ကျွန်တော်တို့ လူ့အဖွဲ့အစည်းမှာ လောကဝတ် နဲ့ ဓမ္မဝတ်ကို ခွဲခြားနားလည်ဖို့ ကြိုးစားတဲ့အခါ Secularism ဒါမှမဟုတ် လောကီသီးသန့်ဝါဒ ဆိုတဲ့ စကားလုံးဟာ အမြဲတမ်း ဝေဖန်ကန့်ကွက်မှုတွေနဲ့ ရင်ဆိုင်ရလေ့ရှိပါတယ်။
ဘာသာရေးနဲ့ နိုင်ငံရေးကို သီးခြားစီ ခွဲထုတ်ထားခြင်း-Secularism ဆိုတာ ဘာသာမဲ့ဖြစ်သွားတာ၊ ဘာသာတရားကို ပစ်ပယ်တာမဟုတ်သလို ဘာသာတရားကို ရိုသေလွန်းလို့ သီးသန့်နေရာပေးထားတာလဲ မဟုတ်ပါဘူး။ ဘာသာတရားတွေ တစ်ဦးချင်းရဲ့ ကိုးကွယ်ယုံကြည်မှုတွေကို အဖက်မလုပ်၊ အရေးမထား၊ အရာမသွင်းပဲ လွတ်လပ်ခွင့်ပေးထားသာ ဖြစ်ပါတယ်။ ဒါဟာ လူ့အဖွဲ့အစည်းတစ်ခု ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်ဖို့အတွက် အရေးအပါဆုံးသော အကာအကွယ် တစ်ခုပါ။ ဘာသာရေးဆိုတာ အာဏာနဲ့ ပေါင်းစပ်မိတာနဲ့ တစ်ပြိုင်နက် လူ့အဖွဲ့အစည်းကို ဖျက်ဆီးမယ့် လက်နက်တစ်ခု ဖြစ်သွားတတ်လို့ အကာအကွယ် လုပ်ထားရတာ ဖြစ်ပါတယ်။
ဒီတော့ ဘာကြောင့် ဒီဘာသာရေးနဲ့ နိုင်ငံရေးကို ခွဲခြားထားဖို့လိုအပ်သလဲ၊ ဘာသာရေးဆိုတဲ့အရာကို နိုင်ငံရေးထဲ ဘာကြောင့် တစိုးတစိတောင် ပါဝင်ပက်သတ်ခွင့် မပေးသင့်သလဲ ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြည့်ရအောင်ပါ။
ပထမဆုံးအနေနဲ့ ယုံကြည်မှုဆိုတာကို ဥပဒေအဖြစ် အတင်းအကျပ် သတ်မှတ်ခြင်း အန္တရာယ်ကို ကြည့်ရပါမယ်။ ဘာသာရေးနဲ့ နိုင်ငံရေးကို ရောနှောလိုက်တဲ့အခါ နိုင်ငံတော်က ဘာသာရေးတစ်ခုခုကို အသာပေးတဲ့ စနစ်မျိုး ဖြစ်လာတတ်ပါတယ်။ ဒါဟာ အခြားသော လူနည်းစု ဘာသာဝင်တွေနဲ့ ဘာသာမဲ့တွေအတွက် ခွဲခြားဆက်ဆံမှုရဲ့ အစပြုခြင်းပါပဲ။ သမိုင်းကို ပြန်ကြည့်ရင် အလယ်ခေတ် ဥရောပမှာ ခရစ်ယာန်အသင်းတော်က နိုင်ငံရေးအာဏာကို ချုပ်ကိုင်ထားစဉ်က Inquisition လို့ခေါ်တဲ့ ဘာသာရေးခုံရုံးတွေနဲ့ သူတို့အယူအဆကို မထောက်ခံသူတွေကို အရှင်လတ်လတ် မီးရှို့သတ်ခဲ့ကြပါတယ်။ ဒီလို ဘာသာရေးက အာဏာရလာတဲ့အခါ ဘာသာခြားဖြစ်နေခြင်း၊ အယူအဆမတူခြင်း အကြောင်းပြချက်သက်သက်နဲ့တင် အုပ်စုလိုက် သတ်ဖြတ်ခဲ့တာတွေ သမိုင်းမှာမနည်းမနောပါပဲ။ ဒါ့အပြင် ဘာသာရေးအာဏာရှင်တွေဟာ သူတို့ရဲ့ ကျမ်းစာပါ အယူအဆတွေကို စိန်ခေါ်တဲ့ ပညာရှင်တွေကိုလဲ ရန်သူလို သတ်မှတ်ခဲ့ပါတယ်။ အရေအတွက်အတိအကျကိုပြောဖို့ခက်ပေမဲ့ လူပေါင်းများစွာဟာ ခရစ်ယာန်အသင်းတော်ကြောင့် အသေသတ်ခံရတာ၊ ထောင်ချခံရတာနဲ့ နယ်နှင်ခံရတာတွေ ကြုံခဲ့ရပါတယ်။
ဒုတိယအချက်က ဘာသာရေးကို နိုင်ငံရေးကစားကွက်အဖြစ် အသုံးချပြီး အမုန်းတရားပွားများစေခြင်းပါပဲ။ ဒါက ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ အခြေအနေကို ကြည့်ရင် တော်တော်သိသာပါတယ်။ ဘာသာရေးကို နိုင်ငံရေးထဲ ဆွဲသွင်းခဲ့လို့ ဖြစ်ပေါ်လာတဲ့ အကျိုးဆက်တွေပေါ့။ ဦးနုလက်ထက်က ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် သတ်မှတ်ဖို့ ကြိုးစားခဲ့တာဟာ တိုင်းရင်းသား စည်းလုံးညီညွတ်မှုကို စတင်ဖျက်ဆီးလိုက်တဲ့ လုပ်ရပ်ပါပဲ။ လက်ရှိမှာလည်း သင်္ကန်းဝတ်ထားသူ လူ့မိစ္ဆာတချို့ဟာ အမုန်းတရားတွေကို ဟောပြောပြီး လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေ ဖြစ်အောင် လှုံ့ဆော်နေတာ၊ အာဏာရှင်တွေကို အကာအကွယ်ပေးနေတာအပြင် ပညာရေးနဲ့ သိမှုအဆင့်အတန်းနိမ့်ကျတဲ့ မြန်မာလူထုကို ဦးနှောက်ဆေးမှိုင်းတိုက်နေတာတွေဟာ ဘာသာရေးလက်ထဲကို အာဏာထည့်ပေးထားခြင်းရဲ့ အနိဋ္ဌာရုံတွေပါပဲ။ ဒီလုပ်ရပ်ဟာ လူတွေကို ငြိမ်းချမ်းစေဖို့ထက် "ငါ့ဘာသာ၊ ငါ့လူမျိုး" ဆိုတဲ့ ကျဉ်းမြောင်းတဲ့ အစွန်းရောက်စိတ်တွေကို မွေးဖွားပေးပြီး အမုန်းတရားတွေ၊ သတ်ဖြတ်မှုတွေဖြစ်အောင် လောင်စာထည့်ပေးနေတာကို ကျွန်တော်တို့ ငြင်းလို့မရပါဘူး။
တတိယအချက်ကတော့ ခေတ်နောက်ပြန်ဆွဲခြင်းဖြစ်ပါတယ်။ နိုင်ငံရေးဟာ သိပ္ပံ၊ စီးပွားရေးနဲ့ လူမှုရေး ပြောင်းလဲမှုတွေအရ ရှေ့ကို အမြဲတမ်း တိုးတက်ရွေ့လျားနေရမှာပါ။ ဘာသာရေးကတော့ ရှေးဟောင်းကျမ်းစာတွေ၊ ခေတ်ဟောင်းအယူအဆတွေထဲမှာပဲ ပိတ်မိနေတာ ဖြစ်လို့ နိုင်ငံရေးနဲ့ ရောလိုက်တဲ့အခါ တိုင်းပြည်ရဲ့ တိုးတက်မှုကို အမြဲတမ်း နောက်ကနေ ဆွဲထားတတ်ပါတယ်။ မျက်မှောက်ခေတ် ဥပမာအနေနဲ့ အာဖဂန်နစ္စတန်က တာလီဘန်တွေကို ကြည့်ပါ။ ဘာသာရေးအစွန်းရောက်တွေ နိုင်ငံရေးအာဏာ ရလာတဲ့အခါ ပထမဆုံးလုပ်တာဟာ လူဦးရေရဲ့ ထက်ဝက်ဖြစ်တဲ့ အမျိုးသမီးတွေကို လူရာမသွင်းဘဲ တိုက်ပိတ်လိုက်တာပါပဲ။ ခြောက်တန်းအထက် ပညာသင်ကြားခွင့်ကို ပိတ်ပင်တယ်၊ တက္ကသိုလ်တက်ခွင့် မပေးဘူး၊ ကုလသမဂ္ဂအပါအဝင် ဘယ်အဖွဲ့အစည်းမှာမှ အလုပ်လုပ်ခွင့်မရှိအောင် တားမြစ်ပြီး အမျိုးသမီးတွေကို အိမ်တွင်းပုန်း သက်ရှိရုပ်သေးတွေအဖြစ် ပြောင်းလဲပစ်ခဲ့ပါတယ်။ ဥပဒေဆိုတာလည်း ကျမ်းစာလာ ပြစ်ဒဏ်တွေအတိုင်း လူမြင်ကွင်းမှာ ကြိမ်ဒဏ်ပေးတာ၊ ခဲနဲ့ပေါက်သတ်တာ၊ လက်ခြေဖြတ်တာတွေကို တရားဝင် ပြန်လုပ်လာကြပါတယ်။ ဒါဟာ ဘာသာရေးကို နိုင်ငံတော်အာဏာအဖြစ် သုံးပြီး လူ့အဖွဲ့အစည်းတစ်ခုလုံးကို ၂၁ ရာစုကနေ အလယ်ခေတ် အမှောင်ကမ္ဘာထဲ အတင်းအကျပ် မောင်းနှင်သွင်းလိုက်တာ ဖြစ်ပါတယ်။ အဲ့လိုပဲ.. အီရန်နိုင်ငံကို ကြည့်ရင်လည်း ဘာသာရေးခေါင်းဆောင်က သမ္မတနဲ့ စစ်တပ်အထက်မှာ ရှိနေတဲ့ သီအိုကရက်တစ်-Theocratic ဘာသာရေးအာဏာရှင်စနစ်ရဲ့ ဆိုးကျိုးကို အထင်အရှား မြင်နိုင်ပါတယ်။ သူတို့ဆီမှာ 'ဘာသာရေးကျင့်ဝတ်ထိန်းသိမ်းရေးရဲတပ်ဖွဲ့' ဆိုတာ ရှိပြီး လူတွေရဲ့ နေ့စဉ်ဘဝ၊ အတွေးအခေါ်နဲ့ ဝတ်စားဆင်ယင်မှုကိုအဆုံး သေနတ်ပြောင်းဝအောက်မှာ ကန့်သတ်ထားပါတယ်။ ဟီဂျာဘ် (ဦးခေါင်းခြုံထည်) ကို စနစ်တကျ မဝတ်ဆင်ရုံမျှနဲ့ မာဆာအာမီနီ-Mahsa Amini ဆိုတဲ့ မိန်းကလေးကို ရိုက်နှက်သတ်ဖြတ်ခဲ့သလို၊ ဒါကို မကျေနပ်လို့ လမ်းပေါ်ထွက် ဆန္ဒပြတဲ့ လူငယ်တွေကိုလည်း အစ္စလာမ်ဘာသာကို ဆန့်ကျင်ပုန်ကန်သူ ရန်သူတွေအဖြစ် သတ်မှတ်ပြီး လူမြင်ကွင်းမှာ ကြိုးပေးသတ်ဖြတ်ခဲ့ပါတယ်။ ဘာသာရေးက အုပ်ချုပ်ရေးနေရာကို ရသွားတဲ့အခါ နိုင်ငံသားတွေဟာ လွတ်လပ်စွာ တွေးခေါ်ခွင့် ဆုံးရှုံးရုံတင်မကဘဲ သူတို့ရဲ့ အသက်ရှင်ခွင့်ဟာပါ ဘာသာရေးအာဏာပိုင်တွေရဲ့ စိတ်ကြိုက် သတ်ဖြတ်နိုင်တဲ့ လက်နက်တစ်ခု ဖြစ်သွားရပါတယ်။ ဒီဖြစ်ရပ်တွေက ဘာသာရေးကို အခြေခံတဲ့ ဥပဒေတွေဟာ ခေတ်စနစ်ရဲ့ လိုအပ်ချက်တွေကို မဖြေရှင်းနိုင်တဲ့အပြင်၊ ကမ္ဘာ့အဆင့်မီ သိပ္ပံနဲ့ နည်းပညာ တိုးတက်မှုတွေ၊ လူ့အခွင့်အရေး တန်ဖိုးတွေကို ရန်သူလို သတ်မှတ်ပြီး လူ့အဖွဲ့အစည်းကို ဉာဏ်ပညာအမှောင်ဖုံးအောင် ဘယ်လောက်အထိ နှောင့်ယှက် ဖျက်ဆီးတတ်သလဲဆိုတာကို ပြနေတဲ့ ထင်ရှားတဲ့ သမိုင်းသင်ခန်းစာတွေပဲ ဖြစ်ပါတယ်။
ဒါတွေကိုကြည့်ရင် နိုင်ငံတော်ဆိုတာ လူတိုင်းရဲ့ အခွင့်အရေးကို တန်းတူညီမျှ ကာကွယ်ပေးရမယ့် ယန္တရားဖြစ်ပြီး၊ ဘာသာရေးဆိုတာကတော့ လူတစ်ဦးချင်းစီရဲ့ အိမ်ထဲမှာပဲ ထားရှိရမယ့် ပုဂ္ဂိုလ်ရေး ယုံကြည်မှုသာ ဖြစ်ရပါမယ်။ နိုင်ငံတော်ရဲ့ ဥပဒေယန္တရားထဲကို တစိုးတစိတောင် ဝင်ရောက်စွက်ဖက်ခွင့် မရှိသင့်ဘူးဆိုတာ ဒီအကြောင်းအရင်းတွေကြောင့်ပဲဖြစ်ပါတယ်။
ဒီတော့ ဘာသာရေးနဲ့ နိုင်ငံရေးကို သံမဏိနံရံခြားပြီး ပြတ်ပြတ်သားသား ခွဲခြားလိုက်ရင် ဘာတွေဖြစ်လာမလဲ။ ဘယ်လို အကျိုးရလဒ်တွေကို ခံစားရမှာလဲ ဆိုရင်တော့ ပထမဆုံးအနေနဲ့ လူ့အခွင့်အရေးနဲ့ တစ်ဦးချင်းလွတ်လပ်ခွင့်ကို အပြည့်အဝ ရရှိမှာ ဖြစ်ပါတယ်။ ဥပမာအနေနဲ့ ပြင်သစ်ရဲ့ Laïcité လို့ခေါ်တဲ့ ပြတ်သားတဲ့ Secularism မူဝါဒကို ကြည့်ပါ။ နိုင်ငံတော်ဟာ ဘာသာရေးအဖွဲ့အစည်းတွေကို ငွေကြေးထောက်ပံ့ခြင်း မပြုသလို၊ နိုင်ငံရေးနဲ့ အများပြည်သူဆိုင်ရာ နယ်ပယ်တွေမှာ ဘာသာရေးရဲ့ လွှမ်းမိုးမှုကို လုံးဝ ခွင့်မပြုပါဘူး။ ဒီလို ခွဲခြားလိုက်တဲ့အတွက် ဘာသာပေါင်းစုံက လူတွေဟာ နိုင်ငံသားဆိုတဲ့ ခေါင်းစဉ်အောက်မှာ တန်းတူညီမျှ နေထိုင်နိုင်ကြပြီး ဘာသာရေးအစွန်းရောက်မှုတွေကို ဥပဒေနဲ့ အခြေအနေတစ်ခုအထိ လျော့ချနိုင်ခဲ့တယ်။
ဒုတိယအချက်က အသိဉာဏ်ပညာနဲ့ လူနေမှုအဆင့်အတန်း မြင့်မားလာခြင်းပါ။ ကမ္ဘာပေါ်မှာ လူနေမှုအဆင့်အတန်း အမြင့်ဆုံးနဲ့ အပျော်ရွှင်ဆုံးလို့ သတ်မှတ်ခံထားရတဲ့ စကင်ဒီနေးဗီးယန်းနိုင်ငံတွေဖြစ်တဲ့ နော်ဝေး၊ ဆွီဒင်၊ ဒိန်းမတ်တို့လို နိုင်ငံတွေကို ကြည့်ပါ။ ဒီနိုင်ငံတွေဟာ ဘာသာရေးအဖွဲ့အစည်းတွေရဲ့ နိုင်ငံရေးအာဏာကို လုံးဝ ရုပ်သိမ်းထားတဲ့ Secular society တွေ ဖြစ်ပါတယ်။ ဘာသာရေးကို ပုဂ္ဂိုလ်ရေးယုံကြည်မှုသက်သက်အဖြစ်ပဲ ထားရှိပြီး၊ နိုင်ငံတော်ရဲ့ မူဝါဒတွေကိုတော့ သိပ္ပံနည်းကျ ဆန်းစစ်ချက်တွေ၊ လူ့အခွင့်အရေး စံနှုန်းတွေနဲ့ပဲ တည်ဆောက်ပါတယ်။ ရလဒ်အနေနဲ့ ပညာရေး၊ ကျန်းမာရေးနဲ့ လူမှုဖူလုံရေး ကဏ္ဍတွေမှာ ကမ္ဘာ့ထိပ်တန်းကို ရောက်ရှိလာပါတယ်။
နောက်ဆုံးအချက်က နိုင်ငံရေးတည်ငြိမ်မှုနဲ့ အစွန်းရောက်မှု ကင်းစင်ခြင်းပါပဲ။ အာရှမှာဆိုရင် စင်ကာပူနိုင်ငံ ကို ကြည့်ပါ။ စင်ကာပူဟာ ဘာသာရေးပေါင်းစုံ ရောနှောနေပေမဲ့ နိုင်ငံရေးထဲကို ဘာသာရေး အစွန်းအထွက်တစ်ခုတောင် ပေးမဝင်ပါဘူး။ ဘယ်ဘာသာရေးခေါင်းဆောင်မှ နိုင်ငံရေးမှာ ဝင်ရောက်စွက်ဖက်ခွင့်၊ မှိုင်းတိုက်ခွင့် မရှိအောင် ဥပဒေနဲ့ တင်းတင်းကျပ်ကျပ် တားမြစ်ထားပါတယ်။ ဒီလို Secular ဆန်ဆန် အုပ်ချုပ်လို့သာ ဘာသာရေး ပဋိပက္ခတွေ ကင်းဝေးပြီး စီးပွားရေးအရ အံ့မခန်း တိုးတက်လာတာ ဖြစ်ပါတယ်။
ခြုံငုံပြောရရင်တော့ ကျွန်တော်တို့ဟာ ခေတ်မီတိုးတက်တဲ့ လူ့အဖွဲ့အစည်းတစ်ခုကို တကယ်တည်ဆောက်ချင်တယ်ဆိုရင် ဘာသာရေးအယူအဆတွေနဲ့ ဘာသာရေးခေါင်းဆောင်တွေကို သူတို့နဲ့သက်ဆိုင်ရာ နေရာတွေဖြစ်တဲ့ ကျမ်းစာအုပ်တွေ၊ ဘုရားစင်တွေနဲ့ ဘုန်းကြီးကျောင်း၊ ဗလီ၊ ချာ့ချ်တွေမှာပဲ ကန့်သတ်ထားရှိရပါမယ်။ အဲဒီအရာတွေကို နိုင်ငံတော်ရဲ့ ဥပဒေပြုရေး၊ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်တွေနဲ့ အများပြည်သူဆိုင်ရာ တရားမျှတမှုတွေထဲမှာ မည်သည့်နည်းနဲ့မျှ၊ တစိုးတစိမျှ ပါဝင်ပတ်သက်ခွင့် မပေးသင့်ပါဘူး။
ကျွန်တော်တို့ဟာ "ငါ့ဘာသာ၊ ငါ့လူမျိုးအတွက်သာ" ဆိုတဲ့ ကျဉ်းမြောင်းပြီး ရွံရှာဖွယ်ကောင်းတဲ့ တရားမျှတမှုအတုတွေနောက်ကို မလိုက်ဘဲ၊ စစ်မှန်တဲ့ တရားမျှတမှုနဲ့ ခေတ်မီတဲ့ လူ့အဖွဲ့အစည်းကို တည်ဆောက်ချင်တယ်ဆိုရင်၊ အာဏာရှင်တွေနဲ့ လူ့မိစ္ဆာတွေရဲ့ ဘာသာရေးမှိုင်းကနေ ရုန်းထွက်ချင်တယ်ဆိုရင်တော့ Secularism ဆိုတဲ့ လမ်းစဉ်ကို မလွဲမသွေ ရွေးချယ်ရပါလိမ့်မယ်။
— William Abramson
15 June 2026
References:
• Wikipedia — Secularism; Laïcité; Mahsa Amini protests
• John Stuart Mill, On Liberty (1859)
Copyright © 2026 Burmese - ဗဟုသုတ
#Secularism #PoliticsAndReligion #HumanRights #CriticalThinking #Burmeseဗဟုသုတ #နိုင်ငံရေး #ဘာသာရေး #မြန်မာ့နိုင်ငံရေး #ဗဟုသုတ

