Wednesday, April 28, 2010

ကိုယ့်ရည်းစား ဘာကြောင့်လိမ်တာလဲ

မုသားပြောတဲ့ ကိစ္စဟာ သိပ်တော့ မဆန်းလှပါဘူး။ လူနေမှု အသိုင်းအ၀ိုင်း ထဲမှာ ရှင်သန်နေသရွေ့ နေ့စဉ်နဲ့အမျှ မုသားပေါင်း များစွာနဲ့ နပမ်းလုံး နေရဦးမှာ ဖြစ်ပါတယ်။ တချို့လူတွေဟာ ခဏခဏ လိမ်ကြတယ်။ ဘာမှ မဟုတ်တဲ့ ကိစ္စလေးတွေ တောင်မှ လိမ်လည်ပြေဆို တတ်ကြတယ်။ ယောက်ျား တစ်ယောက် လိမ်လည် ပြောဆိုတာနဲ့ မိန်းမ တစ်ယောက် လိမ်လည် ပြောဆိုတာ အကြောင်းရင်းခြင်း၊ ပုံစံခြင်း၊ သဘော သဘာဝခြင်း မတူညီပါဘူး။ အောက်ပါ အကြောင်းရင်း များဟာ ရည်းစား၊ ချစ်သူ (ယောက်ျား)တွေ ဘာကြောင့် မုသား ဆိုရသလဲဆိုတာ အဖြေထုတ်ထားတဲ့ အမှန်အတရား တစ်စိတ်တစ်ဝက် သာဖြစ်ပြီး ယင်းအမှန်တရား တချို့ကြောင့် သင့်ရဲ့ အချစ်ရေးမှာ လူလိမ်လူညာ ချစ်သူနဲ့ ရှောင်ရှားနိုင်ပြီ ဆိုရင် ဖော်ပြရကျိုးနပ်ပြီလို့ .....  

"ခင်ဗျား ကျွန်တော့ကို လိမ်ညာလို့ ကျွန်တော် စိတ်မကောင်း မဖြစ်မိပါဘူး။

အခု အချိန်ကစပြီး ခင်ဗျားကို မယုံကြည်နိုင် တော့တာ အတွက်ပဲ ကျွန်တော်စိတ်မကောင်း ဖြစ်မိတာပါ။"

ဖရိုင်ဒ်ရစ်ခ်ျ နီယက်ချီ  

၁။ အဟားမခံရဖို့

ဘယ်သူမှ လူရှေ့သူရှေ့မှာ ပေါတောတော၊ အတတ၊ အူတူတူ၊ တုံးအအ ပုံစံမျိုး မဖြစ်ချင်ပါဘူး။ တကယ်လို့ လူတစ်ယောက်ဟာ အဲ့ဒီ အခြေအနေမျိုး ဆိုက်တော့ မယ်ဆိုရင် လိမ်ပြော လိုက်ခြင်းဖြင့် ထွက်ပေါက် ရနိုင်မယ်လို့ ယုံကြည်တဲ့ အတွက် လိမ်ပြော တတ်ကြပါတယ်။ လိမ်ပြော လိုက်ခြင်းဖြင့် ပိုကောင်းလိမ့်မယ်လို့ ယူဆတဲ့အတွက် လျှာဖျားက မုသားစကားထွက်လာရတာ ဖြစ်ပါတယ်။  


၂။ ရှောင်ထွက်ဖို့

အင်္ဂလိပ် ဘာသာစကားမှာ White Lie ကို အတိုချုပ်ပြောရရင် တစ်ဦးတစ်ယောက် အတွက် စိတ်မကောင်း မဖြစ်စေရန် ပြောကြားသော မုသားလို့ အဓိပ္ပာယ် ရပါတယ်။ ဒီမုသားမျိုးဟာ သူငယ်ချင်း၊ မိတ်ဆွေ တစ်ယောက် အတွက် ကာကွယ် ပေးတာမျိုး စတဲ့အခါမှာ သုံးတဲ့ မုသားမျိုး ဖြစ်ပါတယ်။

နောက်တစ်မျိုး ကတော့ ကိုယ်မလုပ်ချင်တဲ့ အလုပ်တစ်ခုကို မလုပ်ချင်တဲ့ အတွက် လိမ်ပြောတဲ့ မုသားပါပဲ။ ဒီမုသား နှစ်မျိုးစလုံးဟာ အခြေအနေတစ်ခု၊ တစ်စုံတစ်ခုမှ လုပ်ကိုင်ဖို့ ငြင်းဆန်တဲ့ သဘောတွေပါနေပြီး လူတွေဟာ အဲ့ဒီအခြေအနေ နှစ်မျိုး စလုံးနဲ့ကြုံလာ ရင်လည်း မုသားဆိုလိမ့်၊ ဆိုတတ်ကြောင်း သိစေအပ်ပါတယ်။  


၃။ အရှက်မကွဲစေဖို့

ဒီမုသားမျိုးဟာ အပေါ်ဆုံးက မုသားမျိုးနဲ့ ဆင်တူပါတယ်။ လူတွေဟာ သူတို့ အရှက်ကွဲတော့မယ် အခြေအနေမှာလည်း ထွက်ပေါက် ရလိုရငြား ရုန်းထွက်တဲ့ အနေနဲ့ မုသား ဆိုတတ်ကြပါတယ်။

 

၎။ သက်သေပြဖို့

လူတွေဟာ တစ်စုံတစ်ခု၊ ဖြစ်ရပ်မှန်တစ်ခု မှန်ကန်ကြောင်း သက်သေပြဖို့ ကြိုးစားတဲ့ အခါမှာလည်း လိမ်ညာ ခြင်းကို အားအင် တစ်ရပ်အဖြစ် အသုံးချ တတ်ကြပါတယ်။ အမှန်တစ်ဝက်၊ မုသားတစ်ဝက် ပြောသလိုမျိုးပေါ့။ ဒါပေမဲ့ မုသားတစ်ခုရဲ့ အနက်အရှိုင်းကို လျှော့မတွက်မိဖို့ အရေးကြီးပါတယ်။  


၅။ အသေးအဖွဲ

လူတွေဟာ အသေးအဖွဲလို့ ထင်ပြီး လိမ်ညာ တတ်ကြပါသေးတယ်။ လိမ်ညာခြင်းကို အသေးအဖွဲလို့ ထင်မှတ်နေပြီး တော့လည်း အသေးအဖွဲ ကအစ လိမ်ညာတတ်ကြပါတယ်။  


၆။ အချစ်၊ ကာမ ရဖို့

လူတွေဟာ သူတပါးရဲ့ အချစ်၊ ကာမယူဖို့အတွက်လည်း မုသား ဆိုတတ်ကြပါတယ်။ (ယေဘူယျအားဖြင့်) လူတစ်ယောက်ရဲ့ ကာမကို ရဖို့ မချစ်လည်း ချစ်တယ် ပြောတတ်ကြပါတယ်။ ယူဖို့ ဆန္ဒ မရှိလည်း အတည်အကျယူပါ့ မယ်ဆိုပြီး မုသားဆိုတတ်ကြပါတယ်။ လူတွေ မုသားအများဆုံး ထွက်တဲ့ အကြောင်းရင်းက အဲ့ဒီ အချစ်နဲ့ကာမ ရယူတဲ့နေရာမှာ ပါပဲ။ ဒီလို လိမ်ညာ နည်းကတော့ လိုချင်တာကို ရယူချင်တဲ့အခါ လိမ်လည်နည်းလို့ သတ်မှတ်ရမှာ ဖြစ်ပါတယ်။

 

၇။ အလိမ်ပြိုင်ပွဲဝင်

လူတွေဟာ သူတို့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ၊ သူငယ်ချင်း တွေနဲ့လည်း အလိမ်ပြိုင်တတ်ကြပါတယ်။ ခုခေတ် လူငယ်စကားနဲ့ ပြောမယ်ဆိုရင်တော့ "ကျပ်တယ်" "စားတယ်" ပေါ့။ ဘယ်သူက ဘယ်လောက် "ကျပ်နိုင်မလဲ" "စားနိုင်မလဲ" ဆိုပြီး မုသားပြိုင်ကြပါတယ်။


  ၈။ အပြစ်ကြောက်လို့

ဒါကတော့ လူတိုင်းနီးပါး လိမ်လည်ကြတဲ့ အကြောင်းရင်းတစ်ခုပါပဲ။ ယောက်ျားပဲဖြစ်ဖြစ်၊ မိန်းမပဲဖြစ်ဖြစ် ဇာတ်ပေါ်ဓားဝဲလာခဲ့ရင် များသောအားဖြင့် လိမ်လည်တတ်ကြပါတယ်။ ၀မ်းနည်းစရာကောင်းတဲ့ သတင်းက အသည်းမာတဲ့ ယောက်ျားတွေဟာလည်း အပြစ်ဒဏ်ကြောက်ပြီး လိမ်လည် တတ်ကြတဲ့အချက်ပါပဲ။ လူအတော်များများဟာ အပြစ်ကလွတ်ရင် ပြီးရော ဘာပဲဖြစ်ဖြစ် လိမ်လိုက်မယ် ဆိုပြီး လိမ်လည်တတ်ကြပါတယ်။  


၉။ မာနအတွက်

တချို့လူတွေဟာ သူတို့ရဲ့ မာနထိပါးခံရမှာ၊ ပျက်စီးသွားမှာ ကြောက်ပြီး လိမ်လည်တတ်ကြပါတယ်။ အဖြစ်အပျက် တစ်ခုဟာ မှန်နေသော်လည်း မာနမျက်နှာ ထောက်ပြီး ဇွတ်အတင်း လိမ်လည်တတ်ကြပါတယ်။  


၁၀။ ကာကွယ်ဖို့

နိဂုံးချုပ်ဆိုရရင် လူတွေဟာ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ အရ ထိခိုက်လာမယ့် ဘေးအန္တရာယ် အမျိုးမျိုးကနေ ကာကွယ်ဖို့အတွက်လည်း လိမ်လည်တတ်ကြကြောင်း ပြောကြားလိုပါတယ်။


ဒါကြောင့် အကြံပေးလိုတာက လိမ်လည်စကာပြောတတ်တဲ့ ချစ်သူ ရည်းစားကို ဝေးဝေးကနေ ရှောင်နိုင်ရင် ရှောင်ပါလို့။ မရှောင်နိုင်ဘူးဆိုရင်လည်း အလိမ်ခံလိုက်ပါ။ တချို့ကျတော့လည်း သိသိကြီးနဲ့ကို အလိမ်ခံနေတာတွေ ရှိသေးတယ်။ အလိမ်ခံပြီးကို ချစ်နေတာပေါ့။ မိမိသဘောအတိုင်း မိမိဆန္ဒအတိုင်းပါပဲ။ ဒါပေမဲ့ တစ်ခုတော့ အကြံပေးပါရစေ။ လိမ်တတ်တဲ့ ချစ်သူနဲ့တွေ့ရင် (သို့) လိမ်တတ်တဲ့ ချစ်သူရှိနေရင် သူပြောသမျှ စကားများကို ၁၀၀ ရာခိုင်နှုန်းများ မယုံလိုက်လေနှင့်။ မိမိမျက်စိနှင့် တပ်အပ်မြင်မှသာ ယုံကြည်လိုက်ပါလို့ ..... ။

 

Ref: 8 DAYS - A WEEK Journal (19 February - 26 February 2010 )

နှေးကွေးနေတဲ့ သင့် Laptop ကို မြန်ဆန်အောင်လုပ်ပေးမယ့် အချက် ၇ ချက်

သင့်ရဲ့ Laptop ဟာ ၀ယ်ခါစတုန်းကထက်စာရင် အလုပ်လုပ်တဲ့နေရာမှာ ပိုပြီးနှေးကွေးသွားပြီဆိုတာ သင်သတိပြုမိတယ်ဆိုပါစို့။ သင်ဘာလုပ်မလဲ။ အလုပ်လုပ်တာ ပိုမြန်မယ့် နောက်အသစ်တလုံး ထပ်ဝယ်ဖို့ကလည်း သင့်အတွက် ခက်ခဲကောင်း ခက်ခဲ နေပါလိမ့်မယ်။ အဲဒီအတွက် အကုန်အကျသက်သာမယ့် ပြုပြင်မွမ်းမံမှုတွေကို သင်ကိုယ်တိုင် ပြုလုပ်ရ တော့မှာပါ။ ဒါဆိုရင်တော့ အောက်မှာ ရေးသားထားတဲ့ အချက် ၇ ချက်ကို စမ်းသပ်လုပ်ကိုင်ကြည့်ပါ။ သင့် Laptop ပိုမိုမြန်ဆန်လာတာ တွေ့ရပါလိမ့်မယ်။

အောက်မှာဖော်ပြထားတဲ့အချက်တွေဟာ အမေရိကန်အခြေစိုက် Laptopမဂ္ဂဇင်းအဖွဲ့က လက်တွေ့ စမ်းသပ်ထားတဲ့ အချက်တွေပါ။ စမ်းသပ်တဲ့နေရာမှာ အင်မတန်နှေးကွေးတဲ့ xp နဲ့ vista ၀င်းဒိုးစနစ် သုံး Laptop နှစ်လုံးကို အသုံးပြုခဲ့ပါတယ်။

၁။ သင့် Laptop ကို memory (၀ါ) RAM ပမာဏထပ်တိုးပါ

RAM လို့ခေါ်တဲ့ memory ပမာဏထပ် တိုးတာဟာ အလွန်နှေးကွေးတဲ့ ကွန်ပြူတာတွေကို ပိုမို မြန်ဆန်အောင်လုပ်ပေးမယ့် နည်းများစွာထဲက တခုပါဘဲ။ RAM ထုပ်လုပ်တဲ့ Crucial စက်ရုံရဲ့အဆိုအရ ဆိုရင် ၀င်းဒိုးXP အတွက် RAM ပမာဏ အနည်းဆုံး 1GB ရှိရမှာဖြစ်ပြီး ၀င်းဒိုးVista အတွက်ကတော့ အနည်းဆုံး 2GB ရှိရမှာပါ။ RAM ပမာဏ ပိုများတာနဲ့အမျှ သင့်ကွန်ပြူတာဟာ ပိုမိုမြန်ဆန်လာမှာဖြစ်ပြီး ပရိုဂရမ်များကိုလည်း တပြိုင်တည်းအသုံးပြုနိုင်လိမ့်မယ်လို့ သိရပါတယ်။

Laptop မဂ္ဂဇင်းအဖွဲ့ရဲ့စမ်းသပ်မှုအရ 358 MB အရွယ်ရှိတဲ့ ဖိုင်တခုကို RAM ပမာဏ 1GB နှင့် zip ဖိုင်လုပ်ရာတွင် ၁ နာရီ ၄၅ မိနစ်ခန့်အချိန်ကြာခဲ့ပြီး RAM ပမာဏ 2GB နှင့်အစားထိုးစမ်းသပ်ရာတွင် ၁ နာရီ ၁၀ မိနစ်ခန့်သာ အချိန်ကြာခဲ့သည်။

၂။ ကွန်ပြူတာတွင်းရှိဖိုင်များကို Disk Defragmenter အသုံးပြုပြီးနေရာတကျစီပါ

သင့် Laptop ထဲကဖိုင်တွေကို တလမှာဘယ်နှစ်ခါ စီပေးရမယ်လို့တော့ အတိအကျပြောလို့မရပါ ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒါဟာ သင့်ရဲ့ကွန်ပြူတာအသုံးပြုမှုအချိန်ပမာဏပေါ်မူတည်ပြီးမှ ဆုံးဖြတ်လို့ ရမှာဖြစ်လို့ပါဘဲ။ သင့်ကွန်ပြူတာဟာ အသုံးပြုမှုများမယ်၊ Software တွေသွင်းလိုက်၊ဖျက်လိုက်မကြာ ခဏလုပ်မယ်ဆိုရင် ကွန်ပြူတာ Hard Disk ထဲမှာရှိတဲ့ ဖိုင်တွေဟာ ဟိုတစ ဒီတစနဲ့ပြန့်ကျဲနေပါလိမ့်မယ်။ အဲဒီအခါမှာ သင်က ကွန်ပြူတာကို ဖိုင်တခု(သို့)application တခုကို ဖွင့်ခိုင်းလိုက်မယ်ဆိုပါစို့။ သင့် ကွန်ပြူ တာဟာ သူ့ရဲ့ Hard Disk ထဲမှာရှိတဲ့ ပြန့်ကျဲနေတဲဖိုင်တွေထဲက သင်လိုချင်တာကို တစစီလိုက်ကောက် ပေးနေရတဲ့အတွက် အချိန်မကြာသင့်ဘဲကြာသွားရပါတယ်။ သင့်ကွန်ပြူတာထဲက ဖိုင်တွေကို စီပေးချင်း အားဖြင့် ဒီအချိန်ယူမှုကို လျော့ချနိုင်ပါတယ်။ အဲဒီအတွက် Start – All Programs – Accessories – System Tools ကိုအဆင့်ဆင့်သွားပါ။ System Tools ထဲက Disk Defragmenter ကို နှိပ်ပြီး သင့်ကွန်ပြူတာ Hard Disk ထဲက ဖိုင်တွေကို နေရာတကျစီပေးလိုက်ပါ။

Laptop မဂ္ဂဇင်းအဖွဲ့ရဲ့စမ်းသပ်မှုအရဆိုရင် ဖိုင်စီပြီးနောက်ပိုင်း ကွန်ပြူတာဖွင့်တဲ့နေရာမှာ ၀င်းဒိုး တက်တာ ပိုမြန်လာတာကိုတွေ့ရပါတယ်။ နောက်ပြီး ပရိုဂရမ်တွေကို ဖွင့်တဲ့နေရာမှာလည်း ပိုမိုမြန်ဆန် လာပါတယ်။ နောက်ထပ်စမ်းသပ်မှုတခုအနေနဲ့ 'find me.txt' လို့အမည်ပေးထားတဲ့ ဖိုင်တခုကို Hard Disk ရဲ့ အတွင်းကျကျနေရာမှာ သိမ်းဆည်းပြီး ကွန်ပြူတာကို ရှာခိုင်းခဲ့ပါတယ်။ ဖိုင်မစီပေးခင်တုန်းကဆိုရင် ရှာခိုင်းတဲ့ဖိုင်ကို တွေ့ဖို့ ၂၂ စက္ကန့်အချိန်ကြာပြီး ဖိုင်စီပြီးနောက်ပိုင်းရှာခိုင်းတဲ့အခါ ၆ စက္ကန့်သာ အချိန် ကြာခဲ့ပါတယ်။

၃။ သိပ်ပြီးအရေးမကြီးတဲ့ program တချို့ကို ပိတ်ထားပါ

တချို့ Laptop တွေဆို စဖွင့်လိုက်တာနဲ့တပြိုင်ထဲ ၀င်းဒိုးစနစ်နဲ့အတူ သင်သိပ်မသုံးတဲ့ပရိုဂရမ်တွေ အလိုလျှောက် အလုပ်လုပ်ပြီး ပွင့်လာပါတယ်။ ဒါကြောင့် ကွန်ပြူတာဟာ သင်မသုံးခင်ကတည်းက နှေး ကွေးသွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီ ပရိုဂရမ်တွေဟာ သင့်ကွန်ပြူတာရဲ့ RAM ပမာဏ တချို့နဲ့ CPU အားကို သုံးစွဲလိုက်လို့ဘဲ။ ဒါကြောင့် ကွန်ပြူတာစဖွင့်ဖွင့်ခြင်း ၀င်းဒိုးစနစ်နဲ့လိုအပ်တဲ့ system ဖိုင်တ ချို့ကိုသာ အလုပ်ပေးလုပ်စေသင့်ပါတယ်။ သိပ်အရေးတကြီးသုံးမှာမဟုတ်တဲ့ Google Talk, iTune, Quicktimeplayer တို့လို ပရိုဂရမ်ဖိုင်တွေကို ပိတ်ထားသင့်ပါတယ်။ အဲဒီလိုပိတ်ဖို့အတွက် ၀င်းဒိုးXP မှာ Start – Run ကိုနှိပ်ပြီးပေါ်လာတဲ့ အကွက်ထဲမှာ msconfig ဆိုပြီးရိုက်ထည့်လိုက်ပါ။ ပေါ်လာတဲ့ box ထဲက serviecs နဲ့ startup ဆိုတဲ့ခေါင်းစဉ်အောက်မှာ ကွန်ပြူတာဖွင့်ဖွင့်ချင်း အလုပ်မလုပ်စေချင်တဲ့ဟာတွေမှာ အမှန်ခြစ်ထားတဲ့ အမှတ်လေးတွေ့ရင် ကလစ်နှိပ်ပြီး ဖြုတ်လိုက်ပါ။ ၀င်းဒိုး Vista မှာဆိုရင်တော့ Search box ကနေ့တဆင့် သွားရောက်ချိန်ညှိရမှာပါ။

အဲဒီလိုချိန်ညှိတဲ့နေရာမှာ သင့်အနေနဲ့တခုသတိထားရမှာက ၀င်းဒိုးစနစ်အလုပ်လုပ်ဖို့ ကူညီပေးတဲ့ system ဖိုင်တွေကို သွားပြီးပိတ်မထားမိစေဖို့ပါဘဲ။ ဒါကြောင့် သင့်အနေနဲ့ ဘယ် program တွေကို ပိတ်ထားရမယ်ဆိုတာ မသေချာဖြစ်နေရင် အတန်အသင့် နားလည်တတ်ကျွမ်းတဲ့ မိတ်ဆွေတွေကို အကူညီတောင်းပြီး လုပ်ခိုင်းတာအကောင်းအဆုံးပါဘဲ။ မိတ်ဆွေကလည်း မကူညီနိုင်ဘူးဆိုရင်တော့ အင်တာနက်ပေါ်က အခမဲ့အသုံးပြုခွင့်ပေးထားတဲ့ PC Decrapifier (www.pcdecrapifier.com) ပရိုဂရမ်ကိုအသုံးပြုပြီး မလိုအပ်တဲ့ ပရိုဂရမ်တွေကို ပိတ်ထားသင့်ပါတယ်။ အဲဒီလိုချိန်ညှိလိုက်ခြင်းအားဖြင့် Laptop ရဲ့အလုပ်လုပ်နှုန်း ပိုမြန်လာတာကို တွေ့ရပါတယ်။

၎။ သင့် Laptop ရဲ့ စနစ်ပိုင်းဆိုင်ရာကို အကောင်းဆုံးဖြစ်အောင် ချိန်ညှိပါ

သင့် Laptop ဟာ သုံးစွဲတာကြာလာတာနဲ့အမျှ registry တွေအမှားတွေဖြစ်ပေါ်လာတတ်ပါတယ်။ ဒါမှမဟုတ် program တွေ, software တွေကို စနစ်တကျ ထည့်သွင်းခြင်း ဒါမှမဟုတ် စနစ်တကျ ဖယ်ရှားခြင်းတွေ မလုပ်တဲ့အတွက် စနစ်ပိုင်းဆိုင်ရာမှာ အမှားတွေဖြစ်လာပါတယ်။ ဒီအတွက်သင့် Laptop နှေးကွေးသွားပါလိမ့်မယ်။ ဒီစနစ်ပိုင်းဆိုင်ရာတွေချိန်ညှိဖို့ သင့်အနေနဲ့ ခက်ခဲကောင်းခက်ခဲနေမယ်ဆိုရင် တော့ ပိုက်ဆံအနည်းငယ် အကုန်ခံရပါလိမ့်မယ်။ အမေရိကန်ဒေါ်လာ ၅၀ တန်ဖိုးပေးဝယ်ရတဲ့ iolo System Mechanic 7 ပရိုဂရမ်ကိုအင်တာနက်ပေါ်ကတဆင့်ဝယ်ယူပြီးအသုံးပြုဖို့တိုက်တွန်းပါရစေ။

Laptop မဂ္ဂဇင်းအဖွဲ့ကနေ iolo System Mechanic 7 ပရိုဂရမ်အသုံးပြုပြီး ၀င်းဒိုး XP သုံး Laptop ကို စစ်ဆေးလိုက်တဲ့အခါ registry အမှားပေါင်း ၃၁၂ ခုနဲ့ Hard Disk ထဲမှာလည်း အမှားအယွင်း တွေရှိတာတွေ့ရပါတယ်။ အဲဒီအမှားတွေကို ပြန်လည် ပြင်ဆင်ပြီး စမ်းသပ်တဲ့အခါမှာတော့ XP ၀င်းဒိုးသုံး Laptop ဟာ အလုပ်လုပ်တဲ့နေရာမှာ အရင်ကထက် ၂ စက္ကန့်ပိုမြန်လာတာကို တွေ့ရပါတယ်။

တဆက်တည်း ၀င်းဒိုး Vista သုံး Laptop ကို စစ်ဆေးကြည့်တဲ့အခါ spyware ၂ ခု၊ registry အမှားပေါင်း ၁၅၄ ခုနဲ့ Hard Disk အမှားအယွင်းဖြစ်နေတာကို တွေ့ရပါတယ်။ အဲဒီအမှားတွေကို ပြုပြင် ပြီးနောက်တကြိမ်စက်ကို အသုံးပြုကြည့်တဲ့အခါမှာ အရင်ကထက် ၈ စက္ကန့်ပိုမိုမြန်ဆန်လာပါတယ်။

၅။ Search Indexing ကိုပိတ်ထားပါ

Search Indexing ကိုဖွင့်ထားမယ်ဆိုရင် သင့် Laptop နှေးကွေးသွားပါလိမ့်မယ်။ အဲဒါကို ပိတ်ဖို့အတွက် ၀င်းဒိုး XP နဲ့ Vista နှစ်ခုစလုံးမှာ နည်းလမ်းအတူတူပါဘဲ။ My Computer ကနေတဆင့် Hard Disk ဆီကိုသွားပါ။ Hard Disk အမှတ်အသားပေါ်မှာ မောက်စ် right click နှိပ်ပြီး Properties ကို နှိပ်လိုက်မယ်ဆိုရင် box တခုပေါ်လာပါလိမ့်မယ်။ General Tab အောက်က "Allow Indexing Service to index this disk for fast file searching" ကို အမှန်ခြစ်ထားတာတွေ့တယ်ဆိုရင် ဖြုတ်ပေးလိုက်ပါ။ ဒါဆိုရင် သင် Search Indexing ကို ပိတ်ပြီးသွားပါပြီ။

စမ်းသပ်မှုအရ Search Indexing ကိုပိတ်လိုက်ခြင်းအားဖြင့် ၀င်းဒိုး နှစ်ခုစလုံးမှာ စက္ကန့် ၃၀ ခန့် ပိုမိုမြန်ဆန်လာတာတွေ့ရပါတယ်။

၆။ သင့် Laptop ထဲက Spyware တွေကိုသတ်ပါ

Spyware ဆိုတာ သင်မသိအောင် သင့် Laptop ထဲမှာ အလုပ်လုပ်နေတဲ့ ဆော့ဖ်ဝဲတမျိုးပါဘဲ။ အဲဒီ Spyware အမျိုးအစားဆော့ဖ်ဝဲတွေက သင့်ကွန်ပြူတာထဲမှာ ဘာတွေရှိတယ်၊ သင်ဘာတွေလုပ်နေ တယ်ဆိုတာကို Spyware ထုတ်လွှတ်လိုက်သူထံ တိတ်တဆိတ်ပြန်လည်ပို့ဆောင်ပေးနေပါတယ်။ Spyware တွေဟာ အင်တာနက်ကနေတဆင့် သင့်ကွန်ပြူတာထဲကိုဝင်ရောက်လာတာများပါတယ်။ သင့် ကွန်ပြူတာထဲမှာ Spyware ရှိနေတဲ့အတွက် သင့်ရဲ့ပုဂ္ဂိုလ်ရေးလုံခြုံမှုကို ထိခိုက်သလို သင့်ကွန်ပြူတာကို လည်းနှေးကွေးစေပါတယ်။ အဲဒီ Spyware တွေကို ရှာဖွေဖော်ထုတ်ပြီးသတ်ဖို့အတွက် Spybot Search & Destroy ဆိုတဲ့ဆော့ဝဲကို (www.safer-networking.org/en) မှာဒေါင်းလုပ်ပါ။ ပြီးတော့ သင့်ကွန်ပြူ တာကို မကြာခဏစစ်ဆေးပေးလိုက်ရုံနဲ့ Spyware တွေရဲ့ရန်ကို အထိုက်လျှောက်ကာကွယ်ပြီးသားဖြစ် သွားသလို အလုပ်လုပ်တာလည်း ပိုမြန်သွားပါလိမ့်မယ်။

စမ်းသပ်မှုအရ အဲဒီအခမဲ့ရနိုင်တဲ့ Spybot Search & Destroy ဆော့ဖ်ဝဲဟာ Spyware တွေကို ရှာဖွေနှိမ်နှင်းပေးတာတွေရပါတယ်။ အဲဒီတော့သင့်ကိုလည်း Spybot Search & Destroy ဆော့ဖ်ဝဲအ သုံးပြုဖို့ ထောက်ခံပါတယ်။

၇။ စနစ်နောက်ကွယ်က သိပ်အရေးမကြီးတဲ့ update service တွေကိုပိတ်ထားပါ

သင့်ကွန်ပြူတာဟာ တခါတလေ သိပ်ပြီးအရေးမကြီးတဲ့ Google Earth, Google Toolbar နဲ့ တခြား Google နဲ့ပတ်သက်တာတွေကို သင့်နောက်ကွယ်မှာ update လုပ်ဖို့အလိုလျှောက်ကြိုးစားနေ တတ်ပါတယ်။ ဒါတွေဟာ ကွန်ပြူတာကို အလုပ်များစေတဲ့အတွက် လုပ်ငန်းလုပ်ရာမှာ နှေးကွေးသွားစေ ပါတယ်။ အဲဒါတွေကို ရှာဖွေပြီးပိတ်ဖို့ Run box ထဲမှာ services.msc ဆိုပြီးရိုက်ထည့်လိုက်ပါ။ သင့်ကွန် ပြူတာထဲမှာရှိတဲ့ service တွေပေါ်လာပါလိမ့်မယ်။ အဲဒီထဲက သင့်အနေနဲ့ မလိုအပ်ဘူးလို့ ယူဆတဲ့ဟာကို မော့က်စ် right click နှိပ်ပြီး properties ကို ခေါ်လိုက်ပါ။ properties box ထဲက startup type ဆိုတဲ့ ဘေးအကွက်ထဲမှာ manual ဒါမှမဟုတ် disable ကို ပြောင်းပေးလိုက်ပါ။ လက်တွေ့စမ်းသပ်မှုအရ ကွန် ပြူတာ ပိုမိုမြန်ဆန်လာတာတွေ့ရပါတယ်။

 

Ref: IT Journal

Friday, April 2, 2010

ဘော့စ်က ကိုယ့်ကိုစိတ်တိုင်းမကျဘူးတဲ့လား

အဲဒီအတွက် အောက်ကမေးခွန်းကလေးတွေကို ဖြေကြည့်ပေးပါဦး။ ပြီးရင် ဘောစ့် သဘောကျအောင် လုပ်ကြမယ်လေ။

သင့်ရဲ့ဘော့စ်က.....

- သင့်ကို ပုံမှန်အကဲဖြတ်တာမျိုး လုပ်လား။

- ရံဖန်ရံခါဆိုသလို နေ့လယ်စာအတူစားဖို့ခေါ်လား။

- အရေးကြီး အစည်းအဝေးတွေကြောင့် ကိုယ့်ကို အရေးတယူ အသိပေးလား။

- ထူးထူးချွန်ချွန် လုပ်ဆောင်မှုအပေါ် ဆုချလား။

- အခက်အခဲနဲ့ ရင်ဆိုင်နေရတဲ့အခါမျိုးမှာ ကိုယ့်ဆီက အကူအညီတောင်းလား။

ဘယ်အကွက်တွေမှာ အမှန်ဖြစ်လဲ။

တကယ်တမ်းအားဖြင့်တော့ အနည်းဆုံးအကွက် သုံးခုမှာ အမှန်ဖြစ်တာမျိုး ဖြစ်ရပါမယ်။ "အလုပ်ရှင်က ရာထူးတိုးမပေးရင်တောင်မှပဲ သူက သင့်ကိုသဘောကျတယ်ဆိုရင် ရှင့်အပေါ်မှာ သူက ကျိန်းသေလေးစားမှုရှိမှာပဲ" လို့အလုပ်လမ်းညွှန်ဆရာမ နီကိုးဝီလ်ယမ်ကပြောပါတယ်။

"တကယ်လို့ အလုပ်ရှင်က ကိုယ့်ကိုချီးကျူးတာမျိုးလည်း မလုပ်ဘူး။ ကိုယ့်အပေါ် အလေးထားတာမျိုးလည်း မရှိဘူးဆိုရင်တော့ ကိုယ့်အပေါ် သူအမြင်မကြည်တာ ထင်ရှားတယ်"

ဒီတော့ အလုပ်ရှင်ဆီမှာ မျက်နှာသာရဖို့အတွက် အောက်ဖော်ပြပါ နည်းဗျူဟာတွေကို ကျင့်သုံးနိုင်ပါတယ်။ ဒီဗျူဟာတွေက ဘယ်အလုပ်ရှင်အတွက်မဆို အကျုံးဝင်ပါတယ်။

(၁) ပြင်စရာရှိတာ ပြင်ပါ

'ကိုယ်က အလုပ်စောစော လာဖို့လိုလား။ တာဝန်ပိုယူဖို့ လိုမလား။ အ၀တ်အစားကို ပိုပြီး ပရော်ဖက်ရှင်နယ်ကျကျ ၀တ်ဖို့လိုနေလား။ ကိုယ့်ဟာကိုယ် တိုးတက်ကောင်းမွန်လာအောင် ချက်ချင်းလုပ်နိုင်တဲ့ အချက်သုံးချက်ကို စာရင်းချကြည့်ပါ' လို့ ၀ီလီယမ်က ပြောပါတယ်။ ဒါနဲ့မှ အဆင်မပြေသေးဘူးတဲ့လား။ ၀ီလီယမ်ကတော့ ယုံကြည်ရတဲ့ အခင်ဆုံးသူငယ်ချင်း တစ်ယောက်ယောက်ကို ကိုယ် ဘာလိုနေလဲဆိုတာ မေးပြီး အကြံဥာဏ်တောင်းကြည့်လို့ဆိုပါတယ်။

(၂) ကြယ်တစ်ပွင့်လိုနေပါ

ကိုယ့်ကိုယ်ကို မယုံကြည်တာမျိုး စိတ်မချတာမျိုး မဖြစ်ပါစေနဲ့။ 'ကိုယ်ဟာ မလုံခြုံဘူးဆိုတဲ့ ခံစားချက်မျိုးကို မလိုချင်ဘူး မဟုတ်လား' လို့ ၀ီလီယမ်က ပြောပါတယ်။

'ကိုယ့်တန်ဖိုးကို ကိုယ်တိုင်မှမယုံရင် ဘယ်သူက လာယုံမှာလဲ။ ကိုယ့်မှာ အစွမ်းအစရှိတယ်၊ တန်ဖိုးရှိတယ်လို့ ခံယူထားရမယ်'

(၃) အပြုသဘောဆောင်ပါ

မှန်ပါတယ်၊ ကိုယ် အကျပ်အတည်းနဲ့ ရင်ဆိုင်နေရတယ်၊ ဒါပေမဲ့ လုပ်ငန်းတာဝန်တွေကို 'ငါလုပ်နိုင်တယ'် ဆိုတဲ့ အမြင်နဲ့ပဲ ချဉ်းကပ်ပါ။ 'ဒီလိုတော့ဖြင့် အလုပ်ဖြစ်မှာ မဟုတ်ဘူး'ဆိုတဲ့ စိတ်ထားမျိုး မထားပါနဲ့။ ကိုယ်က အမြဲတက်တက်ကြွကြွ ရှိနေရင် လူကြီးက သဘောကျတာချည်းပါပဲ။ မဖြစ်နိုင်၊မတတ်နိုင်ဆိုတဲ့ လူမျိုးကို ဘယ်လူကြီးက သဘောကျမလဲ။

(၄) ဘက်စုံပါစေ

ကိုယ်ချစ်တဲ့သူနဲ့ နီးစပ်အောင် ကြိုးစားရတဲ့အခါမျိုးမှာ သူနဲ့ဝါသနာချင်း၊ စိတ်ဝင်စားတာချင်းတူတယ်ဆိုတာမျိုးနဲ့ ကြိုးစားရတဲ့အခါတွေလည်းရှိတတ်တယ် မဟုတ်လား။ ဘော့စ်တွေနဲ့ အဆင်ပြေအောင် လုပ်တာမှာလည်း အဲဒါမျိုး လုပ်နိုင်တာတွေရှိပါတယ်။ ကိုယ်က အပြေးပြိုင်ပွဲတစ်ခုအတွက် လေ့ကျင့်နေတာ၊ အများအကျိုးဆောင် လုပ်ငန်းတစ်ခုမှာ စေတနာ့ဝန်ထမ်း ၀င်လုပ်နေတာကို ဘော့စ်က သိသွားတဲ့အခါမျိုးမှာ သြော်..ဒီကလေးက တက်တက်ကြွကြွရှိသားပဲ၊ သူ့မှာ ရည်မှန်းချက်တွေရှိသားပဲဆိုပြီး ကိုယ့်အပေါ်ပိုပြီး အမြင်ကြည်လာနိုင်ပါတယ်။

Thursday, April 1, 2010

Are we really right for each other?

ဒီရည်းစားနဲ့ လမ်းခွဲသင့်ပြီ

ကိုယ့်သူငယ်ချင်း ကောင်မလေးတစ်ယောက် သူ့ရည်းစားကောင်လေးနဲ့ အဆင်မပြေတော့ဘူးတဲ့လား။ အဲဒါကိုသိဖို့ က လွယ်လွယ်လေးရယ်။ အချစ်ကြောင့်လည်း အသည်းကွဲရတတ်တာကိုနော်။ အချစ်ကြောင့် ပျော်ကြရ၊ မိုးမမြင် လေမမြင်ဖြစ်ရသလို ဒီအချစ်ကြောင့်ပဲ ကြေကွဲကြရတတ်တယ်လေ။ အချစ်ရေးနဲ့ပတ်သက်ပြီး ဆေးညွှန်းပေးနိုင်တဲ့ ဆရာဝန်ဆိုတာလည်းမရှိတော့ခက်တယ်။ ဒါပေမဲ့ ကံကောင်းတယ်လို့ပဲ ပြောရမလား။ ကိုယ့်ရဲ့ ဘ၀ဖော်အဖြစ် သိပ်မရည်မှန်းသင့်တဲ့ ကောင်လေးတွေကို အောက်ဖော်ပြပါအချက်တွေနဲ့ အကြမ်းဖျင်းတော့ အကဲခတ်နိုင်ပါတယ်။

(၁) သူက ကိုယ့်ရဲ့ မိုးကုပ်စက်ဝိုင်းကို ချဲ့မပေးတော့တဲ့အခါ

ဘယ်မှာ စားကြသောက်ကြမယ်လို့ ဆိုင်ရွေးတာ၊ ဘယ်နေ့တွေ့ကြမယ်လို့ချိန်းတာ၊ ကိစ္စ၀ိစ္စတွေအားလုံးကို စီစဉ်တာ နောက်ဆုံး ipod ထဲဘယ်သီချင်းတွေ ထည့်မယ်လို့ရွေးတာ စတာတွေအားလုံးမှာ ကိုယ်ကချည်း ဦးဆောင်နေရလား။ အဲဒါဆိုရင်တော့ ကိုယ့်ကောင်လေးကိုလည်း နည်းနည်းတာဝန်ယူခိုင်းသင့်ပြီ။ ဘ၀ဖော်ဆိုတာက ကျွန်းကိုင်းမှီ ကိုင်း ကျွန်းမှီဆိုသလို တစ်ဦးပေါ်တစ်ဦး မှီနေရတာမျိုး ဖြစ်ရမယ်။ ကိုယ်မသိသေးတာတွေကို သူက သင်ပေးရမယ်။ ကိုယ် က သူ့ရည်းစားလေး၊ သူ့လက်ထောက်၊သူ့ဆရာမမှ မဟုတ်တာ။အဲဒါကို မှတ်ထား။

(၂) သူငယ်ချင်းတွေက သူ့ကိုမကြိုက်

များသောအားဖြင့်တော့ ကောင်မလေးတွေက သူတို့သူငယ်ချင်းရဲ့ အချစ်ရေးမှာ ထဲထဲဝင်ဝင်စွက်ဖက်တာမျိုး သိပ်မရှိ ပါဘူး။ ဆိုတော့ သူငယ်ချင်းတွေက နင်တို့နှစ်ယောက်ဟာ ရိုမီယိုနဲ့ ဂျူးလိယက်လို နေနဲ့လ ရွှေနဲ့မြ မဟုတ်ဘူးလို့ ဆိုလာရင် ဒါအလေးထားရမည့်ကိစ္စပဲ။ သူတို့ပြောတာကို ကျွဲပါးစောင်းတီးမျိုး မလုပ်ပစ်နဲ့။ နားထောင်ပြီးတော့ သေ သေချာချာ စဉ်းစား။ အကျိုးနဲ့ အကြောင်းနဲ့ ရှင်းပြခိုင်း။ တစ်ခါတလေမှာ ကိုယ်မမြင်တာကို သူငယ်ချင်းတွေက မြင် တတ်တာမျိုး ရှိတတ်တယ်။

(၃) သူက နှိမ်တယ်

ကိုယ့်ရုပ်ရည်၊ ကိုယ့်အကြိုက်နဲ့ တခြားကိုယ့်ရဲ့ အားသာချက်တွေကို သူကနှိမ်တဲ့သဘောနဲ့ တိုက်ခိုက်ပြောဆိုတာမျိုး လုပ်လာရင်တော့ ဒါဟာသိပ်ပြီး ခွင့်မလွှတ်ချင်စရာပဲ။ အချစ်ရေးမှာ အရေးအကြီးဆုံးက တစ်ဦးတစ်ဦး လက်ခံဖို့ပဲ။ သူ က ရုပ်ရှင်မင်းသမီး တစ်ယောက်ယောက်ကို ရည်ညွှန်းပြီး အဲဒီမင်းသမီးရဲ့ ရုပ်ရည်၊ ကိုယ်နေဟန် စသဖြင့် အဲဒီတစ်ခုခု ကိုမှ သဘောကျတယ်လို့ ထပ်ခါတလဲလဲပြောနေရင်တော့ အဲဒီယောက်ျားနဲ့ ဘ၀တစ်သက်တာ ခိုင်ခိုင်မြဲမြဲ လက်တွဲ သွားဖို့ လွယ်ပါ့မလား။

(၄) သူက ကတိမတည်ဘူး

'စကားလုံးတွေဆိုတာ နှောင်ဖွဲ့မှုပဲ' ဆိုတာ Rapper တွေကတော့ ကောင်းကောင်းသိပါလိမ့်မယ်။ အချစ်ရေးမှာလည်း အလားသဏ္ဌာန်တူပါတယ်။ ကိတ်မုန့်ကလေးတစ်လုံး ၀ယ်လာခဲ့မယ်ဆိုပြီး တကယ်ကျတော့ ၀ယ်ဖို့မေ့လာတာက အရေးမကြီးပါဘူး။ ဒါမျိုးဆို ခွင့်လွှတ်ရမယ်။ ဒါပေမဲ့ အရေးကြီးတဲ့ကတိတွေ ပေးထားတာကိုတော့တည်ဖို့လိုတယ်။ အဲဒီလို မတည်ဘူးဆိုရင်တော့ ကိုယ့်ရဲ့ခံစားချက်ကို ကောင်လေးဘက်က အလေးမထားဘူးဆိုတာ ဖော်ပြနေပါတယ်။ ဒီလို မယုံကြည်ရတဲ့ ယောက်ျားမျိုးနဲ့ ဘယ်အမေကမှလည်း သဘောတူမှာ မဟုတ်ပါဘူး။

(၅) သူတို့ လူတွေနဲ့မိတ်ဆက်မပေးချင်ဘူး

 ကိုယ်က ကောင်လေးတစ်ယောက်နဲ့တွေ့ပြီး နှစ်ယောက်စလုံးပဲ တစ်ယောက်အပေါ် တစ်ယောက် ချစ်ကြိုးသွယ်မိ တာမျိုး ရှိတတ်တယ်။ အဲဒီအထိကတော့ ဘာမှပြဿနာမရှိပါဘူး။ ဒါပေမဲ့ နောက်ကျတော့ အကြောင်းတစ်ခုခုကြောင့် သူ့ကိုသူငယ်ချင်းတွေနဲ့ဖြစ်စေ၊ ကိုယ့်မိဘနဲ့ဖြစ်စေ မိတ်ဆက်ပေးဖို့ လိပ်ပြာ မလုံသလိုမျိုး ဖြစ်လာတယ်ပေါ့။ ဒါဘာ ကြောင့်လဲဆိုတော့ အကြောင်းအရာတစ်ခုခုနဲ့ ပတ်သက်ပြီး ကိုယ်က သူ့အပေါ်မလေးစားတော့လို့ပဲ။ အဲဒါနဲ့ ပတ် သက်ပြီးတော့လည်း ကိုယ့်စိတ်ထဲမှာ မသက်မသာ ခံဏားနေရလို့လည်းဖြစ်တယ်။ ကိုယ့်အတွဲကို သမီးရည်းစား စုံတွဲလို့ စိတ်ထဲမှာ ပြည့်ပြည့်၀၀ မခံစားရရင် ဒီနှစ်ယောက်ရဲ့ အချစ်ရေးဟာလည်း ဘယ်မှာ ဖြောင့်ဖြူးနိုင်တော့ မှာလဲလေ။

(၆) သူနဲ့မပျော်တော့ဘူး

ချစ်စခင်စ ကြင်နာစတုန်းကတော့ မိုးမမြင်လေမမြင်ပဲပေါ့။ ရန်ဖြစ်လိုက် ပြန်ချစ်လိုက်နဲ့လေ။တစ်ယောက်က စိတ် ကောက်၊ တစ်ယောက်က ပြန်ချော့နဲ့ ဒါကကိုပဲ အချစ်တိုးစေခဲ့တယ်။ ဒါပေမဲ့ အချိန်အတိုင်းအတာတစ်ခုကို ကျော် လာတော့ အဲဒါက ပျော်စရာမကောင်းတော့ဘူး။

တကယ်ဆို သူနဲ့ပြောရင်းဆိုရင်း ကိုယ်က ခိုးခိုးခစ်ခစ် ရယ်နေရမှာ။ အဲဒါမျိုး မဟုတ်တော့ဘူးဆိုရင် အနေအထားက သိပ်မဟန်တော့ဘူး။ ဒီဟာက ရေရှည် ချစ်ခရီးအတွက် ရေခံမြေခံကောင်း မဟုတ်ဘူး။

(၇) သူ့အတွက် လိုက်တောင်းပန်နေရတဲ့အခါ

သူ့ရဲ့အပြုအမူနဲ့ပတ်သက်ပြီး အမြဲတမ်းပဲ သူငယ်ချင်းတွေကို လိုက်တောင်းပန်နေရရင် ပိုဆိုးတာက ကိုယ့်ဟာကိုယ်ပါ စိတ်လျှော့ပြီး စိတ်ထဲ ဆင်ခြေပေးနေရပြီဆိုရင် ကိုယ့်အချစ်ရေးမှာ တစ်ခုခုတော့ အကြီးအကျယ်မှားနေပြီ။ လူကောင်း တစ်ယောက်ဆိုရင် ကိုယ်ကသူ့အတွက် ကြားဝင်ပြီး ဘာမှတောင်းပန်ပေးနေဖို့ လိုမှာမဟုတ်ဘူး။ လူကောင်းတစ် ယောက်ဟာ ကောင်းဆိုးကျိုးပြစ်ကို ဝေဖန်ပိုင်းခြားနိုင်စွမ်း ရှိတယ်လေ။

ချစ်ရတဲ့ သူငယ်ချင်းကောင်မလေးများအတွက်ရည်ရွယ်ပါတယ်။ ဆင်ခြင်ကြည့်နိုင်ကြပါစေလို့ ဆုတောင်းပေး ပါရဲ့နော်။

လိင်တူစိတ်ဝင်စားမှုနဲ့ လူငယ်တွေရဲ့အမြင်

ဒီအင်တာဗျူးလေးကိုတော့ ကမ္ဘာကျော် အမေရိကန်အဆိုတော် စင်ဒီလောဘတ်ရဲ့ True Colours လို့ခေါ်တဲ့ စစ်မှန်တဲ့အရောင် သီချင်းလေးနဲ့ စတင်ထားပါတယ်။ လူမှု့အသိုင်းအဝိုင်းမှာရှိနေတဲ့ လိင်တူချင်းစိတ်ဝင်စား သူတွေရဲ့ အခက်အခဲ၊ ခံစားချက်တွေကို လူသားတဦးအနေနဲ့ နားလည်ကူညီဖေးမတဲ့ အကြောင်း ရေးဖွဲ့ထားတဲ့ သီချင်းကို အမ်ပီစီ ရုပ်မြင်သံကြားအစီအစဉ်မှာ သီဆိုသွားတာပါ။

 အမေရိကန်လို လူ့အခွင့်အရေးတွေ လေးစားလိုက်နာပါတယ်ဆိုတဲ့ နိုင်ငံမှာတောင် လိင် တူချင်း စိတ်ဝင် စားသူတွေရဲ့ အခွင့်အရေးအတွက် တိုက်ပွဲဝင်လှုပ်ရှားနေရဆဲဘဲ့လို့ အဆိုတော် စင်တီလောဘတ်က ပြောပါ တယ်။

 ဒီနေ့ခေတ်မှာ လိင်တူချင်းစိတ်ဝင်စားသူတွေဟာ ပညာတတ်အသိုင်းအဝိုင်းနဲ့ အနုပညာရှင် အသိုင်းအဝိုင်းတို့ မှာသာမက လူ့အခွင့်အရေးလှုပ်ရှားသူတွေအဖြစ် ထင်ထင်ရှားရှား ရပ်တည်လာ ကြပါတယ်။ ဒါပေမယ့် သူတို့တွေနဲ့ပတ်သက်လာရင် လူ့အသိုင်းအဝိုင်းအတွင်းမှာ ကန့်သတ်မှုတွေ ကလည်း အတော်လေး ကြီးကြီးမား မား ရှိနေပါတယ်။ Buddha ရဲ့ တရားတော်အရဆိုရင် ဂေါတမ မြတ်စွာဘုရား မတိုင်ခင်ကတည်းကိုက ယောင်္ကျားစိတ်ပေါက်နေသူနဲ့ မိန်းမစိတ်ပေါက်နေသူတွေ ရှိနေပါတယ်။ ဒါကြောင့် ဘာသာရေးနဲ့ ဆေးပညာ ရှုထောင့်ကနေပြီးတော့ လိင်တူချင်းစိတ်ဝင်စား သူတွေ ဘာကြောင့်ဖြစ်လာသလဲဆိုတဲ့ သုံးသပ်ချက်တွေ အမျိုး မျိုးရှိနေပါတယ်။

 ထိုင်းနိုင်ငံ၊ချင်းမိုင်မြို့အခြေစိုက် မြန်မာနိုင်ငံလူ့အခွင့်အရေးပညာပေးရေးဌာနရဲ့ ညွန်ကြားရေးမှုးလည်း ဖြစ်၊ လိင်တူချင်းစိတ်ဝင်စားသူတဦးလည်းဖြစ်တဲ့ ကိုအောင်မျိုးမင်းကတော့ " ဒါက နဂို ကတည်းက ရှိလာ တဲ့အရာတွေ ဖြစ်တယ်။ ဒါပေမယ့် ဒါကို ကိုယ်ကနေ သတိထားမိပြီးတော့ လက် ခံလာတာရယ်၊ ဒါကို ပွင့်ပွင့် လင်းလင်း ပြောလာတာရယ် အဲလိုအဆင့်မျိုးပဲ ရှိတယ်။ ကျနော်တို့က ရှိပြီးသားတခုကို ချက်ချင်းပြောင်းလဲတာ မဟုတ်ဘူး။ နဂိုကတည်းကိုက ဒီဟာမျိုး ရှိတယ်။ ဘာ ဖြစ်လို့ ဒီလိုဖြစ်လာတာလဲ၊ ဘာကြောင့် လိင်တူချင်း ချစ်တာဆိုတဲ့ အကြောင်းအရာကိုတော့ တ ယောက်နဲ့တယောက် အခုအချိန်အထိ အငြင်းပွားတုန်းဘဲ့။ သေချာ တာတခုကတော့ အရင်တုန်း က သတ်မှတ်ထားတဲ့ လိင်တူချင်းချစ်တယ်ဆိုတဲ့ဟာက စိတ်ဝေဒနာတစ်ခု မဟုတ် ဘူးဆိုတာကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကိုယ်တိုင်ကိုက အသိအမှတ်ပြုပြီးသား။ ကုသမှုလိုတဲ့ ရောဂါပုံစံမျိုးလည်း မဟုတ်ဘူး။ ဒါက စိတ်သဘောထားပြောင်းလဲမှုလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အတိအကျ ပြဌာန်း ထားတယ်။ အဲတော့ တယောက်နဲ့တယောက် ဘယ်လိုမျိုး ဖြစ်လာလဲ၊ ဘာကြောင့် ဖြစ်လာလဲဆို တာ တယောက်နဲ့ တယောက် မတူပေမယ့် သေချာတာကတော့ ဒါက စိတ်မမှန်တဲ့စိတ်ရောဂါတခု မဟုတ်တာတော့ သေချာပါ တယ်။

အခုအချိန်ထိ လူ့အဖွဲ့အစည်းတော်တော်များများက လိင်တူချင်းစိတ်ဝင်စားသူတွေဆိုပြီး ကျယ်ကျယ်ပြန့်ပြန့် လက်ခံ အသိအမှတ်ပြုဘို့ ခက်ခဲနေပါတယ်။ ဒါကြောင့် ဘယ်လိုအကျိုးဆက် တွေ ဖြစ်လာပါသလဲ။ ထိုင်းနိုင်ငံ ကိုရောက်နေတဲ့ ခေတ်ပညာတတ် မြန်မာလူငယ်ကိုမျိုး ပြောပြ တာကတော့ " မြန်မာပြည်မှာက လူတွေရဲ့အသိုင်း အဝိုင်းက လက်မခံဘူး။ လက်မခံတဲ့အခါကျ တော့ သူတို့က ဘယ်လိုလဲဆိုရင် သူတို့အသိုင်းအဝိုင်းက သူတို့ သက်သက်၊ အလှပြင်တဲ့ အလှဖန် တီးရှင်၊ ဗြူတီပါလာဖွင့်စားတဲ့သူတွေ၊ စိန်ရွှေရတနာပိုင်ရှင်ကုန်သည်တွေ၊ အဲလိုမျိုးတွေက သက်သက်၊ သူတို့အသိုင်းအဝိုင်းက ဒီလိုအသိုင်းအဝိုင်းမျိုးပေါ့လေ။ တခြားလူတွေက တခြားလူ တွေ သက်သက်။ အဲလိုမျိုး ဟက်ဟက်ပက်ပက်လည်း မရှိကြဘူး။ တချို့ကလည်း သူ့ဟာနဲ့သူပဲ နေတယ်။ အဲ လိုမျိုး အသိုင်းအဝိုင်းမှာ မရပ်တည်နိုင်တဲ့သူတွေကြတော့လည်း ဗမာပြည်မှာတော့ "အပုန်းမ" ခေါ်တယ်ပေါ့။ အပုန်းမဆိုတာက အပြင်ပန်းကတော့ အဝတ်အစားအပြင်အဆင်မှာတော့ ယောက်ျားပဲ။ ဒါပေမယ့် သူဟာ မိန်းမ စိတ်တွေ ရှိတဲ့လူ၊ အဲလိုမျိုးတွေ ရှိတယ်။

ကိုအောင်မျိုးမင်းရဲ့ အတွေ့အကြုံမှာ ဆိုရင်လည်း " ကျနော်တို့ ဒီလိုမျိုး လိင်တူချင်းချစ်တဲ့ သူတွေ အပေါ်မှာ ဖိအားတွေကတော့ ဟိုးအရင်ကတည်းက ရှိခဲ့ပါတယ်။ ဒီယဉ်ကျေးမှုအရ လက်မ ခံနိုင်ဘူးဆိုတာတွေ၊ အဲတော့ ကျနော်တို့ အများဆုံး ကြုံတွေခဲ့ရတာတွေကတော့ ဒါကတော့ ဘယ် ဘာသာမှ ဒီလိုမျိုး လိင်တူချင်း ချစ်တဲ့သူတွေကို အားမပေးဘူးဆိုတဲ့ ဖိအားတွေ အများကြီး ရှိလာ တယ်။ နောက် ထုံးတမ်းစဉ်လာအရ ပြော ကြားတယ်ဆိုတဲ့နေရာမှာ ဒီလိင်တူချင်းချစ်တဲ့သူတွေက အရင်ဘ၀တုန်းက ဖောက်ပြန်ခဲ့လို့ ဖြစ်တယ်ဆို တဲ့အကြောင်းအရာတွေ၊ နောက် စိတ်အနေ အထားမမှန်ဘဲနဲ့ စိတ်ဝေဒနာရှင်တွေလို မြင်တဲ့အရာတွေ အရင် တုန်းက အများကြီးရှိခဲ့တယ်။ အဲဒါ ကြောင့်မို့လို့ လိင်တူချစ်သူတွေအနေနဲ့ သူတို့ရဲ့ဘဝကို ထုတ်ဖော် မပြောရဲတာတွေ ဖြစ်နေတဲ့အ ပေါ်မှာ သူတို့အနေနဲ့ ဒါကို စိတ်ထဲမှာ သိမ်ငယ်မှုတွေ ဖြစ်နေတဲ့ဟာတွေ၊ တချို့ ဆိုရင် ဒါကို သိမှာ ကြောက်လို့ တခြားသူတွေကို ဖုံးကွယ်ရင်း၊ ဖုံးကွယ်ရင်းနဲ့ လူ့အသိုင်းအဝိုင်းကနေ ကင်းကွာ သွား ပြီးတော့ တခါတလေ မူးယစ်ဆေးဝါးစွဲတဲ့သဘောမျိုးဖြစ်တဲ့ အကြောင်းအရာတွေ ဖြစ်လာတယ်။"

ဒါ့အပြင် ကျန်းမာရေးရှုထောင့်အရပါ စိုးရိမ်စရာတွေ ဖြစ်လာတယ်လို့ ကိုမျိုးက ဆိုပါတယ်။

ပွဲတော်တွေပေါ့။ ဥပမာ- မြန်မာပြည်မှာရှိတဲ့နတ်ပွဲတွေ၊ ဆယ့်နှစ်လရာသီပွဲတော်တွေမှာ များသောအား ဖြင့် အဲလိုအခြောက်ကပွဲတွေ ရှိတယ်လေ။ မိန်းမလျာကပွဲတွေ ရှိတယ်။ အဲဒီမိန်းမလျာကပွဲတွေမှာ များသော အားဖြင့် မူးပြီးတော့ အဲဒီမှာ အဖော်ရှာတယ်၊ အိပ်ဖော်ရှာတယ်ပုံစံမျိုး ပေါ့၊ အဲလိုမျိုးတွေ လုပ်ကြတယ်။ ပြီးတော့ သူတို့က ပုန်းလျှိုးကွယ်လျှိုးတွေ လုပ်ရတဲ့အခါမှာ သူတို့ က ဘယ်လိုမျိုးလဲဆိုတော့ ကျန်းမာရေးနဲ့ပတ်သက်လို့ အဲလိုပေါ၊့ ကွန်ဒုံးမသုံးတာတေ၊ွ အဲလိုမျိုး တွေ ရှိတယ်။ နောက်ပြီးတော့ ပေါင်းသင်းဆက်ဆံရေး အပိုင်းမှာကျတော့လည်း ဂေးတွေဆိုလို့ရှိရင် လူတွေက တဆင့်နှိမ့်ထားတယ်သဘောမျိုးပေါ့။ လူစဉ်မမှီဘူး၊ လူသားမစစ်ဘူးဆိုတဲ့သဘောမျိုး ဆက်ဆံတယ်လေ။ အဲတော့ သူတို့မှာလည်း သိမ်ငယ်စိတ်တော့ ရှိတယ်။"

ပတ်ဝန်းကျင်အသိုင်းအဝိုင်းရဲ့ ဖယ်ကြဉ်တာကို ခံရပေမယ့် သိမ်ငယ်စိတ်ကို ပယ်ဖျောက် ပြီး ယုံကြည် ချက်၊ ခံယူချက်တွေနဲ့အတူ ကြိုးစားခဲ့တဲ့အတွက် အာဆီယံဒေသအတွင်းမှာ လူ့အခွင့် အရေး ဦးဆောင်လှုပ် ရှားနေသူတဦးအဖြစ် အများက လက်ခံအသိအမှတ်ပြုလာတာကို ကိုအောင်မျိုးမင်းက အခုလို ပြောပြပါတယ်။

"ကိုယ်ကိုယ်တိုင်က ငါမမှားဘူးဆိုတဲ့ စိတ်ဓါတ်မျိုးကို ယူပြီးတော့ ဒီဟာတွေကို ရင်ဆိုင် လာတဲ့အခါမှာ ကိုယ်က ဒါကိုကျင့်သားရလာတယ်။ တချိန်တည်းမှာဘဲ့ ကိုယ့်အပေါ်မှာအချင်းချင်း နားလည်တဲ့သူတွေက ပိုလာ တယ်။ ကျနော်တို့ပြဿနာတခုက ဒီဟာကို ဆွေးနွေးနိုင်မယ့်သူတွေ၊ ဒီဟာကို မမှားပါဘူးဆိုပြီးတော့ ရှေ့ကနေ ထိုးထွင်းဖောက်ပြီးတော့ ပြောပြနိုင်တဲ့သူတွေ မရှိတဲ့အ တွက် ပတ်ဝန်းကျင်ကအမြင်တွေ အရင်က မှားယွင်း ခဲ့တာ ရှိခဲ့တယ်။ ဒါပေမယ့် ဒါတွေကို သေသေ ချာချာ ရှင်းပြပြီးတော့ လူတိုင်းက သူတို့ထင်သလို မဟုတ်ပါ ဘူးဆိုတဲ့ စံပြပုံစံမျိုး လုပ်လာတဲ့အခါ မှာ တချို့လူတွေက အရင်တုန်းက အမြင်မှားပေမယ့်  နောက်ပိုင်းကိုယ့်ကို လက်ခံလာကြတဲ့ဟာ တွေ ရှိတယ်။ အဲဒါတွေက ကျနော်တို့အတွက် အားအတွက် ဖြစ်လာတယ်။"

ထိုင်းနိုင်ငံလို လူ့အခွင့်အရေး လေးစားလိုက်နာတဲ့ ပတ်ဝန်းကျင်ရှိနေတဲ့အတွက် လိင်တူ ချင်း စိတ်ဝင်စား သူတွေဟာ လူ့အဖွဲ့အစည်းကို ဘယ်လိုအကျိုးပြုနိုင်သလဲဆိုတာ ပြသခွင့်ရတယ် ဆိုတာ သူက အခုလို ရှင်းပြ ပါတယ်။

ထိုင်းနိုင်ငံမှာ ဒီလိင်တူချင်းချစ်တဲ့သူတွေအပေါ်မှာ လက်ခံမှုဘာကြောင့် ပြောင်းလာသလဲ ဆိုတော့ သူတို့မှာ မြန်မာနိုင်ငံလို ဒီလိင်တူချစ်တဲ့သူတွေအပေါ်မှာ ဥပဒေအရ အပြစ်ပေးတဲ့ပုဒ်မ (၃၇၇) ဆိုတာ သူတို့မှာ လုံးဝမရှိခဲ့ဘူး။ ဒါက အရင်တုန်းက ကိုလိုနီခေတ်တုန်းက ကျန်ခဲ့တဲ့ဥပဒေ ဟောင်းဖြစ်တယ်။ အဲတော့ ဥပဒေရဲ့ သက်ရောက်မှုက လုံးဝမရှိဘူး။ နောက်တခါ သူတို့ရဲ့ Social ကြားထဲမှာဆိုလို့ရှိရင် ထိုင်းနိုင်ငံက Sexual Orientation လို့ ခေါ်တဲ့ လိင်စိတ်သဘောထား ခံယူ ချက်နဲ့ပတ်သက်လို့ သူက တော်တော်လေး ပွင့်ပွင့် လင်းလင်းရှိတယ်။ နောက်တခါ ကျောင်းတွေ မှာလည်း ဒီအကြောင်းကို တော်တော်လေး ပွင့်ပွင့်လင်း လင်းပြောနိုင်တဲ့ အရာတွေရှိတယ်။ နောက် တခါမှာ ဒီလိင်တူချစ်တဲ့သူတွေထဲမှာ ဆိုလို့ရှိရင်လည်း ကျနော်တို့ မြန်မာပြည်မှာလို့ ဒီဆံပင်ညှပ် တဲ့၊ ရှောက်သီးဆေးပြားနဲ့ နတ်ကတော် ဆိုတဲ့အရာမျိုးမဟုတ်ဘဲနဲ့ ဒီအကြောင်းကို လူ့အခွင့်အရေး ရှုထောင့်ကနေ မြင်ပြီးတော့ ဒီဟာကို လူ့အခွင့်အရေးရှုထောင့်တရပ်အနေနဲ့ လှုံ့ဆော်တဲ့သူတွေ တော်တော်များလာတယ်။ အဲတော့ အဲဒီလူတွေကနေ လိင်တူချင်းချစ်တဲ့သူတွေကလည်း လူတွေပဲဖြစ်တယ်။ အဲတော့ လူသားတွေအားလုံးက ဘယ်အရာမှ ခွဲခြားမှုမရှိဘဲနဲ့ တန်းတူခံစားခွင့်ရှိ တယ်ဆိုတဲ့ အတွေးအမြင်တွေ၊ ဒါတွေကို ရေးသားချက်တွေ၊ ရေဒီယိုထဲကနေ လွတ်လွတ်လပ်လပ် ထုတ်ဖော်ပြောဆိုမှုတွေဟာ လူတွေကြား ထဲမှာ အခုနကလို ဒီမုန်းတီးမှုတွေ၊ အထင်အမြင် လွဲမှားမှုတွေ မရှိတဲ့ပုံစံမျိုးတွေ ဖြစ်လာတယ်။"

ရန်ကုန်က လူငယ်တဦးကလည်း မြန်မာပြည်မှာ စာပေလွတ်လပ်ခွင့်အပါအဝင် အခြေခံလူ့ အခွင့်အရေးတွေ အပြည့်အဝရမယ်ဆိုရင် ဒီနေ့ခေတ်မြန်မာလူငယ်တွေအနေနဲ့ နားလည်လက်ခံ လာနိုင်မှာ ဖြစ် တယ်လို့ ပြောပါတယ်။

"အခုနောက်ပိုင်းမှာ အပြောင်းအလဲလေး နည်းနည်းလေးဖြစ်တယ်ဗျာ့။ အဲဒါ ဘာလဲ ဆိုလို့ ရှိရင် လူငယ် တွေကြားထဲမှာဘဲ့ ဒီဟာနဲ့ပတ်သက်ပြီးတော့ ပြဿနာတရပ်လို့ မမြင်ကြတော့တဲ့ လူငယ်တွေ ရှိလာတယ်။ ဒါပေမယ့် ဒီကိစ္စကို ပြဿနာတရပ်အဖြစ် မမြင်ကြတော့တာဟာ လူငယ် တွေကိုယ်တိုင်ကိုက လူသားဆန် တဲ့အတွေးလေး တွေးမိလို့ဘဲ့။ အော်….. သူမှာလည်း ငါတို့လိုဘဲ့ မျှော်လင့်ချက်တွေ၊ ခံစားချက်တွေ၊ ငါတို့နဲ့ မတူပေမယ့်လို့ ငါတို့လိုမျိုး ခံစားချက်၊ မျှော်လင့်ချက် တွေ ရှိနေလိမ့်မယ်ဆိုတဲ့ လူသားဆန်တဲ့ အတွေး အခေါ်ကြောင့်သာ ဖြစ်လာတာ ဖြစ်တယ်။ အခု ကျနော်တို့ ရန်ကုန်မှာရှိတဲ့ လူငယ်တွေရဲ့အနေအထားက အပြင်ကို ထွက်ကြည့်ချင်တယ်။ ထွက် ချင်ကြတယ်။ ဒါပေမယ့် ဖောက်ထွက်လို့မရသေးဘူး။ အဲတော့ ခြေဖျား လေးထောက်ပြီး လှမ်းမျှော် မျှော် ကြည့်နေရတယ် အခါကျတော့ လက်ခံသလားဆိုတဲ့ဥစ္စာကလည်း ပီပီပြင်ပြင် ပေါ်မလာသေး ဘူး။ အဲဒါဖြစ်ရင် ဟိုတုန်းကလိုဘဲ့ အတွေးအခေါ် အဟောင်းတွေနဲ့ ဒီလိုလူစားမျိုးတွေအပေါ်မှာ ချိုးနှိမ်နေတုန်းဘဲ့လား ဆိုတော့ အဲလိုလည်း မဟုတ်ဘူး။ ကြားခုလပ်ကိုရောက်နေတယ်ပေါ့ဗျာ။ အဲတော့ ဒီလို အချိန်မျိုးမှာ တကယ်လို့များ ထိုက်သင့်တဲ့ စာပေလွတ်လပ်ခွင့်နဲ့ ကိုယ့်ခံစားချက်တွေ ကို လွတ်လွတ်လပ်လပ် ထုတ်ဖော်ခွင့်ရတဲ့ စနစ်တရပ်မျိုးက ဖြစ်လာမယ်ဆိုလို့ရှိရင် ကျနော်ထင် တယ်ဗျာ့၊ ယနေ့ခေတ်လူငယ်တွေ အနေနဲ့ ဒီကိစ္စကို ပြဿနာတရပ်လို့ မမြင်တဲ့အပြင် မှားယွင်းတဲ့ အတွေးအခေါ်တခုလို့လည်း မြင်တော့မှာ မဟုတ်ဘူး"။

ကမ္ဘာမှာ တိုးတက်ဖွံ့ဖြိုးမှုအရှိဆုံး နိုင်ငံတွေ ဖြစ်တဲ့ အမေရိကန်၊ ဥရောပမှာဆိုလို့ရှိရင် လည်း သမ္မတ၊ ဝန်ကြီးချုပ်နေရာတွေအတွက် ဝင်ရောက်ယှဉ်ပြိုင်ကြသူတွေဟာ လိင်တူချင်း စိတ် ဝင်စားသူတွေရဲ့အရေးတွေကို မဖြစ်မနေ ထည့်သွင်းပြောဆိုလာရပါတယ်။ ဒီလူတွေအပေါ်မှာထားတဲ့ သူတို့ရဲ့အမြင်တွေကို ကြည့်ပြီး ခေါင်းဆောင်တစ်ဦးအနေနဲ့ အမြင်ကျယ်မှု ရှိ၊ မရှိ ဆိုတာကို ပြည် သူတွေက ဆုံးဖြတ်လာကြပါတယ်။ ဒါကြောင့် နိုင်ငံတကာရေစီးကြောင်းမှာတော့ လိင်တူချင်း စိတ် ဝင်စားသူတွေရဲ့အရေးကို တဖြည်းဖြည်းနေရာပေးလာတာကို တွေ့မြင်နေကြရပါတယ်။

 မှတ်ချက်။       ။ အထက်ပါ မေးမြန်းဆွေးနွေးမှုမှာ RFA အပတ်စဉ်ကဏ္ဍ၊ ခေတ်လူငယ် အစီအစဉ်တွင် ထုတ် လွှင့်သော လိင်တူစိတ်ဝင်စားမှုနှင့် မြန်မာလူငယ်တွေအမြင် ဟူသောခေါင်းစဉ်အောက်မှ ဆွေးနွေးမေးမြန်းမှု အစီအစဉ်ဖြစ်ပါတယ်။

Ref: http://www.coloursrainbow.com