ကလေးတွေကိုလူကောင်းဖြစ်အောင်ဘယ်လိုသင်ကြမလဲ
“ကျွန်မတို့တွေ အနာဂတ်ရဲ့ ရင်သွေးငယ်လေးတွေကို လူကောင်းလေးတွေဖြစ်လာအောင် ဘယ်လိုအကောင်းဆုံး ဆောင်ရွက်ကြမလဲ... အကောင်းဆုံးနည်းတွေကို အချင်းချင်း ဝေမျှကြရအောင်လားရှင်...”
နည်းနည်းတော့ ပြောင်းပြန်ဖြစ်နေမယ်လို့ စာဖတ်သူများ တွေးမိမလား။ ကျွန်မကတော့ တခါတလေ ပြောင်းပြန် တွေးသင့်တဲ့ကိစတွေရှိတယ်လို့ထင်မိလို့ပါ။ ကိုယ်တိုင်ကလေးဘ၀ကတည်းက လူကြီးတွေ ပြောတဲ့ စကားဆိုရင် ပြောင်းပြန်ပြန် စဉ်းစားနေကျ ဆိုတော့ မထူးဆန်းဘူးလို့ပဲ ထင်နေမိလို့ပါ။ လူကြီးတွေ ပြောနေကျစကားကိုခုထိ မှတ်မိပါသေးတယ်။ ငါတို့က နင်တို့အရွယ်ကနေကြီးလာတာ၊ နင်တို့က ငါတို့မျက်စိအောက်ကနေ လူဖြစ်လာတာ၊ ငါတို့ကို လှည့်မယ်ပတ်မယ်မကြံနဲ့၊ ပါးစပ် ဟလိုက်တာနဲ့ အူဘယ်နှစ်ခွေရှိလဲ သိတယ်ဆိုတဲ့စကား။ ဟုတ်ကဲ့။ လူကြီးတွေအဲလိုပြောတော့မှ ကိုယ်လဲစဉ်းစားမိတာပါ။ သူတို့လဲ ကျွန်မတို့ကလေးတွေ မျက်စိအောက်ကနေ လူကြီးသထက်ကြီးတဲ့ လူကြီးဖြစ်လာတာ ဆိုတာပါပဲ။ ကျွန်မတို့ကလေးတွေ တပန်းသာတဲ့အချက်က သူတို့က စီးပွားရေး၊ လူမှုရေးတဖက်နဲ့ဆိုတော့ ကျွန်မတို့လို ကလေးတွေကို စေ့စေ့စပ်စပ်ထိုင်ကြည့်ပြီး ပေါက်ပေါက်ရှာရှာ သုံးသပ်ရလောက်အောင် မအားဘူးလေ။ ကျွန်မတို့ကလေးတွေကတော့ ဆော့၊ စား၊ စပ်စု၊ အိပ် သည်အလုပ်တွေပဲ ရှိတာကလား။ ဂျိမ်းစ်ဘွန်းကားတွေကြည့်ပြီး လူကြီးထောက်လှမ်းရေး လုပ်တမ်း တောင် ကစားဖူးပါရဲ့။ သူတို့ကြောင့် ပါ။
လူကြီးတွေရဲ့ အားနည်းချက်က ကလေးကိုပြောမနိုင်ရင် မမှန်တဲ့စကားနဲ့ ခြောက်တဲ့ကိစ္စပါ။ ကြောက်ရင် နောက်မလုပ်တော့ဘူးလို့ သူတို့တလွဲထင်တာပါ။ ကလေးဆိုတာ တစ်ယောက်ထဲ လုပ်ရမှာကြောက်ရင် လူစုလုပ်ပါတယ်။ မလုပ်သင့်တာကို အကျိုးသင့် အကြောင်းသင့် နှိုင်းယှဉ်ပြီးရှင်းပြလိုက်ရင် ကလေးတွေ ကလည်း မလုပ်တော့ပါဘူး။ ကြောက်အောင် ခြောက်လို့ ကတော့ ကြောက်ကြောက်နဲ့ ဇွတ်တိုးလုပ် ရတဲ့ အရသာလေးကိုက ကလေးတွေအတွက် ခုံမင်စရာ၊ ပျော်စရာတမျိုးဖြစ်နေတာပါ။ သည့်အပြင် ပိုဆိုးတာက သူတို့လူကြီးတွေ ပြောတာ မမှန်ဘူးမှန်း မတော်တဆသိသွားတာနဲ့ တပြိုင်နက် အရင် ခြောက်ထားဖူးသမျှတွေရော မှန်ရဲ့လားဆိုတဲ့အတွေးပါ တပါတည်းတွေးမိပြီး ခြောက်တာတွေ မှန်သမျှ ကို တကယ်ဟုတ်မဟုတ် စူးစမ်းတော့တာပါ။ မဟုတ်မှန်းသိသွားရင်တော့ ... ၀မ်းနည်းစရာ အကောင်းဆုံးက လူကြီးတွေကို မယုံကြည်တော့တာပါ။ ငါတို့ကိုကလေးပဲဆိုပြီး လိမ်ပြောတယ်လို့ ကလေးချင်း ၀မ်းပန်းတနည်းပြောရင်း လူကြီးတွေကို ယုံကြည်ကိုးစားစိတ်၊ ရိုသေလေးစားစိတ်တွေ ပျောက်ကုန်တော့တာပါပဲ။ လူကြီးတွေတောင် ငါတို့ကိုလိမ်သေးတာ ငါတို့ကပြန်လိမ်တော့ ဘာဖြစ်လဲ ဆိုပြီး လိမ်နည်းကို သင်ကြားတတ်မြောက်သွားတာပါပဲ။ သည်ကြားထဲ ရိုက်မယ်၊ နှက်မယ်၊ ဒဏ်ပေး တယ် စသဖြင့် လူကြီးကဆုံးမတယ်ဆိုတဲ့အားကိုးနဲ့ ကလေးတွေ ကိုဖိနှိပ်လာရင် လွတ်ရုံလေး လူကြီး တွေရှေ့မှာ ဟန်ဆောင်နေပြတာမျိုး၊ လိမ်ပြောလာတာမျိုးတွေကို ကလေးတွေကို အခြေအနေတွေက သင်ပေးလိုက်တော့တာပါပဲ။ ပြီးတော့ လူကြီးလိမ်တော့ ဘာမှပြန်လုပ်ခွင့်မရဘဲ ကလေးလိမ်မှ ရိုက်တာ ဟာ မတရားဘူး၊ လူကြီးနေရာယူပြီး ကျွေးမွေးထားရတယ်ဆိုပြီး ဖိနှိပ်တယ်လို့ အတွေးဝင်တတ် ပါသေး တယ်။ ဆုံးမသွန်သင်တာနဲ့ ဖိနှိပ်တာကို ကလေးကခံစားနားလည်တတ်ပါတယ်။ လူကြီးဆိုတာ သူတို့ မှားတော့ ဆောရီးတောင်ပြောဖော်မရ၊ ကလေးမှားတော့ ဗြောတီးတာ အော်ချိန်မရလို့ ကလေးများက ပြန်လည် သတ်မှတ်တတ်ပါတယ်။ သည်လိုအတ္တကြီးမှုမျိုးဟာ ကလေးကမနှစ်သက်ပေမယ့် မသိစိတ် ထဲထိ အတ္တကြီးနည်းက ၀င်သွားတတ်ပါတယ်။ လိမ်မာပါးနပ်တယ်ဆိုတဲ့စကားရဲ့ အဓိပ္ပာယ်လဲ အဲဒီ တော့မှ အကျည်းတန်တော့တာပါ။
ကလေးတစ်ယောက် မွေးတော့မယ်ဆိုရင် ကလေးပြုစုပျိုးထောင် နည်းကို လေ့လာတဲ့မိဘ မြန်မာပြည်မှာ လက်လှမ်းမီသလောက်စုံစမ်းကြည့်မှ ရှားမှန်းသိလိုက်ရပါတယ်။ သည်လိုပဲလွယ်လွယ် မိရိုးဖလာကိုယ်သိသမျှ ကလေးကို ပြန်သင်ပြလိုက်တာပါ။ သည်ခေတ်မှာရှိတဲ့ အခြေအနေနဲ့ နှိုင်းယှဉ်ပြီး ကလေးနားလည်အောင် အချိန်ပေး စဉ်းစားတာမျိုး၊ အဖြေပေးတာမျိုး နည်းပါးပါတယ်။ မိဘမေတ္တာ စုန်ရေသာရှိတယ်ဆိုပြီး တဖက်စောင်းနင်းကြီး ပြောတတ် သတ်မှတ်တတ် ပါသေးတယ်။ သားသမီး လည်း မိဘကိုချစ်တာ၊ အားကိုးတာပါပဲ။ ကလေးမို့လို့ မချစ်တတ်ဘူးမထင်ပါနဲ့။ တခြားအာရုံတွေ ကလည်း သူတို့မှာ ကျက်စားစရာ လူကြီးတွေထက် တော်တော့်ကို နည်းနေသေးတယ်လေ။ ကလေး ဖြစ်လေ၊ လူကြီးမိဘကို ချစ်လေ၊ ယုံကြည်အားကိုးလေပါ။ သည်လိုအချိန်မှာ သူတို့ ယုံကြည်အားကိုးတဲ့ လူကြီးကို မယုံရဘူး၊ သူတို့ကိုညာပြောတယ် ဆိုတဲ့အချက်ကို သိရတဲ့ကလေးရဲ့ ၀မ်းနည်းမှု အတိုင်း အဆကို လူကြီးတွေသတိထားမိကြပါရဲ့လား။
တော်တော့်ကိုမဖွယ်မရာဖြစ်တဲ့ အပြောနဲ့အလုပ်မညီတဲ့အချက်ရှိပါသေးတယ်။ မိဘမေတ္တာဆိုပြီး မိဘအတ္တ ဖြစ်နေတတ်တဲ့ ကိစတစ်ခုပါ။ မိဘကိုစော်ကားလို့ အ၀ီစိကျမယ့်မိန်းမလို့ အတွေးမစော လိုက်ပါနဲ့ဦး။ ကိုယ်ဖြစ်စေချင်သလို၊ ကိုယ်နေစေချင်သလို၊ ကိုယ်ခိုင်းသလိုမဖြစ်တဲ့ ကိုယ့်သားသမီးကို နာမ်နှိမ်ပြီးဖြစ်စေ၊ မိသားစုထဲဆွေမျိုးထဲမှာ နှိပ်ကွပ်ပြီးဖြစ်စေ ခေါ်ဝေါ်ဆက်ဆံတဲ့အဖြစ်ဟာ မိဘမေတ္တာ လား မိဘအတ္တလား.. တကယ်ချစ်လို့ အဲလိုလုပ်တာလား။ အဲလိုလုပ်တာဟာ မှန်ကန်မှုရှိသလားဆိုတာ သေသေချာချာ စဉ်းစားစေချင်ပါတယ်။ လူတိုင်းဟာ ကိုယ့်ဝါသနာဗီဇနဲ့ ကိုယ်လာတာပါ။ ငါမွေးထားတဲ့ မိဘ စေတနာမေတ္တာမရှိဘဲ နေမလားလို့တော့ သိမ်းကြုံးပြီးရမ်းလို့မရပါဘူး။ မေတ္တာနဲ့ဆက်ဆံရင် တိရစ္ဆာန်တောင် ယဉ်ကျေးပါတယ်။ မရရင် တခုခုလွဲမှားနေပြီမို့ ပြန်သုံးသပ်ဖို့လိုနေပါပြီ။ သတ္တ၀ါတစ်ခုကံတစ်ခုမို့ အဆိုးဓာတ်ခံပါနေလို့ ကောင်းကောင်းဆုံးမလို့ မရရင် ဘုရားတောင်သတ္တ၀ါတိုင်းကို ကျွတ်အောင်မချွတ်နိုင်တာမို့ ဆုံးမလို့မရတဲ့ သားသမီးကို မေတ္တာစိတ်မပျက်၊ သူ့ထိုက်နဲ့သူ့ကံ လွှတ်ထားတာကသပ်သပ်၊ ကိုယ်ဖြစ်စေချင်သလို မဖြစ်ရ ကောင်းလားဆိုပြီး ဖိနှိပ်ဆက်ဆံတာက သပ်သပ်ပါ။ ပိုဆိုးတာကတော့ ဓာတ်တွေ၊ နတ်တွေ၊ ယတြာတွေ ဆင်ပြီးသားသမီးကို ကိုယ့်စကားနာခံ နေအောင် အထက်လမ်း။ အောက်လမ်းနည်းတွေနဲ့ နာမ်နှိမ်တဲ့ကိစ္စပါ။ တကယ်ဖြစ်လာနိုင်လား၊ မဖြစ် နိုင်လားဆိုတာ ဥပမာတစ်ခုပေးပါမယ်။ တန်ခိုးရှင်တွေအားလုံးထဲမှာ မြတ်စွာဘုရားရှင် က အသာဆုံး အမြတ်ဆုံးပါ။ ဒေ၀ဒတ်ဟာ သူ့ရဲ့ ညီတော်တ၀မ်းကွဲသာဖြစ်ပါတယ်။ အမျိုးအရင်းကြီးပဲရှိပါသေးတယ်။ သည်ညီတော်က ရာဇ၀င်တွင်အောင် မကောင်းမှုလုပ်နေတာကို ဒေ၀ဒတ်ရဲ့ မကောင်းစိတ်ကို တန်ခိုးနဲ့ဖျောက်လို့ ရပါသလား။ တသံသရာလုံး ၀ဋ်ဖက်အဖြစ် ဒေါသ၊ လောဘ၊ မနာလိုမစ္ဆေရိယ စိတ်တွေဖုံးလွှမ်းပြီး ဒုကပေးလာတဲ့ ဒေ၀ဒတ်ရဲ့ အကုသိုလ်စိတ်ကအကျိုးပေးတော့မှာမို့ ကြမာငင် နေသူကို မေတ္တာဓာတ်တောင်မတိုးနိုင်တော့တဲ့အခါ မြတ်စွာဘုရားဟာ မကယ်နိုင်တော့ဘဲ ဥပေက္ခာ ပြုရပါတယ်။ ဒေ၀ဒတ်ဟာလည်း သူ့ရဲ့ ဈာန်တန်ခိုးကိုသုံးပြီး အဇာတသတ်မင်းကို အကြောက်တရားနဲ့ ခြိမ်းခြောက်ပြီး အဖေရင်းကိုသတ်စေ၊ နာဠာဂီရိဆင်ကိုလွှတ်ပြီး မြတ်စွာဘုရားကို နင်းသတ်စေအောင် ဖျားယောင်းခဲ့ပါတယ်။ စိတ်ကိုလောဘဒေါသလွှမ်းမိုးအောင် ဖျားယောင်းပြီး လိုရာအသုံးချတာပါ။ ဒါပေမယ့်ရေရှည်မှာ မအောင်မြင်ပါဘူး။ အဇာတသတ်ဟာ မြတ်စွာဘုရားရဲ့ မေတ္တာကြောင့် ဘုရားကို အရိုသေဆုံး မင်းတစ်ပါးဖြစ်လာခဲ့ပါတယ်။ သည်လောက်ဆိုရင် မိဘများ သားသမီးကို မေတ္တာနဲ့ ဆုံးမသင့်သလား၊ တန်ခိုးနဲ့ နာမ်နှိမ်သင့်သလား၊ မေတ္တာနဲ့ဆုံးမတာ ဘုရားနည်း၊ တန်ခိုး သို့မဟုတ် အကြောက် တရားနဲ့ ဖျားယောင်းတာ ဒေ၀ဒတ်နည်းပါ။ ကိုယ်အသုံးချမယ့်နည်းကို ကိုယ်တိုင်ကောင်း၊ မကောင်းဆန်းစစ်ပြီးမှ ရွေးချယ်စေချင်ပါတယ်။ ဘယ်နည်းကအောင်မြင်တဲ့နည်းလဲဆိုတာ သမိုင်းက သက်သေရှိပါတယ်။ သည်လိုယတြာ လုပ်ခံရတာကိုသိတဲ့ သားသမီးကရော သည်မိဘကို ကြည်ညိုနိုင်၊ ဆက်ချစ်နိုင်ပါ့မလား ကိုယ်ချင်းစာကြည့်နိုင်ပါစေ။
သည့်အပြင်ရှိပါသေးတယ်။ ပါးစပ်ဟလိုက်တာနဲ့ အူဘယ်နှစ်ခွေရှိလဲ သိတယ်ဆိုတဲ့ ကိစ္စပါ။ ဘယ်လို လိမ်ပတ်နေနေ၊ အူဆိုတာအစကနေအဆုံးအထိတစ်ခွေတည်းရှိတာပေါ့လို့ပြောတတ်တာပါ။ လူကြီး တွေကကလေးတွေ ဘာလုပ်တော့မယ်ဆိုတာ အထာသိနေသလို ကလေးကလည်း လူကြီးဘာလုပ် တော့မယ်ဆိုတာ အထာသိတာပါပဲ။ ကလေးတစ် ယောက်နဲ့တစ်ယောက်တော့ အထာနပ်တာချင်း အနည်းနဲ့အများ ကွာတာပေါ့လေ။ ဒါပေမယ့် လူကြီးတွေကရော ကလေးတွေကို တကယ်တမ်း နားလည်ရဲ့လား။ ကလေးသဘာဝဆော့တာ၊ ပွေလီတာမျိုးတွေ လူကြီးတွေငယ်စဉ် ကရော တကယ် မလုပ်ခဲ့ကြဘူးလား။ သူတို့ရောတကယ် ငြိမ်ခဲ့ကြပါသလား။ ကိုယ်ကိုယ်တိုင်ကရော ကလေးဘ၀ဆော့ခဲ့၊ ဆိုးခဲ့စဉ်က (သည်နေရာမှာ ကလေးဆိုးတာကို လူကြီးပြောစကားနားမထောင်တာ၊ ပြန်ဆန်းစစ် စပ်စု တတ်တာကို တလွဲခေါ်တတ်ကြပါတယ်) အကျိုးသင့်အကြောင်းသင့်ဆုံးမတာနဲ့၊ ကြိမ်လုံးနဲ့ ခြိမ်းခြောက် ပြီး ဆုံးမတာကို ကလေးတဖြစ်လဲ သည်လူကြီးတွေ ဘယ်လိုခံစားခဲ့ကြသလဲ။ ကိုယ်ဖြတ်သန်းခဲ့တဲ့ဘ၀ကို၊ ကိုယ်ခံစားခဲ့ ရတာမျိုးကို ကလေးတွေအတွက် ဘာကြောင့်နားလည်မပေးနိုင်ကြတာလဲ။
အရှေ့နဲ့အနောက် ကွာခြားချက်တစ်ခုကို ပြောချင်ပါသေးတယ်။ မျိုးဆက်ကွာခြားမှု ပြသနာကိုဆွေးနွေး စဉ်ကပါ။ မိဘနဲ့သားသမီးအသက်သိပ်ကွာရင် ယဉ်ကျေးမှုပုံစံ၊ တွေးခေါ်ပုံနဲ့ အကြိုက်ကွာလို့ မကောင်း ဘူးလို့ အရှေ့တိုင်းက မိဘတစ်ယောက်က ဆွေးနွေးတဲ့အခါ အနောက်တိုင်းသားကပြန်ပြောပါတယ်။ အသက်သည်လောက်ကြီးလာလို့ အတွေ့အကြုံသည်လောက်များနေမှတော့ ကိုယ်တိုင်မွေးတဲ့ ကိုယ့် ကလေးကို နားလည်ပေးနိုင်ရမှာပေါ့တဲ့။ ငယ်တုန်း အိမ်ထောင်ပြုရင် လူငယ်မို့ ကိုယ်ဖြစ်ချင်တာကို ကိုယ်ဇွတ်လုပ်ချင်စိတ် များချင်များနေတတ်ပါတယ်။ လူကြီးဖြစ် လာတော့ သူ့ဖက်ကိုယ့်ဖက် မျှစဉ်းစား ပေးတာ၊ အတွေ့အကြုံများလာလို့ အလျှော့အတင်းကို ပိုနားလည်ပြီး ကိုယ့် ကလေးနဲ့ ညှိနှိုင်းရာမှာ အဖုအထစ်ပိုနည်းလာမယ်တဲ့။ လူကြီးလေ အတ္တကြီးလေ ဆိုရင်တော့ အသက်ကြီးမှကလေး ယူတာ မှားနိုင်ပေမယ့် လူကြီးလေ သဘောထားနဲ့အမြင်ကြီးလေဆိုရင်တော့ အသက်ကြီးမှ ကလေးယူတာ မှန်လေ ဖြစ်ပါမယ်တဲ့။ ကဲ... စာရှုသူတို့ ဘယ်လိုသဘောရကြပါသလဲ။
ကလေးတွေကိုလိမ်တတ်လာအောင်၊ ကလေးတွေကို လူလူချင်းယုံကြည်စိတ်လျော့ပါးလာအောင်၊ ကလေးတွေရဲ့ ဖြူစင်တဲ့စိတ်လေးတွေ (စိတ်ဆိုးတာတို့၊ တကိုယ်ကောင်းဆန်တတ်တာတို့၊ အနိုင်ကျင့်ဗိုလ်ကျတတ်တာတို့ ကလေးတွေမှာ ရှိတတ်ပေမယ့် သူတို့က ပေါ်တင် ပွင့်ပွင့်လင်းလင်း ဆိုးကြတာပါ။ လူကြီးတွေလို ဟန်ဆောင်တတ်မှု နည်းကြပါတယ်)ကိုအရောင်ဆိုးပေးပြီး မကောင်းတဲ့ အကျင့်တွေတတ်လာအောင် သင်ပေးလိုက်ကြတာ လူကြီးတွေပါ။ ကလေးစိတ်ပညာအရ ဒါကို သည်လို လုပ်ဆိုရင် ပြောတဲ့အတိုင်း လုပ်ချင်မှလုပ်မယ်။ လုပ်တတ်ချင်မှလည်း လုပ်တတ်မယ်။ လုပ်ဖို့စိတ်ဝင်စား ချင်မှလည်း စိတ်ဝင်စားမယ်။ သူတို့ပတ်ဝန်းကျင်ကလူတွေ ဘယ်လိုလုပ်လို့ ဘာဖြစ်တယ်ဆိုတာ ကိုတော့ သေသေချာချာကို စူးစမ်းလေ့လာ မှတ်သားတတ်ပါတယ်။ ကလေးတွေကို လူတော်ဖြစ်လာ အောင် ပျိုးထောင်နည်းအကြမ်းဖျင်းကို အရင်ဆောင်းပါးမှာဖော်ပြခဲ့ပါတယ်။ ကလေးတွေကို လူကောင်း ဖြစ်လာအောင်ပျိုးထောင်ဖို့ကတော့ ကလေးတွေရဲ့မျက်စိအောက်မှာကြီးသထက်ကြီးလာတဲ့လူကြီး များ ကိုယ့်ကိုယ်ကို ကောင်းအောင်ကြိုးစားရင်း စံပြအဖြစ်နေပြရမှာပါ။ ကလေးများရဲ့ မျက်စိဒေါက်ထောက် စူးစမ်းလေ့လာတတ်မှုဆိုတဲ့ ကလေးမူလစိတ်လေးတွေထဲမှာ ကိုယ့်ကိုသူတို့ဆန်းစစ်လေ့လာပြီး ပတ်ဝန်းကျင်က တခြားလူတွေနဲ့ နှိုင်းယှဉ်ဆုံးဖြတ်ပြီး ဒီလိုလူကြီးကမှတကယ့်လူ၊ လူကောင်းအစစ်ဆိုတာ ဒါမျိုးမှ လို့ ယုံကြည် အားကိုးတကြီး ကြည်ညိုပြီး ရိုသေလေးစားတာမျိုးကို အလုပ်နဲ့သက်သေပြရပြီး ရယူရမှာဖြစ်ပါတယ်။ သည်လို အလုပ်နဲ့သက်သေပြပြီးမှ လူကောင်းဖြစ်အောင်နေနည်း ကလေးများကို အထိရောက်ဆုံးသင်ပေးရမှာပါ။ ကဲ.. အိပ်မက်ပရိသတ်ရော ဘယ်လိုသဘောရပါသလဲ။ ကျွန်မတို့တွေ အနာဂတ်ရဲ့ ရင်သွေးငယ်လေးတွေကို လူကောင်းလေးတွေဖြစ်လာအောင် ဘယ်လိုအကောင်းဆုံး ဆောင်ရွက်ကြမလဲ... အကောင်းဆုံးနည်းတွေကို အချင်းချင်း ဝေမျှကြရအောင်လားရှင်..။
အိပ်မက်ကပါပဲ ခွန်မြလှိုင်ရဲ့ အက်ဆေးတစ်ပုဒ်ပါ။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment