Wednesday, November 21, 2018

"သတ်မှတ်ချက်တွေအောက်က ယောကျာ်းတွေ"




Gender အကြောင်းကို ပြောပြီဆိုရင် အဲဒါဟာ အမျိုးသမီးတွေနဲ့သာ ဆိုင်တယ်လို့ အများစုက ထင်တတ်ကြပါတယ်။

တကယ်ပဲ အမျိုးသမီးတွေနဲ့ပဲဆိုင်တာ ဟုတ်ရဲ့လား။

ကျွန်တော်တို့ဟာ ယောကျာ်း၊ မိန်းမ ရယ်လို့ သဘာဝအရ မွေးဖွားလာကြပါတယ်။ ဒီအခါမှာ ယောကျာ်းဆိုတာ ဘယ်လိုဖြစ်သင့်တယ်၊ မိန်းမဆိုတာ ဘယ်လိုဖြစ်သင့်တယ် ဆိုပြီး ပတ်ဝန်းကျင်က သတ်မှတ်ကြတယ်၊ သွန်သင်ကြတယ်၊ အဲဒီ လူမှုရေးသတ်မှတ်ချက်တွေကို Gender လို့ ခေါ်ကြတာပါ။ အများစုသော သတ်မှတ်ချက်တွေကတော့ မိန်းမကို နှိမ်ထားတာက များပါတယ်။ ထိခိုက်နစ်နာရတာကလည်း အမျိုးသမီးတွေပဲ ဖြစ်နေတတ်တယ်။ ဒီတော့ Gender လို့ ပြောလိုက်ရင် အမျိုးသမီးအရေးလို့ ထင်တတ်ကြတာပါ။ တကယ်တမ်းတွေးကြည့်ရင် ကျွန်တော်တို့ အမျိုးသားတွေမှာလည်း နစ်နာရတာတွေ ရှိပါတယ်။

အဲဒီထဲက အိမ်ထောင်ရေးနဲ့ ဆိုင်တာလေး ပြောပါရစေ။

ကိုယ်က အစဉ်အလာသတ်မှတ်ချက်တွေအောက်က ယောကျာ်းတစ်ယောက်ပဲ ဆိုပါတော့။ အဲဒီလို ယောကျာ်းမျိုး ကြုံတွေ့ရနိုင်တဲ့ ပြဿနာနှစ်ခု ရှိပါတယ်။

၁၊၊ အိမ်ထောင်ပြုတော့မယ်ဆိုရင် ၀င်ငွေရှာရမယ် ဆိုတဲ့ ၀န်ထုပ်ဝန်ပိုးကို စတင်ပြီး ယူရပါတယ်။ အိမ်မှုကိစ္စနဲ့ သားရေးသမီးရေးကို မိန်းမက တာဝန်ယူပါတယ်။ ဒါ ကျွန်တော်တို့ မြန်မာ့အသိုင်းအ၀ိုင်းရဲ့ သတ်မှတ်ချက်ပါ၊၊
ယောကျာ်းတစ်ယောက်ဟာ ငါ့မိန်းမ ဘယ်လိုအောင်မြင်နေတာကွ ဆိုတာထက် ငါ့မိန်းမက ဘယ်လောက်လှတာ၊ ဘယ်လိုအလိုက်သိတာ၊ ဘယ်လောက်အိမ်မှုကိစ္စ နိုင်နင်းတာ၊ ဒါတွေကို ပိုဂုဏ်ယူတတ်ကြပါတယ်၊၊ အမျိုးသမီးက အလုပ်လုပ်နေရင်တောင် အိမ်ထောင်ပြုပြီးတာနဲ့ အလုပ်ထွက်ခိုင်းတော့တာ။ မိန်းမက ဦးဆောင်တာ၊ သူ့ထက်သာတာ မကြိုက်သလို၊ ဒီလိုငွေရှာနေတာကလည်း သူ့ကို စော်ကားရာရောက်သတဲ့လေ၊၊

ဒီတော့ ဘာဆက်ဖြစ်လဲ …

ဝင်ငွေအရ ယောကျာ်းအပေါ် လုံးလုံးလျားလျား မှီခိုနေရတဲ့အတွက် မတော်တဆ အရွယ်ကောင်းမှာ ဆုံးပါးသွားခဲ့ရင် ကိုယ့်အမျိုးသမီးဟာ သားသမီးတွေနဲ့ မလုပ်တတ် မကိုင်တတ် ဖြစ်ကျန်နေခဲ့တော့မယ်။ သားသမီးတွေလည်း ဘ၀ပျက်မယ်၊ ပညာတစ်ပိုင်းတစ်စ ဖြစ်ကုန်မယ်။ မတော်လို့ ကိုယ့်မိန်းမက အားကိုးရှာမယ်ဆိုပြီး နောက်အိမ်ထောင်ထပ်ပြုရင် အခြေအနေက ပိုဆိုးသွားနိုင်တယ်။ ပစ္စည်းဥစ္စာတွေ အများကြီးချန်ခဲ့ပါမယ် ဆိုရင်တောင် မိန်းမက မလုပ်တတ် မကိုင်တတ် ဖြစ်နေတဲ့အတွက် အဲဒီဥစ္စာပစ္စည်းတွေ အလွယ်တကူပဲ ဆုံးရှုံးရနိုင်တယ်။

ဒါကြောင့် အိမ်ထောင်ပြုလိုက်လည်း အမျိုးသမီးတွေ အလုပ်ဆက်လုပ်ပါ။ အမျိုးသားတွေ ကိုယ့်မိန်းမကို အလုပ်လုပ်ခွင့် ပေးကြပါ။ အဲ့ဒါဟာ ကိုယ့်အမျိုးသမီးကို ထက်မြက်စေသလို၊ ကိုယ့်ကလေးတွေရဲ့ အနာဂတ်အတွက်လည်း စိတ်ချရပါတယ်။

၂၊၊ ထားပါတော့၊ ကိုယ့်အိမ်ထောင်ဖက်က ဖောက်ပြန်နေတယ်ဆိုပါစို့။

ကိုယ့်ယောကျာ်းက ဖောက်ပြန်နေတယ်ဆိုတဲ့ အမျိုးသမီးနဲ့၊ ကိုယ့်မိန်းမက ဖောက်ပြန်နေတယ် ဆိုတဲ့ အမျိုးသား ဘာတွေခံစားနေရမယ်ဆိုတာ ယှဉ်စဉ်းစားကြည့်ပါ။

အမျိုးသမီးကိုတော့ ပတ်ဝန်းကျင်က သနားမယ်၊ ဖေးမမယ်။ သြော် ဒီကောင်မလေး ကံမကောင်းရှာဘူးပေါ့။ တချို့တချို့တွေက နားချမယ်၊ ယောကျာ်းဆိုတာ ဒီလိုပဲ အပျော်ရှာတာပေါ့၊ သူ့မိသားစုတော့ ဘယ်အပျက်စီးခံပါ့မလဲ၊ ကလေးတွေမျက်နှာ ရှိသေးတယ်လေ၊ လင်မရှိတဲ့မိန်းမ မျက်နှာငယ်ရတယ် စသဖြင့်။ (ခုနကပြောခဲ့တဲ့ ယောကျာ်းဝင်ငွေအပေါ် မှီခိုနေရတာကလည်း ကြိတ်မှိတ်သည်းခံရခြင်း အကြောင်းတစ်ခုပေါ့)
အဲဒီတော့ ဒီမိန်းကလေးက စိတ်ညစ်မယ်၊ အားငယ်မယ်၊ သူ့ယောကျာ်းကို ခွင့်လွှတ်ပေးမယ်။

အမျိုးသားကျတော့ရော … ကျွန်တော်တို့ စဉ်းစားကြည့်ရအောင်နော်။

မိန်းမဆိုတာ ဒီလိုပဲ၊ အပျော်သဘောပေါ့ကွာ လို့ ဘယ်သူမှ လာမနှစ်သိမ့်ဘူး။ ခွင့်လွှတ်ဖို့ လေပြေမထိုးဘူး။ နောက်ပြီး ကျွန်တော်တို့စိတ်ထဲ ဘယ်လိုဖြစ်မလဲ သိလား။

“ငါတော့ နွားဖြစ်ပြီ” လို့ တွေးနေတော့မှာပဲ။ ဘယ်သူမှ မပြောရင်တောင် ကိုယ့်စိတ်ထဲ မလုံမလဲ ဖြစ်နေတော့မှာ။ လာသာပြောလို့ကတော့ အဲဒီပြောတဲ့လူ အထိုးခံရပြီပဲ။

ကျွန်တော်တို့က အစကတည်းက ကိုယ်သာ လူပျိုမစစ်ချင် မစစ်မယ်၊ ရတဲ့ မိန်းကလေးကိုတော့ အပျိုစစ်မှ ကြိုက်တာလေ။ လူပျိုမစစ်တဲ့သူကို ယူမိလို့ ဘယ်မိန်းကလေးကိုမှ နွားမ လို့မခေါ်ပေမယ့် ယောကျာ်းလေးကိုတော့ ပတ်ဝန်းကျင်က ကဲ့ရဲ့တတ်ကြတာ၊၊

အဲဒီရဲ့ အကျိုးဆက်က ကိုယ်ယူထားတဲ့ မိန်းကလေး အပျိုစင်မဟုတ်တာ နောက်မှသိခဲ့ရရင်၊ ခုလို ဖောက်ပြန်တယ် ဆိုတဲ့ အကြောင်းကို သိသွားရင် အရှက်ကြီးရှက်ပြီး ဒေါသအလျောက် မလုပ်သင့် မလုပ်ထိုက်တာတွေ လုပ်ကြတော့တာပါပဲ။ ကျွန်တော်မြင်မိသလောက် ပြောရရင် အဲဒီ ‘နွား’ ဆိုတဲ့စကားလုံးက ယောကျာ်းတစ်ယောက်အတွက် ဒေါသထွက်စရာအကောင်းဆုံး ခိုင်းနှိုင်းမှုလားတောင် မသိဘူး။

အိမ်ထောင်ဖက်က ဖောက်ပြန်တာချင်းအတူတူ မိန်းမရဲ့စိတ်က အားငယ်တဲ့ဘက်ကို သွားပြီး ယောကျာ်းရဲ့စိတ်က ရှက်တဲ့ဘက်၊ ဒေါသထွက်တဲ့ဘက်ကို သွားတယ်။ ပတ်ဝန်းကျင်က မိန်းမကို သည်းခံခိုင်းတယ်၊ ယောကျာ်းကိုတော့ နွား ဆိုတဲ့ခံစားချက်ကို ထည့်ပေးလိုက်တယ်။

အဲဒီတော့ သတ်မှတ်ချက်နှစ်ခုကို ပြင်ရမယ်။

ပထမတစ်ခုက ဘာလဲဆိုရင် ယောကျာ်းဖောက်ပြန်တာက ခွင့်လွှတ်ပေးရမှာ ဖြစ်ပြီး မိန်းမဖောက်ပြန်ရင်တော့ အင်မတန် ရွံစရာ ကောင်းတဲ့ ပြစ်မှုတစ်ခုလို မြင်နေကြတာလေး ပြင်ရမယ်။ ဘယ်သူဖောက်ပြန်ဖောက်ပြန်၊ ဖောက်ပြန်တာဟာ အပြစ်တစ်ခုပဲ ဆိုတဲ့ အမြင်မျိုး မြင်ပေးဖို့ လိုပါတယ်။

ဒုတိယတစ်ခု။ အဲဒီ နွားဖြစ်ပြီ ဆိုတဲ့ အမြင်။

ကိုယ့်ယောကျာ်းဖောက်ပြန်လို့ ဘယ်မိန်းကလေးကမှ သူတို့ကိုယ်သူတို့ နွားမ လို့ မတွေးဘူး။ ဖောက်ပြန်တာကို ခွင့်မလွှတ်နိုင်ရင် လမ်းခွဲလိုက်ရုံပဲ။ အဓမ္မကျင့်မှုတွေလိုပေါ့။ ကျင့်ခံရသူက ရှက်ရမှာ မဟုတ်ဘူး၊ ကျင့်တဲ့သူကသာ ရှက်ရမှာ။ ခုလည်း ဒီလိုပဲ။ သူဖောက်ပြန်တာနဲ့ ငါတော့ နွားဖြစ်ရချည်ရဲ့ လို့ တွေးနေစရာ မလိုဘူး။ ဒေါသတွေထွက်၊ အရှက်တွေရ၊ အချစ်တွေကြီးပြီး လူသတ်မိသွားတာတွေ ဖြစ်စရာမလိုဘူး။ သူ့အတွက် ကိုယ့်ဘ၀ အနစ်မွန်းခံစရာ ဘာအကြောင်းမှ မရှိဘူး။ ရှက်ချင်းရှက်၊ သူကသာ ရှက်ရမှာ။ ဒီလိုလေး မြင်တတ်စေချင်တယ်။

အဓမ္မကျင့်ခံရသူကို Victim blaming မလုပ်သင့်သလိုမျိုးပဲ၊ ပတ်ဝန်းကျင်ကလည်း ဖောက်ပြန်နေတဲ့ မိန်းမရဲ့ အမျိုးသား၊ အဲဒီမိန်းမကို ချစ်လွန်းလို့ ခွင့်လွှတ်နားလည်ပေးလိုက်တဲ့ အမျိုးသားကို နွားကျတယ်လို့ တံဆိပ်မကပ်သင့်ပါဘူး၊၊

လူပျိုစစ်လား အပျိုစစ်လား ဆိုတာကို သိပ်အလေးမထားတဲ့ လူမှုအသိုင်းအ၀ိုင်းမှာတော့ ကလေးနှစ်ယောက်ရှိတဲ့ အမျိုးသမီးနဲ့ လူလွတ်အမျိုးသားနဲ့လည်း ယူချင်ယူကြတာပဲ။ ဘယ်သူကမှလည်း မကဲ့ရဲ့ဘူး။ ဘယ်သူမှလည်း ငါတော့ နွားဖြစ်ပြီဟဲ့ လို့ မတွေးဘူး။ ဘာလို့ဆိုတော့ အဲဒီအမျိုးသားတွေကလည်း ကိုယ်တော့ နေချင်သလိုနေမယ်၊ ယူရင်တော့ အပျိုစင်မှယူမယ် ဆိုတာမျိုးမှ မတွေးကြဘဲကိုး။

အမှတ်တမဲ့ ကြည့်လိုက်ရင် ကိုယ်တွေအသာရနေတယ် ထင်ရပေမယ့် အဲဒီအသာရနေတာတွေကပဲ ဒုက္ခပြန်ပေးနေတာတွေလည်း အများကြီးပါ။ ဒီလို အစဉ်အလာသတ်မှတ်ချက်တွေဟာ အမျိုးသမီးတွေကိုချည်း ဒုက္ခပေးနိုင်တာ မဟုတ်ဘဲ ကျွန်တော်တို့ အမျိုးသားတွေအတွက်လည်း ပြဿနာရှိတယ် ဆိုတာကို သိစေချင်ပါတယ်။ ဒါကြောင့်မို့ အမျိုးသားတွေအနေနဲ့လည်း ဒီလို Gender သဘောတရားတွေကို နားလည်သဘောပေါက်ထားဖို့၊ အစဉ်အလာ သတ်မှတ်ချက်တွေအောက်က ဖောက်ထွက်နိုင်ဖို့ လိုပါတယ်။

တကယ်တော့ ထက်မြက်တဲ့ ယောကျာ်းဆိုတာ …

ဝင်ငွေက ငါပဲရှာမယ်၊ မင်းက အိမ်မှုကိစ္စပဲ နိုင်နင်းပါစေ၊ အလိုက်သိပါစေ ဆိုတဲ့အမြင်မျိုး မထားဘဲ ဘ၀တစ်ခုကို အတူလက်တွဲ တည်ဆောက်တတ်တဲ့သူ၊ ကိုယ့်မိန်းမကိုလည်း အောင်မြင်သူဖြစ်လာအောင် ပံ့ပိုးပေးတဲ့သူ၊

ငါကတော့ ယောကျာ်းမို့ နေချင်သလိုနေမယ် ဆိုပြီး တစ်ဖက်သတ်မဆန်တဲ့သူ၊ မဖောက်ပြန်တတ်တဲ့သူ၊

ကိုယ့်အိမ်ထောင်ဖက်က ဖောက်ပြန်ခဲ့ရင်လည်း ပတ်ဝန်းကျင်က သတ်မှတ်သလို ငါတော့ နွားဖြစ်ရချည်ရဲု့ဆိုပြီး တနုံ့နုံ့နဲ့ ဒေါသဖြစ်မနေဘဲ ခေါင်းအေးအေးထား ဖြေရှင်းတတ်တဲ့သူမျိုးကို ခေါ်တာပါ။


ဒေါက်တာ ဖြိုးသီဟ

၂၃.၄.၂၀၁၇

No comments: