Tuesday, August 16, 2011

ကွမ်ယင်ဆိုသည်မှာ (အပိုင်း နှစ်)

"မှန်တာပေါ့ ကိုလင်းရာ၊ အဲဒီဝါဒရဲ့အကျိုးဆက်ကတော့ 'ကိုယ့်ကိုယ်ကို ဘုရားလောင်းအဖြစ် ခံယူထားတဲ့ရဟန်းတွေဟာ သူတို့က ဘုရားဖြစ်မယ့်သူတွေမို့ သာမန်ရဟန်းတွေထက်မြတ်တယ်၊ တစ်ဘ၀တည်းကျင့်ကြံအားထုတ်ပြီး နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်ပါရက်နဲ့ သတ္တ၀ါတွေအပေါ် အတိုင်းမသိညှာတာတဲ့ ကရုဏာအနန္တနဲ့ ဘုရားဖြစ်တဲ့အထိ ဘ၀အဆက်ဆက် ပါရမီဖြည့်ကျင့်မယ့်သူတွေမို့ သာမန် ရဟန်းတွေလို ၀ိနည်းသိက္ခာပုဒ်တွေကို လိုက်နာနေစရာမလိုတော့ဘူး' လို့ခံယူလာကြတယ်။ တချို့ဆို ရဟန်းလို့သာအမည်ခံထားပေ မယ့် နေချင်သလိုနေ၊ ၀တ်ချင်သလိုဝတ်နဲ့ စည်းလွတ်ဝါးလွတ်ဖြစ်လာကြတယ်၊ ၀ိနည်းအသစ်အဆန်းထွင်တဲ့လူတွေက ထွင်လာကြ တယ်"

'ကျွန်တော်တို့ဆီက လူဝတ်ကြောင်တချို့ သူတို့ကိုယ်ကို သောတာပန်ဖြစ်နေပြီမို့ ပုထုဇဉ်ရဟန်းတွေကို ဦးချဝတ်ပြုနေစရာမလိုတော့ ဘူး၊ လူဝတ်ကြောင်ပေမယ့် ပုထုဇဉ်ရဟန်းထက်မြင့်မြတ်သွားပြီဆိုတဲ့အယူအဆမျိုးနဲ့ ခပ်ဆင်ဆင်ပဲဗျနော'

'နှိုင်းယှဉ် စဉ်းစားသင့်တဲ့ကိစ္စတစ်ရပ်ပဲပေါ့ ကိုလင်းရာ၊ တစ်ချိန်တည်းမှာပဲ ဂရိနွယ်ဖွားဂန္ဓာရတိုင်းသားတွေရဲ့ ပန်းပုထုလုပ်မှုအတတ် ပညာထွန်းကားလာမှုနဲ့အတူ သကျမုနိဂေါတမဗုဒ္ဓ၊ အရိမေတ္တယျဘုရား အလောင်းနတ်သား၊ အ၀လောကိတေဿရစတဲ့ သူတို့ ကိုးကွယ်ရာပုဂ္ဂိုလ်တွေရဲ့ပုံသဏ္ဌာန်ကို ကျောက်ဆစ်ရုပ်တုတွေထုလုပ်လာကြတယ်။ ပြီးတော့ ကိုးကွယ်ဝတ်ပြုမှုတွေလုပ်လာကြတယ်။ ဗြာဟ္မဏ၀ါဒီတွေက သူတို့ကိုးကွယ်ရာနတ်ဘုရားကြီးတွေကို ပန်း၊ရေချမ်း၊ဆွမ်း၊ဆီမီးကပ်လှူပူဇော်ကြတဲ့ ဘက္တိ (Bhakti) အယူအဆကို အတုယူ ပြီး ဗုဒ္ဓဘက္တိကို တီထွင်လာကြပြန်တယ်လေ'

'အင်း....ဗုဒ္ဓရုပ်ပွားတော်ကိုးကွယ်မှုအစ မဟာယာနကလို့ဆိုရမှာပဲ၊ မဟာယာနဆိုတာကလည်း မူရင်းဗုဒ္ဓ၀ါဒကိုဟိန္ဒူဗြာဟ္မဏ၀ါဒနဲ့ ဂရိအတွေးအခေါ်တွေ ရောမွှေထားတာဆိုတော့ ဗုဒ္ဓရုပ်ပွားကိုးကွယ်မှုဆိုတဲ့ အသွင်သဏ္ဌာန်လောက်ပဲကျန်ခဲ့ပြီး အနှစ်သာရမှာတော့ မှားယွင်းဖောက်ပြန်တဲ့အယူတွေကသာ လွှမ်းမိုးထားတာပဲမဟုတ်လား'

'မှန်တာပေါ့ ကိုလင်းရာ၊ မဟာယာနဂိုဏ်းကွဲတစ်ချို့ဟာ ဘယ်လောက်အထိ ဖောက်ပြန်သွားသလဲဆိုရင် ဗုဒ္ဓမြတ်စွာထက်တောင် သူတို့ ရဲ့ကယ်တင်ရှင်ဗောဓိသတ္တ အ၀လောကိတေဿရက ပိုပြီးမြင့်မြတ်တယ်လို့ယူဆလာကြတယ်။ ဗုဒ္ဓဘုရားရှင်ကို အဖြစ်လောက်သာ ကိုးကွယ်ပြီး အ၀လောကိတေဿရကို အထွတ်အမြတ်ထားလာကြတယ်။ အ၀လောကိတေဿရကိုပဲ သူပိုင်ဆိုင်တဲ့စွမ်းအင်သတ္တိတွေ အပေါ်ရည်စူးပြီး နာမည်အမျိုးမျိုးပေး၊ ပုံသဏ္ဌာန်အမျိုးမျိုး၊ မုဒြာအဖုံဖုံနဲ့ ထုလုပ်ကိုးကွယ်လိုက်ကြတာ စုစုပေါင်း(၁၀၈)မျိုးအထိ ရှိခဲ့ တယ်ဆိုပဲ'

'အဲဒီ အ၀လောကိတေဿရ ဘုရားအလောင်းကိုးကွယ်မှုဟာ ကျွန်တော်တို့မြန်မာပြည်ကိုရော ရောက်ခဲ့သေးသလားဗျ'

'ဟာ...သိပ်ရောက်ခဲ့တာပေါ့ ကိုလင်းရာ၊ ပုဂံပြည်မှာ မဟာယာနအနွယ် တန္တရ၊ မန္တရဂိုဏ်းဝင်အရည်းကြီးတွေ ကောင်းစားခဲ့စဉ်အခါက ဆိုရင် အ၀လောကိတေဿရ၊ မဉ္ဇူသိရီစတဲ့ ဗောဓိသတ္တရုပ်ပုံတွေကို ထုလုပ်ရေးဆွဲ ကိုးကွယ်ခဲ့ကြတာပဲ။ အထူးသဖြင့် အပယ်ရတနာ၊ မြင်းကပါ၊ ဂူပြောက်ကြီး၊ မင်းနန်သူက ဘုရားသုံးဆူနဲ့ နန္ဒပညာဘုရားတို့မှာ တွေ့နိုင်တယ်။ ပုဂံက လောကဦးသျှောင်ဘုရားမှာဆိုရင် အ၀လောကိတေဿရရဲ့ ကိုယ်ပွားတစ်ဦးဖြစ်တဲ့ လက်ရှစ်ဖက်ပိုင်ရှင် ၀ဇိရပါဏိဗောဓီသတ္တပုံကိုတွေ့နိုင်တယ်။ ပုဂံမှာ မိုးခေါင်တဲ့အခါ အရည်းကြီးတွေဦးဆောင်မှုနဲ့ ပုဂံသားတွေဟာ ၀ရဇိန်လက်နက်ပိုင်ရှင် ၀ဇိရပါဏိဗောဓိသတ္တကို ပူဇော်ပသလေ့ရှိကြတယ်ဆိုပဲဗျ။ အ၀ လောကိတေဿရကိုပဲ ပုဂံကစေတီပုထိုးတချို့မှာ လောကနတ်လို့ ကျွန်တော်တို့ခေါ်လေ့ရှိတဲ့ လောကနာထဗောဓီသတ္တအဖြစ်နဲ့ ရေး ဆွဲထုလုပ်ထားတာ တွေ့နိုင်ပါတယ်။ အခုခေတ်မှာတောင် ကျွန်တော်တို့ ထေရ၀ါဒဗုဒ္ဓဘာသာဝင်တချို့ဟာ ဘုရားအလောင်းဆင်းတု တချို့ကို ဘုရားဆင်းတုတော်အမှတ်နဲ့ မှားယွင်းပြီး ကိုးကွယ်ပူဇော်နေကြတာ မကြာခဏတွေ့နိုင်ပါသေးတယ်။ အမှန်တော့ အ၀ လောကိတေဿရဆိုတာကလည်း ဗြာဟ္မဏ၀ါဒီတို့ရဲ့ နတ်ဘုရားကြီးသီဝ (ခေါ်) မဟေသရကို အပယ်ခံဗုဒ္ဓဘာသာ ဂိုဏ်းသားတွေက အတုယူဖန်တီးထားတာပဲဆိုတာ ဆက်စပ်တွေးခေါ်ကြည့်ရင် သိနိုင်ပါတယ်'

'မဟေသရမှာ သူ့ရဲ့ ရှတ်ကတိ(သတ္တိ)ကို ကိုယ်စားပြုတဲ့ ကြင်ရာတော် ပဗ္ဗတီ (ခေါ်) ကာလီနတ်သမီးကြီးရှိတယ်ဗျ၊ အခု မဟာယာနတို့ ရဲ့ အ၀လောကိတေဿရဗောဓိသတ္တမှာကော ကြင်ရာတော် ရှိရဲ့လား။'
'ရှိပါ့ဗျာ၊ အ၀လောကိတေဿရရဲ့ ကြင်ရာတော်ကတော့ ပညာပါရမီတာနတ်သမီးတဲ့လေဗျာ၊။ ပညာဥာဏ်နဲ့ ကယ်တင်နိုင်တဲ့ အစွမ်း သတ္တိရှိသူလို့လည်း အဓိပ္ပာယ်ရသဗျ။ ဒါ့အပြင် အ၀လောကိတေဿရမှာ ခမည်းတော်အမိတာဘာနဲ့ မယ်တော်ပါဏ္ဍရာနတ်ဘုရားမ ကြီးတို့တောင်ရှိသေးဗျ'
"ဟုတ်ပါ့မလားဗျာ၊ ကျွန်တော်တို့ဆီမှာခေတ်စားနေတဲ့ တိဗက်ကလာတဲ့ဂါထာလေဗျာ၊ ဘာတဲ့ 'ဥုံ မဏိပဒ္ဓ မေဟုံ' ဆိုတဲ့ အ၀လောကိ တေဿရကို ပူဇော်တဲ့ဂါထာမှာဖြင့် အ၀လောကိတေဿရက ကြာပွင့်ထဲကမွေးဖွားလာတာဆိုဗျ"
'ကြာပွင့်ဆိုတာ တင်စားချက်တစ်ခုပါဗျာ၊ အမှန်က တန္တရဂိုဏ်းဝင်တွေဟာ ကြာပွင့်ကိုအနက်အမျိုးမျိုးဖွင့်ကြရာမှာ မိန်းမရဲ့အင်္ဂါဇာတ် ဆိုတဲ့အနက်ကိုလည်းပေးတယ် ကိုလင်းရေ့'
'ဟာ....ဒီတန္တရ၊ မန္တရဆိုတာတွေကလည်း ရှုပ်မှရှုပ်ပါပဲဗျာ၊ ဒါ့ထက် ကြင်ရာတော်ပညာပါရမီတာနတ်သမီးကရော ဘယ်ကရောက် လာပါလိမ့်'

'ကျွန်တော်ဖတ်ဖူးသလောက်ပြောရရင်တော့ သာသနာသက္ကရာဇ် ခုနှစ်ရာစုဝန်းကျင်မှာ မဟာယာန၀ါဒီ မဇ္ဈိမကဂိုဏ်းခေါင်းဆောင် အရှင် နာဂဇ္ဇုနနဲ့ သူ့ရဲ့အစဉ်အဆက်တွေဟာ ဘုရားအလောင်းလမ်းစဉ်ကို လိုက်နာကျင့်ကြံကြရာမှာ ပညာပါရမီဟာအဓိကကျကြောင်း ဖော် ညွှန်းတဲ့ ပညာပါရမိတာကျမ်းစာတွေကို စီရင်ခဲ့ကြတယ်လို့အဆိုရှိတယ်'

'အရှင်နာဂဇ္ဇုနကလည်း အရှင်အဿဃောသရဲ့ အဆက်အနွယ်မဟာယာနခေါင်းဆောင်တစ်ဦးပဲ ဆိုပါတော့'
'ဟုတ်ပါ့ဗျာ၊ သူဟောခဲ့တဲ့တရားတွေကို နဂါးပြည်ကရခဲ့တာဖြစ်တယ်၊ ဗုဒ္ဓမြတ်စွာရှိစဉ်အခါက အဆင့်မြင့်ကျင့်စဉ်တွေကို လူ့ပြည်မှာ မဟောဘဲ နဂါးပြည်မှာဟောခဲ့တယ်လို့လည်း သူ့ရဲ့အဆက်အနွယ်တွေက ယုံကြည်ခဲ့ကြတယ်ဗျ'

'ကြံကြံဖန်ဖန်ဗျာ၊ ဗုဒ္ဓက လောကမှာလူသာလျှင်အမြတ်ဆုံးလို့ ဟောကြားခဲ့ရက်နဲ့ အဆင့်မြင့်ကျင့်စဉ်တရားတွေကို အဟိတ်တိရစ္ဆာန် နဂါးတွေဆီမှာဟောခဲ့ပါ့မလား'
'လူတွေရဲ့ အထင်ကြီးလေးစားမှုကိုလိုချင်လို့ ပရိယာယ်သုံးခဲ့တာဖြစ်ပါလိမ့်မယ်၊ ရှေးခေတ်အခါတုန်းက အိန္ဒိယပြည် ဒေသခံတိုင်းရင်း သားအတော်များများဟာ မြွေတွေကို သူတို့ကိုးကွယ်ရာနတ်တွေအဖြစ် ယူဆခဲ့ကြတယ်၊ ဒေသခံမြွေကိုးကွယ်မှုနဲ့ နောက်ဝင်လာတဲ့ အာရိယန်အတွေးအခေါ်တွေ ရောနှောသွားပြီး နဂါးဆိုတဲ့အဆင့်မြင့်သတ္တ၀ါတစ်မျိုးကို ဖန်တီးလိုက်ကြတာပါပဲ၊ အဲဒီဓလေ့ဟာ ကျွန်တော် တို့ဆီတောင်ရောက်ခဲ့ပြီး မြွှေနဂါးရုပ်ကြီးကို တကောင်းဘိုးဘိုးကြီးအဖြစ်နဲ့ ကိုးကွယ်ကြသေးတာပဲ မဟုတ်လား'

'ဟုတ်ပါ့ဗျာ၊ ဗေဒင်ယတြာအရလည်း နဂါးလှည့်နဂါးပတ်တွက်ချက်၊ နဂါးခံတွင်းထဲမကျအောင် ရှောင်ပြီးပြောင်းကြရွှေ့ကြတဲ့ အယူအဆ ဟာ အခုအထိရှိသေးတာပဲ၊ လွန်ခဲ့တဲ့ ဆယ်စုနှစ်လောက်ကတောင်မှ ပုဂ္ဂိုလ်တစ်ဦးက သူ့ကိုယ်ကိုသူရဟန္တာဖြစ်နေပြီ၊ နဂါးပြည်ကို သူ ရောက်ခဲ့ဖူးတယ်၊ ဘာညာလှိမ့်ပတ်ပြီး တပည့်တပန်းတွေဆီက ရွှေငွေလက်ဝတ်ရတနာတွေအလှူခံ၊ အလွဲသုံးစားလုပ်လို့ ပါရာဇိကံ ထိုက်ပြီး သာသနာတော်သန့်ရှင်းရေးမှာ ပါသွားခဲ့ဖူးသေးတာပဲ'

'ဒါလည်း နှိုင်းယှဉ်စဉ်းစားသင့်တဲ့ ကိစ္စတစ်ရပ်ပဲပေါ့ဗျာ၊ အခုနစကားဆက်ရရင် နာဂဇ္ဇုနနဲ့ သူ့နောက်လိုက်တွေ စီရင်ခဲ့တယ်လို့အဆိုရှိ တဲ့ ပညာပါရမီတာစာပေတွေဟာ မဟာယာန၀ါဒီတွေအကြား အတော်ရေပန်းစားလာခဲ့ကြတယ်။ ဒီစာပေတွေရဲ့လိုရင်းကတော့ ဗောဓိ သတ္တ ဟာ သတ္တ၀ါတွေကိုကယ်တင်ဖို့ မေတ္တာကရုဏာထားရှိရာမှာ ပညာဥာဏ်မပါလို့မဖြစ်ဘူး၊ ပညာပါရမီကို မဖြစ်မနေဖြည့်ကျင့် ရမယ်၊ ပညာပါရမီနဲ့ မေတ္တာကရုဏာတို့ပေါင်းစည်းမှုနဲ့သာ ပြည့်စုံခြင်းကိုရောက်ပြီး ဗောဓီသတ္တကိစ္စပြီးမယ်ပေါ့ဗျာ၊ မေတ္တာရှင်အ၀ လောကိတေဿရဟာ အဖိုဓာတ်ဖြစ်ပြီး ပညာပါရမီဟာ အမဓာတ်ဖြစ်တာမို့ အဖိုနဲ့အမပေါင်းစပ်ခြင်းအားဖြင့် မဟာသုခကိုရရှိစေ တယ်လို့လည်း နောက်ပိုင်းမှာချဲ့ထွင်ဟောပြောလာခဲ့ကြပြန်တယ်။ ဒီလိုနဲ့ အ၀လောကိတေဿရရဲ့ အစွမ်းသတ္တိတစ်ခုဖြစ်တဲ့ ပညာ ပါရမီကို ဣတ္ထိလိင်ဆောင်စေပြီး ပညာပါရမီတာနတ်သမီးရယ်လို့ ရုပ်ထုတွေထုလုပ်ကိုးကွယ်လာခဲ့ကြတယ်ဗျ'

'ဘုရားအလောင်းကျင့်စဉ်ကိုလိုက်နာသူ ဗောဓီသတ္တတွေအနေနဲ့ သတ္တ၀ါတွေအပေါ်ထားရှိရမယ့် ကရုဏာတရားကို အ၀လောကိ တေဿရရုပ်ထုနဲ့သင်္ကေတပြုခဲ့ရာက အ၀လောကိတေဿရကိုးကွယ်မှုစတင်ခဲ့သလို ဖြည့်ဆည်းရမယ့်ပညာပါရမီကို ပညာပါရမီတာ နတ်သမီးရုပ်ထုနဲ့ သင်္ကေတပြုခဲ့ရာက ပညာပါရမီတာနတ်သမီးကိုးကွယ်မှု စခဲ့ဟန်တူပါရဲ့'

'ဖြစ်နိုင်တာပေါ့ဗျာ။ အမှန်ကတော့ အ၀လောကိတေဿရနဲ့တကွ ဗောဓိသတ္တရုပ်ထုမျိုးစုံတွေဟာ မဟာယာန၀ါဒလာအယူအဆတွေကို သင်္ကေတအဖြစ်ပုံဖော်ရာက စတင်ခဲ့ပြီး နောက်ပိုင်းကျမှတကယ့် သက်ရှိ ထင်ရှားနတ်ဘုရားတွေလို့ မှတ်ယူပူဇော်ပသခဲ့ကြတာ ဖြစ် တယ်လို့ သုတေသီအတော်များများကလည်း ယုံကြည်လက်ခံထားကြတယ်ဗျ'

'ဗောဓိသတ္တနဲ့ သူ့ရဲ့သတ္တိကို အဖိုအမခွဲပုံကတော့ ဗြာဟ္မဏ၀ါဒနဲ့ အတော်တူသားနော်'
'တူဆို ကိုလင်းရယ်၊ သီဝနတ်ဘုရားကို ကိုးကွယ်တဲ့ ဗြာဟ္မဏ၀ါဒီတန္တရဂိုဏ်းဝင်တွေရဲ့ အယူအဆကို မဟာယာန၀ါဒီတွေက အတုယူပြီး ဗုဒ္ဓတန္တရကိုတီထွင်ခဲ့ကြတာပဲ။ ဖိုမဆက်ဆံမှုကို ဘာသာရေးကျင့်စဉ်တစ်ရပ်အဖြစ် အသွင်ပြောင်းယူထားတဲ့ ဗြာဟ္မဏ၀ါဒီ တန္တရဂိုဏ်း သားတွေရဲ့ သီဝနဲ့ကာလီမယ်တော် လိင်အင်္ဂါချင်းယှက်တင်ပုံ ထုလုပ်ကိုးကွယ်တဲ့ဓလေ့ကို အတုယူပြီး ဗုဒ္ဓတန္တရဂိုဏ်းသားတွေကလည်း အ၀လောကိတေဿရနဲ့ ပညာပါရမီတာနတ်သမီးတို့ တစ်ဦးကိုတစ်ဦးပွေ့ဖက်ယှက်တင်နေတဲ့ပုံမျိုးတွေ ထုလုပ်ကိုးကွယ်လာခဲ့ကြပြန် တယ်။ အဲဒါကို မဟာယာနအနွယ်ဝင် တန္တရဂိုဏ်းသားတွေက မဟာမုဒြာလို့ခေါ်ကြတယ်။ တိဗက်မှာတော့ အဖေနဲ့အမေလို့အဓိပ္ပာယ် ရတဲ့ ယက်ယုံ (Yabyum) လို့ခေါ်ကြတယ်ဆိုပဲ။ တန္တရဂိုဏ်းသားတွေဟာ အဲဒီမဟာမုဒြာကို စူးစူးစိုက်စိုက်ကြည့်ပြီး ကမ္မဋ္ဌာန်းထိုင်လေ့ ရှိကြတယ်ဗျ'

'အေးဗျ၊ ခေတ်သစ် ဓနရှင်နိုင်ငံကြီးတစ်ချို့က တရုတ်နဲ့ဂျပန်အမျိုးသားပိုင် စတိုးဆိုင်ကြီးတွေမှာတောင် လူယောက်ျားနဲ့မိန်းမ သံဝါသပြု နေပုံ ဆင်စွယ်ရုပ်ထုလေးတွေကို လာဘ်ရွှင်တယ်ဆိုပြီး အဆောင်အဖြစ်နဲ့ တရိုတသေ အထွတ်အမြတ်ထားတတ်တဲ့အကြောင်း ကျွန်တော်ဖတ်ဖူးတယ်၊ ဒီအယူအဆဟာလည်း ကိုဝင်းပြောတဲ့တန္တရ၀ါဒအငွေ့အသက်မကင်းဘူးထင်တယ်'

'ဖြစ်နိုင်တာပေါ့ ကိုလင်းရာ၊ အ၀လောကိတေဿရနဲ့ ပညာပါရမီတာနတ်သမီးကိုးကွယ်မှုဟာ သာသနာသက္ကရာဇ် ရှစ်ရာစုဝန်းကျင်မှာ တရုတ်ပြည်ကို ရောက်သွားခဲ့တယ်။ သာသနာသက္ကရာဇ် တစ်ဆယ်ရာစုလောက်ရောက်တော့ မဟာယာနဗုဒ္ဓဘာသာဟာ တရုတ်ပြည်မှာ စနစ်တကျအမြစ်တွယ်ခဲ့ပြီဗျ။ အဲဒီကမှတဆင့် နောက်ပိုင်းရာစုတွေမှာ ကိုရီးယား၊ ဂျပန်စတဲ့ အရှေ့ဖျားနိုင်ငံတွေကို ပျံ့နှံ့သွားခဲ့တာပဲ။ မဟာယာနရဲ့ အရေးအပါဆုံးကျမ်းတစ်ဆူဖြစ်တဲ့ သဒ္ဓမ္မပုဏ္ဍရိကကျမ်းကို တရုတ်လိုပြန်ဆိုပြီးတဲ့အခါမှာတော့ မဟာယာန၀ါဒဟာ တရုတ်ပြည်မှာ အကြီးအကျယ်ထွန်းကားလာခဲ့တော့တာပေါ့ဗျာ'

'အဲဒီ သဒ္ဓမ္မပုဏ္ဍရိကကျမ်းကို ဘယ်သူပြုစုခဲ့တာတုံး'

'မဟာယာနမှတ်တမ်းတွေကတော့ ကျမ်းပြုဆရာအသင်္ဂလို့ဆိုကြတယ်၊ အိန္ဒိယပြည်အနောက်မြောက်ဘက် ဂန္ဓာရတိုင်းက ပက်ရှဝါမြို့ သား ပထန်အမျိုးသားတစ်ဦးပေါ့ဗျာ။ သူ့အမည်ရင်းက ၀သုဗန္ဓုဖြစ်ပြီး အဲဒီနာမည်တစ်ခုတည်းကိုပဲ ညီအစ်ကိုသုံးယောက်က ယူထားကြ တယ်ဆိုပဲ။ သာသနာသက္ကရာဇ်ကိုးရာကျော်လောက်မှာ ပေါ်ထွန်းခဲ့ကြပြီး ကသ္မီယတိုင်းက သဗ္ဗတ္တိဝါဒဂိုဏ်းမှာ အစ်ကိုနှစ်ဦးကရဟန်းခံ ခဲ့ကြတယ်။ အစ်ကိုကြီးဝသုဗန္ဓုကို ပုဗ္ဗဣ၀ိဒေဟဒေသမှာ အရှင်ပိဏ္ဍောလမထေရ်က ထေရ၀ါဒကို ဟောပြောသင်ကြားပေးခဲ့ပေမယ့် တရားမရခဲ့ဘူးတဲ့။ ဒါနဲ့မကျေနပ်လို့ တုသိတာနတ်ပြည်တက်ပြီး အရိမေတ္တေယျဘုရားအလောင်းနတ်သားဆီမှာ တရားသွားနာတော့မှ တရားအမြင်ပေါက်သွားသတဲ့။ အဲဒီလိုတရားပေါက်ပြီး တပ်မက်မှုကင်းသူဖြစ်လို့ သူ့ကိုယ်သူအသင်္ဂလို့ အမည်ပြောင်းလိုက်ဆိုပဲ'

'အသင်္ဂစီရင်ခဲ့တယ်လို့အဆိုရှိတဲ့ သဒ္ဓမ္မပုဏ္ဍရိကကျမ်းရဲ့အလိုကရောဗျာ'

'သူတော်ကောင်းတရားကိုပြသောကျမ်းလို့ အဓိပ္ပာယ်ယူနိုင်တဲ့ သဒ္ဓမ္မပုဏ္ဍရိကကျမ်းမှာ ကျမ်းပြုဆရာက ဗုဒ္ဓမြတ်စွာဟာလူသားမဟုတ် ဘူး၊ ကောင်းကင်ဘုံကနတ်ဘုရားဖြစ်တယ်လို့ အတိအလင်းဆိုတားပြီး အသောကမင်းကြီးလက်ထက် တတိယသင်္ဂါယနာတင်စဉ်တုန်း က အပယ်ခံခဲ့ရတဲ့ဝေတုလ္လ၀ါဒကိုလည်း အမွှမ်းတင်ထားတယ်။ ဝေတုလ္လပုဏ္ဏားတွေစီရင်ခဲ့တဲ့ဝေတုလ္လပိဋကတ်ကိုလည်း နဂါးပြည်ကယူ ခဲ့ရတာဖြစ်တယ်လို့ဆိုထားသေးတယ်ဗျ'

'အသင်္ဂတို့ကလည်း နာဂဇ္ဇုနတို့အနွယ်ပီပီ နဂါးပြည်ဇာတ်လမ်းလေးက ပါလိုက်သေးသကိုး'
"အင်္သဂဟာ အရိမေတ္တေယျဘုရားအလောင်းက တုသိတာနတ်ပြည်မှာလေးလတိုင်တိုင် သူ့ကိုနှုတ်တိုက်သင်ပေးလိုက်တဲ့ ကျမ်းလို့ မဟာယာန၀ါဒီတွေယုံကြည်ထားတဲ့ ယောဂါစာရဘူမိကျမ်းကိုလည်း ပြုစုခဲ့သေးတယ်ဗျ။ အဲဒီကျမ်းရဲ့ဆိုလိုရင်းကတော့ သတ္တ၀ါတွေမှာ 'တထတာဆိုတဲ့ မဟာဝိညာဉ်တော်ကြီးထဲကခွဲထွက်လာတဲ့ အာလယ၀ိညာဉ် (ခေါ်) အတ္တကိုယ်စီရှိကြတယ်တဲ့ဗျ။ အဲဒီအတ္တကို ယောဂါ စာရအကျင့်တွေနဲ့ အပြစ်ကြေးညှော်သန့်စင်စေခဲ့လို့ရှိရင် နောက်ဆုံးမူလလာရာဌာနဖြစ်တဲ့ တထတာဝိညာဉ်တော်ကြီးနဲ့ အပြီးပေါင်း စပ်သွားမယ်၊ အဲဒါ နိဗ္ဗာန်ရောက်တာပဲ' လို့သူကရေးခဲ့တယ်ဗျ"

'ဒါဟာ ဗုဒ္ဓရဲ့အနတ္တ၀ါဒကို အတ္တ၀ါဒအဖြစ် ပြောင်ပြောင်ကြီး ပြောင်းလဲလိုက်တာပဲ'

'အသင်္ဂရဲ့ညီ ၀သုဗန္ဓုကလည်း သူ့ရဲ့အဘိဓမ္မာကောသအဖွင့်ကျမ်းတွေမှာ ဗောဓိသတ္တရဲ့ကြီးကျယ်မြင့်မြတ်မှုတွေကို အမွှမ်းတင်ထားခဲ့ သေးသဗျ။ သူက ဗောဓိသတ္တတို့ရဲ့ အတိုင်းအဆမဲ့ကရုဏာ မေတ္တာတရားတွေကို လူသားတိုင်း အတုယူသင့်တဲ့အကြောင်း၊ သတ္တ၀ါ တိုင်းမှာ ဘုရားဖြစ်နိုင်တဲ့ ဗုဒ္ဓသဘာဝပါရှိပြီးမို့ ဗောဓိဥာဏ်ရအောင် အားထုတ်ကြဖို့ကိုလည်း တိုက်တွန်းခဲ့တယ်'
'အရှင် ၀သုမိတြ၊ အရှင်အဿဃောသ၊ အရှင်နာဂဇ္ဇုန၊ အရှင်အသင်္ဂ၊ အရှင်ဝသုဗန္ဓု စတဲ့ပုဂ္ဂိုလ်တွေဟာ မဟာယာန၀ါဒရဲ့ ရှေ့ပြေး ခေါင်းဆောင်တွေဆို မမှားဘူးပေါ့နော်'

'ဒါပေါ့ဗျာ၊ သူတို့ကနေအစပြုပြီး ဆင်းသက်ထွန်းကားလာခဲ့တဲ့ သုခ၀တီနိဗ္ဗာန်ဘုံဝါဒဆိုရင် တရုတ်ပြည်နဲ့ ဂျပန်ပြည်မှာ လူကြိုက်အများ ဆုံး ၀ါဒတစ်ခုဖြစ်ခဲ့တယ်ဗျ'

'သုခ၀တီနိဗ္ဗာန်ဘုံဆိုတာ ထေရ၀ါဒဗုဒ္ဓသာသနာလာ နိဗ္ဗာန်သဘောနဲ့တူရဲ့လား'

"တခြားစီပေါ့ ကိုလင်းရာ၊ ထေရ၀ါဒဗုဒ္ဓသာသနာက လက်ခံထားတဲ့ နိဗ္ဗာန်ဆိုတာ ဘုံဌာနတစ်ခုမှမဟုတ်တာ၊ အသိအမြင်မှားယွင်းမှုနဲ့ စွဲ လမ်းတပ်မက်မှုတို့ ချုပ်ငြိမ်းရာ အသင်္ခတဓာတ်သက်သက်ပဲ။ ထေရ၀ါဒနိဗ္ဗာန်က လက်ငင်းဘ၀မှာပဲ မျက်မှောက်ပြုနိုင်ပေမယ့် သုခ၀တီ နိဗ္ဗာန်ဘုံကတော့ ကွယ်လွန်ပြီး နောက်ဘ၀မှာမှ ရောက်ရှိနိုင်တဲ့ ဘုံဌာနမျိုးဗျ။ သူတို့ရဲ့ အမိတာဘသုတ္တလို့ ခေါ်တဲ့ သုခ၀တီဗျူဟာ သုတ်မှာ ဖော်ပြထားပုံက - 'အနောက်ဘက်မှာရှိတဲ့ သုခ၀တီနိဗ္ဗာန်ပြည်မှာ တရုတ်လို အိုမိတိုဖူး (O Mi ToFu)လို့ခေါ်တဲ့ အမိတာဘာ အာဒိဗုဒ္ဓဘုရားသခင်က ထာဝရစံမြန်းနေတော်မူသတဲ့။ အဲဒီသုခ၀တီနိဗ္ဗာန်ပြည်ကို ရောက်သူတိုင်းဟာ နာရာယဏစိန်လို မာကျောခိုင်ခံ့ ပြီး ထာဝရအသက်ကိုရကြလိမ့်မယ် လို့လည်းဆိုထားတယ်။ ဒီအယူအဆကလည်း အဆန်းတော့မဟုတ်တော့ပါဘူး၊ ထေရ၀ါဒဗုဒ္ဓ သာသနာက အကြဉ်ခံရတဲ့ အန္ဓကကိုးဂိုဏ်းထဲက ၀ါဇီရိယဂိုဏ်းရဲ့အယူအဆက ဆင်းသက်လာတာပါပဲ"

'အဲဒီ သုခ၀တီဗျူဟာသုတ်မှာ အမိတာဘာ၊ အဲ တရုတ်လိုဘာတဲ့..အိုမိတိုဖူးလို့ခေါ်တဲ့ အာဒိဗုဒ္ဓကြီးရဲ့သားတော် အ၀လောကိတေဿရ အကြောင်းကောမပါဘူးလား'

'ပါပြီလား ကိုလင်းရယ်၊ သူက အဓိကဇာတ်လိုက်ကြီးပဲ။ သူ့ကိုတရုတ်လို ကွမ်ယင် (Kwan Yin) လို့ခေါ်ပြီး ဂျပန်လိုတော့ ခမ်နွန် (Kam Non) လို့ခေါ်ကြသဗျ။ အခုန ခင်ဗျားရောက်စက ကန္နားပွဲထဲကနေ ကြေးလင်ပန်းသံတညံညံနဲ့ အပင့်အဖိတ်ခံနေရတဲ့ ကွမ်ယင် မယ်တော်ဆိုတာ သူပဲပေါ့ဗျာ'

'အာဒိဗုဒ္ဓရဲ့ သားတော်ဗောဓိသတ္တက ယောက်ျားပဲ၊ ဘယ့်နှယ် မယ်တော်ကြီး ဖြစ်သွားရပြန်တာလဲ'

'အ၀လောကိတေဿရတစ်ဖြစ်လဲ ကွမ်ယင်ဟာ အစတုန်းကတော့ ပုရိသလိင်ပဲဗျ။ တရုတ်ပြည်က ရှေးဟောင်းဗုဒ္ဓဘာသာဘုရား ကျောင်းတွေမှာ ကွမ်ယင်ကို နှုတ်ခမ်းမွှေးကားကား ကျားကျားလျားလျားနဲ့ ယောက်ျားသဏ္ဌာန်ထုလုပ်ထားတာ အခုထိတွေ့နိုင်မြင်နိုင် သေးတယ်။ အဲ...အေဒီ၈-ရာစုနောက်ပိုင်းကျမှ ကွမ်ယင်ကိုဣတ္ထိလိင်အသွင်ပြောင်းပြီး ထုလုပ်ပူဇော် ကိုးကွယ်လာခဲ့ကြတယ်လို့ မှတ်တမ်းတချို့အရသိကြရတယ်'

'အ၀လောကိတေဿရရဲ့ အစွမ်းသတ္တိတစ်ခုဖြစ်တဲ့ ပညာပါရမီကို အလေးအမြတ်ထားရာက မဟာယာနအနွယ် တန္တရဗုဒ္ဓဘာသာဂိုဏ်း တွေက အ၀လောကိတေဿရရဲ့ ကြင်ရာတော်ပညာပါရမီတာနတ်သမီးကြီးအဖြစ် ဣတ္ထိလိင်အသွင်ပြောင်းလိုက်တာမျိုးကော မဖြစ်နိုင် ဘူးလား'

"ဖြစ်နိုင်ပါတယ်၊ မဟာယာန တန္တရဂိုဏ်းသားတွေဟာ ဗြာဟ္မဏ၀ါဒီ တန္တရဂိုဏ်းသားတွေရဲ့ ရှတ်ကတိ(သတ္တိ)ကိုးကွယ်မှု အယူအဆကို တုပပြီး မယ်တော်နတ်သမီးကြီးတွေ တီထွင်လာခဲ့ကြရာမှာ ပညာပါရမီတာနတ်သမီးကြီးကို ဘုန်းကြီးတွေသာ ကိုးကွယ်ပူဇော်ခွင့်ရကြ တယ်။ ဒါကြောင့် သာမန်လူဝတ်ကြောင်တွေ ကိုးကွယ်ဖို့ဆိုပြီး မဟာဇိနတာရာဒေ၀ီ နတ်သမီးကြီးကို တီထွင်ပေးခဲ့ကြရပြန်တယ်။ 'တာရာ'ဆိုတာ သတ္တ၀ါအပေါင်းကို သံသရာတစ်ဖက်ကမ်းရောက်အောင် ပို့ပေးနိုင်တဲ့ 'အ၀လောကိတေဿရရဲ့ အစွမ်းသတ္တိ' ကိုဆိုလို တယ်လို့ တန္တရကျမ်းတွေက အဓိပ္ပာယ်ဖွင့်ကြတယ်ဗျ။ တရုတ်ပြည်မှာတော့ မှော်ပညာလေ့လာလိုက်စားတဲ့ တန္တရဂိုဏ်းသားတွေရဲ့ ကိုးကွယ်ရာ မဟာဇိနတာရာနတ်ဘုရားမကြီးအဖြစ်ထင်ရှားခဲ့တယ်။ 'တရုတ်လို ကွမ်ယင်လို့ခေါ်တဲ့ အ၀လောကိတေဿရရဲ့ မျက်ရည် မှာဖြစ်လာတဲ့ ကြာပွင့်ကနေ မဟာဇိနတာရာနတ်သမီးကြီးကို ဖွားမြင်ခဲ့တယ်။ အဲဒီ မဟာဇိနတာရာကိုပဲ ကွမ်ယင်မယ်တော်အဖြစ် ပြောင်း လဲထုလုပ်ကိုးကွယ်ကြပြန်တယ်'လို့လည်း အဆိုရှိသဗျ၊ တချို့သုတေသီတွေကလည်း ကွမ်ယင်ကိုပုရိသလိင် ဗောဓိသတ္တအဖြစ်ထားစဉ် အခါက တရုတ်ပြည်မှာ အမျိုးသမီးတွေကိုးကွယ်ခွင့်မရခဲ့လို့ နောက်ပိုင်းအမျိုးသမီးတွေပါ ကိုးကွယ်နိုင်အောင် ဣတ္ထိလိင်ပြောင်းပေးခဲ့ တယ်လို့လည်း ဆိုကြပြန်တယ်။ 'ကွမ်ယင်ဟာလောကသားတွေအပေါ် မိခင်တစ်ယောက်က သားသမီးတွေအပေါ်ထားတဲ့ မေတ္တာ ကရုဏာမျိုးနဲ့ ကယ်တင်စောင်မ ကြည့်ရှုတတ်လို့ လောကသားအပေါင်းရဲ့ မိခင်အဖြစ်တင်စားပြီး ဣတ္ထိလိင်အသွင်ပြောင်း ထုလုပ်ကိုး ကွယ်ကြတယ်' ဆိုတဲ့အဆိုလည်းရှိတယ်။ ကွမ်ယင်နဲ့ပတ်သက်ပြီး ရေးသားထားတဲ့ ဒဏ္ဍာရီပုံပြင်တွေကလည်း များမှများပါပဲ"

'ဘာပဲဖြစ်ဖြစ်ပေါ့ဗျာ၊ ပညာပါရမီတာနတ်သမီး၊ မဟာဇိနတာရာဒေ၀ီ၊ ကွမ်ယင်မယ်တော်စသဖြင့် ဘယ်လိုပဲခေါ်ခေါ် တကယ်တော့ သူတို့အားလုံးဟာ မဟာယာနဗုဒ္ဓဘာသာဝင်တွေကိုးကွယ်တဲ့ အ၀လောကိတေဿရဆိုတဲ့ ဗောဓိသတ္တရဲ့အမည်ခွဲကိုယ်ခွဲတွေပဲ၊ စာရေးဆရာတစ်ဦးတည်းက ယောက်ျားနာမည်၊ မိန်းမနာမည်အမျိုးမျိုး ကလောင်အမည်တွေခွဲထားသလိုပဲ မဟုတ်လား'

'သိပ်ဟုတ်တာပေါ့ဗျာ၊ တကယ်တော့ ကွယ်ယင်မယ်တော်ဆိုတာ ကျွန်တော်တို့မြန်မာပြည်အတွက် ကိုးကွယ်စရာအသစ်အဆန်းတစ်ခု မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ နှစ်ပေါင်းကိုးရာကျော်ကတည်းက ဖောက်ပြန်တဲ့ အယူဝါဒတစ်ခုနဲ့အတူ စွန့်ပယ်ခဲ့ပြီးသား ဟောင်းနွမ်းဆွေးမြည့် နေတဲ့ ဘာသာရေးဆိုင်ရာ သင်္ကေတတစ်ခုပါဗျာ'

'ခင်ဗျားက လွန်ခဲ့တဲ့နှစ်ပေါင်း ကိုးရာကျော်လောက် ကတည်းက မြန်မာပြည်မှာ ကွမ်ယင်မယ်တော်ကိုးကွယ်မှု ရှိခဲ့တယ်လို့ ဆိုချင်တာ လား'

'ဟုတ်ပါ့ဗျာ၊ အနော်ရထာမတိုင်မီ ပုဂံပြည်မှာကြီးစိုးခဲ့တဲ့ အရည်းတွေဟာ မဟာယာနအနွယ် တန္တရဂိုဏ်းဝင်တွေပဲ။ အ၀လောကိ တေဿရဗောဓိသတ္တကိုးကွယ်မှုအယူအဆဟာ သူတို့နဲ့အတူပါလာခဲ့တာပဲ။ ကွမ်ယင်မယ်တော်ရဲ့ အမည်တစ်မျိုးဖြစ်တဲ့ မဟာဇိန တာရာ နတ်ဘုရားမကြီးရဲ့ပုံကို ပုဂံခေတ်တည်ခဲ့တဲ့ အပယ်ရတနာဘုရားမှာ မိဖုရားဝတ်စုံအပြည့်နဲ့ တာရာဒေ၀ီအဖြစ်တွေ့နိုင်ပါသေး တယ်။ အဲဒီ ဗောဓီသတ္တကိုးကွယ်မှု ထွန်းကားစဉ်ကာလက ဘာတွေဖြစ်ခဲ့တယ်ဆိုတာ ခန့်မှန်းချင်သေးရင် နန္ဒမညဘုရားထဲမှာ ရေးခြယ် ထားတဲ့ ပုဂံသားတို့ရဲ့ ခေတ်ပြိုင်ခံစားမှု ပန်းချီကားတစ်ခုမှာ ထပ်ပြီးလေ့လာနိုင်ပါသေးတယ်'

'အဲဒီပန်းချီကားက ဘယ်လိုများရေးခြယ်ပြထားလို့တုံး'

'ပုဂံသူအမျိုးသမီးတစ်စု ၀တ်တက်သွားကြတဲ့ပုံပါ၊ အရွယ်လတ်အမျိုးသမီးတွေက ကခုန်မြူးတူးနေသလောက် ပုဂံသူအပျိုပေါက်ကလေး ခမျာ ထိတ်လန့်တုန်လှုပ်ဟန်နဲ့ သူ့မိခင်ဖြစ်ပုံရတဲ့ အမျိုးသမီးကြီးကို မှီတွယ်ပြီး အရည်းကြီးတို့ရဲ့ဘုရားကျောင်းကို လိုက်ပါလာရတဲ့ပုံ ကို သရုပ်ဖော်ထားတာပဲကိုလင်းရေ့၊ မြန်မာရှေးရိုးပန်းချီ သုတေသီကြီးတွေက ဒီပုံဟာ ပုဂံခေတ်တန္တရဂိုဏ်းဝင် အရည်းကြီးတွေရဲ့ ဆိုးဝါးယုတ်မာတဲ့ ပန်းဦးလွှတ်ဓလေ့ဆိုးကို ဖော်ကျူးနေတယ်လို့ ကောက်ချက်ချခဲ့ကြတယ်'

'သိပ်ကို ယုတ္တိတန်တဲ့ကောက်ချက်တစ်ခုပဲ ကိုဝင်းရာ၊ စစ်မှန်တဲ့ ထေရ၀ါဒဗုဒ္ဓသာသနာကနေ သွေဖည်ဖောက်ပြန်သွားတဲ့ မဟာယာန တန္တရ၀ါဒရဲ့ဆိုးကျိုးကို ပုဂံသားတွေက ပန်းချီပညာနဲ့ မှတ်တမ်းတင်ပေးသွားခဲ့တာပဲ'

'ဒီလိုမကောင်းတဲ့ မိစ­္ဆာဒိဋ္ဌိအယူအဆတွေကိုဖယ်ရှားဖို့ ထေရ၀ါဒသံဃာတော် အရှင်အရဟံမထေရ်မြတ်၊ အနော်ရထာမင်းနဲ့တကွ ပုဂံ ပြည်သားတွေအစဉ်အဆက် ဘယ်လောက်ကြိုးပမ်း အားထုတ်ခဲ့ရတယ်ဆိုတာ ကျွန်တော်တို့မမေ့သင့်ဘူး။ ကျွန်တော်တို့ရဲ့ ဘိုးဘေး ဘီဘင်တွေ ကြိုးစားပမ်းစား တည်ဆောက်ပေးသွားခဲ့တဲ့ ထေရ၀ါဒဗုဒ္ဓသာသနာတော်ကြီးရဲ့ အုတ်မြစ်ကို ဖျက်ဆီးတိုက်စားမယ့် အမှောင့် အဖျက်ဆိုရင် မြူတစ်မှုန်တောင်အ၀င်မခံ၊ အတင်မခံသင့်ဘူး။ အခုတော့ ကွမ်ယင်မယ်တော်ကြီးပေါ့ဗျာ၊ ကြာတော့ သူ့နောက်က ဘယ် သူတွေ လိုက်လာမလဲဆိုတာတွေးကြည့်လေ။ အ၀လောကိတေဿရ၊ လောကနာထ၊ ၀ဇိရပါဏိစတဲ့ ဗောဓိသတ္တတွေဟာ ထေရ၀ါဒ သာသနိက အဆောက်အအုံတွေပေါ် တက်လာကြလိမ့်မယ်။ အဲဒီနောက်မှာတော့ သူတို့ရဲ့ဖခင် အာဒိဗုဒ္ဓအမိတာဘာ ထာဝရဘုရား သခင်လိုက်လာလိမ့်မယ် ကိုလင်းရေ့'

'အေးဗျ၊ ကိုယ်တိုင်အားထုတ်ပွားများပါမှ မျက်မှောက်ပြုနိုင်မယ့် ထေရ၀ါဒနိဗ္ဗာန် အယူအဆနေရာမှာ သုခ၀တီဗျူဟာသုတ်ကို ရွတ်ဆို ရုံနဲ့ နိဗ္ဗာန်ရောက်နိုင်တယ်ဆိုတဲ့ သုခ၀တီနိဗ္ဗာန်ဘုံဝါဒက အစားထိုးဝင်ရောက်လာရင်တော့ခွပဲ၊ ဗုဒ္ဓဟောကြားခဲ့တဲ့ သီလ၊ သမာဓိ၊ သိက္ခာစောင့်ထိန်းရေးလမ်းစဉ်တွေပျက်ပြီး ဂါထာမန္တန်၊ ဗေဒင်ယတြာ၊အင်းအိုင်ခါးလှည့်၊လက်ဖွဲ့တွေကိုသာ အားထားတဲ့ ဗုဒ္ဓသာသနာ ဖျက် အခါပေးပညာရှင်တွေက အကိုးကွယ်ခံနေရာ ယူလာကြတော့မှာပဲနော်'
'သိပ်သေချာတာပေါ့ဗျာ၊ ကွမ်ယင်မယ်တော်ကို အဓိကကိုးကွယ်တဲ့ မဟာယာနဂိုဏ်းကလည်း ခင်ဗျား အခုနပြောတဲ့ သုခ၀တီဗျူဟာ သုတ်ရွတ်ဖတ်ရုံနဲ့ နိဗ္ဗာန်ရောက်တယ်လို့ ခံယူထားတဲ့ သုခ၀တီဗျူဟာဂိုဏ်းပဲဗျ'

'ဒီကိစ္စကို ပေါ့ပေါ့တန်တန် သဘောထားလို့တော့ မဖြစ်ဖူးထင်တယ် ကိုဝင်းရေ။ စေတီပုထိုးတချို့ပေါ်မှာဆို ကွမ်ယင်နဲ့ဓာတ်တူနံတူ မဟာယာန၊ တန္တရ၊မန္တရ ဂိုဏ်းဝင် ပုဂ္ဂိုလ်ကြီးတွေရဲ့ ရုပ်ထုတွေကို ဘုရား ကျောင်းဆောင်နဲ့အပြိုင်တွေ့နေရပြီ။ ကျွန်တော်တို့ မိရိုး ဖလာဗုဒ္ဓဘာသာဝင် အများစုနဲ့အထိအတွေ့ဆုံး သာသနိကဌာနဆိုလို့ ဒီစေတီပုထိုးတွေပဲရှိတာဆိုတော့ သူတို့စိတ်ထဲမှာ စေတီရင်ပြင် ပေါ်မှာတွေ့ရတဲ့ သူရဿတီတို့၊ကွမ်ယင်တို့။ယက္ကန်းစင်တောင်၊ရှင်မထီး၊ဘိုးဘိုးအောင်၊ဘိုးမင်းခေါင်တို့ ဆိုတာတွေဟာ တို့ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်တွေ ကိုးကွယ်ရာမို့သာ ဒီလို တခမ်းတနားထားတာပဲလို့ ယူဆကြမှာအမှန်ပဲ။ စစ်မှန်တဲ့ ဗုဒ္ဓသာသနာကနေ သွေဖည် အယူလွဲနေသူတွေရဲ့လက်ရာဆိုတာ သဘောပေါက်မှာ မဟုတ်ဘူး'

'သက်ဆိုင်ရာ ဂေါပကတွေက ဘာသာရေးအမြင်ကြည်ကြည်လင်လင်နဲ့ ဖယ်ရှားပစ်ဖို့တော့ အချိန်တန်ပြီပေါ့ ကိုလင်းရယ်'

'ဒီကြားထဲ ကွမ်ယင်မယ်တော်ကြီးက ဘယ်လို မစလိုက်ပြန်ပြီ၊ ဘယ်သူကဖြင့် ကွမ်ယင်မယ်တော်ကို သက်ရှိထင်ရှားတွေ့ခဲ့တယ်နဲ့ မဟာယာန၀ါဒဖြန့်တဲ့ဆရာတွေကလည်း ဖြန့်ကြပြန်သကိုးဗျ'

'ကျွန်တော်ဖတ်ဖူးတာဖြင့် အေဒီ ၇ ရာစုလောက်က မဇ္ဈိမဒေသကို ခရီးထွက်ခဲ့တဲ့ တရုတ်ရဟန်းတော် ဟူယင်ဆင်ဟာ ဂိုဘီသဲကန္တရထဲ အရောက်မှာ မှင်စာအခြောက်ခံရဆိုပဲ။ သူလည်းကြောက်လန့်ပြီး ကိုးကွယ်ရာ ကွမ်ယင်ကိုတတဲ့ပြီး ဆုတောင်းတာတောင်မရဘူးတဲ့။ ဒါနဲ့ ပညာပါရမီတာသုတ်ကို ရွတ်ဖတ်သရဇ္ဈာယ်လိုက်မှ မှင်စာပျောက်သွားတော့တယ်တဲ့ဗျာ'

'မှင်စာတောင် ပြေးအောင်မလုပ်နိုင်တဲ့ ကွမ်ယင်မယ်တော်ကို ဘယ်နေရာ သွားအားကိုးရတော့မှာလဲဗျာ'
'အမှန်က ကွမ်ယင်ဘာမှမစွမ်းသလို မှင်စာကလည်း တကယ်ခြောက်ဟန်မတူပါဘူး။ ခရီးရှည်ထွက်ခဲ့ရလို့ သဲကန္တရထဲစိတ်ကယောင် ချောက်ချားဖြစ်ခဲ့တာကို မှတ်တမ်းတင်ခဲ့ပုံရပါတယ်။ ကွမ်ယင်ကို သက်ရှိထင်ရှားမြင်ရတယ်ဆိုတာလည်း ကိုယ့်စိတ်ကိုကိုယ်လှည့်စားမှု တစ်ခုပါဗျာ။ ကိုယ့်စိတ်ကိုကိုယ် လှည့်စားတတ်ရင် ကွမ်ယင်တင်မကဘူး၊အပြင်လောကမှာတကယ်မရှိတဲ့ ဘယ်သူ့ကိုမဆို သက်ရှိ ထင်ရှား မြင့်တွေ့နိုင်ပါတယ်။ ဒါတွေဟာ ကသိုဏ်းက၀န်း သဘောတွေပါဗျာ'

'ခင်ဗျားဟာက ဟုတ်ပါ့မလား ကိုဝင်းရဲ့'

'မယုံရင် စမ်းကြည့်ပေါ့ဗျာ။ ပြင်ပလောကမှာ သက်ရှိထင်ရှားမရှိသူတစ်ဦးရဲ့ ပန်းချီ၊ ဒါမှမဟုတ် ဓာတ်ပုံကို ခင်ဗျာ့ရှေ့ချပြီး စူးစူးစိုက်စိုက် အာရုံပြုရှုမှတ်ပေတော့။ အလေ့အကျင့်များလာတာနဲ့အမျှ မျက်စိမှိတ်ထားရင်တောင် ခင်ဗျားစိတ်ထဲမှာ သူ့ပုံတူကိုမြင်လာရလိမ့်မယ်။ အဲဒီလို စိတ်မှာမြင်လာရတဲ့နိမိတ်ပုံတူကို အဖန်တလဲလဲအာရုံပြု ရှုမှတ်နိုင်မယ်ဆိုရင် တစ်ချိန်ချိန်မှာ အဲဒီနိမိတ်ပုံကို သက်ရှိထင်ရှားမြင် လာရလိမ့်မယ်။ ကိုယ်အာရုံပြုချင်တဲ့အချိန်မှာ သူချက်ချင်းကိုယ့်ရှေ့ရောက်လာလိမ့်မယ်။ ဒါဟာ ကိုယ့်စိတ်ကိုကိုယ် လှည့်စားချက်တစ်ခု ပါဆိုတာ သတိမပြုမိဘဲ အမှန်တကယ်ဖြစ်နေတာလို့ မှတ်ယူသွားမိရင်တော့ ခင်ဗျားဦးနှောက်ချောင်သွားပြီသာ မှတ်ပေတော့'

'ဟား....ဟုတ်ပြီဗျို့၊ တချို့ဗုဒ္ဓရုပ်ပွားတော်ကို ကသိုဏ်းရှုရင်းနဲ့ သတိတရားလွတ်သွားပြီး ဗုဒ္ဓမြတ်စွာကို သက်ရှိထင်ရှားမြင်ရတယ်၊ ဘုရားနဲ့စကားပြောလို့ရတယ် ဆိုတာတွေဖြစ်လာပြီး နောက်ဆုံး စိတ်ရောဂါကုဆေးရုံရောက်သွားကြတာပဲ၊ ထာဝရဘုရားရဲ့ ရူပါရုံ ကိုမြင်ရတယ်။ ကွမ်ယင်ကို သက်ရှိထင်ရှားတွေ့ရတယ် ဆိုတာတွေဟာလည်း ဒီသဘောပဲဆိုတာ သေချာတာပေါ့'

'ကိုင်း.... သေချာရင် မရေရာတဲ့အတွေးအခေါ်၊ အယူအဆ၊ ယုံကြည်ကိုးကွယ်မှုတွေကို စစ်မှန်တဲ့ထေရ၀ါဒဗုဒ္ဓသာသနာတော်ထဲ ၀င် မလာအောင် သတိတရားနဲ့ဖယ်ရှားပစ်ဖို့က ထေရ၀ါဒဗုဒ္ဓဘာသာဝင်တိုင်းရဲ့တာဝန်ပဲ ကိုလင်းရေ့။ ဒီလိုမှမဟုတ်ရင် ဗုဒ္ဓဘာသာ အမည်ခံ ဖောက်ပြန်တဲ့အယူဝါဒဆိုးတွေကို သုတ်သင်ဖယ်ရှားပြီး ထေရ၀ါဒဗုဒ္ဓသာသနာတော်ကို အခြေချပေးခဲ့တဲ့ အရှင်အရဟံ၊ ဘုရင် အနော်ရထာ အမှူးပြုတဲ့ ပုဂံခေတ်မြန်မာပြည်သားတွေအပေါ် သစ္စာဖောက်ရာရောက်တော့မှာပေါ့ဗျာ'

ဝင်းသိန်းဦး
(၇-၅-၁၉၉၂)
ဓမ္မရံသီ၊ ၁၉၉၂ခုနှစ်၊ စက်တင်ဘာ၊ အောက်တိုဘာနှင့် နိုဝင်ဘာလ။

No comments: