Saturday, March 31, 2012

ဒေါသစိတ်ကို လေနဲ့အတူလွင့်ပါးပါစေ

တစ်ခါက လူတစ်ဦးရှိတယ်။ သူဟာ တခြားလူနဲ့ ငြင်းခုန်ရန်ဖြစ်ရလို့ ဒေါသထွက်တိုင်း အိမ်ကိုအမြန်ပြန်ပြေးပြီး နေအိမ်ကို ၃ပတ်ပတ်တတ်တယ်။ သူဟာ အလုပ်အရမ်းကြိုးစားသူဖြစ်တာကြောင့် နေအိမ်သေးလေးကနေ အိမ်ကြီး၊ ခြံမြေကြီးတွေကို ပိုင်ဆိုင်ခဲ့တယ်။ နေအိမ်ဘယ်လောက်ကြီးကြီး တခြားလူနဲ့ ငြင်းခုန်ရန်ဖြစ်ရတိုင်း သူဟာ နေအိမ်နဲ့ခြံမြေကို ၃ပတ်ပတ်တိုင်းဖြစ်တယ်။

ရန်ဖြစ်တိုင်း၊ ဒေါသထွက်တိုင်း နေအိမ်နဲ့ ခြံမြေတွေကို ၃ပတ်ပတ်တတ်တဲ့သူ့ကို မိတ်ဆွေတွေက နားမလည်ခဲ့ဘူး။ ဒါကို မိတ်ဆွေတွေက ဘယ်လိုမေးမေး သူပြန်မရှင်းပြခဲ့ဘူး။

နောက်တော့ အသက်ကြီးပြီး တဖြေးဖြေး သူအိုမင်းလာခဲ့တယ်။ ပိုင်ဆိုင်တဲ့ခြံမြေကလည်း ပိုပိုကျယ်လာခဲ့တယ်။ ဒါတောင် သူဟာ ဒေါသထွက်တိုင်း တုတ်ကောက်ကိုကိုင်ပြီး ခြံမြေကို ၃ပတ်ပတ်တုန်းဖြစ်တယ်။ ကျယ်ပြန့်တဲ့ခြံမြေကို သူပတ်ပြီးရင် နေလည်းဝင်ပါပြီ။

တစ်နေ့မှာ မြေးဖြစ်သူက သူ့ကို မေးတယ်။

"ဘိုးဘိုး အသက်ကြီးပြီ။ ဒီပတ်ဝန်းကျင်မှာ အဘိုးပိုင်တဲ့ခြံမြေက အကျယ်ဆုံးပဲ။ ဒါကြောင့် အရင်ကလို ဒေါသထွက်တိုင်း အဘိုးခြံတွေကို မပတ်သင့်တော့ဘူး။ အဘိုးဘာဖြစ်လို့ စိတ်တိုဒေါသထွက်တိုင်း နေအိမ် ခြံတွေကို ၃ပတ်ပတ်ရတာလဲ? မြေးကို ပြောပြပါ"

မြေးရဲ့တောင်းဆိုမှုကြောင့် နှစ်လကြာ ရင်ထဲထည့်သိမ်းထားတဲ့ လျှို့ဝှက်ချက်ကို သူပြောပြလိုက်တယ်။

"အဘိုး ငယ်ရွယ်စဉ်တုန်းက တခြားလူနဲ့ရန်ဖြစ်ငြင်းခုန်တိုင်း နေအိမ်ကို ၃ပတ်ပတ်တယ်။ ပတ်နေတုန်းမှာ စဉ်းစားတယ်။ ငါ့အိမ် ဒီလောက်ငယ်တာ၊ ပိုင်တဲ့မြေ ဒီလောက်နည်းတာ တခြားလူနဲ့ရန်ဖြစ်ငြင်းခုန်ဖို့ ဘယ်မှာအချိန်၊ ဘယ်မှာအရည်အချင်းရှိလိမ့်မလဲ? ဒီလိုစဉ်းစားလိုက်ရင် ဒေါသစိတ်ကပြေသွားတယ်။ ကျန်ရှိနေတဲ့အချိန်နဲ့ အလုပ်ကို ပိုကြီးစားလုပ်လိုက်တယ်"

"ဒါပေမယ့် အခု ဘိုးဘိုးအသက်ကြီးပြီ ပိုင်ဆိုင်တဲ့ခြံမြေတွေလည်း ကျယ်သထက်ကျယ်လာခဲ့ပြီ။ ဒါတောင် ဘိုးဘိုးက စိတ်တိုတိုင်း ခြံမြေတွေကို ပတ်တုန်းပဲ။ ဘာဖြစ်လို့လဲ?"

"ဒီအရွယ်ရောက်လည်း ဘိုးဘိုးစိတ်တို ဒေါသထွက်တတ်တုန်းပဲ။ စိတ်တိုလို့ အိမ်ခြံကို ၃ပတ်ပတ်တိုင်း ဘိုးဘိုးစဉ်းစားတယ်။ ငါ့အိမ်ဒီလောက်ကြီးတာ၊ ငါ့ခြံဒီလောက်ကျယ်တာ တခြားလူနဲ့ မလိုအပ်ဘဲ ရေးကြီးခွင့်ကျယ်လုပ်နေဦးမလဲပေါ့။ အဲဒီလို စဉ်းစားလိုက်ရင် ဒေါသစိတ်က ပြယ်သွားတယ်"

အဘိုးအိုဟာ ဘဝကိုနားလည်တဲ့ အသိဉာဏ်ရှိသူဖြစ်တယ်။ ဒေါသစိတ်ကို ဘယ်လိုဖြေဖျောက်ရမယ်ဆိုတာကို သိသူဖြစ်တယ်။

လူတွေဟာ စိတ်တိုဒေါသထွက်နေချိန်မှာ မကောင်းတဲ့စိတ်ခံစားချက်က ခန္ဓာကိုယ်ထဲမှာ ပြင်းထန်တဲ့ပြောင်းလဲမှုကို ဖြစ်ပေါ်စေခဲ့တယ်။ ဟိုမုန်း ဒါမှမဟုတ် တခြားဓာတုပစ္စည်းတွေကို ထုတ်လွတ်တတ်တယ်။ ဒါတွေက ခန္ဓာကိုယ်ကို ကြီးမားတဲ့အန္တရာယ်ဖြစ်စေပါတယ်။ စိတ်ပညာရှင်တစ်ဦးက ရေခဲရေဖန်ခွက်ထဲ ဖန်ပိုက်တစ်ချောင်းထိုးထည့်ပြီး စမ်းသပ်မှုတစ်ခုလုပ်ခဲ့တယ်။ စမ်းသပ်မှုမှာ အစမ်းသပ်ခံသူက ဖန်ပိုက်ထဲ အသက်ရှုထုတ်လိုက်တယ်။ ရှုသွင်းလိုက်တဲ့လေက ရေခဲပိုက်ထဲ အစိုင်အခဲအဖြစ် စုထွေးသွားတယ်။ သာမန်စိတ်နဲ့လူတစ်ယောက် ရှုထုတ်လိုက်တဲ့ အစိုင်အခဲက ကြည်လင်ပြီး အရောင်၊ အဆိပ်မရှိဘူး။ စိတ်တိုဒေါသထွက်နေသူတစ်ယောက် ရှုထုတ်လိုက်တဲ့ အစိုင်အခဲမှာတော့ အဆိပ်တွေရှိနေတာကို တွေ့ရတယ်။ တစ်နာရီလောက် ရှုထုတ်တဲ့အစိုင်အခဲက လူကိုတောင် သေစေနိုင်တယ်လို့ ဆိုပါတယ်။

စိတ်တိုဒေါသထွက်ရင် တခြားသူနဲ့ အလွယ်တကူ ရန်သူဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကိုယ်ကိုယ်တိုင်ဖြစ်ဖြစ်၊ တခြားသူကြောင့်ဖြစ်ဖြစ် အလွယ်တကူ ဒေါသမထွက်သင့်ပါဘူး။

ဒေါသစိတ်ကို ဖြေလျော့နည်းတချို့က...
(၁) စိတ်တိုဒေါသထွက်ရတဲ့ ရင်းမြစ်ကို အရင်ဆန်းစစ်ပါ။ ရည်ရွယ်ချက်ဖြစ်မြောက်ချင်ရင် တခြားနည်းကို စိတ်အေးအေးနဲ့ တွေးတောပါ။

(၂) ရေတွက်တာဖြစ်ဖြစ်၊ အနှေးပြေးဖြစ်ဖြစ်၊ လူမရှိတဲ့အရပ်မှာ အသံကုန်အော်ဟစ်တာမျိုးဖြစ်ဖြစ် စိတ်ထွက်ပေါက်ကိုရှာပါ။ ကိုယ့်ကိုယ်ကို စိတ်ဖိအားအရမ်းမပေးပါနဲ့။

(၃) သူ့ဖက်ကနေပြီး ပြဿနာကို တွေးတောကြည့်ပါ။

(၄) မေတ္တာရနိုင်တဲ့ နည်းမျိုးကိုရှာပါ။

(၅) ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိပါ၊ ရင်ဘတ်ကျယ်ကျယ် ထားပါ။

(၆) မကျေနပ်တာကို အမှန်အတိုင်း ရိုးသားမှုအပြည့်နဲ့ တာဝန်သိသိပြောပါ။ စိတ်တိုဒေါသထွက်တဲ့နည်းကို အသုံးမပြုပါနဲ့။

(၇) ကိစ္စရပ်ကို ဖြေရှင်းပါ။ ပုဂ္ဂိုလ်ရေးကို မထိခိုက်ပါနဲ့

(၈) အတွေ့အကြုံ သင်ခန်းစာကို ရယူပါ။ စိတ်တည်တည်ငြိမ်ငြိမ်ထားပါ။

စိတ်တိုဒေါသစိတ်တွေ လေနဲ့အတူ လွင့်ပါးခွင့်ပေးလိုက်ပါ....


မူရင်း-- Hu Bao Lin (
胡寶林)ပြုစုရေးသားသော "မိမိကိုယ်ကိုယ်ကောင်းမွန်အောင် ဆက်ဆံနည်း"စာအုပ်ထဲက ဖြစ်ပါတယ်။

နိုင်းနိုင်းစနေ ဘာသာပြန်သည်။

Friday, March 30, 2012

အမျိုးသားများ ကျူးလွန်တတ်တဲ့ အမှား (၉) ချက်


9 Condom Mistakes Men Make

ဘေးကင်းလုံခြုံတဲ့ လိင်မှုကိစ္စ (Safe Sex) မှာ အဓိက လိုအပ်ချက်နှစ်ခုပါဝင်ပါတယ်။ လိင်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါများ တစ်ဦးမှတစ်ဦး မကူးစက်အောင် ကာကွယ်ရေးနဲ့ မလိုလားအပ်တဲ့ ကိုယ်ဝန်ရသွားခြင်းကို ကာကွယ်ရေးတို့ဖြစ်ပါတယ်။ သန္ဓေတားဆေး မျိုးစုံက ကိုယ်ဝန်မရရေးပဲ ကာကွယ်ပေးနိုင်ပြီး AIDS အပါအ၀င် လိင်မှတစ်ဆင့်ကူးစက်တတ်သော ရောဂါများကို ကာကွယ်မပေးနိုင်ပါ ဘူး။ ဒီအချက်နှစ်ချက်စလုံးကို အပြည့်အ၀ဖြည့်ဆည်းပေးနိုင်တာက ကွန်ဒုံး(Condom)ဖြစ်ပါတယ်။ အမျိုးသမီးသုံးကွန်ဒုံးထက် အမျိုးသားသုံးကွန်ဒုံးက နှစ်ချက်စလုံးအတွက်ပိုစိတ်ချရပါတယ်။ ဒါပေမဲ့ ကွန်ဒုံးဆိုတာ သုံးတယ်ဆိုရုံနဲ့မလုံလောက်ပါဘူး။ အစအလယ် အဆုံးစနစ်တကျဖြစ်နေဖို့ မဖြစ်မနေ လိုအပ်ပါတယ်။ ဒါမှ အထိရောက်ဆုံး ကာကွယ်မှုပေးနိုင်မှာဖြစ်ပါတယ်။နောက်ဆုံးမှာ လေ့လာမှု များအရ လိင်ဆက်ဆံရာမှာ ကွန်ဒုံးသုံးသူ အမျိုးသား ၄ဦးမှာ တစ်ဦးဟာ စနစ်တကျ သုံးစွဲမှုမရှိတာကို တွေ့ရပါတယ်။ ဒါကြောင့် မဖြစ် သင့်တာ မဖြစ်အောင် သတိပြုဆင်ခြင်စရာ အန္တရာယ်အရှိဆုံးနဲ့ အမျိုးသားများ ကျူးလွန်တတ်တဲ့ ကွန်ဒုံးအမှား(၉)ချက်ကို ဖော်ပြပေး လိုက်ပါတယ်။

အမှား (၁) ပျက်စီးချို့ယွင်းမှုကို မစစ်ခြင်း

သုံးခါနီးမှာ မိမိသုံးစွဲမယ့်ကွန်ဒုံးဟာ မြင်နိုင်တဲ့ပေါက်ပြဲချို့ယွင်းမှုများ ရှိနေမလားလို့ စစ်ဆေးမှု၈၀%လောက်သော လူများမှာ မရှိကြတာ ဟာ အခြေခံအကျဆုံး၊ အကြီးဆုံးပြဿနာပဲဖြစ်ပါတယ်။ ဒါကြောင့် အပေါ်ယံအိတ်အခွံ့ရဲ့ပေါက်ပြဲမှုမရှိတဲ့ အနေအထားကို အရင်ဆုံး စစ် ဆေးသင့်ပါတယ်။ အကယ်၍ အိတ်ခွံပေါက်ပြဲမှုရှိနေရင် အတွင်းမှာပါရှိနေနိုင်လို့ အဲဒီကွန်ဒုံးကို မသုံးသင့်ပါဘူး။ အတွင်းမပျက်စီး လောက်တဲ့အပေါက်သေးသေးလေးရှိနေတယ်ဆိုရင်လည်း မသုံးပါနဲ့။ ပြင်ပလေ၀င်ထားရင် အတွင်းမှာပါတဲ့ ချောဆီခြောက်ခမ်းမှုရှိကာ သုံးလိုက်တာနဲ့ပေါက်ပြဲသွားနိုင်လို့ပါ။ ပါးစပ်နဲ့ကိုက်ဖောက်တာ၊ ဓား၊ကက်ကြေး၊အချွန်စတာတွေနဲ့ ထိုးဖောက်တာ လုံးဝမလုပ်သင့်ပါ။ အိတ်မှာပါတဲ့ အရာအတိုင်းသာဖောက်သင့်ပါတယ်။ ဒါ့အပြင် လက်စွပ်ဝတ်ထားတဲ့ လက်နဲ့ဖောက်မယ်ဆိုရင် သတိထားပါ။

အမှား (၂) သက်တမ်းကုန်ဆုံးရက်ကို မစစ်ဆေးခြင်း

ကွန်ဒုံးတစ်ခုရဲ့အသက်ဟာ သက်တမ်းကုန်ဆုံးရက် (Expiry Date) မလွန်သေးခြင်းဖြစ်ပါတယ်။ သက်တမ်းကုန်ဆုံးရက်လွန်နေပြီဆိုရင် ဘယ်လောက်အမျိုးအစားကောင်းတဲ့ ကွန်ဒုံပဲဖြစ်ဖြစ်သုံးစွဲရန် မသင့်တော်တော့ပါဘူး။ အကယ်၍သက်တမ်းကုန်ဆုံးရက် ဖတ်မရအောင် ပျက်နေတာ (သို့) မပါဘဲ ထုတ်လုပ်တဲ့ရက်စွဲ (MFD) ပဲပါတာဆိုရင်လည်း ၅နှစ်အတွင်းသာ သုံးသင့်ပါတယ်။ အရေးကြီးတဲ့အချက် တစ်ချက်အနေနဲ့ပြောရရင် ကွန်ဒုံးကိုသိုလှောင်သယ်ဆောင်တဲ့ နေရာဟာအင်္ကျီအိတ်ကပ်၊ ပိုက်ဆံအိတ်စတဲ့ အပူချိန်မြင့်တဲ့နေရာတွေ မဖြစ်သင့်ပါဘူး။ အခန်းအပူချိန်ထက် ပိုမြင့်တဲ့နေရာများ၊ နေရောင်တိုက်ရိုက်ထိတွေ့မှုရှိတဲ့ နေရာများမှာ သိုမှီးမထားသင့်သလို အဲသလိုထားတဲ့ ဆိုင်တွေကလည်း မ၀ယ်ယူမိအောင် သတိထားပါ။

အမှား(၃) နောက်ကျပြီးမှ သုံးခြင်း

လူငယ်တွေရဲ့ ၄၃%ဟာ ဦးဆုံးအင်္ဂါနှစ်ခုပွတ်သပ်ထိတွေ့ပြီးမှ ကွန်ဒုံးစစွပ်တတ်ကြကြောင်း အနောက်နိုင်ငံများမှာ လုပ်ခဲ့တဲ့စစ်တမ်း တွေအရ သိရပါတယ်။ ဒါဟာ လိင်မှတစ်ဆင့်ကူးစက်တတ်တဲ့ အသည်းရောင်အသားဝါရောဂါ၊ လိင်အင်္ဂါကြွက်နို့၊ HIV စတဲ့ပိုးများ ကူးစက်ရန် အရမ်းနီးစပ်သလို အမျိုးသားရဲ့ သုတ်ရည်က စိမ့်ထွက်နေပြီဆိုရင် ကိုယ်ဝန်ရသွားနိုင်စွမ်းလည်း ရှိတာမို့ မလုပ်သင့်ပါဘူး။ လုံးဝထိတွေ့ဆက်ဆံမှု မလုပ်ရသေးခင်ကတည်းက ကြိုတင်ကာကွယ်ထားပါ။

အမှား(၄) လေဟာနယ်မချန်ခြင်း

ကွန်ဒုံးစွပ်ချိန် ထိပ်ပိုင်းနေရာလေးကို လေမခိုအောင် လက်နဲ့အသာဖိထားရမယ်ဆိုတဲ့အကြောင်း အညွှန်းစာရွက်မှာပါပေမဲ့ သုံးစွဲသူ ၅ဦင်္းမှာ ၂ဦးက မလိုက်နာတတ်ကြကြောင်း စစ်တမ်းများအရ သိရပါတယ်။ ဒီအထဲ သင်မပါဖို့အရေးကြီးပါတယ်။ အဲဒီလို နေရာလွတ် ချန်မထားဘူးဆိုရင် လွယ်ကူစွာပြဲသွားတတ်ပါတယ်။

အမှား(၅) ပြောင်းပြန်ဝတ်မိတတ်ခြင်း

သေချာမသုံးတတ်လို့သော်လည်းကောင်း၊ ပြီးပြီးရော လုပ်လိုက်တဲ့အတွက်လည်းကောင်း ကွန်ဒုံးကို ပြောင်းပြန်သုံးစွဲမိတတ်ပါတယ်။ ဒီအခါမှာ ကျွတ်ထွတ်သွားနိုင်တဲ့ပြဿနာရှိပါတယ်။ ဒါကြောင့် လိပ်ထားတဲ့ဘက်ကို အပေါ်က မြင်ရသလား သေချာကြည့်ပြီးမှ အသုံးပြု သင့်ပါတယ်။

အမှား(၆) ချောဆီများ ဖြည့်စွက်အသုံးပြုခြင်း

ကွန်ဒုံးထဲမှာပါတဲ့ ချောဆီကြောင့်အဆိုပါကွန်ဒုံး မပေါက်ပြဲစေနိုင်ပေမယ့် မိမိသဘောနဲ့ မိမိဘာမှန်းမသိတဲ့ ဂျယ်လ်တွေ၊ မျက်နှာလိမ်း ကရင်မ်၊ ကိုယ်လိမ်းကရင်မ်၊ လိုးရှင်း၊ ခေါင်းလိမ်းဆီ၊ တံတွေး စတာတွေကို ဖြည့်စွက်အသုံးပြုခြင်းကြောင့် ကွန်ဒုံးပေါက်ပြဲခြင်း ကြုံရနိုင် ပါတယ်။ ရေအခြေခံ (သို့) ဆီလီကွန်ကနေ ထုတ်လုပ်ထားတဲ့ချောဆီ (water-based or silicone lubricants) တွေဖြစ်တဲ့ ဂလစ်ဆရင်း ခေါ်အလှဆီ၊ K-Y Jelly စတာတွေကိုပဲ ရွေးချယ်အသုံးပြုသင့်ပြီး ဘာမှထပ်မထည့်ခြင်းကတော့ အန္တရာယ်အကင်းဆုံးနည်းလမ်းလို့ ဆိုနိုင်ပါတယ်။

အမှား (၇) မိမိနှင့်မသင့်တော်သောအရွယ်အစားကို ရွေးချယ်မိခြင်း

ကွန်ဒုံးကျွတ်သွားတယ်ဆိုတဲ့ကိစ္စရဲ့ ၁၃%လောက်ဟာ မိမိနဲ့မတော်တဲ့အရွယ်အစား(သို့) မိမိနဲ့မသင့်တော်တဲ့ ပုံဖော်ထားသော ကွန်ဒုံး ကို သုံးလိုက်မိလို့ဖြစ်ကြောင်းစစ်တမ်းတွေအရသိရပါတယ်။ ဒီအချက်ကို အထူးသဖြင့် အမျိုးသားအင်္ဂါပုံမှန်ထက်သေးသူ၊ ကြီးသူများ သတိထားသင့်ပါတယ်။ တကယ်သုံးဖို့စိတ်ကူးရှိရင် အားလပ်ချိန်မှာ မတူညီတဲ့ ကွန်ဒုံးအမျိုးအစား၊ အရွယ်အစားမျိုးစုံကို စမ်းသပ်ကြည့် ရင် ပိုအန္တရာယ်ကင်းကြောင်း ပညာရှင်များက အကြံပြုထားပါတယ်။

အမှား (၈) နှစ်ထပ် (သို့) နှစ်ခုတစ်ပြိုင်နက်သုံးခြင်း

အချို့စုံတွဲတွေက အကာအကွယ်ကို နှစ်ဆတိုးစေချင်လို့ အမျိုးသားသုံးကွန်ဒုံး နှစ်ခုကို တစ်ပြိုင်နက်စွပ်ပြီးသုံးကြပါတယ်။ ဒါမှမဟုတ် အမျိုးသားကလည်း အမျိုးသားသုံးကွန်ဒုံး၊ အမျိုးသမီးကလည်း အမျိုးသမီးကွန်ဒုံး တစ်ပြိုင်တည်စွပ်ပြီး ဆက်ဆံကြပါတယ်။ ဒါမှမဟုတ် အပျော်အပါးကိစ္စတွေမှာ မိန်းကလေးကို ရောဂါစိတ်မချလို့ အမျိုးသားအချို့ နှစ်ထပ်သုံးတတ်ကြပါတယ်။ ဒါဟာ အင်မတန် မှားယွင်းတဲ့ အပြုအမူဖြစ်ပါတယ်။ အမြှေးပါးနှစ်ထပ်ပွတ်အားကြောင့် condom failure ရသွားတတ်ပါတယ်။

အမှား (၉) တိရစ္ထာန်သားရေနဲ့ လုပ်ထားသော ကွန်ဒုံးများသုံးခြင်း

အချို့သော ကွန်ဒုံးအများစုကို လုပ်ထားတဲ့ ရာဘာစေး(Latex) နဲ့ ဓာတ်မတည့်ဘဲ အလာ့ဂျစ်ဖြစ်တတ်ကြပါတယ်။ ဒါကြောင့်သော် လည်းကောင်း၊ ရာဘာကွန်ဒုံးတွေက အထိအတွေ့ကျေနပ်မှုအပြည့်အ၀ မပေးနိုင်လို့သော်လည်းကောင်း သိုးသားရေနဲ့လုပ်ထားတဲ့ ကွန်ဒုံး(Sheepskin/Lambskin Condoms) တွေကို ရှာကြံသုံးစွဲတတ်ကြပါတယ်။ သိုးသားရေကွန်ဒုံးတွေဟာ အမျိုးသားသုတ်ပိုးကိုသာ ဖြတ်သန်းမသွားအောင် တားဆီးနိုင်ပေမယ့် HIV ဗိုင်းရပ်စ်ကိုတော့ မတားဆီးနိုင်ပါဘူး။ အကြောင်းရင်းကတော့ သူ့မှာပါတဲ့ အပေါက် လေးတွေကသေးပေမယ့် HIV ပိုးကဖြတ်သန်းဝင်နိုင်လောက်သေးလို့ဖြစ်ပါတယ်။ ဒါကြောင့်သန္ဓေတားဖို့တစ်ခုတည်းဆိုရင်တော့ သိုး သားရေကွန်ဒုံးကိုအသုံးပြုနိုင်ပြီး သန္ဓေကော၊ရောဂါတွေပါ ကာကွယ်ဖို့ဆိုရင်တော့ မသုံးသင့်ဘူးဆိုတာပါပဲ။ Latex နဲ့ဓာတ်မတည့်ရင် ပေါ်လီယူရီသိန်း(Polyurethane) ၊ ပေါ်လီအိုင်စိုပရင်း(Polyisoprene) အသားတွေနဲ့လုပ်ထားတာတွေ ရှာဝယ်သုံးလို့ရပါတယ်။

ဒေါက်တာ သီဟသစ်

Credit: www.people.com.mm

Tuesday, March 27, 2012

HIV နဲ့ကျန်းမာအောင်နေထိုင်နည်း ၃ဝ

Rebecca Denison ဟာ WORLD (Women Organized to Life threatening Disease www.womenhiv.org) ကို စတင်တည်ထောင် ဖွဲ့စည်းခဲ့သူဖြစ်သလို WORLD ရဲ့သတင်းစာစောင်များ ထုတ်ဝေရေးမှာ အယ်ဒီတာလည်းဖြစ်ပါတယ်။ သူမဟာ HIV နဲ့ အတူတကွ နေထိုင်လာသည်မှာ နှစ် ၂ဝ တိုင်ခဲ့ပြီး ၇ နှစ်အရွယ် အမြွှာသမီးကလေးတွေရဲ့ စံပြမိခင်လည်းဖြစ်ပါတယ်။ သူမဟာ ဘဝတူတွေအတွက် အဖိုးနည်း ကုန်ကျသက်သာစွာနဲ့ မိမိကိုယ်ကို ပြုစုစောင့်ရှောက်နည်း အချက် ၃ဝ ကိုရေးသားထားပါတယ်။ တချို့အချက်တွေက HIV မရှိသူတွေအတွက်ပါ အသုံးဝင်မယ်လို့မျှော်လင့်ပါတယ်

(၁) အသက်ရှူပါ (Breathe)
သင့်စိတ်ထဲမှာ မွန်းကျပ်လာတဲ့အခါ (သို့) စိုးရိမ်ပူပန်မူတွေများနေတဲ့အခါမှာ လုပ်လက်စ အလုပ်တွေ ရပ်လိုက်ပြီး အသက်ပြင်းပြင်းရှည်ရှည် ၃ ကြိမ်ခန့် ရှူသွင်းပြီး ဖြည်းဖြည်းချင်းထုတ်ပါ။ ဒါဟာ ဘယ်လောက်တောင် ကိုယ့်ကို ငြိမ်သက်သွားစေတယ်ဆိုတာ တွေ့ရမှာပါ။

(၂) သေမိန့်ကျထားသူလို့ မခံယူပါနဲ့ (Refuse to be a victim)
မတတ်နိုင်သည့်အရာများကို မျက်ကွယ်ပြုထားပြီး တတ်နိုင်သည့်အရာများကို စိတ်ရောကိုယ်ပါ နှစ်မြုပ်၍လုပ်ဆောင်ပါ။ AIDS နဲ့သေမည်လို့ မတွေးထားပါနဲ့။ HIV နဲ့အတူနေထိုင်မည်လို့သာ တွေးထားပါ။ “I have HIV” လို့ပြောပါ။ “I am HIV” မဟုတ်။ အကူညီပေးနိုင်သော နေရာများကို ဆက်သွယ်ပါ။ စိတ်ပျက်အားငယ်စရာ မလိုပါ။

(၃) အမေ့စကားကို နားထောင်ပါ (Listen to your mother)

ပုံမှန်အိပ်စက်တာအပြင် လိုအပ်ရင် လိုအပ်သလို များများအိပ်ပေးပါ။ အိပ်မပျော်ရင် သီချင်း ဒါမှမဟုတ် တရားခွေ နားထောင်ပါ။ အဟာရ ဖြစ်စေမယ့်အစာအကုန်စားပါ။ Multivitamin နေ့ စဉ်သောက်ပြီး လေကောင်းလေသန့်ရှူပါ။

(၄) မိမိနှင့်ဘဝတူ အခြားအမျိုးသမီးများနှင့် စကားပြောရန် အဖိုးအခပေးစရာမလိုသော ဖုန်းလိုင်းများကို အသုံးပြုပါ။ (Call a toll free hotline)

နိုင်ငံအတွင်းရှိ အဖွဲ့အစည်းများနှင့် လိုင်းခွဲနံပါတ်များကို ဖော်ပြထားသည်။

(၅) ကိုယ်လက်လှုပ်ရှားမှုပြုပါ (Exercise)
ဒါဟာ ခန္ဓာကိုယ်အတွက် ကောင်းမွန်ရုံတင်မဟုတ်ဘူး စိတ်ဖိစီးမှုတွေကိုပါ ပြေပျောက်စေတယ်။ ဘယ်လေ့ကျင့်ခန်းလုပ်ရမလဲလို့ ဇဝေဇဝါ ဖြစ်မနေပါနဲ့။ မိမိနှစ်သက်ရာက အသင့်လျှော်ဆုံးပါ။ တတ်နိုင်ရင် ဝါသနာတူသူငယ်ချင်းများနှင့် အတူလုပ်ပါ။ လမ်းလျှောက်တာကလည်း မရိုးနိုင်တဲ့နည်းပါပဲ။ ထိုက်ချိ၊ ယောဂ သင်တန်းတွေလည်း သွားတက်လို့ရသေးတယ်။

(၆) သင့်ကိုယ်သင် ချုပ်တည်းမထားပါနှင့် အကူညီတောင်းခံပါ (Express yourself: ask for support)
သူငယ်ချင်းများနဲ့ စကားပြောပါ။ အမေနဲ့ပွေ့ဖက်ပြီးနေပါဦးလား။ ကလေးပုခက်လွှဲပြီး သီချင်းဆိုပါ။ အစ်မနဲ့အတူ ငိုချလို့လည်းရတယ်။ အချစ်ဆုံးသူနဲ့ ခံစားချက်တွေ ရင်ဖွင့်လိုက်စမ်းပါ။ ပြီးတော့ နှစ်သိမ့်ဆွေးနွေးပေးသူ၊ ကုသပေးသူနဲ့ သင်အုပ်ဆရာတော်တွေဆီကလည်း အကူအညီတွေ ရနိုင်သေးတယ်ဆိုတာ မမေ့ပါနဲ့။

(၇) ကိုယ့်ရဲ့စိတ်အခံဓာတ်လေးကို ကျေကျေနပ်နပ်ကြီး လက်ခံလိုက်ပါ (Embrace your own spirituality)
ဒါလေးက လူအမျိုးမျိုးမှာ ကွဲပြားတတ်တယ်လေ။ တချို့ကသဘာဝတရားကြီးကို မြတ်နိုးတယ်။ တချို့ကတရားထိုင်။ ဒါမှမဟုတ် သီချင်းဆို။ တချို့ကလည်း ဘုရားကျောင်းတွေမှာပျော်တယ်။ အခုဆို ဘာသာရေး အဖွဲ့အစည်းတွေက HIV ရှိသူနဲ့ မိသားစုတွေကို ထောက်ပံ့ဖို့လုပ်နေကြပါပြီ။ ဘုရားသခင်အပေါ် စိတ်တိုမိတယ်ဆိုရင် ဝန်ခံလိုက်ပါ၊ ဒါဟာ အမှားပဲလို့။ HIV ဟာဗိုင်းရပ်စ်ပါ။ အပြစ်ပေးမှုမဟုတ်သေးပါဘူး။ သင်နဲ့သင့်ရဲ့ရောဂါကို ဝေဖန်နှိမ့်ချသူတွေနဲ့ အချိန်ပေး အဖက်လုပ်နေစရာမလိုပါဘူး။

(၈) ဓာတ်ခွဲခန်းက အဖြေတွေကို ကော်ပီ ကူးထားပါ (Ask for copies of your labs)
ဘာတွေရေးထားပြီး ဘာကိုဆိုလိုတယ်ဆိုတာ မေးမြန်းသင်ယူပါ။

(၉) အကောင်းမြင်စိတ်နဲ့တွေးပါ၊ ဆောင်ရွက်ပါ (Thick and act positively)
ရိုးသားတဲ့လူ၊ ယုံကြည်ရတဲ့သူ၊ အကူညီပေးနိုင်တဲ့သူတွေကို ရှာဖွေပေါင်းသင်းပါ။ ကိုယ့်ကို လက်မခံတဲ့လူ (သို့) ကိုယ့်ကို စိတ်ဓာတ်ညစ်ညူးစေတဲ့လူတွေနဲ့ ယာယီ(သို့) အမြဲတမ်း အဝေးမှာနေဖို့ ကိုယ့်ကိုယ်ကို ခွင့်ပြုလိုက်ပါ။ သတင်းစာထဲက နာရေးကြော်ငြာမှာ ကိုယ့်ကိုယ်ဘယ်လိုဂုဏ်ပြုခံချင်သလဲ ရေးချပါ။ ပြီးတော့ အဲဒီလို ပုဂ္ဂိုလ်ဖြစ်အောင် တစ်လှမ်းချင်း ကြိုးစားမယ်။

(၁ဝ) ငိုချင်တဲ့အခါ ငိုချလိုက်ပါ (Cry when you need to)

မျက်ရည်တွေကို ကျပါစေ၊ မတားပါနဲ့။ မျက်ရည်နဲ့အတူ ကောင်းကျိုးမရှိတဲ့ စိတ်ခံစားမှုတွေပါ ပါသွားလိမ့်မယ်။ ဒါဆို အသစ်ရောက်လာမယ့် ခံစားမှုလှလှလေးတွေအတွက် နေရာရှိသွားပြီပေါ့။ ကိုယ်ငိုတဲ့ အခါ ပွေ့ဖက်အားပေးသူရှိခဲ့ရင် လက်ခံလိုက်ပါ။ မျက်ရည်ကနေ HIV မကူးနိုင်ပါဘူး။

(၁၁) ဒေါသတွေကို စနစ်တကျစွန့်ပစ်ပါ (Find safe outlets for your anger)
စိတ်ထဲမှာ မျိုသိပ်မထားနဲ့။ ယုံကြည်တဲ့သူငယ်ချင်းကို ရင်ဖွင့်ပစ်လိုက်ပါ။ ဒါမှမဟုတ် ဘာမှမလုပ်ဘဲ ကိုယ့်ကိုယ်ကို အနားပေးလိုက်ပါ။ စာနဲ့ရေးချလို့လည်း ရတယ်။ ရေးပြီးသိမ်းချင်သိမ်း၊ ပို့ချင်ပို့လိုက်ပါ။

(၁၂) ကိုယ့်ကိုယ်လည်းခွင့်လွှတ်၊ သူများကိုလည်းခွင့်လွှတ် (Forgive yourself and others)
တန်ဖိုးကြီးတဲ့ ခွန်အားတွေကို အလိုမကျမှု ဒေါသတွေ၊ ခါးသီးကောက်ကျစ်မှုတွေ၊ မနာလိုဝန်တိုမှုတွေနဲ့ မကုန်ခန်းပါစေနဲ့။ အတိတ်က အမှားတချို့အတွက် ကိုယ့်ကိုယ်ကို အသာလေး ခွင့်လွှတ်လိုက်ပါ။ HIV အတွက်လည်း ဘာအပြစ်မှ တင်မနေတော့နဲ့။ အရွယ်ရောက်တဲ့လူ အများစုက ဒီလိုပဲ HIV နဲ့ပွတ်ရှောင်သွားတတ်ကြတယ်။ ငါတို့က ကူးစက်ခံရတယ်။ ကျန်တဲ့လူတွေက ကံကောင်းတယ်။

(၁၃) မိမိဆီမှာပဲသိမ်းထားပါ (Accept responsibility)
အလေးအနက်ထားရမှာပါ။ HIV ဟာကိုယ့်ဆီမှာပဲ ရပ်တန့်နေရမှာပါ။ ကွန်ဒုံးသုံးပါ။ ဆေးထိုးအပ် မျှမသုံးပါနဲ့။

(၁၄) ကိုယ်လိုပဲ HIV ပိုးရှိသူတွေနဲ့ စကားပြောပါ (Talk to other HIV+ People)
ကိုယ်ရှေ့ဆက်ဘယ်လိုရင်ဆိုင်ဖြတ်သန်းရမယ်ဆိုတာ သိနေတဲ့လူတွေနဲ့ စကားပြောရတာ စိတ်သက်သာမှုရစေပါတယ်။ သူတို့ဆီကနေ ဘယ်လိုအတွေ့အကြုံတွေရနိုင်သလဲ၊ သူတို့ ဘယ်လိုဖွင့်ပြောမှုတွေ လုပ်ခဲ့ကြတယ်၊ ကုသမှုအတွက် ဆုံးဖြတ်ချက်ချခဲ့ပုံတွေ၊ ဒါမှမဟုတ် သူများကို မကူးစက်အောင် လိင်ဆက်ဆံမှုတွေ ဒါတွေကို သိနိုင်ပါတယ်။ ဘဝတူတွေ ဘယ်မှာရှာတွေ့နိုင်သလဲဆို AIDS အဖွဲ့အစည်းတွေ၊ လူမှုထောက်ပံ့ရေးအဖွဲ့တွေ၊ ပညာရပ်ဆိုင်ရာဆွေးနွေးပွဲတွေ၊ အပန်းဖြေ အနားယူတဲ့စုရပ်တွေ ညီလာခံများနဲ့ ဖုန်းလိုင်းတွေမှာ ဖြစ်ပါတယ်။

(၁၅) သင်ကိုယ်တိုင် HIV အကြောင်းသင်ယူလေ့လာပါ (Educate yourself about HIV)
စာစောင်တွေကို ငွေသွင်းရယူပါ။ မတတ်နိုင်တဲ့လူတွေကို အခမဲ့ပေးဝေတာရှိပါတယ်။ ပညာပေး တွေ့ဆုံဆွေးနွေးပွဲတွေကို တက်ရောက်ပါ။ ကုသမှုဆိုင်ရာ ပံ့ပိုးကူညီမှုတွေအတွက် ဆွေးနွေးပါ။ အင်တာနက်ကို အသုံးပြုပါ။ စာကြည့်တိုက်ကိုသွားပါ။ ကြာပြီဖြစ်တဲ့ သတင်းအချက်အလက်ဟောင်းတွေကို ရှောင်ကြဉ်ပါ။ ကုသမှုဆိုင်ရာ သတင်းအချက်အလက်တွေက အမြဲပြောင်းလဲနေတတ်တယ်။

(၁၆) ကုသမှုပေါင်းစုံကို ဆန်းစစ်ရှာဖွေပါ (Explore complementary therapies)
ဗီတာမင်တွေ၊ တိုင်းရင်းဆေးတွေနဲ့ အပ်စိုက်ကုသမှုတွေဟာ များသောအားဖြင့် ပိုက်ဆံပေးစရာ မလိုပါဘူး။ လူအများစုက ဒါတွေကို ရှာဖွေပြီး ရောဂါလက္ခဏာတွေ သက်သာအောင်ရယ်၊ ဆေးရဲ့ဘေးထွက် ဆိုးကျိုးတွေကို ကုသဖို့ရယ် အသုံးပြုကြပါတယ်။ ဆရာဝန်နဲ့တော့ အရင်တိုင်ပင်ကြည့်သင့်ပါတယ်။ ဘာလို့လဲဆိုတော့ တချို့ သစ်မြစ်သစ်ဥတွေ၊ အပင်တွေက HIV ကုသဆေးတွေနဲ့ ဓာတ်မတည့်ပါဘူး။

(၁၇) စိတ်တည်ငြိမ်ပျော်ရွင်ဖို့ အနုပညာနဲ့ကုသပါ (Explore art for fun or therapy)
ရွံ့စေးနဲ့အရုပ်ကလေးတွေ ထုလုပ်ပါ။ ကလေးတွေနဲ့အတူ ဆေးရောင်ခြယ်ပါ။ မတတ်သေးတဲ့ အရာတစ်ခုကို လိုလိုချင်ချင် သင်ကြည့်ပါဦး။

(၁၈) ရွှင်မြူးမြူးလေးနေပါဦးလား (Have fun!)
တစ်နေ့ကို အနည်းဆုံး တစ်ကြိမ်တော့ အားရပါးရ ရယ်သင့်တယ်။

(၁၉) မူးယစ်ဆေးနဲ့ အရက်ကိုလျော့ပါ (Reduce use of drugs and alcohol)

သင်ကိုယ်တိုင် ဒါမှမဟုတ် သင့်မိတ်ဆွေတစ်ယောက်ဟာ ဒါတွေကို သုံးစွဲနေပြီး ဖြတ်ချင်တယ်ဆိုရင် AA (Alcohol Anonymous) နဲ့ NA (Nacrotics Anonymous) တို့က ကူညီပါလိမ့်မယ်။ မူးယစ်ဆေး သုံးစွဲနေပြီး မဖြတ်နိုင် (သို့) မဖြတ်ချင်ဖြစ်နေရင်တော့ အဖွဲ့စည်းတွေမှာ တစ်ခါသုံးအပ်များ တောင်းခံပါ။

(၂ဝ) မိမိကိုယ်ကို ချစ်ပါ (Pampker yourself)
အမွေးနံ့သာနဲ့ရေပူရေနွေးလေးချိုးပြီး သီချင်းငြိမ့်ငြိမ့်လေးနားထောင်ပါ။ ခြေသည်းလက်သည်းတွေလှီးဖြတ်။ သက်တောင့်သက်သာဖြစ်မည့် ဝတ်စုံလေးဝတ်၊ သူငယ်ချင်းတစ်ယောက်ကို ဖိတ်ခေါ်ပြီး ပြောင်း ဖူးပေါက်ပေါက်ကို အတူစားပြီး ဇာတ်ကားကောင်းလေးတစ်ကားလောက်ကြည့်ပါ။

(၂၁) နေ့စဉ်မှတ်တမ်းရေးပါ (Journal writing)
စိတ်ခံစားမှုတွေနဲ့ သင်ယူမှုတွေကို ရေးချပါ။ သဒ္ဒါနဲ့ စာလုံးပေါင်းအတွက် စိတ်မပူပါနဲ့။ ဒါ ကိုယ်တစ်ယောက်တည်းအတွက်လေ…။

(၂၂) သဘာဝတရားကို ချစ်မြတ်နိုးပါ (Appreciate nature)
ခြေလှမ်းတွေ ရပ်လိုက်ပြီး လေထဲကနှင်းဆီရနံ့ကို ရှာဖွေပါဦး။ နေဝင်ရှူခင်းကိုလည်း မလွတ်စေနဲ့။

(၂၃) ဘုရားဝတ်ပြု၊ တရားထိုင် (သို့) စိတ်ကိုမြင်အောင်ကြည့် (Pray, meditate or visualize)
တရားတိပ်ခွေငှား (သို့) ဝယ်ပြီး တိတ်ဆိတ်ငြိမ်သက်တဲ့နေရာမှာ အချိန်ဖြူန်းပါ။ တက်ကြွစွာ လတ်ဆတ်တဲ့ ပုံရိပ်တွေ သတင်းအချက်အလက်တွေနဲ့ စိတ်ကိုဖြည့်တင်းပေးပါ။

(၂၄) အိမ်မွေးတိရိစ္ဆာန်များနှင့် ပျော်ရွင်စွာဆော့ကစားပါ (Enjoy the company of a pet)
အိမ်မွေးတိရိစ္ဆာန်တွေဟာ အကောင်းဆုံး အဖော်မွန်တွေဖြစ်ပါတယ်။ သူတို့ရဲ့ အသုံးဆောင်ပစ္စည်းတွေ လဲလှယ်ပေးတဲ့အခါမှာတော့ နှာခေါင်းစွပ်နဲ့ လက်အိတ်တို့ လိုကောင်းလိုပါမယ်။ ဒါမှမဟုတ် တခြားလူတွေကို အကူညီတောင်းပါ။

(၂၅) အနှိပ်ခံခြင်း ( Massage)
လိင်စိတ်နှိုးကြွစေခြင်းမဟုတ်တဲ့ ထိတွေ့မှုများဟာ သင့်ခန္ဓာကိုယ်ကို သက်တောင့်သက်သာဖြစ်အောင် အများကြီး အထောက်အကူဖြစ်ပါတယ်။ မိတ်ဆွေသူငယ်ချင်းနဲ့ အပြန်အလှန်နှိပ်ပေးလို့လည်း ရပါတယ်။ တချို့ အဖွဲ့အစည်းတွေကတော့ အခမဲ့နှိပ်ပေးပါတယ်။

(၂၆) AIDS အဖွဲ့အစည်းတွေအကြောင်း လေ့လာပါ (Check out an AIDS organization)
လိုအပ်တဲ့ အကူညီကိုတောင်းခံပါ။ သူတို့ဘာဝန်ဆောင်မှုတွေ အခမဲ့ပေးနေသလဲဆိုတာ ရှာဖွေပါ။ ဥပမာ အပန်းဖြေနားခိုရာ၊ ပညာပေးခြင်း၊ ကလေးများပြုစုစောင့်ရှောက်ခြင်း၊ နှစ်သိမ့်ဆွေးနွေးပညာပေးခြင်း (သို့) ပန်းချီဆွဲသင်တန်းများ။

(၂၇) တစ်ရက်ချင်းအသက်ရှင်ပါ (Take life one day at a time)
ဆောင်ရွက်စရာကိစ္စရပ်တွေကို မိမိစွမ်းဆောင်နိုင်သလောက် ပိုင်းခြားပြီး လုပ်ဆောင်ပါ။ လိုအပ်မယ်ဆိုရင် မိမိဘဝဟာ တစ်ကြိမ်မှာ တစ်နာရီပဲဆိုပြီး သဘောထားပါ။ တစ်ပတ်တာကို ဘယ်လိုရင်ဆိုင် ကျော်ဖြတ် သွားမယ်ဆိုတာ သိစရာမလိုဘူးလို့ မိမိကိုယ်ကို ပြန်ပြောပါ။ ဆရာဝန်နဲ့ ပထမဆုံးတွေ့ဆုံဖို့ရာ အားအင်မွေးထားဖို့ပဲလိုတယ်။

(၂၈) အန္တရယ်ဖြစ်စေမည့် အစာများကို ရှောင်ပါ (Eat safely)
အသား၊ ငါးနဲ့ ဥတွေကို အစိမ်းစားခြင်း (သို့) မကျက်တကျက်စားခြင်းတို့မှ ရှောင်ပါ။ ရေခဲသေတ္တာထဲ သိမ်းဆည်းရမယ့် အစားအသောက်တွေကို အပြင်မှာမထားပါနဲ့။ ရက်လွန်မကောင်းတော့တဲ့ အစားအစာတွေ မစားမိပါစေနဲ့။ သံသယရှိရင် လွှင့်ပစ်ပါ။

(၂၉) တက်ကြွစွာ ပါဝင်လှုပ်ရှားပါ (Get involved)
ကလေးတွေကို AIDS ပညာပေး ဟောပြောသူအဖွဲ့တွေကို ဆက်သွယ်ပါ။ AIDS အဖွဲ့အစည်းတွေမှာ စေတနာ့ဝန်ထမ်း (Volunteer) အဖြစ် လုပ်အားပေးပါ။ AIDS တိုက်ဖျက်သူအဖြစ် ခံယူပါ။ လူတိုင်းဟာ HIV/AIDS တိုက်ဖျက်ရေးမှာ တစ်နိုင်တစ်ပိုင် ပါဝင်ခွင့်ရှိပါတယ်။

(၃ဝ) နောက်ဆုံးမမေ့ဖို့က (Remember that….)
မင်းတစ်ယောက်တည်း မဟုတ်ပါဘူး။

မြင့်မြတ်နိုင်

Ref: The Positive Side (CATIE)
Volume 6, Issue 2.
Taking care of yourself by Rebecca Denison

၂ဝဝ၇၊ မတ်လ၊ ဖူးငုံဆယ်ကျော်သက်မဂ္ဂဇင်း

Monday, March 26, 2012

ငါးမင်းဆွေ ရဲ့ လက်ကမ်းစာ


ချစ်ခင်ရိုသေလေးစားအပ်ပါသော မိဘပြည်သူများနှင့် ညီနောင်သားချင်းများခင်ဗျား

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် လွှတ်တော်နိုင်ငံရေးထဲဝင်ရောက်နိုင်ပါရန် ကြားဖြတ် ရွေးကောက်ပွဲသို့ဝင်ရောက်ခဲ့ခြင်းကို ကျွန်တော် ၀မ်းမြောက်ဝမ်းသာကြိုဆိုပါသည်။

ကျွန်တော်သည် လှည်းကူးမြို့တွင် ပြုလုပ်ခဲ့သော ဒေါ်အောင်ဆန်းစုကြည်၏ မဲဆွယ်စည်းရုံးရေးခရီးစဉ်သို့ သွားရောက်အားပေးခဲ့ပါ သည်။ ဒေါ်အောင်ဆန်းစုကြည်၏ မဲဆွယ်စည်းရုံးရေးခရီးစဉ်များအား ဖော်ပြထားသောဂျာနယ်များကို ၀ယ်ယူအားပေးဖတ်ရှုခဲ့ပါသည်။

ကော့မှူးမြို့နယ် မဲဆွယ်စည်းရုံးရေးခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်က အလုပ်လက်မဲ့ပြည်သူများအား အလုပ်အကိုင်ရရှိအောင် ဆောင်ရွက်ပေးမည်ဟု ပြောကြားခဲ့ပါသည်။ ဒေါ်အောင်ဆန်းစုကြည်၏ပြောကြားမှုကို ကျွန်တော် ၀မ်းမြောက်ဝမ်းသာ ကြိုဆိုပါသည်။

ကျွန်တော်သည် ၁၉၉၆ ခုနှစ်မှ ၂၀၀၄ခုနှစ်ထိ ကော့မှူး၊ ကွမ်းခြံကုန်းနယ်တွင် ဆားကွင်းဧက(၂၀၀)ခန့် လုပ်ကိုင်ခဲ့ပါသည်။ ကော့မှူး ကွမ်းခြံကုန်းနယ်ရှိ လယ်မြေများသည် ရွှံ့စေးမြေများဖြစ်ခြင်းကြောင့် ဆောင်းသီးနှံစိုက်ပျိုးနိုင်ခြင်းမရှိပါ။စပါးတစ်မျိုးတည်းသာ စိုက်ပျိုးကြ ရပါသည်။ နွေရာသီတွင် ပင်လယ်ရေငန်ဝင်ရောက်ရာဒေသဖြစ်ခြင်းကြောင့် နွေစပါးလည်း မစိုက်ပျိုးနိုင်ကြပါ။ မိုးစပါးတစ်မျိုးတည်းသာ အားထားကြရပါသည်။ မိုးစပါးရိတ်သိမ်းပြီးသောအခါတွင် ထိုဒေသမှ လယ်ယာလုပ်သားများအလုပ်အကိုင်မရှိဘဲ အားလပ်နေကြပါသည်။ ကော့မှူး၊ ကွမ်းခြံကုန်းနှင့် ဖျာပုံ၊ ဒေးဒရဲနယ်တို့တွင် ဆားကွင်းဧက ထောင်သောင်းချီ၍ ဖော်ထုတ်လုပ်ကိုင်နိုင်ပါသည်။ ထိုသို့လုပ်ကိုင် နိုင်ပါလျှင် နွေရာသီတွင် အလုပ်လက်မဲ့ ဖြစ်နေသော ကော့မှူးကွမ်းခြံကုန်းနယ်မှ လယ်ယာလုပ်သားများ အလုပ်အကိုင်ရရှိနိုင်ပါလိမ့် မည်။ ရေချိုရေငန်စပ်ဒေသနှင့် သင့်တော်သော တီလားပီးယားနှင့် ကကတစ်ငါးများကို ဧကထောင်သောင်းချီ၍ မွေးမြူနိုင်ပါသည်။ ထိုသို့မွေးမြူနိုင်ပါလျှင် ဒေသခံအလုပ်လက်မဲ့များ အလုပ်အကိုင်ရရှိနိုင်ပါမည်။ ဒေသ၏ လူတစ်ဦးချင်းဝင်ငွေလည်း တိုးတက်များပြား လာပါလိမ့်မည်။

ဆားကုန်ကြမ်းမှနေ၍ ကော့စတစ်ဆိုဒါ၊ အရောင်ချွတ်ဆေးမှုန့်၊ ဟိုက်ဒရိုကလိုရစ်အက်ဆစ်စသည့် ဓာတုဗေဒပစ္စည်းများ ထုတ်လုပ်ပါ သည်။ ထိုဓာတုဗေဒပစ္စည်းများကို စက်မှုလုပ်ငန်းတော်တော်များများတွင် အသုံးပြုကြပါသည်။ သို့ပါ၍ စက်မှုထွန်းကားသောနိုင်ငံများ သည် ဆားသုံးစွဲမှုအလွန်မြင့်မားပါသည်။ ဂျပန်နိုင်ငံ၏ ဆားသုံးစွဲမှုတွင် စက်မှုကုန်ကြမ်းအဖြစ်သုံးခြင်းက စားသုံးခြင်းထက် အဆ(၉၀) မြင့်မားပါသည်။ ထိုင်းနိုင်ငံတွင် ဆားကို စက်မှုကုန်ကြမ်းအဖြစ်သုံးခြင်းက စားသုံးခြင်းထက်(၁၀)ဆပိုများပါသည်။ မြန်မာနိုင်ငံတွင်မူ ဆားကို စက်မှုကုန်ကြမ်းအဖြစ်သုံးစွဲခြင်းသည် စားသုံးခြင်း၏ (၁၀)ပုံ (၁)ပုံမျှသာရှိပါသည်။ ထိုင်းနိုင်ငံလောက် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုး လာလျှင်ပင် မြန်မာနိုင်ငံတွင်း၌လက်ရှိ ဆားကွင်းဧကထက် (၁၀)မျှ တိုးချဲ့လုပ်ကိုင်ရမည်ဖြစ်ပါသည်။ ထိုအခါ နွေရာသီတွင် အလုပ် လက်မဲ့ဖြစ်နေသော ကော့မှူးကွမ်းခြံကုန်းနယ်မှ လယ်ယာလုပ်သားများအပါအ၀င် ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ရခိုင် ပြည်နယ်၊မွန်ပြည်နယ်တို့မှ လယ်ယာလုပ်သားများ တစ်နှစ်ပတ်လုံး အလုပ်အကိုင်ရရှိကြပါလိမ့်မည်။

သို့သော် ယခုလက်ရှိအခြေအနေတွင် အမေရိကန်နှင့် အနောက်အုပ်စုတို့က စီးပွားပိတ်ဆို့ဒဏ်ခတ်ထားခြင်းကြောင့် ဆားကုန်ကြမ်း သုံးစွဲသည့် စက်မှုလုပ်ငန်းများ မထွန်းကားခဲ့ပါ

ပြည်တွင်း စားသုံးမှုတစ်ခုတည်းကိုသာ အားကိုးနေရခြင်းကြောင့် ယခုအခါ နိုင်ငံအတွင်းရှိ ဆားကွင်းများ ၃၀%ခန့် ရပ်ဆိုင်းသွားကြပါ သည်။ ဆားတောင်သူများ၊ ဆားလုပ်သားများ၊ လုပ်ငန်းမဲ့ဘ၀၊ အလုပ်လက်မဲ့ဘ၀သို့ ရောက်ခဲ့ကြရပါသည်။ ချေးငွေများကိုသာ ပြန် လည်ပေးဆပ်ရမည်ဆိုပါက ကျွန်တော်အပါအ၀င် ဆားတောင်သူတော်တော်များများသည် ဒေ၀ါလီ(လူမွဲ)ခံယူကြရပါလိမ့်မည်။

မြန်မာနိုင်ငံထွက်ငါးများကို အမေရိကန်နှင့် အနောက်အုပ်စုတို့က စီးပွားဒဏ်ခတ် ပိတ်ဆို့သည့်အနေဖြင့် ၀ယ်ယူခြင်းမပြုကြသော ကြောင့် လက်ရှိ ငါးမွေးကန်များပင် လုပ်ငန်းများ ရပ်ဆိုင်းလျှော့ချနေရပါသည်။

ဤသည်မှာ ကျွန်တော်လုပ်ကိုင်လျက်ရှိသော ဆားလုပ်ငန်းနှင့် ငါးမွေးမြူရေးလုပ်ငန်းတို့မှ အခြေအနေတို့သာဖြစ်သည်။ အခြား လယ်ယာကဏ္ဍ၊ စက်မှုကဏ္ဍ၊ခရီးသွားလာရေးကဏ္ဍတို့မှ လုပ်ငန်းတို့သည်လည်း စီးပွားပိတ်ဆို့ဒဏ်ခတ်ခြင်းဒဏ်ကို မရှူမလှ ခံစားနေရပေလိမ့်မည်။

အမေရိကန်နှင့် အနောက်အုပ်စုတို့က မြန်မာနိုင်ငံအား စီးပွားပိတ်ဆို့ဒဏ်ခတ်ရန် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တောင်းဆိုခဲ့ ပါသည်။

ဒေါ်အောင်ဆန်းစုကြည်သည် အလုပ်လက်မဲ့ မြန်မာပြည်သူများကို အလုပ်အကိုင်ရစေလိုပါလျှင် မြန်မာနိုင်ငံအား စီးပွားပိတ်ဆို့ ဒဏ်ခတ် ရန် မိမိ၏တောင်းဆိုမှုများကို ပြန်လည်ရုပ်သိမ်းရပါမည်။

မြန်မာနိုင်ငံအား စီးပွားပိတ်ဆို့ဒဏ်ခတ်ခြင်း မပြုလုပ်ရန် ပြောဆိုရပါမည်။

အလုပ်လက်မဲ့ ကျေးလက်ပြည်သူများကို အလုပ်ရရှိအောင်လုပ်ပေးမည်ဟု ပြောဆိုပြီး တကယ်လက်တွေ့တွင်မူ မြန်မာနိုင်ငံအား စီးပွား ပိတ်ဆို့ဒဏ်ခတ်ရန် မိမိ၏တောင်းဆိုမှုကို မရုပ်သိမ်းခဲ့ပါလျှင် ဒေါ်အောင်ဆန်းစုကြည်သည် မိမိနှင့် ပါတီရွေးကောက်ပွဲတွင် အနိုင်ရရှိရန် ရိုးသားသော ကျေးလက်ပြည်သူတို့၏ မနောအကြိုက်ကိုလိုက်ကာ မဲဆွယ်စည်းရုံးသူဖြစ်သွားပါလိမ့်မည်။

အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက အလယ်ပစ္စယံညီလာခံတွင်

"အချို့သော လူလိမ် လူညာတို့က ရိုးသားသောကျေးလက်ပြည်သူတို့၏ မနောအကြိုက်ကိုလိုက်ကာ အငိုက်ဖမ်းပြီး စားပေါက်ထွင်ခြင်း ကို နိုင်ငံရေးဟု ဆိုရမည်လော"

ဟု မေးခွန်းထုတ်ခဲ့ပါသည်။ ဖဆပလခေါင်းဆောင် ဦးနုသည် ရိုးသားသော ကျေးလက်ပြည်သူတို့၏ မနောအကြိုက်ကိုလိုက်ကာ မိမိနှင့် မိမိပါတီ အာဏာရရန် မဲဆွယ်စည်းရုံးခဲ့ပါသည်။ ဦးနုသည် ဗိုလ်ချုပ်၏သမိုင်းဝင်မေးခွန်းကို ဖြေဆိုသင့်ခဲ့သည်။

သို့သော် ဦးနုမဖြေဆိုခဲ့ပါ။

ယခုအခါ ဗိုလ်ချုပ်၏မေးခွန်းကို ဒေါ်အောင်ဆန်းစုကြည် ဖြေဆိုရန်အလှည့်သို့ကျရောက်နေပါပြီ။

အစိုးရ၏ လူ့အခွင့်အရေးချိုးဖောက်ခြင်းနှင့် ဒီမိုကရေစီရေးဆောင်ရွက်မှုအားနည်းခြင်းတို့ကြောင့် မြန်မာနိုင်ငံအား စီးပွားပိတ်ဆို့ ဒဏ် ခတ်ခြင်းဖြစ်သည်။

အစိုးရက လူ့အခွင့်အရေးရရှိအောင် ဒီမိုကရေစီထွန်းကားအောင်ဆောင်ရွက်ပေးမှ စီးပွားပိတ်ဆို့ဒဏ်ခတ်ခြင်းကို ရုပ်သိမ်းသင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့ပါသည်။

ဤသို့မြန်မာနိုင်ငံအား စီးပွားပိတ်ဆို့ဒဏ်ခတ်ခြင်းကို လူ့အခွင့်အရေး၊ ဒီမိုကရေစီရေးတို့နှင့် အလဲအလှယ်ပြုလုပ်ခြင်းသည် မြန်မာနိုင်ငံ တော်နှင့် မြန်မာနိုင်ငံသားတို့အား ပြန်ပေးဆွဲခြင်းနှင့်တူနေပါသည်။

ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလာစေရန် စီးပွားပိတ်ဆို့ဒဏ်ခတ်ခြင်းကို ဖယ်ရှားပေးရန်မှာ တစ်ပိုင်းသတ်သတ်ဖြစ်ပြီး လူ့အခွင့်အရေးနှင့် ဒီမိုကရေစီအရေးတို့အပေါ် အစိုးရ၏ဆောင်ရွက်မှုများကို ဝေဖန်ထောက်ပြရန်မှာ တစ်ပိုင်းသတ်သတ်ဖြစ်ပါသည်။ ငရဲမင်းလည်း မှားနေပါသည်။

ငရဲမင်း၏အမှားများကို ပြုပြင်ရန်လိုပါသည်ဟု နိုင်ငံပိုင်သတင်းစာများတွင် 'ငရဲမင်းနှင့် ငမင်းဆွေ'ခေါင်းစဉ်ဖြင့် ကျွန်တော်ရေးသား ခဲ့ပါသည်။

အီရတ်နိုင်ငံကို အမေရိကန်နှင့် အနောက်အုပ်စုတို့က စီးပွားပိတ်ဆို့ဒဏ်ခတ်ခြင်းကြောင့် စားနပ်ရိက္ခာနှင့် ဆေးဝါးများပြတ်တောက်သွား ပြီး အီရတ်ကလေးငယ်အမြောက်အများ သေဆုံးခဲ့ရသည်။ ထို့ကြောင့် စီးပွားပိတ်ဆို့ဒဏ်ခတ်ခြင်းသည် လူသားတွေကို သေစေနိုင်တဲ့ အထိ ဖြစ်ပေါ်စေသော အကြမ်းဖက်တိုက်ခိုက်မှုဖြစ်သည်ဆိုသည်ကို ဘယ်လိုမှမငြင်းနိုင်ပါ။

စီးပွားပိတ်ဆို့ဒဏ်ခတ်ခြင်းကို အကြမ်းဖက် တိုက်ခိုက်ခြင်းမဟုတ်ဘူးလို့ မစု(ဒေါ်အောင်ဆန်းစုကြည်)ငြင်းမှာလား၊ ခိုင်လုံတဲ့အကြောင်း ပြချက်နဲ့တကွ လူသိရှင်ကြား မစု ငြင်းဆိုနိုင်ပါတယ်၊ ဒီလိုမှမငြင်းနိုင်လျှင်တော့ စီးပွားပိတ်ဆို့ဒဏ်ခတ်ခြင်းဟာ အကြမ်းဖက်တိုက် ခိုက်ခြင်းဖြစ်တယ်လို့ မစုဝန်ခံရပါလိမ့်မည် ဟု 'ငါးမင်းဆွေမှ ဒေါ်အောင်ဆန်းစုကြည်သို့(၂)' အိတ်ဖွင့်ပေးစာတွင် ရေးသားခဲ့ပါသည်။

ထိုအိတ်ဖွင့်ပေးစာကို ကျွန်တော်ကိုယ်တိုင် ဒေါ်အောင်ဆန်းစုကြည်ရုံးသို့ ပေးပို့ခဲ့ပါသည်။ ရောင်းအားကောင်းသော ပြည်တွင်းသတင်း ဂျာနယ်များကလည်း ဖော်ပြပေးခဲ့ကြပါသည်။ သို့သော် ပေးပို့ပြီး တစ်နှစ်ကျော်ကြာသည့်တိုင်အောင်၊ သတင်းဂျာနယ်များတွင် ပါရှိပြီး တစ်နှစ်ကျော်ကြာသည့်တိုင်အောင် ဒေါ်အောင်ဆန်းစုကြည်ဘက်က စီးပွားပိတ်ဆို့ဒဏ်ခတ်ခြင်းသည် အကြမ်းဖက်ခြင်း ဟုတ်/မဟုတ် ဆိုသည်ကို ဘာမှ မပြောဆိုခဲ့ပါ။

ပြည်တွင်းမီဒီယာများကို အကြောင်းကြားပြီး ဒေါ်အောင်ဆန်းစုကြည်ရုံးသို့ ကျွန်တော်သွားရောက်ခဲ့ပါသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံလိုပါကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ရုံးတွင် ယဉ်ကျေးစွာ ခွင့်တောင်းခဲ့ပါသည်။ ဒေါ်အောင်ဆန်းစုကြည်က ငါးမင်းဆွေ နှင့် မတွေ့နိုင်ဟု ပြောဆိုကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ ရုံးအဖွဲ့မှူးဖြစ်သူ ဦးဝင်းထိန်က မီဒီယာများရှေ့မှောက်တွင် လူသိရှင်ကြားပြော ဆိုခဲ့ပါသည်။

ချစ်ခင်ရိုသေလေးစားအပ်သော မိဘပြည်သူများနှင့် ညီနောင်သားချင်းများခင်ဗျား

စီးပွားပိတ်ဆို့ဒဏ်ခတ်ခြင်းသည် အကြမ်းဖက်ခြင်းမဟုတ်ကြောင်းကို ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ခိုင်လုံသောအကြောင်းပြချက် များဖြင့် မြန်မာပြည်သူတို့ကို ရှင်းလင်းတင်ပြရန်လိုပါသည်။

ထိုသို့မှ မရှင်းလင်းနိုင်ခဲ့လျှင် စီးပွားပိတ်ဆို့ဒဏ်ခတ်ခြင်းသည် အကြမ်းဖက်မှုဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ၀န်ခံပြောဆိုရပါလိမ့် မည်။

ဝန်ခံပြီးသောအခါ

"အမေရိကန်နှင့် အနောက်အုပ်စုတို့မှ မြန်မာနိုင်ငံကို စီးပွားပိတ်ဆို့ဒဏ်ခတ်ရန် ကျွန်မ၏ဆောင်းဆိုမှုသည် မှားယွင်းခဲ့ပါကြောင်း သို့ပါ၍ ထိုတောင်းဆိုမှုကို ရုပ်သိမ်းပါကြောင်း"

လူသိရှင်ကြား ပြောဆိုရပါလိမ့်မည်။

သို့မှသာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ကို မဲပေးသင့်/မသင့် စဉ်းစားနိုင်ပါလိမ့်မည်။

ထိုသို့မဟုတ်ဘဲ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် စီးပွားပိတ်ဆို့ဒဏ်ခတ်ခြင်းနှင့် ပတ်သက်၍ ယခုအတိုင်း ဟိုလိုလိုဒီလိုလိုလုပ်နေ ပါလျှင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ကို မဲပေးရန် လုံးဝထည့်သွင်းစဉ်းစားမည်မဟုတ်ပါ။

ဤသည်မှာ ကျွန်တော် ငါးမင်းဆွေ၏ သဘောထားဖြစ်ပါသည်။

ချစ်ခင်ရိုသေလေးစားအပ်သော မိဘပြည်သူများနှင့် ညီနောင်သားချင်းများခင်ဗျား

မိဘပြည်သူများနှင့် ညီနောင်သားချင်းတို့အနေဖြင့် မဲဆန္ဒနယ်မြေတွင် မိမိတို့ကြိုက်နှစ်သက်သောပါတီနှင့် ကိုယ်စားလှယ်လောင်းရှိပါက မဲရုံးသို့သွားရာက်ပြီး မဖြစ်မနေဆန္ဒမဲပေးရန်လိုပါသည်။ ဤသည်မှာ နိုင်ငံသားတိုင်း၏ တာဝန်ဖြစ်သည်။ မိမိတို့မဲဆန္ဒနယ်မြေတွင် မိမိ တို့ကြိုက်နှစ်သက်သည့်ပါတီလည်းမရှိ၊ ကိုယ်စားလှယ်လောင်းလည်းမရှိဟုဆိုပါက မဲရုံမသွားဘဲလည်း နေနိုင်ပါသည်။

ဤသည်မှာ နိုင်ငံသားတိုင်း၏အခွင့်အရေးဖြစ်သည်။



စာကြွင်း ။ ၂၄ရက်နေ့ ကျွန်တော်အလုပ်ရှိရာ မင်္ဂလာတောင်ညွန့်ဘက်က လမ်းသွယ်တစ်ခုတွင် A4 Size စာရွက်အစုံတော်တော် များများ လမ်းဘေးမှာတွေ့ရသဖြင့် ကောက်ယူဖတ်ကြည့်ရာ ငါးမင်းဆွေ၏ လက်ကမ်းဝေသည်ဆိုသော စာရွက်များဖြစ်သည်ကိုတွေ့ရ ပါသည်။ သူပြောသည်များ မှန်သည်မမှန်သည်ဆိုတာကိုတော့ စာဖတ်သူများသာ ဆုံးဖြတ်ကြည့်ကြစေချင်ပါသည်။ ကျွန်တော်ကတော့ ပြန်လည် ဝေငှရုံသက်သက်ဖြစ်ပါသည်။ မူရင်း စာရွက်ထဲမှ ငါးမင်းဆွေလက်မှတ်ပါသည့် စာမျက်နှာအား ဓာတ်ပုံအဖြစ်ပူးတွဲဖော်ပြလိုက် ပါသည်။ စာလုံးအကျအပေါက်ကိုတော့ မူရင်းစာထဲမှာပါသည့်အတိုင်း ကျွန်တော်ပြန်လည်ရိုက်ထားခြင်းကြောင့်ဖြစ်ပါကြောင်း။

Sunday, March 25, 2012

အမျိုးသမီးတိုင်း လိုအပ်တဲ့ ဆေးစစ်ခြင်းများ

Health Screening ကျန်းမာနေဘို့ ရောဂါကြီးတွေ မခံစားရခင်ကတည်းက ပုံမှန် ဆေးစစ်နေသင့်တယ်။ မဖြစ်ခင် ကြိုတင်တဲ့ အလေ့အထကနေ ကိုယ့်အသက်၊ သူများအသက်တွေကို ကာကွယ်နိုင်တယ်။ Pap test သားအိမ်-ကင်ဆာ စစ်ဆေးနည်းနဲ့ Breast exam ရင်သား စစ်ဆေးနည်းတွေကို ပုံမှန်စစ်နေသင့်တယ်။ တချို့ရောဂါတွေကိုလဲ ကိုယ်ဟာ ရောဂါဖြစ်နိုင်တဲ့-ကူးနိုင်တဲ့ အတန်းအစားထဲမှာ ပါနေရင် စစ်ရလိမ့်မယ်။ အစောဆုံး သိလာရင် စောစောကုသဘို့ အခွင့်သာပြီး အသက်ပိုရှည်ရှည် နေနိုင်ပါမယ်။ ဘာလို့ အရေးကြီးတာလဲ။ ကင်ဆာလို၊ ဆီးချိုလိုရောဂါတွေကို ရောဂါလက္ခဏာ မပေါ်ခင်ကတည်းက စမ်းလို့သိနိုင်တယ်။ ဘယ်နည်းနဲ့ စမ်းရသလဲဆိုတာ အသက်၊ Risk factors ဖြစ်နိုင်ခြေ အန္တရာယ် ဆိုတဲ့ အချက်တွေအပေါ် မူတည်တယ်။

1. Breast Cancer ရင်သား-ကင်ဆာ။ စောစောသိလေး အသက်ပိုရှည်ရှည်နေနိုင်လေဖြစ်တယ်။ အသေးဆုံး ကတည်းက သိရင် ပျောက်သွားအောင် ခွဲစိတ်ထုတ်ပြစ်နိုင်တယ်။ သိပ်သေးတုံးမှာ တက်စေ့တို့ အဆုပ်တို့ ဦးနှောက်တို့ဆီ မပြန့်သေးဘူး။ အသက် ၂ဝ-၃ဝ ကြးအမျိုးသမီးတွေ ကျန်းမာရေးစစ်ရင်း ၃ နှစ်တခါ ရင်သား-ကင်ဆာကို စစ်နေသင့်တယ်။ Mammography (မင်မိုဂရမ်) American Cancer Society အမေရိကန် ကင်ဆာ အဖွဲ့ကနေ အသက် ၄ဝ ကျော်သူတိုင်း တနှစ်တခါလုပ်ဘို့ လမ်းညွှန်ထားတယ်။ U.S. Preventive Services Task Force အဖွဲ့ကတော့ ၅-၇၄ နှစ်ရှိသူတွေ ၂ နှစ်တခါလုပ်ခိုင်းတယ်။ အဲလို ဓါတ်ရောင်ခြည် နည်းနည်းလေး သုံးပြီး စမ်းသပ်နည်းကနေ လက်နဲ့စမ်းလို့မရခင် ၃ နှစ်မတိုင်ခင်ကတည်းက တွေ့နိုင်တယ်။ ဒါတောင်မှ ပုံမှန် (မင်မိုဂရမ်) မှာ မတွေ့တိုင်း ကင်ဆာ မရှိတာ ဟုတ်ချင်မှ ဟုတ်ပါမယ်။

2. Cervical Cancer သားအိမ်ခေါင်း-ကင်ဆာ။ သားအိမ်အဝနေရာကို Human papillomavirus (HPV) ဗိုင်းရပ်စ်ပိုး ခဏခဏ ကူးစက်တာခံရရင် သားအိမ်ခေါင်း-ကင်ဆာ ဖြစ်ဘို့ အန္တရာယ်များတယ်။ စောစောစမ်း လို့သိရင် ပျောက်အောင် ကုဘို့လဲ လွယ်တယ်။ Abnormal precancerous cells တကဲ့ကင်ဆာမတိုင်ခင် (ဆဲလ်) တွေ မူမမှန် ဖြစ်ကတည်းက သိနိုင်တယ်။ Pap test (ပက်ပ်-တက်စ်) နည်းလုပ်ပါတယ်။ အမေရိကားမှာ အသက် ၂၁ နှစ်မိန်းကလေးတိုင်းကိုစစ်စေတယ်။ Vaccine for Cervical Cancer သားအိမ်ခေါင်း-ကင်ဆာ ကာကွယ်ဆေးလဲ ရှိနေပြီ။ Gardasil ဆေးကို အသက် ၉-၂၆ နှစ်တွေကိုထိုးစေတယ်။ အဖြစ်အများဆုံး HPV virus ၄ မျိုးရန်ကနေ ကာကွယ်ပေးမယ်။ Cervarix ကာကွယဆေးကို ၁ဝ-၂၅ နှစ်သမီးတွေအတွက်ထိုးပေးတယ်။ ပိုး ၂ မျိုးကို ကာကွယ်ပေးမယ်။ သားအိမ်ခေါင်း-ကင်ဆာတိုင်းက ဒီ HPV အမျိုးအစားတွေကြောင့် ဖြစ်ရတာတော့ မဟုတ်ပါ။ ဒါကြောင့် ကာကွယ်ဆေးထိုးထားလဲ Pap tests လုပ်နေသင့်တယ်။

3. Osteoporosis and Fractured Bones အရိုးပျော့ရောဂါ။ Osteoporosis ဆိုတာ အရိုးတွေ အရင်ကလောက် မသန်မာဘဲ ကျွတ်ဆတ်လာတဲ့ရောဂါဖြစ်တယ်။ ကျိုးလွယ်လာမယ်။ အမျိုးသမီးတွေ သွေးဆုံး ချိန်နောက်ပိုင်း ပိုဖြစ်တတ်တယ်။ တော်တော်တန်တန် ထိခိုက်ခံရတာနဲ့ ကျိုးလွယ်မယ်။ အသက် ၅ဝ ကျော်ရင် Osteoporosis Screening Tests လုပ်သင့်တယ်။ Dual Energy X-ray Absorptiometry (DXA) လို့ခေါ်တယ်။ Bone density testing အရိုးရဲ့ ထူထဲမှုကို စစ်နိုင်တယ်။ သူတို့ဆီမှာ ၆၅ နှစ်ကျော်သူတိုင်းကို စစ်စေတယ်။

4. Skin Cancer အရေပြား ကင်ဆာ။ ကြောက်စရာအကောင်းဆုံးက Melanoma (မလင်နိုးမား) ဖြစ်တယ်။ အရေပြားရဲ့ အရောင်ခြယ် (ဆဲလ်) တွေမှာ ဖြစ်တယ်။ တချို့အမျိုးသမီးတွေက မျိုးရိုးလိုက်ဖြစ်ကြ တယ်။ နေလောင်တာ၊ နေစာလှုံတာတွေကနေလဲ ပိုဖြစ်စေနိုင်တယ်။ တခြား အရေပြား ကင်ဆာတွေက Basal cell နဲ့ Squamous cell skin cancers တွေဖြစ်တယ်။ စောစောသိရင် စောစောကုလို အသက် ပိုရှည်နိုင်တယ်။ American Cancer Society နဲ့ American Academy of Dermatology တွေကနေ လမ်းညွှန်ထားတာက အရေပြားတနေရာရာမှာ အရောင်။ ပုံပန်း၊ အရွယ်အစား ပြောင်းလဲ လာတာတွေ ရှိရင် ဆေးစစ်ပါ။

5. High Blood Pressure (Hypertension) သွေးတိုး။ အသက်ရလာလေလေ သွေးတိုးဖြစ်နိုင်လေ။ ကိုယ်အလေးချိန် များလေလေ ဖြစ်နိုင်လေ။ လူနေမှုပုံစံနဲ့လဲ ဆက်စပ်နေတယ်။ သွေးတိုးကြောင့် ဆိုးလှတဲ့ ကျန်းမာရေး အန္တရာယ်တွေ ဆက်ဖြစ်လာနိုင်တယ်။ Aneurysm သွေးကြောဖေါင်းရောဂါ၊ Heart disease နှလုံးရောဂါ၊ Stroke လေဖြတ်တာနဲ့ Kidney failure ကျောက်ကပ်ရောဂါတွေပါတယ်။ အကြမ်းအားဖြင့် ပုံမှန် သွေးဖိအားက 120/80 ရှိရမယ်။ 140/90 ထက်ကျော်ရင် သွေးတိုး ရှိချင်နေပြီလို့ သတ်မှတ်တယ်။

6. Cholesterol Levels (ကိုလက်စထော) အဆီဓါတ်။ အမျိုးအစား ၂ ခုထဲက LDL များနေရင် မကောင်းဘူး။ bad Cholesterol ခေါ်တယ်။ Atherosclerosis သွေးလွှတ်ကြောကျဉ်းတာ-မာတာဖြစ်စေနိုင်တယ်။ Plaque အလွှာ ပေါ်လာမယ်။ ကြာလာရင် Heart attack and Stroke တွေဆက်ဖြစ်လာနိုင်တယ်။ Atherosclerosis ရောဂါနဲ့ High blood pressure သွေးတိုးအပြင် Diabetes ဆီးချို နဲ့ Smoking ဆေး လိပ်သောက်တာ ဆက်စပ်နေတယ်။ Cholesterol တိုင်းတယ်ဆိုတာ Fasting blood lipid panel ခေါ်တယ်။ LDL မကောင်းတဲ့အမျိုးအစား၊ HDL ကောင်းတဲ့အမျိုးအစား နဲ့ Triglyceride အမျိုးအစားတွေကို သိနိုင်တယ်။ အသက် ၂ဝ ကျော်ရင် ၅ နှစ်တခါ စစ်နေပါ။

7. Type 2 Diabetes ဆီးချို (အမျိုးအစား ၂) တိုးတက်တဲ့နိုင်ငံတွေမှာတောင် ၃ ပုံ ၁ပုံက ဆီးချိုရှိနေတာကို မသိကြဘူး။ သူတို့ဆီမှာ သေဆုံးရခြင်းအကြောင်းရင်မှာ ဆဌမလိုက်တယ်။ ဆီးချိုနဲ့ Heart disease နှလုံးရောဂါ၊ Stroke ဦးနှောက်သွေးကြောရောဂါ၊ Kidney disease ကျောက်ကပ်ရောဂါ၊ Blindness မျက်စိကွယ်တာ၊ Nerve damage အာရုံကြောထိခိုက်တာတွေ ဆက်-တွဲဖြစ်နိုင်တယ်။ ဆီးချို ကို စောစောသိရင် Diet, Exercise, Weight loss အစားဆင်ခြင်၊ လေ့ကျင့်ခန်းလုပ်၊ ကိုယ်အလေးချိန်လျှော့တာနဲ့ ထိန်းထားနိုင်တယ်။ Fasting plasma glucose သွေးစစ်နည်းနဲ့စမ်းရတယ်။ blood sugar level သွေးထဲကသကြားဓါတ် 100 to 125 ဆိုတာ ဆီးချို ဖြစ်ချင်ချင်လို့ သတ်မှတ်တယ်။ 126 ထက်များရင် ဆီးချို။ ၄၅ နှစ်ကျော်သူတိုင်း ကောင်းနေပေမဲ့ ၃ နှစ်တခါ စစ်နေပါ။ မျိုးရိုးရှိသူတွေ အလားအလာ ရှိသူတွေက ဒိထက်စောစော စစ်နေသင့်တယ်။

8. Human Immunodeficiency Virus (HIV) (အိတ်ခ်ျအိုင်ဗွီ) ဗိုင်းရပ်စ် ပိုးရှိနေရင် AIDS ဖြစ်လာနိုင်တယ်။ သွေးနဲ့ ကိုယ်ခန္ဓာအရည်တွေထဲမှာပါနေလို့ ဒါတွေကနေ ကူးစက်စေနိုင်တယ်။ ဖြစ်ရင် ပျောက်သွားတဲ့ အထိ ကုလို့ မရသေးဘူး ကာကွယ်ဆေးလဲ မပေါ်သေးဘူး။ ဒါပေမဲ့ စောစောသိရင် သူများတွေကို မကူးအောင်၊ ဖြစ်နေတာ သက်သာအောင် လုပ်လို့ရတယ်။ အရင်ဆုံး ELISA or EIA နည်းနဲ့စမ်းရတယ်။ သွေးထဲမှာ HIV antibodies (အင်တီဘော်ဒီ) ရှိ-မရှိစစ်တာဖြစ်တယ်။ နောက်တဆင့် Western blot assay နည်းဖြစ်တယ်။ သေခြာအောင် လုပ်တာပါ။ ဒါတောင် ထပ်စမ်းရသေးတယ်။ အများအားဖြင့် ပိုးဝင်ခံရပြီး ၂ လနေရင် စမ်းတော့ အပေါင်းပြတယ်။ တချို့က ၆ လနေမှပြတယ်။ အန္တရာယ်ရှိသူနဲ့ လိင်မဆက်ဆံဘဲနေတာ နဲ့ (ကွန်းမ်) သုံးပြီး ဆက်ဆံနည်းနဲ့သာ အကောင်းဆုံးကာကွယ်နိုင်တယ်။ တခြား လိင်ကတဆင့်ကူးစက်ရောဂါတွေ ကိုပါ ကူးမလာအောင်ဆင်ခြင်မှ HIV လဲ ကူးလာဘို့ အခွင်မသာဖြစ်စေနိုင်တယ်။ ကိုယ်ဝန်ဆောင်မှာ ပိုးတွေ့ရင် ဆင်ခြင်စရာတွေ အများကြီး လုပ်ရမယ်။

9. Colorectal Cancer အစာဟောင်းအိမ်-ကင်ဆာဟာ ကင်ဆာကြောင့်သေဆုံးရတာထဲမှာ ဒုတိယလိုက်တယ်။ အမျိုးသမီးတွေမှာ အဆုပ်-ကင်ဆာ နဲ့ ရင်သား-ကင်ဆာပြီးနောက် တတိယလိုက်တယ်။ ဖြစ်ကာစမှာ Colon polyps ဆိုတဲ့ အသီးလေးကနေမှ ကင်ဆာဖြစ်လာလို့ ဒီအဆင့်မှာ သိပြီး ကုသသင့်တယ်။ Colonoscopy နည်းနဲ့ စစ်ရင် စောစောသိမယ်။ စစ်နေရင်းနဲ့ တွေ့ရင် တခါထဲ ထုတ်ပြစ်နိုင်တယ်။ Flexible sigmoidoscopy ကရိယာကိုလဲ သုံးတယ်။ အသက် ၅ဝ ကျော်ရင် စစ်ဆေးသင့်တယ်။

10. Glaucoma မျက်စိ ရေတိမ်။ Optic nerve မျက်စိ-အာရုံကြောကို ပျက်စီးစေလို့ မျက်စိကွယ်စေနိုင်တယ်။ Primary open angle glaucoma အမျိုးအစားက အများဆုံးဖြစ်တယ်။ ရောဂါလက္ခဏာ မခံစားဘဲနေလို့ သိရင် နောက်ကျနေတတ်တယ်။ အသက် ၄ဝ ကျော်ရင် ၂-၄ နှစ်တခါ စစ်သင့်တယ်။ မိသားစု ရာဇဝင်ရှိသူ၊ မျက်စိ ခိုက်မိဘူးသူ၊ (စတီရွှိုက်) ဆေးသောက်ဘူးသူတွေက ပိုဂရုစိုက်ဘို့ လိုတယ်။

11. Hepatitis B Screening အသဲရောင် (ဘီ) ဗိုင်းရပ်စ်ပိုးကနေဖြစ်စေတယ်။ ပိုးဝင်ကာစမှာ အားယုတ်တာ၊ ဆီး-မျက်လုံးဝါတာ၊ ပျို့-အန်ချင်တာလောက်သာ ခံစားရတယ်။ သူတို့ထဲက ၁-၃% ကနေ Carriers ရောဂါသယ်ပို့နေသူတွေ ဖြစ်လာမယ်။ အသဲမှာ နာတာရှည်ရောင်တဲ့အဆင့်ကနေ အသဲ-ကင်ဆာ တချိန်မှာ ဖြစ်လာနိုင်တယ်။ Hepatitis B surface antigen (HBsAg) test နည်းနဲ့ ပိုးရှိ-မရှိစစ်တယ်။ ကိုယ်ဝန်ဆောင်မှာ စစ်တာ အရေးကြီးတယ်။ သူ့ကလေးကို ကူးနိုင်တယ်။ မွေးမွေးချင်း ဆေးတွေထိုးရမယ်။ တခါစစ်လို့ မတွေ့တိုင်းတော့ ပိုးဝင်မထားဘူးလို့ ပြောမရသေးဘူး။ ထပ်စစ်ရမယ်။ Hepatitis B surface antigen (anti-HBs) test နည်းက အပေါင်းပြနေသူဟာ HBV antibodies (အင်တီဘော်ဒီ) တွေရှိနေတာမို့ ရောဂါကို ခံနိုင်ရည်ရှိသူ ဖြစ်တယ်။ ကာကွယ်ဆေး ထိုးထားသူတွေလဲ အဲလိုပြမယ်။ Antibody to hepatitis B core antigen (anti-HBc) test စမ်းသပ်နည်း အပေါင်းပြတယ်ဆိုတာ HBV infection ရောဂါရှိနေတာဖြစ်တယ်။ နာတာရှည် အသဲရောင်နေတယ်။ သူများကိုလဲ ကူးစေနိုင်တယ်။ ဒါမှမဟုတ် Acute infection လတ်တလော ကူးစက်ခံထားရပြီး နလံထနေတယ်၊ ခံနိုင်ရည်လဲ တစိတ်တပိုင်းရှိနေတာဖြစ်မယ်။ နောက်ထပ် စမ်းသပ်နည်း ၂ ခုထပ်လုပ်ရမယ်။ E antigen blood test နည်းက အပေါင်းပြနေရင် သွေးထဲ မှာ ဗိုင်းရပ်စ်တွေ အများကြီးရှိနေပြီး၊ သူများကို အလွယ်တကူ ကူးစက်စေမယ်။ Hepatitis B DNA test စမ်းနည်းကနေ Viral load သွေးထဲမှာ ဗိုင်းရပ်စ်တွေ ဘယ်လောက်များနေသလဲ သိစေတယ်။ ဆေးကုတာ ထိရောက်မှု ကို တိုင်းတာနိုင်တယ်။ Liver function tests နည်းနဲ့ အသဲအခြေအနေကို သိစေတယ်။ Liver biopsy လုပ်ရင် အသဲရောဂါကို အသေအခြာ သိမယ်။

12. Hepatitis C virus (HCV) အသဲရောင် (စီ)။ Anti-HCV test နည်းနဲ့ Antibodies (အင်တီဘော်ဒီ) ရှိ-မရှိ သိနိုင်တယ်။ ပိုးဝင်ထားတာ အသစ်လား၊ အဟောင်းလား ခွဲမရဘူး။ HCV recombinant immunoblot assay (RIBA) test ကိုလဲ တွဲလုပ်နိုင်တယ်။ HCV antibodies ကိုဘဲ စမ်းတယ်။ ဒီ ၂ နည်းက အတူတူသဘောသာ သိရမယ်။ HCV RNA test ဆိုတာ အရည်အသွေးစမ်းတာဖြစ်တယ်။ Positive ဒါမှမဟုတ် Detected ဆိုတာ HCV viral RNA တွေ့လို့ဖြစ်တယ်။ Negative ဒါမှမဟုတ် Not detected ဆိုတာကို ဆေးကုသအပြီးစမ်းတယ်။ အခုဒီနည်းတွေကို သိပ်မလုပ်တော့ဘူး။ HCV Viral Load (HCV RNA test, Quantitative) နည်းက သွေးထဲမှာ viral RNA particles တွေဘယ်လောက်များလဲသိစေမယ်။ Viral load tests နည်းကို ဆေးကုနေတုံးလုပ်တယ်။ ဆေးကုကာစ ၃ လမှာ ခဏခဏစစ်တယ်။ ဆေးကု တာ အောင်မြင်ရင် ၄-၁၂ ပါတ်နေတော့ ၉၉% ကျသွားမယ်။ Viral genotyping နည်းက အမျိုးအစားခွဲသိစေတယ်။ အဓါကအမျိုးအစား ၆ ခုရှိတယ်။ USPSTF အဖွဲ့က ရောဂါလက္ခဏာ မရှိသူတွေကို Screening for (HCV) infection စမ်းဘို့ မလိုဘူးလို့ ဆိုတယ်။

ဒေါက်တာတင့်ဆွေ (၃-၃-၂ဝ၁၂)

ဒေါက်တာတင့်ဆွေ - အမျိုးသမီးတိုင်း လိုအပ်တဲ့ ဆေးစစ်ခြင်းများ

Saturday, March 24, 2012

““ကျုံကူးရွာသား ဦးသိန်းစိန် (သို့မဟုတ်) စစ်ပုံမကျသော စစ်သားတယောက်”


ဦးသိန်းစိန်ဟာ သူရဲ့ တာဝန် သက်တမ်းတလျှောက်လုံးနီးပါးမှာ ကမ္ဘာ့အရက်စက်ဆုံး စစ်အစိုးရရဲ့ အရာရှိကြီး တယောက်ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် မြန်မာပြည်ရဲ့ သမ္မတဖြစ်လာတဲ့ တနှစ်အတွင်းမှာ လူဦးရေ ၅၅ သန်းရှိတဲ့ တိုင်းပြည်ကို အာဏာရှင်စနစ်အောက်မှာ လုံးလုံးလျားလျား ကျရောက်နေတဲ့ နိုင်ငံအဖြစ်ကနေ ဒီမိုကရေစီနိုင်ငံ ဖြစ်လာအောင် ဦးဆောင်ကြိုးပမ်းလာပါတယ်။

နိုင်ငံကို ပြောတဲ့ သူရဲ့မိန့်ခွန်းက စကားအတိုင်းဆိုရင် မြန်မာ့လူ့အဖွဲ့အစည်းမှာ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေတဲ့ အတိတ်က အမွေဆိုးတွေကို ရှင်းလင်းဖယ်ရှားဖို့ သံဓိဌာန်ချ လုပ်ဆောင်လာပါတယ်။

စာဖတ်ဝါသနာကြီးတဲ့၊ မျက်မှန်တပ်ထားသူ၊ ပဟေဋိဆန်ဆန် ဦးသိန်းစိန်တယောက် အာရှက အဆင်းရဲဆုံး တိုင်းပြည်၊ အထီးကျန်ဆန်ဆန် တိုင်းပြည်ကို ပြောင်းလဲပစ်ဖို့ ဘာကြောင့် ဆုံးဖြတ်ခဲ့ရသလဲ ဆိုတာကတော့ တိတိကျကျ အဖြေပေးဖို့ခက်ပါတယ်။ မြန်မာပြည်ရဲ့ ဂိုဘာ့ချောဗ်လို့ ခေါ်လာကြတဲ့ ဗိုလ်ချုပ်ဟောင်း ဦးသိန်းစိန်နဲ့ပတ်သက်လို့ ရေးကြသားကြတာတွေကလည်း နည်းပါတယ်။ ဒါကလည်း မြန်မာပြည်က လက်ရှိ အပြောင်းအလဲတွေက ကွဲလွယ်ရှလွယ် အခြေအနေကြောင့် ပြောဖို့ စောသေးလို့ လည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

ဒါပေမယ့် ဦးသိန်းစိန်ရဲ့ မွေးရပ်ဇာတိ ကျုံကူး ဆိုတဲ့ ချောင်ကျကျ ရွာကလေးကို သွားမယ်ဆိုရင်တော့ ဦးသိန်းစိန်ဟာ ဘယ်လိုလူမျိုးလဲဆိုတာက တစွန်းတစ အကဲခတ်လို့ ရနိုင်ပါတယ်။ ဒီ အပြောင်းအလဲတွေကို သူ့ဘာကြောင့် ရည်မှန်းချက်ကြီးကြီးနဲ့ လုပ်ဆောင်နေသလဲ၊ ဘာတွေက သူ့ကို တွန်းအား ပေးလိုက်သလဲဆိုတာကို သဲလွန်စတွေရနိုင် ပါတယ်။

ဦးသိန်းစိန်ရဲ့ ဇာတိ ကျုံကူး ဆိုတဲ့ ရွာကလေးဟာ ဧရာဝတီမြစ်ဝကျွန်းပေါ်က ငပုတောမြို့နယ်ထဲမှာ ရှိပါတယ်။ ချောင်းတွေ၊ မြောင်းတွေ၊ မြစ်တွေနဲ့ ကွန်ယက်ဖွဲ့ထားတဲ့ ဒေသ လေးပါ။

လွန်ခဲ့တဲ့ ၄ နှစ်က အိန္ဒိယသမုဒ္ဒရာကနေ ဆိုင်ကလုန်းမုန်းတိုင်း မွှေနှောက်တိုက်ခတ်သွားတဲ့ နောက် ဖွတ်ဖွတ်ညက်ညက် ကြေနေခဲ့တဲ့ မြစ်ဝကျွန်းပေါ်ဒေသကို ဦးသိန်းစိန် တယောက်ပြန် ရောက်ခဲ့ပါတယ်။ ဆိုင်ကလုန်း နာဂစ်ကြောင့် လူပေါင်း ၁ သိန်း ၃ သောင်းကျော် အသေအပျောက် ရှိခဲ့တဲ့ကြောင့် မြန်မာပြည်သမိုင်းမှာတော့ အဆိုးရွားဆုံး သဘာဝကပ်ဘေးကြီးပါပဲ။

ဦးသိန်းစိန် ငယ်ဘ၀က နေခဲ့တဲ့ မြေသြဇာကောင်းတဲ့ ကျေးလက်ဒေသလေးဟာလည်း မုန်တိုင်းကြောင့် ရွာတွေလည်း ပြားပြားဝပ်၊ လူသေအလောင်းတွေကလည်း ရေစုန်ရေဆန်မှာ ပေါလော မျောနေတဲ့ အခြေအနေကို ရောက်သွားပါတယ်။

အဲဒီအချိန်တုန်းက ဦးသိန်းစိန်က နိုင်ငံတော်အဆင့် သဘာဝကပ်ဘေးကာကွယ်ရေး ကော်မတီရဲ့ ဥက္ကဌလည်း ဖြစ်တာကြောင့်၊ အစိုးရအဖွဲ့ရဲ့ ခေါင်းဆောင်တယောက်အနေနဲ့ အရေးပေါ် အခြေအနေကို သူကိုယ်တိုင် ကိုင်တွယ်ခဲ့ရပါတယ်။ မြစ်ဝကျွန်းပေါ် ဒေသကို ရဟတ်ယာဉ်နဲ့ ခေါက်တုံ့ ခေါက်ပြန်သွားခဲ့တဲ့အခါမှာ ဆင်းရဲနုံချာလှတဲ့ သူ့တိုင်းပြည်လေးဟာ နာဂစ်ဆိုင်ကလုန်းလို ကြီးမားတဲ့ သဘာဝကပ်ဘေးကြီးကို ရင်ဆိုင်နိုင်ဖို့ ဘာမှ ပြင်ဆင်မထား ပါလားဆိုတာကို စိတ်မချမ်းမြေ့ဖွယ် သူတွေ့ခဲ့ရပါတယ်။

"နာဂစ်ဆိုင်ကလုန်းကတော့ စိတ်ပြောင်းလဲစေတဲ့ အကြောင်းတရားပါပဲ၊ ဆိုင်ကလုန်းနဲ့ကြုံတဲ့ အခါမှာ အစိုးရဟောင်းလက်ထက်မှာ အကန့်အသတ်တွေ ဘယ်လောက် ရှိနေသလဲဆိုတာကို သူသိသွားတယ်" လို့ ရန်ကုန်အခြေစိုက် မြန်မာအီးဂရက် သုတေသနအဖွဲ့က ခေါင်းဆောင် ဦးတင်မောင်သန်းက ပြောပါတယ်၊ မြန်မာပြည်ရဲ့ အဓိက မြို့ကြီးမှာ အခြေစိုက်တဲ့ ဒီအဖွဲ့ဟာ သမ္မတဦးသိန်းစိန်ကို မူဝါဒအကြံဥာဏ်တွေ ပေးနေတဲ့အဖွဲ့လည်း ဖြစ်ပါတယ်။

ဦးသိန်းစိန်အတွက် နောက်ထပ်အကြောင်းရင်းတွေလည်းရှိနိုင်ပါတယ်။ ၀န်ကြီးချုပ်အဖြစ် သူတာဝန်ယူခဲ့တဲ့ သုံးနှစ်တာ ကာလမှာ ဦးသိန်းစိန်ဟာ တိုင်းပြည်ခေါင်းဆောင်အဖြစ် နိုင်ငံရပ်ခြားကို ရောက်ဖူးပါတယ်၊ ဒါဟာ မြန်မာပြည်ကခွာပြီး၊ တခြားနိုင်ငံတွေကို များများစားစားမရောက်ဖူးကြတဲ့ တခြားထိပ်တန်း အစိုးရအရာရှိတွေနဲ့ ဦးသိန်းစိန်ကြားက ကွာခြားချက်လည်း ဖြစ်ပါတယ်။

ဦးသိန်းစိန်ဟာ နှလုံးရောဂါကြောင့် စင်ကာပူလည်း ရောက်ခဲ့ပါတယ်။ ကုလသမဂ္ဂ အစည်းအဝေးတခုအတွက် နယူးယောက်ကိုလည်း ရောက်ခဲ့ပါတယ်။ ဒီလို နိုင်ငံတွေကို ရောက်တဲ့အခါမှာ မြန်မာပြည်ဟာ စီးပွားရေးအရ ဘယ်လောက် နောက်ကောက်ကျနေသလဲဆိုတာ သူ့ကို မျက်စိဖွင့်ပေးခဲ့သလို ဖြစ်ကောင်းဖြစ်သွား နိုင်ပါတယ်၊ မြန်မာပြည်ဟာ အာရှမှာ အမွဲဆုံးနိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။

စစ်တပ်ထဲမှာ ဦးသိန်းစိန်တယောက် အဆင့်ဆင့်ရာထူးတက်လာတာကို သိမှီသူတွေက ဦးသိန်းစိန်ဟာ သစ္စာစောင့်သိသူ တယောက်ဖြစ်သလို၊ စစ်အစိုးရအဖွဲ့ထဲက တခြားအဆင့်မြင့် ခေါင်းဆောင်တွေနဲ့ မတူဘဲ လူမှုဆက်ဆံရေးပြေပြစ်သူလည်း ဖြစ်တယ်လို့ ဆိုကြပါတယ်။

ဦးသိန်းစိန်ဟာ မြန်မာပြည်မြောက်ပိုင်းက မူးယစ်မှောင်ခိုမှုတွေ အကြီးအကျယ်ရှိတဲ့ ရွှေတြိဂံဒေရဲ့ တိုင်းမှူးလည်း ဖြစ်ခဲ့ပါတယ်။ တိုင်းရင်းသားလူမျိုးစုငယ်လေးတွေ မျိုးစုံနေထိုင်တဲ့ ဒေသရဲ့ တိုင်းမှူးဘ၀မှာလည်း ဦးသိန်းစိန်ဟာ တခြားတိုင်းမှူးတွေလောက် မရက်စက်တဲ့ တိုင်းမှူးဖြစ်ခဲ့တယ်လို့ ရှမ်းသံတော်ဆင့်သတင်းဌာနက ဦးခွန်ဆိုင်းက ပြောပါတယ်။

"ဒီဒေသက ပြည်သူတွေကို ဘယ်တိုင်းမှူးကို အကြိုက်ဆုံးလဲလို့ မေးကြည့်ရင် ဦးသိန်စိန် လို့ ဖြေကြလိမ့်မယ်ဗျ၊ ပိုပြီး တိတိကျကျပြောရရင်တော့ ဦးသိန်းစိန်ဟာ လူမုန်းအနည်းဆုံး တိုင်းမှူးတယောက်ပါပဲ" လို့ ဦးခွန်ဆိုင်းက တယ်လီဖုန်း အင်တာဗျူးမှာ ပြောပါတယ်။

လူတွေကြားထဲမှာ ပဟေဋိဖြစ်နေတဲ့ ကြီးမားတဲ့ နောက်အကြောင်းတရပ်က ဦးသိန်းစိန်တယောက် ဘယ်ကနေဘယ်လို ထိပ်ဆုံးက ရာထူးကို ရသွားသလဲဆိုတဲ့ ကိစ္စဖြစ်ပါတယ်၊ တခြား အဆင့်မြင့်အရာရှိတွေနဲ့ မတူတဲ့အချက်က ဦးသိန်းစိန်ဟာ စစ်တပ်ထဲမှာ အာဏာအခြေခံ မရှိပါဘူး။ သူဟာ ရည်မှန်းချက်ကြီးသူလည်း မဟုတ်ခဲ့ပါဘူး။

ရန်ကုန်မှာ လူပြောများတဲ့ ဇာတ်လမ်းတပုဒ်က ဦးသိန်းစိန်ဟာ ရာထူးကနေထွက်ပြီး သူ့ရွာလေးမှာပဲ အနားယူချင်နေတယ်လို့ ဆိုကြပါတယ်၊ သမ္မတရဲ့ အကြံပေးတွေကလည်း ဦးသိန်းစိန်ဟာ သမ္မတရာထူးအတွက် အထူး ကြိုးပမ်းအားထုတ်ခဲ့တာမျိုး တခါမှ မရှိခဲ့ဘူးလို့ ဆိုကြပါတယ်။

ဦးသိန်းစိန်တယောက် စစ်တပ်ထဲမှာ ရာထူးတက်လာရတဲ့အကြောင်းကတော့ သူ့ရဲ့ လက်ရင်းဆရာ၊ မြန်မာပြည်ကို နှစ်ပေါင်း ၂၀ ကြာ အုပ်ချုပ်ခဲ့ပြီး၊ မနှစ်တုန်းက အနားယူသွားတဲ့ အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ ကျေးဇူးကြောင့်ပါပဲ။ ဒီမိုကရေစီအင်အားစုတွေကို ဖိနှိပ်တာကြောင့် နာမည်ပျက်ပေါင်းများတဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ ဦးသိန်းစိန်ကို သမ္မတအဖြစ် အရွေးချယ်ခံရအောင် စီစဉ်ဆောင်ရွက်ခဲ့တယ်လို့ ယူဆကြပါတယ်။

သမ္မတအကြံပေးတယောက်ပြောတာကတော့ သမ္မတ ဦးသိန်းစိန်ကို သမ္မတအဖြစ် ရွေးချယ်ပြီး ပြုပြင်ပြောင်းလဲမှုတွေကို လုပ်တာကြောင့် ဗိုလ်ချုပ်မှူးကြီးအတွက် ငြိမ်းငြိမ်းချမ်းချမ်း အနားယူဖို့ အခွင့်အရေး ရသွားတယ်လို့ ဆိုပါတယ်။

"ဒီအပြောင်းအလဲတွေကြောင့် ဦးသန်းရွှေအတွက် ဘေးကင်းလုံခြုံသွားတာပေါ့ဗျာ၊ ဦးသန်းရွှေအတွက် ဘေးမသီရန်မခတဲ့ အခြေအနေမျိုးကို ဖြစ်လာတယ်၊ လူထုအုံကြွမှုတွေလည်း လတ်တလောမှာ လက်တွေ့ဖြစ်လာဖို့ အကြောင်းမရှိတော့ဘူး" လို့ သမ္မတရဲ့ အကြံပေးနဲ့ သမ္မတ မိန့်ခွန်းတွေကို ရေးပေးတဲ့ ဦးနေ၀င်းမောင်က ပြောပါတယ်။

ဒီစကားကို နှလုံးရောဂါနဲ့ မကွယ်လွန်ခင် တလလောက်အလိုမှာ ဦးနေ၀င်းမောင်က ပြောခဲ့တာပါ။ သမ္မတ ဦးသိန်းစိန်ဟာ "ရည်မှန်းချက်လည်းမကြီး။ ဆုံးဖြတ်ချက်လည်း မပြတ်သား၊ ဆွဲဆောင်စည်းရုံးနိုင်စွမ်းလည်းမရှိ၊ ဒါပေမယ့် အလွန် ရိုးသားတည်ကြည်သူ" လို့ ဦးနေ၀င်းမောင်က မဖွဲ့မနွဲ့ဘဲ ပုံဖော်ပြပါတယ်။

တကယ်တော့ မြန်မာပြည်က ပြုပြင်ပြောင်းလဲမှုတွေကို ဦးသိန်းစိန်တယောက်လည်း လုပ်နေတာတော့ မဟုတ်ပါဘူး။ ပြည်သူလွှတ်တော်ဥက္ကဌ သူရ ဦးရွှေမန်းလို ပုဂ္ဂိုလ်မျိုးကလည်း ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို အရှိန်ရလာအောင် ဆော်သြနေတာတွေ့ရပါတယ်။

မြန်မာပြည်က အပြောင်းအလဲနဲ့ပတ်သက်လို့ ၁၉ ရာစု ပြင်သစ်က ကဗျာဆရာ ဗစ်တာ ဟူဂိုး ရဲ့ စကားနဲ့ ပြောရရင် "အချိန်တန်လို့ ဖြစ်လာတယ်"လို့ ပဲ ဆိုရမှာပါ။ စစ်အစိုးရ လက်အောက်မှာ ဒုက္ခရောက်ပြီး မခံမရပ်နိုင်ဖြစ်နေတဲ့ စီးပွားရေးသမားလေးတွေ၊ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေ၊ သာမာန်ပြည်သူတွေဟာ မနှစ်တုန်းက အာရတ်ကမ္ဘာက လူထုအုံကြွမှုတွေကို တနည်းတဖုံ အားကျပြီး အောက်ခြေကနေ ရုန်းကန ထကြွလာနိုင်တဲ့ ရည်မှန်းချက်နဲ့ ဆန္ဒတွေကို ဦးသိန်းစိန် အစိုးရက တုံ့ပြန်လိုက်တာပါပဲ။

ဒါပေမယ့် လေ့လာသူတွေက ဦးသိန်းစိန်ရဲ့ အခန်းကဏ္ဍကိုလည်း လျှော့မတွက်သင့်ဘူးလို့ ဆိုပါတယ်။ သူ့အစိုးရအဖွဲ့က ကြီးမားတဲ့ အခက်အခဲကျော်လွှားမှုကတော့ မြန်မာပြည်က ဒီမိုကရေစီလှုပ်ရှားမှုရဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကို နိုင်ငံရေးစနစ်ထဲကို ပြန်ဝင်လာအောင် စည်းရုံးနိုင်တာဖြစ်ပါတယ်။ ဒီလို လျှပ်တပြက် လုပ်ဆောင်ချက်ကြောင့် သမ္မတ ဦးသိန်းစိန်ဟာ ပြည်တွင်းမှာရော၊ ပြည်ပမှာပါ အမှတ်တွေ တော်တော်ရလိုက်ပါတယ်။

အခုလို ဒေါ်အောင်ဆန်းစုကြည်ကို စည်းရုံးနိုင်တာဟာ သမ္မတဦးသိန်းရဲ့ ကိုယ်ရည် ကိုယ်သွေးနဲ့လည်း ဆိုင်တယ်လို့ သုံးသပ်သူတွေက ဆိုကြပါတယ်။ ဦးသိန်းစိန်ဟာ မြင်နေကျ စစ်အရာရှိတယောက်၊ အထူးသဖြင့် ရက်စက်မှုတွေနဲ့ နာမည်ဆိုးတဲ စစ်အရာရှိတယောက်မျိုး မဟုတ်ပါဘူး။ ဦးနေ၀င်းမောင်က သမ္မတဦးသိန်းစိန်ဟာ စစ်သားပုံ ဘယ်လိုမှ မပေါက်တဲ့ စစ်သားတယောက်လို့ ပြောပါတယ်။

ဖေဖော်ဝါရီလမှာ သမ္မတဦးသိန်းစိန်နဲ့ တွေ့ခဲ့တဲ့ အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) အဖွဲ့ရဲ့ အတွင်းရေးမှူး ထိုင်းလူမျိုး ဆူရင် ပစ်ဆူဝမ်က သမ္မတ ဦးသိန်းစိန်ဟာ အလွန်ကို ညင်သာ၊ သိမ်မွေ့ပြီး၊ အလေးအနက်ရှိတဲ့ လူစားမျိုးလို့ အကဲခတ်ပါတယ်။

"တဖက်သားပြောတာကို သေချာနားထောင်တတ်တဲ့ လူ" လို့ မစ္စတာ ဆူရင် ပစ်ဆူဝမ်က ပြောပါတယ်။

သမတဦးသိန်းစိန်ဟာ အဂတိလိုက်စားမှုတွေ ဖောင်းပွနေတဲ့ စစ်အစိုးရခေတ်မှာ မိတ်ဆွေတွေ၊ မိသားစုတွေကို အခွင့်ထူးတွေ၊ လုပ်ပိုင်ခွင့်တွေပေးတတ်တဲ့ တခြားအရာရှိတွေနဲ့ မတူတဲ့ သန့်ရှင်းတဲ့ လူလို့လည်း သတ်မှတ်ခံရပါတယ်။

"စစ်တပ်နဲ့ နီးစပ်တဲ့လူတွေကြားထဲမှာ ဦးသိန်းစိန်ဟာ တခြားလူတွေထက်စာရင် လူကောင်းတယောက် ဖြစ်တယ်၊ အဂတိလိုက်စားမှုကင်းတဲ့ လူလို့ ယူဆကြတယ်" လို့ မြန်မာပြည်မှာ မနှစ်သြဂုတ်လအထိ တာဝန်ထမ်းခဲ့တဲ့ အမေရိကန်သံတမန် လယ်ရီ ဒင်ဂါက ပြောပါတယ်။

စစ်အစိုးရဟာ အရပ်သားအစိုးရလက်ထဲကို အာဏာမလွှဲခင်နှစ်မှာ တိုင်းပြည်ရဲ့ တန်ဖိုးကြီးတဲ့ အရင်းအမြစ်တွေကို ရောင်းချခဲ့ပါတယ်၊ ဒီလို ငွေတွေ အကြီးအကျယ်ရပြီး ရတနာပုံဆိုက်သွားတာကြောင့် အပြောင်းအလဲတွေလုပ်ဖို့ အရင် စစ်အစိုးရခေါင်းဆောင်တွေက မီးစိမ်းပြလိုက်တာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

မြန်မာပြည်က ထိပ်တန်းသူဌေးကြီးတွေနဲ့ စီးပွားရေးတွေလုပ်၊ ပေါ်ပေါ်ထင်ထင် ချမ်းသာနေကြတဲ့ အဆင့်မြင့် စစ်ခေါင်းဆောင်တွေရဲ့ သားသမီးတွေနဲ့ မတူတာက ဦးသိန်းစိန်ရဲ့ သမီး သုံးယောက်စလုံးဟာ လူတွေ အာရုံစိုက်ရလောက်တဲ့ အခြေအနေမျိုး မရှိကြပါဘူး။ မထင်မရှားနေတဲ့ ဦးသိန်းစိန်ရဲ့ ဇနီးကလည်း မနှစ်တုန်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့တဲ့အခါမှ ထွက်ပေါ်လာပါတယ်။ အမျိုးသမီးနှစ်ယောက် အဆင်ပြေနေတာကို မြင်တွေ့ခဲ့ရတယ်လို့ မြန်မာ သတင်းထောက်တွေက ပြောကြပါတယ်။

ရန်ကုန်ကနေ အနောက်တောင်ဘက်က ၈ နာရီလောက်ကားမောင်းသွားရတဲ့ ဦးသိန်းစိန်ရဲ့ ဇာတိရွာလေးမှာလည်း ဦးသိန်းစိန်ဟာ ဘယ်သူကိုမျှ ဦးစားမပေးတတ်တဲ့ လူစားလို့ သိထားကြပါတယ်။ သမ္မတအဖြစ် ရွေးချယ်ခံရပြီး တနှစ်ကြာတဲ့အချိန်အထိ ကျုံကူးရွာလေးမှာ ရေပိုက်လည်း မရှိသေး၊ ကွန်ကရစ်လမ်းလည်း မပေါက်သေးပါဘူး၊ ရွာကို လာတဲ့ ဧည့်သည့်တွေကို ညဘက်ကျရင် ရွာပြင်က ဖုန်ထူတဲ့ လမ်းမဘက်ကို မထွက်ကြကြဖို့ သတိပေးကြပါတယ်။ အကြောင်းကတော့ တောင်တန်းနိမ့်နိမ့်တွေပေါ်မှာနေတဲ့ ဆင်တွေ ဆင်းလာတာနဲ့ တိုးရင် အန္တရာယ် ကျရောက်တတ်လို့ပါ။

“ဦးသိန်းစိန်ဟာ လူရိုးတယောက်ဖြစ်တယ်၊ ကျနော်တို့ ရွာကိုလည်း တခါမှ ဦးစားပေးတာမျိုးမရှိပါဘူး” လို့ ဦးသိန်းစိန်တို့ အိမ်နဲ့ မျက်နှာချင်းဆိုင်လမ်းမှာ နေထိုင်ကြီးပြင်းခဲ့တဲ့ ဦးကျော်စိုးက ပြောပါတယ်။

ဦးသိန်းစိန်ဟာ မောင်နှမ သုံးယောက်ထဲမှာ အငယ်ဆုံးသားဖြစ်ပြီး၊ ကျုံကူးရွာက ရွာလယ်လမ်းမကြီးဘေး၊ ၀ါးအိမ်လေးမှာ သူ့ကို မွေးပါတယ်။ သူ့မိဘတွေဟာ မြေမဲ့ယာမဲ့ဖြစ်ပြီး သူ့အဖေ ဦးမောင်ဖြိုးဟာ မြစ်ဆိပ်မှာ ကုန်ထမ်းပြီး၊ ၀ါးဖျာတွေယက်ပြီး မိသားစုကို ကျွေးမွေးခဲ့ပါတယ်။ ဦးမောင်ဖြိုးဟာ ဘုန်းကြီးလူထွက်ဖြစ်ပြီး အဲဒီအချိန်တုန်းကတော့ ကျုံကူး ရွာသားတွေထဲမှာတော့ ထူးထူးခြားခြား စာတတ်သူလို့ ဆိုရပါမယ်။

"ဦးသိန်းစိန်ရဲ့ အောင်မြင်မှုဟာ သူ့အဖေ ဦးမောင်ဖြိုးကြောင့်" လို့ ဦးကျော်စိုးက ပြောပါတယ်၊ သူ့အဖေဟာ ဦးသိန်းစိန်ရဲ့ ဘ၀မှာ အရေးအကြီးဆုံးပုဂ္ဂိုလ်ဖြစ်တယ်။ ကန့်ကူလက်လှည့် ဆရာဖြစ်သလို၊ စိတ်ဓာတ်ပိုင်းအရလည်း လေးစားရတဲ့ လူ" လို့ ဦးကျော်စိုးက ပြောပါတယ်။

ဦးသိန်းစိန်ရဲ့ အမေ ဖြစ်တဲ့ အိမ်ရှင်မကြီး ဒေါ်ခင်ညွန့်ကတော့ မိသားစုက ဖွင့်ထားတဲ့ လက်ဖက်ရည်ဆိုင်လေးမှာ ၀ိုင်းကူပါတယ်။ အခုတော့ ဦးသိန်းစိန်ရဲ့ မိဘတွေ ကွယ်လွန်သွားတာ နှစ်ပေါင်း နှစ်ဆယ်ကျော်ခဲ့ပါပြီ၊ ဦးသိန်းစိန်ရဲ့ ကလေးဘ၀က နေခဲ့တဲ့ အိမ်ဟောင်းကို ဖျက်ပြီး၊ အိမ်သစ်နဲ့ အစားထိုးထားပါတယ်။

ဦးသိန်းစိန်တို့ ရွာကို သတင်းထောက်တွေ၊ ဓာတ်ပုံဆရာတွေ သွားရင် အာဏာပိုင်တွေအတွက် အရေးတကြီးကိစ္စ၊ အမှားအယွင်းမခံတဲ့ ကိစ္စအဖြစ် ယူဆတုန်းပါပဲ။ သမ္မတရဲ့ မိတ်ဆွေတွေ၊ မိသားစုဝင်တွေကို ကြားလူတွေကတဆင့် ဆက်သွယ်ပြီးတဲ့အခါ အရာရှိတွေဟာ သတင်းထောက်ရဲ့ ကားကို ရွာကို သွားတဲ့ တလမ်းလုံးနောက်ယောင်ခံ လိုက်ပါတယ်။ ရွာကို ရောက်တဲ့အခါအမှာ အရပ်ဝတ်နဲ့ ရဲတွေက အသင့်စောင့်နေကြတာတွေ့ရပါတယ်။

"ကျနော်တို့ ခင်ဗျားကို မျှော်နေကြတာ" လို့ အဲဒီဒေသက အရာရှိ ဦးမြင့်ဦးက ခရီးဦးကြိုဆိုရင်း ပြောပါတယ်။

အာဏာပိုင်တွေဟာ ယဉ်ကျေးကြပါတယ်။ မုန့်တွေနဲ့ ဘီယာအေးအေးလေးတောင် တိုက်ပါသေးတယ်။ ဒါပေမယ့် အင်တာဗျူးတဲ့ အချိန်တွေမှာတော့ ရဲတွေက ဘေးကနေ လိုက်မှတ်ပါတယ်။

နိုင်ငံခြားသားသတင်းထောက်တယောက်ကို လက်ခံရကောင်းနိုးနိုး၊ မကောင်းနိုးနိုး မတင်မကျ ဖြစ်နေတာကလည်း အရင်တုန်းက မြန်မာပြည်နဲ့ အခုမြန်မာပြည်တို့ ကြားက ထိပ်တိုက် တွေ့နေတာကို မီးမောင်းထိုးပြတာပါပဲ။ သမ္မတဦးသိန်းစိန် အာဏာယူပြီး တနှစ်အကြာမှာ မြန်မာပြည်ဟာ အာဏာရှင်စနစ်နဲ့ ဒီမိုကရေစီစနစ်ကြားက လမ်းခုလတ်မှာ ရောက်နေပါတယ်။

နိုင်ငံကို ပြောတဲ့ ရုပ်မြင်သံကြားမိန့်ခွန်းမှာ သမ္မတမိန့်ခွန်းမှာ ဦးသိန်းစိန်က “ ကျနော်တို့ဟာ စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီ နိုင်ငံတော်သစ်ကို ရောက်ပြီလားဆိုရင်၊ မရောက်သေးပါဘူး၊ နောက်ထပ်အများကြီး လုပ်ဆောင်စရာတွေ ရှိပါသေးတယ်” လို့ ပြောပါတယ်။

သမ္မတမိန့်ခွန်းမှာ ခေတ်မှီတဲ့ စကားလုံးတွေသုံးတာကြောင့်လည်း ပြောစမတ်တွင်ရပါတယ်။ မိန့်ခွန်းထဲမှာ သက်ဆိုင်သူများအားလုံး “stakeholders,” တို့၊ သတင်းမီဒီယာကိုလည်း စတုထ္ထမဏ္ဍိုင် “fourth estate.” လို့ ထပ်တလဲလဲ ထည့်ပြောသွားပါတယ်။ မီဒီယာဟာ လွတ်လပ်မှုနဲ့ တာဝန်ခံမှုရှိရမယ်လို့ သမ္မတက ဆိုပါတယ်။

ယူနီဗာဆယ် ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို လည်း သမ္မတက ကတိပြုပါတယ်။ လာမယ့် ဘဏ္ဍာရေးနှစ်မှာ ကျန်းမာရေးအသုံးစရိတ်ကို လေးဆတိုးပြီး ပညာရေးကို နှစ်ဆတိုးမယ်လို့ သမ္မတက ဆိုပါတယ်။

သမ္မတ ဦးသိန်းစိန်ဟာ မနှစ်မတ်လက အာဏာလက်ခံတဲ့ မိန့်ခွန်းမှာလည်း အခုလိုပဲ ရဲရင့်ပြီး ရည်မှန်းချက်ကြီးတဲ့ ကတိတွေကို ပေးခဲ့ပါတယ်။ ဒါပေမယ့် အဲဒီအချိန်တုန်းက သမတ စကားတွေဟာ နှစ်ပေါင်း ၅၀ လောက် စစ်အုပ်ချုပ်ရေး၊ တလွဲတချော် စီးပွားရေးစီမံခန့်မှုတွေ အောက်မှာ နေခဲ့ရတဲ့ တိုင်းပြည်မှာ ပြည်သူတွေ အပြောင်းအလဲကို ပြင်းပြင်းပြပြ တောင့်တနေတယ်ဆိုတာကို သိလို့ ချွေးသိပ်တဲ့သဘောပဲ ဖြစ်မယ်လို့ သံသယရှိသူတွေလည်း ရှိခဲ့ကြပါတယ်။

ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်ကလည်း အခုအချိန်ထိတော့ အထိမခံကြွေပန်းကန်အခြေအနေပါပဲ။ တရုတ်အစိုးရက မြစ်ဆုံစီမံကိန်းကို ပြန်စဖို့ ဖိအားပေးနေသလို၊ ဧပြီလ ၁ ရက်နေ့ ကြားဖြတ် ရွေးကောက်ပွဲအတွက် မဲဆွယ်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကလည်း စစ်တပ်ကျောထောက် နောက်ခံပေးထားတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက အာဏာအလွဲသုံးစား လုပ်နေတယ်လို့ စောဒကတက်ရင်၊ ရွေးကောက်ပွဲဟာ အလိမ်အညာ ဖြစ်နိုင်တယ်လို့ သတိပေးနေပါတယ်။

လေ့လာသူတွေ တော်တော်များများက ရှေ့ကို မျှော်ကြည့်ရင်း အပြောင်းအလဲဟာ လူပုဂ္ဂိုလ်တွေ အပေါ်မှာ မှီခိုလွန်းအားကြီးနေတယ်၊ ဦးသိန်းစိန်ရဲ့ အောင်မြင်မှု လက်တဆုပ်စာလောက်ရှိတဲ့ သမ္မတအကြံပေးနဲ့၊ ပြုပြင်ပြောင်းလဲရေးကို လိုလားတဲ့ ၀န်ကြီးတချို့အပေါ်မှာပဲ အလွန်အကျွံ ပုံအပ်ထားသလို ဖြစ်နေတယ်ဆိုပြီး စိုးရိမ်နေကြပါတယ်။

တချိန်ချိန်မှာ ပြုပြင်ပြောင်းလဲချင်တဲ့ နိုင်ငံရေးဆန္ဒတွေ ပျောက်သွားတာမျိုးလည်း ဖြစ်နိုင်တယ်လို့ စိုးရိမ်ကြပါတယ်။ နိုင်ငံရေးလွတ်လပ်မှုတွေ တိုးတက်လာလို့ အပျော်လွန်တဲ့ကာလဟာ သိပ်မကြာခင်မှာ တစခန်းရပ်ပြီး၊ တိုင်းပြည်ကို ပတ်ချာလည်ကနေ ဖိစီးနှိပ်စက်နေတဲ့ ဆင်းရဲမွဲတေမှုလို့ လက်တွေ့ အရှိတရားဘက်ကို မြှားဦးလှည့်လာမယ်ဆိုတဲ့ စိုးရိမ်မှုတွေ ရှိပါတယ်။

သမ္မတရဲ့ မိန့်ခွန်းတွေကို ရေးပေးခဲ့တဲ့ ဒေါက်တာ နေ၀င်းမောင်က “ လောလောဆယ်ကတော့ စိတ်လှုပ်ရှားစရာ ကောင်းတဲ့ စမ်းသပ်ကာလပေါ့ဗျာ။ မကြာခင်မှာတော့ စိတ်ပျက်စရာကောင်းတဲ့ အချိန်ကာလတခု ရောက်လာဦးမယ်” လို့ ပြောခဲ့ပါတယ်။

(နယူးယော့ခ်တိုင်းမ် ပင်တိုင်ဆောင်းပါးရှင် THOMAS FULLER ရေးသည့် A Most Unlikely Liberator in Myanmar ဆောင်းပါးကို ဘာသာပြန်ပါသည်)

နေသွင်

http://www.maukkha.org/index.php/book-store/essay-maukkha/1971-maukkha-burmese-president-thein-sein မှ ကူးယူဖော်ပြပါသည်

ဝါရင့် သတင်းစာဆရာ လူထုဦးစိန်ဝင်းနှင့် တွေ့ဆုံခြင်း

"မီဒီယာဖွံ့ဖြိုးတိုးတက်စေချင်တယ်၊ စတုတ္ထမဏ္ဍိုင် ကြံ့ခိုင်စေချင်တယ်ဆိုရင်၊ မီဒီယာဖွံ့ဖြိုးတိုးတက်အောင်၊ လုပ်ကိုင်နိုင်တဲ့ အခြေအနေကို ဖန်တီးပေးဖို့ပဲ ဖြစ်တယ်။ မီဒီယာတွေကို ထပ်ပြီးတော့ ချုပ်ကိုင်ဖို့ မလုပ်သင့်ဘူး" ၀ါရင့် သတင်းစာဆရာ လူထုဦးစိန်ဝင်းနှင့် တွေ့ဆုံခြင်း

ပြန်ကြားရေးဝန်ကြီးဌာနနှင့် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO) တို့ ပူးပေါင်းပြီး Conference on Media Development in Myanmar အလုပ်ရုံ ဆွေးနွေးပွဲကို မတ်လ ၁၉ရက်နှင့် ၂၀ရက်နေ့တွင် ရန်ကုန်မြို့ရှိ ချာထရီယမ် ဟိုတယ်၌ ပြုလုပ်ခဲ့ပါသည်။ အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲအပေါ် အမြင်များနှင့် အစိုးရမှ ရေးဆွဲပြဋ္ဌာန်းရန် ပြင်ဆင်နေသော ပုံနှိပ်မီဒီယာဥပဒေနှင့် ပတ်သက်ပြီး ၀ါရင့် သတင်းစာဆရာ လူထုဦးစိန်ဝင်းအား မေးမြန်းထားခဲ့သည်များကို ဖော်ပြလိုက်ပါသည်။

မေး - မတ်လ ၁၉၊ ၂၀ မှာ Conference on Media Development in Myanmar အလုပ်ရုံဆွေးနွေးပွဲကို ရန်ကုန်မှာ လုပ်ခဲ့ပါတယ်။ လုပ်တဲ့အခါမှာ ပြည်တွင်းက လူတစ်ချို့ကို ခေါ်တယ်။ ပြည်ပက လူတစ်ချို့ကို ခေါ်တယ်။ ပြန်ကြားရေး ၀န်ကြီးဌာနနဲ့ UNESCO တို့ ပူးပေါင်းပြီး လုပ်ခဲ့တယ်။ နိုင်ငံတကာ မီဒီယာ ထောက်ပံ့ရေးအဖွဲ့(IMS) လည်း ပါတယ်လို့ သိရပါတယ်။ တပ်ထားတဲ့ ခေါင်းစဉ်ကတော့ Media Development in Myanmar လို့ ဆိုပါတယ်။ သတင်းတော်တော်များများမှာ ဖော်ပြခဲ့တာကတော့ ဆွေးနွေးပွဲက ရလာတဲ့ အကြံပြုချက်တွေကို ပုံနှိပ်မီဒီယာ ဥပဒေအတွက် ဒုတိယမူကြမ်း ရေးဆွဲတဲ့နေရာမှာ ထည့်သွင်းမယ်လို့ ဖော်ပြထားကြပါတယ်။ အခု ပုံနှိပ်မီဒီယာ ဥပဒေအတွက် ဒုတိယမူကြမ်း ရေးဆွဲတဲ့အခါမှာ ပိုပြီးပြည့်စုံအောင် ပြည်တွင်း၊ ပြည်ပကလူတွေကို ဖိတ်ခေါ်ပြီး အခုလိုမျိုး Conference လုပ်တာ ဖြစ်တယ်လို့ ပြန်ကြားရေးဝန်ကြီးက မဇ္ဈိမသတင်းဌာန အင်တာဗျူးမှာ ဖြေထားတာ ဖတ်ရပါတယ်။ ဆရာ့ အမြင်ကရော ဘယ်လိုရှိပါသလဲ။

ဖြေ - ဆရာလည်း ဒီဟာကို ဖတ်ကြည့်လိုက်တယ်။ ဖတ်ကြည့်လိုက်တော့ Conference ခေါင်းစဉ်က ဘာလဲဆိုတော့ Media Development in Myanmar ၊ မြန်မာ မီဒီယာလောက ဖွံ့ဖြိုးတိုးတက်ရေး ဆိုတဲ့ခေါင်းစဉ်နဲ့ လုပ်တာဖြစ်တယ်။ လာပြီး တော့ ဖတ်ကြားတဲ့ ပြည်ပက ပုဂ္ဂိုလ်တွေကလည်း မီဒီယာဖွံ့ဖြိုး တိုးတက်ရေးအတွက်ပဲ ပြောသွားကြပါတယ်။ Media Law ဆိုတာက အစိုးရဘက်က ဖတ်တဲ့ စာတမ်းတွေမှာပဲ သွားပါတယ်။ အဲဒီတော့ ဒီ Conference ဟာ ရောင်တော်ပြန်နဲ့ ရောတဲ့ Conference လို့ပဲ ဆရာက သတ်မှတ်တယ်။ မီဒီယာ ဥပဒေတွေ၊ ဥပဒေအမျိုးမျိုးနဲ့ သူတို့က ထိန်းချုပ်ဖို့ လုပ်ကိုင်ကြတယ်။ ဥပဒေဆိုတဲ့ သဘောကိုက ထိန်းချုပ်ဖို့ပဲ။ ပြည်သူတွေရဲ့ လွတ်လပ်ခွင့်တွေ၊ ထိန်းချုပ်ဖို့အတွက် တည်ဆဲအစိုးရ တည်တည်ငြိမ်ငြိမ်နဲ့ ရှိဖို့၊ သူတို့ အာဏာတည်မြဲဖို့အတွက် နောက် ပြည် သူလူထုကို ချုပ်ကိုင်ထားဖို့ ဖိနှိပ်ထားဖို့
လုပ်တဲ့ ဥပဒေတွေ ဖြစ်တယ်။ ဥပဒေတွေဟာ မရှိလည်း မကောင်း၊ ရှိလည်း မကောင်း သဘောဆောင်တယ်။ မရှိလို့လည်း မဖြစ်ဘူး။ သို့သော် ရှိရင်လည်းပဲ လိုတာထက်ပိုပြီး များလာရင်လည်း မကောင်းဘူး။ ဥပဒေအနည်းဆုံး ရှိတဲ့ နိုင်ငံဟာ အေးချမ်းသာယာမှာပဲ။ ဥပဒေ အများဆုံးရှိတဲ့ နိုင်ငံဟာ ဘယ်တော့မှ အေးချမ်းသာယာမှု မရှိဘူး။

ပြန်ကြားရေး ၀န်ကြီးဌာနအနေနဲ့က သူတို့ပြောသလို မီဒီယာ ဖွံ့ဖြိုးတိုးတက်စေချင်တယ်။ စတုထ္ထမဏ္ဍိုင် ကြံ့ခိုင်စေချင်တယ်ဆိုရင် မီဒီယာဖွံ့ဖြိုးတိုးတက်အောင် လုပ်နိုင်ကိုင်နိုင်တဲ့ အခြေအနေကို ၀န်ကြီးဌာနအနေနဲ့က ဖန်တီးပေးဖို့ပဲ ဖြစ်တယ်။ မီဒီယာတွေကို ထပ်ပြီးတော့ ချုပ်ကိုင်ဖို့ မလုပ်သင့်ဘူး။ ဘာကြောင့် မလုပ်သင့်လဲဆိုတော့ ရှိတဲ့ ဥပဒေတွေကိုက သိပ်များနေပါပြီ။ အသရေဖျက်မှု၊ အစိုးရကို အကြည်ညိုပျက်စေမှု ၊ ဆူပူအောင် လှုံ့ဆော် စည်းရုံးမှု၊ အီလက်ထရောနစ် အက် ဥပဒေ၊ ရုံးတော်ကို အကြည်ညို ပျက်စေမှု စသည်အားဖြင့် ဥပဒေတွေက အများကြီး ရှိပါတယ်။ အဲဒီ ဥပဒေတွေကို လိုချင်သလို ဆွဲဆန့်လို့လည်း ရတယ်။ ကြိုက်သလို ကျယ်အောင် ပုံကြီးချဲ့လို့လည်း ရတယ်။ အဲဒီလို လုပ်ခဲ့ကြလို့လည်းပဲ ရှေးခေတ်အဆက်ဆက်ကလည်းပဲ သတင်းစာတွေ အသရေဖျက်မှုနဲ့ တရားစွဲခံရတာတွေ၊ ပုဒ်မ ၅နဲ့ ချိတ်ပိတ်ခံရတာတွေ၊ အဖမ်းခံရတာတွေ အများကြီး ရှိခဲ့တယ်။ တကယ်တန်း သတင်းလွတ်လပ်ခွင့်ရှိမှ စတုထ္ထမဏ္ဍိုင်ဟာ ကြံ့ခိုင်မယ်။ သတင်းလွတ်လပ်ခွင့် မရှိဘူး၊ အမှန်တရားကို ဖော်ထုတ်လို့ မရဘူးဆိုရင် စတုထ္ထမဏ္ဍိုင် ဆိုတာလည်းပဲ အပြောပဲ ရှိမယ်။ လက်တွေ့ ဘာမှ မရှိဘူး။

လူတိုင်း လွတ်လပ်စွာ ပြောကြားခွင့်၊ လွတ်လပ်စွာ ရေးသားခွင့်၊ မိမိယုံကြည်ချက်ကို လွတ်လပ်စွာ ကိုင်စွဲထားခွင့်၊ လွတ်လပ်စွာ စည်းရုံးလှုံ့ဆော်ခွင့်ဆိုတာတွေကို အခြေခံဥပဒေကနေ အာမခံချက် ပေးထားပြီးသား။ လူသားတိုင်း ခံစားရမယ့် အခြေခံ လူ့အခွင့်အရေးဖြစ်တယ်။ အခု မီဒီယာဥပဒေတွေ လုပ်ခြင်းဟာ ဒီအခြေခံဥပဒေကို ဆန့်ကျင်ရာလည်း ကျတယ်။ အခြေခံဥပဒေက ပေးထားတဲ့ အခွင့်အရေးကို တခြားဘယ်သူကမှ ပိတ်ပင်တားဆီးလို့ မရဘူး။ အခြေခံဥပဒေဟာ တိုင်းပြည်မှာ အာဏာအရှိဆုံး ဖြစ်တယ်။ အခြေခံဥပဒေက ပေးထားတဲ့ဟာကို ပိတ်ပင် တားဆီးလုပ်လို့ရှိရင် ပိတ်ပင်တားဆီး ခံရသူတွေက တရားစွဲလို့ရတယ်။ ဒါ အခြေခံဥပဒေကို မလေးစား မလိုက်နာမှု နိုင်ငံသားတွေရဲ့အခွင့်အရေးကို ချိုးဖောက်ရန် ကြံစည်မှုနဲ့ တရားစွဲလို့ရတယ်။


အခုရှိနေတဲ့ မီဒီယာဥပဒေ အပါအ၀င် အီလက်ထရောနစ် ဥပဒေတို့ ဘာတို့ အစိုးရကို အကြည်ညိုပျက်စေတဲ့တို့ စတဲ့ ဥပဒေတွေအားလုံးကတော့ ပြည်သူတွေကို ဖိနှိပ်ချုပ်ချယ်တဲ့ ဥပဒေတွေဖြစ်တယ် ...


မေး- ပြန်ကြားရေးဝန်ကြီး ပြောသွားတဲ့ အထဲမှာတော့ အသစ် ပြန်လည်ရေးဆွဲနေတဲ့ ပုံနှိပ်မီဒီယာဥပဒေဟာ စာနယ်ဇင်းလွတ်လပ်ခွင့်ကို ပိတ်ပင်တားဆီးဖို့ မဟုတ်ဘူး၊ စာနယ်ဇင်း လွတ်လပ်ခွင့်ကို မှန်မှန်ကန်ကန် သုံးနိုင်ဖို့ လုပ်နေတာလို့ ပြောပါတယ်။ နောက်ပြီး မီဒီယာဥပဒေကို စတင် ကန့်ကွက်စဉ်က မီဒီယာဥပဒေသမားတွေ ပြောခဲ့ကြတဲ့ နိုင်ငံတကာ လူ့အခွင့်အရေး ကြေညာစာတမ်း Article 19 ပါ အခွင့်အရေးတွေအတိုင်း လုပ်ဖို့ ပြောခဲ့တာတွေကိုလည်း ပြန်လည် ချေပခဲ့တာ ဖတ်ရပါတယ်။ ဥပမာ Article 19 ကို သုံးတဲ့အခါ Article 29 မှာ ဖော်ပြထားတဲ့ အချက်ကို သတိထားဖို့ ဆိုပြီး ပြောလာပါတယ်။ ဒီလိုပြောလာတဲ့ အပေါ်မှာရော ဆရာ့အမြင်က ဘယ်လိုရှိပါသလဲ။

ဖြေ - လွတ်လပ်စွာ ထုတ်ဖော် ပြောကြားခွင့် ဆိုကတည်းက စကားလုံးက ရှင်းနေပြီလေ။ ဒါ လွတ်လပ်ခွင့် ပဲ။ အဲဒီ လွတ်လပ်စွာ ပြောကြားခွင့်ကို ထိန်းချုပ်တယ် ဆိုကတည်းကိုက ဒီထိန်းချုပ်တဲ့ ဥပဒေဟာ မှားနေပြီ။ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ချိုးဖောက်ရာ ကျတယ်။ မလေးစားရာ ကျတယ်။ လက်တစ်လုံးခြား လုပ်ပြီးတော့ ကိုယ်လိုချင်ရာ ဆွဲတဲ့သဘော ရောက်တယ်။ ဆရာ့အနေနဲ့ကတော့ ဒါကို လုံးဝလက်မခံဘူး။ ဒါဟာ လုံးဝဖွဲ့စည်းပုံ အခြေခံဥပဒေကို ကျူးကျော် စော်ကားမှုလို့ပဲ သတ်မှတ်တယ်။ မီဒီယာသမား တစ်ယောက်အနေနဲ့ကတော့ မီဒီယာကို ချုပ်ကိုင်ဖို့လုပ်တဲ့ စည်းကမ်းဥပဒေ မှန်သမျှကို ဆန့်ကျင်ရမှာပဲ။ ဒီလို ဆန့်ကျင်တာ ဘာကြောင့်လဲဆိုရင် စတုထ္ထမဏ္ဍိုင် ပီသစေချင်လို့။ စတု ထ္ထမဏ္ဍိုင် ပီပီသသ ထွန်းကားမှ အဲဒီတိုင်းပြည်ဟာလည်းပဲ အေးအေးချမ်းချမ်း သာသာယာယာနဲ့ ထွန်းကား တိုးတက်လာနိုင်တယ်။
စတုထ္ထမဏ္ဍိုင် မှောင်ချသွားပြီဆိုရင် တိုင်းပြည်တစ်ခုလုံး မှောင်ချတာနဲ့ အတူတူပဲ။ ဒါကြောင့် စတုထ္ထမဏ္ဍိုင်ကို မှောင်ချတဲ့ ဥပဒေမှန်သမျှကို ဆရာကတော့ ကန့်ကွက်တယ်။

အဲဒီတော့ သတင်းမီဒီယာတွေကို မချုပ်ကိုင်ရဘူးလားလို့ မေးစရာ ရှိတယ်။ မဟုတ်ပါဘူး။ ချုပ်ကိုင်ရမယ်။ စစ်သားတွေမှာလည်း စစ်သားတွေ လိုက်နာဖို့ စည်းကမ်း ဥပဒေတွေနဲ့ ချုပ်ကိုင်တယ်။ ဆရာဝန်တွေမှာလည်း ဆရာဝန်တွေ လိုက်နာဖို့ စည်းကမ်း ကျင့်ဝတ်တွေ ရှိတယ်။ အလားတူပဲ ကျောင်းဆရာတွေမှာလည်း ကျောင်းဆရာ ကျင့်ဝတ်တွေနဲ့ ချုပ်ကိုင်တယ်။ သတင်း မီဒီယာသမားကိုလည်း သတင်းမီဒီယာ ကျင့်ဝတ်တွေ အများကြီးရှိပါတယ်။ နိုင်ငံအသီးသီးမှာ ကိုယ့်နိုင်ငံနဲ့ လိုက်လျောညီထွေဖြစ်တဲ့ သတင်းစာဆရာ ကျင့်ဝတ် ဥပဒေတွေ၊ နိုင်ငံတိုင်း နိုင်ငံတိုင်းမှာ ရှိတယ်။ အဲဒီကျင့်ဝတ်တွေက သတင်းမီဒီယာတွေကို ထိန်းချုပ်ပါတယ်။ မလုပ်သင့်တာတွေ မလုပ်ဖို့၊ မမှန်မကန်တာတွေ မလုပ်ဖို့၊ အကျင့် စာရိတ္တတွေ မဖောက်ပြားဖို့၊ ဒါတွေကို ထိန်းချုပ်ပါတယ်။ အဲဒီ ထိန်းချုပ်တဲ့ ကျင့်ဝတ်၊ စည်းကမ်းတွေကို သတင်းမီဒီယာသမားတွေက သာလျှင် ရေးဆွဲရပါတယ်။ ဆရာဝန်တွေရဲ့ ကျင့်ဝတ်ကို မြန်မာနိုင်ငံ ဆရာဝန်အသင်းကပဲ ရေးဆွဲတယ်။ ပြည်ထဲရေး ၀န်ကြီးဌာနက ၀င်ဆွဲလို့ မရဘူး။ ဥပဒေဌာနက ၀င်ဆွဲလို့ မရဘူး။ ဆရာဝန်တွေရဲ့ သဘောသဘာဝကို ဆရာဝန်တွေမှ သိတယ်။ ဒါကြောင့်မို့ ဆရာဝန်တွေအတွက် ကျင့်ဝတ် စည်းကမ်းတွေကို ဆရာဝန်တွေကပဲ ချမှတ်ရတယ်။ အလားတူပဲ သတင်းမီဒီယာသမားတွေရဲ့ သဘောသဘာဝကို ရှေ့နေချုပ်ရုံးက ဘာမှ နားမလည်ဘူး။ ပြည်ထဲရေး ၀န်ကြီးဌာနဆိုရင် နကန်းတစ်လုံး မသိဘူး။

ပြန်ကြားရေးဝန်ကြီးဌာနလည်း မသိပါဘူး။ ပြန်ကြားရေး ၀န်ကြီးဌာနသိတာက သတင်းတွေကို ဘယ်လို ချုပ်ကိုင်ရမလဲ ဆိုတာပဲ သိတယ်။ သတင်းမီဒီယာ ဖွံ့ဖြိုးအောင် ဘာလုပ်ရမလဲဆိုတာ သူတို့မသိဘူး။ ဒါက သတင်း မီဒီယာသမားမှ သိမယ်။ သတင်း မီဒီယာသမားကသာလျှင် ဒီကျင့်ဝတ်တွေ၊ စည်းမျဉ်းတွေကို ရေးဆွဲရမယ်။ ဒီဟာကို ပြင်ပကလူတွေ လာရေးဆွဲတာကို လုံးဝ လက်မခံဘူး။ ဒီလိုအဖွဲ့အစည်းမှာ ပြင်ပ ပုဂ္ဂိုလ်တွေပါလည်း လက်မခံဘူး။ သတင်းမီဒီယာဟာ လွတ်လပ်တဲ့ သတင်းမီဒီယာသမားတွေပဲ ဖြစ်ရမယ်။ အစိုးရ သတင်းစာ ဆရာတွေ ပါလာတာ လက်မခံဘူး။

မေး- Conference ဖွင့်ပွဲနေ့မှာပဲ ပြန်ကြားရေးဝန်ကြီးက ပြောခဲ့ပါတယ်။ မီဒီယာ ပြုပြင်ပြောင်းလဲမှုတွေအတွက် အဆင့်သုံးဆင့် ခွဲပြီး လုပ်နေတယ်။ ပထမအဆင့်က ဖြေလျော့ပေးမယ်။ ဒုတိယ အဆင့်က ၁၉၆၂ ပုံနှိပ်ထုတ်ဝေ ဥပဒေကို ဖျက်သိမ်းပြီး ပုံနှိပ်မီဒီယာ ဥပဒေရေး ဆွဲမယ်။ တတိယအချက်က ပုံနှိပ်မီဒီယာ ဥပဒေ ပြဋ္ဌာန်းပြီး စာနယ်ဇင်းတွေ လွတ်လပ်မှုနဲ့ တာဝန်ယူမှု၊ လွတ်လပ်မှုနဲ့ ဆင်ခြင်တုံတရား ဟန်ချက်ညီအောင် ပြန်ကြားရေးဝန်ကြီးဌာနက ကူညီပံ့ပိုး ဆောင်ရွက်ပေးမယ်ဆိုတော့ သူပြောခဲ့တာအပေါ် ဆရာ့အနေနဲ့ရော ဘယ်လို မှတ်ချက်ပေးချင်ပါလဲ။

ဖြေ - ခုနက ပြောသလိုပဲ။ ဒါဟာ ထိန်းချုပ်မှုပဲ။ ထိန်းချုပ်မှု မှန်သမျှကို ဆန့်ကျင်တယ်။ ဘယ် သတင်းမီဒီယာသမား စစ်စစ်၊ ဘယ် Professional မဆို ကိုယ့်လည်ပင်းကို စွပ်မယ့် ကြိုးကွင်းကို ဘယ်သူမှ ၀င်ပြီးတော့ ကျစ်မပေးဘူး။ အဲလိုဆိုရင် အဲဒီလူဟာ Professional သတင်းသမား စစ်စစ် မဟုတ်တော့ဘူး။ ဒါကို ၀င်ပြီးတော့ ကြိုးကျစ်တဲ့အထဲမှာ ၀င်ပါတဲ့သူတွေဟာ ခေတ်ပျက်ဂျာနယ်လစ်တွေ၊ သူတို့ အခွင့်အရေးကို မျှော်ကိုးပြီးတော့၊ သူတို့ အကျိုးစီးပွားတစ်ခု အတွက် ဒီထဲမှာ ရောယိမ်းလိုက် ဘသားယိမ်းလိုက် ၀င်ယိမ်းကြတာဟာ ခေတ်ပျက် ဂျာနယ်လစ်တွေပဲ ဖြစ်တယ်။ Professional ဂျာနယ်လစ်တွေ မဟုတ်ဘူး။

မေး - ဒါပေမယ့် အဲဒီ Conference မှာ ပြည်ပအခြေစိုက် မီဒီယာ (exile media) တွေလည်း ပါဝင် ဆွေးနွေးခဲ့ကြပါတယ်။ သူတို့ ပြန်ရေးကြတဲ့ သတင်းတွေအရ Conference အပေါ် အကောင်းမြင် ရှုထောင့်က ရေးခဲ့တာ ဖတ်ရပါတယ်။ မတ်လ ၁၉ ရက်နေ့တုန်းက DVB၊ ဧရာဝတီအပါအ၀င် ပြည်ပအခြေစိုက် မီဒီယာ ၁၁ ခုက အစိုးရ ရေးဆွဲနေတဲ့ မီဒီယာ ဥပဒေနဲ့ သတင်းမီဒီယာ လွတ်လပ်ခွင့်အတွက် တင်းကြပ်တဲ့ ဥပဒေတွေ ဖျက်သိမ်းပေးဖို့ ကြေညာချက်တစ်ခု ထုတ်ခဲ့ပါတယ်။ ဆရာလည်း သူတို့ ၀က်ဘ်ဆိုက်တွေကို မပြတ်ဖတ်နေတဲ့သူဆိုတော့ ဒီအပေါ်မှာ ဘယ်လို သုံးသပ်ချင်ပါသလဲ။

ဖြေ - တချို့တွေက ဆရာနဲ့ တွေ့တဲ့အချိန်မှာ ပြောတဲ့ စကားက တစ်မျိုးပဲ။ သူတို့ ၀က်ဘ်ဆိုက်မှာ ပြန်ရေးတဲ့ အခါကျတော့ တစ်မျိုးပဲ။ သူတို့ ဆရာနဲ့ တွေ့တဲ့ အချိန်ကျတော့ ဆရာတို့နဲ့ တစ်သဘောတည်း ကိုက်ညီနေတာပဲ။ ပြန်ရေးတဲ့အခါကျမှ အစိုးရက ပွင့်လင်းလာပါပြီ။ ဒီမိုကရေစီ လမ်းစကိုတော့ ခြေလှမ်းနင်းနေပါပြီ။ လျှောက်လှမ်းနေတာ ကျွန်တော်တို့ တွေ့နေရပါပြီ။ ဒါတွေ ပြောတာပဲ။ ဆရာတို့နဲ့ တွေ့တဲ့အခါကျတော့ ဒါတွေ သူတို့ လုံးဝမယုံဘူးတဲ့။ အပြောင်းအလဲတွေ လုံးဝမယုံ ပါဘူး။ ဒီမိုကရေစီ လမ်းစ မြင်တယ်ဆိုတာလည်း လုံးဝသူတို့ မမြင်ပါဘူးလို့ သူတို့ ပြောတာပဲ။ ဒါဟာ သူတို့ ဒီမှာလာပြီးတော့ လုပ်ခွင့်သာဖို့အတွက် အခွင့်အရေး မျှော်ကိုးပြီးတော့ လာပြီးတော့ ရောယောင်နေကြတာပဲ။ ဂျာနယ်လစ် စစ်စစ်တွေ မဟုတ်ပါဘူး။

မေး- တစ်ချို့ exile media တွေကို သူတို့ အခြေစိုက်ထားတဲ့ နိုင်ငံက အဲဒီနိုင်ငံထဲမှာ မနေစေချင်တော့ပဲ မြန်မာပြည်ကို ပြန်ဖို့ တွန်းအားပေးတာတွေ ရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် တစ်ချို့တွေဆိုရင်လည်း ထောက်ပံ့ထားတဲ့ အဖွဲ့အစည်းတွေက အထောက်အပံ့ပေးတာတွေ ရပ်ဆိုင်းလိုက်တယ်။ ထပ်ပြီး ရပ်ဆိုင်းခံရမယ့် အခြေအနေတွေ ရှိနေတယ်လို့လည်း သိနေရပါတယ်။ နောက်ပြီး အခုလုပ်ခဲ့တဲ့ Conference ကို နော်ဝေအစိုးရက ထောက်ပံ့ ကူညီပေးတယ်ဆိုတဲ့ အသံတွေလည်း အပြင်မှာ ကြားရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီလပိုင်းတွေမှာ မြန်မာနိုင်ငံထဲ ပြန်ဝင်ဖို့ လုပ်လာတဲ့ exile media တွေနဲ့ပတ်သက်ပြီး သုံးသပ်မှုတွေကတော့ လှုပ်လှုပ်ခတ်ခတ် ရှိခဲ့ပါတယ်။ exile media တွေနဲ့ နှစ်ပေါင်းများစွာ ထိတွေ့ ပြောဆိုမှုတွေ ရှိနေခဲ့တဲ့ ဆရာ့ဆီမှာရော ဘယ်လိုအမြင်မျိုး ရှိနေမလဲ။

ဖြေ - ဒီလူတွေက ဒီမှာ အစိုးရ၊ အခု ပြန်ကြားရေး ၀န်ကြီးဌာနနဲ့ပေါင်း၊ ပြန်ကြားရေးဝန်ကြီး ဌာနရဲ့ ခွင့်ပြုချက်နဲ့ သတင်းဌာနတွေ ထူထောင်မယ်၊ သတင်းစာတွေ ထုတ်ခွင့်တောင်းမယ်ဆိုခဲ့ရင် ဒါဟာ သူတို့ကလည်း အခွင့်အရေး မျှော်ကိုးပြီးလုပ်တဲ့ သတင်းသမားလို့ပဲ သတ်မှတ်ရမှာပေါ့။ ပြည်တွင်းမှာတောင်မှ ဘယ်သူမှ လွတ်လွတ်လပ်လပ် သတင်းစာတွေ ထုတ်ခွင့်မပေး၊ ဂျာနယ်တွေ ထုတ်ခွင့်မပေးတာကို သူတို့က ဒီအခွင့်အရေးကို ရအောင်ယူ ချင်တယ်ဆိုတာကိုက ဒါဟာ မမှန်ကန်တဲ့ လုပ်ရပ်ပဲ။ သိက္ခာရှိ သတင်းသမားဆိုရင် ဒါမျိုးဘယ်တော့မှ မလုပ်ဘူး။ ကောင်းတဲ့ ဂျာနယ်လစ်တွေရှိ ပါတယ်။ ကောင်းတဲ့ နိုင်ငံရေးသမားတွေလည်း ရှိပါတယ်။ သတင်းသမား ပီသအောင် ကြိုးစားနေတဲ့ လူငယ်တွေလည်း ရှိပါတယ်။ မရှိဘူးလို့ မဟုတ်ဘူး။


အဲဒီထိန်းချုပ်တဲ့ ကျင့်ဝတ်၊ စည်းကမ်းတွေကို သတင်းမီဒီယာသမားတွေကသာလျှင် ရေးဆွဲရပါတယ်။ ဆရာဝန်တွေရဲ့ကျင့်ဝတ်ကို မြန်မာနိုင်ငံ ဆရာဝန်အသင်းကပဲ ရေးဆွဲတယ်။


မေး - DVB မှာ ဖော်ပြခဲ့တဲ့ အင်တာဗျူးမှာတော့ မြန်မာနိုင်ငံထဲကို ပြည်ပမီဒီယာတွေ လာခွင့်ပေးပြီး အခုလုပ်နေတဲ့ လုပ်ငန်းစဉ်တွေမှာ ပါတနာအနေနဲ့ ပါလာတာဟာ တိုးတက်မှုတစ်ခု ဖြစ်တယ်။ ဒီပါတနာဆိုတဲ့ ကိစ္စရပ်ကို ပြန်ကြားရေး ၀န်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲထွဋ်က သူပြောတဲ့အထဲမှာ ထည့်ပြောသွားတယ်လို့ ဖော်ပြခဲ့ပါတယ်။ ဆရာကရော တိုးတက်မှုလို့ ယူဆပါသလား။

ဖြေ - တိုးတက်မှုလို့ မယူဆပါဘူး။ တစ်ဖက်က ဒီမိုကရေစီနိုင်ငံ တည်ဆောက်နေပြီလို့ ပြောလာခဲ့တာ တစ်နှစ်ရှိပြီ။ ဒီမိုကရေစီနိုင်ငံ တည်ဆောက်နေတယ်ဆိုရင် လူတွေ လွတ်လပ်စွာ ၀င်ထွက်သွားလာ လုပ်ကိုင်နေခြင်းဟာ အဆန်းမဟုတ်ပါဘူး။ ဘာတိုးတက်မှုမှ မဟုတ်ပါဘူး။

မေး - နှစ်ငါးဆယ်လုံးလုံး အလွန်အကျွံ ဖြစ်ခဲ့မှုတွေကို ရှောင်ကြဉ်လိုကြောင်း ဦးရဲထွဋ်က Conference မှာပြောခဲ့တယ်လို့ မဇ္ဈိမသတင်းမှာ ရေးထားပါတယ်။ လက်ရှိဖြစ်နေတဲ့ အနေအထားတွေအရ နှစ်ငါးဆယ်လုံး အလွန်အကျွံ ဖြစ်ခဲ့တာတွေကို ပြန်ကြားရေး ၀န်ကြီးဌာနက ရှောင်ကြဉ်သွားမယ်ဆိုတာ ဖြစ်နိုင်ပါ့မလား။

ဖြေ - လုံးဝ မဖြစ်နိုင်ပါဘူး။ နှစ် ၅၀ အတွေ့အကြုံ၊ နှစ် ၅၀ အတွေ့အကြုံအရ လုံးဝ မဖြစ်နိုင်ပါဘူး။

မေး - ဘာ့ကြောင့်လို့ ဆရာထင်သလဲ။

ဖြေ - ဘာကြောင့်လဲဆိုရင် ဦးရဲထွဋ်က ဘယ်သူလဲ။ စစ်ဗိုလ်က လာတဲ့လူ၊ ပြန်ကြားရေးဝန်ကြီးက ခိုင်းလို့ဆိုရင် ခိုင်းတဲ့အတိုင်း လုပ်မှာပဲ။ ပြန်ကြားရေးဝန်ကြီးက ဘယ်သူလဲ။ ခိုင်းရင် ခိုင်းတဲ့အတိုင်း လုပ်မှာပဲ။ သူယုံတာ လုပ်လို့ မရဘူး။ သူယုံကြည်ရာ ပြောလို့ မရဘူး။ ဒီသဘာဝတရားကြီးက ပျောက်မသွားပါဘူး။ အခု လက်ရှိအတိုင်းလည်း ရှိနေတာပဲ။ ရှိနေတဲ့အတွက် ဒီအစိုးရ ဒီပုံစံအောက်မှာ လုံးဝ မဖြစ်နိုင်ဘူး။

အမေရိကန်နိုင်ငံတို့၊ အင်္ဂလန်နိုင်ငံတို့ ဒီမိုကရေစီ နိုင်ငံကြီးတွေမှာ ပြန်ကြားရေး ၀န်ကြီးဌာနဆိုတာ လုံးဝ မရှိဘူး။ မီဒီယာ ဥပဒေဆိုတာ မပြောနဲ့တော့။ ပြန်ကြားရေး ၀န်ကြီးဌာနဆိုတာကို မရှိဘူး။ စင်ကာပူလို နိုင်ငံမှာ ထိုင်ဝမ်လို နိုင်ငံမှာတော့ ရှိမှာပေါ့။ စင်ကာပူလို နိုင်ငံက ဒီမိုကရေစီနိုင်ငံမှ မဟုတ်တာပဲ။ ဒီမိုကရေစီ နိုင်ငံစစ်စစ်တွေမှာ ပြန်ကြားရေး ၀န်ကြီးတောင် မရှိပါဘူး။ မီဒီယာ ဥပဒေရှိဖို့ဆိုတာ ထားတော့။ ရုပ်ရှင်ဆင်ဆာဆိုတာ ရုပ်ရှင်သမားတွေက သူတို့ဖာသာသူတို့ ဖွဲ့ထားတဲ့ အဖွဲ့အစည်းကနေပြီးတော့ rating သတ်မှတ်ပြီးတော့ ပေးတာပဲ ရှိတယ်။ ဆင်ဆာလုပ်တယ်ဆိုတာ မရှိဘူး။

မေး - အီလက်ထရောနစ် ဥပဒေဟာ မီဒီယာသမားတွေအတွက် အန္တရာယ်အရှိဆုံး ဥပဒေ ဖြစ်နေပါတယ်။ ဒီနေ့ခေတ်မှာ အိုင်တီနဲ့ ကင်းနိုင်တဲ့သူလည်း မရှိပါဘူး။ ဒီလို ဥပဒေကို မဖျက်ပဲ မီဒီယာ ဥပဒေပါ ထပ်လုပ်လာတော့ ပိုပြီးကြပ်ဖို့ဆိုတဲ့ အမြင်တွေ ရှိပါတယ်။ အီလက်ထရောနစ် ဥပဒေအပေါ်မှာ ဆရာ ဘယ်လိုမြင်လဲ။

ဖြေ - ဆရာလုပ်ခဲ့ဖူးတော့ ဆရာ့တပည့်တွေက ကမ္ဘာအနှံ့ ရှိတယ်။ ရှိနေတော့ တပည့်တွေနဲ့ ဆရာနဲ့က အီးမေးလ်နဲ့ စကားပြောကြတာ ရှိတယ်။ အီးမေးလ် ပို့ကြတယ်။ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်၊ သူတို့ ဖတ်စေချင်တဲ့ ဆောင်းပါးတစ်ပုဒ်တွေ့ရင် အဲဒီဆောင်းပါးကို အီးမေးလ်က ပို့ပေးလိုက်တယ်။ သူတို့ကလည်း သူတို့ဖတ်စေချင်တဲ့ ဆောင်းပါးလေးတွေ ဆရာဖတ်ဖို့ဆို ပြီး ပို့ပေးတယ်။ ဒါတွေကိုပဲ အီလက်ထရောနစ် ဥပဒေနဲ့ အရေးယူလို့ ရတယ်။ လက်ရှိ တည်ဆဲ ဥပဒေအရ၊ ရှေ့မှာလည်း ဒါတွေနဲ့ အရေးယူ ခံခဲ့ရသူတွေ ရှိတယ်။ အဲတာကြောင့် ဒီဥပဒေ မှန်သမျှကို ဆရာက ဆန့်ကျင်တယ်။ ဥပဒေဆိုတာ ဘယ်ဥပဒေမှကို မကောင်းဘူး။ ကောင်းတဲ့ ဥပဒေဆိုတာ ရှိကို မရှိဘူး။ ပြည်သူလူထုကို တိုင်းသူ ပြည်သားကို ချုပ်ကိုင်ဖို့ပဲ။ သို့သော်လည်း မရှိမဖြစ်တဲ့အတွက် မရှိမဖြစ်တာတွေကိုတော့ ထားရမယ်။ ဒါဟာ ထားရမယ်။

ပြည်သူလူထုကို ကာကွယ်စောင့်ရှောက်ဖို့ ထားတာပဲ ဖြစ်ရမယ်။ ပြည်သူလူထုကို ဖိနှိပ်ချုပ်ချယ်ဖို့ ထားတာ မဖြစ်စေရဘူး။ အခုရှိနေတဲ့ မီဒီယာဥပဒေ အပါအ၀င် အီလက်ထရောနစ် ဥပဒေတို့ ဘာတို့ အစိုးရကို အကြည်ညိုပျက်စေတဲ့တို့ စတဲ့ ဥပဒေတွေ အားလုံးကတော့ ပြည်သူတွေကို ဖိနှိပ်ချုပ်ချယ်တဲ့ ဥပဒေတွေ ဖြစ်တယ်။ ဒါကြောင့် လုံးဝကို ကန့်ကွက်တယ်။ တကယ်တန်း ဒီမိုကရေစီနိုင်ငံ ဖြစ်ချင်လို့ဆိုရင် ပြန်ကြားရေး ၀န်ကြီးဌာနပါ ဖျက်ပစ်လိုက်ပါ။ ဒါမှ ဒီမိုကရေစီ နိုင်ငံစစ်စစ် ဖြစ်မယ်။ ပြန်ကြားရေး ၀န်ကြီးဌာနဆိုတာ ရှိနေသရွေ့ကို ဒီမိုကရေစီနိုင်ငံလို့ မခေါ်နိုင်ဘူး။

မေး - ပြီးခဲ့တဲ့ နှစ်ရက်မှာ ပြုလုပ်ခဲ့တဲ့ Conference နဲ့ ပတ်သက်လို့ ဘာများဖြည့်စွက် ပြောချင်ပါသေးလဲ ဆရာ။

ဖြေ - ဒီပေါ်မှာတော့ အသေးစိတ်တွေတော့ မသိရဘူးပေါ့။ ဒီအစည်းအဝေးလည်း မတက်ရဘူး။ ဘာတွေ ဆွေးနွေးတယ်ဆိုတာကိုလည်း အသေးစိတ် မကြားရဘူး၊ မသိရဘူး။ အသေးစိတ်တွေတော့ မပြောချင်ဘူး။ သို့သော် ယေဘူယျ ခြုံပြောရ မယ်ဆိုလို့ရှိရင် ဒီ Conference မှာ ပြည်ပကနေလာပြီး စာတမ်းဖတ်တဲ့ နိုင်ငံခြားသားတွေနဲ့ တွေ့ရတာ လည်းရှိပါတယ်။ ခြုံပြီးတော့ ပြောမယ်ဆိုရင်တော့ ခေါင်းစဉ်က Media Development in Myanmar၊ စာတမ်းဖတ်သွားတဲ့ ပုဂ္ဂိုလ်တွေကလည်း Media Development in Myanmar ဆိုတဲ့ အကြောင်းပဲ ဖတ်သွားကြတာပဲ။ အဲဒီတော့ ဒီမီဒီယာ ဥပဒေဆိုတဲ့ဟာက ပြန်ကြားရေး ၀န်ကြီးဌာနက နောက်ဖေးပေါက်က ဆွဲသွင်းလာတဲ့ဟာပဲ။ ပြောရလို့ရှိရင်တော့ ၀က်ခေါင်းချိတ်ပြီး ခွေးသား ရောင်းတဲ့ ပုံမျိုးဖြစ်နေတယ်။ ဒါကြောင့် ဒါဝက်ခေါင်းမှန်း၊ ခွေးသားမှန်း သိတဲ့အတွက် ဒီခွေးသားကို
လုံးဝ မ၀ယ်နိုင်ဘူး။

တစ်ခွန်းပဲ ပြောချင်တယ်လေ။ မီဒီယာ ဖွံ့ဖြိုးတိုးတက်စေချင်တဲ့ စေတနာ ပြန်ကြားရေးဝန်ကြီးမှာ အမှန်တကယ် ရှိလို့ဆိုရင် ရှိနေတဲ့ ဥပဒေတွေကိုပဲ ရုတ်သိမ်းပေးလိုက်ပါ။ နောက်ထပ် မလုပ်ပါနဲ့တော့။ ဒီထက်ပိုပြီးတော့ ဒီမိုကရေစီ နိုင်ငံစစ် စစ်အဖြစ်နဲ့ အခေါ်ခံချင်လို့ရှိရင် ပြန်ကြားရေးဝန်ကြီးဌာနပါ ဖျက်သိမ်းပစ်လိုက်ပါ။ ဒါ နောက်ဆုံးပေးချင်တဲ့ အကြံဉာဏ်ပါ။

Credit: http://www.news-eleven.com/index.php?option=com_content&view=article&id=12905:2012-03-21-18-50-27&catid=42:2009-11-10-07-36-59&Itemid=112

Friday, March 23, 2012

ငါးနုပ်သန်းအိုးကပ်ချက်၊ ပဲကြီးဟင်းချို၊ မရမ်းသီးထောင်း

နွေရာသီရောက်တော့ ရာသီဥတုကလည်းပူတော့ ဟင်းကို အပူအစပ်တွေချက်စားဖို့အဆင်မပြေဘူးနော်။ ဒါကြောင့်အချိုအချဉ်အရသာ ဟင်းလေးတွေချက်စားတာပဲကောင်းပါတယ်။ သွေးတိုးစာတွေမဖြစ်ဖို့ကလည်းအရေးကြီးသေး။

ငါးနုပ်သန်း (သို့) ငါးတစ်တုံးပုစွန်အိုးကပ်ချက်

ပါဝင်သည့်ပစ္စည်းများ

ငါးနုပ်သန်း (သို့) ငါးတစ်တုံး ၂၀ကျပ်သား၊ ပုစွန် ၅ ကျပ်သား၊ ကြက်သွန်ဖြူ ၂ဥ၊ ကြက်သွန်နီ ၂ဥ၊ ပင်စိမ်း၊ရှမ်းနံနံ ၃ပင်စီ၊ ခရမ်းချဉ်သီး ၂လုံး၊ ငရုတ်သီးခြောက် ၅တောင့်၊ ငရုတ်သီးစိမ်းရှည် ၅တောင့်၊ ဆီ ၂ ကျပ်သား၊ ဆား၊ငံပြာရည်၊ဟင်းခတ်မှုန့်၊နနွင်း အနည်းငယ်စီ၊ မန်ကျည်းမှည့် ကွမ်းသီးလုံးခန့်၊ စိမ်းစားငါးပိ လက်မခန့်

ပြင်ဆင်ချက်ပြုတ်နည်း

ငါးတစ်တုံး (သို့) ငါးနုပ်သန်းကို ရေစင်အောင်ဆေးပါ။ ငါးနုပ်သန်းဆိုလျှင် ပါးဟက်နှင့် အူထုတ်ပါ။ ပုစွန်ခေါင်းဖြုတ်ထားပါ။

ငါးကို ငံပြာရည်၊ဆား၊ဟင်းခတ်မှုန့်၊ နနွင်းမှုန့် နယ်ပြီး ၁၀မိနစ်ခန့်နှပ်ထားပါ။ မန်းကျည်းမှည့်ကို အရည်ဖျော်ထားပါ။

ကြက်သွန်ဖြူ နီ တစ်ပုံစီ ထောင်းထားပါ။ ငရုတ်သီးစိမ်းကို နှစ်ခြမ်း ခြမ်းထားပါ။ ငရုတ်သီးခြောက်ကို မညက်တညက် ထောင်းထားပါ။

အိုးမကပ်သည့် ဒယ်အိုးမီးဖိုပေါ်တင်ပါ။ အိုးဖင်မှ အငွေ့တထောင်းထောင်းထလျှင် ဆီထည့်ပါ။ ဆီကျက်လျှင် ကြက်သွန်ဖြူ ဆီချက်ပါ။

ကြက်သွန်ဖြူ ဆီကျက်လျှင် ကြက်သွန်နီထည့်ပါ။ ငရုတ်သီးစိမ်းထည့်ပါ။ ငရုတ်သီးခြောက် ထောင်းထည့်ပါ။ စိမ်းစားငါးပိ လက်မခန့်ထည့်ပါ။

ဆီကျက်လျှင် ငါးထည့်ပါ။ ရေနည်းနည်းထည့်ပြီး ဆီပြန်အောင် ချက်ပါ။ ဆီပြန်လျှင် မန်ကျည်းမှည့်ထည့်ပါ။ အိုးမကပ်အောင် ခဏခဏ အိုးကိုလှုပ်ပေးပါ။ အငန်လိုပါက ငံပြာရည် ထည့်ပါ။ ပင်စိမ်းနှင့် ရှမ်းနံနံထည့်လိုက်ပါ။

အဖုံးအုပ်ပြီး ငါးမိနစ်ခန့်ကြာလျှင် အသင့်စားသုံးနိုင်ပါသည်။

(တစ်ညအိပ်ခန့်ကြာမှ စားလျှင် ပို၍ကောင်းမွန်ပါသည်။)

မရမ်းသီးထောင်း

ပါဝင်သည့်ပစ္စည်းများ

မရမ်းသီးအနေတော် ၅လုံး၊ ငရုတ်သီးခြောက် ၁၀ တောင့်၊ ပုစွန်ခြောက် ၁၀ကောင်၊ စိမ်းစားငါးပိ ဆီးဖြူသီးလုံးခန့်၊

ဆား၊ဟင်းခတ်မှုန့် လိုသလောက်

ပြင်ဆင်ချက်ပြုတ်နည်း

ငရုတ်သီးထောင်းပါ။ ငရုတ်သီးညက်လျှင် ပုစွန်ခြောက် ထည့်ထောင်းပါ။

ပုစွန်ခြောက်ညက်ခါနီးတွင် စိမ်းစားငါးပိ၊ ဆား၊ ဟင်းခတ်မှုန့် ထည့်ပါ။ မရမ်းသီးကို ၂ခြမ်းခြမ်းထည့်ပါ။ အပေါ့အငန် မြည်းပါ။

ရိုးရှင်းလွယ်ကူသလောက် ထမင်းစားအလွန်မြိန်သည့် ဟင်းတစ်ခွက်ရရှိပါမည်။ မရမ်းသီးအစား သရက်သီးစိမ်းနှင့်လည်း စားသုံး နိုင်ပါသည်။

ခရမ်းသီးမီးဖုတ်သုတ်

ပါဝင်သည့်ပစ္စည်းများ

မော်လမြိုင်ခရမ်းသီး ၃လုံး (သို့) ထောပတ်ခရမ်းသီး ၁ လုံး

ငရုတ်သီးစိမ်းမီးကင်ပြီး ၁၅တောင့်

ချင်း လက်တစ်ဆစ်

ပုစွန်ခြောက် စားပွဲဇွန်း ၁ဇွန်း

ဆား စားပွဲဇွန်း ၁ဇွန်း

စိမ်းစားငါးပိ (မီးကင်ပြီး) လက်မခန့်

မန်ကျည်းသီးမှည့် ကွမ်းသီးလုံးခန့်

ဟင်းခတ်မှုန့် အနည်းငယ်

နံနံပင် ၅ပင်

ကြက်သွန်ဖြူ ၂ ဥ

ကြက်သွန်နီ ဥကြီး ၂ဥ

ပြင်ဆင်ချက်ပြုတ်နည်း

ခရမ်းသီးကို ရေဆေး အ၀တ်နှင့် သုတ်ပြီး မီးဖုတ်ပါ။ ခရမ်းသီးမီးဖုတ်ကို အကျက်ညီအောင် လှန်ပေးပါ။ တစ်လုံးလုံး ဘက်ညီကျက်လျှင် မီးဖိုပေါ်မှ ထုတ်ထားပါ။ ငရုတ်သီးကို သီတံနှင့် သီပြီး မီးကင်ပါ။ ငါးပိကို ဆား၊ဟင်းခတ်မှုန့်နယ်ပြီး၊မီးကင်ပါ။

ငရုတ်သီးနွမ်းလျှင် ငရုတ်ဆုံထဲ ငါးပိ ငရုတ်သီးရောထောင်းပါ။

ပုစွန်ခြောက်ထောင်းပါ။ ခရမ်းသီးအပြင်အရေခွံများကို ခွာလိုက်ပါ။ ငရုတ်ထောင်းထဲ ဆား၊ဟင်းခတ်မှုန့်ကို စားပွဲ၁ဇွန်းကျစီထည့်ပါ။ ကြက်သွန်ဖြူ၊ ချင်းထည့်ထောင်းပါ။

ငရုတ်သီးထောင်းညက်လျှင် ခရမ်းသီးလှီးထည့်ပြီး နယ်ပါ။ မန်ကျည်းမှည့်ရေဖျော်ထည့်ပါ။ ကြက်သွန်နီ ပါးပါးလှီးထည့်ပါ။ နံနံပင်ထည့်ပါ။

အပေါ့အငန်မြည်းပါ။ အသင့်စားသုံးနိုင်ပါပြီ။