Thursday, May 24, 2007

For kids future!

ကလေးတွေကိုလူကောင်းဖြစ်အောင်ဘယ်လိုသင်ကြမလဲ
“ကျွန်မတို့တွေ အနာဂတ်ရဲ့ ရင်သွေးငယ်လေးတွေကို လူကောင်းလေးတွေဖြစ်လာအောင် ဘယ်လိုအကောင်းဆုံး ဆောင်ရွက်ကြမလဲ... အကောင်းဆုံးနည်းတွေကို အချင်းချင်း ဝေမျှကြရအောင်လားရှင်...”
နည်းနည်းတော့ ပြောင်းပြန်ဖြစ်နေမယ်လို့ စာဖတ်သူများ တွေးမိမလား။ ကျွန်မကတော့ တခါတလေ ပြောင်းပြန် တွေးသင့်တဲ့ကိစတွေရှိတယ်လို့ထင်မိလို့ပါ။ ကိုယ်တိုင်ကလေးဘ၀ကတည်းက လူကြီးတွေ ပြောတဲ့ စကားဆိုရင် ပြောင်းပြန်ပြန် စဉ်းစားနေကျ ဆိုတော့ မထူးဆန်းဘူးလို့ပဲ ထင်နေမိလို့ပါ။ လူကြီးတွေ ပြောနေကျစကားကိုခုထိ မှတ်မိပါသေးတယ်။ ငါတို့က နင်တို့အရွယ်ကနေကြီးလာတာ၊ နင်တို့က ငါတို့မျက်စိအောက်ကနေ လူဖြစ်လာတာ၊ ငါတို့ကို လှည့်မယ်ပတ်မယ်မကြံနဲ့၊ ပါးစပ် ဟလိုက်တာနဲ့ အူဘယ်နှစ်ခွေရှိလဲ သိတယ်ဆိုတဲ့စကား။ ဟုတ်ကဲ့။ လူကြီးတွေအဲလိုပြောတော့မှ ကိုယ်လဲစဉ်းစားမိတာပါ။ သူတို့လဲ ကျွန်မတို့ကလေးတွေ မျက်စိအောက်ကနေ လူကြီးသထက်ကြီးတဲ့ လူကြီးဖြစ်လာတာ ဆိုတာပါပဲ။ ကျွန်မတို့ကလေးတွေ တပန်းသာတဲ့အချက်က သူတို့က စီးပွားရေး၊ လူမှုရေးတဖက်နဲ့ဆိုတော့ ကျွန်မတို့လို ကလေးတွေကို စေ့စေ့စပ်စပ်ထိုင်ကြည့်ပြီး ပေါက်ပေါက်ရှာရှာ သုံးသပ်ရလောက်အောင် မအားဘူးလေ။ ကျွန်မတို့ကလေးတွေကတော့ ဆော့၊ စား၊ စပ်စု၊ အိပ် သည်အလုပ်တွေပဲ ရှိတာကလား။ ဂျိမ်းစ်ဘွန်းကားတွေကြည့်ပြီး လူကြီးထောက်လှမ်းရေး လုပ်တမ်း တောင် ကစားဖူးပါရဲ့။ သူတို့ကြောင့် ပါ။

လူကြီးတွေရဲ့ အားနည်းချက်က ကလေးကိုပြောမနိုင်ရင် မမှန်တဲ့စကားနဲ့ ခြောက်တဲ့ကိစ္စပါ။ ကြောက်ရင် နောက်မလုပ်တော့ဘူးလို့ သူတို့တလွဲထင်တာပါ။ ကလေးဆိုတာ တစ်ယောက်ထဲ လုပ်ရမှာကြောက်ရင် လူစုလုပ်ပါတယ်။ မလုပ်သင့်တာကို အကျိုးသင့် အကြောင်းသင့် နှိုင်းယှဉ်ပြီးရှင်းပြလိုက်ရင် ကလေးတွေ ကလည်း မလုပ်တော့ပါဘူး။ ကြောက်အောင် ခြောက်လို့ ကတော့ ကြောက်ကြောက်နဲ့ ဇွတ်တိုးလုပ် ရတဲ့ အရသာလေးကိုက ကလေးတွေအတွက် ခုံမင်စရာ၊ ပျော်စရာတမျိုးဖြစ်နေတာပါ။ သည့်အပြင် ပိုဆိုးတာက သူတို့လူကြီးတွေ ပြောတာ မမှန်ဘူးမှန်း မတော်တဆသိသွားတာနဲ့ တပြိုင်နက် အရင် ခြောက်ထားဖူးသမျှတွေရော မှန်ရဲ့လားဆိုတဲ့အတွေးပါ တပါတည်းတွေးမိပြီး ခြောက်တာတွေ မှန်သမျှ ကို တကယ်ဟုတ်မဟုတ် စူးစမ်းတော့တာပါ။ မဟုတ်မှန်းသိသွားရင်တော့ ... ၀မ်းနည်းစရာ အကောင်းဆုံးက လူကြီးတွေကို မယုံကြည်တော့တာပါ။ ငါတို့ကိုကလေးပဲဆိုပြီး လိမ်ပြောတယ်လို့ ကလေးချင်း ၀မ်းပန်းတနည်းပြောရင်း လူကြီးတွေကို ယုံကြည်ကိုးစားစိတ်၊ ရိုသေလေးစားစိတ်တွေ ပျောက်ကုန်တော့တာပါပဲ။ လူကြီးတွေတောင် ငါတို့ကိုလိမ်သေးတာ ငါတို့ကပြန်လိမ်တော့ ဘာဖြစ်လဲ ဆိုပြီး လိမ်နည်းကို သင်ကြားတတ်မြောက်သွားတာပါပဲ။ သည်ကြားထဲ ရိုက်မယ်၊ နှက်မယ်၊ ဒဏ်ပေး တယ် စသဖြင့် လူကြီးကဆုံးမတယ်ဆိုတဲ့အားကိုးနဲ့ ကလေးတွေ ကိုဖိနှိပ်လာရင် လွတ်ရုံလေး လူကြီး တွေရှေ့မှာ ဟန်ဆောင်နေပြတာမျိုး၊ လိမ်ပြောလာတာမျိုးတွေကို ကလေးတွေကို အခြေအနေတွေက သင်ပေးလိုက်တော့တာပါပဲ။ ပြီးတော့ လူကြီးလိမ်တော့ ဘာမှပြန်လုပ်ခွင့်မရဘဲ ကလေးလိမ်မှ ရိုက်တာ ဟာ မတရားဘူး၊ လူကြီးနေရာယူပြီး ကျွေးမွေးထားရတယ်ဆိုပြီး ဖိနှိပ်တယ်လို့ အတွေးဝင်တတ် ပါသေး တယ်။ ဆုံးမသွန်သင်တာနဲ့ ဖိနှိပ်တာကို ကလေးကခံစားနားလည်တတ်ပါတယ်။ လူကြီးဆိုတာ သူတို့ မှားတော့ ဆောရီးတောင်ပြောဖော်မရ၊ ကလေးမှားတော့ ဗြောတီးတာ အော်ချိန်မရလို့ ကလေးများက ပြန်လည် သတ်မှတ်တတ်ပါတယ်။ သည်လိုအတ္တကြီးမှုမျိုးဟာ ကလေးကမနှစ်သက်ပေမယ့် မသိစိတ် ထဲထိ အတ္တကြီးနည်းက ၀င်သွားတတ်ပါတယ်။ လိမ်မာပါးနပ်တယ်ဆိုတဲ့စကားရဲ့ အဓိပ္ပာယ်လဲ အဲဒီ တော့မှ အကျည်းတန်တော့တာပါ။

ကလေးတစ်ယောက် မွေးတော့မယ်ဆိုရင် ကလေးပြုစုပျိုးထောင် နည်းကို လေ့လာတဲ့မိဘ မြန်မာပြည်မှာ လက်လှမ်းမီသလောက်စုံစမ်းကြည့်မှ ရှားမှန်းသိလိုက်ရပါတယ်။ သည်လိုပဲလွယ်လွယ် မိရိုးဖလာကိုယ်သိသမျှ ကလေးကို ပြန်သင်ပြလိုက်တာပါ။ သည်ခေတ်မှာရှိတဲ့ အခြေအနေနဲ့ နှိုင်းယှဉ်ပြီး ကလေးနားလည်အောင် အချိန်ပေး စဉ်းစားတာမျိုး၊ အဖြေပေးတာမျိုး နည်းပါးပါတယ်။ မိဘမေတ္တာ စုန်ရေသာရှိတယ်ဆိုပြီး တဖက်စောင်းနင်းကြီး ပြောတတ် သတ်မှတ်တတ် ပါသေးတယ်။ သားသမီး လည်း မိဘကိုချစ်တာ၊ အားကိုးတာပါပဲ။ ကလေးမို့လို့ မချစ်တတ်ဘူးမထင်ပါနဲ့။ တခြားအာရုံတွေ ကလည်း သူတို့မှာ ကျက်စားစရာ လူကြီးတွေထက် တော်တော့်ကို နည်းနေသေးတယ်လေ။ ကလေး ဖြစ်လေ၊ လူကြီးမိဘကို ချစ်လေ၊ ယုံကြည်အားကိုးလေပါ။ သည်လိုအချိန်မှာ သူတို့ ယုံကြည်အားကိုးတဲ့ လူကြီးကို မယုံရဘူး၊ သူတို့ကိုညာပြောတယ် ဆိုတဲ့အချက်ကို သိရတဲ့ကလေးရဲ့ ၀မ်းနည်းမှု အတိုင်း အဆကို လူကြီးတွေသတိထားမိကြပါရဲ့လား။

တော်တော့်ကိုမဖွယ်မရာဖြစ်တဲ့ အပြောနဲ့အလုပ်မညီတဲ့အချက်ရှိပါသေးတယ်။ မိဘမေတ္တာဆိုပြီး မိဘအတ္တ ဖြစ်နေတတ်တဲ့ ကိစတစ်ခုပါ။ မိဘကိုစော်ကားလို့ အ၀ီစိကျမယ့်မိန်းမလို့ အတွေးမစော လိုက်ပါနဲ့ဦး။ ကိုယ်ဖြစ်စေချင်သလို၊ ကိုယ်နေစေချင်သလို၊ ကိုယ်ခိုင်းသလိုမဖြစ်တဲ့ ကိုယ့်သားသမီးကို နာမ်နှိမ်ပြီးဖြစ်စေ၊ မိသားစုထဲဆွေမျိုးထဲမှာ နှိပ်ကွပ်ပြီးဖြစ်စေ ခေါ်ဝေါ်ဆက်ဆံတဲ့အဖြစ်ဟာ မိဘမေတ္တာ လား မိဘအတ္တလား.. တကယ်ချစ်လို့ အဲလိုလုပ်တာလား။ အဲလိုလုပ်တာဟာ မှန်ကန်မှုရှိသလားဆိုတာ သေသေချာချာ စဉ်းစားစေချင်ပါတယ်။ လူတိုင်းဟာ ကိုယ့်ဝါသနာဗီဇနဲ့ ကိုယ်လာတာပါ။ ငါမွေးထားတဲ့ မိဘ စေတနာမေတ္တာမရှိဘဲ နေမလားလို့တော့ သိမ်းကြုံးပြီးရမ်းလို့မရပါဘူး။ မေတ္တာနဲ့ဆက်ဆံရင် တိရစ္ဆာန်တောင် ယဉ်ကျေးပါတယ်။ မရရင် တခုခုလွဲမှားနေပြီမို့ ပြန်သုံးသပ်ဖို့လိုနေပါပြီ။ သတ္တ၀ါတစ်ခုကံတစ်ခုမို့ အဆိုးဓာတ်ခံပါနေလို့ ကောင်းကောင်းဆုံးမလို့ မရရင် ဘုရားတောင်သတ္တ၀ါတိုင်းကို ကျွတ်အောင်မချွတ်နိုင်တာမို့ ဆုံးမလို့မရတဲ့ သားသမီးကို မေတ္တာစိတ်မပျက်၊ သူ့ထိုက်နဲ့သူ့ကံ လွှတ်ထားတာကသပ်သပ်၊ ကိုယ်ဖြစ်စေချင်သလို မဖြစ်ရ ကောင်းလားဆိုပြီး ဖိနှိပ်ဆက်ဆံတာက သပ်သပ်ပါ။ ပိုဆိုးတာကတော့ ဓာတ်တွေ၊ နတ်တွေ၊ ယတြာတွေ ဆင်ပြီးသားသမီးကို ကိုယ့်စကားနာခံ နေအောင် အထက်လမ်း။ အောက်လမ်းနည်းတွေနဲ့ နာမ်နှိမ်တဲ့ကိစ္စပါ။ တကယ်ဖြစ်လာနိုင်လား၊ မဖြစ် နိုင်လားဆိုတာ ဥပမာတစ်ခုပေးပါမယ်။ တန်ခိုးရှင်တွေအားလုံးထဲမှာ မြတ်စွာဘုရားရှင် က အသာဆုံး အမြတ်ဆုံးပါ။ ဒေ၀ဒတ်ဟာ သူ့ရဲ့ ညီတော်တ၀မ်းကွဲသာဖြစ်ပါတယ်။ အမျိုးအရင်းကြီးပဲရှိပါသေးတယ်။ သည်ညီတော်က ရာဇ၀င်တွင်အောင် မကောင်းမှုလုပ်နေတာကို ဒေ၀ဒတ်ရဲ့ မကောင်းစိတ်ကို တန်ခိုးနဲ့ဖျောက်လို့ ရပါသလား။ တသံသရာလုံး ၀ဋ်ဖက်အဖြစ် ဒေါသ၊ လောဘ၊ မနာလိုမစ္ဆေရိယ စိတ်တွေဖုံးလွှမ်းပြီး ဒုကပေးလာတဲ့ ဒေ၀ဒတ်ရဲ့ အကုသိုလ်စိတ်ကအကျိုးပေးတော့မှာမို့ ကြမာငင် နေသူကို မေတ္တာဓာတ်တောင်မတိုးနိုင်တော့တဲ့အခါ မြတ်စွာဘုရားဟာ မကယ်နိုင်တော့ဘဲ ဥပေက္ခာ ပြုရပါတယ်။ ဒေ၀ဒတ်ဟာလည်း သူ့ရဲ့ ဈာန်တန်ခိုးကိုသုံးပြီး အဇာတသတ်မင်းကို အကြောက်တရားနဲ့ ခြိမ်းခြောက်ပြီး အဖေရင်းကိုသတ်စေ၊ နာဠာဂီရိဆင်ကိုလွှတ်ပြီး မြတ်စွာဘုရားကို နင်းသတ်စေအောင် ဖျားယောင်းခဲ့ပါတယ်။ စိတ်ကိုလောဘဒေါသလွှမ်းမိုးအောင် ဖျားယောင်းပြီး လိုရာအသုံးချတာပါ။ ဒါပေမယ့်ရေရှည်မှာ မအောင်မြင်ပါဘူး။ အဇာတသတ်ဟာ မြတ်စွာဘုရားရဲ့ မေတ္တာကြောင့် ဘုရားကို အရိုသေဆုံး မင်းတစ်ပါးဖြစ်လာခဲ့ပါတယ်။ သည်လောက်ဆိုရင် မိဘများ သားသမီးကို မေတ္တာနဲ့ ဆုံးမသင့်သလား၊ တန်ခိုးနဲ့ နာမ်နှိမ်သင့်သလား၊ မေတ္တာနဲ့ဆုံးမတာ ဘုရားနည်း၊ တန်ခိုး သို့မဟုတ် အကြောက် တရားနဲ့ ဖျားယောင်းတာ ဒေ၀ဒတ်နည်းပါ။ ကိုယ်အသုံးချမယ့်နည်းကို ကိုယ်တိုင်ကောင်း၊ မကောင်းဆန်းစစ်ပြီးမှ ရွေးချယ်စေချင်ပါတယ်။ ဘယ်နည်းကအောင်မြင်တဲ့နည်းလဲဆိုတာ သမိုင်းက သက်သေရှိပါတယ်။ သည်လိုယတြာ လုပ်ခံရတာကိုသိတဲ့ သားသမီးကရော သည်မိဘကို ကြည်ညိုနိုင်၊ ဆက်ချစ်နိုင်ပါ့မလား ကိုယ်ချင်းစာကြည့်နိုင်ပါစေ။

သည့်အပြင်ရှိပါသေးတယ်။ ပါးစပ်ဟလိုက်တာနဲ့ အူဘယ်နှစ်ခွေရှိလဲ သိတယ်ဆိုတဲ့ ကိစ္စပါ။ ဘယ်လို လိမ်ပတ်နေနေ၊ အူဆိုတာအစကနေအဆုံးအထိတစ်ခွေတည်းရှိတာပေါ့လို့ပြောတတ်တာပါ။ လူကြီး တွေကကလေးတွေ ဘာလုပ်တော့မယ်ဆိုတာ အထာသိနေသလို ကလေးကလည်း လူကြီးဘာလုပ် တော့မယ်ဆိုတာ အထာသိတာပါပဲ။ ကလေးတစ် ယောက်နဲ့တစ်ယောက်တော့ အထာနပ်တာချင်း အနည်းနဲ့အများ ကွာတာပေါ့လေ။ ဒါပေမယ့် လူကြီးတွေကရော ကလေးတွေကို တကယ်တမ်း နားလည်ရဲ့လား။ ကလေးသဘာဝဆော့တာ၊ ပွေလီတာမျိုးတွေ လူကြီးတွေငယ်စဉ် ကရော တကယ် မလုပ်ခဲ့ကြဘူးလား။ သူတို့ရောတကယ် ငြိမ်ခဲ့ကြပါသလား။ ကိုယ်ကိုယ်တိုင်ကရော ကလေးဘ၀ဆော့ခဲ့၊ ဆိုးခဲ့စဉ်က (သည်နေရာမှာ ကလေးဆိုးတာကို လူကြီးပြောစကားနားမထောင်တာ၊ ပြန်ဆန်းစစ် စပ်စု တတ်တာကို တလွဲခေါ်တတ်ကြပါတယ်) အကျိုးသင့်အကြောင်းသင့်ဆုံးမတာနဲ့၊ ကြိမ်လုံးနဲ့ ခြိမ်းခြောက် ပြီး ဆုံးမတာကို ကလေးတဖြစ်လဲ သည်လူကြီးတွေ ဘယ်လိုခံစားခဲ့ကြသလဲ။ ကိုယ်ဖြတ်သန်းခဲ့တဲ့ဘ၀ကို၊ ကိုယ်ခံစားခဲ့ ရတာမျိုးကို ကလေးတွေအတွက် ဘာကြောင့်နားလည်မပေးနိုင်ကြတာလဲ။

အရှေ့နဲ့အနောက် ကွာခြားချက်တစ်ခုကို ပြောချင်ပါသေးတယ်။ မျိုးဆက်ကွာခြားမှု ပြသနာကိုဆွေးနွေး စဉ်ကပါ။ မိဘနဲ့သားသမီးအသက်သိပ်ကွာရင် ယဉ်ကျေးမှုပုံစံ၊ တွေးခေါ်ပုံနဲ့ အကြိုက်ကွာလို့ မကောင်း ဘူးလို့ အရှေ့တိုင်းက မိဘတစ်ယောက်က ဆွေးနွေးတဲ့အခါ အနောက်တိုင်းသားကပြန်ပြောပါတယ်။ အသက်သည်လောက်ကြီးလာလို့ အတွေ့အကြုံသည်လောက်များနေမှတော့ ကိုယ်တိုင်မွေးတဲ့ ကိုယ့် ကလေးကို နားလည်ပေးနိုင်ရမှာပေါ့တဲ့။ ငယ်တုန်း အိမ်ထောင်ပြုရင် လူငယ်မို့ ကိုယ်ဖြစ်ချင်တာကို ကိုယ်ဇွတ်လုပ်ချင်စိတ် များချင်များနေတတ်ပါတယ်။ လူကြီးဖြစ် လာတော့ သူ့ဖက်ကိုယ့်ဖက် မျှစဉ်းစား ပေးတာ၊ အတွေ့အကြုံများလာလို့ အလျှော့အတင်းကို ပိုနားလည်ပြီး ကိုယ့် ကလေးနဲ့ ညှိနှိုင်းရာမှာ အဖုအထစ်ပိုနည်းလာမယ်တဲ့။ လူကြီးလေ အတ္တကြီးလေ ဆိုရင်တော့ အသက်ကြီးမှကလေး ယူတာ မှားနိုင်ပေမယ့် လူကြီးလေ သဘောထားနဲ့အမြင်ကြီးလေဆိုရင်တော့ အသက်ကြီးမှ ကလေးယူတာ မှန်လေ ဖြစ်ပါမယ်တဲ့။ ကဲ... စာရှုသူတို့ ဘယ်လိုသဘောရကြပါသလဲ။

ကလေးတွေကိုလိမ်တတ်လာအောင်၊ ကလေးတွေကို လူလူချင်းယုံကြည်စိတ်လျော့ပါးလာအောင်၊ ကလေးတွေရဲ့ ဖြူစင်တဲ့စိတ်လေးတွေ (စိတ်ဆိုးတာတို့၊ တကိုယ်ကောင်းဆန်တတ်တာတို့၊ အနိုင်ကျင့်ဗိုလ်ကျတတ်တာတို့ ကလေးတွေမှာ ရှိတတ်ပေမယ့် သူတို့က ပေါ်တင် ပွင့်ပွင့်လင်းလင်း ဆိုးကြတာပါ။ လူကြီးတွေလို ဟန်ဆောင်တတ်မှု နည်းကြပါတယ်)ကိုအရောင်ဆိုးပေးပြီး မကောင်းတဲ့ အကျင့်တွေတတ်လာအောင် သင်ပေးလိုက်ကြတာ လူကြီးတွေပါ။ ကလေးစိတ်ပညာအရ ဒါကို သည်လို လုပ်ဆိုရင် ပြောတဲ့အတိုင်း လုပ်ချင်မှလုပ်မယ်။ လုပ်တတ်ချင်မှလည်း လုပ်တတ်မယ်။ လုပ်ဖို့စိတ်ဝင်စား ချင်မှလည်း စိတ်ဝင်စားမယ်။ သူတို့ပတ်ဝန်းကျင်ကလူတွေ ဘယ်လိုလုပ်လို့ ဘာဖြစ်တယ်ဆိုတာ ကိုတော့ သေသေချာချာကို စူးစမ်းလေ့လာ မှတ်သားတတ်ပါတယ်။ ကလေးတွေကို လူတော်ဖြစ်လာ အောင် ပျိုးထောင်နည်းအကြမ်းဖျင်းကို အရင်ဆောင်းပါးမှာဖော်ပြခဲ့ပါတယ်။ ကလေးတွေကို လူကောင်း ဖြစ်လာအောင်ပျိုးထောင်ဖို့ကတော့ ကလေးတွေရဲ့မျက်စိအောက်မှာကြီးသထက်ကြီးလာတဲ့လူကြီး များ ကိုယ့်ကိုယ်ကို ကောင်းအောင်ကြိုးစားရင်း စံပြအဖြစ်နေပြရမှာပါ။ ကလေးများရဲ့ မျက်စိဒေါက်ထောက် စူးစမ်းလေ့လာတတ်မှုဆိုတဲ့ ကလေးမူလစိတ်လေးတွေထဲမှာ ကိုယ့်ကိုသူတို့ဆန်းစစ်လေ့လာပြီး ပတ်ဝန်းကျင်က တခြားလူတွေနဲ့ နှိုင်းယှဉ်ဆုံးဖြတ်ပြီး ဒီလိုလူကြီးကမှတကယ့်လူ၊ လူကောင်းအစစ်ဆိုတာ ဒါမျိုးမှ လို့ ယုံကြည် အားကိုးတကြီး ကြည်ညိုပြီး ရိုသေလေးစားတာမျိုးကို အလုပ်နဲ့သက်သေပြရပြီး ရယူရမှာဖြစ်ပါတယ်။ သည်လို အလုပ်နဲ့သက်သေပြပြီးမှ လူကောင်းဖြစ်အောင်နေနည်း ကလေးများကို အထိရောက်ဆုံးသင်ပေးရမှာပါ။ ကဲ.. အိပ်မက်ပရိသတ်ရော ဘယ်လိုသဘောရပါသလဲ။ ကျွန်မတို့တွေ အနာဂတ်ရဲ့ ရင်သွေးငယ်လေးတွေကို လူကောင်းလေးတွေဖြစ်လာအောင် ဘယ်လိုအကောင်းဆုံး ဆောင်ရွက်ကြမလဲ... အကောင်းဆုံးနည်းတွေကို အချင်းချင်း ဝေမျှကြရအောင်လားရှင်..။
အိပ်မက်ကပါပဲ ခွန်မြလှိုင်ရဲ့ အက်ဆေးတစ်ပုဒ်ပါ။

How to take care your kids for Growup!

အမှန်တကယ်ကြီးပြင်းလာအောင် ကလေးတွေကို ဘယ်လိုပြုစုပျိုးထောင်မလဲ
“မည်သူ့ဘိန်းစားကမှ ဘိန်းစားဖြစ်ချင်လို့ ဘိန်းစားသည်မဟုတ်၊ စမ်းကြည့်ရင်းစွဲလို့ ဘိန်းစားဖြစ်တာချည့်ဖြစ်ပါသည်။ လူကြီးများက ကိုင်တွယ်တတ်ဖို့သာလိုပါသည်။ ကလေးမို့လို့ လူကြီးပြောသမျှယုံမယ်ထင်ရင် လူကြီးမှားပါသည်...”
ကျွန်မ မြန်မာပြည်မှာ ကလေးဘ၀နေခဲ့စဉ်က မိမိကိုပျိုးထောင်ခံရပုံနဲ့ သူတပါးတွေပျိုးထောင်ခံခဲ့ရပုံ တွေကို ခုထိမှတ်မိနေပါသေးတယ်။ အမြင့်မတက်နဲ့၊ ပြုတ်ကျမယ်၊ ညနေဆိုအပြင်မထွက်နဲ့၊ သူရဲကိုက်လိမ့်မယ်။ ကြောင်ကြီးလာပြီ၊ စလောင်းဖုံး၂ချပ်ကိုရိုက်ရင်ကျားကိုက်မယ်။ ညဘက်အိမ်ထဲမှာ ခြေသည်းလက်သည်း မညှပ်ကောင်းဘူး၊ ဟဲ့ဆော့လှချည့်လား..ငါရိုက်လိုက်ရ။ ဟိုကလေးကိုကြည့်စမ်း.. ငြိမ်နေတာပဲ.. ဘယ်လောက်လိမာလဲ.. နင်တို့ကတော့ တုတ်စာနဲ့မှငြိမ်မယ့်ဟာတွေ.. အစရှိသဖြင့်။ သည်လိုဆုံးမမှုမျိုးအောင်မြင်သလားဆိုတော့... ဟုတ်ကဲ့။ သရဲကိုမြင်ဖူးချင်လို့ သင်္ချိုင်းကုန်းကို မနက်စောစောသွားပြီး ချောင်းပါတယ်။ ဥစ္စာစောင့်ကိုမြင်ဖူးချင်လို့ ညနေစောင်းမှာ ပြာထုပ်တွေကိုင်ပြီး ခြောက်သည်လို့နာမည်ကြီးသောနေရာကို အစ်ကိုဝမ်းကွဲတွေနဲ့ အတူ သွားချောင်းပါသည်။ ကြောင်ကိုအလွန်ချစ်ပါသည်။ ဘုရားပေါ်ကို ကုတ်ကပ်တက်တာ ခေါင်းလောင်းမှောက်ထိ ရောက်ပါသည်။ ဘုရားရှေ့က ခြင်္သေ့ကြီးကို ဂုတ်ခွစီးပါသည်။ မလုပ်နဲ့ပြောလေ၊ လုပ်ချင်လေဆိုသည်မှာ ကလေးတိုင်းတို့ရဲ့ ဖြူစင်သောဗီဇစိတ်ပါ။ စူးစမ်းသောစိတ်သည် တော်လှန်သောစိတ်မဟုတ်ပါ။ ကလေးတိုင်း၊ လူငယ်တိုင်း စူးစမ်းလိုသောစိတ်ရှိကြပါသည်။ မည်သူ့ဘိန်းစားကမှ ဘိန်းစားဖြစ်ချင်လို့ ဘိန်းစားသည်မဟုတ်၊ စမ်းကြည့်ရင်းစွဲလို့ ဘိန်းစားဖြစ်တာချည့်ဖြစ်ပါသည်။ လူကြီးများက ကိုင်တွယ်တတ်ဖို့သာလိုပါသည်။ ကလေးမို့လို့ လူကြီးပြောသမျှယုံမယ်ထင်ရင် လူကြီးမှားပါသည်။ လူကြီးပြောတာ ဟုတ်လားမဟုတ်လားသိချင်လို့စူးစမ်းသောကလေး ပိုများပါသည်။

ကမ္ဘာ့အရှေ့ခြမ်းက အနောက်နိုင်ငံ (အရှေ့ခြမ်းမှာရှိပြီး အနောက်နိုင်ငံကစနစ်ကိုကျင့်သုံးပြီး အနောက် နိုင်ငံသားများတဲ့နိုင်ငံ ) တစ်ခုမှာတိုက်ခန်းအရောင်းပြခန်းတစ်ခုကို ရောက်သွားဖူးပါတယ်။ တိုက်ဝယ်ဖို့ လာကြသူတွေအများကြီးပေါ့။ ထူးခြားတာက မြန်မာနိုင်ငံလို လူကြီးတွေချည့်လာကြည့်ကြတာ မဟုတ်ပါ ဘူး။ ကလေးတွေရော၊ အဘိုးကြီးအဘွားကြီးတွေနဲ့ လက်တွန်းလှည်းသုံး ဒုက္ခိတတွေလည်းပါပါတယ်။ အဘိုးကြီးအဘွားကြီးများနဲ့ လက်တွန်းလှည်းသမားတွေပါ ကိုယ့်အားကိုယ်ကိုးပြီး နေလို့ရမယ့်အိမ် ပုံစံ များကိုလည်း စနစ်တကျ သုတေသနလုပ်ပြီးဆောက်ထားတဲ့အိမ်များကိုတွေ့ရပါတယ်။ လူတိုင်းကိုယ့် အား ကိုယ်ကိုးနေလို့ရမယ့်နည်းတွေကိုချည့် စိတ်ဝင်စားကြတာကို အားတက်ဖွယ်တွေ့လိုက်ရပါတယ်။ နည်းနည်းစပ်စုလိုက်ကြည့်လိုက်တော့မှ မထင်မှတ်တာကိုတွေ့မိပါတော့တယ်။

စောင်းငန်းစောင်းငန်းလေး လမ်းလျှောက်တတ်ကာစ ကလေးကိုအမေဖြစ်သူက တိုက်ရွေးခိုင်းနေတာပါ။ ကလေးကိုတိုက်ထဲမှာလမ်းလျှောက်ခိုင်းတယ်၊ လျှောက်ကိုင်ကြည့်ခိုင်းတယ်။ ကလေးက တိုက်နံရံက ဇောင်းကလေးတစ်ခုကိုပွတ်သပ်လိုက်ပြီး အမေကိုကြည့်နေတော့ အမေက အင်း.. တော်လိုက်တဲ့သား.. နောက်တိုက်တလုံး သွားကြည့်ကြစို့လို့ ပြောပြီး ကလေးကိုလက်ဆွဲပြီး ထွက်သွားတော့တာပါပဲ... ပြောချင်တာက အနောက်နိုင်ငံသားတွေဟာ သူတို့သားသမီးကို ၁၈နှစ်ပြည့်ရင် အိမ်ကထွက်သွားခိုင်း တယ် ဆိုတာ ထွက်သွားခိုင်းနိုင်လောက်တဲ့ အသိပညာနဲ့ ကိုယ့်ကိုယ်ကိုယုံကြည်ကိုးစားစိတ်တွေကို သည်လိုအရွယ်လေးကတည်းက မွေးထည့်ပေးထားပြီးသားဖြစ်ပြီး လူကြီးဖြစ်စအရွယ်မှာ ကိုယ့်အား ကိုယ်ကိုးတတ်အောင် တမင်အိမ်ကထွက်ခိုင်းလိုက်တာဖြစ်လို့ပါပဲ။ အခုလိုတစ်နှစ်သားလေးကို တိုက် တစ်လုံးကို လိုက်ကြည့်ခိုင်းသလို ကလေးကလည်း သူလမ်းလျှောက်ရင်း လဲကျလို့ ဆောင့်မိနိုင်တဲ့ နေရာလေးကိုပြနိုင်ခဲ့ပါတယ်။ စိတ်ဝင်စားလွန်းလို့ သူတို့နောက်ကလိုက်ကြည့်တော့ နံရံ အနားစောင်း တွေကို ချွန်မနေစေဘဲဇောင်းလုံးထားတဲ့၊ လှေကားကိုလည်း ကလေးအတွက်အဆင်ပြေအောင် တပ် ဆင်ထားတဲ့ နောက်ဆုံးအိမ်တလုံးကို သူတို့ဝယ်လိုက်ကြပါတယ်။ သူတို့က သူတို့ရဲ့ တစ်နှစ်သား ကလေးကို အိမ်တစ်လုံးရွေးချယ်ခွင့်ပေးလိုက်ကြပါတယ်။

ကျွန်မတို့ မြန်မာပြည်မှာ ဘယ်အရွယ်သားသမီးက အိမ်တလုံးကိုစိတ်ကြိုက် ရွေးချယ်ခွင့်ရကြပါသလဲ။ ကိုယ့်အ၀တ်အစားကိုတောင် ကိုယ်တိုင်စိတ်ကြိုက်ဝယ်ဝတ်ခွင့် ရကြသလား။ အမေအဖေခိုင်းသမျှလုပ်ပြီး ထားတဲ့အတိုင်းနေတဲ့ကလေးကို လူလိမ်မာလို့ ထင်ကြချီးမွမ်းခန်းဖွင့်နေကြချိန်မှာ သည်ကလေးဘယ်လောက် စိတ်ဓာတ်ရေးရာ အညွန့်ကျိုးနေမလဲဆိုတာ သိကြရဲ့လား။ ကိုယ့်မသိစိတ်ထဲမှာ အာဏာရှင်စိတ်ဝင်နေပြီး သူများရဲ့ ရွေးချယ်ခွင့်တွေကို ပိတ်ပင်နေမိပါပကောဆိုတာကို ကိုယ့်သားသမီးကိုယ်ချစ်လို့ အစစအရာရာ စီစဉ်ပေးနေတာပါဆိုတဲ့ ဆင်ခြေလေးနဲ့ ကာတတ်ကြပါတယ်။ သားသမီးကိုချစ်ရာရောက်ရဲ့လား၊ စိတ်ရောလူပါ ကြီးပြင်းခွင့်ပေးရာရောက်ရဲ့လား လို့ မိဘများတွေးမိကြပါသလား။ ကလေးရဲ့ စိတ်ထဲမှာ ရွေးချယ်ချင်စိတ် ပျင်းသွားရင်း၊ မိမိရဲ့ရွေးချယ်မှုအတွက်တာဝန်ယူရကောင်းမှန်းသိတဲ့စိတ် ပျင်းသွားရင်း တဖြည်းဖြည်းအသက်တွေကြီးလာတဲ့ ကြီးပျင်းသူများကို မွေးထုတ်သင့်သလား။ မှန်ကန်တဲ့ရွေးချယ်မှုကို ပြုလုပ်ရင်း မိမိရဲ့ရွေးချယ်မှုအတွက် ဖြစ်ပေါ်လာတဲ့အကြောင်းကိစ္စအရာရာကို မှန်မှန်ကန်ကန် ရင်ဆိုင်တတ်၊ ရင်ဆိုင်ရဲတဲ့ ပြင်းထန်တဲ့စိတ်ထားနဲ့ တာဝန်ယူလိုစိတ်၊ တာဝန်ယူလိုမှုတို့နဲ့အတူ ကြီးလာတဲ့ ကြီးပြင်းသူမျိုးကို မွေးထုတ်သင့်သလား။ မင်းတို့ဘာသိလို့လဲ၊ ကလေးတွေ ကလေးနေရာနေစမ်း၊ လူကြီးတွေကြားဝင်မရှုပ်ချင်စမ်းပါနဲ့၊ စတဲ့ စတဲ့စကားတွေကြားမှာ လူငယ်တွေဟာ ကိုယ့်ကိုယ်ကိုယုံကြည်စိတ် ပျောက်ဆုံးပျက်သုဉ်း ခဲ့ကြရပါ တယ်။ ရွေးချယ်ခွင့်တွေဆုံးရှုံးခဲ့ကြရာက အကောင်းအဆိုးကို ရွေးချယ်တတ်ခြင်း၊ ရွေးချယ်ရဲခြင်းဆိုတဲ့ လူရည်လူသွေးများပါ ပျောက်ဆုံးခဲ့ကြရပါတယ်။ သူငယ်ချင်းတစ်ယောက်က ၀မ်းပန်းတနည်းပြောဖူး ပါတယ်။

သူ့ရဲ့အဘွားအသက်၇၀ကျော်ပျောက်လို့သူကအိမ်ထဲမှာလိုက်ရှာပါသတဲ့။ နောက်အဘွားရဲ့အမေ အသက်၉၀ကျော်အဘေးရဲ့အခန်းထဲမှာ နွေနေ့လည်ကြီးခြင်ထောင်ချလို့ ခြင်ထောင်လှုပ်နေလို့ မြစ်ဖြစ်သူကသွားချောင်းပါတယ်တဲ့။ သည်တော့မှ အဘေးဖြစ်သူကအဘွားကို သူ့စကားနားမထောင်ဘဲ (သူ့ရဲ့အတည်ပြုချက်ကိုမတောင်းဘဲ) သူ့မြေးမြစ်တွေကို သင်တန်းတက်ခိုင်းလို့ ခြင်ထောင်ထဲခေါ်ပြီး ပေါင်တွင်းကြောဆွဲလိမ်ကာ အပြစ်ပေးနေခြင်းဖြစ်ကြောင်းသိရပါသတဲ့။ သည်တော့မှ သူငယ်ချင်းလဲ သူ့အခြေအနေက ဥထဲမှာပဲရှိသေးပါလား၊ အကောင်တောင်မဖြစ်သေးတဲ့ အခြေအနေလောက်ပဲ ရှိပါလားလို့ စိတ်ဓာတ်ကျပြီး ပြန်ထွက်ခဲ့တာအသံတောင်မထွက်ရဲခဲ့ပါဘူးတဲ့။ လက်ရှိမြန်မာပြည်က အဖြစ်မှန် အခြေအနေတစ်ရပ်ပါ။ မြန်မာလူငယ်တိုင်း သည်လိုအဖြစ်အပျက်မျိုး ကြုံခဲ့တယ်လို့မဆိုလိုပါ။ လူတစ်ယောက်ဇာတ်လမ်းတစ်ပုဒ်စီဖြစ်ပေမယ့် အများစုအနေနဲ့ ကိုယ့်ဖြစ်ရပ်နဲ့ကိုယ် ပြန်လည်နှိုင်းယှဉ် စဉ်းစားမိစေဖို့သာ ရည်ရွယ်ပါတယ်။

ဒါ့အပြင် တိုင်းတပါးမှာ ပွေလီတဲ့ကလေး မျက်နှာကောင်းရပါတယ်။ creative mind ရှိတယ်ဆိုပြီး မြေတောင်မြှောက်ခံရပါတယ်။ မြန်မာပြည်မှာဆိုရင်တော့ "ဟဲ့မျောက်လောင်းလေး.. ပွေလီပါ့တော်.. အငြိမ်ကိုမနေနိုင်ဘူး.. သည်နေ့ဈေးကပြန်လာမှ ထားဝယ်ကြိမ်နဲ့တွေ့မယ်"လို့ ချီးမြှောက်တတ်ကြ ပါတယ်။

သည်တော့ သူများနိုင်ငံက အသက်၁၈နှစ်အရွယ်လူတစ်ယောက်က လူကြီးတစ်ယောက်လို ရွေးချယ် တတ်၊ ရွေးချယ်ရဲနေပြီး အလုပ်များကိုလုပ်ကိုင်ဆောင်ရွက်ရင်း တိုင်းပြည်တာဝန်ထမ်းဆောင်နေချိန်မှာ မြန်မာပြည်ထဲက အသက် ၂၅နှစ်ကျော်တဲ့ သူငယ်ချင်းလိုလူတွေက အဘေးထံမှာ အမိန့်တောင်းရင်း ခွင့်ပြုချက်ယူနေရမှတော့ သက်တူရွယ်တူချင်း ဘယ်လိုလူရည်လူသွေးချင်းပြိုင်နိုင်ကြပါ့မလား။ သူငယ်ချင်းကို နှိမ်တာမဟုတ်သလို မြန်မာပြည်ထဲက လူငယ်တွေကို နှိမ်တာလဲမဟုတ်ရပါ။ ကိုယ့်မြန်မာလူငယ်တွေကို နိုင်ငံတကာက ရွယ်တူလူငယ်တွေထက် ပိုမိုထက်မြက်တော်တတ်နေစေ ချင်တဲ့ စိတ်နဲ့ သူတို့တွေနှိုင်းယှဉ်တတ်လာအောင်၊ ကြိုးစားတတ်လာအောင် မြင်ဖူးတာလေးကို ပြန်ဝေမျှခြင်းသာဖြစ်ပါတယ်။ စာရေးသူကလည်း ကိုယ့်ကိုယ်ကို ပြန်သတိပေးတဲ့အနေနဲ့ ရေးဖြစ်တာလဲ ပါတာပေါ့လေ။ အိပ်မက်ပရိသတ်နဲ့ မြန်မာလူငယ်တွေလည်း ဖွံ့ဖြိုးတိုးတက်နေတဲ့ နိုင်ငံတကာက လူငယ်တွေထက် ဉာဏ်ရည်လူရည် ခေါင်းတစ်လုံးသာသူတွေဖြစ်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။
Ainmat.com မှ စာရေးသူ ခွန်မြလှိုင်ရဲ့ အက်ဆေးကိုသဘောကျလို့ကူးပြီးကျွန်တော့် ဘလောခ့်မှာ ထည့်လိုက်ပါတယ်။သူ့အမြင်ကိုအပြည့်အ၀ထောက်ခံပါတယ်လို့ပြောပါရစေ။

Monday, May 14, 2007

JObs


အလုပ်ပြောင်းမလား၊မပြောင်းဘူးလား
၂၁ရာစုမှာ အလုပ်လုပ်သူများ ပိုမိုများပြားလာသည်။ ခေတ်မီတိုးတက်လာသည်နှင့်အမျှ ကမ္ဘာမြေကြီး၏တောင်းဆိုချက်အရ၊ ရုပ်ဝတ္တုပစ္စည်းများ၏ ဆွဲဆောင်ချက်များအရ လူသားတွေရဲ့ လိုအင်ဆန္ဒများကလည်း ပိုမိုများပြားကြီးထွားလာသည်။ လိုအင်ဆန္ဒများများပြာလာသည်နှင့်အမျှ လုပ်ငန်းခွင်တွင် မပျော်ပိုက်ခြင်း၊ ငြိးငွေ့ခြင်း၊ စိတ်ပျက်ခြင်း အစရှိသည့်ပြဿနာများရှိလာကြသည်။ ထိုထိုပြဿနာများအတွက် နယူးယောက်တိုင်းမှ Phyllis Korkki က “ What to do About Wanderlust” ခေါင်းစဉ်ဖြင့် တင်ပြဆွေးနွေးထားသည်။
သင်က အလုပ်မှာနေသားတကျှရှိနေသလို ၀င်ငွေလည်းကောင်းတယ်။ ဒါပေမယ့် သင့်မှာလိုအင်ဆန္ဒများနေတယ်။ အခြားမတူတဲ့နယ်ပယ် အလုပ်သစ်ကိုပြောင်းချင်နေတယ်။ အဲဒီလိုအပြောင်းအလဲလုပ်ဖို့ စဉ်းစားသင့်သလား?
ဖြေ။ အခြေအနေကောင်းတဲ့အလုပ်က နောက်ထပ်အလုပ်ပြောင်းဖို့ဆိုတာ ငွေကြေးအတွက်ရော အလုပ်အတွက်ပါ အခက်အခဲ၊စွန့်စားမှု့အများကြီးရှိပါတယ်။ ဒါပေမယ့် တစ်ခါတစ်ရံမှာ ထိုက်တန်သောပြောင်းလဲမှု့ပါပဲ။
အခုလိုအပြောင်းအလဲက ထိုက်တန်တယ်လို့ ဘာကြောင့်ပြောနိုင်တာလဲ?
ဖြေ။ အဆင်မပြေမှု့များကနေ ထွက်ပြေးရှောင်ပုန်းတာထက်စာရင် များသောအားဖြင့် သင်ကိုယ်တိုင်ကလည်း အပြောင်းအလဲလုပ်ဖို့ဆန္ဒရှိနေတယ်ဆိုရင်တော့ ပြောင်းလဲထိုက်တယ်လို့ Challenger Gray& Christmas, the outplacement firm မှ အမှုဆောင်အရာရှိချုပ် ဂျွန်အေ ကဆိုပါသည်။ တစ်နည်းအားဖြင့်ပြောရရင် ပန်းချီပြခန်းဖွင့်ဖို့ စိတ်ကူးယဉ်နေခဲ့ သင့်စိတ်ကူး (သို့မဟုတ်) ဗွီဒီယိုဂိမ်းတွေမှာ ဒီဇိုင်နာကောင်း ဖြစ်ဖို့ မဖြစ်နိုင်တဲ့ သင့်ယုံကြည်ချက်ကို ပြန်သုံးသပ်ဖို့လိုပါတယ်။ ဒါပေမယ့် အမှန်တကယ်ပင် တရားရေးရာလုပ်ငန်း၊ စာရင်းအင်းအလုပ်မှာ ဆိုးဆိုးဝါးဝါး ငြိးငွေ့ပင်ပန်းစိတ်ပျက်နေရင်တော့ အလုပ်ပြောင်းခြင်းက မှန်ကန်သောအဖြေ၊ထွက်ပေါက်မဟုတ်ပါ။ များသောအားဖြင့် လူအများစုက အလုပ်တွင် မပျော်ရွှင် အဆင်မပြေခြင်းကို ၎င်းတို့လုပ်သော အလုပ်ကုမ္ပဏီထက် မိမိတို့ ရွေးချယ်လုပ်ကိုင်သော အသက်မွေးဝမ်းအလုပ်ကိုသာ အပြစ်တင်တတ်ကြသည်ဟု Mr Challenger ကပြောပါသည်။ မိမိလုပ်တဲ့အလုပ်မျိုးကိုပဲ အခြားကုမ္ပဏီများတွင်ပြောင်းလဲလုပ်ခြင်းက အခက်အခဲ၊စွန့်စားမှုများ အများကြီးသက်သာသွားနိုင်မည်။
လက်ရှိအလုပ်ကနေမထွက်ပဲ အခြားအလုပ်ပြောင်းလုပ်လို့ရတဲ့နည်းလမ်းများရှိပါသလား?
ဖြေ။ ရတာပေါ့။ ဟုတ်တယ်။အဲဒီလိုလုပ်လို့ရတယ်။ သင်လုပ်ချင်တဲ့နောက်ထပ်အလုပ်သစ်ဆိုတာက အမှန်တကယ်ဖြစ်လာသေးတာမဟုတ်၊ အဆိုးအကောင်းကို မသိနိုင်သေးပါ။ လက်ရှိအလုပ်က သင့်အတွက်ဘာမှပူစရာမလိုပါ။ ဒါ့ကြောင့် တိုးချဲ့လုပ်ငန်းကြီးတွေလုပ်ချင်တယ်၊ အလုပ်ဖြစ်ချင်တယ်ဆိုရင် အရင်ဆုံး လူ့စွမ်းအားအရင်းအမြစ်ဌာနမှာ တိုင်ပင်ဆွေးနွေးပါ။ ဥပမာ hardware ပိုင်းလုပ်နေသူက softwareပိုင်းကိုပြောင်းချင်တယ် (သို့မဟုတ်) ထုတ်ကုန်ပိုင်းလုပ်သူက အရောင်းအလုပ်ကို ပြောင်းချင်တယ်ဆိုရင် ဖြစ်နိုင်ချေကတော့ သူတို့စိတ်ဝင်စားတဲ့အလုပ်ကို အချိန်ပိုင်းတာဝန်ယူနိုင်အောင် စီစဉ်ပေးထားခြင်းဖြင့် လုပ်ငန်းတတ်ကျွမ်းကာ ပညာရပ်များလည်းလေ့လာနိုင်မည်။ လုပ်ငန်းခွင်မှ လူတစ်ယောက်ဟာ စူးစမ်းလေ့လာတတ်ခြင်းဖြင့် နောက်ထပ် အလုပ် လမ်းကြောင်းများရှိလာနိုင်သည်။ ဒါက အခြားအလုပ်ကုမ္ပဏီကိုခုန်ကူးပြောင်းရမလား မပြောင်းဘူးလား ဆိုတာထက် စဉ်းစားရတာပိုလွယ်ပါသည်။ ၀န်ထမ်းတစ်ယောက်ဟာ မိမိလုပ်တဲ့အလုပ်မှာပဲ အခြားဌာနကိုပြောင်းလုပ်ခြင်းက အမှန်တကယ်ပင် အခက်အခဲများ အများကြီး နည်းပါးသက်သာသွားမည်။ Ms Bing က တခါတရံမှာ ၀န်ထမ်းတွေဟာ အလုပ်သစ်ကိုရွေ့သွားတယ်။ နောက်စိတ်ပြောင်းပြီး အလုပ်ကလက်ခံသေးတယ်ဆိုရင် သူတို့နေရာကို ပြန်ရောက်ကြတယ်။
ကုမ္ပဏီကြီးတွေမှာ မလုပ်ရင် ဘယ်လိုအကျိုးဆက်ရှိနိုင်ပါသလဲ?
အလုပ်အားရက်၊နားချိန်မှာသင်စိတ်ဝင်စားသော ကုမ္ပဏီကို သင့်ရဲ့ ၀န်ဆောင်မှု့ကို အခငွေကြေးမယူပဲ(သို့မဟုတ်)နည်းနည်းပါးပါးသာ ယူပြီး အလုပ်တောင်းပါ။ ဒါက ရက်သတ္တပတ်များမှ အချိန်အနည်းငယ်သာပေးရပါသည်။ တစ်ချို့လူများက အလုပ်ဖိအားကြောင့် ဒါကို စဉ်းစားဖို့ နှောင်းနှေးနေမည်။ စီးပွားရေးသမားများသည် ပိုက်ဆံနည်းနည်း ၊ အလကားသက်သက် ရခြင်းအတွက် ၀မ်းပန်းတသာဖြစ်မှာပါ။ Julie Jansen (a career coach and consultant based in Stamford Conn )က ဆိုထားသည်။ ဥပမာ သူမရဲ့ ဖောက်သည်များထဲမှ တစ်ဦးဟာ ပရိဘောကပစ္စည်းများ အလှဆင်ခြင်းအလုပ်ကို စိတ်ဝင်စားတယ်။ နောက်တော့ အဲဒီဝန်ဆောင်မှုကို ကုမ္ပဏီိကို ကမ်းလှမ်းခဲ့သည်။ ယခုလက်ရှိသင်ဘာတွေပဲလုပ်လုပ် အစည်းအဝေးတွေ၊ ကုန်စည်ပြပွဲများကိုတက်ရောက်ပြီး သုတေသနလုပ်ပါ။ ကျောင်းတုန်းက အတန်းဖော်တွေနဲ့လည်းအဆက်အသွယ်မပြတ်စေပါနဲ့။ အချက်အလက်ပါတဲ့ အင်တာဗျုးများလုပ်ဖို့ကိုလည်းကြောက်မနေပါနဲ့။
ကြီးကျယ်ခန်းနားတဲ့အသက်မွေးကြောင်းအလုပ်ကိုလုပ်ချင်ရင် ငွေကိုထည့်ထွက်လို့မရဘူးပေါ့ ?
ဖြစ်နိုင်ပါတယ်။ စစချင်းကတော့ သေချာပါတယ်။ သင့်အလုပ် နယ်ပယ်ကနေ ထွက်မယ် နောက်ပြီးကျွမ်းကျင်အဆင့် ဖြစ်ချင်တယ်ဆိုရင် ငွေများများလိုချင်လို့တော့မဖြစ်နိုင်ပါလို့ Mr Challenger က ပြောသည်။ ဒါ့ကြောင့် အပြောင်းအလဲမလုပ်ခင် သင့်ရဲ့အသုံးစရိတ်နှင့်ချွေတာရေးနည်းလမ်းကို ကျင့်သုံး တွက်ချက်ရမည်။ အစီအစဉ်များကို မိသားစုများနဲ့တိုင်ပင်ရမည်။ ရွေးချယ်တဲ့ အလုပ်သစ်နယ်သစ်အတွက် နောက်ထပ်ပညာရပ်များ သင်တန်းလက်မှတ်များကလည်းပိုအရေးကြီးပါသည်။
အလုပ်ပြောင်းလိုက်ပြီးမှမှားသွားရင်ရော?
အလုပ်သစ်ကို ၁၈လလောက်လုပ်ပြီးရင်တော့ အကဲဖြတ်လို့ရပါပြီ။ Chuck Wardell (Managing Director for the Northeast region for Kor/Ferry International, the executive search firm) မှ အကြံဥာဏ်ပေးသည်။ ဒီနေရာမှာ အလုပ်ဟောင်းကိုပြန်သွားရင်အဆ်ေပြေပါတယ်၊သင့် လက်စလက်နတော့ကျန်သေးတာကြောင့်ပါ။ နှစ်ခွဲလောက် ၃နှစ်လောက်လုပ်ပြီးတာနဲ့ အတပ်ပြောနိုင်ပါပြီ။ သင်အမှားလုပ်လိုက်တယ် အထူးသဖြင့် အသက်ကြီးလာတာမျိုးပေါ့။ သင့်ဘ၀ရဲ့အရေးပါသော နှစ်ကာလတွေကို သုံးပစ်လိုက်တာမျိုး ဒါဟာ ကောင်းသောအနေအထားမဟုတ်ပါ။ ဒါ့ကြောင့်ကြိုတင်၍ သုတေသနပြုလေ့လာခြင်းက ကြီးမားသောအမှားကို ရှောင်ရှာရန် နည်းလမ်းကောင်းဖြစ်ပါသည်။နောက်တစ်ခုက လုပ်ငန်းအသစ်အတွက် ကျွမ်းကျင်မှု ကိုယ့်မှာ ဘယ်လောက်ရှိသလဲဆိုတာကိုလည်း သိနားလည်ထားရမည်။ ဒါကတော့ Steven Harrisonရဲ့ အကြံပေးချက်ဖြစ်ပါသည်။ သူက ပင်လယ်လေ့လာရေးသမားအလုပ်ကနေ 3D games developing ကုမ္ပဏီကိုပြောင်းလဲလုပ်ကိုင်သူဖြစ်ပါတယ်။ အသက်၃၂ ရှိသူ Mr Steven Harrison က သူ ယခင်အလုပ် ပင်လယ်လေ့လာရေးလုပ်ငန်းမှာ သင်္ချာကိုကျွမ်းကျင်စွာ အသုံးချလေ့လာနိုင်ခဲ့တာကြောင့် အလုပ်သစ်အိုင်တီလုပ်ငန်းမှာ နည်းပညာနဲ့သင်္ချာနဲ့လုပ်ရတဲ့ အလုပ်ကို အချိန်ပိုင်း အရင် လုပ်နိုင်ခဲ့တယ်။ အလုပ်ဟောင်းက ကျွမ်းကျင်မှုကို အလုပ်သစ်ကိုသယ်သွားနိုင်တာကြောင့်ဖြစ်ပါတယ်။ သူကတော့ အလုပ်ပြောင်းလိုက်တဲ့အတွက် ကျေနပ်တယ်။ပျော်တယ်။ နောက်ထပ် အပြောင်းအလဲတွေ ရှိလာရင်လည်း လုပ်အုံးမယ်လို့ စဉ်းစားထားတယ်လို့ဆိုပါတယ်။ တကယ်လို့ ပြောင်းလဲမှုမှာရှိနေတဲ့အခက်အခဲတွေကို သင် လွှမ်းမိုးအနိုင်ယူနိုင်သရွေ့ အလုပ်မှာ ပေါ်လာတဲ့ အခွင့်အလမ်းတွေ သင်ရယူနိုင်ပါတယ်တဲ့.( Ref:nytimes.com)

Laparoscopic Gastric Banding


ခွဲစိတ်ကုသနည်းဖြင့် အလေးချိန်လျှော့ချခြင်း
ဆေးဝါးကုသမှုတွင် ဆိုးဆိုးရွားရွား အ၀လွန်ခြင်းကို နာတာရှည်ရောဂါအဖြစ်သတ်မှတ်သည်။ကမ္ဘာတွင် ကိုယ်အလေးချိန်များလွန်းသူ(၀ါ) အ၀လွန်သူ ၁ဒဿမ၁၅ဘီလျံခန့်ရှိသည်။ အမေရိကန်ပြည်ထောင်စုတွင် ဆိုးဆိုးရွားရွား အ၀လွန်သူတွေ ၁၂သန်းကျော်ရှိသည်။ဤအခြေအနေမှ အလုပ်ဆုံးရှုံးခြင်းနဲ့ အသက်အာမခံ ကြေးမြင့်မားခြင်း အပါအ၀င်အခြားသော ဆေးဝါးဆိုင်ရာ၊စိတ်ပညာဆိုင်ရာ၊လှုမှုရေးနဲ့ စီးပွားရေးပြဿနာ တွေသက်ရောက်လာသည်။ဤလူနာများအတွက် ခွဲစိတ်ကုသရန် ထောက်ခံထားသည်။
ယနေ့ခေတ်စားနေတဲ့ ခွဲစိတ်ကုသနည်းတစ်ခုက Lap-Band ခေါ် Laparoscopic Gastric Banding ဖြစ် သည်။ အစာအိမ်ကို ပတ်၍စည်းကြိုးတပ်ပေးခြင်းဖြစ်၏။မေ့ဆေးပေး၍ ခွဲစိတ်ရသည်။ နာရီဝက် တစ်နာရီ လောက်ပဲကြာ၏။
ယင်းစည်းကြိုးက အစာအိမ်၏ အရွယ်ပမာဏကို ကန့်သတ်ချုပ်ချယ်ကာ စားသောက်သော အစာထုထည် ကိုလည်းလျှော့ချလိုက်၏။ လူနာသည်အရင်က ဆာလောင်မွတ်သိပ်သလို အလွယ်တကူမဆာတော့ချေ။ ဤရိုးရှင်းသောနည်းကို ဆောင်ရွက်ရာတွင် ၁၅မိနစ်ပဲကြာ၏။နာကျင်ခြင်းလည်းမရှိပေ။လူနာက ဆေးရုံအဆောင်မှာ တစ်ညသာနေဖို့လို၏။နှစ်ပတ်အတွင်း အလုပ်ပြန်ဆင်းနိုင်၏။ ဤနည်းက လူနာ၏ ပိုလျှံ သောအလေးချိန်ကို တစ်ဝက်ထိလျော့ကျစေနိုင်၏။
Lap-Band ခွဲစိတ်ကုသနည်းက လူတစ်ယောက်ရဲ့ ဘ၀ကိုပြောင်းလဲစေခဲ့သလဲ။
ခုတော့ သူ့အလေးချိန်က အရင်အလေးချိန်ရဲ့ တစ်ဝက်ပဲရှိတော့သည်။သူ့ရဲ့ ယခင်အလေးချိန်မှာ ကီလို၁၇၀ရှိသည်။ ယခုအလေးချိန်က ၇၅ကီလို။ Lap-Bandခွဲစိတ်ကုသနည်းရဲ့အကျိုးကိုခံစားရသူ လူ၃၀၀ လောက်ထဲမှ တစ်ယောက်မှာ Mr.ရှာရန်အိုမာစတက်ဖြစ်သည်။ သည်ခွဲစိတ်ကုသခြင်းက သူ့ဘ၀ကို အလွန် အမင်း ပြောင်းလဲသွားစေခဲ့သည်ဟု Mr.ရှာရန်၃၅နှစ်ကပြောသည်။ သူ့ကိုခွဲစိတ်ကုသပေးခဲ့သူက စင်ကာပူချန်ဂီ အထွေထွေဆေးရုံ(CGH)မှ ဒေါက်တာတီရာဗင်ထရန်။
“ခွဲစိတ်ကုသမှုမပြုခင် ကျွန်တော်သွေး၊ဆီး အစစ်ခံရတယ်။ပထမလေးပတ်ကနေ ခြောက်ပတ်အတွင်း အရည်နဲ့ ဆန်ပြုတ်ပဲတိုက်တယ်။ခွဲစိတ်ပြီးတဲ့အခါ နည်းသွားမယ့် အစားအစာပမာဏနဲ့ လိုက်လျောညီထွေရှိအောင်ပေါ့။ ခုတော့ ကျွန်တော်စားတာတအားနည်းသွားတယ်။ ဒါပေမဲ့နွားတစ်ကောင်လုံးစားချင်တဲ့ ဆန္ဒကဘယ်တော့မှ ပျောက်မသွားခဲ့ဘူး။”ဟု မစ္စတာရှာရန်က ရယ်လျက်ပြောသည်။
ဝိတ်ချဖို့ သူနည်းအမျိုးမျိုးစမ်းသပ်ခဲ့သည်။အစားအသောက်ချင့်ချင့်ချိန်ချိန်စားသည်။ ၀ိတ်ချဆေးလုံးတွေ သုံးဆောင်သည်။ဘာမှမစားဘဲတောင်နေ၏။ဒါပေမဲ့ ဘယ်နည်းမှ အလုပ်မဖြစ်ပေ။
“ကျွန်တော်မှာဗျာ လမ်းလည်းကောင်းကောင်းမလျှောက်နိုင်ဘူး။၁၀မိနစ်၁၅မိနစ်လောက် လျှောက်လိုက်ရင် ဒူးတွေခြေမျက်စိတွေ နာလာတော့တာပဲ။အိပ်တော့လည်း ကောင်းကောင်းမအိပ်ရပါဘူး။စောင်းအိပ်လို့ လည်း မရဘူး၊စောင်းအိပ်ရင် အသက်ရှူမ၀လို့ ခဏခဏနိုးနိုးနေတယ်။လက်ပေါ်ခေါင်းတင်ပြီးမှောက်အိပ်ရ တယ်။တကယ်ဆိုးပါတယ်ဗျာ”။ခုတော့လည်း မစ္စတာရှာရန်ရဲ့ဘ၀ကပြောမယုံနိုင်လောက်အောင်ပြောင်းလဲ သွားခဲ့ပါပြီ။Lap-Band ခွဲစိတ်ကုသနည်းရဲ့ အကျိုးကျေးဇူးကြောင့်ဖြစ်လေသည်။

Friday, May 11, 2007

Smoking!


ဆေးလိပ်နှင်ယနေ့ကမ္ဘာ
““စီးကရက်တစ်လိပ်သောက်ပြီးပါကလူ့သက်တမ်း၏၂မိနစ်အသက်တိုစေသည်””
၁၉၈၀ ၀န်းကျင်ခန့်က သိပ္ပံမှူးတင် ဦးစီးထုတ်ဝေခဲ့သည့် သိပ္ပံမဂ္ဂဇင်းတွင် အ ဆိုပါ စာတမ်းလေးကို လစဉ်ဆက်တိုက် ထည့်သွင်းခဲ့ဖူးပါသည်။ ဤသို့ဆိုပါက လွန် ခဲ့သော နှစ်ပေါင်း ၂၀ ကျော်ထက် စာလျှင် ယနေ့ခေတ်တွင် ဆေးလိပ်သောက်သုံးမှု လျော့ကျသွားပါပြီလား၊ မဟုတ်ပါ၊ ယခုဆို လျှင် ဆေးလိပ်ပြဿနာသည် ကမ္ဘာနှင့်အ ၀န်း ရင်ဆိုင်နေရသော ပြဿနာကြီးတစ် ရပ် ဖြစ်လာခဲ့ပါပြီ။
၁၆ ရာစုတွင် မြောက်အမေရိကတိုက် ကို စတင်တွေ့ရှိသူ ကိုလံဘတ်က ဆေး လိပ်၏အစဖြစ်သော ဆေးရွက်ကြီးဆေးကို ဥရောပသို့ ယူဆောင်ခဲ့ပြီးနောက် ကမ္ဘာအ ပျံ့နှံ့၍ သွားသည်။
ပထမတွင် ဆေးငုံ၊ ဆေးဝါးပြုကြပြီး နောင်မှဆေးတံသောက်ခြင်း၊ ဆေးပြင်း လိပ်သောက်ခြင်းများ ပေါ်ပေါက်လာ ကြောင်း၊ ၁၈၀၀ ပြည့်နှစ်နောက်ပိုင်းတွင် စီးကရက်ပေါ်လာပြီး ပထမကမ္ဘာစစ်ကြီး အပြီး ၁၉၁၈ မှစ၍ ကမ္ဘာပေါ်၌စီးကရက် ထုတ်လုပ်ရေးလုပ်ငန်းများ အကြီးအကျယ် တိုးချဲ့လုပ်ကိုင်ခဲ့ကြောင်း မှတ်တမ်းများအ ရ သိရှိရပါသည်။
စီးကရက်ဆိုသည်မှာ စီးကရက်ကုမ္ပ ဏီကြီးများက ဆေးရွက်ကြီးမှအဆင့်ဆင့် ဖန်တီးပြုလုပ်ထားသော တီထွင်မှုတစ်ခု ဖြစ်သည်။ ၎င်းင်း၌ နီကိုတင်း၊ တား(ကတ္တရာ) နှင့် အခြားသော ဓာတုပစ္စည်းများနှင့် ဖွဲ့ စည်းထားပြီး မီးညှိ၍လောင်မြိုက်စေကာ ရှူသွင်းသူအဆုတ်ထဲသို့ တိုက်ရိုက်ပို့ ဆောင်ပေးသည်။
ကတ္တရာနှင့် ဓာတုပစ္စည်းများက ကင် ဆာအားပေး(ကာစီနိုဂျင်)ဖြစ်ပြီး နီကိုတင်း သည် လူကိုစွဲစေသော သတ္တိရှိ၏။ ယင်းသို့ ဆေးလိပ်သောက်သုံးကြောင့် အဆုတ်ကင် ဆာ၊ ပါးစပ်တွင်းကင်ဆာ အပါအ၀င်ကင် ဆာ ရောဂါ ၁၀ မျိုးကျော်ကို ဖြစ်ပွားစေပြီး အဆုတ်ပြန်ရောင်၊ အဆုတ်ပွရောဂါကို လည်း ဖြစ်ပွားစေကာ နှလုံးသွေးကြော ကျဉ်းသည့် ရောဂါကိုလည်း ခံစားရစေ သည်။
ကျန်းမာရေးနှင့်ပတ်သက်၍ ဤသို့ ဆိုးဝါးလွန်းသော ရောဂါများကို ရရှိလင့် ကစား ယနေ့ကမ္ဘာလူဦးရေ၏ ၁.၆ ဘီလျံ သည် ဆေးလိပ်သောက်သုံးလျက်ရှိကြောင်း၊ ၎င်းင်းတိုဲ့မှ သန်း ၈၀၀ ကျော်သည် ဖွံ့ဖြိုးဆဲ နိုင်ငံများမှ ဖြစ်ကြောင်း၊ ကမ္ဘာပေါ်တွင် နှစ်စဉ်လူဦးရေ ၃.၅ သန်းသည် ဆေးလိပ် ကြောင့် သေကြရပြီး ၂၀၂၀ ခုနှစ်တွင် တစ်နှစ်လျှင် ၁၀ သန်းအထိ သေဆုံးဖွယ် ရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။
ဤမျှလူ့အသက်ပေါင်းများစွာ ဆုံးရှုံး ရသည်အထိ ဆိုးဝါးသောရောဂါများကို ဖြစ်ပွားစေသည့် ဆေးလိပ်သောက်သုံးမှု သည် ကမ္ဘာပေါ်တွင် အဘယ်ကြောင့် အ မြစ်တွယ်နေရသနည်း။ အဖြေကတော့ ရှင်းပါသည်။ ဆေးလိပ်မှရရှိသည့် ၀င်ငွေ (အမြတ်ငွေ)သည် လုပ်ငန်းရှင်များသာမ က နိုင်ငံများ၏ အခွန်ဘဏ္ဍာအတွက် မက် မောလောက်သည့် ၀င်ငွေဖြစ်၏။ ထို့ ကြောင့် နိုင်ငံအများစုတွင် ဆေးလိပ်ပြဿ နာသည် မီးစတစ်ဖက်၊ ရေမှုတ်တစ်ဖက် ဆိုသလိုပင် လိပ်ခဲတည်းလည်းရှိခဲ့ခြင်း ဖြစ် သည်။ သို့သော် ...
ကမ္ဘာကြီးနှင့်ဆေးလိပ်
ဆေးလိပ်သောက်သုံးမှုဖြင့် ရရှိလာသော ရောဂါကုသမှုစရိတ်သည် အဆိုပါ အမြတ် ငွေ၊ ၀င်ငွေခွန်များထက် ပိုမိုများပြားလျက် ရှိကြောင်း သိရှိကြသူနည်းပါသည်။ ဆေး လိပ်ကုမ္ပဏီကြီးများကလည်း သိုသိပ်စွာ ထားလေ့ရှိသည်။
ဆေးလိပ်ကြောင့် အမေရိကန်ပြည် ထောင်စု၌ ဆေးကုသမှု စရိတ်သည် တစ် နှစ်လျှင် ဒေါ်လာ ၅၃ ဘီလျံ ကုန်ကျခဲ့၏။ အင်္ဂလန်နိုင်ငံ၌ ပေါင်စတာလင် ၁.၇ ဘီ လျံ ကုန်ကျခဲ့၏။ အိန္ဒိယနိုင်ငံတွင်မူ နှစ်စဉ် ဒေါ်လာ ၆.၅ ဘီလျံကုန်ကျခဲ့ကြောင်း သိ ရသည်။ ဤသည်မှာ ဆေးလိပ်မှ ရရှိသည့် ၀င်ငွေအားလုံးထက် များပြားခဲ့ကြောင်း သုတေသနပညာရှင်များက ဆိုပါသည်။
ထို့ပြင် ဆေးလိပ်နှင့် ဆက်စပ်ပစ္စည်း များကြောင့် ရောဂါ ၂၅ မျိုးဖြစ်ပွားနေပြီး ကမ္ဘာပေါ်၌ ၁၀ စက္ကန့်လျှင် လူတစ်ဦးနှုန်း သေဆုံးရသည်အထိ ရှာဖွေဖော်ထုတ်နိုင် ခဲ့သည်။
ကမ္ဘာပေါ်တွင် ဆေးလိပ်အများဆုံး သောက်သော နိုင်ငံများမှာ တရုတ်နှင့် အမေရိကန်ဖြစ်ပြီး အမျိုးသမီးများ ဆေး လိပ်အသောက်ဆုံးနိုင်ငံမှာ ဥရောပမှ ဒိန်း မတ်နိုင်ငံ ဖြစ်သည်။
ဆေးရွက်ကြီးအဓိက ထုတ်လုပ်သော တိုင်းပြည်များအနက် တရုတ်၊ အမေရိကန်၊ အိန္ဒိယနှင့် ဘရာဇီးလ်တို့က အမှတ်စဉ် လိုက်ရှိပြီးစီးကရက် အများဆုံးတင်သွင်း သော နိုင်ငံများမှာ အမေရိကန်၊ ဂျပန်၊ ဟောင်ကောင်နှင့် ပြင်သစ်တို့ဖြစ်ကာ ၎င်းင်း နောက်မှ ရုရှ၊ စင်ကာပူနှင့် အီတလီတို့ လိုက်လျက်ရှိ၏။
ယင်းတို့အနက် ပြင်သစ်နိုင်ငံသည် မကြာသေးမီက အဆင့် ၂ ဆင့်ပါသော စီမံကိန်းကိုချမှတ်၍ ဆေးလိပ်တိုက်ဖျက် ရေးကို ထိရောက်စွာ လုပ်ဆောင်ခဲ့သည်။ အဆိုပါ စီမံကိန်းပထမအဆင့်တွင် ၂၀၀၇ ဖေဖော်ဝါရီလမှစ၍ ကျောင်း၊ ဆေးရုံ၊ လေဆိပ်နှင့် လုပ်ငန်းခွင်များ၌ ဆေးလိပ်မ သောက်ရ တားမြစ်ခဲ့ပြီး ဒုတိယအဆင့် အရ ၂၀၀၈ ဇန်န၀ါရီမှ စတင်ကာ စား သောက်ဆိုင်၊ ကော်ဖီဆိုင်၊ အရက်ဆိုင်များ တွင် ဆေးလိပ်သောက်ခြင်း ပိတ်ပင်မည် ဖြစ်သည်။
ကမ္ဘာပေါ်တွင် ၁၅ နှစ်အထက်ဆေး လိပ်သောက်သုံးသူသည် သန်း ၁၁၀၀ ရှိသည်။ ယင်းအနက် တရုတ်တစ်နိုင်ငံ တည်း၌ သန်း ၃၀၀ ရှိကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် အမျိုးသား ၅၀ ရာခိုင်နှုန်း နှင့် အမျိုးသမီး ၂၀ ရာခိုင်နှုန်းသည် ဆေး လိပ်နှင့် ဆေးရွက်ကြီး သုံးစွဲကြပြီး အများ စုမှာ ကျေးလက်နေလူတန်းစားများဖြစ် ကြောင်း သိရှိရသည်။
သို့ဖြစ်ပါ၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ကြီးက နှစ်စဉ်နှစ်တိုင်းတွင် မေလ ၃၁ ရက်နေ့ကို ဆေးလိပ်မသောက်ရေးနေ့အ ဖြစ် သတ်မှတ်ပြီး ဆေးလိပ်တိုက်ဖျက်ရေး ကို ထိရောက်စွာ ဆောင်ရွက်လျက်ရှိရာ ယခုနှစ်အတွက် ဆောင်ပုဒ်မှာ smoke free Environment ဟူ၍ ဖြစ်သည်။
အိမ်နီးချင်းနိုင်ငံများနှင့် ဆေးလိပ်တိုက်ဖျက်ရေး
ကမ္ဘာပေါ်တွင် လူဦးရေအများဆုံးဖြစ် သော တရုတ်နှင့်အိန္ဒိယ၌ ဆေးလိပ် သောက်သုံးမှုကို အများဆုံးတွေ့ရှိရပြီး ယခုအခါ အမျိုးသားကျန်းမာရေးအသွင် တစ်ရပ်အဖြစ် တိုက်ဖျက်လာပြီ ဖြစ်သည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ၁၉၉၇ ခုနှစ်တွင် တရုတ်နိုင်ငံ ဘေဂျင်းမြို့တော် ၌ ဆေးရွက်ကြီးနှင့် ကျန်းမာရေးကွန်ဖရင့် ကို ကျင်းပပြုလုပ်ခဲ့ပြီး ဆေးလိပ်နှင့်ပတ် သက်သည့် ကာကွယ်မှုများကို အစိုးရက ကြီးကြပ်ခဲ့သည်။
လေဆိပ်နှင့် လေယာဉ်ပေါ်တွင် ဆေးလိပ်သောက်ခြင်း၊ သယ်ယူပို့ဆောင် ရေး လုပ်ငန်းနေရာများ၌ ဆေးလိပ် သောက်ခြင်းများကို ပိတ်ပင်ခဲ့ပြီး ဆေးလိပ် ကြော်ငြာများကို တီဗီ၊ ရေဒီယိုနှင့် စာနယ် ဇင်းများတွင် ကြော်ငြာခြင်းကို တားမြစ် ပိတ်ပင်နိုင်ခဲ့သည်။
ဆေးငုံခြင်း၊ ဆေးလိပ်သောက်ခြင်း ဖြင့် ကမ္ဘာပေါ်တွင် ခံတွင်းကင်ဆာအများ ဆုံး ဖြစ်ပွားနေသော အိန္ဒိယနိုင်ငံတွင် နိုင်ငံပိုင်မီဒီယာများ၌ ကြော်ငြာထည့်သွင်း ခြင်း ပိတ်ပင်ခဲ့သော်လည်း ပုဂ္ဂလိက မီဒီ ယာများ၌ ဆက်လက်ကြော်ငြာနေကြောင်း တွေ့ရှိရသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်မူ အများသုံး နေရာများတွင် ဆေးလိပ်သောက်ခြင်း တားမြစ်ခဲ့သော်လည်း ပုဂ္ဂလိက မီဒီယာ အချို့၌ ဆက်လက်ကြော်ငြာနေကြောင်း သိရှိရသည်။ လာအိုနိုင်ငံတွင်မူ အများသုံး နေရာများ၌ ဆေးလိပ်သောက်ခြင်းပိတ်ပင် ခဲ့ပြီးကျောင်းသားများသာမက ဆရာပါ ဆေးလိပ်မသောက်ရန် တားမြစ်ခဲ့သည်။ ကျောင်းသားတစ်ဦး ဆေးလိပ်သောက် ခြင်း တွေ့ရှိပါက ကျောင်းမှ ထုတ်ပယ်နိုင် သည်အထိ အရေးယူဆောင်ရွက်ကြောင်း သိရသည်။
ဤနေရာတွင် အနောက်တိုင်း ယဉ် ကျေးမှု အများဆုံးသက်ရောက်သော ထိုင်း နိုင်ငံ၌ပင် ဆေးလိပ်တိုက်ဖျက်ရေးကို အ ရှိန်အဟုန်မြှင့်ဆောင်ရွက်ကာ ထိရောက် သော အောင်မြင်မှုများရရှိနေကြောင်း သိ ရှိရသည်။
ထိုင်းနိုင်ငံတွင် ၁၉၇၉ ခုတည်းက ဆေးလိပ်နှင့်ပတ်သက်သည့် ဥပဒေများ ထုတ်ပြန်ခဲ့ပြီး ၈၉ ခုနှစ်၌ အမျိုးသားဆေး ရွက်၊ ဆေးမသုံးရေးကော်မတီကို ဖွဲ့စည်းခဲ့ သည်။
ထိုနောက် ၉၂ ခုမှ စတင်၍ နိုင်ငံပိုင် မီဒီယာများ၌ ဆေးလိပ်ကြော်ငြာများကို ပိတ်ပင်ခဲ့ပြီး အလိုအလျောက်စီးကရက်အ ရောင်းစက်များကို ပိတ်ပစ်ခဲ့သည်။ ဆက် လက်၍ အငွေ့မဲ့ဆေးရွက်ဆေးပစ္စည်းများ ရောင်းချခွင့် ပိတ်ပင်ခဲ့ပြီး ၁၈ နှစ်အောက် လူငယ်များအား ဆေးလိပ်မသောက်ရဟု သတ်မှတ်ခဲ့သည်။
အခွန်အကောက်များကိုလည်း စီးက ရက်တစ်ဘူး၏ ၅၀ ရာခိုင်နှုန်းအထိ တိုး မြှင့်ကောက်ခံခြင်းဖြင့် ဆေးလိပ်ကြောင့် ဖြစ်ပွားသည့်ရောဂါ ကာကွယ်ခြင်းများကို တိကျစွာ ထိန်းချုပ်လုပ်ကိုင်ခဲ့ကြောင်း သိရှိ ရပါသည်။
မြန်မာနိုင်ငံနှင့် ဆေးလိပ်တိုက်ဖျက်ရေး
မြန်မာနိုင်ငံတွင် နိုင်ငံတော်အစိုးရက ၁၉၉၇ ခုနှစ်တည်းက တီဗီနှင့် ရေဒီယို များ၌ ဆေးလိပ်ကြော်ငြာများကို ပိတ်ပင် တားမြစ်ခဲ့သည်။ ဆက်လက်၍ ၂၀၀၂ ခု မေလမှ စကာကျောင်းနှင့် ပတ်ဝန်းကျင် နေရာများ၊ ကျန်းမာရေးနှင့်သက်ဆိုင်သော နေရာများ၊ အားကစားရုံများတွင် ဆေး လိပ်ကြော်ငြာများအား တားမြစ်ခဲ့ပြီး ၂၀၀၃ ခုနှစ် နှစ်ဆန်းပိုင်းတွင် စာနယ်ဇင်း များ၌ ကြော်ငြာခြင်းကို ပိတ်ပင်ခဲ့သည်။
ထို့နောက် ၂၀၀၆ ခုနှစ် မေလ ၄ ရက်တွင် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်းသောက်သုံးမှု ထိန်းချုပ်ရေးဥပဒေ ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဝင် ၁၉၂ နိုင်ငံ အနက် ၁၁ နိုင်ငံမြောက်အဖြစ် အောင် မြင်စွာ အတည်ပြုပြဋ္ဌာန်းနိုင်ခဲ့သည်။
ဥပဒေထုတ်ပြန်ပြီး တစ်နှစ်ပြည့် မြောက်သည့် နေ့မှစ၍ အာဏာတည်စေ ရမည်ဖြစ်ပြီး အဆိုပါ ဥပဒေ၌ ဆေးလိပ် ကုမ္ပဏီများက အားကစားပွဲ၊ ပျော်ပွဲရွှင်ပွဲ များ ကျင်းပနိုင်ရန်အဖြစ်စေ၊ အကျိုးပြု လုပ်ငန်း တစ်ခုခုပြုလုပ်နိုင်ရန်ဖြစ်စေ၊ အ ထောက်အပံ့ပေးခြင်း ၀န်ဆောင်မှုပေးခြင်း များ မပြုလုပ်ရန်ဖော်ပြထားသည်။
ထို့ပြင် အသက် ၁၈ နှစ်အောက် ကလေးများ ဆေးလိပ်သောက်သုံးမှု တား မြစ်ခြင်း၊ ဆေးလိပ်များကို တစ်လိပ်ချင်း ရောင်းချခွင့် ပိတ်ပင်ခြင်းတို့ဖြင့် နိုင်ငံအ တွင်း ဆေးလိပ်ထိန်းချုပ်ရေးဆိုင်ရာ လုပ် ငန်းများကို တိုးမြှင့်ဆောင်ရွက်ခဲ့လေသည်။ ယင်းသိုပ ဥပဒေပြဋ္ဌာန်းခြင်းဖြင့် မျိုးဆက် သစ်များ၏ ကျန်းမာရေး၊ စီးပွားရေးနှင့် လူမှုရေး အဆင့်အတန်းမြင့်မားတိုးတက် လာမည် ဖြစ်သည်။ အဆိုပါ ဥပဒေသည် ယခုအခါ စတင်အကျုံးဝင်နေပြီ ဖြစ်သည်။
ဆေးလိပ်ဖြတ်ဆေးခန်းများ ဖွင့်လှစ်ရန်လို
ကျန်းမာရေးဝန်ကြီးဌာနမှ ဆေးလိပ်ကင်း ဝေးရေး စီမံချက်များချမှတ်၍ ဆောင်ရွက် နေသော်လည်း ဆေးလိပ်ဖြတ်ဌာနများ သီးခြားဖွင့်လှစ်ရန် လိုအပ်နေသေးသည်။ အလားတူပင် ပုဂ္ဂလိက ဆေးရုံ၊ ဆေးခန်း များ၌လည်း ထိရောက်စွာ ဆောင်ရွက်နိုင် ခြင်းမရှိသေးပေ။ ရန်ကုန်မြို့ ဗဟန်းမြို့ နယ်ရှိ ဇီဝိတဒါနသံဃာဆေးရုံ၌သာ ၂၀၀၀ ပြည့်နှစ်ကစ၍ ယနေ့အထိ ဆေး လိပ်ဖြတ်သူ ၃၀၀ ခန့်ကို ကုသပေးလျက်ရှိ ကြောင်း သိရသည်။
ဖွံ့ဖြိုးပြီးနိုင်ငံများတွင်မူ အစိုးရ၊ ပုဂ္ဂလိကနှင့် အန်ဂျီအိုအဖွဲ့အစည်းများက ကမကထပြုလုပ်သည့် Quit Clinic(ဆေးလိပ်ဖြတ်ဆေးခန်းများ)တိုးတက်များ ပြားလျက်ရှိကြောင်းလည်း သိရှိရပါသည်။

Wednesday, May 9, 2007

Codes for Searching Music in Google

Google Search Engine မှာ ထဲထဲဝင်ဝင် သီချင်းရှာချင်ရင် ဒီကုဒ်ကို သုံးရပါမယ်။ သူက နောက်ဆုံး အပ်ဒိတ် လုပ်ထားတဲ့ သီချင်းရှိမယ့် နေရာတွေကို ပြပေးပါတယ်။
-inurl:htm -inurl:html intitle:"index of" "Last modified" mp3
သီချင်း သီဆိုသူ နာမည်နဲ့ ရှာချင်တယ် ဆိုရင်တော့ ဒီကုဒ်ကို သုံးရပါမယ်။ နောက်က အနီပြထားတဲ့ ကုဒ်နေရာလေးမှာ ကိုယ်ရှာချင်သူကို ပြောင်းပေးရမှာ ဖြစ်ပါတယ်။ mp3 မဟုတ်ဘဲ wma ဖိုင်အမျိုးအစား လိုချင်တယ်ဆိုရင်လည်း ပြောင်းပေးရမှာ ဖြစ်ပါတယ်။
-inurl:htm -inurl:html intitle:"index of" mp3 " pearl jam"
တစ်ခုသိရမှာက ဒီလို ရှာတာဟာ ဆိုဒ်တစ်ခုရဲ့ Directory ကိုတိုက်ရိုက် ရောက်သွားတာ ဖြစ်ပါတယ်။ တချို့ ဆိုဒ်တွေက Access Denined ဖြစ်နေတတ်ပါတယ်။ စိတ်ရှည်ရှည်နဲ့ ရှာရပါတယ်။ ကောင်းတာက တခြား အမ်ပီသရီး ဆိုဒ်တွေကလို ဗိုင်းရပ်စ်တွေ စပိုင်ဝဲယားတွေ မကပ်နိုင်တာပါ။ ရှားရှားပါးပါး သီချင်းတစ်ပုဒ်ကို ရှာမရ ဖြစ်နေရင် ဒီကုဒ်လေးတွေနဲ့ စမ်းကြည့် နိုင်ပါတယ်။ သာမန် အမ်ပီသရီး ဖိုင်တွေကတော့ အလွယ်တကူ ရှာနိုင်ကြမှာပါ။
http://www.freehitmp3.com/ http://search.singingfish.com/sfw/home.jsp http://www.yourmp3.net/ http://d.sogou.com/ Some great site for free mp3

Monday, May 7, 2007

Jet Lag

Jet Lag အချိန်မှားဝေဒနာ
လေယာဉ်စီး၊ခရီးရှည်သွားရသောအခါ ဖြစ်တတ်သည့်ဝေဒနာ။
ကမ္ဘာ့အရှေ့ခြမ်းမှ အနောက်သို့သွား။အနောက်ခြမ်းမှီ အရှေ့သို့ပြန်လာ၊ ကိုယ်တွင်းရှိ မွေးရာပါ အသိအမှတ်ရွာ လည်ကုန်သည်။ကမ္ဘာ့အရှေ့ခြမ်း၊အနောက်ခြမ်း၊ အိမ်ဦးကြမ်းပြင်ပမာ ဥဒဟိုသွားလာရလျှင် အချိန်ဇုန်(Time Zone) ကိုဖြတ်ရသည်။အရှေ့ဘက်ကနေ့ အနောက်ရောက်သည့်အခါ မိုးမလင်းသေး၊ ယမန်နေ့က ညကာလမှာ ပင်ရှိဆဲ။ လူအတွက် ပြဿနာမဟုတ် သို့သော် လူ့ခန္ဓာကိုယ်ထဲတွင် Bio Clockဟုခေါ်သော ဇီဝနာရီတစ်လုံးရှိ ၏။ သူကစိတ်ခိုင်သည်။အမှတ်သည်းခြေကြီးသည်။ဒီအချိန်ထ၊ဒါလုပ်၊ဒီအချိန်ကျောင်းသွား၊အလုပ်ခွင်ဝင်၊ဒီအချိန် အိမ်ပြန်၊ဒီအချိန်ကျလျှင်အိပ်ဟူသောအစီအစဉ်ကို အသေမှတ်ထားသည်။သူ့နာရီ၏အချိန်နှင့် တစ်ပြေးညီ ရှင်သန်နေထိုင်ခိုင်းသည်။အချိန်ဇုန်ကိုဖြတ်သန်း ခရီးသွားရသောအခါ ကိုယ်တွင်းရှိ ဇီဝနာရီ၏ ပုံသေကားချ အစီအစဉ် မူမမှန်ဘ၀ ကျရောက်သည်။
ထို့ကြောင့် ခရီးသွားရစဉ် အချိန်ဇုန်အသစ်ကို ဖြတ်သန်းရသည့်အခါ ကိုယ်တွင်းဇီဝနာရီက လိုက်ထိန်းညှိ၍အဆင် မပြေသေးခင်စပ်ကြား ခံစားရသော ဝေဒနာအစုစုကို အချိန်မှားဝေဒနာ သို့မဟုတ် ဂျက်လက်ခ်ဟု ခေါ်ပါသည်။ ထိုသို့ဖြတ်သန်းရပြီးနောက် ဆိုက်ရောက်ရာ အရပ်ရှိ ဒေသစံတော်ချိန်အတိုင်း နေ့ညဟူ၍ အလိုက်သင့် ကြိုးစားနေထိုင်ရစဉ်မှာပင် နေ့အခါ နေရထိုင်ရ အထာမကျ၊ညောင်းညာ နုံးနွမ်းနေသည့်အပြင် ညဘာက် အိပ်ရာမှာလည်း အခက်အခဲ ဖြစ်တတ်သေးသည်။ ထို့အပြင် အာရုံစူးစိုက်နိုင်အား လျော့ပါး ခြင်း၊ခံတွင်းပျက်ခြင်း၊ ၀မ်းပျက်ခြင်း သို့မဟုတ် ၀မ်းချုပ်ခြင်းစသည့် ဝေဒနာများကိုလည်း ခံစားရတတ် ပါသည်။
လူအတော်များများအဖို့မူ အချိန်ဇုန်သုံးခု သို့မဟုတ် သုံးခုထက်ပိုသော အချိန်ဇုန်များကို ဖြတ်သန်းရ သည့်အခါကျမှသာ အချိန်မှားခြင်း၏ သက်ရောက်မှုများကိုစတင်ခံစားကြရပါသည်။ အရှေ့မှ အနောက် (ဥပမာ- ဆစ်ဒနီမှ ဂျိုဟန်နက်စ်ဘာ့ဂ်သို့) ခရီးသွားရသည့် အခါနေ့တာရှည်အောင် ဆွဲဆန့်ပေးလိုက် သလို ဖြစ်သွားရသည်။ ထိုအခါ အနောက်မှ အရှေ့သို့ ခရီးသွားရလျှင် ညတာတိုသွားခြင်းဒုက္ခထက်စာ လျှင် အရှေ့မှ အနောက်သို့ သွားရသဖြင့် အချိန်ဇုန်ဖြတ်၊ အချိန်မှားရခြင်း ဒဏ်အတွက်ခန္ဓာကိုယ် ၀န်ပိုမပိ။ ထိုအချိန်မှား ဝေဒနာ သက်ကြီးရွယ်အိုများပိုခံစားကြရလေ့ရှိပါသည်။
သင့်ဘာသာ ဆောင်ရွက်နိုင်သော ကိစ္စများ
အချိန်မှား ဝေဒနာကို ရက်အနည်းငယ်ထက် ပိုခံစားရလေ့မရှိ။အချိန်ဇုန် ဖြတ်ရခြင်း ဒဏ်အတွက် အောက်ဖော် ပြပါအတိုင်းကြိုးစားလိုက်နာ ဆောင်ရွက်ကြည့်ရင်း လက်ရှိ ရောက်ရာနေရာ အချိန်ဇုန်အသစ်နှင့်လည်း အမြန်ဆုံး သဟဇာတ ဖြစ်လာစေရန် ကြိုးစားထိန်းညှိနေထိုင်ကြည့်ပါ။
(၁) ဖြစ်နိုင်လျှင် နေ့ဘက်မှာသာ လေယာဉ်စီး ခရီးသွားပါ။ သင်သွားလိုရာအရပ်သို့ ညနေစောင်းတွင် ရောက်သွားပါက အချိန်မှားဝေဒနာ ခံစားရနိုင်ချိန်နည်းသည်။ သို့သော် ကျောမခင်းရ။ အိပ်ရာဝင်ရချိန် ရောက်တော့မည့် ကာလတိုင် ထကြွလှုပ်ရှားနေပါ။
(၂) ခရီးမထွက်ခင် ကောင်းကောင်းအနားယူပါ။ ခရီးမထွက်မီ တစ်ပတ်အတွင်း ညစဉ် အနည်းဆုံးရှစ်နာရီကြာ အိပ်ပါ။
(၃) ခရီးစထွက်သည်နှင့် အချိန်ဇုန် အသစ်နှင့်အသားကျစေရန် စညှိသွားပါ။
(၄) ကိုယ်တွင်း ရေနှင့်ဓာတ်ဆား ဆုံးရှုံးမှုကို ကာကွယ်နိုင်ရန် လေယာဉ်ပေါ် မရောက်သေးမီ ကာလနှင့် လေယာဉ်ဖြင့် ခရီးသွားနေရစဉ်အတွင်း ရေ(သို့မဟုတ်) သစ်သီးဖျော်ရည် များများသောက်ပါ။ အရက်၊ကော်ဖီ(သို့ မဟုတ်) အအေးများကိုရှောင်ပါ။ကြေလွယ်ရာ အစာစားပါ။နည်းနည်းချင်းသာစားပါ။ အဆီ၊အငန်များသည့် အစားအစာများကို ရှောင်ပါ။
(၅) သင်သွားလိုရာအရပ် ရောက်သည်နှင့်ထိုအရပ်ရှိ ဒေသစံတော်ချိန်နှင့်အညီစားပါ။အိပ်ပါ၊ထပါ။ ကိုယ်တွင်း ဇီဝနာရီပြင်ဆင်ညှိနှိုင်းချိန် ရစေရန်နေ့ဘက်တွင် လမ်းလျှောက်ပေးပါ။သို့မဟုတ်ပါက မျက်စိကြောင်နေတတ် သည်။
(၆) နေရာသစ်သို့ ရောက်စတွင် ညအိပ်ရာမ၀င်မိ သုံးနာရီအတွင်း အရက်၊ကဖင်းန်ပါသော အစားအသောက်များ မမှီဝဲရ။မှီဝဲပါက ညဘက် မျက်စိကြောင်သွားနိုင်သည်။
(၇) အချိန်မှား ဝေဒနာက ဆင်ခြင်နိုင်စွမ်းနှင့် အာရုံစူးစိုက်နိုင်စွမ်းတို့ကို ထွေပြားစေတတ်သည်။ထို့ကြောင့် ဆိုက်ရောက်ရာ အရပ်ရှိ ဒေသစံတော်ချိန်နှင့် အသားမကျမိစပ်ကြား ကားမမောင်းရ။
(၈) မကြာခဏ ခရီးသွားသူဖြစ်ပါက ဘာမီတွန်တို့ကဲ့သို့သော ဆေးများသောက်ကာ အိပ်ကြည့်ပါ။ သို့မဟုတ် ရုတ်တရက် ချက်ချင်းအာနိသင်ပြမည့် အိပ်ဆေး ဆရာဝန်ထံမှ တောင်းသောက်ပါ။
(၉) အချိန်ဇုန်ကို ဖြတ်ရချိန် နှစ်ရက်ထက် နည်းပါမူ အချိန်မှား ဝေဒနာ ခံစားရသောကာလမှ မြန်မြန်လွတ် မြောက်နိုင်ကာ အိမ်မှာကဲ့သို့ပင် နေထိုင်၊သွားလာ၊ စားသောက်နိုင်မည်။
(၁၀) နေ့စဉ် အချိန်မှန် စွဲစားရသည့် စားဆေး၊ထိုးဆေး(ဥပမာ-ဆီးချို၊သွေးချို ထိန်းဆေးဖြစ်သည့် အင်ဆူလင် ထိုးဆေး၊ ပဋိသန္ဓေတားဆေး) များရှိပါက ထိုဆေးများ အချိန်မှန် မှီဝဲနိုင်ရေး ကိစ္စအတါက် ခရီးမထွက်မီ အချိန်ဇုန်ကို ဖြတ်ရ၍ ဆေးထိုးချိန်၊စားချိန် မယိမ်းမယိုင်စေရေး ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသွားပါ။
အချိန်ဇုန်ကို ထိန်းညှိခြင်း
လေယာဉ်ပေါ် တက်ပြီးသည်နှင့် သင်ဆိုက်ရောက်ရာအရပ်တွင် ရှိမည့် ဒေသစံတော်ချိန်ကို သင့်နာရီ တွင်စပြောင်းထားပါ။ဖြစ်နိုင်ပါက လေယာဉ်စီးနေရသည့် ခရီးစဉ်တစ်လျှောက် သင့်စားချိန်၊ နားချိန်၊ အိပ်ချိန်ကို ထိုစံတော်ချိန်နှင့်ချိန်ကိုက် ထိန်းညှိ၍ အိပ်၊စား၊ သွားသင့်သည်။
လေယာဉ်ပေါ် အိပ်လျှင် နားကြပ်တပ်၍ သီချင်းအေးလေးများ နားဆင်ပြီး အိပ်ရာဝင်ပါ။ပေးထားသော ခေါင်းအုံးငယ်ကို ဇက်နောက်မှာ ထားအိပ်ပါ။ မျက်လုံးကာ တပ်အိပ်ပါ။
အိပ်၍မပျော်၊အိပ်ရန်လည်း အခြေအနေမပေးပါက တစ်နာရီတစ်ခါ ထလမ်းလျှောက်ပါ။အဆင်ပြေ ပါက ခရီးဖော်ဖြစ်သူ ဘေးထိုင်ခုံရှိ လူနှင့်စကားစမြည်ပြောပါ။ သို့မဟုတ် စာဖတ်ပါ။ သို့မဟုတ် လေယာဉ်က ပြနေသော ရုပ်ရှင်၊ဖျော်ဖြေရေး အစီအစဉ်တို့ကို ရှုစားပါ။
ဆေးဝါး။ ။ အိပ်မပျော်လျှင် သောက်နေကျဖြစ်ပါက အိပ်ဆေးသောက် အိပ်ပါ။ သို့မဟုတ်ပါက ဘာမီတွန်၊ပိုင်ရီတွန်၊ပိုလာရီမင်း ကဲ့သို့သော အိပ်ငိုက်စေသော အာနိသင်ပါ အယားပျောက်ဆေးများ သောက်ပါ။
ဆရာဝန်နှင့်ပြရန် ။ ၊ ခရီးကပြန်လာပြီး နှစ်ပတ်ကြာသည့်တိုင် အချိန်မှား ဝေဒနာလက္ခဏာများ မပျောက်သေးပါက ဆရာဝန်နှင့်ပြပါ။

That's Easy

မ၀အောင်လုပ်ဖို့က လွယ်ပါတယ်
အားကစားရုံကို ခေါက်ထားလိုက်ပါ။ရက်သတ္တပတ်ခြောက်ပတ် လမ်းလျှောက်လိုက်ရုံဖြင့် ပိုကြံ့ခိုင်လာနိုင် တယ်၊ ပိုကျစ်လစ်လာနိုင်တယ်၊ ပိုသန်မာလာနိုင်တယ်။ သည် လွယ်ကူရိုးရှင်းတဲ့ အစီအစဉ်ကို စမ်းကြည့်ပါ။
တကယ်လို့ သင်ဟာသင့်ရဲ့ ကြံ့ခိုင်မှုအဆင့်တွေကို မသေချာရင် လမ်းပိုလျှောက်ဖို့ ကြိုးစားပါ။ ဒါဟာ ကျန်းမာရေးအတွက် ကိုယ်လက်လှုပ်ရှားမှု စံစည်းစနစ်တစ်ခုဖြစ်ပါတယ်။တစ်နာရီ စွမ်းအားရှိတဲ့ လမ်း လျှောက်ခြင်းက ကယ်လိုရီ ၃၅၀ကို လောင်ကျွမ်းစေနိုင်တယ်။သင့်ခန္ဓာကိုယ်ကို အရည်အသွေးမြင့်မားစေ ပြီး စွမ်းအင်အဆင့်တွေကိုမြှင့်တင်ပေးတယ်။
အချိန်မှတ် Pedometer ခြေလှမ်းမှတ်စက်ကို ခုနှစ်ရက်ပတ်ပြီး စတင်လျှောက်ပါ။တစ်နေ့တစ်နေ့ သင်ခြေ ဘယ်နှလမ်းလျှောက်နိုင်တယ်ဆိုတာကို မှတ်တမ်းတင်ထားပါ။အများဆုံးခြေလှမ်းဟာ သင့်ရဲ့ အခြေခံမျဉ်း ဖြစ်တယ်။သည်အခြေခံမျဉ်းကို အခြေပြုပြီး အပတ်တိုင်း တိုးတက်အောင်လုပ်ဖို့လိုတယ်။
အမြဲတမ်း သွက်လက်ဖျတ်လတ်စွာလျှောက်ပါ။ဒါပေမဲ့ စကားပြောနိုင်ဖို့လည်း ဂရုစိုက်ပါ။သင့်ခြေလှမ်းအရေ အတွက်တွေ တိုးတက်လာမယ့် လမ်းကြောင်းတစ်ခုကို ရှာပါ။ မိတ်ဆွေတစ်ယောက်နဲ့အတူ သင့်အိမ်နားက လမ်းတွေပေါ်မှာလည်း လျှောက်နိုင်တယ်။ဒါမှမဟုတ် ပန်းခြံတစ်ခုထဲမှာလည်း လျှောက်နိုင်တာပေါ့။
လမ်းမလျှောက်ခင် သင့်ရဲ့တစ်မိနစ်သွေးခုန်နှုန်းကိုမှတ်သားခြင်းဖြင့် သင့်ကြံ့ခိုင်မှုကို တစ်ပတ်တစ်ခါ စစ်ဆေးပါ။လမ်းလျှောက်ပြီးတဲ့အခါမှာလည်း သွေးခုန်နှုန်းကိုထပ်ယူပါ။တစ်မိနစ် အနားယူပြီးတဲ့ နောက်မှာ လည်း ထပ်ယူပါ။သင့်ရဲ့နှလုံးခုန်နှုန်းက သင်လမ်းမလျှောက်ခင်က နှလုံးခုန်နှုန်းသို့ မြန်မြန်ပြန်ရောက်လေ သင်ပိုကြံ့ခိုင်လာလေလေပဲ။
လမ်းလျှောက်ခြင်းမှ ဖြစ်ထွန်းလာတဲ့ အကျိုးကျေးဇူး အချို့ကတော့ သွေးပေါင်ကျခြင်း၊ အရိုးတွေသန်မာခြင်း နဲ့ ကောင်းစွာအိပ်ပျော်ခြင်းတို့ ဖြစ်ပါတယ်။အဲသည်တော့ အပြင်ထွက်ပြီး လမ်းစလျှောက်ကြပါစို့။
ရက်သတ္တတစ်ပတ် - ကွာလတီကောင်းပြီးသက်သောင့်သက်သာရှိတဲ့ လမ်းလျှောက်ဖိနပ်တစ်ရန်ဝယ်ပါ။ နေ့တိုင်းသင့်ရဲ့ အခြေခံမျဉ်း ခြေလှမ်းအရေအတွက်နဲ့ တူညီတဲ့ခြေလှမ်းတွေ လှမ်းနိုင်အောင် ရည်ရွယ်ပြီး လမ်းလျှောက်ပါ။
ရက်သတ္တနှစ်ပတ်-သည်အပတ်အတွင်း ငါးရက်မှာ သင့်ရဲ့အခြေခံမျဉ်းကို ခြေလှမ်း၁၀၀၀ပေါင်းပေးပါ။ အဆက်မပြတ် ပြင်းပြင်းထန်ထန် သုံးမိနစ်လျှောက်ပါ။(မရပ်မနားဘဲ သွက်လက်တဲ့ခြေလှမ်းနဲ့ လျှောက် ရပါမယ်)သည်လို သုံးရက်လျှောက်ပါ။
ရက်သတ္တသုံးပတ် - သည်သီတင်းပတ်ရဲ့ငါးရက်မှာ သင့်ရဲ့အခြေခံမျဉ်းကို ခြေလှမ်း၂၀၀၀ပေါင်းပေးပါ။ သင်ကောင်းစွာ အိပ်ပျော်လာကြောင်း သတိပြုမိလာလိမ့်မယ်။
ရက်သတ္တလေးပတ် - ရက်သတ္တပတ် သုံးပတ်က လေ့ကျင့်ခန်းကို ထပ်လုပ်ပါ။
ရက်သတ္တငါးပတ- သည်သီတင်းပတ်ရဲ့ ငါးရက်မှာ သင့်ရဲ့ အခြေခံမျဉ်းကို ခြေလှမ်း၃၀၀၀ပေါင်းပေးပါ။ သည်သီတင်းပတ်အတွင်း အဆက်မပြတ် ပြင်းပြင်းထန်ထန်လေးမိနစ်သုံးရက် လျှောက်ပေးပါ။
ရက်သတ္တခြောက်ပတ် - သည်သီတင်းပတ်ရဲ့ ငါးရက်မှာ သင့်ရဲ့အခြေခံမျဉ်းကို ခြေလှမ်း၅၀၀၀ပေါင်းပေးပါ။ (ခြေလှမ်း၅၀၀၀တိုးလျှောက်ပေးပါ)သည်သီတင်းပတ်အတွင်း အဆက်မပြတ် ပြင်းပြင်းထန်ထန် ငါးမိနစ် သုံးရက်လျှောက်ပေးပါ။
ရက်သတ္တပတ်တိုင်းရဲ့ နောက်ဆုံးနေ့မှာ ကြံ့ခိုင်ရေးစစ်ဆေးမှုလုပ်ပါ။ အခြေအနေတွေ ဘယ်လောက်အလျင် အမြန်ပြောင်းလဲသွားသလဲဆိုတာ သင်အံ့သြစွာတွေ့ရှိပါလိမ့်မယ်။

Saturday, May 5, 2007

Over All

အရက်နာကျခြင်း
အရက်နာကျခြင်းဆိုသည်မှာ အသောက်လွန်၍နောက်တစ်နေ့ နံနက်တွင် နေမထိထိုင်မသာ ဖြစ်ရသော ဝေဒနာပင်ဖြစ်သည်။ သို့သော် လူအချို့မှာမူ အယ်လ်ကိုဟောပမာဏ အနည်းအကျဉ်းသောက်သုံးမိရုံ မျှနှင့်ပင် အလားတူဝေဒနာမျိုး ခံစားကြရတတ်သည်များလည်းရှိပါသည်။ထိုသို့ ခံစားရခြင်းမှာ အရက် သို့မဟုတ် ယမကာတွင်ပါသော အယ်လ်ကိုဟောကြောင့် ကိုယ်တွင်းမှာ ရေနှင့်ဆားဓာတ်ဆုံးရှုံးမှု ဖြစ်ပေါ်ရခြင်းနှင့် ယမကာများထဲတွင် ထည့်လေ့ရှိသော အနံ့၊အရသာစသည်တို့ အတွက်ဖြည့်စွက် ပစ္စည်းများကြောင့်ဖြစ်တတ်ပါသည်။ အထူးသဖြင့် အရောင်ရင့်ယမကာများဖြစ်ကြသည့် ၀ိုင်၊ ဘရန်ဒီ၊ ပို့တ်၊ရှယ်ရီ စသည်တို့ သောက်မိပါက ထိုသို့ဖြစ်လေ့ရှိပါသည်။
အရက်အသောက်များ၍ အရက်နာကျပါက အသည်းတွင်သိုမှီးထားသော အချိုဓာတ်အပြင်တစ်သျှူး များရှိ အချိုဓာတ်ကိုပါ ကိုယ်ခန္ဓာက အဓိကမောင်းနှင်အားလောင်စာ(ကယ်လိုရီ)အတွက်ယူသုံးသဖြင့် နံနက်အိပ်ရာထတွင် ကတုန်ကယင် မရွှင်မလန်းနှင့် အရုပ်ကြိုးပြတ်ဖြစ်တတ်ပါသည်။ထို့အပြင် ခေါင်းကိုက် ခြင်း၊ခေါင်းအုံ၊ခေါင်းမကြည်ခြင်း၊ပျို့ခြင်းအန်ခြင်း၊ အစာစားလိုစိတ်မရှိခြင်း၊အာခေါင်ခြောက်ခြင်း၊ရေငတ်ခြင်း၊ နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်ခြင်းစသည့်လက္ဓဏာများလည်းပေါ်တတ်ပါသည်။အရက်စွဲနေသူများမှ အပ လူအတော်များများမှာမူ ကော်ဖီကြမ်းထဲ သံပရာသီးညှစ်သောက်ခြင်း၊ အချိုရည်များသောက်ခြင်းစသည့် နည်းများဖြင့် အလိုအလျောက် ပြန်သက်သာပျောက်ကင်းလာတတ်ပါသည်။
သင့်ဘာသာ ဆောင်ရွက်ကြည့်နိုင်သည့်နည်းလမ်းကိစ္စရပ်များ
မိမိဘာသာ အသောက်များ၊ရေချိန်လွန်သွားပြီ်ဆိုသည်ကို သိပါက အရက်နာကျဝေဒနာသက်သာစိမ့်ခြင်းငှာ အောက်ဖော်ပြပါ ပြုဖွယ်ဆောင်တာများကို လိုက်နာဆောင်ရွက်လိုက်ပါက အရက်နာကျထွေလီကေလာ ဝေဒနာအတော်များများ ၂၄နာရီအတွင်း သက်သာလျော့ပါးသွားနိုင်ပါသည်။
(၁) အရက်ကြောင့်(အယ်လ်ကိုဟောကြောင့်) နောက်တစ်နေ့နံနက်တွင် ကိုယ်တွင်းမှ ရေနှင့်ဓာတ်ဆားဆုံး ရှုံးမှုဒဏ် မခံရစေရန် ရေချိန်လွန်လာသောညဘက် အိပ်ရာမ၀င်မီတွင် အချိုရည်၊ သစ်သီးဖျော်ရည်များကို သောက်ထားသင့်ပါသည်။အိပ်ရာဘေးတွင် ရေတစ်ဖန်ခွက်ထားပါ။ တစ်ရေးနိုး ရေငတ် အာခေါင်ခြောက် တိုင်းထိုရေကိုသောက်ပါ။ သဘာဝသကြားတစ်မျိုးဖြစ်သည့် ဖရပ်တို့စ်ပါသော သစ်သီးဖျော်ရည်များ သောက်ပါက လွန်စွာ အထောက်အကူဖြစ်ပါသည်။လက်ဖက်ရည်၊ကော်ဖီ မသောက်ရပါ။ ကိုယ်တွင်းရေ နှင့် ဆားဓာတ်ဆုံးရှုံးမှုကို ပိုမိုအားပေးကာ အစာအိမ်ကိုလည်းဒုက္ဓပေးပါသည်။ (အရည်များများသောက်ရန် တိုက်တွန်းသော်လည်း ချွေးထွက်စေသည့် ကော်ဖီ၊လက်ဖက်ရည်၊ရေနွေးကြမ်း စသည့်အရည်ပူပူများကိုမူ မသောက်သင့်ပါ။)ရေချိန်လွန်လာသည့်တိုင် အစာစားနိုင်သေးပါက စားပါ။ ယုတ်စွအဆုံး ငှက်ပျောသီးတစ် လုံးကသည်ပင် သွေးထဲတွင် လျော့နည်းနေသော အချိုဓာတ်ကို ပြန်မြင့်တင်ပေးနိုင်စွမ်းရှိသည်ဟု ဆိုပါသည်။
(၂) ခေါင်းကိုက်ပါက အကိုက်အခဲပျောက်ဆေးများသောက်နိုင်ပါသည်။
(၃) ထို့အတူ အစာအိမ်အတွက် သုံးသောဆေးများ(ဥပမာ- အဲန်တာဝင်လ်) ကိုလည်းသောက်နိုင်ပါသည်။
(၄)အရက်နာကျပါက မောနင်းပက်ဖြင့်မဖြေရ။အရက်နာကျဝေဒနာကို ပိုဆိုးစေနိုင်ရုံမက နံနက်၊နေ့လည်၊ ညဆက်တိုက်သောက်တတ်သွားကာ အရက်စွဲသွားစေနိုင်ပါသည်။
(၅) ဝေဒနာအားလုံးသက်သာသည် အထိနားနားနေနေ နေပါ။
(၆) မူးလျှင်မမောင်းနှင့်။
အရက်နာကျ ဝေဒနာပြေ သဘာဝဆေးမြီးတိုများ
ဖရပ်တို့စ် ။ ။ သွေးထဲရှိအယ်လ်ကိုဟောများ အငွေ့ပျံသွားစေရန်ပံ့ပိုးပေးသည့် သဘာဝသကြားတစ် မျိုး။ သစ်သီးဖျော်ရည်များနှင့် ပျားရည်တို့သည် အရက်နာကျအပြေမြန်စေပါသည်။ ဖရပ်တို့စ်ကို Orangeမှရ နိုင်ပါသည်။ အမွှာလိုက်စားစား၊အရည်ညှစ်သောက်သောက် အရက်နာကျအပျောက်မြန်စေသည်။
ဆေးဝါး ။ ။ အကိုက်အခဲပျောက်ဆေးများ။(အစာစားပြီးမှ သောက်ရန်၊အစာမရှိဘဲ မသောက်ရ) အစာအိမ်ဆေးများ။
ကာကွယ်နည်း ။ ။အရက်မသောက်မီ အစာနည်းနည်းစားထားပါ။ အရက်ဆက်တိုက်သောက်မည့် အစား အရက်နှင့် အချိုရည် ခွက်ခြား၍ ကြားညှပ်သောက်ပါ။(သောက်လျှင် လူရော။ ပုလင်းပါလဲမှ၊ အရက်မ၀၍ဟု ဆိုကာ ဆိုင်လည်သောက်သူများ ကျင့်သုံးကြည့်သင့်ပါသည်။)
ဆရာဝန်နှင့် ပြသတိုင်ပင်ရန် အနေအထား
(၁) နံနက်တိုင်း အရက်နာကျကျနေကာ လျှော့မသောက်နိုင်၊ မည်မျှသောက်မိသည်ကိုပင် မခန့်မှန်းမသိ တတ်နိုင်လောက်အောင်ဖြစ်လာသောအခါ။
(၂) အရက်နှင့် မျက်နှာသစ်နေရလျှင်။