Friday, November 30, 2018

ဒူးရင်းသီးသာခွေယိုင် - ရွှေတောင်ခေါက်ဆွဲ - ရခိုင်မုန့်တီ - Curry Noodle Soup

 ဒူးရင်းသီးသာခွေယိုင် 



ကောက်ညှင်းဆန်                          - ၃၅၀ ဂရမ် (   3 ½ cup) (တညရေစိမ်ထားပါ)
အုန်းနို့                                        - ၂၅၀ မီလီလီတာ
ဆား                                          - လက်ဖက်ရည်ဇွန်း တစ်ဝက်
ဆွမ်းမွှေးရွက်                                - ၂ ရွက်
လိပ်ပြာပန်း (အောင်မဲညို)                 - ၂၀ ပွင့်
ရေနွေး                                        - အနည်းငယ်

ဒူးရင်းမလိုင်အတွက်လိုအပ်တာတွေကတော့
ဒူးရင်းသီး                                    - ၁ လုံး
အုန်းနို့                                        - ၅၀၀ မီလီလီတာ
ဆား                                          - အနည်းငယ်
သကြား                                      - စားပွဲဇွန်း ၅ ဇွန်း
ဆန်မှုန့်                                      - စားပွဲဇွန်း ၃ ဇွန်း

1. လိပ်ပြာပန်းကို ပန်းကန်လုံးအသေးမှာ ထည့်ပြီး ရေနွေးလောင်းထားပါ။
2. ပထမဦးဆုံး ဒူးရင်းမလိုင်လုပ်ရမှာဖြစ်ပါတယ်။ အိုးတစ်လုံးထဲကို အုန်းနို့၊ ဆား၊ သကြားထည့်ပြီး မွှေပေးပါ။
3. သကြားပျော်သွားလျှင် ဆန်မူန့်ကို ရေအနည်းငယ်နဲ့ဖျော်ပြီး ထည့်မွှေပေးပါ။
4. ပြီးလျှင် အိုးကို မီးဖိုပေါ်တင်ပြီး မွှေပေးပါ။ ဒူးရင်းသီးအသားကို ချေပြီး ထည့်ပါ။ အဆက်မပြတ်မွှေပေးပါ။
5. မုန့်သားတက်ပြီး မလိုင်ဖြစ်လျှင် မီးဖိုပေါ်မှချပြီး ထားပါ။
6. ရေစိမ်ထားတဲ့ ကောက်ညှင်းဆန်ကို ဆန်ခါဖြင့်စစ်ထားပါ။ ပြီးလျှင် ပေါင်းအိုးနဲ့ဆန့်မည့်ခွက်ကို ရွေးထားပါ။ အုန်းနို့ကို ဆားထည့်ပြီး မွှေထားပါ။
7. ကောက်ညှင်းဆန်ကို ခွက်ထဲထည့်ပါ။ ပြီးလျှင် အုန်းနို့တစ်ဝက်ဆမ်းပါ။ ပြီးလျှင် ဆွမ်းမွှေးရွက်ထည့်ပြီး ပေါင်းအိုးထဲထည့်ပြီး ပေါင်းပါ။
8. မိနစ်၁၀ ခန့်ပေါင်းပြီးလျှင် ကျန်ရှိနေတဲ့ အုန်းနို့ထည့်မွှေပြီး နောက်ထပ် မိနစ် ၁၀ ခန့်ထပ်ပြီး ပေါင်းပါ။
9. ပြီးလျှင် အပြာရောင် လိပ်ပြာအရည်ထည့်ပြီး မွှေပေးပါ။ ပြီးလျှင် ၁၀ မိနစ်ခန့်ထပ်ပြီး ပေါင်းပါ။
10.  ပြီးလျှင် တစ်ခါသုံးကိတ်မုန့်ခွက်ထဲထည့်ပါ။( ကောက်ညှင်းထည့်မဲ့ ကန်ကို ရိုးရိုးကန်သုံးပါက မကပ်စေရန်.ကောက်ထဲငှက်ပျောရွက်ခင်းပြီး ဆီနဲနဲသုတ်ထားပါ.) ပြီးလျှင် ပေါင်းထားတဲ့ ကောက်ညှင်းထည့်ပြီး ခဲဖတ် (သို့)ငှက်ပျောရွက်ကို ကောက်ညှင်းပေါ်မှာခင်းပြီး ဖိသိပ်ပေးပါ။
11. ပြီးလျှင် ကြိုက်နှစ်သက်သလို လှီးပြီး ဒူးရင်းမလိုင်နဲ့စားပါ။

by Chef Myint Oo Tha

ရွှေတောင်ခေါက်ဆွဲ 



ကဲ-- ကြည့်လိုက်ကြရအောင်။


ရွှေတောင်ဟင်းရည်အတွက်…..
ကြက်ရိုး                        -  ၅၅၀ ဂရမ်
ကြက်ရင်ပုံသား                - ၅၀၀ ဂရမ် + ၃၀၀ ဂရမ်
နို့စိမ်း                             - ၂၅၀ မီလီလီတာ
ရေ                                - ၈ လီတာ
ဆား                              - လက်ဖက်ရည်ဇွန်း ၁ ၁/၂ ဇွန်း
အသားမှုန့်                       -  လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ကြက်သားရေကျန်ဆီကျန်ဟင်းနဲ့ ရွှေတောင်ဟင်းရည်အတွက် အနှစ်…
ကြက်သွန်နီ                      - ၁၂၀ ဂရမ်
ကြက်သွန်ဖြူ                     - ၃၀ ဂရမ်
နနွင်းမှုန့်                           - အနည်းငယ်
ငရုတ်သီးမှုန့်                      - စားပွဲဇွန်း ၂ ဇွန်း
ဆီ                                  - စားပွဲဇွန်း ၃ ဇွန်း+ စားပွဲဇွန်း ၂ ဇွန်း
ရေ                                  - ၄၀၀ မီလီလီတာ
ဆား                                 - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
အသားမှုန့်                          -  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

အုန်းနို့ဆီ..ချက်ရန်အတွက်……
အုန်းနို့                           - ၁ ကီလိုဂရမ်
ဆား                              - လက်ဖက်ရည်ဇွန်း တစ်ဝက်
သကြား                             - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ငရုတ်ဆီချက်ရန်အတွက်…..
ငရုတ်သီးမှုန့်အကြမ်းဖတ်                 - စားပွဲဇွန်း ၃ ဇွန်း
ဆီ                                              - စားပွဲဇွန်း ၅ ဇွန်း

ရွှေတောင်ခေါက်ဆွဲနဲ့စားရန်အတွက်…
ဂျုံခေါက်ဆွဲအစို                             - ၁ ပိသာ
ခေါက်ဆွဲအကြွပ်ကြော်
ငရုတ်သီးဆီချက်
မွှေးပဲမှုန့်အကျက်
ကြက်သွန်နီ
ကြက်သွန်မြိတ်
ငရုတ်သီးအကျက်မှုန့်

ချက်နည်းအဆင့်ဆင့်…….
1. ကြက်ရိုးဟင်းရည်အတွက် ကြက်ရိုးကို နူးအောင်ပြုတ်ထားပါ။ ပြီးလျှင် အရိုးကို ဆယ်ထားပါ။ ကြက်ပြုတ်ရည် ၂.၇ လီတာရအောင် ယူထားပါ။
2. ဟင်းအနှစ်အတွက် ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုတ်သီးမှုန့်၊ နနွင်းမှုန့် တို့ကိုရောပြီး ထောင်းထားပါ။ ပြီးလျှင် တစ်ဝက်စီခွဲထားပါ။
3. ကြက်သားဟင်း ဆီကျန်ရေကျန်ချက်ရန်အတွက် ဆီအိုးတည်ပါ။ အိုးထဲကို ဆီ၃ ဇွန်းထည့်ပြီး ဆီပူလျှင် ထောင်းထားတဲ့ အနှစ်တစ်ဝက်ထည့်ပြီး ဆီသတ်ပါ။ ကြက်သွန်အစိမ်းနံ့ပျောက်ပြီး မွှေးလာရင်ကြက်သား ၅၀၀ ဂရမ်ထည့်ပါ။ ပြီးလျှင် ရေ ၄၀၀ မီလီလီတာ၊ ဆား၊ အသားမှုန့်ထည့်ပြီး ကြက်သားနူးပြီး ဆီကျန်ရေကျန်ချက်ပါ။
4. ရွှေတောင်ခေါက်ဆွဲဟင်းရည်ချက်ရန်အတွက် ကျန်တဲ့ဟင်းအနှစ်ကို ဆီသတ်ပေးရန် အိုးထဲကို ဆီ၂ ဇွန်းထည့်ပြီး ဆီသတ်ပါ။ ပြီးလျှင် ကြက်သား ၃၀၀ ဂရမ်ထည့်ပြီး ချက်ပါ။ ပြီးနောက် ကြက်ပြုတ်ရည်ထည့်ပါ။ နို့စိမ်းထည့်ပါ။ ဟင်းရည်ကျဲကျဲချက်ပါ။ အရသာအတွက် ဆား၊ အသားမှုန့် ထည့်ပါ။
5. ရွှေတောင်ခေါက်ဆွဲအတွက် အဓိကဖြစ်တဲ့ အုန်းနို့ဆီချက်ရန်…. အိုးအသေးတစ်လုံးထဲကို အုန်းနို့၊ ဆား၊ သကြားထည့်ပြီး ဆီပြန်သည်အထိ ကျိုထားပါ။
6. ငရုတ်ဆီချက်ရန်အတွက် အိုးအသေးတစ်လုံးထဲကို ဆီ ၅ ဇွန်းထည့်ပါ။ ဆီပူလျှင် ငရုတ်သီးအကြမ်းဖတ်ထည့်ပြီး မီးပိတ်ပါ။
7. မုန်ကြွပ်ကြော်(ခေါက်ဆွဲအကြွပ်ကြော်) ကြော်ထားပါ။
8. ကြက်သွန်နီ၊ ကြက်သွန်မြိတ်၊ ပါးပါလှီးထားပါ။
9. ပွဲပြင်တဲ့အခါ ပန်းကန်ထဲကို ခေါက်ဆွဲထည့်ပါ။ ပြီးလျှင် ရွှေတောင်ခေါက်ဆွဲဟင်းရည်ထည့်ပါ။
10. ပြီးလျှင် ကြက်သားဆီကျန်ရေကျန်ဟင်း၊ ငရုတ်သီးဆီချက်၊ ပဲမှုန့်အကျက်မှုန့်၊ အုန်းနို့ဆီ၊ မုန့်ကြွပ်ကြော် ထည့်ပါ။ အစပ်ကြိုက်ပါက ငရုတ်သီးအကျက်မှုန့်ထည့်ပြီး စားနိုင်ပါတယ်။

by Chef Myint Oo Tha 

ရခိုင်မုန့်တီ



 ကျောက်ဖြူဘက်ရောက်မှ ချက်နည်းလေးသေသေချာချာမေးပြီး ပြန်ချက်ပြရတဲ့ မုန့်တီဖြစ်ပါတယ်။ ကျွန်တော့်အကျင့်အတိုင်း Flavor လေးပါအောင် ငါးရွှေကျပ်တိုက်လေး၊ နံနံပင်အမြစ်လေးပါ ထည့်ပေးထားပါတယ်။

ပါဝင်ပစ္စည်းများ (မုန့်အချိန် ၅၀ ကျပ်သားအတွက်)
ငါးရွှေ  -  ၃၀ ကျပ်သား
ငါးရွှေကျပ်တိုက်  -  ၁၀ ကျပ်သား
ရခိုင်မျှင်ငါးပိ  -  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း
ငံပြာရည်  -  ထမင်းစားဇွန်း ၂ ဇွန်း
နံနံပင်အမြစ်  -  ၅ ခု
ငရုတ်ကောင်းအမည်း  -  ၃၀ စေ့ (လှော်ထောင်းပြီး)

ပြုလုပ်နည်း
၁။ စိမ်းစားငါးပိကို ရေ ၅ လီတာနဲ့ ဆူပွက်အောင်တည်၍ သန့်စင်ထားသော ငါးရွှေနှင့် ငံပြာရည်ထည့်ပြီး နူးသည်အထိ ပြုတ်ပါ။
၂။ ငါးနူးလျှင် ဆယ်ယူပြီး အအေးခံထားပါ။ ငါးပြုတ်ရည်ကို ဆန်ခါနဲ့ စစ်ပြီး အနယ်များ ဖယ်ထုတ်ပါ။  စစ်ပြီးသား ပြုတ်ရည်မှာ ငါးရွှေကျပ်တိုက်ထည့်ပြီး ပြုတ်ပါ။ အသားပွပြီး အရည်မွှေးလာလျှင် အသားဖတ်ကို ဆယ်ယူပြီး အအေးခံထားပါ။ ပထမနည်းအတိုင်း အနယ်များစစ်ပြီး ဖယ်ထုတ်ပါ။
၃။ ငါးအသား ၂ မျိုးစလုံးကို အရိုးနွှင်ပြီး စစ်ပြီးသား ငါးပြုတ်ရည်မှာ ထည့်တည်ပါ။ နံနံပင်အမြစ်များ ထုထည့်ပေးပြီး ငရုတ်ကောင်းလှော်ထောင်းပြီးသားများ ထည့်ပြုတ်ပါ။ ဟင်းရည်ဆူလျှင် မုန့်တီအတွက် ဟင်းရည်ရပါပြီ။ ဟင်းရည်ခန်းလျှင် ရေနွေးရောပေးပါ။


အစပ်ချဉ် အရောအနှောအတွက်
မိုးမျှော်ငရုတ်သီးစိမ်း  -  ၂၀ တောင့်
ကြက်သွန်ဖြူ  -  ၁၀ မြွှာ
မန်ကျည်းမှည့်ရည်  -  ၂၀ဝ မီလီလီတာ (အဖတ်စစ်ထုတ်ပြီး)

ပြုလုပ်နည်း
 ငရုတ်သီးတောင့်များနှင့် ကြက်သွန်ဖြူတို့ကို မီးပြင်းပြင်းမှာ လှော်ပြီး မညက်တညက် ထောင်းပါ။ မန်ကျည်းမှည့်ရည်မှာရောပြီး ဆားအနည်းငယ်ခတ်၍ ပြင်ဆင်ထားပါ။ မုန့်ပွဲကို မုန့်ဖတ်၊ အကြော်၊ ငါးဖယ်ကြော်၊ နံနံပင်တို့နှင့် ပြင်ဆင်ပြီး ဟင်းရည်၊ အစပ်ချဉ်တို့နဲ့ သုံးဆောင်နိုင်ပါပြီ။
....................
သစ်ထူး

Curry Noodle Soup



 Red Curry Paste ကို အသုံးပြုပြီး ခေါက်ဆွဲလေး လုပ်ထားတာ ဖြစ်ပါတယ်။ ထိုင်းအုန်းနို့ခေါက်ဆွဲလို့ ခေါ်ရမှာပေါ့နော်။

ပါဝင်ပစ္စည်းများ
Red Curry Paste  -  စားပွဲဇွန်း၂ ဇွန်း
အုန်းနို့  -  သံဘူး ၁ ဘူး
ဆန်ခေါက်ဆွဲ
ပဲပြား  -  ၁ တုံး
ငရုတ်သီးနီတောင့်  -  ၁ တောင့်
ပန်းပွင့်စိမ်း  -  အနည်းငယ်
ဆား  -  အနည်းငယ်
ကြက်သွန်ဖြူ  -  ၃ မြွှာ (နုပ်နုပ်စဉ်း)
ချင်း  -  လက်ဖက်ရည်ဇွန်း ၁ ဇွန်း (နုပ်နုပ်စဉ်း)
ဆီ  -  အနည်းငယ်
သံပရာသီး  -  ၁ လုံး
ရေ

ပြုလုပ်နည်း
၁။ ဆန်ခေါက်ဆွဲကို ရေစိမ်ထားပါ။ အိုးတစ်အိုးထဲမှာ ဆီထည့်ပြီး ကြက်သွန်ဖြူ နုပ်နုပ်စဉ်း၊ ချင်းနုပ်နုပ်စဉ်းတို့ကို ထည့်ပြီး ဆီသတ်ပါ။ Red Curry Paste ထည့်ပါ။ အုန်းနို့၊ ရေနှင့် ဟင်းခတ်များထည့်ပြီး သေချာလေး ရောမွှေပေးပါ။
၂။ ဆန်ခေါက်ဆွဲကို ထည့်ပြီး ကျက်အောင်ချက်ပါ။ ဆန်ခေါက်ဆွဲ ကျက်ပြီဆိုလျှင် ပန်းပွင့်စိမ်း၊ ငရုတ်သီးနီတောင့် ပါးပါးလှီး၊ ပဲပြား အနေတော် လှီးထားတာတွေကို ထည့်ပါ။ အရသာအနေတော် ပြင်ပြီးပြီဆိုလျှင် ပြင်ဆင်လို့ရပါပြီ။ သံပရာသီးကို အရည်လေး ညှစ်ပြီး သုံးဆောင်နိုင်ပါပြီ။


.......
ဆုမြတ်ဦး

Thursday, November 29, 2018

`မှောင်တဲ့အချိန်မှာ မိုဘိုင်းကင်မရာ အသုံးပြုပုံနည်းလမ်းများ´


ဖုန်းနဲ့ ဓာတ်ပုံတွေ ရိုက်ကူးတဲ့အခါမှာ အချို့ဓာတ်ပုံရိုက် ဝါသနာရှင်တွေအနေနဲ့ မှောင်တဲ့အချိန် မိုဘိုင်းကင်မရာသုံးပြီး ဓာတ်ပုံတွေကို ရိုက်ကူးချင်ကြပါတယ်။ ဒါပေမဲ့ ဖုန်းတွေမှာ မှောင်တဲ့အချိန် ရိုက်ဖို့အတွက် အချို့ဖုန်းတွေမှာ နည်းပညာကြောင့် အခက်အခဲ တချို့ ရင်ဆိုင်ကြရပါတယ်။ နည်းပညာ အခက်အခဲမှာ ဖုန်းမှာပါဝင်တဲ့ နည်းပညာကြောင့် အခက်အခဲဖြစ်နိုင်သလို ဓာတ်ပုံပညာရပ်ဆိုင်ရာ နည်းပညာရပ်တွေကို လေ့လာမှုနည်းလို့ ရင်ဆိုင်ရတဲ့ အခက်အခဲတွေ ရှိကြတာကို တွေ့ကြရပါတယ်။ ဒါကြောင့် အခုဆောင်းပါးမှာ မှောင်နေတဲ့ အချိန်မှာ မိုဘိုင်းဖုန်းကင်မရာ အသုံးပြုပြီး ဓာတ်ပုံကောင်းတွေရဖို့အတွက် ဘယ်လိုရိုက်ကူးမလဲ ဆိုတာတွေကို အချက်အချို့နဲ့ ဖော်ပြပေးသွားပါမယ်။

Manual စနစ်သုံးပြီး ရိုက်ကူးပါ

စမတ်ဖုန်းကိုင်ထားတဲ့ လူတော်တော်များများက ဓာတ်ပုံရိုက်ရင် အလင်းအမှောင်ကို ထိန်းချုပ်ရိုက်ကူးတဲ့အခါ အချို့စမတ်ဖုန်းတွေက အလိုအလျောက် ချိန်ညှိပေးတဲ့အတွက် တစ်ခါတလေမှာ အလင်းအားနည်းတဲ့ ဓာတ်ပုံတွေမှာ ဖွယ်နေပြီး လူရုပ်တွေက သေချာမသဲကွဲ တဲ့အဖြစ်မျိုး ကြုံဖူးကြသလို ပတ်ဝန်းကျင်အနေအထား လှပမှုတွေကို ရိုက်ကူးတဲ့အခါမှာလည်း ဓာတ်ပုံက အရည်အသွေး မကောင်းဘဲ တန်းမဝင်တဲ့ ဓာတ်ပုံတွေကိုသာ ရရှိကြပါတယ်။ နောက်ပိုင်း စမတ်ဖုန်းတွေမှာ ကင်မရာရဲ့ အရည်အသွေးတွေကို မြှင့်တင်လာပြီး အလင်းအားနည်းတဲ့ အချိန်မှာတောင် ကောင်းကောင်းရိုက်နိုင်အောင် နည်းပညာအရ ဖန်တီးလာကြပါတယ်။

အလိုအလျောက် ချိန်ညှိပေးတဲ့အတွက် ထင်သလောက် ကွာလတီကို မရနိုင်ဘဲ ရှိနေပါတယ်။ ဒါကြောင့် အလင်းအားနည်းချိန်မှာ လူပုံကိုပဲ ရိုက်ကူးတာပဲဖြစ်ဖြစ်၊ ရှုခင်းတွေ၊ လှပတဲ့မြို့တွင်း ပုံတွေရိုက် ကူးတာပဲဖြစ်ဖြစ်မှာ အကောင်းဆုံးကတော့ Manual စနစ်နဲ့ ရိုက်ကူး ခြင်းက အကောင်းဆုံးပဲ ဖြစ်ပါတယ်။ အဲ့လိုရိုက်ကူးတဲ့အခါမှာ Tripod သုံးရင် ပိုမိုအဆင်ပြေစေပါတယ်။

ဓာတ်ပုံအယူအဆအတွက် ဆိုရင်တော့ နေ့ဘက်မှာ ရိုက်ကူးတဲ့ ဓာတ်ပုံတွေထက် ပိုပြီးတော့ နည်းစနစ်တွေ ပိုမိုအသုံးပြုရိုက်ကူး ရပါတယ်။

Shutter Speed နဲ့ ISO ရဲ့အားသာချက်

မိုဘိုင်းဖုန်းကင်မရာနဲ့ အလင်းအားနည်းတဲ့အခါ ဓာတ်ပုံရိုက်တော့မယ်ဆိုရင် အရင်ဆုံးအမှောင်ထဲမှာ ဘယ်လိုရိုက်ကူးရမလဲဆိုတာနဲ့ ဘယ်လိုရိုက်ကူးလိုက်ရင် ဘယ်လိုပုံထွက်တယ်ဆိုတာကို လေ့လာထားဖို့ လိုအပ်ပါတယ်။ အကြောင်းအရင်းက ကိုယ်ရိုက်မယ့် ရှုခင်းနေရာမှာပဲဖြစ်ဖြစ်၊ လူပုံကိုရိုက်ကူးတဲ့ အခါမှာပဲဖြစ်ဖြစ် အမှောင်က ဘယ်လောက် ပမာဏရှိနေပြီး လင်းအောင် Shutter Speed ဘယ်လောက်ထားပြီး ရိုက်ကူးရမယ်ဆိုတာကို လေ့လာထားရပါမယ်။ ဖုန်းကင်မရာတွေမှာ ပါဝင်တဲ့ Camera Manual စနစ်က shutter speed က ဘယ်အတိုင်းတာအထိ လုပ်နိုင်လည်းဆိုတာကို ဓာတ်ပုံတွေ အစမ်းရိုက်ကူးရင်နဲ့ လေ့လာနိုင်ပါတယ်။

အဲလိုမှ ကိုယ်တကယ်လိုချင်တဲ့ အလင်းအမှောင်နဲ့ ရုပ်ထွက်တွေကို ချိန်ညှိကစားသွားနိုင်ပါတယ်။ အဓိကကတော့ Shutter Speed နဲ့ ISO ကို လိုသလိုချိန်ထိုးကစားနိုင်ပြီး ဓာတ်ပုံအရည်အသွေးကို လေ့လာနိုင်ပါတယ်။ အချို့ကတော့ မိုဘိုင်းဖုန်းမှာပါတဲ့ auto စနစ်ကိုပဲ ထားပြီး ရိုက်ကူးလိုက်တဲ့အတွက် ဦးနှောက်ခြောက်စရာ မလိုပါဘူး။ ဒါပေမဲ့ဖုန်းကင်မရာက ထုတ်ပေးတဲ့ ဓာတ်ပုံကွာလတီကိုပဲ ရှိမှာပါ။ စောစောကလို Shutter Speed နဲ့ ISO တွေ ချိန်ထိုးကစားပြီး ရိုက်ကူးမယ်ဆိုရင်တော့ မဖြစ်မနေ Tripod နဲ့ ဖုန်းကို တပ်ဆင်ရိုက်ကူး သင့်ပါတယ်။ ဖုန်းတင်ပြီး ရိုက်တဲ့ Tripod က ဈေးကွက်ထဲမှာ ဈေးသိပ်မများဘဲ ဝယ်ယူနိုင်ပါတယ်။

အရေးကြီးတဲ့ Exposure Level

အလင်းအားနည်းတဲ့ ဓာတ်ပုံတွေကို ရိုက်ကူးတဲ့အခါမှာ ဓာတ်ပုံ ပညာအရ ဘယ်အရာတွေကို ရိုက်ကူးမယ်ဆိုတာ အများကြီးမူတည် ပါတယ်။ ရိုးရိုး Night Life ဓာတ်ပုံတွေလား၊ Night Life ဓာတ်ပုံ တွေမှာမှ ဓာတ်ပုံပညာကို ထည့်သွင်းရိုက်ကူးမလားဆိုတဲ့ ကိုယ်ပိုင် ဆုံးဖြတ်ချက်တွေအရ ကင်မရာမှာ အသုံးပြုမယ့် exposure level တွေကလည်း မတူညီနိုင်တာကို တွေ့ရပါတယ်။

ရိုးရိုးဓာတ်ပုံတွေမှာတော့ လင်းအားကောင်းကောင်းနဲ့ ပတ်ဝန်းကျင်မှာရှိနေတဲ့ အရာတွေအားလုံးကို ထင်ရှားစွာ မြင်နိုင်အောင် ရိုက်ကူးဖို့အတွက် Exposure များများထားပြီး ရိုက်ကူးကြပေမယ့် ဓာတ်ပုံပညာ ကို ထည့်ပြီးရိုက်ကူးမယ်ဆိုရင်တော့ အမှောင်ထားသင့်တဲ့ နေရာလေးတွေမှာထား၊ အလင်းပါသင့်တဲ့ နေရာမှာအလင်း ထည့်ပြီးရိုက်ကူး ရတာကြောင့် ဓာတ်ပုံတစ်ပုံ လုံးလင်းနေဖို့တော့ မလိုအပ်တာကို တွေ့ရပါတယ်။ ဒါကြောင့် အဲလိုဓာတ်ပုံတွေအတွက် Exposure တွေ အများကြီး ထည့်စရာမလိုဘဲ Exposure Level ကို လျှော့ပြီး ကိုယ်လိုချင်တဲ့ အလင်းအမှောင်နဲ့ ဓာတ်ပုံကောင်းတစ်ပုံကို ရိုက်ကူးနိုင် ပါတယ်။
ISO ကို ထိန်းသိမ်းပြီး သုံးပြီး အလွန့်အကျွံ Edit ကိုလျှော့ချမယ်

အလင်းအားနည်းတဲ့ ဓာတ်ပုံရိုက်ကူးထားတဲ့ ဓာတ်ပုံတွေမှာ အများဆုံးကြုံတွေ့တဲ့ အခက်အခဲပဲ ဖြစ်ပါတယ်။ အချို့ ဖုန်းကင်မရာ
တွေက Auto ထုတ်ပေးလိုက်တဲ့ ဓာတ်ပုံတွေမှာ အများဆုံးအဖြစ်များ ပါတယ်။ ဒါ့အပြင် HDR စနစ်တွေကြောင့် ဓာတ်ပုံရဲ့ ရုပ်ထွက်ကို ဆွဲတင်လိုက်တဲ့ အခါမှာလည်း အဲလို ဖွယ်နေ ဖွာနေတဲ့ ဓာတ်ပုံတွေ ကိုသာ ရရှိကြပါတယ်။ အလင်းအမှောင်ကို ဖုန်းကင်မရာက ချိန်ညှိတဲ့အခါမှာ ISO တွေကို အလွန်အကျွံ ဆွဲတင်ပြီး ဓာတ်ပုံက အဲလိုမျိုးဖွာသွားကြတာပါ။ ဒါကြောင့် ဒီလိုဖွာနေတဲ့ ဓာတ်ပုံတွေ မလိုချင်ဘူး ဆိုရင်တော့ အလင်းအားနည်းတဲ့ ဓာတ်ပုံရိုက်ကူးရင် Auto စနစ်ကို မသုံးတာဟာ အကောင်းဆုံးဖြစ်ပြီး Manual စနစ်နဲ့ ရိုက်ကူးနိုင်သလို Manual စနစ်မပါတဲ့ ဖုန်းတွေအတွက်တော့ Long Expoture စနစ်အထောက်အပံ့ ပါဝင်တဲ့ App တွေနဲ့ ရိုက်ကူးတာက အကောင်း ဆုံးဖြစ်မှာပါ။

Long Expoture ရိုက်တော့မယ်ဆိုရင်တော့ မဖြစ်မနေ Tripod ကတော့ လိုအပ်တော့မှာပဲ ဖြစ်ပါတယ်။ တကယ်လို့ Long Expoture နဲ့လည်း ရိုက်ပြီးပြီ၊ ဓာတ်ပုံကလည်းကောင်းနေပြီး ဓာတ်ပုံကို edit လုပ်တဲ့ အခါမှာ အချို့က အလွန်အကျွံ edit လုပ်ကြပါတယ်။ အဲ့အချိန်မှာ အချို့က HDR တွေ အများကြီးသုံးပြီး edit လုပ်လိုက်တဲ့အခါမှာ ကိုယ့် ဓာတ်ပုံက စုတ်ချက်ကြမ်းကြမ်း ရေးဆွဲထားတဲ့ ပန်းချီကားတစ်ခုလို့ ခပ်ကြမ်းကြမ်း ခပ်ဖွာဖွာဖြစ်သွားတတ်လို့ သတိထားသုံးစွဲသင့်ပါတယ်။

စမ်းသင့်တဲ့ Long Exposure

အလင်းအားနည်းရင် (သို့) မှောင်နေရင် ဓာတ်ပုံရိုက်ကူးရတာဟာ Long Exposure ရိုက်ကူးဖို့အတွက် အခွင့်အရေးကောင်း အခါသမယပဲ ဖြစ်ပါတယ်။ ပတ်ဝန်းကျင်မှာရှိတဲ့ အရာဝတ္ထုတွေကို အလင်းအမှောင် ကောင်းကောင်းချိန်ပြီး ရိုက်ကူးနိုင်မယ်၊ ရွေ့လျားနေတဲ့ အရာဝတ္ထု တွေကို မတူကွဲပြားတဲ့ အမြင်ဖြစ်အောင် ရိုက်ကူးနိုင်မယ်။

Landscape တွေရိုက်ကူးတဲ့ အခါမှာဆိုရင် Star Tril တွေကိုလည်း စမ်းသပ်ရိုက်ကူးနိုင်မှာဖြစ်လို မြို့တွင်းမှာ ကားမီး အလင်းတန်းတွေဖြစ်တဲ့ Light trail တွေကိုလည်း ဖန်တီး ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် Long Exposure ကို ဖုန်းနဲ့ ရိုက်ကူးမယ် ဆိုရင်တော့ ဖုန်းထဲမှာ Camera Manual စနစ် ပါဝင်ရမယ်။ မပါဝင်ပါက Manual စနစ်သုံးနိုင်တဲ့ App တွေကို ရွေးချယ်ပြီး ရိုက်ကူးနိုင်ပါတယ်။ အဲ့ဒါအပြင် Tripod တစ်ချောင်းလည်း လိုအပ်မှာဖြစ်ပါတယ်။



မူလတင်ဆက်သူ - Internet Journal 

Wednesday, November 28, 2018

"ဆောင်းလေပြေကြား က ချင်းတောင်"



++++++++++++++++++++++++++

    နှင်းဖွေးဖွေးလေးတွေ မြိုင်မြိုင်ဆိုင်ဆိုင်ကျလာ ရင် မြူပိတ်နေတယ်လို့ ခေါ်တတ်တဲ့ ချင်းတောင်ဒေသ ။ တိမ်ပင်လယ် ကြီးကို မြင်ခြင်တယ်ဆိုရင် ဒီလို ဆောင်းရာသီမှာ ချင်းတောင်ပေါ် ကို သွားကြရတာပါပဲ ။ ချင်းပြည်နယ်မှာ ရှိတဲ့ ကနေဒီတောင်ထိပ်က ဖြစ်ဖြစ် ၊ ခေါနုစုမ် ( ခ) နတ်မတောင် ထိပ်ကဖြစ်ဖြစ် ၊ ဇိမ်မူးတောင်ပေါ်က ဖြစ်ဖြစ် ၊ လှမ်းမျှော်ကြည့်မယ်ဆိုရင် တောင်တန်းမြင့်မြင့် တွေရဲ့ ကြားမှာ စီးမျောနေတဲ့ တိမ်တိုက်ထုထည် ကြီးကို တွေ့ရမှာ ဖြစ်ပါတယ် ။ ဒီလို မျောလွှင့်နေတဲ့ တိမ်တိုက်ကြီးကို ဒေသခံ တွေက တော့ အို.. သိပ်လှတဲ့ တိမ်ပင်လယ်ကြီး တဲ့ ။ အရောင်အသွေး စုံနေတဲ့ အမျိုးအမည် မသိတဲ့ ပန်းပင်လေးတွေကလည်း နေရာတိုင်းလိုလို မှာ ရှိကြပါတယ် ။

ဖြေရခက်တဲ့ စကားတစ်ခွန်းရှိပါတယ် ။ အဲဒါက တော့ ချင်းတောင်က ဘယ်နေရာက ပိုလှသလဲ ဆိုတာပါပဲ ။ တကယ်တော့ ဘယ်နေရာက လှတယ်ဆိုတာ ပြောရတာ တော်တော်ခက်ပါတယ် ။ ကိုယ်သွား တဲ့ အချိန် ၊ ရောက်ခဲ့တဲ့ နေရာ ၊ လက်ရှိ ဖြစ်နေပေါ်နေတဲ့ ရာသီ ဥတု တွေ အရ ပြောရခက်လွန်းပါတယ် ။ နွေရာသီလို၊ ဆောင်းရာသီ လိုဆိုရင် ချင်းတောင်လမ်းမ တွေက ဖုန် အလွန်ထူပါတယ် ။ မိုးရာသီဆိုရင်လည်း တောင်ပြိုတာ နဲ့ ရွှံ့ ဗွက်တွေ ပေါပါတယ် ။

ချင်းတောင်လမ်းမ တွေ စတင်ချဲ့တဲ့ ၂၀၁၅ ၀န်းကျင်လောက်နေစပြီး ဖြစ်လာတာပါ ။ ချင်းတောင်မြေ က သက်နုမြေတွေ များတော့ ပြိုလွယ် ၊ ပဲ့လွယ်ပါတယ် ။ လမ်းချဲ့တော့ စွန့်ပစ်မြေစာတွေ စနစ်တကျ မရှိတာရယ် ချဲ့တဲ့နေရာတွေ ရယ် ၊  လိုက်ပြိုတာတွေ ရှိကြောင့် မြေသားမတည်ငြိမ်သေးဘူး လိုက်ပြိုတဲ့မြေတွေ ကြောင့် ရွှံ့ဗွက်များပြီး ၊ ဖုန်ထူ တယ်လို့ ပြောရမှာ ဖြစ်ပါတယ် ။ နေရာနဲ့ အချိန်အခါ ၊ ရာသီဥတုတွေ အပေါ် မူတည်ပြီး ချင်းတောင်ရဲ့ နေရာတွေက လှပပါတယ် ။ နေရာတိုင်းမှာ အလှကိုယ်စီနဲ့ ရှိတယ်လို့ ပြောချင်ပါတယ် ။

 ချင်းတောင်ကို ဘယ်အချိန်သွားရင် အကောင်းဆုံးလဲလို့ ပြောရရင်တော့ နိုဝင်ဘာ ၊ ဒီဇင်ဘာ ၊ ဇန်န၀ါရီ လ တွေက သွားလာလို့ အကောင်းဆုံးပါ ။ မိုးလေ ကင်းလွတ်တဲ့ အတွက် တောင်ပေါ်လမ်းမှာ မြေပြိုလမ်းပိတ်မှာ ပူစရာမလိုတော့ ဘူး ။ ဒီလို ပွင့်လင်းရာသီဆိုရင်လည်း ချင်းတောင်ခြေ မှာ နေတဲ့သူတွေ ရော အဝေးကလာတဲ့ ဧည့်သည်တွေ ရော ချင်းပြည်နယ်ကို ခရီးသွားဖို့ စိတ်ကူးကြတဲ့ အချိန်ပေါ့ ။ ကျနော်တို့က တော့ နွေ ၊ မိုး ၊ ဆောင်း သုံးရာ သီစလုံး နေ့ ၊ ည မရွေး သွားလာနေတတ်တဲ့သူ ဖြစ်တဲ့ အတွက် ဘယ်အချိန်သွားသွား ချင်းတောင်အလှ က ဘယ်သောအခါမှ ရိုးမသွား ။ ကျနော်တို့ မြန်မာလူမျိုး အများစု က အပန်းဖြေခရီး သွားတာထက် ရောက်ဖူး အောင် ၊ ရောက်ဖူးတယ်ဆိုတာ ပြောလို့ ရအောင် သွားကြတာနဲ့ တူနေပါတယ် ။ ခရီးသွားတိုင်း ကျနော်တို့ ခံစားနေရတာ က အပန်းဖြေ ခရီးသွားကြတိုင်း ပင်ပန်းပြီး ပြန်လာကြကာ နောက်တခါ ခရီးထွက် ရမှာကို ကြောက်သွားကြတာပါပဲ ။ ကိုယ်သွားရမယ့် လမ်းခရီး မှာ တွေ့ရမယ့် ဘေးဘီ ၀ဲယာ က ရှုခင်းအလှအပ နဲ့ ဒေသအခြေအနေကို ခံစားဖို့ ထက် ကိုယ်သွားမယ့်နေရာကို ရောက်ရှိရေးကို ကာ စိတ်စောနေကြတာကလား ။

ကိုယ်သွားခဲ့တဲ့ လမ်းဘေးမှာ နေထိုင်ကြတဲ့ ဒေသခံတွေနဲ့
စကားလေးမှ မပြောခဲ့ကြ တော့လည်း ဒီဒေသရဲ့ အတိမ်အနက် ၊ ဒီဒေသရဲ့ သဘောသဘာဝတွေ ဘယ်နားလည်ပါ့ မလဲလေ ။ ဒေသတစ်ခုကို အပန်းဖြေ ဒေသန္တရ ဗဟုသုတ အရ သွားမယ်ဆိုရင်တော့ ဒေသတစ်ခု ကို ရင်းနှီးကျွမ်းဝင်စေဖို့ အတွက် စူးစမ်းလေ့လာဖို့ လိုအပ်တာပေါ့ ။ သို့ပေမယ့် လမ်းခရီးမှာ ဘယ်နေရာကဘယ်လို လှလို ဘယ်လို ဆယ်ဖီဆွဲခဲ့ရမှန်း မသိတဲ့ ခရီးသွား တွေ အဖို့ တော့ သွားအလကား လို့ တောင် ပြောရမလိုပ ။

 နှင်းစက်လေးတွေက ချင်းတောင်ခြေရဲ့မြို့ ၀န်းကျင်မှာ အစမ်းသဘောမျိုး လာရောက်ကြပြီလို့ ပြောရမှာပေါ့ ။ ဒီလို နှင်းတွေ များများ ကျတယ်ဆိုရင် မြူကျတာလို့ လည်း ပြောကြသလို ၊ မြူကျတာ များရင်လည်း မှိုင်းတိုက် တယ်လို့ ဒေသခံတွေ သုံးနှုန်းကြပါတယ် ။ နှင်း ဆိုတာ ဘယ်လို ၊ မြူဆိုတာ က ဘယ်သို့ ဆိုတာ သေသေချာချာ အသုံးအနှုန်းတွေ မသိပေမယ့် ၊ နှင်းကျတယ် ၊ မြူတွေ မှိုင်းနေတယ် ၊ မှိုင်းတိုက်တယ် စသဖြင့် ဆောင်းရာသီ ရဲ့ နှင်းကျ
ပုံကို အမျိုးမျိုး သုံးနှုန်းကြပါတယ် ။ သီတင်းကျွတ်ကျောင်းပိတ်ရက် ဖြစ်တဲ့ အတွက် မိသားစုတွေ ချင်းတောင်ပေါ်တက်ဖို့ စီစဉ်လိုက်ပါတယ် ။ ကိုယ်ပိုင်ကားမရှိတဲ့ အပြင် ဆိုင်ကယ်နဲ့ ခရီးသွားတာကိုပဲ ကြိုက်နှစ်သစ်တဲ့ ကျနော်တို့ မိသားစု ကတော့ ဆိုင်ကယ် နဲ့ ပဲ ချင်းတောင်ပေါ်ကို ရောက်သလောက် တစ်ရက်ခရီး အဖြစ် သွားဖို့ စီစဉ်ပါတယ် ။ ဘယ်အထိ သွားမယ် ၊ ဘယ်ကို ရောက်မယ် ဆိုတဲ့ အတွေးထက် ရှုခင်းကောင်းတဲ့ နေရာမှာ ရပ်ပြီး ငေးမယ်။ ဓါတ်ပုံရိုက်မယ်။

သဘာဝ ပတ်ဝန်းကျင် အလှတွေကို ရသလောက်ခံစားမယ်ဆိုတာ ကျနော်တို့ အဓိက ပန်းတိုင်ပါ ။ ဗိုက်ဆာတဲ့ အချိန်မှာ ရောက်တဲ့နေရာမှာ စားဖို့ ထမင်းလည်း အသင့်ထုတ်ခဲ့ပါတယ် ။ ဒီလမ်းဒီခရီး က မကြာခဏ သွားဖြစ်နေတဲ့ အတွက် ကျနော်တို့ ရောက်ဖူးတယ်လို့ ပြောဖို့ အတွက် ဒီခရီးကို ထွက်တာ မဟုတ်ခဲ့ပါဘူး ။ လမ်းမှာ ပန်းလေးတွေ တွေ့ရင် ကြည့်မယ် ။ ရှုခင်းလှလှ လေးတွေ တွေ့ရင်ငေးမယ် ။ ဒေသခံတွေ ဆီက ဒေသထွက် အစားအသောက်ကောင်းလေးတွေ စားသောက်မယ် ။ ကျနော်တို့ ရဲ့ ခရီးနောက်ဆုံးပန်းတိုင်းဟာ ကနေဒီတောင်ပေါ် အထိ ရောက်ရင်တက်မယ် ။ အဲဒီမှာ ထမင်းစားမယ်။

 ဆိုင်ကယ် ကိုယ်စီနဲ့ထွက်ခဲ့တဲ့ ကျနော်တို့က ကလေးတက္ကသိုလ် အထက်မှာ ရှိတဲ့ ရှုခင်းသာ ဆိုတဲ့နေရာကို ရောက်တော့ နားလိုက်တာပါပဲ ။ ဒီနေရာ ရှုခင်းသာဆိုပေမယ့် အပင်တွေက တဖြေးဖြေး ကြီးလာတော့ အောက်ခြေမြင်ကွင်းတွေကို ပိတ်ပြီး ရှုခင်းမသာ နိုင်တော့တာ ကြာပါပြီ ။ ချင်းတောင်ခြေက ကလေးလွင်ပြင်တစ်ခု လုံးကို အပေါ်စီးက နေ ကြည့်နိုင်တဲ့ နေရာ ၊ ကလေးမြို့ ကို ရောက်လာတဲ့သူတွေ အချိန်မအားလို့ ချင်းတောင်ကို မသွားနိုင်ကြသူတွေအတွက် ချင်းတောင်ကို ထိတွေ့ကြည့်ရုံ လာရောက်လာပတ်သောနေရာ ။ လွင်ပြင်တစ်ခုလုံးကို အေးအေးဆေးဆေး အရသာခံပြီး ကြည့်နိုင်ပေမယ့် အဲဒီလို ကြည့်နိုင်အောင် လုပ်ပေးထားတာတော့ မရှိ ။ ဒီလိုနေရာမျိုး မှာ သာသာယာယာ လုပ်ပေးထားဖို့ လိုပါတယ် ။ ဟိုတချိန်က ဈေးဆိုင်တန်းတွေ ရှိခဲ့ရာက အခု တော့ ပြန်ဖျက်ခိုင်းလို့ လား မသိ မရှိပြန်တော့ ။

အပေါ်စီးကနေ လွင်ပြင်တစ်ခုလုံးကို ကြည့်နိုင်တဲ့နေရာလေး မှာ တောင်ပေါ် လို့ ဆိုရုံ ၊ အအေးဓါတ်ကလည်း အနည်းငယ်သိသာရုံ ၊ ရှုခင်းတွေကို ငေးမောရင်း ၊ မြူတွေ ထလာတာလား ၊ မှိုင်းတွေ တက်လာသလား ၊ မီးခိုးတွေ အူနေသလား ၊ စိမ်းစိုစိုလယ်ကွင်းတွေလား ၊ နေအိမ်တွေ တိုးနေသလား စသဖြင့် စူးစမ်းလေ့လာကြရင်း အပမ်းဖြေကြရတာပေါ့ ။ တချို့သော ချင်းတောင်ကို လာတဲ့ ဧည့်သည်အများစု ပြောကြတာက ချင်းတောင်မှာ ဘာရှိလို့လဲကွာတဲ့ ။ သူတို့ ဘာကို ဆိုလိုချင်သလဲမသိ ။ ချင်းတောင်မှာ တော့ ဒေသထွက် သီးနှံ တချို့ ၊ မြေပြန်နဲ့မတူညီတဲ့ ရာသီဥတု ၊ မြေပြန့်မှာ မတွေ့နိုင်တဲ့ ရှုခင်းတွေ ၊ သဘာဝပတ်ဝန်းကျင် ကောင်းတွေ ခံစားတတ်ရတာပေါ့ ။ အခု ချိန်မှာ ဆိုရင် ရှုခင်းတွေ ကြည့်ရင်းနဲ့ မှိုင်းတွေက ရှုခင်းတွေ ကို မျက်လှည့်ဆန်ဆန် ကွယ်ဝှက်လိုက် တာများ တခါ တခါ ကိုယ့်မျက်စိ ကိုယ် ပင် မယုံချင် ။ တခါ တခါ ချင်းတောင် လမ်းဘေးမှာ ဆိုင်ကယ် ရပ်ပြီး ချင်းတောင်ထွက် ၀ိုင်ပုလင်းလေးကို သောက်ရင်း မြူတွေ ရွေ့လျားနေတာ ကို ငေးမောလို့ ရှုခင်းတွေက ပေါ်လာလိုက် ပျောက်သွားလိုက် ၊ တောပန်းတောင်ပန်းလေး မြင်လိုက်ရ နဲ့ ကိုယ့် အတွေးတွေ မျောချင်ရာကို မျောလွင့်နေလိုက်တာ များ ပတ်ဝန်းကျင်ကို မေ့လို့ ။

 တကယ်တော့ စစ်ကိုင်းတိုင်းထဲက ကလေးမြို့ နဲ့ ချင်းပြည်နယ် တီးတိန်မြို့နယ် သိုင်းငင်းကျေးရွာဆိုတာ မိုင် ၃၀ လောက်ပဲ ဝေးတာ ။ ဆိုင်ကယ်နဲ့ ဆို တောင်တက်ခရီးဆိုတော့ ၂ နာရီ နီးနိး ( ကျွမ်းကျင်ရင်တော့ တစ်နာရီ တစ်နာရီခွဲ လောက်စီးရတာ ) ပဲစီးရတယ် ။ သို့ပေမယ့် ကျနော်တို့က အနည်းဆုံး ၄ နာရီ ၊ ၅ နာရီ ကြာအောင်စီးပါတယ် ။ လမ်းမှာ ပန်းလေးတွေ လှတယ်ဆိုရင်လည်း ကြည့်ကြ ၊ ဓါတ်ပုံရိုက်ကြ ၊ ဒေသခံတွေ တွေ့ရင် ဘာပန်းလဲ မေးကြပေါ့လေ ၊ ရှုခင်းလှတယ်ဆိုရင်လည်း ငေးမောကြ ၊ ဓါတ်ပုံရိုက်ကြ ။ တကယ်တော့ ချင်းတောင်ပေါ်က ဆောင်းအ၀င် လေအေးစက်စက် ရဲ့ ပက်ဖြန်းမှုက ကျနော်တို့ကို ပိုပြီး လတ်ဆတ်စေပါတယ် ။ ဆိုင်ကယ် နဲ့ တောင်ပေါ် သွားမလား ၊ မြေပြန့် သွားမလားလို တောင်ပေါ်ကို ပဲရွေးချယ်ပါ့မယ်။ အေးမြလှတဲ့ တောင်ပေါ်ရဲ့ ဆောင်းလေပြေ က ခရီးသွားတွေကို ပိုပြီး အမောပြေစေပါတယ် ။ ချင်းတောင်လမ်းတွေက တီးတိန်မြို့နယ် သိုင်းငင်းကျေးရွာ ၊ လေထန်ကုန်း အထိက တော်တော်လေး လမ်းကောင်းတယ်လို့ ပြောရပါ့မယ် ။ ချင်းပြည်နယ်တစ်ခုလုံး ဒီလို လမ်းကောင်းမယ်ဆိုရင်တော့ အလည်အပတ်လာတဲ့သူတွေလည်း ပိုပြီး များပြားလာမှာပါ ။ မိုင်၃၀ ခရီး မှာ နေရာတိုင်းရဲ့ အလှအပ တွေ က မြင်တတ်ရင် မြင်တတ်သလို ၊ ခံစားတတ်သလို ပေါမှ ပေါ ။ ချင်းတောင်ရဲ့ အထင်ကရ နေရာတွေက ကနေဒီတောင် ၊ ရိ ရေကန် ၊ ဇိန်မှုးတောင် ၊ ခေါနူးစုမ် တောင် ၊ ဘုံတလာရေတံခွန် ၊ စတဲ့နေရာတွေပေါ့ ။

 သိုင်းငင်းကျေးရွာ အနီးက လေထန်ကုန်းမှာ တော့ ပိတ်ရက်ဖြစ်တာနဲ့ အညီ လူတော်တော်စည်ကားလျှက်ပါ ။ လေထန်ကုန်းမှာ ဘာတွေ ရှိလဲ လို့ မေးရင်တော့ ဘာမှ မရှိဘူးလို့ ပြောရမှာပါပဲ ။ ကလေး - တီးတိန် လမ်းမပေါ် က နေ ထုတ်လိုင်ကျေးရွာကို ခွဲသွားတဲ့နေရာ ၊ တောင်ကြားက ဖြတ်တိုက်လာတဲ့ လေ က တော်တော်လေး ပြင်းထန်တော့ ဒီနေရာလေးကို လေထန်ကုန်း လို့ ပြောကြတယ်ထင်ပ ။ အရင်ကတော့ အဲဒီနေရာ မှာ တောင်ဇလပ် ပန်းပွင့် ချိန်ဆိုရင်လည်း တောင်ဇလပ်ပန်းတွေ အများကြီးရှိတဲ့နေရာပေါ့ ။ ချင်းတောင်ရဲ့ အထိမ်းအမှတ် တောင်ဇလပ်ပန်းတွေ ပွင့်ချိန်ဆိုရင်လည်း တောင်ဇလပ်ပန်းတွေ မြင်ရဖို့ လာကြတဲ့သူတွေ များလှပါတယ် ။ တစ်ခု ပြောချင်တာကတော့ တောင်ဇလပ်ဆိုတဲ့ ပန်းက အပင်ပေါ်မှာ လနဲ့ချီအောင် အကြာကြီး လှနေပေမယ့် ခူးပြီးရင်တော့ နာရီပိုင်း အတွင်း ညိုးသွားတယ်ဆိုတာပါပဲ ။ ချင်းတောင်က လာလည်တဲ့သူတွေ တောင်ဇလပ်ပန်းပွင့်ချိန်မှာ တောင်ဇလပ်တွေကို ခူးယူခြင်းမပြုပဲ အလှကြည့်ခံစားတတ်ကြဖို့ လိုပါမယ် ။ တကယ်တော့ တောင်ဇလပ်ပန်းကို တန်ဖိုးထားကြတဲ့သူတွေ ဆိုတာ တန်ဖိုးသိ ကြတဲ့သူတွေ များပါတယ် ။ ပေ ၆၀၀၀ ၀န်းကျင် မှ ပေါက်ရောက်တဲ့ တောင်ဇလပ်ပန်း တွေ မခူးကြဖို့ အတွက် အခု ဆိုရင် ကန်ပိန်းတွေ လုပ်ပြီးတားမြစ်နေ ကြတာတွေ ရှိပေမယ့် ထိရောက်တဲ့ တားမြစ်မှု မျိုးတော့ မဟုတ်သေးပါဘူး ။

 မြူခိုးတွေက မမြင်ဖူးတဲ့သူတွေ မြင်အောင်ပြောရရင် မီးခိုး လိပ်တွေ လို ပါပဲ ။ အလိပ်လိုက် အလိပ်လိုက် တက်လာပြီးတော့ တောင်တန်းတွေကို ဖုံးလွှမ်းသွားလိုက်ရင် တောင်တန်းရဲ့ အလှအပ ပျောက်သွားပါတယ် ။ ခဏနေပြန်တော့လည်း မြူတွေ ပျောက်ကွယ်သွားပြီး တောင်တန်းကြီးရဲ့ အလှက ပေါ်လာပြန်ရော ။ ဒီလို နဲ့ ပန်းချီကား တစ်ချပ် ပြီး တစ်ချပ် ဆလိုက်ထိုး ပြနေသလို ခံစားမိနေပါတယ် ။ ကနေဒီ တောင်ဖက်ကို တော့ သီးသန့် သွားကြတာ မရှိသေးပါဘူး ။ အသွားအလာ နည်းပါး သေးပါတယ်။ ကျနော်တို့က တော့ ကနေဒီ တောင်ပေါ် မှာ ၀ိုင်းဖွဲ့ ထမင်းစားကြရင်း ချင်းတောင် အလှအပ ကိုခံစား ရတဲ့ အရသာကို ပိုကြိုက်ပါတယ်။ နွားနောက်တွေကလည်း လွှတ်ကျောင်းစနစ်နဲ့ ဟိုတစ်အုပ် ဒီတစ်အုပ် နဲ့ ။ တောပန်းလေးတွေက အရောင်အသွေးစုံစုံလင်လင် ။ နှင်းမှုံတွေ ပါတဲ့ မြူခိုး တွေက တဟူးဟူး တိုက်ခတ်လို့ ။ မိုးအကုန် ဆောင်းအကူး ဆိုတော့ ကျွတ် ဆိုတဲ့ သွေးစုတ် တဲ့ အကောင်လေးတွေ ကိုတော့ သတိထားရတယ် ။ သဘာဝတောတောင် ပတ်ဝန်းကျင် ဆိုတာ နှလုံးသား အသိနဲ့ ခံစားတတ်မှ ပါ ။ ရုတ်တရက် မင်းတပ်က ကဗျာ ဆရာဟာရှိန်း ရဲ့ ကဗျာလေးကို ရွတ်ဆိုမိတယ် ။

 မနက်ခင်း တောင်လေတိုက်တယ်
နှင်းတွေက နွေးထွေးလိုက်တာ။

နေ့လည်ခင်း မြောက်လေတိုက်တယ်
ဆောင်းရာသီ နေ့လည်နေက ငြိမ်းချမ်းလိုက်တာ။

ဘဝစုဗူးကို ဖွင့်ဖောက်
ရိုးရာဟာ သိုးမသွားတဲ့ အစာ။

ညနေခင်း တိမ်မျှင်တွေ
ညင်ညင်သာသာပဲ ထွက်ခွာသွား

နီးနီးဝေးဝေး
ကဗျာကောင်းကင်မှာ
ကြယ်တွေ ဟောတပွင့် ဟောတပွင့်
လင်းလက်တောက်ပ တက်တက်ကြွကြွ။     ။

 မြူနှင်းဖွေးဖွေးတွေ ကြားမှာပဲဖြစ်ဖြစ် ၊ မိုးစက်ပွင့်တွေ အောက်မှာပဲဖြစ်ဖြစ် ၊ လေပြေ ညှင်းသွဲ့သွဲ့ တိုက်နေချိန်မှာ ပဲဖြစ်ဖြစ် ချင်းတောင်ရဲ့ သဘာဝတရားက လှနေပြီးသားပါ ။ သဘာဝ တရားကြီးကို ချစ်မြတ်နိုးခဲ့ဖို့ ကျနော်တို့ တစ်တွေ သင်ကြားပေးရင်း သဘာဝတရားကြီးက ပြန်လည် ချစ်မြတ်နိုးတဲ့တစ်နေ့မှာ တော့ အေးချမ်းစိုပြေတဲ့ ချင်းတောင် အဖြစ်ရပ်တည်နေရအုန်းမှာ တော့ အသေအချာ ။


ကိုဆူး ( ချင်းတောင်ခြေ )

Tuesday, November 27, 2018

သတင်းမီဒီယာတွေရဲ့ တကယ့်ပြိုင်ဘက်



ဒေါ်အောင်ဆန်းစုကြည် ဘာလွဲနေလဲ (သို့မဟုတ်) သတင်းမီဒီယာတွေရဲ့ တကယ့်ပြိုင်ဘက် 

မြတ်သူ

Social Media နဲ့ သတင်းမီဒီယာတွေရဲ့ သြဇာပြိုင်မှုကို စောင့်ကြည့်နေပြီးတော့ ဘယ်သူက ကမ္ဘာကြီးကို အကျိုးပြုနိုင်မလဲဆိုတာကို စိတ်ဝင်စားကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်တော့ ကျနော်လည်း သူပြောတဲ့ အားပြိုင်မှု ဆိုတဲ့ စကားကို စိတ်ဝင်စားမိပါတယ်။ ဒီနေရာမှာ အဓိကထားစဉ်းစားရမှာက အားပြိုင်တယ်ဆိုပြီး ဒီနှစ်ခုကို တန်းတူထား စဉ်းစားရအောင် ဒီနှစ်ခုဟာ သဘောသဘာဝတူနေလို့လားဆိုတာပါပဲ။

ဆိုရှယ်မီဒီယာရဲ့ အခြေခံ သဘောသဘာဝဟာ လူတစ်ယောက်နဲ့ တစ်ယောက် ဆက်သွယ်ဖို့ ဖြစ်ပါတယ်။ ကျနော်တို့ဟာ ကိုယ့်နဲ့ အဆက်အသွယ် ပျက်နေတဲ့ ငယ်ပေါင်းတွေကို ဖြစ်စေ၊ အလုပ်အတူတူ လုပ်နေသူတွေကို ဖြစ်စေ ဒါမှမဟုတ် ကိုယ်နဲ့ဝါသနာတူ သဘောထားတူသူတွေကို ဖြစ်စေ ဆိုရှယ်မီဒီယာမှာ ရှာလို့ရတယ်။ ဘယ်နေရာ ရောက်ရောက် အလွယ်တကူ ဆက်သွယ်လို့ရတယ်။ မိတ်ဆွေသစ်ဖွဲ့လို့ရပါတယ်။ ဒါဟာ ဆိုရှယ်မီဒီယာရဲ့ အဓိက အနှစ်သာရပါ။

သတင်းမီဒီယာရဲ့ အခြေခံသဘောသဘာဝကတော့ လူတွေ စိတ်ဝင်စားနိုင်မယ့် အကြောင်းအရာတွေကို လူတွေဆီကို အချိန်နဲ့ တပြေးညီ ပေးပို့နိုင်ဖို့ပါပဲ။ ဒီနေရာမှာ သတင်းသည် လူထုအတွက်တို့ ဘာတို့လို ဆောင်ပုဒ်တွေကို ကျနော် ခဏကျော်လိုက်ပါမယ်။ သူ့ရဲ့ အခြေခံအလုပ် ကတော့ လူတွေ စိတ်ဝင်စားနိုင်မယ့် အကြောင်းအရာ အဖြစ်အပျက် တွေကို အချိန်နဲ့ တပြေးညီ လူတွေဆီ ပေးပို့တာပါ။

ဆိုတော့ကာ ဆိုရှယ်မီဒီယာနဲ့ သတင်းမီဒီယာရဲ့ အခြေခံ သဘောသဘာဝတွေဟာ တူမနေတာကို တွေ့ရပါမယ်။ ဒီနေရာမှာ " ဟာ ဆိုရှယ်မီဒီယာ မှာလည်း သတင်းတွေရှိနေတာပဲ၊ ဖတ်လို့ရနေတာပဲ " လို့ ကျနော့်ကို ပြန်ငြင်းချင်ပါလိမ့်မယ်။ လူတွေရှိနေရင် လူတွေသုံးနေရင် တယောက်ကို တယောက်ပါးတဲ့ သတင်းစကားတွေလည်း ရှိနေပါလိမ့်မယ်။ လူတစ်ယောက်က သူ့ သူငယ်ချင်းတွေကို သူမြင်တာ တွေ့တာတွေကို ရေးပြီး အကြောင်းကြားနိုင်ပါတယ်။ ဒီနေရာမှာ သူ့ရပ်ကွက် မီးပျက်တဲ့အကြောင်း ဖြစ်ချင်ဖြစ်မယ်၊လမ်းထဲက ခွေးကိုက်တဲ့အကြောင်း ဖြစ်ချင်ဖြစ်မယ် ဒါမှမဟုတ် စတုဒီသာမှာ ထမင်းကျွေးတာ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ တစ်ရပ်ကွက်ထဲနေတဲ့ တခြားသူငယ်ချင်းတွေက သူတင်တာကို စိတ်ဝင်စားကောင်း စားနိုင်ပေမယ့် သာမန်လူတစ်ယောက်ရဲ့ မျှဝေချက်ဟာ ယုံကြည်ဖွယ်ရာ သတင်းဖြစ်မဖြစ်ကို အင်မတန် စောဒက တက်စရာကောင်းပါတယ်။

" ပရော်ဖက်ရှင်နယ် သတင်းမီဒီယာတွေဟာ ဘယ်လိုအလုပ်လုပ်ပါသလဲ? "

ဒီနေရာမှာ မီဒီယာကောင်းတွေရဲ့ အလုပ်လုပ်ပုံကို သိထားဖို့ လိုပါတယ်။ တကယ့် ပရော်ဖက်ရှင်နယ် မီဒီယာတွေမှာ သတင်းအချက်အလက်တွေဟာ သတင်းထောက်ရေးပြီး အယ်ဒီတာစားပွဲပေါ်ရောက်တိုင်း စာမျက်နှာပေါ် ထွက်လာတာ မဟုတ်ပါဘူး။ အယ်ဒီတာတွေကနေပြီး သတင်းထောက်တွေ တင်လာတဲ့ သတင်းကို
၁) တကယ်ဖြစ်ပွားမှု ရှိမရှိ
၂) အကြောင်းအရာ မှန်မမှန်
၃) ကိုးကားချက် မှန်မမှန်
၎) သုံးစွဲမယ့် ဓာတ်ပုံ၊ ဗီဒီယိုဟာ မှန်မမှန် တို့ကို အနည်းဆုံး စစ်ဆေးရပါတယ်။ သတင်းစာ တိုက်ကြီးတွေဟာ သတင်းတစ်ပုဒ်မှာ သတင်းရင်းမြစ်ကို တစ်ခုထက်မက သုံးစွဲရပါတယ်။ သတင်းရင်းမြစ်တစ်ခုထဲက ပြောတာကို ရေးလိုက်တာမျိုး မလုပ်ဘဲနဲ့ သူနဲ့ ဆန့်ကျင်ဘက် သတင်းရင်းမြစ်ကိုလည်း အတတ်နိုင်ဆုံး ဆက်သွယ်ပြီး အတည်ပြုရပါတယ်။ ဒါကတော့ တကယ့် ပရော်ဖက်ရှင်နယ် မီဒီယာတွေရဲ့ အလုပ်လုပ်ပုံပါ။ ဒီလို ပရော်ဖက်ရှင်နယ် မီဒီယာတွေရဲ့ သတင်းတင်ဆက်ပုံနဲ့ သာမန် ကိုယ်တွေ့တာ မြင်တာကို ရေးလိုက်တဲ့လူတယောက်ရဲ့ အကြောင်းအရာ မျှဝေချက်တွေဟာ ကွဲပြားပါတယ်။ အရေးအပါအဆုံး အချက်ကတော့ ပရော်ဖက်ရှင်နယ်မီဒီယာဟာ တာဝန်ယူမှု တာဝန်ခံမှု အပြည့်ရှိပါတယ်။

ဒီနေရာမှာ သတင်းမီဒီယာနာမည်ခံနဲ့ ပရော်ဖက်ရှင်နယ် သတင်းမီဒီယာကိုလည်း ကွဲကွဲပြားပြား သိဖို့တော့ လိုပါတယ်။ ပိုက်ဆံရှိလို့ မီဒီယာကုမ္ပဏီထောင်ပြီး အတင်းအဖျင်းတွေကို သတင်းလုပ်ရေးနေတဲ့ Yellow Journalism နဲ့ သတင်းမီဒီယာတွေနဲ့ကို ကွဲပြားဖို့ လိုပါတယ်။ တကယ့် ပရော်ဖက်ရှင်နယ် သတင်းမီဒီယာကောင်းတွေဟာ လူတွေနဲ့ အကျိုးသက်ဆိုင်တဲ့၊ လူတွေ သိသင့်သိထိုက်တဲ့ အကြောင်းအရာတွေကို သတင်းအဖြစ် တင်ဆက်ရတာပါ။ လူထုရဲ့ မျက်စိနဲ့ နားလို့ တင်စားလည်း မမှားပါဘူး။

" ဆိုရှယ်မီဒီယာနဲ့ သူ့ရဲ့ ပြဿနာတွေ "

ဆိုရှယ်မီဒီယာကတော့ တာဝန်ယူမှု တာဝန်ခံမှု မရှိပါဘူး။ သတင်းရင်းမြစ်ကို ရှာဖွေရခက်ပါတယ်။ ပြန့်နှံ့မှု မြန်ဆန်တဲ့အတွက် ဆိုရှယ်မီဒီယာကို သတင်းအတုပြုလုပ်သူတွေက အဓိကထားပြီး အသုံးပြုပါတယ်။ ဒါကြောင့်လည်း ကမ္ဘာအနှံ့မှာ ဆိုရှယ်မီဒီယာပေါ်က သတင်းအတုတွေ သတင်းအမှားတွေဟာ ပြဿနာတစ်ခု ဖြစ်လာတာပါ။ အိန္ဒိယမှာဆိုရင် Whats app က ဖြန့်တဲ့ သတင်းအမှားကြောင့် လူသေတဲ့အထိ ဖြစ်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာလည်း ၂၀၁၄ ခုနှစ်တုန်းက Facebook ကတဆင့် သတင်းအမှားပြုလုပ်ဖြန့်ဝေသူတွေကြောင့် မန္တလေးမှာ ပဋိပက္ခဖြစ်ပြီး လူနှစ်ယောက်သေဆုံးခဲ့ပါတယ်။

ဒါကြောင့် ဆိုရှယ်မီဒီယာတွေကို တည်ထောင်သူတွေ ကိုယ်တိုင်ကိုယ်က သူတို့ရဲ့ ပလက်ဖောင်းကြောင့် ပြင်ပကမ္ဘာမှာ ထိခိုက်နစ်နာရမှုတွေအတွက် စွပ်စွဲပြစ်တင်မှုတွေကို ခံနေရပါပြီ။ Facebook ၊ Twitter ၊ Google စတဲ့ လူသုံးအများဆုံး ကုမ္ပဏီတွေကိုယ်တိုင် သူတို့ရဲ့ ပလက်ဖောင်းကို တလွဲအသုံးပြုပြီး သွေးထိုးလှုံ့ဆော်တာတွေ၊ သတင်းအတုတွေ သတင်းအမှားတွေ ဖြန့်ဝေတာတွေနဲ့ အမုန်းစကားဖြန့်ဝေတာတွေကို တားဆီးဖို့ ကြိုးစားနေကြပါတယ်။

ဒီလို သတင်းအတုတွေ၊ သတင်းအမှားတွေကို တားဆီးဖို့ ကြိုးစားရာမှာလည်း သုတေသီတွေ၊ သတင်းမီဒီယာတွေနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေကို ဆက်သွယ်ပြီး ပူးပေါင်းဆောင်ရွက်ဖို့ ကြိုးစားနေတာပါ။ ဒါကြောင့် ဆိုရှယ်မီဒီယာ ထူထောင်သူတွေတောင် ကိုယ့် ပြဿနာကို အရပ်ကူပါ လူဝိုင်းပါနဲ့ ရှင်းနေရတဲ့အချိန်လို့ ပြောလို့ရပါတယ်။

" သတင်းမီဒီယာနဲ့ သတင်းအတု ပြဿနာ "

ဒီလိုမျိုး ဆိုရှယ်မီဒီယာက သတင်းအတုတွေအကြောင်း ပြောကြရင် လူတွေက " ဟ မင်းရဲ့ ပရော်ဖက်ရှင်နယ်ပါဆိုတဲ့ သတင်းမီဒီယာတွေကကော သတင်းအတု မဖြန့်ဘူးလား" လို့ ပြန်ပြောတတ်ကြပါတယ်။ ဟုတ်ပါတယ်။ ပရော်ဖက်ရှင်နယ် သတင်းမီဒီယာတွေဟာလည်း အချက်အလက် အတုတွေရဲ့သားကောင်ဖြစ်တတ်ပါတယ်။ ဒီလိုမျိုး သတင်းအတုတွေရဲ့ သားကောင် ဖြစ်ရမှုကို ခွဲခြမ်းစိတ်ဖြာကြည့်ရင် အောက်ပါအတိုင်း တွေ့ရပါတယ်။

၁) ဘက်လိုက်မှု

တခါတရံမှာ သတင်းထောက် ကိုယ်၌က ဖြစ်စေ၊ အယ်ဒီတာကိုယ်၌က ဖ်ြစေ တိုက်ပိုင်ရှင်ကြောင့် ဖြစ်စေ နိုင်ငံရေးအရ ကိုယ်ထောက်ခံတဲ့ ပါတီ သို့မဟုတ် လူတစ်ဦးဦး သာရာသာကြောင်းကို သတင်းတစ်ပုဒ်ပုဒ်ကို စိစစ်မှု မလုပ်ဘဲဖြစ်စေ၊ ရည်ရွယ်ချက်ရှိရှိ ဖြစ်စေ ထုတ်တတ်ပါတယ်။ အဲဒီအခါမှာ လုပ်လိုက်တဲ့သတင်းဟာ မခိုင်လုံတဲ့ သတင်း ဒါမှမဟုတ် တခါတခါ သတင်းအမှား ဖြစ်နေတတ်ပါတယ်။

၂) သတင်းထောက်နဲ့ အယ်ဒီတာရဲ့ သတင်းအတတ်ပညာအားနည်းမှု

ဒါကတော့ ရည်ရွယ်ချက်မရှိတဲ့ အမှားမျိုးပါ။ အတွေ့အကြုံအားနည်းမှုကြောင့် သတင်းအချက်အလက်ကို မစိစစ်နိုင်တာ၊ သတင်းရင်းမြစ်ကို အကဲ မဖြတ်နိုင်တာတွေကြောင့် သူတို့ ကိုယ်တိုင်က သတင်းအတုပြုလုပ်သူတွေရဲ့ အသုံးချခံ ဖြစ်သွားတာမျိုးပါ။ ပုံအတုတွေနဲ့ ဗီဒီယိုအတုတွေကို မစိစစ်နိုင်တာမျိုးတွေမှာလည်း ဒီလိုမျိုး ဖြစ်တတ်ပါတယ်။

၃) အမှားသံသရာလည်မှု

တခါတခါမှာ အယ်ဒီတာက ထောင်းတဲ့အတွက် သတင်းထောက်က Google လို နေရာမျိုးကနေပြီး သတင်းအတွက် အကိုးအကားကို မြန်မြန် ရှာလိုက်ရတာမျိုး ရှိပါတယ်။ ဒီအခါမှာ စိစစ်ပြီးသား သတင်းအချက်အလက် မဟုတ်ဘဲနဲ့ တမင်တင်ထားတဲ့ အချက်အလက် အမှားကို ကူးမိပြီး ကိုယ့် စာစောင်မှာ ဖော်ပြတယ်။ အဲဒီလို အချက်အလက်အမှား အသုံးပြုထားတဲ့ စာစောင်ကို wiki လိုနေရာမျိုးက စိစစ်ပြီးသား အချက်အလက်လို့ ယူဆပြီး အတည်ပြုတယ်။ ဒါကို နောက် သတင်းထောက်တွေက မသိပဲ ထပ်အသုံးပြုမိတာမျိုးပါ။ ဒီနေရာမှာ အမှားဟာ အမှန်ဖြစ်သယောင်ယောင်နဲ့ လည်နေတာမျိုး ဖြစ်နေတတ်ပါတယ်။

၎) သတင်းရင်းမြစ်ရဲ့လှည့်ဖျားမှု

ဒါကတော့ အစိုးရတွေက ထုတ်ပြန်တဲ့ အချို့သော အချက်အလက်တွေကို ယုံကြည်ရတဲ့ ရင်းမြစ်လို့ထင်ပြီး ယူသုံးရာကနေ အချက်အလက် အမှားတွေကို သုံးစွဲမိပြီး သတင်းအတုတွေ သတင်းအမှားတွေကို လုပ်မိတာပါ။ ဒီဟာက နံပါတ် ၂ အချက်လို့ ပြောရင်လည်း ရပါတယ်။ များသောအားဖြင့် အစိုးရတို့ လွှတ်တော်တို့လို အာဏာရအသိုင်းအဝိုင်းတွေကနေ နိုင်ငံရေးအလို့ငှာ မီဒီယာကို အသုံးချပြီး အချက်အလက် အမှားတွေနဲ့ လူတွေကို မှိုင်းတိုက်တာမျိုးတွေကိုလည်း သတင်းမီဒီယာက နားမလည်ဘဲ အသုံးချခံရတာမျိုးပါ။

ဆိုတော့ကာ တကယ့် ပရော်ဖက်ရှင်နယ်ဆိုတဲ့ သတင်းဌာနတွေဟာလည်း လူတွေနဲ့ ဖွဲ့စည်းထားတာမို့လို့ မှားတတ်ယွင်းတတ်ပါတယ်။ ဒါကိုတော့ မငြင်းလိုပါ။ ဒါပေမယ့် ပရော်ဖက်ရှင်နယ် သတင်းမီဒီယာတွေဟာ သူတို့ရဲ့ အမှားအတွက် တာဝန်ခံရလေ့ရှိပါတယ်။ အနည်းဆုံးတော့ မှားယွင်းကြောင်း ပြန်လည်ဖော်ပြရပါတယ်။ တရားစွဲခံရနိုင်ပါတယ်။ စာဖတ်သူရဲ့ ယုံကြည်မှု ပျက်စီးတဲ့အတွက် အကျိုးစီးပွားအရ ထိခိုက်နစ်နာမှု တွေ ရှိပါတယ်။ ဒါကြောင့် များသောအားဖြင့်တော့ မမှားအောင် ကြိုးစားကြပါတယ်။

" ဘယ်သူတွေဟာ သတင်းမီဒီယာတွေကို မကြိုက်ဘူးလဲ "

သတင်မီးဒီယာတွေကို မကြိုက်တာက များသောအားဖြင့် အစိုးရနဲ့ အာဏာရှိသူတွေပါ။ သတင်းမီဒီယာတွေက သူတို့ကို ထောက်ပြမှုတွေ ဝေဖန်မှုတွေ လုပ်တဲ့အတွက် မကြိုက်ပါဘူး။ မီဒီယာကို အစိုးရတိုင်းလိုလိုက မကြိုက်တဲ့အထဲမှာမှ အာဏာရှင်တွေနဲ့ တဇောက်ကန်းအစိုးရတွေက သာပြီး မကြိုက်တာကို တွေ့ရပါတယ်။ ဥပမာအားဖြင့် ဒေါ်နယ်ထရမ့်ကို ကြည့်ပါ။ ဒေါ်နယ်ထရမ့်က သူ့ကို ဝေဖန်တဲ့ မီဒီယာတွေကိုဆိုရင် " ပြည်သူတွေရဲ့ ရန်သူ" လို့တောင် တံဆိပ်ကပ်ပါတယ်။ CNN ကိုဆိုရင် ထရမ့်က သတင်းအတု လုပ်သူတွေလို့တောင် စွပ်စွဲပါတယ်။ အစိုးရတွေနဲ့ အာဏာပိုင်တွေက လုံခြုံရေးအကြောင်းပြချက်နဲ့ ထိမ်ချန်ထားတဲ့ အကြောင်းအရာတွေဟာ လူထုအတွက် အကျိုးရှိတယ်လို့ သတင်းထောက်တွေက ယုံကြည်ပြီး သတင်းပြုလုပ်တဲ့အခါမှာတော့ သတင်းထောက်တွေ တရားစွဲခံရတာ ထောင်ချခံရတာမျိုးအထိ ဖြစ်တတ်ပါတယ်။

နောက်ထပ် မီဒီယာတွေကို မကြိုက်တာကတော့ အစွဲကြီးသူတွေပါ။ သူတို့က သူတို့ ချစ်သူ ခင်သူတွေနဲ့ ပတ်သက်တဲ့ ကောင်းသတင်းသာ ကြားလို ဖတ်လိုပါတယ်။ သူတို့အနေနဲ့ သူတို့ တည်ဆောက်ထားတဲ့ ဘန်ကာလေးထဲမှာသာ နေလိုပါတယ်။ ဒီလိုမျိုးလူတွေအနေနဲ့ သူတို့ တန်ဖိုးထားတဲ့ လူတွေ၊ အဖွဲ့အစည်းတွေကို သတင်းမီဒီယာတွေက ဝေဖန်စောကြောတဲ့အခါမှာ သတင်းမီဒီယာတွေကို မျက်မုန်းကျိုးတတ်ပါတယ်။ သတင်းမီဒီယာတွေဟာ သူတို့ မကြိုက်တဲ့အကြောင်းအရာတွေကို အတုလုပ်ပြီးတော့ ရေးနေတာလို့လည်း ထင်တတ်ကြပါတယ်။

နောက်တမျိုးကတော့ သတင်းအတု ပြုလုပ်သူတွေပါ။ သူတို့ကတော့ တာဝန်အရကို သတင်းမီဒီယာတွေအပေါ် လူတွေက အယုံအကြည် ပျက်လာအောင်၊ သတင်းမီဒီယာတွေဟာ ဘက်လိုက်သူတွေ၊ ငွေနောက်လိုက်သူတွေ၊ တိုင်းပြည်ရောင်းစားသူတွေလို့ ထင်လာအောင်ကို စနစ်တကျ စီမံကိန်းချပြီးတော့ တိုက်ကြပါတယ်။ သူတို့အတွက်တော့ သတင်းအမှန်တွေကို စိစစ်ဖော်ထုတ်သူတွေဟာ ရန်သူပါပဲ။

ဒါတွေကတော့ သတင်းမီဒီယာတွေကို ဆန့်ကျင်ဘက်အဖြစ်၊ ရန်သူအဖြစ် မြင်လေ့ရှိတဲ့ သုံးမျိုးသုံးစား ဖြစ်ပါတယ်။

" သတင်းမီဒီယာတွေနဲ့ပဲ သတင်းအတုတွေကို ကာကွယ်မှာလား "

သတင်းအတုတွေ၊ သတင်းအမှားတွေကို ထိန်းဖို့ လျှော့ချဖို့ဆိုရင် သတင်းမီဒီယာတွေမှာ တက်သမျှကိုပဲ ဖတ်မယ်ဆိုတဲ့ နည်းလမ်းနဲ့လည်း မရပါဘူး။ Media Literacy လို့ခေါ်တဲ့ သတင်းနဲ့ ပတ်သက်တဲ့ အသိပညာပေးမှုကို လူတွေဆီ ကျယ်ကျယ်ပြန့်ပြန့်ရောက်အောင် လုပ်ရမှာပါ။ လူတွေအနေနဲ့ သတင်းအချက်အလက်တွေကို စိစစ်နိုင်ဖို့၊ ဆိုရှယ်မီဒီယာကို သိနားလည်ဖို့နဲ့ ဒစ်ဂျစ်တယ်လုံခြုံရေးဆိုင်ရာ အသိပညာပေးမှုတွေကို အစိုးရက ကျောင်းသင်ခန်းစာတွေမှာ ထည့်သွင်းပေးတာမျိုးတွေ လုပ်ရပါမယ်။ အမုန်းစကားတွေမပြောအောင်နဲ့ ခွဲခြားဆက်ဆံမှုတွေမရှိအောင် လူလူချင်း တန်ဖိုးထားတတ်အောင် ကျောင်းသင်ခန်းစာတွေကို အဆင့်မြှင့်ရပါမယ်။ လူငယ်မျိုးဆက်ကိုတင်မကဘဲ လူကြီးတွေကိုပါ သတင်းအချက် စိစစ်ဖို့လိုတဲ့အကြောင်း အသိပညာပေးရပါမယ်။ ဒါမှသာ နောင်အနာဂတ်မှာ သတင်းအတုတွေကို လျှော့ချနိုင်မှာပါ။

တချိန်ထဲမှာပဲ အစိုးရ ကိုယ်တိုင်ကစပြီး သတင်းမီဒီယာတွေရဲ့ အခန်းကဏ္ဍကို မြှင့်တင်ပေးရပါမယ်။ ဆိုရှယ်မီဒီယာကနေ ထုတ်ပြန်ချက်တွေကို တိုက်ရိုက်တင်တာမျိုးမလုပ်ဘဲ သတင်းမီဒီယာတွေဆီကို ထုတ်ပြန်ချက်တွေ ပို့ပေးတာမျိုးတွေ အရင်လုပ်ပြီးမှ ထုတ်ပြန်ချက်တွေကို ဆိုရှယ်မီဒီယာကနေတဆင့် ကိုယ်တိုင် ထုတ်ပြန်တာမျိုးကို လုပ်သင့်ပါတယ်။ ဒီလိုဆိုရင် မလိုလားအပ်ဘဲနဲ့ ထုတ်ပြန်ချက်အတုတွေ ထွက်လာတာမျိုးကို အထိုက်အလျောက် လျှော့ချနိုင်မှာပါ။

သတင်းလွတ်လပ်ခွင့်နဲ့ လွတ်လပ်စွာ ထုတ်ဖေါ်ရေးသားပိုင်ခွင့်ဟာလည်း သတင်းအတုတွေနဲ့ ကောလဟလတွေကို လျှော့ချနိုင်တဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ ဒီနေရာမှာ အချုပ်အနေနဲ့ ပြောလိုတာက အစိုးရအနေနဲ့ သတင်းအတုတွေကို လျှော့ချချင်တယ်ဆိုရင် သတင်းမီဒီယာတွေကို အပြစ်ဖို့နေတာ ဒါမှမဟုတ် ဆိုရှယ်မီဒီယာကို အပြစ်ဖို့နေတာ ဒါမှမဟုတ် ဆိုရှယ်မီဒီယာကို လေ့လာစောင့်ကြည့်ပြီး လူတွေကို ထောင်ထဲပို့နေတာမျိုးတွေ လုပ်နေမယ့်အစား လူတွေကိုယ်တိုင် သတင်းအမှားတွေ သတင်းအတုတွေကို ဆန့်ကျင်လာအောင် လုပ်ခြင်းက နည်းမှန်လမ်းမှန် ဖြစ်ကြောင်းပါ။

သတင်းမီဒီယာဟာ အစိုးရကို ဘယ်လိုပဲ ဝေဖန်ပါစေ သူ့ဆီမှာ တာဝန်ယူမှု တာဝန်ခံမှုဆိုတဲ့ မျဉ်းတကြောင်း ရှိနေပါတယ်။ ဆိုရှယ်မီဒီယာကတော့ ဘာကိုမှ တာဝန်ခံနေမှာ မဟုတ်ပါဘူး။ ဆိုရှယ်မီဒီယာဆိုတာ လွယ်လွယ်ပြောရရင် စားပွဲတစ်ချပ်နဲ့ တူပါတယ်။ လူတိုင်းက အလွယ်တကူ ဝင်ရောက်ပြီး ကိုယ်ကြိုက်တာကို စားပွဲပေါ် တင်လို့ရပါတယ်။ ဒီလိုတင်တဲ့နေရာမှာလည်း အမည်မသိ ပိုင်ရှင်မဲ့အနေနဲ့ တင်လို့ရတဲ့ နည်းလမ်းတွေ အများအပြားရှိပါတယ်။ ဒါကြောင့် ဆိုရှယ်မီဒီယာဟာ စိတ်မချရတဲ့ နေရာတစ်ခုဖြစ်ပါတယ်။ သတင်းမီဒီယာကတော့ သူ့မှာ လိုက်နာရမယ့် ကျင့်ဝတ်စည်းကမ်းတွေရှိတာမို့လို့ အထိုက်အလျောက်တော့ အားကိုးလို့ရပါတယ်။ အစိုးရနဲ့ တာဝန်ရှိသူတွေအနေနဲ့ သတင်းမီဒီယာနဲ့ ဆိုရှယ်မီဒီယာဟာ ပြိုင်ဆိုင်နေရတယ်လို့ ထင်ယောင်ထင်မှားဖြစ်မယ့်အစား သတင်းမီဒီယာဟာ သတင်းအတုထုတ်လုပ်တဲ့ စက်ရုံတွေနဲ့ ပြိုင်ဆိုင်နေရတယ်လို့ မြင်လိုက်မယ်ဆိုရင် အနာနဲ့ ဆေးဟာ မဝေးပဲ ဖြစ်နေမှာပါ။ မီဒီယာကို အမြင်စောင်းနေခြင်းဟာ အနာတခြား ဆေးတခြားပါပဲ။ တိုင်းပြည်အနေနဲ့ ရောဂါမလွန်ခင် ဆေးတွေ့ဖို့ ဆုတောင်းမိပါတယ်။

(မြတ်သူသည် လူမှုကွန်ရက်လေ့လာသူဖြစ်ပြီး နည်းပညာဆိုင်ရာကျွမ်းကျင်သူနှင့် မီဒီယာအရေး ကျွမ်းကျင်သူတစ်ဦးလည်းဖြစ်သည်)

www.khitthitnews.com

Monday, November 26, 2018

♡ ဘယ်အချိန် အလေးလျှော့ဖို့လိုမလဲ ❆



(Gym ဆော့ပြီး Result မရသူတွေ ဖတ်ရန်)

အလေးဆော့တဲ့အခါ ဆော့နေကျပမာဏကို ထိန်းနိုင်ရင်ထိန်း၊ မဟုတ်ရင်အမြဲတန်းတိုးလုပ်နိုင်ဖို့ ကြိုးစားပါလို့ ဆိုရင် မမှားပါဘူး။

ပမာဏလျှော့ပြီးလုပ်တာကြာရင် Strength ကျသွားမယ်၊ Strength နဲ့အတူ ခက်ခက်ခဲခဲရထားတဲ့ ကြွက်သားထုပါကျသွားမယ် လို့ယူဆကျတာကြောင့် ဘယ်သူမှ လျှော့ပြီး မလုပ်ချင်ကြပါဘူး။

ဒါပေမယ့် အလေးပမာဏလျှော့ပြီး လုပ်ရတဲ့ Scenario တွေတော့ရှိပါတယ်။ ဥပမာ

၁- ဒဏ်ရာအနာတရ ဖြစ်သလိုခံစားရတဲ့အခါ

၂- ဆော့တဲ့ Program အရ သုံးပတ် အလေးကြီးလုပ်၊ တစ်ပတ်အလေးလျှော့ စသဖြင့်

၃- ဆော့တဲ့ Program အရ တစ်နေ့အလေးအကြီး၊ တစ်နေ့အလေးလျှော့ စသဖြင့်

၎- ကြွက်သားပေါ်အောင် အဆီချချိန် ဆော့နေကျအလေးကြီးတွေကို မလုပ်နိုင်တော့လို့ အလေးမလျှော့မဖြစ်လျှော့ရသူတွေ

၅- ဆော့တာကာလတစ်ခုကြာပေမယ့် Result သိပ်မမြင်ရသူတွေ

ဒါကတော့ အဖြစ်များတဲ့ အလေးလျှော့ရတဲ့ အခိုက်အတန့်တွေပေါ့။ ဒီအပေါ်က ၅ ချက်မှာ ၁ ကနေ ၄ အထိက ရိုးရှင်းပါတယ်။ ဒဏ်ရာဖြစ်ရင်လျှော့၊ ဆော့နေကျ Program အရလျှော့၊ အဆီချတုန်း အားလျော့လာရင် လျှော့။

ဒါပေမယ့် Result မမြင်ရသူတွေကို ဘာကြောင့်အလေးလျှော့သင့်တယ် ပြောသလဲ။ ဒီအကြံပေးချက်နဲ့ ပတ်သက်ပြီး ပြောချင်လို့ ဒီဆောင်းပါးကို ရေးလိုက်တာပါ။

ခန္ဓာကိုယ်တစ်ခုပြောင်းလဲလာဖို့၊ Result မြင်ရဖို့ဟာ အချိန်ကြာပါတယ်၊ စိတ်ရှည်ရပါတယ်။ မသိမသာပြောင်းလာဖို့ဆိုတောင် ၄-၆ လလောက်ကြာတတ်ပြီး ပတ်ဝန်းကျင်က လူတွေလုံးဝသတိထားမိဖို့

" ဟရောင် ၊ ဆော့နေတာလား " ဆိုပြီး အထူးအဆန်းအနေနဲ့ ရင်ဘတ်တွေလာထိ၊ လက်မောင်းတွေ လာညှစ်ဖို့ဆို တစ်နှစ်ကျော်လောက်ကြာတတ်ပါတယ်။  ဒီတစ်နှစ်ကျော်ဆိုတာတောင် လူတွေစအထင်ကြီးနေပေမယ့် လိုချင်တဲ့ Target Body မျိုးမဟုတ်သေးပါဘူး။ လိုချင်တဲ့ Target Body မျိုးဆိုရင်တော့ ၃ နှစ်အထပ်လောက်မှ စပါမယ်။ ဒါက ပျမ်းမျှ အလုပ်တွေ၊ ကျောင်းတွေနဲ့ ဆော့နေတဲ့ လူအတွက်ပါ။

အိုကေ၊ Result က နှေးတယ်၊ စိတ်ရှည်ရမယ်ဆိုတာကို သိပြီ။ ဒါပေမယ့် ကိုယ့် Result ကနှေးတာထပ်ကို ပိုနှေးနေတယ်။

ဒါဆိုရင် ပြန်သုံးသပ်ဖို့လိုလာပါပြီ။

ဒီနေရာမှာ ပိုကြိုးစားမယ်၊ တစ်နေ့ Gym ၂ ခေါက်သွားမယ်၊ တစ်နေ့ ၃ နာရီဆော့မယ်ဆိုတာဟာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်မဟုတ်ပါဘူး။ ဒါဟာ ပြတင်းပေါက်မှန်ကို ခွဲပြီးသွားနိုင်လေမလားလို့ ယူဆပြီး ခေါင်းနဲ့တိုးနေတဲ့ ယင်ကောင်ပါပဲ။ သိပ်မကြာဘူး၊ သူ့လိုပဲ ဒဏ်ရာရပြီး ကိန်ပါလိမ့်မယ်။

Workout လုပ်ချိန်မှာ မခိုမကပ်လုပ်ပြီး မိနစ် ၄၀-၇၀ ဝန်းကျင်ကြာတယ်၊ ဒါ့ထပ်လဲ ပိုမပေးဆပ်နိုင်တော့ဘူး။ Diet ကလဲမှန်တယ်။ ဒါနဲ့တောင် ဘာကြွက်သားမှ သိသိသာသာ တက်မလာဘူး။

ဒါဆိုရင်တော့ ဒီနေရာမှာ ရှေ့တစ်လှန်းတိုးမယ့်အစား နောက်တစ်လှန်းဆုတ်သင့်ပါပြီ။ အလေးတွေကို မလျှော့ချင်ပေမယ့်လဲ လျှော့ချဖို့ ကြိုးစားသင့်ပြီ။

ဒီနေရာမှာ ရင်ထဲဘယ်လိုခံစားရမလဲကို နားလည်တယ်လို့ ပြောချင်ပါတယ်။ အလေးလျှော့ဖို့ ဘယ်သကောင့်သား၊ ဘယ်သကောင့်သမီးမှ မလုပ်ချင်ပါဘူး။ ခက်ခက်ခဲခဲ ဒီအဆင့်ထိရောက်အောင် လုပ်ထားရပါတယ်ဆိုမှ အလေးလျှော့ရတဲ့အခါ ရင်ထဲမချိဖြစ်တတ်ပါတယ်။ ဒါပေမယ့်လဲ လျှော့ပြီး ပြန်ကြိုးစားကြည့်ပါ။

ဒီနေရာမှာ ဂိမ်းဆော့တာနဲ့ ဆင်ပါတယ်။ လူသိများတဲ့ Mobile Legends တို့၊ Dota တို့နဲ့ ဥပမာပေးလို့ရပါတယ်။ လွယ်တဲ့ Mobile Legends နဲ့ ဥပမာပေးကြည့်ရအောင်။

Hero တစ်ကောင်မှာ သုံးရတဲ့ Spells က ၃-၄ မျိုးပဲရှိပါတယ်။ ဘာမှမခက်ပါဘူး။ ခလုတ်ကလေး သုံးလေးခုပါပဲ။

အလေးဆော့သလိုပေါ့။ ရင်ဘတ်ထွားချင်တယ်၊ တင်သားလှချင်တယ်ဆို တစ်ခုချင်းစီအတွက် လေ့ကျင့်ခန်းပုံစံ ၃-၄ မျိုးလုပ်ရုံပါပဲ။

ဒါပေမယ့် ဒီ Hero ကိုကျွမ်းကျင်ဖို့ကျ မလွယ်ပါဘူး။ တစ်ချို့ဆိုပွဲပေါင်း ရာချီဆော့ကြတယ်။ ဒါတောင်မှ ပွဲများတိုင်း ဆရာမကျတဲ့ သူတွေကရှိပါသေးတယ်။

အလေးဆော့တဲ့အခါမှာလဲ တူတူပါပဲ။ တစ်နေ့မှာ ၁ဝကြိမ် ၅ ကြော့မလို့ အကြိမ် ၅၀ပဲထား။ တစ်လမှာ အကြိမ် သုံးလေးရာ ဖြစ်နေပြီ။ ဒါပေမယ့် ဘာမှမထူး။

ဒီတော့ ဒီ Hero ကို ဆရာမကျရင် ကျွမ်းကျင်အောင် ကျင့်ရတော့မယ်ဆိုတာတော့ ရိပ်မိလာပြီ။ ဒါဆိုရင် Rank တွေမှာ ကျင့်မလား၊ Basic ကျတဲ့ Skill တွေကို လွယ်ကူတဲ့နေရာမှာ ကျင့်မလား။ ခက်တဲ့ Rank တွေမှာ ကျင့်တဲ့အခါ ဒီ Hero ရဲ့ အားသာချက်၊ အားနည်းချက်၊ Farming skill စတာတွေကို လေ့လာဖို့ အချိန်မရှိဘူး။ ဒီတော့ Basic တွေ သင်ဖို့အတွက် လွယ်တဲ့နေရာမှာ ပြန်လေ့ကျင့်ရမယ်။

အလေးဆော့တဲ့အခါမှာ Personal records ဖြစ်တဲ့ စံချိန်တင်အလေးကြီးတွေနဲ့ ကြွက်သားတွေ လှုပ်ရှားပုံ၊ ညှစ်ပုံကို သင်ယူဖို့ မဖြစ်နိုင်ပါဘူး။ အလေးကြီးတွေနဲ့ဆော့ရင် မယိမ်းယိုင်အောင်တောင် မနည်းထိန်းနေရတာကိုး။ ဒီတော့ Basic အခြေခံတွေကို ပြန်သင်ယူဖို့ နိုင်နင်းတဲ့ အလေးပမာဏနဲ့ ပြန်ဆော့ရပါမယ်။ ဥပမာ ၁၂-၁၅ ကြိမ်လောက်ကို ဖြေးဖြေးလေး Control နဲ့ လုပ်နိုင်တဲ့အလေးတွေနဲ့ ပြန်သင်ရပါမယ်။

----------------

တွန်းမယ်၊ ပြန်ချမယ်။
Hero တစ်ကောင်ကို လေ့ကျင့်သလိုပဲ အလေးဆော့တာဟာရိုးရှင်းပါတယ်။

ဒါပေမယ့် ပိုနားလည်လာတဲ့အခါ

တွန်းမယ်၊ ပြန်ချမယ်။

ကြွက်သားတွေနဲ့ ထိန်းပြီးတွန်းမယ်၊ ပြန်ချမယ်။

ကြွက်သားတွေနဲ့ ထိန်းပြီးတွန်းမယ်၊ ထိန်းပြီးပြန်ချမယ်။

ဘယ်ကြွက်သားတွေနဲ့ ထိန်းပြီးတွန်းမယ်၊ ထိန်းပြီးပြန်ချမယ်။

ဘယ်ကြွက်သားကို သုံးမယ်၊ ဘယ်ကြွက်သား ပါဝင်မှုကိုတော့ ကန့်သတ်ထားမယ်။

ဘယ်အချိန်မှာ အရှိန်ယူမယ်၊ ဘယ်အချိန်မှာ အရှိန်ကို ကန့်သတ်ထားမယ်။

ဒီလိုမျိုးတွေ အထာနပ်လာဖို့၊ ဆရာကျလာဖို့ဟာ အလေးဆော့ခြင်းရဲ့ အခြေခံဖြစ်တဲ့ ကိုယ်လုပ်တဲ့ကြွက်သားတွေကို ခံစားရဖို့လိုပါတယ်။ ဒီတော့ ဒီခံစားချက်တွေကို မကျွမ်းကျင်သေးရင် အလေးလျှော့ပြီး ပြန်ကျင့်ရပါမယ်။

----------------

Diet ကောင်းပေမယ့် Result မရဘူး၊ ဘယ်လိုလုပ်ရမလဲ ဆိုပြီး Page မှာ မကြာခဏလာမေးကျသူတွေ ရှိပါတယ်။ မေးသူလဲများတာရယ်၊ ဖြေချင်လွန်းတာရယ်နဲ့ အချိန်ပေးပြီး ဒီတစ်ခေါက်ဖြေပေးလိုက်ပါတယ်။

အလေးလျှော့ပြီး ပြန်ကြိုးစားကြည့်ပါ။ ကြွက်သားတွေကို ခံစားပါ။ Skill တစ်ခု သင်ယူသလို ကိုယ့်ခန္ဓာကိုယ် ကြွက်သားလှုပ်ရှားပုံကို လေ့လာပါ။ လုပ်နည်းမှန် မမှန်ကို ကျင့်ပါ။

Personal records တွေ ခဏတာမချိုးရလို့ ဝမ်းမနည်းပါနဲ့။ ကြွက်သားတွေ နိုးထလာတဲ့အခါ ဒီ Record တွေကို ခဏလေး ပြန်ချိုးနိုင်လာပါလိမ့်မယ်။

အားလုံးပဲ ဒီနည်းလေးသုံးကြည့်ပြီး Result တွေ ရှာတွေ့နိုင်ကြပါစေ။  😊

————————-
 မူရင်းတင်ဆက်သူ - Golden_Dreams❤️

Sunday, November 25, 2018

❄ ကံစမ်းမဲ ❄



စုလှိုင် တဖွဲဖွဲရွာနေတဲ့ မိုးရေတွေကို ငေးရင်း စိတ်ပျက်လက်ပျက် ဖြစ်နေမိသည်။ မိုးတစွတ်စွတ် ရွာနေသော ဒီလို ညမျိုးတွေကို စုလှိုင် မုန်းသည်။ တာဝန်ချိန်က ည ကိုးနာရီထိုးမှ ပြီးမည်မို့ နာရီကို လှမ်းကြည့်လိုက်တော့ ရှစ်နာရီ ကျော်ကျော်လေးတင် ရှိသေးတာမို့ လိမ်တွန့်ပျင်းရိစွာ အညောင်းဆန့်လိုက် မိသည်။ သူတို့ အဖွဲ့ခေါင်းဆောင် ကိုရေခဲကတော့ တစ်ဖက်စားပွဲမှာ အအေးတစ်ပုလင်းနှင့် ငြိမ့်နေသည်။ တစ်စားပွဲတည်း မျက်နှာချင်းဆိုင် ထိုင်နေသော လွင်လွင်နှင့် သက်မာကို ကြည့်ရတာ လည်း အိမ်ပြန်ချင်နေသည့် ပုံနှင့် ငြီးငွေ့ပင်ပန်းစွာ။ ဒါပေမဲ့ မတတ်နိုင်၊ ကိုယ် ရွေးချယ်ခဲ့သည့် လုပ်ငန်းပေပဲ။

ယောက်ျားသားတွေ အများအပြား ဖွာရှိုက်ကြသည့် စုလှိုင်တို့ ကုမ္ပဏီပိုင် ပစ္စည်းကို လူစည်ကားရာ လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်တွေမှာ ရောင်းအား မြှင့်တင်ရေး ဝန်ထမ်းဘဝနှင့် စုလှိုင် လုပ်သက်ကြာခဲ့ပြီ။ ကနေ့ စားသောက်ဆိုင်ထဲ အရောက် မိုးက သည်းလာ၍ ဘယ်လိုမှ ထပ်သွားစရာ မလိုတော့။ အနေအေးလွန်း၍ စုလှိုင်တို့က နာမည်ပြောင် ကိုရေခဲဟု ခေါ်သည့် အဖွဲ့ခေါင်းဆောင် ဆရာကလည်း ကုမ္ပဏီက လာကြိုမည့် ကားကို ဖုန်းဆက် ခေါ်ပြီးပြီ။ စုလှိုင် ငေးငေးငိုင်ငိုင်နှင့် မိုးရေတွေ မှန်ပြတင်း အပြင်ဘက်ကနေ စီးကျနေတာ ငေးကြည့်ရင်း ကိုးနာရီထိုးရန် စိတ်စော စောင့်မျှော်နေဆဲ။

“မိန်းမရေ၊ မင်း မောင့်ကို မချစ်ပါဘူးကွာ”

ဟု အသံပြဲကြီးနှင့် တစ်ဖက် ထောင့်စားပွဲက လှမ်းအော်လိုက်သံ ကြားတော့ စုလှိုင် အလန့်တကြား လှည့်ကြည့်မိ လိုက်သည်။ တစ်ဆက်တည်းမှာလည်း နှာခေါင်းလေးကို ရှုံ့လိုက်မိသည်။ စားပွဲမှာတော့ ဝရုန်းသုန်းကား ဖြစ်နေပြီ။ အရက်အမူး လွန်နေသည့် အရက်သမား တစ်ယောက်က ခေါင်းတယမ်းယမ်းနှင့် အော်ဟစ်နေသည်။ ကျန်သည့် အပေါင်းအသင်း လေးငါးယောက်ကလည်း မျက်နှာနီနီ ထူအန်းအန်းတွေနှင့်၊ မူးယစ်သံတွေနှင့် နှစ်သိမ့်ဖို့ ကြိုးစားနေကြတာကို စိတ်ပျက်စရာ တွေ့နေရသည်။ ဒါပေမဲ့ လူကျဲပါးနေသည့် စားသောက်ဆိုင်ထဲမှာ စုလှိုင်တို့ လေးယောက်နှင့် ဒီဝိုင်း တစ်ဝိုင်းတည်း ရှိတော့ အော်သံဟစ်သံတွေက မကြားချင်မှ အဆုံး။

“မင်းတို့ ဘာသိလဲ။ မင်းတို့ ဘာသိလဲ။ ငါ့မိန်းမက ငါ့ကို မချစ်ဘူးကွ။ ဂရုလည်း မစိုက်ဘူး”
“ဟုတ်ပါဘူးကွာ။ ငါတို့ သိသလောက်တော့ မအေးဟာ အိမ်ထောင် တာဝန်လည်း ကျေပါတယ်”
“ဘာကျေတာလဲ။ ဘာမှ မကျေဘူး။ ဒီမှာ ဟေ့ကောင်၊ မိန်းမ တစ်ယောက်ဟာ ထမင်းချက်တတ်ရုံနဲ့ မပြီးဘူးကွ။ ယောက်ျား ဘာကြိုက်တတ်လဲ သိရမယ်။ ဘာမှ အသုံးမကျဘူး။ ငါ ဘာကြိုက်လဲ မသိဘူး။ မိန်းမရေ၊ မင်း ငါ့ကို မချစ်ပါဘူးကွာ”

မိုးသည်းလို့ စိတ်ပျက်နေတဲ့ စုလှိုင်တော့ သေသာ သေချင်တော့တာပဲ။ ဘယ်မှလည်း ထသွားလို့ မရတော့ အရက်မူးသမား စကားတွေ၊ ဗလုံးဗထွေး အော်ဟစ်နေကြတာတွေ သည်းခံပြီး နားထောင်နေရသည်။ ဆရာ ကိုရေခဲကလည်း အအေးပင် မသောက်နိုင်ဘဲ ငေးကြည့်နေတာကို လွင်လွင်နှင့် သက်မာတို့က လက်တို့ပြပြီး ရယ်နေကြသည်။

“မိန်းမ၊ မင်း မောင့်ကို မချစ်ပါဘူးကွာ”

အရက်သမားထုံးစံ ထပ်တလဲလဲ အော်နေတာ စုလှိုင် အတော် နားငြီးလာစဉ် သူ့လိုပဲ နားငြီးလာပုံရသော အရက်ဝိုင်းက သိပ်မူးသေးပုံ မရသည့် လူတစ်ယောက်က ထလာပြီး စုလှိုင်တို့ဆီ တည့်တည့်ကြီး လျှောက်လာသည်။ လွင်လွင်က ဖျတ်လတ်နိုးကြားစွာ ကုန်ပစ္စည်း ဂျပ်သေတ္တာကို ဖွင့်ပြီး ကုန်ပစ္စည်း တစ်ခုကို နှိုက်ယူရင်း-

“ကျွန်မတို့ ကုန်ပစ္စည်းကို အသုံးပြုပါရှင်”

ဆိုပြီး လက်ထဲကို ထိုးထည့် ပေးလိုက်သည်။ ထိုသူက လိုက်လိုက်လျောလျောနှင့် …

“ကံစမ်းမဲ ပါသလား ညီမ”
“ပါ ပါတယ်ရှင်၊ ဒီမှာ ဦးထုပ်နဲ့ တီရှပ်ပါ”

အလုပ်ကိစ္စ ဆိုတော့ စုလှိုင် မပျင်းတော့။ ဖျက်ခနဲ ထရပ်မိချိန်မှာ တစ်ဖက်စားပွဲက ကိုရေခဲလည်း ထလာသည်။ ထိုသူက အရက်ဝိုင်းဘက်သို့ လှည့်၍-

“ဟေ့ ... ကိုလတ်။ ဒီမှာ ငါ စိတ်ကူးတစ်ခုရလို့ ဒီကိုလာဟေ့”

ဟု လှမ်းခေါ်သည်။

“ဘာလဲကွ၊ ဘာလဲ” ဟု မေးသံ၊ ဒယီးဒယိုင် လျှောက်လာသော ခြေလှမ်းများနှင့် တစ်ပါတည်း ပါလာသော ချဉ်စူးစူး အနံ့ကြောင့် စုလှိုင် မသက်မသာ ဖြစ်နေစဉ် အရက်သမားက အနားရောက်လာသည်။ အမယ်လေး သူ့နောက်မှာ တစ်ဝိုင်းလုံး ထလာကြသည်။

“ဒီကုန်ပစ္စည်းကို ဝယ်ရင် ကံစမ်းမဲ နှိုက်ရမှာ။ တီရှပ်နဲ့ ဦးထုပ် ရမှာတဲ့ကွ”
“ဘာလဲ ဦးထုပ် ဟုတ်လား။ ဦးထုပ် ၊ ဦးထုပ် ဆိုရင် ငါ့သားက သိပ်ကြိုက်တာကွ”
“အေး … မင်း နှိုက်”
“ဟင် … ဘာလို့ နှိုက်ရမှာလဲ”
“ဒီလိုလေ ငါတို့လည်း နားငြီးလှပြီ။ ဦးထုပ်ပေါက်ရင် မင်းသားက မင်းကို ချစ်လို့။ တီရှပ်ပေါက်ရင် မအေးက မင်းကို ချစ်လို့”
“မချစ်ဘူး။ မချစ်ဘူး။ အေးက ငါ့ကို မချစ်ဘူး”

အရက်သမားက မမျှော်လင့်ဘဲ ဟီးတိုက် ငိုချလိုက်လို့ သူတို့အုပ်စု တစ်ခုလုံး အလုပ်ရှုပ်သွားကြသည်။ စုလှိုင်ခမျာ စိတ်ညစ်လှပြီ။ စားသောက်ဆိုင် နံရံက နာရီကို လှမ်းကြည့်မိတော့ ကိုးနာရီ ထိုးတော့မှာမို့ တီရှပ်က တစ်မဲတည်း ပါ၍ ပေါက်ရန် အလွန်ခက်ခဲတာ သတိရမိသည်။ စိတ်ချဉ်ချဉ် ရှိသည်နှင့် ဒီအရက်သမားကြီး မပေါက်ပါစေနဲ့တော်ဟု စိတ်ထဲက ဆုတောင်းမိသည်။

“နှိုက် …. နှိုက်”

ဆိုသည့် အသံတွေ ပြန်ပေါ်လာပြီး အရက်သမားက ကြုံရာမဲလိပ် တစ်လိပ်ကို နှိုက်ပြီး အနီးဆုံး စုလှိုင် လက်ထဲကို ထည့်လိုက်သည်။ စုလှိုင် မြန်မြန် ဖွင့်ကြည့်လိုက်ပြီး ပါးစပ် အဟောင်းသား ဟသွားသည်။ ကိုရေခဲက-

“စုလှိုင် ဘာပေါက်မဲလဲ ပေးစမ်း”

ဆိုပြီး ကံစမ်းမဲလိပ် ကလေးကို စုလှိုင် လက်ထဲက ဆွဲယူလိုက်ပြီး ဖြန့်ကြည့်လိုက်သည်။

“အံ့ဩစရာပါပဲ ခင်ဗျာ။ လူကြီးမင်းရဲ့ ကံစမ်းမဲက ဒီနေ့အဖို့ ပထမဆုံး တီရှပ်ကို ပေါက်သွားပါပြီ”

ဆိုပြီး မဲလိပ်ကို စုလှိုင်လက်ထဲ ထိုးထည့်လိုက်သည်။

“ဆရာ” ဆိုသည့် စုလှိုင် အသံ တိုးတိုးလေးက နစ်မြုပ်သွားသည်။ အော်ကြသည့် အထဲတွင် ဝိုင်းမှလူတွေတင်မက စားပွဲထိုး ကောင်လေးတွေရော၊ လွင်လွင်နှင့် သက်မာပါ ပါနေတာကို စုလှိုင် မျက်လုံး အဝိုင်းသားနှင့် ကြည့်နေရသည်။ ဆရာ ကိုရေခဲက ပုံးထဲက တီရှပ်ကို အရက်သမားကြီးကို ပေးလိုက်တာ။

“အေးက ငါ့ကို ချစ်နေတာပါလား။ ကံစမ်းမဲက သက်သေပဲ ကြည့်စမ်း၊ ဒါကို ငါ ဘာလို့ အရင်က မသိရတာလဲ”

ဆိုပြီး အရက်သမားကြီး တုန်တုန်ယင်ယင် ဖြစ်နေတာ။

သူ့အဖော်တွေက အိမ်ပြန် … အိမ်ပြန်၊ အေးဆီပြန် ဆိုပြီး တွန်းလွှတ်လို့ တီရှပ်ကလေးကို အမြတ်တနိုး ရင်မှာပိုက်ပြီး ဆိုင်ကယ်ကို မိုးရွာထဲမှာ စီးထွက်သွားတာ။

အဲဒါတွေ အားလုံးကို စုလှိုင် ကြက်သေသေပြီး ငေးမောကြည့်နေမိသည်။ အရက်ဝိုင်းလည်း လူစုကွဲပြီး ပြန်ကြပြီ။ စုလှိုင်တို့ကို ကိုးနာရီထိုးတော့ ကားလာကြို၍ လွင်လွင်တို့၊ သက်မာတို့ ကုန်ပစ္စည်းပုံးတွေ သယ်ပြီး ကားဆီ လျှောက်သွားကြသည် အထိ စုလှိုင် ငိုင်နေဆဲ။ မဲလိပ်ကလေးကိုလည်း ကျစ်ကျစ်ပါအောင် ဆုပ်ထားဆဲ။ ဆရာ ကိုရေခဲကို စုလှိုင် အဓိပ္ပါယ်ပါပါ စိုက်ကြည့်တော့ ဆရာက သက်ပြင်းချသည်။

“ဒီလို ပြဿနာမျိုးနဲ့ ဆရာ့ အဖေနဲ့ အမေ ကွဲခဲ့ကြတာ၊ ဆရာက မိဘမဲ့ ဘဝနဲ့ အဒေါ်နဲ့ ကြီးရတယ်။ ကနေ့ ဟို အရက်သမားကြီးရဲ့ သားကလေးကို စာနာစိတ်နဲ့ ဆရာ ကောင်းမှုတစ်ခု ပြုလိုက်တာပါကွာ”

ဆရာ ကိုရေခဲ ရှေ့မှ ထွက်သွားတော့ စုလှိုင် နောက်မှ လိုက်လာပြီး ကားပေါ်တက်ခါနီး အခုထိလက်ထဲမှာ ဆုပ်ကိုင်ထားဆဲ ဖြစ်သည့် ဗလာ ကံစမ်းမဲ စာရွက်ကလေးကို မိုးရေစီးကြောင်းထဲမှာ မျောပါသွားစေရန် သေသေချာချာ လုံးခြေလွှင့်ပစ် လိုက်ပါတော့သည်။



ယဉ်ယဉ်နု (မန္တလေး)
ရုပ်ရှင် အမြုတေ၊ ဇွန်၊ ၂၀၀၇။

Credit*-မြန်မာဝတ္ထုတိုများ

Saturday, November 24, 2018

တစ်ကိုယ်ရေသန့်ရှင်းရေးက ကျန်းမာရေးအပေါ် ဘယ်လိုသက်ရောက်နေလဲ




ရေးသားသူ Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win.

တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုစိုက်တာက ကျန်းမာရေးကို အထောက်အကူပြုပေးနိုင်တယ်ဆိုတာ သိပါရဲ့လား။ လူတစ်ယောက် ကျန်းမာပျော်ရွှင်ဖို့အတွက် တစ်ကိုယ်ရေသန့်ရှင်းရေးကတော်တော်လေးအရေးပါတဲ့အရာပါ။ တစ်ကိုယ်ရေသန့်ရှင်းရေးက ကျန်းမာရေးအတွက်တင်မဟုတ်ပါဘူး။ လူမှုဆက်ဆံရေးနဲ့ လုပ်ငန်းဆောင်တာတွေလုပ်ဆောင်မှုအပေါ်မှာပါ သက်ရောက်မှုရှိနေပါတယ်။ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာဖို့ဆိုရင် တစ်ကိုယ်ရေသန့်ရှင်းရေးကို မဖြစ်မနေ ဂရုစိုက်ဖို့လိုပါမယ်။ တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုစိုက်မှုက ဖျားနာမှုကင်းစေသလို ရောဂါပိုးတွေ ကူးစက်ခံရတာနဲ့ ခန္ဓာကိုယ်အနံ့ဆိုးတွေကနေပါ ကာကွယ်ရောက်ပါတယ်။

တစ်ကိုယ်ရေသန့်ရှင်းရေးရဲ့ ကျန်းမာရေးအပေါ်သက်ရောက်မှုက

တစ်ကိုယ်ရေသန့်ရှင်းအားနည်းတာက ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် အနေအထိုင် အစားအသောက်ကစလို့ အဝတ်အစားတွေအထိသေသေချာချာဂရုစိုက်ပေးပါမှ ခန္ဓာကိုယ်ကို ကျန်းမာစေမှာပါ။ ရောဂါကူးစက်နိုင်ခြေကိုလည်း လျှော့ချနိုင်မှာပါ။ တစ်ကိုယ်ရေသန့်ရှင်းရေးဂရုစိုက်မှုက အဖိုးမများတဲ့ ကျန်းမာရေးစောင်ရှော့က်မှုပေါ့။ တစ်ကိုယ်ရေသန့်ရှင်းမှုက လူမှုဆက်ဆံရေးမှာလည်း လူဝင်ဆန့်စေနိုင်တဲ့အချက်တစ်ခုပါ။ ခန္ဓာကိုယ်က အနံ့ဆိုးတွေထွက်နေမယ်၊ ခံတွင်းနံ့ဆိုးတွေဖြစ်နေမယ်၊ အရေပြားမှာ မှိုစွဲတာနဲ့ အခြားသော အနာတွေဖြစ်နေမယ်၊ လက်သည်း၊ ခြေသည်းတွေက ညစ်ပေနေမယ်ဆိုရင် လူအထင်သေးခံရနိုင်သလို ပတ်ဝန်းကျင်က လူတွေကို စိတ်အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင်ရောဂါပိုးတွေကို လက်ခံထားရာဖြစ်နေတော့ အလွယ်တကူဆိုသလို မကျန်းမမာဖြစ်နိုင်တာပေါ့။ ဒါကြောင့် ကျန်းမာရေးပျော်ရွှင်တဲ့နေ့ရက်တွေပိုင်ဆိုင်ပြီး လူချစ်လူခင်ပေါများချင်တယ်ဆိုရင် တစ်ကိုယ်ရေသန့်ရှင်းရေးကို သေချာဂရုစိုက်ပေးပါ။

တစ်ကိုယ်ရေသန့်ရှင်းရေးအားနည်းရင် ဖြစ်လာနိုင်တဲ့ရောဂါတွေက

တစ်ကိုယ်ရေသန့်ရှင်းရေးအားနည်းတဲ့အခါ ဘက်တီးရီးယား၊ဗိုင်းရပ်စ်နဲ့ ကပ်ပါးပိုးတွေကူးစက်ခံရမှုကြောင့်

တီဘီအဆုတ်ရောင်ရောဂါ
ဝမ်းလျှောခြင်း
ကာလဝမ်းရောဂါ
ဖျားနာမှုဝေဒနာ
တုပ်ကွေး
အသည်းရောင်အသားဝါရောဂါ
ရေယုန်ပေါက်ခြင်း
ပိုလီယိုရောဂါ
ဝက်သက်
ရေကျောက်
ကြွက်နို့
ခြေသည်းမှိုစွဲခြင်း
အူရောင်ငန်းဖျားရောဂါ
အစာအဆိပ်သင့်ခြင်း
နှာစေးခြင်း
သန်ထခြင်း
ဆင်ခြေထောက်ရောဂါ
မေးခိုင်ပိုးဝင်ခြင်း နဲ့
အရေပြားရောဂါခံစားရတာတွေဖြစ်နိုင်ပါတယ်။

တစ်ကိုယ်ရေသန့်ရှင်းရေးဂရုစိုက်ရင် လိုက်နာရမယ့်အချက်တွေက

တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုစိုက်တဲ့အခါ ဒီအချက်လေးတွေကို ဂရုစိုက်ပါ။

လက်ကိုမှန်မှန်ဆေးကြောပေးပါ – အစားမစားခင်၊ အစားစားပြီးချိန်၊ အိမ်သာကဆင်းတဲ့အခါ၊ ညစ်ပေတဲ့အရာတွေကို ကိုင်တွယ်ထိတွေ့မိတဲ့အခါ မျိုးမှာ လက်ကိုသေချာဆေးကြောပေးပါ။

ရေပုံမှန်ချိုးပါ – တစ်နေ့ကို နှစ်ကြိမ် မချိုးဖြစ်ရင်တောင်မှ တစ်နေ့တစ်ကြိမ်တော့ ပုံမှန်ရေချိုးပေးပါ။ ရေချိုးတာက ရောဂါပိုးတွေကို ကာကွယ်ရာရောက်သလို စိတ်ကို ကြည်လင်လန်းဆန်းစေနိုင်ပါတယ်။

သွားနဲ့ခံတွင်းကို သန့်ရှင်းပေးပါ – တစ်နေ့နှစ်ကြိမ်ပုံမှန်သွားတိုက်ပေးပါ။ သွားနဲ့ခံတွင်း ကျန်းမာရေးကလည်း တစ်ကိုယ်ရေသန့်ရှင်းရေးအတွက် မဖြစ်မနေဂရုစိုက်ပေးသင့်တဲ့ အချက်တစ်ခုပါ။

ခေါင်းမှန်မှန်လျှော်ပါ – တစ်ပတ်ကို အနည်းဆုံး နှစ်ကြိမ်ခေါင်းလျှော်ပါ။ ဦးရေပြားမှာဖြစ်တတ်တဲ့ ဗောက်ထတဲ့ပြဿနာ နဲ့ အခြားသော ပြဿနာတွေကို ကာကွယ်နိုင်မှာပါ။

တစ်ပတ်တစ်ခါ ခြေသည်းလက်သည်းညှပ်ပါ – ခြေသည်းလက်သည်းရှည်တွေက ရောဂါပိုးတွေ ခိုအောင်းဖို့ကောင်းတဲ့ နေရာတွေဖြစ်နေနိုင်တာကြောင့် လက်သည်းခြေသည်းတွေကို ရှည်လာတာနဲ့ညှပ်လိုက်ပါ။ အနည်းဆုံး တစ်ပတ်တစ်ကြိမ်တော့ မဖြစ်မနေ ခြေသည်းလက်သည်းတွေကို သန့်ရှင်းရေးလုပ်ပေးပါ။

အဝတ်အစားတွေကို သန့်ရှင်းသပ်ရပ်စွာဝတ်ဆင်ပါ – အဝတ်တွေကို သန့်သန့်ရှင်းရှင်းမဝတ်တဲ့အခါ အရေပြားပြဿနာတွေဖြစ်လာနိုင်ပါတယ်။ဒါကြောင့် သေချာသန့်စင်အောင်လျှော်ထားတဲ့အဝတ်တွေကို ပဲသပ်သပ်ရပ်ရပ်ဝတ်ဆင်ပေးပါ။

တစ်နေ့နှစ်ကြိမ် မျက်နှာသစ်ပေးပါ – အရမ်းပျင်းတယ်ဆိုရင်တောင်မှာ မနက်တစ်ကြိမ် ညအိပ်ရာဝင်ခါနီးတစ်ကြိမ် တစ်နေ့ကို နှစ်ကြိမ် မျက်နှာသစ်ပေးပါ။

ခြေထောက်တွေကို သန့်ရှင်းအောင်ထားပေးပါ – ခြေထောက်မှာ သဲဝဲစားတာ၊ မှိုစွဲတာလိုမျိုး၊ ခြေသည်းလက်သည်းမှိုပိုးဝင်တာလိုမျိုးရောဂါတွေက နေကာကွယ်ဖို့ ခြေထောက်တွေကို သေချာသန့်စင်အောင်ဆေးကြောပြီး ခြောက်သွေ့အောင်ထားပေးပါ။

ကာကွယ်ခြင်းက ကုသခြင်းထက် ပိုပြီးထိရောက်တယ်ဆိုမှာတော့ ကိုယ်ကျန်းမာ စိတ်ချမ်းသာနဲ့ ရောဂါဘယ ကင်းစင်တဲ့နေ့စဉ်ဘဝကို ပိုင်ဆိုင်နိုင်စေဖို့ တစ်ကိုယ်ရေ သန့်ရှင်းရေးကို သေချာဂရုစိုက်ပေးပါနော်………

မူရင်း စာမျက်နှာ - Hello ဆရာဝန် 

Friday, November 23, 2018

လက်ပံပျားကြက်ကြော် - ချဉ်ပေါင်ဖြူ စပ်ချဉ် - ပုစွန်ကျောက်ဖရုံသီးကြော်ချက်

လက်ပံပျားကြက်ကြော် 


လက်​ပံပြားမှာ​ကြော်​​တော့လက်​ပံပြားကြက်​​ကြော်​ ​ကျော်​တို့အိမ်​မှာ​ကြော်​​တော့

ကျော့်​ကြက်​​ကြော်
°°°°°°°°°°°°°°°°

ဗမာကြက်​(ခ)ခြံကြက်​(၄၀)ကျပ်​သား....၂​ကောင်
ချင်းကြီးကြီး...................................၁တက်
ဆား+ဟင်းခတ်​မှုန့်​+ကြက်​သားမှုန့်​...လိုအပ်​သလို

ကြက်​​ကြော်​ဖို့အတွက်​(၅၀)ကျပ်​သားထက်​မပိုတဲ့အ​ကောင်​​သေးမျိုးကို​ရွေးဝယ်​ပါ။အရွယ်​ကြီးတဲ့ကြက်​​တွေကရင့်​ပြီးမာတတ်​ပါတယ်​။

ကြက်​တစ်​​ကောင်​ကို ရင်​ပုံ ၂ပိုင်း၊ ​ပေါင်​သား ၂ပိုင်းစုစု​ပေါင်း၎ပိုင်းရ​အောင်​ပိုင်းပါ။

ချင်းကို​ထောင်းပြီးအရည်​ညှစ်​ထည့်​ကာဆား၊ဟင်းခတ်​မှုန့်​၊ကြက်​သားမှုန့်​တို့နှင့်​အရသာနယ်​ပြီးနှပ်​ထားပါ။

ကြော်​တဲ့အချိန်​အ​ရောင်​လှဖို့အတွက်​သကြားပါသည်​ဆိုရုံ​လေးထည့်​နယ်​ပါ။

ရေမြုပ်​သည်​ဆိုရုံ​လေထည့်​ပြီး​ရေခမ်းသည်​အထိပြုတ်​ပါ။

ဒယ်​အိုးတစ်​လုံးမှာ ဆီတစ်​လီတာခန့်​ကိုအပူ​ပေးပြီး
ကြက်​သား​တွေကို​ရွှေဝါ​ရောင်​​လေးရသည်​အထိ​ကြော်​ပြီးဆီစစ်​ပါ။

[ဟင်းချက်နည်းများPage]

မျှစ် ချဉ်ပေါင်ဖြူ  နှင့် ဘောကျိတ်ပုဇွန် ချက်  (White Roselle Leaves with Bamboo Shoot and Shrimp)



ချဉ်ပေါင်ဆိုလျင် စည့်တို့ မြန်မာလူမျိုးတွေ သရေကျရသော အစားအစာပါ။ ချဉ်ပေါင်ကို မြန်မာနိုင်ငံ တစ်ဝှမ်းမှာ ပုံစံအမျိုးမျိုး အရသာအမျိုးမျိုးဖြင့်ချက်ပြုတ်ကျပါတယ်။ ချဉ်ပေါင်နဲ့ မျှစ်ကတော့ လိုက်ဖက်သော အတွဲပါ။ ခေတ်အဆက်ဆက်က ချက်ပြုလာသော မျှစ်ချဉ်ပေါင် ပုဇွန်ချက် ကို စည့် စိတ်ကူးလေးနဲ့ ပြန်လည်တစ်ဖန်တီထွင်ထားပါတယ်။ ချက်ကြည့်လိုက်နော်…

ပါဝင်ပစ္စည်းများ
ချဉ်ပေါင်ဖြူ ၃ စီး (အရွက်ချွေထားပါ)
ဘောကျိတ်ပုဇွန် ၁၅ ကျပ်သား (ရေစင်အောင်ဆေးထားပါ)
မျှစ်ချောင်း ၁၀ ချောင်း  (အရှည်လိုက် လက် ၂ပိုင်းလောက်လေးတွေ ဖြတ်ထားပါ)
ငရုတ်သီးစိမ်း ၁၀ တောင့် (ထက်ခြမ်းခြမ်း ပြီး လေးပိုင်းပြန်ပိုင်းထားပါ)
နနွင်းမှုန့် စ်ဝက် ဇွန်း လက်ဖက်ဇွန်း
ပုဇွန်ငါးပိစိမ်း ၂ ဇွန်း ခွဲ လက်ဖက်ဇွန်း
ဆား အနည်းငယ် (လိုအပ်သလို ထည့်ပါ)
ငံပြာရည် ၁ ဇွန်း ခွဲ လက်ဖက်ဇွန်း
နံနံပင်  ၃ ပင် (အရွက်ကို ခတ်ကြမ်းကြမ်းလေး လှီးထားပါ။ အရိုးများချန်ထားပါ)

ပြုလုပ်နည်း
၁။ ချဉ်ပေါင်အရွက်များ ချွေပြီး ရေအေးအေးဖြင့်စိမ်ထားပါ။
၂။ စောက်နက်အိုးထဲ ရေအနည်းငယ် ထည့်ပြီး ချဉ်ပေါင်ရွက်များ ထည့်ပြီး သေချာမွေပေးပါ။ မနားတန်း ချဉ်ပေါင်ရွက်များပျော်အောင် မွှေပေးပါ။ အရည်အနည်းငယ်ဖြင့်ထားပါ။ နံနံပင်ကလွဲလို့ ကျန်ပါဝင်ပစ္စည်းများ အားလုံးထည့်ပြီး တည်ပါ။ ရေ ၁ ခွက် လောက်ထည့်ပါ။ သေချာနှံ့အောင်မွှေပေးပါ။ ရေအနည်းငယ် ခမ်းအောင် တည်ပြီး မျှစ်နုးလျင်ရပါပြီး။ မီးပိတ်ပြီး နံနံပင်အုပ်ပါ ဆားမြည်းပါ။ လိုတာထက်ဖြည့်နိုင်ပါတယ်။ ထမင်းပူပူလေးဖြင့် အတူတွဲစားလျင် ထမင်းမိန်စေပါတယ်။

Syilwin Foodgarden 

ပုစွန်ကျောက်ဖရုံသီးကြော်ချက်


ကဲကဲရဲ့ သူငယ်ချင်းတွေအတွက် ရာသီဥတုအေးအေးလေးမှာ နွေးထွေးသွားအောင် ပုစွန်နှင့် ကျောက်ဖရုံသီးရောပြီး ကြော်ချက်ပုံစံလေး ချက်စားရအောင်။

ကျောက်ဖရုံသီးကို မှန်မှန်စားပေးခြင်းဖြင့် ကျောက်ကပ်ရောဂါကို သက်သာစေနိုင်သလို ဆီးလမ်းကြောင်း ကျောက်တည်ခြင်းများကိုလည်း ပျောက်ကင်းစေနိုင်ပါသည်။

ကျန်းမာရေးအတွက်လည်း အထောက်အကူပြု၊ ထမင်းဝိုင်းမှာလည်း စားလို့ကောင်းတဲ့ ဟင်းလေးပါရှင်။

ဒီဟင်းလေးရဲ့  ချက်နည်းလေးကတော့

Ingredients:
ပုစွန် ၅~၁၀ကောင်
ကျောက်ဖရုံသီး ၁စိတ်
ကြက်သွန်ဖြူ ၃မွှာ
ကြက်သွန်နီအနေတော် ၁လုံး
ပဲငံပြာရည်အကြည် ထမင်းစားဇွန်း ၁ဇွန်း
ငရုတ်ကောင်းမှုန့် အနည်းငယ်
ဆီ အနည်းငယ်
ဆား အနည်းငယ်
နနွင်းမှုန့်  အနည်းငယ်

Preparation Method:
၁) ပုစွန်တွေကို သန့်စင်ပြီး ဆား၊ ငရုတ်ကောင်းမှုန့် အနည်းငယ်တို့ ဖြင့် နယ်ပါ။
၂) ကြက်သွန်ဖြူ၊ ကြက်သွန်နီတို့ကို ပါးပါးလှီးပါ။
၃) ကျောက်ဖရုံသီးကို အနေတော် အတုံးလေးတွေ တုံးပါ။
၎) ဒယ်အိုးထဲ ဆီအနည်းငယ် ထည့်ပြီး ဆီဆူလာလျှင် နနွင်းမှုန့်  အနည်းငယ်ကို အရင်ထည့်ပါ။
၅) လှီးထားသော ကြက်သွန်နီကို ထည့်ပါ။ ကြက်သွန်နီအနည်းငယ် နွမ်းလာလျှင်  ကြက်သွန်ဖြူကို ထည့်ပါ။
၆) ပုစွန်တွေကို ထည့်ပါ။ ပုစွန်တွေ  ကွေးလာလျှင် ကျောက်ဖရုံသီးအတုံးတွေကို  ထည့်ပါ။
၇) ရေနွေး အနည်းငယ် ထည့်ပါ။ ပဲငံပြာရည်အကြည်နှင့် ဆား အနည်းငယ် ထည့်ပါ။
၈) အရသာအပေါ့အငန် ပြင်ပြီး ငရုတ်ကောင်းမှုန့် အနည်းငယ် ထည့်လိုက်လျှင် ရပါပြီ။

ပူပူမွှေးမွှေး ပုစွန်ကျောက်ဖရုံသီးကြော်ချက်ဟင်း ရပါပြီရှင်။

Kae Kae 

Thursday, November 22, 2018

သုည ပါရမီ (Zero Talent)




သူလေးက စာတော်လိုက်တာ ပါရမီ ကောင်းလို့ .. သူလေးက ဈေးရောင်းတော်တယ်.. ပါရမီပဲ..။ ဟယ်.. ဒီ ပန်းချီကားလေးကလှလိုက်တာ.. ပါရမီရှင်ပဲ.. ဆိုတဲ့ စကားတွေ နေ့စဉ်ကြားနေကြရမှာပါ..။ အထုံ တို့ ပါရမီ တို့ ဆိုတာတွေကို အရင်ဘဝက (ဖြည့်ဆည်းခဲ့တဲ့) လုပ်ခဲ့တဲ့ အမှု (ကောင်းမှု..ဆိုးမှု) တွေရဲ့ အကျိုးဆက် လို့ ခံယူပြီး ပြောကြတာပါ..။ လူတိုင်းမှာ တပြေးညီ မရှိနိုင်တဲ့ အရည်အချင်းပါ..။ ဒါကို တခြားတဖက်ကနေ မြင်ကြည့်ရင် Talent လို့ ဆိုပါတယ်..။ အဲဒီ Talent ကတော့ မွေးရာပါ အစွမ်းအစ တစ်ခုခုပါပဲ.. တချို့မှာ ရှိတယ်.. တချို့မှာ မရှိဘူး..။

စီးပွားရေး လုပ်ငန်း တစ်ခု စ လုပ်ဖို့ ပါရမီ လိုပါသလား ?
အရောင်းသမားတစ်ယောက် ကိုယ့်ပစ္စည်း ရောင်းစွံဖို့ရာ ဈေးရောင်းတဲ့ ပါရမီ လိုပါသလား?

တကယ်တော့ မလိုပါဘူး..။ မလိုတာမှ လုံးဝဥဿုံ ကို မလိုပါဘူး..။ “သုညပါရမီ” သမားလဲ ဈေးရောင်းလို့ ရပါတယ်..။ စီးပွားရေး လုပ်ငန်းလုပ်လို့ရတယ်..။ ကွာခြားချက် တစ်ခုက ပါရမီပါသူ က အလွယ်တကူ ရောင်းနိုင်ရင် “သုညပါရမီ” သမားက ကြိုးစားပြီး ရောင်းရမယ်..။

အရောင်းသမားတစ်ယောက် ဈေးရောင်းကောင်းဖို့ အတွက် “ပါရမီ” မလိုပေမယ့် “ကျွမ်းကျင်မှု”တော့လိုပါတယ်..။ ကျွမ်းကျင်မှု ရအောင် သင်ယူလေ့ကျင့်ရပါတယ်..။ သင်ယူလေ့ကျင့်တဲ့ အခါမှာလဲ စနစ်တကျ ရှိဖို့နဲ့ စိတ်ပါလက်ပါ ရှိဖို့ စွဲစွဲမြဲမြဲ ရှိဖို့ လိုပါတယ်..။ ဒါဆိုရင် လူတိုင်းမှာ မရှိနိုင်တဲ့ အရည်အချင်း တွေ ရလာမှာပါ..။ သင်ယူလေ့ကျင့်တဲ့ အခါမှာ ဒါတွေကို ဂရုစိုက်ရမှာပါ..။

၁။ အချိန်မီ (အချိန်မှန်)ရောက်ဖို့

ကိုယ်လုပ်ရမယ့်အလုပ် ကိုယ်သွားရမယ့်နေရာ ကို ကိုယ်ရောက်ရမယ့်အချိန်မှာ အချိန်မီရောက်အောင် သွားဖို့ပါပဲ.။ ကိုယ်သွားရမယ့် ခရီးဟာ ၅မိနစ်စာ လမ်းလျှောက်ရုံနဲ့ ရောက်တဲ့ ခရီးဖြစ်နိုင်သလို ကားနဲ့ တစ်နာရီလောက် သွားမှရောက်မယ့် ခရီးမျိုးလဲ ဖြစ်နိုင်ပါတယ်..။ အချိန်မီရောက်ဖို့ ဘာဆင်ခြေမှ မပေးပါနဲ့…။ ကိုယ်သွားရမယ့် ခရီးအတွက် ကြိုတင်ပြင်ဆင်ပါ…. လမ်းမှာကုန်သွားနိုင်တဲ့ အချိန်ကို ထည့်သွင်းတွက်ချက်ပါ..။ အရောင်းထွက်မယ့် အရောင်းသမား.. အစည်းအဝေးတက်ရမယ့်အရာရှိ.. ပစ္စည်းပို့ရမယ့် ယာဉ်မောင်း …. အားလုံးအတွက် အချိန်တိကျမှုဟာ သိပ်ကို အရေးပါပါတယ်..။ ဒါကြောင့် ကြိုတင်စီစဉ်ပါ..။ သတ်မှတ်ချိန်မှာ သတ်မှတ်နေရာကို ရောက်အောင်သွားပါ..။

၂။ အလုပ်ခွင်ကျင့်ဝတ်

သိပ်အရေးမကြီးပါဘူး လို့ထင်ရပေမယ့် အလုပ်ခွင်ကျင့်ဝတ်တွေနဲ့ အသားကျနေဖို့ လိုအပ်ပါတယ်..။ လိုက်နာရမယ့်ကျင့်ဝတ်တွေ ရှိသလို ရှောင်ရန် တွေလဲ ရှိပါတယ်..။ ကျင့်ဝတ်ဆိုရာမှာ အလုပ်ခွင်တစ်ခုနဲ့ တစ်ခု တူနေတာတွေလဲ ရှိသလို ကွဲလွဲနေတာတွေလဲ ရှိနိုင်ပါတယ်..။ သတ်မှတ်ပြဋ္ဌာန်းချက်တွေကို သိအောင်လေ့လာပြီး ကျွမ်းကျင်အောင် လေ့ကျင့်ထားရမှာပါ..။ ပြဋ္ဌာန်းချက်ထဲမှာ မပါပဲ ကျန်နေတာတွေကိုတော့ အတွေ့အကြုံက သင်သွားပါလိမ့်မယ်..။ အတွေ့အကြုံတွေကို နှိုင်းယှဉ်လေ့လာရင်း သင်ယူရမှာပါ..။

၃။ စိုက်ထုတ်ရင်းနှီး

အရောင်းသမားတစ်ယောက်ရဲ့ အရင်းအနှီးဟာ “စိုက်ထုတ်မှု” ပါပဲ..။ ကိုယ့်ဖက်က စိုက်ထုတ်ရမှာက “ရိုးသားမှု” တစ်ခုထဲပါ..။ အဲဒီ ရိုးသားမှု တစ်ခုထဲကပဲ အဲဒီ အရောင်းသမားကို ထိပ်ဆုံးကို ရောက်စေပါလိမ့်မယ်..။

၎။ ကိုယ်နှုတ် အမူအယာ

ယဉ်ကျေးပျူငှာ.. ဖွယ်ဖွယ်ရာရာ.. ဖေါ်ဖေါ်ရွေရွေ .. သိမ်သိမ်မွေ့မွေ့ ဆိုတဲ့ ဝေါဟာရတွေကို မမေ့ပါနဲ့..။ အဓိပ္ပါယ်ရှိစွာ အသုံးချတတ်ပါစေ..။ ကိုယ်နဲ့ ဆုံတဲ့လူတိုင်းကို ဖေါက်သည် လို့ သဘောထားပါ..။ မျက်လုံးချင်း ဆုံပြီး စကားပြောပါ..။ လက်ဆွဲနှုတ်ဆက်ပါ..။ ပြုံးပြပါ..။ လိုအပ်တာထက်ပိုပြီး ထိတွေ့ကိုင်တွယ်မှုကိုရှောင်ပါ..။ လက်တစ်ကမ်း အကွာမှာနေပါ..။

၅။ ခွန်အား

ကိုယ့်ရဲ့ တစ်နေ့တာ လုပ်ဆောင်ချက်တွေ ပြည့်မီစေဖို့ “ခွန်အား” လိုပါတယ်..။ အဲဒီ ခွန်အားကို သေချာပေါက် ရနိုင်တဲ့အရင်းအမြစ်က “နှစ်ခြိုက်စွာအိပ်စက်ခြင်း” ပဲဖြစ်ပါတယ်..။ ငွေကုန်ကြေးကျ မများပါဘူး..။ အချိန်မှန်မှန်အိပ်ဖို့ပါ..။ စောစော အိပ်တာ.. နောက်ကျကျ အိပ်တာဟာ ပြသနာမဟုတ်ပေမယ့် .. အိပ်ရေးဝဖို့ လိုပါတယ်..။

“အိပ်မပျော်တဲ့ ညဟာ အစားပေးလို့မရပါဘူး” ..။ အိပ်ရေးဝမှ ဦးနှောက်ကြည်လင် လန်းဆန်းပါလိမ့်မယ်…။ လန်းဆန်းနေမှ အလုပ်လုပ်ရတာ တွင်ကျယ်ပါလိမ့်မယ်..။ လူတချို့မှာ သဘာဝအတိုင်း ကြည်လင်လန်းဆန်းပြီး ခွန်အားတွေ ရနေတတ်ပေမယ့် လူတော်တော်များများ ကတော့ “အိပ်စက်ခြင်းနဲ့ လန်းဆန်းခြင်း” တို့ ဆက်စပ်နေတာကို တွေ့ရမှာပါ..။ လန်းဆန်းခြင်း ခွန်အား ဟာ လျှပ်စစ်ဓါတ်လိုပါပဲ.. စီးဆင်း တတ်ပါတယ်… အဲဒီ စီးဆင်းမှုကို လိုအပ်နေရာတွေကို ရောက်အောင်ပို့နိုင်ဖို့ လိုပါတယ်..။ ကိုယ်ကိုယ်တိုင် ခွန်အားရှိနေမှ သူများဆီကို ကိုယ့်ရဲ့ ခွန်အား ကူးစက် စီးဆင်းစေနိုင်မှာဖြစ်ပါတယ်..။

၆။ စိတ်နေစိတ်ထား

ပြောရတာလွယ်ပြီး သင်ပေးလို့ ခက်တဲ့ အထဲမှာ “စိတ်နေစိတ်ထား” ပါပါတယ်..။ ကိုယ်ကိုယ်တိုင် သင်ယူ ပြင်ယူ မှ ရတာပါ..။ နည်းစနစ်နဲ့ သင်ပေးပြီး ကျွမ်းကျင်အောင် လေ့ကျင့်လို့ ရတာမျိုးမဟုတ်ပဲ.. ကိုယ်ကိုယ်တိုင် အပြီးအပိုင် ပြင်ယူရမှာပါ…။ “ကိုယ်ပဲမှန်တယ်” ဆိုတဲ့ စိတ်နေစိတ်ထားကနေ “သူလဲမှန်နိုင်တယ်” ဆိုတဲ့ စိတ်နေစိတ်ထား ရဖို့ ဘာတွေလိုအပ်မလဲ ဆိုတာ ကိုယ်ကိုယ်တိုင် သင်ယူလေ့လာ ရမှာလေ..။

ကိုယ်မှန်တယ် ဆိုတဲ့ စိတ်မွေးလိုက်တာနဲ့သူမှားတယ် လို့ မြင်သွားပြီး ကိုယ်မှန်တယ်ဆိုတဲ့ဖက်မှာရပ်တည်ဖို့ ခေါင်းမာ တတ်သွားပါတယ်..။ အဲဒီ စိတ်ကို “သူလဲ ကိုယ်တွေးသလို တွေးနိုင်တယ်..။ သူလဲ မှန်နိုင်တယ်” ဆိုတဲ့ အတွေးမျိုးတွေးတတ်အောင် ကိုယ့် စိတ်ကို ပြုပြင်ယူရမှာပါ..။

၇။ စွဲလန်းပြင်းပြ

ဒီနေ့ အောင်မြင်နေသူတွေမှာ တူညီတဲ့ အချက်တစ်ခုက ပြင်းပြတဲ့စွဲလန်းမှုပါပဲ..။ ကိုယ်လုပ်ရမယ့် အလုပ်ကို အလုပ်သဘောသက်သက်မဟုတ်ပဲ အာရုံစူးနစ် စွာ စိုက်ထုတ် လုပ်ကိုင်ဖို့ လိုပါတယ်..။ လုပ်ချင်ကိုင်ချင်စိတ် ပြင်းပြနေဖို့ မွေးမြူထားရမှာပါ..။ သွားလဲ ဒီစိတ်..စားလဲ ဒီစိတ် ဆိုတဲ့ ပြင်းပြတဲ့စွဲလန်းမှု ရှိမှသာ အောင်မြင်နိုင်ပါတယ်..။ ပြင်းပြင်းပြပြ စွဲလန်းလေလေ ပိုကြိုးစားလေလေ.. ပိုကြိုးစားလေလေ ကိုယ့်နယ်ပယ်မှာ ကိုယ် ပိုပြီးကျွမ်းကျင်လာလေလေ .. ပိုကျွမ်းကျင်လာလေလေ ပိုအောင်မြင်လေလေ ပါပဲ..။

၈။ သင်ပေးရလွယ်ကူ

ဒီကိစ္စကတော့ ငယ်ဘဝနဲ့ ဆိုင်သွားပါပြီ..။ ငယ်ငယ်ကတည်းက စနစ်တကျ သင်ပေးတာကို မခံယူခဲ့ဖူးရင် ကြီးမှ သင်ရတာ သိပ်ခက်တတ်ပါတယ်..။ ကြီးမှ သင်ရသူတွေဟာ သူတို့ကိုယ်သူတို့ “သိပြီးတတ်ပြီးသား” လို့ ထင်တတ်ကြပါတယ်..။ တကယ်တော့ အဲဒီနှစ်ခုထဲမှာ “သိပြီးသား” ဆိုတာက ဖြစ်နိုင်ပါတယ်..။ ဒါပေမယ့် မတတ်ပါဘူး..။ ဒါကြောင့်မို့ သင်ယူတဲ့ အခါမှာ “သိပြီး မတတ်သေး” လို့ ခံယူနိုင်မှ ရမှာပါ..။ စီမံခန့်ခွဲတဲ့ နယ်ပယ် အတွက် လူရွေးတဲ့ အခါမှာ သင်ပေးရလွယ်သူတွေကိုပဲ ရွေးသင့်ပါတယ်..။ ငယ်စဉ်ကတည်းက သင်ယူမှု ရှိခဲ့သူများသာ ပြောင်းလဲလွယ် သင်ရလွယ်သူတွေ ဖြစ်တတ်ကြပါတယ်..။ သုံးဆယ်ကျော်သွားရင် သူတို့ဟာ ပတ်ဝန်းကျင်တစ်ခုခုမှာ ငြိတွယ်သာယာတတ်သူတွေ ဖြစ်သွားတတ်ကြပြီး အသစ် သင်ပေးရတာ သိပ်ခက်သွားတတ်ပါတယ်..။ ပြောင်းလဲ ဖို့လဲ မလွယ်တော့ပါဘူး..။

၉။ နဲနဲပိုလုပ်ပါ

လုပ်နေကျအလုပ်ကို သတ်မှတ်အချိန်အတွင်း ပြီးအောင်လုပ်နိုင်တာ တာဝန်ကျေသူပါ..။ အဲဒီထက်ပိုပြီး သတ်မှတ်ချိန်အတွင်းမှာ လုပ်နေကျ အလုပ်ထက် နဲနဲ ပိုလုပ်နိုင်အောင် လုပ်တတ်အောင် လေ့ကျင့်ထားဖို့ လိုပါတယ်..။ အဲဒါဟာ ကိုယ့်ပတ်ဝန်းကျင်မှာ ရှိတဲ့ လူတွေရဲ့ အမြင် ကိုပြောင်းသွားစေပါတယ်..။ လုပ်ရိုးလုပ်စဉ် ထက် ပိုလုပ်နိုင်တဲ့ သူဟာ အစွမ်းအစရှိသူပါပဲ..။

၁၀။ ကြိုကြိုတင်တင်ပြင်ပြင်ဆင်ဆင်

လူတိုင်းဟာ ကိုယ့်အလုပ်အတွက်တော့ ကိုယ်ပြင်ဆင်ထားတတ်ကြတာပါပဲ..။ ကြိုတင်ပြင်ဆင်တာဟာ ဘယ်အခြေအနေမှာမဆို ကောင်းပါတယ်..။ ဒါပေမယ့် ဝီရိယတော့ သိပ်မလွန်စေနဲ့ပေါ့..။ ကိုယ်က ကြိုတင်ပြင်ဆင်တာပဲ ဆိုပြီး ကိုယ်ရောက်ရမယ့်နေရာ ကိုယ်လုပ်ရမယ့် အလုပ်ဆီကို နေမထွက်ခင် ကတည်းက ရောက်နေရင် ဘယ်သူမှ မရောက်သေးတဲ့ အတွက် ကိုယ်တစ်ယောက်ထဲ ဒေါသထွက်နေရပါလိမ့်မယ်..။

ကြိုတင်ပြင်ဆင်ရာမှာ ကိုယ်လုပ်ရမယ့် အလုပ် ကိုယ်သွားရမယ့် ခရီးအတွက် လိုအပ်မယ့် အရာတွေကို စစ်ဆေးပြင်ဆင်ထားတာဟာ ဘာမှမလုပ်ပဲ တွေ့ကရာ ဆွဲထွက်တတ်တဲ့ အကျင့်ထက် သာလွန်ကောင်းမွန်ပါတယ်..။ လုပ်ငန်း တစ်ခုတိုင်းမှာ မတူတဲ့ အခင်းအကျင်းတွေ ရှိနေတဲ့ အတွက် ရုပ်ပိုင်းကော စိတ်ပိုင်းပါ ကြိုတင်ပြင်ဆင်ထားမှ လိုက်လျောညီထွေ ရှိပါလိမ့်မယ်..။

အထက်မှာ ပြောခဲ့တဲ့ အကြောင်းအရာတွေ အားလုံးဟာ လူတိုင်းလုပ်နိုင်တဲ့ အလုပ်တွေပါ..။ မလုပ်နိုင်စရာ ဘာမှ မရှိပါဘူး..။ သတိထားပြီး လေ့ကျင့်သွားရင် ကျွမ်းကျင်သွားမှာပါ…။ ဒါဆိုရင် “သုညပါရမီရှင်” တွေတောင် အောင်မြင်နိုင်ပါပြီ..။ လုပ်ငန်းတစ်ခုကို ပါရမီ ပါမှ အောင်မြင်အောင် လုပ်နိုင်တာ လို့ လှေနံဒါးထစ် မှတ်ထားမယ့် အစား .. “ပြင်ယူရင်ရတယ်.. သင်ယူရင်ရတယ်.. လေ့ကျင့်ယူရင်ရတယ်” ဆိုတာက အောင်မြင်ဖို့ ပိုပြီးသေချာပါတယ်.။

နောက်ဆုံးပိတ်မှာ အိတ်နဲ့ လွယ်သွားဖို့ လက်ဆောင်တစ်ခု ကျန်ပါသေးတယ်..။ အဲဒါကတော့ “စာနာစိတ်” ပါ..။ ဘယ်စီးပွားရေး လုပ်ငန်းမဆို… ဘယ်သူမဆို.. ဘယ်အလုပ်မဆို.. ဘယ်အဆင့်မဆို.. ဘယ်လူတန်းစားမဆို ပိုင်ဆိုင်ထားသင့်တာက “စာနာစိတ်” ပါပဲ…. “ကိုယ်သာသူ့နေရာမှာ” ဆိုတဲ့ စာနာစိတ်ကလေး ရှိခဲ့ရင် လောကကြီး သာယာငြိမ်းချမ်းပါပြီ.။


PSM Business Institute 

Wednesday, November 21, 2018

"သတ်မှတ်ချက်တွေအောက်က ယောကျာ်းတွေ"




Gender အကြောင်းကို ပြောပြီဆိုရင် အဲဒါဟာ အမျိုးသမီးတွေနဲ့သာ ဆိုင်တယ်လို့ အများစုက ထင်တတ်ကြပါတယ်။

တကယ်ပဲ အမျိုးသမီးတွေနဲ့ပဲဆိုင်တာ ဟုတ်ရဲ့လား။

ကျွန်တော်တို့ဟာ ယောကျာ်း၊ မိန်းမ ရယ်လို့ သဘာဝအရ မွေးဖွားလာကြပါတယ်။ ဒီအခါမှာ ယောကျာ်းဆိုတာ ဘယ်လိုဖြစ်သင့်တယ်၊ မိန်းမဆိုတာ ဘယ်လိုဖြစ်သင့်တယ် ဆိုပြီး ပတ်ဝန်းကျင်က သတ်မှတ်ကြတယ်၊ သွန်သင်ကြတယ်၊ အဲဒီ လူမှုရေးသတ်မှတ်ချက်တွေကို Gender လို့ ခေါ်ကြတာပါ။ အများစုသော သတ်မှတ်ချက်တွေကတော့ မိန်းမကို နှိမ်ထားတာက များပါတယ်။ ထိခိုက်နစ်နာရတာကလည်း အမျိုးသမီးတွေပဲ ဖြစ်နေတတ်တယ်။ ဒီတော့ Gender လို့ ပြောလိုက်ရင် အမျိုးသမီးအရေးလို့ ထင်တတ်ကြတာပါ။ တကယ်တမ်းတွေးကြည့်ရင် ကျွန်တော်တို့ အမျိုးသားတွေမှာလည်း နစ်နာရတာတွေ ရှိပါတယ်။

အဲဒီထဲက အိမ်ထောင်ရေးနဲ့ ဆိုင်တာလေး ပြောပါရစေ။

ကိုယ်က အစဉ်အလာသတ်မှတ်ချက်တွေအောက်က ယောကျာ်းတစ်ယောက်ပဲ ဆိုပါတော့။ အဲဒီလို ယောကျာ်းမျိုး ကြုံတွေ့ရနိုင်တဲ့ ပြဿနာနှစ်ခု ရှိပါတယ်။

၁၊၊ အိမ်ထောင်ပြုတော့မယ်ဆိုရင် ၀င်ငွေရှာရမယ် ဆိုတဲ့ ၀န်ထုပ်ဝန်ပိုးကို စတင်ပြီး ယူရပါတယ်။ အိမ်မှုကိစ္စနဲ့ သားရေးသမီးရေးကို မိန်းမက တာဝန်ယူပါတယ်။ ဒါ ကျွန်တော်တို့ မြန်မာ့အသိုင်းအ၀ိုင်းရဲ့ သတ်မှတ်ချက်ပါ၊၊
ယောကျာ်းတစ်ယောက်ဟာ ငါ့မိန်းမ ဘယ်လိုအောင်မြင်နေတာကွ ဆိုတာထက် ငါ့မိန်းမက ဘယ်လောက်လှတာ၊ ဘယ်လိုအလိုက်သိတာ၊ ဘယ်လောက်အိမ်မှုကိစ္စ နိုင်နင်းတာ၊ ဒါတွေကို ပိုဂုဏ်ယူတတ်ကြပါတယ်၊၊ အမျိုးသမီးက အလုပ်လုပ်နေရင်တောင် အိမ်ထောင်ပြုပြီးတာနဲ့ အလုပ်ထွက်ခိုင်းတော့တာ။ မိန်းမက ဦးဆောင်တာ၊ သူ့ထက်သာတာ မကြိုက်သလို၊ ဒီလိုငွေရှာနေတာကလည်း သူ့ကို စော်ကားရာရောက်သတဲ့လေ၊၊

ဒီတော့ ဘာဆက်ဖြစ်လဲ …

ဝင်ငွေအရ ယောကျာ်းအပေါ် လုံးလုံးလျားလျား မှီခိုနေရတဲ့အတွက် မတော်တဆ အရွယ်ကောင်းမှာ ဆုံးပါးသွားခဲ့ရင် ကိုယ့်အမျိုးသမီးဟာ သားသမီးတွေနဲ့ မလုပ်တတ် မကိုင်တတ် ဖြစ်ကျန်နေခဲ့တော့မယ်။ သားသမီးတွေလည်း ဘ၀ပျက်မယ်၊ ပညာတစ်ပိုင်းတစ်စ ဖြစ်ကုန်မယ်။ မတော်လို့ ကိုယ့်မိန်းမက အားကိုးရှာမယ်ဆိုပြီး နောက်အိမ်ထောင်ထပ်ပြုရင် အခြေအနေက ပိုဆိုးသွားနိုင်တယ်။ ပစ္စည်းဥစ္စာတွေ အများကြီးချန်ခဲ့ပါမယ် ဆိုရင်တောင် မိန်းမက မလုပ်တတ် မကိုင်တတ် ဖြစ်နေတဲ့အတွက် အဲဒီဥစ္စာပစ္စည်းတွေ အလွယ်တကူပဲ ဆုံးရှုံးရနိုင်တယ်။

ဒါကြောင့် အိမ်ထောင်ပြုလိုက်လည်း အမျိုးသမီးတွေ အလုပ်ဆက်လုပ်ပါ။ အမျိုးသားတွေ ကိုယ့်မိန်းမကို အလုပ်လုပ်ခွင့် ပေးကြပါ။ အဲ့ဒါဟာ ကိုယ့်အမျိုးသမီးကို ထက်မြက်စေသလို၊ ကိုယ့်ကလေးတွေရဲ့ အနာဂတ်အတွက်လည်း စိတ်ချရပါတယ်။

၂၊၊ ထားပါတော့၊ ကိုယ့်အိမ်ထောင်ဖက်က ဖောက်ပြန်နေတယ်ဆိုပါစို့။

ကိုယ့်ယောကျာ်းက ဖောက်ပြန်နေတယ်ဆိုတဲ့ အမျိုးသမီးနဲ့၊ ကိုယ့်မိန်းမက ဖောက်ပြန်နေတယ် ဆိုတဲ့ အမျိုးသား ဘာတွေခံစားနေရမယ်ဆိုတာ ယှဉ်စဉ်းစားကြည့်ပါ။

အမျိုးသမီးကိုတော့ ပတ်ဝန်းကျင်က သနားမယ်၊ ဖေးမမယ်။ သြော် ဒီကောင်မလေး ကံမကောင်းရှာဘူးပေါ့။ တချို့တချို့တွေက နားချမယ်၊ ယောကျာ်းဆိုတာ ဒီလိုပဲ အပျော်ရှာတာပေါ့၊ သူ့မိသားစုတော့ ဘယ်အပျက်စီးခံပါ့မလဲ၊ ကလေးတွေမျက်နှာ ရှိသေးတယ်လေ၊ လင်မရှိတဲ့မိန်းမ မျက်နှာငယ်ရတယ် စသဖြင့်။ (ခုနကပြောခဲ့တဲ့ ယောကျာ်းဝင်ငွေအပေါ် မှီခိုနေရတာကလည်း ကြိတ်မှိတ်သည်းခံရခြင်း အကြောင်းတစ်ခုပေါ့)
အဲဒီတော့ ဒီမိန်းကလေးက စိတ်ညစ်မယ်၊ အားငယ်မယ်၊ သူ့ယောကျာ်းကို ခွင့်လွှတ်ပေးမယ်။

အမျိုးသားကျတော့ရော … ကျွန်တော်တို့ စဉ်းစားကြည့်ရအောင်နော်။

မိန်းမဆိုတာ ဒီလိုပဲ၊ အပျော်သဘောပေါ့ကွာ လို့ ဘယ်သူမှ လာမနှစ်သိမ့်ဘူး။ ခွင့်လွှတ်ဖို့ လေပြေမထိုးဘူး။ နောက်ပြီး ကျွန်တော်တို့စိတ်ထဲ ဘယ်လိုဖြစ်မလဲ သိလား။

“ငါတော့ နွားဖြစ်ပြီ” လို့ တွေးနေတော့မှာပဲ။ ဘယ်သူမှ မပြောရင်တောင် ကိုယ့်စိတ်ထဲ မလုံမလဲ ဖြစ်နေတော့မှာ။ လာသာပြောလို့ကတော့ အဲဒီပြောတဲ့လူ အထိုးခံရပြီပဲ။

ကျွန်တော်တို့က အစကတည်းက ကိုယ်သာ လူပျိုမစစ်ချင် မစစ်မယ်၊ ရတဲ့ မိန်းကလေးကိုတော့ အပျိုစစ်မှ ကြိုက်တာလေ။ လူပျိုမစစ်တဲ့သူကို ယူမိလို့ ဘယ်မိန်းကလေးကိုမှ နွားမ လို့မခေါ်ပေမယ့် ယောကျာ်းလေးကိုတော့ ပတ်ဝန်းကျင်က ကဲ့ရဲ့တတ်ကြတာ၊၊

အဲဒီရဲ့ အကျိုးဆက်က ကိုယ်ယူထားတဲ့ မိန်းကလေး အပျိုစင်မဟုတ်တာ နောက်မှသိခဲ့ရရင်၊ ခုလို ဖောက်ပြန်တယ် ဆိုတဲ့ အကြောင်းကို သိသွားရင် အရှက်ကြီးရှက်ပြီး ဒေါသအလျောက် မလုပ်သင့် မလုပ်ထိုက်တာတွေ လုပ်ကြတော့တာပါပဲ။ ကျွန်တော်မြင်မိသလောက် ပြောရရင် အဲဒီ ‘နွား’ ဆိုတဲ့စကားလုံးက ယောကျာ်းတစ်ယောက်အတွက် ဒေါသထွက်စရာအကောင်းဆုံး ခိုင်းနှိုင်းမှုလားတောင် မသိဘူး။

အိမ်ထောင်ဖက်က ဖောက်ပြန်တာချင်းအတူတူ မိန်းမရဲ့စိတ်က အားငယ်တဲ့ဘက်ကို သွားပြီး ယောကျာ်းရဲ့စိတ်က ရှက်တဲ့ဘက်၊ ဒေါသထွက်တဲ့ဘက်ကို သွားတယ်။ ပတ်ဝန်းကျင်က မိန်းမကို သည်းခံခိုင်းတယ်၊ ယောကျာ်းကိုတော့ နွား ဆိုတဲ့ခံစားချက်ကို ထည့်ပေးလိုက်တယ်။

အဲဒီတော့ သတ်မှတ်ချက်နှစ်ခုကို ပြင်ရမယ်။

ပထမတစ်ခုက ဘာလဲဆိုရင် ယောကျာ်းဖောက်ပြန်တာက ခွင့်လွှတ်ပေးရမှာ ဖြစ်ပြီး မိန်းမဖောက်ပြန်ရင်တော့ အင်မတန် ရွံစရာ ကောင်းတဲ့ ပြစ်မှုတစ်ခုလို မြင်နေကြတာလေး ပြင်ရမယ်။ ဘယ်သူဖောက်ပြန်ဖောက်ပြန်၊ ဖောက်ပြန်တာဟာ အပြစ်တစ်ခုပဲ ဆိုတဲ့ အမြင်မျိုး မြင်ပေးဖို့ လိုပါတယ်။

ဒုတိယတစ်ခု။ အဲဒီ နွားဖြစ်ပြီ ဆိုတဲ့ အမြင်။

ကိုယ့်ယောကျာ်းဖောက်ပြန်လို့ ဘယ်မိန်းကလေးကမှ သူတို့ကိုယ်သူတို့ နွားမ လို့ မတွေးဘူး။ ဖောက်ပြန်တာကို ခွင့်မလွှတ်နိုင်ရင် လမ်းခွဲလိုက်ရုံပဲ။ အဓမ္မကျင့်မှုတွေလိုပေါ့။ ကျင့်ခံရသူက ရှက်ရမှာ မဟုတ်ဘူး၊ ကျင့်တဲ့သူကသာ ရှက်ရမှာ။ ခုလည်း ဒီလိုပဲ။ သူဖောက်ပြန်တာနဲ့ ငါတော့ နွားဖြစ်ရချည်ရဲ့ လို့ တွေးနေစရာ မလိုဘူး။ ဒေါသတွေထွက်၊ အရှက်တွေရ၊ အချစ်တွေကြီးပြီး လူသတ်မိသွားတာတွေ ဖြစ်စရာမလိုဘူး။ သူ့အတွက် ကိုယ့်ဘ၀ အနစ်မွန်းခံစရာ ဘာအကြောင်းမှ မရှိဘူး။ ရှက်ချင်းရှက်၊ သူကသာ ရှက်ရမှာ။ ဒီလိုလေး မြင်တတ်စေချင်တယ်။

အဓမ္မကျင့်ခံရသူကို Victim blaming မလုပ်သင့်သလိုမျိုးပဲ၊ ပတ်ဝန်းကျင်ကလည်း ဖောက်ပြန်နေတဲ့ မိန်းမရဲ့ အမျိုးသား၊ အဲဒီမိန်းမကို ချစ်လွန်းလို့ ခွင့်လွှတ်နားလည်ပေးလိုက်တဲ့ အမျိုးသားကို နွားကျတယ်လို့ တံဆိပ်မကပ်သင့်ပါဘူး၊၊

လူပျိုစစ်လား အပျိုစစ်လား ဆိုတာကို သိပ်အလေးမထားတဲ့ လူမှုအသိုင်းအ၀ိုင်းမှာတော့ ကလေးနှစ်ယောက်ရှိတဲ့ အမျိုးသမီးနဲ့ လူလွတ်အမျိုးသားနဲ့လည်း ယူချင်ယူကြတာပဲ။ ဘယ်သူကမှလည်း မကဲ့ရဲ့ဘူး။ ဘယ်သူမှလည်း ငါတော့ နွားဖြစ်ပြီဟဲ့ လို့ မတွေးဘူး။ ဘာလို့ဆိုတော့ အဲဒီအမျိုးသားတွေကလည်း ကိုယ်တော့ နေချင်သလိုနေမယ်၊ ယူရင်တော့ အပျိုစင်မှယူမယ် ဆိုတာမျိုးမှ မတွေးကြဘဲကိုး။

အမှတ်တမဲ့ ကြည့်လိုက်ရင် ကိုယ်တွေအသာရနေတယ် ထင်ရပေမယ့် အဲဒီအသာရနေတာတွေကပဲ ဒုက္ခပြန်ပေးနေတာတွေလည်း အများကြီးပါ။ ဒီလို အစဉ်အလာသတ်မှတ်ချက်တွေဟာ အမျိုးသမီးတွေကိုချည်း ဒုက္ခပေးနိုင်တာ မဟုတ်ဘဲ ကျွန်တော်တို့ အမျိုးသားတွေအတွက်လည်း ပြဿနာရှိတယ် ဆိုတာကို သိစေချင်ပါတယ်။ ဒါကြောင့်မို့ အမျိုးသားတွေအနေနဲ့လည်း ဒီလို Gender သဘောတရားတွေကို နားလည်သဘောပေါက်ထားဖို့၊ အစဉ်အလာ သတ်မှတ်ချက်တွေအောက်က ဖောက်ထွက်နိုင်ဖို့ လိုပါတယ်။

တကယ်တော့ ထက်မြက်တဲ့ ယောကျာ်းဆိုတာ …

ဝင်ငွေက ငါပဲရှာမယ်၊ မင်းက အိမ်မှုကိစ္စပဲ နိုင်နင်းပါစေ၊ အလိုက်သိပါစေ ဆိုတဲ့အမြင်မျိုး မထားဘဲ ဘ၀တစ်ခုကို အတူလက်တွဲ တည်ဆောက်တတ်တဲ့သူ၊ ကိုယ့်မိန်းမကိုလည်း အောင်မြင်သူဖြစ်လာအောင် ပံ့ပိုးပေးတဲ့သူ၊

ငါကတော့ ယောကျာ်းမို့ နေချင်သလိုနေမယ် ဆိုပြီး တစ်ဖက်သတ်မဆန်တဲ့သူ၊ မဖောက်ပြန်တတ်တဲ့သူ၊

ကိုယ့်အိမ်ထောင်ဖက်က ဖောက်ပြန်ခဲ့ရင်လည်း ပတ်ဝန်းကျင်က သတ်မှတ်သလို ငါတော့ နွားဖြစ်ရချည်ရဲု့ဆိုပြီး တနုံ့နုံ့နဲ့ ဒေါသဖြစ်မနေဘဲ ခေါင်းအေးအေးထား ဖြေရှင်းတတ်တဲ့သူမျိုးကို ခေါ်တာပါ။


ဒေါက်တာ ဖြိုးသီဟ

၂၃.၄.၂၀၁၇

Tuesday, November 20, 2018

- စနစ်တကျ အဆာခံ အဆီချနည်း -



( Intermittent Fasting to burn Fat )

" အဆီကျချင်ရင် မနက်စာ ရှောင်ပါ "

ဒီစကားကြားရင် သောက်လက်စ ရေပါ သီးသွားမလား မသိ။

မနက်စာဆိုတာ မရှောင်သင့်တဲ့အကြောင်း၊ ခါးဝတ်ပုဆိုးလို မြဲရမယ့်အကြောင်းတွေပဲ သင်ဟာ ကြားဖူးတာမလို့ အံ့သြနေမှာလဲ မလွဲ။

-Weight ကျချင်လား

မနက်စာကို ကျန်းမာရေးနဲ့ ညီတဲ့အစာတွေစားပြီး အားအပြည့်နဲ့ မနက်ခင်းကိုစ။ ဒီလိုမှပဲ အစာခြေအားကောင်းကောင်းနဲ့ တစ်နေ့လုံး အဆီတွေ Burn နေမှာ။ ကြားဖူးလား၊ မနက်စာကို ရှင်ဘုရင်လိုစား၊ နေ့လည်စာကို သူကြွယ်လိုစား၊ ညစာကို သူဖုန်းစားလိုစားတဲ့။

-Weight ပိုပိုကျချင်လား

တစ်နေ့တာမှာ သေးသေးလေးတွေ ခွဲပြီး ၅ ခါစား။ အဲတာမှ အစာခြေနှုန်းဟာ မြင့်နေပြီး အဆီတွေကျမှာ။

ဒါတွေနဲ့ ပတ်သက်ပြီး လူတွေလဲပြောကျ၊ သုတေသနတွေကလဲ ဆိုကျ။ မနက်စာစားခြင်းက အဆီကျစေသလို ကျန်းမာရေးအတွက်လဲ အလွန်ကောင်း။

ဒါကို ဘာလို့များ မနက်စာရှောင်ပြီး အဆီချခိုင်းနေရသလဲ။ ဘာလို့ ဒီနည်းကို သုံးကျသလဲ ???

မနက်စာ ရှောင်လိုက်တယ်၊ အစာကို ခဏခဏ စားမနေဘူး ဆိုပေမယ့်လဲ အစာခြေနှုန်းဟာ သိသိသာသာကြီး ကွာမသွားဘူးလို့ နောက်ပိုင်း သုတေသနတွေက ဆိုကြပါတယ်။ နောက် အဖြေတစ်ခုက အစာခြေနှုန်းတက်လာခြင်းက အဆီကျဖို့ တစ်ခုတည်းသော နည်းလမ်း မဟုတ်လို့ပါပဲ။

သူ့ထက်ကောင်းတဲ့ အကြောင်းအချက်တွေ ရှိသေးတာမလို့ မနက်စာ ရှောင်ရင် ရှောင်သင့်တာတွေ ဖြစ်လာတာပါပဲ။

ကဲ ဆက်ကြည့်လိုက်ရအောင်။

---------------------
စနစ်တကျ အဆာခံနည်းဆိုတာ ဘာလဲ ???

ဒီနည်း ( Intermittent Fasting) ကို အဆီချဖို့အတွက် သုံးတယ်၊ ဟုတ်ပြီ။ ဒါဆို ဘာတွေစားရမလဲ။

ဒီနည်းဟာ ဘာစားရမလဲ ဆိုတာကိုပြောတဲ့ နည်းမဟုတ်ပဲ ဘယ်အချိန်တွေ စားရမလဲ ဆိုတာကို ပြောတဲ့ နည်းပါပဲ။

အဆီကျချင်လား၊ ကြွက်သားတက်ချင်လား။

ဒါဆို ဒီလိုဖြစ်ဖို့ ကျန်းမာရေးနဲ့ ညီတာတွေ လျှော့စားရမယ်၊ ပိုစားရမယ်။ ဒါကိုမှ အကျိုးပိုရှိအောင် ဘယ်အချိန်မှာစားပြီး၊ ဘယ်အချိန်မှာ အဆာခံရမလဲ ပြောတဲ့နည်း။

ဥပမာ မနက်စာ ရှောင်ပြီး နေ့လည်စာနဲ့ ညနေစာကို ဘယ်အချိန်မှာ စားရမလဲ ပြောတဲ့နည်း။

ဒါပေမယ့် ဒီလိုမပြောခင် သင့်စိတ်ထဲမှာ တွေးမိတာရှိပါလိမ့်မယ်။

" စားရမှာက ကျန်းမာရေးနဲ့ ညီတာတွေပဲ၊ တူတူပဲ မပြောင်းဘူး။ စားမယ့် အချိန်ပဲပြောင်းတယ်။

စားမယ့်အချိန်ပြောင်းရုံနဲ့ ပိုထူးတယ်လို့ ခင်များကပြောတယ်။ မနက်စားမယ့်ဟာ နေ့လည်မှစားတော့ ဘာပိုထူးမှာ မလို့လဲ "

ဒီလိုတွေးမိမယ် ထင်ပါတယ်။ မနက်စာစားတာ အစာခြေနှုန်း မြင့်စေချင်လို့ဆို မနက်စာ ရှောင်တာရော ဘာ့ကြောင့်လဲ။ မေးသင့်တဲ့ မေးခွန်းတစ်ခုပါပဲ။

-------------------

အဖြေဟာ နှစ်ခုရှိပါတယ်။

၁- ပမာဏ ထိန်းချုပ်နိုင်ခြင်း

ဒါက ရိုးရှင်းပါတယ်။ ပုံမှန်အတိုင်းဆို တစ်နေ့ ၃ နပ်စားတယ်ဗျား။ အခု မနက်စာ ရှောင်တော့ တစ်နေ့ ၂ နပ်ပဲစားဖြစ်တယ်။

အနည်းဆုံးတော့ စားတဲ့ ပမာဏ နည်းသွားမယ်။ ဒါဟာ အဆီကျဖို့ ကူညီတယ်။

၂- Insulin ကို ထိရောက်စွာ အသုံးပြုနိုင်ခြင်း

ဒီအချက်ဟာ Intermittent Fasting အသုံးပြုရခြင်းရဲ့ အဓိက အကြောင်းအရာပါပဲ။ ပြောချင်နေလွန်းလို့ ဒီအကြောင်း စလိုက်ရအောင်။

Insulin ဆိုတဲ့ ဟော်မုန်းအကြောင်း ကြားဖူးနားဝရှိကြမှာပါ။ အဆီချတာ၊ ကြွက်သားတည်ဆောက်တာတွေနဲ့တော့ ပတ်သက်ပြီး ကြားဖူးချင်မှ ကြားဖူးမယ်။ သူ့ကို အကြားဖူးဆုံးနေရာကတော့ ဆီးချိုရောဂါနဲ့ ပတ်သက်လို့ပါပဲ။ ဆီးချိုသမားတွေ အိမ်မှာ Insulin ထိုးကြတယ် စသဖြင့်ပေါ့။

Insulin ဟာ Fit ဖြစ်ချင်သူတွေအတွက်ကျတော့ရော ဘယ်လိုသက်ရောက်သလဲ။

Insulin ဆိုတာ Pancreas လို့ခေါ်တဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းက ထုတ်ပေးတဲ့ ဟော်မုန်း။ Insulin အလုပ်က အာဟာရတွေ သွေးထဲလည်ပတ်ဖို့ရယ်၊ သွေးထဲက သကြားဓါတ်တွေကို ထိန်းထားဖို့ရယ် အလွယ် ဆိုပါတော့။

သွေးထဲက သကြားဓါတ်တွေ ဘယ်လိုရောက်နိုင်သလဲဆိုတော့ အစားအသောက်စားတဲ့အခါ ရောက်လာတယ်။ အထူးသဖြင့် Carbohydrate တွေဖြစ်တဲ့ ဆန်၊ ဂျုံတွေပေါ့။ ဒါတွေစားလိုက်ရင် သွေးထဲက သကြားဓါတ်ဟာ မြင့်တက်လာတယ်။

ဒါကို Pancreas က သိသွားရင် Insulin ကို ထုတ်ပေးလိုက်တယ်။ဒီအချိန် Insulin က ခန္ဓာကိုယ်ကို သကြားတွေယူဖို့ အသိပေးတယ်။ ကြွက်သားတွေ၊ အဆီတွေ၊ အသည်း စတာတွေက လိုအပ်တဲ့ အာဟာရ သကြားဓါတ်တွေကို စုပ်ယူပေါ့။ ဒါမှ သွေးထဲမှာ သကြားဓါတ်တွေ ရှိသင့်တာထပ် ပိုမကျန်ခဲ့မှာ။

ဒါပေမယ့် အစားတွေ ခဏခဏစားတဲ့အခါ ၊ အလွန်အကျွံတွေစားတဲ့အခါ၊ အဝလွန်လာတဲ့အခါမှာ ဒီစုပ်ယူမှုက ထင်သလောက်မကောင်းတော့ဘူး။

စုပ်ယူတဲ့ ကြွက်သား၊ အဆီ၊ အသည်း ဆဲလ်တွေဟာ Insulin ကို အပြည့်အဝ မတုန့်ပြန်နိုင် ဖြစ်လာတယ်။ Insulin များများပိုလိုလာတယ်။ ဒီတော့ Insulin ကို ထုတ်ပေးတဲ့ Pancreas က Insulin ကို ပိုပို ထုတ်ပေးရတယ်။

ဒီလို Pancreas က ပမာဏပိုထုတ်နိုင်တုန်းတော့ အကောင်းပေါ့။ ဒါပေမယ့် အစာတွေစားလိုက်၊ Sugar level တွေ တက်လိုက်၊ အဝလွန်လာလိုက် ဖြစ်လာတဲ့အခါ ပိုပို ထုတ်လာရတယ်။ အချိန်တန်တော့ Pancreas က ဒဏ်ပိလာပြီး Insulin ထုတ်ပေးပါလို့ ခန္ဓာကိုယ်က အော်လဲ သောက်ဖက်မလုပ်တော့ဘူး။

ဒီမှာတင် သွေးထဲမှာ သကြားဓါတ်တွေမြင့်၊ ဆီးချိုတွေ ဖြစ်ကုန်တော့တာပါပဲ။ အပြင်ကနေ Insulin တွေလဲ ထိုးရပေါ့။

ဒါဟာ ခန္ဓာကိုယ်က ကြွက်သားတွေ၊ အဆီ၊ အသည်းဆဲလ်တွေဟာ Insulin ကို ထိရောက်စွာ မသုံးနိုင်တာက စတာပါပဲ။

ဒီလို Insulin ကို ထိရောက်စွာ မသုံးနိုင်တဲ့ အဓိက အကြောင်းတွေက

-အဝလွန်ခြင်း
-သကြားစားလွန်းခြင်း
-လှုပ်ရှားမှုနည်းခြင်း
-နှစ်ခြိုက်စွာ မအိပ်စက်နိုင်ခြင်း
-ဆေးလိပ်သောက်ခြင်း

စတာတွေပါပဲ။ တခြားရောဂါကြောင့်၊ မျိုးရိုးလိုက်တာတွေကြောင့်လဲ ရှိသေးတာပေါ့။

ဖြစ်ရတဲ့ အကြောင်းသိပြီဆိုရင် အခြား ကျန်းမာရေး အပိုင်းတွေအကြောင်းမပြောပဲ Fitness အကြောင်းဘက်ပြန်သွားလိုက်ရအောင်။

Insulin ကို ထိရောက်စွာ မသုံးနိုင်တဲ့အခါ အာဟာရ စုပ်ယူမှု အပိုင်းမှာ အားနည်းလာတယ်လို့ ဆိုခဲ့တယ်ဟုတ်။ ဒါ့ကြောင့် ကြွက်သား ထုတင်ရင် အရမ်းဝလာတဲ့ အထိ မလုပ်သင့်ဘူးလို့ ပြောကြတာပါ။ ဝလာလေ အာဟာရ စုပ်ယူနိုင်အားနည်းလေ၊ ကြွက်သားအသစ် တည်ဆောက်မှု နည်းလာလေ ဖြစ်လို့ပါပဲ။

ဒါဆို Insulin ကို ထိရောက်စွာ ပြန်သုံးနိုင်ဖို့ ဘာတွေလုပ်နိုင်မလဲ။

လုပ်နိုင်တဲ့နည်းတွေက ဖြစ်စေတဲ့ နည်းတွေရဲ့ ဆန့်ကျင်ဘက်ပါပဲ။

-အားကစားလုပ်ခြင်း
-သကြားလျှော့စားခြင်း
-အဆီချခြင်း
-ဆေးလိပ်ဖြတ်ခြင်း
-Intermittent Fasting လုပ်ခြင်း

တွေပါပဲ။ ဒီပို့စ်က စနစ်တကျ အဆာခံနည်းဆိုတော့ အဆာခံတဲ့ Intermittent Fasting လုပ်ခြင်း အကြောင်းပြောရအောင်။

စနစ်တကျ အဆာခံလိုက်တဲ့အခါ သင်ဟာ ခဏခဏ စားမနေတော့ဘူး။ ဒီအခါ အစာစားတိုင်း သကြားဓါတ်ဝင်လာတာ၊ မြင့်လာတာတွေ လျော့နည်းသွားမယ်။

နောက်တစ်ချက်က အစာမစားတဲ့အချိန်တွေမှာ ခန္ဓာကိုယ်က သိုလှောင်ထားတဲ့ အဆီကနေ စွမ်းအင်ယူမယ်။ ဒီအခါ အဆီကျလာမယ်။ အဆီကျလာတာနဲ့အမျှ Insulin ထိရောက်မှုဟာ ပြန်မြင့်လာမယ်။

ထပ်ကောင်းတဲ့အချက်က အဆာခံတဲ့အခါမှာ ခန္ဓာကိုယ်က သိုလှောင်ထားတဲ့ စွမ်းအင် Glycogen ဟာ ကုန်သလောက်ဖြစ်နေပြီ။ ဒီအချိန်မှာမှ အစာစားတဲ့အခါ သကြားဓါတ်တွေဟာ ပိုလျှံစွမ်းအင် အဆီ Fat cells အဖြစ် မသိုလှောင်ပဲ Glycogen အဖြစ် ပြန်သိုလှောင်မယ်။ ဒီတော့ အဆီဖြစ်ဖို့ ပိုခဲယဉ်းလာသလို သွေးထဲမှာလဲ သကြားပမာဏဟာ ထင်သလောက်များ မနေတော့ဘူး။

ဒါ့ကြောင့် Insulin ကို အကျိုးရှိရှိသုံးလာနိုင်ခြင်းက ကျန်းမာရေးအတွက် အရေးကြီးသလို၊ အဆီကျစေနိုင်ခြင်းအတွက်လဲ အရေးကြီးပါတယ်။

ဒါကို Intermittent Fasting က လုပ်ပေးနိုင်တယ်လို့ သုတေသနတွေက ဆိုကြပါတယ်။

ဒါကပဲ မနက်စာ ရှောင်ပြီး အဆီချနည်း ပေါ်ပေါက်လာခြင်း အဓိက အကြောင်းတရား။

Insulin တွေ၊ Blood sugar levels တွေ၊ ဒီလိုစကားလုံးတွေ မပါပဲ ခပ်ရှင်းရှင်းပြောရရင်

" စနစ်တကျ အဆာခံပြီး Intermittent Fasting လုပ်ခြင်းဟာ ခန္ဓာကိုယ်ကို အာဟာရ ကောင်းကောင်း စုပ်ယူစေတယ်။ စွမ်းအင်လိုတဲ့အခါ အဆီကနေယူလို့ အဆီကျစေတယ်။ " ပေါ့။
-------------------

စနစ်တကျ အဆာခံနည်း (သို့) Intermittent Fasting ကို ဘယ်လိုလုပ်မလဲ ???

လုပ်ကြသူများတဲ့ ၂ နည်းရှိပါတယ်။

နည်း ၁ - 16/8

ဒီနည်းဟာ မနက် ၅ နာရီကနေ နေ့လည် ၁၂ နာရီအတွင်းစားပြီး တစ်ညနေလုံး မစားတော့တဲ့ ဥပုသ်စောင့်တာနဲ့ နည်းနည်းဆင်တယ် ဆိုရမလားပဲ။ ဥပုသ်စောင့်တာကတော့ ၇ နာရီအတွင်း ၂ နပ်စားပြီး ၁၇ နာရီ အငတ်ခံတယ်ပေါ့။

ဒီနည်း ၁ မှာတော့ တစ်နေ့မှာ ၂၄ နာရီရှိတဲ့အထဲက ၁၆ နာရီ အငတ်ခံပြီး ၈ နာရီအတွင်း ၂ နပ်စားတာဆိုတော့ ဥပုသ်နဲ့ သိပ်မကွာဘူးဟုတ်။

၁၆ နာရီ အငတ်ခံ၊ ၈နာရီအတွင်းစား = 16/8

ဒါဆို ဘယ် ၈ နာရီအတွင်း စားမလဲ၊ ဘယ် ၁၆ နာရီကို အငတ်ခံမလဲ။ ဥပုသ်စောင့်သူတွေအတွက် နေ့လည်ကစပြီး အငတ်ခံပေမယ့် လေ့ကျင့်ခန်းလုပ်သူတွေကျ ဘယ်လိုလုပ်မလဲ။

လေ့ကျင့်ခန်းလုပ်သူတွေအတွက် Workout မလုပ်မီနဲ့ Workout လုပ်ပြီး ၂ ချိန် အစားစားဖို့ သင့်တယ်ဟုတ်။ မလုပ်မီ စားမှ အားရှိပြီး လုပ်နိုင်မယ်၊ လုပ်ပြီးတဲ့ အချိန်စားရင် အစားအစာကို ခန္ဓာကိုယ်က အသုံးချမယ်။ ဒါ့ကြောင့် ဒီနှစ်ကြိမ်စားဖို့ လိုပါတယ်။

ဒါဆို လေ့ကျင့်ခန်း ဘယ်အချိန်တွေလုပ်သလဲ။

ဥပမာ အနေနဲ့

-တစ်ချို့က မနက် ၁၀ နာရီလုပ်တယ်ဆိုပါတော့။

ဒါဆို မနက် ၇ နာရီမှာစစားရင် ဒုတိယအကြိမ်ကို ၈ နာရီအတွင်းစားရမယ်ဆိုတော့ နေ့လည် ၃ နာရီမတိုင်ခင် စားရပါမယ်။

ဒီတော့ လုပ်နိုင်တာက ၇ နာရီစား၊ ၁၀ နာရီကျ လေ့ကျင့်ခန်းလုပ်၊ နေ့လည် ၂-၃ လောက် နောက်တစ်ကြိမ်စား။ ပြီးရင် နောင်တစ်နေ့မနက်ထိ စားစရာမလိုတော့။

-တစ်ချို့က ညနေ ၄ နာရီလုပ်တယ်ဆိုပါတော့။

ဒါဆိုရင် မနက်စာကို ရှောင်ဖို့ဖြစ်လာပြီ။ လေ့ကျင်ခန်းမလုပ်မီ အားရှိအောင် စားမယ်ဆိုတော့ နေ့လည် ၁နာရီလောက်မှ ပထမဆုံး စားရပါမယ်။ နေ့လည် ၁ နာရီကစရင် နောင် ၈ နာရီအတွင်းဆိုတော့ ည ၉နာရီမတိုင်မီ ဒုတိယအကြိမ် စားရမယ်ပေါ့။

ဒီတော့ လုပ်နိုင်တာက နေ့လည် ၁ နာရီစား၊ ညနေ ၃-၄ လေ့ကျင့်ခန်းလုပ်၊ ည ၈-၉ လောက် ဒုတိယအကြိမ်စား။ ပြီးရင် နောင်တစ်နေ့ မနက်စာ မစားပဲ နေ့လည်မှ ပြန်စား။

ဒါက နည်း ၁ ကိုသုံးပြီး လေ့ကျင့်ခန်းလုပ်ချိန်အပေါ် မူတည်စားနိုင်တဲ့ ဥပမာပါ။

နည်း ၂- ၂၄ နာရီ ဘာမှမစားခြင်း

ဒါကတော့ ရိုးရှင်းပါတယ်။ တစ်ပတ်မှာ ၆ ရက် ပုံမှန်အတိုင်းစားတယ်။ တစ်ရက်ကို လုံးဝမစားဘူး။

(တစ်ချို့ကျ ၃ ရက်ပုံမှန်စား၊ တစ်ရက် အငတ်ခံ။ တစ်ပတ်ကို ၂ ရက် အငတ်ခံကြပါတယ်။ )

များသောအားဖြင့် ပိတ်ရက်၊ နားရက်ကို အဆာခံနေတတ်ပါတယ်။ ဒါပေမယ့် တစ်ချို့ကျ ပိတ်ရက်မှာ မိသားစုနဲ့ စားချင်ရင် တခြား တစ်ရက်ရက်ကို အဆာခံပေါ့။

ဥပမာ သောကြာနေ့ အဆာခံမယ်ဆို ကြာသပတေး ညနေ ၉ နာရီ ညစာစားမယ်၊ ပြီးရင် နောင်သောကြာနေ့မှာ မနက်စာ၊ နေ့လည်စာရှောင်ပြီး ည ၉နာရီမှ တစ်နပ်ပြန်စားတယ်။

ဒါဟာ တစ်ပတ် တစ်ရက်/နှစ်ရက် အဆာခံတဲ့ ၂၄ နာရီနည်းပါ။

-------------------

သတိပြုသင့်သည့် အချက်များ

၁-တစ် အချက်အနေနဲ့ သင်စားသင့်တဲ့ ပမာဏအတိုင်းတော့ စားရမှာပါ။ ဒီနည်းကို သုံးလို့ အဆီကျတယ်ဆိုပေမယ့် အငတ်ခံတဲ့ အချိန်မှာ ငတ်သမျှ စားရပြီဟေ့ဆိုပြီး အချိုတွေ၊ အဆီစာတွေ၊ အလွန်အကျွံတွေ မစားရပါဘူး။ စည်းကမ်းကတော့ ရှိရမှာပါ။

၂-သင်ဟာ စလုပ်ခြင်းမှာ ၁၆/၂၄ နာရီ အဆာခံနိုင်ချင်မှ ခံနိုင်ပါလိမ့်မယ်။ အဆာခံချိန်အတွင်းမှာ အကျင့်မရှိသေးရင် ငှက်ပျောသီး၊ မြေပဲ၊ အသီးအနှံ ဖျော်ရည် တစ်မျိုးမျိုး သောက်ပြီး အာသာဖြေနိုင်ပါတယ်။ တဖြည်းဖြည်း ကျင့်သားရလာမှ အပြည့်အဝ အဆာခံပါ။

၃-မလုပ်သင့်တဲ့ အခြေအနေတွေလဲ ရှိပါတယ်။ ဥပမာ

-ကိုယ်ဝန်ဆောင် မိခင်၊ နို့တိုက်မိခင်
-ဖျားနာလို့ အားနည်းနေသူ
-ခွဲစိတ်ကုသထားလို့ နားနေသူ
-ဆယ်ကျော်သက်အရွယ် ကြီးထွားဖို့ တာစူနေသူ
-အစားပုံမှန် မစားနိုင်သူ (Eating Disorder )
-ဆီးချိုရောဂါသည် (ဆရာဝန်နဲ့တိုင်ပင်ဖို့လို)
-ကိုယ်ခံအား နည်းနေသူ
-အစာအိမ်ပြသနာရှိသူ
-အစာအိမ် အစာခြေရည် အထက်ဆန်တက် တတ်သူ

တွေပါပဲ။ ဆိုလိုချင်တာက အာဟာရ လိုနေတဲ့အချိန်မျိုး၊ ရောဂါတစ်မျိုးမျိုး ရှိနေတဲ့ အချိန်မျိုးမှာတော့ အဆာမခံသင့်ဘူးပေါ့။

၎-Workout မလုပ်ခင် အစာစားတဲ့အတွက် Workout ကိုတော့ ထိခိုက်မှာမဟုတ်ပါဘူး။ဒီနည်းကို စလုပ်ကာစမှာ အဆာခံချိန်တွေမှာ အားအင် မရှိသလိုလို ဖြစ်တတ်ပါတယ်။ ဒါပေမယ့် ကျင့်သားအနည်းငယ်ရသွားတဲ့အခါ ဗိုက်ထဲမှာ ပြည့်နင့်မနေတာက လှုပ်ရှားရ ပိုသွက်လက်စေပါတယ်။

-------------------


ဒီနည်းဟာ အဆန်းကြယ်ကြီး၊ ကမ္ဘာကြီးကို ကိုင်လှုပ်ပြစ်တဲ့ နည်းတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဒီနည်းနဲ့ရမယ့် အကျိုးကျေးဇူးကလဲ မနည်းဘူးဟုတ်။

* တစ်နေ့ ၂ နပ်ပဲစားတော့ ၃ နပ်စာ မပြင် မဆင်ရ၊ အလုပ်ရှုပ်သက်သာတယ်။

* တစ်နေ့ ၂ နပ်ပဲစားတော့ အဆီချသူတွေအတွက် ၃ နပ်စာလောက် အများကြီး မစားဖြစ်။ စားဖြစ်တဲ့ ၂ နပ်မှာ ကျေနပ်စွာ (စည်းကမ်းတော့ရှိ) စားနိုင်တယ်။

* Insulin တုန့်ပြန်မှု အခြေအနေကောင်းလာမယ်၊

* ပေကပ်ပြီး မကျတော့မယ့် အဆီတွေကို ချရာမှာ ပုံမှန်နည်းတွေထပ်သာမယ်။

ဒီအချက်တွေနဲ့တင် စိတ်ဝင်စားစရာကောင်းနေပါပြီ။ ကိုယ်တွေ့အရ တစ်ကယ်လဲ Weight တန့် နေတဲ့အခါ ကျပါတယ်။ ကျင့်သားရသွားတဲ့အခါ ဗိုက်ဆာဆာသလိုလေး Feel ကပါ နေလို့ ပိုကောင်း နေပြန်သလိုလို။

စာလဲ ရှည်သွားပါပြီ။ မနက်စာ မစားလဲ အဆီကျတာမလို့ မနက်စာကို မစားမိရင် အပြစ်ရှိသလိုလို ခံစားဖို့ မလိုတော့ဘူးဟုတ်။

(မှတ်ချက်။ သင့်မှာ ရောဂါအခြေအနေ တစ်ခုခုရှိရင်တော့ ဒီနည်းဟာ သင့်အတွက် မဟုတ်ဘူးပေါ့။ ဒါဆိုရင်လဲ ပူစရာမဟုတ်ပါဘူး။ ဒီ Page မှာ တခြား Diet အကြောင်းလဲ ရှိတာမလို့ တခြားနည်းသုံးနိုင်ပါတယ်။ ဘယ်နည်းမဆို တစ်လကို ပျမ်းမျှ ၅-၁၀ ပေါင်ကျနိုင်ပါတယ်။

၅-၁၀ ပေါင်ပဲ ကျတယ်ဆိုလို့ နည်းလှချည်လား၊ အပြောကြမ်းတဲ့ တခြား သတင်း Page တွေကတောင် တစ်လ ၁၅ ပေါင်လောက် ကျမယ်ဆိုပါလား တွေးရင်တော့ မတတ်နိုင်။ အဲ Page တွေက ဘယ်ဂြိုလ်ကမ္ဘာက နည်းတွေရထားလဲတော့မသိ။ လက်တွေ့ မဟုတ်တဲ့ အဲလိုနည်းတွေတော့ Golden_Dreams မှာ မရှာနဲ့၊ မရှိပါ )

————————-

ဒီနည်းကို အသုံးချပြီး ပေါင်၂၀ လောက်ချခဲ့ဖူးပါတယ်။ လူများစွာ သုံးကြတဲ့နည်းမလို့ ထိရောက်လား၊ မထိရောက်လားကို စိတ်ထင့်စရာမလိုပါဘူး။

 မူရင်းစာမျက်နှာGolden_Dreams❤️

Monday, November 19, 2018

ဆီးကျိတ်ကြီးခြင်းရောဂါ (BPH) အကြောင်း သိကောင်းစရာ



🚹🚹🚹🚹🚹

🔺 MWD: အခုတစ်ပတ်မှာတော့ အသက် ၅၀ ကျော် အမျိုးသားတွေမှာ အဖြစ်များတဲ့ ဆီးကျိတ်ကြီးခြင်းရောဂါအကြောင်းကို ဆွေးနွေးတင်ဆက်သွားမှာဖြစ်ပါတယ်.. ဒီတစ်ပတ်မှာ ကျွန်မတို့ ကျန်းမာသုတအစီအစဉ်ကို ပါဝင်ကူညီဆွေးနွေးမယ့်သူကတော့ ရုပ်ရှင်သရုပ်ဆောင် ဦးစောနိုင်ပဲဖြစ်ပါတယ်ရှင်..  အန်ကယ်ဦးစောနိုင်အနေနဲ့ ဆီးကျိတ်ကြီးခြင်းရောဂါနဲ့ပတ်သတ်ပြီး ကျန်းမာသုတအစီအစဉ်ကို စာရေးမေးမြန်းလာတဲ့အတွက် အခုလို ကိုယ်တိုင်ကိုယ်ကျမေးမြန်းနိုင်အောင် စီစဉ်ဆောင်ရွက်ပေးခြင်းဖြစ်ပါတယ်..

🔺 USN: ကျေးဇူးတင်ပါတယ်သမီးရယ်.. အန်ကယ့်အနေနဲ့ ဆီးနဲ့ပတ်သတ်လို့ မကြာခဏဒုက္ခပေးတော့ ရင်းနှီးတဲ့မိတ်ဆွေတွေက ပြောကြတယ်.. ခင်ဗျား ဆီးကျိတ်ကြီးနေပြီထင်တယ်.. တကယ်ကြီးတာမှန်ရင်တော့ ခွဲရမှာဆိုတော့ အန်ကယ်လဲကြောက်သွားတယ်.. မြ၀တီကလာတဲ့ ကျန်းမာသုတအစီအစဉ်ကို အန်ကယ်က အမြဲကြည့်တယ်လေ.. ဆရာခင်မောင်လွင်နဲ့က နဂိုထဲကရင်းနှီးပြီးသားလဲဖြစ်တော့ ဒီရောဂါအကြောင်းကို ကိုယ်တိုင်လဲသိချင်တာရယ်.. အန်ကယ့်လိုပဲ တခြားလူတွေလဲ သိချင်မှာပဲလို့ စိတ်ကူးပြီး တွေ့ဆုံမေးမြန်းဖို့ request လုပ်လိုက်တာပါ.. အခုလိုစီစဉ်ပေးတဲ့အတွက် အန်ကယ်အနေနဲ့ မြ၀တီရုပ်မြင်သံကြားကို အထူးပဲကျေးဇူးတင်ပါတယ်..

🔺 Dr.KML: ကောင်းပါတယ် အန်ကယ်..  အန်ကယ်တို့အရွယ် အမျိုးသားတွေရဲ့ကိုယ်စား အန်ကယ်သိချင်တာတွေမေးပါ.. ကျွန်တော် တတ်သလောက် မှတ်သလောက် ကြိုးစားပြီး ပြောပေးပါမယ်..

❓❓ USN: ပထမဆုံးသိချင်တာက ဆီးကျိတ်ဆိုတာ ဘယ်လိုမျိုးအကျိတ်လဲဆိုတာ သိချင်ပါတယ် ဆရာ.. ကျွန်တော်တို့ဆီးသွားတာကို အဲဒီအကျိတ်က ထုတ်ပေးတာလား..  ဒါမှမဟုတ် ဘယ်လိုမျိုးပတ်သက်နေသလဲဆိုတာ အရင်ဆုံးပြောပြပေးပါ..

Dr.KML: ဆီးကျိတ်ကို ဆေးပညာအရ Prostate gland လို့ခေါ်ပါတယ်.. သူဟာ sex organ လို့ခေါ်တဲ့ မျိုးပွားမှုနဲ့ဆိုင်တဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်.. အမျိုးသားတွေမှာပဲရှိပါတယ်..
သူဟာ ဆီးအိမ်နဲ့ Rectum လို့ခေါ်တဲ့ အူမကြီးအဆုံးပိုင်း နှစ်ခုကြားမှာရှိပြီး ဆီးပြွန်ကိုပတ်ထားပါတယ်.. သူ့မှာ အဓိက cells သုံးမျိုးနဲ့ ဖွဲ့စည်းထားပါတယ်..
၁။ Smooth muscle tissue လို့ခေါ်တဲ့ ကျုံ့နိုင်ဆန့်နိုင်တဲ့ကြွက်သားတွေ..
၂။ Glandular epithelial tissue လို့ခေါ်တဲ့ နို့ရည်လိုအရည်တွေ ပြုလုပ်ပေးနိုင်တဲ့ဂလင်းလေးတွေ
၃။ အပြင်ဆုံးကနေကာထားတဲ့ အမျှင်ထူတဲ့အခွံအိပ် (Dense fibrous capsule) ဆိုပြီးဖြစ်ပါတယ်..

 သူ့ရဲ့အဓိကတာဝန်တွေကတော့ semen လို့ခေါ်တဲ့ သုတ်ရည်ကိုကျဲသွားအောင် ပြုလုပ်ပေးခြင်းဖြစ်ပါတယ်.. ခုနကပြောတဲ့ ဂလင်းလေးတွေကနေ ထွက်လာတဲ့နို့ရည်လိုအရည်တွေကို သူ့မှာရှိတဲ့ကြွက်သားတွေက ညှစ်လိုက်တဲ့အတွက် သုတ်ရည်ထဲကို ရောပါလာအောင် ဆောင်ရွက်ပေးခြင်းဖြစ်ပါတယ်.. ကျွန်တော်တို့နေ့စဉ်သွားနေတဲ့ဆီးကို ထုတ်လုပ်ပေးတာကတော့ ကျောက်ကပ်နှစ်ခုကပဲဖြစ်ပါတယ်.. ဆီးကျိတ်ကနေ ဆီးမထုတ်ပေးပါဘူး.. သူ့အနေနဲ့က ဆီးလမ်းကြောင်းပေါ်မှာ ရှိနေတာပဲဖြစ်ပါတယ်..

❓❓ USN: ဒါဆိုရင် ဒီအကျိတ်ဟာ အရွယ်ရောက်ပြီးမှ ဖြစ်တာလာပေါ့ ဆရာ..

Dr.KML: မဟုတ်ပါဘူး.. ကျွန်တော်တို့အမျိုးသားတွေမှာ မွေးကတည်းက ပါလာတာပါ.. မွေးခါစမှာတော့ ပဲစေ့အရွယ်လောက်ပဲရှိပါတယ်.. အရွယ်မရောက်မီအချိန်အထိတော့ သိပ်မကြီးလာပါဘူး.. လူပျိုဝင်စ ၁၃-၁၄ နှစ် လောက်ရောက်မှ စကြီးလာတာပါ.. အသက် ၂၀ လောက်ရောက်ရင် လူကြီးတစ်ယောက်ရဲ့အရွယ်အစားကို ရောက်သွားပါတယ်.. ပြီးရင် ဆက်မကြီးတော့ပါဘူး.. အသက် ၄၀ အထိ ဒီအတိုင်းပဲနေပါတယ်..  ၄၀ နောက်ပိုင်းကျရင်တော့ နည်းနည်းချင်း ဆက်ကြီးလာတတ်ပါတယ်.. အချို့ကြီးတာမြန်ရင်တော့ BPH လို့ခေါ်ပါတယ်.. အနေအထိုင် အစားအသောက် (life style and diet) ပေါ်မူတည်ပြီး ကွာသွားတာဖြစ်ပါတယ်..

❓❓ USN: အသက် ၄၀ ကျော်ရင် ဘာဖြစ်လို့များ ဒီ Prostate gland က ကြီးလာတာပါလဲ ဆရာ..

Dr.KML: ဒါကိုနားလည်အောင်ရှင်းပြမယ်ဆိုရင် ပထမဆုံး sex hormone တွေအကြောင်း ရှင်းပြဖို့လိုပါမယ်.. ကျွန်တော်တို့လူတွေမှာ ယောက်ျားရယ်၊ မိန်းမရယ်လို့ ပီပီပြင်ပြင်ဖြစ်အောင် ထိန်းချုပ်ပေးတဲ့ ဟိုမုန်းဓာတ်တွေဟာ ခန္ဓာကိုယ်ထဲမှာရှိပါတယ်.. ဒါကို ဆေးပညာအရ sex homone လို့ခေါ်ပါတယ်..
အမျိုးသားတွေမှာ Testosterone လို့ခေါ်တဲ့ အဖိုဟိုမုန်းတွေရှိပါတယ်.. အမျိုးသမီးတွေမှာတော့ Estrogen နဲ့ Progesterone လို့ခေါ်တဲ့ အမဟိုမုန်းတွေရှိပါတယ်.. ဒီလိုဟိုမုန်းတွေဟာ အရွယ်ရောက်ချိန်ကစလို့ ခန္ဓာကိုယ်ထဲမှာ လုံလောက်တဲ့ပမာဏ ပြည့်ပြည့်၀၀ရတဲ့အတွက် အမျိုးသား၊ အမျိုးသမီးရယ်လို့ ပီပီပြင်ပြင်ဖြစ်ပေါ်လာပြီး မျိုးဆက်ထိန်းသိမ်းဖို့ တာဝန်ထမ်းဆောင်ကြပါတယ်.. ဒါပေမယ့် အသက် ၄၀ ကျော်လာရင် ဒီ sex hormone တွေဟာ အမျိုးသားမှာရော အမျိုးသမီးမှာပါ ကျဆင်းလာပါတယ်..  အမျိုးသမီးတွေမှာတော့ သွေးဆုံးတယ်ဆိုတာဖြစ်သလို အမျိုးသားတွေမှာလဲ ဆီးကျိတ်ကြီးခြင်းဆိုတာ ဖြစ်လာပါတယ်..

❓❓USN: မရှင်းလို့ထပ်မေးပါရစေ ဆရာ.. Testosterone တွေနည်းလာတာနဲ့ ဆီးကျိတ်ကြီးတာနဲ့ ဘယ်လိုများပတ်သတ်နေပါသလဲ ဆရာ..

Dr.KML: သာမာန်ကျန်းမာနေတဲ့ အမျိုးသားတစ်ယောက်မှာ Testosterone ကို တစ်နေ့ 4-9 mg အသုံးပြုရပါတယ်.. အသုံးပြုပြီးတာနဲ့ 5-Alpha Reductase ဆိုတဲ့ Enzyme တွေကနေ DHT လို့ခေါ်တဲ့ Dihydrotesterone အဖြစ်ပြောင်းပြီး ဆီးထဲကနေ စွန့်ထုတ်ပါတယ်..
Testosterone ကို Testes (ကပ္ပာယ်အိတ်) ကနေ နေ့စဉ်ထုတ်လုပ်ပေးပါတယ်.. အသက်ကြီးလာလို့ Testosterone ထုတ်လုပ်မှုကျဆင်းလာရင်း အကျိုးဆက် (၂) ခု ဖြစ်ပါတယ်..
(၁) DHT အဖြစ် ပြောင်းတဲ့နှုန်းက ပိုများ၊ ပိုမြန်လာပါတယ်.. DHT ဟာ Testosterone ထက် ၅ ဆလောက် ပိုပြီးအစွမ်းထက်တာကြောင့် Testosterone အစားကို ၀င်ပြီးအလုပ်လုပ်ဖို့ ဖြစ်ပါတယ်..
(၂) ခန္ဓာကိုယ်အထဲမှာရှိတဲ့ Estrogen ရဲ့ activity (လုပ်ဆောင်မှု) ဟာ ပိုများလာပါတယ်.. ဒီ Estrogen တွေဟာ DHT ကို ဆီးထဲကနေ မစွန့်ထုတ်နိုင်အောင် ဟန့်တားထားပါတယ်..

အကျိုးဆက်အနေနဲ့ DHT တွေဟာ သွေးထဲမှာများလာပါတယ်.. သူဟာ Prostate gland  ကို အကျိုးသက်ရောက်မှု (၃) ခု ဖြစ်စေပါတယ်..
(၁) Inflammation - ရောင်ရမ်းပြီး အကျိတ်ကိုကြီးစေပါတယ်..
(၂) Multiplication of fibroblast - ဆီးကျိတ်မှာရှိတဲ့ အမျှင်တွေပါတဲ့ cell တွေကို ပွားများစေပါတယ်..
(၃) Spasm of smooth muscle - ကြွက်သားတွေကိုတင်းပြီး ကျုံ့စေပါတယ်.. ဒီလိုနည်းနဲ့ ဆီးကျိတ်ဟာကြီးလာပြီး ဆီးလမ်းကြောင်းကို ပိတ်ဆို့ခြင်းဖြစ်ပါတယ်..

❓❓ USN: ကျွန်တော်ဆီးသွားရင် ခါတိုင်းလိုမဟုတ်ဘဲ အချိန်ကြာကြာသွားရတာ ဆီးကျိတ်ကြီးတာနဲ့ဆိုင်ပါသလား ဆရာ..

Dr.KML: ဆိုင်နိုင်ပါတယ်.. ဆီးကျိတ်ကြီးလာရင် သူရဲ့အလယ်ကနေဖြတ်သွားတဲ့ ဆီးပြွန်ကိုဖိပါတယ်.. အဲ့ဒီအခါမှာ ဆီးနဲ့ပတ်သတ်လို့ လက္ခဏတွေ ခံစားရတတ်ပါတယ်.. အဓိကအုပ်စု (၂) ခုခွဲထားပါတယ်..

(၁) Obstructive symptoms (ပိတ်ဆို့မှုကြောင့်ဖြစ်သောလက္ခဏာများ)
- ဆီးစပြီးသွားဖို့ ခက်ခဲပါတယ်..
- စသွားရင်လဲ ခါတိုင်းလိုတစ်ခါထဲ များများမသွားဘဲ နည်းနည်းနဲ့ အကြာကြီးသွားရတတ်ပါတယ်..
- ဆီးသွားလို့ပြီးသွားရင်လဲ ဆီးအိတ်ထဲမှာ ဆီးကျန်သလို ခံစားရပါတယ်..

(၂) Irritative symptoms (လှုံ့ဆော်မှုကြောင့်ဖြစ်သောလက္ခဏာများ)
- မကြာခဏ ဆီးသွားချင်စိတ်ဖြစ်ပြီး ဆီးခဏခဏလဲသွားပါတယ်..
- ဆီးသွားချင်ပြီဆိုတာနဲ့ ခါတိုင်းလိုမအောင့်ထားနိုင်ဘဲ ချက်ချင်းသွားတတ်ပါတယ်..
- ဆီးသွားတဲ့အခါမှာ ဆီးပြွန်တစ်လျှောက် ကျင်တာတို့ နာတာတို့ ဖြစ်တတ်ပါတယ်..
အဲဒီလက္ခဏာတွေထဲက တစ်ခုခုဖြစ်ပြီဆိုရင်တော့ ဆီးကျိတ်ကြီးခြင်း ရောဂါဖြစ်နေပြီလို့ သတိပြုသင့်ပါတယ်..

❓❓ USN: ဆီးကျိတ်ကြီးခြင်းရောဂါ (BPH) အပြင် တခြားရောဂါတွေရော မဖြစ်နိုင်ဘူးလား ဆရာ..

Dr.KML: ဖြစ်နိုင်တာပေါ့.. BPH အပြင် အဓိကအနေနဲ့ ဆီးကျိတ်ရောင်ခြင်း (Acute Prostitis) နဲ့ ဆီးကျိတ်ကင်ဆာ (Prostate cancer) တွေလဲ ဖြစ်နိုင်ပါသေးတယ်.. ဒါကတော့ သက်ဆိုင်ရာကျွမ်းကျင်သူဆရာဝန်နဲ့ ပြသပြီးမှ ဘာရောဂါလဲဆိုတာ တိတိကျကျ ဖော်ထုတ်နိုင်မှာ ဖြစ်ပါတယ်..

❓❓ USN: ဆီးကျိတ်ကြီးတဲ့ရောဂါဟာ အသက်ကြီးတဲ့အမျိုးသားတိုင်းမှာ ဖြစ်ပါသလား ဆရာ..

Dr.KML: မှန်ပါတယ်.. အသက်ကြီးလေ ဆီးကျိတ်လဲကြီးဖို့ အလားအလာပိုများလေ ဖြစ်ပါတယ်.. ကြီးတဲ့နှုန်းသာ ကွာတာဖြစ်ပါတယ်.. မြန်မြန်ကြီးတဲ့လူကတော့ စောစောစီးစီး လက္ခဏာတွေခံစားရပြီး ဖြည်းဖြည်းချင်းကြီးတဲ့သူကတော့ နောက်ကျမှခံစားရတာ ဖြစ်ပါတယ်.. လေ့လာချက်တွေအရ ဆီးကျိတ်ရောဂါဖြစ်ပွားတဲ့နှုန်းဟာ အကြမ်းမျဉ်းအားဖြင့် -
အသက် ၄၀ မတိုင်မီမှာ ၁၀ %
အသက် ၅၀ မှာ  ၃၀ %
အသက် ၆၀  ၅၀ %
အသက် ၇၀  ၇၀ %
အသက် ၈၀ ၈၀ %
အသက် ၉၀ ၉၀ %
အသက် ၁၀၀ မှာ ၁၀၀ % ဖြစ်ပါတယ်..

❓❓USN: ဘယ်လိုလူမျိုးမှာ ပိုပြီးစောစောဖြစ်တယ်ဆိုတာလဲ သိချင်ပါတယ် ဆရာ..

Dr.KML: ဆီးကျိတ်ကြီးတဲ့ရောဂါ (BPH) ဖြစ်ရခြင်းဟာ လူတွေရဲ့မျိုးရိုးဗီဇ၊ အနေအထိုင်၊ အစားအသောက်ပေါ် မူတည်ပြီးတော့ ကွာခြားမှုရှိပါတယ် ..

(၁) မျိုးရိုးဗီဇနဲ့ကြည့်ရင် အဖိုးတို့အဖေတို့မှာ ဆီးကျိတ်ကြီးတာစောခဲ့ရင် သားလုပ်တဲ့သူမှာလဲ ပိုပြီးဖြစ်တတ်ပါတယ်...
(၂) အိမ်ထောင်သည်အမျိုးသားတွေဟာ တစ်ကိုယ်ရေလူပျိုကြီးတွေထက် ပိုပြီးဖြစ်လေ့ရှိပါတယ်..
(၃) ကမ္ဘာ့အနောက်ခြမ်း ဥပမာ အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပနိုင်ငံတွေမှာ ပိုပြီးဖြစ်လေ့ရှိပါတယ်.. အနေအထိုင် အစားအသောက်ပုံစံကြောင့် ဖြစ်ပါတယ်..
(၄) အရက်သောက်တဲ့သူ အထူးသဖြင့် ဘီယာသောက်သုံးမှုများတဲ့သူတွေမှာ ပိုဖြစ်ပါတယ်..
(၅) ၀မ်းချုပ်လေ့ရှိတဲ့သူတွေ (Chronic constipation) မှာ ပိုဖြစ်တတ်ပါတယ်..
(၆) အဆီအစိမ့်တွေ (Fatty diet) များများ စားသူတွေမှာပိုအဖြစ်များပြီး ဟင်းသီးဟင်းရွက်စားသူ (Vegetarian) တွေမှာ အဖြစ်နည်းပါတယ်..
(၇) လေ့ကျင့်ခန်းမှန်မှန်ပြုလုပ်သူတွေမှာ အဖြစ်နည်းပြီး လေ့ကျင့်ခန်းလှုပ်ရှားမှု မလုပ်သူတွေမှာ ပိုဖြစ်ပါတယ်..
(၈) စိတ်ပူပင်သောက (Stress) များသူတွေမှာ ပိုဖြစ်တတ်ပါတယ်..

ဒါကြောင့်မို့လို့ သဘာဝအသီးအနှံ များများစား၊ ကိုယ်လက်လှုပ်ရှားမှု မှန်မှန်လုပ်၊ အရက်တို့ဘီယာတို့ကိုရှောင်ပြီး စိတ်ပူပင်မှုအဖြစ်မခံဘဲ ပျော်အောင်နေတတ်မယ်ဆိုရင် ဆီးကျိတ်ရောဂါမဖြစ်အောင် ကာကွယ်ပြီးဖြစ်တယ်လို့ ပြောလိုပါတယ်..

❓❓ USN: ဟိုအရင်အပတ်တုန်းက လဆွဲအားနဲ့ကျန်းမာရေးအကြောင်း ဆွေးနွေးတုန်းက လပြည့်နေ့တွေမှာ ဆီးကျိတ်ကြီးရောဂါဟာ ပိုဆိုးတတ်တယ်လို့ပြောပါတယ်.. အဲဒါရော ဘာကြောင့်ပါလဲ ဆရာ..

Dr.KML: လပြည့်နေ့ကျရင် လရဲ့ဆွဲအားကြောင့် ဒီရေတွေတတ်သလို ကျွန်တော်တို့ခန္ဓာကိုယ်ထဲမှာရှိတဲ့ ရေပမာဏဟာ ကျန်တဲ့ရက်ထက်စာရင် ပိုများလာပါတယ်.. နောက်တစ်ချက်က ဒီဆွဲငင်အား stress ကြောင့် ခန္ဓာကိုယ်ထဲမှာ Catecholamine လို့ခေါ်တဲ့ ဟိုမုန်းတွေပိုထွက်ပါတယ်.. ဒီဟိုမုန်းတွေကြောင့် သွေးကြောတွေကျုံ့၊ ကြွက်သားတွေကျုံ့လို့ ဆီးလမ်းကြောင်းပိတ်သွားတတ်လို့ ဖြစ်ပါတယ်.. အဲ့ဒီလိုအခါမျိုးမှာ အရေးပေါ်ကုသမှုခံယူဖို့ ဆေးရုံကိုလာရတဲ့ လူနာအရေအတွက် ပိုများလေ့ရှိပါတယ်..

🔺 MWD: နောက်တစ်ပတ်မှာတော့ ဆီးကျိတ်ရောဂါဖြစ်သူတွေဟာ ဘယ်နည်းဘယ်ပုံ နေထိုင်စားသောက်သင့်တယ်.. ဘယ်လိုမျိုးကုသမှုခံယူသင့်တယ်ဆိုတာ ဆက်လက်တင်ဆက်သွားမှာဖြစ်ပါတယ်..

ဒေါက်တာ ခင်မောင်လွင် (FAME Pharmaceuticals) 

# MWD Health Talk Programme