Thursday, December 30, 2010

စိတ်ကူးအိပ်မက်ကို ဘယ်လိုလုပ်ကြမလဲ?

စိတ်ကူးအကြံတွေ ရတယ်။ စိတ်ကူးအိပ်မက်တွေ ရင်မှာရှိနေတယ်။ ဒါပေမဲ့
လက်တွေ့ဖြစ်လာဖို့ကျတော့ ဖြစ်မှဖြစ်ပါ့ မလားဆိုတာကို ကြောက်နေမိကြတယ်။
လက်တွေ့ဖြစ်လာအောင်လုပ်ဖို့ နောက်တွန့်နေမိကြတယ်။ ဆင်ခြေတွေပေး တယ်။
ထိုင်နေရင်အကောင်းသား ထသွားမှ ကျိုးမှန်းသိဆိုသလို ဖြစ်မှာကိုလည်း
စိုးတယ်။ လုပ်သင့် မလုပ်သင့်ဆိုတာကို စဉ်းစားတဲ့ အဆင့်မှာ
တော်တော်ကြာနေတယ်။ လုပ်ရကောင်းနိုးနိုး မလုပ်ရကောင်းနိုးနိုး
အဆင့်မှာမျောနေတယ်။
အဲဒါကောင်းပါတယ်။ ဆင်ကန်းတောတိုး မလုပ်မိတော့ဘူးပေါ့။

ဒါပေမဲ့ ဆိုးတာက စိတ်ကူးတွေ အကြံတွေက လေထဲမှာပဲ ပျောက်သွားတယ်။
ဘာဆိုဘာမှကို မလုပ်ဖြစ်တော့ဘူး။ ပူလစ်ဇာဆုရှင် စာရေးဆရာ အန်နီဒဲလ်လတ်က
ဆိုမိန့်ဖူးတာ တစ်ခုရှိပါတယ်။

သူက ဘာပြောခဲ့သလဲဆိုတော့
'စာတတ်ပေတတ်တွေရေးတာပြောဆိုတာကို လိုက်နာနေရင် အချစ်ရေးဆိုတာ
ခင်ဗျားတစ်သက်မှာ ရှိတော့မှာမဟုတ်ဘူး။ မိတ်ဆွေရင်းချာဆိုတာလည်း
ရှားပါးနေမယ်။ စီးပွားရှာလို့လည်း မရနိုင်ဘူး။ ဘာလို့လဲဆိုတော့
ချီတုံချတုံတွေ များနေ တယ်။ အဲဒီလိုဖြစ်နေတာ အဓိပ္ပာယ်မရှိဘူး။
ကျောက်ဆောင်ထိပ်တွေကနေ အမြဲတမ်းခုန်ချနေဖို့ လိုတယ်။ ပြုတ်ကျ နေတုန်းမှာ
တောင်ပံတွေပေါက်အောင် လုပ်လိုက်စမ်းပါ။'

ကြီးမားတဲ့ ကြီးပွားမှုဖြစ်ရပ်တွေဟာ စိတ်ကူးအိပ်မက်ကနေ စတင်ပါတယ်။
ကြီးပွားတဲ့သူက စိတ်ကူးတွေကို ပန်းတိုင်တွေ
ဖြစ်အောင်လုပ်နိုင်စွမ်းရှိတယ်။ ပန်းတိုင်တွေဆီကိုရောက်ဖို့
ခြေလှမ်းတွေလှမ်းတယ်။ ခရီးပေါက်ပြီး ခရီးရောက်သွားကြ တယ်။
အဲဒီဖြစ်စဉ်ကို စလျှောက်မယ့်သူ မည်သူမဆို
ပထမဆုံးခြေလှမ်းတစ်လှမ်းစလှမ်းလိုက်တာကနေ စတင်ရပါတယ်။

(၁) စိတ်ကူးအကြံကို တိုတိုနဲ့ လိုရင်းရေးချပြီး ခင်ဗျားမကြာခဏ
မြင်သာတဲ့နေရာမှာ ပြထားပါ။

(၂) လက်တွေ့လုပ်ပြီဟေ့ဆိုရင် လုပ်ရမယ့် အဆင့်ဆင့်၊ တွေ့မယ့်သူတွေ၊
လိုအပ်တဲ့ ပစ္စည်းတွေ စတာတွေကို တစ်ဆင့် ပြီး တစ်ဆင့် စဉ်းစားပါ။
မဖြစ်နိုင်တဲ့ အကြောင်းရင်းတွေ ထည့်မစဉ်းစားပါနဲ့။ ဘယ်လိုဖြစ်အောင်
လုပ်မလဲဆိုတာပဲ စဉ်းစားပါ။

(၃) ဖြစ်ချင်တာကို တာတိုနဲ့ရေရှည်အပိုင်းခွဲပြီး ပန်းတိုင်တွေထားပါ။
တစ်ဆင့်ပြီး တစ်ဆင့် ပန်းတိုင်တွေ ထားပြီးလုပ်ပါ။

(၄) လုပ်နေစဉ်မှာ ရမှာသေချာတယ်လို့ချည်း စိတ်ချထားလိုက်ပါ။

ဒိုဂျေဆန်း

Resource: UMFCCI's Business Magazine Vol: 10, No.6 – August, 2010

ဝက်ရိုးမျှစ်ချဉ်၊ အမဲသားထောင်းကြော်၊ ပူစီနံငါးပိထောင်း

ဒီအတောအတွင်းဘာဖြစ်မှန်းမသိ ၀က်သားဟင်းပဲအမျိုးမျိုးချက်စားချင်နေတာ။
ဝက်သားဆိုတော့ နည်းနည်းအီတယ်နော် အဲတော့လည်း မျှစ်ချဉ်လေးနဲ့
ရောချက်ရင်ကောင်းမယ်။
မနက်က အမေက အသားပေါင်းလုပ်ဖို့အသားသွားဝယ်တာ ကျွန်တော်က
အသားနည်းနည်းကပ်ပါတတ်တဲ့ ၀က်ရိုးတွေ ကိုမှာလိုက်တယ် အဲဒါနဲ့ချက်မယ်။
အဖေ့အတွက် မရှိမဖြစ်ကြော်ကြော်ပေးနေရတဲ့ အမဲသားထောင်းကြော်လေးရယ်
ပြီးတော့ ငါးပိကို ပူစီနံရွက်နဲ့ရောထောင်း လိုက်မယ် ဒါဆို လိုက်ဖက်ပြီး
ထမင်းမြိန်ပြီပေါ့နော်။

ဝက်ရိုးနဲ့ မျှစ်ချဉ်အတွက်
ဝက်ရိုး - ငါးဆယ်သား
ဆား - နည်းနည်း
နနွင်း - နည်းနည်း
မျှစ်ချဉ် - သုံးဆယ်သား
ကြက်သွန်ဖြူ - တစ်ဥ
ကြက်သွန်နီ - နှစ်ဥ
ငရုတ်ပွ - သုံးတောင့်
ဆီ - နှစ်ဇွန်း
ငါးပိစိမ်းစား - ကွမ်းသီးလုံး
ရေ - နို့ဆီဘူးသုံးဘူး

ချက်ကြည့်မယ်
ဝက်ရိုးတွေကို ရေဆေး၊ အနေတော်တုံး၊ ဆား၊နနွင်းနယ်၊
မျှစ်ချဉ်သုံးဆယ်သား ရေတစ်ထပ်ဆေး၊ အချဉ်နည်းနည်းပေါ့သွားအောင်၊
ကြက်သွန်ဖြူတစ်ဥ၊ကြက်သွန်နီနှစ်ဥ၊ အစေ့ထုတ်ရေစိမ်ထားတဲ့
ငရုတ်ပွသုံးတောင့် ရောထောင်း၊
ပြီးရင် ၀က်ရိုးနဲ့မျှစ်ချဉ်အိုးထဲထည့်၊
ဆီနှစ်ဇွန်း၊ ငါးပိစိမ်းစား ကွမ်းသီးလုံးလောက်နဲ့ ရောနယ်၊
မီးဖိုပေါ်တင်၊ ငါးမိနစ်လောက်လုံးပြီး
ရေနို့ဆီဘူးသုံးဘူးစာထည့်၊မျှစ်ချဉ်ဖတ်နဲ့ ၀က်ရိုးမှာ ကပ်နေတဲ့အသား
နူးနပ် အောင်တည်၊
အိုး ချခါနီးရင် အပေါ့အငံမြည်းလိုက်ပြီးရင် မျှစ်ချဉ်နဲ့ ၀က်ရိုးအရည်သောက်ဟင်းရရော။

အမဲသားထောင်းကြော် အတွက်
အမဲသားမိုးခိုသား - သုံးဆယ်သား
ဆား - နည်းနည်း
ငံပြာရည်အချိုရည် - နှစ်ဇွန်း
ရှောက်သီး - နှစ်စိတ်
ချင်း - လက်တစ်ဆစ်
ရေ - အနေတော်
ကြက်သွန်နီ - သုံးဥ
ကြက်သွန်ဖြူ - နှစ်ဥ
ငရုတ်သီးပွ - ငါးတောင့်
ဆီ - ငါးကျပ်သား

ကြော်ကြည့်မယ်
အမဲသားထောင်းကြော်အတွက် မိုးခိုသား သုံးဆယ်သားလောက်ဝယ်ထားတာကို
အတုံးလိုက် ရေစင်စင်ဆေး၊
အသားမြှောင်းလေးတွေ မြှောင်း၊
ဆား၊ ငံပြာရည်အချိုရည်၊ ရှောက်သီးနှစ်စိတ် အရည်ညှစ်ထည့်၊
ကြက်သွန်ဖြူတစ်ဥ၊ ချင်းလက်တစ်ဆစ် ရောထောင်းထားတာတွေ အားလုံးထည့်ပြီး ခပ်ကြာကြာနယ်၊
ရေထည့်ပြီး အသားတွေ နူးလာတဲ့အထိ ပြုတ်ရမယ်၊ အသားတွေနူးရင်
ရေခမ်းတဲ့အထိထားပြီးမှ အိုးကိုချ အအေးခံထား ရမယ်၊
အေးသွားရင် ငရုတ်ဆုံထဲထည့်၊ အသားပွလာအောင်ထောင်း၊
ကြက်သွန်နီသုံးဥ ပါးပါးလှီး၊ ကြက်သွန်ဖြူနှစ်ဥစာလောက်နဲ့
ငရုတ်သီးပွငါးတောင့်လောက်ပါ ရောထောင်း၊
ပြီးရင် ဆီငါးကျပ်သား အိုးထဲထည့်၊ ဆီပူလာရင် အမြှောင်းမပျက် ထုထားတဲ့
အမဲသားတွေထည့်၊ အသားတွေ နီရောင် သန်းပြီးကြွပ်ခါနီးရင် လှီးထားတဲ့
ကြက်သွန်နီ၊ ထောင်းထားတဲ့ အဆာတွေရောထည့်ပြီး မီးအေးအေးမှာ မွှေပေး၊
အပေါ့အငန်မြည်း၊ ကြက်သွန်နီဖတ်လေး ရွပြီး ရွှေဝါရောင်တောက်လာရင်
အိုးချပြီး ပန်းကန်ပက်ပက်ထဲ ခူးထည့် လိုက်မယ်။

ငါးပိထောင်းအတွက်
ငရုပ်သီး - ဆယ့်ငါးတောင့်
ငါးပိ - ကွမ်းသီးနှစ်လုံး
ပုစွန်ခြောက်မှုန့် - နည်းနည်း
ပူစီနံ - သုံးပင်

ငါးပိထောင်းဖို့
ငရုတ်သီးဆယ့်ငါးတောင့် မီးကင်၊
ငါးပိ ကွမ်းသီးနှစ်လုံးစာလောက် မီးကင်၊
ပုစွန်ခြောက်မှုန့်နည်းနည်းပါ ထည့်ရောထောင်း၊ ညက်ရင် ပူစီနံသုံးပင်လောက်
အရွက်ချွေထည့်ထောင်း၊
အားလုံးသမသွားရင် စလောင်းဖုံးထဲပါးပါးကပ်ပြီး မီးကင်၊ ပူစီနံနံ့မွှေးတဲ့
ငါးပိထောင်းရရော။













Friday, December 24, 2010

Google Talk ကိုမွှေနှောက်စို့

(၁) စာရိုက်တဲ့အခါ Font Size ကြီးကြီးမြင်ချင်ရင် Control ကိုဖိထားပြီး
Mouse အလယ်က Scroll Wheel ကိုလှည့်ကြည့်ပါ။ အကြီးအသေးပြောင်းပေးမယ်။

တစ်ဖက်ကို စာကြောင်းနှစ်ကြောင်း ခွဲရိုက်ချင်ရင် Shift+Enter ခေါက်ကြည့်။
အောက်တစ်ကြောင်း ဆင်းပေးတယ်။

ပိုပြီးထင်ရှားစေချင်တဲ့ စာကြောင်းတွေ၊ စာလုံးတွေကို အနက်ရောင် Bold
တင်ချင်ရင် **နှစ်ခုကြားထဲသာ ထည့်ရိုက်ကြည့် အဲဒီ Star
နှစ်ခုကြားတည်းကစာလုံးတွေ Bold ဖြစ်သွားလိမ့်မယ်။

စာလုံးကို အစောင်းအနေနဲ့ ထင်ရှားစေချင်ရင် Under Score __နှစ်ခုကြားထဲ
ထည့်ပြီးရိုက်ပါ။ အဲဒီ_ နှစ်ခုကြားထဲက စာလုံးတွေ စောင်းနေလိမ့်မယ်။
စာကြောင်းအလိုက် စာပိုဒ်အလိုက်တွေလည်း ဒီသင်္ကေတတွေကြားထဲမှာ
ထည့်သုံးလို့ရတယ်။

အများကြီး အများကြီးနဲ့ Q အဲမှားလို့ Chat ကြတဲ့သူတွေ Mouse
ကိုပြေးပြေးမကိုင်ချင်ရင် တစ်ယောက်နဲ့တစ်ယောက်ကို Ctrl+Tab နဲ့ Switch
လုပ်ပြီး ပြောင်းလို့ရတယ်။ Control ကိုဖိထားပြီး Tab လေးနှိပ်နှိပ်ပြီး
ပြောင်းရုံပဲ။ တစ်ခုစီ ပိတ်ချင်ရင်တော့ Ctrl+F4 ဆိုရ ပါပြီ။

(၂) G-Talk တွေအများကြီး ဖွင့်လို့ရအောင် ဒီလိုလုပ်ပါ။ Desktop ပေါ်မှာ
G-Talk Short Cut ရှိမယ်။ မရှိရင် တင်လိုက်ပါ။ ပြီးရင် Properties
ထဲကိုဝင်လိုက်ပါ။ Target ဆိုတဲ့ဘေးက Box ထဲက စားသားတွေနောက်မှာ /nomutex
လို့ပြင်လိုက်ပါ။ ဒီထက်လွယ် ချင်ရင်တော့ Desktop ပေါ်မှာ Right-Click နဲ့
New Shortcut ယူလိုက်ပါ။ အောက်ပါစာသားတွေရိုက်ထည့်လိုက်ပါ။ " "များပါ
ထည့် ရိုက်ပါ။ /nomutex ရှေ့တွေ Space ရှိပါတယ်။ "C:\program
files\google\googletalk\googletalk.exe" /nomutex ပြီးရင် next ဆိုတာနဲ့
Desktop ပေါ်မှာ G-Talk Shortcut ရောက်လာတဲ့အခါ စိတ်ရှိသလောက်သာ
ဖွင့်ပေတော့။ အဲနောက်တစ်မျိုးက အဲဒီ စာသားတွေကို Start ထဲက Run Box
ထဲသွားရိုက်ထည့်ပြီး OK ဆိုတိုင်း G-Talk တစ်ခု၊တစ်ခုပွင့်တယ်ဗျာ။

အရေးကြီးတာတစ်ခုပြောမယ်။ သူများဆီမှာ သုံးပြီးထသွားရင် Username
ကြီးကျန်ခဲ့မှာပေါ့။ ဒါကို Delete လုပ်သွားတတ်ကြတယ်။ မထင်နဲ့ Username
နေရာမှာ Click နှိပ်ပြီး Ctrl+Z နှိပ်ကြည့်၊ နောက်ဆုံးသုံးခဲ့တဲ့
Username ပြန်ပေါ်တယ်။ ဒါပေမယ့် Password တော့မရပါဘူး။ ဒါပေမယ့် Username
တွေသိကုန်မယ်လေ။ ဒါကိုရှင်းကြမယ် G-Talk လေးတွေ ဒီအတိုင်းပိတ်ပြီးသွားရင်
ညာဘက် အောက်က နာရီနေရာမှာ ကျန်သေးတယ်။ Sign-out လုပ်ပြီးလည်း
ခဲရောင်လေးအဖြစ်ကျန်တယ်။ အဲဒါလေးကို Right Click ထဲက Exit လုပ်လိုက်ရင်
ပိုကောင်းပါတယ်။ အဲဒီလို တခါတည်းတန်းပြီး Exit လုပ်ရင်လည်း အလိုလို
Sign-Out ဖြစ်ပါတယ်။

အခုကျန်ခဲ့တဲ့ Account တွေဖျက်ကြည့်မယ်။ Start ထဲက Run ထဲမှာ အခုလိုရိုက်ပါ။
"C:\program files\google\googletalk\googletalk.exe"/factoryreset
ဒါဆိုရင် G-Talk ကို Factory ထုတ်စကအတိုင်း reset ပြန်လုပ်ပေးသွားပါတယ်။
Install လုပ်ပြီးကာစ လုံးဝအသုံးမပြုရသေးတဲ့ G-Talk အသစ်စက်စက်လေးလိုပေါ့။
ကဲ Remember Password ကိုတော့ Sign-in မလုပ်ခင် Check လေးဖြုတ်လိုက်နော်။

အဲဒီလို Run ထဲ ခဏခဏ သွားမရိုက်ချင်ရင်တော့ New Shortcut တစ်ခုယူလိုက်ပါ။
အဲဒီစာသားတွေ ရိုက်ထည့်ပါ။ Next ပြီးရင် G-Talk Factory Reset သို့မဟုတ်
ကြိုက်ရာနာမည်ပေးပြီး Next လုပ်လိုက်တာနဲ့ Shortcut တစ်ခုရောက်လာမယ်။
အဲဒီ Shortcut လေး Double click နှိပ်ပေးလိုက်တာနဲ့ ရသွားပါပြီ။
အခြားလူတွေလည်း သုံးလို့ရသွားတာပေါ့။

Registery ကနေသွားကြည့်မယ်။ Windows ရဲ့ Registery ထဲက G-Talk ထဲမှာလည်း
လုပ်စရာလေးတွေရှိတယ်။ Registery Editor ထဲကို Start ထဲက Run ထဲကနေ
regedit လို့ရိုက်ပြီး Enter ခေါက်ခေါ်လိုက်ရင် ရောက်လာပါလိမ့်မယ်။

Ggoogle Talk ကဘယ်မှာရှိ လဲဆိုတော့
HKEY_CURRENT_USER\Software\Google\Google Talk အဲဒီထဲမှာရှိတယ်။ Google
Talk ဆိုတဲ့အောက်က Account ဆိုတဲ့အောက်မှာ ဒီG-talkမှာ သုံးသွားသမျှ
Account တွေအားလုံးမှတ်ထားတယ်။ အဲဒါကြောင့် ကျန်နေတာပါ။ ဒီမှာ ဘယ်သူတွေ
Sign-in ၀င်ခဲ့သလဲဆိုတာ အားလုံးသိရမယ်။ ဒါပေမယ့် ရှေ့မှာပြောခဲ့တဲ့
Factory Reset လုပ်လိုက်ရင်တော့ အားလုံးအပြောင်ပဲ။
အကယ်၍များ G-Talk လေးက System Tray လေးထဲမှာ ပုန်းနေလားဆိုတာကိုသိချင်ရင်
Window Key + Esc ကိုနှိပ်ကြည့်လိုက်ရင် ထွက်ပေါ်လာလိမ့်မယ်။

(၃) Emotion လေးတွေကို G-talk ကအပြာရောင်လေးတွေနဲ့ပြပေးနိုင်တယ်။
ခေါင်းလေးကို ဘယ်ဘက်စောင်းလေးကြည့်ရင်တော့ မျက်နှာလေးတွေ ပိုပီပြင်တာပေါ့
:-l :-O :-x :-P :-D ;-) :-( :l :O :X :P :D :) :( ;-l ;-O ;-x ;-P ;-D
;-) ;-( ;l ;O ;x ;P ;D ;) ;( B-l B-O B-x B-P B-D B-) B-( B'( BO Bx BD
B) B( B)

G-Mail ထဲကနေသွား Chat မယ်ဆိုရင်တော့ Emotion လေးတွေကို Animation
လေးတွေနဲ့ပါ ပြပေးတယ်။ G-Mail ရဲ့အထဲက G-talk မှာ Sign Out လုပ်တဲ့
မြှားလေးကို Invisible လို့ပြောင်းလိုက်ရင် ကိုယ့်ကို offline
အနေနဲ့ပဲမြင်ရတော့မယ်နော်။ G-Mail ထဲဝင်ပုန်း နေလို့ G ပုန်းကြီးလို့လဲ
ခေါ်ကြတယ်ဗျာ။

*Pidgin အစွမ်း*

G-Talk ကနေမဟုတ်ပဲ Pidgin ဆိုတဲ့ Application လေးနဲ့သုံးကြည့်ရအောင်။
Pidgin ဆိုတဲ့ Application လေးကလည်း Free ရပြီး G-Talk မှမဟုတ်ပါဘူး။ IM
တော်တော်များများ သုံးလို့ရတယ်။ Windows မှာတင်မဟုတ်ပဲ Open Source
တွေအတွက်လဲရှိတယ်။ သူ့ကို www.pidgin.im ကနေသွားပြီး Download
လုပ်လို့ရတယ်။ ပြီးရင် Install လုပ်ပြီး သုံးရုံပါပဲ။

တကယ်လို့ Install လုပ်ဖို့အခွင့်အရေးမရှိဘူး။ ဒီ Application လေးကို
သွားလေရာသယ်သွားချင်တယ်ဆိုရင်တော့ Portable Version လည်းရနိုင်တယ်။
Memory Stick ထဲကို Install ဖြည်ထည့်ထားပြီးသုံးရုံပဲ။

Website လိပ်စာက http://portableapps.com/apps/internet/pidgin_portable
ပါ။ အဲဒီမှာ Free Download လုပ်လို့ရပါမယ်။

အဲဒီ Pidgin လေးမှာ အစွမ်းအစအချို့အသုံးချကြည့်မယ်။
အရင်ဆုံးအသုံးဝင်မယ်ထင်တာလေးတွေပြောမယ်။ ကိုယ့်ကို Block လုပ်ထား လား၊
မလုပ်ထားလား၊ ဒီ Pidgin ထဲကနေ၀င်ပြီး Check လုပ်လို့ရတယ်။ သူကကိုယ့်ကို
Block လုပ်ထားလားမလုပ်ထားလားသိချင်ရင် သူ့ Account ပေါ်
Right-Clickနှိပ်ပြီး အပေါ်ဆုံးက Get Info ဆိုတာကိုနှိပ်ကြည့်ပါ။

တကယ်လို့ Block လုပ်ထားတယ်ဆိုရင် သူ့ရဲ့ information (pics,
username)တွေဘာမှမြင်ရမှာ မဟုတ်ပါဘူး။ Offline လို့ပဲပြလိမ့် မယ်။ သူ့ရဲ့
Information လေးတွေ တွေ့ရပြီဆိုရင်တော့ ဒါကိုယ့်ကို block မလုပ်ထားပါဘူး။
ဒါက online မှာရှိရှိ၊မရှိရှိ ကြည့်လို့ရ တယ်။

ဒီ Information မှာပေါ်လာတဲ့ ပုံလေးကို Right-click နှိပ်ပြီး Save Image
လုပ်ကာသိမ်းထားလို့ရတယ်။ ဒါပေမယ့် Resolution က တော့ 96 x 96
ပဲရလိမ့်မယ်။

ဒီ Pidgin ကို Portable အနေနဲ့ပဲ ကိုယ့်ရဲ့ Memory Stick
ထဲမှာသုံးစေချင်တယ်။ သူက Account တွေကိုသိမ်းထားပေးတယ်လေ။ အကယ်၍
မဖျက်ခဲ့မိရင်တောင် ကိုယ့် Drive ထဲမှာဆိုတော့ ပြဿနာမရှိတော့ပါဘူး။ Menu
Bar က Accounts ထဲမှာ Manage Account ဆိုတာရှိတယ်။ အဲဒီထဲမှာ Account
တွေအများကြီး သိမ်းထားမလား၊ Password တွေပါပါလား၊ Accounts တွေဖြုတ်မလား
စီမံလို့ရပါတယ်။ ထွက်ချင်ရင်တော့ Buddies ထဲကနေ Quit သာနှိပ်လိုက်တော့။
ဒီလောက်ဆိုရင်တော့ G-talk ကိုမွှေနှောက်လို့ရ လောက်ပါပြီ။

Reference: PC World Magazine.

Tuesday, December 21, 2010

တစ်ကိုယ်ရေသန့်ရှင်းရေး သုံးကုန်ပစ္စည်းဖြစ်တဲ့ သွားတိုက်ဆေး

လူတိုင်းအတွက် နေ့စဉ်နဲ့အမျှ ထိတွေ့နေရတဲ့၊ ကျန်းမာရေးအတွက်
အသုံးပြုနေရတဲ့ တစ်ကိုယ်ရေသန့်ရှင်းရေး အသုံး အဆောင်ပစ္စည်းတွေကလည်း
အများသားပဲ။ တချို့ကုန်ပစ္စည်းတွေက မရှိရင်ဖြစ်ပေမဲ့ တချို့ကျတော့
တကယ့်ကို မရှိ မဖြစ်လိုအပ်ချက် လူသုံးကုန်ပစ္စည်းတွေလေ။
အဲဒီအထဲမှာမှ ကျွန်တော်တို့ နေ့စဉ်နေ့တိုင်း မဖြစ်မနေအသုံးပြုရတဲ့
ကုန်ပစ္စည်း၊ မနက်ခင်းအိပ်ယာကထပြီဆို ကတည်း က တွေ့ရတတ်တဲ့
ကုန်ပစ္စည်းလို့ဆိုရင် သွားတိုက်ဆေးလို့ ပြောရပါမယ်။ နေ့စဉ်နဲ့အမျှ
တစ်ကိုယ်ရေသန့်ရှင်းရေး၊ ခံတွင်းကျန်းမာရေးအတွက်
မရှိမဖြစ်လိုအပ်ချက်ဖြစ်တဲ့ ကုန်ပစ္စည်းလို့လည်း ပြောရမှာပါပဲ။
ဟိုးငယ်ငယ်ကတည်းက သွား ပိုးစားတတ်လွန်းလို့ အိပ်ယာနိုးတာနဲ့
မဖြစ်မနေသွားတိုက်ခိုင်းခဲ့တဲ့ အမေကြောင့် သွားတိုက်တာဟာ ကျွန်တော့်အတွက်
တော့ အလေ့အကျင့်ကနေ အလေ့အထဖြစ်သွားတယ်။ ကျွန်တော့်အဖို့သွားမတိုက်ရရင်
မနေနိုင်ဘူး။

အိပ်ရာကထပြီး ကိုယ့်ခံတွင်းကို စင်ကြယ်အောင် သွားတိုက်ဆေးနဲ့
တိုက်ပြီးမှ၊ မျက်နှာသန့်စင်ဆေးကြောပြီးမှ ဘုရားရှိခိုး တာ၊
တစ်ယောက်ယောက်နဲ့ စကားပြောတာ၊ မနက်ခင်းစာ တစ်ခုခုစားတာတွေ
ဆက်လုပ်ဖြစ်တယ်။ သွားများမတိုက်ရ သေးဘူးဆိုရင် ကိုယ့်ကိုယ်ကို
အိပ်ရာကနိုးတယ်လို့ တယ်မယူဆချင်ဘူး။ စကားပြောရတာကအစ၊ အစားစားရမှာကအစ
ကိုယ့်စိတ်ကိုယ်မလုံချင်ဘူး။ တစ်နေရာရာကိုများ ခရီးသွားရတော့မယ်ဆိုရင်
ကိုယ်ယူသွားမယ့်အထဲမှာ သွားတိုက်ဆေး သွားတိုက်တံပါမပါ
ဂရုတစိုက်ကြည့်ရတယ်။ သည်တော့ သွားတိုက်ဆေးဆိုတာ ကျွန်တော့်အတွက်
အရေးပါတဲ့ ကုန် ပစ္စည်း တစ်ခုအနေနဲ့ စိတ်ဝင်စားစရာကောင်းလို့ သည်တစ်လတော့
သည်သွားတိုက်ဆေးအကြောင်း လက်လှမ်းမီ သလောက် တင်ပြချင်ပါတယ်။

သွားတိုက်ဆေးဆိုတာ သွားများ ဖြူဖွေးစင်ကြယ် လှပစေဖို့၊ ခံတွင်းအနံ့
အသက်ကင်းဖို့၊ ခံတွင်းမှာ ပေါက်ပွားလေ့ရှိတဲ့ ဘက်တီးရီးယားပိုးမွှား
အန္တာရာယ်ကနေ ကာကွယ်ဖို့၊ သွားပိုးစားခြင်းအန္တရာယ်ကနေ ကာကွယ်ဖို့၊
ခံတွင်းရောဂါ ကင်းဖို့ အတွက် ရည်ရွယ်ဖော်စပ် စီမံထုတ်လုပ်ထားတဲ့
ညှစ်ဆေးဘူးလို့ ပြောရမယ်ထင်ပါတယ်။

ခံတွင်းအနံ့ကင်းဖို့နဲ့ သန့်ရှင်းကျန်းမာနေဖို့ သွားတိုက်ဆေးမှုန့်
(သို့မဟုတ်) အရည်တစ်မျိုးမျိုးကို အသုံးပြုပြီး သွား တိုက်ခြင်း
ခံတွင်းသန့်စင်ခြင်းကို အေဒီ(၄)ရာစုနှစ်လောက်ကတည်းက စတင်နေပြီလို့
အီဂျစ်နဲ့ရှေးဟောင်းအိန္ဒိယကျမ်း တွေက ဆိုပါတယ်။ သွားတိုက်တဲ့ အလေ့အထကို
အီဂျစ်၊တရုတ်နဲ့ အိန္ဒိယတွေမှာ အဲသည်ကာလတွေမှာကတည်းက
စပြီးဖွံ့ဖြိုးလာခဲ့ဟန်တူပါတယ်။

ရှေးလူတွေက သွားတိုက်ဆေးအမှုန့်တွေအဖြစ်နဲ့ သတ္တ၀ါတွေရဲ့အရိုးတွေ၊
ငါးတွေရဲ့အရိုးတွေ၊ ဥခွံခရုခွံတွေကို ပြာမှုန့် တွေနဲ့ ရောနှောပြီး
သုံးခဲ့ကြသလို ဆား၊မီးသွေးမှုန့်၊သစ်ကိုင်းအရိုး(သို့မဟုတ်)
အရွက်တစ်မျိုးမျိုးကို သွားတိုက်ဆေး အမှုန့်အဖြစ် အသုံးပြုခဲ့ကြတယ်လို့
သိရပါတယ်။ တမာရဲ့ ဆေးဘက်ဝင်ပုံကိုလည်း အဲဒီအချိန်ကတည်းက သိခဲ့ကြ
ဟန်တူပါတယ်။ စတင်အသုံးပြုစဉ်တုန်းကတော့ သည်လို အမှုန့်တွေ၊
ညှစ်ဆေးအနှစ်တွေကို အိုးလေးတွေနဲ့ထည့်ပြီး အသုံးပြုလာကြတယ်။
တရုတ်ရာဇ၀င်တွေမှာတော့ နန်းတွင်းအလေ့အထတွေထဲမှာ ခံတွင်းသန့်စင်ဖို့အတွက်
ရွှေ၊ငွေ တုတ်ချောင်းလေးတွေမှာ ခံတွင်းသန့်စင်ဆေးတစ်မျိုးထည့်ပြီး
သွားတိုက်ခဲ့တာကတော့ ခုခေတ်သွားတိုက်ဆေးတွေရဲ့ အစကနဦးပေါ့။

စနစ်ကျလာတဲ့ သွားတိုက်ဆေးပုံစံကိုတော့ ၁၈၀၀ခုနှစ်လောက်မှာ
စတင်ဖွံ့ဖြိုးလာခဲ့တယ်။ ၁၈၉၂ခုနှစ်လောက်မှာတော့ ဘူးထဲထည့်ပြီး
ညှစ်သုံးရတဲ့ သွားတိုက်ဆေးကို တီထွင်ထုတ်လုပ်လာတာ တွေ့လာရတယ်။
သွားများကိုခိုင်မာစေတဲ့ ဖလိုရိုက်ပါတဲ့ သွားတိုက်ဆေးကိုတော့
၁၉၁၄ခုနှစ်မှာ ထည့်သွင်းအသုံးပြုလာကြတယ်။ ဖလိုရိုက်ပါတဲ့ သွားတိုက်ဆေး
တွေအနေနဲ့ ၁၉၅၀နောက်ပိုင်းမှသာ ဈေးကွက်မှာ
တွင်တွင်ကျယ်ကျယ်နဲ့ပျံ့နှံ့လာကြကြောင်းသိရပါတယ်။

မြန်မာနိုင်ငံမှာကတော့ သွားတိုက်ဆေးရယ်လို့ တိတိကျကျမပေါ်ခင်ကတည်းက
တံပူနဲ့ သွားတိုက်လာခဲ့ကြတယ်လို့ သိရပါတယ်။ တမာချောင်းနဲ့သွားများကို
စိမ်းပြေနပြေတိုက်လို့ကတော့ သွားများဖွေးနေအောင် ဖြူသွားတာဆိုပဲ။
ဟိုတုန်းက ကျေးလက်တောရွာတွေမှာ ဘုန်းကြီးဦးဇင်းတွေအတွက်
တံပူတမာချောင်းတွေလုပ်လှူပြီး ကုသိုလ်ယူတတ် ကြတာ မှတ်သားရဖူးပါတယ်။
တမာချောင်းတွေနဲ့ သွားကိုစင်ကြယ်အောင်တိုက်လေ့ရှိသလို အညာဒေသတွေမှာပေါတဲ့
တမာရွက်တွေ၊ အရိုးတွေမီးရှို့ပြာချ၊ ပြာကိုဆားနဲ့ရောနယ်ပြီး
သွားတိုက်ဆေးမှုန့်အဖြစ် အသုံးပြုခဲ့ကြတာတွေ့ရပါတယ်။ အချို့လည်းဆားကို
ပါးစပ်ထဲပစ်ထည့်ပလုပ်ကျင်းပြီး ခံတွင်းသန့်စင်လိုက်ကြတယ်လို့ဆိုပေမယ့်
ခံတွင်းဆေးတဲ့ ခံတွင်း သန့်စင်တဲ့အလေ့အထကတော့ သမိုင်းမတင်ခဲ့ပေမဲ့
ကြာလှပြီလို့ဆိုရပါမယ်။

ခုလိုခေတ်တွေရောက်တော့ သွားတိုက်ဆေးဆိုတာ တစ်ခေတ်ရရှိလာပြီး
တောရောမြို့ပါမကျန် သွားတိုက်ဆေး သုံးကြတဲ့ အလေ့အထရှိလာကြပြီး
တမာရွက်တွေစုစည်းမီးရှို့၊ ပြာကိုဆားနဲ့ရောနှောစသဖြင့် အချိန်ကုန်ခံပြီး
လုပ်မနေတော့ဘူး။ တံပူ တွေအတွက် အချိန်ကုန်ခံပြီး
တမာချောင်းတွေမလုပ်နေတော့ဘူး။ သွားတိုက်ဆေးတစ်ဗူးလောက်ဝယ်လိုက်ရင် တစ်
မိသားစုလုံးသုံးပေရော့။ တန်သင့်ရုံ ဈေးနှုန်းနဲ့ဆို
သွားတိုက်ဆေးဝယ်သုံးလို့ဖြစ်ပြီဆိုတော့ သွားတိုက်ဆေးဆိုတာက မိသားစုသုံး၊
တစ်ကိုယ်ရေသန့်ရှင်းရေးသုံး ကုန်ပစ္စည်းအဖြစ်
တစ်စတစ်စဖြစ်လို့နေပါတော့တယ်။

သည်ကနေ့ မျက်မှောက်ခေတ်မှာတော့ သွားတိုက်ဆေးကို
ပုံစံမျိုးစုံနဲကဈေးကွက်ထဲမှာ တွေ့နေရပြီဖြစ်ပါတယ်။ ခံတွင်း
နဲ့ပတ်သက်လို့၊ သွားနဲ့ပတ်သက်လို့၊ သွားပိုးစားခြင်းမှကာကွယ်ဖို့
ထုတ်လုပ်တဲ့သွားတိုက်ဆေးအမျိုးအစားတွေကို တွေ့ရသလို အနံ့အသက်နှစ်သက်မှုနဲ့
ပတ်သက်လို့ ထုတ်လုပ်တဲ့သွားတိုက်ဆေးအမျိုးအစားတွေလည်း တွေ့ရပါတယ်။
ဆိုဒီယမ်၊ ဖလိုရိုက်၊ကယ်လ်စီယမ်၊မင်သော်(ပရုပ်) စသဖြင့်ကွဲပြားခြားနားတဲ့
ဖော်မြူလာတွေနဲ့ ထုတ်လုပ်ထားတဲ့ ပုံစံမျိုးစုံ ကို တွေ့ကြရမှာဖြစ်ပါတယ်။
နောက်ပြီးတော့ အသက်အရွယ်အလိုက် အသုံးပြုနိုင်တဲ့ အမျိုးအစားတွေ၊ လိမ္မော်
စတော် ဘယ်ရီနာနတ် စတဲ့ ကလေးကြိုက်သစ်သီးအနံ့အသက်ပါတဲ့ အရသာမျိုးနဲ့
ထုတ်လုပ်ထားတဲ့ သွားတိုက်ဆေး တွေတွေ့ရသလို အရှေ့တိုင်းနိုင်ငံတွေဖြစ်တဲ့
အိန္ဒိယတို့ မြန်မာတို့ မလေးရှားတို့လို ကွမ်းယာကြိုက်နိုင်ငံတွေအတွက်
ကွမ်းချေးကျွတ်စေတဲ့ သွားတိုက်ဆေးဆိုပြီးတောင်
ခွဲခြားပြီးထုတ်လုပ်ရောင်းချတာ တွေ့ရပါတယ်။ တစ်ခါ ရိုးရိုးသွားတိုက်
ဆေးနဲ့ ဂျယ်ပါတာမပါတာ၊ ဂျယ်ပါတဲ့အထဲမှာတောင် နှစ်ထပ်ဂျယ်ပါတာစသဖြင့်
ခွဲခြားထားတာလည်း အရေးပါတဲ့စားသုံး သူတွေ
ရွေးချယ်ဝယ်ယူတဲ့အချက်တွေအနေနဲ့တွေ့ရပါတယ်။

ထုပ်ပိုးမှုကလည်း သတ္ထုဗူး၊ ပလတ်စတစ်ဗူး၊ ပုံစံအမျိုးမျိုးနဲ့တွေ့ရပြီး
ညှစ်ဆေးဖြစ်တဲ့အတွက် ပလတ်စတစ်ကျူ့၊ သတ္ထု ကျူ့တွေနဲ့
ထုတ်လုပ်ရောင်းချလေ့ရှိပါတယ်။ အထူးသဖြင့်တော့ ပလတ်စတစ်ကျူ့နဲ့
ညှစ်ဆေးဗူးအနေနဲ့ ထုတ်လုပ်တာ ကိုအများဆုံးတွေ့မြင်ရပါတယ်။
ဆိုဒ်ဆိုရင်လည်း ထိုတစ်ခါသုံး (၅)ဂရမ် (၆)ဂရမ်လေးတွေကနေ (၅၀၀)ဂရမ်လောက်
အထိ ဆိုဒ်ပေါင်းစုံနဲ့ ထုတ်လာကြတာတွေ့ရပါတယ်။

လက်ရှိပြည်တွင်းဈေးကွက်ထဲမှာတံဆိပ်အမည်(၄၀)ကျော် လည်ပတ်နေတာတွေ့ရသလို
သွားတီုက်ဆေးအမျီုးအစားနဲ့ အရွယ်အစားများအလိုက်မခွဲမခြား
တွက်ကြည်မယ်ဆိုရင်တော့ အမျိုးကွဲတံဆိပ်ပေါင်း ၂၀၀
ကျော်အထိရှိနေတာကိုတွေ့ရ မှာဖြစ်ပါတယ်။ ဈေးနှုန်းဆိုရင်လည်းဗူးကြီးတစ်ဗူး
၂၀၀ကျပ်တန်လောက်ကနေ၅၀၀၀ကျပ်တန်လောက်ထိ ဈေးကွက်မှာ
ဈေးနှုန်းအဆင့်အလိုက်အလွှာတွေ ရှိနေတာ တွေ့ရပါတယ်။

ဟိုးလွန်ခဲ့တဲ့၁၅ကျော်လောက်ကတော့
ပြည်တွင်းဈေးကွက်မှာတရုတ်သွားတိုက်ဆေးတွေက အဓိကနေရာယူခဲ့ကြတာ ပေါ့။
အရည်အသွေးတွေဘာတွေနားမလည်ကြတဲ့ အချိန်မှာ သွားတိုက်လို့ ပါးစပ်ထဲ
အမြုပ်ထရင်ပြီးရောသွားတိုက်ဆေး လို့ ယူဆပစ်တာပဲ။အဲသည်တုန်းက
ပြည်တွင်းတံဆိပ်မည်မည်ရရမရှိခင် ဖုဟန၊ဖုဟ၀ုတို့ဈေးကွက်အခေါ်ပြာကြီးတို့၊
ကြက်ခြေနီတို့က ဈေးကွက်၃ပုံ၊၂ပုံလောက်ကို
လွှမ်းမိုးနေခဲ့တာကလား။ကိုးလ်ဂိတ်တို့၊ကလို့စ်အပ်တို့ရှိကြပေမဲ့ လူတန်း
စား နည်းနည်းလောက်ပဲ သုံးနိုင်ကြတာ။ ကျန်လူလတ်တန်းစားကလည်းအစိုးရထုတ်တဲ့
ပက်ဆိုးဒန့်လောက်သုံးကြ တယ်။ ၀င်ငွေနိမ့်နဲ့ အောက်ပိုင်းလူတန်းစား
အလွှာကတော့ သည်တရုတ်သွားတိုက်ဆေးကိုပဲ အားထားကြတော့ တော ရောမြို့ပါမကျန်
ဒါဘဲသုံးတယ်လေ။ သွားတိုက်ဆေး သုံးရတယ်ဆိုတဲ့ အလေ့အထကြောင့်သုံးကြပေမဲ့
အရည် အသွေးကို မဆန်းစစ်နိုင်ဘူး။ ဈေးနှုန်းအရသုံးပျော်တဲ့
တရုတ်သွားတိုက်ဆေးတွေကသာ ဈေးကွက်ထဲကို အချိန် အတော်ကြာ လွှမ်းမိုး
ခဲ့ကြတာလေ။

၁၉၉၀ နောက်ပိုင်းဈေးကွက်အပြောင်းအလဲ၊လူနေမှုအပြောင်းအလဲတွေ တစ်စတစ်စနဲ့
ပြည်တွင်းထုတ်လုပ်နိုင်တဲ့ သွား တိုက်ဆေးလုပ်ငန်းကုမ္ပဏီတွေပေါ်လာတယ်။
အရည်အသွေးသင့်တင့်တာအပြင် ဈေးနှုန်းကလည်း ထိုက်သင့်တဲ့ ဈေးနှုန်း
ဖြစ်လာတယ်။
အရင်ကအစိုးရကထုတ်လုပ်တဲ့ ပက်ဆိုးဒန့်လောက်သာ
ပြည်တွင်းသွားတိုက်ဆေးအဖြစ်တွေ့ရပေမဲ့ လူသုံးကုန်တွေ ထုတ်လုပ်တဲ့
စူပါအုပ်စု၊ EACအုပ်စု၊ဗျူးတီးပဲလေ့စ်အုပ်စု၊ဆုထိုက်တန် အုပ်စုတို့ကနေ
အဆင့်မီထုပ်ပိုးကုန်တွေနဲ့ သွားတိုက်ဆေးထုတ်လုပ်
ရောင်းချလာတာကိုတွေ့ရပါတယ်။ လွန်ခဲ့တဲ့ ၁၀စုနှစ်တစ်လျှောက်လုံးမှာ
ထိပ်ဆုံးမှာ နေရာ တစ်ဝက်ကျော်ယူထားခဲ့တဲ့ တရုတ်သွားတိုက်ဆေးတွေနေရာကို
ပြည်တွင်းထုတ်တံဆိပ်တွေက ပြောင်းလဲယူလာတာ ကိုတွေ့ရပါတယ်။
လေဆာတို့၊ သရီးဒီတို့၊ ဘက်စ်တီ၊ကူးလ်၊ဖရက်ရှ်အပ်တို့ဆိုရင်
သွားတိုက်ဆေးဈေးကွက်ရဲ့ ထိပ်ဆုံးနေရာမှာရှိနေတယ် လို့ပြောလို့ရပါတယ်။
လက်လီအရောင်းဆိုင်တိုင်းမှာ သွားတိုက်ဆေးတင်တယ်ဆိုရင်
သည်ပြည်တွင်းတံဆိပ်တွေကို တစ်ခုမဟုတ်တစ်ခု ရှိနေတတ်တာတွေ့နေရပါပြီ။
သုံးစွဲတဲ့သူတွေအကြိုက် ဆိုဒ်ပေါင်းစုံနဲ့ ထုတ်လုပ်လာတာ ဟိုးတစ်ခါ သုံး
ဆိုဒ်ကနေ ၃၀၀ဂရမ်လောက်အထိ အစုံပဲလို့ဆိုရပါမယ်။

အမြင့်တန်း လူတန်းစားသုံးတယ်လို့ ပြောရမယ့် ကိုးလ်ဂိတ်တို့
ကလို့စ်အပ်တို့ ဈေးကွက်ကလည်း သူ့ဈေးကွက်နဲ့သူ တော့ ရှိနေသေးတာပဲလို့
သိရပါတယ်။ သည်တံဆိပ်တွေသုံးနေကျ ပရိတ်သတ်ကလည်း သွားတိုက်ဆေးဆိုဒါပဲ သုံး
တတ်တယ်လို့ ပြောရမလောက်ဘဲ။
ဘယ်လိုပဲပြောပြော လူဦးရေ သန်း၆၀နီးနီး မြန်မာပြည်မှာ နေတာ။
အလေ့အထအားဖြင့် လူတိုင်း သွားတိုက်ဆေးကို အသုံးမပြုတောင် သုံးပုံ
၂ပုံလောက်သော လူဦးရေကသာ သွားတိုက်ဆေး အသုံးပြုလာတယ်ဆိုရင် သည်ဈေးကွက်
ပမာဏက မသေးဘူးလို့ပြောရမယ်။ဒါပေမဲ့ သုံးစွဲသူတွေဘက်ကလည်း
ခါတိုင်းထက်ပိုပြီး အသိဥာဏ်စွမ်းရည်နဲ့ ကုန်စည် အရည်အသွေး
ရွေးချယ်မှုမြင့်လာပြီ။ အရင်က သွားတိုက်ဆေးဆို ရွေးစရာမရှိ
ခေါင်းထဲပေါ်လာလောက်အောင် တံဆိပ် အမြင်သဘောထားမရှိတဲ့သူတွေ မဟုတ်တော့ဘူး။
အရည်အသွေးကောင်းကောင်းနဲ့ ကိုယ်နဲ့ကိုက်ညီတဲ့ ကုန်ပစ္စည်းမျိုး
ရွေးချယ်တတ်နေပြီ။ တစ်ချိန်က ဈေးကွက်တစ်ဝက်ကျော် နေရာယူခဲ့တဲ့
တရုတ်သွားတိုက်ဆေးတွေ အခုဆို ဈေးကွက်ထဲ မှာ မြင်ရရုံ သက်သက်ပဲ
ဈေးကွက်ဝေစုရတာတွေ့ရတော့တယ်။

အရင်က တရုတ်သွားတိုက်ဆေးတွေအစား ကိုယ့်ပြည်တွင်းထုတ်သွားတိုက်ဆေးတွေ
ဈေးကွက်ဝင်လာတာကို ပြည်တွင်း ထုတ်တွေ ကိုယ်စားဂုဏ်ယူပေမဲ့
တရုတ်သွားတိုက်ဆေးဈေးကွက်ကို သင်္ခန်းစာယူ သံဝေဂယူသင့်တယ်ထင်ပါတယ်။
အရေအတွက်တွေများများရောင်းချရဖို့အတွက်၊ ကြော်ငြာတွေ
အများကြီးနဲ့ဆွဲဆောင်၊ ဈေးနှုန်းတွေလျော့၊ဈေးကွက်မြှင့် တင်ရေး
နည်းလမ်းပေါင်းစုံတွေနဲ့ ဆောင်ရွက်ကြပေမဲ့လို့ အရည်အသွေးအားနည်းနေရင်တော့
တရုတ်သွားတိုက်ဆေး ဈေးကွက် နမူနာနောက် လိုက်သွားရမှာပေါ့။

အထက်ကဆိုခဲ့သလို တစ်ချိန်တုန်းက သွားတိုက်ဆေးအဖြစ် ပြာတွေ၊
ဆားတွေသုံးခဲ့တဲ့ အလေ့အထကနေပြီးတော့ ဖလိုရိုက်ပါတဲ့၊
ကယ်လ်စီယမ်ပါတဲ့၊မာန်သော်ပါတဲ့၊ ဂျယ်လ်ပါတဲ့၊ လိမ္မော်နဲ့
စတော်ဘယ်ရီနံ့ပါတဲ့ သွားတိုက်ဆေးမှဆိုတဲ့ ကုန်စည်သုတရှိတဲ့အမြင်ကို
တစ်စတစ်စပြောင်းပြောင်းလာပြီဆိုတော့ အရည်အသွေးဆွဲဆောင်မှုက ဘယ်လောက်အရေး
ပါလာသလဲဆိုတာ မြင်သာပါတယ်။ အရည်အသွေးကောင်းရင် သည်မှာဘဲ
ဈေးကွက်အကြီးကြီးရနိုင်သလို ပြည်ပကိုပြန် တင်ပို့နိုင်တဲ့ အဆင့်ကို
နောက်တစ်ထစ်လှမ်းသင့်ပြီလို့ ထင်ပါတယ်။

ကျွန်တော်တို့စားသုံးသူတွေဘက်ကတော့ ပြည်တွင်းတံဆိပ်တွေ
ဈေးနှုန်းသင့်သင့်တင့်တင့်နဲ့ အရည်အသွေးမီမီကုန်စည် တွေဖြစ်ဖို့ပဲ
အမြဲဆုတောင်းပေးနေပါတယ်။

PAOH
Resource: Business (Union of Myanmar Federation of Chambers of
Commerce & Industry) Vol: 10, No.10 – December 2010

Saturday, December 18, 2010

အဆီဘယ်လို လျှော့စားကြမလဲ

*How to trim the fat
ပိန်စေခြင်း၏ လျှို့ဝှက်ချက်
အဆီဘယ်လို လျှော့စားကြမလဲ*

အဆီကို အောက်ဖော်ပြပါနည်းများနဲ့ အစားထိုးလျှော့ချနိုင်ပါတယ်။
- မလိုင်အပြည့်ပါတဲ့ နို့ (full-fat milk) အစား
မလိုင်ထုတ်ပြီးသားနို့(skimmed milk) ဖြစ်စေ မလိုင်တစ်ဝက်ထုတ် ပြီး
သားနို့(Semi-skimmed milk) ဖြစ်စေ။

- ထောက်ပတ် (butter) နဲ့ ဟင်းရွက်အဆီခဲ (margarine) အစား အဆီလျှော့ထားတဲ့
ပေါင်မုန့်မှာ သုတ်စားတဲ့ ယို (spread) ဖြစ်စေ မြေပဲထောပတ် (peanut
butter) ဖြစ်စေ။

- အာလူးချောင်းကြော် (chips/fries) အစားအာလူးအပြုတ် (boiled potatoes)
ဖြစ်စေ၊ အာလူးဖုတ် (jacket potatoes) ဖြစ်စေ။

- စီမံ ပြုပြင်ထားတဲ့ အသား(processed meat)၊ အသားငါးကို ညက်အောင်
ကြိတ်ထားတဲ့ အီဆိမ့်တဲ့ အနှစ် (paste)၊ အသားညှပ်ပေါင်မုန့်လုံး(burgers)၊
အသားသွတ်မုန့် (meat pie) နဲ့ ၀က်အူချောင်း(sausages)အစား ကြက်သား၊
ငါးနဲ့ အဆီနည်းတဲ့ အသား။

- ဘီစကစ် (biscuits) နဲ့ကိတ်မုန့်အစား ဆားမုန့်(crackers)၊ ဆန်နဲ့လုပ်တဲ့
ကိတ်မုန့်(rice cake) နဲ့ သစ်သီးစုံ (fruit bars)

- ချောကလက်၊ကိတ်မုန့်နဲ့ အချိုပွဲ (desserts) အစားလတ်ဆတ်တဲ့ သစ်သီးများ။

- ထောပတ်၊ဟင်းချက်အဆီနဲ့ ဟင်းရွက်အဆီခဲအစား နှလုံးရောဂါအတွက်
ကောင်းမွန်စေတဲ့ monounsaturated/oil (ဥပမာ - သံလွင်ဆီ)၊ spreads နဲ့
nuts များကို အစားထိုးစားသုံးနိုင်ပါတယ်။

ချက်ပြုတ်ရာမှာ အဆီနည်းပါးစွာပါဝင်တဲ့အဆီကိုသာအသုံးပြုပါ။
- ဟင်းချို၊ဟော့ပေါ့နဲ့ပြုတ်ချက်(stew)ချက်ရာမှာ ကြက်သွန်နီကို
အရင်ကြော်တာမျိုးမလုပ်ဘဲ တခြားထည့်ချက်မယ့် အစားအစာတွေနဲ့အတူရောပြီး
ချက်လိုက်ပါ။
- စားမြိန်ရည် sauces လုပ်တဲ့အခါမှာ ထောပတ်ကို မထည့်ဘဲ ပြောင်းမှုန့်(corn
flour) နဲ့နွားနို့ကို ရောမွှေပါ။ ပြီးရင် ကျန်တဲ့နို့ကိုပါ ရောထည့်ပြီး
ပြုတ်ပါ။

- ကြော်မယ်ဆိုရင် ဆီသုံးတာကို နည်းနိုင်သမျှ နည်းနည်းသာ သုံးပါ။
ဖြစ်နိုင်ရင် ဆီပူထိုးတာမျိုး(stir-frying) သာ လုပ်ပါ။
- ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ချက်ပြုတ်နည်းဆိုတာ ပြုတ်တာ၊
ပေါင်းတာ၊ဆီပူထိုးတာနဲ့ ကင်တာမျိုး(grilling) တွေ ပဲဖြစ်တယ်။
- ကြော်ချင်တယ်ဆိုရင်လည်း လက်ဖက်ရည်ဇွန်းတစ်ဇွန်းအစား ပါလေအောင်ပဲ
ထည့်တာဟာ ကယ်လိုရီ ၅၀လောက် လျော့သွားတာပါ။

- စားမြိန်ရည် လုပ်တဲ့အခါမှာ ခရင်မ်အစား ဒိန်ချဉ်ကိုသုံးပါ။ပြုတ်တော့မပြုတ်ပါနဲ့။
- အာလူးဖုတ်ပေါ်မှာ ဒိန်ချဉ်၊ မီးဖုတ်ထားတဲ့ ပဲနဲ့ fromage frais တွေကို
ဆမ်းပေးနိုင်တယ်။
- မယိုးနီးစ် (mayonnaise) (ကြက်ဥ၊ဆီ၊ရှာလကာရည်တို့နဲ့ ပြုလုပ်တဲ့
အအေးခံအစာနဲ့ စားရတဲ့ ဆင်စွယ်ရောင် ခပ်ပျစ်ပျစ် စားမြိန်ရည်၊ဆော့)
နဲ့ဆီပါတဲ့ စားမြိန်ရည် (oily dressings) အစား ဆီနည်းနည်းသာပါတဲ့ ဆီ၊
ရှာလကာ ရည်၊ဆား၊ငရုတ်ကောင်းပါတဲ့ low-fat salad dressings ဖြစ်စေ၊
balsamic သစ်ပင်မှ ထုတ်ယူရရှိတဲ့ ဆီမွှေးဖြစ်စေ အနံ့ အရသာရှိတဲ့
ရှာလကာရည်(flavoured vinegars)ဖြစ်စေ မလိုင်ထုတ်ထားတဲ့ ဒိန်ချဉ်(low-fat
yoghurt) ဖြစ်စေကို လတ်ဆတ်တဲ့ ဆေးဖက်ဝင်အပင်၊ ရှောက်သီး၊သံပရိုသီး၊
သံပရာရည် စတာတွေကို အသုံးပြုနိုင်ပါတယ်။

- အဆီထုတ်ထားတဲ့ mustard (အသားနှင့် စားရန် မုန်ညင်းနက်အစေ့မှ
ထုတ်လုပ်တဲ့ ခပ်ရှိန်းရှိန်း အရသာရှိ အ၀ါ ရောင် (သို့) အညိုရောင်
စားမြိန်ရည်ပျစ်)၊၊ ဆေးဖက်ဝင်အပင်များ၊ ဆေးဖက်ဝင်ဆား၊ ပဲငံပြာရည်အနောက်၊
ဆော့ (salsa) များလည်း အသုံးပြုနိုင်ပါတယ်။

*ထမင်းမစားခင် ရေတစ်ဖန်ခွက်သောက်တာဟာ ဗိုက်ပြည့်ပြီး
ထမင်းအစားနည်းစေတယ်ဆိုတာ ဟုတ်ပါသလား*

မဟုတ်ပါဘူး။ ခဏပဲဗိုက်ပြည့်စေတာပါ။ရေမှာ အမျှင်ဓာတ်ရော အဟာရဓာတ်တွေပါ
မပါတဲ့အတွက် အစာစားချင်တဲ့ စိတ်ကို မတင်းတိမ်စေသလို အစာလျှော့စားလိုတဲ့
စိတ်လည်း မဖြစ်စေနိုင်ပါဘူး။
အစာစားနေစဉ်မှာလည်း ရေတစ်ဖန်ခွက်သောက်မယ်ဆိုရင် ဗိုက်ပြည့်သွားတာမျိုး၊
အဆာပြေသွားစေတာမျိုးနဲ့ သိပ် မဆိုင်လှပါ။ ဘာဖြစ်လို့လဲဆိုတော့ ၀မ်းဗိုက်က
အစာထဲကနေ ရေကိုစစ်ယူပြီး အူထဲကို အမြန်ဆုံးပို့လိုက်လို့ဖြစ် တယ်။
ဟင်းချိုအနေနဲ့ကတော့ ရေနဲ့အစာကိုရောလိုက်တဲ့အတွက် ရေကိုချည်းပဲ
စစ်ထုတ်ဖို့ ခက်ခဲသွားစေပါတယ်။ ရေနဲ့ အဟာရဓာတ်တွေပါတဲ့ ဟင်းချိုဟာ
အစာအိမ်ထဲမှာ အကြာကြီးရှိနေတာပါ။ ဒီတော့ ဆာလောင်မွတ်သိပ်တာကို ပြေ
ပျောက်စေနိုင်တာဖြစ်တယ်။

*သကြားအနည်းငယ်သာစားပါ*
Eat less sugar
သကြားဓာတ်ဟာ အစာများများ စားတာထက် ကယ်လိုရီများပါတယ်။ နောက်ပြီး
သကြားဓာတ်ပါတဲ့ အစားအစာဟာ ဗိုက်လည်းမပြည့်စေသလို ဆာလောင်တာကိုလည်း
မပြေစေနိုင်ပါဘူး။ ဒါပေမဲ့ သွေးချိုရေချိန်ကိုတော့ မြင့်တက်စေနိုင်
ပါတယ်။ သကြားဓာတ်က သွေးကြောနဲ့ ဦးနှောက်သွားရာဘက်ကို ရောက်သွားတဲ့အခါမှာ
သကြားဓာတ်ရောက် ကြောင်း ဦးနှောက်ရဲ့ အာရုံခံပစ္စည်း(ပတ်ဝန်းကျင်
ပြောင်းလဲမှုကို သိရှိနိုင်သော ကလာပ်စည်းစု brain receptors)
ကအသိအမှတ်ပြုပါ တယ်။ အဲဒီအခါမှာ အင်ဆူလင် (Insulin) ဟော်မုန်း (ပန်ကရိယမှ
ထွက်ပါတယ်။ သွေးမှာ သကြားဓာတ် ပမာဏလျော့နည်းကျဆင်းစေအောင်
ပြုလုပ်ပေးပါတယ်) ကခန္ဓာကိုယ်ထဲ လှည့်ပတ်နေတဲ့ သွေးထဲကို
လျင်မြန်တဲ့နှုန်းနဲ့ ရောက်သွားပြီး ပိုနေတဲ့ သကြားဓာတ်ကို အဆီ(သို့)
ဂလိုက်ကိုဂျင် glycogen (ဂလူးကို့စ်များနဲ့ ဖွဲ့စည်းတည်ဆောက်ထားတဲ့ ကာဗို
ဟိုက်ဒရိတ်) အဖြစ်ပြောင်းလဲစေပြီး လျှော့ချစေလိုက်ပါတယ်။ ဒီလို
သွေးမှာပါတဲ့ သကြားဓာတ် (blood-sugar) ရေချိန် ရုတ်တရက်
ကျဆင်းသွားတဲ့အခါမှာ ပြန်လည်ဆာလောင်မွတ်သိပ်လာစေပါ တယ်။ ဒီတော့
ပြန်စားဖြစ်သွားပြန်တယ်။ ဒါဟာ သကြားဓာတ် ခန္ဓာကိုယ်ထဲ ၀င်ရောက်တာနဲ့
အဆီကို နှစ်ခါ ပြန်စု မိသွားစေတယ်ဆိုတဲ့ သာဓကပါပဲ။
ကိတ်မုန့်၊ ဘီစကစ်၊ အချိုပွဲ၊ ချောကလက်၊
ချိုချဉ်နဲ့သကြားဓာတ်များများပါတဲ့ အချိုရည်တွေမှာ ပါဝင်သင့်တဲ့
အဟာရဓာတ်နည်းနည်းသာပါဝင်တာ ဖြစ်လို့ ဆင်ခြင်သင့်ပါတယ်။ သကြားဓာတ်
များများပါဝင်တဲ့ အစားအစာ(သို့) အချိုဓာတ်ကို လျှော့စားတာဟာ ကယ်လိုရီကို
လျှော့တာနဲ့ အတူတူဖြစ်ပါတယ်။

*အချိုဓာတ်လျော့နည်းစေသော စားသောက်နည်းများ။*
- ထမင်းစားအပြီး သကြားဓာတ်များတဲ့၊ အချိုပွဲ (sugary desserts)
စားမယ့်အစား လတ်ဆတ်တဲ့ သစ်သီး၊ ဒိန်ချဉ်၊ ဘလူးဘယ်ရီ နက်ပြာရောင်အသီး၊
ငှက်ပျောသီး၊ လိမ္မော်သီး၊နာနတ်သီး စတဲ့ အစားအစာတွေနဲ့ အစားထိုး စားပါ။
တချို့လူတွေကျတော့ အချိုပွဲစားရမှ ထမင်းစားတယ်ပြည့်စုံတယ်ဆိုတဲ့
အယူအဆရှိပါတယ်။ ဒီလိုအချိုပွဲမှ မစားရရင် မပြည့်စုံဘူး၊ တစ်ခုခု
လိုနေသလိုလည်း ဖြစ်တတ်ကြပါတယ်။ ဒီအတွက် အစားထိုးစားသင့်တာဖြစ်တယ်။
- ဟင်းချက်ပြုတ်ရာမှာလည်း သကြားအစား ပျားရည်ကို သုံးနိုင်ပါတယ်။
ကယ်လိုရီကို လျော့စေတဲ့အပြင် ကျန်းမာရေး အတွက်ပါ အင်တီအောက်စီဒင့်
(antioxidants) ဓာတ်ကိုရစေနိုင်တာပါ။ ပျားရည်က သကြားထက်ပိုချိုတဲ့အတွက်
ဟင်းချက်တာပဲ ဖြစ်ဖြစ်၊ ဖျော်ရည်ဖျော်ရာမှာပဲ ဖြစ်ဖြစ် နည်းနည်းပဲ
သုံးသင့်ပါတယ်။ သုတေသီတွေက ပျားရည်ထဲမှာ ကင်ဆာနဲ့ အိုမင်းရင့်ရော်တာကို
ကာကွယ်တဲ့ဓာတ် ပါတယ်လို့ဆိုထားပါတယ်။
- အချိုစားချင်လာတဲ့ အခါမှာ အမျှင် (fibre) နဲ့ရေဓာတ်များများ ပါဝင်ပြီး
အရသာရှိတဲ့ လိမ္မော်သီး၊ စပျစ်သီး၊ တရုတ် ဆီးသီး၊ ပန်းသီး၊ မက်မန်းသီးလို
အသီးမျိုး (plum) ၊ ချယ်ရီသီး၊ မက်မွန်တစ်မျိုး(nectarines)နဲ့ ဘယ်ရီသီး
စတဲ့ အသီး တွေကို စားပါ။
- သကြားဓာတ်များများပါတဲ့ အချိုရည်နဲ့သောက်စရာတွေအစား ကယ်လိုရီမပါတဲ့
အစားအသောက်ကို ရွေးချယ်နိုင်ပါ တယ်။ ရေနဲ့ ရေနွေးကြမ်း၊ ဆေးဖက်ဝင်အပင်နဲ့
အသီးအရွက်ပါဝင်တဲ့ အရည်တွေကိုပဲ သောက်မယ်ဆိုရင် တစ်လ မှာ ကိုယ်အလေးချိန်
၂ပေါင်လောက် လျော့ကျစေနိုင်ပါတယ်။
- သကြားပါတဲ့ ဖျော်ရည် ဒါမှမဟုတ် မနက်စာထဲမှာ သကြားထည့်မယ်ဆိုရင်လည်း
နည်းနည်းပဲထည့်ပါ။
- အစားအသောက်ဝယ်မယ်ဆိုရင်လည်း ပါဝင်တဲ့အညွှန်းကိုကြည့်ပါ။
သကြားဓာတ်နည်းတာဖြစ်စေ လုံးဝမပါတာမျိုး ဖြစ်စေ ရွေးသုံးပါ။ ဥပမာ-
သကြားဓာတ် ၁၀ဂရမ် ဒါမှမဟုတ် ပိုနေမယ်ဆိုရင်
သကြားဓာတ်ပါဝင်မှုနှုန်းများတာကြောင့် မ၀ယ်ဘဲ သကြား ၂ဂရမ်ဖြစ်စေ
ဒီထက်နည်းမယ်ဆိုရင်တော့ သကြားဓာတ်နည်းနည်းသာ ပါဝင်တဲ့အတွက် ၀ယ်ယူနိုင်
တာမျိုးပါ။
- မနက်စာကို ဂျုံနဲ့လုပ်တဲ့ ကွေကာအုတ်လိုမျိုး စားမယ်ဆိုရင်
သကြားလုံးဝမထည့်ဘဲ ဖြစ်စေ၊ ၂ဂရမ်ထက် နည်းလို့ ဖြစ်စေ ထည့်စားပါ။ သကြားနဲ့
ဖုံးအုပ်ဖော်စပ်ထားတာမျိုးကိုတော့ မစားသင့်ပါ။

Resource: Crown Magazine – Dec 2010





























Thursday, December 16, 2010

အစွမ်းထက်သော AIDS ကာကွယ်ဆေးတွေ့ရ

AIDS ရောဂါကို ကူးဆက်ခံနေရတဲ့ ဝေဒနာသည်တွေနဲ့ ထိတွေ့နေရတဲ့ လုပ်အားပေးသူများကို ကာကွယ်နိုင်တဲ့ဆေးကို ပထမဦးဆုံး တွေ့ခဲ့ပါပြီ။ ထိုင်းနိုင်ငံတွင် ပြုလုပ်ခဲ့တဲ့ စမ်းသပ်ချက် အများအပြားအရ ဆေးထိုးခြင်းမှ ကူးဆက်ခြင်းကို ၃၁.၂% အောက်အထိ လျှော့ချနိုင် ခဲ့ပါတယ်။ အမေရိကန်က ထောက်ပံ့ပြီး လုပ်အားပေးသူ ၁၆၄၀၂ ယောက်အပေါ် လေ့လာခဲ့တဲ့ ဤတွေ့ရှိချက် တွေဟာ HIV/AIDS အတွက် ကာကွယ်ဆေး ထုတ်လုပ်နိုင်ဖို့ ဖြစ်ပါတယ်။ အမေရိကန် ပြည်ထောင်စုနဲ့ ထိုင်းနိုင်ငံရှိ သုတေသန ပညာရှင်တွေရဲ့ ၆ နှစ်ကြာ လေ့လာတွေ့ရှိမှုတွေဟာ HIV/AIDS ရောဂါ ကာကွယ်ဆေး ဖော်ထုတ်ရန်အတွက် အပြုသဘောဆောင်တဲ့ ခြေလှမ်းတွေ ဖြစ်ပါတယ်လို့ ကျန်းမာရေးဝန်ကြီး Witthaya Kaewparadai က ဘန်ကောင်မြို့တွင် ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။ ဤရောဂါ စတင်ဖြစ်ပေါ်သော ၁၉၈၀ ပြည်နှစ်တွေက စပြီး ကုသခြင်းနှင့် ထိန်းချုပ် ကာကွယ်ခြင်းများမှာ တိုးတက်မှုတွေ ရရှိခဲ့တာပါ။ ဒါပေမဲ့လည်း ယခုအထိတော့ ကာကွယ်ဆေးနဲ့ ပျောက်ကင်းအောင် ကုသနိုင်တဲ့ဆေး မတွေ့သေးပါ။

စမ်းသက်ခဲ့ပုံ နှစ်မျိုး

AIDS ကူးဆက်ခြင်း လုံးဝမရှိနိုင်တဲ့ လိင်ဆက်ဆံခြင်း အလေ့အထရှိသော စေတနာ့ ၀န်ထမ်းအားလုံး အနက် စေတနာ့ဝန်ထမ်း တစ်ဝက်လောက်ကို ပထမနေနဲ့ placebo ဆေးကို ပေးကြည့်ပါတယ်။ ဒုတိယ အနေနဲ့လည်း Alvac နဲ့ AidsVax ဆေးကို ထိုးပေးကြည်ခဲ့ပါတယ်။

ဒီဆေး နှစ်မျိုးလုံးဟာ သူတို့တစ်မျိုးတည်း အခြေအနေမှာ အကျိုးသက်ရောက်မှု မရှိပါဘူး။ Sanofi-Pasteurရဲ့ Alvax ဆေးဟာ ကျောက်ရောဂါကာ ကွယ်ဆေးဖြစ်ပြီး HIV မျိုးစေ့ထဲကို ခိုးဝင်ရောက်သွားပြီး ရောဂါ ကာကွယ်တဲ့ T-cells ထုတ်လုပ်မှုကို အားပေးပါတယ်။ ကမ္ဘာတစ်ဝှမ်း ကူစက်ရောဂါ ကာကွယ်ရေး လုပ်ငန်းက ပိုင်ဆိုင်တဲ့ AidsVax ကတော့ proteins ဆဲ(လ်) စု ပါဝင်ပြီး HIV cells တွေကို ခုခံပေးနိုင်တဲ့ ရောဂါကာကွယ်တဲ့ ပဋိပစ္စည်း (ကိုယ်ခံအားစနစ်) Antibody ကို နိုးဆွ ပေးနိုင်ပါတယ်လို့ ဆိုပါတယ်။

မမျှော်လင့်သောရလဒ်တွေ့ရှိ

လွန်ခဲ့သော ၂ နှစ်ခန့်က ရောဂါကူးစက်နိုင်ဖို့ အခွင့်အရေးရှိတဲ့ လူပုဂ္ဂိုလ်တချို့ကို ထိုးပေးခဲ့သော Merck စမ်းသပ်ချက်တွင် အသုံးပြုသည့် Ad5 ကာကွယ်ဆေးကို ပြန်လည် လေ့လာချက်များ ပြုလုပ်ခဲ့ရာတွင် တွေ့ရှိရသော ရလဒ်သည် လုံးဝ မျှော်လင့်ထားခြင်း မရှိသော အကျိုးရလဒ်များကို တွေ့ရှိရတယ်လို့ သုတေသန ပညာရှင်များက ဆိုပါတယ်။ ထိုတွေ့ရှိချက်မှာတော့ ယင်းကာကွယ်ဆေးဟာ ကိုခံအားစနစ်နှစ်ဆ အကျိုးသက်ရောက်မှု ရှိတယ်လို့ ဆိုပါတယ်။ အခုလိုတွေ့ရှိချက်ဟာ စမ်းသက်မှု ပြုလုပ်သောသူနှင့် စမ်းသပ်ခံသော သူများအတွက် မဟာအောင်မြင်မှု ဖြစ်ပါတယ်လို့ စမ်းသပ်မှုကို ပြင်းထန်သော ဝေဖန်မှုများအကြား ထောက်ခံသူများက ဆိုပါတယ်။

"အခုလို ကာကွယ်နိုင်မှု အရမ်းကောင်းပြီး ထိရောက်လိမ့်မယ်လို့ ကျွန်တော့ကိုယ် ကျွန်တော် လုံးဝ မထင်ခဲ့ပါဘူး" ဟု အမေရိကန် အမျိုးသား ကူးဆက်ရောဂါနှင့် ဆေးဝါး ထိရောက်မှု တိုင်းတာရေးဌာနကို ငွေကြေး ထောက်ပံ့သူ Anthony Fauci က ဒါရိုက်တာ သတင်းဌာနကို ပြောပါတယ်။

Alvac နဲ့ AidsVax ဒီကာကွယ်ဆေး ၂ မျိုးကို စမ်းသပ်မှုတွင် ပါဝင်သော စေတနာ့ ၀န်ထမ်းများကို ၆ လကြာ ထိုးပေးခဲ့ပြီး ၃ နှစ်ကြာကာလအထိ ဆောင့်ကြည့်ခဲ့တာပါ။ သူတို့ကို လုံခြုံစိတ်ချသော လိင်ဆက်ဆံရေးအတွက် လမ်းညွန်မှုများပေးခဲ့ပြီး ထိုဆေးကြောင့် ပြင်းထန်တဲ့ တန်ပြန် တုန့်ပြန်မှု မတွေရခဲ့ကြောင်း သုတေသီများက ပြောကြားထားပါတယ်။

Resource: http://myanmargay.socialgo.com/magazine/read/-aids-_2979.html

http://www.standardmedia.co.ke/InsidePage.php?id=2000023938&cid=4&ttl=Researcher%20hopeful%20Aids%20vaccine%20will%20be%20found%20soon

http://www.metro.us/newyork/international/article/706350--vaccine-steps-touted-as-groundbreaking

Saturday, December 11, 2010

ယဉ်ကျေးသိမ်မွေ့သော အမျိုးသား (Gentleman)

အမျိုးသားတစ်ဦးဟာ ယဉ်ကျေးသိမ်မွေ့မှုရှိသလား၊မရှိဘူးလားဆိုသည်ကို သာမန်အားဖြင့် သိနိုင်ကြပါသည်။ အဆိုပါ အမျိုးသား၏ အပြုအမူ၊ အနေအထိုင်၊ အပြောအဆိုစသည်တို့ကို ကြည့်၍ သုံးသပ်အကဲဖြတ်ကြခြင်း ဖြစ်ပေလိမ့်မည်။

အမျိုးသားတစ်ဦးမှာ "ယဉ်ကျေးသိမ်မွေ့သော အမျိုးသား" (Gentleman) ဟုသတ်မှတ်ရန်အတွက် အောက်ဖော်ပြပါ အရည်အချင်းများရှိဖို့ လိုအပ်သည်ဟာ ကျွမ်းကျင်သူများက သတ်မှတ်ပေးထားပါသည်။

(၁)ပျော့ပျောင်းမှုရှိသည်

စိတ်ထားပျော့ပျောင်းသည်ဟု ဆိုခြင်းမှာ စိတ်ပျော့ညံ့သည့်သဘောနှင့် လုံးဝမတူပါ။ စိတ်ထားသည် နူးညံ့သိမ်မွေ့သော သဘောရှိသည်။ သနားညှာတာမှုရှိသည်။ ကိုယ်ချင်းစာနာမှုရှိသည်။ ကြင်နာတတ်သည်။ သည်းခံနိုင်သည်။ စိတ်ထားပျော့ ပျောင်းသော်လည်း စိတ်ဓာတ်ခိုင်မာမှုရှိ၍ အမှန်တရားကို မြတ်နိုးသည်။

(၂) ဆက်ဆံရေးကို အလေးထားသည်

မိမိနှင့် ဆက်ဆံသူများအပေါ် အလေးထားသည်။ ဆက်ဆံရေးကို အဆင်ပြေချောမွေ့အောင် ဆောင်ရွက်သည်။ နွေးထွေး သော ဆက်ဆံရေးရရှိအောင် ကြိုးပမ်းလေ့ရှိသည်။ လူတိုင်းတွင် တန်ဖိုးရှိသည်ဆိုသည့်အချက်ကို ယုံကြည် လက်ခံသည်။

(၃) အပြုသဘောရှုမြင်သည်

အရာရာကို အကောင်းရှုမြင်တတ်သည်။ အပြုသဘောဆောင်သည်ဟု ဆိုရမည်။ သုံးသပ်အကဲဖြတ်ရာတွင် အဆိုးထက် အကောင်းကိုသာ အဓိကထားသည်။ အကောင်းမြင်ဝါဒရှိသူဟု ဆိုနိုင်ပါသည်။

(၄) ဖန်တီးမှုကို တန်ဖိုးထားသည်

လူတိုင်းသည် ဖန်တီးနိုင်စွမ်းရှိရမည်။ အခြားသူ၏ ဖန်တီးမှုကိုလည်း တန်ဖိုးထားရမည်။ ဖန်တီးနိုင်မှုစွမ်းရည်သည် Gentleman ၏အရေးကြီးသော အင်္ဂါရပ်တစ်ရပ်ဖြစ်သည်။

(၅) တာဝန်ယူသည်

ယဉ်ကျေးသိမ်မွေ့သော အမျိုးသားတစ်ဦးသည် မိမိကိုယ်မိမိ အပြည့်အ၀တာဝန်ယူနိုင်ကြသည်။ မိမိတာဝန်ကို မိမိကျေပွန် စွာဆောင်ရွက်သည်။ အခြားသူများ၏ တာဝန်ယူမှုကိုလည်း လေးစားသည်။ အသိအမှတ်ပြုသည်။

(၆) စည်းလုံးရိုင်းပင်းမှုကို ရယူသည်

လူသည် အဖွဲ့အစည်းနှင့် နေထိုင်ကြသည်။ တစ်ဦးနှင့်တစ်ဦး စည်းလုံးဖို့လိုသည်။ ရိုင်းပင်းကူညီကြဖို့ အရေးကြီးသည်။ Gentleman သည် ဤအချက်ကို အလေးထားလိုက်နာဆောင်ရွက်လေ့ရှိသည်။ အခြားသူများနှင့် ပူးပေါင်း၍ အောင်မြင်မှု ရယူနိုင်ရန် ကြိုးပမ်းသည်။

(၇) မုဒိတာပွားတတ်သူဖြစ်သည်

Gentleman သည် မိမိကိုယ်တိုင်အောင်မြင်မှုရရှိအောင် ကြိုးပမ်းသကဲ့သို့ အခြားသူများ၏ အောင်မြင်မှုအပေါ် မုဒိတာပွား တတ်သူဖြစ်သည်။ မနာလိုဝန်တိုစိတ်ကင်းသည်။ နည်းနိုင်သမျှ နည်းအောင်ကြိုးပမ်းအားထုတ်သည်။ သူတစ်ပါးအား အောင်မြင်စေရန်အတွက် မိမိ၏ ကိုယ်စွမ်းဥာဏ်စွမ်းတို့ကို စိုက်ထုတ်ကူညီပေးတတ်သည်။

(ဂ) အဆင့်အတန်းခွဲခြားတတ်သူ မဟုတ်ပေ

လူအဖွဲ့အစည်းတွင် ပူးပေါင်းနေထိုင်ကြရာ၌ အဆင့်အတန်းခွဲခြားဆက်ဆံမှုမှာ အဓိကအတားအဆီးတစ်ရပ်ဖြစ်သည်။ ငါနဲ့သူဟာ အဆင့်အတန်းမတူဘူးဟူ၍ ငါဂုဏ်မောက်နေကြသူအများအပြားရှိသည်။ ယဉ်ကျေးသိမ်မွေ့သော အမျိုးသား များသည် အဆင့်အတန်းခွဲခြားမှုကို မလိုလားကြပေ။ လူတိုင်းကို တန်းတူထား၍ ပေါင်းသင်းဆက်ဆံမှုပြုသည်။ လူတိုင်း တွင် လူဟူသော ရလဒ်မှာ မွေးရာပါအရည်အချင်းတစ်ရပ်ဖြစ်သည်။ လူအချင်းချင်း ပေါင်းသင်းရာတွင် အဆင့်အတန်း ခွဲခြားမှုမပြုသင့်ပေ။ ဤအချက်ကို Gentleman များက လက်ခံလိုက်နာကျင့်သုံးသည်။

အမျိုးသားတိုင်း မိမိကိုယ်မိမိ Gentleman ဂုဏ်အင်္ဂါရပ်များနှင့် ကြိုးပမ်းနေထိုင်သွားသင့်ကြောင်း တင်ပြလိုက်ရပေသည်။

ဒေါက်တာအေးကျော်

Resource: The Chic Magazine No.2 December 2010

The Pressure Test

သင်ဟာ ဖိအားပေးခံနေရသလား

သင်ဟာ အဆင်မပြေတဲ့ တစ်စုံတစ်ခုကိုလုပ်ဖို့ ဖိဘားပေးခံရတဲ့အခါ အဲဒီအခြေအနေကို ဘယ်လိုကိုင်တွယ်ဖြေရှင်းတတ် ပါသလဲ။

ဖိအား (၁)

လိင်ကိစ္စ (Sex)

သင့်ရဲ့ပါတနာဟာ သင့်ကို သူငယ်ချင်းအဆင့်ထက်ကျော်လွန်ဖို့ ဆွဲဆောင်ပါတယ်။ သင့်အနေနဲ့ သူ့ကိုသဘောကျတယ်လို့ ထင်ပေမယ့် အတွက်တော့ မသေချာသေးပါဘူး။ ပြီးတော့ ဒီလိုကိစ္စမျိုးအတွက် စောင့်ဆိုင်းချင်တဲ့ စိတ်လည်းရှိနေပါတယ်။

ဖြေရှင်းနည်း

အမေရိကန်ရုပ်ရှင်ကားတွေမှာတော့ ဒီကိစ္စတွေအတွက် အဖြေများစွာရှိနေပါတယ်။ 'ကျောင်းကပွဲပြီးရင် ဟိုတယ်ခန်းကို သွားကြစို့' ဆိုတာမျိုးပေါ့။ စိတ်ပညာရှင်သောမတ်စ်ရဲ့အဆိုအရ ဆယ်ကျော်သက်အရွယ် မြီးကောင်ပေါက်စတွေရဲ့ ဆန္ဒ ပြင်းပြမှုကိုဖယ်ရှားနိုင်တဲ့အကောင်းဆုံးနည်းက ဗိုက်မအီမသာဖြစ်နေကြောင်း ပြောလိုက်ဖို့ပါပဲ။ လူငယ်တွေဟာ အရက်နဲ့ မူးယစ်ဆေးဝါးသုံးစွဲလိုက်တဲ့အခါ ဆုံးဖြတ်ချက်ကို မှန်မှန်ကန်ကန်ချမှတ်နိုင်စွမ်းနည်းသွားပါတယ်။ ဒါကြောင့် ဒီလိုဖိအား အခြေအနေမျိုးမှ ရုန်းထွက်နိုင်ဖို့ဆိုရင် သင်ဟာနေထိုင်မကောင်းကြောင်းပြောလိုက်ဖို့ပါပဲ။ သင့်အနေနဲ့ သူငယ်ချင်း အဆင့်နဲ့ပဲ လေ့လာချင်သေးကြောင်း ဒါမှမဟုတ် ရှေ့ဆက်အကဲခတ်ဖို့လိုသေးကြောင်း ယဉ်ယဉ်ကျေးကျေး ပြောလိုက် ပေါ့။

ဖိအား (၂)

မူးယစ်ဆေးဝါး

လူအများကြီးဟာ ပါတီပွဲမှာ မူးယစ်ဆေးဝါးသုံးစွဲနေကြပါတယ်။ တစ်စုံတစ်ယောက်က သင့်ကိုစမ်းသုံးကြည့်ပါလားလို့ ဖိတ်ခေါ်ပါတယ်။

ဖြေရှင်းနည်း

မူးယစ်ဆေးဝါးဆိုတာ စွဲလမ်းဘေးဖြစ်စေတဲ့အရာလို့ လူတိုင်းသိထားကြပါတယ်။ ဆေးရုံမှာ အလွန်အကျွံသုံးစွဲမှုကြောင့် ဖြစ်ရကြောင်း သောမတ်စ်ကဆိုပါတယ်။ သင့်အနေနဲ့ အလွန်အမင်း စိတ်ခံစားမှုမြင့်တက်ကာ နှလုံးပျက်စီးသွားနိုင်ပါ တယ်။ ဘေးအန္တရာယ်မျိုးစုံနဲ့ ရင်ဆိုင်ရှုံးနိမ့်ရတတ်ပါတယ်။ ဒါ့အပြင် မူးယစ်ဆေးဝါးသုံးစွဲတာ တရားမ၀င်တဲ့အတွက် ရာဇ၀တ်မှုမှတ်တမ်းမှာ သင့်နာမည်ကို မရှိချင်ပါနဲ့။ မူးယစ်ဆေးဝါးသုံးစွဲဖို့တိုက်တွန်းတဲ့အခါ သင့်အနေနဲ့ 'No' လို့ပြတ် ပြတ်သားသားပြောပါ။ သင်ဟာ တုံ့ဆိုင်းတုံ့ဆိုင်းနဲ့ ဆုံးဖြတ်ရချက်နေရင် ဒါကို သုံးစွဲဖို့ ထပ်မံဆွဲဆောင်နိုင်တယ်လို့ လူတွေကထင်သွားပါလိမ့်မယ်။

ဖိအား (၃)

အရက်သောက်ခြင်း

သင့်ဘေးနားကလူတိုင်း အရက်သောက်နေကြပြီး သင့်ကိုလည်း အရက်သောက်စေချင်ကြတယ်။

ဖြေရှင်းနည်း

သင့်ရဲ့လှပတဲ့ညချမ်းကို ဖျက်ဆီးပစ်နိုင်တဲ့ အလွယ်ကူဆုံးနည်းက 'အရက်'ပါပဲ။ သင်ဟာ နောက်တစ်နေ့မှာ ရယ်မော ချင်ရယ်မောနေနိုင်ပြီး အရက်ကြောင့် သင်ဟာနာမည်ပျက်သွားတာမျိုး ဖြစ်နိုင်တာကြောင့် ၀မ်းနည်းစရာဖြစ်သွားနိုင်ပါ တယ်။ 'သင်အရက် သောက်လိုက်ပြီဆိုရင် သင့်အနေနဲ့ နောင်တရစရာ အဖြစ်အပျက်တစ်ခုခုကို လုပ်မိသွားနိုင်ပါတယ်' လို့သောမတ်စ်က ဆိုပါတယ်။ သင့်ရဲ့အကန့်အသတ်နဲ့ ထိန်းချုပ်မှုတွေ ဆုံးရှုံးလောက်အောင် ထိန်းချုပ်နိုင်စွမ်း မရှိ တော့ပါဘူး။ အန်ခြင်း၊ ခေါင်းကိုက်ခြင်း စတာတွေလည်း ဖြစ်လာနိုင်ပါသေးတယ်။

တစ်စုံတစ်ယောက်က သင့်ကိုအရက်သောက်ဖို့ပြောလာရင် ယဉ်ယဉ်ကျေးကျေး တုံ့ပြန်လိုက်ပါ။ 'ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ဒီညကျွန်တော် အရက်မသောက်တော့ပါဘူး' လို့ပေါ့။ တကယ်လို့ သူတို့က ထပ်ပြီး တိုက်တွန်းနေဦးမယ်ဆိုရင် သင့်အနေနဲ့ နေထိုင်မကောင်းကြောင်းနဲ့ အရက်ဟာ နေကောင်းအောင် မကူညီနိုင်တာကြောင့် မသောက်တော့တဲ့အကြောင်း ပြောလိုက်ပါ။

ဖိအား (၄)

ကားမောင်းခြင်း ဒါမှမဟုတ် ကားစီးခိုင်းခြင်း

သင့်အနေနဲ့ ဘေးမကင်းဘူးလို့ ထင်မိတဲ့အခါ ကားမောင်းဖို့ လူတွေက တိုက်တွန်းပါတယ်။

ဖြေရှင်းနည်း

ကားမောင်းဖို့ သင့်မိဘတွေကို တောင်းဆိုတာ ဒါမှမဟုတ် သင်မမောင်းသင့်ဘူးလို့ သိတဲ့အခါ ကားကိုဝင်မောင်းတာထက် တက္ကဆီငှားတာက ပိုကောင်းပါလိမ့်မယ်။ ဒီလိုစဉ်းစားကြည့်လိုက်ပါ။ သင့်ညီမငယ်လေးဟာ အရက်သောက်ထားတဲ့ ဒရိုင် ဘာနဲ့အတူ ကားစီးမယ်ဆိုရင် သင်ဟာရပ်ဖို့ ဟန့်တားမိမှာပါ။ ဒါကြောင့် ဘေးကင်းအောင် မမောင်းနိုင်တဲ့အချိန်မှာ ကား မမောင်းပါနဲ့။ ဘတ်စ်ကားခ ဒါမှမဟုတ် တက္ကဆီခက သက်သာပြီး အလွယ်တကူစီးလို့ရပါတယ်။

သူငယ်ချင်း တကယ်စစ်မှန်ရဲ့လား

တစ်စုံတစ်ယောက်ဟာ အဖြေတစ်ခုအတွက် 'No' လို့ ငြင်းခွင့်မပေးဘူးဆိုရင် သူဟာတကယ်ကောင်းတဲ့ သူငယ်ချင်း အစစ်မဟုတ်ပါဘူး။ သူငယ်ချင်းကောင်းတွေက သင့်ကို ဘယ်တော့မှ ဖိအားမပေးပါဘူး။ သူတို့က သင့်ကိုတန်ဖိုးထား လေးစားတတ်ပါတယ်။ ဒါကြောင့် သင့်သူငယ်ချင်းတွေက သင့်ကိုဖိအားပေးနေသလားဆိုတာကို ကိုယ့်ကိုယ်ကိုယ် ပြန် မေးကြည့်လိုက်ပါ။ သူတို့အနေနဲ့ သင့်အပေါ် တကယ်စိတ်ရင်းအမှန်နဲ့ စိတ်ဝင်စားတာမျိုး မရှိဘူးဆိုတာကို တွေ့လာ ရပါလိမ့်မယ်။ သူတို့ဟာ မကောင်းတဲ့ ဆွဲဆောင်မှုတွေကို သူတို့ချည်းပဲ မလုပ်လိုကြပါဘူး။

Resource: The Chic Magazine No.2 December 2010

X'mas ရာသီစာ

-->
X'mas and New Year ရာသီရောက်ခဲ့ပြန်ပြီ မိသားစုတွေ သူငယ်ချင်းမိတ်ဆွေတွေဆုံစည်းကြတော့မယ်။
ပျော်ရွှင်မှုလေးတွေဝေမျှဖို့ အိမ်တွင်းပါတီလေးတွေကျင်းပတဲ့အခါ ဂိမ်းလေးတွေကစားရင်း အဆာပြေစားဖို့ အစား အသောက်ဟင်းလျာတွေက လိုအပ်လာကြတယ်။
ညစာပါတီပွဲလေးအတွက် စီစဉ်မယ့်ဟင်းလျာတွေကတော့ Teriyaki ဆော့နှပ် ၀က်သားကင်၊ ကိုရိးယားပင်လယ်စာ ဟင်းချိုနဲ့ အရံ ဟင်းအနေဖြင့် လေးရောင်ခြယ်ပြောင်းဖူးသုပ်တို့ပဲဖြစ်ပါတယ်။။ ၀က်သားကင်နဲ့ ဟော့ပေါ့လိုဟင်းချို မျိုးဟာ ပါတီပွဲတွေနဲ့ အင်မတန်ပဲလိုက်ဖက်လှပါတယ်။ အေးမြမြ ဒီဇင်ဘာမြောက်လေနဲ့အတူ ပူစပ်စပ် ကိုရီးယားဟင်းချို ကို သောက်သုံးရင် အချမ်းပြေနိုင်ပါတယ်။
အချိုပွဲအနေနဲ့ကတော့ Mocha ကော်ဖီကိတ်ကိုရွေးချယ်ထားပါတယ်။ ကိတ်မုန့်ကိုမနက်ကတည်းက ကြိုဖုတ်ထားရင်ပို အဆင်ပြေပါတယ်။ မုန့်စားရင် ဂိမ်းတွေလည်း အတူတူကစားကြတာပေါ့။
ဒါပေမဲ့ ကိတ်မုန့်ဖုတ်တာကိုတော့ ကျွန်တော် ၀ါသနာမပါတာကြောင့် ဆိုင်ကနေပဲ ၀ယ်ထားတော့မယ် ဟဲ ဟဲ။

လေးရောင်ခြယ် ပြောင်းဖူးသုပ်
ပါဝင်ပစ္စည်းများ
- ၀က်သုံးထပ်သားကျပ်တင်
- ပြောင်းဖူးအစိမ်း ၃ဖူး
- ငရုတ်ပွအစိမ်း (လေးထောင့်တုံးသေးသေး လှီးထားရန်) ၂တောင့်
- ငရုတ်ပွအနီ (လေးထောင့်တုံးသေးသေး လှီးထားရန်) ၂တောင့်
- ရေ ခွက် ၁ ၀က်
- ဆား အနည်းငယ်
- ငရုတ်သီး အစိမ်းမှုန့် အနည်းငယ်
- ထောပတ် ထမင်းစားဇွန်း ၁ ဇွန်း

ပြုလုပ်နည်း
၁။ ဒယ်ပြားကို အပူပြင်းပြင်းပေးပါ။ ဘေကွန်များကို ဆီမထည့်ဘဲ ကြွပ်အောင်ကြော်ပါ။ ပြီးလျှင် တစ်သျှူးစက္ကူပေါ်တွင် တင်၍အအေးခံထားပါ။ အေးလျှင် ခြေမွထားပါ။
၂။ ပြောင်းဖူး သုံးဖူးကို ဓားဖြင့် ကပ်လှီးပါ။ ပြောင်းဖူးစေ့၊ ငရုတ်ပွနှင့် ရေတို့ကိုရော၍ mivrowave ဖြင့် မီးပြင်းပြင်းပေး၍ ၁၀မိနစ်ခန့်ချက်ပါ။ သို့မဟုတ် ရေနွေးငွေ့ဖြင့်ပေါင်းပါ။ ပြီးလျှင်ရေစစ်ပစ်ပါ။
၃။ ထို့နောက် ခြေထားသော ဘေကွန်၊ ဆား၊ငရုတ်သီးမှုန့်နှင့် ထောပတ်တို့ကို ထည့်မွှေပြီး ချက်ချင်းသုံးဆောင်နိုင်ပါပြီ။

ကိုရီးယားပင်လယ်စာဟင်းချို
ပါဝင်ပစ္စည်းများ (၄ယောက်စာ)
- ကိုရီးယားငရုတ်သီးမှုန့် ထမင်းစားဇွန်း ၂ဇွန်း
- ဆန်ဝိုင် ထမင်းစားဇွန်း ၂ဇွန်း
- ကြက်သွန်ဖြူဓားပြားရိုက် ၂မြွှာ
- ပဲငံပြာရည်အကျဲ လက်ဖက်ရည်ဇွန်း ၁ဇွန်း
- ရေ တစ်လီတာ
- ငါးအသားတုံး (သေးသေးတုံးထားရန်) (ငါးကြင်းသို့မဟုတ် ကကတစ်ငါး) ၂၀ကျပ်သား
- မုန်လာဥအဖြူ (အခွံနွှာ၍ တုံးထားရန်) ၁၀ကျပ်သား
- ပဲပင်ပေါက် (အမြီးဆိတ်ထားရန်) ၃ကျပ်သား
- သခွားသီး အရွယ်တော် ( ထူထူတုံးထားရန်) တစ်လုံး
- ငရုတ်သီးစိမ်းအနီ ပါးပါးလှီး ၂တောင့်
- ကြက်သွန်မြိတ် (လက်တစ်ဆစ်ဆီခန့်ဖြတ်ထားရန်) ၁ပင်
- ဆား အနည်းငယ်

ချက်ပြုတ်နည်း
၁။ ငရုတ်သီးမှုန့်၊ ဆန်ဝိုင်၊ကြက်သွန်ဖြူနှင့် ပဲငံပြာရည်တို့ကို ဇလုံတစ်လုံးထဲတွင် ရောမွှေပါ။
၂။ရေတစ်လီတာကို အိုးဖြင့် မီးပြင်းပြင်းပေး၍ ဆူအောင်တည်ပါ။ ဆူလျှင် ရောစပ်ထားသော ကြက်သွန်ဖြူအရောကို ထည့် ပြီးမွှေပါ။ ထို့နောက် မီးအရှိန်အနည်းငယ်လျှော့၍ မုန်လာဥအဖြူထည့်ပါ။ မုန်လာဥနူးလျှင် ငါးနှင့်ပဲပင်ပေါက်ထည့်၍ သုံး မိနစ်ခန့်ချက်ပါ။ ရံဖန်ရံခါမွှေပေးပါ။
၃။ ပြီးလျှင် အပူရှိန်ကို ပြန်မြှင့်၍ ဆူအောင်တည်ပါ။ ဆူလျှင် သခွားသီး၊ ငရုတ်သီးစိမ်းနှင့် ကြက်သွန်မြိတ်ထည့်၍ တစ်မိနစ် ခန့် မဖုံးအုပ်ပဲတည်ပါ။ တစ်မိနစ်ပြည့်လျှင် မီးဖိုပေါ်မှချ၍ သုံးဆောင်နိုင်ပါပြီ။
မှတ်ချက်။ ။ ပွဲတော်ရက် အိမ်တွင်းပါတီပွဲမျိုးအတွက်ဆိုရင်တော့ ဟင်းရည်ကို ဟော့ပေါ့အိုးဖြင့်တည်၍ ပုစွန်၊ ကဏန်း၊ ပြည်ကြီးငါးနှင့် နှစ်သက်ရာအသား၊ ဟင်းသီးဟင်းရွက်တို့ကို စားခါနီးမှ ထပ်ထည့်၍ ပြင်ဆင်ချက်ပြုတ်နိုင်ပါတယ်။

Teriyaki ဆော့စ်နှပ်ဝက်သားကင်
ပါဝင်ပစ္စည်းများ (လူ၎ယောက်စာ)
- ၀ါးတုတ်ချွန် အကင်တံ ၈ချောင်း
- ၀က်မိုးခိုသား ၁ပေါင် (၃၀သားခန့် ) တစ်လက်မအရွယ် အတုံးလေးများတုံးထားရန်
- မုန်လာဥနီ (နှစ်လက်မအရှည်ခန့် ဖြတ်ထားရန်) ၂လုံး
- ငရုတ်ပွအစိမ်း ၂တောင့် (လေးထောင့်တုံးများတုံးထားပါ)
အသားနှပ်ရန် ပါဝင်ပစ္စည်းများ (Teriyaki sauke ပြလုပ်ပုံ)
- ပဲငံပြာရည် အကျဲ ၁/၃ ခွက်
- သကြားအညို ၁/၄ ခွက်
- သံပရာရည် ၁/၄ ခွက်
- ဟင်းရွက်ဆီ ၁/၄ ခွက်
- ချင်းနုပ်နုပ်စဉ်း လက်ဖက်ရည်ဇွန်း ၁ဇွန်း

ပြုလုပ်နည်း
၁။ ၀က်သားမကင်ခင် နာရီဝက်လောက်အလိုတွင် ၀ါးချောင်းများကို ကြို၍ ရေစိမ်ထားပါ။
၂။ အသားနှပ်ရန် ပစ္စည်းများကို ဇလုံတစ်လုံးထဲထည့်၍ ရောပါ။ ပြီးလျှင် တစ်မိနစ်ခန့် သို့မဟုတ် သကြားပျော်သည်အထိ အပူပေးပါ။ ထို့နောက် အအေးခံ၍ အေးသွားလျှင် ၀က်သားတုံးများထည့်နယ်ပါ။ ဇလုံကိုပလတ်စတစ်ဖြင့်လုံအောင် အုပ်၍ ရေခဲသေတ္တာအောက်ဆင့်တွင် အနည်းဆုံး နှစ်နာရီခန့် သို့မဟုတ် ညလုံးပေါက်နှပ်ထားပါ။
၃။ မုန်လာဥနီနှင့် ငရုတ်ပွတို့ကို ရေနည်းနည်းဖြင့် သုံးမိနစ်စီခန့်ပြုတ်ပါ။ ပြုတ်ပြီးပါက ရေအေးဖြင့် ပြန်ဆေး၍ ရေစစ်ထားပါ။
၎။ ၀ါးချောင်းနှစ်ချောင်းစီကို အသုံးပြု၍ ၀က်သားတုံး၊ မုန်လာဥနီနှင့် ငရုတ်ပွတို့ကို တစ်လှည့်စီသီ၍ကင်ပါ။ (မိုက်ခရိုဝေ့ဖ်ဖြင့် ကင်မည်ဆိုပါက ဖုံးအုပ်၍ ၁၅မိနစ်ခန့်ကင်ပါ။ အပေါ်အောက်လှည့်ပေးပါ။)

Friday, December 10, 2010

Social Team For The Aged

ကိုယ့်ပတ်ဝန်းကျင်မှာပဲဖြစ်ဖြစ် မြို့ထဲတစ်ခွင်လျှောက်သွားရင်ပဲဖြစ်ဖြစ် တွေ့နေရတတ်တဲ့ ခိုကိုးရာမဲ့ အဘိုးအဘွားတွေ ကို မြင်ရရင် စိတ်ထဲဘယ်လိုခံစားမိမှန်းမသိပါဘူး။ ကိုယ့်အဘိုး ရွယ် အဘွားရွယ်တော့ လက်လေးဖြန့်လည်း အဘွားကို ၅၀လောက်ပေးပါသားရယ် လို့ အပြောခံရတဲ့အခါများ ကျွန်တော် အသည်းတဆတ်ဆတ်ခါတယ်။ထားပါ... အဲဒါ ကျွန်တော်ခံစားချက်သက်သက်လေးပါပဲ။ အခုပြောပြချင်တာက သက်ကြီးရွယ်အိုတွေအတွက် လုပ်ဆောင်ပေးတဲ့ ပရဟိတအဖွဲလေးများရှိရင် ကောင်းမှာပဲလို့စဉ်းစားမိချိန်မှာ Save the Aged ဆိုတဲ့ အဖွဲ့လေးကို စုံစမ်းသိရှိရပါတယ်။

သူတို့က ဇန်န၀ါရီလ ၃ရက်နေ့ ၂၀၁၀ပြည့်နှစ်မှာစတင်ဖွဲ့စည်းခဲ့ပါသတဲ့။ သူတို့အသင်းသူအသင်းသား ၂၀၀ကျော်ရဲ့ လစဉ်ပုံမှန် အလှူငွေနဲ့ပဲတတ်နိုင်သလောက် လုပ်ကြတာပါ။ အသင်းသားတွေက တစ်လ ၂၀၀၀ကျပ်နှုန်းပုံမှန်ထည့်ဝင် လှူဒါန်းကြပါတယ်တဲ့။

- အသက် ၇၅နှစ်နဲ့အထက်ဖြစ်ပြီး မိသားစု မရှိသူဖြစ်ရမယ်။ အကယ်၍ လင်မယားနှစ်ယောက်စလုံးတော့ရှိတယ် တခြားမိသားစုမရှိဘဲ..ဆင်းရဲချို့တဲ့နေရင်လည်း ထောက်ပံ့ပေး။

- နိုင်ငံရေးနဲ့ပတ်သက်ဆက်နွယ်မှုရှိနေရင်၊ တခြားလူမှုရေးအသင်းအဖွဲ့တစ်ခုခုရဲ့ ထောက်ပံ့မှုရနေရင်၊ သားသမီး မိသားစုရှိနေရင်၊ တည်ဆဲဥပဒေတစ်ရပ်ရပ်နဲ့ ငြိစွန်းပြီး ရာဇ၀တ်မှု ကျူးလွန်ဖူးခဲ့ရင်တော့ အသင်းအနေနဲ့ ထောက် ပံ့ဖို့မရှိပါဘူး။

- အခုလက်ရှိ (အဘိုးလေးဦးနဲ့ အဘွား ၁၄ဦး)ကို ငွေကျပ် တစ်လတစ်သောင်းနှုန်းနဲ့ ရိက္ခာတစ်သောင်းဖိုး ရာသက်ပန် လှူဒါန်းနေပါတယ်။ ဒါ့အပြင် ဒီအဘိုးအဘွားတွေ အရေးပေါ်ကျန်းမာရေး ချို့ယွင်းချက်ရှိလို့ ဆေးရုံတက်ရတာမျိုးကို နာမကျန်းရံပုံငွေအဖြစ် ထောက်ပံ့ငွေ ကျပ်သုံးသောင်းနဲ့ နာရေးအတွက်လည်း နားရေးထောက်ပံ့ငွေ ကျပ်သုံးသောင်း သတ်မှတ်ထားပါတယ်။

- အသင်းက ကိုယ်တိုင်ကိုယ်ကျကွင်းဆင်းရှာဖွေသလို.....သတင်းပေးပို့လာရင်လည်း သွားကြည့်ပြီး စည်းကမ်းတွေနဲ့ ကိုက်ညီမှု ရှိ မရှိကိုကြည့်ပါတယ်။ ထောက်ပံ့ဖို့အတွက်ကို စီစဉ်ပါတယ်။ အသင်းသားအားလုံးလိုလိုက ၀န်ထမ်းတွေ၊ ကျောင်းသားတွေဆိုတော့ ရုံး၊ ကျောင်းဆင်းချိန်နဲ့ ပိတ်ရက်တွေမှာ အဲလိုမျိုး လုပ်ဖြစ်ပါတယ်တဲ့။

 - အလှူငွေထည့်ဝင်ချင်တယ်ဆိုရင် ရန်ကုန်မြို့တွင်းဆိုရင် အိမ်တိုင်ရာရောက် လာရောက်ကောက်ခံပေးပါတယ်။ သက်ကြီးရွယ်အို စောင့်ရှောက်ရေးအတွက် အဓိကလုပ်ဆောင်ပေးနေသလို သီးခြားအနေနဲ့ လုပ်ဖြစ်တဲ့ ရေလိုအပ်တဲ့ နေရာဒေသတွေအတွက် ရေလှူတာ၊ ဘိုးဘွားရိပ်သာမှာ အလှူလုပ်တာမျိုးကိုလည်း သီးခြားလှူဒါန်းလို့ရပါတယ်။

သူတို့ကိုယ်ပိုင် အသင်းလေးတွေရှိပါတယ်။ သူတို့လုပ်ဆောင်ချက်လေးတွေကို မုဒိတာပွားလို့ရတာပေါ့နော်။

www.savetheage.com/home and http://savetheaged.ning.com တို့ဖြစ်ပါတယ်။

ကျွန်တော်စပ်စုဖြစ်ခဲ့တာတွေကတော့အများကြီးပါပဲ။ ပရိဟိတလုပ်ဆောင်ရမှာသူတို့ရဲ့ ၀မ်းသာဝမ်းနည်းဖြစ်ရမှုတွေ၊ သူတို့အဖွဲ့ဟာ ရန်ကုန်တိုင်းကိုယ်စားပြုဖြစ်ချင်ပါသေးသတဲ့၊ သက်ကြီးရွယ်အိုစောင့်ရှောက်ရေးဂေဟာလိုမျိုးတည် ထောင်နိုင်ဖို့ သူတို့ကြိုးစားမှာပါတဲ့။ အသင်းကိုစိတ်ဝင်စားပြီး လုပ်အားပေးချင်သူတွေ မည်သူမဆို ဆက်သွယ်စုံစမ်း လို့ရပါသတဲ့။ အိုး...အများကြီးပါပဲ ကျွန်တော်မေးကြည့်မိတာတွေ။

အသင်းကို သီးသန့်ဆက်သွယ်ချင်တယ်ဆိုရင်တော့ အသင်းသားများထဲမှ တက်ကြွလှုပ်ရှားသူ ကိုဗေဒါဇော် baydarzaw@gmail.com နဲ့ ကိုဇော်လင်းထွန်း 09- 5089320 တို့ကိုဆက်သွယ်နိုင်ပါတယ်။

ကျွန်တော်ပြောပြတာလေးတွေက မလုံလောက်သေးဘူး ဒီထက်ပိုမိုသိချင်သေး တယ်ဆိုရင်တော့ အသင်းဆိုက်လေးတွေ ကိုသွားကြည့်ပြီးတော့ လေ့လာကြည့်ကြပါ။ ကိုယ့်အားလပ်ချိန်လေးတွေ ကိုယ့်မုန့်ဖိုးပဲဖိုးလေးတွေကို အလကားဖြုန်းပစ် တာမဟုတ် အလှူဒါနပြုကာ သုံးကြည့်ကြပါဦးလားလို့ နှိုးဆော်လိုက်ပါတယ်။

Wednesday, December 8, 2010

Eliminate Pimples

ဝက်ခြံထွက်လွယ်တဲ့ အသားအရေပိုင်ရှင်များ ပြုလုပ်သင့်တဲ့ အသားအရေထိန်းသိမ်းနည်းများ

(၁) မျက်နှာကို မနက်တစ်ကြိမ် ညနေတစ်ကြိမ် မှန်မှန်သစ်ပေးပါ။

အဆီပြန် အသားအရေရှိပြီး ၀က်ခြံထွက်တတ်သူများက ၄င်းအရေပြားမျိုးအတွက် အထူးထုတ်လုပ်ထားတဲ့ မျက်နှာ သန့်စင်ဆေး၊ cleanser များ ရွေးသုံးသင့်ပါတယ်။ အချို့ cleanser များကဆိုရင် salicylic acid သို့မဟုတ် fruit acid များပါဝင်ပြီး အရေပြားကို ခြောက်သွေ့လွန်းစေတတ်ပါတယ်။ အရေပြားခြောက်သွေ့လွန်းတဲ့အခါ အဆီတွေပိုပြီး ထုတ်လုပ်ပါတယ်။ ခြောက်သွေ့အသားအရေနဲ့ ထိခိုက်လွယ် အသားအရေ sensitive အသားအရေပိုင်ရှင်များဟာ ပျော့ပျောင်းတဲ့ hydrating cleanser များ သုံးသင့်တယ်လို့ စင်္ကာပူနိုင်ငံ Reffles ဆေးရုံမှ အရေပြားအထူးကု Dr.Tan Kian Teo က အကြံပေးထားပါတယ်။

(၂) Cleanser ဖြင့် မျက်နှာသစ်ပြီးတဲ့အခါ ဂွမ်း(cotton pad) ကို Toner ဆွတ်ပြီး ပွတ်လိမ်းပေးပါ။

နှာခေါင်းထောင့်လိုနေရာ နားသယ်စပ်၊ နားထင်နှင့် မျက်နှာဘေးနှစ်ဘက် နေရာတွေကို အဓိကထားလိမ်းပေးပါ။

(၃) ပေါင်းစပ်သောအသားအရေ Combination skin ရှိသူဖြစ်ပါက ခြောက်နေသော နေရာများကို moisturizer ခပ်ပါးပါးလိမ်းပေးပါ။ အရေပြား အဆီပြန်တတ်သူဖြစ်ပါက moisturizer မလိမ်းပါနဲ့။

အနည်းငယ်ကျဲတဲ့ Moisturizer lotion ကတော့ အသားခြောက်ပြီး ၀က်ခြံထွက်သူများအတွက် သင့်လျော်ပါတယ်။ အရည်ကျဲတဲ့အတွက် ချွေးပေါက်ပိတ်တာလည်း မဖြစ်စေပါဘူးလို့ Dr.Tan က ဆိုပါတယ်။ Sensitive skin သမား တွေကတော့ moisturizer မ၀ယ်ခင် ပစ္စည်းကို အရင်စမ်းလိမ်းကြည့်သင့်ပါတယ်။ အထူးသဖြင့် niacinamide သို့မဟုတ် retinoid များပါပါသည့် mosituriser ကိုပိုပြီး စမ်းသပ်သင့်ပါတယ်။

(၄) ဆားဝက်ခြံအဖြူ၊အမည်းနှင့် သာမန်ဝက်ခြံ ထွက်သူများအနေနဲ့ အပတ်စဉ် exfoliate လုပ်ပါ။

ဒါပေမဲ့လည်း ၀က်ခြံထွက်သူများက ၀က်ခြံအနာကျက်လောက်တဲ့အချိန်ထိ exfoliate မလုပ်သင့်ပါဘူး။ ဒါမှမဟုတ် mild ဖြစ်ပြီး အစေ့သေးသေးလေးများပါသော facial scrub ကိုသုံးပါ။ အထူးသဖြင့် ၀က်ခြံက နာနေတဲ့ အချိန်မျိုးမှာ ပိုသတိထားသင့်ပါတယ်။

(၅) အဆီပြန်အသားအရေရှိသူများက Clay mask အမျိုးအစားကို အပတ်စဉ် အသုံးပြုခြင်းအားဖြင့် အဆီပိုများ ဖယ်ရှား ပေးပြီး ချွေးပေါက်များ ပြန်ကျဉ်းစေတဲ့အပြင် sebum ထုတ်လုပ်မှုကိုထိန်းချုပ်ပေးနိုင်ပါတယ်။ ရေဓာတ်ခန်းခြောက်နေတဲ့ အသားအရေရှိသူများကတော့ glycerin, essential oil နှင့် hyaluronic acid စသည်များ ပါသော cream type အမျိုးအစား mask များရွေးသုံးပါ။

(၆)၀က်ခြံဖုများ ပြန်လျော့သွားစေရန်အတွက် anti bacterial properties များပါသည့် acne treatment များနှင့် ဆား ၀က်ခြံအမည်းများကို ဖယ်ရှားဖို့ retinoid cream များလိုအပ်သလို အသုံးပြုနိုင်ပါတယ်။

၎င်း Cream များကို ၀က်ခြံဖုပေါ်မှာပဲ တို့ပြီး လိမ်းမယ့်အစား ၀က်ခြံထွက်သည့် ဧရိယာတစ်ခုလုံးကို လိမ်းပေးဖို့လည်း လိုအပ်ပါတယ်။

Anti-acne Skincare တွင်ပါဝင်သင့်သည့် ပစ္စည်းများ

အောက်ဖော်ပြပါ ပါဝင်ပစ္စည်းများပါသော anti-acne skincare များရွေးသုံးပါ။

Salicylic Acid

အရေပြားရှိ ဆဲလ်အသေများ ဖယ်ရှားခြင်း၊ ချွေးပေါက်ရှိ အညစ်အကြေးများ ဖယ်ရှားခြင်းနှင့် ၀က်ခြံများ မဖြစ်စေရန် ကာကွယ်ပေးပါတယ်။

Niacinamide

ရောင်ရမ်းခြင်းကို သက်သာစေသော ရေတွင်ပျော်ဝင်နိုင်သည့် Vitamin B complex ဖြစ်ပြီး sensitive skin ပိုင်ရှင် များအတွက် အထူးသင့်လျော်ပါတယ်။

Sulphur

ဘက်တီးရီးယားပိုးမွှားများအားသေစေခြင်း၊ ရောင်ရမ်းခြင်းကို သက်သာစေခြင်းနှင့် မှိုရောဂါများအတွက် ရှေးယခင် ကတည်းက sulphur ကိုအသုံးပြုခဲ့ပါတယ်။

ဝက်ခြံအမြန်ပျောက်ကင်းစေရန်

Salicylic acid နှင့် palmitoyl hexa peptide-26 ပါသော skincare များကို အသုံးပြုပါ။

Benzyol peroxide

Benzyol peroxide က ၀က်ခြံဖြစ်စေသည့် ဘက်တီးရီးယားကို လျော့နည်းသွားစေပါတယ်။ သို့သော် Benzyol peroxide ပါဝင်မှုနှုန်းများပါက အရေပြားခြောက်ပြီး sensitive skin သမားတွေအတွက်လည်း အဆင်မပြေနိုင်ပါဘူး။

Tricks of the Trade

ဝက်ခြံနဲကပတ်သက်လို့ Dermatology Associate မှ အရေပြားဆိုင်ရာ အကြံပေး Dr.Ang Por ကအခုလို အကြံပြု ထားပါတယ်။

- ၀က်ခြံထွက်နေချိန်မှာ skincare အသစ်များကို စမ်းသုံးတာမျိုး မလုပ်ပါနဲ့။ စမ်းသုံးလိုရင် ၀က်ခြံအနာ လုံးဝကျက် သွားသည်အထိ စောင့်ပါ။

- အချို့သူများအတွက် ချောကလက်လို အချိုတွေစားရင် ၀က်ခြံထွက်တတ်တာကို တွေ့ရပါတယ်။ ချောကလက်စား တိုင်း ဖြစ်တယ်ဆိုရင်တော့ မိမိနေ့စဉ်စားသောက်သည့် စာရင်းပြုထားပြီး ဘာအစားအစာတွေစားရင် ၀က်ခြံထွက် တတ်တယ်ဆိုတာကို မှတ်ထားပါ။

- ၀က်ခြံအထွက်များသော နေရာများဖြစ်သည့် နဖူး၊ကျောနှင့် ရင်နေရာများကို လေ၀င်လေထွက်အောင် ပြုလုပ်ပေးပါ။ ဆံပင်ကို မျက်နှာပေါ် ၀ဲမကျအောင် ကလစ်ဖြင့်ညှပ်ပြီး ချည်သားပွပွ အ၀တ်အစားဝတ်ပေးပါ။

- လက်ချောင်းဖြင့် ၀က်ခြံညှစ်ခြင်း၊ ၀က်ခြံကို ထိခိုက်စေသည့် facial treatment များဖြစ်သည့် microdermabrasim, chemical peel နှင့် scrub များကိုဝက်ခြံထွက်နေချိန်မှာ မလုပ်သင့်ပါဘူး။

Tool Kit

ဝက်ခြံထွက် အသားအရေများအတွက် အချို့ကို ညွှန်းပြရမယ်ဆိုရင်...

(၁) မိတ်ကပ်နှင့် အညစ်အကြေးများကို ညင်သာစွာ ဖယ်ရှားပြီး ရေဓာတ်ဖြည့်ပေးနိုင်သည့် la Roche Posay Physiological Cleaning gel နှင့် ချွေးပေါက်များ သန့်စင်ပြီး sebum အဆီထုတ်လုပ်မှုကို ထိန်းညှိပေးနိုင်သည့် Avene Soapless Gel Cleanser များစမ်းသုံးကြည့်ပါ။ ၄င်းဆပ်ပြာမပါဝင်သည့် cleanser များဟာ အရေပြား၏ သဘာဝ pH Level ကို ထိန်းညှိပေးပြီး mineral ဓာတ်များ ကြွယ်ဝစွာပါဝင်သည့် thermal spring water က အရေပြားကို အေးမြစေပါတယ်။

(၂) Vichy Aqualia Thermal Aqua-Gel Moisturiser လိုပေါ့ပါးပြီး အနည်းငယ်ကျဲသည့် moisturizer သုံးကြည့်ပါ။ ၄င်းက အရေပြားအေးမြစေပြီး အစိုဓာတ်ဖြည့်ပေးပါတယ်။

(၃) Pore refining toner ဖြင့်မျက်နှာကို ပုတ်ပေးပါ။ Kieh'l Rare Earth Pore Refining Tonic ကိုစမ်းသုံးကြည့် နိုင်ပါတယ်။ ၄င်းက အရေပြားအစိုဓာတ်ကို ထိန်းညှိပေးတဲ့အပြင် အရေပြားမျက်နှာပြင်မှ အဆိပ်အတောက်တွေ ကိုလည်း ဖယ်ရှားပေးပါတယ်။

ROC Purif-AC Exfoliation Lotion ကတော့ အရေပြားကို exfoliate လုပ်ပြီး ၄င်းမှာပါသည့် Salicylic acid နှင့် Sepi control A5 က အရေပြားကို သန့်စင်ပေးပါတယ်။

(၄) Mask သုံးမယ်ဆိုရင်တော့ Clinique Anti-Blemish Solutioin oil Control Cleansing mask ကိုသုံးကြည့်ပါ။ လက်ရှိ ၀က်ခြံများကို လျော့ပါးစေပြီး ၄င်းတွင်ပါဝင်သည့် glucosamine နှင့် Salicylic acid များက ရောင်ရမ်းနာကျင် ခြင်းများကို အေးမြသက်သာစေပါတယ်။

(၅) Concealer ဖြင့် ၀က်ခြံဖုများကို ဖုံးကာလိုရင်တော့ antibacterial နှင့် oil free ဖြစ်သည့် Clinique Anti Blemish Solution Clearing Concealer ကိုသုံးနိုင်ပါတယ်။

(၆) Zinc ပါဝင်သော ၀က်ခြံအနာကျက်အောင် ကူညီပေးနိုင်ပါတယ်။

Resource: Myin Kwin Magazine Dec 2010

Tuesday, December 7, 2010

ဖုန်စုပ်စက် ဘယ်လိုရွေးဝယ်မလဲ

အိမ်မှာသုံးဖို့ ဖုန်စုပ်စက်များဟာ အရောင်အသွေးစုံ၊ ဒီဇိုင်းစုံနဲ့ မိမိလိုချင်တဲ့ brand များကိုရွေးချယ်ဝယ်ယူရရှိနိုင်ပါတယ်။ ဖုန်စုပ်စက်အသစ်တစ်လုံး ၀ယ်တော့မယ်ဆိုရင် မိမိအိမ်အတွက် အသင့်တော်ဆုံးဖြစ်မယ့် စက်မျိုးဖြစ်ဖို့တော့ လိုပါလိမ့် မယ်။ ဘယ်လိုအချက်တွေပေါ် အခြေခံစဉ်းစားပြီး ရွေးသင့်တယ်ဆိုတာကိုလည်း Women's Weekly magazineကအခု လို ဖော်ပြထားပါတယ်။

(၁) မိမိအိမ်နဲ့ ကိုက်ညီမယ့် ဒီဇိုင်းမျိုးဖြစ်ဖို့ လိုပါတယ်။ ဥပမာအားဖြင့် ကြွေပြား၊ ကျောက်ပြားလို မာတဲ့ကြမ်းခင်းမျက်နှာ ပြင်ပေါ်မှာ သုံးဖို့ဆိုရင် ဖုန်များကို ကောင်းစွာစုပ်ယူနိုင်ရန် brush များကို အသုံးပြုထားသော floor attachement ပါတဲ့ model မျိုးရွေးပါ။

(၂) ဖုန်စုပ်စက် လက်တံဟာလည်း အတိုအရှည် လိုသလို ညှိလို့ရနိုင်ရပါမယ်။

(၃) အမှိုက်အိတ်ပါတဲ့ model ကိုရွေးပါ။ စုပ်အား ဘယ်လောက်ကောင်းလည်းဆိုတာ ကိုယ်တိုင်စမ်းကြည့်ပါ။

(၄) အိမ်မှာ ဆံပင်ရှည်သူ (သို့မဟုတ်) အိမ်မွေးတိရစ္ထာန်ရှိပါက Stainless Steel brush roller ပါတဲ့ အမျိုးအစားကို ရွေးပါ။ Stainless Steel နဲ့ ပြုလုပ် ထားတဲ့ ပစ္စည်းများက ပလတ်စတစ်ပစ္စည်းများထက် ပိုပြီး ကြာရှည်ခံပါတယ်။

(၅) မိမိနဲ့ Life Style တူတဲ့မိသားစုဆီက အကြံဥာဏ်ယူပါ။ သင့်အိမ်မှာ ကလေးရှိမယ်ဆိုရင် အသံငြိမ်တာကို ရွေးကောင်း ရွေးရပါမယ်။ သို့မဟုတ် စွမ်းအင်အကုန်သက်သာစေတဲ့ model မျိုးလည်း ရွေးကောင်းရွေးရပါမယ်။

(၆) မိမိအိမ်မှာ ပန်းနာရင်ကျပ်သမား (သို့မဟုတ်) Allergies ဖြစ်လွယ်တဲ့သူရှိပါက HEPA (High Efficiency Particulate Air) filter ပါတဲ့ ဖုန်စုပ်စက်ကို သုံးဖို့အကြံပေးပါတယ်။ ၄င်း filter ဟာ အခြားဖုန်စုပ်စက်များနဲ့ ယှဉ်ရင် ဖုန်အမှုန်အမွှား သေး သေးလေးများကိုပါ စုပ်ယူပြီး အပြင်ပြန်မထွက်အောင် ဆောင်ရွက်ပေးပါတယ်။

(၇) ဆိုင်မှာဝယ်ဖို့ ဆုံးဖြတ်ချက်မချခင် စက်နှင့်ကိရိယာတစ်စုံလုံးကို ယူပြီး ဆိုင်ထဲ လျှောက်ဆွဲကြည့်ပါ။ မိမိအတွက် ဒီစက်က သိပ်ကရိကထများနေမလားဆိုတာ ဆန်းစစ်ပါ။

(၈) လုပ်ဆောင်ချက်များတိုင်းလည်း ပိုကောင်းမယ်လို့ မထင်ပါနဲ့။ ကိုယ့်အတွက် တကယ်အသုံးကျတဲ့ဟာကိုပဲ စဉ်းစား ပြီးမှဝယ်ပါ။

(၉) ခလုတ်အဖွင့်အပိတ်နှင့် လက်တံအတိုအရှည်ညှိတဲ့ controller များအလွယ်တကူ သုံး၍ ရ မရ စစ်ပါ။

(၁၀) တစ်ခုခု ချို့ယွင်းသွားလို့ ဘယ်အပိုင်းက ပစ္စည်းလဲရင် ဘယ်လောက်ကျမယ်ဆိုတာကို အကြံပေးပါ။ အချို့ unit များဟာ အိတ်နှင့် filter များ ပြန်လဲရတာမျိုး ရှိပါတယ်။ အချို့ဈေးပေါသော များက ပစ္စည်းမကြာခဏ ပြန်လဲရတတ် ပါတယ်။

Resource: Myin Kwin Magazine Dec 2010

Monday, December 6, 2010

နှင်းချယ်ရီ ကြက်သားချဉ်စပ်၊ မုန်လာဥနီသုပ် နှင့် ဘူးသီးဟင်းချို

-->
ဒီဇင်ဘာလရဲ့ အေးချမ်းတဲ့ရာသီဥတုမှာ မြန်မာတွေရဲ့ ခံတွင်းနဲ့ အစပ်အဟပ်လည်းတည့်၊ ကျန်းမာရေးအတွက် လည်းကောင်း တဲ့ နှင်းချယ်ရီကြက်သားချဉ်စပ်၊ မုန်လာဥနီသုပ်နှင့် ဘူးသီးဟင်းချိုတို့ကို သူငယ်ချင်းတို့လည်း သွားရည်ကျအောင် တင်ပြလိုက်ပါတယ်နော်။
ဘူးသီးဟင်းချိုကတော့လူတိုင်းချက်တတ်တာမို့ မရေးပြတော့ပါဘူး။

နှင်းချယ်ရီကြက်သားချဉ်စပ်
ပါဝင်သည့် ပစ္စည်းများ
ကြက်သား - ၅၀ကျပ်သား    ခရမ်းချဉ်သီး - ၅လုံး
ကြက်သွန်ဖြူ - အနည်းငယ်   ကြက်သွန်နီ - ၅လုံး
ငပိ - အနည်းငယ်    ငရုတ်သီးအနှစ် - အနည်းငယ်
ငရုတ်သီးစိမ်း - အနည်းငယ်  ပင်စိမ်း^ချင်း - အနည်းငယ်
ငံပြာရည်/ဟင်းချိုမှုန့် - အနည်းငယ်

အဆင့်ဆင့်ပြုလုပ်ပုံ
ပထမဦးဆုံး ခရမ်းချဉ်သီးကို ရေခန်းလေးပြုတ်ပြီး အခွံကိုခွာ၍ နုပ်နုပ်စဉ်းထားပါ။ ဒယ်အိုးထဲသို့ ဆီအနည်းငယ်ထည့်၍ ချင်း၊ကြက်သွန်ဖြူ၊နီများကို ထည့်၍်ဆီသတ်ပါ။ ငရုတ်သီးအနှစ်နှင့် မျှင်ငပိကို ထည့်၍ဆီနာနာလေး သတ်ပေးပါ။ ထို့နောက် ပင်စိမ်းရွက်အနည်းငယ်ထည့်ပါ။ အရောင်ရဲ၍ အနံ့မွှေးလာလျှင် ကြိတ်ထားသော ငရုတ်သီးအစိမ်းများကိုထည့် ပါ။ အသင့်နယ်ထားသော ကြက်သားတုံးလေးများကို အိုးထဲသို့ထည့်ပါ။ နုပ်နုပ်စဉ်းထားသော ခရမ်းချဉ်သီးများကိုဆက်၍ ထည့်ပြီး မွှေပါ။ ဆူလာသည်အထိ ရေနွေးထည့်၍ ခဏထားပါ။ အသားများနူး၍ အိသွားလျှင် အပေါ့၊အငံ မြည်း၍ အသင့် သုံးဆောင်နိုင်ရန် ပန်းကန်ပြားတစ်ချပ်ထဲသို့ ငှက်ပျော်ဖက်လေးခင်း၍ ချက်ထားသော ကြက်သားချဉ်စပ်ဟင်းကို ထည့်ပါ။ အစပ်ကြိုက်သူများအနေဖြင့် သီးသန့် စားနိုင်ရန် ဘေးပတ်ပတ်လည်တွင် ငရုတ်သီးကွင်းလေးများကို အစီအရီထည့်၍ သုံးဆောင်နိုင်ပါပြီ။

မုန်လာဥနီသုပ်
ပါဝင်ပစ္စည်းများ
မုန်လာဥနီ - ၂၀ကျပ်သား  သံပရာသီး - ၁လုံး
ကြက်သွန်နီ - ၂လုံး  နှမ်း -အနည်းငယ်
ဆား - အနည်းငယ် ဟင်းချိုမှုန့် - အနည်းငယ်

အဆင့်ဆင့်ပြုလုပ်ပုံ
ကြက်သွန်နီများကို ပါးပါးလှီး၍ ရေစစ်ထားပါ။ မုန်လာဥနီကို ခြစ်၍ ရေစစ်ထားသော ကြက်သွန်နီများကိုထည့်ပါ။ သံပရာသီးအနည်းငယ်ညှစ်ပါ။ နှမ်း၊ဆား၊ဟင်းချိုမှုန့် အနည်းငယ်ထည့်၍ သမအောင် နယ်ပါ။ ပန်းကန်ပြားတစ်ခုထဲသို့ ငှက်ပျော်ဖက်ခင်း၍ နယ်ထားသော မုန်လာဥနီသုပ်ကိုထည့်ပါ။ ဘေးမှ သခွားသီးကွင်းလေးများ အစီအရီထည့်၍ သုံးဆောင်နိုင်ပါပြီ။