Saturday, August 28, 2010

မသေချင်ရင် အသက်ရှူပါ

-->
လောကမှာ သေချင်တဲ့လူရယ်လို့ တစ်ယောက်မှရှိမှာ မဟုတ်ပါဘူး။ 'ငါသေသွားရင် ကောင်းမှာပဲ'၊ 'ငါမြန်မြန်သေသွားရင် အေးမယ်' စသည်အားဖြင့် ပြောတတ်ကြပေမယ့် ပြောတဲ့သူကိုယ်တိုင် တကယ်တော့ မသေချင်ပါဘူး။ စကားအရသာ ပြောနေတာပါ။ ဘယ်တော့မှ မသေနိုင်တဲ့အဖြစ်မျိုး ရှိမယ်ဆိုရင် အဲဒီအဖြစ်မျိုးကို လူတိုင်း လိုချင်ကြမှာပါ။

သေမှာကြောက်တဲ့ လူသားများအတွက် ဘယ်တော့မှ မသေနိုင်တဲ့ နည်းလမ်းလေးတစ်ခု ပေးချင်ပါတယ်။ အဲဒါကတော့ 'မသေချင်ရင် အသက်ရှူပါ' ဆိုတဲ့ နည်းလမ်းပါပဲ။

'မသေချင်ရင် အသက်ရှူပါ' ဆိုလိုက်တော့....'
လူတိုင်း အသက်ရှူနေလို့ မသေတာဘဲမဟုတ်လား၊ အသက်ရှူနေမှတော့ သေပါဦးမလား၊ အသက်ရှူရင် မသေဘူးဆိုတာ ဦးဇင်းပြောမှ လား၊ မသေဖို့အတွက် တမင်လုပ်ပြီး အသက်ရှူဖို့ လိုသေးလို့လား၊ သူ့အလိုလို အသက် က ရှူနေတာပဲ မဟုတ်လား' လို့မေးစရာ ရှိပါတယ်။

ဒီဘ၀၊ ဒီခန္ဓာ မသေဖို့အတွက် အသက်ရှူခိုင်းတာ မဟုတ်ပါဘူး။ ဒီဘ၀၊ ဒီခန္ဓာကတော့ ခန္ဓာရဲ့ သဘာဝအတိုင်း သေရမှာပါပဲ။ နောက် ဘယ်တော့မှ မသေဖို့၊ သေတတ်တဲ့ သဘောတရားတွေ ဘယ်တော့မှ မရဖို့၊ သေခြင်းတရားကနေ အပြီးတိုင် လွတ်မြောက်သွားဖို့ အသက်ရှူခိုင်းတာပါ။
ဘယ်တော့မှ မသေနိုင်တဲ့ နေရာဟာ နိဗ္ဗာန်ပါ။ နိဗ္ဗာန်ကို ခန္ဓာအကြွင်းမဲ့ မျက်မှောက်ပြုနိုင်ပြီဆိုရင် ဘယ်တော့မှ မသေတော့ပါဘူး။ သေတယ်ဆိုတာ ဘ၀ခန္ဓာရှိလို့ သေရတာပါ။ နိဗ္ဗာန်မှာ ဘ၀ခန္ဓာ လုံးဝမရှိ၊ ချုပ်ငြိမ်းနေတဲ့အတွက် သေစရာအကြောင်းလုံးဝ မရှိ တော့ပါဘူး။

သေခြင်းကင်းတဲ့ ချမ်းသာလောက် ချမ်းသာတာ လောကမှာ မရှိတော့ပါဘူး။ ဒါ့ကြောင့် သေခြင်းကင်းတဲ့ နိဗ္ဗာန်ချမ်းသာကို လောက လွန်ချမ်းသာလို့ ခေါ်ရပါတယ်။ ချမ်းသာအားလုံးတို့ရဲ့ အထွတ်အထိပ် အတုမဲ့ချမ်းသာကြီး ဖြစ်ပါတယ်။

ဘ၀ခန္ဓာမရှိရင် ချမ်းသာသုခလည်း ဘယ်ရှိပါ့မလဲလို့ ဥာဏ်မမီသူတွေ ထင်မြင်နေကြပေမယ့် ခန္ဓာရှိချမ်းသာထက် ခန္ဓာမဲ့ချမ်းသာက အဆပေါင်းများစွာ မနှိုင်းယှဉ်သာအောင် အဆင့်မြင့်မားလွန်းလှပါတယ်။

ရုပ်နာမ်ခန္ဓာဟာ ဆင်းရဲတုံး၊ ဆင်းရဲခဲအစုမျှသာ ဖြစ်တယ်ဆိုတာရယ်၊ ရုပ်နာမ်ခန္ဓာအားလုံးရဲ့ လမ်းဆုံးပန်းတိုင်ဟာ သေခြင်းတရား ဖြစ်တယ်ဆိုတာရယ်ကို အလေးအနက် သဘောပေါက်နားလည်လာရင် နိဗ္ဗာန်ချမ်းသာရဲ့ အသေလွတ်ချမ်းသာကို တန်ဖိုးထားတတ် လာမှာပါ။
နိဗ္ဗာန်ဆိုတဲ့ အသေလွတ်ချမ်းသာကို လိုချင်ရင်၊ အဖြောင့်ပြောတော့....မသေချင်....အသက်ရှူရပါမယ်။
'အသက်ရှူရမယ်' လို့ဆိုလိုက်တော့ အသက်ရှင်နေတဲ့လူတိုင်း အသက်ရှူနေတာပဲ မဟုတ်လားလို့ မေးစရာရှိပါတယ်။

 ပုံမှန်ရှူနေတဲ့ အသက်ရှူခြင်း၊ ကိုယ့်ရဲ့ကြောင့်ကြအားထုတ်မှု မပါဘဲ သူ့အလိုအလျောက် သဘာဝအတိုင်း ရှူနေတဲ့ အသက်ရှူခြင်းကို ဆိုလိုတာမဟုတ်ပါဘူး။ စိတ်အာရုံစူးစိုက်ပြီး သတိတရားပါပါ၊ အသိတရားသာသာနဲ့ ရှူတဲ့အသက်ရှူခြင်း၊ ကိုယ့်ရဲ့ အားထုတ်မှုပါတဲ့ အသက်ရှူခြင်းကို ဆိုလိုတာပါ။
'အသက်ရှူရမယ်' ဆိုတာ 'သတိပညာသွင်းပြီးရှူရမယ်'လို့ ဆိုလိုပါတယ်။ တစ်နည်းပြောရရင်တော့ 'အမှတ်သတိနဲ့ အသက်ရှူရမယ်' လို့ ဆိုလိုပါတယ်။ အလွယ်ကူဆုံးနဲ့ အရှင်းဆုံးပြောရရင်တော့ 'သတိထားပြီး အသက်ရှူရမယ်'လို့ ဆိုလိုပါတယ်။

သတိထားပြီး ဘယ်လို အသက်ရှူမလဲ။

အသက်ရှူသွင်း၊ ရှူထုတ် လုပ်လိုက်လို့ နှာသီးဝ၊ သို့မဟုတ် အထက်နှုတ်ခမ်းဖျား လေထိသွားတဲ့နေရာမှာ စိတ်ကို၊ သတိကို ကပ်ထားပြီး လေ၀င်ရင် '၀င်တယ်'၊ လေထွက်ရင် 'ထွက်တယ်'လို့ ရှုမှတ်ပြီး အသက်ရှူရပါမယ်။

လေ၀င်သွားတဲ့အခါ နှာသီးဝကို ထိပြီး ၀င်သွားပါတယ်။ ထိတဲ့နေရာလေးမှာ စိတ်ကို၊ သတိကို ကပ်ထားပြီး '၀င်တယ်'လို့ ရှူမှတ်ရပါမယ်။ အတွင်းဝင်သွားတဲ့ လေကြောင်းနောက် စိတ်မလိုက်ရပါဘူး။ လိုက်ရင် အတွင်းပျံ့လွင့်မှု ဖြစ်ပါတယ်။

လေထွက်သွားတဲ့အခါ နှာသီးဝကို ထိပြီးထွက်သွားပါတယ်။ ထိတဲ့နေရာလေးမှာ စိတ်ကို၊ သတိကို ကပ်ထားပြီး 'ထွက်တယ်'လို့ရှူမှတ်ရပါမယ်။ အပြင်ထွက်သွားတဲ့ လေကြောင်းနောက် စိတ်မလိုက်ရပါဘူး။ လိုက်ရင် အပြင်ပျံ့လွင့်မှု ဖြစ်ပါတယ်။

လေ၀င်တဲ့အခါမှာရော၊ လေထွက်တဲ့အခါမှာရော နှာသီးဝ လေထိတဲ့နေရာ တစ်နေရာတည်းမှာပဲ စိတ်ကို ကပ်ထားရပါမယ်။ လေသွားရာလမ်းကြောင်းတစ်လျှောက် စိတ်မလိုက်ရပါဘူး။
အတွင်းဆိုရင် ၀မ်းဗိုက်အထိ၊ အပြင်ဆိုရင် လေဟာနယ်အထိ အဲဒီလိုနေရာတွေ လိုက်ရွှေ့ပြီး မရှုမှတ်ရပါဘူး။ နှာသီးဝ အပ်ဖျားတစ်ထောက်စာ လေထိတဲ့နေရာလေးတစ်ခုတည်းမှာပဲ စိတ်ကို ကပ်ထားပြီး ရှုမှတ်ရပါမယ်။ ဒါဟာ နည်းမှန်လမ်းမှန် ရှုမှတ်နည်းပါပဲ။

'၀င်လေ၀င်တိုင်းထိ၊ ထိတိုင်းသိ၊ ထွက်လေထွက်တိုင်းထိ၊ ထိတိုင်းသိ' ဒါဟာ ရှုမှတ်နည်းအကျဉ်းချုပ်ပါပဲ။
သတိထားပြီး အသက်ရှူတာကိုပဲ အာနာပါန သတိပဋ္ဌာန်တရား ပွားများတယ်၊ အာနာပါနကမ္မဋ္ဌာန်း အားထုတ်တယ်လို့ ဆိုရပါတယ်။ အာနဆိုတာ ၀င်လေ၊ အပါနဆိုတာ ထွက်လေ၊ ၀င်လေထွက်လေကို သတိထားပြီး အသက်ရှူတဲ့ ကမ္မဋ္ဌာန်းကို အာနာပါနကမ္မဋ္ဌာန်း၊ ဒီလိုခေါ်ပါတယ်။

ဝင်လေထွက်လေဟာ ထိုင်နေတဲ့အချိန်မှာသာရှိတာ မဟုတ်ပါဘူး၊ သွားနေ၊ ရပ်နေ၊ လျောင်းနေတဲ့အချိန်တွေမှာလည်း ရှိပါတယ်။ ဒါ့ကြောင့် အာနာပါနကမ္မဋ္ဌာန်းကို ထိုင်ရင်းနဲ့လည်း ရှုမှတ်လို့ရသလို သွားရင်း၊ ရပ်ရင်း၊ လျောင်းရင်းနဲ့လည်း ရှုမှတ်လို့ရပါတယ်။
သီးသန့်အချိန်ယူပြီး ထိုင်မှတ်၊ သွားမှတ်၊ ရပ်မှတ်၊လျောင်းမှတ်ရင်တော့ ၀င်-၀င်တယ်၊ ထွက်-ထွက်တယ်လို့ မှတ်ရပါမယ်။ သွားရင်းလာရင်း၊ လုပ်ရင်းကိုင်ရင်း၊ ပြောရင်းဆိုရင်း၊ စားရင်းသောက်ရင်း၊ ရှုမှတ်ရင်တော့ ၀င်တယ်၊ထွက်တယ် ဆိုတာတွေ ထည့်မှတ်မနေတော့ဘဲ ၀င်ထိ၊ ထွက်ထိသဘောလေးကို သိနေရင် လုံလောက်ပါတယ်။

အမြဲရှိနေတဲ့ ၀င်လေ၊ ထွက်လေကို အမြဲသိနေအောင် ကြိုးစားကြဖို့ တိုက်တွန်းချင်ပါတယ်။ အလေ့အကျင့်လည်း လုပ်ထားမယ်၊ သတိလည်း ထားမယ်ဆိုရင်နောက်တော့ အခက်အခဲမရှိပါဘူး၊ အလွယ်တကူနဲ့ ဖြစ်သွားမှာပါ။

အသက်ရှင်နေတဲ့လူတိုင်း အသက်ရှူနေတာမို့ အသက်ရှူတိုင်း သတိ၊ ပညာသွင်းပြီး ရှူမယ်ဆိုရင် အသက်ရှင်နေစဉ်မှာလည်း စိတ်ချမ်းသာ ငြိမ်းအေးမှု အထူးအဆင့်မြင့်စွာ ရရှိနိုင်သလို တရားထူး တရားမြတ်ရသွားရင်လည်း သေခြင်းတရားမှ အပြီးတိုင် လွတ်မြောက်သွားနိုင်ပါတယ်။ ဒါကြောင့် တိုက်တွန်းချင်တာက .....

မသေချင်ရင် အသက်ရှူပါ။ စိတ်ချမ်းသာချင်ရင် အသက်ရှူပါ။ ကိုယ့်ဘ၀ကိုယ် ကျေနပ်မှုရချင်ရင် အသက်ရှူပါ။ လောကချမ်းသာကို အပြည့်ဝဆုံး ခံစားချင်ရင် အသက်ရှူပါ။ နိဗ္ဗာန်ဆိုတဲ့ အနှိုင်းမဲ့ချမ်းသာကို ဒီဘ၀မှာတွင် အမြန်ဆုံး မျက်မှောက်ပြုချင်ရင် အသက်ရှူပါ။

အာနာပါန ကမ္မဋ္ဌာန်းကို မသိနားမလည်သူတွေက သမထကမ္မဋ္ဌာန်းလို့ ထင်မှတ်စွပ်စွဲကြပါတယ်။ သူတို့ ထင်မှတ်စွပ်စွဲသလို မဟုတ်ပါ ဘူး။ အာနာပါနကမ္မဋ္ဌာန်းဟာ သမထ၊ ၀ိပဿနာ စွယ်စုံရတဲ့ ကမ္မဋ္ဌာန်းကြီးပါ။ သမထလို ရှုရင် သမထဖြစ်ပြီး ၀ိပဿနာလို ရှုရင် ၀ိပဿနာဖြစ်ပါတယ်။

ဝင်လေထွက်လေ လေကြောင်းနောက်ကို လိုက်ပြီး ပုံသဏ္ဌာန်နိမိတ်၊ အရိပ်အယောင်တွေကို ရှုနေရင် သမထဖြစ်ပါတယ်။ လေနောက်ကို မလိုက်ဘဲ နှာသီးဝ လေထိရာ တစ်နေရာတည်းကနေ ထိမှု သဘော၊ လှုပ်ရှားတွန်းကန်မှုသဘောကို အနိစ္စ၊ ဒုက္ခ၊အနတ္တ လက္ခဏာရေး သုံးပါး ထင်ရှားလာအောင် ရှုနေရင် ၀ိပဿနာဖြစ်ပါတယ်။

အာနာပါနဿတိသုတ္တန်မှာ မြတ်စွာဘုရားရှင်က 'အာနာပါနကို ရှုပွားရင် သတိပဋ္ဌာန်လေးပါးလုံး ရှုပွားပြီးသားဖြစ်တယ်။ သတိပဋ္ဌာန် လေးပါး ရှုပွားရင် ဗောဇ္ဈင်ခုနှစ်ပါးကိုလည်း ပွားများပြီးသား ဖြစ်တယ်။ ဗောဇ္ဈင်ခုနှစ်ပါးကို ပွားများရင် အရဟတ္တမဂ်၊ အရဟတ္တဖိုလ်ကို ဆိုက်ရောက်နိုင်တယ်' လို့မိန့်ကြားတော်မူပါတယ်။ အာနာပါန ကမ္မဋ္ဌာန်းနဲ့ ရဟန္တာအထိ ဖြစ်နိုင်တယ်လို့ ဆိုလိုပါတယ်။

သုတ္တန်တစ်ခုမှာဆိုရင် အာနာပါနရှုပွားတဲ့သူဟာ တစ်ထိုင်တည်းနဲ့တောင် ရဟန္တာဖြစ်နိုင်တယ်လို့ မိန့်ကြားတော်မူထားပါတယ်။ ဒါ့ကြောင့် အာနာပါနကမ္မဋ္ဌာန်းကို နိဗ္ဗာန်သွားတဲ့ ဖြတ်လမ်း၊ နိဗ္ဗာန်သွားတဲ့ လမ်းတိုလို့ ရှေးသူဟောင်းတွေ မိန့်ဆိုတော်မူကြပါတယ်။ ဆရာတော်ကြီးတစ်ပါးကဆို အာနာပါနကမ္မဋ္ဌာန်းကို 'သက်ဦးဆံပိုင် ကမ္မဋ္ဌာန်း' လို့တောင် တခမ်းတနား ချီးမွမ်းဂုဏ်တင်တော်မူခဲ့ ပါတယ်။

အာနာပါနကမ္မဋ္ဌာန်းဟာ သမ္မာသမ္ဗုဒ္ဓဘုရားရှင်တိုင်းရဲ့ လက်သုံးကမ္မဋ္ဌာန်းကြီးဖြစ်ပါတယ်။ ဘုရားရှင်တိုင်း၊ ဘုရားရှင်တိုင်းဟာ အာနာပါန ကမ္မဋ္ဌာန်းကိုပဲ ပင်တိုင်ကမ္မဋ္ဌာန်းအဖြစ် ရှုပွားရင်းနဲ့ ဘုရားဖြစ်တော်မူကြပါတယ်။ တခြားကမ္မဋ္ဌာန်းနဲ့ ဘုရားဖြစ်တဲ့ ဘုရားရယ်လို့ တစ်ဆူ မှ မရှိပါဘူး။ ရှေးကလည်း ဘယ်တုန်းကမှ မရှိခဲ့ပါဘူး။ အခုလည်းလုံးဝမရှိပါဘူး၊ နောင်လည်း ဘယ်တော့မှ ရှိမှာ မဟုတ်ပါဘူး။

ဒီအချက်ကိုက အာနာပါနကမ္မဋ္ဌာန်းဟာ ဘယ်လောက် ကြီးကျယ်မြင့်မြတ်တယ်၊ ဘယ်လောက် ထိပ်တန်းအကျဆုံးဖြစ်တယ်ဆိုတာကို ဖော်ပြနေပါတယ်။

ဝင်လေပြန်မထွက်တော့တဲ့အချိန်၊ ထွက်လေပြန်မ၀င်တော့တဲ့အချိန်ဟာ သေတဲ့အချိန်ပါပဲ။ ဒါ့ကြောင့် ရုပ်နာမ်ခန္ဓာ အဆက်မပြတ်      ရှင်သန်နေမှုမှာ ၀င်လေထွက်လေက အဓိက ပဓာနကျပါတယ်။
ဝင်သက် ထွက်သက် ဆိုတဲ့အတိုင်း ဘ၀တစ်ခုရဲ့ အသက်ဟာ ၀င်လေထွက်လေဖြစ်လို့ ၀င်လေ၊ ထွက်လေကို သတိကပ် ရှုမှတ်ရတဲ့ အာနာပါနကမ္မဋ္ဌာန်းဟာလည်း ၀ိပဿနာယောဂီတိုင်းရဲ့ 'အသက်သွေးကြောကမ္မဋ္ဌာန်းကြီး' ဖြစ်ပါတယ်။

ဝင်လေထွက်လေနဲ့ ပတ်သက်တဲ့ ရုပ်နာမ်ရဲ့ သဘောသဘာဝတွေကို ပိုင်နိုင်သွားရင် ကျန်တဲ့ ရုပ်နာမ်အားလုံးရဲ့ သဘောသဘာဝတွေ ကိုပါ ပိုင်နိုင်သွားတာမို့ အာနာပါနကမ္မဋ္ဌာန်းကို 'အညှာကိုင် ကမ္မဋ္ဌာန်း' လို့လည်း ခေါ်နိုင်ပါတယ်။

အိပ်ချိန်၊ နိုးချိန်၊ အချိန်တိုင်းမှာ ထင်ရှားနေတဲ့အတွက် ရှုမှတ်ရတာလည်း လွယ်ကူ၊ မရပ်မနားလည်း အဆက်မပြတ် ရှုမှတ်နိုင်တာကြောင့် အာနာပါနကမ္မဋ္ဌာန်းကို ပင်တိုင်ကမ္မဋ္ဌာန်းအဖြစ် သတ်မှတ်ပြီး အားထုတ်တာဟာ လူအများစုအတွက် အသင့်တော်ဆုံးပါပဲ။

အာနာပါနကမ္မဋ္ဌာန်းကို နှာသီးဝ လေထိရာအရပ် သတိကပ်ရှုမှတ်တဲ့ ၀ိပဿနာနည်းလမ်းနဲ့ အရဟတ္တဖိုလ်ပေါက် အားထုတ်နိုင်ပြီဆိုရင် တော့ သေခြင်းတရားမှ အပြီးတိုင် လွတ်မြောက်ပါပြီ။
အာနာပါနကမ္မဋ္ဌာန်းဟာ ရဟန္တာအထိ အမြန်ဆုံးဖြစ်စေနိုင်တဲ့ ၀ိပဿနာကမ္မဋ္ဌာန်းစစ်စစ်ဖြစ်တယ်ဆိုတာကို အကြွင်းမဲ့ ယုံကြည်ပြီး ကြိုးကြိုးစားစား အားထုတ်ကြဖို့ အထူးတိုက်တွန်းလိုက်ပါရစေ။

နေ့စဉ်ဘ၀ရဲ့ လူမှုကိစ္စ၊ အိမ်မှုကိစ္စတွေကို လုပ်နေရင်းနဲ့လည်း အာနာပါနကမ္မဋ္ဌာန်းကို အားထုတ်လို့ရပါတယ်။ အလုပ်လုပ်နေရင်းနဲ့ တစ်စက္ကန့်ရရင် တစ်စက္ကန့်၊ တစ်မိနစ်ရရင် တစ်မိနစ်၊ ငါးမိနစ်ရရင် ငါးမိနစ် ကြိုးကြား ကြိုးကြား အားထုတ်သွားမယ်ဆိုရင် အလုပ်လုပ် ရတာလည်း မပင်ပန်း၊ စိတ်ချမ်းသာ၊ သမာဓိဥာဏ် ရင့်သွားတဲ့ အခါမှာလည်း တရားထူးရနဲ့ အင်မတန် ဟန်ကျလှပါတယ်။

အချိန်လည်း မကုန်၊ လူလည်း မပန်း၊ ငွေလည်းမထွက် အင်မတန် တွက်ခြေကိုက်တဲ့ အာနာပါနကမ္မဋ္ဌာန်းပါပဲ။ တစ်ချိန်တည်း အလုပ်နှစ်ခု ပြီးပါတယ်။ ၀ိပဿနာ ကုသိုလ်ကို အလွယ်တကူ ရယူနိုင်ပြီး မဂ်ဖိုလ် နိဗ္ဗာန်ကို အလွယ်တကူ ဆိုက်ရောက်စေနိုင်တာဟာ အာနာပါန ကမ္မဋ္ဌာန်းပါပဲ။

အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)
- တကယ်မသေခင် အစမ်းသေကြည့်ကြရအောင် လက်ကမ်းစာအုပ်ငယ်မှ

Thursday, August 26, 2010

ရေးလိုက်ကြစို့ ရည်းစားစာ

မစေခိုင်းဘဲ လုပ်သော အလုပ်များတွင် ချစ်သ၀ဏ်လွှာသီကုံးရေးသားခြင်း အမှုသည်လည်း တစ်ပါးအပါအ၀င် ဖြစ်ပေသည်။ အချစ်ဆိုသည်ကားလူသားတိုင်း မကင်းနိုင်သော၊ မရှောင်နိုင်သော မီးပွိုင့် တစ်ခုပင် ဖြစ်သည်။လူသားတိုင်း တစ်ကွေ့မဟုတ် တစ်ကွေ့ အချစ်မီးပွိုင့် ရှေ့၌ တည့်တည့်တိုး ရပ်မိကြသည်။ 

ဘ၀တစ်ကွေ့ မလွဲမသွေ ကြုံဆုံရသော အချစ်မီးပွိုင့်မိချိန်၌ ချစ်သူတိုင်း မိမိတို့် ရင်တွင်းခံစားချက် အချစ်အကြောင်း မိမိတို့တတ်နိုင်စွမ်း သမျှ ဖွင့်ဟပြကြသည်။ စာဖြင့်ဖြစ်စေ၊ နှုတ်ဖြင့်ဖြစ်စေ အချစ်ကိုဖွင့်ဟ တတ်ကြသည်။ ထိုသို့နည်းနာ အသီးသီးဖြင့် ဖွင့်ဟကြရာတွင် စာဖြင့်ဖွင့်ဟ ပြောဆိုခြင်းလည်းအပါအ၀င် ဖြစ်သည်။ လူတိုင်း ရည်းစားစာ မရေးတတ်ကြပေ။ လူအများစုအတွင်စာရေးသားခြင်းသည် လက်တွန့်စေသော အမှုတစ်ရပ်လည်း ဖြစ်သည်။ ဘဲဥ အစရှာမရ ဖြစ်သကဲ့သို့မည်သို့ မည်ပုံ စတင်၍ စာသီကုံးရမည့် အဖြစ်ကြောင့်လည်း လက်တွန့်ကြခြင်း ဖြစ်လေသည်။တွန့်နေသော လက်တစ်စုံအတွက် စေတနာ ပြတင်းပေါက်မှ လက်ကမ်း ပေးသော ရည်းစားစာ ရေးနည်းငါးမျိုးသည် ချစ်သူတိုင်း အတွက် တစ်မျိုးတစ်ဖုံ အထောက်အကူ ပြုစေမည် ဆိုလျှင်တင်ပြရကျိုးနပ်ပြီ ဖြစ်ကြောင်း ..... ။ 

၁။ ရင်ဝှက်တေး

ချစ်သူနဲ့ တွေ့တုန်းက မပြောဖြစ်၊ မပြောရဲတဲ့ စကားတွေပြောပါ။ ရေးချပါ။ သူဝတ်လာတဲ့ အ၀တ်အစားလေးက ဘယ်လောက်လှတယ်၊ သူဆွတ်လာတဲ့ ရေမွှေးလေးဟာကိုယ့်ကို ဘယ်လိုနှစ်မွန်း သွားစေတယ် ဆိုတာ သူ့ရှေ့မပြော ဖြစ်ခဲ့သမျှ ရေးပေးပါ။သူဘယ်နေ့က ဘာအ၀တ်အစား ၀တ်ခဲ့တယ်။ ဘယ်နေ့က ကိုယ့်ကို ဘယ်လို ပြောလိုက်ပုံလေးကကိုယ်ဘယ်လို ခံစားခဲ့ရတယ် ဆိုတာ စသဖြင့် ပြောပေးပါ။ သူ့ခန္ဓာကိုယ်မှာဘယ်အစိတ်အပိုင်း တွေကတော့ဖြင့် ဘယ်လိုလှတာ။ သူ့မျက်လုံး လေးကဖြင့် ဘယ်လိုလှတာ၊အသားအရေ လေးကဖြင့် ဘယ်လိုချော၊ ဘယ်လိုနုညက်နေတာ၊ ဘယ်မော်ဒယ် ဘယ်မင်းသား မမှီနိုင်လောက်အောင် ဘယ်လိုလှကြောင်း၊ စာကားပြောပုံလေးက ဘယ်လိုချစ်စရာ ကောင်းကြောင်း စသဖြင့်ပြောပေးပါ။

လူတစ်ယောက်မှာ ကောင်းခြင်း တစ်မျိုးစီ အသီးသီးရှိတတ်ပါတယ်။ ရုပ်ဆိုးလှပါတယ် ဆိုတဲ့ လူတစ်ယောက် တောင်မှ ရှာဖွေတတ်မယ်ဆိုရင်ကောင်းခြင်းတစ်မျိုး ရှာတွေ့မှာ ဖြစ်ပါတယ်။ အဲ့ဒီ ကောင်းခြင်းတွေကိုမျက်နှာချင်းဆိုင် မပြောဖြစ်ခဲ့သမျှ ပြောပေးပါ။ နောက်ပြီး သူ့ကိုဘာကြောင့်ချစ်တယ်၊ ဘယ်လိုစချစ်တယ၊် ဘာတွေကို ချစ်တယ် ဆိုတာတွေ ထည့်ရေးပါ။သူနဲ့တွေ့စဉ် ကိုယ့်ရင် ဘယ်လိုခံစား နေရကြောင်း၊ သူ့ကို တွေ့တိုင်း ရင်ဘယ်လိုခုန်ကြောင်း၊သူ့လက်ဖ၀ါးလေးကို သွေးခြည်ဥမတတ် ဖမ်းဆုပ်ထားတာ ဘယ်လိုဖြစ်လို့ ဆိုတဲ့ အကြောင်းအကုန်ချရေးပါ။ ဒီနည်းဟာ ကိုယ်ဘက်က ကိုယ့်ချစ်သူအပေါ် ဘယ်လိုခံစား နေရသလဲဆိုတာတွေကို ကိုယ့်ချစ်သူ သိရှိစေပြီး တစ်ယောက်နဲ့ တစ်ယောက်ကြားက သံယောဇဉ်ကြိုးကိုပိုလို့ နက်ရှိုင်းရစ်တွယ် လာစေပါတယ်။ 

၂။ ပြောနေကျသံစဉ်

ဒီရည်းစားစာ ရေးနည်းကတော့ ချစ်သူကိုကိုယ်နေ့စဉ်ပြောလေ့ ရှိတဲ့စကားတွေ၊ ကိုယ်အမြဲ ဝေမျှချင်တဲ့ အကြောင်းတွေကိုဖွင့်ဟတဲ့နည်း ပါပဲ။ သူနဲ့ နေ့ဘက်မှာပဲ ဖြစ်ဖြစ်၊ ညဘက်မှာပဲ ဖြစ်ဖြစ်ကိုယ်ဖွင့်ဟပြောချင်နေတဲ့ အကြောင်းတွေကို ချရေးပါ။ သူနဲ့ကိုယ်နဲ့ အတူရှိနေချိန်မှာကိုယ့်ဘက်က ဖွင့်ဟလေ့ရှိတဲ့ အကြောင်းတွေ၊ စကားတွေကို ရေးသားတဲ့နည်းပါပဲ။ ဒီနည်းဟာ ချစ်သူကိုကိုယ်ဘယ်လောက် ဂရုစိုက်ကြောင်း ပြန်လည် အမှတ်ရစေပြီး ကြည်နူးစေတဲ့ ရည်းစားစာရေးနည်းပါပဲ။ 

၃။ ကဗျာ

ကဗျာရဲ့သက်တမ်းဟာ ရည်းစားစာ သက်တမ်းလိုပဲကြာညောင်းနေပါပြီ။ ဒါပေမဲ့ အမြဲလတ်ဆတ် သစ်လွင်နေတုန်းပါပဲ။ တကယ်လို့ သင်ဟာရှိတ်စပီးယား လောက် ကလောင်စွမ်း မထက်ဘူး ဆိုရင်လည်း လက်မှိုင်ချပြီး ဖောင်တိန်ကိုပစ်မချလိုက်ပါနဲ့။ ကိုယ့်ရင်ထဲက ခံစားချက်တွေကို ကိုယ်တတ်ကျွမ်းသလောက်၊ကိုယ်ခံစားမိ သလိုသာ သီကုံးလိုက်ပါ။ အဓိကက ကိုယ့်ရဲ့ တတ်စွမ်းသမျှ သီကုံးထားတာလေးကိုသူမြင်ရုံနဲ့တင် သည်းခြေလှုပ် သွားစေနိုင်တယ် ဆိုတာပါပဲ။ အမှန်တော့ ကဗျာဟာရည်းစားစာ တစ်မျိုးပါပဲ။ တကယ်လို့ သင်ဟာ ကဗျာမဆန်တဲ့ ချစ်သူတစ်ယောက် ဖြစ်ခဲ့မယ်ဆိုရင်တော့ ဒီနည်းဟာ သင့်အတွက်တော့ ကဗျာမဆန်ဘူးလို့ ဆိုရပါလိမ့်မယ်။ 

၎။ သီချင်း

ဒီနည်းဟာ အရမ်းကို ဆန်းသစ်တဲ့နည်းပါ။ ကိုယ့်ချစ်သူတသသ စွဲလန်းသွားစေနိုင်တဲ့ နည်းလည်း ဖြစ်ပါတယ်။ ရော့ခ်ပဲဖြစ်ဖြစ်၊ပေါ့ပ်ပဲဖြစ်ဖြစ်၊ ပန့်ခ်ပဲဖြစ်ဖြစ် သီကုံးသီဆိုထားတဲ့ သီချင်းစာသား တွေဟာအချစ်နဲ့ မကင်းနိုင်ကြပါဘူး။ ဒါကြောင့် သင်ဟာ အနုပညာ ပါရမီပါတဲ့သူဆိုရင် ဒီနည်းကိုသင့်အတွက် လက်တို့ချင်ပါတယ်။ ကိုယ်တိုင်သီကုံးပြီး သီဆိုပြတဲ့ အချစ်သီချင်းတစ်ပုဒ်ဟာ ကိုယ့်ချစ်သူအတွက် တစ်သက်တာ ချစ်အမှတ်တရ ဖြစ်သွားစေတဲ့အထိပြုစားနိုင်လွန်းပါတယ်။ 

၅။ အချစ်ဟာသ

ဒီနည်းဟာ ကိုယ့်ချစ်သူကို ရီရွှင်ဖွယ်ရာနဲ့ချစ်ခင်ဖွယ်ရာ ဖြစ်အောင် သီကုံးရေးစပ် ထားတဲ့ ရည်းစားစာ ရေးနည်းပါ။ အခုခေတ်လူတော်တော်များများ ရေးစပ်တတ်ကြပါတယ်။ ဥပမာ - ယင်ဖိုတောင် မသန်းတဲ့ ယင်မလေးတစ်ယောက်သို့ ... ၊ ခြင်မ တောင် ခြင်ထောင်ထဲ မသွင်းခဲ့တဲ့ ကိုယ်ဟာ မင်းနဲ့ကျမှ ခြင်ဆေးခွေတောင်မထွန်းရက် လောက်အောင် အချစ်ကြီး ဖြစ်နေမိပြီ။ မင်း ချောင်းရိုက်လိုက်တဲ့မောင့်အသည်းနှလုံး လေးဟာ အခုဆိုရင် အလွမ်းဆေးရုံမှာ မျှော်လင့်ချက်ကင်ဆာနဲ့အော်ပရေးရှင်း ၀င်နေရပြီ။ နောက်ပြီး ဘတ်စ်ကားမြင်တိုင်း နှာခေါင်းရှုံ့ရှုံ့သွားတတ်တဲ့ မင်းရဲ့အကျင့်လေးကို တိုးတက်သောအမြင်နဲ့ တိုးတက်အောင်လုပ်ဖို့ အချိန်တန်နေပြီ။အားနေ shopping ထွက်မယ်လုပ်နေလို့ ကျွန်တော်ရဲ့ အိပ်ကပ်ထဲက ခြင်္သေ့၊ ဆင်တွေလည်းတဖြည်းဖြည်း ရှားပါးမျိုးတုံး စာရင်းဝင်နေပြီ။ နေ့တိုင်းအိမ်ပြန် လိုက်ပို့ပါလို့မပြောနဲ့။ အမျိုးမတော်ဘဲနဲ့ တက်စီသမားကို လုပ်ကျွေးနေရတာ ငိုချင်လာပြီ။ လွယ်အိတ်ထဲလေးလေးပင်ပင်တွေ မထည့်ပါနဲ့။ ကျွန်တော်ဆွဲရလွန်းလို့ လက်မောင်းက ကြက်ဥတောင်မဟုတ်တော့ဘဲ ဖရဲသီးတောင်ထွက်နေပြီ။ လှလားလို့ မမေးနဲ့။ မိတ်ကပ်တစ်ပိဿာလောက်ဖို့ထားမှတော့ အော်ရယ်ဂျင်နှယ် မျက်နှာ ဘယ်မြင်ရတော့မလဲ။ ဒီစာကိုတစ်ပတ်အတွင်း အကြောင်းပြန်နော်။ မပြန်ရင် နောက်တစ်ယောက် အတွက် chanceပေးလိုက်တော့မယ်။ ဖတ်ပြီးရင်လည်း မင်းရဲ့ညီလေးကို တစ်ဆင့် ပြန်ပြီး forwardလုပ်ပေးနော်။ ကျွန်တော့်ကိုတော့ မျက်စောင်းထိုးဖို့ မကြိုးစားနဲ့နော်။ ကျွန်တော်လည်းမာမီတွေဆီမှာ မျက်စောင်းထိုးနည်း၊ ခြေဆောင့်စိတ်ကောက်နည်း၊ မျက်စပစ်နည်းတွေကိုသုံးလပြတ် သင်ထားတယ်။ 

ဒီလိုလေးလည်း ရေးနိုင်တယ်။ ဥပမာအဖြစ်ပြထားတာဖြစ်လို့ မိမိ စိတ်ကူးဉာဏ်၊ ဟာသဉာဏ် ရှိသလို ကွန့်နိုင်ပါကြောင်းတင်ပြရင်း ချစ်သူတိုင်း ရည်းစားစာ ရေးတတ်ကြပါစေလို့ ဆန္ဒပြုလျက် ..... ။ 

8 DAYS မမ

ရည်းစားစာ ရေးနည်းငါးမျိုး

8 DAYS - A WEEK

5 March - 12 March 2010

Saturday, August 21, 2010

လုပ်ငန်းခွင်မှာ ပျော်ရွှင်တက်ကြွ အလုပ်လုပ်ကြစေဖို့

လူမျိုးပေါင်းစုံနဲ့ ဘာသာပေါင်းစုံပါဝင်တဲ့ ၀န်ထမ်းတွေကို စီမံအုပ်ချုပ်ရတဲ့သူတွေမှာ အခက်အခဲ အကျပ်အတည်းတွေ ပြည့်နေတတ်ပါတယ်။

ဝန်ထမ်းတွေရဲ့ ကြိုးစား အားထုတ်မှုကို မြှင့်တင်ပေးဖို့ လိုအပ်တဲ့အချက်တွေထဲမှာ တစ်ချက်ကတော့ လူတွေရဲ့ လိုအပ်ချက်များစွာနဲ့ ဆန္ဒများစွာဟာ အချိန်နဲ့အမျှ ပြောင်းလဲနေတယ်ဆိုတာပါပဲ။

ဒါကြောင့် ၀န်ထမ်းတွေရဲ့ ကြိုးစားလိုစိတ်ကို လှုံ့ဆော်ပေးတဲ့ ဒီအခြေခံအချက်တွေဟာ မန်နေဂျာတွေအတွက် မရှိ မဖြစ် လိုအပ်ချက်တစ်ရပ်ဖြစ်လာပါတယ်။

ဒီအခြေခံအချက်တွေကို မလျော့စေဖို့ အောက်မှာ အကြံပေးလိုက်ပါတယ်။

တစ်ဦးချင်းစီရဲ့ လိုအပ်ချက်

ဝန်ထမ်းတွေအားလုံးရဲ့လိုအပ်ချက်တွေဟာ တစ်ပုံစံတည်း မဟုတ်ဘူးဆိုတာ သတိပြုသင့်ပါတယ်။ တစ်ယောက် တည်းမှာတောင် လိုအပ်ချက်တွေက အများကြီးပါ။

ဒါကြောင့် တစ်ယောက်ချင်းစီရဲ့ လုပ်ရည်ကိုင်ရည် တက်လာအောင် နှိုးဆွပေးရာမှာ ထိထိရောက်ရောက် အကျိုးရှိစေ ဖို့အတွက် သူတို့ရဲ့ လိုအပ်ချက်တွေကို နားလည်ထားရပါမယ်။

လူမှန် နေရာမှန်

လုပ်ငန်းခွင် တစ်ခုအတွင်းမှာ ၀န်ထမ်းတွေကို ခန့်ထားရာမှာ လူမှန်နေရာမှန်ဖြစ်ဖို့ လိုပါတယ်။ ၀န်ထမ်းတစ်ဦးဟာ လုပ်ငန်းခွင်နဲ့ ကိုက်ညီတဲ့ အရည်အချင်းမရှိဘူးဆိုရင် အဲဒီဝန်ထမ်းက အကောင်းဆုံးလုပ်ပေးတယ်ဆိုရင်တောင် အကျိုးသက်ရောက်မှုက သိပ်နည်းပါတယ်။ လုပ်ငန်းခွင်နဲ့ ကိုက်ညီတဲ့ ၀န်ထမ်းတွေ ရွေးချယ်နိုင်ဖို့ လူသစ်စုဆောင်း ရေးနဲ့ ရွေးချယ်ရေးနည်းပညာတွေကို အသုံးပြုနိုင်ပါတယ်။

နှစ်ဦးနှစ်ဖက် ရည်မှန်းချက်

ဝန်ထမ်းတွေဟာ သူတို့ရဲ့လုပ်ရည်ကိုင်ရည်ကို အစွမ်းပြခွင့်ရတဲ့အခါမှာ အကောင်းဆုံးဆောင်ရွက်ကြပါတယ်။ ဒါပေမယ့် နှစ်ဦးနှစ်ဖက်လုံး အကျိုးရှိမယ့် ရည်မှန်းချက်မျိုးဖြစ်ရပါမယ်။ ဒီလိုတိကျပြီး ခိုင်မာတဲ့ ရည်မှန်းချက်တွေဟာ ၀န်ထမ်းတွေရဲ့ လိုအပ်ချက်တွေအတွက် အခွင့်အလမ်းတွေ ဖြစ်ပေါ်စေပါတယ်။ ၀န်ထမ်းတွေ ဘယ်လောက်တောင် ကြိုးကြိုးစားစားလုပ်သလဲဆိုတာကို အမြဲတမ်း စစ်ဆေးတာဟာ သူတို့ရဲ့ ကြိုးပမ်းအားထုတ်မှုကို တွန်းအားပေးရာ ရောက်ပါတယ်။

တစ်ဦးချင်းအလိုက် ဆုချီးမြင့်မှု

ဝန်ထမ်းတွေရဲ့ လိုအပ်ချက်တွေ အမျိုးမျိုးကွဲပြားတဲ့အတွက် သူတို့ရဲ့ အရည်အချင်းတွေကို အသိအမှတ်ပြုတဲ့အနေ နဲ့ ဆုချီးမြှင့်ရာမှာလည်း မတူညီနိုင်ဘူးဆိုတာ သတိပြုသင့်ပါတယ်။ ဆုတစ်မျိုးဟာ တစ်ဦးရဲ့ စိတ်ဓာတ်ကို တက်စေ နိုင်ပေမယ့် နောက်တစ်ဦးအတွက်တော့ အရာရောက်ချင်မှ ရောက်မှာပါ။ ဒါကြောင့် ၀န်ထမ်းတွေရဲ့ ကွဲပြားခြားနားတဲ့ လိုအပ်ချက်တွေကို နားလည်သဘောပေါက်ပြီး သင့်တော်မယ့် ဆုလာဘ်မျိုးကို ပေးသင့်ပါတယ်။

လုပ်ရည်ကိုင်ရည်ပေါ်မူတည်တဲ့ဆု

တစ်ဦးချင်းစီကို ဆုချီးမြှင့်ရာမှာ သူ့ရဲ့စွမ်းဆောင်မှုပေါ်မူတည်ပြီး ပေးသင့်ပါတယ်။ ဒီဆုတွေဟာ ကြိုးစားမှုရဲ့ ရလာဒ် တွေ ဖြစ်တယ်ဆိုတာကိုလည်း သိစေရမှာ ဖြစ်ပါတယ်။

မျှတတဲ့ ဆုပေးစနစ်

ဆုပေးတဲ့စနစ်ဟာလည်း တရားမျှတမှုရှိပြီး တစ်သမတ်တည်း ဖြစ်ရပါမယ်။

ငွေကိုတော့ မမေ့ပါနဲ့

တစ်ဦးချင်းစီရဲ့ စွမ်းဆောင်မှုမှာ ငွေဟာ အဓိကအချက် ဖြစ်တယ်ဆိုတာ လုံးဝမမေ့ပါနဲ့။ ၀န်ထမ်းတွေရဲ့ စွမ်းရည်ကို လှုံ့ဆော်ပေးတဲ့အရာမှာ ငွေဟာတစ်ခုတည်းသောအရာ မဟုတ်ပေမယ့် ငွေကို မသုံးမိဖူးဆိုရင် ၀န်ထမ်းတွေရဲ့ စွမ်း ဆောင်နိုင်စွမ်းလည်း ကျသွားမှာဖြစ်ပါတယ်။

မျိုးလွင် နှင့် သီရိမင်းထွန်း

ကိုးကား -

HRM – Decenzo & Robbins

Friday, August 20, 2010

မသေခင်ဘာလုပ်ကြမလဲ

-->
လူသားတွေရဲ့ ဘ၀မှာ စိတ်ဝင်စားစရာ အကောင်းဆုံးအရာဟာ သေခြင်းတရားဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ သေခြင်းတရားဟာ လူသားအားလုံးနဲ့သက်ဆိုင်နေလို့ပါပဲ။

လူသားတစ်ဦးချင်းမှာ သူ့ဘ၀နဲ့သူ စိတ်ဝင်စားစရာအကောင်းဆုံးအရာတွေ အသီးသီးရှိကြပါလိမ့်မယ်။ သူ့ရဲ လက်ရှိဘ၀၊ လက်ရှိအနေ အထားနဲ့ လက်ရှိခံစားချက် အပေါ်မူတည်ပြီး စိတ်ဝင်စားကြမှာမို့ လူသားတစ်ဦးနဲ့ တစ်ဦးရဲ့ စိတ်အ၀င်စားဆုံးအရာတွေဟာလည်း မတူ ထူးခြားကွဲပြားနေကြမှာ မလွဲပါဘူး။

ကုန်သည်တစ်ယောက်ရဲ့ စိတ်အ၀င်စားဆုံး ကုန်ပစ္စည်းတစ်ခုဟာ ဆေးပညာရှင်တစ်ယောက်အတွက်တော့ စိတ်ဝင်စားစရာ ဖြစ်ချင်မှ ဖြစ်ပါမယ်။ ဆေးပညာရှင်တစ်ယောက်ရဲ့ စိတ်အ၀င်စားဆုံး ဆေးကုထုံးတစ်ခုဟာလည်း ကုန်သည်တစ်ယောက်အတွက်တော့ စိတ်ဝင် စားစရာဖြစ်ချင်မှ ဖြစ်ပါလိမ့်မယ်။

ဘာလို့လဲဆိုတော့ ကုန်သည်တစ်ယောက် စိတ်အ၀င်စားဆုံးအရာဟာ ဆရာဝန်တစ်ယောက်နဲ့ ဘာမှ မသက်ဆိုင်သလို ဆရာဝန်တစ် ယောက် စိတ်အ၀င်စားဆုံးအရာဟာလည်း ကုန်သည်တစ်ယောက်နဲ့ ဘာမှ မသက်ဆိုင်လို့ပါပဲ။
ကိုယ်နဲ့ မသက်ဆိုင်တဲ့အရာကို စိတ်မ၀င်စားတာ၊ တကယ်လို့ စိတ်ဝင်စားခဲ့ရင်တောင်မှ စိတ်အ၀င်စားဆုံး မဟုတ်တာဟာ လူ့သဘာဝ တစ်ခု ဖြစ်ပါတယ်။

အသိဥာဏ်ရှိတဲ့ လူသားမှန်ရင် ကိုယ့်ဘ၀ရဲ့ တိုးတက်မှုကို လိုလားရစမြဲမို့ ကိုယ်နဲ့မသက်ဆိုင်တာကို စိတ်ဝင်စားနေရင် ကိုယ့်ဘ၀ ဘယ်တိုးတက်နိုင်ပါတော့မလဲ။ ဒီတော့ ကိုယ့်ဘ၀ တိုးတက်မှုနဲ့ မသက်ဆိုင်တာတွေကို စိတ်မ၀င်စားတာ၊ တကယ်လို့ စိတ်ဝင်စားခဲ့ ရင်တောင်မှ အ၀င်စားဆုံးအရာ မဟုတ်တာဟာ သဘာဝကျပါတယ်။

ဒါပေမဲ့ သေခြင်းတရားကျတော့ လူသားအားလုံးနဲ့ သက်ဆိုင်နေပါတယ်။ ဆင်းရဲချမ်းသာမရွေး၊ ဂုဏ်ရှိ ဂုဏ်မဲ့မရွေး၊ ဥာဏ်နုဥာဏ်ရင့် မရွေး၊လူသားအားလုံးနဲ့ တပြေးညီ သက်ဆိုင်နေပါတယ်။ အသက်ကြီးသူတွေနဲ့သာမကဘဲ အသက်ရွယ်သူတွေ၊ အသက်ငယ်သူတွေ နဲ့ပါ သက်ဆိုင်နေတာဟာ ဘယ်လိုမှ ငြင်းလို့ မရပါဘူး။

အသက်အရွယ်မရွေး၊ အဆင့်အတန်းမရွေး လူသားအားလုံးနဲ့ သက်ဆိုင်နေတဲ့အတွက် သေခြင်းတရားဟာ လောကမှာ စိတ်ဝင်စားစရာ အကောင်းဆုံးဖြစ်ပါတယ်။

တချို့က သေခြင်းတရားကို သိသိသာသာ စိတ်ဝင်စားကြပါတယ်။ တချို့က ကိုယ့်ကိုယ်ကို သေခြင်းတရားကို စိတ်ဝင်စားလို့ ၀င်စားနေ မှန်းမသိဘဲ (လုံးဝစိတ်မ၀င်စားဘူးလို့တောင် အထင်ရောက်နေရက်နဲ့) စိတ်ဝင်စားနေကြပါတယ်။ ကိုယ်ကသာ စိတ်ဝင်စားနေမှန်းမသိ တာ၊ ကိုယ့်စိတ်ကတော့ မသိမသာ စိတ်ဝင်စားနေပါတယ်။

လောကီအလုပ်တွေကို အရှိန်အဟုန်နဲ့ အပင်ပန်းခံ လုပ်နေတာဟာ မသေခင် ခံစား စံစားဖို့၊ လောကုတ္တရာဟာ သေပြီးနောက် ခံစား စံစားဖို့၊ ဒါမှမဟုတ် သေခြင်းတရားက လွတ်မြောက်ဖို့။ သေခြင်းတရားကိုပဲ စံထားပြီး လူသားတွေ အလုပ်လုပ်နေကြတာပါ။
'မသေခင်' ဆိုတဲ့ မျှော်လင့်ချက်ကလေးနဲ့ လူသားတွေ အလုပ်လုပ်နေကြတာပါ။

တချို့က သေခြင်းတရားအကြောင်း ပြောတာ မင်္ဂလာမရှိဘူးလို့ ယူဆကြပါတယ်။ တက်တက်စင်မှားတဲ့ အယူအဆပါပဲ။
သေခြင်းတရားအကြောင်း ပြောဆိုတာလောက် မင်္ဂလာရှိတာ လောကမှာ မရှိတော့ပါဘူး။ သေခြင်းတရားအကြောင်း တွေးတောခြင်းဟာ လည်း လောကမှာ ကျက်သရေ အရှိဆုံးပါပဲ။
ဘာလို့လဲဆိုတော့ သေခြင်းတရားကို အမှတ်ထင်ထင်သတိရနေမှသာ မသေခင် အခိုက်အတန့်ကာလလေးကို လုပ်သင့် လုပ်ထိုက်တဲ့ အလုပ်၊ အလုပ်သင့် အလုပ်ထိုက်ဆုံးအလုပ်တွေနဲ့ တန်ဖိုးရှိရှိ အသုံးချသွားနိုင်မှာ ဖြစ်လို့ပါပဲ။
လူသားတိုင်းမှာ ကိုယ့်ကိုယ်ကို မကြာခဏ မေးသင့်တဲ့ မေးခွန်းတွေ အများကြီးရှိပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် တူတဲ့ မေးခွန်း တွေလည်း ရှိသလို မတူတဲ့ မေးခွန်းတွေလည်း ရှိပါလိမ့်မယ်။

'မသေခင် ဘာလုပ်ကြမလဲ' ဆိုတဲ့ မေးခွန်းကတော့ လူသားအားလုံးရဲ့ တူညီတဲ့ မေးခွန်းတစ်ခု ဖြစ်ပါတယ်။ လူသားအားလုံးရဲ့ ကိုယ့် ကိုယ်ကို မကြာခဏ မေးသင့်တဲ့ မေးခွန်းတွေထဲမှာ အရေးအကြီးဆုံး ဘ၀မေးခွန်းကတော့ 'မသေခင် ဘာလုပ်ကြမလဲ' ဆိုတဲ့မေးခွန်းပါပဲ။

 တိုးတက်ချင်တဲ့သူဆိုတာ မေးခွန်းတွေကို ချစ်မြတ်နိုးတတ်ရပါတယ်။ မေးခွန်းတွေကို ကြောက်ရင် မတိုးတက်နိုင်ပါဘူး။ စာမေးပွဲဆိုတာ မေးခွန်းတွေနဲ့ တည်ဆောက်ထားတာပါ။

ပညာရည်တိုးတက်လိုတဲ့သူဟာ စာမေးပွဲမှာ မေးထားတဲ့မေးခွန်းတွေကို ပျော်ပျော်ကြီးဖြေဆိုရပါတယ်။ မေးခွန်းတွေကို မှန်မှန်ကန်ကန် တိတိကျကျ ဖြေဆိုနိုင်တာနဲ့အမျှ ကိုယ့်ရဲ့ ပညာအရည်အချင်းဟာလည်း တိုးတက်မြင့်မားလာရပါတယ်။ စာမေးပွဲတစ်ခု အောင်ပြီးတိုင်း ပညာရည်တစ်ဆင့် မြင့်လာတာဟာ မျက်မြင်ထင်ရှားတဲ့ သဘာဝတရားကြီးပါ။
ဘ၀အရည်အသွေး မြင့်မားလိုသူတိုင်း ဘ၀စာမေးပွဲရဲ့ မေးခွန်းတွေကို ပျော်ပျော်ကြီး ရင်ဆိုင်နိုင်ရပါမယ်။ မှန်မှန်ကြီး ဖြေဆိုနိုင်ရပါမယ်။

ဘ၀အရည်အသွေးကို ထိပ်တန်းအကျဆုံး မြှင့်တင်ပေးမယ့် ဘ၀မေးခွန်းတွေထဲမှာ အချက်အချာအကျဆုံး မေးခွန်းကတော့ မသေခင် ဘာလုပ်ကြမလဲဆိုတဲ့ မဟာမေးခွန်းကြီးပါပဲ။
မသေခင် ဘာလုပ်ကြမလဲ ဆိုတဲ့မေးခွန်းထဲမှာ အပိုင်းနှစ်ပိုင်း ပါပါတယ်။ တစ်ပိုင်းက မသေခင် ဆိုတဲ့ အပိုင်းပါ။ တစ်ပိုင်းက ဘာလုပ်ကြမလဲ ဆိုတဲ့ အပိုင်းပါ။

မသေခင် ဆိုတဲ့ အပိုင်းနဲ့ သေခြင်းတရားကို သတိရအောက်မေ့ဖို့၊ ကိုယ့်ဆီ မလွဲမသွေ ရောက်လာမယ့် သေခြင်းတရားကို ဧည့်သည်ကောင်းပမာ ကျေကျေနပ်နပ် လက်ခံဖို့၊ ကိုယ် တကယ်ပိုင်ဆိုင်တဲ့ ဘ၀ဟာ အချိန်ကာလအားဖြင့် ခဏတာလေးမျှသာ ဖြစ်တယ်ဆိုတာ နားလည်သဘောပေါက်ဖို့ ရည်ညွှန်းပါတယ်။

ဘာလုပ်ကြမလဲ ဆိုတဲ့အပိုင်းနဲ့ ကိုယ် တကယ်ပိုင်ဆိုင်တဲ့ မသေခင် တစ်ခဏ ဘ၀တိုလျလျလေးကို တလေးတစား တန်ဖိုးထားတတ်ဖို့၊ အလုပ်ပိုနဲ့ အလုပ်လို၊ အကာအလုပ်နဲ့ အနှစ်အလုပ်ကို ခွဲခြားသိမြင်ပြီး အလုပ်ပိုတွေ၊ အကာအလုပ်တွေကို အတတ်နိုင်ဆုံး ရှောင်ရှား၊ အလုပ်လိုတွေ၊ အနှစ်အလုပ်တွေကို အစွမ်းနိုင်ဆုံး ဆောင်ပွားဖို့၊ လုပ်သင့်လုပ်ထိုက်တဲ့အလုပ်၊ အလုပ်သင့်အလုပ်ထိုက်ဆုံးအလုပ်တွေ ကို အရည်အသွေးပြည့်မီအောင်၊ အပြီးအဆုံး ပေါက်မြောက်အောင် အားထုတ်ဖို့ ရည်ညွှန်းပါတယ်။

သေခြင်းတရားကို သတိရအောက်မေ့တာ၊ သေခြင်းတရားကို ဆင်ခြင်ပွားများတာဟာ စိတ်ညစ်ဖို့၊ စိတ်ဓာတ်ကျဖို့ မဟုတ်ပါဘူး။ စိတ်ခိုင်ဖို့၊ စိတ်ဓာတ်မြင့်ဖို့ပါ။

သေခြင်းတရားကို နည်းမှန်လမ်းမှန် ပွားများတတ်ရင် စိတ်ညစ်တာ၊ စိတ်ဓာတ်ကျတာတွေ လုံးဝ ပျောက်ကင်းတဲ့အပြင် စိတ်ဓာတ်တွေ ခိုင်မာလာမယ်၊ စိတ်အရည်အသွေးတွေ မြင့်မားလာမယ်။ အသိဥာဏ် ရင့်ကျက်လာမယ်၊ ကိုယ်တကယ်လုပ်ရမယ့် အဓိကအလုပ်ဟာ ဘာလဲဆိုတာ ခွဲခြားတတ်လာမယ်။ ကိုယ်ရွေးချယ်ထားတဲ့အလုပ်ကို အကောင်းဆုံးနဲ့ အမြန်ဆုံး ပြီးစီးအောင် လုပ်တတ်လာမယ်။ ကောင်းကျိုးတရားတွေ မရေမတွက်နိုင်အောင် များပြားလှပါတယ်။
သေခြင်းတရားကို တွေးတဲ့စိတ်ဟာ အဖျက်စိတ်မဟုတ်ပါဘူး၊ အပြုစိတ်ပါ။ သေခြင်းတရားကို သတိရတဲ့ သဘောဟာ အဖျက်သဘော မဟုတ်ပါဘူး၊ အပြုသဘောပါ။

အပြုသဘောဆောင်တဲ့ စိတ်ဓာတ်နဲ့ အပြုသဘောဆောင်တဲ့ လုပ်ရပ်တွေကို အရှိန်အဟုန်ကောင်းကောင်း၊ အင်အားပါပါ၊ စွမ်းရည် ပြည့်ပြည့် လုပ်ဆောင်နိုင်ဖို့အတွက် 'မသေခင် ဘာလုပ်ကြမလဲ' ဆိုတဲ့တရားကို ဒီနေ့ဟောရခြင်းဖြစ်ပါတယ်။
ဒီနေ့ (၂၇-၁၂-၉၇)ဟာ ၁၉၉၇ခုနှစ်ကုန်ဖို့ လေးရက်ပဲလိုတော့တဲ့နေ့ ဖြစ်ပါတယ်။ နောက်လေးရက်လွန်ရင် ၁၉၉၈ ခုနှစ်ကို ရောက်ပါ တော့မယ်။

နှစ်ဟောင်းကုန်လို့ နှစ်သစ်ကူးခါနီးကာလ၊ နှစ်ဟောင်းကို စွန့်ခွာပြီး နှစ်သစ်မှာ ခြေမချခင် လမ်းဆုံမှာ ခြေစုံရပ်ပြီး ဆင်ခြင် သုံးသပ်ရပါမယ်။

'နှစ်ဟောင်းကနေ နှစ်သစ်ကို ကူးပြောင်းခွင့်ရတာဟာ နှစ်ဟောင်းမှာ ငါမသေခဲ့လို့ပဲ၊ နှစ်ဟောင်းမှာ မသေခဲ့ပေမယ့် နှစ်သစ်ကို ရောက် တာနဲ့ ငါ့အသက် တစ်နှစ်ကြီးလာပြီ၊ သေဖို့ တစ်နှစ်ပိုနီးလာပြီ။ နှစ်သစ်ရဲ့ ရက်စွဲ တစ်ခုခုမှာ ငါသေချင်သေသွားနိုင်တယ်။ နှစ်ဟောင်းမှာ သေခြင်းတရားကို လွန်မြောက်ခဲ့ပေမယ့် နှစ်သစ်မှာ လွန်မြောက်ချင်မှ လွန်မြောက်မယ်'
အဲဒီလို သေခြင်းတရားနဲ့ ပတ်သက်ပြီးတော့လည်း ဆင်ခြင်သုံးသပ်ရပါမယ်။

'နှစ်ဟောင်းမှာ အလုပ်ပိုတွေ၊ အကာအလုပ်တွေနဲ့ အချိန်ဖြုန်းခဲ့လား၊ အလုပ်လိုတွေ၊ အနှစ်အလုပ်တွေနဲ့ အချိန်သုံးခဲ့လား။ အနှစ်အလုပ် တွေ လုပ်ခဲ့တယ်ဆိုရင်လည်း ဘယ်လောက် အတိုင်းအတာအထိ လုပ်ခဲ့လဲ၊ ဘယ်လောက် အရည်အသွေးပြည့်မီအောင် လုပ်ခဲ့လဲ'

'နှစ်သစ်မှာရော၊ အလုပ်ပိုတွေ၊ အကာအလုပ်တွေနဲ့ အချိန်ဖြုန်းမှာလား၊ အလုပ်လိုတွေ၊အနှစ်အလုပ်နေတွေနဲ့ အချိန်သုံးမှာလား။ အနှစ် အလုပ်တွေ လုပ်မယ်ဆိုရင်လည်း ဘယ်လောက်အတိုင်းအတာအထိ လုပ်မှာလဲ။ ဘယ်လောက်အရည်အသွေးပြည့်မီအောင် လုပ်မှာလဲ'

အဲဒီလို မသေခင်လုပ်ရမယ့် အလုပ်တွေနဲ့ ပတ်သက်ပြီးတော့လည်း ဆင်ခြင်သုံးသပ်ရပါမယ်။
ကိုယ်လုပ်ချင်တဲ့အလုပ်၊ ကိုယ်လုပ်သင့်တဲ့အလုပ်ဆိုတာ မသေခင်ကာလလေးမှာပဲ လုပ်ပိုင်ခွင့်ရှိပါတယ်။ သေပြီးရင် ဘာမှလုပ်ပိုင်ခွင့် မရှိ တော့ပါဘူး။

ကိုယ့်ရဲ့ လုပ်ပိုင်ခွင့်ကာလဟာ မသေခင်အချိန်ပိုင်းလေးမျှသာ ဆိုတာကို အမြဲသတိရနေမှ ကိုယ်လုပ်ချင်တဲ့အလုပ်၊ ကိုယ်လုပ်သင့်တဲ့ အလုပ်တွေကို မြန်မြန်ထက်ထက် သွက်သွက်လက်လက်နဲ့ အချိန်မီ ပြီးစီးအောင်၊ အကောင်းဆုံး ပြည့်စုံအောင် လုပ်နိုင်မှာ ဖြစ်ပါတယ်။

ခုလို နှစ်ဟောင်းကုန်ကျူး နှစ်သစ်ကူးတော့မယ့် အချိန်ကာလမှာ ကိုယ့်ရဲ့ လုပ်ပိုင်ခွင့်ကို ကန့်သတ်ထားတဲ့ သေခြင်းတရားကိုလည်း သတိရဖို့ လိုအပ်ပါတယ်။

မသေခင် လုပ်ပိုင်ခွင့်ရှိတဲ့ ကာလလေးမှာ ဘာအလုပ်တွေ လုပ်မယ်၊ ဘာအလုပ်တွေ ဦးစားပေးမယ်ဆိုတာကိုလည်း ကြိုတင်စီမံကိန်းချ ထားရပါမယ်။ တချို့အလုပ်တွေဆိုရင် မလုပ်မဖြစ် လုပ်မယ်လို့ကို အဓိဋ္ဌာန်ဆောက်တည်ထားရပါမယ်။
ဒါ့ကြောင့် ဒီနေ့ တာမွေမြို့နယ်၊၁၃၃လမ်း၊လူငယ်များနဲ့ လမ်းမိသားစုက ပထမအကြိမ် ဆင်ယင်ကျင်းပတဲ့ နှစ်သစ်ကူး အကြိုတရားပွဲမှာ အချိန်မရွေး ရောက်လာနိုင်တဲ့ သေခြင်းတရားကို အမြဲဆင်ခြင်သတိရဖို့နဲ့၊ မသေခင်အချိန်ပိုင်းလေးမှာ လုပ်သင့်လုပ်ထိုက်တဲ့အလုပ် တွေကို အမြန်ဆုံးနဲ့ အကောင်းဆုံး လုပ်သွားနိုင်ဖို့ 'မသေခင် ဘာလုပ်ကြမလဲ' ဆိုတဲ့တရားကို ဟောရခြင်းဖြစ်ပါတယ်။

အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)
- တကယ်မသေခင် အစမ်းသေကြည့်ကြရအောင် စာအုပ်ငယ်မှ

Friday, August 13, 2010

အမျိုးသမီးများထက် အမျိုးသားများ သက်တမ်းပိုတိုစေသော အကြောင်းရင်း(၆)ရပ်

အသက်အရွယ်မရွေးမှာ လိုက်ကြည့်မယ်ဆိုရင် အမျိုးသားတွေဟာ အမျိုးသမီးတွေထက် ပိုပြီး အသက်တို ကြပါတယ်။ အယ်လ်ဇိုင်းမားရောဂါ ကလွဲလို့ တကယ်သေနိုင်လောက်တဲ့ ရောဂါ ၁၅ မျိုးလောက်မှာ ယောက်ျားတွေက ပိုအဖြစ်များတာကို တွေ့ရပါတယ်။ ဒါကြောင့် ကမ္ဘာကြီးပေါ်မှာ ပျမ်းမျှ ယောက်ျားတွေက မိန်းမတွေထက် ၅နှစ်လောက် အသက်ပိုတိုတယ်လို့ စစ်တမ်းများအရ တွေ့ရှိထားရတာ ဖြစ်ပါတယ်။ (အယ်လ်ဇိုင်းမားရောဂါ အကြောင်းကို မက်ဖန်ပရိသတ်များ ပြည့်စုံစွာ သိရှိအောင် ရေးသားဖော်ပြပေးဖို့ ရှိပါတယ်)။

ခန္ဓာကိုယ်ပိုင်းဆိုင်ရာ အချက်တွေ ကွဲပြားမှု ရှိတာတွေကြောင့်လဲ ပါသလို နေထိုင်ပုံ Lifestyle ကလဲ အဓိက လွှမ်းမိုးတဲ့ အချက်ဖြစ်ပါတယ်။ အမျိုးသားတွေဟာ ကျန်းမာရေးလိုက်စားဖို့နဲ့ ရောဂါ တစ်ခုခု ဖြစ်လာခဲ့ရင် ဆေးကုသမှု စောစွာခံယူဖို့ အချိန်ဆွဲတတ်ကြတာ အဓိက အချက်ဖြစ်ပါတယ်လို့ ကမ္ဘာတစ်ဝန်း ကျန်းမာရေးပညာရှင်များက တညီတညွတ်ထဲ အဆိုပြုကြပါတယ်။

"အမျိုးသားတွေဟာ ကျန်းမာရေးထက် တခြားအရေးတွေကို ပိုအာရုံစိုက်ကြတဲ့ သဘာဝ ရှိပါတယ်။ ဥပမာ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ အားကစား စသဖြင့် မိမိ စိတ်ဝင်စားစရာတွေကိုပဲ လုပ်နေကြပါတယ်။ ဒီလို ကိုယ်လုပ်ချင်တာတွေကို လူ့အသိုင်းအ၀ိုင်းထဲမှာ လုပ်နေရရင်ပဲ သူတို့ကိုယ်သူတို့ ကျန်းမာတယ်လို့ ထင်နေတတ်ကြပါတယ်" လို့ ကျွန်တော့်ရဲ့ဆရာ အထူးကုဆရာဝန်ကြီးတစ်ဦးက ပြောပြပါတယ်။

အမျိုးသားတွေဟာ ဆရာဝန်ဆီသွားဖို့ အမျိုးသမီးတွေလောက် လွယ်လွယ် မဆုံးဖြတ်ကြတဲ့အတွက် တကယ်တမ်း ဆရာဝန်ဆီ မဖြစ်မနေ ရောက်ကြတဲ့ အချိန်မှာ လွန်ကုန်ကြတဲ့ သဘောလဲ ရှိပါတယ်။
အမေရိကန်အမျိုးသားကျန်းမာရေး ဂျာနယ် ရဲ့ အယ်ဒီတာချုပ်ဖြစ်သူ Demetrius Porche ကလဲ "အမျိုးသားတွေဟာ အလုပ်လုပ်နိုင်နေတယ်၊ စွမ်းဆောင်နိုင်တယ်လို့ သူတို့ကိုယ်သူတို့ ယုံကြည်နေသမျှ ကာလပတ်လုံး ကျန်းမာရေးအတွက် ခန္ဓာကိုယ်ကို ညှာဖို့ စစ်ဆေးဖို့ ဘယ်တော့မှ အတွေးမ၀င်ကြပါဘူး။ နောက်ပြီး ဆေးလိပ်အရက်၊ မူးယစ်ဆေးဝါး စတာတွေကလဲ အမျိုးသားတွေက ပိုသုံးကြပါတယ်" လို့ ကောက်ချက်ချပါတယ်။

ဒီတော့ ကမ္ဘာတစ်ဝန်း အမျိုးသားတွေအားလုံးရဲ့ ကျန်းမာရေးကို အခြိမ်းခြောက်ဆုံး ရောဂါ (၆)မျိုး အကြောင်းကို မက်ဖန်ပရိသတ်များ အားလုံး ဆင်ခြင် ကာကွယ်ဖွယ် ဖော်ပြပေး လိုက်ပါတယ်။ ကာကွယ်နည်းများကတော့ ကျွန်တော် အရင်တင်ထားတဲ့ ဆောင်းပါးများမှာ ကြည့်ရှုနိုင်ပါတယ်။

(၁)နှလုံးနှင့် သွေးကြောဆိုင်ရာရောဂါများ
Cardiovascular Diseases လို့ခေါ်တဲ့ နှလုံးနှင့် သွေးကြောဆိုင်ရာရောဂါများဟာ ယောက်ျားတွေ အသေအပျောက် အများဆုံးရောဂါ နံပတ်တစ် ဖြစ်ပါတယ်။ atherosclerosis လို့ခေါ်တဲ့ သွေးကြောတွေ မာခဲပိတ်ဆို့လာလို့ သွေးမလျှောက်တော့တဲ့ ရောဂါများ ဖြစ်ပါတယ်။ အထူးသဖြင့် နှလုံးသွေးကြောပိတ် ရင်ဘတ်အောင့် ရောဂါ (Angina) ဖြစ်ပါတယ်။ အခန့်မသင့်ရင် heart attack နဲ့ ပွဲချင်းပြီး သေတတ်ပါတယ်။
ကမ္ဘာတစ်ဝန်းမှာကိုက atherosclerosis ကြောင့် လေဖြတ်ခြင်းနဲ့ နှလုံးသွေးကြောပိတ်ခြင်းတွေဟာ လူတွေ အသေအများဆုံး ရောဂါတွေ ဖြစ်ပါတယ်။ ကမ္ဘာ လုံးဆိုင်ရာ ပြဿနာကြီး တစ်ခုတောင် ဖြစ်နေပါပြီ။
အဲလို atherosclerosis က ဘာလို့ဖြစ်ရသလဲဆိုတော့ သွေးတွင်းအဆီဓာတ်တွေ များလွန်းလို့ သွေးကြော နံရံတွေ အပေါ် အဆီတွေ အနည်ကျပြီး ပိတ်ဆို့တာ ဖြစ်ပါတယ်။ ဒါကြောင့် အမျိုးသားတွေဟာ အသက် ၆၅ နှစ်ကျော်တာနဲ့ လူတိုင်း အဲဒီရောဂါတွေ စတင်ခံစားရတော့တာပါပဲ။ ငယ်ငယ်ကတည်းက မဆင်ခြင်ဘဲ သွေးတွင်း ကိုလက်စထရော များတဲ့ သူတွေကတော့ ဒီထက် စောတတ်ပါတယ်။
မြီးကောင်ပေါက် ဆယ်ကျော်သက်အရွယ်ချင်း ယှဉ်ရင်တောင် မိန်းကလေးတွေရဲ့ သွေးကြောတွေက ယောက်ျားလေး တွေထက် ပိုကောင်းပါတယ်။ နောက်တစ်ချက် အနေနဲ့ မိန်းကလေးတွေမှာ သဘာဝအရကိုက ကျန်းမာရေးကို အထောက်အကူပြုတဲ့ HDL ခေါ် ကိုလက်စထရော တစ်မျိုး ပိုပါပါတယ်။ ဒါကြောင့် အမျိုးသားများ အားလုံးကို အကြံပြုချင်တာက……..
(၁)အသက် ၂၅ နှစ်ကျော်ကတည်းက သွေးတွင်း ကိုလက်စထရော တိုင်းတာပါ။ အနည်းဆုံး ငါးနှစ်တစ်ကြိမ် ဆက်တိုင်းပါ။
(၂)သွေးပေါင်ချိန်နဲ့ ကိုလက်စထရော များနေရင် ချပေးပါ။
(၃)ဆေးလိပ်ကို ရှောင်ပါ။
(၄)တစ်နေ့ကို အနည်းဆုံး လှုပ်လှုပ်ရှားရှားလုပ်ချိန် နာရီဝက်တော့ ရှိပါစေ။
(၅)ဟင်းသီးဟင်းရွက် အသီးအနှံများ တတ်နိုင်သမျှ စားပေးပါ။

(၂) အဆုတ်ကင်ဆာ
တကယ်ကို ကြောက်စရာကောင်းလှတဲ့ ကင်ဆာ ရောဂါဖြစ်ပါတယ်။ ရောဂါဒဏ်ခံရမှု အရမ်းဆိုးခြင်း၊ ရောဂါတိုးတက်မှု မြန်ခြင်း၊ ကင်ဆာဆဲလ်များ နေရာအနှံ့ ပျံ့ခြင်းတွေမှာ တခြားကင်ဆာတွေထက်ကို ဆိုးပါတယ်။ ဘယ်လောက်မြန်သလဲ ဆိုရင် ရောဂါလက္ခဏာတစ်ခုခု မပေါ်ခင်အချိန်၊ စစ်ဆေးတွေ့ရှိမှု မရှိသေးခင် စဖြစ်တဲ့ အချိန် ကတည်းကကို စပျံ့ နေပြီ ဖြစ်ပါတယ်။ တွေ့ပြီဆိုရင် နောက်ကျနေပြီလို့ကို တစ်ထစ်ချ ပြောနိုင်တဲ့အထိ ကြောက်စရာကောင်း ပါတယ်။

ကမ္ဘာပေါ်မှာ ရှိရှိသမျှသော အဆုတ်ကင်ဆာတွေ အားလုံးရဲ့ ၉၀% ကျော်ဟာ ဆေးလိပ်ကြောင့် ဖြစ်ရတာ အသေအချာပါပဲ။ CT scan ကလွဲလို့ ကြိုစစ်နိုင်တဲ့ ဆေးစစ်ချက်မျိုးလဲ မရှိသေးပါဘူး။
လက်ရှိစွဲပြီးနေတာ ကြာခဲ့ပြီ ဖြစ်လို့ ငါကတော့ နောက်ကျနေပါပြီ မထူးတော့ပါဘူးလို့ မထင်ပါနဲ့တဲ့။ ဆေးလိပ်ကို ဘယ်အသက်အရွယ်မှာ ဖြတ်ဖြတ် နောက်မကျသေးဘဲ အဆုတ်ကင်ဆာနဲ့ အခြားရောဂါတွေ ဖြစ်စေနိုင်တဲ့ ဆိုးကျိုးများစွာ လျော့နည်းမှာ သေချပါတယ်လို့ ပညာရှင်များက အဆိုပြုထားပါတယ်။

(၃)ဆီးကျိတ်ကင်ဆာ
ဆီးကျိတ်က မိန်းမတွေမှာ မရှိဘဲ ယောက်ျားတွေမှာသာ ရှိလို့ ယောက်ျားတွေပဲ ဆီးကျိတ်ကင်ဆာ ဖြစ်ကြပါတယ်။ အမျိုးသား ၆ယောက်မှာ တစ်ယောက်နှုန်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အဲလိုဖြစ်တဲ့သူတွေထဲက ကုသမယ်ဆိုရင် ၃၅ယောက်မှာ တစ်ယောက်သာသေနိုင်တာမို့ တော်သေးတာပေါ့ လို့ပဲ ဆိုရမှာပဲ။

(၄)စိတ်ကျရောဂါနှင့် ကိုယ့်ကိုယ်ကို သတ်သေခြင်း
စိတ်ဓာတ်ကျဆင်းခြင်းဟာ ကျန်းမာရေးအပေါ် သိသိသာသာ ဆိုးဝါးစေပါတယ်။ စိတ်ထောင်းလို့ ကိုယ်ကြေတယ် လို့ ပြောရမှာပေါ့။ စိတ်ကျရောဂါရဲ့ ဒဏ်ကို စိတ်မာပါတယ်ဆိုတဲ့ ယောက်ျားတွေက မိန်းမများလောက်တောင် မခံနိုင်တာ အံ့သြဖွယ်ရာ တွေ့ရပါတယ်။ ဒါကြောင့်လဲ ကိုယ့်ကိုယ်ကို သတ်သေမှုများရဲ့ ၇၀% နီးပါးဟာ ယောက်ျားတွေ ဖြစ်နေတာပါ။
နောက်ပြီး စိတ်ကျရောဂါ (depression) ၀င်နေတဲ့ သူဟာ နံပတ်(၁)မှာ ပြောခဲ့တဲ့ နှလုံးသွေးကြော ရောဂါများ ဖြစ်နိုင်ဖို့ အခွင့်အလမ်းလဲ ပိုများပါတယ်။
မိန်းမတွေဟာ ယောက်ျားတွေလောက် စိတ်ဓာတ်မကျတတ်တာ မဟုတ်ပါဘူး။ တူတူပါပဲ။ ဒါပေမယ့် မိန်းမတွေက ဒီလို စိတ်ညစ်ရမှုကို မျက်ရည်တို့ ဘာတို့နဲ့ ဖြေဖျောက်လို့ရပြီး စိတ်ဓာတ်ကြံ့ခိုင်သူများ လို့ ကိုယ့်ကိုယ်ကိုယ် သတ်မှတ်ထားတဲ့ အမျိုးသားများကတော့ ၀မ်းနည်းမှုကို မျက်ရည်အစား ဒေါသတွေ ပေါက်ကွဲမှုတွေ နဲ့ပဲ ထွက်ပေါက်ပေးတော့ ကြာတော့ ပိုဆိုးလာတာဖြစ်ပါတယ်။ (ငိုရင် ပေါ့သွားတယ်ဆိုတာ ဒါဖြစ်မယ်)
နောက်တစ်ချက်က အဆုံးစီရင်ဖို့ ကြိုးစားကြတဲ့ အကြိမ်အရေအတွက်ကတော့ မိန်းမနဲ့ယောက်ျား မကွာလှဘူးလို့ သိရပါတယ်။ ဒါပေမယ့် ဘာလုပ်လုပ် အောင်မြင်အောင် လုပ်တတ်တဲ့ ယောက်ျားတို့က လုပ်တိုင်းနီးပါး အောင်မြင်ကြလို့ ပိုသေကြပါသတဲ့။
အသိဥာဏ် ဆင်ခြင်တုံတရား မြဲတဲ့ သူများကတော့ မိမိတို့ရဲ့ စိတ်ဓာတ်ကျဆင်းမှုကို meditation ဆိုတဲ့ တရားထိုင်ခြင်း၊ ဆေးကုသခြင်း စတာတွေနဲ့ ကုသပြီး အောင်မြင်မှုကို ပြန်လည်ရယူတတ်ကြပါတယ်။

(၅)ဆီးချိုရောဂါ
တဖြည်းဖြည်းချင်း လုံးဝမသိသာအောင် စလာတတ်တဲ့ ရောဂါမို့ နှစ်ပေါင်းများစွာ ကြာတတ်ပြီး ကာကွယ်ဖို့ မေ့နေတတ်တဲ့ ရောဂါဖြစ်ပါတယ်။ ဆီးချိုရောဂါဟာ စဖြစ်ပြီဆိုတာနဲ့ ပိုလျှံနေတဲ့ သွေးတွင်း သကြားဓာတ်တွေဟာ သွေးကြောတွေနဲ့ အာရုံကြောတွေအတွက် အဆိပ်အတောက်များ အဖြစ် နေရာ ယူလာကြပါတယ်။ နှလုံးသွေးကြောကျဉ်း၊ လေဖြတ်ရောဂါ၊ မျက်စိကွယ်ခြင်း၊ ကျောက်ကပ် အလုပ်မလုပ်နိုင်တော့ခြင်းနဲ့ ခြေလက်တွေ ဖြတ်ရခြင်းတွေအထိ ဖြစ်နိုင်လို့ တကယ့် ကြောက်စရာ ရောဂါပါပဲ။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်နဲ့ ကိုယ်လက်လှုပ်ရှားမှုများဟာ သင့်ကို ဆီးချိုရောဂါကနေ ရာသက်ပန် ကာကွယ်ပေးနိုင်ပါတယ်။

(၆)ပန်းသေပန်းညှိုးခြင်း
ဒါဟာ အသက်အန္တရာယ် မရှိပေမယ့် အမျိုးသားတိုင်းနီးပါး ဖြစ်တဲ့ ကျန်းမာရေး ပြဿနာ တစ်ရပ် ဖြစ်ပါတယ်။ အလွယ်မှတ်ရရင် အသက်၄၀ ပြည့်ပြီးသား အျမိုးသားတိုင်းရဲ့ ၄၀% ဟာ ဒီပြဿနာ ခံစားနေရပါတယ်။ ဒီလိုဖြစ်လာရင် နံပတ်(၄)မှာ ပြောခဲ့တဲ့ စိတ်ဓာတ်ကျဆင်းခြင်းကို ထိရောက်စွာ အားပေးရာရောက်လို့ ကာကွယ်သင့်လှပါတယ်။
နောက်ပြီး ပန်းသေပန်းညှိုး ဖြစ်ရတဲ့ အကြောင်းရင်းတွေ အများကြီး ရှိတဲ့အထဲက atherosclerosis သွေးကြောမှာ အဆီခဲတွေ ပိတ်ခြင်းကြောင့်လဲ ဖြစ်နိုင်တာမို့ ဒါကြောင့်သာ အမျိုးသားသဘာဝ မလာတော့ဘူးဆိုရင် နှလုံးသွေးကြောပိတ် လေဖြတ် စတဲ့ ရောဂါတွေလဲ တွဲဖြစ်နေပြီလို့ ယူဆလို့ရပါတယ်။ ဒါကြောင့် ဆရာဝန်များက ပန်းသေပန်းညှိုးခြင်းကို နှလုံးနဲ့ သွေးကြောဆိုင်ရာ ရောဂါများရဲ့ ရှေ့ပြေးသတိပေး လက္ခဏာ တစ်ရပ် အဖြစ် ထည့်သွင်းစဉ်းစား ကြပါတယ်။
ဒီတော့ ဆိုလိုချင်တာက ပန်းသေပန်းညှိုးကို ကုသလို့ရတဲ့ ဆေးဝါးတွေ၊ ကုထုံးတွေ အများကြီးရှိပေမယ့် ဒါတွေဟာ ဒီကိစ္စကိုပဲ ကုသလို့ ရပြီး နောက်ခံ အကြောင်းတရားဖြစ်တဲ့ သွေးကြောဆိုင်ရာ ပြဿနာများကို မကုသ မကာကွယ်နိုင်တဲ့ အတွက် အမျိုးသားများ ဒီလို ခံစားလာရပြီဆိုရင် ဆေးစစ်သင့်ပြီလို့ အကြံပြုချင်ပါတယ်။
ဒီကမ္ဘာလောကကြီးမှာ ယောက်ျားတွေဟာ မိန်းမတွေထက် ပိုအရေးကြီးတဲ့ တာဝန်တွေကို ယူထားကြရသူတွေ ဖြစ်ပါတယ်။ ဒီတော့ အသက်တိုလို့ မဖြစ်ပါဘူး။ လူသားတိုင်းအနေနဲ့ ယောက်ျားဖြစ်ဖြစ် မိန်းမဖြစ်ဖြစ် ဘ၀မှာ ပျော်ရွှင် တာဝန်ကျေစွာ နေနိုင်ဖို့၊ မိမိဆန္ဒရှိတာလေးတွေ လုပ်နိုင်ဖို့ ကျန်းမာအသက်ရှည်ရန် လိုအပ်လှတာမို့ ကျန်းမာရေးကို ဂရုစိုက်ကြပါလို့ မှာချင်ပါတယ်။
(အထက်ပါ ရောဂါ တော်တော်များများရဲ့ ကာကွယ်နည်းတွေကို ကျွန်တော့် ဆောင်းပါးတွေမှာ ဖော်ပြပြီးဖြစ်လို့ ကျန်းမာရေးဆောင်းပါးများမှာ ပြန်လည် ရှာဖွေ ဖတ်ရှုနိုင်ပါတယ်)

Translated by: သီဟသစ်(ဆေး-၂) Mutdfan.com

ချစ်စရာ ကလေးငယ် (၄)

စာတစ်စောင်မှာ ကလေးဘယ်နှစ်လရောက်ရင် ပတ်ဝန်းကျင်က အရောင်တွေကို လေ့လာတယ်။ တစ်နှစ်ဆိုရင် ပတ်ဝန်းကျင်ကအသံ တွေကို လိုက်တုပပြီးထွက်တတ်တယ် စသဖြင့် ဖတ်ခဲ့ဘူးပါတယ်။ ကလေးတွေဆိုတာ သင်ယူချင်စိတ်ရှိသူတွေပါ။ ရေစိုဖော့မြှုပ်လေး တွေနဲ့တူ တဲ့သူတို့တွေရဲ့ စိတ်ထားလေးတွေကို ရေကြည်ရေကောင်းလေးတွေပေးကြရအောင်ပါ။ ဖတ်ကြည့်ပါဦးနော်။

ကစားခြင်းဟာ ကလေးအတွက် သင်ယူနေခြင်းပါပဲ။

ဒါပေမယ့် ကျောင်းမှာ ကလေးငယ်တွေဟာ စာအုပ်ရှေ့မှာ၊ ခုံနောက်မှာ အချိန်အကြာကြီးငြိမ်ငြိမ်လေး ထိုင်နေတာကို တန်ဖိုးလို့ ဆရာ တွေက ယူဆကြပါတယ်။ အတန်းကြီးတဲ့ကျောင်းသားတွေအဖို့တော့ မှန်သင့်သလောက် မှန်ပါတယ်။ ဒါပေမယ့် အတန်းငယ်တဲ့
ကလေးတွေအဖို့တော့ မသင့်တော်ဘူးလို့ ပညာရှင်တွေက ပြောလာကြပါပြီ။

"အသက်ငါးနှစ်နဲ့ ရှစ်နှစ်ကလေးတွေကို အတန်းကြီးတွေ သင်သလို သင်ဖို့မကောင်းပါဘူး။ သူတို့ကို တစ်မျိုးသင်ရပါတယ်။ စာသင်ခန်း ထဲမှာလှုပ်ရှားသွားလာနေရတာထက် ငြိမ်ငြိမ်လေးထိုင်ပြီး ဆရာ ပြောသမျှ နားထောင်နေရတာကကလေးငယ်တွေအဖို့ ပိုပြီး ငြီးငွေ့ ပင်ပန်းစေပါတယ်။ ကလေးတွေရဲ့ သဘာဝကတစ်နေရာတည်းမှာ ငြိမ်ပြီး အကြာကြီး မထိုင်နိုင်ပါဘူး" လို့ သင်ကြားမှု
ပညာရှင်တစ်ဦးက ဆိုပါတယ်။ ပညာရေးသမား တစ်ယောက်ကတော့ ဒီလိုတောင် ဆိုပါရဲ့။"ကလေးလေးတွေကို စာအုပ်တွေ၊ ခုံတွေ ကြားမှာ တစ်နေ့လုံး ထိုင်ခိုင်းထားရမယ်ဆိုတာအတော်ကြောက်စရာကောင်းတဲ့ အတွေးအမြင်ပဲ" တဲ့။

တိုးတက်ဖွံ့ဖြိုးတဲ့ နေရာတွေက သူငယ်တန်း စာသင်ခန်းတွေကို ကြည့်ရင် ကလေးတွေဟာဆရာ၊ ဆရာမနဲ့အတူ ကစားကြ၊ ပုံပြောကြ လုပ်နေတာကို မြင်ရပါလိမ့်မယ်။ ကျောင်းဆိုတာစာတွေသင်တဲ့ နေရာလို့ အစွဲရှိထားသူတွေ အဖို့တော့ အံ့အားတသင့်နဲ့ ဘ၀င်မကျ
ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်။ စာသင်ခန်းဆိုတာ ထိုင်နေကြတဲ့ ကျောင်းသားတွေရှေ့မှာဆရာက ရပ်ပြီး စာသင်နေတာ၊ စာသင်သံနဲ့ စာအံသံမှ တစ်ပါး အခြားအသံမရှိသင့်တဲ့နေရာလို့ ထင်မြင်သူတွေကတော့ "အမယ်လေး ပျက်စီးကုန်ပါပြီ" လို့အော်ကောင်း အော်ပါလိမ့်မယ်။

မှန်ပါတယ်။ ကျွန်တော်တို့ ငယ်ငယ်တုန်းကတော့ ကျောင်းဆိုတာ အတန်းကြီးငယ်မရွေးစာတွေသင်တဲ့နေရာ ဖြစ်ခဲ့ပါတယ်။ ဆရာကို ကြိမ်လုံးနဲ့ တွဲပြီးမြင်လေ့ရှိခဲ့ပါတယ်။ သူငယ်တန်းမှာတောင် ဆရာက စာသင်ချိန်မှာ တစ်ယောက်နဲ့တစ်ယောက် စကားပြောရင် မကြိုက်ပါဘူး။ မြင်ရင် ကြားရင် အပြစ်ပေးပါတယ်။အပြစ်ပေးခံရမှာ ကြောက်တာနဲ့ ဒီအရွယ် ကလေးငယ်တွေမှာ အရေးအကြီးဆုံးဖြစ်တဲ့
မိတ်ဆွေဖွဲ့ခြင်း၊ အတူပူးပေါင်း ဆောင်ရွက်ခြင်း တွေ ပျောက်ပျက်ရပါတယ်။အမှန်မှာတော့အပေါင်းအသင်း ဖွဲ့ခြင်းဆိုတဲ့ "အ" တစ်လုံးဟာ "အရေး၊ အဖတ်၊ အတွက်" ဆိုတဲ့ "အ"သုံးလုံးထက် ဒီအရွယ်မှာ ပိုပြီး အဓိကကျတယ်ဆိုတာ ကျွန်တော်တို့ ခေတ်တုန်းက
မသိခဲ့ကြဘူးလေ။ မသိတော့ ကလေးတွေ အရိုက်ခံရတာပေါ့။ ကလေးတွေကြောက်စိတ်ဝင်တော့တာပေါ့။ အစပိုင်းမှာ ပြောခဲ့တဲ့ ဖြစ်ရပ် (၂)ကို ပြန်ကြည့်ရင်အတန်းငယ် ကလေးလေးတွေကို အတန်းကြီး ကလေးတွေနဲ့ တသဘောတည်း မြင်တာကြောင့်စာသင်ခန်းတွင်း ပူးပေါင်းလုပ်ဆောင်ခြင်း၊ အပြန်အလှန် ကူညီခြင်း စိတ်ဓာတ်တွေထိခိုက်သွားနိုင်တာ တွေ့ရပါတယ်။ လိုလားအပ်တဲ့ ဒီစိတ်ဓာတ် တွေအစား မလိုလားအပ်တဲ့ကြောက်စိတ်တွေ ၀င်သွားရခြင်းသာ အဖတ်တင်ရပါတယ်။

 ပြီးတော့ ကလေးငယ်လေးတွေကို စာတွေ အများကြီးသင်တဲ့ ကိစ္စ။ ဒါဟာ မကောင်းဘူးဆိုတဲ့အမြင် ကျွန်တော်တို့ဆီမှာ ရှိပြီးသားပါ။ ဒါပေမယ့် လက်တွေ့မှာတော့ မိဘတွေရဲ့မျှော်လင့်ချက်က ကိုယ့်ကလေး စာမြန်မြန်တတ်စေချင်တယ်။ စာတော်စေချင်တယ်၊
ဖြစ်နိုင်ရင် အတော်ဆုံး ဖြစ်စေချင်တယ်။ ပြိုင်ဆိုင်ချင်တယ်။ ဒီတော့ ပြင်ပမူကြိုကျောင်းတွေက မိဘတွေအကြိုက် စာတွေ သင်ပေးကြပါရော။ အဲဒီလို မိဘနဲ့ ဆရာရဲ့ဖိအားတွေအောက်မှာ ကလေးငယ်ခမျာ မနိုင်ဝန်ထမ်းရတော့တာပဲ။

"ငါးနှစ်အရွယ် ကလေးငယ်ဟာ စာဖတ်တတ်ဖို့ မလိုသေးဘူး" လို့ ပညာရှင်တွေသတိပေးကြပေမယ့် ကလေးဟာ ကြိမ်တို့ပြီး အမောင်းခံနေရရှာတယ်။ ဒီအခြေအနေမှာကျောင်းဆိုတာ သူ့အတွက် ငရဲခန်းလို့ ခံစားသွားနိုင်ပါတယ်။ ကျောင်းကို
ကြောက်သွားနိုင်ပါတယ်။ ပညာသင်တယ်ဆိုတာ ပျော်စရာ ဖြစ်မလာဘဲနှိပ်စက်ညှင်းပန်းခြင်းလို့ ခံစားသွားမယ်ဆိုရင် ပညာကို မုန်းသွားနိုင်တယ်။ပတ်ဝန်းကျင်တစ်ခုလုံးကို မုန်းသွားနိုင်တယ်။ လူတွေကို မုန်းသွားနိုင်တယ်။ ဒါအန္တရာယ်သိပ်ကြီးတဲ့ ကိစ္စပါ။

"သူငယ်တန်းက ကလေးတစ်ယောက်ကို 'က' ကြီး နှစ်မျက်နှာရေးဖို့ အိမ်စာပေးလိုက်တဲ့အဓိပ္ပာယ်က ဘာလဲ။ အဓိပ္ပာယ် အမှန်က သူ့လက်ချောင်းကလေးတွေကို နိုင်နိုင်နင်းနင်းဖြစ်လာအောင် လေ့ကျင့်တာက အဓိက ရည်ရွယ်ချက်ပါ။ ကကြီးဆိုတာ ဘာအဓိပ္ပာယ်မှန်းလဲမသိဘဲနဲ့ အလုံး (၁၀၀) ရေးပြီးဖို့က အဓိက မဟုတ်ပါဘူး။ ဒါပေမယ့် အခုဟာက မိဘတွေရော
တချို့ဆရာတွေရော အဓိပ္ပာယ်ကောက်ပုံ လွဲနေကြတယ်" လို့ ပညာရေး သုတေသနဌာနကပုဂ္ဂိုလ်တစ်ဦးက ဆိုပါတယ်။ အဲဒီလို နားလည်ပုံ လွဲတဲ့အတွက် အိမ်စာလုပ်ဖို့ကြောက်နေရှာတဲ့ ကလေးငယ်ဟာ အရိုက်သော်လည်းကောင်း၊ ငတုံး၊ ငအ၊ ငဖျင်း စသည်ဖြင့်
ဖိနှိပ် မာန်မဲမှုသော်လည်းကောင်း ခံရပါတယ်။

"အမှန်တော့ ကလေးတွေက ပြဿနာ မဟုတ်ဘူးဗျ။ တကယ့် ပြဿနာက လူကြီးတွေ" လို့ စိတ်ပညာဆရာတစ်ဦးက ရယ်မောပါတယ်။

 ကလေးတွေကို ဘာဖြစ်လို့ ကြောက်အောင် လုပ်တတ်ကြသလဲဆိုတော့ လူကြီးတွေ ကိုယ်နှိုက်ကကြောက်အောင် လုပ်ခံခဲ့ကြရလို့ပါ။ သူတို့ကိုယ်နှိုက်မှာကိုက ကြောက်စိတ်တွေရှိနေလို့ပါ။ သူတို့ကိုယ်တိုင်မှာလည်း ဘ၀ဆိုတာကြီးရဲ့ ကြိမ်လုံးနဲ့ အရိုက်ကို
ခံနေရတာကိုး၊ လောကမှာ စွမ်းအင်မဲ့လေလေ ဘ၀ရဲ့ အရိုက်ကို ပိုခံရလေလေလို့စွဲမှတ်ယုံကြည်လာကြတဲ့အခါ ကိုယ့်မျိုးဆက်ကို စွမ်းအင်တွေ ပြည့်စေချင်စိတ်နဲ့အဓမ္မ ကြိုးစားကြတော့ပါပဲ။ ဒီလိုဆိုပြန်တော့ အမှန်တကယ် သနားစရာ ကောင်းနေတာက
လူကြီးတွေ ဖြစ်နေပါရောလားဗျ။

ကလေးတွေဟာ လူဦးရေရဲ့ သုံးပုံတစ်ပုံရှိပြီး ကျွန်ုပ်တို့အာလုံးရဲ့အနာဂါတ်တွေပါ။
                        Select Panel for the Promotion of Child Health, 1981

 (၃) ငယ်ငယ်တုန်းက အတန်းထဲမှာ အရိုက်ကြမ်းတဲ့ ဆရာတစ်ယောက်နဲ့ တွေ့ဆုံသင်ကြားခဲ့ရ ဘူးပါတယ်။ သူစာသင်နေတဲ့အချိန် ဆိုရင် ကျောင်းသားကျောင်းသူတွေ တုတ်တုတ် မလှုပ်ရဲပါဘူး။ ကြိမ်လုံးစာမိမှာဆိုးလို့လေ။ ကြိမ်လုံးကိုကြောက်ပြီး ကျွန်တော်တို့ မေးခွန်းထုတ်ရဲ ခဲ့ပါသလား အမှန်ကိုဖြေတတ် ဖြေရဲခဲ့ပါသလားဆိုတာ အောက်က စာလေးကို ဖတ်ပြီးချိန်မှာ ခံစားချက် တူညီသွား မိပါတယ်။ ဖတ်ကြည့်ကြပါဦး.......

ကြိမ်လုံးအကြောင်း စဉ်းစားမိတိုင်း အထက်တန်း ကျောင်းသားဘ၀တုန်းက ကြုံခဲ့ရတာလေးတစ်ခုကို အမြဲသတိရနေမိပါတယ်။

မြန်မာစာအချိန်မှာ ပင်ရင်းစကားပြေ လက်ရွေးစင်ထဲက "မင်းတုန်းမင်းနှင့်ငါးခြောက်ပြား" ဆောင်းပါးကို သင်ပြီးစပေါ့။ မင်းတုန်းမင်း ငယ်ရွယ်စဉ်မောင်လွင်ဘ၀က စံကျောင်းဆရာတော်ဆီမှာ ပညာသင်ကြားခဲ့ရတယ်။ တစ်နေ့မှာ အင်းသားကြီး ငကြူက ငါးခြောက်ပြားကြီး တစ်ပြား လာပြီးလှူတယ်။ ဆရာတော်က ငါးခြောက်ကိုသိပ်ကြိုက်ပါသတဲ့။ ကျောင်းမှာကလည်း ငါးခြောက် ပြတ်လပ်နေချိန်ဖြစ်တော့ ဆရာတော်ကမောင်လွင်ကို ကျက်သရေခန်းထဲမှာ သေသေချာချာ သိမ်းခိုင်းလိုက်ပါတယ်။ နောက်တစ်နေ့
ဆရာတော် ဆွမ်းဘုဉ်းပေးတဲ့အခါ မောင်လွင်ကို ငါးခြောက်ဖုတ်ခိုင်းတော့ ငါးခြောက်ကရှာမတွေ့တော့ဘူး။ ဆရာတော်က လက်ဆေးပြီး နှမ်းဆီမွှေးမွှေးနဲ့ ရောက်လာမယ့်ငါးခြောက်ဖုတ်ကို စောင့်နေတာပေါ့။ မောင်လွင်မှာ ဘယ်လိုမှ ရှာဖွေ မေးမြန်းစုံစမ်းလို့မရဘဲ ဗျာများနေခိုက် "ဟဲ့ ... ငလွင် မရသေးဘူးလား" လို့ မေးလိုက်တော့ညှိုးညှိုးငယ်ငယ်နဲ့ပဲ ငါးခြောက်ပြားကြီး ပျောက်ဆုံးသွား တဲ့အကြောင်းတင်လျှောက်ရတော့တယ်။ "ငလွင် ... လာခဲ့" လို့ ထားဝယ်ကြိမ်ကို ဆွဲပြီးခေါ်လိုက်တဲ့ ဆရာတော့်အသံက ကျောင်းသားအားလုံးရဲ့ နှလုံးသားကို ကန်လန့်ဖြတ်ဝင်သွားပါသတဲ့။
"ဟဲ့ ... ငလွင် နင်ဟာ ဘုရင့်သား၊ အကြောင်းညီညွှတ်ရင် နိုင်ငံကိုအုပ်ချုပ်မင်းလုပ် ရမယ့်သူ၊ ဒီလိုလူက ငါးခြောက်ပြားလေး တစ်ချပ်ကိုတောင်လုံခြုံအောင် မစောင့်ရှောက်နိုင်ရင် နိုင်ငံကို နင် ဘယ်လို လုံခြုံအောင်လုပ်နိုင်တော့မလဲ" လို့ မေးပြီး အချက်ပေါင်းများစွာ ရိုက်နှက်ဆုံးမပါသတဲ့။

ဒီဆောင်းပါးကို သင်ပြီးတော့ ဆရာက သင်ရိုးထဲက မေးခွန်းတွေကို အဖြေခိုင်းပါတယ်။မေးခွန်းတစ်ခုက "စံကျောင်းဆရာတော်၏ ဆုံးမမှုကို သင်လက်ခံပါသလား" လို့အဓိပ္ပာယ်မျိုး ပေါက်တဲ့ မေးခွန်းပါ။ နောက်တစ်နေ့ မြန်မာစာ အချိန်ရောက်တော့ဆရာဟာ အတန်းထဲကို ခြေသံပြင်းပြင်းနဲ့ ၀င်လာပါတယ်။ အဖြေလွှာတွေကို စားပွဲပေါ်ဘုန်းခနဲ မြည်အောင် ပစ်ချလိုက်ပါတယ်။ ဆရာ့မျက်နှာက နီပြီးတင်းလို့။တစ်တန်းလုံးကို ဝေ့၀ဲပြီး ကြည့်တယ်။ တစ်တန်းလုံးကလည်း ငြိမ်လို့။ ဆရာဘာဖြစ်လာတာပါလိမ့်လို့ တွေးနေကြပုံပဲ။

ဆရာက ကျောင်းသားတစ်ယောက်ရဲ့ နာမည်ကိုခေါ်ပြီး အတန်းရှေ့ ထွက်ခိုင်းပါတယ်။နောက်ဆုံးခုံက ကျောင်းသားတစ်ယောက် ထွက်လာပါတယ်။ ဆရာက အဖြေလွှာတစ်ရွက်ကိုဆွဲထုတ်ပြီး အဲဒီကျောင်းသားကို ပေးလိုက်တယ်။

"ဒါ မင်းအဖြေလား"

 "ဟုတ်ပါတယ် ဆရာ"

 "အေး တစ်တန်းလုံးကြားအောင် ဖတ်စမ်း"

နည်းနည်း အံ့သြနေပုံနဲ့ ကျောင်းသားက သူ့အဖြေကို ဖတ်ပါတယ်။ မှတ်မိသလောက်ဆိုရင်စံကျောင်းဆရာတော်ရဲ့ ဆုံးမပုံကို သူမကြိုက်ကြောင်း၊ ဆုံးမမှု သဘောထားကို သံသယဖြစ်မိကြောင်း၊ ဆရာတော်ရဲ့ အဲဒီအချိန်က စိတ်ခံစားမှုဟာ တပည့်ကို
လမ်းညွှန်ချင်စိတ်ထက် မိမိ အလွန်တရာ ကြိုက်နှစ်သက်တဲ့ ငါးခြောက်ဖုတ်ကိုဘုဉ်းမပေးရတဲ့အတွက် ဖြစ်ပေါ်လာတဲ့ ဒေါသစိတ်က ပိုပြီး ကြီးမားနေနိုင်ကြောင်း၊ပြီးတော့ ဒီကိစ္စဟာ ဒီလောက် ရိုက်နှက် အပြစ် ပေးစရာ မလိုကြောင်း၊ နားဝင်အောင်ဆုံးမလျှင် ရပါလျက်နှင့် သေရာပါ အမာရွတ်ထင်အောင် ရိုက်နှက်ခြင်းဟာဒေါသစိတ်ကြောင့်ဟု သံသယ ဖြစ်စရာရှိကြောင်း၊ ဘုရားသားတော်တို့ မည်သည်
ရသတဏှာဖြင့် ဆွမ်းဘုဉ်းမပေးသင့်သည်ကို သတိရသင့်ကြောင်း၊ ဆရာကိုယ်တိုင်ကဤ၀ိနည်းကို မထိန်းသိမ်းနိုင်ပါဘဲ၊ တပည့်ကို ဆုံးမခြင်းမှာစဉ်းစားဖွယ်ဖြစ်ကြောင်း၊ အသားနာမှ အရိုးစွဲအောင် မှတ်မယ်လို့ ထင်ပြီးပြင်းပြင်းထန်ထန် အပြစ်ပေး ဆုံးမခဲ့ပေမယ့် မင်းတုန်းမင်းလက်ထက်မှာအောက်မြန်မာနိုင်ငံ တစ်ခုလုံးကို အင်္ဂလိပ်လက် ထိုးပေးလိုက်ရတဲ့အတွက်ဒီဆုံးမနည်းဟာ မအောင်မြင် ကြောင်း၊ အဲဒီလိုတွေ ဖြေထားတာဗျ။ တစ်တန်းလုံးကတော့တခိခိနဲ့ ရယ်ကြတယ်။ သူတစ်ကြောင်းဖတ်လိုက်၊ ခိခနဲ ကျိတ်ရယ်လိုက်ကြနဲ့။ ဆရာကတော့ကျောင်းသားတွေရယ်လေ ဒေါသထွက်နေလေပါပဲ။

ကျောင်းသားဖတ်ပြီးသွားတော့ ဆရာက သူ့ကိုမေးတယ်။

" မင်း ငါ့ကို နောက်တာလား"

 "ဟာ ... မဟုတ်ဘူး ဆရာ။ ကျွန်တော် မေးခွန်းကို ဖြေတာပါ"

 "ကဲ ... အားလုံး သူဖြေတာကို လက်ခံကြသလား၊ တစ်ယောက်စီ မေးမယ်၊ ကဲ ... မင်းကစ၊သူဖြေတာ မှန်သလား မှားသလား"

ပထမဆုံး အမေးခံလိုက်ရတဲ့ ရှေ့ဆုံးခုံက ကျောင်းသားဟာ ရုတ်တရက် ဘာဖြေရမှန်း သိပုံမရဘူး။ အဖြေရှင် ကျောင်းသားကို ကြည့်လိုက်၊ ဆရာ့ကို ကြည့်လိုက်၊ ဘေးဘီကိုကြည့်လိုက်နဲ့။ ကျွန်တော်စိတ်ထဲမှာတော့ အဲဒီ ကျောင်းသားရဲ့ အဖြေကို
ကြိုက်နေတယ်။ ကျွန်တော်လည်း သူ့လို ခံစားမိတာပဲ။ ဒါပေမယ့် သူ့လို မဖြေတတ်ဘူး။သူ့လို ထောင့်စေ့အောင် မမြင်တတ်ဘူး။ ပြီးတော့ သူ့လို မဖြေရဲဘူး။ တစ်တန်းလုံးလိုလိုလည်း ကျွန်တော့်လိုပဲလို့ ထင်တယ်။ သူတို့ မျက်နှာတွေကို ကြည့်ရင်
သိသာပါတယ်။

"ဟေ့ကောင် ဖြေလေကွာ"

ရှေ့ဆုံးက ကျောင်းသားခမျာ တုန်သွားပါတယ်။ အဖြေရှင်ကျောင်းသားကို တစ်ချက်ခိုးကြည့်ပြီး ခေါင်းငုံ့ချလိုက်တယ်။ တကယ်တော့ ဆရာက မှန်သလား၊ မှားသလားဆိုတဲ့မေးခွန်းနှစ်ခုကို မေးနေတယ်ဆိုပေမယ့် အမူအရာ၊ လေသံ၊ ဖန်တီးထားတဲ့ အငွေ့အသက်တွေက
"မှားတယ်လို့ ဖြေစမ်း။ မဖြေရင် ကြိမ်လုံး"လို့ ပြောပြီးသား ဖြစ်နေပါပြီ။ ဆရာဟာကျောင်းသားတွေကို လိမ်နေသလို သူတရားပါတယ် ဖြစ်အောင် သူကိုယ်တိုင်လည်းပြန်လိမ်နေတာပါ။ ဒါကို အဲဒီ ကျောင်းသားလည်း သဘောပေါက်ဟန် တူပါရဲ့။

"သူဖြေတာ မှားပါတယ်"

"ဟုတ်ပြီ၊ နောက်တစ်ယောက်"

 "မှား ... အဲ ... မှားပါတယ်"

"နောက်တစ်ယောက်"

"မှားပါတယ်"

တစ်ယောက်ပြီး တစ်ယောက် မေးလာလိုက်တာ ကျွန်တော့်အလှည့် ရောက်လာပါတယ်။ ကျွန်တော်ထရပ်လိုက်တယ်။ အသက်တစ်ချက် ပြင်းပြင်းရှူလိုက်တယ်။

"မှားပါတယ်"

 အဖြေရှင် ကျောင်းသားကို မကြည့်ရဲပါဘူး။ ခေါင်းငုံ့ပြီး ခုံပေါ်က စာအုပ်ကိုပဲစိုက်ကြည့်နေမိတယ်။ ထူးခြားတာက ကျာင်းသားအားလုံးက အဲဒီလိုပဲ။ လူကုန်သွားတော့ဆရာက အဲဒီကျောင်းသားကို နောက်ပြောင်မှုနဲ့ အတန်းရှေ့မှာ ရိုက်ပါတယ်။ ကြိမ်လုံးသံ တစ်ချက်ကြားရတိုင်း ကျွန်တော့်ခန္ဓာကိုယ် တစ်နေရာမှာ နာနာသွားသလိုပဲ။ကျွန်တော်ကိုယ်တိုင် အရိုက်ခံနေရသလိုပဲ။ တစ်တန်းလုံးလည်း ကျွန်တော့်လိုပဲခံစားနေရမှာပါ။

 အဲဒီကျောင်းသားဟာ ကျောင်းပြောင်းသွားပါတယ်။

ကိုယ့်ထင်မြင်ချက်ကို ပွင့်ပွင့်လင်းလင်း ပြောရဲတဲ့ သူငယ်ချင်းတစ်ယောက်ကိုကျွန်တော်တို့ ဆုံးရှုံးလိုက်ပါတယ်။ ဆရာ့မှာ အဲဒီလို တပည့်မျိုးဆုံးရှုံးလိုက်ပါတယ်။ ကျောင်းမှာ ဒီလို ကျောင်းသားမျိုး ဆုံးရှုံးလိုက်ပါတယ်။အဲဒီက ဆန့်တွေးလိုက်ရင်တော့ နိုင်ငံပေါ့ခင်ဗျာ။ ဒါ ဆုံးရှုံးမှုပါ။

 ဘာဖြစ်လို့ ကျွန်တော်ဟာ ခံစားမှုချင်း တူပါလျက်နဲ့ သူ့လို မဖြေရဲခဲ့တာလဲ။ဖြေရဲသူ ရှိလာတာတောင် ကျွန်တော်က ဘာဖြစ်လို့ သူမှန်တယ်လို့ မပြောရဲခဲ့တာလဲ။

အာရုံထဲမှာတော့ ငယ်စဉ်ကတည်းက ကြုံကြိုက်ဆုံစည်းခဲ့ရတဲ့ ကြိမ်လုံးတွေ၊ကြိမ်လုံးတွေ၊ ကြိမ်လုံးတွေ ...။ ခက်ထန်တဲ့ အမူအရာတွေ။

ဝဲခနဲ ... ၀ဲခနဲ

 တင်းခနဲ ... တင်းခနဲ

 ရွှမ်းခနဲ ... ရွှမ်းခနဲ

 အမေရေ ... ကျွန်တော်ကြောက်လှချည့်။

ကလေးတွေမှာ အတိတ်လည်းမရှိဘူး၊ အနာဂါတ်လည်းမရှိဘူး။သူတို့လေးတွေဟာ ပစ္စုပ္ပုန်တည့်တည့်မှာ နှစ်ခြိုက်နေသူတွေပါ။

                    Jean de la Bruyere


 (၄)

အဲသလိုနဲ့ ကျွန်တော်တို့ရဲ့ သွေးထဲမှာ အကြောက်မျိုးစေ့တွေ ပွားများလာပြီးအရွယ်ရလာတာနဲ့အမျှ ကြောက်သီးတွေ တတွဲတွဲ၊ ကြောက်ပွင့်တွေ တဝေေ၀နဲ့။

လုပ်ငန်းခွင်ထဲမှာ ပြုပြင်ပြောင်းလဲဖို့ လိုအပ်တဲ့ ပြဿနာတွေ၊ အခက်အခဲတွေရှိရင်လည်း ကျွန်တော် ဘာမှ မပြောရဲဘူး။ အပြုဘက်က မြင်ပြီး ပြောင်းလဲပစ်ရင်အကျိုးရှိမယ်ဆိုတာ သေသေချာချာကြီး သိနေမြင်နေပါလျက်ကနဲ့ အထက်လူကြီးမကြိုက်မှာစိုးလို့ ကျွန်တော် ဘာမှ အကြံမပြုရဲပါဘူး။ ကျွန်တော့်ဆီက အကြံ၊အတွေး၊ အမြင်၊ သဘောထားတွေကိုလည်း ဘယ်သူကမှ မတောင်းကြဘူးလေ။ သင်ခဲ့ရတဲ့ ပညာတွေစာအုပ်ထဲ ပြန်သွားလည်း သွားပေရော့ပေါ့။ ဟောဒီ ပရောဂျက်ဟာ ဘယ်နေရာမှာမှားနေတယ်လို့ ကျွန်တော်

မြင်ပေမယ့် ဒါဟာ ပြောရမယ့် ကိစ္စလို့ ကျွန်တော် မထင်တော့ဘူး။ တဖြည်းဖြည်းနဲ့အဲဒါ ကျွန်တော် မှန်တယ်လို့ ထင်လာတယ်။

ကျွန်တော့်အထက် အဆင့်အဆင့်၊ အောက်အဆင့်ဆင့်က လူတွေအားလုံးက ဒါကို မှန်တယ်ထင်လာကြရင်ဖြင့် ...

ဌာန မနာဘူးလား။

 တိုင်းပြည် မနာဘူးလား။

ပညာရပ် အမြင်နဲ့ကြည့်ရင် တစ်ကမ္ဘာလုံးနဲ့ လူသားအားလုံး နာပါတယ်။

 ဒါပေမယ့် ...

 An honest man is always a child.
                                   Socrates



                   ဒီဆောင်းပါးစုလေးကို ကျွန်တော်ဖတ်ပြီး တှုန်လှုပ်ပြီးဖော်မပြတတ်တဲ့ ခံစားမှုမျိုး ခံစားရပါတယ်။ ကျွန်တော် အပါအဝင်
ကလေးလူငယ်အများစုလည်း ယခုလို အဖြစ်မျိုး ကြုံရမယ်လို့ထင်မိပါတယ်။ "*TodayStudents, Tomorrow Leaders"* ဆိုတဲ့စကားအတိုင်း ယနေ့ကျောင်းသားများဟာနောင်တချိန် ခေါင်းဆောင်တွေ ဖြစ်လာကြမှာပါ။ ရင့်ကျက် ပွင့်လင်းတဲ့
လူအဖွဲ့အစည်းသာ ကောင်းချီးတွေ ဆောင်ကျဉ်းနိုင်မှာ ဖြစ်ပါတယ်။ ရင့်ကျက်မှုဆိုရာမှာ အတွေးအခေါ်ပိုင်းနှင့် လုပ်ကိုင်ဆောင်ရွတ်မှုပိုင်း ကိုဆိုတာပါ။မိမိအတ္တနဲ့ အလိုဆန္ဒကို ရှေ့တန်းတင်ပြီး မရင့်ကျက်သေးသော ကလေးငယ်များ ကိုအနိုင်မကျင့်ကြပါနဲ့။ စာနာသနား နားလည်ပေးကြပါ။ လွတ်လပ်တဲ့ ပတ်ဝန်းကျင်လေးတွေဖန်တီးပေးကြပါ။ ကလေးတွေဟာ တမျိုးသားလုံးရဲ့ အားတွေပါ။ ကျွန်တော်တို့ရဲ့ *စိတ်ဟာလေထီးလိုဘဲ ဖွင့်လိုက်မှသာ အလုပ်ဖြစ်မှာပါ*။ အဲလိုဘဲ လူသားအားလုံးလွတ်လပ်ပွင့်လင်းတဲ့ လူအဖွဲ့အစည်းတွေ ပေါ်အောင်လုပ်နိုင်ကြပါစေ။ အသက်အရွယ်မရွေးလူသားတိုင်းမှာ လူ့ဂုဏ်သိက္ခာ ရှိတယ်၊ လူ့အခွင့်အရေးရှိတယ်ဆိုတာကို မမေ့ကြပါနဲ့။

             ကလေးငယ်တွေရဲ့ အခွင့်အရေး၊ ဖန်တီးခွင့်၊ ဥာဏ်ကွန့်မြူးခွင့်စတာတွေကို တားဆီးပိတ်ပင်နေသူတွေ၊ ဖန်တီးပေးသူတွေဟာ လူမျိုးတုံးသတ်ဖျက်မှုကျုးလွန်တဲ့ ရာဝတ်ကောင်တွေနဲ့ တူကြောင်းပြောချင်ပါတယ်။

             ယခုလို မြန်မာ့လူ့အဖွဲ့အစည်းအတွက် အလွန်အရေးပါသော ကလေးစိတ်ပညာ၊ကလေး ပညာရေးကဲ့သို့ စာပေမျိုးကို ပြုစုရေးသား တင်ပြပေးသူများကိုလည်း ရင်ထဲမှလေးစားဂုဏ်ပြုပါသည်။ ဆက်လက်ရေးသား ဖော်ပြကြပါလို့လည်း တိုက်တွန်းလိုက်ရပါသည်။  တင်ပြပေးသောဘလော့ခ်ဂါ များ၊ လက်ဆင့်ကမ်းပေးသော မောင်နှစ်မ၊ သူငယ်ချင်းများ ကိုလည်း
လေးစားမိပါတယ်။

Ref: forward mail and Blogger A lin set's blog post

Thursday, August 12, 2010

ချစ်စရာ ကလေးငယ် (၃)

(၁) မိမိကလေးကိုချစ်ရင် ကြောက်အောင်လုပ်ထား ကွယ်ရာမှာသာချီးကျူး နောက်မို့ဆို အကန်းတတ်ပြီး မလေးမစားဖြစ်လိမ့်မယ် ဆိုတဲ့ စကားကို ကျွန်တော်ငယ်ငယ်ကရော အခုရော ကြားဖူးနေပါတယ် ပတ်ဝန်းကျင်မှာ။ အဲဒီအတွေးနဲ့ပတ်သက်ပြီး စာလေးတစ်ပုဒ်ဖတ်မိပြန် တယ်။ သူငယ်ချင်းတို့လည်း ဖတ်ကြည့်ပါဦးနော်။

"သားသမီးကို ချစ်ရင် အိပ်ပျော်နေမှ နမ်းပါ" တဲ့။

 ဘယ်သောကာလတုန်းက စတင် ပေါ်ပေါက်ခဲ့တဲ့ အဆိုအမိန့်လည်း မသိပါဘူး။ ကြည့်ရတာ ကျွန်တော်တို့ရဲ့ ရှေးဟောင်း လူ့အဖွဲ့ အစည်းအပေါ် သြဇာကြီးခဲ့ပုံ ပေါ်တဲ့ရှေးမြန်မာကြီး တစ်ယောက်ယောက်ရဲ့ အယူအဆ ဖြစ်မှာပါပဲ။ ဒီစကားကို ကျွန်တော်
ငယ်ငယ်တုန်းက အဘိုးအဘွားတွေ ပြောကြဆိုကြတာ ကြားခဲ့ရဖူးပါတယ်။ တော်တော်ကြောက်စရာကောင်းတဲ့ သဘောထားပါ။ ကလေးတွေဟာ သူတို့ကို မိဘတွေက ချစ်မှန်းသိရင်ကဲတတ်တယ်၊ ရောင့်တတ်တယ်၊ ဆိုဆုံးမဖို့ မလွယ်တော့ဘူး။ ကြာရင်
ပျက်စီးသွားမှာပဲလို့ ထင်ခဲ့ကြတာကိုး။ ဒါကြောင့်လည်း ကလေးဆိုတာ နှိမ်ထားမှ၊ကြောက်အောင်လုပ်ထားမှ တန်ကာကျမယ်၊ နို့မဟုတ်ရင် "ငယ်သော်ကား သား၊ ကြီးသော်ကျားတည့်၊ ငယ်သော် သမီး၊ ကြီးသော် မီးတည့်" ဖြစ်သွားလိမ့်မယ်လို့ ယူဆလိုက်ကြ တာပေါ့။ အဲဒီ ရှေးဟောင်း အယူဟာ အခုအချိန်အထိ အရှိန်မကုန်သေးပါဘူး။

"အိမ်က သားက သုံးနှစ်ရှိပြီ။ သိပ်ဆိုးတာပဲ၊ အဖေလည်း မကြောက်၊ အမေလည်းမကြောက်ဘူး။ အိမ်ဘေးက ဦးရာဂျူးဆိုတဲ့ ကုလားကြီးကိုတော့ ကြောက်တယ်၊ သူဆိုးပြီငိုပြီဆိုရင် "ဦးရာဂျူးရေ" လို့သာ အော်ခေါ်လိုက် တစ်ခါတည်း ငြိမ်ပြီး တိတ်သွားတော့တာပဲ။ ကလေးဆိုတာ သူကြောက်ရမယ့် လူတစ်ယောက်တော့ ရှိမှရှင့်" လို့မိခင်တစ်ယောက်က ပြောပါတယ်။ သူ့ခမျာ သူ့သားကလေးမှာ အကြောက်တရား ရှိတာကိုဂုဏ်ယူနေပုံပါပဲ။ သူ့စကား ကြားရတဲ့အခါ ကျွန်တော် ငယ်ငယ်တုန်းက ကြောက်အောင်
အလုပ်ခံရပုံကို သတိရမိသေးတော့။ ကျွန်တော် ငိုကြောရှည်နေတဲ့အခါ ကျွန်တော့်ကိုထိန်းတဲ့ အဒေါ်ကြီးက "ဟာလ၀ါကြီး လာနေပြီ၊ လာနေပြီ" ဆိုလိုက်ရင် ချက်ချင်းအငိုတိတ်ရတော့တာ၊ ဟာလ၀ါဆိုတာ ဘာမှန်း မသိဘဲနဲ့ ကြောက်လိုက်ရတာလေ။ နောင်
ကြီးလာမှ ဟာလ၀ါဆိုတာ အတော်စားလို့ကောင်းတဲ့ မုန့်တစ်မျိုးမှန်း သိရတော့တာ။

သားသမီးကို အိပ်ပျော်နေမှ နမ်းရဲကြရှာတဲ့ မိဘမျိုးကို ငယ်ငယ်တုန်းက တွေ့ဖူးမြင်ဖူးပါတယ်။ သူတို့ခမျာ သားသမီးတွေ ရှေ့မှာ မျက်နှာကို တည်တည်ကြီးလုပ်ထားကြရရှာပါတယ်။ လေသံကိုလည်း တင်းတင်းမာမာ ဖြစ်အောင် အားစိုက်ပြီးပြောကြရရှာပါတယ်။ ရိုက်နှက်အပြစ်ပေးဖို့ လိုလာပြီ ထင်ရင်လည်း လက်မနှေးအောင်ကြိုးစားကြရရှာပါတယ်။ ရင်ထဲက တကယ်ဖြစ်နေတဲ့ ချစ်ခြင်းမေတ္တာရဲ့ လက္ခဏာပုံရပိတွေမပေါ်အောင် ဖိနှိပ်ချုပ်တည်းထားရတာ၊ အတွင်းစိတ် ခံစားမှုကို ဆန့်ကျင်ပြီးသရုပ်ဆောင်ပြနေရတာတွေဟာ အတော်တော့ ပင်ပန်းကြရှာမှာပါ။ ဘာဖြစ်လို့ သူတို့အဲဒီလို ဖြစ်နေကြရတာလဲ။

မှားယွင်းတဲ့ အယူအဆကို လက်ခံ ယုံကြည်ထားလို့ပါ။ ပြီးတော့ ကလေးရဲ့ သဘာဝကိုနားမလည်ကြလို့ပါ။ ပြီးတော့ တန်ဖိုးထားမှုတွေ လွဲနေလို့ပါ" လို့ စိတ်ပညာဆရာတစ်ဦးက ဆိုပါတယ်။

ကျွန်တော်ဟာ ဒီအမှောင်ကမ္ဘာထဲကို ကလေးငယ်တွေကိုခေါ်လာပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီအမှောင်ကမ္ဘာ လိုအပ်နေတဲ့ အလင်းကို ကလေးငယ်တစ်ယောက် ကသာဆောင်ကြဉ်းနိုင်မှာ မို့လို့ပါဘဲ။
                                                                           Liz Armbruster



 (၂)
မိမိမလုပ်ဖူးတဲ့ဟာကို စလုပ်ရမယ်ဆိုရင်ကြောက်လန့်တတ်ကြတယ်။ ကလေးတွေကရော အဲဒီလိုများ ကြောက်လန့်တတ်ကြ သလား?။ သူတို့စိတ်ထဲမှာ အကြောက်တရားတွေက တမင်ဖြစ်ပေါ်လာသလား လူကြီးမိဘများကြောင့်လား....? ။ မေးခွန်းလေးတွေမဖြေခင် အရင်ဆုံး စာတစ်ပုဒ်ကိုဖတ်ကြည့်ကြပါဦး။

ကြောက်အောင်လုပ်တာ ကောင်းပါသလား?

လောကမှာ ကြောက်စရာအကောင်းဆုံးက အကြောက်တရားပဲတဲ့။ ကလေးတွေရဲ့ အကြောက်တရားကိစ္စအရေးကြီးပါတယ်။

နိုင်ငံတိုင်းရဲ့အဖိုးအထိုက်တန်ဆုံး သယံဇာတဟာ ရေနံမဟုတ်ပါဘူး။

သစ်တော မဟုတ်ပါဘူး။တွင်းထွက် မဟုတ်ပါဘူး။

ကလေးတွေပါ။

နိုင်ငံတိုင်းမှာ အရေးအကြီးဆုံး ပုဂ္ဂိုလ်တွေဟာ ကလေးတွေပါ။

သူတို့အပေါ် တန်ဖိုးထားမှု အနည်းအများဟာ သက်ဆိုင်ရာ လူ့အဖွဲ့အစည်းရဲ့ ယဉ်ကျေးမှုစံချိန်စံညွှန်း ဂရပ်မျဉ်း အနိမ့်အမြင့်ကို ဖြစ်စေပါတယ်။ သူတို့ကို အခွင့်အရေးအပြည့်အ၀ ပေးခြင်းဟာ အကောင်းဆုံး အနာဂတ် ရင်းနှီးမြှုပ်နှံမှုပါပဲ။

အဲသလောက် အရေးတကြီး တန်ဖိုးရှိတဲ့ ကလေးတွေရဲ့ ရင်ထဲကိုကြောက်စိတ်သွင်းပေးလိုက်တာဟာဖြင့် အနာဂတ် လူ့အဖွဲ့အစည်းကို
မြေမြှုပ်သင်္ဂြိုဟ်ဖို့ ကျင်းတူးပေးလိုက်တာပါပဲ။

နေ့စဉ်ဘ၀ရဲ့ စိန်ခေါ်ချက်တွေကို ကျွန်တော်တို့ တုန့်ပြန် ပြုမူပုံတွေဟာကလေးသူငယ်ဘ၀က ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံတွေရဲ့ လွှမ်းမိုးမှု မကင်းတတ်ပါဘူး။ဒီလို ဆိုလိုက်တာနဲ့ ကျွန်တော်တို့ဟာ မျိုးရိုးဗီဇနဲ့ အစဦး ပတ်ဝန်းကျင်ရဲ့သားကောင်လုံးလုံး ဖြစ်တယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။ ဒါပေမယ့်ဘ၀တစ်လျှောက်လုံးမှာ စောစောပိုင်း နှစ်ကာလတွေရဲ့ သြဇာဟာ အနည်းနဲ့အများ ကျွန်တော်တို့ အပေါ်မှာ ရှိနေတာပဲ ဖြစ်ပါတယ်။

ကလေးတွေနဲ့ လူကြီးတွေဟာ တစ်ခုတည်းသော ကမ္ဘာမှာ နေထိုင်ကြတာလို့ ကျွန်တော်တို့ထင်နေကြတယ်။ မဟုတ်ပါဘူး။ ကလေးဟာ သူ့ကမ္ဘာလေးနဲ့သူ သီးခြားနေနေတာပါ။ ကလေးအတွက်ဒီလောကကြီးဟာ အသစ်စက်စက်ပါ။ အရာရာဟာ စိတ်ဝင်စားစရာပါ။ သူတို့ဟာ ကလေးကမ္ဘာမှာအံ့သြမှု၊ ထိတ်လန့်မှုတွေနဲ့ သီးခြားနေကြတဲ့ ကလေးတွေသာ ဖြစ်ပါတယ်။ အရွယ်ရောက်ပြီးလူကြီးကမ္ဘာထဲကို သူတို့ဘာသာ သူတို့ တဖြည်းဖြည်းနဲ့ မှန်မှန်ကန်ကန်တိုးထွက်လာနိုင်ဖို့ လက်ဦးဆရာတွေ အရေးကြီးလှပါတယ်။

"မိဘတွေက ကိုယ် ဖြစ်စေချင်တာတွေကို အကြောက်တရားနဲ့ ဇွတ် အဓမ္မပုံသွင်းပေးနေကြရင်တော့ ကလေးတွေဟာ စိတ်ကျန်းမာ ရင့်ကျက်တဲ့၊ လူမှုရေးသိနားလည်တဲ့၊ စိတ်သတ္တိနဲ့ ပြည့်ဝတဲ့၊ နေ့စဉ် ဘ၀မှာ ကိုယ့်ကိုယ်ကိုယုံကြည်ပိုင်နိုင်တဲ့ လူကြီးတွေ ဖြစ်လာဖို့ ခက်ပါတယ်။ မေတ္တာဓာတ်လွှမ်းခြုံပြီးနားလည်မှုရှိတဲ့၊ လုံခြုံတဲ့ ပတ်ဝန်းကျင်မှာ လွတ်လွတ်လပ်လပ် ကြီးပြင်းခွင့်ရဖို့လိုပါတယ်" လို့ စိတ်ရောဂါကု ပါရဂူ ဒေါက်တာ ရောဘတ်ရှီးက "ကလေး၏ ပထမ ငါးနှစ်"ဆိုတဲ့ စာအုပ်မှာ ရေးခဲ့ပါတယ်။

ကြီးမြတ်တဲ့ ပုဂိုလ်ဆိုတာ သူ့ရဲ့ကလေးဘဝ နှလုံးသား မဆုံးရှုံးသေးတဲ့သူဖြစ်တယ်။
                                                                  Mencius, Book IV


စာရေးဆရာမကြီး ကြည်အေးရဲ့ "မေတ္တာမီးအိမ်" ၀တ္ထုမှာလည်း ဒီသဘောတွေ တွေ့ရပါတယ်။အတ္တကြီးလွန်းလှတဲ့ ဖခင်တစ်ယောက်ရဲ့ စရိုက်အဖွဲ့ဟာ ကျောစိမ့်စရာပါ။ သမီးကလေးလူမှန်းသိစ အရွယ်မှာပဲ မိခင်ဖြစ်သူက လင်ယောက်ျားရဲ့ဒဏ် မခံနိုင်တော့တဲ့အတွက်
ထွက်ပြေးသွားတဲ့အခါ ဖခင်ရဲ့ နာကျင်မှုနဲ့ အချစ်ဟာ သမီးလေး "အဖြူ" အပေါ် ပုံပြီးကျရောက်လာခဲ့တယ်။ အချစ်ကြီးသလောက် ရက်စက်ကြမ်းတမ်းစွာ ဖိနှိပ် ဆက်ဆံခဲ့တဲ့ဖခင်ရဲ့ တင်းကျပ်တဲ့ စည်းကမ်းတွေ၊ အပြစ်ပေးမှုတွေ အောက်မှာ ကြီးပြင်းလာရတဲ့
အဖြူဟာ စိတ်ဝေဒနာသည် တစ်ယောက် ဖြစ်လာခဲ့ရတယ်။ အဖြူရဲ့ မသိစိတ်က ဖခင်ကိုသေစေချင်နေတယ်။ ဖခင်သေပြီး ငရဲခံနေရတယ်လို့ အိပ်မက်မက်ပြီးတိုင်း အဖြူဟာစိတ်ရောဂါဆေးရုံကို ရောက်ရောက် သွားရတာပါပဲ။ အသက် သုံးဆယ်နီးပါး ရောက်တဲ့အထိအိမ်နဲ့ ဆေးရုံ လွန်းပြန်သွားနေခဲ့ရတယ်။ ဒါပေမယ့် ခေါင်းမာလှတဲ့ ဖခင်ကတော့သူ့စရိုက်ကို မပြောင်းလဲခဲ့ပါဘူး။ "ကျုပ်သမီးကို ကျုပ်လောက် ဘယ်သူမှမချစ်နိုင်ဘူး" လို့ သူက နာကျင်စွာ ပေါက်ကွဲပါတယ်။ နောက်တော့ ချစ်သူ ဆရာဝန်ရဲ့
အားပေးကူညီမှုနဲ့ အဖြူဟာ သူ့ကိုယ်သူ တွေ့ရှိအောင် လုပ်ခဲ့ရပါတယ်။ အမှန်ကိုရင်ဆိုင်ရဲအောင် အားထုတ်ခဲ့ရပါတယ်။ စိတ်ဓာတ်ရေးရာအားဖြင့် ဖခင်ကို မှီခိုနေရတဲ့အဖြစ်က လွတ်မြောက်အောင် ကြိုးစားခဲ့ရပါတယ်။ အဲဒီလိုနဲ့ အဖြူဟာ သူဘယ်သူပဲလို့
ပီသလာအောင် ကိုယ့်ကိုယ်ကို ပြန်လည် တည်ဆောက်ယူရတဲ့ အကြောင်း ဒေါ်ကြည်အေးက သူရဲ့အံ့သြနှစ်သက်ဖွယ် စကားပြေအတတ်နဲ့ ရေးဖွဲ့ထားလိုက်တာ ကျွန်တော်တို့ဟာကိုယ့်ကိုယ်ကို အဖြူလို့ ထင်မြင်လိုက်ရတဲ့ အထိပါပဲ။

ကိုယ်ပြောတဲ့အတိုင်း ကလေးတွေက နားထောင်လိုက်နာတာကို မိဘနဲ့ ဆရာတွေကသဘောကျပါတယ်။ ဒါကို တန်ဖိုးလို့ မြင်ပါတယ်။ မှန်ပါတယ်။ ချစ်ခင်စိတ်ကိုအကြောင်းခံတာဆိုရင် ဒါဟာ တန်ဖိုးပါ။ ဒါပေမယ့် ကြောက်ရွံ့စိတ်ကိုအကြောင်းခံတာဆိုရင်တော့ ဒါဟာ စဉ်းစားစရာ ကိစ္စပါ။ တစ်ခါတစ်ရံမှာ အသက်နှစ်နှစ်နဲ့ ငါးနှစ်ကြားအရွယ် ကလေးငယ်တွေဟာ လူကြီး ပြောတာကို နားမထောင် တတ်ကြပါဘူး။ ဒါဟာ သဘာဝကျပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီအရွယ်ပိုင်းမှာကလေးငယ်ဟာ သူ့ကိုယ်သူ ယုံကြည်စိတ်၊ သူကိုယ်တိုင် စူးစမ်းလုပ်ကိုင်ကြည့်ချင်စိတ်တွေ တိုးပွားလို့ပါပဲ။ တစ်ခါတစ်ခါမှာတော့ လူကြီးတွေကသူ့ကို ဂရုစိုက် စိတ်ဝင်စားမှု ပြတာကို လိုချင်လို့ တမင် နားမထောင်တာလည်းရှိတတ်ပါတယ်။ လူကြီးတွေ အဖို့မှာတော့ အောင့်သက်သက် ဖြစ်ရတာပေါ့။ "ဒါပေမယ့်ကလေးတွေမှာ ဒီသဘာဝ ရှိတယ်ဆိုတာ သိထားရင် သူတို့ကို ဘယ်လိုဆက်ဆံရမယ်ဆိုတာနားလည်နိုင်ပါတယ်" လို့ ဒေါက်တာရောဘတ်ရှီးက ရှင်းပြပါတယ်။

 ဒါပေမယ့် ကျွန်တော်တို့ လူကြီးတွေကတော့ နားလည်ဖို့ မကြိုးစားကြတာ များပါတယ်။တစ်ကြိမ်နှစ်ကြိမ် ပြောလို့နားမထောင်ဘူး ဆိုရင် ကြိမ်လုံးဆီမျက်စိရောက်တော့တာပါ။ "ဒီလောက် ခေါင်းမာလှတဲ့ ကလေး။ လာခဲ့စမ်း၊ နင့်အကျင့်ကိုချွတ်ရမယ်" ဆိုပြီး ကြိမ်ကို ၀င်တော့တာပါ။ ကိုယ့်ရဲ့ဒေါသကို ရိုက်နှက်ခြင်းနဲ့ဖြေဖျောက်ဖို့သာ အာရုံထားကြတာမို့ ကလေးရဲ့ ခံစားမှုကိုတော့ ဂရုမစိုက်တတ်ကြပါဘူး။ကိုယ်ပြောတာကို ကလေး နားလည်အောင် လုပ်ချင်လာအောင် အားမထုတ်တော့ဘဲဆူပူဟိန်းဟောက်လို့ပဲ ဖြစ်ဖြစ်၊ ကြိမ်လုံး ကိုင်လိုက်လို့ပဲ ဖြစ်ဖြစ် အလွယ်တကူဖြေရှင်းပစ်တတ်ကြပါတယ်။ ဒီနည်းက လွယ်တယ်လေ။ ပညာမလိုဘူး။ အပြန်အလှန် ညှိနှိုင်းဆွေးနွေးစရာ မလိုဘူး။ ဒါမလုပ်နဲ့ လုပ်ရင် ရိုက်မယ်။

ကလေးတွေ သိပ်ဆော့ရင်လည်း လူကြီးက မကြိုက်ပါဘူး။ အပူအပင်မရှိ ဆော့ခဲ့ရ၊ပျော်ခဲ့ရတဲ့ ကလေးဘ၀ကို သူတို့ကိုယ်တိုင် မေ့လျော့သွားခဲ့လို့လား မသိဘူး။ကလေးတွေ ဆူညံအော်ဟစ်မယ်၊ တဒုန်းဒုန်းနဲ့ ပြေးလွှားခုန်ပေါက်မယ်ဆိုရင် သူတို့က
ခြောက်လှန့် ငေါက်ငမ်းကြပါတယ်။ ငေါက်လို့မရရင် ရိုက်ပါတယ်။ ဒါပေမယ့်သုတေသီတွေကတော့ ဆော့ကစားတာဟာ ကလေးအတွက် အရေးကြီးတယ်လို့ ပြောကြပါတယ်။လူကြီးတွေပြောတဲ့ ဆော့တယ်ဆိုတာ အမှန်တော့ ကလေးတွေ အလုပ်လုပ်နေတာပါ။ သူတို့သင်ယူနေတာပါ။ ကလေးတွေ မီးခြစ်ကိုင်မယ်၊ ကတ်ကြေးကိုင်မယ်၊ ဓားကိုင်မယ်ဆိုရင် "
ဟဲ့ ... ဟဲ့ ... မကိုင်နဲ့ လောင်သွားလိမ့်မယ်၊ ရှသွားလိမ့်မယ်" ဆိုပြီးအလန့်တကြား အော်ဟစ်ဟန့်တားလိုက်ရင် ကလေးဟာ ဒီပစ္စည်းတွေအပေါ် ကြောက်စိတ်ဝင်ပြီးမထိရဲ၊ မကိုင်ရဲ ဖြစ်သွားတတ်ပါတယ်။ ကလေးကို ကြောက်အောင်လုပ်မဲ့အစား "ဒါကို
ဒီလို လုပ်ရတယ်၊ ဓားမရှအောင် ဒီလို ကိုင်ရတာ" လို့ သင်ပြပြီး အကျိုးနဲ့အပြစ်ကို ရှင်းလင်းပြမယ်ဆိုရင် ကလေးဟာ အသစ်တစ်ခုကို တတ်မြောက် သိရှိပြီဆိုပြီးရဲဝံ့အားတက်သွားမှာပါ။


ကလေးငယ်တွေဟာ ဂီတမပါဘဲ ကပြနိုင်သူတွေဖြစ်ပါတယ်။

                                                William Stafford
(ဆက်လက် ဖော်ပြပါမည်)

Wednesday, August 11, 2010

ပုံတူမျိုးပွား (Clone) ဆိုတာ

မိန်းကလေးလား၊ ယောက်ျားလေးလား။ကလေးတစ်ယောက်၏ လိင်ကွဲပြားမှုသည် မည်သူ့အပေါ်မူတည်နေ ပါသနည်း။

မွေးဖွားလာမည့် ကလေးတစ်ယောက်သည် မိန်းကလေး သို့မဟုတ် ယောက်ျားလေးဖြစ်ရမည်ဆိုသော အချက်သည် မိခင်တို့၏ဆန္ဒအတိုင်းမဟုတ်ပါ။ မိခင်၏စိတ်စွဲလမ်းမှုကြောင့်လည်းမဟုတ်ပါ။ ၄င်းသည် လိင်ခရိုမိုဆုမ်းဟုခေါ်သော ထူးခြားသည့်မျိုးရိုးဗီဇကိုသယ်ဆောင်ထားသည့် သက်ရှိတို့၏ ဆဲလ်အတွင်းမှ ခရုမိုဇုမ်းတစ်စုံစီကြောင့်ဖြစ်သည်။ အဆိုပါ လိင်ခရိုမိုဇုမ်းတွင် X နှင့် Y ဟူ၍ နှစ်မျိုးနှစ်စားရှိသည်။ မျိုးဥဆဲလ်များတွင် X ခရိုမိုဇုမ်းရှိပြီး စပမ်းခေါ် သုတ်ပိုး တွင် X သို့မဟုတ် Y ခရိုမိုဇုမ်းရှိနိုင်သည်။

X + X > XX > Girl

X +Y > XY > Boy

X ခရိုမိုဇုမ်းတစ်ခုရှိသော စပမ်းတစ်ခုသည် မျိုးဥနှင့်ချိတ်ဆက်မိသောအခါ သန္ဓေသားလောင်းသည် မိန်းကလေးအဖြစ် ဖွံ့ဖြိုးလာသည်။ Y ခရိုမိုဇုမ်းတစ်ခုရှိသည့် စပမ်းတစ်ခုသည် မျိုးဥနှင့်ချိတ်ဆက်မိ သောအခါ သန္ဓေသားလောင်းသည် ယောက်ျားလေးအဖြစ် ဖွံ့ဖြိုးလာခြင်းဖြစ်သည်။

ကလုန်း (Clone) ဆိုသည်မှာ

ယနေ့ခေတ်တွင် ကလုန်းသည် အလွန်စိတ်ဝင်စားဖွယ်ကောင်းသည့်အကြောင်းအရာတစ်ခု ဖြစ်လာနေပါသည်။ ကလုန်းကို 'လိင်မဲ့မျိုးပွားနည်းဖြင့် ရယူထားသော မျိုးတူကလာပ်စည်း'ဟု အဓိပ္ပာယ်ဖွင့်ကြသည်။ ကလုန်းသည် မျိုးရိုးဗီဇအလိုက်တထေရောတည်းဖြစ်သော သီးခြားအရာ တစ်ခုဖြစ်သည်။ အထူးသဖြင့်ဆဲလ်၏ နျူကလီးယပ်စ် အတွင်း၌ မျိုးဗီဇ(ဂျင်း)များသည် အတူတူပင် ဖြစ်သည်။

ကလုန်းများကို မည်ကဲ့သို့ထုတ်လုပ်ပါသနည်း။

၁။ သဘာဝနည်း

လူသားများတွင် တထေရာတည်းတူကြသည့် အမြွှာများသည် ကလုန်းများဖြစ်ကြသည်။ တစ်ခါတစ်ရံ တွင် သန္ဓေသားလောင်းသည် ဖွံ့ဖြိုးကာ သန္ဓေသားနှစ်ခုသို့ ကွဲထွက်တတ်သည်။ ၄င်းကွဲထွက်မှု တစ်ဝက်စီသည် သန္ဓေသားတစ်ခုအဖြစ် ဖွံ့ဖြိုးလာကာ မျိုးဗီဇများလည်း အတူတူပင်ဖြစ်လာကြသည်။

၂။ ဖန်တီးခြင်း

(က) သန္ဓေသားလောင်းတစ်ခုသည် အကြိမ်ကြိမ်ကွဲထွက်နိုင်သည်။ ဤသို့ဖြင့် မျိုးဥတစ်ခုစီမှ တူညီ သောကလုန်းတစ် ခုချင်းအဖြစ် အရေအတွက်များစွာဖြစ်ပေါ်စေနိုင်ပါသည်။ မျောက်နီ သို့မဟုတ် မျောက်ဖင်နီများကို ဤနည်းဖြင့် ကလုန်းများဖြစ်အောင်ဖန်တီးနိုင်ပါသည်။

(ခ) မျိုးဥတစ်ခု၏ နျူကလီးယပ်စ်တွင် ၄င်းကိုယ်ပိုင်နျူကလီးယပ်စ် အစားထိုးပေးခြင်းဖြင့် ကလုန်းတစ်ခုကို ဖန်တီးနိုင်သည်။ Dolly အမည်ရှိသော သိုးမလေးသည် ပုံတူကိုယ်ပွားမွေးဖွားလာသည့် ကလုန်းနို့တိုက်သတ္တ၀ါ ဖြစ်သည်။

ဒေါ်လီ (Dolly) ဆိုတာဘယ်သူလဲ။

ဒေါ်လီ(Dolly)သည် အရုပ်ကလေးတစ်ရုပ်၏ အမည်မဟုတ်ပါ။ နာမည်ကျော်အဆိုတော်တစ်ဦး၏ အမည် လည်း မဟုတ်ပါ။ ဒေါ်လီသည် သိုးမလေးတစ်ကောင်၏ အမည်ဖြစ်သည်။ ထိုအချိန်များက နာမည်ကျော်အဆိုတော် Dolly Parton ၏အမည်ကို ယူထားသည်ဟုလည်း ဆိုကြပါသည်။ အဆိုပါ သိုးမလေးသည် သိုးမကြီး၏ ဆဲလ်မှတစ်ဆင့် ပုံတူကိုယ်ပွားမွေးဖွားလာသည့် ကမ္ဘာ့ပထမဆုံးနို့တိုက်သတ္တ၀ါဖြစ် သည်။ ဒေါ်လီကို ၁၉၉၆ခုနှစ်တွင် စကော့တစ်ခ်ျလူမျိုးသိပ္ပံပညာရှင်များက ဖန်တီးမွေးဖွားစေခဲ့ခြင်း ဖြစ်ပါသည်။

(၁)        သိုးမကြီး၏နို့အုံဆဲလ် >

(၂)        အခြားသိုးမ၏ မျိုးဥကို ထုတ်ယူပြီး နျူကလီးယပ်စ်ကို ဖယ်ထုတ်လိုက်သည်။ >

(၃)        လျှပ်စစ်ခတ်သည့် နည်းဖြင့်ဆဲလ်ကိုထပ်မံကွဲထွက်စေသည်။ >

(၄)        သန္ဓေသားလောင်းသည် ဖွံ့ဖြိုးလာသည်။ မိခင်ကိုယ်စားပြုမည့် သိုးမ၏ သားအိမ်ထဲသို့ထည့် လိုက်သည်။ >

(၅)        လအနည်းငယ်ကြာပြီးနောက် မိခင်ကိုယ်စားပြုသိုးမသည် သိုးငယ်လေးကို မွေးဖွားခဲ့သည်။

(ပထမအဆင့်မှ ဒုတိယအဆင့်သို့ပြောင်းလဲသည်တွင် မျိုးဥ၏ နျူကလီးယပ်စ်ကို ဆေးထိုးသည့်နည်း ဖြင့် အစားထိုးလိုက်သည်။)

http://www.synapses.co.uk/science/clone.htmlDolly

ဒေါ်လီ(Dolly) ၏ သက်တမ်း

 သိုးမလေး၏သက်တမ်းသည် ၆နှစ်ဖြစ်သည်။ Dolly ကို ၁၉၉၆ခုနှစ် ဇူလိုင်လ၅ရက်တွင် မွေးဖွားခဲ့ပြီး ၂၀၀၃ခုနှစ် ဖေဖော်ဝါရီလ ၁၄ရက်တွင် သေဆုံးခဲ့သည်။ Dolly သည် အဖိုနှင့်အမတို့ သန္ဓေစပ်ရာမှ မွေးဖွားခဲ့သည့် သိုးငယ်လေး မဟုတ်ပါ။ လူသားတို့၏ ဖန်တီးချက်ဖြင့် မွေးဖွားလာခဲ့ခြင်းဖြစ်၍ ကလုန်းဟုသတ်မှတ်ကြသည့် သက်ရှိတိရစ္ဆာန်တစ် ကောင်သာဖြစ်သည်။ သို့ဖြစ်၍ ကလုန်းများ၏ အသက်ကို သို့မဟုတ်သက်တမ်းမည်သို့တွက်မည်ကို တိကျစွာမသိကြသေးပါဟု ဆိုပါသည်။

ကြောင်၊ခွေးစသည့် အိမ်မွေးတိရစ္ဆာများကို ကလုန်း (Clone) အဖြစ်ဖန်တီးမွေးဖွားနိုင်ပါသလား။

ဒေါ်လီ(Dolly)ခေါ် သိုးမလေးကို ပုံတူကိုယ်ပွားကလုန်းအဖြစ် ဖန်တီးမွေးဖွားစေခဲ့ပြီးဖြစ်သည်။ ထို့အတူ နွား၊ဆိတ်၊ သိုး၊၀က်၊ကြွက် စသည့်တိရစ္ဆာန်များကိုလည်း ကလုန်းအဖြစ် သုတေသနပြု စမ်းသပ် ဖန်တီးခဲ့ကြပါသည်။ ရည်ရွယ် ချက်မှာ လူသားများအတွက် အသုံးဝင်မည့် တိရစ္ဆာန်များကို မျိုးရိုးဗီဇ ပြုပြင်ကာ အရေအတွက် များပြားစွာထုတ်လုပ် ရန်ဖြစ်သည်။

သင်မွေးထားသော ကြောင်၊ခွေး ကဲ့သို့ တိရစ္ဆာန်များကိုလည်း ကလုန်းအဖြစ်ထုတ်လုပ်ပေးနိုင်သည်။ သင်အလွန်ချစ် သော ကြောင်ကလေးရုတ်တရက်သေဆုံးသွား၍ အစားယူလိုပါသလား၊ ၄င်းကြောင်ကလေး၏ ဆံချည်တမျှင်၊ အသား သို့မဟုတ် အရိုးတစ်စကိုရယူရုံဖြင့် သင့်ကြောင်ကလေးနှင့် မျိုးရိုးဗီဇတူသော ကြောင်ကလေးတစ်ကောင်ကို ဖန်တီးနိုင် သည်ဟုဆိုသည်။ မကြာတော့သော အချိန်ကာလတစ်ခုတွင် အဆိုပါစိတ်ကူးများသည် အကောင်အထည်ပေါ်လာပါ လိမ့်မည်။

မျိုးသုဉ်းပျောက်ကွယ်သွားခဲ့သည့် ရှေးခေတ်တိရစ္ဆာန်ကြီးများကို ပြန်လည်အသက်သွင်းဖော်ထုတ်နိုင် ပါသလား။

ရေခဲခေတ်က ရှင်သန်ကျက်စားခဲ့သော အမွှေးရှည်ဆင်ကြီး(mammoth)မျိုးကို ပုံဖော်အသက်သွင်းနိုင် မည့်အချိန် သည် မဝေးတော့ဟုဆိုပါသည်။ သည်လိုဆိုလျှင် သင်အံ့သြနေပါလိမ့်မည်။ တကယ်လည်းဖြစ်လာ နိုင်ပါသည်။ သို့ရာတွင် အဆိုပါအကြောင်းအရာများသည် သိပ္ပံနယ်ပယ်တွင် ရှုပ်ထွေးနေဆဲဖြစ်သည်။

စိတ်ကူးအရ - မျိုးသုဉ်းပျောက်ကွယ်ခဲ့ပြီးသော တိရစ္ဆာန်များကို ပုံတူကိုယ်ပွားထုတ်လုပ်နိုင်ပြီဟုဆိုပါ သည်။ ဥပမာအားဖြင့် အဆိုပါရှေးခေတ် တိရစ္ဆာန်များ၏ ဆံချည်တစ်မျှင်ကိုသုံးပြီး ယခုခေတ်ဆင် တစ်ကောင်၏ မျိုးဥဆဲလ်အလွတ်ထဲသို့ထည့်သွင်းရပါမည်။ဆင်ကလေးတစ်ကောင်မွေးဖွားလာခဲ့ပါက ၄င်းသည်အမွှေးရှည် mammoth ဆင်ကလေးဖြစ်လာလိမ့်မည်ဟုဆိုပါသည်။

လက်တွေ့တွင် – ကလုန်းများသည် လက်တွေ့အားဖြင့် ပုံမှန်တိရစ္ဆာန်များထက် အားနည်းချက်များရှိနေပါသည်။ အများအားဖြင့် ကလုန်းများသည် မမွေးဖွားမီ သေဆုံးကုန်လေ့ရှိသည်။

အဘယ့်ကြောင့်နည်း - သိပ္ပံပညာရှင်များသည် ကလုန်းများအဖြစ်ဖန်တီးကြရာတွင် သဘာဝကို ဆန့်ကျင်ချက်များရှိနေ သည်ဟု ဝေဖန်ကြပါသည်။ လက်ရှိအားဖြင့် ကလုန်းများသည် မူရင်းထက် စွမ်းရည်လျော့နည်းတတ်သည်။ တစ်နည်း အားဖြင့် အားနည်းကြပြီး ကျန်းမာသန်စွမ်းသော ကလုန်းကို ရရှိသည့်တိုင် ၄င်းတို့သည် ပုံမှန်တိရစ္ဆာန်တို့ထက် သက် တမ်းတိုတတ်သည်။ သဘာဝတရားကို ဆန့်ကျင်နိုင်ပါမည်လားဆိုသည်ကို တွေးစရာများဖြစ်နေပါသည်။

ပုံတူကိုယ်ပွား (Clone) ဖန်တီးမှုသည် တစ်ထပ်တည်းတူနိုင်ပါသလား။

သန္ဓေသားလောင်းကွဲထွက်ရာမှဖြစ်ပေါ်လာသည့်ပုံတူကိုယ်ပွား(clone)များသည် မျိုးရိုးဗီဇအရအတူတူပင်ဖြစ်သည်။ အထူး သဖြင့် ဆဲလ်၏ နျူကလီးယပ်စ်အတွင်း သို့မဟုတ် နျူကလီးယပ်စ်အပြင်ဘက်ရှိ မျိုးရိုး ဗီဇဆိုင်ရာပစ္စည်းများမှာ လည်း တူကြပါသည်။

သို့ရာတွင် Dolly (သိုးမကလေး) ကဲ့သို့နျူကလီးယပ်စ်များကို ပြောင်းရွှေ့ခြင်းဖြင့် ဖြစ်ပေါ်လာသည့် ကလုန်းများ၏ မျိုးရိုးဗီဇပစ္စည်းများသည် ထပ်တူထပ်မျှ မတူညီကြပါ။ မျိုးရိုးဗီဇများသည် မည်မျှပင်တူကြသည်ဆိုသည့်တိုင် ၄င်း နျူကလီးယပ်စ်ကို အပြင်ဘက်သို့ မည်ကဲ့သို့ထုတ်ယူသည် ဆိုသည့်အချက်နှင့် အဆိုပါမျိုးရိုးဗီဇ(ဂျင်း)များသည် အချင်းချင်းတုံ့ပြန်ကြသည့် အချက်များပေါ်တွင် မူတည်ပြီး အပြောင်းအလဲများဖြစ်နိုင်ပါသည်။

သို့ဖြစ်၍ ညီရင်းအစ်ကို မောင်ရင်းနှမများထက်ပင် ပို၍နီးစပ်ကြပြီး တစ်ထပ်တည်းတူသည်ဆိုသော အမြွှာများတွင်ပင် သီးခြားကွဲပြားမှုများရှိနေကြပါသည်။

သင့်အပြင် နောက်တစ်ယောက်ရှိနိုင်ပါသလား။

သိပ္ပံစိတ်ကူးယဉ်ဇာတ်လမ်းများတွင် ပါဝင်သည့်လူသားပုံတူကိုယ်ပွား(clone)များသည် တကယ်ဖြစ်နိုင်ပါသလား။

သိပ္ပံပညာရှင်များသည် မကြာတော့သော အချိန်ကာလများတွင် လူသားကလုန်းများကို ဖန်တီးနိုင် တော့မည်ဟုဆိုပါ သည်။ အဆိုပါလူသားကလုန်းမျိုးကို ၁၉၉၃ခုနှစ်အစောပိုင်းအချိန်များကတည်းက ဖန်တီးခဲ့ဖူးသည်ဟုဆိုသည်။ သို့ရာ တွင်အကြောင်းကြောင်းကြောင့် ပြန်လည်ဖျက်ဆီးပစ်ခဲ့ရပါသည်။ တကယ့်လူသားကလုန်းများကို အောင်မြင်စွာ ထုတ် လုပ်ဖန်တီးရန်မှာ မဖြစ်နိုင်သေးဟုလည်း ဆိုကြသည်။ အဘယ့်ကြောင့်ဆိုသော် ၄င်းလုပ်ငန်းစဉ်များသည် သဘာဝ တရားကို ဆန့်ကျင်နေခြင်းနှင့် ဘာသာရေးအရ လက်မခံနိုင်ခြင်းဖြစ်သည်။ နိုင်ငံအသီးသီး၏ ဥပဒေများအရလည်း လက်ခံနိုင်ခြင်းရှိ၊မရှိကို အငြင်းပွားနေဆဲဖြစ်သည်။ မေးခွန်းတစ်ခုအရ လူသားပုံတူကလုန်းများတွင် အသက် '၀ိညာဥ'် သို့မဟုတ် 'စိတ်' ဟူသောအရာများသည် တကယ့်လူသားများနှင့် မည်သို့ကွာခြားနိုင်ပါသနည်းဟူ၍ဖြစ်သည်။

Ref: Science & Technology Journal No.117 (27 Feb 2008)