Thursday, February 3, 2011

Ohn Rice

အနောက်တိုင်းကလူတွေစားတဲ့အစားအစာဖြစ်ပေမဲ့ ပြုလုပ်ရတာလည်းလွယ်ကူ ထည့်ချက်ရမယ့် ဟင်းအမည်တွေ ကလည်း သိပ်မရှုပ်ထွေးတဲ့ Ohn Rice အကြောင်း ပြန်လည်ဖော်ပြလိုက်ပါတယ်။
ထမင်းကြော်အပေါ်ကနေ ကြက်ဥမွှေကြော်ထပ်လိုက်တဲ့ အစားအစာတစ်မျိုးလို့ဆိုရပေမယ့် ဆန်းသစ်တဲ့အရသာကို ပေးစွမ်းနိုင်တာမို့  အကြိုက်တွေ့မယ်လို့မျှော်လင့်ပါတယ်။
Ohn Rice အတွက်
ပါဝင်ပစ္စည်းများ (လူတစ်ယောက်စာ)
ထမင်း - ပန်းကန်လုံးတစ်လုံး
ကြက်ဥ - ၂ လုံး
ခရမ်းချဉ်သီး - ၄လုံး
ပန်းငရုတ်ပွ - အနည်းငယ်
ဆား - အနည်းငယ်
ငရုတ်ကောင်း - အနည်းငယ်
ဆီ - အနည်းငယ်
ထောပတ် - အနည်းငယ်
နွားနို့ - အနည်းငယ်
ခနော ကြက်သားမှုန့် - အနည်းငယ်
ပြုလုပ်နည်း
ကို ချက်ပြုတ်ဖို့အတွက် ပထမဦးဆုံး လိုအပ်တာကတော့ ခရမ်းချဉ်သီးကို အနှစ်ပြုလုပ်ဖို့ပါပဲ။ အင်္ဂလိပ်လို လို့ခေါ်တဲ့ ခရမ်းချဉ်သီးအနှစ်ကို စူပါမားကတ်တွေမှာ အလွယ်တကူ ၀ယ်ယူနိုင်ပေမယ့် ကိုယ်တိုင်ပြုလုပ်ချင်သူများအတွက် ပြုလုပ်နည်းကို ဦးစွာဖော်ပြပေးလိုက်ပါတယ်။
ပထမဦးဆုံး ခရမ်းချဉ်သီးအမှည့် (၄)လုံးကို အစေ့များဖယ်ထုတ်ပြီး ရေဖြင့်ပြုတ်ပါ။ ပြုတ်ပြီးသား ခရမ်းချဉ်သီးများကို ဇွန်း နဲ့ခြေပြီး ဆန်ခါထဲစစ်ချကာ ခပ်ပျစ်ပျစ်အနှစ်များရအောင်လုပ်ပါ။ အနှစ်များရလာရင် အသားမှုန့်အနည်းငယ်ထည့်ပြီး ပန်းကန်လုံးတစ်ခုထဲမှာ သတ်သတ်ထည့်ထားပါ။
ဒယ်အိုးထဲသို့ ဆီအနည်းငယ်ထည့်ပြီး ဆီပူလာပါက ထမင်းထည့်ပါ။ ပြီးရင် အသားမှုန့်ထည့်ပြီး မွှေပါ။ (၁)မိနစ်လောက် မွှေပြီးရင် ငရုတ်ကောင်းမှုန့်အနည်းငယ်နဲ့အတူ သေးသေးနုပ်နုပ်လှီးထားတဲ့ ပန်းငရုတ်ပွလေးတွေကို ထည့်မွှေပြီး နောက်ဆုံးအဆင့်အနေနဲ့ ခရမ်းချဉ်သီးအနှစ်ကို အနည်းငယ်ထည့်ပါ။ ပြီးရင် စားမယ့်ပန်းကန်ထဲသို့ ခပ်မို့မို့အနေ အထားဖြစ်အောင်ထည့်ပါ။
ကြက်ဥနှစ်လုံးကို အသားမှုန့်နဲ့ နွားနို့ထည့်ကာ ခေါက်ထားပါ။ ပြီးရင် ဒယ်အိုးထဲကို ထောပတ်အနည်းငယ်ထည့်ပြီး မီး အပူပေးကာ ခေါက်ထားတဲ့  ကြက်ဥများကို ထည့်ပါ။ မီးမျှဉ်းမျှဉ်းနဲ့ ကြော်ပါ။ ကြက်ဥအချပ်မပျက်သွားအောင် အထူး သတိထားပါ။ ဟိုဘက်ဒီဘက် လှန်စရာမလိုဘဲ (၂)မိနစ်လောက်ကြာအောင်ထားပြီး အခုနကကြော်ထားတဲ့ ထမင်းကြော် ပေါ်ကတင်ကာ လက်ကျန်ခရမ်းချဉ်သီးအနှစ်များကို လောင်းချလိုက်ရင်တော့ အရသာရှိတဲ့ Ohn Rice က စားဖို့ အဆင် သင့်ဖြစ်ပါပြီ။
Cooking Point 1
အခုဖော်ပြလိုက်တဲ့ Ohn Rice ပြုလုပ်နည်းကတော့ ငွေကြေးအကုန်ကျ အသက်သာဆုံးနဲ့ အလွယ်ကူဆုံးနည်းပဲဖြစ် ပါတယ်။ အသားထည့်ချင်တဲ့သူတွေကတော့ ထမင်းကြော်တဲ့အချိန်မှာပဲ ၀က်သား၊ ကြက်သားများကို နုပ်နုပ်စဉ်းပြီး ထည့် နိုင်သလို ၀က်အူချောင်း၊ ကြက်အူချောင်းများကိုလည်း ပါးပါးလှီးပြီး ထည့်ကြော်နိုင်ပါတယ်။
Cooking Point 2
ပန်းငရုတ်ပွကတော့ အနံ့အတွက်ထည့်တာဖြစ်လို့ မကြိုက်တဲ့သူတွေ မထည့်ဘဲ ကြော်နိုင်ပါတယ်။ ကြက်ဥကိုကြော်တဲ့ အခါ ထောပတ်က အကောင်းဆုံးဖြစ်ပေမယ့် ထောပတ် အလွယ်တကူမရှိရင် ဆီကို အစားထိုးအသုံးပြုနိုင်ပါတယ်။
Cooking Point 3
ကြက်ဥကြော်ချိန်မှာ အောက်ခြေက နည်းနည်းလေးမာသလိုဖြစ်လာတာနဲ့ တူဒါမှမဟုတ် ယောက်မကိုသုံးပြီး ခပ်ကြီးကြီး လိပ်ကာ ထမင်းပေါ်ကိုတင်ပါ။ ကြက်ဥကြော်ရဲ့အလယ်ကောင်ကို ဓားနဲ့ခွဲလိုက်ရင် အတွင်းဘက်မှ ကြက်ဥခရင်မ်များက ပန်းကန်ပေါ်မှာဖုံးသွားပြီး အမြင်တစ်မျိုးဆန်းတဲ့ Ohn Rice ကိုရရှိနိုင်ပါတယ်။
Cooking Point 4
နှစ်ခါ သုံးခါလောက်စားပြီး အရသာရိုးသွားတဲ့သူတွေကတော့ ထမင်းကြော်တဲ့အချိန်မှာ ခရမ်းချဉ်သီးအနှစ်ကို မထည့်ဘဲ နောက်ဆုံးပိတ်မှာ အနှစ်တွေကို အပေါ်ကဆမ်းပြီးစားနိုင်သလို နောက်တစ်နည်းအနေနဲ့ ဒံပေါက်မဆလာကိုထည့်ပြီး ကြော်ရင်လည်း တစ်မျိုးထူးတဲ့အရသာကို ရရှိစေမှာဖြစ်ပါတယ်။
Cooking Point 5
စူပါမားကတ်တွေမှာရောင်းတဲ့ Sauce ကိုအသုံးပြုမယ်ဆိုရင်တော့ နောက်ဆုံးအဆင့် အားလုံးပြီးသွားတဲ့အချိန်မှာ ကြက်ဥ ပေါ်မှာ မိမိတို့ကြိုက်နှစ်သက်တဲ့ စာလုံးလေးတွေ ရေးနိုင်ပါတယ်။ ပြင်ဆင်မှုများကတော့ မိမိတို့ရဲ့ စိတ်ကြိုက်အပြင် အဆင်မျိုး ပြုလုပ်နိုင်ပါတယ်။ ခရမ်းချဉ်သီးရဲ့ ချဉ်တဲ့အရသာနဲ့ ကြက်ဥ၊ နွားနို့တို့ရဲ့ အအီအရသာတို့ကြောင့် စားမြိန် စေမယ့် အစားအသောက်တစ်ခုလို့ ဆိုပါရစေ။

No comments: