Monday, May 9, 2011

ရှောင်သင့်ရှားသင့်သော ရုံးတွင်းဖက်ရှင်များ

By 8 Days Journal Originally posted 27/03/2011 18:08PM

ရုံး၊ ကုမ္ပဏီလုပ်သားများ အနေနဲ့ တချို့က ယူနီဖောင်းရှိကြသလို တချို့က
မိမိကြိုက်နှစ်သက်ရာ ဝတ်ဆင်ခွင့် ပေးထားလေ့ ရှိကြပါတယ်။ အဲဒီ့မှာ
အဆင်မတက်၊ အသွင်ပျက်ရတဲ့ အဖြစ်တွေ ရှိလာပါတယ်။
ဒီလိုကုမ္ပဏီဝန်ထမ်းများအတွက် ဖက်ရှင်ကျ စတိုင်လ်လှစေဖို့ ရည်သန်ပြီး
ဖော်ပြလိုက်ရပါတယ်။


အမျိုးသားများအတွက်

အမျိုးသားများ အနေနဲ့ အဝတ်အစားကို ဝတ်တဲ့အခါမှာ ဖောင်းပွပွ မဖြစ်အောင်နဲ့
ကျပ်ထုတ်ထုတ် မဖြစ်အောင် ဂရုပြုသင့်ပါတယ်။ အမျိုးသမီးများလည်း
ဒီအစွန်းနှစ်ဖက်လွတ်အောင် ဆင်ခြင်ပြီး ဝတ်သင့်ပါတယ်။ အမျိုးသားများ
အနေနဲ့ မိမိခန္ဓာကိုယ် ကြွက်သား လူမြင်အောင်
ပရိုးမိုးရှင်းလုပ်ချင်လိုပဲဖြစ်ဖြစ်၊ အမျိုးသမီးများ
ကျပ်ထုပ်ထုပ်ဝတ်ပြီး စက္ခုဒါနပေးချင်လို့ပဲဖြစ်ဖြစ်
ရုံးလုပ်ငန်းခွင်အတွင်းမှာ ရည်ရွယ်ချက်မှားနေတဲ့ သက်ရောက်မှုတွေ
ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ဒီအစွန်းနှစ်ဖက်ကို ရှောင်ပါ။
ရုံးဖက်ရှင်ရှုထောင့်အရလည်း သပ်သပ်ရပ်ရပ်ဖြစ်ဖို့ လိုအပ်ချက် အနေနဲ့
ဒီအစွန်းနှစ်ဖက်ကို ရှောင်ဖို့လိုအပ်ပါတယ်။

ရှောင်ရှားသင့်သော ဖက်ရှင်များ

စတေကာပါတဲ့ အဝတ်အစားတွေ ရှောင်ကြဉ်ပါ။ ဆောင်ပုဒ်၊ စာသားပါတဲ့ အင်္ကျီတွေလည်း
မဝတ်ပါနဲ့။ အေအိုင်ဒီအက်စ် ကာကွယ်ရေးအတွက်
သတိပေးထားတဲ့လိုဂိုဖြစ်နေရင်တောင်မှ ရုံးအလုပ်နဲ့ သင့်တော်ခြင်း
မရှိပါဘူး။ တချို့ရုံးတွေမှာ စနေနေ့ဆို ကြိုက်နှစ်သက်ရာ
ဝတ်ဆင်နိုင်ကြပါတယ်။ အဲဒီနေ့ကျမှသာ ဝတ်ဆင်သင့်ပါတယ်။ တက်တူးထိုးတာဟာ
အရမ်းခေတ်စားနေတဲ့ ခေတ်ကြီးမှာ တက်တူးထိုးမှ Sexy ကျတယ်ဆိုတဲ့ အယူတွေနဲ့
Sexy တွေ ထိုးလာကြပါတယ်။ Sexy နဲ့ ရုံးအလုပ်တို့ဟာ ဓမ္မာ၊ သောက၊
အင်းဝရာဇာလို ရန်ဖက်ဖြစ်ကြပါတယ်။ ရုံးတွင်းဖက်ရှင်နဲ့ Sexy နဲ့
လိုက်ဖက်ခြင်း မရှိပါဘူး။ အမျိုးသားတွေ အနေနဲ့ ရုံးတက်တဲ့ အခါမှာ
တချို့ကျောပိုးအိတ်လွယ်ပြီး တက်ကြတာကို သတိပြုမိပါတယ်။ အဲဒါဟာ
ရုံးနဲ့ကိုက်ညီခြင်း မရှိပါဘူး။ ကောလိပ်ကျောင်းသား၊
တက္ကသိုလ်ကျောင်းသားပုံစံ ပေါက်နေပါတယ်။
ရုံးဝန်ထမ်းဟာ ရုံးဝန်ထမ်းပုံစံပဲပေါက်နေရမှာ ဖြစ်တဲ့အတွက်
ကျောပိုးအိတ်လွယ်တာဟာ ဖက်ရှင်အရရော၊ ရုံးအလုပ်နဲ့ရော ကိုက်ညီခြင်း
မရှိပါဘူး။တချို့အမျိုးသားတွေဟာ မုတ်ဆိတ်မွှေး၊ နှုတ်ခမ်းမွှေး၊
ပါးမုန်းမွှေး ထားလေ့ရှိကြပါတယ်။ အဲဒီ မျက်နှာမွှေးတွေဟာ ရုံးအလုပ်နဲ့
မသင့်တော်ပါဘူး။ ဂျက်ကီချမ်းရဲ့ The Tuxedo ကားထဲမှာ သူ့အလုပ်ရှင်က
မေးစေ့မွှေးထားတာကို ရိတ်ခိုင်းပါတယ်။ ရုံး၊ ကုမ္ပဏီတွေမှာ
ဒီလိုအမွှေးအမျှင်ထားတဲ့ မန်နေဂျာတချို့ကိုမြင်ဖူးပေမယ့် တကယ့် Corporate
ကုမ္ပဏီကြီးတွေမှာ လုပ်တဲ့သူတွေ အနေနဲ့ ၁၀၀ % neat andtidy ဖြစ်သင့်ပါတယ်။
မျက်နှာမွှေးတွေကို တိသင့်တာတိ၊ ရိတ်သင့်တာ ရိတ်ပြီးတဲ့နောက် ဆံပင်ကို
ဖီးသင်တဲ့ကိစ္စ ပြောစရာ ရှိလာပါတယ်။ ဆံပင်ကို မျက်နှာရှေ့ချထားတာ၊
ဘေးဘက်အခြမ်းကို အရှည်ကြီးချထားတဲ့ပုံစံတွေ ရှောင်ကြဉ်သင့်ပါတယ်။

အမျိုးသမီးများအတွက်

ရုံးအလုပ်အတွက် စကတ်ဝတ်ဆင်တဲ့အခါမှာ ဒူးဖုံးစကတ်အတိုလောက်ကိုသာ ရွေးချယ်
ဝတ်ဆင်သင့်ပါတယ်။ ဒီထက်မက တိုသွားရင် ရုံးအနံ့အသက်နဲ့ မတူတော့ဘဲ
ပန်းခြံအနံ့အသက်တွေ ဖြစ်လာပါလိမ့်မယ်။ အမျိုးသမီးများ အနေနဲ့ နားကပ်၊
နားဆွဲ၊ လည်ဆွဲ၊ လက်ကောက်၊ လက်စွပ်၊ လည်စီးစတာတွေကို ဝတ်ဆင်နိုင်ပါတယ်။
ဒါပေမဲ့ အားလုံးကို တစ်ပြိုင်တည်း အများကြီး ဝတ်ဆင်တာမျိုးတော့
မဖြစ်သင့်ပါဘူး။

ရှောင်ရှားသင့်သော ဖက်ရှင်များ

ရေမွှေးသိပ်မသုံးပါနဲ့။ ရေမွှေးအနံ့ဟာ လူတစ်ယောက်နဲ့ တစ်ယောက် အကြိုက်ချင်း
မတူကြပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ လူတစ်ယောက်ရဲ့ အနံ့ခံပုံစနစ်ဟာ
အရမ်းရှုပ်ထွေးပြီး ကွဲပြားခြားနားလို့ ဖြစ်ပါတယ်။ ဒါကြောင့်
တစ်ယောက်ကြိုက်တဲ့ ရနံ့ဟာ တစ်ယောက်မကြိုက်လေ့ရှိကြပါတယ်။ ရေမွှေးနံ့ကို
တရားလွန်ဆွတ်ထားရင် ဘေးလူအတွက် အနှောင့်အယှက် ဖြစ်စေပါတယ်။ တစ်ခါတစ်ရံမှာ
ဒီရေမွှေးနံ့ စူးစူးကြီးဟာ ဘေးလူအတွက် ပြောဖို့ခက်ခဲနေတတ်ပါတယ်။ ဒါကြောင့်
ကိုယ့်ရဲ့ခင်မင်ရင်းနှီးရတဲ့ သူငယ်ချင်း၊ ဆွေမျိုးများဆီက အိမ်ကမထွက်ခင်
ဆွတ်ထားတာ များ၊ မများမေးကြည့်ပြီးမှ သွားတာအကောင်းဆုံး ဖြစ်ပါလိမ့်မယ်။

နောက်ထပ် ရှောင်ကြဉ်ရမယ့် အချက်ကတော့ လက်ဝတ်လက်စား
တရားလွန်ဝတ်ဆင်ထားခြင်း ဖြစ်ပါတယ်။ အထူးသဖြင့် အရောင်ပြိုးပြိုးလက်လက်
ရွှေထည်တွေ မတရားဝတ်ဆင်ထားတာဟာ ရုံးရှိလူတွေကို မျက်စိစူးစေပါတယ်။
နောက်ပြီး ရုံးအလုပ်လုပ်တဲ့အခါမှာ လှုပ်ရှားသွားလာရတာလည်း
မလွယ်ကူဖြစ်စေပါတယ်။ အသံချွင်ချွင်နဲ့ အနှောင့်အယှက် ဖြစ်စေပါတယ်။
ကေသာထုံးဖွဲ့တဲ့နေရာမှာ ကျစ်ဆံမြီးကျစ်ထားတာဟာလည်း ရုံးဖက်ရှင်နဲ့
လိုက်ဖက်ခြင်း မရှိပါဘူး။ မရင့်ကျက် (Mature) မဖြစ်တဲ့ သဘောကို
သက်ရောက်နေပါတယ်။ ပျိုတို့ အနေနဲ့ ကျစ်ဆံမြီးနဲ့ လိုက်ဖက်ပေမယ့်
ရုံးတက်ရင်တော့ တခြားကေသာထုံးဖွဲ့မှုနဲ့သာ တက်ရောက်သင့်ပါတယ်။

အကောင်းဆုံးဖက်ရှင်

ရုံးအလုပ်အတွက် အကောင်းဆုံး ဖက်ရှင်ကတော့ Black and White ဖက်ရှင်ပဲ
ဖြစ်ပါတယ်။ အပေါ်က ကော်လံကတုံးကို အောက်က ယောပုဆိုးအနက်နဲ့သော်လည်းကောင်း၊
စတိုင်လ်ဘောင်းဘီ အနက်နဲ့သော်လည်းကောင်း တွဲဖက်ဝတ်ဆင်နိုင်ပါတယ်။
အရေးတကြီး အစည်းအဝေးလုပ်တဲ့အခါမှာလည်း ရွေးချယ်ဝတ်ဆင်သင့်တဲ့
အရောင်များပဲ ဖြစ်ပါတယ်။ အဖြူကို ဖြူစွတ်နေပြီး အနက်ကိုလည်း
နက်မှောင်နေရင် ပိုကောင်းပါတယ်။ အမျိုးသမီးရော၊ အမျိုးသားရော
ဆောင်ထားသင့်တဲ့ အရောင်အသွေးတွေကတော့ အနီ၊ အပြာ၊ မီးခိုးရောင်၊ အဖြူနဲ့
အနက်တို့ ဖြစ်ပါတယ်။ ဒီအရောင်အသွေးတွေဟာ ရုံးကနားနဲ့ ကိုက်ညီပါတယ်။
လိုက်ဖက်ပါတယ်။

အကြံပြုချက်

အဝတ်အစားနဲ့ ပတ်သက်လို့ တောင်းမှာအကွပ်၊ လူမှာအဝတ်ဆိုတဲ့ မြန်မာစကားပုံ
ရှိပါတယ်။ အင်္ဂလိပ်မှာတော့ ကိုယ်လုပ်ချင်တဲ့အလုပ် အဆင့်အတန်း
အမျိုးအစားလိုက် ဝတ်ပါ။ ကိုယ်လုပ်နေတဲ့ အလုပ် အဆင့်အတန်းအလိုက်
မဝတ်ပါနဲ့ဆိုတဲ့ ရှေးသူဟောင်းစကား ရှိပါတယ်။ ဆိုလိုတာက ကိုယ်ကမန်နေဂျာ
ဖြစ်ချင်ပေမယ့် ဒုမန်နေဂျာဖြစ်နေရင် မန်နေဂျာစတိုင်လ် ဝတ်စားဆင်ယင်ပေးပါ။
မန်နေဂျာတစ်ယောက်ကဲ့သို့ ပြုမူနေထိုင်ပါ။ ကြိုးစားပါ။ အဝတ်အစားက ပေးတဲ့
Image ဟာ သင်လိုချင်တဲ့ ပန်းတိုင်အတွက် Motivate (လှုံ့ဆော်)
ပေးလာပါလိမ့်မယ်။

မေသိမ့်သိမ့်ကျော်

No comments: