Showing posts with label News and Info. Show all posts
Showing posts with label News and Info. Show all posts

Friday, November 20, 2026

အီစတက်စီ (E) အကြောင်း

 


"ရောင်စုံမီးများကြားမှာ ဘေးနားကလူတိုင်းကို ဖက်တွယ်ချစ်ခင်ချင်လာအောင် ဦးနှောက်ကို လှည့်စားတတ်တဲ့ 'Love Drug' ... ဒါပေမယ့် အဲဒီအတုအယောင် မေတ္တာတရားလေးအတွက် ပေးဆပ်လိုက်ရတဲ့ တန်ဖိုးက ဘာများဖြစ်မလဲ...။"


​အီစတက်စီ (E) (အပိုင်း - ၁) - အတုအယောင် မေတ္တာတရား


​ဒီဘက်ခေတ် မူးယစ်ဆေးလောကကို ကြည့်ရတာ တော်တော်လေး ဆန်းကြယ်လာတယ်။ ဟိုအရင်ကလို ဆေးခြောက်ရှူပြီး မှိန်းနေတာတွေ၊ ဘိန်းမည်းရှူပြီး မျောနေတာတွေ သိပ်မတွေ့ရတော့ဘူး။ အလုပ်သမားတွေ၊ ညမအိပ်ဘဲ အလုပ်ကြမ်းလုပ်ချင်တဲ့ သူတွေကျတော့ ယာဘတို့၊ အိုက်စ် (ICE) တို့ကို အားကိုးကြတယ်။ ဒီကောင်တွေက လူကို စက်ရုပ်တစ်ရုပ်လို မနားတမ်း အလုပ်လုပ်နိုင်အောင်ခိုင်းတဲ့ ဆေးတွေလေ။ ဒါပေမယ့် ကလပ်တွေ၊ ပါတီတွေ၊ တဒိုင်းဒိုင်းနဲ့ ဆူညံနေတဲ့ EDM ပွဲတွေမှာ သွားပြီးလေလွင့်ချင်တဲ့ လူငယ်တွေကြားမှာ ဆရာတစ်ဆူ ဖြစ်နေတာကတော့ 'အီး (E)' လို့ အလွယ်ခေါ်ကြတဲ့ အီစတက်စီ (Ecstasy) ဆေးပြားလေးတွေပါပဲ။


​ဒီဆေးပြားလေးတွေကို မြင်ဖူးတဲ့သူတိုင်းက ဆေးမှန်းတောင် သိမှာမဟုတ်ဘူး။ ပန်းရောင်၊ အစိမ်း၊ အပြာ... အရောင်လေးတွေက တောက်တောက်ပြောင်ပြောင်နဲ့ ချစ်စရာလေးတွေ။ အပေါ်ကနေ အပြုံးမျက်နှာလေးတွေ၊ ပန်းသီးပုံလေးတွေ၊ တချို့ဆို LV တို့၊ Tesla တို့ စတဲ့ နာမည်ကြီး တံဆိပ်တွေတောင် ရိုက်နှိပ်ထားသေးတာ။ ကလေးတွေတွေ့ရင် သကြားလုံးမှတ်ပြီး ကောက်စားမိလောက်တဲ့ အနေအထားမျိုး။


​ဒါပေမယ့် အဲဒီလို ချစ်စရာကောင်းတဲ့ သကြားလုံးလေးတွေထဲမှာ ကခုန်နေရင်းနဲ့ အသက်ကို ရုတ်တရက် နုတ်ယူသွားနိုင်တယ်ဆိုတာတော့ သုံးတဲ့သူတွေ သတိမထားမိကြဘူး။ အခုနောက်ပိုင်း ပိုဆိုးလာတာက ကလပ်တွေထဲမှာ ဝယ်သုံးနေတဲ့ E ပြားတွေဟာ ဟိုအရင်ကလို ဦးနှောက်ကိုပဲ လှည့်စားတဲ့ ရိုးရိုး E အစစ်တွေ မဟုတ်ကြတော့တာပါပဲ။ ဆေးရောင်းတဲ့သူတွေက အမြတ်များအောင်၊ ပိုပြီး စွဲလမ်းသွားအောင်ဆိုပြီး အဲဒီချစ်စရာ ဆေးပြားလေးတွေထဲကို ဘိန်းဖြူထက် အဆ (၅၀) ပိုပြင်းတဲ့ 'ဖန်တနိုင်းလ်' တွေ နဲ့ ယာဘတွေကို ရောကြိတ်ပြီး ထည့်ထားတတ်ကြပါတယ်။ အဲဒီတော့ ကလပ်ထဲမှာ လေလွင့်ချင်ရုံ သုံးလိုက်တဲ့ လူငယ်လေးဟာ E ဆေးအရှိန်ကြောင့် ဒုက္ခရောက်တာထက်စာရင် အထဲမှာ ရောပါလာတဲ့ ဖန်တနိုင်းလ်ဓာတ် လွန်ကဲပြီး အသက်ရှူနှေးကွေး ရပ်တန့်သွားကာ ပါးစပ်က အမြှုပ်ထွက်ပြီး နေရာတင် ပွဲချင်းပြီး သေဆုံးရတဲ့ အဖြစ်ဆိုးတွေ ရှိလာနေပါပြီ။


​ဒီကောင် ခန္ဓာကိုယ်ထဲ ရောက်သွားရင် ဘာတွေဖြစ်ကုန်လဲဆိုတာ သိချင်ရင် ဟိုဘက်က အိုက်စ်နဲ့ နည်းနည်းယှဉ်ကြည့်မှ ရမယ်။ အိုက်စ်က ဦးနှောက်ထဲက ခွန်အားတွေ၊ တက်ကြွမှုတွေ ဖြစ်စေတဲ့ ဒိုပါမင်းဆိုတဲ့ ဓာတ်ကို အတင်းညှစ်ထုတ်တာ။ E ကျတော့ အဲဒီလမ်းကြောင်းက မသွားဘူး။ သူက 'ဆီရိုတိုနင်' ဆိုတဲ့ ဓာတ်ကို အဓိကပစ်မှတ်ထားတာ။ ဆီရိုတိုနင်ဆိုတာ သာမန်အားဖြင့် လူတစ်ယောက်ကို အေးချမ်းတည်ငြိမ်စေတဲ့၊ ကျေနပ်ပျော်ရွှင်စေတဲ့ ဓာတ်ပါ။ ဒီဆေးပြားလေး မျိုချပြီး ၄၅ မိနစ်လောက်လည်း နေရော ဦးနှောက်ထဲ သိုလှောင်ထားသမျှ ဆီရိုတိုနင်တွေ ဒလဟော ထွက်လာတော့တာပဲ။


​ဒါပေမယ့် E ရဲ့ အစွမ်းက အဲဒီမှာတင် ရပ်မသွားဘူး။ အဲဒီလို ဆီရိုတိုနင်တွေ အလုံးအရင်းနဲ့ ပေါက်ကွဲထွက်လာတဲ့အခါ အဲဒီအရှိန်ကနေတစ်ဆင့် ဦးနှောက်ထဲက နောက်ထပ် ဟော်မုန်းတစ်ခုကိုပါ သွားပြီး အတင်းအဓမ္မ ညှစ်ထုတ်ခိုင်းလိုက်တယ်။ အဲဒါကတော့ 'အောက်ဆီတိုစင်' လို့ခေါ်တဲ့ ချစ်ခြင်းမေတ္တာ၊ ကိုယ်ချင်းစာတရားနဲ့ သံယောဇဉ်ကို ဖြစ်ပေါ်စေတဲ့ ဓာတ်ပဲ။


​ပျော်ရွှင်မှု (ဆီရိုတိုနင်) နဲ့ မေတ္တာတရား (အောက်ဆီတိုစင်) ဒီဓာတ်ကြီးနှစ်ခု တစ်ပြိုင်နက်တည်း အဆမတန် ထွက်လာတဲ့အချိန်မှာ ဆေးသုံးထားတဲ့သူက လောကကြီးတစ်ခုလုံးက သာယာလှပနေတယ်လို့ ထင်သွားရော။ စိတ်ထဲမှာလည်း အချစ်စိတ်တွေ တအားပေါလာတယ်။ ဘေးနားက လူတိုင်းကို ချစ်ခင်ယုယချင်လာမယ်၊ ဖက်ထားချင်လာမယ်။ ကိုယ့်ခြေထောက်ကို လာနင်းတဲ့သူတောင် ကျေးဇူးတင်ချင်စိတ် ပေါက်လာတဲ့အထိပဲ။ သီချင်းသံတွေ ကြားရတာလည်း နိဗ္ဗာန်ဘုံကို ရောက်နေသလိုလို၊ မီးရောင်တွေကလည်း ကိုယ့်ကို စကားလာပြောနေသလို ခံစားရတော့တာ။ ဒါကြောင့်လည်း အနောက်နိုင်ငံတွေမှာ ဒီဆေးကို "Love Drug" ဆိုပြီး နာမည်ပေးထားကြတာပေါ့။


​ဒါပေမယ့် ပြဿနာက အဲဒီအချစ်တွေ၊ မေတ္တာတွေဟာ အစစ်အမှန် လုံးဝ မဟုတ်တာပဲ။ ဆေးဝါးက ဦးနှောက်ကို အတင်းအဓမ္မ ခိုင်းစေပြီး ထုတ်လုပ်ထားတဲ့ 'အတုအယောင် သာယာမှု' သက်သက်ရယ်ပါ။ ဒီလို ခဏတာ အတုအယောင်လေးအတွက် ကိုယ့်ဘက်က ပြန်ပေးဆပ်လိုက်ရမယ့် အရင်းအနှီးကတော့ တကယ့်ကို ကြောက်စရာကောင်းလွန်းပါတယ်။


​လောကကြီးတစ်ခုလုံးကို သာယာနေတယ်ထင်ပြီး ပျော်ပျော်ကြီး ကခုန်နေကြတဲ့ အချိန်မှာ သူတို့ရဲ့ ခန္ဓာကိုယ်တွင်းမှာတော့ ကြောက်စရာကောင်းတဲ့ အပြောင်းအလဲတွေ တိတ်တဆိတ် စတင်နေတယ်ဆိုတာ သူတို့ကိုယ်တိုင်တောင် မသိနိုင်ပါဘူး။


​ဒီဆေးက ဦးနှောက်ရဲ့ အပူချိန်ထိန်းချုပ်တဲ့ နေရာကို သွားပြီး ကလိတော့တာပဲ။ အဲဒီတော့ ခန္ဓာကိုယ်က သူ့အပူချိန်သူ ဘယ်လောက်ရှိနေမှန်း မသိတော့ဘူး။ အပူထိန်းဆင်ဆာ ပျက်သွားသလို ဖြစ်သွားတာ။ လူတွေ ကြိတ်ကြိတ်တိုးနေတဲ့ ကလပ်တွေ၊ လေဝင်လေထွက် မရှိတဲ့ ပါတီတွေထဲမှာ ဆေးအရှိန်နဲ့ နာရီပေါင်းများစွာ မနားတမ်း ကခုန်နေကြတဲ့အခါ ခန္ဓာကိုယ်အပူချိန်က ရုတ်တရက်ကြီး ၁၀၄ ဒီဂရီ ဖာရင်ဟိုက်ကျော်တဲ့အထိ ထိုးတက်သွားတယ်။


​ဒါပေမယ့် ဆေးသုံးထားတဲ့သူကတော့ သူဘယ်လောက် ပူနေလဲဆိုတာကို သတိမထားမိဘူး။ သွေးရဲ့အပူချိန်က မြင့်လာတော့ အတွင်းကလီစာတွေဖြစ်တဲ့ အသည်းတွေ၊ ကျောက်ကပ်တွေဟာ အလုပ်မလုပ်နိုင်တော့ဘဲ ပျက်စီးကုန်ရော။ အဲဒါဟာ ပါတီတွေထဲမှာ လူငယ်တွေ ကခုန်နေရင်း ရုတ်တရက် သတိလစ် လဲကျပြီး အသက်ပါသွားရတဲ့ အဓိက အကြောင်းရင်းပဲ။


​အပူလွန်ကဲလို့ သေတာထက် ပိုဆိုးတဲ့ နောက်ထပ် အန္တရာယ်တစ်ခု ရှိသေးတယ်။ ဆေးသုံးစွဲသူတွေကြားမှာ ပြောနေကျ စကားတစ်ခွန်း ရှိတယ်။ "အီး သုံးရင် ရေများများသောက်ရတယ်။ ရေခဲငုံရတယ်" တဲ့။ အပူချိန်ကလည်း တက်နေတော့ ရေတွေ အငမ်းမရ သောက်ကြတာပေါ့။


​တကယ်တမ်းကျတော့ ဒီဆေးက ဦးနှောက်ကို နောက်ထပ် အမိန့်တစ်ခု ပေးထားသေးတယ်။ "ဆီးမသွားစေနဲ့" တဲ့။ ဆိုတော့ကာ ရေတွေ ဘယ်လောက်ပဲသောက်သောက် ကျောက်ကပ်က ဆီးအဖြစ် အပြင်ကို မစွန့်ထုတ်ပေးတော့ဘူး။ ဆီးသွားချင်စိတ်လည်း လုံးဝ မရှိဘူး။


​အဲဒီတော့ သောက်လိုက်သမျှ ရေတွေက ဘယ်သွားမလဲ။ သွေးကြောထဲမှာပဲ စုပုံလာတာပေါ့။ ရေတွေများလာတော့ သွေးထဲမှာရှိတဲ့ အသက်ရှင်ဖို့ မရှိမဖြစ်လိုအပ်တဲ့ ဆားဓာတ်တွေ ရုတ်တရက် နည်းသလို ဖြစ်သွားတယ်။ ဆားဓာတ်နည်းလို့ သွေးကျဲသွားတဲ့အခါ ခန္ဓာကိုယ်ရဲ့ သဘာဝအရ ရေတွေက ဆဲလ်တွေထဲကို အတင်း ဝင်တိုးတော့တာပဲ။ လက်တွေ၊ ခြေထောက်တွေ ဖောင်းကားလာတယ်။ အဆိုးဆုံးက ဦးခေါင်းခွံထဲက ဦးနှောက်ဆဲလ်တွေထဲပါ ရေတွေဝင်သွားပြီး ဦးနှောက်ကြီး ရုတ်တရက် ဖောင်းကားလာတာပါပဲ။


​ဦးခေါင်းခွံဆိုတာက အရိုးလေ။ ဦးနှောက်ကြီး ကြီးလာတယ်ဆိုတိုင်း သူက နေရာချဲ့ပေးလို့မှ မရတာ။ ဖောင်းကားလာတဲ့ ဦးနှောက်ဟာ မာကျောတဲ့ ဦးခေါင်းခွံအတွင်းမှာ ညှပ်ပိတ်ပြီး ဖိအားတွေ အလွန်အမင်း တက်လာတယ်။ အဲဒီအချိန်ကျရင်တော့ ခေါင်းတွေ အပြင်းအထန် ကိုက်လာမယ်၊ အမြင်အာရုံတွေ ဝေဝါးလာမယ်၊ တစ်ကိုယ်လုံး အကြောဆွဲပြီး တက်လာကာ ပါးစပ်က အမြှုပ်တွေ ထွက်လာတော့တာပဲ။ နောက်ဆုံး သတိလစ် ကိုမာဝင်ပြီး ကခုန်နေရင်းနဲ့ပဲ ပွဲချင်းပြီးသွားတတ်တယ်။

...

...


​အဲဒီတော့ မေးစရာတစ်ခု ရှိလာတယ်။ "ရေမသောက်ရင် အပူလွန်ကဲပြီး သေမယ်။ ရေသောက်ပြန်ရင်လည်း ဦးနှောက်ဖောင်းပြီး သေမယ်ဆိုရင် ဘယ်လို လုပ်ရမလဲ" ဆိုတာပါပဲ။ ဆေးပညာအရ လက်တွေ့ အသက်ကယ်နည်းကတော့ ရေကို လုံးဝ မသောက်ဘဲ နေရမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ရိုးရိုးရေသန့်ချည်းပဲ အများကြီး မသောက်ရပါဘူး။ သွေးမကျဲသွားအောင် ဓာတ်ဆားရည် သို့မဟုတ် အားကစား အချိုရည်ကိုသာ သောက်ပေးရပါမယ်။ အဲဒါကိုတောင် တစ်နာရီကို ရေသန့်ဘူး တစ်ဝက်ထက် ပိုမသောက်ရဘူးဆိုတဲ့ ကန့်သတ်ချက် ရှိပါတယ်။ ဒါကို မသိကြလို့ ရိုးရိုးရေတွေ အငမ်းမရ သောက်ရင်း အသက်ဆုံးရှုံးနေကြရတာပါ။


​အရောင်အသွေးစုံတဲ့ မီးရောင်တွေ၊ ဆူညံနေတဲ့ တေးသီချင်းတွေအောက်မှာ အတုအယောင် မေတ္တာတရားတွေနဲ့ ဖက်တွယ်ကခုန်နေတဲ့ လူငယ်တွေထဲက တချို့ဟာ မနက်ဖြန်ဆိုတဲ့ နေထွက်တာကို မြင်တွေ့ခွင့် မရလိုက်ကြတော့ဘူး။


​ကဲ... ကံကောင်းထောက်မစွာ အသက်မသေဘဲ မနက်မိုးလင်းသွားတဲ့ သူတွေအတွက်ရော သက်သာရာ ရသွားပြီလား။ လွတ်ပြီလား။ ဘယ်လွတ်မလဲ၊ လုံးဝ မလွတ်ဘူး။ သူတို့ရဲ့ ခန္ဓာကိုယ်နဲ့ ဦးနှောက်က ပေးဆပ်ရမယ့် တကယ့်အကြွေးစစ်စစ်က အခုမှ စဆပ်ရတော့မှာ။


​ဦးနှောက်ထဲမှာ သိုလှောင်ထားသမျှ ပျော်ရွှင်မှုဓာတ်တွေ တစ်စက်မှ မကျန်တော့လောက်အောင် ခန်းခြောက်သွားတဲ့အခါ လောကကြီးမှာ အသက်သာရှင်နေပြီး စိတ်ဝိညာဉ် ပျောက်ဆုံးနေသူလို ဘာကိုမှ မသာယာနိုင်တော့ဘဲ ကိုယ့်ကိုယ်ကိုယ်တောင် သတ်သေချင်စိတ် ပေါက်လာတဲ့ "Suicide Tuesday" ဆိုတဲ့ အမှောင်မိုက်ဆုံး နေ့ရက်တွေ အကြောင်းကိုတော့ နောက်အပိုင်းမှာ ဆက်ကြတာပေါ့။


​စေတနာဖြင့်

အဓိပတိ


(ဒုတိယပိုင်းကို ၁၇၊ ၁၁၊ ၂၀၂၆ ရက်၊ အင်္ဂါနေ့တွင် ဆက်လက်တင်ဆက်ပေးသွားပါမည်)


ကိုးကား (References) : 📚

Hyponatraemic states following 3,4-methylenedioxymethamphetamine (MDMA, 'ecstasy') abuse (PubMed)


Effects of MDMA on body temperature in humans (PMC - NIH)


Brain hyperthermia induced by MDMA (ecstasy) (PubMed)


Oral health effects of ecstasy (MDMA) and methamphetamine (PubMed)


Bruxism after MDMA (ecstasy) abuse (ResearchGate)


MDMA-induced neurotoxicity of serotonin neurons involves autophagy (PubMed)


Identifying Fentanyl-Laced Drugs (Riverside Recovery)


"စနေနေ့ညက ကလပ်ထဲမှာ လောကကြီးကို အလှဆုံးလို့ ထင်ခဲ့တဲ့သူတွေဟာ... အင်္ဂါနေ့ရောက်ရင် ကိုယ့်ကိုယ်ကိုယ် သတ်သေချင်လောက်အောင်ဖြစ်တတ်တဲ့ 'Suicide Tuesday' အကြောင်း ကြားဖူးပါသလား..."


​အီစတက်စီ (E) (အပိုင်း - ၂) 

တစ်စက်ကလေးမှကို မပျော်နိုင်တော့ခြင်းနဲ့ အမှောင်မိုက်ဆုံး အင်္ဂါနေ့

...

...


​မနေ့ညက မီးရောင်စုံအောက်မှာ လောကကြီးကို အလှဆုံးလို့ ထင်ခဲ့တဲ့သူဟာ... ဒီနေ့မနက် နေရောင်ခြည်ကို မြင်လိုက်ရချိန်မှာတော့ ကိုယ့်ကိုယ်ကိုယ် သတ်သေချင်လောက်အောင် မုန်းတီးသွားပါတော့တယ်။


​ရေအဆိပ်သင့်တာ၊ အပူလွန်ကဲတာဆိုတဲ့ သေမင်းရဲ့ ထောင်ချောက်တွေထဲကနေ ကံကောင်းထောက်မစွာ အသက်ရှင်လျက် လွတ်လာပြီပဲ ထားပါတော့။ "ဟူး... တော်ပါသေးရဲ့" ဆိုပြီး သက်ပြင်းချလို့ ရပြီလား။ ဘယ်ရမလဲ။ မူးယစ်ဆေးလောကရဲ့ မဖောက်ပြန်တဲ့ နိယာမ တစ်ခုရှိပါတယ်။ "အကြွေးယူရင် ပြန်ဆပ်ရမယ်" တဲ့။ အဲဒီတော့ ဆေးဆီက ကြိုတင်ချေးငှားထားတဲ့ ပျော်ရွှင်မှုတွေအတွက် အတိုးရောအရင်းပါ ပြန်ဆပ်ရမယ့်အချိန်က အခုမှစတာပါ။


​ဆေးအရှိန်ပြယ်သွားတဲ့ မနက်ခင်းမှာ လူက အိပ်ရာထဲကနေတောင် ထလို့မရတော့လောက်အောင် အရုပ်ကြိုးပြတ် ဖြစ်နေပါပြီ။ ကလပ်တွေ၊ ပါတီတွေထဲမှာ လူငယ်တွေ ပီကေတွေ အတင်းဝါးနေကြတာ ဒါမှမဟုတ် သွားတွေ အတင်းစေ့ပြီး မေးကြိတ်ထားကြတာကို မြင်ဖူးကြမှာပါ။ အဲဒါဟာ လူငယ်ဖက်ရှင်တစ်ခု လုံးဝ မဟုတ်ပါဘူး။ ဆေးအရှိန်ကြောင့် မေးရိုးကြွက်သားတွေ အလိုအလျောက် တင်းကျပ်ပြီး သွားတွေကို အတင်းကြိတ်မိနေလို့ သွားတွေ ကျိုးမထွက်သွားအောင်၊ လျှာကို ကိုက်မဖြတ်မိအောင် မဖြစ်မနေ ကာကွယ်နေရတာ ဖြစ်ပါတယ်။ ဒါကြောင့် မနက်မိုးလင်းတဲ့အခါ မေးရိုးတွေ ပြုတ်ထွက်မတတ် ကိုက်ခဲနေပြီး ပါးစောင်တွေဆိုတာလည်း ပေါက်ပြဲနေတတ်ပါတယ်။


​ဒါပေမယ့် အဲဒါတွေက ရုပ်ပိုင်းဆိုင်ရာ ဒုက္ခတွေပဲ ရှိပါသေးတယ်။ နောက်ပြီးရင်တော့ စိတ်ရဲ့ အမှောင်မိုက်ဆုံး အချိန်တွေကို ပင်ပန်းခက်ခဲစွာ စတင်ဖြတ်ကျော်ရပါတော့မယ်။


​ဟို ဆေးပြားလေးက ဦးနှောက်ထဲက 'ဆီရိုတိုနင်' ဆိုတဲ့ ပျော်ရွှင်မှုနဲ့ မေတ္တာတရား ဓာတ်တွေကို အတင်းထုတ်ယူသုံးစွဲပစ်လိုက်တာကိုး။ ပြဿနာက ဒီဓာတ်ကို ဦးနှောက်က အလွယ်တကူပြန်လည် ထုတ်လုပ်ပေးဖို့ မတတ်နိုင်ပါဘူး။ ကိုယ်စားလိုက်တဲ့ အစားအသောက်တွေထဲကနေ အဆင့်ဆင့် အချိန်ယူပြီး နည်းနည်းစီ ဖြည်းဖြည်းချင်း တည်ဆောက်ရတာပါ။ လနဲ့ချီပြီး စုဆောင်းထားတဲ့ ပျော်ရွှင်မှု ဘဏ်တိုက်ကြီးထဲက ဟော်မုန်းတွေအားလုံးကို စနေနေ့ည ကလပ်ထဲမှာတင် တစ်ညတည်းနဲ့ အပြောင်ရှင်းပစ်လိုက်ပြီ။ ဆေးအရှိန်လည်း ပြယ်ရော ဘဏ်တိုက်ထဲမှာ ပျော်ရွှင်ဟော်မုန်းတွေ မရှိတော့ပါဘူး။


​ဆေးသုံးပြီး နောက်တစ်နေ့ တနင်္ဂနွေနေ့မှာတော့ လူက စိတ်တွေ မှုန်မှိုင်းပြီး ကြောင်တောင်တောင် ဖြစ်နေသေးတယ်။ တနင်္လာနေ့ရောက်တော့ စိတ်က တဖြည်းဖြည်း လေးလံလာတယ်။ အဆိုးဆုံး အောက်ခြေအထိ ထိုးကျသွားမယ့် အချိန်ကတော့ ဆေးသုံးပြီး နှစ်ရက်၊ သုံးရက်အကြာ အများအားဖြင့် အင်္ဂါနေ့မှာပါပဲ။ အဲဒါကို ပါတီသွားသူတွေ၊ ကလပ်တက်တဲ့ လူငယ်တွေက "Suicide Tuesday" လို့တောင် နာမည်ပေးထားကြပါတယ်။ သေချင်စိတ်ပေါက်တဲ့ အင်္ဂါနေ့ပေါ့။


​အဲဒီနေ့လည်း ရောက်ရော လူက ဘာကိုမှ မပျော်နိုင်တော့ဘူး။ ခေါင်းထဲမှာ ပျော်ရွှင်မှုကို ခံစားပေးမယ့်ဓာတ် တစ်စက်မှ မရှိတော့တာကိုး။ အကြိုက်ဆုံး မုန့်စားလည်း အရသာမရှိတော့ဘူး။ အကြိုက်ဆုံး သီချင်းနားထောင်လည်း နားငြီးနေပြီ။ လောကကြီးတစ်ခုလုံးကလည်း မှုန်မှိုင်းနေတတ်တယ်။ ပြီးတော့ ဘာအကြောင်းပြချက်မှ မရှိဘဲ ရင်ထဲမှာ ဝမ်းနည်းလာပြီး မျက်ရည်တွေ ပေါက်ပေါက်ကျလာရော။ "ငါဟာ ဘာမှ အသုံးမကျတဲ့ကောင်၊ တန်ဖိုးမရှိတဲ့သူ" ဆိုတဲ့ အတွေးတွေ ဝင်လာတယ်။


​အဆိုးဆုံးက အဲဒီစိတ်ဓာတ်ကျတာဟာ သာမန် ဝမ်းနည်းတာမျိုး မပျော် တော့တာမျိုး  မဟုတ်ပါဘူး။ ဦးနှောက်ရဲ့ ဓာတုဗေဒ စနစ်ကြီး ဖောက်ပြန်သွားလို့ ဖြစ်တာမို့ ခံစားရတဲ့ ဝေဒနာက အရမ်းကို နက်ရှိုင်းပါတယ်။ ဒီနာကျင်မှု၊ မွန်းကျပ်မှုကြီးကနေ လွတ်ဖို့ "ငါ သေလိုက်ရင် အေးမှာပဲ" ဆိုတဲ့ အတွေးက ခေါင်းထဲကို ဇွတ်ဝင်လာတော့တာပဲ။ တချို့ လူငယ်တွေဆို ဒီဒဏ်ကို မခံနိုင်ဘဲ တကယ်ပဲ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားကြတာတွေ အများကြီးပါ။ ဒါမှမဟုတ်ရင်လည်း ဒီခံစားချက်ဆိုးကြီးကနေ လွတ်ချင်လို့ဆိုပြီး နောက်ထပ် ဆေးတစ်ပြားကို ထပ်မျိုချရင်း ပြန်လမ်းမရှိတဲ့ သံသရာထဲကို ခေါင်းစိုက်ကျသွားတော့တာပါပဲ။


​ဒီနေရာမှာ မိဘတွေအနေနဲ့ ကိုယ့်သားသမီးတွေ လမ်းမှားရောက်နေသလားဆိုတာကို အကဲခတ်နိုင်မယ့် အရေးကြီးတဲ့ အချက်လေးတွေ ရှိပါတယ်။ သားသမီးတွေဟာ သောကြာ၊ စနေညတွေမှာ အပြင်ထွက်ပြီး၊ တနင်္ဂနွေနဲ့ တနင်္လာနေ့တွေမှာ အခန်းထဲကနေ လုံးဝမထွက်ဘဲ မှိုင်နေတာ၊ အစားလုံးဝမစားဘဲ ရုတ်တရက် ပိန်ချုံးသွားတာ၊ အင်္ဂါနေ့လောက်မှာ အလိုလိုနေရင်း ဒေါသထွက်ပြီး ပေါက်ကွဲနေတာမျိုး တွေ့ရရင် သတိထားကြည့်ဖို့ လိုနေပါပြီ။ ဒါ့အပြင် သူတို့ရဲ့ အိတ်တွေထဲမှာ ပီကေဘူး အများကြီး တွေ့ရတာ၊ မီနီပန်ကာလေးတွေ၊ ရှူဆေးဗူးတွေ (ဆေးကြောင်ရင် အနံ့ရှူဖို့) ထည့်သွားတတ်တာ တွေ့ရရင်တော့ အထူးသတိထား စောင့်ကြည့်သင့်နေပါပြီ။


​လူလည်ကျချင်တဲ့ လူငယ်တချို့က တွေးကြပါလိမ့်မယ်။ "ထားလိုက်ပါ... တစ်ပတ်လောက် နေရင်တော့ ဦးနှောက်က သူ့ဟာသူ ပုံမှန် ပြန်ဖြစ်သွားမှာပါ" လို့။ ဒါဟာ အင်မတန် မှားယွင်းတဲ့ တွေးခေါ်မှုပါ။


​ဆေးကို ခဏခဏ သုံးလာတဲ့အခါကျတော့ ခဏတာ ခန်းခြောက်တာ မဟုတ်တော့ဘဲ ဦးနှောက်ထဲက အဲဒီဓာတ်ထုတ်ပေးတဲ့ ဆဲလ်ကြိုးမျှင်လေးတွေကိုပါ ထိခိုက်ပျက်စီးသွားစေပါတယ်။ ရေရှည် ဆေးသုံးစွဲလေ ပျက်စီးမှုက ပိုကြီးမားလေပါပဲ။ ဆရာဝန်တွေက သူတို့ရဲ့ ဦးနှောက်ကို အထူးဓာတ်မှန် (PET Scan) နဲ့ ရိုက်ကြည့်တဲ့အခါ၊ ပုံမှန်လူတွေဆီမှာ တက်တက်ကြွကြွ လင်းလက်နေတဲ့ နေရာတွေဟာ... ဆေးသုံးစွဲတဲ့သူဆီမှတော့ ဘာလုပ်ဆောင်မှုမှ မရှိတော့ဘဲ အမည်းကွက်ကြီးတွေအဖြစ် ပြောင်းလဲသွားတာကို တွေ့လာရပါတယ်။


​အကျိုးဆက်ကတော့ တစ်သက်လုံး ဆေးဝါးကုသမှု ခံယူရမယ့် နာတာရှည် စိတ်ကျဝေဒနာရှင် ဘဝကို ရောက်သွားတာပါပဲ။ မှတ်ဉာဏ်တွေလည်း ပျောက်၊ ဘာမှလည်း သေချာ မစဉ်းစားနိုင်တော့ဘူး။ အဆိုးဆုံးကတော့ ချစ်ခြင်းမေတ္တာကို ဖန်တီးပေးတဲ့ စက်ရုံကြီး ပျက်စီးသွားတာမို့၊ ဘယ်သူ့ကိုမှလည်း စစ်မှန်တဲ့ သံယောဇဉ် မထားနိုင်တော့သလို၊ ကိုယ့်ကိုယ်ကိုယ်တောင် ပြန်မချစ်နိုင်တော့တဲ့ အသက်ရှင်လျက် ခံစားချက်မဲ့နေတဲ့ ဘဝကို ရောက်သွားတာပါပဲ။


​အီစတက်စီ (E) ဆိုတာ ကလပ်ထဲမှာ ခဏတာ ကခုန်ပျော်ရွှင်ဖို့၊ ဘေးနားက လူတွေကို ချစ်ခင်ယုယနေသလို ထင်ယောင်ထင်မှား ဖြစ်ဖို့ ဖန်တီးပေးတဲ့ 'ဆေးပြား' လေး မဟုတ်ပါဘူး။ အဲဒီ ၄ နာရီစာလောက်ရှိတဲ့ အတုအယောင် ပျော်ရွှင်မှုလေးအတွက် ကိုယ့်ဘဝရဲ့ အနာဂတ် ရယ်မောပျော်ရွှင်ခွင့်တွေ အားလုံးကို လဲလှယ်လိုက်ရတာပါ။


​ကလပ်ထဲက မီးရောင်တွေ မှေးမှိန်သွားပြီး သီချင်းသံတွေ တိတ်သွားတဲ့ မနက်ဖြန်တွေမှာ စောင့်ကြိုနေတာက ဘာကိုမှ မသာယာနိုင်တော့တဲ့ အမှောင်အတိကျနေတဲ့ ဘဝကြီးတစ်ခုရယ်၊ Suicide Tuesday လို့ခေါ်တဲ့ ငရဲခန်းရယ်ပါပဲ။


​အတုအယောင် မေတ္တာတရားလေး တစ်ခုအတွက်နဲ့ ကိုယ့်ရဲ့ တန်ဖိုးရှိတဲ့ စစ်မှန်တဲ့ နှလုံးသားတစ်ခုလုံးကိုတော့ အသေမခံလိုက်ကြပါနဲ့...။


​စေတနာဖြင့်

အဓိပတိ


References:

Ecstasy (MDMA) and oral health (British Dental Journal)


MDMA, serotonergic neurotoxicity, and the diverse functional deficits


MDMA-induced neurotoxicity of serotonin neurons involves autophagy


Mood and cognitive effects of MDMA: week-end 'high' followed by mid-week low


Positron emission tomographic evidence of toxic effect of MDMA on brain serotonin neurons in human beings


Memory impairment in abstinent MDMA ("Ecstasy") users


Shifting awareness among electronic dance music party attendees that drugs may contain fentanyl

Thursday, November 5, 2026

HIV ရောဂါအတွက် ကာကွယ်ဆေး တကယ် ရလာပြီလား?

  တစ်ချိန်က ကုရာနတ္ထိဆေးမရှိခဲ့တဲ့ HIV ရောဂါအတွက် ကာကွယ်ဆေး တကယ် ရလာပြီလား? 💉🦠




တစ်နှစ်ကို ၂ ကြိမ်ပဲ ထိုးရပြီး HIV ကူးစက်မှုကို အလွန်ထိရောက်စွာ ကာကွယ်ပေးနိုင်တဲ့ ဆေးတစ်မျိုး ထွက်လာပါပြီ။


အဲဒါက လီနာကာပါဗီယာ (Lenacapavir) ပါ။


ဒါပေမယ့် အရင်ဆုံး ရှင်းရှင်းလင်းလင်းသိထားရမှာက ဒါဟာ “HIV vaccine” မဟုတ်ပါဘူး။


Vaccine ဆိုတဲ့ ကာကွယ်ဆေး ဆိုတာက ကာကွယ်ချင်တဲ့ ပိုးကို ကိုယ်ခံအားစနစ်က မှတ်မိအောင် လေ့ကျင့်ပေးတာပါ (ဥပမာ အသည်းရောင်အသားဝါ ဘီပိုးကာကွယ်ဆေး - Hepatitis B vaccine)


အခုဆေးကတော့ HIV မကူးစက်သေးသူတွေ HIV မကူးအောင် ကြိုတင်သုံးတဲ့ PrEP ဆေးတစ်မျိုး ဖြစ်ပါတယ်။


______________________________


ဘယ်လောက်ထိ ကာကွယ်နိုင်သလဲ? 📊


ရလဒ်တွေက တကယ်ကို စိတ်ဝင်စားစရာကောင်းပါတယ်။


PURPOSE 1 သုတေသနမှာ အမျိုးသမီး ၂,၁၃၄ ယောက် Lenacapavir ရရှိခဲ့ပြီး အဓိကလေ့လာမှုကာလအတွင်း HIV ကူးစက်မှု ၁ယောက်မှ မဖြစ်ခဲ့ပါဘူး။


PURPOSE 2 သုတေသနမှာ အမျိုးသားနဲ့ gender-diverse participants တွေကို လေ့လာရာ Lenacapavir သုံးသူတွေမှာ HIV ကူးစက်မှုဟာ PrEP မသုံးထားရင် (မျှော်မှန်းထားတဲ့) ကူးစက်မှုနှုန်းနဲ့ နှိုင်းယှဉ်ရင် ၉၆% ခန့် နည်းခဲ့ပါတယ်။


၂,၁၇၉ ယောက်ထဲမှာ ၂ ယောက်သာ ကူးစက်ခဲ့ပြီး ၉၉.၉% ခန့် HIV မကူးစက်ခဲ့ပါဘူး။


ဒါကြောင့် WHO က Lenacapavir ကို HIV vaccine မရသေးတဲ့ လက်ရှိအခြေအနေမှာ အလွန်အရေးကြီးတဲ့ ရေရှည်ကာကွယ်ရေးနည်းလမ်းတစ်ခုအဖြစ် သတ်မှတ်ထားပါတယ်။


______________________________


ဘယ်လိုသုံးရတာလဲ? 💉


Lenacapavir က နေ့တိုင်းဆေးသောက်ရတဲ့ PrEP နဲ့ မတူပါဘူး။


ဆေးစတင်တဲ့အချိန်မှာ ပါးစပ်သောက်ဆေးအနည်းငယ် လိုအပ်ပြီးနောက်


💉 အရေပြားအောက် ထိုးဆေး


📅 ၂၆ ပတ်ခန့်တစ်ကြိမ်


ဆိုတော့ တစ်နှစ်ကို ၂ ကြိမ်လောက်ပဲ ထိုးဖို့လိုပါတယ်။


နေ့တိုင်း PrEP ဆေးသောက်ဖို့ မေ့တတ်သူ၊ ဆေးသောက်နေတာကို တခြားသူတွေ မသိစေချင်သူ၊ ဆေးရုံ/ဆေးခန်းကို မကြာခဏမသွားချင်သူတွေအတွက် အထူးအသုံးဝင်နိုင်ပါတယ်။


______________________________


ဒါဆို တစ်နှစ် $40 ပဲ ကျသင့်တော့မလား? 💵😮


ဒီနေရာက အခုနောက်ဆုံးသတင်းအရေးကြီးဆုံးပါ။


Lenacapavir မူရင်းဆေးရဲ့ အမေရိကန်စျေးဟာ တစ်နှစ်ကို အမေရိကန်ဒေါ်လာ 28,000 ကျော်အထိ ရှိခဲ့ပါတယ်။


ဒါပေမယ့် generic Lenacapavir ကို စျေးသက်သာစွာ ထုတ်လုပ်ဖို့ သဘောတူညီချက်တွေ ပြုလုပ်ပြီးနောက် တစ်နှစ်လုံးအတွက် လူတစ်ယောက်ကို အမေရိကန်ဒေါ်လာ 40 ဝန်းကျင်နဲ့ ပေးနိုင်ဖို့ စီစဉ်နိုင်ခဲ့ပါတယ်။


ပိုပြီးအရေးကြီးတာက ၂၀၂၆ နိုဝင်ဘာ ၂ ရက်မှာ Dr. Reddy’s Laboratories ထုတ် generic injectable Lenacapavir ကို US FDA က အတည်ပြုခဲ့ပါတယ်။


ပထမဆုံး generic ဆေးတွေကို ၂၀၂၆ နှစ်မကုန်ခင် စတင်ပို့ဆောင်ဖို့နဲ့ ၂၀၂၇ ခုနှစ်မှာ ပိုကျယ်ပြန့်စွာ ရရှိလာဖို့ စီစဉ်ထားပါတယ်။


______________________________


မြန်မာနိုင်ငံရော ပါသလား? 🇲🇲


ပါပါတယ်။


Gilead က generic Lenacapavir ထုတ်လုပ်ခွင့်ပေးထားတဲ့ နိုင်ငံ ၁၂၀ စာရင်းထဲမှာ Myanmar ကို တိတိကျကျ ထည့်သွင်းထားပါတယ်။


ဒါပေမယ့် “စာရင်းထဲပါပြီ = မြန်မာနိုင်ငံမှာ အခုချက်ချင်း $40 နဲ့ ဆေးဆိုင်ကဝယ်လို့ရပြီ” ဆိုတဲ့ အဓိပ္ပာယ်တော့ မဟုတ်ပါဘူး။


နိုင်ငံအလိုက်


▪️ ဆေးဝါးမှတ်ပုံတင်ခွင့်

▪️ ကျန်းမာရေးအစီအစဉ်ထဲ ထည့်သွင်းမှု

▪️ ဆေးတင်သွင်းမှု

▪️ NGO/Global Fund အပါအဝင် ဝယ်ယူဖြန့်ဖြူးရေး


တွေ ပြီးစီးဖို့လိုသေးပါတယ်။


ဒါကြောင့် မြန်မာနိုင်ငံအတွက် ရေရှည်မှာ US$40 generic ရရှိနိုင်မယ့် အရေးကြီးတဲ့လမ်းကြောင်း ပွင့်လာတာဖြစ်ပေမယ့် ချက်ချင်းရနိုင်မယ်လို့တော့ မဆိုနိုင်ပါဘူး။


______________________________


ထိုးဆေး ၂ ကြိမ်နဲ့ HIV လုံးဝမကူးတော့ဘူးလား? ⚠️


၁၀၀% အာမခံတယ်လို့တော့ မဆိုသင့်ပါဘူး။


Clinical trials တွေမှာ အလွန်ထိရောက်ခဲ့ပေမယ့် အချိန်မှန်ပြန်ထိုးဖို့ အရေးကြီးပါတယ်။


နောက်တစ်ချက်က Lenacapavir စမထိုးခင် HIV မရှိကြောင်း စစ်ဆေးရပါတယ်။ ဆေးထိုးပြီး နောက်တစ်ကြိမ်ဆက်ထိုးမယ့်အချိန်မှာလည်း HIV test လုပ်ဖို့ အရေးကြီးပါတယ်။


HIV ရှိနေပြီးသားသူက Lenacapavir တစ်မျိုးတည်းကို PrEP အနေနဲ့ သုံးလိုက်ရင် ဆေးယဉ်ပါးတဲ့ HIV ပိုး ဖြစ်ပေါ်လာနိုင်တဲ့ အန္တရာယ်ရှိပါတယ်။ WHO ကလည်း Lenacapavir စတင်ခြင်းနဲ့ ဆက်သုံးခြင်းမှာ HIV စစ်ဆေးမှု ကို အရေးကြီးစွာ ထည့်သွင်းအကြံပြုထားပါတယ်။


______________________________


တခြား လိင်မှတစ်ဆင့်ကူးစက်ရောဂါတွေကိုရော ကာကွယ်လား? ❌


မကာကွယ်ပါဘူး။


Lenacapavir က HIV ကိုကာကွယ်ဖို့ ဖြစ်ပါတယ်။


ဆီးပူညောင်းကျ အပါအဝင် တခြား လိင်မှတစ်ဆင့်ကူးစက်ရောဂါတွေကို မကာကွယ်နိုင်ပါဘူး။


ဒါကြောင့် လိုအပ်တဲ့အခြေအနေမှာ ကွန်ဒုံးအသုံးပြုခြင်းနဲ့ ပုံမှန် ရောဂါ စစ်ဆေးခြင်းတွေက ဆက်ပြီး အရေးကြီးပါတယ်။


______________________________


ဘေးထွက်ဆိုးကျိုးရှိလား? 💉


အဖြစ်များတာက ထိုးတဲ့နေရာမှာ 


▪️ နာခြင်း

▪️ နီခြင်း

▪️ ဖောခြင်း

▪️ အဖုဖြစ်ခြင်း


လိုမျိုး သာမာန် ဆိုးကျိုးလေးတွေပါ။


PURPOSE 1 နဲ့ PURPOSE 2 သုတေသနတွေမှာ အများစုဟာ အပျော့စားကနေ အလယ်အလတ်အဆင့် ဖြစ်ပြီး ပြင်းထန်တဲ့ ဘေးထွက်ဆိုးကျိုတွေ မတွေ့ခဲ့ပါဘူး။


______________________________


💡 Dr. Beast ၏အကြံပြုချက်


Lenacapavir ဟာ HIV vaccine "ရောဂါပိုးကို ခန္ဓာကိုယ်က တိုက်ထုတ်နိုင်အောင် လေ့ကျင့်ပေးနိုင်တဲ့ ကာကွယ်ဆေး" တကယ်မဟုတ်သေးပါဘူး။


ဒါပေမယ့်


💉 တစ်နှစ် ၂ ကြိမ်ပဲထိုးရခြင်း


🛡️ လေ့လာမှုတွေမှာ ၉၉% ကျော်သော ကာကွယ်မှုရရှိခြင်း


💵 တစ်နှစ် ဒေါ်လာ ၄၀ ဝန်းကျင်ပဲ ကုန်ကျခြင်း


🌏 မြန်မာနိုင်ငံအပါအဝင် နိုင်ငံ ၁၂၀ ကို စျေးသက်သာတဲ့ ဆေးရရှိနိုင်အောင် လိုင်စင် ပေးထားခြင်း


တို့ကြောင့် HIV ကာကွယ်ရေးသမိုင်းမှာ အလွန်အရေးကြီးတဲ့ တိုးတက်မှုတစ်ခု ဖြစ်ပါတယ်။


နေ့တိုင်းဆေးသောက်ရတဲ့ PrEP ကနေ တစ်နှစ် ၂ ကြိမ်ပဲ ထိုးဖို့လိုတဲ့ PrEP ဆီ ရောက်လာတာဟာ အထူးသဖြင့် HIV ကူးစက်နိုင်ခြေမြင့်တဲ့ ကျန်းမာရေးဝန်ထမ်းတွေ၊ အရေးပေါ်ကယ်ဆယ်ရေး ဝန်ထမ်းတွေ၊ လိင်အလုပ်သမားတွေအတွက် ကာကွယ်ရေးကို အများကြီးပိုလွယ်ကူစေနိုင်ပါတယ်။


အနာဂတ်မှာ တကယ့် HIV vaccine ရရှိလာနိုင်ဖို့ သုတေသနတွေ ဆက်လုပ်နေဆဲဖြစ်ပေမယ့် Lenacapavir ကတော့ လက်ရှိ HIV ကာကွယ်ရေးမှာ အကြီးမားဆုံးတိုးတက်မှုတွေထဲက တစ်ခုဖြစ်နေပြီလို့ ဆိုနိုင်ပါတယ်။ 💉❤️


______________________________


Dr. Beast ရဲ့ ကျန်းမာရေး ဗဟုသုတတွေကို email (အီးမေးလ်ကနေ) အခမဲ့ ရယူဖို့ ဒီမှာ စာရင်းပေးသွင်းနိုင်ပါတယ် ခင်ဗျာ။ 👇🏻


✅ https://dr-beast-mm.kit.com/newsletters


______________________________


ကူးယူဖော်ပြခွင့်မပြုပါ။ လွတ်လပ်စွာ မျှဝေ/ ရှယ် (Share) နိုင်ပါတယ် ခင်ဗျာ


Dr. Beast 💉


Disclaimer : ဓါတ်ပုံသည် အေအိုင်မှ စိတ်ကူးယဥ်ဖန်တီးထားသော ပုံ ဖြစ်ပါတယ်။ ဒီ စာစုသည် သင့်ရဲ့ ဆရာဝန် ညွှန်ကြားချက်များကို အစားထိုးရန်မဟုတ်ပါ။ ကျန်းမာရေး ဗဟုသုတများသာ ဖြစ်ပါတယ်။ သင့်ကျန်းမာရေး/ အခြေအနေများနဲ့ ကွဲလွဲချက်များရှိပါက/ လိုက်လံလုပ်ဆောင်ရန်သင့်မသင့်ကို သင့်ရဲ့ ဆရာဝန်နဲ့ အရင် တိုင်ပင်ပါ။


#HIVprevention #PrEP #lenacapavir #HIV


HIV ကူးစက်မှုကာကွယ်နိုင်မည့် ခြောက်လတစ်ကြိမ်ထိုးဆေး တစ်နှစ် ဒေါ်လာ ၄၀ ဖြင့် ဝယ်ယူနိုင်မည်




3 Nov 2026 By Reuters


အမေရိကန် FDA က HIV ကာကွယ်ရေးအတွက် အသုံးပြုမည့် ဆေးသစ်တစ်မျိုးဖြစ်သော Lenacapavir ၏ Generic ဆေးဝါးဗားရှင်းကို ယာယီခွင့်ပြုချက်ပေးလိုက်ကြောင်း Dr. Reddy's ဆေးဝါးကုမ္ပဏီက တနင်္လာနေ့တွင် ပြောကြားခဲ့သည်။ 


ယင်းခွင့်ပြုချက်ကြောင့် ဝင်ငွေနည်းနှင့် အလယ်အလတ်ဝင်ငွေရှိ နိုင်ငံအများအပြားတွင် ဆေးဝါးဖြန့်ဖြူးရောင်းချနိုင်ရန် လမ်းပွင့်လာသော်လည်း အမေရိကန်နိုင်ငံတွင်မူ လက်ရှိအချိန်အထိ ရောင်းချခွင့်မရသေးပေ။


ဆရာဝန်အချို့နှင့် တက်ကြွလှုပ်ရှားသူများက ကုသမှုအသစ်ဖြစ်သည့် ယင်းဆေးသည် နှစ်ပေါင်း ၄၄ နှစ်ကြာမြင့်လာပြီဖြစ်သော AIDS ကူးစက်ရောဂါကို ထိန်းချုပ်နိုင်ရန် အထောက်အကူပြုမည်ဟု ပြောဆိုကြသည်။ 


အဆိုပါရောဂါကြောင့် တစ်နှစ်လျှင် လူ ၁၃ သိန်းခန့် ကူးစက်ခံနေရပြီး စတင်ပေါ်ပေါက်လာချိန်မှစ၍ ကမ္ဘာတစ်ဝန်း လူ ၄၄ သန်းခန့် သေဆုံးခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ခန့်မှန်းထားသည်။


Gilead Sciences ကုမ္ပဏီက ထုတ်လုပ်ခွင့်လိုင်စင်ပေးထားသည့် ကုမ္ပဏီခြောက်ခုအနက် Dr. Reddy's သည် အမေရိကန် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန (FDA) ထံမှ ယာယီခွင့်ပြုချက် ပထမဆုံးရရှိသည့် Generic ဆေးထုတ်လုပ်သူဖြစ်သည်။ 


ယင်းကြောင့် လိုင်စင်သဘောတူညီချက်တွင် ပါဝင်သည့် ဝင်ငွေနည်းနှင့် အလယ်အလတ်ဝင်ငွေရှိ နိုင်ငံပေါင်း ၁၂၀ တွင် ဆေးဝါးရရှိနိုင်မှု ပိုမိုမြန်ဆန်လာနိုင်သည်။


FDA ၏ ယာယီခွင့်ပြုချက်ဆိုသည်မှာ ဆေးဝါးတစ်မျိုးသည် ဘေးကင်းမှု၊ ထိရောက်မှုနှင့် အရည်အသွေးဆိုင်ရာ စံနှုန်းအားလုံးကို ပြည့်မီသော်လည်း မူပိုင်ခွင့် သို့မဟုတ် သီးသန့်ရောင်းချခွင့်ဆိုင်ရာ ကန့်သတ်ချက်များကြောင့် အမေရိကန်ဈေးကွက်တွင် ရောင်းချခွင့်မရသေးသည့် အခြေအနေကို ဆိုလိုသည်။


ယင်းခွင့်ပြုချက်ကြောင့် ကမ္ဘာလုံးဆိုင်ရာ ဆေးဝါးဝယ်ယူရေးအဖွဲ့အစည်းများနှင့် နိုင်ငံအချို့၏ ဆေးဝါးထိန်းချုပ်ရေးအဖွဲ့များသည် ဆေးဝါးဝယ်ယူရေးနှင့် မှတ်ပုံတင်ခွင့်ပြုရေး ဆုံးဖြတ်ချက်များချရာတွင် FDA ၏ အကဲဖြတ်ချက်ကို အခြေခံအသုံးပြုနိုင်သဖြင့် ဆေးဖြန့်ဖြူးမှု ပိုမိုမြန်ဆန်လာနိုင်သည်။


ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ လက်အောက်တွင် လုပ်ဆောင်နေသော ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးအဖွဲ့အစည်း Unitaid မှ နည်းပညာဆိုင်ရာအရာရှိ Jessica Burry က နိုင်ငံအချို့သည် အမေရိကန် FDA ၏ အကဲဖြတ်ချက်ကို အခြေခံသည့် လုပ်ထုံးလုပ်နည်းဖြင့် ဆေးဝါးမှတ်ပုံတင်ခွင့်ကို အမြန်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ပြောသည်။ 


ထို့အပြင် ဆေးဝါးဝယ်ယူရေးလုပ်ငန်းစဉ်ကိုလည်း ပိုမိုမြန်ဆန်စေနိုင်ကြောင်း ၎င်းက ဆိုသည်။


ခြောက်လတစ်ကြိမ် ထိုးနှံရသည့် Lenacapavir ဆေး၏ ပထမဆုံးထောက်ပံ့မှုများကို ၂၀၂၆ ခုနှစ် နှစ်ကုန်ပိုင်းတွင် ဝင်ငွေနည်းနိုင်ငံအချို့ထံ ပို့ဆောင်နိုင်မည်ဟု Jessica Burry က ပြောကြားခဲ့သည်။


ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ လက်အောက်ခံ Unitaid သည် အမေရိကန် Clinton Health Access Initiative နှင့် တောင်အာဖရိက Witwatersrand တက္ကသိုလ်လက်အောက်ရှိ Wits Reproductive Health and HIV Institute တို့နှင့်အတူ Dr. Reddy's ကုမ္ပဏီအား ယင်းဆေးထုတ်လုပ်ရေးစီမံကိန်းတွင် နည်းပညာနှင့် ဘဏ္ဍာရေးဆိုင်ရာ ပံ့ပိုးမှုများ ပေးအပ်နေသည်။


ဇမ်ဘီယာနိုင်ငံသည် ယင်းဆေးကို ပထမဆုံးလက်ခံရရှိမည့် နိုင်ငံများထဲမှ တစ်နိုင်ငံဖြစ်လာနိုင်ကြောင်း Unitaid က ပြောသည်။


Gilead Sciences ကုမ္ပဏီက တီထွင်ထုတ်လုပ်ထားသည့် Lenacapavir ဆေးကို ယခုနှစ်အစောပိုင်းတွင် Yeztugo အမှတ်တံဆိပ်အမည်ဖြင့် HIV ကာကွယ်ရေးဆေးအဖြစ် ခွင့်ပြုခဲ့ပြီး အကြီးစားစမ်းသပ်မှုများတွင် HIV ကူးစက်မှုကို ၁၀၀ ရာခိုင်နှုန်းနီးပါး ကာကွယ်နိုင်ခဲ့သည်။


Dr. Reddy's ကုမ္ပဏီထုတ် Generic ဆေး၏ တစ်နှစ်စာဈေးနှုန်းမှာ အမေရိကန်ဒေါ်လာ ၄၀ ဖြစ်မည်ဟု ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးအဖွဲ့အစည်းများက ပူးတွဲထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ယင်းဈေးနှုန်းသည် အမေရိကန်နိုင်ငံတွင် မူရင်း Yeztugo ဆေး၏ တစ်နှစ်စာဈေးနှုန်း အမေရိကန်ဒေါ်လာ ၂၈,၀၀၀ ခန့်နှင့် နှိုင်းယှဉ်ပါက များစွာသက်သာသည်။


သတ်မှတ်ချက်နှင့် ကိုက်ညီသည့် နိုင်ငံများတွင် ဆေးဝါးကို ပိုမိုကျယ်ပြန့်စွာ ဖြန့်ဖြူးနိုင်မည့် အစီအစဉ်ကို ၂၀၂၇ ခုနှစ်တွင် ဆောင်ရွက်ရန် မျှော်မှန်းထားကြောင်း Dr. Reddy's ကုမ္ပဏီက ပြောသည်။


သီးခြားအစီအစဉ်တစ်ခုအနေဖြင့် အိန္ဒိယဆေးဝါးကုမ္ပဏီ Hetero သည်လည်း Lenacapavir ဆေးထုတ်လုပ်ရေးအတွက် Gates Foundation နှင့် ပူးပေါင်းဆောင်ရွက်နေသည်။


#ကာကွယ်ဆေး #HIV #MPA

Friday, August 21, 2026

လိင်ပညာပေး(Sexual Education) အရေးပါသလား

မူလတန်းအရွယ်မှစ လိင်ပညာပေးခြင်းသည် သက်ငယ်မုဒိမ်းကို လျော့ချစေမည့်နည်းလမ်းတခု




🔳 ခက်ဆစ် // ၂၀၁၈ခုနှစ်၊ ဖေဖော်ဝါရီ ၂၀က ဆောင်းပါးကို ပြန်လည်ဖော်ပြသည်။//


“ကျမက အဲဒီလိုကိုင်တာတွေကို မကြိုက်ဘူးလို့ အဒေါ့်ကိုပြန်ပြောပြတယ်။ ဒါပေမယ့် အဒေါ်က ကိုယ့်ဦးလေး တွေပဲ ကိုင်ပါစေ၊ ဘာဖြစ်လဲဆိုပြီး ပြန်ပြောတယ်။ တကြိမ်မှာ ကျမအိပ်ယာက နိုးလာတော့ ကျမရဲ့မိန်းမကိုယ် က အရမ်းနာနေပြီး စပ်နေတာ။ ကျမကြောက်ပြီး ထိုင်တောင်မထိုင်ရဲဘူး။ တအိမ်လုံး ပတ်ပြေးပြီး အော်နေခဲ့ရ တယ်”


ဒေါ်အိအိဖြူက သူငယ်စဉ်က ကြုံတွေ့ခဲ့ရတာတွေကို ပြောပြခဲ့တာပါ။


ဒေါ်အိအိဖြူက အခုချိန်မှာ သမီးနှစ်ယောက်ရဲ့မိခင်ဖြစ်ပြီး သူမဟာ ငယ်စဉ်က ဦးလေးအရင်းသုံးယောက် ရဲ့ အဓမ္မပြုကျင့်မှုကို ခံခဲ့ရသူတဦးဖြစ်ပါတယ်။ မိဘနှစ်ပါး စီးပွားရှာထွက်နေချိန် သမီးကို ယုံကြည်ရတဲ့ ဆွေမျိုး မောင်နှမတွေ အိမ်မှာထားခဲ့ရာကနေ စတင်ပြီး ဦးလေးဖြစ်သူတွေက အခွင့်အရေးယူ၊ ကျူးလွန်ခဲ့ကြတာဖြစ် ပါတယ်။


“ကျမငယ်ငယ်က အဒေါ်နဲ့အတူနေတာ။ ညအိပ်ရင် အဒေါ်နဲ့အတူအိပ်ပေမယ့် မနက်ရောက်ရင် ဦးလေး တွေရဲ့ အိပ်ယာထဲရောက်နေတယ်။ ကျမ (၆)နှစ်လောက်အရွယ်လောက်တည်းက ဦးလေးတွေရဲ့အဓမ္မပြုကျင့် တာကို ခံခဲ့ရတယ်” လို့ ဒေါ်အိအိဖြူက ပြောပါတယ်။


အစပိုင်းမှာတော့ ဦးလေးတွေက တအိမ်တည်းအတူနေတဲ့ တူမဖြစ်သူကို ချစ်စရာကောင်းလို့ဆိုပြီး ပါးကိုဆွဲလိမ်တာ၊ နမ်းတာတွေ ပြုလုပ်လေ့ရှိပြီး နောက်ပိုင်းသူမရဲ့ခန္ဓာကိုယ်ကို ထိတာကိုင်တာကနေ လိင်ပိုင်း ဆိုင်ရာ ကျူးလွန်မှုအထိ ဖြစ်လာခဲ့တာပါ။


သက်ငယ်မုဒိန်းလို့ပြောလိုက်ရင် သူစိမ်းအမျိုးသားတယောက်က မိန်းကလေးငယ်တယောက်ကို အဓမ္မ ပြုကျင့်တယ်လို့ မြင်တတ်ကြပါတယ်။ ဒါပေမယ့် ဒေါ်အိအိဖြူလို ဦးလေးအရင်းတွေရဲ့ မုဒိန်းကျင့်ခံရတာ တွေရှိသလို တခြားရင်းနှီးတဲ့ဆွေမျိုးနီးစပ်တော်သူတွေရဲ့ မုဒိန်းကျင့်တာကို ခံနေရတဲ့မိန်းကလေးတွေလည်း အများအပြား ရှိနေပါတယ်။


မြန်မာနိုင်ငံမှာ သက်ငယ်မုဒိမ်းမှုဟာ ၂၀၁၆ ခုနှစ်က (၆၇၁)မှု ရှိခဲ့ပြီး ၂၀၁၇ ခုနှစ်မှာ (၂၂၆)မှု တိုးပွားလာ တယ်လို့ဆိုတဲ့အတွက် (၈၉၇)မှု ရှိနေပါတယ်။ ဒါကြောင့်မို့ ၂၀၁၇ ခုနှစ်အတွင်းမှာ သက်ငယ်မုဒိမ်းမှုဟာ တရက်ကို အနည်းဆုံး(၂)မှုဖြစ်ပွားနေတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်လိုက်ပါတယ်။


သက်ငယ်မုဒိန်းမှုတွေထဲမှာ ပထွေး၊ အဖေအရင်း၊ ဦးလေး၊ အစ်ကို၊ ဆရာစတဲ့ ဆွေမျိုးအသိုင်းအဝိုင်းနဲ့ ရင်းနှီးကျွမ်းဝင်သူတွေ၊ ယုံကြည်အားကိုးရတဲ့သူတွေရဲ့ ကျူးလွန်မှုတွေဟာ သူစိမ်းက ကျူးလွန်တာထက် ပိုမို များပြားနေတာကိုလည်း တွေ့ရပါတယ်။


ဒေါ်အိအိဖြူကတော့ သူမကြုံတွေ့ခဲ့ရသလို သမီးတွေကို မဖြစ်စေလိုတာကြောင့် မိခင်တယောက် အနေနဲ့ ကလေးတွေရဲ့ ခန္ဓာကိုယ်နဲ့ပတ်သက်ပြီး မထိသင့်၊ မကိုင်သင့်၊ မပြသင့်တဲ့ အစိတ်အပိုင်းတွေ အကြောင်းကို သင်ကြားထားပေးတယ်လို့ဆိုပါတယ်။


သူက ကလေးတွေကို ကိုယ့်မိခင်မဟုတ်ပဲ တခြားသူတွေက ခန္ဓာကိုယ်ကို ထိတာကိုင်တာပြုလုပ်လာပြီဆို ရင် မိခင်ကို ချက်ချင်းလာပြောဖို့၊ ကလေးတွေကိုယ်တိုင်ကာကွယ်တတ်ဖို့၊ ကိုယ့်ခန္ဓာကိုယ်ရဲ့ ဘယ်အစိတ် အပိုင်းတွေက ဘယ်လိုတန်ဖိုးရှိတယ်၊ ဘယ်လိုကျန်းမာအောင်နေရမယ်၊ စတဲ့လိင်ပိုင်းဆိုင်ရာနဲ့ ပတ်သက် တာတွေကို နားလည်အောင် ပြောပြထားပါတယ်။


လိင်ပိုင်းဆိုင်ရာ ပညာပေး (Sex Education) ဆိုတာဟာ ဖိုမဆက်ဆံတာတခုထဲ မဟုတ်ပဲ မိန်းက လေးရော ယောကျ်ားလေးရော သိသင့်သိထိုက်တဲ့ မျိုးဆက်ပွားကျန်းမာရေးနဲ့ ပတ်သက်တဲ့အကြောင်းအရာ တွေ၊ ခန္ဓာကိုယ်ဖွံဖြိုးလာပုံနဲ့ ဆက်စပ်ပြီး ကိုယ့်ခန္ဓာကိုယ်ကို ဘယ်လိုကျန်းမာအောင် နေထိုင်ရမလဲ၊ ကိုယ့်ခန္ဓာ ကိုယ်ပေါ်မှာ မိခင်ကလွဲရင် တခြားသူတွေ မထိသင့်၊ မကိုင်သင့်တဲ့ အစိတ်ပိုင်းတွေ ရှိတဲ့အကြောင်း၊ ကိုယ့်ခန္ဓာ ကိုယ်ကို တန်ဖိုးထားတတ်ဖို့နဲ့ ကိုယ့်ခန္ဓာကိုယ်ကို တပါးသူလာရောက် ထိပါးရင် ဘယ်လိုတုန့်ပြန်ပြုမူပြောဆိုရ မလဲဆိုတဲ့ ဆွေးနွေးမှုတွေကို အသက်အရွယ်လိုက် သင်ကြားပေးတာတွေကို ဆိုလိုတာပါ။


“ကလေးတွေကို ဒါဟာ လိင်လို့လည်း သိစရာမလိုဘူး။ ဒီအင်္ဂါတွေဟာ သားသားတို့ မီးမီးတို့ပိုင်တဲ့ အင်္ဂါတွေ ဖြစ်တယ်ဆိုတာကို သင်ကြားရမယ်။ အဲ့ဒါတွေကို လာကိုင်တဲ့လူတွေရှိလာရင် ဘယ်လိုမျိုးငြင်းဆန်ရ မလဲ၊ ဘာလို့ငြင်းရမလဲ၊ ပြီးရင် မေမေ ဖေဖေကို ဘယ်လိုမျိုး ပြန်ပြောပြရမလဲ၊ အဲဒါတွေ သင်ထားပေးတာဟာ လိင်ပညာပေးတွေပါ” လို့ သက်ငယ်မုဒိမ်းနဲ့ လိင်ပညာပေးအကြောင်း ဆက်စပ်မှုကို အခရာအမျိုးသမီးအဖွဲ့ တည်ထောင်သူ မထားထားက ပြောပါတယ်။


သက်ငယ်မုဒိမ်းမှုတွေ လျော့ကျဖို့အတွက် တဖက်မှာ ဥပဒေနဲ့ တားဆီးကာကွယ်ရမှာဖြစ်သလို တဖက် မှာလည်း ကျောင်းပညာရေးမှာ လိင်ပိုင်းဆိုင်ရာနဲ့ မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ အသိပညာတွေကို သင် ကြားပေးဖို့ လိုအပ်နေတယ်လို့ထောက်ပြပြောဆိုလာကြတာပဲဖြစ်ပါတယ်။


မြန်မာနိုင်ငံမှာတော့ အစဉ်အလာ ယဉ်ကျေးမှုတွေအရ ကလေးနဲ့မိဘအကြား လိင်ကိစ္စအကြောင်း ပြောရမှာကို ရှက်စရာလို့ သဘောထားကြပါတယ်။ ဒါကြောင့်လည်း လိင်ပညာပေး (Sex education) လို့ ပြောလိုက်ရင် ဖိုမဆက်ဆံတာကိုပဲ မြင်ကြလေ့ရှိပါတယ်။


လိင်ပညာပေးဆိုတာ လိင်ဆက်ဆံနည်းကို သင်ကြားပေးတာမဟုတ်ပဲ လိင်ပိုင်းဆိုင်ရာအနိုင်ကျင့်စော် ကားမှုတွေလျော့ကျအောင်၊ ဆယ်ကျော်သက်အရွယ်မိန်းကလေးတွေ အရွယ်မတိုင်ခင် ကိုယ်ဝန်ဆောင်မှုလျော့ ကျအောင်၊ မျိုးဆက်ပွားကျန်းမာရေးနဲ့ပတ်သက်ပြီး အသိရှိအောင်၊ လိင်ကနေတဆင့် ကူးစက်တတ်တဲ့ရောဂါ တွေအကြောင်း သိရှိနားလည်ပြီး ကြိုတင်ကာကွယ်နိုင်အောင်၊ စတဲ့ရည်ရွယ်ချက်တွေရှိတာဖြစ်လို့  လိင်ပညာ ပေးဟာ မဖြစ်မနေ သင်ကြားဖို့လိုအပ်နေတာပါ။


လိင်ပညာပေး (Sex education) ဆိုရာမှာ ကိုယ့်ကလေးရဲ့ အသက်အရွယ်အလိုက် နားလည်သိရှိနိုင် မယ့် စကားလုံးအသုံးအနှုန်းမျိုး ရွေးချယ်ပြောပြတတ်ဖို့လိုပြီး ဆယ်ကျော်သက်အရွယ်မှာလည်း သူတို့ သိသင့် တာတွေကို ရွေးချယ်ပြောပြတတ်ဖို့လည်း အရေးကြီးပါတယ်။


သားသမီး(၃)ယောက်ရဲ့မိခင်လည်းဖြစ်သူ မထားထားကတော့ စာသင်ကျောင်းတွေမှာ လိင်ပညာရေးနဲ့ ပတ်သက်ပြီး သင်ကြားပေးစေလိုပေမယ့် ကျောင်းသားကျောင်းသူတွေထက် သူတို့ရဲ့မိဘတွေကလည်း လိင် ပညာပေးနဲ့ပတ်သက်ပြီး သိရှိထားဖို့က အရေးကြီးတယ်လို့ဆိုပါတယ်။


“ဆရာမတွေကို သေသေချာချာနားလည်အောင်၊ ပြောရဲအောင်၊ သင်တန်းပေးရမယ်။ သူတို့အဆင်ပြေ ပြီးတော့ သူတို့သင်ဖို့အတွက် ရယ်ဒီဖြစ်သွားမှ၊ ပြီးရင် မိဘတွေကိုလည်း ပညာပေးရမယ်။ ဒီကလေး တယောက်က ကျောင်းမှာတခုခုကြားလာလို့ အိမ်မှာပြန်မေးရင် အမေအဖေတွေက ကျောင်းမှာဘာတွေသင် တာလဲဆိုတာ ဖြစ်မယ်။ ဥပမာ မိန်းကလေးအင်္ဂါအကြောင်းကို သင်တယ်၊ ဒါကိုအိမ်မှာ ကလေးက ပြန်ပြော မယ်ဆိုရင် အိမ်မှာတောင် ဒီအကြောင်းတွေမပြောဘူး။ ကျောင်းမှာ ဘာတွေပြောနေတာလဲ။ ဘာတွေသင်တာ လဲဆိုတဲ့ စိုးရိမ်စိတ်တွေဖြစ်ကြမယ်ဆိုတော့ မိဘတွေ နားလည်ထားမှဖြစ်မှာ” လို့ပြောပါတယ်။


မြန်မာနိုင်ငံမှာတော့ ၂၀၁၆ ခုနှစ် ပညာသင်နှစ်ကစတင်ပြီး အခြေခံပညာအလယ်တန်းဖြစ်တဲ့ (၇)တန်း ကနေ အထက်တန်းဖြစ်တဲ့ (၁၀)တန်းအထိ စတင်သင်ကြားပေးနေတယ်လို့ဆိုပါတယ်။


လိင်ပညာပေးကို (၇)တန်းအရွယ်မှ သင်ကြားပေးတာဟာ နောက်ကျတယ်လို့ ယူဆထားပေမယ့် တ ဖက်မှာလည်း လိင်ကိစ္စကို ရှက်စရာလို့ခံယူထားတဲ့ အသိုင်းအဝိုင်းထဲမှာ ချက်ချင်းဆိုသလို သင်ကြားပေး လိုက်တာဟာလည်း သင်ကြားရတဲ့ဆရာ၊ ဆရာမတွေအတွက် အခက်ခဲဖြစ်စေသလို သင်ကြားခံရတဲ့ ကလေး တွေအတွက်လည်း အဆင်မပြေ ဖြစ်စေပြီး မိဘတွေရဲ့စိုးရိမ်ပူပန်မှုတွေကလည်း ရှိနေပါတယ်။


မိဘတွေအနေနဲ့ ကလေးတွေ လိင်ကိစ္စကို သိရှိပြီး စမ်းသပ်လိုစိတ်တွေဖြစ်လာမှာကို စိုးရိမ်ပူပန်နေကြ ပေမယ့် နောက်လာမယ့်မျိုးဆက်တွေအတွက်တော့ အကျိုးရှိတဲ့အကြောင်းအရာဖြစ်လို့ သင်ကြားတာကို အား ပေးတယ်လို့ဆိုပါတယ်။


“အစ်မအနေနဲ့တော့ အရင်က နည်းနည်းလေးစိုးရိမ်မိတယ်။ မှားယွင်းပြီးတေ့ာ စမ်းသပ်မလားပေါ့။ အထူးသဖြင့် ဆယ်ကျော်သက်အရွယ်တွေမှာ စမ်းသပ်ချင်လာတယ်။ မှားယွင်းပြီးတော့များ စမ်းသပ်ကြမလားလို့ စိတ်ပူမိတယ်။ ဒါပေမယ့် သေသေချာချာပြန်စဉ်းစားကြည့်လိုက်တဲ့အချိန်မှာ သူတို့က သိသိမသိသိ စမ်းချင်တဲ့ လူကတော့စမ်းမှာပဲ။ အဲဒီတော့ ဒါကိုပညာရေးပိုင်းမှာ စနစ်တကျထည့်ထားမယ်။ ဥပမာ အစ်မ လေ့လာထားမှု အရ ဘယ်အရွယ်ကနေစပြီး သူတို့ကို အဆင့်လိုက် ကြီးထွားတဲ့အသက်အရွယ်အရ သူ့ရဲ့အကန့်အသတ် အရ သင်ပေးထားမယ်ဆိုရင်တော့ ဒါအရမ်းကောင်းတဲ့အရာဖြစ်တယ်” လို့ မိခင်တဦးဖြစ်သူ နန့်သဇင်မင်းက ပြောပါတယ်။


အခုလိုသင်ကြားပေးခြင်းအားဖြင့် မျိုးဆက်ပွားကျန်းမာရေးနဲ့ပတ်သက်ပြီး အသိပညာရရှိသွားမှာ ဖြစ် သလို ကျားမအခြေပြုအကြမ်းဖက်မှုတွေကလည်း လျော့ကျသွားမှာဖြစ်ပါတယ်။ ဒါတွေအပြင် နောက်ဆက်တွဲ အနေနဲ့ စောစီးစွာ အိမ်ထောင်ပြုမှုတွေ၊ အဆင်သင့်မဖြစ်သေးတဲ့အရွယ်မှာ ကိုယ်ဝန်ဆောင်မှုတွေ၊ လျော့ကျ သွားမှာဖြစ်ပြီး နှစ်စဉ်မီးဖွားပြီး သေဆုံးနေတဲ့ မိခင်အရေအတွက်ဟာလည်း လျော့နည်းသွားမှာဖြစ်တယ်လို့ ဆယ် ကျော်သက်မိန်းကလေးတွေကို စွမ်းရည်မြင့်တင်ရေးတွေ လုပ်ဆောင်ပေးနေတဲ့ ရောင်စုံမိန်းကလေးများ အဖွဲ့ရဲ့ ညှိနှိုင်းရေးမှူး နန့်သဇင်မင်းကပြောပါတယ်။


တကယ်တော့ ပြီးပြည့်စုံတဲ့ လိင်ပညာပေးဆိုတာ အခြေခံအချက်(၃)ချက်ရှိတယ်လို့ ဆိုပါတယ်။ ပထ မတချက်ကတော့ ခန္ဓာဗေဒဆိုင်ရာ သင်ကြားပေးမှုဖြစ်ပြီး နောက်တချက်ကတော့ ဒီခန္ဓာတွေနဲ့ပတ်သက်ပြီး ထိန်းသိမ်းပုံ၊ ကျားမဆက်ဆံရေးအခန်းကဏ္ဍနဲ့ နောက်ဆုံးတချက်ကတော့ ကိုယ့်နိုင်ငံအတွင်း ကိုယ့်ဒေသအ တွင်း ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေ၊ ဓလေ့အယူအဆတွေကို ပြန်လည်ရှင်းလင်းတဲ့အပိုင်းတို့ ပါဝင်ပါ တယ်။


အခုချိန်မှာတော့ လိင်ပိုင်းဆိုင်ရာပညာပေးဆိုရင် ပထမတချက်ဖြစ်တဲ့ ခန္ဓာဗေဒဆိုင်ရာကိုသာ အား စိုက်သင်ကြားပေးနေတာဖြစ်ပြီး ကိုယ့်ဒေသတွင်း ယဉ်ကျေးမှုဆိုင်ရာ ကျားမခွဲခြားထားတဲ့ အတားအဆီးတွေ ကို ပြန်လည်သုံးသပ်ရှင်းလင်းတဲ့အပိုင်းမှာတော့ အားနည်းနေသေးတယ်လို့သိရပါတယ်။


အခုလို တဖြည်းဖြည်းပိုမိုတိုးပွားလာတဲ့ ကျားမအခြေပြုအကြမ်းဖက်မှုတွေ၊ မုဒိန်းမှုတွေ လျော့ကျဖို့ အတွက် လိင်ပညာပေးကို ဆယ်ကျော်သက်အရွယ်ရောက်မှ သင်ကြားပေးတာထက် ဆယ်နှစ်အောက်ကလေး တွေမှာလည်း လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေ ရှိနေတာကြောင့် မူလတန်းအရွယ်ကတည်း သိသင့်တာတွေကို သင်ကြားပေးခြင်းဟာ  သက်ငယ်မုဒိန်းမှုတွေ လျော့ကျစေဖို့အတွက် အရေးကြီးတဲ့ နည်းလမ်းတခုဖြစ်တယ် လို့ အမျိုးသမီးများအကြမ်းဖက်မှု ပပျောက်ရေးလှုပ်ရှားနေသူတွေက ပြောဆိုလိုက်တာဖြစ်ပါတယ်။


Photo - Unsplash


#လိင်ပညာပေး #သက်ငယ်မုဒိမ်း #sexeducationforchildren #honestinformation

Thursday, August 13, 2026

ကာလဝမ်းရောဂါ (ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ)

ကပ်ရောဂါအသွင် ဖြစ်စေနိုင်သော Cholera ကာလဝမ်းရောဂါ (ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ)




ဇူလိုင်လ၊ ၂၀၂၄ ခုနှစ်


🔴 အဓိကအချက်များ


👉 ကာလဝမ်းရောဂါ (ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ) သည် ရုတ်တရက်ဖြစ်ပွားသော ဝမ်းပျက်ရောဂါဖြစ်ပြီး ကုသမှုမရရှိပါက နာရီပိုင်းအတွင်း သေဆုံးနိုင်သည်။

👉 ကာလဝမ်းရောဂါသည် သန့်ရှင်းစိတ်ချရသော ရေနှင့် အခြေခံမိလ္လာနှင့် ရေဆိုးစနစ်၊ သန့်ရှင်းရေးစနစ်များ လက်လှမ်းမမီနိုင်သော လူထုကို ထိခိုက်သက်ရောက်စေသည့် ဆင်းရဲမှု၏ ရောဂါ ဖြစ်သည်။

👉 ပဋိပက္ခများ၊ စနစ်ကျသည့် မြို့ပြချဲ့ထွင် အစီအစဉ်မရှိဘဲ မြို့ပြတွင် လူအများ ပြောင်းရွှေ့နေထိုင်ခြင်းနှင့် ရာသီဥတုပြောင်းလဲမှုသည် ကာလဝမ်းရောဂါ ဖြစ်နိုင်ခြေ မြင့်မားစေသည်။

👉 ကမ္ဘာတစ်ဝန်း နှစ်စဥ် ကာလဝမ်းရောဂါ ဖြစ်ပွားသူ ၁.၃ သန်းမှ ၄ သန်းအထိရှိပြီး ၂၁,၀၀၀ မှ ၁၄၃,၀၀၀ အထိ သေဆုံးမှုရှိသည်ဟု သုတေသနပညာရှင်များက ခန့်မှန်းထားသည်။

👉 ရောဂါကူးစက်ခံရသူအများစုမှာ ရောဂါလက္ခဏာ လုံးဝမခံစားရခြင်း သို့မဟုတ် မပြင်းထန်သော လက္ခဏာများခံစားရခြင်းတို့ ဖြစ်နိုင်ပြီး ဓာတ်ဆားရည်သောက်သုံးခြင်းဖြင့် အောင်မြင်စွာကုသနိုင်သည်။

👉 ပြင်းထန်သောလူနာများမှာ သွေးပြန်ကြောမှတစ်ဆင့် အရည်များ လျင်မြန်စွာ သွင်းခြင်းနှင့် ပဋိဇီဝဆေးများ ပေးခြင်းဖြင့် ကုသရန်လိုအပ်သည်။

👉 သန့်ရှင်းစိတ်ချရသော ရေရရှိရန်၊ အခြေခံမိလ္လာရေဆိုးစနစ်နှင့် သန့်ရှင်းရေးစနစ်များ ရရှိရန်နှင့် တစ်ကိုယ်ရေသန့်ရှင်းရေးအလေ့အကျင့် ရရှိရန် ထောက်ပံ့ပေးခြင်းသည် ကာလဝမ်းရောဂါနှင့် ရေမှတစ်ဆင့်ကူးစက်သော အခြားရောဂါများကူးစက်မှုကို ကာကွယ်ရန်နှင့် ထိန်းချုပ်ရန် အရေးပါသည်။

👉 ကာလဝမ်းရောဂါ ကပ်အသွင်ဖြစ်ပွားမှုကို ထိန်းချုပ်ရန်နှင့် ဖြစ်နိုင်ခြေမြင့်သော ဒေသများတွင် ကာကွယ်ရန်အတွက် ကာလဝမ်းရောဂါ ကာကွယ်ဆေး တိုက်ကျွေးခြင်းကို ရေနှင့် မိလ္လာရေဆိုးစနစ် တိုးတက်ကောင်းမွန်အောင်လုပ်ခြင်းနှင့် အတူတွဲ၍ လုပ်သင့်သည်။


🔴 ခြုံငုံသုံးသပ်ချက်


ကာလဝမ်းရောဂါသည် ရုတ်တရက်ဖြစ်ပွားသော ဝမ်းပျက်ရောဂါဖြစ်ပြီး Vibrio cholerae ဘက်တီးရီးယားပိုး ပါဝင်သည့် အစားအစာ သို့မဟုတ် ရေကို စားသောက်မိခြင်းကြောင့် ဖြစ်ပွားသည်။ ကာလဝမ်းရောဂါသည် ပြည်သူ့ကျန်းမာရေးကဏ္ဍအတွက် ကမ္ဘာလုံးဆိုင်ရာ ခြိမ်းခြောက်မှုအဖြစ် ရှိနေဆဲဖြစ်ပြီး လူမှုကဏ္ဍဖွံ့ဖြိုးရေးကင်းမဲ့မှုနှင့် မညီမျှမှု ညွှန်းကိန်းအဖြစ်လည်း ရှိနေဆဲဖြစ်သည်။


🔴 ရောဂါလက္ခဏာများ


ကာလဝမ်းရောဂါသည် မသန့်ရှင်းသော အစားအစာ သို့မဟုတ် ရေကို စားသောက်ရာမှ ကူးစက်သည့် အလွန်ပြင်းထန်သော ရောဂါဖြစ်သည်။ ကာလဝမ်းရောဂါသည် ပြင်းထန်ပြီး ရေကဲ့သို ဝမ်းများ ရုတ်တရက်သွားသည့် ဝမ်းရောဂါဖြစ်သည်။ ရောဂါပြင်းထန်လျှင် ကုသမှုမရရှိပါက နာရီပိုင်းအတွင်း သေဆုံးနိုင်သည်။


V. cholera ပိုးရှိသည့် လူအများစုမှာ ၎င်းတို့၏ မစင်တွင် ရောဂါကူးစက်ခံရပြီးနောက် (၁) ရက်မှ (၁၀) ရက်အကြား ပိုးရှိနေသော်လည်း ရောဂါလက္ခဏာ ခံစားရခြင်းမရှိပါ။ ထိုပိုးများသည် ပတ်ဝန်းကျင်သို့ ရောက်ရှိပြီး အခြားသူများကို ရောဂါကူးစက်စေနိုင်သည်။


ရောဂါလက္ခဏာရှိသူအများစုမှာ အပျော့စား သို့မဟုတ် အတန်အသင့်ဖြစ်ပွားသော လက္ခဏာများ ခံစားရသည်။ ရောဂါလက္ခဏာပြရန် ၁၂ နာရီမှ ၅ ရက်အကြား ကြာတတ်သည်။ လူနာအနည်းစုသာ အပြင်းအထန် ရေဓာတ်ခမ်းခြောက်သည့် ရေကဲ့သို့ ဝမ်းများ ရုတ်တရက်သွားသည့် ဝမ်းရောဂါ ဖြစ်ပွားသည်။ ကုသမှုမရရှိပါက သေစေနိုင်သည်။


🔴 သမိုင်းကြောင်း


၁၉ရာစုတွင် ရောဂါ၏ မူလအစ အိန္ဒိယနိုင်ငံ၊ ဂင်္ဂါမြစ်ဝှမ်းဒေသမှ ကမ္ဘာတစ်ဝန်း ပျံ့နှံ့ခဲ့သည်။ ခြောက်ကြိမ်ဆက်တိုက်ဖြစ်သော ကမ္ဘာ့ကပ်ရောဂါသည် တိုက်ကြီးအားလုံးမှ လူသန်းပေါင်းများစွာကို သေဆုံးစေခဲ့သည်။ ၇ ကြိမ်မြောက် လက်ရှိကပ်ရောဂါသည် ၁၉၆၁ ခုနှစ်၌ တောင်အာရှတွင် စတင်ဖြစ်ပွားခဲ့သည်။ ၁၉၇၁ ခုနှစ်တွင် အာဖရိကသို့ ရောက်ရှိပြီး ၁၉၉၁ ခုနှစ်တွင် အမေရိကသို့ ရောက်ရှိဖြစ်ပွားသည်။ ကာလဝမ်းရောဂါသည် ယခုအခါ နိုင်ငံများစွာတွင် ဖြစ်ပွားလေ့ရှိသော ရောဂါဖြစ်သည်။


🔴 Vibrio cholerae မျိုးကွဲများ


မျိုးကွဲများစွာရှိသော်လည်း မျိုးကွဲ O1 နှင့် O139 နှစ်မျိုးသာ ကပ်ရောဂါများ ဖြစ်စေသည်။ V. cholerae O1 သည် များမကြာမီကဖြစ်သော ကပ်ရောဂါအားလုံးကို ဖြစ်စေခဲ့သည်။ V. cholerae O139 ကို ၁၉၉၂ ခုနှစ်၌ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဦးစွာတွေ့ရှိခဲ့ပြီး ပြီးခဲ့သော ကပ်ရောဂါများကို ဖြစ်စေခဲ့သည်။ သို့သော် ကွက်ကျားလူနာများတွင်လည်း မကြာမီကတွေ့ရှိခဲ့သည်။ ၎င်းကို အာရှတိုက်အပြင်ဘက်တွင် မည်သည့်အခါမျှ မတွေ့ခဲ့ရပါ။ မျိုးကွဲ ၂ ခုလုံးကြောင့်ဖြစ်သော နာမကျန်းမှုသည် ကွာခြားမှုမရှိပါ။


🔴 ကူးစက်ရောဂါဗေဒ၊ ရောဂါကူးစက်နိုင်ခြေရှိသော အချက်များနှင့် ရောဂါ၏ ဝန်ထုပ်ဝန်ပိုး


ကာလဝမ်းရောဂါသည် ဖြစ်ပွားလေ့ရှိသော ရောဂါ သို့မဟုတ် ကပ်ရောဂါအသွင် ဖြစ်နိုင်သည်။ ကာလဝမ်းရောဂါ ဖြစ်ပွားလေ့ရှိသော ဒေသဆိုသည်မှာ ၃ နှစ်အတွင်း ကာလဝမ်းရောဂါဟု သေချာသတ်မှတ်နိုင်သော လူနာများ ရှာဖွေတွေ့ရှိရာ ဒေသဖြစ်သည်။ ထို့ပြင် အဆိုပါလူနာများသည် အခြားဒေသများမှ လက်ရှိဖြစ်ပွားရာ ဒေသသို့ ကူးစက်ပျံ့နှံ့လာခြင်းမဟုတ်ဘဲ အဆိုပါဒေသအတွင်းမှာပင် ကူးစက်ပြန့်ပွားသည့် အထောက်အထားများ တွေ့ရှိရခြင်းဖြစ်သည်။


ကာလဝမ်းရောဂါ ကပ်အသွင်ဖြစ်ပွားမှုသည် ဖြစ်ပွားလေ့ရှိသော နိုင်ငံနှင့် ပုံမှန်ဖြစ်ပွားလေ့မရှိသော နိုင်ငံ၊ နှစ်မျိုးလုံးတွင် ဖြစ်ပွားနိုင်သည်။ ကာလဝမ်းရောဂါ ပြန့်ပွားမှုသည် သန့်ရှင်းသော ရေနှင့် မိလ္လာရေဆိုး၊ သန့်ရှင်းရေး အထောက်အပံ့ပစ္စည်းများ လက်လှမ်းမီရန် နည်းပါးခြင်းနှင့် အထူးဆက်စပ်နေသည်။


ဖြစ်ပွားနိုင်ခြေရှိသည့် ဖြစ်နေကျ ဒေသများတွင် မြို့ပြဆင်းရဲသားရပ်ကွက်များနှင့် ရွှေ့ပြောင်းနေထိုင်သူများ သို့မဟုတ် ဒုက္ခသည်များအတွက် စခန်းများ ပါဝင်သည်။ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခက်အခဲကာလများ၏ အကျိုးဆက်များဖြစ်သည့် ရေနှင့် မိလ္လာစနစ်၊ သန့်ရှင်းရေးစနစ် ပျက်ယွင်းခြင်း၊ သို့မဟုတ် နေရာမလုံလောက်သော လူကျပ်သိပ်လွန်းသည့် စခန်းများသို့ ရွှေ့ပြောင်းနေထိုင်ခြင်းသည် ကာလဝမ်းရောဂါ ကူးစက်နိုင်ခြေ မြင့်မားစေသည်။ 


ရောဂါကူးစက်ခြင်းမရှိဘဲ သေဆုံးသူများကို ကပ်ရောဂါ ရင်းမြစ်အဖြစ် အစီရင်ခံတင်ပြခြင်း မရှိခဲ့ပါ။


ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) သို့ အကြောင်းကြားခဲ့သော ရောဂါဖြစ်ပွားသူအရေအတွက်မှာ ပြီးခဲ့သောနှစ်များအတွင်း မြင့်တက်လာနေခဲ့သည်။ ၂၀၂၂ ခုနှစ်တွင် ၄၄ နိုင်ငံမှ ၄၇၂,၆၉၇ ဦး ရောဂါဖြစ်ပွားပြီး ၂,၃၄၉ ဦး သေဆုံးခဲ့သည်။ အစီရင်ခံစာပါ ကိန်းဂဏန်းများနှင့် ခန့်မှန်းထားသော ရောဂါဝန်ထုပ်ဝန်ပိုး မညီကွာခြားခြင်းမှာ ရောဂါဖြစ်သူအများအပြားကို မှတ်တမ်းမတင်ခြင်းကြောင့် ဖြစ်သည်။ ကူးစက်ရောဂါ စောင့်ကြပ်ကြည့်ရှုရေးစနစ်တွင်  အကန့်အသတ်များ ရှိခြင်းနှင့် ကုန်သွယ်မှုနှင့် ခရီးသွားလုပ်ငန်းအပေါ် သက်ရောက်မှုများအတွက် စိုးရိမ်ခြင်းကြောင့် မှတ်တမ်းမတင်ကြခြင်း ဖြစ်သည်။


🔴 ကာကွယ်ခြင်းနှင့်ထိန်းချုပ်ခြင်း


ဘက်ပေါင်းစုံမှ ချဥ်းကပ်ခြင်းသည် ရောဂါထိန်းချုပ်ရန်နှင့် သေဆုံးမှုကို လျှော့ချရန် သော့ချက်ဖြစ်သည်။ ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်း၊ ရေ၊ မိလ္လာရေဆိုးစနစ်၊ သန့်ရှင်းရေးနစ်နှင့် တစ်ကိုယ်ရေသန့်ရှင်းမှု၊ လူမှုရေးဆိုင်ရာ လှုပ်ရှားမှုများ၊ ကုသမှုနှင့် ကာလဝမ်းရောဂါ ကာကွယ်သောက်ဆေးတို့ကို ပေါင်းစပ်၍ အသုံးပြုရမည်ဖြစ်သည်။


🔴 ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း


ကာလဝမ်းရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းသည် ဘက်ပေါင်းစုံ စောင့်ကြပ်ကြည့်ရှုခြင်းစနစ်၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။ ဒေသအဆင့် အကြံပြုချက်များနှင့် ကမ္ဘာ့အဆင့် သတင်းအချက်အလက်မျှဝေခြင်းတို့ ပါဝင်သည်။ 


အသက် ၂ နှစ်နှင့်အထက် လူနာများတွင် ရေကဲ့သို့ ဝမ်းများ  ရုတ်တရက် သွားခြင်းနှင့် ပြင်းထန်သော ရေဓာတ်ခမ်းခြောက်ခြင်း သို့မဟုတ် ရေကဲ့သို့ ဝမ်းများ ရုတ်တရက် သွားခြင်းကြောင့် သေဆုံးခြင်းတို့ ဖြစ်ပွားပါက ဆေးပညာရှုထောင့်အရ သံသယဝင်ခြင်းအပေါ်အခြေခံ၍ ကာလဝမ်းရောဂါ သံသယလူနာ စုံစမ်းတွေ့ရှိမှုဟု သတ်မှတ်သည်။


အမြန်ရောဂါ ရှာဖွေစစ်ဆေးခြင်း (RDTs) သည် ကပ်ရောဂါကို  ရှာဖွေတွေ့ရှိရန် အသုံးဝင်သည်။ သို့သော် ရောဂါအတိအကျ သတ်မှတ်ရန်အတွက် ဝမ်းနမူနာကို ဓာတ်ခွဲခန်းပို့၍ V. cholerae O1 သို့မဟုတ်  V. cholerae  O139  အမျိုးအစား တိကျသေချာရန် ပိုးမွေးမြူခြင်း သို့မဟုတ် PCR နည်းဖြင့် စမ်းသပ်စစ်ဆေးရသည်။


ရေကဲ့သို့ ဝမ်းများ ရုတ်တရက်သွားသည့် လူနာများကို အစီရင်ခံတင်ပြခြင်းနှင့် အဆိုပါလူနာများနှင့် ဆက်စပ်သူများကို ပုံမှန်စစ်ဆေးခြင်းသည် ကာလဝမ်း ကပ်ရောဂါကို စောင့်ကြည့်စစ်ဆေးခြင်းဖြစ်သည်။


ရောဂါရှာဖွေရန်နှင့် စောင့်ကြည့်စစ်ဆေးသုံးသပ်ရန် ဒေသတွင်းလုပ်နိုင်စွမ်းရည်သည် ထိရောက်သော ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းစနစ်နှင့် ထိန်းချုပ်ရန်နည်းလမ်းများ စီစဥ်ခြင်းတို့အတွက် အရေးပါသည်။ကပ်ရောဂါများကို အလျင်အမြန် ရှာဖွေတုံ့ပြန်ရန် ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းနှင့် နိုင်ငံအဆင့် ပြင်ဆင်ခြင်းတို့ အားကောင်းစေရန် ရောဂါဖြစ်ပွားသော နိုင်ငံများအား တွန်းအားပေးလျက်ရှိသည်။


အပြည်ပြည်ဆိုင်ရာကျန်းမာရေး ပြဌာန်းချက်များ (IHR) အောက်တွင် ကာလဝမ်းရောဂါ လူနာအားလုံးသတင်းပေးပို့ခြင်းသည် မဖြစ်မနေပြုလုပ်ရန် မဟုတ်ပါ။ သို့သော် ကာလဝမ်းရောဂါအပါအဝင် ပြည်သူ့ကျန်းမာရေးအဖြစ်အပျက်များကို ထိုပြဌာန်းချက်ပါ သတ်မှတ်မှုများနှင့်ဆန့်ကျင်၍ မဖြစ်မနေ အမြဲစစ်ဆေးရမည်ဖြစ်ပြီး တရားဝင်သတိပေးချက် လို၊ မလို ဆုံးဖြတ်ရမည်ဖြစ်သည်။


🔴 ရေနှင့် မိလ္လာရေဆိုးစနစ်၊ သန့်ရှင်းရေးစနစ်များ ဆောင်ရွက်ခြင်း


ကာလဝမ်းရောဂါ ထိန်းချုပ်ရန်အတွက် ရေရှည်ဖြေရှင်းချက်မှာ စီးပွားရေးတိုးတက်မှုနှင့် စိတ်ချရသော သောက်သုံးရေနှင့် အခြေခံမိလ္လာရေဆိုးစနစ်၊ သန့်ရှင်းရေးစနစ်ကို လူတိုင်းရရှိရေးအပေါ်တွင် မူတည်သည်။


ပတ်ဝန်းကျင်အခြေအနေကို ဦးတည်သည့် လုပ်ဆောင်ချက်များတွင် စိတ်ချရသော သောက်သုံးရေနှင့် အခြေခံ မိလ္လာရေဆိုးစနစ်၊ သန့်ရှင်းရေးစနစ်နှင့် ကောင်းမွန်သည့် တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အကျင့်များ ရရှိရန် ရေရှည်ခိုင်မာသော Water, sanitation and hygiene (WASH) ဖြေရှင်းနည်းများ လုပ်ဆောင်ရမည်။


ထိုလုပ်ဆောင်ချက်များသည် ကာလဝမ်းရောဂါအပြင် ရေမှတစ်ဆင့် ကူးစက်သည့် အခြားရောဂါများစွာကို ကာကွယ်နိုင်သကဲ့သို့ ဆင်းရဲမှု၊ အာဟာရချို့တဲ့မှုနှင့် ပညာရေးဆိုင်ရာ ရည်မှန်းချက်များကို ရရှိနိုင်စေရန် အထောက်အကူပြုမည်ဖြစ်သည်။


ကာလဝမ်းရောဂါအတွက် WASH ဖြေရှင်းနည်းများသည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင်များ (SDG 6) နှင့် ကိုက်ညီသည်။


🔴 ကုသခြင်း


ကာလဝမ်းရောဂါကို လွယ်ကူစွာ ကုသနိုင်သည်။ အများစုမှာ ဓာတ်ဆားရည် ချက်ချင်းသောက်ခြင်းဖြင့် အောင်မြင်စွာ ကုသနိုင်သည်။ WHO/UNICEF စံချိန်မီ ဓာတ်ဆားတစ်ထုပ်ကို ရေသန့် ၁ လီတာဖြင့်ဖျော်ပါ။


လူကြီးတစ်ယောက်အတွက် ကာလဝမ်းရောဂါ ဖြစ်သည့် ပထမဆုံးနေ့၌ အတန်အသင့် ရေဓာတ်ခန်းခြောက်ခြင်းကို ကုသရန် ဓာတ်ဆား ၆ လီတာ လိုအပ်သည်။ 


ပြင်းထန်သည့် ရေဓာတ်ခန်းခြောက်သည့် လူနာသည် သွေးလန့်ခြင်း/ ရှော့ရနိုင်ခြေ မြင့်မားသည်။ သွေးပြန်ကြောမှတစ်ဆင့် ဆေးရည်သွင်း၍ ကုသရန် လိုအပ်သည်။ ထိုလူနာများအနေဖြင့် ရောဂါခံစားရသည့် ကာလတိုစေရန်၊ အကြောဆေးရည်လိုအပ်မှု လျှော့ချရန်၊ ရောဂါပိုးကို မစင်မှ စွန့်ထုတ်သည့် ပမာဏနှင့် စွန့်ထုတ်သည့် ကာလတိုစေရန် သင့်လျော်သည့် ပဋိဇီဝဆေးများ ပေးပါသည်။


စားသောက်ရန် စိတ်ချရပါက သန့်ရှင်းစွာ ပြင်ဆင်ချက်ပြုတ်ထားသော ပုံမှန်ဒေသအစားအစာများကို လူနာအားလုံးအား စတင်ကျွေးနိုင်သည်။ နို့တိုက်မိခင်များအား မိခင်နို့တိုက်ကျွေးခြင်းကို အားပေးသင့်သည်။ 


ကာလဝမ်း ကပ်ရောဂါဖြစ်ပွားသည့် ကာလတွင် ကုသမှု အလျင်အမြန် လက်လှမ်းမီခြင်းသည် အရေးကြီးသည်။ ဓာတ်ဆားရည်များကို လူထုအတွင်း ရရှိနိုင်စေရန် စီမံထားသင့်ပြီး အကြောဆေးရည်သွင်းခြင်းနှင့် ၂၄ နာရီစောင့်ရှောက်မှုပေးနိုင်သည့် ကြီးမားသော ကုသမှုစင်တာများလည်း လူထုအတွက် ဆောင်ရွက်ပေးသင့်ပါသည်။ သင့်လျော်သည့် ကုသမှုကို ဆောလျင်စွာ ပေးခြင်းဖြင့် လူနာသေဆုံးနှုန်းကို ၁ ရာခိုင်နှုန်းအောက်သို့ လျှော့ချသင့်သည်။


ဇင့် ဆေးဝါးသည် ၅ နှစ်အောက်ကလေးများအတွက် ဖြည့်စွက်ကုသနည်းဖြစ်ပြီး ဝမ်းပျက်သည့်ကာလကို တိုစေသည်။ ရေကဲ့သို့ ဝမ်းများ ရုတ်တရက်သွားသည့် ဝမ်းလျှောရောဂါ၏ အခြားအကြောင်းရင်းများ ဖြစ်စေနိုင်မှုကို ကာကွယ်ပေးနိုင်သည်။


ပဋိဇီဝဆေးကို လူထုအား အလုံးအရင်းနှင့် တိုက်ကျွေးခြင်း မပြုလုပ်သင့်ပါ။ ကာလဝမ်းရောဂါ ပျံ့နှံ့ခြင်းအပေါ် သက်ရောက်သည့် သက်သေမရှိခြင်းနှင့် ပဋိဇီဝဆေးယဥ်ပါးမှုကို ဖြစ်စေနိုင်သောကြောင့် ဖြစ်သည်။


🔴 ရပ်ရွာလူထု ပါဝင်မှု


ရပ်ရွာလူထုပါဝင်မှုဆိုသည်မှာ လူထုနှင့် ရပ်ရွာသည် အစီအစဥ်များ အကောင်အထည်ဖော်ရန်နှင့် လုပ်ဆောင်သည့်လုပ်ငန်းစဥ်များ၏ တစ်စိတ်တစ်ပိုင်းဖြစ်မှုကို ဆိုလိုသည်။


ဆပ်ပြာဖြင့် လက်ဆေးခြင်း၊ အစားအစာ သန့်ရှင်းစွာ ချက်ပြုတ်ပြင်ဆင်သိမ်းဆည်းခြင်းနှင့် ကလေးများ၏ အညစ်အကြေးများကို စနစ်တကျစွန့်ပစ်ခြင်းစသည့် ကောင်းမွန်သည့် တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထများကို အားပေးရာတွင် ဒေသတွင်းယဥ်ကျေးမှု၊ အလေ့အထနှင့် ယုံကြည်မှုတို့သည် အဓိကကျသည်။


ကာလဝမ်းရောဂါကြောင့် သေဆုံးသူများ၏ နာရေးကို ကျင်းပရာတွင် နာရေးလာသူများအကြား ရောဂါကူးစက်မှုကို ကာကွယ်ရန် လိုက်နာရမည့် နာရေးဆိုင်ရာ အလေ့အထများ လိုအပ်သည်။


ကပ်ရောဂါ တုံ့ပြန်မှုကာလ တစ်လျှောက်လုံး၌ ရပ်ရွာလူထုပါဝင်မှု လိုအပ်ပြီး အထူးသဖြင့် ရောဂါဖြစ်နိုင်ခြေအန္တရာယ်၊ ရောဂါလက္ခဏာများ၊ ရောဂါမကူးရန် သတိထားရမည့်အချက်များ၊ လူနာရှိပါက သတင်းပို့ရန် အချိန်နှင့် နေရာ၊ ရောဂါလက္ခဏာခံစားရပါက ချက်ချင်း ကုသမှုခံယူရန် စသည်အချက်အကြောင်း အသိပညာများ မြှင့်တင်ရမည်ဖြစ်သည်။


ရပ်ရွာလူထုသည် မည်သည့်အချိန်၊ မည်သည့်နေရာတွင် ကုသမှုခံယူရန် အပါအဝင် အစီအစဥ်များ အကောင်အထည်ဖော်ရာ၌ အစိတ်အပိုင်းတစ်ခု ဖြစ်သင့်သည်။


🔴 ကာလဝမ်းရောဂါကာကွယ်သောက်ဆေး (Oral cholera vaccines)


လတ်တလောတွင် WHO က အသိအမှတ်ပြုထားသည့် ကာလဝမ်း ကာကွယ်သောက်ဆေး ၃ မျိုး ရှိသည်။ Dukoral®၊ Shanchol™ နှင့် Euvichol-Plus® တို့ ဖြစ်ပြီး ၃ မျိုးစလုံးသည် အပြည့်အဝကာကွယ်မှု ရရှိနိုင်ရေးအတွက် ၂ ကြိမ်သောက်ရန် လိုအပ်သည်။ ကာလဝမ်းရောဂါ ကာကွယ်သောက်ဆေးကို ရောဂါဖြစ်ပွားလေ့ရှိသော နေရာများ၊ ရောဂါဖြစ်ပွားနိုင်ခြေ မြင့်မားသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အရေးအခင်းကာလများတွင် ရောဂါကာကွယ်ထိန်းချုပ်ရေး အခြားနည်းလမ်းများနှင့်အတူတွဲ၍ အသုံးပြုသင့်ပါသည်။ ကာကွယ်ဆေးသောက်ခြင်းသည် ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရန် ဦးစားပေးအရေးကြီးသည့် ကျန်းမာရေးလုပ်ဆောင်ချက်များ ဆောင်ရွက်ခြင်းကို အနှောင့်အယှက် မဖြစ်စေသင့်ပါ။


ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ


Reference: 

https://www. who. int/news-room/fact-sheets/detail/cholera


#nugmoh #cholera #diarrhea #outbreak #ကာလဝမ်း #ပြင်းထန်ဝမ်းပျက်ဝမ်းလျှော #ဝမ်းပျက် #ဝမ်းလျှော #ကပ်ရောဂါ

Thursday, July 2, 2026

လူလိမ်ဖြစ်လာသူ တရုတ်ဘီလျံနာ

 သူ့အကြောင်းကို မပြောခင်မှာ သူ့နာမည်နဲ့ အရင် စရအောင်ပါ။ 




ဒီလူက အင်မတန် နာမည် များတဲ့လူပါ။ မွေးစာရင်းထဲက နာမည်က ‘ဟိုဝမ်ကွတ်’၊ စီးပွားရေးလောကမှာတော့ ‘ဂေါ်ဝင်ကွေ့’၊ အင်္ဂလိပ်လိုကျတော့ ‘မိုင်းလ်စ်ကွတ်’ ဒါမှမဟုတ် ‘မိုင်းလ်စ်ဂေါ်’၊ သူ့ရဲ့ ရင်းနှီးတဲ့အသိုင်းအဝိုင်းထဲမှာကျတော့ ‘အစ်ကိုကြီး နံပါတ် ၇’ လို့ ခေါ်ကြပါတယ်။ သူ့ရဲ့ တကယ့်နာမည်အရင်း၊ အသက်၊ မွေးနေ့ စတဲ့ အခြေခံအချက်အလက်တွေကို ဘယ်သူမှ အတိအကျ မသိရပါဘူး။ ဒီဆောင်းပါးထဲမှာတော့ သူ့ကို မိုင်းလ််စ်ဂေါ လို့ ခေါ်ပါမယ်။ 


သူ့ကို မွေးတဲ့ ခုနှစ်က နှစ်မျိုး ဖြစ်နေပါတယ်။ ၁၉၇၀ လို့လည်း ပြောကြသလို ၁၉၆၈ လို့လည်း ဆိုတယ်။ ဆိုတော့ ခုချိန်မှာ သူက ၅၆/၅၇ လောက်တော့ ရှိပါပြီ။ ဒီလိုဖြစ်အောင် တမင်သက်သက်ကိုပဲ အချက်အလက် တိတိကျကျ ရှာမရအောင် နေထိုင်ခဲ့သူပါ။ 


မိုင်းလ်စ်ဂေါက သတ္တုတွင်းမြို့လေးတစ်မြို့မှာ ဆင်းရဲတဲ့ မိသားစုက မွေးဖွားခဲ့တယ်လို့ သိရတယ်။ ညီအစ်ကို မောင်နှမတွေ များတယ်။ ၁၉၉၀၊ ၂၀၀၀ ခုနှစ်တွေ ဆိုတာ တရုတ်နိုင်ငံရဲ့ စီးပွားရေးတံခါးစဖွင့်ချိန်ပါ။ အဲ့ဒီအချိန် သူက ကုန်ထုတ်လုပ်ငန်းလေးတစ်ခု စလုပ်ခဲ့တယ်။ 


အဲဒီနောက်မှာတော့ ဖြည်းဖြည်းချင်း အိမ်ခြံမြေလုပ်ငန်းထဲကို သူ ခြေစုံပစ်ဝင်ခဲ့ပါတယ်။ အဲ့ဒီတုန်းက တရုတ် အိမ်ခြံမြေလုပ်ငန်းဆိုတာ နိုင်ငံရဲ့ ဘီလျံနာအသစ်တွေကို မွေးထုတ်ပေးနေတဲ့ နေရာဆိုလည်း မမှားပါဘူး။ 


အသက်နှစ်ဆယ်ကျော်အရွယ်မှာတင် ဟဲနန်ပြည်နယ် ကျန်းကျိုးမြို့မှာ ပထမဆုံး အထပ်မြင့်အဆောက်အအုံကို တည်ဆောက်ခဲ့ပါတယ်။ အဲဒီကနေတစ်ဆင့် ပေကျင်းမြို့အထိ ခြေဆန့်ခဲ့ပါတယ်။ ပေကျင်းမှာတော့ သူ့ကို နာမည်ကျော်သွားစေခဲ့တဲ့ စီမံကိန်းကြီးကို လုပ်ကိုင်ခဲ့ပါတယ် — အဲဒါကတော့ အိုလံပစ်ပန်းခြံဘေးမှာ နဂါးပုံသဏ္ဍာန် အမိုးပါတဲ့ မိုးမျှော်တိုက်တန်းကြီးကို ဆောက်ခဲ့တာပါ။ ပန်ဂူပလာဇာပါပဲ။ ၂၀၁၄ ခုနှစ်မှာ ခန့်မှန်းခြေ ဒေါ်လာ ၂.၅ ဘီလီယံအထိ အသားတင်ပိုင်ဆိုင်နေပါပြီ။ တနည်းပြောရရင် တရုတ်နိုင်ငံရဲ့ အချမ်းသာဆုံးပုဂ္ဂိုလ်တွေထဲက တစ်ဦးဖြစ်လာခဲ့ပါတယ်။


ဒါပေမဲ့ တရုတ်နိုင်ငံမှာ ဘီလျံနာ တယောက်လွယ်လွယ် မဖြစ်နိုင်ပါ။ အကြီးစား ဖွံ့ဖြိုးရေးလုပ်ငန်းတိုင်းဟာ မြေယာ၊ ပါမစ်နဲ့ ဘဏ္ဍာရေး ဆိုင်ရာတွေကို ထိန်းချုပ်ထားတဲ့ အစိုးရအရာရှိကြီးတွေဆီကတစ်ဆင့် ဖြတ်သန်းရပါတယ်။ အဲဒီလုပ်ငန်းတွေကို ရဖို့အတွက် အိမ်ခြံမြေလုပ်ငန်းရှင်တစ်ယောက်အနေနဲ့ အာဏာပိုင်တွေနဲ့ မဖြစ်မနေကို ပတ်သက်ရမှာပါ။


ပန်ဂူပလာဇာ ဆောက်တော့ မြေနေရာကိစ္စနဲ့ ပတ်သက်ပြီး ပေကျင်းဒုတိယမြို့တော်ဝန်က သူ့ကို တားမြစ်ပိတ်ပင်တာတွေ ရှိခဲ့တယ်လို့ ဆိုတယ်။ အဲ့ဒီချိန်မှာ မိုင်းလ်စ်ဂေါက အဲဒီအရာရှိနဲ့ သူ့ရဲ့နောက်မြီးဆွဲအမျိုးသမီးတို့ရဲ့ လိင်ကိစ္စ ရုပ်သံဖိုင်ကို အာဏာပိုင်တွေဆီ ပေးပြီး တဖက်လှည့်နဲ့အကျပ်ကိုင်ခဲ့ပါတယ်။ နောက်တော့ ဒုမြို့တော်ဝန်လည်း အဲ့ဒီစီမံကိန်းကို ခွင့်ပြုခဲ့ရပါတယ်။


ဘေဂျင်းအစိုးရနဲ့ မိုင်းလ်စ်ဂေါကြားမှာ ငွေကြးအရှုပ်အရှင်းတွေ အများကြီး ဖြစ်ခဲ့တယ်လို့ တရုတ်သတင်းဌာနတွေက ရေးပါတယ်။ ဒါပေမဲ့ မိုင်းလ်စ်ဂေါကတော့ ငြင်းပါတယ်။ တရုတ်အစိုးရဆီက ငွေ တစ်ယွမ်တောင် မချေးခဲ့သလို သူ့ကို ပြန်အကျပ်ကိုင်လို့ရမဲ့ ကိစ္စတခုကိုမှ လက်ခံခဲ့တာမျိုး မရှိဘူးလို့ နောက်ပိုင်း အင်တာဗျူးတွေမှာ ဖြေခဲ့တယ်။​


ဒါပေမဲ့ အစိုးရထဲက အကာကွယ်တခုခု မရှိဘဲ တရုတ်ဘီလျံနာတယောက်က လွယ်လွယ်ကူကူ ဘယ်ရှင်သန်နိုင်မလဲ။ CIA နဲ့ FBI ကိုပေါင်းထားတဲ့ ပုံစံမျိုးနဲ့ တရုတ်မှာ ဝန်ကြီးဌာနတခု ရှိပါတယ်။ အမျိုးသားလုံခြုံရေးဝန်ကြီးဌာနပါ။ မိုင်းလ်စ်ဂေါက ဒီဝန်ကြီးဌာနက ဒုဝန်ကြီး မာကျန့် နဲ့ တိုက်ရိုက်အချိတ်အဆက်ရှိသူဖြစ်ပါတယ်။ မာကျန့်ဟာ ဒု ထောက်လှမ်းရေးချုပ်လည်း ဖြစ်ပါတယ်။


နောက်ပိုင်းမှာ တရုတ်အစိုးရပိုင် မီဒီယာတွေက မာကျန့်ဟာ မိုင်းလ်စ်ဂေါ ရဲ့စီးပွားရေးလုပ်ငန်းတွေအတွက် ကာကွယ်ပေးခဲ့တယ်လို့ ရေးကြပါတယ်။ ရှီကျင့်ဖျင်တက်လာပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးလှိုင်း ကြမ်းလာချိန်မှာ မာကျန့်လည်း ပါသွားခဲ့ပါတယ်။ ၂၀၁၅ ဇန်နဝါရီမှာ မာကျန့် ဖမ်းဆီးခံခဲ့ရပါတယ်။ ၂၀၁၈ မှာ တသက်တကျွန်း ထောင်ဒဏ်ချမှတ်ခံရတယ်။


ဒါပေမဲ့ မိုင်းလ်ဂေါကတော့ ၂၀၁၄ ခုနှစ်ကတည်းက တရုတ်နိုင်ငံက ထွက်ပြေးသွားခဲ့ပြီး ဖြစ်ပါတယ်။ မာကျန့်ကို ဖမ်းမှာကို ကြိုသိလို့ ပြေးတာလား၊ တခြား ဘယ်လိုပြဿနာတွေ ရှိသေးလဲ၊ ဘယ်သူမှ အတိအကျ မသိရပါဘူး။ ၂၀၁၇ ခုနှစ်မှာ တရုတ်အစိုးရရဲ့ တောင်းဆိုချက်အရ အပြည်ပြည်ဆိုင်ရာရဲတပ်ဖွဲ့ အင်တာပိုလ် က ဂေါ်ကို ဝရမ်း (Red Notice) ထုတ်ပြန်ခဲ့ပါတယ်— လာဘ်ပေးလာဘ်ယူမှု၊ ပြန်ပေးဆွဲမှု၊ မုဒိမ်းမှု စတဲ့ ပြစ်ချက်တွေနဲ့ပါ။ 


တကယ်တော့ မိုင်းလ်စ် ဂေါ်က နယူးယောက်မြို့ကို ရောက်နေခဲ့တာပါ။ တရုတ်မှာတုန်းကလို အိမ်ခြံမြေသူဌေးကြီးတစ်ဦးအနေနဲ့ မဟုတ်တော့ပါဘူး။ အဲ့ဒီမှာ ဖွင့်ချသူ (Whistleblower) တစ်ဦးအနေနဲ့ နာမည်ကြီးလာပါတယ်။ 


သူက တရုတ် ကွန်မြူနစ်ပါတီရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို ဆိုရှယ်မီဒီယာမှာ တောက်လျှောက် ပို့စ်တွေ တင်ခဲ့ပါတယ်။ သူ့ပြောဆိုချက်တွေက လူကြားထဲ မြန်မြန်ဆန်ဆန်ပဲ ပျံ့နှံ့ခဲ့ပါတယ်။ 


သူပြောဖူးတဲ့အထဲ ရှီကျင့်ဖျင်ရဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးလှုပ်ရှားမှုကို ဦးဆောင်တဲ့ လူတိုင်းကြောက်ရတဲ့ ဝမ်ကျီချန်း အကြောင်းလည်း ပါပါတယ်။ မိုင်းဂေါ်ပြောတာက ဝမ်ကျီချန်းဟာ လျှို့ဝှက်စည်းစိမ်ဥစ္စာတွေနဲ့ လျှို့ဝှက်အပျော်အပါးကိစ္စတွေ ရှိနေပါတယ်လို့ စွပ်စွဲခဲ့ပါတယ်။ 


သူ့ရဲ့ပြောကြားချက်တချို့က ဖြစ်နိုင်ခြေရှိတဲ့ပုံပေါ်ပေမဲ့ အများစုကိုတော့ ဘယ်တော့မှ အတည်မပြုနိုင်ခဲ့ပါဘူး။ တချို့ဆိုရင် စိတ်ကူးယာဉ်ဆန်ဆန် လျှောက်ရေးထားတာတွေလို့တောင် ဝေဖန်ကြပါတယ်။ သူပြောဖူးတဲ့ အင်မတန် အငြင်းပွားစရာကောင်းတဲ့ ကိစ္စတခုရှိပါတယ်။ အဲ့ဒါက တရုတ်အရာရှိတွေဟာ ကိုယ်ခန္ဓာအစိတ်အပိုင်းတွေ ခိုးယူရောင်းချတဲ့ လျှို့ဝှက်ကိစ္စတခုကို ဖုံးကွယ်ဖို့အတွက် မလေးရှားလေကြောင်းလိုင်း MH 370 ကို ပစ်ချခဲ့တာဖြစ်တယ်လို့ ပြောခဲ့တာပါ။


သူ့ပြောဆိုချက်တွေကို လူအတော်များများ ယုံခဲ့ကြပါတယ်။ တရုတ်ကလာတယ်၊ ဘီလျံနာလည်း ဖြစ်ခဲ့တယ်ဆိုတော့ သတင်းထောက်တွေကလည်း သူစွတ်စွဲတာတွေကို လိုက်ပြီး အတည်ပြုဖို့ ကြိုးပမ်းခဲ့ကြပါတယ်။ ဒါပေမဲ့ ဘာကိုမှ တိတိကျကျ ရေရေရာရာ အတည်မပြုနိုင်ခဲ့ကြပါဘူး။ ဒါပေမဲ့ ထုံးစံအတိုင်း ဆိုရှယ်မီဒီယာမှာ အသံကျယ်တော့ သူ့ကို လူတွေ ပိုစိတ်ဝင်စားလာခဲ့ကြပါတယ်။ ဖော်လိုဝါတွေ အများကြီး ရလာခဲ့ကြပါတယ်။


နောက်ပိုင်းမှတော့ သူ့ကို နောက်တဆင့်တက်စေမဲ့ လူတယောက်နဲ့ တွေ့ခဲ့ပါတယ်။ စတိဗ်ဘန်နွန် ပါပဲ။ ဒီလူက တခြားလူ မဟုတ်ပါဘူး။ ဒေါ်နယ်ထရမ့် ပထမသက်တမ်းတုန်းက သမ္မတရဲ့ အကြီးတန်းအကြံပေးလည်းဖြစ်၊ အိမ်ဖြူတော် မဟာဗျူဟာမှူးလည်း ဖြစ်ခဲ့သူပါ။ 


စတိဗ်ဘန်နွန်နဲ့ မိုင်းစ်ဂေါတို့ ပေါင်းပြီး G Media၊ GTV စတဲ့ မီဒီယာလုပ်ငန်းတွေနဲ့ နိုင်ငံရေးလောကကို စပြီး ခြေချဖို့ ကြိုးပမ်းခဲ့ကြပါတယ်။ ၂၀၂၀ ပြည့်နှစ် ဇွန်လမှာတော့ သူ့ဇိမ်ခံလျှပ်ပြေးယဉ်ပေါ်ကနေ တရုတ်ကွန်မြူနစ်ပါတီနေရာမှာ အစားထိုးမဲ့ ‘တရုတ်ပြည်ထောင်စုသစ်’ တည်ထောင်လိုက်ပြီလို့ မိုင်းလ်စ်ဂေါ်က ကြေညာခဲ့ပါတယ်။ 


အဲ့ဒီကနေ တရုတ်ပြည်ထောင်စုသစ်အတွက် ရင်းနှီးမြှုပ်နှံမှုလုပ်ကြဖို့ ခေါ်ယူခဲ့ပါတော့တယ်။ 


သူတို့နှစ်ယောက်ရဲ့ ပတ်သက်မှုက ဘယ်လောက်ထိ ရှိသလဲဆိုရင် ၂၀၂၀ တုန်းက ဖက်ဒရယ်အေးဂျင့်တွေက လိမ်လည်မှုအမှုတစ်ခုနဲ့ ထရမ့်အကြံပေးဟောင်း စတိဗ် ဘန်နွန်ကို ဖမ်းဖို့ လာတဲ့အခါ၊ မိုင်းလ်စ်ဂေါရဲ့ ဇိမ်ခံရွက်လှေပေါ်မှာ အတူတွေ့ခဲ့တာပါ။ 


မိုင်းလ်စ်ဂေါရဲ့ တရုတ်ဆန့်ကျင်ရေး သတင်းတွေရေးသားဖြန့်ဝေတဲ့ အဲ့ဒီမီဒီယာယန္တရားကြီးဟာ တခြား သတင်းမှားတွေကိုလည်း အများကြီး ဖြန့်ဝေခဲ့ပါတယ်။ ၂၀၂၁ တုန်းက ယုံကြည်ရတဲ့ မီဒီယာကြီးတွေက မိုင်းလ်စ်ဂေါရဲ့ သတင်းဌာနတွေက သတင်းအမှားတွေကို ဘယ်လို ဖြန့်ဝေနေသလဲဆိုတာကို ဖော်ထုတ်ခဲ့ကြပါတယ်။ ကိုဗစ် ကာကွယ်ဆေးတွေအကြောင်း သတင်းမှားတွေ၊ အမေရိကန်ရွေးကောက်ပွဲ မမှန်မကန်လုပ်မှုတွေနဲ့ ကျူအေနွန် (QAnon) ကိစ္စတွေနဲ့ ဆက်နွှယ်နေတဲ့ ပြောဆိုချက်တွေပဲ ဖြစ်ပါတယ်။ နောက်ကွယ်မှာ လက်မည်းကြီးရှိနေတယ်ဆိုတဲ့ Conspiracy Theory တွေများပါတယ်။ 


မီဒီယာတွေတင် မကဘဲ အကောင့်တုတွေ Page အတုတွေလည်း အများကြီးနဲ့ လုပ်ခဲ့တာပါ။ ၂၀၂၄ ခုနှစ်မှာ စင်ကာပူနိုင်ငံက မိုင်းလ်စ်ဂေါ်ရဲ့ကွန်ရက်နဲ့ ဆက်နွှယ်နေတဲ့ အကောင့်ပေါင်း တစ်ရာနီးပါးကို ပိတ်ဆို့ဖို့ လူမှုကွန်ရက်ပလက်ဖောင်းတွေကို အမိန့်ထုတ်ခဲ့ပါတယ်။ အဲဒီအကောင့်တွေဟာ စင်ကာပူနိုင်ငံအပေါ် မှားယွင်းတဲ့ သတင်းအချက်အလက် ဖြန့်ဝေနေတယ်လို့ စင်ကာပူအစိုးရက ပြောခဲ့ပါတယ်။ 


ဒါက ဂေါ်က လုပ်တဲ့ သတင်းမှားဖြန့်ချိရေးကွန်ရက်ကြီးပါ။ တဖက်မှာလည်း သူ့ကို အဲ့ဒီပုံစံအတိုင်း တရုတ်အစိုးရက လုပ်နေခဲ့တာပါပဲ။


တရုတ်အစိုးရနဲ့ ဆက်နွှယ်နေတဲ့ ဆိုရှယ်မီဒီယာ အကောင့်တွေကို လေ့လာခဲ့ကြတဲ့ သုတေသီတွေရဲ့ အဆိုအရ တရုတ်ရဲ့ ဒီ သတင်းမှားဖြန့်ချိရေး ကွန်ရက်တွေဟာ မိုင်းလ်စ်ဂေါ်ကို ပိုပြီး အပြင်းအထန် တိုက်ခိုက်ခဲ့ကြတယ်လို့ ဆိုပါတယ်။ ဟောင်ကောင် ဆန္ဒပြသူတွေထက်တောင်မှ သူ့ကို ပိုပြီး ဦးတည်တိုက်ခိုက်ခဲ့ကြတယ်လို့ ဆိုတယ်။ သူ့ကို ဦးတည်ပြီး ရေးသားခဲ့တဲ့ ပို့စ်ပေါင်း သောင်းနဲ့ချီ ရှိခဲ့ပါတယ်။ 


မိုင်းလ်ဂေါ်က တရုတ်အစိုးရကို ဒီလောက်ထိ ဆန့်ကျင်တိုက်ခိုက်နေပေမဲ့လည်း ပြည်ပရောက် တရုတ် အတိုက်အခံအသိုင်းအဝိုင်းမှာတော့ သူ့ကြောင့် နှစ်ပိုင်းကွဲနေခဲ့ပါတယ်။ 


နယူးယောက်မြို့မှာ တစ်ရက်တည်း ဒီမိုကရေစီလိုလားသူ တရုတ်တွေရဲ့ လူစုလူဝေးပွဲ နှစ်ခုကို သတ်သတ်စီ ကျင်းပခဲ့ကြပါတယ်။ တဖွဲ့က သူ့ကို ထောက်ခံအားပေးတဲ့အဖွဲ့ဖြစ်ပြီး နောက်တဖွဲ့ကတော့ သူ့ကို သတိထားကြဖို့ သတိပေးတဲ့အဖွဲ့ပါ။


ဒုတိယအုပ်စုက နောက်ပိုင်းမှာ ပိုအားကောင်းလာခဲ့ပါတယ်။ အဲ့ဒါကတော့ ရှီကျင့်ဖျင်ရဲ့ ပိုက်စိပ်တိုက် ဖမ်းဆီးမှုတွေထဲကနေ အလွယ်တကူ လွတ်မြောက်လာခဲ့တယ်။ ပြီးတော့ မိုင်းလ်စ်ဂေါရဲ့ ရန်သူတွေက ရှီကျင့်ဖျင်ရဲ့ ရန်သူတွေနဲ့ပဲ အမြဲတမ်း ထပ်တူကျနေတယ်ဆိုတာပဲ။ ဒါကြောင့်မို့ ဒီလူဟာ တရုတ် အစိုးရအတွက် အလုပ်လုပ်ပေးနေတာလည်း ဖြစ်နိုင်တယ်ဆိုတဲ့ ပြောဆိုချက်တွေပါပဲ။


ဆက်ပြီး စဉ်းစားစရာရှိတာက ဒါဆိုရင် ဒီလူချမ်းသာနေတာ ဘယ်ကငွေတွေနဲ့ ချမ်းသာနေတာလဲဆိုတာပါပဲ။​


ဒီလောက်အသံကျယ်တဲ့ လူကို FBI က ဒီအတိုင်းတော့ မထားပါဘူး။ သူ့အကြောင်း ပြောဆိုမှုတွေ တစနဲ့တစ အသံတွေ ပိုထွက်လာပါတယ်။ အဲ့ဒီနောက်မှာတော့ မိုင်းလ်စ် ဂေါကို တရားစွဲဖို့အတွက် တရားလိုပြရှေ့နေတွေက ‘G Enterprise’ လို့ နာမည်ပေးထားတဲ့ လုပ်ငန်းစုအကြောင်းကို တရားရုံးမှာ ဖော်ထုတ် တင်ပြလာခဲ့ပါတယ်။ 


G Enterprise ဆိုတာကတော့ မိုင်းလ်စ်ဂေါ တယောက် နှစ်ပေါင်းများစွာ စည်းရုံးလာခဲ့တဲ့ နောက်လိုက်ပရိသတ်တွေအပေါ် မှီခိုအမြတ်ထုတ်နေတဲ့ ကုမ္ပဏီတွေနဲ့ စီမံကိန်းတွေရဲ့ ကွန်ရက်ကြီးပါပဲ။


မိုင်းလ်စ်ဂေါက အဲဒီနောက်လိုက်တွေ ရင်းနှီးမြှုပ်နှံတဲ့ငွေတွေဟာ ကွန်မြူနစ်ပါတီကို ဖြိုချဖို့အတွက် အသုံးပြုမယ်လို့ ပြောထားခဲ့တာပါ။ ဒါပေမဲ့ စုံစမ်းစစ်ဆေးရေးမှူးတွေကတော့ ဒါဟာ နောကြေနေပြီဖြစ်တဲ့ လိမ်လည်မှုပုံစံတစ်ခုသာ ဖြစ်တယ်လို့ ဆိုပါတယ်။ 


ရင်းနှီးမြှုပ်နှံသူ ၅,၅၀၀ ကျော်ဆီကနေ ဒေါ်လာ ၄၅၂ သန်းလောက် သိမ်းသွင်းခဲ့တဲ့ GTV အထူးရှယ်ယာထုတ်ရောင်းတဲ့ အစီအစဉ်၊ ဒေါ်လာ သန်း ၂၅၀ ကျော် ရခဲ့တဲ့ ‘သီးသန့်အဖွဲ့ဝင်' အစီအစဉ်ဖြစ်တဲ့ G-CLUBS၊ ပြီးတော့ ဒေါ်လာ သန်း ၂၆၀ ကျော် ထပ်ရခဲ့တဲ့ ခရစ်ပတိုငွေကြေးလဲလှယ်မှု စီမံကိန်း အများကြီးပါပဲ။


သူ့ကို ယုံကြည်သူတွေကိုတော့ လွတ်လပ်တဲ့ တရုတ်နိုင်ငံတော်သစ်ရဲ့ အနာဂတ်မှာ ပါဝင်ရင်းနှီးမြှုပ်နှံကြတာလို့ ပြောခဲ့ပါတယ်။ လူအများစုကတော့ သူတို့ဟာ ရှယ်ယာတွေအပြင် အဲ့ဒီကနေ အမြတ်တောင် ရလာမယ်လို့ ယုံကြည်ခဲ့ကြတာပါ။ ဒါပေမဲ့ တရားလိုပြရှေ့နေတွေကတော့ အဲဒီငွေတွေဟာ ရင်းနှီးမြှုပ်နှံသူတွေကို ပြောထားတဲ့နေရာတွေဆီ မရောက်ခဲ့ဘူးလို့ ဆိုကြပါတယ်။ ဒါဆို ဒီငွေတွေ ဘယ်လောက်သွားလဲ။


ဘယ်လောက်သွားလဲဆိုရင် စတုရန်းပေ ငါးသောင်းခန့် ကျယ်ဝန်းတဲ့ စံအိမ်ကြီးတစ်လုံး၊ ဒေါ်လာ ၃.၅ သန်းတန် ဖာရာရီ (Ferrari) ပြိုင်ကားတစ်စီး၊ ဒေါ်လာ ၃၇ သန်းတန် ဇိမ်ခံလှေတစ်စင်းနဲ့ တစ်ကိုယ်စာကို ဒေါ်လာ ၃ သောင်း ၆ ထောင်စီ တန်ဖိုးရှိတဲ့ မွေ့ရာနှစ်ခုတို့ဆီ ရောက်သွားပါတယ်။ ပြောရရင်တော့ ကွန်မြူနစ်ပါတီကို ဖြိုခွဲဖို့ ရင်းနှီးမြှုပ်နှံမှုတွေခေါ်ပြီး အဲ့ဒီကရတဲ့ငွေတွေကို ကိုယ်ကျိုးအတွက် သုံးနေခဲ့တာပဲ ဖြစ်ပါတယ်။ 


၂၀၂၃ ခုနှစ် မတ်လမှာတော့ မိုင်းလ်စ်ဂေါ တည်ဆောက်လာခဲ့တဲ့ ပုံရိပ်ကြီး ပြိုလဲဖို့ စပြီး အကြောင်းဖန်လာပါတော့တယ်။ ဖက်ဒရယ်အေးဂျင့်တွေက မိုင်းလ်စ်ဂေါ်ကို ကြေးနန်းဆက်သွယ်ရေး လိမ်လည်မှု၊ ငွေကြေးသက်သေခံလက်မှတ် လိမ်လည်မှု၊ ငွေညှစ်မှု၊ ငွေကြေးခဝပ်ချမှု အပါအဝင် စွဲချက်ပေါင်း ၁၂ ခုနဲ့ နယူးယောက်မြို့မှာ ဖမ်းဆီးခဲ့ပါတယ်။ 


မိုင်းလ်စ်ဂေါ တရားခွင်က ခုနစ်ပတ် ကြာခဲ့ပါတယ်။ သူ့ရှေ့နေတွေကတော့ မိုင်းလ်စ်ဂေါ သုံးဖြုန်းဇိမ်ခံတဲ့ လူနေမှုပုံစံကို ဝန်ခံပါတယ်။ အဲဒီလို သုံးဖြုန်းပြတာဟာ ကွန်မြူနစ်ပါတီကို နာကျည်းအောင် လုပ်ပြတဲ့နည်းလမ်း ဖြစ်တယ်လို့ ဆိုပါတယ်။ 


တရားလိုပြရှေ့နေတွေဘက်ကလည်း တရုတ်အစိုးရက ဂေါ်ကို ပစ်မှတ်ထားခဲ့တယ်ဆိုတဲ့အချက်ကို သဘောတူကြပါတယ်။ ဒါပေမဲ့ အဲဒီအချက်က ငွေတွေလိမ်ယူခဲ့တာ ရှိ၊ မရှိ ဆိုတာကိုတော့ ပြောင်းလဲပစ်နိုင်မှာမဟုတ်ဘူးလို့ ဂျူရီအဖွဲ့ကို ပြောကြားခဲ့ပါတယ်။


၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်နေ့မှာတော့ ဂျူရီအဖွဲ့က စီရင်ချက်တချို့ ချမှတ်ခဲ့ပါတယ်။ မိုင်းလ်ဂေါဟာ ငွေညှစ်မှု၊ လိမ်လည်မှုနဲ့ ငွေကြေးခဝပ်ချမှု အပါအဝင် စွဲချက် ၉ ခုမှာ ပြစ်မှုထင်ရှားတယ်လို့ အမိန့်ချပါတယ်။ စွဲချက်အားလုံးတော့ မဟုတ်ပါဘူး။ 


ပြီးတော့ ၂၀၂၅ ခုနှစ်မှာ တရားရုံးက မိုင်းလ်စ်ဂေါ် ရဲ့ ပိုင်ဆိုင်မှုတွေထဲက ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံလောက်ကို နိုင်ငံပိုင် သိမ်းဆည်းဖို့ စီရင်ချက်ချမှတ်ခဲ့ပါတယ်။ 


သူ့ကို ဘရွတ်ကလင်းက ထောင်တခုထဲ အချုပ်ကျပြီး နောက်ဆုံးပြစ်ဒဏ်ချမဲ့ရက်ကို စောင့်နေခဲ့ပါတယ်။ သူ့ကို ပြစ်ဒဏ်ချမှတ်မယ့်ရက်ကို ၂၀၂၄ ခုနှစ်နှောင်းပိုင်းမှာ ပထမဆုံး သတ်မှတ်ခဲ့ပေမဲ့ ရက်ရွှေ့ဆိုင်းခဲ့ပါတယ်။ အဲဒီနောက်မှာ သူ့ ရှေ့နေအဖွဲ့ကို အစားထိုးဖို့ ကိစ္စနဲ့ပတ်သက်ပြီး အခြေအတင် အကြာကြီးအငြင်းပွားခဲ့ကြလို့ နောက်ထပ်တစ်ကြိမ် ရက်ထပ်ရွှေ့ခဲ့ရပြန်ပါတယ်။ ၂၀၂၅ ခုနှစ်ကနေ ၂၀၂၆ ခုနှစ်ကို ရောက်တဲ့အထိ တောက်လျှောက်ရက်ရွှေ့နေခဲ့တာပါ။ 


ပြီးခဲ့တဲ့ ဇွန် ၂၉ ရက်နေ့မှာတော့ သူ့ကို ထောင်ဒဏ် နှစ် ၃၀ အမိန့်ချခဲ့ပါတယ်။ ဒီကြားထဲမှာ သူ့ကို သက်ညှာပေးဖို့ ရေးသားထားတဲ့ အသနားခံစာပေါင်း တထောင်ကျော်လောက် ရောက်လာခဲ့တယ်လို့လည်း သိရပါတယ်။


မိုင်းလ်ဂေါနဲ့ ပတ်သက်ပြီး နောက်ထပ် စဉ်းစားစရာတချက်က ထောင်ကလွတ်ပြီးရင် ဘာဆက်ဖြစ်မလဲဆိုတဲ့ အချက်ပါပဲ။ သူထောင်ကလွတ်လာရင် အနည်းဆုံး အသက် ၇၀ ကျော် ၈၀ ဝန်းကျင်လောက် ရှိနေမှာပါ။ တရုတ်နိုင်ငံက သူ့ကို အခုထိ အလိုရှိနေဆဲပါပဲ။ အမေရိကန်က သူ့ကို တရုတ်နိုင်ငံဆီ ပြန်ပို့ကောင်း ပို့နိုင်တယ်ဆိုတဲ့ ယူဆချက်လည်း ရှိပါတယ်။ 


မိုင်းလ်ဂေါဟာ တရုတ်အစိုးရကို ဆန့်ကျင်တိုက်ခိုက်ပြောဆိုခဲ့တာက အမှန်ပါပဲ။ ဒါကြောင့်လည်း တရုတ်က အသေရရ အရှင်ရရ လိုချင်နေတာပါ။ အဲ့ဒီအချက်ကို အသုံးချပြီး လူတွေအများကြီးဆီမှာ ဒေါ်လာ ဘီလျံချီ လိမ်လည်ခဲ့တာလည်း အမှန်ပါပဲ။ 


လူတယောက်ဟာ အမှန်တရား ဘက်တော်သားလို့ ဘယ်လောက်ပဲ ပြောနေပါစေ၊ လူပေါင်းများစွာကို လိမ်လည်လှည့်ဖျားပြီး ကိုယ်ကျိုးစီးပွားအတွက် အသုံးချခဲ့သူဖြစ်ရင် သူ့သမိုင်း မလှနိုင်ဘူးဆိုတာပါပဲ။ 


●

မြတ်ကျော်သူ


-------------------------------

ကိုးကားစာရင်း -


၁။ "The Mystery of the Exiled Billionaire Whistle-Blower," The New York Times Magazine

၂။ DOJ / SDNY — Ho Wan Kwok a/k/a "Miles Guo" Arrested (Mar 15, 2023)

၃။ DOJ / SDNY — Statement of U.S. Attorney on the Conviction of Miles Guo

Inner City Press — SDNY live coverage (the $1.3B judgment / sentencing-scheduling filing)

၄။ Courthouse News, "Chinese dissident Guo Wengui guilty of racketeering, fraud in $1 billion scheme" (Jul 16, 2024): 

၅။ SCOTUSblog (Apr 6, 2026)

၆။ Axios, "Bannon quietly making moves toward 2028 run" (Jan 10, 2026)

၇။ CPAC 2026 speaker announcement

၈။ Britannica, "Steve Bannon"

Tuesday, May 19, 2026

အန်ဂျီအိုတွေက ဘယ်သူ့ကို တာဝန်ခံတာလဲ


(USAID ပါကစ္စတန် တွင် ဖွံ့ဖြိုးရေးဆိုင်ရာ အဆင့်မြင့် ကျွမ်းကျင်သူအဖြစ် လုပ်ကိုင်ခဲ့သူ ‘မိုဟာမက် အလ်တပ်ဖ် အာဖရီဒီ’ ၏ဆောင်းပါးကို ဘာသာပြန်ထားပါတယ်။)


ဆောင်းပါးရှင် - Mratt Kyaw Thu (May 18, 2026)


အဲ့ဒီနေ့က သြဂုတ်လထဲဆိုတော့ အတော် အိုက်စပ်စပ် ရှိတယ်။ ပျက်သွားတဲ့ကားကို ပြင်ဖို့ အစ္စလာမာဘတ်ဈေးထဲက ဝပ်ရှေ့ဆိုင်ကို ကျနော်ရောက်နေတာ။ စက်ပြင်ဆရာ မရောက်သေးလို့ ထိုင်စောင့်နေရတယ်။ ဈေးနဲ့ ခပ်လှမ်းလှမ်းမှာတော့ အဲကွန်းအငြိမ့်သားနဲ့ အမေရိကန်သံရုံး ရှိတယ်။


ဒီလောက် ပူကြွပ်နေတာတောင်မှ ဈေးထဲမှာ လူတွေ လှုပ်လှုပ်ရွရွဖြစ်နေတာ သတိထားမိတယ်။ အဲ့ဒါနဲ့ ဝပ်ရှော့ထဲက စက်ပြင်ဆရာတပည့်ကို လှမ်းမေးကြည့်တော့ “ဒီနေ့ ကျနော်တို့ ဆိုင်ရှင်များအသင်း အမှုဆောင် ရွေးတဲ့နေ့လေ” လို့ ပြန်ပြောတယ်။ ကျနော်လည်း စိတ်ဝင်စားသွားတော့ ဝပ်ရှော့ထဲကထွက်ပြီး ဟိုဟိုဒီဒီ စ နည်းနာကြည့်တယ်။


ဈေးထဲမှာ ဟိုနားလူတစု ဒီနားလူတစုနဲ့ အတော်ကို တက်တက်ကြွကြွ ဆွေးနွေးနေကြတာ မြင်ရတယ်။ ကြားရတဲ့ အကြောင်းအရာတွေက အစ္စလာမာဘတ်ဈေးထဲ ဆိုင်ရှင်တွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေ၊ အစိုးရက လျစ်လျူရှုထားတာတွေ၊ ပြီးတော့ မြို့ထဲက ဝပ်ရှေ့တွေကို ညစ်ပတ်လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ မြို့ပြင်ကို ရွှေ့ပစ်မယ်ဆိုလို့ စီးပွားပျက်မယ့်ကိစ္စတွေ၊ အစုံပဲ။


သူတို့ အမှုဆောင်ရွေးတာက ကြမ်းတယ်။ ပိုစတာတွေ ချိတ်၊ စာတန်းတွေထိုး၊ ဆွေးနွေးနေတဲ့ ပုံစံတွေကြည့်ရတာလည်း ပြင်းထန်တယ်။ နှိုင်းပြောရရင် တော်ရုံနိုင်ငံတော်အဆင့် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးတွေလောက်တော့ သနားတယ်လို့ ပြောရလိမ့်မယ်။ ကျနော် ဘာတွေးမိလဲဆိုတော့ “ဒါကမှ အခြေခံလူတန်စားတွေရဲ့ တကယ့် လူမှုအဖွဲ့အစည်း လှုပ်ရှားမှု” ဆိုတာပါပဲ။


ကျနော် ဖွံ့ဖြိုးရေးကဏ္ဍမှာ ၂၅ နှစ် အလုပ်လုပ်ခဲ့ပါတယ်။ အရပ်ဘက် အဖွဲ့အစည်းတွေအတွက်ပေးတဲ့ သန်းနဲ့ချီတဲ့ ဒေါ်လာငွေတွေကို စီမံခန့်ခွဲခဲ့ဖူးပါတယ်။ ဒါပေမဲ့ ဘယ်အလှူရှင်အဖွဲ့အစည်းကမှ အစ္စလာမာဘတ်ဈေးထဲက ‘ဆိုင်ရှင်များအသင်း’ လိုအဖွဲ့မျိုးတွေကို ရန်ပုံငွေ ထောက်ပံ့ပေးတာ တခါမှ မမြင်ဖူးပါ။


ဒါကဘာကို ပြနေတာလဲဆိုတော့ ရန်ပုံငွေ စိုက်ထုတ်ပေးလိုက်တာနဲ့ အမှန်တကယ် လက်တွေ့မြေပြင်မှာ လိုအပ်နေတာတွေနဲ့ ကွာခြားချက်ကြီးကြီးမားမား ရှိနေတယ် ဆိုတာပဲ။ နိုင်ငံတကာက ပေးတဲ့ အကူအညီတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေကြားမှာ ဘာတွေလွဲနေလဲဆိုတာကို မြင်သာစေတဲ့အချက်လည်း ဖြစ်ပြန်ပါတယ်။


အခုဆိုရင် အမေရိကန် အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးအေဂျင်စီ (USAID) လည်း ဖျက်သိမ်းခံလိုက်ရပြီ။ အနောက်နိုင်ငံတွေရဲ့ ဖွံ့ဖြိုးရေး ရန်ပုံငွေတွေ ဘယ်လိုရှိခဲ့နေခဲ့သလဲဆိုတာကိုလည်း မေးခွန်းထုတ် စစ်ဆေးနေကြပြီ။ ဒါကြောင့် ဒီမေးခွန်းဟာ အခုအချိန်မှာ အရေးတကြီး ဖြေရှင်းရမယ့်ကိစ္စ ဖြစ်လာပါတယ်။


နိုင်ငံတကာ အကူအညီတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေကြားမှာ ဘာတွေလွဲနေသလဲ။

ပွင့်ပွင့်လင်းလင်းပြောရရင် ကျနော်တို့က လက်တွေ့မြေပြင်မှာ ဘယ်သူ့ကိုမှ တာဝန်ခံစရာမလိုဘဲ ဝါရှင်တန် ဒါမှမဟုတ် လန်ဒန်က အလှူရှင်တွေကိုပဲ တာဝန်ခံရတဲ့ အသက်မွေးဝမ်းကျောင်း အန်ဂျီအိုတွေနဲ့ သီးသန့် ကမ္ဘာတစ်ခုကို ဖန်တီးခဲ့ကြတာပဲ။


တကယ်က အရပ်ဘက် လူမှုအဖွဲ့အစည်း ဆိုတာ အစိုးရနဲ့ ဈေးကွက်စီးပွားရေးကြားက လစ်ဟာနေတဲ့ ကွက်လပ်ကို ဖြည့်ဆည်းပေးရတာ ဖြစ်ပါတယ်။ အစိုးရကလည်း မလုပ်ပေး၊ စီးပွားရေးသမားတွေကလည်း မလုပ်တဲ့အရာတွေကို စိတ်တူကိုယ်တူရှိတဲ့ လူတွေ စုပေါင်းပြီး လုပ်ကြတာမျိုးပါ။ ပြောရရင်တော့ တကယ့် စိတ်ရင်းစေတနာအမှန်နဲ့ အဖွဲ့ဝင်တွေအပေါ်မှာ အခြေခံထားပြီး တာဝန်ခံမှု ရှိရှိလုပ်ကြရတာမျိုး။


ကျနော် တွေ့ခဲ့ရတဲ့ အစ္စလာမာဘတ်ဈေးထဲက ‘ဆိုင်ရှင်များအသင်း’ ဆိုတာ အတိအကျ ပြောရရင် အဲဒီလို အဖွဲ့အစည်းမျိုးပဲ။ အစိုးရကလည်း မဖြေရှင်းပေးနိုင်၊ ဈေးကွက်ကလည်း မတတ်နိုင်တဲ့ ပြဿနာတွေကို ဖြေရှင်းဖို့နဲ့ သူတို့ ခေါင်းဆောင်ပိုင်းကို ရွေးကောက်တင်မြှောက်ဖို့ ဈေးသူဈေးသားတွေက သူတို့မှာရှိတဲ့ အရင်းအမြစ်တွေကို စုပေါင်းပြီး လုပ်ကြတယ်။


ပါကစ္စတန်နိုင်ငံက ကိုလိုနီလက်အောက်က ထွက်လာရတာဖြစ်လို့ စစ်တပ်က အင်အားကောင်းတယ်။ ပြီးတော့ ဗျူရိုကရေစီယန္တရားကလည်း ခိုင်မာတယ်။ ဒါပေမဲ့ အရပ်ဘက် လူမှုအဖွဲ့အစည်းကျတော့ အားနည်းတယ်။ ကိုလိုနီဆိုတာကတော့ ဘယ်တော့မှ စုစည်းညီညွတ်မှုကို လိုလားခဲ့တာ မဟုတ်ဘူး။ ဒါပေမဲ့ လူ့အဖွဲ့အစည်းဆိုတာက ကိုယ့်ဘာသာ စုစုစည်းစည်းနဲ့ ရှင်သန်နိုင်မဲ့ နည်းလမ်းတွေ ရှာကြံခဲ့ကြရတာပါပဲ။


ဈေးသည်များအသင်း၊ ဘာသာရေး လူမှုကူညီရေး ကွန်ရက်တွေ၊ သက်မွေးဝမ်းကျောင်း အသင်းတွေ၊ ရပ်ကွက်အသင်းအပင်းတွေ စတာတွေဟာ ပါကစ္စတန်မှာ နေရာတိုင်းရှိကြတယ်။ ကိုယ့်အားကိုယ်ကိုးပြီး ရန်ပုံငွေ မတည်တယ်၊ ပြီးတော့ ကိုယ်စားပြုတဲ့ အသိုက်အဝန်းအတွက် အလုပ်လုပ်ကြတယ်။


ဘာကြောင့်လဲတော့ မပြောတတ်ဘူး။ နိုင်ငံတကာ အလှူရှင်တွေဟာ ဒီလို အသင်းအပင်း အဖွဲ့အစည်းတွေကို ဘယ်တော့မှ မတွေ့ကြဘူး။ မတွေ့ကြတာပဲလား ကပ်ကျော်သွားတာပဲလား။ ဒီလိုအဖွဲ့တွေအစား နိုင်ငံတကာအလှူရှင်တွေ ရက်ရက်ရောရော ငွေစိုက်ထုတ်ပေးကြတာ ဘယ်လိုအဖွဲ့တွေလိုဆိုတော့ ဒီလိုနိုင်ငံတကာအဖွဲ့တွေဆီက ငွေရဖို့ သီးသန့်ထောင်ထားကြတဲ့ အဖွဲ့တွေပဲ။ အချိန်လုနေရတာတွေ၊ ရထားတဲ့ ထောက်ပံ့ငွေတွေ အမြန်သုံးဖို့ လောနေရတာတွေနဲ့ ပရိုပိုဆယ်အပေါ် အခြေခံထားတဲ့ အဲ့ဒီလိုအဖွဲ့တွေရဲ့ ငွေသုံးစွဲမှုတွေကိုကြည့်ရင် အရပ်ဘက်အဖွဲ့အစည်းနဲ့မတူတော့ဘဲ ကန်ထရိုက်ဆွဲပြီး အလုပ်လုပ်ကြတာနဲ့ တူနေပါတော့တယ်။ ပြောရရင် ကန်ထရိုက်ဆွဲပြီး အသက်မွေးဝမ်းကျောင်း ပြုနေတဲ့ အန်ဂျီအို ဂေဟစနစ်ကြီးကို ဖန်တီးပေးလိုက်သလို ဖြစ်သွားပါတယ်။


ဘာဖြစ်ရမယ်၊ ဘယ်လိုရလဒ်မျိုးထွက်ရမယ်ဆိုတဲ့ သတ်မှတ်ချက်လည်းမရှိသလို တာဝန်ယူမှုလည်း မရှိ၊ ရည်မှန်းချက်လည်း ရှိကြပုံ မရဘူး။ ကိုယ့်အဖွဲ့ဝင်တွေအပေါ်မှာလည်း တာဝန်ခံမှု မရှိကြဘူး။ သူတို့ အဓိက တာဝန်ခံကြတာက အလှူရှင်တွေပဲ။


ဒီနှစ် အမျိုးသမီး စွမ်းဆောင်ရည်မြှင့်တင်ရေး လုပ်နေတဲ့ အဖွဲ့အစည်းက နောက်နှစ်ကျရင် သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးဘက်ကို ပြောင်းသွားတတ်တယ်။ ဒါက အဲ့ဒီဘက်မှာ သူတို့ ကျွမ်းကျင်လို့ ဒါမှမဟုတ် အဲ့ဒီဘက်ကို ပိုပြီး စိတ်အားထက်သန်လို့ မဟုတ်ဘူး၊ အဲ့ဒီခေါင်းစဉ်က ပိုက်ဆံပိုရလို့ပါ။


နိုင်ငံတကာ အလှူရှင်တွေရဲ့ မျက်စိအောက်ကို တကယ်အလုပ်လုပ်နေတဲ့ အရပ်ဘက် အဖွဲ့အစည်းတွေ ဘယ်တုန်းကမှ မရောက်ခဲ့ကြဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့မှာ အလှူရှင်တွေ တန်ဖိုးထားတဲ့ အရည်အချင်းတစ်ခု မရှိလို့ပါပဲ။ တခြားတော့ မဟုတ်ဘူး၊ ‘အလန်းစား အင်္ဂလိပ်စာနဲ့ ပရိုပိုဆယ် ရေးနိုင်စွမ်း’ မရှိကြတာပါ။


ဒီထက်ပိုဆိုးတဲ့ကိစ္စကတော့ တာဝန်ခံမှုအပိုင်း။ ကျနော့်အတွေ့အကြုံအရဆိုရင် အလှူရှင်တွေဟာ အစိုးရ အသုံးစရိတ်တွေကိုဆိုရင် ပြေစာတွေ၊ ရသုံးစာရင်းတွေ၊ ဘတ်ဂျက်ခေါင်းစဉ်တွေ အားလုံးကို တခုမကျန် စေ့စေ့စပ်စပ်နဲ့ စစ်ဆေးတတ်ကြတယ်။ ဒါပေမဲ့ အန်ဂျီအိုတွေနဲ့ ပတ်သက်လာရင်တော့ အမြဲတမ်းနီးပါး အထာ ထားပေးကြတယ်။


အစိုးရတွေကို ကျနော်တို့ ဝေဖန်နေကျ ပြဿနာတွေဖြစ်တဲ့ ခြစားမှုတွေ၊ ရန်ပုံငွေ အလွဲသုံးစားလုပ်တာတွေနဲ့ နိုင်ငံရေးသြဇာလွှမ်းမိုးတာတွေက တကယ်တော့ အန်ဂျီအိုလောကမှာ အတူတူပဲ။ ဒါမျိုးတွေဖြစ်နေတယ်ဆိုတာ အထောက်အထားတွေ ရှိနေတာတောင် အလှူရှင်တွေက မသိချင်ယောင် ဆောင်ကြတယ်။


ဒီလိုမျိုး သက်သက်ညှာညှာစဉ်းစားပေးတဲ့ အကြောင်းရင်းက အတွေးအခေါ်ပိုင်းဆိုင်ရာ အယူအဆကြောင့်လို့ ကျနော်ထင်တယ်။ ဘာလဲဆိုတော့ အရပ်ဘက်အဖွဲ့အစည်းတွေဆိုတာ အစိုးရထက် ပိုပြီးရိုးသားဖြူစင်ကြတယ်လို့ မြင်ကြတာကိုး။


ပိုပြီးလက်တွေ့ကျတဲ့ နောက်ထပ် အကြောင်းအရင်းတခု ရှိသေးတယ်။ တကယ်လို့ အန်ဂျီအိုတွေကိုသာ အစိုးရလို စံနှုန်းတွေနဲ့ လိုက်စစ်လိုက်မယ်ဆိုရင် အားလုံးမှီခိုနေရတဲ့ ရန်ပုံငွေ ခွဲဝေသုံးစွဲရေး ယန္တရားကြီးတခုလုံး ရပ်ဆိုင်းသွားနိုင်တာကြောင့်ပါပဲ။


လူပြောနည်းတဲ့ ကိစ္စတခုလည်း ရှိသေးတယ်။ ဝါရှင်တန် ဒါမှမဟုတ် လန်ဒန်က စီနီယာကြီးတွေလာရင် ‘အရပ်ဘက်အဖွဲ့အစည်းတွေကို ကိုယ်စားပြုတဲ့လူတွေ’ နဲ့ တွေ့ဆုံပွဲတွေကို USAID နဲ့ သံရုံးဘက်ကနေ စီစဉ်ပေးရလေ့ရှိတယ်။ ကျနော်ကိုယ်တိုင်လည်း နှစ်ပေါင်းများစွာ ပါခဲ့ဖူးတယ်။


အဲ့ဒီလိုပွဲမျိုးကျရင် အရပ်ဘက် အဖွဲ့အစည်းဆိုတာ ဘာလဲဆိုတာကို နိုင်ငံခြားသားတွေရှေ့မှာ ဘယ်လိုပုံဖော်ပြရမလဲဆိုတဲ့ ချက်ကောင်းကို ကောင်းကောင်းသိ၊ စကားပြောကောင်းပြီး အင်္ဂလိပ်စာလည်း အင်မတန်သွက်၊ ပြီးတော့ နိုင်ငံတကာ အချိတ်အဆက်တွေလည်း ရှိတဲ့ အဖွဲ့အစည်းဟောင်းတွေကိုပဲ ဖန်တရာတေအောင် ကျနော်တို့ ပွဲသွင်းခဲ့ကြတာချည်းပဲ။


‘တွေ့နေကျ လူဟောင်းတွေ’ လို့တောင် အချင်းချင်း နောက်ပြောင်ပြီး ခေါ်ကြပါတယ်။ သူတို့နဲ့ကျတော့ နိုင်ငံတကာကလာတဲ့ အကြီးပိုင်း စီနီယာတွေ စိတ်အနှောင့်အယှက်ဖြစ်စရာ စိတ်ပူစရာမလိုဘူး။ တကယ်ဖြစ်နေတာတွေ ကြားသွားမှာလည်း စိုးရိမ်စရာမရှိဘူး မဟုတ်လား။


တကယ်အလုပ်လုပ်နေတဲ့ အရပ်ဘက် အဖွဲ့အစည်းက လူတွေနဲ့သာ ဆိုရင်တော့ ဇာတ်တိုက်ထားသလို ဘယ်ဖြစ်တော့မလဲ။ ထိန်းဖို့ကလည်း ခက်၊ ကြိုတင်ပြင်ဆင်မထားဘဲ တုတ်ထိုးအိုးပေါက် တဲ့တိုးတွေ ပြောရင် အလှူရှင်တွေရော၊ သံရုံးဝန်ထမ်းတွေပါ အားလုံး ပြဿနာ တက်ကုန်မှာပေါ့။


❍


အဲဒီလို တွေ့ဆုံဆွေးနွေးပွဲတွေမှာ အစ္စလာမာဘတ်ဈေးထဲက ဆိုင်ရှင်များအသင်းလို အဖွဲ့မျိုးထဲက လူတွေ ပါခွင့်မရကြပါဘူး။ ပြီးတော့ သူတို့က အလှူရှင်တွေ နားဝင်မယ့် ကိန်းကြီးခန်းကြီး စကားလုံးတွေ မသုံးတတ်ကြဘူး မဟုတ်လား။


ဒီအကျိုးဆက်ကို ကျနော်တို့ မြင်နေကြရပါပြီ။ အကူအညီတွေ ယူနေတဲ့ တခြားနိုင်ငံတွေမှာလိုပဲ ပါကစ္စတန်မှာလည်း အန်ဂျီအိုတခုကို ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းလိုမျိုး သဘောထားပြီး အန်ဂျီအို ‘ပိုင်ရှင်’ ဆိုတဲ့ အသုံးအနှုန်းမျိုး ခဏခဏကြားရပါတယ်။ ဘုတ်အဖွဲ့ ဆိုတာတွေကလည်း စာရွက်ပေါ်မှာပဲ ရှိတာပါ။


အန်ဂျီအိုထဲက ထိပ်ပိုင်းရာထူးတွေကို ကြည့်လိုက်ရင်လည်း ဒီလူတွေပဲ၊ ဒါမှမဟုတ် သူ့ဆွေမျိုး အသိုင်းအဝိုင်းထဲက လူတွေချည်းပဲ။


လူထုနဲ့ အစိုးရကြားမှာ ပေါင်းကူးပေးရမဲ့ အဖွဲ့အစည်းတွေဟာ သူတို့ကိုယ်တိုင် ပြည်တွင်းက အဖွဲ့ဝင်တွေကို တာဝန်ခံရမယ့်အစား ပြင်ပက အလှူရှင်တွေကိုပဲ ပြန်ကြည့်နေရတဲ့ ပြိုင်ဘက် လုပ်ငန်းခွင် ယန္တရားတစ်ခုလို ဖြစ်နေပါပြီ။


ဒီလိုမျိုး ဖြစ်ပါစေတော့ဆိုတဲ့ ရည်ရွယ်ချက်တော့ မရှိလောက်ပါဘူး။ အလှူရှင်တွေကတော့ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေကို ရန်ပုံငွေ ထောက်ပံ့ပေးတာက ဒီမိုကရေစီကို အားကောင်းစေပြီး အစိုးရတွေကို တာဝန်ခံမှု ရှိလာစေလိမ့်မယ်လို့ ယုံကြည်ကြပါတယ်။


ပြဿနာက သူတို့ ဖန်တီးပေးလိုက်တဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်း ဆိုတာကြီးက သူတို့ တကယ်တမ်း အားကောင်းမောင်းသန် ဖြစ်စေချင်တာမျိုး ဖြစ်မနေတာပါပဲ။ မေးစရာရှိတာက ဒါဆို ဘယ်လိုလုပ်ရင် အဆင်ပြေနိုင်မလဲ။


နိုင်ငံတကာ အလှူရှင်တွေအနေနဲ့ ဘယ်အဖွဲ့အစည်းကို ရန်ပုံငွေ ပေးမလဲဆိုတာ မဆုံးဖြတ်ခင်မှာ အနည်းဆုံးတော့ လက်တွေ့မြေပြင်မှာ ဘယ်လို အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ တကယ် ရှိနေသလဲဆိုတာကို အရင်ဆုံး လေ့လာပြီးနားလည်အောင် လုပ်သင့်ပါတယ်။


အင်္ဂလိပ်လို ပရိုပိုဆယ် ကောင်းကောင်း မရေးတတ်ပေမဲ့ လူထုကြားမှာ အမှန်တကယ် အလုပ်လုပ်နေတဲ့ အဖွဲ့အစည်းတွေဆီ ရောက်ရှိနိုင်မယ့် နည်းလမ်းတွေကို (ဘယ်လောက်ပဲ အားနည်းချက် ရှိနေပါစေဦးတော့) ရှာဖွေသင့်ပါတယ်။ ပြီးတော့ အစိုးရတွေကို လုပ်သလိုမျိုး တာဝန်ခံမှု တာဝန်ယူမှု စံနှုန်းမျိုးအတိုင်း အန်ဂျီအိုတွေကိုလည်း အတူတူပဲ ကျင့်သုံးရပါမယ်။


နောက်တခုကတော့ ထောက်ပံ့ငွေနဲ့ လည်ပတ်နေတဲ့ ‘စီမံချက်တွေကို အကောင်အထည်ဖော်တဲ့ အဖွဲ့အစည်း’ နဲ့ ‘တကယ့် အရပ်ဘက် လူမှုအဖွဲ့အစည်း’ တို့ရဲ့ ကြားက ကွာခြားချက် ဘာလဲဆိုတာကို ရိုးရိုးသားသားဝန်ခံကြဖို့ လိုပါတယ်။


အစ္စလာမာဘတ်ဈေးထဲက ဆိုင်ရှင်များအသင်းမှာ အလှူရှင်အကြိုက် လိုက်လုပ်ရမယ်ဆိုတာတွေ ဒါမှမဟုတ် ပရောဂျက်သတ်မှတ်ချက်အတိုင်း ပြီးအောင်လုပ်ရမယ်ဆိုတာတွေ ဘယ်သူမှ တွေးမနေကြပါဘူး။ သူတို့အသင်းကို ဘယ်သူက ဦးဆောင်သင့်လဲ၊ ဘာကြောင့်လဲ ဆိုတာကိုပဲ ငြင်းခုံနေကြတာပါ။


ဆူညံပွက်လောရိုက်နေပေမဲ့ အဲ့ဒါမျိုးကမှ တကယ့်အစစ်အမှန်ပါ။ အရပ်ဘက်လူမှုအဖွဲ့အစည်းဆိုတာတွေ တကယ်တမ်း ရှိရမှာက အဲ့ဒီ ဆိုင်ရှင်များအသင်းလို အလုပ်လုပ်ပုံမျိုးပဲ။


အလှူရှင်တွေက သူတို့ကို ရန်ပုံငွေ တစ်ခါမှ မပေးခဲ့ဖူးပါဘူး။ ပြန်တွေးကြည့်ရင်တော့ အဲ့လိုမပေးခဲ့လို့ပဲ သူတို့အတွက် ပိုကောင်းနေတာများလားလို့လည်း တွေးမိသေးတယ်။ အလှူရှင်တွေရဲ့ ပိုက်ဆံဆိုတာ ကိုင်မိရင် ကိုင်မိတဲ့လူတွေရဲ့စိတ်ကို ပြောင်းလဲပစ်နိုင်တာကိုး။ ပြီးတော့ အလှူငွေဆိုတာ အဖွဲ့အစည်းတွေကို ပရိုပိုဆယ်တွေပေါ်မှာ အားကိုးစေပြီးတော့ ကိုယ့်ကို ပိုက်ဆံပေးတဲ့ အလှူရှင်တွေအကြိုက်ပဲ လိုက်စေပါလိမ့်မယ်။


ပါကစ္စတန်လို နိုင်ငံတွေမှာ နိုင်ငံတကာ အလှူရှင်တွေ မြင်ဖူးခဲ့တာထက် အမှန်တကယ် စေတနာအရင်းခံနဲ့အလုပ်လုပ်တဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ အများကြီး ရှိနေနိုင်ပါတယ်။ အခုအချိန်မှာ သူတို့ကို ပေးသင့်တဲ့ အကူအညီကတော့ သူတို့ဘာသာ လွတ်လွတ်လပ်လပ် ထားလိုက်တာကပဲ အကောင်းဆုံးဖြစ်ပါလိမ့်မယ်။


****စာရေးသူ ‘မိုဟာမက် အလ်တပ်ဖ် အာဖရီဒီ’ သည် USAID-ပါကစ္စတန် တွင် ဖွံ့ဖြိုးရေးဆိုင်ရာ အဆင့်မြင့် ကျွမ်းကျင်သူအဖြစ် လုပ်ကိုင်ခဲ့သူ ဖြစ်သည်။


The Guardian သတင်းဌာနမှာ ဖော်ပြခဲ့တဲ့ Mohammad Altaf Afridi ရဲ့

I ran aid programmes for 25 years – getting my car fixed at an Islamabad market taught me why they don’t work ကို ဘာသာပြန်ထားပါတယ်။


ဘာသာပြန်ရေးသားသူ - Mratt Kyaw Thu

Saturday, January 17, 2026

ဟိုတုန်းက မန္တလေးတိုင်းဘောလုံးအသင်း

 ◾️ဟိုတုန်းက မန္တလေးတိုင်းဘောလုံးအသင်း




◾️မန္တလေးနဲ့ ဘောလုံး


ဘောလုံးအားကစားနည်းနဲ့ ရွှေမန်းသားတို့ ရင်းနှီးကျွမ်းဝင်ခဲ့တာ နှစ်ပေါင်း(၁၂၀) ကျော်ပြီဖြစ်ပါတယ်။ ရွှေမန်းသားတို့ရဲ့သည်းခြေကြိုက်အားကစားက ဘောလုံးဆိုတာ ငြင်းစရာ မလိုပါဘူး။ ၁၉၀၀ ပြည့်နှစ်မှာရွှေမန်းမြို့ရဲ့ ကျက်သရေဆောင် ယူဘီအေအေ (ယခု ဗထူးကွင်း)မှာ ဘောလုံးပွဲများစတင် ကျင်းပ ခဲ့ပါတယ်။ 


ဝီလီယံယန်းဂါးဖလား(အထက်အောက်မြန်မာပြည်ဘောလုံးဗိုလ်လုပွဲ)နဲ့ ကျောက်ကုန်သည်ဒိုင်း ဘောလုံး ပြိုင်ပွဲတို့ဟာ ရွှေမန်းဘောလုံးခေတ်ဦးမှာ ထွန်းတောက်ခဲ့တဲ့ ပြိုင်ပွဲတွေဖြစ်ပါတယ်။


နောက်ပိုင်းကာလတွေမှာတော့ ဗထူးကွင်းဖွင့်ဖလား၊ ဗထူးအမှတ်ပေးပြိုင်ပွဲ၊ ဗထူးကွင်းပိတ်ဖလား၊ ရတနာပုံဒိုင်းတိုင်းကောင်စီဥက္ကဋ္ဌဖလားနဲ့ရွှေကုန်သည်များဖလားဘောလုံးပြိုင်ပွဲတို့မှာ ဌာနဆိုင်ရာကလပ် အသင်းများသာမက မြို့မချမ်းအေးသာစံ၊ ၄၅ တာ၊ ပုလဲနက် စသည့် အပျော်တမ်းအသင်းများလည်းဝင်ရောက်ယှဉ်ပြိုင်ကစားခဲ့ကြပါတယ်။


ယှဉ်ပြိုင်မှုအားကောင်းသည့်ပွဲစဉ်များဆိုလျှင် ယနေ့ခေတ် မြန်မာနေရှင်နယ်လိဂ်ပွဲစဉ်များထက် ကြည့်ရှုသည့်ပရိသတ် ပိုမိုခဲ့ပါတယ်။ အဲဒီခေတ်အခါက မန္တလေးတက္ကသိုလ်နဲ့ စိန်ပန်းရပ်ကွက်တွေက မြင်းလှည်းနှင့်လာရောက်ကြည့်ရှု အားပေးသလို ဈေးချိုဝန်းကျင်မှာလည်း ဘတ်စကားများနှင့်

လာရောက်ကြည့်ရှု အားပေး ကြပါတယ်။ 


ပွဲစဉ်ကောင်းသည့် နေ့ဆိုလျှင်ဈေးချိုမှ ဆိုင်ပိုင်ရှင်များကညနေ ၃ နာရီလောက်မှာဆိုင်စောသိမ်းပြီး စက်ဘီးများနှင့် ဗထူးကွင်းသို့လာလေ့ရှိပါတယ်။ဗထူးကွင်းက ဘောလုံးအတွက်နာမည်ကြီးရုံသာမက အားပေး သည့် ပရိသတ်များ ပွဲကြည့်ရင်းစားသည့် ဗထူးကွင်း မြီးရှည်၊ စမူဆာသုပ်နဲ့အကြော်သုပ်တို့ကလည်း နာမည်ကျော်ခဲ့ပါတယ်။ 


ဗထူးကွင်းမှာ ယှဉ်ပြိုင်ကစားမည့်ပွဲစဉ်များကို ဆေးရုံကြီး၊ နာရီစင်၊ အနောက်ကျုံးထောင့် စသည့် နေရာတွေမှာ တစ်ရက်ကြိုပြီး ကြော်ငြာထားပါတယ်။ပြည်နယ်နှင့်တိုင်း ဘောလုံးပြိုင်ပွဲသို့ သွားရောက် ယှဉ်ပြိုင်မည့် မန္တလေးတိုင်းဘောလုံးအသင်းနဲ့ ရန်ကုန်က ပထမတန်းအသင်းများရဲ့ ခြေစမ်းပွဲများနဲ့ ပြည်နယ်နှင့်တိုင်းဘောလုံးပြိုင်ပွဲ ပွဲစဉ်တွေမှာ ပရိသတ်အင်အားကတော့ ကြက်ပျံမကျ စည်ကားခဲ့သလိုလက်မှတ်တစ်စောင် ရဖို့အတွက်လည်းအတော်ကြိုးစားခဲ့ရပါတယ်။


ညနေ ၄ နာရီမှာ ယှဉ်ပြိုင်ကစားတဲ့ပွဲစဉ်ကိုကြည့်ဖို့အတွက် မွန်းလွဲ ၁ နာရီကတည်းက ဗထူးကွင်းကို သွားခဲ့ရပါတယ်။ပရိသတ်တွေရဲ့ အော်သံတွေကလည်း သုံးပြပတ်လည်ကြားခဲ့ရပါတယ်။ ဗထူးကွင်းမှာယခင်လို ပြိုင်ပွဲများကျင်းပနိုင်မှု လျော့နည်းနေသော်လည်း ရွှေမန်းသားတို့က ဘောလုံးကို

နှစ်သက်နေဆဲ၊ အားပေးနေဆဲဖြစ်ပါတယ်။


◾️ပြည်ထောင်စုဒိုင်း


မြန်မာ့ဘောလုံးအားကစားသမိုင်းမှာသက်တမ်းအရှည်ဆုံးနဲ့ အောင်မြင်မှုအရှိဆုံးပြိုင်ပွဲက ပြည်နယ်နှင့်တိုင်း ဘောလုံးပြိုင်ပွဲ(ပြည်ထောင်စုဒိုင်း)ဖြစ်ပါတယ်။ ကမ္ဘာ့ဖလားမှာ ဘရာဇီးအသင်းက နံပါတ်တစ်ဖြစ်သလိုမန္တလေးတိုင်းဘောလုံးအသင်းကလည်း ပြည်နယ်နှင့်တိုင်း ဘောလုံးပြိုင်ပွဲမှာ ရေပန်းစားနာမည်ကြီးခဲ့တဲ့ နံပါတ်တစ်အသင်းဖြစ်ပါတယ်။ 


ရွှေမန်းသားတို့ကလည်း ဒေသစွဲ၊ ဇာတ်စွဲကြီးစွာဖြင့် အချိန်၊ ငွေကုန်ကြေးကျခံပြီးအားပေးခဲ့ပါတယ်။ အသင်းဗိုလ်စွဲရင် ဂုဏ်ပြုကြိုဆိုသလို အကြောင်းတစ်ခုခုကြောင့်မန်းတိုင်းအသင်း ရှုံးနိမ့်ရင်လည်း သတင်းစာတွေထဲမှာ အားပေးသည့် ကြော်ငြာများထည့်သွင်းပြီး ဂုဏ်ပြုလေ့ရှိ တယ်။


အဲဒီအချက်ကတော့ ရွှေမန်းသားဘောလုံးဝါသနာရှင်များရဲ့ထူးခြားချက်ပေါ့။ အဲဒီခေတ်အခါတွေက ပြည်သူလူထုစိတ်ဝင်စားမှုအရှိဆုံးအရာတွေထဲမှာ ပြည်နယ်နှင့်တိုင်းဘောလုံးပြိုင်ပွဲက ရှေ့ဆုံးကပါတယ်။


မန္တလေးတိုင်း ဘောလုံးအသင်းက၁၉၈၇၊ ၁၉၈၈၊ ၁၉၉၀၊ ၁၉၉၁နဲ့ ၁၉၉၂ ငါးနှစ်ဆက်တိုက် ဗိုလ်စွဲပြီး ပြည်ထောင်စုဒိုင်းကြီးကမန်းတောင်ရိပ်ခိုခဲ့ရတယ်။ သုံးနှစ်ဆက်တိုက်အနိုင်ရရှိပြီး ပြည်ထောင်စုဒိုင်းကြီးရဖို့ နတ်ကြီးသည်ဆိုသော်လည်း နောက်ဆုံးမှာတော့မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က မန္တလေးတိုင်းသို့ ပေးအပ်ချီးမြှင့်ခဲ့ရတယ်။


မန္တလေးတိုင်းအသင်းက ၁၉၅၆ နဲ့၁၉၅၇၊ ၁၉၆၂နဲ့ ၁၉၆၃၊ ၁၉၇၄နဲ့ ၁၉၇၅၊၁၉၈၄နဲ့ ၁၉၈၅တို့မှာ နှစ်ကြိမ်ဆက်တိုက်အနိုင်ရရှိခဲ့သော်လည်း ပြည်ထောင်စုဒိုင်းကြီးကို အပိုင်ရအောင် မစွမ်းဆောင်နိုင်ခဲ့ဘူး။


အခုလိုအောင်မြင်ခဲ့ရတာက ကစားသမား၊နည်းပြ၊ အုပ်ချုပ်သူများရဲ့ ကြိုးစားမှု၊ ပရိသတ်များရဲ့ အားပေးမှု၊ ရန်ကုန်ရောက် မန္တလေးသားများနဲ့ မန္တလေးအသင်း (ရန်ကုန်)တို့ရဲ့ကူညီပံ့ပိုးမှုများကြောင့် ဖြစ်တယ်။ ရန်ကုန်ရောက်မန္တလေးသားများရွှေမန်းသားတို့က ဘောလုံးအားကစားတွင်သာမက စာပေ၊ ဂီတ၊ အနုပညာတွင်လည်း ‘မန္တလေးသားစိတ်ဓာတ်’ဒေသစွဲကြီးသူတွေဖြစ်တယ်။ 


အကြောင်းအမျိုးမျိုးကြောင့်ရန်ကုန်ရောက် မန္တလေးသားများက မန်းတိုင်းအသင်းဗိုလ်စွဲဖို့ ဘက်ပေါင်းစုံက ကူညီအားပေးလေ့ရှိတယ်။ အဲဒီခေတ်က သတင်းစာတွေမှာပြည်နယ်နှင့်တိုင်းဘောလုံးပြိုင်ပွဲအသင်းကိုဝေဝေဆာဆာဖော်ပြသလို စာဖတ်သူများစိတ်ဝင်စားစေရန်အတွက် အသင်းများရဲ့ ထင်ရှားတဲ့ နိမိတ်ပုံများနဲ့ ဖော်ပြလေ့ရှိတယ်။


မန္တလေးတိုင်းအသင်း ခြေချော်လက်ချော် ဖြစ်၍ ရှုံးနိမ့် သွားပါက ‘ထိုးမုန့်ကြီးဆီနည်းသွားပြီ၊ ထိုးမုန့်ကြီး မှိုတက်ကုန်ပြီ’လို့ သရော်ကလိပြီး ရေးကြပါတယ်။ မန္တလေးသားများကလည်း မန်းတိုင်းအသင်း အကြိုဗိုလ်လုပွဲရောက်ပါက အုပ်စုလိုက် ရန်ကုန်ဆင်း၍ အားပေးကြပါတယ်။


မန္တလေးတိုင်း ဘောလုံးအသင်းမှာလေးကြိမ်ပါဝင်ကစားခဲ့ပြီး နှစ်ကြိမ်ဗိုလ်စွဲအောင် စွမ်းဆောင်ခဲ့သော ဘောလုံးသမားဟောင်းများအသင်းဥက္ကဋ္ဌဖြစ်သူ ဦးဇော်ဝင်းကြီးက ကစားသမားတွေကို တိုင်းဘောလုံးဆပ်ကော်မတီက ရွေး ချယ်ပါတယ်။ ကော်မတီဝင်များက ပျက်ရက်မရှိ ဘောလုံးပွဲကြည့်ပါတယ်။


ဦးစိန်ဝင်း (ကျောင်းအုပ်ကြီး)၊ ဦးဘသိန်း၊ ဦးခင်နီ၊ ဦးဘစန်း(ပါမောက္ခအရှေ့တိုင်းဌာန၊ မန္တလေးတက္ကသိုလ်) တို့က မန်းတိုင်းအသင်းဗိုလ်စွဲဖို့ စွမ်းဆောင်ခဲ့သူများဖြစ်ပါတယ်။ တစ်လခန့် စခန်းသွင်းလေ့ကျင့်ပြီးရန်ကုန်ပထမတန်းအသင်းများ၊ စစ်ကိုင်းနဲ့ကချင်အသင်းတွေနဲ့ခြေစမ်းပွဲ ကစားပါတယ်။


အသင်းရန်ကုန်ရောက်ရင် ရန်ကုန်ရောက်မန္တလေးသားများက လိုအပ်သည်များကို ကူညီဖြည့်ဆည်း ပေးပါတယ်။ ဦးဘရင်၊ ဦးမောင်ကို၊ ဦးမြသောင်း (အဆွေတော်အပ်ချုပ်စက်)နဲ့ မန္တလေး အသင်း(ရန်ကုန်)တို့ရဲ့ ကူညီမှုကအံ့မခန်းစရာပါပဲ။


စာရေးဆရာ၊ သတင်းစာဆရာဦးကြည်မြ၊ မင်းသားညွန့်ဝင်းတို့က မန္တလေးတိုင်းအသင်းကို အများကြီး ကူညီအားပေးပါတယ်။ဗိုလ်စွဲပါက ဧည့်ခံပွဲကျင်းပပေးပြီး မင်းသားညွန့်ဝင်းက သူ့အိမ်မှာ ရုံ မတင်ရသေးတဲ့ ဇာတ်ကားတွေပြသပါတယ်။ 


မန္တလေးအသင်း(ရန်ကုန်)မှ တာဝန်ရှိသူများက Campသို့လာရောက်ပြီး ထမင်း၊ ဟင်းများနဲ့ မုန့်များပေးပို့သလို အောင်ပွဲရပါက ချက်ချင်း ဂုဏ်ပြုပွဲလုပ်ပေးပါတယ်။


“ကျွန်တော်က ၁၉၇၅မှ ၁၉၇၈အထိမန်းတိုင်းအသင်းမှာ လေးနှစ်ဆက်တိုက်ပါဝင်ကစားခဲ့ရာ ၁၉၇၅၊ ၁၉၇၇ မှာ ဗိုလ်စွဲခဲ့ပြီးအသင်းခေါင်းဆောင် တာဝန်ယူခဲ့ပါတယ်။မန်းတိုင်းအသင်းရဲ့ အောင်မြင်မှုခရီးမှာ မန္တလေး အသင်း(ရန်ကုန်) ရဲ့ ပံ့ပိုးကူညီအားပေးမှုကို မှတ်တမ်းတင်ထားရမည်”ဟုဦးဇော်ဝင်းကပြောပါတယ်။


ရန်ကုန်မြို့တွင် ရှစ်နှစ်ခန့်နေထိုင်ခဲ့သော တရားလွှတ်တော်ဥက္ကဋ္ဌ၊ စာရေးဆရာ၊သတင်းစာဆရာ ဦးကြည်မြက မန်းတိုင်းအသင်းနိုင်နိုင်၊ ရှုံးရှုံး သူ့ခြံဝင်းထဲမှာ အတီးအမှုတ်၊အဆိုအကတွေနဲ့ ဧည်ခံပွဲလုပ်ပေးပါတယ်။


ဒေသစွဲကြီးတဲ့ ဆရာ ကြည်မြကို ရန်ကုန်သားများက “ကိုကြည်မြကတော့ လွန်သဗျို့”ဟုပြောတတ်ပါတယ်။ထိုအခါ ဆရာကြည်မြက “အဲဒါဒေသစိတ်ပေါ့၊ တရားစကားနဲ့ပြောရင်တော့ ဘ၀တဏှာပေါ့ ဗျာ”ဟု တိုတိုဖြေလေ့ရှိပါတယ်။


မန္တလေးအသင်း(ရန်ကုန်)က ပြည်နယ်နှင့်တိုင်းဘောလုံး ပြိုင်ပွဲတစ်လျှောက်လုံး မန္တလေးတိုင်းဘောလုံး အသင်းက အောင်နိုင်ရေးအတွက် ကူညီအားပေးမှုကို ဒေသခံရွှေမန်းသားတို့ သိရှိမှုနည်းပါးခဲ့ပါတယ်။


◾️ရွှေရတုတိုင်ပြီ


ရန်ကုန်မှာ ရောက်ရှိနေထိုင်ကြတဲ့မန္တလေးသား၊ မန္တလေးသူအချင်းချင်း ချင်ခင်ရင်းနှီးစွာ မကြာခဏ တွေ့ဆုံကြရန်နဲ့ သာရေးနာ ရေးအစရှိတဲ့ လူမှုကိစ္စများမှာ တတ်နိုင်သမျှဝိုင်းဝန်းကူညီကြရန် ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းတည်ထောင်ခဲ့တဲ့ မန္တလေးအသင်း(ရန်ကုန်)ဟာ ၂၀၂၂ခုနှစ် စက်တင်ဘာ ၁၇ ရက်က နှစ်(၅၀)ရွှေရတု ပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်။


အသင်းရဲ့ ရွှေရတုခရီးအထိမ်းအမှတ်အဖြစ်မဂ္ဂဇင်းထုတ်ဝေခဲ့ရာအောင်မြင်ခဲ့ပါတယ်။မန္တလေးအသင်းကို စစ်ကြိုခေတ်၁၉၁၀ပြည့်နှစ်က သွားစိုက်ဆရာကြီးဦးအောင်ဘို၊အလွတ် ပညာသင်ကျောင်းကျောင်းအုပ်ကြီး ဆရာခို၊ ဆရာကြီး ဦးကံမြင့်၊ကျန်းမာရေးဝန်ထောက်ဦးကြည်နဲ့ ဦးသံဒိုင်စသည်တို့ဦးဆောင်၍ ကန်တော်ကလေးမန္တလေးလမ်းမှာ ‘ရတနာပုံနေပြည်တော်မန္တလေးအသင်း’ကို တည်ထောင်ခဲ့ပါတယ်။


ဒုတိယကမ္ဘာစစ်ကြီးဖြစ်ပွားချိန်အထိ ရန်ကုန်မြို့ မန္တလေးလမ်း၌ အသင်းပိုင်အဆောက် အအုံနှစ်ခုနဲ့ ထည်ဝါစွာ ဘာသာရေးနဲ့ လူမှုရေးလုပ်ငန်းများဆောင်ရွက်ခဲ့ပါတယ်။စစ်ပြီးခေတ်မှာ ဆရာဦးဘလှ၊ ဦးဘသန်း(ရွှေဘုန်းရှိန်)၊ ဦးဘသိန်း(သမီးတော်)၊ဦးလှမောင် (သင်္ဂဟ) စသည်တို့က မိမိတို့ရဲ့လုပ်အားငွေဖြင့် ဘိုကလေးဈေးလမ်းနဲ့ကုန်သွယ်လမ်းထောင့်ရှိ အဆောက်အအုံမှာမန္တလေးကလပ်ကိုတည်ထောင်ခဲ့ပါတယ်။


အဆိုပါကလပ်က ၁၉၅၈ခုနှစ်မှာ ရပ်စဲသွားခဲ့ပါတယ်။၁၉၇၂ခုနှစ် စက်တင်ဘာ ၂၇ ရက်မှာကွမ်းခြံကုန်း ဘူတာကြီးနဲ့ မျက်နှာချင်းဆိုင်ရှိမော်လမြိုင်ကျောင်းတိုက်အတွင်းမှာ ဆရာဦးဘလှ၊ ဦးဧမောင်၊ သခင်အုန်းဖေ၊ ဦးဘရင်၊ဦးညွန့်ရီ၊ ရွှေဘုန်းရှိန်၊ ဒေါ်အုန်းကြည်တို့အမှူးပြုကာ အသင်းကို တည်ထောင်ခဲ့ပါတယ်။


အသင်းက နှစ်စဉ် ဝါဆိုသင်္ကန်းကပ်၊ကထိန်ပွဲ၊ သက်ကြီးပူဇော်ပွဲနဲ့ ပညာရည်ချွန်ဆုပေးပွဲ၊ ဂုဏပူဇာသဘင်၊ မိတ်ဆုံမုန့်ရောင်းပွဲ၊လေ့လာရေးခရီးစဉ်နဲ့ သင်တန်းများ ဖွင့်လှစ်ပေးခဲ့ပါတယ်။


အောင်ပွဲရ မန္တလေးတိုင်း အားကစားအသင်းများအားလည်း ချီးကျူးဂုဏ်ပြုပွဲများကို အသင်းတိုင်း၌ ကျင်းပခဲ့ပါတယ်။ နှစ်စဉ်မန္တလေးချမ်းသာကြီးဆန်လှူအသင်းနဲ့ ချမ်းသာကြီးဘုရားကိုလည်း အလှူငွေများ လှူဒါန်းခဲ့ပါတယ်။


၂၀၀၇ ခုနှစ် နှစ်ဆန်း ၁ ရက်နေ့ကမဟာမုနိဘုရားကြီးအရှေ့မုခ်နဲ့ချမ်းသာကြီးဆန်လှူသင်းတိုက်အရှေ့မှာ သံဃာတော်အပါး ၁၀၀၀ကို ငါးသလောက်ဟင်းဖြင့် ဘုံဆွမ်းလောင်းလှူခဲ့ပါတယ်။ မန္တလေးရတနာပုံမြို့ တည်နန်းတည်နှစ် (၁၅၀)ပြည့် အထိမ်းအမှတ်မဂ္ဂဇင်းကိုလည်း အသင်းက ကြီးမှူး၍

၂၀၀၉ခုနှစ် မေလမှာ ထုတ်ဝေခဲ့ပါတယ်။


ထူးခြားမှုကတော့ ငါးနှစ်ဆက်တိုက်အနိုင်ရရှိပြီး ပြည်ထောင်စုဒိုင်းကြီးကို မန်းတောင်ရိပ်၌ ထာ၀ရနားခိုရန် စွမ်းဆောင်ခဲ့သော မန္တလေးတိုင်းဘောလုံးအသင်းအားဂုဏ်ပြုသည့်အနေဖြင့် ၁၉၉၃ ခုနှစ် မေလမှာမန္တလေးအသင်း စာစဉ် (၃)အဖြစ် မဂ္ဂဇင်းတစ်စောင်ထုတ်ဝေခဲ့ ပါတယ်။


◾️မန်းတောင်ရိပ်မဂ္ဂဇင်း


“မန္တလေးအသင်းသက်တမ်း နှစ် (၂၀)ပြည့်သည့်နှစ်တွင် မန္တလေးတိုင်းဘောလုံးအသင်းကလည်း ငါးနှစ်ဆက်တိုက်ဗိုလ်စွဲအနိုင်ရကာ ပြည်ထောင်စုဒိုင်းကြီးကို အပိုင်ဆွတ်ခူးရရှိပါသည်။ ယင်းဖြစ်ရပ်ကို ဂုဏ်ပြုသည့်အ နေဖြင့် ဤမန်းတောင်ရိပ်စာစောင်ကိုထုတ် ဝေခြင်းဖြစ်ပါသည်”ဟု မန်းတောင်ရိပ်

မဂ္ဂဇင်းဥယျောဇဉ်တွင် ဖော်ပြထားပါတယ်။


အောင်မြင်မှုရရှိခဲ့သော မန္တလေးတိုင်းဘောလုံးအသင်းအား ၁၉၉၂ခုနှစ် ဇန်နဝါရီ၂၅ ရက်မှာ အသင်းတိုက် ခန်းမဆောင်မှာဂုဏ်ပြုပွဲကျင်းပ ပြီး ဆုငွေကျပ် ၁၅၀၀၀ ချီးမြှင့်ခဲ့ပါတယ်။ ပြည်ထောင်စုဒိုင်းကြီး မန္တလေးတောင်တော်ရိပ်၌ ရာသက်ပန်ခိုလှုံလေပြီဟူသော သဘောဖြင့် မဂ္ဂဇင်းကို ‘မန်းတောင်ရိပ်ခို’နာမည် စတင်ယူခဲ့ကြသော်လည်း ကိုမြတ်ဆွေ(ဒေးဒရဲ မြတ်ဆွေ)နဲ့ ဦးဘထွေးတို့ရဲ့ တင်ပြမှုကြောင့် မန်း တောင်ရိပ်ခိုမှ ‘မန်းတောင်ရိပ်’ဟု အမည် ပြောင်းလဲခဲ့ပါတယ်။


မြန်မာနိုင်ငံမှာ ဘောလုံးတစ်သင်းအောင်မြင်မှုအတွက် မဂ္ဂဇင်းတစ်စောင်ထုတ်ဝေခြင်းက ကြုံတောင့် ကြုံခဲ့ဖြစ်စဉ်တစ်ခုဖြစ်ပါတယ်။ အဲဒီမဂ္ဂဇင်းက မန်းတိုင်းဘောလုံးအသင်းအောင်မြင်မှုသမိုင်းမှတ်တမ်းများ၊နာမည်ကျော်ဘောလုံးသမားများ၊မန်းတိုင်းအသင်းရဲ့ထူးခြားမှုများနဲ့မန်းတိုင်းအသင်းအောင်နိုင်ရေးအားပေးကြသူများအကြောင်းတို့ ပါဝင်ပါတယ်။


မန္တလေးတိုင်းဘောလုံးအသင်းအောင်မြင်မှုရရှိရေးအတွက်နှစ်စဉ်နှစ်တိုင်းကူညီအားပေးဖြည့်ဆည်းပေးခဲ့သော မန္တလေးအသင်း(ရန်ကုန်)ကို ရွှေမန်းသားတို့က ယနေ့အချိန်အထိ အမှတ်တရ ဂုဏ်ပြုနေဆဲဖြစ်ပါတယ်။


ရေး-နောင်(ရူပ)

 

Tuesday, January 6, 2026

၂၀၂၅ ခုနှစ်အတွင်း ကွယ်လွန်ခဲ့သည့် ထင်ရှားကျော်ကြားသူများ

 ◾️၂၀၂၅ ခုနှစ်အတွင်း ကွယ်လွန်ခဲ့သည့် ထင်ရှားကျော်ကြားသူများ




၂၀၂၅ ခုနှစ်အတွင်း စာပေ၊ ဂီတ၊ အနုပညာ၊ သဘင်၊ အားကစားနှင့် နိုင်ငံရေးနယ်ပယ်မှ ထင်ရှားကျော်ကြားသည့်လူပုဂ္ဂိုလ်များကွယ်လွန်ခဲ့သည်။ ကွယ်လွန်ခဲ့သူများထဲတွင် စာပေပညာအတွက်အစားထိုးမရ သူများပါဝင်သကဲ့သို့ ပညာရှင်များ၊ ပါရမီရှင်များ၊ လူ့အဖွဲ့အစည်းအတွက်လူမှုအကျိုးပြုသူများပါဝင် သည်။ အဆိုပါထူးချွန်ထင်ရှားသူများကို စံတော်ချိန်ဒစ်ဂျစ်တယ်က မှတ်တမ်းတင်စုစည်းဖော်ပြထား ပါသည်။


◾️ဒေါက်တာတင်စံဦး(ပရဟိတဆရာဝန်)


- ဇန်နဝါရီ ၂၂ ရက်၊ နံနက်ပိုင်းတွင် စာပေလောကသားတို့၏အချစ်တော် ဒေါက်တာတင်စံဦး (ခ) ဆရာလေးသည် ရန်ကုန်တိုင်းတာမွေမြို့နယ်ရှိနေအိမ်၌ လည်ချောင်းကင်ဆာရောဂါဖြင့် ကွယ်လွန်ခဲ့သည်။ စာပေအသိုင်းအဝိုင်းမှကာတွန်းဆရာများ၊ ပန်းချီဆရာများ၊ ကဗျာဆရာ များ၊ စာရေးဆရာများအား ကျန်းမာရေးစောင့်ရှောက်မှုများကို နှစ်ပေါင်းများစွာအခမဲ့ကုသ ပေးခဲ့သည်။ 


ရန်ကုန်၊ မန္တလေးသာမက လူသူအရောက်ပေါက်နည်းသည်ဒေသများသို့လည်း ခက်ခက်ခဲခဲ သွားရောက်၍ဆေးကုသပေးခဲ့သည်။ ထို့ကြောင့်ပင် ဒေါက်တာတင်စံဦးကို မြန်မာနော်မန်ဘက်သွန်းဟု တင်စားခေါ်ဝေါကြသည်။ ကွယ်လွန်ချိန်တွင် အသက်(၇၂)နှစ် ရှိပြီဖြစ်သည်။


◾️မာရဇ္ဇ(တေးရေး၊ တေးဆို)


- ဇန်နဝါရီ ၂၃ ရက်၊ ည ၁၁ နာရီတွင် ကိုယ်ပိုင်သံစဉ်သီချင်းများဖြင့် လူသိများထင်ရှားသူနိုင်ငံ ကျော် တေးသံရှင်မာရဇ္ဇသည် ကျောက်ကပ်ရောဂါဖြင့် ရန်ကုန်မြို့နေအိမ်၌ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန် တွင် အသက်(၅၈) နှစ်ရှိပြီဖြစ်သည်။ တေးသံရှင်မာရဇ္ဇ၏ ပထမဆုံးတေးစီးရီး အမည်မှာ ‘ပုံရိပ်မဲ့ဂရပ်ဖစ်’ တေးစီးရီးဖြစ်သည်။ ကိုယ်ပိုင်သံစဉ်သီချင်းများကိုသာ သီဆိုသူ တစ်ဦးဖြစ်ပြီး ဆွဲအား၊ အိပ်ရေးပျက်၊ အလွမ်းမိတ်ဆွေ၊ ဝေးဝေးကလွမ်း အစရှိသည့်တေးသီချင်း များအပြင် ကိုယ်ပိုင်ဖန်တီးသီဆိုထားသည့် တေးသီချင်းကောင်းများစွာကျန်ရစ်ခဲ့သည်။ မာရဇ္ဇ ၏အမည်ရင်းမှာကိုသိန်းဇော်ဖြစ်ပြီး အထက်မင်းလှဇာတိဖြစ်သည်။


◾️မောင်ခင်မင်(ဓနုဖြူ) (မြန်မာစာပါမောက္ခ)


- ဇန်နဝါရီ ၂၈ ရက်၊ နံနက် ၀၀:၃၀ နာရီတွင် မြန်မာစာပေလောက၌ထင်ရှားသည့် စာရေးဆရာ မောင်ခင်မင်(ဓနုဖြူ) (ခ) ဒေါက်တာခင်အေးသည် ရန်ကုန်မြို့ရှိနေ့အိမ်၌ လူကြီးရောဂါဖြင့် ကွယ်လွန်ခဲ့သည်။ 


ဆရာမောင်မင် (ဓနုဖြူ) သည် ပုသိမ်ကောလိပ်မြန်မာစာဌာန၌ နည်းပြဆရာ အဖြစ် တာဝန်စတင်ထမ်းဆောင်ခဲ့ပြီး လက်ထောက်ကထိက၊ ကထိက၊ တွဲဖက်ပါမောက္ခ၊ ပါမောက္ခအဆင့်များဖြင့် ပုသိမ်ကောလိပ်၊ ရန်ကုန်ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်၊ ဒဂုံတက္ကသိုလ်၊ ပြည်ဒီဂရီကောလိပ်၊ ရန်ကုန် တက္ကသိုလ်တို့တွင် တာဝန်ထမ်းဆောင်ခဲ့ကာ ၂၀၀၂ ခုနှစ်တွင် နိုင်ငံ့ဝန်ထမ်းအဖြစ်မှအငြိမ်းစားယူ ခဲ့သည်။ မြန်မာစာ၊ မြန်မာစကားအကြောင်းပြောလျှင် ဆရာမောင်ခင်မင်(ဓနုဖြူ) ၏စာအုပ်များမှာ မပါမဖြစ်အထောက်အထားကိုးကားယူကြရသည်။ ကွယ်လွန်ချိန်တွင် အသက်(၈၅) နှစ်ရှိပြီဖြစ်သည်။


◾️နိုင်မြန်မာ(ကဗျာဆရာ၊ တေးရေးဆရာ)


- ဖေဖော်ဝါရီ ၇ ရက်၊ နံနက် ၇ နာရီ ၄၅ မိနစ်တွင် တေးရေးဆရာ၊ ကဗျာဆရာနိုင်မြန်မာသည် ရန်ကုန်တိုင်းသန်လျင်မြို့နယ်ရှိနေအိမ်တွင် ဦး‌‌နှောက်သွေးကြောပြတ်ပြီး ကွယ်လွန်ခဲ့သည်။ မြန်မာစတူဒီယိုခေတ်ဦးပိုင်းတွင် ဂန္ထဝင်အဆိုတော်ကြီးမာမာအေးအပါအဝင် ကိုင်ဇာ၊ မေဆွိ၊ မေခလာ စသည့်တေးသံရှင်များအတွက် ရေးစပ်ပေးခဲ့သည့်တေးသီချင်းများစွာ အောင်မြင်ခဲ့ သည်။ ထို့ပြင် နိုင်မြန်မာဟုပြောလျှင် ပရိသတ်များက ‘ကမ္ဘာမကြေဘူး’ သီချင်းနှင့်တွဲမြင် သိထားကြသည်။ ကွယ်လွန်ချိန်တွင် အသက်(၆၇) နှစ်ရှိပြီဖြစ်သည်။


◾️ခင်ညွန့်ရည်(ဂန္ထဝင်တေးသံရှင်)


- ဖေဖော်ဝါရီ ၂၀ ရက်၊ ည ၁၁ နာရီ ၅ မိနစ်တွင် ဂန္ထဝင်တေးသံရှင်ခင်ညွန့်ရီသည် ရန်ကုန်ပြည်သူ့ ဆေးရုံ ကြီး၊ ကင်ဆာကုသဆောင်၌ ဆေးကုသမှုခံယူနေစဉ်ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန် တွင် အသက်(၇၅) နှစ်ရှိပြီဖြစ်သည်။


◾️ထူး(သရုပ်ဆောင်)


- မတ်လ ၈ ရက်၊ နံနက်အစောပိုင်းတွင် MRTV-4 မှ သရုပ်ဆောင်မင်းသား ထူးသည် ယာဉ်မတော် ဆမှုမှရရှိသည့်ဒဏ်ရာဖြင့် မြောက်ဥက္ကလာပမြို့နယ်ရှိ မေဒါဝီဆေးရုံ၌ဆေးကုသမှုခံယူနေစဉ် ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင်အသက်(၂၆) နှစ်ရှိပြီဖြစ်သည်။


◾️ဦးထွန်းလှအောင်(မိုး/ဇလခန့်မှန်းတွက်ချက်သူ)


- မတ်လ ၂၈ ရက်၊ မွန်းလွဲပိုင်းတွင် Su Su San အကောင့်ပိုင်ရှင် ဦးထွန်းလှအောင်ကွယ်လွန်ခဲ့ သည်။ ဦးထွန်းလှအောင်သည် မိုးလေဝသနှင့်ဇလဗေဒပညာရှင် ဦးထွန်းလွင်ကွယ်လွန်ပြီး နောက်ပိုင်း လူမှုကွန်ရက်တွင်မိုးလေဝသနှင့်ပတ်သက်ပြီး ခန့်မှန်းရေးသားဖော်ပြမှုများကြောင့် လူသိများထင်ရှားလာသူတစ်ဦးဖြစ်သည်။ ငလျင်လှုပ်သည့်အချိန်တွင် နှလုံးရှော့ခ်ဖြစ်ကာ ကျန်းမာရေးအခံကြောင့် ကွယ်လွန်သွားခြင်းဖြစ်ကြောင်း၊ ၎င်းတွင်အာရုံကြောအားနည်းပြီး လေတစ်ခြမ်းဖြတ်ဖူးထားသည့် ရောဂါအခံရှိကြောင်း ဦးထွန်းလှအောင်၏သမီးဖြစ်သူက ပြည်တွင်းမီဒီယာများသို့ဖြေဆိုထားသည်။ ကွယ်လွန်ချိန်တွင် အသက်(၆၁) နှစ်ရှိပြီဖြစ်သည်။


◾️ဂျေညီညီ(အဆိုတော်)


- မတ်လ ၃၁ ရက်၊ နံနက် ၄ နာရီ ၃၀ မိနစ်တွင် အဆိုတော်ဂျေညီညီသည် ရန်ကုန်မြို့ရှိနေအိမ်၌ ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် အသက်(၇၂) နှစ်ရှိပြီဖြစ်သည်။ အလွမ်းကဖီး၊ ပလက်ဖောင်းရှိုး၊ စွဲနေပြီ သီချင်းတို့မှာပရိသတ်များအကြားထင်ရှားနေဆဲဖြစ်သည်။ နှစ်ပေါင်း ၄၀ နီးပါးဖြတ်သန်းခဲ့သည့် ဂီတအနုပညာသက်တမ်းတစ်လျှောက် အများပြည်သူကဲ့သို့သာ နေထိုင်ခဲ့ခြင်းကြောင့် ပရိသတ်များက ထူးခြားသည့်ဂီတအနုပညာရှင်တစ်ဦးအဖြစ်မှတ်သား ထားကြသည်။ ရာဘာခြေညှပ်ဖိနပ်ဖြင့်လည်း စင်ပေါ်တွင်သီဆိုဖျော်ဖြေတတ်သူဖြစ်သည်။


◾️ဆီလီမီး(ကချင်တိုင်းရင်းသူ၊ အလှမယ်)


- ဧပြီ ၂ ရက်တွင် ငလျင်ဒဏ်ကြောင့်ပြိုကျထားသည့် Sky Villa ကွန်ဒိုအဆောက်အဦထဲမှ Miss Tourism Myanmar အလှမယ်ကချင်တိုင်းရင်းသူ ဆီလီမီး၏ ရုပ်အလောင်းကိုတွေ့ရှိခဲ့သည်။ ကချင်တိုင်းရင်းသူ ဆီလီမီးသည် ၂၀၁၈ ခုနှစ်တွင်ကျင်းပခဲ့သည့် လီဆူစာပေနှစ် ၁၀၀ ရာပြည့် ဂျူဗလီပွဲတော်တွင် လီဆူအလှမယ်ဘွဲ့ကိုရရှိခဲ့ပြီး မြန်မာနိုင်ငံမှပထမဆုံးပါဝင်ယှဉ်ပြိုင်သည့် ၂၀၁၉ ခုနှစ်တွင် တရုတ်နိုင်ငံ Nantong ၌ကျင်းပခဲ့သော Miss Tourism World Intercontinental Final 2019 တွင် ပါဝင်ခဲ့သူလည်း ဖြစ်သည်။


◾️ဦးဦးလှစော(ကဗျာဆရာ၊ စာရေးဆရာ၊ ပြည်သူ့လွတ်တော်ကိုယ်စားလှယ်ဟောင်း)


- မေလ ၅ ရက်၊ ည ၁၁ နာရီကျော်တွင် ဝါရင့်ရခိုင်နိုင်ငံရေးသမားဦးဦးလှစော (ခ) က‌ဗျာဆရာ မောင်ခိုင်အောင်သည် လည်ချောင်းကင်ဆာဖြင့်ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် အသက် (၇၂) နှစ် ရှိပြီဖြစ်သည်။ ဦးဦးလှစောသည် ဝါရင့်ရခိုင်နိုင်ငံရေးသမားတစ်ဦးဖြစ်ပြီး ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် မြောက်ဦးမြို့နယ်၏ ပြည်သူ့လွတ်တော်ကိုယ်စားလှယ်အဖြစ် အရွေးချယ်ခံခဲ့ ရသူလည်းဖြစ်သည်။ 


မောင်ခိုင်အောင်အမည်ဖြင့်ရေးသားသည့် ကဗျာရှည်ငါးပုဒ်ပါဝင်သော ‘၆၄ လမ်းစဉ်’ ကဗျာစာအုပ်မှာ ကဗျာစာပေအသိုင်းအဝိုင်းကြားထင်ရှားသည်။ ထို့ပြင် မြောက်ဦးနှင့် မြောက်ဦးဗေဒ ရသစာတမ်းများ စာအုပ်အမှာစာတွင် “သမိုင်းကိုသိနားလည်ပြီး ပြည်ထောင်စု ညီနောင်ဆွေရင်းများကြားတွင် ချစ်ကြည်ရင်းနှီးမှု၊ ညီညွတ်မှုကိုတည်ဆောက်နိုင်မှသာလျှင် လူ့ယဉ်ကျေးမှုကိုတိုးမြှင့်ရာ ရောက်ပေမည်” ဟု ရေးသားခဲ့သည်။


◾️မောင်မောင်မြင့်(ဒါရိုက်တာ)


- မေလ ၇ ရက်၊ နံနက် ၁၀ နာရီ ၁၅ မိနစ်တွင် ဝါရင့်သရုပ်ဆောင် ဒါရိုက်တာမောင်မောင်မြင့်သည် ရန်ကုန်မြို့ရှိနေအိမ်၌ လူကြီးရောဂါဖြင့်ကွယ်လွန်ခဲ့ပြီး ကွယ်လွန်ချိန်တွင်အသက်(၉၃) နှစ် ရှိပြီ ဖြစ်သည်။


◾️ငြိမ်းအေးအိမ်(ထုတ်ဝေသူ၊ စာရေးဆရာ)


- ဇွန်လ ၂၃ ရက်၊ မွန်းတည့် ၁၂ နာရီ ၅၅ မိနစ်တွင် စာရေးဆရာငြိမ်းအေးအိမ်သည် ကင်ဆာ ရောဂါဖြင့် ကွယ်လွန်ခဲ့ပြီး ကွယ်လွန်ချိန်တွင် အသက်(၆၉) နှစ်ရှိပြီဖြစ်သည်။ စာရေးဆရာ ငြိမ်းအေးအိမ်သည် ပို့စ်မော်ဒန်စာရေးဆရာတစ်ဦးဖြစ်ပြီး ဗမာပြည်ကွန်မြူနစ်ပါတီဝင်ဟောင်း တစ်ဦးလည်းဖြစ်သည်။ ၁၉၉၄ - ၁၉၉၅ ခုနှစ်တွင် သရဖူမဂ္ဂဇင်း၏ ထုတ်ဝေသူနှင့်အယ်ဒီတာ ချုပ်အဖြစ်လုပ်ကိုင်ခဲ့သည်။


◾️ဦးအောင်ကျော်ဦး(မန္တလေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌဟောင်း)


- ဇွန်လ ၂၇ ရက်တွင် မန္တလေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌအဖြစ်ထမ်းဆောင်ခဲ့သူ ဦးအောင်ကျော်ဦးသည် အိုးဘိုအကျဉ်းထောင်အတွင်းကွယ်လွန်ခဲ့သည်။ ဦးအောင်ကျော်ဦးသည် ရှေ့နေတစ်ဦးအဖြစ် အသက်မွေးခဲ့ပြီး ၂၀၁၅ ခုနှစ်အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကိုယ်စားပြုပြီး မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ် အမှတ်(၁)မဲဆန္ဒနယ်မှ အနိုင်ရပြီး တိုင်းလွှတ်တော်အမတ်အဖြစ်ရွေးကောက်ခံခဲ့ရသည်။ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလတွင်ကျင်းပသည့် ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေးတွင် လွှတ်တော်ဥက္ကဋ္ဌအဖြစ် ရွေးချယ်တင်မြှောက်ခံခဲ့ရသည်။


◾️မရီဝေ(ကဗျာဆရာမ)


- ဇူလိုင် ၆ ရက်တွင် ကဗျာဆရာမ ရီဝေကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင်အသက် (၇၅) နှစ် ရှိပြီဖြစ်သည်။ ကဗျာဆရာ ကြည်တင်ဦး၏ဇနီးဖြစ်ပြီး အမျိုးသမီးတစ်ဦးအနေဖြင့် လောကဓံ အထုအထောင်းကို နှစ်ကာလရှည်ကြာစွာ ရင်ဆိုင်ဖြတ်သန်းခဲ့ရသူတစ်ဦးဖြစ်သောကြောင့် မန္တလေးစာပေအသိုင်းအဝိုင်းက လေးစားချစ်ခင်ကြသည်။ ငယ်စဉ်ကစတုတ္ထတန်းအထိသာ ကျောင်းနေခဲ့ရပြီး စာအလွန်ဖတ်ခြင်း၊ စာပေအနုပညာချစ်စိတ်ဖြင့်လေ့လာသင်ယူရင်း ၁၉၈၁ ခုနှစ်တွင် ဆရာမောင်သွေးသစ်တည်းဖြတ်သည့် မိုးဝေမဂ္ဂဇင်းတွင် “မြှုံးထဲက ကျွန်ုပ်” ကဗျာမှာ ပထမဆုံးဖော်ပြခံရသည်။


◾️ရွှေညဝါဆရာတော်


- ဇူလိုင် ၁၀ ရက်၊ နံနက် ၂ နာရီ ၄၅ မိနစ်တွင် ရွှေညဝါဆရာတော်အရှင် ပညာသီဟသည် ရန်ကုန်မြို့ရှိ အာရှတော်၀င်ဆေးရုံ၌ အသည်းရောဂါဖြင့်ပျံလွန်တော်မူခဲ့သည်။ ဆရာတော် ပျံလွန်တော်မူချိန်တွင် သက်တော်(၆၁)နှစ်၊ ဝါတော်(၂၇) ဝါရှိပြီဖြစ်သည်။ ဆရာတော်သည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်၊ နံနက်အစောပိုင်းတွင်ဖမ်းဆီးခံရပြီး ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၇ ရက်တွင် အင်းစိန်အကျဉ်းထောင်မှ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာသည်။


- ရွှေညဝါဆရာတော်အရှင်ပညာသီဟသည် ၂၀၀၄ ခုနှစ်မှ စတင်ကာ ရန်ကုန်-ဗုဒ္ဓတက္ကသိုလ်ကို တည်ထောင်ဖွင့်လှစ်ပြီး ဗုဒ္ဓစာပေများကိုခေတ်နှင့်အညီ သင်ကြားပို့ချပေးခဲ့သည့်ဆရာတော် တစ်ပါး ဖြစ်သည်။ ရန်ကုန်မြို့၊ ကြည့်မြင်တိုင်မြို့နယ် သာဓုပရိယတ္တိစာသင်တိုက်၏ ကျောင်းထိုင်နာယကအဖြစ်လည်း သာသာနာ့တာဝန်များထမ်းဆောင်ခဲ့သည်။


◾️မောင်သာချို(တက္ကသိုလ်ဆရာ၊ စာရေးဆရာ)


- ဇူလိုင် ၁၀ ရက်၊ နံနက် ၈ နာရီကျော်တွင် စာရေးဆရာမောင်သာချို(ခ) ဂျက်(ကွမ်းခြံကုန်း)သည် ရန်ကုန်မြို့ရှိပင်လုံဆေးရုံ၌ ကင်ဆာရောဂါဖြင့်ကွယ်လွန်ခဲသည်။ ကွယ်လွန်ချိန်တွင် အသက် (၆၇) နှစ်ရှိပြီဖြစ်သည်။ စာရေးဆရာမောင်သာချိုသည်လည်း ရွှေညဝါဆရာတော်ကဲ့သို့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် နံနက်အစောပိုင်းတွင်ဖမ်းဆီးခံရပြီး ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၇ ရက် တွင် အင်းစိန်အကျဉ်းထောင်မှလွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာသည်။ ကွယ်လွန်ချိန်တွင်လည်း ရွှေညဝါဆရာတော်နှင့်နာရီပိုင်းသာခြားပြီး ကွယ်လွန်ခဲ့သည်။


- စာရေးဆရာမောင်သာချိုသည် လုပ်သားများကောလိပ်၊ ဒေသကောလိပ်၊ နိုင်ငံခြားဘာသာသိပ္ပံ၊ ရန်ကုန်တက္ကသိုလ်၊ မိတ္ထီလာဒီဂရီကောလိပ်၊ ဟင်္သာတကောလိပ် စသည်တို့တွင် အမှုထမ်းခဲ့သည်။ 


၂၀၁၀ ပြည့် နှစ်တွင် ပညာရေးတက္ကသိုလ်၊ ရန်ကုန်သို့ပြောင်းရွေ့ပြီး မြန်မာစာဌာနတွင် ကထိကအဖြစ် တာဝန် ထမ်းဆောင်ကာ မြန်မာစာဌာန၏ပါမာက္ခအဖြစ် ၂၀၁၈ ခုနှစ်အထိ တာဝန်ထမ်းဆောင်ပြီး အငြိမ်းစားယူခဲ့သည်။


◾️ဦးမြင့်ဆွေ(ယာယီသမ္မတဟောင်း)


- သြဂုတ် ၇ ရက်၊ နံနက် ၈ နာရီ ၂၈ မိနစ်တွင် ယာယီသမ္မတတာဝန်ထမ်းဆောင်ခဲ့သည့် ဦးမြင့်ဆွေသည် အမှတ်(၂) တပ်မတော်ဆေးရုံကြီး ခုတင် ၁၀၀၀ ၌ ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် အသက်(၇၄) နှစ်ရှိပြီဖြစ်သည်။


◾️နောင်ကျော်(တက္ကသိုလ်ဆရာ၊ စာရေးဆရာ)


- ဩဂုတ် ၂၁ ရက်၊ နံနက် ၅ နာရီတွင် စာရေးဆရာနောင်ကျော် (ခ) ဦးဌေးသိန်းသည် ရန်ကုန်တိုင်း၊ ဒေါပုံမြို့နယ်ရှိနေအိမ်၌ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် အသက်(၆၈) နှစ် ရှိပြီဖြစ်သည်။ ရန်ကုန်တက္ကသိုလ်၊ မြန်မာစာဌာနတွင် မဟာဝိဇ္ဇာတန်း ဆက်လက်သင်ယူ ခဲ့သည်။ ၁၉၈၈ ခုနှစ်တွင် “ကြည်အောင်၏ကဗျာများလေ့လာချက်” ကျမ်းဖြင့် မဟာဝိဇ္ဇာဘွဲ့ရရှိခဲ့သည်။


၁၉၈၉ ခုနှစ်တွင် ဗကပ မြေအောက်လှုပ်ရှားမှုများတွင်ပါဝင်သည်ဟုဆိုသည့်စွပ်စွဲချက် ဖြင့် ထောင်ဒဏ်အနှစ် ၂၀ ချမှတ်ခံခဲ့ရသည်။ ၂၀၁၀ ပြည့်နှစ်တွင် ‘ကျွန်တော်နှင့်အလှူခံများ’ ရသစာတမ်းဖြင့် ပဉ္စမအကြိမ်မြောက် ရွှေအမြုတေစာပေဆု၊ ၂၀၁၄ ခုနှစ်တွင် ‘လွတ်လပ်ရေး ခေတ် အိုးဝေမဂ္ဂဇင်းထဲက ခွပ်ဒေါင်း’ စာအုပ်ဖြင့် တော်ဘုရားကလေးစာပေဆုရရှိခဲ့သည်။ စာပေအသိုင်းအဝိုင်းကြားတွင် တက္ကသိုလ်သူပုန်ကျောင်းဆရာအဖြစ်လည်းထင်ရှားသည်။


◾️ချစ်စံဝင်း(စာရေးဆရာ)


- သြဂုတ် ၂၆ ရက်၊ နံနက်အစောပိုင်း ၁၂ နာရီ ၃၀ မိနစ်တွင် စာရေးဆရာချစ်စံဝင်းသည် ရန်ကုန်မြို့ရှိနေအိမ်၌ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် အသက်(၈၅) နှစ်ရှိပြီဖြစ်သည်။ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီနှင့် တောင်သူလယ်သမားအစည်းအရုံး ဗဟိုဌာနချုပ်တို့တွင် စာပြုလက်ထောက်အယ်ဒီတာ၊ အမှုဆောင်အယ်ဒီတာနှင့် အယ်ဒီတာချုပ် စသည့်ရာထူးများဖြင့် လုပ်ကိုင်ခဲ့သည်။ 


စာအုပ်ပေါင်း ၂၀၀ ကျော်၊ စာတမ်း ၂၀ နှင့် ရုပ်ရှင်ဇာတ်ညွှန်းငါးပုဒ်ရေးသား ခဲ့ပြီး ၁၉၈၆ ခုနှစ်တွင် ‘ဤခရီးနီးသလား’ စာအုပ်ဖြင့် အမျိုးသားစာပေဆု၊ ၁၉၉၀ ပြည့်နှစ်တွင် ‘ဆန်ဖွပ်သည့်အဘိုးအို’ စာအုပ်များဖြင့် နှစ်ကြိမ်ရရှိခဲ့သည်။ ထို့ပြင် ပခုက္ကူဦးအုံးဖေစာပေဆု၊ သုတစွယ်စုံစာပေဆု၊ ထွန်းဖောင်ဒေးရှင်းစာပေဆု နှင့် နိုင်ငံတကာဆုများဖြစ်သော International Trophy for Quality (၁၉၉၈) နှင့် Golden America Award for Quality (၁၉၉၉) တို့ကိုလည်း ရရှိခဲ့သည်။ ၂၀၂၂ ခုနှစ် တွင် အမျိုးသားစာပေတစ်သက်တာ ဆုကိုထပ်မံ ရရှိခဲ့သည်။


◾️ဒေါ်သိန်းရီ(သားဖွားဆရာမ၊ ဖလော်ရင့်(စ)နိုက်တင်ဂေးလ်ဆုရှင်)


- ဩဂုတ် ၂၆ ရက်၊ မနက် ၉ နာရီခွဲတွင် ဖလော်ရင့်(စ)နိုက်တင်ဂေးလ်ဆုရှင် သားဖွားဆရာမကြီး ဒေါ်သိန်းရီသည် စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ သောင်သွပ်ကျေးရွာရှိနေအိမ်၌ လူကြီးရောဂါ ဖြင့် ကွယ်လွန်ခဲ့သည်။ သားဖွားဆရာမကြီးဒေါ်သိန်းရီသည် မြန်မာနိုင်ငံ၏သုံးဦးမြောက် ဖလော်ရင့်(စ) နိုက်တင်ဂေးလ်ဆုရှင်လည်းဖြစ်သည်။


- ဆရာမဒေါ်သိန်းရီသည် ၁၉၉၅ ခုနှစ်၊ ဧပြီ ၂ ရက် ညနေပိုင်းတွင် စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့ နယ်၊ သောင်သွပ်ကျေးရွာ၌ဖြစ်ပွားခဲ့သည့် မီးလောင်မှုအတွင်း မီးလျှံများအကြားပိတ်မိနေသော ကလေးငယ် ကို စွန့်စွန့်စားစားဝင်ရောက်ကယ်တင်ခဲ့သည်။ ခြေထောက်၊ ဦးခေါင်း၊ မျက်နှာနှင့် ကျောတို့တွင် မီးလောင်ဒဏ်ရာများပြင်းထန်စွာရရှိခဲ့သည်။ ကလေးငယ်မှာနာရီပိုင်းအကြာတွင် သေဆုံးသွားခဲ့သည်။ ဆရာမဒေါ်သိန်းရီကို ဖောင်းပြင်ဆေးရုံသို့ပို့ဆောင်ပြီး ကိုးရက်ကြာကုသခဲ့ ရကာ မုံရွာမြို့တွင်လည်း အကြိမ်ကြိမ်ဆေးဝါးကုသမှုခံယူခဲ့ရသည်။ ထိုသို့စွန့်စားကယ်တင်ခြင်း ကြောင့် ၂၀၀၀ ပြည့်နှစ်အတွက် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီမှ ပေးအပ်ချီးမြှင့်သော ဖလောရင့်နိုက်တင်ဂေးဆုကိုရရှိခဲ့ သည်။ ကွယ်လွန်ချိန်တွင် အသက်(၇၄) နှစ်ရှိပြီဖြစ်သည်။


◾️ဦးထင်ပေါ်(လူရွှင်တော်)


- စက်တင်ဘာ ၈ ရက်၊ နံနက် ၅ နာရီတွင် မန္တလေးမြို့ဂုဏ်ဆောင် လူရွှင်တော်ကြီး ဦးထင်ပေါ် (ခ)ဦးဝင်းမြင့်သည် ပြင်ဦးလွင်မြို့၊ မိုးကြိုးကြီးရပ်ကွက်(၂)ရှိ နေအိမ်၌ကွယ်လွန်ခဲ့သည်။ ဦးထင်ပေါ်သည်လူရွှင်တော်ဦးချစ်စရာ လူရွှင်တော်ဦးဒီပါတို့အတွဲဖြစ်သည်။ ဦးထင်ပေါ်၏ ပျက်လုံးများမှာ ညစ်ညမ်းခြင်းမရှိဘဲ ပျက်လုံးတစ်ခုနှင့်တစ်ခုမထပ်အောင် ပရိသတ်ကိုဖျော်ဖြေ တင်ဆက်နိုင်ပြီး သူမတူထူးခြားသည့်ပါရမီရှင်အဖြစ် ဇာတ်သဘင်အနုပညာလောကတွင် လူသိများထင်ရှားသည်။ ထို့ပြင် မြန်မာသံစဉ်သီချင်းကြီးများအပါအဝင် ခွန်ထောက်၊ တေးထပ်၊ ရတု တို့ကိုပိုင်ပိုင်နိုင်နိုင်ရွတ်ဆိုနိုင်သူလည်းဖြစ်သည်။ ကွယ်လွန်ချိန်တွင် အသက်(၇၅) နှစ်ရှိပြီ ဖြစ်သည်။


◾️ဗစ်တာခင်ညို(အဆိုတော်)


- စက်တင်ဘာ ၂၅ ရက်၊ နံနက် ၄ နာရီကျော်တွင် မြန်မာ့တေးဂီတစတီရီယိုခေတ်ဦးတွင် ကျော်ကြားထင်ရှားသူ တေးသံရှင်ဗစ်တာခင်ညိုကွယ်လွန်ခဲ့သည်။ ဗစ်တာခင်ညိုသီဆိုခဲ့သည့် သီချင်းများထဲတွင် တေးရေးမောင်မောင်လတ်ရေးသည့် ‘နွေ’ သီချင်းမှာ လူကြိုက်များသည့် သီချင်းတစ်ပုဒ်ဖြစ်သည်။ ကွယ်လွန်ချိန်တွင် အသက် (၈၀) ရှိပြီဖြစ်ပြီး အဆိုတော်တူးတူး၏ အစ်ကိုအရင်းလည်းဖြစ်သည်။


◾️သိမ်းတင်သား(တေးရေးဆရာ၊ စာရေးဆရာ)


- စက်တင်ဘာ ၂၆ ရက်၊ နံနက် ၃ နာရီတွင် တေးရေးဆရာ၊ စာရေးဆရာသိမ်းတင်သား(ခ) ဦးကြွက်နီသည် ပုသိမ်မြို့၌ကွယ်လွန်ခဲ့သည်။ စာရေးဆရာသိမ်းတင်သားသည် ‘မဆုံးတဲ့သီချင်း’ ကို ထူးအိမ်သင် နှင့်အတူရေးသားခဲ့ပြီး အဆိုပါသီချင်းကို အောင်ရင်နှင့်ထူးအိမ်သင်တို့သီဆို ခဲ့ကြသည်။ 


စာရေးဆရာ သိမ်းတင်သားသည် ထူးအိမ်သင်၏ဘဝနှင့်ဂီတအကြောင်းအရာများကို ထူးအိမ်သင်ကွယ်လွန်ခြင်း ၁၀ နှစ်ပြည့်အမှတ်တရအဖြစ် ‘ချစ်စံအိမ်နဲ့ဝေးသွားတဲ့အခါ’ ဟု အမည်ပေးထားသည့် စာအုပ်အားရေးသားခဲ့သည်။ ထို့ပြင် အာလာပ သလ္လာပ၊ အရှင်လတ်လတ် တွေ့ခဲ့ဖူးသူများ၊ C Vit 90 c-90 တိတ်တစ်ခွေစာ၊ ကပေါက်တိ ကပေါက်ချာ စတေးတပ်(စ်) ဋီကာ၊ သဗ္ဗရနံ၊ ပလီစိချောက်ချက်နှင့် ဖောက်စွပ် စသည့် စာအုပ်များကိုလည်းရေးသားခဲ့သည်။ ကွယ်လွန်ချိန်တွင် အသက်(၆၀) နှစ်ရှိပြီဖြစ်သည်။


◾️သင့်နော်(ဥတ္တရလွင်ပြင်၊ စာရေးဆရာ)


- စက်တင်ဘာ ၂၇ ရက်၊ မွန်းလွဲ ၁ နာရီ ၁၅ မိနစ်တွင် မန္တလေးမြို့၏အထင်ကရ စာရေးဆရာ တစ်ဦးဖြစ်သူ စာရေးဆရာသင့်နော်(ခ)ဦးသန်းဌေးသည် ချမ်းအေးသာစံမြို့နယ်ရှိ ကံ့ကော်ဆေးရုံ၌ ဆေးကုသမှုခံယူနေစဉ်ကွယ်လွန်ခဲ့သည်။ စာရေးဆရာသင့်နော်သည် စာအုပ်စာပေနှံ့စပ်သိမြင်သူဖြစ်ပြီး လူကြီးလူငယ်မခွဲခြားဘဲ တရင်းတနှီးပြောဆိုဆက်ဆံ တတ်ခြင်းကြောင့် စာပေလောကသားများ လေးစားချစ်မြတ်နိုးရသူတစ်ဦးလည်းဖြစ်သည်။ မန္တလေးမြို့ရှိ ဥတ္တရလွင်ပြင်စာအုပ်ဆိုင်မှာ ဆရာသင့်နော်ဖွင့်လှစ်ထားသည့် ရှားပါးစာအုပ် အဟောင်းများရောင်းချသည့် သက်တမ်းရှည်စာအုပ်ဆိုင်တစ်ဆိုင်ဖြစ်သည်။ ၁၉၈၈ ခုနှစ် အစောပိုင်းတွင် အရေးတော်ပုံသတင်းစာထုတ်ဝေခဲ့ပြီး ဂျာနယ်၊ မဂ္ဂဇင်းများတွင် စာပေနှင့် နိုင်ငံရေးဆိုင်ရာသတင်းဆောင်းပါးများရေးသားခဲ့သည်။ ကွယ်လွန်ချိန်တွင် အသက် (၇၇) နှစ်ရှိပြီဖြစ်သည်။


◾️ဦးလွန်းကြွယ်(ပန်းချီဆရာ)


- အောက်တိုဘာ ၂ ရက်၊ နံနက်ပိုင်းတွင် မြန်မာပန်းချီအနုပညာလောက၌ ထင်ရှားသည့် ပန်းချီဆရာကြီး ဦးလွန်းကြွယ်ကွယ်လွန်ခဲ့သည်။ ဆရာဦးလွန်းကြွယ်သည် မကွယ်လွန်မီ တစ်ပတ်ခန့်က အသက်(၉၆) နှစ်မြောက်မွေးနေ့အထိမ်းအမှတ်အဖြစ် ရန်ကုန်မြို့၌ ပန်းချီပြပွဲပြုလုပ်ခဲ့သည်။ ၁၉၆၄ ခုနှစ်တွင် တရုတ် နိုင်ငံသို့တစ်နှစ်ကြာ ပညာတော်သင် စေလွှတ်ခံရပြီး ၁၉၇၁ ခုနှစ်တွင် အရှေ့ဂျာမနီနိုင်ငံသို့ ပညာတော် သင်ဆက်လက်စေလွှတ် ခံရသည်။ အရှေ့တိုင်းနှင့်အနောက်တိုင်းပန်းချီပညာရပ်အစုံ သင်ကြားခွင့်ရခဲ့ သည်။ ၁၉၇၇ ခုနှစ်တွင် ပန်းချီပန်းပုကျောင်း၏ယာယီကျောင်းအုပ်အဖြစ် တာဝန်အပ်နှင်းခံရပြီး ၁၉၇၉ ခုနှစ်တွင် ယင်းကျောင်းမှအငြိမ်းစားယူခဲ့သည်။ ကွယ်လွန်ချိန်တွင် အသက်(၉၆) နှစ်ရှိပြီဖြစ် သည်။


◾️ဦးမြင့်သိန်းဖေ(ရုပ်မြင်သံကြားဆိုင်ရာပညာရှင်)


- အောက်တိုဘာ ၂ ရက်၊ နံနက် ၁၁ နာရီ ၅၇ မိနစ်တွင် ဝါရင့်ရုပ်မြင်သံကြားဆိုင်ရာပညာရှင် တစ်ဦးဖြစ်သူ ဦးမြင့်သိန်းဖေကွယ်လွန်ခဲ့သည်။ ၂၀၀၇ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ ရုပ်ရှင်အစည်း အရုံးဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ကွယ်လွန်ချိန်တွင် အသက်(၈၄) နှစ်ရှိပြီဖြစ် သည်။


◾️သော်ဒီဝေ(ပန်းချီဆရာ၊ ကဗျာဆရာ၊ တေးရေးဆရာ)


- အောက်တိုဘာ ၁၆ ရက်တွင် တေးရေးသော်ဒီဝေ (ခ) ပန်းချီဝေချစ်ကိုသည် ပြင်ဦးလွင်မြို့ အောင်သစ္စာဆေးရုံ၌ဆေးကုသမှုခံယူနေစဉ် နှလုံးရောဂါဖြင့်ကွယ်လွန်ခဲ့သည်။ ၁၉၇၄ မှ ၁၉၇၇ အထိ မန္တလေးအနုပညာကျောင်း၌ ပန်းချီပညာရပ်ကို လေ့လာသင်ကြားခဲ့သည်။ ပန်းချီအနု ပညာဖြင့်ဘဝစခဲ့သော် လည်း မြန်မာ့ရော့ခ်ဂီတလောကတွင် တေးရေးဆရာအဖြစ် အောင်မြင်ခဲ့ သည်။ ၁၉၈၇ ခုနှစ်တွင် ဟယ်ရီလင်းအတွက် ‘ကြိုက်သလိုနေနိုင်တယ်’ တေးစီးရီးကို ထုတ်လုပ်သူတစ်ယောက်၊ တေးရေးဆရာ တစ်ယာက်အနေဖြင့် စီစဉ်ခဲ့သော်လည်း ထိုတေးစီးရီး မှာ မထွက်ဖြစ်ခဲ့ပေ။ ရော့ခ်စတားလေးဖြူ တစ်ယောက်ဖြစ်လာစေဖို့ တေးရေး သော်ဒီဝေရေး သားခဲ့သည့် ကန္တာရလမင်းတေးစီးရေးထဲမှ အိပ်မက်မီးရထား၊ အလင်းရောင်၊ အတောင်ပံများ နှင့်၊ ကမ္ဘာကြီးကလုံးပြီး ဝိုင်းနေတော့ စသည့်သီချင်းများပါဝင်ခဲ့သည်။ ကွယ်လွန်ချိန်တွင် အသက်(၇၁) နှစ် ရှိပြီဖြစ်သည်။


◾️အဒီနို (အဆိုတော်၊ drummer)


- အောက်တိုဘာ ၂၅ ရက်၊ ည ၈ နာရီ ၁၅ မိနစ်တွင် Fever 109 band ၏ founder ၊ vocalist ၊ composer နှင့် drummer တစ်ဦးဖြစ်သည့် မင်းသစ်လွှမ်း (ခ) အဒီနို သည် idiot farewell tour တွင် သီဆိုဖျော်ဖြေနေစဉ် စင်ပေါ်တွင်လဲကျခဲ့ပြီး သင်္ဃန်းကျွန်းစံပြဆေးရုံသို့ ပို့ဆောင်စဉ် ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် အသက်(၃၇) နှစ်ရှိပြီဖြစ်သည်။


◾️ဒေါ်ဇင်မင်းထွန်း(ဖူဆယ်ဂိုးနည်းပြ)


- နိုဝင်ဘာ ၁၅ ရက်တွင် မြန်မာ့လက်‌ရွေးစင် အမျိုးသမီးဖူဆယ်ဂိုးသမားဟောင်း၊ ဘောလုံးနှင့် ဖူဆယ်ဂိုး နည်းပြဒေါ်ဇင်မင်းထွန်းသည် ကျောက်ကပ်ရောဂါဖြင့် ပြည်မြို့ရှိနေအိမ်၌ကွယ်လွန် ခဲ့သည်။ ကွယ်လွန် ချိန်တွင် အသက်(၄၀) နှစ်ရှိပြီဖြစ်သည်။


◾️ကိုလေး(အင်းဝဂုဏ်ရည်) (ကဗျာဆရာ)


- နိုဝင်ဘာ ၂၂ ရက်၊ နံနက်ပိုင်းတွင် ကဗျာဆရာကြီး ကိုလေး(အင်းဝဂုဏ်ရည်) သည် မန္တလေးမြို့ ရှိ Grand Mandalay ဆေးရုံ၌ ကွယ်လွန်ခဲ့သည်။ ဆရာကြီးသည် အမျိုးသားစာပေဆု၊ တစ်သက်တာစာပေဆု၊ တော်ဘုရားကလေးစာပေဆု၊ အင်္လကာကျော်စွာဘွဲ့များရရှိခဲ့သည်။ ကဗျာ၏အလုပ်သည်လှုံ့ဆော်မှု ဖြစ်ပြီး ကဗျာနှင့်ငြိမ်းချမ်းရေးရရှိအောင်၊ ပြည်တွင်းစစ်ရပ်စဲ အောင်လှုံ့ဆော်နိုင်သည်ဟု ကဗျာဆရာကြီး ကိုလေး(အင်းဝဂုဏ်ရည်) ကမှတ်ချက်ပြုခဲ့သူဖြစ် သည်။ မန္တလေးတိုင်း၊ အင်းဝမြို့သားဆရာကြီး ကိုလေး(အင်းဝဂုဏ်ရည်) သည် မြန်မာစာပေ လောက၊ ကဗျာလောကတွင်ထင်ရှားသည့် ကဗျာဆရာကြီးတစ်ဦးဖြစ်ပြီး ကွယ်လွန်ချိန်တွင် အသက် (၉၁)နှစ် ရှိပြီဖြစ်သည်။


◾️ဂုဏ်ထူးဦးသိန်းနိုင်(မြန်မာစာဆရာ)


- နိုဝင်ဘာ ၂၅ ရက်၊ နံနက် ၅ နာရီ ၅၅ မိနစ်တွင် မြန်မာစာဆရာကြီး ဂုဏ်ထူးဦးသိန်းနိုင်သည် သာကေတ မြို့နယ်၊ မင်းနန္ဒာအိမ်ရာ၌ကွယ်လွန်ခဲ့သည်။ ၁၉၅၅ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်း ကို တနိုင်ငံလုံးတွင်တစ်ဦးတည်းသော မြန်မာစာဂုဏ်ထူးရှင်အဖြစ်အောင်မြင်ခဲ့သည်။ ၁၉၅၆ ခုနှစ်၊ စာဆိုတော်နေ့ပြိုင်ပွဲတွင် မြန်မာနိုင်ငံစာရေးဆရာအသင်းဥက္ကဋ္ဌဦးသိန်းဖေမြင့်၏ "စာဆိုမောင်ဆု" ငွေဒိုင်းကိုချီးမြှင့်ခြင်း ခံရသည်။ မန္တလေးသက်ကြီးတက္ကသိုလ်၊ မုံရွာတက္ကသိုလ်တို့၌ မြန်မာစာကထိကနှင့်ဌာနမှူး၊ မန္တလေးဆေးတက္ကသိုလ်၊ မန္တလေးစိုက်ပျိုးရေးတက္ကသိုလ် တို့၌ မြန်မာစာဆရာအဖြစ် နှစ်ပေါင်းကြာမြင့်စွာ ထမ်းရွက်ခဲ့သည်။ ကွယ်လွန်ချိန်တွင် အသက် (၉၀) နှစ်ရှိပြီဖြစ်သည်။


◾️ညောင်ညောင်(လူရွှင်တော်၊ ဟာသသရုပ်ဆောင်)

- ဒီဇင်ဘာ ၁၇ ရက်၊ ည ၇ နာရီတွင် ဟာသသရုပ်ဆောင် ညောင်ညောင်(ခ) ဦးညီညီလှိုင်သည် မြောက်ဥက္ကလာပမြို့နယ်ရှိ osc ဆေးရုံ၌ ဆေးကုသမှုခံယူနေစဉ် ပန်ကရိယကင်ဆာရောဂါဖြင့် ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင်အသက်(၆၂) နှစ်ရှိပြီဖြစ်သည်။


သတင်း - ဖိုးစိုင်း၊ အင်ကြင်း