Saturday, March 10, 2012

အလယ်ကလူ

စကားဝဲ၀ဲ ပြောတတ်တဲ့ ရှမ်းဓနုတိုင်းရင်းသား ကောင်လေးတစ်ယောက်အကြောင်း ပြောပြရဦးမယ်။ သူ့နာမည်က ဝေမင်းလတ်တဲ့။ ကျွန်မ မှတ်မှတ်ရရရှိနေတဲ့ ကလေးတစ်ယောက်ပါပဲ။ အဲဒီတုန်းက သူ့အသက် ၇နှစ်လောက်ပေါ့။

သူနေတဲ့မြို့က ပင်းတယလေ။ ကျွန်မတို့ မိသားစုဘုရားဖူးထွက်ရင်း သူတို့အိမ်မှာတည်းခဲ့ကြတာပါ။ ဝေမင်းလတ်တို့မှာ မောင်နှမသုံး ယောက်ရှိတယ်။ တစ်ယောက်နဲ့တစ်ယောက် နှစ်နှစ်ကြီး နှစ်နှစ်ငယ်အရွယ်၊ မတိမ်းမယိမ်းလေးတွေပဲ။

နာမည်ရင်းတွေကိုတော့ ကျွန်မ မမှတ်မိတော့ဘူး။ သူတို့အိမ်က ခေါ်ကြတဲ့ ကိုဦး၊ကိုလတ်၊ငယ်ထွေးဆိုတာလေးတွေပဲသတိရတယ်။ အဲဒီ ကလေးသုံးယောက်မှာ ကိုလတ်ကလေးကို ကျွန်မပိုပြီး အမှတ်ရနေမိတယ်။ ဝေမင်းလတ်ဆိုတဲ့ နာမည်ကလေးက အစပေါ့။ ပြီးတော့ သူ့ ဘ၀အရွယ်ကလေးနဲ့ သူ့ရဲ့ခံစားချက်တွေ ကျွန်မကရုဏာသက်စွာ စာနာမိခဲ့ရတဲ့အဖြစ်ကိုလည်း မမေ့နိုင်ခဲ့တာ အမှန်ပဲ။

အဲဒီတုန်းက သူ့ကိုပိုပြီး ခင်တွယ်ခဲ့ရတာကလည်း သူကိုယ်တိုင်က ကျွန်မအနားလာကပ်နေခဲ့လို့ပါ။ သူက ကျွန်မရဲ့ အဖော်လည်း လုပ် ပေးခဲ့တယ်လေ။

ပင်းတယဈေးနေ့ တစ်နေ့မှာ ကျွန်မဈေးကို သွားဖြစ်တယ်။ ဝေမင်းလတ်ကလေးကို အဖော်ခေါ်သွားခဲ့တာပေါ့။ ဈေးထဲမှာ သူ့ကို ထမင်း ချဉ်ဝယ်ကျွေးတယ်။ မုန့်လက်ဆောင်း ၀ယ်တိုက်တယ်။ ပြီးတော့ စာအုပ်အရောင်းဆိုင်ဆီကို ခေါ်သွားခဲ့တယ်လေ။

ကျွန်မ စာအုပ်ရွေးနေတုန်း ဝေမင်းလတ်က စာစောင်တွေ လှန်လှောနေခဲ့တယ်။ အသက်က ခုနှစ်နှစ်မပြည့်တတ်သေး၊ အတန်းက ဒုတိယတန်း တက်စဆိုတော့ စာအုပ်တွေက သူ့ကို သိပ်မဆွဲဆောင်နိုင်သေးဘူး ထင်ပါရဲ့။ ပျင်းပျင်းရိရိနဲ့ ရုပ်ပုံတွေကို လိုက်ကြည့် နေပုံရပါတယ်။

တော်တော်လေးကြာတော့ ကျွန်မစာအုပ်နဲ့စာစောင်တချို့ဝယ်ဖြစ်တယ်။

'ပြန်ကြစို့ သားရေ' လို့ဝေမင်းလတ်ကို လက်တို့ခေါ်ပြီး ကျွန်မတို့ မြင်းလှည်းနဲ့ အိမ်ပြန်လာခဲ့ကြတယ်။ မြင်းလှည်းပေါ်မှာ ဝေမင်းလတ် က စကား စပြောခဲ့ပါတယ်။

'အန်တီ့ကို သား မေးချင်လို့'

'ဘာလဲ၊ မေးလေ သား'

သူက ကျွန်မလက်ထဲက စာစောင်ကို လှမ်းကြည့်တယ်။

'အန်တီ ၀ယ်လာတဲ့ အဲဒီစာစောင်ထဲမှာ ဓာတ်ပုံတစ်ပုံပါတယ်။ လူသုံးယောက် ခုံပေါ်တက်ရပ်ပြီး ဗလပြနေတဲ့ပုံလေ'

'ဘယ်ပုံလဲ သားရဲ့'

သူက စာစောင်ကို လှမ်းယူပြီး လက်ထောက်ပြတယ်၊ ကာယဗလမောင်ပြိုင်ပွဲဆုရသူ သုံးဦး၊ ဆုပေးစင်မြင့်ပေါ်မှာ အလှပြနေတဲ့ ပုံပါ။

'သြော်...၊ အဲဒါ မောင်ရွေးပွဲမှာ ဆုရတဲ့သူတွေ အလှပြနေတာပေါ့သားရဲ့၊ ဘာဖြစ်လို့လဲ'

ကျွန်မက သူ့အသိများပါနေလို့လား တွေးမိတယ်။ ဒါပေမယ့် မဟုတ်ပါဘူး။ သူကမေးတယ်။

'သူတို့ သုံးယောက်မှာ ဘယ်သူက ပထမလဲ အန်တီ' တဲ့။

'အလယ်ကလူပေါ့ သားရဲ့၊ ကြည့်ပါလား၊ သူ့စင်ကအမြင့်ဆုံးမှာရှိတယ်လေ။ အတော်ဆုံးပေါ့။ ပထမရတဲ့လူဆိုတော့ ဦးစားပေးရမယ့်လူ မဟုတ်လား။ ဒါကြောင့် အလယ်မှာ ထားတာပေါ့။ ဒီဘက်က ဒုတိယ၊ ဒီဘက်အနိမ့်ဆုံးက တတိယလေ၊ စင်ရဲ့အောက်မှာ တစ်၊နှစ်၊သုံးကို အချောင်းလေးတွေနဲ့ပြထားတယ်၊ သားမြင်ရသလား '

'ဟုတ်သားပဲ၊ မြင်တယ် အန်တီ'

ဝေမင်းလတ်က ပုံကို စေ့စေ့စပ်စပ်ကြည့်ရင်း မျက်မှောင်ကြုံ့လိုက်တယ်။

'အလယ်ကလူဆိုရင် ဦးစားပေးရတယ်ပေါ့၊ ဟုတ်လား အန်တီ'

'အင်း....ဟုတ်တာပေါ့ သားရဲ့၊ ဦးစားပေးခံရတဲ့လူဆိုတာ အလယ်မှာ နေရတယ်လေ၊ ဟောဒီပုံကိုကြည့် ဘောလုံးအသင်း တန်းစီရိုက် ထားတာ သားတွေ့လား၊ အလယ်ကလူက အသင်းကို အုပ်ချုပ်တဲ့သူပေါ့'

'အင်း....ဟုတ်တယ်နော် အန်တီ၊ သားတို့ကျောင်းမှာလည်း ဟိုတစ်နေ့က အတန်းလိုက် ဓာတ်ပုံရိုက်ရတယ်။ သားတို့အတန်းပိုင် ဆရာမက အလယ်မှာနေတယ်ဗျ'

'အေးပေါ့၊ အဲဒါ ဦးစားပေးရမယ့်သူမို့ အလယ်မှာ ထားတာပေါ့ သားရဲ့'

ဝေမင်းလတ် နားလည်အောင် ကျွန်မ ရှင်းပြပေးမိပါတယ်။ အဲဒီအခါမှာတော့ ဝေမင်းလတ်က....

'အလယ်ကလူကိုသာ ဦးစားပေးမယ်ဆိုရင် အိမ်မှာလည်း သားကိုဦးစားပေးရမှာပေါ့နော် အန်တီ' လို့ပြောတယ်။

ကျွန်မက မထောက်ခံခဲ့ပါဘူး။ အဲဒါက တစ်မျိုးပဲလေ။ မိဘဆိုတာကတော့ သားသမီးမှန်သမျှ တန်းတူချစ်ကြတာချည်းပဲ မဟုတ်လား။ ဒီ အချက်ကို ကလေးတွေရဲ့မိခင်ဖြစ်တဲ့ ကျွန်မက ပိုပြီး နားလည်နိုင်ပါတယ်။

ဝေမင်းလတ်က ဆက်ပြော ပြန်ပါတယ်။

'ခုတော့ အဲဒီလိုလည်း မဟုတ်ဘူးအန်တီ၊ ကိုဦးကိုကျတော့ အကြီးဆုံးမို့ ပြန်မပြောရဘူး၊ အကြီးစကား နားထောင်ရမယ်၊အကြီးကို ဦးစား ပေးရမယ်လို့ ပြောတယ်ဗျ၊ ငယ်ထွေးကျပြန်တော့ အငယ်ဆုံးမို့ညှာရမယ်၊ အငယ်အကြိုက် လိုက်ရမယ်၊ အငယ်ကို ဦးစားပေးရမယ်တဲ့၊ သားက အလယ်က အလတ်မို့ ဘယ်တော့မှ ဦးစားပေး မခံရဘူးအန်တီ'

ကျွန်မ ပြုံးလိုက်မိပါတယ်။ ဝေမင်းလတ်ကို ကျွန်မသဘောလည်းပေါက်မိပါတယ်။ ဒါဟာ အလယ်ကလူတိုင်းရဲ့ ခံစားချက် သဘာဝတစ်ခု ပဲ မဟုတ်လား။

'အဲဒီလို မထင်ပါနဲ့သားရယ်။ ဘယ်မိဘမဆို သားသမီးအားလုံးကို အတူတူချစ်ကြတာချည်းပါပဲ။ ဘယ်သူ့ကိုမှ ပိုပြီးဦးစားပေးတယ်ဆို တာ မရှိပါဘူး။ ပြီးတော့ သားကလည်း အလယ်ကလူဖြစ်ရလို့ ၀မ်းမနည်းပါနဲ့။ သားက အလတ်ဆိုတော့ ကိုဦးလို ခေါင်းမဆောင်ရဘူး လေ။ ငယ်ထွေးလောက်လည်း အချုပ်ချယ် မခံရဘူး။ လွတ်လပ်တာပေါ့ သားရဲ့၊ အန်တီပြောတာ မဟုတ်ဘူးလား'

'ဟုတ်'

သူခေါင်းညိတ်လိုက်တယ်။ ညှိုးနေတဲ့ သူ့မျက်နှာလေးဝင်းပသွားတယ်။ ပြီးတော့ ...

'ဘွားလေးက ပြောတယ်အန်တီရဲ့၊ နင်က အလတ်ဆိုတော့ အမြဲတမ်း လပ်နေတာပေါ့တဲ့။ ဘယ်ရမလဲ၊ ဘွားလေးကို သားပြန်ကြွားရ မယ်၊ အလယ်ကလူဆိုတာ ပထမအတော်ဆုံး၊ အရေးအကြီးဆုံးလူ၊ အလွတ်လပ်ဆုံးလူလို့နော် အန်တီ' လို့ဝမ်းသာအားရ ပြောပါတယ်။

ကျွန်မလည်း သူ့ကိုပြုံးကြည့်ရင်း 'ဟုတ်တာပေါ့ သားရယ်' လို့ပြန်ပြောလိုက်မိခဲ့ပါတယ်။

ဖြိုးသာရ

စာကြွင်း။ ။ ဖြိုးသာရ - ရွက်နုကလေးများ (ကလေးများကပေးသောဒဿန) စာအုပ်လေးမှ

No comments: