Tuesday, May 31, 2022

ရုပ်ရှင်သရုပ်ဆောင် မြတ်လေး

ရုပ်ရှင်သရုပ်ဆောင် မြတ်လေး

=========================




မြတ်လေးကို ရန်ကုန်တစ်ဖက်ကမ်း ခနောင်တိုတွင် အဖ စတီးဘရားစာရေးကြီး ဦးဘရှင်၊ အမိ ဒေါ်မိုးလုံး (ဒေါ်ဒေါ်မိုး) မှ ၁၉၃၂-ခု ဇူလိုင်လ (၁၁)ရက်၊ တနင်္လာနေ့တွင် ဖွားမြင်ခဲ့သည်။ မွေးချင်းငါးဦးအနက် စတုတ္ထမြောက်ဖြစ်ပြီး ငယ်မည်မှာ မောင်လေးဖြစ်သည်။


ပညာသင်ဘဝ


ငယ်စဉ်က ခနောင်တိုရွာဦးကုဏ္ဍလ ဘုန်းတော်ကြီးကျောင်းတွင် လေးတန်းအထိ ပညာသင်ကြားခဲ့သည်။ ယင်းနောက်လမ်းမတော်၊ မော်တင်ကျောင်းတွင် လေးတန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုသည်။ မူလတန်းကျောင်းသားဘ၀မှာပင် ဒုတိယကမ္ဘာစစ်ကြီး (၁၉၃၉ - ၁၉၄၅) ဖြစ်ပွားခဲ့သည်။ ထို့နောက် ဆရာဦးဘအေး၊ ဆရာဦးမြမောင်၊ စာတိုက်ဝန်ထောက်ဦးစံရင်တို့ထံတွင် ပညာကို ဆက်လက်သင်ယူသည်။ စနစ်တကျ သင်ကြားရခြင်းမျိုးမဟုတ်ပေ။ ဆရာတစ်ဦးထံ တွင် ဂဏန်းသင်္ချာ၊ ဆရာတစ်ဦးထံတွင် မြန်မာစာ၊ ဆရာတစ်ဦးထံတွင် အင်္ဂလိပ်စာစသည်ဖြင့် သင်ယူရခြင်းမျိုးဖြစ်သည်။ ဆရာအားလုံးမှာ စေတနာဆရာများသာဖြစ်သည်။ ရေနံဆီဖိုးမျှဖြင့် သင်ကြားပေးကြခြင်းဖြစ်သည်။


ပထမ သူ့နာမည်ထိပ်တွင် တက္ကသိုလ် ဟု တင်စားချက်ကလေး ရှိခဲ့သဖြင့် တက္ကသိုလ်မြတ်လေး ဟုဖြစ်သည်။ ဖနောင့်ကလေးကြွကာ၊ မျက်ခုံးကြီး တဖက် ပင့်ကာပင့်ကာနှင့် ကဗျာဆန်ဆန်စကားရှည်ကြီးတွေပြောသော သူ့အမူအယာကို နှစ်ခြိုက်သွားခဲ့ကြသဖြင့် ထိုခေတ်က သူ့အမူ အယာကို ‘မြတ်လေးစတိုင်’ ဟု ခေါ်ကြသည်။ ‘ရေပွက်ပမာ’ဇာတ်ကားတွင် မြတ်လေးသည် လူဆိုးဂိုဏ်းဝင်အဖြစ် သရုပ်ဆောင်သည်။ မြတ်လေးသည် မေတ္တာဘွဲ့၊ ဟာသ၊ ဇာတ်ကြမ်း စသည်ဖြင့် ဇာတ်ကောင်စရိုက်မျိုးစုံကို ကျရာဇာတ်ရုပ်အတိုင်း ပီပြင်စွာသရုပ်ဆောင်လေ့ရှိသည်။ ၁၉၈၅-ခုနှစ်တွင် သူ ဒုတိယအကြိမ် အမျိုးသားဇာတ်ပို့ဆုအဖြစ် အကယ်ဒမီရွှေစင်ရုပ်ရရှိသော ‘ရင်ထဲမှာရွာသောမိုး’ ကို ဒါရိုက်တာ မောင်မောင်မြင့်ရိုက်ကူး၍ ကျော်ဟိန်း၊ နွဲ့နွဲ့မူ၊ အောင်လွင်တို့နှင့်အတူ သရုပ်ဆောင်ခဲ့သည်။ ၂၃ နှစ်ကြာပြီးမှ ဒုတိယအကြိမ် အကယ်ဒမီ ရရှိခဲ့ခြင်းဖြစ်သည်။ အဆိုပါဇာတ်ကားတွင် မိဘပစ်သွားသော မွေးကင်းစကလေး (ကျော်ဟိန်း)ကို ကြီးပြင်းသည်အထိ ပညာသင်ကျွေးမွေးစောင့်ရှောက်ထားသော သုဿာန်စောင့်ကြီးအဖြစ် မြတ်လေးက သရုပ်ဆောင်ထားသည်။ အချိန်တန်အရွယ်ရောက် လူလားမြောက်လာသော ကျော်ဟိန်းကို မိဘအရင်းများက လာရောက်ပြန်လည်တောင်းဆိုသောအခါ ငယ်ငယ်ကတည်းက မွေးစားခဲ့သောကလေးကို သံယောဇဉ်ငြိတွယ်နေသဖြင့် မပေးရက်၊ မပေးပြန်လျှင်လည်း ကလေး၏ဘ၀သည် သုဿာန်ထဲတွင်နေ သုဿာန်ထဲ၌ပင် ဘ၀ဆုံးသွားမည်ဖြစ်သည်။ ပေးလိုက်မှသာ မိဘအရင်းတို့က ရွေဘုံပေါ်တွင်ထားပြီး ကလေးဘ၀ကောင်းစားမည်။ သို့ကလို ချီတုန်ချတုန် အပြန်ပြန်အလှန်လှန်စဉ်းစားပြီး ရင်ထဲတွင်မချေိ၀ဒနာခံစားနေရပုံကို ပီပြင်စွာသရုပ်ဆောင်သွားရာ ကြည့်ရသူတိုင်း ဝမ်းနည်းကြေကွဲမျက်ရည်ကျရသည်အထိ ဖြစ်ခဲ့ရလေ သည်။ ထို့ကြောင့်လည်း အဆိုပါဇာတ်ကားတွင် မြတ်လေးသည် အမျိုးသားဇာတ်ပို့ဆုကို ထိုက်တန်စွာဆွတ်ခူးရရှိသည်ဟု ထင်မြင်မိပါသည်။


စာပေ ဂီတ




မြတ်လေးသည် ရုပ်ရှင်ဘက်၌သာ ထူးချွန်သည်မဟုတ်၊ စာပေဂီတဘက်၌လည်း ခေသူမဟုတ်ပင်။ သူသည် ကဗျာသမား စာသမားလည်း ဖြစ်သည်။ တေးရေးတေးဆိုဘက်၌လည်း ထင်ရှားသူဖြစ်သည်။ သူသည် စာပေမှလာသူဖြစ်သောကြောင့် သီချင်းအရေး အလွန်ကောင်းသည်။ သူရေးစပ်သီကုံးခဲ့သော တေးသီချင်းပေါင်း ၂၀၀ ခန့်ရှိရာ ထင်ရှားသည့်သီချင်းများမှာ မေတ္တာစစ်ဆိုသည်မှာ၊ ဝေးပြီမွှေးရယ်၊ မခင်နှင်းဆီ၊ မခင်နှင်းဆီရဲ့ နှင်းဆီ၊ မခင်နှင်းဆီရဲ့နှင်းဆီဇာတ်သိမ်း (မခင်နှင်းဆီသို့ပေးစာကို ကိုတင်ကိုးရေးခဲ့သည်) ပန်းတိုင်းပွင့်ပါစေ၊ ပင်လုံထိပ်ထားဦး၊ ချစ်သက်ပိုင်၊ တစ်ရံရောအခါက၊ ဘာပဲလုပ်ရလုပ်ရ စသည့်သီချင်းများသည် ရေပန်းစားခဲ့သည်။ ယနေ့တိုင်ပြန်ဆိုနေ ကြဆဲပင် ဖြစ်သည်။ မြတ်လေး၏သီချင်းများကို သူကိုယ်တိုင်သာမက မောင်မောင်ကြီး၊ ကိုမင်းနောင်၊ ကိုမြကြီး၊ စန္ဒရားချစ်ဆွေ​၊ ခင် မောင်လွင်၊ သန်း ဖေလေး၊ သုမောင်၊ မြင့်မြင့်ခင်၊ လီလီကြာညွန့်၊ တင်တင်မြ၊ တင်တင်လှ၊ စသည်တို့က သီဆိုခဲ့ကြသည်။




မြတ်လေးသည် အသစ်အဆန်းကိုရှာဖွေလို၍ အစဉ်အလာဟောင်းမှလမ်းခွဲထွက်လိုသူလည်း ဖြစ်သည်။ မြတ်လေးသည် ဇာတ်ကား နာမည်များကိုပင် လူထုသုံးစကားလုံးများရွေး၍ သုံးစွဲတတ်သဖြင့် သူ့ဇာတ်ကားနာမည်များသည် လူထုကြား၌ရေပန်းစားခဲ့သည်။ သူ၏သီချင်းဆို၍ ငိုရသည်။ သွေးနဲ့ ချွေးနဲ့ ရင်းသည့်မြေ၊ ငို၍ ရယ်၍ မရသော မျက်နှာ၊ ချစ်သူကလ ကိုယ်ကည၊ သူများရီဖို့ ကိုယ်ငိုမယ်၊ ပုဂံအလှရှာပုံတော်၊ ရွှေပန်းကန်ပေါ်ကျတဲ့မျက်ရည် စသည့်နာမည်များမှာ ပရိသတ်ရင်ထဲကို စွဲငြိစေခဲ့သည်။


သို့ကလို ပညာသင်ကြားနေစဉ်မှာပင် ဒလမြို့သန်းခေါင်စာရင်းရုံး၌ အောက်တန်းစာရင်း ဝင်လုပ်သည်။ ထို့နောက် ရန်ကုန်မြို့ (ပန်းဆိုးတန်းလမ်း) ထောက်ပံ့ရေးရုံး၌ အလုပ်ဝင်လုပ်သည်။ ထိုအချိန်ကပင် မြတ်လေးသည် စာပေအနုပညာနှင့် နိုင်ငံရေးလမ်းကြောင်းပေါ်သို့ တပြိုင်တည်း စမ်းလျှောက်နေသည်ဟု ဆိုနိုင်သည်။ ယောက်ဖဝမ်းကွဲတော်သူ တယောဝိဇ္ဖာကိုအေးကိုအကြောင်းပြု၍ သူ့ဂီတတမျိုးစေ့ကို သန္ဓေတည်ခဲ့သည်။ ထိုစဉ်က ကိုအေးသည် ဒရမ် တီးဝိုင်းတည်ထောင်ထားသည်။ မြတ်လေးသည် ဇာတ်၊ ရုပ်သေး၊ ကွက်စိပ်ပွဲများသို့လည်း လက်လှမ်းမီသမျှ လေ့လာဆည်းပူးသည်။ သူသည် စာပေ၊ ဂီတပေါ် မြတ်နိုးတွယ်တာစိတ်ရှိသလို နိုင်ငံရေး၌စိတ်ပါဝင်စားသည်။ ထောက်ပံ့ရေးရုံးတွင် စာရေးအဖြစ် လုပ်ကိုင်နေ စဉ်မှာပင် သမဂ္ဂအဖွဲ့ဝင်အဖြစ် ပါဝင်လှုပ်ရှားခဲ့သည်။ ထို့အပြင် ခနောင်တိုမြို့နယ် ဗလစလူငယ်ပြန်ကြားရေးမှူးအဖြစ် ဆောင်ရွက်ခဲ့သည်။ သို့ကလို စာပေဂီတနှင့် နိုင်ငံရေးတို့၌သာ အချိန်ပေးနေသည့်အတွက် ဆယ်တန်းစာမေးပွဲကို နှစ်ခါချခဲ့ရသည်။ ထို့နောက် ညကျောင်း တက်ရင်း ဆက်လက်ဖြေဆိုရာမှ အသက်၂၃ နှစ်အရွယ် ၁၉၅၁ တွင် ဆော်လမွန်ကျောင်းမှ ဆရာကြီးဘဆူးထံတွင် ဆက်လက်ပညာ ဆည်းပူးသည်။ ယင်းကျောင်းမှ ဆယ်တန်းအောင်မြင်ခဲ့သည်။ ၁၀ တန်းအောင်မြင်ပြီးနောက် မြတ်လေးသည် အလုပ်တစ်ဖက်ဖြင့်ပင် သက်ကြီးတက္ကသိုလ်တွင် ဆက်လက်ပညာသင်ယူသည်။ ထိုစဉ်မှာပင် ဂီတပညာကိုလေ့လာသည်။ သူသည် ဆရာဂျူဗလီစိန်ထံတွင် အဆိုသဘောနှင့် သီချင်းရေးနည်းများ လေ့လာသင်ယူခဲ့သည်။ အေးဝမ်းခင်မောင်၊ စန္ဒရားသီဟ၊ ဒုံမင်းလှိုင်ထင်တို့ထံမှ ဂီတသံစဉ်ကို ဆည်းပူးသည်။ ဆရာရွှေပြည်အေး၊ ဂီတနက်သန်ကို စောညိန်း၊ ဂီတာအုန်းလွင်၊ စန္ဒရားကိုမျိုးလှိုင်၊ စန္ဒရားချစ်ဆွေ၊ ဂီတလုလင်မောင်ကိုကို၊ ဗိုလ်က လေးတင့်အောင်၊ စာရေးဆရာအောင်လင်းတို့ထံမှ ဂီတအခြေခံကောင်းများရရှိခဲ့သည်ဟု သိရသည်။ ယင်းနောက် အရှေ့ပိုင်းတူရိယာအဖွဲ့နှင့်နီးစပ်သွားပြီး ထိုဝိုင်းအတွက် သီချင်းများရေးပေးရသည်။ မြတ်လေး၏သီချင်းများသည် မြန်မာ ဆန်၍ သံစဉ်ပြေပြစ်သည်။ သီချင်းစာသား အဓိပ္ပာယ်လည်း လေးနက်၍ အတွေးအခေါ်ဆန်းသစ်သည်။ မြန်မာ့ဂီတလောက၌ မြန်မာအသံမှ ဓာတ်ပြားရ သီချင်းတစ်ပုဒ်ဖြစ်လာအောင် အတော်ကြိုးပမ်အားထုတ်ယူရသည်။ မြတ်လေးသည် ဓာတ်ပြားရတေးအတော်များများကို ရေးသားဖန်တီးနိုင်ခဲ့သည်။ သူသည် ရုပ်ရှင်ဇာတ်ဝင်တေးများကိုလည်း ရေးသားခဲ့သည်။ အချို့ကို ကိုယ်တိုင်သီဆိုသည်။ မြတ်လေးသည် ဂီတလောကတွင် စန္ဒရားချစ်ဆွေနှင့် အတွဲများသလောက် အချို့သီချင်းများကို ပူးတွဲရေးသားခဲ လေသည်။


မြတ်လေးရေးစပ်သီကုံး၍ စတင်သီဆို အသံလွှင့်ခဲ့သောတေးမှာ ‘မေတ္တာအင်အား’ ဖြစ်သည်။ တိုက်ပွဲဝင်ကျောင်းသားတစ်ဦး သီချင်းများ၊ ငြိမ်းချမ်းရေးသည် အပေါင်းလက္ခဏာ၊ ဧရာ၀တီငိုသံ၊ ဒို့ကြားရသည်၊ ဘော်လဂါနဒီ-ဧရာ၀တီတေးများအဖြစ် တရုပ်ဖြူဆန့်ကျင်ရေးသီချင်း များဖြစ်သည်။ ထို့နောက် မေတ္တာစစ်ဆိုသည်မှာ၊ လက်ဆောင်မွန်၊ ဝေလေလေ၊ ထာ၀စဉ်အချစ်၊ မစ္စဝီစကီ၊ ကပြားမလေးဂိုရာရမ်၊ သီချင်းဆို၍ငိုရသည်၊ သည်ဇာတ်သည်တွင်ဆုံးပြီကွယ်နှင့် စစ်ကိုမောင်းထုတ်ကြစို့ သီချင်းများကိုလည်း ကိုယ်တိုင်ရေးစပ်သီဆိုခဲ့သည်။ အခြားဂီတစာဆိုများရေးသား၍ မြတ်လေးသီဆိုခဲ့သော သီချင်းများမှာ မနည်းလှပေ။ ယင်းတို့အနက် ကလေးချော့ (ရင်မှာပျိုးသော ဇာတ် ကားအတွက် ဆရာရွှေပြည်အေးရေးခဲ့သည့်သီချင်း) သီချင်းသည် ထင်ရှားသည်။


မြတ်လေးသည် စာပေဝါသနာပါသူလည်းဖြစ်ရာ ဂီတစာဆိုတော်များအကြောင်းကို လည်း စာနယ်ဇင်းများ၌ ရေးသားသည်။ ယင်းတို့အနက် ဆရာရွှေပြည်အေး၏ ဂီတစွမ်းရည်အ ကြောင်းကို ‘ရွှေအောင်လံ’ မဂ္ဂဇင်းတွင် တစ်နှစ်နီးပါးမျှ အခန်းဆက်ဆောင်းပါးများရေးသားသည်။ စာရေးဆရာ၊ ဂီတစာဆိုအောင်လင်းအကြောင်းကိုလည်း ‘ရုပ်ရှင်တေးကဗျာ’ မဂ္ဂဇင်း တွင် အခန်းဆက်ရေးသားသည်။ တယောထိုး အလွန် ကောင်းသူ စာရေးဆရာ ဗန်းမော်တင်အောင်အကြောင်းနှင့် တက္ကသိုလ်ဘုန်းနိုင်အကြောင်းကိုလည်း ရုပ်ရှင်တေးကဗျာမဂ္ဂဇင်းတွင် (၈) လကြာမျှ အခန်းဆက်ရေးခဲ့သည်။

မြတ်လေးရေးခဲ့သည့်ဝတ္ထုများတွင် အကြောင်းအရာအသစ်၊ အတွေးအခေါ်သစ်၊ အယူအဆအသစ်များကို တင်ပြလေ့ရှိသည်။ သူရေးခဲ့သည့် ဝတ္ထုများအနက် ဆေးစက်မကျသေးသော အဖြူ၊ မီးရောင်အောက်ကအမှောင်၊ ငှက်ခတ်သမားဘကျား၊ ဆံမြိတ်လည်းပြေ ပန်းလည်းကြွေ၊ ဇရာနှင့်ဗေဒါအနမ်းတို့မှာ ထင်ရှားသည်။


မြတ်လေးသည် ဆရာဦးဉာဏထံ ချဉ်းကပ်၍လည်း ဇာတ်ညွန်းရေးနည်းကို နည်းခံခဲ့ သည်။ ကျောင်းသားဘ၀က ဝါသနာတူလူငယ်များနှင့်တွဲ၍ အရပ်ပြဇာတ်များကို စတင်ကပြခဲ့ သည်။ အဆိုပါပြဇာတ်များ၌ သူကိုယ်တိုင်ဒါရိုက်တာမင်းသားနေရာယူ ကပြခဲ့သော ဒို့အိမ်ကြီး၊ ယမနေ စသည့်ပြဇာတ်မှာ ထိုစဉ်က ပရိသတ်အကြိုက်တွေ့ခဲ့သည့် ပြဇာတ်များဖြစ်သည်။ ထို့နောက် တက္ကသိုလ်သို့ရောက်သောအခါ မြတ်လေး သည် တက္ကသိုလ်အနုပညာအသင်း၌ ပါဝင်လှုပ်ရှား၍ သူ့အနုပညာအရည်အသွေးကို ပြသခဲ့သည်။ ထို့ကြောင့်လည်း ဥပစာအောက် တန်းစာမေးပွဲကို ၅ ကြိမ်မြောက်ဖြေဆိုမှ အောင်မြင်ခဲ့သည်။ မြတ်လေးစာမေးပွဲကျသည်မှာ အဆန်းမဟုတ်ပေ။ အချိန်ပြည့် အနုပညာ လှုပ်ရှားမှုများ ပါဝင်ဆောင်ရွက်နေသူဖြစ်သည်။ တက္ကသိုလ်ကျောင်းသားဘ၀ ကျောင်းသားပွဲတော်များတွင် မြတ်လေးရေးသား၍ ကပြခဲ့ သောပြဇာတ်များမှာ ညီမလေးမာလာ၊ ဆံမြိတ်လည်ပြေ ပန်းလဲကြွေ၊ ၁၃၀၀ ပြည့်အရေးတော်ပုံ စသည်တို့ဖြစ်သည်။


သက်ကြီးတက္ကသိုလ်မှ စာမေးပွဲအောင်မြင်ပြီးနောက် မြန်မာနိုင်ငံတော် ကူးသန်းရောင်းဝယ်ရေးဘဏ်တွင် အကြီးတန်းစာရေး၊ စတင်လုပ် ကိုင်ခဲ့သည်။ ၆ လအကြာတွင် လက်ထောက်ကြီးကြပ်ရေးမှူးရာထူး တိုးမြှင့်ခံရသည်။ ယင်းဘဏ်တွင် ၂ နှစ်ခွဲခန့်ထမ်းရွက်ပြီးနောက် ရုပ်ရှင်လောကသို့ ခြေစုံပစ်ဝင်ခဲ့သည်။ ရုပ်ရှင်လောကသို့ ဓနဂုဏ်၊ ငအ၊ မွှေး၊ သစ္စာရှင်၊ မြတ်နိုးသူ၊ အရိုင်းစပယ်၊ ဩော်ယောက်ျား ရုပ်ရှင်ကားများတွင် တေးဂီတတာဝန်ခံအဖြစ် လုပ်ကိုင်ခဲ့သည်။ ထိုအတွေ့အကြုံများသည် နောင်တွင် မြတ်လေးအား ရုပ်ရှင်သရုပ်ဆောင်မှုဘက်၌ များစွာအထောက်အပံ့ဖြစ်စေခဲ့သည်။




မြတ်လေး၏ ပွဲဦးထွက်ရိုက်ကူးခဲ့သော ရုပ်ရှင်ဇာတ်ကားမှာ ‘ပင်လုံထိပ်ထားဦး’ ဖြစ်သည်။ ပင်လုံထိပ်ထားဦး ဇာတ်ကား၏ဇာတ်ညွန်းနှင့်ဒါရိုက်တာမှာ မြတ်လေးပင်ဖြစ်သည်။ ယင်းဇာတ်ကား၏ဦးတည်ချက်မှာ ပဒေသရာဇ်ဆန့်ကျင်ရေး အခြေခံဇာတ်လမ်းဖြစ်သည်။ ယင်းကား ကိုသုံးသပ်၍ ဝါရင့်ဒါရိုက်တာအားလုံးလိုလိုက မြတ်လေးကို အရည်အချင်းရှိသောဒါရိုက်တာအဖြစ် လက်ခံခဲ့ကြသည်။ မြတ်လေးရိုက် ကူးသော ဇာတ်ကားတိုင်းလိုလိုမှာ မြန်မာ့ရုပ်ရှင်သမိုင်းတွင် အထင်ကရနေရာတွင် မှတ်တမ်းတင်ခြင်းခံရသည်။

မြတ်လေးသည် စိတ်ကြိုက်အမူအယာကို မှန်မှာကြည့်၍ကိုယ်တိုင် လေ့ကျင့်သည်။ သရုပ်ဆောင်သောအခါ ဇာတ်ကောင်စရိုက်လိုက်၍ ဆိုင်ရာဆိုင်ရာ အခန်းများတွင် အမူအယာများကို ထည့်သွင်းအသုံးပြုသည်။ ထို့ကြောင့် မြတ်လေး၏အမူအယာများမှာ ရုပ်ရှင်ဇာတ်ကား တစ်ကားနှင့်တစ်ကား မတူဘဲ အမြဲတမ်းဆန်းသစ်၍နေသည်။


စကားပြောကောင်းသူပီပီ ‘ပန်းပန်လျက်ပါ’ ဇာတ်ကားတွင် မြတ်လေးသည် မြန်မာဆန်ဆန် တိုက်ပုံကလေးဝတ်လျက် ဆေးတံခဲကာ မျက်ခုံးကလေးပင့်၍ စကားပြောဟန်မှာ ရုပ်ရှင်ကြည့်ပရိသတ်၏ရင်ထဲတွင် အရိပ်ထင်စွဲကျန်ရစ်ခဲ့သော အမူအယာများပင်ဖြစ်သည်။ ယင်း ဇာတ်ကား၌တက္ကသိုလ်ကျောင်းဆရာ ကိုကျော်စိန်(မြတ်လေး) က အငြိမ့်မင်းသမီးမဗေဒါ (ကြည်ကြည်ဌေး) အိမ်လာတွေ့၊ အကြောင်းအရင်းမှာ သူ့သူငယ်ချင်း ကိုစောထွန်း (ကောလိပ်ဂျင်နေဝင်း) က ချစ်သူမဗေဒါကို လက်မထပ်ဘဲ ဂုဏ်ကြီးရှင် ခင်မမ(ဘေဘီနွဲ့) ကို မင်္ဂလာဆောင်သွား၊ မဗေဒါကို မယူရကောင်းလားဟု ကိုကျော်စိန်က ကရုဏာဒေါသဖြင့် ခံစားမှုအပြည့်ဖြစ်ပြောရာ မဗေဒါက ‘ဒါဖြင့် ဆရာ ကျမကို လက်ထပ်ယူနိုင်မလား’ ယင်းတွင် မြတ်လေး က ‘ဗျာ’ ဟု ပြန်ပြောရာ ထိုအပြောစကားတို့သည် ရုပ်ရှင်ကြည့်ပရိသတ်အတွက် ရင်ခုန်သွားခဲ့ရသော စကားပြောခန်းများပင်ဖြစ်သည်။

‘သီတာဘယ်သို့ချစ်ရမယ်’ စကားတွင် ဟာသသရုပ်ဆောင်အဖြစ် မြတ်လေးက သရုပ်ဆောင်ထားသည်။ ‘ချစ်သူကလ ကိုယ်ကည’ ဇာတ် ကားတွင် သူသည် ခါးပိုက်နှိုက် သူခိုးအဖြစ် သရုပ်ဆောင်ခဲ့သည်။ ယင်းဇာတ်ကားတွင် ခါးပိုက်နှိုက်ဘ၀ကို ပီပြင်စွာသရုပ်ဆောင်နိုင်ခဲ့ သည့်အတွက် ပရိသတ်အကြိုက်တွေ့စေခဲ့သည်။ ‘ရေပွက်ပမာ’ ဇာတ်ကားတွင် မြတ်လေးသည် လူဆိုးဂိုဏ်းဝင်သရုပ်ဆောင်ခဲ့သည်။


သူဇာရုပ်ရှင်မှ ဒါရိုက်တာစာရေးဆရာ ဦးမင်းအောင်၏ ‘အမုန်း၏နောက်ဝယ်’ ဇာတ် ကားတွင် မြတ်လေးသည် ပန်းချီဆရာအဖြစ် သရုပ် ဆောင်သည်။ သရုပ်ဆောင်ချက်ပီပြင်မှု ကြောင့် မြတ်လေး၏အသွင်ပျောက်၍ တကယ့်ပန်းချီဆရာ၏ ဘ၀ဇာတ်လမ်းကို ကြည့်ရှုနေရ သကဲ့သို့ ထင်မှတ်မှားအောင် သူ၏သရုပ်ဆောင်မှုက အောင်မြင်ခဲ့သည်။ ထို့ကြောင့်လည်း ၁၉၆၁ ခုနှစ်အတွက် အမျိုးသားအကောင်းဆုံးသရုပ်ဆောင်ဆုကို ‘အမုန်း၏နောက်ဝယ်’ ဇာတ်ကားတွင် ဆွတ်ခူးရရှိခဲ့သည်။ မြတ်လေးအကယ်ဒမီထပ်ဆင့်ရရှိသောဇာတ်ကားမှာ ၁၉၈၄ ခုနှစ်အတွက် အမျိုးသားဇာတ်ပို့ဆုအဖြစ် ရရှိခဲ့သော ‘ရင်ထဲမှာရွာသောမိုး’ ဇာတ်ကားဖြစ်သည်။ မြတ်လေးပါဝင်သရုပ်ဆောင်ခဲ့သော ဇာတ်ကားအချို့မှာ ပင်လုံထိပ်ထားဦး၊ မောင့်ကို သေစေညွန်းရော့သလား၊ ပန်းတိုင်းပွင့်ပါစေ၊ သီချင်းဆို၍ငိုရသည်၊ ချစ်ပါသည်ဆိုသော် လည်း၊ ဝမ်းနည်းဝမ်းသာ၊ သွေးနဲ့ချွေးနဲ့ရင်းသည့်မြေ၊ ရင်မှာပျိုးသောပန်း၊ မိရွှေမာ၊ မောင်ချစ်နှမချစ်၊ မိုးကျော်သူ၊ ရန်ကုန်သားနဲ့မန္တလေးသူ၊ ချစ်သူပေးသောတေးတစ်ပုဒ်၊ စိမ်းနှမစန္ဒာ၊ လျော်ကြေးဖူးစာ၊ ညီမအတွက် ပုံတသွယ်၊ ပန်းကလေးများမနွမ်းစေချင်၊ မောင်ခေါ်ရာ လိုက်တော့မယ်၊ သူတို့ဖို့လည်းပိုချစ်ပါ၊ ချစ်ခြင်းမေတ္တာ၊ မြခြူသံ၊ လျှို့ဝှက်မေတ္တာ၊ ပေါင်း၍နုတ်၍မရသော မေတ္တာ၊ တေးဆိုလို့ချစ်ပါ့မယ်၊ ရွှေလက်ဖြင့်ခေါ်လည်းမလာ၊ အချစ်၏ကျေးကျွန်များ၊ တက်ခါး နဲ့ဇာနည်၊ မျက်နှာတစ်ခြမ်းအိုးမဲနဲ့၊ အရှိုက်၊ ရွှေပန်ကန်ပေါ်ကျတဲ့မျက်ရည် စသည့် ဇာတ်ကား များဖြစ်သည်။

မြတ်လေးသည် ၁၉၆၂ တွင် ကမ္ဘာ့လူငယ်ပွဲတော်တက်ရန် တရုတ်ပြည်မန်ချူးရီးယား၊ မွန်ဂိုလီးယား၊ ဆိုက်ဗေးရီးယားမှ တစ်ဆင့် ဖင်လန်နိုင်ငံ ဟယ်ဆင်လီးမြို့သို့ သွားရောက်သည်။ ထိုစဉ်အခွင့်ကြုံ၍ ကမ္ဘာ့ရုပ်ရှင်ပညာရုပ်များကို ဝါရင့်ရုပ်ရှင်အတတ်ပညာရှင်များနှင့် တွေ့ဆုံဆွေးနွေးခွင့်ရရှိခဲ့သည်။ ဆိုဗီယက်နိုင်ငံသို့ရောက်ရှိစဉ် ကမ္ဘာကျော် ‘စစ်ငြိမ်းချမ်းရေး’ ဇာတ်ကားရိုက်ကူးသူ ဒါရိုက်တာကြီး ဘောင်ဒါချတ်နှင့် တွေ့ဆုံပြီး ရုပ်ရှင်ပညာအကြောင်း ဆွေးနွေးခဲ့သည်။

မြတ်လေးသည် Method Acting စာအုပ်ကို ကိုယ်တိုင်ရေးသားပြီးကိုယ်တိုင်လည်း သင်တန်းဖွင့်လှစ်ပို့ချသည်။




သို့ကလို စွယ်စုံရ အနုပညာရှင်တစ်ဦးဖြစ်သော စာရေးဆရာ၊ ဒါရိုက်တာ၊ ဇာတ်ညွန်း ရေးဆရာ၊ မင်းသား၊ ဂီတစာဆို၊ အဆိုတော် ထပ်ဆင့်အကယ်ဒမီ မြတ်လေးသည် ၂၀၀၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် ရန်ကုန်မြို့၌ ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်၌ ဇနီး ဒေါ်မြင့်မြင့် (ဘီအေ၊ ဘီအီးဒီ) နှင့် သားအောင်မြတ်မိုး၊ သမီးသွယ်သွယ်မြတ်၊ သားအောင် မြတ်မျိုးတို့ ကျန်ရစ်ခဲ့သည်။ 


ငယ်နာမည် မောင်လေး၊ အဖေဦးဘရှင်၊ အမေ ဒေါ်ပိုး။ မွေးရက်က ၁၂၉၀၊ ဝါခေါင်လ။ ဇာတိက ရန်ကုန်တဖက်ကမ်း ခနောင်တို။ မွေး ချင်းငါးယောက်ရှိတဲ့ အထဲက စတုတ္ထ။ ဘုန်းကြီးကျောင်းပညာရေး ထဲမှာ ဦးကုဏ္ဍလကျောင်းမှာ စာသင်ရတယ်။ လေးတန်းအထိ။ လေးတန်းဖြေတော့ ရန်ကုန်ဘက်ကမ်းကိုကူးပြီး အင်္ဂလိပ်အစိုးရ ကျောင်းမှာ ဖြေရတယ်။ အင်္ဂလိပ်အစိုးလက်ထက်ပေါ့။ လေးတန်းမ အောင်ဘူး။ ဒါနဲ့ကျောင်းထွက်လိုက်တယ်။ တနှစ်လောက်ကြာတော့ ကျောင်းပြန်တက်တယ်။ ၁၁ နှစ်သားလောက် ရှိပြီ။ မြူနီစပါယ် ရွေး ကောက်ပွဲ သပိတ်ဖြစ်တယ်။ ဒါနဲ့ ပြန်တက်တဲ့လေးတန်းလဲ မအောင်ပြန်ဘူး။ ဆိပ်ကြီးက ဆရာ ကြီး ဦးဘအေးဆီမှာ အင်္ဂလိပ်စာ သီးခြားသင်တယ်။ Reader (1) (2) (3) (4) လောက်အရောက်မှာ အဖေက စတီးဘရားသား စာရေးကြီးဆိုတော့ ငပုတောကို ပြောင်းရတာနဲ့ လိုက်သွားရတယ်။ တစ်နှစ်လောက်ကြာတော့ ခနောင်တိုကို ပြန်လာရတယ်။ စာပြန်သင် တယ်။ ရွာကိုလာတဲ့ ဇာတ်ပွဲတွေ ရွှေကျီးညိုတို့၊ နေ့ရောညရော အ ရောင်မမှိန်အောင်ငြိမ်း၊ တက်ခေတ်စိန်၊ ဦးအောင်မောင်း၊ သူရဲလေး အောင်စိန်၊ ဂရိတ်ဖိုးစိန် စသဖြင့် အကုန်ကြည့်တာပဲ။


အနုပညာနဲ့ ပတ်သက်လို့တော့ စစ်ပြီးခေတ်သီချင်းတွေ ကြိုက်လာတယ်။ အိပ်ပြီလားကွယ့် ဖြူပြာ၊ မူယာ၊ လွမ်းမိုးစွေ။ အဲဒီမှာ ဘာထပ်နွယ်လဲဆိုတော့ အမတဝမ်းကွဲရဲ့ ခင်ပွန်းက တယောဝိဇ္ဇာကိုအေး၊ သူက ဥဩဘသောင်ရဲ့လက်သုံး၊ ဂီတာဦးစိမ်းမောင် လက် သုံးပေါ့၊ သူတို့တွေ တီးကြဆိုကြတာတွေနဲ့ ယဉ်ပါးခဲ့ရတယ်။ ကက္ကရ ရွှေစည်၊ နဂါးနီ၊ ဘိုးဘိုးအောင်၊ ဒေါ်ကြည်အောင်ရဲ့ သီချင်းတွေ၊ စိန်ပါတီရဲ့ သီချင်းတွေ အစုံပဲ။ နားထောင်ရာကနေ စိတ်ဝင်စားပြီး အမေ ဒေါ်သိန်းကြည်ဆီမှာ စည်းဝါး၊ အဆိုသင်တယ်။

အင်္ဂလိပ်စာနဲ့ပါတ်သက်လို့ အခု C.T.O ချစ်သိန်းဦးရဲ့ ဦးလေး ဦးစံရင်ဆိုတဲ့လူ၊ သူ့ဆီမှာ လခပေးပြီး အင်္ဂလိပ်စာသင်တယ်၊ ခနောင် တိုက ဗ့လ့စ စာကြည့်တိုက် မှာ စာကြည့်တိုက်လက်ထောက် လုပ်ခဲ့တယ်။ အဲဒီတုန်းက ဗ့လ့စ ဥက္ကဋ္ဌက ဦးဘဂျမ်းဇနီးက ဒေါ်ခင်ရီ။ ဗ့လ့စ ဌာနချုပ်လဲရောက်၊ အဲဒီမှာ သခင်ဝတင်တို့ကို တွေ့ရတယ်။ စကားပြောကောင်းတဲ့ နိုင်ငံရေးခေါင်းဆောင်တွေကို သဘောကျပြီး တရားပွဲတွေနားထောင်ဖူးတယ်၊ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ရွှေတိဂုံအလယ်ပဉ္စယံ တရားပွဲဆိုရင် အဲဒီခေါင်းဆောင်တွေနဲ့ မလှမ်းမကမ်း က နားထောင်ဖူးတယ်။ အောင်ဆန်းအက်တလီစာချုပ်ချုပ်ပြီး မြို့တော်ခန်းမမှာ တရားပွဲလုပ်တော့ ပန်းခြံထောင့်မှာရပ်ပြီး နားထောင်ရ တယ်။ ဗိုလ်ချုပ်ကို ကြည်ညိုလေးစားလွန်းလို့ ဗိုလ်ချုပ်သွားလေရာ နောက်ကလိုက်ကြည့်တဲ့အထိပဲ။


ဗိုလ်ချုပ်တို့ကျဆုံးတဲ့နေ့က ရွာကလူငယ်တွေနဲ့ အတွင်းဝန်ရုံးကို လာကြည့်ရင်း ဗိုလ်ချုပ်တို့ ရုပ်ကလာပ်တွေထားတဲ့ ဂျူဗလီဟော ကိုလာတယ်။ လာရင်းနဲ့ အိမ်မကိုမပြန်တော့ဘူး။ ဗလစ က တာဝန်ပေးတဲ့ ဈာပနကိစ္စတွေ လုပ်ခဲ့ရတယ်။ ပြောရရင်တော့ မောင် အောင်ဆန်းက ကျုပ်ကလေးပါလို့ပြောတဲ့ ဒေါက်တာဘမော်တရားပွဲက ရေကျော်မောင်အေးရှေ့မှာ နားထောင်ရသေးတယ်။ တောင် ညွန့်မှာ ရေပက်ခံပွဲတက်တဲ့ နာဆာ၊ နေရူး၊ ဆူကာနိုတို့ကို မြင်ဖူးချင်လို့ သွားတယ်။ ဆရာကြီး သခင်ကိုယ်တော်မှိုင်းကို စတာလင် ငြိမ်းရေးဆုလာပေးတဲ့ ဆိုဗီယက်ယဉ်ကျေးမှုဝန်ကြီး တီကိုးနော့ဗ်ရဲ့ တရားပွဲတွေ လျှောက်နားထောင်တာပဲ။


ဒလမြို့ သန်းခေါင်စာရင်းရုံး၌ အောက်တန်းစာရေးလေးဘဝမှာ ရန်ကုန် ပန်းဆိုးတန်း ရာရှင်ရုံးရောက်လာသည်။

လခ ၉၆ ကျပ် စာဖတ်ဝါသနာပါခဲ့သူဖြစ်သဖြင့် စာယဉ်ကျေးမှုမှအစ တေးဝါသနာထုံမှု အဆုံး၊ အနုပညာလောကမှ လူအားလုံး နှင့်နေရလျှင် ပျော်နေတတ်သူဖြစ်သည်။ စစ်ပြီးခေတ်၊ ရေဒီယိုအသံရှင်များတွင် တက္ကသိုမြကြီးကို သူသဘောကျသည်။ တက္ကသိုလ်စိုး၊ တက္ကသိုလ်မြကြီးတို့နှင့် အမြဲတွေ့နေကျဖြစ်သည်။ ကိုမြကြီးရဲ့ လေယူလေသိမ်း ဆိုဟန်များကို အမြဲဂရုထားသူဖြစ်၍ ကိုမြကြီးရဲ့ အကြိုက်တေးသွားများကို တစွန်းတစ ဖန်တီးပေးနိုင်သူအဖြစ် ထင်ပေါ်လာသည်။ သီချင်းကို ကဗျာဟန်၊ စကားပြောဟန်၊ နဘေ ဟန်များစ၍ တီထွင်သူဟု တချို့က ဆိုသည်။ ကဗျာချစ်သူ မြတ်လေးသီချင်းများက “နဘေ” ခေတ်ကို လှုပ်ခါစေသည်။ လေးထပ်၊ ငါးထပ်နဘေများ သူ့တေးများတွင် တွေ့ရပေမည်။ ဆရာကြီး သခင်ကိုယ်တော်မှိုင်း၊ အချုပ်တန်းဆရာဖေ၊ ဦးပုညတို့စာ အမြဲတစေ ရိုသေသောသူ ဖြစ်သည်။ လွန်ခဲ့သည့် နှစ်လေးဆယ်မှ သူ့တေးစာများကို လေ့လာလျှင်သိမည်။ တခါတရံ သီချင်းစုံရေးတတ်သော ရွှေပြည်အေး၊ ကမ္ဘာတူရိယာ ပစ္စည်းစုံမြန်မာ တေးနှင့်ဟပ်အောင် ဖန်တီးသော မြို့မငြိမ်း၊ မြန်မာအကသီချင်းစုံ တံခွန်ထူ သူမတူ အောင် ရေးတတ်သော နန်းတော်ရှေ့ဆရာတင်အကြောင်းများကို ပလက်ဖောင်းတွင်သော်လည်းကောင်း၊ စင်မြင့်ပေါ်တွင်သော် လည်းကောင်း ပြောကြား၊ ဟောကြားခဲ့သူလည်း ဖြစ်သည်။)

အဲဒီအချိန်မှာ မြန်မာဝတ္ထုတွေဖတ်နေပြီး အဘိုးကတော့ စာဟောဆရာ ဦးပြား၊ ဗန်းမော်တင်အောင်က ပန်းဆိုးတန်းက ဗိုလ်သိန်း အောင်ဆီ ခဏခဏလာတယ်။ ဝတ္ထုတွေက ရဲခေါင်ရေးတဲ့ ညောင်ရွက်လေချီ၊ လင်းယုန်နီ၊ ဒဂုန်တာရာ၊ တင့်တယ်။ စာဖတ်ရင်းနဲ့ စာပေနယ်ကလူတွေနဲ့ နီးစပ်လာတယ်။ ၃၉ လမ်းလား လမ်း ၄၀ လားမသိဘူး။ ဗန်းမော်တင်အောင်တို့ လင်းယုန်တိုက်ရှိတယ်။

အဲဒီလမ်းမှာ ကဗျာဆရာတွေ၊ စာရေးဆရာတွေ စုစည်းမိကြတယ်။ ထွဏ်းနေနွယ်၊ ဒေါင်းနွယ်ဆွေ၊ နေသွေးနီစတဲ့ လူတွေ ကဗျာ ဆရာတွေနဲ့ ရင်းနှီးလာတာပေါ့၊ ဒီလိုနဲ့ မခင်နှင်းဆီသီချင်းတွေ ရေးဖြစ်လာတယ်။ ပဒေသရာဇ်ဆန့်ကျင်ရေး သီချင်းတွေ၊ ငြိမ်းချမ်း ရေးသီချင်းတွေ ဆိုပါတော့။ နောက် ရုပ်ရှင်စရိုက်ဖြစ်တယ်။ ပထမ “ပင်လုံထိပ်ထားဦး”၊ ဒုတိယ “အမုန်း၏ နောက်ဝယ်”၊ တတိယ “ပန်းတိုင်းပွင့်ပါစေ”၊ စတုတ္ထ “သီချင်းဆို၍ ငိုရသည်” အဲဒီလေးကားရိုက်ပြီးတဲ့အခါကျတော့ နိုင်ငံခြားကိုသွားဖြစ်တယ်။ ဆိုဗီယက် မော်စကို၊ တရုတ်ပြည်တို့ပေါ့လေ။ အဲဒီရောက်တော့ နိုင်ငံခြားက စာရေးဆရာတွေ ဟောတာပြောတာတွေပါ နားထောင်ရတယ်။ ပိုင် အိုနီးယားပဲလေ့စ်မှာ ကဗျာဆရာ ယက်ဖ်တူရှင်ကို ကဗျာရွတ်တာအကြိုက်ဆုံးပဲ။ ယက်ဖ်တူရှင်ကို ငယ်ငယ်ကလူချော။


မော့စ်ဖလင်လေ့လာဖူးတယ်။ War & Peace ရိုက်တဲ့ ဒါရိုက်တာနဲ့ ရင်းနှီးခဲ့တယ်။ “ပင်လုံထိပ်ထားဦး” ကားဆိုရင် မော့စ်ဖလင်နဲ့ တရုတ်မြန်မာ လေ့လာရေးအဖွဲ့ကို (၃) လကြာပေးခဲ့ဖူးတယ်။ ဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့ ဓာတ်ပုံ (၁၂) ပုံ ကိုယ့်စရိတ်နဲ့ ကိုယ်ကူးပြီး ဆိုဗီယက်ငြိမ်းချမ်းရေးအဖွဲ့ ဥက္ကဋ္ဌ အင်ဒရီယက်ဖ်ကို ပေးခဲ့တယ်။ တရုတ်ပြည် ငြိမ်းချမ်းရေးအဖွဲ့ကိုလည်း ပေးခဲ့တယ်။ ကမ္ဘာကျော် ဒါရိုက်တာ ဘာတိုလူချီနဲ့ ဆုံခဲ့တယ်။

ယူဂျီဂါဂါရင်ကို နောက်အာကာသတက်တဲ့ အာကာသယာဉ်မှူး နီကိုလိုင်နဲ့ ပါကော့ဗစ်ချ်တို့နဲ့အတူ ကရင်မလင်နန်းတော် လီနင်ဂူပေါ်မှာ ဂုဏ်ပြုအခမ်းအနား တက်ရတယ်။ ဝူးမင်းသည် အတ်ချ်မင်းကားနဲ့ ဧည့်ခံတယ်။ ယူနန်သံမဏိသူရဲကောင်းမင်းသားပါတဲ့ ရိုက်ကွင်း တွေကို တရုတ်ပြည်ရောက်တုန်း လိုက်ပြတယ်။ ဆံဖြူမယ် ရုပ်ရှင်မင်းသမီးနဲ့ ရုပ်ရှင်အကြောင်း ဆွေးနွေးဖြစ်သေးတယ်။

မော်စကိုပြန်လာပြီးတော့ ဝမ်းနည်းဝမ်းသာ၊ ပန်းပန်လျက်ပါ၊ ချွေးနဲ့သွေးနဲ့ ရင်းသည့်မြေ ကားတွေရိုက်ဖြစ်တယ်။ “ငို၍ရယ်၍မရသော မျက်နှာ”၊ “ချစ်သူကလ ကိုယ်ကည”၊ “သူများရယ်ဖို့ ကိုယ်ငိုမယ်”၊ “ရွှေပန်းကန်ပေါ်ကျတဲ့ မျက်ရည်”၊ “ပုဂံအလှရှာပုံတော်”၊ “စက္ကူ လှေကလေးများ”၊ “မျက်စပစ်၍ ခေါင်းခါသည်”၊ ကားတွေရိုက်တယ်။ ဒီကနေ့အထိ ဆိုပါတော့၊ ကားတွေလဲ အခိုးခံရ၊ ပျောက်နဲ့ လက် ထဲမှာ သိပ်မရှိတော့ဘူး။ သူ၏ တေးများကို စာရေးဆရာ၊ ကဗျာဆရာများသည် ယနေ့အထိ အသိအမှတ်ပြုပြောဆိုနေကြဆဲ ဖြစ်သည်။ သူ၏ ပင်လုံထိပ်ထားဦးမှ သီချင်းတပုဒ်အား အလျဉ်းသင့်၍ ဖော်ပြလိုက်ရပါကြောင်း

(၁) မြေပြန့်ဆီသာ ဆင်းခဲ့ပါ။

စည်းရွှေကာ၍ လေသာလျှော့ဖြေ၊ ထုံးနေကျစ်လျစ်၊ စံရွှေရစ်ဝါ၊ ဖြူပြာပြာ၊ မာယာတော်နန်း၊ မော်ကြငှန်းမှာ၊ စံမြန်းမော်ကြွား၊ ပျော်နေသလား၊ လှထိပ်ထားရေ။


လူသားသစ္စာ၊ အဘိဓမ္မာလို၊ သိပါလိုလျှင်၊ တံစဉ်နှင့်တူ၊ ဆွဲကိုင်ထူသည့်၊ တောင်သူလုပ်သား၊ လူတန်းစားထဲ၊ ကျော်လွှားသက်တန့်၊ အသာငုံ့၍ မြေပြန့်ဆီသာ ဆင်းခဲ့ပါ။ မြေပြန့်ဆီသာ ဆင်းခဲ့ပါ။


(၂) ဆရာမြတ်လေးနှင့် ကျနော်တို့ စကားပြောဖြစ်ကြသည်။ အသက်အရွယ်အားဖြင့် ကွာလှသော်လည်း သူနှင့်စကားပြောလျှင် အဲဒီ အသက်အရွယ်တွေ ရုပ်ရှင်မင်းသား၊ ဒါရိုက်တာ၊ စာရေးဆရာဆိုတာတွေ ပျောက်ကုန်သည်။ သူ အိမ်ထောင်ကျတာ ၁၉၆၂ ခုနှစ်မှာ ဟူသော စကားလည်းပါသည်။ သူ့မိသားစုအကြောင်းနှင့် မခင်နှင်းဆီကိစ္စတော့ ဆရာမြတ်လေးက သိပ်မပြော။ ရုပ်ရှင်ကိစ္စပြောလျှင် မြတ်လေးဆိုသော အမည်နာမပျောက်သွားပြီး သီဝရီတွေ၊ ဇာတ်လမ်း ဇာတ်ကွက်တွေ၊ နိုင်ငံတကာကိစ္စတွေ ကြားရသည်။ ရန်ကုန် တက္ကသိုလ်တွင် သူ၏ပြဇာတ် “ဆံမြိတ်လည်းပြေ၊ ပန်းလည်းကြွေ” ကို စောစောစီးစီးမပြ၍ ဆရာဇော်ဂျီနှင့် ဆရာမင်းသုဝဏ်က အပြစ်တင်သတဲ့။ ကျနော်မသိဘူး ဆရာ၊ ကိုဘကောင်းတို့ အစီအစဉ်ဆွဲတာဟု ပြောရသည်ဆိုသည်။ “ညီမလေး မာစေ” ပြဇာတ် တင်တော့လည်း ရန်ကုန်တက္ကသိုလ် အဓိပတိ (ဟောင်း) နှင့် စာရေးဆရာ သိန်းဖေမြင့် (ကွယ်လွန်) တို့က ဇာတ်ခုံနောက်မိုက်နှင့် စကားပြောနေရာသို့ ရောက်ရှိလာပြီး နောက်ဘေးထရံခွကြည့်သတဲ့။ ဆရာကြီးတွေ၊ လူကြီးတွေက စိတ်ဝင်စားကြသည်။ သူ၏ လူ ငယ်ဘဝ အနုပညာဖြတ်သန်းမှုမှာ အားကျမက်မောစရာ ကောင်းလှသည်။ သူ၏ “သီချင်းဆို၍ ငိုရသည်” ဇာတ်ကား (မြင်ကွင်းကျယ်) ဇာတ်သိမ်းနှင့်ပတ်သက်၍ အနောက်ဂျာမဏီသတင်းစာတွေက ရေးကြသည့်သတင်းလည်း ငယ်စဉ်ကတည်းက ကြားခဲ့ဖူးသည်။


မြတ်လေးဟုဆိုလျှင်သူ၏ရုပ်ရှင်မင်းသား၊ ဒါရိုက်တာ၊ စာရေးဆရာ၊ ကဗျာဆရာ၊ အဆိုတော်၊ သီချင်းရေးဆရာ ရုပ်ပုံလွှာပေါင်း များစွာက ခံစားမှုထဲ၌ လှပစွာ တောက်လောင်လာသည်။ အနုပညာသမားတယောက်၏ ဘဝကိုမြင်လာရသည်။ အနုပညာနယ်ပယ်၌ မြတ်လေးသည် မိမိကိုယ်မိမိ မှည့်ခေါ်သောနာမည် မဟုတ်တော့။ ပြည်သူက အသိအမှတ်ပြုထားသော မြန်မာအနုပညာရှင်တဦးအဖြစ် သူ့အနုပညာများက တည်ဆောက်ထားနိုင်ခဲ့ပြီ။​ ။


ကိုးကား

↑ မိုးမခ

↑ ပိတောက်ပွင့်သစ် စာပေအနုပညာမဂ္ဂဇင်း အမှတ် ၂၆၊ စက်တင်ဘာလ ၂၀၀၉

↑ သမိန်ကောင်း “ဒါရိုက်တာမင်းသား အကယ်ဒမီမြတ်လေး” ငွေတာရီ မဂ္ဂဇင်း အမှတ် ၁၂၃ (၁၉၇၀ စက်တင်ဘာ) စာ ၁၇၃ - ၁၇၇။

ခရက်ဒစ်...ဝီကီပီးဒီးယာ


#crd_to_owner SarysrSai Min Thant

#နော်ဂဲလယ်ထူး (စာပေပရဟိတ)

Monday, May 30, 2022

စိတ်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ဘာတွေမှားသိထားကြလဲ

 စိတ်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ဘာတွေမှားသိထားကြလဲ 




စာရေးသူ Ye Myo Myat မှ ရေးသားသည်။ 

Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။


#စိတ်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ဘာတွေမှားသိထားကြလဲ


စိတ်ကျန်းမာရေးဆိုတာ ပုံမှန်လူသားတိုင်း နားလည်နိုင်စွမ်း အလွန်နည်းပါတဲ့ ကျန်းမာရေးခေါင်းစဉ်တစ်ခုပါ။ ကျွန်တော်တို့ မြန်မာနိုင်ငံလိုမျိုး ကျန်းမာရေးဗဟုသုတနည်းတဲ့ နိုင်ငံမျိုးတင်မကဘဲ တကယ့် ဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံတွေမှာပါ ပြည်သူလူထုများက စိတ်ကျန်းမာရေးကို ကောင်းစွာ နားလည်နိုင်ခြင်းမရှိကြပါဘူး။


စိတ်ကျန်းမာရေးဆိုတာ ဘာလဲလို့ မေးခွန်းထုတ်လိုက်ရင် လူအယောက် ၁၀၀ မှာ ၉၉ ယောက်က ရူးနေတာ၊ လွတ်နေတာ၊ ဆိုက်ကိုဖောက်နေတာ၊ နည်းနည်းလေး ကြောင်တောင်တောင်ဖြစ်နေတာဆိုပြီးတော့ ပြန်ဖြေပါလိမ့်မယ်။


#စိတ်ကျန်းမာရေးဆိုသည်မှာ

စိတ်ခံစားချက်၊ တွေးခေါ်ပုံ၊ အပြုအမူတွေအပေါ် သက်ရောက်မှုရှိပြီး ပြောင်းလဲစေတဲ့ တွေးခေါ်မှုပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာများကို စိတ်ကျန်းမာရေးပြဿနာလို့ ခေါ်ပါတယ်။ လိင်သတ်မှတ်ချက်၊ အသားအရောင်၊ လူမျိုး၊ အသက်အရွယ်၊ ပညာရေး၊ စီးပွားရေးနောက်ခံ၊ ကိုးကွယ်ယုံကြည်ရာ ဘာသာရေး စတာတွေနဲ့ လုံးဝသက်ဆိုင်ခြင်းမရှိဘဲ လူတစ်ဦးတစ်ယောက်ရဲ့ စိတ်ခံစားချက်ပိုင်းဆိုင်ရာမှာ ပုံမှန်မဟုတ်တဲ့ ချို့ယွင်းမှုတွေ ရှိနေတာပါ။


#စိတ်ကျန်းမာရေးပြဿနာတွေဟာ လူနည်းစုမှာသာ ဖြစ်နိုင်တာလား။

ပြောရင်တော့ ယုံချင်မှ ယုံလိမ့်မယ်။ ဒါပေမယ့် ဒီကမ္ဘာပေါ်မှာ စိတ်ကျန်းမာရေးပြဿနာ မရှိသူဟာ မရှိသလောက်ကို နည်းပါတယ်။ နေ့စဉ်ကြုံတွေ့နေရတဲ့ ဘဝအခက်အခဲတွေ၊ ငယ်စဉ်က ဖြတ်သန်းလာခဲ့ရတဲ့ နာကျင်မှု စိတ်ဒဏ်ရာတွေ၊ လောကဓံရဲ့ တိုက်စားမှုတွေ၊ ဘဝနေထိုင်မှုဆိုင်ရာ ကြပ်တည်းမှုတွေဟာ စိတ်ဓာတ်ကြံ့ခိုင်ပါတယ်ဆိုတဲ့ သူတွေကိုတောင် ယိုင်နဲ့သွားစေလောက်အောင် ဆိုးကျိုးသက်ရောက်မှု ရှိစေပါတယ်။ ဒါကြောင့်လည်း ရုပ်နဲ့ ခန္ဓာဟာ လူတွေကို အသက်ရှင်စေတဲ့ စက်ယန္တရားလို့ဆိုကြပြီး စိတ်ခံစားချက်နဲ့ အတွေးအခေါ်ဆိုတာ ထိုစက်ယန္တရားတွေကို ရွေ့လျားစေဖို့ ကူညီပေးတဲ့ လောင်စာဆီလို့ ဆိုရမှာပါ။


#စိတ်ကျန်းမာရေးပြဿနာရှိတယ်ဆိုတိုင်း ရူးနေတာလား။

ရူးတယ်ဆိုတာ မိမိရဲ့ ကိုယ်ပိုင်အသိစိတ် ပျောက်ဆုံးသွားတဲ့ အလွန်ပြင်းထန်တဲ့ စိတ်ရောဂါတစ်မျိုးပါ။ ဒါပေမယ့် ပုံမှန်စိတ်ဓာတ်ကျတာ၊ စိတ်ညစ်တာ၊ ဝမ်းနည်းတာမျိုးကိုတော့ ရူးတယ်လို့ သတ်မှတ်လို့ မရပါဘူး။ စိတ်ကျန်းမာရေးပြဿနာလို့သာ သတ်မှတ်လို့ ရပါတယ်။


#လူတွေက ကိုယ့်စိတ်အခြေအနေ ဘယ်လိုဖြစ်နေလဲဆိုတာ ခွဲခြားနိုင်ကြလား။


ပျော်ရင် ပျော်တယ်၊ ဝမ်းနည်းရင် ဝမ်းနည်းတယ်၊ ဒီလိုမျိုး အပေါ်ယံ ခံစားမှုမျိုးကိုတော့ လူတိုင်းခွဲခြားတတ်မှာပါ။ ဒါပေမယ့် စိတ်ကျန်းမာရေးပြဿနာဆိုတာ အဲဒီလောက် ခွဲခြားရ မလွဲပါဘူး။ ဥပမာ  ရိုးရိုး စိတ်ညစ်တာကို စိတ်ဓာတ်ကျတယ်လို့ ထင်ရင် ထင်လိမ့်မယ်။ စိတ်ခံစားချက် အပြောင်းအလဲမြန်တာကို စိတ်အတက်အကျမြန်ရောဂါလို့လည်း ထင်တဲ့သူတွေ ရှိပါတယ်။ နောက်ဆုံး ကိုယ့်ကိုယ်ကိုယ် ဘာခံစားလို့ခံစားနေရမှန်းမသိဘဲ အရာရာပျောက်ဆုံးနေသလို ခံစားနေတဲ့သူတွေလည်း အများကြီးရှိပါတယ်။


#စိတ်ကျန်းမာရေးပြဿနာ ကြုံတွေ့နေရသူတွေဟာ သူတို့ခံစားနေရတာတွေကို ဘာလို့ရင်မဖွင့်ကြတာလဲ။


လူငယ်တွေရော လူကြီးတွေမှာပါ ဒီလိုအမူအကျင့်တွေ ရှိတာကို ပြင်ပလောကမှာလည်း ခဏခဏ မြင်ရကြားရပါတယ်။ ကိုယ်ဒီလိုခံစားနေရတာတွေကို သူများပြောလိုက်ရင် ကိုယ့်ကိုများ အထင်သေးသွားမလား၊ ကွယ်ရာမှာ ကိုယ့်မကောင်းကြောင်းတွေကို ပြန်ပြောပြီး ဟားတိုက်ရယ်မောနေကြမလား၊ ကိုယ့်ကို အားပေးနှစ်သိမ့်တာမျိုး မလုပ်ဘဲ ဝေဖန်ကဲ့ရဲ့ကြမလား၊ အထင်သေးကြမလား၊ ကိုယ့်မိသားစုကရော ကိုယ်ဘာတွေခံစားနေရလဲ သိပြီးသွားရင် ဝမ်းနည်းကြမလားဆိုပြီး အတွေးပေါင်းစုံ ဝင်လာတာနဲ့ ပြောမယ့်အရာတွေ အကုန်မျိုသိပ်လိုက်ပြီး ကိုယ့်ဘာသာ တစ်ယောက်တည်းပဲ ငြိမ်ငြိမ်နေလိုက်ကြတော့တာပါပဲ။


ဒီလိုမျိုး မျိုသိပ်လိုက်တဲ့အခါ ခံစားချက်တွေက ပျောက်သွားတာမျိုးမဟုတ်ဘဲ သဲနဲ့ဖုံးလိုက်သလို ဖြစ်သွားတဲ့အတွက် နောက်ထပ် စိတ်ညစ်စရာတွေ ဝင်လာတဲ့အခါ အရင်ခံစားနေရတာတွေရော နောက်ထပ်ခံစားရတာပါ ပေါင်းသွားပြီး လူက ပြင်းထန်တဲ့ စိတ်ဖိစီးမှုတွေ၊ စိတ်ဓာတ်ကျရောဂါတွေ ဖြစ်လာကာ မိမိကိုယ်ကို သေကြောင်းကြံစည်တဲ့အထိ ပြုမူတတ်ကြပါတယ်။ ဒီလိုမျိုးဖြစ်ရပ်တွေကို ရှောင်ရှားဖို့အတွက် ဘေးလူတွေအနေနဲ့ ကိုယ်ချစ်တဲ့သူတွေ ဘယ်လိုပုံမှန်မဟုတ်တဲ့ အပြုအမူတွေ လုပ်နေတတ်လဲ၊ စကားမျိုးတွေ ပြောနေတတ်လဲဆိုတာ အမြဲစောင့်ကြည့်နေဖို့ လိုအပ်ပါတယ်။


#ဘယ်လိုလူမျိုးကတော့ စိတ်ရောဂါမဖြစ်နိုင်ဘူးဆိုပြီး သတ်မှတ်လို့ရလား။


နာမည်ကြီး အဆိုတော်တွေ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်သွားတယ် ဆိုတဲ့ သတင်းတွေတက်လာရင် သူတို့အကြောင်း ဘာမှမသိကြတဲ့ ဘေးလူတွေက ရုပ်ကလေး ချောနေလျက်နဲ့ ဘာလို့သတ်သေသွားရတာလဲ၊ ဝင်ငွေကလည်း ကောင်းနေတာပဲ၊ အဆိုတော်ဆိုတာ ငါတို့ဖြစ်ချင်တာတောင် ဖြစ်လို့မရဘူး၊ ကိုယ့်ဘဝကိုယ် တန်ဖိုးမထားတတ်လိုက်တာ၊ အဖန်ငါးရာ့ငါးကမ္ဘာကို မကြောက်ကြဘူးနော်၊ သူတို့ထက် အဖြစ်ဆိုးတဲ့သူတွေ လောကမှာအများကြီးမရှိတာတောင် မသတ်သေကြဘူး အစရှိသဖြင့် ကျိုးကြောင်းဆီလျော်မှုမရှိ၊ ကာယကံရှင်နဲ့လည်း မသက်ဆိုင်တဲ့အရာတွေကို အများဆုံး ပြောတတ်ကြပါတယ်။


အပေါ်မှာလည်း တစ်ခေါက်ပြောခဲ့ပြီးပါပြီ။ စိတ်ကျန်းမာရေးဆိုတာ လူမျိုးမရွေး၊ အသက်အရွယ်မရွေး၊ ဘာသာမရွေး ဖြစ်တဲ့ ကျန်းမာရေးပြဿနာတစ်ခုပါ။ ဘယ်လိုလူမျိုးမို့လို့ စိတ်ရောဂါဖြစ်ခွင့်မရှိဘူးဆိုပြီး တရားသေသတ်မှတ်တာက လောကနဲ့ပတ်သက်ပြီး ကိုယ့်ရဲ့တွေးခေါ်မှုပုံစံ ကျဉ်းမြောင်းတယ်ဆိုတာကို ပြသနေတာပါပဲ။


#စိတ်ကျန်းမာရေးပြဿနာသည် ကုသရခက်တယ်ဆိုတာ ဟုတ်သလား။


ကိုယ်တွင်းအင်္ဂါမှာ ချို့ယွင်းချက်တစ်ခုခုရှိရင် သောက်စရာဆေးရှိတယ်၊ အာထရာဆောင်း ရိုက်ပြီး စစ်ကြည့်လို့ ရတယ်၊ မကောင်းတဲ့ ဆဲလ်တွေကို ဖယ်ထုတ်လိုက်လို့ ရတယ်၊ လွယ်တာတော့ မဟုတ်ပေမဲ့ ဖြေရှင်းလို့ရတဲ့ နည်းလမ်းတွေ တော်တော်များပါတယ်။ စိတ်ကျန်းမာရေးပြဿနာမှာ ဝေဒနာရှင်က စိတ်ဓာတ်ကျနေတဲ့ လက္ခဏာပြနေရင်တောင် ဒီလူဆီမှာ စိတ်ကျရောဂါရှိတယ်လို့ အတိအကျပြောလို့ မရသလို တခြားစိတ်ရောဂါတွေ မရှိဘူးလို့လည်း အလွယ်တကူသတ်မှတ်လို့ မရပါဘူး။


လူနာရှင်ရဲ့ ကျော်ဖြတ်ခဲ့ရတဲ့ ဘဝနေထိုင်မှုပုံစံ၊ စကားပြောဆိုမှု၊ ခြေဟန်လက်ဟန် မျက်နှာဟန်ပန်အမူအရာတွေ၊ ပုံမှန်မဟုတ်တဲ့ အမူအကျင့်တွေ၊ ခံစားနေရတဲ့ ဝေဒနာတွေကို အချိန်အကြာကြီး ဆွေးနွေးပြီးမှ ရောဂါဇစ်မြစ်ကို သတ်မှတ်လို့ ရပါတယ်။ ရောဂါသိပြီးသွားရင်လည်း တွေးခေါ်မှုပိုင်းဆိုင်ရာ စိတ်ကုထုံးတွေ၊ စိတ်ငြိမ်စေတဲ့ ဆေးတွေ၊ စိတ်လေ့ကျင့်ခန်းတွေ စတာတွေကို လုပ်ပေးဖို့အတွက် လူနာတွေကိုယ်တိုင်က စိတ်မရှည်ကြသလို ရောဂါပျောက်ဆေးမဟုတ်တဲ့အတွက် သိပ်ပြီး ယုံကြည်မှု၊ စိတ်အားထက်သန်မှုတွေလည်း မရှိကြပါဘူး။ နောက်တစ်ချက်က စိတ်ရောဂါတွေဟာ အချိန်အကြာကြီး ရောဂါကိုပိုးမွေးသလို မွေးပြီးမှ ဖြစ်လာတဲ့ပြဿနာဖြစ်တဲ့အတွက် ကုသဖို့အချိန်ဟာလည်း နှစ်ရှည်လများစွာ ကြာမြင့်နိုင်ပါတယ်။


#ကိုယ့်ရဲ့စိတ်မှာ ပုံမှန်မဟုတ်တဲ့ လက္ခဏာများတွေ့လာရင် ဘာလုပ်သင့်လဲ။


ကိုယ်ချစ်ရတဲ့၊ ယုံကြည်ရတဲ့သူတွေကို ကိုယ့်ပြဿနာများအကြောင်း ရင်ဖွင့်ပါ။


ရင်ဖွင့်စရာလူမရှိရင် စိတ်ကုထုံးပညာရှင်တွေနဲ့ တိုင်ပင်ဆွေးနွေးပါ။


ကိုယ်တစ်ယောက်တည်း ဒီလိုမျိုးခံစားနေရတယ်လို့ မသတ်မှတ်ထားပါနဲ့၊ ကိုယ့်လိုပဲ စိတ်ကျန်းမာရေးပြဿနာရှိနေသူတွေ အများကြီးရှိပါတယ်။


စိတ်ရောဂါ၊ စိတ်ကျန်းမာရေးပြဿနာဆိုတာ ရှက်စရာမဟုတ်ပါဘူး။ ဒါတွေကို လိုက်ပြီးနှိမ့်ချဆက်ဆံနေသူတွေရဲ့ အပြုအမူတွေကသာ ရှက်စရာကောင်းတာပါ။


စိတ်ညစ်ရင် စိတ်ထွက်ပေါက်ဖြစ်စေမယ့် အရာတစ်ခုခု ထလုပ်ပါ။


မကောင်းတဲ့ခံစားချက်တွေကို တစ်နည်းနည်းနဲ့ ဖွင့်ထုတ်ပါ။ ရင်ထဲ မျိုသိပ်မထားပါနဲ့။


စိတ်ကျန်းမာရေးပြဿနာရှိလို့ ကိုယ်ဟာ တခြားသူတွေထက် တစ်ဆင့်မနိမ့်သွားပါဘူး။ ကိုယ့်မှာရှိတဲ့ အပြစ်အနာအဆာတွေကို အရှိအတိုင်း လက်ခံပါ။ မကောင်းဘူးထင်ရင် ပြင်ဆင်ပါ။ လောကမှာ အပြစ်အနာအဆာကင်းပြီး အမှားအယွင်းမရှိတဲ့သူဆိုတာ မရှိပါဘူး။ လဲကျရင် ပြန်ရပ်ပါ။ အမှားလုပ်ခဲ့မိရင် သင်ခန်းစာယူပြီး ပြင်ဆင်ပါ။


Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ ဘဝနေ့ရက်များကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

Friday, May 27, 2022

SOP_ဘယ်လိုရေးမလဲ

 SOP_ဘယ်လိုရေးမလဲ




ကုမ္မဏီအများစုမှာ အဖွဲ့အစည်းအတွင်း ဌာနတွင်း၊ ဌာနချင်း လုပ်ငန်းဆောင်ရွက်မှုများ ဆောင်ရွက်ရာတွင် တာဝန်ယူ၊ တာဝန်ခံမှု ရှင်းလင်းစေရန်၊ အငြင်းပွားမှုလျော့နည်းစေရန်၊ လုပ်ငန်းလုပ်ဆောင်မှုလျင်မြန်လာစေရန်၊ အမှား နည်းလာစေရန်နှင့် ကုန််စည်၊ ဝန်ဆောင်မှုများကို အရည်အသွေးကောင်းမွန်စွာ ထုတ်လုပ်ရောင်းချနို်င်ရန် စသဖြင့် ရည်ရွယ်ချက်ပေါင်းများစွာနှင့် SOPကို ရေးဆွဲ အသုံးပြုလာကြပါတယ်။ နိုင်ငံတကာနှင့် ဆက်သွယ်ဆောင်ရွက်မှုများ ရှိလာသည်နှင့် အညီ ISO စံချိ်န်စံညွှန်း သတ်မှတ်ချက်များ ပြည့်မီအောင် ဆောင်ရွက်ခြင်း အလေ့ဟာလည်း ထင်ရှားလာပါတယ်။ ISOနှင့်အတူ SOPကလည်း တွဲပါ လာပါတယ်။

SOP ဆိုတာ Standard Operating Procedure စံသတ်မှတ်ထားသော လုပ်ထုံးလုပ်နည်းလို့ မြန်မာမှုပြုနိုင်ပါမယ်။  စကားလုံးတွေကို လုံးကောက်ယူရာမှာ အနှစ်သာရနှဲ့ ဝေါဟာရ သေချာ ခွဲခြား နားလည်ဖို့အရေးကြီးပါတယ်။ ဝေါဟာရအရ Standard ကို စံ/ စံသတ်မှတ်ထားသော လို့ဆိုကြပါမယ်။

သုတေသနစာစောင်တွေမှာ
Standard means  Required / Mandatory  လို့ ဆိုပါတယ်။
Operating means  Routine / Repeated  လို့ ဆိုပါတယ််။
Procedure means  Steps / Sequence  လို့ ဆိုပါတယ်။

ဒါကြောင့် SOP = Required Routine Steps လို့ နားလည်ရပါမယ်။

အနှစ်သာကဘာလဲ။ ဥပမာ ထမင်းချက်မယ်ဆိုပါစို့။ ဘယ်သူက ဘယ်နေရာ ဘယ်အချိန်မှာ ဘယ်အရာတွေ( လျှပ်စစ်၊ ထင်း၊ ဆန်၊ အိုး၊ရေ----)စတာတွေကို အသုံးပြုပြီး ဘယ်လိုချက်မယ်။ ဘာကြောင့် ချက်တာဖြစ်တယ်။ ထမင်းဟာ မမာရဘူး ၊ မပျော့ရဘူး ရလဒ်စံချိန်စံညွှန်းတွေပါ တွဲပါတတ်ပါတယ်။ 

ထမင်းချက်မယ်ဆို ချက်မယ့်သူက ဆုံးဖြတ်ချက် ချခွင့်ရှိသူ/ တာဝန်ယူထားသူ ဆို  ထမင်းအိုးထဲမှာ အရင်ချက်ထားတဲ့ ထမင်းကျန်၊မကျန် စစ်ဆေးပါမယ်။ ထမင်းလက်ကျန် ကျန်နေရင် မိသားစုဦးရေနှင့် ချိန်ဆပြီး လိုအပ်မယ့် ဆန်ပမာဏယူပြီး ချက်မယ်။ မကျန်ရင် ဘယ်လောက်ချက်မယ်။  ဆုံးဖြတ်ပြီး တန််းပြီး ဆောင်ရွက်နိုင်ပါတယ်။ အဲလိုအဟုတ်ဘူးဆို ဆုံးဖြတ်ခွင့်ရှိသူထံ တင်ပြပြီး ဘယ်လောက်ထပ်ချက်ရမယ် အတည်ပြုချက် တောင်းခံရပါမယ်။ အတည်ပြုချက်ရပြီဆို လျှပ်စစ်/ ထင်း ၊ ပေါင်းအိုး၊ ရေစသည့် လိုအပ်သည့် ပစ္စည်းကိရိများ ရှိ၊ မရှိ၊ ကောင်း၊ မကောင်းကြည့်ရပါမယ်။ လျှပ်စစ်မီးပျက်နေတယ်။ ဘယ်လိုလုပ်မယ်။ အိုကေ လက်နက်ကိရိယာအကုန်စုံပြီးဆို ပေါင်းအိုးထဲကို သတ်မှတ် ဆန်ပမာဏထည့်မယ်။ ပြီးရင် ရေဆေးမယ်။ ဘယ်နှစ်ကြိမ်ဆေးမယ်။ ဆန်ထဲမှာ ဆန်ပိုးလေးတွေ ပါနေရင် ဘယ်လိုကင်းစင်အောင်လုပ်မယ်။ ပြီးရင် ဆန်ပမာဏနှင့် ချိန်ဆပြီး လိုအပ်တဲ့ ရေပမာဏထည့်မယ်။ ပေါင်းအိုးမှာ ရေတွေ ရှိနေရင် သုတ်ရမယ်။ ပြီးရင် တည်ဖို့ပြင်မယ်။ မီးခလုတ်ဖွင့်မယ်။ ပေါင်းအိုး ခလုတ်နှိပ်မယ်။ လိုအပ်ရင် ဆူပွက်လာရင် မွှေမယ်။ မမွှေဘူး။ ထမင်းကျက်လို့ ပေါင်းအိုးခလုတ်တက်လာရင် လျှပ်စစ်မီးခလုတ်ပြန်ပိတ်မယ်။ ထမင်းအိုးကို ချွေးမကျအောင် အဖုံးလေးကို ခါမယ်။ ပြီးရင် ထမင်း မာ၊ ပျော့ စစ်ကြည့်မယ်။ တစ်ခုရှိသေးတာက ထမင်းပူပူလေး ဟင်းပူပူလေးနဲ့ စားကောင်းအောင် ထမင်းချက်ချိန် timingယူဖို့ ဟင်းချက်တဲ့အဖွဲ့နဲ့ ဆွေးနွေးအုံးမလား၊၊
စသဖြင့် စသဖြင့် taskတွေကို ဆောင်ရွက်မယ့် Intstructionအသေးစိတ်ပါဝင်အောင် ရေးပါတယ်။

တချိို့က SOPခေါင်းစဉ်တပ် အကျဉ်းချုံးရေးကြပါတယ်။ Work Instruction အသေးစိတ်ရေးပြီး SOP ထဲမှာ ပြန်ညွှန်းတတ်ကြပါတယ်။ တစ်ကျောင်းတစ်ဂါထာ၊ တဈရှာတဈပုဒျဆနျးမို့  ပြည့်စုံဖို့ပါပဲ။  အဲလိုရေးရာမှာ အဆင့်တွေကို မြင်သာအောင် Instruction တွေကို  Work Flowအလိုက် သိသာထင်ရှားလွယ်ကူစေရန် အစဉ်လိုက် အုပ်စုလေးတွေ ဖွဲ့လိုက်ပါမယ်။ ဥပမာ ထမင်းချက်ရန် ခွင့်ပြုချက်တောင်းခံခြင်း၊ ထမင်းချက်ရန် ပြင်ဆင်ခြင်း၊ ထမင်းချက်ခြင်း၊ ချက်ထားသော ထမင်းအား ပြန်လည်သုံးသပ်ခြင်း စသဖြင့် ပေါ့။ အဲအုပ်စုလေးတွေအောက်မှာ ဘယ်Instruction ပါတယ် အသေးစိတ်ရေးပေါ့။ ဥပမာပေးတာပါ။ ဆိုလိုရင်းက SOPရဲ့ အနှစ်သာရကို မြင်ဖို့ပါ။ အဖွဲ့အစည်းတစ်ခုလုံးအတွက် ၊ ဌာနတစ်ခုလုံးအတွက် SOPဘယ်လိုရေးမယ်ဆို ဆက်လက်လေ့လာကြပါမယ်။

SOPရေးတဲ့နေရာမှာ ပါဝင်သူတွေကို စဉ်းစားကြပါမယ်။ နံပါတ်တစ်က SOPတွေကို အဖွဲ့အစည်းအတွက် လိုလိုလားလား ရှိစေချင်တဲ့ ၊ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေ ချပေးမယ့် Top Management ရဲ့ Philosophyက အင်မတန် အရေးကြီးပါတယ်။

အဲဒါပြီးရင် ဇာတ်လိုက်နှစ်မျိုးက
(၁) ဌာနအလိုက် သက်ဆိုင်ရာ Subject Matter Expert တွေ(ှSales , Marketing, Finance, 
      Supply Chain, HR , ----) ၊ 

(၂) SOP Technical Writer ပါ၊။

Subject Matter Expertကတော့ ရှင်းတယ်။ SOP Technical Writerက ဘာလို့လိုတာလဲ။ သူက ဘာတွေ သိရ၊ လုပ်တတ်ရမှာလဲ။ Subject Matter Expert တချို့က SOPရေးရမယ့် နည်းလမ်းတွေကို သိချင်မှ သိနိုင်ပါမယ်။ သူတို့ကို SOPဆိုတာ ဘာ ၊ ဘယ်လိုရေးရမယ် လမ်းညွှန်အသိပေးမယ့် သူလိုလာလို့ Technical Writer ပါလာတာပါ။ Technical Wirter က အဖွဲ့အစည်းရဲ့ Business Flow ကို သိရမယ်။ ဌာနတွေရဲ့ Flowကို Subject Matter Expertတွေလောက် အသေးစိတ်မသိပေမယ့် General လောက်သိထားရမယ်။ အဲဒါမှ လိုအပ်တာတွေ ကူညီနို်င်မယ်။ Subject Matter Expert တိုင်းက SOPဆိုတာ ဘာလဲနားလည်ပြီး ရေးတတ်ရင်တော့ Technical Writer မလိုပါဘူး။ ဒါပေမယ့် အတိုးအရှည်မညီတတ်တဲ့ လက်ချောင်းတွေပမာ Subject Matter Expertတချို့က SOPရေးနည်းအသေးစိတ်ကို မသိနိုင်တာကြောင့် Technical Writerရဲ့ အခန်းကဏ္ဍပါလာပါတယ်။

ရေးနည်းအဆင့်ဆင့်က သိပ်မခက်တော့ပါဘူး။ SOP Project ကို ဦးဆောင်သူဟာ အဖွဲ့အစည်းတစ်ခုလုံးရဲ့ Business Flow ကို သိရပါမယ်။ Contextကို ကြေညက်ရပါမယ်။ အဲကမှ Business Function( Sales, Marketing, Procurement, Warehouse, HR, Finance,-----)  တွေ စဉ်းစားမယ်။

Business Function အလိုက် Business Processတွေကို စဉ်းစားမယ်။ အဲနေရာမှာ Subject Matter Expertတွေရဲ့ အခန်းကဏ္ဍက အရေးပါလာပါတယ်။ ကိုယ်လုပ်ကိုင်ဆောင်ရွက်နေတဲ့ Business Functionမှာ ဘယ် Business Process တွေ လုပ်ကိုင်နေရလဲ၊ ပိုကောင်းအောင် ဘယ်Processတွေ ဖြည့်ရမလဲ စသဖြင့် သိရပါမယ်။ Technical Wirterက အကြံပေးရပါမယ်။ အဲဒါမှ Business Function အလိုက် ပါကိုပါရမယ့် Business Process တွေ ထည့်စဉ်းစားမိပါမယ်။ အဲကမှ ဌာနရဲ့ Processတွေ အလိုက် SOP Titles ဘယ်နှခု ရေးမယ် သိပါမယ်။

အဲဒါဆို မှတ်လိုက်ပါမယ် SOPရေးဖို့ နံပတ်တစ် Business Flow ကို နားလည်ရမယ်။ Business Functionအလိုက် Business Processတွေ သတ်မှတ်ရမယ်။ အဲကမှ SOP Titles တွေရမယ်။
နံပါတ်နှစ်က Process  Titlesတွေအလိုက် အသေးစိတ်လုပ်ဆောင်ရမယ့် taskတွေကို စိစစ်ပြီး အဆင့်ဆင့် ခွဲခြမ်းစိတ်ဖြာကြည့်ရမယ်။  အဲဒီခွဲခြမ်းစိတ်ဖြာမှုအပေါ်မူတည်ပြီး Taskတွေကို လုပ်ဆောင်ရမယ့် Instructionတွေကို အသေးစိတ်ရေးရမယ်။ အထက်မှာ တင်ပြခဲ့တဲ့ ထမင်းချက်ခြင်း ဥပမာကို ပြန် စဉ်းစားပါ။

အခု တင်ပြခဲ့တာတွေက SOP ရေးနည်း အကြမ်းလေးပါ။ စာရေးသူူ လုပ်ငန်းခွင်မှာ လုပ်ကိုင်ဖူးတဲ့ အတွေ့အကြုံ ၊ ဖတ်ဖူးတဲ့ စာအုပ်စာတမ်းတွေကို အခြေခံပြီး တင်ပြတာဖြစ်လို့ စာရေးသူ မမြင်နို်င်၊ မသိသေးတဲ့ SOPနဲ့ ပတ်သတ်တဲ့ အကြောင်းအရာတွေ အများကြီး ရှိနေအုံးမှာပါ။ အသေးစိတ်ရေးရင်တော့ စာအုပ် တစ်အုပ်စာ ထွက်လာပါလိမ့်မယ်။




 အခါအခွင့်ရရင် SOPရေးနည်း အနုပညာ စာအုပ်လေးလည်း ရေးချင်ပါတယ်။

''ညစ်ကြေးစပ်ယှဉ်၊ ပုထုဇဉ်သာ
ငါတို့မှာကား၊ အမှားဘယ်သို့
ရှိလေမြိုလိမ့်၊ ယွင်းချို့အက္ခရာ
ပျက်ယိုရာ၌ ၊ ပညာကြီးရှင်
ငြမ်းကောင်းဆင်၍၊ ပြင်စေသတည်း''  လို့ မုံရွေးဇေတဝန် ဆရာတော်ကြီးရဲ့  ဥတေနပျို့လာ စကားအတို်င်း စာရေးသူ၏ ချွတ်ချော်တိမ်းပါး အမှားအယွင်းကြောင့် စိတ်ကသိကအောက်ဖြစ်ရသော် ပညာရှင်ကြီးများအနေဖြင့် လမ်းမှန်ကို လမ်းညွှန်သင်ပြပေးဖို့ လေးစားစွာ ဂါဝရပြုပါတယ်။

သက်နိုင်ဝင်
MBA (Human Resource Management)
Diploma in Human Resource Management
B.E (Information Technology)
B.Tech (Information Technology)
A.G.T.I (Information Technology)

thetnaingwin@intellectmyanmar.com
https://intellectmyanmar.com
Reference:

Tijo Kurien : How to develop a MODEL Standard Operating Procedure (SOP) for Scheduling (2020)
Mark Edelman : Writing & Editing SOPs and the Technical Writer (2003)
Kavya Mallur : A Quality Assurance Framework for Business Process Management (2015)
Arru Matteo: Use of Ontologies and Business Process Management Systems to Measure the Knowledge Fit of an Organisation (2018)
Brge Skjveland : Analyzing Business Process Management (2013)
https://tallyfy.com/
https://www.process.st/

Wednesday, May 25, 2022

အလုပ်ထွက်သင့်ပြီလား?

အလုပ်ထွက်သင့်ပြီလား?




                                                                                ခင်အေးချမ်း

 

လူတိုင်းလူတိုင်းမှာ ကံဆိုးတဲ့နေ့ မကြာမကြာရှိတတ်ပါတယ်။ ဒီအလုပ်ကနေ ထွက်တော့မယ်၊ ထွက်စာ တင်တော့မယ်လို့ ကြိမ်းဝါးပြီးတော့တောင် ရုံးကနေ ဒေါသတကြီးဆင်းလာတာမျိုးလည်း ဖြစ်ဖူးကောင်းဖြစ်ဖူးနိုင်တယ်။ ဒါပေမဲ့ သင့်အနေနဲ့ သင့်အလုပ်ကို ဒုတိယအခွင့်အရေးပေးသင့်လား၊ သင့်အလုပ်ကနေ နုတ်ထွက် သင့်ပြီလားဆိုတာကို ဘယ်လိုလုပ်ပြီး သိနိုင်မှာပါလိမ့်? 


ဒီနေရာမှာတော့ သင့်အနေနဲ့ သင့်စိတ်အလိုအတိုင်း အမြဲတမ်းလိုက်ပါသင့်ပါတယ်။ ဆိုလိုတာကတော့ သင်ဟာ သင့်လက်ရှိအလုပ်ကို တကယ်ကိုပဲ တူးတူးခါးခါးမုန်းတီးနေပြီဆိုရင် အခြားအခွင့်အလမ်းတွေကို လုံးလုံး လျားလျားစတင်ရှာဖွေသင့်ပါတယ်။ 


မှတ်ချက်။ ။ ဆိုးရွားသောအလုပ်တစ်ခုသည် ကျန်းမာရေးပြဿနာများနှင့် မပျော်ရွှင်ခြင်းကို ဖြစ်စေနိုင်ပါသည်။


အကယ်၍ သင်က စည်းစပ် (ခြံစည်းရိုး) မှာ ရောက်နေတယ်ဆိုရင် ထွက်ပေါက်ကို ပြသတဲ့သင်္ကေတ ဖြစ်ကောင်းဖြစ်နိုင်တဲ့ သင့်ခံစားချက်တွေ၊ အတွေးတွေနဲ့ အဖြစ်အပျက်တွေကို မျက်လုံးကျယ်ကျယ် ဖွင့်ကြည့် သင့်ပါတယ်နော်။


အလုပ်ကနေ နုတ်ထွက်သင့်ကြောင်း သတိပေးနေသည့် အချက်ပြမှုများ---


- အလုပ်ကိုသွားရမှာ ကြောက်နေတယ်


နောက်နေ့ ရုံးသွားရမှာ ကြောက်စိတ်ကြီးနဲ့ ညတိုင်းအိပ်ရာဝင်နေရသလား? လုပ်ငန်းခွင်တစ်နေ့တာနဲ့ ပတ် သက်ပြီး စနိုးစနောင့်ဖြစ်ခြင်း၊ စိတ်ထင့်ခြင်းတွေ ရှိတတ်တာဟာ သဘာဝပဲဆိုပေမဲ့ သင့်အနေနဲ့ လုပ်ငန်း ခွင်ထဲက အချိန်နာရီတွေကို တကယ်ကိုပဲ စိုးရိမ်ကြောက်ရွံ့နေတယ်ဆိုရင်တော့ အလုပ်ကနေနုတ်ထွက်ချင် ကြောင်း ကြိုတင်အသိပေးတဲ့ နုတ်ထွက်စာတင်ဖို့ အချိန်ရောက်ပါပြီ။ 


- လုပ်နေကျထက် ပိုပြီးတော့ အချိန်ဆွဲလုပ်နေမိတယ်


လူတိုင်းလူတိုင်း ရံဖန်ရံခါကတော့ အီလေးဆွဲလုပ်တတ်ကြပါတယ်။ ဒါပေမဲ့ သင့်ရဲ့နေ့စဥ်လုပ်ငန်းတာဝန် အပေါ်မှာ သင့်အနေနဲ့ စိတ်ဝင်စားမှုလုံးဝမရှိတော့ဘူးဆိုရင်တော့ သင့်ရဲ့လက်ရှိအလုပ်အကိုင်ရာထူးနေရာဟာ သင့်အတွက် တကယ်ကိုပဲ သင့်တော်ကောင်းမွန်ခြင်းရှိမရှိဆိုတာကို စဥ်းစားသုံးသပ်သင့်ပါတယ်။ အနည်းဆုံးတော့ သင့်အလုပ်ရဲ့ အချို့အပိုင်းတွေဟာ ဖေ့စ်ဘွတ်ခ်ပွတ်တာထက်တော့ ပိုပြီးစိတ်ဝင်စားစရာကောင်းသင့်ပါတယ်။


- သင့်ကျန်းမာရေးကို ထိခိုက်စေနေပြီ


နေမကောင်းတဲ့နေ့တွေ များလာပြီလား? သင့်အနေနဲ့ ရနိုင်သလောက် အချိန်တွေကို အရယူနေ/လစ်နေပြီ လား? အလုပ်မှာ ဆိုးရွားတဲ့နေ့တစ်နေ့ကို ကျော်ဖြတ်ဖို့ ညဘက်မှာ ဝိုင်တစ်ခွက်နှစ်ခွက် (ဒါမှမဟုတ် အများကြီး) သောက်နေရလား? ကောင်းကောင်းစားဖို့၊ ကောင်းကောင်းအိပ်ဖို့၊ လေ့ကျင့်ခန်းလုပ်ဖို့ အချိန်မရှိလောက်အောင် တစ်နေ့တစ်နေ့ နာရီပေါင်းများစွာ အလုပ်လုပ်နေလား? ဘယ်အလုပ်ကမှ သင့်ကျန်းမာရေးကို ထိခိုက်ခံဖို့လောက် ထိ မထိုက်တန်ပါဘူး။


- ကုလားမနိုင် ရခိုင်မဲနေမိတယ်


သင့်မိသားစုတွေ၊ သူငယ်ချင်းတွေနဲ့ အများဆုံးပြောဖြစ်တဲ့ စကားစမြည်ပြောဆိုမှုတွေအကြောင်း စဥ်း စားကြည့်ပါ။ သင့်လုပ်ဖော်ကိုင်ဖက်တွေ၊ သင့်လုပ်ငန်းခွင်၊ သင့်အလုပ်နဲ့ပတ်သက်ပြီး သင့်အနေနဲ့ မကျေနပ် ကြောင်း တွေချည်းပဲ အမြဲတစေပြောနေမိသလား?


- လိုအပ်တဲ့အရည်အချင်းထက် ကျော်လွန်နေတယ်


သင့်အရည်အချင်းက သင်လုပ်နေတဲ့အလုပ်အတွက် လိုအပ်တဲ့အရည်အချင်းထက် သာလွန်နေတယ်ဆို ရင် လည်း အဲဒီအလုပ်မှာဆက်နေပြီး သင့်ကိုယ်သင်အနစ်မွန်းမခံသင့်ပါဘူး။ သင့်အရည်အချင်းနဲ့ကိုက်ညီတဲ့ အလုပ် အကိုင်နေရာတွေကို အမြဲစူးစမ်းရှာဖွေလုပ်ကိုင်ပါ။


- တိုးတက်ဖို့အတွက် လမ်းစမရှိဘူး


တိုးတက်ဖို့အတွက် အခွင့်အလမ်းမပေးတဲ့ အလုပ်အကိုင်နေရာတစ်ခုမှာ အချိန်သိပ်အကုန်မခံပါနဲ့။ သင့် အသက်မွေးဝမ်းကျောင်းအလုပ်အကိုင်ရဲ့ တိုးတက်မှုကို အားမပေးတဲ့ ကုမ္ပဏီတစ်ခုအတွက် သင့်အချိန်တွေ၊ ခွန် အားတွေကို အသုံးပြုခြင်းက ရေရှည်မှာ သင့်အသက်မွေးဝမ်းကျောင်းအလုပ်အကိုင်လမ်းကြောင်းဖွံ့ဖြိုးမှုကို အ နှောင့် အယှက်ဖြစ်စေခြင်းနဲ့ အဆုံးသတ်ပါလိမ့်မယ်။ 


- အလုပ်ပတ်ဝန်းကျင်က အပျက်သဘောဆောင်နေတယ်


အပျက်သဘောဆောင်တဲ့ ပတ်ဝန်းကျင်တစ်ခုဟာ အဆိပ်အတောက်ပါပဲ။ သင့်လုပ်ဖော်ကိုင်ဖက်တွေက အမြဲတစေ မကျေမနပ်ညည်းတွားပြောဆိုနေကြတယ်၊ သင့်အထက်လူကြီးတွေကလည်း အမြဲကိုပဲမရွှင်မပျ ဖြစ် နေ တတ်ကြတယ်ဆိုရင် သင့်အနေနဲ့ ပျော်ရွှင်ဖို့ရာ ခက်ခဲပါတယ်။ ဒါ့အပြင် အားရစရာမရှိ၊ အကောင်း မမြင် တတ် တဲ့ ပတ်ဝန်းကျင်တစ်ခုဟာ သင့်ရဲ့အသက်မွေးဝမ်းကျောင်းအလုပ်အကိုင်လမ်းကြောင်းရွေးချယ်မှုအတွက် သင့်မှာ ရှိထားပြီးသား စိတ်ထက်သန်ပြင်းပြမှု၊ မက်မောမှုတွေကိုပါ သေဆုံးစေနိုင်ပါတယ်။ သင့်မှာ အဲဒီလိုအဖြစ် မျိုး ကြုံဆုံနေရပြီဆိုရင်တော့ အဲဒီကနေထွက်ပြီး သင်နဲ့ပိုမိုကိုက်ညီသင့်လျော်တဲ့ လုပ်ငန်းခွင်တစ်ခုကို ရှာဖွေဖို့ရာ အချိန်ရောက်ပါပြီနော်။


- အခြားကုမ္ပဏီတွေကနေ အလုပ်ကမ်းလှမ်းမှုတွေကို ကြုံနေရတယ်


အခြားကနေ သင့်အတွက် လက်ရှိထက်ပိုမိုသာလွန်တဲ့ ရာထူး၊ လစာ၊ အခွင့်အရေးတွေနဲ့ အလုပ်ကမ်း လှမ်း တာကို ခံနေရပါသလား? သင့်လက်ရှိအလုပ်ပတ်ဝန်းကျင်နဲ့ပတ်သက်ပြီး သင့်အနေနဲ့ မသာမယာဖြစ် နေတယ်၊ အခြားရာထူးနေရာအတွက် အခွင့်အလမ်းတွေ လုံလောက်ပိုလျှံစွာ သင့်မှာ ရှိနေတယ်ဆိုရင် ရှေ့ဆက် တိုး ဖို့ မီးစိမ်းပြမှုတစ်ခုအဖြစ် အဲဒီကမ်းလှမ်းမှုကို မှတ်ယူလက်ခံလိုက်ပါ။


- ကုမ္ပဏီရဲ့ဓလေ့ထုံးတမ်းက သင်နဲ့မကိုက်ညီဘူးဖြစ်နေတယ်


သင်က (ဥပမာ - အချိန်အားဖြင့်) ပြောင်းလွယ်ပြင်လွယ်ရှိတဲ့၊ အဆင်ပြေသလို ညှိလို့ရတဲ့ Work-from-Home (နေအိမ်မှအလုပ်လုပ်ခြင်း) ပုံစံမျိုးကို လိုလားတယ်၊ ဒါပေမဲ့ မနက် ၉ နာရီကနေ ညနေ ၅ နာရီအထိ ရုံး သွား တက်ရတဲ့ အလုပ်ကို လုပ်နေရတယ်ဆိုရင်လည်း သင့်ရာထူးအလုပ်အကိုင်နေရာရဲ့ အခြားကဏ္ဍတွေက ဘယ်လောက်ပဲအဆင်ပြေနေပါစေ သင့်အနေနဲ့ သင့်အလုပ်အပေါ် ကျေနပ်မှုမရတာမျိုးဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။  


အကယ်၍ သင့်အတွက် အဆင်ပြေမယ့် အချိန်ဇယားမျိုးကို လက်ရှိအလုပ်မှာ ညှိကြည့်လို့မရဖြစ် နေတယ်ဆိုရင် သင်ပိုမိုလိုလားတဲ့ ဘဝနေထိုင်မှုပုံစံမျိုးကို ပေးစွမ်းနိုင်တဲ့ ဓလေ့ထုံးတမ်းမျိုးရှိတဲ့ အခြားကုမ္ပဏီ တွေက အလုပ်အကိုင်နေရာတွေကို စဥ်းစားသင့်ပါတယ်။


- ထုတ်ဖော်ပြောဆိုခွင့် မရှိဖြစ်နေတယ်


သင့်အတွက် သင်အရေးဆို/ပြောဆိုဖို့၊ သင့်အတွေးတွေကို မျှဝေဖို့၊ သင့်သဘောထားအမြင်တွေကို အသံ ဟစ်ဖို့အတွက် သင့်အနေနဲ့ လုပ်ငန်းခွင်မှာ သက်သောင့်သာသာရှိစိတ်၊ ပြောရဲဆိုရဲစိတ် ဖြစ်သင့်/ရှိသင့်ပါတယ်။ ပါးစပ်ပိတ်နေမိအောင် ဖိနှိပ်ထားတဲ့ ပတ်ဝန်းကျင်မျိုးကတော့ သည်းညည်းခံဖို့ရာ မထိုက်တန်ပါဘူး။


- သင့်အလုပ်အကိုင်နဲ့သင်အကြား အချိတ်အဆက်မမိတော့ဘူး


ယနေ့ခေတ်မှာ အလုပ်အကိုင်လမ်းကြောင်းပြောင်းကုန်ကြတဲ့သူတွေကို ပိုပိုပြီးတော့ တွေ့မြင်လာရပါ တယ်။ သင့်အနေနဲ့လည်း သင်နဲ့အချိတ်အဆက်မမိတော့တဲ့ အလုပ်အကိုင်လမ်းကြောင်းပေါ်မှာ ပိတ်မိနေတာ မျိုးမဖြစ်သင့်ပါဘူးနော်။


အကယ်၍ သင့်အလုပ်အကိုင်အပေါ် ချစ်ခင်မက်မောစိတ်မရှိတော့ဘူးဆိုရင် သင်ထပ်မံစိတ်ဝင်စားမိတဲ့ အခြားအခွင့်အလမ်းတွေအတွက် မျက်စိရော စိတ်ကိုပါ ဖွင့်ထားလိုက်ကာ သင်တကယ်ကို လုပ်ချင်ကိုင်ချင်စိတ် ဖြစ်နေတဲ့ လမ်းကြောင်းပေါ်ကို စတင်တက်လှမ်းလိုက်ပါ။ 


အထက်ပါအချက်ပြလက္ခဏာလေးတွေကတော့ သင့်လက်ရှိအလုပ်ကနေ နုတ်ထွက်သင့်မသင့် ဆုံးဖြတ် ဖို့ရာ ကူညီပေးပါလိမ့်မယ်။


အကယ်၍ သင့်အနေနဲ့ ဤဆောင်းပါးကို ဖတ်ရှုနေပြီး အထက်ပါအချက်ပြမှုတွေထဲက အတော်များများ သင့်မှာဖြစ်နေတာကို တွေ့ရတယ်ဆိုရင် အလုပ်ကနေနုတ်ထွက်ဖို့ရာ အချိန်ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ သင့်အနေနဲ့ အလုပ်ကနေ ချက်ချင်းကြီး မထွက်သင့်တဲ့ အချိန်အခါလေးတွေလည်း ရှိပါတယ်နော်။ 


ဖြစ်နိုင်မယ်ဆိုရင် ဗျူဟာကျကျဖြစ်ပါစေ။ အလုပ်သစ် လက်ခံပြီးတော့မှပဲ နုတ်ထွက်တာက အမြဲတမ်းနီး ပါးအတွက် ပိုမိုကောင်းမွန်တတ်ပါတယ်။ မျောက်တွေ သစ်ပင်သစ်ကိုင်းကူးကြသလိုပဲ 'တစ်ဖက်မြဲမှ တစ်ဖက် လွှတ်ကြပါစို့' လားရှင်။ 


Ref: https://www.thebalancecareers.com/signs-its-time-to-quit-your-job-2062292

Tuesday, May 24, 2022

မျောက်ကျောက်ရောဂါ အကြောင်း

မျောက်ကျောက်ရောဂါ အကြောင်း သိထားသင့်သမျှ




#မျောက်ကျောက်ရောဂါ ဆိုတာ

မျောက်ကျောက်ရောဂါ ဆိုတာက မျောက်ကျောက်ဗိုင်းရပ်စ် ကူးစက်ခံရတာကြောင့် ဖြစ်တဲ့ ရောဂါတစ်မျိုးပါ။ ဖြစ်ခဲတဲ့ ရောဂါတစ်မျိုးပါ။ မျောက်ကျောက်ဗိုင်းရပ်စ်က Poxviridae ဗိုင်းရပ်စ် မျိုးရင်းဝင် ဖြစ်ပြီး Orthopoxvirus ဗိုင်းရပ်စ် မျိုးစုဖြစ်ပါတယ်။ Orthopoxvirus မျိုးစုထဲမှာ ကျောက်ကြီးရောဂါဖြစ်စေတဲ့ Variola ဗိုင်းရပ်စ်၊ ကျောက်ကြီးရောဂါ ကာကွယ်ဆေး ထုတ်လုပ်ရာမှာ အသုံးပြုတဲ့ vaccinia ဗိုင်းရပ်စ်နဲ့ နွားကျောက် ဗိုင်းရပ်စ်တို့ ပါဝင်နေပါတယ်။

မျောက်ကျောက်ရောဂါကို 1958 ခုနှစ်က သုတေသန လုပ်ဖို့ ခေါ်ဆောင်လာခဲ့တဲ့ မျောက်တွေမှာ စတင်တွေ့ရှိခဲ့တာကြောင့် မျောက်ကျောက်လို့ အမည်ပေးခဲ့တာပါ။

မျောက်ကျောက်ရောဂါက 1970 ခုနှစ်မှာ ကွန်ဂို ဒီမိုကရက်တစ်သမ္မတနိုင်ငံ [Democratic Republic of the Congo (DRC) ] မှာ လူတွေမှာ စတင်ဖြစ်ပွားခဲ့ပါတယ်။ ကျောက်ရောဂါ ပပျောက်ရေး အစွမ်းကုန်ကြိုးပမ်းနေချိန်မှာ စဖြစ်ပွားခဲ့တာပါ။ ထိုစဉ်ကတည်းက မျောက်ကျောက်ရောဂါဟာ အလယ်ပိုင်းနဲ့ အနောက်ပိုင်း အာဖရိက နိုင်ငံတွေ ဖြစ်ကြတဲ့ ကွန်ဂို၊ ဂေဘွန်၊ လိုင်ဘေးရီးယား၊ နိုင်ဂျီးရီးယား၊ ဆီယာရာလီယွန်နိုင်ငံတွေမှာ ဖြစ်ပွားခဲ့တာပါ။ ကွန်ဂို ဒီမိုကရက်တစ်သမ္မတနိုင်ငံမှာတော့ အများဆုံး ကူးစက်ဖြစ်ပွားခဲ့တာပါ။

အမေရိကန် ပြည်ထောင်စု၊ အစ္စရေး၊ စင်ကာပူ နဲ့ ယူကေ အပါအဝင် အာဖရိက ပြင်ပနိုင်ငံတွေမှာ လူသားတွေမှာ မျောက်ကျောက်ရောဂါ ကူးစက်ဖြစ်ပွားမှုတွေ့ရှိရတာက ကမ္ဘာလှည့် ခရီးသွားလာမှုတွေနဲ့ တိရစ္ဆာန် တင်ပို့မှုတွေကြောင့် ဖြစ်နိုင်ပါတယ်။ မျောက်ကျောက်ရောဂါဟာ အာဖရိကဒေသက ကိုက်ဖြတ်စား သတ္တဝါမျိုးစိတ်တွေနဲ့ မျောက်လိုမျိုး လူသားမဟုတ်တဲ့ ပရိုင်းမိတ်မျိုးစိတ်တွေကနေတဆင့် လူသားတွေဆီကို ကူးစက်တာဖြစ်နိုင်ပါတယ်။

#မျောက်ကျောက်ရောဂါ လက္ခဏာများ

လူသားတွေမှာ ခံစားရတဲ့ မျောက်ကျောက်ရောဂါ လက္ခဏာတွေက ကျောက်ရောဂါ လက္ခဏာတွေနဲ့ ခပ်ဆင်ဆင်တူပေမယ့် ကျောက်ရောဂါလောက်တော့ မပြင်းထန်ပါဘူ။ မျောက်ကျောက်ရောဂါပိုး ကူးစက်ခံရပြီဆိုရင် ရောဂါ ကူးစက်ခံရပြီး ၇ ရက်ကနေ ၁၄ ရက်အတွင်းမှာ ရောဂါလက္ခဏာ ပြနိုင်သလို ရောဂါကူးစက်ခံရပြီး ၅ ရက်ကနေ ၂၁ ရက်အတွင်းမှာ လက္ခဏာ ပြတာမျိုးလည်း ရှိပါတယ်။

မျောက်ကျောက်ရောဂါ ဖြစ်စေတဲ့ ဗိုင်းရပ်စ် ကူးစက်ခံရပြီဆိုရင် အစောပိုင်း ကာလမှာ

#အဖျားဝင်ပြီး ၁ ရက်ကနေ ၃ ရက်အတွင်းမှာ

အဖျား ဆက်ရှိနေတာနဲ့ အတူ အဖုအပိမ့်တွေ ထွက်လာမှာပါ။ မျက်နှာမှာ စထွက်တတ်ပြီး ဒီကနေမှ ခန္ဓာကိုယ် အခြား အစိတ်အပိုင်းတွေဆီ ပြန့်သွားပါတယ်။

ဒီလို အဖုအပိမ့်တွေ ထွက်လာပြီးတဲ့ နောက်မှာတော့ နောက်ထပ် အဆင့်တွေအနေနဲ့

အသားအရေ အရောင်ပြောင်းတာ
အနာစက်တွေ ထွက်လာတာ
အရည်ကြည်ဖုတွေ ထွက်လာတာ
ပြည်တည်နာလို ပြည်ဖုလေးတွေ ဖြစ်လာတာ
အနာတွေ ဖြစ်လာတာမျိုး ဖြစ်နိုင်ပါတယ်။

ဒီ မျောက်ကျောက်ရောဂါကို သီတင်းပတ် ၂ ပတ်ကနေ ၄ ပတ်လောက်အထိ ခံစားရနိုင်ပါတယ်။ ၄ ပတ်လောက် အကြာမှာ ပြန်သက်သာသွားတာမျိုး ရှိပါတယ်။ အာဖရိကမှာတော့ မျောက်ကျောက်ဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားသူ ၁၀ ဦးမှာ ၁ ဦးလောက် သေဆုံးတာမျိုး ရှိပါတယ်။




#မျောက်ကျောက်ဗိုင်းရပ်စ် ဘယ်လို ကူးစက်သလဲ

မျောက်ကျောက်ဗိုင်းရပ်စ်က ရောဂါပိုး ကူးစက်ခံထားရတဲ့ တိရစ္ဆာန်၊ လူတွေနဲ့ ထိတွေ့တာ၊ ရောဂါပိုး ပေကျံနေတဲ့ အရာဝတ္ထုတွေ၊ မျက်နှာပြင်တွေကို ကိုင်တွယ်ထိတွေ့မိတာတွေကနေ ကူးစက်နိုင်သလို အရေပြား ပေါက်ပြဲတဲ့နေရာတွေကနေတဆင့်လည်း ခန္ဓာကိုယ်ထဲကို ဝင်ရောက် ကူးစက်နိုင်ပါတယ်။ ဗိုင်းရပ်စ်က မျက်စိနဲ့ မမြင်နိုင်အောင် သေးငယ်ပြီး ရောဂါပိုးရှိသူ နှာချေ၊ ချောင်းဆိုးလိုက်တဲ့ အမှုန်တွေ အသက်ရှူ လမ်းကြောင်း၊ နှာခေါင်း၊ ပါးစပ်၊ မျက်လုံးတွေကနေ ဝင်ရောက်တာကြောင့်လည်း ကူးစက်နိုင်ပါတယ်။

တိရစ္ဆာန်ဆီကနေ လူသားတွေဆီကိုတော့ ကိုက်မိတာ၊ အနာထဲကို သွေး၊ ခန္ဓာကိုယ်က အရည်တစ်မျိုးမျိုး ဝင်ရောက်တာ၊ ကုတ်မိတာ၊ အသားကို စားမိတာ၊ နမ်းရှုံ့တာတွေကနေ ကူးစက်နိုင်ပါတယ်။ ကိုင်တွယ်ထိတွေ့မှုတွေကြောင့်လည်း ကူးစက်နိုင်ပါတယ်။ အရည်ကြည်ဖုက အရည်တွေ ပြည်တွေ ထိတွေ့ထားတဲ့ အရာတွေကို ကိုင်တွယ် ထိတွေ့မိတာကြောင့်လည်း ကူးစက်နိုင်ပါတယ်။

#မျောက်ကျောက်ရောဂါ ဘယ်လို ကာကွယ်မလဲ

မျောက်ကျောက်ရောဂါကို ကာကွယ်နိုင်တဲ့ နည်းလမ်းတွေကတော့ အများကြီးပါ

တိရစ္ဆာန်တွေကို အကာအကွယ်မပါဘဲ ကိုင်တွယ်ထိတွေ့တာမျိုး မလုပ်ပါနဲ့ ( အထူးသဖြင့် ဖျားတာနေတာ၊ သေဆုံးနေတဲ့ သတ္တဝါတွေကိုပါ)
ဖျားနာနေတဲ့ တိရစ္ဆာန် (သို့မဟုတ်) လူ အသုံးပြုထားတဲ့ အသုံးအဆောင်တွေကို ကိုင်တွယ်ထိတွေ့ အသုံးပြုတာမျိုး မလုပ်ပါနဲ့။
ရောဂါပိုး ကူးစက်ခံထားတယ်လို့ သံသယရှိတဲ့ တိရစ္ဆာန် (သို့မဟုတ်) လူကို သီးခြား ခွဲထားပါ။

တစ်ကိုယ်ရေ သန့်ရှင်းရေး ဂရုစိုက်ပါ။ ဥပမာ – ရောဂါပိုး ရှိတဲ့ လူ၊ တိရစ္ဆာန်ကို ကိုင်တွယ်ထိတွေ့ပြီးတဲ့အခါ၊ တစ်ခုခုကို ကိုင်တွယ်ထိတွေ့ပြီးတဲ့အခါ လက်ကို ရေနဲ့ ဆပ်ပြာသုံးပြီး သေချာဆေးကြောပါ။
ရေမရနိုင်ဘူးဆိုရင် ရေမလို လက်သန့်ဆေးရည် သုံးပါ။

အကာအကွယ်တွေ ဝတ်ဆင်တာမျိုး လုပ်ပေးပါ။

#ဘယ်လို ကုသမလဲ

လက်ရှိမှာတော့ ကုသနိုင်တဲ့ နည်းလမ်း ရေရေရာရာ မရှိသေးပါဘူး။ ထိန်းချုပ်တဲ့အနေနဲ့တော့ ကျောက်ကြီးရောဂါ ကာကွယ်ဆေးကို အသုံးပြုတာ၊ antivirals and vaccinia immune globulin (VIG) တို့ကို အသုံးပြုတာမျိုးတွေ ရှိပါတယ်။

လက်ရှိမှာ အသုံးပြုနေတဲ့ ကုထုံးတွေက လက္ခဏာတွေကို သက်သာစေရုံသာဖြစ်ပြီး အရမ်းမပြင်းထန်ဘူးဆိုရင်တော့ ကုထုံး ခံယူပြီး ၂ ပတ် ကနေ ၄ ပတ်အတွင်းမှာ အများစုက သက်သာလာကြပါတယ်။

မျောက်ကျောက်ရောဂါလို့ သံသယရှိမယ်ဆိုရင် သီးခြား ခွဲနေပြီး ဆရာဝန်နဲ့ ကုသမှု ခံယူဖို့ လိုပါမယ်။

#မျောက်ကျောက်ရောဂါ
မျောက်ကျောက်ရောဂါ ဆိုတာက မျောက်ကျောက်ဗိုင်းရပ်စ် ကူးစက်ခံရတာကြောင့် ဖြစ်တဲ့ ရောဂါတစ်မျိုးပါ။ ဖြစ်ခဲတဲ့ ရောဂါတစ်မျိုးပါ။ မျောက်ကျောက်ဗိုင်းရပ်စ်က Poxviridae ဗိုင်းရပ်စ် မျိုးရင်းဝင် ဖြစ်ပြီး Orthopoxvirus ဗိုင်းရပ်စ် မျိုးစုဖြစ်ပါတယ်။ Orthopoxvirus မျိုးစုထဲမှာ ကျောက်ကြီးရောဂါဖြစ်စေတဲ့ variola ဗိုင်းရပ်စ်၊ ကျောက်ကြီးရောဂါ ကာကွယ်ဆေး ထုတ်လုပ်ရာမှာ အသုံးပြုတဲ့ vaccinia ဗိုင်းရပ်စ်နဲ့ နွားကျောက် ဗိုင်းရပ်စ်တို့ ပါဝင်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ရင်းမြစ်များ
About Monkeypox https://www.cdc.gov/poxvirus/monkeypox/about.html#:~:text=Monkeypox%20is%20a%20rare%20disease,vaccine)%2C%20and%20cowpox%20virus. Accessed Date 23 May 2022

Monkeypox https://www.cdc.gov/poxvirus/monkeypox/index.html Accessed Date 23 May 2022

Monkeypox https://www.nhs.uk/conditions/monkeypox/ Accessed Date 23 May 2022

Monkeypox https://my.clevelandclinic.org/health/diseases/22371-monkeypox Accessed Date 23 May 2022

Multi-country monkeypox outbreak in non-endemic countries https://www.who.int/emergencies/disease-outbreak-news/item/2022-DON385#:~:text=Signs%2Fsymptoms%20of%20concern%20include,fatigue%2C%20rash%2C%20and%20lymphadenopathy. Accessed Date 23 May 2022


Sunday, May 22, 2022

Ice လို့ခေါ်ကြတဲ့ Crystal meth 💍

Ice လို့ခေါ်ကြတဲ့ Crystal meth 💍





#Ice ဆိုတာ ဘာလဲ

Ice ဆိုတိုင်း ရေခဲမဟုတ်ပါ။ methamphetamine အခဲပုံစံကို ice လို့ ခေါ်ကြတာဖြစ်ပါတယ်။Crystal meth ၊ shabu၊ crystal ၊ glass ၊shard စတဲ့ အခေါ်အဝေါ်အမျိုးမျိုးရှိပါတယ်။ Crystal meth က ဗဟိုအာရုံကြောစနစ်ကို ထိခိုက်စေတဲ့ စိတ်ကြွမူးယစ်ဆေးတစ်မျိုးဖြစ်ပါတယ်။ မူးယစ်ခံစားမှုတာရှည်စေတတ်ပြီး စွဲလမ်းစေနိုင်စွမ်းမြင့်မားတဲ့ တရားမဝင်မူးယစ်ဆေးပါ။

ကြည်လင်တဲ့ ပုံဆောင်ခဲ အချောင်းလေးတွေ ပုံစံဖြစ်လို့ ice သို့မဟုတ် glass လို့ခေါ်တတ်ကြတဲ့ Crystal meth ဟာ အနံ့မရှိ၊ ပြာလဲ့လဲ့ သို့မဟုတ် အရောင်မရှိတတ်ပါဘူး။ ပါတီတွေ၊ ပွဲတွေမှာသုံးလေ့ရှိပြီး ပုံမှန်အားဖြင့် ဖန်ပြွန်ပိုက်နဲ့ ရှူတတ်ကြပေမယ့် မျိုချတာ၊ ရှိုက်ရှူတာ၊ နည်းအမျိုးမျိုးနဲ့ သုံးတတ်ကြပါတယ်။ ဒါကိုသုံးလိုက်ရင် ခဏတာအတွင်းမှာပဲ စိတ်ကူးယဉ် လောကနိဗ္ဗာန်ကို ခံစားရတယ် ဒါမှမဟုတ် ရောက်ရှိတယ်လို့ ပြောကြပါတယ်။ ဒါပေမယ့် အန္တရာယ်များလွန်းပြီး ခန္ဓာကိုယ်ကို ထိခိုက်စေတဲ့အပြင် ပြင်းထန်တဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ခံစားရနိုင်ပါတယ်။

#ဘယ်လိုသုံးကြလဲ
Crystal meth ကို အများအားဖြင့် ရှူရှိုက်ခြင်း၊ အပ်နဲ့ ထိုးသွင်းခြင်းနည်းနဲ့ သုံးကြပြီး ၃ စက္ကန့်ကနေ ၇ စက္ကန့်အတွင်း သာယာခံစားမှု ရနိုင်တယ်လို့ ဆိုပါတယ်။ တချို့က မျိုချကြပြီး(၁၅ စက္ကန့်ကနေ စက္ကန့် ၃၀ အတွင်း ခံစားမှုရနိုင်)တချို့က ရှိုက်ရှူကြပါတယ်(၃မိနစ်ကနေ ၅ မိနစ်အတွင်း ခံစားမှုရနိုင်)။ ဒီနည်းတွေအပြင် Crystal meth ကို စအို သို့မဟုတ် ဆီးလမ်းကြောင်းထဲကို ထည့်သွင်းတတ်ကြပါသေးတယ်။

#ဆေးသုံးနေသူ တစ်ယောက်မှာ ဘယ်လိုလက္ခဏာတွေရှိတတ်လဲ

ကိုယ့်မိသားစု သို့မဟုတ် ချစ်ခင်ရတဲ့လူတစ်ယောက်မှာ အပြောင်းအလဲတွေဖြစ်လာတာ သတိထားမိရင် ဒီအချက်တွေနဲ့ ဆန်းစစ်ကြည့်နိုင်ပါတယ်။

Meth သုံးနေသူ သို့မဟုတ် စွဲနေသူတစ်ယောက်မှာ –

ကိုယ့်ရဲ့ရုပ်ရည်သွင်ပြင် သို့မဟုတ် ဖြီးလိမ်းပြင်ဆင်မှုနဲ့ပတ်သက်ပြီး ဂရုမစိုက်တော့ခြင်း
အမြဲလိုလို ဆံပင်တွေနုတ်နေခြင်း၊ အရေပြားကိုဆိတ်ဆွနေခြင်း
အစာစားချင်စိတ် မရှိ၊ ကိုယ်အလေးချိန် ကျလာခြင်း
မျက်စိသူငယ်အိမ် ကျယ်လာပြီး မျက်လုံးအကြည့် ဂနာမငြိမ်ခြင်း
အိပ်စက်မှုပုံစံ ပုံမှန်နဲ့မတူခြင်း- ရက်အတော်ကြာ သို့မဟုတ် ရက်သီတင်းပတ်နဲ့ချီပြီး မအိပ်ခြင်း
လမ်းလျှောက်ပုံ ဆတ်တောက်ဆတ်တောက်ဖြစ်ခြင်း၊ လှုပ်ရှားမှု အပြောင်းအလဲ မြန်ခြင်း၊ မျက်နှာမှာ ဆတ်ခနဲ အကြောဆွဲတတ်ခြင်း၊ တက်ကြွလွန်အပြုအမူများ၊ စကားအဆက်မပြတ် ပြောလွန်းခြင်း
မကြာခဏ ငွေချေးလာခြင်း၊ ပိုင်ဆိုင်မှုများ ရောင်းချလာခြင်း၊ အိမ်က ပစ္စည်းခိုးယူခြင်း
ပေါက်ကွဲဒေါသထွက်လွယ်ခြင်း၊စိတ်အပြောင်းအလဲ မြန်ခြင်း
ယုံမှားသံသယလွန်ကဲမှု နဲ့ ထင်ယောင်ထင်မှား ဖြစ်ခြင်းတို့လို စိတ်ဝေဒနာ အမူအရာများ ရှိလာခြင်း တို့ထဲက အချက်အတော်များများ ဖြစ်လာတာကို တွေ့ရတတ်ပါတယ်။

#ဘယ်လိုသက်ရောက်မှုရှိသလဲ
Meth/Ice ရဲ့အာနိသင်က ၆ နာရီဝန်းကျင်အထိ ရှိနိုင်ပေမယ့် ဆေးသုံးပြီး ရက်အနည်းငယ်ကြာတဲ့အထိ အိပ်မပျော်နိုင် ဖြစ်နေတတ်ပါတယ်။ Ice ရဲ့အာနိသင်က တစ်ယောက်နဲ့တစ်ယောက်မှာ မတူတတ်ကြပါဘူး။

Meth က သုံးစွဲသူရဲ့ခန္ဓာကိုယ်အပူချိန်ကိုမြင့်တက်စေတာကြောင့် အပူချိန်မြင့်လွန်းတဲ့အခါ သတိလစ်စေနိုင်သလို သေစေတဲ့အထိဖြစ်စေနိုင်ပါတယ်။
ဆေးသုံးသူတစ်ယောက်ဟာ စိတ်ပူပန်လာ၊ စိတ်ရှုပ်ထွေးလာပြီး အိပ်မပျော်၊ စိတ်အပြောင်းအလဲမြန်၊နောက်ဆုံးမှာ ကြမ်းတမ်းလာနိုင်ပါတယ်။

သွင်ပြင်လက္ခဏာတွေက သိသိသာသာ ပြောင်းလဲလာနိုင်ပါတယ်။ ဆေးသုံးသူက မြန်မြန်ဆန်ဆန် ရင့်ရော်လာပြီး အသားအရေ မွဲခြောက်လာနိုင်ပါတယ်။ ကုရခက်၊ပျောက်ဖို့ခက်တဲ့အနာတွေ၊ ဝက်ခြံတွေ ဖြစ်လာပါမယ်။ အာခေါင်ခြောက်ခြင်း၊ သွားအရောင်ညစ်ခြင်း၊သွားတွေ ကျိုးပဲ့ပျက်စီးခြင်းတွေဖြစ်လာနိုင်ပါတယ်။

ဆေးသုံးသူက မရှိတာတွေကို ကြားနေ၊မြင်နေတာမျိုး၊ သံသယလွန်ကဲနေတာမျိုး ဖြစ်လာတတ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် သို့မဟုတ် တခြားသူတွေကို ထိခိုက်အနာတရ ဖြစ်စေတာမျိုး လုပ်လာနိုင်ပါတယ်။ အရေပြားအောက်မှာ အင်းဆက်တွေ တရွရွနဲ့တက်လာသလို ခံစားရနိုင်ပါတယ်။

HIV/AIDSရောဂါ ဖြစ်လာနိုင်ခြေ ပိုများပါတယ်။ ဒီမူးယစ်ဆေးက ဆင်ခြင်ဆုံးဖြတ်နိုင်စွမ်းကို ထိခိုက်စေပြီး အရှက်အကြောက်ကို နည်းစေနိုင်ပါတယ်။Meth ကိုစွဲနေသူ တစ်ယောက်ဟာ အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်းလိုမျိုး ရောဂါကူးစက်မှုအန္တရာယ် များတဲ့အပြုအမူတွေကို လုပ်မိနိုင်ပါတယ်။

Ice ကို အပ်နဲ့ထိုးသွင်းခြင်း၊ အပ်တစ်ချောင်းကို တခြားသူတွေနဲ့ မျှဝေသုံးစွဲခြင်းက အသည်းရောင်ရောဂါ ဘီ၊အသည်းရောင်ရောဂါ စီ နဲ့HIV/AIDSရောဂါတွေကူးစက်ရရှိနိုင်ခြေ ပိုများနိုင်ပါတယ်။ Ice ကို နှာခေါင်းကရှိုက်ရှူခြင်းက နှာခေါင်းလမ်းကြောင်းကို ထိခိုက်စေနိုင်ပြီး နှာခေါင်းသွေးလျှံခြင်းကို ဖြစ်စေနိုင်ပါတယ်။

#ကြာရှည်သုံးစွဲမှုရဲ့အကျိုးဆက်များ

Ice ကို သုံးစွဲတာကြာလာရင် ဖြစ်လာမယ့် အကျိုးဆက်တွေထဲမှာ အောက်ပါအချက်တွေပါဝင်နိုင်ပါတယ် –

အစာစားချင်စိတ် မရှိတာကြောင့် ကိုယ်အလေးချိန် အလွန်အမင်း ကျဆင်းခြင်း
အိပ်ပျော်နေစဉ် ဂနာမငြိမ်ခြင်း
အာခေါင်ခြောက်ခြင်း နဲ့ သွားပြဿနာများ
အအေးမိခြင်း သို့မဟုတ် တုပ်ကွေး ပုံမှန်ဖြစ်ခြင်း
အာရုံစိုက်မရခြင်း
အသက်ရှူကျပ်ခြင်း
ကြွက်သားများ တောင့်တင်းခြင်း
စိတ်ပူပန်ခြင်း၊ သံသယလွန်ခြင်းနဲ့ အကြမ်းဖက်ခြင်း
စိတ်ဓါတ်ကျခြင်း
နှလုံးနဲ့ကျောက်ကပ်ပြဿနာများ
လေဖြတ်နိုင်ခြေ ပိုများခြင်း
Ice ကိုတောင့်တလွန်းခြင်း၊ ပိုသုံးချင်လာခြင်း
ငွေရေးကြေးရေး၊ အလုပ်ခွင် သို့မဟုတ် လူမှုရေး ပြဿနာများ ရှိလာခြင်း။

#ဆေးလွန်ခြင်း
ပမာဏ အများကြီးကို ဒါမှမဟုတ် အပြင်းစားတွေ သုံးလိုက်မိပြီဆိုရင် ဆေးလွန်(overdoseဖြစ်)နိုင်ပါတယ်။ သုံးစွဲသူမှာ အောက်ပါ လက္ခဏာတွေ ဖြစ်လာတာတွေ့ရရင် အရေးပေါ် ဆေးရုံတင်ပါ။

နှလုံးခုန်အရမ်းမြန်ပြီး ရင်ဘတ်အောင့်လာခြင်း၊
အသက်ရှူရခက်လာခြင်း၊
တက်ခြင်း သို့မဟုတ် ထိန်းမရအောင် အကြောဆွဲခြင်း၊
အလွန်အကျွံ စိတ်လှုပ်ရှားမှု၊ အာရုံထွေပြားမှု၊ ဖရိုဖရဲဖြစ်ခြင်း၊
ရုတ်တရက် အပြင်းအထန် ခေါင်းကိုက်ခြင်း၊
သတိလစ်ခြင်း၊
လေဖြတ်ခြင်း၊ heart attack ရခြင်း၊ အသက်ဆုံးရှုံးခြင်းအထိ ဖြစ်နိုင်ပါတယ်။

#ဆေးဖြတ်ခြင်း
အချိန်အတော်ကြာ Iceကို သုံးထားပြီးမှ ဆေးဖြတ်တဲ့အခါ ခန္ဓာကိုယ်ရဲ့ လုပ်ဆောင်ချက်တွေက ice မပါဘဲ ကျင့်သားရအောင် လည်ပတ်ရတာဖြစ်လို့ အတော်ကို ခက်ခဲပါတယ်။ ဆေးဖြတ်တဲ့အချိန် ဖြစ်တဲ့လက္ခဏာတွေက တစ်ပတ်ကျော်ရင် လျော့ပါးသက်သာလေ့ရှိပြီး အများစုက တစ်လကြာပြီးနောက် ပျောက်ကင်းသွားလေ့ရှိပါတယ်။

ဆေးဖြတ်နေတဲ့အချိန်မှာ –

iceကို အငမ်းမရတောင့်တနေမယ်
အစာစားချင်စိတ် ပိုများလာမယ်
အာရုံထွေပြားခြင်းနဲ့ ရန်လို စိတ်ဆတ်တာတွေဖြစ်လာမယ်
နာကျင်ကိုက်ခဲမှုတွေ ရှိလာမယ်
အားအင်ကုန်ခမ်းပြီး ပင်ပန်းနွမ်းနယ်လာမယ်
ညဘက်အိပ်ရင် ခြေလက်ဂနာမငြိမ်ဖြစ်မယ်၊ အိပ်မက်ဆိုးတွေ ဖြစ်လာမယ်
စိတ်ကျဝေဒနာ၊ သံသယလွန်တာတွေ၊ စိုးရိမ်ပူပန်နေတာတွေ ဖြစ်လာတတ်ပါတယ်။

ဆေးဖြတ်ခြင်းက အများအားဖြင့် ရက်ပိုင်းကနေ ရက်သီတင်းပတ် အနည်းငယ်အထိ ကြာမြင့်မှာဖြစ်ပေမယ့် iceကို ငတ်မွတ်တောင့်တခြင်းလိုမျိုး လက္ခဏာတချို့က အတော်ကြာတဲ့အထိ ဆက်ဖြစ်နေနိုင်ပါတယ်။ သုံးစွဲခဲ့တဲ့ မူးယစ်ဆေးအမျိုးအစား၊ သုံးစွဲလာခဲ့တဲ့အချိန်ကာလ၊ တခြားမူးယစ်ဆေးတွေကိုပါ သုံးနေသလား၊ သုံးစွဲသူရဲ့ အထွေထွေကျန်းမာရေးနဲ့ ဆေးဖြတ်တဲ့နေရာတို့ကို မူတည်ပြီး ဆေးဖြတ်ချိန်ကာလက ကွာခြားမှုရှိပါတယ်။

မူးယစ်ဆေးဖြတ်တဲ့ကိစ္စမှာ ပြန်လည်ထူထောင်ရေးပရိုဂရမ်တွေက အကူအညီပေးနိုင်သလို နောက်ပိုင်းမှာ မူးယစ်ဆေးကင်းစင်တဲ့ ဘဝကို ဆက်လက်လျှောက်လှမ်းနိုင်ဖို့ လမ်းပြကူညီပေးနိုင်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

(Zawgyi)





#Ice ဆိုတာ ဘာလဲ






#ဘယ်လိုသုံးကြလဲ









































အာရုံစိုက်မရခြင်း

အသက်ရှူကျပ်ခြင်း



စိတ်ဓါတ်ကျခြင်း






#ဆေးလွန်ခြင်း




အသက်ရှူရခက်လာခြင်း၊




သတိလစ်ခြင်း၊



#ဆေးဖြတ်ခြင်း


















Thursday, May 19, 2022

မြန်မြန်စား ရင် ပိုဝမယ်နော်၊ အရှိန်လျှော့ပါ။

မြန်မြန်စား ရင် ပိုဝမယ်နော်၊ အရှိန်လျှော့ပါ။




စာရေးသူ Yun Sandi Nan Mon မှ ရေးသားသည်။

Dr. Thurein Hlaing Win မှ အချက်အလက် စစ်ဆေးထားပါသည်။

#မြန်မြန်စား ရင် ပိုဝမယ်နော်၊ အရှိန်လျှော့ပါ။

ဝမှာစိုးနေလား၊ ဝနေတာ ထိန်းလို့မရတော့မှာ စိုးရိမ်နေလား။ သူများလို အလွန်အကြူးမစားဘဲလည်း ဝလာတာ စိတ်ညစ်နေရလား။ ဘာကြောင့်လဲ ဆိုတာ ဆက်ပြီးဖတ်ကြည့်ပါ။ စားတာခြင်းတူရင်တောင် အစားကို မြန်မြန်စား လေ့ရှိသူတွေဟာ ဖြည်းဖြည်းချင်းစားတတ်သူ တွေထက် ပိုဝလာနိုင် (BMI ပိုများလာနိုင်) ပါတယ်။ ဖြည်းဖြည်းချင်းစားတတ်သူတွေက ဗိုက်ပြည့်ကြောင်း မြန်မြန်ခံစားမိပြီး စားမိတဲ့ပမာဏ ပိုနည်းသွားနိုင်လို့ပါ။

အကြောင်းရင်းက ကိုယ့်ရဲ့အစာခြေစနစ်က ဦးနှောက်ဆီကို သတင်းပေးပို့ရာမှာ ကြာတဲ့အချိန်ကြောင့် တစ်စိတ်တစ်ပိုင်းပါဝင်ပါတယ်။ ပုံမှန်အားဖြင့်တော့ မိနစ် ၂၀ လောက်ကြာတယ်လို့ဆိုကြပေမယ့် သုတေသနတစ်ခုကတော့ ဒီအချိန်ကာလကို မိနစ် ၃၀ အထိ နှေးအောင်လုပ်နိုင်မယ်ဆိုရင် အကျိုးရလဒ်ကောင်းမယ်လို့ ဖော်ပြခဲ့ပါတယ်။

ဒါဆိုရင် အစာစားချိန်က အရင်ကထက်တော့ ပိုကြာရမှာဖြစ်ပါတယ်။ အစာကိုကြေညက်အောင် ဖြည်းဖြည်းဝါးစားသင့်တယ်လို့ လက်ဆင့်ကမ်းလာခဲ့တဲ့ အမူအကျင့်လေးက အစာမကြေခြင်းကို ကာကွယ်ပေးနေသလို ဒီအကြောင်းရင်းကြောင့်လည်းပါပါတယ်။

#မြန်မြန်စား တတ်တဲ့ အကျင့်ကို ဘယ်လိုဖြေရှင်းရမလဲ

ကိုယ့်ရဲ့ဘက်မသန်တဲ့ လက်တစ်ဖက်နဲ့ အစားစားတာကလည်း အမြန်မစားမိအောင် ကြိုးစားရာမှာ အထောက်အကူဖြစ်စေနိုင်ပါတယ်၊၊ ဥပမာ ကိုယ်က ညာသန်ဆို ဘယ်လက်နဲ့ဇွန်းကိုင်စားတာမျိုး။
အကောင်းဆုံးနည်းကတော့ ဇွန်းခက်ရင်းနဲ့ စမတ်ကျကျ စားကြည့်ပါ။ တစ်လုတ်ထည့် ဇွန်းခရင်းကို ပန်းကန်ထဲမှာချ၊ ပြီးမှထပ်စား ဒီလိုမျိုး အချိန်ခိုးကြည့်ပါ၊၊ ဖြည်းဖြည်းနဲ့ မှန်မှန်ဝါးစားမယ်ဆို ကိုယ်အလေးချိန်ထိန်းဖို့အတွက်တင်မကဘဲ အစာခြေစနစ်အတွက်ပါ အကျိုးရှိပါတယ်။

ပန်းကန်အကြီးကြီးတွေမသုံးဘဲ အရွယ်အစားနည်းနည်းပိုသေးတဲ့ ပန်းကန်မှာထည့်စားတာက ကိုယ်စားနေတဲ့ပမာဏကို များတယ်ထင်ပြီး ဗိုက်ပြည့်လွယ်စေဖို့ လှည့်စားမှုတစ်ခုပါ။ ပန်းကန်ကြီးကြီးနဲ့သာဆို ငါ့ပန်းကန်ထဲမှာ နည်းနည်းလေးပဲ လို့ထင်မိစရာရှိပါတယ်။ ဒါဆို ပိုစားမိပါလေရော။

အစားစားတဲ့အချိန်မှာ တီဗီ၊ ဖုန်း၊ ကွန်ပျူတာ စတာတွေကို အာရုံစိုက်မနေပါနဲ့။ ပြောရရင် တီဗီရှေ့ထမင်းမစားပါနဲ့၊ စားနေရင်း ဖုန်းမသုံးပါနဲ့၊ စာမဖတ်ပါနဲ့။ အစားအသောက်ကိုပဲ အာရုံထားပြီး ဖြည်းဖြည်းကြေညက်အောင် ဝါးစားပါ။




#သုတေသနလေ့လာမှု
ဂျပန်နိုင်ငံက သုတေသနပညာရှင်တွေက အရွယ်ရောက်ပြီးသူ သက်လတ်ပိုင်းအရွယ် ၁၀၈၃ ဦးကို ငါးနှစ်ကြာလေ့လာခဲ့ပါတယ်။

လေ့လာမှုအရ အစားမြန်မြန်စားလေ့ရှိသူတွေက ကိုယ်အလေးချိန်ပိုများလာတာ၊ သွေးတွင်းသကြားဓာတ်မြင့်နေတာ၊ ခါးနဲ့ ဗိုက်အဆီပိုများတာတွေ ဖြစ်လာတာတွေ့ရပါတယ်။

မြန်မြန်စားမယ်ဆိုရင် ခန္ဓာကိုယ်က ကယ်လိုရီတွေ အများကြီးစားမိတာကို ဦးနှောက်က သတိမပြုမိဘဲ ဖြစ်စေနိုင်တယ်လို့ သုတေသီတွေက ယုံကြည်ထားပါတယ်။ ဒီလိုနဲ့ စားမိတဲ့ကယ်လိုရီတွေကို ခန္ဓာကိုယ်က ကောင်းကောင်းမသုံးပစ်နိုင်ဘူးဆိုရင် ပိုတာတွေကို အဆီအဖြစ် သိုလှောင်ထားရှိလိုက်တဲ့အခါ အဝလွန်လာပြီး သွေးကြောတွေနဲ့ နှလုံးကျန်းမာရေးကိုပါ ထိခိုက်လာပါတယ်။ အမြန်စားခြင်းက အင်ဆူလင်လုပ်ဆောင်ချက်တွေကိုလည်း အတားအဆီးဖြစ်စေလို့ သွေးတွင်းသကြားမြင့်တက်မှုကိုလည်း ဖြစ်စေနိုင်ပါတယ်။

ဒီသုတေသနကို American Heart Association ရဲ့ သိပ္ပံကဏ္ဍမှာ တင်ပြခဲ့တာဖြစ်ပါတယ်။

******
အခြေခံတစ်နေ့တာ ကယ်လ်လိုရီ လိုအပ်ချက်ပမာဏ တွက်ချက်ခြင်း ကိရိယာ (BMR)
အရပ််၊ အသက်၊ ကိုယ်အလေးချိန်၊ တစ်နေ့တာ လှုပ်ရှားမှုတွေအပေါ်မူတည်ပြီး တစ်နေ့တာ လိုအပ်မယ့် ကယ်လ်လိုရီ ပမာဏကို သိရှိနိုင်ဖို့ အခြေခံတစ်နေ့တာ ကယ်လ်လိုရီ လိုအပ်ချက်ပမာဏ တွက်ချက်ခြင်း ကိရိယာ (BMR)ကို အသုံးပြုပြီး တွက်ချက်နိုင်ပါတယ်။

ကျား / မ၊အမျိုးသား/အမျိုးသမီး၊
အသက်ဘယ်လောက်ရှိပြီလဲ (years)
အရပ်အမြင့် (cm)
ကိုယ််အလေးချိန် (kg) စတာတွေ ဖြည့်ဆွက်ပြီး တွက်ချက်ပါ။


Calculator Link: https://www.calculator.net/bmr-calculator.html

Wednesday, May 18, 2022

ကလေးရိုင်းခြင်း နှင့် 'C' 4 'C'

 ကလေးရိုင်းခြင်း နှင့် 'C' 4 'C'




ဖြစ်ရပ်-၁

--------

 ဗြိတိသျှဘုရင်မကြီး၏မြစ်တော် မင်းသမီးလေး ရှားလက် Charlotte သည် တော်ဝင်မိသားစုအား လက်ဝှေ့ရမ်းနုတ်ဆက်နေသော ပြည်သူပြည်သားဘက်သို့လှည့်၍ လျှာထုတ်ပြလိုက်သည်။ 


အသက် ၄ နှစ်အရွယ် မင်းသမီးလေးအား သူ့မိခင် ကိတ် Kate က လူထုအား ပြန်လည်နှုတ်ဆက်ခိုင်းလိုက်ချိန်မှာ ဖြစ်သွားခြင်းဖြစ်သည်။


 ကိတ်က အခြေအနေကို အလွန်တော်စွာထိန်းသိမ်းလိုက်နိုင်သည်။ လူထုဖက်လှည့်၍ ပြုံးရယ်ကာ "ကြည့်... ကြည့်... တွေ့လိုက်ကြတယ်မလား" ဟု ကလေးက ပျော်တတ်တဲ့ပုံစံဖမ်း လုပ်ပြသွားသည်။ 


တကယ်လည်း ကိတ်တော်ပါသည်။ ကလေးအား အဲ့လိုလုပ်ရလားလို့ လူထုကြီးရှေ့မှာ မာန်လိုက်လို့မဖြစ်ပေ။ သူတို့ တော်ဝင်မိသားစုတွေက လူထုရှေ့မှာ အပြုံးပန်းဆင်၍ နှစ်လိုဖွယ် အမြဲနေနေရသူတွေဖြစ်သည်။


ကိတ်အနေနှင့် မင်းသမီးလေးအား အမူအကျင့်ကောင်းနှင့် အဆိုး Good behaviour နှင့် Bad behaviour ကို သိနားလည်အောင် သင်ပြဖို့တော့လိုနေပြီဖြစ်သည်။ ကလေးက နောင်တချိန်မှာ လက်ခလယ်ထောင်မပြဘူးမပြောနိုင်ပေ။ သူတွေ့လာသည့် behaviour အမူအကျင့်ကို သူလိုက်လုပ်ချင်လုပ်ပေမည်။


ဖြစ်ရပ်-၂

---------

 အမေရိကားမှ သူငယ်ချင်းတစ်ယောက်က ဖုန်းဆက်လာသည်။ ၄ နှစ်အရွယ် သူ့ကလေးက လမ်းမှာတွေ့သည့်သူတွေကို ငါ့ဘာလို့ကြည့်ရတာလဲဟု လိုက်စွာနေ၍ ဖြစ်သည်။ အမေရိကားမှာ ကလေးကဒီလိုလိုက်လုပ်နေတာ အန္တရာယ်များသည်။


ကျနော့်ဆီ ကလေးရိုင်းလို့ဆိုကာ တွေ့လျှင်တိုင်ပင်ကြသည့် မိဘတွေတွေရှိသည်။ မိမိကလေး စရိုင်းစပြုသည်ကို သတိထားမိခြင်း၊ ရိုင်းသည်လို့ လက်ခံကာ ပြုပြင်ဖို့ ကြိုးစားကြခြင်းသည် အလွန်ကောင်းပါသည်။


 ကလေးဘာကြောင့်ရိုင်းလဲ အဖြေရှာကြည့်သည်။ ကလေးတယောက်၏ အမူအကျင့် behaviour ကို ပြုပြင်သည့် အချက် factors ၃ ချက်ရှိသည်။


 ၁- ကလေး၏ ဗီဇ၊ 

 ၂- ကလေး၏ အိမ်တွင်း မိဘ၊ ညီအကို ဆွေမျိုးများ၊ 

 ၃- ကလေး၏ ပြင်ပအသိုင်းအဝိုင်း သူငယ်ချင်း၊ ဆရာမ၊ ကျောင်း စသည်တို့ ဖြစ်သည်။


ကလေး ၂ နှစ်မှ ၄ နှစ်အထိ အချက် -၂ အိမ်တွင်းထိတွေ့သူတွေအရေးကြီးသည်။ ၄ နှစ်မှ အထက်တွင် အချက် - ၂ ရော ၃ ပါ ဂရုပြုရမည်။


ယခုကိစ္စတွင် ကလေးက လမ်းမှာ တွေ့သမျှလူတွေကို ငါ့ဘာကြောင့်ကြည့်ရတာလဲ Why are you looking at me? စသည်တို့ ပြောနေသည်မှာ ကလေးရဲ့ ၁၁ နှစ်အရွယ် အမဆီမှ လာကြောင်း တွေ့ရသည်။


ကလေး ၂ ယောက် အသက်မတူသည့်အခါမိဘ၏ ဂရုစိုက်မှုကမတူ၊ အငယ်ကောင်လေးကို မျက်နှာသာပေးတော့ အမက သူ့မချစ်ဘူးထင်သည်။ ကလေးက အမကို ဆံပင်ဆွဲတာ၊ အမလုပ်တာ လိုက်လုပ်ချင်တာ၊ စပ်စုတာတွေရှိတော့ အမကကလေးကို "ငါ့နားမလာနဲ့၊ မစပ်စုနဲ့၊ ငါ့ကိုလိုက်မကြည့်နဲ့" ပြောထားတာတွေကို ကလေးက အပြင်လူကို ပြန်လုပ်နေခြင်းဖြစ်သည်။




ဖြစ်ရပ်-၃

--------

ကလေးက အရွယ်ရောက်လာသည့်အခါ မိဘနှင့်မတည့်တော့ပဲ ရိုင်းလာခြင်း။ ဤဖြစ်ရပ်မျိုးကို Singapore မှာရော မြန်မာပြည်မှာပါ တွေ့ရပါသည်။ post သပ်သပ်ရေးမှ ရမည်။


ဖြစ်ရပ်-၄

--------

၃ နှစ်အရွယ်ကလေးက မိဘအားပြန်ပြန်အော်ခြင်း။ ရိုက်ခြင်း။ ကျနော့် အိမ်ရှေ့က ကလေးမလေး ဝတုတ်လေး ၂ ယောက်လုံး ရေလည်အော်သည်ကို သတိပြုမိတာ ကြာပါပြီ။

---------------------------------

ကလေးရိုင်းရသည့် အကြောင်းရင်း (၆) ချက်ရှိပါသည်။




၁- သူ့ပတ်ဝန်းကျင်က မိဘ၊အဖိုးအဖွား၊ မောင်နှမ၊ သူငယ်ချင်း၊ ဆရာမ တို့ ရိုင်းလို့။


ကျနော့ အိမ်ရှေ့မှ မိဘ၊ အမတွေသည် ကလေးငယ်အား အသားကုန်အော်သည်။ အိမ်ဖော်ကအစ ကလေးငယ်အားအော်သည်။ ကလေးငယ်သည် ၂ နှစ်၊ ၃ နှစ်အရွယ်မှစ၍ ပြန်အော်သည့်အပြင်လက်ထဲရှိတာနှင့် တစ်ခုခုကို ထုရိုက်တတ်သည်။ ဤတွင် မိဘတွေက ပိုအော်လေသည်။ ကလေးက ပိုပိုဆိုးလာလေသတည်း။


၂- သူတို့၏ စိတ်ခံစားမှုကို သူတို့မထိန်းသိမ်းတတ်သေး၍ ဖြစ်သည်။ 


ကလေးသည် မွေးကတည်းကစငိုသည်။ သူတို့ခံစားချက်ကို မထိန်းသိမ်းတတ်ပေ။ ဒါကို အုပ်ထိန်းသူက သိနားလည်ရမည်။ ကလေးနှင့် ပြိုင်မမိုက်သင့်၊ ဒေါသအိုးမပေါက်ကွဲ သင့်ပေ။


၃- သူတို့၏ စိတ်ခံစားမှုကို စကားအဖြစ်ထုတ်မပြောနိုင်သေး၍ ဖြစ်သည်။


ကလေးငယ်လျှင် သူ့ခံစားမှုကို ထုတ်မပြောနိုင်ပေ။ မိဘတွေသူ့ခံစားမှု သူအလိုမကျမှုသိအောင် ကြမ်းတမ်းစွာ လုပ်လာတတ်သည်။ 


၄- ကလေးက ကြောက်တတ်၊ စိမ်းတတ်လျှင်လည်းဖြစ်သည်။


ကလေးသည် လူစိမ်းနှင့်တွေ့လျှင် ရှက်တတ် ကြောက်တတ်၍ ရိုင်းသလို ဖြစ်တတ်သည်။


၅- ကလေးကို ပစ်ပယ်ထားလျှင်လည်း ရိုင်းလာသည်။


အပစ်ပယ်ခံရသောကလေးသည် ရိုင်းလာလေ့ရှိသည်မှာ ဓမ္မတာပင်ဖြစ်သည်။ မိဘတွေ အလုပ်များသည့်အခါ၊ နောက်ကလေးအငယ်နှင့် အလုပ်ရှုပ်နေသည့်အခါ အကြီးလေး ဆိုးလာတတ်မြဲဖြစ်သည်။


၆- ကလေးကို အလိုလိုက်လျှင်လည်း အမိုက်စော်ကားတတ်သည်။


ကလေးဘာလုပ်လုပ် မပြုပြင်ပဲ တော်သည်တတ်သည်ဟု အလိုလိုက်လွန်းလျှင်လည်း ကလေးရိုင်းစိုင်းတတ်သည်။


ကလေးရိုင်းတာကို ကလေးငယ်စဉ်ကတည်းက သတိပြုမိပြီး စောစော ပြုပြင်ပေးဖို့လိုသည်။


မိဘ ဆရာတို့သည် 'C' 4 'C' ကို လိုက်နာကျင့်သုံးသင့်သည်။


1. Calm

2. Correct

3. Consistent

4. Consequences


1. Calm မိမိတည်ငြိမ်အောင် ဦးစွာထိန်းပါ။

------------------------------------

ကလေးသည်မွေးကာစမှာ အပြစ်ကင်းစင်သည်။ ပြီးမှ သူ့ပတ်ဝန်းကျင်မှ အမူအကျင့်များကို ကော်ပီကူး download ဆွဲခြင်းဖြစ်သည်ဆိုတာကို နားလည်ဖို့လိုသည်။


မိဘက ဒေါသထွက်ကာအော်လျှင် သူပြန်အော်မည်။ ပြန်မအော်ရဲပဲ ကြောက်သွားလျှင်လည်း လူကြောက်လေးဖြစ်သွားမည်။


ကလေးကို ဒေါသထွက်လျှင် တည်ငြိမ်ရကြောင်း မိမိအမူအကျင့်ဖြင့် စံပြသင်ပြပါ။


ကလေးရိုင်းနေ သောင်းကျန်းနေလျှင် ကလေးဆီမှ အဝေးသို့ ခဏရှောင်၍ ၁ မှ ၁၀ - ၁၀၀ အထိရေပါ။


2. Correct ကလေး အားပြုပြင်ပါ။

-----------------------------

ပြီးလျှင် ကလေးကို မျက်နှာတည့်တည့်ကြည့်ပါ။ မိမိတို့မိသားစုထဲတွင် ဒီလိုမပြောဆိုကြောင်း၊ ဒီလိုမကြမ်းတမ်းကြောင်း မျက်နှာကြည့်၍ တည်ငြိမ်စွာပြောပါ။ ကလေးသည် သင် သူ့အမူအရာကို လက်မခံကြောင်း သိသာပါစေ။


ကလေးလိမ္မာလျင်အမေ ချစ်မည်ဖြစ်ကြောင်း၊ ကလေး ဘာဖြစ်ချင်၊ ဘာလိုချင်လဲမေးပါ။ ပေးမရတာကို ဘာကြောင့်ပေးမရကြောင်း ရှင်းပြပါ။


ကလေးကမိမိအနားကပ်ချင် မိမိက အလုပ်ဆက်လုပ်ဖို့လိုလျှင် ခဏ သည်းခံရန် မျက်နှာချင်းဆိုင်ကြည့် တည်ငြိမ်စွာပြောပြပါ။ ပြီးလျှင် အလုပ်ဆက်လုပ်ပါ။


3. Consistent မပြောင်းလဲပဲ စွဲမြဲပါ။

-------------------------------

ကလေးကို ပြုပြင်ဖို့လိုလျှင် စောစောစီးစီးပြုပြင်ရမည် ဖြစ်သည်။


ကလေးအား ငါ့သားကဒီလိုဟုတ်ဘူး မရိုင်းဘူး ဘာညာမပြောရပါ။ ဒီလိုတုန့်ပြန်ခြင်းသည် ကလေး၏ အပြုအမူရိုင်းခြင်းကို အသိအမှတ်ပြုရာရောက်သည်။


ကလေးက ခုံကို ထုလျှင် ဟုတ်တယ် ဒီခုံဘာညာနှင့် လိုက်ထုမပြနှင့်။ အကိုအမတွေကို မဲတာလည်း လက်မခံနှင့်။


"အေး ဟုတ်တယ် နင့်ကြောင့်"လို့ ကလေးဘက်က အကိုအမတွေကို လိုက်မပြောနှင့်။ ဒေါသကို ထိန်းသိမ်းတတ်အောင်သင်ပါ။


ကလေးကို အလိုလိုက်တုန်းက စွတ်အလိုလိုက်၊ လူအများရှေ့ရောက်မှ အရှက်ကွဲ၍ ကလေးအားမဲခြင်း မလုပ်ပါနှင့်။


4. Consequences အကျိုးအကြောင်း အဆိုးအကောင်းကို သင်ပြပါ။

------------------------------------

ကလေးက ခုံကိုကန်တာ သူပဲ အသားနာမည် ၊ ခုံမနာကြောင်း။ မိဘကိုအော်လျှင် လူအထင်သေးမည်ဖြစ်ကြောင်း။ မိဘသည် လက်ဦးဆရာဖြစ်၍ "ဆုံးမနာယူ" ရမည့်ကျင့်ဝတ်ရှိကြောင်း။


မိဘပေါ်လေးစားမှု respect မရှိလျှင့် သူ့အပေါ်တွင်လည်း မည်သူမှ လေးစားချစ်ခင်မှာ မဟုတ်ကြောင်း စသည်ဖြင့် အကျိုးအကြောင်းကို သင်ပြပါ။


ကလေးတိုင်းသည် အစပထမတွင် သင်ပြလျှင် သူလက်ခံသင့်မခံသင့် လိုက်စဉ်းစားလေ့ရှိသည်။ ထို့ကြောင့် consquences ဒါလုပ်ရင် ဒီလိုဖြစ်မည် ကို စူစမ်းကြည့်လေ့ရှိသည်။ မိဘကို စမ်းခြင်းဖြစ်သည်။


 ကလေးကအမှားလုပ်သည့်အခါ ကျနော်ကိုယ်တိုင် ပြုပြင်ကြည့်ဖူးသည်။ ဗိုက်လေးကုတ်ကာ မျက်စေ့လေးကလည်ကလည် လုပ်နေတာမျိုးကြုံဖူးသည်။ ကလေးက လိုက်စဉ်းစားနေခြင်းဖြစ်သည်။


ကလေးအသက်ကြီးလာသည်နှင့် ပိုပိုနားလည်လာကာ ပိုမိသိတတ်လာလိမ့်မည်။


ထိုသို့ဖြစ်ရန်မိဘမှ Calm, Correct, Consistent, Conquences တို့ကို ကျင့်သုံး၍ ပြုပြင်ပေးရမည်။


မအော်ပါနှင့်၊ ကလေးကို ဒီကောင်ကရိုင်းတယ်လို့ မပြောပါနှင့်၊ ကလေးကို နားလည်ဖို့ကြိုးစားပါ။


 အလိုလိုက်တုန်းကလိုက် ထရိုက်တော့ရိုက် မလုပ်ပါနှင့်။


ချစ်လွန်း၍ မျက်ကွယ်ပြုအလိုလိုက်ခြင်း မပြုပါနှင့်။


ကလေးအား ပြုပြင်ကာ အကျိုးအကြောင်းသိအောင် အပြစ်ပေးဖို့လိုက မှန်ကန်သော အပြစ်ပေးပါ။


 ဒီကလေးကို ဒီလိုဆုံးမ၊ ဟိုကလေးကို ဟိုလိုဆုံးမ Double standards ထားခြင်းကိုရှောင်ကြဉ်ပါ။ သားသမီး၊ မြေးမြစ်တို့ကို တတန်းတည်းထားဆုံးမပါ။ 


Kids aren't born with perfect manners and etiquette. We need to teach them correctly.


ကလေးသည် မွေးလာကတည်းက အရိုင်းလေး၊ အလိမ္မာတုံးလေးအဖြစ် တခါတည်း မွေးလာသည်မဟုတ်၊ ကျနော်တို့မိဘ၊ဆရာသမား ပတ်ဝန်းကျင်က လမ်းမှန်အောင် ပြုပြင်ပေးရမည်သာဖြစ်သည်။


#CrdOrginalUploader

Sunday, May 15, 2022

Physiology of Erection

Physiology of Erection ကျားအင်္ဂါ သန်မာခြင်း၏ ဇီဝကမ္မဗေဒ 




(Feb 14, 2011 at 3:26 AM)


#Viagra

#Erectile_dysfunction

#ကျားအင်္ဂါသန်မာခြင်း


(ဗိုင်ရာဂရာဆိုတာ အမျိုးသားများကြား ကြာဆေး၊ထိန်းဆေးအနေနဲ့ အသိများ အသုံးများကြတဲ့ ဆေးတစ်မယ်ရဲ့အမည်ပါ။ အဓိက ထုတ်ထားတာက ပန်းသေ ပန်းညှိုးလက္ခဏာပြသူတွေ ဖြစ်သူတွေအတွက် ဦးတည်ထုတ်တာပါ။ သို့သော်လည်း အိပ်ရေးပျက်၊ လူကမလန်း သို့သော် လိင်ဆက်ဆံနေကျ ပါတနာနဲ့တွေ့ရတော့မယ့်ကိစ္စတွေဖြစ်လာရင် နာရီဝက်ကြိုသောက်တတ်ကြပါတယ်။ နှလုံးရောဂါသမားတွေ သတိထားသောက်ရပါတယ်။ နှလုံးခုန်မြန်တာ၊ ခေါင်းကိုက်တာမျိုးတွေဖြစ်တတ်လို့ပါ။ ဂရမ်အနည်းအများကို လည်းချင့်ချိန်သောက်ရပါတယ်။ အောက်ကဆောင်းပါးကတော့ ကျားအင်္ဂါသန်မာခြင်းရဲ့ ဇီဝကမ္မဗေဒဖြစ်စဉ်ကို ဗဟုသုတအဖြစ် သိရှိနိုင်ဖို့ပါပဲ။ 18+ ဆောင်းပါးပါ။)


ဆရာရေးထားတဲ့ Viagra ဆေးအကြောင်းကို ဖတ်ပြီး စိတ်ဝင်စားပါသဖြင့် အလုံးသုံးဆယ်ပါ ဆေးတစ်ဗူးကို ဝယ်ပြီး ၃၅နှစ်၊ ၄ဝ နှစ်၊ ၄၅ နှစ်၊ ၅ဝ နှစ် ဝန်းကျင်တွေရှိတဲ့ သူငယ်ချင်းတွေကို စမ်းကြည့်ခိုင်းရာ တစ်ယောက်တစ်မျိုး အဖြေက ထွက်လာ ပါတယ်။ အသက် ၅ဝ နဲ့ ၄ဝ ရှိတဲ့ သူငယ်ချင်းတွေက တစ်နာရီလောက်ကြာမှာ ကိစ္စပြီးတယ် ပြောပြီး၊ ၃၅ နှစ်နဲ့ ၄၅ နှစ် ၂ ယောက် ကျတော့ ၁၅ မိနစ် လောက်မှာ ကိစ္စပြီးပြီး၊ ၃-၄ ခါလောက် ပြန်ဖြစ်တယ် ပြောပါတယ်။ အဲဒါ ဆေးပညာ သဘောအရ ရှင်းပြပေးစေချင်ပါတယ်။ ကျနော်က ပြည်ပမှာ အလုပ်လုပ်နေတာပါ။


အခုလို သုတေသန လုပ်ပေးတာ ကျေးဇူးဗျာ။ Viagra ဆေးရဲ့ အကောင်း-အဆိုးတွေကို ဆေးသုံးသူတွေ ကိုယ်တိုင် ပြန်ပြောတာ အထောက်အကူရပါတယ်။ သူတို့ပြောတာ မှန်ပါတယ်။ တယောက်တမျိုး ဖြစ်နိုင်ပါတယ်။ တလောက Depo Provera (2) တစ်လခံဆေး-သုံးလခံဆေး အကြောင်းရေးတုံးက ကာယကံရှင် ၅ဝ မှာ အတော်မတူကြတာကို ရေးခဲ့ပါတယ်။ အခုဆေးမှာလဲ အဲလိုဖြစ်တာကို ဆေးပညာအရ ပြောပါမယ်။ 


Erection သန်မာမှု၊ Ejaculation သုတ်လွှတ်ခြင်း နဲ့ Orgasm လိင်ဆန္ဒ ပြည့်ဝခြင်းတွေက မတူကြပါ။ သန်မာမှု မရှိဘဲလဲ သုတ်လွှတ်နိုင်တယ်။ ဆက်ဆံမှု အကြိမ်များတာ နဲ့ (မာစတာဘေးရှင်း) များတာတွေကြောင့် လိင်ညှိုး-ပန်းသေ မဖြစ်စေပါ။ 


လိင်မှုကိစ္စဆိုတာ တသက်တာ လုပ်နိုင်တာ ဖြစ်ပါတယ်။ အသက် ကြီးလာရင် ဒီအရေးမှာ ဘာတွေ ဖြစ်လာသလဲ။ ပန်းညှိုး-ပန်းသေ ဆိုတာ အသက်ကြီးသူတိုင်း မဖြစ်ပါ။ ဒါပေမဲ့ ဖြစ်တတ်သူတွေ များတယ်။ ပြုပြင်ကုသလို့ ရပါတယ်။ အသက်ရလာတာနဲ့ လိင်တံ သန်မာမှု နည်းလာ-ကျလာတယ်။ ငယ်ငယ်ကထက် More stimulation နိုးဆွမှု ပိုလိုမယ်။ Direct stimulation တိုက်ရိုက် ထိတွေ့မှုတို့ Fantasy အဆန်းတကျယ် နည်းနာတွေပါ လိုနိုင်တယ်။ Climax ဆန္ဒပြည့်ဝဘို့ အချိန်ပိုကြာလာမယ်။ နောက်တခါ ပြန်သန်မာအောင် အချိန်ပိုစောင့်ရမယ်။ 


Penile Erection လိင်တံ သန်မာ-တောင့်တင်းလာရတာဟာ Psychological စိတ်၊ Neural အာရုံကြော၊ Vascular သွေးစီးဆင်းမှု နဲ့ Endocrine ဟော်မုန်းတွေကနေ ရောပြီး ဖြစ်စေတယ်။ လိင်တံထဲမှာ ရှိတဲ့ Corpora cavernosa ခေါ်တဲ့ ပြွန်ရှည်လိုအင်္ဂါ ၂ ခုမှာ သွေးတွေ ပြည့်လာလို့ ဖြစ်တယ်။ Parasympathetic nerve (ပါရာ-ဆင်ပသက်တစ်) အာရုံကြော တွေကနေ သွေးပြည့်လာအောင် ဆောင်ကျဉ်းပေးကြတယ်။ Physiological stimuli ဇီဝကမ္မ လှုံ့ဆော်မှုတွေကနေ အဲလို ဖြစ်လာစေတယ်။ Sexual stimulation လိင်စိတ် နှိုးဆောင်မှုကြောင့်ဖြစ်ရတာ များတယ်။ အဲလိုမဟုတ်ဘဲ ဆီးအိမ် တင်းနေတာ၊ လိင်စိတ်ပါ အိပ်မက် နဲ့ အလိုလို ဖြစ်တာတွေလဲ ရှိသေးတယ်။ 


Erectile dysfunction ပန်းသေ-ပန်းညှိုး၊ တမျိုးပြောရရင် လိင်အင်္ဂါသန်မာမှု ချွတ်ယွင်းတာနဲ့ အောက်က ရေးပြတာတွေနဲ့ မတူပါ။


1. Premature Ejaculation သုတ်လွှတ်မြန်တာ၊ စိတ်ကနေ ထိန်းမထားနိုင်တော့ဘဲ သုတ်ရည်ထွက်တော့တာ။ 

2. Delayed ejaculation လိင်တံတော့ သန်မာမယ်၊ သုတ်ထွက်မလာဘူး။

3. Retrograde ejaculation ဆီးအိမ်၊ ဆီးကျိတ်ရောဂါကြောင့် သုတ်နောက်ပြန်ထွက်တယ်။

4. Lack of desire လိင်စိတ် မပါတာ-နည်းတာဟာ Stress စိတ်ဖိအားများနေလို့၊ Depression စိတ်ဓါတ်ကျနေလို့၊ Relationship issue ဆက်ဆံရေး ပြဿနာရှိလို့ လိင်ကိစ္စ အာရုံမရတာပါ။ လိင်တံ သန်မာပြန်ရင်လဲ ဆက်ဆံတာနဲ့ သုတ်လွှတ်တာတွေမှာ ပုံမှန် မဟုတ်ပါ။

5. Infertility ကျန်းမာရေးကောင်းတဲ့ အမျိုးသမီးနဲ့ တားနည်းမသုံးဘဲ ၁၂ လ အတူနေလို့မှ ကလေးမရတာကို ခေါ်တယ်။ ဆက်ဆံတာမှာတော့ ပုံမှန်ဖြစ်နိုင်တယ်။ 


Viagra ဆေးတန်ခိုးက လိင်အင်္ဂါဆီ သွေးပိုပြီး လျှောက်စီး သွားစေပါတယ်။ Physiology of Erection လိင်အင်္ဂါ သန်မာမှု ဖြစ်စေဘို့ ဦးနှောက်၊ အာရုံကြော၊ ဟော်မုန်း နဲ့ သွေးစီးလျှောက်ခြင်းတွေ စုပေါင်း-ဆက်စပ် သက်ရောက်စေရတယ်။ တခုထဲ မဟုတ်ပါ။ 

ဆရာဝန်တွေ မသိတာတွေ ရှိအုံးမယ်။ သိတာသာ ပြောပါမယ်။


1. Psychological စိတ်နဲ့ Physical ရုပ် Stimulation လှုံ့ဆော်မှုကြောင့် Brain ဦးနှောက်ကနေ Nervous system အာရုံကြော တွေကတဆင့် Penis လိင်အင်္ဂါဆီ Messages ပို့လွှတ်တယ်။ 

2. ဒီအချက်အလက် ရတာနဲ့ လိင်အင်္ဂါထဲက Smooth muscles အနု-အပွစား ကြွက်သားတွေဟာ Relax ပြေလျော့ ကျယ်လာစေတယ်။ 

3. Corpus cavernosum ခေါ်တဲ့ လိင်တံထဲက အဓိကအပိုင်းမှာ ရှိနေကြတဲ့ Blood vessel walls သွေးကြော နံရံတွေ ကျယ်လာစေလို့ သွေးတွေ ပိုစီးလျှောက်လာမယ်။ 

4. အဲဒီကနေ ပြန်ထွက်မဲ့ သွေးပြန်ကြောတွေကိုလဲ ပိတ်စေလို့ လိင်တံမှာ သွေးတွေ စုဝေးနေပြီး၊ သွေးဖိအား တက်လာစေတယ်။ 

5. ရလဒ်အနေနဲ့ လိင်တံဟာ Hard and Erect မာပြီး-သန်လာတော့တယ်။ 


ဘာလို့ လိင်တံ မသန်မာနိုင်သလဲ။ အထက်ကဖြစ်စဉ် တနေရာရာဖြစ်ဖြစ်၊ နေရာတခုမကဖြစ်ဖြစ် ချို့ယွင်းရင် ဖြစ်မယ်။ 


1. Fear ကြောက်စိတ်၊ Anxiety စိုးရိမ်စိတ်၊ Anger ဒေါသ၊ Emotion စိတ်လှုတ်ရှားမှုတွေကနေ Brain ဦးနှောက်က Signal လာမှာကို တားဆီးစေတယ်။ 


2. သွေးကြောရောဂါရှိလို့ လိင်တံကို သွေးဝင်တာနဲ့ သူ့ဆီက ပြန်ထွက်တာမှာ လွဲတာရှိရင်လဲ ဖြစ်မယ်။ 


3. Illness ကိုယ်ကျန်းမာရေးကြောင့်လဲ ဖြစ်မယ်။ ဆီးချိုရှိသူ ၃၅%၊ သွေးတိုး၊ နှလုံးရောဂါ၊ ကျောက်ကပ်ရောဂါ၊ လည်ပင်းကြီးရောဂါ၊ 

အရက်စွဲသူ၊ ခါးဆစ်ရောဂါရှိသူ၊ စိတ်ကျရောဂါရှိသူ၊ သွေးကြောထူရောဂါရှိသူ၊ ဆေးလိပ် အသောက်များသူ။


4. Misinformation လိင်ပညာရေး အသိနည်းသူ၊ အသိလွဲသူ၊ 


5. Poor communication အဖေါ်နှစ်ယောက်အကြား နားလည်မှု မကောင်းရင်၊ 


6. Testosterone (တက်စတိုစတီရုံး) ကျားဟော်မုန်းနည်းသူမျိုးက Sex drive လိင်စိတ်နည်းတာ ဖြစ်နိုင်တယ်။ သန်မာမှုတော့ ဖြစ်နိုင်တယ်။ 


7. Cocaine ကိုကိန်း၊ Heroine ဟီရိုအင်း၊ Amphetamines အမ်ဖက်တမင်း၊ Drugs မူးယစ်ဆေးဝါး၊ Tranquilizers and sleeping pills စိတ်ငြိမ်ဆေး နဲ့ အိပ်ဆေး၊ Antidepressants စိတ်မကျဆေး၊ Beta-blockers (ဘီတာ-ဘလော့ကာ) သွေးကျဆေး၊ Digoxin (ဒိုင်ဂေါက်ဇင်) နှလုံးဆေး၊ Cimetidine (စီမက်တဒင်း) အစာအိမ်ဆေး၊ 




ပန်းသေ-ပန်းညှိုး ကုစားနည်းတွေ

1. Lifestyle changes တချို့မှာ နေထိုင်မှုပုံစံပြောင်းတာနဲ ရနိုင်တယ်။ ဆေးလိပ်၊ အရက်၊ ဆေးဝါး ရှောင်ပါ။ သောက်နေရတဲ့ဆေးရဲ့ ဘေးထွက် ဆိုးကျိုးဆိုရင် ဆေးပြောင်းရင်ပြောင်း၊ ဆေးလျော့ပေးရင် ပေးရမယ်။


2. Sex therapy and counseling လိင်-စိတ်ကုသမှုခံပါ။ ဆရာဝန်ကနေ နှစ်ယောက်လုံးကို အကျိုးအကြောင်း ရှင်းလင်း ပြောပြမယ်။ မှားသိနေတာတွေ ရှင်းမယ်။ ကိုယ်ခန္ဓာအကြောင်း၊ သာယာမှု၊ ခံစားမှု၊ လိင်အင်္ဂါ သန်မာမှု၊ ဆန္ဒပြီးမြောက်မှု၊ ဆက်ဆံပုံတွေကို ဆွေးနွေးကြမယ်။ နှစ်ယောက်သားကလဲ သန္နိဋ္ဌာန်နဲ့ လက်တွေ့ လိုက်နာမှု လိုတယ်။ စိတ်ရှည် အချိန်ယူရမယ်။ 




3. Viagra ဆေးက လူတိုင်းအတွက်ပါ။ လူအိုမှ လိုမှာတော့ မဟုတ်ဘူး။ Viagra ဆေးကတကယ် စွမ်းပါတယ်။ ဒါပေမဲ့ ရှိရှိသမျှ လိင်ကိစ္စတွေကို မကယ်နိုင်ပါ။ သူတခုထဲတော့ မဟုတ်ဘူး၊ Foreplay ဆက်ဆံမှု ကနဦး ကလူကျီစယ်တာနဲ့ ရောရတယ်။ 


4. Uprima ဆေးကိုလဲ အသိအမှတ်ပြုထားပြီးဖြစ်တယ်။ မတူတာက ဒီဆေးက ဦးနှောက် နဲ့ ဗဟိုအာရုံကြောစနစ်ကို သက်ရောက်တယ်။ သက်ရောက်တာ မြန်တယ်။ ဒီဆေးကိုလဲ ဆက်ဆံမှု ကနဦး ကလူကျီစယ်တာနဲ့ တွဲရတယ်။ 2 mg and 4 mg ၂ မျိုးလာတယ်။ ဘေးထွက်အကျိုးနည်းတယ်။ ပျို့ချင်၊ ခေါင်းကိုက်၊ ခေါင်းမူး။


5. Testosterone level နည်းနေရင် ဆေးသောက်ရမယ်။ Pill ဆေးလုံး၊ Gel (ဂျဲလ်)၊ Patch ကပ်ခွါနဲ့ လာတယ်။ Yohimbine ဆေးကတော့ ရှေးကတည်းက သုံးခဲ့တဲ့ Aphrodisiac လိင်စိတ်အားပေးဆေး ဖြစ်တယ်။ Alprostadil ဆေးပါတဲ့ လိင်တံကို လိမ်းရတဲ့ Gel ဆေးလဲ ပေါ်နေတယ်။ တချို့အဆင်မပြေဘူး ပြောပါတယ်။ MUSE စနစ်ဆိုတာက Alprostadil ဆေးတောင့်ကို Urethra ဆီးသွားပြွန်ထဲကို Plastic applicator ကရိယာ ချောင်းလေးနဲ့ ထည်ပေးပြီး သန်မာစေတယ်။ 


6. Alprostadil ဆေးကို လိင်တံထဲက အသားပွထဲကို Intracavernous Injections ထိုးပေးနည်း ဖြစ်တယ်။ သတ္တိပြတာ မြန်တယ်။ သွေးလျှောက်တာ များစေတယ်။ အင်္ဂါအရွယ်လဲ ကြီးစေတယ်။ တချို့မှာ ဆေးမထိုးဘဲ ပြန်ပြီးသန်မာစေတယ် ပြောတယ်။ တချို့အဲလို မဖြစ်ဘူး။ ဘေးထွက်အကျိုး သိပ်မများပါ။ ဒါပေမဲ့ ဆေးလွန်ရင် Priapism ပြန်မကျနိုင်တာ ဖြစ်စေနိုင်တယ်။ အဲလိုဖြစ်ရင် ရေခဲချက်ချင်းတင်ပေးရတယ်။


7. Vacuum devices လေဟာနယ်သုံး ကရိယာ။ ဆလင်ဒါနှစ်ခု၊ (ပန့်ပ်) တခုပါတယ်။ ကွင်းလေးတခု စွပ်ရတယ်။

8. Surgery နှလုံး-သွေးကြော ကျဉ်းသူတွေကို Bypass ခွဲစိတ်နည်းလုပ်ပေးသလို လိင်အင်္ဂါသွား သွေးကြော ကျဉ်းနေတာကို ခွဲပေးနိုင်ပါတယ်။


9. Implants ကရိယာ ၂ မျိုးရှိတယ်။ Silicone rubber rods စီလီကွန်-ရာဘာ ၂ ချောင်း ထည့်ပေးတာပါ။ အကွေး-အဆန့် အတန်အသင့်လုပ်လို့ရတယ်။ အမြဲဖြောင့်တန်းနေတာကို မလိုတဲ့အချိန် ခေါက်ထားလို့ ရတယ်။ ဒိထက် ပိုရှုတ်ထွေးတဲ့ ကရိယာကတော့ Inflatable Implant ခေါ်တယ်။ လိုတဲ့အခါ လိင်တံထဲ သွင်းပေထားတဲ့ ဆလင်ဒါ ၂ ခုထဲကို အရည်သွင်းပေးရတယ်။ ထိရောက်တဲ့ ဆေးတွေ ပေါ်လာတော့ သိပ်ခေတ်မစားတော့ပါ။ ဆီးကျိတ်ခွဲထားရသူတွေက သုံးတာများတယ်။ Cock ring ဆိုတာ ရာဘာကွင်းလေး ဖြစ်တယ် လိင်တံအခြေမှာ ကျကျနန စွပ်ပေးထားရတယ်။ သွေးပြန်ထွက်မလာအောင် လုပ်ပေးတယ်။ တချို့လူတွေအတွက် အဆင်ပြေတယ်။ နာရီဝက်ထက်တော့ ဆက်တိုက် စွပ်မထားသင့်ပါ။ 


မေးခွန်းကို ဖြေဘို့ ချုပ်လို့ ရပါပြီ။ လူတယောက်နဲ့ တယောက် အခြေခံတွေ ခြားနားကြပါမယ်။ သူတို့အဖေါ်တွေလဲ ကွဲလွဲကြမယ်။ ကာလ-ဒေသ-ပယောဂ တူကြမယ် မဟုတ်ပါ။ (ဗိုင်ယာဂရာ) ဆေးက တချို့အတွဲတွေအတွက် အလွန်မတန် ကောင်းပြီး တချို့မှာ အသင့်အတင့် ကောင်းပါမယ်။ 


Dr. တင့်ဆွေ

၂၈-၂-၂ဝ၁၁

http://health-adult-reading.blogspot.com/2011/04/physiology-of-erection.html

Wednesday, May 11, 2022

ပြန်မရနိုင်တော့တဲ့ တဒင်္ဂလေးတွေ

 ပြန်မရနိုင်တော့တဲ့ တဒင်္ဂလေးတွေ




 🙏 ရဝေနွယ် (အင်းမ)


ဂေါတမဘုရားရှင်လက်ထက်မတိုင်ခင်က သရဒရယ်၊ သီရိဝဍ္ဎနရယ်ဆိုပြီး အလွန်ချစ်တဲ့ သူငယ်ချင်း နှစ်ယောက် ရှိခဲ့ဖူးပါတယ်။


         သရဒက သူ့ရဲ့အဖေ သေတော့ ရသေ့ဝတ်ပြီး တရား အားထုတ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒါကြောင့် သူငယ်ချင်း သီရိဝဍ္ဎန ဆီသွားပြီး  ငါနဲ့အတူ ရသေ့ဝတ်မလား မေးတော့ သီရိဝဍ္ဎနက မဝတ်သေးဘူး လို့ ပြန်ပြောလိုက်ပါတယ်။


          သရဒက တောင်ခြေတစ်ခုမှာ သွားပြီး ရသေ့ဝတ်လိုက်ပါ တယ်။ တပည့်တွေကလည်း အတူလိုက်ပြီး ရသေ့ဝတ်ကြပါတယ်။ သရဒရသေ့က တရားအားထုတ်လိုက်တာ လောကီအဘိညာဉ် ငါးပါး၊ သမာပတ်ရှစ်ပါးကို ရသွားပါတယ်။ တပည့်ရသေ့တွေကို သင်ပေးတော့ တပည့်ရသေ့တွေလည်း အဘိညာဉ်၊ သမာပတ်တွေပါ ရသွားပြန်ပါတယ်။ အဲဒီအချိန်မှာ အနောမဒဿီမြတ်စွာဘုရား ကြွလာပါတယ်။ ဒီတော့ သရဒရသေ့က ဆွမ်းကပ်ဖို့ တပည့်ရသေ့ တွေကို သစ်သီးတွေ ရှာခိုင်းပြီး ကပ်ပါတယ်။ နောက် တပည့်တွေကို တောပန်းတွေ အများကြီးခူးခိုင်းပြီး မြတ်စွာဘုရားနဲ့ ရဟန်းသံဃာတွေ ထိုင်ဖို့ ပန်းထိုင်ခင်းကြီး လုပ်ခိုင်းပါတယ်။ မြတ်စွာဘုရား အတွက်ကျတော့ ခပ်မြင့်မြင့်၊ လက်ဝဲရံ၊ လက်ယာရံ နှစ်ပါးအတွက် ကျတော့ တစ်ဆင့်နိမ့်နိမ့်၊ တခြားရဟန်းသံဃာတွေအတွက်ကျတော့ ဒီထက်နှိမ့်ခင်းပြီး ပန်းထိုင်ခင်းကြီးနဲ့ ပူဇော်ပါတယ်။


         သရဒရသေ့က သူ ပူဇော်ထားတဲ့ ပန်းထိုင်ခင်းကြီးပေါ်မှာ သီတင်းသုံးနေတဲ့ မြတ်စွာဘုရားနဲ့ သံဃာတော်တွေကို ကြည့်ပြီး ကျေနပ်ပီတိတွေ ဖြစ်နေပါတယ်။ သူ့ရဲ့ ထူးခြားတဲ့ ပန်းထိုင်ခင်းကြီးက ကြည့်လို့မဝ ဖြစ်နေပါတယ်။ ဒါကိုသိတဲ့ မြတ်စွာဘုရားရှင်က လက်ယာရံမထေရ်ကို ပန်းတရားဟောလိုက် ပါလို့ မိန့်လိုက်ပါတယ်။ တရားဆုံးတော့ လက်ဝဲရံမထေရ်ကိုလည်း ပန်းတရားပဲ ဆက်ဟော ခိုင်းပါတယ်။ တရားဆုံးတော့ မြတ်စွာဘုရားကိုယ်တိုင်ကလည်း ပန်းတရားပဲ ဆက်ဟောပေးပါတယ်။


မြတ်စွာဘုရား တရားဆုံးတော့ သရဒရသေ့ ဆရာခေါင်း ဆောင်က လွဲလို့ ကျန်တပည့်ရသေ့အားလုံး အရဟတ္တဖိုလ် ရသွားပါတော့တယ်။


          ဘာဖြစ်လို့ သရဒ ရသေ့ခေါင်းဆောင်ဆရာကြီး အရဟတ္တဖိုလ် မရတာလဲ ဆိုတော့ -

တိပိဋက မင်းကွန်းဆရာတော်ဘုရားကြီးက သရဒရသေ့ စိတ်ပျံ့လွင့်နေလို့ပါ တဲ့။ သရဒရသေ့ ဟာ သူ့ရဲ့ ပန်းထိုင်ခင်း အလှူကြီးကို ကြည့်ပြီး ကျေနပ်ပီတိဖြစ်နေတုန်းမှာပဲ လက်ယာရံ မထေရ်က ပန်းတရားစဟောပါတယ်။


လက်ယာရံမထေရ် ပန်းတရားစဟောချိန်ကစပြီး ငါလည်း သူ့လို လက်ယာရံမထေရ်ဖြစ်ရင် ကောင်းမှာပဲ၊ ငါလည်း သူ့လို လက်ယာရံမထေရ်ဖြစ်ရင် ကောင်းမှာပဲ လို့ စိတ်အတွေးတွေ ထပ်ကာ ထပ်ကာ တွေးနေပါတယ်။ မြတ်စွာဘုရားနဲ့ လက်ဝဲရံ၊ လက်ယာရံ သုံးပါးလုံး ပန်းတရားသာ ဟောပြီးသွားတယ် ငါလည်း သူ့လို လက်ယာရံ မထေရ်ဖြစ်ရင်ကောင်းမှာပဲ ငါလည်း သူ့လို လက်ယာရံ မထေရ်ဖြစ်ရင် ကောင်းမှာပဲ လို့ စိတ်ပျံ့လွင့်နေတာနဲ့ တရားကို သေချာမနာလိုက်နိုင်ပါဘူးတဲ့။


စိတ်ပျံ့လွင့်နေလို့ တရား မရလိုက်တာက ထူးဆန်းနေပါ တယ်။


            ဒါပေမဲ့ သရဒရသေ့က မြတ်စွာဘုရားဆီမှာ ယခု ပြုရ သော ကုသိုလ်ကြောင့် တစ်ဆူဆူသော မြတ်စွာဘုရားရဲ့လက်ယာရံ ဖြစ်ရပါလို၏ လို့ ဆုပန်ပါတယ်။


မြတ်စွာဘုရားရှင်ကလည်း ဂေါတမဘုရားရှင်လက်ထက် မှာ လက်ယာရံအဂ္ဂသာဝကဖြစ်မယ်လို့ ဗျာဒိတ်ပေးလိုက်ပါတယ်။ စိတ်ပျံ့လွင့်နေလို့ အရဟတ္တဖိုလ်နဲ့ လွဲသွားပေမယ့် တစ်ဆင့်မြင့် လက်ယာရံ ဗျာဒိတ်ကို ရသွားခဲ့ပါတယ်။


နောက် သရဒရသေ့က သူငယ်ချင်းသီရိဝဍ္ဎနဆီသွားပြီး ငါတော့ လက်ယာရံဆုပန်ခဲ့ပြီ၊ မင်း လည်း လက်ဝဲရံဆုသွားပန်လိုက်ဦး လို့ သွားပြောပါတယ်။


            စိတ်ပျံ့လွင့်နေလို့ အရဟတ္တဖိုလ်နဲ့လွဲသွားရတဲ့ သရဒရသေ့ဟာ တခြားသူ မဟုတ်ပါဘူး။ စာရေးသူတို့ရဲ့ လက်ယာရံ အဂ္ဂသာဝက အရှင်သာရိပုတ္တရာမထေရ်ပါပဲ။


             သရဒရသေ့ စိတ်ပျံ့လွင့်နေလို့ အရဟတ္တဖိုလ်တရားထူးနဲ့ လွဲသွားရတာကို ထောက်ပြီး တရားထိုင်တဲ့အခါ စိတ်တွေ ပျံ့လွင့် နေရင် စိတ်တွေ ထွက်နေရင် တရားသဘောတွေ ရသင့်သလောက် မရ တော့ပါဘူး။ တစ်ခါတလေများ တရားထိုင်ခါမှ အတွေးတွေက ပိုတွေးလို့ ကောင်းနေတတ်ပါတယ်။ တချို့က ပြောတတ်ကြပါတယ်၊ တရားထိုင်ရင် စိတ်က တစ်ခါပဲ ထွက်ပါတယ် တဲ့၊ တစ်ခါထွက် ဘယ်လောက်ကြာလဲ ဆိုတော့ တစ်ခါထွက် တစ်နာရီ တဲ့၊ ရယ်စရာ ပြောတတ်ကြတာပါ။


            ဒီလိုပါပဲ၊ ကုသိုလ်ရေးရာကိစ္စတွေမှာလည်း စိတ်တွေ ပျံ့လွင့်နေရင် ကုသိုလ်တွေက ရသင့်သလောက် မရတော့ပါဘူး။ ဥပမာ ဘုရားရေချမ်း ပန်းကပ်တယ်၊ ဆုတောင်းတယ်၊ ဒါပေမဲ့ စိတ်တွေက ပျံ့လွင့် နေတယ်ဆိုရင် ကုသိုလ်တွေက ရသင့်သလောက် မရတော့ပါဘူး။ ရေချမ်း ပန်းကပ်နေတုန်း မကြာခဏ ကြုံဖူးချင် ကြုံဖူးကြမှာပါ။ မနက်ဖြန် ငါ ဘယ်သူနဲ့ တွေ့စရာရှိတယ်၊  တွေ့ရင် ဘာတွေ ပြောစရာ ရှိတယ်၊ ဘယ်သူ့ဆီက ဘာတွေ ရစရာရှိတယ် စသည်ဖြင့် ရေချမ်း ပန်းကပ်ရင်း တွေးချင် တွေးနေ တတ်ပါတယ်။


             စာရေးသူကတော့ ဘုရားရေချမ်းကပ်နေတုန်း၊ ဆုတောင်း နေတုန်း စိတ်တွေ ပျံ့လွင့်နေတယ် ဆိုရင်တော့၊ စိတ်တွေ ပျံ့လွင့်သွား တယ် ဆိုရင်တော့ ပြန်ထိုင်၊ ပြန်ကပ်၊ ပြန်ဆုတောင်းလိုက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဖန်ခွက်ကြည်ကြည်လှလှလေးကို ဆပ်ပြာရည် ကောင်းကောင်းလေးနဲ့ သေချာဆေးပြီး ရေသန့်လေးနဲ့ ကပ်ထားရတာ ဆိုတော့ ကိုယ့်ရဲ့ကုသိုလ်လေးက လျော့သွားလို့ မဖြစ်ပါဘူး။ တကယ်လို့ လှေကားကို ဆင်းမိရင်တောင် ပြန်တက်၊ ပြန်ထိုင်၊ ပြန်ကပ်၊ ပြန်ဆုတောင်း တတ်ပါတယ်။


            တကယ်တော့ ရေချမ်း ပန်း ကပ်ချိန်လေးက တကယ့် ခဏ လေးရယ်ပါ။ ခဏအချိန်လေးမှာ ရေချမ်းပန်းဆီ ဆုတောင်းဆီမှာပဲ သတိလေး ကပ်ထားရမှာပါ။ ကျန်တာတွေ တွေးနေရမယ့်အချိန်လည်း မဟုတ်ပါဘူး။ ကိုယ့်ရဲ့ ပစ္စုပ္ပန်အချိန်လေးက အရေးကြီးဆုံးပါ။ တွေးချင်ရင်တော့ ရေချမ်း ပန်း ကပ်ပြီးမှပဲ တွေးသင့်ပါတော့တယ်။


             အသိတစ်ယောက်ကတော့ ရေချမ်းကပ်ခါနီး၊ ဘုရားရှိခိုးခါ နီးဆို စိတ်ကလေးကို အေးချမ်းအောင် အရင်လုပ်ပြီးမှ ကပ်ပါသတဲ့။ စိတ်ကလေး အေးချမ်းအောင် ဘုရားဆောင် သန့်ရှင်းရေးအရင်လုပ်၊ ဘုရားအာရုံပြုပြီး စိတ်အကြည်ဓာတ်လေးရအောင် အရင်ယူပါသတဲ့။ အတုခိုးစရာတစ်ခုပါပဲ။


             တစ်ခါတလေကျတော့လည်း နေ့စဉ်ကုသိုလ်ဝတ် မပျက်ရအောင် သုတ်သုတ် သုတ်သုတ် လောလော လောလောနဲ့ လုပ်လိုက် ရတာတွေလည်း ရှိတတ်ပါတယ်။ အဲဒီလိုအခါမျိုးမှာ ကိုယ့်ရဲ့ ကုသိုလ်လေးဆီ စိတ်အပြည့်ရောက်နေနိုင်ဖို့ဆိုတာ အတော်ခက်လှ ပါတယ်။ နေ့စဉ်ကုသိုလ်ဝတ် မြန်မြန်ပြီးရေးကိုသာ စိတ်က ညွတ်နေ တတ်တော့တာပါ။


           ပြုလုပ်ဆဲအလုပ်သာ အရေးကြီးတယ် ဆိုတာကို တိပိဋက ယောဆရာတော်ဘုရားရဲ့ လင်္ကာလေးနဲ့ သတိကပ်ထားလည်း ရပါ တယ်။

     ပစ္စုပ္ပန်သာ၊ ရောက်ဆဲမှာ၊ မှန်စွာ အဖိုးတန်ဆုံး။

      ပြုလုပ်ဆဲသာ၊ အလုပ်မှာ၊ မှန်စွာ အရေးကြီးဆုံး။


         ဒီတော့ ရေချမ်းကပ်နေရင် ရေချမ်းကပ်နေတာက အရေး အကြီးဆုံးပါ၊ မိတ်ဆွေနဲ့ စကားပြောနေရင် မိတ်ဆွေနဲ့ စကားပြောနေတာက အရေးအကြီးဆုံးပါ၊ ထမင်းစားနေရင် ထမင်းစားနေတာက အရေးအကြီးဆုံးပါ၊ စာသင်နေရင် စာသင်နေတာက အရေးအကြီးဆုံးပါ၊ နောက်ဆုံး မရိုသေ့စကား အိမ်သာတက်နေရင်တောင် အိမ်သာတက်နေတာက အရေးအကြီးဆုံးပါ။


                 မြတ်နိုးတန်ဖိုးထားရတဲ့ မိတ်ဆွေတွေနဲ့ တွေ့နေချိန်မှာ စိတ်က ကိုယ့်မိတ်ဆွေတွေဆီမှာ မရှိဘဲ တခြားဆီ လွင့်မျောနေရင် မြတ်နိုး တန်ဖိုးထားရမယ့် တွေ့ဆုံချိန်လေးတွေ ဆုံးရှုံးနစ်နာရတော့ တာပါ၊ ပြန်မရနိုင်တော့တဲ့ တဒင်္ဂလေးတွေပါ။ စိတ်ပျံ့လွင့်နေချိန်မှာ ကိုယ့်မိတ်ဆွေက အရေးကြီးတဲ့စကား ပြောနေချိန်ဆို အရေးကြီး စကားတွေ လွတ်သွားရင် ပိုပြီးတော့တောင် နစ်နာသွားရပါသေး တယ်။ နောက်တစ်ကြိမ် ဒီအခွင့်အရေးမျိုး ပြန်မရနိုင်တော့ပါဘူး။ တွေ့ခွင့်ရချိန်လေးက တကယ့် ခဏလေး ရယ်ပါ။


            စိတ်တွေက ကိုယ့်မိတ်ဆွေဆီမှာ မရှိဘူး၊ တခြား ရောက်နေ တယ်ဆိုတာ တချို့ မိတ်ဆွေတွေက ခန့်မှန်းသိတတ်ကြပါတယ်။ အဲဒါဆို တကယ့် အားနာစရာကြီးပါ။ တစ်ခါတလေ ကိုယ်တိုင်ကြုံရတတ်လို့ ကိုယ့်မိတ်ဆွေမျက်နှာကို အားနာနာနဲ့ ပြုံးပြီး ပြန်ပြန်ကြည့်ပေးရ ပါတယ်။ စိတ်ပျံ့လွင့်နေတာကလည်း အားနည်းချက်တစ်ခုပါပဲ။ စာလိုပြောရင် သမာဓိအားနည်းတာပါပဲ။


               ပျော်စရာခရီးတစ်ခု ထွက်နေရချိန်မှာလည်း စိတ်က လက်ရှိ ခရီးအပေါ်မှာ မထားနိုင်ရင် နစ်နာမှုတစ်ခုပါပဲ။ တချို့ ခရီးစဉ်တွေက တစ်သက်စာအတွက် လုံလောက်ပါတယ်။ ဘဝမှာ သတိရချင်ရင် ပြန်သတိရရမယ့် စာရင်းထဲမှာ ပါနေပါတယ်။


            အဲဒီလိုများ ကြုံရရင် ယောဆရာတော်ဘုရားရဲ့

ပစ္စုပ္ပန်သာ၊ ရောက်ဆဲမှာ၊ မှန်စွာ အဖိုးတန်ဆုံး။

ပြုလုပ်ဆဲသာ၊ အလုပ်မှာ၊ မှန်စွာ အရေးကြီးဆုံး ဆိုတဲ့ လင်္ကာလေးနဲ့ တိုးတိုးလေးရွတ်ပြီး ကိုယ့်ကိုယ်ကိုယ် ပြန်သတိပေး လိုက်လည်း ရပါတယ်။ ဒါမှမဟုတ် ရောက်ဆဲ၊ လုပ်ဆဲသာ အရေး အကြီးဆုံး၊ ကျန်တာတွေ မနက်ဖြန်မှပဲ စဉ်းစားတော့မယ် လို့ ကိုယ် နားလည်သလို သတိပေးလည်း ရပါတယ်။


             ကျောင်းသားတစ်ယောက် ဆရာမဆီမှာ အင်္ဂလိပ်စာသင်နေ မယ်၊ ဒီဝါကျမှာ toလုံးဝ မထည့်ရဘူး၊ forပဲ ထည့်ရမယ် လို့ သေချာ သင်ပေးနေတယ်။ ပြောလိုက်တာက မိနစ်ပိုင်းလေးပါပဲ၊ စိတ် ပျံ့လွင့်နေရင် မသိလိုက်တော့ပါဘူး။ ဒီတော့ စာမေးပွဲမှာ အမှတ်က လျော့သွားတော့တာပါ။ လောကီနယ်ပယ်မှာ သိသာ ထင်ရှားတဲ့ သာဓကတစ်ခုပါ။


                ဓမ္မနယ်ပယ်မှာကော၊ လောကီနယ်ပယ်မှာကော စိတ်ကို ပစ္စုပ္ပန်တည့်တည့် မထားနိုင်ရင် အနည်းနဲ့အများတော့ နစ်နာရတာ ပါပဲ။


                ဒီနေရာမှာ ထူးခြားတဲ့ တချို့ကျတော့ ကျောင်းဆောင်ကြီး အကြီးကြီးဆောက်လှူတယ်၊ အလှူကြီးဧည့်ခံရက်မတိုင်ခင် တစ်ရက် အလို တစ်ညနေမှာ မိသားစုလိုက် ဘုန်းကြီးကျောင်းမှာ သွားပြီး စိတ်အေးအေးချမ်းချမ်း ကြည်ကြည်နူးနူးလေးနဲ့ ကြိုရေစက်ချထား လိုက်ပါသတဲ့။ အလှူနေ့မှာ ဖိတ်ထားတဲ့ဧည့်သည်တွေကို ဧည့်ခံနေ ရတာ ဆိုတော့ စိတ်က ကုသိုလ်စိတ်ဆီ အပြည့်မထားနိုင်မှာ စိုးလို့ ပါတဲ့။ အလှူကြီးနေ့ကျတော့လည်း ဧည့်သည်တွေနဲ့အတူ တစ်ခါထပ် ရေစက်ချပါသတဲ့။ အတော်အတုခိုးဖို့ကောင်းတဲ့ အပြုအမူတစ်ခုပါပဲ။ ကိုယ်ပြုတဲ့ ကုသိုလ်ကို အပြည့်တန်အောင် ယူသွား တာပါ။ လူတွေ အများကြီးနဲ့ဆို ရေစက်ချတဲ့အချိန် စိတ်ကို ရေစက်ခွက်ဆီထားနိုင်ဖို့ ဆိုတာ အတော်မလွယ်လှတဲ့ ကိစ္စပါ။


            ဓမ္မနယ်ပယ်မှာကော၊ လောကီနယ်ပယ်မှာကော စိတ်ကို ပစ္စုပ္ပန်တည့်တည့်ထားနိုင်တာကလည်း အားသာချက်တစ်ခုပါပဲ။ ဒါက ပါရမီနဲ့လည်း ဆိုင်ပါတယ်။ ကိုယ်တိုင်က နှစ်ခုလုံးအပေါ် အားနည်းချက်ရှိတာဆိုတော့ သတိထားနည်းတွေ တွေ့ရင် ပိုလို့ စိတ်ဝင်စားတတ်ပါတယ်။


           ဘာပဲပြောပြောလေ ရေချမ်းကပ်နေချိန်မှာ ရေချမ်းကပ်နေ တာလေးက အရေးအကြီးဆုံးပါ၊ မြတ်နိုးရတဲ့မိတ်ဆွေတွေနဲ့ တွေ့နေ ချိန်မှာ မြတ်နိုးရတဲ့မိတ်ဆွေတွေနဲ့ တွေ့နေတာလေးက အရေးအကြီး ဆုံးပါ။ ပြန်မရနိုင်တော့တဲ့ တဒင်္ဂလေးတွေဆိုတော့ စဉ်းစားစရာ ရှိရင်လည်း မနက်ဖြန်မှပဲ စဉ်းစားတာ ကောင်းပါတယ်လေ။        

                                 ရဝေနွယ်(အင်းမ)                                                                                                                                 

ကျမ်းကိုး။    ။

မဟာဗုဒ္ဓဝင်(ဆဋ္ဌမတွဲ၊ ပ-ပိုင်း)             

မင်းကွန်းတိပိဋကဆရာတော်ဘုရားကြီး။