ကင်နာဘစ် Cannabis (သို့မဟုတ်) ဆေးခြောက်ဆိုတဲ့ အကောင် (အပိုင်း - ၁)
(၁) ဆေးခြောက်ဆိုတာ ဘာလဲ။
လောကကြီးမှာ လူတချို့က နာမည်ကောင်းနဲ့ သမိုင်းတွင်သလို တချို့ကျတော့လည်း နာမည်ဆိုးနဲ့ ကျော်ကြားတတ်ကြပါတယ်။ ပစ္စည်းတွေ၊ အပင်တွေမှာလည်း ဒီသဘောတရား ရှိတာပါပဲ။ အခုပြောပြမယ့် အကြောင်းအရာကတော့ နာမည်ဆိုးရော၊ နာမည်ကောင်းပါ ရထားတဲ့ အပင်တစ်ပင်အကြောင်း ဖြစ်ပါတယ်။ အရပ်စကားနဲ့ ပြောရရင်တော့ 'ဆေးခြောက်' ပေါ့ဗျာ။ အင်္ဂလိပ်လိုကတော့ မာရီဝါးနား (Marijuana)၊ ကင်နားဘစ် (Cannabis)၊ ဝိ (Weed)၊ ပေါ့တ် (Pot) စသဖြင့် စသဖြင့် နာမည်မျိုးစုံနဲ့ ခေါ်ကြပါတယ်။ အလွယ်ဆုံး ပြောရရင်တော့ Cannabis လို့ခေါ်တဲ့ အပင်ရဲ့ ပန်းပွင့်၊ အရွက်၊ ရိုးတံနဲ့ အစေ့တွေကို အခြောက်လှန်းထားတဲ့ အရာကို ဆေးခြောက်လို့ ခေါ်တာပါပဲ။
ဒီအပင်က မနေ့တစ်နေ့ကမှ ပေါ်လာတာ မဟုတ်ပါဘူး။ ရှေးခေတ်ကတည်းက ဘာသာရေးအရ တရားအားထုတ်တဲ့ နေရာတွေမှာပဲ ဖြစ်ဖြစ်၊ ရိုးရာ ဆေးဝါးအဖြစ်ပဲ ဖြစ်ဖြစ်၊ အပျော်အပါးသက်သက်အတွက်ပဲ ဖြစ်ဖြစ် သုံးလာခဲ့ကြတာ ဒီနေ့ထက်ထိပါပဲ။ ဒါပေမယ့် ခေတ်တွေ ပြောင်းလာတာနဲ့အမျှ သူ့ကို ရှုမြင်သုံးသပ်ပုံတွေကလည်း ပြောင်းလဲလာပါတယ်။ အရင်ကတော့ လူဆိုးဂိုဏ်းတွေ၊ မူးယစ်ဆေးသမားတွေပဲ သုံးတဲ့အရာလို့ သတ်မှတ်ခဲ့ကြပေမယ့် ဒီဘက်ခေတ် သိပ္ပံပညာနဲ့ ဆေးပညာတွေ တိုးတက်လာတဲ့အခါမှာတော့ ဒီအပင်ထဲမှာပါတဲ့ ဓာတ်ပေါင်းတွေရဲ့ အံ့မခန်း အစွမ်းသတ္တိတွေကို စတင်တွေ့ရှိလာကြပါပြီ။
...
(၂) ဆေးခြောက်ထဲက ဇာတ်လိုက်ကျော် နှစ်ကောင်။
ဒီ Cannabis အပင်ကြီးထဲမှာ ဓာတ်ပေါင်းပေါင်း ၅၀၀ ကျော်လောက် ရှိပါတယ်။ ဒါပေမယ့် အဲဒီအထဲကမှ ဆရာကြီးကျတဲ့ ပွဲတိုင်းကျော် ဇာတ်လိုက်နှစ်ကောင် ရှိပါတယ်။ အဲဒါကတော့ THC နဲ့ CBD ပါပဲ။ သူတို့နှစ်ကောင်က ခန္ဓာကိုယ်ထဲကို ဝင်သွားရင် ဘယ်လိုတွေ အလုပ်လုပ်သလဲဆိုတာ သေသေချာချာ သိဖို့ဆိုရင် ကျွန်တော်တို့ ခန္ဓာကိုယ်ထဲမှာ သဘာဝအလျောက် ရှိနှင့်ပြီးသားဖြစ်တဲ့ အလွန်နက်နဲလှတဲ့ စနစ်ကြီးတစ်ခု အကြောင်းကို အရင်နားလည်ဖို့ လိုပါတယ်။ အဲဒီစနစ်ကို ဆေးပညာအရ Endocannabinoid System (ECS) လို့ ခေါ်ပါတယ်။
ဒီ ECS စနစ်ကြီးက ကျွန်တော်တို့ ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေ မျှတနေအောင် ထိန်းကျောင်းပေးတဲ့ နေရာမှာ အဓိက အလုပ်လုပ်ပါတယ်။ ဥပမာ - အိပ်စက်ခြင်း၊ စိတ်ခံစားမှု၊ အစာစားချင်စိတ်၊ မှတ်ဉာဏ်၊ မျိုးပွားခြင်းနဲ့ နာကျင်မှုတွေကို သိရှိခံစားရခြင်း စတာတွေကို ထိန်းညှိပေးတာပါ။ ကျွန်တော်တို့ ခန္ဓာကိုယ်ကလည်း သဘာဝအလျောက် Endocannabinoids လို့ခေါ်တဲ့ ဓာတ်တွေကို ထုတ်လုပ်ပေးပါတယ်။ အဲဒီအထဲက အထင်ရှားဆုံးကတော့ Anandamide လို့ခေါ်တဲ့ "Bliss Molecule" (ပျော်ရွှင်ချမ်းမြေ့စေတဲ့ မော်လီကျူး) ပဲ ဖြစ်ပါတယ်။ ဒီစနစ်ကြီး ချောချောမွေ့မွေ့ လည်ပတ်နေမှ ကျွန်တော်တို့လည်း ကျန်းကျန်းမာမာ၊ ပျော်ပျော်ရွှင်ရွှင် နေနိုင်တာကိုး။
ကဲ... ဒီတော့ ဆေးခြောက်ထဲက ဇာတ်လိုက်ကြီး THC (Tetrahydrocannabinol) အကြောင်း အရင်ပြောရအောင်။
ဒီကောင်က လူကို "ဟိုင်း" စေတဲ့ အဓိကတရားခံဗျ။ သူ့ရဲ့ဓာတုဖွဲ့စည်းပုံက ခုနကပြောခဲ့တဲ့ ခန္ဓာကိုယ်က သဘာဝအတိုင်းထုတ်တဲ့ Anandamide နဲ့ သွားပြီး ခပ်ဆင်ဆင် တူနေတယ်။ တူရုံတင် မကဘူး၊ ပိုပြီးတော့တောင် အစွမ်းထက်သေးတယ်။
• ဦးနှောက်ရဲ့ ဆုပေးတဲ့စနစ်
THC က ဦးနှောက်ကို သွားပြီးဆွပေးလိုက်တဲ့အခါ ဒိုပါမင်းဆိုတဲ့ ပျော်ရွှင်မှုဟော်မုန်းတွေ အလုံးအရင်းနဲ့ ထွက်လာပါတော့တယ်။ ဒါကြောင့် ဆေးခြောက်သုံးလိုက်ရင် လူက လွင့်နေသလို၊ အလွန်အမင်း ပျော်ရွှင်နေသလို၊ သာယာနေသလို ခံစားရတာပါ။
• မှတ်ဉာဏ်ထိန်းချုပ်ရာနေရာ
ဒီနေရာက အသစ်အသစ်သော မှတ်ဉာဏ်တွေကို သိမ်းဆည်းပေးတဲ့ နေရာပါ။ THC က ဒီနေရာကို သွားနှောင့်ယှက်လိုက်တော့ ကာလတိုမှတ်ဉာဏ်တွေ ပျောက်ကုန်ရော။ စကားပြောနေရင်း တစ်ဝက်လောက်မှာ "ငါ ခုနက ဘာပြောလိုက်တာလဲ" ဆိုပြီး မေ့သွားတာမျိုးတွေ ဖြစ်လာတတ်တယ်။
• လှုပ်ရှားမှု ထိန်းချုပ်ရနေရာ
ဒီနေရာတွေက လူရဲ့ ဟန်ချက်ညီမှု၊ ကိုယ်ဟန်အနေအထားနဲ့ တုံ့ပြန်မှုတွေကို ထိန်းချုပ်ပေးတာပါ။ ဒီနေရာတွေကို သွားထိလိုက်တဲ့အခါ လူက ယိုင်တိယိုင်တိုင် ဖြစ်လာမယ်။ လှုပ်ရှားမှုတွေ နှေးကွေးသွားမယ်။ ဒါကြောင့် ဆေးခြောက်သုံးပြီး ကားမောင်းတာ၊ စက်ပစ္စည်းတွေ ကိုင်တွယ်တာက အင်မတန် အန္တရာယ်များပါတယ်။
• စိတ်ခံစားမှု ထိန်းချုပ်ရနေရာ
ဒီနေရာက ကြောက်ရွံ့မှုနဲ့ စိုးရိမ်ပူပန်မှုတွေကို စီမံတဲ့ နေရာပါ။ ပမာဏ နည်းနည်းလောက်ဆိုရင်တော့ စိတ်ကို တည်ငြိမ်စေပေမယ့် ဆေးပြင်းသွားရင် သို့မဟုတ် အများကြီးသုံးမိရင်တော့ ဒီနေရာကို အလွန်အကျွံ လှုံ့ဆော်သလို ဖြစ်သွားပြီး ရုတ်တရက် ထိတ်လန့်ကြောက်ရွံ့တာ (Panic attacks) တွေ၊ ယုံမှားသံသယ လွန်ကဲတာတွေ ဖြစ်လာတတ်ပါတယ်။ အချို့ဆို ကိုယ့်ကိုလူသတ်သမား လိုက်နေသလိုလို ဘာလိုလိုနဲ့ ကြောက်လန့်နေတတ်ကြတယ်။
...
နောက် ဇာတ်လိုက်တစ်ကောင်ကတော့ CBD (Cannabidiol) ပါ။
သူကတော့ THC နဲ့ လုံးဝ ပြောင်းပြန်ဗျ။ လူကိုလည်း မမူးယစ်စေဘူး၊ ဦးနှောက်ကိုလည်း တိုက်ရိုက် သွားမချိတ်ဘူး။ သူက သွယ်ဝိုက်တဲ့ နည်းလမ်းနဲ့ အလုပ်လုပ်တာဗျ။
• သဘာဝ ဓာတ်တွေကို မြှင့်တင်ပေးခြင်း
စောစောက ပြောခဲ့တဲ့ Anandamide (ပျော်ရွှင်စေတဲ့ ဓာတ်) ကို ခန္ဓာကိုယ်ထဲမှာ ပိုပြီးကြာကြာ နေနိုင်သွားစေပါတယ်။ အဲဒီအကျိုးဆက်ကြောင့် သဘာဝအတိုင်း စိတ်ကို ပျော်ရွှင်စေတယ်၊ နာကျင်မှုတွေကို အချိန်အကြာကြီး သက်သာနေစေတယ်။
• တခြားသော စနစ်များနဲ့ ချိတ်ဆက်ခြင်း
CBD က ခန္ဓာကိုယ်တွင်းမှာရှိတဲ့ Serotonin Receptors တွေကို တိုက်ရိုက် လှုံ့ဆော်ပေးတဲ့အတွက် စိုးရိမ်ပူပန်မှုနဲ့ စိတ်ကျရောဂါတွေကို သိသိသာသာ သက်သာစေပါတယ်။ ဒါ့အပြင် ဦးနှောက်ရဲ့ ဘရိတ်လို့ တင်စားရမယ့် GABA ကိုလည်း အားဖြည့်ပေးလို့ အာရုံကြောတွေကို ငြိမ်ကျစေပြီး အိပ်ပျော်စေပါတယ်။ နာကျင်မှုနဲ့ ရောင်ရမ်းမှုကို ထိန်းချုပ်တဲ့ TRPV1 Receptors တွေကိုလည်း သွားချိတ်ဆက်ပြီး နာကျင်မှုကို လျှော့ချပေးပါတယ်။
.
ဒီကောင်နှစ်ကောင်ကို ဥပမာပေးရရင် အသံချဲ့စက်တစ်ခုမှာ THC က လူဆိုးလိုပဲ။ အသံတွေရော၊ ဘေ့စ် (Bass) တွေရော အကုန်လုံးကို အဆုံးထိ တင်ပစ်လိုက်တဲ့ကောင်။ ချက်ချင်း ခံစားရတယ်။ အရှိန်ပြင်းတယ်။ တစ်ခါတလေ နားကွဲမတတ် ဆူညံသွားတယ်။ CBD ကတော့ ကျွမ်းကျင်တဲ့ အသံဖမ်းသမား တစ်ယောက်လိုပဲ။ လိုအပ်တဲ့ နေရာလေးတွေကို နည်းနည်းချင်း လိုက်ညှိပေးတယ်။ နောက်ခံက ဆူညံသံတွေကို ဖျောက်ပေးတယ်။ အသံထွက်ကို အကောင်းဆုံးနဲ့ အငြိမ့်ညောင်းဆုံး ဖြစ်အောင် ချိန်ညှိပေးတယ်။ သူက စိတ်ကို မပြောင်းလဲစေဘဲ ခန္ဓာကိုယ်ရဲ့ ဟန်ချက်ညီမှုကို ပြန်လည်တည်ဆောက်ပေးတာပါ။
...
(၃) ကုသမှုနယ်ပယ်တွင် အသုံးပြုမှု
ဒီလို အံ့မခန်းအစွမ်းသတ္တိတွေ ရှိတဲ့အတွက် ဆေးလောကမှာ Medical Marijuana (ဆေးဖက်ဝင် ဆေးခြောက်) ဆိုပြီး ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာကြပါပြီ။ အပျော်သုံးတာ မဟုတ်ဘဲ ရောဂါဝေဒနာ ခံစားနေရသူတွေအတွက် ဆေးဝါးအဖြစ် သုံးတာပါ။ အထူးသဖြင့် THC နဲ့ CBD ရဲ့အချိုးအစားကို သေချာ ချိန်ဆပြီး ထုတ်လုပ်ထားတဲ့ ဆေးဝါးတွေ ဖြစ်ပါတယ်။
• နာတာရှည် နာကျင်မှုများ
ဒါကတော့ ဆေးခြောက်ကို အများဆုံးသုံးတဲ့ နေရာပါ။ အထူးသဖြင့် သာမန် အကိုက်အခဲပျောက်ဆေးတွေ၊ ဘိန်းပါတဲ့ ဆေးပြင်းတွေနဲ့တောင် မတိုးတော့တဲ့ အာရုံကြောနာကျင်မှုတွေမှာ အလွန်အသုံးတည့်ပါတယ်။ အရိုးအဆစ် ရောင်ရမ်းနာ (Rheumatoid arthritis) နဲ့ ကြွက်သားတွေ နာကျင်ကိုက်ခဲတဲ့ (Fibromyalgia) ရောဂါတွေမှာလည်း သိသိသာသာ သက်သာစေပါတယ်။
• ပျို့အန်ခြင်းကို သက်သာစေခြင်း
ကင်ဆာရောဂါအတွက် ကင်ဆာဆေးသွင်းရတဲ့အခါ လူနာတွေက အလွန်အမင်း ပျို့အန်တတ်ပါတယ်။ သာမန် ပျို့အန်ပျောက်ဆေးတွေ သုံးလို့မရတဲ့အခါ ဆေးခြောက်နဲ့တူတဲ့ Synthetic THC (တုပပြုလုပ်ထားသော THC) ဆေးဝါးတွေကို FDA က တရားဝင် ခွင့်ပြုပြီး သုံးစွဲနေကြပါတယ်။
• အတက်ရောဂါနှင့် ဝက်ရူးပြန်ရောဂါ
ဆေးခြောက်သမိုင်းမှာ အကြီးမားဆုံး အောင်မြင်မှု တစ်ခုကတော့ ကလေးတွေမှာ ဖြစ်တတ်တဲ့ အလွန် ဆိုးရွားပြီး ကုသရခက်တဲ့ အတက်ရောဂါတွေကို ကုသနိုင်ခဲ့တာပါပဲ။
• ကြွက်သား တောင့်တင်းခြင်း (Multiple Sclerosis)
MS ရောဂါသည်တွေဟာ ကြွက်သားတွေ အကြောဆွဲတာ၊ တောင့်တင်းတာ၊ နာကျင်တာတွေကို ပြင်းပြင်းထန်ထန် ခံစားရပါတယ်။ THC နဲ့ CBD အချိုးမျှတစွာပါဝင်တဲ့ ဆေးဝါးတွေက ကြွက်သားတွေကို ပြေလျော့စေပြီး အိပ်ရေးဝဝ အိပ်ပျော်စေဖို့ ကူညီပေးပါတယ်။
• အစာစားချင်စိတ် ပျောက်ဆုံးခြင်း
THC က ဦးနှောက်ထဲက အစာစားချင်စိတ်ကို ထိန်းချုပ်တဲ့နေရာကို တိုက်ရိုက် လှုံ့ဆော်ပေးတဲ့အတွက် ဗိုက်ပြည့်နေရင်တောင်မှ အစားအသောက်တွေရဲ့ အနံ့အရသာကို ပိုခံစားရစေပြီး "အငမ်းမရ" စားချင်စိတ်ကို ဖြစ်ပေါ်စေပါတယ်။
• ရေတိမ်ရောဂါနဲ့ စိတ်ပိုင်းဆိုင်ရာ ရောဂါများ
ဆေးခြောက်က မျက်လုံးတွင်းဖိအားကို ခေတ္တခဏ ကျဆင်းစေနိုင်လို့ ရေတိမ်ရောဂါအတွက် သုံးကြပေမယ့် ဆေးအာနိသင်က နာရီပိုင်းလောက်ပဲ ခံတာမို့ တစ်နေကုန် ဆေးသုံးနေရမယ့် ပြဿနာ ရှိပါတယ်။ စိတ်ပိုင်းဆိုင်ရာမှာတော့ စိတ်ဒဏ်ရာရလွန်ရောဂါ (PTSD) နဲ့ ပြင်းထန်တဲ့ စိုးရိမ်ပူပန်မှုတွေမှာ သုံးကြပါတယ်။
.
ဒီနေရာမှာ နောက်ဆုံး သိထားရမှာက ဆေးဖက်ဝင် အနေနဲ့ သုံးတဲ့အခါ ဆေးလိပ်သောက်သလို မီးရှို့ပြီး ဖွာတာမျိုး သိပ်မလုပ်ကြပါဘူး။ မီးခိုးငွေ့မှာ ပါတဲ့ ဆိုးကျိုးတွေက အဆုတ်ကို ဒုက္ခပေးနိုင်လို့ပါ။ အဲဒီအစား ဆေးပမာဏကို တိတိကျကျ တွက်ချက်လို့ရတဲ့ လျှာအောက်အစက်ချရတဲ့ ဆေးရည်တွေ၊ သောက်ဆေးတောင့်တွေ၊ အစားအသောက်ထဲ ထည့်ထားတာတွေ၊ အရေပြားပေါ် လိမ်းရတဲ့ ဆေးဆီတွေအနေနဲ့သာ စနစ်တကျ အသုံးပြုကြတာ ဖြစ်ပါတယ်ခင်ဗျာ....။
(အပိုင်း - ၂ မှာတော့ ရေတိုဆိုးကျိုးများ၊ ရေရှည်ဆိုးကျိုးများနဲ့ စွဲလမ်းခြင်းများအကြောင်းတွေကို ဆက်လက် တင်ဆက်ပေးပါမယ်)
စေတနာဖြင့်
အဓိပတိ
ကင်နာဘစ် Cannabis (သို့မဟုတ်) ဆေးခြောက်ဆိုတဲ့ အကောင် (အပိုင်း - ၂)
✳ ချက်ချင်းလက်ငင်း ခံစားရမည့် လက္ခဏာများ
ဆေးခြောက်သုံးလိုက်ရင် ခံစားရမယ့် အာနိသင်က ဆေးပြင်းအား၊ သုံးတဲ့နည်းလမ်းနဲ့ ခန္ဓာကိုယ် တုံ့ပြန်နိုင်စွမ်းအပေါ် မူတည်ပါတယ်။ ယေဘုယျအားဖြင့် စသုံးလိုက်တာနဲ့ "ဟိုက်" ဖြစ်သွားကာ စိတ်တွေ လွတ်လပ်ပေါ့ပါးပြီး ပြုံးစိစိဖြစ်လာမယ်။ ဒါက ဦးနှောက်ထဲက (ဆုလက်ဆောင်ပေးတဲ့စနစ်လို့ တင်စားခေါ်ဝေါ်ကြတဲ့) Reward System ကို THC က ဆွလိုက်လို့ ဒိုပါမင်းတွေ ဒလဟောထွက်လာတဲ့ အကျိုးပါ။
လောကကြီးတစ်ခုလုံး ပြောင်းလဲသွားသလို ခံစားရပြီး မြင်ရတဲ့အရောင်တွေ ပိုတောက်ကာ ကြားရတဲ့အသံတွေ ပိုကြည်လင်လာတတ်ပါတယ်။ အဆိုးဆုံးကတော့ အချိန်အာရုံလွဲမှားခြင်းပါပဲ။ လက်တွေ့မှာ ငါးမိနစ်ပဲ ကြာသေးပေမယ့် စိတ်ထဲမှာ နာရီဝက်လောက် ကြာသွားသလို ထင်နေတတ်တယ်။
မှတ်ဉာဏ်ပိုင်းမှာလည်း THC က ဦးနှောက်ရဲ့ မှတ်ဉာဏ်ထိန်းချုပ်ရာနေရာကို နှောင့်ယှက်လို့ ကာလတို မှတ်ဉာဏ်တွေ ကမောက်ကမ ဖြစ်ကုန်ပါတယ်။ စကားပြောရင်း "ငါ ခုနက ဘာပြောနေတာလဲ" ဆိုပြီး ကြောင်တောင်တောင် ဖြစ်သွားတတ်သလို စဉ်းစားဆင်ခြင်ဉာဏ်နဲ့ အာရုံစူးစိုက်မှုတွေလည်း ကျဆင်းသွားပါတယ်။
ခန္ဓာကိုယ်ပိုင်းမှာ မိနစ်ပိုင်းအတွင်း နှလုံးခုန်နှုန်းက တစ်မိနစ်ကို အချက် (၂၀) ကနေ (၅၀) အထိ ရုတ်တရက် မြန်လာပါတယ်။ နှလုံးအပြင်းအထန် အလုပ်လုပ်ရလို့ သွေးကြောတွေကျယ်လာပြီး သွေးပေါင်ကျတတ်ပါတယ်။ မျက်လုံးသွေးကြောတွေ ဖောင်းလာလို့ မျက်လုံးနီရဲလာသလို၊ တံတွေးဂလင်းတွေ ပိတ်သွားတဲ့အတွက် ပါးစပ်နဲ့အာခေါင် ခြောက်ကပ်ကပ်ဖြစ်လာတဲ့ "Cottonmouth" လည်း ခံစားရပါတယ်။
နောက်ထပ်ပြဿနာက "The Munchies"လို့ ခေါ် တဲ့ အငမ်းမရ ဗိုက်ဆာလာခြင်းပါ။ THC က အစာစားချင်စိတ် ထိန်းချုပ်ရာနေရာနဲ့ အနံ့ခံအာရုံကြောကို လှည့်စားလိုက်လို့ ဗိုက်ပြည့်နေရင်တောင် အငမ်းမရ စားပစ်လိုက်တဲ့အထိ ဖြစ်သွားတတ်ပါတယ်။ စားလိုက်တဲ့ အစာတိုင်းကလည်း အနံ့အရသာနဲ့ ပြည့်စုံလွန်းနေတော့တာကိုး။
THC ပြင်းအားများလွန်းရင် (သို့) အတွေ့အကြုံမရှိဘဲ သုံးမိရင်တော့ "Bad Trip" ဆိုတဲ့ အလွန်တရာမှ ဆိုးဝါးလှတဲ့ လက္ခဏာတွေနဲ့ ရင်ဆိုင်ရတတ်ပါတယ်။ ဦးနှောက်ရဲ့ အကြောက်တရား ထိန်းချုပ်ရာနေရာကို အလွန်အကျွံ ဆွလိုက်မိသလိုဖြစ်ပြီး ရုတ်တရက် ထိတ်လန့်တာ (Panic attacks)၊ ယုံမှားသံသယ လွန်ကဲတာတွေ ဝင်လာတတ်ပါတယ်။ သွေးပေါင်ကျလို့ မတ်တတ်ရပ်လိုက်ရင် မျက်လုံးတွေပြာဝေပြီး ခေါင်းမူးတတ်ပါတယ်။
ပမာဏများလွန်းရင် ကယောင်ကတမ်းဖြစ်တာ (Acute Psychosis) အထိပါ ဖြစ်နိုင်ပါတယ်။
သုံးစွဲနည်းအရ အခိုးအငွေ့ရှူတာက မိနစ်ပိုင်းအတွင်း ချက်ချင်းအာနိသင်ပြပြီး (၁) နာရီမှ (၃) နာရီအတွင်း ပြယ်ပါတယ်။ ဒါပေမယ့် အစားအသောက်ထဲ ထည့်လုပ်ထားတဲ့ (Edibles) တွေက အာနိသင်ပြဖို့ နာရီဝက်ကနေ နှစ်နာရီလောက် ကြာတတ်လို့ ဘာမှမဖြစ်သေးဘူးဆိုပြီး ထပ်စားမိရင် (၄) နာရီမှ (၈) နာရီအထိ ရှည်လျားစွာ ဒုက္ခပေးတတ်ပါတယ်။
...
✳ အချိန်ကြာလာတဲ့အခါ ခံစားရမယ့် လက္ခဏာများ
ရေရှည်သုံးလာရင် ခန္ဓာကိုယ်နဲ့ ဦးနှောက်က ပေးဆပ်ရမယ့်တန်ဖိုး ကြီးမားလာပြီး ဆယ်ကျော်သက်အရွယ်မှာ စသုံးမိရင် ပိုဆိုးပါတယ်။
ဦးနှောက်ဟာ အသက် (၂၅) နှစ်ဝန်းကျင်အထိ ဖွံ့ဖြိုးနေဆဲဖြစ်ရာ အဲဒီအရွယ်မတိုင်ခင် THC တွေ အဆက်မပြတ် ဝင်လာရင် ဦးနှောက်တည်ဆောက်ပုံနဲ့ အလုပ်လုပ်ပုံပါ ပြောင်းလဲသွားပါတယ်။ ဆယ်ကျော်သက်ကတည်းက အလွန်အကျွံ သုံးစွဲလာခဲ့သူတစ်ယောက်က ဉာဏ်ရည် (IQ) ၈ မှတ်လောက် ကျဆင်းတတ်ပြီး ဆေးဖြတ်ရင်တောင် ပြန်မတက်တော့ပါဘူး။ သင်ယူနိုင်စွမ်းကျဆင်းကာ ဘာမှကြိုးစားချင်စိတ်မရှိတော့တဲ့ "Amotivational Syndrome" ဖြစ်လာတတ်ပါတယ်။
စိတ်ပိုင်းဆိုင်ရာမှာလည်း မျိုးရိုးထဲဖြစ်ဖို့ စိတ်ရောဂါအခံရှိသူတွေဟာ စိတ်ကစဉ့်ကလျားရောဂါ (Schizophrenia) အလားအလာ များပါတယ်။ စိတ်ဓာတ်ကျတာနဲ့ စိုးရိမ်ပူပန်မှုကို သက်သာအောင် သုံးတတ်ကြပေမယ့် ရေရှည်မှာတော့ ရောဂါကို ပိုဆိုးစေပါတယ်။
ခန္ဓာကိုယ်မှာ အဆုတ်ကို အရင်ဆုံးထိပါတယ်။ မီးခိုးငွေ့ရှူရလို့ ဆေးလိပ်လိုပဲ အဆိပ်အတောက်တွေ ပါဝင်ပြီး ရေရှည်သုံးရင် ချောင်းနာတာရှည်ဆိုးမယ်၊ သလိပ်ထွက်မယ်၊ အဆုတ်ပြွန်ရောင်မယ်။ ဒါပေမယ့် ဆေးခြောက်ကြောင့် အဆုတ်ကင်ဆာ ဖြစ်စေတယ်ဆိုတဲ့ ခိုင်လုံတဲ့ အထောက်အထားတော့ မတွေ့ရသေးပါဘူး။
နောက်ထပ် ရှားပါးရောဂါကတော့ Cannabinoid Hyperemesis Syndrome (CHS) ပါ။ ဆေးခြောက် အလွန်အကျွံသုံးစွဲသူတချို့မှာ ဖြစ်တတ်ပြီး ရုတ်တရက် အပြင်းအထန် ပျို့အန်တာပါ။ အဲလိုဖြစ်ရင် သက်သာစေတဲ့ဆေးတော့ မရှိသေးပါဘူး။
ရေရှည်မှာ နှလုံးရောဂါနဲ့ လေဖြတ်ခြင်းဖြစ်နိုင်ခြေ ပိုများတယ်လို့ လေ့လာမှုတချို့က ဆိုပါတယ်။ ကိုယ်ဝန်ဆောင်မိခင်တွေ သုံးရင် ကလေးဆီ THC ရောက်ပြီး ကလေး ပေါင်ချိန်မပြည့်တာ၊ လမစေ့ဘဲမွေးတာနဲ့ အာရုံစူးစိုက်မှု အားနည်းတာတွေ ဖြစ်လာနိုင်ပါတယ်။
...
✳ "ငါမစွဲပါဘူးကွာ" ဆိုတဲ့ လိမ်ဆင်
"သဘာဝအပင်မို့ လုံးဝ မစွဲဘူး" ဆိုတာ ခေတ်သစ် သိပ္ပံပညာအရ လုံးဝ မှားယွင်းပါတယ်။ ဆေးခြောက်က စွဲပြီး သုံးစွဲသူ ၃၀ ရာခိုင်နှုန်းလောက်ဟာ ဆေးစွဲခြင်း (Cannabis Use Disorder - CUD) ကို ခံစားရတတ်ပါတယ်။
စွဲလမ်းခြင်းကို နားလည်ဖို့ ဦးနှောက်အစိတ်အပိုင်း သုံးခုကို ကြည့်ရပါမယ်။
• Basal Ganglia (Reward circuit)
ဆေးသုံးတိုင်း ဒိုပါမင်း ထုတ်ပေးလို့ ကြိမ်ဖန်များလာရင် ဆေးမပါဘဲ သာယာမှု မခံစားနိုင်တော့ပါဘူး။
• Extended Amygdala
စိတ်ဖိစီးမှု ထိန်းချုပ်တဲ့နေရာပါ။ ဆေးစွဲလာရင် အကဲဆတ်လာပြီး ဆေးအရှိန်ပြယ်တာနဲ့ စိုးရိမ်စိတ်၊ ဒေါသတွေ ထုတ်လွှတ်ပါတယ်။ ဒါကြောင့် ဒုက္ခတွေကို မခံစားနိုင်လို့ ဆေးပြန်သုံးရတဲ့ သံသရာထဲ ရောက်သွားပါတယ်။
• Prefrontal Cortex
ဆင်ခြင်တုံတရားနဲ့ ဆုံးဖြတ်ချက်ချတဲ့ နေရာဖြစ်ပြီး ရေရှည်မှာ အားနည်းသွားလို့ မှားမှန်းသိလျက်နဲ့ ဆေးသုံးချင်စိတ်ကို မထိန်းချုပ်နိုင်တော့ပါဘူး။
စွဲလမ်းရတဲ့ အကြောင်းရင်းကတော့ ပိုများများသုံးမှ အရင်လို ခံစားချက်ရတဲ့ "ဆေးမတိုးတော့ခြင်း" ကနေစပြီး ဆေးမရှိရင် ခန္ဓာကိုယ် ပုံမှန်အလုပ်မလုပ်နိုင်တော့တဲ့ "မှီခိုလာခြင်း" အဆင့် ရောက်သွားပါတယ်။
ဆေးရုတ်တရက်ဖြတ်ရင် "ဆေးဖြတ်လက္ခဏာများ" ကို ခံစားရပါတယ်။ အသက်အန္တရာယ် မရှိလောက်ပေမယ့် စိတ်တိုလွယ်မယ်၊ အိပ်မပျော်ဘူး၊ အိပ်မက်ဆိုးမက်မယ်၊ စိတ်ဓာတ်ကျပြီး အစားစားချင်စိတ် မရှိတော့ပါဘူး။ ဒါတွေကို မခံစားနိုင်လို့ ဆေးပြန်သုံးမိကြတာပါ။
အသက် ၁၈ နှစ်မတိုင်ခင် စသုံးခဲ့သူတွေဟာ လူကြီးဖြစ်မှ စသုံးသူတွေထက် ဆေးစွဲဖို့ (၄) ဆမှ (၇) ဆအထိ ပိုများပါတယ်။ THC ပြင်းအားများတဲ့ ပစ္စည်းသုံးသူတွေ ပိုလျင်မြန်စွာ ဆေးစွဲတတ်ပါတယ်။ မျိုးရိုးထဲ မူးယစ်ဆေးပြဿနာရှိသူ၊ စိတ်ဒဏ်ရာ ရထားသူ၊ ဆေးသုံးတာကို လက်ခံတဲ့ အသိုက်အဝန်းကလာသူတွေနဲ့ ADHD လို စိတ်ကျန်းမာရေးဝေဒနာ အခံရှိသူတွေဟာ ဆေးစွဲသွားဖို့ အလွန်လွယ်ကူပါတယ်။
(နောက်ဆုံးပိုင်းဖြစ်တဲ့ အပိုင်း - ၃ မှာ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများကို အသေးစိတ် ပြောပြသွားပါမယ်။)
စေတနာဖြင့်
အဓိပတိ
ကင်နာဘစ် Cannabis (သို့မဟုတ်) ဆေးခြောက်ဆိုတဲ့ အကောင် (အပိုင်း - ၃)
ဆေးခြောက်အပင်ကပေးတဲ့ သာယာမှု၊ ဆေးစွမ်းထက်မှုတွေကို အမွှမ်းတင်ပြီးရင်တော့ လောကကြီးရဲ့ နိယာမအတိုင်း အကောင်းနဲ့အဆိုး ဒွန်တွဲနေတဲ့ သဘောတရားကိုလည်း မျက်ကွယ်ပြုထားလို့ မရပြန်ပါဘူး။ "အကြွေးယူရင် ပြန်ဆပ်ရမယ်" ဆိုတဲ့ စကားလိုပါပဲ။ ဆေးခြောက်ကို ရေရှည် အလွန်အကျွံ သုံးစွဲလာတဲ့အခါ ကိုယ့်ရဲ့ခန္ဓာကိုယ်နဲ့ စိတ်ပိုင်းဆိုင်ရာက ဘယ်လို အကြွေးတွေ ပြန်ဆပ်ရမလဲဆိုတာကို ဆက်ပြောပြပါမယ်။
✳ ခန္ဓာကိုယ်ကြီးအပေါ် ရေရှည်ပေးဆပ်ရမယ့် အကြွေးများ
လူတော်တော်များများက ဆေးခြောက်ကို သဘာဝအပင်ပဲလေဆိုပြီး ပေါ့ပေါ့တန်တန် တွေးတတ်ကြပါတယ်။ ဟုတ်ပါတယ်။ သဘာဝကလာတိုင်း အန္တရာယ်ကင်းတယ်လို့ ယူဆရင် မှားသွားပါလိမ့်မယ်။ ဆေးခြောက်ကို ရေရှည်သုံးစွဲလာတဲ့အခါ အောက်ပါ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ဖြစ်လာနိုင်ပါတယ်။
• အဆုတ်ကို ဒုက္ခပေးခြင်း
ဆေးခြောက်ကို အများဆုံးသုံးစွဲတဲ့ နည်းလမ်းက မီးရှို့သောက်တာ (Smoking) ပါပဲ။ "မီးခိုးဆိုတာ မီးခိုးပါပဲ"။ သစ်ရွက်ကို မီးရှို့လို့ ထွက်လာတဲ့ မီးခိုးငွေ့တိုင်းမှာ အဆုတ်ကို ဒုက္ခပေးနိုင်တဲ့ ကာဗွန်မိုနောက်ဆိုဒ်တွေ၊ ကတ္တရာတွေနဲ့ ကင်ဆာဖြစ်စေနိုင်တဲ့ ဓာတ်ပစ္စည်းတွေ ပါဝင်နေစမြဲပါ။ ဆေးခြောက်ကို နေ့စဉ်ရက်ဆက် ဖွာနေတဲ့ သူတစ်ယောက်ရဲ့ အဆုတ်ဟာ ဆေးလိပ်သမား တစ်ယောက်ရဲ့ အဆုတ်လိုပဲ ယိုယွင်းလာပြီး နောက်ဆုံးတော့ နာတာရှည် လေပြွန်ရောင်ရောဂါကြီး စွဲကပ်သွားတတ်ပါတယ်။
• နှလုံးနဲ့ သွေးကြောများကို ဝန်ပိစေခြင်း
THC ဓာတ် သွေးကြောထဲ ရောက်တာနဲ့ နှလုံးခုန်နှုန်းက တစ်မိနစ်ကို အချက် (၂၀) ကနေ (၅၀) အထိ မြန်သွားပါတယ်။ သွေးကြောတွေ ကျယ်လာပြီး သွေးပေါင်ချိန် ရုတ်တရက် ထိုးကျသွားရာကနေ၊ အဲဒီလို ကျသွားတာကို ကာဗာလုပ်ဖို့ နှလုံးက အပြင်းအထန် အလုပ်လုပ်ရတဲ့အခါ သွေးပေါင်က ပြန်ပြီး ထိုးတက်သွားတတ်ပြန်ရော။ ဒါဟာ နှလုံးရောဂါ အခံရှိတဲ့သူတွေမှာ ရုတ်တရက် နှလုံးသွေးကြောပိတ်တာနဲ့ လေဖြတ်တာမျိုးတွေ ဖြစ်နိုင်ခြေ သာမန်လူတွေထက် အဆပေါင်းများစွာ မြင့်မားသွားပါတယ်။
• အစာအိမ်နဲ့ အူလမ်းကြောင်း ပြဿနာ
ပျို့အန်တာကို သက်သာစေတဲ့ ဆေးခြောက်ကို အရမ်းအများကြီး နှစ်ပေါက်အောင် သုံးတဲ့သူတချို့မှာ စနစ်ပြောင်းပြန်လှန်ထွက်ပြီး အလွန်အမင်း ပျို့အန်ပါတော့တယ်။ ဆေးရုံသွားပြီး ဆေးထိုးလည်း မရပါဘူး။ ထူးဆန်းတာက ရေလေးနဲ့ ရေချိုးလိုက်ရင် ခဏတာ သက်သာစေပြီး ရေချိုးခန်းထဲက ထွက်တာနဲ့ ပြန်အန်ပါတယ်။ လုံးဝ သက်သာချင်ရင်တော့ ဆေးခြောက် သုံးစွဲနေတာကို ဘဝတစ်သက်တာလုံး ရပ်လိုက်ဖို့ပဲ ဖြစ်ပါတယ်။
• ကိုယ်ဝန်ဆောင်များနှင့် သန္ဓေသား အန္တရာယ်
THC ဓာတ်ဟာ အချင်းကို အလွယ်တကူ ဖြတ်သန်းသွားနိုင်တဲ့အတွက် ဗိုက်ထဲက ကြီးထွားဆဲ သန္ဓေသားလေးဆီကို တိုက်ရိုက် ရောက်သွားပါတယ်။ ကလေးက ပုံမှန်မဖွံ့ဖြိုးတော့ဘဲ လမစေ့ဘဲ မွေးတာ၊ ပေါင်ချိန် မပြည့်တာတွေ ဖြစ်လာတဲ့အပြင် ကလေးကြီးလာတဲ့အခါမှာလည်း အာရုံစူးစိုက်လို့ မရတာ၊ မှတ်ဉာဏ် အားနည်းတာ၊ ပြဿနာဖြေရှင်းနိုင်စွမ်း ညံ့ဖျင်းတာစတဲ့ ဦးနှောက်ပိုင်းဆိုင်ရာ ချို့ယွင်းချက်တွေ တစ်သက်လုံး ပါသွားတတ်ပါတယ်။
...
✳ စိတ်နဲ့ ဦးနှောက်ပေါ် သက်ရောက်တဲ့ ဆိုးကျိုးများ
ဦးနှောက်ဆိုတာ အသက် (၂၅) နှစ်လောက်အထိကို ရွှံ့စေးပျော့ပျော့လေးတစ်ခုလို ပုံသွင်းလို့ ရနေသေးတဲ့ အနေအထားမှာ ရှိပါတယ်။ အဲဒီလို ဖွံ့ဖြိုးဆဲ ဆယ်ကျော်သက်အရွယ်မှာ THC ဓာတ်တွေ အဆက်မပြတ် ဝင်လာတဲ့အခါ ဦးနှောက်ရဲ့ တည်ဆောက်ပုံကြီးတစ်ခုလုံး ကမောက်ကမ ဖြစ်သွားပါတော့တယ်။
• ဉာဏ်ရည်ကျဆင်းခြင်း
ဆယ်ကျော်သက်အရွယ်ကတည်းက အမြဲတမ်း သုံးစွဲလာတဲ့ ကလေးတွေဟာ စာသင်ခန်းထဲမှာ အာရုံစူးစိုက်နိုင်စွမ်း ကျဆင်းလာပါတယ်။ သိပ္ပံပညာရှင်တွေရဲ့ လေ့လာချက်တွေအရ အဲဒီကလေးတွေ အရွယ်ရောက်လာတဲ့အခါမှာ မူလရှိသင့်တဲ့ ဉာဏ်ရည် (IQ) ထဲကနေ ပျမ်းမျှ ၈ မှတ်လောက်အထိ ထာဝရ ဆုံးရှုံးသွားပြီး လူကြီးဖြစ်မှ ဆေးဖြတ်လိုက်ရင်တောင် ပြန်တက်မလာတော့ပါဘူး။
• စိတ်ကစဉ့်ကလျားရောဂါ
စိတ်ကျန်းမာရေးဝေဒနာ ဖြစ်နိုင်တဲ့ မျိုးရိုးဗီဇလေး အနည်းငယ် ရှိနေသူတွေမှာ ဆေးခြောက်ကို ရေရှည် သုံးလိုက်တဲ့အခါ THC ဓာတ်က အဆင်းကို ဘီးတပ်ပေးလိုက်သလို ဖြစ်တတ်ပါတယ်။ စိတ်ဝေဒနာကို မြန်မြန်ခံစားရအောင် လုပ်လိုက်သလိုပဲပေါ့။ အခုခေတ်မှာ THC ပြင်းအားက အရင်ခေတ်တွေထက် ဆယ်ဆလောက် ပိုများနေလို့ ပြင်းအားများတဲ့ ဆေးခြောက်တွေကြောင့် ရုတ်တရက် ထင်ယောင်ထင်မှား ဖြစ်တာ၊ ကယောင်ကတမ်း ဖြစ်တာတွေ ချက်ချင်း ဖြစ်ပေါ်တတ်ပါတယ်။
• စိုးရိမ်ပူပန်မှုနှင့် စိတ်ဓာတ်ကျခြင်း
စိတ်ဖိစီးမှုတွေ၊ စိုးရိမ်ပူပန်မှုတွေများလို့ ကိုယ့်သဘောနဲ့ကိုယ် ဆရာကြီးလုပ်ပြီး သုံးတတ်ကြပါတယ်။ ခဏတဖြုတ်တော့ ရင်ထဲက အပူတွေ ငြိမ်းသွားသလို ခံစားရပေမယ့် ဒါဟာ အတုအယောင် သက်သက်ပါ။ ဟော်မုန်းစနစ်ကို ဆေးက ဝင်ထိန်းချုပ်လိုက်လို့ ဆေးအရှိန် ပြယ်သွားတာနဲ့ ပုံမှန်ထက်ပိုပြီး စိုးရိမ်ပူပန်လာတယ်။ စိတ်ဓာတ်ကျလာပါတယ်။ သက်သာအောင် ဆေးထပ်သုံးရင်း ပြယ်သွားရင် ပိုဆိုးလာကာ ဘယ်လိုမှ ရုန်းထွက်လို့မရတဲ့ သံသရာကြီးထဲမှာ ပိတ်မိသွားပါတော့တယ်။
• ရည်မှန်းချက်များ ပျောက်ဆုံးခြင်း
THC က ဦးနှောက်ရဲ့ ဆုချီးမြှင့်တဲ့စနစ်ကို အပြီးအပိုင် ဖျက်ဆီးပစ်လိုက်လို့ပါ။ သူတို့ရဲ့ နေ့စဉ်ဘဝကြီးက အိပ်ရာပေါ်မှာ လှဲနေမယ်၊ ဆေးလိပ်ဖွာမယ်၊ ဗိုက်ဆာရင် မှာစားမယ်၊ မျက်နှာကျက်ကိုကြည့်ပြီး ငေးနေမယ်ဆိုတာလောက်နဲ့ ကျေနပ်နေတတ်ပါတယ်။ အလုပ်ကြိုးစားချင်စိတ်၊ ဘဝတိုးတက်အောင် လုပ်ချင်စိတ်တွေ လုံးဝ ပျောက်ဆုံးသွားပြီး လူ့အသိုက်အဝန်းကနေ တဖြည်းဖြည်း သီးခြား ကင်းကွာသွားတတ်ကြပါတယ်။
...
ဒီအပင်ကြီးဟာ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ ဆိုးကျိုးတွေ အများကြီး ရှိသလို၊ တခြားဆေးဝါးတွေနဲ့ မတိုးတော့တဲ့ ရောဂါဝေဒနာရှင်တွေအတွက်တော့ မျှော်လင့်ချက် ရောင်ခြည် တစ်ခုလည်း ဖြစ်နေပြန်ပါတယ်။
နိုင်ငံတကာက ဥပဒေပြောင်းလဲမှုအနေနဲ့ အမေရိကန် နိုင်ငံမှာဆိုရင် အရင်က ဆေးခြောက်ကို တားမြစ်ဆေးဝါးအဆင့် (၁) သတ်မှတ်ထားရာကနေ မကြာသေးမီက ၂၀၂၄ ခုနှစ်၊ ဧပြီလနဲ့ မေလလောက်မှာပဲ DEA က တရားဝင် အသိအမှတ်ပြုထားတဲ့ ဆေးဖက်ဝင် ဆေးခြောက် (Medical Marijuana) တွေကို တားမြစ်ဆေးဝါး အဆင့် (၃) အဖြစ် လျှော့ချ သတ်မှတ်ပေးလိုက်ပါပြီ။ ဒါဟာ သေချာစနစ်တကျ သုံးရင် ဆေးဖက်ဝင်တယ်ဆိုတာကို အစိုးရကိုယ်တိုင်က တရားဝင်လက်ခံလိုက်တဲ့ သဘောပါပဲ။
ဒါပေမယ့် သူငယ်ချင်းတွေ မြှောက်ပေးလို့ဖြစ်ဖြစ်၊ ဖက်ရှင်အနေနဲ့ဖြစ်ဖြစ် စိတ်ဖိစီးမှုတွေကို ခဏတာ မေ့ပျောက်ချင်လို့ အပျော်အပါးသက်သက် သုံးစွဲနေတယ် ဆိုရင်တော့ သင့်ရဲ့တန်ဖိုးရှိတဲ့ ဦးနှောက်ဆဲလ်တွေ၊ မှတ်ဉာဏ်တွေ၊ အဆုတ်တွေနဲ့ အနာဂတ်ရည်မှန်းချက်တွေကို မီးခိုးငွေ့တွေနဲ့အတူ လောင်ကျွမ်း အဆုံးရှုံးခံမလားဆိုတာ သေချာဆင်ခြင်ဖို့ လိုပါတယ်။
လောကကြီးမှာ အရာရာတိုင်းက အကောင်းနဲ့အဆိုး ဒွန်တွဲလို့ နေပါတယ်။ ဓားတစ်လက်ဟာ ဆရာဝန် လက်ထဲရောက်ရင် လူ့အသက်ကို ကယ်တင်နိုင်တဲ့ ခွဲစိတ်ဓား ဖြစ်လာနိုင်သလို လူမိုက်လက်ထဲ ရောက်ရင်တော့ လူ့ အသက်ကို သေစေနိုင်တဲ့လက်နက် ဖြစ်သွားမှာ အသေအချာပါပဲ.....။
(လူယုတ်မာလက်ထဲ အာဏာရောက်သွားတော့ လူကောင်းတွေ ဘယ်လောက်တောင်မှ ပေးဆပ်လိုက်ရတယ်ဆိုတာ အားလုံးသိကြတဲ့ အတိုင်းပါပဲ)
စေတနာဖြင့်
အဓိပတိ
***Telekyanmar - တယ်လီကျန်းမာ စာမျက်နှာမှကူးယူဖော်ပြသည်။



No comments:
Post a Comment