Monday, October 31, 2022

မြ၀တီမင်းကြီးဆရာတော်၏ ထေရုပ္ပတ္တိအကျဉ်း

 မြ၀တီမင်းကြီးဆရာတော်၏ ထေရုပ္ပတ္တိအကျဉ်း

___________________




[သွန်းနေစိုး စုစည်းပူဇော်သည်]


မြ၀တီမင်းကြီးကျောင်းဆရာတော် ဦးအရိယဝံသာဘိဝံသ ကို  အောက်တိုဘာလ ၂၈၊ ၁၉၅၁နှစ် မှာ မွေးဖွားခဲ့ပြီး ငယ်မည်မှာ မောင်အောင်လှိုင် ဖြစ်ပါတယ်။ ဆရာတော်အလောင်းလျာကို မန္တလေးတိုင်း မြင်းခြံခရိုင် ငဇွန်မြို့နယ်၊ ငမြာကြီးကျေးရွာမှာ ဖခင် ဦးချက်နဲ့ မိခင် ဒေါ်အုန်းတင်တို့မှ မွေးဖွားခဲ့ပါတယ်။


မွေးဖွားရာဇာတိဖြစ်တဲ့ ငမြာကြီးကျေးရွာမှာပဲ မူလတန်းနဲ့ အလယ်တန်းအဆင့်ကို ပညာသင်ကြားခဲ့ပြီး 

အထက်တန်းကျောင်းကတော့ ရွာမှာ မရှိတဲ့အတွက် မြင်းမူမြိုက ကျောင်းဆီ ဆက်လက်ပညာသင်ကြားခဲ့ရပါတယ်။


ဆရာတော်လောင်းလျာဟာ ၁၉၆၈ ခုနှစ်မှာ ဆယ်တန်းစာမေးပွဲကို AList ကနေ နှစ်ချင်းပေါက်အောင်မြင်ခဲ့ပြီး ဆရာတော် ဆယ်တန်းအောင်ချိန်မှာ ၁၆နှစ်သားသာ ရှိပါသေးတယ်။ ဆယ်တန်းအောင်ပြီး တက္ကသိုလ်လျှောက်တော့ မြစ်ကြီးနားကောလိပ်မှာ မြန်မာစာ အဓိကနဲ့ တက်ရောက်သင်ကြားခွင့်ရခဲ့ပေမဲ့ မိဘကလည်း ချို့တဲ့တာကြောင့် တက္ကသိုလ် မတက်တော့ပဲ ကျောင်းဆရာအလုပ်ကိုသာ လျှောက်ထားခဲ့ပါတယ်။


ဒီလိုနဲ့ ငဇွန်မြို့နယ် ပညာရေးမှူးဆီမှာ အရ့မူလတန်းပြဆရာအဖြစ် ခန့်ထားခြင်းခံရပြီး ငဇွန်မြို့ရဲ့ အနောက်တောင်ဘက် ၂မိုင်ခန့်ဝေးတဲ့ သံကုန်းရွာမှာ မူလတန်းပြဆရာလေးအဖြစ် စတင် လုပ်ကိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ဆရာတော်လောင်းလျာဟာ အဲ့ဒီအလုပ်ကို ၃လခန့်သာ လုပ်ကိုင်ခဲ့ပြီး ပါရမီရင့်သန်လာတာနဲ့အညီ သာသနာ့ဘောင်ဝင်ဖို့ ဆုံးဖြတ်ချက်ချခဲ့ပါတော့တယ်။


သာသနာတော်ဆီဝင်ပြီး ပဋိယတ္တိစာပေကို သင်ကြားလိုတဲ့ ရည်ရွယ်ချက်ရှိတဲ့ ဆရာတော်ဟာ မူလက ရွာအနီးမှာရှိတဲ့ စာချကျောင်းဖြစ်တဲ့ မန္တလေးတိုက်သစ်ဆရာတော်ထံ သာသနာ့ဘောင်ဝင်ရန်ကြံစည်ခဲ့ပေမဲ့ ဆရာတော်နဲ့ မဆုံရတာကြောင့် မာန်အောင်ကျောင်းအမည်ရှိတဲ့ ရိပ်သာကျောင်းမှာသာ စတင်ဝင်ဖြစ်ခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ ထူးခြားချက်က ဆရာတော်ရဲ့ ဘွဲ့အမည်တော် ရရှိခဲ့ပုံပါပဲ။


စစချင်းသာသနာ့ဘောင်ဝင်တဲ့ မာန်အောင်ကျောင်းဆရာတော်က အရှင် အရိယဝံသအဖြစ် နာမည်ပေးခဲ့တယ်။ နောက်နေ့မှာ မန္တလေးတိုက်သစ်ဆရာတော်ကြွလာတာမို့ အဲ့ဒီဆရာတော်ကျောင်းဆီ ထပ်မံ ပြောင်းရွှေ့ကာ သာသနာ့ဘောင် ဝင်ဖြစ်ပြန်တော့ ဆရာတော်က ဘွဲ့အမည်မပေးရသေးဘူး အထင်နဲ့ ထပ်မံ ဘွဲ့ပေးခဲ့ရာမှာလဲ အရှင် အရိယဝံသပဲ ဖြစ်နေပြန်ပါတယ်။


အရိယာ သူတော်စင်တို့ရဲ့ အနွယ်တော်လို့ နာမည်ရတဲ့ ဘွဲ့အမည်ကို ငယ်ဆရာနှစ်ပါးလုံးက ပေးခဲ့သလို ဒီဘွဲ့အမည်နဲ့လည်း ဆရာတော်ဟာ အင်မတန်မှ လိုက်ဘက်ပါတယ်။ ဒီလိုနဲ့ ရွာကျောင်းမှာ သဂြိုဟ် ၃ပိုင်းနဲ့ သဒ္ဓါရှစ်စောင်ကို သင်ကြားခဲ့ပြီးနောက် မန္တလေးက မဟာဂန္ဓာရုံဆရာတော်ကြီးထံမှာ ပြောင်းရွှေ့ပညာသင်ကြားခဲ့ပါတယ်။


မဟာဂန္ဓာရုံမှာပဲ ကိုရင်ဘ၀ကနေ ရဟန်းအဖြစ်ကို တက်ခဲ့ပြီး ဆရာတော် ရဟန်းခံစဉ်မှာ ဥပဇ္ဇယ်ဆရာအဖြစ် မဟာဂန္ဓာရုံဆရာတော်ကြီး အရှင်ဇနကာဘိဝံသနဲ့ သာသနာပိုင်ဆရာတော်ကြီးဖြစ်တဲ့ မြောင်းမြဆရာတော်က ကမ္မဝါစာ ဖတ်ပေးခဲ့ပါတယ်။


ဆရာတော် ရဟန်းတက်တဲ့နေ့စွဲက မြန်မာသက္ကရာဇ် ၁၃၃၃ ခု ဝါဆိုလဆန်း၁၀ရက်နေ့ ဖြစ်ပါတယ်။ ဒီ့နောက်မှာ ဆရာတော်ဟာ ပထမငယ်တန်း ဝင်ရောက်ဖြေဆိုစဉ်မှာ တစ်နိုင်ငံလုံးပထမစွဲတဲ့ အကျော်ဘွဲ့ကိုလည်း ရရှိခဲ့ပြီး ပါဠိဂုဏ်ထူးနဲ့လည်း အောင်မြင်ခဲ့ပါတယ်။ ဆက်လက်ပြီး အလတ်တန်းနဲ့ အကြီးတန်းစာမေးပွဲတွေကိုလည်း အကုန်ပါဠိဘာသာနဲ့ချည်း ဖြေဆိုအောင်မြင်ခဲ့တယ်။




ဒီ့နောက် ရန်ကုန်စေတီယင်္ဂဏ ဓမ္မာစရိယစာမေးပွဲကို အောင်မြင်ခဲ့ရာမှာ အဌကထာ သုံးကျမ်းလုံးမှာပထမရကာ ၀ဋံသကာ ဘွဲ့ကိုပါ ရရှိခဲ့ပါတယ်။ ဆရာတော်ဟာ ဓမ္မာစရိယစာမေးပွဲ သုံးခုလုံးကို အောင်မြင်ခဲ့တာပါ။ ရန်ကုန်စေတီယင်္ဂဏ ဓမ္မာစရိယစာမေးပွဲကိုလည်းကောင်း၊ မန္တလေး သကျသီဟဓမ္မာစရိယ စာမေးပွဲကိုလည်းကောင်း၊ အစိုးရ ဓမ္မာစရိယစာမေးပွဲကိုလည်းကောင်း ဖြေဆိုအောင်မြင်ခဲ့သူဖြစ်လို့ ဆရာတော်ကို သ‌-စ-အ ဓမ္မာစရိယ (၀ဋံသကာ) အဖြစ် ဘွဲ့ထူးတပ်ခေါ်ဝေါ်ကြပါတယ်။


ဒီ့နောက် ၁၉၈၆ှာ ကမ္ဘာအေး ပရိယတ္တိတက္ကသိုလ်မှာ သုတ္တံတ ဌာန ကထိက အဖြစ်တစ်နှစ်ကျော်ခန့် ဝင်ရောက်လုပ်ကိုင်ခဲ့ပြီး ထိုမှ ပြန်နုတ်ထွက်ကာ မဟာဂန္ဓာရုံမှာပဲ ကျောင်းထိုင်နာယကဆရာတော်အဖြစ် စာချဆရာတော်တာဝန်ကို ဆက်လက်ထမ်းရွက်နေခဲ့ပါတယ်။ ဒီ့နောက် ၈၈အရေးအခင်းကြီး ဖြစ်လာစဉ်မှာတော့ ဆရာတော်ရဲ့ နိုင်ငံရေးလုပ်ဆောင်မှုတွေစတင်လာခဲ့ပါပြီ။


ပလိပ်မြို့က စက်ရုံမြေမှာ ဒီမိုကရေစီ တရားကို ရဲရဲတောက်ဟောကြားခဲ့တဲ့အတွက် သက်ဆိုင်ရာက တရားဟောမိုက်ကိုပိတ်ပစ်ခဲ့ပြီး ရဲစခန်းမှတ်တမ်းထဲမှာလည်း ဆရာတော့်နာမည်ရောက်ရှိခဲ့ရပါတယ်။ နောက်ပိုင်းမှာ မန်းလေးက ဆွမ်းခံကြွသံဃာတပါး သေနတ်ပစ်ခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီး သံဃာတော်တွေ ပတ္တနိကုစ္စန ကံဆောင်ကြတော့ ဆရာတော်လည်း ပါဝင်ခဲ့ကာ စစ်အာဏာပိုင်တွေ့ လိုက်ဖမ်းတဲ့အတွက် မုံရွာမြို့ရှောက်ခါးရပ်က သတိပဌာန်ရိပ်သာမှာ တရားပြရင်း ၂နှစ်ခန့် ဇာတ်မြှုပ်နေခဲ့ရပါတယ်။


ဒီ့နောက် သီရိလင်္ကာနိုင်ငံသို့သွားရောက်ကာ အကွိုင်းနက်ကောလိပ်မှာ အင်္ဂလိပ်စာဒစ်ပလိုမာ တန်းကိုလည်းကောင်း၊ Buddhist and Parli University မှာ MA တန်းကိုလည်းကောင်း ၂နှစ်ခွဲခန့်တက်ရောက်ပညာသင်ယူနေခဲ့ပါတယ်။


ထို့နောက် နိုင်ငံရေးအခြေအနေများတည်ငြိမ်စပြုချိန်မှာ မန္တလေးကို ပြန်ကြွလာခဲ့ပြီး မြ၀တီမင်းကြီးကျောင်းတိုက်ကို လာရောက်ဦးစီးကျောင်းထိုင်ခဲ့ပါတော့တယ်။ ဒီအချိန်ကတည်းက မြ၀တီမင်းကြီးကျောင်းဟာ နိုင်ငံရေး၊ လူမှုရေးနဲ့ ဓမ္မဘက်သားစစ်စစ် ဘာသာရေးဘက်တော်သားများအတွက် ဘူမိနတ်သံ ဖြစ်ခဲ့ရပါတော့တယ်။


မြ၀တီမင်းကြီးကျောင်းတိုက်မှာ လက်ခံကျင်းပပေးခဲ့တဲ့ ထူးခြားထင်ရှားတဲ့အထိမ်းအမှတ်ပွဲကြီးတွေ တော်တော်များပါတယ်။


ABSDF မြောက်ပိုင်းပြန်များအတွက်ပွဲ၊ ရွှေဝါရောင်နှစ်ပတ်လည်ပွဲတွေကို လက်ခံကျင်းပပေးခဲ့သလို ဆရာတော်က ကျောင်းမြေပေါ်မှာ သုခရိပ်မြုံလူငယ်ဂေဟာ အမည်နဲ့ AIDS ဝေဒနာရှင်ကလေးငယ်တွေကို စောင့်ရှောက်တဲ့ အသင်းအဖွဲ့တစ်ခုကိုလည်း ကိုယ်တိုင်နာယကပြု တည်ထောင်ခွင့်ပေးခဲ့တာပါ။


ဆရာတော်ရဲ့ ဘာသာရေး နိုင်ငံရေး ဆောင်ရွက်ချက်တွေကတော့ ပြောလို့ မကုန်နိုင်အောင်ပါပဲ။ လက်ပံတောင်းကိစ္စလိုမျိုးကအစ ဘာသာရေးပဋိပက္ခများပပျောက်စေရေးအဆုံး ဆရာတော်နေရာအစုံက ဝင်ရောက်ထမ်းရွက်ပေးခဲ့တာပါ။ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော် ကချင်ဒေသ တကျော့ပြန်စစ်ပွဲများ စတင်စဉ်မှာလည်း လိုင်ဇာမြို့အထိ သွားရောက်ခဲ့ပြီး စစ်ဘေးသင့်ပြည်သူများကို ကယ်မထောက်ပံ့မှုတွေ ကိုယ်တိုင် ပြုခဲ့တယ်။


ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးပွဲလိုမျိုးတွေကို စတင်ဦးဆောင်ကျင်းပခဲ့သူတွေထဲ အပါအဝင်ဖြစ်ခဲ့ပြီး စစ်အာဏာပိုင်တွေရဲ့ ဘာသာရေးမှိုင်းတိုက်မှုအန္တရာယ်ကို ခံကတုတ်ကြီးသဖွယ် ရှေ့ဆုံးက ရွတ်ရွတ်ချွံချွံတားဆီးခဲ့သူဖြစ်ပါတယ်။ ဆရာတော့်ရဲ့ စွမ်းစွမ်းတမံဆောင်ရွက်ခဲ့မှုတွေကြောင့် မီးစကလေးမှာတင် လွင့်ပျောက်သွားပြီး မီးတောက်ကြီးအထိဖြစ်မလာခဲ့တဲ့ ဘာသာရေးပဋိပက္ခပြေငြိမ်းသွားမှုတွေ အတော့်ကိုများပါတယ်။


ဒါ့ကြောင့်လည်း စ_စ်အာဏာပိုင်တွေက ဆရာတော့်ကို မျက်မုန်းကျိုးခဲ့တာပါ။


ဒီလိုနဲ့ ၂၀၁၉ ခုနှစ်အရောက်မှာတော့ ဆရာတော်ရဲ့ မီဒီယာတွေမှာ ဖြေကြားတဲ့အင်တာဗျူးတစ်ခုပေါ်မူတည်ပြီး စစ်တပ်က မတရားတရားစွဲခဲ့ပါတော့တယ်။ စစချင်း ပုဒ်မ နှစ်ခု ဖြစ်တဲ့ ပုဒ်မ ၅၀၅ နဲ့ ပုဒ်မ ၅၀၀ နှစ်ခုနဲ့ တရားစွဲထားခဲ့ပြီး ဥပဒေအရာရှိတွေက ၅၀၅ ကို ဖြုတ်ပယ်ခဲ့တာကြောင့် ပုဒ်မ ၅၀၀ (အသရေဖျက်မှု) နဲ့ မြန်မာစ_စ်တ_ပ်က ဆက်လက်တရားစွဲခဲ့ပါတယ်။ 


ရဲအရေးမပိုင်တဲ့အမှုဖြစ်တဲ့ ဒီပုဒ်မဟာ အာမခံနဲ့ တရားရင်ဆိုင်လို့ရတဲ့အမှုဖြစ်တာကြောင့် ဆရာတော်ဟာ အာမခံယူကာ တရားရင်ဆိုင်ခဲ့ရပြီး နေ့ရက်တို့ ရှည်လျားလှစွာ တရားရင်ဆိုင်ခဲ့ရရှာပါတယ်။ ဒါပေမဲ့ စ_စ်တ_ပ်က အာဏာသိမ်းလိုက်တဲ့ ၂၀၂၁ ဖေဖော်ဝါရီလမှာတော့ ဆရာတော်ကို ဥပဒေနဲ့မညီစွာ ဖမ်းဆီး အကျဉ်းချခဲ့ပြီး အကျဉ်းထောင်ထဲက တရားဆက်လက်ရင်ဆိုင်စေခဲ့ပါတယ်။ တကယ်ဆို အသရေဖျက်မှု ပုဒ်မ ၅၀၀ ဟာ ဖမ်းလို့မရတဲ့ပုဒ်မဖြစ်ပါလျက် အတ_င်းမတ_ရားဖမ်းဆီးခဲ့တာပါ။


ဆရာတော့်ခမျာ အကျဉ်းထောင်တွင်းက ၄လကြာ တရားရင်ဆိုင်ခဲ့ရပြီးနောက် ၆လထောင်ကျခံဖို့ စီရင်ချက်ကျလာတဲ့အတွက် ၂၀၂၁ ဩဂုတ် ၂ရက်နေ့မှ ထောင်ကျရက်စေ့ကာ လွတ်မြောက်ခဲ့ရပါတယ်။ ဒီ့နောက် စ_စ်အာဏာရှင်တွေရဲ့ အန္တရာယ်ကိုမြင်တဲ့အတွက် ကရင်တိုင်းရင်းသားလက်နက်ကိုင်များရှိရာ တောင်ပိုင်းဒေသဆီ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး တောတွင်းမှာ ဆင်းရဲငြိုငြင်စွာ သတင်းသုံးခဲ့ရရှာပါတယ်။


ဒီ့နောက် ဆရာတော်တို့ ပုန်းအောင်းတိမ်းရှောင်နေရတဲ့နေရာဆီမှာ စစ်ပွဲများစတင်လာတဲ့အတွက် မဲဆောက်မြို့သို့ ပြောင်းရွှေ့သတင်းသုံးစဉ် စ_စ်အာဏာရှ_င်တို့ပေးခဲ့တဲ့ ဒါဏ်ချက်တွေကြောင့် နှလုံးရောဂါနဲ့ ရုတ်တရက် ပျံလွန်တော်မူခဲ့ရပါတော့တယ်။




Photo by Thorn Nay Soe

Wednesday, October 26, 2022

နိဗ္ဗာန်မြင်သွားသော၊ဘာသာခြားတစ်ယောက် - အပိုင်း(၃)

 


သုညဆိုသည်မှာဘာမှမရှိသော(nothing)မဟုတ်။နိဗ္ဗာန်သည်လဲသုညမဟုတ်။


နောက်တစ်ပါတ်ကျွန်တော်နဲ့ဆရာကြီးပြန်ဆုံတဲ့အချိန်မှာဆရာကြီးက၊ကတိပေးထားတဲ့အတိုင်းကျွန်တော်မေးထားတဲ့မေးခွန်းတွေကိုပြန်ဖြေပေးပါတယ်။


ဆရာကြီးရဲ့အဖြေကတော့၊လောကနိယာမအရ၊လောကမှာ(ဘာမှမရှိတဲ့သဘောတရား)တစ်နည်းအားဖြင့်(Non Existence)သဘောမျိုးဆိုတာမရှိနိုင်လို့ဗုဒ္ဓဘာသာဝင်တွေရဲ့နိဗ္ဗာန်ဆိုတာ(ဘာမှမရှိတဲ့သဘောတရား)မျိုး၊တနည်းအားဖြင့်သုညသဘောမျိုးဘယ်လိုမှမဖြစ်နိုင်ဘူးဆိုတာကိုသူလက်ခံပါပြီတဲ့။


လောကမှာတစ်ခုချုပ်သွားရင်သူ့နေရာမှာအခြားတစ်ခုရှိနေရမယ်၊အထူးသဖြင့်ဆန့်ကျင်ဖက်သဘောတရားတွေဘယ်လိုမှတစ်ပြိုင်တည်းမချုပ်ငြိမ်းနိုင်ဘူးဆိုတော့၊နိဗ္ဗာန်ဟာဒုက္ခတွေအားလုံးချုပ်သွားတဲ့အတွက်၊သုခတွေပဲကျန်နေတယ်ဆိုတာကိုလဲသူလက်ခံနိုင်သွားပါပြီတဲ့။


ကျွန်တော်တို့ဗုဒ္ဓဘာသာဝင်တွေဟာ(ဘာမှမရှိတဲ့သုည)သဘောကိုအဓိပ္ပါယ်မဲ့လိုချင်နေကြတာမဟုတ်ပဲ၊ဒုက္ခတွေအားလုံးချုပ်ငြိမ်းပြီးသုခချမ်းသာသက်သက်သာကျန်ရှိနေတဲ့တစ်ကယ့်ချမ်းသာအစစ်ကိုလိုချင်နေကြတာဆိုတာကိုလဲသူနားလည်သွားပါပြီတဲ့။သူအရင်တုံးကဗုဒ္ဓဘာသာဝင်တွေရဲ့နိဗ္ဗာန်ကိုအထင်အမြင်မှားခဲ့တာတွေကိုလဲမှားကြောင်းဝန်ခံပါတယ်တဲ့။


ဒါပေမယ့်သင်္ချာဘာသာမှာအသုံးပြုနေတဲ့(Zero)သုည(0)ဆိုတာကိုတော့သူအခုချိန်အထိဘာမှမရှိတော့တဲ့(nothing)သဘောမျိုးအဖြစ်ယုံမှားသံသယကျန်နေတုန်းပဲလို့ဆရာကြီးကဆက်ပြောပါတယ်။


ဒါကြောင့်သင်္ချာဘာသာမှာအသုံးပြုနေတဲ့(Zero)သုည(0)ဆိုတာဟာဘာမှမရှိတဲ့သဘော(nothing)မဟုတ်ပဲ၊တစ်ခုခုရှိနေတယ်ဆိုတာကိုမင်းအနေနဲ့သင်္ချာနည်းအရသက်သေပြပေးနိုင်မလားလို့ကျွန်တော့်ကိုထပ်မေးပါတယ်။


သင်္ချာဆရာကြီးတစ်ယောက်အနေနဲ့၊သင်္ချာပညာမှာအသုံးပြုနေတဲ့(zero)သုည(0)ဆိုတာ၊ဘာမှမရှိတဲ့သဘောမျိုးမဟုတ်ပဲ၊တစ်ခုခုရှိနေတယ်ဆိုတာ၊သူ့ကိုသင်္ချာနည်းနဲ့သက်သေပြနိုင်တော့မှသာလက်ခံနိုင်မယ်ဆိုတာကလဲသဘာဝကျတဲ့တောင်းဆိုမှု့တစ်ခုပါပဲ။


ဒီနေရာမှာစာဖတ်နေသူတွေနားလည်မှု့မလွဲဖို့လိုပါတယ်။ဒီ(Post)မှာဆရာကြီးလိုချင်တာကဘာမှမရှိတဲ့သုညဆိုတာမရှိဘူး၊တစ်ခုခုရှိနေတဲ့သုညပဲရှိတယ်လို့သက်သေပြရမှာဖြစ်ပါတယ်။နိဗ္ဗာန်ကိုသုညဖြစ်ကြောင်းသက်သေပြခိုင်းနေတာမဟုတ်သလို၊နိဗ္ဗာန်ဟာသုညလုံးဝမဟုတ်ဘူးဆိုတာကိုလဲအကြိမ်ကြိမ်ရှင်းပြပြီးသားဖြစ်နေလို့အားလုံးနားလည်ပြီးသားဖြစ်နေလောက်ပါပြီ။


ကျွန်တော်ကကောင်းပါပြီဆရာကြီး၊ဆရာကြီးတို့သင်္ချာဘာသာမှာအသုံးပြုနေတဲ့(zero)သုည(0)ဆိုတာဘာမှတန်ဖိုးမရှိတဲ့(nothing)သဘောမျိုးမဟုတ်ပဲတစ်ခုခုရှိနေပါတယ်။အထူးသဖြင့်စွမ်းအားတွေလဲရှိနေတယ်ဆိုတာသက်သေပြပေးပါမယ်။ဆရာကြီးအခန်းထဲက(White Board)နဲ့(Marker)တွေကိုအသုံးပြုခွင့်ပေးပါလို့ခွင့်တောင်းလိုက်တော့၊ဆရာကြီးကကောင်းပြီဆိုပြီးတော့(White Board)ကိုသေချာဖျက်ပြီးသန့်ရှင်းရေးလုပ်ပေးပါတယ်။


ကျွန်တော်ကဆရာကြီးကို၊ဆရာကြီးတို့သင်္ချာမှာအသုံးပြုနေတဲ့(zero)သုညဆိုတာကိုသင်ပုန်းပေါ်မှာဆရာကြီးကိုယ်တိုင်ရေးပြပါလို့တောင်းဆိုလိုက်တော့၊ဆရာကြီးက(White Board)ပေါ်မှာ(Marker)အနက်ရောင်နဲ့

(0)

ဆိုပြီးတော့ရေးပြပါတယ်။


ကျွန်တော်ကဆရာကြီးခင်ဗျာလို့၊ဆရာကြီးတို့သင်္ချာမှာအသုံးပြုနေတဲ့(zero)သုညဆိုတာဟာဘာမှမရှိတဲ့သဘောမျိုးမဟုတ်ပဲ၊အရှိသဘောမျိုးဖြစ်နေလို့သာဆရာကြီးကိုယ်တိုင်(0)ဆိုပြီကျောက်သင်ပုန်းပေါ်မှာရေးချလို့ရတာဖြစ်ပါတယ်။


တစ်ကယ်လို့သာ(zero)သုညဆိုတာဟာဘာမှမရှိတဲ့သဘောမျိုးဆိုရင်ဆရာကြီးအနေနဲ့သူ့ကိုသင်ပုန်းပေါ်မှာဘယ်လိုမှရေးလို့မရနိုင်ပါဘူး။ဘာမှမရှိတဲ့သဘောမျိုးကိုရေးပါဆိုရင်၊ဆရာကြီးအနေနဲ့ဘာမှမရေးပဲနေမှသာလျှင်အဓိပ္ပါယ်ရှိပါလိမ့်မယ်လို့ကျွန်တော်ကစောဒကတက်လိုက်ပါတော့တယ်။


ကျွန်တော်စောဒကတတက်တဲ့စကားကြောင့်ဆရာကြီးအလွန်အံ့သြသွားပါတယ်။ဆရာကြီးကတစ်ချက်စဉ်းစားလိုက်ပြီး၊ခဏကြာတော့ကျွန်တော့်ကို၊မင်းပြောတာလဲဟုတ်နေတာပါပဲ။မင်းပြောသလို၊ဘာမှမရှိလို့ရေးလို့မရကြေးဆိုရင်၊ရေးလို့မရနိုင်တဲ့အရာကိုလူတွေနားလည်အောင်ဘယ်လိုလုပ်ပြီးရှင်းပြလို့ရနိုင်တော့မှာလဲ။တစ်နည်းအားဖြင့်မရှိတဲ့အရာကိုအသုံးပြုပြီးဘယ်လိုသင်္ချာတွက်လို့ရနိင်မလဲလို့ကျွန်တော့်ကိုတန်ပြန်မေးခွန်းပြန်ထုတ်ပါတော့တယ်။


ကျွန်တော်ကဆရာကြီးကို၊ဘာမှမရှိဘူးဆိုတဲ့(zero)သုညဆိုတာတစ်ကယ်တော့၊မရှိတဲ့အတွက်ရေးလို့ကိုမရဘူးဆိုတာမှန်ပါတယ်။ဒါပေမယ့်လူတွေနားလည်အောင်ရှင်းပြချင်တယ်(ဒါမှမဟုတ်)သူ့ကိုသုံးပြီး၊သင်္ချာတွက်ပြချင်တယ်ဆိုရင်တော့၊ဘာမှမရှိတဲ့(Zero)နေရာမှာကွက်လပ်ကလေးချန်ထားပြီးလူတွေနားလည်အောင်ရေးလို့ရပါတယ်ဆိုပြီးတော့အောက်ပါအတိုင်းကွက်လပ်ကလေး၊ကျွန်တော်ရေးပြလိုက်ပါတယ်။


ဘာမှမရှိတဲ့ကွက်လပ်=> (  )


ဒီနေရာမှာဆရာကြီးရေးသွားတဲ့သင်္ချာ(zero)ကတော့(0)ဖြစ်နေပြီး။ကျွန်တော်ရေးပြလိုက်တဲ့(nothing)ကတော့၊

ကွက်လပ်=> (  ) ကလေးဖြစ်နေပါတယ်။


ကျွန်တော်ကဒီလိုရေးပြီးဆက်ရှင်းပြမယ်ဆိုရင်ဆရာကြီးအနေနဲ့အဆင်ပြေမလားလို့မေးလိုက်တော့၊ဆရာကြီးကသိပ်သဘောကျသွားပါတယ်။(This is perfect)လို့ပြန်ပြောပါတယ်။ကျွန်တော်ကလဲဆရာကြီးလက်ခံပြီဆိုရင်ဆက်သွားကြပါစို့လို့ပြောလိုက်ပါတယ်။


ကျွန်တော်ကဆရာကြီးခင်ဗျာလို့၊ဆရာကြီးတို့သင်္ချာမှာရှိတဲ့(0)ကို(2)နဲ့မြှောက်ကြည့်မယ်ဆိုရင်ဘာရမလဲခင်ဗျားဆိုပြီးတော့၊ကျွန်တော်သင်ပုန်းပေါ်မှာအောက်ပါအတိုင်း(equations)တစ်ကြောင်းကို(?)လေးပြထားပြီးဆရာကြီးကိုမေးလိုက်ပါတော့တယ်။


(2) x (0) = ?


ဆရာကြီးကမဆိုင်းမတွ၊ချက်ခြင်းပဲ၊မင်းကလဲကွာ၊သင်္ချာပညာမှာဘာကိုပဲဖြစ်ဖြစ်သုညနဲ့မြှောက်လိုက်ရင်အဖြေကသုညပဲရမှာပေါ့ဆိုပြီးတော့(Marker)အနက်ကိုကိုင်ပြီး(?)နေရာမှာအဖြေမှန်(0)ကိုရေးပေးလိုက်တော့အဖြေကအောက်ပါအတိုင်းဖြစ်သွားပါတယ်။


(2) x (0) = 0


ကျွန်တော်က၊ကောင်းပါပြီဆရာကြီးလို့၊အခုတစ်ခါ(2)ကိုဆရာကြီးတို့သင်္ချာမှာရှိတဲ့(0)နဲ့စားကြည့်ရအောင်ဆိုပြီးတော့သင်ပုန်းပေါ်မှာအောက်ပါအတိုင်း(equations)တစ်ကြောင်းထပ်ပြီးချရေးပေးလိုက်ပြီး၊အဖြေကဘာဖြစ်မလဲလို့ထပ်မေးလိုက်ပါတယ်။


(2) /(0) = ?


ဆရာကြီးကဘာကိုပဲဖြစ်ဖြစ်သုညနဲ့စားရင်၊တနည်းအားဖြင့်သုညဟာအပိုင်းကိန်းတစ်ခုရဲ့ပိုင်းခြေကိုရောက်သွားမယ်ဆိုရင်အဖြေက(Infinity)လို့ခေါ်တဲ့အနန္တပဲရပါမယ်ဆိုပြီးတော့ချက်ခြင်းပဲ(Marker)အနက်ကိုကိုင်ပြီး(?)နေရာမှာအဖြေမှန်(Infinity)ကိုရေးပေးလိုက်တော့အဖြေကအောက်ပါအတိုင်းဖြစ်သွားပါတယ်။

-

(2) /(0) = Infinity


ကျွန်တော်က၊ကောင်းပါပြီဆရာကြီးလို့၊အခုတစ်ခါ(2)နောက်ကနေ(0)တစ်လုံးလောက်ကပ်ရေးမယ်ဆိုရင်ဘာရမလဲလို့ထပ်မေးလိုက်ပါတယ်။ဆရာကြီးက(2)နှောက်ကနေ(0)တစ်လုံးကပ်ရေးရင်(20)ရမှာပေါ့လို့ပြန်ဖြေပါတယ်။


တစ်ဆက်တည်းပဲဆရာကြီးက၊သင်္ချာမှာသုညနဲ့အမြှောက်ခံလိုက်ရရင်အရာအားလုံးဟာ(သုည)ဖြစ်သွားကြရတယ်။သုညနဲ့အစားခံလိုက်ရရင်အရာအားလုံးဟာ(Infinity)ဖြစ်သွားကြတယ်၊ဒါတင်မကသေးပဲကိန်းဂဏန်းတစ်ခုခုနောက်ကနေသုညတစ်လုံးလိုက်ရေးတိုင်းဆယ်ဆတန်ဘိုးတိုးသွားစေနိုင်တယ်လို့ထပ်ပြောပါတယ်။


ကျွန်တော်ကဒါဆိုရင်ကောင်းပါပြီဆရာကြီးလို့၊ဒီတစ်ခါတော့ကျွန်တော်

(  )ကွက်လပ်ကလေး

ထားပြီးရေးထားခဲ့တဲ့၊ဘာမှမရှိတဲ့(nothing)ဆိုတဲ့အရာနဲ့သင်္ချာတွက်ကြည့်ကြရအောင်လို့ပြောပြီးတော့။(2)ကို(Nothing)ဆိုတဲ့ကွက်လပ်ကလေးနဲ့မြောက်မယ်ဆိုရင်ဘာရမလဲဆရာကြီးခင်ဗျားလို့အောက်ပါ(Equation)လေးတစ်ကြောင်းရေးပြီးမေးလိုက်တော့။


(2) x ( ) = ?


ဒီတစ်ခါတော့သင်္ချာဆရာကြီးချက်ခြင်းမဖြေနိုင်တော့ပဲတွေဝေသွားပါတော့တယ်။ဆရာကြီးမျက်မှောက်ကုပ်ပြီးသေချာစဉ်းစားနေရပါပြီ။


အချိန်ကြာကြာစဉ်းစားပြီးတော့မှဆရာကြီးကမင်းရဲ့(Equations)အရဆိုရင်၊(2)ကိုဘာမှမရှိတဲ့(nothing)နဲ့မြှောက်တယ်ဆိုတဲ့သဘောက၊တစ်ကယ်တော့(2)ကိုဘာနဲ့မှမမြှောက်ဘူးဆိုတဲ့အဓိပ္ပါယ်ဖြစ်သွားပါတယ်။ဒါကြောင့်ဘာနဲ့မှအမြှောက်မခံရတဲ့(2)ဟာ၊ဘာမှပြောင်းလဲသွားစရာအကြောင်းမရှိပါဘူး။အဖြေကနဂိုအတိုင်း(2)ပါပဲတဲ့။ဆရာကြီးအဖြေကအောက်ပါအတိုင်းဖြစ်ပါတယ်။


(2) x ( ) = 2


ကျွန်တော်ကဒါဆိုရင်ကောင်းပါပြီဆရာကြီးလို့၊ဒီတစ်ခါတော့(2)ကိုကျွန်တော်ကွက်လပ်ကလေးထားပြီးရေးထားခဲ့တဲ့၊ဘာမှမရှိတဲ့(nothing)ဆိုတဲ့အရာနဲ့စားကြည်မယ်ဆိုရင်အဖြေကဘာရမလဲဆရာကြီးခင်ဗျာလို့အောက်ပါ(Equation)လေးတစ်ကြောင်းရေးပြီးမေးလိုက်တော့။


(2) / ( ) = ?


ဒီတစ်ခါတော့ဆရာကြီးကချက်ခြင်းပြန်ဖြေပါတယ်။ဒါလဲအတူတူပါပဲတဲ့၊မင်းရဲ့(Equations)အရဆိုရင်၊(2)ကိုဘာမှမရှိတဲ့(nothing)နဲ့စားတယ်ဆိုတဲ့သဘောကတစ်ကယ်တော့(2)ကိုဘာနဲ့မှမစားဘူးဆိုတဲ့အဓိပ္ပါယ်ဖြစ်သွားပါတယ်။ဒါကြောင့်ဘာနဲ့မှအစားမခံရတဲ့(2)ဟာဘာမှပြောင်းလဲသွားစရာအကြောင်းမရှိပါဘူး။အဖြေကနဂိုအတိုင်း(2)ပါပဲတဲ့။ဆရာကြီးအဖြေကအောက်ပါအတိုင်းဖြစ်ပါတယ်။


(2) / ( ) = 2


ကျွန်တော်က၊ကောင်းပါပြီဆရာကြီးလို့၊အခုတစ်ခါ(2)နောက်ကနေဘာမှမရှိတဲ့(nothing)ကိုကပ်ရေးမယ်ဆိုရင်ကောဘာရမလဲလို့ထပ်မေးလိုက်တော့။ဆရာကြီးက(2)နောက်ကနေဘာမှမရှိတဲ့(nothing)ဆိုတာကိုကပ်ရေးမယ်ဆိုတဲ့သဘောက၊(2)နောက်ကနေဘာမှကပ်မရေးဘူးဆိုတဲ့အဓိပ္ပါယ်ပဲတဲ့။(2)နောက်မှာဘာမှကပ်မရေးရင်(20)ဖြစ်လာစရာအကြောင်းမရှိဘူး။(2)က(2)ပါပဲလို့ပြန်ဖြေပါတယ်။


ဒါဆိုရင်ဟုတ်ပြီဆရာကြီး၊ဘာမှမရှိတဲ့(nothing)နဲ့မြှောက်လိုက်တဲ့အရာရာတိုင်းဟာဘာမှပြောင်းလဲမသွားနိုင်သလို၊သူနဲ့အစားခံလိုက်ရတဲ့အရာရာတိုင်းဟာလဲဘာမှပြောင်းလဲမသွားနိုင်ဘူး၊သူများနောက်မှာသူ့ကိုကပ်ရေးရင်လဲ(၁၀)ဆတိုးမသွားနိုင်ပြန်ဘူးဆိုရင်၊ဘာမှမရှိတဲ့(nothing)မှာဘာစွမ်းအားတွေမှမရှိလို့ပေါ့၊မဟုတ်ဘူးလားဆရာကြီးလို့မေးလိုက်တော့။


ဆရာကြီးကဟုတ်ပါတယ်၊မင်းပြောတာမှန်ပါတယ်တဲ့။ဘာကြောင့်လဲဆိုတော့(nothing)ဆိုတဲ့သုညဟာသူ့ကြောင့်ဘယ်သူ့ကိုမှမပြောင်းလဲပြစ်နိုင်လို့သူ့မှာဘာစွမ်းအားမှမရှိဘူးလို့ပြောရင်သဘာဝကျနေလို့မှန်ပါတယ်လို့ပြန်ဖြေပါတယ်။


ဒီအချိန်ဟာဆရာကြီးကိုအရေးကြီးတဲ့မေးခွန်းမေးရတော့မယ့်အချိန်ရောက်ပါပြီ။


ကျွန်တော်က၊ဆရာကြီးတို့သင်္ချာမှာသုံးနေတဲ့သုညနဲ့အမြှောက်ခံလိုက်ရရင်အရာအားလုံးဟာ(သုည)ဖြစ်သွားကြရတယ်။ဆရာကြီးတို့သင်္ချာမှာသုံးနေတဲ့သုညနဲ့အစားခံလိုက်ရရင်အရာအားလုံးဟာ(Infinity)ဖြစ်သွားကြတယ်။ဒါတင်မကသေးပဲ၊ကိန်းဂဏန်းတစ်ခုခုနောက်ကနေသုညတစ်လုံးလိုက်ရေးတိုင်းတန်ဖိုးဆယ်ဆတိုးသွားတယ်လို့ဆရာကြီးပြောခဲ့ပါတယ်။


ဒါဆိုရင်ဆရာကြီးတို့သင်္ချာမှာသုံးနေတဲ့သုညနဲ့အမြှောက်ခံလိုက်ရတဲ့အရာအားလုံးဟာသူ့အလိုကျ(သုည)ဖြစ်သွားကြရတယ်။သူနဲ့အစားခံလိုက်ရရင်လဲအရာအားလုံးဟာလဲသူ့အလိုကျ(Infinity)ဖြစ်သွားကြတဲ့အပြင်၊သူကသူများရဲ့နောက်ကနေ(Follow)လေးလိုက်ပေးလိုက်ရုံနဲ့သူ့ရှေ့ကဂဏန်းတွေဟာတန်ဖိုးဆယ်ဆတောင်တိုးမြင့်သွားစေနိုင်တယ်ဆိုတော့၊ဆရာကြီးတို့သင်္ချာမှာသုံးနေတဲ့သုညဟာသူနဲ့တွေ့လိုက်တဲ့အရာရာတိုင်းကိုသူ့အလိုကျပြောင်းလဲပြစ်နိုင်တဲ့စွမ်းအားတွေရှိမနေဘူးလားလို့မေးလိုက်တော့။


ဆရာကြီးတွေဝေသွားပါတော့တယ်။ဆရာကြီးသဘောပေါက်သွားပါပြီ။ဆရာကြီးကသင်္ချာမှာသုံးနေတဲ့သုညဆိုတာ၊ဘာမှမရှိတဲ့(nothing)သဘောမျိုးမဟုတ်ဘူး၊စွမ်းအားတွေရှိနေတယ်ဆိုတာကိုတော့ငါကောင်းကောင်းနားလည်သွားပါပြီ။အဲဒါဆိုရင်သင်္ချာမှာသုံးနေတဲ့သုညက(nothing)သဘောမျိုးမဟုတ်ရင်ဘာဖြစ်မလဲလို့သူကဆက်မေးပါတော့တယ်။


ကျွန်တော်ကတစ်ကယ်တော့သင်္ချာပညာမှာသုံးနေကြတဲ့(သုည)ဆိုတာဘာမှမရှိတဲ့သဘော(nothing)မျိုးမဟုတ်ပါဘူး။အခြေအနေတစ်ခုမှာ၊ဆန့်ကျင်ဖက်တန်ဖိုးတွေတစ်ခုနဲ့တစ်ခုမျှတစွာနဲ့ပေါင်းစပ်ထားပြီး၊တန်ဖိုးတွေကြေပျက်နေကြတဲ့သဘောတရားတစ်ခုပါ။


ဥပမာပြောရရင်။

(1)+(2)+(3)+(-1)+(-2)+(-3)=0.

.

(-5)+(5)= 0.

.

(-1000)+(1000)=0.

.

(- Infinity)+(+ Infinity)=0.

.

(a)+(-a)= 0.


အထက်ပါ(Equations)တွေအတိုင်းဆိုရင်၊အခြေအနေတစ်ခုကြောင့်သာလျှင်၊ပမာဏတူညီနေတဲ့ဆန့်ကျင်ဖက်သဘောတရားတွေပေါင်းစပ်ထားပြီး၊ကြေပျက်နေကြလို့သာ(သုည)ဖြစ်နေရတာပါ။တစ်ကယ်လို့သာအဆိုပါအခြေအနေကနေ၊မတူညီတဲ့အခြေအနေတစ်ရပ်ကိုပြောင်းလည်းသွားမယ်ဆိုရင်အဆိုပါသုညဟာဆက်ပြီးသုညမဖြစ်နိုင်တော့ပါဘူးလို့ဆရာကြီးကိုရှင်းပြလိုက်တော့၊ဆရာကြီးသဘောကျသွားပါတယ်။


ကျွန်တော်ကဆက်ပြီးတော့တူညီစွာပေါင်းစပ်နေတဲ့ဆန့်ကျင်ဖက်သဘောတရားတွေကိုတစ်ဖက်စီပြန်ခွဲထုတ်ပြစ်လိုက်မယ်ဆိုရင်၊သုညမဟုတ်တော့ပဲ၊နှစ်ဖက်စလုံးမှာကြီးမားတဲ့တန်ဖိုးတွေရလာပါလိမ့်မယ်။


ဥပမာ

(0) - (5)= (-5)

သုညထဲကနေ(5)ကိုဖယ်ထုတ်လိုက်မယ်ဆိုရင်အခြားတစ်ဖက်မှာ(-5)ကျန်နေပါတယ်။


(0) - (1000)= (-1000)

သုညထဲကနေ(1000)ကိုဖယ်ထုတ်လိုက်မယ်ဆိုရင်အခြားတစ်ဖက်မှာ(-1000)ကျန်နေပါတယ်။


(0) - (Infinity)= (-Infinity)

သုညထဲကနေ(Infinity)ကိုဖယ်ထုတ်လိုက်မယ်ဆိုရင်အခြားတစ်ဖက်မှာ(Negative Infinity)ကျန်နေပါတယ်။


တစ်ကယ်လို့သင်္ချာပညာမှာသုံးနေတဲ့သုညဟာဘာမှမရှိဘူး(Nothing)ဆိုရင်သူ့ထဲကနေဘာမှခွဲထုတ်လို့မရနိုင်ပါဘူး။ဘာကြောင့်လဲဆိုတော့နဂိုကတည်းကမှဘာမှမရှိတဲ့အရာကိုဘယ်လိုလုပ်ပြီးခွဲထုတ်လို့ရနိုင်မှာလဲ။


သုညထဲကနေတန်ဖိုးတစ်ခုကိုဖယ်ထုတ်လိုက်တိုင်း၊အခြားတစ်ဖက်မှာဆန့်ကျင်ဖက်တန်ဖိုးတွေကျန်နေတယ်ဆိုရင်၊ဒီသဘောကိုကြည့်ခြင်းအားဖြင့်သုညဆိုတာဘာမှမရှိတဲ့အရာမဟုတ်ပဲ၊ဆန့်ကျင်ဖက်သဘောတရားတွေညီတူညီမျှပေါင်းစပ်ထားလို့တစ်ခုနဲ့တစ်ခုကြေပျက်နေပြီးတန်ဖိုးမရှိသလိုဖြစ်နေရတာပါ။


မပေါင်းစပ်ထားပဲပြန်ပြီးခွဲထုတ်ပြစ်လိုက်မယ်ဆိုရင်နှစ်ဖက်စလုံးမှာတန်ဖိုးတွေအမျိုးမျိုးရရှိနိုင်ပါတယ်လို့ဆရာကြီးကိုသေချာရှင်းပြလိုက်တော့၊ဆရာကြီးကကျွန်တော်ပြောတာတွေကိုသူဘာမှမငြင်းတော့ပါဘူး။သူလက်ခံသွားပါပြီလို့ပြန်ပြောပါတယ်။


လောကမှာဘာမှမရှိတဲ့(Non Existence)သဘောမျိုးမရှိနိုင်သလို၊သင်္ချာမှာလဲ၊ဘာမှမရှိတဲ့(nothing)သုညဆိုတာမရှိဘူးဆိုတာကိုသူကောင်းကောင်းနားလည်သွားပါပြီလို့ဝန်ခံပါတယ်။ဆရာကြီးကသုညဆိုတာဟာ၊ဘာမှမရှိတဲ့သဘောမျိုးမဟုတ်ပဲ၊အခြေအနေတစ်ခုမှာဆန့်ကျင်ဖက်သဘောတရားတွေတစ်ခုနဲ့တစ်ခုမျှမျှတတပေါင်းစပ်နေပြီး၊အချင်းချင်းကြေပျက်နေလို့သာသုညဖြစ်နေရတယ်။


တစ်ကယ်လို့သာအချင်းချင်းမကြေပျက်နိုင်အောင်ပြန်ခွဲထုတ်နိုင်မယ်ဆိုရင်(၂)ဖက်စလုံးမှာကြီးမားတဲ့တန်ဖိုးတွေထွက်လာမယ်ဆိုတာကိုသူကောင်းကောင်းနားလည်သွားပါပြီလို့မှတ်ချက်ပေးပါတယ်။


နောက်ထပ်သူမေးတဲ့မေးခွန်းတစ်ခုကတော့၊ဗုဒ္ဓဘာသာတွေရဲ့နိဗ္ဗာန်ဆိုတာဟာသုညသဘောမျိုးလုံးဝမဟုတ်ဘူးဆိုတာကိုသူအရင်တစ်ခေါက်ကတည်းကလက်ခံပါတယ်တဲ့၊ဒါပေမယ့်နိဗ္ဗာန်ဆိုတာဟာသုညသဘောမျိုးမဟုတ်ဘူးဆိုရင်၊ဘယ်လိုသဘောမျိုးလဲဆိုတာသူသိချင်ပါတယ်။နိဗ္ဗာန်ဆိုတာဘယ်လိုသဘောမျိုးလဲဆိုတာကိုလဲနောက်တစ်ပါတ်ပြန်ဆုံတဲ့အခါကြရင်သင်္ချာနည်းနဲ့သက်သေပြပေးဖို့ထပ်တောင်းဆိုပါတယ်။


ကျွန်တော်ကလဲကောင်းပါပြီဆရာကြီး၊နောက်တစ်ပါတ်ပြန်ဆုံတဲ့အခါကြရင်ဆက်ဆွေးနွေးကြတာပေါ့လို့ပြောပြီး၊ဆွေးနွေးပွဲကိုရပ်နားလိုက်ပါတော့တယ်။


ဒီ(Post)ကိုအနှစ်ချုပ်ရင်၊လူတိုင်းက(zero)သုညဆိုတာကိုဘာမှမရှိတဲ့သဘော(nothing)လို့ယူဆထားကြပါတယ်။တစ်ကယ်တော့လောကကြီးမှာဘာမှမရှိတဲ့သဘောဆိုတာ၊ဘယ်လိုမှကိုမဖြစ်နိုင်ပါဘူး။တစ်ကယ်တော့သုညဆိုတာဘာမှမရှိတဲ့(nothing)သဘောမျိုးမဟုတ်ပဲ၊ဆန့်ကျင်ဖက်သဘောတရားတွေတစ်ခုနဲ့တစ်ခုအညီအမျှပေါင်းစပ်ထားပြီးကြေပျက်နေကြခြင်းသာလျှင်ဖြစ်ပါတယ်။


ဒီ(Post)ဟာနိဗ္ဗာန်ကိုသုညလို့ပြောနေတာမဟုတ်ပါဘူး။လောကမှာ(ဘာမှမရှိဘူး)ဆိုတဲ့(nothing)သုံညဆိုတာမရှိကြောင်းပြောချင်တာပါ။နိဗ္ဗာန်ဆိုတာဟာသုံည(လုံးဝ)မဟုတ်ပါ။နိဗ္ဗာန်ဆိုတာဘာလဲဆိုတာကိုတော့နောက်ပိုင်းမှာပိုပြီးနားလည်လာပါလိမ့်မယ်။


အားလုံးကျန်းမာ၍၊အသိပညာသစ်၊အမြင်သစ်တွေရရှိကြပါစေ။

Kelvin Albert Power

========

========

နိဗ္ဗာန်မြင်သွားသော၊ဘာသာခြားတစ်ယောက်။အပိုင်း(၁)။

https://www.facebook.com/kelvin.power.1675/posts/pfbid02bK5cSG9a9J3eHVPXFA3eFVCkadjXmfgDpM9RLr1DRLWUiDRjvL67V17irTgoMZLl

========

=======

နိဗ္ဗာန်မြင်သွားသော၊ဘာသာခြားတစ်ယောက်။အပိုင်း(၂)။

https://www.facebook.com/kelvin.power.1675/posts/pfbid02HiiF7yVrFdeBgJZTT2ZAdx5fkQN8TLxks5c2AwNqbGtQkrhTujiwhRG8n7MzLq2Ul


Tuesday, October 25, 2022

COCOA (CHOCOLATE TREE)




 မြန်မာအမည် - ကိုကိုး


အင်္ဂလိပ်အမည် - COCOA (CHOCOLATE TREE)


ရုက္ခဗေဒအမည် - Theovroma cacao


မျိုးရင်းအမည် - STERCULIACEAE


၁။ စိုက်ပျိုးသည့်ဒေသများ


မြန်မာနိုင်ငံတွင် မွန်ပြည်နယ်၊ တနင်္သာရီတိုင်းတို့တွင် စိုက်ပျိုးပါသည်။


၂။ ရေမြေရာသီဥတု


ကိုကိုးပင်သည် ရေအစိုဓါတ် ထိန်းသိမ်းနိုင်သော မြေမျိုးဖြစ်သည့် ရွှံ့နုန်းမြေ၊ နုန်းမြေနှင့် သဲနုန်းမြေမျိုးကို နှစ်သက်ပါသည်။ အမြစ်များ ကောင်းစွာကြီးထွားနိုင်မည့် မကျစ်လွန်း မပွလွန်း သော မြေမျိုးလိုအပ်ပါသည်။ မြေ pH ၆ - ၇ ရှိသောမြေမျိုးကို နှစ်သက်ပါသည်။ အပူချိန် ၆၀ မှ ၇၀ ဖာရင်ဟိုက်ရှိ၍ မိုးရေချိန် ၅၀ လက်မအထက် ရွာသွန်းသော ရာသီဥတုမျိုးကို နှစ်သက်ပါသည်။ ကိုကိုးပင်သည် ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၂၀၀၀ အထိ စိုက်ပျိုးဖြစ်ထွန်းနိုင်ပါ သည်။


၃။ မြေပြုပြင်ခြင်း 


အပင်ကြီးများ၊ ချုံနွယ်များကိုရှင်းလင်းပြီး မိုးမကျမီ မီးရှို့ပစ်ရပါသည်။ အချို့အပင်ကြီး များကို အရိပ်ပင်အဖြစ် ချန်ထားရပါသည်။ စိုက်ကျင်းများကို ပင်ကြားတန်းကြား အကွာအဝေး ၉ x ၉ ပေ ထား၍ နှစ်ပေပတ်လည် စိုက်ကျင်းများ တူးဖော်ရပါမည်။


၄။ မျိုးပွားခြင်း 


ကိုကိုးပင်များ မျိုးပွားရာတွင် ပထမဦးစွာ မျိုးရွေးချယ်ခြင်းလုပ်ငန်းကို ဆောင်ရွက်ရပါ မည်။ မျိုးယူရမည့် ကိုကိုးပင်ကို အောက်ပါအချက်များပေါ်မူတည်၍ ရွေးချယ်ရပါမည်။ 


➤ ၁၀ နှစ် ၁၅ နှစ်သားအပင်မှ ရွေးချယ်ရပါမည်။


➤ အသီးမှန်မှန်သီး၍ တစ်နှစ်လျှင် တစ်ပင်မှ သီးလုံး ၃၀ မှ ၄၀ သီးရမည်။


➤ အပင်အနေအထား ကောင်းရမည်။ 


➤ အသီးများအသင့်အတင့်ကြီး၍ အရွယ်အစား ညီညာရမည်။


➤ ပိုးမွှားရောဂါဒဏ် ခံနိုင်သောအပင်ဖြစ်ရမည်။


➤ အစေ့အရောင်ညီညာ၍ ပြည့်ဖြိုးပြီး အနံ့အရသာနှင့် ပြည့်စုံရမည်။


➤ အပင်ပေါက်နှုန်း ကောင်းရမည်။


အဓိက မျိုးပွားနည်း နှစ်နည်းရှိပါသည်။


(က) အစေ့မှ မျိုးပွားခြင်း


(ခ) ကိုင်းပြတ်မှ မျိုးပွားခြင်း


(က) အစေ့မှ မျိုးပွားခြင်း


အပေါ်ယံမြေ၊ သဲ၊ နွားချေးဆွေး (သို့မဟုတ်) သစ်ရွက်ဆွေးများ ဆန်ခါချ၍ ဆတူရောစပ် ထည့်ထားသော ပျိုးသေတ္တာ (သို့) ပျိုးဘောင်များတွင် ရွေးချယ်ထားသော အစေ့ကောင်းများကို ခြောက်လက်မခန့် မြေမြှုပ်၍ စိုက်ပျိုးနိုင်ပါသည်။ ပျိုးဘောင်များတွင် စိုက်ပါက ပင်ကြား တန်းကြား ၄ x ၆ လက်မထား၍ စိုက်ပျိုးသင့်ပါသည်။ ပျိုးပင်ငယ်များကို အရိပ် ၇၅ ရာခိုင်နှုန်းခန့် ရစေရန် ပြုလုပ်ပေးရပါမည်။ ပျိုးပင် ၄ လသားအရွယ်တွင် အရိပ်ကိုလျှော့ပေးရသည်။ မူမှန်ရွက် နှစ်ရွက် သုံးရွက်ထွက်ချိန်တွင် ပျိုးဘောင်မှ ခြင်း (သို့) အိတ်သို့ ပြောင်းရွှေ့စိုက်ပျိုးရပါသည်။ အမြစ်မပျက်စေရန် မြေလုံးပါအောင် တူးယူစိုက်ပျိုးရပါသည်။


(ခ) ကိုင်းပြတ်မှ မျိုးပွားခြင်း


မျိုးရွေးချယ်ထားသောအပင်မှ တစ်နှစ်သားရှိသည့် မပျော့မမာသောကိုင်းကို ရွေးချယ် ရ မည်။ အရှည် ၅ - ၁၂ လက်မခန့်နှင့် သုံးရွက် ခုနှစ်ရွက်ပါသော ကိုင်းပြတ်များကို သုံးနိုင်ပါသည်။ အရွယ်တစ်ရွက်တည်းပါသော ကိုင်းပြတ်များကို သုံးလျှင် ပင်ပွားပိုမိုရရှိနိုင်ပါသည်။ မျိုးကိုင်းကို အဆစ်တစ်ဆစ်စီ၏ အထက်လက်မဝက်ခန့်နေရာမှ ဖြတ်ပေးရပြီး အရွက်ကို တစ်ဝက်ခန့်ဖြတ်ပေး ရပါသည်။ ယင်းနောက် အမြစ်ထွက်စေသော ဟော်မုန်းအပျော့စားတွင်စိမ်၍ ခြင်းများတွင် ထည့်စိုက်ကာ အပေါ်မှပလပ်စတစ် ဖုံးပေးရပါသည်။ အရိပ် ၁၅ ရာခိုင်နှုန်း ရရှိရန် လိုအပ်ပါ သည်။ စိုက်ပြီး တတိယနေ့တွင် ရေအနည်းငယ်လောင်းပေးရသည်။ စိုက်ပြီးလေးပတ်ကြာလျှင် အကိုင်းများ အမြစ်စွဲစပြုပါသည်။ အပင်သန်စွမ်းစေရန် ပလပ်စတစ်စကို ရံဖန်ရံခါ ဖွင့်ပေးရပါ သည်။ တတိယပတ်မှစ၍ ပလပ်စတစ်စကို လုံးဝဖွင့်ထားပြီး စိုက်ခင်းသို့ ပြောင်းရွှေ့ချိန်အထိ အရိပ်အောက်တွင် ထားရပါမည်။


၅။ စိုက်ပျိုးခြင်း


အသင့်ပြုပြင်ထားသော စိုက်ကျင်းများတွင် အပေါ်ယံမြေကို နွားချေးဆွေး၊ သစ်ရွက်ဆွေး၊ မြေဆွေး ဆတူရော၍ ကျဲဖြန့်ပေးရပါသည်။ ဇွန်လကုန်မှ ဇူလိုင်လ ဒုတိယပတ်အထိ ရွှေ့ပြောင်း စိုက်ပျိုးနိုင်ပါသည်။ ပျိုးပင်ငယ်ကို စိုက်ကျင်းအလယ်တည့်တည့်တွင် မတ်မတ်ထောင်၍ ပြောင်း စိုက်ရပါသည်။ ၉ x ၉ ပေ စိုက်စနစ်ဖြင့် စိုက်ပျိုးပါက တစ်ဧက ဝင်ဆံ့သောပင်ရေမှာ ၆၀၅ ပင် ဖြစ်ပါသည်။


၆။ မြေသြဇာကျွေးခြင်း


ကိုကိုးပင်များကို ကျွေးရမည့် မြေသြဇာနှုန်းထားမှာ အပင်သက်တမ်းအလိုက် တစ်ပင်နှုန်း ထားမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။


အပင်သက် နှစ် ရောစပ်သည့် N:P:K မြေသြဇာအချိုးကျွေးရမည့်နှုန်းထား


၁ ၁ : ၁ : ၁ ဝ.၅ ပေါင်


၂ - ၄ ၁ : ၂ : ၁ ၂ ပေါင်


၄ နှစ်အထက် ၁ : ၂ : ၁ ၅.၅ ပေါင်


၇။ ရေသွင်းခြင်း


တစ်ပတ်လျှင် အနည်းဆုံး နှစ်ကြိမ်ကျ မှန်မှန် ရေဝအောင် ပေးသွင်းရပါမည်။


၈။ အပင်ပြုစုခြင်း


အပင်ငယ်များကို စိုက်ခင်းထဲတွင် စိုက်ပြီးနောက် သုံးလ လေးလခန့် ရှိလျှင် အပင်ခြေ ပတ်လည်၌ မြေအနည်းငယ်တူးဆွပေးရသည်။ အမြစ်များ ဘေးသို့ပို၍ ဖြာထွက်နိုင်သည်။ ပင်ခြေတွင် ပေါင်းမြက်ရှင်းပေးရမည်။ အပင်ငယ်များစိုက်ပျိုးပြီး နှစ်နှစ်အတွင်း အသေအပျောက် များကို အစားထိုးစိုက်ရမည်။


စိုက်ပျိုးပြီးသည်မှ သုံးနှစ်အကြာတွင် ပထမအကြိမ် ဘေးကိုင်းဖြာထွက်လာပါက ပင်စည် ထိပ်ပိုင်းကို ဖြတ်ပစ်လေ့ရှိပါသည်။ 


အပင်ကိုပို၍ ရှည်စေလိုလျှင် ပင်စည်ကို နောက်တစ်ကြိမ်ဘေးကိုင်းများ ထွက်သည့် တိုင်အောင် ထားပြီးမှ ဖြတ်ရမည်။ ထိုနောက်ပိုင်းတွင် အဓိကပင်စည်မှ ထွက်ပေါ်လာသည့် အစို့ အတက်များကို ဖယ်ရှားပစ်ရမည်။ အပင်များ၏ ဘေးဖြာကိုင်းများ အချင်းချင်း မကပ်စေရန် အဖျားပိုင်းကို အနည်းငယ်ဖြတ်ပေးရပါမည်။ သို့မှသာ အပင်တွင် နေရောင်နှင့် လေဝင်လေထွက် ကောင်းစွာရစေနိုင်ပြီး မှိုရောဂါကျရောက်မှုကို ဟန့်တားနိုင်ပါသည်။


၉။ ပိုးမွှားရောဂါကာကွယ်ခြင်း


ပင်စည်ထိုးပိုး၊ ရွက်စားပိုးနှင့် သီးပုပ်ရောဂါများသည် အဓိက အန္တရာယ်များဖြစ်ပါသည်။ အသီးသီးချိန်တွင် ကြွက်၊ ပူး၊ ရှဉ့်၊ ရှူးပျံတို့မှာ သီးဖျက် တိရစ္ဆာန်များဖြစ်ပါသည်။ ပင်စည် ထိုးပိုးကျလျှင် အပင်နာလန်မထူတော့ဘဲ ကိုင်းဖျားများခြောက်ခြင်း၊ ပင်စည်နှင့် အကိုင်းများ ပုံပျက်ခြင်း၊ ကျိုးကြေခြင်းဖြစ်ကာ ခြံကို ပျက်စီးစေပါသည်။ မိုးဦးကျနှင့် မိုးပြတ်စ ရွက်နုထွက်ချိန တွင် ရွက်စားပုရစ်များ၊ ပိတုန်းများ ကျရောက်သဖြင့် ချိန်ခါမီ စောင့်ကြပ်ကာကွယ် ပေးရပါသည်။ သီးထိုးပိုးနှင့် သီးပုပ်ရောဂါများကိုလည်း ချိန်ခါမီကာကွယ်ခြင်း၊ သန့်ရှင်းသော ကတ်ကြေးဖြင့် ဖြတ်တောက်ဆွတ်ခူးခြင်း၊ သီးနာသီးပုပ်များကို မြေမြှုပ်၊ မီးရှို့ခြင်းဖြင့် အသီးဖျက် တိရစ္ဆာန် များကို ကာကွယ်ခြင်းများ ပြုလုပ်မှသာ သီးထွက်ကောင်းသော ကိုကိုးခြံတစ်ခု ဖြစ်လာပါမည်။


၁၀။ ဆွတ်ခူးခြင်းနှင့် အထွက်


ကိုကိုးပင်များသည် သက်တမ်း ငါးနှစ် ခြောက်နှစ်တွင် စတင်၍ သီးပါသည်။ ပန်းပွင့်သည်မှ အသီးများ ရင့်မှည့်ချိန်အထိ ခြောက်လခန့် ကြာမြင့်ပါသည်။ ကိုကိုးသီးများ ရင့်မှည့်သောအခါ လိမ္မော်ရောင်မှ အဝါရောင်သို့ ပြောင်းလာပါသည်။ အသီးအညှာမှ အထူးပြုလုပ်ထားသော ဓါးထက်ထက်ဖြင့် ဖြတ်ခူးရပါသည်။ အသီးဆွတ်ခူးရာတွင် အခေါက်ကို မထိခိုက်စေရပါ။


ကိုကိုးပင်သက်တမ်းမှာ ၄၅ နှစ်ကျော်ထိရှိပြီး အပင်သက် ၂၀ တွင် အသီးဖြိုင်ဖြိုင် ရရှိနိုင်ပါသည်။ အပင်သက် ငါးနှစ် ခြောက်နှစ်တွင် စတင်သီးသော်လည်း ၁၀ နှစ်သား ရှိမှသာ ကိုကိုးသီး အများအပြား ရရှိနိုင်ပါသည်။ ကိုကိုးပင်တစ်ပင်မှ ကိုကိုးသီး ၇၀ - ၈၀ ထိ ရရှိနိုင်ပြီး ကိုကိုးသီး တစ်သီးလျှင် ကိုကိုးစေ့ ၃၂ စေ့ခန့် ပါရှိနိုင်ပါသည်။ တစ်ဧကလျှင် ကိုကိုးစေ့အခြောက် ပေါင် ၃၅၀ မှ ၆၀၀ အထိ ရရှိနိုင်ပါသည်။


အပင်သက်တမ်းအလိုက် တစ်ဧကမှ ရရှိနိုင်သော ကိုကိုးစေ့အခြောက် အထွက်နှုန်းမှာ အောက်ပါအတိုင်းဖြစ်ပါသည်။


အပင်သက်နှစ် ၅ ၆ ၇ ၈ ၉


အထွက် (ပေါင်ချိန်) ၅၅ ၁၀၀ ၃၆၀ ၅၅၀ ၇၀၀


ကိုးကား - သစ်သီးဝလံစိုက်ပျိုးနည်းစာအုပ်မှ


Htwettoe

Monday, October 17, 2022

ချမ်းသာကြွယ်၀မှုကို လျင်မြန်စွာ တည်ဆောက်နိုင်စေမည့် အကြံပြုချက်များ

 ကြီးပွားတိုးတက်မှုကို တည်ဆောက်နိုင်စေမည့် အကြံပြုချက်များ (စာဖတ်ချိန် - ၁၀ မိနစ်)

▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄




By Naing Win Aung (CEO Coach & NLP Master Trainer)


တိုးတက်အောင်မြင်မှုဆိုတာဟာ လူတိုင်းလိုလို လိုလားတဲ့အရာ ဒါမှမဟုတ် လိုအပ်နေတဲ့အရာ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အဲဒီအထဲက တချို့လူတွေဟာ သူတို့လိုလားသလို အောင်မြင်တိုးတက်မှုတွေကို ရရှိကြပြီး အများစုအနေနဲ့ သာမန် ဒါမှမဟုတ် သာမန်အောက်လောက်ပဲ ရှိတဲ့ဘ၀မျိုးနဲ့သာ တစ်သက်တာကို အချိန်ကုန်ဆုံးသွားတတ်ကြပါတယ်။


ချမ်းသာကြွယ်၀ချင်တယ်ဆိုတာ အပြစ်မဟုတ်ဘူး၊ ရူးသွပ်မှုလည်း မဟုတ်သလို မတရားမှုလည်း မဟုတ်ဘူး။ လွဲမှားတဲ့နည်းနဲ့ ချမ်းသာချင်တာ၊ မဟုတ်တဲ့နည်းနဲ့ ဖြတ်လမ်းကို လိုက်ချင်တာတွေသာ မလုပ်သင့် မလုပ်ထိုက်တဲ့အရာဖြစ်ပါတယ်။ အောင်မြင်တိုးတက်အောင် လုပ်တယ်ဆိုတာ မလွယ်သလို ချို့တဲ့စွာနေရတာဟာလည်း မလွယ်ပါဘူး။ သင့်ရဲ့ အနာဂတ်ကို စိတ်ပျက်လက်ပျက်နဲ့ ဖြတ်သန်းရမယ့်အခြေအနေမျိုးမှာ မနေဖို့ကို ရွေးချယ်ပါ။


အဲဒီလိုမျိုး မဖြစ်ချင်ဘူးဆိုရင် သင့်အနေနဲ့ မဖြစ်မနေ လုပ်သင့်တဲ့အရာတွေကတော့ သင့်ရဲ့ ဆင်ခြေတွေကို စွန့်လွှတ်လိုက်ပါ။ သင့်ဘ၀နဲ့ ရလဒ်တွေအတွက် သင့်မှာ တာဝန်ရှိတယ်ဆိုတာကို အပြည့်အ၀ လက်ခံလိုက်ပါ။ သင်ဖြစ်ချင်တာတွေကို လုပ်နေပြီး အောင်မြင်နေပြီးသားသူတွေဆီကနေ စံနမူနာယူပါ။ သင်လိုချင်တာတွေကိုသာ တစိုက်မတ်မတ် အာရုံစိုက်ပြီး မအောင်မြင်မချင်း ကြိုးစားလုပ်ကိုင်ပါ။ အခုအချိန်မှာ သင့်တိုးတက်ပြောင်းလဲမှုအတွက် သင်လုပ်ဆောင်သင့်တဲ့အရာတွေကို အလွယ်တကူလေ့လာလို့ ရနေပြီးသားဖြစ်ပါတယ်။


သင့်အနေနဲ့ သင့်ရဲ့ ကြီးပွားတိုးတက်မှုအတွက် အရှိန်အဟုန်မြှင့်တင်နိုင်မယ့် အကြံပြုချက်တွေကို လိုချင်နေတယ်ဆိုရင် အောက်မှာ ဖော်ပြထားတဲ့အကြံပြုချက်တွေကို သေသေချာချာ ဖတ်ရှုပြီး လေးလေးနက်နက် စဉ်းစားပါ၊ ပြီးရင် အမှန်တကယ်လက်တွေ့လုပ်ဆောင်ပါ၊ သင့်ရဲ့ တိုးတက်မှုတွေကို အခါအားလျော်စွာ ပြန်လည်စစ်ဆေးပါ၊ အလုပ်ဖြစ်တာတွေကို ဆက်လုပ်ပါ၊ အလုပ်မဖြစ်တဲ့အရာတွေကို ပိုမိုကောင်းမွန်တဲ့အရာတွေနဲ့ အစားထိုးပါ၊ စနစ်တကျသင်ပြပေးနိုင်တဲ့သူဆီမှာ သင်ယူပါ။


▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄


ချမ်းသာကြွယ်၀မှုကို  လျင်မြန်စွာ တည်ဆောက်နိုင်စေမည့် အကြံပြုချက်များ


၁။ စိတ်ဆန္ဒပြင်းပြမှုအပြည့်နဲ့ နေထိုင်ပါ၊ ဘယ်အရာကို မဆို မလုပ်ချင်ရင် လုံး၀မလုပ်ပါနဲဲ့၊ လုပ်ပြီဆိုရင်တော့ အကောင်းဆုံးလုပ်မယ်ဆိုရင် အလုံးစုံစိတ်ပိုင်းဖြတ်မှု (Total Commitment) နဲ့ လုပ်ဆောင်ပါ။

……


၂။ ပိုက်ဆံစုပါ။  တစ်နေ့မှာ ငွေကြေးချမ်းသာကြွယ်၀တဲ့သူတစ်ယောက်ဖြစ်လာချင်တယ်ဆိုရင် ချွေချွေတာတာနဲ့ သုံးစွဲပြီး စုဆောင်းလိုစိတ်ရှိရပါမယ်။ သင်ရှာဖွေတဲ့ငွေရဲ့ ၁၀ ရာခိုင်နှုန်းကို အမြဲစုဆောင်းပါ။

……


၃။ လုံ့လဝီရိယရှိရှိနဲ့ လုပ်ဆောင်ပါ။ သင့်ပတ်ဝန်းကျင်မှာ ရှိတဲ့အခြားသူတွေလုပ်ကိုင်နေတာထက် ပိုပြီး ပြင်းပြင်းထန်ထန်ကြိုးစားပါ။ သင်ဟာ အခြားသူတွေနဲ့ မတူဘူးဆိုတာကို သင့်ဖောက်သည် ဒါမှမဟုတ် သင့် လုပ်ဖော်ကိုင်ဘက် ဒါမှမဟုတ် သင့်အထက်လူကြီးကို အလုပ်နဲ့ ပြသပါ။

……


၄။ သင့်ရဲ့ အလုပ်ချိန်ကို တိုးချဲ့ပါ။ သူများလောက်ပဲ လုပ်နေသရွေ့တော့ သူများလောက်ပဲ ဖြစ်နေမှာပါ။ သင့်ရဲ့ အလုပ်လုပ်ချိန်ကို မနက်မှာ တစ်နာရီတိုးပါ၊ ညနေမှာ တစ်နာရီတိုးပါ။ အဲဒါ ဘယ်သူ့အတွက်မှ မဟုတ်ဘူး။ သင့်အနာဂတ်အတွက်ဆိုတာကို စွဲစွဲမြဲမြဲမှတ်ထားပါ။

……


၅။ အထူးပြုပညာအရည်အချင်းကို ပျိုးထောင်ပါ။ သတင်းအချက်အလက်ကို ဗဟိုပြုတဲ့ စီးပွားရေးလောကမှာ ဗဟုသုတဟာ စွမ်းအားတစ်ခုဖြစ်ပါတယ်။ ဘယ်အရာနဲ့ပတ်သက်လာရင် သင်ဟာ အထူးကျွမ်းကျင်တယ်ဆိုတာကို သင့်ကိုယ်သင်နဲ့ လူတွေ လက်ခံလာအောင်လုပ်ပါ။

……


၆။ ကြောက်စိတ်က သင့်ကို နောက်ပြန်ဆုတ်ခိုင်းတာကို ငြင်းဆိုပါ။ သင့်အနေနဲ့ အပြောင်းအလဲဖြစ်စေမယ့် လုပ်ဆောင်ချက်တွေကို လုပ်တော့မယ်ဆိုရင် စိုးရိမ်စိတ်တွေ၊ ကြောက်စိတ်တွေ ဝင်လာစမြဲပါ။ စိုးရိမ်နေမယ့်အစား အကောင်းဆုံးကြိုတင်ပြင်ဆင်ပါ၊ ပြီးရင် လုပ်စရာရှိတာကို လုပ်ပါ။

……


၇။ ဘယ်နေရာတွေမှာ သင်အားနည်းတယ်ဆိုတာကို သိအောင်လုပ်ပါ။ အချို့အရာတွေ သင်ဂရုမစိုက်လို့ ရနိုင်ပေမယ့် သင်သိကိုသိရမယ့် တတ်ကိုတတ်ရမယ့်အရာတွေမှာ မသိလို့၊ မတတ်လို့တော့ အဆင်မပြေနိုင်ပါဘူး။ လိုနေတဲ့အရည်အချင်းတွေကို ဖြည့်ပါ။

……


၈။ ကောင်းမွန်တဲ့အလုပ်ကို ရှာဖွေပါ။ သင်လုပ်နေတဲ့အလုပ်က လွဲမှားနေရင် ဘယ်လောက်ပဲ ကြိုးစားကြိုးစား အရာထင်မှာမဟုတ်ပါဘူး။ လုပ်ငန်းကို သေချာရွေးပါ၊ ပြီးရင် အလုပ်ကို အကောင်းဆုံး ကြိုးစားလုပ်ဆောင်ပါ။


၉။ သင်ချစ်မြတ်နိုးတဲ့အလုပ်ကိုလုပ်ပါ၊ အောင်မြင်တဲ့လူတွေဟာ သူတို့အသက်မွေးဝမ်းကျောင်းလုပ်နေတဲ့အလုပ်ကို ချစ်တတ်ကြတယ်။ သင့်အနေနဲ့ အခုလုပ်နေတဲ့အလုပ်အမျိုးမျိုးထဲကနေ တိုးတက်အောင်မြင်ဖို့အတွက် တစ်နေ့လုံးမှာ အလုပ်တစ်မျိုးပဲ လုပ်ရမယ်ဆိုရင် ဘယ်အလုပ်ကို လုပ်ရတာကို ဝါသနာပါလဲ သင့်ဘာသင် ပြန်မေးပါ။

……


၁၀။ သင့်ရဲ့အဓိကကျွမ်းကျင်မှုအရည်အချင်းတွေကို သိအောင်လုပ်ပါ။ သင်အလုပ် ဒါမှမဟုတ် ဘယ်တာဝန်တွေမှာ သင်က တော်တော်ထူးချွန်တာလဲ။ ပြီးရင် အဲဒီမေးခွန်းကို ဖြေပါ။ ပြီးရင် သင့်ဘ၀ကို သင့်အရည်အချင်းတွေနဲ့ စီစဉ်ဖွဲ့စည်းလုပ်ဆောင်ပါ။

……


၁၁။ ကျောင်းသားကောင်းတစ်ယောက်ဖြစ်အောင်လုပ်ပါ။ ကျွန်တော်တို့အားလုံးဟာ ဘ၀ဆိုတဲ့ကျောင်းမှာ အမြဲတက်နေရတဲ့သူတွေဖြစ်ပါတယ်။ ကိုယ်ဟာ ဘယ်နေရာကနေဆို လေ့လာသင်ယူဖို့ကို စိတ်အားထက်သန်နေရပါမယ်။

……


၁၂။ အခြားသူတွေကို​ မြှင့်တင်ပေးပါ။ သင်ဟာအခြားသူတွေရဲ့ အောင်မြင်မှုအတွက် အရေးပါတဲ့သူဖြစ်ဖို့ လိုပါတယ်။ လူတစ်ယောက်နဲ့တွေ့တဲ့အခါ သင့်အတွက် တစ်စုံတစ်ရာကို တောင်းဆိုဖို့ထက် သူ့ကို ဘာကူညီပေးနိုင်မလဲဆိုတာကို အရင်ဦးစားပေးပါ။

……


၁၃။ သင့်အချိန်တွေကို အကျိုးရှိစွာအသုံးချပါ။ သင်အဓိကအာရုံစိုက်နေတဲ့အလုပ်ကနေ သွေဖယ်စေမယ့်ဘယ်အရာကိုမှ မလုပ်ပါနဲ့။ ကော်ဖီထသောက်တာ၊ မဆီလျော်တဲ့အီးမေးလ်တွေစစ်တာ၊ လုပ်ဖော်ကိုင်ဘက်တွေနဲ့ မလိုအပ်တဲ့စကားတွေပြောတာမျိုးကို ရှောင်ကျဉ်ပါ။

……


၁၄။ သင့်ရလဒ်တွေကို အလုံးစုံတာဝန်ရှိမှုကို လက်ခံပါ။ ဘယ်လိုအခြေအနေကို ကြုံနေရပါစေ၊ ဒီကိစ္စကို ပိုကောင်းလာအောင် လုပ်ဆောင်ဖို့ ငါ့မှာတာဝန်ရှိတယ်ဆိုတဲ့စကားကို သင့်ကိုယ်သင် အကြိမ်ကြိမ်ပြောပါ။

……


၁၅။ ဦးစားပေးအလုပ်တာ၀ဝန်တွေကို လေ့လာဆန်းစစ်ပါ။ သင့်ရဲ့ အထက်လူကြီးဖြစ်စေ၊ လုပ်ဖော်ကိုင်ဘက်တွေနဲ့ ဖြစ်စေ သင်ပြီးစီးအောင်လုပ်ရမယ့်အလုပ်တွေက ဘာလဲဆိုတာကို ပြန်လည်စစ်ဆေးပြီး ဦးစားပေးအစီအစဉ်ချမှတ်မှုကို သေချာအောင် လုပ်ဆောင်ပါ။

……


၁၆။ သင့်အထက်လူကြီး ဒါမှမဟုတ် လုပ်ဖော်ကိုင်ဘက်ဆီကနေ တာဝန်တွေကို ခွဲဝေယူပါ။ သင်နဲ့တွဲလုပ်နေတဲ့ အထက်လူကြီး ဒါမှမဟုတ် လုပ်ဖော်ကိုင်ဘက်က ဘယ်အလုပ်တွေကို သဘောမကျဘူးလဲဆိုတာကို သိအောင်လုပ်ပြီး သူတို့ကို အဲဒီအလုပ်တာဝန်တွေမှာ ဝန်ပေါ့အောင် ကူညီပေးပါ။

……


၁၇။ ကျေနပ်ရောင့်ရဲ့ဖို့ကို ငြင်းဆိုပါ။ ထိုက်သင့်တဲ့အောင်မြင်မှုတွေကို မြင်မလာရခင်အထိ သင့်ကိုယ်သင် တွန်းပါ၊ သင့်အထက်လူကြီးကို အလုပ်တာဝန်တွေ ပိုပေးဖို့ကို တောင်းဆိုပါ။ သင့်ဦးဆောင်မှုအောက်မှာ ထုတ်လုပ်မှုစွမ်းအား (Productivity) ပိုမိုတက်လာဖို့ကို အာရုံစိုက်လုပ်ဆောင်ပါ။

……


၁၈။ အလုပ်တွေကို မြန်မြန်လုပ်နိုင်ဖို့ သင်ယူပါ။ သင်ဟာ သင်တာဝန်ရှိတဲ့အလုပ်တွေကို မြန်မြန်နဲ့ ထိထိရောက်ရောက်လုပ်နိုင်တဲ့အတွက် မှီခိုအားထားထိုက်တဲ့သူဖြစ်တယ်ဆိုပြီး နာမည်ရလာအောင် လုပ်ဆောင်ပါ။

……


၁၉။ ကွန်ရက် (Network) ချိတ်ဆက်မှုကို စဉ်ဆက်မပြတ်လုပ်ဆောင်ပါ။ အောင်မြင်တဲ့ စီးပွားရေးဦးဆောင်သူ၊ မန်နေဂျာတစ်ယောက်ဖြစ်လာဖို့အတွက် လုပ်ငန်းတွင်းနဲ့ လုပ်ငန်းပြင်ပကနေ ကူညီပံ့ပိုးပေးမယ့်သူတွေ လိုအပ်ပါတယ်။ ပညာရှင်အသင်းအဖွဲ့တွေ၊ လုပ်ငန်းရှင်အသင်းတွေ၊ PBCA လို သင်တန်းတွေကို Join ပါ။ 

……


၂၀။ သင့်အလုပ်ရဲ့ အရေးပါတဲ့အစိတ်အပိုင်းတွေကို ဖော်ထုတ်ပါ။ ဘယ်အလုပ်မှာမဆို အရေးပါတဲ့ တာဝန်၀တ္တရားတွေ ရှိပါတယ်။ အဲဒီနယ်ပယ်တွေကို လေ့လာဆန်းစစ်ပြီး အဲဒီအရေးပါတဲ့ကဏ္ဍတွေကို ထူးထူးချွန်ချွန်လုပ်ဆောင်နိုင်ဖို့ အာရုံစိုက်ပါ။

……


၂၁။ အကောင်းဆုံး လုပ်ငန်းလုပ်ဆောင်မှု အလေ့အကျင့်များကို ပျိုးထောင်ပါ။ သင့်ရဲ့ထုတ်လုပ်မှုစွမ်းအား (Productivity) ကို အမြင့်မားဆုံးဖြစ်အောင် မြှင့်တင်ပါ။ အရင်းအမြစ်နည်းနည်းနဲ့ ပိုမိုထိရောက်အောင်လုပ်ပါ။ 

……


၂၂။ ဩဇာအာဏာတည်ဆောက်ပါ။ သင့်ကုမ္ပဏီထဲမှာ ဒါမှမဟုတ် သင့်လုပ်ငန်းအသိုင်းအဝိုင်းထဲမှာ လူမှုဆက်ဆံရေးကောင်းမွန်အောင်လုပ်ဆောင်ပြီး ကိုယ်ရေးကိုယ်တာအာဏာကို တည်ဆောက်ပါ၊ ဗဟုသုတနဲ့ လုပ်နိုင်စွမ်းတွေကို မြှင့်တင်ပြီး ကျွမ်းကျင်မှုအာဏာကို တည်ဆောက်ပါ၊ ရာထူးနေရာကို ရယူပြီး လုပ်ပိုင်ခွင့်အာဏာကို တည်ဆောက်ပါ။ သင်ရထားသမျှ အာဏာနဲ့ လုပ်ပိုင်ခွင့်တွေကို လူတွေကို ထိထိရောက်ရောက်အကျိုးပြုနိုင်ဖို့ကို အသုံးပြုပါ။

……


၂၃။ သင့်ရဲ့ သိက္ခာသမာဓိကို ကာကွယ်ပါ။ ယုံကြည်မှုဟာ ဘယ်လိုဆက်ဆံရေးမှာမဆို အခြေခံအုတ်မြစ်ဖြစ်တဲ့အတွက် အခြားသူတွေ ယုံကြည်ကိုးစားနိုင်တဲ့သူဖြစ်လာအောင် လုပ်ပါ။

……


၂၄။ အနာဂတ်မှာ ဘာလိုချင်တယ်ဆိုတာကို ဆုံးဖြတ်ပါ။ သင်ဘယ်ကလာသလဲဆိုတာဟာ သင်ဘယ်ကိုသွားမှာလဲဆိုတာလောက် အရေးမကြီးပါဘူး။ သင်ဟာ ရလဒ်တွေကို ဦးစားပေးပြီး အနာဂတ်အတွက် ရည်မှန်းကြိုးစားတဲ့သူဖြစ်လာအောင် လုပ်ပါ။

……


၂၅။ သင်ရှိနေတဲ့နေရာကနေ စပါ။ ကြီးပွားတိုးတက်မှုကို လိုချင်တယ်ဆိုရင် သင့်မှာ မရှိတာတွေအကြောင်း ထပ်တလဲလဲပြောဆိုပြီး အချိန်ဖြုန်းမနေပါနဲ့။ သင့်မှာ အခုချက်ချင်းအသုံးချနိုင်တဲ့အရာတွေ ဘာတွေရှိသလဲဆိုတာကို ပြန်လည်ဆန်းစစ်ပါ၊ လုပ်စရာရှိတာကို စလုပ်ပါ။

……


၂၆။ ချမ်းသာကြွယ်၀မှုကို အားပေးတဲ့စိတ်ကို ပျိုးထောင်ပါ။ သင့်ရဲ့ပန်းတိုင်တွေကို ချရေးပါ၊ အကြိမ်ကြိမ်ထပ်ရေးပါ၊ သင်ဟာ တိုးတက်အောင်မြင်ပြီး ချမ်းသာကြွယ်၀တဲ့သူတစ်ယောက်ဖြစ်လာဖို့ ဘ၀သင်တန်းတစ်ခုတက်နေသလို သဘောထားပါ။

……


၂၇။ အကန့်အသတ်မဲ့တဲ့သူတစ်ယောက်ဖြစ်လာအောင်လုပ်ပါ။ အောင်မြင်တဲ့သူ၊ ချမ်းသာကြွယ်၀တဲ့သူတစ်ယောက်ဖြစ်လာဖို့က ခက်ခဲသလိုမျိုးပဲ ဆင်းရဲချို့တဲ့တဲ့သူတစ်ယောက်ဖြစ်လာဖို့ကလည်း ခက်ခဲပါတယ်။ အရွယ်ရှိနေတုန်းမှာ အင်တိုက်အားတိုက်လုပ်ဆောင်တာဟာ သင့်ကို နောင်တစ်ချိန်မှာ ထိုက်တန်တဲ့အသီးအပွင့်တွေကို ခံစားခွင့်ရရှိစေပါလိမ့်မယ်။


▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄


အခုဆွေးနွေးခဲ့တဲ့အချက်တွေဟာ ကမ္ဘာ့နာမည်ကျော် Personal Development ဟောပြောသူနဲ့ Business Coach တစ်ဦးဖြစ်တဲ့ Brian Tracy ဆီကနေ လေ့လာထားတဲ့အချက်တွေဖြစ်ပြီး သင်သာလက်တွေ့ကျင့်ကြံမယ်ဆိုရင် လက်ရှိအခြေအနေထက် သိသိသာသာ တိုးတက်ပြောင်းလဲစေနိုင်တဲ့အချက်တွေ ဖြစ်ပါတယ်။ 


သင့်ရဲ့ စီးပွားရေးလုပ်ငန်းနဲ့ ကိုယ်ရေးကိုယ်တာဘ၀မှာ တိုးတက်ပြောင်းလဲမှုတွေကို ဖန်တီးပြီး မြင်သာထင်သာရှိတဲ့ ရလဒ်တွေကို လိုချင်တယ်ဆိုရင် အတွေ့အကြုံရှိ နိုင်ငံတကာအသိအမှတ်ပြု Coaching သင်တန်းဆင်းလက်မှတ်ရရှိထားသော Certified Professional Business Coach တစ်ဦးဦးရဲ့ အကူအညီကို ရယူပါ။ 


Professional Business Coach တစ်ယောက်ဟာ သင်လက်ရှိရှိနေတဲ့နေရာကနေ သင်ဖြစ်ချင်တာတွေဖြစ်လာတဲ့အထိ လုပ်ဆောင်ရမယ့် မဟာဗျူဟာ (Strategy) တွေ၊ နည်းဗျူဟာ (Tactic) တွေ၊ လုပ်ဆောင်ချက် (Action) တွေကို ဖော်ထုတ်နိုင်ဖို့နဲ့ အဲဒီအတိုင်း သင်ဆက်လက်လုပ်ဆောင်နိုင်ဖို့ကို ကူညီပေးနိုင်ပါတယ်။ 


Naing Win Aung (MBA, UK)

CEO Coach & NLP Master Trainer

Professional Certified Coach (PCC, ICF)

Certified Canfield Success Principles Trainer 

Certified Professional Master Business Coach 

Certified John Maxwell Coach, Trainer & Speaker


#naingwinaungexecutivecoach 

#Breakthrough_Coaching_Myanmar

#NLP #Coaching #Transformation


▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

Sunday, October 16, 2022

ဒုန်းဒုန်း ကြက်သားဟင်း

 ဒုန်းဒုန်း ကြက်သားဟင်း 




棒棒雞


ဒီတခါမှာတော့ နာမည်အဆန်းနဲ့ စီချွမ်ဟင်းလျာတစ်မျိုးအကြောင်း တင်ဆက်ပေးပါမည်။ နာမည်က ဒုန်းဒုန်း ကြက်သားဟင်း 棒棒雞 ဟု ခေါ်သည်။ အကြောင်းက ကြက်သားကို အပိုင်းပိုင်းရာတွင် သစ်သားတုတ် (သို့မဟုတ်) တူကို အသုံးပြုသောကြောင့် ဖြစ်သည်။ 


ဟင်းလျာဒဏ္ဍာရီ 


မင်မင်းဆက်ပျက်သုဉ်းပြီးကာစအချိန် မန်ချင်းမင်းဆက်အစတွင် စာဖိုမှူးတစ်ဦးသည် စီချွမ်ပြည်နယ် ရာအန်းမြို့ 雅安市 သို့ ပြောင်းရွှေ့လာခဲ့ပြီး သူဝါသနာပါသော ဟင်းလျာချက်ပြုတ်သည့်အလုပ်ကို လုပ်ကိုင်နေခဲ့သည်။ စာဖိုမှူးသည် ဟင်းလျာအသစ်အဆန်းများကို တီထွင်ရသည်ကို နှစ်သက်သူဖြစ်သည်။ သူသည် ကြက်သားစွပ်ပြုတ်ထဲတွင်ထည့်ရသော ဟင်းခတ်အမွှေးအကြိုင်များကို စမ်းသပ်နေခဲ့သည်။ ထိုအချိန်က မွေးမြူရေးလုပ်ငန်းများတွင် အသားကို လိုအပ်သလောက် မထုတ်လုပ်နိုင်သည့်အတွက် ယနေ့ခေတ်လို မပေါများခဲ့ပေ။ ကြက်သား၊ ကြက်ဥ ဆိုသည်မှာ ချမ်းသာသောလူများသာ စားနိုင်သည့် ဇိမ်ခံဟင်းလျာဖြစ်လေသည်။ ထို့ကြောင့် သူ၏ ဆိုင်တွင် ကြက်သားဟင်းလျာကို တစ်ပတ်မှ အားလပ်ရက် တစ်ရက်သာ ဧည့်ခံရောင်းချနိုင်သည်။ 


ထို့ကြောင့် စာဖိုမှူးကို နေ့စဉ်ရောင်းချနိုင်စေရန် တစ်ယောက်က ကြက်သားကို အတုံးကြီးတွေ လှီးမယ့်အစား အလွှာအချပ်လေးဖြစ်အောင် ပါးပါးလေးလွှာပြီး ရောင်းချရန် အကြံပေးလာသည်။ ထိုအကြံမှာ ကောင်းလှသော်လည်း ပြဿနာက ရှိလာသည်။ ကြက်သားသည် ဝက်သား၊ အမဲသားကဲ့သို့ မဟုတ်ပေ၊ အရိုးသေးပြီး အရိုးများလေသည်။ ထို့ကြောင့် ကြက်သားကို ပါးပါးလေး လွှာရာ၌ အရိုးရှိသည့်နေရာကို ဓားဖြင့်ခုတ်ထစ်ရန် အဆင်မပြေပေ။ ထိုအခါ တပည့်တစ်ယောက်က အနီးအနားရှိ ဒလှိမ့်တုံးဖြင့် စာဖိုမှူး၏ ဓားမပေါ် ရိုက်ချလိုက်ရာ ကြက်ရိုးကို ပိုင်းနိုင်ခဲ့လေသည်။ စာဖိုမှူးလည်း သူက ဓားမဖြင့် လွှာမည့်နေရာကို ကြက်သားပေါ် ဓားမတင်၊ တပည့်က ဆရာ့ ဓားမကို တုတ်ဖြင့်ရိုက်လေရာမှ ကြက်သားကို အလွှားပါးလေးတွေဖြစ်အောင် လွှာနိုင်ခဲ့သည်။ ထိုသို့ ဆရာတပည့် နှစ်ယောက်သား ကြက်သားကို ခုတ်ထစ်သည့်အခါ တစ်ဒုန်းဒုန်း တစ်ဗုန်းဗုန်း အသံမြည့်သည့်အတွက်ကြောင့် စာဖိုမှူး၏ ကြက်သားဟင်းကို ဒုန်းဒုန်း ကြက်သားဟင်း 棒棒雞 ဟု ခေါ်ကြလေသည်။ နောက်ပိုင်းကျ စွဲဆောင်မှုတစ်ခုဖြစ်အောင် စည်းချက်ကျကျ ခုတ်ထစ်ရောင်းချကြလေသည်။ 


ဒုန်းဒုန်း ကြက်သားသည် အရင်ဦးစွာ ကြက်သားကို နူးနေအောင် ပြုတ်ထားရသည်။ ထို့နောက် အရိုးကို မဖယ်တော့ပဲ အရိုးနှင့် အသားကို အလွှာအလွှာဖြစ်အောင် ခုတ်ပိုင်းရသည်။ ထိုသို့ ခုတ်ပိုင်းရာတွင် တစ်ယောက်က ဓားမဖြင့် ဓားရာပေးပြီး ကျန်တစ်ယောက်က ဓားမကို တုတ် (သို့မဟုတ်) သစ်သားတူဖြင့် စည်းချက်ညီညီ ပြိုင်တူလှုပ်ရှားကြရလေသည်။ စီချွမ်ပြည်နယ်တွင်တော့ ဒုန်းဒုန်း ကြက်သားကို ခရမ်းချဉ်သီး၊ သခွားသီး စသည့်အသီးအရွက်များ ထည့်ကာ စီချွမ်ငရုတ်သီးအနှစ်နှင့် သုတ်စားလေ့ရှိသည်​။ တစ်ချို့က ငရုတ်ဆီအနှစ်ဖြင့် ချက်ပြုတ်ပြီး တည်ခင်းလေ့ရှိသည်။ ကြက်သားပြုတ်သည့်နေရာက အသက်ဖြစ်သောကြောင့် မင်မင်လည်း မသိပါ။

 



ညခင်းမှာ ဗိုက်ဆာကြပါစေတော့ဆိုတဲ့ စေတနာများဖြင့် ချစ်တဲ့ #林圛朙「天下第一」🥹

Saturday, October 15, 2022

အာရုံကြောအားနည်းရောဂါ (Neuropathy)

 #အာရုံကြောအားနည်းနေလို့ပါ_အာရုံကြောအားဆေးသောက်လည်း_မသက်သာဘူး

#ဘာဆေးသောက်ရမလဲ ⁉️




#အာရုံကြောအားနည်းရောဂါ

(#Neuropathy)


လူတွေ ပြောနေကြတဲ့ အာရုံကြောအားနည်း တယ်ဆိုတာ နဲ့ တကယ့် အာရုံကြောရောဂါ  (#Neuropathy) နဲ့ က ကျွန်တော်သိသလောက်တော့ မတူပါဘူး။


အာရုံကြော (Nerve) ဆိုတာကို ပြောရရင် 

- Motor Nerve လှုပ်ရှားမှုကို ထိန်းချုပ်တဲ့ အာရုံကြော

- Sensory Nerve အာရုံခံစားတဲ့ အာရုံကြော (ပူတာ/အေးတာ၊ ထိတွေ့တာ၊ နာတာ)


အဲ့တော့ အာရုံကြောရောဂါ ဆိုရင် 


👉 Motor Nerve လှုပ်ရှားမှုကို ထိန်းချုပ်တဲ့ အာရုံကြော က ရောဂါလား

👉 အာရုံခံစားတဲ့ အာရုံကြော က ရောဂါလား ဆိုပြီး ရှိသလို

👉 အာရုံကြောမကြီးဖြစ်တာလား

👉 အာရုံကြောတစ်ချောင်းချင်းစီလား

👉 အာရုံကြော အသေးလေးတွေလား ဆိုပြီး ရှိပါသေးတယ်။


လက္ခဏာတွေက 


Motor Nerve ထိရင် မလှုပ်ရှားနိုင်တော့ပါဘူး (မြင်သာအောင်ပြောရရင် လေဖြတ်သလို မလှုပ်တော့တာပေါ့)

Sensory Nerve ထိရင် ထုံတယ်၊ ကျဉ်တယ် ၊ ဆိုးလာရင် နာတာကနေ အာရုံခံစားမှု မရှိတော့တဲ့အထိရှိပါတယ်။


နောက်တစ်ချက် အာရုံကြောရောဂါ ပြောဖို့က အာရုံကြောတိုင်းမှာတိကျတဲ့ နေရာသတ်မှတ်ချက်ရှိပါတယ်။

ဥပမာ၊  Median Nerve ဆိုရင် လက်ရဲ့ လက်မဖက်အခြမ်းကို ထိန်းချုပ်ပါတယ်

Ulnar Nerve ဆိုရင် လက်ရဲ့ လက်သန်းဖက်အခြမ်းကို ထိန်းချုပ်ပါတယ်


ဆိုလိုတာက အာရုံကြောရောဂါ ဖြစ်ဖို့ ထုံ၊ ကျဉ် ရုံနဲ့ မကပါဘူး နေရာတိတိကျကျပါ ဖြစ်ရပါတယ်။

___________

အခု ကျွန်တော်တို့တတွေ ခံစားနေရတဲ့


- ကြွက်သားတွေ အားနည်းတယ်

- လှုပ်ရရှားရတာ မကောင်းဘူး

- နုံးနေတယ်

- ဇတ်ကြောတွေတက်

- လက်ကပ် ခြေကပ်

- ကြွက်တက်တယ်

- ဟိုနား ထုံ ဒီနား ကျဉ်


အဲ့ဒါတွေကို အာရုံကြောအားနည်းတယ် အမည်တပ်ပြီး အာရုံကြောအားဆေး ဆိုတဲ့ (Vitamin B1,B6,B12) ရောထားတဲ့ ဆေးသောက်တော့

          ရှင်းရှင်းပြောရရင် မဆိုင်ဘူးပေါ့


1. လှုပ်ရှားမှုနည်းလို့ သွေးလှည့်ပတ်မှုမကောင်းပဲ ကြွက်သားတွေရဲ့ ဇီဝဖြစ်စဉ်က အညစ်အကြေးတွေကို စွန့်မထုတ်နိုင်ရင် 

👉 ကြွက်သားအားနည်းတာ၊ ညောင်းနေတာ၊ နုံးနေတာ ဖြစ်ပါတယ်။


2. လှုပ်ရှားမှုများလွန်းလို့ ကြွက်သားတွေ ပင်ပန်းနေတဲ့အခါ မှာလည်း

👉 ကြွက်သားအားနည်းတာ၊ ညောင်းနေတာ၊ နုံးနေတာ အပြင် ကြွက်တက်တာလည်း ဖြစ်ပါတယ်။


3. စိတ်ဖိစီးမှုကြောင့်ဖြစ်စေ၊ ရုတ်တရက်လန့်သွားလို့ဖြစ်စေ၊ ကြေကွဲမှုကြောင့်ဖြစ်စေ မောတယ်ဆိုပြီး အသက်တွေအရမ်းရှူတဲ့အခါ

👉 ခြေ လက် တွေထုံပြီး ခြေကပ်လက်ကပ်ဖြစ်တတ်ပါတယ်


အဲ့ဒါကြောင့် 


❇️ လှုပ်ရှားမှုနည်းရင် နေ့စဉ်ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းပြုလုပ်ပါ

(အိမ်ထဲမှာချည်းနေ နေရတဲ့အတွက် မနက် ၆-၇ နာရီ နေရောင်လေးခံ ပေးပါ)

❇️ ကြွက်သား အသုံးပြုရတာ များသော ကာယလုပ်သားများ အနေနဲ့

- အာဟာရပြည့်ဝအောင်စားသုံးပါ ( အသားဓာတ်အတွက် ပဲဟင်းစားလည်းရပါတယ်)

- ငှက်ပျောသီးဖီးကြမ်းစားပါ

- ရေတစ်နေ့ အနည်းဆုံး (၃) လီတာသောက်ပါ (ချွေးထွက်မှုပေါ်မူတည်ပြီး တိုးသောက်ကြပါ)

- ချွေးထွက်များလွန်းက ဓာတ်ဆားရည် သောက်ပါ

- ဆေးလိပ်မသောက်ပါနဲ့၊ အရက်အလွန်အကျွံ မသောက်ပါနဲ့


❇️ စိတ်ဖိစီးမှု လျှော့ကြပါ။

__________

အဲ့လိုမဟုတ်ပဲ နေရာတိတိကျကျ နဲ့ဖြစ်တဲ့ တကယ့်အာရုံကြောရောဂါ ဆိုရင်တော့ ဦးနှောက်နှင့်အာရုံကြောအထူးကုဆရာဝန် နှင့် ပြသပါ။


ကျွန်တော်တို့ လူမျိုးက အမျိုးသားတွေလိင်အင်္ဂါအားနည်း တဲ့ Erectile Dysfunction ကိုလည်း အကြောအားနည်းတယ် ခေါ်ကြပါတယ်။


သူ့ပြဿနာက Autonomic Dysfunction (ခန္ဓာကိုယ်တွင်းအလိုလျောက်ထိန်းချုပ်စနစ် ပြဿနာကြောင့်ဖြစ်နိုင်သလို)

Hormone အားနည်းခြင်းကြောင့်ပါ။


(Photo credit; acts29)

(original post; Jan,2022 👉 https://www.facebook.com/104993831383029/posts/393564015859341/?d=n)

ကျန်းမာရေးဗဟုသုတတိုးပြီး

သက်ရှည်ကျန်းမာ စိတ်ချမ်းသာကြပါစေ

                             

                                                  Dr. ဘုန်းစည်သူလွင်



Wednesday, October 12, 2022

𝗔𝗶𝗿𝗣𝗼𝗱𝘀 𝗣𝗿𝗼 (𝟮𝗻𝗱 𝗚𝗲𝗻)

𝗔𝗶𝗿𝗣𝗼𝗱𝘀 𝗣𝗿𝗼 (𝟮𝗻𝗱 𝗚𝗲𝗻) 𝗜𝗺𝗽𝗿𝗲𝘀𝘀𝗶𝗼𝗻: 𝗚𝗼 𝗚𝗲𝘁 𝗜𝘁!

---------------




AirPods Pro 2nd Gen ကို အခုဆိုရင် ဒီမှာစစရောက်ချင်းထဲက ကိုယ်တိုင်ဝယ်သုံးဖြစ်တာ အချိန်တစ်ပါတ်လောက်တောင် ဖြစ်သွားပြီ။ ဒါပေမယ့် Review အတွက်ကတော့ ထပ်ပြီး စမ်းချင်တဲ့ Scenario တွေရှိသေးတော့ လောလောဆယ် Impression အနေနဲ့ပဲ ဘာတွေပြောင်းလဲသွားတယ်၊ တခြား အားသာချက်၊ အားနည်းချက်တွေကို အတိုချုပ်ပဲ ရေးဖြစ်ပါတယ်။


𝗧𝗟;𝗗𝗥 


AirPods Pro (2nd Gen) က Personally အနေနဲ့ နားထောင်ဖြစ်သမျှ Wireless Earbuds တွေထဲမှာ (1) အသံ Quality ၊ Tuning ပိုင်း စိတ်ကျေနပ်မှုအရဆုံး၊ (2) ANC အကောင်းဆုံး၊ ပြီးတော့ (3) Transparency/Convenient ပိုင်းက AirPods ဆိုတော့ တခြား ပြိုင်ဘက်တွေထက် ပိုကောင်းနေတဲ့ Earbuds တစ်ခုပါ။ ကျွန်တော်တို့ ကိုယ်တိုင် AirPods Pro (1st Gen | MagSafe) ကို ၁ နှစ်ကျော်သုံးနေခဲ့တာပေမယ့် AirPods Pro (2nd Gen) က Upgrade လုပ်ရတာ မတရားတန်ပါတယ်။ Worth Every Penny ပါ။ 


𝗪𝗵𝘆 𝗜𝘁'𝘀 𝗦𝗼 𝗚𝗼𝗼𝗱? 


𝗣𝗮𝗿𝘁 𝟭: 𝗦𝗼𝘂𝗻𝗱 𝗤𝘂𝗮𝗹𝗶𝘁𝘆 


AirPods Pro (1st Gen) က ကျွန်တော်တို့ တကယ်တမ်း Convenient ဖြစ်လို့သာ သုံးနေရတဲ့ Earbuds ပါ။ တကယ်တမ်း သီချင်းနားထောင်မယ်ဆိုရင် IEM ဒါမှမဟုတ် ပိုကောင်းတဲ့ Headphone ကိုပဲ ရောက်သွားတာများပါတယ်။ အလွယ်ပြောရရင် AirPods Pro (1st Gen) က Flat တော်တော်လေးဖြစ်တဲ့ Sound Signature တစ်ခုရှိတယ်၊ Highs တွေမှာ မဆိုးပေမယ့်အရမ်းကြီး IEM Level ချွန်ထွက်ပြီး ကောင်းနေတာမျိုးမဟုတ်ဘူး၊ Mids အဆင်ပြေတယ်။ Bass ပိုင်းမှာကြတော့ တော်တော်ကို အားနည်းပြီး Punchy ဖြစ်ပြီး Full ဖြစ်တဲ့ Feeling မျိုး မရှိသွားဘူး။ 


ဒါပေမယ့် AirPods Pro (2nd Gen) မှာ Apple က လုံးဝကို မတူတော့တဲ့ Approach နဲ့ Upgrade လုပ်ထားတယ်။ အထူးသဖြင့် Bass က ပို Punchy ဖြစ်လာပြီး ဒီ Vacuum တစ်ခုကို ဖန်တီးနိုင်လောက်တဲ့အထိမဟုတ်ပေမယ့် စိတ်ကျေနပ်ဖို့ကောင်းတဲ့ Level တစ်ခုအထိကို Full ဖြစ်တဲ့ Feeling ရသွားပါပြီ။ တစ်ခုရှိတာ ဒီလို Bass ပိုကောင်းလာလို့ Mids တွေ လျော့သွားတဲ့ Typical V-Shaped Signature လည်းမဟုတ်ပါဘူး။ 


အဲ့ဒီအစား ဒီ Highs တွေမှာ AirPods Pro (2nd Gen) က First Gen ထက် သိသိသာသာကို ပိုပြီး High Frequency တွေကို Handle လုပ်လာနိုင်တယ်။ အဲ့အပြင် Mids တွေက အားရဖို့ကောင်းတယ်။ လုံးဝကို Ideal Sound Frequency အတိုင်း Tuning လုပ်ထားနိုင်တယ်။ 


ဆိုတော့ ကျိန်းသေတာက AirPods Pro (2nd Gen) က ကျွန်တော်တို့ မတရား အသံအရည်အသွေးပိုင်းမှာ သဘောကျခဲ့တဲ့ OG Google Pixel Buds လိုမျိုး Punchy ဖြစ်ပြီး Full Sounding Bass ကို ပြန်ရပါတယ်။ ဒါတင်မဟုတ်သေးဘဲ Pixel Buds ထက်တောင် တခြား Details ပိုင်းတွေ၊ Highs ၊ Mids အကုန်လုံး ပိုကောင်းတယ်။ ပြောရရင် AirPods Pro (1st Gen) နဲ့ Side by Side ယှဥ်နားထောင်ရင်တောင် ဒီ သီချင်းတစ်ပုဒ်အတူတူထဲမှာ Details တွေကို ပိုကြားနိုင်တာက Impressive ဖြစ်ဖို့ အရမ်းကောင်းပါတယ်။ 


တစ်ခုတော့ရှိပါတယ်။ ဒီလို ၈ သိန်းလောက်တန်တဲ့ AirPods Pro (2nd Gen) က အသံ Quality တစ်ခုတည်းမှာ ၅ သောင်းလောက်ပဲ တန်တဲ့ Moondrop Chu လိုမျိုး Budget IEM ထက် အသံပိုကောင်းသွားပြီလားဆိုရင်တော့ ဖြေရခက်နေတုန်းပါ။ သာမန်လူတစ်ယောက်အတွက် သီချင်းတော်တော်များများမှာ AirPods Pro (2nd Gen) က အများကြီးပိုကောင်းနေမှာကတော့ သေချာပါတယ်။ ဒါပေမယ့် Analytical ဆန်ပြီး Details တွေ၊ တကယ့် Reference Sound Signature လိုမျိုးကို ပိုလိုချင်တယ်ဆိုရင် ၅ သောင်းတန် Moondrop Chu ကိုပဲ ကျွန်တော်တို့ ရွေးချယ်မိဦးမှာပါ။ 


ဒါပေမယ့် Moondrop Chu က ပိုကောင်းတယ်ဆိုရင်တောင် ဒါက လုံးဝတိတ်ဆိတ်တဲ့အခန်းထဲမှာ နားထောင်မှပါ။ မဟုတ်ရင် Moondrop Chu က သီချင်းနားထောင်ပျက်တဲ့အထိကို အပြင်ဆူညံသံတွေ ဝင်ပါတယ်။ :3


𝗣𝗮𝗿𝘁 𝟮: 𝗔𝗰𝘁𝗶𝘃𝗲 𝗡𝗼𝗶𝘀𝗲 𝗖𝗮𝗻𝗰𝗲𝗹𝗹𝗮𝘁𝗶𝗼𝗻 


ကျိန်းသေတာက AirPods Pro (2nd Gen) ရဲ့ ANC က Sony WH-1000XM4 Headphone ထက်တောင် ပိုကောင်းတယ်လို့ ပြောလိုက်ရင် လူတော်တော်များများယုံမှာ မဟုတ်ပါဘူး။ 


ဒါပေမယ့် ကျွန်တော်တို့ ကိုယ်တိုင် WH-1000XM4 ရော၊ 1st Gen AirPods Pro ရောကို ၁ နှစ်ကျော် ကိုယ်တိုင်နေ့တိုင်းသုံးဖြစ်ပြီးသားပါ။ ဒီ AirPods Pro (2nd Gen) ရဲ့ ANC က တကယ်ကို WH-1000XM4 ရဲ့ ANC Level ကို မှီပြီး တချို့နေရာမှာ ပိုတောင်ကောင်းနေပါတယ်။ မယုံနိုင်လည်း ကိုယ်တိုင် စမ်းကြည့်ပါ ကလွဲပြီး ပြောစရာမရှိပါဘူး။ (ကိုယ်တိုင်တောင် အစက မယုံပေမယ့် စမ်းနားထောင်ပြီး ချက်ချင်း ဝယ်မိတဲ့အထိ ဖြစ်သွားခဲ့တာဆိုတော့ :3) 


တစ်ခုရှိတာက ဒီ AirPods Pro (2nd Gen) ရဲ့ ANC က Sony WH-1000XM4 ထက် WH-1000XM5 နဲ့ ပိုပြီး အလုပ်လုပ်ပုံဆင်တူပါတယ်။ ဘာလို့လဲဆိုတော့ သာမန် ANC ဖွင့်ထားတယ်၊ ဘာသီချင်းမှ မဖွင့်ထားရင် WH-1000XM4 လိုမျိုး လုံးဝ အသံတွေကို ဖယ်လိုက်တာမျိုးမဟုတ်ဘူး။ အဲ့အစား WH-1000XM5 လိုမျိုး ဒီ White Noise တွေ၊ Wind Noise လိုမျိုးတွေကိုပဲ အဓိကဖယ်လိုက်တယ်၊ ဆိုတော့ သီချင်းမဖွင့်ပဲ ANC ပဲ ဖွင့်ထားရင် ပုံမှန် ကိုယ့်ရှေ့မှာစကားပြောသံတွေကိုတော့ ကြားရဦးမယ်။ လုံးဝကို ANC ပါတဲ့ Earbuds တွေထဲမှာ အပြင်မှာလမ်းလျှောက်နေတုန်း သီချင်းမဖွင့်ပဲ ANC ဖွင့်လိုက်ရုံနဲ့ အသံအကုန်လုံးနီးပါးပျောက်ပြီး နောက်ကမ္ဘာတစ်ခုကို ရောက်သွားသလို ခံစားရတာကတော့ WH-1000XM4 ပြီးရင် AirPods Pro (2nd Gen) က ပထမဆုံးပါ။ 


ဒါပေမယ့် သီချင်းကို 30% ၊ 40% Volume လောက်နဲ့တင် AirPods Pro (2nd Gen) က Outdoor က ရှိသမျှအသံတွေကို ဖျောက်ပေးနိုင်တဲ့အထိကို ANC က ကောင်းလွန်းတယ်။ 70% နဲ့အထက်ဆိုရင် လုံးဝ သီချင်းအကျယ်ကြီး ဖွင့်ထားတဲ့ Bar တွေ၊ Coffee ဆိုင်တွေမှာပါ ကိုယ့်ကမ္ဘာနဲ့ကိုယ်နေလို့ရသွားတယ်။ 


လောလောဆယ်အထိတော့ ANC ကို ပုံမှန်အပြင်မှာ လမ်းလျှောက်တာ၊ Cafe က ဆူညံသံတွေ၊ ကားပေါ်က Wind Noise တွေ၊ သာမန်ရုံးတွင်းအသံတွေမှာတော့ အဆင်တော်တော်ပြေတယ်။ Review မလုပ်ဖြစ်သေးတာက ဒီ AirPods Pro (2nd Gen) ကို Flight ပေါ်မှာ စမ်းချင်သေးလို့ပါ - 1st Gen ရဲ့ ANC ကို အားမရတဲ့အဓိကအချက်ကလည်း ဒီ Flight ပေါ်မှာ သိပ်အားမရတာဆိုတော့ :3 


𝗣𝗮𝗿𝘁 𝟯: 𝗘𝘃𝗲𝗿𝘆 𝗢𝘁𝗵𝗲𝗿 𝗜𝗺𝗽𝗿𝗼𝘃𝗲𝗺𝗲𝗻𝘁𝘀 


AirPods Pro (2nd Gen)  က အခုပြောသွားတဲ့ Sound Quality နဲ့ ANC ပိုင်းမှာတင် Upgrade လုပ်ရတာ တန်ပါတယ်။ ဒါပေမယ့် ဒီ တက်လာတဲ့ Exchange Rate ကို Cover လုပ်ဖို့ လုံလောက်ချင်မှ လုံလောက်မှာပါ။ ဆိုတော့ တခြား Improvement လေးတွေလည်း ဒီ AirPods Pro (2nd Gen) မှာပါပါသေးတယ်။ 


A Great Battery Life: AirPods Pro (2nd Gen) ကို စစခြင်းသုံးတဲ့အချိန်မှာ အသိသာဆုံးအချက်က ဒီ Battery တော်တော်ကို ကြာကြာခံလာတာပါ။ ပုံမှန် AirPods Pro (1st Gen) တုန်းက အားကုန်တော့မယ့်အချိန်မှာ ဒီ AirPods Pro (2nd Gen) က 35% လောက်ကို အားကျန်သေးတာက တော်တော်မိုက်တယ်။ ဖုန်းပြောတဲ့အချိန်တွေလည်း ပိုကြာကြာခံလာတာသိသာတယ်။ AirPods ကို တစ်ဖက်မှာပဲ အမြဲဒီအတိုင်းတပ်ထားဖြစ်တဲ့နေ့တွေဆိုရင် ညနေအထိကို အားကမကုန်တော့တာက အဆင်ပြေတယ်။ 


Lanyard Hole: အမှန်အတိုင်းပြောရရင် ကျွန်တော်တို့ ဖုန်းကိုရော AirPods ကိုပါ Case တပ်ရမှာ မတရားမုန်းပါတယ်။ ဒါကြောင့်လည်း AirPods Pro (1st Gen) တုန်းက ခဏခဏပြုတ်ကျနေတာဆိုတော့ :3 


အခု AirPods Pro (2nd Gen) မှာ Lanyard Hole ပါလာတာ တကယ့် Game Changer တစ်ခုပါ။ လောလောဆယ်တော့ ဒီမှာ Lanyard ကောင်းကောင်းမရှိလို့ မှာထားတုန်း ရှိတဲ့ကြိုးကောက်တပ်ထားတာတောင် အားနေလက်မှာ စွပ်ပြီး လှည့်နေမိတဲ့အထိ တော်တော်အဆင်ပြေတဲ့ Feature ပါ :3


Charging Case Speaker: Charging Case မှာ Speaker ပါပြီး Find My ကနေ ရှာလို့ရသလို Charging Case က Battery နည်းနေရင်လည်း Lid ပိတ်လိုက်တိုင်း အသံမြည်ပါပြီ။ Find My ကတော့ ပျောက်မှပဲ အသုံးဝင်မှာပေမယ့် လောလောဆယ် AirPods Pro (1st Gen) တုန်းက Charging Case အားနည်းနေပြီလား မစစ်မိတဲ့ပြဿနာကတော့ တော်တော်ကင်းသွားတယ်။ အသံကလည်း နားထောင်ရတာမိုက်တယ်။ 


Battery Status While Case Closed: ဒါက Underrated တော်တော်လေးဖြစ်တဲ့ Feature ပါ။ AirPods Pro (2nd Gen) က Charging Case ကို ပိတ်ထားလည်း Earbuds ရော၊ Case Battery ကို မြင်ရတာက တကယ်ကို အသုံးဝင်တယ်။ အထူးသဖြင့် Earbuds က အားကုန်လို့ခဏထည့်ထားတုန်း အားဘယ်လောက်ပြည့်သွားပြီလဲ သိဖို့ Case ကိုဖွင့်ကြည့်နေစရာမလိုတော့ဘူး။ 


Volume Swipe Support: AirPods Pro (2nd Gen) မှာ နောက်ဆုံးတော့ ဖုန်းကို ထုတ်စရာမလိုပဲ အသံအတိုးအကျယ်ရသွားပြီ။  Yayyyy???? :3


Adaptive Transparency Mode: Apple က ကြော်ငြာသွားသလောက်တော့ ဒီ Adaptive Transparency Mode က ပုံမှန်နေ့တိုင်းသုံးတဲ့အချိန်မှာ သိသာမှာတော့မဟုတ်ပါဘူး။ ကျွန်တော်တို့ဆို အစက ဘာထူးလို့လဲတောင် ထင်တာပါ။ ဒါပေမယ့် ရုတ်တရက် ကားဟွန်းသံ၊ အသံစူးစူး ဒါမှမဟုတ် အရမ်းအသံကျယ်ကျယ်နဲ့ဖွင့်ထားတဲ့ သီချင်းတွေကို Normalize ဖြစ်တဲ့အသံ Level တစ်ခုကို ချက်ချင်းပြန်ထိန်းပေးနိုင်တာက မတရားမိုက်တယ်။ ပြောရရင် Music Streaming App တွေက Normalize Function ကို တကယ့် Real Life က အသံတွေအတွက် သုံးလို့ရနေတာပါ။ 


𝗪𝗵𝘆 𝗜𝘁'𝘀 (𝗦𝘁𝗶𝗹𝗹) 𝗕𝗮𝗱? 


𝗣𝗮𝗿𝘁 𝟭: 𝗣𝗿𝗶𝗰𝗲 


AirPods Pro (2nd Gen) ရဲ့ စျေးက တော်တော်များပါတယ်။ TWS Earbuds အနေနဲ့ဆိုရင် လောလောဆယ် စျေးအကြီးဆုံးလို့တောင် ပြောလို့ရပါတယ်။ ၈ သိန်းဝန်းကျင်ဆိုတာက Redmi ဖုန်းတစ်လုံးဝယ်လို့ရတဲ့ ပမာဏပါ။ 


ဆိုတော့ ဒီအပိုင်းကတော့ ကိုယ်က ANC ဘယ်လောက်ကောင်းကောင်းလိုချင်သလဲ၊ Apple ရဲ့ Convenient ဖြစ်တာတွေ၊ AirPods ရဲ့ Transparency Mode ၊ Mic Quality တွေကို ဘယ်လောက်လိုချင်သလဲဆိုတာအပေါ် အများကြီးမူတည်ပါတယ်။ 


ကျွန်တော်တို့အတွက်ကတော့ AirPods Pro (2nd Gen) က 1st Gen သုံးနေတဲ့သူတစ်ယောက်အတွက်တောင် Worth It ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဆိုတာက လူတိုင်းမဟုတ်ပါဘူး။ 


𝗣𝗮𝗿𝘁 𝟮: 𝗦𝘁𝗶𝗹𝗹 𝗙𝗼𝗿 𝗔𝗽𝗽𝗹𝗲 


AirPods Pro (2nd Gen) မတိုင်ခင် Sony WH-1000XM5 ကို စမ်းနေဖြစ်တုန်းက Sound Quality တော်တော်ပိုကောင်းလာတော့ လိုချင်စိတ်တော်တော်ကို ဖြစ်ပါတယ်။ ဒါပေမယ့် Apple သုံးနေတဲ့သူအတွက် ဒီ Sony WH-1000XM5 က AirPods လောက် အသုံးမဝင်တာက လက်မခံချင်လည်း လက်ခံရမယ့်အချက်ဖြစ်နေတာပါ။ အဲ့ဒါနဲ့ ဒီ XM5 ကို မဝယ်ဖြစ်တော့ပဲ အခုမှ AirPods Pro (2nd Gen) ဖြစ်သွားတယ်။ 


ဒါက ကိုယ်က Apple Device သုံးနေတာမဟုတ်ပဲ AirPods Pro (2nd Gen) သုံးချင်တဲ့သူတွေအတွက်လည်း ပါပါတယ်။ ANC ရော Sound Quality ရော တော်တော်ကောင်းတယ် - မှန်တယ်။ ဒါပေမယ့် Android အတွက်ဆိုရင် တခြား ကောင်းပြီး ပိုအဆင်ပြေတဲ့ Earbuds တွေအများကြီးရှိနေပါတယ်။ 


ကျွန်တော်တို့အတွက်ကတော့ အခု AirPods Pro (2nd Gen) မဟုတ်ပဲ နားထောင်လို့အကောင်းဆုံး TWS Earbuds ဆိုရင် Planer Driver ၊ LDAC တွေကို Support ပေးထားတဲ့ Huawei FreeBuds Pro 2 ပဲရှိဦးမှာပါ။ 




So, this is it. This is the Impression of AirPods Pro (2nd Gen). 


#𝗧𝗲𝗰𝗵𝗚𝗮𝗱𝗴𝗲𝘁𝗠𝗠

Tuesday, October 11, 2022

နိဗ္ဗာန်မြင်သွားသော ဘာသာခြားတစ်ယောက် အပိုင်း(၂)

 နိဗ္ဗာန်မြင်သွားသော၊ဘာသာခြားတစ်ယောက်။အပိုင်း(၂)။




ဆန့်ကျင်ဖက်နိယာမနှင့်၊မရှိတရား။

-

ဗုဒ္ဓဘာသာတွေအနေနဲ့နိဗ္ဗာန်အကြောင်းကို(အနုမာနဉာဏ်)လောက်နဲ့တောင်သေချာမသိဘူးဆိုရင်၊သံသရာဘေးကနေဘယ်လိုမှမလွတ်မြောက်နိုင်ပါဘူး။ဒါကြောင့်(နိဗ္ဗာန်မြင်သွားသော၊ဘာသာခြားတစ်ယောက်)ဆိုတဲ့(Post)အရှည်ကြီးကိုအပိုင်းဆက်တွေခွဲပြီးရေးပေးနေရခြင်းဖြစ်ပါတယ်။

-

ကျွန်တော်(USA)ရောက်တော့တက္ကသိုလ်တစ်ခုမှာ(Calculus II, Calculus III)နဲ့(DE)တွေပြန်ယူရပါတယ်။ကျွန်တော့်ကိုသင်္ချာသင်ပေးတဲ့ပါမောက္ခနဲ့ကျွန်တော်ဟာအရမ်းကိုရင်းနှီးချစ်ခင်သွားခဲ့ကြပါတယ်။

-

ဘာကြောင့်လဲဆိုတော့သူနဲ့ကျွန်တော်ဟာဗုဒ္ဓဘာသာအကြောင်းတွေဆွေးနွေးငြင်းခုံခဲ့ကြဖူးပါတယ်။သူနားမလည်နိုင်တဲ့ဗုဒ္ဓဘာသာအကြောင်းတွေကိုကျွန်တော်ကသိပ္ပံနည်း၊သင်္ချာနည်း၊ဒဿနိကဗေဒနည်းတွေနဲ့နားမလည်မချင်းသေချာရှင်းပြနိုင်ခဲ့ပါတယ်။လူတွေနားမလည်နိုင်တဲ့ဗုဒ္ဓဘာသာရဲ့အဓိကပြဿနာကတော့နိဗ္ဗာန်အကြောင်းပါပဲ။

-

အလွန်ခက်ခဲနက်နဲတဲ့သဘောတရားဖြစ်နေလို့အပိုင်းဆက်တွေခွဲပြီးရေးပေးမှသာနားလည်နိုင်ပါလိမ့်မယ်။ဗုဒ္ဓဘာသာအကြောင်းတစ်လုံးတစ်လေမှမသိတဲ့အမေရိကန်နိုင်ငံသားဘာသာခြားတစ်ယောက်ကတောင်ဗုဒ္ဓဘာသာရဲ့နိဗ္ဗာန်အကြောင်းကို(အနုမာနဉာဏ်နဲ့)သိရှိနားလည်သွားနိုင်တယ်ဆိုရင်၊အခုစာဖတ်နေတဲ့သူတွေအတွက်လဲအခက်အခဲရှိလိမ့်မယ်လို့ကျွန်တော်မထင်ပါဘူး။

-

တစ်ကယ်လို့နားမလည်ဘူးဆိုရင်တော့အချိန်ပေးပြီးအကြိမ်ကြိမ်ပြန်ဖတ်၊ပြန်စဉ်းစားကြည့်စေချင်ပါတယ်။အလွန်ခက်ခဲ၊နက်နဲတဲ့သဘောတရားတွေဖြစ်နေလို့၊သာမာန်လူတစ်ယောက်အနေနဲ့တစ်ခေါက်တည်းဖတ်ရုံနဲ့တော့နားလည်ဖို့မလွယ်ပါဘူး။

-

ဒါပေမယ့်နားလည်သွားပြီဆိုရင်လဲ၊တစ်လောကလုံးအပေါ်မှာကိုယ်သိမြင်ယူဆထားတဲ့ကိုယ့်ရဲ့ယုံကြည်မှု့နှင့်အတွေးအခေါ်တွေဟာချက်ခြင်းပြောင်းလဲဆန်းသစ်သွားပါလိမ့်မယ်။ဒီလိုထူးခြားတဲ့အသိတရားမျိုးဟာ၊လူအများစုအတွက်တော့တစ်သက်တာမှာဘယ်တုံးကမှမသိခဲ့ဖူး၊မမြင်ခဲ့ဖူးတဲ့သဘောတရားအသစ်တစ်ခုလဲဖြစ်နေတတ်ပါတယ်။

-

အခုတော့ရှေ့ဆက်သွားကြရအောင်။သင်္ချာပါမောက္ခဆရာကြီးကကျွန်တော့်ကိုအောက်ပါအတိုင်းမေးခွန်း(၄)ခုမေးခဲ့ပါတယ်။

-

(၁)ဗုဒ္ဓဘာသာမှာရုပ်နမ်နှစ်ပါးအပြင်ဘာမှမရှိဘူး။နိဗ္ဗာန်ရောက်တဲ့အခါမှာလဲရုပ်နမ်နှစ်ပါးလုံးချုပ်ငြိမ်းသွားကြတယ်ဆိုတော့၊ဘာမှမကျန်တော့ဘူးပေါ့။ဘာမှမကျန်တော့ဘူးဆိုရင်ဗုဒ္ဓဘာသာတွေရဲနိဗ္ဗာန်ဟာဘာမှမရှိတော့တဲ့အရာ(Non Existence)သို့မဟုတ်ဘာမှမရှိတော့တဲ့သုညသဘောဖြစ်မသွားဘူးလား?။

-

(၂)အဲဒီဘာမှမရှိတဲ့အရာ(Non Existence)သို့မဟုတ်ဘာမှမရှိတော့တဲ့သုညသဘောကိုလိုချင်တယ်ဆိုတဲ့ဗုဒ္ဓဘာသာတွေရဲ့ရည်ရွယ်ချက်ဟာဘယ်လိုလုပ်ပြီးအဓိပ္ပါယ်ရှိတော့မှာလဲ။အရူးတွေမှမဟုတ်တာ၊ဘယ်သူက(ဘာမှမရှိတဲ့အရာ)ကိုလိုချင်ကြမှာလဲ?။ဘာမှမရှိတဲ့အရာကိုလိုချင်တယ်ဆိုကတည်းကဗုဒ္ဓဘာသာဟာတစ်ခုခုမှားမနေဘူးလား?။

-

(၃)ဗုဒ္ဓဘာသာတွေရဲ့(ဘာမှမရှိတဲ့)နိဗ္ဗာန်ဆိုတဲ့သဘောဟာချမ်းသာတယ်ဆိုတာကရောဘယ်လိုလုပ်ပြီးအဓိပ္ပါယ်ရှိတော့မှာလဲ?။(ဘာမှမရှိတဲ့သုည)သို့မဟုတ်(ဘာမှမရှိတဲ့သဘော)ဟာဘယ်လိုလုပ်ပြီးချမ်းသာနိုင်မှာလဲ?။

-

(၄)တစ်ကယ်လို့ဗုဒ္ဓဘာသာတွေရဲ့နိဗ္ဗာန်ဟာတစ်ကယ်လဲရှိတယ်၊ချမ်းလဲချမ်းသာတယ်ဆိုရင်၊လူတိုင်းနားလည်လက်ခံလာနိုင်အောင်သိပ္ပံနည်းကျရှင်းပြနိုင်ရပါမယ်။ပိဋကတ်စာပေတွေကိုဖတ်ပြရုံနဲ့တော့လက်ခံလို့မရနိုင်ပါဘူး။လူတိုင်းနားလည်လက်ခံနိုင်အောင်ရှင်းမပြနိုင်ဘူးဆိုရင်တော့ဗုဒ္ဓဘာသာဆိုတာ(ဘာမှမရှိတဲ့အရာ)တစ်ခုကိုအရှိလုပ်ပြီးတော့၊ဟန်ဆောင်လိုချင်နေသလိုဖြစ်မသွားဘူးလားတဲ့?။

-

တစ်ကယ်တော့ဒီမေးခွန်းတွေဟာဗုဒ္ဓဘာသာဝင်တွေအတွက်စိန်ခေါ်မှု့ကြီးတစ်ခုပါ။လူတိုင်းသိချင်နေတဲ့မေးခွန်းတွေလဲဖြစ်ပါတယ်။ဒီသင်္ချာပါမောက္ခဟာတစ်ကယ်တော့သုညအကြောင်းကောင်းကောင်းနားလည်ထားပုံမရပါဘူး။ခက်ခဲနက်နဲတဲ့သုညသဘောကိုသေချာနားလည်ဖို့ဆိုတာဗုဒ္ဓမြတ်စွာဘုရားကဲ့သို့သောဆရာတစ်ဆူရှိမှသာလျှင်ဖြစ်နိုင်ပါတယ်။

-

သာသနာမထွန်းကားတဲ့(USA)လိုနိုင်ငံမျိုးမှာသင်္ချာပညာကိုတစ်ဖက်ကမ်းခတ်အောင်တတ်တဲ့တက္ကသိုလ်တွေကသင်္ချာပါမောက္ခတွေတောင်သုညသဘောကိုသေချာနားမလည်ကြဘူးဆိုရင်၊သာမာန်လူတွေနားမလည်နိုင်ဘူးဆိုတာကတော့အဆန်းမဟုတ်တော့ပါဘူး။

-

ဒါပေမဲ့ခက်နေတာကသင်္ချာပါမောက္ခကြီးကိုသုညအကြောင်းသွားရှင်းပြမိရင်၊(မိချောင်းမင်းကိုရေခင်းပြမိသလိုမျိုး)ဖြစ်သွားနိုင်ပါတယ်။။ဒီလိုတိုက်ရိုက်ကြီးသွားရှင်းပြမယ်ဆိုရင်တော့၊သူ့ရဲ့သင်္ချာပညာမာနကြောင့်ဘယ်လိုမှအဆင်ပြေမှာမဟုတ်ပါဘူး။မရှင်းပြပြန်ရင်လဲဗုဒ္ဓဘာသာသိက္ခာကျရပါတော့မယ်။ဒါကြောင့်ဥပါယ်တံမျှင်သုံးပြီးသူနားလည်အောင်လုပ်ရပါတော့မယ်။

-

အဲဒီအချိန်မှာကျွန်တော်ဟာဆရာကြီးရဲ့ရုံးခန်းထဲကိုရောက်နေပါတယ်။အခန်းပြတင်းပေါက်တွေကိုအတွင်းကနေလိုက်ကာအနက်ရောင်ကြီးကာရံထားတော့အပြင်ကအလင်းရောင်မဝင်နိုင်ပါဘူး။အပြင်ကအလင်းရောင်မဝင်တော့မျက်နှာကျက်ပေါ်မှာထွန်းထားတဲ့လျှပ်စစ်မီးချောင်းတွေရဲ့အလင်းရောင်ကြောင့်သာအခန်းတစ်ခုလုံးလင်းထိန်နေရခြင်းဖြစ်ပါတယ်။

-

ကျွန်တော်ကဆရာကြီးကိုပြောတယ်။ကျွန်တော်ရှင်းပြပါမယ့်။ဒါပေမယ်ကျွန်တော့်ကိုမီးခလုတ်လေးတစ်ချက်လောက်တော့ပိတ်ခွင့်ပြုပါလို့တောင်းဆိုလိုက်တော့ဆရာကြီးကဘာမှနားမလည်ဘူးဖြစ်သွားပါတယ်။သူရုတ်တရက်ကြောင်သွားပါတယ်။သူ့ပုံစံကမယုံသင်္ကာနဲ့၊သူ့ကိုမျက်လှည့်များပြတော့မလား။ဒါမှမဟုတ်မီးမှိတ်ပြီးသူ့ကိုမဟုတ်တာတစ်ခုခုလုပ်တော့မလားလို့ထင်နေပုံရပါတယ်။

-

ကျွန်တော်ကထပ်ပြီးခွင့်တောင်းပါတယ်။ဆရာကြီးခင်ဗျား၊ကျွန်တော့်ကိုမီးလေးတစ်စက္ကန့်လောက်မှိတ်ခွင့်ပြုပါ။ကျွန်တော်ဘာမှမဟုတ်တာမလုပ်ပါဘူး။သက်သေပြစရာတစ်ခုရှိလို့ပါ။မီးပိတ်ပြီး၊ချက်ခြင်းပြန်ဖွင့်ပေးပါ့မယ်လို့နောက်တစ်ကြိမ်ထပ်ပြောတော့မှ၊ဆရာကြီးက(OK)လို့ပြန်ပြောပါတယ်။

-

ကျွန်တော်မီးခလုတ်ကိုတစ်ချက်ပိတ်ချပြစ်လိုက်ပါတယ်။မီးပိတ်လိုက်တော့အခန်းတစ်ခုလုံးအမှောင်ကျသွားပါတော့တယ်။စက္ကန့်အနည်းငယ်ကြာတော့ကျွန်တော်မီးခလုတ်ကိုပြန်ပြီးဖွင့်ပေးလိုက်ပါတယ်။မီးခလုတ်ကိုပြန်ဖွင့်လိုက်တော့မှအခန်းတစ်ခုလုံးပြန်ပြီးလင်းထိန်လာပါတော့တယ်။ဆရာကြီးကဘာမှလဲမထူးခြားပါလားဆိုတဲ့သဘောနဲ့ကျွန်တော့်ကိုကြောင်ပြီးစိုက်ကြည့်နေပါတယ်။

-

ကျွန်တော်ကပြောတယ်။ဆရာကြီးခင်ဗျာလို့၊ဆရာကြီးတို့တွေကရူပဗေဒပညာရပ်တွေ၊သင်္ချာပညာရပ်တွေ၊ဒဿနိကပညာရပ်တွေကိုနားလည်တတ်ကျွမ်းပြီးသားဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော့်ကိုမေးခွန်းအနည်းငယ်မေးခွင့်ပြုပါလို့ခွင့်တောင်းတော့၊ဆရာကြီးကခွင့်ပြုတဲ့အနေနဲ့ခေါင်းညိတ်ပြပါတယ်။

-

ကျွန်တော်ကမေးပါတယ်။ဆရာကြီးခင်ဗျာ၊ကျွန်တော်မီးခလုတ်ပိတ်လိုက်တာဘာဖြစ်လို့မှောင်သွားရတာလဲခင်ဗျာ?။နောက်ပြီးတော့ကျွန်တော်မီးခလုတ်ပြန်ဖွင့်လိုက်တော့၊ဘာဖြစ်လို့ပြန်ပြီးလင်းလာရတာလဲခင်ဗျာ?။လို့မေးလိုက်တော့။

-

ဆရာကြီးကချက်ခြင်းပဲပြန်ဖြေပါတယ်။မင်းကလဲကွာတဲ့လောကမှာအလင်းရောင်ကိုဖယ်ပြစ်လိုက်မယ်ဆိုရင်၊သူ့အလိုလိုအမှောင်ရောက်လာမှာပဲတဲ့။အလင်းရောင်ကိုပြန်ပေးလိုက်မယ်ဆိုရင်လဲသူ့အလိုလိုအမှောင်ကပြန်ပျောက်ကွယ်သွားပြီးပြန်လင်းလာမှာပဲတဲ့။ဒါဟာသဘာဝတရားပဲလေ၊ဘာများထူးဆန်းနေလို့လဲလို့သူကပြန်ဖြေပါတယ်။

-

ကျွန်တော်ကထပ်မေးပါတယ်။ဆရာကြီးခင်ဗျား၊တစ်ကယ်လို့သာကျွန်တော်ကအဲဒီအမှောင်ကိုလဲမလိုချင်ဘူး၊အလင်းရောင်ကိုလဲမနှစ်သက်ဘူးဆိုရင်၊ဆရာကြီးအနေနဲ့ကျွန်တော့်ကိုအလင်းရောင်ရော၊အမှောင်ပါ၊နှစ်မျိုးစလုံးတစ်ပြိုင်နက်တည်းချုပ်ငြိမ်းနေတဲ့သဘောမျိုးရအောင်လုပ်ပေးလို့ရနိုင်မလားလို့ကျွန်တော်ပြန်မေးလိုက်တော့၊ဆရာကြီးချက်ခြင်းမဖြေနိုင်တော့ပါဘူး။စဉ်းစားရကြပ်သွားပုံရပါတယ်။

-

သေချာစဉ်းစားပြီးအချိန်အနည်းငယ်ကြာတော့မှဆရာကြီးကပြန်ဖြေပါတယ်။အလင်းမရှိတော့ရင်အမှောင်အလိုလိုရောက်လာတယ်။အမှောင်ပျောက်ချင်ရင်လဲအလင်းပြန်ပေးမှသာဖြစ်နိုင်တယ်။လောကမှာအလင်းမရှိရင်အမှောင်ရှိကိုရှိရတယ်။အမှောင်မရှိရင်လဲအလင်းရှိကိုရှိရတယ်။

-

အလင်းနဲ့အမှောင်ဆိုတာဟာဆန့်ကျင်ဖက်သဘောတရားတွေဖြစ်နေလို့တစ်ခုမရှိရင်၊အခြားတစ်ခုရှိကိုရှိနေရတယ်။ဒီစကြာဝဠာ၊ဒီကမ္ဘာလောကကြီးမှာဆန့်ကျင်ဖက်သဘောတရားတွေကိုတစ်ပြိုင်နက်တည်းနဲ့နှစ်ခုစလုံးကိုချုပ်ပျောက်သွားအောင်လုပ်လို့ဘယ်လိုမှမရနိုင်ဘူးတဲ့။ဒါဟာဆန့်ကျင်ဖက်နိယာမဆိုတဲ့သဘာဝတရားပဲတဲ့။

-

ဒါပေမယ့်တစ်ခုတော့ရှိတယ်ကွာတဲ့၊မင်းလိုချင်ရင်၊ငါအလင်းနဲ့အမှောင်အနည်းငယ်စီမျှတနေအောင်ရောစပ်ပြီး၊တစ်နည်းအားဖြင့်မီးတွေကိုမှိန်မှိန်ကလေးသာထွန်းထားပြီး၊မလင်း၊မမှောင်၊သမမျှတနေတဲ့အခြေအနေတစ်ခုကိုတော့ဖန်တီးပေးလို့ရနိုင်တယ်လို့ပြန်ပြောပါတယ်။

-

ကျွန်တော်ကစောဒကထပ်တက်ပါတယ်။ဆရာကြီးခင်ဗျာ၊ကျွန်တော်အနေနဲ့အလင်းနဲ့အမှောင်အနည်းငယ်စီ၊မျှမျှတတရအောင်လုပ်ထားတဲ့(Equilibrium)သဘောမျိုးမလိုချင်ပါဘူးခင်ဗျား။အလင်းရောအမှောင်ပါနှစ်မျိုးစလုံး(လုံးဝ)ချုပ်ငြိမ်းပျောက်ကွယ်သွားပြီး၊ဘာမှမရှိတော့တဲ့သဘောတရားကိုသာလိုချင်တာပါ။

-

တစ်နည်းအားဖြင့်(အလင်းသုည)နှင့်(အမှောင်သုည)၊နှစ်ခုစလုံးဘာတစ်ခုမှမရှိတော့တဲ့သဘောတရားကိုသာအလိုရှိပါတယ်။ဒီလိုသဘောမျိုးကိုသာဖန်တီးပေးလို့ရနိုင်မလားလို့စောဒကထပ်တက်လိုက်တော့ဆရာကြီးအတော်လေးအကြပ်ရိုက်သွားပါတော့တယ်။

-

ဆရာကြီးကထပ်ရှင်းပြပါတယ်။လောကမှာ

-

(၁)အလင်းရောင်တစ်မျိုးထဲလင်းနေအောင်လုပ်လို့ရတယ်။

-

(၂)အလင်းရောင်လုံးဝမရှိပဲ၊မှောင်ပိန်းနေတဲ့အခြေအနေကိုလဲလုပ်လို့ရတယ်။

-

(၃)အလင်းနဲ့အမှောင်ညီမျှစွာပေါင်းစပ်ထားပြီး၊မလင်းမမှောင်အခြေအနေတစ်ခုကိုလဲဖန်တီးယူလို့ရတယ်။

-

(၄)ဒါပေမယ့်၊လောကမှာအလင်းနဲ့အမှောင်နှစ်ခုစလုံးတစ်ပြိုင်နက်တည်း(လုံးဝ)ချုပ်ပျောက်သွားတဲ့အခြေအနေမျိုးကတော့ဘယ်လိုမှမဖြစ်နိုင်ဘူးတဲ့။

-

လောကမှာဆန့်ကျင်ဖက်တရားနှစ်မျိုးစလုံးတစ်ပြိုင်နက်တည်းချုပ်ဖျောက်ဖို့ဆိုတာဘယ်လိုမှမဖြစ်နိုင်ဘူး။ဒါဟာဆန့်ကျင်ဖက်နိယာမပဲတဲ့။ဒါကြောင့်အလင်းနဲ့အမှောင်နှစ်ခုစလုံးတစ်ပြိုင်တည်း(လုံးဝ)ချုပ်ပျောက်နေတဲ့ပုံစံမျိုးကိုတော့ငါဘယ်လိုမှလုပ်မပေးနိုင်ဘူးလို့ပြန်ပြောပါတယ်။

-

ကျွန်တော်ကဆက်ပြောပါတယ်။ဆရာကြီးအနေနဲ့အလင်းရှိအောင်လုပ်ပေးနိုင်တယ်။အလင်းမရှိပဲမှောင်နေအောင်လဲလုပ်ပေးနိုင်တယ်၊အလင်းအမှောင်နှစ်မျိုးစလုံးမျှမျှတတနဲ့မလင်းမမှောင်အခြေအနေကိုလဲလုပ်ပေးလို့ရတယ်။ဒါပေမယ့်အလင်းနဲ့အမှောင်နှစ်မျိုးစလုံးတစ်ပြိုင်နက်တည်းချုပ်ပျောက်သွားအောင်လုပ်မပေးနိုင်ဘူးဆိုတာကိုတော့ကျွန်တော်နားလည်သွားပါပြီ။

-

ဒါဆိုရင်ဆရာကြီးမတတ်နိုင်တဲ့အလင်းနဲ့အမှောင်ကိစ္စကိုတော့ကျွန်တော်မတောင်းဆိုတော့ပါဘူး။နောက်ထပ်တစ်မျိုးကိုတောင်းဆိုပါရစေလို့ပြောလိုက်တော့၊ဆရာကြီးက(All right, go ahead)လို့ပြန်ပြောပါတယ်။

-

ကျွန်တော်က၊ဆရာကြီးခင်ဗျား၊ကျွန်တော်အပူဓါတ်ကိုလဲမလိုချင်ဘူး။အအေးဓါတ်ကိုလဲမလိုချင်ဘူး၊နှစ်ခုစလုံးချုပ်သွားတဲ့အခြေအနေမျိုးကိုရောဆရာကြီးအနေနဲ့စီစဉ်ပေးလို့ရနိုင်ပါသလားလို့ထပ်မေးလိုက်ပါတယ်။

-

ဆရာကြီးကပြန်ဖြေပါတယ်။ဒါလဲအတူတူပါပဲတဲ့၊တစ်ကယ်တော့အပူ၊အအေးဆိုတာစွမ်းအင်သဘောမျိုးပါပဲ။စကြာဝဠာမှာစွမ်းအင်တည်မြဲမှု့နိယာမဆိုတာရှိတယ်။စွမ်းအင်ကိုဖျောက်ဖျက်ပြစ်လို့လဲမရနိုင်သလို၊ဖန်ဆင်းယူလို့လဲမရနိုင်ပြန်ပါဘူး။

-

တစ်မျိုးကနေ၊တစ်မျိုးပြောင်းယူလို့ပဲရနိုင်တယ်။တစ်ကယ်လို့အပူဓါတ်ကိုမလိုချင်ဘူးဆိုပြီးဖယ်ရှားပြစ်လိုက်မယ်ဆိုရင်၊အပူဓါတ်နေရာမှာအအေးဓါတ်ကအလိုလိုရောက်လာမှာပါပဲ။အအေးဓါတ်ကိုအပူပေးလိုက်မယ်ဆိုရင်လဲ၊အအေးပျောက်သွားပြီးအပူပြန်ရောက်လာမှာပါပဲ။

-

အပူရောအအေးရောနှစ်မျိုးစလုံးကိုတစ်ပြိုင်နက်တည်းလုံးဝချုပ်ဖျောက်ပြစ်ဖို့တော့ဘယ်လိုမှကိုမဖြစ်နိုင်ဘူးတဲ့။တစ်ကယ်လို့မပူမအေး၊သမမျှတနေတဲ့သဘောမျိုးကိုလိုချင်တယ်ဆိုရင်တော့အပူနဲ့အအေးမျှမျှတတလေးရောစပ်ပေးလို့တော့ရပါတယ်တဲ့။

-

ငါဥပမာပြောမယ်ကွာတဲ့၊မင်းကရေဆာလို့ငါ့ကိုရေမပူမအေးလေးတောင်းသောက်တယ်ဆိုပါစို့။ငါ့မှာရေနွေးပူလဲရှိနေတယ်၊ရေခဲရေလဲရှိနေတယ်ဆိုပါစို့။မင်းကရေပူလဲမလိုချင်ဘူး၊ရေခဲရေလဲမလိုချင်ဘူးဆိုရင်၊မင်းလိုချင်တဲ့အပူချိန်မျိုးရအောင်ငါရေပူနဲ့ရေအေးကိုအချိုးကျရောစပ်ပေးလို့ရနိုင်ပါတယ်။

-

ဒါပေမယ့်အဲဒီရေပူရော၊ရေအေးရောနှစ်ခုစလုံးမပါတဲ့ရေကိုမှမင်းကလိုချင်တယ်ဆိုရင်တော့ငါဘာမှမတတ်နိုင်တော့ဘူးတဲ့။အပူရော၊အအေးရောနှစ်မျိုးစလုံးနဲ့ကင်းနေတဲ့ရေဆိုတာကဘယ်လိုမှမရှိနိုင်ဘူးတဲ့။အပူ၊အအေးမျှတအောင်ရောထားတဲ့ရေကိုမင်းမသောက်ချင်ဘူး၊နှစ်ခုစလုံးကင်းတဲ့ရေကိုမှသောက်ချင်တယ်ဆိုရင်တော့မင်းရေငတ်ရုံပဲရှိတော့တယ်တဲ့။

-

လောကရဲ့သဘာဝကိုကဆန့်ကျင်ဖက်သဘောတရားတွေကိုနှစ်ခုစလုံးချုပ်ငြိမ်းသွားအောင်ဘယ်လိုမှ၊ဘယ်တော့မှလုပ်လို့မရဘူးတဲ့။ဆန့်ကျင်ဖက်နှစ်ခုစလုံးမရှိစေချင်ဘူးဆိုရင်၊နှစ်ခုအတူတူ၊မျှမျှတတလေးယူလိုက်ပြီးတစ်ခုနဲ့တစ်ခုအချင်းချင်းခြေဖျက်ထားလို့ပဲရနိုင်တယ်တဲ့။ဒါဟာဆန့်ကျင်ဖက်နိယာမပဲလို့ဆရာကြီးကထပ်ပြောပါတယ်။

-

ဒါဆိုကောင်းပါပြီဆရာကြီးခင်ဗျာ၊ဆန့်ကျင်ဖက်သဘာဝဓမ္မဆိုတာနှစ်ခုလုံးတစ်ပြိုင်နက်တည်းချုပ်ဖျောက်ပြစ်လို့တော့မရဘူး။တစ်ကယ်လို့သာနှစ်ခုစလုံးအာနိသင်မရှိစေချင်ဘူးဆိုရင်အတူတူမျှယူထားပြီးအချင်းချင်းချေဖျက်ထားမှသာလျှင်အာနိသင်ပျောက်နိုင်တယ်ဆိုတဲ့ဆန့်ကျင်ဖက်သဘာဝဓမ္မကိုတော့နားလည်သွားပါပြီ။အခုရှေ့ဆက်ပြီးတော့နောက်ထပ်မေးခွန်းတွေထပ်မေးပါရစေ။

-

ဆရာကြီးခင်ဗျား၊ဆရာကြီးရဲ့စားပွဲပေါ်မှာရေအပြည့်ရှိနေတဲ့ဖန်ခွက်တစ်ခုရှိနေတယ်။အဲဒီဖန်ခွက်ထဲကရေတွေကိုကျွန်တော်သွန်ပြစ်လိုက်မယ်ဆိုရင်ဖန်ခွက်ထဲမှာဘာကျန်နေမှာလဲဆိုပြီးထပ်မေးလိုက်တော့။ဆရာကြီးက၊မင်းရေသွန်ပြစ်လိုက်မှတော့၊ဖန်ခွက်ထဲမှာလေပဲကျန်တော့မှာပေါ့ကွလို့ပြန်ဖြေပါတယ်။

-

ကျွန်တော်ကထပ်မေးပြန်ပါတယ်။ဆရာကြီးခင်ဗျား၊အဲဒီဖန်ခွက်ကိုအလုံပိတ်ပြီး၊လေစုတ်စက်နဲ့ကျွန်တော်ကျန်နေတဲ့လေတွေကိုစုပ်ထုတ်ပြစ်လိုက်မယ်ဆိုရင်ဘာကျန်ခဲ့မလဲလို့ထပ်မေးလိုက်တော့။ဆရာကြီးက၊မင်းကလဲကွာတဲ့၊လေတွေကို(Vaccum)စက်နဲ့စုပ်ထုတ်လိုက်မှတော့လေဟာနယ်တစ်ခုပဲကျန်ခဲ့မှာပေါ့ကွတဲ့။

-

ကျွန်တော်ကထပ်မေးပြန်တယ်။အဲဒီလေဟာနယ်ကိုပါကျွန်တော်မလိုချင်ဘူးဗျာလို့၊လေဟာနယ်တွေပါပျောက်သွားအောင်ဘယ်လိုလုပ်လို့ရနိုင်သေးလဲ၊ဆရာကြီးအနေနဲ့လေဟာနယ်ကိုပါပျောက်သွားအောင်လုပ်ပေးလို့ရနိုင်မလားလို့ဆိုလိုက်တော့၊ဆရာကြီးကချက်ခြင်းမဖြေသေးပဲစဉ်းစားနေပြန်ပါတယ်။

-

အတန်ကြာစဉ်းစားပြီးတော့မှဆရာကြီးက၊လေဟာနယ်ကိုတော့မင်းဘယ်လိုမှဖျောက်ပြစ်လို့မရနိုင်ဘူးကွတဲ့။စကြာဝဠာကြီးမှာလေဟာနယ်(Space)ဆိုတာကိုဘယ်သူကမှ၊ဘယ်လိုမှဖျောက်ပြစ်လို့မရနိုင်ဘူးကွတဲ့၊ဒါလဲသဘာဝတရားပဲတဲ့။

-

မင်းဟာလေဟာနယ်(Space)ကိုဖျောက်ချင်တယ်ဆိုရင်၊လေဟာနယ်နေရာမှာလေဖြစ်ဖြစ်၊ရေဖြစ်ဖြစ်၊အခြားအရာဝတ္တုတစ်ခုခုဖြစ်ဖြစ်ပြန်ပြီးအစားထိုးထည့်ပေးမှရနိုင်မယ်တဲ့။ဘာမှပြန်မထည့်ပေးပဲနဲ့တော့လေဟာနယ်(Space)ကိုဖျောက်လို့မရနိုင်ဘူး။နေရာလွတ်တော့ကျန်နေခဲ့မှာပဲတဲ့။

-

လောကမှာလေဟာနယ်ရော၊တစ်ခြားအရာဝတ္တုတွေကိုရောတစ်ပြိုင်နက်တည်းဘာတစ်ခုမှမရှိအောင်တော့လုပ်လို့မရနိုင်ဘူးတဲ့။တစ်ခုမရှိရင်၊အခြားတစ်ခုခုကတော့အမြဲရှိနေမှာပဲတဲ့။

-

တစ်ကယ်လို့မင်းငါ့စားပွဲပေါ်ကရေဖန်ခွက်ကိုရေသွန်ပြစ်တဲ့အပြင်၊ဖန်ခွက်အလွတ်ကိုပါရိုက်ခွဲပြစ်ပြီး၊ဖန်ကွဲတွေကိုပါအမှိုက်ပုံးထဲအထိလွင့်ပြစ်လိုက်မယ်ဆိုရင်တောင်၊ငါ့စားပွဲပေါ်မှာနဂိုကရေဖန်ခွက်ရှိနေတဲ့နေရာ(သို့မဟုတ်)ဖန်ခွက်မရှိတော့လို့လွတ်သွားတဲ့နေရာလွတ်(Space)ကတော့ကျန်နေခဲ့ဦးမှာပဲတဲ့။

-

ဆရာကြီးကဆက်ပြောတယ်၊လောကမှာ၊အရာဝတ္တုတစ်ခုကိုဖျောက်ဖျက်ပြီး၊အခြားတစ်ခုနဲ့အစားထိုးလို့ရတယ်။ဒါမှမဟုတ်လေဟာနယ်တစ်ခုနဲ့အစားထိုးယူလို့လဲရတယ်။ဒါပေမယ့်အဲဒီနေရာမှာ၊အရာဝတ္တုတစ်မျိုးမျိုးရော၊လေဟာနယ်ရော၊တစ်ခုမှမရှိတော့အောင်တော့ဘယ်လိုမှလုပ်လို့မရဘူးတဲ့၊တစ်ခုမရှိရင်၊တစ်ခုကတော့ရှိနေရမှာပဲတဲ့၊ဘာမှမရှိဘူးဆိုတဲ့သဘောကတော့ဘယ်လိုမှကိုမဖြစ်နိုင်ဘူးတဲ့။

-

ဆရာကြီးဟာကျွန်တော်ဆွဲခေါ်တဲ့လမ်းကြောင်းအတိုင်းဝင်လာပါပြီ။ဒီလိုဆရာကြီးအငိုက်မိနေချိန်မှာကျွန်တော့်အတွက်အရေးအကြီးဆုံးမေးခွန်းတစ်ခုကိုမေးရတော့မယ်အချိန်ကိုရောက်လာပါပြီ။ဒီမေးခွန်းကတော့လွယ်မရောင်နဲ့ခက်၊တိမ်မရောင်နဲ့နက်တဲ့မေးခွန်းပါ။

-

ဆရာကြီးခင်ဗျား၊ဆရာကြီးရဲ့စကားတွေအတိုင်းဆိုရင်လောကမှာ(ဘာမှမရှိဘူးဆိုတဲ့သဘော)တစ်နည်းအားဖြင့်(Non Existence)ဆိုတဲ့သဘောတရားဆိုတာဘယ်လိုမှမဖြစ်နိုင်တော့ဘူးပေါ့?။တစ်ကယ်လို့ဖြစ်နိုင်သေးတယ်ဆိုရင်လဲဘယ်လိုဖြစ်နိုင်တယ်ဆိုတာကိုဒဿနိကဗေဒနည်းအရဆရာကြီးရှင်းပြပေးလို့ရနိုင်မလားလို့၊ဒီအချိန်မှာအရေးအကြီးဆုံးမေးခွန်းကိုကောက်မေးပြစ်လိုက်တော့၊ဆရာကြီးမျက်မှောင်ကုပ်ရပြီပေါ့။

-

ဆရာကြီးခေါင်းအတော်စားသွားပါတော့တယ်။ဒီမေးခွန်းမျိုးကိုဘယ်လိုလုပ်ပြီး၊ချက်ခြင်းဖြေနိုင်တော့မှာလဲ။ဒီလိုမေးခွန်းမျိုးအမေးခံရလိမ့်မယ်လို့သူဘယ်လိုမှထင်ထားပုံမရပါဘူး။ဆရာကြီးမျက်မှောင်ကုပ်ပြီးတော်တော်လေးကြာအောင်ထိုင်စဉ်းစားနေပါတော့တယ်။

-

အတော်လေးကြာအောင်စဉ်းစားပြီးတော့မှဆရာကြီးက၊ငါအရင်တုံးကဒီလိုမေးခွန်းမျိုးတစ်ခါမှအမေးမခံရဖူးဘူး။ဒီလိုပုံစံမျိုးလဲတစ်ခါမှမတွေးမိခဲ့ဘူး။မင်းပြောမှပဲငါသေချာစဉ်းစားမိတော့တယ်။အရင်တုံးကငါသေချာမသိသေးတဲ့လောကရဲ့သဘာဝအမှန်တရားတစ်ခုကိုမင်းရဲ့မေးခွန်းတွေကြောင့်အခုတော့ငါသေချာနားလည်သွားပြီတဲ့။

-

အမှန်အတိုင်းပြောရရင်၊လောကမှာ(ဘာမှမရှိဘူး)ဆိုတဲ့(Non Existence)သဘောတရားဆိုတာဒဿနိကဗေဒနည်းအရဘယ်လိုမှမရှိနိုင်ဘူးတဲ့။တစ်ကယ်လို့သာ(အဲဒီသဘောတရားမျိုး)ရှိခဲ့မယ်ဆိုရင်၊သူ့ကိုဘာမှမရှိတဲ့(Non Existence)သဘောတရားလို့ဆက်ပြီးမဆိုနိုင်တော့ဘူး။သူ့ကိုအရှိတရား(Existence)လို့ပြောင်းပြီးဆိုရပါလိမ့်မယ်တဲ့။

-

ဒီနေရာဟာလွယ်မလိုလိုနဲ့အလွန်ခက်ခဲတဲ့သဘောတရားဖြစ်နေလို့စာဖတ်သူတွေအတွက်သေချာဂရုစိုက်ပြီးဖတ်ရမယ့်နေရာလဲဖြစ်ပါတယ်။ဒီသဘောတရားဟာအလွန်နုးညံ့သိမ်မွေ့ပြီး၊နားလည်ရခက်ခဲတဲ့သဘာဝဓမ္မဖြစ်ပါတယ်။

-

ဆရာကြီးအနေနဲ့ကပညာရှင်အဆင့်ဆိုတော့နားလည်နိုင်ပေမယ့်၊သာမာန်လူတွေအတွက်ခက်ခဲနေတတ်လို့ကျွန်တော်ပြန်ပြီးရှင်းပြပါရစေ။ဒီနေရာမှာဆရာကြီးရဲ့စကားကိုအင်္ဂလိပ်လိုပြောရင်ပိုနားလည်နိုင်ပါလိမ့်မယ်။

-

ဆရာကြီးက(In philosophy, non-existence cannot exist;

because if non-existence exists, it will become existence)တဲ့။

-

မြန်မာလိုတိုတိုနဲ့လိုရင်းအဓိပ္ပါယ်ပြန်ရမယ်ဆိုရင်၊လောကမှာဘာမှမရှိဘူးဆိုတဲ့သဘောတရားဆိုတာဟာဘယ်လိုမှကိုမရှိနိုင်ပါဘူးတဲ့။တစ်ကယ်လို့သာအဲဒီဘာမှမရှိဘူးဆိုတဲ့သဘောတရားသာရှိနေခဲ့မယ်ဆိုရင်၊အဲဒီမရှိတရားဆိုတာကြီးက၊မရှိတရားမဟုတ်နိုင်တော့ပဲ၊အလိုလိုအရှိတရားဖြစ်သွားပြီတဲ့။

-

ဒီလောက်ဆိုတစ်ချို့နားလည်လောက်ပါပြီ။ဒါပေမယ့်နားမလည်သေးတဲ့လူတွေထပ်ရှိနိုင်သေးတဲ့အတွက်ဥပမာတွေထပ်ပေးပါရစေ။

-

(၁)ရေအေးဆိုတဲ့အရာဟာမပူပါဘူး။တစ်ကယ်လို့သာရေအေးဆိုတဲ့အရာဟာပူနေမယ်ဆိုရင်သူ့ကိုရေအေးလို့ဆက်မခေါ်နိုင်တော့ပါဘူး။သူဟာအလိုလိုရေပူဖြစ်သွားပါပြီ။

-

(၂)မီးနီဟာလဲမစိမ်းပါဘူး။တစ်ကယ်လို့သာမီးနီဟာစိမ်းနေမယ်ဆိုရင်၊သူ့ကိုမီးနီလို့ဆက်မခေါ်နိုင်တော့ပါဘူး။သူဟာမီးစိမ်းအလိုလိုဖြစ်သွားပါပြီ။

-

(၃)ကြောင်နက်ဟာဖြူဆွတ်နေလို့မရပါဘူး။တစ်ကယ်လို့သာကြောင်နက်ဟာဖြူဆွတ်နေမယ်ဆိုရင်၊သူဟာကြောင်နက်မဟုတ်နိုင်တော့ပဲ၊အလိုလိုကြောင်ဖြူဖြစ်သွားပါပြီ။

-

(၄)လောကမှာ(ဘာမှမရှိဘူးဆိုတဲ့သဘောတရား)သို့မဟုတ်(မရှိတရား)ဆိုတာမရှိနိုင်ပါဘူး။ဘာကြောင့်လဲဆိုတော့၊တစ်ကယ်လို့သာလောကမှာ(ဘာမှမရှိတဲ့သဘောတရား)သို့မဟုတ်(မရှိတရား)ဆိုတာကြီးရှိနေခဲ့မယ်ဆိုရင်၊အဲဒီမရှိတရားဆိုတာကြီးက၊အလိုလိုနေရင်းနဲ့အရှိတရားဖြစ်သွားပြီတဲ့။

-

ကျွန်တော်ဒီလောက်ဥပမာတွေနဲ့ပြောပြလိုက်တော့စာဖတ်သူအားလုံးနားလည်လောက်ပြီလို့ထင်ပါတယ်။ဒီသဘောဟာခက်ခဲနက်နဲလို့နားမလည်သေးရင်နောက်မှကိုယ့်ကိုယ်ပိုင်ဉာဏ်နဲ့သေချာပြန်စဉ်းစားကြည့်ကြပါ။

-

နောက်ဆုံးဒီဆွေးနွေးပွဲကိုအနှစ်ချုပ်လိုက်တော့၊စာဖတ်သူအများစုအတွက်အရင်ကမသိရသေးတဲ့လောကကြီးရဲ့အမှန်တရား(၂)ခုသေချာသိလာရပါတယ်။

-

လောကကြီးရဲ့နံပါတ်(၁)အမှန်တရားကဆန့်ကျင်ဖက်နိယာမပါ။

၁။လောကမှာဆန့်ကျင်ဖက်သဘောတရားတွေဆိုတာဘယ်တော့မှနှစ်ခုစလုံးပြိုင်တူမချုပ်ငြိမ်းနိုင်ဘူး၊အမြဲတန်းတစ်ခုချုပ်ရင်တစ်ခုကျန်ရှိနေရမယ်။သို့မဟုတ်(၂)ခုစလုံးအချိုးကျရောစပ်ပြီးအတူတကွရှိနေရမယ်။

-

လောကကြီးရဲ့နံပါတ်(၂)အမှန်တရားကတော့မရှိတရားပါ။

၂။လောကကြီးမှာဘာမှမရှိဘူးဆိုတဲ့သဘောတရားဆိုတာဘယ်လိုမှကိုမဖြစ်နိုင်ဘူး။တစ်ခုခုတော့ရှိနေရမယ်။တစ်ခုမရှိရင်၊အခြားတစ်ခုရှိနေရမယ်။လောကမှာမရှိတရားဆိုတာဘယ်လိုမှကိုမရှိနိုင်တဲ့သဘောသဘာဝပါ။ဘာကြောင့်လဲဆိုတော့မရှိတရားဆိုတာရှိခဲ့မယ်ဆိုရင်တောင်ဒဿနိကသဘောအရ၊အလိုလိုနေရင်းအရှိတရားဖြစ်သွားရပါတယ်။

-

သိပ်အရေးကြီးတဲ့လောကရဲ့အမှန်တရား(၂)ခုကိုစာဖတ်သူတွေသိသွားပြီဆိုတော့ရှေ့ဆက်သွားကြပါစို့။နောက်ဆုံးမှာကျွန်တော်ကဆရာကြီးကိုအောက်ပါပွဲသိမ်းမေးခွန်း(၄)ခုပြန်မေးလိုက်ပါတော့တယ်။

-

မေးခွန်း(၁)။

ဆရာကြီးခင်ဗျား။ဆရာကြီးရဲ့ဒဿနိကဗေဒအရ၊လောကမှာ(ဘာမှမရှိတဲ့သဘောတရား)တစ်နည်းအားဖြင့်(Non Existence)ဆိုတာမရှိနိုင်ဘူးဆိုရင်၊ကျွန်တော်တို့ဗုဒ္ဓဘာသာဝင်တွေရဲ့နိဗ္ဗာန်ဆိုတာဟာအဲဒီဘာမှမရှိတဲ့သဘောတရား(Non Existence)ကြီးဘယ်လိုလုပ်ပြီးဖြစ်နိုင်တော့မှာလဲ?။မရှိတာကြီးဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ?။

-

မေးခွန်း(၂)။ ဆရာကြီးခင်ဗျား။လောကမှာတစ်ခုချုပ်သွားရင်သူ့နေရာမှာအခြားတစ်ခုခုရှိနေရမယ်ဆိုရင်၊ကျွန်တော်တို့ဗုဒ္ဓဘာသာဝင်တွေရဲ့နိဗ္ဗာန်ဆိုတာဟာလဲတစ်ခုခုတော့ရှိနေရမှာပေါ့။ဒါကြောင့်နိဗ္ဗာန်ဆိုတာ(ဘာမှမရှိတဲ့သုည)သဘောမျိုးဘယ်လိုလုပ်ပြီးဖြစ်နိုင်တော့မှာလဲ?။

-

မေးခွန်း(၃)။ ဆရာကြီးခင်ဗျား။လောကမှာဆန့်ကျင်ဖက်သဘောတရားတွေဘယ်လိုမှတစ်ပြိုင်တည်းမချုပ်ငြိမ်းနိုင်ဘူး၊တစ်ခုချုပ်ရင်၊တစ်ခုကျန်နေရမယ်ဆိုရင်၊ကျွန်တော်တို့ဗုဒ္ဓဘာသာဝင်တွေရဲ့နိဗ္ဗာန်မှာဆန့်ကျင်ဖက်သဘောတရားတွေဖြစ်ကြတဲ့ဒုက္ခရော၊သုခရောနှစ်ခုစလုံးတစ်ပြိုင်နက်တည်းဘယ်လိုလုပ်ပြီးချုပ်ငြိမ်းသွားနိုင်မှာလဲ?။

-

မေးခွန်း(၄)။ 

ဆရာကြီးခင်ဗျား။ဆန့်ကျင်ဖက်နိယာမအရကျွန်တော်တို့ဗုဒ္ဓဘာသာဝင်တွေရဲ့နိဗ္ဗာန်မှာဒုက္ခတွေအားလုံးချုပ်ငြိမ်းသွားတယ်ဆိုကတည်းကသုခသက်သက်ပဲကျန်နေရမှာမဟုတ်ဘူးလား?။ကျွန်တော်တို့ဗုဒ္ဓဘာသာဝင်တွေဟာ(ဘာမှမရှိတဲ့သုည)သဘောကိုအဓိပ္ပါယ်မဲ့လိုချင်နေကြတာလား၊ဒါမှမဟုတ်ဒုက္ခတွေအားလုံးချုပ်ငြိမ်းပြီးသုခချမ်းသာသက်သက်သာကျန်ရှိနေတဲ့တစ်ကယ့်ချမ်းသာအစစ်ကိုလိုချင်နေကြတာလား?။

-

ကျွန်တော်မေးလိုက်တဲ့နောက်ဆုံးပွဲသိမ်းမေးခွန်း(၄)ခုစလုံးကိုဆရာကြီးတစ်ခုမှမဖြေနိုင်တော့ပါဘူး။ဆရာကြီးဟာဗုဒ္ဓဘာသာဝင်တွေရဲ့နိဗ္ဗာန်ဆိုတာကိုနားလည်သင့်သလောက်နားလည်သွားပါပြီ။

-

ဆရာကြီးကသူတစ်သက်လုံးဒီလိုတစ်ခါမှမတွေးမိခဲ့ဘူး။ကျွန်တော်နဲ့တွေ့တော့မှဒီအကြောင်းတွေဆွေးနွေးခွင့်ရလို့သိပ်ကိုတန်ဖိုးရှိပါတယ်။ဒီလိုဆွေးနွေးပေးလို့ကျေးဇူးလဲတင်ပါတယ်။ဒါပေမယ့်ကျွန်တော်မေးတဲ့ခွန်းတွေကိုသူချက်ခြင်းမဖြေပါရစေနဲ့တဲ့။ဒီနေ့အတွက်တော့သူ့ကိုအနားပေးဖို့တောင်းဆိုခဲ့ပါတယ်။

-

နောက်တစ်ပါတ်ကြမှသူသေသေချာချာလေးလေးနက်နက်စဉ်းစားပြီးကျွန်တော့်မေးခွန်းတွေကိုဖြေပါရစေလို့ပြောပါတယ်။ကျွန်တော်ကလဲ၊ကောင်းပါပြီဆရာကြီးခင်ဗျားလို့။နောက်တစ်ပါတ်ကြမှပြန်ဆုံကြတာပေါ့ဆိုပြီးဆွေးနွေးပွဲကိုရပ်နားပေးလိုက်ပါတယ်။

-

နောက်တစ်ပါတ်သင်္ချာဆရာကြီးနဲ့ပြန်ဆုံတဲ့အချိန်မှာသုညအကြောင်းကိုဘယ်လိုဆွေးနွေးကြတယ်ဆိုတာကိုအချိန်ရရင်ဆက်ရေးပေးပါဦးမယ်။စာရှည်သွားလို့ဒီနေ့အတွက်ကတော့၊ဒီလောက်ပါပဲ။

-

မှတ်ချက်။

ဒီ(post)မှာဆွေးနွေးခဲ့တဲ့သဘောတရားတွေဟာအလွန်ခက်ခဲ၊နက်နဲလို့သာမာန်လူတွေအတွက်ချက်ခြင်းနားလည်မှာမဟုတ်ပါဘူး။နားမလည်ရင်လဲစိတ်မပျက်ကြပါနှင့်၊အကြိမ်ကြိမ်ပြန်ဖတ်ပြီး၊ဟုတ်မဟုတ်မိမိဉာဏ်ပညာနဲ့သေချာပြန်စဉ်းစားကြည့်ပါ။မကြာခင်သေချာနားလည်သွားပါလိမ့်မယ်။

-

လောကနိယာမအနှစ်ချုပ်။

(၁)ဆန့်ကျင်ဖက်နိယာမအရ၊လောကမှာဆန့်ကျင်ဖက်သဘောတရားတွေဆိုတာဘယ်တော့မှနှစ်ခုစလုံးတစ်ပြိုင်နက်တည်းမချုပ်ငြိမ်းနိုင်ဘူး။

-

(၂)လောကမှာဘာမှမရှိတဲ့သဘောတရားဆိုတာကလဲဘယ်လိုမှမဖြစ်နိုင်ပါ။တစ်ခုခုတော့ရှိနေရပါမယ်။

-

အားလုံးကျန်းမာ၍၊အသိပညာသစ်၊အမြင်သစ်တွေရရှိကြပါစေ။

Kelvin Albert Power

================

Saturday, October 8, 2022

နိဗ္ဗာန်မြင်သွားသော ဘာသာခြားတစ်ယောက်

နိဗ္ဗာန်မြင်သွားသော ဘာသာခြားတစ်ယောက်။




အပိုင်း(၁)။

(နိဒါန်း၊တရားထူးရဖို့အရေးကြီးပုံ။)

-

လူတစ်ယောက်ဟာကျန်းမာရေးရဲ့လှို့ဝှက်ချက်တွေကိုသေချာနားလည်သွားမယ်ဆိုရင်ဘဝတစ်ခုလုံးမှာကျန်းကျန်းမာမာနဲ့ရောဂါကင်းပြီး၊အသက်ရှည်ရှည်နေလို့ရနိုင်ပါတယ်။ဒါကြောင့်ကျွန်တော်အရင်ကကျန်းမာရေးပညာပေး(Post)တွေကိုသာအဓိကထားပြီးရေးပေးခဲ့ပါတယ်။

-

တစ်ကယ်တော့ကျန်းမာရေးဆိုတာဟာတစ်ဘဝစာအတွက်တော့အသက်လောက်အရေးကြီးတယ်ဆိုတာမှန်ပေမယ့်၊ဗုဒ္ဓဘာသာဝင်တွေအတွက်ကြတော့၊ကျန်းမာရေးထက်ပိုပြီးအရေးကြီးတာတစ်ခုထပ်ရှိနေသေးပါတယ်။အဲဒါကတော့ဒီဘဝ၊ဒီခန္ဓာနဲ့တရားထူးရရှိနိုင်ဖို့ပါပဲ။

-

တရားထူးရရှိလိုက်တယ်ဆိုတာဟာတစ်ဘဝစာအတွက်မဟုတ်ပဲ၊သံသရာတစ်ခုလုံးစာအတွက်ဖြစ်နေလို့ကျန်းမာရေးထက်ကိုပိုပြီးတောင်အရေးကြီးပါတယ်။ကျွန်တော်ဆိုလိုတာကကျန်းမာရေးမကောင်းရင်ဒီတစ်ဘဝပဲရောဂါရမယ်။ဒီတစ်ဘဝပဲသေရမှာပါ။ကိုယ့်အသိဉာဏ်ကသံသရာအတွက်ဘာမှအာမခံချက်မရှိသေးဘူးဆိုရင်တော့ဘဝအဆက်ဆက်မဆုံးနိုင်အောင်အကြိမ်ကြိမ်ထပ်သေရပါဦးမယ်။

-

သေပြီးအပါယ်အကြိမ်ကြိမ်ထပ်ကျနိုင်ပါသေးတယ်။ဘယ်တော့မှမဆုံးနိုင်တဲ့အိုနာသေဘေး၊အပါယ်ဘေးတွေကိုဘဝဆက်တိုင်းရင်ဆိုင်ကြရပါဦးမယ်။ဒီနေရာမှာသေသွားတဲ့လူအများစုဟာအပါယ်ဘုံတွေကိုပဲရောက်ကြတယ်ဆိုတာကျွန်တော့်စကားမဟုတ်ပါ။အပါယ်လေးဘုံဆိုတာသတ္တဝါတွေအတွက်အမြဲတမ်းနေအိမ်ဆိုတာမြတ်စွာဘုရားရှင်ရှင်ကိုယ်တော်တိုင်ဟောထားတာရှိပါတယ်။

-

သေပြီးရင်သုဂတိရောက်သွားသူတွေထက်အပါယ်ကျသွားသူတွေဟာဘယ်လောက်တောင်အဆမတန်များနေတယ်ဆိုတာကိုမြတ်စွာဘုရားရှင်ကိုယ်တော်တိုင်ကလက်သည်းခွံပေါ်မှာတင်နေတဲ့မြေမှုန့်နဲ့ကမ္ဘာမြေကြီးတစ်ခုလုံးမှာရှိတဲ့မြေမှုန့်တွေဘယ်လောက်တောင်ပမာဏချင်းကွာခြားတယ်ဆိုတာဥပမာပြု၊နှိုင်းယှဉ်ပြီးဟောထားခဲ့တာလဲရှိပါတယ်။

-

မြတ်စွာဘုရားဟောထားတဲ့ကာလာမသုတ္တန်အတိုင်း၊အရာရာတိုင်းမှာ၊ဘယ်သူ့စကားကိုမှမယုံကြပါနှင့်။မိမိတို့ရဲ့ကိုယ်ပိုင်ဉာဏ်နဲ့စဉ်းစားဆုံးဖြတ်ပါဆိုသည့်အတိုင်း၊မြတ်စွာဘုရားရှင်ရဲ့စကားဟာ၊မှန်ကန်ပြီးသဘာဝယုတ္တိလဲရှိတယ်ဆိုတာကိုအောက်ပါနည်းလမ်းအတိုင်းမိမိတို့ရဲ့ကိုယ်ပိုင်ဉာဏ်နဲ့စဉ်းစား၊ဆန်းစစ်ကြည့်ကြပါစို့။

-

စိတ်၊စေတသိတ်တွေနဲ့ပါတ်သက်ပြီး၊စိတ္တနိယာမဆိုတာရှိပါတယ်။သတ္တဝါတွေဟာဘဝကူးကြတော့မယ်ဆိုရင်၊စိတ်တစ်ခုနဲ့စုတေကြရပါတယ်။သမုတိသဘောအရအဲဒီစုတေစိတ်ကပဲနောက်ဘဝတစ်ခုမှာပဋိသန္ဓေစိတ်ပြန်ဖြစ်ကြရပါတယ်။

-

ဆိုလိုတာက၊ပရမတ္တသဘောအရဆိုရင်တော့၊ဒီဘဝစုတေစိတ်နဲ့နောက်ဘဝပဋိသန္ဓေစိတ်ဟာ၊အကြောင်းအကျိုးဆက်စပ်ပြီးစိတ်အစဉ်တန်းတစ်ဆက်တည်းဖြစ်နေတယ်လို့ဆိုပေမယ့်၊သမုတိသဘောအရပြောမယ်ဆိုရင်တော့တစ်စိတ်တည်းလို့ဆိုနိုင်ပါတယ်။

-

တစ်ဖက်ကနေပဌာန်းဒေသနာတော်ကိုပြန်ကြည့်ရင်(ဟေတုပစ္စယော)ဆိုတာလူတိုင်းကြားဖူးကြမှာပါ။(ဟေတုပစ္စယော)ဆိုတာဟိတ်စိတ်(၆)ပါးကိုဆိုလိုတာပါပဲ။သတ္တဝါတွေရဲ့သဏ္ဍန်မှာအမြဲဖြစ်နေတတ်တဲ့ဟိတ်စိတ်(၆)မျိုး၊စုတေစိတ်နဲ့ပဋိသန္ဓေစိတ်တွေမှာအမြဲမပြတ်ဦးဆောင်ပါဝင်နေတဲ့ဒီဟိတ်စိတ်(၆)မျိုးရဲ့အကျိုးသက်ရောက်မှု့ကို(ဟေတုပစ္စယော)လို့ခေါ်တာပါပဲ။

-

သတ္တဝါတွေအားလုံးဟာဒီဟိတ်စိတ်(၆)ပါးနဲ့ပဲစုတေကြရသလို၊ဒီဟိတ်စိတ်(၆)ပါးနဲ့ပဲပဋိသန္ဓေပြန်ယူကြရပါတယ်။ဒီနေရာမှာအဓိကပြောချင်တာကအပါယ်ဘုံတွေရဲ့ပဋိသန္ဓေတွေဟာအမြဲတန်း(ဒေါသ၊လောဘ၊မောဟ)ဆိုတဲ့အကုသိုလ်ဟိတ်စိတ်တွေနဲ့သာပဋိသန္ဓေယူကြရပြီး၊သုဂတိဘုံတွေမှာကြတော့အမြဲတန်း(အဒေါသ၊အလောဘ၊အမောဟ)ဆိုတဲ့ကုသိုလ်ဟိတ်စိတ်တွေနဲ့သာပဋိသန္ဓေယူကြရပါတယ်။

-

ကျွန်တော်ဆိုလိုချင်တာက၊သမုတိသစ္စာအရ၊စုတေစိတ်နဲ့ပဋိသန္ဓေစိတ်ဟာတစ်ခုတည်းဆိုရင်(တနည်းအားဖြင့်)ပရမတ္တသစ္စာအရ၊စုတေစိတ်နဲ့ပဋိသန္ဓေစိတ်ဟာစိတ်အစဉ်တန်းတစ်ခုတည်းဆိုရင်၊(ဒေါသ၊လောဘ၊မောဟ)ဆိုတဲ့အကုသိုလ်ဟိတ်စိတ်(၃)ပါးနဲ့စုတေစိတ်ကျတဲ့သူဟာ၊ဆန့်ကျင်ဖက်ဖြစ်တဲ့(အဒေါသ၊အလောဘ၊အမောဟ)ဆိုတဲ့ကုသိုလ်ဟိတ်စိတ်(၃)ပါးနဲ့ပဋိသန္ဓေပြန်ပြီးယူနိုင်ဖို့ဆိုတာစိတ္တနိယာမအရဘယ်လိုမှကိုမဖြစ်နိုင်ပါ။


-

နောက်ဘဝပဋိသန္ဓေစိတ်ဟာဒီဘဝစုတေစိတ်နဲ့တစ်ဆက်တည်း၊တစ်ခုတည်းဖြစ်နေလို့၊ (ဒေါသ၊လောဘ၊မောဟ)ဆိုတဲ့အကုသိုလ်ဟိတ်စိတ်(၃)ပါးနဲ့စုတေမယ်ဆိုရင်အပါယ်ဘုံမှာသေချာပေါက်ပဋိသန္ဓေပြန်ရကြရမှာဖြစ်ပြီး။(အဒေါသ၊အလောဘ၊အမောဟ)ဆိုတဲ့ကုသိုလ်ဟိတ်စိတ်(၃)ပါးနဲ့စုတေမယ်ဆိုရင်၊သုဂတိဘုံတွေသေချာပေါက်ရောက်ပါလိမ့်မယ်။ဒါဟာလဲအကြောင်းအကျိုးညီညွတ်တဲ့သဘာဝနိယာမပါပဲ။

-

လောကမှာအကြောင်းတရားကိုသာပြုပြင်လို့ရနိုင်ပါတယ်။အကျိုးတရားကိုဘယ်လိုမှပြုပြင်လို့မရနိုင်ပါဘူး။ဥပမာပြောရရင်မွေးဖွားလာခြင်းကအကြောင်းတရားဆိုရင်၊သေဆုံးခြင်းကအကျိုးတရားပါပဲ။မွေးဖွားလာပြီဆိုတာနဲ့သေခြင်းတရားကဘယ်လိုမှမလွတ်မြောက်နိုင်တော့ပါဘူး။နောက်ထပ်ပြန်ပြီးမမွေးဖွားတော့အောင်လုပ်နိုင်မှသာလျှင်သေခြင်းတရားကနေလွတ်နိုင်ပါလိမ့်မယ်။

-

ဒီသဘောအတိုင်းပါပဲ၊အကြောင်းအကျိုးနဲ့ဆက်စပ်ပြောရမယ်ဆိုရင်၊နောင်ဘဝပဋိသန္ဓေစိတ်ဟာအကျိုးတရားဖြစ်နေလို့ကျွန်တော်တို့ဘယ်လိုမှပြုပြင်ပြောင်းလဲလို့မရနိုင်ပါဘူး။လူတစ်ယောက်အတွက်ဘဝကူးကောင်းဖို၊အဓိကအကျဆုံးအရာကတော့အကြောင်းတရားဖြစ်တဲ့စုတေစိတ်ပဲဖြစ်ပါတယ်။

-

ဒီနိယာမကိုသေချာသိထားပြီဆိုရင်၊ကိုယ်သေတဲ့အချိန်မှာလဲအဲဒီအကြောင်းတရားဖြစ်တဲ့ကုသိုလ်ဟိတ်စိတ်(၃)ပါးနဲ့စုတေနိုင်ဖို့အတွက်ကြိုတင်ပြင်ဆင်၊ကြိုးစားထားဖို့အတွက်အလွန်အရေးကြီးပါတယ်။။ဒါပေမယ့်လက်တွေ့လွယ်ပါ့မလားဆိုတာကိုတော့ဆက်ပြီးလေ့လာကြရအောင်။

-

အကုသိုလ်ဟိတ်စိတ်(၃)ပါးဆိုတာတွေကဘာတွေလဲဆိုတော့။

-

(၁)လောဘစိတ်။

လောဘစိတ်ဆိုတာအလိုရမက်ကြီးတာတစ်ခုတည်းကိုပြောနေတာမဟုတ်ပါဘူး။မိမိကိုယ်ကိုချစ်ခင်တာ၊မိမိရဲ့မိသားစု၊သားသမီး၊မြေး၊မြစ်၊ဆွေမျိုး၊မောင်နှမ၊မိတ်ဆွေတွေအပေါ်တွယ်တာတာ။မိမိပိုင်ဆိုင်တဲ့အိမ်၊ခြံ၊မြေ၊ရွှေ၊ငွေ၊ကား၊အစရှိတဲ့ဥစ္စာပစ္စည်းတွေကိုတွယ်တာတာတွေအားလုံးအကျုံးဝင်ပါတယ်။

-

(၂)ဒေါသစိတ်။

ဒေါသစိတ်ဆိုတာစိတ်ဆိုးတာတစ်ခုတည်းကိုဆိုလိုတာမဟုတ်ပါဘူး။စိတ်မချမ်းသာတာ၊ဝမ်းသာပီတိမဖြစ်နိုင်တာ၊စိတ်ဆင်းရဲတာ၊စိတ်ညစ်တာ၊မပျော်တာ၊ကြောက်ရွံ့တာ၊စိုးရိမ်ပူပန်တာတွေအားလုံးကိုဆိုလိုတာပါ။

-

(၃)မောဟစိတ်။

မောဟစိတ်ဆိုတာအမှန်ကိုမသိတာတစ်ခုတည်းမဟုတ်ပါဘူး။တွေဝေတာ၊ထိုင်းမှိုင်းနေတာ၊သတိလက်လွတ်ဖြစ်တာ၊မေ့လျှော့တာ၊ကိုယ်နဲ့စိတ်မကပ်တာ။သတိလစ်မေ့မျှောနေတာ၊အားလုံးအကျုံးဝင်ပါတယ်။တစ်နည်းအားဖြင့်သတိနှင့်ပညာဦးဆောင်မထားတဲ့အချိန်တိုင်းမှာမောဟစိတ်တွေဖြစ်နေတတ်ပါတယ်။

-

ဆန့်ကျင်ဖက်ဖြစ်တဲ့ကုသိုလ်ဟိတ်စိတ်တွေကတော့အထက်မှာဖေါ်ပြထားတဲ့အကုသိုယ်ဟိတ်စိတ်တွေနဲ့တိုက်ရိုက်၊ပြောင်းပြန်၊ဆန့်ကျင်ဖက်ဖြစ်နေလို့မှတ်ရတာလွယ်ကူပါတယ်။ကုသိုလ်ဟိတ်စိတ်(၃)ပါးကတော့(အလောဘ၊အဒေါသ၊အမောဟ)စိတ်တွေပါပဲ။

-

ဒီနေရာမှာစာဖတ်သူကိုယ်တိုင်မိမိရဲ့ကိုယ်ပိုင်ဉာဏ်နဲ့သေချာစဉ်းစားကြည့်ပါ။လူတစ်ယောက်ဟာသေတော့မယ်ဆိုရင်၊ရောဂါနဲ့သေတာပဲဖြစ်ဖြစ်၊သူတပါးသတ်လို့သေတာပဲဖြစ်စေ၊မတော်တစ်ဆကားမှောက်လို့၊ထိခိုက်ဒဏ်ရာရလို့သေတာပဲဖြစ်စေ။သေချင်တဲ့နည်းနဲ့သေပါစေ။သေခါနီးအချိန်မှာဘယ်စိတ်နဲ့သေကြမှာလဲ?။

-

သာမာန်ပုထုဇဉ်တစ်ယောက်ဟာ၊မိမိကိုယ်ကို(ငါသေရတော့မှာပါလားလို့)သိနေတဲ့သေခါနီးအချိန်တစ်ခုမှာ

-

(၁)မကြုံဖူးလောက်အောင်ဆိုးဝါးတဲ့၊အဆိုးဝါးဆုံး၊အနာကျင်ဆုံး၊ဒုက္ခဝေဒနာနဲ့ရင်ဆိုင်ခံစားရမှာအလွန်သေချာပါတယ်။စိတ်ချမ်းသာပြီးနေလို့ထိုင်လို့သိပ်ကောင်းတဲ့သုခချမ်းသာတွေနဲ့ကြုံတွေ့ရမှာတော့မဟုတ်ပါဘူး။ဒုက္ခဝေဒနာနဲ့သေရမယ်ဆိုရင်စုတေစိတ်က(ဒေါသဟိတ်စိတ်)ဖြစ်နေတော့၊စိတ္တနိယာမအရဒီစိတ်နဲ့ပဲသေချာပေါက်ပဋိသန္ဓေပြန်ရမှာပါပဲ။ဆန့်ကျင်ဖက်ဖြစ်နေတဲ့(အဒေါသဟိတ်စိတ်)နဲ့တော့ဘယ်လိုမှပဋိသန္ဓေပြန်ရဖို့မဖြစ်နိုင်ဘူး။

-

(၂) သေရမှာကိုသိနေတဲ့ဒီလိုအချိန်မျိုးမှာဝမ်းသာနေမှာလား၊ဝမ်းနည်းနေမှာလား။ဝမ်းနည်းစွာနဲ့သေရမယ်ဆိုရင်လဲစုတေစိတ်က(ဒေါသဟိတ်စိတ်)ဖြစ်နေတော့၊စိတ္တနိယာမအရဒီစိတ်နဲ့ပဲသေချာပေါက်ပဋိသန္ဓေပြန်ရမှာပါပဲ။ဆန့်ကျင်ဖက်ဖြစ်နေတဲ့(အဒေါသဟိတ်စိတ်)နဲ့တော့ဘယ်လိုမှပဋိသန္ဓေပြန်ရဖို့မဖြစ်နိုင်ပါဘူး။

-

(၃)သေရမှာကိုသိတော့ကြောက်နေမှာလား၊ရဲဝံ့နေမှာလား။ကြောက်ကြောက်နဲ့ သေရမယ်ဆိုရင်လဲစုတေစိတ်က(ဒေါသဟိတ်စိတ်)ဖြစ်နေတော့၊စိတ္တနိယာမအရဒီစိတ်နဲ့ပဲသေချာပေါက်ပဋိသန္ဓေပြန်ရမှာပါပဲ။ဆန့်ကျင်ဖက်ဖြစ်နေတဲ့(အဒေါသဟိတ်စိတ်)နဲ့တော့ဘယ်လိုမှပဋိသန္ဓေပြန်ရဖို့မဖြစ်နိုင်ပါဘူး။

-

(၄)ဒီအချိန်မှာခိုကိုးရာမဲ့ဖြစ်ပြီးစိတ်ဆင်းရဲနေမှာလား၊သေရမှာကိုပီတိဖြစ်ပြီးပျော်ရွင်နေမှာလား။ခိုကိုးရာမဲ့၊စိတ်ဆင်းရဲပြီးသေရမယ်ဆိုရင်ရင်လဲစုတေစိတ်က(ဒေါသဟိတ်စိတ်)ဖြစ်နေတော့၊စိတ္တနိယာမအရဒီစိတ်နဲ့ပဲသေချာပေါက်ပဋိသန္ဓေပြန်ရမှာပါပဲ။ဆန့်ကျင်ဖက်ဖြစ်နေတဲ့(အဒေါသဟိတ်စိတ်)နဲ့တော့ဘယ်လိုမှပဋိသန္ဓေပြန်ရဖို့မဖြစ်နိုင်ပါဘူး။

-

(၅)မိမိရဲ့မိသားစု၊သားသမီး၊မြေး၊မြစ်၊ဆွေမျိုး၊မောင်နှမ၊မိတ်ဆွေတွေအပေါ်မှာသံယောဇဉ်တွေချက်ခြင်းဖြတ်ပြစ်လို့ရနိုင်မှာလား၊သံယောဇဉ်တွေကျန်နေဦးမှာလား။သံယောဇဉ်တန်းလန်းနဲ့သေရမယ်ဆိုရင်တော့စုတေစိတ်က(လောဘဟိတ်စိတ်)ဖြစ်နေတော့၊စိတ္တနိယာမအရဒီစိတ်နဲ့ပဲသေချာပေါက်ပဋိသန္ဓေပြန်ရမှာပါပဲ။ဆန့်ကျင်ဖက်ဖြစ်နေတဲ့(အလောဘဟိတ်စိတ်)နဲ့တော့ဘယ်လိုမှပဋိသန္ဓေပြန်ရဖို့မဖြစ်နိုင်ပါဘူး။

-

(၆)မိမိပိုင်ဆိုင်တဲ့အိမ်၊ခြံ၊မြေ၊ရွှေ၊ငွေ၊ကား၊အစရှိတဲ့ဥစ္စာပစ္စည်းတွေကိုလဲဘာဖြစ်ဖြစ်ကွာဆိုတဲ့စိတ်နဲ့ပြစ်ထားလို့ရနိုင်မှာလား။ဒါမှမဟုတ်ဥစ္စာပစ္စည်းတွေအတွက်စိုးရိမ်ပူပန်နေရဦးမှာလား။မပြစ်ထားနိုင်ပါဘူး၊မစွန့်နိုင်သေးပါဘူး၊စိုးရိမ်ပူပန်နေဦးမယ်ဆိုရင်တော့၊သေရရင်တော့စုတေစိတ်က(လောဘဟိတ်စိတ်)ဖြစ်နေတော့၊စိတ္တနိယာမအရဒီစိတ်နဲ့ပဲသေချာပေါက်ပဋိသန္ဓေပြန်ရမှာပါပဲ။ဆန့်ကျင်ဖက်ဖြစ်နေတဲ့(အလောဘဟိတ်စိတ်)နဲ့တော့ဘယ်လိုမှပဋိသန္ဓေပြန်ရဖို့မဖြစ်နိုင်ပြန်ပါဘူး။

-

(၇)သေခါနီးမှာတွေဝေတာ၊ထိုင်းမှိုင်းတာ၊သတိလက်လွတ်တာ၊မေ့မျောတာ၊ကိုယ်နဲ့စိတ်မကပ်တာတွေအားလုံးတစ်ခုမှမဖြစ်ပဲ၊သတိ၊သမာဓိနဲ့သေနိုင်မှာလား?။မေ့မေ့လျော့လျော့နဲ့သေရမယ်ဆိုရင်တော့စုတေစိတ်က(မောဟဟိတ်စိတ်)ဖြစ်နေတော့၊စိတ္တနိယာမအရဒီစိတ်နဲ့ပဲသေချာပေါက်ပဋိသန္ဓေပြန်ရမှာပါပဲ။ဆန့်ကျင်ဖက်ဖြစ်နေတဲ့(အမောဟဟိတ်စိတ်)နဲ့တော့ဘယ်လိုမှပဋိသန္ဓေပြန်ရဖို့မဖြစ်နိုင်ပြန်ပါဘူး။

-

အထက်ပါအချက်တွေကိုပြန်ကြည့်ရင်(အဒေါသ၊အလောဘ၊အမောဟ)ဆိုတဲ့ကုသိုလ်ဟိတ်စိတ်တွေနဲ့စုတေစိတ်ကျဖို့ဆိုတာမဖြစ်နိုင်လောက်အောင်ကိုခက်ခဲပါတယ်။သတ္တဝါအများစုဟာ(ဒေါသ၊လောဘ၊မောဟ)ဆိုတဲ့အကုသိုလ်ဟိတ်စိတ်တွေနဲ့ပဲစုတေကြပြီး၊အဆိုပါအကုသိုလ်ဟိတ်စိတ်တွေနဲ့ပဲပဋိသန္ဓေပြန်ရကြတာများပါတယ်။

-

ဒါကြောင့်မြတ်စွာဘုရားရှင်ကသမုဒ္ဒရာလေးစင်းပေါ်မှာမျောနေတဲ့အပေါက်တစ်ခုသာပါတဲ့လှည်းတံပိုးအကျိုးတစ်ချောင်းမှာရှိတဲ့အပေါက်ဝနဲ့၊နှစ်တစ်ရာမှတစ်ခါရေပေါ်ကိုပေါ်လာတတ်တဲ့လိပ်ကြီးရဲ့ဦးခေါင်းနဲ့တိတိကျကျသွားပြီးစွတ်မိဖို့ဆိုတာမဖြစ်နိုင်လောက်နီးပါးကိုခဲယှဉ်းပါတယ်။ဒီဥပမာအတိုင်းပါပဲ၊သေသွားတဲ့လူတစ်ယောက်သုဂတိဘုံပြန်ရောက်ဖို့ဆိုတာမဖြစ်နိုင်လောက်အောင်ကိုခဲယှဉ်းပါတယ်လို့မြတ်စွာဘုရားဟောခဲ့ပြီးသားပါ။

-

မြတ်စွာဘုရားရှင်အဆူပေါင်းဂင်္ဂါဝါလုသဲစုမကပွင့်ခဲ့ပြီးပြီ၊အဂ္ဂသာဝက၊မဟာသာဝကဆိုတာကတော့ရေတွက်လို့မရနိုင်အောင်ပါပဲ။ဒီလိုပုဂ္ဂိုလ်ထူးတစ်ဆူ၊တစ်ပါးလောက်ဟောခဲ့တဲ့တရားတစ်ပိုဒ်လောက်တောင်ကျွန်တော်တို့တွေမနာခဲ့ရရှာပါဘူး။တစ်ကယ်လို့သာဒီသူတော်ကောင်းတွေနဲ့တစ်ခါလောက်ကြုံတွေ့၊တရားနာခဲ့ရမယ်ဆိုရင်ကျွန်တော်တို့ကျွတ်တန်းဝင်သွားတာကြာပါပြီ။အမြဲတန်းလွဲနေခဲ့လို့သာအခုထက်ထိမကျွတ်ပဲကျန်နေရတာပါ။

-

ဒါဆိုစာဖတ်သူတွေကိုကျွန်တော်မေးခွန်းတစ်ခုမေးပါရစေ။မရေမတွက်နိုင်အောင်များတဲ့ဘုရားရှင်တွေပွင့်ခဲ့တာ၊အဂ္ဂသာဝက၊မဟာသာဝကတွေပေါ်ထွန်းခဲ့တဲ့အချိန်မှာကျွန်တော်တို့ဘာကြောင့်အမြဲလွဲခဲ့ရတာလဲ?။ကျွန်တော်တို့ဘယ်ရောက်နေကြလို့လဲ?။

-

မရေမတွက်နိုင်အောင်များတဲ့ဘုရားရှင်တွေပွင့်နေတဲ့အချိန်မှာကျွန်တော်တို့တွေအပါယ်ဘုံမှာရှိနေကြပါတယ်။ကျွန်တော်တို့တွေအပါယ်ဘုံမှာအမြဲရှိပါတယ်။အပါယ်ဆိုတာကျွန်တော်တို့ရဲ့အမြဲနေအိမ်ပါ။လူ့ဘဝ၊နတ်ဘဝဆိုတာကကျွန်တော်တို့အတွက်အလွန်ရောက်ခဲတဲ့နေရာတွေပါ။

-

ဂင်္ဂါဝါလုသဲစုမကပွင့်ခဲ့ပြီးပြီဖြစ်တဲ့ဘုရားတွေကိုတောင်လွဲခဲ့ပြီးပြီဆိုရင်နောင်ပွင့်မယ့်အရိမေတ္တယျမြတ်စွာဘုရားကိုဖူးမြင်ရဖို့၊တရားနာပြီးအကျွတ်တမ်းဝင်ရဖို့ထိုင်ဆုတောင်းနေမယ်ဆိုရင်ဘယ်လောက်သေချာနိုင်မှာလဲ။အကြိမ်တစ်သန်းထိုးလို့မပေါက်တဲ့ထီဟာ၊ဆက်ထိုးလို့ကောပေါက်နိုင်ချေဘယ်လောက်ရှိမှာလဲ။

-

ထိုင်စောင့်ရမယ့်အချိန်မဟုတ်ပါဘူး။လူလဲဖြစ်လာ၊သာသနာနဲ့လဲကြုံတွေ့နေတဲ့အချိန်မှဝိပဿနာတရားအားထုတ်ရမယ့်အချိန်ပါ။မိုးကုတ်ဆရာတော်ဘုရားကြီးဟောထားတဲ့အတိုင်းပါရမီမလိုဘူး၊ကျင့်ရင်ရနိုင်တယ်ဆိုတာအလွန်မှန်ပါတယ်။

-

ဆရာတော်ကြီးဆိုလိုတဲ့၊ပါရမီမလိုဘူးဆိုတဲ့သဘောက၊ပါရမီကရှိနေပြီးသားဖြစ်နေလို့ပါ။ကျွန်တော်တို့တွေအပါယ်ကနေခေတ္တလွတ်မြောက်လာပြီးဒီလိုအချိန်အခါကောင်းတစ်ခုမှာလူလာဖြစ်နေတယ်။မြတ်စွာဘုရားရဲ့သာသနာတော်နဲ့လဲတိုက်တိုက်ဆိုင်ဆိုင်ကြုံတွေ့နေရပြန်တယ်။ကျွန်တော်တို့လောက်ပါရမီကောင်းတဲ့သူဆိုတာရှိပါဦးမလား။ဝိပဿနာအလုပ်တစ်ကယ်စလုပ်ဖို့ပဲလိုပါတယ်။

-

ဒီဘဝရဲ့စုတေစိတ်ဟာနောင်ဘဝပဋိသန္ဓေစိတ်နဲ့တစ်ဆက်တည်းဖြစ်နေလို့သေပြီးအပါယ်ပြန်မရောက်ဖို့ဆိုတာကိုယ်သေမယ့်စုတေစိတ်ကအလွန်အရေးကြီးပါတယ်။ကျွတ်တော်တို့တွေ၊ကိုယ့်ကိုကိုယ်(ငါသေရင်ဟိတ်စိတ်(၆)ပါးထဲကဘယ်လိုစိတ်မျိုးနဲ့စုသေမလဲ)ဆိုတာကိုတစ်ခါလောက်ပြန်တွေးကြည့်ကြဖူးကြသလား။ဒီနေရာမှာကိုယ်လုပ်ထားတဲ့ကုသိုလ်တွေကိုထည့်မတွက်ပါနဲ့ဦး။ဘာကြောင့်လဲဆိုတော့များသောအားဖြင့်၊စုတေစိတ်မမှန်ရင်လုပ်ထားတဲ့ကုသိုလ်တွေဟာပဋိသန္ဓေကောင်းကျိုးမပေးနိုင်ပါဘူး။စုတေစိတ်ကသာလျှင်ပဋိသန္ဓေအကျိုးပေးနိုင်တာပါ။

-

ပုထုဇဉ်တွေမှာ(အဒေါသ၊အလောဘ၊အမောဟ)ဆိုတဲ့ကုသိုလ်ဟိတ်စိတ်(၃)ပါးနဲ့စုတေစိတ်ကျဖို့ဆိုတာလူတစ်ထောင်မှာတစ်ယောက်တောင်မရှိနိုင်ပါဘူး။လူတစ်သောင်း၊တစ်သိန်းမှာတောင်တစ်ယောက်ရှိဖို့မလွယ်ပါဘူး။

-

အခုစာဖတ်နေသူဟာဟိတ်စိတ်(၆)ပါးအကြောင်းနဲ့၊စုတေ၊ပဋိသန္ဓေ၊စိတ္တနိယာမသဘောတွေကိုနားလည်သွားပြီဆိုရင်၊သေသွားလို့သုဂတိပြန်ရောက်ဖို့ဘယ်လောက်တောင်ခက်ခဲသလဲဆိုတာကို၊ဥပမာတွေပေးပြီးဟောထားတဲ့မြတ်စွာဘုရားရှင်ရဲ့တရားတွေဟာအလွန်မှန်ကန်နေတယ်ဆိုတာကိုယ်ပိုင်ဉာဏ်နဲ့ပြန်ပြီးဆန်းစစ်ကြည့်လို့သဘောပေါက်လက်ခံသွားလောက်ပါပြီ။

-

ကိုယ်သေရင်လဲအပါယ်ကျဖို့များသလား၊လူ့ပြည်၊နတ်ပြည်ပြန်ရောက်ဖို့များသလားဆိုတာကိုကိုယ်ပိုင်ဉာဏ်နဲ့စဉ်းစားဆုံးဖြတ်လို့ရသွားပါပြီ။လူဆိုတာဘာကောင်ကြီးပဲဖြစ်ဖြစ်၊ဘယ်လောက်ပဲချမ်းသာ၊ရာထူးကြီး၊ပညာတတ်နေပါစေ၊ပုထုဇဉ်မှန်ရင်၊များသောအားဖြင့်(ဒေါသ၊မောဟ၊လောဘ)ဆိုတဲ့အကုသိုလ်ဟိတ်(၃)ပါးနဲ့သာစုတေစိတ်ကျကြလို့၊အဲဒီအကုသိုလ်ဟိတ်စိတ်တွေနဲ့ပဲပဋိသန္ဓေပြန်ယူကြရပါတယ်။ဒါဟာသဘာဝတရားပါ။

-

ဝေသာလီပြည်မှာကပ်ဘေးဆိုက်တုံးက၊အရိယာတို့ရဲ့မဂ်သမာဓိကို၊သေပြီးအခြားမဲ့၌မိမိနှင့်အတူတကွလိုက်ပြီးအကျိုးထူးပေးတတ်တယ်လို့၊လောကမှာရှိတဲ့ရတနာတွေအားလုံးနဲ့မနှိုင်းယှဉ်အပ်လောက်အောင်မြင့်မြတ်ထူးခြားလွန်းတယ်လို့မြတ်စွာဘုရားရှင်ကိုယ်တော်တိုင်ရတနာ့သုတ်မှာသစ္စာဆိုပြီးသတ္တဝါတွေကိုကပ်ဆိုးဘေးကနေကယ်တင်ခဲ့ဘူးပါတယ်။

-

သောတာပတ္တိမဂ်ဆိုတာဟာအလွန်ရခဲတဲ့ရတနာပါ။ရတနာ့သုတ်မှာသောတာပန်တွေနဲ့ပါတ်သက်လို့မြတ်စွာဘုရားရှင်ကိုယ်တိုင်သစ္စာဆိုပြီးချီးကျူးထားတဲ့သစ္စာစကားတွေအများကြီးပါနေပါတယ်။မြတ်စွာဘုရားရှင်ကိုယ်တော်တိုင်ရတနာ့သုတ်မှာသစ္စာဆိုပြီးချီးမွမ်းခဲ့တဲ့အရိယာတို့ရဲ့မဂ်သမာဓိဆိုတာတစ်ခြားမဟုတ်ပါဘူး။အရိယာတိုရဲ့ဖိုလ်စိတ်နဲ့ယှဉ်ပြီးဖြစ်လာတဲ့လောကုတ္တရာသမာဓိကိုဆိုလိုတာပါပဲ။

-

သေပြီးအခြားမဲ့၌မိမိနှင့်အတူတကွလိုက်ပြီးအကျိုးထူးပေးတတ်တယ်ဆိုတဲ့အဓိပါယ်ကတော့၊အရိယာတွေဆိုတာသေခါနီးမှာလောကုတ္တရာသမာဓိ(သို့မဟုတ်)ဖိုလ်ဇောကအမြဲဦးဆောင်ပြီးစုတေစိတ်ကျပါတယ်။တစ်နည်းအားဖြင့်၊ဖိုလ်စိတ်နဲ့ယှဉ်ပြီးဖြစ်ပေါ်လာတဲ့(အဒေါသ၊အမောဟ၊အလောဘ)ဆိုတဲ့ကုသိုလ်ဟိတ်စိတ်(၃)ပါးနဲ့သာလျှင်အမြဲစုတေစိတ်ကျပြီး၊အမြဲပဋိသန္ဓေပြန်ယူကြရပါတယ်။သောတာပန်တွေအပါယ်တံခါးလုံးဝအပြီးတိုင်ပိတ်သွားပြီဆိုတာဟာဒီသဘောသဘာဝကြောင့်ပါ။

-

အရိယာတို့ရဲ့ဖိုလ်ဇောတွေဟာဘယ်တော့မှဆန့်ကျင်ဖက်ဖြစ်နေတဲ့အကုသိုလ်ဟိတ်စိတ်တွေနဲ့ယှဉ်တွဲပြီးမဖြစ်နိုင်ပါဘူး။ဥပမာအားဖြင့်သောတာပန်ပုဂ္ဂိုလ်ဟာဖိုလ်ဝင်စားတော့မယ်ဆိုရင်၊မဝင်စားခင်မှာဝိပဿနာပြန်ရှုကြရပြီး၊ဝိပဿနာဉာဏ်နဲ့(ဒေါသ၊မောဟ၊လောဘ)တွေကိုအရင်ပြန်ပါယ်ကြရပါတယ်။ပြီးမှဖိုလ်ဝင်စားနိုင်ကြပါတယ်။ဒါဟာတွဲပြီးမဖြစ်နိုင်တဲ့စိတ်သဘောသဘာဝပါ။

-

ဖိုလ်ဇောတွေဟာဘယ်တော့မှအကုသိုလ်ဟိတ်(၃)ပါးနဲ့ယှဉ်ပြီးမဖြစ်နိုင်သလို၊အရိယာပုဂ္ဂိုလ်တွေဟာလဲဖိုလ်ဇောတွေနဲ့ကင်းပြီးဘယ်တော့မှစုတေစိတ်မကျနိုင်ပါဘူး။တစ်ကယ်လို့သာအရိယာပုဂ္ဂိုလ်တွေဟာဖိုလ်ဇောတွေနဲ့ကင်းပြီးစုတေစိတ်ကျခဲ့မယ်ဆိုရင်၊စိတ္တနိယာမအရ၊နောက်ဘဝ၊နောက်ပဋိသန္ဓေတွေမှာအရိယာမျိုးစေ့ပြန်ပါလာဖို့အကြောင်းမရှိနိုင်တော့ပါဘူး။

-

အရိယာပုဂ္ဂိုလ်တွေဟာဖိုလ်ဇောတွေနဲ့ယှဉ်နေတဲ့ကုသိုလ်ဟိတ်(၃)ပါးနဲ့သာအမြဲစုတေစိတ်ကျကြရလို့သာမြတ်စွာဘုရားကိုယ်တိုင်ကနောင်ဘဝဆက်တိုင်းမှာသေချာပေါက်အရိယာမျိုးစေ့ပြန်ပါလာတယ်လို့အာမခံချက်ပေးခဲ့တာဖြစ်ပါတယ်။ဒီအရိယာမျိုးစေ့ကြောင့်အရိယာသေရင်၊နောင်ဘဝမှာဘယ်လိုမှပုထုဇဉ်ပြန်ဖြစ်မသွားနိုင်ပါဘူး။

-

ဆိုလိုတာကဖိုလ်စိတ်ဦးဆောင်ပြီးကုသိုလ်ဟိတ်စိတ်(၃)ပါးနဲ့သာလျှင်စုတေစိတ်ကျတဲ့ပုဂ္ဂိုလ်ဟာ၊ဘဝဆက်တိုင်းဖိုလ်စိတ်နဲ့စုတေတယ်၊ပြီးရင်ဖိုလ်စိတ်နဲ့ပဲပဋိသန္ဓေပြန်ယူတယ်ဆိုတော့၊အရိယာမျိုးစေ့ဟာနောင်ဘဝအဆက်ဆက်တွေမှာမွေးကတည်းကပါလာတဲ့မွေးရာပါပစ္စည်းဖြစ်သွားပါတော့တယ်။

-

ဒီသဘောသဘာဝ၊နိယာမတွေအတိုင်းဆိုရင်၊

-

နံပါတ်(၁)။အရိယာသေရင်ဘယ်တော့မှအပါယ်ဘုံမှာပဋိသန္ဓေပြန်မရနိုင်ပါဘူး။

-

နံပါတ်(၂)။ အရိယာသေရင်၊ဘယ်ဘဝမှာမှပုထုဇဉ်ပြန်မဖြစ်နိုင်တော့ပါဘူး။နောက်ပြန်လှည့်တယ်ဆိုတာထုံးစံမရှိပါဘူး။

-

နံပါတ်(၃)။

အရိယာသေရင်ဘဝဟောင်းကရပြီးသားမဂ်၊ဖိုလ်အဆင့်အတွက်နောက်ဘဝမှာပြန်ပြီးကျင့်ရတယ်၊ပြန်အားထုတ်ရတယ်ဆိုတာလဲထုံးစံမရှိပါဘူး။အဆင့်ပိုမြင့်တဲ့နောက်ပိုင်းမဂ်တွေအတွက်ပဲဆက်ကြိုးစားအားထုတ်ရပါတယ်။

-

သောတာပန်တွေအတွက်၊နိဗ္ဗာန်မရောက်ခင်ကျင်လည်ရမည့်ဘဝတိုင်းမှာဖိုလ်စိတ်နဲ့ယှဉ်ပြီးစုတေစိတ်ကျ၊ဖိုလ်စိတ်နဲ့ယှဉ်ပြီးပဲပဋိသန္ဓေပြန်ရနိုင်တဲ့သဘောရှိလို့၊မြတ်စွာဘုရားကိုယ်တော်တိုင်ကလဲအရိယာမဂ်သမာဓိကိုသေပြီးအခြားမဲ့၌မိမိနှင့်အတူတကွလိုက်ပြီးအကျိုးထူးပေးတတ်တယ်ဆိုပြီးသေသေချာချာဟောထားပါတယ်။

-

အရိယာမျိုးစေ့ဆိုတာမိမိရဲ့သေရာပါပစ္စည်းနဲ့မွေးရာပါပစ္စည်းတစ်ခုဖြစ်သွားလို့၊ဒီသဘောသဘာဝဟာသံသရာတစ်ခုလုံးအတွက်ဘယ်လောက်တောင်တန်ဖိုးရှိသလဲဆိုတာစာဖတ်သူကိုယ်တိုင်မိမိရဲ့ကိုယ်ပိုင်ဉာဏ်နဲ့သေချာစဉ်းစားကြည့်စေချင်ပါတယ်။

-

သေရာပါ၊မွေးရာပါဖြစ်သွားတဲ့အရိယာမဂ်သမာဓိဟာဘယ်လောက်အဖိုးတန်သလဲဆိုရင်စင်္ကြာဝတေးမင်းတွေရဲ့စင်္ကြာရတနာတွေနဲ့လဲယှဉ်လို့မရနိုင်ပါဘူး။သိကြားမင်းရဲ့နတ်စည်းစိမ်ထက်လဲတန်ဖိုးပိုကြီးပါတယ်။ဘာကြောင့်လဲဆိုတော့၊သိကြားမင်းနဲ့စင်္ကြာဝတေးမင်းတွေသေရင်အပါယ်ကျနိုင်ပါသေးတယ်။သံသရာအတွက်ဘာမှအာမခံချက်မရှိသေးပါဘူး။

-

အပါယ်ဘုံဆိုတာသောတာပန်တွေအတွက်ကတော့လုံးဝကိုမပါတ်သက်နိုင်တော့တဲ့အရာဖြစ်သွားပါပြီ။ဒီရတနာမျိုးဆိုတာသာသနာနဲ့ကြုံမှသာလျှင်ရနိုင်တဲ့ရတနာမျိုးပါ။ဒီလိုရတနာမျိုးကိုယ်နဲ့အမြဲတွဲပါနေမှတော့သံသရာဆိုတာကြောက်နေစရာ၊အားငယ်နေစရာမလိုတော့ပါဘူး။

-

သောတာပန်တွေအတွက်သံသရာမှာဗုဒ္ဓဘာသာပြန်မဖြစ်မှာလဲစိုးရိမ်နေစရာမလိုတော့ပါဘူး။သာသနာကွယ်သွားလဲကိုယ့်အတွက်ကတော့သာသနာဘယ်တော့မှမကွယ်ပါဘူး။နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုပြီးခံစားနိုင်တဲ့ဖိုလ်ဇောကမိမိမွေးရာပါပစ္စည်းဖြစ်သွားလို့၊သာသနာဆိုတာကလဲမိမိအတွက်တော့မွေးရာပါပစ္စည်းဖြစ်သွားပါပြီ။

-

သောတာပန်ဆိုတာ၊ဒီလောက်တောင်တန်ဖိုးကြီးပါတယ်။သံသရာအတွက်ဒီလောက်တောင်အားကိုးရပါတယ်။ဒီလိုရတနာမျိုးကိုရွှေ၊ငွေနဲ့လဲဝယ်လို့မရပါဘူး။ဉာဏ်ပညာနဲ့ပဲရယူနိုင်ပါတယ်။(ဝိပဿနာ)ဉာဏ်နဲ့ပဲရနိုင်ပါတယ်။(သီလ၊သမာဓိ၊ပညာ)ဆိုတဲ့မဂ္ဂင်ရှစ်ပါးအကျင့်နဲ့ပဲရနိုင်ပါတယ်။ဒီဘဝ၊ဒီသာသနာမှာပဲရနိုင်ပါတယ်။တစ်ကယ်လက်တွေ့လဲရနိုင်ပါတယ်။

-

ဒီစာကိုဖတ်နေတဲ့ဗုဒ္ဓဘာသာဝင်တွေအတွက်၊အခြေခံသဘောတရားတွေကိုသေချာနားလည်သွားပြီဆိုရင်၊၊ငါဒီဘဝ၊ဒီခန္ဓာနဲ့အနည်းဆုံးတစ်မဂ်၊တစ်ဖိုလ်လောက်တော့မရ၊ရအောင်ကြိုးစားရမယ်ဆိုတဲ့အသိစိတ်မျိုးဝင်လာကြပြီး၊ဝိပဿနာတရားအားထုတ်ဖို့စိတ်အားထက်သန်လာကြမယ်ဆိုရင်တော့ကျွန်တော်ဒီစာအရှည်ကြီးကိုရေးရကျိုးနပ်သွားပါပြီ။

-

ဒါကြောင့်ဗုဒ္ဓဘာသာဝင်တွေအတွက်ကျန်းမာဖို့ထက်၊မဂ်ဖိုလ်နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်ဖို့ကပိုပြီးအရေးကြီးတဲ့အတွက်၊ကျန်းမာရေး(Post)တွေရေးနေရာကနေဘာသာရေး(Post)တွေကိုပါအပိုင်းဆက်တွေခွဲပြီးရေးပေးဖို့ဆုံးဖြတ်လိုက်ရခြင်းဖြစ်ပါတယ်။

-

ဒီနေ့ကတော့ဒီလောက်ပါပဲ။နောက်နေ့တွေမှာဗုဒ္ဓဘာသာတွေရဲ့နိဗ္ဗာန်အကြောင်းကို(အနုမာနဉာဏ်)နဲ့သိမြင်သွားတဲ့၊အမေရိကန်နိုင်ငံသား၊ဘာသာခြားတစ်ယောက်အကြောင်းအပိုင်း(၂)ကိုဆက်ရေးပေးပါဦးမယ်။

-

စာဖတ်သူများအားလုံး၊ဒုက္ခငြိမ်းနိုင်ကြပါစေ။

Kelvin Albert Power

====================