ့တယ်။ သားသမီးတွေက အဘလေထိစက ဆင်းလာကြသေးတယ်။ ပြုစုကြတယ်။
တစ်လ၊ နှစ်လတော့ နေကြတာပေါ့လေ။ ရက်ကြာလာတော့ သူဌေးက ဖုန်းဆက်ခေါ်တယ်။ အဖေကိုတော့ စိတ်မချဘူးပေါ့။ ဒါပေမယ့် ၀မ်းရေးက ရှိသေးတယ် မဟုတ်လား။ ဆွေမျိုးထဲက တစ်ယောက်ကို အိမ်မှာ အလုပ်လုပ်ဖို့ လခနဲ့ခေါ်ထားပေးခဲ့ကြတယ်။ သူတို့ ပို့တဲ့ငွေနဲ့ပဲ နေထိုင်စရိတ်၊ ကုသစရိတ် ကာမိရုံ ဖြစ်နေတာ။ စကား ကောင်းကောင်း ပြန်ပြောနိုင်တာကလွဲရင် လမ်းမလျောက်နိုင်သေးဘူး။ မသန်စွမ်း ဖြစ်နေချိန်မှာတော့ အနားမှာ ရှိစေချင်တာ ပေါ့လေ။ သူတို့ကလည်း ပြန်လာချင်ကြတယ်။ ဒါပေမယ့် ပြန်လာရင်ရော ဘာအလုပ်လုပ်မလဲ။ သူတို့လည်း အဲဒါပဲတွေးပြီး ခပ်ဝေးဝေးမှာ နေကြတာ''ဟု သားသမီးများကို လွမ်းဆွတ်ခြင်း၊ နားလည်ခြင်းများနှင့် ဘားအံမြို့က မိဘတစ်ဦးက ရင်ဖွင့်ပြသည်။
ရွှေ့ပြောင်းလုပ်သား လူငယ်လူရွယ် တချို့သည် တချို့သော ပိတ်ရက်များမှာတော့ ဇာတိ ကျေးရွာများဆီ ပြန်လာတတ်ကြသည်။ တချို့ကတော့ ဝေးသည့်အတွက် မပြန်နိုင်။ ပြန်လာသူတို့ ပြန်လာသည့် အခိုက်တွင်တော့ ကျေးရွာတို့သည် လူငယ် လူရွယ်သံတို့ဖြင့် အသက်ဝင်တတ်သည်။ သို့သော် ပြန်ချိန်တန်လျှင်တော့ ထုံးစံအတိုင်း အရာအားလုံး တိတ်ဆိတ် ငြိမ်သက်မြဲ။ အသေအချာ နားစိုက်ထောင်မည် ဆိုလျှင်တော့ အမိအဖတို့၏ ရင်မောစွာ သက်ပြင်းချသံများကို ကြားနိုင်သည်။
''တစ်နေ့ သူတို့ ပြန်လာကြမှာပဲလေ''။ မွန်ပြည်နယ် ချောင်းဆုံမြို့နယ်က ဦးချစ်တင်သည် မျှော်လင့်ချက်ဖြင့် ပြုံးလျက် ဆိုလိုက်သည်။ ထိုစကားသည် ဦးချစ်တင် တစ်ဦးတည်းထံတွင် ကြားနိုင်သည့်စကား မဟုတ်ပါပေ။ မြန်မာပြည် တစ်နံတစ်လျားက ကျေးရွာလေးများတွင် ရှိနေမည့် ကျန်ရစ်သူ သက်ကြီးမိဘများကို မေးကြည့်မည်ဆိုလျင် ကြားခွင့်ရမည့် စကားသာ ဖြစ်ပေသည်။
ကျေးလက်ရှိ လမ်းကလေးများပေါ်တွင်တော့ ကလေးငယ်များက ပြေးလွှားဆော့ကစားဆဲ။ သူတို့သည် ပညာသင်ယူဆဲ။ တစ်နေ့တွင် ရှေ့က မိဘများ၊ အစ်ကို၊ အစ်မများလို ကျေးလက်ဇာတိကို စွန့်ခွာသွားမလား၊ နိုင်ငံတွင် လူ့စွမ်းအား အရင်းအမြစ်များ အဖြစ် ဆက်ရှိနေမလား ဆိုသည်ကတော့ လက်ရှိတွင် ပုစ္ဆာတစ်ပုဒ်အသွင်သာ ရှိသည်။
လူငယ်တို့ စွန့်ခွာသွားပြီ ဖြစ်သော ကျေးလက် အိမ်ငယ်ကလေးများတွင်တော့ အမိအဖတို့သည် ဘယ်အချိန် ပြန်လာမည် မသိနိုင်သေးသော သားသမီးတို့၏ အိမ်အပြန်လမ်းကို မျှော်လင့်နေကြဆဲ ဖြစ်ပါသည်။
Credit: http://www.news-eleven.com
No comments:
Post a Comment