ဒုန်းဒုန်း ကြက်သားဟင်း
棒棒雞
ဒီတခါမှာတော့ နာမည်အဆန်းနဲ့ စီချွမ်ဟင်းလျာတစ်မျိုးအကြောင်း တင်ဆက်ပေးပါမည်။ နာမည်က ဒုန်းဒုန်း ကြက်သားဟင်း 棒棒雞 ဟု ခေါ်သည်။ အကြောင်းက ကြက်သားကို အပိုင်းပိုင်းရာတွင် သစ်သားတုတ် (သို့မဟုတ်) တူကို အသုံးပြုသောကြောင့် ဖြစ်သည်။
ဟင်းလျာဒဏ္ဍာရီ
မင်မင်းဆက်ပျက်သုဉ်းပြီးကာစအချိန် မန်ချင်းမင်းဆက်အစတွင် စာဖိုမှူးတစ်ဦးသည် စီချွမ်ပြည်နယ် ရာအန်းမြို့ 雅安市 သို့ ပြောင်းရွှေ့လာခဲ့ပြီး သူဝါသနာပါသော ဟင်းလျာချက်ပြုတ်သည့်အလုပ်ကို လုပ်ကိုင်နေခဲ့သည်။ စာဖိုမှူးသည် ဟင်းလျာအသစ်အဆန်းများကို တီထွင်ရသည်ကို နှစ်သက်သူဖြစ်သည်။ သူသည် ကြက်သားစွပ်ပြုတ်ထဲတွင်ထည့်ရသော ဟင်းခတ်အမွှေးအကြိုင်များကို စမ်းသပ်နေခဲ့သည်။ ထိုအချိန်က မွေးမြူရေးလုပ်ငန်းများတွင် အသားကို လိုအပ်သလောက် မထုတ်လုပ်နိုင်သည့်အတွက် ယနေ့ခေတ်လို မပေါများခဲ့ပေ။ ကြက်သား၊ ကြက်ဥ ဆိုသည်မှာ ချမ်းသာသောလူများသာ စားနိုင်သည့် ဇိမ်ခံဟင်းလျာဖြစ်လေသည်။ ထို့ကြောင့် သူ၏ ဆိုင်တွင် ကြက်သားဟင်းလျာကို တစ်ပတ်မှ အားလပ်ရက် တစ်ရက်သာ ဧည့်ခံရောင်းချနိုင်သည်။
ထို့ကြောင့် စာဖိုမှူးကို နေ့စဉ်ရောင်းချနိုင်စေရန် တစ်ယောက်က ကြက်သားကို အတုံးကြီးတွေ လှီးမယ့်အစား အလွှာအချပ်လေးဖြစ်အောင် ပါးပါးလေးလွှာပြီး ရောင်းချရန် အကြံပေးလာသည်။ ထိုအကြံမှာ ကောင်းလှသော်လည်း ပြဿနာက ရှိလာသည်။ ကြက်သားသည် ဝက်သား၊ အမဲသားကဲ့သို့ မဟုတ်ပေ၊ အရိုးသေးပြီး အရိုးများလေသည်။ ထို့ကြောင့် ကြက်သားကို ပါးပါးလေး လွှာရာ၌ အရိုးရှိသည့်နေရာကို ဓားဖြင့်ခုတ်ထစ်ရန် အဆင်မပြေပေ။ ထိုအခါ တပည့်တစ်ယောက်က အနီးအနားရှိ ဒလှိမ့်တုံးဖြင့် စာဖိုမှူး၏ ဓားမပေါ် ရိုက်ချလိုက်ရာ ကြက်ရိုးကို ပိုင်းနိုင်ခဲ့လေသည်။ စာဖိုမှူးလည်း သူက ဓားမဖြင့် လွှာမည့်နေရာကို ကြက်သားပေါ် ဓားမတင်၊ တပည့်က ဆရာ့ ဓားမကို တုတ်ဖြင့်ရိုက်လေရာမှ ကြက်သားကို အလွှားပါးလေးတွေဖြစ်အောင် လွှာနိုင်ခဲ့သည်။ ထိုသို့ ဆရာတပည့် နှစ်ယောက်သား ကြက်သားကို ခုတ်ထစ်သည့်အခါ တစ်ဒုန်းဒုန်း တစ်ဗုန်းဗုန်း အသံမြည့်သည့်အတွက်ကြောင့် စာဖိုမှူး၏ ကြက်သားဟင်းကို ဒုန်းဒုန်း ကြက်သားဟင်း 棒棒雞 ဟု ခေါ်ကြလေသည်။ နောက်ပိုင်းကျ စွဲဆောင်မှုတစ်ခုဖြစ်အောင် စည်းချက်ကျကျ ခုတ်ထစ်ရောင်းချကြလေသည်။
ဒုန်းဒုန်း ကြက်သားသည် အရင်ဦးစွာ ကြက်သားကို နူးနေအောင် ပြုတ်ထားရသည်။ ထို့နောက် အရိုးကို မဖယ်တော့ပဲ အရိုးနှင့် အသားကို အလွှာအလွှာဖြစ်အောင် ခုတ်ပိုင်းရသည်။ ထိုသို့ ခုတ်ပိုင်းရာတွင် တစ်ယောက်က ဓားမဖြင့် ဓားရာပေးပြီး ကျန်တစ်ယောက်က ဓားမကို တုတ် (သို့မဟုတ်) သစ်သားတူဖြင့် စည်းချက်ညီညီ ပြိုင်တူလှုပ်ရှားကြရလေသည်။ စီချွမ်ပြည်နယ်တွင်တော့ ဒုန်းဒုန်း ကြက်သားကို ခရမ်းချဉ်သီး၊ သခွားသီး စသည့်အသီးအရွက်များ ထည့်ကာ စီချွမ်ငရုတ်သီးအနှစ်နှင့် သုတ်စားလေ့ရှိသည်။ တစ်ချို့က ငရုတ်ဆီအနှစ်ဖြင့် ချက်ပြုတ်ပြီး တည်ခင်းလေ့ရှိသည်။ ကြက်သားပြုတ်သည့်နေရာက အသက်ဖြစ်သောကြောင့် မင်မင်လည်း မသိပါ။
ညခင်းမှာ ဗိုက်ဆာကြပါစေတော့ဆိုတဲ့ စေတနာများဖြင့် ချစ်တဲ့ #林圛朙「天下第一」🥹
No comments:
Post a Comment