Sunday, February 20, 2011

အထီးကျန်ခြင်းကို ဘယ်လိုဖြေရှင်းမလဲ

လူတိုင်းအထီးကျန်မှုကို ခံစားဖူးကြမှာပါ။ တချို့က သူတို့ဘဝမှာ ဘယ်သူတစ်ဦး တစ်ယောက်မှ မရှိပေမယ့် နာကျင်မှု ဝေဒနာ၊ အထီးကျန်မှု ဝေဒနာကို မခံစားရပါဘူး။

ဒါဟာ တစ်ယောက်တည်းနေရတဲ့ ဘဝကို အသားကျနေလို့ပါ။ တချို့တွေကတော့ ပြင်ပလူ့အဖွဲ့အစည်းတွေ၊ သူငယ်ချင်းအပေါင်း အသင်းတွေနဲ့ ဆွေမျိုးသားချင်းတွေ ကြားမှာ ကျင်လည်ရင်း သူတို့ပိုင်ဆိုင်တဲ့ အချိန် တွေကို ကုန်လွန်စေကြပါတယ်။ အထီးကျန်တယ်လို့ ခံစားရသူတွေရဲ့ စိတ်နေစိတ်ထား ဟာ သူတို့စိတ်အခြေခံကို မပြည့်စုံခြင်းတွေနဲ့ ပြည့်နေပြီး လူတွေက သူတို့ကို ငြင်းဆန် နေတယ်လို့ ခံစားရကာ ဘယ်လိုမှ စိတ်ဟာ အံဝင်ခွင်ကျမဖြစ်တော့တာပါ။

စိတ်ပညာရှင် ဆရာဝန်တစ်ဦးရဲ့ ပြောပြချက်အရ အထီးကျန်သူတွေရဲ့ စိတ်ဟာ စိတ်ဓာတ် ကျနေသူ တစ်ဦးလိုပါပဲ။ သူတို့ရဲ့ အထီးကျန်တဲ့ စိတ်ကြောင့် လူ့ပတ်ဝန်းကျင် အသိုင်း အဝိုင်းထဲမှာ ပေါင်းသင်းဆက်ဆံရေးတွေ လုံလောက်မှု မရှိတော့ပဲ ဖြစ်လာပါတော့တယ်။ အထူးသဖြင့် လူတစ်ယောက် အပေါ်မှာ မျှော်လင့်ချက်များစွာနဲ့ ပေါင်းသင်းဆက်ဆံသူတွေ ဟာ ဒီလို အထီးကျန်မှု ဝေဒနာကို ပိုပြီး ခံစားရတက်ပါတယ်။ မိမိက ခင်သလောက် ပြန်မခင်တာမျိုး၊ ကိုယ်ချစ်သလောက် ပြန်မချစ်ဘူးလို့ ထင်တာမျိုးတွေကြောင့် ကိုယ်တိုင်ပဲ စိတ်ထဲက ခံစားနေရတဲ့ တစ်ဖက်သတ် ခံစားမှုမျိုးပါ။ ဒီလို ခံစားမှုမျိုးက အချိန်ကြာလာရင် စိတ်ဘဝင်မကျမှုအပြင် ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားမှုလည်းလျော့နည်းလာတတ်ပါတယ်။

သင်ခံစားနေရတာကို မျှဝေခံစားပေးနိုင်မယ့် ဒါမှမဟုတ် အကြံပေးနိုင်မယ့် အဖော်သာမရှိရင် ပိုပြီးဆိုးရွားတဲ့ စိတ်ကျန်းမာရေးကို ဖြစ်ပေါ်လာစေပါတယ်။ အရမ်းခင်မင်ရတဲ့ သူငယ်ချင်း အပေါင်းအသင်းတွေနဲ့ ခွဲခွာရချိန်တွေမှာ ပိုပြီး ခံစားကြရပါတယ်။ သင့်ဘဝမှာ ဒီလို အထီးကျန်မှုတွေ ပြေပျောက်နိုင်စေမယ့် နည်းလမ်းအချို့ ရှိပါတယ်။

လုပ်ငန်းခွင်မှာ အထီးကျန်ရင်

ဒါဟာ သင့်အလုပ်ပေါ်မှာ စိတ်ဝင်စားမှုနဲ့ ဆိုင်ပါတယ်။ သင်ဝါသနာပါတဲ့ အလုပ် ဖြစ်ဖို့လည်း လိုပါတယ်။ သင်ဝါသနာမပါတဲ့ အလုပ်ဆိုရင်တာ့ သင်ဝါသနာပါတဲ့ တခြားအလုပ်ကို အိမ်ပြန်ရောက်ချိန်မှာ ပြုလုပ်နိုင်ဖို့ ကြိုးစားကြည့်ပါ။

သင့်အဖော်ကြောင့် အထီးကျန်တယ်လို့ ခံစားရရင်

မိတ်ဆွေ အပေါင်းအသင်းတွေနဲ့ သင့်ကိုယ်ပိုင်ဘဝကို စတင်ပါ။ အမျိုးသားတိုင်းက အမျိုးသမီးတိုင်းရဲ့ လိုအပ်ချက်ကိုတော့ မသိနိုင်ပါဘူး။ အချို့အရာတွေက ကိုယ်တိုင် ပြောပြဖို့ လိုပါတယ်။ တချို့အမျိုးသားတွေကတော့ အိမ်ကို ပြန်လာလို့ သူတို့ကို ဂရုမစိုက်တဲ့ မိန်းမမျိုးနဲ့ ဆိုရင် ဒီပြဿနာကို ဖြေရှင်းဖို့ အတွက် တခြားပျော်စရာ နေရာတွေကို သွားပြီး စိတ်ကို ဖြေဖျောက်ကြမှာပါ။ အမျိုးသမီးတစ်ဦးအတွက် စိတ်ထွက်ပေါက်ကိုတော့ နားလည်ပေးမှာ မဟုတ်ပါဘူး။ ဒါကြောင့် သင့်အဖော်နဲ့ ခံစားချက်တွေကို တိုင်ပင်နိုင်ဖို့ သီးသန့် အချိန် တစ်ရက်လောက်ယူပြီး ခံစားချက်တွေကို ဖွင့်ဟပြောဆိုပါ။

လူတစ်ယောက်ကို လက်ထပ်ဖို့ အသင့် မဖြစ်သေးတဲ့အခါ

အဓိကကတော့ သင့်ကိုယ်သင် ပြန်ပြီး မေးကြည့်ဖို့ပါပဲ။ ဒီကိစ္စကို သင်ဟာ တစ်ယောက်ထည်း ရှောင်ပုန်းနေမယ် ဆိုရင်တော့ သင်တစ်ယောက်တည်း အထီးကျန်မှုကို ခံစားနေရမှာပါ။ သင့်ခံစားချက်ကို သင်ကိုယ်တိုင် ပြန်မေးကြည့်ပါ။ "သူနဲ့ မတွေ့ရချိန်တွေမှာ သူ့ကို လွမ်းနေလား၊ သူမရှိရင် သင်ပျော်နေလား၊ သူ့ကို မြင်လိုက်ချိန်တိုင်း ကြည်နူးမိလား၊ သူနဲ့အတူ ဘဝတစ်လျှောက်လုံး လက်တွဲသွားရင် ပျော်ရွှင်မိမယ်လို့ ခံစားရလား၊ သူ့ကို လက်ထပ်ရင်ရော သူ့ဘက်က ဘယ်လို တုံ့ပြန်မလဲ၊ သူရဲ့ အပြုအမူအပေါ် သင်ဘယ်လိုတွေ ခံစားရလဲ" အဲဒီ မေးခွန်းတွေရဲ့ အဖြေတွေက သင့်ကို အကောင်းဆုံး ဆုံးဖြတ်ချက်ကို ချနိုင်ပါလိမ့်မယ်။ ဒီအချက်တွေ အတွက် သင့်ဘက်မှာ လိုအပ်ချက်တွေ ရှိနေရင် ရှောင်ပုန်းမနေပါနဲ့။ ဒါဟာ အကောင်းဆုံး အကြောင်းပြချက်ပါပဲ။

မိသားစုနဲ့ ဝေးလို့ အထီးကျန်ခြင်း ခံစားရရင်      

ကိုယ်ချစ်ခင် နှစ်သက်တဲ့သူနဲ့ အပြီးအပိုင် ခွဲခွာရတာဟာ ဖြေမဆည်နိုင်တဲ့ ဝမ်းနည်းမှုပါ။ ဒါပေမဲ့ လောကဖြစ်စဉ်ကို လက်ခံနိုင်ဖို့တော့ လိုပါတယ်။ ခဏတာ ခွဲခွာမှုအတွက် အထီးကျန်တယ်ဆိုရင် နောက်လည်း သွားတွေ့နိုင်ကြောင်း သင်သတိရပါ။ သင့်နေ့စဉ် လှုပ်ရှားမှုတွေထဲမှာ တခြားသင်ဝါသနာပါတဲ့ အားကစားတွေ၊ စာဖတ်ခြင်းတွေ၊ ဂေါက်ရိုက်ခြင်းတွေ ပြုလုပ်ဖို့ အချိန်ပေးလိုက်ပါ။

ချစ်သူနဲ့ ခွဲခွာရလို့ အထီးကျန်ရင်

ရင်ထဲမှာ ခံစားနေရတာတွေကို စာရွက်တစ်ရွက်နဲ့ ချရေးလိုက်ပါ။ ကဗျာနဲ့ စာတွေကို သင့်စိတ်ထဲမှာ ပေါ်လာတဲ့အတိုင်း ရေးချပြီး သတိရတိုင်း ပြန်ဖတ်ကြည့်ပါ။ သူငယ်ချင်းတွေနဲ့ စကားပြောတာမျိုး၊ ဂိမ်းကစားတာမျိုး ပြုလုပ်ပါ။ ရယ်စရာ ဟာသကားတွေ ကြည့်ပါ။

Ref: Good Health

No comments: