Thursday, September 15, 2011

ဝက်သား၊မှို၊ရုံးပတီသီးနှပ်, မုန့်ညင်းဖြူ အစပ်ကြော်,ဘူးသီးနဲ့ ပဲပင်ပေါက်ဟင်းခါး

ဆရာမ လမင်းမိုမိုရဲ့လက်ရာဟင်းတွေကို ကူးယူတင်ဆက်ပါဦးမယ်။ ဒီတစ်ခါတော့
ဆရာမက ၀က်သားသုံးထပ်သားကို အမည်းရောင်မှို လေးတွေနဲ့ အချိုချက်၊
ဟင်းရံအဖြစ် မုန်ညင်းဖြူရွက်ကိုအစပ်လေးကြော်ပြီး၊ အရည်သောက်ဖို့တော့
အအီပြေဘူးသီးနဲ့ပဲပင်ပေါက် ဟင်းခါးလေးချက်ပေးထားပါတယ်။
ကဲ...အရသာဘယ်လိုရှိလဲ ချက်စားကြည့်ကြစို့။

ဝက်သား၊မှို၊ရုံးပတီသီးနှပ်
လိုအပ်သောပစ္စည်းများ

ဝက်သား ၃၀ကျပ်သား၊ အမည်းရောင်မှိုခြောက် ၃ပွင့်၊ ရုံးပတီသီး ၅တောင့်၊
ခရမ်းချဉ်သီး ၂ လုံး၊ ကြက်သွန်နီ ၄ဥ၊ ကြက်သွန်ဖြူ ၄မြွှာ၊ ချင်း လက်မခန့်၊
ကြက်သွန်မြိတ် ၂ ပင်၊ ခရုဆီ အနည်းငယ်၊ ပဲငံပြာရည်အပျစ် အနည်းငယ်၊ သကြား
စားပွဲတင်ဇွန်း ၁ဇွန်းမောက်မောက်၊ ဆား အနည်းငယ်စီ။

ချက်ရန်ကြာမြင့်ချိန် - မိနစ် ၅၀ခန့်

- ပထမဦးစွာ သန့်စင်တုံးတစ်ပြီးသော သုံးထပ်သားများကို သကြားနဲ့နယ်ပါမယ်။
မှိုအမည်းလေးတွေကိုရေနွေးခဏစိမ်ပြီးပါးပါးလှီး ထားပါမယ်။ ဒယ်အိုးကို
မီးဖိုပေါ်မှာ ပူနေအောင် ကြိုတင်အပူပေးထားပါ။ ပူနေတဲ့ ဒယ်အိုးထဲ
ဝက်သားတုံးတွေထည့်လိုက်ပြီး ထက် အောက်လှန်ကာ ကြာကြာမွှေပါ။ ၀က်သားတွေ
နီရောင်သန်းပြီး ဘေးအနားလေးတွေ ကျွမ်းလာရင် မွှေးလာပါပြီ။
- Pressure cooker ထဲကို ၀က်သား၊ မှို၊ ပဲငံပြာရည်အပျစ်၊ဆား၊ ခရုဆီ၊
ကြက်သွန်နီ နှစ်ဥ ခြမ်းထည့်၊ ကြက်သွန်ဖြူထုထည့်၊ ချင်းကို
ညက်ညက်ထောင်းပြီး အရည်ညှစ်ထည့်၊ အားလုံးကို ယောက်မနဲ့နှံ့အောင်မွှေ၊
ရေမြှုပ်အောင်မှန်းထည့်ပြီး မီးပြင်းပြင်းနဲ့ မိနစ် ၄၀ လောက်ထားပါမယ်။
- မီးဖိုကချရင် ၀က်သားနူးအိနေပါပြီ။ ရိုးရိုးအိုးကိုပြောင်းပြီး
ကြက်သွန်နီနှစ်ဥအဖတ်လေးတွေခွာပြီးထည့်၊ ရုံးပတီသီး
နှစ်ပိုင်းစီလှီးထည့်ပြီး ရေခန်းအောင်ဆက်ချက်ပါ။ ခဏအကြာ ရုံးပတီသီးလည်း
နူးပြီဆိုရင် ခရမ်းချဉ်သီးစိတ်ပြီးထည့်ပါတယ်။ အနှစ်လေးကို အလိုရှိသ လောက်
ချန်ပြီးချပါ။ ပန်းကန်မှာပြင်တဲ့အခါ ကြက်သွန်မြိတ်လေးညှပ်ပြီး
ဖြူးလိုက်ပါ။ အရသာရှိတဲ့ ၀က်သားအချိုနှပ်ရပါပြီ။

မုန့်ညင်းဖြူ အစပ်ကြော်

လိုအပ်သောပစ္စည်းများ
မုန့်ညင်းဖြူ ၁ စည်း၊ ဆီ ၃ကျပ်သားခန့်၊ ငရုတ်ပွ ၂တောင့်၊ ကြက်သွန်နီ ၂ ဥ၊
ကြက်သွန်ဖြူ ၂ မြွှာ၊ ငရုတ်သီးစိမ်း ၁၀တောင့်၊ ပုစွန်ခြောက်မှုန့်
စားပွဲတင်ဇွန်း ၁ဇွန်းမောက်မောက်၊ ငါးပိစိမ်းစား လက်ဖက်ရည်ဇွန်း ၁ဇွန်း၊
ဆား အနည်းငယ်စီ

ချက်ရန်ကြာမြင့်ချိန် (၁၅မိနစ်)

- မုန်ညင်းကို အရိုးရင့်တွေဖယ် ရေစင်စင်ဆေး ပိုင်းဖြတ်ထားပါ။
- ငရုတ်ပွ၊ ကြက်သွန်ဖြူနီတို့ကို ညက်ညက်ထောင်းပါ။ ငရုတ်သီးစိမ်းကို
မညက်တညက်ထောင်းပါ။ မုန်ညင်း၊ ငရုတ်ကြက်သွန်ထောင်း၊ ငရုတ်သီးစိမ်းထောင်း၊
ပုစွန်ခြောက်မှုန့်၊ဆီ၊ငါးပိစိမ်းစား၊ ဆားအားလုံးကို ဒယ်အိုးမှာထည့်
နွမ်းအောင်ကြာကြာ ဆုပ်ညှစ်နယ်ပြီးလုံးချက် ပါမယ်။
- မုန်ညင်းနူးရုံ ရေနည်းနည်းစီလိုသလောက် တောက်ပေးပါ။ မုန်ညင်းနူးရင်
ရေခြောက်အောင်ထား ဆီပြန်ရင်ချလို့ရပါပြီ။

ဘူးသီးနဲ့ ပဲပင်ပေါက်ဟင်းခါး
လိုအပ်သောပစ္စည်းများ
ဘူးသီး အစိတ်သေး ၁စိတ်၊ ပဲပင်ပေါက် အနည်းငယ်၊ ကြက်သွန်နီ ၁ဥ၊ ကြက်သွန်ဖြူ
၃မြွှာ၊ ပုစွန်ခြောက် အနည်းငယ်၊ ငါးပိစိမ်းစား အနည်းငယ်၊ ဆား၊ငရုတ်ကောင်း
အနည်းငယ်စီ။

ချက်ရန်ကြာမြင့်ချိန် (၁၅ မိနစ်)

- ဟင်းရည်အိုးအဖြစ် ရေအနည်းငယ်ကို ပုစွန်ခြောက်၊ ကြက်သွန်နီ၊
ငါးပိစိမ်းစား၊ ဆား အားလုံးထည့်ပြီး ဆူအောင်တည် ထားပါ။
- ဘူးသီးစိတ် အခွံနွှာပါးပါးလှီး၊ ပဲပင်ပေါက်ကို သန့်စင်ထားပါ။
ကြက်သွန်ဖြူနှင့် ငရုတ်ကောင်းကိုရောပြီး ညက်ညက်ထောင်းထားပါ။
- ဟင်းရည်အိုးဆူလျှင် ဘူးသီးထည့်၊ ဘူးသီးနူးလျှင် အပေါ့အငန်မြည်း၊
ပဲပင်ပေါက်နှင့် ကြက်သွန်ဖြူ၊ ငရုတ်ကောင်းထောင်းထားသည်ကို
ထည့်မွှေပြီးနောက် အဖုံးပိတ်၍ အိုးချပါ။ တစ်မိနစ်ခန့်ကြာလျှင်
အဖုံးဖွင့်နိုင်ပါပြီ ပူပူလေး သုံးဆောင်ပါ။






No comments: