Friday, September 16, 2011

ထိုင်စတိုင် နေ့လယ်စာ

-->

စပါးလင်နှင့် ရှောက်ရွက်ရနံ့မွှေး အုန်းထမင်း

ပါဝင်ပစ္စည်းများ
ဒံပေါက်ဆန် နို့ဆီဘူး နှစ်ဘူး၊ အုန်းနို့အနှစ် ၅၀၀ မီလီလီတာ၊ စပါးလင် တစ်ပင်၊ ရှောက်ရွက် နှစ်ပင်၊ ဆား လက်ဖက်ရည်ဇွန်း တစ်ဇွန်း

ချက်ပြုတ်နည်း
(၁) ဆန်နို့ဆီဘူး နှစ်လုံးကို ရေစင်အောင်ဆေးပါ။
(၂) ဒယ်အိုးတစ်လုံးထဲတွင်ရေ ၂၅၀ မီလီလီတာနှင့် အုန်းနို့အနှစ် ၅၀၀ မီလီလီတာတို့ကိုထည့်ပါ။ စပါးလင်အရင်းပိုင်းကို ဓားနှောင့်ဖြင့် ထုပြီးရှောက်ရွက်နှစ်ရွက်၊ ဆားတို့ကို ဆေးထားသော ဆန်နှင့်အတူ ဒယ်အိုးထဲထည့်ကာ မီးပြင်းပြင်းဖြင့် ဆူအောင်တည်ပါ။
(၃) ဆူလျှင် မွှေပေးပြီး မီးအရှိန်လျှော့ကာ မီးမျှဉ်းမျှဉ်းဖြင့် အဖုံးကျပ်ကျပ်ပိတ်ကာ ၁၅မိနစ်ခန့်ချက်ပါ။
(၄) ၁၅မိနစ်ပြည့်ပြီဆိုလျှင် မီးဖိုပေါ်မှချကာ အဖုံးအုပ်လျက်သားဖြင့် ငါးမိနစ်ခန့်ထားပါ။
(၅) ပြီးလျှင် ထမင်းကို ခက်ရင်းဖြင့် ခပ်ဖွဖွလေးဆွပေးပါ။ စပါးလင်နှင့် ရှောက်ရွက်များကို အိုးထဲမှ ဖယ်ထုတ်ပစ်ပါ။ ရနံ့မွှေးသော အုန်း ထမင်းကို ဟင်းရံနှင့် တွဲဖက်သုံးဆောင်ပါ။
(ထိုင်းနိုင်ငံထုတ် အုန်းနိုရည်ဘူးလေးများကို စီးတီးမတ်လို စူပါမားကတ်တွေမှာ အသင့်ဝယ်နိုင်ပါပြီ)

ငရုတ်ချိုဆော့စ်နှင့် ငါးစတိခ်

ပါဝင်သောပစ္စည်းများ
ငါးကြင်း သို့မဟုတ် ငါးတန် အသားပြားကြီးကြီး လေးပြား၊ မြေပဲဆီ ထမင်းစားဇွန်းသုံးဇွန်း၊ ကြက်သွန်ဖြူ နုပ်နုပ်စဉ်း သုံးမြွှာ၊ ချင်း(ခြစ်ထားရန်) ထမင်းစားဇွန်း နှစ်ဇွန်း၊ သံပရာရည် ထမင်းစားဇွန်း သုံးဇွန်း၊ ငရုတ်သီးဆော့စ် အချို ထမင်းစားဇွန်း ငါးဇွန်း၊ ဆား အနည်းငယ်။

ချက်ပြုတ်နည်း
- ငါးအသားပြားများကို ကြွေဇလုံဖြင့်ထည့်ကာ ဆားဖြင့်နယ်၍ဆီအနည်းငယ်သုတ်လိမ်းပေးပါ။ ထို့နောက် ကြက်သွန်ဖြူနုပ်နုပ်စဉ်းနှင့် ချင်းခြစ်တို့ကိုရော၍ ငါးအသားပြားတစ်ပြားစီပေါ်တွင် အညီအမျှဖြန့်ကာတင်ပါ။
- လက်ကျန်ဆီကို အိုးမကပ်သော ဒယ်ပြားထဲတွင်ထည့်ကာ အပူပေးပါ။ ဆီပူလျှင် ငါးပြားများကို ကြက်သွန်ဖြူနှင့် ချင်းတင်ထားသော ဘက်ကို အပေါ်တွင်ထား၍ ဒယ်ပြားထဲထည့်ကာ ကြော်ပါ။ မီးအနေတော်ဖြင့် အောက်ခြေနည်းနည်းကြွပ်သည်အထိ နှစ်မိနစ်ခန့် ကြော်ပါ။
- သံပရာရည် တစ်ဇွန်းနှင့် ငရုတ်သီးဆော့စ် တစ်ဇွန်းတို့ကိုရောကာ ငါးပြားများပေါ်မှ လောင်းထည့်ပါ။ ပြီးလျှင် နောက်တစ်ဖက်သို့ အသာအယာလှန်၍ နှစ်မိနစ်ခန့်ထပ်ကြော်ပါ။ ပြီးလျှင် ဒယ်အိုးထဲမှဆယ်ကာ တစ်ယောက်စာ ပန်းကန်ပြားလှလှလေးများဖြင့် ခွဲ ထည့်ထားပါ။
- ကျန်ရှိသော သံပရာရည်နှင့်ဆော့စ်တို့ကို ငါးကြော်ထားသော ဒယ်ပြားထဲထည့်၍ ဆူအောင်တည်ပါ။ တစ်မိနစ်ခန့်တည်ပြီးလျှင် ငါးကြော်များပေါ်သို့မျှ၍ဆမ်းပေးပါ။ ရနံ့မွှေးအုန်းထမင်းဖြင့် ပူပူနွေးနွေးသုံးဆောင်ရမှာဖြစ်ပါတယ်။

အမဲသား ပဲကြာဇံသုပ်
ပါဝင်သောပစ္စည်းများ (လေးယောက်စာ)

ပဲကြာဆံ ၁၅ကျပ်သား၊ အမဲမိုးခိုသား (တစ်လက်မခန့် အထူအပြားကြီးကြီး) ၂၅ကျပ်သား၊ ငရုတ်သီးအစိမ်းအနီ နုပ်နုပ်စဉ်း သုံးတောင့်၊ ကြက်သွန်မြိတ်ပါးပါးလှီး ခြောက်ပင်၊ ငရုတ်ပွအနီ ပါးပါးလှီး အသေးတစ်လုံး၊ ကြက်သွန်နီပါးပါးလှီး အရွယ်တော်တစ်လုံး၊ ပူဒီနာရွက် (အရွက်ခြွေထားပါ) နှစ်ပင်၊ ထိုင်းပင်စိမ်းရွက် (အရွက်ခြွေထားပါ)၊ သုံးပင်၊ မြေပဲဆီ လက်ဖက်ရည်ဇွန်း နှစ်ဇွန်း။ ထန်းလျက် (အမှုန့်ဖြစ်အောင်ခြစ်ထားပါ) လက်ဖက်ရည်ဇွန်း နှစ်ဇွန်း၊ သံပရာရည် ထမင်းစားဇွန်း သုံးဇွန်း၊ ထိုင်းငါးငံပြာရည် ထမင်းစားဇွန်း သုံးဇွန်း။

ပြုလုပ်နည်း
- ပဲကြာဆံများကို အပူခံသောဇလုံတစ်လုံးဖြင့်ထည့်၍ ရေနွေးဆူဆူလောင်းကာ အဖုံးအုပ်ပြီး ငါးမိနစ်ခန့်ထားပါ။ ပြီးလျှင် ရေနွေးများစစ်ပစ်ပြီး ရေအေးဖြင့်ဆေးကာ ရေကောင်းကောင်းစစ်ထားပါ။ အမျှင်အရမ်းမရှည်စေရန် ကတ်ကြေးဖြင့် နည်းနည်းညှပ်ပေးပါ။
- အမဲသားပြားကို ဆားအနည်းငယ်ဖြင့် နယ်ထားပါ။ အိုးမကပ်သော ဒယ်အိုးဖြင့်ဆီကို အပူပေးကာ အမဲသားပြားများထည့်ကြော်ပါ။ တစ်ဖက်လျှင် ၃-၄မိနစ်ခန့်ထားပြီး မကြာခဏလှန်ပေးကာကျက်အောင်ကြော်ပါ။ ကျက်လျှင်ဆယ်ယူပြီး ဖုံးအုပ်၍ ငါးမိနစ်ခန့်ထားပါ။
- ငရုတ်သီးစိမ်း၊ ကြက်သွန်မြိတ်၊သံပရာရည်၊ငါးငံပြာရည်နှင့် ထန်းလျက်တို့ကို ပန်းကန်လုံးတစ်လုံးထဲထည့်ကာ ရောဖျော်ထားပါ။
- အမဲပြားကြော်များကို ပါးပါးလှီးပြီး ပဲကြာဆံ၊ငရုတ်ပွ၊ကြက်သွန်နီ၊ပူဒီနာ၊ပင်စိမ်းတို့နှင့်အတူ ဇလုံကြီးကြီးတစ်လုံးတွင်ထည့်ကာ ခုနကဖျော်ထားသော ဆော့စ်အရည်လောင်းထည့်၍ ဖွဖွနယ်သုတ်ပါ။
အုန်းထမင်း၊ ငါးစတိခ်တို့နှင့် တွဲဖက်သုံးဆောင်ပါ။

No comments: