Tuesday, December 21, 2010

တစ်ကိုယ်ရေသန့်ရှင်းရေး သုံးကုန်ပစ္စည်းဖြစ်တဲ့ သွားတိုက်ဆေး

လူတိုင်းအတွက် နေ့စဉ်နဲ့အမျှ ထိတွေ့နေရတဲ့၊ ကျန်းမာရေးအတွက်
အသုံးပြုနေရတဲ့ တစ်ကိုယ်ရေသန့်ရှင်းရေး အသုံး အဆောင်ပစ္စည်းတွေကလည်း
အများသားပဲ။ တချို့ကုန်ပစ္စည်းတွေက မရှိရင်ဖြစ်ပေမဲ့ တချို့ကျတော့
တကယ့်ကို မရှိ မဖြစ်လိုအပ်ချက် လူသုံးကုန်ပစ္စည်းတွေလေ။
အဲဒီအထဲမှာမှ ကျွန်တော်တို့ နေ့စဉ်နေ့တိုင်း မဖြစ်မနေအသုံးပြုရတဲ့
ကုန်ပစ္စည်း၊ မနက်ခင်းအိပ်ယာကထပြီဆို ကတည်း က တွေ့ရတတ်တဲ့
ကုန်ပစ္စည်းလို့ဆိုရင် သွားတိုက်ဆေးလို့ ပြောရပါမယ်။ နေ့စဉ်နဲ့အမျှ
တစ်ကိုယ်ရေသန့်ရှင်းရေး၊ ခံတွင်းကျန်းမာရေးအတွက်
မရှိမဖြစ်လိုအပ်ချက်ဖြစ်တဲ့ ကုန်ပစ္စည်းလို့လည်း ပြောရမှာပါပဲ။
ဟိုးငယ်ငယ်ကတည်းက သွား ပိုးစားတတ်လွန်းလို့ အိပ်ယာနိုးတာနဲ့
မဖြစ်မနေသွားတိုက်ခိုင်းခဲ့တဲ့ အမေကြောင့် သွားတိုက်တာဟာ ကျွန်တော့်အတွက်
တော့ အလေ့အကျင့်ကနေ အလေ့အထဖြစ်သွားတယ်။ ကျွန်တော့်အဖို့သွားမတိုက်ရရင်
မနေနိုင်ဘူး။

အိပ်ရာကထပြီး ကိုယ့်ခံတွင်းကို စင်ကြယ်အောင် သွားတိုက်ဆေးနဲ့
တိုက်ပြီးမှ၊ မျက်နှာသန့်စင်ဆေးကြောပြီးမှ ဘုရားရှိခိုး တာ၊
တစ်ယောက်ယောက်နဲ့ စကားပြောတာ၊ မနက်ခင်းစာ တစ်ခုခုစားတာတွေ
ဆက်လုပ်ဖြစ်တယ်။ သွားများမတိုက်ရ သေးဘူးဆိုရင် ကိုယ့်ကိုယ်ကို
အိပ်ရာကနိုးတယ်လို့ တယ်မယူဆချင်ဘူး။ စကားပြောရတာကအစ၊ အစားစားရမှာကအစ
ကိုယ့်စိတ်ကိုယ်မလုံချင်ဘူး။ တစ်နေရာရာကိုများ ခရီးသွားရတော့မယ်ဆိုရင်
ကိုယ်ယူသွားမယ့်အထဲမှာ သွားတိုက်ဆေး သွားတိုက်တံပါမပါ
ဂရုတစိုက်ကြည့်ရတယ်။ သည်တော့ သွားတိုက်ဆေးဆိုတာ ကျွန်တော့်အတွက်
အရေးပါတဲ့ ကုန် ပစ္စည်း တစ်ခုအနေနဲ့ စိတ်ဝင်စားစရာကောင်းလို့ သည်တစ်လတော့
သည်သွားတိုက်ဆေးအကြောင်း လက်လှမ်းမီ သလောက် တင်ပြချင်ပါတယ်။

သွားတိုက်ဆေးဆိုတာ သွားများ ဖြူဖွေးစင်ကြယ် လှပစေဖို့၊ ခံတွင်းအနံ့
အသက်ကင်းဖို့၊ ခံတွင်းမှာ ပေါက်ပွားလေ့ရှိတဲ့ ဘက်တီးရီးယားပိုးမွှား
အန္တာရာယ်ကနေ ကာကွယ်ဖို့၊ သွားပိုးစားခြင်းအန္တရာယ်ကနေ ကာကွယ်ဖို့၊
ခံတွင်းရောဂါ ကင်းဖို့ အတွက် ရည်ရွယ်ဖော်စပ် စီမံထုတ်လုပ်ထားတဲ့
ညှစ်ဆေးဘူးလို့ ပြောရမယ်ထင်ပါတယ်။

ခံတွင်းအနံ့ကင်းဖို့နဲ့ သန့်ရှင်းကျန်းမာနေဖို့ သွားတိုက်ဆေးမှုန့်
(သို့မဟုတ်) အရည်တစ်မျိုးမျိုးကို အသုံးပြုပြီး သွား တိုက်ခြင်း
ခံတွင်းသန့်စင်ခြင်းကို အေဒီ(၄)ရာစုနှစ်လောက်ကတည်းက စတင်နေပြီလို့
အီဂျစ်နဲ့ရှေးဟောင်းအိန္ဒိယကျမ်း တွေက ဆိုပါတယ်။ သွားတိုက်တဲ့ အလေ့အထကို
အီဂျစ်၊တရုတ်နဲ့ အိန္ဒိယတွေမှာ အဲသည်ကာလတွေမှာကတည်းက
စပြီးဖွံ့ဖြိုးလာခဲ့ဟန်တူပါတယ်။

ရှေးလူတွေက သွားတိုက်ဆေးအမှုန့်တွေအဖြစ်နဲ့ သတ္တ၀ါတွေရဲ့အရိုးတွေ၊
ငါးတွေရဲ့အရိုးတွေ၊ ဥခွံခရုခွံတွေကို ပြာမှုန့် တွေနဲ့ ရောနှောပြီး
သုံးခဲ့ကြသလို ဆား၊မီးသွေးမှုန့်၊သစ်ကိုင်းအရိုး(သို့မဟုတ်)
အရွက်တစ်မျိုးမျိုးကို သွားတိုက်ဆေး အမှုန့်အဖြစ် အသုံးပြုခဲ့ကြတယ်လို့
သိရပါတယ်။ တမာရဲ့ ဆေးဘက်ဝင်ပုံကိုလည်း အဲဒီအချိန်ကတည်းက သိခဲ့ကြ
ဟန်တူပါတယ်။ စတင်အသုံးပြုစဉ်တုန်းကတော့ သည်လို အမှုန့်တွေ၊
ညှစ်ဆေးအနှစ်တွေကို အိုးလေးတွေနဲ့ထည့်ပြီး အသုံးပြုလာကြတယ်။
တရုတ်ရာဇ၀င်တွေမှာတော့ နန်းတွင်းအလေ့အထတွေထဲမှာ ခံတွင်းသန့်စင်ဖို့အတွက်
ရွှေ၊ငွေ တုတ်ချောင်းလေးတွေမှာ ခံတွင်းသန့်စင်ဆေးတစ်မျိုးထည့်ပြီး
သွားတိုက်ခဲ့တာကတော့ ခုခေတ်သွားတိုက်ဆေးတွေရဲ့ အစကနဦးပေါ့။

စနစ်ကျလာတဲ့ သွားတိုက်ဆေးပုံစံကိုတော့ ၁၈၀၀ခုနှစ်လောက်မှာ
စတင်ဖွံ့ဖြိုးလာခဲ့တယ်။ ၁၈၉၂ခုနှစ်လောက်မှာတော့ ဘူးထဲထည့်ပြီး
ညှစ်သုံးရတဲ့ သွားတိုက်ဆေးကို တီထွင်ထုတ်လုပ်လာတာ တွေ့လာရတယ်။
သွားများကိုခိုင်မာစေတဲ့ ဖလိုရိုက်ပါတဲ့ သွားတိုက်ဆေးကိုတော့
၁၉၁၄ခုနှစ်မှာ ထည့်သွင်းအသုံးပြုလာကြတယ်။ ဖလိုရိုက်ပါတဲ့ သွားတိုက်ဆေး
တွေအနေနဲ့ ၁၉၅၀နောက်ပိုင်းမှသာ ဈေးကွက်မှာ
တွင်တွင်ကျယ်ကျယ်နဲ့ပျံ့နှံ့လာကြကြောင်းသိရပါတယ်။

မြန်မာနိုင်ငံမှာကတော့ သွားတိုက်ဆေးရယ်လို့ တိတိကျကျမပေါ်ခင်ကတည်းက
တံပူနဲ့ သွားတိုက်လာခဲ့ကြတယ်လို့ သိရပါတယ်။ တမာချောင်းနဲ့သွားများကို
စိမ်းပြေနပြေတိုက်လို့ကတော့ သွားများဖွေးနေအောင် ဖြူသွားတာဆိုပဲ။
ဟိုတုန်းက ကျေးလက်တောရွာတွေမှာ ဘုန်းကြီးဦးဇင်းတွေအတွက်
တံပူတမာချောင်းတွေလုပ်လှူပြီး ကုသိုလ်ယူတတ် ကြတာ မှတ်သားရဖူးပါတယ်။
တမာချောင်းတွေနဲ့ သွားကိုစင်ကြယ်အောင်တိုက်လေ့ရှိသလို အညာဒေသတွေမှာပေါတဲ့
တမာရွက်တွေ၊ အရိုးတွေမီးရှို့ပြာချ၊ ပြာကိုဆားနဲ့ရောနယ်ပြီး
သွားတိုက်ဆေးမှုန့်အဖြစ် အသုံးပြုခဲ့ကြတာတွေ့ရပါတယ်။ အချို့လည်းဆားကို
ပါးစပ်ထဲပစ်ထည့်ပလုပ်ကျင်းပြီး ခံတွင်းသန့်စင်လိုက်ကြတယ်လို့ဆိုပေမယ့်
ခံတွင်းဆေးတဲ့ ခံတွင်း သန့်စင်တဲ့အလေ့အထကတော့ သမိုင်းမတင်ခဲ့ပေမဲ့
ကြာလှပြီလို့ဆိုရပါမယ်။

ခုလိုခေတ်တွေရောက်တော့ သွားတိုက်ဆေးဆိုတာ တစ်ခေတ်ရရှိလာပြီး
တောရောမြို့ပါမကျန် သွားတိုက်ဆေး သုံးကြတဲ့ အလေ့အထရှိလာကြပြီး
တမာရွက်တွေစုစည်းမီးရှို့၊ ပြာကိုဆားနဲ့ရောနှောစသဖြင့် အချိန်ကုန်ခံပြီး
လုပ်မနေတော့ဘူး။ တံပူ တွေအတွက် အချိန်ကုန်ခံပြီး
တမာချောင်းတွေမလုပ်နေတော့ဘူး။ သွားတိုက်ဆေးတစ်ဗူးလောက်ဝယ်လိုက်ရင် တစ်
မိသားစုလုံးသုံးပေရော့။ တန်သင့်ရုံ ဈေးနှုန်းနဲ့ဆို
သွားတိုက်ဆေးဝယ်သုံးလို့ဖြစ်ပြီဆိုတော့ သွားတိုက်ဆေးဆိုတာက မိသားစုသုံး၊
တစ်ကိုယ်ရေသန့်ရှင်းရေးသုံး ကုန်ပစ္စည်းအဖြစ်
တစ်စတစ်စဖြစ်လို့နေပါတော့တယ်။

သည်ကနေ့ မျက်မှောက်ခေတ်မှာတော့ သွားတိုက်ဆေးကို
ပုံစံမျိုးစုံနဲကဈေးကွက်ထဲမှာ တွေ့နေရပြီဖြစ်ပါတယ်။ ခံတွင်း
နဲ့ပတ်သက်လို့၊ သွားနဲ့ပတ်သက်လို့၊ သွားပိုးစားခြင်းမှကာကွယ်ဖို့
ထုတ်လုပ်တဲ့သွားတိုက်ဆေးအမျိုးအစားတွေကို တွေ့ရသလို အနံ့အသက်နှစ်သက်မှုနဲ့
ပတ်သက်လို့ ထုတ်လုပ်တဲ့သွားတိုက်ဆေးအမျိုးအစားတွေလည်း တွေ့ရပါတယ်။
ဆိုဒီယမ်၊ ဖလိုရိုက်၊ကယ်လ်စီယမ်၊မင်သော်(ပရုပ်) စသဖြင့်ကွဲပြားခြားနားတဲ့
ဖော်မြူလာတွေနဲ့ ထုတ်လုပ်ထားတဲ့ ပုံစံမျိုးစုံ ကို တွေ့ကြရမှာဖြစ်ပါတယ်။
နောက်ပြီးတော့ အသက်အရွယ်အလိုက် အသုံးပြုနိုင်တဲ့ အမျိုးအစားတွေ၊ လိမ္မော်
စတော် ဘယ်ရီနာနတ် စတဲ့ ကလေးကြိုက်သစ်သီးအနံ့အသက်ပါတဲ့ အရသာမျိုးနဲ့
ထုတ်လုပ်ထားတဲ့ သွားတိုက်ဆေး တွေတွေ့ရသလို အရှေ့တိုင်းနိုင်ငံတွေဖြစ်တဲ့
အိန္ဒိယတို့ မြန်မာတို့ မလေးရှားတို့လို ကွမ်းယာကြိုက်နိုင်ငံတွေအတွက်
ကွမ်းချေးကျွတ်စေတဲ့ သွားတိုက်ဆေးဆိုပြီးတောင်
ခွဲခြားပြီးထုတ်လုပ်ရောင်းချတာ တွေ့ရပါတယ်။ တစ်ခါ ရိုးရိုးသွားတိုက်
ဆေးနဲ့ ဂျယ်ပါတာမပါတာ၊ ဂျယ်ပါတဲ့အထဲမှာတောင် နှစ်ထပ်ဂျယ်ပါတာစသဖြင့်
ခွဲခြားထားတာလည်း အရေးပါတဲ့စားသုံး သူတွေ
ရွေးချယ်ဝယ်ယူတဲ့အချက်တွေအနေနဲ့တွေ့ရပါတယ်။

ထုပ်ပိုးမှုကလည်း သတ္ထုဗူး၊ ပလတ်စတစ်ဗူး၊ ပုံစံအမျိုးမျိုးနဲ့တွေ့ရပြီး
ညှစ်ဆေးဖြစ်တဲ့အတွက် ပလတ်စတစ်ကျူ့၊ သတ္ထု ကျူ့တွေနဲ့
ထုတ်လုပ်ရောင်းချလေ့ရှိပါတယ်။ အထူးသဖြင့်တော့ ပလတ်စတစ်ကျူ့နဲ့
ညှစ်ဆေးဗူးအနေနဲ့ ထုတ်လုပ်တာ ကိုအများဆုံးတွေ့မြင်ရပါတယ်။
ဆိုဒ်ဆိုရင်လည်း ထိုတစ်ခါသုံး (၅)ဂရမ် (၆)ဂရမ်လေးတွေကနေ (၅၀၀)ဂရမ်လောက်
အထိ ဆိုဒ်ပေါင်းစုံနဲ့ ထုတ်လာကြတာတွေ့ရပါတယ်။

လက်ရှိပြည်တွင်းဈေးကွက်ထဲမှာတံဆိပ်အမည်(၄၀)ကျော် လည်ပတ်နေတာတွေ့ရသလို
သွားတီုက်ဆေးအမျီုးအစားနဲ့ အရွယ်အစားများအလိုက်မခွဲမခြား
တွက်ကြည်မယ်ဆိုရင်တော့ အမျိုးကွဲတံဆိပ်ပေါင်း ၂၀၀
ကျော်အထိရှိနေတာကိုတွေ့ရ မှာဖြစ်ပါတယ်။ ဈေးနှုန်းဆိုရင်လည်းဗူးကြီးတစ်ဗူး
၂၀၀ကျပ်တန်လောက်ကနေ၅၀၀၀ကျပ်တန်လောက်ထိ ဈေးကွက်မှာ
ဈေးနှုန်းအဆင့်အလိုက်အလွှာတွေ ရှိနေတာ တွေ့ရပါတယ်။

ဟိုးလွန်ခဲ့တဲ့၁၅ကျော်လောက်ကတော့
ပြည်တွင်းဈေးကွက်မှာတရုတ်သွားတိုက်ဆေးတွေက အဓိကနေရာယူခဲ့ကြတာ ပေါ့။
အရည်အသွေးတွေဘာတွေနားမလည်ကြတဲ့ အချိန်မှာ သွားတိုက်လို့ ပါးစပ်ထဲ
အမြုပ်ထရင်ပြီးရောသွားတိုက်ဆေး လို့ ယူဆပစ်တာပဲ။အဲသည်တုန်းက
ပြည်တွင်းတံဆိပ်မည်မည်ရရမရှိခင် ဖုဟန၊ဖုဟ၀ုတို့ဈေးကွက်အခေါ်ပြာကြီးတို့၊
ကြက်ခြေနီတို့က ဈေးကွက်၃ပုံ၊၂ပုံလောက်ကို
လွှမ်းမိုးနေခဲ့တာကလား။ကိုးလ်ဂိတ်တို့၊ကလို့စ်အပ်တို့ရှိကြပေမဲ့ လူတန်း
စား နည်းနည်းလောက်ပဲ သုံးနိုင်ကြတာ။ ကျန်လူလတ်တန်းစားကလည်းအစိုးရထုတ်တဲ့
ပက်ဆိုးဒန့်လောက်သုံးကြ တယ်။ ၀င်ငွေနိမ့်နဲ့ အောက်ပိုင်းလူတန်းစား
အလွှာကတော့ သည်တရုတ်သွားတိုက်ဆေးကိုပဲ အားထားကြတော့ တော ရောမြို့ပါမကျန်
ဒါဘဲသုံးတယ်လေ။ သွားတိုက်ဆေး သုံးရတယ်ဆိုတဲ့ အလေ့အထကြောင့်သုံးကြပေမဲ့
အရည် အသွေးကို မဆန်းစစ်နိုင်ဘူး။ ဈေးနှုန်းအရသုံးပျော်တဲ့
တရုတ်သွားတိုက်ဆေးတွေကသာ ဈေးကွက်ထဲကို အချိန် အတော်ကြာ လွှမ်းမိုး
ခဲ့ကြတာလေ။

၁၉၉၀ နောက်ပိုင်းဈေးကွက်အပြောင်းအလဲ၊လူနေမှုအပြောင်းအလဲတွေ တစ်စတစ်စနဲ့
ပြည်တွင်းထုတ်လုပ်နိုင်တဲ့ သွား တိုက်ဆေးလုပ်ငန်းကုမ္ပဏီတွေပေါ်လာတယ်။
အရည်အသွေးသင့်တင့်တာအပြင် ဈေးနှုန်းကလည်း ထိုက်သင့်တဲ့ ဈေးနှုန်း
ဖြစ်လာတယ်။
အရင်ကအစိုးရကထုတ်လုပ်တဲ့ ပက်ဆိုးဒန့်လောက်သာ
ပြည်တွင်းသွားတိုက်ဆေးအဖြစ်တွေ့ရပေမဲ့ လူသုံးကုန်တွေ ထုတ်လုပ်တဲ့
စူပါအုပ်စု၊ EACအုပ်စု၊ဗျူးတီးပဲလေ့စ်အုပ်စု၊ဆုထိုက်တန် အုပ်စုတို့ကနေ
အဆင့်မီထုပ်ပိုးကုန်တွေနဲ့ သွားတိုက်ဆေးထုတ်လုပ်
ရောင်းချလာတာကိုတွေ့ရပါတယ်။ လွန်ခဲ့တဲ့ ၁၀စုနှစ်တစ်လျှောက်လုံးမှာ
ထိပ်ဆုံးမှာ နေရာ တစ်ဝက်ကျော်ယူထားခဲ့တဲ့ တရုတ်သွားတိုက်ဆေးတွေနေရာကို
ပြည်တွင်းထုတ်တံဆိပ်တွေက ပြောင်းလဲယူလာတာ ကိုတွေ့ရပါတယ်။
လေဆာတို့၊ သရီးဒီတို့၊ ဘက်စ်တီ၊ကူးလ်၊ဖရက်ရှ်အပ်တို့ဆိုရင်
သွားတိုက်ဆေးဈေးကွက်ရဲ့ ထိပ်ဆုံးနေရာမှာရှိနေတယ် လို့ပြောလို့ရပါတယ်။
လက်လီအရောင်းဆိုင်တိုင်းမှာ သွားတိုက်ဆေးတင်တယ်ဆိုရင်
သည်ပြည်တွင်းတံဆိပ်တွေကို တစ်ခုမဟုတ်တစ်ခု ရှိနေတတ်တာတွေ့နေရပါပြီ။
သုံးစွဲတဲ့သူတွေအကြိုက် ဆိုဒ်ပေါင်းစုံနဲ့ ထုတ်လုပ်လာတာ ဟိုးတစ်ခါ သုံး
ဆိုဒ်ကနေ ၃၀၀ဂရမ်လောက်အထိ အစုံပဲလို့ဆိုရပါမယ်။

အမြင့်တန်း လူတန်းစားသုံးတယ်လို့ ပြောရမယ့် ကိုးလ်ဂိတ်တို့
ကလို့စ်အပ်တို့ ဈေးကွက်ကလည်း သူ့ဈေးကွက်နဲ့သူ တော့ ရှိနေသေးတာပဲလို့
သိရပါတယ်။ သည်တံဆိပ်တွေသုံးနေကျ ပရိတ်သတ်ကလည်း သွားတိုက်ဆေးဆိုဒါပဲ သုံး
တတ်တယ်လို့ ပြောရမလောက်ဘဲ။
ဘယ်လိုပဲပြောပြော လူဦးရေ သန်း၆၀နီးနီး မြန်မာပြည်မှာ နေတာ။
အလေ့အထအားဖြင့် လူတိုင်း သွားတိုက်ဆေးကို အသုံးမပြုတောင် သုံးပုံ
၂ပုံလောက်သော လူဦးရေကသာ သွားတိုက်ဆေး အသုံးပြုလာတယ်ဆိုရင် သည်ဈေးကွက်
ပမာဏက မသေးဘူးလို့ပြောရမယ်။ဒါပေမဲ့ သုံးစွဲသူတွေဘက်ကလည်း
ခါတိုင်းထက်ပိုပြီး အသိဥာဏ်စွမ်းရည်နဲ့ ကုန်စည် အရည်အသွေး
ရွေးချယ်မှုမြင့်လာပြီ။ အရင်က သွားတိုက်ဆေးဆို ရွေးစရာမရှိ
ခေါင်းထဲပေါ်လာလောက်အောင် တံဆိပ် အမြင်သဘောထားမရှိတဲ့သူတွေ မဟုတ်တော့ဘူး။
အရည်အသွေးကောင်းကောင်းနဲ့ ကိုယ်နဲ့ကိုက်ညီတဲ့ ကုန်ပစ္စည်းမျိုး
ရွေးချယ်တတ်နေပြီ။ တစ်ချိန်က ဈေးကွက်တစ်ဝက်ကျော် နေရာယူခဲ့တဲ့
တရုတ်သွားတိုက်ဆေးတွေ အခုဆို ဈေးကွက်ထဲ မှာ မြင်ရရုံ သက်သက်ပဲ
ဈေးကွက်ဝေစုရတာတွေ့ရတော့တယ်။

အရင်က တရုတ်သွားတိုက်ဆေးတွေအစား ကိုယ့်ပြည်တွင်းထုတ်သွားတိုက်ဆေးတွေ
ဈေးကွက်ဝင်လာတာကို ပြည်တွင်း ထုတ်တွေ ကိုယ်စားဂုဏ်ယူပေမဲ့
တရုတ်သွားတိုက်ဆေးဈေးကွက်ကို သင်္ခန်းစာယူ သံဝေဂယူသင့်တယ်ထင်ပါတယ်။
အရေအတွက်တွေများများရောင်းချရဖို့အတွက်၊ ကြော်ငြာတွေ
အများကြီးနဲ့ဆွဲဆောင်၊ ဈေးနှုန်းတွေလျော့၊ဈေးကွက်မြှင့် တင်ရေး
နည်းလမ်းပေါင်းစုံတွေနဲ့ ဆောင်ရွက်ကြပေမဲ့လို့ အရည်အသွေးအားနည်းနေရင်တော့
တရုတ်သွားတိုက်ဆေး ဈေးကွက် နမူနာနောက် လိုက်သွားရမှာပေါ့။

အထက်ကဆိုခဲ့သလို တစ်ချိန်တုန်းက သွားတိုက်ဆေးအဖြစ် ပြာတွေ၊
ဆားတွေသုံးခဲ့တဲ့ အလေ့အထကနေပြီးတော့ ဖလိုရိုက်ပါတဲ့၊
ကယ်လ်စီယမ်ပါတဲ့၊မာန်သော်ပါတဲ့၊ ဂျယ်လ်ပါတဲ့၊ လိမ္မော်နဲ့
စတော်ဘယ်ရီနံ့ပါတဲ့ သွားတိုက်ဆေးမှဆိုတဲ့ ကုန်စည်သုတရှိတဲ့အမြင်ကို
တစ်စတစ်စပြောင်းပြောင်းလာပြီဆိုတော့ အရည်အသွေးဆွဲဆောင်မှုက ဘယ်လောက်အရေး
ပါလာသလဲဆိုတာ မြင်သာပါတယ်။ အရည်အသွေးကောင်းရင် သည်မှာဘဲ
ဈေးကွက်အကြီးကြီးရနိုင်သလို ပြည်ပကိုပြန် တင်ပို့နိုင်တဲ့ အဆင့်ကို
နောက်တစ်ထစ်လှမ်းသင့်ပြီလို့ ထင်ပါတယ်။

ကျွန်တော်တို့စားသုံးသူတွေဘက်ကတော့ ပြည်တွင်းတံဆိပ်တွေ
ဈေးနှုန်းသင့်သင့်တင့်တင့်နဲ့ အရည်အသွေးမီမီကုန်စည် တွေဖြစ်ဖို့ပဲ
အမြဲဆုတောင်းပေးနေပါတယ်။

PAOH
Resource: Business (Union of Myanmar Federation of Chambers of
Commerce & Industry) Vol: 10, No.10 – December 2010

No comments: