Tuesday, May 10, 2011

တစ်ခါက House ဂီတ

လွန်ခဲ့တဲ့နှစ်ပေါင်း ၄၀ ကျော်အချိန် တုန်းက လူငယ်တွေဟာ Disco တေးဂီတကို ငြီးငွေ့ လာကြပြီး Hip Hop ဂီတကို ဖန်တီးခဲ့ ကြပါတယ်။

Disco တေးဂီတ ပေါ်ထွက်လာပြီး Hip Hop တေးဂီတ မဖြစ်ပေါ်လာခင် ကြားထဲက အချိန်တွေမှာ ဂီတ ရေစီးကြောင်းထဲ ရောက်ရှိလာခဲ့တဲ့ ဂီတ တစ်ခုရဲ့ အကြောင်းကို ပြောပြပေးချင်ပါတယ်။ အဲဒီဂီတကတော့ House ဂီတလို့ နာမည် ရပါတယ်။ House ဂီတဟာ ဒီနေ့ခေတ် လူငယ်တွေသိပ်ပြီး သတိမထားမိကြတဲ့ ဂီတ တစ်ခုပဲ ဖြစ်ပါတယ်။ House တေးဂီတနဲ့ Hip Hop တေးဂီတရဲ့ အောင်မြင် ကျော်ကြားမှုတွေ ကြားထဲမှာ အရှိန်အ၀ါ မှေးမှိန်ခဲ့ရတဲ့ House ဂီတရဲ့ အကြောင်းကို လေ့လာ ကြည့်ကြရအောင်။

House ဂီတဟာ အကနဲ့ တွဲဖက် ဖျော်ဖြေရတဲ့ ခေတ်ပေါ်တေးဂီတ တစ်ခုအဖြစ် ၁၉၈၀ ခုနှစ် အစောပိုင်း အချိန်တွေမှာ အမေရိကန် နိုင်ငံက စတင်  ပေါ်ထွက် လာခဲ့ပါတယ်။ ၁၉၇၇ ခုနှစ်နဲ့ ၁၉၈၃ ခုနှစ် အတွင်းမှာ The Warehouse ဆိုတဲ့ နိုက်ကလပ် တစ်ခုကို ချီကာဂိုမြို့မှာ တည်ဆောက်ခဲ့ပါတယ်။ အဲဒီ ကလပ်ရဲ့ အဓိက ဖောက်သည်တွေကတော့ လူမည်းလူမျိုး မိန်းမလျာတွေနဲ့ လက်တင်လူမျိုး အမျိုးသားတွေပဲ ဖြစ်ပါတယ်။ သူတို့ တွေဟာ The Warehouse ကလပ်မှာ Disco အကတွေကို ကကြဖို့ အတွက် အဓိက ထားပြီး လာကြတာပဲ ဖြစ်ပါတယ်။ The Warehouse ကလပ်မှာ Disco သံစဉ်တွေလို့ ယူဆရတဲ့ သီချင်း တွေကို တီးခတ် ပေးရတဲ့ DJ တီးခတ်သူ "ဖရန်ကီခနက်ကယ်လ်" ဆိုသူဟာ ၁၉၈၃ ခုနှစ်မှာ The Powerhouse ဆိုတဲ့ ကလပ်တစ်ခုကို ပြောင်းရွှေ့ပြီး တီးခတ်ခဲ့ပါတယ်။

သူဟာ အခြား အနုပညာရှင် တွေနဲ့ တွဲဖက်ပြီး နိုက်ကလပ် တွေမှာ အမြဲတမ်း တီးခတ် ပေးနေရတဲ့ Disco တေးဂီတကို House  ဂီတဖြစ် လာအောင် ပူးပေါင်း ဖန်တီးခဲ့ပါတယ်။ House ဆိုတဲ့ အခေါ်အဝေါ် ကိုတော့ သူ့ရဲ့ နိုက်ကလပ် နာမည်တွေကို အစွဲပြု ပြီး ခေါ်ဝေါ်ခဲ့တာပဲ ဖြစ်တယ်လို့ ခန့်မှန်း ရပါတယ်။

House ဂီတဟာ တော်ဝင်ဂီတ တစ်ခုတော့ မဖြစ်ခဲ့ပေမယ့် Disco ရဲ့ အငွေ့အသက်တွေ ပါဝင်နေတဲ့ ဂီတ တစ်ခုအဖြစ်တော့ လူတွေက အသိအမှတ် ပြုခဲ့ကြပါတယ်။ House ဂီတကို Disco တေးဂီတ၊ Soul ဂီတ၊ Funk ဂီတနဲ့ R & B ဂီတတို့ကို ပေါင်းစပ် ရောနှောပြီး ဖန်တီးခဲ့တာပဲ ဖြစ်ပါတယ်။ ၁၉၈၀ ပြည့်နှစ် အလယ်ပိုင်း အချိန်တွေမှာ House ဂီတကို စတင် လူကြိုက် များလာခဲ့ပြီး နယူးယောက်၊ လန်ဒန်၊ ဆန်ဖရန်စစ္စကိုနဲ့ လော့စ်အိန်ဂျလိစ် မြို့တော်တွေရဲ့ နိုက်ကလပ်တွေမှာ မပါမဖြစ်တဲ့ ဂီတတစ်ခု ဖြစ်လာခဲ့ ပါတယ်။ ၁၉၉၀ ပြည့်နှစ် အလယ်ပိုင်း အချိန်တွေမှာတော့ House ဂီတဟာ အကနဲ့ တွဲဖက် ဖျော်ဖြေရတဲ့ ခေတ်ပေါ် Pop ဂီတတစ်ခု အနေနဲ့ တဖြည်းဖြည်း အသက် ၀င်လာခဲ့ပါတယ်။ House ဂီတဟာ အင်္ဂလန် နိုင်ငံတွင်းမှာပါ နာမည် ကြီးခဲ့တာကြောင့် ဥရောပတိုက် အတွင်းက နိုင်ငံတွေ အားလုံးမှာပါ နာမည် ကြီးခဲ့ပြန်ပါတယ်။

House ဂီတဟာ အကနဲ့ တွဲဖက် ဖျော်ဖြေရတဲ့ ဂီတတစ်ခု ဖြစ်တဲ့အတွက် House သီချင်းတွေဟာ စည်းချက်မြန်တဲ့ သီချင်းတွေသာ များပါတယ်။ House သီချင်းတိုင်းမှာ ဒရမ်သံတွေနဲ့ လက်ခုပ်သံတွေ အမြဲတမ်း ပါဝင်နေပါတယ်။ House သီချင်းတွေမှာ ၁၉၆၀ ခုနှစ်နဲ့ ၁၉၇၀ ခုနှစ်ကြားက Disco သီချင်းတွေမှာ ပါဝင်နေကျ ပက်ကားရှင်း သံတွေကိုလည်း ထည့်သွင်း တီးခတ် တတ်ကြပါတယ်။ House ဂီတလို့ ခေါ်နိုင်ဖို့ အတွက် အဓိက လိုအပ်တဲ့ တူရိယာတွေ ကတော့ ကီးဘုတ်၊ ဒရမ်နဲ့ အခြားလျှပ်စစ် တူရိယာတွေပဲ ဖြစ်ပါတယ်။ တစ်ခါတလေမှာ ပူးတွဲ တူရိယာအဖြစ် ခြူငယ်လေးတွေ ဆွဲထားတဲ့ ဗုံတိုလိုမျိုး တူရိယာ တွေကိုလည်း သုံးစွဲ တတ်ကြပါတယ်။ House သီချင်းတွေမှာ အကအကြောင်းနဲ့ အချစ်အကြောင်း ရေးစပ်ထားတဲ့ စာသားမျိုးတွေ ပါဝင်တတ်ကြပြီး တစ်ခါတလေ ညစ်ညမ်းတဲ့ စာသားတွေ ကိုလည်း ရေးစပ်လေ့ ရှိကြပါတယ်။ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ House သီချင်းတွေကို အာဖရိက အမေရိကန် လူမျိုးတွေနဲ့ လက်တင် အမေရိ ကန်လူမျိုးတွေက ကြိုက်နှစ်သက်ကြ သလို မိန်းမလျာတွေ အတွက်လည်း အနှစ်သက်ဆုံး ဂီတတစ်ခု ဖြစ်နေပြန်ပါတယ်။

House ဂီတရဲ့ ကကွက်တွေဟာ Disco တေးဂီတရဲ့ ကကွက်တွေနဲ့ အတော်လေး ဆင်တူနေပါတယ်။ အကနဲ့ ထင်ရှားတဲ့ House ဂီတအတွက် ဒရမ် စည်းချက်တွေက အဓိက ထူးခြားချက်ပဲ ဖြစ်ပါတယ်။ ကကွက်များတဲ့ House သီချင်းတွေမှာ ပီသထင်ရှားတဲ့ ဒရမ် စည်းချက်တွေကို အများဆုံး အသုံးပြုပြီး သီချင်း အပိုဒ်တို တစ်ပိုဒ်တည်းကိုပဲ ထပ်တလဲလဲ တီးခတ်တတ် ကြပါတယ်။ House ဂီတရဲ့ကကွက်တွေမှာ ရှုပ်ထွေးတဲ့ ခြေထောက် အကတွေ ပါဝင်ပါတယ်။ ရှုပ်ထွေးတဲ့ လှုပ်ရှားမှု တွေနဲ့ ခြေထောက် အကတွေဟာ House ဂီတ ကကွက် တွေအတွက် အခြေခံအုတ်မြစ်ပဲ ဖြစ်ပါတယ်။ House ဂီတအကတွေအတွက် အဓိက အရေးပါတဲ့ နည်းပညာ ကတော့ Jacking လို့ခေါ်တဲ့ နည်းပညာပဲ ဖြစ်ပါတယ်။ Jacking လို့ နာမည်ပေး ထားတဲ့ ပုံစံဟာ ခန္ဓာကိုယ်ကို သိမ်သိမ်မွေ့မွေ့နဲ့ လှုပ်ရှား ယိမ်းယိုင်ပြီး ကရတဲ့ ပုံစံမျိုးပဲ ဖြစ်ပါတယ်။

အဲဒီ လှုပ်ရှားမှုဟာ House ဂီတသီချင်း သံစဉ်တွေနဲ့ အံဝင်ခွင်ကျ ဖြစ်စေပါတယ်။ Jacking ဟာ House ဂီတကကွက်တွေ အတွက် အဓိက သော့ချက်ပဲ ဖြစ်ပါတယ်။ ၁၉၇၇ ခုနှစ်မှာ Donna Summer ရဲ့ "I Feel Love" ဆိုတဲ့ House သီချင်းခွေဟာ နာမည်ကျော်ကြား ခဲ့ပြီး ၁၉၈၄ ခုနှစ်မှာ "On and On" ဆိုတဲ့ House ဂီတအက သီချင်း တစ်ပုဒ်ဟာလည်း အရမ်း နာမည်ကြီး ခဲ့ပြန်ပါတယ်။

စိမ့်စိမ့်လွင်ဦး
(Teen မဂ္ဂဇင်း၊မေလ ၂၀၁၁)

Please Check : http://www.houseplanet.dj/ , http://www.ilovehousemusic.com/ and http://www.housemusic101.com/

No comments: