Sunday, November 30, 2008

chicken roll for you

စွဲမက်ဖွယ်ရာ ဒီဟင်းလျာ
ကြက်သား အဆာသွတ်လိပ်

ပါဝင်ပစ္စည်းများကြက်ရင်ပုံ (အရိုးမပါ) - ၄၀ကျပ်သား
ထောပတ် - ၂ဇွန်း
ချက်ပြီးထမင်း - အနည်းငယ်
ချိစ်ပြား - ၄ပြား
အရွက်ဖားမုန်လာ
နုပ်နုပ်စဉ်း(ပါစီရွက်) - ၂ဇွန်း
ကြက်သွန်ဖြူ နုပ်နုပ်စဉ်း - ၂ဇွန်း
မှို - အနည်းငယ်
ခေါက်ဆွဲ - ၁ထုပ်
ဆား၊ ငရုတ်ကောင်း - အနည်းငယ်
ဝိုင်ဖြူ - ၂ဇွန်း

ပြင်ဆင်ချက်ပြုတ်ပုံ
ထောပတ်ထဲတွင် ကြက်သွန်နီကို ဆီသတ်ပါ။ အနံ့မွှေးလာလျှင် ဖယ်ထုတ်ထားပါ။ထမင်းနဲ့ ပါစီရွက်၊ ငရုတ်ကောင်းတို့ကို ရောနယ်ပါမယ်။ ကြက်သားကိုအလွှာလိုက်လှီးပြီး အလိပ်လိပ်လို့ရအောင် ဓားပြားနဲ့ ရိုက်ပြီး ပြားထားပါ။ ကြက်သားပြားပေါ် ချိစ်ပြားကိုတင်ပြီး နယ်ထားတဲ့ထမင်းကို တင်ပြီးလိပ်လိုက်ပါမယ်။ အလိပ်လေးတွေ ပြေမသွားအောင်ကြိုးဖြင့်ချည်ထားရပြီး၊ ချက်ပြီးရင်ပြန်ဖြေလို့ရပါတယ်။ ထောပတ်ကို အပူပေး၍ အလိပ်တွေကို ရွှေညိုရောင်ရအောင် ဆီပူထိုးရပါမယ်။ ထဲမှာ အပေါ်မီးနဲ့ ၁၀မိနစ်ခန့် အသားကျက်အောင် အပူပေးထားပါ။ မှိုကို အပူပေးထားတဲ့ ထောပတ်ထဲမှာ ရေနည်းနည်းထည့်ပြီး နူးညံ့သွား အောင် ကြော်ပါမယ်။ ထောပတ်ထဲမှာ ခေါက်ဆွဲပြားကိုမွှေ၊ ငရုတ်ကောင်းနဲ့ အရသာယူပါမယ်။ အားလုံးကြော် လှော်ပြီးရင်တော့ ပန်းကန်ထဲမှာ ခေါက်ဆွဲထည့်၊ မှိုကိုဘေးကရံ၊ ကြက်သားလိပ်ကို ခေါက်ဆွဲပေါ်တင်ပြီး ပါစီရွက်နဲ့ အလှဆင်ကာ အရသာရှိရှိစားသုံးနိုင်ပါပြီ။

Tuesday, November 25, 2008

Cinema

ရုပ်ရှင်
(မင်းဆွေနှစ် (မုံရွာ))

ကျွန်တော်ရုံထဲဝင်တော့
ဇာတ်လမ်း စနေပြီ
ကိုယ့်နေရာက ဘယ်မှန်း မသိ
အမှောင်ထဲမှာ ဟိုစမ်း ဒီစမ်း
ပိတ်ကားပေါ်မှာ
ဇာတ်လိုက်က ပြေး၊ လူကြမ်းက လိုက်
ငါ့မှာ ဟိုတိုက် ဒီတိုက်
လူနေရာ မရ
ငယ်ငယ်တုန်းက ရွှေဘ

နောက်တော့
ဇာတ်လိုက်တွေ တစ်ယောက်ပြီး တစ်ယောက်ပြောင်း
မနက်ခင်းကလည်း တမ်းချင်းတွေနဲ့
အလင်းရောင်ကလည်း ငွေနားကွပ်နဲ့
ရေတံခွန် အတု
တောင်တန်း အတု
သစ်ပင် အတု

လူက လွဲရင် အားလုံး အထူးပြုလုပ်ချက်တွေ
စိတ်ရှုပ် နားရှုပ် ရင်ရှုပ်
ညက အိပ်မက်ကို အန်ထုတ်လိုက်မှ
လောကကြီးက နေသာထိုင်သာ

နောက်ဆုံး
ဘ၀ကို တစ်က ပြန်စချင်တာနဲ့
ရုံထဲက ထွက်လိုက်တယ်
အပြင်မှာ မိုးတွေ ရွာလို့။

Tuesday, November 18, 2008

For Morning Breakfast

ဆောင်းတွင်းမနက်ခင်းလေးမှာ ရေနွေးကြမ်းလေးနဲ့ မြည်းရအောင် ဒါမှမဟုတ် အပြင်းပြေ ၀ါးရအောင် စိတ်ကူးလေးနဲ့ တင်လိုက်ပါတယ်။သူငယ်ချင်းတို့ အလွယ်တကူလုပ်စားနိုင်ပါစေ။

နာနတ်သီးနဲ့ ၀က်နံရိုးကြော်

ဝက်နံရိုး - ၂၅ ကျပ်သား
ကြက်သွန်ဖြူ - အနည်းငယ် (ကျေညက်အောင်ထောင်းထားပါ။)
ပဲငံပြာရည်အနောက် - အနည်းငယ်
ငါးငံပြာရည် - အနည်းငယ်
နာနတ်ရည် - အနည်းငယ် (သဘာဝနာနတ်ရည်)
ဆီ - အနည်းငယ်
(၀က်နံရိုး ၂၅ကျပ်သားအတွက် ကြက်သွန်ဖြူ၊ ဆား၊သကြား၊ငံပြာရည်တို့ကို သင့်တင့်မျှတရုံ သုံးရန်သာဖြစ်ပါတယ်။ စားပွဲတင်ဇွန်း တစ်ဝက် ပတ်ဝန်းကျင်ထည့်ရုံမျှဖြင့် သင့်တင့်နိုင်ပါတယ်။)

ချက်ပြုတ်ပြင်ဆင်ပုံ
ဝက်နံရိုးများကို ရေစင်အောင်ဆေးပါ။စားရ အဆင်ပြေနိုင်မည့် အရွယ်တော်အတုံးလေးများ တုံးပါ။ နာနတ်ရည်ထဲတွင် နာရီဝက်မှ တစ်နာရီအတွင်း ကြာအောင်စိမ်ထားလိုက်ပါ။
အဲဒီနောက် စောစောက အဆင့်ဆင့်ပြုပြင်ထားတဲ့ ကြက်သွန်ဖြူ၊ ဆား၊သကြား၊ပဲငံပြာရည် စတဲ့ အဆာပလာထဲမှာ နာရီဝက်ကနေ တစ်နာရီထိ နယ်ဖတ်ပြီး စိမ်ထားလိုက်ပါ။ ဒါမှ အဲဒီအနံ့၊ အရသာ၊ အချို၊အငန်၊ အစပ်တွေဟာ ၀က်နံရိုးထဲမှာ စိမ့်ဝင်ပြီး အရသာကောင်းမွန်စေရန်ဖြစ်ပါသည်။
အားလုံးအဆင်သင့်ဖြစ်၊ လုပ်စရာအလုပ်တွေ ပြီးစီးပြီဆိုကာမှ နောက်ဆုံးအဆင့်ကြော်ဖို့ အစီအစဉ်ပဲ ဖြစ်ပါတယ်။ ဒယ်အိုးထဲမှာ သင့်တင့်သလောက်လေးသာဆီထည့်ပြီး မပြင်းလွန်းတဲ့ သင့်တင့်သလောက် မီးအပူပေးပြီး ကြော်ဖို့ပါ။ ကျက်ရင် အရောင်ပြောင်းသွားပါလိမ့်မယ်။ ကျက်ပြီဆိုကာမှ နှစ်သက်သလို အတွဲအဖက် အသီးအရွက်များနဲ့ တွဲဖက်ပြီး ကြိုက်သလောက် စားသုံးရန် ဖြစ်ပါတယ်။

ပြောင်းဖူးလုံးကြော်
ပါဝင်သည့်ပစ္စည်းများ
ပြောင်းဖူး - ၁ခွက်ခွဲစာခန့် (၂ဖူးခန့်)
ဝက်သား - ၁ခွက်ခွဲစာခန့် (နှုတ်နှုတ်စဉ်း)
ကြက်ဥ - ၁လုံး
နံနံမြစ် - စားပွဲတင်ဇွန်း ၁ဇွန်း(နှုတ်နှုတ်စဉ်း)
ကြက်သွန်ဖြူ - စားပွဲတင်ဇွန်း ၁ဇွန်း
ငရုတ်ကောင်းစေ့ - လက်ဖက်ရည်ဇွန်း ၁ဇွန်းစာ
ဂျုံမှုန့် - စားပွဲတင်ဇွန်း ၁ဇွန်း
ဆား - လက်ဖက်ရည်ဇွန်း ၁ဇွန်း
သကြား - လက်ဖက်ရည်ဇွန်း ၁ဇွန်း
ဟင်းသီးဟင်းရွက်ဆီ
ခရမ်းချဉ်သီးဆော့စ်

အဆင့်ဆင့်ချက်ပြုတ်ပုံ
- နံနံမြစ်၊ကြက်သွန်ဖြူ နှင့်ငရုတ်ကောင်းစေ့များကို ရောထောင်းပြီးသပ်သပ်ဖယ်ထားပါ။
- ပြောင်းဖူး၊၀က်သား၊ဂျုံမှုန့်နှင့် ကြက်ဥကို ရောနှယ်ပါ။ ပြီးလျှင်ထောင်းထားသော ကြက်သွန်ဖြူ၊ ငရုတ်ကောင်းများထည့်ပြီး သမအောင်ရောမွှေပေးပါ။
- ၄င်းနောက် ဆားနှင့်သကြားထည့်နှယ်ပါ။ဆီပူအိုးထဲသို့ ပြောင်းဖူးလုံးများလုံးပြီးထည့်ကြော်ပါ။ ပြောင်းဖူးများ ရွှေဝါရောင်သမ်းလာလျှင် အိုးထဲမှဆယ်ပြီး ဆီစစ်ထားပါ။ ပြောင်းဖူးအားလုံး ကြော်ပြီးသည့်အခါ ၄င်းကိုငရုတ်သီးဆော့စ် သို့မဟုတ် ခရမ်းချဉ်သီးဆော့စ်နှင့် ပူပူနွေးနွေးတွဲဖက် သုံးဆောင်ပါ။

အမဲသားဟင်းအခြောက်
ပါဝင်သောပစ္စည်းများ
အမဲသား - ၃၀ကျပ်သား
ကြက်သွန်နီ - ၃လုံး
ခရမ်းချဉ်သီး - ၃လုံး
မုန်လာဥနီ - ၃တောင့်
ဝိုင် - အနည်းငယ်
ဆား -အနည်းငယ်
ပဲငါးပိမှုန့်(သို့)ငါးမှုန့် - အနည်းငယ်
ထောပတ် -အနည်းငယ်
ကြက်သွန်မြိတ် -၁စည်း
ငရုတ်ကောင်းမှုန့် -သင့်ရုံ
ဆီ -သင့်ရုံ

ပြုလုပ်ပုံအမဲသားကို ခပ်ပါးပါးလှီးပြီး ၄င်းအထဲသို့ ၀ိုင်၊ဆား၊ငါးမှုန့်(သို့)ပဲငါးပိမှုန့်တို့ကို ထည့်ပါ။ ပြီးလျှင် ရေနွေးငွေ့ ဖြင့်ပေါင်းပါ။ ၄င်းနောက် ဆီပူထိုးပြီးကြော်ပါ။ ၄င်းကြော်နေစဉ် ထောပတ်ထည့်ပါ။ လှီးထားသော မုန်လာ ဥနီ၊ ကြက်သွန်နီ၊ ကြက်သွန်မြိတ်တို့ထည့်ပြီး ရောမွှေပါ။ ပြီးလျှင် ငရုတ်ကောင်းမှုန့် ထည့်ဖြူးပါ။ ၀ိုင်နှင့် ဆား အနည်းငယ်ထည့်ပါ။

Sunday, November 16, 2008

POLITICS IS......

EVERYBODY KNOWS POLITICS IS A CONTACT SPORT.
BARACK OBAMA

I'M OLDER THAN DIRT, I'VE GOT MORE SCARS THAN FRANKENSTEIN, BUT I'VE LEARNED A FEW THINGS ALONG THE WAY.
JOHN MCCAIN

TO LODGE ALL POWER in one party and keep it there is to insure bad government.
MARK TWAIN

Do you ever get the feeling that the only reason we have elections is to find out if the polls were right?
ROBERT ORBEN

Tuesday, November 11, 2008

Men Are Hard To Please

The problems with GUYS:

If u TREAT him nicely, he says u are IN LOVE with him;
If u Don't, he says u are PROUD.
If u DRESS Nicely, he says u are trying to LURE him;
If u Don't, he says u are from VILLAGE.
If u ARGUE with him, he says u are STUBBORN;
If u keep QUIET, he says u have no BRAINS.
If u are SMARTER than him, he'll lose FACE;
If he's Smarter than u, he is GREAT.
If u don't Love him, he tries to POSSESS u;
If u Love him, he will try to LEAVE u.(very true huh?)
If u don't make love with him., he says u don't Love him;
If u do!! he says u are CHEAP.
If u tell him your PROBLEM, he says u are TROUBLESOME;
If u don't, he says that u don't TRUST him.
If u SCOLD him, u are like a NANNY to him;
If he SCOLDS u, it is because he CARES for u.
If u BREAK your PROMISE, u Cannot be TRUSTED;
If he BREAKS his, he is FORCED to do so.
If u SMOKE, u are BAD girl;
If he SMOKES, he is GENTLEMEN.
If u do WELL in your exams, he says it's LUCK;
If he does WELL, it's BRAINS.
If u HURT him, u are CRUEL;
If he HURTS u, u are too SENSITIVE!!& sooo hard to please!!!!!

If u send this to guys, they will swear that it's not true....... but if u don't, they say u are selfish..... The moral of the story is.......SEND THIS TO GUYS OUT THERE ANYWAY... Send it to girls also, gives them some laughter ...

Saturday, November 8, 2008

For children

ကလေးမျက်စိ ကျန်းမာရေး အစဉ်ဂရုစိုက်စောင့်ကြည့်ရန်လိုအပ်
မျက်စိကျန်းမာရေး သုတေသီက ကလေးသူငယ်တို့၏ မျက်စိကျန်းမာရေးကို အစဉ်အမြဲဂရုစိုက်စောင့်ကြည့်ရန် လိုအပ်သည်ဟုဆိုပါသည်။အဘယ့်ကြောင့်ဆိုသော် ကလေးသူငယ်တို့သည် ရုပ်ပုံ၊ စာအုပ်၊ ရှုမျှော်ခင်းစသည် တို့ကိုကြည့်ရှုသောအခါ၌ ၄င်း၏မျက်စိသည်ရှေ့တည့်တည့်ကြည့်ပါသလား၊ စွေစွေစောင်းစောင်း ကြည့်ပါ သလား၊သို့မဟုတ် မျက်စိကိုမှေး၍ကြည့်ပါသလားစသည်တို့ကို အကဲခတ်လေ့လာရန်လိုပါသည်။ ယင်းသို့ မူမမှန်သော ပြုမူမှုတစ်ခုခု တွေ့ရှိရပါက ရောဂါကိုမွေးမထားဘဲ၊ ရောဂါကိုပစ်မထားဘဲ မျက်စိအထူးကု ဆရာဝန်နှင့် ပြသ၊ကုသမှုခံယူသင့်ပါသည်။သို့မဟုတ်ဘဲ လျစ်လျူရှုထားခဲ့လျှင် မျက်စိအခြေအနေ ပိုမိုဆိုးဝါး သွားပြီး မျက်စိကန်းတတ်၊မျက်စိအလင်း ကွယ်တတ်သည်ဟုဆိုပါသည်။
ကေတီအောင်သိန်း (ရန်ကုန်တက္ကသိုလ်)


ငြိမ်ငြိမ်နေတတ်သော ကလေးများအား အားကစားလှုပ်ရှားမှု အားပေးပါ။
မိမိမွေးဖွားထားသော သားသမီးများထဲတွင် ကစားလွန်း၊ဆော့လွန်းသော ကလေးများရှိသကဲ့သို့ မကစားလို၊မဆော့လို ငြိမ်ငြိမ်နေတတ်သော ကလေးများရှိတတ်ပါသည်။ သုတေသီက ထိုငြိမ်ငြိမ်နေတတ်သော ကလေးများကို ပစ်မထားဘဲ ငြိမ်ငြိမ်နေပြီး စာချည်းကုန်းဖတ်နေလျှင် ကျန်းမာရေးထိခိုက်တတ်သည်ဖြစ်၍ ကလေးများအားကစား လှုပ်ရှားချင်လာအောင် အားပေးရပါမည်။ လိုအပ်လျှင် မိဘအုပ်ထိန်းသူများအဖို့ ကလေးများနှင့်အတူ ဆော့ကစားခြင်း၊ အားကစားလှုပ်ရှားခြင်းပြုလုပ်ပေးရန် အရေးကြီးပါသည်။ ကလေးအသက် ၃နှစ်အရွယ်မှစ၍ ကွန်ဖူးတစ်မျိုးမျိုး သင်ကြားပေးသင့်သည်ဟု ကလေးကျန်းမာရေး သုတေသီက ဆိုပါသည်။
ကေတီအောင်သိန်း(ရန်ကုန်တက္ကသိုလ်)
Ref: C.S.T (Singapore), 14.7.08

ကလေးများအတွက်လည်း ဆားသုံးစွဲခြင်းသည် မကောင်းပါ။
လွန်ခဲ့သော အနှစ်၂၀ခန့်ကပင် ကလေးများတွင် သွေးတိုးခြင်းသည် နှစ်ဆပိုလာကြောင်းနှင့်ဤသို့ဖြစ်ရခြင်းမှာ ဆားများစွာသုံးစွဲမှုတို့ကြောင့် ဖြစ်ကြောင်းသိရပါသည်။
မကြာမီက လေ့လာပြုလုပ်မှုတစ်ခုအရကလေးများတွင် ဆားသုံးစွဲမှုလျှော့ချလိုက်ခြင်းဖြင့် သွေးဖိအားကို လျော့ကျသွားစေကာ နောင်တစ်ချိန်တွင် နှလုံးရောဂါဖြစ်ပွားစေမှုနှုန်း လျှော့ချစေနိုင်သည်ဟု မှပြောကြားခဲ့ပါသည်။
အသင့်စား အစားအစာသည်အဓိကအကြောင်းရင်းဖြစ်သော်လည်း ယခုအခါ ဆားပမာဏအနည်းငယ်သာပါသော ထုတ်ကုန်များကို ရှာဝယ်ရန် လွယ်ကူသွားပြီဖြစ်သည်။ ၆နှစ်အရွယ်ကလေးတစ်ဦးသည် တစ်နေ့လျှင် ဆား၃ဂရမ်ထက်ပိုမစားသုံးသင့်ကြောင်း တွေ့ရပါသည်။
ထို့ကြောင့် ထမင်းတစ်နပ်အတွက် ဆားသုံးစွဲမှုပမာဏကို ၁ဂရမ်အထိကန့်သတ်ပြီးဟင်းချက်ရာတွင် ဆားထည့်ခြင်းအလေ့ကို ရှောင်ကြဉ်သင့်ကြောင်း သိရပါသည်။
မိဆု
Ref: Reader's Digest, Feb 2008.


သင့်ကလေးကို ခဏတဖြုတ် အနားပေးပါ။
ကျောင်းပိတ်ရက်ရှည် အားလပ်ရက်များမှာ မိဘများကသူတို့ရဲ့ မူကြိုနှင့် မူလတန်းကျောင်းအရွယ် ကလေးများကို အတွေ့အကြုံဗဟုသုတ ပိုတိုးစေဖို့ပြင်ပသင်တန်းများသို့ အလုအယက်ပို့ဆောင်တတ် ကြပါတယ်။ ဒီနေရာမှာ အဓိကမေးစရာမေးခွန်းကတော့ ကျွန်တော်တို့လူကြီးတွေက ကလေးရဲ့ ကြီးထွား ဖွံ့ဖြိုးမှုကို နှောက်ယှက်ဟန့်တားမှုပြုနေသလားဆိုတဲ့ အချက်ပါပဲ။

ကလေးငယ်ထိန်းကျောင်းမှုဆိုင်ရာပညာရှင်များကို လေ့ကျင့်ပေးနေတဲ့ မှလက်ထောက်ညွှန်ကြားရေးမှူး မစ္စလင်ဟန်းအလိုအရ ကလေးတစ်ဦးက သင်တန်းများနှင့်သာ အချိန်ကုန်လွန်စေခြင်းက ကလေးရဲ့ မိမိကိုယ်ကိုရှာဖွေသိရှိမှု နှင့် ပတ်ဝန်းကျင်စူးစမ်းလေ့လာမှုအတွက် အချိန်ကိုဖယ်ရှားပစ်ရာ ရောက်နိုင်ပါ တယ်လို့ဆိုပါတယ်။ ယင်းအချက်နှစ်ခုစလုံးက ကလေးတစ်ယောက်ရဲ့ ဖွံ့ဖြိုးမှုမှာ အရေးကြီးဆုံး ကိရိယာတန်ဆာပလာပဲဖြစ်တယ်။


ကလေးတွေအပေါ် အလွန်အကျွံအစီအစဉ်ရေးဆွဲ လုပ်ဆောင်စေတာက အနာဂတ်မှာ ကလေးတွေရဲ့ "ဆုံးဖြတ်ချက်ချနိုင်မှု" အရည်အသွေးကို ထိခိုက်စေပါလိမ့်မယ်။ အချိန်ဇယားများ နောက်သို့ လိုက်နာလုပ်ဆောင်နေရတဲ့ အလေ့အထကြောင့် သူတို့ရဲ့အားလပ်ချိန် ဘယ်လိုလုပ်ရမလဲဆိုတာ သူတို့ဆုံးဖြတ်ရခက်တတ်ပါတယ်။

စင်ကာပူရှိ ကျွမ်းကျင်သူအများစုက စာပေသင်ကြားမှုနှင့် မဆိုင်တဲ့ သင်တန်းများ၊ ကလေးတွေ စိတ်ဝင် စားပျော်ရွှင်စေမယ့် အက၊အဆို၊စကိတ်စီးစတဲ့ သင်တန်းများမှ အကျိုးကျေးဇူးရရှိနိုင်ပါတယ်လို့ အကြံပေးပါတယ်။ သို့သော် ကလေးသူငယ်ဆိုင်ရာကျွမ်းကျင်သူအားလုံး တညီတညွတ်တည်း သဘောတူထားတာကတော့ ကလေးတွေရဲ့ အားလပ်ချိန်ကို အကောင်းဆုံးအသုံးပြုတဲ့ နည်းလမ်းက သူတို့ရဲ့မိဘများနှင့်အတူ ရှိနေခြင်းပါတဲ့။
ဦးလှမြင့် (ဂန္ဓမာ)
Ref: Motherhood/ July 08


ကလေးတစ်ယောက် ဘာကြောင့်လိမ်ပြောရသလဲ
မိဘများအနေနဲ့ သူတို့ကလေးများ အရွယ်ရောက်လာပြီး ရိုးသားမှုသည် လွန်စာအရေးကြီးသည်ဟု သိရှိလာရမယ့် အရွယ်မှာ မိမိတို့ကလေးသည် ကျောင်းတွင် လိမ်လည်တတ်သော ကလေးဖြစ်နေကြောင်း သိလိုက်ရပါက များစွာထိတ်လန့်သွားကြပါတယ်။

တကယ့်အဖြစ်မှန် သို့မဟုတ် စိတ်ကူးထဲက အားနည်းမှုကိုဖုံးကွယ်လိုတဲ့အခါ သာမန်ကလေးတစ်ယောက်သည် ပင်လျှင် လိမ်လည်ပြောဆိုတတ်ပါတယ်။ တကယ်လို့ ကလေးဟာသူ့ကိုယ်သူ ယုံကြည်မှုရှိပြီး လုံခြုံမှုလည်း ရှိမည်ဆိုရင် သူ့အနေနဲ့ လိမ်လည်ပြောဆိုဖို့ လိုအပ်တဲ့ခံစားမှုမျိုး တစ်ခါတစ်ရံမှသာ ဖြစ်ပေါ်လာပါလိမ့်မယ်။ တကယ်လို့ သင့်ကလေးဟာ အမြဲတမ်းလိုလိုလိမ်လည်ပြောဆိုနေတတ်တဲ့သူ ဖြစ်နေရင် သင့်ကိုယ်သင် ပြန်မေးကြည့်ရမှာကတော့ ကလေးသည်သူ့စွမ်းရည်အပေါ်မှာ မရပ်တည်နိုင်ဘဲဖြစ်နေတဲ့ ခံစားမှုဟာ ဘာကြောင့်လဲ။ ကလေးငယ်များ မကြာခဏ ဒုက္ခရောက်ရလေ့ရှိတဲ့အရာကတော့ အပြိုင်အဆိုင်အခြေအနေ မျိုးရောက်အောင် တွန်းပို့ခြင်းခံရသောအခြေ အနေမျိုးနှင့် ထိပ်ဆုံးရောက်သူ၊ အောင်မြင်မှုရရှိသူကိုသာ ချီးကျူးပြောဆိုခြင်းပြုလုပ်တဲ့အခါမျိုးမှာ ဖြစ်ပါတယ်။ သင့်ကလေးဟာ အတန်းထဲမှာ သူများနည်းတူ မလိုက်နိုင်ဘူးလို့ ခံစားရကောင်းခံစားမိပါလိမ့်မယ်။
အဲဒီအခါမျိုးမှာ သူ့ရဲ့ဆရာအနေဖြင့် ပြဿနာကို ကူညီဖြေရှင်းပေးနိုင်ရမှာဖြစ်ပါတယ်။ ကလေးအဲဒီလိုဖြစ်နေရခြင်းအကြောင်းရင်းဟာ သင်ကသူ့ကို ဇွတ်အတင်းတွန်းပို့နေပြီး အများကြီးမျှော်လင့်နေခြင်းကြောင့်ဖြစ်နိုင်ပါတယ်။
အဲဒီအခါ ကလေးများအနေနဲ့ သင်စိတ်ဆိုးမှာကြောက်လို့ဆိုတဲ့ လမ်းမှားသောကြိုးစားမှုကြောင့်
လိမ်ပြောရခြင်း ဖြစ်နိုင်ပါတယ်။

Tuesday, November 4, 2008

Lotus Eaters

ကြာပွင့်စားသူများ
(ဂျူး)
"အိုဒက်ဆီ"တွင် ဟိုးမားရေးထားသည့် "ကြာပွင့်စားသူများ"အကြောင်းကိုဖတ်ရသည့်အခါ ကျွန်မရင်ထဲမှာ တမ်းတမှုတစ်ခု ဖြစ်ပေါ်ခဲ့၏။ ကျွန်မလည်း ကြာပွင့်တွေ စားချင်လိုက်တာ။


ဟိုးမား၏ "ကြာပွင့်စားသူများ"သည် ပင်လယ်ပြင်ထဲက ကျွန်းကလေးတစ်ကျွန်းတွင်နေထိုင်သည်။ ဟိုးမား၏သင်္ဘော ထိုကျွန်းသို့ဆိုက်ကပ်မိသောအခါ ကျွန်းသူ ကျွန်းသားများသည် ဘယ်လိုလူသတ္တ၀ါမျိုးလဲ၊ ရန်ပြုမှာလား၊ ရိုင်းစိုင်းသလားစသဖြင့် မသိရသေးသောကြောင့် စာရေးသူက သင်္ဘောသားနှစ်ယောက် သုံးယောက်ကိုလွှတ်ပြီး စနည်းနာ စုံစမ်းခိုင်းသည်။ ပြန်မလာ၊ သတင်းလည်း ပြန်မပို့၊ တကယ်တော့ သင်္ဘောသားတွေကို ကျွန်းသူကျွန်းသားများက အန္တရာယ်ပြုတာမဟုတ်။ ကြာပွင့်များကိုကျွေးပြီး ဧည့်ဝတ် ကျေပွန်စွာပြုစုနေကြခြင်းသာဖြစ်သည်။ သူတို့ကျွေးသော ကြာပွင့်ကြာဆံတို့၏ ချိုမြသည့်ဝတ်ရည်များကို စားသုံးကာ သင်္ဘောသားများ ယစ်မူးချမ်းမြေ့ကြသည်။ သင်္ဘောဆီသို့ မပြန်လို၊ ဘာသတင်းမှလည်း ပြန်မပို့လို၊သူတို့ရောက်သည့်နေရာမှာပဲ သူတို့စိတ်ချမ်းမြေ့သည်။ သူတို့မှာ အတိတ်မရှိ၊ သူတို့မှာ အနာဂတ်မရှိ။ကြာပွင့်များဖြင့် မိန်းမူးစွာ သူတို့နှစ်သိမ့် ကျေနပ်ခဲ့ကြသည်။

ကျွန်မစဉ်းစားကြည့်သည်။အဲသည်လူတွေ ဘယ်အချိန်ကျမှ သူတို့ဘ၀ကို သူတို့ပြန်သွားချင်လာကြမှာလဲ။ ကြာပွင့်တွေ၏ အာနိသင် ကုန်သွားမှလား။ သို့မဟုတ် တစ်သက်လုံး မိန်းမောယစ်မူးနေမလား။ အိုဒက်ဆီမှာတော့ သင်္ဘောသားတွေကို ဇွတ်ဆွဲခေါ်ပြီး အခွံသက်သက် သင်္ဘောကြီးဆီ ပြန်ခေါ်လှော်ခတ် ခိုင်းရသည်ဟု ဆိုပါသည်။

ကျွန်မ ကြာပွင့်တွေ စားချင်သည်။

လောက၏၀န်ထုပ်ဝန်ပိုးတွေ၊ဖိစီးမှုတွေ။ တွန်းအားတွေများလွန်းသည့် ကျွန်မလိုဘ၀တူတွေ ကြာပွင့်တွေတော့ စားကြရမှာ မဟုတ်။ သို့သော် သူတို့မှာလည်း သူတို့ ယစ်မူးမိန်းမောရမည့် အရသာ ကိုယ်စီကို ရှာဖွေစားနေကြတာ ကျွန်မအမြင်ပါပဲ။

တချို့က ကော်ဖီဖြင့် ယစ်မူးသည်။ တချို့က ဘီယာဖြင့်ယစ်မူးသည်။ တချို့က ကွမ်းယာဖြင့်ယစ်မူးသည်။ ဂျပန်တွေက ဟင်းအဖြစ်လည်း ချက်စားလို့ရသော ငါး သို့မဟုတ် မှိုဖြင့်ယစ်မူးသည်ဟု ကြာဖူးပါသည်။ ကျွန်မ ငယ်ငယ်က မှိုကြက်တောင်ဟုခေါ်သော မှိုတစ်မျိုးကို မီးကင်ပြီး စားဖူးသည်။ တော်တော်ရှားသည့် မှိုဖြစ်သဖြင့် နေ့စဉ်မှိုရှာပေမယ့် တစ်ပတ်လောက်ကြာမှ တစ်ပင်ပဲ တွေ့ချင်တွေ့တတ်သည်။ ခပ်ရှည်လျားလျား၊ သူများမှိုလို ထီးကားကား ၀ိုင်းဝိုင်းပြန့်ပြန့် မဟုတ်။ ရိုးတံသာသာပဲ ခပ်ဖောင်းဖောင်းလေးလုံးနေသော ထိပ်ရှိသည်။ ထိုမှုကိုမီးကင်ပြီး ကျွန်မတို့ကလေးတစ်တွေ ဆားလေးဖြူးကာ ဝေမျှစားကြရ၏။ စားပြီးသည့်အခါ အိမ်ရှေ့ကွပ်ပျစ်လေး ပေါ် ပက်လက်လှန်ကာ မိုးကောင်းကင်က တိမ်တွေတရိပ်ရိပ်ပြေးတာ စောင့်ကြည့်ရတာ အလွန်အရသာရှိသည်။ မှိုကချိုလွန်း ဆိမ့်လွန်းသဖြင့် ယစ်မူး ကျေနပ်ကြရခြင်းဖြစ်မည်ဟု ကလေးအတွေးဖြင့် ယူဆခဲ့၏။

တကယ်တော့ ကျွန်မတို့ ကလေးတစ်သိုက် သုခဘုံတစ်ခုဆီသို့ အလည်သွားခဲ့ကြခြင်းဖြစ်သည်။ ထိုအချိန်မှာ မေမေဆူမှာလည်းမကြောက်။ မနက်ဖြန်စာမရလို့ ဆရာရိုက်မှာလည်း မကြောက်။ မနက်က စဉ့်အိုးတစ်အိုးအပြည့် ရေခပ်ခဲ့ရသည့် လက်ဖ၀ါးတွေလည်း သိပ်မနာတော့သလို ထင်ရသည်။ တော်တော်ကောင်းတဲ့ မှိုပဲ။ နေ့စဉ်ရှာမတွေ့တာ နာတာပဲ....ဟု ရေရွတ်တမ်းတခဲ့မိသည်။

ကျွန်မ သေချာ စဉ်းစားမကြည့်မိလို့ပါ။ ကျွန်မမှာ ယစ်မူးသာယာမှုတစ်ခုမဟုတ် တစ်ခုတော့ အမြဲရှိနေခဲ့သည်။ ထန်းသီးဆံနုနုလေးတွေကို စားဖူးသည်။ ပေသီးနုနုလေးတွေ စားကြည့်ဖူးသည်။ ကြာခွက်ဟုခေါ်သော အစိမ်းရောင်အထုပ်ကလေးထဲမှ ကြာစေ့ အစိမ်းနုအဆံလေးတွေ ထုတ်ယူပြီး အတွင်းက အနှစ်ကို စားဖူးသည်။အဲဒါက ကလေးဘ၀တုန်းကပေါ့။ ဆယ်ကျော်သက် အရွယ်မှာတော့ မြန်မာပီပီ ကွမ်းယာကို တစ်ခါမြည်းကြည့်ဖူးသည်။ ဆေးရွက်ကြီး ပါသွားသဖြင့် မူးဝေသွားခဲ့သည်။

အခုအခါမှာတော့ ကျွန်မ၏ ယစ်မူးမှုက ရသအမျိုးအစားပြောင်းသွားသည်။ အစားအသောက်ဖြင့် ယစ်မူးခြင်းမဟုတ်တော့ဘဲ ဒြပ်မဲ့အရာများဖြင့် ယစ်မူးလာသည်။ ကဗျာဖြင့် ယစ်မူး၏။ ရုပ်ရှင်ဖြင့် ယစ်မူး၏။ ဂီတဖြင့် ယစ်မူး၏။ ကဗျာ၊ ရုပ်ရှင်နှင့် ဂီတသည် လူတချို့အတွက်တော့ တဒင်္ဂစိတ်ချမ်းမြေ့မှုဆီသို့ အရောက်ပို့ပေးမည့်ယာဉ်များဖြစ်ကြသည်။

လူတိုင်းလူတိုင်းသည် ယစ်မူးမှု အမျိုးမျိုးကို မြည်းစမ်းဖူးသူတွေချည်း ဖြစ်မလားဟု ကျွန်မတွေးမိသည်။ ရာသီဥတု၏ ဖိနှိပ်မှုဒဏ်၊ လူမှုပတ်ဝန်းကျင်၏ ဖိနှိပ်မှုဒဏ်၊ စီးပွားရေးကြပ်တည်းမှုဒဏ်၊ထွက်ပေါက်မဲ့ မျှော်လင့်ချက်မဲ့ မွန်းကြပ်မှုဒဏ်၊ ဒဏ်ရာ ဒဏ်ချက်အားလုံးမှာ နာကျင်စေချည်းပဲဖြစ်သည်။ ထိုနာကျင်မှုတွေကို ကုသဖို့ဘာလိုသလဲ ဟုတွေးကြည့်သည်။ ငွေလိုသလား။ငွေလိုတာတော့မှန်၏။ ငွေသည် အရာတော်တော်များများကို ပြီးမြောက်စေသည်မဟုတ်လား။ သို့သော် ငွေဖြင့် ကုသလို့ရသည့် ဒဏ်ရာတော်တော်များများအတွက်ပင်လျှင် ကျွန်မတို့မှာ လုံလောက်သည့်ငွေမရှိ။ ထို့ထက်ပိုဆိုးသည်မှာ ငွေဖြင့် ကုလို့မရသည့် ဘ၀ဒဏ်ရာတွေလူတိုင်းမှာရှိသည်။ ထိုဒဏ်ရာများကိုတော့ တစ်ခုခုကို ယစ်မူးခြင်းနှင့်သာ ကုသနိုင်ပါလိမ့်မည်။

ထိုယစ်မူးမှုမျိုးကို နာမည်အမျိုးမျိုးတပ်ကြသည်။ အိပ်မက်ဟုတစ်ချို့က နာမည်ပေးသည်။ တစ်ချို့က စိတ်ထွက်ပေါက်ဟု နာမည်ပေးသည်။ ကမ္ဘာကျော် ပြင်သစ်ကဗျာဆရာကြီး ရှားလ်ဘို့ဒ်လဲ(ရ်) (Charles Baudelaire) ကတော့ သုခဘုံအတု (Artificial Paradise)ဟုနာမည်ပေးခဲ့ပါသည်။
သုခဘုံအတုကိုဖန်တီးရာ၌ အစွမ်းအထက်ဆုံး အာနိသင်ကိုပေးနိုင်သည့်အရာမှာ ကြာပွင့်တွေလား။ ဟိုလ်ဒါလင်၏ ကဗျာထဲက မေ့စေသောမြစ်(လီလီမြစ်)၏ ရေလား။ တံတားဦးက ကွမ်းနုဝါနှင့် ငန်းမြာကဆေးလား သို့မဟုတ် ဘရန်း၏ ဂီတလား၊ နန်းတော်ရှေ့ဆရာတင်၏ သူဌေးဝါဒ သီချင်းလား။ ဖြစ်နိုင်လျှင် သေချာအောင် ထိုအရာအားလုံးကို မြည်းစမ်းလိုက်ချင်ပါသည်။ ဒေါသတွေကို မေ့ဖို့၊ နာကျင်မှုတွေကို မေ့ဖို့၊ ဒဏ်ရာတွေကို ဆေးကြောဖို့ဖြစ်သည်။

အီဇာဘယ်အာယန်ဒေး၏ စာအုပ်တစ်အုပ်မှာ အစားအသောက်နှင့် ပတ်သက်ပြီး ယစ်မူးမှုရယူနိုင်အောင် ဘယ်လိုပြင်ဆင်မလဲ။ ချစ်ခြင်းမေတ္တာကိုရအောင်၊ ချစ်ရမ္မက်ကိုရအောင်၊ ဘယ်အသီးအရွက်၊ ဘယ်လိုအရောင်၊ ဘယ်လိုအရသာကို ဘယ်လိုပြင်ဆင်မလဲဟု စနစ်တကျ ရေးထားသည်။ ဖတ်လို့ အလွန်ကောင်းပါသည်။ ဒါလည်းသုခဘုံအတုတစ်ခုကို ပြင်ဆင်ခြင်းပဲ ဖြစ်လိမ့်မည်။

တချို့က ဘောလုံးပွဲတွေကိုကြည့်သည်။ဘောလုံးတစ်ပွဲစာတော့ သူတို့ယစ်မူးခွင့်ရလိမ့်မည်။ ဒါလည်းတစ်နည်းတော့ သုခဘုံအတုပဲဖြစ်မလားမသိပါ။ ဘို့ဒ်လဲ(ရ်)စမ်းသပ်ခဲ့သည့် သုခဘုံအတုက ယစ်မူးစေတတ်သော အပင်တစ်ခုဖြင့် ဖော်စပ်ထားသော အစားအသောက်တစ်ခုဖြစ်သည်။ ထို့ကြောင့် အာရုံကြောကို ပြေလျော့စေသည်။ ပျော်ရွှင်စေသည်။ ယစ်မူးစေသည်။ ကလေးတစ်ယောက်လို လွတ်လပ်ပေါ့ပါးစေသည်ဟု ဆိုပါသည်။

ကင်းဒမ်းဝါ့(ဒ်)ဟူသော ရုက္ခဗေဒပညာရှင်ကြီး တစ်ယောက်၏ ခါကာဘိုရာဇီသွား တောလားမှတ်တမ်း တွင် ကျွန်မဖတ်လိုက်ရတာကတော့ သူ့အထမ်းသမားအချို့ အသီးတစ်မျိုးကို စားပြီး မူးဝေမိန်းမောကုန်ကြသည်ဟု ဆိုသည်။ သဘာဝတရားကြီးသည် ဒုက္ခဆင်းရဲမှုတွေ များလှသော လူသားတွေအတွက် သက်သာရာရအောင် တစ်ခုမဟုတ် တစ်ခုတော့ ဖြေဆေးလေးတွေ ပေးထားသားပဲ....ဟု ကျွန်မတွေးမိ၏။

အရင်ခေတ်က လူတွေထက် သည်ခေတ်လူတွေက သုခဘုံအတု ပိုပြီးလိုလားလေသလားမသိ။ နေရာတကာမှာ ယစ်မူးမှုအမျိုးမျိုးဖြင့် လူတွေဘ၀မေ့ဖို့ ကြိုးစားနေတာကို မြင်မြင်နေရသည်။ တချို့နည်းက အန္တရာယ်ကြီး၏။ သူတို့က စွန့်စားတာကို ကြိုက်ဟန်တူပါသည်။

ကျွန်မအတွက်ကတော့ ဟိုးမား၏ ကြာပွင့်ကို လက်လှမ်းမမီ၊ ၀ိုင်ကိုကြိုက်သော်လည်း သိပ်မတည့်။ ထို့ကြောင့် ဂျွန်လင်နွန်၏ Imagine သီချင်းဖြင့် ယစ်မူးသည့်အခါလည်းရှိ၊ ဓူဝံ၏မာလာဝတ္ထုဖြင့် ယစ်မူးသည့်အခါလည်းရှိ၊ ရော်ဘင်ဝီလျမ်(စ်) သရုပ်ဆောင်သော Jakob the Liar ရုပ်ရှင်ဖြင့် ယစ်မူးမိသောအခါတွေလည်း ရှိသည်။ သိပ်မဆိုးလှပါ။

သုခဘုံအစစ်ကို မရနိုင်သည့်အခါ အတုကလည်းတော်တော်အလုပ်ဖြစ်ပါသည်။
Ref:
- The Odyssey by Homer.
- Artificial Paradise by Charles Baudelaire
(Eleven News Vol: 1/No:25, 12-5-2002)

5 Law of Wealth

ဓန ဥပဒေသ (ငါး)ရပ်
၁. ဓနဥစ္စာဟူသည် မမိရရှိသောဝင်ငွေ၏ ဆယ်ပုံတစ်ပုံထက်မနည်းသောငွေကို မိမိနှင့်မိမိ မိသားစု၏အနာဂာတ်အတွက် ချန်လှပ်သိမ်းဆည်းတတ်သူထံသို့သာ ၀မ်းမြောက်ပျူငှာစွာ ရောက်ရှိလာတတ်စမြဲဖြစ်သည်။


၂. ဓနဥစ္စာဟူသည် ယင်းအားအကျိုးဖြစ်အောင်ခိုင်းစေတတ်သောသူအတွက် ကျိုးနွံကျေနပ်စွာ အားထုတ်လုပ်ကိုင်ပေးတတ်စမြဲဖြစ်၍ ထိုသူ၏လက်၌ သိုးအုပ် နွားအုပ်များသဖွယ် အဆများပြားလာတတ်သော သဘောရှိပေသည်။

၃. ဓနဥစ္စာဟူသည် ယင်းအားဂရုတစိုက်မြှုပ်နှံမှုပြုသူ၊ ကျွမ်းကျင်လိမ်မာသောသူတို့၏ အကြံဥာဏ်ကို ရယူလုပ်ကိုင်သူများထံ၌သာ တွယ်ကပ်ခိုလှုံနေတတ်ကြသည်။

၎. ဓနဥစ္စာဟူသည် မိမိလည်းမကျွမ်းကျင်၊ကျွမ်းကျင်သူတို့လည်း အားမပေးသောအလုပ်မျိုး တွင်ရင်းနှီးမြှုပ်နှံသောသူတို့ထံမှ လျှောကျပျောက်ကွယ်သွားတတ်စမြဲဖြစ်သည်။

၅. ဓနဥစ္စာဟူသည် ယင်းမှလွန်ကဲလှသော အမြတ်အစွန်းမျိုးကိုမျှော်မှန်းသူများ၊ လူလိမ်လူညာတို့၏ ဖြားယောင်းသွေးဆောင်မှုနောက်သို့ လိုက်ပါနားယောင်တတ်သူများ၊ အတွေ့အကြုံနည်းပါးကာ စိတ်ကူးယဉ်ယဉ်ဖြင့် မဆင်မခြင်ရင်းနှီးမြှုပ်နှံမှုပြုသူများထံမှ ရှောင်ခွာထွက်ပြေးသွားတတ်စမြဲဖြစ်သည်။