Friday, June 30, 2017
Korean Style ၀က်နံရိုးချဉ်စပ်ဟင်းရည် သို့မဟုတ် ကင်မ်ချီဟင်းရည် - ကြက်ဥလိပ်ကြော် -ဖရဲသီး Punch
ဝက်နံရိုးချဉ်စပ်ဟင်းရည်
ကြက်ဥလိပ်
ကင်မ်ချီဟင်းရည်
ဖရဲသီး Punch လေး
သတ္တိရှိတဲ့ မိန်းမများ
(၁)
ညစာအတူစားပြီး ချစ်သူကို အိမ်ပြန်ပို့ပေးနေတဲ့အချိန် ရုတ်တရက်ကြီး မိုးက အရမ်းရွာလာတယ်၊ မိုးတွေရွာလာတော့မှပဲ ပျက်နေတဲ့ဝိုင်ဘာကို ပြင်ဖို့ သတိရတော့တယ်။ လောလောဆယ်တော့ မောင်းမရတော့တဲ့အဆုံး လမ်းဘေးမှာပဲ ကားခဏရပ်ထားပြီး မိုးအတိတ်ကို စောင့်နေလိုက်ကြတယ်။ ချမ်းလည်းချမ်း ကြောက်လည်းကြောက်နေရှာတဲ့ ချစ်သူကောင်မလေးကို သူ့အပေါ်အကျီင်္လေးချွတ်ပြီး ခြုံပေးလိုက်တော့ ကောင်မလေးက သူ့ရင်ခွင်ထဲ မှီကျလာတယ်။ ဒီလမ်းလေးထဲကို ၁၀မိနစ်လောက်မှတစ်ခါ ၀င်လာကြတဲ့ ကားတွေရဲ့ မီးရောင်အောက်မှာ သူ့ချစ်သူရဲ့ မျက်နှာလေးက မြင်ဖူးသမျှအလှဆုံး ဖြစ်နေတယ်။ တစ်ယောက်ကိုတစ်ယောက် ကြင်နာစွာ စိုက်ကြည့်နေကြရင်း မိုးရေတွေက သူတို့နှစ်ယောက်ရဲ့ ထိန်းချူပ်မှုတွေကို တဖြည်းဖြည်းချင်း တိုက်စားသွားခဲ့တော့တယ်။
အဲဒီနေ့ကစလို့ ကောင်လေးက ခြေလှမ်းတွေပျက်လာတယ်၊ ကောင်မလေးအပေါ်မှာထားတဲ့ သူ့စိတ်တွေ ပြောင်းလဲလာတယ်၊ အရင်လို ဂရုတစိုက် မရှိတော့ဘူး၊ ဟိုကောင်မလေး ဒီကောင်မလေးတွေနဲ့ သတင်းတွေထွက်လာတယ်။ ကောင်မလေးခမျာမှာတော့ ဒါတွေကို သိသိကြီးနဲ့ မျက်စိမှိတ်ထားပေးရင်း ကောင်လေးဘက်က လက်ထပ်ခွင့်တောင်းလာမဲ့နေ့ကို မျှော်တလင့်လင့်နဲ့ စောင့်နေရရှာတယ်။
(၂)
သူက ရှုပ်တတ်ပွေတတ်တဲ့သူမှန်း အစကတည်းက သိထားနှင့်တယ်။ ကိုယ်နဲ့ချစ်သူဖြစ်နေတဲ့ ကာလတစ်လျှောက်မှာလည်း ငြိမ်မနေခဲ့ဘူးဆိုတာကို သိထားတယ်။ ဒါနဲ့တောင် “တစ်ခါ ခြံခုန်ဖူးတဲ့ နွားဟာ နောက်တစ်ခါလည်း ကျိန်းသေ ခြံခုန်ဦးမှာပဲလို့ ယတိပြတ်ပြောမရဘူး”ဆိုတဲ့ ဆင်ခြေကို ကိုယ့်ကိုကိုယ်ပေးရင်း သူနဲ့တစ်ဘ၀လုံး လက်တွဲဖို့ ဆုံးဖြတ်ခဲ့မိတယ်။ အိမ်ထောင်သည်ဘ၀အစပိုင်းတော့ ပျော်စရာကောင်းခဲ့ပေမဲ့ ကိုယ်ဝန်ရှိလာတဲ့အချိန်ကစလို့ သူ့ရဲ့အရင်ပုံစံဟောင်းက ပြန်ပေါ်လာခဲ့တယ်။ ပြဿနာတွေ ဖြစ်တယ်၊ လမ်းခွဲဖို့ စဉ်းစားတယ်၊ ဒါပေမဲ့ မွေးမလာသေးတဲ့ ကလေးမျက်နှာက ရှိလာတယ်၊ မိသားစုကလည်း ငယ်ငယ်ရွယ်ရွယ်နဲ့ တစ်ခုလပ်ဘ၀ မရောက်စေချင်ကြဘူး၊ ပတ်ဝန်းကျင်က ကဲ့ရဲ့ကြလိမ့်မယ်၊ အထင်သေးကြလိမ့်မယ် တဲ့။ အဲဒါနဲ့ပဲ အဲဒီအမျိုးသမီးလေးဟာ ကိုယ့်ကိုမချစ်တော့တဲ့သူ၊ ကိုယ့်အပေါ် သစ္စာမရှိတဲ့သူနဲ့ ဆက်ပြီးပေါင်းသင်းရဖို့ ဖြစ်လာတော့တယ်။
(၃)
ချစ်ရတဲ့သူလည်း ရှိတယ်၊ တစ်ဘ၀လုံး လက်တွဲသွားဖို့လည်း ရည်ရွယ်ထားတယ်၊ ကိုယ့်ရဲအပျိုစင်ဘ၀ကိုလည်း သူ့ကိုပဲ နှင်းအပ်ဖို့ တောက်လျှောက်ထိန်းသိမ်းလာခဲ့တယ်။  ဒါပေမဲ့ ထင်မှတ်မထားတဲ့ ကြမ္မာဆိုးက မဖိတ်ခေါ်ဘဲနဲ့ ရောက်လာတယ်။ တစ်ည အဖေ လယ်ထဲက တော်တော်နဲ့ပြန်ရောက်မလာလို့ လိုက်သွားရင်းနဲ့ လူတစ်ယောက်ရဲ့ အနိုင်ကျင့်မှုကို ခံလိုက်ရတယ်။ ဘယ်သူ့ကိုမှ ဒီအကြောင်း ပြန်မပြောရဲဘူး။ ရှက်တာရော၊ သူ့ချစ်သူ သူ့ကိုအထင်သေးပြီး ပစ်သွားမှာ၊ အားလုံးက ၀ိုင်းကဲ့ရဲ့မှာကို ကြောက်တာကြောင့်ရောပေါ့။ အဲဒီလိုနဲ့ နောက်(၂)လလောက်ကြာတဲ့အခါ သူ့ဝမ်းထဲကို သူဘယ်လိုမှ မျှော်လင့်မထားတဲ့ ဧည့်သည်လေးတစ်ယောက် ရောက်လာခဲ့တော့တယ်။
(၄)
မြန်မာ့လူမှုအသိုင်းအ၀ိုင်းမှာ လက်မထပ်ခင်အတူနေခြင်း (Premarital sex) အကြောင်းပြောရင် တော်တော်လေး သတိထားရပါတယ်။ ကြိုက်တာ မကြိုက်တာ ဖြစ်သင့်တာ မဖြစ်သင့်တာ ခဏထား၊ လက်မခံလို့တော့ မရတော့တာ အမှန်ပါပဲ။ လုပ်သင့်လုပ်ထိုက်တဲ့အရာတစ်ခုလို့ မြှောက်ပေးနေတာ မဟုတ်ပါဘူး။ ဒါဟာ အပြစ်တစ်ခုလို့ ဆိုဦးတော့၊ မိန်းကလေးတစ်ယောက်တည်းရဲ့အပြစ် မဟုတ်တာတော့ သေချာပါတယ်။ ဒါပေမဲ့ အားလုံးက မိန်းကလေးဘက်ကိုပဲ အညှာလွယ်တဲ့သူလို့ တစ်ဖက်သတ် ပြစ်တင်ကဲ့ရဲ့တတ်ကြတော့ ဒီကိစ္စဟာ ယောကျာ်းလေးတွေအတွက် အသာရသွားစေတဲ့ အကြောင်းရင်းတစ်ခု ဖြစ်လာတယ်။ တကယ်တော့ အပျိုစစ်စစ် မဟုတ်တော့တဲ့ မိန်းကလေးတိုင်းဟာ အကျင့်စာရိတ္တပျက်ပြားနေကြတာ မဟုတ်ပါဘူး။ အထင်သေးစရာလည်း မလိုသလို ကဲ့ရဲ့စရာလည်း မရှိပါဘူး။ မိန်းကလေးတစ်ယောက်ရဲ့ တန်ဖိုးကို သူ အပျိုစစ်မစစ် ဆိုတာထက် သူရဲ့ စိတ်ထား၊ အရည်အချင်းနဲ့ သူ့ပတ်ဝန်းကျင်အပေါ် သူဘယ်လောက်ထိ အကျိုးပြုနေသလဲဆိုတာကသာ ပိုပြီးအဆုံးအဖြတ်ပေးသွားမှာပါ။
အိမ်ထောင်တစ်ခုဟာ ထူထောင်ပြီးရင် မပြိုကွဲသင့်တာတော့ အမှန်ပါ။ ဒီလိုပြဿနာတွေဟာ ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာအပေါ်မှာလည်း အနည်းနဲ့အများတော့ သက်ရောက်မှုရှိပါတယ်။ ဒါကြောင့် အိမ်ထောင်ရေးကို အချစ်တစ်ခုတည်းနဲ့တော့ လွယ်လွယ်မဆုံးဖြတ်ကြစေချင်ဘူး။ ဒါပေမဲ့လည်း မဖြစ်မနေ လမ်းခွဲဖို့လိုလာပြီ၊ လမ်းခွဲခြင်းကသာ အားလုံးအတွက် အကောင်းဆုံးဖြစ်လာမှာဆိုရင်တော့ ပြတ်ပြတ်သားသား ဆုံးဖြတ်ရမှာပါပဲ။ အဲဒီလို အိမ်ထောင်ပျက်သွားတဲ့ အမျိုးသမီးတစ်ယောက်ဟာ အထင်သေးစရာ တစ်စက်မှမရှိပါဘူး။ အဆင်မပြေနိုင်တော့တဲ့ ဆက်ဆံရေးတစ်ခုကို အဆုံးသတ်လိုက်ရုံလေးပါ။ ဒါပေမဲ့ အားလုံးက ဘယ်လိုသတ်မှတ်ကြသလဲဆိုတော့ ဒီမိန်းမကတော့ အားကိုးမရှိတော့ဘူး၊ မတင့်တယ်တော့ဘူး။ သီချင်းတောင် ရှိပါသေးတယ်၊ လင်မရှိတဲ့ မိန်းမ မျက်နှာငယ်၊ ပွဲလမ်းသဘင် ၀င်ရန်မ၀ံ့မရဲ တဲ့။
အဓမ္မပြုကျင့်ခံလိုက်ရတဲ့ မိန်းကလေးတစ်ယောက်မှာ ဘာများအပြစ်ရှိပါသလဲ။ ယောကျာ်းတစ်ယောက်ရဲ့ ခွန်အားသုံးအနိုင်ကျင့်ခြင်းကို ခံလိုက်ရရုံသက်သက်ပါ။ ဒါပေမဲ့ ကျွန်တော်တို့တွေက အပြစ်တင်တတ်ကြပါတယ်၊ သူက ဒီနေရာကို အဖော်မပါဘဲ သွားတာကို၊  ဒီလိုဝတ်စားသွားတာကို စသဖြင့်ပေါ့။  အဲဒီလိုအနိုင်ပြုကျင့်ခံထားရတဲ့ မိန်းကလေးမျိုးကို ဘယ်မိဘကမှလည်း သူတို့သားနဲ့ မပေးစားချင်သလို၊ ယောကျာ်းတွေကလည်း ဒီလိုမိန်းကလေးမျိုးဆို လက်ထပ်ဖို့ နောက်တွန့်သွားတတ်ကြတယ်။ အဆိုးဆုံးကတော့ ဒီမိန်းကလေးကို ယောကျာ်းတွေက အထင်တသေးနဲ့ နောက်ကြ ပြောင်ကြ ရိသဲ့သဲ့ပြောကြ လုပ်ကုန်ကြတာပါပဲ။ အဲဒီအခါ မိန်းကလေးတွေဟာ သူတို့ကိစ္စကို ဘယ်သူ့ကိုမှ ဖွင့်ဟမပြောရဲကြတော့ဘူး၊ ဒီတော့ လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ မခံယူနိုင်ကြတော့ဘူး၊ နောက်ဆုံးတော့ မလိုချင်ဘဲနဲ့ ကိုယ်ဝန်ရကြတယ်၊ ဖျက်ချရင်းနဲ့ ပိုးတွေဝင်ပြီး မသေသင့်ဘဲ သေဆုံးကြရတယ်။
(၅)
ဒါတွေဟာ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့တွေဟာ အဖြစ်အပျက်တစ်ခုကို ချဉ်းကပ်တဲ့နေရာမှာ အပြစ်ရှိခြင်း မရှိခြင်းဆိုတာထက် “မိန်းကလေးဖြစ်ခြင်း”ဆိုတဲ့အချက်ပေါ် အဓိက မူတည်ပြီး အဆုံးအဖြတ်ပေးနေလို့ပါပဲ။ အဲဒါကိုပဲ ကျားမခွဲခြားဆက်ဆံခြင်း (Gender Discrimination) လို့ခေါ်ကြတာပါ။ ကျွန်တော်တို့အားလုံး အဲဒီအမြင်တွေကို ပြောင်းလဲပစ်ကြဖို့ လိုပါတယ်။
လက်မထပ်ခင် အတူနေမိလို့ ဒီမိန်းကလေးဟာ အထင်သေးစရာ တဲ့လား။ အပျိုမစစ်တော့တဲ့ မိန်းကလေးဟာ ကဲ့ရဲ့စရာဆိုရင် လူပျိုမစစ်တော့တဲ့ ယောကျာ်းလေးဟာလည်း အထင်သေးစရာပါပဲ။ တကယ်ဆို ကိုယ်လိုချင်တာလည်း ရပြီးရော၊ နောက်တစ်ယောက်ပြောင်းချင်တဲ့သူ၊ သစ္စာမဲ့တဲ့သူကမှ ပြစ်တင်ကဲ့ရဲ့စရာ ကောင်းတာပါ။
အိမ်ထောင်ပျက်သွားတဲ့ မိန်းမတစ်ယောက်ဟာ အားငယ်နေသတဲ့၊ မျက်နှာငယ်သတဲ့လား။ ယောကျာ်းလည်း လူ၊ မိန်းမလည်း လူပါပဲ။ ယောကျာ်းတစ်ယောက်ဟာ မိမိဘာသာမိမိ ရပ်တည်နိုင်စွမ်းရှိတယ်ဆိုရင် မိန်းမတစ်ယောက်ဟာလည်း ဘယ်သူ့ပေါ်မှာမှ မှီခိုစရာမလိုဘဲ သူ့ဘ၀သူ ရပ်တည်နိုင်တယ်၊ သူ့သားသမီးတွေကိုသူ အကောင်းဆုံးဖြစ်အောင် ပျိုးထောင်နိုင်တယ်ဆိုတာ ယုံကြည်ပေးပါ။ လင်မရှိတဲ့ မိန်းမ မျက်နှာမငယ်ရပါဘူး၊ ကိုယ့်ဘာသာကိုယ် ရပ်တည်နိုင်စွမ်းမရှိတဲ့ မိန်းမကမှ မျက်နှာငယ်ရတာပါ။
အနိုင်ကျင့်ခံလိုက်ရလို့ အပျိုမဟုတ်တော့တဲ့ မိန်းကလေးက အထင်သေးစရာ၊ နှိမ့်ချဆက်ဆံစရာတဲ့လား၊ လူရာမ၀င်တော့ဘူး တဲ့လား။ တကယ်တော့ ခွန်အားသုံး အနိုင်ကျင့်ခဲ့တဲ့လူ၊ ကိုယ်လုပ်ပြီး တာဝန်မယူရဲတဲ့လူ၊ အောက်တန်းကျတဲ့ အလုပ်တစ်ခုကို လုပ်ခဲ့တဲ့လူကမှ လူရာမသွင်းသင့်တဲ့သူပါ။
(၆)
မိန်းကလေးတွေကိုလည်း ပြောပါရစေ။
ကိုယ်ငယ်ငယ်ကတည်းက ပုံသွင်းခံခဲ့ရသလို မိန်းကလေးဆိုတာ အားနွဲ့တယ်၊ သတ္တိမရှိဘူး၊ ဦးမဆောင်နိုင်ဘူး၊ ဘုန်းကံမရှိဘူး စတဲ့ ပုံစံခွက်တွေထဲကနေ ရုန်းထွက်ကြဖို့ လိုပါတယ်။ ဘတ်စ်ကားပေါ်မှာ အားနွဲ့တဲ့မိန်းမသားဆိုပြီး ထိုင်ခုံနေရာပေးတာ မလိုချင်ပါနဲ့။ ဘတ်စ်ကားပေါ်မှာ “ညှာတာစရာ” ဖြစ်နေခဲ့တဲ့ ကိုယ်တွေဟာ အမှောင်ထဲရောက်တဲ့အခါ၊ လူသူကင်းဝေးတဲ့နေရာ ရောက်တဲ့အခါဆိုရင်တော့ “အနိုင်ကျင့်စရာ”အဖြစ် ပြောင်းလဲရှုမြင်ခံကြရမယ်ဆိုတာကို သဘောပေါက်ထားပေးပါ။
လင်ယောကျာ်းရဲ့ စွန့်ပစ်မှုကို ခံခဲ့ရပြီး မုဆိုးမတစ်ပိုင်းလို့တောင် ပြောလို့ရတဲ့ မိန်းမတစ်ယောက်က အပင်ပန်းဆင်းရဲမျိုးစုံကို အံတုရင်း ပြုစုပျိုးထောင်ပေးလိုက်တာ မိုးလေ၀သပညာရှင် ဦးထွန်းလွင် ရယ်လို့ ဖြစ်လာပါတယ်။
ကမ္ဘာပေါ်မှာ သြဇာအကြီးဆုံးအမျိုးသမီးတွေထဲက တစ်ယောက်ဖြစ်တဲ့ အော်ပရာဝင်းဖရေးဟာ ငယ်စဉ်က အဓမ္မပြုကျင့်မှုကို (၂)ကြိမ်တိုင်တိုင် ခံစားခဲ့ရဖူးပါတယ်။
အဲဒီလိုအခြေအနေတွေကနေ ဒီအမျိုးသမီးတွေ ဘယ်လိုများ ရုန်းကန်လာခဲ့ကြသလဲ။
တစ်ခွန်းတည်းဖြေရရင်တော့ အဲဒါဟာ လောကကို အံတုရဲတဲ့ “သတ္တိ”ကြောင့်ပဲ ဖြစ်ပါတယ်။
(၇)
လောကမှာ ဖြစ်ခဲ့ပြီးသမျှ အပြောင်းအလဲတွေအားလုံးဟာ သတ္တိရှိတဲ့သူတွေကနေ အစပြုခဲ့တာချည်းပဲ ဖြစ်ပါတယ်။
တိုက်ရဲခိုက်ရဲ ထောင်ကျခံရဲမှ သတ္တိမဟုတ်ပါဘူး။ အားလုံးရဲ့ အထင်သေးတဲ့ မျက်လုံးတွေအောက်မှာ ကိုယ့်ဘ၀ခရီးလမ်းကို ကိုယ်ယုံကြည်တဲ့အတိုင်း ရဲရဲဝံ့ဝံ့ လျှောက်လှမ်းရဲတာဟာလည်း သတ္တိပဲဖြစ်ပါတယ်။
အမျိုးသမီးတွေအပေါ် နှိမ့်ချဆက်ဆံမှုတွေ ပပျောက်သွားဖို့ သတ္တိရှိတဲ့အမျိုးသမီးတွေ ခပ်များများ လိုအပ်ပါတယ်။
Credit: ဒေါက်တာ ဖြိုးသီဟရဲ့ Page
Thursday, June 29, 2017
*** ပုရစ် အကြောင်းသိကောင်းစရာ ***
ကမ္ဘာ့စားနပ်ရိက္ခာသုတေသီအဖွဲ့ က environmentally sustainable (ခေါ်) သဘာဝပတ်ဝန်းကျင် စားနပ်ရိက္ခာမပြတ်လပ်ရေး အခြေအနေ ကို စောင့်ကြည့်လေ့လာခဲ့ရာမှာ -
• ကမ္ဘာပေါ်ရှိရှိသမျှ တိရိစ္ဆာန်ထွက်ပစ္စည်းများထဲတွင် အမဲသားက ပရိုတင်းဓာတ်ပါဝင်မှုများကြောင်း၊ ၄င်းအမဲသား ၁ ကီလို အလေး ချိန်ရရှိဖို့ အတွက်၊ နွားများကို သောက်ရေ ၁၅၄၀၀ လီတာ တိုက်ကျွေးရကြောင်း၊ အဲဒီလို နွားများအတွက်ကုန်ကျတဲ့ ရေလီတာ ပမာဏ နှင့် အခြားကုန်ကျစရိတ်များဟာ ကောက်ပဲသီးနှံ စိုက်ခင်းပေါင်းများစွာအတွက် ရေလိုအပ်ချက်ကို ဖြည့်တင်းပေးနိုင် ကြောင်း။
• အဲဒီလို အမဲသားအလားတူ ပရိုတိန်းဓာတ်ကိုလည်း အင်းဆက်ပိုးမွှားများထံမှ ရရှိနိုင်ကြောင်း၊ အားသာချက်မှာ အင်းဆက်ပိုးမွှားများ ရှင်သန်မွေးမြူဖို့ အတွက်ကိုတော့ နွားများကဲ့သို့ ကုန်ကျစရိတ်မများဘဲ ရေ၊ အစားအစာ၊ အထွေထွေကုန်ကျစရိတ်၊ အချိန်၊ လူအင် အား(လူသားအရင်းအမြစ်)စတဲ့ စရိတ်စတွေကို လျော့ချနိုင်ကြောင်း။
• ဒါ့ပြင် အင်းဆက်ပိုးမွှားများထံမှရရှိသော ပရိုတင်းအာဟာရက၊ အခြားသောသတ္တ၀ါတို့ ထက်ပို၍ အာဟာရတန်ဘိုးမြင့်မားကြောင်း။
• သက္ကရာဇ် ၂၀၅၀  ခုနှစ်ရောက်တဲ့အခါ ကမ္ဘာ့လူဦးရေ သန်းကိုးထောင်အထိ တိုးပွားလာမည်ဟု ခန့် မှန်းကြောင်း၊ အဲဒီလို လူဦးရေ တိုးပွားလာတဲ့အခါ  စားနပ်ရိက္ခာ ရှားပါးလာနိုင်ပြီး Demand နှင့် Supply မညီမျှတော့ဘဲ၊ ပရိုတင်း နှင့် သံဓာတ် အာဟာရတွေ ချို့  တဲ့၍ သွေးအားနည်းရောဂါတွေဖြစ်လာနိုင်ကြောင်း၊ အဲဒီလိုမဖြစ်ရလေအောင် ပရိုတင်း နှင့် သံဓာတ်ကြွယ်ဝတဲ့ ပုရစ်တွေကို စားသုံး သင့်ကြောင်း စသဖြင့် လေ့လာတွေ့ ရှိခဲ့ပါတယ်။
ဒါကြောင့် ကမ္ဘာ့စားနပ်ရိက္ခာသုတေသီအဖွဲ့ က ဤကမ္ဘာကြီးအား တစ်ဖက်တစ်လမ်းမှနေ၍ ရေမြေသဘာဝ သယံဇာတအရင်းအမြစ်ကို ထိန်း သိမ်းစောင့်ရှောက်ပေးရန် နှင့် လူသားတို့ စားနပ်ရိက္ခာဖူလုံစေရန်အလို့ ဌာ၊ လူကို ဘေးမဖြစ်စေသော ပုရစ် အပါအ၀င် အင်းဆက်ပိုးများကို ရွေးချယ်၍ အစာအာဟာရအဖြစ် စားသုံးပေးသင့်ကြောင်း အကြံပြုထားပါတယ်။
ကမ္ဘာ့လူဦးရေ တနေ့ တခြားတိုးပွားလာတာနဲ့ အမျှ စားနပ်ရိက္ခာလိုအပ်ချက်အရ၊ ယနေ့ ကမ္ဘာပေါ်ရှိ လူဦးရေ သန်း နှစ်ထောင်ခန့် ဟာ ပုရစ် အပါအ၀င် အင်းဆက်ပိုးမွှားတွေကို နေ့ စဉ် စားသုံးလျက်ရှိနေကြပါတယ်။ အထူးသဖြင့် အာဖရိကတိုက်၊ အာရှတိုက် နှင့် လက်တင်အမေရိက တိုက်တွေမှာ အင်းဆက်ပိုးမွှားစားသုံးမှု မြင့်မားလျက်ရှိနေကြောင်းတို့ ကို entomophagy@the study of insects (ခေါ်) အင်းဆက်ပိုးမွှား ဆိုင်ရာဗေဒ သုတေသနတစ်ရပ်အရ လေ့လာသိရှိရပါတယ်။ ကမ္ဘာပေါ်မှာ သဘာဝအလျောက် ရှင်သန်ပေါက်ပွားနေကြတဲ့ အင်းဆက်ပိုး အမျိုးအစား မြောက်မြားစွာရှိကြရာ၊ စား၍ရသော အင်းဆက်ပိုးရှိသလို၊ စား၍မရဘဲ လူကို အဆိပ်အတောက်ဖြစ်စေတတ်သော အင်းဆက်ပိုး တွေလည်း ရှိကြပါတယ်။ ၄င်းတို့ အနက် အရသာဆိမ့်သော ပုရစ်(ခေါ်)Crickets Insect က စား၍ရပြီး အာရှတိုက်တွင်သာမက၊ အနောက် နိုင်ငံ တော်တော်များများမှာလည်း ပုရစ်တွေကို တွေ့ မြင်နိုင်ပါတယ်။
မြန်မာပြည်၏ မိုးဦးကျရာသီအပါအ၀င်၊ ရာသီဥတု အပြောင်းအလဲမှာ ပုရစ်တွေဖောဖောသီသီ ပေါ်လာတတ်ပြီး၊ အထူးသဖြင့် မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်းတို့ မှ ပုရစ်ထွက်ရှိ မှုများပါတယ်။ ရေမြေတောတောင်သဘာဝအရ ကသာခရိုင်၊ စစ်ကိုင်းတိုင်းမှ ပုရစ်တွေက အဆီအနှစ်ပို များ၍ အရသာပိုကောင်းလှပါတယ်။ ပုရစ် အထီး နှင့် အမ ကို ခွဲခြားသိမြင်နိုင်ရန် ပုရစ်ဖင်ကို ကြည့်ရှုစစ်ဆေးနိုင်ပါတယ်။ ပုရစ်အထီး၏ ဖင် က အတန်ငယ်လုံးဝန်း၍၊ ပုရစ်အမ၏ ဖင်မှာ ဆူးချောင်းတစ်ချောင်း ပါရှိပါတယ်။ ပုရစ်အထီးက အကောင်အရွယ်အစားပိုကြီး၍ အရသာချိုပါ တယ်။ ဥပါသော ပုရစ်အမက အရသာဆိမ့်ပါတယ်။ အထီးက အတောင်ပံ ကျောရိုးမှာ လိုင်းတွန့်လေးပါပြီး ကြမ်းတမ်းပါတယ်။ အမကတော့ အတောင်ပံကျောရိုးမှာ လိုင်းတွန့်မပါပဲ ချောမွတ်နေပါတယ်။
ပုရစ် နှင့် ကျန်းမာရေး။
• ၁၀၀ ဂရမ် ပမာဏရှိတဲ့ ပုရစ် တစ်ပန်းကန်ထဲမှာ ကယ်လိုရီ ၁၂၁၊ ပရိုတိန်း ၁၂.၉ ဂရမ်၊ အဆီ ၅.၅ ဂရမ်၊ ကာဗိုဟိုက်ဒြိတ် (ခေါ်) က စီဓာတ် ၅.၁ ဂရမ်၊ ကယ်လ်စီယမ် ၇၅.၈ မီလီဂရမ်၊ ဖော့စဖရက် ၁၈၅.၃ မီလီဂမ်၊ သံဓာတ် ၉.၅ မီလီဂရမ်၊ သီအာမင် ၀.၃၆ မီလီ ဂရမ်၊ ရီဗို ဖလာဗင် ၁.၀၉ မီလီရဂရမ်၊ နီအာစင်း ၃.၁၀ မီလီဂရမ် တို့  အသီးသီးပါရှိနေကြပါတယ်။
• ပုရစ်ထဲမှာ ဗီတာမင် နဲ့ သတ္တုဓာတ်များအပြင် အိုမီဂါ ၃ နှင့် အိုမီဂါ ၆ ဖက်တီးအက်ဆစ်တွေ ပါရှိနေပါတယ်။ ဒါ့ပြင် ကယ်လ်စီယမ် နှင့် ဗီတာမင်ဘီ ၁၂ တို့ လည်း မြင့်မားစွာပါရှိနေပါတယ်။
• အလေးချိန် ပမာဏတူတဲ့ အမဲသား နှင့် ပုရစ် ကို နှိုင်းယှဉ်ကြည့်တဲ့အခါ၊ ပုရစ်ထဲမှာ ပါရှိတဲ့ သံဓာတ်ပမာဏဟာ အမဲသားထက် ပိုမို နေပါတယ်။
• အမေရိကန်ပြည်ထောင်စုမှာ ပုရစ်ကို တာရှည်ခံစားသုံးနိုင်ရန်အတွက် ဂျုံမှုန့် အသွင် ပုရစ်မှုန့် ပြုလုပ်၍ ရောင်းချလျက်ရှိကြပါတယ်။ လူတစ်ယောက်အတွက် လိုအပ်နေသော အသားအာဟာရ ပရိုတင်းဓာတ်အတွက် ၄င်းပုရစ်မှုန့်  လက်ဖက်ရည်ဇွန်း ၂ ဇွန်း ၃ ဇွန်း ခန့် ကို ဟင်းလျာများ (သို့ ) အကင် (သို့ ) အသုပ် တွေပေါ်မှာ ဖြူး၍ စားသုံးလေ့ရှိပါတယ်။ ဟင်းလျာ အရသာပိုကောင်း၍ အကြိုက် တွေ့ နေကြပါတယ်။
• နယ်သာလန်နိုင်ငံရှိ Wageningen တက္ကသိုလ်မှ သုတေသီတစ်ဦးဖြစ်သူ ပါမောက္ခ Arnold van Huis က တစ်အောင်စ ပမာဏရှိတဲ့ ပုရစ်ဟာ အမဲသားထက် ပရိုတင်းအာဟာရ နှစ်ဆပိုပေးနိုင်ပြီး၊ မဂ္ဂနီစီယမ်ပါဝင်မှုမှာလည်း အမဲသားထက် ၅ဆမျှပိုများကြောင်း၊ ဒါ့ပြင် ပုရစ်ထဲမှာ အမိုင်နိုအက်ဆစ် ကိုးမျိုးပါရှိကြောင်း အကြံပြုထားပါတယ်။
• ပုရစ်အပါအ၀င် အင်းဆက်ပိုးထဲမှာပါရှိတဲ့ မဂ္ဂနီစီယမ်ဓာတ်က နှလုံးရောဂါဖြစ်နိုင်ခြေအလားအလာကို ၂၂ ရာခိုင်နှုန်းမျှ လျော့ချပေး နိုင်တဲ့အပြင်၊ ဆီးချိုရောဂါ အမှတ်-၂ ကိုလည်း လျော့ချပေးနိုင်တယ်လို့  Harvard တက္ကသိုလ်မှ ၂၀၁၆ ခုနှစ် လေ့လာမှုမှတ်တမ်း များအရ သိရပါတယ်။
• ဂျပန်နိုင်ငံရှိ သုတေသီများ၏ လတ်တလော လေ့လာတွေ့ ရှိချက်အရ၊ ပုရစ်ထဲမှ ရရှိနိုင်တဲ့ သံဓာတ်ဟာ အမဲသားထက် သုံးဆမျှ ပို တယ်လို့  ဆိုပါတယ်။
• ဘယ်လ်ဂျီယမ်နိုင်ငံမှ သုတေသီများကတော့ ပုရစ်စားသုံးမှုနဲ့ ပတ်သက်၍ အသက် ၂၆ နှစ်မှ ၄၅ နှစ်ကြား၊ လူပေါင်း ၁၈၉ ဦးကို လေ့လာခဲ့ရာ၊ ပုရစ်စားသုံးပြီးနောက် ကယ်လိုရီ နဲ့ ပရိုတင်းခွန်အားတွေ ပြည့်လာတာကြောင့် အစာစားချင်စိတ်ကို တင်းတိမ်ရောင့်ရဲ သွားပြီး စိတ်ကျေနပ်မှုရလာကြောင်း နှင့် အမျိုးသားများ လိင်စိတ်ကို အားပေးကြောင်း အဖြေထွက်ရှိခဲ့ပါတယ်။ ဒါ့ပြင် ပုရစ်စားသုံး ခြင်းက စိတ်ဖိစီးမှုတွေကို ပြေလျော့ပေးနိုင်တယ်ဟု သိရပါတယ်။
ပုရစ်၏ ဘေးထွက်ဆိုးကျိုး။
• ပုရစ်ထွက်ရှိမှုပေါများတဲ့ နယ်မြို့ တွေမှာ ပုရစ်တွေကို အစိမ်းလိုက်ရောင်းချလေ့ရှိပါတယ်။ ဈေးမှဝယ်ယူလာသော ၄င်းပုရစ်စိမ်းများ ကို အိမ်ရောက်တဲ့အခါ အတောင်ပံဖြုတ်၊ ခြေထိပ်လက်ထိပ် အဆူးများဖြုတ်၊ ပုရစ်ဖင်မှ ချီးထုတ်ကိုဖယ်၍ သန့် စင်သွားပါက၊ ၄င်း ပုရစ်ဖင်ထဲသို့  ကြက်သွန်ဖြူ၊ ဂျင်းတို့ ကို ထောင်း၍ထည့်ကာ ဆီပူပူဖြင့် ကြော်စားကြပါတယ်။ အဲဒီလို မိမိဖာသာ အိမ်မှာ စားသုံး ခြင်းက ဘေးအန္တရာယ်ကင်းဝေးပြီး အထက်မှာဖော်ပြထားတဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေ ရရှိနိုင်မှာဖြစ်ပါတယ်။
• ယနေ့  ရန်ကုန်မြို့ အပါအ၀င် အခြားသော မြို့ တွေမှာလည်း ပုရစ်ကြော်တွေကို ရောင်းပန်းလှအောင် အတောင်ပံမဖြုတ်၊ ခြေထိပ် လက်ထိပ်မှ ဆူးတွေမဖြုတ်၊ ချီးထုတ်လည်းမဖယ်ဘဲ အကောင်လိုက် ဆီပူထိုးကြော်၍ ရောင်းချနေကြပါတယ်။ ဒါ့ပြင် ရောင်းမကုန် တဲ့ ပုရစ်ကြော်တွေကို နောက်နေ့ တစ်ဖန် ဆီဖြင့်ပြန်လည်၍ ကြော်ထားထာကြောင့် အာဟာရတန်ဖိုးပျောက်ဆုံးကာ စားလို့ လည်း အရသာ မရှိတော့ပါဘူး။
• တချို့ ဒေသတွေမှာ ပုရစ်အရှင်တွေကို ရိုးရိုးဖမ်းခြင်းမဟုတ်ဘဲ ဆေးနဲ့ ထောင်ဖမ်းကြတဲ့အတွက်၊ စားသုံးသူတွေကို ဘေးဖြစ်စေ ပါတယ်။
• အဲဒီလို သန့် စင်မှုမရှိတဲ့ ပုရစ်ကြော်တွေကို စားသုံးခြင်းဖြင့် အီကိုလိုင်းပိုး ကူးစက်နိုင်ပါတယ်။ ၄င်းပိုး ကူးစက်ခံရတဲ့အခါ ၀မ်းအရည် သွားခြင်း၊ ဆီးလမ်းကြောင်းပိုးဝင်ခြင်း၊ ဝမ်းလျှောခြင်း၊ သွေးတွင်း ပိုးဆိပ်ပျံ့နှံ့ခြင်း နှင့် ဦးနှောက်အမြှေးပါး ရောင်ခြင်းတို့ဖြစ်စေနိုင် ပါတယ်။
• မသန့် ရှင်းတဲ့ ပုရစ်ကြော်တွေ စားမိတဲ့အခါ နှုတ်ခမ်းမှာ ရေယုံကဲ့သို့  ယားနာဖုတွေပေါက်လာနိုင်ပါတယ်။ ရေယုံကြီးကဲ့သို့  ရောဂါ မပြင်းထန်သော်လည်း ပုရစ်မှတစ်ဆင့် နှုတ်ခမ်းသားကို ဗိုင်းရပ်စ်ဝင်တာကြောင့် ယားနာ၍ ခံရခက်စေပါတယ်။ ဒါကြောင့် ပုရစ် ကြော်စားတဲ့အခါ အတောင်ပံ နှင့် ခြေလက် ဆူးချောင်းတွေကို ဖယ်၍စားပါ။ နှုတ်ခမ်းသား နှင့် လျှာတို့ ကို ၄င်းဆူးချောင်းများ မထိုး မိပါစေနှင့်။
• ပုရစ်က အာဟာရရှိစေတာမှန်သော်လည်း၊ မြေအောင်းသား ဖြစ်တဲ့အတွက်ကြောင့် သွေးလေးစေပါတယ်။ ဒါကြောင့် သွေးတိုးရောဂါ ရှိသူများ နှင့် အမျိုးသမီးများ ဓမ္မတာလာနေစဉ် ပုရစ်မစားသင့်ပါဘူး။
• တချို့ လူတွက မြေအောင်းသားတွေ နှင့် မွေးရာပါ ဓာတ်မတည့်တတ်ကြပါဘူး။ ပုရစ်ကြော်စားပြီး ဓာတ်မတည့်ပါက သွေးယားခြင်း၊ အရေပြားပေါ် အဖုအပိမ့် အင်ပြင်များ ထွက်လာနိုင်၍ သတိပြုပါ။
ပုရစ်မွေးမြူရေး။
မြန်မာနိုင်ငံမှာ ပုရစ်တွေကို အထူးတလည် စီးပွားဖြစ်မွေးမြူသူနည်းပါတယ်။ အိမ်နီးချင်းထိုင်းနိုင်ငံမှာတော့ ပုရစ်မွေးမြူဟာ ကျယ်ကျယ် ပြန့့်ပြန့် အောင်မြင်ဖြစ်ထွန်းနေပါတယ်။ ယနေ့ ထိုင်းနိုင်ငံမှာ မြောက်အမေရိကတိုက်မှ တင်သွင်းလာသော အိမ်ပုရစ်မျိုးတမျိုးဖြစ်တဲ့ (sading Acheta domesticus L.) အမျိုးအစားကို ထိုင်းနိုင်ငံသို့ တင်သွင်းကာ၊ ကြီးထွားလာအောင်ပြုစု မွေးမြူပြီးနောက် နို်င်ငံခြားသို့  ပို့ ကုန်အဖြစ် ပြန်လည် တင်ပို့ ရောင်းချနေပါတယ်။ ပုရစ်ခြံ (သို့) လှောင်ကန်များဖြင့်လည်းကောင်း၊ အထပ်သား (သို့ ) ကျောက်ပါတ်တီးမှုန့် တို့နဲ့ ပြုလုပ် ထားတဲ့ သေတ္တာများဖြင့်လည်းကောင်း၊ ပလပ်စတစ်ပြားတွေနဲ့ အံဆွဲငယ်လေးတွေကို လှောင်အိမ်အဖြစ် ဖန်တီး၍လည်းကောင်း ပုံစုံအမျိုးမျိုး ဖြင့် မွေးမြူကြပါတယ်။ ပုရစ်ခြံအများစုမှာ ပုရစ်စာအဖြစ် ပရိုတင်းဓာတ် ၁၄ ရာခိုင်နှုန်း မှ ၂၁ ရာခိုင်နှုန်း ပါဝင်သော ကြက်စာတွေကို ကျွေး ကြပြီး၊ ဥမှပေါက်ပြီးနောက် သက်တမ်းရက် ၂၀ ရှိ ပုရစ်များကို ပရိုတင်း ၂၁ ရာခိုင်နှုန်းပါဝင်တဲ့ ကြက်စာကိုကျွေးကာ၊ ၄၅ ရက်သား အရွယ် ပုရစ်တွေကိုတော့ ပရိုတင်း ၁၄ ရာခိုင်နှုန်း နဲ့ ၂၁ရာခိုင်နှုန်းပါသော ကြက်စာ နှစ်မျိုးကိုရောစပ်ကျွေးကြပါတယ်။ ၄င်းပုရစ်များ ထုတ်မရောင်း ခင် ရက်ပိုင်းလောက်အလိုမှာ ပုရစ်အစာဘိုးသက်သာစေရန် နှင့် အကောင်ကြီးထွား၍ ရောင်းပန်းလှစေရန်အတွက် ပုရစ်တွေကို ဖရုံ၊ ပလော ပီနံ၊ ဖရဲရွက်များရောစပ်၍ ကျွေးကြပါတယ်။
ပုရစ်မွေးမြူခြင်းလုပ်ငန်းဟာ မြေနေရာအကျယ်အ၀န်းမလိုအပ်သလို၊ ငါး၊ ပုစွန်မွေးမြူရေးလုပ်ငန်းများလောက် လူအင်အားသိပ်မလိုဘဲ ကုန် ကျမှု စရိတ်သက်သာပါတယ်။ ဒါ့ပြင် ပုရစ်သတ္တ၀ါတွေက သဘာဝမြေဆီလွှာကိုလည်း ထိမ်းသိမ်းပြုပြင်ပေးပါတယ်။ မြေတွင်းရေ၀င်ရောက် စေနိုင်သလို ထက်အောက်မြေဆီလွှာကိုလည်း သမစေကာ အပေါ်ယံမြေလွှာကို ရေ နှင့် လေသမစေပါတယ်။ ဒါကြောင့် နိုင်ငံတကာမှာ အကြိုက်တွေ့ နေတဲ့ ပရိုတင်းအာဟာရပြည့် ပုရစ်တွေကို တစ်ပိုင်တစ်နိုင် မွေးမြူရေး လုပ်ငန်းအဖြစ် စီးပွားဖြစ်မွေးမြူနိုင်ကြပါရန် အကြံပြု လိုက်ရပါတယ်။
ဆောင်းပါးရှင် ပေါက်ပေါက်​ @ Promise Pauk…ရေးသားမျှဝေသည်။
Credit: ပေါက်ပေါက်ရဲ့ Page
Wednesday, June 28, 2017
ပြန်လည် ကမ္ပည်းတင်ရမည့် သမိုင်းဝင်အမည်နာမများ
ပြန်လည် ကမ္ပည်းတင်ရမည့် သမိုင်းဝင်အမည်နာမများ
___________________________________
လွန်ခဲ့သော နှစ်၂၀ကျော်ဝန်းကျင် ကာလ၊ ကျွန်တော် ဆောင်းပါးလေးတွေ စတင်ရေးသားစ။ ကျွန်တော့လက်ထဲမှာ ကင်မရာလေးတွေရှိနေစဉ် ဒေါ်ဒေါ် (လူထုဒေါ်အမာ)က သူ့ဆောင်းပါးများ နှင့်ပတ်သက်သော မှတ်တမ်းတင်ပုံလေးတွေ ကျွန်တော့ကို ရိုက်ခိုင်းသည်။
 ပဲလှော်ချောင်က ခြင်္သေ့ကြီးနှစ်ကောင်..၊ အသားစားရှောင်ကြဉ်ရေး ဦးကျော်လှ၏ ဆိုင်းဘုတ်..။ ဘီလူးမညောင်ပင်..၊ ကာတစ်တိုက်..၊ အိမ်တော်ရာထီး..၊ ဘုရားကြီးက ဖန်ကျီပွတ်လုံးများ..၊ ဈေးချိုတော်ရုံကြီး ၁၂ရုံ.. စသည်..။
ထိုစဉ်က အခုလို ဒစ်ဂျစ်တယ်ကင်မရာခေတ် မဟုတ်တော့ ရိုက်ပြီးသောဖလင်များကို ဆေးပြီး ဓာတ်ပုံကူးကာ ဒေါ်ဒေါ်ထံသွားပြရသည်။
ထိုအခါ ဒေါ်ဒေါ်သည် ဓာတ်ပုံများကိုကြည့်ပြီး လူထုတိုက်ဧည့်ခန်းမှ လှမ်းမြင်ရသည့် ပိုင်ရှင် ပြောင်းသွားသည့် နဂါးဒေါ်ဦး၏ ယခင်က နဂါးဆေးလိပ် သုံးထပ်တိုက်ကြီး၊ ထိုတိုက်ကြီးနှင့် မြောက်ဘက်မှ အသစ်ပေါ်ထွက် လာသော အထပ်မြင့်တိုက်ကြီးများကို လှမ်းမျှော်ငေးကြည့်ရင်း
“ အင်း .. တို့မန္တလေးက အိမ်နံပါတ်တွေ၊ အကွက်နံပါတ်တွေ၊ လမ်းနံပါတ်တွေနဲ့ ပြောလေ့ပြောထ မရှိကြဘူးကွဲ့ ..။ မန္တလေးမှာက အထင်ကရ အဆောက်အအုံတွေက လက်ညှိုးထိုးမလွဲ ရှိတာ ဟုတ်လား။ အဲဒီထင်ရှားတဲ့ အဆောက်အအုံကြီးတွေနဲ့ မူတည်ပြီး၊ သက်ဆိုင်ရာ အတန်းတွေ၊ လမ်းတွေဆိုတာ ကလည်း သမိုင်းအရ သတ်သတ်မှတ်မှတ် ထင်ထင်ရှားရှားရှိခဲ့တာကိုး။ လုပ်ငန်းစုအလိုက်၊ ဇာတိအလိုက် ထင်ရှားတဲ့ နေရာတွေအပြင် ဘာသာရေးအရ၊ နိုင်ငံရေးအရ၊ လူမှုရေးအရ၊ ယဉ်ကျေးမှုအရ ထင်ရှားတဲ့ အဆောက်အဦးကြီးတွေ ရှိတယ်။
 အခု အဲဒီအဆောက်အဦးကြီးတွေနဲ့အတူ သမိုင်းအရထင်ရှားတဲ့ လမ်းတွေ၊ အတန်းတွေဟာ ပျောက်ကွယ်ကုန်ကြပြီ ။
 ကျန်ကောင်းကျန်ရာလေးတွေကို မင်းကင်မရာလေးနဲ့ မှတ်တမ်းတင်ထားပါကွယ်” ဟု ငြီးငြီးတွားတွားပြောရင်း တိုက်တွန်းခဲ့ ဖူးသည်။
#သမိုင်းဖျက် လုပ်ရပ်
ကျွှန်တော်တို့ ငယ်ငယ်က ကြီးတော်ကြီးများ ပြောကြသည့် ရိုးကုမ္ပဏီတို့၊ မာရဂျမ်းတိုက်တို့၊ အင်ပီရီယယ်ဘဏ်တို့ကအစ ..၊ ၀င်းမြန်မာတိုက်တို့၊ နဂါးတိုက်တို့၊ ရွှေမန်းတိုက်တို့၊ အုန်းဘေကာရီတို့ ဟူသော အမည်နာမများက စီးပွားရေးဆိုင်ရာအမှတ်သညာများ ဖြစ်ကြသော်လည်း
 ဆီးပန်းနီဆရာတော်ဗိမာန်တို့၊ အိမ်တော်ရာ၁၄ခန်း ဇရပ်တို့၊ မန်းရာပြည့်ကွင်းတို့၊ ဈေးချိုတော်တို့ စသည့်နေရာများမှာမူ သမိုင်းအရအရေးပါသည့်နေရာများမို့ မပျောက်မပျက် ရှိလင့်သည်ဟု မှတ်ယူခဲ့သည်။
 ထိုသို့ မှတ်ယူခဲ့သည့်ကာလ (၁၉၉၀ ၀န်းကျင်) မှာပင် ပဲ ..၊ ဆီးပန်းနီဆရာတော်ဗိမာန်၊ မန်းရာပြည့်ကွင်း နှင့် ဈေးချိုတော်တို့က ဥပစ္ဆေဒကံဖြင့် ဇီဝန်ချုပ်လေခဲ့ပြီ။
နောက် ... ဘာကြာလို့လဲ။ မန္တလေး၏ အထင်ကရ လမ်းကြီးများ၏ မူလရှိရင်းစွဲ နာမည်များကိုလည်း ဆိုင်းဘုတ် အသစ်များဖြင့် နာမဘိသေကသဘင်ဆင်ယင်ရုံမက ရုံးပြန်တမ်း အသုံးအနှုန်းများမှပင် ဇာတာဖွဲ့ အတည်ပြုပေးကြပြန်၏။
 တကယ်တော့ ခေတ်သစ်စံနစ်ပြောင်းတိုင်း ခေတ်သစ်နှင့်မကိုက်ညီ တော့သည့် ခေတ်ဟောင်းအမွေများကို ပြုပြင်ပြောင်းလဲ ကြခြင်းမှာ ဓမ္မတာဖြစ်သည်။ သို့သော် အမွေအနှစ်လား၊ သမိုင်းလား၊ အနှစ်သာရလား ဟူ၍ မခွဲခြားမစိတ်ဖြာတော့ဘဲ၊ အကုန် ရှိသမျှ ဖြိုဖျက်အသစ်ဆောက် ဆိုင်းဘုတ်အသစ်ရေးဟူသော အလုပ်သည်ကား “သမိုင်းဖျက်” အလုပ်ပဲ ဖြစ်သည်။
#အာဇာနည်လမ်း
၂၆လမ်းသည်ကား မြန်မာ့လွတ်လပ်ရေးတိုက်ပွဲအတွက် တကယ့်သမိုင်းဝင် အထင်ကရလမ်းမကြီး ဖြစ်ခဲ့သည်။ လွတ်လပ်ရေးတိုက်ပွဲသမိုင်းတွင် တိုက်ပွဲဒီရေအမြင့်ဆုံးဖြစ်ခဲ့သည့် ၁၃၀၀ပြည့် အရေးတော်ပုံ ကာလ၊ အင်္ဂလိပ်အစိုးရ၏ မတရားဖိနှိပ်သည့် မတရားဥပဒေများကို ရဲရဲတောက် ဆန့်ကျင်ကာ ငြိမ်းချမ်းစွာဆန္ဒပြခဲ့ကြသော မန္တလေးမြို့မှ ရဟန်းရှင်လူ၊ ကျောင်းသူကျောင်းသားနှင့် မြို့သူမြို့သားတို့ကို လက်နက်ဖြင့် ရက်ရက်စက်စက် နှိမ်နင်းခဲ့လေသဖြင့် ၂၆လမ်းမကြီးပေါ် အာဇာနည် ၁၇ဦးတို့ သွေးမြေကျခဲ့၍ ထိုရဲရဲနီသောသွေးတို့ဖြင့် ၂၆လမ်းကို “အာဇာနည်လမ်း” ဟု အမည်ပေးခဲ့သည့် သမိုင်းက အထင်အရှား ရှိခဲ့သည်။
ထိုအာဇာနည်လမ်းဟူသော အမည်က အဓမ္မမှုကို တိုက်ခဲ့သော နယ်ချဲ့ကိုတိုက်ခဲ့သော၊ အမျိုးဘာသာ သာသနာကို ကာကွယ်ခဲ့သော၊ လွတ်လပ်ရေးကို တောင်းဆိုခဲ့သော အမည်ဖြစ်ပါလျက် ဘုရင့်နောင်လမ်း ဟု အဓမ္မ အမည်ပြောင်းခဲ့သည်။ ဤသို့ဖြင့် ဆယ်စုနှစ် ၂စု ကာလအတွင်း အာဇာနည်လမ်း ဟူသော သမိုင်းဝင်အမည်က ပျောက်ကွယ်ခဲ့ရချေပြီ။ အားကောင်းမောင်းသန် အသက်၂၀အရွယ် မန္တလေးသူ မန္တလေးသားလေးတွေ အာဇာနည်လမ်း မသိတော့။ ၀မ်းနည်းဖွယ်ကောင်းလှသည်။
#ဗိုလ်ချုပ်အောင်ဆန်းလမ်း
ထို့ပြင် မန္တလေး၏ အသည်းနှလုံးဖြစ်ခဲ့သော ဈေးချိုတော်ကြီးနှင့် မန္တလေး၏ အထွဋ်အထိပ်ဖြစ်သော မဟာမုနိ ဘုရားကြီးတို့ ဆက်သွယ်သည့် အထင်ကရလမ်းမကြီး (၈၄လမ်း)ကိုလည်း မန္တလေးမြို့လူထုက လွတ်လပ်ရေးဖခင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကို ဂုဏ်ပြုသောအားဖြင့် မြန်မာပြည်လွတ်လပ်ရေး ရ ကတည်းက “ဗိုလ်ချုပ် အောင်ဆန်းလမ်း”ဟု ခေါ်တွင်ခဲ့သည်။ ရေးသားခဲ့သည်။ မှတ်တမ်းပြုခဲ့သည်။ ယခု ဗိုလ်ချုပ်အောင်ဆန်းလမ်း အမည်သညာသည် မှေးမှိန်ပျောက်ကွယ်သွားပြန်၏။
#ဗိုလ်ဗထူးလမ်း
အဆိုပါ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးမှ မဟာမုနိဘုရားကြီးမြောက်မုခ်နှင့် အရှေ့ ၄၅တာ တို့ ဆက်စပ်သည့် လမ်းမကိုလည်း ဂျပန်ဖက်ဆစ်တော်လှန်ရေးကာလ မန္တလေး၌ ရုံးထိုင်ပြီး အခြေအနေ အချိန်အခါနှင့် ကိုက်ညီစွာ ၁၉၄၅ခု မတ်လ(၈)ရက်နေ့ကတည်းက ဂျပန်ကို စစ်ကြေညာတိုက်ခိုက်ခဲ့သော ဗိုလ်မှူးဗထူးကို ဂုဏ်ပြုသောအားဖြင့် “ဗိုလ်ဗထူး လမ်း”ဟု ခေါ်ဝေါ်သုံးစွဲခဲ့ကြသည်။  အဘယ့်ကြောင့်ဆိုသော် ဗိုလ်မှူးဗထူးက ဂျပန်ကိုတော်လှန်ခဲ့ပြီး စစ်ကြေညာ လက်မှတ် ရေးထိုးခဲ့သော အထက်ဗမာပြည်စစ်ရုံးချုပ်မှာ အဆိုပါလမ်းပေါ်၌ တည်ရှိသောကြောင့်လည်း ဖြစ်ပါ၏။ ယခု အနောက် ၄၅တာ မီးသတ်အရှေ့ဘက်ရှိ “ဗုဒ္ဓပြတိုက်”ဟု ကမ္ပည်းဆိုင်းဘုတ်တင်အပ်သော အဆောက်အဦးပင် ဖြစ်ပါ၏။ ယခု ဗိုလ်ဗထူးလမ်း ကိုလည်း မေ့ပျောက်နေကြလေပြီ။
#သခင်ဗဟိန်းလမ်း 
မြန်မာ့လွတ်လပ်ရေး တိုက်ပွဲသမိုင်းတွင် တပ်ပေါင်းစုံ စုစည်းညီညွတ်ခြင်း၏ အထင်ကရ ပြယုဂ်ဖြစ်သော  ၁၃၀၀ ပြည့်အရေးတော်ပုံကြီး စတင်ပေါ်ပေါက်ရေးအတွက် "မြင်းခွာတစ်ချက်ပေါက်ရင် မီးဟုန်းဟုန်းတောက်စေ့မယ်"ဟူသည့် မိန့်ခွန်းနှင့် ရဲရဲတောက်ထိရောက်စွာလှုံ့ဆော်ပြီး လွတ်လပ်ရေးအတွက် ကျန်းမာရေးနှင့် အသက်ကိုပင် ပဓာနမထားဘဲ တိုက်ပွဲဝင်ခဲ့သော ရဲဘော်ဗဟိန်း(၀ါ)သခင်ဗဟိန်း နောက်ဆုံး ခေါင်းချခဲ့သည့် နေအိမ်တည်ရှိရာ လမ်း၈၀ (မြောက်ပြင်ဗြစ်စက်မှ တာရဲတန်းစိန်ကျော်ကွေ့ အထိ) ကို သခင်ဗဟိန်းလမ်း ဟု ခေါ်ဝေါ် ကမ္ပည်းတင်ခဲ့သည် ကိုလည်း ပြန်လည်ဖော်ထုတ် သင့်ပါသည်။
#အရှင်စန္ဒိမာ လမ်း 
၁၉၂၄ခု သြဂုတ်လ ၁၆ရက်နေ့တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ညီညွတ်ရေးအဖွဲ့ကြီး၏ ၃လပတ် အစည်းအဝေးကို မန္တလေးမြို့၌ ကျင်းပခဲ့သည်။ အဆိုပါအစည်းအဝေးကြီးသို့ ဆရာတော်ဦးဥတ္တမလည်း ကြွလာတော်မူခဲ့၏။ ဆရာတော် ဦးဥတ္တမ ကြွလာမည်ကို မန္တလေးမြို့မှ ရဟန်းရှင်လူပြည်သူလူထုတို့ ကြိုဆိုကြရာ၊ အစိုးရပုလိပ်အဖွဲ့နှင့် ရုန်းရင်းဆန်ခတ် ဖြစ်ပြီး နှိမ်နင်းမှုကြောင့် မန္တလေးမြို့မှ ဦးစန္ဒိမာ ဘွဲ့ အမည်ရှိ ရဟန်းတော် တိမ်ပါးပျံလွန်တော်မူခဲ့သည်။ မတရားသည့် ဖိနှိပ်မှုအမိန့်ကို ဆန့်ကျင် ရင်း အသက်စွန့်လွှတ်ခဲ့သော ရဟန်းတော်ကို ဂုဏ်ပြုသောအားဖြင့် အဆိုပါလမ်း (၃၁လမ်း)ကို အရှေ့ဘက် ၆၂လမ်း မှ အနောက်ဘက် မိကျောင်းတံတားအထိ “အရှင်စန္ဒိမာလမ်း”ဟု မြို့လူထုက ကမ္ပည်းတင် ဂုဏ်ပြုခဲ့ကြ၏။ အရှင်စန္ဒိမာ ရုပ်ထုလည်း မြို့လယ်ဆူးခါးကျောင်းတိုက်အတွင်း ရှိခဲ့ဖူးသည်။ လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းတွင် မန္တလေး၌ ပထမဆုံးသွေးမြေကျခဲ့သည့် ရဟန်းတော်ကို ဂုဏ်ပြုခဲ့သော လမ်းမအမည်မှာလည်း ယခုအခါ စုန်းစုန်းမြုပ်နေပါပြီ။
#အာဠ၀ီလမ်း၊ စည်ရှည်လမ်း၊ မင်္ဂလာလမ်း၊ စည်သာလမ်း
မန္တလေးတွင် အရှေ့အနောက်တန်းလျက် အထင်ကရလမ်းမကြီးများကို အေလမ်း၊ ဘီလမ်း၊ စီလမ်း၊ ဒီလမ်း ဟု ခေါ်တွင်ခဲ့ကြသည်က အင်္ဂလိပ်အမွေအနှစ်ဟု သမုတ်၍ ၁၉၉၀ ၀န်းကျင်၌ ရန်ကြီးအောင်လမ်း၊ ဘုရင့်နောင်လမ်း၊ ပင်းယလမ်း၊ အင်းဝလမ်း ဟု ပြောင်းလဲ ခေါ်ဝေါ်သုံးစွဲစေခဲ့သည်။ ခေတ်ပြောင်း၊ စံနစ်ပြောင်းခြင်း လက္ခဏာမှ အပြောင်းအလဲ ဟူလို...။
 အင်္ဂလိပ်အပြေး၊ ဂျပန်အ၀င်ကလည်း မြန်မာတစ်ပြည်လုံးရှိ မြို့ကြီးများမှ အင်္ဂလိပ်အခေါ်အဝေါ် လမ်းများ ရပ်ကွက်များ ကိုလည်း “ဗမာနိုင်ငံတော် အစိုးရအမိန့်ပြန်တမ်း” ဖြင့် ၁၉၄၄ခုနှစ် စက်တင်ဘာလ ၈ရက်နေ့စွဲပါ အမိန့်အမှတ် ၉၂ဖြင့် ပြောင်းလဲခဲ့ကြသော သာဓက ကလည်းရှိသည်။
ဤသို့ဖြင့် ရန်ကုန်မြို့က ဒါလဟိုဇီလမ်းတို့၊ မော်တင်လမ်းတို့၊ ဂေါ်ဒ၀င်လမ်း တို့လည်း ဗန္ဓုလလမ်း၊ လမ်းသစ်လမ်း၊ လမ်းမတော် ဆိုတာတွေ ဖြစ်ခဲ့၏။
ထားတော့ ...။ မန္တလေးမြို့က အေလမ်း၊ ဘီလမ်း၊ စီလမ်း၊ ဒီလမ်း ဆိုတာတွေက လမ်းအမှတ်များရှိပြီး ဖြစ်၏။ ၃၅လမ်း၊ ၂၆လမ်း၊ ၂၂လမ်း၊ ၁၉လမ်း ဟူ၍ ဖြစ်သည်။ ထိုလမ်းမကြီးများအနက် ၂၂လမ်းက နန်းမြို့ အာဠ၀ီတံခါးနှင့် တည့်တည့်မို့ အာဠ၀ီလမ်း ဟု အမည်ရှိသည်။
ထို့အတူ ၁၉လမ်း ကလည်း စည်ရှည်(စက်ရှင်)တံခါးနှင့် တည့်တည့်မို့ စည်ရှည်(စက်ရှင်)လမ်း ဟု အမည်ရှိပြီး ဖြစ်ပါ၏။ ထိုအမည်များကား အင်္ဂလိပ်အမည်များ မဟုတ်ခဲ့။
အလားတူ ကျော်မိုး (မင်္ဂလာ) တံခါးနှင့်တည့်တည့် ၇၃လမ်းကို မန္တလေးတက္ကသိုလ်ဝင်ပေါက် အထိ မင်္ဂလာလမ်းဟု ခေါ်ဝေါ်ခဲ့ကြ၏။ မြောက်ပြင် ၇၆လမ်းကိုလည်း ၁၂လမ်းမှ မြောက်သို့ အိုးဘိုအထိ စည်သာလမ်းဟု သုံးစွဲခဲ့ကြသည်။
#ပြန်လည်ဖော်ထုတ် ကမ္ပည်းတင် 
ထို့ကြောင့် ဇာတိ၊ ပုည၊ ဂုဏ်မာနဖြင့် နာမည်ကျော်ခဲ့လေသော မန္တလေး အနေနှင့် သူ့ကျွန်အောက် ရောက်ရမှုအပေါ် တက်ခေါက်အံကြိတ် မချိတင်ကဲ အမှတ်လက္ခဏာ ဆီးပန်းနီဆရာတော် ဗိမာန် မူလ ခင်စောမူကွေ့လမ်းမမှ ပျက်သုဉ်းခန်း၊ အမျိုးသားစီးပွားရေး၏ ပြယုဂ် ဈေးချိုတော် ရုံကြီး၁၂ရုံ ပျက်စီးခန်း၊ ကိုယ့်ထီးကိုယ့်နန်းကိုယ့်ကြငှာန်း၏ သမိုင်းဝင်ရာပြည့် အထိမ်းအမှတ် မန်းရာပြည့်ကွင်း ပျောက်ဆုံးခန်း၊ မြင်းခွာတစ်ချက်ပေါက်ရင် မီးဟုန်းဟုန်းတောက်စေရမယ် ဟူသော ရဲရဲတောက်အားမာန်၏ အရှင်သခင် သခင်ဗဟိန်းဂူ လွယ်လင့်တကူ ဖျက်ဆီးခန်းများကို မသိကျိုးကျွန် ပြုကြသည့် ကာလကို သင်ခန်းစာယူ၍ ဘိုးဘွားတို့သွေးဖြင့် ရေးထိုးခဲ့ကြကုန်သော ဂုဏ်ရောင်ပြောင်သော မန္တလေး၏ သမိုင်းဝင် ကမ္ပည်းမော်ကွန်းများကို ယခု အချိန်အခါကောင်း မင်္ဂလာအခါသမယတွင် ပြန်လည်ဖော်ထုတ် ကမ္ပည်းတင် ဂုဏ်ပြုအပ်ပါကြောင်း။
မူရင်းရေးသားသူ
ဆူးငှက်
=========
လမ်းနာမည်ပြောင်းမှာမဟုတ်ဘူးကိုကြို။
 အရင်က ဂုဏ်ပြုသတ်မှတ်ခဲ့တဲ့လမ်းနာမည်အတိုင်း ပြန်တွဲခေါ်မှာ။
ပြောင်းမှာမဟုတ်ဘူး။ အရင်နံပါတ်တွေလည်း အရင်လို တွဲရှိနေမှာပါ။
 ဥပမာ ၂၆ လမ်းကို ၂၆ လမ်းရော အာဇာနည်လမ်းရော နှစ်ခုတွဲပြီး လမ်းညွှန်စာပြန်ရေးမှာ။ ရှေးက အဲဒီလို သတ်မှတ်ခဲ့တာ။
၁၉၉၀ မှာ သမိုင်းဖျောက်ချင်သူတွေက ဒီလမ်းကို ဘုရင့်နောင်လမ်းလို့ သတ်မှတ်ဖူးတယ်။
 ဒီနေ့ခေတ်လူငယ်တွေက အရင်က အဲဒီလို ဂုဏ်ပြုဖူးတာ မသိကြတော့ဘူး။
MDY မှာ အဲလိုလမ်း ကိုးလမ်းရှိခဲ့တယ်။
၂၆ လမ်းလို့ဆက်ခေါ်လည်းရတယ်
လမ်းညွှန်ဆိုင်းဘုတ်တိုင်းမှာ အဲလိုလမ်းဆို ၂ထပ်ပါမယ်။
ခင်မင်လေးစားလျက်
ကျော်ရင်မြင့် (KYM )
via အရည်ကြို
Tuesday, June 27, 2017
“သဒ္ဓါ”
 ••••••••••••••
စိတ်ကို ဖြူစင်စေတတ်တဲ့ အင်အားစုတွေကို
ကျမ်းစာမှာလာတဲ့ အစီအစဉ်အတိုင်း ပြောရရင်
နံပါတ်တစ်က “သဒ္ဓါ”တဲ့။
သဒ္ဓါဆိုတာက “ယုံကြည်တာ၊
ယုံတယ်၊ စိတ်ကြည်တယ်၊ရဲရင့်တယ်၊ဆုံးဖြတ်နိုင်တယ်၊
ကုသိုလ်ကောင်းမှုဘက်မှာ စိတ်ဝင်စားတယ်”
ဆိုတဲ့ သဘောတွေ အားလုံးကို “သဒ္ဓါ”လို့ ခေါ်တယ်၊
ယုံတာ တစ်ခုတည်းသာ“သဒ္ဓါ”မဟုတ်ဘူး။
ဒါကြောင့်မို့ ဗမာစကားမှာ
“ယုံ-ကြည်” လို့ တွဲထားတာ။
❖သဒ္ဓါ ဖြစ်လို့ရှိရင် “ယုံ” တယ်။
❖စိတ် “ကြည်”တယ်၊
စိတ်သန့်ရှင်းတယ်၊ကြည်လင်တယ်၊အေးမြတယ်၊
ကုသိုလ်ကောင်းမှု လုပ်ဖို့ ရဲရင့်တယ်၊ ဖျတ်လတ်တယ်၊
စိတ်ဝင်စားတယ်၊ဒါတွေ အားလုံးဟာ သဒ္ဓါရဲ့
သွင်ပြင်လက္ခဏာတွေလို့ ပြောတာနော်။
ယုံကြည်ဆိုတော့ ယုံကြည်မှုနဲ့ ပတ်သက်လာလို့ရှိရင်
အကန့်အသတ် တစ်ခုတော့ ထားရတယ်။
ဘာကို ယုံတာလဲ၊
ဟိုလူပြော၊ဒီလူပြော ယုံသမျှတွေကို သဒ္ဓါလို့
ခေါ်တာလား? မဟုတ်ဘူး။
ယုံတယ်ဆိုတာနဲ့ ပတ်သက်လာလို့ရှိရင်
ဟိုဟာယုံ၊ ဒီဟာယုံ၊ လာလိမ်သွားရင်လည်း
ယုံသွားတယ် မဟုတ်လား၊
အဲဒါမျိုးက “ပညာမဲ့တဲ့ သဘောတွေ”ပဲ ဖြစ်တယ်။
ယုံတယ်ဆိုတာ ဘာကို ယုံတာလဲ ဆိုလို့ရှိရင်
ကံ၊ကံ၏အကျိုးကို ယုံတယ်။
ကံ , ကံ၏အကျိုးကို ယုံတယ် ဆိုရာမှာ
ဘာလုပ်လုပ် ကိုယ်ပဲ တာဝန်ယူတာ။
ကိုယ်လုပ်တာ ကိုယ်ရတယ်လို့ လက်ခံတာနော်။
အင်္ဂလိပ်လိုပြောရင် responsible ပေါ့။
ကိုယ့်တာဝန် ကိုယ်ယူရတယ်။
ကိုယ်လုပ်ရင် ကိုယ်နဲ့ပဲ ဆိုင်တယ်လို့ လက်ခံတာ၊
တချို့က အဲဒီလို လက်မခံဘူးလေ။
အဲဒီတော့ ကိုယ်လုပ်ရင် ကိုယ်နဲ့ဆိုင်ရမှာပေါ့။
သူများအပေါ် သွားမပြောနဲ့နော်။
ကိုယ်လုပ်တာ ကိုယ်ပဲ။
အဲဒီလို ကိုယ်လုပ်တာ ကိုယ်နဲ့ ဆိုင်တယ်လို့ လက်ခံတာ။
ဒါ ကံ, ကံ, ကံ၏ အကျိုးကို လက်ခံတာပဲ။
“ကမ္မဿကတာ သမ္မာဒိဋ္ဌိ”။
ကံ , ကံ၏အကျိုးကို ယုံကြည်တဲ့ သဒ္ဓါတရားအပေါ်
အခြေခံပြီးဖြစ်တဲ့ “သမ္မာဒိဋ္ဌိဉာဏ်” လို့ ဆိုရတယ်။
အဲဒီတော့ ကံ, ကံ၏အကျိုးကို ယုံကြည်မှု လက်ခံမှုသည်
“အခြေခံ သဒ္ဓါတရား” လို့ ဒီလိုပြောရမယ်။
လက်ခံနေရုံလေးနဲ့တော့ အလုပ် မဖြစ်သေးဘူးနော်။
လက်ခံပြီးတဲ့အခါ ရှေ့ဆက်လုပ်ဖို့ လိုတယ်။
ဒါကြောင့်မို့ သဒ္ဓါဆိုတာ ဗုဒ္ဓဘာသာမှာ အစကလေးပဲ။
တခြားဘာသာတွေမှာတော့ သိပ်အရေးပါတယ်။
ဗုဒ္ဓဘာသာမှာ ယုံကြည်မှုသည် တကယ့်ကို
အစလေးပဲ ရှိသေးတယ်၊
❖ယုံကြည်မှုနောက်မှာ
“ပညာ” မလိုက်နိုင်သေးဘူးဆိုရင်...
ယုံကြည်မှုသည် blind faith လို့ခေါ်တဲ့
“မျက်ကန်း ယုံကြည်မှုမျိုး” ဖြစ်သွားနိုင်တယ်။
အင်္ဂလိပ်လို ပြန်ရင် သဒ္ဓါကို confidence လို့ ပြန်တယ်။
confidence ဟာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်တာမျိုး။
ကိုယ့်အားကိုယ်ကိုးတာမျိုး၊အဲဒါတင်မကဘူး၊
တကယ်ကတော့ faith ယုံကြည်တာမျိုး အားလုံးကို
“သဒ္ဓါ” ခေါ်နိုင်တယ်။ကောင်းပြီ။ယုံတယ်ဆိုတာ-
✤နံပါတ် (၁) ကံ, ကံ၏အကျိုးကို
“အခြေခံအားဖြင့် လက်ခံမှု”။
✤နံပါတ် (၂)ကျတော့ အဲဒီထက် အဆင့်မြင့်သွားတယ်၊
ဘာကို လက်ခံတာတုန်းဆိုတော့ မြတ်စွာဘုရားရဲ့
“သဗ္ဗညုတဉာဏ်တော်ကြီး” ကို ယုံတယ်၊
ဒါ ဗုဒ္ဓရဲ့ အရည်အချင်းကို ယုံကြည်တာ၊
ဗုဒ္ဓရဲ့ အရည်အချင်းတွေထဲမှာ ဉာဏ်ဟာ အဓိက
မကျဘူးလား။အေး ၊ ဉာဏ်မရှိလို့ရှိရင်
မှားမှားယွင်းယွင်းတွေ ဟောမှာပေါ့၊
အသိပညာ မလုံလောက်တဲ့ ပုဂ္ဂိုလ်က ဟောမယ်ဆိုရင်
မှားမှားယွင်းယွင်းတွေ ဖြစ်ကုန်မှာပေါ့နော်။
မှားမှားယွင်းယွင်းတွေ လိုက်နာလုပ်မိမယ်ဆိုရင်
ထင်တဲ့အတိုင်း ဖြစ်မလား။ လမ်းစဉ်တစ်ခုက
မှားနေပြီဆိုရင် ဘယ်လိုမှ အကောင်အထည်ဖော်လို့
ရမှာမဟုတ်ဘူး။အကောင်အထည်ဖော်ရင်
ကိုယ်ထင်တဲ့အတိုင်း တစ်ခုမှ ဖြစ်လာမှာ
မဟုတ်တော့ဘူးနော်။ဒါကြောင့်မို့ မှန်ကန်မှုဆိုတာ
အသိဉာဏ် ပြည့်ပြည့်စုံစုံရှိမှ ဖြစ်တာ။
ဒါလုပ်ရင် ဒါဖြစ်မယ်ဆိုတာ သေသေချာချာ
သိတဲ့ အသိဉာဏ်မျိုးနဲ့ ဟောမှ မှန်တာ။
ဒါကြောင့်မို့ မြတ်စွာဘုရားက အာမခံတယ်၊
“သယံ အဘိညာ သစ္ဆိကတွာ ပဝေဒေမိ”
သူဟောတဲ့ တရားတွေက
-ကိုယ်တိုင်သိပြီးမှ ဟောတာတဲ့။
-tradition အနေနဲ့ စာထဲမှာပါလို့ ပြောတာမျိုး မဟုတ်ဘူး။
-ဆရာ့ဆရာကြီးတွေ ပြောခဲ့တဲ့စကားကို မှတ်ထားပြီး
ပြောတာမျိုး မဟုတ်ဘူးတဲ့။
-သမိုင်းထဲပါလို့ ပြောတာမျိုး မဟုတ်ဘူး။
-ဘယ် ဖီလိုဆော်ဖာဆရာကြီးက ဘယ်လို
ပြောတယ်ဆိုတာမျိုးကို ထပ်ဆင့် တင်ပြတာမျိုး
မဟုတ်ဘူးတဲ့။
“သယံ အဘိညာ” - ကံ, ကံ၏ အကျိုးရှိတယ်ဆိုတာ
ကိုယ်တိုင်သိတာ၊ကိုယ်တိုင်သိရုံတင်မကဘူး၊
“သစ္ဆိကတွာ” - တကယ့်ကို မျက်မှောက်ပြုပြီး ဖြစ်တယ်၊
သိတာလည်း ကိုယ်ကိုယ်တိုင် သိတယ်၊
ကိုယ်တွေ့လည်း ကြုံတယ်။
အဲဒီလို အဆင့်မြင့် သဒ္ဓါကျတော့ မြတ်စွာဘုရားရဲ့
သဗ္ဗညုတဉာဏ်တော်ကြီးကို ယုံကြည်တာ။
ဒါကြောင့်မို့ စာပေကျမ်းဂန်တွေမှာ မြတ်စွာဘုရားက
“သဒ္ဒဟတိ တထာဂတဿ ဗောဓိံ”။
“တထာဂတဿ- မြတ်စွာဘုရားရဲ့၊
ဗောဓိံ- အသိဉာဏ်ကို၊
သဒ္ဒဟတိ- ယုံကြည်တယ်၊ လက်ခံတယ်။
အဲဒါ သဒ္ဓါအစစ်နော်၊ အဆင့်မြင့်သွားပြီ။
ဘုရားရဲ့ အသိဉာဏ်ကို လက်ခံတယ်လို့ ဆိုလိုက်တာနဲ့ပဲ
ဘုရားဟောတဲ့ တရားကိုလည်း လက်ခံတယ်၊
ဘုရားဟောတဲ့ တရားအတိုင်း လိုက်နာကျင့်ကြံလို့
အောင်မြင်ပေါက်ရောက်နေတဲ့ အရိယာ
သံဃာတွေကိုလည်း လက်ခံတယ်ဆိုတဲ့
အဓိပ္ပာယ် မပြီးပေဘူးလား။
အဲဒါကို “အဆင့်မြင့်သဒ္ဓါ”လို့ ခေါ်တယ်နော်။
▬▬▬▬▬▬▬▬▬▬▬▬▬▬
“အာကာရ၀တီ သဒ္ဓါ”
▬▬▬▬▬▬▬▬▬▬▬▬▬▬
အဲဒီ အဆင့်မြင့်သဒ္ဓါဟာ “မဂ်”နဲ့ ယှဉ်တွဲပြီး၊
လာတဲ့အခါကျတော့ လုံးဝ ခိုင်မြဲတယ်။
ဒါကြောင့်မို့ အဲဒီ သဒ္ဓါမျိုးကို “အာကာရ၀တီ သဒ္ဓါ”။
“အာကာရ၀တီသဒ္ဓါ”ဆိုတာက “ကျိုးကြောင်းဆီလျော်တဲ့
အကြောင်း လုံလုံလောက်လောက်ရှိတဲ့သဒ္ဓါ”လို့ ပြောတာ။
အရမ်းမဲ့ယုံတဲ့ သဒ္ဓါ မဟုတ်ဘူးတဲ့။
▬▬▬▬▬▬▬▬▬▬▬▬▬▬
“ဒဿနမူလိကာ သဒ္ဓါ”
▬▬▬▬▬▬▬▬▬▬▬▬▬▬
နောက်တစ်ခုက “ဒဿနမူလိကာ သဒ္ဓါ၊
ကိုယ်တိုင် သိမြင်မှုကို အခြေခံတဲ့ သဒ္ဓါ”။
ဘယ်သူ ပြောလို့မှ လက်ခံစရာ အကြောင်း မရှိတော့ဘူး။
ဘာဖြစ်လို့လဲဆိုတော့ ကိုယ်တိုင် သိတာကိုး၊
ကိုယ်တိုင် မသိရင်တော့ သူများပြောတာ လက်ခံရဦးမှာပဲ။
ဥပမာ ဆိုပါတော့ ရန်ကုန်မြို့နေတဲ့ ပုဂ္ဂိုလ်ဟာ
ရွှေတိဂုံဘုရားရောက်တာ အခေါက်ခေါက် ရှိနေပြီ။
ဘုရားရောက်ဖူးတော့ ရွှေတိဂုံဆိုတာ ဘယ်လိုလဲဆိုတာ
သိတယ်။ဘယ်နားမှာလဲ ဆိုတာလည်း သိတယ်။
ဟိုးနယ်မှာနေတဲ့ ပုဂ္ဂိုလ်တွေကျတော့ ရွှေတိဂုံဘုရား
ကြားတော့ ကြားဖူးတယ်။
ဘယ်နားမှန်း မသိဘူး။ ပုံထဲတော့ မြင်ဖူးတယ်။
တစ်ယောက်နဲ့ တစ်ယောက် တူရဲ့လား။
ဒီလူက ကိုယ်တိုင်သိပြီး လက်ခံတာ။
ဟိုလူက အကြားနဲ့ လက်ခံတာ။
“ဒဿနမူလိကာ” ဆိုတာ “အမြင်”ကို
အခြေခံပြီးတော့ လက်ခံတာ၊
မြင်ပြီဆိုလို့ရှိရင် ဘယ်သူကမှ ပြောင်းလွဲပစ်လို့ မရဘူး။
တစ်ခါတုန်းက မြတ်စွာဘုရားက ရှင်သာရိပုတ္တရာကို
မေးတယ်။
“သာရိပုတ္တရာ- တဲ့၊ အတွေးမပါတဲ့ ကြံစည်မှု၊
သုံးသပ်မှုမပါတဲ့ သမာဓိမျိုး ရှိတယ်ဆိုတာ
ယုံကြည်သလား” လို့ မေးတော့
ရှင်သာရိပုတ္တရာက
“အရှင်ဘုရား၊ တပည့်တော် မယုံပါဘူး၊
ကိုယ်ကိုယ်တိုင် သိတာပါ၊
သူများပြောလို့ ယုံတာ မဟုတ်ပါဘူး”တဲ့။
ဒါ တပည့်တော် ကိုယ်တိုင်ကို ခဏခဏ အကြိမ်ကြိမ်
ဝင်စားလို့ ဒီသမာဓိမျိုး ရခဲ့ပါတယ်လို့ ပြောတာနော်။
ဒါကြောင့်မို့ ဓမ္မပဒမှာ ရှင်သာရိပုတ္တရာကို “အဿဒ္ဓေါ”တဲ့၊
သူတစ်ပါးစကားနဲ့ ယုံတဲ့ပုဂ္ဂိုလ် မဟုတ်ဘူးလို့ ပြောတာ။
ဘာဖြစ်လို့လဲဆိုတော့ ကိုယ်တိုင် သိတာကိုး။
ကိုယ်တိုင်သိတဲ့ ပုဂ္ဂိုလ်က သူများစကား ယုံစရာ မလိုဘူး။
ဒါကြောင့်မို့ သဒ္ဓါဟာ ဒီလို “အဆင့်နှစ်ဆင့်”
ရှိတယ်လို့ မှတ်ထားရမယ်။တစ်ခုနဲ့ တစ်ခု မတူဘူး။
တစ်ယောက်နဲ့တစ်ယောက် သဒ္ဓါချင်း မတူဘူး၊
“အသိဉာဏ် ပါတဲ့ သဒ္ဓါ၊
အသိဉာဏ် မပါတဲ့ သဒ္ဓါ၊”
ဒီလိုလည်း ခွဲရဦးမယ်နော်။
▬▬▬▬▬▬▬▬▬▬▬▬▬▬
“ပညာမဲ့ သဒ္ဓါ”
▬▬▬▬▬▬▬▬▬▬▬▬▬▬
အသိဉာဏ်မပါတဲ့ “ပညာမဲ့ သဒ္ဓါ” ကျတော့
တလွဲ ရောက်သွားတတ်တယ်။
ပညာနဲ့တွဲတဲ့ သဒ္ဓါကမှ တန်ဖိုးရှိတယ်။
ဒါကြောင့်မို့ “သဒ္ဓါကို ပညာစောင့်မှ လမ်းဖြောင့်မယ်”တဲ့။
ပညာနဲ့ ထိန်းမပေးလို့ရှိရင် သဒ္ဓါက လမ်းချော်သွား
နိုင်သေးတယ်။ဒါက “ယုံတဲ့အပိုင်း”။
▬▬▬▬▬▬▬▬▬▬▬▬▬▬
“စိတ်ကြည်မှု”
▬▬▬▬▬▬▬▬▬▬▬▬▬▬
“ကြည်တဲ့အပိုင်း”က သဒ္ဓါ ဖြစ်လာလို့ရှိရင်
ကာမဂုဏ်အာရုံ ခံစားချင်တဲ့ စိတ်တွေ၊
မုန်းတီးတဲ့ စိတ်တွေ၊ ထိုင်းမှိုင်းတဲ့ စိတ်တွေ၊
တွေဝေလွင့်ပျံ့တဲ့ စိတ်တွေ၊
ဒါတွေ အကုန်လုံး ကင်းပြီး စိတ်ဟာ
အညစ်အကြေး ကင်းပြီးတော့ ကြည်နေတယ်။
စိတ်ကြည်နေပြီဆိုရင်
တရားပွဲသွား တရားနာဦးမှ
ဆိုတဲ့ စိတ်လည်း ပေါ်တယ်နော်။
စိတ်မကြည်တဲ့လူ ဒီစိတ် ပေါ်မှာ မဟုတ်ဘူးနော်။
အိမ်ဦးဘုရားခန်းလေး ရှင်းပြီးတော့ ပန်းလေးတွေ လဲဦးမှပဲ။
ဘုရားဆွမ်းတော် တင်ဦးမှပဲ၊ ဘုရားရှိခိုးဦးမှပဲ၊
ပုတီးစိပ်ဦးမှပဲ၊ ကမ္မဋ္ဌာန်း ထိုင်ဦးမှပဲဆိုတဲ့ စိတ်ကူးဟာ
စိတ်ကြည်နေတဲ့အခါမှ ဖြစ်တယ်ဆိုတာ သတိထားရမယ်။
အဲဒီလို မိမိသန္တာန်မှာ ကုသိုလ်ကောင်းမှုနဲ့ ပတ်သက်ပြီး
စိတ်ကြည်နေတာဟာလည်း “သဒ္ဓါ”လို့ အဲဒီလို မှတ်ရမယ်။
စိတ်ကလေး ကြည်ရုံတင် မကဘူး။
တစ်ခါတလေ စိတ်ကလေးက စွမ်းအားတွေ ပြည့်လာတယ်။
တစ်စုံတစ်ခု လုပ်မယ်ဆိုရင် ရွတ်ရွတ်ချွံချွံ လုပ်တယ်။
ဘယ်အရာပဲဖြစ်ဖြစ် ဆုံးဖြတ်ပြီးလို့ရှိရင်
သဒ္ဓါဆိုတဲ့ စွမ်းအားလေးတွေ ရလာပြီဆိုလို့ရှိရင်
ဟော လှူမှု၊တန်းမှုမှာလည်း နောက်မတွန့်တော့ဘူး။
သဒ္ဓါစွမ်းအား ပြင်းလာလို့ရှိရင် ကုသိုလ်ကောင်းမှု
လုပ်ဖို့ရာလည်း နောက်မတွန့်ဘူး။
ဒါ သဒ္ဓါရဲ့ စွမ်းအားပဲ။
သဘာဝတစ်ခုမှာ စွမ်းအားတွေ ရှိတတ်တယ်။
အေး ဒါကြောင့်မို့ ဗုဒ္ဓတရားတော်အရ သောတာပန်
ဖြစ်သွားပြီဆိုလို့ရှိရင် ဒီသဒ္ဓါဟာ perfect ဖြစ်သွားတယ်။
ဘာလို့တုံးဆိုတော့ သောတာပန်ပုဂ္ဂိုလ်သည်
“အမြင်မှားခြင်းဆိုတဲ့ ဒိဋ္ဌိနဲ့ သံသယဖြစ်ခြင်းဆိုတဲ့
ဝိစိကိစ္ဆာ” လုံးဝ ရှင်းသွားပြီ မဟုတ်လား။
အဲဒီတော့ သံသယဖြစ်တာနဲ့ မှားမှားယွင်းယွင်း မြင်တာ
မရှိဘူးဆိုရင် သူ့ရဲ့ ဆုံးဖြတ်ချက်ဟာ တည်ငြိမ်သွားပြီးပေါ့။
ဒါကြောင့်မို့ သူ့ရဲ့သဒ္ဓါဟာ “ခိုင်မြဲတဲ့ သဒ္ဓါ” လို့ ဆိုတယ်။
ကျန်တဲ့ ပုထုဇဉ်တွေရဲ့ သဒ္ဓါဟာ မခိုင်မြဲသေးဘူး။
ပြောင်းလွဲမှုတွေ များစွာ ဖြစ်နိုင်သေးတယ်။
သဒ္ဓါကို ထိန်းမယ့် ပညာကလည်း အားနည်း
နေသေးတဲ့အတွက် ဟိုလူပြောရင် ဟုတ်နိုးနိုး၊
ဒီလူပြောရင် ဟုတ်နိုးနိုး၊
ဟိုဘာသာက ဟောရင် ဟုတ်သလိုလို၊
ဒီ ဘာသာက ဟောရင် ဟုတ်သလိုလို ဒါမျိုးတွေ ဖြစ်တယ်။
▬▬▬▬▬▬▬▬▬▬▬▬▬▬
“ခိုင်မာတဲ့ သဒ္ဓါ”
▬▬▬▬▬▬▬▬▬▬▬▬▬▬
အေး ဒါကြောင့်မို့ ဒီသဒ္ဓါကို ခိုင်မာအောင် လုပ်ဖို့လိုတယ်၊
သဒ္ဓါဟာ ခိုင်မာလာပြီဆိုရင် သူနဲ့ပတ်သက်လာတဲ့
စိတ်ထဲက အညစ်အကြေးတွေကို တွန်းထုတ်နိုင်ပါတယ်။
အများကြီး တွန်းထုတ်နိုင်တယ်။
ကာမစ္ဆန္ဒ ဆိုတဲ့ လောဘတွေ၊
ဗျာပါဒ လို့ဆိုတဲ့ အလိုမကျတဲ့ ဒေါသတွေ၊
ဥဒ္ဒစ္စ ကုက္ကုစ္စ ဆိုတဲ့ စိတ်လွင့်တာ၊
စိတ်ငြိမ်းချမ်းမှု မရှိတာတွေ စိတ်ပူပန်နေတာတွေ၊
ထိန မိဒ္ဓ လို့ခေါ်တဲ့ စိတ်အားတွေ လျော့ကျသွားတာတွေ၊
လျော့ရဲ ထိုင်းမှိုင်းသွားတာတွေ၊
ဝိစိကိစ္ဆာ လို့ခေါ်တဲ့ သံသယတွေ ဝင်နေတာတွေ၊
အဲဒါတွေကို သဒ္ဓါက ပယ်ရှားပစ်နိုင်တယ်။
“သဒ္ဓါရဲ့ စွမ်းရည်” နော်။
❖နောက် စိတ်ကို ပူပန်စေတတ်တဲ့
ကိလေသာတွေကိုလည်း
ဟောဒီသဒ္ဓါက ဖယ်ရှားပစ်နိုင်တယ်။
သဒ္ဓါတရား ရှိလာတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ
လမ်းမှန်ကို ရောက်မယ်။ မြတ်စွာဘုရားသခင်
ကိုယ်တော်မြတ်ကို “သဟမ္ပတိဗြဟ္မာကြီး”က
“နိဗ္ဗာန်တံခါးကြီး ဖွင့်တော်မူပါ”လို့
တောင်းပန်တဲ့အခါ ဘုရားက
“ငါ နိဗ္ဗာန်တံခါး ဖွင့်မယ်၊ ဒါပေမယ့်
“ပမုဉ္စန္တု သဒ္ဓံ- ငါ့အပေါ်မှာ ယုံကြည်ချက်တော့
ထားကြ” လို့ ဒီလို ဟောခဲ့တာ။
ဘာဖြစ်လို့လဲ ဆိုလို့ရှိရင် မယုံကြည်ရင်
နားထောင်မှာမှ မဟုတ်ဘဲကိုး။
ဒါကြောင့်မို့ နားထောင်ဖို့အတွက် ယုံကြည်မှုက
အရေးပါတယ်။ဒီသဒ္ဓါဟာ ကောင်းတဲ့စိတ်တွေနဲ့
ယှဉ်တွဲပြီး ဖြစ်တာမို့ အင်မတန်မှာ တန်ဖိုး ရှိတယ်။
ကြည်တာနဲ့ ပတ်သက်ပြီးတော့
စကြဝတေးမင်းကြီးရဲ့
ပတ္တမြားရတနာ ထည့်လိုက်ရင် အနည်တွေထိုင်ပြီး၊
ရေကြည်သွားနိုင်တယ်။ ထို့အတူပဲ လူ့ရဲ့စိတ်ဟာ
လောဘ၊ဒေါသ၊မောဟ ဆိုတဲ့ အနောက်တွေ
ရှိနေသော်လည်း ဟောဒီ သဒ္ဓါဆိုတဲ့
သဘောတရားတစ်ခု စိတ်ထဲဝင်လာတာနဲ့
တစ်ပြိုင်နက် အနောက်တွေ အနည်ထိုင်ပြီး
ကြည်သွားတယ်လို့ ပြောတာနော်။
စိတ်ကြည်သွားပြီဆိုရင် ဘာလုပ်တုန်း၊
❖ဒါနကောင်းမှုလုပ်တယ်၊
❖သီလဆောက်တည်တယ်၊
❖ဥပုသ်စောင့်တယ်၊
❖ဟောစိတ်ကြည်ရင် ကုသိုလ် လုပ်ဖို့အတွက်
စိတ်အားတွေ တက်လာတယ်။
ဒါ သဒ္ဓါရဲ့ စွမ်းဆောင်ချက်တွေပဲ။
ကိုယ့်သန္တာန်မှာ သဒ္ဓါဖြစ်လာပြီ ဆိုလို့ရှိရင်
ဒီ အခြေအနေတွေ ပေါ်လာပြီလို့ ဒီလိုမှတ်နော်။
▬▬▬▬▬▬▬▬▬▬▬▬▬▬
“သဒ္ဓါရှိသူရဲ့ စိတ်ထား”
▬▬▬▬▬▬▬▬▬▬▬▬▬▬
အေး ကောင်းပြီ။သဒ္ဓါရှိတဲ့ ပုဂ္ဂိုလ်ရဲ့
လုပ်ဆောင်ချက်တွေက ဘာတွေရှိလဲလို့ဆိုတော့
သဒ္ဓါတရားစွမ်းအား ထက်လာတဲ့ ပုဂ္ဂိုလ်ဟာ
(အင်္ဂုတ္ထိုရ်ပါဠိတော်မှာ မြတ်စွာဘုရား ဟောထားတယ်။)
✤“ဒဿနကာမော သီလ၀တံ”
သီလရှိတဲ ပုဂ္ဂိုလ်တွေကို ဖူးချင်တယ်။တွေ့ချင်တယ်။
ကိုယ်ကျင့်တရားကောင်းတဲ့ ပုဂ္ဂိုလ်တွေနဲ့ ဆုံစည်းချင်တယ်။
သဒ္ဓါရှိတဲ့ပုဂ္ဂိုလ်က ဘယ်ပုဂ္ဂိုလ်ဖြင့် အကျင့်ကောင်းတယ်။
ဘယ်ဆရာတော်ကြီးဖြင့် အကျင့်ကောင်းတယ်။
သီလရှိလို့ ကြည်ညိုစရာ ကောင်းတယ်။
အကျင့် အနေအထိုင်ကောင်းတယ်ဆိုတာမျိုး
သွားဖူးတွေ့ချင်တယ်။
လူ ပုဂ္ဂိုလ်တွေထဲကလည်း ကိုယ်ကျင့်တရား
ကောင်းတဲ့သူဆိုရင် တွေ့ချင်တယ်နော်။
အရပ်ထဲမှာ ဒီလူကတော့ သိပ်တော်တာပဲ။
အနေအထိုင် ကောင်းတယ်၊ အသောက်အစား ကင်းတယ်၊
ကိုယ်ကျင့်တရား အင်မတန် ကောင်းတယ်။
လိမ်တာညာတာ မရှိဘူး၊ အပျော်အပါး မရှိဘူးဆို
“တော်လိုက်တာ၊ တွေ့ချင်တယ်”ဆိုတာ သဒ္ဓါရှိတဲ့
ပုဂ္ဂိုလ်ရဲ့ စိတ်နေစိတ်ထား တစ်ခုပါပဲ။
✤ “သဒ္ဓမ္မံ သောတု မိစ္ဆတိ”
သူတော်ကောင်းတရား ဆိုရင် နာချင်တယ်၊
ဘယ်နေရာဖြစ်ဖြစ် တရားပွဲ ရှိတယ်ဆိုရင်
သွား နာချင်တယ်။တကယ့် အစစ်အမှန် တရားဓမ္မတွေကို
သူက နာယူချင်တဲ့စိတ် ဖြစ်တယ်။
✤ “၀ိနယေ မစ္ဆေရမလံ” နှမြော ၀န်တိုခြင်းဆိုတာ
သူ့ဆီမှာ မရှိဘူး။စိတ်က ပေးဖို့ ကမ်းဖို့ပဲ။
ဘာပဲဖြစ်ဖြစ် ကိုယ်တတ်နိုင်တဲ့ အတိုင်းအတာ
အတွင်းက ပေးဖို့ ၊ ကမ်းဖို့ အသင့် ဖြစ်နေတယ်။
တချို့က ရှိလည်း ပေးချင်မှ ပေးတာလေ။
မရှိလို့ မပေးတာက တခြားလေ။
“မစ္ဆရိယ” ဆိုတာ နေရာတကာရှိတာ။
မီးဖိုချောင်ထဲမှာ ပိုဖြစ်တတ်တယ်။
မီးဖိုချောင်ထဲမှာဆိုရင် ဟင်းကောင်းလေးချက်ရင်
ဘေးမှာထားပြီးတော့ ဒါ ငါ့အတွက်ဆို၊
သူများကို မပေးချင်တာမျိုးလည်း ဖြစ်တတ်သေးတယ်။
အဲဒီတော့ မစ္ဆရိယဆိုတာက လွယ်လွယ်လေးနဲ့
ဖြစ်တာနော်။
မစ္ဆရိယဆိုတဲ့ အညစ်အကြေး ကင်းတဲ့သူမှာ
သူ့ဖို့ ၊ ငါ့ဖို့ဆိုတာ မရှိဘူး။အတူတူပဲ။
ခွဲဝေခြင်း မရှိဘူး၊ ဒါကတော့ ဘယ်သူ့အတွက်၊
ဒါက ဘယ်သူ့အတွက်၊ ဒီလို မထားဘူး။
အကုန်လုံးပဲ ညီတူညီမျှ ဒီလိုဟာမျိုး ရှိတယ်။
ခွဲခြမ်း၊ခွဲခြမ်း မရှိဘူး။
ခွဲခြမ်း၊ခွဲခြမ်း လုပ်လာရင်တော့ အဲဒါ
မစ္ဆရိယ ရှိနေပြီနော်။ဒီလို မှတ်ရမယ်။
✤လူတစ်ယောက်ရဲ့ ဂုဏ်ကျေးဇူးကို ပြောပြီဆိုရင်လည်း
ကြည့်။မစ္ဆရိယ၀င်လာပြီဆိုရင် အကောင်း မပြောနိုင်ဘူး။
ဟိုလူတစ်ယောက်က တော်လိုက်တာလို့ ပြောလို့ရှိရင်
“ဟုတ်ပါတယ်၊ ဒါပေမယ့်”ဆိုပြီး အပြစ်ပြောတတ်တယ်။
အဲဒါ “မစ္ဆရိယ အခြေခံပြီး ပြောတာ”လို့ မှတ်ပေတော့နော်။
“ဒါပေမယ့် …”တက်လာတာနဲ့ တစ်ပြိုင်နက်
စိတ်အညစ်အကြေး တစ်ခုခုတော့ လာပြီနော်။
အဲဒီလို ဖြစ်တတ်တယ်တဲ့။
✤နောက် အရှင်အာနန္ဒာတို့ကျတော့
ဘယ်လောက်တောင် ပြောတုန်းဆိုရင်
ကုသိုလ်ကောင်းမှု လုပ်တဲ့နေရာမှာတောင်
ဝေယျာဝစ္စ လုပ်ကြတဲ့အခါ မစ္ဆရိယ ရှိလာပြီဆိုရင်
သူက ကိုယ့်ကိုယ်ကိုယ် ညှာလာတာ။
ကိုယ့်ကိုယ်ကိုယ် ညှာပြီးတော့ နည်းနည်း သက်သာတဲ့
အလုပ်ကို ရွေးလုပ်လာတယ်။အဲဒါ “ကိုယ့်ရဲ့
ချမ်းသာမှုမှာ မစ္ဆရိယဖြစ်တယ်” လို့ ခေါ်တာ။
“ကာယမစ္ဆေရ ဂရုနော”- ကိုယ့်ကိုယ်ကိုယ် ညှာလိုက်တာ။
ကိုယ့်ကိုယ်ကိုယ် ညှာလိုက်တော့ လုပ်ရမယ့် လုပ်နိုင်တဲ့
အလုပ်ကို မလုပ်တော့ဘူး၊
တရားအားထုတ်လို့ရှိရင်
“သိပ်ပင်ပင်ပန်းပန်း အားမထုတ်နဲ့ ကျန်းမာရေး
ထိခိုက်လိမ့်မယ်” ဆိုပြီး ညှာလိုက်တာ၊
အဲဒါလည်း မစ္ဆရိယ သဘောတဲ့။
▬▬▬▬▬▬▬▬▬▬▬▬▬▬
“ဘာသာခြားတို့ရဲ့ ယုံကြည်မှု”
▬▬▬▬▬▬▬▬▬▬▬▬▬▬
အေး ကောင်းပြီ။
အဲဒီ အညစ်အကြေးတွေ အားလုံးကို သဒ္ဓါ စွမ်းအား
ကြီးမားလာပြီ ဆိုလို့ရှိရင် ဖယ်ရှားပစ်နိုင်တယ်လို့
ဟောထားတယ်နော်။စိတ်အညစ်အကြေးတွေ
လုံးဝ ပျောက်ကွယ် သွားနိုင်တယ်။
သဒ္ဓါက ဆုံးဖြတ်ချက်ဟာ ရဲရင့်စေတယ်၊
ဒါနဲ့ ပတ်သက်ပြီး အဋ္ဌကထာက ဆွေးနွေးထားတာလေး
တစ်ပုဒ်ရှိတယ်။ယုံကြည်တယ်ဆိုတာနဲ့၊
ယုံတယ်ဆိုတာနဲ့ ပတ်သက်လာတယ်၊
“ဘာသာခြားတွေကော သူတို့ဘုရား သူတို့မယုံဘူးလား”
လို့ မေးစရာ ရှိတယ်။
“အဲဒါကို သဒ္ဓါလို့ ခေါ်နိုင်မလား”တဲ့။
ရှင်မဟာဗုဒ္ဓဃောသကတော့ ဒီသဒ္ဓါဆိုတဲ့ စကားလုံးမှာ
ဗုဒ္ဓဘာသာမှာ သုံးတာ အကောင်းဘက်ပဲ သုံးတယ်။
အဆိုးဘက် မသုံးဘူး။
ဒါကြောင့်မို့ စိတ်ဖြူစင်မှု အင်အားစုများလို့ ပြောတာနော်။
မှားမှားယွင်းယွင်း ယုံကြည်တာမျိုးကို သဒ္ဓါလို့ မခေါ်ဘူးတဲ့၊
ဒါကြောင့်မို့ မမှန်ကန်တဲ့ အရာကို မှန်ကန်တယ်လို့ ထင်တယ်။
ဆိုပါစို့၊ ကိုယ့်ကို တန်ခိုးရှင်က မဖန်ဆင်းဘဲနဲ့
ဖန်ဆင်းတယ်လို့ ထင်တာ အမှန်လား၊ အမှားလား။
အဲဒီ အမှားမျိုးကို လက်ခံတာကျတော့ ဒါ
“သဒ္ဓါ” လို့ မခေါ်ဘူးတဲ့။ဒါက “သက်သက် စဉ်းစားဉာဏ်
ကင်းမဲ့တာပဲ” လို့ ဒီလို ပြောတယ်။
သဒ္ဓါဆိုတာ အဲဒီဟာမျိုးမဟုတ်ဘူးတဲ့။
ယုံကြည်ထိုက်တဲ့ နေရာမှာ ယုံကြည်တာမျိုးကို
သဒ္ဓါလို့ သုံးရတယ်။ ဒါက အဋ္ဌကထာဆရာရဲ့
ဆွေးနွေးချက်နော်။
နောက်တစ်မျိုး စဉ်းစားကြည့်မယ်ဆိုရင်
ယုံကြည်တာတွေဟာ ပညာနဲ့ ယုံကြည်တာ ရှိတယ်။
ပညာမဲ့ ယုံကြည်တာ ရှိတယ်။
အဲဒီတော့ ဗုဒ္ဓမြတ်စွာ ဟောကြားတဲ့ သဒ္ဓါဆိုတာ
ပညာနဲ့ အထိန်းပါတဲ့ အသိဉာဏ်နဲ့ ယုံကြည်တဲ့
သဒ္ဓါလို့ ဒီလို ယူမယ်ဆိုရင်
“ယုံတာတွေဟာ သဒ္ဓါတော့ သဒ္ဓါပဲ။
သို့သော် ပညာမဲ့သွားရင် လမ်းချော်သွားနိုင်တယ်”
လို့ ဒီလိုမှတ်ရမယ်နော်။
-【စာရိုက်ပူဇော်သူ - Admin Team of
Young Buddhist Association】
-【ပါမောက္ခချုပ်ဆရာတော်ဒေါက်တာ
အရှင်နန္ဒမာလာဘိဝံသ၏ “အဘိဓမ္မာ မြတ်ဒေသနာ”မှ-
ကောက်နှုတ် ကူးယူပူဇော်မျှဝေပါသည်။】
Posted by►
www.facebook.com/youngbuddhistassociation.mm
Monday, June 26, 2017
⏩GYM မသွားခင်သိစေချင် (အပိုင်း-၁)⏪
လေ့ကျင့်ခန်းဘာသာစကား (သို့) လေ့ကျင့်ခန်းဝေါဟာရ (gym language or vocabulary)
+++++++++++++++++++++++++++++
လေ့ကျင့်ခန်းလုပ်တော့မယ်ဆိုတာဆုံးဖြတ်ဖို့လွယ်ကူပေမယ့် Gym  Room ဆိုတဲ့လေ့ကျင့်ရေးခန်းမတခုကို ခြေတလှမ်းဝင်ရောက်ဖို့ကဘယ်လောက်ခက်ခဲခဲ့သလဲဆိုတာကြုံဖူးသူတိုင်းခံစားနားလည်မှာပါ။ ရောက်ခဲ့ဦးမယ်ဆိုရင်တောင်မှ ငါလေ့ကျင့်ခန်းတွေလုပ်နိုင်ပါ့မလား? ငါ့ ခန္ဓာကိုယ်အချိုးအစားက လေ့ကျင့်ရေးခန်းမထဲမှာရီစရာဖြစ်နေမလား? လေ့ကျင့်ခန်းကပစ္စည်းတွေ၊ စက်တွေငါသုံးတတ်ပါ့မလား? စသည်ဖြင့်စိုးရိမ်မူ့ပေါင်းများစွာနဲ့အားငယ်ပြီး လေ့ကျင့်ရေးခန်းမထဲဝင်ရောက်လာချိန်မှာတော့ သင်ဟာတခြားကမ္ဘာတခုကိုရောက်နေသလိုထပ်မံခံစားမိမှာပါ။
"ညေး.. ဘားဘဲလ်(Barbell) နဲ့မဆော့နဲ့လေ၊ အီးဇက်ဘား(EZ bar) နဲ့ဆော့တာပိုသင့်တော်တယ်"
"ကဲ..ကွီးရေ ဒီနေ့တော့ ဆူပါစပ် (Superset) နဲ့ ဖေးလား (Failure) ဖြစ်တဲ့အထိဝုန်းကြမယ်"
"လုပ်ကြပါဗျာ..ကျော်တော့ ဒရော့ဆပ် (Dropset) လေးနဲ့ဖြေးဖြေးဘဲဗျို့"
"အိပ်ရေးပျက်တာများတော့ ကွန်ပေါင်း (compound) တွေသိပ်မကစားနိုင်တော့ဘူးဗျာ"
"ညေးက နယူးဘီး (Newbie)လား? လောဘမကြီးနဲ့ ဒမ်ဘယ် (Dummbell) လေးတွေနဲ့စလေ့ကျင့်ပေါ့ကွာ, ဝမ်းအပ် (warm-up)နဲ့ စတက်ချင်း (Stretching)လုပ်ဖို့တော့မမေ့နဲ့နော်"
"ဒီနေ့တော့ ကာဒီယို (Cardio) လား? (HIIT)ဟစ်လားဟေ့? အိတ်ခ်ျ-အိုင်-တီ-တီ "
ဟိုက်!!!
ဘုရားရေ
ဘာတွေပြောနေကြတာလဲ?
ဂြိုလ်သားစကားတွေလား?
အင်္ဂလိပ်လိုပြောတာလား?
မြန်မာလိုဘဲပြောတာလား?
လေ့ကျင့်ရေးခန်းမထဲက ကစားနေသူတွေပြောနေတဲ့စကားလုံးဟာ သင့်ပါတ်ဝန်းကျင်မှာပြောနေကျ၊ ကြားနေကျဘာသာစကားမဟုတ်သလိုမျိုး ဝေါဟာရအသစ်တွေဟာသင်မကြားဖူးတာတွေဖြစ်နေမှာကြိမ်းသေပါ။ မည်သို့ပင်ဖြစ်စေ အခုမှစတင်သိကျွမ်းမယ့် ကာယဗလမိတ်ဆွေအသစ်တွေအထင်မသေးစေဖို့၊ Gym instructor နည်းလမ်းညွန်ပြသူစိတ်မပျက်စေဖို့အတွက် Gym မသွားခင် သိစေချင်ဆောင်းပါးကိုရေးသားဖော်ပြလိုက်ရပါတယ်။ (သင်ကစားနေတဲ့ပါတ်ဝန်ကျင် ဒါမျိုးမပြောကြသလို၊ သိဖို့မလိုအပ်ဖူးထင်ရင် ကျော်သွားလိုက်ပါ)
လေ့ကျင့်ခန်းဘာသာစကားမှာ ၂ မျိုးခွဲခြားထားပါတယ်။ Traing Talk လို့ခေါ်တဲ့ လေ့ကျင့်ရေးစကားလုံး(ဝေါဟာရ)နှင့် Body Talk လို့ခေါ်တဲ့ ခန္ဓာဗေဒအခေါ်အဝေါ်စကားလုံးတွေဘဲဖြစ်ပါတယ်။
📢TRAING TALK
👉🏻၁- Newbie (နယူးဘီး)= လူသစ်တန်း
လေ့ကျင့်ခန်းများနှင့်မရင်းနှီးဖူးသူ၊ အခုမှစတင်လေ့ကျင့်ရန်ပြင်ဆင်နေသူကို Newbie လို့ခေါ်ဝေါပြောဆိုတတ်ကြပါတယ်။ (Someone who is new or unfamiliar to the gym)
👉🏻၂- Reps (ရပ်စ်)= အကြိမ်အရေအတွက်
Reps ဆိုတာကတော့ Repetitions ထပ်ခါထပ်ခါပြုလုပ်နိုင်စွမ်းအရေအတွက်ကို အင်္ဂလိပ်စကားအတိုကောက်အဖြစ် Reps, အကြိမ်အရေအတွက်ဟုခေါ်ဝေါ်ပြောဆိုကြပါတယ်။ (Reps refers to the number of times you perform an exercise within a set)
👉🏻၃- Set (ဆပ်) = အကြော့
Set ဆိုတာကတော့ လေ့ကျင့်မူ့တခုပြီးမြောက်မူ့အရေအတွက် (သို့) အကြော့ကိုခေါ်ဆိုကြတာဖြစ်ပါတယ်။ (A set is a cycle that perform a number of reps for each set)
ဥပမာဆိုကြပါစို့၊ နာရီစက္ကန့်တံတခု၏ ၁ချက်ရွေ့လျားမူ့ဟာ ၁ စက္ကန့်ဖြစ်ပြီး အချက်၊ အကြိမ်ရေ ၆၀ ရွှေ့လျားမူ့ကို ၁ မိနစ်ဟုသိနားလည်ကြပါတယ်။ အလားတူစွာဘဲ အချက် ၆၀ ရွေ့လျားမူ့ (အကြိမ်)Reps ဟုနားလည်ပြီး ၁ မိနစ်ဟာ  1 Set (အကြော့)ဟုနားလည်လိုက်ပါ။
👉🏻၄- Rest (ရွပ်စ်) = အနားယူမူ့
လေ့ကျင့်မူ့ပြီးမြောက်ခြင်း အကျော့၊ တကျော့နှင့်တကျော့ကြားအနားယူချိန်ကို Rest လို့ခေါ်ဝေါ်အသုံးပြုကြပါတယ်။ (In between each set which rest for a short period of time)
👉🏻၅- Warmup (ဝမ်းအပ်) = သွေးပူအောင်ပြုလုပ်သည်။
ကိုယ်ပိုင်သတ်မှတ်ထားတဲ့ အမြင့်ဆုံးအလေးချိန်ကိုမယူနိုင်ဖို့အတွက် အလေးချိန်အနည်းငယ်ဖြင့်သွေးပူလာအောင်ပြုလုပ်တာကို Warmup လို့ခေါ်ပါတယ်။ (Warmup is the lighter lifting you do before starting an exercise)
👉🏻၆- HIIT (အိတ်ခ်ျ-အိုင်-အိုင်-တီ) = ကိုယ်ခန္ဓာအလေးချိန်ဝိတ်အား အသုံးပြုပြီး အချိန်တိုအတွင်း အရှိန်ပြင်းပြင်းဖြင့်မြန်မြန်ဆန်ဆန်ပြုလုပ်ရသောလေ့ကျင့်ခန်းကိုခေါ်ဆိုပါတယ်။
High (အရှိန်အဟုန်)
Intensity (ပြင်းအား)
Interval (အချိန်ကာလတခုနှင့်တခုအကြား)
Training (လေ့ကျင့်ခန်း)
ဥပမာ။ တာတိုအပြေးသမားတယောက်လို ပြေးစက်ပေါ်တွင်အားကုန်၊ အစွမ်းကုန် ခဏပြေးပြီး၊ တဖြေးဖြေးချင်းအရှိန်ပြန်လျော့ချကာအရှိန်ကုန်လာသည်နှင့် ပြန်လည်အားကုန်စတင်ပြေးလွားခြင်းမျိုးကို HIIT ကစားတာလို့ခေါ်ပါတယ်။ [Alternate between high-intensity periods (everything you got) and low-intensity recovery periods (slow it down to 50 percent of your high-intensity speed or lower)]
👉🏻၇- Cardio (ကာဒီယို) = ကိုယ်ခန္ဓာအလေးချိန်ကိုအသုံးပြုပြီး နှလုံခုန်မြန်ဆန်အားကောင်းလာစေသောလေ့ကျင့်ခန်းကိုခေါ်ဆိုပါတယ်။
ဥပမာ။ ပြေးခြင်း၊ စက်ဘီးနင်းခြင်း၊ ရေကူးခြင်း၊ ကြိုးခုန်ခြင်း၊ ကခုန်ခြင်း
👉🏻၈- Barbell (ဘားဘဲလ်) = တဖက်တချပ်တွင် ဝိတ်အလေးပြားများတပ်ဆင်နိုင်ရင် စီမံပြုလုပ်ထားသော လေ့ကျင့်ရေးအထောက်အကူပြု အဖြောင့်သံချောင်းတခုကိုခေါ်ဆိုတာဖြစ်ပါတယ်။ လက်၊ပခုံးတို့ဖြင့်မယူလေ့ကျင့်နိုင်ပြီး အလေးပြားများအား လိုအပ်သလိုဖြုတ်၊တပ် ပြုလုပ်နိုင်ပါတယ်။
👉🏻၉- Dumbbell ဒမ်ဘဲလ်) = လက်ဖြင့်ဆုပ်ကိုင်နိုင်သော အရွယ်အစားရှိသံချောင်းအတိုဖြင့် တဖက်တချပ်တွင် အလေးတုန်းများတပ်ဆင်ထားသော ပုံသေတပ်ဆင်ထားသော လေ့ကျင့်ရေးအထောက်အကူပြု ကရိယာကိုခေါ်ဆိုပါတယ်။ လက်ဖြင့်မယူလေ့ကျင့်နိုင်ပြီး အလေးတုန်းအားဖြုတ်၊တပ် ပြုလုပ်၍မရပါ။
👉🏻၁၀- Kettlebell (ကစ်တယ်ဘဲလ်) = သံဖြင့်ပြုလုပ်ထား၍ အလေးချိန်အမျိုးမျိုးရှိသော၊ ရေနွေးကရာလက်ကိုင်ပုံစံပါရှိသော လေ့ကျင့်ရေးအထောက်အကူပြုကိရိယာကိုခေါ်ဆိုတာဖြစ်ပါတယ်။ (နှုတ်သီးမပါတဲ့ရေနွေးကရားနဲ့ဆင်တူပါတယ်)
👉🏻၁၁- EZ Bar (အီးဇက်ဘား) = လက်ဖြင့်ကိုင်တယ်မယူရန် ပိုမိုလွယ်ကူစေပြီးတဖက်တချပ်တွင် ဝိတ်အလေးပြားများတပ်ဆင်နိုင်ရင် စီမံပြုလုပ်ထားသော ရေလှိုင်းပုံစံ 〰 (သို့) W ပုံစံဖြင့်အနည်းငယ်ဆင်တူသော လေ့ကျင့်ရေးအထောက်အကူပြုကိရိယာ သံချောင်းအကောက်တခုကိုခေါ်ဆိုတာဖြစ်ပါတယ်။ လက်ဖြင့်သာမယူလေ့ကျင့်နိုင်ပြီး အလေးပြားများအား လိုအပ်သလိုဖြုတ်၊တပ် ပြုလုပ်နိုင်ပါတယ်။
👉🏻၁၂- Bench (ဘန့်ခ်ျ) = ဒူးအမြင့်ပမာဏလောက်အမြင့်ရှိပြီး လေ့ကျင့်ခန်းပြုလုပ်ရာတွင်အသုံးပြုနိုင်သော (သို့) အနိမ့်အမြင့် အတင်အချပြုလုပ်နိုင်ရန်စီမံထားသော လေ့ကျင့်ခန်းအထောက်အကူပြုခုံတန်းအတို ကိုခေါ်ဆိုတာဖြစ်ပါတယ်။
👉🏻၁၃- Plates (ပလိပ်) = အဝိုင်းပြားအလယ်တွင်သံချောင်းတပ်ဆင်နိုင်ရန် အပေါက်ပါရှိ၍၊ မတူညီသောအလေးချိန်ပမာဏမျိုးစုံအတွက်စီမံပြုလုပ်ထားသော လေ့ကျင့်ရေးအထောက်အကူပြုကိရိယာ အလေးပြားကိုခေါ်ဆိုတာဖြစ်ပါတယ်။ (The round weights you place on the end of bars)
👉🏻၁၄- Incline (အင်ကလိုင်း) = အနိမ့်အမြင့်၊ အတင်အချပြုလုပ်နိုင်သော လေ့ကျင့်ရေးအထောက်အကူပြုခုံတန်းအတို၏ အစွန်းတဖက်အားအပေါ်သို့ ရေပြင်ညီအနေအထားမှာ ၁၅ ဒီဂရီ၊ ၃၀ ဒီဂရီတစောင်းမြှင့်တင်၊ ထောင်ထားပြီး ၎င်းအပေါ်တွင် ထိုင်၍ဖြစ်စေ၊ ဝမ်းလျားမှောက်၍ဖြစ်စေလေ့ကျင့်သော လေ့ကျင့်ခန်းပုံစံအနေအထားကိုခေါ်ဆိုခြင်းဖြစ်ပါတယ်။
👉🏻၁၅- Decline (ဒီကလိုင်း) = အနိမ့်အမြင့်၊ အတင်အချပြုလုပ်နိုင်သော လေ့ကျင့်ရေးအထောက်အကူပြုခုံတန်းအတို၏ အစွန်းတဖက်အားအောက်သို့ ရေပြင်ညီအနေအထားမှာ ၁၀-၁၅ ဒီဂရီတစောင်းနှိပ်ချထားပြီး ၎င်းအပေါ်တွင် ပက်လက်ပုံစံဖြင့်လေ့ကျင့်သော လေ့ကျင့်ခန်းပုံစံအနေအထားကိုခေါ်ဆိုခြင်းဖြစ်ပါတယ်။
👉🏻၁၆- Plank (ပလန့်) = ကိုယ်ခန္ဓာအပေါ်ပိုင်းအလေးချိန်အတွက်တံတောင်ဆစ်နှင့် အောက်ပိုင်းအတွက်ခြေချောင်းလေးများကိုအဓိကအားပြုထောက်ထားပြီး၊ ဝမ်းဗိုက်ဆီသို့ရောက်ရှိသွားသော တကိုယ်လုံးဝိတ်အလေးချိန်အား(Gravity) ကမ္ဘာမြေ၏ဆွဲအားကိုဆန့်ကျင်ပြီး ကိုယ်ခန္ဓာအားကြမ်းပြင်နှင့် မျဉ်းပြိုင်အနေအထားဖြစ်အောင်၊ ခါးညွတ်မကျသွားစေရန်ထောက်၍ အချိန်ကာလတခုအထိမရွှေ့လျားဘဲ တောင်ခံထားသောလေ့ကျင့်ခန်းကိုခေါ်ဆိုတာဖြစ်ပါတယ်။ (ဒိုက်ထိုးသည့်ပုံစံအနေအထားနှင့်ဆင်တူပြီး လက်ဖဝါးကိုအားပြုထောက်ထားပုံနှင် တံတောင်ဆစ်အားကွေး၍ထောက်ထားပုံသာခြားနားပါသည်။)
👉🏻၁၇- Cables (ကေဘယ်) = နန်းကြိုးအမျှင်များဖြင့်ပြုလုပ်ထားသောကြိုးဟုအဓိပ္ပါယ်ရပြီး၊ လေ့ကျင့်ခန်းပြုလုပ်ရန်အတွက် စက်ကိရိယာ၊ အလေးပြား/တုန်းအားကြားခံကိရိယာ ပူးလီ-စက်သီး (pulley)ဖြင့်ချည်နှောင်ဆက်သွယ်ထား၍ ခံနိုင်ရည်၊ ကြံခိုင်မူ့တို့အတွက်လေ့ကျင့်ရာတွင်အသုံးပြုသော ကြိုးကိုခေါ်ဝေါ်ခြင်းဖြစ်ပါတယ်။ (A pulley system attached to various machines and workout systems)
👉🏻၁၈- Super Sets (စူပါဆပ်) = လေ့ကျင့်ခန်း ၂ မျိုးထက်ပိုပြီး၊ သတ်မှတ်ထားသောရည်ရွယ်ချက်ပြည့်သည့်နှင့်အနားမယူဘဲ တခြားလေ့ကျင့်များအားတခုပြီးတခုဆက်လက်ကစားရင်းလုံးဝ ခွန်းအားမရှိသောအချိန်ထိကစားသောကစားနည်းစနစ်ကိုခေါ်ဆိုတာဖြစ်ပါတယ်။ ဘမ်းစကားဖြင့် " ဝုန်း" တယ်လို့လဲပြောဆိုကြပါတယ်။ (When you do 2 or more exercises without rest periods in between them. For example: bench set—no rest—dumbbell curl set)
👉🏻၁၉- Drop Sets (ဒရော့ဆပ်) = သတ်မှတ်ထားသောရည်ရွယ်ချက်ထားသည့် အလေးပမာဏအား ပထမဦးစွာခွန်အားပြည့်ဖြိုးနေချိန်မှာ စတင်မယူပြီး၊ လုံးဝဆက်မလုပ်နိုင်တော့တဲ့အထိပြုလုပ်ခြင်းဖြစ်ပြီး၊ ၎င်းကာလပြီးဆုံးပြီးနောက် အလေးချိန်တဖြေးဖြေးလျော့ချပြီး ရည်မှန်းထားသောအကျော့အရေအတွက်ရအောင်သောကစားနည်းစနစ်ကိုခေါ်ဆိုတာဖြစ်ပါတယ်။
ဥပမာ။ ဒီနေ့ Gym မှာ 25 ကီလိုနဲ့ Dumbbell Fly ကို Dropset နဲ့ကစားမယ်ဆိုရင်၊ ရောက်တာနဲ့စစချင်း 25 kg Dummbell နဲ့ Reps ကိုရေတွက်မနေတော့ဘဲ ပြုတ်ကျသွားတဲ့အထိ မည်သူ့အကူအညီမှမလိုဘဲကစားပြီး၊ နောက်အကြောများကိုတော့ 20kg, 15kg ကနေ 10kg အထိတဖြည်းဖြေးလျော့ချကစားနည်းဘဲဖြစ်ပါတယ်။
👉🏻၂၀- Cutting (ကတ်တင်း) = ရည်ရွယ်ထားသော၊ လိုအပ်သောကိုယ်ခန္ဓာအရွယ်အစား၊ထုထည်တည်ဆောက်ပြီးသော ကာယကစားသမားသည် ကြွက်သားအလှထင်ပေါ်စေရန် စွမ်းအင်ဟုခေါ်သော ကယ်လိုရီပမာဏကို အစားအသောက်ပုံစံပြောင်းလဲခြင်း၊ လေ့ကျင့်ခန်းစနစ်ပြောင်းလဲခြင်းတို့ဖြင့် အဆီကျစေ၊ အဆီချနေသော အချိန်ကာလကိုခေါ်ဆိုတာဖြစ်ပါတယ်။ အရပ်အခေါ်အဝေါ်အရ မာဆယ်ခွဲတယ် (သို့) ကြွက်သားချည်းကျန်ရှိအောင် အဆီချနေချိန်ကိုပြောဆိုတာဖြစ်ပါတယ်။ (For bodybuilders, cutting means reducing calories in order to lose body fat)
👉🏻၂၁- Bulking (ဘောက်ကင်း) = ရည်ရွယ်ထားသော၊ လိုအပ်သည့်ကိုယ်ခန္ဓာအချိုးအစားရရှိရန်နှင့် ကြွက်သားကြီးထွားရန်အတွက် စွမ်းအင်ဟုခေါ်ဆိုသော ကယ်လိုရီအများအပြားပါဝင်အောင် စားသုံး၊လေ့ကျင့်ယူနေသော အချိန်ကာလကိုခေါ်တိုခြင်းဖြစ်ပါတယ်။ အရပ်အခေါ်အဝေါ်အရ ထု (ဒု)တင်သည်ဟုပြောဆိုကြပါတယ်။ ၎င်းထုတင်တယ်ဆိုတာလူကောင်ကြီးထွားဖို့ရည်ရွယ်ချက်ဖြစ်ပါတယ်။ ထုတင် = ကြွက်သား+အဆီ လို့မှတ်ယူထားပါ။ (bodybuilders increase their calorie intake to help maximize muscle growth and  a little fat gain is associated with bulking)
👉🏻၂၂- Pre-Workout (ပရီဝပ်အောက်)= လေ့ကျင့်ခန်းပြုလုပ်ခြင်း မတိုင်ခင်၊ မပြုလုပ်ခင်ကို ၃နာရီအလို (သို့) ၃နာရီထက်တိုတောင်းသောအချိန်အတိုင်းအတာအတွင် ရည်ရွယ်ထားသောလေ့ကျင့်ခန်းအတွက် လိုအပ်သောစွမ်းအင်ရရှိစေရန်အတွက် အဟာရ၊ ဖြည့်စွက်စာများစားသုံး၍ပြင်ဆင်ခြင်းကို ခေါ်ဆိုတာဖြစ်ပါတယ်။
👉🏻၂၃- ROM (အာအိုအမ်) = Range of Motion ဆိုသည်မှာ လေ့ကျင့်ခန်းတခုအားပြီးမြောက်အောင်ပြုလုပ်ပြီး၊ ပြန်လည်စတင်ခြင်းကိုခေါ်ဆိုခြင်းဖြစ်ပါတယ်။
👉🏻၂၄- SROM (အက်စ်အာအိုအမ်) = Slow Range of Motion ဆိုသည်မှာ အနှေးပြကွက် (Slow Motion) နှင်အဓိပ္ပါယ်ဆင်တူသက်ရောက်ပါတယ်။ လေ့ကျင့်ခန်းတခုအားပြီးမြောက်အောင်ဖြေးဖြေးခြင်းပြုလုပ်ပြီး၊ ဖြေးဖြေးချင်းပြန်လည်စတင်ခြင်းကိုခေါ်ဆိုခြင်းဖြစ်ပါတယ်။
ဥပမာ။ ဒိုက်ထိုးလေ့ကျင့်ခန်းဆိုကြပါစို့၊ တံတောင်ဆစ်ကိုကွေးချယူပြီး ရင်အုပ်ကိုကြမ်းပြင်ဖြင့်ထိလုနီးပါးအနေအထားတွင် ကိုယ်ခန္ဓာအားအပေါ်သို့မတင်၍တံတောင်ဆစ်အားပြန်လည်ဖြောင့်တန်းစေခြင်းဟာ ROM ပုံမှန်လေ့ကျင့်ခန်းရွှေ့ရှားမူ့ဖြစ်ပါတယ်။ SROM ကတော့ ဖြေးဖြေးချင်းတံတောင်ဆစ်အားကွေးချယူပြီး ရင်အုပ်ကိုကြမ်းပြင်ဖြင့်ထိလုနီးပါးအနေအထားမှ ကိုယ်ခန္ဓာအားအပေါ်သို့မတင်၍တံတောင်ဆစ်အားပြန်လည်ဖြောင့်တန်းချိန် အမှတ်စဉ် တစ်၊နှစ်၊သုံးခေါ်၍ တစ်ခေါ်ချိန်တွင် အနည်းငယ် ၂၀% မတင်၊ နှစ်ခေါ်ချိန်တွင် အလယ်အလတ်၅၀% မတင်၊ သုံးခေါ်ချိန်တွင် ၁၀၀% မတင်၍ စလိုးမိုးရှင်းဖြင့်မတင်သောလေ့ကျင့်စနစ်ဘဲဖြစ်ပါတယ်။
👉🏻၂၅- Isolation (အိုင်ဆိုလေးရှင်း) = ရည်ရွယ်ထားသော ကြွက်သားတမျိုးဆီသာ သက်ရောက်စေသော၊ ၎င်းကြွက်သားမှတွယ်​ကပ်​ထား​သောအဆစ်(joint)တစ်​ခုသာသီးသန့်​ လှုပ်​ရှားရ​သောကစားနည်းကိုခေါ်ဆိုတာဖြစ်ပါတယ်။
ဥပမာ။ လက်မောင်းရှေ့ကြွက်သားလေ့ကျင့်ခန်းအတွက် လက်မောင်းရိုးဖြင့်ဆက်သွယ်ထားသောကြွက်သားအတွက် လက်တံတောင်ဆစ်တခုသာလုပ်ရှားရတာကိုဆိုလိုတာဖြစ်ပါတယ်။ (Exercises that engage a single muscle. For example: bicep curl or calf raises)
👉🏻၂၆- Compound (ကွန်ပေါင်း) =
ရည်ရွယ်ထားသော ကြွက်သားတမျိုးဆီသာ သက်ရောက်စေပြီး ၎င်းကြွက်သားမှာ မာတီဂျိုင့် (multi joint) လို့ခေါ်တဲ့၁ ခုထက်ပိုသောအဆစ်တွယ်​ကပ်​ထား​သောကြွက်သားအတွက်လေ့ကျင့်ရသော ကစားနည်းစနစ်ကိုခေါ်ဝေါ်တာဖြစ်ပါတယ်။
ဥပမာ။ ရင်အုပ်ကြွက်သားအတွက် Brench Press လို့ခေါ်တဲ့ အလေးပြားဖြင့် ပက်လက်လှန်တွန်းမယ်ဆိုရင် အရိုးအစစ်တခုထက်ပိုမိုပြီး ပါဝင်လှုပ်ရှားရတာကိုဆိုလိုတာဖြစ်ပါတယ်။
အဆစ်​တစ်​ခုထက်​ပိုသုံးရသည့်​အတွက်​ ထိုအဆစ်​ကိုတွယ်​ကပ်​​သော ကြွက်​သားများတစ်​ခုထက်​ပို၍သုံးရပါသည်​။
(Engage multiple muscles for particular targeted muscle For example: bench press, squat or deadlift)
👉🏻၂၇- Burpees (ဘာပီး) = ကိုယ်ခန္ဓာအထက်ပ်ုင်းနှင့်အောက်ပိုင်းအတူတကွ တွဲလျှက်လုပ်ဆောင်ရသောလေ့ကျင့်မျိုးအားခေါ်ဆိုခြင်းဖြစ်ပါတယ်။ (Burpees offer you a full body workout where in it exercises your upper body and your lower body at the same time)
ဥပမာ။ ဘောလုံးကစားခြင်း၊ ခြင်းခတ်ခြင်း၊ သိုင်းကစားခြင်း၊ (ဒိုက်ထိုး+မတ်တပ်ရပ်အမြင့်ခုန်+ဒိုက်ထိုး)ဆက်တိုက်ပြုလုပ်သောကစားနည်းမျိုးဖြစ်ပါတယ်။
👉🏻၂၈- Circuit (ဆားကစ်) = အမျိုးအစားမတူသော ကြွက်သားသက်ရောက်မူ့လေ့ကျင့်ခန်းများအား တခုပြီးတခုဇယ်ဆက်သကဲ့သို့ ၅ စက္ကန်ခန့်သာအနားယူ၍ ဆက်တိုက်ပြုလုပ်သော အားကစားနည်းစနစ်ကိုခေါ်ဆိုတာဖြစ်ပါတယ်။ (A series of different exercises that are performed back to back with little to no rest and its provides some muscle gain and cardiovascular benefits)
👉🏻၂၉- Resistance Training (ရစစ်စတန့်) = ပေါ့ပါးသောအလေးချိန်ရှိထောက်ကူပစ္စည်းများဖြင့် အလယ်အလတ်ပြင်းအားဖြင့် လေ့ကျင့်သောလေ့ကျင့်ခန်းအမျိုးအစားအားခေါ်ဆိုခြင်းဖြစ်ပါတယ်။ (Any exercise using resistance, like weight or elastic bands)
👉🏻၃၀- DOMS (ဒွန်စ်) =
Delayed Onset Muscle Soreness
ပြင်းပြင်းထန်ထန်လေ့ကျင့်ခြင်းကြောင့်နောက်တနေ့တွင် ကြွက်သားနာကျင်ယောင်ယမ်းနေတဲ့ဖြစ်စဉ်အားခေါ်ဆိုခြင်းဖြစ်ပါတယ်။ တချို့ယောင်ယမ်းနေမူ့မှာ ၂၄-၇၂ နာရီအထိကြာမြင့်တတ်ပါတယ်။
=========================
BODY TALK
👉🏻၁- Pecs (ပက်စ်): pectoralis ရင်​ဘတ်​ကြွက်​သားတွင် အထက်၊အလယ်၊အောက် ကြွက်သား ၃ မျိုးပါဝင်ပါတယ်။ (Chest Muscle)
👉🏻၂- Lats(လတ်စ်): ပုခုံးအောက်ဘက်နေရာ လက်မောင်းဆုံအောက်မှခါးအထိ ဘယ်၊ညာကျောရိုးဖြင့်တွယ်ဆက်ထားသော အရပ်အခေါ်ဝင်းကြွက်သား (wing) ဟုခေါ်သော🔻 တြိဂံပုံသဏ္ဏာန်ရှိသောကြွက်သားစိုင်
👉🏻၃- Biceps(ဘိုင်ဆပ်)- ကြွက်​သားအမျှင်​​ခေါင်းနှစ်​ခု(ကြွက်သားအသေး + အကြီး) Bi=၂ မျိုးဖြင့်​ဖွဲ့စည်းထားသောလက်​​မောင်းအ​ရှေ့ကြွက်​သား
👉🏻၄- Triceps(ထွိုင်ဆပ်)-လက်​​မောင်းအ​​နောက်​ကြွက်​သားတွင် (အနောက်ကြွက်သားအကြီး + ဘေးသားမြင်းခွာကြွက်သား + နောက်ကြားခံကြွက်သား) အရှေ့၊အလယ်၊အနောက် ၃ ခုပါဝင်သောကြောင့် Triceps ဟုခေါ်ဆိုခြင်းဖြစ်ပါတယ်။
👉🏻၅- Quads(ကွပ်စ်): Quadriceps ခေါ်ပေါင်​​ရှေ့ကြွက်​သားသည်​ကြွက်​သားအမျိုးအစား​ ​၄ ခုနဲ့ဖွဲ့စည်းထားသည်​။ (vastus medialis,vastus intermedius, vastus lateralis, and rectus femoris)
👉🏻၆- Hams(ဟမ်းစ်): Hamstrings ပေါင်အနောက်ကြွက်သား(back of the thighs).
👉🏻၇- Glutes(ဂလပ်စ်): တင်ပါးအား ကြွက်သား ၃ မျိုး(gluteus maximus, medius, minimus)ဖြင့် ဖွဲစည်းထားပါတယ်။
👉🏻၈- Core(ကိုး): အဓိကမဏ္ဍိုင်ကြွက်သား (ခါးအောက်ပိုင်းကျောရိုးတလျောက်တွယ်ကပ်ကြွက်သား၊ ကြောပြင်ကြွက်သား၊ ဝမ်းဗိုက်ကြွက်သား)
👉🏻၉- Delts(ဒတ်စ်): Deltoid ပခုံးရိုးနှင့်လက်မောင်းရိုးအားတွယ်ဆက်ထားသောဆုံကြွက်သား (အရှေ့, အလယ်၊အနောက် ကြွက်သား ၃ ခုဖြင့်ဖွဲ့စည်းထားပါသည်။)
👉🏻၁၀- Traps(ထရပ်စ်):  trapezius:ကျောအလယ်မှစတင်ပြီး၊ လက်မောင်းဆုံ(ဘယ်၊ညာ) နှင့် ဦးခေါင်းတို့အားဆက်သွယ်ထားသော♦️စတုရန်းပုံသဏ္ဏာန်ရှိသော ဂုတ်ပိုးကြွက်သားစိုင်
👉🏻 ၁၁- Rectus abdominus (ရပ်အပ် အပ်ဒိုမီနပ်)- Abs ဝမ်းဗိုက်​ကြွက်​သား
👉🏻 ၁၂- Calf(ကဖ်): ခြေသလုံးကြွက်​သား
👉🏻၁၃- Ripped(ရစ်ပ်): အဆီနည်းပါပြီး ကြွက်သားကွဲပြားနေသော ကိုယ်ခန္ဓာအနေအထားကိုခေါ်ဆိုတာဖြစ်ပါတယ်။
(Someone is ripped when they have very low body fat and muscle separation is visible and defined. i.e.: “That guys is ripped!”)
👉🏻၁၄- Jacked(ဂျက်): ကြွက်သားထုထည်ကြီးမားစွာပိုင်ဆိုင်ထားသူ ကျား၊မ ကိုခေါ်ဆိုတာဖြစ်ပါတယ်။ (a guy or girl who has a lot of muscle (like this guy). i.e.: “That guy is jacked!”)
👉🏻၁၅- Juice(ဂျူ့): ဖျော်ရည်ကိုခေါ်တာမဟုတ်ဘဲ၊ steroids သုံးစွဲသူအား ဘမ်းစကားဖြင့် ဂျူ့ဟုပြောဆိုကြခြင်းဖြသ်ပါတယ်။
👉🏻၁၆- BMR(ဘီအမ်အာ): Basal Metabolic Rate, သာမန်အနားယူချိန်တွင် မည်သည့်လေ့ကျင့်ခန်းမျှမပြုလုပ်ဘဲ ကယ်လိုရီလောင်ကျွမ်းပြစ်နိုင်သော အခြေအနေအားသတ်မှတ်သော ယူနစ်တခုဖြစ်ပါတယ်။ (which is the amount of calories you burn at rest)
အထက်ပါအခေါ်အဝေါ်တွေအားလုံး ရင်းနှီးသိရှိနေပြီးသားဖြစ်နေရင်တော့ Gym Room လေ့ကျင့်ရေးခန်းမကို ပထမဆုံးစဝင်လာတဲ့သင့်ခြေလှမ်းဟာ ယုံကြည့်မူ့အပြည့်နဲ့ဖြစ်နေလောက်ပါပြီ။
"Knowledge is power, knowledge share is power multiplied"
ဒေါမနစ် (စင်္ကာပူ)
၂၄ ဂျွန်လ ၂၀၁၇ (SGT 20:40)
Credit:  GYM Professor ´s Page
Sunday, June 25, 2017
Sexual Harassment ကို ဘယ်လိုကာကွယ်မလဲ ?
(HR Journal တွင် ဖော်ပြခဲ့သော ဆောင်ပါးကို ပြန်လည် မျှဝေပါတယ်။)
Sexual Harassment ကို ဘယ်လိုကာကွယ်မလဲ ?
****************************************************
အလုပ်လာပြောင်းဖို့ လာပြောတဲ့ သူငယ်ချင်းတစ်ယောက်နဲ့တွေ့တယ်၊ လက်ရှိအလုပ်လည်း အဆင်ပြေ နေရင်းနဲ့ လုပ်နေတာလည်း ကြာနေပြီဆိုတော့ ဘာအဆင်မပြေတာတွေ ရှိမလဲဆိုပြီး မေးမြန်းကြည့် ဖြစ်ပါတယ်။ မိန်းကလေးချင်းမို့ မရှက်တမ်းပြောရရင် သူ့အထက်လူကြီးက စကားနဲ့ဆိုသလို ၊တစ်ခါတစ်လေ အသားယူသလို လုပ်ငန်းခွင်ထဲမှာ ထိကပါးရိကပါး  လုပ်နေတာတွေ ရှိတော့ သူအနေနဲ့ ဆက်လုပ်ရမှာလည်း ခက်၊ အလုပ်မပြောင်းချင်ပေမဲ့ အဆင်မပြေ ဘာလုပ်ရမှန်းမသိနဲ့ နောက်ဆုံး အလုပ်ကနေ ပြောင်းဖို့ပဲ စဉ်းစားတာပါလို့ ရင်ဖွင့် ဆွေးနွေးလာပါတယ်။
 ကြားကြားချင် ကိုယ်တိုင်လည်း ဒေါသတွေ ထွက်သွားတယ် ၊ဒါ ဘယ်ငြိမ်ခံနေလို့ဖြစ်မလဲ ၊ တိုင်ရမယ် ၊ လိုအပ်ရင် ဥပဒေ ကြောင်းအရ အရေးယူဖို့အထိ လုပ်လို့ရတယ် ဆိုပြီး ပြောမိပြန်တယ်။ ဒါမျိုးဆိုတာ ငြိမ်ခံနေလို့ ဘယ်ဖြစ်မလဲ ဆိုပြီး ပြောလိုက်မိတယ် ။ စကားပြောရင်းနဲ့ သူမဆီက အမူအရာတွေက ၀မ်းနည်းသလိုလို ၊ရှက်သလိုလို နဲ့ နောက်ဆုံး အားငယ်စိတ်တွေ ရှိလာတယ် ။ စကားပြောနေရင်းနဲ့ ကျွန်မ ပုခုံးကို ကိုင်ရင်း ငိုချလိုက်တာ ကျွန်မကိုယ်တိုင်လည်း စိတ်မကောင်း တော်တော်ဖြစ်သွားတယ်။
ဒီလိုအဖြစ်အပျက်မျိုး လုပ်ငန်းခွင်ထဲမှာ အမျိုးသမီးတွေ ဘယ်နှစ်ယောက်ဖြစ်ဖူးသလဲ ? အခြားလုပ်ဖော် ကိုင်ဖက် တွေ ရှေ့မှာ  သူတို့ရဲ့ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ဟန့်တားခံရမှုတွေကို ဘယ်လိုသတ္တိမျိုးနဲ့ ဖွင့်ထုတ်ကြေငြာရဲမလဲ ? အခန့်မသင့်ရင်  သူကိုက အနေအထိုင်မတတ်တာကိုး ၊ ရောရောနှောနှော နေတာကိုး ဆိုတဲ့ စကားသံတွေက ခံစားရသူအတွက် ၀ါးကူထိုးခံရတဲ့ ရေနစ်သူ ပမာပါပဲ ။ ကျွန်မတို့ မြန်မာအမျိုးသမီးတွေက တော်တော်များများ အားနာတတ်တယ် ၊ရှက်တယ် ၊ကြောက်တယ်  ဒါမျိုးဖြစ်ရပ်မျိုး အတွက် တုံပြန်ဆောင်ရွက်မယ့်  စိတ်မျိုးထက် မသိမသာနဲ့ ရှောင်ဖယ်ထွက်ခွာခြင်းမျိုးကိုသာ ဆောင်ရွက် လိုကြတာများပါတယ်။
ဒီအကြောင်းအရာကို ပြောလို့ လုပ်ငန်းခွင်ထဲက အမျိုးသားတွေကို စွပ်စွဲပြောဆိုတာ မဟုတ်ပါဘူး ၊ တစ်ချို့လူမျိုးတွေမှာ ဖြစ်တတ်တဲ့အခြေအနေတွေကို တင်ပြချင်တာပါ ။
လုပ်ငန်းခွင်ထဲမှာ လုပ်ဖော်ကိုင်ဖက် အထက်လူကြီး အစရှိတဲ့ သူတွေအပေါ် ဆက်ဆံရာမှာ ကိုယ်နဲ့ အလုပ်တူလုပ်နေသူချင်း အဆင်ပြေစေချင် တာရယ်။ ဆရာသမား ဆိုတဲ့ စိတ်ဓာတ်မျိုးနဲ့ လက်ခံဆက်ဆံတာကို အထင်အမြင်လွဲမှုတွေ ရှိတတ်ပါတယ်။ တစ်ချို့သော သူတွေသာ အခွင့်အရေးအတွက် ချဉ်းကပ်ကြတာ ရှိကြပါလိမ့်မယ် ၊ ကိုယ်မြင်ဖူးတွေ့ဖူးတဲ့ သူတွေလိုပဲ မှတ်ယူထားလို့သာ ဒီလိုပြသာနာတွေဖြစ်လာကြတာပါ ။ ဖြစ်လာတာတော့ ဟုတ်ပါပြီ ဘယ်လိုရှင်းကြမလဲ ?  မဖြစ်အောင်ကော ဘယ်လိုကာကွယ်ကြမလဲ ဆိုတာကို ကြိုတင်ပြင်ဆင် စဉ်းစားထားဖို့ လိုအပ်ပါတယ် ။ HR Policy တွေမှာ  Sexual  Harassment  Policy ၊ Personal Harassment အစရှိတာတွေနဲ့ပတ်သတ်လို့ သေချာစွာ ရေးဆွဲပြဌာန်းထားဖို့လိုအပ်ပါတယ်။
အမျိုးသမီးဝန်ထမ်းများအား လိင်ပိုင်းဆိုင်ရာ ထိပါးနှောင်ယှက်ခြင်း၊ ဂုဏ်သိက္ခာကျဆင်းစေသော ကိုယ်နှုတ် အပြုအမူ များကို ပြုလုပ်ခြင်း  မပြုရ  ဆိုပြီး စာသား တစ်ကြောင်းတည်း ထည့်သွင်းရေးသားထားယုံနဲ့ မလုံလောက်ပါဘူး ။ ဘယ်အရာ တွေကဖြင့်  သတ်မှတ်မယ် ၊ ဘယ်လိုကြိုတင်ကာကွယ်တားဆီးဖို့လုပ်မလဲ ? အရေးယူဆောင်ရွက်မှု အပိုင်းမှာ ဘာတွေ ဆောင်ရွက်မယ် ? ကာယကံရှင် အတွက်ကော ဘယ်လိုနှစ်သိမ့်ဆွေးနွေးမှုတွေ လုပ်ဖို့ လိုအပ်သလဲ ဆိုတာတွေပါ ထည့်သွင်းစဉ်းစားရမယ့် အခြေခံအချက်တွေပဲဖြစ်ပါတယ်။
လုပ်ငန်းခွင်အဖွဲ့အစည်းတွေမှာ ဒါမျိုးတွေဖြစ်လာကြရင် တော်တော်များများက တိုးတိုးတိတ်တိတ်နဲ့ ပြီးသွားကြတာများပါတယ်။ ပြသာနာအကျယ်အကျယ်ဖြစ်ရင် လုပ်ငန်းပုံရိပ်ထိခိုက်မှာ ကြောက်တာကြောင့် စီမံခန့်ခွဲသူတွေက ဖြေရှင်းဆောင်ရွက်တဲ့အခါ  သေးငယ်တဲ့ ပြသာနာတစ်ခုအဖြစ်သာ ပုံဖော်ကြပါတယ်။ ဒါတွေကို ဘယ်လို ဆောင်ရွက်သင့်သလဲဆိုတာကို ပြောပြရင် …… လိုအပ်လို့လား ၊ မကြာခဏ ဖြစ်နေတာမှ မဟုတ်တာ ဆိုတဲ့ စကားသံတွေကြောင့် ၀န်ထမ်းတွေ အနေနဲ့လည်း သိပ်အရေးမထားကြတော့ပါဘူး ။  တကယ်တော့ လုပ်ငန်းခွင်အတွင်း ပုဂ္ဂိုလ်ရေးအရ ထိပါးနှောင့်ယှက်တဲ့နေရာမှာ သေးသိမ်စေသော သဘောနဲ့  အရပ်ပုသူကို  ဂျပု လို့ ခေါ်တာ ၊ အသားညိုသူကို အသားမဲ လို့ ခေါ်တာတွေဆိုတာကလည်း  ဒီဖြစ်စဉ်တွေ အတွင်းမှာပါဝင်ပါတယ်။
ဒါတွေမဖြစ်အောင် ဘယ်လိုလုပ်သင့်သလဲဆိုတာကို တင်ပြချင်ပါတယ်။ ဒါတွေကတော့
1. Create a Strong Sexual Harassment Policy
လုပ်ငန်းခွင်အတွင်းမှာ အားကောင်းပြီးတိကျတဲ့ Policy တွေ ဖန်တီးထားဖို့လိုပါတယ်။ ၀န်ထမ်းရေးရာ လက်စွဲ စာအုပ်ထဲသေသေချာချာ ထည့်သွင်းထားဖို့ပါ။ အခန်း ကဏ္ဏာ တစ်ခုအနေနဲ ရေးဆွဲပြဌာန်းထားဖို့လိုပါတယ်။  ဒီအပိုင်းမှာ ဘယ်လိုလုပ်ဆောင် ပြောဆိုချက်တွေက ပြစ်မှုအဖြစ် ထင်ရှားတယ် ဆိုတာမျိုးကို ထည့်သွင်းထား မှသာ ၀န်ထမ်းတွေ အတွက် အဆင်ပြေစေမှာပါ။
2. Encourage Consensual Agreement 
ဝန်ထမ်းတွေအချင်းချင်း တစ်စိတ်တစ်ဝမ်းတည်းဖြစ်စေဖို့ အားပေးလှုံဆော်မှုတွေပြုလုပ်ရမှာဖြစ်ပါတယ်။ ဒါကိုလည်း အားလုံးက သဘောတူလက်ခံလာအောင် ဆောင်ရွက်နိုင်ဖို့လိုပါတယ်။
3. Never Laugh At or Encourage inappropriate jokes
လုပ်ငန်းခွင်ထဲမှာ မဆီလျော်နဲ့ နောက်ပြောင်ခြင်းမျိုး ရှောင်ကြည်ရပါမယ်။ ပြက်ရယ်ပြုတာ တာတွေ အားနည်းချက်တွေ ကို ဟာသအဖြစ် လှောင်ပြောင်တာတွေကို မပြုလုပ်ဖို့ ဆောင်ရွက်ထားရမှာဖြစ်ပါတယ်။ ဒါကို ရုံးရဲ့ အမူအကျင့် တစ်ခုအနေနဲ့ နားလည်လက်ခံလာအောင် ဆောင်ရွက်ဖို့လိုပါတယ်။
4. Ensure that all upper Level Employees attended Anti-harassment workshops
ကျွန်မတို့ဆီမှာက ဒါနဲ့ပတ်သတ်ပြီးအလေ့အကျင့်တွေ အားနည်းတာရှိနေပါသေးတယ် ။ လုပ်ငန်းခွင်အတွင်းက ၀န်ထမ်းတွေကို Harassment နဲ့ ပတ်သတ်ပြီး အလုပ်ရုံဆွေးနွေးပွဲတွေ တတ်ရောက်ဖို့ စီစဉ် ပေးရမှာ ဖြစ်ပါတယ်။ ဒီလို ဆွေးနွေးပွဲတွေမှာ အမျိုးသမီးဝန်ထမ်းတွေအနေနဲ့ ဘယ်လိုအပြုမူမျိုးက သူတို့အပေါ် Sexual harassment အဖြစ် ခံစားရတာမျိုးတွေကို ဖွင့်ဟဖြေဆိုခိုင်းတာတွေကို ပြုလုပ်နိုင်ပါတယ်။
5. Respond to Sexual harassment Complaints Right Away
ကြိုတင်စီစဉ်ဆောင်ရွက်မှု ပြီးရင်တော့ အရေးယူဆောင်ရွက်မှုတွေ ပြုလုပ်ဖို့လိုပါတယ်။ဒါတွေနဲ့ ပတ်သက်ပြီး ၀န်ထမ်းတွေကလည်း စောင့်ကြည့်နေကြမှာပါ။ မှန်ကန်တဲ့လမ်းကြောင်းအပေါ်မှာ ချမှတ်တဲ့အတိုင်း ဆောင်ရွက်မှ သာ ပြီးပြတ်မယ့် ကိစ္စတွေပါ။ ဖြစ်တဲ့လူက လုပ်ငန်းရဲ့ အရေးပါတဲ့လူဖြစ်လို့ လျော့ပေါ့စဉ်းစားပေးတာမျိုးတွေ ၊ လုပ်ငန်းပုံရိပ်ထိခိုက်မှာစိုးလို့ လွယ်လင့်တကူဖြေရှင်းတာ မျိုးတွေ မလုပ်သင့်ပါဘူး ။ ကိုယ့်လုပ်ငန်းအတွင်းမှာ ဒါမျိုးဖြစ်လို့ ချမှတ်ထားတဲ့အတိုင်း အရေးယူတာမျိုးလုပ်တယ် ဆိုယုံနဲ့ လုပ်ငန်းပုံရိပ်ထိခိုက်မှာလည်း မဟုတ်သလို ၊ မှန်ကန်ကောင်းမွန်တဲ့ မူဝါဒအတွက် လုပ်ငန်းအနေနဲ့ ပိုပြီး ဂုဏ် သရေရှိစေမှာပါ။
6. Prevent Retaliation
ကြိုတင်ကာကွယ်ခြင်းသည် ကုသခြင်းထက်ပိုမိုကောင်းမွန်၏ ဆိုတဲ့စကားအတိုင်း ဒါမျိုးတွေမဖြစ်လာအောင် ဘယ်လိုစီမံဆောင်ရွက်သင့်သလဲ ဆိုတဲ့အပိုင်းကို အရေးတယူ စဉ်းစားဆောင်ရွက်ဖို့လိုအပ်ပါတယ်။ အမျိုးသမီးဝန်ထမ်းတွေအနေနဲ့လည်း ရုံးချိန်ပြင်ပ စားပွဲတွေ စီစဉ်တဲ့အခါ အတူပါဝင်သောက်စားတာ ၊ တစ်ခြားလုပ်ဖော်ကိုင်ဖက် အဖော်မပါပဲ အတူပြန်တာတွေ ၊ ကိုယ့်အထက်လူကြီးကဖိတ်လို့သွားရတဲ့ ပါတီပွဲတွေကို အတတ်နိုင်ဆုံး အလုပ်သဘောအရ မဟုတ်ရင် ရှောင်ရင် အကောင်းဆုံးပါ ။ ဒီအပြုမူတွေက ကိုယ်က သဘောတူလက်ခံတယ်လို့ အထင်မှားစေပါတယ်။
ကျွန်မတို့ဆီမှာ ထင်သလောက်မဖြစ်သေးဘူးဆိုပြီး လွယ်လွယ်ကူကူမေ့ထားလို့မရတဲ့အရာတွေထဲမှာ Sexual Harassment ဆိုတာ ရှိနေပါတယ်။ စစ်တမ်းတွေအရ လုပ်ငန်းခွင်ထဲမှာ 40-70 %အမျိုးသမီးတွေနဲ့ 10-20 %   အမျိုးသားတွေက လုပ်ငန်းခွင်အတွင်းမှာ Sexual Harassment   မှာ လုပ်နေရတယ်လို့ ကမ္ဘာစစ်တမ်း များအရ ဆိုထားပါတယ်။ ကျွန်မတို့ဆီမှာက အခြားနိုင်ငံတွေလို ပွင့်လင်းတဲ့ ယဉ်ကျေးမှုမျိုး အားမပေးသေးတဲ့အတွက် ဒီလောက်မရှိနိုင်သေးပေမဲ့  မသိမသာနဲ့ ရှိနေတာတွေက အများကြီးဖို့ မိမိရဲ့ သိက္ခာကို ထိန်းကျောင်းရင်း လုပ်ငန်းခွင်ထဲမှာ လုပ်ဖော်ကိုင်ဖက်ပီသစွာ ဆောင်ရွက်ကြဖို့ တိုက်တွန်း လိုက်ရပါတယ်။
ShweYee  @ Goldie Kyaw 
Credit:  မရွှေရည်ရဲ့ Page
Friday, June 23, 2017
ဝက်လက်ထမင်းပေါင်း - ငါးထမင်းချဉ် - ၀က်သား အကြွပ်ကြော်
ဝက်လက်ထမင်းပေါင်း
ငါးထမင်းချဉ်
ဝက်သားအကြွပ်ကြော်
ချက်ပြုတ်ပြသူ - ချိုဝတ်ရည်
Thursday, June 22, 2017
Alcohol Vs Muscle Growth
---------အရက်နှင့်ကြွက်သား----------
(Alcohol Vs Muscle Growth)
ရုပ်ဝထ္ထုပစ္စည်းတိုးတက်မူ့နောက်ကို စဉ်ဆက်မပြတ်လိုက်နေရတဲ့ တိုးတက်ပြောင်းလဲနေတဲ့ မော်ဒန်လူ့မူ့ပါတ်ဝန်းကျင်ကြားမှာ အမျိုးမျိုးသောခေါင်းစဉ်အောက်မှာ အရက်သောက်သုံးခြင်းဟာ အဆန်းတကြယ်မဟုတ်တော့ပါဘူး။ တပါတ်၅ရက် စိတ်ဖိစီးမူ့တွေနဲ့ပြည့်နက်နေတဲ့အလုပ်ချိန်တွေရဲ့နောက်ဆုံး weekend လို့ဆိုတဲ့ သောကြာနေ့ညနေဆိုရင်တော့ကျနော်နေထိုင်ရာ (Singapore) ပါတ်ဝန်းကျင်မှာ ပျမ်းမျှ ၄၅ ရာခိုင်နှုန်းခန့် လူတန်းစားအရွယ်မျိုးစုံတို့ဟာ အလုပ်ကအိမ်တန်းမပြန်တော့ဘဲ ကြိုက်နှစ်သက်ရာ (alcoholic beverage) အရက်ယမကာဘား၊ နိုက်ကလပ် တို့ဆီအပန်းဖြေဖို့ချီတက်ကြပါတော့တယ်။
သို့ပေမယ့် သင်ဟာ တပါတ်လုံးခက်ခက်ခဲခဲ၊ အစားအသောက်ဆင်ခြင်ပြီး ကြွက်သားထုဆစ်ဖို့ကြိုးစားနေသူတယောက်ဆိုရင်တော့ သင်သေချာပေါက်သင်တွေးနေပါလိမ့်မယ်၊ အရက်သောက်လိုက်ရင် ကြွက်သားကြီးထွားမူ့ကိုထိခိုက်စေနိုင်မလား?
အရက်ဟာမကောင်းဘူး၊ ကျန်းမာရေး ထိခိုက်တယ်၊ ဘာသာရေးအရ မသင့်လျော်ပါဘူးလို့ မည်သို့ပင်ပြောနေကာမူသောက်နေတဲ့သူတွေ၊ ကြိုက်နှစ်သက်နေတဲ့သူတွေအတွက်ကျတော့ ဘုန်းကြီးစာချ၊ မိကျောင်းမင်းရေခင်းပြဖြစ်နေဦးမှာပါ။ အဲ့ဒီအတွက်ယ္ခုဆောင်းပါးမှာ အရက်ကောင်းသည်ဆိုးသည်ကို မဆွေးနွေးလိုဘဲ ကြွက်သားတည်ဆောက်ခြင်းအတွက်အရေးပါတဲ့ ဖြစ်စဉ် ၃ မျိုးနှင့် အရက်သောက်သုံးခြင်းကြောင့် သင်ခက်ခက်ခဲခဲကြိုးစားထုဆစ်ခဲ့တဲ့ ကြွက်သားအပေါ်သက်ရောက်တဲ့ဆိုးကျိုးများအကြောင်းကို  ဗဟုသုတရစေရန် ကောက်နုတ်တင်ပြလိုက်ရပါတယ်။
၁- ကြွက်သားဖြစ်တည်မူ့ဖြစ်စဉ် (Protein Synthesis)
Protein Synthesis လို့ခေါ်တဲ့ ကြွက်သားဖြစ်တည်မူ့ဖြစ်စဉ်ဆိုတာ စားသုံးယူလိုက်တဲ့အစာများမှတဆင့် အသားဓါတ် (Protein)ထဲမှာပါဝင်လာတဲ့ အမီနိုအက်ဆစ် (Amino Acids) များစုဖွဲ့ပေါင်းစည်းခြင်းဖြင့် ကြွက်သားအသစ်တည်ဆောက်မူ့ဖြစ်လာပါတယ်။ ဤသို့ဖြစ်ပေါ်စေဖို့အတွက် လုံလောက်တဲ့ပြင်းအားဖြင့်ကစားတဲ့ ကစားနည်းဖြင့်သေးငယ်တဲ့ကြွက်သားမျှင်ကလေးများပြတ်တောက်ဖို့ဦးစွာပထမလိုအပ်ပါတယ်။ ပြတ်တောက်သွားတဲ့ ကြွက်သားမျှင်ကလေးများပြန်ဆက်ဖို့အတွက် Protein Synthesis ကြွက်သားဖြစ်တည်မူ့ဖြစ်ပေါ်စေခြင်းဖြင့် ကြွက်သားမျှင်များကြီးထွား၊ သန်မာလာစေပါတယ်။
ဒါဆိုရင်ကြွက်သားကြီးထွားဖို့အတွက် Protein Synthesis လို့ခေါ်တဲ့ တည်ဆောက်မူ့ဖြစ်စဉ်ဟာမရှိမဖြစ်လိုအပ်တာသင်သိလောက်ပါပြီ။ လုံလောက်တဲ့ပြင်းထန်မူ့နှင့်ပြုလုပ်တဲ့ကြံခိုင်မူ့အခြေခံလေ့ကျင့်ခန်းများလုပ်တဲ့အခါ အသည်းနဲ့ ကြွက်သားမှာ ရှိနေတဲ့ အဆီပိုတွေဟာ စွမ်းအင်အဖြစ်လောင်ကျွမ်းစေပြီး ကြွက်သားတွေပြန်လည်တည်ဆောက်တဲ့နေရာမှာ အကူအညီပေးပါတယ်။ အကယ်၍ ဒီလိုအချိန်မျိုးမှာ အရက်သောက်မိရင် စွမ်းအင်တွေအစား အရက်က နေရာယူသွားပါတယ်။  “American Journal of Physiology, Endocrinology and Metabolism” in 1999" ရဲ့သိပ္ပံနည်းကျလေ့လာတွေ့ရှိချက်အရ (Protein Synthesis)ဟာ ၅၀ ရာခိုင်နှုန်းလောက်ထိ နှေးကွေးသွားစေပြီး ကြွက်သားများတွင်ရှိသင့်သည့် စွမ်းအင်တွေဟာလည်းအလျင်အမြန် လျော့နည်းသွားနိုင်တယ်လို့ဆိုပါတယ်။ လေ့ကျင့်ခန်းကြောင့် ကယ်လိုရီများလောင်ကျွမ်းသွားပေမယ့်လည်း အရက်အလွန်အကျွံ သောက်လိုက်တဲ့အခါ ခန္ဓာကိုယ်ဟာ ကယ်လိုရီအများအပြားကို အဆီပိုတွေအဖြစ်ပြန်လည် ပြုလုပ်လိုက်ပါတယ်။ စိတ်ဖိစီးမှုကိုဖြစ်ပေါ်စေသော ကော်တီဆော (Cortisol) ဟိုမုန်းထုတ်လွှတ်မူ့ကိုလည်း မြင့်မားစေပါတယ်။
အလားတူစွာဘဲ ၂၀၀၁ခုနှစ်၊ အမေရိကန်မှာထုတ်ဝေခဲ့တဲ့ “International Journal of Sport Nutrition and Exercise Metabolism” ရဲ့တွေ့ရှိချက်မှာတော့ ပရိုတိန်းတည်ဆောက်မူ့ဖြစ်စဉ်ဟာ ကြံခိုင်မူ့အားပြုတဲ့လေ့ကျင့်ခန်းပြီးဆုံးပြီးချိန် ၂၄-၄၈ နာရီအတွင်း လိုအပ်တဲ့ ပရိုတိန်းပါဝင်အစားအစာများစားသုံးခြင်းဟာ ကြွက်သားကြီးထွားဖို့များစွာအထောက်အကူဖြစ်စေတယ်လို့ဆိုပါတယ်။
အထက်ပါအထောက်အထားများအရ လေ့ကျင့်ခန်းပြုလုပ်တဲ့ရက်များမှာ အရက်သောက်သုံးခြင်းဟာ ကြွက်သားတည်ဆောက်မူ့ဖြစ်စဉ်ကို တိုက်ရိုက်ဆိုးကြိုးသက်ရောက်စေပါတယ်။ ဒါကြောင့် အရက်သောက်မယ့်အစီအစဉ်ရှိတဲ့နေ့မှာ လေ့ကျင့်ခန်းပြုလုပ်ခြင်းကို ရွှေ့ဆိုင်းသင့်ပါတယ်။ ပင်ပင်ပန်းပန်းကြိုးစားလေ့ကျင့်ပြီး အကျိုးမရှိစေမယ့်အတူတူ အဲ့ဒီရက်ကိုအနားယူလိုက်တာဟာ အကောင်းဆုံးလို့အကြံပြုလိုက်ချင်ပါတယ်။
၂-  တက်စတိုစတီရုန်း (Testosterone)
တက်စတိုစတီရုန်း (Testosterone) ဆိုတဲ့ ကျားဟိုမုန်းဓါတ်ဟာ steroid လို့ခေါ်တဲ့ ဗီတာမင်အစရှိတဲ့ ကိုယ်ခန္ဓာမှအလိုလျောက်ထွက်ပေါ်လာတဲ့ ဓါတုဓါတ်ပေါင်းစုံ androgen အုပ်စုဝင်တခုဘဲဖြစ်ပါတယ်။ Androgen ဟာ ကျားဟိုမုန်းထွက်ပေါ်စေဖို့အထောက်အပံပေးနိုင်ပြီး၊ အလေးများဖြင့် ကြွက်သားအကြီးအုပ်စု(ရင်အုပ်၊ ကျော၊ ပေါင်) များကို လေ့ကျင့်ကစားသည့်အခါမျိုးမှာ အများဆုံးထွက်ပေါ်လာတတ်ပါတယ်။ ကျားဟိုမုန်းကိုဘယ်ခန္ဓာကိုယ်အစိတ်အပိုင်းက စတင်အခြေခံထုတ်လွှတ်သလဲဆိုရင်ဖြင့် ယောင်္ကျားလေးအများအတွက် ဝှေးစေ့မှထွက်ပေါ်စေပြီး၊ မိန်းကလေးများအတွက်တော့ Ovaries သားဥကနေထွက်ပေါ်လာပါတယ်။ လေ့လာတွေ့ရှိမူ့စစ်တမ်း“Alcoholism: Clinical and Experimental” in 2004 အရ အရက်သောက်သုံးသူနှင့် မသောက်သုံးသူနိုင်းယှဉ်ချက်အရ သောက်သုံးထားသူမှာ တက်စတိုစတီရုန်း ကျားဟိုမုန်းထုတ်လုပ်မူ့လျော့ကျလာတာကို မှတ်တမ်းများဖြင့်အခိုင်အမာဆိုထားပါတယ်။ ကျားဟိုမုန်းလျော့နည်းခြင်းကြောင့် ကြွက်သားတည်ဆောက်မူ့ (Protein Synthesis)ဟာလည်းလျော့ကျလာစေပါတယ်။ တက်စတိုစတီရုန်း (Testosterone) ထုတ်လွှတ်မူ့နည်းပါးခြင်းကြောင့် ဆိုးကျိုးအဖြစ် အချိန်တိုင်းနုံးနယ်အားမရှိသကဲ့သို့ခံစားမိခြင်း၊ လိင်စိတ်လျော့ပါးကာ စိတ်ကုန်ခမ်းသကဲ့သို့ခံစားမိခြင်း၊ ကိုယ်အလေးချိန်တိုးတက်လာခြင်း၊ အရိုးပွလာခြင်း၊ အမွေးအမျှင်များလျော့နည်းလာခြင်း စသည်ဖြစ်စဉ်များဖြစ်ပေါ်စေပြီး အရက်သောက်သုံးသူအမျိုးသမီးများအတွက်တော့ estrogen ဓါတ်မြင့်တက်လာစေခြင်းဖြင့် ဓမ္မတာရပ်ဝန်းအား ကမောက်ကမဖြစိပေါ်စေခြင်းဟာ ကြွက်သားကြီးထွားဖို့အဟန့်အတားဖြစ်ပေါ်စေပါတယ်။ တက်စတိုစတီရုန်း (Testosterone) ကျားဟိုမုန်းထုတ်မူ့နည်းပါးတဲ့သူဟာ အလေးဆော့ရင်လဲ ဆော့သလောက်တခြားသူနဲ့ယှဉ်ပါက ကြွက်သားဖြစ်တည်မူ့၊တိုးတက်တာ နည်းတယ်သို့မဟုတ်အချိန်ကြာခြင်းဘဲဖြစ်ပါတယ်။
၃- ကြီးထွားဟိုမုန်း (Growth Homone)
ကြီးထွားဟိုမုန်း Growth Hormone (GH) ဆိုတာဦးနှောက်ရဲ့အောက်ခြေ မှာရှိတဲ့ Pituitary Gland ဆိုတဲ့ အကျိတ်က ထုတ်တဲ့သဘာဝဟော်မုန်းပါ။ မွေးဖွားခြင်းမှနေ ကြီးထွားအရွယ်ရောက်လာခြင်းဟာ ကြီးထွားဟိုမုန်း Growth Hormoneကြောင့်ပါ။ ကြွက်သားများကြီးထွားစေဖို့ ကြီးထွားဟိုမုန်းဟာ မရှိမဖြစ်လိုအပ်ပါတယ်။ ကြီးထွားဟိုမုန်းဟာ အနာဘိုလစ်ဟိုမုန်းအုပ်စုဝင်ဖြစ်တဲ့ အင်ဆူလင်၊တက်စတိုစတီရုန်းတို့အတူတကွ ကိုယ်ခန္ဓာအတွင်း ကြွက်သားတည်ဆောက်မူ့စွမ်းအင်ကိုလည်းတိုးတက်မြှင့်တင်စေပါတယ်။
ကြီးထွားဟိုမုန်းအများဆုံးထွက်ပေါ်ချိန်ကတော့ နှစ်ခြိုက်စွာအိပ်ပျော်နေစဉ်အတွင်းမှာဘဲဖြစ်ပေါ်ပါတယ်။ စစ်တမ်းများတွေ့ရှိချက်အရ အမျိုးသား ၉၃ ယောက်နဲ့ အမျိုးသမီး ၉၃ ယောက်ကို အရက်သောက်စေပြီး လေ့လာမှုများပြုလုပ်ခဲ့ရာတွင် အမျိုးသားများထက် အမျိုးသမီးများရဲ့အိပ်စက်ချိန်ဟာ ပုံမှန်ထက်မိနစ် ၃၀ လျော့နည်းသွားကြောင်းကို တွေ့ရှိခဲ့ရပါတယ်။ လေ့ကျင့်ခန်းများကြောင့်ပင်ပန်းပြီး နှစ်ခြိုက်စွာအိပ်စက်ခြင်းဟာ သက်သောင့်သက်သာဖြစ်နေပေမယ့် အရက်ကတော့ အိပ်ချိန်စက်ဝန်းကို အနှောင့်အယှက်ပေးပြီး ခန္ဓာကိုယ် ဖွံ့ဖြိုးကြီးထွားမှု ဟော်မုန်းကိုဟန့်တားကာ ကြွက်သားဖြစ်ပေါ်မှု (Protein Synthesis) ကို ၇၀ ရာခိုင်နှုန်းအထိ လျော့နည်းကာဆိုးကျိုးသက်ရောက်စေနိုင်ပါတယ်လို့မှတ်တမ်းများကအခိုင်အမာဆိုထားပါတယ်။
မေး။ ဒါဆိုလေ့ကျင့်ခန်းပြုလုပ်နေတာကြောင့် မိတ်ဆွေအပေါင်းအသင်းများဆီမှခွဲထွက်သူ (Anti-Social)အဖြစ်ခံယူထားရတော့မှာလား?
မေး။ စီးပွားရေးအရ မဖြစ်မနေဧည့်ခံပြီးသောက်နေရတဲ့သူအတွက် Body building လုပ်ဖို့မဖြစ်နိုင်တော့ဘူးလား?
ဖြေ။ ကြွက်သားကြီးထွားမူ့ဖြစ်စဉ်များမှာ အရက်ကြောင့်အနှောင့်အယှက်ဖြစ်နိုင်ခြေများကို အထက်တွင်ပြောခဲ့ပြီးဖြစ်ပါတယ်။ Body Building ကြောင့် Anti-Social ဖြစ်ဖို့မလိုအပ်ပါဘူး။ ၂ ပါတ်၁ခါ (သို့) ၁ လ ၁ ကြိမ်တော့ စိတ်လွတ်ကိုယ်လွတ် မိတ်ဆွေများဖြင့် သောက်သုံးခြင်းဟာ ကြီးကြီးမားမားသက်ရောက်မူ့တော့မဖြစ်လောက်ပါဘူး။ လွတ်လပ်စွာသဘာထားကွဲလွဲနိုင်ပါတယ်။
မည်သို့ပင်ဖြစ်စေကာမူ အောက်ပါအချက်များကို အရက်သောက်သုံးပြီးချိန်မှာ လိုက်နာလုပ်ဆောင်နိုင်မည်ဆိုရင်ဖြင့် သင့်ရဲ့တည်ဆောက်ပြီးသားကြွက်သားများအပေါ် ဆိုးကျိုးသက်ရောက်မူ့များကို သက်သာစေခြင်းအလို့ငှာ ဆက်လက်ရေးသားဖော်ပြလိုက်ပါတယ်။
၁- ရေများများသောက်ပါ
အနည်းဆုံး ရေ ၂ လီတာကို အိမ်ရောက်ရောက်ချင်း အိပ်ယာမဝင်ခင်ကုန်အောင်သောက်ပီးမှ အိပ်ယာဝင်ပါ။ ရေသောက်ထားခြင်းဖြင့် ကြွက်သားအတွင်အရေဓါတ်လိုအပ်ချက်ကိုလျော့ချနိုင်ပြီး၊ နောက်တနေ့နိုးထချိန်တွင်အရက်နာကျခြင်းကို အကာအကွယ်အထောက်အပံရစေပါတယ်။
၂- ပရိုတိန်း (အသားဓါတ်) စားသုံးပါ။
အိပ်ယာမဝင်မှီ ပရိုတိန်းရှိတ် (သို့) ပရိုတိန်းကြွယ်ဝသောအစားအစာကိုစားသုံးခြင်းဖြင့် ဇီဝကမ္မဖြစ်စဉ်လျော့ကျခြင်း/ဆုတ်ယုတ်ခြင်း (Catabolism) ကိုသက်သာရာရရှိစေပါတယ်။
၃- ZMA နှင့် Glutamine သောက်ပါ။
မနက်စာမစားခင် ၄၅-၆၀ မိနစ်တွင် ZMA နှင့် Glutamine ၅-၁၀ ဂရမ်ကိုသောက်သုံးသင့်ပါတယ်။ ညဘက်အရက်သောက်ထားခြင်းကြောင့် လျော့ကျသွားတဲ့ ကျားဟိုမုန်းကို ZMA ကနေ့သစ်အတွက် ပြန်လည်မြှင့်တင်ပေးပါတယ်။ Glutamine ကတော့ ဇီဝကမ္မဖြစ်စဉ်လျော့ကျခြင်း/ဆုတ်ယုတ်ခြင်း (Catabolism)ကိုလျော့ကျသွားအောင် ကိုယ်ခံအားကိုမြှင့်တင်ပံပိုးပေးပါတယ်။
၎- မနက်စာ မပျက်မကွက်စားသုံးပါ။
ပရိုတိန်းကြွယ်ဝစွာပါဝင်သောအစားအစားနှင့်အတူ ကယ်လ်ဆီယမ်နှင့် သံဓါတ်ပါဝင်သောအစားအသောက်များကို ရွေးချယ်စားသောက်ပါ။
ကယ်စီယမ်ကြွယ်ဝအသားအစာ
**************************
နွားနို့အစိမ်း
ဒိန်ချဉ်
ချိစ်
ငါးသေတ္တာငါး
ပန်းဂေါ်ဖီအစိမ်း
ရုံးပတီသီး
ဗန်ဒါစေ့
သံဓါတ်ကြွယ်ဝသောအစားအစာများ
*****************************
ကြက်သား
ဝက်သား
အမဲသား
အသည်း
ခရု
ပုဇွန်ဆိတ်
ကြက်ဥအနှစ်
အာလူး
ဖရဲသီး
စပျစ်ခြောက်( Raisins)
ပဲအမျိုးမျိုး
Go out, drink a few beers, have a good time, just keep it in moderation. Have a nice weekend ahead.
ဒေါမနစ် (စင်္ကာပူ)
၂၀ ဂျွန်လ ၂၀၁၇ (SGT 14:15)
Credit: ကိုဒေါမနစ်ရဲ့ Page
Wednesday, June 21, 2017
Myanmar Institute of Information Technology(MIIT)
လူငယ်တွေကို  ဒီကျောင်းတက်စေချင်မိတယ်....
MIIT …
မြန်မာနိုင်ငံမှာ  လက်ရှိအချိန်ထိ  တစ်ခုတည်းရှိသေးတဲ့ တက္ကသိုလ်…
ဆယ်တန်းအောင်စာရင်းထွက်ပြီးလို့  ဘယ်ကျောင်းတက်ရမလဲ စဉ်းစားနေတဲ့သူတွေကို ဒီကျောင်းအကြောင်း  ပြောပြချင်ပါတယ်။
အရင်အစိုးရလက်ထက်မှာ အိန္ဒိယအစိုးရနဲ့ G to G အကူအညီနဲ့  တည်ထောင်ထားတဲ့  အစိုးရတက္ကသိုလ်ပါ။ ပုဂ္ဂလိက  တက္ကသိုလ်လို့   အထင်မှားနေကြတာတွေ  ရှိပါတယ်။ IT နဲ့ ပတ်သက်တဲ့  နည်းပညာ တက္ကသိုလ်တစ်ခုပါ။  Electric and communication Engineering  (  EC ) နဲ့  computer science Engineering ( CSE ) ဆိုပြီး Major နှစ်ခုကိုရွေးချယ်လို့ ရပါမယ်။
ဝင်ခွင့်ဖြေရပါတယ်။ ဝင်ခွင့်ကခက်ပါတယ်။ ဆယ်တန်းစာကိုပဲ  အခြေခံပြီးပြန်မေးတာပေမယ့် တစ်ကယ်တတ်ကျွမ်းမှုဘက်ကို ရွေးချယ်မေးတာမျိုးမို့  ဆယ်တန်းစာကိုပဲ သေချာပြန်လုပ်ထားဖို့   လိုပါမယ်။ အရေးကြီးတဲ့အချက်ကိုပြောရရင်  ဝင်ခွင့်လိုက်လို့ ရတယ်ဆိုတဲ့  ပြသနာမျိုးလုံးဝမရှိတာပါ။
အဲဒါကြောင့်ပဲ  ဒီတက္ကသိုလ်ကို  မြန်မာကျောင်းသားတွေ  တက်စေချင်တဲ့အဓိက  အချက်ပါ။ ဝင်ခွင့်စာမေးပွဲဟာ MCQ မေးခွန်းပုံစံဖြစ်ပြီး   စက်နဲ့ စစ်တယ်ဆိုတဲ့ စနစ်ပါ။
ဝင်ခွင့်အမှတ်နဲ့  ဆယ်တန်းအမှတ်  နှစ်ခုကိုပြန်ပေါင်းပြီးရွေးပါတယ်။
မေဂျာတစ်ခုကို  လူ  ၆၀ ပဲ ရွေးပြီး နှစ်မေဂျာပေါင်းမှ  တစ်နှစ်ကို  လူ ၁၂၀  ပဲရွေးချယ်ပါတယ်။
အဲဒီတက္ကသိုလ်အနေနဲ့  ဒီနှစ်က  တတိယမြောက် batch ဖြစ်မှာပါ။
( ၁ )ကျောင်းသားတစ်ယောက်ကို  လက်ပ်တော့ တစ်ယောက်တစ်လုံး  ပေးထားပါတယ်။  အဲဒီတော့ ဘာဖြစ်သလဲဆိုတော့ မြန်မာပြည်က တစ်ခြားနည်းပညာတက္ကသိုလ်တွေမှာ  ပရိုဂမ်မင်းဘာသာရပ် ကို  အော်ကျက်နေကြရတဲ့  စိတ်မချမ်းသာစရာ  မြင်ကွင်းမျိုးမရှိတော့တာပါ။ အဲဒီအတွက်ပဲ တစ်ကယ်သင်ပြီး တစ်ကယ်လုပ်ရတဲ့ တစ်ကယ်တတ်တဲ့ တက္ကသိုလ်တစ်ခုဖြစ်လာ ရပါတယ်။
( ၂ ) သင်တဲ့ဆရာတွေက  နိုင်ငံခြားသားတွေ  ဖြစ်တဲ့အတွက်  အင်္ဂလိပ်ကောင်းဖို့ အရေးကြီးပါတယ်။ ဆရာနဲ့ တပည့်  အင်္ဂလိပ်လိုပဲ  ပြောဆိုသင်ကြားဆက်သွယ်ကြရလို့ ပါ။
ကျောင်းရဲ့ အကြီးဆုံး ဒါရိုက်တာ Mr. Raja ကို  ကျောင်းသားတွေက  Hi ..Raja လို့  ခေါ်ပြီး  တိုက်ရိုက် mail ပို့ရပါတယ်၊ complaint တက်လို့ ရပါတယ်။  ဒါဆိုရင်  အဲဒီကျောင်းရဲ့ Atmosphere ကို  ခင်များတို့ ဆက်ပြီးခန့် မှန်းကြည့်လို့ ရမယ်ထင်ပါတယ်။
ဒါကလည်း မထူးဆန်းပါဘူး။ အဲဒီသင်ကြားပုံအောက်ကနေ  အဲဒီလိုကျောင်းသားတွေပဲ ထွက်လာမှာပါ။  ကျနော်ကတော့  ပြောတယ်။ ဒါဟာ  ပြည်ပကိုထွက်သင်မှသာ ရနိင်မယ့် Atmosphere ပဲလို့ ။ ဒီကလေးတွေ ကံကောင်းလိုက်တာဆိုပြီးတော့  ပြောလေ့ရှိပါတယ်။
အဲဒီကျောင်းပြီးရင်  နည်းပညာသမားတစ်ယောက်အဖြစ်  သေသေချာချာ ကျွမ်းကျွမ်းကျင်ကျင် ရပ်တည်နိုင်မှာပါ။
အဲဒီကျောင်းကို  ဘာဖြစ်လို့ သဘောကျရတာလဲ၊ အနှစ်သက်ဆုံးအချက်ကိုပြောစမ်းပါဆိုရင်တော့  ကျနော့်အနေနဲ့  တစ်ခွန်းပဲ  ပြောစရာရှိပါတယ်။  တက္ကသိုလ်ဆိုတာ  စာတစ်ခုတည်းကုန်းကျက်နေတဲ့ အရပ်မဟုတ်ဘူး ဆိုတဲ့လင်းပွင့်တဲ့ Atmosphere ကို  ရစေတာ တစ်ခုတည်းနဲ့ တင် လို့ ပြောရမှာပါ။
အားနည်းချက်အနေနဲ့ တစ်ခုပဲ  ပြောစရာရှိပါတယ်။
စာတကယ်လုပ်ရတဲ့ကျောင်းပါ။  စာမလုပ်ချင်ရင်  IT ဝါသနာမပါရင်လုံးဝမလာသင့်ပါဘူး။  စာတွေကခက်ပါတယ်။  စာမေးပွဲဟာ တစ်နှစ်တစ်ခါအတန်းတက်တဲ့ပုံစံနဲ့ သွားတာမဟုတ်ပဲ  semester 10 ကို A+ , A , B+,B ….အဲဒီလိုတွေပေးတဲ့ပုံစံနဲ့ သွားပါတယ်။
စာမေးပွဲမရှိတဲ့အပါတ်ဆိုတာ မရှိသလောက်ရှားပြီး နာမည်အမျိုးမျိုးနဲ့  ဖြေနေကြရတာပါ။ Surprise Quiz  ဆိုတာကလည်း အပါတ်တိုင်းရှိတာမျိုးပါ။ စာတစ်ကယ် မလုပ်ချင်တဲ့သူတွေအတွက်ဆိုအဆင်မပြေပါဘူး။  စာများပြီးကျောင်းပျက်လို့ မရတဲ့တက္ကသိုလ်ပါ။
ဒါပေမယ့် ပြည်ပနိုင်ငံတွေမှာ တစ်နှစ်ကို သိန်းရာဂဏန်းလောက်ပေးသင်မှရမယ့် ပတ်ဝန်းကျင်နဲ့  ပညာရေးကို ပြည်တွင်းမှာ ကျောင်းလခ တစ်လ  မြန်မာကျပ်ငွေငါးထောင်ကျပ်နဲ့ သင်ခွင့်ရမှာပါ။ ကျောင်းအပ်တဲ့အခါ တစ်နှစ်စာ ကျောင်းလခ မြန်မာကျပ်ငွေ ငါးသောင်းကျပ်ကို တစ်ခါတည်းသွင်းရပါတယ်။
အမှတ်တွေလည်းအများကြီး။ ဆရာဝန်လည်းမလုပ်ချင်။ ရေထဲလည်းတစ်သက်လုံးမနေနိုင်ဆိုတဲ့ကလေးတွေအတွက် လက်ပတော့ကလေးဆွဲပြီး ရှပ်အင်္ကျီအဖြူကလေးနဲ့ ဘောင်းဘီနက်ပြာဝတ်စုံကလေးနဲ့  ရှင်းသန့် တက်ကြွပြီးတက်စရာ တက္ကသိုလ်  ရှိနေတဲ့အကြောင်း အသိပေးလိုတာပါ။
ဒီကျောင်းကနေ ငါးနှစ်အတွင်း  ထွက်လာမယ့်  နည်းပညာရှင်  ၆၀၀ ဆိုတာ တိုင်းပြည်အတွက်  တစ်ကယ်အသုံးဝင်မယ့် တတ်ကျွမ်းသူတွေ  ဖြစ်နေမှာ တစ်ခုတည်းနဲ့  အတော်ကလေးအကျိုးများတာ မြင်နေရတော့ ဒီလိုပညာရေးအကူအညီတွေ  ဘာလို့ များ  အများကြီးမရခဲ့တာပါလိမ့်လို့   အတော်ကလေးဝမ်းနည်းစိတ်မကောင်းစရာ  ဖြစ်ရတာပါ။ များများမဟုတ်ဘူး။  မြန်မာပြည်မှာ  ဒီလိုကျောင်းမျိုး   ၃ ကျောင်းလောက်ဆို သိပ်ကောင်းမှာပဲလို့  လောဘလည်း ကြီးမိတာပါ။
အရေးကြီးတာက....
ဝင်ခွင့်က ခက်ပါတယ်။ ဖြေတဲ့သူအများကြီးထဲက လူ ၁၂၀ ပဲရွေးတာမို့ပါ။
အဲဒီကျောင်းကို ဝင်ခွင့်ဖြေဖို့ အောင်မအောင်လည်း မသိနိုင်လို့ ကိုယ်တက်ရမယ့်တက္ကသိုလ်လည်းမဆုံးရှုံးရအောင် တက္ကသိုလ် ဝင်ခွင့်တင်တဲ့အခါ ကိုယ့်ရမှတ်နဲ့ကိုယ်မျှော်လင့်ထားတဲ့ တက္ကသိုလ်တွေကို အစဉ်လိုက်ဖြည့်ထားပါ။
ဆေးတက္ကသိုလ်
ရေကြောင်း
စသည်ဖြင့် ဖြည့်ထားပါ။
ပြီးမှ ဒီကျောင်းဝင်ခွင့်ခေါ်တဲ့အခါ ဝင်တင်ပြီးဖြေပါ။
ဒီမှာမအောင်ရင် ကိုယ့်မူလအစီအစဉ်အတိုင်းတက်လို့ရပြီး
အောင်ခဲ့ရင်တော့ အဲဒီတက္ကသိုလ်ကို ဒီကအောင်စာရင်းပြပြီး
ဒီမှာတက်မယ့်အကြောင်း ပြန်ပြီးလျှောက်လွှာတင်ရင် ရပါတယ်။
သူက နိုဝင်ဘာမှာပဲဖြေရပြီး တစ်ပါတ်အတွင်းအောင်စာရင်းထွက်တာမို့ ဒီဇင်ဘာမှဖွင့်တဲ့တက္ကသိုလ်တွေအတွက် ပြသနာ မရှိတာပါ။ ။
Credit - မေဇော် (20.6.2017)
Myanmar Institute of Information Technology(MIIT)
Corner of 73rd Street & Khine Shwe War Street, Chanmyathazi Township, Mandalay, Myanmar.
Ph.No. +95-9-785557703, +95-9-785557704
E-mail: miitedu@miit.edu.mm
Website: http://www.miit.edu.mm/
Facebook: https://www.facebook.com/MIIT-488955841268011/
(ဆက်စပ်သတင်း ~
 မြန်မာ့သတင်းအချက်အလက်နည်းပညာတက္ကသိုလ် (မန္တလေး)သို့ တက္ကသိုလ်ဝင်တန်း ရမှတ် ၄၅၀ နှင့် အထက်ရရှိသူများ လျှောက်ထားနိုင်
+++++++++++++++++++++++++++++++++++++++++++++++++++++
၂၀၁၇ ခုနှစ် တက္ကသိုလ်ဝင်တန်း အောင်မြင်သူများအနေဖြင့် မြန်မာ့သတင်း အချက်အလက် နည်းပညာတက္ကသိုလ် (မန္တလေး)သို့ လျှောက်ထားမည် ဆိုပါက တက္ကသိုလ်ဝင်တန်းအမှတ် ၄၅၀ နှင့် အထက် ရရှိသူများ လျှောက်ထားနိုင်ပါသည်။
https://www.edge.com.mm/knowledge/news/item/337-myanmar-institute-of-information-technology-mandalay.html)
တို့ဆေးဆိုတာဘာလဲ ?
Burundanga ပဒိုင်းပွင့်ဆေး
၁။ ဆရာ တို့ဆေးဆိုတာလဲ သိချင်ပါတယ်။ ဗန်ကောက်မှာ မြန်မာတွေကို အဲလိုလုပ်ပြီး ဒေါ်လာတွေ ယူသွားတယ်လို့ သတင်းကြားရလို့ပါ။
၂။ Burundanga ဆိုတဲ့အရာဟာ တို့ဆေးများလား။ မဟုတ်ဘူးဆိုရင် အဘယ်ကဲ့သို့သော အရာမျိုးပါလဲ။ ဆေးဝါး ရော င်းချတဲ့ဆိုင်တွေများ မေးမြန်းဝယ်လို့ရပါသလား။ ရခဲ့ရင် အဘယ်ကဲ့သို့ အသုံးပြုရပါသလဲ။ လူကိုအန္တရာယ် ဖြစ်စေပါ သ လား။
တွဲပြီးတင်ထားတဲ့ပုံကိုသုံးပြီး သတင်းရေးကြတာတွေဖတ်ရတယ်။ ပုံကိုအသားပေးထားပြီး အရေးအသားမပြည့်စုံပါ။ လိပ် စာကပ်မှာ ဒီလိုဆေးကိုသုတ်ပြီး မကောင်းတာကြံစည်တယ်ဆိုတဲ့ သတင်းမျိုးတွေလဲ (ဂူဂယ်လ်) မှာတွေ့ပါမယ်။ ရေးထား တာတွေက ပညာပေးနဲ့မတူကြပါ။
၂၂-၅-၂ဝ၁၃ နေ့ကသတင်းတပုဒ်မှာ Burndanga business card ကပ်ပြားနဲ့ ဆေးတို့တဲ့သတင်းဟာ အစစ်လား၊ အ တုလားလို့ ခေါင်းစဉ်ပေးထားပါတယ်။ အမျိုးသမီးတယောက် ဓါတ်ဆီဆိုင်တခုမှာ လိပ်စာကပ်ပေးပြီး၊ နောက်ယောင်ခံ အ လိုက်ခံရတဲ့သတင်းကို ကိုးကားထားပါတယ်။
အဲဒီကပ်မှာ Burndanga ဆေးပါတယ်။ ဒါပေမဲ့ အဲလိုနည်းနဲ့တော့ လူတယောက်ကို မေ့သွားအောင်မလုပ်နိုင်ပါ။ ဆေး ပါးစပ်ကနေဝင်မှသာ ဒုက္ခရောက်ပါတယ်။ အအေးထဲ၊ ဘီယာထဲ ခပ်ထားတာသောက် မိရင်တော့ ဖုတ်ဝင်သလိုဖြစ်ပါလိ မ့်မယ်။ အဲလိုမျိုး နယူးယောက်မှာ ဖြစ်ဖူးသေးတယ်။ ATM ကနေ ပိုက်ဆံအကုန်ထုတ်ယူသွားတာ ခံလိုက်ရပါတယ်။
(ဘူရူဒန်းဂါ) ဆေးဟာ Brugmansia plant အပင်ကနေရတယ်။ Angel’s Trumpet ပဒိုင်းပင်ဟာလဲ ရုက္ခဗေဒ အလိုအရ Brugmansia genus အနွယ်ဝင်ဖြစ်တယ်။ ပဒိုင်းသီးစားရင် ရူးတာကို မစားဘူးပေမဲ့ ကြားဘူးကြမယ်။ Alkaloids အမျိုးအစား Scopolomine, Hyoscyamine နဲ့ Atropine တွေက အဲဒီအပင်မျိုးတွေကနေရတယ်။
ဓါတ်ခွဲခန်းမှာလဲ ထုတ်တယ်။ Anticholinergic medicine အနေနဲ့ ရောဂါတွေကုစားဘို့ အများကြီးသုံးပါတယ်။ မှတ် ဥာဏ်ကို သက်ရောက်စေပြီး၊ ခုခံမှုမလုပ်နိုင်တဲ့အခြေအနေကို ဖြစ်စေတာကြောင့် ရည်ရွယ်ချက်မကောင်းတာအတွက် သုံးကြတယ်။
ဆေးဝါးဗေဒအလိုအရ Scopolamine ဟာ Anticholinergic alkaloid ဖြစ်တယ်။ Hyoscine လို့လဲ ခေါ်တယ်။ မျက်စိ သူငယ်အိမ်ကို ကျယ်စေတယ်။ အစာအိမ်နဲ့ အူတွေအလုပ်နှေးစေတယ်။ ထွက်စရာအရည်တွေ နည်းစေတယ်။ စားဆေး၊ ငုံဆေး၊ ထိုးဆေး၊ အရေပြား ကပ်ခွါအနေနဲ့ ရတယ်။
Atropine ကို အအန်ပျောက်ဆေး၊ မေ့ဆေးနဲ့တွဲပေးတဲ့ ထိုးဆေးအနေနဲ့ သုံးတယ်။ ၁-၁၂ နှစ်အရွယ် ကလေးတွေ အတွက် 6 mcg/kg (maximum 0.3 mg/dose) IV, IM or SC every 6 to 8 hours ပေးရတယ်။ နာ တာကိုက်တာ၊ အရေပြားနာ၊ ကျားအကြောနာ၊ အဆစ်နာ၊ လေးဘက်နာ၊ ခေါင်းကိုက် နဲ့ ပိုးဝင်တာတွေမှာလဲ သုံးတယ်။
ခါးတာ-ခေါင်းကိုက်ဆေးကပ်ခွါ လုပ်တယ်။ Mydriatic and cycloplegic မျက်စဉ်းတွေမှာသုံးတယ်။ ဒေါင့်ကျဉ်းရေ တိ မ်၊ ပန်းနာ၊ မျက်ခွံအောက်ကျတာ၊ အစာလမ်းကြောင်း ပိတ်နေတာတွေမှာ လုံးဝမသုံးရဘူး။ ကားမူးလို့ ပျို့ချင်၊ အန်ချင် တာအတွက် Transderm Scop ကပ်ခွါဆေးသုံးရတယ်။ 1.5 mg ခရီးမသွားခင် ၄ နာရီကြိုကပ်ပါ။ ၃ ရက်အထိခံ တ ယ်။ ဗိုက် (အူ) ရစ်နာတာအတွက်လဲ သုံးတယ်။
နှာရည်၊ ချွဲ၊ သလိပ်၊ အစာခြေရည် စတာတွေ အထွက်သက်သာအောင်လဲ သုံးတယ်။ (ပါကင်ဆိုနဇင်) ရောဂါ အတွက် လဲသုံးတယ်။ အရင်တုံးက ဘိန်းဖြူနဲ့ ကိုကိန်း ဆေးဖြတ်တာမှာသုံးတယ်။ အိပ်ဆေးအဖြစ်လဲ ရတယ်။ ဘိန်းပါတဲ့ အနာ သက်သာဆေးနဲ့ရောပြီး စိတ်ငြိမ်ဆေးအနေနဲ့သုံးတယ်။ ဥပမာ (မောဖိန်း)။ သားဖွါးခန်းမှာလဲ ငြိမ်ဆေးအဖြစ် သုံးကြ တ ယ်။ ဒါပေမဲ့ ကိုယ်ဝန်ဆောင်မသုံးသင့်ဘူး။ အထဲကကလေးကို ထိခိုက်စေနိုင်တယ်။
ဘေးထွက်-ဆိုးကျိုးတွေကတော့ သူငယ်အိမ်ကျယ်သွားလို့ မျက်စိဝေဝါးနေမယ်၊ နှလုံးခုန်မြန်မယ်၊ အာခေါင်ခြောက်မယ်၊ ချွေးထွက်နည်းမယ်။ ရေငတ်မယ်။ ဝမ်းချုပ်မယ်။ ဆီးသွားရခက်မယ်။ များသွားရင်၊ ကိုယ်ပူမယ်။ ဂနာမငြိမ်ဖြစ်မယ်။
စိတ်ရှုတ်ထွေးစေမယ်၊ ဒေါသကြီးစေမယ်၊ စကားပြောတာ လုံးထွေးနေမယ်၊ သူများမမြင်-မကြားတာတွေ မြင်ရ-ကြား ရမယ်၊ တောင်စဉ်ရေမရဖြစ်မယ်၊ အမှားတွေလုပ်နေမယ်။ Diazepam လိုဘဲ မှတ်ဥာဏ် လျော့နည်းစေတယ်။
တောင်အမေရိကားမှာ Ritualistic hallucinogen ဆိုပြီး ကွယ်လွန်သွားသူတွေနဲ့ အဆက်အသွယ်လုပ်ဘို့ဆိုပြီး သုံး တယ်။ ထိန်းမနိုင်သိမ်းမရဖြစ်တဲ့ ကလေးတွေ သွားလေသူတွေ ပူးနေသလားဆိုပြီး ဆေးကုဘို့အတွက်လဲ သုံးသေးတယ်။ အရှင်သခင်သေတဲ့အခါ ဇနီးတွေ ကျွန်တွေကို အရှင်လတ်လတ် မြေမမြှုတ်ခင် ခေါင်ရည်၊ ဆေးရွက်တွေနဲ့ရောပြီး တိုက် တယ်။ အစေ့နဲ့ အရွက်တွေက ပိုပြီးအဆိပ်ပြင်းတယ်။
၉-၇-၂ဝ၁ဝ နေ့သတင်းမှာ အမေရိကား၊ တောင်ကယ်ရိုလိုင်းနားမယ် လူငယ်တွေ ပန်းပွင့်ကို ပြုတ်-ကြို သောက်ရာ ကေ န ဆေးရုံတက်ကြရတယ်လို့ပါတယ်။ အဲလိုသောက်တော့ အစမှာ (ဟယ်လူစီနေးရှင်း) ခေါ်တဲ့ သူများ မမြင်တာေ တွ ကိုမြင်၊ သူများ မကြားတာတွေကို နားထဲမှာကြားဆိုတဲ့ မူမှန်မဟုတ်တဲ့ ခံစားမှုတွေ ဖြစ်စေတယ်။
ဒါ့ပြင် နှလုံးခုန် တအား မြန်လာပြီး၊ သေလောက်အောင် ဆိုးတဲ့ နှလုံးခုန် မမှန်တာနဲ့ ပန်းနာထသလို အဆုပ်လေပြွန်တွေ ကျဉ်းတာတွေ ဖြစ်လာမယ်။ ရောဂါဗေဒ ဂျာနယ်မှာ ဒီဆေးရဲ့ (ဟယ်လူစီနေးရှင်း) သတ္တိဟာ စိတ်သာယာဘို့ထက် ကြောက်မက်ဖွယ် ဖြစ်စေတယ်လို့ ရေးထားတယ်။ အနည်းဆုံး ခဏတာ ရူးသွပ်စေတယ်။
ဒီဆေးမျိုးနဲ့ဖျော်စပ်ထားတဲ့ Tonga ကိုသောက်တဲ့ လူတယောက်ကို (ဆွစ်) သဘာဝသိပ္ပံပညာရှင် Johann von Tschudi ကနေ စေ့စေ့ငုငု လေ့လာတယ်။ ဒီလူဟာ ဘာမှန်းမှ မသိသလို မြေကြီးကိုစိုက်ကြည့်နေတယ်။ ပါးစပ်ကို စိနေအောင် ပိတ်ထားတယ်။ နှာခေါင်းက ပြားချပ်နေတယ်။
နဖူးမှာ ချွေးစီးတွေ ပျံလာတယ်။ လူသေလိုဘဲ အေးစက်နေတယ်။ လည်ပင်းသွေးကြောတွေ ထောင်နေတယ်။ အသက် ရှူတာလဲ ရင်ပတ်က ခပ်နှေးနှေး ဖေါင်းလိုက်-ပြားလိုက်နဲ့ တစီစီမည်နေတယ်။ လက်နှစ်ဖက်က တင်းပြီး ဘေးချထား တယ်။ မျက်လုံးက မျက်ရည်တွေ အများကြီး စီးကျလာတယ်။ နှုတ်ခမ်းက ရွစိရွစိ ဖြစ်လာတယ်။ အသက်ရှူမြန် လာတ ယ်။
ဒီလိုဖြစ်နေတာ ၁၅ မိနစ်ကြာတယ်။ ဒိနောက် အဲလိုဖြစ်တာတွေက ပြင်းထံလာတယ်။ မျက်လုံးတွေ နီရဲပြီး ခြောက်လာ၊ လည်လာတယ်။ မျက်နှာ ကြွက်သားတွေ တွန့်လှုတ်လာတယ်။ တဝက်တပျက် ပွင့်နေတဲ့ ပါးစပ်က အမြှုတ်ဖြူတွေ ထွက် လာတယ်။
လည်ပင်းကြောတွေ လှုတ်တာမြန်လွန်းလို့ ရေလို့တောင်မရဘူး။ အသက်ရှူတာတိုတောင်းပြီး မြန်လာတယ်။ ရင်ပတ်လှု တ်နေတယ် မထင်ရဘူး။ မြင်တော့နေရတယ်။ ချွေးစီးတွေ တကိုယ်လုံး စိုရွဲလာတယ်။ တက်နေသလိုဖြစ်လာတယ်။ ငြိမ်ေ နလိုက် အသံကျယ်ကြီးနဲ့ အော်လိုက်။ ဘာသံတွေလဲ ခွဲလို့မရဘူး။
(ကိုလမ်ဘီယာ) နိုင်ငံမှာ လမ်းဘေးဆေးဝါးအဖြစ် သုံးကြတယ်။ အမှုံ့ကိုသုံးတယ်။ ပုံမှန်စိတ်တွေ ပျောက်သွားစေမယ်။ သေချင်လဲ သေသွားမယ်။ စုန်းမှော် အတတ်ပညာမှာလဲသုံးတယ်လို့ သိရတယ်။ ဒါ့ကြောင့် Zombie drug လို့လဲ နာ မည်ရတယ်။ ဖုတ်ကောင်တွေလိုဖြစ်စေလို့ပါ။
ချိုချဉ်၊ စီးကရက်၊ ချူးယင်းဂမ်း၊ ဘီယာစတာတွေထဲမှာခပ်ပြီး မတော်မတရားအလုပ်ခံရနိုင်တယ်။ ခံရသူတွေကို ဆေးရုံတ င်ကုသရတယ်။ စိတ်မူမမှန်ဖြစ်နေမယ်။ ကိုယ်ပူမယ်။ ချွေးမထွက်ဘူး။ Date rape drug ခေါ်တဲ့ ပါတီသုံးဆေး၊ ရက်ချိန် နဲ့မုဒိန်းကျင့်တဲ့ဆေးထက် ၄ ဆပြင်းတယ်။
နာဇီမှာ Angel of death သေမင်းတမန်လို့ နာမည်ရထားတဲ့ Joseph Mengele ကလဲ စမ်းသပ်မှုတွေလုပ်ခဲ့တယ်။ CIA နဲ့ Czechoslovak communist secret police ချက်ကွန်မြူနစ် လှို့ဝှက်ပုလိပ်တွေက သုံးတယ်။ မြန်မာစ စ်ထောက်လှမ်းရေးလဲ ဒီပဲယင်းအရေးအခင်းမှာ သုံးတယ်လို့ သံသယရှိကြတယ်။
Dr. တင့်ဆွေ
Source : https://www.facebook.com/drtintswe/
Tuesday, June 20, 2017
နှင်းသီး (Rose Apple)
နှင်းသီး
ခရီးထွက်ရင် စပ်စုတတ်တာ ကျနော့်အကျင့်ပါ၊ တရုတ်ပြည်မှာ နှင်းသီးကို အထမ်းလေးတွေနဲ့ အော်ကာရောင်းကြတယ်၊ ခေတ်မီတိုးတက်လှတဲ့ မြို့ပြမှာ အခုလို ရောင်းနေတာမြင်ရတော့ ရန်ကုန်မြို့က ငှက်ပျောသီးသည်တွေကိုမြင်ယောင်မိတယ်၊ အသီးတလုံးစီကို အခုလို တုတ်တံလေးနဲ့ ထိုးပြီးရောင်းကြတယ်၊ ကလေးငယ်လေးတွေက မိဘကိုပူဆာနေလို့ဝယ်ကြွေးနေကြတယ်၊  ဒီအရပ်မှာတော့ ဒီအတိုင်းဘဲ စားကြတာများပါတယ်၊
ကျနော်တို့ဆီမှာလည်း June July လောက်ဆို လှိုင်လှိုင်ပေါ်လို့နေပါဘီ၊ နှင်းသီး လို့ခေါ်တာက ဆွတ်ဆွတ်ဖြူသော အရောင်ဖြစ်လို့ပါ၊  ခုတော့ တရုတ်ကအသီးမို့ထင် နီနီရဲရဲ နဲ့ အတော်လှပါတယ်၊ မန္တလေးစိန်ပန်းအရပ်ထဲနေစဉ်က ဒီအပင်ကိုမြင်ဖူးခဲ့တယ်၊ ဒေသအပင်မဟုတ် တမင်စိုက်ထားလို့သာ ပေါက်နေတာပါ၊ အိမ်ရှင်အမကြီးက ခူးခူးပြီး လာလာပေးလို့ စားဖူးခဲ့တာပါ၊ အရသာက အရမ်းကြီးမချိုပါဘူး၊ ဒီတရုတ်ကအသီးကတော့ အတော်လေးချိုပါတယ်၊ နှင်းသီးကို ကပ်ပြီး ဓာတ်ပုံရိုက်နေလို့ ဈေးသည်ကြီးက အတော်ကြီးသဘောကျနေပုံပါ၊ ဈေးလည်းချိုပါတယ်၊
နှင်းသီး ကို  Rose Apple or Plum Rose or Malaysia Apple ” လို့ လည်းခေါ်ပါတယ်၊ ဒီအပင်နဲ့ပတ်သက်ပြီး ဆောင်းပါးရှင် "မပေါက်ပေါက်"ရဲ့ ရေးသားထားချက်လေးတွေကို အများသိစေရန် ကိုးကား ဖော်ပြပေးလိုက်ပါတယ်။
ပန်းသီးလား နှင်းသီးလား?
ရူပဗေဒဘာသာမှာ Newton ရဲ the law of gravity ကို ကြားဖူးကြမှာပါ၊ မစ္စတာ Isaac Newton ဟာ Rose Apple လို့ ခေါ် တဲ့ ဟောဒီ နှင်းသီးပင်အောက်မှာ ထိုင်နေတုန်း အပင်ပေါ်က အသီးဟာ ကမ္ဘာမြေကြီးရဲ့ ဆွဲအားကြောင့် အပင်အောက်တည့်တည့် ကိုပြုတ်ကျလာတယ်၊ gravity နိယာမသဘောတရားကို ဒီ နှင်းသီးပင်အောက်ကနေ အဖြေထွက်ရှိခဲ့ကြောင်း www.naturespride.eu မှာ ဖော်ပြထားပါတယ်။
ဆေးဖက်ဝင်ပုံ
အဲဒီအသီးထဲမှာ ကယ်လိုရီနည်းပါးခြင်း၊ ဓာတ်တိုးဆန့် ကျင်ပစ္စည်းတွေ ပေါကြွယ်ဝခြင်း၊ ဗီတာမင်စီ နှင့် ဗီတာမင်အေများပါရှိခြင်း ကြောင့် ကျန်းမာရေးကိုအထောက်အကူပြုပေးတဲ့ သစ်သီးလေးပါ။
အခွံရဲလေ ပိုချိုလေဖြစ်ပြီး၊ အပေါ်ယံအခွံ မာတင်းတင်း အသီးတွေက လတ်ဆတ်မှုရှိတာကြောင့် အရည်ပိုရွှမ်းပါတယ်။
 မြန်မာပြည်မှာ သွားရည်စာသစ်သီးအဖြစ် အဆာပြေ အပျင်းပြေ စားကြပြီး၊ အခြားနိုင်ငံတွေမှာတော့ နှင်းသီးကို အချိုရည်၊ ယို၊ ဂျယ်လီ အဖြစ်ပါ ပြုလုပ်စားသုံးကြပါတယ်။
(၁) အမျိုးသားများ ဆီးကိတ်ကင်ဆာ ဖြစ်စေမယ့် အခွင့်အလမ်းကိုနည်း
ပါးစေပါတယ်။
(၂) အမျိုးသမီးများ ရင်သားကင်ဆာမဖြစ်အောင် ကာကွယ်ပေးပါတယ်။
(၃) တစ်နေ့ ကို နှင်းသီး ၃-လုံးကျစီ ရက်သတ္တ ၁-ပတ်တိတိ စားပေးခြင်းဖြင့် သွေးထဲရှိ ကိုလက်စထရောကို ၁၉% မျှလျော့ချ ပေးပါတယ်။
(၄) နှင်းသီးမှည့်မှည့် နီနီရဲရဲလေးတွေက အရသာချိုမြသော်လည်း ဂလူးကို့ စ်ဓာတ်မပါရှိပါဘူး။ ပန်ကရိယ ကို ကောင်းကျိုးပြု တာကြောင့် ဆီးချိုရောဂါသည်တွေအတွက် အထူးသင့်တော်တဲ့ အသီးလေးပါဘဲ။
(၅) အဆီဓာတ်မပါခြင်း၊ ကယ်လိုရီနဲပါးခြင်း၊ ရေဓာတ်ကြွယ်ဝစွာပါရှိခြင်းတို့ ကြောင့် ကိုယ်အလေးချိန်မတက်စေပါဘူး။
(၆) အိန္ဒိယနိုင်ငံမှာ အပင်၏အရွက်ကို ပေါင်းခံပြီး ရေမွှေးရနံ့ အဖြစ် အသုံးပြုကြပါတယ်။
(၈) မြန်မာ့ဆေးကျမ်းထဲမှာ အပူငြိမ်းတဲ့ အအေးစာအသီးလို့ ဖော်ပြထားတာကြောင့် ယခုလို နွေပူပူမှာ စားသုံးသင့်တဲ့ အသီးဖြစ် ပါတယ်။
တစ်နှစ်တစ်ကြိမ်သာ စားရတဲ့ ရာသီစာသီးနှံဖြစ်သော်လည်း အရသားလည်း ရှိ ဈေးနှုန်းချိုသာ တဲ့အပြင် ကျန်းမာရေးအတွက် ဆေးဖက်ဝင်လို့  စားဖြစ်အောင် စားကြပါလို့  တိုက်တွန်းလိုက်ရပါတယ်။
#မပေါက်ပေါက်..၏ ဆောင်းပါးကိုမှီငြမ်းပါတယ်.
ကဲမိတ်ဆွေများရော ရဲရဲနီသော နှင်းသီးကို စားဖူးပါရဲ့လား
သက်နိုင်ဦး