Monday, February 21, 2011

အမျိုးသားတွေအတွက် ငွေကုန်ကြေးကျမများဘဲ နုပျိုသွားစေနိုင်မယ့်နည်းလမ်းများ

အလှအပဟာ အမျိုးသမီးတွေအတွက်ပါ။ အမျိုးသားတွေနဲ့ လားလားမျှ မဆိုင်ဘူးလို့
ရှေးခေတ်ကသတ်မှတ်ထားကြပေမယ့် အခုခေတ်ကြီးမှာတော့ အလှအပကို
အမျိုးသမီးတွေသာမဟုတ်၊ အမျိုးသားအများစုပါ စိတ်ဝင်စားလာကြပါပြီ။
အထူးသဖြင့် အရွယ်ရလာတဲ့ အမျိုးသားတွေဟာရှိတဲ့အသက်ထက်
ပိုပြီးနုပျိုချင်ကြပါတယ်။ အောက်ပါနည်းလမ်းတွေကတော့ ငွေကုန်ကြေးကျမများဘဲ
နုပျိုသွားစေနိုင်မယ့် လွယ်ကူတဲ့နည်းလမ်းတွေပဲဖြစ်ပါတယ်။

(၁) သွားများဖြူဖွေးသန့်ရှင်းနေပါစေ

ဆေးလိပ်သောက်ခြင်း၊ကွမ်းစားခြင်းဟာ သွားတွေကို
ညစ်ညစ်းဝါကြင်စေနိုင်တဲ့အတွက် ရုပ်ကိုအင်မတန်မှ ရင့်သွားစေနိုင်ပါတယ်။
ကွမ်းတံတွေး ပေကျံနေတဲ့သွားတွေဟာ လုံးဝကြည့်မကောင်းပါဘူး။ ဒါကြောင့်
နပျိုချင်ရင် ကွမ်း၊ ဆေးလိပ်ဖြတ်ပါ။ မနက်တစ်ခါ ၊ ညတစ်ခါ
သွားမှန်မှန်တိုက်ပါ။

(၂) Moisturizer လိမ်းပါ

ခြောက်သွေ့တဲ့အသားအရေဟာ ကြမ်းတမ်းရင့်ရော်နေပုံပေါက်ပါတယ်။
ဒါကြောင့်မျက်နှာကို အစိုဓာတ်ထိန်းသိမ်းပေးတဲ့ပစ္စည်းဖြစ်တဲ့
အမျိုးသားသုံး Moisturizer ဒါမှမဟုတ် Cream တစ်ခုခုလိမ်းပေးပါ။
မျက်နှာတင်မဟုတ် လက်နဲ့ခန္ဓာကိုယ်ကိုပါ Body Lotion လိမ်း ပေးပါ။
လက်အသုံးပြုရများတဲ့အခါ မျက်နှာထက်စာရင် ပိုပြီးကြမ်းတမ်းနေတတ်တဲ့အတွက်
လက်လိမ်းခရင်မ်တစ်ခုခုကို လက်လှမ်းမီ ရာမှာ ထားထားပါ။

(၃) နေရောင်ကာလိမ်းဆေးသုံးပါ။

နေရောင်ခြည်ဟာ အရေပြားကို များစွာထိခိုက်ပျက်စီးစေနိုင်တဲ့အတွက်
နေရောင်ခြည်ဒဏ်မှ ကာကွယ်နိုင်ရန် SPF ပါတဲ့နေရောင်ကာ လိမ်းဆေးကို
မျက်နှာမှာ လိမ်းပေးသင့်ပါတယ်။

(၄) မုတ်ဆိတ်မွှေး၊ နှုတ်ခမ်းမွှေး မထားပါနဲ့

တချို့အမျိုးသားတွေဟာ ပါးပြိုင်းမွှေး၊ နှုတ်ခမ်းမွှေးကို
နှစ်သက်စွာထားတတ်ကြပါတယ်။ ရုပ်နုချင်ရင်တော့ ဒီအမွှေးတွေကို
ပုံမှန်ရိတ်ပေး ဖို့လိုပါလိမ့်မယ်။ ဒီအမွှေးတွေက ရုပ်ရင့်စေလို့ပါ။

(၅) နှာခေါင်းမွှေး၊ နားသယ်မွှေးညှပ်ပစ်ပါ

အမျိုးသားတွေဟာ အသက်ကြီးလာတာနဲ့အမျှ မလိုချင်တဲ့နေရာတွေကနေ အမွှေးတွေ
ထွက်လာတတ်ပါတယ်။ အထူးသဖြင့် နှာခေါင်း နဲ့ နားထဲကအမွှေးတွေထွက်လာတတ်ပါတယ်။
အဲဒီအခါ နုတ်ရင်နုတ်၊ မနုတ်ရင် ညှပ်ပစ်လိုက်ပါ။

(၆) မျက်ခုံးမွှေးရိတ်ပါ

မျက်ခုံးမွှေးရိတ်ဆိုလို့ အမျိုးသမီးတွေလို တစ်တန်းတည်းပုံဖော်ပြီး
အလှရိတ်ခိုင်းတာမဟုတ်ပါဘူး။ သပ်သပ်ရပ်ရပ်လေးဖြစ်သွားအောင်
ရိတ်ရုံညှပ်ရုံလေးပါ။ အထူးသဖြင့် မျက်လုံးနှစ်ခုကြားက မျက်ခုံးမွှေးကို
ရိတ်သင့်ပါတယ်။ မျက်ခုံးမွှေးတစ်ဆက်တည်းဖြစ်နေတာ ဂုဏ်ယူ စရာမဟုတ်ပါဘူး။

(၇) အရောင်နဲ့ဝတ်ပါ

အရောင်မှိန်မှိန်တွေဝတ်မယ့်အစား သင့်အသားအရေနဲ့လိုက်ဖက်မယ့်
အရောင်လွင်လွင်ဝတ်ပေးပါ။ အရမ်းအရောင် တောက်လွန်းရင် လည်း
အသက်အရွယ်နဲ့မလိုက် ငယ်မူပြန်နေသလို ဖြစ်ပါလိမ့်မယ်။

(၈) မျက်မှန်ချွတ်ပါ

မျက်မှန်အစား မျက်ကပ်မှန်ပြောင်းတပ်ခြင်းက နုပျိုစေနိုင်ပါတယ်။ ဒါပေမဲ့
တချို့ကျတော့ မျက်မှန်နဲ့မှ ကြည့်ကောင်းပြီး သန့်ပြန့်သလို ဖြစ်တဲ့အတွက်
မျက်မှန်နဲ့လိုက်က မျက်မှန်ပဲတပ်ပါ။

(၉) ဆံပင်ပုံစံပြောင်းပါ

လူကြီးဆံပင်ပုံစံတွေဖြစ်တဲ့ ပြောင်သိမ်းထားတာတွေ၊ ဘေးခွဲကြီးတွေအစား
လူငယ်စတိုင် ဆံပင်ပုံစံပြောင်းလိုက်ပါ။ ဆံပင်ပုံစံက ရုပ်ကို အများကြီး
ပြောင်းလဲစေနိုင်ပါတယ်။

(၁၀) လေ့ကျင့်ခန်းလုပ်ပါ

မှာသွားပြီး လေ့ကျင့်ခန်းလုပ်တာတို့ လမ်းလျှောက်တာတို့လုပ်ပေးပါ။
လေ့ကျင့်ခန်းလုပ်ခြင်းဖြင့် ကိုယ်နေကိုယ်ထားမှန်ကန်စေသလို စိတ်ဖိစီးမှု
ဖြေဖျောက်ပေးပါတယ်။ စိတ်ဖိစီးမှုမရှိတဲ့အခါ မျက်နှာအရေပြားလည်း
မတွန့်တော့ပါဘူး။ သွေးလည်ပတ်မှုကောင်းစေကာ ခန္ဓာကိုယ်တစ်ခုလုံးကို
အောက်ဆီဂျင်ကောင်းစွာ ရောက်ရှိစေတဲ့အတွက် လန်းဆန်းတက်ကြွစေပါတယ်။

Credit: The Chic Magazine – No4. February 2011

Sunday, February 20, 2011

အထီးကျန်ခြင်းကို ဘယ်လိုဖြေရှင်းမလဲ

လူတိုင်းအထီးကျန်မှုကို ခံစားဖူးကြမှာပါ။ တချို့က သူတို့ဘဝမှာ ဘယ်သူတစ်ဦး တစ်ယောက်မှ မရှိပေမယ့် နာကျင်မှု ဝေဒနာ၊ အထီးကျန်မှု ဝေဒနာကို မခံစားရပါဘူး။

ဒါဟာ တစ်ယောက်တည်းနေရတဲ့ ဘဝကို အသားကျနေလို့ပါ။ တချို့တွေကတော့ ပြင်ပလူ့အဖွဲ့အစည်းတွေ၊ သူငယ်ချင်းအပေါင်း အသင်းတွေနဲ့ ဆွေမျိုးသားချင်းတွေ ကြားမှာ ကျင်လည်ရင်း သူတို့ပိုင်ဆိုင်တဲ့ အချိန် တွေကို ကုန်လွန်စေကြပါတယ်။ အထီးကျန်တယ်လို့ ခံစားရသူတွေရဲ့ စိတ်နေစိတ်ထား ဟာ သူတို့စိတ်အခြေခံကို မပြည့်စုံခြင်းတွေနဲ့ ပြည့်နေပြီး လူတွေက သူတို့ကို ငြင်းဆန် နေတယ်လို့ ခံစားရကာ ဘယ်လိုမှ စိတ်ဟာ အံဝင်ခွင်ကျမဖြစ်တော့တာပါ။

စိတ်ပညာရှင် ဆရာဝန်တစ်ဦးရဲ့ ပြောပြချက်အရ အထီးကျန်သူတွေရဲ့ စိတ်ဟာ စိတ်ဓာတ် ကျနေသူ တစ်ဦးလိုပါပဲ။ သူတို့ရဲ့ အထီးကျန်တဲ့ စိတ်ကြောင့် လူ့ပတ်ဝန်းကျင် အသိုင်း အဝိုင်းထဲမှာ ပေါင်းသင်းဆက်ဆံရေးတွေ လုံလောက်မှု မရှိတော့ပဲ ဖြစ်လာပါတော့တယ်။ အထူးသဖြင့် လူတစ်ယောက် အပေါ်မှာ မျှော်လင့်ချက်များစွာနဲ့ ပေါင်းသင်းဆက်ဆံသူတွေ ဟာ ဒီလို အထီးကျန်မှု ဝေဒနာကို ပိုပြီး ခံစားရတက်ပါတယ်။ မိမိက ခင်သလောက် ပြန်မခင်တာမျိုး၊ ကိုယ်ချစ်သလောက် ပြန်မချစ်ဘူးလို့ ထင်တာမျိုးတွေကြောင့် ကိုယ်တိုင်ပဲ စိတ်ထဲက ခံစားနေရတဲ့ တစ်ဖက်သတ် ခံစားမှုမျိုးပါ။ ဒီလို ခံစားမှုမျိုးက အချိန်ကြာလာရင် စိတ်ဘဝင်မကျမှုအပြင် ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားမှုလည်းလျော့နည်းလာတတ်ပါတယ်။

သင်ခံစားနေရတာကို မျှဝေခံစားပေးနိုင်မယ့် ဒါမှမဟုတ် အကြံပေးနိုင်မယ့် အဖော်သာမရှိရင် ပိုပြီးဆိုးရွားတဲ့ စိတ်ကျန်းမာရေးကို ဖြစ်ပေါ်လာစေပါတယ်။ အရမ်းခင်မင်ရတဲ့ သူငယ်ချင်း အပေါင်းအသင်းတွေနဲ့ ခွဲခွာရချိန်တွေမှာ ပိုပြီး ခံစားကြရပါတယ်။ သင့်ဘဝမှာ ဒီလို အထီးကျန်မှုတွေ ပြေပျောက်နိုင်စေမယ့် နည်းလမ်းအချို့ ရှိပါတယ်။

လုပ်ငန်းခွင်မှာ အထီးကျန်ရင်

ဒါဟာ သင့်အလုပ်ပေါ်မှာ စိတ်ဝင်စားမှုနဲ့ ဆိုင်ပါတယ်။ သင်ဝါသနာပါတဲ့ အလုပ် ဖြစ်ဖို့လည်း လိုပါတယ်။ သင်ဝါသနာမပါတဲ့ အလုပ်ဆိုရင်တာ့ သင်ဝါသနာပါတဲ့ တခြားအလုပ်ကို အိမ်ပြန်ရောက်ချိန်မှာ ပြုလုပ်နိုင်ဖို့ ကြိုးစားကြည့်ပါ။

သင့်အဖော်ကြောင့် အထီးကျန်တယ်လို့ ခံစားရရင်

မိတ်ဆွေ အပေါင်းအသင်းတွေနဲ့ သင့်ကိုယ်ပိုင်ဘဝကို စတင်ပါ။ အမျိုးသားတိုင်းက အမျိုးသမီးတိုင်းရဲ့ လိုအပ်ချက်ကိုတော့ မသိနိုင်ပါဘူး။ အချို့အရာတွေက ကိုယ်တိုင် ပြောပြဖို့ လိုပါတယ်။ တချို့အမျိုးသားတွေကတော့ အိမ်ကို ပြန်လာလို့ သူတို့ကို ဂရုမစိုက်တဲ့ မိန်းမမျိုးနဲ့ ဆိုရင် ဒီပြဿနာကို ဖြေရှင်းဖို့ အတွက် တခြားပျော်စရာ နေရာတွေကို သွားပြီး စိတ်ကို ဖြေဖျောက်ကြမှာပါ။ အမျိုးသမီးတစ်ဦးအတွက် စိတ်ထွက်ပေါက်ကိုတော့ နားလည်ပေးမှာ မဟုတ်ပါဘူး။ ဒါကြောင့် သင့်အဖော်နဲ့ ခံစားချက်တွေကို တိုင်ပင်နိုင်ဖို့ သီးသန့် အချိန် တစ်ရက်လောက်ယူပြီး ခံစားချက်တွေကို ဖွင့်ဟပြောဆိုပါ။

လူတစ်ယောက်ကို လက်ထပ်ဖို့ အသင့် မဖြစ်သေးတဲ့အခါ

အဓိကကတော့ သင့်ကိုယ်သင် ပြန်ပြီး မေးကြည့်ဖို့ပါပဲ။ ဒီကိစ္စကို သင်ဟာ တစ်ယောက်ထည်း ရှောင်ပုန်းနေမယ် ဆိုရင်တော့ သင်တစ်ယောက်တည်း အထီးကျန်မှုကို ခံစားနေရမှာပါ။ သင့်ခံစားချက်ကို သင်ကိုယ်တိုင် ပြန်မေးကြည့်ပါ။ "သူနဲ့ မတွေ့ရချိန်တွေမှာ သူ့ကို လွမ်းနေလား၊ သူမရှိရင် သင်ပျော်နေလား၊ သူ့ကို မြင်လိုက်ချိန်တိုင်း ကြည်နူးမိလား၊ သူနဲ့အတူ ဘဝတစ်လျှောက်လုံး လက်တွဲသွားရင် ပျော်ရွှင်မိမယ်လို့ ခံစားရလား၊ သူ့ကို လက်ထပ်ရင်ရော သူ့ဘက်က ဘယ်လို တုံ့ပြန်မလဲ၊ သူရဲ့ အပြုအမူအပေါ် သင်ဘယ်လိုတွေ ခံစားရလဲ" အဲဒီ မေးခွန်းတွေရဲ့ အဖြေတွေက သင့်ကို အကောင်းဆုံး ဆုံးဖြတ်ချက်ကို ချနိုင်ပါလိမ့်မယ်။ ဒီအချက်တွေ အတွက် သင့်ဘက်မှာ လိုအပ်ချက်တွေ ရှိနေရင် ရှောင်ပုန်းမနေပါနဲ့။ ဒါဟာ အကောင်းဆုံး အကြောင်းပြချက်ပါပဲ။

မိသားစုနဲ့ ဝေးလို့ အထီးကျန်ခြင်း ခံစားရရင်      

ကိုယ်ချစ်ခင် နှစ်သက်တဲ့သူနဲ့ အပြီးအပိုင် ခွဲခွာရတာဟာ ဖြေမဆည်နိုင်တဲ့ ဝမ်းနည်းမှုပါ။ ဒါပေမဲ့ လောကဖြစ်စဉ်ကို လက်ခံနိုင်ဖို့တော့ လိုပါတယ်။ ခဏတာ ခွဲခွာမှုအတွက် အထီးကျန်တယ်ဆိုရင် နောက်လည်း သွားတွေ့နိုင်ကြောင်း သင်သတိရပါ။ သင့်နေ့စဉ် လှုပ်ရှားမှုတွေထဲမှာ တခြားသင်ဝါသနာပါတဲ့ အားကစားတွေ၊ စာဖတ်ခြင်းတွေ၊ ဂေါက်ရိုက်ခြင်းတွေ ပြုလုပ်ဖို့ အချိန်ပေးလိုက်ပါ။

ချစ်သူနဲ့ ခွဲခွာရလို့ အထီးကျန်ရင်

ရင်ထဲမှာ ခံစားနေရတာတွေကို စာရွက်တစ်ရွက်နဲ့ ချရေးလိုက်ပါ။ ကဗျာနဲ့ စာတွေကို သင့်စိတ်ထဲမှာ ပေါ်လာတဲ့အတိုင်း ရေးချပြီး သတိရတိုင်း ပြန်ဖတ်ကြည့်ပါ။ သူငယ်ချင်းတွေနဲ့ စကားပြောတာမျိုး၊ ဂိမ်းကစားတာမျိုး ပြုလုပ်ပါ။ ရယ်စရာ ဟာသကားတွေ ကြည့်ပါ။

Ref: Good Health

Hernia အူကျ-မကျ သိပါရစေ

16 Aug 10, 18:26

ဆရာခင်ဗျား ကိုယ့်ကိုယ်ကို အူကျ-မကျ သိရအောင် မည်သို့ စမ်းသပ် စစ်ဆေးနိုင်ပါသလဲ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါ။

မေးထားတာတွေရှိလို့ ၂ ခါ ဖြေထားသေးတယ်။ ဒီတခါ စမ်းသပ်နည်းပါမေးလို့ ပိုစုံအောင်ရေးပါမယ်။ ယောက်ျားတွေမှာ အဲဒီနေရာမယ် ဖြစ်တဲ့ ရောဂါတွေ အဓိက ၄ မျိုး ရှိတယ်။
1. Hernia အူကျတာ၊
2. Hydrocele မုတ္တရောဂါ၊
3. Epididymitis ကျားအစေ့ရောင်ခြင်း၊
4. Varicocele (ဗေရီကိုဆီးလ်)၊ တွေ ဖြစ်တယ်။

ယောက်ျားတိုင်းရဲ့ Scrotum ကပ်ပယ်အိတ် တဖက်စီထဲမယ် Testis ဝှေးစေ့ တလုံးစီ ရှိတယ်။ အစေ့အထက်မှာ အထက်-အောက် တန်းနေတာကို အကြောလို့ အလွယ်ခေါ်တဲ့ထဲမှာ Arteries and Vein သွေးကြောတွေ၊ Nerve အာရုံကြောနဲ့ Vas deferens သုတ်ရည်ပြွန် ရှိပြီး၊ အားလုံးက ရောကပ်နေကြတာ လက်ချောင်းလေး တချောင်း စာလောက် တုတ်တယ်။

ကပ်ပယ်အိတ်ထဲကို မရှိရမဲ့ အူက ဗိုက်ထဲကနေ ကျလာတာကို Hernia အူကျတာ ခေါ်ပါတယ်။ မုတ် ဆိုတဲ့ မုတ္က Hydrocele ကတော့ အစေ့ကို ဖုံးနေတဲ့ အိတ်ထဲက ပုံမှန်ရှိရမဲ့ ခပ်ပါးပါးအရည်တွေ အများကြီး ဖြစ်လာတာကို ခေါ်တယ်။ အူကျတာနဲ့ မုတ်က မနာတာ တူတယ်။ အသက်အရွယ် မရွေးတာ တူတယ်။ အကြော-အစေ့ ရောင်တယ်ဆိုတာ အတော် နာတယ်။ ဝှေးစေ့ ရဲ့ သွေးပြန်ကြောတွေ ဖေါင်းကြွနေတာကို Varicocele ခေါ်တယ်။ သူလည်း မနာဘူး။

ဒီရောဂါ လေးမျိုးအပြင် ရှားရှားပါးပါးတွေလည်း ရှိသေးတယ်။ Scrotal elephantiasis ဆင်ခြေထောက်ပိုးကြောင့် မုတ်လို ဖြစ်တာ၊ Hydrocele of testis အစေ့ မုတ်၊ Spermatocele သုတ်ပိုးအိတ်၊ Testicular torsion အကြောထုံးတာ၊ Testicular cancer အစေ့ ကင်ဆာ၊ TB အစေ့ တီဘီတွေ ဖြစ်တယ်။ နောက်ထူးဆန်းတာတခုက Undescended testis မွေးကတည်းက အစေ့က တဖက်ဖြစ် နှစ်ဘက်လုံးဖြစ်ဖြစ် ကပ်ပဲ့အိတ်ထဲကို ကျမလာတာ။ အစေ့ တဖက်ထဲသာ စမ်းရရင် ဒါဖြစ်မယ်။

အူကျတာက မတ်တပ်ရပ်ရင် ကျလာမယ်။ ချောင်းဆိုး-နှာချေရင်၊ ပြေးရင်၊-ခုန်ရင်၊ အလေးအပင်မရင်၊ ဗိုက်ကို ညှစ်လိုက်ရင် ထွက်လာမယ်။ အိပ်နေရင် သူ့ဖါသာ ဖြစ်စေ၊ သွင်းပေးလို့ဖြစ်စေ ပြန်ဝင်သွားမယ်။ ၁ လ၊ ၁ နှစ်ကနေ၊ ၁၀ နှစ်၊ အနှစ် ၂၀ အထိ ကြာနိုင်တယ်။ ကြာကြာ ဖြစ်နေသူမှာ ယုတ်တရက် နာလာတာကတော့ အရေးပေါ်။ ပြန်မ၀င်နိုင်ဘဲ ကျနေတဲ့ အူက ခေါက်နေလို့။ အူက ရောင်-နာ၊ အူပိတ်တာ ဖြစ်လာတယ်။ နေ့နေ့-ညည ခွဲရလိမ့်မယ်။

အဲဒီ လက္ခဏာတွေက ဘာရောဂါဆိုတာ ပြောနေပြီ။ သေခြာအောင် လုပ်တော့မယ်။ ကျလာတဲ့ အူဆိုတာကို အစေ့ရဲ့ အပေါ်မှာ၊ သီးသန့် စမ်းလို့ ရတယ်။ မဖြစ်တဲ့ ဘက်နဲ့ ယှဉ်ကြည့်ပါ။ ချောင်းအတု ဆိုးခိုင်းရင် ကျကျလာလို့၊ ဖေါင်းဖေါင်း လာမယ်။ ကျလာတဲ့နေရာက ဗိုက်အောက်ပိုင်း၊ ပေါင်ခြံအထက် နေရာက ဖြစ်တယ်။ လှဲအိပ်ခိုင်းတာနဲ့ ၀င်သွားမယ်။ ပြန်သွင်းပေးရင် ထွက်လာတဲ့ နေရာဆီကို သွင်းပေးရတယ်။ အတိအကျ ပြောရင် ကပ်ပဲ့အိတ် အထက် တည့်တည့်၊ ဆီးစပ်က အရိုးမာမာရဲ့ ဖြစ်တဲ့ဘက် အထက်-ဘေး ၂ လက္မလောက် နေရာပါ။ ကျနေတဲ့အူကို ပြန်သွင်းပြီး၊ မတ်တပ်ရပ် အနေအထားမှာ အဲဒီနေရာမှာ စမ်းတဲ့သူက လက်နဲ့ ဖိ-ပိတ်ထားရင် ချောင်းဆိုးခိုင်းပေမဲ့ အူက ကျမလာဘူး ထွက်ပေါက်ကို ဖိ-ပိတ်ထားလို့။ ဒါဆို အူကျရောဂါ သေခြာပြီ။

ထွက်လာတဲ့ နေရာဆိုတာ ဘာလဲ။ ဗိုက်ကိုဖုံးကာပေးထားတဲ့ ကြွက်သားလွှာက ၃-၄ ထပ်ရှိတယ်။ (ဒါရိုက်ရှင်) အမျိုးမျိုး။ အထက်-အောက်၊ တစောင်း။ ကြွက်သားတွေက ပေါင်ခြံထိပ်က အရွတ်မှာ လာတွယ်တာတွေက အူကျတာနဲ့ ဆိုင်တယ်။ လာတွယ်ကြတဲ့အခါ ဂဟေဆက်သလို မဟုတ်ဘူး။ အဟလေးတွေ ကျန်နေတယ်။ အဲဒီနေရာလေးတွေက အပေါက် ဖြစ်နေလို့ အားနည်းချက်တွေဘဲ။ ဗိုက်ကို တင်းအား-ညှစ်အား လုပ်တဲ့အခါ ဗိုက်ထဲ ရှိတာတွေဟာ အပေါက် နေရာတွေကနေ ထွက်ဘို့ ကြိုးစားပါတယ်။ ထွက်လာနိုင်ရင် Hernia ဖြစ်ပြီပေါ့။ ခေါ်တော့သာ အူကျတယ်လို့ အလွယ် ခေါ်တာ၊ ဗိုက်ထဲက ထွက်လို့ရတာ ထွက်မှာဘဲ။

ကျလာတယ်ဆိုတာ အူသပ်သပ် ကျတာတော့ မဟုတ်ဘူး။ ကြွက်သားတွေရဲ့ အတွင်းမှာ ဗိုက်တပြင်လုံးကို ဖုံးနေတဲ့ အလွှာပါးပါး ရှိသေးတယ်။ အဲဒီအလွှာက ထွက်မဲ့နေရာကနေ တဖြေးဖြေးချင်း စူစူထွက်လာတာမို့ အိပ်ကလေးဖြစ်ပြီး၊ အိတ်ထဲမှာက အူ စသဖြင့်။ အူကလည်း အူသိမ်ဖြစ်တာ အများဆုံး။ ညာဘက်မှာ ဖြစ်ရင် အူအတက်ဆိုတာလည်း ပါနိုင်တယ်။

စုံအောင် ရေးပါရစေ။ Hernia ဆိုတာ ယောက်ျားတွေ အတွင်းခံ ဘောင်းဘီ ၀တ်ရာမှာသာ ဖြစ်တယ် ထင်ကြမယ်။ မဟုတ်ပါ။ အမျိုးသမီးတွေလည်း အူကျတာ ဖြစ်တယ်။ နည်းပါတယ်။ ယောက်ျားတွေကို ခွဲပေးဘူးတာ မရေတွက်နိုင်ပေမဲ့ အမျိုးသမီး ၂ ယောက်သာ ခွဲပေးရဘူးတယ်။ သူတို့မှာ ကပ်ပဲ့အိတ် မဟုတ်ဘဲ မ-အင်္ဂါ နှုတ်ခမ်းထဲကို ကျလာတယ်။

အများဆုံးဖြစ်တဲ့ ပေါင်ခြံမှာ ဖြစ်တာကို Inguinal hernia ခေါ်တယ်။ ပေါင်ထိပ်မှာဖြစ်ရင် Femoral hernia ခေါ်ပြီး၊ အမျိုးသမီးတွေ ပိုဖြစ်တယ်။ ကလေးတွေတောင် ဖြစ်သေးတာ။ ချက်မှာ ကလေးငိုရင် စူထွက်လာတာကို Umbilical hernia ခေါ်တယ်။ သူ့ကိုတခါတည်း နာမယ်ပေးတယ် မဟုတ်လား။ "ချက်ဖေါင်း" လို့။ ထပ်ရှိသေးပြန်တယ်။ ဗိုက်ခွဲထားတဲ့ ချုပ်ရိုးနေရာကနေ စူထွက်တာကို Incision hernia ခေါ်တယ်။ ဗိုက်နဲ့ ရင်ခေါင်းကို ပိုင်းခြားထားပေးတဲ့ ကြွက်သားကြီးမှာ ဖြစ်ရင် Diaphragmatic hernia ခေါ်တယ်။ တခြားဟာတွေလည်း ရှိသေးတယ်။ ဆေးပညာ သင်သူတွေ အတွက်သာ သိဘို့ လိုပါတယ်။

ဘာလို့ အူကျတာလဲ။ ရေးပြခဲ့တဲ့ ဗိုက်ဖုံးကြွက်သား ခန္ဓာဗေဒမှာ အားနည်းနေသူ၊ ဗိုက်ကို တင်းအားဖြစ်စေမှာတွေ လုပ်တာ များလို့ကြောင့် ဖြစ်တယ်။ မဖြစ်စေချင်သူတွေ ဒါမျိုး ဆင်ခြင်ရမယ်။ အပြေး-အခုန်၊ အလေးမ၊ အတက်-အဆင်း၊ အားကစားသမား ရောဂါလို့ ထင်ရတယ်။ အမှန်က အဲလိုတော့ မဟုတ်ဘူး။ ခန္ဓာဗေဒက (ပါဖက်) ဆိုရင် မဖြစ်ပါဘူး။

Hernia သေခြာရင် ခွဲရမှာပါ။ မခွဲဘဲ ယာယီ သက်သာအောင် လုပ်တာမျိုးလည်းရှိတယ်။ အသက်ကြီးသူတွေ၊ အခွဲ မခံသင့်သေးသူတွေ ဥပမာ ဆီးချို၊ နှလုံးရောဂါရှိနေသူတွေ အတွက်သာ ညွှန်းပါတယ်။ ခါးပတ်တမျိုး ပတ်ထားရတယ်။

ခွဲစိတ်တာက ထမင်းစားရေသောက် ပြောလို့ရပါတယ်။ ဆရာဝန်များ ခွဲတာ-စိတ်တာ လက်တွေ့သင်ရင် Hydrocele တတ်ပြီးရင် Hernia ခွဲရတယ်။ အတွေ့အကြုံတော့ လိုတယ်။ ခွဲပြီးမှ ပြန်ဖြစ်သူတွေလည်း ရှိတတ်တယ်။ အသက်ကြီးသူတွေ အတွက်တော့ နည်းနည်း ပိုလုပ် ပေးရတာမျိုး ရှိတယ်။ ဖါထေးရတာမျိုး။ ဇရာက ဆရာဝန်တွေကို ပိုဒုက္ခပေးတယ်။

Dr. တင့်ဆွေ
၁၇-၈-၂၀၁၀


Penile retraction တိုနာ ရောဂါ

အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၃၁)

September 03, 2010 12:16 AM
ကျွန်တော့်အသက် (၂၃)နှစ်ရှိပါပြီ။ နိုင်ငံခြားမှာ ကျောင်းတက်နေပါတယ်။ လိင်ဝင် (တိုနာ) ရောဂါနဲ့ ပတ်သက်ပြီး ရှင်းပြပေးပါဦး။ လိင်ဝင်တာကို ဆီးခုံမွှေးရှူပေးရင် ပျောက်ကင်းနိုင်တယ်လို့ ကြားဖူးပါတယ်။ တိုနာရောဂါကို ကြောက်ရွံ့နေမိလို့ ဘယ်လို နေထိုင်ရမလဲ ဆိုတာကိုပါ ဖြေပေးစေချင်ပါတယ်။

ဒီ ကျန်းမာရေး ပြဿနာကို အရပ်စကားသဘော ပြောနေကြတာ အမှန်ဘဲ။ "တိုနာ" လို့ သာမက "သိုဝင်တာ" လို့ပါ ခေါ်သေးတယ်။ "အရေးပေါ်ဖြစ်တယ်"၊ "ကုသဘို့ရာ အမျိုးသမီး မ-အင်္ဂါအမွှေးကို မီးရှို့ပြီး၊ အရှူခိုင်းရတယ်၊" "မဟုတ်ရင် သေနိုင်တယ်၊" လို့ ပြောကြတယ်။ သူ့အရပ်နဲ့သူ အခေါ်နဲ့ ကုသနည်းတွေ ရှိနိုင်မယ် ထင်တယ်။ ဆရာဝန်တွေ သင်ရတဲ့ အထဲမှာ ပါတာတော့ မတွေ့သေးဘူး။ ဒါပေမဲ့ သူများနိုင်ငံတွေမှာ အဲလိုဖြစ်တာ စွယ်စုံကျမ်းတွေမှာ စာတင်ခံရတဲ့အထိ ရှိပါတယ်။

အင်္ဂလိပ်လို Koro ခေါ်တယ်။ တရုပ်လို Shuk yang, Shook yong, Suo yang လို့ ခေါ်သတဲ့။ Koro ဟာ ရောဂါ တခု အဖြစ် သတ်မှတ်တယ်လို့ ပြောနိုင်ပြီ။ အမေရိကန် "စိတ်ရောဂါ ရောဂါရှာဖွေရေးနှင့် စာရင်းဇယား အညွှန်း" ထဲမှာ ထည့်သွင်း ထားတာ တွေ့လာရတယ်။ "ယဉ်ကျေးမှု အခြေပြု စိတ်နဲ့ သက်ဆိုင်တဲ့ ဖြစ်စဉ်အုပ်စု" ထဲမှာ ထည့်ထားပါတယ်။ Disease ရောဂါလို့ မပြောဘဲ Syndrome လက္ခဏာ-အစုအဝေး လို့ ခေါ်တယ်။

Koro ဆိုတဲ့ စကား မူလအစက အင်ဒိုနီးရှား တောင်ပိုင်း ဆူလာဝေစီ ကနေ လာတယ်။ Shrinkage "သေးငယ်-တိုတယ်" ဆိုတဲ့ အဓိပ္ပါယ်ရတယ်။ တရုပ် နဲ့ မလေးမှာလဲ အဓိပ္ပါယ်တူ စကားလုံးတွေ ရှိတယ်။ အာသန် နဲ့ ထိုင်း နိုင်ငံတွေမှာလည်း သူ့အခေါ်နဲ့သူ ရှိတယ်။ တိုင်းပြည်က ညံ့သလား မမေးနဲ့ ဗမာတွေမှာ အဲလိုရှိတာ သူများတွေ မသိကြသေးဘူး။ တယောက် လောက်ကနေ MySpace နဲ့ YouTube ကနေ ဗီဒီယိုဖိုင် တင်ပေးရင် နာမည်ကြီးနိုင်တယ်။

Koro ဆိုတာ ရုတ်တရက် အပြင်းအထံ ယောက်ျားက "သူ့လိင်တံ Genital shrinkage တိုရာ၊ သေးရာကနေ Genital retraction ကိုယ်ထဲ ၀င်သွားမယ်-တယ်" ဆိုတဲ့ ရောဂါဆန်းတခု ဖြစ်တယ်။ တချို့မှာ နှစ်မျိုးလုံးဖြစ်တယ်။ နာရီနဲ့ ရက်နဲ့ အထိ ကြာသတဲ့။ နာတာရှည် သမားလည်း ရှိသတဲ့။ ဒါ့ပြင်လဲ ကျားအင်္ဂါ ပုံပန်း ပြောင်းသွားတာ၊ အားနည်းသွားတာ၊ ဖြစ်သူတွေ ရှိသတဲ့။ မိန်းမတွေမှာလည်း "သူ့နို့သီးထိပ်ဖျား၊ ဒါမှမဟုတ် မ-အင်္ဂါ အထဲထဲ ၀င်သွားမယ်-တယ်" လို့ ရှိသတဲ့။

ဘာလို့ ဖြစ်သလဲ ဆိုတာတွေထဲမှာ Psychosexual conflicts လိင်-စိတ် အထာမကျတာ၊ Personality factors သူဘဲ ဖြစ်နေတာ ဆိုတဲ့ တကိုယ်ရေ ပြဿနာ၊ Cultural beliefs ယဉ်ကျေးမှုအရဆိုတဲ့ ရိုးရာ-အစဉ်အလာ တူကြသူတွေမှာ ဖြစ်တယ်လို့ ယုံနေတာတွေ ပါတယ်။ ဒီသဘောမျိုးဟာ လိင်ဆက်ဆံဘက် အများကြီး ရှိတတ်သူ။ ကိုယ့်ဖါသာ အာသာ ဖြေတာကို အပြစ်ကြီးထင်မှတ်သူ၊ ပန်းညှိုးသူတွေမှာလိုဘဲ Sexual adjustment လိင်နဲ့ ပတ်သက်တာမှာ အထာ မကျသူတွေ ဖြစ်ပါတယ်။

ဆန်းစစ်သူတွေက စိတ်နဲ့ ဆိုင်တာနဲ့ မဆိုင်တာ၊ လုံးဝ နဲ့ တ၀က်တပျက်၊ ကြိုးစားပြီး အမျိုးအစား ခွဲနေကြတယ်။ ဆေးဝါး သုံးလို့ ဖြစ်တာ၊ ဦးနှောက်-အာရုံကြော ရောဂါ စသဖြင့် ပါတယ်။ ဖြစ်လို့ သေတော့မှာဘဲ ထင်တာကတော့ Anxiety neurosis ကြောက်စိတ်ဝင် ရောဂါ အမျိုးအစား ဖြစ်တယ်လို့ ဆရာဝန်တွေက ဆိုတယ်။ အနောက် နိုင်ငံတွေမှာလည်း ဖြစ်တာဘဲ။ ဒါပေမဲ့ အာရှသားတွေလို သေမယ်လို့ သိပ်မထင်ကြဘူး။

တရုပ်မှာ ဒါမျိုး များတယ်။ တရုပ်ရိုးရာ ဆေးကျမ်းမှာ ဒီလိုဖြစ်တာကို ၂ မျိုးခွဲထားတယ်။ အသဲနဲ့ ကျောက်ကပ်မှာ Yin and Yan မျှခြေလွဲ ဖြစ်တဲ့ လိင်ရောဂါတဲ့။ သိတဲ့အတိုင်း ဧကရာဇ်တွေ လက်ထက်မှာ Eunuch ဆိုတဲ့ မိန်းမစိုး သင်ကွပ်ထားတဲ့ ယောက်ျားတွေ ရှိခဲ့တယ်။ တရုပ် Taoism အယူအဆထဲမှာ သုတ်ထွက်များတာ မကောင်းဘူးလို့ ယူဆတာဟာ ခေတ် ဆေးပညာနဲ့ ကွဲလွဲနေတယ်။ တရုပ်မှာ ပြောစရာတွေ အများကြီးရှိသေးတယ်။ တစ္ဆေ၀တ္ထုထဲမယ် Fox spirit မြေခွေး-၀ိဥာဉ်ကနေ ခွန်အားနဲ့ လိင်ပိုင်းကို အများကြီး အားနည်းစေတယ်လို့ ရေးထားတာမို့ ဖတ်တဲ့သူတွေရဲ့ စိတ်ကို လွှမ်းမိုးနေတယ်။ ဒါ့ကြောင့် တိုဝင်တာလည်း တစ္ဆေပြုစားတယ်လို့ မှတ်ထင်ကြတယ်။

ဆေးပညာအရ ကုသနည်းက စိတ်ရောဂါကုသနည်း အခြေခံတယ်။ စမ်းသပ် စစ်ဆေးမှုတွေ လုပ်ပြီး၊ လိင်အင်္ဂါရဲ့ ခန္ဓာဗေဒကို ရှင်းပြရတယ်။ Penis ကျားလိင်အင်္ဂါဟာ Pubic bone ဆီးစပ်ရိုး ကို Suspensory ligament အရွတ်နဲ့ ဆက်နေတာမို့ ဘယ်လိုမှ အထဲဝင်မသွားနိုင်ဘူး။ လိုသေးရင် စိတ်ဆေး ပေးပါမယ်။

ရိုးရာနည်းတွေမှာလည်း ဘာလို့ဖြစ်သလဲ အပေါ် မူတည်ပြီး ကုတယ်။ တစ္ဆေထင်ရင် ဘုရားတို့ နတ်တို့ ပူဇော်တာ၊ ပသတာ၊ လုပ်တယ်။ မောင်ထုပြီး အပထုတ်တယ်။ ကျား၊ သမင်၊ စတဲ့ အကောင်တွေကနေ ထုတ်တဲ့ ဆေးတွေ ပေးတယ်။ pepper soup, ginger soup ချင်း၊ ငရုပ်ကောင်း ဟင်းချို တိုက်သေးတယ်။ ကာကွယ်နည်းအနေနဲ့ သိပ်စိုးရိမ်သူတွေက လိင်အင်္ဂါ အထဲ မ၀င်အောင် သူတို့ဖါသာ ကြံဖန် လုပ်တတ်ကြတယ်။ မိန်းမတွေလည်း လုပ်ကြတယ်။ ဆေးပညာအရ အန္ထရာယ် မကင်းတာတွေ ဖြစ်လို့၊ နည်းတွေကို မရေးတော့ပါ။

တိုဝင်တာကို "Penis panic" လို့ ခေါ်ကြတယ်။ လိင်အင်္ဂါနဲ့ပတ်သက်ပြီး ကျီးလန့်စာစား ချောက်ချားစိတ်ဝင်တာလို့ ပြောချင်တာပါ။ စိတ်ဖိအားများတာ၊ အပူချိန်နည်းတာ၊ လန့်စိတ်ဝင်တာမျိုးတွေက ဖြစ်စေတယ်။ Adrenaline အပြင် မူးယစ်ဆေးအုပ်စုထဲက Amphetamine, Cocaine တွေရဲ့ ဘေးထွက်-ဆိုးကျိုးကနေလည်း ဖြစ်စေနိုင်တယ်။

Dr. တင့်ဆွေ
၃-၉-၂၀၁၀

Saturday, February 19, 2011

ကြော်ငြာအကျိုးသက်ရောက်မှုနှင့် ဘေးထွက်ဆိုးကျိုး

ကြော်ငြာရှင်တွေဟာ ဘယ်လိုရည်ရွယ်ချက်နဲ့ ကြော်ငြာကြတာလဲလို့ ကျွန်တော်ကမေးရင် ကြော်ငြာရှင်များက "ဖြေစရာမလိုတဲ့ မေးခွန်းကြီး" လို့ပြောကြမှာပါ။ ဟုတ်ပါတယ်။ ကြော်ငြာတယ်ဆိုတာ ကိုယ့်ပစ္စည်းကို လူတွေသတိပြုမိဖို့ ဖြစ်ပြီး စမ်းသပ်သုံးစွဲမိဖို့(Trial) နဲ့ အခါခါထပ်ပြီးဝယ်ယူ (Repeat Purchase) ကြတဲ့အတွက် မိမိရဲ့ ကုန်ပစ္စည်းတွေရောင်းအားပိုပြီးတက်လာဖို့အဓိကဖြစ်ပါတယ်။

ဒါဆိုရင် ကြော်ငြာလို့အကျိုးသက်ရောက်မှုရှိသလို၊ အကျိုးမရှိဖြစ်သွားနိုင်တယ်၊ ဘေးထွက်ဆိုးကျိုးတွေလည်း ရှိသွားနိုင်တယ်လို့ဆိုရင် ခင်ဗျားလက်ခံပါ့မလား။ ခင်ဗျားကကြော်ငြာလောကသားဆိုရင် မဖြစ်နိုင်ဘူးလို့ပြောမှာပါ။ ဒါဆိုရင်လက်တွေ့ဖြစ်ရပ်တစ်ခု ကျွန်တော် တင်ပြပါ့မယ်။ ၂၀၁၀ အနှောင်းပိုင်းမှာ Marketing Research Journal ထဲမှာ ဒီဖြစ်ရပ်အကြောင်းကို ဖတ်ရပါလိမ့်မယ်။

Northwestern University's Kellog School of Management ဟာ တက္ကသိုလ်ကျောင်းသူ/ကျောင်းသား ဦးရေ (၁၂၀၀)ကို အင်တာဗျူးလုပ်ပြီး လေ့လာမှုတစ်ခု ပြုလုပ်ခဲ့ပါတယ်။ ဒီကျောင်းသူ/ ကျောင်းသားတွေကို အရက်ဆန့်ကျင်ရေးပိုစတာနမူနာတွေကို ပြပြီးတော့ ဒီကြော်ငြာတွေအပေါ် တုန့်ပြန်ချက်တွေကို မှတ်တမ်းတင် ခဲ့ပါတယ်။ ကနေဒါနိုင်ငံမှာ အသုံးပြုခဲ့တဲ့ အရက်ဆန့်ကျင်ရေး ကြော်ငြာတွေကို အခြေခံပြီး နမူနာပိုစတာများကို ဖန်တီး(create) ခဲ့တာပါ။

ပေးချင်တဲ့ မက်ဆေ့ခ်ျကတော့ အရက်ကိုအလွန်အကျွံသောက်လိုက်မိလို့ လူမှန်းမသိဖြစ်သွားရင် အန္တရာယ်ရှိတယ်။ ရှက်စရာကောင်း တယ်၊ ဒါကြောင့် အပြစ်ရှိတယ်ဆိုတာပါပဲ။

(၁) ခင်ဗျားမျက်စိထဲမြင်လာအောင် ကနေဒါနိုင်ငံအရက်ထိန်းချုပ်ရေးဘုတ်အဖွဲ့က ထုတ်လုပ်တဲ့ပိုစတာအကြောင်းကို ပထမဆုံး ပြောပြာပါမယ်။ အဲဒီပိုစတာကတော့ အမူးလွန်နေတဲ့ လူငယ်တစ်ယောက်ဟာ အိမ်သာအိုး(commode)ထဲကို အန်ချနေတာကို အပေါ်စီးကရိုက်ပြ ထားတဲ့ပိုစတာပါ။ "ကျွန်တော့်ဘ၀တစ်လျှောက်လုံးရဲ့ အကောင်းဆုံးညပါပဲ" ဆိုတဲ့စာတမ်းကို သူ့ခေါင်းနဲ့ တစ်ပြေးညီမှာ ပုံနှိပ်ထားပါ တယ်။

(၂) ဒုတိယပိုစတာကတော့ ကနေဒါနိုင်ငံ Sashatchewan ပြည်နယ်၊ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်လုပ်တဲ့ပိုစတာပါ။ အမျိုးသမီး ငယ်တစ်ဦးဟာ ကြမ်းပြင်ပေါ်မှာ မှောက်လျက်လဲနေရင်း ညာဘက်လက်က အရက်ပုလင်းကို ကိုင်ထားပါတယ်။ ပိုစတာဓာတ်ပုံရဲ့ အောက်တည့်တည့် မှာတော့ "ဒီနေရာဟာ သူနေတဲ့ ကောလိပ်ကျောင်းအဆောင်လို့ မဆိုနိုင်ပါဘူး" လို့ပုံနှိပ်ထားပါတယ်။

ကြော်ငြာဖန်တီးသူတွေကတော့ အရက်အလွန်အကျွံသောက်လိုက်မိလို့လူမှန်းမသိအောင်ဖြစ်သွားရင် အန္တရာယ်ရှိတယ်၊ ရှက်စရာ ကောင်းတယ်၊ ဒါကြောင့် အပြစ်ရှိတဲ့လုပ်ရပ်ဆိုတာကို လူငယ်တွေသိစေချင်၊ နားလည်စေချင်တာပါ။ ဒါပေမဲ့ နမူနာပိုစတာတွေ ကြည့်ပြီး နောက် လူငယ်အများစုရဲ့တုံ့ပြန်ချက်ကတော့ ကြော်ငြာဖန်တီးသူတွေ မျှော်မှန်းထားတာမျိုးမဟုတ်ပါဘူး။ အချို့လူငယ်တွေဟာ ဒီ ကြော်ငြာတွေကို မြင်မြင်ချင်းပဲ လက်မခံတဲ့တုန့်ပြန်မှုတွေပြသကြပါတယ်။ တချို့ဆိုရင် ဒီပိုစတာကို ကြည့်ပြီးတာနဲ့ အရက်သွားသောက် ဖို့တောင် ဖြစ်နိုင်ချေရှိပါတယ်။ ဘာကြောင့် ဒီလိုတုန့်ပြန်ကြတာပါလဲ။

ဒီလေ့လာချက်ပြုလုပ်တဲ့ ကောလိပ်က မားကတ်တင်းပါမောက္ခ ရဲ့မှတ်ချက်က "မိမိမှာ အပြစ်ရှိတယ်၊ ဒါမှမဟုတ် ရှက်စရာကောင်းတယ် ဆိုတာမျိုး ခံစားနေရတဲ့လူတွေဟာ နောက်ထပ် ဒီလိုခံစားချက်မျိုးနဲ့ ထိပ်တိုက်တွေ့ရရင် 'ဒါဟာငါနဲ့မဆိုင်ဘူး' လို့မိမိကိုယ်ကိုမိမိ ကာကွယ်တွေးတောပြီး မိမိကိုပြတဲ့ ပိုစတာမှာ ပါတဲ့အကြောင်းအရာကို ခေါင်းထဲအ၀င်မခံပါဘူး။ ဒါမှသာ သူတို့ရဲ့ ခံစားမှုဟာ သက်သာ ရာရမှာပါ" လို့ပြောပါတယ်။

ဒီနေရာမှာ ကျွန်တော်ပြောချင်တဲ့အချက်ကတော့ လူဆိုတာ(အတန်းကျောင်းစပြီးနေတဲ့ အရွယ်ကစပြီး) ကိုယ်လုပ်တာမှန်တယ် မမှန်ဘူး၊ သင့်တော်တယ်၊ မသင့်တော်ဘူးဆိုတာကို သိပါတယ်။ မသိလို့ လုပ်နေတာမဟုတ်ပါဘူး။ လုပ်ချင်လို့ လုပ်ခွင့်ရလို့ လုပ်နေတာပါ။

ဒါပေမဲ့ မလုပ်သင့်တာကို လုပ်ပြီးရင်တော့ မသိစိတ်ထဲမှာ 'ငါအပြစ်လုပ်မိပြီ' လို့ ခံစားရပါတယ်။ လူရဲ့သဘာဝအတိုင်း မိမိကိုယ်ကို ဆင်ခြေပေးပြီး ဒီလိပ်ပြာမလုံတာကို ဖျောက်လေ့ရှိပါတယ်။ နောက်ထပ် မလုပ်သင့်တာကို မလုပ်တော့ဘူးဆိုရင်တောင်မှ ဒီလိပ်ပြာ မလုံတဲ့စိတ်ဟာ ပျောက်ကွယ်မသွားပါဘူး။

ပါမောက္ခ Agrawal က နောက်ဆုံးအနေနဲ့ ပြောတာကတော့ 'ရှင်ဟာ ကျောင်းသားတစ်ယောက်ကို စာမေးပွဲမှာ စာခိုးချတဲ့အကြောင်း ပြောနေရင်း နမူနာပိုစတာတစ်ခုကိုသာ ပြလိုက်ရင် သူဟာအရက်ဆိုင်ကို တန်းပြီးသွားလိမ့်မယ်လို့ ကျွန်မလောင်းရဲတယ်' ဟုဆိုပါတယ်။

နောက်ဥပမာလေးတစ်ခု ထပ်ပြောချင်ပါတယ်။ အတုမြင်၊ အတတ်သင်တတ်တဲ့သဘာဝနဲ့ ကြော်ငြာတွေကြောင့် ဖြစ်လာတတ်တဲ့ ဘေး ထွက်ဆိုးကျိုးပါ။ မြန်မာနိုင်ငံမှာ ရုပ်မြင်သံကြားဟာ အကျယ်ပြန့်ဆုံး မီဒီယာတစ်ခုဖြစ်တဲ့အတွက် လူကြီးကလေးမရွေးကြည့်ကြပါတယ်။ ကျောင်းမနေသေးတဲ့ ကလေးတွေတောင်မှ ကြော်ငြာသီချင်းအတော်များများကို လိုက်ပြီးဆိုနိုင်ခြင်း၊ သရုပ်ဆောင်အတော်များများကို နာမည်နှင့်လူတွဲပြီး သိနေခြင်းတို့ကိုထောက်ရှုခြင်းအားဖြင့် ကြော်ငြာပရိတ်သတ်ထဲမှာ ပါဝင်တဲ့ ကလေးပရိတ်သတ်ပမာဏကို ခန့် မှန်းကြည့်နိုင်ပါတယ်။ အချို့မိဘတွေဆိုရင် တီဗွီကြော်ငြာကို တိပ်ခွေတစ်ခွေလုံး (VHS tape) အပြည့်သွင်းထားပြီး ကလေးငြိမ်နေရန် ပြထားတတ်တာကိုတောင် တွေ့ဖူးပါတယ်။

၂၀၁၀ ပြည့်နှစ်၊ ဧပြီလ နောက်ဆုံးအပတ်ထဲမှာ ထီးကြော်ငြာလေးတစ်ခုကို သတိထားမိလိုက်ပါတယ်။ အဆောက်အဦတစ်ခုအပေါ်ကနေ ထီးကိုလေထီးသဘောမျိုးအသုံးပြုပြီး လူကြီးနှစ်ယောက်ခုန်ချတဲ့ပြကွက်ကိုပြသွားပါတယ်။ ထီးရဲ့ခိုင်ခံ့မှုကို တင်စားဖော်ပြသွားတာ ဖြစ် နိုင်ပါတယ်။ ကျွန်တော့်ရဲ့ လုပ်ဖော်ကိုင်ဘက်တစ်ဦးမှာ ပထမတန်းကျောင်းသားတစ်ဦးရှိပါတယ်။ နိုင်ငံခြားတွင်ရှိသော အဒေါ်များပို့ပေး လိုက်သော စူပါမင်းဝတ်စုံကိုဝတ်ပြီး မိမိနေထိုင်သော ပထမအထပ်ပြတင်းပေါက်မှ လမ်းပေါ်သို့ခုန်ချရာမြေညီထပ်တွင်မိုးထားသော တာပေါ်လင်အမိုးခံနေသောကြောင့်သာ သေတွင်းထဲမရောက်ခဲ့ပါ။

နောက်ထပ် လုပ်ဖော်ကိုင်ဘက်၏မောင်တစ်ဝမ်းကွဲမှာတော့ လှေခါးတိုင်တွင် အပ်ချည်ကြိုးတစ်စချည်၊ မိမိခါးတွင် တစ်စချည်ပြီး လှေ ကားထိပ်မှ ခုန်ချ၍ စပိုက်ဒါမင်းလုပ်တမ်း ကစားရာမှ နဖူးကွဲသွားပါသည်။ နဖူးကွဲသည်နှင့် ပြီးသွား၍သာတော်ပါတော့သည်။

ထီးကြော်ငြာကိုကြည့်ပြီး ကလေးတစ်ဦးဦးက ယင်းထီးကိုဖွင့်ဆောင်းကာ အိမ်ဝရံတာ၊ ကျောင်းဝရံတာကနေ ခုန်ချလိုက်ရင်တော့ ကလေးရဲ့ကံကြမ္မာကို တွေးမကြည့်ဝံ့ပါ။

ပြောချင်တာကတော့ ကြော်ငြာတစ်ခုဖန်တီးရာမှာ မိမိကြော်ငြာရဲ့ ရည်ရွယ်ချက်နဲ့တင်ဆက်မှုပုံစံဟာ၊ ကိုယ့်ရဲ့ကုန်ပစ္စည်းအတွက်၊ အမှတ်တံဆိပ်အတွက် အကျိုးအပြင် အပြစ်ဘာတွေ ဖြစ်လာနိုင်သလဲ။ အခြားဘေးထွက်ဆိုးကျိုးဘာတွေရှိလာနိုင်သလဲဆိုတာကို ထည့်ပြီး စဉ်းစားနိုင်ကြရင် ကောင်းမှာပါဆိုတာပါပဲ။

အောင်ကျော်ဦး

(မီဒီယာသုတေသန)

Resource: UNFCCI – Business – Vol: 10, No.4 – June 2010

Wednesday, February 16, 2011

Levi's Jeans

လီဗိုက်စ်ဂျင်း(Levi's Jeans) တွေဟာ ဈေးမြင့်လွန်းပြီး အနောက်နိုင်ငံက စစ်အေးတိုက်ပွဲတွေမှာ ကမ္ဘာလှည့်ခရီးသွား တိုးရစ်တွေက ရုရှားနိုင်ငံ မော်စကိုကို ပြည်ဝင်ခွင့်ရရင် အပြန်လေယာဉ်ပျံလတ်မှတ်ဖိုး ရနိုင်တဲ့အထိ ဖြစ်တာကြောင့် Levi's ဂျင်းဘောင်းဘီတွေကို မှောင်ခိုကုန်အဖြစ် ယူသွားလေ့ရှိကြတယ်လို့ ဆိုကြပါတယ်။ အခုအချိန်အထိတောင်မှ ဒီလိုလဲလှယ်မှုတွေဟာ ရုရှားနိုင်ငံပြည်နယ် တချို့မှာ ပြုလုပ်နေကြတုန်းပဲလို့ သိရပါတယ်။

Levi's ဂျင်းတွေထဲမှာ 501 လို့အမည်ပေးထားတဲ့ ပုံစံကို လူကြိုက်အများဆုံးပါပဲ။ 501ဟာ မင်းသား ဂျိမ်းစ်ဒင်း(James Dean) နဲ့ မာလွန်ဘရန်ဒို (Marlon Brando) ခေတ်ကတည်းက ခေတ်စားပြီး ထင်ပေါ်ကျော်ကြားခဲ့တာပါ။ နောက်ပိုင်း ဒီနင်းမ် (Denim) ဂျင်း တွေပေါ်လာတော့ အပြိုင်အဆိုင် ရုန်းကန်ခဲ့ရပေမယ့် Levi's က အခုခေတ်လူငယ်တွေရဲ့ မိဘဘိုးဘွားလက်ထက်ကတည်းက သုံးစွဲ ခဲ့ကြတာကြောင့် ကုန်အမှန်တံဆိပ် (brand) တစ်ခုကို အစဉ်တစိုက် သုံးခဲ့တဲ့ အစွဲအလမ်းတွေနဲ့ ပန်းပန်လျက်ပါပဲ။

ကမ္ဘာတစ်လွှားက ဂျင်း ဈေးကွက်မှာလည်း Levi's က ဦးဆောင်နေဆဲဖြစ်ပေမယ့် နောက်ထပ်ပေါ်ထွက်လာတဲ့ Nike နဲ့ Gap ဂျင်း တွေကြောင့် Levi's ဂျင်းတွေဟာ ခေတ်နောက်ကျနေပြီ ဆိုတဲ့ အတွေးတွေ ၀င်စေခဲ့တဲ့အတွက် အကျပ်အတည်းပြဿနာနဲ့လည်း ရင်ဆိုင်ခဲ့ရပါတယ်။ ဒါပေမဲ့ Levi's ဟာ သူ့ ဖောက်သည်တွေ လျော့မသွားအောင်နဲ့ ဂုဏ်သိက္ခာကို မထိခိုက်အောင် ထိန်းထားနိုင် ခဲ့ပါတယ်။

၁၉ ရာစုနှစ်တွေတုန်းက Levi's ရဲ့ဖောက်သည်တွေဖြစ်တဲ့ မိုင်းတွင်းလုပ်သားတွေ၊ လယ်သမားနဲ့ အလုပ်သမားတွေဟာ ဂျင်းန် ဘောင်းဘီ အသစ်ကြောင့် သူတို့ရဲ့တင်ပါးတွေ ကြီးသယောင် ထင်ရတယ်လို့ ထင်မှတ်ကြတယ်။

Levi's ကို စတင် တီထွင်ထုတ်လုပ်တဲ့ Levi's Strauss ဆိုသူရဲ့ ပထမအမည်ဟာ အရင်က Loeb ဖြစ်တယ်။ ဘာဘေးရီးယား(Bavaria) ကနေ အမေရိကကို ပြောင်းရွှေ့နေထိုင်ခဲ့ ပြီး အမေရိက အနောက်ဘက် တစ်နယ်လုံးကို လက်ကိုင်ပ၀ါ၊ စောင်နဲ့ အ၀တ်အထည်တွေကို ဆန်ဖရန်စ္စကိုမြို့မှာ အခြေတည်ပြီး စတိုးဆိုင်ကြီးတွေကို လက်လီလက်ကား ဖြန့်ချိရောင်းချတဲ့ လုပ်ငန်းနဲစခဲ့ပါတယ်။

Levi's ရဲ့ဖောက်သည် တစ်ဦးဖြစ်တဲ့ စက်ချုပ်သမား Jacob Davis က Levi's ဘောင်းဘီတွေမှာ အိပ်ကပ်လေးတွေကို သံမှိုနဲ့ စွဲကပ် ပြီးချုပ်ဖို့အကြံပြုခဲ့တာပါ။ နောက်ပြီး Jacob ကပဲ သူနဲ့အတူ စီးပွားရေးလုပ်ဖို့ ပြောခဲ့တဲ့အတွက် ၁၈၇၃ခုနှစ်ကစပြီး သူတို့ရဲ့ ပုံစံ ဒီဇိုင်းတွေကို မူပိုင်ခွင့် မှတ်ပုံတင်ပြီး လုပ်ငန်းလုပ်ခဲ့ပါတယ်။

ဒီသံမှိုပါတဲ့ ဘောင်းဘီတွေမှာ ခြေစွပ်ရှည်ဆိုင်းထားဖို့ ဆိုင်းကွင်း(suspenders) မှာ ကြယ်သီးတပ်ထားပေးသလို ဘောင်းဘီနောက် ဘက်မှာလည်း အိပ်ကပ်တစ်ခု ထည့်ထားပေးပါတယ်။ ၁၈၈၆ ခုနှစ်မှာတော့ ခါးနောက်ဘက်မှာ မြင်းနှစ်ကောင်က ဘောင်းဘီကို ဆွဲဖြဲတဲ့ ပုံစံကို သားရေနဲ့  အစပ်အဖာ ပုံစံထွင်ပြီး ထည့်ခဲ့ပါသေးတယ်။ ၁၈၉၀ ပြည့်နှစ် လောက်မှာတော့ Levi's က ဘောင်းဘီရဲ့ခါးနေရာတွေ မှာ နံပါတ် 501 အမှတ်အသားထည့်ခဲ့ပြီး ၁၉၃၆ခုနှစ်မှာတော့ ဘောင်းဘီနောက်ဘက်က အိတ်ကပ်နေရာမှာ Levi's ဆိုတဲ့နာမည်ကို အနီရောင်အောက်ခံမှာ အပ်ချည်အဖြူရောင်နဲ့ ရေးထိုးထားခဲ့ပါတယ်။ ဒီလိုနဲ့ ဒီချုပ်ရိုး၊ အစပ်အဖာပုံစံ၊ စာတန်းနဲ့ နံပါတ် 501ဟာ Levi's ရဲ့ အမှတ်အသား သင်္ကေတဖြစ်လာခဲ့ပါတယ်။

၁၉၃၀ ပြည့်နှစ်များဆီက Vogue မဂ္ဂဇင်းက အလုပ်သမား လူတန်းစားတွေ အ၀တ်များတဲ့ Denim ဂျင်းဖက်ရှင်က ခေတ်စားလိမ့်မယ်လို့ ထင်ပေမယ့် ၁၉၅၀ပြည့်နှစ်များဆီက ပုန်ကုန်ထကြွတဲ့ပုံစံဖမ်းထားတဲ့ Levi's ကိုပိုနှစ်သက်ကြတာ တွေ့ရတယ်။ ဒီလိုနဲ့ နယူးယောက်မှာ Levi's ဂျင်းတွေအ၀တ်များကြတာဟာ တူညီဝတ်စုံ ၀တ်ထားသလိုကို ဖြစ်တော့တာပါ။ အနောက်ပိုင်းက ဟစ်ပီတွေကကျတော့ Levi's ဘောင်းဘီမှာ ပန်းတွေနဲ့တောင်မှ အလှဆင်ကြပါတယ်။ ဗြိတိန်နိုင်ငံမှာတော့ Denim ကရေပန်းစားတယ်။

၁၉၆၆ခုနှစ်မှာတော့ Foote Cone & Belding ဆိုတဲ့ကြော်ငြာအေဂျင်စီက Levi's အတွက် ပထမဆုံး ရုပ်မြင်သံကြားကြော်ငြာ ထုတ်လွှင့်ခဲ့ပါတယ်။ ၁၉၇၀ ပြည့်နှစ် စောစောပိုင်းမှာတော့ Mike Koelker ဆိုတဲ့ကြော်ငြာသမား Copy Writer က Levi's ရဲ့ ငွေစာရင်းကို စတင်ဖွင့်လှစ်ခဲ့ပါတယ်။ ၁၉၈၄ခုနှစ် Levis Strauss ရဲ့မြစ် တူတော်မောင် Bob Hass ဆိုသူက Levi's လုပ်ငန်းမှာ ပြောရေးဆိုခွင့်ရှိတဲ့ အကြီးအကဲ ဖြစ်လာချိန်မှာတော့ Koelkar ကငွေစာရင်း အပိုင်းမှာ ပြောရေးဆိုခွင့်ရှိတဲ့ တီထွင်ဖန်တီးရေး ဒါရိုက်တာဖြစ်လာခဲ့တယ်။ Koelkar နဲ့ Hass တို့ဟာ ကိုယ်စားလှယ် အေဂျင်စီ လုပ်ငန်းနဲ့ ဖောက်သည်တွေအကြား ရောင်းဝယ်ရေး ပြဿနာတွေကို လက်တွဲပြီး ဖြေရှင်းကြတယ်။ ၁၉၈၀ ပြည့်နှစ်များဟာ အကျိုးအမြတ် ဖြစ်ထွန်းတဲ့ ကာလတွေဖြစ်တယ်။ Koelker ဟာ စီစဉ် ညွှန်ကြားနိုင်ရေးပြည့်ဝသူ တစ်ယောက်ဖြစ်ပြီး Levi's ဂျင်းကို လူတွေ မမေ့နိုင်ဘဲ တသသဖြစ်နေအောင်နဲ့ မျိုးချစ်စိတ်ရှိအောင် စည်းရုံးလှုံ့ဆော်ပွဲတွေ မကြာခဏ လုပ်ပေးပါတယ်။ အထူးသဖြင့် 501ဂျင်းကို အမေရိကန်တွေရဲ့ အနှစ်သာရ စံပြုရတဲ့ပစ္စည်းအဖြစ် ရောက်အောင် ပြုလုပ်ပါတယ်။ ၁၉၈၆ ခုနှစ်ကနေ ၁၉၉၆ ခုနှစ်အထိကတော့ အနှောင့်အယှက် ကင်းကင်း ပျောရွှင်အောင်မြင်တဲ့ ကာလပဲ ဖြစ်ပါတယ်။

ဗြိတိန်မှာရှိတဲ့ Levi's ရဲ့ကြော်ငြာကိုယ်စားလှယ် Bartle Bogle Hegarty က Levi's ကို အမျိုးသားစူပါမော်ဒယ် Nick Kamen နဲ့ ကြော်ငြာခဲ့ပါတယ်။ ဒီလိုနဲ့ Levi's ဂျင်းဘောင်းဘီဟာ တစ်ခါတည်းနဲ့ အထည် ၈၀၀,၀၀၀ရောင်းရပြီး အရောင်းစံချိန်တင်သွားခဲ့တယ်။

၁၉၉၄ ခုနှစ်မှာတော့ Levi's အတွက် အခြေအနေ ယိမ်းယိုင်စ ပြုလာပါတယ်။ အဲဒါကတော့ Mike Koelker က အဆုတ်ကင်ဆာရောဂါ ဖြစ်တဲ့အတွက် ဆေးခွင့်ယူလိုက်ရလို့ပါပဲ။ ဒါဟာ Levi's အနေနဲ့ Denim နဲ့ အပြိုင် ကြိုးစားနေရချိန်မှာ အားလျော့သွားတော့တာပါ။

၁၉၉၉ ခုနှစ်မှာတော့ Hass က Philip Marineau ကို ကုမ္ပဏီမှာ ခန့်လိုက်ပါတယ်။ Marineau ဆိုသူက အရင် ပက်ပ်စီကုမ္ပဏီ (Pepsi Co) မှာ လုပ်ခဲ့သူပါ။ သူကတော့ ထုတ်ကုန်ပိုင်းကို အာရုံစိုက်ပြီး လုပ်ဆောင်ပါတယ်။ တစ်လိုင်းတည်း သွားနေတဲ့ ထုတ်ကုန်ကနေ တခြားတန်ဖိုးမြှင့်ထားတဲ့ Red နဲ့ ကုန်တိုက်ကြီးတွေပေါ်မှာသာ တင်ရောင်းတဲ့ Signature တွေလည်းပါဝင်ပါတယ်။ နောက်ပိုင်း အမြောက်အမြား တင်ရောင်းတဲ့ WalMart မှာဆိုရင် အနိမ့်ဆုံးဈေး ၉ဒေါ်လာအထိ ဈေးလျှော့ရောင်းတာမျိုးတွေနဲ့ ကုန်အမှတ်တံဆိပ် အခွဲအသစ်တွေကလည်း အရည်အချင်း ပြည့်မီစေဖို့နဲ့ ယုံကြည်စိတ်ချရဖို့အတွက် ထိန်းသိမ်းပြီး ထုတ်လုပ်ပါတယ်။ Levi's ဟာ ခေတ် ပြိုင်တခြား ဂျင်းဘောင်းဘီ ကုန်အမှတ်တံဆိပ်တွေနဲ့ အပြိုင် ဆန်းသစ်တီထွင်မှုတွေပြုလုပ်ပြီး ဈေးကွက်အပြောင်းအလဲတွေအတွက် မျှော်လင့်ချက်ထားပြီး ကြိုးပမ်းနေပါတယ်။ Levi's ဟာအရင်တုန်းက အောင်မြင်ခဲ့တဲ့ အရှိန်အ၀ါ၊ သြဇာကြီးမားပြီး လွှမ်းမိုးမှုကို ပြန်လည် ရရှိနိုင်မလားဆိုတာကို Marineau ကတော့ မျှော်လင့်နေပါတယ်။

Credit: Tharapu Magazine Feb 2011

Friday, February 11, 2011

ဂါထာမန္တန်

-->
ယခုအခါ မြန်မာနိုင်ငံရှိ ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်များအနက် ရာခိုင်နှုန်းအတော်များများသည် ဂါထာမန္တန် ရွတ်ဖတ်သရဇ္ဈာယ်မှုအပေါ် စိတ်ဝင်စားမှု ပိုမိုလာကြသည်ကိုတွေ့ရှိရပေသည်။

ဂါထာမန္တန် အသစ်အဆန်းများနှင့် ယင်းတို့ကိုရွတ်ဖတ် သရဇ္ဈာယ်ခြင်းအားဖြင့် အကျိုးကျေးဇူးခံစားရပုံ ကိုယ်တွေ့ဖြစ်ရပ်များကိုလည်း ဘာသာရေးစာစောင်အချို့က အသားပေးဖော်ပြလာကြသည်။ ဤဂါထာကဖြင့် ဘယ်ရသေ့ ရှစ်သောင်း ဆရာအပေါင်းက ဘယ်လို အဓိဋ္ဌာန်ပြုလျက် စ,မခံကာ စီရင်ထားသော ဂါထာဖြစ်သည်၊ ပလတ်စတစ်လောင်းပြီး အိတ်ကပ်ထဲဆောင်ထားပါက ကြံတိုင်းအောင်၍ ဆောင်တိုင်း မြောက်သည်ဆိုတာမျိုးကလည်း ရှိသေးသည်။

တိဘက်မဟာယာနတို့၏ ဘုရားအလောင်းရှိခိုးသည့် 'ဥုံမဏိပဒ္ဓမေဟုံ' ဟူသော ဂါထာကလည်း အိမ်တိုင်း၊ ဆိုင်တိုင်း၊ ကားတိုင်းလိုလို တွင်တွေ့နေရပြန်သည်။ ဆောင်သူများအား အကျိုးပေး၊ မပေးတော့မသိပေ၊ အိတ်ဆောင်အရွယ်မှသည် မှန်ဘောင်သွင်းသည့်အရွယ် တိုင် ပုံစံအမျိုးမျိုးပြုလုပ်ရောင်းချသူတို့အဖို့ကား အတော်ကလေး အကျိုးပေးပေလိမ့်မည်။

ထို့ကြောင့်လားတော့မသိ၊ ယခုတလော စာအုပ်ဆိုင်များတွင် ပရိသတ်အကြိုက် ဂါထာမန္တန် ရွတ်ဖတ်သရဇ္ဈာယ်နည်းနှင့် ကိုယ်တွေ့ ဖြစ်ရပ်များဆိုသည့် စာအုပ်စာတမ်းများက နေရာယူထားကြသည်။

ဤသို့သော စာအုပ်စာတမ်းများ ခေတ်စားလာခြင်းသည် မြန်မာနိုင်ငံအတွက် သိပ်မကြာလှသေးသော်လည်း ကမ္ဘာနှင့်ချီလျှင် အတော် အတန် နောက်ကျခဲ့ပြီဖြစ်သည်။ အနောက်နိုင်ငံများတွင် သူတို့ယုံကြည် ကိုးကွယ်ရာ ထာဝရဘုရားသခင်အား ရှိခိုးပူဇော် ဆုတောင်းခြင်း ဖြင့် လောကီမျက်မှောက်ဘ၀တွင် မည်သို့မည်ပုံအကျိုးထူးများ ခံစားခဲ့ရသည်ကို အထောက်အထားများဖော်ပြပြီး စာအုပ်စာတမ်းများ ရေးသားထုတ်ဝေခဲ့သည်မှာကား နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပေပြီ။

ယခင်က ထုတ်ဝေခဲ့သလို ယခုလည်းထုတ်ဝေဆဲပင် ဖြစ်သည်။ သူတို့၏ စာအုပ်စာတမ်းများထဲတွင် ထာဝရဘုရားသခင်ထံ ဆုတောင်း ပတ္တနာပြုခြင်းဖြင့် ကုန်းကောက်စရာမရှိအောင် ဆင်းရဲမွဲတေနေသူတစ်ဦးက ကုမ္ပဏီပိုင်ရှင် သန်းကြွယ်သူဋ္ဌေးကြီးဖြစ်လာပုံ၊ ဥာဏ်ထုံ ထိုင်းသော မိန်းကလေးတစ်ဦးကလည်း ထက်မြက်သော ဆရာဝန်မကြီးတစ်ဦး ဖြစ်လာပုံ၊ အသက်အန္တရာယ်နှင့် ရင်ဆိုင်တွေ့နေရသူ တစ်ဦးကလည်း အသက်ဘေးမှ လက်မတင်လေး လွတ်မြောက်လာပုံ စသည့် ကိုယ်တွေ့ဖြစ်ရပ်များဖြင့် ဝေေ၀ဆာဆာ ဖော်ပြထားသည် ကို တွေ့ရှိရမည်ဖြစ်သည်။

သို့ဖြစ်ရာ သူတို့၏ကိုယ်တွေ့ဖြစ်ရပ်များအပေါ် ဗုဒ္ဓဘာသာဝင်တစ်ဦးအနေဖြင့် မည်သို့ သုံးသပ် ယူဆသင့်ပါသနည်း၊ ဖန်ဆင်းရှင် ထာဝရဘုရားသခင်၏ အနန္တတန်ခိုးတော်ကို ငြင်းပယ်ထားသူတစ်ဦးအနေဖြင့် 'ဒါတွေဟာ တိုက်ဆိုင်မှုတွေပါ' ဟု ပေါ့ပေါ့တန်တန် အဖြေ ပေး၍ကား မရချေ။ ဤသို့ဆိုလျှင် ဗုဒ္ဓဘာသာဝင်များ၏ ဂါထာမန္တန် ရွတ်ဖတ်သရဇ္ဈာယ်ရာမှ တွေ့ကြုံခံစားလာရသော ကိုယ်တွေ့ဖြစ်ရပ် ဆိုသည်များကိုလည်း 'တိုက်ဆိုင်မှုတွေပါ' ဟုပင် သူတို့ကဆိုကြပေလိမ့်မည်။

သေချာစွာ လေ့လာကြည့်ပါက နှစ်ဖက်စလုံးတွင် တိုက်ဆိုင်မှုများ ရှိကောင်းရှိပါလိမ့်မည်။ သို့သော် တိုက်ဆိုင်မှုဟုဆို၍ မရနိုင်အောင် သိမ်မွေ့ဆန်းကြယ်သည့် ဖြစ်ရပ်မှန်များကလည်း အထင်အရှားရှိနေသည်ကို တွေ့ရှိရမည် ဖြစ်ပေသည်။

မည်သို့ပင်ဖြစ်စေ ယင်းဖြစ်ရပ်များသည် ဂါထာမန္တန်များ၊ သို့တည်းမဟုတ် ဖန်ဆင်းရှင် ထာဝရဘုရားသခင်၏ အနန္တတန်ခိုးတော်ကြောင့် ပေါ်ပေါက်လာရခြင်း ဟုတ်-မဟုတ် ဆိုသည်ကို ဆန်းစစ်ရန်လိုအပ်လာပေသည်။

တစ်ဦးက ထာဝရဘုရားသခင်ကို မယုံကြည်သော်လည်း ဂါထာမန္တန်များ၏အစွမ်းသတ္တိကို ယုံကြည်စွာဖြင့် ရွတ်ဖတ်သရဇ္ဈာယ်သည်။ အခြားတစ်ဦးက ဂါထာမန္တန်များကို မယုံကြည်သော်လည်း ထာဝရဘုရားသခင်ကိုယုံကြည်စွာဖြင့် ဆုတောင်းပတ္တနာပြုသည်။ ဘာသာ အယူဝါဒခြင်း မတူသော်လည်း နှစ်ဦးစလုံးတွင် တူညီမှုတစ်ခုရှိသည်ကို သတိပြုရန်လိုပေသည်။

ယင်းကား 'ယုံကြည်မှု' ဆိုသည့်အချက်ပင်ဖြစ်သည်။ တစ်ဦးနှင့် တစ်ဦး အားကိုးရာခြင်းမတူသော်လည်း ဤသို့ပြုခြင်းဖြင့် မိမိတို့၏ လိုအင်ဆန္ဒများ ပြည့်စုံလာလိမ့်မည်ဟု ယုံကြည်စိတ်ချထားခြင်းပင် ဖြစ်သည်။

စိတ်ပညာသဘောအရဆိုလျှင် ယုံကြည်မှုသည် လူသားတို့အား အတိုင်းအတာတစ်ခုအထိ အောင်မြင်မှုလမ်းကြောင်းပေါ်သို့ တွန်းပို့ ပေးနိုင်သော တန်ခိုးသတ္တိတစ်မျိုးပင် ဖြစ်သည်။ လူတို့သည် မိမိတို့ဖြစ်လိုသော ကိစ္စတစ်ရပ်အပေါ် မလွဲဧကန်မုချဖြစ်လာလိမ့်မည်ဟု ယုံကြည်စိတ်ချထားရန်လိုအပ်လှသည်။ ယင်းသို့ယုံကြည်စိတ်ချစွာဖြင့် မိမိတို့ဖြစ်လိုလှသောကိစ္စများ အမှန်တကယ်ဖြစ်မလာမီ စိတ် အာရုံထဲတွင် ကြိုတင်မြင်ယောင်ထားခြင်းကို စိတ်ပညာဝေါဟာရဖြင့် အင်မေဂျနေးရှင်း (Imagination) ဟုခေါ်ပေသည်။

တစ်ခါက ဆရာဝန်တစ်ဦးသည် လူနာများအား အာနိသင်ကင်းသော ရောင်စုံဆေးလုံးလေးများကို အမှန်တကယ်အစွမ်းသတ္တိရှိသယောင် လူနာ၏စိတ်တွင်ထင်မြင် ယုံကြည်လာအောင် ပြောဆိုတိုက်ကျွေးခြင်းဖြင့် ရောဂါများကုသပေးနိုင်ခဲ့ဖူးပါသည်။ ယင်းသည် လူနာအား ဆေးလုံးကလေးများအပေါ် ယုံကြည်စိတ်ချလာသည်အထိ ပြောဆိုညှို့ယူနိုင်သော ဆရာဝန်၏ ဝေလ်ပါဝါ (Will Power) ခေါ် ပြဋ္ဌာန်း စိတ်တန်ခိုး နှင့် လူနာ၏ 'ဤဆေးလုံးကလေးများကို သောက်သုံးခြင်းဖြင့် မလွဲမသွေ ရောဂါပျောက်ကင်းလိမ့်မည်' ဟု ယုံကြည် စိတ်ချ ထားသော အင်မေဂျနေးရှင်းတို့ ပေါင်းစည်းမှု၏ ရလဒ်ပင်ဖြစ်သည်။

အင်မေဂျနေးရှင်း၏ တန်ခိုးသတ္တိ မည်မျှကြီးမားလှသနည်းဟုဆိုလျှင် အင်မေဂျနေးရှင်းနှင့် ဝေလ်ပါဝါတို့ ထိပ်တိုက်ဆန့်ကျင်လာကြပြီ ဆိုလျှင် အင်မေဂျနေးရှင်းကပင် အနိုင်ယူသွားလေ့ရှိသည်။

လူတစ်ဦးသည် မြေပေါ်ချထားသည့် ပေပျဉ်တစ်ချပ်ပေါ်တွင်ကောင်းစွာ လျှောက်လှမ်းနိုင်သော်လည်း ယင်းပေပျဉ်ကိုပင် ပေကိုးဆယ် ခန့်အမြင့်တွင် တံတားခင်းပြီးလျှောက်ခိုင်းကြည့်ပါက လျှောက်လှမ်းနိုင်တော့မည် မဟုတ်ပေ။ မလွဲမသွေလိမ့်ကျမည်သာ ဖြစ်သည်။

ပေပျဉ်ခြင်းအတူတူ မြေပြင်ပေါ်၌ ကောင်းစွာလျှောက်လှမ်းနိုင်ပါလျက် ပေကိုးဆယ်အမြင့်တွှု အဘယ်ကြောင့် မလျှောက်လှမ်းနိုင်ရပါ သနည်း၊ မြေပြင်ပေါ်၌ခင်းထားစဉ်က လိမ့်မကျနိုင်ဟု ယုံကြည်စိတ်ချထားသော်လည်း ပေကိုးဆယ်အမြင့်တွင်မူ လိမ့်ကျလိမ့်မည်ဟုသာ ယုံကြည်စိတ်ချ စွဲမှတ်မြင်ယောင်ထားသော အင်မေဂျနေးရှင်းက စိုးမိုးနေသောကြောင့်ပင်ဖြစ်သည်။ ထိုသို့သောအချိန်မျိုးတွင် ဝေလ်ပါဝါ ကိုသုံးကာ စိတ်အားတင်းပြီး လျှောက်ပါကလည်း အင်မေဂျနေးရှင်းကပင် ဝေလ်ပါဝါကိုအနိုင်ယူကာ လိမ့်ကျစေမည်သာဖြစ်သည်။

အလုပ်တစ်ခုကို မလုပ်မီကပင် 'အောင်မြင်လိမ့်မည်မဟုတ်' ဟုကြိုတင်ယုံကြည်ထားသူအဖို့ မည်မျှပင်ရဲဆေးတင်၊ စိတ်အားမြှင့်ပြီး ပြုလုပ်စေကာမူ ဆုံးရှုံးမှုနှင့်သာ မလွဲမသွေရင်ဆိုင်ရမည် ဖြစ်သည်။ သို့သော် မိမိ၏လုပ်ငန်းသည် တရားမျှတမှန်ကန်မှုရှိပြီး မလွဲမသွေ အောင် မြင်မှုရရှိလိမ့်မည်ဟု ယုံကြည်စိတ်ချထားသည့်အပြင် စိတ်ဓာတ်အင်အားကလည်း ကောင်းမွန် မြင့်မားနေမည်ဆိုပါက မိမိ မျှော်လင့်ထားသည်ထက်ပင် အဆပေါင်းများစွာ အောင်မြင်မှုရရှိကြသည်မှာ ဓမ္မတာပင်ဖြစ်သည်။ ယင်းသည်ပင် အင်မေဂျနေးရှင်းနှင့် ဝေလ်ပါဝါတို့ သဟဇာတဖြစ်ပြီး ပေါင်းစည်းမှု၏ ရလဒ်လည်းဖြစ်သည်။

ရှေ့ကတင်ပြခဲ့သော ဂါထာမန္တန် ရွတ်ဖတ်သရဇ္ဈာယ်သူများနှင့် ထာဝရဘုရားသခင်ထံ ဆုတောင်းပတ္တနာပြုသူများ၏ အကျိုးကျေးဇူးခံစား ရမှုများသည်လည်း အင်မေဂျနေးရှင်းနှင့် ဝေလ်ပါဝါတို့ သဟဇာတဖြစ်မှု၏ အကျိုးပင်ဖြစ်၏။ သူတို့တွင် ဤသို့ရွတ်ဖတ်သရဇ္ဈာယ်ခြင်း၊ ဆုတောင်းပတ္တနာပြုခြင်းတို့ဖြင့် သူတို့ဖြစ်လိုလှသောအရာသည် ဧကန်မုချဖြစ်ကိုဖြစ်လာရမည်ဟု ယုံကြည်စိတ်ချထားမှု အပြည့်ရှိ နေသည်။

စီးပွားတိုးလိုသူကလည်း စီးပွားတိုးလာပုံ၊ ကျန်းမာလိုသူကလည်း ကျန်းမာလာပုံ၊ အန္တရာယ်မှ လွတ်မြောက်လိုသူကလည်း အန္တရာယ်မှ လွတ်မြောက်လာပုံကို စိတ်အာရုံတွင် ကြိုတင်မြင်ယောင်ထားသည့် အင်မေဂျနေးရှင်းကိုယ်စီ ရှိနေကြသည်။ ထို့အပြင် မိမိယုံကြည် အားကိုးရာကို အာရုံပြု၍ ရွတ်ဖတ်သရဇ္ဈာယ်ခြင်း၊ ဆုတောင်းပတ္တနာပြုခြင်းတို့ကြောင့် 'သမာဓိအား' ကောင်းလာကြသည်။ တည်ငြိမ် ခိုင်ခန့်သော သမာဓိက ဝေလ်ပါဝါကို တိုးတက်ကြီးထွားစေသည်။

ဤသို့ အားကောင်းလာသော ဝေလ်ပါဝါနှင့် အင်မေဂျနေးရှင်းတို့ ပေါင်းစည်းမိသောအခါ မိမိအလိုဆန္ဒ ပြည့်မြောက်ရေးအတွက် လွန်စွာ အသုံးဝင်သော ဆန်းသစ်သည့် အကြံကောင်း၊ ဥာဏ်ကောင်း၊ နည်းလမ်းကောင်းများ ရရှိလာ၏။ ယင်းအကြံကောင်း နည်းလမ်းကောင်း များနှင့် အညီကြိုးပမ်းအားထုတ် အကောင်အထည်ဖော်လိုက်သောအခါ စီးပွားတိုးလိုသူက စီးပွားတိုးလာတော့သည်။ ကျန်းမာလိုသူက လည်း ကျန်းမာလာတော့သည်။ အန္တရာယ်မှ လွတ်မြောက်လိုသူကလည်း လွတ်မြောက်လာလေတော့သည်။

ဤသည်ကား ဂါထာမန္တန်များ ရွတ်ဖတ်သရဇ္ဈာယ်ခြင်းနှင့် ထာဝရဘုရားသခင်ထံ ဆုတောင်းပတ္တနာပြုခြင်းဖြင့် အကျိုးထူးခံစားကြရပါ သည်ဟု ဆိုသော ကိုယ်တွေ့ဖြစ်ရပ်များ ပေါ်ပေါက်လာပုံကို စိတ်ပညာရှုထောင့်မှ ယထာဘူတကျကျ သုံးသပ်မှုပေတည်း။

(၂)

ယုံကြည်မှုသည် လူသားတို့အား အတိုင်းအတာတစ်ခုအထိ အောင်မြင်မှုလမ်းကြောင်းပေါ်သို့ တင်ပို့ပေးနိုင်ပေသည်ဟု ဆိုခဲ့ရာ၌ အတိုင်းအတာတစ်ခုအထိ ဆိုသည့်စကားရပ်ကို သတိပြုမိကြပေလိမ့်မည်။

ယုံကြည်မှု၏တန်ခိုးသတ္တိသည် မည်သူမျှဖောက်ဖျက် ကျူးလွန်၍ မရနိုင်သော လောကဥပဒေသဘောင်အတွင်း၌သာ အစွမ်းပြနိုင်သည် ဆိုခြင်းကိုကား အထူးသတိပြုရန်လိုအပ်လှသည်။ အဆိုပါ လောကဥပဒေသဘောင်ကို ဗုဒ္ဓ၏ဒေသနာတော်တွင် (၁) စိတ္တနိယာမ၊ (၂) ကမ္မနိယာမ၊ (၃) ဥတုနိယာမ၊ (၄) ဗီဇနိယာမ၊ (၅) ဓမ္မနိယာမဟူသော နိယာမငါးပါးအဖြစ်တွေ့ရှိရပေမည်။

စိတ္တနိယာမဆိုသည်မှာ အဆင်း၊အသံစသော အာရုံတို့နှင့် မျက်စိ၊ နားစသော ပသာဒတို့ ထိတွေ့ကြခြင်းဖြင့် မည်သူကမျှ ပြုပြင်စီမံ ဖန်ဆင်းမှုမပြုရဘဲ သတ္တ၀ါတို့၏သန္တာန်၌ စိတ်အစဉ်များ(၀ီထိစိတ်များ)နှင့် ယင်းစိတ်တို့၏အစွမ်းသတ္တိများ ပေါ်ပေါက်လာတတ်သော သဘောပင်ဖြစ်သည်။ ယင်းတို့အား မည်သည့်ဖန်ဆင်းရှင်ကမှ ဖန်ဆင်းပေးနိုင်ခြင်းမရှိသလို ပြုပြင်ဖျက်ဆီး၍လည်း မရပါချေ။

ကမ္မနိယာမဆိုသည်မှာ အကြောင်းတရားကြောင့် အကျိုးတရားဖြစ်ထွန်းလာရသည့်သဘော၊ ကောင်းတာလုပ်လျှင် ကောင်းတာဖြစ်မည်၊ မကောင်းတာလုပ်လျှင် မကောင်းတာဖြစ်မည်၊ သတ္တ၀ါတိုင်းသည် မိမိတို့ပြုခဲ့သမျှသော အကြောင်းတရားနှင့် တူညီထိုက်တန်သော အကျိုးတရားကို ခံစားရမြဲ ဖြစ်သည့်သဘောပင် ဖြစ်သည်။ မည်သူကမျှ ကမ္မနိယာမကို ကျော်လွန်၍ မကောင်းတာလုပ်ပြီး ကောင်းတာ ဖြစ်အောင် မပြုပြင်နိုင်ပေ။ မည်သူမျှ အကြောင်းတရားကြောင့်ပေါ်ပေါက်လာမည့် အကျိုးတရားကို တားဆီး၍မရနိုင်ချေ။

ဥတုနိယာမဆိုသည်မှာ သဘာဝတရား၏ စည်းချက်မှန်မှန်ပြောင်းလဲဖြစ်ပေါ်နေတတ်သော သဘောပင်ဖြစ်သည်။ နွေ၊မိုး၊ဆောင်း ဥတုသုံးလီတို့၏ အလှည့်ကျဖြစ်ပေါ်နေတတ်ခြင်း၊ မိုးသောက်လျှင် နေထွက်ခြင်း၊ မိုးချုပ်လျှင်နေ၀င်ခြင်း၊ ရေကြီးခြင်း၊ မိုးခေါင်ခြင်း၊ ဒီရေတက်ခြင်း၊ မီးတောင်ပေါက်ကွဲခြင်းစသည့် သဘာဝတရားများသည် မည်သူတစ်ဦး တစ်ယောက်ကမျှ ပြုပြင်ဖန်တီး၍မရသလို ဖျက်ဆီး၍လည်း မရပါချေ။

ဗီဇနိယာမဆိုသည်မှာ လူကမွေးလျှင်လူဖြစ်ရမည်၊ သရက်စေ့စိုက်လျှင် သရက်ပင်ပေါက်ရမည်၊ လူ့ဝမ်းက ခွေးကိုမမွေးနိုင်၊ သရက်စေ့က အုန်းပင်မပေါက်နိုင်ဆိုသည့် မျိုးရိုးဗီဇသဘောကို မည်သူကမျှကျော်လွန်ဖောက်ဖျက်၍ မရခြင်းပင်ဖြစ်သည်။

ဓမ္မနိယာမဆိုသည်မှာကား အထက်ဖော်ပြပါ နိယာမတရားလေးပါးတို့ တစ်ခုနှင့်တစ်ခု အကြောင်းအကျိုးပြုဆက်နွယ်၍ ပေါင်းစည်းခြုံငုံ ပါဝင်လျက်ရှိသော စနစ်ကြီးတစ်ခုလုံးကို ဆိုလိုခြင်းဖြစ်သည်။ လောက၏ မတည်မြဲသော၊ ဆင်းရဲသော၊ အနှစ်သာရကင်းသော သဘော နှင့် သတ္တ၀ါတို့၏ ကံ၊ ဥာဏ်၊ ၀ီရိယ အစွမ်းသတ္တိဖြင့် ဤလောကမှ ကျော်လွှားလွန်မြောက်နိုင်သော သဘောသည်လည်း ဓမ္မနိယာမပင် ဖြစ်သည်။ ဓမ္မနိယာမကို မည်သည့်တန်ခိုးရှင်ကမျှ ဖန်ဆင်းထားခြင်းမဟုတ်သလို ဖျက်သိမ်း၍လည်းမရနိုင်သဖြင့် သူ့သဘောသူဆောင် လျက် အစဉ်ထာဝရ မှန်ကန်နေမည့် လောကဥပဒေသကြီးပင် ဖြစ်သည်။

သို့ဖြစ်ရာ ယုံကြည်ခြင်းသည် ယင်းနိယာမတရားငါးပါး၏ ဥပဒေဘောင်အတွင်း၌ အစွမ်းသတ္တရှိနိုင်ပါသည်။ သို့ရာတွင် ယခုအခါ ဂါထာ မန္တန် ရွတ်ဖတ်သရဇ္ဈာယ်သူများသည် ယင်းနိယာမတရားငါးပါးကို သတိမမူမိကြတော့ပေ။ ဂါထာမန္တန်၏အစွမ်းဖြင့် ယင်းနိယာမတရား ငါးပါးကိုပင်ကျော်လွှား လွန်မြောက်နိုင်လိမ့်မည်ဟု ယုံကြည်မှုအစွန်းရောက်သွားတတ်ကြပေသည်။

အကြောင်းတရားရှိမှ အကျိုးတရားရှိမည်ဟူသော ကမ္မနိယာမကို အလေးမထားတော့ဘဲ ဂါထာမန္တန်များအပေါ်သာ လုံးဝယုံကြည်အား ထားကာ လုံ့လ၀ီရိယစိုက်ထုတ်မှု လျော့ပါးလာကြသည်။ အားထုတ်ကြိုးပမ်းခြင်းမပြုတော့ဘဲ လိုလားသည့်အကျိုးတရားကိုသာ မျှော်ကိုး လာကြတော့သည်။ စီးပွားတိုးလိုသူက စီးပွားတိုးအောင် မလုပ်ချင်တော့ပေ။ ကျန်းမာလိုသူက ကျန်းမာအောင် မကျင့်သုံးချင်တော့ပေ။ အန္တရာယ်မှလွတ်မြောက်လိုသူကလည်း လွတ်မြောက်အောင် မကြိုးပမ်းချင်တော့ပေ။ ဂါထာမန္တန် ရွတ်ဖတ်သရဇ္ဈာယ်ခြင်းဖြင့်သာ အချိန် ကုန်စေခဲ့တော့သည်။

တစ်ခါက အိန္ဒိယပြည်မြောက်ပိုင်း သြဒန္တပူရီမြို့၌ ခိုင်မာတောင့်တင်းသော စစ်တပ်အင်အားကို ပိုင်ဆိုင်သည့် ဘုရင်တစ်ပါး စိုးစံအုပ်ချုပ်ခဲ့ ဖူးသည်။ သူသည် စစ်တပ်အင်အားထက် သူကိုးကွယ်ရာ တန္တရဂိုဏ်းဝင်ဘုန်းကြီးများ၏ ဂါထာမန္တန် ရွတ်ဖတ်သရဇ္ဈာယ်မှုကိုသာ ပို၍အား ကိုးခဲ့သည်။ ထို့ကြောင့် ရန်သူများလာရောက်ဝန်းရံ တိုက်ခိုက်သည့်အခါ ထွက်မတိုက်ဘဲ ဂါထာမန္တန်များနှင့်သာ အချိန်ကုန်စေခဲ့ရာ မဟာမေဒင်မြင်းစီးစစ်သည်နှစ်ရာမျှ၏ အလွယ်တကူ ချေမှုန်းသိမ်းပိုက်ခြင်းကို ခံခဲ့ရဖူးလေသည်။ ဤသည်ကား ဂါထာမန္တန်များအပေါ် ယုံကြည်မှုလွန်ကဲခြင်းကြောင့် ကြုံတွေ့ခဲ့ရသည့် ဆုံးရှုံးမှုများစွာထဲမှ ပြယုဂ်တစ်ခုသာ ဖြစ်ပေသည်။

ဂါထာမန္တန် ရွတ်ဖတ်သရဇ္ဈာယ်မှုအပေါ် ယုံကြည်မှုလွန်ကဲသူများအနက် မဟာယာနဗုဒ္ဓဘာသာဝင် တန္တရဂိုဏ်းသားတို့မှာ ထိပ်ဆုံးမှ ပါဝင်လျက်ရှိပေသည်။ မည်မျှအထိ ယုံကြည်မှုအစွန်းရောက်သွားကြသနည်းဆိုလျှင် ဒါန၊သီလ၊ဘာဝနာတရားများ ပွားများနေရန်မလိုဘဲ ဂါထာမန္တန်များကို ဌာန်ကရိုဏ်းကျကျ အာရုံပြုရွတ်ဆိုရုံမျှဖြင့် နိဗ္ဗာန်မဂ်ဖိုလ်ကို မျက်မှောက်ပြုနိုင်သည်ဟူ၍ပင် ယုံကြည် လက်ခံထားကြ သည်။

သူတို့၏ မဟာဝေရောစနသုတ် ၌လည်း မြတ်စွာဘုရားနှင့် ဘုရားအလောင်းတော်တို့၏ သီလကို ကျေးဇူးတင်ကြလော့၊ အံ့သြဖွယ်ရာ အစွမ်းသတ္တိသည် မန္တန်ထဲ၌ရှိ၏၊ မန္တန်ရွတ်ဆိုခြင်းဖြင့် အနန္တကောင်းကျိုးကို ရ၏။ မန္တန်ဖြင့် အကြံအစည်အောင်ရခြင်းမှာ မန္တန်၏စင်ကြယ် မှုကြောင့်ဖြစ်၏။ မြတ်စွာဘုရားက သိမ်မွေ့နက်နဲသောသြဇာကို မန္တန်ထဲ၌ ထည့်သွင်းထားခဲ့၏ ဟုရေးသားတားသည်ကို တွေ့ရှိရမည် ဖြစ်သည်။

မြန်မာနိုင်ငံတွင်လည်း မိမိကိုယ်တိုင် ထေရ၀ါဒဗုဒ္ဓဘာသာဝင်ပါဟု အမည်ခံထားသူ အတော်များများမှာ ဂါထာမန္တန် ရွတ်ဖတ်သရဇ္ဈာယ်မှု အပေါ် ယုံကြည်လိုက်စားမှု လွန်ကဲလာကြခြင်းဖြင့် မဟာယာနဗုဒ္ဓဘာသာဝင် တန္တရဂိုဏ်းသားများဖြစ်မှန်းမသိ ဖြစ်လာကြသည်ကို ၀မ်းနည်းဖွယ်တွေ့မြင်နေရပေသည်။

ဂါထာမန္တန် ရွတ်ဖတ်သရဇ္ဈာယ်ခြင်းဖြင့် အထက်ကတင်ပြခဲ့သလို အင်မေဂျနေးရှင်းနှင့် ဝေလ်ပါဝါတို့ ပေါင်းစည်းမိမှုကြောင့် အတိုင်း အတာတစ်ခုအထိ အောင်မြင်မှုရရှိလာနိုင်သည်ကို မငြင်းလိုပါ။ သို့သော် မိမိ၏ အောင်မြင်မှုအပေါ် ဓမ္မဓိဋ္ဌာန်ကျကျမသုံးသပ်တော့ဘဲ ယုံကြည်ကိုးစားမှုလွန်ကဲလာကာ လောက၏နိယာမတရားများကိုပါ ချိုးဖောက်ကျော်လွန်ရန် စိတ်ကူးယဉ်တတ်ကြပေသည်။ ထိုအခါ တွင်မူ သူတို့၏အာရုံထင်မြင်မှုများသည် အင်မေဂျနေးရှင်း မမည်တော့ဘဲ လိုရာဆွဲတွေး စိတ်ကူးခြင်း(Autistic Thinking) များသာ ဖြစ်လာပေလိမ့်မည်။ ထိုမှတစ်ဆင့် စိတ်ကူးရေယဉ်ကြောမှာ အတိုင်းမသိမျောပါရင်း စိတ်ဖောက်ပြန် ရူးသွပ်သွားတတ်ကြပေသည်။

ဤနေရာတွင် စောဒကတက်ဖွယ် ကိစ္စတစ်ရပ်ရှိပေ၏။ 'ထေရ၀ါဒဗုဒ္ဓဘာသာက လက်ခံထားသော ပရိတ်ကြီး (၁၁) သုတ်ရွတ်ဖတ် သရဇ္ဈာယ်ခြင်းကိုကား မည်သို့သဘောထားမည်နည်း' ဟူ၍ဖြစ်၏။ ဗုဒ္ဓဘာသာဝင်တို့အနေနှင့် မြတ်စွာဘုရားသခင်နှင့် နောက်လိုက် သံဃာတော်များ ကိုယ်တော်တိုင်ဟောကြားတော်မူခဲ့သော သုတ္တန်ဒေသနာတော်တို့မှ ရွေးချယ်ထုတ်နုတ်စီစဉ်ပြုစုထားသည့် ပရိတ်ကြီး (၁၁)သုတ်နှင့် နောက်လူတို့ တီထွင်ဖန်တီးထားသော ဂါထာမန္တန်တို့၏ ခြားနားချက်ကို ပိုင်းပိုင်းထင်ထင် သိမြင်ရန်လိုအပ်လှပေသည်။

ထေရ၀ါဒဗုဒ္ဓဘာသာက လက်ခံထားသော ပရိတ်တရားတော်များသည် တန္တရ၊မန္တရဂိုဏ်းသားများ၏ ကြောင်းကျိုးကင်းမဲ့သော 'ဥုံဖွ ပျောက်စေ' မန္တန်မျိုးမဟုတ်ပေ။ ရွတ်ဖတ်သရဇ္ဈာယ်ရုံသက်သက်အတွက်မဟုတ်ဘဲ လက်တွေ့လိုက်နာကျင့်ကြံရမည့် နည်းလမ်းကောင်း များစွာ ပါရှိပေသည်။ ပရိတ်တရားတော်တို့၏ အနက်အဓိပ္ပာယ်ကို ကောင်းစွာနားလည် သဘောပေါက်သည့်အလျောက် ရတနာ သုံးပါး အပေါ် ဥာဏ်ပညာနှင့် ယှဉ်သော ယုံကြည်သဒ္ဓါစိတ်ဖြင့် မိမိ၏ကိုယ်ကျင့်သီလ၊ သမာဓိတို့အပေါ် သစ္စာအဓိဋ္ဌာန် ပြုခြင်းလည်းဖြစ်သည်။ ပရိတ်နှင့် စပ်လျဉ်း၍ မိလိန္ဒပဥှာတွင် ပရိတ်အရံအတားဟူသည် အသက်ရှင်နိုင်ခွင့်ရှိသေးသော၊ အရွယ်ကောင်းသော၊ ကံကြီးငါးပါးမှ ကင်း လွတ်ကုန်သော သူတို့အတွက်သာဖြစ်၏၊ အသက်ရှင်နိုင်ခွင့် ကုန်ဆုံးနေသောသူအား ပရိတ်ရွတ်ဖတ်ပေးခြင်းဖြင့် အသက်ဆက်ရန်  မစွမ်း နိုင်ချေ ဟု အရှင်နာဂသိန် မထေရ်မြတ်ကြီးက ဖြေကြားခဲ့သည်ကိုလည်း တွေ့ရှိနိုင်ပေသည်။

သို့ဖြစ်ရာ ဗုဒ္ဓကိုယ်တော်တိုင်ဟောကြားခဲ့သော ပရိတ်တရားတော်များသည်ပင် လောက၏နိယာမတရားငါးပါးကို ကျော်လွှား လွန် မြောက်ခြင်းငှာ မစွမ်းနိုင်ကြောင်း ထင်ရှားလှပေသည်။ ထို့ကြောင့်လည်း ဗုဒ္ဓရှင်တော်မြတ်ဘုရားက သတ္တ၀ါတို့၏ လောကီ၊ လောကုတ္တရာ ကိစ္စအ၀၀ အောင်မြင်ပြီးမြောက်ရေးအတွက် အားထားရာအစစ်ကား သဒ္ဓါ၊၀ီရိယ၊သတိ၊သမာဓိ၊ပညာတည်းဟူသော အားငါးတန်(ဗိုလ်ငါးပါး)ပင်ဖြစ်ကြောင်း ဟောကြားတော်မူခဲ့ခြင်းဖြစ်သည်။

ဤနေရာတွင် သဒ္ဓါဆိုသည်မှာ မိမိအနေနှင့် အောင်မြင်ရန် ဆန္ဒပြင်းပြလျက်ရှိသော ကိစ္စတစ်ရပ်သည် မလွဲမသွေဧကန်မုချ ပြီးမြောက် ရမည်ဟူသော ထက်သန်သည့် ယုံကြည်ချက်ပင်ဖြစ်သည်။

စိတ်ပညာရှင်တို့ ပြောဆိုနေကြသည့် အင်မေဂျနေးရှင်းသည် သဒ္ဓါတရားတွင် အကျုံးဝင်ပေသည်။ အောင်မြင်ရန် ဆန္ဒပြင်းပြနေသော ကိစ္စသည် တရားမျှတမှန်ကန်မှုရှိပြီး၊ ဖြစ်လည်းဖြစ်မြောက်ရမည်ဟု ယုံကြည်သဒ္ဓါရှိထားသူတစ်ဦးအဖို့ အောင်မြေတစ်ဝက်နင်းပြီးပြီဟု ယူဆနိုင်ပေသည်။

ဝီရိယဆိုသည်မှာ မိမိယုံကြည်ထားသည့်အလျောက် မဖြစ်မနေ ကြိုးပမ်းအားထုတ် ဆောင်ရွက်ခြင်းပင် ဖြစ်ပေသည်။ ယင်းသို့ ဆောင်ရွက်နိုင်ရန်အတွက် ကိုယ်စိတ်နှစ်ပါးကျန်းမာသန်စွမ်းရန် အရေးကြီးလှပေသည်။ စိတ်ရှိတိုင်း ကိုယ်ကအားထုတ်နိုင်ရန် ကျန်းမာရေးကို အထူးဂရုပြုသင့်သည်။

မိမိ၏ ရည်မှန်းချက်ပန်းတိုင်ကို လျှောက်လှမ်းရာဝယ် လွဲချော်မသွားအောင်၊ လမ်းမှားရောက်မသွားအောင် အစဉ်လက်ကိုင်ထားရမည့် အရာကား သတိတရားပင်ဖြစ်သည်။ သတိတရား လက်ကိုင်ထားခြင်းဖြင့် ယုံကြည်မှုသဒ္ဓါ အစွန်းရောက်သွားခြင်း၊ ၀ီရိယလွန်ကဲခြင်းတို့ မှလည်း ကာကွယ်နိုင်မည်ဖြစ်သည်။

မည်သည့်ကိစ္စကိုမဆို ဆောင်ရွက်ရာတွင် အောင်မြင်မှုမရမီ အခက်အခဲ၊ အတားအဆီးများနှင့် ကြုံတွေ့ရစမြဲဖြစ်သည်။ ယင်းသို့ ကြုံ တွေ့ရသည့်အခါ မဆုတ်မနစ်သော ဇွဲလုံ့လ၀ီရိယဖြင့် အားထုတ်ကြိုးပမ်းနိုင်ရန်မှာ ဝေလ်ပါဝါ(ခေါ်)ပြဋ္ဌာန်းစိတ်တန်ခိုး ထက်မြက်ရန် လိုအပ်သည်။ ယင်းသို့ ပြဋ္ဌာန်းစိတ်တန်ခိုး ထက်မြက်ရန်မှာလည်း သမာဓိအားကောင်းရန် အထူးလိုအပ်လှပေသည်။ ထို့ကြောင့် မိမိ လိုအင်ဆန္ဒပြည့်မြောက်လိုသူများသည် သမာဓိအားကို ထူထောင်ကြရပေမည်။ ဤနေရာတွင် သတိချပ်စရာကား သမာဓိအားကောင်းရန် မှာ အကျင့်သီလနှင့်ပြည့်စုံဖို့ လိုအပ်ကြောင်းပင် ဖြစ်၏။ ကိုယ်ကျင့်သီလ သိက္ခာမရှိသူများတွင် ဗုဒ္ဓအလိုတော်ကျ သမာသမာဓိမျိုး မရှိ နိုင်ပေ။

ဤသို့ သဒ္ဓါ၊ ၀ီရိယ၊သတိ၊သမာဓိတို့နှင့် ပြည့်စုံသောသူအားပညာကလည်း အလိုလို အားကောင်းလာမည်သာ ဖြစ်သည်။ မိမိလိုအင် ဆန္ဒ ပြည့်မြောက်ရေးအတွက် လိုအပ်သော အကြံဥာဏ် နည်းလမ်းကောင်းများကို ထိုးထွင်းသိမြင်လာခြင်းဖြင့် ပညာနှင့်လည်း ပြည့်စုံ လာမည်ဖြစ်သည်။ ပညာအရထိုးထွင်းသိမြင်လာသော အကြံဥာဏ်နည်းလမ်းကောင်းများနှင့်အညီ အားထုတ်ကြိုးပမ်းဆောင်ရွက်လိုက် သော အခါတွင်ကား မိမိတို့မျှော်မှန်းထားသည့် အောင်မြင်မှုပန်းတိုင်ကို မလွဲမသွေလှမ်းကိုင်နိုင်တော့မည်သာ ဖြစ်သည်။

သို့ဖြစ်ရာ ဗုဒ္ဓရှင်တော်မြတ်ဘုရား၏ အဆုံးအမသြ၀ါဒများကို အရိုးပေါ်အရွက်မဖုံးရအောင် ရှေးမူမပျက်ခေတ်အဆက်ဆက် အစဉ် တစိုက် ထိန်းသိမ်းလိုက်နာခဲ့ကြသော ထေရ၀ါဒဗုဒ္ဓဘာသာဝင်များ အနေဖြင့် မိမိတို့၏ ဘ၀အောင်မြင်ရေး ခရီးလမ်းကြောင်းကို လျှောက် လှမ်းကြရာတွင် ဂါထာမန္တန်များ ရွတ်ဖတ်သရဇ္ဈာယ်မှုအပေါ် အားကိုးအားထား ပြုနေရန် မလိုအပ်ကြောင်း ထင်ရှားလှပေသည်။ ဗုဒ္ဓရှင် တော်မြတ်ဘုရား၏ အဆုံးအမသြ၀ါဒနှင့်အညီ သဒ္ဓါ၊ ၀ီရိယ၊ သတိ၊ သမာဓိ၊ပညာတည်းဟူသော ဗိုလ်ငါးပါးကိုသာ အားကိုးအားထားပြု ရန် ဖြစ်ပေသည်။

ယင်းဗိုလ်ငါးပါးနှင့် ပြည့်စုံမှုကိုအကြောင်းပြု၍ လောကီ၊ လောကုတ္တရာ အလိုဆန္ဒများ ပြည့်ဝအောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်ခြင်း ဖြင့်သာ မိမိကိုယ်ကိုမိမိ ထေရ၀ါဒဗုဒ္ဓဘာသာဝင် စစ်မှန်ကြောင်း သက်သေထူနိုင်လိမ့်မည် ဖြစ်ပေတော့သည်။


ဝင်းသိန်းဦး
(၁၂-၃-၉၀)
ဓမ္မရံသီ၊ ၁၉၉၀ပြည့်နှစ်၊ နိုဝင်ဘာလနှင့် ဒီဇင်ဘာလ။

Wednesday, February 9, 2011

မျှစ်ချဉ်နဲ့ဝက်သား၊ ငါးကျည်းခြောက်ကြော်၊ ငါးပိထောင်း

-->
ဟဲဟဲ.... မျှစ်ချဉ်နဲ့ဝက်သားသုံးထပ်သားကို တွဲဖက်ချက်လိုက်ရင် အအီပြေပြီး များများစားဖြစ်မှာသေချာတယ်နော်။ အရည်သောက်နဲ့ တွဲဖက်စားဖို့အတွက်ကတော့ ငါးကျည်းခြောက်ကိုကြော်မယ်။ အဲဒီ့ဟင်းတွေနဲ့အလိုက်ဖက်ဆုံးဟင်းတစ်မည်ကတော့ ငါးပိထောင်းပေါ့။
သွားရေတွေကျလာပြီလား ဟင်းကိုအသေအချာချက်ပြီးမှ အားရပါးရစားကြည့်ကြပါတော့လို့ ပြောပါရစေ။

မျှစ်ချဉ်နဲ့ဝက်သားအတွက်
မျှစ်ချဉ် - နှစ်ဆယ့်ငါးကျပ်သား
ဝက်သားသုံးထပ်သား - နှစ်ဆယ့်ငါးကျပ်သား
ဆား၊နနွင်း၊ငံပြာရည် - သင့်ရုံ
ကြက်သွန်နီ - နှစ်ဥ
ကြက်သွန်ဖြူ - တစ်ဥ
ဆီ - နှစ်ကျပ်ခွဲသား
ငါးပိ - ကွမ်းသီးလုံး
ရေ - နို့ဆီဘူးသုံးလုံး
အပေါ့အငံ - မြည်း

ချက်ကြည့်မယ်

မျှစ်ချဉ်နှစ်ဆယ့်ငါးကျပ်သားကို ရေဆေးပြီး အိုးထဲထည့်ထား၊ ၀က်သားသုံးထပ်သား နှစ်ဆယ့်ငါးကျပ်သားကို အနေတော်လေးတုံးပြီး ဆား၊နနွင်း၊ငံပြာရည်နယ်ထား၊
ကြက်သွန်နီနှစ်ဥ ပါးပါးလှီးထားမယ်၊ ကြက်သွန်ဖြူတစ်ဥထောင်းထားတာကို ဆီသပ်ဖို့ လုပ်ရမယ်၊
ဒယ်အိုးထဲကို ဆီနှစ်ကျပ်ခွဲသား တစ်ခွက်ထည့်၊ ဆီပူလာရင် ကြက်သွန်ဖြူ ကြက်သွန်နီ အဆင်သင့်လုပ်ထားတာကို ထည့်လိုက်မယ်၊
ရွှေဝါရောင်ဖြစ်ပြီး အနံ့မွှေးလာရင် ငါးပိကွမ်းသီးလုံးလောက်ထည့်၊
အဆင်သင့်လုပ်ထားတဲ့ ၀က်သားကို ထည့်ပြီးလုံးမယ်၊
အသားထဲက အရည်တွေခမ်းပြီး အနံ့မွှေးလာရင် မျှစ်ချဉ်ထည့်ထားတဲ့ အိုးထဲလောင်းထည့်လိုက်မယ်၊ ပြီးတော့ ရေနို့ဆီဘူးသုံးလုံးလောက်ထည့်ပြီး မီးဖိုပေါ်ကို ဟင်းအိုးပြန်တင်မယ်၊
ဝက်သား နူးရင် မျှစ်ချဉ်ဟင်းကျက်ပြီ၊
အပေါ့အငံမြည်းပြီး ဟင်းအိုးချလိုက်ရုံပဲ၊ရေလည်းအနေတော်ထည့်ပေါ့။

ငါးကျည်းခြောက်ကြော်အတွက်
ငါးကျည်းခြောက် - တစ်ဆယ်သား
ဆား - အနည်းငယ်
ကြက်သွန်နီ - နှစ်ဥ
ကြက်သွန်ဖြူ - သုံးဥ
ဆီ - ငါးကျပ်သား
ငရုတ်သီးမှုန့် - တစ်ဇွန်း
ပုစွန်ခြောက်မှုန့် - လက်တစ်ဆုပ်စာ

ကြော်ကြည့်မယ်
ငါးကျည်းခြောက်တစ်ဆယ်သားကို ရေစိမ်မယ်၊ ဆယ့်ငါးမိနစ်လောက်အကြာ ပျော့သွားတာနဲ့ ဓားပြားနဲ့ရိုက်ပြီး အရိုးတွေ ခေါင်းတွေ ခွာထုတ်လိုက်မယ်၊ အသားချည်းပဲ ကျန်တဲ့အခါ ဆားနည်းနည်းနယ်လိုက်မယ်၊ ငါးကျည်းခြောက် ကျပ်တိုက်တွေက ဆားအလွန်ပေါ့တတ်လို့ပါ၊
ကြက်သွန်နီနှစ်ဥကို ပါးပါးလှီးမယ်၊ ကြက်သွန်ဖြူ သုံးဥကို အခွံခွာပြီး ထောင်းထားမယ်၊ မီးနည်းနည်းလျှော့ထားတဲ့ မီးဖိုပေါ်ကို ဒယ်အိုးတင်မယ်၊ ဆီ ငါးကျပ်သား အိုးထဲထည့်၊
ငါးကျည်းခြောက်ကို အလျင်ထည့်ကြော်မယ်၊ ကျက်လောက်ရင် ကြက်သွန်နီဖြူ နှစ်မျိုးစလုံးထည့်မယ်၊
အနံ့မွှေးလာရင် ငရုတ်သီးမှုန့်တစ်ဇွန်းလောက်ထည့်၊ ပုစွန်ခြောက်မှုန့်ရှိရင်လည်း လက်တစ်ဆုပ်စာလောက်ထည့်ပြီး မွှေရင်း ချလိုက်မယ်၊

ငါးပိထောင်းအတွက်
ငါးပိ - နှစ်ဇွန်းစာ
ငရုတ်သီး - ဆယ့်ငါးတောင့်
ပုဇွန်ခြောက်မှုန့် - နည်းနည်း
ပူစီနံရွက် - ဆယ့်ငါးရွက်

ထောင်းကြည့်ရအောင်
ငါးပိနှစ်ဇွန်းစာလောက်ကို ကင်မယ်၊ ငရုတ်သီးဆယ့်ငါးတောင့်ကို ဆုံထဲထည့်၊ ပုစွန်ခြောက်မှုန့်နည်းနည်းနဲ့ ရောထောင်း၊
အားလုံးညက်ရင် ကင်ထားတဲ့ ငါးပိမွှေးမွှေးကိုလည်းထည့်ထောင်း၊ ကြိုက်တတ်ရင် ပူစီနံရွက် ဆယ့်ငါးရွက်လောက်ကို ထည့်ထောင်း၊
သမသွားရင် မီးနည်းနည်းပြန်ကင်လိုက်မယ်၊ အနံ့မွှေးလာရင် ပန်းကန်ထဲထည့်၊
ငါးပိထောင်းကို ဆီဆမ်းစားရင်လည်း ရတယ်၊ ရှောက်ရည်သံပုရာရည်နဲ့လည်း သုံးဆောင်လို့ရတယ်။