Monday, June 5, 2017

Supplement အားဖြည့်ဆေးများ - Collagen ကိုလာဂျင်ဆေးများအကြောင်း

Supplement အားဖြည့်ဆေးများ သတိထား


မင်္ဂလာပါဆရာ ကျေးဇူးပြုပြီး အချိန်ရရင် ဖြေပေးပါဦးခင်ဗျ။ ယနေ့ခေတ် လူကြီးလူငယ်ကြားထဲ body fitness က ရေပန်းစားနေပါတယ်ဆရာ။ Weight Gain ကစားသလို Weight Lose ကစားတဲ့လူတွေလဲရှိပါတယ်။ အထူးသဖြင့် weight gain ဆော့နေတဲ့လူတွေကြားမှာ ကစားတာအပြင် Weight တက်ဖို့ Protein တွေပါ သောက်နေကြပါတယ်။ Whey Protein,Casein, Mass Gainer တံဆိပ်အမျိုးစုံ Protein မျိုးစုံပါဘဲခင်ဗျ။ ခက်တာက စားသုံးသူတွေဟာ ဒီ Food Supplement တွေကို ဘယ်လိုဘယ်ချိန်မျိုးမှာ သောက်ရမှန်းမသိသလို Side Effect တွေကိုလဲ ကောင်းကောင်းမသိဘဲ သောက်နေကျတဲ့လူတွေ အများကြီးဖြစ်နေပါတယ်။ ဆရာ့အနေနဲ့ ဒီprotein တွေရဲ့ Usage,Side Effect စသဖြင့် အသေးစိတ်ရေးပေးမယ်ဆိုရင်တော့ဖြင့် စားသုံးသူကြား ကျန်းမာရေးအကျိုး အများကြီးရှိမယ်လို့ယုံကြည်ပါတယ်ခင်ဗျာ။ Internet ထဲရှာသမျှ ဒီ supplement အကြောင်း Advertisement ဘက်ဦးတည်နေတဲ့အတွက် side effect ကိုတိတိပပ မသိရပါ။ စာအရေးအသားနဲ့ စာလုံးပေါင်းမှားရင်လဲ ခွင့်လွှတ်နားလည်ပေးပါခင်ဗျ။ ကျေးဇူးတင်ပါတယ်။

ရေပန်းစားတို့ ပေါ်ပြူလာဖြစ်တို့ ခေတ်စားနေတို့ လူပြောများတို့ အရမ်းအရမ်းတို့ဆိုရင် ကြောငြာ ၉၉% ဖြစ်တယ်။ ဆေးသုတေသန မစုံလင်တဲ့ဆေးဖြစ်ပါတယ်။

ကိုယ်ကာယဖွံ့ဖြိုးလိုသူတွေ ပရိုတင်းဓါတ်လိုတာမှန်တယ်။ နေ့တိုင်း ပရိုတင်းစားနေကြတယ်။ အသားမစားတဲ့သူလည်း ပဲကနေရတယ်။ တခြားအစားအစာတွေကနေလည်း ပရိုတင်းရနေကြတယ်။ ပရိုတင်းနာမည်နဲ့ ဆေးတွေရောင်းကြတယ်။ နည်းနည်းစဉ်းစားကြည့်ပါ။ ပုလင်းနဲ့ရောင်းတဲ့ သံပရာရည်နဲ့ အခုဓါးနဲ့လှီး အခု ရေ + သကြား + ဆားနဲ့ဖျော်တဲ့ သံပရာရည် ဘယ်ဟာကောင်းမလဲ။ အသားဟင်းတခွက်နဲ့ ဗူးနဲ့ရောင်းတဲ့ပရိုတင်း ဘယ်ဟာကောင်းမလဲ။

ပရိုတင်းအပြင် ဟော်မုန်းဆေးတွေထည့်တတ်ကြတယ်။ ဥပမာ တက်စတိုစတီရုန်း။ ဟော်မုန်းမှန်သမျှ သတိထားရတယ်။ လူတိုင်းမှာ ကိုယ်ပိုင်ဟော်မုန်းတွေရှိတယ်။ ကျား-ဟော်မုန်းနဲ့ မ-ဟော်မုန်းတွဲရှိတယ်။ အချိုးကျနေရတယ်။ အချိုးအစား လွဲသွားရင် မိမွေးတိုင်း ရုပ်ရော စိတ်ပါမဟုတ်တော့ပါ။ ဟော်မုန်းလွန်သွားလို့ ရင်းစားပြန်ရအောင် လုပ်ဘို့လည်း အင်မတန်ခက်တယ်။ ဝဆေးသောက်သူတွေကိုကြည့်ပါ။

ကြော်ငြာကောင်းတဲ့ဆေးတွေအပြင် အရပ်နည်းတွေလည်း သတိထားပါ။ အခုမေးခွန်းနဲ့ တပြိင်နက်တည်းမှာ နောက်မေးခွန်း ၂ ခုကတိုက်ဆိုင်တာလာတယ်။ ၁၈ နှစ်သား ယောက်ျားလေးတယောက်က (ကန်တော့ပါ) လိင်အင်္ဂါ ဖွံ့ဖြိုးချင်လို့မေးတယ်။ နောက်တယောက်က ဆရာ ကျွန်တော်က လိင်အဂါင်္မှာ စီလီကွန်ခွဲထည့်ထားပါတယ်ဆရာ။ အဲ့ဒါကို သတိမထားမိဘဲ MRI ရိုက်မိတာ အခုတခုလုံး ရောင်ကိုင်းနေပါတယ်။ ကျွန်တော် ဘယ်လိုဆက်လုပ်သင့်လည်းဆရာ အကြံပြုပေးပါအုံးခင်များ။

ခဏခဏရေးနေရတယ်။ ဖြူဆေး-ရှည်ဆေး-ကြီးဆေး-သန်ဆေး-ကျဉ်းဆေးဆိုတဲ့ ရုပ်ပိုင်းတွေပြောင်းလဲစေမယ်ဆိုပြီး ကြော်ငြာဆေးတွေမှန်သမျှမှာ ဆေးသုတေသနမစုံလင်၊ သက်ရောက်မှု မပြောနိုင်၊ ဘေးထွက်ဆိုးကျိုးလည်း မသိနိုင်တာတွေသာဖြစ်ပါတယ်။ လူဖြစ်ရှုံးသူတွေကမေးကြတာတွေ မနည်းပါ။ ဖေ့စ်ဘွတ်မှာ မတင်ပါ။

ကိုယ့်ရုပ်သွင်ကို ပြင်ချင်သလို စိတ်ကိုလည်း ပြင်နိုင်ရင် တန်ဖိုးရှိသူ ဖြစ်ပါလိမ့်မယ်။

Testosterone (တက်စတိုစတီရုံး) ကျား-ဟော်မုန်း http://doctortintswe.blogspot.com/2014/10/testosterone.html 


ဒေါက်တာတင့်ဆွေ

Collagen ကိုလာဂျင်


၁။ မင်္ဂလာပါ ဆရာ၊ ကျွန်မ နာမည့့် ပါဆရာ။ ကျွန်မ အသက် ၂၃ပြည့်ပြီးပါပြီ။ ကျွန်မအမေကတော့ အသက် ၅၄ နှစ်ပြည့်ပါတော့မည်။ အမေက Collagen အကြောင်းဆရာ့ကိုမေးပေးပါဆိုလို့ပါဆရာ။ Collagenကို သောက်သင့်ပါသလား ဆရာ။ မည်သည့်အရွယ်တွင် စသောက်လို့ရပါလဲရှင့်၊ ကောင်းကျိုးနှင့် ဆိုးကျိုးတွေလဲပြောပြပေးပါဆရာ၊ သောက်မည်ဆိုပါက မည်သည့်တံဆိပ်ကို Recommend ပေးချင်ပါသလဲဆရာ။ လေးစားစွာဖြင့်

၂။ မင်္ဂလာပါဆရာ။ ကျမ အသက် ၄၂ နှစ်ရှိပါပြီ။ မျက်နှာမှာ အရေးအကြောင်းတွေရှိလာလို့ collargin သောက်ပါတယ်။
collargin ကိုသောက်တာနဲ့ လိမ်းတာ ဘယ်ဟာ ပိုထိရောက်ပါသလဲဆရာ။ ဆရာရေးတာ တခါဖတ်ဖူးပါတယ်။ အဲဒါလေး ပြန်တင်ပေးပါဦးဆရာ။

၃။ ဆရာရှင့် Peptide collagen ကို သောက်ရင် ဝက်ခြံအမည်းစက် ပျောက်ပြီး အသားအရေလှတယ်လို့ ပြောကြပါတယ်။ တကယ်လှပါသလားဆရာ။ ဘာအတွက်သောက်ရပါသလဲဆရာ။ ကောင်းကျိုးဆိုးကျိုး သိချင်ပါတယ်ဆရာ။

၎။ Collagen ဆိုတာ ဘာလဲဟင်။ အခု Collagen က အရမ်းအရမ်းကို ခတ်စားနေလို့လေ။ ဘာတွေကိုကောင်းကျိုး ပြုတာလဲ ဆိုးကျိုးရောရှိလား။ နောက်ပြီး ဘယ်လိုလူတွေ သောက်သင့်တယ်။ ဘယ်လိုလူတွေမသောက်သင့်ဘူး ဆိုတာ ကျေးဇူးပြုပြီး ပြည့်ပြည့်စုံစုံလေး ဖြေကြားပေးပါနော်။

၅။ ဆရာရှင့် အခုနောက် ပိုင်း Thai ကဝင်တဲ့ Collagen 100000 အား ဆိုတဲ့ဖြည့်စွက်စာလို အမှုန့်လေးတွေဟာ သုံးစွဲမယ်ဆိုရင် side effect ရှိပါသလားရှင့်။ သမီး အခုသောက်နေလို့ပါရှင့်။ တချို့တွေပြောကြတာတော့ side effects ရှိတယ် ဆိုလို့ပါ။ သူ့ရဲ့ side effect လေးတွေ သိချင်ပါတယ်ရှင့်။

၆။ သမီးအသက်၂၉ နှစ်ပါ။ အသားအရေအတွက် Collagen ပါတဲ့ဆေး သောက်နေပါတယ်။ ဆေးသောက်ရင် ဗိုက်နဲ့ရင်ဘတ် နဲနဲအောင့်တယ်။ collagen နဲ့ပတ်သတ်ပြီး သိချင်ပါတယ်။ အသက်ဘယ်လောက်ကစ သောက်သင့်ပါသလဲ။

၇။ Botox နဲ့ပတ်သက်ပြီး ဆရာရေးပေးတာဖတ်ရတော့ အရမ်းကျေးဇူးတင်ပါတယ်။ ဖြည့်စွက်ပေးတဲ့ Fillers တွေ Hyaluronic acid, fibril, Goretex ထိုးဆေးအကြောင်းလေးလဲ သိချင်ပါတယ်။ နှာခေါင်းပြင်ရင် သုံးကြလားဆရာ။

ကျွန်တော်က မေးခွန်းတွေဖြေရတာကြာတော့ တချို့မေးခွန်းတွေကို တပ်အပ်သိသလို။ မေးခွန်းကို ဝတ္ထုတိုတပုဒ်စာလောက်ရေးသူရဲ့ စိတ်အခြေအနေကိုတန်းသိတယ်။ အမေးများတဲ့ဆေးဆိုရင် ကြော်ငြာဆေးမှန်း တန်းသိတယ်။ အခု နမူနာသာထည့်မယ်။ တချို့ကြော်ငြာကောင်းတာတွေဆို မေးခွန်းတွေ မရေမတွက်မေးကြတယ်။

ကိုလာဂျင်ကို မလှချင်တွေက အများဆုံး စိတ်ဝင်စားကြတယ်။ ကိုလာဂျင်ဆိုတာ ဓါတုပစ္စည်းတခု ဖြစ်တယ်။ လူနဲ့ တိရစ္ဆာန်တွေမှာရှိတယ်။ အသားနဲ့ ကြားတစ်ရှူးတွေထဲမှာ နေတယ်။ အရွတ်တန်၊ အဆစ်နားက အရွတ်၊ အရေပြား၊ အရိုး၊ အရိုးနု၊ သွေးကြော၊ အစာလမ်း၊ ဆံပင်၊ လက်သည်းခြေသည်း၊ ခါရိုးဆစ်ကြား နေရာတွေမှာရှိတယ်။ အရာရာကို ဆွဲစုထားသလိုနေစေတယ်။ ကိုယ်ထဲက ပရိုတင်းရဲ့ ၂၅-၃၅% က ကိုလာဂျင်ဖြစ်တယ်။ အရေပြားထဲက တွယ်ဆက် တစ်ရှူးထဲမှာရှိတာမို့ တင်းနေစေတယ်။ ဆန့်နိုင် ကျုံ့နိုင်စေတယ်။

အသက်ရလာရင် ကိုလာဂျင်ထုတ်လုပ်တာ အားနည်းလာတယ်။ အသားအရေတွေက ပါးလှပြီး ပြော့ဖတ်ဖတ် ဖြစ်လာကြတယ်။ ထိခိုက်တာကို ငယ်စဉ်ကလောက် မခံနိုင်တော့ဘူး။ အရေးအကြောင်းတွေပေါ်လာတယ်။ အရွတ်တွေ အဆစ်တွေ အားနည်းလာတော့တယ်။

ကိုလာဂျင်ကို ဆေးပညာနေရာအမျိုးမျိုးမှာ သုံးနိုင်တယ်။
1. Bone grafts အရိုးအစားထိုး၊
2. Cardiac applications နှလုံးအစားထိုး၊
3. Cosmetic surgery အလှအပခွဲစိတ်မှု၊
4. Tissue regeneration (တစ်ရှူး) အသစ်ပေါက်စေအောင်၊
5. Wound care management uses အနာ-ဒဏ်ရာ ကျစေအောင်။

ကိုလာဂျင်အားဆေးအဖြစ်လဲ သုံးတာကြတယ်။ ၂ဝဝ၈ ကနေစပြီး Collagen type II ကို ပြောင်းသုံးလာတယ်။ အရည်၊ ဆေးပြား၊ ဆေးတောင့်၊ ဂျဲလ်၊ ပေါင်ဒါ အမျိုးမျိုးရောင်းတယ်။ Collagen type II is 500 mg capsules ကို တနေ့ ၂-၃ ကြိမ်အထိပေးတယ်။ အရေပြား ပိုကောင်းချင်လို့ ဒီဆေးသောက်သူတွေဟာ Vitamin C ဗီတာမင်စီလည်းလိုမယ်။ ဗီတာမင်အီးလည်း နာမည်ကြီးတယ်။

Hydrolyzed Collagen ဆိုတာကိုသုံးတာများတယ်။ စားဆေးကို အဆစ်အားဆေးအဖြစ်သုံးတယ်။ Lip Collagen Injection ထိုးဆေးကို အရေပြား အရေးအကြောင်းပေါ်တာသက်သာအောင် ထိုးပေးတယ်။ Collagen cream လိမ်းဆေးကိုလဲ အရေပြားမှာ လိမ်းရတယ်။ Catrix Collagen ဆိုတာက ပေါ်တာမကြာသေးဘူး။ အနာကျက်တာ မြန်စေအာင်သုံးတယ်။ မတည့်သူတွေ အလာဂျီရနိုင်တယ်။ ဆေးထိုးရင် နာမယ်။

ကိုလာဂျင် ဘသာဝအတိုင်းထုတ်လုပ်ပေးတဲ့အစားအသောက်များ
၁။ ကြက်သွန်ဖြူ၊
၂။ ပဲပုတ်နဲ့ ပဲပုတ်လုပ်အစားအသောက်များ၊
၃။ ခရမ်းချဉ်သီး၊
၎။ အစိမ်းရင့်အသီးအရွက်များ၊
၅။ အိုမီဂါသရီးကြွယ်ဝတဲ့အစာများ၊ ကျူနာငါး၊ ဆောလ်မွန်ငါး နဲ့ မက်ရဲလ်ငါး
၆။ အနီရောင်အသီးများနဲ့ ဟင်းသီးဟင်းရွက်များ။

Hyaluronic acid ဆိုတာ လူ့ကိုယ်ထဲမှာလဲရှိတယ်။ မျက်စိနဲ့ အဆစ်တွေမှာ ပိုများများရှိနေတယ်။ ဓါတ်ခွဲခန်းထဲမှာလဲ ဗက်တီးရီးယားကနေ ထုတ်ယူနိုင်တယ်။ အရိုးအဆစ်ရောဂါတွေမှာသုံးတယ်။ ပါးစပ်ကနေလည်း သောက်နိုင်တယ်။ ပလပ်စတစ်ခွဲစိတ်နည်းမှာလဲ သုံးတယ်။ အရေပြားမှာ ကူရှင်လို၊ ချောဆီလိုသဘော လုပ်ပေးမယ်။ Fibril ဆိုတာ အပ်ချည်လိုဘဲ။ Striated muscle fiber အမျိုးအစား ကြွက်သားမျှဉ်တွေမှာ ရှိတယ်။ ဆံပင် အခြေမှာလဲ ရှိတယ်။ Goretex ဆိုတာ ဓါတ်ခွဲခန်းမှာတည်ဆောက်ထားတဲ့ Polytetrafluoroethylene ဖြစ်တယ်။ လူတွေမှာရှိတဲ့ Fascia အရွတ်ပြားနဲ့တူတယ်။ ဗိုက်၊ ရင်ခေါင်း။ အစာဟောင်းအိမ်။ ဗဂျိုင်းနား၊ ဆီးလမ်း။ အူကျတာတွေကို ခွဲစိတ်တဲ့အခါ သုံးနိုင်တယ်။ ပလပ်စတစ်ခွဲစိတ်နည်းမှာလဲ သုံးတယ်။

ကြော်ငြာဆေးတွေကို အားမပေးပါ။ စိတ်ချရမှုနဲ့ ထိရောက်မှု သုတေသနတွေ မစုံလင်ပါ။ ဇရာဖြစ်စဉ်ကို အန်တုချင်တာ သဘာဝပါ။ ဇရာကို နောက်ကြောင်းတော့ပြန်မရပါ။ ရသမျှတော့ ကြိုးစားပေါ့။ နတ်ရေကန်တော့ ရှာမနေ့ပါနဲ့။

ဒေါက်တာတင့်ဆွေ

Credit: Dr. တင့်ဆွေရဲ့ Page

No comments: