Tuesday, April 21, 2026

ဗမာတို့ရဲ့ ကိုးကွယ်မှုထုံးဓလေ့



▂▂


ဗမာတို့ရဲ့ အကျင့်ဓလေ့မှာ၊ အလှူအတန်း လုပ်တဲ့ အလေ့အထက တောရောမြို့မှာပါ တွေ့ရပါတယ်။ ရှေးဗမာတို့မှာလည်း တွေ့ရသလို၊ ခေတ်သစ်ဗမာတို့မှာလည်း တွေ့ရပါတယ်။ အလှူအတန်း လုပ်တယ်ဆိုတာ၊ ဗုဒ္ဓသွန်သင်ချက်အရ ဒါနပါရမီဖြည့်ကျင့်တယ်လို့ ဆိုပါတယ်။ ဗမာတို့ရဲ့ လူမှုဓလေ့တွေမှာ ၊ ဗုဒ္ဓဘာသာထုံးဓလေ့တွေ လွှမ်းမိုးကြီးကျယ်ပါတယ်။ ဗမာတို့ဟာ ဒါန၊ သီလ၊ ဘာဝနာလို့ တွဲပြီး မှတ်ထားလေ့ရှိပါတယ်။ ပညာတတ်ဗမာဘုန်းတော်ကြီး တချို့ဟာ၊ ဗမာတရားနာပရိသတ်ကို “ဒါနနဲ့ပဲ လမ်းမဆုံးစေကြနဲ့” လို့၊ ဟောပြောဆုံးမလေ့ရှိပါတယ်။ ဒါပေမယ့် ဗမာတို့ဟာ သီလစခန်းကို တော်ရုံနဲ့ မရောက်နိုင်သလို၊ ဘာဝနာကျင့်ကြံပွားများတဲ့အဆင့်ကိုလည်း မသွားနိုင်ကြတာများပါတယ်။ မြန်မာပြည်တွင်းမှာ၊ ဘာဝနာအလုပ်ကို လုပ်နိုင်ဖို့ တရားစခန်းပေါင်းမြောက်မြားစွာ ရှိပေမယ့်၊ တိုင်းပြည်နဲ့ လူ့အဖွဲ့အစည်းအတွင်း မတည်ငြိမ်မှု၊ မငြိမ်းချမ်းမှုနဲ့ အထွေထွေသော စစ်ရေး - လူမှုရေးပဋိပက္ခတွေဟာ၊ ဗမာတို့ရဲ့ ကိုယ်တွင်းဘာဝနာပွားများမှု စစ်မှန်ခြင်း - မစစ်မှန်ခြင်းကို လက်တွေ့သက်သေပြနေဟန်ရှိပါတယ်။ ဗမာတို့ရဲ့ သီလစခန်းဟာ၊ ဥပုသ်နေ့တွေမှာ၊ ရပ်ကွက်ဓမ္မာရုံသွားပြီး သီလယူရုံအဆင့်လောက်ပဲ ရှိပါတယ်။ ဒါပေမယ့် ခေတ်သစ်ဗမာတို့ရဲ့ အလေ့အထတွေမှာ၊ ဓမ္မာရုံတွေလည်း မွဲခြောက်ခြောက်ဖြစ်လာလို့၊ အိမ်ရှေ့ ဘုရားစင်မှာ သီလယူ၊ ဘုရားရှိခိုးအဆင့်လောက်တော့ ကျန်သေးတယ်လို့ ပြောနိုင်ပါတယ်။ 


■ မျက်မှောက်ခေတ် သာသနာ


ဗမာအများစုဟာ ဒါန လုပ်တဲ့ အဆင့်မှာတင်၊ ကျေနပ်တင်းတိမ်နေကြတာများပါတယ်။ အဲသည့်လို ဒါန (အလှူအတန်း) လုပ်တဲ့နေရာမှာလည်း၊ မှန်မှန်ကန်ကန်နဲ့ နည်းမှန်လမ်းမှန် လှူတတ်တန်းတတ်ဖို့ အကျင့်အကြံလည်း နည်းပါးတာတွေ့ရပါတယ်။ သဒ္ဓါတရား အားကောင်းပေမယ့်၊ အသိအားမကောင်းတာကြောင့် ဗမာတို့ဟာ အလှူအတန်းများသလောက် လူ့အဖွဲ့အစည်းအတွင်းမှာ အကျိုးမကြီးတာ တွေ့ရပါတယ်။ ဒါတွေကို သိမြင်လို့၊ ရွှေဘိုနယ် သရိုင်ရွာသား ဖြစ်တဲ့ အညာသား ပညာတတ် အကျော်အမော်ဘုန်းတော်ကြီး တစ်ပါးဖြစ်တဲ့ မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသက ၊ သူ့ရဲ့ အနာဂတ်သာသနာရေးကျမ်းစာမှာ၊ ဗမာတို့အတွက် ပြင်သင့်ပြင်ထိုက်တဲ့ သာသနာရေး အလွဲအမှားတွေကို ရဲရဲဝံ့ဝံ့ ရေးသားခဲ့ဖူးပါတယ်။ လွတ်လပ်ပြီးခေတ် မြန်မာပြည်ရဲ့ သာသနာရေးအလွဲအမှားတွေကို အမြော်အမြင်ရှိရှိ ဆင်ခြင်ပြုပြင်နိုင်ဖို့အတွက် အရှင်ဇနကာဘိဝံသက အနာဂတ်သာသနာရေးကျမ်းကို ရေးသားခဲ့တာ (၇၇) နှစ်ရှိပြီဖြစ်ပါတယ်။ အရှင်ဇနကာဘိဝံသလို၊ သာသနာရေးမှာ စိတ်အားထက်သန်တဲ့ ဘုန်းတော်ကြီးတွေ ယနေ့ အချိန်မှာ ရှိကောင်းရှိနိုင်ပေမယ့်၊ မြန်မာပြည်သာသနာရေးလောကကတော့၊ ရှေးယခင်ကနဲ့မတူ၊ တစ်မူမက ထူးခြားတဲ့ အပြုအမူတွေကို ဆရာတွေဘက်ကရော၊ ဒကာတွေဘက်မှာ အုံလိုက်ကျင်းလိုက် တွေ့နေရဆဲဖြစ်ပါတယ်။ 


ရဟန်း လူလိုကျင့်တာအပြင်၊ ဘုန်းကြီးကျောင်းဟာ အိမ်နဲ့ တူလာတာ၊ ဘုန်းကြီးနဲ့ လူ တူလာတာတွေဟာ အတော်ကြီး ခြောက်ခြားစရာကောင်းလှပါတယ်။ အဲသည့်ထဲမှာ၊ ဗမာတို့ရဲ့ အလှူအတန်းနဲ့ ပတ်သက်ပြီး၊ လုပ်သင့်လုပ်ထိုက်တဲ့ အကျင့်ဓလေ့တွေကို လုပ်ကြဖို့ အရှင်ဇနကာဘိဝံသက တိုက်တွန်းသလို၊ ပြုပြင်သင့်တဲ့ အမူအကျင့်တွေကိုလည်း ပြုပြင်ကြဖို့ သွန်သင်ထားတာတွေ့ရပါတယ်။ ဗမာတို့ရဲ့ သဒ္ဓါတရား လွန်ကဲပုံက၊ တစ်ချိန်က ပုဂံပြည်ကြီးမှာတောင် လှည်းဝင်ရိုးသံ၊ တညံညံ ပုဂံဘုရားပေါင်းလို့ ပြောစမှတ်ပြုရလောက်အောင်၊ စေတီပုထိုးပေါင်း - လေးသန်း လေးသိန်း ခြောက်သောင်း ခြောက်ထောင် ခုနစ်ရာ သုံးဆယ်သုံးဆူ အထိ များပြားခဲ့တယ်လို့ အနာဂတ်သာသနာရေးကျမ်းမှာ ရေးပါတယ်။ ဒီပမာဏဟာ ဘယ်လို ရေတွက်ပြီး၊ ပြောစမှတ်ပြုတယ်လို့ မသိပေမယ့်၊ ဗမာတို့ဟာ စေတီပုထိုးတည်တဲ့နေရာတွေမှာ အလှူအတန်း ရက်ရောတယ်လို့ ထင်ရှားစွာ သိနိုင်ပါတယ်။


■ သဒ္ဓါလွန်ကဲ - ပညာနည်း


ဗမာဘုန်းတော်ကြီးများဟာ တရားပလ္လင်ထက်မှာ၊ ဒါနကထာကိုပဲ ဦးစားပေးဟောပြောကြတာများလွန်းလို့၊ ဓမ္မကထိက ဆရာတော် အချင်းချင်းက ထောက်ပြဝေဖန်ကြတာလည်း တွေ့ရပါတယ်။ ဒါနကထာထက် သီလကထာကို ပိုမို ဟောပြောကြဖို့၊ ဗမာဓမ္မကထိက ဆရာတော်တွေအကြား တိုက်တွန်းလှုံ့ဆော်တာကို တွေ့ရပါတယ်။ ဓမ္မစေတီဆရာတော်လို့ နာမည်ကြီးတဲ့ ဦးကောသလ္လက၊ ထေရဝါဒနဲ့ သရဏဂုဏ် ဟောပြောချက်မှာ၊ “သဒ္ဓါလွန်ကဲ၊ ပညာနည်း - အလွဲ ကြည်ညို၏” လို့၊ စာချိုးစပ်ပြီး ဟောပြောတာတွေ့ရပါတယ်။ ယုံကြည်မှုလွန်ကဲပြီး၊ ပညာနည်းပါးတဲ့အခါမှာ ကိုးကွယ်ကြည်ညိုမှုတွေ အလွဲအမှားဖြစ်ရတယ်လို့ ဆိုလိုတာဖြစ်ပါတယ်။


ဗမာ့ခေတ်ဟောင်းသမိုင်းစာတွေကို လေ့လာကြည့်ရင်၊ ပုဂံမှာ သာသနာတော် ထွန်းကားစည်ပင်ခဲ့တဲ့ အကြောင်း အများဆုံး ထောက်ပြရေးသားကြတာတွေ့ရပါတယ်။ ပုဂံခေတ်မှာ၊ မင်းနဲ့ ပြည်သူတွေဟာ ရဟန်းသံဃာအပေါ်မှာ သဒ္ဓါတရား တိုးပွားကြတဲ့အပြင်၊ ကိုယ့်မင်းကိုယ်ချင်းဖြစ်ပြီး သာယာဝပြောတာကြောင့်၊ ဘာသာရေးမှာ ပညာနဲ့ နှစ်နှစ်ကာကာ စဉ်းစားဆင်ခြင်တာထက် သဒ္ဓါ (ယုံကြည်မှု) ကို အရင်းပြုပြီး သူ့ထက်ငါ သာလွန်အောင် ဒါနမှုတွေ လွှမ်းမိုးလာဟန် ရှိတယ်လို့ အရှင်ဇနကာဘိဝံသက၊ အနာဂတ်သာသနာရေးကျမ်းစာမှာ ရေးသားပါတယ်။ ဘုရားစေတီတည်တာဟာ ကုသိုလ်ရတာ မှန်ပေမယ့် အကျိုးရသင့်သလောက် ပြည့်ပြည့်စုံစုံရဖို့ စဉ်းစဉ်းစားစား တည်သင့်တယ်လို့ အရှင်ဇနကာဘိဝံသက ထောက်ပြပါတယ်။ ဗမာပြည်မှာ စေတီတော်တွေ အများအပြား တည်ထားပေမယ့်၊ စိတ်ကြည်နူးအောင် ကိုးကွယ်ထားသည်ကို မတွေ့ရဘူးလို့၊ သူ့ခေတ်သူ့အခါက အခြေအနေကို ကြည့်ပြီး အရှင်ဇနကာဘိဝံသက ဝေဖန်ထောက်ပြတာတွေ့ရပါတယ်။ မဟာမြတ်မုနိနဲ့ ရွှေတိဂုံလို စေတီတော်တွေမှာတောင် ရင်ပြင်တော်ပေါ်မှာ လူများရဲ့ ခြေရာတွေနဲ့၊ ခွေးမစင်တွေ၊ ပန်းအမှိုက်တွေ တွေ့ရသေးတယ်လို့ ထောက်ပြဝေဖန်ခဲ့ဖူးပါတယ်။ သည်နေရာမှာ ဖြစ်ချင်တိုင်းဖြစ်နေတာက၊ တချို့စေတီတော်ဝင်းတွေအတွင်းမှာ စေတီအငယ်တွေ၊ ဆင်းတုတော်အငယ်တွေ အများအပြားရှိနေတာကို တွေ့ရတယ်လို့ ရေးပါတယ်။ ဒါ့ကြောင့် တစ်ဖက်ကို လှည့်ပြီး ဦးချနေချိန်မှာ၊ တစ်ခြားတစ်ဖက်မှာတော့ များစွာသော စေတီဆင်းတုတော်တွေကို ကျောပေးထားရာ ရောက်နေတယ်လို့ ဆိုပါတယ်။ ဗမာတို့ တည်ထားကိုးကွယ်တဲ့ ဘုရားစေတီတွေမှာ၊ ထင်ရှားတဲ့ စေတီဆင်းတုတော်ရှေ့မှာတော့ ပန်းတွေ ဝေဆာပေမယ့် ဘုရားငယ်၊ စေတီငယ်နဲ့ ဆင်းတုငယ်တွေရှေ့မှာတော့ ပန်းတစ်ပွင့်မျှတောင် မရှိဘူးလို့ အရှင်ဇနကာဘိဝံသက ရေးသားဖော်ထုတ်ပါတယ်။ ဒါ့အပြင် ကျေးရွာတွေမှာ၊ ဘိုးဘွားအစဉ်အဆက် တည်ထားတဲ့ စေတီအများအပြားလည်း ရှိနေကြောင်း ရေးပါတယ်။ ဒီလို ဘိုးစဉ်ဘောင်ဆက်တည်ထားတဲ့ စေတီတွေဟာ သားစဉ်မြေးဆက် စီးပွားတက်ချိန်မှာတော့ စေတီတော်တွေဟာ တန်ခိုးတော်ကြီးမားပြီး၊ သားစဉ်မြေးဆက် ဆုတ်ယုတ်တဲ့အခါမှာတော့ ဘိုးဘပိုင်စေတီတွေလည်း ညိုမည်း ခြောက်သွေ့ပြီး အရှိန်အဝါ မတောက်ပနိုင်ကြတော့ဘူးလို့ ပွင့်ပွင့်လင်းလင်း ထောက်ပြရေးသားတာကို တွေ့ရပါတယ်။ ဗမာပြည်မှာ၊ တည်ထားတဲ့ စေတီပုထိုးတွေဟာ ဘုရားဒကာရဲ့ ဘုန်းရှိန်အတိုင်း ဖြစ်ပျက်ပြောင်းလဲနေကြရတယ်လို့ ယူဆနိုင်ပါတယ်။ 


■ ဥစ္စာစောင့်ပုံပြင်များ


ဗမာပြည်မှာ စေတီပုထိုးပျက်တွေကို ဗမာတို့ ပြန့်နှံ့နေထိုင်ရာ နေရာဒေသ အတော်များများမှာ တွေ့နိုင်ပါတယ်။ တောမှာလည်း တောအလျောက်၊ မြို့မှာလည်း မြို့အလျောက်၊ ဘုရားပျက်တွေ၊ စေတီအိုတွေ ရှိနေတတ်ပါတယ်။ တချို့လည်း ကာလအတော်ကြာနေပြီဖြစ်တာကြောင့်၊ မြက်သစ်ပင်တွေ ပေါက်ရောက်ပြီး အုတ်ပုံဘဝမှာ စံမြန်းကြရတဲ့ စေတီပုထိုးတွေလည်း အမြောက်အမြားရှိပါတယ်။ ခေတ်ကာလမကောင်းချိန်မှာ၊ စေတီပုထိုးတွေဟာ ဌာပနာအဖောက်ခံရပြီး၊ အုတ်တွေကို ဗမာတို့ဟာ လိုသလို ယူငင်အသုံးပြုကြတာတွေ့ရပါတယ်။ အညာဒေသဘက်က တောရွာတချို့မှာဆိုရင်၊ ဘုရားပျက်က အုတ်ခဲရိုးကို အိမ်မှာ ဖိုခနောက်လုပ်ဖို့ ယူငင်သုံးစွဲတာကိုလည်း ကြားဖူးတွေ့ဖူးခဲ့ပါတယ်။ ဒါ့ကြောင့် ဗမာအချင်းချင်းအကြား ထိန်းသိမ်းတဲ့အနေနဲ့ ဘုရားစေတီတွေကို လိုသလို မဖျက်စီးနိုင်အောင်၊ ရှေးဘုရားတွေမှာ ဥစ္စာစောင့်ရှိတယ်ဆိုတဲ့ နှုတ်ပြောပုံပြင်တွေကို အများအပြားဖန်တီးထားတာတွေ့ရပါတယ်။ ဗမာအညာကျေးရွာတွေမှာ၊ ဘုရားစေတီဟောင်းနဲ့ ပတ်သက်ပြီး ဥစ္စာစောင့်ရှိတယ် ဆိုတဲ့ စတိုရီဟာ နေရာတိုင်းလိုလိုမှာ၊ ပုံစံအမျိုးမျိုးနဲ့ တွေ့ရပါတယ်။ 


ဗမာတို့ဟာ သူတို့ တည်ထားတဲ့ စေတီဘုရားတွေကို အစဉ်အမြဲ မစောင့်ရှောက်နိုင်ကြပါဘူး။ အစဉ်အမြဲ ပူဇော်ဆည်းကပ်တာလည်း မလုပ်နိုင်ကြပါဘူး။ တခါတရံလည်း ခေတ်အခြေအနေအရ၊ ပဋိပက္ခတွေ၊ စစ်ပွဲတွေနဲ့ စီးပွားပျက်ကပ်တွေ ကြုံတာကြောင့်၊ တည်ထားတဲ့ စေတီပုထိုးတွေလည်း ခြောက်ခြောက်သွေ့သွေ့ ငြိုးငြိုးရော်ရော်နဲ့ နေထိုင်ကြရပါတယ်။ စေတီပုထိုးတွေ တည်တဲ့နေရာမှာ၊ ဘုရားဒကာ/ ဘုရားဒကာမတို့ဟာ မိမိတို့ တန်ဖိုးကြီး ပစ္စည်းဥစ္စာနဲ့ လက်ဝတ်ရတနာတွေကို ဌာပနာတည်ထားပြီး ကိုးကွယ်တည်ဆောက်တာကြောင့်၊ ဘုရားဒကာတို့ သေဆုံးတဲ့အခါ တခါတရံလည်း နတ်ပြည်မရောက်ဘဲ၊ စွဲလမ်းမှုကြောင့် ဥစ္စာစောင့်ဘဝနဲ့ ဖြစ်တည်ကြရတယ်လို့ ဗမာတို့ ပြောလေ့ရှိတဲ့ ဥစ္စာစောင့်ပုံပြင်တွေမှာ အကြားရများပါတယ်။ ပုဂံခေတ်ကလို ရှေးဘုရားတွေမှာတော့၊ ဘုရားဒကာတို့ဟာ ဘုရားကျွန်တွေကို ထားပြီး လှူခဲ့တာကြောင့်၊ ဒီလို ဘုရားကျွန်တွေက သေလွန်တဲ့အခါ ဥစ္စာစောင့်ဘဝနဲ့ ၎င်းဘုရားစေတီကို ပြန်လည်စောင့်ရှောက်နေကြရတယ်လို့ နှုတ်ပြောပုံပြင်တွေမှာ ကြားဖူးပါတယ်။ 


■ လူနာမည်နဲ့ ဘုရားတွေ


ဗမာတို့ဟာ ဘုရားစေတီကိုတောင်၊ အစွဲကင်းကင်းနဲ့ မကြည့်မြင်နိုင်ဘဲနဲ့ ဘုရားတည်တဲ့ လူပုဂ္ဂိုလ်နဲ့ ဘုရားကို တွဲဖက်မှတ်ယူလေ့ရှိတာကို တွေ့ရပါတယ်။ ဒါ့ကြောင့် ဘုရားစေတီတွေရဲ့ အမည်နာမတွေမှာ၊ လူအမည်နာမည်တွေ ပါဝင်နေတာတွေ့ရပါတယ်။ မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ကျွန်းလုံးဥသျှောင်ရပ်ကွက်ရှိ ဒက္ခိဏရာမကျောင်းတိုက် (ဘုရားကြီးတိုက်) တောင်ဘက်မှာ ပုဂံမင်းလက်ထက် (၁၈၄၇ ခုနှစ်ခန့်)က ကျီဝန်၊ အတွင်းဝန်၊ သတိုးမင်းကြီး မဟာသက်တော်ရှည် ဦးပွား တည်ထားခဲ့သော သမိုင်းဝင်ဆုတောင်းပြည့်စေတီတော်တစ်ဆူ ရှိပါတယ်။ ဦးပွားဆိုတဲ့ လူပုဂ္ဂိုလ်တည်တဲ့ ဘုရားဖြစ်တာကြောင့်၊ ဦးပွားဘုရားလို့ ရပ်ထဲ ရွာထဲမှာ ခေါ်ကြပါတယ်။ ဒါဟာ ဘုရားနာမည်ပျောက်ပြီး၊ လူနာမည်တွင်တဲ့ ဘုရားဖြစ်သွားတယ်လို့ မှတ်ယူနိုင်ပါတယ်။ လူနာမည်တွင်တဲ့ ဘုရားစေတီပုထိုးတွေက မြန်မာပြည်နေရာ အနှံ့မှာ ခပ်များများ ရှိပါတယ်။ ဗမာတို့ဟာ ဘုရားစေတီကို၊ ဘုရားတည်တဲ့ ဒါယကာ - ဒါယကာမအမည်တွေနဲ့ ပူးတွဲမှတ်ယူလေ့ရှိတယ်ဆိုတာကို တွေ့ရပါတယ်။ 


■  မင်းနဲ့ သာသနာ


ဗမာဘုရင်မင်းအဆက်ဆက်ဟာ၊ သူတို့ တန်ခိုးအာဏာထက်ချိန်မှာ စေတီတည်ထားကိုးကွယ်တာကို လုပ်ဆောင်လေ့ရှိပါတယ်။ အနော်ရထာ၊ ကျန်စစ်သားနဲ့ အလောင်းစည်သူတို့က စပြီး စေတီဘုရားတည်ထားမှုကို၊ လုပ်ခဲ့ပါတယ်။ ဒါ့ကြောင့် ပုဂံသွားရင်၊ ဒါက အနော်ရထာ တည်တဲ့ ဘုရား။ ဒါက ကျန်စစ်သားမင်း တည်တဲ့ ဘုရား။ ဒါက အလောင်းစည်သူမင်း တည်တဲ့ ဘုရား…လို့ ခေါ်ကြပါတယ်။ ကုန်းဘောင်မင်းဆက်မှာလည်း ဒါက ဘကြီးတော်မင်း တည်တဲ့ ဘုရား။ ဒါက မင်းတုန်းမင်း တည်တဲ့ ဘုရား။ ဒါက သီပေါမင်း တည်တဲ့ဘုရား… ရယ်လို့၊ ဗမာဘုရင်တွေကို သူတို့ တည်တဲ့ ဘုရားတွေနဲ့ ပူးတွဲပြီး သမိုင်းမှတ်တမ်းမှာ တွေ့ရှိရပါတယ်။ ရန်ကုန်မှာ ဗိုလ်ချုပ်ကြီးနေဝင်း တည်တဲ့ ဘုရား ရှိပါတယ်။ ရွှေတိဂုံဘုရားတောင်ဘက်မုဒ်က မဟာဝိဇယစေတီဟာ ဗိုလ်ချုပ်ကြီးနေဝင်း တည်ထားတဲ့ ဘုရားလို့ ဆိုပါတယ်။ ဒါ့ကြောင့် မဟာဝိဇယစေတီကို နေဝင်းဘုရားလို့ ခေါ်ကြောင်း၊ ဧရာဝတီနဲ့ ဒီဗွီဘီသတင်းဌာနတို့က ရေးပါတယ်။ ရန်ကုန်ကနေ ပျဉ်းမနားမှာ၊ နေပြည်တော်အဖြစ် ရွှေ့ပြောင်းတည်တော့ ရွှေတိဂုံနဲ့ ပုံစံတူ၊ လှိုဏ်ဂူပါတဲ့ ဥပ္ပါတသန္တိ စေတီကို၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ တည်ပါတယ်။ ဒါ့ကြောင့် ဥပ္ပါတသန္ဓိကို သန်းရွှေဘုရားလို့ ခေါ်တာတွေ့ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အာဏာရလာချိန်မှာ၊ ဒေါ်အောင်ဆန်းစုကြည်က နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ် မှာ၊ ထာဝရငြိမ်းချမ်းရေးစေတီကို တည်ပါတယ်။ ၂၀၁၈ ခုနှစ် ဇွန်လ ၁၉ ရက်နေ့၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၃ နှစ်ပြည့် မွေးနေ့မှာ နေပြည်တော်က ထာဝရငြိမ်းချမ်းရေး စေတီတော်ရဲ့ မူလဌာပနာပိတ်ပွဲ ကျင်းပခဲ့ပါတယ်။ ငြိမ်းချမ်းရေးနဲ့ သာယာဝပြောရေးကို ရည်စူးပြီး မွေးနေ့ရှင် ဒေါ်အောင်ဆန်းစုကြည်က ပတ္တမြားတပြည် မြတပြည် ကျောက်စိမ်းတပြည်နဲ့ နီလာတပြည်စီ၊ မြေသားနဲ့ပြုလုပ်ထားတဲ့ မညှိုးပန်းတွေကို ဌာပနာတော် အတွက် လှူခဲ့တယ်လို့ ဘုရားဂေါပကတဦးရဲ့ ပြောစကားကို ဘီဘီစီသတင်းဌာနက ဖော်ပြပါတယ်။ ၂၀၂၁ မှာ စစ်အာဏာသိမ်းပြီး နိုင်ငံတော်အာဏာကို ရယူခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နေပြည်တော်မှာ မာရဝိဇယလို့ အမည်တွင်တဲ့ ကမ္ဘာ့အကြီးဆုံးသော ကျောက်ဆစ်ရုပ်ပွားတော်ကြီးကို ၂၀၂၃ ခုနှစ်မှာ အပြီးသတ်တည်ထားပါတယ်။ ဒါ့ကြောင့် မင်းအောင်လှိုင်ဘုရားလို့ စစ်အာဏာရှင်ဆန့်ကျင်ရေးအသိုင်းအဝိုင်းက ပြောလေ့ရှိပါတယ်။ 


ဗမာတို့ရဲ့ အာဏာဓလေ့ဟာ ဗုဒ္ဓဘာသာနဲ့ တွဲချည်သတ်မှတ်တဲ့အလေ့ရှိပါတယ်။ အနောက်တိုင်းပညာတတ်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်တောင်မှ၊ သူ အာဏာရလာချိန်မှာ၊ ဗမာ့ဓလေ့ကို ကျော်ပြီး လျစ်လျှူမရှုနိုင်တာကို တွေ့ရပါတယ်။ ဗမာ့လူ့အဖွဲ့အစည်းအတွင်းမှာ၊ အာဏာနဲ့ သာသနာရဲ့ ဆက်စပ်မှုက တုပ်နှောင်မှု အင်မတန် ခိုင်မာပါတယ်။ ဘုရင်တွေ၊ မင်းတွေ၊ အစိုးရတွေ၊ ခေါင်းဆောင်တွေ တည်ထားတဲ့ မည်ကဲ့သို့သော စေတီဘုရားဖြစ်ပါစေ၊ အမှန်တကယ်မှာက “သူကြီးဘုရား - ရွာသားကောင်းမှု” ဖြစ်ပါတယ်။ ဗမာတို့ဟာ အစဉ်အလာဓလေ့ကို စွဲမြဲတဲ့ အကျင့်ရှိကြောင်း၊ ဒေါက်တာသန်းထွန်းက မြန်မာ့ဓလေ့စာတမ်းမှာ ရေးခဲ့ဖူးပါတယ်။ အထူးသဖြင့် ဗမာတို့ဟာ၊ ဘာသာရေးအဆုံးအမကနေ ဆင်းသက်လာတဲ့ ဗုဒ္ဓဘာသာဓလေ့ထုံးစံတွေရဲ့ လွှမ်းမိုးမှုရှိတယ်ဆိုတာတွေ့ရပါတယ်။ 


အာဏာရှင်အစိုးရမင်းတွေ ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ ဗမာလူထုဟာ အာဏာရှင်အစိုးရမင်းတွေ တည်ထားကိုးကွယ်တဲ့ စေတီဘုရားတွေကိုပါ၊ တရားဝင်မှု မပေးချင်တဲ့ စိတ်ဆန္ဒဟာ “သင်တို့ဘုရား၊ ငါမဖူး” ဆိုတဲ့ ကဗျာစာသားရဲ့ ပေါ်ပြူလာဖြစ်မှုနဲ့ ညွှန်းဆိုဖော်ပြနိုင်ပါတယ်။ အစိုးရတွေအပေါ် ပြည်သူလူထု ကြိုက်နှစ်သက်မှု ဒီဂရီညွှန်းကိန်းကို ကိုးကွယ်ယုံကြည်မှုနယ်ပယ်မှာလည်း နိုင်ငံရေးဇာတ်သွင်းပြီး ကြည့်မြင်ရှုမြင်လေ့ရှိတဲ့ အလေ့မှာ ထင်ထင်ရှားရှားတွေ့နိုင်ပါတယ်။ 


■  အမျိုးသမီးမတက်ရ


အသိပညာကြီးရင့်တဲ့ ဘုန်းတော်ကြီးတွေကိုယ်တိုင်ကတောင်၊ ဗုဒ္ဓဘာသာဓလေ့ထုံးတမ်းတွေထဲမှာ ဗုဒ္ဓအဆုံးအမ တိုက်ရိုက် မဟုတ်တဲ့ အလေ့အထတွေဟာ ပါဠိပိဋကတ်ထဲမှာ မပါပေမယ့်၊ ဒါဟာ ဗမာတို့ရဲ့ ထုံးစံဓလေ့လို့ မှတ်ယူပြီး၊ ဆက်လက်လိုက်နာကျင့်သုံးကြတဲ့ အမူအကျင့်တွေ ရှိတာတွေ့ရပါတယ်။ နာမည်ကြီး စေတီဘုရားတွေမှာ “အမျိုးသမီးမတက်ရ” ဆိုတဲ့ ဆိုင်းဘုတ်တွေကို တွေ့ရလေ့ရှိပါတယ်။ ခေတ်ပညာတတ် အဘိဓမ္မာပိဋကတ်ကျွမ်းကျင်တဲ့ ပါမောက္ခချုပ် ဆရာတော် ဒေါက်တာနန္ဒမာလဘိဝံသက၊ ဒါဟာ ဗုဒ္ဓဝါဒ မဟုတ်ပေမယ့်၊ ဗမာတို့ ဓလေ့ထုံးစံဖြစ်ကြောင်း - ကြောင်းကျိုးပြ ဟောပြောတာကို တွေ့ရပါတယ်။ ဗုဒ္ဓအဟော မဟုတ်ပေမယ့်၊ တိုင်းပြည်ရဲ့ ကိုးကွယ်ယုံကြည်မှုဓလေ့အရ ဖြစ်ပေါ်လာတဲ့ ကြောင်းကျိုး မညီညွတ်မှုတွေကို ပညာတတ်ဘုန်းတော်ကြီးတွေကိုယ်တိုင်၊ ပြုပြင်ဖို့ မကြိုးစားဘဲ ဓလေ့ဆိုတဲ့ ဆင်ခြေနဲ့ နားလည်လက်ခံပြီး သာသနာပြုအလုပ်တွေ လုပ်ကြရတယ်လို့ တွေးတော ဆင်ခြင်ဖွယ်ရာဖြစ်ပါတယ်။ 


မင်းသေ့ 

၁၉၊ ဧပြီ၊ ၂၀၂၆


***စာရေးသူ၏ အာဘော်သာဖြစ်ပြီး တွေးစရာ သိစရာ ဗဟုသုတ ရရှိဖို့ ကူးယူဖော်ပြသည်။

Saturday, April 4, 2026

မြန်မာ့လူနေမှုနှင့် Autism ကလေးငယ်များ


💠Autism ဆိုတာဘာလဲ?


Autism (အော်တစ်ဇင်) လို့ခေါ်ကြပေမယ့် တကယ့်နာမည်က Autism Spectrum Disorder (ASD) ဖြစ်ပါတယ်။ ယခုဆောင်းပါးမှာ ASD လို့ပဲ ဆက်သုံးနှုန်းသွားပါမယ်။ ASD ဆိုတာ အာရုံကြောပိုင်းနှင့်ဖွံ့ဖြိုးမှုပိုင်းဆိုင်ရာ မူမမှန်ခြင်းဖြစ်ပါတယ်။ 


▪️လူအများနဲ့ပေါင်းသင်းဆက်ဆံရေး

▪️သင်ယူလေ့လာမှုနဲ့

▪️အပြုအမူပိုင်းတွေကိုသက်ရောက်မှုရှိစေပါတယ်။ 


ASD ကို အသက်အရွယ်မရွေး စစ်ဆေးတွေ့ရှိရနိုင်ပါတယ်။ ယေဘုယျအားဖြင့် မွေးစမှ ကလေးအသက်နှစ်နှစ်အတွင်းမှာ လက္ခဏာများ ပေါ်ပေါက်နိုင်ပါတယ်။


ASD ရှိတဲ့သူတွေဟာ


▪️လူမှုဆက်ဆံရေးပိုင်းအခက်အခဲများ

▪️လူအများနဲ့အပြန်အလှန်ထိတွေ့ပြောဆိုရာတွင်အခက်အခဲများ

▪️အကြောင်းအရာတစ်ခုကိုပဲစိတ်ဝင်စားမှုရှိခြင်း

▪️အမူအကျင့်တစ်ခုကို ထပ်ခါထပ်ခါလုပ်တတ်ခြင်း

▪️သူတို့ရဲ့လက္ခဏာတွေကြောင့် ကျောင်း၊လုပ်ငန်းခွင်နဲ့ ဘဝမှာ လုပ်ငန်းဆောင်တာတွေမှာ ပုံမှန်မလုပ်ဆောင်နိုင်ခြင်း စတဲ့အချက်တွေရှိနိုင်ပါတယ်။ 


ASD ရှိတဲ့လူတွေဟာ တစ်ယောက်နဲ့တစ်ယောက် လက္ခဏာ၊အမူအကျင့်၊ အားသာချက်၊အားနည်းချက်တွေ မတူညီနိုင်ကြဘဲ ကွဲပြားခြားနားမှုတွေနဲ့မူကွဲတွေရှိနိုင်လို့ Autism ကို Spectrum ဆိုတဲ့စကားလုံးနဲ့သုံးနှုန်းရခြင်းဖြစ်ပါတယ်။ Autism ရှိတဲ့ကလေးငယ်တိုင်းဟာ တပုံစံတည်းထပ်တူညီနေကြမှာမဟုတ်ပါဘူး။


အသက်အရွယ်မရွေး၊လူမျိုးဘာသာမရွေး၊ ကျား/မ မရွေး၊ ဆင်းရဲချမ်းသာမရွေး ASD ဖြစ်နိုင်ပါတယ်။ ASD ဟာ ဘဝတသက်တာအတွက်ပါသွားမယ့် Disorder တစ်ခုဖြစ်ပါတယ်။ 


သို့သော် ဘေးနားကမိဘအုပ်ထိန်းသူ၊ပတ်ဝန်းကျင်က


▪️ဘယ်လောက်ကုသမှုပေးနိုင်မလဲ

▪️ဘယ်လောက်အထိပံ့ပိုးသင်ကြားပေးနိုင်မလဲ

▪️ဘယ်လိုအထောက်အပံ့တွေပေးနိုင်မလဲဆိုတဲ့အချက်တွေကတော့ ASD ကလေးငယ်တစ်ဦးရဲ့ ကျန်းမာရေးနဲ့ နေ့စဉ်လုပ်ငန်းဆောင်တာဖြေရှင်းနိုင်မှုတွေကို အကျိုးကျေးဇူးသက်ရောက်နိုင်ပါတယ်။ 


💠ASD ရဲ့ လက္ခဏာများ


ASD မှာ အဖြစ်များ၊အတွေ့ရများတဲ့ လက္ခဏာအချို့ကိုဖော်ပြပေးပါမယ်။ သို့သော် ဒီလက္ခဏာတွေအကုန်လုံးက တခါတည်းရှိနေမှာတော့မဟုတ်ပါဘူး။ လက္ခဏာအများစုကိုတော့ တွေ့ရနိုင်ပါတယ်။


လူမှုဆက်ဆံရေးပိုင်းမှာ


▪️မျက်လုံးချင်းဆုံတွေ့မှုအလွန်နည်းပါးခြင်း သို့မဟုတ် လုံးဝမရှိခြင်း

▪️လူတစ်ယောက်စကားပြောနေရင် မကြည့်ခြင်း၊ နားမထောင်ခြင်း

▪️စိတ်ခံစားမှု၊ စိတ်ပါဝင်စားမှု၊ ပျော်ရွှင်မှုတို့ကိုပြသမှုနည်းပါးခြင်း/မပြသခြင်း

▪️အာရုံစိုက်အောင် လှမ်းခေါ်ခြင်း၊စကားပြောခြင်း၊အသံပြုခြင်းများပြုလုပ်လျှင် တုံ့ပြန်မှုနည်းပါးခြင်း/မရှိခြင်း

▪️စကားအစအဆုံးပြောတတ်ဖို့ခက်ခဲနေခြင်း

▪️လူမှုဆက်ဆံရေးကျင့်ဝတ်များကိုနားမလည်ဘဲ စကားဖြတ်ပြောခြင်း၊ သူစိတ်ဝင်စားရာကိုသာ ထပ်တလဲလဲပြောဆိုခြင်း

▪️တပါးသူပြောဆိုသောအကြောင်းအရာ သို့်မဟုတ် သူကိုယ်တိုင်ပြောဆိုသောအကြောင်းအရာနဲ့မဆက်စပ်သော မျက်နှာအမူအရာ၊ ကိုယ်ဟန်လှုပ်ရှားမှုရှိနေခြင်း

▪️စကားသံအနိမ့်အမြင့်အတက်မကျမရှိခြင်း၊ စိတ်ခံစားမှု၊လှုပ်ရှားမှုမပါသောအသံဖြင့်သာ စကားပြောတတ်ခြင်း

▪️တပါးသူရဲ့ဘက်ကို ဝင်တွေးဖို့ခက်ခဲခြင်း၊ တပါးသူ မည်ကဲ့သို့ဆက်ဆံမလဲကို မခန့်မှန်းနိုင်ခြင်း

▪️မတူညီတဲ့လူ့အဖွဲ့အစည်းတွေ၊နေရာတွေမှာ လိုက်လျောညီထွေဖြစ်အောင် မနေထိုင်နိုင်ခြင်း

▪️စိတ်ကူးစိတ်သန်းဖြင့်ဆော့ကစားခြင်းများ မပြုလုပ်နိုင်ခြင်း

▪️သူငယ်ချင်းမိတ်ဆွေမဖွဲ့နိုင်ခြင်း


တစ်မျိုးတည်း/ထပ်ခါထပ်ခါပြုလုပ်သောအမူအကျင့်များအနေနဲ့


▪️စကားတစ်ခု သို့မဟုတ် အလေ့အကျင့်တစ်ခုကိုသာ ထပ်ခါထပ်ခါပြုလုပ်ခြင်း

▪️အကြောင်းအရာတစ်ခုခု (ဂဏန်းသင်္ချာနံပါတ်များ၊ အချက်အလက်များ) ကို အလွန်အမင်းစိတ်ဝင်စားခြင်း

▪️အာရုံစူးစိုက်ရသောအရာဝတ္ထုများကိုသာ ဆက်တိုက်စိတ်ဝင်တစားကိုင်တွယ်နေခြင်း

▪️နေ့စဉ်ပြုမူနေသော ဝတ္တရားများထဲမှ အနည်းငယ်ပြောင်းလဲမှုကိုပင် လက်မခံနိုင်ခြင်း

▪️ပြောင်းလဲမှုကို နေသားမကျနိုင်ခြင်း


အာရုံခံစားမှုပိုင်းဆိုင်ရာမတူညီမှုများအနေနဲ့


▪️အလင်း၊အသံ၊အဝတ်အစား၊အပူချိန်စတဲ့ အာရုံခံစားမှုများကို တုံ့ပြန်မှုလွန်ကဲခြင်း/တုံ့ပြန်မှုနည်းပါးခြင်း


အိပ်စက်ခြင်းနဲ့တည်ငြိမ်မှုပိုင်းဆိုင်ရာများအနေနဲ့လည်း တခြားသူများနဲ့မတူညီမှုတွေရှိနေနိုင်ပါတယ်။


ASD ရှိသူတွေမှာ အခြားသူများထက်သာလွန်တဲ့ အားသာချက်များလည်းရှိနေနိုင်ပါတယ်။ ဥပမာအားဖြင့်


▪️အသေးစိတ်တိတိကျကျမှတ်သားနိုင်ခြင်း၊ အချိန်ကြာမြင့်စွာ အမှတ်သညာပြုနိုင်ခြင်း

▪️အမြင်အာရုံ၊အကြားအာရုံခံစားမှု အားသန်ခြင်း

▪️သင်္ချာ၊သိပ္ပံပညာ၊ ဂီတနှင့် အနုပညာအားကောင်းခြင်း စသည်တို့ဖြစ်ပါတယ်။


💠ASD ဘာကြောင့်ဖြစ်ရလဲ?


ASD ကိုဖြစ်စေတဲ့ မူလအကြောင်းအရင်းကို မသိနိုင်ပါဘူး။ ဒါပေမယ့် မျိုးရိုးဗီဇ ( Genes ) နဲ့ ကလေးဖွံ့ဖြိုးမှုအပေါ် အကျိုးသက်ရောက်စေတဲ့ ပတ်ဝန်းကျင်ကြောင့် ASD ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ လေ့လာချက်များက ဆိုပါတယ်။ ASD ဖြစ်စေနိုင်ခြင်းကို မြင့်တက်စေတဲ့ အချို့သောအချက်များကတော့


◾ASD ရှိတဲ့မောင်နှမရှိခြင်း

◾မိဘများက အသက်ကြီးနေခြင်း

◾ပေါင်မပြည့် အလွန်နည်းပြီးမွေးဖွားလာခြင်း

◾Down Syndrome သို့မဟုတ် Fragile X syndrome ကဲ့သို့ မျိုးဗီဇပုံမမှန်သော ရောဂါရှိခြင်း စသည်တို့ဖြစ်ပါတယ်။ အခြားသော Environmental Factors များလည်းရှိနေပါသေးတယ်။ ဒါကတော့ အချို့ကိုရေးသားထားတာဖြစ်ပါတယ်။


💠ASD ရှိမရှိကိုဘယ်လိုသိရှိနိုင်မလဲ


အသက် ၂နှစ်လောက်မှာတော့ သိနိုင်ပါတယ်။ ဆရာဝန်များကလည်း လူတစ်ဦးရဲ့ အမူအကျင့်နဲ့ ဖွံ့ဖြိုးမှုကိုကြည့်ပြီး ASD ရှိမရှိကို ဆုံးဖြတ်နိုင်ပါတယ်။ စောစောသိလေ ကောင်းလေပါပဲ။


💠ASD မှာ Level တွေရှိသလား?


ASD ဖြစ်တဲ့အခါ Level 1,2,3 ဆိုပြီး အဆင့် ၃ဆင့်ရှိပါတယ်။ 


Level 1 မှာ Support လိုအပ်သော်လည်း Mild ဖြစ်ပါတယ်။

Level 2 မှာ စနစ်တကျဂရုစိုက်ပေးရသော Support လိုအပ်ပြီး  Moderate အဆင့်ဖြစ်ပါတယ်။

Level 3 မှာ ပိုမို အရေးကြီးသော၊ စနစ်တကျဂရုစိုက်ပေးရသော Support လိုအပ်ပြီး  Severe အဆင့်ဖြစ်ပါတယ်။


💠ကလေးများနှင့် ASD ရှိမရှိသိနိုင်ဖို့


ကျွန်မအနေနဲ့ မိဘများကို အကြံပေးချင်တာကတော့ နေမကောင်းမှသာ ဆေးခန်းပြတာ၊ ကလေးဆရာဝန်နဲ့သွားဆွေးနွေးတာမျိုးမလုပ်ဘဲ ကလေးရဲ့ ဖွံ့ဖြိုးမှုများကို ပုံမှန်စစ်ဆေးဖို့အကြံပေးချင်ပါတယ်။ 


ကလေးများကို ဆေးရုံများမှာ ကလေးအထူးကုဆရာဝန်များနဲ့ ဖွံ့ဖြိုးမှုမိုင်တိုင်ပုံမှန်စစ်ဆေးပေးပါ။ ဥပမာ - အသက် ၉လ၊ ၁၈လ၊ ၂၄ လ နဲ့ လ၃၀ တို့မှာ စစ်ဆေးသင့်ပါတယ်။ အသက် ၁၈လနဲ့ ၂၄လတို့မှာ Autism Screening ကိုလည်း သီးသန့်စစ်ဆေးနိုင်ပါတယ်။ 


ကျွန်မသိရသလောက် မြို့ကြီးများရဲ့ဆေးရုံတွေမှာ Developmental Assessment Clinic များရှိနေပါပြီ​။ ဥပမာ- ပန်းလှိုင်ဆေးရုံ(လှိုင်သာယာ) နဲ့ ပါရမီဆေးရုံကြီးတို့မှာ ကလေးငယ်ရဲ့ ဖွံ့ဖြိုးမှုတွေအတွက် မိဘများစစ်ဆေးလို့ရပါတယ်။ ဒါက Information သီးသန့်ပေးတာဖြစ်ပါတယ်။ သို့မဟုတ် မိမိပြသနေကျ ကလေးအထူးကုဆရာဝန်များကိုလည်း မေးမြန်းပြီး ဖွံ့ဖြိုးမှုမိုင်တိုင်စစ်ဆေးလိုကြောင်း အကြံဉာဏ်တောင်းယူနိုင်ပါတယ်။


ဒီပထမအဆင့်ဟာ အခြေခံအကျဆုံးဖြစ်ပါတယ်။ ဒီအဆင့်မှာ လိုအပ်ချက်နဲ့သံသယရှိနေရင် မိမိပြသထားတဲ့ ကလေးအထူးကုဆရာဝန် သို့မဟုတ် သက်ဆိုင်ရာဆရာဝန်များက လိုအပ်တဲ့ Speciality တွေကို ဆက်လက်လမ်းညွှန်ပေးမှာဖြစ်ပါတယ်။ ဥပမာ ကလေးဦးနှောက်နှင့်အာရုံကြောဆိုင်ရာ၊ အာဟာရဆိုင်ရာ၊ စကားပြောကျွမ်းကျင်ဆိုင်ရာ၊ ကလေးစိတ်ပညာဆိုင်ရာ စသဖြင့် လိုအပ်တဲ့ Branch တွေကို ခွဲသွားနိုင်မှာဖြစ်ပါတယ်။


💠ASD ကိုကုသလို့ရသလား?


စောစောသိရရင် စောစောကုသလို့ရလေလေပါပဲ။ ဒါပေမယ့် ရောဂါပျောက်အောင်ကုသလို့ရတာမျိုးမဟုတ်ပါဘူး။ Therapies ၊ ဆေးဝါးများ၊ အထောက်အပံ့များ၊ အထောက်အကူနည်းလမ်းများနဲ့ ကလေးငယ်ရဲ့ ဘဝမှာ အဆင်ပြေလာအောင်ကူညီပံ့ပိုးပေးခြင်းကပဲ ကုသမှုဖြစ်ပါတယ်။


နည်းလမ်းတစ်မျိုးတည်းကပဲ ကုသနည်းဆိုပြီး သတ်မှတ်ထားခြင်းမရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ ASD ကလေးငယ်တွေမှာ လိုအပ်ချက်တွေကများလို့ပါ။ ကျန်းမာရေးဘက်ဆိုင်ရာဆရာဝန်များရဲ့ကုသမှုအပြင် Service Providers များရဲ့ ပံ့ပိုးမှုတွေပါလိုအပ်ပါတယ်။


ASD ကလေးငယ်တစ်ဦးကို ပြုစုစောင့်ရှောက်ကုသရာမှာ


▪️တတ်ကျွမ်းနားလည်သူဆရာဝန်

▪️သင်ကြားရေးပိုင်းဆိုင်ရာမှာ Special Needs Education ကိုကျွမ်းကျင်သူ ဆရာ/ဆရာမ

▪️Special Need Education ကို စနစ်တကျသင်ကြားပေးနိုင်သော စာသင်ကျောင်း

▪️အမူအကျင့်ပိုင်းဆိုင်ရာလေ့ကျင့်သင်ကြားပေးနိုင်သော အတန်းများ

▪️အထောက်အပံ့ပစ္စည်းများ

▪️Community Group များ

▪️အာဟာရပိုင်းဆိုင်ရာလမ်းညွှန်မှုများ

▪️ကလေးစိတ်ပညာပိုင်းဆိုင်ရာကျွမ်းကျင်ပညာရှင်/ဆရာဝန်များ အစရှိသော ရှုထောင့်များအားလုံး ပေါင်းဆုံနေဖို့လိုအပ်ပါတယ်။


အားလုံးမှာ အဓိကအကျဆုံးကတော့ Counselling ပဲဖြစ်ပါတယ်။ ကျွန်မတို့ဆရာဝန်တွေနဲ့ ပညာရှင်တွေရဲ့ Side ဘက်ကကြည့်ရင် ASD ဆိုတာ Disorder (ရောဂါ)တခုလို့သာအလွယ်သတ်မှတ်လို့ရပေမယ့် မိဘများဘက်ကြည့်ရင်တော့ ဘဝတစ်ခုသာဖြစ်ပါတယ်။ ဒါကြောင့် မိဘများအနေနဲ့ ကိုယ့်ရဲ့ ကလေးက ASD ရှိနေပြီဆိုရင် ဒီအခြေအနေကို ကိုယ်တိုင်ကနားလည်သဘောပေါက်မှု၊ လက်ခံနိုင်မှုအပြည့်အဝရှိနေအောင် ကြိုးစားရပါလိမ့်မယ်။ ဒီအတွက် မိဘများက ဗဟုသုတရှိဖို့ကြိုးစားသင့်သလို မိမိအနေနဲ့ လက်ခံနိုင်ဖို့ခဲယဉ်းနေရင်လည်း တတ်ကျွမ်းနားလည်သူများရဲ့ ဆွေးနွေးအကြံပေးခြင်းနဲ့ Counselling ကို ရယူသင့်ပါတယ်။


💠မြန်မာ့လူနေမှုနှင့် Autism


ကျွန်မတို့နိုင်ငံမှာ ကျန်းမာရေးဗဟုသုတအားနည်းခြင်းနဲ့ ကိုယ်ချင်းစာစိတ်နည်းပါးခြင်းတို့ကြောင့် မသန်စွမ်းသူများကို ပြက်ရယ်ပြုခြင်းအလွန်ပေါပါတယ်။ ကိုယ်တိုင်ရွေးချယ်ခွင့်မရှိတဲ့အရာတွေနဲ့ မွေးဖွားလာရသူတွေကို လှောင်ပြောင်ခြင်း၊ အသားအရောင်ခွဲခြားခြင်း၊ စနောက်ခြင်း၊ တဆင့်နှိမ့်ချခြင်းတွေဟာ မရှိသင့်တော့တဲ့ အရာတွေဖြစ်သော်လည်း အခုချိန်ထိ လူ့ပတ်ဝန်းကျင်မှာရှိနေသေးတာကို ခါးသီးစွာပဲလက်ခံရပါတယ်။


မသန်စွမ်းသူကို "ထော့ကျိုး" လို့လှောင်ပြောင်တာ

မိန်းကလေးစိတ်နဲ့ ယောကျာ်းကိုယ်ဖြစ်နေသူကို "အခြောက်"လို့ပြက်ရယ်ပြုတာ

အကြောဆွဲရောဂါရှိနေသူကို မျက်နှာရွဲ့စောင်းပြပြီး ဟာသလုပ်ပြတာတွေရှိနေသလို

Autism ကလေးငယ်များနဲ့ Autism လူကြီးများကိုလည်း "ကြပ်မပြည့်သူများ"လို့သုံးနှုန်းကြတာတွေ ရှိနေကြတုန်းပါပဲ။


Autism ကလေးတွေမှာ သင်ကြားရေးအတွက် အခက်အခဲရှိနိုင်ပေမယ့် ကလေးတိုင်းက Intellectual Disability (သင်ယူမှုမသန်စွမ်းခြင်း)ဖြစ်နေတာမဟုတ်ပါဘူး။ IQ Level နဲ့လည်း ASD ကိုသတ်မှတ်တာမဟုတ်တဲ့အတွက် ကြပ်မပြည့်ခြင်းလို့ပြောဆိုတဲ့ အသုံးအနှုန်းဟာ အလွန်ရိုင်းပြီးကြမ်းတမ်းပါတယ်။ ASD ကလေးတွေမှာ သင်ကြားရေးကို လုံးဝမစွမ်းသာသူတွေကနေ Giftedness လို့ခေါ်တဲ့ ဉာဏ်ကြီးရှင်/ပညာရှင်တွေအထိရှိနေနိုင်ပါတယ်။


💠 ASD ကလေးငယ်များနှင့် လူ့အခွင့်အရေး


ASD ကလေးငယ်များမှာလည်း ရုပ်ပိုင်းဆိုင်ရာကျန်းမာမှု၊ စိတ်ပိုင်းဆိုင်ရာကျန်းမာမှုရဖို့ အခွင့်အရေးအပြည့်ရှိပါတယ်။ ဒါပေမယ့် ASD နဲ့ပတ်သက်တဲ့ ပံ့ပိုးမှု၊ထောက်ပံ့မှုအလုံအလောက်မရှိတာတွေ ဖြစ်နေသေးတဲ့အတွက် ASD ကလေးငယ်တွေကို ခွဲခြားဆက်ဆံခံရခြင်းတွေရှိနေပါသေးတယ်။ 


ဒါ့အပြင် သူတို့ရဲ့ကျန်းမာရေးဟာလည်း အခြားသူများနဲ့တန်းတူလိုအပ်ချက်များကတူတူပါပဲ။ အစားအသောက်ကန့်သတ်ခြင်း၊ အိမ်တွင်းမှာအနေများခြင်းတို့ကြောင့် ကျန်းမာရေးထိခိုက်မှုမဖြစ်အောင်တော့ သေချာဂရုစိုက်ဖို့လိုအပ်ပါတယ်။


ASD ကလေးငယ်များနဲ့ပတ်သက်တဲ့အကြောင်းတွေကို ကျွန်မတို့လူ့အဖွဲ့အစည်းတစ်ခုလုံးက သွေးတိုး၊ နှလုံး၊ ဆီးချိုရောဂါတွေလိုပဲ နားလည်ရင်းနှီးနေဖို့လိုအပ်ပါတယ်။ ဒါမှသာ ASD ကလေးငယ်များကိုသာမက သူတို့ရဲ့မိဘများကိုပါ ကိုယ်ချင်းစာနာစိတ်နဲ့ကူညီပေးနိုင်မှာဖြစ်ပါတယ်။


မိမိရဲ့ကလေးငယ်က ကျောင်းမှာလူရှေ့ထွက်ပုံပြင်ပြောပြတတ်ပြီး မိဘနဲ့တူတူ အပြန်အလှန်စကားပြောတတ်နေချိန်မှာ ASD ကလေးငယ်တွေရဲ့ မိဘတွေက အသားနာတာကို နာတယ်ပြောတတ်ဖို့ကို သင်ကြားပေးနေရပါတယ်။ ကိုယ်တိုင်ရေငှဲ့သောက်တတ်ဖို့ကို သင်ပေးနေရပါတယ်။ 

မိဘတွေမရှိတော့တဲ့အချိန်မှာ ပညာတတ်ကြီးဖြစ်ပြီး ကြီးပွားချမ်းသာနေဖို့ထက် သူတို့ရဲ့ နိစ္စဓူဝအလုပ်တွေကို ဘေးလူအကူအညီမရှိဘဲကိုယ်တိုင်လုပ်နိုင်ဖို့ မျှော်လင့်သင်ကြားပေးနေကြပါတယ်။ အများကြီးပေးဆပ်ပြီး နေ့စဉ်အပင်ပန်းခံကြိုးစားပေးနေကြတဲ့ မိဘတွေမို့ အမြဲလေးစားဂုဏ်ယူရပါတယ်။ 


ဒါကြောင့် ကျွန်မတို့လူ့အဖွဲ့အစည်းအနေနဲ့ မိဘချင်းကိုယ်ချင်းစာနာတတ်ပြီး ASD ကလေးငယ်များကို နားလည်နိုင်ဖို့၊ ကိုယ်တတ်နိုင်တဲ့ဘက်က ဝိုင်းဝန်းထောက်ပံ့ပေးနိုင်စေဖို့ ယခုဆောင်းပါးကိုရေးသားလိုက်ရပါတယ်ရှင်။


အားလုံးကျန်းမာပျော်ရွှင်ကြပါစေ။


မောင်(ဆေး-၁) @Dr.မာမီ


Ref : Who.int

         NIMH (National Institute of Mental Health)

Thursday, April 2, 2026

"နွေအပူကို အန်တုဖို့ အဓိကသော့ချက်"

 ◾️“နွေအပူကို အန်တုဖို့ အဓိကသော့ချက်က သတိရှိဖို့ပါပဲ”




အထွေထွေရောဂါကုဆရာဝန် ဒေါက်တာ အောင်ကိုမင်းနှင့် ဆက်သွယ်မေးမြန်းခြင်း


နွေရာသီကိုရောက်လာသည်နှင့် ရာသီဥတု အလွန်ပူပြင်းလာတာကို သတိထားမိပါသည်။ ရာသီဥတုပူပြင်းလာသည်နှင့်အမျှ အပူလျှပ်ခြင်း၊ သွေးတိုးပြီး ဦးနှောက်သွေးကြောပြတ် ခြင်း စသည်တို့ အဖြစ်များပါသည်။


နွေရာသီတွင် အသက်အန္တရာယ်မဖြစ်အောင် ကြိုတင်ကာကွယ်ခြင်း၊ နေထိုင်ခြင်း၊ ကုသခြင်းများကို သိရှိနိုင်ရန် အထွေထွေရောဂါကုဆရာဝန် ဒေါက်တာအောင်ကိုမင်းနှင့် ဆက်သွယ်မေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်။


◾️နွေရာသီမှာ ဘယ်လိုရောဂါတွေဖြစ်နိုင်လဲ ဆရာ။


နွေရာသီရဲ့ ပြင်းထန်တဲ့ အပူရှိန်နဲ့ စိုထိုင်းဆတွေကြောင့် ကျန်းမာရေးပြဿနာအမျိုးမျိုး ဖြစ်ပွားနိုင်ပါတယ်။


အပူချိန်မြင့်မားလွန်းခြင်းကြောင့် အပူလျှပ်ခြင်း(Heat Stroke) ခန္ဓာကိုယ်အပူချိန် 104°F (40°C)အထက်မြင့်တက်ကာ သတိလစ်ခြင်း၊ တက်ခြင်း၊ အလွန်အမင်း ချွေးထွက်ခြင်း၊ မူးဝေခြင်း (Heat Exhaustion)၊ပျို့အန်ခြင်းနဲ့ အားနည်းခြင်း၊ ချွေးထွက်များပြီး ရေဓာတ် ခန်းခြောက်ခြင်း (Dehydration)တို့ဖြစ်နိုင် ပါတယ်။


နွေရာသီမှာ အစားအသောက်တွေ ပုပ်သိုးလွယ်သလို ယင်ကောင်လည်း ပေါများတာ ကြောင့် ဝမ်းပျက်ဝမ်းလျှောရောဂါ(Diarrhea)၊ အစာအိမ်အဆိပ်သင့် ခြင်း(Food Poison)၊ တိုက်ဖွိုက် (Typhoid) နှင့် အသည်းရောင်အသားဝါ (A) စတဲ့ အစာအိမ် နဲ့ အူလမ်းကြောင်း ဆိုင်ရာ ပြဿနာတွေလည်း အဖြစ်များပါတယ်။


နေလောင်ခြင်း (Sun Burning)၊ မိတ်ထွက်ခြင်း (Heat Rash)၊ မှိုပိုးဝင်ခြင်း (Fungal Infection)စတဲ့ အရေပြားဆိုင်ရာ ပြဿနာတွေလည်းဖြစ်ပွားနိုင်ပါတယ်။ မျက်စိနာခြင်း (Conjunctivitis)၊ ရေကျောက် (Chickenpox)၊ဝက်သက် (Measles) စတဲ့ ကူးစက် ရောဂါတွေလည်းဖြစ်ပွားနိုင်ပါ တယ်။


◾️လူကြီးတွေ၊ ကလေးတွေအနေနဲ့ ဘယ်လိုမျိုး နေထိုင်သင့်လဲဆရာ။


နွေရာသီမှာ ကလေးသူငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေဟာ အပူဒဏ်ကို အခံရနိုင်ဆုံး ဖြစ်တာကြောင့် သူတို့ရဲ့ နေထိုင်စားသောက်မှုကို အထူးဂရုစိုက်ပေးဖို့ လိုအပ်ပါတယ်။


သက်ကြီးရွယ်အိုတွေဟာ အသက်အရွယ်ကြောင့်ခန္ဓာကိုယ်ရဲ့ အပူချိန်ထိန်းညှိနိုင်စွမ်း လျော့နည်းလာသလို ရေငတ်ခြင်းကိုလည်း သိသာစွာ မခံစားရတတ်တာကြောင့် ရေငတ်သည် ဖြစ်စေ၊ မငတ်သည်ဖြစ်စေရေကို ခဏခဏ သောက်ပေးသင့်ပါတယ်။ 


ရေဓာတ်ခန်းခြောက်မှုက လူကြီးတွေမှာ သတိလစ်တာမျိုးအထိဖြစ်စေနိုင်ပါတယ်။ အစာကြေလွယ်တဲ့ အစားအစာတွေကို ရွေးချယ်စားသုံးပါ။ အပူကြောင့် အစာပုပ်လွယ် တာကြောင့်လတ်ဆတ်မှုကို အလေးထားပါ။ 


သွေးတိုး၊ နှလုံး ဒါမှမဟုတ် ဆီးချိုရောဂါရှိသူတွေဟာ အပူချိန်ကြောင့်ရောဂါအခြေအနေ ပိုဆိုးမလာအောင် ဆေးပုံမှန်သောက်ဖို့နဲ့ သွေးပေါင်ချိန်ကို ပုံမှန်တိုင်းတာပေးဖို့ လိုပါတယ်။


ကလေးငယ်လေးတွေရဲ့ အရေပြားက နုနယ်သလိုခန္ဓာကိုယ်က အပူစွန့်ထုတ်နိုင်စွမ်းလည်း အားနည်းတာကြောင့် ပိတ်စအထူတွေကိုရှောင်ပါ။ ချည်သား (Cotton) ပွပွချောင်ချောင်နဲ့ လေဝင်လေထွက်ကောင်းတဲ့ အဝတ်အစားတွေကိုသာ ဝတ်ဆင်ပေးပါ။ 


အပြင်ထွက်ရမယ်ဆိုရင် ထီး၊ ဦးထုပ်၊ မျက်မှန် စတာ တွေကို အသုံးပြုတတ်တဲ့အလေ့ အကျင့် လုပ်ပေးပါ။ကလေးတွေမှာ မိတ်ထွက်တာနဲ့ အပူဖု ထွက်တာတွေ ဖြစ်တတ်တဲ့ အတွက် ရေပုံမှန်ချိုးပေးပြီး ကိုယ်ခန္ဓာကို ခြောက်သွေ့အောင် ထားပေးပါ။ 


နွေရာသီမှာ ကလေးတွေက ဝမ်းပျက်ဝမ်းလျှော ဖြစ်လွယ်ပါတယ်။ လမ်းဘေးစာတွေ၊ ယင်နားစာတွေကို ရှောင်ပြီး ရေကျက်အေးကိုသာ တိုက်ကျွေးပါ။


◾️အပူလျှပ်တာဖြစ်လာရင် ဘယ်လိုကုသနိုင်လဲ ဆရာ။


အပူလျှပ်ခြင်း (Heat Stroke) ဟာ အသက်အန္တရာယ်ရှိနိုင်တဲ့ အရေးပေါ်အခြေအနေ ဖြစ် တာကြောင့် လက္ခဏာတွေ့တာနဲ့ ချက်ချင်းထိရောက်တဲ့ရှေးဦးသူနာပြုစုမှု (First Aid) ပေးဖို့ လိုအပ်ပါတယ်။


လူနာကို နေရောင်ခြည်နဲ့ တိုက်ရိုက်မထိတွေ့ဘဲအရိပ်ရတဲ့နေရာ သို့မဟုတ် လေအေးပေး စက် (Aircon)ရှိတဲ့ အခန်းထဲသို့ အမြန်ဆုံး ရွှေ့ပြောင်းပေးပါ။ လူနာဝတ်ထားတဲ့ အဝတ် အစားတွေထဲက မလိုအပ်တဲ့ အပေါ်ထပ်အင်္ကျီ၊ ခါးပတ်၊ ဖိနပ် စတာတွေကို ချွတ်ပေးပြီး ပွပွချောင်ချောင် ဖြစ်စေဖို့ ပြုလုပ်ပေးပါ။


ရေအေးအေး သို့မဟုတ် ရေဖြင့် လူနာရဲ့တစ်ကိုယ်လုံးကို ရေပတ်တိုက်ပေးပါ။ ရေစိုဝတ်ကို ကိုယ်ပေါ်တွင် တင်ပေးထားပါ။ ပန်ကာ သို့မဟုတ်ယပ်တောင်ဖြင့် လူနာကို အဆက်မပြတ် ယပ်ခတ်ပေးပါ။


ရေငွေ့ပြန်ခြင်းက ခန္ဓာကိုယ် အပူချိန်ကို မြန်မြန်ကျစေပါတယ်။ ရေခဲထုပ် သို့မဟုတ် အေးခဲနေသောရေပုလင်းတွေကို သွေးကြောမကြီးများရှိရာ ချိုင်းကြား၊ပေါင်ခြံနဲ့ လည်ပင်း ဘေးတို့မှာ ကပ်ပေးပါ။ ဒီနေရာတွေက သွေးလည်ပတ်မှု ကောင်းတာကြောင့် အပူချိန်ကိုပိုမို မြန်ဆန်စွာ လျော့ကျစေနိုင်ပါတယ်။ 


သတိရှိမှသာရေ သို့မဟုတ် ဓာတ်ဆားရည်ကို တစ်ကျိုက်ချင်း တိုက်ပေးပါ။အပူလျှပ်တဲ့ လူနာဟာ အတွင်းကလီစာတွေ(ဥပမာ- ကျောက်ကပ်၊ ဦးနှောက်) ထိခိုက်နိုင်ခြေရှိတဲ့ အတွက် ရှေးဦးပြုစုမှုပေးနေစဉ်အတွင်းမှာပဲ ခန္ဓာကိုယ်အပူချိန် 104°F (40°C) ထက် ကျော်လွန်နေခြင်း၊စိတ်ဂယောင်ချောက်ချား ဖြစ်ခြင်း၊ သတိလစ်ခြင်းသို့မဟုတ် တက်ခြင်း၊ အလွန်အမင်း ပျို့အန်ခြင်း ဖြစ်နေရင် ဆေးရုံပို့ဖို့ ပြင်ဆင်ရပါမယ်။ 


အပူလျှပ်ခြင်းကြောင့်တက်တဲ့ အပူချိန်ဟာ ပုံမှန်ဖျားတာမျိုး မဟုတ်တဲ့ အတွက် Paracetamol သူ လို အဖျားကျဆေးတွေက ထိရောက်မှုမရှိသလို အသည်းနဲ့ ကျောက်ကပ်ကိုပါ ထိခိုက်နိုင်ပါတယ်။


◾️အပူလျှပ်ခြင်းမဖြစ်အောင် ဘယ်လို ကြိုတင်ကာကွယ်နိုင်လဲဆရာ။


ရေငတ်တဲ့အထိ မစောင့်ဘဲ တစ်နေ့တာလုံး ရေကိုမကြာခဏ သောက်ပေးပါ။ အပြင် ထွက်ရပါက ရေဘူးအမြဲဆောင်ထားပါ။ ချွေးထွက်များတဲ့အခါ ခန္ဓာကိုယ်က ဆုံးရှုံးသွားတဲ့ သတ္တုဓာတ်တွေကို ပြန်လည်ဖြည့် တင်းဖို့ဓာတ်ဆားရည် (Oral Rehydration Salt) သောက်ပေးသင့်ပါတယ်။ 


အပူဓာတ်များစေတဲ့ အပူအစပ်တွေ၊ဆီကြော်စာတွေနဲ့ အချိုလွန်ကဲတဲ့ အစားအစာတွေကို လျှော့စားပါ။ ရေဓာတ်ကြွယ်၀တဲ့ သစ်သီး၀လံတွေ(ဥပမာ - ဖရဲသီး၊ သခွားသီး၊ လိမ္မော်သီး) ကို ပိုမိုစားသုံးပေးပါ။


အရက်နဲ့ ကဖိန်းဓာတ် ရှောင်ပါ။ အရက်၊ ဘီယာနဲ့ကော်ဖီတွေဟာ ဆီးခဏခဏ သွားစေပြီး ခန္ဓာကိုယ်ထဲက ရေဓာတ်ကို ပိုမို ခန်းခြောက်စေနိုင်ပါတယ်။ ကျပ်နေသော အဝတ်အစား များထက် ပွပွချောင်ချောင်အဝတ်အစားများကို အဓိက ဝတ်ဆင် ပါ။ 


အပြင်ထွက်ရင်ထီး၊ အနားကျယ် ဦးထုပ် သို့မဟုတ် နေကာမျက်မှန်ကိုအမြဲ အသုံးပြုပါ။ နံနက် ၁၀ နာရီကနေ ညနေ ၄ နာရီအတွင်း အပူရှိန် အပြင်းဆုံးဖြစ်တာကြောင့် အဲဒီ အချိန် မှာ ပြင်းထန်တဲ့ ကိုယ်လက်လှုပ်ရှားမှုတွေနဲ့ အပြင်ထွက်ခြင်းကို တတ်နိုင်သမျှ ရှောင်ပါ။


ပိတ်ထားတဲ့ ကားအတွင်း အပူချိန်ဟာ မိနစ်ပိုင်းအတွင်း အလွန်မြင့်တက်နိုင်တဲ့ အတွက် လူနာ သို့မဟုတ်ကလေးငယ်တွေကို ကားထဲမှာ ခဏလေးဖြစ်စေတစ်ယောက်တည်း ထားမခဲ့ပါနဲ့။


ကိုယ်အလေးချိန်များလွန်းသူတွေ သို့မဟုတ်နာတာရှည်ရောဂါရှိသူတွေဟာ အပူဒဏ်ကို ပိုမိုခံစားရတတ်တာကြောင့် အေးမြသောနေရာတွင်သာ အနား ယူသင့်ပါတယ်။ 


◾️ဘယ်လိုဆိုးကျိုးအန္တရာယ်တွေရှိနိုင်လဲဆရာ။


အပူလျှပ်ခြင်း (Heat Stroke) ဖြစ်တဲ့အခါ ခန္ဓာကိုယ်အပူချိန်ကို အမြန်မလျှော့ချနိုင်ရင် ဦးနှောက်၊ နှလုံး၊ ကျောက်ကပ်နဲ့ ကြွက်သားတွေ ရောင်ရမ်းပျက်စီးနိုင်ပါတယ်။ ရေဓာတ်နဲ့ သွေးရည်ကြည် အလွန်အမင်း ခန်းခြောက်သွားတဲ့အတွက် သွေးဖိအား ရုတ်တရက်ကျ ဆင်းပြီး အသက်အန္တရာယ် စိုးရိမ်ရတဲ့အထိ ဖြစ်နိုင်ပါတယ်။ 


ရေဓာတ်ခန်းခြောက်မှုပြင်းထန်တဲ့အခါ ကျောက်ကပ်ကအညစ်အကြေးတွေကို မစစ် ထုတ်နိုင်တော့ဘဲ ရုတ်တရက် ကျောက်ကပ် ပျက်စီးခြင်း ဖြစ်တတ်ပါတယ်။


ချွေးထွက်များပြီး ရေဓာတ်နည်းတဲ့အတွက် ဆီးထဲမှာ သတ္တုဓာတ်တွေစုခဲကာ ကျောက် တည်နိုင်ခြေ ပိုများပါတယ်။ အပူချိန်တက်လာတဲ့အခါ ခန္ဓာကိုယ်ကို အေးအောင်လုပ်ဖို့ နှလုံးက သွေးတွေကို ပိုမိုညှစ်ထုတ်ရပါတယ်။


ဒါကြောင့် နှလုံးရောဂါ အခံရှိသူတွေမှာ နှလုံးရပ်ခြင်း (Heart Attack)၊သွေးပေါင် ရုတ် တရက်ကျကာ မူးလဲခြင်း (Heat Syncope) ဖြစ်တတ်ပါတယ်။အပူဒဏ်ကြောင့် စိတ် ကယောင်ချောက်ချားဖြစ်ခြင်း၊ သတိလစ်ခြင်းနဲ့အမြင်အာရုံ ဝေဝါးခြင်းတို့ ဖြစ်နိုင်ပါတယ်။ 


ပြင်းထန်တဲ့ အပူရှိန်ဟာ လူကိုစိတ်ဖိစီးမှု (Heat Stress ) ပိုများစေပြီး ဒေါသထွက်လွယ် ခြင်း၊ အိပ်မပျော်ခြင်းနဲ့နုံးခွေခြင်းတို့ကို ဖြစ်စေပါတယ်။ ခရမ်းလွန်ရောင်ခြည် (UV) ဒဏ်ကို အကာအကွယ်မပါဘဲ ရေရှည်ထိတွေ့ရပါက အရေပြား ဆိုးဆိုးရွားရွား ပျက်စီးပြီးကင်ဆာ အထိ ဖြစ်နိုင်ပါ တယ်။


ဆီးချိုလူနာတွေဟာ ရေဓာတ်ခန်းခြောက်မှုကို ပိုခံစားရသလို အပူချိန်ကြောင့် သွေးချို ပမာဏ အပြောင်းအလဲ မြန်တတ်ပါ တယ်။ နွေရာသီ ဖုန်မှုန့်နဲ့လေထုစိုထိုင်းဆ အပြောင်း အလဲကြောင့် ပန်းနာရင်ကျပ် (Asthma) နဲ့ အဆုတ်ရောဂါရှိသူတွေမှာ ဝေဒနာ ပိုတိုးလာ တတ်ပါတယ်။


◾️ဖြည့်စွက်ပြောချင်တာရှိရင် ပြောပေးပါဦး ဆရာ။


ပြင်းထန်တဲ့ အပူရှိန်ဟာ ရုပ်ပိုင်းဆိုင်ရာတင်မကဘဲ စိတ်ပိုင်းဆိုင်ရာကိုပါထိခိုက်စေ ပါတယ်။ နွေရာသီမှာ အပူချိန်ကြောင့် ဆေးဝါးတွေရဲ့ အာနိသင်ပျက်စီးနိုင်ခြေရှိပါတယ်။ အင်ဆူလင် (Insulin)၊ ပဋိဇီ၀ဆေးရည်တွေနဲ့ တချို့သော နှလုံးဆေး၊ သွေးတိုးဆေးတွေဟာ အပူချိန်မြင့်မားတဲ့နေရာမှာ ထားရင်အာနိသင် လျော့နည်းသွားနိုင်ပါ တယ်။


အပြင်ထွက် အလုပ်လုပ်ရသူများ (ဥပမာ- ဆောက်လုပ်ရေးလုပ်သားများ၊လယ်သမားများ၊ လမ်းပေါ်တွင် ဈေးရောင်းသူများ) အတွက်ကတော့ အပူရှိန်ပြင်းချိန်မှာ မိနစ် ၄၀ သို့မဟုတ် တစ်နာရီ အလုပ်လုပ်ပြီးတိုင်း အရိပ်ထဲမှာ ခဏအနားယူပေးဖို့ လိုပါတယ်။ 


အလုပ်လုပ်နေစဉ် တစ်ဦးကိုတစ်ဦး စောင့်ကြည့်ပေးပြီးမူးဝေတာ၊ မျက်နှာဖြူလျော့တာမျိုး ရှိရင် ချက်ချင်း အနားယူခိုင်းသင့်ပါတယ်။နေပူထဲက ပြန်လာပြီးချင်း ရေခဲရေ အလွန်အမင်း သောက်ခြင်းဟာ အာရုံကြောတွေကို ရုတ်တရက်ထိခိုက်စေနိုင်တဲ့အတွက် ရေ သို့မဟုတ် အနည်းငယ်အေးသော ရေကို သာ အရင် သောက်သင့်ပါတယ်။


အပူလျှပ်လို့ ကိုယ်ပူတာဟာ ပိုးဝင်လို့ ဖျားတာမဟုတ်တဲ့အတွက် Paracetamol သောက်ရုံ နဲ့ အပူမကျနိုင်ဘူးဆိုတာကို သတိထားသင့်ပါတယ်။အနှစ်ချုပ် ရရင်တော့ နွေအပူကို အန်တုဖို့ အဓိကသော့ ချက်က ‘သတိရှိဖို့’ ပါပဲ။ 


ရေဓာတ်မခန်းခြောက်အောင် နေထိုင်ပြီး ခန္ဓာကိုယ်ကပေးတဲ့ အချက်ပေးလက္ခဏာတွေကို လျစ်လျူမရှုပါနဲ့။အားလုံးပဲ အပူဒဏ်ကင်းဝေးပြီး လန်းဆန်းတက်ကြွတဲ့ နွေရက်လေးတွေ ကို ဖြတ်သန်းနိုင်ကြပါစေ။


အခုပြောပြခဲ့တဲ့ အချက်လေးတွေကို လိုက်နာရင်း ဘေးကင်းလုံခြုံတဲ့နွေရာသီလေးကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ရပါတယ်။


စံတော်ချိန်သတင်းအဖွဲ့-ဆက်သွယ်မေးမြန်းသည်