Sunday, May 29, 2011

Face Cream ဘာကြောင့်သုံးရတယ်

လွန်ခဲ့သောရာစုနှစ်များကပင် Face Cream သုံးစွဲခြင်းမျိုးစတင်ခဲ့ပါတယ်။ ဒါ့အပြင် Face Cream သည် အသက်အရွယ်တိုင်း၊ အရေပြား အမျိုးအစားအားလုံး တိုင်းအတွက် မသုံးလျှင်မဖြစ်သော အရေပြားထိန်းသိမ်းသည့် ကုန်ပစ္စည်းတစ်မျိုးလည်းဖြစ်ပါတယ်။ ၄င်းကိုအသုံး ပြုခြင်းဖြင့် အရေပြားကို ကျန်းမာပြီးကြည့်ကောင်းလာစေကာ အစိုဓာတ်ကိုလည်း ရရှိစေနိုင်ပါလိမ့်မယ်။ အရေပြားအခြေအနေပေါ်မူတည် ပြီး ၁။အစိုဓာတ်ပေးနိုင်သော Moisturizer ကဲ့သို့သော Face Cream ၂။ ရေဓာတ်ကိုထိန်းထားပေးသော Face Cream ၃။ Anti-aging ကဲ့သို့သော အရွယ်မတိုင်မီ အိုမင်းရင့်ရော်ခြင်းကို ကာကွယ်ပေးနိုင်သော Face Cream ၄။ အရေပြားကို နူးညံ့စေသော Face Cream နှင့် ၅။ အရေပြားဆဲလ်အဟောင်းများကို ဖယ်ရှားပေးပြီး အသားအသစ်ဖြစ်လာစေသော Face Cream ဟူ၍ အမျိုးမျိုးရှိသည့်အတွက် မိမိနှင့်သင့်လျော်ရာတစ်မျိုးကို မှန်ကန်စွာ ရွေးချယ်အသုံးပြုနိုင်ပါတယ်။ မည်သို့သော အာနိသင်ရှိတဲ့အမျိုးအစားပင်ဖြစ်စေကာမူ အရည် အသွေးပြည့်မီတဲ့ ဓာတ်ပစ္စည်းတွေပါဝင်တဲ့အတွက် အသုံးပြုပါက အကျိုးရှိစေမှာအမှန်ပါ။ အဲဒီ Face Cream တွေအားလုံးက အရေပြား ကို နူးညံ့ပြီး တင်းတင်းရင်းရင်းရှိစေပါလိမ့်မယ်။

အဲဒီ Face Cream တွေမှာ ပါဝင်နိုင်တဲ့ ဓာတ်ပစ္စည်းတွေကတော့ ပျားရည်၊ ပျားဖယောင်း၊ ဗိုက်တာမင်များ၊ တွင်းထွက်များ၊ သံလွင်ဆီ၊ ဗာဒံဆီ၊ ဂရစ်ဆလင်း၊ တစောင်းလက်ပပ်၊ သိုးမွှေးမှရသည့်အဆီ၊ ကြက်ဆူဆီနှင့် ရေနံမှဖြစ်သည့်ဆီခဲ စသည်တို့ပင်ဖြစ်သည်။

မိမိအရေပြားနဲ့ အသင့်လျော်ဆုံးသော Face Cream ကိုဘယ်လိုရွေးချယ်မလဲ

ဒီလိုရွေးချယ်ရာမှာ အရေးအကြီးဆုံးကတော့ မိမိဟာ ဘယ်လိုအသားအရေပိုင်ရှင်ဖြစ်သလဲဆိုတဲ့အချက်ရယ်၊ မိမိအရေပြားမှာ ဘာတွေ လိုအပ်နေတာလဲဆိုတဲ့အချက်တွေကို သိထားဖို့လိုပါတယ်။

ဥပမာအနေနဲ့ပြောရမယ်ဆိုရင် မိမိဟာခြောက်သွေ့တဲ့အရေပြားဆိုပါစို့။ အဲဒါဆိုရင် အရေပြားကို အစိုဓာတ်ဖြည့်ပေးနိုင်ပြီး အမွှေးအနံ့ ပါဝင်မှုမရှိတဲ့ Face Cream မျိုးကိုရွေးချယ်ရမှာပဲဖြစ်ပါတယ်။ ဒါမှမဟုတ်အဆီပြန်ပြီး အဖုအပိန့်ရှိတဲ့အရေပြားဆိုရင်တော့ ပိုနေတဲ့အဆီ ကို စုပ်ယူပေး နိုင်ပြီး အဆီအများအပြားထွက်ရှိမှုကိုပါ ထိန်းချုပ်ပေးနိုင်တဲ့ Face Cream မျိုးကိုအသုံးပြုပေးရမှာဖြစ်ပါတယ်။ ဒီနေရာမှာ Face Cream နှင့် Moisturizer တို့ရဲ့ကွဲပြားချက်တစ်ခုကို ပြောလိုပါတယ်။ ယေဘုယျအားဖြင့် Face Cream တွေဟာ Moisturizer တွေထက်ပျစ်ပြီးထူကာ အရေပြားကိုလည်း ပိုမိုကောင်းမွန်စေတဲ့အာနိသင်ရှိပါတယ်။ နောက်တစ်နည်းပြောရမယ်ဆိုရင် Face Cream ဟာ အရေပြားကို အစိုဓာတ်ပေးနိုင်ရုံတင်မကဘဲ အရေပြားမှာလိုအပ်နေတဲ့ ဓာတ်တွေကိုလည်း ဖြည့်တင်းပေးနိုင်ပါတယ်။ Moisturizer ကတော့ အရေပြားကို အစိုဓာတ်ပေးရုံပဲတတ်နိုင်ပါတယ်။ သို့သော်လည်း အဆိုပါနှစ်မျိုးစလုံးဟာ အရေပြားကို အစိုဓာတ်ထိန်းပေးပြီး ပတ်ဝန်းကျင်ရှိ ပိုးမွှားများကိုလည်း ကာကွယ်ပေးနိုင်တဲ့အစွမ်းရှိတာချင်းကတော့ အတူတူပါပဲ။ Face Cream အသုံးပြုခြင်းကြောင့်ရနိုင် မယ့် အကျိုးကျေးဇူးတွေကတော့

၁။ အရေပြားကို နေ၊လေနဲ့ အအေးဒဏ်တို့မှ ကာကွယ်ပေးနိုင်ခြင်း၊

၂။ အရေပြားကို အဟာရဓာတ်များ ဖြည့်တင်းပေးခြင်း၊

၃။ အရေပြားကို အစိုဓာတ်ပေးခြင်း၊

၎။ အရေပြားကို သက်သောင့်သက်သာဖြစ်စေခြင်း၊

၅။ အရေပြား၏ အသွေးအဆင်းကို တိုးတက်ကောင်းမွန်စေခြင်း၊

၆။ သဘာဝအလျောက် အစိုဓာတ်လျော့နည်းမှုကို လျှော့ချပေးခြင်း၊

၇။ အရေပြားခြောက်သွေ့ခြင်းမှ ကာကွယ်ပေးနိုင်ခြင်း၊

၈။ မိတ်ကပ်မလိမ်းမီ အောက်ခံအဖြစ်အသုံးပြုနိုင်ခြင်း၊

၉။ အရေပြားခြောက်သွေ့ကွဲအက်ခြင်းကို ကာကွယ်ပေးနိုင်ခြင်း၊

၁၀။ အရေပြားကို နူးညံ့စေခြင်းတို့ပဲဖြစ်ပါတယ်။

Face Cream ကို ဒီလိုအသုံးပြုမယ်

အဆင့်(၁) မျက်နှာပြင်သန့်စင်ခြင်းနဲ့ Toner ကိုအသုံးပြုခြင်း

ပထမဦးစွာ မျက်နှာပြင်ကို သန့်စင်ပေးပါ။ ပြီးလျှင် မိမိအရေပြားနှင့်သင့်လျောသော တိုနာ(Toner)ကို မဖြစ်မနေလိမ်းပေးပါ။ တိုနာရည် ခြောက်သွားအောင် မိနစ်အနည်းငယ်လောက်ထားပေးပါ။ ပြီးမှ Face Cream ကိုလိမ်းပေးရမှာဖြစ်ပါတယ်။

အဆင့်(၂) Face Cream လိမ်းကျံခြင်း

Face Cream အနည်းငယ်ခန့်ကို လက်ချောင်းထိပ်ဖျားဖြင့် ယူပြီးမျက်နှာပြင်ပေါ် လိမ်းပေးပါ။ ထိုသို့လိမ်းရာတွင် မျက်လုံးထဲသို့မ၀င်ပါ စေနှင့်။ မျက်နှာပြင် အလယ်ဘက်နေရာမှစတင်၍ အပေါ်သို့ပင့်ကာဖြင့် လိမ်းပေးရပါမယ်။ အတင်းပွတ်ဆွဲခြင်းမျိုးမလုပ်ပါနှင့်။ Face Cream လိမ်းပြီးချိန်တွင် မျက်နှာပြင်၌ အဆီများဖြစ်နေပါက Tissue စတစ်ခုဖြင့် အသာဖိကပ်ပေးပါ။

အဆင့်(၃) လည်ပင်းကို မေ့မထားပါနှင့်

Face Cream (သို့) Moisturizer ကိုလည်ပင်းနေရာကိုပါ လိမ်းကြံပေးရန်မမေ့သင့်ပါ။ လည်ပင်းအောက်မှ အထက်ဘက်သို့ ပင့်တင်၍ လိမ်းပေးပါ။

ဧကမ္ဘာ

Thursday, May 26, 2011

Everything you need to know about Internet and Web

  အင်တာနက်၏အစ

1957 ခုနှစ် အောက်တိုဘာလ ၄ ရက်နေ့မှာ ကနေ့ခေတ် နည်းပညာကမ္ဘာကြီးကို ဖြစ်ပေါ်လာစေမယ့် အဖြစ်အပျက်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။ ဆိုဗီယက်ယူနီယံက ကမ္ဘာ့ပထမဦးဆုံးဂြိုဟ်တုဖြစ်တဲ့ စပွတ်နစ် (၁) ကို လွှတ်တင်နိုင်ခဲ့ပါတယ်။ ဒီအဖြစ်အပျက်ဟာ ကမ္ဘာကြီးကို တုန်လှုပ်သွားစေပါတယ်။ အထူးသဖြင့် အမေရိကန်ပြည်ထောင်စုကိုပါ။ အမေရိကန်ပြည်ထောင်စုအနေနဲ့ ကမ္ဘာပတ်လမ်းကြောင်းပေါ်ကို ဂြိုဟ်တုလွှတ်တင်နိုင်ဖို့ ပြင်ဆင်နေဆဲအချိန်မှာပဲ သူတို့ရဲ့ အဓိကပြိုင်ဘက်က အရင်လွှတ်တင်နိုင်ခဲ့တဲ့အတွက် အကြီးအကျယ် တုန်လှုပ်သွားခဲ့တာပဲ ဖြစ်ပါတယ်။

 

ဒီအဖြစ်အပျက်ကြောင့် ARPA (the Advanced Research Project Agency) ဆိုတဲ့ အဖွဲ့အစည်းတစ်ခုကို နည်းပညာသစ်၊ စိတ်ကူးသစ်တွေကို သုတေသနလုပ်နိုင်ရန် ရည်ရွယ်ပြီး အမေရိကန်ပြည်ထောင်စု ကာကွယ်ရေးဌာနက စတင်ဖွဲ့စည်းခဲ့ပါတော့တယ်။ အဲ့ဒီအဖွဲ့ရဲ့ အကျော်ကြားဆုံးဖန်းတီးမှု့ကတော့ ကနေ့နည်းပညာကမ္ဘာကြီးကို ဖြစ်ပေါ်လာစေတဲ့ အင်တာနက်ပဲ ဖြစ်ပါတယ်။

 

၁၉၆၀ ပြည့်နှစ်မှာတော့ Joseph Licklider လို့ခေါ်တဲ့ ကွန်ပျူတာသိပ္ပံပညာရှင်က Man-Computer Symbiosis လို့အမည်ပေးထားတဲ့ စာတမ်းတစ်စောင်ကို တင်ပြလာပါတယ်။ အဲ့ဒီစာတမ်းဟာ နက်ဝပ်ကွန်ပျူတာတွေ တည်ဆောက်ဖို့အတွက် စိတ်ကူးအခြေခံတစ်ခု ဖြစ်ပါတယ်။ ၁၉၆၂ ခုနှစ်မှာ Joseph Licklider ဟာ ARPA ရဲ့ Information Process Office ဥက္ကဌအဖြစ်နဲ့ သုတေသနအဖွဲ့တစ်ခုကို ဖွဲ့စည်းပေးခဲ့ပါတယ်။ ဒါပေမယ့် သူရဲ့စိတ်ကူးကို အကောင်အထည်မဖော်ဖြစ်ခင်မှာပဲ အဖွဲ့ကနေ ထွက်သွားခဲ့ပါတယ်။

 

၁၉၆၇ ခုနှစ် အောက်တိုဘာလမှာ ARPANET လို့အမည်ပေးထားတဲ့ ကွန်ပျူတာနက်ဝပ်အစီအစဉ်ကို စတင်အကောင်အထည် ဖော်ခဲ့ပါတယ်။ ၁၉၆၉ ခုနှစ် ဒီဇင်ဘာလမှာတော့ ပထမဦးဆုံး ကွန်ပျူတာနက်ဝပ် လေးခုကို စတင်အသုံးပြုနိုင်ခဲ့ပါတယ်။ အဲ့ဒီ ပထမဆုံး နက်ဝပ်တွေမှာသုံးခဲ့တဲ့ packets switching နည်းစနစ်ဟာ ကနေ့ထိ အသုံးပြုနေဆဲဖြစ်ပါတယ်။

ARPANET ရဲ့ packets switching နည်းစနစ်ကို ဗြိတိန်တက္ကသိုလ်တွေစုပေါင်းထားတဲ့ နက်ဝပ်တစ်ခုဖြစ်တဲ့ JANET နဲ့ အများသုံးနက်ဝပ်လုပ်ငန်းကုမ္ပဏီတစ်ခုဖြစ်တဲ့ CompuServe အပါအဝင် အခြားအဖွဲ့အစည်းတွေကလည်း အသုံးပြုလာကြပါတယ်။ အဲ့ဒီနက်ဝပ်တွေဟာ ကနေ့ခေတ်နဲ့နှိုင်းယှဉ်ရင် Private Network သာသာမျှသာဖြစ်ပါတယ်။

 

ခြေခံနည်းစနစ် တူပေမယ့် ကွဲပြားခြားနားတဲ့ ဖွဲ့စည်းပုံတွေကြောင့် အဲ့ဒီနက်ဝပ်တွေကို တစ်ခုနဲ့တစ်ခု ချိတ်ဆက်ဖို့ကြိုးစားတဲ့အခါမှာတော့ အခက်အခဲတွေ ကြုံလာရပါတော့တယ်။ ဒီပြဿနာကို ဖြေရှင်းဖို့ ARPA ရဲ့ Satellite Network Packets Project မှာလုပ်နေတဲ့ Robert Kahn နဲ့ စတန်းဖို့တက္ကသိုလ်က Vinton Cerf တို့ပူးပေါင်းပြီး မတူညီတဲ့ နက်ဝပ်စနစ်တွေအတွက် ကြားခံ Mask တစ်ခုအနေနဲ့ဆောင်ရွက်ပေးနိုင်တဲ့ Protocol တစ်ခုကို ဖန်းတီးပေးခဲ့ကြပါတယ်။ ၁၉၇၄ ခုနှစ် ဒီဇင်ဘာလမှာ ဖော်ထုပ်ခဲ့တဲ့ အဲ့ဒီနည်းပညာကို "Internet Transmission Control Program" လို့ ခေါ်ခဲ့ပါတယ်။

 

အဲ့ဒီ Protocol က နက်ဝပ်ရဲ့လုပ်ဆောင်ချက်တွေကို လျှော့ချပြီး ကွန်ပျူတာကို အဓိက အလုပ်လုပ်ခိုင်းလိုက်တဲ့ နည်းစနစ်တစ်ခုလည်း ဖြစ်ပါတယ်။ ရလဒ်ကတော့ နက်ဝပ်တွေအားလုံးကို ချိတ်ဆက်မယ်ဆိုရင်တောင် ချိတ်ဆက်နိုင်တဲ့ နည်ပညာတစ်ခု ဖြစ်လာတာပါပဲ။ ARPA က လိုအပ်တဲ့ Software တွေကိုပါ တည်ဆောက်ခဲ့ပြီး ၁၉၇၇ ခုနှစ်မှာတော့ မတူကွဲပြားတဲ့ နက်ဝပ်သုံးခုကို အောင်အောင်မြင်မြင် ချိတ်ဆက်နိုင်ခဲ့ပါတယ်။ ၁၉၈၁ ခုနှစ်မှာ Protocol ကို လက်စသတ်နိုင်ခဲ့ပြီး ၁၉၈၂ ခုနှစ်မှာတော့ အဲ့ဒီ Protocol "TCP/IP" ကို အခြားအဖွဲ့အစည်းတွေကပါ စတင်အသုံးပြုလာကြပါတယ်။ အင်တာနက်ဆိုတာ အဲ့ဒီအချိန်မှာ အစပြုခဲ့ပြီပဲဖြစ်ပါတယ်။

 

World Wide Web

၁၉၉၀ ပြည့်နှစ်ဝန်းကျင်မှာ Gopher လို့ခေါ်တဲ့ စနစ်တစ်ခုကို အသုံးပြုလာကြပါတယ်။ အဲ့ဒီစနစ်ဟာ အချက်အလက်တွေကို ရှာဖွေ၊ ဖြန့်ဝေပေးနိုင်တဲ့ စနစ်တစ်ခုဖြစ်ပါတယ်။ တက္ကသိုလ်တွေမှာ အတော်လေး ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုခဲ့တဲ့ နည်းပညာတစ်ခုဖြစ်ပါတယ်။ တက္ကသိုလ်တစ်ခုလုံးရဲ့ အချက်အလက်တွေကို တစ်နေရာတည်းမှာပဲ စုထားနိုင်ပြီး Gopher စနစ်နဲ့ အခြားကွန်ပျူတာတွေက ဆက်သွယ်ရယူနိုင်ပါတယ်။

 

Gopher ကို မင်နီဆိုးတာတက္ကသိုလ်က ဖန်တီးခဲ့တာဖြစ်ပါတယ်။ ၁၉၉၃ ခုနှစ် ဖေဖော်ဝါရီမှာ အခြေအနေတွေကို ပြောင်းလဲသွားစေနိုင်တဲ့ ဆုံးဖြတ်ချက်တစ်ရပ်ကို မင်နီဆိုးတာ တက္ကသိုလ်က ချမှတ်ခဲ့ပါတယ်။ Gopher နည်းပညာကို အသုံးပြုနေသူတွေက အသုံးပြုခ ပေးရမယ်လို့ ကြေငြာခဲ့ခြင်း ဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိ Gopher အသုံးပြုနေသူတွေက အခြားနည်းပညာတစ်ခုခုကို ပြောင်းသုံးဖို့ စဉ်းစားလာကြပါတော့တယ်။

 

ဆွစ်ဇာလန်နိုင်ငံမှာ အခြေစိုက်ထားတဲ့ CERN (The European Council of Nuclear Research Center) ဆိုတဲ့ အဖွဲ့အစည်းမှာလည်း Gopher ကို အစားထိုးနိုင်တဲ့ နည်းပညာတစ်ခုက ရှိနေပါတယ်။ အဲ့ဒီအဖွဲ့ကTim Berners-Lee ဆိုတဲ့ပညာရှင်က Document တွေအတွင်းမှာ အခြား Document တွေကို Reference လုပ်ထားတဲ့ Link တွေ ထည့်သွင်းနိုင်တဲ့ နည်းပညာတစ်ရပ်ကို ဖန်တီးနေပါတယ် (အဲ့ဒီ Document တွေကို သူက Hypertext Document လို့ ခေါ်ပါတယ်)။ လက်တွေ့အနေနဲ့ Document တွေကို Server တစ်လုံးထဲမှာ စုစည်းထားပြီး ဖြန့်ဝေပေးနိုင်တဲ့ Server Software တစ်ခုနဲ့ အဲ့ဒီ Document တွေကိုဖတ်နိုင်တဲ့ Program တစ်ခုကိုလည်း ဖန်တီးခဲ့ပါတယ်။ ဖန်တီးမှုအားလုံးကိုစုပေါင်းပြီး "WorldWideWeb" လို့ အမည်ပေးခဲ့ပါတယ်။ WorldWideWeb စနစ်ကို ၁၉၉၁ ခုနှစ်မှာ ဖန်းတီးခဲ့တာဖြစ်ပေမယ့် လူသုံးများတဲ့ စနစ်တစ်ခုရယ်လို့ ဖြစ်လာဖို့ အချိန်အတိုင်းအတာတစ်ခု စောင့်ခဲ့ရပါတယ်။

 

၁၉၉၃ ခုနှစ် ဧပြီလ ၁၃ ရက်နေ့မှာ WorldWideWeb နည်းပညာရဲ့ Source Code ကို အများကို ဖော်ပြခဲ့ပါတယ်။ ဒါကြောင့် ဒီနည်းပညာကို မည်သူမဆို (အခမဲ့) အသုံးပြုခွင့်ရလာပါတယ်။ ဒါဟာလည်း ကြီးမားတဲ့အလှည့်အပြောင်းတစ်ခုကို ဖြစ်ပေါ်စေတဲ့ ဆုံးဖြတ်ချက်တစ်ခုပဲ ဖြစ်ခဲ့ပါတယ်။

 

အဲ့ဒီနှစ်ထဲမှာပဲ NCSA (National Center of Supercomputing Applications) က Web Browser နဲ့ Gopher Client ကိုပေါင်းစပ်ထားတဲ့ Program တစ်ခုကို ဖန်တီးဖော်ထုပ်ခဲ့ပါတယ်။ Mosaic လို့ ခေါ်ပါတယ်။ အစပိုင်းမှာတော့ Unix Operating System တွေအတွက် ဖန်းတီးခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ၁၉၉၃ ခုနှစ် ဒီဇင်ဘာလမှာ Mac နဲ့ Windows အတွက်ပါ သီးခြား Version တွေ ဖန်တီးပေးခဲ့ပါတယ်။ အဲ့ဒီအချိန်ကစပြီး Mosaic နဲ့ WorldWideWeb ဟာ အလျှင်အမြန် ကျယ်ပြန့်လာခဲ့တာဖြစ်ပါတယ်။

 

Web Browser တွေလည်း တစ်ခုပြီးတစ်ခု (မယုံနိုင်လောက်အောင်) များပြားစွာ ပေါ်ပေါက်လာပါတယ်။ အများစုကတော့ တက္ကသိုလ်တွေ၊ ကော်ပိုရိတ်တွေရဲ့ သုတေသနပရောဂျက်တွေ အနေနဲ့ ပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။

 

Browser War

Web နည်းပညာ အလျှင်အမြန် ဖွံ့ဖြိုးတိုးတက်လာမှုက ဒီနည်းပညာအပေါ် စီးပွားရေးဆိုင်ရာစိတ်ဝင်စားမှုကို တိုးလာစေခဲ့ပါတယ်။ Marc Andreessen နဲ့ Jim Clark တို့နှစ်ယောက်က NCSA က ထွက်ပြီး Mosaic Communications ဆိုတဲ့ လုပ်ငန်းတစ်ခုကို တည်ထောင်ခဲ့ပါတယ်။ နောက်ပိုင်းမှာ Netscape Communications Corporation လို့ အမည်ပြောင်းပြီး Netscape Navigator ဆိုတဲ့ Web Browser ကို ဖန်တီးခဲ့ကြပါတယ်။ Netscape Navigator ရဲ့ Version 1.0 ကို ၁၉၉၄ ခုနှစ် ဒီဇင်ဘာလမှာ ကြေငြာခဲ့ပါတယ်။

 

NCSA ရဲ့ အဖွဲ့ခွဲတစ်ခုဖြစ်တဲ့ Sypglass Inc. က Mosaic Browser ရဲ့ လိုင်စင်ကို Microsoft ကို ပေးလိုက်ပါတယ်။ ၁၉၉၅ ခုနှစ် ဩဂုတ်လမှာ Mosaic Browser ကိုအခြေခံထားတဲ့ Microsoft Internet Explorer စတင်ပေါ်ပေါက်လာပါတယ်။

 

နော်ဝေး ဆက်သွယ်ရေးလုပ်ငန်းတစ်ခုဖြစ်တဲ့ Telenor ကလည်း Opera Web Browser ရဲ့ ပထမဆုံး Version ကို ၁၉၉၄ ခုနှစ်မှာပဲ စမ်းသပ်ထုပ်လုပ်ခဲ့ပါတယ်။

 

အဲ့ဒီအချိန်ကစပြီး အသုံးပြုသူတွေနဲ့ Web Developer တွေကို ဆွဲဆောင်ဖို့ Web Browser တွေက သူ့ထက်ငါကောင်းဖို့ အပြိုင်အဆိုင် ကြိုးစားကြရင်း Browser War ဆိုတာ စတင်ပေါ်ပေါက်လာပါတယ်။

 

Web Standards လိုအပ်လာခြင်း

Microsoft ရော Netscape ရဲ့ အဓိကဦးတည်ချက်က သူတို့ရဲ့ Web Browser မှာ လုပ်ဆောင်ချက်အသစ်တွေ အခြားသူထက်သာအောင် ထပ်ထည့်ဖို့ပဲဖြစ်ပါတယ်။ တစ်ဦးထက် တစ်ဦးကသာဖို့ အဓိက ဦးတည်နေတဲ့အတွက် တူညီတဲ့ စံ တစ်ခုရအောင် ညှိနှိုင်းဖို့ဆိုတာမျိုးကို လုံးဝ မစဉ်းစားကြပါဘူး။

 

အဲ့ဒီအချိန်ကာလတွေဟာ Web Developer တွေအတွက် စိတ်အညစ်ရဆုံးအချိန်တွေဖြစ်ပါတယ်။ Web Document တစ်ခု တည်ဆောက်ချင်ရင် Document တစ်ခုတည်းကိုပဲ နှစ်မျိုးခွဲပြီး တည်ဆောက်ပေးရလေ့ရှိပါတယ်။ ဒါမှ အဓိက Web Browser နှစ်ခုစလုံးမှာ ကြည့်လို့ရမှာပါ။ တစ်ခါတစ်ရံတော့လည်း Web Browser တစ်ခုတည်းအတွက်ကိုပဲ ရည်ရွယ်တည်ဆောက်ပြီး အခြား Browser နဲ့မကြည့်ရလို့ သတ်မှတ်ရတာတွေ ဖြစ်လာပါတယ်။

 

W3C ဖြစ်ပေါ်လာပုံ

၁၉၉၄ ခုနှစ်မှာ Tim Berners-Lee က World Wide Web Consortium (W3C) ကို တည်ထောင်ခဲ့ပါတယ်။ CERN နဲ့ DARPA လိုအဖွဲ့အစည်းတွေရဲ့ ထောက်ခံမှုနဲ့ MIT (မက်ဆာချူးဆက်နည်းပညာတက္ကသိုလ်) အတွင်းမှာ တည်ထောင်ခဲ့တာဖြစ်ပါတယ်။ (မှတ်ချက် - ARPA က အဖွဲ့အစည်းရဲ့အမည်ကို DARPA လို့ ပြောင်းလဲမှည့်ခေါ်နေပြီဖြစ်ပါတယ်)

 

W3C ရဲ့ အဓိကရည်ရွယ်ချက်ကတော့ Web နည်းပညာနဲ့ပက်သက်တဲ့ Protocol တွေ စံနှုန်းတွေ သတ်မှတ်ပေးဖို့ပဲ ဖြစ်ပါတယ်။ သတ်မှတ်စံနှုန်းတွေကို တစ်ညီတစ်ညွတ်တည်း လိုက်နာကြပြီး ပူးပေါင်းဆောင်ရွက်နိုင်တဲ့အခါ Web နည်းပညာက ကမ္ဘာအနှံ့ ပိုမို ပြန့်နှံ့ တွင်ကျယ် လာစေဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဖြစ်ပါတယ်။

 

နောက်နှစ်အချို့အတွင်းမှာ HTML, PNG, CSS အစရှိတဲ့ စံ အချို့ကို သတ်မှတ်ပေးနိုင်ခဲ့ပါတယ်။

 

W3C ဟာ စံသတ်မှတ်ချက်ကို သတ်မှတ်ပေးတဲ့ အဖွဲ့အစည်းတစ်ခုမျှသာ ဖြစ်ပါတယ်။ အဲ့ဒီ စံတွေကို လက်တွေ့လိုက်နာရမှာက Browser ထုပ်လုပ်သူတွေနဲ့ Web နည်းပညာကို အသုံးပြုနေသူတွေသာ ဖြစ်ပါတယ်။ ဒါပေမယ့် Web နည်းပညာကသာ ကျယ်ပြန့်လာပါတယ်၊ W3C နဲ့ သူ့ရဲ့ သတ်မှတ်ချက်တွေကို သိရှိလိုက်နာနိုင်သူ နည်းနေသေးတဲ့အတွက် အစောပိုင်းမှာ Browser War က ဆက်လက်တည်ရှိနေခဲ့ပါတယ်။ အမှန်တော့ ကနေ့ထိလည်း ရှိနေဆဲဖြစ်ပါတယ်။

 

Web Standards Project အဖွဲ့

၁၉၉၈ ခုနှစ်အထိ အဓိက Web Browser တွေအနေနဲ့ Microsoft Internet Explorer 4 နဲ့ Netscape Navigator 4 ဆိုပြီး နှစ်ခု ရှိနေပါတယ်။ Internet Explorer 5 Beta ထွက်လာချိန်မှာတော့ သူ့မှာ DHTML ဆိုတဲ့ သီးခြားနည်းပညာတစ်ခု ပါလာပါတယ်။ အဓိပ္ပါယ်က Web Developer တွေအနေနဲ့ JavaScript တွေရေးဖို့ မတူကွဲပြားတဲ့ နည်းလမ်း (၅) မျိုးလောက် သိထားဖို့ လိုအပ်လာတယ်ဆိုတဲ့သဘော ဖြစ်နေပါတယ်။

 

"Web Standards Project" (WaSP) လို့ခေါ်တဲ့ Professional Web Developer တွေနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့တစ်ဖွဲ့ပေါ်ပေါက်လာပါတယ်။ အဲ့ဒီအဖွဲ့ရဲ့ရည်ရွယ်ချက်ကMicrosoft နဲ့ Netscape တို့ကို W3C သတ်မှတ်ချက်တွေအတိုင်း လိုက်နာဖို့ တွန်းအားပေးနိုင်ရန် ဖြစ်ပါတယ်။

 

အဲ့ဒီအဖွဲ့ရဲ့ပထမဆုံးလုပ်ဆောင်ချက်ကတော့ Web Standard နဲ့ပက်သက်တဲ့ ကြော်ငြာတွေကို Web Site တွေမှာ တစ်ချိန်တည်း တစ်ပြိုင်တည်း ထည့်သွင်းကြခြင်းပဲ ဖြစ်ပါတယ်။ အဲ့ဒီကာလက ဘယ် Site ကိုပဲ ကြည့်ကြည့် Web Standards အကြောင်းကို တွေ့နေရမှာဖြစ်ပါတယ်။ သူတို့ရေးသားတဲ့ Web Standards နဲ့ပက်သက်တဲ့ စာတွေဟာ builder.com တို့ Wired Online တို့လို Site တွေကနေ နေရာအနှံ့ကို အလျှင်အမြန် ပျံ့နှံ့သွားပါတယ်။

 

ဒုတိယနည်းလမ်းက သိပ်မကောင်းပေမယ့်လည်း အောင်မြင်တဲ့ နည်းလမ်းတစ်ခုပါပဲ။ စံနှုန်းကို မလိုက်နာတဲ့ ကုမ္ပဏီတွေ၊ အဖွဲ့အစည်းတွေ၊ Browser တွေကို ရှုတ်ချခြင်းပဲ ဖြစ်ပါတယ်။ W3C မှာ အမြဲတမ်းဝန်ထမ်းက နည်းနည်းပဲ ရှိပါတယ်။ စံနှုန်းတွေသတ်မှတ်ဖို့ Microsoft, Opera, Apple, Google, IBM, Mozilla, Adobe စတဲ့ အဖွဲ့ဝင်ကုမ္ပဏီတွေက စေတနာ့ဝန်ထမ်း ဝိုင်းဝန်းကူညီပေးနေတာဖြစ်ပါတယ်။ WaSP က W3C မှာ ပါဝင်နေပြီး W3C သတ်မှတ်ချက်တွေကို မလိုက်နာတဲ့ ကုမ္ပဏီတွေကို အဓိကထား ရှုတ်ချလှောင်ပြောင်တာဖြစ်ပါတယ်။

 

ဒါမကောင်းဘူးလို့ ပြောရင်ရပေမယ့် သူတို့က ပြောယုံပြောနေတာမဟုတ်ပါဘူး။ လက်တွေ့အကောင်းအထည်ဖော်ပြီးတော့လည်း Web Standards ကို ကူညီပေးပါတယ်။

 

Web Standards ၏အခန်းကဏ္ဍတိုးတက်လာခြင်း

၂၀၀၀ ပြည့်နှစ်မှာ Microsoft က Mac အတွက် Internet Explorer 5 ကို စတင်ဖြန့်ချီခဲ့ပါတယ်။ ဒါဟာ အရေးပါတဲ့ကာလတစ်ခုဖြစ်ပြီး Internet Explorer က Web Standards ကို သင့်တင့်တဲ့ အတိုင်းအတာတစ်ခုထိ လိုက်နာလာခဲ့ပြီဖြစ်ပါတယ်။

 

WaSP အဖွဲ့က Netscape ရဲ့ Navigator 5 ကို မဖြန့်သေးပဲ Web Standards ကို အတိုင်းအတာတစ်ခုထိ လိုက်နာနိုင်ပြီဆိုမှဖြန့်ဖို့ ဖိအားပေးခဲ့ပါတယ်။ ဒီလုပ်ဆောင်ချက်က လက်ရှိ Popular Browser တစ်ခုဖြစ်တဲ့ Firefox ပေါ်ပေါက်လာခြင်းရဲ့အစပဲဖြစ်ပါတယ်။

 

၂၀၀၁ ခုနစ်မှာတော့ ကျော်ကြားတဲ့ Web Development Site တစ်ခုဖြစ်တဲ့ "A List Apart" က ဒီလိုပြောလာခဲ့ပါတယ်။

 

ခြောက်လကနေ အလွန်ဆုံး (၂) နှစ်အတွင်းမှာ Web Site တွေအားလုံးဟာ Web Standards နဲ့အညီ ပြောင်းလဲ တည်ဆောက်လာကြလိမ့်မယ် […] ဒါကြောင့် ကျွန်တော်တို့က စံနှုန်းတွေကို အသေအချာ စတင်လေ့လာရတော့မယ်။

 

ဒါ နည်းနည်းတော့ အကောင်းမြင်လွန်းရာကျပါတယ်။ ၂၀၀၈ ခုနှစ်လောက်ရောက်တဲ့အထိ Web Site အားလုံးက စံနှုန်းတွေကို တိတိကျကျ လိုက်နာနိုင်သေးတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် လူအများစုက လက်ခံကြပါတယ်။ စံနှုန်းတွေကို မလိုက်နာတဲ့ Browser အဟောင်းတွေကို အသုံးမပြုကြတော့ပါဘူး။ အရေးအကြီးဆုံး Web Site နှစ်ခုကလည်း စံနှုန်းတွေနဲ့အညီ ပြောင်းလဲ တည်ဆောက်လာခဲ့ပါတယ်။ Wired မဂ္ဂဇင်း နဲ့ ESPN တို့ပဲ ဖြစ်ပါတယ်။

 

၂၀၀၃ ခုနှစ်မှာတော့ အလွန်စိတ်ဝင်စားစရာကောင်းတဲ့ Web Site တစ်ခု ပေါ်ပေါက်လာပါတယ်။ CSS Zen Garden ဖြစ်ပါတယ်။ အဲ့ဒီ Site က CSS Style ကိုပြောင်းလိုက်ယုံနဲ့ (Content ကို ထိစရာမလိုပဲ) Site တစ်ခုလုံးရဲ့ Design ကို အမျိုးမျိုးပြောင်းနိုင်တယ်ဆိုတာကို လုပ်ပြခဲ့ပါတယ်။ Professional Web Developer တွေအားလုံး ဒီရလဒ်ကိုကြည့်ပြီး စိတ်လှုပ်ရှားကုန်ပါတယ်။

 

အဲ့ဒီနောက်ပိုင်းကစပြီး Web Standards သည်သာလျှင် Web Site တွေတည်ဆောက်ဖို့အတွက် အထိရောက်ဆုံးနဲ့ တစ်ခုတည်းသောနည်းလမ်းအဖြစ် နားလည်လက်ခံ လာခဲ့ကြတာပဲ ဖြစ်ပါတော့တယ်။

 

HTML5

W3C က Web Document တွေတည်ဆောက်ရန် စံနှုန်းအနေနဲ့ HTML ဆိုတဲ့ Markup Language ကို သတ်မှတ်ပေးထားပါတယ်။ လက်ရှိ Web ပေါ်မှာ အတွင်ကျယ်ဆုံး အသုံးပြုနေတဲ့ HTML 4.01 ကို ၁၉၉၉ ခုနှစ်မှာ ပြီးစီးခဲ့ပါတယ်။ မပြီးစီးခင် ၁၉၉၈ ခုနှစ်မှာ W3C က Workshop တစ်ခု ပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီ Workshop က "အနာဂါတ် Web အတွက် Markup Language ဟာ ပိုမိုစနစ်ကျတဲ့ XHTML ပဲဖြစ်တယ်" လို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ဒါနဲ့ပဲ W3C က HTML 4 နဲ့အပြိုင် XHTML ဆိုတဲ့ Markup Language တစ်ခုကို ဖန်တီးခဲ့ပါတော့တယ်။

 

၂၀၀၀ ပြည့်နှစ်မှာတော့ XHTML ရဲ့ Version 1 ကို လက်စသတ်နိုင်ခဲ့ပါတယ်။ XHTML 1.0 က အမှန်တော့ HTML 4.01 နဲ့ သိပ်မကွာလှပါဘူး။ ထူးခြားတာက XHTML က XML ရဲ့ တိကျတဲ့ ရေးဟန်နဲ့ ရေးသားအသုံးပြုရခြင်းပဲ ဖြစ်ပါတယ်။

 

XHTML 1.0 ထွက်ပြီးမကြာခင်မှာပဲ ပိုမိုထူးခြားတဲ့ ဖြည့်စွက်ချက်တွေနဲ့ XHTML 2.0 ကို ဆက်လက် အကောင်အထည်ဖော်ခဲ့ကြပါတယ်။ ဒါပေမယ့် XHTML 2.0 ဟာ လက်ရှိအများစုအသုံးပြုနေတဲ့ Markup တွေနဲ့ Backward Compatible မဖြစ်ဘူး ဖြစ်နေပါတယ်။ အဲ့ဒီအချိန်က လူသုံးအများဆုံး Browser ဖြစ်နေတဲ့ Internet Explorer ကဆိုရင် XHTML ရဲ့ Mime Type ဖြစ်တဲ့ application/xhtml+xml ဆိုတာကို လုံးလုံးကို နားမလည်ပါဘူး။ Web Developer တွေကလည်း ပိုမိုပြည့်စုံကောင်းမွန်တဲ့ Version အသစ်ကို မျှော်လင့်နေပေမယ့် XHTML 2.0 ကတော့ Web Developer အများစုမျှော်လင့်နေတဲ့ နည်းပညာစံအသစ်ရဲ့ပုံစံနဲ့ ကွဲပြားနေပါတယ်။

 

၂၀၀၄ ခုနှစ်မှာတော့ WHATWG (Web Hypertext Application Technology Working Group) ဆိုတဲ့ အဖွဲ့အစည်းတစ်ရပ်ကို Web Developer တွေ စုပေါင်း ဖွဲ့စည်းလိုက်ကြပါတယ်။ အဲ့ဒီအဖွဲ့မှာ Mozilla နဲ့ Opera က Representative တွေ ပါဝင်ပါတယ်။ နောက်ပိုင်းမှာ Apple ကလည်း ပါဝင်လာခဲ့ပါတယ်။ ရည်ရွယ်ချက်ကတော့ Web Application တွေတည်ဆောက်ဖို့အတွက် ပိုမိုပြည့်စုံကောင်းမွန်ပြီး Backward Compatible ဖြစ်တဲ့ HTML version အသစ်တစ်ခုကို ဖန်တီးအဆိုပြုနိုင်စေဖို့ပဲဖြစ်ပါတယ်။

 

ရလဒ်အနေနဲ့ Web Application 1.0 Spec ဆိုတဲ့ စံနှုန်းတစ်ခုကို သတ်မှတ်နိုင်ခဲ့ပါတယ်။ W3C စံသတ်မှတ်ချက်ထဲမှာ မပါဝင်ပေမယ့် Web Browser တွေက သဘောတရားတူညီစွာ ပေးထားတဲ့ Feature တစ်ချို့ရှိပါတယ်။ ပြီးတော့ Web Developer တွေကြားထဲမှာလည်း တစ်ဦးနဲ့တစ်ဦး (မရည်ရွယ်သော်လည်း) တူညီစွာအသုံးပြုနေတဲ့ နည်းစနစ်လေးတွေ ရှိနေပါတယ်။ Web Application 1.0 Spec က အဲ့ဒီအချက်တွေကို ပိုမိုစနစ်ကျအောင် စုစည်းပြီး စံနှုန်းတစ်ခုရယ်လို့ ဖြစ်လာအောင် ဖော်ဆောင်သတ်မှတ်ပေးထားတာပဲဖြစ်ပါတယ်။

 

အကြိမ်ကြိမ်ဆွေးနွေးတိုင်ပင်မှုတွေပြုလုပ်ပြီးတဲ့နောက်မှာတော့ W3C က မည်သူမဆို ပါဝင်နိုင်တဲ့ HTML Working Group ကို ၂၀၀၇ ခုနှစ် မတ်လမှာ ပြန်လည်အစပြုခဲ့ပါတော့တယ်။ ပါဝင်ဆောင်ရွက်သူ တစ်ရာကျော် ရှိလာပါတယ်။ အဲ့ဒီ W3C HTML Working Group ရဲ့ ပထမဦးဆုံး ဆုံးဖြတ်ချက်ကတော့ Web Application 1.0 Spec ကို အသိအမှတ်ပြုပြီး HTML5 လို့ ခေါ်ကြဖို့ပဲဖြစ်ပါတယ်။

 

HTML5 ဟာ Web Developer တွေ Web Designer တွေအတွက် အလွန်ကောင်းမွန်တဲ့ Markup Language တစ်ခုဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ –

 

  • HTML5 ဟာ ယခင်ကတည်းကအသုံးပြုနေတဲ့ HTML 4.01 တို့ XHTML 1.0 တို့နဲ့ လုံးဝ Backward Compatible ဖြစ်ပါတယ်။ ယခင် Version အဟောင်းကို အသုံးပြုနေသူတွေအနေနဲ့ အသစ်ပြန်လေ့လာနေစရာ မလိုအပ်ပါဘူး။ ဖြည့်စွက်ပါဝင်လာတဲ့ API တွေဟာဆိုရင်လည်း Web Developer တွေ ယခင်ကတည်းက အသုံးပြုနေတဲ့ နည်းစနစ်တွေကို အခြေခံထားခြင်းသာဖြစ်ပါတယ်။
  • ယခင်က Plugins တွေ အသုံးပြုပြီး (သို့မဟုတ်) ရှုပ်ထွေးတဲ့ Javascript တွေရေးပြီး ဖြေရှင်းမှ ရနိုင်တဲ့ ကိစ္စတွေဟာ HTML5 မှာတော့ Features အနေနဲ့တစ်ခါတည်း ပါဝင်လာပါတယ်။ ဥပမာ Form Validation နှင့် Video။
  • မူလ HTML ဟာ Static Web Document တွေအတွက် စဉ်းစားဖန်တီးထားတာဖြစ်ပါတယ်။ HTML5 ကတော့ Web Application တွေတည်ဆောက်နိုင်ဖို့အတွက် စဉ်းစားဖန်တီးထားတာပါ။
  • ပိုမိုရှင်းလင်းစွာသတ်မှတ်ထားတဲ့ အဓိပ္ပါယ်သတ်မှတ်ချက်တွေကြောင့် Web Browser တွေက Parse လုပ်ရတာ ပိုမိုလွယ်ကူလာမှာဖြစ်ပါတယ်။ ဒါကြောင့် အရင်ကရှိနေတဲ့ Browser တစ်ခုနဲ့တစ်ခုမတူညီမှု ပြဿနာဟာ HTML5 နဲ့ဆိုရင် ပြေလည်သွားမှာဖြစ်ပါတယ်။

HTML5 ကို W3C က ၂၀၀၈ ခုနှစ်မှာ စတင်ကြေငြာခဲ့ပါတယ်။

 

HTML5 က ကျွန်တော်တို့နဲ့ ဘယ်လိုပက်သက်လဲ?

လိုရင်းတိုရှင်းပြောရရင်တော့ HTML5 ဟာ အနာဂတ် Web ရဲ့ အဓိကနည်းပညာဖြစ်ပါတယ်။ သင်က Web Developer (ဒါမှမဟုတ်) Web Designer (ဒါမှမဟုတ်) Web နည်းပညာကိုလေ့လာနေသူ ဖြစ်ခဲမယ်ဆိုရင် HTML5 ကို အမြန်ဆုံးစတင်လေ့လာသင့်ပါတယ်။ HTML5 မှာပါဝင်တဲ့ Features တွေက သင် လက်ရှိလုပ်နေတဲ့ Web Develop လုပ်ငန်းတွေကို လွယ်ကူမြန်ဆန်အောင် အများကြီးကူညီပေးနိုင်ပါတယ်။ ပြီးတော့ HTML5 ကို လေ့လာထားခြင်းဟာ အနာဂါတ်ရဲ့ အဓိကနည်းပညာကို လေ့လာခြင်းဖြစ်လို့ Future Proof ဖြစ်တယ်လို့ ပြောနိုင်ပါတယ်။



http://www.myanmaritpro.com/profiles/blogs/everything-you-need-to-know

အိမောင် (Durosoft)

Wednesday, May 25, 2011

အိမ်နီးချင်းနိုင်ငံလေးတွေရဲ့ အစာပြေမုန့်လေးတွေ

ဗီယက်နမ်မုန့်ဖတ်သုပ်

Bun Chit Heo Nuong လို့အမည်ရတဲ့ ဗီယက်နမ်စတိုင်လ် မုန့်ဖတ်သုပ်ဖြစ်ပါတယ်။ ဆီမပါ၊ ဆားမပါဘဲ အရသာတွေ့စေမယ့် မုန့်ဖတ်သုပ်စတိုင်လ်ကို လေ့လာကြည့်ပါ။

လိုအပ်သောပစ္စည်းများ

မုန့်ဖတ် (နန်းသေး) - ၁၀ကျပ်သား

ဆလပ်ရွက် - ၁၀ရွက်

မုန်လာဥနီ - အနည်းငယ် (အမျှင်လေးများလှီးထားပါ)

သခွားသီး - အနည်းငယ် (အမျှင်လေးများလှီးထားပါ)

မြေပဲ - ၂ဇွန်း ( လေးစိတ်ကွဲထောင်းထားပါ)

ဝက်သား - ၁၀ကျပ်သား

ကြက်သားမှုန့် - အနည်းငယ်

ငရုတ်ကောင်းမှုန့် - အနည်းငယ်

ငံပြာရည် - ၂ဇွန်း

ရှာလကာရည် - ၄ဇွန်း

သကြားရည် - ၃ဇွန်း

ငရုတ်သီး(အနီ) - အနည်းငယ်

ကြက်သွန်ဖြူ - အနည်းငယ်

ပြုလုပ်ပုံ

ဗီယက်နမ်စတိုင်လ် မုန့်ဖတ်သုပ်ဟာ ၀က်သားကင်နဲ့ တွဲစားလေ့ရှိတာဖြစ်တဲ့အတွက် ပထမဆုံးဝက်သားကင်ဖို့ပြင်ဆင်ရပါမယ်။

ဝက်သားကို သန့်စင်ပြီး အတုံးလေးများလှီးကာ ကြက်သားမှုန့်နဲ့ ငရုတ်ကောင်းမှုန့်နယ်ပါတယ်။ ပြီးတဲ့အခါ တုတ်တံလေးတွေနဲ့သီပြီး အသားကျက်တဲ့အထိ မီးကင်လိုက်ပါတယ်။

ဒုတိယအဆင့်အနေနဲ့ အသုပ်တစ်ပွဲလုံးအတွက် အဓိကကျတဲ့ဆော့စ်(Fish Sauce) ကိုခုလိုပြင်ဆင်ပါတယ်။ ငံပြာရည် (၂)ဇွန်း၊ ရှာလကာရည် (၄)ဇွန်း၊ သကြားရည် (၃) ဇွန်းကို ဆူပွက်လာတဲ့အထိရောကြိုပြီး အအေးခံကာ ငရုတ်သီး(အနီ)နဲ့ ကြက်သွန်ဖြူ နုပ်နုပ်စဉ်းကိုထည့်မွှေလိုက်ပါတယ်။

အဲဒီ့နောက် မုန့်ဖတ်ကို မုန်လာဥနီ၊ သခွားသီးနဲ့ မြေပဲအားလုံးရောထည့်ပြီး ဆော့စ်(၃)ဇွန်းခန့်ထည့်နယ်လိုက်ပါတယ်။ ရရှိလာတဲ့ ဗီယက်နမ်စတိုင်လ်မုန့်ဖတ်သုပ်ကို ၀က်သားကင်၊ ဆလပ်ရွက်တို့နဲ့တွဲဖက်ပြင်ဆင်ပြီး အရသာရှိရှိသုံးဆောင်နိုင်ပြီဖြစ်ပါတယ်။

(ပန်းကန်ခပ်ပြန့်ပြန့်တစ်ချပ်ထဲမှာ ဆလပ်ရွက်အနည်းငယ်ကို ဘေးမကျတကျမှာခင်း၊ သူ့အရိုးနေရာနားမှာ မုန့်ဖတ်သုပ်နယ်ထား တာကိုပုံ၊ သူ့အပေါ်က သခွားသီးနဲ့ ဥနီလှီးထားတာကိုဖြူး၊ ၀က်သားကင်အတံကိုလည်း ဘေးနားမှာတင်၊ ဆော့စ်အရည်ပန်းကန် လေးကိုလည်းဘေးမှာထပ်တင်ထားပြီး ပြင်ဆင်နိုင်ပါတယ်။)

ကမ္ဘောဒီးယားငါးပေါင်းထုပ်

Amoke လို့အမည်ရတဲ့ ကမ္ဘောဒီးယားစတိုင်လ်ငါးပေါင်းထုပ်ဖြစ်ပါတယ်။ ငှက်ပျောရွက်ကိုအသုံးပြုတဲ့ရိုးရာစားစရာတစ်မျိုးပါ။ ဖက်ရနံ့သင်းတဲ့ဟင်းပွဲရဲ့ အရသာကိုခံစားမိစေမှာ ဖြစ်ပါတယ်။

လိုအပ်သော ပစ္စည်းများ

ငါးရံ့အသား - ၁၀ကျပ်သား

ငါးဖယ်ခြစ် - ၂ဇွန်း

Red Curry Paste - ၁ဇွန်း

ပင်စိမ်း - အနည်းငယ်

ငံပြာရည် - အနည်းငယ်

သကြား - အနည်းငယ်

အုန်းနို့ - ၅ဇွန်း

ကြက်ဥ(အကာ) - ၁လုံး

ဆီ - ၁ဇွန်း

ကြက်သွန်နီ - အနည်းငယ်

ပြုလုပ်ပုံ

ပထမဆုံး ငါးရံ့အသားများနဲ့ ငါးဖယ်ခြစ်ကို နုပ်နုပ်စဉ်းပြီး Red Curry Paste (၁)ဇွန်း၊ အုန်းနို့(၁)ဇွန်း၊ ကြက်ဥအကာရည်၊သကြား၊ ငံပြာရည်အနည်းငယ်နဲ့ပင်စိမ်းနုပ်နုပ်စဉ်းများထည့်ကာ ရောမွှေနယ်လိုက်ပါတယ်။ နယ်တဲ့နေရာမှာ စေးပိုင်လာအောင် လက်နဲ့ ရိုက် ပြီးနယ်ပေးရပါတယ်။

ငါးအသားနယ်ရလာတဲ့အခါ ငှက်ပျောရွက်ကတော့ထဲထည့်ထုပ်ပြီး ရေဆူအောင်တည်ထားတဲ့ပေါင်းအိုးမှာ (၇)မိနစ်ခန့်ထည့်ပေါင်းပေး ပါတယ်။

ငါးပေါင်းထားတဲ့အချိန်မှာ အုန်းနို့ဆော့စ်ကိုပြင်ဆင်ပါတယ်။ ကြက်သွန်နီကိုပါးပါးလှီး ဆီသတ်ပြီး အုန်းနို့ရည် (၄)ဇွန်းထည့်ချက်ပါတယ်။ အုန်းနို့ဆူလာတဲ့အခါ ငံပြာရည်နဲ့သကြား၊ အနည်းငယ်စီထည့်မွှေပြီး အနည်းငယ်ပျစ်လာတဲ့အထိ တည်ပေးရပါတယ်။

ငါးပေါင်းထားတာကျက်ပြီဆိုရင်တော့ ငါးပေါင်းထုပ်ပေါ်မှာ အုန်းနို့ဆော့စ်ဆမ်းပြီး သုံးဆောင်နိုင်ပါပြီ။ အရာသဆိမ့်ဆိမ့်နဲ့ ရနံ့မွှေးတဲ့ ကမ္ဘောဒီးယားစတိုင်လ်ငါးပေါင်းထုပ်ပဲဖြစ်ပါတယ်။

(ငါးအသားနယ်ကိုထည့်ဖို့အတွက် လုပ်ထားတာက ငှက်ပျောရွက်ကို ပန်းကန်လုံးပုံစံ ခွက်ကလေးရအောင် ပုံစံချိုးပြီး ၀ါးတံလေးတွေ ထိုးထားတာဖြစ်ပါတယ်။ Red Curry Paste ကတော့ CityMart Super Market ဆိုင်မှာရနိုင်ပါတယ်။ လွယ်လွယ်ပြောရရင်တော့ အသားဟင်းချက်တဲ့အခါ အနှစ်အဖြစ်ထည့်ချက်နိုင်အောင် အသင့်လုပ်ထားတဲ့အရာပါပဲ။)

လာအိုထမင်းဆုပ်

Nem Tadieu လို့ခေါ်တဲ့ လာအိုစတိုင်လ် ထမင်းသုပ် ထမင်းဆုပ်ကြော်ပါ။ ဘာကြောင့်လဲဆိုတော့ သူ့ရဲ့စတိုင်လ်က ထမင်းကိုသုပ်တယ်။ ပြီးတော့အလုံးအဆုပ်လေးတွေလုပ်တယ်။ ပြီးတော့ကြော်တယ်။ ထူးခြားတာက အုန်းသီးအမျှင်ကြော်လေးတွေကိုလည်း ထည့်စားတာဖြစ်ပါတယ်။ ဖန်တီးပုံလေးကိုကြည့်ရအောင်။

လိုအပ်သောပစ္စည်းများ

ထမင်း - ပန်းကန်လုံး(၁)လုံး

ဝက်မိုးခိုသား - ၅ကျပ်သား

ဝက်နားရွက် - အနည်းငယ်

ဝက်ခေါက် - အနည်းငယ်

ဝက်အသည်း - အနည်းငယ်

Red Curry Paste - ဇွန်းသေး (၁)ဇွန်း

ငံပြာရည် - အနည်းငယ်

ကြက်သားမှုန့် - အနည်းငယ်

ငရုတ်ကောင်းမှုန့် - အနည်းငယ်

အုန်းသီးအမျှင်ကြော် - ၁ဇွန်း

ပြုလုပ်ပုံ

ပထမဆုံး ၀က်သား၊ ၀က်နားရွက်၊ ၀က်ခေါက်၊ ၀က်အသည်းအစုံကို နူးအိနေအောင်ပြုတ်ပြီး ပါးပါးလှီးလိုက်ပါတယ်။

ထမင်းကို ကြက်သားမှုန့်၊ ငံပြာရည်၊ Red Curry Paste ၊ အုန်းသီးကြော်နဲ့ ပါးပါးလှီးထားတဲ့ ၀က်သားအစုံထည့်သုပ်ပြီး ထမင်းဆုပ် အလုံးလေးတွေပြုလုပ်ပါတယ်။

အဲဒီ့ထမင်းဆုပ်အလုံးလေးတွေကို ဆီပူမှာထည့်ကြော်ပြီး ပြန်ဆယ်ယူကာ ဆီစစ်ထားလိုက်ပါတယ်။

နောက်ဆုံးအဆင့်အနေနဲ့ ထမင်းဆုပ်ပေါ်မှာ ပူစီနံနဲ့ပင်စိမ်းရွက်လေးတွေခြွေထည့်ပြီး ဆလပ်ရွက်နဲ့ထုပ်ကာ မြိန်မြိန်ယှက်ယှက် စားသောက်ကြတာဖြစ်ပါတယ်။

အသားရောပြွမ်းထားပြီး အရသာရှိလှတဲ့ လာအိုစတိုင်လ်ထမင်းသုပ်ဖြစ်ပါတယ်။

(ထမင်းဆုပ်လေးတွေကိုကြော်ပြီးတဲ့အခါ ပန်းကန်ပြားထဲဆလပ်ရွက်တစ်ရွက်စီခင်းပြီးထည့် အပေါ်က အုန်းသီးမျှင်ကြော်လေးတွေ ပူစီနံ ရွက် ပင်စိမ်းရွက်လေးတွေခြွေထည့်ထားပြီး ပြင်ဆင်နိုင်ပါတယ်။)

ကော်ပြန့်စိမ်းမြေပဲဆော့စ်

ကော်ပြန့်စိမ်းလို့ဆိုရမယ့် Spring Roll ဟာ ဒီအိမ်နီးချင်းနိုင်ငံတွေအားလုံးရဲ့လူကြိုက်များတဲ့အစားအစာဖြစ်ပါတယ်။ ထိုင်း၊ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီးယားနိုင်ငံအားလုံးမှာ ထင်ရှားပါတယ်။ Goi Cuon လို့အမည်ရပါတယ်။

လိုအပ်သောပစ္စည်းများ

ကော်ပြန့်ရွက် (Rice paper) - ၄ခု

ပုစွန်ကျော့ - ၈ကောင်

မုန်ညင်းဖြူ - အနည်းငယ်

ပဲပင်ပေါက် - အနည်းငယ်

ကြက်သွန်မြိတ် - အနည်းငယ်

ရှမ်းနံနံ - အနည်းငယ်

မုန့်ဖတ် - အနည်းငယ်

ဆလပ်ရွက် - ၄ရွက်

ဆီ - အနည်းငယ်

Red curry paste - ၁ဇွန်း

မြေပဲ(ထောင်းထားပါ) - ၂ဇွန်း

အုန်းနို့ - ၄ဇွန်း

ပြုလုပ်ပုံ

မုန်ညင်းဖြူ၊ ပဲပင်ပေါက်၊ ကြက်သွန်မြိတ်၊နံနံပင်၊ဆလပ်ရွက်စတဲ့ အရွက်များကိုသန့်စင်ပြီးလှီးဖြတ်ထားပါတယ်။ ပုစွန်ကျော့ကို ကျောခွဲအခွံချွတ်သန့်စင်ပြီး ပြုတ်ထားပါတယ်။

ကော်ပြန့်ရွက်ကို ရေခဏစိမ်ပြီး အ၀တ်သန့်သန့်ပေါ်မှာ ဆယ်ယူကာရေပြန်စစ်စေပါတယ်။

ရေစစ်သွားတဲ့ကော်ပြန့်ရွက်မှာ လှီးထားတဲ့ အသီးအရွက်များနဲ့ပြုတ်ထားတဲ့ ပုစွန်ကိုထည့်ပြီးလိပ်လိုက်ပါတယ်။

ကော်ပြန့်စိမ်းအလိပ်တွေရလာတဲ့အခါ မြေပဲဆော့စ်ကို ခုလိုပြင်ဆင်ပါတယ်။

ပထမဆုံးဒယ်အိုးမှာ ဆီထည့်ပြီး Red curry paste ကိုဆီသတ်ပါတယ်။ အနံ့မွှေးလာတဲ့အခါ ထောင်းထားတဲ့ မြေပဲ (၂)ဇွန်း၊ အုန်းနို့ (၄)ဇွန်းနဲ့ ရေသန့် (၂)ဇွန်းထည့်မွှေပါတယ်။ ရေဆူလာတဲ့အခါ ငံပြာရည်နဲ့ သကြားအနည်းငယ်စီထည့်ပြီး မြေပဲကျက်လာပြီဆိုရင် ဆော့စ်ကိုရရှိပြီဖြစ်ပါတယ်။

ကော်ပြန့်စိမ်းကို မြေပဲဆော့စ်နဲ့တွဲဖက်သုံးဆောင်နိုင်သလို ဗီယက်နမ်မုန့်ဖတ်သုပ်မှာ အသုံးပြုတဲ့ Fish Sauce နဲ့တွဲစားမယ်ဆိုရင် လည်း အဆင် ပြေစေမှာဖြစ်ပါတယ်။

( ကော်ပြန့်လိပ်သုံးလေးလိပ်ကို ပန်းကန်ပြန့်ပြန့်မှာ လှတပတစီထည့်၊ မြေပဲဆော့်စ်ထဲ့ထားတဲ့ ပန်းကန်းလုံးရယ်၊ Fish Sauce ထည့်ထားတဲ့ ပန်းကန်လုံးရယ် တစ်ခုစီထည့်ပေးပြီး တည်ခင်းနိုင်ပါတယ်။)

*အထက်မှာရေးသားခဲ့တဲ့အစားအစာများကို  Monsoon Restaurant & Bar (၈၅-၈၇၊ သိမ်ဖြူလမ်း၊ရန်ကုန်မြို့) မှာလက်တွေ့သွားရောက် စားသောက်နိုင်ပါကြောင်းသတင်းပေးလိုက်ပါတယ်။

ဆီးပူဆီးအောင့် ခဏခဏဖြစ်ရခြင်းအကြောင်း

ဆီးအောင့်ဆီးကျင်ခြင်းဝေဒနာကိုလူတိုင်းခံစားဖူးကြမှာပါ။ အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ပိုခံစားရတတ်ပါတယ်။ ကလေးငယ် တွေမှာတော့ ကျား၊မအတူတူလောက်ပါပဲ။ ဖြစ်ရတဲ့အကြောင်းရင်းက ဆီးလမ်းကြောင်းပိုးဝင်ခြင်းကြောင့် (Urinary Tract Infection) ဖြစ်ပါတယ်။ ဒါပေမဲ့ အလုပ်များပြီး ရေသောက်နည်းတဲ့သူတွေမှာ၊ တစ်နေကုန်အထိုင်များတဲ့သူတွေမှာ ဆီးသွားတဲ့အခါ ကျဉ်ပြီး ပူသလို လို ခံစားရတတ်ပါတယ်။ ဆီးလည်းအရောင်ရင့်ကာနောက်တတ်ပါတယ်။ ဒါလောက်ကတော့ ဆီးလမ်းကြောင်း ပိုးဝင်ခြင်းမဟုတ်သေး ပါဘူး။ ဒါပေမဲ့ဒါမျိုး အနေအထိုင် အလေ့အကျင့်ဟာ ကာလကြာလာရင် ဆီးလမ်းကြောင်းပိုးဝင်ခြင်းသာမက ဆီးကျောက်တည်ခြင်းပါ ဖြစ်လာစေနိုင်တာမို့ ဆင်ခြင်သင့်ပါတယ်။

ဆီးလမ်းကြောင်းပိုးဝင်ခြင်းဆိုတာ ဘာလဲ

ခန္ဓာကိုယ်ထဲက အညစ်အကြေးတွေကို အရည်အဖြစ်စုစည်းပြီး အပြင်ကိုစွန့်ထုတ်ပေးတဲ့ ဆီးလမ်းကြောင်းမှာ အဓိကအင်္ဂါများအဖြစ် ကျောက်ကပ်နှစ်လုံးနဲ့ ဆီးအိမ်တို့ပါဝင်ပါတယ်။ ကျောက်ကပ်နဲ့ ဆီးအိမ်တို့ကို ကျောက်ကပ်ဆီးပြွန်နှစ်ချောင်းက ဆက်သွယ်ပေးထား ပါတယ်။ ဆီးအိမ်အောက်မှာ ဆီးစွန့်ပြွန်ရှိပြီး ၄င်းကနေ ဆီးအိမ်ထဲမှာ ဆီးတွေရှိလာရင် တိုက်ရိုက်အပြင်ကိုစွန့်ထုတ်တာဖြစ်ပါတယ်။ ဒီလမ်းကြောင်းတောက်လျောက် တစ်နေရာရာမှာ ရောဂါဖြစ်စေတဲ့ ပိုးတွေဝင်ရောက်လာရင် ဆီးလမ်းကြောင်းပိုးဝင်ခြင်းဝေဒနာတွေ စတင်ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။

ဆီးလမ်းကြောင်းပိုးဝင်ခြင်းရဲ့အဖြစ်အများဆုံးပိုးဝင်အများဆုံးနေရာက ဆီးအိမ်ပဲဖြစ်ပါတယ်။ များသောအားဖြင့်တော့ ပြင်းထန်ဆိုးရွား လေ့မရှိပါဘူး။ ဒါပေမဲ့ ရောဂါလက္ခဏာတွေစပေါ်ကတည်းက ဂရုတစိုက် မကုသဘဲပစ်ထားရင် ကျောက်ကပ်ကိုပါ ကူးစက်သွားတတ်ပါ တယ်။ အဲလိုဖြစ်သွားရင်တော့ ကျောက်ကပ်မှာ ဘယ်လိုမှအကောင်း ပြန်မဖြစ်နိုင်တော့တဲ့ ပျက်စီးမှုမျိုးဖြစ်သွားတတ်လို့ ဆီးကျဉ်ဆီး အောင့်ပြီး ချမ်းတုန်ဖျားပြီဆို လုံးဝမပေါ့သင့်ပါ။

ဘယ်အရာတွေက ဒီလိုဖြစ်စေတာလဲ

ပြင်ပနဲ့ တိုက်ရိုက်ထိစပ်နေတဲ့ ဆီးစွန့်ပြွန်ကနေဖြတ်ပြီး ပြင်ပကနေ ပိုးတွေဝင်လာလို့ဖြစ်တာပါ။ အမျိုးသမီးတွေဟာ ဆီးစွန့်ပြွန် အမျိုးသားတွေထက် ပိုတိုလို့ ဆီးပိုးဝင်ဝေဒနာ အကြိမ်အရေအတွက် ပိုများစွာ ခံစားရတာဖြစ်ပါတယ်။ ဆီးလမ်းကြောင်းရောဂါဖြစ်စေ တဲ့ပိုးတွေဟာ အူမကြီးထဲမှာ အများဆုံးရှိကြပြီး မစင်နဲ့အတူ ပါလာကာ စအိုဝမှာ တွယ်ကပ်ပေါက်ပွားနေတတ်ကြပါတယ်။ အများဆုံး ကူးစက်တဲ့နည်းက စအိုကိုအရင် ထိတွေ့ကိုင်တွယ်ဆေးကြောပြီးမှ ဆီးသွားအင်္ဂါကို ဆေးကြောမိကြလို့ဖြစ်ပါတယ်။ ဒါကြောင့် ယောက်ျား၊ မိန်းမ၊ ကလေး၊လူကြီးအားလုံးအတွက် ဆီးလမ်းကြောင်းပိုးဝင်ခြင်း ကာကွယ်ဖို့အကောင်းဆုံးအကျင့်တစ်ရပ်က တစ်ကိုယ်ရည်သန့်ရှင်းရေးကို အထူးဂရုထားရမှာဖြစ်ပြီး ဆီးစွန့်အင်္ဂါကို အရင်ဆေးကြောပြီးမှ စအိုဘက်ကိုဆေးကြောတတ်တဲ့ အကျင့်ပဲဖြစ်ပါတယ်။

လိင်ဆက်ဆံမှုပြုတဲ့အခါမှာ နှစ်ဦးစလုံးရဲ့အင်္ဂါတွေဟာ သန့်ရှင်းစင်ကြယ်နေဖို့ အရင်ဂရုစိုက်သင့်ပါတယ်။ အဲလိုမဟုတ်ရင် ဆီး လမ်းကြောင်းပိုးဝင်ခြင်း ဖြစ်တတ်ပါတယ်။ အမျိုးသမီးတွေက ပိုအခွင့်အလမ်းများပါတယ်။

ရေအသောက်နည်းသူတွေ၊ အထိုင်များပြီး ရေအသောက်ပိုနည်းသူတွေ၊ ဆီးချိုရောဂါရှိသူတွေ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ၊ ဆီး လမ်းကြောင်းတစ်နေရာမှာ ကျောက်တည်နေသူတွေ(ကျောက်တည်နေရင် ပိုးခဏခဏ၀င်နိုင်သလို ပိုးခဏခဏ၀င်နေတဲ့ သူတွေမှာ လည်း ကျောက်တည်လာတာ တွေ့ရပါတယ်)၊ ဆီးကျိတ်ကြီးရောဂါရှိသူတွေဟာ ဆီးလမ်းကြောင်း ပိုးဝင်ဖို့နီးစပ်ပြီး ခဏခဏဆီး အောင့်ဆီးပူဖြစ်ကြတာတွေ့ရပါတယ်။

ဆီးလမ်းကြောင်း ပိုးဝင်ခြင်းရောဂါလို့ ဘယ်လိုစစ်ဆေး အတည်ပြုမလဲ

ဆရာဝန်ဟာ သင့်ရဲ့ဆီးနမူနာတောင်းယူပြီး ဓာတ်ခွဲခန်းအကူအညီနဲ့ ဆီးထဲမှာပါတဲ့ ဘက်တီးရီးယားပိုးတွေကို ရှာဖွေကြည့်ရှုကာ အတည်ပြုပေးနိုင်ပါတယ်။ ဓာတ်ခွဲခန်း သို့မဟုတ် မိုက်ခရိုစကုပ်မရနိုင်တဲ့ နေရာဒေသ၊ တစ်ချို့အနေအထားတွေမှာ လူနာပြောသော ရောဂါလက္ခဏာနှင့် ဆရာဝန်စမ်းသပ်ရရှိသော လက္ခဏာများကို (Clinical Signs & Symptoms) ကြည့်ရုံနဲ့ ဆရာဝန်ကအတည်ပြု ကုသမှုပေးနိုင်ပါတယ်။

ရှောင်တခင် ဖြစ်ပေါ်သော ဆီးလမ်းကြောင်းပိုးဝင်ခြင်း (Acute Urinary Tract Infection) မဟုတ်ဘဲ အဖန်တလဲလဲ ဖြစ်နေသော ဆီး လမ်းကြောင်းပိုးဝင်ခြင်း (Recurrent Urinary Tract Infection) ဆိုရင်တော့ ဆီးနမူနာ စစ်ဆေးခြင်းသာမက အခြားစစ်ဆေးမှုများ ပြုလုပ်သင့်ပါတယ်။

ဘယ်လိုကုသမလဲ

ဆရာဝန်က သင့်အတွက် အသင့်တော်ဆုံး အထိရောက်ဆုံး ပိုးသတ်ဆေး (Antibiotics) ကို ရွေးချယ်ပေးပါလိမ့်မယ်။ မကြာခဏ ဆီးသွားကာ ပိုးတွေကို ဆေးကြောချသလို ဖြစ်အောင် အရည်များများသောက်ပေးရပါမယ်။ (တိုင်းရင်းဆေးအတော်များများဟာ ဒီအချက်ကို အခြေခံထားတာ ဖြစ်ပါတယ်) ဆရာဝန်ပေးတဲ့ ပိုးသတ်ဆေးကို သူပြောတဲ့အတိုင်း တိတိကျကျသောက်ဖို့သင့်တာဝန် ပဲဖြစ်ပါတယ်။ နည်းနည်းလေး သက်သာလာတာနဲ့ ရပ်ပစ်ရင် ခဏခဏပြန်ဖြစ်နိုင်ပါတယ်။

ဆီးလမ်းကြောင်းပိုးဝင်ခြင်းဟာ အောက်ပါလက္ခဏာများထဲက အနည်းဆုံးတစ်ခုနဲ့တစ်ခုအထက် ခံစားရတတ်စေပါတယ်။

- ဆီးသွားရင် ပူစပ်ပူလောင်နာကျင်မှုခံစားရခြင်း

- ဆီးခဏခဏသွားချင်နေပြီး သွားသောအခါတွင်လည်းများများမသွားနိုင်ခြင်း

- ၀မ်းဗိုက်အောက်ပိုင်းအောင့်ခြင်း၊ လေးလံသလိုတင်းသလို ခံစားရတတ်ခြင်း

- ဆီးအရောင်သည် လွန်စွာရင့်ပြီး အနည်အမှုန်များပါတတ်ခြင်း၊ ပုံမှန်ထက်သိသာစွာအနံ့ဆိုးခြင်း

- ကျောဖက်နံရိုးများ၏အောက်နားနေရာမှနာခြင်း (ကျောက်ကပ်များရှိရာနေရာဖြစ်သည်)

- ချမ်းတုန်၍ဖျားခြင်း

- ပျို့ချင်အန်ချင်သလိုဖြစ်ပြီး အန်တတ်ခြင်းတို့ဖြစ်ပါတယ်။

ဒီလိုခံစားရတဲ့အထဲမှာမှ လူနာဟာ

- ချမ်းတုန်ဖျားခြင်း၊ ပျို့အန်ခြင်း၊နံရိုးအောက်ခါးနေရာ တစ်ဖက်ဖက်မှနာခြင်းစတဲ့ဝေဒနာတွေပေါ်လာရင်

- ဆီးချိုရောဂါ၊ကျောက်ကပ်ရောဂါတွေရှိရင်

- ဆက်တိုက်ပင်ပန်းထားပြီး ကိုယ်ခံအားကျနေတဲ့အချိန်ဖြစ်ရင်

- အသက်၆၅နှစ်ထက်ကျော်ရင်

ကိုယ်ဝန်ရှိနေရင် မဖြစ်မနေဆရာဝန်နဲ့အချိန်မီပြသင့်ပါပြီ။

ဆီးလမ်းကြောင်းပိုးဝင်ခြင်းများကိုကာကွယ်လို့ရမလား

အောက်ပါနေထိုင်နည်းများနဲ့ရနိုင်ပါတယ်။

- နေ့စဉ်ရေများများသောက်ပါ။

- အသီးအနှံဖျော်ရည်စစ်စစ်ကို မကြာခဏသောက်ပေးပါ။

- အလုပ်အရမ်းများသည်ဖြစ်စေ ဆီးကိုတော့သွားချင်လာတိုင်းထသွားပေးပါ။ အောင့်ထားတာ လုံးဝမလုပ်သင့်ပါဘူး။ ပိုးဝင်ရုံမကဘဲ ရေရှည်မှာဆီးကျောက်တည်တတ်လို့ပါ။

- တစ်ကိုယ်ရည်သန့်ရှင်းရေးကိုအထူးဂရုစိုက်ပါ။ သန့်စင်ခန်းဝင်ပြီးလို့ဆေးကြောမယ်ဆိုရင် အရှေ့ကနေပဲ အနောက်ကိုဆေးပါ။ သုတ်ရင်လဲအဲဒီအတိုင်းပဲဖြစ်ပါစေ။

- သင်ဟာအမျိုးသမီးဆိုရင် အမျိုးသားနဲ့တူတူနေပြီးတိုင်းဆီးသွားပေးပါ။

- ၀မ်းမချုပ်အောင် အသီးအရွက်များမှန်မှန်စားပေးပါ။ အထိုင်များတဲ့အလုပ်လုပ်သူဆိုရင် အားလပ်ချိန်မှာလမ်းလျှောက်ပေးပါ။

- ဆီးလမ်းကြောင်း ပိုးဝင်တဲ့ ဝေဒနာခံစားနေရချိန်မှာ ရာသီလာရင် လစဉ်သုံးပစ္စည်းကို ဂရုပြုပြီး လိုအပ်တိုင်း မကြာခဏအသစ် လဲလှယ် ပေးပါ။

- အမျိုးသားတွေအနေနဲ့ လိင်တံထိပ်ဖျားဖုံး အရေပြားကြားကို ဘက်တီးရီးယားတွေခိုအောင်းနေတတ်တဲ့နေရာမို့ အနည်းဆုံးတစ်နေ့ နှစ်ခါဆေးကြောသန့်စင်ပေးပါ။ ဒီလိုလုပ်ပေးရင် သင့်ရဲအဖော်အမျိုးသမီးမှာ သားအိမ်ခေါင်းကင်ဆာဖြစ်ခြင်းကိုပါ ကာကွယ်ပေးနိုင် ပါတယ်။

- ခဏခဏဖြစ်နေရင် ဆရာဝန်နဲ့ပြဖြစ်အောင်ပြပါ။

ဆက်ပိုင်လင်းခန့် (ဆေး - ၂)

အမျိုးသားဆီးကျိတ်ကင်ဆာရောဂါ ဖြစ်စေနိုင်သော အကြောင်းတရားများ (Prostate Cancer)

(၁) အသက်အရွယ်

အသက်အရွယ်ကြီးလာခြင်းဟာ ဆီးကျိတ်ကင်ဆာရဲ့ အဓိကအကြောင်းတရားတစ်ခုဖြစ်ပါတယ်။ အသက်၄၀အောက်အမျိုးသားတွေမှာ ဖြစ်ခဲ့ပေမယ့် အသက်၅၀ကျော်တာနဲ့ ဆီးကျိတ်ကင်ဆာ ဖြစ်တန်စွမ်းတွေ သိသာလွန်းစွာတိုးတက်လာတာ ပညာရှင်များ လေ့လာတွေ့ ရှိထားပါတယ်။ စာရင်းဇယားများအရ ဆီးကျိတ်ကင်ဆာ ဝေဒနာရှင် ၃ဦးမှာ ၂ဦးဟာ အသက် ၆၅နှစ်အထက်ဖြစ်ကြောင်း တွေ့ရှိထား ပါတယ်။

(၂) လူမျိုးနဲ့နေရာဒေသ

အာဖရိကန်၊ အမေရိကန်နွယ်ဖွား အမျိုးသားတွေဟာ တခြားလူမျိုးအမျိုးသားတွေထက် ဆီးကျိတ်ကင်ဆာဖြစ်ပွားနှုန်း ၆၀%လောက်ပို များတာ တွေ့ရပါတယ်။ တချို့လေ့လာတွေ့ရှိချက်တွေအရလည်း လူမည်းသွေးပါသူတွေဟာ လူဖြူတွေ၊ အာရှတိုက်မှာပဲနေတဲ့လူ ဂျပန်၊ တရုတ်စတဲ့အာရှသားတွေထက် ဆီးကျိတ်ကင်ဆာနဲ့အသက်ဆုံးရှုံးဖို့ အခွင့်အလမ်း နှစ်ဆမြင့်မားပါတယ်တဲ့။ အရမ်းစိတ်ဝင်စားစရာ ကောင်းတဲ့အချက်က အာရှသားတွေဟာလည်း မိခင်နိုင်ငံ(သို့)အာရှဒေသတွင်းမှာပဲ မနေကြဘဲ အာဖရိက အမေရိကစတဲ့ဒေသတွေမှာ နေထိုင်ကြီးပြင်းရင် ဆီးကျိတ်ကင်ဆာဖြစ်နိုင်စွမ်း အန္တရာယ်ကတန်းတူပဲလို့တွေ့ရပါတယ်။ အကြောင်းရင်းကို တိကျသေချာစွာ မသိရ သေးပေမဲ့ နေ့စဉ်စားသောက်နေတဲ့ အစားအသောက် ပုံစံကြောင့်လို့ ယူဆနိုင်ပါတယ်။ သိသာထင်ရှားတဲ့ သက်သေအနေနဲ့ တွေ့ရှိ ထားတာက ဂျပန်လူမျိုးတွေမှာ ရှေးယခင်ကဆီးကျိတ်ကင်ဆာမဖြစ်သလောက်နည်းပါးခဲ့ပေမဲ့ ဥရောပစတိုင်လ်အစားအသောက်များ ဂျပန်မှာတွင်ကျယ်ခေတ်စားလာတာနဲ့အမျှ ယခုနောက်ပိုင်း ဆယ်စုနှစ်များမှာ ဂျပန်အမျိုးသားတွေလည်း ဆီးကျိတ်ကင်ဆာဖြစ်သူ အရေအတွက် သိသာစွာများလာတယ်ဆိုတဲ့ အချက်ပဲဖြစ်ပါတယ်။

နေရာဒေသအရ ပြောရရင် ဆီးကျိတ်ကင်ဆာဖြစ်ပွားမှုနှုန်း အများဆုံးကမ္ဘာ့နေရာဒေသများဟာ မြောက်အမေရိကတိုက်၊ ဥရောပ အနောက်မြောက်ပိုင်းဒေသများ၊ သြစတျေးနိုင်ငံနဲ့ ကာရစ်ဘီယန်ကျွန်းစုများဖြစ်ပါတယ်။ ဖြစ်ပွားမှုနည်းတဲ့ နေရာတွေကတော့ အာရှတိုက်၊ အာဖရိကတိုက်၊အမေရိကအလယ်ပိုင်းနဲ့ တောင်အမေရိကတိုက်တို့ပဲ ဖြစ်ပါတယ်။

(၃) နေ့စဉ်အစားအသောက်ပုံစံ

အမှတ်စဉ်(၂)မှာပြောခဲ့တဲ့ လူမျိုးလိုက်ဖြစ်ပွားမှုနှုန်း မတူညီကြခြင်းဟာ လူမျိုးအလိုက်မျိုးရိုးဗီဇခြားနားမှုကြောင့် အဓိကဖြစ်တယ်လို့ ယူဆကြသလို နေ့စဉ်အစားအသောက်ပုံစံ (Diet Style) ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ နေ့စဉ်အစားအသောက်ပုံစံတွေမှာ အောက်ပါ စားစရာများဟာ ဆီးကျိတ်ကင်ဆာဖြစ်မှု မဖြစ်မှုနဲ့တိုက်ရိုက်ဆက်စပ်ကြောင်း ပညာရှင်များက လေ့လာတွေ့ရှိထားပါတယ်။

အဆီ

အဆီများများစားတဲ့ အမျိုးသားတွေဟာ မစားတဲ့အမျိုးသားတွေထက် ဆီးကျိတ်ကင်ဆာဖြစ်နိုင်ခြေ ပိုများပါတယ်။ တိရိစ္တာန်အဆီများများ စားရင် ဆီးကျိတ်ကင်ဆာသာမက ကင်ဆာအမျိုးမျိုးဖြစ်စေဖို့ အားပေးတာတော့ အသေအချာပါပဲ။

အမျှင်ဓာတ်

Fibre ခေါ် အပင်တွေကရရှိတဲ့ အမျှင်ဓာတ်ပုံမှန်စားသုံးပေးခြင်းဖြင့် သွေးထဲမှာ လှည့်ပတ်နေတဲ့ အမျိုးသား သက်စောင့်ဟော်မုန်း Testosterone နဲ့ ပုံမှန်အားဖြင့် အမျိုးသားတွေမှာလည်း အနည်းငယ်ပမာဏရှိတဲ့ အမျိုးသမီးဟော်မုန်း Estradiol တွေရဲ့ ပမာဏကို ပုံမှန်အတိုင်းအတာမှာ ရှိနေစေဖို့ အထူးအထောက်အကူဖြစ်စေပါတယ်။ ဒါကြောင့် အသီးအရွက်များများစားတဲ့အမျိုးသားများဟာ ဆီးကျိတ်ကင်ဆာဖြစ်ပွားနိုင်ခြေနည်းပါးကြောင်းတွေ့ရှိ အတည်ပြုထားကြပါတယ်။

ပဲပိစပ် ခေါ် ပဲနို့

ပဲပိစပ်ဟာ အပင်ထွက်ဖြစ်ပေမဲ့ အသားဓာတ်မြင့်မားစွာပါဝင်လို့ အစိမ်းရောင် အသား (Green Meat0 လို့တောင် တင်စားခေါ်ဝေါ်ကြတဲ့ အထိအဟာရပြည့်ဝသလို isoflavones လို့ခေါ်တဲ့သဘာဝဒြပ်ပေါင်းတွေ ပါဝင်တဲ့အတွက် ဆီးကျိတ်ကင်ဆာဖြစ်ပေါ်ကြီးထွားလာမှုကို တားဆီးပေးရာ ရောက်စေတဲ့ အာနိသင်ရှိပါတယ်။

ဗီတာမင်အီးနှင့်ဆယ်လီနီယမ် သတ္တုဓာတ်ကြွယ်ဝသော အစားအစာများ

ဗိုက်တာမင်အီးနဲ့ ဆယ်လီနီယမ် သတ္ထုဓာတ်နှစ်မျိုးဟာ ပေါင်းစပ်ပြီး ကင်ဆာအကျိတ်တွေဖြစ်ပေါ်ခြင်းကို တားဆီးနိုင်ပါတယ်။ ဒါကြောင့် ဒီဓာတ်နှစ်မျိုးကြွယ်ဝတဲ့ အစားအသောက်တွေကို ပုံမှန် စားသုံးလေ့ရှိတဲ့ ဒေသတွေမှာ ဆီးကျိတ်ကင်ဆာဖြစ်ပွားမှု မတွေ့ရသလောက်ကို နည်းတတ်ပါတယ်။ ဗိုက်တာမင်အီး ကြွယ်ဝတဲ့ အစားအသောက်တွေက ငါး(အဆီ)၊ အခွံမာသီး အဆန်များ၊ ဂျုံ၊နေကြာစေ့၊ မြေပဲ၊ ကန်စွန်းဥ၊ ထောပတ်သီး၊ မလိုင်၊ ထောပတ်၊ ဥအကာနဲ့ ပေါက်ပေါက်ဆုပ်၊ ဘိန်းမုန့်စတဲ့ အစားအသောက်များဖြစ်ပါတယ်။ ဆယ်လီနီယမ်ကြွယ်ဝတဲ့အစားအသောက်များကလည်း ဗိုက်တာမင်အီးကြွယ်ဝတဲ့ အစားအသောက်များနဲ့ အကြမ်းဖျင်းတူညီကြပါတယ်။

ခရမ်းချဉ်သီး

ခရမ်းချဉ်သီးမှာပါတဲ့ Lycopene ဟာ ဆီးကျိတ်နဲ့ပတ်သက်တဲ့ ရောဂါအမျိုးမျိုးကို ကာကွယ်ပေးနိုင်တာမို့ အမျိုးသားတွေအတွက် အသင့်တော်ဆုံး အစားအသောက်တစ်မျိုးဖြစ်ပါတယ်။ ခရမ်းချဉ်သီးဆော့စ်၊ ခရမ်းချဉ်သီးသုပ် စသဖြင့် ပုံစံများဟာ အကောင်းဆုံး လို့ဆိုပါတယ်။ အခြား လိုင်ကိုပင်းကြွယ်ဝတဲ့ အသီးအနှံများကတော့ ဖရဲသီး၊ စပျစ်သီးစတဲ့ အသီးအနှံများဖြစ်ပါတယ်။

(၄) အ၀လွန်ခြင်း

အ၀လွန်ခြင်းဟာ ဆီးချိုနဲ့ကိုလက်စထရော မြင့်မားခြင်းဆိုင်ရာ ရောဂါမျိုးစုံနဲ့ ကင်ဆာရောဂါများဆီကို ဦးတည်သွားပါတယ်။ အ၀လွန် သူအမျိုးသားများဟာ ဆီးကျိတ်ကင်ဆာဖြစ်နိုင်ပြီး အ၀လွန်သူ အမျိုးသမီးများကတော့ ရင်သားကင်ဆာနဲ့ သားဥအိမ်ကင်ဆာ ဖြစ်နိုင် တယ်လို့ လေ့လာတွေ့ရှိရပါတယ်။

(၅) အလုပ်အကိုင်နှင့်ဆိုင်သော ပတ်ဝန်းကျင်

Cadmium လို့ခေါ်တဲ့ သတ္ထုဓာတ်တစ်မျိုးနဲ့ ပုံမှန်ထိတွေ့မှုရှိနေတဲ့ လုပ်ငန်းလုပ်သူအမျိုးသားတွေ (ဥပမာ - လယ်သမားများ၊ ဘက်ထရီ၊ ဂဟေဆော်၊ရွှေရည်စိမ်၊ သတ္ထုရည်စိမ်လုပ်ငန်းများ လုပ်ကိုင်သူတွေ)ဟာ အသက်ကြီးလာချိန်မှာ ဆီးကျိတ်ကင်ဆာဖြစ်ပွားဖို့ နီးစပ် ကြောင်းလေ့လာတွေ့ရှိထားရပါတယ်။

(၆) စောစီးစွာ အမျိုးသား သားကြောဖြတ်ထားခြင်း

အသက် ၃၅နှစ်မတိုင်ခင် အမျိုးသားသားကြောဖြတ်နည်းနဲ့ သန္ဓေတားထားသူတွေဟာ ဆီးကျိတ်ကင်ဆာ ဖြစ်လာနိုင်တယ်ဆိုတဲ့ လေ့လာတွေ့ရှိချက်တစ်ရပ် ဆေးပညာလောကမှာ ပေါ်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ ဒီရလဒ်ကို ဆန့်ကျင်တဲ့ လေ့လာမှုရလဒ် အသစ်တွေလဲ ထွက်ပေါ်လာပြန်လို့ ဒီကိစ္စဟာ အခုအချိန်အထိ မသေချာသေးဘူးလို့ ဆိုနိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် စိတ်ရှင်းရအောင် အမျိုးသား တွေ အသက် ၃၅မတိုင်ခင် သားကြောမဖြတ်သင့်ဘူးလို့ပဲ အကြံပြုပါရေစေ။

(၇) ကင်ဆာမဟုတ်သော ဆီးကျိတ်ကြီးရောဂါ (BPH) ဖြစ်ဖူးသူများနဲ့ ကာလသားရောဂါတစ်ခုခုရှိခြင်း

BPH (benign prostatic hyperplasia) ခေါ် ဆီးကျိတ်ကြီးရောဂါဖြစ်ဖူးသူများဟာ ဆီးကျိတ်ကင်ဆာနောက်ကလိုက်ဖြစ်တတ်တာမျိုး ရှိတတ်ပါတယ်။ ဒါပေမဲ့ ကျွမ်းကျင်တဲ့ ဆရာဝန်နဲ့ သေချာခွဲစိတ် (သို့) ဆေးသွင်းကုသထားရင်တော့ ဖြစ်တန်စွမ်းကို လျှော့ချနိုင်မှာ ဖြစ်ပါတယ်။

ဂနို၊ ဆစ်ဖလစ်၊ ခလက်မိုင်းဒီးယား စတဲ့ ကာလသားရောဂါရှိသူတွေကျတော့ ဆီးကျိတ်ကို ခဏခဏ ရောင်ယမ်းစေနိုင်တဲ့ အတွက် ကြောင့် ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်စေဖို့ နီးစပ်တာလို့ ဆိုကြပါတယ်။

(၈) မိသားစု မျိုးရိုးရှိခြင်း

ဖခင်(သို့)မွေးရင်းအစ်ကိုမှာ ဆီးကျိတ်ကင်ဆာရှိဖူးသူ အမျိုးသားများဟာ ဆီးကျိတ်ကင်ဆာလိုက်ဖြစ်ဖို့ အခြားသူတွေထက် ၃ဆပိုနီး စပ်လို့ အနေအထိုင် အစားအသောက် အထူးဆင်ခြင်နေထိုင်သင့်ပါတယ်။ ဒီလို မျိုးရိုးရှိနေလို့ မိမိမှာတော့ တစ်နေ့သေချာပေါက်ဖြစ် လာမယ်လို့ ခံယူပြီး စိတ်ပျက်အားလျှော့နေတာမျိုး မဖြစ်သင့်ပါဘူး။

(၉) ဆေးလိပ်သောက်ခြင်း

ဆေးလိပ်မှာ မည်သည့်ကောင်းကျိုးမျှ မပေးဘဲ ဆိုးကျိုးများစွာပေးနိုင်တဲ့ ဓာတုဒြပ်ပေါင်း ၄၀၀ကျော်ပါဝင်ကာ ကင်ဆာမျိုးစုံကိုဖြစ်စေနိုင် ပါတယ်။ မကြာသေးမီက လေ့လာတွေ့ရှိချက်များအရ ဆေးလိပ်သောက်ခြင်းဟာ ဆီးကျိတ်ကင်ဆာဖြစ်ပွားခြင်းကိုပါ အားပေးပါသတဲ့။

(၁၀) တစ်ကိုယ်ရေအာသာဖြေခြင်း

ဆီးကျိတ်ကင်ဆာနဲ့ တစ်ကိုယ်ရည်အာသာဖြေခြင်း ဘယ်လိုဆက်စပ်ကြသလဲဆိုတာအားလုံး သိချင်နေကြတဲ့ အချက်တစ်ချက်ပါ။ ပိုဖြစ်စေတယ် သို့မဟုတ် ကာကွယ်နိုင်တယ်လို့ အငြင်းပွားနေကြတဲ့ အချက်တစ်ချက်မို့ နောက်ဆုံးပေါ် စစ်ဆေးတွေ့ရှိချက်များကို အတိအကျဖော်ပြပေးလိုက်ပါတယ်။

အသက် ၂၀ကနေ ၅၀ကြား အမျိုးသားတွေမှာ တစ်ပတ်မှာ ၂ကြိမ်နဲ့အထက် အာသာဖြေရင် အသက် ၆၀ရောက်ချိန်မှာ ဆီးကျိတ် ကင်ဆာဖြစ်နိုင်စွမ်း ၇၉%နီးစပ်ပါသတဲ့။

အသက် ၅၀ပြည့်ပြီး အမျိုးသားတွေကျတော့ တစ်ပတ်ကို အနည်းဆုံးတစ်ကြိမ်အာသာဖြေပေးရင် ဆီးကျိတ်ကင်ဆာဖြစ်ပွားနိုင်စွမ်း ၇၀%လျော့နည်းပါသတဲ့။

(၁၁) ကိုယ်လက်လှုပ်ရှားမှုနည်းပါးခြင်း

အထိုင်များပြီး ကိုယ်လက်လှုပ်ရှားမှုနည်းပါးခြင်းဟာ ဆီးကျိတ်ကင်ဆာကို အားပေးတယ် မပေးဘူးလို့ တိကျစွာ မတွေ့ရသေးပေမဲ့ အသက်ကြီးပိုင်း အမျိုးသားတွေမှာတော့ လေ့ကျင့်ခန်းမှန်မှန် ပြုလုပ်သူတွေဟာ မလုပ်သူတွေလောက် ဆီးကျိတ်ကင်ဆာ ဖြစ်ပွားမှုနှုန်း မမြင့်တာ သေချာတွေ့ရှိရပါတယ်။

ဒေါက်တာသီဟသစ်