Friday, September 30, 2011

အမိုက်ချင်းပြိုင်သင့်ပါသလား

'ကိုဝင်းတစ်ယောက် မဂ္ဂဇင်းစာအုပ်ကိုင်ပြီး စုပ်တသပ်သပ်၊ သက်ပြင်း တဟင်းဟင်းချလို့ပါလား၊ ဘာစိတ်မကောင်းစရာတွေများ ဖတ်မိ လို့ပါလိမ့်ဗျာ'


'ရင်နာစရာကောင်းလွန်းလို့ပါ ကိုလင်းရယ်၊ ဟောဒီ ဂျာနယ်ထဲက သတင်းဆောင်းပါးလေး ဖတ်ကြည့်စမ်းပါဦး'


'ဘာများလဲဗျ၊ ပြစမ်းပါဦး။ သြော်....ဟိုတစ်ခါ ညနေသတင်းစာတစ်စောင်မှာ ပါခဲ့တဲ့သတင်းပဲ။ အေးဗျာ၊ အပြစ်မဲ့တဲ့ သုံးနှစ်အရွယ်သမီး လေးခမျာ ဘုမသိဘမသိနဲ့ ဆေးကုတယ်ဆိုပြီး ရွှံ့ရည်ထဲ နှစ်အသတ်ခံလိုက်ရတာ သနားစရာပါ။ ကုပေးတဲ့ ဆေးဆရာကလည်း အသက်လေးနှစ်သာ ရှိသေးဆိုပဲ'


'ကလေးမလေးကို သနားစရာကောင်းသလောက် ဥမမည်စာမမြောက် တရားဥပဒေအရ သက်သေခံအဖြစ်တောင် စာရင်းသွင်းဖို့မလွယ် တဲ့ လေးနှစ်သားကလေးကို ဆေးဝိဇ္ဇာယောင်ယောင်၊ ဘိုးတော်ယောင်ယောင်လုပ်ခိုင်းပြီး ရှေ့တန်းတင်ဗန်းပြလိမ်စားတဲ့ အလုပ်ကတော့ ရွံမုန်းစရာပါပဲ ကိုလင်းရာ'


'အင်း....လူတွေကလည်း လူတွေပါပဲလေ။ ထူးတယ် ဆန်းတယ် မ စတယ်ဆိုရင်ကို လောဘဇောကပ်ပြီး ဘယ်ချောင်ကြိုချောင်ကြားကို ပဲဖြစ်ဖြစ် ရေတစ်တန် ကုန်းတစ်တန်နဲ့ အရောက်သွားကြ၊ ကိုးကွယ်ဆည်းကပ်ကြနဲ့ဗျာ။ အဲဒီလေးနှစ်သား ဆေးဝိဇ္ဇာဆိုတဲ့ သူငယ်လေး မပေါ်ပေါက်ခင်က ကွမ်းယာဆိုင်တောင် ရှာမရတဲ့ဇနပုဒ်မှာ အခုတော့ ပွဲဈေးတန်းကိုဖြစ်လို့၊ တည်းခိုခန်းတွေဘာတွေနဲ့ တယ်စည်ကား နေဆိုပဲ'


'သူ့ဆေးကုနည်းကိုလည်း ကြည့်ပါဦးကိုလင်းရယ်၊ တစ်နေ့ တစ်နေ့ ရောက်လာသမျှလူ လေးငါးခြောက်ရာကျော်ထဲက လူမမာတွေကို ရွှံ့လိုလိုဟာတွေ ဖျော်ထားတဲ့ရေကိုတိုက်သတဲ့။ တချို့ကိုလည်း မျက်စဉ်းခတ်ပေါ့ဗျာ။ သူမန်းထားတယ်ဆိုတဲ့ရေကို အနယ်နယ်အရပ် ရပ်ကလာတဲ့အလွှာပေါင်းစုံက လူကြီးမင်းများက တရိုတသေ ဗူးကြီးဗူးငယ်နဲ့ သယ်ကြသတဲ့။ နောက်ပြီး ရောက်လာတဲ့ လူမမာတချို့ကို ရိုက်နှက်ညှဉ်းပန်းပြီး ကုမှပျောက်မယ်လို့ လေးနှစ်သား ဘိုးတော်လေးကပြောရင် သူ့အဖွဲ့သားတွေက ရိုက်နှက်ည္ဓဉ်းပန်းပေးကြသတဲ့။ အဆိုးဆုံးကတော့ ရေထဲမှာ ဘယ်ရွေ့ဘယ်မျှကြာအောင် နှစ်မြှုပ်ထားရမယ်လို့ ကလေးကအမိန့်ပေးရင် ပေးတဲ့အမိန့်အတိုင်း နှစ်ထား ရသတဲ့။အခုလည်း ချော်လဲလို့ ခြေတစ်ဖက်မသန်သူဖြစ်သွားရှာတဲ့ ရန်ကုန်မြို့ကြီးက သုံးနှစ်သမီးလေးကို ကယ်ပါယူပါတစာစာအော်နေ တဲ့ကြားက ရွှံ့ရေအိုင်တွင်းထဲ ဆွဲနှစ်လိုက်ဖော်လိုက်လုပ်လိုက်ကြတာ အသက်ရှူရပ်သွားတဲ့အထိပဲ။ ဒါကို လေးနှစ်သား ဆေးဝိဇ္ဇာလေး လို့ ၀ိုင်းသမုတ်ပြီး မျောက်ပြဆန်တောင်း ရိုက်စားအဖွဲ့က ရုပ်နာမ်ခွဲပြီး ဆေးကုနေတာလို့ပြောသတဲ့။ နာရီအတော်ကြာလို့ သုံးနှစ်သမီး လေးကို ပုရွက်ဆိတ်တွေ အုံလာတာတွေ့မှ ဆရာဝန်နဲ့စမ်းသပ်ကြည့်တော့ လေရှူပြွန်မှာ ရွှံ့နှစ်တွေပိတ်ဆို့ပြီး သေဆုံးနေခဲ့ပြီဆိုတာ သိရတော့တယ်။ လူကြီးတွေရဲ့ မဆင်မခြင် အယူသည်းမှုဒဏ်ကို အပြစ်မဲ့ ကလေးငယ်က ခံသွားရရှာတာပေါ့ဗျာ။ ကျွန်တော်တို့ဆီက လူတွေ ဘယ်တော့များမှ ဒီလိုခေတ်နောက်ပြန်ဆွဲတဲ့ အတွေးအခေါ်မျိုးတွေတိမ်ကော ပပျောက်ပါတော့မလဲ မသိနိုင်တော့ပါဘူး ကိုလင်း ရာ'


'သြော်၊ သူ့ကိုယ်သူ သခင်ယေရှု ခရစ်တော်ဝင်စားသူ မဆိုင်းယား (Messiah) ပါလို့ လိမ်လည်ဟောပြော စည်းရုံးပြီး ဂိုဏ်းဝင်နောက် လိုက်တပည့်တွေရဲ့ အသက် (၁၂)နှစ်အရွယ်သမီးငယ်အစ ဇနီးမယား၊ မိခင်တွေပါမချန် သိမ်းကျုံးပြီး ခေတ်သစ်အရည်းကြီးဇာတ်ခင်း ခဲ့တဲ့ (၃၃)နှစ်အရွယ် ဒေးဗစ်ကိုရက်ရှ်ကို ပြောတာမဟုတ်လား'


'ဟုတ်ပါ့ဗျာ၊ သူဆိုရင် (၃၂) ဟက်တာကျယ်တဲ့ ခြံကြီးထဲမှာ ခံတပ်တစ်ခုလို အဆောက်အအုံတွေ အခိုင်အမာဆောက်။ လူသူ၊ လက်နက်၊ ရိက္ခာအပြည့်နဲ့ အစိုးရလက်နက်ကိုင် အဖွဲ့အစည်းတွေကိုတောင် အန်တုခဲ့သေးတယ် မဟုတ်လား။ အဖမ်းမခံလို့ အပြန်အလှန် တိုက်ပွဲ တွေဖြစ်ခဲ့၊ ရေဖြတ်၊ မီးဖြတ်လုပ်ပြီး ၀ိုင်းခဲ့တာတောင် လက်နက်ချအညံ့မခံဘဲ နောက်ဆုံး သူရော၊ သူ့ နောက်လိုက်တွေနဲ့ ကလေးငယ် အတော်များများ အသေခံသွားကြရတယ်လေ။ သူ့နောက်လိုက်တွေက ဒေးဗစ်ကိုရက်ရှ်ရဲ့ အလိုတော်နဲ့အညီ နာခံလိုက်နာ ကျင့်ကြံခြင်း အားဖြင့် သေပြီးနောက် တမလွန်မှာ ကောင်းကင်ဘုံကို တိုက်ရိုက်ရောက်ကြမယ်၊ ထာဝရဘုရားရဲ့ ကောင်းချီးမင်္ဂလာပေးမှုကို ခံစားကြ ရမယ်လို့ စွဲစွဲမြဲမြဲယုံကြည်သွားခဲ့ကြတယ်။ ကဲ- ဒီတော့ ခင်ဗျားတို့ ကျွန်တော်တို့အတွက် နှိုင်းယှဉ်စရာတစ်ခုတိုးမလာဘူးလား'

'ကိုလင်းက ဘာကိုဆိုလိုတာလဲ'


'အခုလို အယူသီးမှုတွေဟာ ခေတ်သစ်သိပ္ပံပညာ ထွန်းကားမှုမရှိတဲ့ဒေသက ခေတ်နောက်ပြန်ဆွဲသမားတွေရဲ့ အလုပ်သာဖြစ်တယ်လို့ ဆိုနိုင်ပါဦးမလား။ ဒီလိုကမ္ဘာ့ထိပ်တန်း နိုင်ငံကြီးတစ်ခုမှာတောင် အယူသီးမှုတွေရှိနေမှဖြင့် ကျွန်တော်တို့ဆီကလူတွေရဲ့ အယူသီးမှု တွေကိုတော့ ခွင့်လွှတ်သင့်တယ်လို့ ကျွန်တော်ထင်တယ်လေ'


'ဟာ၊ ခွင့်မလွှတ်သင့်ဘူး ကိုလင်းရေ၊ ခွင့်မလွှတ်သင့်တဲ့အပြင် စဉ်းစားဥာဏ်ရှိတဲ့လူဆိုရင် ရှက်ဖို့တောင် ကောင်းလှပါသေးတယ်'


'ဘာရှက်စရာ ကောင်းသလဲဗျာ။ သူတို့ဆီမှာဆိုရင် ဗေဒင်ဆရာ၊ မှော်ဆရာ၊ အောက်လမ်းဆရာ၊ ဂန္ဓာရီပညာသည်ဆိုတဲ့လူတွေ မှို လိုပေါက်ပြီး ကျုပ်တို့ဆီက ဗေဒင်ဆရာတွေ၊ ဘိုးတော်တွေ၊ နတ်ဝင်သည်တွေထက်တောင် ၀င်ငွေကောင်းသေးဆိုပဲ'


'ဟုတ်ပါတယ်၊ ခင်ဗျားပြောသလို သူတို့ဆီမှာ ဒါမျိုးတွေကို ယုံကြည်သူတွေ တစ်နေ့တခြား တိုးပွားလာတာ အမှန်ပေမယ့် သူတို့မိုက် တိုင်း ကျွန်တော်တို့ကလိုက်ပြီး မိုက်မဲရတော့မှာလားဗျာ။ ဥပမာပြောရရင် ဟိုဘက်အိမ်က မိဘအရင်းမရှိလို့ ပထွေးဆိုးနဲ့နေရတဲ့ မိန်းမပျိုလေးတစ်ယောက် ပျက်စီးနေတာကိုအားကျပြီး ဒီဘက်အိမ်က မိဘမောင်ဖွား အုပ်ထိန်းမှုအောက်မှာရှိနေတဲ့ မိန်းမပျိုလေးကပါ လိုက်ပျက်စီးရတော့မှာလားဗျာ'

'ခင်ဗျာ့ဥပမာကို နည်းနည်းထပ်ရှင်းစမ်းပါဦး ကိုဝင်းရာ'


'ဒီလိုလေဗျာ လောကမှာ မိမိရဲ့ ကံ၊ဥာဏ်၊၀ီရိယမှတစ်ပါး အခြားအားထားရာ ကယ်တင်ရှင်၊ ဖန်ဆင်းရှင်ရယ်လို့ မရှိဘူးဆိုတဲ့ မူအပေါ် အခြေပြုထားတဲ့ ထေရ၀ါဒဗုဒ္ဓသာသနာတော်ရဲ့ အုပ်ထိန်းမှုအောက်မှာ ကြီးပြင်းလာတဲ့ ခင်ဗျားတို့ကျွန်တော်တို့ဟာ အောက်တန်းစား ဒွန်းစဏ္ဍား ဗုဒ္ဓဘာသာဝင်တွေရဲ့ အလုပ်သာလျှင်ဖြစ်တယ်လို့ ဘုရားရှင်ကိုယ်တော်တိုင် ပစ်ပယ်ခဲ့တဲ့ ဗေဒင်၊ ယတြာ၊ အင်္ဂ၀ိဇ္ဇာ၊ မှော် ဂန္ဓာရီပညာတွေကို ယုံကြည်လိုက်စားနေစရာ လုံးဝမလိုအပ်ဘူးဗျ။ ဒီလို ဆုံးမသွန်သင်မှုအောက်မှာ ကြီးပြင်းလာတဲ့ ထေရ၀ါဒဗုဒ္ဓဘာသာ ၀င်တွေဟာ မိဘမောင်ဖွား အုပ်ထိန်းမှုအောက်မှာရှိနေတဲ့ မိန်းမပျိုလေးလိုပေါ့ဗျာ။ ဒါကို ကံမကောင်းအကြောင်းမလှလို့ မိဘမဲ့ အဆုံး အမအသွန်အသင်မဲ့ပြီး ကြီးပြင်းလာခဲ့ရတဲ့ မိန်းမပျိုလေးနဲ့တူတဲ့လူတွေ မိုက်ကြ၊မှားကြတိုင်း လိုက်မှားနေဖို့ သင့်တော်ပါ့မလား။ သူတို့ တောင် မှားသေးမှတော့ ငါတို့မှားတာ အကြောင်းမဟုတ်ဘူးလို့ ပြောဆို၊ ပြုမူနေကြတာလောက် ရှက်စရာကောင်းတာရှိပါဦးမလား ကိုလင်းရာ'


'ဒါတော့ ဟုတ်တယ်ဗျ၊ သူတို့ဆီမှာက လူအများစုလိုက်နာတဲ့ ကိုယ်ကျင့်တရားစံနှုန်းတွေဟာ အမျှော်နဲ့အကြောက်ပေါ်မှာ အခြေခံထား တာတွေ့ရတယ်။ ကိုယ့်အတွက် ကောင်းကျိုးတစ်စုံတစ်ရာ ရလိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်၊ တစ်နည်းပြောရရင် ဖန်ဆင်းရှင်ရဲ့ ကောင်း ချီးမင်္ဂလာကို မျှော်ကိုးမှုနဲ့သာ ကောင်းမှုလို့သတ်မှတ်ထားတဲ့ အပြုအမူတွေကို လုပ်ကိုင်ကြတာပဲ။ မကောင်းမှုလို့ သတ်မှတ်ထားတဲ့ အပြုအမူတွေကို ရှောင်ကြဉ်ရာမှာလည်း ဖန်ဆင်းရှင်ကပြစ်ဒဏ်ခတ်မှာကို ကြောက်ရွံ့စိတ်ပေါ်သာမူတည်တာကိုတွေ့ရတယ်။ ဒါကြောင့် အမျှော်နဲ့အကြောက်မပါဘဲ ကိုယ်ပိုင်ဆင်ခြင်တုံတရားနဲ့ယှဉ်ပြီး သတ္တ၀ါချင်း စာနာထောက်ထားမှုအပေါ် အခြေတည်ထားတဲ့ ဗုဒ္ဓရဲ့ ကိုယ်ကျင့်တရားဆိုင်ရာ စံတွေနဲ့တော့ တခြားစီပဲ'


'ဒီလို အခြေခံချင်းမတူညီတော့ သူတို့ခမျာ ဘယ်လောက်ပဲ ရုပ်ဝတ္ထုပိုင်းဆိုင်ရာနည်းပညာတွေ တိုးတက်ထွန်းကားလာပေမယ့် စိတ်ပိုင်း ဆိုင်ရာ ကိုယ်ကျင့်တရားနဲ့ ပတ်သက်လာရင် မျှော်တတ်ကြောက်တတ်တဲ့အလေ့ကြီးက စွဲကျန်နေရစ်တော့တာပေါ့။ သိပ္ပံပညာကို အလွဲ သုံးစားပြုပြီး မျက်လှည့်ဆန်ဆန် ပြကွက်လေးတွေနဲ့ လူအထင်ကြီးအောင်လုပ်၊ သူတို့ကိုယ်ကို တန်ခိုးရှင်ယောင်ယောင် သတင်းလွှင့် ဂိုဏ်းဖွဲ့လိမ်စားနေတဲ့ လူတွေရှိသလို ဘာသာရေးကျမ်းစာတွေကို ခုတုံးလုပ်၊ ကိုယ်လိုရာလှည့်ပတ်ပြီး အဓိပ္ပာယ်ဖွင့်၊ အပြောကောင်း ကောင်းနဲ့ မြှောက်ချီတစ်ခါ ခြောက်ချီတစ်လှည့်လုပ် စည်းရုံးသိမ်းသွင်းပြီး လူတွေကို သက်မဲ့စက်ရုပ်တွေလို ခိုင်းချင်တာအကုန်လုပ်ခိုင်း တဲ့ ပုဂ္ဂိုလ်တွေလည်းရှိတယ်။ နောက်ဆုံးတော့ ဒေးဗစ်ကိုရက်ရှ်တို့လို ဘာသာရေးအရေခြုံ လူလိမ်လူညာတွေရဲ့မှိုင်းမိပြီး အတိဒုက္ခ ရောက်သွားကြရရှာတာပေါ့။ ဒါကြောင့် ကျွန်တော်တို့ ထေရ၀ါဒဗုဒ္ဓဘာသာဝင်များအနေနဲ့ ဒီလိုအဖြစ်ဆိုးတွေမကြုံရလေအောင် အတ္တာဟိ အတ္တနော နာထော ဆိုတဲ့ ဗုဒ္ဓဒေသနာကို စွဲစွဲမြဲမြဲ မှတ်သားလိုက်နာကြဖို့ လိုသဗျ'


'ဒါပေမယ့် မိရိုးဖလာအယူအဆတွေကလည်း ရှိသေးတယ် မဟုတ်လား ကိုဝင်းရဲ့။ လူမျိုးတိုင်းမှာ သူတို့နဲ့ဆိုင်ရာဆိုင်ရာ အယူအစွဲ လေးတွေဟာ ယဉ်ကျေးမှုတစ်ရပ်အနေနဲ့တော့ ရှိနေဦးမှာပဲဗျ'

'ဒီနေရာမှာ ယဉ်ကျေးမှုဆိုတဲ့ဝေါဟာရကို ကိုလင်းအနေနဲ့ ဘယ်လိုအဓိပ္ပာယ်ဖွင့်မလဲ။

လူနေမှုအဆင့်အတန်း မြင့်မားမှုစံကို ပြောတာ လား၊ ရိုးရာဓလေ့စရိုက်ကို ဆိုလိုတာလား'


'ကျွန်တော်က ရိုးရာဓလေ့စရိုက်ကို ပြောတာပါ'


'ဒါဆိုရင် ရိုးရာဓလေ့စရိုက်တိုင်းဟာ ခေတ်အဆက်ဆက် မပစ်ပယ်ဘဲ ထိန်းသိမ်းလိုက်နာအပ်တယ်လို့ ခင်ဗျားယုံကြည်သလား။ ဘယ် နိုင်ငံ၊ ဘယ်လူမျိုးမဆို ကောင်းတဲ့ဓလေ့စရိုက်တွေရှိသလို မကောင်းတဲ့ ဓလေ့စရိုက်တွေလည်း ရှိကြစမြဲပဲဗျ။ ဒါကို ရိုးရာယဉ်ကျေးမှု မပျက်အောင်ဆိုပြီး ကောင်းတာရော၊ မကောင်းတာပါ အကုန်လုံး သိမ်းကျုံးထွေးပိုက်ထားမယ်ဆိုရင် သဘာဝကျပါ့မလား။ ကိုယ့် တိုင်းပြည် ကိုယ့်လူမျိုးကို တိုးတက်ကြီးပွားစေချင်သူတိုင်းဟာ ကောင်းမြတ်တဲ့ရိုးရာဓလေ့စရိုက်တွေကို ဆက်လက်ထိန်းသိမ်းသွားရ မှာဖြစ်သလို ခေတ်နောက်ပြန်ဆွဲပြီး အန္တရာယ်ရှိတဲ့ ဓလေ့စရိုက်တွေကိုတော့ ပစ်ပယ်သွားရမှာပဲ။ အခုခေတ်မှာ ရိုးရာဓလေ့စရိုက်ကို ထိန်းသိမ်းချင်ပါတယ်ဆိုပြီး ဘယ်သူကများ အသားအနာခံလို့ ထိုးကွင်မင်ကြောင်ထိုးကြဦးမှာလဲ၊ အလုပ်ရှုပ်ခံပြီး သျှောင်ကြီးဗွေ ထားကြဦးမှာလဲဗျ'


'ဒါတော့ဟုတ်တယ် ကိုဝင်းရ၊ တချို့ရိုးရာဓလေ့စရိုက်တွေဟာ တစ်ချိန်တစ်ခါက ဒီလိုရှိခဲ့ဖူးတယ်ဆိုတာကို သမိုင်းအရ မှတ်တမ်း မှတ်ရာ ပြုထားဖို့ကလွဲရင် ဆက်လက်ခံယူကျင့်သုံးဖို့ မသင့်တော့တာအမှန်ဘဲ'


'ဒါတင် ဘယ်ကဦးမလဲ ကိုလင်းရာ၊ သူတစ်ပါးဆီက စံထားထိုက်တဲ့ ဓလေ့စရိုက်တွေတွေ့ခဲ့ရင်လည်း အတုယူသင့် ယူကြရမှာပဲ။ ငါ့ရိုးရာ ဓလေ့မှ ငါ့ရိုးရာဓလေ့ဆိုပြီး တစ်ယူသန် အစွန်းရောက်နေရမယ့် ခေတ်မဟုတ်တော့ဘူးလေ။ အခုဆိုရင် အနောက်တိုင်း နိုင်ငံကြီးသား တချို့ဟာ သူတို့ရဲ့မိရိုးဖလာယုံကြည်မှု အစွဲအလမ်းတွေကို ကျောခိုင်းပစ်ပယ်ပြီး မြန်မာနိုင်ငံက ထေရ၀ါဒဗုဒ္ဓဘာသာကို ယုံကြည် လက်ခံလိုက်နာကျင့်သုံးနေကြတာ ကျွန်တော်တို့မျက်မြင်ကိုယ်တွေ့ပဲ မဟုတ်လား'


'ဟုတ်ပါ့ဗျာ၊ မိရိုးဖလာယုံကြည်မှု အစွဲအလမ်းတွေကို တော်လှန်ပစ်ပယ်ပြီး မှန်တယ်ထင်တဲ့လမ်းကို ရဲရဲဝံ့ဝံ့လှမ်းရဲတဲ့ သူတို့ရဲ့သတ္တိက တော့ ချီးကျူးစရာပါပဲ'


'ဒါကြောင့် သူတို့လို ထေရ၀ါဒဗုဒ္ဓသာသနာဆိုတဲ့ မိဘမောင်ဖွားတွေရဲ့ အုပ်ထိန်းမှုအောက်မှာ မကြီးပြင်းခဲ့ရသူတွေကတောင် ကျွန်တော် တို့ မိဘရိပ်မှာ လာရောက်ခိုလှုံနေချိန်မှာ မိမဲ့ဖမဲ့ကလေးတွေကို လက်ညှိုးထိုးပြီး သူတို့တောင်မိုက်သေးတာ ငါတို့မိုက်တာ ရှက်စရာ မဟုတ်ပါဘူးလို့ ကြွေးကြော်နေကြဖို့သင့်-မသင့် ကိုယ်ပိုင်ဥာဏ်လေးသုံးပြီး ဆုံးဖြတ်ကြပါတော့လို့သာ တိုက်တွန်းလိုက်ချင်ပါတော့ တယ်ဗျာ'


ဝင်းသိန်းဦး

(၃၀-၄-၉၃)

ဓမ္မရံသီ၊ ၁၉၉၃ ခုနှစ်၊ ဇူလိုင်လ။

Thursday, September 29, 2011

တံတိုင်းနှင့် ဆည်၏ သားကောင်များ

Written by ဇေ၀င်းနောင်   

မဟာတံတိုင်းကြီး နောက်ကွယ်က သမိုင်းအမှန်တွေကို ရောင်ပြန်ဟပ်စေသော ဒဏ္ဍာရီတစ်ပုဒ် ရှိခဲ့ပါသည်။

ဘီစီ ၂၀၀ ၀န်းကျင်။ မဟာ တံတိုင်းကြီး တည်ဆောက်သော ခေတ်ကာလ ကျန်းနန်ပြည်နယ် တစ်နေရာ။ အိမ်နီးချင်းများဖြစ်ကြသည့် မန်အိမ်နှင့်ကျန်းအိမ်။ သူတို့ နှစ်အိမ်စလုံးက သားထောက်သမီး ခံမရှိကြ။ တစ်နှစ်မှာတော့ မန်အဘိုးကြီးက ခွံမာသီးပင် ခြုံတစ်ခြုံကို စိုက်ပျိုးခဲ့သည်။ အပင်တစ်စတစ်စကြီး လာပြီး ကျန်းအိမ်ဘက်ကိုပါ ရောက်လာသည်။ ကျန်းအိမ်ဘက်မှာ အသီးကြီးတစ်လုံး သီးလာခဲ့သည်။ သူပိုင် သည်၊ ငါပိုင်သည် အငြင်းပွားကြရင်း နောက်ဆုံးမှာတော့ ခွဲယူဖို့ ဆုံးဖြတ်လိုက်ကြသည်။ အသီးကြီးကို ခွဲလိုက် သောအခါတွင်တော့ ကလေးငယ်တစ်ဦး ထွက်လာခဲ့သည်။ ကလေးကို နှစ်အိမ်စလုံးက အတူပျိုးထောင် လာခဲ့ကြပြီး နှစ်ဖက်မျိုးရိုးအမည်များ ပါစေရန် မန်ကျန်းနုဟု အမည်ပေးခဲ့ကြသည်။ (နုမှာ မိန်းကလေး ဟု အဓိပ္ပာယ်ရသည်)

မန်ကျန်းနု ကလေးအရွယ် ရောက်လာသောအခါတွင်တော့ ဖန်ရှီးလင် ဆိုသော လုလင်ပျိုနှင့် ချစ်ကြိုက်မိကြကာ လက်ထပ်ထိန်းမြားရန် စီစဉ်ခဲ့သည်။ ဒီအချိန်မှာကံကြမ္မာဆိုး က ၀င်လာခဲ့သည်။ မင်္ဂလာဆောင်သည့်နေ့တွင်ပင် ရှီးလင်ကို မဟာတံတိုင်း တည်ဆောက်ရေးအတွက် ချွေးတပ်ဆွဲ (ပေါ်တာဆွဲ) သွားကြသည်။ မဟာတံတိုင်းအတွက် ချွေးတပ်ဆွဲခံခဲ့ရသူ တစ်ဦး၏ဘ၀သည် ငတ်မွတ်ခေါင်းပါးမှုတို့ဖြင့် သေခြင်းသာ အဆုံးရှိသည်က များကြသည်။ တစ်နှစ်သာကြာသွားသည်။ ရှီးလင် သတင်းကမရ။ နုက စိတ်ပူလှပြီ။ မဟာတံတိုင်းကို ရောက်အောင် သွားပြီး သူ့ခင်ပွန်းအကြောင်း သွားစုံစမ်းဖို့ ဆုံးဖြတ်လိုက်သည်။ ခက်ခဲသော တစ်ကိုယ်တော်ခရီးကို ဖြတ်သန်းပြီး မဟာတံတိုင်းဆီရောက်တော့ သတင်းဆိုးက ဆီးကြိုနေသည်။ ရှီးလင် တစ်ယောက် အလုပ်လုပ်ရင်း သေလွန်ခဲ့ပြီ။ အလောင်းကရော။ တံတိုင်းအောက်မှာ သေသူ အလုပ်သမားတွေကို မြှုပ်ထားသည်ဆိုခြင်းကို နုသိလိုက်ရသည်။ သည်းထန်စွာ ငိုကြွေး ရင်း တံတိုင်းကိုဖြိုတော့သည်။သစ္စာ မေတ္တာစွမ်းက ကြီးလှသည်။


သူငို ကြွေးရင်းထုနှက်သော နေရာတစ်ဝိုက်မှ တံတိုင်းကြီးပျက်စီးပြိုလဲ သွားခဲ့သည်။ မရေမတွက်နိုင်သော အရိုးတွေ တောင်ပုံရာပုံ။ သူ့ချစ်လင်၏ အရိုးကို ရှာဖို့အတွက် သစ္စာဆို သည်။ သူ့လက်ထိပ်ကို ကိုက်၊ကျ လာသောသွေးနှင့် အရိုးတိုင်းကို စမ်း ကာ ချစ်လင်အရိုးဖြစ်လျှင် ကျသော သွေးကိုအရိုးက စုပ်ယူပါစေဟု သစ္စာဆိုခဲ့သည်။ ချစ်လင်အရိုးကို နောက်ဆုံးမှာ ရှာတွေ့ခဲ့သောအခါတွင်လည်း အရိုးပုံကိုဖက်ပြီး ငိုရှာရပြန်သည်။



Three Gorges Dam ဖွင့်ပွဲအခမ်းအနားကို ဘူမိနှင့် ရေအားလျှပ်စစ် အင်ဂျင်နီယာပညာ အသီးသီးဖြင့် ကျောင်းပြီးခဲ့ကြသော ၀န်ကြီးချုပ် ၀မ်ကျားပေါင် နှင့် သမ္မတ ဟူကျင်တောင်တို့ မတက်ရောက်ခဲ့။ သမိုင်းတရားခံတော့ အဖြစ်မခံလိုကြ။


အမျက်ထွက်နေသော ကျင်မင်းဆက် ပြည့်ရှင်ဧကရာဇ်ကြီးက ပျက်စီးသွားသောနေရာကို လာကြည့်သည်။


မအိုသေးသော မုဆိုးမ မန်ကျန်းနုကိုမြင်တော့ ဘုရင်ကြီး သဘောခွေ့သွားသည်။ ဒေါသတွေအရည် ပျော်သွားသည်။ တောင်းဆိုချက် သုံးချက်ကို ခွင့်ပြုလျှင် လက်ထပ်မည် ဟု နုကတုံ့ပြန်သည်။ ပထမအချက် က သူ့ချစ်လင်ကို တော်ဝင် အခမ်းအနားဖြင့် သင်္ဂြိုဟ်ရမည်။ ဒုတိယ အချက်က ဧကရာဇ်ကြီးနှင့် သူ့အစိုးရသည် ဈာပနကိုတက်ရမည်။ တတိယအချက်က သူသမုဒ္ဒရာကို ကြည့်ချင်သည်၊ လိုက်ပို့ပေးရမည်ဟု။ အရပ်သား တစ်ယောက်အတွက် လုပ်မပေးချင်လှသော်လည်း သူ့မယား လိုချင် သူ့လင်ကောင်းကောင်း သင်္ဂြိုဟ်ပေးရမည်ပေါ့။ တတိယ တောင်းဆိုချက် ရောက်လာသည်။  သမုဒ္ဒရာ ကမ်းခြေသို့ အရောက်တွင်တော့ နု တစ်ယောက် ဘုရင်ကြီးကို ပြင်းပြင်းထန်ထန် ကျိန်ဆဲပြီးသမုဒ္ဒရာထဲ ခုန်ချ လိုက်လေသည်။ ဤတွင်ဇာတ်လမ်း ဆုံးလေသည်။


(ဇာတ်နာမှာ စိုးရိမ်သူ သူတို့ကတော့ မန်ကျန်းနုကို နဂါးမင်းကြီး နှင့် သမီးတော်များက ကယ်တင်လိုက် ကြသည်ဟု ဆိုကြသည်။) ဒီဇာတ်လမ်းသည် စီမံကိန်းကြီးကြောင့် ခင်ပွန်းကို ဆုံးရှုံးလိုက်ရသော မုဆိုးမများ၊ သားကို ဆုံးရှုံးလိုက်ရသော မိဘများ အားလုံးကို ကိုယ်စားပြုနေသည်။ တရုတ်ပြည်၏ မြောက်ဖက်ဖျားကို အိမ်ခြံစည်းရိုးခတ်သလို တံတိုင်းကာဖို့သည် တရုတ်၏ ပထမဆုံး ဧကရာဇ် ရှီဟွမ်တီ၏ အကြံအစည်။ မြောက် ဖျားမှ သူတို့ခေါ်ဝေါ်မှုအရ လူရိုင်းတွေ၏ ရန်မှကာကွယ်ရေး။ ရည်ရွယ်ချက်ကဖြင့် ကောင်းချင်ကောင်းနိုင် ပါသည်။ သို့ပေမဲ့ ပေးဆပ်လိုက်ရသည်က များလွန်းလှသည်။ မုဆိုး အလိုကျ စတေးလိုက်ရသည့် သားကောင်တွေ တစ်ပုံတစ်ပင်။ သည်တံတိုင်းကြီးက အမှန်တကယ် ကာကွယ်ပေးနိုင်ခြင်းရှိ မရှိဆိုသည်က လည်းမွန်ဂို၊ မန်ချူး၊ ဗြိတိသျှ၊ ဂျပန် တို့၏ ကျူးကျော် သိမ်းပိုက်မှု အလီလီ ခံခဲ့ရခြင်းက သက်သေ။

ဒီ မဟာတံတိုင်းကြီး ဆောက်ပြီးနောက် အနှစ် ၂၀၀၀ နီးပါးအကြာ။ မဟာတံတိုင်း နောက်ပိုင်း အကြီးမားဆုံး စီမံကိန်းသည် တစ်ဖန်နိုးထလာသော တရုတ်တွင် ပေါက်ဖွားလာခဲ့ပြန်သည်။ ၂၁ ရာစု မဟာတံတိုင်းဟု ဆိုနိုင်သော Three Gorges Dam ။ တစ်မိုင်ခွဲကျယ်ပြီးပေ ၆၀၀ မြင့်သော ဆည်ကြီးသည် မိုင် ၄၀၀ ကျော်ရှည်လျားသည်။ စီမံကိန်းကြီးကို ခေတ်သစ် တရုတ်နိုင်ငံ၏ ဖခင်ကြီး ဆွန်ယက်ဆင်က စတင် အဆိုပြုခဲ့ခြင်း ဖြစ်သည်။ ၁၉၁၉ ခုနှစ်ကတည်းက ဖြစ်သည်။ တစ်နိုင်ငံလုံးကို မီးပေးနိုင်ဖို့၊ ရေလွှမ်းမိုးမှုတွေကို တားဆီးဖို့ဆိုသော ရည်ရွယ်ချက်ကောင်းများ။

၁၉၃၂ မှာ ချန်ကေရှိတ်၊ ၁၉၃၉ မှာ ထိုစဉ်က တရုတ်ကို သိမ်းထားသော ဖက်ဆစ်ဂျပန်များ၊ ၁၉၄၉ မှာ မော်စီတုန်းအားလုံးက တည်ဆောက်ဖို့ မျှော်လင့်ခဲ့ကြသည်။ ၁၉၉၂ ခုနှစ် တွင်မှ တည်ဆောက်ရေးကို တရုတ်ပြည်သူ့ ကွန်ဂရက်တွင် စတင်အတည်ပြုနိုင်ခဲ့သည်။ ကိုယ်စားလှယ် ၂၆၃၃ ယောက်မှာ ၁၇၆၇ ဦး ထောက်ခံပြီး ၁၇၇ ကန့်ကွက်ကာ ၆၆၄ မဲပယ် ဖျက်ခံရပြီး ၂၅ ဦးမဲ မပေးခဲ့ကြခြင်းဖြင့် ဒီဆည်ကြီး တည်ဆောက်ရေး အတည်ဖြစ်လာခဲ့သည်။ ကန့်ကွက်သူပမာဏသည် နည်းလှသည်ဟု ထင်ရသော်လည်း တစ်ပါတီစနစ်ရှိသော နိုင်ငံတစ်နိုင်ငံအတွက် ကန့်ကွက်မှုနှုန်း စံချိန်တင်သည့်ကိစ္စ ဖြစ်သည်။

အမေရိကန်ဒေါ်လာ ၃၇ ဒသမ ၄၃ ဘီလျံကျော်(ယွမ် ၂၅၄ ဘီလျံ) ကုန်ခဲ့သော ဆည်ကြီးကို ၂၀၀၉ ခုနှစ်ကတည်းကစတင် လည်ပတ်ရန် မျှော်လင့်ခဲ့သော်လည်း အဆင်မပြေခဲ့။ ဒီလထဲတွင်တော့ စလည်ပတ်နေပြီ။

ဆည်ကြီး မတည်ဆောက်မီက လူသန်းချီ နေရာရွှေ့ပြောင်းရမည်။ ရှေးအမွေအနှစ်တွေ ရေလွှမ်းကုန်မည်။ မြို့လုံးကျွတ်၊ ရွာလုံးကျွတ်ရွှေ့ ပြောင်းကြရမည်။ အားလုံးကို တွက်ချက်ပြီး ဆောက်ခဲ့ကြသည်ဟုတော့ သူတို့အစောပိုင်းမှာ ဆိုခဲ့ကြပါသည်။ စတေးရမည့် သားကောင်အရေအတွက် ကို နားလည်ထားပြီး ဖြစ်သည်ဆို သောသဘော။

သဘာဝကို ကိန်းဂဏန်းဖြင့် လျှော့တွက်မိခြင်း ဖြစ်ခဲ့သည်ကိုတော့ အချိန်လွန်မှ နားလည်ခဲ့ကြသည်။ ဂျပန်လိုနိုင်ငံမျိုးမှာပင် ငလျင်လှုပ်မည်ကို အချိန်စောပြီးမပြောနိုင်သေး။ သဘာဝဘေးတို့ကို လူသား၏ တွက်ချက်နိုင်စွမ်းက အပြည့်အ၀ လိုက်မမီသေး။ သို့ပေမဲ့ သဘာဝသည် ဖြစ်ချင်တိုင်း ဖြစ်နေသည်တော့ မဟုတ်။ သိပ္ပံပညာရှင်ကြီး အိုင်းစတိုင်းတစ်ခါက ပြောခဲ့ဖူးသည်။ "ထာဝရဘုရားသည် သဘာဝတရားနဲ့ ကြွေအံမကစား"ဟူ၍။ သဘာဝတရားသည် ဖြစ်ချင်တိုင်း ဖြစ်နေသည်မဟုတ်။ အကြောင်းတရားများကြောင့် ဖြစ်သည်။

ဗုဒ္ဓမြတ်စွာ သက်တော်ထင်ရှားရှိစဉ်က အရှင်အဿဇိမထေရ် က ရှင်သာရိပုတ္တရာ အလောင်းအလျာ ဥပတ္တိသပရဗိုဇ်ကို ဟောပြခဲ့သည့် ဗုဒ္ဓတရားအနှစ်ချုပ်ကို အမှတ်ရမိသည်။ ယင်းဂါထာ၏အစ "ယေဓမ္မာ ဟေတုပ္ပဘ၀ါ" ဆိုသော စာသား။ အကြင်တရားတို့သည် အကြောင်းကြောင်းကြောင့် ဖြစ်ကုန်၏ဟူ၍ အနက်ရပါသည်။ လူတို့ တွက်ချက်နိုင်သော အကြောင်းတရားမည်မျှ ရှိနိုင်မည်နည်း။ ဘက်ပေါင်းစုံမှ တွက် ချက်ထားပြီးဖြစ်သည်ဟု မည်သူကများ ပြောနိုင်မည်နည်း။

နောက်တစ်ချက်က ကိန်းဂဏန်းများဖြင့် သဘာဝတရားကို ကိုင်တွယ်ခြင်း၏အလုပ်ဖြစ်၊ မဖြစ်ဆို သည့် အချက်ဖြစ်သည်။  ကာလနှင့် အာကာသအပေါ် မှီတည်ပြီး သင်္ချာသည် ကွဲပြားနိုင်သည်။ ခန့်မှန်းတွက်ချက်မှုသည် ဖြစ်လာမည်ဟု အာမခံနိုင်သော အရာမျိုးမဟုတ်။ ဂျပန် ငလျင်နှင့် ဆူနာမီဖြစ်စဉ်ကို အနှစ် ၁၀၀ တွင်း တိုကျိုတစ်ဝိုက်မှာ ဖြစ်မည်ဟု တွက်ချက် ခန့်မှန်းထားသည် ဆိုသော ကိန်းဂဏန်း။ ဖြစ်လာသော အခါကာကွယ်ဖို့အတွက် လုံလောက်သော တွက်ချက်မှုမဟုတ်။ သည်လို ကိန်းဂဏန်းမျိုးတွေပါသော မရေရာသည့် တွက်ချက်မှုတို့ဖြင့် သဘာဝတရားကို ဇက်ကြိုးတပ်ရန် ကြံမိခြင်း ဖြစ်သည်။

ပြဿနာပေါင်းများစွာ ကပ်ပါလာခဲ့သည်။ ဆည်ကြီးပြီးစီးလုချိန် ၂၀၀၇ မှာတည်းက ၀န်ကြီးချုပ် ၀မ်ကျားပေါင် ကိုယ်တိုင်က အန္တရာယ် ကို ၀န်ခံလာရသည်။

ပြဿနာ အတိမ်အနက်ကို ဝေဖန်မှုတွေက ဟိုးအောက်ခြေကနေ ထိပ်ပိုင်းအထိ ထွက်လာသည်။ ဘေးဆိုးကြီး ဖြစ်လာနိုင်ချေရှိသည်ကို လက်ခံလာကြသည်။ လူ ၁ ဒသမ ၄ သန်း နေရာရွှေ့ပြီးသော်လည်း နောက်ထပ် သန်းချီရွှေ့ရဦးမည်။

တရုတ်ဗိသုကာပညာ စွမ်းပ ကား၏ပြယုဂ်၊ တိုးတက်လာသော နိုင်ငံစွမ်းအင် လိုအပ်ချက်အတွက် ဖြည့် ဆည်းရာ၊ရေကြီးမှုများအတွက် အရန် အတားအဖြစ် ၀င့်ကြွားခဲ့သော ကမ္ဘာ့ အကြီးဆုံး ဆည်ကြီးကို တည်ဆောက်ခဲ့ခြင်းသည် သရဲမွေးသလို ဖြစ်လာသည်။ ရေအားလျှပ်စစ်ပညာရှင်များက  နုန်းတင်မြေနုများပိတ် နေစေခြင်းဖြင့် ဆည်သည်မြစ်အောက်ပိုင်း ကမ်းပါးတစ်လျှောက် ရေလွှမ်းနိုင်ချေကို ပိုပြီးတိုးစေသည် ဟု အချိန်လွန်ထောက်ပြမှုများ လုပ်ကြသည်။

သိပ္ပံပညာရှင်များကတော့ ဒီထက်ပိုဆိုးသည်ဟု ဆိုကြသည်။ ယန်ဇီမြစ်လက်တက်များ၏ရေ အရေအသွေးက သိသိသာသာဆိုးလာသည်။ ဆည်ပိတ်ထားသော မြစ်သည် အညစ်အကြေးတို့ကို ထိထိရောက် ရောက်မစွန့်ပစ်နိုင်တော့။ ရေလှောင်ကန်ကြီးပြီးသည့် ၂၀၀၆ ကတည်း ကစပြီး ရေမှော်တွေ အလွန်အမင်း ပေါက်ဖွားသည့် ထူးခြားဖြစ်စဉ်က ပေါ်လာသည်။ မြစ်ကမ်းပါးတွေ ပြိုကုန်သည်။ ယန်ဇီမြစ်လက်တက်တွေ ရှိရာကမ်းခြေတွေမှာ မြေပြိုမှု တွေရှိလာသည်။ ဒီတိုင်းဆက်သွားလို့တော့ ဒုက္ခများ ကြတော့မည်။

၂၀၁၁ မေလ ထဲမှာလည်း ဆည်ကြီးအကြောင်းက ထပ်ပြောရပြန်ပြီ။ တရုတ်ပြည်သူများ အတွက် အကျိုးပြုခဲ့သော်လည်း ဂေဟဗေဒ ဘေးဆိုးကပ်ဆိုးများ အန္တရာယ် ကာကွယ်ရေး၊ ဘူမိအန္တရာယ် ကာကွယ် ရေး၊ ရွှေ့ပြောင်းပေးရသူများကို အဆင်ပြေပြေ ပြန်လည်နေရာချရေး တို့အတွက် ချက်ချင်းဆောင်ရွက် ရမည့် ပြဿနာများစွာရှိကြောင်း တရုတ်အစိုးရ ၀န်ခံလိုက်ရသည်။

စီမံကိန်းရေးဆွဲမှုနှင့် တည်ဆောက်ရေးတွင် အလွှာစုံ၌ ပြဿနာတွေက ပေါ်လာသည်၊ ချက်ချင်း မဖြေရှင်းနိုင်သေး။ ဆည်ကြောင့်ဖြစ်သော ပြဿနာများကို ဆက်ထုတ်ပြန်ပေးဖို့ အစိုးရက ကတိပေးခဲ့သည်။ ဘေးအန္တရာယ် သတိပေးစနစ်တွေ တပ်ဆင်ဖို့၊ပတ်ဝန်းကျင်ထိန်းသိမ်း ရေးအတွက်ရန်ပုံငွေတွေ ထပ်ချပေးဖို့ ကတိပြုခဲ့သည်။ နစ်မြုပ်သွားသော မြို့များ၊ သမိုင်းဝင်နေရာများ နှင့် အတူ ရေလှောင်ကန်ကြီး ပတ်လည် က ညစ်ညမ်းမှုနှင့် ဘူမိ အန္တရာယ်များ တစ်ပါတည်း ဖြစ်ပေါ်လာသည်။

Three Gorges Dam ဖွင့်ပွဲ အခမ်းအနားကို ဘူမိနှင့် ရေအား လျှပ်စစ်အင်ဂျင်နီယာ ပညာ အသီးသီး ဖြင့် ကျောင်းပြီးခဲ့ ကြသော ၀န်ကြီးချုပ် ၀မ်ကျားပေါင် နှင့် သမ္မတ ဟူကျင်တောင်တို့ မတတ်ရောက်ခဲ့။ သမိုင်းတရားခံတော့ အဖြစ်မခံလိုကြ။ ဒီစီမံကိန်းကို စလုပ်ခဲ့သည်က သူတို့မဟုတ်။ ၁၉၉၂ ခုနှစ် က ၀န်ကြီးချုပ်လီပင်း။ တိုးပွားလာသော လူဦးရေ၊ အသုံးများလာသော လျှပ်စစ်ဓာတ်အားကြောင့် ဆွန်ယက်ဆင် မျှော်လင့်ခဲ့သလို တစ်နိုင်ငံလုံး မီးပေး၍ရမည့် ဓာတ်အားလည်း မဟုတ်တော့။ အပြည့်လည်နိုင်ချိန်တွင် ထုတ်နိုင်မည့် မီဂါဝပ် ၂၃၀၀၀ သည်ပင် လူဦးရေ ၇ ရာခိုင်နှုန်းကိုသာ မီးပေးနိုင်တော့မည်။

ဆည်ကြီးကပေးသော သင် ခန်းစာသည် တရုတ်တစ်နိုင်ငံတည်းအတွက် မဟုတ်။တစ်ကမ္ဘာလုံးအတွက် ဖြစ်သည်။ ဧရာမဆည်(Mega Dam) တွေ တည်ဆောက်ရေးကို ပြန်သုံးသပ်လာကြသည်။ ဘုရားဇီးက အမေဇုန်မြစ်မှာ ဆည်ကြီးဆောက်မည့် အစီအစဉ်ကို ဖျက်သိမ်းလိုက်သည်။ တရုတ်ကိုယ်တိုင်လည်း နောက်ထပ်ဆည်တွေ ဆောက်ရေးကို ပြန်သုံးသပ်နေရသည်။ အန္တရာယ်ရှိနိုင်သည့် စီမံကိန်း တို့ကို ဖျက်သိမ်းလိုက်သည်။ သို့ပေမဲ့ အချို့ကိုတော့ မလွှဲမရှောင်သာ ဆက်ဆောက်ရမည်။ ဂျပန်ငလျင်နှင့် နျူအကျပ်အတည်းကြောင့် တရုတ်၏လျှပ်စစ်ဓာတ်အားအတွက် နျူစက်ရုံကိုမှီခိုရေး ကြံရွယ်မှုမှာလည်း  နောက်ဆုတ်ရမည့် သဘောဖြစ်သွားခဲ့သည်။ ဓာတ်အား လိုအပ်ချက် ကလည်းရှိနေသည်။ ပြည်ကြီး ရှင်တွေ၊ ပြည်ကြီးရဲ့ သဘာဝရင်းမြစ်တွေ၊ ရှေးဟောင်း အမွေအနှစ်တွေကိုတော့ ဆည်ကြီးများ၏ သားကောင်အဖြစ် မခံလိုတော့။ . . .

Ref;CNN,China Daily,Time, WallStreetJournal,LA Time, London Times,NY Times, Scien-tificamerica.com,thegreatwall .com 

Credit: http://www.news-eleven.com/index.php?option=com_content&view=article&id=10277:2011-09-26-04-13-53&catid=78:2009-11-13-06-25-17&Itemid=135

Wednesday, September 28, 2011

ပြည်သူက ဒဏ်ခတ်လိမ့်မယ်

Written by လူထုစိန်ဝင်း   

လွန်ခဲ့တဲ့နှစ်နှစ်လောက်ကစပြီး လူတိုင်းရဲ့ပါးစပ်ဖျားမှာ ဒီမိုကရေစီ ဆိုတဲ့စကား ရေပန်းစားလာခဲ့တယ်။ စကားဝိုင်းတွေမှာလည်း ဒီမိုကရေစီ၊ စာအုပ်တွေ၊ စာစောင်တွေထဲမှာလည်း ဒီမိုကရေစီ ဖြစ်နေကြတော့တယ်။

နှစ်ကိုယ်ကြားပဲပြောရ

ဒီမိုကရေစီဆိုတဲ့စကားကို နှစ် ပေါင်း ၅၀ လုံးလုံး ဘယ်သူမှကျယ်ကျယ် မပြောရဲကြဘူး။ တိုးတိုးတိတ်တိတ် နှစ်ကိုယ်ကြားပဲ ပြောကြရတယ်။ အစိုးရကိုယ်တိုင်က ရွေးကောက်ပွဲ တွေလုပ်ပေးတော့မယ်၊ ဒီမိုကရေစီ အစိုးရမျိုးကို အာဏာလွှဲပြောင်းပေးမယ်လို့ ကြေညာလိုက်တဲ့အချိန်ကစပြီး ဒီမိုကရေစီဆိုတဲ့စကားကို သွေးတိုးစမ်း ပြောလာကြတယ်။ အခုတော့ လူတိုင်းကျယ်ကျယ် ပြောဝံ့နေကြပြီ။ စာနယ်ဇင်းတွေထဲလည်း ရဲရဲကြီးရေး သားဝံ့နေကြပြီ။ ဒါဝမ်းသာစရာအခြေအနေဖြစ်တယ်။ လမ်းလျှောက်တဲ့ အခါ ခြေလှမ်းတစ်လှမ်းပြီး တစ်လှမ်း လှမ်းကြရသလို၊ ဒီမိုကရေစီ ခရီးကိုလည်း တစ်လှမ်းပြီး တစ်လှမ်း ရှေ့တိုးလှမ်းကြရမှာဖြစ်တယ်။

တစ်ဒီတည်းဒီလာကြ

အစိုးရကိုယ်တိုင်က ဒီမိုကရေစီ လမ်းကြောင်းအတိုင်း ချီတက်မယ်ပြောချိန်ကစပြီး ရှေးကဒီမိုကရေစီကို နှာခေါင်းရှုံ့ခဲ့ကြသူတွေလည်း လေသံပြောင်းပြီး တစ်ဒီတည်းဒီလာခဲ့ကြတယ်။ ဒီမိုကရေစီ ဖတ်စာအုပ်တွေ တစ်အုပ်ပြီး တစ်အုပ် ရေးထုတ်လာကြတယ်။ ဒါလည်း ကောင်းတဲ့ကိစ္စ ဖြစ်တယ်။ ဒီနှစ် ၅၀ အတွင်းမွေးဖွား လာခဲ့ကြသူတွေဟာ လွတ်လွတ်လပ် လပ်ရောင်းဝယ်ဖောက်ကား စားသောက်ချင်တယ်၊ လွတ်လွတ်လပ်လပ် ပြောချင်ဆိုချင် ရေးချင်ဖတ်ချင် တယ်ဆိုတာလောက်ကလွဲပြီး ဒီမိုကရေစီအကြောင်း ဂဃနဏ မသိကြဘူး။

ဖီလာဆန့်ကျင်ဖြစ်

တတ်သိနားလည်သူတွေက ဒီမိုကရေစီအကြောင်း ဟောပြောတာ၊ စာတွေရေးပြတာဟာ ၀မ်းသာအားရ ကြိုဆိုရမယ့်ကိစ္စဖြစ်တယ်။ ဒါပေမယ်လို့ အချိန်ကြာလာတဲ့အခါမှာ ဟောပြောသူတွေနဲ့ ဒီမိုကရေစီဖတ်စာရေးသူ အတော်များများဟာ သူတို့ပါးစပ်က အပ်ကြောင်းထပ်အောင် ပြောနေကြတဲ့ ''ပြည်သူလူထုကို ဦး ထိပ်ထားတယ်''ဆိုတဲ့ စကားနဲ့ဖီလာဆန့်ကျင်ဖြစ်တဲ့ စကားတွေပြောလာကြတာကို မြင်တွေ့ကြားသိနေရတယ်။ သူတို့ရေးတဲ့ ဒီမိုကရေစီဖတ်စာတွေမှာလည်း အလားတူ ဖတ်ရှုရတယ်။

''ဒီမိုကရေစီလိုချင်ရင် လူတိုင်းနိုင်ငံ ကြီးသားပီသပြီး ဒီမိုကရေစီအသိရှိဖို့ လိုတယ်''
''ဒီမိုကရေစီလိုချင်ရင် လူတိုင်း ပါဝင်လုပ်ဆောင်ကြဖို့လိုတယ်''
''လူတွေအတွက် သူတို့နဲ့ထိုက် တန်တဲ့အစိုးရကို သူတို့ရရှိကြမှာဖြစ် တယ်''

ဓားမြှောင်နဲ့ ထိုးသလို

ဒီသြ၀ါဒကထာတွေနဲ့ ဒီရေးသားချက်တွေဟာ ပြည်သူလူထုအများစုကြီးကို စော်ကားလိုက်တာဖြစ်တယ်။ ပြည်သူတွေအသုံးမကျလို့ နှစ်ပေါင်း ၅၀ လုံးလုံး တစ်ပါတီတစ်ဖွဲ့အာဏာရှင်စနစ်အောက်မှာ ပိပြားနေခဲ့ကြတာ ဖြစ်တယ်လို့ ပြောလိုက်တာနဲ့ အတူတူပဲ။ မြန်မာလူမျိုးတွေ ပညာရေချိန်နိမ့်ကျသေးလို့ ဒီမိုကရေစီစစ်စစ်နဲ့ မထိုက်တန်သေးဘူး။ "guided democracy" လောက်နဲ့ပဲသွားရမယ်လို့ ပြောရဲသူတွေတောင်ရှိတယ်။ဒီလိုအသံတွေ ကြားရတဲ့အခါတိုင်း ရင်ထဲမှာ ဓားမြှောင်နဲ့ထိုးသလို စူးကနဲ စူးကနဲ နာကျင်ရတယ်။

ဦးစီးဦးကိုင်ကောင်းမရှိလို့ မြန်မာ့ဦးစွန်းမြေခခဲ့ရတဲ့ ပါတော်မူစ အချိန်ကစပြီး မြန်မာနိုင်ငံသားတွေဟာ တာဝန်ကျေခဲ့ကြတယ်။ ရရာတုတ်ဓား လက်နက်စွဲကိုင်ပြီး နယ် ချဲ့လာသူတွေကို တွန်းလှန်တိုက်ခိုက်ခဲ့ကြတယ်။ မြန်မာပြည်အလယ်ပိုင်း က အောင်ဆန်းတို့ အဖိုး မင်းကြီးရွှေလရောင်ကစပြီး ရှမ်း၊ ချင်း၊ ကချင် တိုင်းရင်းသားတွေဟာ အသက်ပေါင်း များစွာ စတေးခဲ့ကြတယ်။ ဦးစီးဦးကိုင်ကောင်းမရှိလို့သာ အားမတန် မာန်လျော့ခဲ့ကြရတယ်။ အဲဒီအချိန်အခါက နန်းတွင်းမှာ အရေးပါခဲ့တဲ့ ကင်းဝန်မင်းကြီးအမှူးပြုတဲ့ ၀န်ကြီးတွေ ၀န်ကလေးတွေက အင်္ဂလိပ်ရဲ့ လစာရိက္ခာတော်ထောက်ပံ့ကြေးကို လက်ခံပြီး တောင်ပေါ်မြေပြန့်က ခုခံတွန်းလှန်သူတွေကို ရွှေပြည်အေး တရားတွေလိုက်လံဟောပြောပြီး လက်နက်စွန့်ဖို့ နားချခဲ့ကြတယ်။

ရဲရဲကြီးလိုက်ခဲ့ကြ

အားမတန်လို့ မာန်လျော့ခဲ့ကြပေမယ့် လည်စင်းခံနေကြတာတော့ မဟုတ်ဘူး။ အခါအခွင့်သင့်တိုင်းပုံစံ အမျိုးမျိုးနဲ့ နိုင်ငံရေးတိုက်ပွဲတွေ ဆက်လက် ဆင်နွှဲနေကြတယ်။ ၀ိုင် အမ်ဘီအေခေတ်၊ ဂျီစီဘီအေခေတ် တွေမှာလည်း ပြည်သူတွေက အဲဒီအဖွဲ့ကြီးတွေရဲ့ ဦးဆောင်မှုနောက်က ရဲရဲကြီးလိုက်ခဲ့ကြတယ်။ ရှေ့ကဦးဆောင်သူတွေ ညီညီညွတ်ညွတ်မရှိကြဘဲ ငါးထောင်စားဖြစ်ဖို့လောက်သာ လုံးပန်းနေခဲ့ကြတာကြောင့် ရေစုန်မျောသွားခဲ့ကြရတယ်။ အဲဒီနောက်ပေါ်လာတဲ့ 'တို့ဗမာအ စည်းအရုံး' ခေတ်မှာလည်း ပြည်သူတွေက တစ်ခဲနက် ထောက်ခံအားပေးခဲ့ကြတယ်။ ဆရာစံရဲ့ တောင်သူလယ်သမား ပုန်ကန်မှုကြီးနဲ့ ရေနံမြေ အလုပ်သမားသပိတ်တိုက်ပွဲကြီးတို့ဟာ ပြည်သူတွေဘက်က ဘယ်လောက်တာဝန်ကျေသလဲ ဆိုတာပြလိုက်တဲ့ သက်သေပဲဖြစ်တယ်။ အသက်အိုးအိမ် စည်းစိမ်တွေအများကြီး ဆုံးရှုံးခဲ့ရတဲ့ ပြည်တွင်းစစ်ကြီး ဖြစ်ခဲ့ရတယ်။အဲဒီကာလတွေ တစ်လျောက်လုံးမှာ ပြည်သူတွေဘက်က တာဝန်ကျေခဲ့ကြတာချည်းပဲ။ ရှေ့ကခေါင်းဆောင် လုပ်သူတွေ တပ်လှန့် နှိုးဆော်သံပေး လိုက်တာနဲ့ ပြည်သူတွေတစ်ရပ်လုံး လှည်းနေလှေအောင်း မြင်းဇောင်းမကျန် ထွက်လာကြချည်း ဖြစ်တယ်။


ပြည်သူ့အတွက် လုပ်ဆောင်သူတွေကို ပြည်သူကအမြဲ ထောက်ခံအားပေးမှာ ဖြစ်တယ်။ ပြည်သူ့ဆန္ဒ သဘောထားကို ဂရုမစိုက်ရုံမက ပြည်သူကို နှိမ့်ချစော်ကားတဲ့ အပြုအမူမျိုး၊ လုပ်ရပ်မျိုး လုပ်ဆောင်လာရင်တော့ ပြည်သူက ဒဏ်ခတ်တာ ခံရပြီး  . . .


ခေါင်းဆောင်တွေခေါင်းရှောင်ကာ

လွတ်လပ်ရေးရပြီး နောက်ပိုင်း နှစ်တွေကို ပြန်ကြည့်၊ ပြည်သူတွေ ဘက်ကတာဝန်ကျေခဲ့ကြတာချည်းပဲ။ ဦးဆောင်ဦးရွက်ပြုခဲ့ကြသူတွေသာ တာဝန်မကျေခဲ့တာ။ 'ဒီမိုကရေစီလိုချင်ရင် လူတိုင်းပါဝင်လုပ်ဆောင်ဖို့ လိုတယ်'' ဆိုတဲ့စကားက ခေါင်းဆောင်တွေ ခေါင်းရှောင်ဖို့ ပြောတဲ့စကားဖြစ်တယ်။ ဒီမိုကရေစီဘိုးအေနိုင်ငံကြီး တွေ၊ ဒီမိုကရေစီ မိခင်နိုင်ငံကြီးတွေဆိုတဲ့ နိုင်ငံတွေမှာလည်း ပြည်သူလူထုက သူတို့ကိုယ်စားဆောင်ရွက်ဖို့ ကိုယ်စားလှယ်တွေကို မဲပေးရွေးချယ်ပြီး လွှတ်တော်ထဲမှာ ဆောင်ရွက်စေ တဲ့ 'ကိုယ်စားပြုဒီမိုကရေစီ' (repre- sentative democracy)စနစ်ကို ကျင့်သုံးနေကြတာ ဖြစ်တယ်။ ရှေးခေါမ ခေတ်ကလိုပြည်သူတွေအားလုံးပါဝင် ဆုံးဖြတ်တဲ့'တိုက်ရိုက်ဒီမိုကရေစီ' (direct democracy) မဟုတ်ပါဘူး။

ရွေးကောက်ပွဲတွေကြည့်ပါ

ဘယ်နိုင်ငံက ဘယ်ပြည်သူတွေမှ နေ့စဉ် တိုင်းရေးပြည်ရာကိစ္စတွေမှာ အချိန်ပြည့် ပါဝင်လုပ်ဆောင်ခြင်း မပြုနိုင်ပါဘူး။ အဲဒီလို ကိုယ်တိုင်အချိန်ပြည့် မလုပ်နိုင်တဲ့အတွက် ကိုယ်စားဆောင်ရွက်မယ့်သူတွေကို မဲပေး ရွေးချယ်ခဲ့ကြတာ ဖြစ်တယ်။ နိုင်ငံရေးသမားတို့၊ နိုင်ငံရေးပါတီတို့ ဆိုတာ အဲဒါကြောင့် လိုအပ်လာခဲ့ရတာဖြစ်တယ်။ ''လိုချင်ရင်ကိုယ်တိုင် လုပ်ယူ''ဆိုရင် နိုင်ငံရေးသမားနဲ့ နိုင်ငံရေးပါတီတွေရှိဖို့ ဘယ်လိုအပ်တော့မှာလဲ။ မြန်မာတွေ ဘယ်လောက်နိုင်ငံ ကြီးသားပီသပြီး နိုင်ငံရေးတာဝန်ကျေသလဲဆိုတာသိချင်ရင် ရွေးကောက်ပွဲ ကျင်းပချိန်တွေကို ပြန်ကြည့်လိုက်ပါ။

မဲပေးသူရာနှုန်း

အထက်မှာပြောခဲ့တဲ့ ဒီမိုကရေစီ ဘိုးအေနိုင်ငံကြီးတွေမှာဖြစ်ဖြစ်၊ ဒီမိုကရေစီ မိခင်နိုင်ငံကြီးတွေမှာဖြစ်ဖြစ် ရွေးကောက်ပွဲတွေ ကျင်းပတဲ့အခါမှာ မဲဆန္ဒပေးသူ အရေအတွက် ၉၀ ရာ ခိုင်နှုန်းရှိတယ်။ ၈၀ ရာခိုင်နှုန်းရှိတယ် ဆိုတာမျိုး တစ်ကြိမ်တစ်ခါမှ မကြုံဖူး၊ မကြားဖူးပါဘူး။ သူတို့ဆီမှာအလွန်ဆုံးရှိလှမှ ၆၀ ရာခိုင်နှုန်းကျော် ၇၀ ရာခိုင်နှုန်းလောက်ပါပဲ။ မြန်မာပြည်မှာ ကျင်းပခဲ့သမျှ ရွေးကောက်ပွဲတွေမှာဆိုရင် ဖဆပလခေတ် ရွေးကောက်ပွဲတွေတောင် ၇၀ ရာခိုင်နှုန်းကျော် ရှိခဲ့တယ်။ အဲဒီနောက်ခေတ် ရွေးကောက်ပွဲအားလုံးမှာတော့ လာရောက်မဲပေးသူရာခိုင်နှုန်း ၈၀ ကျော် ၉၀ ကျော် ရှိခဲ့တာချည်းပါပဲ။ 

ခါတော်မီဂုရုကြီးတွေ

ဒီအချက်တွေက မြန်မာပြည်သူတွေဟာ ဘယ်လောက် တာဝန်ကျေတယ်၊ ဘယ်လောက် နိုင်ငံရေးအသိရှိတယ်ဆိုတာကို ပြဆိုတဲ့ညွှန်းကိန်းတွေပဲ မဟုတ်ဘူးလား။ ဟောကြ၊ ပြောကြ သူတွေနဲ့ ဒီမိုကရေစီ ဖတ်စာအုပ်ရေး ကြသူတွေအားလုံး ပြည်သူလူထုကို အထင်သေး အမြင်သေးတဲ့ စကားမျိုးတွေ မပြောစေချင်ဘူး။ တကယ် တတ်သိနားလည်သူတွေက ပြောရင်တော်သေးတယ်။  ဆိုရှယ်လစ်ခေတ်တုန်းက အာဏာပါဝါရှိတဲ့ ဆိုရှယ်လစ်ကြီးတွေကို မျက်နှာချိုသွေးတည့်အောင်ပေါင်းပြီး ခေတ်ပျက်ဆိုရှယ်လစ်သူဌေးလုပ်ခဲ့သူတွေက အစိုးရက ဒီမိုကရေစီလည်း ပြောလိုက်ရော ချက်ချင်းဆိုရှယ်လစ်  မျက်နှာဖုံးချွတ်လိုက်ပြီး ခါတော်မီ ဒီမိုကရေစီ ဂုရုကြီးတွေအနေနဲ့ ဟောကြ၊ ပြောကြ ဒီမိုကရေစီ ဖတ်စာအုပ်ကြီးတွေ ရေးကြလုပ်လာကြတယ်။ အဲဒီလူတွေက မြန်မာတွေဉာဏ်ရည် နိမ့်ကျသေးတယ်။ ဒီမိုကရေစီအသိမ ရှိသေးဘူး။ လူတိုင်းလူတိုင်း ဒီမိုကရေစီ အသိစိတ်ဓာတ်မြင့်မားနေမှ ဒီမိုကရေစီနဲ့ ထိုက်တန်တယ်လို့ပြောတာ တွေကြားရတာကတော့ တော်တော်နားကြားပြင်းကပ်လှတယ်။

မြောင်းထဲရောက်သွားမယ်

နိုင်ငံတော်သမ္မတအပါအ၀င် ထိပ်တန်းခေါင်းဆောင်တွေအားလုံး လိုလိုက သူတို့အားလုံးဟာ ပြည်သူလူထုက ဆန္ဒမဲပေး ရွေးချယ်တင်မြှောက်ထားတဲ့ ပြည်သူ့ကိုယ်စားလှယ်များဖြစ်တာကြောင့် ပြည်သူ့ဆန္ဒကိုအမြဲ တမ်း လေးစားလိုက်နာရမယ်လို့ အကြိမ်ကြိမ် ပြောနေကြတယ်။ ဒါဟာပြည်သူကို ဦးထိပ်ထားရမယ်ဆိုတဲ့ သဘောဖြစ်တယ်။ ပြည်သူ့အတွက် လုပ်ဆောင်သူတွေကို ပြည်သူက အမြဲထောက်ခံအားပေးမှာ ဖြစ်တယ်။ ပြည်သူ့ ဆန္ဒသဘောထားကို ဂရုမစိုက်ရုံမက ပြည်သူကို နှိမ့်ချစော်ကားတဲ့ အပြုအမူမျိုး၊ လုပ်ရပ်မျိုး လုပ်ဆောင်လာရင်တော့ ပြည်သူက ဒဏ်ခတ်တာခံရပြီး မြောင်းထဲရောက် သွားမှာသေချာတယ်လို့ သတိပေး လိုက်ချင်ပါတယ်။

http://www.news-eleven.com/index.php?option=com_content&view=article&id=10272:2011-09-25-16-56-23&catid=78:2009-11-13-06-25-17&Itemid=135

အနှစ်သာရ ပြောင်းလာတဲ့ စာမတတ် မြောက်မှု

"စာမတတ် မြောက်မှု"ဆိုတာ ဆင်းရဲ မွဲတေမှု၊ အလုပ် အကိုင်မဲ့မှု၊ အလုပ်အကိုင် နိမ့်ကျမှု ဆိုတာတွေနဲ့ အမြဲတမ်း ဆက်စပ် ပတ်သက် နေတာပါ။

ကိုယ်တို့နဲ့အနီးဆုံး ဒီမိုကရေစီ နိုင်ငံကြီး ကိုပဲ ကြည့်ပါဦး။ အိန်္ဒိယမှာ ကလေးဦးရေ သန်း ၈၀ ဟာ အလုပ် လုပ်နေရပါတယ်။ အဲဒီကလေး တွေ အားလုံး လိုလိုက အရေး၊ အဖတ်၊ အတွက်ဆိုတာ ဘာမှန်း မသိတဲ့ စာမတတ်မြောက် သူတွေပါ။ သူတို့ဟာ တကယ့်ကို ဆင်းရဲပါတယ်။ အငတ်မခံ နိုင်တဲ့အတွက် သူတို့က အလုပ် လုပ်ချင် ကြသလို သူတို့ မိဘတွေ ကလည်း သူတို့ အလုပ် လုပ်တာကို အားပေးနေရ ပါတယ်။ သူတို့ ကျောင်းမတက် နိုင်ကြပါဘူး။ ကျောင်းမတက်တဲ့ အတွက် စာမတတ်၊ စာမတတ်တဲ့ အတွက် အသက် အရွယ်ကြီးတဲ့ အထိ ကိုယ်ကာယ အားကိုးတဲ့၊ ကျွမ်းကျင်မှု ကြီးကြီးမားမား မလိုတဲ့၊ အဆင့်နိမ့်တဲ့ အလုပ် တွေကိုပဲ လုပ်သွား ကြရမှာပါ။ တစ်နည်းအား ဖြင့်တော့ သူတို့ဘ၀ တစ်လျှောက်လုံး လူမွေး လူတောင်ပြောင်ဖို့ မဖြစ်နိုင် တော့ဘူး ဆိုပါတော့။

အိနိ္ဒယက စာမတတ်တဲ့ ကလေးငယ် တွေဟာ တစ်နေ့ကို ၁၄ နာရီလောက် အလုပ် လုပ်ကြရပြီး အဲဒီအတွက် လုပ်ခကျတော့ ခြောက်ဒေါ် လာပါတဲ့။ အုတ်ဖုတ် လုပ်ငန်းမှာ လုပ်တဲ့ကလေး တွေဟာ တစ်နေ့ကို အုတ်လုံးရေ တစ်သောင်းခွဲ လောက်ထိ လုပ်ပေး ရပါတယ်။ ဘာစက်မှ မပါဘဲ သူတို့လက်လေးတွေနဲ့ လုပ်ပေး ရတာပါ။ လုပ်ငန်းခွင် ထိခိုက်ဒဏ်ရာ တွေရကြ၊ စားချိန်မမှန် သလို တစ်ကိုယ်ရေ သန့်ရှင်းရေး ကိုလည်း ဂရု မစိုက်နိုင်တဲ့ အတွက် ဖြစ်လာတဲ့ အာဟာရ မပြည့်ဝမှုနဲ့ တခြား ရောဂါတွေရဲ့ ပြဿနာကလည်း မသေးဘူးပေါ့။ ကိုယ်တို့ဆီမှာကော အဲဒီလို ကလေးမျိုး တွေ ရှိနေတာပဲ မဟုတ်လား။ နေရာတိုင်းမှာ အလုပ် လုပ်နေရတဲ့ အတွက် စာမသင်နိုင်တဲ့၊ ကိုယ်ကာယ အားဖြင့်လည်း ကြုံလှီ၊ စိတ်အားဖြင့်လည်း ခွန်အားမဲ့ပြီး ခံစားမှု အားဖြင့်လည်း မပြည့်ဝ ဖြစ်ကြရတဲ့ ကလေးတွေကို အိမ်နားမှာ၊ လမ်းပေါ်မှာ၊ မြို့ပြမှာ၊ ကျေးလက်မှာ၊ တောင်ပေါ်မှာ၊ နေရာ တကာမှာ တွေ့နိုင်တာပါ။ သူတို့ရဲ့စိတ်နဲ့ ခန္ဓာဖွံ့ဖြိုးမှု အတွက် အန္တရာယ် များတဲ့အလုပ်ကို လုပ်နေကြရပြီး အဲဒီလို အလုပ် လုပ်ရတဲ့ အတွက် သူတို့ ရနိုင်တာကလည်း ဆင်းရဲ မွဲတေမှုပါပဲလို့ သုတေသနတွေက ဆိုပါတယ်။ အဲဒီ ကလေးတွေကို အလုပ် လုပ်နေရာကနေ ဆွဲထုတ်ပြီး စာသင်ခန်းတွေဆီ ပို့ပေးမှပဲ ဆင်းရဲတွင်းက ဆွဲထုတ်နိုင်မှာပါတဲ့။ ဒါပေမဲ့ ပြဿနာက အဲဒီ ကလေးတွေ စာတတ်သွားရုံနဲ့ မပြီးပါဘူး။

ဒီလိုပါ။ အဲဒီ ကလေးတွေက အရေး၊ အဖတ်၊အတွက် ဆိုတဲ့ "အ" သုံး လုံးတောင် မကျေတဲ့ ပကတိ စာမတတ်သူတွေပေါ့။ ဒါပေမဲ့ သေသေချာချာ စဉ်းစားတဲ့ အခါ ဆင်းရဲတွင်း နက်နေသူတွေ ထဲမှာ စာမတတ်သူ မဟုတ်တဲ့ လူတွေလည်း ပါနေတာကို သတိထားမိမှာပါ။ တကယ်တော့ ဒီနေ့ ဒီအချိန် အခါမှာ "စာတတ်မြောက်မှု"ဆိုတာကို လွယ်လွယ်နဲ့ အဓိပ္ပာယ် ဖွင့်မရနိုင်ဘူး လို့ ယူနက်စကိုက ဆိုပါတယ်။ " အ" သုံးလုံး မကျေတာဟာ "ပကတိစာ မတတ်မြောက်မှု" ဖြစ်ပေမယ့် နောက်ထပ် စာမတတ်မြောက်မှု ပုံစံတွေ ရှိပါ သေးတယ်လို့ ပညာရှင်တွေက သုံးသပ်ပြကြ ပါတယ်။ "အလုပ် ဖြစ်နေသေးတဲ့ စာမတတ် မြောက်မှု" ဆိုပါတော့။ သဘောက "အ" သုံးလုံးတော့ ကျေပါရဲ့၊ ဒါပေမဲ့ သူ သိထားတာက သိပ်နည်း နေတာမျိုးပေါ့။ မူလတန်း ပညာလောက် တတ်ထားသူတွေကို ပညာရပ် ဆိုင်ရာ ခက်ခဲတဲ့ အလုပ်မျိုး ပေးအပ်လို့ မရတာမို့ သူတို့ အနေနဲ့ "အ"သုံးလုံးတော့ ကျေပေမယ့် ဆင်းရဲတွင်း ကတော့ နက် နေဦးမှာပေါ့။

ဒီပြဿနာကို အကျယ်ချဲ့ တွေးလိုက်ရင် "အလုပ်ဖြစ်ရုံ စာတတ်မြောက်" သူတွေဆိုတာ ပြောနေကျ အတိုင်း သေစာရှင်စာ လောက်တတ်ပြီး အခြေခံ အတွက်အချက် လောက်ပဲ ရတာမျိုး ကနေ အနှစ်သာရ ပြောင်းလဲ လာနေပါတယ်။ ဟိုးအရင် ခေတ်ကတော့ ကမာပေါ်မှာ ကျွမ်းကျင်မှု မလိုတဲ့ အလုပ်အမျိုး အစားတွေ အများကြီး ရှိနေခဲ့သေး တဲ့အတွက် အဲဒီလူတွေ အတွက် ၀င်ငွေ ရဖို့ရော လူတော တိုးဖို့ပါ နေရာ မရှားလှ သေးပါဘူး။ ခုတော့ ခေတ်တွေက ပြောင်းပြီး နေရာတကာ စက်ကိရိယာ တင်မက တော့ဘဲ နည်းပညာ အသစ် အဆန်းတွေ သုံးပြီး ကုန်ထုတ်လုပ်မှု လုပ်ငန်းတွေနဲ့ ၀န်ဆောင်မှု လုပ်ငန်းတွေ လုပ်လာ ကြပြီမို့ "အ"သုံးလုံး ကျေရုံ၊ အလယ် တန်းအောင်ရုံ လောက်နဲ့တောင် အလုပ်အကိုင် ကောင်းကောင်း ရဖို့ဆိုတာ မဖြစ်နိုင် တော့ပါဘူး။ ဒီတော့ ၀င်ငွေရ ဖို့ရော လူတော တိုးဖို့ပါ အဆင် မပြေနိုင် မယ့်သူတွေ ထဲမှာ "အလုပ်ဖြစ် နေသေးတဲ့ စာမ တတ်မြောက်သူ၊ တစ်နည်း အလုပ်ဖြစ်ရုံ စာတတ် မြောက်သူ" အများအပြား ပါလာပါပြီ။

ဒါအပြင် ကမ္ဘာဆိုတာ ရွာကြီး တစ်ခုလို ဖြစ်လာတဲ့ အခါ လူမျိုး အသီးသီးဟာ နိုင်ငံ အသီးသီးမှာ အခြေချ နေထိုင်ကြကာ ဘ၀ကို ဖြတ်သန်း လာကြတဲ့ ခေတ်ဖြစ် နေပြီမို့ တောကြိုအုံကြား ကလူဟာ ကမ္ဘာ့မြို့ တော်ကြီး တစ်ခုခုမှာ အခြေချ နေထိုင်နေတာ မျိုးဖြစ်တဲ့ အခါ အဲဒီလူဟာ "စာတတ်မြောက် သူစင်စစ်"ဖြစ်နေတဲ့ တိုင်အောင် သူ အခြေချတဲ့ နိုင်ငံရဲ့ ဘာသာစကားကို အကျွမ်းတ၀င် မဖြစ်ခဲ့ရင်၊ ယဉ်ကျေးမှုကို မယဉ်ပါးခဲ့ရင် သူ့အတွက် အလုပ် အကိုင်ဆိုတာ ရှားပါး နေဦးမှာ ဖြစ်တဲ့အတွက် ၀င်ငွေရ ဖို့ရော လူတော တိုးဖို့ပါ ခက်ခဲနေဦး မှာပါ။ အိန္ဒိယ မြောက်ပိုင်း မီဝပ်က ဘွဲ့ရ ပညာတတ်ဟာ လတီကျု ဒီတစ်တန်း တည်းမှာရှိတဲ့ မြောက် အမေရိက မြို့ကြီးတစ်မြို့မှာ အခြေချတဲ့ အခါ သူ တတ်ထားတာ တွေဟာ အဲဒီ အရပ်မှာ စံမမီတဲ့ အတွက် သူ့ရွာက အုတ် ဖုတ်နေရတဲ့ ကလေးတွေလို ဆောက်လုပ်ရေး လုပ်ငန်း တစ်ခုခုရဲ့ သာမန် ၀န်ထမ်းတစ်ဦး ဖြစ်နေရတယ်ဆိုရင် သူ့ကို "စာတတ်မြောက်သူ၊ ပညာ တတ်"လို့ ဆိုနိုင်ပေမယ့် တကယ်တော့ "အလုပ်ဖြစ်ရုံ စာတတ်မြောက်သူ" အဆင့်မျိုးမှာပဲ ရှိနေမှာပါ။

အဲဒီလိုပဲ ကိုယ့်ရေမြေမှာ သက်မွေးပညာ ရှင်ရယ်လို့ ၀င်ငွေရ၊ လူတောတိုး ခဲ့ပေမယ့် ဘာသာစကား၊ နည်းပညာ၊ ယဉ်ကျေးမှုတွေ မတူညီတဲ့ ရေမြေဒေသ ကိုလည်း ရောက်ရော ကိုယ့်သက်မွေး ပညာနဲ့ ပတ် သက်တဲ့ အလုပ်အကိုင်ကို မလုပ်ရနိုင်ပဲ အဆင်ပြေရာ အလုပ်ကို လုပ်ရတဲ့ အတွက် "စာတတ်သူ"ဘ၀ကနေ "စာမတတ်သူ"ဘ၀မျိုး ဖြစ်သွားကြရ သူတွေဟာ ဒီနေ့ကမ္ဘာကြီးမှာ ဒုနဲ့ဒေးပါ။ ဒါကို တချို့က ဦးနှောက်ယိုစီး တယ်လို့ပြောမှာ ဖြစ်ပြီး တချို့ကတော့ ပညာတွေ လေလွင့် သွားတယ်လို့ ပြောကြပါတယ်။ ဒီတော့ "စာမတတ် မြောက်မှု"ရဲ့ အနှစ်သာရက "အ" သုံးလုံးကျေခြင်း၊ မကျေခြင်း ပေါ်မှာ မူမတည် တော့တာ ရှင်းလာပြီပေါ့။

စပိန် စာရေးဆရာ ပီဒရို ဆလီနာ ကတော့ "စာမတတ် မြောက်သူ" ဆိုတာ ကို အဓိပ္ပာယ်တစ်မျိုး ဖွင့်ပြန်တာပါ။ သူက "စာမတတ်မြောက်သူ အသစ်များ" လို့ သုံးပါတယ်။ သူ့အနက် အရ "စာမတတ်မြောက်သူ အသစ်" ဆိုတာတွေက "အ" သုံးလုံးတောင် မကျေဘူး ဆိုတဲ့ ငရဲထဲမှာလည်း မရှိနေ၊ စာဖတ်ခြင်းရဲ့ နိဗ္ဗာန်ဘုံမှာလည်း မရှိနေဘဲကြားမှာ ဇော်ကန့်လန့် ဖြစ်နေ သူတွေပါတဲ့။ သူက "အ" သုံးလုံးမကျေ သူတွေကို စာနာသနား ပေမယ့် လေးစား မိတာတော့ အမှန်ပါလို့ ဆိုပါတယ်။ "အ"သုံး လုံးမှ မကျေပေမယ့် လူသားဆန်ကြ၊ အပြုအမူတွေ သိက်္ခာရှိကြကာ ဆင်ခြင်ဉာဏ် ရင့်သန်ကြ သူတွေ အများကြီးမို့ သူက အဲဒီလို လူတွေကို လေးစားတာ ပါတဲ့။ ဒါပေမဲ့ သူမလေးစား နိုင်သူ တွေကတော့ သူက နာမည်ပေးထားတဲ့ "စာမတတ်မြောက်သူ အသစ်" တွေပါတဲ့။ အဲဒီလူတွေက ဘယ်လိုလူ တွေလဲ ဆိုတာကို သူက နှစ်မျိုးခွဲပြ သေးတာပါ။

တစ်မျိုးက ရေးတတ်၊ ဖတ်တတ်၊ ပညာတတ် ကြပေမယ့် စာဖတ်ဖို့ မကြိုးစား ကြသူတွေ ပါတဲ့။ အဲဒီ လူတွေဟာ စာတစ်စောင်ကို မဖြစ်မနေ ဖတ်ကြရမယ့်အခါမျိုး၊ ရုပ်ရှင်ရုံ ဆိုင်းဘုတ်နဲ့ ကြော်ငြာတွေကို မြင်မိတဲ့ အခါမျိုး၊ ဖုန်းနံပါတ် ရှာဖို့ လိုတဲ့ အခါမျိုးနဲ့ တခြား တခြားသော မဖြစ်မနေ အခြေ အနေမျိုးကို ဆိုက်ခါမှ သူတို့တတ်ထားတဲ့ စာဖတ်ခြင်း အမှုကို ထုတ်သုံးကြတဲ့ သူတွေပေါ့။ သူက အဲဒီလို "လုံးဝ ဥဿုံ စာမတတ် မြောက်သူ အသစ်"တွေကိုဖြင့် မလေးစားနိုင် ပါဘူးတဲ့။ သူက ဒီအကြောင်းကို ၁၉၄၅ ခုနှစ်မှာ ရေးခဲ့တာ ဆိုတော့ ခုနေသူ ပြန်အသက်ရှင် လာရင် သူမ လေးစားနိုင်တဲ့ "လုံးဝဥသုံ စာမတတ်မြောက် သူအသစ်" မျိုးဆက် အကြီးကြီးကို တွေ့ပြီး ပြန်သေသွား မှာလား မသိပါဘူး။ သေချာတာ ကတော့ အဲဒီမျိုး ဆက်ဟာ ဒီရေဒီမြေ မှာတော့ အတော်ကြီး ပြန့်ပွား နေပါပြီ။ ရုပ်ရှင် စာတန်းထိုးနဲ့ ဖက်ရှင်ကြော်ငြာ ပေါ်က စာကိုပဲ ဖတ်တဲ့ "လုံးဝဥဿုံစာမတတ် မြောက်သူ အသစ်" တွေ ဟာ အိနိ္ဒယက အုတ်ဖုတ်ကလေး လေးတွေကို အားကျနေတာ မဟုတ် နိုင်ပေမယ့် အဲဒီကလေးတွေရဲ့ ဂုဏ်ပုဒ်အတိုင်း ကျင့်ကြံနေ တာတော့ သေချာ နေပါတယ်။ ထားပါတော့။

ပီဒရို ပြောတဲ့ နောက်တစ်မျိုး ကတော့ "တစ်ဝက် တစ်ပျက်စာ မတတ် မြောက်သူ အသစ်" ပေါ့။ အဲဒီလူတွေ ကတော့ စာအုပ်ဆိုင်လေး တွေဆီ မှန်မှန်သွားကြပါရဲ့၊ ဒါပေမဲ့ သူတို့လက်ရှိ အလုပ်နဲ့ ဆိုင်တဲ့ ပညာရပ် ဆိုင်ရာ အကြောင်း အရာလေး အနည်း အကျဉ်းနဲ့ လစဉ်ထုတ် စာစောင်လေး အနည်းအကျဉ်း လောက်ကိုပဲ အမြဲဖတ်ပြီး ကျန်တဲ့စာ ဆိုရင် ဘာစာအုပ်၊ ဘာစာ စောင်မှ ဖတ်ဖို့ စိတ်မကူး ကြသူတွေပါ ဘဲတဲ့။ အဲဒီလို စာဖတ်သူတွေ ဆိုတာ ကလေးတွေ ကားရုပ်ဆက်တမ်း ကစားကြတဲ့ အခါ အချိန်ကြာ ပေမယ့် အရုပ် အမှန် မထွက်လာ သလို အချိန်တွေ ဘယ်လောက်ကြာအောင် ဖတ်ဖတ် ကျယ် ပြန့်တဲ့ အတွေး အမြင်မျိုး၊ ခြုံငုံသုံးသပ် တတ်တာမျိုး ဖြစ်မလာ ပါဘူးတဲ့။

အဲဒါကြောင့် အဲဒီလို စာဖတ်သူ တွေကို သူက "တစ်ဝက်တစ်ပျက် စာမတတ် မြောက်သူအသစ်" လို့ ခေါ်ပါတယ်။ အဲဒီလို လူမျိုးကိုတော့ သူက လေးစား လို့ မရရုံမက သနားမိတာပါပဲတဲ့။ သူတို့က စာဖတ်တယ် ဆိုတာ ဖတ်တတ်လို့ ဖတ်တာမျိုး ဖြစ်ပြီး လေ့လာဖို့ ဖတ်တာမျိုး မဟုတ်ကြ ပါဘူး။ ဒါကြောင့် အဲဒီလို လူမျိုးတွေက "အ" သုံးလုံးမှ မကျေတဲ့ "ပကတိစာ    မတတ်မြောက်သူ" တွေထက် ပိုအန္တရာယ် များတယ်လို့ သူက ယူဆပါတယ်။ အကြောင်းကတော့ သူတို့ဟာ စာဖတ်တဲ့ အလုပ်တော့ လုပ်နိုင်ကြ ပေမယ့် စာပေရဲ့ တန်ဖိုးကိုတော့ မသိကြ၊ စာပေ တန်ဖိုးနဲ့ ပတ်သက်တဲ့ ပညာဉဏ်မျိုး မရှိကြလို့ ပါဘဲ။ သူတို့ကိုယ် သူတို့ စာတတ်တယ်၊ ပညာ တတ်တယ်လို့ ယူဆထားကြတဲ့ အတွက် နောက်ထပ် အပြောကျယ်တဲ့ ပညာနယ်ပယ် ထဲကို သူတို့တတ် ထားတဲ့ "စာဖတ်ခြင်း" အတတ်နဲ့တောင် ဆက်သွားစရာ မလိုတော့ဘူး ထင်နေကြရင် အဲဒီ လူတွေဟာ လုံးလုံး စာမတတ်တဲ့ အတွက် စာမဖတ်နိုင် ကြသူတွေထက် ပိုဆိုး ပါတယ်လို့ သူက ဆိုလိုတာပါ။

ကယ်တော့ သူ ညွှန်းတဲ့ "တစ်ဝက်တစ် ပျက် စာမတတ်မြောက်သူအသစ်" မျိုးဆက်ဟာ အခုအချိန်မှာ ကူးစက် ရောဂါတစ်ခုလို ပြန့်တာ မြန်ဆန်နေကြောင်း ပီဒရို မသိသွား ရှာပါဘူး။ သူက ၁၉၅၁ ခုနှစ်မှာ ကွယ်လွန်ခဲ့ပါတယ်။ သူ့စံ အရဆိုရင် ဒီနေ့ကမ္ဘာမှာ "စာတတ်မြောက်သူ"လို့ ပြောနိုင်မယ့်လူဦးရေဟာ အတော်ကြီး နည်းသွားမှာ အမှန်ပါပဲ။ စာမတတ်ရင် ဆင်းရဲတွင်း နက်တယ်လို့ ယူဆကြတာ ဆိုတော့ ဒီကနေ့ နည်း ပညာအသစ် အဆန်းတွေ ပေါ်ပြီးရင်း ပေါ်နေတဲ့ အချိန်မှာပဲ ကမ္ဘာ့ စီးပွါးရေးက အခြေအနေ မဟန်တာကို ကြည့်ရင်း "စာမတတ် မြောက်သူ"အသစ် အသစ်တွေ အမျိုးအစား အမျိုးမျိုး ပေါ်ပေါက် လာတာကြောင့်များ ကမ
ာကြီး  ဆင်းရဲတွင်းနက် လာသလားလို့ တွေးမိ ရပါတယ်။ စီးပွားရေးခက် ခဲချိန်မှာ မဂ္ဂဇင်းကြီးတွေ၊ သတင်းစာ တိုက်ကြီး တွေနဲ့ စာအုပ်ဆိုင် ကြီးတွေ ရပ်ဆိုင်း လိုက်ရတဲ့ သတင်းက ပိုများ လာသလို စာဖတ်စရာ မလိုဘဲ အရုပ်ကြည့်၊ အသံ နားထောင်ရမယ့် မီဒီယာတွေ ပိုအလုပ် ဖြစ်လာ နေတာလည်း တွေ့နေရတာ ပဲကိုး။ ဒါပေမဲ့ ပြည်သူ့စာကြည့် တိုက်ဆိုတာမျိုး အသစ်အသစ် ပေါ်လာပြီး စာဖတ်တတ်သူ အများ အပြားက လာရောက်ဖတ်ရှု လေ့လာကြတယ်ဆိုတဲ့ သတင်းကတော့ မကြားရ သလောက်ပါဘဲ။

စာတတ်မြောက်သူ စင်စစ်ဖြစ်ဖို့ ဆိုတာ တကယ်ပဲ ခဲယဉ်း နေပါသလား။ ကိုယ်တို့တစ်တွေ "စာတတ်မြောက်သူ စင်စစ်" ဖြစ်ကြရဲ့လား။ အိနိ္ဒယက အုတ်ဖုတ်တဲ့ စာမတတ် မြောက်သူ ကလေးတွေကို သနားပြီး ကိုယ့်ကိုယ်ကိုယ် သနားဖို့ မေ့နေမိကြ ပြီလား။ စာမတတ် သူတွေကို "အ" သုံးလုံးကျေအောင် ကြိုးစားဖို့ လောက်ပဲ အာရုံထားပြီး "အ" သုံးလုံးကျေပြီး သူတွေ "စာဖတ်" ဖြစ်ကြအောင် မကြိုးစား ကြရင် ကမ္ဘာ့ ဆင်းရဲတွင်းဟာ တိမ်လာနိုင် ပါဦး မလား။ "အလုပ်ဖြစ်ရုံ စာတတ်သူ" နဲ့ "စာမတတ် မြောက်သူ အသစ် အသစ်" တွေ ဆက်လက်ထွန်းကား နေတာကို မတားနိုင်တဲ့ အတွက် ဆင်းရဲတွင်း ပုံကား ချပ်ကို အမှန်အတိုင်း နေရာတကျ မမြင်နိုင်ဘဲ ရှိနေတာ များလား။ ကိုယ့်ကိုယ် ကိုယ် "စာတတ်မြောက်သူ"လို့ မိရိုးဖလာ ယုံကြည်ထား ကြသူတွေ        စဉ်းစားကြရ အောင်ပါ။

မသီတာ၊စမ်းချောင်း၊
Ref: The new illiterates by Pedro Salinas

Credit: http://www.shweamyutay.com/index.php?option=com_content&view=article&id=3478:2011-09-26-11-07-17&catid=102:2008-06-08-20-02-17&Itemid=656

Tuesday, September 27, 2011

ပင်လယ်စာ အစုံသုပ်ဟင်း၊ မြေပဲငါးပိချက်နဲ့တို့စရာ၊ ဘူးသီးဟင်းချို

(၆) ရက်မြောက်နေ့
ပင်လယ်စာ အစုံသုပ်ဟင်း၊ မြေပဲငါးပိချက်နဲ့တို့စရာ၊ ဘူးသီးဟင်းချို
ပုစွန်ဆတ်ထုပ် (ခေါင်းမပါ) - ၃၀ ကျပ်သား
ပြည်ကြီးငါး - ၄၀ ကျပ်သား
ဂဏန်း (အမ) - ၄ကောင်
ကြက်သွန်နီ - ၃ ဥ (အခွံနွှာ ပါးပါးလှီး ရေဆေးထားပါ)
ခရမ်းချဉ်သီး - ၅ လုံး (ရေဆေးပြီး ပါးပါးလှီးပါ)
ငရုတ်သီးစိမ်း - ၁၅တောင့် (ရေဆေးပြီး အကွင်းလိုက် လှီးထားပါ)
နံနံပင် - အနည်းငယ် (ရေဆေးပြီး နုပ်နုပ်စဉ်းထားပါ)
မြေပဲလှော် - နှစ်ကျပ်ခွဲသား (မညက်တညက်ထောင်းပါ)
ဆား၊သကြား၊ငံပြာရည် - အနည်းငယ်စီ
သံပရာသီး - ၂ လုံး
ပထမဆုံး ပုစွန်ကို ကျောမှချေးကြောင်းထုတ်၍ ရေဆေးပြီး အချို၊အငန်နယ်၍ ကျက်အောင်ပြုတ်ထားပါ။ ပြည်ကြီးငါးကိုလည်း အရိ အရွဲများစင်အောင် ပြုလုပ်ပြီး ကျက်အောင်ပြုတ်ပါ။ ပြီးရင် ပြည်ကြီးငါးကို အကွင်းလိုက် မထူမပါး လှီးထားပါ။ ဂဏန်းကို ရေစင်အောင် ဆေး၍ ကျက်အောင်ပြုတ်ပြီး အသားနွှင်ထားရပါမယ်။
အားလုံး ပြင်ဆင်ပြီးပြီဆိုရင် အ၀ကျယ်တဲ့ ပန်းကန်တစ်ချပ်ထဲမှာ ပုစွန်၊ ပြည်ကြီးငါး၊ ဂဏန်းအသားနဲ့ အရံသင့်ပြုလုပ်ထားတဲ့ ကြက် သွန်နီ၊ ခရမ်းချဉ်သီး၊ နံနံပင်၊ မြေပဲလှော်နဲ့ အရသာအချို၊အငန်နဲ့ သံပရာသီး အရည်ညှစ်ထည့်ပြီး အားလုံးသမအောင် ရောနယ်ပါ။ ပြီးရင် အရသာမြည်းပြီးပြီဆိုရင် သံပရာရနံ့နဲ့ နံနံပင်ရနံ့လေးမွှေးနေတဲ့ ပင်လယ်စာအစုံသုပ်ရပါပြီ။
မြေပဲငါးပိချက်နဲ့ တို့စရာအစုံ (ပြင်ဆင်ချက်ပြုတ်ပုံ)
မြေပဲလှော် - ၁၀ကျပ်သား (မညက်တညက်ထောင်းထားပါ)
ကြက်သွန်နီ - ၂ ဥ (မညက်တညက် ထောင်းထားပါ)
ကြက်သွန်ဖြူ - ၁၅ မြွှာ (ညက်ညက်ထောင်းထားပါ)
ငရုတ်သီးအစိမ်းမှုန့် - အနည်းငယ်
မျှင်ငါးပိ - ကွမ်းသီးလုံးခန့် (ရေအနည်းငယ်နဲ့ဖျော်ထားရန်)
 ဆား၊ သကြား - သင့်တင့်ရုံ
ဆီ - ၅ကျပ်သား
ငရုတ်သီးစိမ်း - ၁၅တောင့် (ရေဆေးပြီး ထက်ခြမ်း ခြမ်းထားရန်)
နံနံပင် - အနည်းငယ်
ပထမဆုံး ဆီအိုးထဲတွင် ထောင်းထားတဲ့ ကြက်သွန်အနီ၊ အဖြူ များဆီသတ်ပါ။ ကြက်သွန်များ ရွှေဝါရောင်သမ်းလာရင် ငရုတ်သီးအစိမ်း  မှုန့် ထည့်မွှေပါ။ ငရုတ်သီးအစိမ်းနံ့ပျောက်ရင် မျှင်ငါးပိ၊ မြေပဲ၊ ဆား၊ သကြား အားလုံးထည့်ပြီး သမအောင်မွှေပေးပါ။ ပြီးရင် ရေအနည်း ငယ်ထည့်ပြီး အဖုံးခဏအုပ်ထားပါ။ ငါးပိချက် ဆီပြန်လာရင် ငရုတ်သီးစိမ်းနဲ့ နံနံပင်များထည့်ပြီး ဟင်းအရသာမြည်းပြီးလျှင် မြေပဲငါးပိ ချက်ဟင်း ကျက်ပါပြီ။
မြေပဲငါးပိချက်ဟင်းနှင့် တွဲဖက်စားသောက်နိုင်တဲ့ တို့စရာအစုံအလင်
သခွားသီး၊ ရှောက်ရွက်၊ ခရမ်းကြွပ်သီး၊ ပဲပင်ပေါက်ချဉ်ဖတ်။
ဘူးသီးဟင်းချို
ဘူးသီးနုနု - ၁စိတ် (ခပ်နုပ်နုပ်လှီးပြီး ရေဆေးထားပါ)
ပုစွန်ခြောက်မှုန့် - စားပွဲတင်ဇွန်း ၂ ဇွန်း
ကြက်သွန်ဖြူ - ၁၀မြွှာ (မညက်တညက်ထောင်းပါ)
ဆား၊ငံပြာရည် - အနည်းငယ်
ကြက်သားမှုန့် - သင့်ရုံ
အနေတော် အိုးတစ်လုံးထဲတွင် အထက်ပါပစ္စည်းများ အားလုံးနှင့်ရေကို သင့်တင့်ရုံထည့်ပြီး ဟင်းရည်ပွက်ပွက်ဆူတဲ့အထိ တည်ပေးပါ။ ဟင်းရည်ဆူပွက်ပြီး ဘူးသီးနူးလာရင် အရသာမြည်းကြည့်ကာ မီးဖိုပေါ်မှ ချလို့ရပါပြီ။

Saturday, September 24, 2011

ဘယ်သူအာဏာပိုင်လဲ

Written by လူထုစိန်ဝင်း   

အာဏာပိုင်များ၊ အာဏာပိုင်အဖွဲ့အစည်းများဆိုတဲ့ စကားဟာ မြန်မာစကားမှာ အတော်တွင်တွင်ကျယ်ကျယ် သုံးစွဲနေကြတဲ့ စကားများဖြစ်တယ်။ အစိုးရဌာနဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ အစိုးရ၀န်ထမ်းတွေကို ရည်ညွှန်းပြောဆိုကြတာပါ။

တစ်ချက်လွှတ်အမိန့်
တစ်ပါတီတစ်ဖွဲ့တစ်စည်းက အာဏာသုံးရပ်စလုံးကိုချုပ်ကိုင်ထားပြီး တစ်ချက်လွှတ်အမိန့်ပြန်တမ်းများနဲ့ အုပ်ချုပ်တဲ့အာဏာရှင်စနစ် အောက်မှာတော့ ဒီအသုံးအနှုန်းများဟာ လျော်ကန်သင့်မြတ်တယ်လို့ ဆိုနိုင်တယ်။ ဒါပေမယ့် ဖွဲ့စည်းပုံအခြေခံ ဥပဒေတွေ၊ ရွေးကောက်ပွဲတွေ၊ လွှတ်တော်တွေလို ဒီမိုကရေစီပြယုဂ်တွေ အစုံအလင်နဲ့ အစိုးရမျိုးလက်ထက်မှာတော့ ဒီအသုံးအနှုန်းတွေဟာ ဆီလျော်အပ်စပ်ခြင်းမရှိတော့လို့ မသုံးသင့်တော့ဘူး။ သက်ဆိုင်ရာဌာနများ၊ အစိုးရ၀န်ထမ်းများဆိုတဲ့ စကားလုံးတွေနဲ့ အစားထိုးသုံးစွဲသင့်ကြတယ်။

ဖျောက်ဖို့ခက်ပေမယ့်
နှစ်ပေါင်းငါးဆယ်လောက် ပါးစပ်ထဲမှာစွဲနေတာတွေမို့ ရုတ်တရက် ဖျောက်ဖို့ခက်တာမှန်ပေမယ့် နေ့စဉ်တဖွဖွပြောနေကြတဲ့ ဒီမိုကရေစီဆိုတဲ့ အသံနဲ့နည်းနည်းမှ မအပ်စပ်ပါဘူး။ ပျောက်အောင် ဖျောက်ရပါလိမ့်မယ်။ အာဏာပိုင်ဆိုတဲ့စကားဟာ ကိုလိုနီခေတ်မှာ အတော်လေးသုံးစွဲကြတယ်။ အထူးအာဏာရ ရာဇ၀တ်တရားသူကြီးတို့ အထူးအာဏာရ ငွေဓားလွယ်ဆုရ သူကြီးမင်းတို့ စသဖြင့်သုံးကြတယ်။ မြို့အုပ်မင်းရုံးထိုင်လို့ သူကြီးမရှိတဲ့ မြို့နယ်လေးတွေမှာတော့ အရပ်ထဲက လူရိုသေရှင်ရိုသေပုဂ္ဂိုလ် တစ်ယောက်ယောက်ကိုရွေးပြီး သမာဓိမြို့ဝန်မင်းတို့၊ အထူးအာဏာရသမာဓိမြို့ဝန်မင်း တို့ဆိုပြီး ခန့်ထားခဲ့ကြတယ်။

မတော်လှန်ရဲအောင်
ကိုလိုနီလက်အောက်ခံနိုင်ငံတိုင်းမှာ အုပ်ချုပ်သူမျက်နှာဖြူ အရှင်သခင်ကြီးတွေက အာဏာပိုင်သခင်ကြီးတွေဖြစ်ပြီး ဌာနတိုင်းရင်းသားအုပ်စိုးခံတွေက ကျွန်တွေအစေအပါးတွေ ဖြစ်ကြတယ်။ အုပ်စိုးခံတွေ ကြောက်လန့်ပြီးမတော်လှန်ရဲအောင် အနိမ့်ဆုံးအဆင့် သူကြီးလောက်ကို အထူးအာဏာရသူကြီးမင်းတို့၊ ငွေဓားလွယ်ဆုရ သူကြီးမင်းတို့ လုပ်ထားကြတယ်။ မျက်နှာဖြူဘုရင်ခံနဲ့ အပေါင်းပါတွေတောပစ်ထွက်ရာမှာ လူတွေမောင်းထုခေါ်ပြီး တောခြောက်ပေးတဲ့ သူကြီးကလည်း 'ဘုရင်ခံမင်းတရားကြီး၏ ခြောက်လုံးပြူးဆုတော်မြတ် ပေးသနားခြင်းခံရသော အထူးအာဏာရ တိုက်သူကြီးမင်း' ဆိုတာမျိုးဖြစ်နေတယ်။ အဓိကကတော့ သာမန်တိုင်းသူပြည်သားတွေ ခေါင်းမဖော်ရဲအောင် ချိုးနှိမ်ဖိနှိပ်ထားဖို့ဖြစ်တယ်။

ကြောက်စိတ်မပျောက်
ကိုလိုနီနယ်ချဲ့သမားတွေရဲ့ အကြောက်တရားနဲ့ အုပ်စိုးခြင်းနည်းဗျူဟာက တော်တော်ထိရောက်တယ်။ ကိုလိုနီလက်အောက်ခံဘ၀ လွတ်မြောက်လာခဲ့တာ နှစ်ပေါင်းခြောက်ဆယ်ကျော်နေပြီ ဖြစ်တာတောင် မြန်မာလူမျိုးများဟာ ရုံးပြင်ကနားသွားရမှာ အင်မတန်ကြောက်ကြတယ်။ သခင်မျိုးဟေ့ တို့ဗမာလို့ပါးစပ်က ဘယ်လောက်အော်နေအော်နေ ကြောက် စိတ်ကဘယ်လိုမှ ဖျောက်လို့မပျောက်သေးဘူး။ ရုံးနားဂါတ်နားရောက်ရင် အလိုလိုနေရင်း ကျောထဲကစိမ့်စိမ့် လာတတ်ကြတယ်။ ဘယ်လောက်ပဲပြောပြော ယူနီဖောင်းဝတ်နဲ့ ရဲစာသင်(ဆာဂျင်)လောက် လာရင်ကို အာဏာပိုင်ပုဂ္ဂိုလ်ကြီးလာတယ်၊ အာဏာပိုင်အဖွဲ့အစည်းတွေ လာတယ်ဆိုပြီး ခြေမကိုင်မိလက်မကိုင်မိ ပျာပျာသလဲဖြစ်နေကြရတယ်။

အရက်ယူခဲ့၊ ကြက်ယူခဲ့
'ပညတ်သွားရာဓာတ်သက်ပါ' ဆိုတဲ့စကားရှိထားတဲ့အတိုင်း ရဲစာသင်လောက်၊ မြို့အုပ်မင်းရဲ့တောလိုက်စာရေးလောက်၊ ပျာတာတော်မင်းလောက်ကလည်း သူတို့ကိုယ်သူတို့ တကယ်ကိုအာဏာပိုင်စိုးတဲ့ ပုဂ္ဂိုလ်ကြီးများအဖြစ် မှတ်ယူနေကြပြီး အရပ်သူအရပ်သားများကို တွေ့တာနဲ့ ဟိန်းဟောက်ခြိမ်းခြောက် လုပ်ကြတယ်။ အရက်ယူခဲ့၊ ကြက်ယူခဲ့နဲ့ အာဏာပါဝါပြကြတယ်။ တောသူတောင်သားတွေသာမဟုတ်ဘူး မြို့ပေါ်ကပညာတတ် လူတန်းစားတွေတောင် ဟိန်းဟောက်ခြိမ်းခြောက်ရင် ကြောက်ဒူးတုန်ကြတယ်။ အကျိုးသင့်အကြောင်းသင့် ပြန်လှန်မပြောရဲကြဘူး။ နှုတ်ဆွံ့ပြီး အ,အကြီးတွေလို ဖြစ်နေကြတော့တယ်။

ခေတ်ကြီးပြောင်းနေပြီ
အဲဒါကြောင့် 'ပညတ်သွားရာ ဓာတ်သက်ပါ' မဖြစ်ရလေအောင် အာဏာပိုင်ပုဂ္ဂိုလ်များတို့၊ အာဏာပိုင် အဖွဲ့အစည်းများတို့ဆိုတဲ့ အသုံးအနှုန်းတွေကို ပပျောက်စေချင်တာပါ။ ဘာပဲပြောပြော ခေတ်ကြီးကပြောင်းနေပါပြီ။ အရှေ့အလယ်ပိုင်းက ဘုရင်ကြီးတွေ၊ ဆူလတန်ကြီးတွေနဲ့ အာဏာရှင်ကြီးတွေ တစ်ယောက်ပြီး တစ်ယောက် ရာဇပလ္လင်ပေါ်က ဆင်းသွားကြရပါပြီ။ မြန်မာပြည်မှာလည်း ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနဲ့၊ ရွေးကောက်ပွဲနဲ့ လွှတ်တော်နဲ့ဖြစ်နေပြီ။ တစ်ခေတ်ပြောင်းဖို့ တာစူချိန်ရောက်နေပြီ။

အမေးနဲ့ အဖြေ
ဒီနေရာမှာ ၁၁-၉-၂၀၁၁ နေ့ထုတ် မော်နီတာဂျာနယ်မှာပါတဲ့ အမေးအဖြေလေးတစ်ခုကို ကောက်နှုတ်ဖော်ပြချင်ပါတယ်။ မေးသူကို 'ဦးမြတ်ခိုင် (လျှပ်တပြက်သတင်းဂျာနယ်၊ မော်နီတာသတင်းဂျာနယ် အယ်ဒီတာချုပ်)'လို့ ဖော်ပြထားပြီး အမေးခံပုဂ္ဂိုလ်ကတော့ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းဖြစ်ပါတယ်။
မေး - "ပြည်ထောင်စုဝန်ကြီးအနေနဲ့ ကျွန်တော်တို့သတင်းသမားတွေ တွေ့ဆုံရတာ ဒုတိယအကြိမ်ဖြစ်ပါတယ်။ ကျွန်တော်တို့အပြင်မှာ ကြားသိနေရတာ အဘဦးစိုးသိန်းတို့ အဖွဲ့ကပျော့ပျောင်းတဲ့အဖွဲ့လို့ ကျွန်တော်တို့သိရပါတယ်။ ဒီမိုကရေစီ နည်းလမ်းတကျသွားနေတဲ့ ပြည်ထောင်စုဝန်ကြီးလို့ သိရပါတယ်။ အဲဒါ ဟုတ်ပါသလားလို့ သိလိုပါတယ်။ အဲဒါနံပါတ် ၁ အချက်ပါ။ နံပါတ် ၂ အချက်ကတော့ နိုင်ငံခြားငွေနဲ့ ကားဝယ်ခွင့်ရတယ်ဆိုတဲ့အခါမှာ ပိုက်ဆံရတဲ့နည်းလမ်း၊ ဥပမာငွေဖြူကိစ္စ၊ ငွေမည်းကိစ္စတွေ ပြဿနာရှိလား၊ အဲဒါကိုသိလိုပါတယ်။ ကျေးဇူးတင်ပါတယ်။'

ပြည်သူလူထုကရွေးချယ်တင်မြှောက်ထား

ပြည်ထောင်စုဝန်ကြီးဦးစိုးသိန်းအဖြေ

ကျွန်တော်က ဒီမှာလာတာ ဧည့်သည်ဗျ။ သို့သော်လည်း လာကူညီတာပေါ့လေ။ ဘာပဲဖြစ်ဖြစ် ပျော့ပျောင်းတယ်၊ မာတယ်ရယ်လို့ မဟုတ်ဘူးဗျ။ ကျွန်တော်တို့က ပြည်သူလူထုက ရွေးချယ်တင်မြှောက်ထားတဲ့ ပြည်သူ့ကိုယ်စားလှယ်တွေ ဖြစ်ပါတယ်။ ကျွန်တော်က ကျွန်းစုမြို့နယ်က ပြည်သူ့ကိုယ်စားလှယ် ဖြစ်ပါတယ်။ ပြည်သူအနေနဲ့ ရွေးချယ်တင်မြှောက်ခံရပြီး ပြည်ထောင်စုဝန်ကြီးတာဝန်ကို နိုင်ငံတော်သမ္မတက တာဝန်ပေးထားတာပါ။ ပြည်သူ့အကျိုးအတွက် ကျွန်တော်တို့လုပ်ကြဖို့ ဝန်မလေးတာပါ။ တကယ်လုပ်ရမယ့်အလုပ်ဆိုရင် ကျွန်တော်တို့သံမဏိကဲ့သို့ တကယ်မာပါတယ်"
ပြည်ထောင်စုဝန်ကြီးဦးစိုးသိန်းက ပြည်သူလူထုက ရွေးချယ်တင်မြှောက်ထားတဲ့ ပြည်သူ့ကိုယ်စားလှယ်ဖြစ်လို့ ပြည်သူ့အကျိုးအတွက် လုပ်ကြဖို့ ၀န်မလေးတာပါလို့ ပြောသွားတာကျေနပ်စရာပါ။ ခေတ်ပြောင်းသွားပြီလို့ ၀န်ကြီးကအသိအမှတ်ပြုတဲ့ သဘောလို့ ယူဆပါတယ်။ ၀န်ကြီးဟာ အရင်အစိုးရလက်ထက်က ဒုတိယကာကွယ်ရေးဦးစီးချုပ်(ရေ) တာဝန်ထမ်းဆောင်ခဲ့တဲ့ ဒုတိယဗိုလ်ချုပ်ကြီးအဆင့်ပုဂ္ဂိုလ်ပါ။

အကျင့်ဆိုးမဖျောက်နိုင်
ပြည်ထောင်စုဝန်ကြီးဦးစိုးသိန်းလို ဒုတိယဗိုလ်ချုပ်ကြီးအဆင့်ထိ တာဝန်ယူခဲ့ရတဲ့ ပုဂ္ဂိုလ်ကြီးတစ်ဦးက ခေတ်ပြောင်းသွားတာကို လက်ခံအသိအမှတ်ပြုပြီး ပြည်သူက ရွေးချယ်တင်မြှောက်ထားတဲ့ ပြည်သူ့ကိုယ်စားလှယ် တစ်ဦးအနေနဲ့ ပြည်သူ့အကျိုးကို လုပ်ဆောင်ဖို့ ၀န်မလေးပါလို့ ပြောပေမယ့် ဗျူရိုကရေစီယန္တရားကြီးအတွင်းက ရုံးတစ်လုံး ဓားတစ်စင်း အာဏာရှင်စိတ်ဓာတ် မပျောက်သေးတဲ့ ဗျူရိုကရက်ကြီးတွေနဲ့ ဗျူရိုကရက်ကလေးတွေကတော့ ထမင်းကျွေးတဲ့လက်ကို ပြန်ကိုက်တဲ့အကျင့်ဆိုးတွေကို မဖျောက်နိုင်ကြသေးတာ တွေ့ရတယ်။ ကိုယ်ရုံးဌာနရှေ့ရောက်လာသူ မှန်သမျှကို ဟိန်းဟောက်ခြိမ်းခြောက်ပြီး အာဏာပါဝါပြတာမျိုးတွေ ဆက်ပြီးလုပ်နေကြဆဲဖြစ်တယ်။

ပြည်သူ့အစေခံ
ဝန်ထမ်းဆိုတာ ဘယ်လောက်ကြီးကြီး ဘယ်လောက်ငယ်ငယ် ပြည်သူလူထုရဲ့လစာရိက္ခာကို စားသောက်နေကြရသူများဖြစ်တယ်။ 'Public Servant' လို့ခေါ်တဲ့ အင်္ဂလိပ်စကားရဲ့အဓိပ္ပာယ်က 'ပြည်သူ့အစေခံ' ဖြစ်တယ်။ သဘောကတော့ ပြည်သူလူထုကို အလုပ်အကျွေးပြုဖို့ လစာပေးခန့်ထားခြင်းဖြစ်တယ်။ တစ်နည်းအားဖြင့် ပြည်သူလူထုက အရှင်သခင်ဖြစ်တယ်လို့ ဆိုလိုခြင်းဖြစ်တယ်။ ဗျူရိုကရေစီ ယန္တရားကြီးအတွင်းက အသိဥာဏ်အဆင့် နိမ့်ကျသူ ဗျူရိုကရက်ကြီးငယ်များဟာဒီအချက်ကို သဘောမပေါက်ကြသေးဘဲ ပြည်သူလူထုအပေါ်မှာ အာဏာရှင်များသဖွယ် ပြုမူဆက်ဆံနေကြဆဲဖြစ်တယ်။

တားမရတော့ဘူး
အာဏာရှင်စနစ်မှာက တိုင်းသူပြည်သားများရဲ့ ဆန္ဒကို လုံးလုံးဂရုမစိုက်ဘဲ ဘုရင်တစ်ပါး၊ ဆူလတန်တစ်ယောက်၊ အာဏာရှင်တစ်ဦးရဲ့ ဆန္ဒသဘောထား တစ်ခုတည်းနဲ့ အုပ်ချုပ်တာဖြစ်တယ်။ လူတွေအများကြီးက ဘယ်လောက်ပြောပြော ဂရုမစိုက်ဘူး။ အာဏာရှင်ရဲ့ပါးစပ်က ထွက်တဲ့စကားဟာ ဥပဒေဖြစ်တယ်။ ဒီမိုကရေစီစနစ်မှာတော့ တိုင်းသူပြည်သား လူများစုရဲ့ဆန္ဒကို ဘယ်သူမှလွန်ဆန်လို့မရဘူး။ အားလုံးပြည်သူ့ဆန္ဒအတိုင်း လုပ်ရတယ်။ ပြည်သူလူထုဟာ အကြွင်းမဲ့အာဏာပိုင်များဖြစ်တယ်။ ပြည်သူသာအမိ၊ ပြည်သူသာအဖဖြစ်တယ်။ ဗျူရိုကရက်ကြီး ဗျူရိုကရက်လေးတွေက ပြည်သူလူထုရဲ့ 'အဘ' မဟုတ်ဘူးဆိုတာ သိထားသင့်ကြတယ်။ ခေတ်ကြီးက ပြောင်းနေပါပြီ။ ဘယ်သူတားတား တားလို့ မရတော့ပါဘူး။

ရှေးဘ၀နောက်ဘ၀ ဗုဒ္ဓ မဝေဖန်

'ဟော...ကိုဝင်းပါလား၊ လာဗျာ ခင်ဗျားနဲ့ တရားဓမ္မအကြောင်းလေးတွေ ဆွေးနွေးချင်နေတာနဲ့အတော်ပဲ'

'ဟုတ်လား၊ ကျွန်တော်တောင် နေ့လည်ကမှ မြန်မာ့အသံရေဒီယိုက ထုတ်လွှင့်သွားတဲ့ မဟာစည်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အရှင် သောဘနနဲ့ တိပိဋကဓရဓမ္မဘဏ္ဍာဂါရိက ဆရာတော် အရှင်ဝိစိတ္တသာရာဘိဝံသတို့ ဆဋ္ဌသင်္ဂါယနာတင်စဉ်က ပြုလုပ်ခဲ့တဲ့ အမေး အဖြေခန်းကို နားထောင်လာခဲ့သေးတယ် ကိုလင်းရေ'

'ကျွန်တော်ဆွေးနွေးချင်တာနဲ့တော့ ကွက်တိပဲဗျို့၊ ဒီနေ့ထုတ်လွှင့်သွားတဲ့ သံယုတ္တနိကာယ်၊ အဗျာကတသံယုတ်၊ ခေမာသုတ်က ပသေနဒီ ကောသလမင်းနဲ့ ခေမာထေရီတို့ အပြန်အလှန် အမေးအဖြေလုပ်တဲ့ အကြောင်းအရာနဲ့ပတ်သက်ပြီး နည်းနည်းနားရှုပ် သွားလို့ဗျာ'

'သြော်...သိပြီ၊ ပသေနဒီကောသလမင်းက တမလွန် ရှိ-မရှိ ဆိုတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဗုဒ္ဓရဲ့အယူအဆကိုပြောပြဖို့ ခေမာထေရီကို မေးလျှောက်ရာမှာ ပေးတဲ့အဖြေစကားတွေကို သိပ်သဘောမပေါက်ဘူးဆိုပါတော့'

'ဟုတ်ပါ့ ကိုဝင်းရာ၊ တမလွန်ဘ၀ရှိသလားလို့ဆိုတော့ ဒီလို ဗုဒ္ဓကမယူဆဘူးတဲ့၊ ဒီလိုယူဆရင် သဿတဒိဋ္ဌိ တဲ့ဗျာ၊ တမလွန် မရှိဘူး လားဆိုတော့လည်း ဒီလိုယူရင် ဥစ္ဆေဒဒိဋ္ဌိ မို့ ဗုဒ္ဓရဲ့အယူမဟုတ်ပြန်ဘူးတဲ့၊ ဒါဖြင့် တချို့သတ္တ၀ါတွေမှာ တမလွန်ရှိပြီး တချို့မှာမရှိဘူးလို့ ယူရမလားလို့ မေးပြန်တော့လည်း အဲဒါက ဧကစ္စသဿတဒိဋ္ဌိ မို့ ဗုဒ္ဓကငြင်းပယ်သတဲ့၊ တမလွန် ဘ၀ရှိတယ်လည်းမဟုတ်၊ မရှိဘူး လည်းမဟုတ်လို့ ယူရမလားလို့ မေးပြန်တော့ ဒီလိုယူတာဟာ အမရာဝိက္ခေပဒိဋ္ဌိ မို့ ဗုဒ္ဓကလက်မခံပြန်ဘူးတဲ့ဗျာ၊ ခေမာထေရီက ဆက် တော့ရှင်းခဲ့ပါရဲ့၊ ကျွန်တော်က ဥာဏ်မမီတော့ သဘောမပေါက်လှဘူးဗျာ'

'ကဲ..ဒါဆို ခင်ဗျားတို့ကျွန်တော်တို့ လူပြိန်းအချင်းချင်း နားလည်အောင် ဥာဏ်မီသလောက် ဆွေးနွေးကြတာပေါ့ဗျာ'

'တိုတိုနဲ့ လိုရင်းကိုပြောဗျာ'

'အင်း...ကိုလင်း နားလည်အောင် အတိုဆုံးအကျဉ်းဆုံးပြောရမယ်ဆိုရင်တော့ အဲဒီ တမလွန်ဘ၀ ရှိတယ်-မရှိဘူးစတဲ့ ကြံစည်တွေးခေါ်မှု တွေအားလုံးဟာ မဂ်ဖိုလ်နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်းသာလျှင် အန္တိမရည်မှန်းချက် ပန်းတိုင်အဖြစ် ခံယူကျင့်သုံးလျက်ရှိကြတဲ့ ထေရ၀ါဒ ဗုဒ္ဓဘာသာဝင် စစ်စစ်တစ်ယောက်အတွက် လုံးဝထည့်စဉ်းစားစရာမလိုတဲ့ အကြောင်းအရာတွေပဲဗျ'

'ဟုတ်မှလည်းလုပ်ပါ ကိုဝင်းရာ၊ ခင်ဗျားတို့ ကျွန်တော်တို့ထက် တတ်သိနားလည်တဲ့ ပညာရှင်ကြီးတွေ ကိုယ်တိုင်ကတောင် ဗုဒ္ဓ၀ါဒရဲ့ မှန်ကန်တိကျမှုကို ရှေးဘ၀နောက်ဘ၀တည်ရှိကြောင်း သိပ္ပံနည်းကျ အထောက်အထားတွေပြပြီး သက်သေထူနေကြမှဖြင့် ဗုဒ္ဓ၀ါဒီ တစ်ယောက်အနေနဲ့ တမလွန်ဘ၀ကို ထည့်မစဉ်းစားလို့ ဖြစ်ပါ့မလားဗျ'

'သိပ်ဖြစ်တာပေါ့ဗျာ၊ တကယ်တော့ ရှေးဘ၀နောက်ဘ၀ရှိတယ်ဆိုတဲ့ အယူအဆဟာ ဗုဒ္ဓ၀ါဒရပ်တည်နိုင်ဖို့ အရေးပါတဲ့အခြေခံအုတ်မြစ် မဟုတ်ဘူးဗျ။ ရှေးဘ၀နောက်ဘ၀ ရှိရှိ-မရှိရှိ ဗုဒ္ဓ၀ါဒမှန်ကန်တဲ့အကြောင်း သက်သေထူနိုင်ပြီးသားပါ ကိုလင်းရာ'

'ဒါဖြင့် အဲဒီပုဂ္ဂိုလ်တွေကဘာလို့များ လူဝင်စားကိစ္စတွေ၊ ပရလောကအကြောင်းတွေကို ရှေ့တန်းတင်ပြီး ဗုဒ္ဓ၀ါဒနဲ့ဆက်စပ်ယူနေကြ တာတုံး'

'ဒါကတော့ သူတို့ကိုယ်တိုင် သေပြီးနောက် ဘ၀သစ်တစ်ဖန်ပြန်ဖြစ်လိုတဲ့ ဘ၀တဏှာကိုမဖြတ်နိုင်ကြလို့ပေါ့ ကိုလင်းရာ၊ သူတို့က ပစ္စုပ္ပန်ဘ၀ကို တွယ်တာမြတ်နိုးနေပေမယ့် တစ်နေ့ကျသေရမယ်ဆိုတာကိုလည်း အတွေ့အကြုံအရ သိနေကြတယ်လေ၊ ဒီလိုသေဆုံး သွားတဲ့နောက်မှာ ကိုယ်တွယ်တာမြတ်နိုးရတဲ့ဘ၀လေး၊ အပြီးတိုင် ချုပ်ငြိမ်းသွားမှာကိုမလိုလားဘူး၊ သိပ်ကြောက်ကြတယ်။ဒီတော့ သေပြီးနောက် ဘ၀သစ်တစ်ခု ထပ်ပြီး ပေါက်ပွားရှင်သန်လိုတဲ့ ဆန္ဒစွဲကကြီးမားလာတယ်၊ အဲဒီဆန္ဒစွဲဟာ ဘ၀တဏှာပဲ၊ ဒီဘ၀တဏှာရဲ့ လှုံ့ဆော်မှုကြောင့် ငါသေရင် နောက်ဘ၀သစ်တဖန် ပြန်ဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့ အယူအဆဖြစ်ပေါ်လာတော့တာပေါ့ဗျာ'

'အေးဗျ၊ အဲဒီဆန္ဒစွဲနဲ့ ပေါက်ဖွားလာတဲ့ယုံကြည်မှုကို စွဲမြဲသည်ထက်စွဲမြဲ၊ ခိုင်မာသည်ထက် ခိုင်မာလာအောင် အထောက်အထားတွေ အမျိုးမျိုးရှာ၊ အကြောင်းစုံပြပြီး ရှေးဘ၀နောက်ဘ၀ စွဲလန်းမှုအယူအဆပေါ်ပေါက်လာတာပဲ ဖြစ်ရမယ်၊ ဒါပေမယ့် ကိုဝင်းရေ၊ တချို့ ပုဂ္ဂိုလ်များကျတော့ သေရင်ဘ၀ပြတ်ပြီ၊ နောင်တမလွန်ဆိုတာ မရှိဘူးလို့ ဆိုကြပြန်ပါရောလားဗျာ'

'အဲဒါကလည်း တဏှာတစ်မျိုးရဲ့အစွမ်းပဲဗျ၊ အဲဒါကို ၀ိဘ၀တဏှာလို့ခေါ်တယ်'

'၀ိဘ၀တဏှာဆိုတော့ ဘ၀တဏှာရဲ့ ဆန့်ကျင်ဘက်ပေါ့နော'

'ဒါပေါ့ဗျာ၊ တချို့လူတွေက လောကကြီးကို တစ်စက်ကလေးမှ အကောင်းမမြင်တတ်ကြဘူး၊ အဆိုးမြင်ဝါဒီတွေပေါ့ဗျာ၊ ဗုဒ္ဓ၀ါဒကနေ လမ်း လွဲသွားတဲ့ ဂေါကုလိက ဂိုဏ်းသားတွေဟာ လောကကြီးကို အလျှံတညီးညီးတောက်လောက်နေတဲ့ မီးကျီစုကြီး၊ ပူလောင်လှတဲ့ ပြာပုံကြီး အလား ရှုမြင်ကြတယ်ဆိုပဲ၊ အဆိုးမြင်ဝါဒီတွေဟာ ဘ၀ရဲ့တည်ရှိမှုကို လုံးဝမလိုလားကြဘူး။ ဘ၀ကို အမြန်ဆုံးချုပ်ငြိမ်း ရပ်စဲပစ်ချင်ကြ တယ်။ ဘ၀ဆိုတာ မြန်မြန်သေရင် မြန်မြန်အေးတာပဲ၊ သေပြီးနောက် ဘ၀သစ်တစ်ဖန် ပြန်ဖြစ်ရင်လည်း ဘယ်တော့မှကောင်းမှာမဟုတ် ဘူးလို့ ယူဆကြတယ်။ အချုပ်ပြောရရင်ဖြင့် ဘ၀ကိုအလွန်စက်ဆုပ်ရွံ့ရှာ မုန်းတီးပြီး ပြတ်စဲချုပ်ငြိမ်းလိုတဲ့ အလိုရမ္မက်ဆန္ဒ ကြီးမားမှုဟာ ၀ိဘ၀တဏှာပဲဗျ'

'ဒါဆို ကိုယ့်ကိုယ်ကို သတ်သေသွားတဲ့သူတွေဟာ ဒီဝိဘ၀တဏှာရဲ့လှုံ့ဆော်မှု အားကြီးမှုကြောင့်လို့ ဆိုရမှာပေါ့နော်'

'မှန်တာပေါ့ ကိုလင်းရာ၊ ဒါပေမယ့်တချို့က ဒီဘ၀ကိုမလိုလားလို့သတ်သေကြပေမယ့် တမလွန်ဘ၀ကို ယုံကြည်စွဲလမ်းကြပြန်ရောဗျ'

'အင်း...ဒီလူတွေကျတော့ ယခုဘ၀မှာဖြင့် ငါ့အတွက်ကောင်းစရာမရှိတော့ဘူး၊ သေပြီးတမလွန်ဘ၀သစ်ကိုရောက်ပါမှ အခုထက် သာ လွန်ကောင်းမွန်တဲ့ အခြေအနေသစ်ကိုရလိမ့်မယ်လို့ ယူဆကြတယ်ထင်ပါ့၊ သေရင် ကောင်းကင်ဘုံကို ရောက်မယ်လို့ ယုံကြည်ပြီး ကိုယ့်ကိုယ်ကို သတ်သေသွားကြတဲ့ ဘာသာရေး ဂိုဏ်းဝင်တွေလိုမျိုးပေါ့နော်'

'လူတိုင်းလူတိုင်းမှာ ဘ၀တဏှာနဲ့ ၀ိဘ၀တဏှာတို့ကတော့ ဒွန်တွဲလွန်ဆွဲနေကြတာပါပဲဗျာ၊ ဘ၀တဏှာ အားကြီးလွန်းသူတွေက သေ ပြီးနောက် ဘ၀ပြတ်စဲမှာကို ကြောက်လေတော့ တမလွန်ဘ၀ရှိတယ် ဆိုတဲ့အယူကို နှစ်သက်တယ်။ဒီလိုနှစ်သက်မှုကြောင့် သတ္တ၀ါဟာ သေရင်ဘ၀မပြတ်ဘူးဆိုတဲ့ သဿတဒိဋ္ဌိအယူကို စွဲစွဲလမ်းလမ်း ခံယူထားကြတာပေါ့'

ဒါဖြင့် ၀ိဘ၀တဏှာ အားကြီးလွန်းသူတွေဟာ ဒီဘ၀ကိုအမြန်ဆုံး ချုပ်ငြိမ်းချင်သလို နောင်ဘ၀ရှိမှာကိုလည်း စိုးရွံ့လေတော့ သတ္တ၀ါ ဆိုတာ သေရင်ပြတ်ပြီ တမလွန်မရှိဘူးဆိုတဲ့အယူကို နှစ်သက်ပြီး ဥစ္ဆေဒဒိဋ္ဌိအယူကို စွဲလမ်းကြတာပဲပေါ့။ တွေးကြည့်လိုက်တော့ လူ တွေဟာ ကိုယ်ဖြစ်ချင်တဲ့ ဆန္ဒစွဲကိုလိုက်ပြီး နှစ်သက်ရ်ာအယူဝါဒကို မှန်တယ်လို့ ခံယူကြ၊ မှန်ကန်ကြောင်း အထောက်အထားတွေပြ ကြနဲ့ အလုပ်ရှုပ်ကုန်ကြတာပဲ ထင်ပါတယ် ကိုဝင်းရာ'

'အမှန်တရားကို မသိမမြင်နိုင်လောက်အောင် ဆန္ဒစွဲတွေဖုံးလွှမ်းခံထားရပြီးမှ ကြံဆတီထွင်ထွက်ပေါ်လာတဲ့ အယူတွေမို့ ဗုဒ္ဓမြတ်စွာက သဿတဒိဋ္ဌိနဲ့ ဥစ္ဆေဒဒိဋ္ဌိတွေအဖြစ် ပယ်ခဲ့တာပေါ့'

'ဒါတော့ ဟုတ်ပါပြီ၊ တမလွန်ရှိတယ်လည်းမဟုတ်၊ မရှိဘူးလည်းမဟုတ်ဆိုတဲ့ အမရာဝိက္ခေပဒိဋ္ဌိကို ပယ်တာကရောဗျာ'

'အဲဒါ ဗုဒ္ဓခေတ်က သိဉ္စည်းဆရာကြီးရဲ့ အယူဗျ၊ သူက ဘယ်လိုအမေးပုစ္ဆာမျိုးလာလာ၊ ဟိုလိုလည်းမဟုတ်၊ ဒီလိုလည်းမဟုတ်နဲ့ ဖြေ တတ်လွန်းလို့ သူ့အယူဝါဒဟာ ဘာမှမရေရာဘဲ၊ ငါးရှဥ့်ကိုဖမ်းရသလို အမိအရဆုပ်ကိုင်ဖို့ ခက်တဲ့အတွက် အမရာဝိက္ခေပဒိဋ္ဌိလို့ခေါ် သတဲ့၊ အနောက်တိုင်း ဒဿနိကပညာက မသိဝါဒ (Agnostism) နဲ့ ခပ်ဆင်ဆင်တူတယ်လို့ ဆိုကြတယ်။ ဘာမှတိကျတဲ့အဖြေမရဘဲ မေးသမျှကို လှည့်ပတ်ငြင်းရင်းနဲ့ အချိန်ကုန်တဲ့ဝါဒမို့ ဗုဒ္ဓကပယ်ခဲ့တာပဲဗျ'

'ဒါဖြင့် တချို့မှာတမလွန်ဘ၀ရှိပြီး တချို့မှာမရှိဘူးဆိုတဲ့ ဧကသစ္စသဿတဒိဋ္ဌိ ကိုပယ်တာကရောဗျာ။ ကျွန်တော့်အမြင်နဲ့ ပြောရရင်ဖြင့် ဒီအယူဟာ မျက်မှောက်ခေတ် သိပ္ပံနည်းကျတွေ့ရှိချက်တွေနဲ့ ကိုက်ညီတယ်လို့ထင်တယ်'

'ကိုလင်းက လူတစ်သန်းမှာ တစ်ယောက်နှုန်းလောက် တွေ့ရတတ်တဲ့ လူဝင်စားဆိုတဲ့ပုဂ္ဂိုလ်တွေကို အကြောင်းပြုပြီးပြောတာ ထင်တယ်'

'ဟုတ်တယ်လေဗျာ၊ တစ်ခါကသေဆုံးသွားသူတွေရဲ့ အကြောင်းကို အတိအကျ ပြောနိုင်ဆိုနိုင်ခံစားသိရှိနိုင်ပြီး ကိုယ့်ကိုယ်ကိုလည်း အဲဒီသေသူ ပြန်ဝင်စားတာပါပဲလို့ ယုံကြည်နေတဲ့လူတွေကို လက်တွေ့ပြနိုင်နေမှပဲဗျ'

'ကိုလင်းစကားထဲကကို အဖြေပေါ်နေပြီပဲဗျာ၊ ဒီလူတွေကို လေ့လာပြီး သိပ္ပံနည်းကျ စူးစမ်းလေ့လာ ကောက်ချက်ချတတ်သူတွေက တချို့ လူတွေဟာ သေရင်လူပြန်ဖြစ်တတ်တယ်လို့ ဘယ်တော့မှယူဆမှာ မဟုတ်ဘူး။ ခင်ဗျားပြောသလိုပေါ့၊ တချို့လူတွေဟာ သူတို့မမွေးဖွား ခင် ကာလတစ်ခုက သေဆုံးသွားသူတစ်ဦးနဲ့ အမှတ်သညာ၊ အပြောအဆို၊ အပြုအမူ၊ ကိုည်ရည်ကိုယ်သွေး၊ အင်္ဂါရုပ်ချင်းတူညီပြီး သူ့ ကိုယ်ကိုသူ အဲဒီသေသူ ပြန်ဝင်စားတာပဲဖြစ်တယ်လို့ ထင်မှတ်နေတတ်လေ့ရှိတယ်လို့သာ ကောက်ချက် ချလိမ့်မယ်ဗျ၊ အမြဲမှန်တဲ့ သဘာဝတရားလို့ လက်မခံဘဲ သဘာဝလွန် ဖြစ်ရပ်တစ်ခုလို့သာ ယူဆလိမ့်မယ်၊ လူဝင်စားပါလို့တော့ ဘယ်တော့မှ လက်ခံမှာ မဟုတ်ဘူး'

'ခင်ဗျာ့အယူအဆက ယုံကြည်မှုခေါင်းပါးပြီး ပစ္စုပ္ပန်ကိုချည်း ဦးစားပေးရာ မရောက်လွန်းဘူးလားဗျာ'

'သိပ္ပံနည်းကျ စူးစမ်းလေ့လာမှုဆိုတာ ယုံကြည်မှုတွေ၊ ဆန္ဒစွဲတွေဘေးဖယ်ပြီး ပစ္စုပ္ပန်ကိုသာ သရုပ်ခွဲလေ့လာရတာဗျ၊ ပြီးတော့ ပစ္စုပ္ပန်အ တွက်သာ တိကျမှန်ကန်တဲ့ဥပဒေသကို ထုတ်ပေးနိုင်တာ၊ အတိတ်နဲ့ အနာဂတ်အတွက် ထာဝရသေချာရေရာတဲ့ ဥပဒေသမျိုးကို သိပ္ပံ နည်းကျစူးစမ်းမှုက ဘယ်တော့မှ ထုတ်မပေးနိုင်ဘူး ကိုလင်းရဲ့'

'ဒါဆိုရင် လူဝင်စားဖြစ်ရပ်တွေကို သိပ္ပံနည်းကျ အထောက်အထားတွေပါလို့ ပြောဆိုရေးသားနေကြတာတွေဟာ အလကားပဲပေါ့'

'ဒါတော့ ခင်ဗျာ့ကိုယ်ပိုင်ဥာဏ်နဲ့ ချင့်ချိန်ဆုံးဖြတ်ပေါ့ဗျာ၊ ကျွန်တော့်အနေနဲ့ အသေအချာပြောနိုင်တာကဖြင့် အဲဒီရှေးဘ၀နောက်ဘ၀ အစွဲအလမ်းတွေ၊ လူဝင်စားပြဿနာတွေဟာ ထေရ၀ါဒဗုဒ္ဓသာသနာတော်အဆုံးအမနဲ့အညီ လိုက်နာကျင့်ကြံ အားထုတ်လိုသူတွေ အတွက် ဘာမှအသုံးမတည့်၊ အကျိုးလည်းမရှိ၊ ထည့်တွက်စရာလည်းမလိုဘူးဆိုတာဘဲ ကိုလင်းရေ'

'အေးဗျာ၊ တိတိပပ အဖြေမထုတ်နိုင်ဘဲ ခနော်ခနဲ့နိုင်တဲ့ အယူအဆတစ်ရပ်အပေါ်မှာ အခြေပြုပြီး ဗုဒ္ဓ၀ါဒမှန်ကန်ကြောင်း သက်သေတူ တာဟာ ဗုဒ္ဓ၀ါဒကို ခိုင်မာအောင်လုပ်ရာ မရောက်တဲ့အပြင် ဘာသာခြားတွေရဲ့ ချောက်ချားမှုကြောင့် ချည့်နဲ့ယိမ်းယိုင်သွားစေနိုင်တယ် ဆိုတာ သတိပြုသင့်သဗျနော့'

'မှန်တာပေါ့ ကိုလင်းရာ၊ ဒီလို မရေရာမသေချာတဲ့ အယူတွေကိုစွဲလမ်းခြင်းအားဖြင့် အမှန်တရားနဲ့ ကင်းကွာသွားမှာစိုးတဲ့အတွက် ဗုဒ္ဓ မြတ်စွာက တမလွန်ဘ၀နဲ့ပတ်သက်ပြီး ဘယ်လို အစွဲမျိုးကိုမှ လက်မခံကြဖို့ အခါအခွင့်သင့်တိုင်း မိန့်ကြားသွားခဲ့တာပဲဗျ'

'ဒါဆို ဗုဒ္ဓ၀ါဒရဲ့အခြေခံအုတ်မြစ်ဟာ ရှေးဘ၀နောက်ဘ၀တည်ရှိမှုဆိုတဲ့ အယူအဆမဟုတ်ဘူးပေါ့နော်'

'သေချာတာပေါ့ဗျာ၊ ရှေးဘ၀ဆိုတဲ့ အတိတ်ကာလဟာ ဘယ်မှာရှိတော့လို့တုန်း၊ ခေါ်ယူကိုင်တွယ်ပြလို့ရတဲ့ အရာမှမဟုတ်ဘဲ။ ဒီလိုပါပဲ၊ နောက်ဘ၀ဆိုတဲ့ အနာဂတ်ကာလကရော ဘယ်မှာရောက်လာသေးလို့လဲ၊ မရှိတော့တဲ့၊ မရှိသေးတဲ့ အကြောင်းအရာတွေအပေါ် အာရုံ ကျက်စားနေသရွေ့ ဘယ်မှာလာအမှန်တရားကို သိမြင်နိုင်ပါတော့မလဲ၊ ဒါကြောင့် ပစ္စုပ္ပန်နဲ့ မသက်ဆိုင်တဲ့ အကြောင်းအရာတွေအပေါ် စွဲလမ်းမှုမှန်သမျှကို မိစ္ထာဒိဋ္ဌိအယူတွေအဖြစ် ဗုဒ္ဓမြတ်စွာကသတ်မှတ်ခဲ့တာပေါ့၊ မိစ္ထာဒိဋ္ဌိအယူတွေ ရှိနေသရွေ့ နိရောဓသစ္စာအမှန် မဂ် ဖိုလ်နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ရေးအတွက်လိုအပ်တဲ့ မဂ္ဂသစ္စာရဲ့ ဦးစီးဦးဆောင် သမ္မဒိဋ္ဌိအမြင်နဲ့ ဘယ်တော့မှ ပြည့်စုံမှာမဟုတ်ဘူးဗျ'

'ဒါပေမဲ့ မဟာယာနဗုဒ္ဓဘာသာ ဂိုဏ်းကွဲတချို့အတွက်တော့ ရှေးဘ၀နောက်ဘ၀တည်ရှိမှု အယူအဆက အရေးကြီးတယ်ဆိုပဲ ကိုဝင်းရဲ့'

'ဟုတ်ပါတယ်၊ မိမိတို့ကိုယ်ကို ဘုရားဆုပန်ထားတဲ့ ဘုရားလောင်းဗောဓိသတ္တတွေအဖြစ် ခံယူထားတဲ့ မဟာယာနဗုဒ္ဓဘာသာဝင်တွေ အဖို့မှာတော့ အတိတ်ဘ၀ပေါင်းများစွာက ဖြည့်ကျင့်ခဲ့ရတဲ့ ပါရမီအနည်းအများဟာ အလွန်အရေးကြီးတယ်၊ သူတို့က ပါရမီဖြည့်မှ ဘုရားဖြစ်၊ ဘုရားဖြစ်ပြီးမှ သတ္တ၀ါတွေကို ကယ်တင်ချွေချွတ်ပြီး နိဗ္ဗာန်ရွှေပြည်ကို စံဝင်ကြရမှာကိုး၊ ဒီတော့ အတိတ်ဘ၀ကို ထည့်မစဉ်း စားလို့ မရဘူးလေ၊ နောက်ပြီး သူတို့ရဲ့နိဗ္ဗာန်ဆိုတာကလည်း ချမ်းသာသုခအပေါင်းနဲ့ ပြည့်စုံပြီး တမလွန်လောကမှာသာရှိတဲ့ ဘုံနန်း တစ်ခုဖြစ်လေတော့ အနာဂတ်ဘ၀ကိုလည်း စွဲလမ်းမျှော်မှန်းကြရတော့တာပေါ့'

'အေးဗျာ၊ ဒါကိုသဘောမပေါက်သေးတဲ့ ထေရ၀ါဒဗုဒ္ဓဘာသာဝင်တချို့က အဲဒီရှေးဘ၀နောက်ဘ၀ အစွဲအလန်းတွေကို သာသနာတော် ထဲ ဆွဲသွင်းလာတာဟာ သမ္မာဒိဋ္ဌိမဂ္ဂင်နဲ့ပြည့်စုံရေးအတွက် ကြီးမားတဲ့ အနှောင့်အယှက် ဖြစ်နေတော့တာပဲ ကိုဝင်းရေ'

'ကိုင်း....ဒီလောက်ဆိုရင် ကိုလည်းလည်း ခေမာသုတ်လာ ခေမာထေရီရဲ့ အဖြေစကားကို နားလည်လောက်ရောပေါ့၊ ဒါ့အပြင် ထေရ၀ါဒ ဗုဒ္ဓဘာသာဟာ အတိတ်နဲ့ အနာဂတ်ပေါ်မှာ အခြေမခံဘဲ ပစ္စုပ္ပန်တည့်တည့်ကိုသာ အလေးပြုတဲ့ဓမ္မဆိုတာလည်း သဘောပေါက် လောက်ပါပြီ၊ နောင်များ အခွင့်သာရင်ဖြင့် ထေရ၀ါဒဗုဒ္ဓဘာသာဝင်တို့ရဲ့ ပန်းတိုင်ဖြစ်တဲ့ မဂ်ဖိုလ်နိဗ္ဗာန်ဆိုတာဟာ တမလွန်ဘ၀မှာမှ ရောက်နိုင်တဲ့နေရာဌာနမျိုးမဟုတ်ဘဲ လောဘ၊ဒေါသ၊မောဟစတဲ့ ကိလေသာတရားများကင်းစင်တဲ့ မျက်မှောက်ဘ၀ခန္ဓာကိုယ်နဲ့ပဲ လက်ငင်းဒိဋ္ဌခံစားနိုင်တယ် ဆိုတဲ့ (သဥပါဒိသေသနိဗ္ဗာန်ကို မျက်မှောက်ပြုခြင်း) အကြောင်း အကျယ်ဆွေးနွေးကြသေးတာပေါ့ဗျာ'

ဝင်သိန်းဦး
(၁၅-၃-၉၃)
ဓမ္မရံသီ၊ ၁၉၉၃ခုနှစ်၊ ဇွန်လ။

မိဘတွေကို မပြောသင့်တဲ့ စကား(၁ဝ)ခွန်း

လူတော်တော်များများက ကိုယ့်မိဘတွေကို အောက်ကစကားဆယ်ခွန်းထဲက တစ်ခွန်း ဒါမှမဟုတ် တစ်ခွန်းထက်ပို ပြောခဲ့ဖူးကြမယ် ထင်ပါတယ်။ သားသမီးဖြစ်တဲ့ ကျွန်တော်တို့က မိဘတွေကို ဒီစကားတွေကိုထပ်မပြောတော့ဘဲ နားလည်ပေးကြရအောင်.. လူ့ဘဝက တိုတောင်းလွန်းပါတယ်။ ကိုယ့်နံဘေးက ဆွေမျိုးသားချင်း၊ ချစ်သူခင်သူ၊ သူငယ်ချင်းတွေကို တန်ဖိုးထားသင့်ပါတယ်။ ဆုံးရှုံးသွားမှ သူတို့က သင့်ဘဝမှာ ဘယ်လောက်အရေးပါကြောင်း သိတာမျိုးမဖြစ်ပါစေနဲ့။ မိဘတွေကို ရိုသေလေးစားပါ။ သင်ဘာအမှားပဲလုပ်လုပ် သူတို့က သင့်ကိုခွင့်လွှတ်ဖို့ အသင့်ရှိနေပါတယ်။ မိဘရဲ့ရင်ခွင်ဟာ သင့်အတွက် လေငြိမ်ရာအရပ် ထာဝရနားခိုရာဆိပ်ကမ်းဖြစ်ပါတယ်။

(၁)
အင်းပါ! အင်းပါ! သိပြီ... အရမ်းရှုပ်တာပဲ!

(၂) ကိစ္စရှိသေးလား? မရှိရင် ဖုန်းချတော့မယ်!
(မိဘတွေဖုန်းဆက်တာ စကားပြောချင်ရုံသက်သက်ဖြစ်လိမ့်မယ်။ သူတို့ရဲ့ရည်ရွယ်ချက်ကို ကျွန်တော်တို့ နားလည် ပေးသင့်ပါတယ်။ ဖုန်းကိုချဖို့ပဲ မလောပါနဲ့)

(၃) ပြောရင်လည်း နားလည်မှာမဟုတ်ပါဘူး။ မမေးပါနဲ့တော့!

(၄) မလုပ်ပါနဲ့လို့ အထပ်ထပ်ပြောထားရက်သားနဲ့..... လုပ်ထားတာတွေကလည်း မကောင်းဘူး။
(သူတို့အင်အားနဲ့မမျှတဲ့ အလုပ်ကိုလုပ်တဲ့အခါ ကျွန်တော်တို့က ဂရုတစိုက်နဲ့ သူတို့ကိုမလုပ်ဖို့တားတယ်။ ဒါပေမဲ့ ဒါဟာ သူတို့အသုံးမဝင်တော့ကြောင်း သူတို့ကိုခံစားစေပါတယ်)

(၅) ဟာ.. ဖေဖေ၊ မေမေတို့နည်းက ခေတ်တုံးနေပြီ။
(မိဘတွေရဲ့အကြံဉာဏ်က ကျွန်တော်တို့အတွက် အသုံးတည့်ချင်မှ တည့်လိမ့်မယ်။ ဒါပေမဲ့ ဒီထက်နားထောင်လို့ ကောင်း တဲ့စကားကို ကျွန်တော်တို့ပြောသင့်ပါတယ်)

(၆) သားအခန်းကို မရှင်းပါနဲ့လို့ ပြောထားရက်နဲ့ အခုတော့ကြည့် ပစ္စည်းတွေရှာမတွေ့တော့ဘူး။
(ကိုယ့်အခန်းကို ကိုယ်တိုင်ရှင်းတာက ကောင်းပါတယ်။ မရှင်းချင်ရင် သူတို့ရဲ့စေတနာကိုတော့ မစော်ကားပါနဲ့)

(၇) သားဘာစားမယ်ဆိုတာ သားသိတယ်။ ဟင်းတွေ ထည့်ထည့်မပေးနဲ့တော့!
(ကျွန်တော်တို့အပြန်ကို စောင့်မျှော်နေကြတဲ့ မိဘတွေက သူတို့ရဲ့မေတ္တာ၊ သူတို့ရဲ့ဂရုစိုက်မှုတွေကို ကျွန်တော်တို့အတွက် အထူးစီမံထားတဲ့ထမင်းဟင်းတွေထဲ ထည့်ချက်ထားကြတယ်။ ဒါကို ကျွန်တော်တို့က ဆိတ်ဆိတ်ငြိမ်ငြိမ်နဲ့ လက်ခံလိုက် ရုံပါပဲ)

(၈) ဒီဟင်းကျန်တွေကို မစားပါနဲ့လို့ မှာထားရက်နဲ့ စကားကိုနားမထောင်ဘူး!
(သူတို့ရဲ့ တစ်သက်ချွေတာလာတဲ့အကျင့်တွေ ပြောင်းလဲရခက်ပါတယ်။ ဟင်းချက်ရင် တစ်နပ်စာချက်ဖို့ အကြံပေးတာက ပိုကောင်းပါတယ်)

(၉) သား ကိုယ့်ဘာသာကိုယ် ချင့်ချိန်ပြီး လုပ်တတ်တယ်။ တဗျစ်တောက်တောက် မပြောနဲ့ .. နားကိုငြီးတယ်။

(၁ဝ) ဒီပစ္စည်းတွေ မယူတော့ပါဘူးဆို ဘာဖြစ်လို့ ဒီမှာပုံထားရသေးတာလဲ!
(မိဘတွေက ကျွန်တော်တို့နဲ့အတူကြီးပြင်းလာခဲ့တဲ့ အရာတွေကို သိမ်းထားချင်တတ်ကြတယ်။ သူတို့သိမ်းထားတာတွေ တစ်အိမ်လုံးပြည့်နေပါစေ... နောင်တချိန်မှာ ကျွန်တော်တို့ကလေးဘဝက ဝတ်ခဲ့တဲ့အဝတ်အစားတွေကို ကျွန်တော်တို့ တွေ့မိတဲ့အခါ ကျွန်တော်တို့ဝမ်းသာကြည်နူးကြဦးမယ် မဟုတ်ပါလား! )

မူရင်း -- http://share.youthwant.com.tw/sh?id=31023426&do=D

နိုင်းနိုင်းစနေ ဘာသာပြန်သည်။