Thursday, November 1, 2018

ပင်လယ်စာသောက်ဆမ်း - တာဘက်စ်ကိုးကြက်ကြော် - ဆီစာ သုပ် (Caesar Salad)

ပင်လယ်စာသောက်ဆမ်း



 ပင်လယ်စာနဲ့ ချဉ်ချဉ်စပ်စပ်သောက်ဆမ်းလေးကို ဒီမိုးမရပ်သရွေ့ ချက်စားနိုင်အောင် ဖော်ပြပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ
ပြည်ကြီးငါး  -  ၁ ကောင်
ဆယ်လမွန်ငါး  -  ၁ တုံး
ကမာ  -  ၅ ခု
ရခိုင်မျှင်ငါးပိ  -  အနည်းငယ်
ကြက်သွန်ဖြူ  -  ၄ မြွှာ
စပါးလင် -  ၁ တောင့်
ငရုတ်သီးစိမ်းမီးဖုတ်  -  ၄ တောင့်
ငရုတ်ကောင်းအမည်း (လှော်ပြီး)  -  ၁၀ စေ့
ဆီ  -  အနည်းငယ်
ငံပြာရည်  -   အနည်းငယ်
မန်ကျည်းရည်  -   စိတ်ကြိုက်
ဆား  -  ချိန်ဆထည့်ရန်
ပင်စိမ်း  -  ၂ ပင်



ပြုလုပ်နည်း
၁။  ပြည်ကြီးငါးကို အကွင်းလိုက်လှီးပြီး ကမာ၊ ငါးပိ၊ ကြက်သွန်ဖြူ  ဓားပြားရိုက်တို့နှင့် ရော၍ ရေနွေးဆူဆူ ၁ လီတာမှာ ၃ မိနစ်ပြုတ်ထားပါ။ နောက်ဆုံး ၁ မိနစ်မှာ ဆယ်လမွန်ငါးကို အလွှာလေးများလှီးပြီး ထည့်ပါ။ ပင်လယ်စာအဖတ်များကို အရင်ဖယ်ထားပြီး ကျန်တဲ့အရည်မှ အနယ်များ စစ်ထုတ်ထားပါ။ ပြုတ်ရည်ကို ချန်ထားပေးပါ။
၂။  စပါးလင်၊ ငရုတ်သီးစိမ်းနှင့် ငရုတ်ကောင်းတို့ကို ရောပြီးထောင်းထားပါ။
၃။  ဆီအနည်းငယ်အပူပေးပြီး ထောင်းထားသောအဆာများကို ဆီနှင့်လှိမ့်ပေး၍ ဆီသတ်ပြီး ခြောက်လာလျှင် ပြုတ်ထားသောပင်လယ်စာများထည့် ပေးပါ။ မွှေမပေးဘဲ အိုးလှုပ်ပေးပြီး အနည်စစ်ထားသော ပြုတ်ရည်ထည့်ပါ။ ဆူအောင်တည်ပြီး အရသာအတွက် ငံပြာရည်၊ ဆားနှင့် မန်ကျည်းရည်တို့ကို စိတ်ကြိုက်ချိန်ဆထည့်ပါ။ နောက်ဆုံးမှာ ပင်စိမ်းအုပ်ပေးပြီး အဆုံးသတ်နိုင်ပါပြီ။

တာဘက်စ်ကိုးကြက်ကြော်



          ရိုးရှင်းလွယ်ကူပြီး အရသာကောင်းတဲ့ ကြက်ကြော်တစ်မျိုးဖြစ်ပါတယ်။
ပါဝင်ပစ္စည်းများ
ကြက်ရင်ပုံသား  –  ၂၀ဝ ဂရမ် (အချောင်းလှီးပြီး)
ကြက်သွန်ဖြူ ချင်းထောင်း  –  ထမင်းစားဇွန်း ၁ ဇွန်း (အရည်ညှစ်ပြီး)
ပင်လယ်ဆား  –  အနည်းငယ်
ငရုတ်ကောင်းမှုန့်  –  အနည်းငယ်
တာဘက်စ်ကိုးဆော့စ်  –  ထမင်းစားဇွန်း ၁ ဇွန်း
(အထက်ပါပစ္စည်းများအားလုံး ရောနယ်ပြီး အရသာသွင်းပေးထားပါ)
ကော်မှုန့်  –  ထမင်းစားဇွန်း ၂ ဇွန်း
ကော်မှုန့်  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း
(ဆော့စ်ချက်ရန်)
သကြား  –  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း
ဂျုံမှုန့်  –  ထမင်းစားဇွန်း ၂ ဇွန်း
ငရုတ်နီ  –  ၂ တောင့် (နုပ်နုပ်စဉ်းပြီး)
ကြက်သွန်ဖြူ  –  ၃ မြွှာ (စဉ်းပြီး)
တာဘက်စ်ကိုးဆော့စ်
ဆီ  –  နှစ်ကြော်ရန် (လုံလောက်သောပမာဏ)
နှမ်းဆီမွှေး  –  ၅ စက်


ပြုလုပ်နည်း
၁။       ဆီအပူပေးပြီး နှမ်းဆီထည့်ပါ။ အရသာနယ်ထားသော ကြက်သားများကို ကော်မှုန့် ထမင်းစားဇွန်း ၂ ဇွန်းနှင့် လူးပေးပြီး ရွှေဝါရောင်သန်းလာသည်အထိ ကြော်ပါ။ ဆီစစ်ထားပါ။
၂။       ကြက်ကြော်ထားသော ဆီအနည်းငယ်မှာ စဉ်းထားသော ငရုတ်နီနှင့် ကြက်သွန်ဖြူများကို အပူပေးပါ။
၃။       ကော်မှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်းစာကို ရေ ၅၀ မီလီနှင့်ဖျော်ပြီး ထည့်ပါ။ မီးလျှော့ပြီး သကြားထည့်ပါ။
၎။       ကြက်သားကြော်ပြီးသားများ ထည့်လှိမ့်ပေးပြီး အရည်ခြောက်လျှင် တာဘက်စ်ကိုး ဆော့စ်ထည့်၍ မွှေပေးပြီးလျှင် သုံးဆောင်နိုင်ပါပြီ။
....................


ဆီစာ သုပ် (Caesar Salad)



ရာသီဥတုတွေဘယ်လို ပဲပြောင်းလှဲပါစေ ဆီစာ အရွက်သုပ်လေးကတော့ အမြဲ နံပတ်ဝမ်းနေရာမှာပဲ ရှိနေမှာပါ။ အနောက်တိုင်းနိုင်ငံတွေ မှာ အမျိုးသမီးများ အများဆုံးစားသော အရွက်သုပ်လေးဖြစ်ပါတယ်။ ကိုယ်ခန္ဓာအချိုး အစားထိမ်းသိန်းနေသူ တွေအတွက်  အရသာလဲ ရှိပြီး အကောင်းဆုံးသော အရွက်သုပ်လေးပါ။ သုပ်စားကြည့်လိုက်နော်….

ပါဝင်ပစ္စည်းများ (အရွက်သုပ်အတွက်)
ဝက်သားပြား ၈ ချပ် (bacon)
မယ်ပဲအချိုရည် ၂ ဇွန်း ခွဲ စားပွဲဇွန်း
ဆလတ်ရွက်အစို့ ၄ ထုတ် ( ထက်ခြမ်းခြမ်းထားပါ) (baby cos lettuce)
နှမ်းပေါင်မုန့် ၄ ချပ် (လက်နှင့် ခတ်သေးသေးအဖတ်လေးတွေဖဲ့ပြီး သံလွင်ဆီဖျန်းပြီး ကျွတ်အောင် ကင်ထားပါ)
ကြက်ဥ ၄ လုံး (မကြက်တစ်ကြက် လေးပြုတ်ပြီး အခွံခွာထားပါ)
Parmesan ချိစ် ၂၀ ဂရမ် (အမျှင်လေး တွေခြစ်ထားပါ)
ငရုတ်ကောင်းမှုန့် အနည်းငယ်
ပါဝင်ပစ္စည်း (ဆီစာ အသုပ်အတွက် dressing)
ကြက်ဥ ၁ လုံး
ငနီတူငါးအငံ ၂ ကောင်
သံမယိုရည် ၁/၂ ဇွန်း လက်ဖက်ဇွန်း
အသီးအရွက်ဆီ ၂ ဇွန်း စားပွဲဇွန်း 
မုန့်ညင်းအနှစ် ၂ ဇွန်း လက်ဖက်ဇွန်း 



ပြုလုပ်နည်း
၁။ အာဗင်ကို ၁၆၀ ဒီဂရီလောက် အပူပေးထားပါ။ အကင်ဘန်းပေါ် ၀က်သားပြာများတင်ပြီး အပေါ်မှနေ မေပယ်အချိုရေများ ဖျန်းပြီး ၁၅ မိနစ် (သို့) အရောင်ညိုလာတယ့် အထိကင်ပါ။
၂။ Dressing လုပ် ရန် ဆီ ကလွဲလို့ ကျန်ပစ္စည်းများ အားလုံးကြိတ်စက်ထဲ ထည့်မွှေပါ။ 
ချောမွေ့ပြစ်လာလျှင် ဆီကို နည်းနည်းချင်း ထည့်ပြီး မွှေ့ပေးပါ။ အရမ်းပြစ်လျှင် ရေအနည်းငယ် ထည့်နိုင်ပါတယ်။
၃။ စားရန် ပုကန်ထဲ ခြမ်းထားသော ဆလတ်ရွက်ထုတ်အရင်တင်ပါ။ ကျန်ပစ္စည်းများအားလုံး လိုသချင်သလို 
ပုံစံတင်ပြီး dressing ကိုအပေါ်မှနေ လိုသလောက်ထည့်ပါ။ အားလုံးပြီးလျှင် parmesan ချိစ်မှုန့်လေးများ 
ဖြူးပါ။ 
ချက်ချင်းစားပါ။



မှတ်ချက် - dressing လုပ်ရန် အချိန် မရှိလျှင် လုပ်ပြီးသား mayo (သို့) ဆီစာ dressing သုံးလို့ရပါတယ်။

ချက်ပြုတ်ပြသူ - Syilwin Foodgarden 

No comments: