Showing posts with label စီးပွားရေး. Show all posts
Showing posts with label စီးပွားရေး. Show all posts

Friday, November 6, 2026

အွန်လိုင်းငွေလိမ်ဂိုဏ်းစီးပွားရေးစနစ်

 အွန်လိုင်းငွေလိမ်ဂိုဏ်းစီးပွားရေးစနစ်




၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့မှာ Critical Asian Studies ပညာရပ်ဆိုင်ရာဂျာနယ်က သုတေသနစာတမ်းတစ်စောင် ထုတ်ဝေခဲ့ပါတယ်။ စာတမ်းနာမည်က Compound Capitalism: A Political Economy of Southeast Asia’s Online Scam Operations ဖြစ်ပြီး မြန်မာလိုဆိုရင် “ခြံဝင်းအခြေပြု အရင်းရှင်စနစ် — အရှေ့တောင်အာရှ အွန်လိုင်းငွေလိမ်လုပ်ငန်းများ၏ နိုင်ငံရေးစီးပွားရေး” လို့ ပြန်ဆိုနိုင်ပါတယ်။ သုတေသနကို Ivan Franceschini၊ Ling Li နဲ့ Mark Bo ဆိုတဲ့ သုတေသီသုံးဦးက ပူးပေါင်းရေးသားခဲ့ကြတာပါ။ စာမျက်နှာ ၅၇၅ ကနေ ၆၀၃ အထိ ပါဝင်တဲ့ စာတမ်းဖြစ်ပါတယ်။ 


ဒီသုတေသနရဲ့ အထူးခြားဆုံးအချက်က အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို ရာဇဝတ်မှုကျူးလွန်နေတဲ့ လူတစ်စုအဖြစ်ပဲ မကြည့်ဘဲ လူသားတွေကို အတင်းအကျပ် အလုပ်ခိုင်းစေခြင်း၊ နည်းပညာကို အသုံးချခြင်းနဲ့ ကမ္ဘာတစ်ဝန်းက လူတွေရဲ့ ငွေကြေးကို လိမ်လည်ရယူခြင်းတို့ ပေါင်းစပ်ထားတဲ့ စီးပွားရေးစနစ်တစ်ခု အဖြစ် လေ့လာထားတာ ဖြစ်ပါတယ်။ ဥပမာ၊ အွန်လိုင်းမှာ လူတစ်ယောက်ကို လိမ်လည်ပြီး ငွေယူနေတဲ့သူကို မြင်ရတဲ့အခါ ကျွန်တော်တို့က သူ့ကို ငွေလိမ်သမားလို့ သတ်မှတ်ကြပါတယ်။ ဒါပေမဲ့ အဲဒီလူဟာ တကယ်တမ်းမှာ အဆောက်အအုံတစ်ခုထဲ ပိတ်လှောင်ခံထားရသူ ဖြစ်နေနိုင်ပါတယ်။ သူ့အထက်မှာ အလုပ်ကြီးကြပ်သူတွေ၊ ကုမ္ပဏီပိုင်ရှင်တွေ၊ လုံခြုံရေးအဖွဲ့တွေ ရှိနေတယ်။ သူ လိမ်လည်ရရှိတဲ့ငွေတွေဟာလည်း စနစ်တကျ ဖွဲ့စည်းထားတဲ့ ရာဇဝတ်စီးပွားရေးကွန်ရက်ထဲကို စီးဝင်သွားပါတယ်။ ဒီလိုအခြေအနေကို ရှင်းပြဖို့ သုတေသီတွေက Compound Capitalism ဆိုတဲ့ အယူအဆကို အသုံးပြုခဲ့ကြတာပါ။


စာတမ်းအရ ဒီလုပ်ငန်းတွေရဲ့ အစောပိုင်းဇာစ်မြစ်ကို ၁၉၉၀ ပြည့်လွန်နှစ်တွေက ထိုင်ဝမ်နဲ့ တရုတ်ပြည်မကြီးမှာ တွေ့နိုင်ပါတယ်။ အဲဒီကာလမှာ တယ်လီဖုန်းအသုံးပြုပြီး ငွေလိမ်လည်တဲ့ လုပ်ငန်းတွေ ပေါ်ပေါက်လာခဲ့ပါတယ်။ နောက်ပိုင်း အင်တာနက်နဲ့ ဆက်သွယ်ရေးနည်းပညာတွေ တိုးတက်လာတဲ့အခါ လိမ်လည်မှုပုံစံတွေလည်း ပြောင်းလဲလာခဲ့ပါတယ်။ ၂၀၁၀ ပြည့်လွန်နှစ်တွေမှာ တရုတ်နဲ့ ထိုင်ဝမ်ဘက်က ဥပဒေစိုးမိုးရေးအဖွဲ့တွေရဲ့ နှိမ်နင်းမှုတွေကြောင့် လုပ်ငန်းအများအပြားဟာ အရှေ့တောင်အာရှနိုင်ငံတွေဘက်ကို ရွှေ့ပြောင်းလာခဲ့ကြပါတယ်။ အထူးသဖြင့် ကမ္ဘောဒီးယားနဲ့ ဖိလစ်ပိုင်နိုင်ငံတွေဟာ အရေးပါတဲ့ အခြေစိုက်ရာဒေသတွေ ဖြစ်လာခဲ့ပါတယ်။


အစပိုင်းမှာ ငွေလိမ်လုပ်ငန်းတွေကို တိုက်ခန်းတွေ၊ လူနေအိမ်တွေ၊ ဟိုတယ်အခန်းတွေထဲမှာ အုပ်စုငယ်လေးတွေအဖြစ် လုပ်ကိုင်ခဲ့ကြပါတယ်။ ဒါပေမဲ့ ၂၀၁၀ ပြည့်လွန်နှစ်တွေရဲ့ ဒုတိယပိုင်းမှာ အခြေအနေပြောင်းလဲလာခဲ့ပါတယ်။ လုပ်ငန်းငယ်လေးတွေကနေ နံရံမြင့်မြင့်တွေ ကာရံထားတဲ့ အဆောက်အအုံစုကြီးတွေအဖြစ် ပြောင်းလဲလာပါတယ်။ ခြံဝင်းတစ်ခုထဲမှာ ကုမ္ပဏီပေါင်းများစွာ အခြေစိုက်လာကြပါတယ်။ အလုပ်သမားတွေရဲ့ နေထိုင်ရာ၊ အလုပ်လုပ်ရာနဲ့ အပန်းဖြေရာနေရာတွေကိုပါ ခြံဝင်းတစ်ခုတည်းအတွင်း စုစည်းထားလာပါတယ်။ အဲဒီကနေ အွန်လိုင်းငွေလိမ်လုပ်ငန်းဟာ လူအနည်းငယ် လုပ်ကိုင်တဲ့ ရာဇဝတ်မှုအဆင့်ကနေ စက်မှုလုပ်ငန်းကြီးတစ်ခုလို စနစ်တကျ လည်ပတ်တဲ့ အဆင့် ကို ရောက်ရှိလာခဲ့ပါတယ်။ 


ဒီသုတေသနဟာ သတင်းစာတွေမှာ ဖော်ပြထားတဲ့ ဖြစ်ရပ်တွေကိုပဲ စုစည်းထားတာ မဟုတ်ပါဘူး။ သုတေသီတွေဟာ ကမ္ဘောဒီးယားနိုင်ငံမှာ နှစ်အတော်ကြာ ကွင်းဆင်းလေ့လာမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ ဒါ့အပြင် ကမ္ဘောဒီးယား၊ မြန်မာနဲ့ လာအိုနိုင်ငံတွေက ငွေလိမ်လုပ်ငန်းခြံဝင်းတွေမှာ ပိတ်လှောင်ခံခဲ့ရပြီး ပြန်လည်လွတ်မြောက်လာသူ ၃၂ ဦးရဲ့ အတွေ့အကြုံတွေကို အသေးစိတ် မေးမြန်းလေ့လာခဲ့ကြပါတယ်။.အဲဒီသက်သေခံချက်တွေကို အခြားအရပ်ဘက်အဖွဲ့အစည်းတွေ၊ သတင်းမီဒီယာတွေက စုဆောင်းထားတဲ့ အထောက်အထားတွေနဲ့လည်း နှိုင်းယှဉ်လေ့လာခဲ့ပါတယ်။  သုတေသီတွေရဲ့ အဓိကမေးခွန်းက ငွေလိမ်သမားတွေ ဘယ်လိုလိမ်ကြသလဲ ဆိုတာတစ်ခုတည်း မဟုတ်ပါဘူး။ ဒီလုပ်ငန်းတွေကို ဘယ်လိုစီမံခန့်ခွဲကြသလဲ။ အလုပ်သမားတွေကို ဘယ်လိုထိန်းချုပ်ထားသလဲ။ ငွေကြေးအမြတ်အစွန်းကို ဘယ်လိုရှာဖွေကြသလဲ။ အဲဒီလို စီးပွားရေးလုပ်ငန်းတွေ ဆက်လက်တည်ရှိနိုင်ဖို့ ဘယ်လိုနိုင်ငံရေးနဲ့ လူမှုရေးအခြေအနေတွေက အထောက်အကူပြုနေသလဲ ဆိုတာတွေကို နားလည်ဖို့ ကြိုးစားခဲ့ကြတာဖြစ်ပါတယ်။


သုတေသီတွေရဲ့ အဆိုအရ Compound Capitalism ဟာ အမြတ်အစွန်းရရှိဖို့ လူသားတွေကို အလွန်အမင်း ခေါင်းပုံဖြတ်အသုံးချတဲ့ Predatory Capitalism ပုံစံသစ်တစ်ခု ဖြစ်ပါတယ်။ ဒီစနစ်မှာ ထူးခြားတဲ့ အခြေခံလက္ခဏာ လေးခု ရှိပါတယ်။


ပထမအချက် ဥပဒေသက်ရောက်မှုကနေ ကင်းလွတ်နေတဲ့ နယ်မြေများ (Exceptionality)


ပုံမှန်အားဖြင့် စီးပွားရေးလုပ်ငန်းတစ်ခုဟာ သက်ဆိုင်ရာနိုင်ငံရဲ့ ဥပဒေတွေကို လိုက်နာရပါတယ်။ အလုပ်သမားတစ်ယောက်ကို အကြောင်းမဲ့ ပိတ်လှောင်ထားလို့ မရပါဘူး။ ညှဉ်းပန်းနှိပ်စက်လို့ မရပါဘူး။ အလုပ်ထွက်ချင်သူကို အတင်းအကျပ် တားဆီးထားလို့ မရပါဘူး။ ဒါပေမဲ့ ငွေလိမ်လုပ်ငန်းခြံဝင်းတချို့မှာတော့ အဲဒီလို မဟုတ်တော့ပါဘူး။ ခြံဝင်းအတွင်းမှာ ကိုယ်ပိုင်လုံခြုံရေးအဖွဲ့တွေ ရှိနေပါတယ်။ အလုပ်သမားတွေကို ဘယ်လိုအပြစ်ပေးမယ်၊ ဘယ်လိုထိန်းချုပ်မယ်ဆိုတာကို လုပ်ငန်းပိုင်ရှင်တွေနဲ့ စီမံခန့်ခွဲသူတွေက ဆုံးဖြတ်ကြပါတယ်။ အဲ့ဒီနေရာတွေကို ပြင်ပကလူတွေ ဝင်ရောက်ဖို့ ခက်ခဲသလို အထဲကလူတွေ ထွက်ခွာဖို့လည်း မလွယ်ကူပါဘူး။ 


အဲဒီလိုနဲ့ နိုင်ငံတစ်နိုင်ငံရဲ့ နယ်နိမိတ်အတွင်းမှာ ရှိနေသော်လည်း လက်တွေ့မှာ အစိုးရရဲ့ ဥပဒေအာဏာ အပြည့်အဝ မသက်ရောက်နိုင်တဲ့ နေရာတွေ ဖြစ်လာပါတယ်။ သုတေသီတွေက ဒါကို Spaces of Exception ဆိုတဲ့ သဘောတရားနဲ့ ရှင်းပြကြပါတယ်။ ဒီအခြေအနေတွေ ဖြစ်ပေါ်လာရာမှာ ဒေသခံနိုင်ငံရေးအာဏာရှိသူတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ၊ ရာဇဝတ်ကွန်ရက်တွေကြားက ဆက်နွှယ်မှုတွေဟာ အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်နေပါတယ်။ တစ်နည်းအားဖြင့် ငွေလိမ်လုပ်ငန်းကြီးတွေ ဆက်လက်တည်ရှိနိုင်တာဟာ ရာဇဝတ်သားတွေမှာ နည်းပညာရှိနေလို့ တစ်ခုတည်း မဟုတ်ပါဘူး။ သူတို့ကို အကာအကွယ်ပေးနိုင်တဲ့၊ ဒါမှမဟုတ် ထိရောက်စွာ အရေးမယူတဲ့ နိုင်ငံရေးနဲ့ စီးပွားရေးပတ်ဝန်းကျင် ရှိနေတာကြောင့်လည်း ဖြစ်ပါတယ်။


ဒုတိယအချက် အလုပ်သမားတွေကို သီးခြားခွဲထားပြီး ထိန်းချုပ်ခြင်း (Labour Segregation)


ဒီအချက်ဟာ Compound Capitalism ရဲ့ အရေးကြီးဆုံး လက္ခဏာတွေထဲက တစ်ခုဖြစ်ပါတယ်။ သာမန်စက်ရုံတစ်ရုံမှာ အလုပ်သမားတွေဟာ မနက်အလုပ်ဝင်ပြီး ညနေအလုပ်ဆင်းကြပါတယ်။ အလုပ်ချိန်ပြင်ပမှာ သူတို့ရဲ့ ကိုယ်ပိုင်ဘဝ ရှိပါတယ်။ ငွေလိမ်လုပ်ငန်းခြံဝင်းတွေမှာတော့ အလုပ်သမားတွေရဲ့ အလုပ်လုပ်ချိန်နဲ့ ကိုယ်ပိုင်ဘဝကြားက နယ်နိမိတ်ဟာ ပျောက်ကွယ်သွားနိုင်ပါတယ်။ အလုပ်လုပ်ဖို့ ရုံးခန်းတွေ၊ အိပ်စက်ဖို့ အဆောင်တွေ၊ စားသောက်ဖို့ ဆိုင်တွေကို ခြံဝင်းတစ်ခုတည်းထဲမှာ စီစဉ်ထားပါတယ်။ အလုပ်သမားတစ်ယောက်ဟာ အလုပ်ချိန်ပြီးသွားလို့ အဆောင်ပြန်ရောက်ပေမဲ့ လုပ်ငန်းပိုင်ရှင်ရဲ့ ထိန်းချုပ်မှုအောက်ကနေ လွတ်မြောက်သွားတာ မဟုတ်ပါဘူး။


ဒီလို နေထိုင်ရာနဲ့ အလုပ်လုပ်ရာကို တစ်နေရာတည်းမှာ စုစည်းထားခြင်းဟာ အလုပ်သမားတွေကို အချိန်ပြည့် စောင့်ကြည့်ထိန်းချုပ်နိုင်စေပါတယ်။ သုတေသီတွေဟာ ဒီအခြေအနေကို သမိုင်းထဲက အလုပ်သမားထိန်းချုပ်မှုစနစ်တွေနဲ့ နှိုင်းယှဉ်ခဲ့ကြပါတယ်။ ဥပမာ တောင်အာဖရိကမှာ အသားအရောင်ခွဲခြားရေးခေတ်အတွင်း အသုံးပြုခဲ့တဲ့ သတ္တုတွင်းလုပ်သားနေထိုင်ရေးစနစ်တွေနဲ့ တရုတ်နိုင်ငံက စက်ရုံအဆောင်စနစ်တွေ ဖြစ်ပါတယ်။ ဒါ့အပြင် ငွေလိမ်လုပ်ငန်းတွေမှာ အလုပ်သမားတွေကို လူမျိုး၊ ဘာသာစကားနဲ့ လုပ်ငန်းတာဝန်အလိုက် ခွဲခြားထားတာတွေ ရှိပါတယ်။ ဒီလိုခွဲခြားမှုတွေက အလုပ်သမားအချင်းချင်း ပူးပေါင်းဆောင်ရွက်ဖို့၊ စုပေါင်းခုခံဖို့ ပိုပြီးခက်ခဲစေပါတယ်။ ဒီနေရာမှာ အဓိကအချက်က အလုပ်သမားတွေကို အလုပ်ခိုင်းနေတာတင် မဟုတ်ဘဲ သူတို့ရဲ့ လွတ်လပ်စွာ သွားလာနိုင်မှုနဲ့ နေ့စဉ်ဘဝကိုပါ လုပ်ငန်းရှင်တွေက ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။


တတိယအချက် လူတွေရဲ့ အချက်အလက်တွေကို အတင်းအကျပ် ရယူအသုံးချခြင်း (Forceful Data Extraction)


ဒီအချက်ဟာ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကို အခြားရာဇဝတ်စီးပွားရေးလုပ်ငန်းတွေနဲ့ ကွဲပြားစေတဲ့ လက္ခဏာတစ်ခု ဖြစ်ပါတယ်။ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေဟာ လူတွေရဲ့ ငွေကြေးကို လိမ်လည်ရယူဖို့ သူတို့ရဲ့ ကိုယ်ရေးအချက်အလက်တွေ၊ စိတ်ဝင်စားမှုတွေ၊ လိုအပ်ချက်တွေနဲ့ စိတ်ခံစားချက်တွေကို အသုံးချကြပါတယ်။ ဥပမာ၊ အချစ်ရေးနဲ့ ဆက်နွှယ်တဲ့ ငွေလိမ်မှုတစ်ခုကို ကြည့်နိုင်ပါတယ်။ ငွေလိမ်သမားတစ်ယောက်ဟာ ပစ်မှတ်ထားတဲ့လူတစ်ယောက်ကို ချက်ချင်း ငွေမတောင်းပါဘူး။ အရင်ဆုံး သူနဲ့ ရင်းနှီးအောင် ကြိုးစားပါတယ်။ သူ့ရဲ့ မိသားစုအကြောင်း၊ အလုပ်အကြောင်း၊ အချစ်ရေးအခြေအနေ၊ စိတ်ပူပန်မှုတွေနဲ့ အနာဂတ်မျှော်လင့်ချက်တွေကို သိအောင်လုပ်ပါတယ်။ ပြီးတဲ့နောက် အဲဒီအချက်အလက်တွေကို အသုံးပြုပြီး ယုံကြည်မှုတည်ဆောက်ပါတယ်။ နောက်ဆုံးမှာ ငွေကြေးရင်းနှီးမြှုပ်နှံဖို့ သို့မဟုတ် ငွေလွှဲပေးဖို့ ဆွဲဆောင်ပါတယ်။


သုတေသီတွေက ဒီလုပ်ငန်းစဉ်ကို Surveillance Capitalism လို့ခေါ်တဲ့ စောင့်ကြည့်ရေးအခြေပြု အရင်းရှင်စနစ်နဲ့ ဆက်စပ်ပြီး လေ့လာခဲ့ကြပါတယ်။ လူတွေရဲ့ ကိုယ်ရေးအချက်အလက်နဲ့ အပြုအမူတွေဟာ အမြတ်အစွန်းရှာဖွေရေးမှာ အသုံးချနိုင်တဲ့ အရင်းအမြစ်တွေ ဖြစ်လာတာကို ဆိုလိုပါတယ်။ ဒီနေရာမှာ Compound Capitalism ရဲ့ အထူးခြားဆုံးအချက်က လူ့အချက်အလက်တွေကို အသုံးချပြီး ငွေရှာဖွေတဲ့အလုပ်ကို ပိတ်လှောင်ခံထားရတဲ့ အလုပ်သမားတွေအား အတင်းအကျပ် လုပ်ခိုင်းစေတာ ဖြစ်ပါတယ်။ တစ်ဖက်မှာ အလုပ်သမားရဲ့ လုပ်အားကို ခေါင်းပုံဖြတ်ပါတယ်။ နောက်တစ်ဖက်မှာ အဲဒီလုပ်အားကို အသုံးပြုပြီး ကမ္ဘာတစ်ဝန်းက လူတွေရဲ့ ငွေကြေးကို လိမ်လည်ရယူပါတယ်။

ဒါကြောင့် ဒီစီးပွားရေးလုပ်ငန်းမှာ ထိခိုက်နစ်နာသူ နှစ်မျိုး ပေါ်ပေါက်လာပါတယ်။ အလုပ်လုပ်ဖို့ အတင်းအကျပ် ခိုင်းစေခံရသူတွေနဲ့ ငွေကြေးလိမ်လည်ခံရသူတွေ ဖြစ်ပါတယ်။


စတုတ္ထအချက် အခက်အခဲကြုံတွေ့နေသူတွေရဲ့ အခြေအနေကို အသုံးချခြင်း (Reliance on Desperate Workers)


အွန်လိုင်းငွေလိမ်လုပ်ငန်းတွေမှာ အလုပ်လုပ်နေသူအချို့ဟာ ဝင်ငွေကောင်းကောင်းရမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ရောက်ရှိလာကြတာ ဖြစ်ပါတယ်။ အထူးသဖြင့် ကိုဗစ်ကပ်ရောဂါကာလနဲ့ နောက်ပိုင်းမှာ အလုပ်အကိုင်ဆုံးရှုံးသူတွေ၊ ဝင်ငွေကျဆင်းသူတွေ၊ မိသားစုစားဝတ်နေရေးအတွက် အခက်အခဲကြုံတွေ့နေရသူတွေဟာ လစာကောင်းတဲ့ အလုပ်ကြော်ငြာတွေကို စိတ်ဝင်စားလာကြပါတယ်။ အဲဒီအခြေအနေကို လူကုန်ကူးသူတွေနဲ့ ငွေလိမ်လုပ်ငန်းကွန်ရက်တွေက အသုံးချကြပါတယ်။ တချို့ကို အလုပ်အကိုင်ကောင်းတစ်ခု ရရှိမယ်ဆိုပြီး လှည့်ဖြားခေါ်ဆောင်ကြပါတယ်။ တချို့ကတော့ အလုပ်အမျိုးအစားကို အစောပိုင်းမှာ အပြည့်အဝ မသိခဲ့ကြပါဘူး။ လုပ်ငန်းခြံဝင်းထဲ ရောက်ရှိသွားတဲ့အခါမှ သူတို့ရဲ့ သွားလာခွင့်တွေကို ကန့်သတ်ထားပြီး လိမ်လည်မှုတွေ လုပ်ဆောင်ခိုင်းစေတာ ဖြစ်ပါတယ်။ သုတေသီတွေရဲ့ အမြင်မှာ ဒီလိုအလုပ်သမားတွေကို အသုံးချခြင်းဟာ စီးပွားရေးလုပ်ငန်းရဲ့ မတော်တဆဖြစ်ပေါ်လာတဲ့ အကျိုးဆက်မဟုတ်ပါဘူး။ အလုပ်အကိုင်မရှိမှု၊ ဆင်းရဲနွမ်းပါးမှုနဲ့ စီးပွားရေးအကျပ်အတည်းတွေကြောင့် ဖြစ်ပေါ်လာတဲ့ လူသားတွေရဲ့ အားနည်းချက်ကိုယ်တိုင်က ဒီလုပ်ငန်းတွေ ဆက်လက်လည်ပတ်နိုင်ဖို့ အသုံးချတဲ့ အရင်းအမြစ်တစ်ခု ဖြစ်လာတာပါ။ ဒီလက္ခဏာလေးခုကို သုတေသီ Ivan Franceschini က ၂၀၂၅ ခုနှစ် အင်တာဗျူးတစ်ခုမှာလည်း သူတို့ရဲ့ Compound Capitalism အယူအဆအဖြစ် ထပ်မံရှင်းလင်းခဲ့ပါတယ်။


သုတေသနမှာ တွေ့ရှိခဲ့တဲ့ နောက်ထပ်အရေးကြီးတဲ့အချက်တစ်ခုက ငွေလိမ်လုပ်ငန်းတွေဟာ စနစ်တကျ ဖွဲ့စည်းထားတဲ့ ကုမ္ပဏီကြီးတွေလို အလုပ်လုပ်ကြတာ ဖြစ်ပါတယ်။ အဖွဲ့အစည်းအတွင်းမှာ ကုမ္ပဏီကို ဦးဆောင်သူ၊ အဓိကစီမံခန့်ခွဲသူ၊ အဖွဲ့ခေါင်းဆောင်နဲ့ အလုပ်လုပ်ကိုင်သူတွေဆိုပြီး အဆင့်ဆင့် ဖွဲ့စည်းထားပါတယ်။ အလုပ်သမားအသစ်တွေကို ငွေလိမ်နည်းလမ်းတွေ သင်ကြားပေးပါတယ်။ အလုပ်တာဝန်တွေ ခွဲဝေပေးပါတယ်။ လိမ်လည်ရရှိရမယ့် ငွေပမာဏ သို့မဟုတ် လုပ်ငန်းရည်မှန်းချက်တွေ သတ်မှတ်ပေးပါတယ်။ အောင်မြင်တဲ့ ငွေလိမ်မှုတွေအတွက် ကော်မရှင်ကြေးနဲ့ ဆုကြေးငွေစနစ်တွေ အသုံးပြုကြပါတယ်။ ဒါပေမဲ့ အဲဒီစနစ်ရဲ့ နောက်ကွယ်မှာ အလုပ်ရည်မှန်းချက် မပြည့်မီသူတွေကို ရိုက်နှက်ခြင်း၊ ခြိမ်းခြောက်ခြင်းနဲ့ ပြင်းထန်တဲ့ အပြစ်ပေးမှုတွေ ရှိနေပါတယ်။


လွတ်မြောက်လာသူတွေရဲ့ သက်သေခံချက်တွေမှာ အလုပ်သမားတွေကို အခြားလုပ်ငန်းတွေဆီ ရောင်းချခြင်း၊ ပြန်လည်လွတ်မြောက်ဖို့ ငွေကြေးတောင်းခံခြင်း စတဲ့ ဖြစ်ရပ်တွေလည်း ပါဝင်နေပါတယ်။ အဲဒီလို စီမံခန့်ခွဲမှုဟာ ပုံမှန်စီးပွားရေးလုပ်ငန်းတွေရဲ့ အလုပ်တာဝန်ခွဲဝေမှု၊ အကျိုးအမြတ်မက်လုံးပေးမှုနဲ့ စွမ်းဆောင်ရည်တိုင်းတာမှုတွေကို အတုယူထားသလို ဖြစ်နေပါတယ်။ ဒါပေမဲ့ အလုပ်သမားတွေကို ထိန်းချုပ်တဲ့နေရာမှာတော့ အကြမ်းဖက်မှုနဲ့ လွတ်လပ်ခွင့်ဆုံးရှုံးစေမှုကိုပါ အသုံးပြုထားပါတယ်။ ဒီလိုစနစ်တကျ ဖွဲ့စည်းထားတဲ့ လုပ်ငန်းတွေဟာ အဆောက်အအုံ၊ လုံခြုံရေးနဲ့ အခြားဝန်ဆောင်မှုစရိတ်တွေကို မျှဝေသုံးစွဲနိုင်ကြပါတယ်။ အဲဒါကြောင့် ခြံဝင်းတစ်ခုထဲမှာ ငွေလိမ်ကုမ္ပဏီပေါင်းများစွာ စုစည်းလည်ပတ်ခြင်းဟာ အုပ်စုငယ်တွေအဖြစ် သီးခြားလုပ်ကိုင်တာထက် လုပ်ငန်းအရွယ်အစားကို ပိုမိုချဲ့ထွင်နိုင်စေခဲ့ပါတယ်။


ဒါဟာ ရာဇဝတ်မှုပြဿနာတင်မဟုတ်ဘဲ နိုင်ငံရေးစီးပွားရေးပြဿနာ ဘာကြောင့်ဖြစ်သလဲဆိုတဲ့မေးခွန်းကို ဒီသုတေသနရဲ့ အရေးအကြီးဆုံးအပိုင်းအဖြစ် ဖြေဆိုထားခြင်း ဖြစ်ပါတယ်။ ငွေလိမ်ဂိုဏ်းတစ်ခုကို ဖမ်းဆီးနှိမ်နင်းလိုက်ရင် အဲဒီလုပ်ငန်း ရပ်တန့်သွားနိုင်ပါတယ်။ ဒါပေမဲ့ အဲဒီလိုလုပ်ငန်းတွေကို မွေးထုတ်ပေးနေတဲ့ စီးပွားရေးနဲ့ နိုင်ငံရေးအခြေအနေတွေ ဆက်လက်တည်ရှိနေသရွေ့ အခြားနေရာတွေမှာ လုပ်ငန်းသစ်တွေ ပေါ်ပေါက်လာနိုင်ပါတယ်။ အထူးသဖြင့် ငွေလိမ်လုပ်ငန်းတွေဟာ သူတို့အခြေစိုက်ရာ ဒေသတွေရဲ့ စီးပွားရေးနဲ့ ဆက်စပ်နေကြပါတယ်။ ခြံဝင်းဆောက်လုပ်ရေးမှာ ပါဝင်တဲ့ လုပ်ငန်းတွေ၊ အဆောက်အအုံငှားရမ်းသူတွေ၊ လုံခြုံရေးဝန်ဆောင်မှုပေးသူတွေ၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေနဲ့ အခြားဝန်ဆောင်မှုလုပ်ငန်းတွေဟာ ငွေလိမ်လုပ်ငန်းတွေကြောင့် ဝင်ငွေရရှိနေနိုင်ပါတယ်။


တစ်ဖက်မှာလည်း အဲဒီလုပ်ငန်းတွေကနေ အကျိုးအမြတ်ရရှိနေတဲ့ အာဏာရှိသူတွေအတွက် လုပ်ငန်းတွေ ဆက်လက်တည်ရှိနေတာဟာ ကိုယ့်အကျိုးစီးပွားကို ကာကွယ်ရာရောက်လာနိုင်ပါတယ်။ ဒီလိုနဲ့ ရာဇဝတ်စီးပွားရေးလုပ်ငန်းဟာ ဒေသတွင်း စီးပွားရေးနဲ့ အာဏာတည်ဆောက်ပုံတွေထဲမှာ တဖြည်းဖြည်း အမြစ်တွယ်လာနိုင်ပါတယ်။ သုတေသီတွေက ဒီလို အခြေအနေမျိုးကိုပဲ ရာဇဝတ်မှုအနေနဲ့သာမက နိုင်ငံရေးစီးပွားရေးစနစ်တစ်ခုအဖြစ် လေ့လာဖို့ လိုအပ်ကြောင်း တင်ပြထားတာ ဖြစ်ပါတယ်။ ဒီအကြောင်းကို စာရေးသူတွေက ၂၀၂၅ ခုနှစ်မှာ ထပ်မံဆွေးနွေးခဲ့ကြရာမှာလည်း ငွေလိမ်လုပ်ငန်းတွေဟာ ဒေသခံအာဏာရှိသူတွေရဲ့ စီးပွားရေးအကျိုးစီးပွားနဲ့ ဆက်စပ်နေကြောင်း ရှင်းပြခဲ့ကြပါတယ်။


Compound Capitalism သုတေသနဟာ အရှေ့တောင်အာရှက အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကို နားလည်ဖို့ အမြင်သစ်တစ်ခု ပေးခဲ့ပါတယ်။ ဒီလုပ်ငန်းတွေမှာ အတင်းအကျပ်ခိုင်းစေခံရတဲ့ အလုပ်သမားတွေဟာ လိမ်လည်မှုကျူးလွန်တဲ့ လုပ်ငန်းစဉ်ထဲမှာ ပါဝင်နေရသလို သူတို့ကိုယ်တိုင်လည်း ခေါင်းပုံဖြတ်ခံနေရသူတွေ ဖြစ်ပါတယ်။ သူတို့ရဲ့ လုပ်အားကို အသုံးပြုပြီး အခြားလူတွေရဲ့ ငွေကြေးကို လိမ်လည်ရယူပါတယ်။ အဲဒီကရရှိတဲ့ အမြတ်အစွန်းတွေက ရာဇဝတ်စီးပွားရေးကွန်ရက်ကို ပိုမိုကြီးထွားလာစေပါတယ်။ အမြတ်အစွန်းရရှိနေတဲ့ ကွန်ရက်ကြီးထဲမှာ လုပ်ငန်းပိုင်ရှင်တွေ၊ စီမံခန့်ခွဲသူတွေ၊ လူကုန်ကူးသူတွေ၊ ဝန်ဆောင်မှုပေးသူတွေနဲ့ အာဏာရှိသူအချို့ပါ ဆက်နွှယ်လာနိုင်ပါတယ်။


ဒါကြောင့် ဒီစနစ်ကို ငွေလိမ်သမားတစ်ယောက်ချင်းစီရဲ့ ပြစ်မှုတွေအဖြစ်သာ ကြည့်မယ်ဆိုရင် အဲဒီပြစ်မှုတွေကို အကြီးအကျယ် ထုတ်လုပ်ပေးနေတဲ့ စီးပွားရေးစနစ်ကြီးကို မမြင်နိုင်တော့ပါဘူး။ ဒီသုတေသနရဲ့ အဓိကအယူအဆကို စကားတစ်ခွန်းနဲ့ ချုပ်ရမယ်ဆိုရင် အွန်လိုင်းငွေလိမ်ဂိုဏ်းတွေဟာ နည်းပညာအသုံးပြုတဲ့ ရာဇဝတ်ဂိုဏ်းတွေတင် မဟုတ်တော့ဘဲ လူ့လုပ်အား၊ လူ့အချက်အလက်နဲ့ လူသားတွေရဲ့ အခက်အခဲတွေကို အမြတ်အစွန်းအဖြစ် ပြောင်းလဲထုတ်ယူနေတဲ့ စီးပွားရေးစနစ်တစ်ခု ဖြစ်လာခဲ့တယ် ဆိုတာပါပဲ။ သုတေသနဟာ အရည်အသွေးအခြေပြု ကွင်းဆင်းလေ့လာမှုဖြစ်ပြီး လုပ်ငန်းတွေရဲ့ အတွင်းပိုင်းဖွဲ့စည်းပုံကို အဓိကစူးစမ်းထားပါတယ်။ ငွေကြေးခဝါချမှုကွန်ရက်တစ်ခုလုံး၊ ပြင်ပက လူသစ်စုဆောင်းရေးကွန်ရက်တွေနဲ့ ငွေလိမ်လုပ်ငန်းတစ်ခုလုံးရဲ့ စီးပွားရေးအရွယ်အစားကို တိုင်းတာထားတဲ့ သုတေသနတော့ မဟုတ်ပါဘူး။


မူရင်းသုတေသန

https://www.tandfonline.com/doi/full/10.1080/14672715.2023.2268104


Inside Southeast Asia’s Scam Compounds စာရေးသူနှစ်ဦးရဲ့ အင်တာဗျူး⁠

https://madeinchinajournal.com/2025/09/17/episode-4-inside-southeast-asias-scam-compounds/

Sunday, October 11, 2026

Property Tax အမျိုးအစားများ

 အိမ်မရောင်းဘဲ အခွန်ပေးရခြင်းရဲ့ နောက်ကွယ်.... သို့မဟုတ် Property Tax အမျိုးအစားများ






အိမ်တစ်လုံးဝယ်ပြီး ငွေအကုန်ချေလိုက်ပြီ။ အကြွေးလည်း မရှိတော့ဘူး။ ကိုယ်နေတဲ့အိမ်ဆိုတော့ ငှားခလည်း မရဘူး။  ငှားလဲ မစား တော့ ဝင်ငွေ မဝင်ဘူးဆိုပါတော့။ ဒါပေမယ့် နှစ်တိုင်း အခွန်လွှာ ရောက်လာတယ်။ မဖြစ်မနေ ပေးဆောင် နေရတယ်။  ဒီလိုအခြေအနေ ကလည်း တစ်ချို့ နိုင်ငံ တွေမှာ ရှိတတ် လေ့ရှိပါတယ်။ 


ဒီအခါမှာ “ငါ့အိမ်က ဝင်ငွေတောင် မရဘူး။ ဘာလို့ အခွန်ပေးနေရသေးတာလဲ” ဆိုတဲ့ မေးခွန်းကို အိမ်ရှင်တချို့ မေးကြပါတယ်။


ဒီမေးခွန်းကို ဖြေဖို့ အိမ်ကရတဲ့ဝင်ငွေနဲ့ အိမ်ကိုပိုင်ဆိုင်ထားခြင်းကို အရင်ခွဲကြည့်ရပါမယ်။ အိမ်ငှားခရလို့ ကောက်တဲ့အခွန်၊ အိမ်ရောင်းပြီး မြတ်လို့ကောက်တဲ့အခွန်၊ အိမ်ပိုင်ဆိုင်ထားလို့ ပုံမှန်ကောက်တဲ့အခွန်တို့ဟာ ကောက်ခံရတဲ့အကြောင်းရင်း မတူပါဘူး။


လတ်တလောမှာ ခေတ်စားနေတဲ့ Property Tax ဆိုတာကို မြန်မာ မှာ သဘောပေါက်ကြတာက အိမ်ရဲ့ ပိုင်ဆိုင်မှုအပေါ် မှာသာ ကောက်တဲ့ အခွန်လို့ မြင်နေထင်နေကြပါတယ်။ အိမ်တစ်လုံးပိုင်ရင် အခွန်နှုန်း တစ်နှစ်ကို ဘယ်လောက်၊ နှစ်လုံးပိုင်ပြီ ဆိုရင် ဘယ်လောက်တိုးကောက်မယ်၊ သုံးလုံး ဆိုရင် ဘယ်လောက်ဖြစ်သွားမယ် စသဖြင့်ပါပဲ ။ ဒါက အိမ်ပိုင်ဆိုင်မှု တွေကို လျော့ချ ပြီး အိမ်ခြံမြေ ဈေး ကို ကျစေ လိမ့်မယ်လို့လဲ မြင်ကြတာကိုတွေ့ရပါတယ်။ ဒါပေမယ့် ဒီ တစ်မျိုးထဲက Property Tax မဟုတ် ပါဘူး။ Property Tax.  ဆိုတာ အထက်က ပြောသလို အိမ်ငှားခ ရလို့ ကောက်တဲ့ အခွန်၊ အိမ်ရောင်းဝယ် လို့ မြတ် လို့ ကောက်တဲ့ အခွန်၊ အိမ်ပိုင်ဆိုင်ထားလို့ ပုံမှန်ကောက်တဲ့ အခွန် လို့ အဓိက ခွဲခြားနိုင်ပြီး ဝယ်လိုက်လို့ အမည်ပေါက်ပြောင်း အခွန်ဆောင်ရတာ၊ စာချုပ်စာတမ်း တံဆိပ်ခေါင်းခွန် စတဲ့ အမျိုးအစားတွေ အများအပြား ရှိနေပါတယ်။ 


ကျွန်တော်တို့ ပြောနေတဲ့ Property Tax ဆိုတာ အများအားဖြင့် မြေနဲ့အဆောက်အအုံကို ပိုင်ဆိုင်ခြင်း၊ အသုံးပြုခြင်းအပေါ် ပုံမှန်စည်းကြပ်တဲ့ ပစ္စည်းခွန်ပါ။ ဒါပေမယ့် နိုင်ငံတစ်နိုင်ငံမှာ Property Tax လို့ ခေါ်ထားတဲ့အရာဟာ အခြားနိုင်ငံက အမည်တူအခွန်နဲ့ တစ်ထပ်တည်း မကျနိုင်ပါဘူး။


ဒါကြောင့် နိုင်ငံတကာဇယားတစ်ခုမှာ “ရှိ”၊ “မရှိ” ဆိုတဲ့ စကားနှစ်လုံးကိုပဲ ကြည့်ပြီး ဆုံးဖြတ်လိုက်ရင် စနစ်ရဲ့ အရေးကြီးတဲ့အပိုင်းကို လွတ်သွားနိုင်ပါတယ်။


## အခွန်နှုန်းကို မကြည့်ခင် အခွန်တွက်တဲ့အခြေခံကို ကြည့်ပါ


စိတ်ကူးနမူနာတစ်ခု တွက်ကြည့်ရအောင်။ အိမ်တစ်လုံးရဲ့ အခွန်တွက်ဖို့ သတ်မှတ်တန်ဖိုးက ကျပ်သိန်း ၁၀၀၀၊ နှစ်စဉ်နှုန်းက ၀ ဒသမ ၅ ရာခိုင်နှုန်းဆိုရင် တစ်နှစ် ကျပ်သိန်း ၅ ကျပါမယ်။


နောက်စနစ်တစ်ခုမှာ အဲဒီအိမ်ရဲ့ ခန့်မှန်းနှစ်စဉ်ငှားရမ်းတန်ဖိုးက ကျပ်သိန်း ၆၀၊ အခွန်နှုန်းက ၅ ရာခိုင်နှုန်းဆိုရင် တစ်နှစ် ကျပ်သိန်း ၃ ကျပါတယ်။


နှုန်းကိုပဲ ကြည့်ရင် ဒုတိယစနစ်က ဆယ်ဆမြင့်နေတယ်။ တကယ်ပေးရတဲ့ငွေကတော့ ပထမစနစ်ထက် နည်းနေပါတယ်။ ဒီနှုန်းနဲ့တန်ဖိုးတွေဟာ တွက်ပုံရှင်းပြဖို့ ယူထားတဲ့ နမူနာတွေပါ။


အခွန်နှုန်း ဘယ်လောက်လဲဆိုတာနဲ့အတူ “ဘယ်တန်ဖိုးအပေါ် မြှောက်တာလဲ” ဆိုတာ မေးရတဲ့အကြောင်းရင်းက ဒီလိုပါပဲ။


## စင်ကာပူနဲ့ ဂျပန်မှာ ဘယ်လိုကွာသလဲ


စင်ကာပူမှာ Property Tax ကို အိမ်ရောင်းဈေးအပေါ် တိုက်ရိုက်တွက်တာထက် Annual Value လို့ခေါ်တဲ့ ခန့်မှန်းနှစ်စဉ်ငှားရမ်းတန်ဖိုးကို အခြေခံပါတယ်။ အိမ်ရှင်ကိုယ်တိုင်နေတဲ့အိမ်နဲ့ ကိုယ်တိုင်မနေတဲ့အိမ်မှာ နှုန်းထားကွာပါတယ်။


IRAS ရဲ့ တရားဝင်နမူနာအရ ကိုယ်တိုင်နေထိုင်တဲ့အိမ်ရဲ့ Annual Value ဟာ စင်ကာပူဒေါ်လာ ၃၆၀၀၀ ဆိုရင် ၂၀၂၅ ဇန်နဝါရီ ၁ ရက်မှစတဲ့ နှုန်းထားအရ ပထမ ၁၂၀၀၀ ကို သုညရာခိုင်နှုန်း၊ ကျန် ၂၄၀၀၀ ကို ၄ ရာခိုင်နှုန်းနဲ့ တွက်ပါတယ်။ ပေးရတဲ့အခွန်က ဒေါ်လာ ၉၆၀ ဖြစ်ပါတယ်။ အိမ်ရောင်းဈေးရဲ့ ၄ ရာခိုင်နှုန်းကို ကောက်တာ မဟုတ်ပါဘူး။ [IRAS အခွန်နှုန်းနှင့် နမူနာတွက်ချက်မှု](https://www.iras.gov.sg/quick-links/tax-rates/property-tax-rates)


ဂျပန်မှာတော့ Fixed Assets Tax ရှိပါတယ်။ နာဂိုယာမြို့ရဲ့ ၂၀၂၅ လမ်းညွှန်မှာ ဒီအခွန်နှုန်းကို ၁ ဒသမ ၄ ရာခိုင်နှုန်းလို့ ဖော်ပြထားပါတယ်။ သတ်မှတ်မြို့ပြစီမံကိန်းဧရိယာက မြေနဲ့အိမ်တွေမှာ City Planning Tax ၀ ဒသမ ၃ ရာခိုင်နှုန်းလည်း သက်ဆိုင်နိုင်ပါတယ်။ ဒါပေမယ့် အခွန်တွက်ဖို့သတ်မှတ်တန်ဖိုး၊ လူနေမြေအတွက် သက်သာခွင့်တို့ကိုပါ ထည့်ကြည့်ရပါတယ်။ အိမ်ကြော်ငြာဈေးကို ယူပြီး နှုန်းနှစ်ခု ပေါင်းမြှောက်လိုက်ရုံနဲ့ မပြီးပါဘူး။ [နာဂိုယာမြို့ တရားဝင်အခွန်လမ်းညွှန်](https://www.city.nagoya.jp/_res/projects/default_project/_page_/001/042/197/guide2025.pdf)


## တောင်ကိုရီးယားနဲ့ ထိုင်ဝမ်က ပိုင်ဆိုင်မှုပုံစံကိုပါ ကြည့်တယ်


တောင်ကိုရီးယားမှာ ဒေသန္တရပစ္စည်းခွန်အပြင် သတ်မှတ်တန်ဖိုးကန့်သတ်ချက်ကို ကျော်တဲ့ ပိုင်ဆိုင်မှုတွေမှာ Comprehensive Real Estate Holding Tax ဆိုတဲ့ အခွန်လည်း ရှိပါတယ်။ အိမ်တစ်လုံးချင်းကိုသာ ကြည့်တာမျိုးထက် နိုင်ငံတစ်ဝန်း ပိုင်ဆိုင်ထားတဲ့ သက်ဆိုင်ရာအိမ်ခြံမြေတန်ဖိုးကို စုကြည့်တဲ့ သဘောပါ။ ကိုယ်ပိုင်နေစရာတစ်အိမ်နဲ့ အိမ်များစွာကိုင်ထားခြင်းတို့အတွက် စည်းမျဉ်းနဲ့ သက်သာခွင့်ကွာနိုင်ပါတယ်။ [တောင်ကိုရီးယား အမျိုးသားအခွန်ဌာန](https://j.nts.go.kr/nts/cm/cntnts/cntntsView.do?cntntsId=7739&mi=2357)


ထိုင်ဝမ်မှာ မြေတန်ဖိုးခွန်နဲ့ အိမ်ခွန်ကို ခွဲထားပါတယ်။ အိမ်ခွန်ဘက်မှာလည်း ကိုယ်တိုင်နေတဲ့အိမ်နဲ့ ကိုယ်တိုင်မနေတဲ့အိမ်ကို တူတူမတွက်ပါဘူး။ ၂၀၂၄ ဇူလိုင် ၁ ရက်မှာ အသက်ဝင်ခဲ့တဲ့ House Tax 2.0 ပြုပြင်မှုအရ ကိုယ်တိုင်မနေတဲ့ လူနေအိမ်တွေရဲ့ ဥပဒေသတ်မှတ်နှုန်းအကွာအဝေးကို ၂ မှ ၄ ဒသမ ၈ ရာခိုင်နှုန်းအထိ ပြောင်းထားပါတယ်။ သတ်မှတ်ချက်ပြည့်မီတဲ့ မိသားစုတစ်စုရဲ့ တစ်ခုတည်းသော ကိုယ်တိုင်နေထိုင်ရာအိမ်အတွက်တော့ ၁ ရာခိုင်နှုန်းနှုန်းထား ရနိုင်ပါတယ်။ ဒါဟာ အိမ်အားလုံးကို အရောင်းဈေးရဲ့ ၄ ဒသမ ၈ ရာခိုင်နှုန်း ကောက်တာလို့ မဆိုလိုပါဘူး။ [ထိုင်ဝမ် ဘဏ္ဍာရေးဝန်ကြီးဌာန](https://www.mof.gov.tw/Eng/singlehtml/8c36eef876024991ab67442a61508f19?cntId=872fcdd9357a40a9954ebb9e277c614f)


ဒီစနစ်နှစ်ခုက ပြတဲ့ မေးခွန်းဟာ စိတ်ဝင်စားဖို့ကောင်းပါတယ်။ အိမ်တစ်လုံးမှာ ကိုယ်တိုင်နေသူနဲ့ အိမ်အများကြီးကိုင်ထားသူကို ဘယ်လောက်အထိ တူတူဆက်ဆံသင့်သလဲဆိုတာပါ။


## တရုတ်မှာ မရှိဘူးလို့ အလွယ်ပြောလို့မရဘူး


တရုတ်မှာ အကန့်အသတ်နဲ့ ကောက်ခံ တတ်ပြီး မြို့အချို့မှာ ရှိကာ တစ်နိုင်ငံလုံး အတိုင်းအတာ ကောက်ခံခြင်း တော့မတွေ့ရသေးပါဘူး။ ဒါပေမယ့် တရုတ်မှာ အိမ်ခြံမြေဆိုင်ရာအခွန် မရှိတာ မဟုတ်ပါဘူး။ ပုံမှန်စည်းမျဉ်းအရ တစ်ဦးချင်းပိုင်ဆိုင်တဲ့ စီးပွားရေးလုပ်ငန်းမသုံးသောအိမ်ခြံမြေကို ပစ္စည်းခွန်ကင်းလွတ်ခွင့်ပေးထားတဲ့ အပိုင်းရှိပါတယ်။ [တရုတ်အခွန်ဌာန၏ ရှင်းလင်းချက်](https://shanxi.chinatax.gov.cn/zcfg/detail/sx-11400-3815-1696313)


ဒါပေမယ့် ရှန်ဟိုင်းလို နေရာမှာ အိမ်အချို့အတွက် သီးခြားစမ်းသပ်ကောက်ခံမှု ရှိပါတယ်။ ရှန်ဟိုင်းအခွန်ဌာနရဲ့ ၂၀၂၆ ရှင်းလင်းချက်မှာ ဒေသခံမိသားစုတွေ အသစ်ဝယ်တဲ့ ဒုတိယအိမ်နဲ့အထက်၊ ဒေသခံမဟုတ်သူတွေ အသစ်ဝယ်တဲ့အိမ်တို့အတွက် သတ်မှတ်ချက်အရ အခွန်သက်ဆိုင်ကြောင်း ဖော်ပြထားပါတယ်။ ကင်းလွတ်မှုနဲ့ အသေးစိတ်သတ်မှတ်ချက်တွေကို ထပ်စစ်ရပါတယ်။ [ရှန်ဟိုင်း အခွန်ဌာန](https://shanghai.chinatax.gov.cn/tax/xwdt/ztzl/grsx/fwjy/grfclsx/202411/t474229.html)


“တရုတ်မှာ အခွန်မရှိဘူး” ဆိုတာထက် “ဘယ်ပစ္စည်း၊ ဘယ်အသုံးပြုမှုနဲ့ ဘယ်မြို့အတွက်လဲ” လို့ မေးခြင်းက ပိုမှန်ပါတယ်။


## ဟောင်ကောင်မှာ ဆိုရင် 


 ဟောင်ကောင်မှာ Property Tax ဆိုတဲ့အမည်နဲ့ အခွန်ရှိပါတယ်။ ဒါပေမယ့် ဒီအခွန်က ငှားရမ်းဝင်ငွေကို အခြေခံပါတယ်။


ဟောင်ကောင် IRD ရဲ့ ရှင်းလင်းချက်အရ ၂၀၂၆/၂၇ အပါအဝင် ဖော်ပြထားတဲ့ အခွန်နှစ်တွေအတွက် အသားတင်စည်းကြပ်တန်ဖိုးအပေါ် ၁၅ ရာခိုင်နှုန်း ကောက်ပါတယ်။ ရရှိငှားခထဲက သက်ဆိုင်ရာနုတ်ပယ်ခွင့်တွေ၊ ပိုင်ရှင်ပေးထားတဲ့ Rates နဲ့ သတ်မှတ်ပြုပြင်စရိတ်သက်သာခွင့်တို့ကို တွက်ပြီးမှ အခွန်ကျသင့်ငွေ ရပါတယ်။ [ဟောင်ကောင် IRD](https://www.ird.gov.hk/eng/tax/bir57se_notes.htm)


တစ်ဖက်မှာ Rates နဲ့ သက်ဆိုင်တဲ့ Government Rent စနစ်တွေလည်း ရှိပါတယ်။ ဒီနေရာက Rateable Value ဆိုတာ ခန့်မှန်းနှစ်စဉ်ငှားရမ်းတန်ဖိုးပါ။ အဲဒီစနစ်တွေကို ငှားရမ်းဝင်ငွေအပေါ် ကောက်တဲ့ Property Tax နဲ့ သီးခြားခွဲကြည့်ရပါတယ်။ [ဟောင်ကောင် ရာပြတ်ဌာန](https://www.rvd.gov.hk/doc/en/ratesandrent.pdf)


## ထိုင်း မလေးရှားနဲ့ အင်ဒိုနီးရှား


ထိုင်းမှာ ၂၀၂၀ မှ စတင်အသုံးပြုတဲ့ Land and Building Tax စနစ်က မြေနဲ့အဆောက်အအုံကို လက်တွေ့အသုံးပြုပုံအလိုက် ခွဲကြည့်ပါတယ်။ စိုက်ပျိုးရေး၊ လူနေအိမ်၊ အခြားအသုံးပြုမှုနဲ့ လွတ်ထားမှုတို့ကို တူညီတဲ့အုပ်စုအဖြစ် မတွက်ပါဘူး။ ကိုယ်တိုင်နေတဲ့ အိမ်တစ်လုံးနဲ့ အသုံးမချဘဲထားတဲ့မြေဟာ အခွန်သဘောတရားအရ ကွာနေပါတယ်။ [ထိုင်းဒေသန္တရအခွန် ရှင်းလင်းစာစောင်](https://www.sakaeocity.go.th/finance/fileupload/419007042563.pdf)


မလေးရှားမှာ Assessment Tax နဲ့ Quit Rent ကို ခွဲသိဖို့ လိုပါတယ်။ Assessment Tax က ဒေသန္တရအာဏာပိုင်က စည်းကြပ်တဲ့ ပစ္စည်းဆိုင်ရာအခွန်ဖြစ်ပြီး Quit Rent က ပြည်နယ်အဆင့် မြေခွန်ဆိုင်ရာပေးဆောင်မှုပါ။ ဒါကြောင့် နှစ်ခုလုံးကို “စည်ပင်ကောက်တဲ့ အခွန်တစ်မျိုး” လို့ မရောသင့်ပါဘူး။ [ပီနန်မြို့တော် ပစ္စည်းစည်းကြပ်မှု](https://www.mbpp.gov.my/en/services/perkhidmatan-utama/penilaian-harta), [မလေးရှားအစိုးရ Quit Rent ဝန်ဆောင်မှု](https://www.malaysia.gov.my/en/digital-services/kelantan-quit-rent-payment)


အင်ဒိုနီးရှားမှာ PBB လို့ခေါ်တဲ့ မြေနဲ့အဆောက်အအုံခွန် ရှိပါတယ်။ ကျေးလက်နဲ့မြို့ပြဆိုင်ရာ PBB-P2 ကို ဒေသန္တရအစိုးရက စီမံကောက်ခံပြီး စိုက်ခင်း၊ သစ်တောနဲ့ သတ္တုတူးဖော်ရေးလို သီးခြားကဏ္ဍအချို့ကိုတော့ ဗဟိုအဆင့်က စီမံပါတယ်။ ဒီမှာလည်း “တစ်နိုင်ငံလုံး တစ်ဌာနတည်းက အိမ်တိုင်းကို တူတူကောက်တယ်” ဆိုတဲ့ပုံ မဟုတ်ပါဘူး။ [အင်ဒိုနီးရှား အခွန်ဌာန](https://www.pajak.go.id/index.php/id/artikel/pajak-bumi-dan-bangunan-siapakah-yang-mengelola)


## Property Tax ရဲ့ ကောင်းကျိုးက ဘယ်မှာရှိသလဲ


ကျွန်တော်တို့ အိမ်တစ်လုံးဝယ်တဲ့အခါ အိမ်ရှေ့လမ်းကိုပါ ဝယ်လို့ရသလား။ ရေမြောင်းကို ကိုယ်တစ်ယောက်တည်း ပြင်လို့ရသလား။ လမ်းမီးနဲ့ အမှိုက်သိမ်းစနစ်ကို အိမ်တစ်အိမ်တည်းက အပြည့်အဝလုပ်လို့ရသလား။


ဒီဝန်ဆောင်မှုတွေဟာ အများနဲ့ဆိုင်ပါတယ်။ စနစ်တကျကောက်ခံပြီး တကယ်ပြန်သုံးနိုင်တဲ့ ပစ္စည်းခွန်က ဒေသဝန်ဆောင်မှုအတွက် ပုံမှန်ဘဏ္ဍာငွေ ရစေနိုင်ပါတယ်။ လမ်းနဲ့ပတ်ဝန်းကျင် ကောင်းလာရင် နေထိုင်မှုအကျိုးရပြီး အိမ်ခြံမြေရဲ့ အသုံးဝင်မှုလည်း တိုးနိုင်ပါတယ်။ ဒါဆိုရင် အဲဒီနေရာဒေသ က အိမ်ခြံမြေ ဈေးကလဲ တက်လာတော့တာပါပဲ။ ဒါဆိုရင် ဒီအိမ်ခြံမြေကို ဘဏ်ချေးငွေယူတာမျိုး လုပ်ပြီး ဒေသ စီးပွားရေးလုပ်ငန်းတွေ ပိုပြီး ကြီးထွား ဖွံ့ဖြိုးတိုးတက်လာနိုင်ပြန်ပါတယ်။ 


နောက်ကောင်းကျိုးက မြေဟာ နေရာရွှေ့မရခြင်းပါ။ စာရင်းနဲ့ တန်ဖိုးသတ်မှတ်မှု ကောင်းရင် အခွန်အခြေခံကို သိရှိဖို့ အထောက်အကူဖြစ်ပါတယ်။ အစိုးရ နဲ့ စည်ပင်သာယာအတွက်က အရောင်းအဝယ်ရှိမှ ဝင်ငွေရတဲ့ လွှဲပြောင်းအခွန်ထက် ပုံမှန်ပစ္စည်းခွန်က ဘဏ္ဍာငွေကို ပိုတည်ငြိမ်စေနိုင်ပါတယ်။  

 ပိုပြီး ဒေသအတွက် လုပ်ဆောင်စရာတွေကို အစီအစဉ် ပိုမိုချမျတ် ဆောင်ရွက်နိုင်စေပါတယ်။ [OECD ပစ္စည်းခွန်ဆိုင်ရာ သုံးသပ်ချက်](https://www.oecd.org/en/publications/housing-taxation-in-oecd-countries_03dfe007-en/full-report/component-6.html)


ဒါကြောင့် လွှဲပြောင်းရောင်းချမှ ရတဲ့ အခွန်ထက် နှစ်စဉ် ပုံသေ ရရှိနေတဲ့ အခွန် က ဒေသတိုးတက်ရေး ကိုပိုအထောက်အကူ ပြု နိုင်ပြန်ပါတယ်။ ဒါ့အပြင် အသုံးမချ ၊ လူမနေ ပဲ အလွတ်ဖြစ်နေတဲ့ မြေ တွေကို လဲ အသုံး ချ လာ အောင် တွန်းအားပေးနိုင်ပါတယ်။ 


ဒါပေမယ့် အခွန်ရှိတာနဲ့ အိမ်ဈေးကျမယ်၊ ပူဖောင်းပျောက်မယ်လို့ အာမခံလို့ မရပါဘူး။ နေစရာလိုအပ်ချက်၊ ဆောက်လုပ်စရိတ်၊ ချေးငွေနဲ့ အိမ်အသစ်ရရှိမှုတို့ကလည်း သက်ရောက်နေပါတယ်။


## ဆိုးကျိုးကို မမြင်ဘဲ နှုန်းတိုးလို့မရဘူး


တစ်ခု နားလည် ဖို့ လိုတာကတော့  အိမ်ပိုင်ဆိုင်မှု ရှိနေပြီး အိမ်တန်ဖိုးတစ်ခု ရှိနေ သူတိုင်း ငွေလက်ထဲရှိသူ မဟုတ်ပါဘူး။


မိဘအမွေအိမ်မှာနေတဲ့ အငြိမ်းစားတစ်ယောက်ကို စဉ်းစားကြည့်ပါ။ အိမ်တည်နေရာကောင်းလာလို့ တန်ဖိုးတက်သွားတယ်။ သူ့လစဉ်ဝင်ငွေကတော့ မတက်ဘူး။ အိမ်ခြံမြေဈေး တက်၊ ရာဖြတ်ဈေး တက်လာလို့ အခွန်တန်ဖိုးပြန်ဖြတ်ပြီး ပေးရငွေ ရုတ်တရက်တက်လာရင် အိမ်ဈေးတက်တာကိုတောင် သူက စိတ်ပူနေရနိုင်ပါတယ်။


ဒါကြောင့် ဝင်ငွေနည်းသူသက်သာခွင့်၊ အရစ်ကျနဲ့ သတ်မှတ်ချက်ရှိတဲ့ နောက်မှပေးဆောင်ခွင့်တို့ကို စဉ်းစားရပါတယ်။ ငွေကြေးအခြေအနေမကြည့်ဘဲ ပစ္စည်းတန်ဖိုးကိုပဲ ကြည့်ရင် မမျှတမှု ဖြစ်နိုင်ပါတယ်။


တန်ဖိုးသတ်မှတ်မှု မမှန်တာကလည်း ပြဿနာကြီးပါ။ လမ်းတစ်လမ်းတည်းက အခြေအနေတူတဲ့အိမ်နှစ်လုံးကို မတူညီစွာတွက်ထားရင် အခွန်ထမ်းက ကျေနပ်မှာ မဟုတ်ပြန်ပါဘူး။ တန်ဖိုးဟောင်းကို မပြင်ဘဲထားရင်လည်း ဈေးကွက်ပြောင်းလဲမှုနဲ့ အခွန်ဝန်ထုပ် မကိုက်တော့ပါဘူး။ သတ်မှတ်ပုံပွင့်လင်းဖို့နဲ့ ပြန်လည်စိစစ်တောင်းခံနိုင်ဖို့ လိုပါတယ်။


အိမ်ရှင်က အခွန်တိုးလာလို့ ငှားခတင်ချင်နိုင်ပါတယ်။ ဒါပေမယ့် အခွန်အားလုံးကို အငှားသမားဆီ လွှဲပေးနိုင်မယ်လို့ မသေချာပါဘူး။ အခြားအိမ်ရွေးချယ်စရာနဲ့ ငှားနိုင်အားတို့က သက်ရောက်ပါတယ်။ အခွန်တိုးရင် ငှားခအမြဲတိုးမယ်လို့လည်း မပြောနိုင်သလို အငှားသမားအပေါ် လုံးဝမထိဘူးလို့လည်း မယူဆသင့်ပါဘူး။


အရေးအကြီးဆုံးတစ်ခုက ကောက်ခံရငွေကို ဘယ်လိုသုံးသလဲဆိုတာပါ။ အခွန်လွှာက ပုံမှန်ရောက်ပြီး လမ်းပေါက်တွေ၊ ပိတ်နေတဲ့ရေမြောင်းတွေကတော့ ပုံမှန်ကျန်နေတယ်ဆိုရင် ပြည်သူက အခွန်ရဲ့အကျိုးကို မမြင်တော့ပါဘူး။ ပေးရတဲ့ငွေနဲ့ ရရှိတဲ့ဝန်ဆောင်မှုကြားက ဆက်နွှယ်မှုကို ရှင်းပြနိုင်ဖို့ လိုပါတယ်။


## မြန်မာအတွက် ယူသင့်တဲ့သင်ခန်းစာ


မြန်မာမှာလည်း စည်ပင်ပစ္စည်းခွန် ရှိပြီးသားပါ။ ရန်ကုန်မှာ အိမ်ခွန်၊ မြူနီစပယ်ခွန်၊ ကွာတာကြေးလို့ သိကြတဲ့အခွန်ဟာ ငှားရမ်းဝင်ငွေခွန်နဲ့ သီးခြားဖြစ်ပါတယ်။ YCDC ကလည်း ရာပြတ်တန်ဖိုးဟာ အရောင်းကာလတန်ဖိုးကို ဖြတ်တာမျိုး မဟုတ်ကြောင်း ရှင်းပြထားပါတယ်။ [YCDC ပစ္စည်းခွန်ရှင်းလင်းချက်](https://www.ycdc.gov.mm/frontend_service/4)


နိုင်ငံတကာစနစ်ကို ယူကြည့်တဲ့အခါ ဘယ်နိုင်ငံက ဘယ်နှုန်းသုံးသလဲဆိုတာကိုပဲ မကူးသင့်ပါဘူး။ သူတို့မှာ ပိုင်ဆိုင်မှုစာရင်း ဘယ်လောက်မှန်သလဲ၊ တန်ဖိုးဘယ်လိုဖြတ်သလဲ၊ ဘယ်သူ့ကို သက်သာခွင့်ပေးသလဲ၊ အခွန်ငွေဘယ်မှာသုံးသလဲဆိုတာကိုပါ လေ့လာရပါတယ်။


အိမ်တစ်လုံးရဲ့တန်ဖိုးနဲ့ အိမ်ရှင်တစ်ယောက်ရဲ့ ပေးဆောင်နိုင်အားကို တွဲကြည့်နိုင်တဲ့ စနစ်ဖြစ်ဖို့ လိုပါတယ်။ တန်ဖိုးသတ်မှတ်ပုံကို နားလည်နိုင်ပြီး မမှန်ရင် ပြန်မေးနိုင်ဖို့လည်း လိုပါတယ်။


ကျွန်တော်တို့ အခွန်လွှာတစ်စောင်ကို ကြည့်တဲ့အခါ မေးသင့်တဲ့ မေးခွန်းက ရိုးပါတယ်။


“ဒီငွေကို ဘာအပေါ်တွက်ထားသလဲ။ ဘာအတွက်ကောက်သလဲ။ ကောက်ထားတဲ့ငွေက ဘယ်လိုအကျိုးအဖြစ် ပြန်ရောက်လာသလဲ။”


အဲဒီမေးခွန်းတွေကို ရှင်းရှင်းဖြေနိုင်မှ Property Tax ဟာ အိမ်ပိုင်ရှင်အတွက် မဖြစ်မနေပေးရတဲ့ စရိတ်တစ်ခုထက် ပိုပြီး မြို့ရဲ့လိုအပ်ချက်နဲ့ ချိတ်ဆက်ထားတဲ့ အခွန်တစ်ခု ဖြစ်လာနိုင်ပါလိမ့်မယ်။


ဒါကြောင့် Property Tax ဆိုတာ အိမ်ပိုင်ဆိုင်မှုများလေ ပိုကောက်လေ လို့ ပုံသေလဲ သတ်မှတ် ရမှာ မဟုတ်သလို Property Tax ပြဌာန်းလို့ အိမ်ခြံမြေဈေးကျမယ် လို့လဲမယူဆနိုင်ပါဘူး။ ဒါ့အပြင်  Property Tax ဆိုတာ ကြောက်စရာကြီး လို့ ယူဆ ရမှာလဲ မဟုတ်ပဲ သူ့ရဲ့ ကောင်းကျိုးတွေ နဲ့  ဒေသ ဖွံ့ ဖြိုးမှုအပေါ်ချိတ်ဆက် မှုတွေ ကိုပါ နားလည် သိရှိဖို့ လိုအပ်တာပါပဲ။ 


လုံလောက်တဲ့ အသိပညာဟာ ပြင်းထန်တဲ့ အခက်အခဲတွေ ကိုလွယ်ကူ စွာ ကျော် ဖြတ် စေနိုင်ပါတယ်။ 


Kaung Hein Soe - Strategic

(Serial Investor)

Wednesday, December 31, 2025

၂၀၂၅ခုနှစ်. - ကမ္ဘာ့အအောင်မြင်ဆုံး ကုန်အမှတ်တံဆိပ်

 



ဟိုးအရင် ၂၀၂၀ ခုနှစ်ကဆိုရင် “အောင်မြင်တဲ့ brand” ဆိုတာ ဈေးကွက်ဝေစု အများဆုံး၊ ကြော်ငြာငွေ အကုန်ဆုံး၊ လူသိများဆုံး ‌ဆိုတဲ့ အနေအထားဆိုရင် ပြီးတာပဲ။ ၂၀၂၅ မှာတော့ အဲဒီစည်းမျဉ်းဟောင်းတွေ အတော် များများ ပြိုလဲကုန်ပြီ။ အခု အောင်မြင်တယ်ဆိုတာ ဈေးကွက်ဝေစုတင်မကဘူး၊ ယုံကြည်မှု၊ အသိုင်းအဝိုင်းတည် ဆောက်နိုင်မှု၊ နည်းပညာနဲ့ လူမှုဆက်ဆံရေး ပေါင်းစပ်နိုင်မှု၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်ရေး၊ နောက်ဆုံး သူတို့ရဲ့ “တန်ဖိုး (Value)” ကို လူတွေခံစားမိလားဆိုတာတွေပါ တွက်ချက်တဲ့ အထဲမှာ ပါလာပြီ။


ဒီစာရင်းက နေ့စဉ်သုံး ပစ္စည်းတွေ၊ ဝန်ဆောင်မှုတွေ၊ ဈေးကွက်ဒေတာ (Statista, Interbrand, Kantar BrandZ 2025 အပါအဝင်)၊ X/Twitter ပေါ်က real-time sentiment၊ နဲ့ စားသုံးသူ/သုံးစွဲသူတွေရဲ့ ကိုယ်တွေ့ ခံစားချက် အင်တာဗျူး‌ အဖြေတွေကို ရောပြီး ဘက်မလိုက်ဘဲ အရှိအတိုင် စုစည်းထားတာ ဖြစ်တယ်လို့ ဆိုပါ တယ်။ အဆင့်သတ်မှတ်ချက် က တင်းကြပ်တဲ့ ranking မဟုတ်ဘူး၊ ဒါပေမယ့် အခုချိန် ကမ္ဘာ့ဈေးကွက်မှာ ဘယ် အမှတ်တံဆိပ်တွေက လူတွေရဲ့ နှလုံးသားထဲ အနက်ရှိုင်းဆုံး ဝင်ရောက်နေလဲ ဆိုတာကိုတော့ ထင်ထင် ရှားရှား တွေ့ရပါလိမ့်မယ်။


၁. တက်စလာ Tesla (အဆင့်တက်လာတာ အရမ်းမြန်တယ်)


၂၀၂၅ မှာ တက်စလာ Tesla ဟာ ကားကုမ္ပဏီတစ်ခု မဟုတ်တော့ဘူး။ သူက “energy + AI + lifestyle” ဆိုတဲ့ ပေါင်းစပ် စနစ်တစ်ခုလုံး ဖြစ်သွားပြီ။ Cybertruck က လမ်းပေါ်မှာ မြင်သူတိုင်းရဲ့ ဓာတ်ပုံရိုက်ခံနေရဆဲ၊ Robotaxi တွေ အမေရိကန်မြို့ကြီး ၅ မြို့မှာ တကယ်ပဲ လည်ပတ်နေပြီ၊ Optimus humanoid robot တွေ စက် ရုံထဲမှာ အလုပ်လုပ်နေတဲ့ ဗီဒီယိုတွေက ရင်သပ်ရှုမော စရာ မြင်ကွင်းဖြစ်နေပါပြီ။ လူတွေက Tesla ကို ဝယ်တာ မဟုတ်ဘူး၊ Elon Musk ရဲ့ အနာဂတ် စိတ်ကူး ကို ဝယ်နေကြတာ လို့တောင် တင်စားနေကြပါတယ်။ အဲဒါကြောင့် တယ်စလာ အမှတ်တံဆိပ် အပေါ် သစ္စာရှိမှု brand loyalty က အင်မတန် ပြင်းထန်လာတယ်။


၂. အက်ပဲလ် Apple (ထိပ်ဆုံးကနေ မလှုပ်သေး)


Apple Vision Pro 2 ထွက်လာပြီးကတည်းက “spatial computing” ဆိုတဲ့ စကားလုံးက နေ့စဉ်သုံး စကားလုံးဖြစ်သွားတယ်။ iPhone 17 Pro က အရမ်းကြီးကြီးမားမား အသစ်အဆန်းထပ်ပါလာတာ မဟုတ်ပေမဲ့ လူတိုင်း ဝယ်နေဆဲ။ အဓိကက Apple Intelligence ကြောင့်။ Siri ဆိုတဲ့ iPhone 17 ရဲ့ AI က တကယ်ပဲ ဉာဏ် ရည်ထက်မြက်လာပြီး လူတွေရဲ့ နေ့စဉ်ဘဝကို တကယ်လွယ်ကူစေတယ် ဆိုတဲ့ ခံစားချက် ရရှိလာတယ်။ ဈေးကြီး ပေမဲ့ လူတွေက “ငါ့မှာ ပိုက်ဆံရှိတယ်” လို့ ပြနိုင်တဲ့ နည်းလမ်းတစ်ခုအဖြစ် ဆက်ရှိ နေတယ်။


၃. NVIDIA


လွန်ခဲ့တဲ့ ၃ နှစ်က လူအများစုက “NVIDIA ဆိုတာ ဂိမ်းကဒ်ကုမ္ပဏီ” လို့ သိနေသေးတယ်။ ၂၀၂၅ မှာ တော့ NVIDIA ဟာ ကမ္ဘာ့အဖိုးတန်ဆုံး ကုမ္ပဏီ ၃ ခုထဲ ပါနေပါပြီ။ Blackwell chip တွေက data center တွေမှာ မရှိမဖြစ်ဖြစ်နေပြီ။ လူတစ်ယောက်ချင်းစီအတွက်ကတော့ GeForce RTX 50 series က ဂိမ်းကစားရင်း AI နဲ့ စကားပြောလို့ရတဲ့ အတွေ့အကြုံကို ပေးတယ်။ ဈေးကွက်ထဲမှာ “AI” ဆိုတဲ့ စကားလုံးနဲ့ ပတ်သက်ရင် NVIDIA က အလိုအလျောက် ထည့်ပြောခံရတယ်။ အဲဒါက brand တစ်ခုရဲ့ power ကို ပြတဲ့ အဆုံးစွန်ပုံစံပဲ။


၄. ByteDance / TikTok


အမေရိကန်မှာ ပိတ်ပင် မလား၊ မပိတ်ပင်သင့်ဘူးလားဆိုပြီး ၂ နှစ်လောက် ဆွေးနွေးနေခဲ့တာ နောက်ဆုံး မပိတ်ပင်ဖြစ်ခဲ့ဘူး (အခုထိ သိပ်တော့ သေချာခိုင်မာတဲ့ ဆုံးဖြတ်ချက် မရှိသေး)။ TikTok ဟာ လူငယ်တွေရဲ့ အဓိက ဖျော်ဖြေရေးနဲ့ သတင်းရင်းမြစ် ဖြစ်နေဆဲ။ TikTok Shop က ၂၀၂၅ မှာ အမေရိကန်မှာ Amazon, Temu ပြီးရင် အွန်လိုင်းဈေးဝယ်ပလက်ဖောင်း အဆင့် ၃ ထိ တက်လာတယ်။ လူကြီးတွေက “TikTok က ကလေးတွေ အတွက်ပဲ” လို့ ထင်နေပေမဲ့ အသက် ၃၅ အထက် သုံးစွဲသူ က ၄၀% ကျော်သွားပြီ။ အဲဒါက တကယ့် အဖြစ်နဲ့ 3D ကွန်ပြူတာ ဖြစ်စဉ် ပေါင်းစပ်ထားတဲ့  algorithm ရဲ့ အင်အားပဲ။


၅. OpenAI


Open AI က ဖန်တီးတဲ့ ChatGPT ကို လူတိုင်းသုံးနေတာ သုံးနှစ်ကျော်ပြီ။ ၂၀၂၅ မှာ GPT-5 ထွက်လာပြီး တကယ်ပဲ “agentic AI” လို့ ခေါ်တဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်ချနိုင်တဲ့ AI ကို လူပေါင်းသန်းပေါင်းများစွာ နေ့စဉ်သုံး နေကြပြီ။ OpenAI ရဲ့ brand က အခု “ဉာဏ်ရည်တု” ဆိုတဲ့ စကားလုံး ရဲ့ ပြယုဂ်တစ်ခု ဖြစ်သွားတယ်။ လူတွေက “AI ကို ဘယ်သူဖန်တီးတာလဲ” လို့ မေးရင် Google လို့  မဖြေတော့ဘူး၊ OpenAI လို့ ပဲ ပြောကြတော့တာပါ။ ဒီလို Brand က Producer ထက် နာမည်ပို ထင်ရှား ကျော်ကြားတဲ့ ဖြစ်ရပ်က အရမ်းကို ရှားပါတယ်။


၆. LVMH (Louis Vuitton, Dior, etc.)


ဇိမ်ခံပစ္စည်းဈေးကွက်က ကမ္ဘာ့စီးပွားရေး မကောင်းရင် အရင်ဆုံး ထိခိုက်တတ်တယ်ဆိုတဲ့ သီအိုရီက ၂၀၂၅ မှာ မမှန်တော့ဘူး။ LVMH ရဲ့ အမြတ်အစွန်းက ၂၀၂၄ ထက် ၁၂% ပိုတက်တယ်။ အကြောင်းရင်းက တရုတ်ဈေးကွက် ပြန်လည်နာလန်ထူလာတာနဲ့ “quiet luxury” trend ကြောင့် လူတွေက ပိုက်ဆံရှိရင် ပိုက်ဆံရှိ ကြောင်း အသံကျယ်ကျယ် နဲ့ ထုတ် မကြွားကြတော့ဘဲ တိုးတိုးတိတ်တိတ် ပြချင်လာကြတယ်။ Louis Vuitton ရဲ့ Neverfull bag ကို မှာ ယူတဲ့ သူတွေက အခုထိ waiting list ထဲမှာပဲ ရှိနေသေးတယ်။ ဒီလို အောင်မြင်ခဲ့တာ ၁၅ နှစ်ကျော်ပြီ။


၇. Shein နဲ့ Temu


ကုမ္ပဏီ နှစ်ခုစလုံးကို ယှဉ်တွဲရေးမှ ပိုထင်ရှားမှာ မိုလို့ ပူးတွဲလိုက်တယ်။ ဈေးအရမ်းပေါတဲ့ fast fashion ရော၊ ဘာပစ္စည်းမဆို အလျင်အမြန်ထုတ်ရောင်းတဲ့ ပုံစံကိုရော လူတွေ ဆက်ချစ်နေဆဲပဲ။


•        Shein က အမျိုးသမီးအဝတ်အစားတွေမှာ ခေါင်းဆောင်၊

•        Temu ကတော့ အိမ်သုံးပစ္စည်း၊ gadget နဲ့ အထွေထွေ ပစ္စည်းတွေမှာ ပြိုင်စံရှားတယ်။


သူတို့နှစ်ခုစလုံးက လောလောဆယ် ကြော်ငြာငွေ အများဆုံးသုံးနေတဲ့ ကုမ္ပဏီတွေ ဖြစ်ပေမယ့်။ ဈေးနှုန်း က မယုံစရာ ကောင်း‌အောင် ပေါပေါနဲ့ ရောင်းချ နေနိုင်ဆဲပါ။


လူအများစုက သူတို့ရဲ့ ကိုယ်ကျင့်တရားပြဿနာ၊ အလုပ်သမားခံစားခွင့်၊ ပတ်ဝန်းကျင်ညစ်ညမ်းမှု အ ကုန်သိပါတယ်။ ဒါပေမဲ့ ဈေးက သိပ်ပေါတော့ဝယ်ချင်တာကို မချုပ်တည်းနိုင်ဘဲ တစ်ခဲနက်အားပေးနေတုန်း ပါပဲ။ ဒါက ဈေးကွက်ရဲ့ ရက်စက်တဲ့ အမှန်တရားပါပဲ။


၈. Spotify


Music streaming မှာ Spotify ကို အခု ဘယ်သူမှ မယှဉ်နိုင်တော့ဘူး။ Wrapped 2025 က တစ်နှစ်လုံးရဲ့ အကြီးဆုံး social media event ဖြစ်သွားတယ် (ဟုတ်တယ်၊ Super Bowl ထက်တောင် လူပြော ပိုများနေတယ်)။ Podcast၊ audiobook၊ AI DJ၊ နဲ့ ဇာတ်လမ်းတွဲတွေ ထုတ်လုပ်မှုတွေကြောင့် Spotify က အသံအားလုံးရဲ့ စုဆည်း ရာ ရင်းမြစ်ဖြစ်သွားပြီ။ လူတွေက Spotify ကို ဖွင့်ထားရင်း တစ်နေ့လုံး ပြီးပြည့်စုံပြီလို့ ဆိုကြတယ်။


၉. Patagonia (sustainability brand ထဲမှာ ဘုရင်)


၂၀၂၂ မှာ “Earth is now our only shareholder” လို့ ကြေညာခဲ့တာ လိမ်တာ မဟုတ်မှန်း ၂၀၂၅ မှာ တကယ် သက်သေပြပြီးပြီ။ သူတို့ရဲ့ အမြတ်အစွန်းအားလုံးနီးပါး ပတ်ဝန်းကျင်ထိန်းသိမ်းရေးမှာ သုံးနေတယ်။ ဈေးကြီးပေမဲ့ Gen Z နဲ့ Millennial တွေက သူတို့ရဲ့ fleece jacket တွေကို ဝယ်ပြီး ဂုဏ်ယူနေကြတယ်။ အခုဆို Patagonia worn wear (အသုံးပြီးပြုပြီးသား good second အဝတ်အစားတွေ ပြန်ရောင်းတဲ့ ဈေးကွက်) က အ သစ်ထုတ်တာထက် ပိုရောင်းရတယ်။ အဲဒါက တကယ်ထူးဆန်းတဲ့ ဈေးကွက် အလှည့် အပြောင်း တစ်ခုပါပဲ။


၁၀. MrBeast (တစ်ကိုယ်ရည် brand အနေနဲ့ အရောင်းရဆုံး)


Jimmy Donaldson က အခု ကမ္ဘာ့အကြီးဆုံး တစ်ဦးချင်း အမှတ်တံဆိပ် ဖြစ်သွားပြီ။ Beast Games ရှိုးက Amazon Prime မှာ သမိုင်းတစ်လျောက် လူအများဆုံးကြည့်တဲ့ ရှိုးဖြစ်သွားတယ်။ Feastables chocolate က အမေရိကန်မှာ ချောကလက် အမှတ်တံဆိပ်အဆင့် ၅ ထိ တက်လာတယ်။ လူငယ်တွေက MrBeast ဆိုရင် ဘာမှ မမေးဘူး၊ ဝယ်လိုက်တာ။ အဲဒါက တကယ့်ပါဝါ။


၁၁ ကနေ ၁၅ အထိကတော့ တိုတိုပဲ ပြောလိုက်မယ်-


11. Moutai − တရုတ်ရဲ့ အမျိုးသားအရက် ဖြစ်ပြီး၊ ဈေးက တစ်ပုလင်း ဒေါ်လာ ၅၀၀ ကျော်ပြီး ဝယ်မရဘူး။


၁၂. Costco − အဖွဲ့ဝင်ကြေး တစ်နှစ်ကို ၁၂၀ ဒေါ်လာ ပေးပြီး လူတွေက ဂုဏ်ယူနေကြတယ်။


၁၃. Lego − လူကြီးတွေ ဝယ်တာ ပိုများလာတယ်၊ အထူးသဖြင့် Botanical နဲ့ Architecture series။


၁၄. Hermès − Birkin bag waiting list က နှစ်နဲ့ချီပြီ၊ ဈေးကတော့ ကားဈေးနဲ့ တန်းတူလာပြီ။


၁၅. Grok / xAI - ၂၀၂၅ မှာ Grok 4 က တကယ်ပဲ လူတွေရဲ့ နေ့စဉ်အဖော်ဖြစ်လာတယ်။ 


လူတွေက Grok ကို မေးတဲ့ မေးခွန်းတွေက တခြား AI တွေထက် ပိုထူးဆန်းပြီး ပိုရိုးသားတယ်။ လူတွေရဲ့ အရင်းနှီးဆုံး၊ အားအကိုးရဆုံး AI လို့ ဆိုရမလောက်ပါပဲ။


အဲ့ဒီ ၂၀၂၅ မှာ အအောင်မြင်ဆုံးကုန်ပစ္စည်း အမှတ်တံဆိပ် (၁၅) ခု ကိုကြည့်ရင်သိသာထင်ရှားတဲ့ တစ်ခု တည်းသောအချက်က − လူတွေက ပစ္စည်းတင်မကဘူး၊ အမှတ်တံဆိပ်ရဲ့ အဓိပ္ပါယ်ရှိတဲ့ တန်ဖိုး၊ အသိုင်းအဝိုင်း ကောင်းထဲ ဝင်ဆန့်ခြင်း နဲ့ သူတို့ရဲ့ ‌ဖြစ်တည်မှုကို ထင်ဟပ်ပေးနိုင်တဲ့ အမှတ်တံဆိပ်တွေကို ဝယ်ချင်ကြတယ်။ ဈေးကွက်ဝေစုဆိုတာ ဒုတိယ စဉ်းစားစရာပဲ ဖြစ်သွားပြီ။ အဓိကက လူတွေရဲ့ နှလုံးသားထဲ ဘယ်လောက် နက် နက်ရှိုင်းရှိုင်း ဝင်နေလဲ ဆိုတာပဲ။


အဲဒီအခါကျရင် ဈေးကြီးကြီးနဲ့ ဈေးပေါပေါ၊ နည်းပညာကုမ္ပဏီနဲ့ ရိုးရာဇိမ်ခံပစ္စည်း၊ တရုတ်ကုမ္ပဏီနဲ့ အမေရိကန်ကုမ္ပဏီ ဆိုတာတွေက မထူး၊ မခြားနား တော့ပါဘူး။ လူတွေက သူတို့ နဲ့ ရင်ဘတ်ချင်းတူတဲ့ brand ကိုပဲ သူတို့ရဲ့ ဘဝထဲ ဝင်ခွင့်ပေးပြီး ချစ်ကြမှာပါ။


၂၀၂၅ မှာ အဲဒီဝင်ခွင့်ကို ရထားတဲ့ အမှတ်တံဆိပ်တွေကပဲ တကယ့် အောင်မြင်သူတွေဖြစ်တယ်။

“၂၀၂၆ မှာ ကမ္ဘာ့ ထိပ်တန်း အအောင်မြင်ဆုံး ကုန်ပစ္စည်း အမှတ်တံဆိပ် (၁၅) ခုထဲမှာ ပါစေချင်တယ် ဆိုရင် ၂၀၂၆ ခုနှစ်ဆန်း ထဲက  ဘာတွေလုပ်ရမလဲ”


ကုန်ပစ္စည်း အနေနဲ့-


၁. လူတိုင်းရဲ့ “နေ့စဉ်အဖော်” ဖြစ်သွားရမယ်


၂. “ရိုးသားမှု + ဟာသဉာဏ်ရွှင်မှု” ကို အမြဲ တွဲစပ် အသုံးပြုရမယ်။


၃. All in one “Agent” ဖြစ်ရမယ် - AI နဲ့ တွဲစပ်ပြီး လူတစ်ယောက် (သူငယ်ချင်းကောင်းတစ်ယောက်) သဖွယ် ဖြည့်ဆည်းမှု များစွာပေးနိုင်တဲ့ ကုန်ပစ္စည်း တစ်ခု ဖြစ်‌အောင် ဖန်တီးရမယ်။


၄. မြန်မာပြည်လို non-English ဘာသာစကားတွေ နဲ့ သုံးစွဲနိုင် အောင်၊ တိကျမှန်ကန်တဲ့ ဘာသာပြန်မှုတွေ ပါဝင်ပြီး၊ သုံးစွဲရ၊ နားလည်ရ လွယ်ကူ (User friendly) တဲ့ ကုန်ပစ္စည်းဖြစ်ရပါမယ်။


စားသုံးသူ/သုံးစွဲသူတွေရဲ့ လိုအပ်ချက်/ လိုလားချက် ကို ဖြည့်ဆည်းပေးဖို့ အနေနဲ့ -


၂၀၂၆ မှာ ကမ္ဘာ စီးပွားရေး မတည်ငြိမ်မှု၊ AI တိုးတက်မှု နဲ့ ပတ်ဝန်းကျင် ပြဿနာ တွေ ကြောင့် လူတွေ ရဲ့ အကြိုက်က ပိုပြီးတန်ဖိုး အခြေခံ၊ ချိတ်ဆက်မှုရှာဖွေတဲ့ ဦးတည်ချက်ကို ပြောင်းသွားမယ် ထင်ပါတယ်။ ဒီtrend တွေက နည်းပညာနဲ့ လူမှုရေးပြောင်းလဲမှုကနေလာတာ ဖြစ်ပြီး၊ အမှတ်တံဆိပ်တွေက ဒီ လေ့လာချက်တွေကို လိုက်နာမှ အောင်မြင်မယ်။ စားသုံးသူ/ သုံးစွဲသူတွေရဲ့ ရွေးချယ်မှုက ပြောင်းလဲလာမှာဖြစ်တဲ့အတွက် ကုန်ပစ္စည်း အမှတ်တံဆိပ်တွေဟာ  ၂၀၂၆ မှာ အောက်က အချက်တွေပါဝင်အောင်စီစဉ်ရင် ကမ္ဘာမှာ မဟုတ်ရင်တောင် မြန်မာ မှာ အအောင်မြင်ဆုံး (၁၅) ထဲမှာ ပါနိုင်မှာ ဖြစ်ပါတယ်။


သယံဇာတနဲ့ သဘာဝဝန်းကျင်ကို ထိခိုက်မှုမရှိစေအောင် စီစဉ်ထုတ်လုပ်ခြင်းနဲ့ တန်ဖိုးထည့်သွင်း ဖန်တီး ထားခြင်း (Sustainability နဲ့ Values-Based Brand)ဝယ်သူတစ်ဦးချင်းရဲ့အကြိုက်ကို ဖန်တီးပေးနိုင်ခြင်းနဲ့ ဝယ် သူတို့ ရဲ့ ကိုယ်ရေး အချက်အလက်ကို ကောင်းမွန်စွာထိန်းသိမ်းပေးခြင်း (Personalization with Privacy)AI ရဲ့ အကူအညီ နဲ့ ဝယ်သူ အကြိုက်နဲ့ တစ်ထပ်တည်း ကျတဲ့ ကုန်ပစ္စည်း အမှတ်တံဆိပ်ကို စိတ်တိုင်းကျ ရွေးချယ် အကြံပေး ခြင်း၊  ဆိုင် ကို ကိုယ်တိုင်သွားပြီး ကိုင်တွယ် စစ်ဆေး ရွေးချယ်နိုင် သလို ဖြစ်စေတဲ့ အတွေ့အကြုံ ကောင်းများ ရရှိစေရန် ဖန်တီး ပေးနိုင်ခြင်း (AI-Driven Experiences)၊လူမှုကွန်ရက် ပလက်ဖောင်းမှာ အလွယ်တကူ ရှာဖွေ ရွေးချယ် ဝယ်ယူ နိုင်အောင် စီစဉ် ရောင်းချ ခြင်း နှင့် ရောင်းသူ ဝယ်သူ တစ်ဦးချင်း မျက်နှာချင်းဆိုင် ဝယ်ရ သလို အတွေ့ အကြုံကို ပေးနိုင်ခြင်း (Social Commerce and Creator Economy)ဝယ်သူ ဝယ်နိုင်တဲ့ ဈေး နဲ့ ပေးရတဲ့ ပိုက်ဆံနဲ့ တန်တယ် ဆိုတဲ့ ခံစားမှု ကို ပေးနိုင်အောင် စီစဉ် ဖန်တီး ပေးနိုင်ခြင်း (Value and Affordability)၂၀၂၆ မှာ အနည်းဆုံး မြန်မာပြည်မှာ ရောင်းအကောင်းဆုံး ကုန်ပစ္စည်း အမှတ်တံဆိပ် ကို ဖန်တီးနိုင်ပြီး၊ ဝယ်သူတွေက နှစ်သက်ချစ်ခင်ဝယ်ယူတဲ့ ကုန်ပစ္စည်း အမှတ်တံ ဆိပ်နဲ့ ဈေးကွက် ကို ဦးဆောင်နိုင်သူများ ဖြစ်ကြပါစေကြောင်း ဆန္ဒပြုလိုက်ပါတယ်။


မေတ္တာဖြင့် -

သက်ထွန်း (သျှမ်း) 


***Opinion Leaders Media စာမျက်နှာမှကူးယူဖော်ပြသည်။ 

Thursday, May 8, 2025

❝ အေးငြိမ်းသီတာ ❞

 ❝  အေးငြိမ်းသီတာ ❞ 




     အေးငြိမ်းသီတာ ဆေးဝါးထုတ်လုပ်သူ ဦးတင်မောင်ကြည်နဲ့ ရင်းနှီးခဲ့ကြတာ ၁ဝ နှစ်ကျော်ပါပြီ။ တိုင်းရင်းဆေးပညာဦးစီးဌာနမှာ တာဝန်ထမ်းဆောင်နေတဲ့ ကျွန်တော့်ညီနဲ့ပတ်သက်ပြီး သူတို့မိသားစုနဲ့ ခင်မင်သွားခဲ့တာ။ မုံရွာမြို့ကိုရောက်တဲ့အခါ တစ်ခါတစ်ရံ အေးငြိမ်းသီတာ ဆေးဝါးထုတ်လုပ်ရေးစက်ရုံကို ကျွန်တော်သွား လည်လေ့ရှိတယ်။


     ယခုတစ်ခေါက် မုံရွာကိုရောက်လို့ အေးငြိမ်းသီတာ စက်ရုံကို သွားလည်တော့ အလွန်သိသိသာသာတိုးတက် ပြောင်းလဲနေတာကိုတွေ့ရတယ်။ စက်ရုံအတွင်းထဲ အထိ ဝင်ကြည့်တဲ့အခါ သိပ္ပံရုပ်ရှင်ကားတွေထဲက ဓာတ်ခွဲခန်း တွေမြင်ရသလိုပဲ။


      စက်ရုံအတွင်းမဝင်မီ အဝတ်အစားလဲလှယ်ခန်းမှာ ဆရာဝန်တွေဝတ်တဲ့ ဂျူတီကုတ်လို အပေါ် အင်္ကျီကို ဝတ်ရတယ်။ နှာခေါင်းစည်း တပ်၊ ဆံပင်ကို ဦးထုပ်နဲ့ သိမ်းပြီးဆောင်းရတယ်။ ပြီးတော့ ပြင်ပမှာစီးလာတဲ့ ဖိနပ်ကို စက်ရုံတွင်းစီးဖိနပ်နဲ့ လဲလှယ်ပြီးစီးရတယ်။ ပုံစံ က ခွဲစိတ်ခန်းဝင်မယ့် ဆရာဝန်လိုလို။ စက်ရုံအဝင်ပေါက်ဝမှာ အခန်းလေးတစ်ခန်းထဲဝင်ရပြီး ကျွန်တော်တို့ ခန္ဓာကိုယ်မှာ ကပ်ငြိပါလာတဲ့ ဖုန်အမှုန်အမွှားတွေကို လေနဲ့ မှုတ်၊ စုပ်တယ်။ လေချိုးသန့်စင်ပြီးမှ စက်ရုံတွင်း ဝင်ရတယ်။ ဆေးဝါးစပ်ပုံ၊ ကြိတ်ပုံ၊ ရောနှောမွှေပုံ၊ ဆေးတောင့်၊ ဆေးပြားလုပ်ပုံတွေကလည်း ခေတ်မီစက်တွေနဲ့ဖြစ်နေတယ်။ စက်တွေ၊ အခန်းခန်း အဆောင်ဆောင်တွေက စတီးရောင်၊မှန်ရောင်တွေနဲ့ ဝင်းလက်နေ ပါတယ်။


      တိုင်းရင်းဆေးဝါးဆိုရင် သံဆုံကြီးတွေနဲ့ထောင်းပြီး ရောင်းတဲ့ လျှက်ဆားလောက်သာ တွေ့မြင်ဖူးသူဆိုရင် တော့ အေးငြိမ်းသီတာဆေးဝါးထုတ်လုပ်ရေးစက်ရုံကို ရောက်သွားရင် ကိုယ့်မျက်စိကို ကိုယ် ယုံမှာတောင် မဟုတ်ဘူး။ စက်ရုံတွင်းကို လှည့်လည်ကြည့်ရှုပြီးနောက် ဧည့်ခံဆောင်မှာ အတူတူထိုင်ပြီး ဆရာဦးတင်မောင်ကြည် ကြိုးပမ်းလျှောက်လှမ်းလာခဲ့ရတဲ့ ဘဝလမ်း ကြောင်းကို ပြန်ပြောင်းကြည့်ဖြစ်ကြတယ်။ ဆရာနဲ့ အတူ ဆရာကတော်ဒေါ်လှနှင်းလည်း ရှိနေတယ်။


“ မိဘတွေက တောင်သူတွေ…ကျွန်တော့်မွေးတဲ့အချိန် စစ်ကြီးပြီးစဆိုတော့ ရွာမှာဓားပြတွေတိုက်တယ်…ဒါကြောင့်မိဘတွေက မုံရွာပြောင်းလာပြီး ပွဲရုံဖွင့်တယ်…ကျွန်တော်ငယ်ငယ်က ရွာမှာကျောင်းမနေခဲ့ရဘူး…အသက်တော်တော်ကြီးမှ ကျောင်းနေရတာ…၁၉၅၄ ခုနှစ်မှာ ဆယ်တန်းအောင်တယ်…ငယ်ငယ်က ရည်မှန်း ချက်က ဆရာဝန်လုပ်ဖို့…ဆယ်တန်းအောင်တော့ ရန်ကုန်သွားပြီး တက္ကသိုလ်တက်တယ် ”


“ ဘာကြောင့် ဆရာဝန် ဖြစ်ချင်တာလဲ…ကိုယ့်ပတ်ဝန်း ကျင်မှာ…အားကျစရာရှိလို့လား ”


“ အဲဒီတုန်းကလဲ ခုခေတ်လိုပါပဲ…ဆရာဝန်လိုင်းက အကောင်းဆုံးအနေအထားမို့ပါ ”


“ ဘာကြောင့် …ဆရာဝန်မဖြစ်တာလဲ ”


“ ၁၉၅၇ခုနှစ်မှာ မုံရွာကို မီးကြီးလောင်တယ်…ကျွန်တော့်အဖေတို့ရဲ့ကုန်တွေရော ဂိုဒေါင်တွေရော ဆုံးရှုံးတာ…ဒါနဲ့ ကျောင်းဆက်မတက်နိုင်ဘဲ ပြန်ခဲ့တာ…အဲဒီ အချိန်မှာ ဒေါ်လှနှင်းနဲ့ အိမ်ထောင်ကျနေပြီ ”


"အိမ်ထောင်ကျတာ …ဘယ်နှခုနှစ်မှာလဲ"


    မေးတော့ ဦးတင်မောင်ကြည်က ပြန်စဉ်းစားတယ်။ နောက်တော့ အကူအညီတောင်းတဲ့သဘောနဲ့ နံဘေးမှာ ထိုင်နေတဲ့သူ့ဇနီးရဲ့မျက်နှာကို လှမ်းကြည့်ပါတယ်။ ကျွန်တော် က......


"ဒါမျိုး မေ့လို့မဖြစ်ဖူးနော်…အန္တရာယ်များတယ်"


လို့ ပြောတော့ ဆရာက ရယ်တယ်။ ပြီးမှ..... 


"နေဦး… ခုနှစ်နဲ့ …မမှတ်မိဘူး"


လို့ ဆိုတယ်။ ဆရာကတော် ဒေါ်လှနှင်းက......


"၁၉၅၄ ခုနှစ်မှာ အိမ်ထောင်ကျတာ…သူ ဆယ်တန်း အောင်တော့ ကျတာပဲ…သူနဲ့ကျွန်မက ဆွေမျိုးတော်တယ်…ကျွန်မက ဖြူးသူ"


ဆိုပြီး ပြောပါတယ်။ 


“ မုံရွာသားက ဒါလောက်ဝေးတဲ့ ဖြူးသူနဲ့ …ဘယ်လို ဖူးစာကြောင့် အိမ်ထောင်ကျတာလဲ ”


“ ဒေါ်လှနှင်းရဲ့ အဖေကလဲ ကျွန်တော့်ဇာတိ မင်းရွာသား ပဲ…ဦးပုရှိန် တဲ့… ဒီဘက်မှာ မိုးတွေခေါင်တော့ ဒီကလူတွေ အုပ်စုလိုက် အောက်ပိုင်းသွားအလုပ် လုပ်ကြတာ…ကျွန်တော့်အဖေ သူတို့ဆီသွားရင်းတွေ့လို့ ပေးစားတာ ”


"ရန်ကုန်ကို တက္ကသိုလ်သွားတက်ခါနီး သားကိုစိတ်မချ လို့ အဖေက မိန်းမရှာပြီး ပေးစားလိုက်တာထင်ပါတယ်"


      လို့ ကျွန်တော်ကပြောတော့ သူတို့လင်မယား ဟက် ဟက်ပက်ပက်ရယ်ကြပါတယ်။


“ အိမ်ထောင်ကျတော့ ဒေါ်လှနှင်းက မုံရွာလိုက်လာပြီး ကျွန်တော့်အဖေပွဲရုံမှာ ပွဲရုံစာရေးအဖြစ်လုပ်တယ်… ကျွန်တော်က ဆေးဘက်မှာဝါသနာပါတော့ ကျန်းမာ ရေးမှူးသင်တန်းတက်ချင်စိတ်ဖြစ်ပြီး ဝင်ဖြေလိုက်တော့ ပါသွားရော…၁၉၆၁ခုနှစ်မှာ ကျန်းမာရေးမှူးသင်တန်း တက်ပြီး ၁၉၆၂ခုနှစ် ဒီဇင်ဘာမှာ ပြီးတယ် ”


“ ဆေးပညာနဲ့ ဝါသနာ …ပြောပါဦး ”


“အချို့ကကျွန်တော့်ကိုမေးကြတယ်…မိဘက ကုန်သည် ပွဲစား…ဘယ်လိုက ဘယ်လို တိုင်းရင်းဆေးဝါး ထုတ် လုပ်သူဖြစ်လာသလဲပေါ့…gene (မျိုးစေ့ဗီဇ) ခေါ်မှာလား…ကျွန်တော့်အဘွားက သူ့ခေတ်နဲ့သူတော့ ဒေါ်မယ်မွှေးဆိုပြီး မင်းရွာမှာ တိုင်းရင်းဆေးဆရာမကြီး…သူ့ ဆေးနည်းလေးတွေ ဘာတွေ ကျွန်တော့်ကိုပေးတယ်ပေါ့”


“ ကျန်းမာရေးမှူးသင်တန်းပြီးသွားတော့ ဘယ်ဒေသတွေ မှာ တာဝန်ထမ်းဆောင်ရသလဲ ”


“ ပထမရောက်တာ စစ်ကိုင်းမြို့နယ် ခွက်ခွင်းကျေးရွာ ကျန်းမာရေးဌာန…အဲဒီကနေ ဂုံညင်းဆိပ်မှာ အာရ်အိတ်ချ်စီအသစ်ဖွင့်တော့… သွားရတယ် ”


“ အာရ်အိတ်ချ်စီ ဆိုတာ …ဘာလဲ ”


“ Rural Health Centre ကျေးလက်ကျန်းမာရေး ဌာန ပါ…ဂုံညင်းဆိပ်ကနေ ဒီပဲယင်းမြို့နယ် သစ်ရာအိုက် အာရ်အိတ်ချ်စီကို ၁၉၆၈ခုနှစ်မှာ ပြောင်းရတယ်… အဲဒီ နောက် ကသာမြို့နယ် မိုးတားကျေးရွာ ကျန်းမာရေး ဌာန…အဲဒီကနေ အဆုတ်ရောဂါကုဌာန မိုးမိတ်ကို team leader ( အဖွဲ့ခေါင်းဆောင် ) အဖြစ် ရောက်သွားတယ်"


     ကျွန်တော်တို့ စကားကောင်းနေတာ နေ့လယ် ၁၂း ဝဝ ထိုးသွားပြီ။ အဲသည်အချိန်မှာ လျှပ်စစ် မီးပြတ်သွားတယ်။ စက်ရုံက လည်ပတ်နေရတာ။ ကျွန်တော်တို့ လည်း လျှပ်စစ်မီးရောင်အောက်မှာ စကားပြောနေတာ ဖြစ်လို့ ဦးတင်မောင်ကြည်က......


"စက်မောင်းကွာ"


     လို့ ပြော လိုက်တယ်။ စက် မမောင်းရသေး ခင် မှာပဲ လျှပ်စစ်မီးကပြန်လာတော့ ဦးတင်မောင်ကြည်က....


"ကျားသားမိုးကြိုးပဲ…လန့်သွားတာပဲဗျာ"


      လို့ ပြောပြီး ရယ်တယ်။ ပြီးတော့ ပြောလက်စ သူ့ စကား ကို ဆက် ပြောပါတယ်။


“ မိုးကုတ်နဲ့နီးတော့ မိုးမိတ်က အစစအရာရာဈေးကြီးတယ်…ကျွန်တော်ရတဲ့ ဝန်ထမ်းလခနဲ့ ကလေးတွေ ကျောင်းပို့ဖို့ မလောက်ငတော့ဘူး…ဒါနဲ့ မိုးမိတ်ဈေး အဝင်ဝမှာ ဆိုင်ကလေးဆောက်ပြီး နှင်းဝတ်ရည် အထည် ဆိုင်ဆိုတဲ့နာမည်နဲ့ အမျိုးသမီးက အထည်ဆိုင် ထွက်တယ်…ဝင်း စာပေ ဆိုပြီး စာအုပ်အငှားဆိုင်လေး လဲဖွင့်တယ်…၁၉၇၇ ခုနှစ်ကျတော့ ပင်စင်ယူလိုက်တယ်”


“ ကျွန်တော့်သားအကြီး ကိုမြင့်ဇော်က မန္တလေးမှာ ကျောင်းနေတာ…အမှတ်(၉) အထကမှာ…သမီးအကြီးက အမှတ်(၈)ကျောင်းမှာ နေရတယ်…ဆိုလိုတာက မိုးမိတ်မှာ ပေနေလို့ရှိရင် ကလေးတွေ ပညာရေး အခက် အခဲရှိမယ်…စီးပွါးရေးကလဲ နောက်ကျတယ်ဆိုပါတော့…အချိန်ရှိတုန်း အပြင်ထွက်ပြီး အလုပ်လုပ်ကြမယ်လို့ လင်မယားနှစ်ယောက် တိုင်ပင်ပြီး ပင်စင်ယူလိုက်တာ ”


“ ပင်စင်ယူပြီး… မုံရွာပြန်လာခဲ့တာလား ”


“ မုံရွာ ပြန်လာခဲ့တာ…မိုးမိတ်ကပင်စင်ယူပြီးလာခဲ့တဲ့ ၁၉၇၇ ခုနှစ်က ၁၉၈ဝပြည့်နှစ်လောက်အထိ တော်တော် ရုန်းကန်ခဲ့ရတာ…လေဘေးအထည်တွေလဲ ရောင်းခဲ့ရတယ်…မန္တလေးက အထည်တွေဝယ်ပြီး မုံရွာဈေးထဲမှာ အထည်ဆိုင်ဖွင့်တယ်…စာအုပ်အငှားဆိုင်… ဗွီဒီယိုဆိုင် တွေလဲဖွင့်တယ်…မင်းရွာကဆွေမျိုးတွေနဲ့ အစုစပ်ကြာဆံစက်ထောင်တယ်… အဆင်မပြေဘူး ”


      ဆရာဦးတင်မောင်ကြည်က ပြောလက်စ စကား ကို ခဏနားပြီး သူ့အတွေးနဲ့သူ ရယ်တယ်။ ပြီးမှ စကားကို ဆက်ပြောတယ်။


“ ခွေးရူးအကိုက်ခံရမယ့်အကောင် ယောင် (သျှောင်) ကလေးနဲ့ ဆိုသလိုပဲ…ဒါ (အေးငြိမ်းသီတာ) ဖြစ်ချင်လို့နေ မှာ…ကြာဆံစက်က အဆင် မပြေတော့ အဲဒီအလုပ်ကို ဇောက်ချလုပ်လို့က မရ ၊ သူများလုပ်သလို ကူးသန်းရောင်းဝယ်တာ လိုက် လုပ်ကြည့်တယ်…ပိုဆိုးတော့ ဒီအတိုင်းဆိုရင်တော့ မဖြစ်သေးဘူးဆိုပြီး ၁၉၇၉ ခုနှစ်လောက်မှာ တိုင်းရင်းဆေး ထုတ်လုပ်တဲ့လုပ်ငန်းကို လုပ်ဖို့ စိတ်ကူးတယ် ”


    ဦးတင်မောင်ကြည်က ပြောလက်စ စကားကိုရပ်ပြီး တည်ခင်းထားတဲ့ အကြော်နဲ့ရေနွေးကြမ်းကို စားဖို့ ကျွန်တော့်ကိုပြောတယ်။ ကျွန်တော်တို့ စကားဝိုင်းကို ခဏ ရပ်ပြီး ရေနွေးကြမ်းသောက်ကြတယ်။


“ တိုင်းရင်းဆေးသိပ္ပံက ကျောင်းအုပ်ဆရာကြီး ဦးဉာဏ်ထွန်းနဲ့ ဆရာကြီးကျော်တို့က နယ်တွေဆင်းပြီး တိုင်းရင်းဆေးပညာသင်တန်းတွေ ဖွင့်ကြတယ်…သင်တန်းတက်ပြီး စာမေးပွဲဝင်ဖြေတော့ ဒ-ဘ-န -ဝ ဆိုတဲ့ တိုင်းရင်းဆေး လေးဘာသာစာမေးပွဲ အောင်တယ်… ကျွန်တော်တို့က လုပ်ငန်းလုပ်တဲ့နေရာမှာ ပညာနှစ်ရပ်နဲ့ လုပ်တော့ ပိုပြီးအဆင်ပြေတယ်…တစ်ဖက်က အနောက်တိုင်းဆေးပညာ…တစ်ဖက်က တိုင်းရင်းဆေးပညာ ”


“ ပထမဆုံးထုတ်လုပ်တဲ့ ဆေးက …ဘာဆေးလဲ ”


“ ပထမ အနောက်တိုင်းဆေးပညာအစွဲနဲ့ အာယုဗလ သွေးညှိသွေးဆေးဆိုပြီး စ,ထုတ်တယ်…အမှတ်တံဆိပ် က ခန္ဓာကိုယ်အတွင်းမှာ သွေးလှည့်လည်သွားလာပုံကို ဒီဇိုင်းလုပ်ပြီး ထုတ်တယ်…ဒါထုတ်တော့ များများ မထုတ်ရသေးဘူး…ဟိုပင်မှာ အာယုဗလဆိုတာ ထုတ်တာ နဲ့တိုက်နေတော့ သွားရော…နာမည်ချင်းတူနေတာ ကိုယ် ကအရင်သိတယ်…ကိုယ်က အရင်ရှောင်လိုက်တယ် ”


“ အေးငြိမ်းသီတာ ဖြစ်ပေါ်လာပုံကော ”


“ ဗေဒင်ယတြာကိန်းခန်းနဲ့ မတွက်ချက်လို့ ယခုလိုဖြစ်ရတာလားဆိုပြီး လယ်တီ စိတ္တသုခကျောင်း ဆရာတော် ဦးမဏ္ဍလကို အကျိုးအကြောင်းလျှောက်တော့ အမှတ်တံဆိပ်ရဲ့သင်္ကေတကို နေရဲ့အသွင်သဏ္ဍာန်ပါရမယ်ဆိုလို့ ဥဒေါင်းမင်း…အမည်ကို တနင်္ဂနွေနံစ,ပြီး စနေနံဆုံးရမယ်ဆိုလို့ အေးငြိမ်းသီတာဆိုပြီး အေးချမ်းမယ့် အတိတ်နိမိတ်နဲ့ ယူလိုက်တယ်…စစချင်းလုပ်ငန်းမတည် ရင်းနှီးငွေက နှစ်ထောင့်ငါးရာ (ကျပ်၂၅၀ဝ) နဲ့ စ,ခဲ့တာ…ဆေးလုပ်ငန်းထဲက ရတဲ့ငွေ ဆေးလုပ်ငန်းထဲပြန် ရင်းတာ…အိမ်စရိတ်ကို အမျိုးသမီးရဲ့အထည်ဆိုင်…သားသမီးတွေရဲ့ စာအုပ်ဆိုင်၊ ဗီဒီယိုဆိုင်က သုံးတယ် ”


ဆရာကတော် ဒေါ်လှနှင်း က.....


"ကျွန်မက အသန့်အရှင်းကြိုက်တယ် ....သူက သစ်ဖုတွေယူလာ…မနက်အစောကြီးထပြီး သံဆုံနဲ့ တဒုန်းဒုန်းထောင်း…ဆန်ခါနဲ့အမှုန်ချ…အစတော့ ဒီ ဆေးတွေကနံလို့ ကျွန်မက ဗျစ်တောက် ဗျစ်တောက်…နောက်ပိုင်းကျတော့ ကျွန်မပါ ဝင်ပါရတယ်"


     လို့ ပြောတယ်။ ဆရာကတော်ပြောတဲ့အချိန်မှာ ဆရာက တဟဲဟဲ ရယ်နေတယ်။ 


"သစ်ရွက်တွေရော…ဘာတွေရော အိမ်မှာ ရှုပ်ယှက်ခပ်နေတာပဲ…နောက်တော့ ကိုယ်ပါဆေးလုံးဝင်လုံးရတယ်…စ,ခါစက အပြားရိုက်စက် မဝယ်နိုင်သေးဘူး" 


လို့ ဒေါ်လှနှင်းက ဆက်ပြောတယ်။


“ ၁၉၉၅ ခုနှစ်မှာ ဆေးအပြားရိုက်စက်လေး ဝယ်တယ် …တစ်ခါရိုက်မှ တစ်ပြားပဲထွက်တာ…ဂျောက်ခနဲရိုက် …ဒေါက်ခနဲ ဆေးပြားလေးတစ်ပြားထွက်တယ်… ကျွန်တော်က မနက် ၂ ချက်…၃ နာရီထပြီး မေတ္တာပို့ အာရုံပြုရင်း ဆေးပြားရိုက်တာ…ကျွန်တော့်မိတ်ဆွေ တွေက ပြောလေ့ပြောထရှိတယ်…တစ်ဂျောက် တစ်ကျပ် ရတာတဲ့…တစ်ကျပ်ဆိုတာ တော်တော်သုံးလို့ရတဲ့ အခြေအနေ ”


“ ဘာဖြစ်လို့ မနက်အစောကြီး ထ,လုပ်ရတာလဲ ”


“ အာရုံက ဆေးထုတ်တဲ့အထဲပဲ ရှိနေတော့ အိပ်မပျော်ဘူး…စစချင်းမှာ အလုပ်သမားရယ်လို့လဲ မရှိသေးဘူး …နောက်တော့ အိမ်နားက မခင်ကောင်း လာလုပ်တယ် …သူက အခုထိရှိသေးတယ်…နောက် ကိုပြေအေး…ကျေးဇူးရှင်တွေပါပဲ…လျှပ်စစ်မီးကလဲ အဲဒီအချိန်မှ ပို အဆင်ပြေတယ်…ညမှာ စိတ်အာရုံစူးစိုက်နိုင်လို့ အလုပ် ထ,လုပ်တာ ”


ဆရာကတော်က......


"နေ့နဲ့ ည လွဲသလိုဖြစ်နေတာ" 


လို့ ပြောတော့....


"ကလေးဆိုရင်လည်း အိမ်တံစက်မြိတ်အောက်မှာ မီး ထွန်းပြီး ရေချိုးပေးလိုက်ရင် နေ့နဲ့ညလွဲတာ ပျောက်သွားမယ်"


    လို့ အရွှန်းဖောက်တော့ သူတို့လင်မယားက ဟုတ်ပါ့ ဟုတ်ပါ့လို့ ပြောပြိီး ရယ်ကြတယ်။


“ အေးငြိမ်းသီတာ အစမှာ ဘာဆေးတွေထုတ်သလဲ ”


“ သွေးညှိသွေးဆေးလဲ ထုတ်သေးတယ်…အကြော အားတိုးဆေး စ,ထုတ်တာနဲ့ပေါက်တာပဲ…အကြော အားတိုးဆေးက တမာပါတယ်…ချင်း ပါတယ်…နနွင်း ပါတယ်…ပျားရည် ပါတယ်…သူ့ထူးခြားချက်က ဒီ ဆေးကို အစမ်းထုတ်ကတည်းက သဘောကျသူများတယ်…အကြောပြေတယ်…အကြောတက်စာတွေ စားတာ အဆိပ်ဖြေသလိုဖြစ်ပြီး အကြောမတက်ဘူး… ဒီဆေးက စ,ထွက်ထွက်ချင်း ဘယ်လောက် နာမည်တအားကြီးသွားလဲဆိုရင် ရန်ကုန်မှာ တိုးဝှေ့ ဝယ်ရတဲ့အဖြစ်ကို ရောက်သွားတာ ”


“ ဘဝမှာ အလှည့်အပြောင်း ဖြစ်တဲ့အချိန်က ဘယ် အချိန် ”


“ အကြောအားတိုးဆေး တွင်ကျယ်ချိန်ပေါ့…၁၉၉၂ ခုနှစ်မှာ မုံရွာစက်မှုဇုန်မှာ မြေနေရာဝယ်ပြီး စက်ရုံသေးသေးလေး စ,ဆောက်တယ်…နောက်မှ တဖြည်းဖြည်း တိုးချဲ့လာတာ…ကျွန်တော့်ကို အကူအညီပေးနေတဲ့ ဆရာတွေရှိတယ်…ဒေါက်တာမြင့်စိန်တို့ FAME က ဒေါက်တာခင်မောင်လွင်တို့ သူတို့က ကျွန်တော့်ဆရာတွေပဲ…သူတို့က ကျွန်တော့်ကို ပြုပြင်ပေးတယ်…မသိတာရှိရင် ပြပေးတယ်…ဒါနဲ့ ဒီလိုအခြေအနေကို ရောက် လာတာပဲ ”




◾ကျော်ရင်မြင့်


📖 မော်ဒန် သတင်းဂျာနယ်  

      ၁၈ ဖေဖော်ဝါရီ ၊ ၂၀၁၁

Sunday, April 20, 2025

မားကက်တင်းသမားများ နဲ့ ဈေးကွက်တွင်း စိန်ခေါ်မှုများ




မားကက်တင်းသမားတွေ ဆိုတာ မိမိကုမ္ပဏီရဲ့ ကုန်ပစ္စည်း အမှတ်တံဆိပ်တွေကို စားသုံးသူ/ သုံးစွဲသူ တွေကြားမှာ လူသိများရေပန်းစားပြီး ‌အရောင်းသွက်အောင် ဆောင်ရွက်ပေးရတဲ့ တာဝန်ရှိကြသူတွေ ဖြစ်ပါတယ်။ ဒါထက်မက မိမိ ကုန်ပစ္စည်း အမှတ်တံဆိပ်ကို အစဉ်တစိုက်အားပေး ဝယ်ယူသုံးစွဲနေသူတွေက အခြားကုန်ပစ္စည်း အမှတ်တံဆိပ်ကို ပြောင်းလဲ သုံးမသွားအောင်၊ အခြားကုန်ပစ္စည်း အမှတ်တံဆိပ်သုံးစွဲသူတွေ မိမိ ကိုပြောင်းလဲ သုံး စွဲသွားချင်လာအောင်၊ မိမိ အမှတ်တံဆိပ် အပေါ် သစ္စာရှိတဲ့ စားသုံးသူ/ သုံးစွဲသူ များသထက်များ လာအောင် ဆွဲ ဆောင်စည်းရုံးရသူတွေလည်း ဖြစ်ပါတယ်။ 


သို့သော်လည်း ဒီ သဘောတရား ကို မားကက်တင်းသမားတွေ အားလုံးက ကိုင်စွဲ လုပ်ဆောင်လာ တဲ့ အခါ၊ အသုံးပြုတဲ့ နည်းစနစ်၊ ကိရိယာ စတာတွေကလည်း အားလုံးတပြေးညီသုံးစွဲလာကြတဲ့အခါ မားကက်တင်း သမား တွေကြားမှာ ဈေးကွက်တွင်း ယှဉ်ပြိုင်မှုအလွန်များလာပြီး အားလုံး လုပ်ရကိုင်ရ ကြပ်လာတဲ့ အချိန်တစ်ခု ကို ရောက်ရှိလာကြတော့ပါတယ်။ 4Ps Marketing Mix ထဲက ဘယ် P ကို အစွမ်းကုန်ပြုပြင်မွမ်းမံ ပြီး ယှဉ်ပြိုင် ရင် သူများထက်အသာရမလဲ၊ ပိုထူးခြားမလဲ လို့ ကြံကြတဲ့ အခါမှာလည်း ပညာရှိခြင်း ဉာဏ်ချင်းထပ်ကုန်တယ် လို့ ဆိုရမလောက်အောင် ထပ်တူ မရိုးစွဲ ဖြစ်ကုန်လို့ မားကက်တင်းသမားတွေမှာ အင်္ဂလိပ်လို ညည်းရရင် ဖိနပ်ကြိုး တောင် မချည်အားဘူး။ မြန်မာလို ညည်းရရင် ယားလို့‌တောင်မကုတ်အားဘူး လို့ တင်စားရမလို ဖြစ်ပြီး အကြံ အိုက်ကုန်ကြတတ်ပါတယ်။


ဆိုတော့ သင့်မားကက်တင်း လမ်းကြောင်းမှာ မိမိ ရဲ့ ပြိုင်ဖက် (Competitors) တွေ ကို ဘယ်လိုဖြတ် ကျော် အသာရအောင် လုပ်ကြမလဲဆိုတာ ကို အကြံပြုတင်ပြမှာ ဖြစ်ပါတယ်။  


၁။ "တစ်မူထူးခြားတဲ့ အရောင်းကမ်းလှမ်းမှု" (Unique Selling Proposition - USP) 


ယှဉ်ပြိုင်မှု များလွန်းတဲ့ ဈေးကွက်ထဲ မှာ မိမိရဲ့ ကုန်ပစ္စည်း အမှတ်တံဆိပ်ကဖြစ်စေ၊ မိမိ ရဲ့ ဈေးနှုန်းက ဖြစ် စေ၊ မိမိ ရဲ့ ကုန်ပစ္စည်းခင်းကျင်းမှု/ ကြော်ငြာတင်ဆက်မှု ကဖြစ်စေ၊ အရောင်းမြှင့်တင်ရေး ဆောင်ရွက်မှု/ ကမ်းလှမ်းမှု တွေကဖြစ်စေ၊ သူများ နဲ့ မရိုးရင်းစွဲ ဖြစ်နေရင် စားသုံးသူ/ သုံးစွဲသူတွေ ရွေးချယ် ဝယ်ယူသုံးစွဲတဲ့ ကုန် ပစ္စည်း အမှတ်တံဆိပ် ဖြစ်လာမှာ မဟုတ်ပါဘူး။ မရှိသုံးလေး နေရာ ရရင်တောင် တော်လှပြီ ဆိုတဲ့ အနေ အထား ကို ရောက်သွားမှာပါ။ ဒီတော့ မိမိ မှာ သူများထက် သာတဲ့ (မိမိရည်စူး စားသုံးသူ/ သုံးစွဲသူ ကို စွဲ‌ဆောင်မှု ပိုမိုအား ကောင်းတဲ့) Unique Selling Proposition – USP ဘာရှိသလဲ၊ ဒါမှ မဟုတ် ရှိလာအောင်ဘယ်လို လုပ်မလဲ ဆို တာကို အရင်ဆုံးဖော်ထုတ် ဖို့ လိုပါတယ်။ 


ဥပမာ -  အားလုံးက အရည်အသွေးနဲ့ ဆွဲဆောင်ဖို့ကြိုးစားနေတဲ့အချိန်မှာ (အပြိုင်ကြိုးစား ကြရင်း အရည် အသွေးကလည်း တစ်ခုနဲ့ တစ်ခု ပြောပလောက်အောင် မကွာခြားတော့ပါဘူး)  သင်က **"ဈေးနှုန်းချိုသာမှု + အချိန်မီပို့ဆောင်မှု"** ကို ဦးစားပေးဖို့ ဆောင်ရွက်သင့်ပါတယ်။


- ဒါမှမဟုတ် တတ်ဆင်မှု အခမဲ့။ ရာသက်ပန် ပြင်ဆင်လက်ခ အခမဲ့။ စတာတွေနဲ့ တမူထူးခြားအောင် ဆွဲဆောင်စည်းရုံးရမှာ ဖြစ်ပါတယ်။ 


အရေးကြီးဆုံးအချက်ကတော့ ** သင်ရဲ့ USP ကို လူတွေ သိအောင် (Awareness) ဖြစ်ပါစေ။ Facebook Ad, Facebook Reel, YouTube Shorts, TikTok,  Website Banner—စားသုံးသူ/ သုံးစွဲသူတွေ အသုံးများတဲ့ Web အွန်လိုင်းပလက်ဖောင်း ဘယ်နေရာမှာမဆို မြင်အောင်လုပ်ပါ။ Unique Selling Proposition – USP မိမိ ကို ဝယ်ယူချင် အောင်စွဲဆောင်တဲ့ အချက်ကို ထပ်ခါထပ်ခါ မြင်စေ ကြားပါစေ။


၂။ "ဖောက်သည်တွေ နဲ့ ဆက်ဆံရေး ကောင်းပါစေ... ဒါမှ သူတို့က သင့်ကိုချစ်မှာ" 


ဈေးကွက်ထဲမှာ ယှဉ်ပြိုင်မှုများတဲ့အခါ **Customer Relationship**လို့ပြောကြတဲ့ ဖောက်သည်တွေနဲ့ ပေါင်းသင်း ဆက်ဆံရေးကောင်းဖို့ က အရမ်းအရေးကြီးပါတယ်။ သင်ရဲ့ ဖောက်သည်တစ်ယောက်ကို သေချာဂရု စိုက်ရင် သူက နောက်ထပ် ၁၀ ယောက်ကို သင့်ဆီပို့ပေးလိမ့်မယ်။ ဆိုတော့ ဒီအချက်ဖြစ်ပေါ်အောင် ဘယ်လို လုပ်ရမလဲ  


- **Personalized Service:** ဖောက်သည်တွေရဲ့ အကြိုက်ကို မှတ်ထားပြီး "ချစ်သောတို့ရေ... မိတ်ဆွေတို့ စိတ် ကြိုက်ဖြစ်မယ့် ပစ္စည်း အသစ်လေးတစ်ခု ရောက်ရှိလာပါပြီနော်" ဆိုတဲ့ Message ကို တစ်ဦးချင်းစီ ပို့ပေးတာမျိုး ဆောင်ရွက်ပါ။  


- **Loyalty Program:** "၅ ကြိမ်ဝယ်ရင် ၁ ကြိမ်အခမဲ့ ဒါမှမဟုတ် ၁၀ ရာခိုင်နှုန်း လျော့ဈေး" ဆိုတဲ့ သစ္စာရှိ ဖောက်သည် စည်းရုံးရေး ဆောင်ရွက်ချက် လုပ်ဆောင်ပါ။  


၃။ "အွန်လိုင်းမှာ သင့်ကိုဘယ်သူမှ မမြင်ရင် သင်မရှိသလိုပဲ" ဆိုတဲ့ စကားကို အမြဲတမ်း သတိရလိုက်နာပါ။  


ဒီခေတ်မှာ အွန်လိုင်းမားကက်တင်း လို့ သိကြတဲ့ Digital Marketing မလုပ်ဘူးဆိုရင် သင်က ဈေးကွက် ထဲ မှာ ကိုယ်ပျောက်ဝိဇ္ဇာ "Invisible Man"** ဖြစ်သွားပါလိမ့်မယ်။ ခေတ်ရေစီးက အွန်လိုင်းနည်းပညာ တွေနဲ့ အရှိန်အဟုန်ပြင်းပြင်း စီးဆင်းနေတဲ့ ယခုကာလမှာ သင်က ရေစီးနောက်မလိုက်ဘူး ဆိုရင် ကျောက်ခေတ်မှာ ပြတ်ကျန်ခဲ့မယ် ဆိုတာ အမြဲ သတိထားနေပါ။ အွန်လိုင်း ဒစ်ဂျစ်တယ် မားကက်တင်းမှာ သင်က လိုက်ပါနေတယ် ဆိုရင်တောင်မှ တစ်တော့ပေါ်ရင် တစ်တော့။ Threads@ ပေါ်ရင် ဿရက် ချက်ခြင်းလိုက်လုပ်နိုင်မှ၊ trendy ဖြစ်မှ တော်ကာကျမယ် ဆိုတာ အမြဲသတိရှိ မျက်ခြေမပြတ်ဖို့ လိုပါတယ်။ 


 အဲ့ဒီတော့ အွန်လိုင်း မားကက်တင်း လုပ်ဆောင်တဲ့အခါ-  


Search Engine Optimizing (SEO) လို့ခေါ်တဲ့ Browser ထဲမှာ ကုန်ပစ္စည်း အမှတ်တံဆိပ် နဲ့ ပတ်သက် တဲ့ Keyword အချက်အလက်နည်းနည်း ထည့်ပြီး ရိုက်ရှာတဲ့ အခါ (ဥပမာ - မိမိ က မားကက်တင်း အကြံပေး လုပ် တယ် ဆိုပါတော့ “အကြံပေး” ဒါမှမဟုတ် “မားကက်တင်း” လို့ အစပျိုး စာလုံးရိုက်ထည့်လိုက်တာနဲ့ မိမိ အကြံပေး အေဂျင်စီရဲ့ နာမည်က ထိပ်ဆုံးက တက်လာအောင် လုပ်ထားရမှာ ဖြစ်ပါတယ်။ မားကက်တင်း အကြံပေးရှာတိုင်း ရှာတိုင်း မိမိ ရဲ့ နာမည်၊ အေဂျင်စီရဲ့နာမည် ထိပ်ဆုံးက တက်လာမယ် ဆိုရင် သတိထားမိလွယ်ပြီး၊ စားသုံးသူ/ သုံး စွဲသူတို့ရဲ့ ယုံကြည်ရင်းနှီးမှု ကို ရရှိပြီး ဖြစ်လာစေနိုင်ပါတယ်။ 


         Content Marketing နည်းစနစ်ကို သုံးပါ - မိမိ ကုန်ပစ္စည်းသက်သက် ကို တိုက်ရိုက်ကြော်ငြာ တာမျိုး မဟုတ်ဘဲ ဆက်စပ်တဲ့ ဗဟုသုတ အသိပညာပေး ဗီဒီယို အတိုလေးတွေ နဲ့ ဆွဲဆောင်ကြော်ငြာ တာမျိုး Content Marketing Technic ကို အသုံးပြုပါ။ 


လူမှုကွန်ယက်ကတစ်ဆင့် ပရိသတ်နဲ့ထိတွေ့မှု များများ ရအောင်လုပ်ပါ (Social Media Engagement)- Facebook, TikTok မှာ မကြာခဏ Live ဖွင့် ပြီး သတင်းစကားပြောတာမျိုး၊ မိမိကုန်ပစ္စည်း အမှတ်တံဆိပ်နဲ့ ပတ် သက်ပြီး ပရိသတ်သိချင်သမျှကို အမေးအဖြေကဏ္ဍ (Q&A) လုပ်ပြီး ပြောပြဖြေဆိုတာမျိုး ၊ ဖောက်သည်တွေရဲ့ Comment တွေကို ချက်ခြင်းပြန်ဖြေပေးတာမျိုး လုပ်ပြီး မိမိ ကုမ္ပဏီ၊ ကုန်ပစ္စည်း အမှတ်တံဆိပ် နဲ့ ပတ်သက်ပြီး Awareness & Engagement ထိတွေ့ဆက်ဆံမှု/ အသိအမြင် တိုးပွားလာအောင် ဆောင်ရွက်ပါ။ 

 

၄။ "သူများထက် ပိုမြန်မှ အနိုင်ရမယ်" 


ဈေးကွက်ထဲမှာ လက်သွက်ခြေသွက် (နုတ်သွက်) ရှိဖို့ ကလည်း ယှဉ်ပြိုင်နိုင်ခွင့် (Competitive Advantage) တစ်ခုဖြစ်တယ်။  Trend ပြောင်းတိုင်း အသစ်လုပ်တိုင်း မိမိက ရှေ့ဆုံးက ဦးဆောင်နေနိုင်ရင် ပရိသတ်က ကိုယ့်အပေါ်မှာ အာရုံစိုက်မှု နှစ်သက်သဘောကျ ရွေးချယ်မှု ပိုများလာမှာ ဖြစ်ပါတယ်။


- အမြန်ဆုံးဝန်ဆောင်မှု :- ဥပမာ... ဖောက်သည်က "ဒီနေ့ညနေမှာ လိုချင်တယ်" ဆိုရင် သင်က Same-Day Delivery ပေးနိုင်ရင် သူများထက် သာတယ်။  


- အပြောင်းအလဲနောက် အမြန်လိုက်ရွှေ့ပါ :- Hot ဖြစ်တဲ့ လူမှုကွန်ယက်မှာ ပေါ်ပင်တစ်ခု ခေတ်ထပြီ ဆိုတာနဲ့ ၂၄ နာရီအတွင်း သင်ရဲ့  အမှတ်တံဆိပ်နဲ့ လိုက်လုပ်နိုင်အောင် အသင့်ရှိပါစေ။  တစ်ထပ်တည်း ပုံတူကူးချတာမျိုး တော့ မဖြစ်ပါစေနဲ့၊ လိုင်းတူ မှာ ကိုယ်က ပိုသာ ပိုဆန်းသစ်တဲ့ အိုင်ဒီယာ နဲ့ ဖြစ်ပါစေ။


၅။ "အရှုံးထဲက သင်ခန်းစာယူပါ.... အတုယူပါ၊ ဒါပေမယ့် နောက်လိုက် (Copycat) မဖြစ်ပါစေနဲ့"  

ပြိုင်ဘက်တွေကို လေ့လာပါ၊ သူတို့ရဲ့ အောင်မြင်မှု ကျရှုံးမှုတွေကို လေ့လာ သင်ခန်းစာယူပါ။ သူတို့ဘာ လို့ အောင်မြင်နေတာလဲဆိုတာ စိစစ်သုံးသပ်ပြီး သင့်ကိုယ်ပိုင်ဟန် Version နဲ့ ပိုကောင်းအောင်လုပ်ပါ။  


၆။ "ငွေကုန်သက်သာပြီး ထိရောက် အောင်လုပ်ပါ  


ငွေများများ သုံးတိုင်း ဒါမှမဟုတ် ငွေများများသုံးမှ အောင်မြင်တာမဟုတ်ပါ။ ကုန်ကျစာရိတ် နည်းနည်း နဲ့ ဘယ်လို လူသိများ အောင်မြင်အောင်လုပ်နိုင်သလဲ ဆိုတာ ကြည့်လိုက်ကြရအောင်ပါ။  


- လူမှုကွန်ယက် မျက်နှာဖုံးတွေ (Social Influencer) တွေရဲ့ပူးပေါင်းဆောင်ရွက်မှုကို ရယူပါ။ လူမှုကွန် ရက် မှာ လိုက်ပါကြည့်ရှူသူ (Followers) အနည်းဆုံး အယောက် တစ်သောင်း ရှိသူတွေနဲ့အလုပ်လုပ်ပါ။ သူတို့က မျက်နှာဖုံး သြဇာအတန်အသင့်ရှိသူတွေဖြစ်လို့ သူတို့ထောက်ခံတဲ့ ကုန်ပစ္စည်း အမှတ်တံဆိပ်ကို စားသုံးသူ/ သုံးစွဲ သူတွေက အလွယ်တကူ ယုံကြည်လက်ခံကြပါတယ်။  


- မိတ်ဆက် ဖိတ်ခေါ်ပေး ခြင်း အစီအစဉ် (Referral Program): လက်ရှိ ဖောက်သည်တစ်ဦးက သူ့ရဲ့ သူ ငယ်ချင်းတစ်ယောက်ကိုညွှန်းရင် ၁၀% Discount ပေးမယ် ဆိုတာမျိုး၊ မိတ်ဆက်ဖိတ်ခေါ်လိုက်တဲ့ သူငယ်ချင်းက ကုန်ပစ္စည်း အမှတ်တံဆိပ်ကို ဝယ်ယူသုံးစွဲရင်  ပွိုင့် ၁၀၀ ပေးပြီး ပွိုင့် ၁၀၀၀ ရရင် နောက်ထပ် ၁၀ရာခိုင်နှုန်း ဈေး လျော့ပေးတဲ့ အစီအစဉ်မျိုး  စတဲ့ အစီအစဉ် ဆောင်ရွက်ပါ။  


၇။ "စိတ်ရှည်ပါ... ဘယ်သူမှ နေ့တွင်းချင်း မအောင်မြင်ပါဘူး"**  


အောင်မြင်တဲ့ ကုန်ပစ္စည်း အမှတ်တံဆိပ်တိုင်းက နှစ်ရှည်လများ တစိုက်မတ်မတ် ဇွဲကောင်းကောင်းနဲ့ လုပ်ကိုင် ဆောင်ရွက်ပြီးမှ အောင်မြင်ခဲ့ကြရတာပါ။ ဒီနေ့ Post တင်ပြီး၊ ဘာမှ ထူးခြားမလာလို့ မနက်ဖြန် စိတ် မပျက်ပါနဲ့ဦး။ သင်လုပ်ရမှာက သင့် မားကက်တင်း ကြိုးပမ်းဆောင်ရွက်ချက် ကို နေ့စဉ် တိုးတက်အောင် တီထွင် ကြံဆ လုပ်ကိုင် နေရမှာ ဖြစ်ပါတယ်။  


ဈေးကွက်ယှဉ်ပြိုင်မှုဆိုတာ လမ်းပိတ်နေတာမဟုတ်ဘူး... သင့်အတွက် **အခွင့်အလမ်းတစ်ခု** ဖွင့်ပေး ထားတာပဲ လို့ ခံယူရပါမယ်။ သင့်မှာ တမူထူးခြားတဲ့ အရောင်းကမ်းလှမ်းမှု" (Unique Selling Proposition - USP ရှိရမယ်၊ ဖောက်သည်တွေနဲ့ စစ်မှန်တဲ့ ပေါင်းသင်းဆက်ဆံရေး (Good Customer Relationship) ရှိရမယ်၊ အွန်လိုင်း မားကက်တင်း နည်းပညာကိုအသုံးချရမယ်၊ ဒါဆိုရင် ဈေးကွက်တွင်း ပြင်းထန်တဲ့ ယှဉ်ပြိုင်မှုတွေက သင့်ရဲ့ တိုးတက်မှု အခွင့်အလမ်း သစ် ဖြစ်လာပါလိမ့်မယ်။ အရေးကြီးတဲ့ တစ်ခုက - ဘယ်လောက်ခက်ခဲပါစေ “ငါမဖြစ်နိုင်ဘူး" ဆိုတဲ့စကားကို ဘယ်တော့မှမပြောနဲ့။ လိုလျင်ကြံဆ နည်းလမ်းရ ဆိုတဲ့ စကားလို ကိုယ်က ကြံဆ နေဖို့၊ ‌လေ့လာသင်ယူနေဖို့၊ တိုးတက်အောင်မြင်ချင်စိတ်ဆန္ဒ ရှိဖို့ သာလိုတာပါ။   


အပေါ်ကတင်ပြခဲ့တဲ့ နည်းစနစ် ၇ ချက်ကို အခြေခံပြီး သင်ရဲ့ မားကက်တင်း ဗျူဟာတွေ ကို တမူထူးခြား အောင် တည်ဆောက်ဖန်တီး လိုက်ပါ။ အောင်မြင်မှုက သင့်ဆီကို လာပါလိမ့်မယ်။  


        နောက်ထပ်မှာ ကြားချင်တာ မားကက်တင်း လုပ်ဆောင်ရာမှာ မိမိ ကုန်ပစ္စည်းအမှတ်တံဆိပ် ရောင်းချဖို့ သာ အားစိုက်ရမှာ မဟုတ်ပါ။ အရည်အသွေးကောင်းခြင်း၊ ဈေးနှုန်းသင့်မျှခြင်း (ပေးရတဲ့ ဈေးနဲ့ ရတဲ့ တန်ဖိုး ထိုက် တန်ခြင်း) ဟာ ရောင်းကောင်းဖို့ အတွက် အရေးပါတဲ့ အချက်ဖြစ်တာ မှန်ပေမယ့် ခေတ်ကာလ ရေစီးကြောင်းအရ ပစ္စည်းထက် တန်ဖိုးကို ရရှိစေခြင်း၊ အကျိုးကျေးဇူးကိုရရှိစေခြင်း၊ စိတ်ကျေနပ်ပျော်ရွှင်မှုကို ရရှိစေခြင်း တွေက ခေတ်သစ်မားကက်တင်းရဲ့ ဦးတည်ချက်တွေ ဖြစ်ပါတယ်။ နည်းစနစ်ကောင်းတွေနဲ့ ဈေးကွက်တွင်းက ပြင်းထန် တဲ့ စိန်ခေါ်မှုတွေကို ကောင်းစွာ ကျော်ဖြတ် အောင်မြင်ပြီး စားသုံးသူ/ သုံးစွဲသူတွေက နှစ်သက်မြတ်နိုး လိုလားစွာ ဝယ်ယူ အားပေးကြတဲ့ ကုန်ပစ္စည်း အမှတ်တံဆိပ်တွေကို ထုတ်လုပ် ရောင်းချသူများ ဖြစ်ကြပါစေကြောင်း ဆန္ဒပြု လိုက်ပါတယ်။ 


မေတ္တာဖြင့် - 

သက်ထွန်း (သျှမ်း)


#OpinionLeadersMedia


#Article

Saturday, July 13, 2024

ခေတ်သစ် ချမ်းသာနည်း ….သို့မဟုတ်… Scalable Business .

 ခေတ်သစ် ချမ်းသာနည်း ….သို့မဟုတ်… Scalable Business




ယနေ့ခေတ် စီးပွားရေး လုပ်ငန်းရှင်များကြားမှာ ခေတ်စားလာတဲ့ စကားလုံး တစ်ခုကတော့ Scalable Business Model ဆိုတဲ့ စကားပဲဖြစ်ပါတယ်။ Scale ဆိုတာကတော့ ဆပွား ကြီးထွား လာခြင်းလို့ အဓိပ္ဗာယ် ပြန် လို့ရပါလိမ့်မယ်။ ဆိုတော့ Scalable Business ဆိုတာကတော့ အလွယ် တကူ ဆပွား ကြီးထွား လာပြီး အမြတ် ငွေတွေ ဝင်စေမယ့် စီးပွားရေး ပုံစံ လို့ ဆိုလိုတာပဲ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့်တော့ ခေတ် သစ် ရဲ့အမြန်ဆုံး ချမ်းသာနည်း တစ်ခုလို့တောင် တင်စား လို့ ရနိုင်ပါတယ်။ 

.

ဒါ့အပြင် ယခု အခြေအနေလို မရေရာမှုတွေ စီးပွားရေး မတည်ငြိမ်မှုတွေ ကြားမှာ လုပ်ငန်းတွေအနေနဲ့ မိမိ စီးပွားရေး လည်ပတ်ပုံကို Scalable Business Style အဖြစ် ပြောင်းလဲ နိုင်ဖို့က အရေးတကြီးကို လိုအပ်လာပါတယ်။ ဒါမှ သာ မရေရာမှု တွေ ကြားမှာ လုပ်ငန်းကို ကုန်ကျစရိတ်အနည်း ဆုံးနဲ့ ပုံမှန် ဝင်ငွေတစ်ခုရနေအောင် ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။

.

.

ဒါဆိုရင် Scalable Business ဆိုတာ ဘာလဲ.. ဘာကြောင့် အရေးကြီးလာတာလဲ။

.

လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေမှာတုန်းက စီးပွားရေး တစ်ခုလုပ်မယ်ဆိုရင် ပုံမှန်သမာရိုး ကျ နည်းတွေ ဖြစ်တဲ့ ဆိုင်တစ်ဆိုင်ဖွင့်၊ Product or service တစ်ခုခုရောင်း၊ ဒီကနေ အောင်မြင် လာတဲ့အခါ ဆိုင်ခွဲတွေ အများအပြား ထပ်ဖွင့်၊ စတော့အိတ်စ်ချိန်းကို တင် ရှယ်ယာထုတ်ရောင်း စတဲ့ နည်းနဲ့ ဘီလျံနာများစွာ ပေါ်ထွန်း ခဲ့ပါတယ်။ 

.

ဒါပေမယ့် သမာရိုးကျ ဒီလိုနည်းဟာ အမြတ် ပိုရဖို့ အတွက် ဆိုရင် ထပ်မံ ရင်းနှီး ရတဲ့ စရိတ် က အချိုး ကျလိုက်ပါ များပြားလာလေ့ရှိပါတယ်။ ဥပမာ သင်က ကုန်စုံဆိုင်လေးတစ်ဆိုင်ရပ် ကွက် ထဲမှာ ဖွင့်မယ်ဆိုပါစို့။ ဒီလို တစ်ဆိုင်လုံး အပြည့် ကုန်မျိုးစုံကို တင်ရောင်းရင်း နဲ့ နောက်ဆုံး မှာ ဆိုင်မှာ တင်နိုင်တဲ့ အခြေအနေ ပစ္စည်း ထားနိုင်မှု limit ပြည့်သွားပါလိမ့်မယ်။ ဒါဆိုရင် အမြတ်ပိုရဖို့ အခြား ပစ္စည်းအမျိုးအစားတွေ ထပ်တင်ရောင်းနိုင်ဖို့ အတွက် မဖြစ်မနေ လုပ်ရမယ့် တစ်ခုတည်းသော နည်းလမ်းက ဆိုင်တစ်ဆိုင် ထပ် ငှားတာဖြစ်ဖြစ် ဝယ်တာဖြစ်ဖြစ် လုပ်ပြီး ဆောင်ရွက်မှသာ ရမှာဖြစ်ပါတယ်။ ဒီလိုလုပ်လိုက်တာနဲ့ ဝယ်ရ ငှားရ တဲ့စရိတ်ဟာ ပိုမိုကုန် ကျ လာပြီဖြစ်ပါတယ်။ နောက်ထပ်ဥပမာ အနေနဲ့ကတော့ သင်က စားသောက်ဆိုင်တစ်ဆိုင် ဖွင့်မယ်ဆို ပါတော့ သင့်ဆိုင်ကနေ တစ်လကို သိန်း ၅၀ လောက် အမြတ် ရနေ ပေမယ့် ဒီ ပမာဏ ဟာ ဆိုင် မှာ လူအပြည့် ဝိုင်းအပြည့်အခြေအနေ ဖြစ်နေမယ်ဆိုရင် အမြတ် သိန်း ၅၀ ထပ် ပိုမြတ်ဖို့ အတွက် နောက်ထပ် ဆိုင်တစ်နေရာစာ ထပ် မံ ရင်းနှီးမှသာ ရတော့မှာ ဖြစ်ပါတယ်။ ဒါကြောင့်  Limit တွေ ရှိနေ  တယ်လို့ ဆိုရခြင်းပါပဲ။

ဒါ့အပြင် ဒီလို လုပ်ငန်း ကိုနေရာ ၊ဝန်ထမ်း၊ ဆိုင်တွေ ထပ်ချဲ့လိုက်တာနဲ့  အခြားသော  ကုန်ကျစရိတ်တွေ အမျိုးအစား တစ်ခုဖြစ်တဲ့ Overhead Cost တွေ  ဟာ လည်း လုပ်ငန်းချဲ့လေလေ ပိုတိုးလာလေလေ ဖြစ်လာတာပါပဲ။ ဥပမာ အထက်ကလို ကုန်စုံဆိုင် တစ်ဆိုင် လောက်ပဲ ရှိနေချိန်မှာတော့ ကိုယ်တိုင် လုပ်နိုင်ပေမယ့် ဆိုင် ၅ ဆိုင်လောက်ဖြစ်လာပြီး ဝန်ထမ်း များလာတဲ့အခါမှာတော့ လူတွေကို စီမံအုပ်ချုပ်ဖို့ HR, Admin ဌာနတွေ၊ ငွေကြေး စီမံဖို့ Account, Cash, Finance ဌာနတွေ ၊ Stock တွေ စစ်ဖို့ Audit အဖွဲ့တွေပါ ထားလာ ရတော့မှာ ဖြစ် ပါတယ်။ 

.

Scalable Business ဆိုတာကတော့ အထက်ကလို Operation Expenses တွေ Overhead Cost တွေ ထပ်မတိုးပဲ နဲ့ အမြတ်ငွေကို ဆပွားဖြစ်အောင် လုပ်လို့ရတဲ့ စီးပွားရေးပုံစံ Business Model and frame work တွေကို ဆိုလိုခြင်းပဲဖြစ်ပါတယ်။ ဒီလို Business Model တွေ ဟာ နည်းပညာ တိုးတက်မြင့်မားမှုနဲ့ အတူပေါ်ထွက်လာခဲ့တာပဲဖြစ်ပါတယ်။ဒီ အတွက် Scalable Business တွေဟာ နည်းပညာ အခြေပြု online လုပ်ငန်းတွေ အများစု ဖြစ်ကြပေမယ့် အချို့ကတော့ သမာရိုး ကျ ကနေမှ Scalable Business ပုံစံမျိုး လုပ်အောင်မြင်လာကြတာလဲ တွေ့ရပါတယ်။ 

.

.

ဒါဆိုရင် ဒီလို ဆပွားကြီးထွား မြတ်စွန်းနိုင်တဲ့ Scalable Business တွေက ဘာတွေဖြစ်မလဲ။

.

(၁) Software များ ဂိမ်းများ

.

ကျွန်တော်ကိုယ်တိုင် ပုံမှန်ကစားဖြစ်နေတဲ့ online game လေးတစ်ခုရှိပါတယ်။ ဒါကတော့ Archero ဆိုတဲ့ မြှားသမား ဂိမ်းလေးဖြစ်ပါတယ်။ ဒီ ဂိမ်းလေးဟာ ရိုးရိုးလေးနဲ့အောင်မြင်မှု အတော်ရခဲ့ပြီး ၂၀၁၉ မှာ Google paly store ရဲ့အကောင်းဆုံးဂိမ်းဆုကိုတောင် ရခဲ့တယ် ဆိုပါတယ်။ ဒီဂိမ်းလေးမှာ ကမ္ဘာတစ်ဝှမ်းက ပုံမှန်ကစားသူတွေ ရှိနေပြီး ကစားသူအသစ်များ လဲ ထပ်ထပ်တိုးနေပါတယ်။ အဓိက ဝင်ငွေလမ်းကတော့ ဒီ ဂိမ်း လေး ထဲက အချို ့Item တွေကို လိုချင်ရင် စက္ကန့်၃၀ စာ ကြော်ငြာလေးတွေ ကြည့်ရတာဖြစ်ပါတယ်။ ဒါအ့ပြင် ငွေသွင်းပြီး တော့လဲ Gem တွေဝယ်ကာ level တွေ မြင့်နိုင်ပါတယ်။ တစ်နည်းအားဖြင့်တော့ နေရာတွေ ဆိုင်တွေ ထပ်ချဲ့ စရာမလိုပဲ လူ ပေါင်းများစွာဆီက အမြတ်တွေကို ဆပွား ရယူနိုင်တဲ့ နည်းပါပဲ။

.

ဒီလိုပါပဲ။ Microsoft, Google Service တွေ အခြားသော Mobile App တွေ အပါအဝင် Facebook တောင်မှ ဒီလိုနည်းလမ်းမျိုးတွေ နဲ့ Operation and overhead cost တွေ တက်မလာပဲ အမြတ်ကို ဆပွား ဖြစ်လာအောင် ဆောင်ရွက်နေတာကို တွေ့ရပါလိမ့်မယ်။

.

.

(၂) online အခြေပြု အလုပ်တွေ

.

ဒါတွေကတော့ ယခု ကိုဗစ်ကာလမှာ အများအပြားလုပ်ဆောင်လာကြတဲ့ Online Shopping တွေ ၊ နောက်တစ်ခါ စာရေး တာကိုဝင်ရောက်ဖတ်ရှုသူ များလေ ဝင်ငွေရလေဖြစ်တဲ့ Instant Articles ရေးသူတွေ၊ Youtube မှာ Blog တစ်ခုထောင်ပြီးဖြစ်ဖြစ်. Facebook adbreak ဖြစ်ဖြစ်ကနေ  ကြည့်ရှုသူ အရေအတွက်အပေါ်မူတည်ပြီး ကြော်ငြာ တွေကနေ ဝင်ငွေ ရတာမျိုးတွေ ဖြစ်ပါတယ်။

.

အချို့ ဆိုရင် လဲ ကိုယ်ဖန်တီးထားတဲ့ Design တွေ ဒါမှမဟုတ် ဓာတ်ပုံ တွေကို online ပေါ်မှာ watermark နဲ့တင်ထားပြီး အသုံးပြုချင်တဲ့သူတွေကိုမှ တစ်ပုံ ကိုသို့မဟုတ် design တစ်ခုကို ဘယ်လောက် ဆိုပြီး ပြန်လည်ရောင်းချတာမျိုးတွေ လဲပါဝင်ပါတယ်။ 

.

Online အခြေ ပြု လုပ်ငန်းတွေ အားလုံး ကတော့ အမြတ်ငွေတိုးဖို့အတွက် ဆိုင်တွေ ထပ်ချဲ့စရာ overhead cost တွေ အများအပြား ထပ်မသုံး စရာ မလိုပဲနဲ့ လုပ်ဆောင်နိုင်လေ့ရှိပါတယ်။

.

.

(၃) Subscription စနစ် လစဉ်ကြေးစနစ်

.

ဒါကလဲ လက်ရှိမှာ ခေတ်စားလာတဲ့ Scalable Business Model တစ်ခုဖြစ်ပါတယ်။ ဥပမာ ခြောက်လစာ တစ်နှစ်စာ ငွေကြိုသွင်း ထားစေပြီး သီချင်း၊ ဗီဒီယို၊ ပညာပေး၊စာအုပ် ၊ စီးပွားရေး အကြံပေးချက်. စတာတွေ ကို ပုံမှန် တင်ပေးတာမျိုး ၊ ဒါမှမဟုတ် ရုပ်ရှင်ကား ထောင်ပေါင်းများစွာကို တင်ပေးထားပြီး တစ်လ အတွင်းစိတ်ကြိုက်ကြည့် တစ်လ ကိုဘယ်လောက်ငွေသွင်းစေတာမျိုး တွေဖြစ်ပါတယ်။

.

ဒါတွေဟာ အရင် ကတော စာကြည့်တိုက်မှာ လစဉ်ကြေးပေးပြီး တစ်နေ့ ကို ဘယ်နှစ်အုပ် ငှား ဖတ်လို့ ရတယ်ဆိုတဲ့ Business Model မျိုးဖြစ်ပါတယ်။ Gym အားကစားရုံတွေ မှာလည်း ဒီလို လစဉ်ကြေး စနစ်နဲ့သွားလေ့ရှိကြပါတယ်။ 

.

လစဉ်ကြေး စနစ်နဲ့ သွားတာရဲ့အားသာချက်က မိမိ လုပ်ငန်း Limit ထက်ကိုကျော်လွန် ပြီး အမြတ်ငွေကို ရှာဖွေနိုင်တာဖြစ်ပါတယ်။ ဥပမာ Gym တစ်ခုမှာ လူ အပြည့် တစ်ခါထဲကစား ရင် ၃၀ ဦးလောက်သာ ဆန့်နိုင်ပေမယ့် လစဉ်ကြေးကို လူ ၂ဆ ၆၀ စာလောက် နဲ့ ရယူထားလို့ ရနိုင် ပါတယ်။ ဘာကြောင့်လဲဆိုတော့ နေ့စဉ် လာကစားနိုင်သူ က ရှားပါးသလို အားလပ်ချိန်တွေ လဲ မတူညီ လို့ပဲဖြစ်ပါတယ်။ 

.

လက်ရှိမှာလဲ လစဉ်ကြေး ရယူပြီး လူထောင်ပေါင်းများစွာ ကို Product or service မျိုးစုံ ပေးနေ တဲ့ facebook group,  viber group စတဲ့ social media အသုံးပြု စီးပွားရေး များကို များစွာ တွေ့နေရပြီဖြစ်ပါတယ်။ 

.

.

(၄) Online Course 

.

Online အသုံးပြုသူတွေ များပြားလာတာနဲ့အမျှ online ကနေ ဖျော်ဖြေရေးသာမကပဲ ပညာရေး ပိုင်းတွေ မှာပါ လူအများအပြားက ရင်းနှီးကျွမ်းဝင်လာကြပါတယ်။ မိမိတတ်ကျွမ်းတဲ့ ပညာရပ်တစ်ခုခုကို online course အနေနဲ့ပြုလုပ်ပြီး မျှဝေလာ ကြခြင်းဟာလဲ ယနေ့အများအပြား တွေ့လာရပြီဖြစ်ပါတယ်။ Online Course ပြုလုပ်ခြင်းရဲ့အားသာချက်ကတော့ တစ်ကြိမ် ထဲသာ ရိုက်ကူး ထားဖို့လို အပ်တာဖြစ်ပြီး သင်ကြားမှု Quality အနေနဲ့ တသမတ်ထဲ အတန်းတိုင်း ကို ရရှိစေပြန်ပါတယ်။

.

.

(၅) Digital Platform များ

.

ဒါကတော့ မိမိ ကနည်းပညာပိုင်း နားလည်ကျွမ်းကျင်ပြီး Online Platform တွေ Digital Platform တွေ ဖန်တီး ကာ ရောင်းချသူများနဲ့ဝယ်ယူလိုသူများ ကိုချိတ် ဆက်ပေးခြင်း ကနေကော်မရှင် ရယူ တဲ့ Business Model မျိုးဖြစ်ပါတယ်။ ဥပမာ Amazon online shopping platform ဆိုရင်း ရောင်းချသူများနဲ့ ဝယ်ယူသူများကို ချိတ်ဆက်ပေးပြီး Transaction တစ်ခု စီအတွက်အနည်းငယ် သော ပမာဏ လေးကိုသာ အခ အနေနဲ့ကောက်ခံတာဖြစ်ပါတယ်။ များပြားတဲ့ Transaction တွေ နေ့စဉ် ဖြစ်လာတဲ့အခါမှာ ဒီ Platform ကနေပဲ ဝင်ငွေများစွာ ကို အဆ ပေါင်းများစွာ ဖန်တီး နိုင်ပါတော့တယ်။

.

ယနေ့ခေတ်နယ်ပယ် အစုံမှာ ဒီလို Platform တွေကိုတွေ့နိုင်ပါတယ်။ ဥပမာ စားစရာ ဝယ်ယူ စားသုံးနိုင်ဖို့ Foodpanda, သွားလာရေးအတွက် Grab, ပညာရေး အတွက်. Online Learning Platform တွေ,  အလုပ်အကိုင်ရှာဖွေနိုင်တဲ့ Job Platform တွေ, အိမ်ခြံမြေရောင်းဝယ် ရေး အတွက် I Myanmar House လို Platform တွေ၊ ရှိသမျှ အကုန်တင်ရောင်းလို့ ရတဲ့ one kyat, Zegobird လို platform တွေ မျိုးစုံကို မြန်မာပြည်မှာလဲတွေ့လာရပြီဖြစ်ပါတယ်။

.

.

(၆) Investment

.

ငွေကို ငွေနဲ့ရင်းပြီး ပြန်ရှာဖွေတာ၊ Asset ပိုင်ဆိုင်မှု တစ်ခုခု ဝယ်ယူပြီး ပြန်လည် အငှား ချ တာ စတာ တွေကိုလဲ Scalable Business တွေထဲကို ထည့်လို့ရနိုင်ပါသေးတယ်။ ဘာကြောင့်လဲ ဆိုတော့ ဥပမာ သိန်း ၂၀၀ တန် တိုက်ခန်းတစ်ခန်း ကိုဝယ်ပြီး ငှားစားရင် တစ်လ တစ်သိန်း နှစ်သောင်း ရ နိုင်ပြီး ၂ ခန်း ဝယ်ရင် ၂သိန်း၄သောင်း ငှားရမ်းခ အသားတင်ရနေနိုင်လို့ ဖြစ်ပါတယ်။ ဆိုလိုတာကတော့ သူ့မှာက overhead cost တွေ operation expenses တွေ ထပ်တိုးတက်လာ စရာ မရှိ ပဲ initial investment သာ ထပ်တိုး ရလို့ဖြစ်ပါတယ်။ အခြားသော ရင်းနှီးမြုပ်နှံမှုတွေဟာလည်း ဒီလိုသဘောသဘာဝ ပဲဖြစ်ပါတယ်။ 

.

.

.

သမရိုးကျလုပ်ငန်းကနေ Scalable Business အဖြစ်သို့ ပြောင်းလဲခြင်း

.

လက်ရှိ လို နိုင်ငံရေး စီးပွားရေး မတည်ငြိမ်တဲ့အချိန်မှာ လုပ်ငန်း Growth ဖြစ်ဖို့အတွက် ခက်ခဲ တဲ့အပြင် ဆိုင်ခန်း တွေ ထပ်ချဲ့ ဖို့ ဆိုတာက လဲ အတော် စွန့်စားရမယ့် အနေအထားဖြစ်ပါတယ်။ ဒီအတွက် သမရိုးကျလုပ်ငန်းတွေ အနေနဲ့ မိမိလုပ်ငန်းကို Scalable Business Style ဖြစ်အောင် လိုအပ်တဲ့ ပြုပြင်ပြောင်းလဲ မှုတွေ လုပ်ဆောင်လာရပါတယ်။

.

.

Process ကိုပြောင်းလဲခြင်း

.

အများဆုံး တွေ့ရတဲ့ အလွယ်ကူဆုံး နည်းလမ်းကတော့ Socail Media ဖြစ်တဲ့ Facebook ပေါ်မှာ စျေးရောင်းတာဖြစ်ပါတယ်။ ဒီအတွက် ဆိုင်ခန်းထပ်ငှား ဖို့လဲ မလိုသလိုကုန်ကျစရိတ် သက်သာ၊ ရောင်းအားလဲတိုးစေနိုင်ပါတယ်။

.

ဒီထက် ပိုပြီး အကုန်အကျခံနိုင်တဲ့ လုပ်ငန်းတွေကတော့ ကိုယ်ပိုင် IT Business Platform တစ်ခုကို ဖန်တီးတည်ဆောက်ကာ ရောင်းချ လာကြပါတယ်။ ဥပမာကိုယ်ပိုင် အရောင်း Website တစ်ခု စတင်တာ၊ လုပ်ငန်းအမည်နဲ့. Mobile Application တစ်ခု ဖန်တီးတာ စတာတွေဖြစ်ပါတယ်။ တကယ်လို့ ဒီလို ကိုယ်ပိုင်အနေနဲ့ မလုပ်ဆောင်နိုင်ရင်လဲ third party platform များနဲ့ အကျိုးတူပူးပေါင်းတာ မျိုး စတင်လို့ရပါတယ်။ ဥပမာ ကိုယ်က စားသောက်ဆိုင် ဖွင့် တယ်ဆိုရင် အစား အသောက်မှာယူ လို့ရတဲ့ Food panda, Grab တို့လို Platform တွေ နဲ့ ပူးပေါင်းတာမျိုးပါပဲ။

.

.

Product ကိုပြောင်းလဲခြင်း

.

ဒီလို လုပ်ငန်း Process တွေကို Scalable Business ဖြစ်အောင် ပြုပြင်သလိုပဲ ကိုယ့်ရဲ့ Product ကိုပြုပြင်ပြီး Scalable Business Style အဖြစ် လဲ လုပ်ဆောင်လို့ ရနိုင်ပါတယ်။ မိမိ က နာမည်ကြီး ဟင်းလျာ သို့မဟုတ် ဒေသ အစားအစာ တစ်ခုခု ကိုရောင်းချနေတယ်ဆိုပါစို့။ ဥပမာ မုန့်ဟင်းခါး ဆိုပါတော့။ ဒါဆိုရင် ပုံမှန် မုန့်ဟင်းခါးဆိုင် ကြီးဖွင့်ပြီး ဆိုင်ထိုင်စားရောင်းနေ သလိုပဲ မုန့်ဟင်းခါးကို အသင့်စား အထုပ် တွေ ပုံံစံပြောင်းလဲ ထုတ်လုပ်ပြီး  G&G လို လက်လီဆိုင် တိုင်းမှာ တင်ရောင်းချ ကာ လုပ်ငန်းကိုချဲ့ထွင်နိုင်ပါတယ်။ လက်ရှိမှာတော့ ပီဇာ ကိုတောင် အသင့်စား ပုံစံ နဲ့ ဖြန့်ချီနေတာမျိုး ရှိ နေပါပြီ။

.

ဥပမာ မြန်မာပြည်ရဲ့ သဘာဝ ဘီယာ ဖြစ်တဲ့ ထန်းရည်ဟာ ဆိုရင်လဲ ထန်းရည်ဆိုင်လေးတွေ သွားထိုင် သောက်မှ ရလေ့ရှိပါတယ်။ ထန်းရည်ကို ဘူး ထဲ ထည့် သယ်မယ်ဆိုရင်လဲ အချိန်နည်းနည်းကြာတာ ၊ နည်းနည်းသွားလိုက်တာနဲ့ Gas တွေ ထ လာပြီး အဖုံး ဖွင့်လိုက်တာနဲ့ ပေါက်ထွက်ကာ အရသာ လဲပျက် လေ့ရှိပါတယ်။ ဒါကို နည်းပညာ တစ်ခု ရအောင်ရှာဖွေကာ ပုလင်း သွပ် ပြီး နိုင်ငံ အနှံ ရောင်းချ နိုင် တာမျိုး ဆိုရင်. Product ကို ပြုပြင်ခြင်းပါပဲ။

.

.

.

အဓိက ရည်ရွယ်ချက်ကတော့ လုပ်ငန်း အတွက် Expenses တွေ ထပ်ပြီး မကုန်ပဲ Revenue ပိုတက်စေမယ့် နည်းလမ်းတွေကို နည်းပညာ အခြေပြုပြီး အကောင်အထည် ဖော်ဆောင်ရွက်နိုင်ခြင်းဟာ ယနေ့ခေတ်အတွက် အရေးတကြီးလိုအပ်ချက်ဖြစ်လာတာကိုသိစေချင်တာပါပဲ။

.

အချုပ်အားဖြင့်ပြောရရင်တော့ လုပ်ငန်းကို ထပ်ချဲ့ တဲ့အခါ Opex and overhead cost တွေ ပို တက်မလာပဲ အမြတ် ပမာဏ သာ ဆပွားတက်လာနိုင်တဲ့ Business Model တွေကို Scalable Business များလို့သတ်မှတ်ကြပြီး ခေတ်သစ်ရဲ့ချမ်းသာနည်း တစ်ခုအနေနဲ့ သမိုင်းတွင်လာ ကြောင်း ကို မျှဝေလိုက်ရပါတယ်ဗျား။

.

.

လုံလောက်တဲ့ အသိပညာ ဟာ ပြင်းထန်တဲ့ အခက်အခဲတွေကို လွယ်ကူစွာကျော်ဖြတ်စေနိုင်ပါတယ်။

.

Kaung Hein Soe – Strategic

Business Consultant

Friday, July 5, 2024

ဈေးကွက်ထိုးဖောက်ရေးမှာ စတိုးဆိုင်တွေကို ဘာလို့ အား ထားသင့်သလဲ

ဈေးကွက်ထိုးဖောက်ရေးမှာ စတိုးဆိုင်တွေကို ဘာလို့ အား ထားသင့်သလဲ


         


                                                                                                                          

FMCG (Fast Moving Consumer Goods) လို့ခေါ်တဲ့ အရောင်းအဝယ်သွက်တဲ့ လူသုံးကုန်/ စားသုံးကုန် အ တွက် ဈေးကွက်ထိုးဖောက်ရေးမှာ အရေးကြီးတာက မိမိက စားသုံးသူ/သုံးစွဲသူအားလုံးကို လိုက်မရောင်းနိုင်တဲ့အတွက် သူတို့ဈေးဝယ်လေ့ရှိတဲ့(တနည်း) သူတို့ကို အနီးကပ်ရောင်းချပေးနေတဲ့ဆိုင်တွေကနေ တဆင့်ရောင်းချခြင်းဖြင့် မိမိရဲ့ ကုန်ပစ္စည်းအမှတ်တံဆိပ် လူသိများပြီး ရောင်းအားကောင်းလာစေရမှာ ဖြစ်ပါတယ်။


စတိုးဆိုင်တွေက စားသုံးသူ/ သုံးစွဲသူနဲ့ အမြဲတိုက်ရိုက်ထိတွေ့ နေရတဲ့ဆိုင်အမျိုး အစားဖြစ်လို့ စတိုးဆိုင် တွေ က မိမိ ရဲ့ ပစ္စည်းရောင်းကောင်းစေဖို့အတွက် အလွန်အားထားရတဲ့ ဆိုင်အမျိုးအစားဖြစ်ပါတယ်။ မြန်မာပြည်မှာ လက် လီရောင်းချတဲ့ နေရာမှာ တခြားအားထားရတဲ့ လက်ဖက်ရည်ဆိုင်ဆိုတဲ့ ဆိုင်အမျိုးအစားတစ်မျိုး ရှိသေးပေမယ့် ဒီဆိုင် က လူသုံးကုန်စားသုံးကုန် (Consumer Goods) အမျိုးအစားအားလုံးရောင်းချဖို့အတွက် သင့်တော်တဲ့ ဆိုင်အမျိုးအစား တော့ မဟုတ်ပါဘူး။ 


စတိုး (Convenience Store)၊ ကွမ်းယာဆိုင် (Betel Nut Store)၊ ကုန်ခြောက်ဆိုင်/ ကုန်မျိုးစုံဆိုင် (Grocery Store) စသဖြင့် စတိုးဆိုင်အမျိုးအစားလို့ သတ်မှတ်လို့ရတဲ့ ဆိုင်များစွာရှိပါတယ်။ စတိုးဆိုင်တွေရဲ့ ရည်ရွယ်ချက်က ဆိုင်နီးနား ပတ်ဝန်းကျင်က စားသုံးသူ/ သုံးစွဲသူ တို့ ရုတ်တရက်လိုအပ်တဲ့ စားသုံးကုန်/ လူသုံး ကုန်တွေကို အလွယ် တ ကူဝယ်ယူရရှိနိုင်အောင် ဖွင့်ထားတဲ့ သဘောရှိပါတယ်။ အင်္ဂလိပ်ဘာသာစကားအရ ပစ္စည်းတွေကို စားသောက်ဆိုင်မှာ လို ချက်ခြင်း မှာယူပြီးထိုင်စားတဲ့ ဆိုင်မဟုတ်တဲ့၊ နောင်အခါ စားသုံးဖို့၊ အသုံးပြုဖို့ လိုအပ်တဲ့ ပစ္စည်းတွေ (Future Consumption) ကို ထားသိုရောင်းချတဲ့ ဆိုင်တိုင်းကို စတိုးလို့ ခေါ်ဆိုနိုင်ပေမယ့် ဒီဆောင်းပါးမှာတော့ မြန်မာအယူ အဆအရခေါ်ဆိုတဲ့  စတိုးဆိုင်များကိုသာ ဆိုလိုတာဖြစ်ပါတယ်။


မိသားစု တော်တော်များများက တစ်လစာတစ်ပတ်စာ လိုအပ်တဲ့ စားသုံးကုန်/ လူသုံးကုန်တွေကို ရပ်ကွက် ဈေး၊ လက်ကားဆိုင်ကြီး သို့မဟုတ် စူပါမတ်ကက်တွေမှာ ဝယ်ယူလေ့ရှိပါတယ်။ အဲ့ဒီကမှ တချို့စားသုံးကုန်/ လူသုံး ကုန်ပစ္စည်းတွေက နောက်ထပ်ဝယ်ယူဖို့ အချိန်မတိုင်မီမှာ ကုန်သွားတာတို့၊ တစ်လစာ/ တစ်ပတ်စာ ဝယ်တုန်းက မေ့ကျန်ခဲ့တာတို့ ဖြစ်တဲ့ အခါ မိမိနေအိမ် အနီးအနားမှာ ရှိတဲ့ စတိုးဆိုင်တွေမှာ အလွယ်တကူ ဝယ်ကြတာဖြစ်ပါတယ်။ ဒါ့အပြင် မကြာခဏကုန်ပြီး မကြာ ခဏ ဝယ်ရပေမယ့် ဆိုင်ကြီးတွေမှာ သွားဝယ်မနေတော့တဲ့ ပေါင်မုန့်၊ အဆာပြေ မုန့်ပဲသွားရည်စာ၊ ခေါက်ဆွဲခြောက်၊ ကော်ဖီမစ်/ တီးမစ် စတာတွေကိုကျ စတိုးဆိုင်တွေမှာ ဝယ်ယူလေ့ရှိပါတယ်။ နောက်ပြီး လက်လီစိတ် ဝယ်တတ်တဲ့ သူတွေ အတွက် ခေါင်းလျှော်ရည်ထုတ်၊ ရေချိုးဆပ်ပြာ၊ သွားတိုက်ဆေး၊ တို့လို တစ်ကိုယ်ရည်သုံး ပစ္စည်းတွေတို့သာမက စီးကရက်၊ အချိုရည် စတာတွေကိုလည်း ဒီစတိုးဆိုင်တွေမှာ ပဲ ဝယ်ယူလေ့ရှိ ကြပါတယ်။  ဒီလို သက်သောင့်သက်သာ အဆင်ပြေပြေ ဝယ်ယူနိုင်လို့ ဒီလို စတိုးဆိုင်တွေကို အင်္ဂလိပ်လို Convenience Store လို့ ခေါ်ဆိုတာဖြစ်ပါတယ်။ 


စတိုးဆိုင်တွေက စားသုံးသူ/ သုံးစွဲသူများရဲ့ လက်တကမ်းမှာ မိမိရဲ့ ကုန်ပစ္စည်းအမှတ်တံဆိပ် များ အလွယ် တကူ ဝယ်ယူရရှိစေနိုင်ရေး ဆိုတဲ့ ဈေးကွက်ထိုးဖောက်ရေးသမား တို့ ရဲ့ လုပ်ငန်းဦးတည် ချက် ထဲက အရေးကြီးတဲ့ အချက်တစ်ချက်ကို ပြည့်မီစေရေး အတွက် အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေ ပါတယ်။ ဈေးကွက်ထိုးဖောက်သူ- စတိုးဆိုင် နဲ့ စားသုံးသူ/ သုံးစွဲသူ တို့ သုံးဦးသုံးဖလှယ် အပြန်အလှန် ကျေးဇူးပြု အားထားလို့ ရတဲ့ ဆိုင်အမျိုးအစား ဖြစ်ပါတယ်။ 


ဒီနေ့ခေတ်မှာ စတိုးဆိုင်တွေက နေရာတိုင်းလိုလိုမှာ ရှိတတ်ပါတယ်။ လမ်းထောင့်တွေ၊ လူစည်းကားတဲ့ လမ်း ဆုံလမ်းခွတွေ၊ ဈေးနား ကျောင်းနားတွေ စသဖြင့်ပေါ့။ စတိုးဆိုင်တွေကို ပင်စင်စားအဖိုးကြီး၊ အဖွားကြီးတွေဖွင့် လေ့ ရှိလို့  Mom and Pop Store (ဘိုးဘွားဆိုင်) လို့ နိုင်ငံခြားမှာ ခေါ်တတ်ကြပါတယ်။ အခုကာလမှာတော့ မိသားစု တစ် နိုင်တစ်ပိုင် စတိုးဆိုင်လေးတွေတင်မကတော့ပဲ၊ Chain Store လို့ ခေါ်တဲ့ စတိုးဆိုင် အုပ်စုကြီးတွေက ဆိုင်ခွဲတွေ နေရာ အနှံ့မှာဖွင့်တဲ့ ယဉ်ကျေး မှုထိုးဖောက်လာပြီမို့ G&G, 1Stop Mart, City Express, ABC စသဖြင့် CVS လို့ ကုမ္ပဏီတွေက အတိုကောက် ခေါ်တဲ့ Convenience Store တွေ အများကြီးပေါ်ပေါက်လာပါပြီ။ ဈေးကွက်အနေအထားအရ တစ်နေ ရာမှာ CVS groupတစ်ခုရှိရင် ကျန် CVS တွေကလည်း အနီးကပ်လိုက်ဖွင့်တတ်ပါတယ်။ ဆိုင်တိုင်းလိုလိုကလည်း ရောင်းကောင်းတတ်ပါတယ်။ ထားတဲ့ ကုန်ပစ္စည်း အမျိုးအစားတွေတူကြပေမယ့်၊ အချို့ ကုန်ပစ္စည်းတွေရဲ့ အမှတ်တံ ဆိပ်တွေကတော့ ကွဲပြားတတ်ပါတယ်။ 


ဒီလို အခြေအနေမှာ ဌာနေတစ်သီးပုဂ္ဂလိကပိုင် စတိုးလေးတွေအတွက် စိန်ခေါ်မှု များတတ်ပေမယ့်၊ သူတို့က နယ်ခံတွေမို့လို့ သူ့မိတ်နဲ့သူရှိပြီး၊ သူတို့ လည်း ရောင်းကောင်းတတ်ပါတယ်။ CVS အုပ်စုအားလုံးက Checkout ငွေရှင်း ကောင်တာမှာ POS စနစ်လို့ခေါ်တဲ့ ကွန်ပြူတာစက်တွေနဲ့ ငွေရှင်းရတဲ့ စနစ်ကျင့်သုံးကြပြီး၊ ဘဏ်အများစုရဲ့ Credit/ Debit Card တွေနဲ့ ငွေရှင်းလို့ရပါတယ်။ ဒီစနစ်ကိုတော့ မိသားစု စတိုးလေးတွေအားလုံးက လိုက်လုပ်ဖို့ မတတ်နိုင် သေးပေမယ့် ဂဏန်းပေါင်းစက် နဲ့ တွက်တဲ့ ရိုးရာငွေချေ စနစ်နဲ့လည်း အဆင်ပြေနေပါတယ်။ စတိုးဆိုင်ပုံစံ နှစ်မျိုး စလုံးကတော့ ပစ္စည်းတင်တဲ့စင်မှာ ကြိုက်တာရွေးယူပြီး ငွေရှင်းကောင်တာမှာ ငွေရှင်းရတဲ့ စနစ်ကိုအသုံးပြုတာ အတူတူပါပဲ။ 


ပြောခဲ့တဲ့ အတိုင်း စတိုးဆိုင်တွေက လူစည်ကားတဲ့ နေရာ၊ လမ်းဆုံလမ်းခွတွေမှာ အဓိကနေရာ ယူကြသလို၊ ရပ်ကွက်တွင်း၊ လမ်းတွင်းတွေမှာ လည်းရှိတတ်ကြပါတယ်။ ဒီနေရာမှာ Place အနေအထားအရ သွားခလုတ် လာ ခလုတ်တိုက်နိုင်တဲ့ နေရာဖြစ်ရင် ပိုရောင်းကောင်းမှာပေါ့။ ဝယ်သူတွေ အလွယ်တကူ ဝင်ထွက်သွားလာ နိုင်တဲ့ (တကူး တကသွားရတဲ့နေရာမဟုတ်တဲ့) နေရာမှာ ရှိရင် ပိုရောင်းကောင်းမှာပေါ့။ ဆိုင်အနေအထားက သိပ်အကြီးကြီးမဟုတ်ပဲ၊ ဆိုင်တင်ပစ္စည်းထားဖို့ စင်တွေလောက်လောက်ငှငှ ထားပြီး လူဝင်ထွက် သိပ်မကြပ်တဲ့ အနေအထားပဲ ရှိတတ်ပါတယ်။ မိသားစု စတိုးဆိုင်၊ အိမ်ဆိုင်တွေမှာတော့ ဆိုင်မကျယ်တဲ့ အတွက် ဝယ်သူက ဆိုင်တွင်းမဝင်ရပဲ ဆိုင်အပေါက်ဝကပဲ လိုတာမှာယူ ငွေချေတာမျိုး ရှိတတ်ပါတယ်။ 


ဆိုင်ဖွင့်တဲ့ အချိန်ကလည်း ခုနက ပြောတဲ့ Chain Store (ကုမ္ပဏီ တစ်ခုထဲက ကွင်းဆက် ဆိုင်ခွဲများ) တွေ ကျ အရင်က တစ်ပတ်မှာ ၇ရက် တစ်ရက်ကို ၂၄ နာရီ ပိတ်ချိန်မရှိ၊ ပိတ်ရက်မရှိ 24/7 ဖွင့်ကြပါတယ်။ မိသားစု စတိုးဆိုင်၊ အိမ်ဆိုင်လေးတွေကတော့ မနက်စောစောကနေ ည ၉နာရီ ၁၀ နာရီလောက်အထိဖွင့်တတ်ကြပါတယ်။ ရည်ရွယ်ချက် က Convenience Store (CVS) ဆိုတဲ့ နာမည်အတိုင်း စားသုံးသူ အလိုရှိတဲ့ အချိန် သက်သောင့်သက်သာ အလွယ် တကူ ဝယ်နိုင်စေဖို့ ဖြစ်ပါတယ်။ 


စတိုးဆိုင်တွေမှာ ထားရှိသင့်တဲ့ (‌ရောင်းလေ့ရှိတဲ့) ပစ္စည်းတွေကတော့-


- ပါကင်ထုတ်ထားတဲ့ အသင့်စား (Instant) စားသောက်စရာများ - ခေါက်ဆွဲခြောက်ထုတ်၊ ကြာဇံခြောက်ထုတ်၊ ကော်ဖီမစ်၊ တီးမစ်၊ လက်ဖက်နဲ့ နှစ်ပြန်ကြော်၊ လက်ဖက်ခြောက် စသည်များ)


- အဆာပြေစားစရာနဲ့ အချိုရည်များ (ဘီစကစ်မုန့်၊ ပေါင်မုန့်၊ ကိတ်မုန့်၊ ကိုလာ၊ လိမ္မော်၊ စပါကလင် စသည်များ)


- မီးဖိုချောင်သုံး၊ အိမ်သုံး၊ တစ်ကိုယ်ရည် ကျန်းမာရေးသုံးပစ္စည်း၊ (အချိုမှုန့်၊ ဟင်းခတ်

အမွှေးအကြိုင်၊ ဘောပင်၊ ဂက်စ် မီးခြစ်၊ ဖယောင်းတိုင်၊ သွားတိုက်ဆေး၊ သွားပွတ်တံ၊ ဘော်ဒီလိုးရှင်း၊ ဘော်ဒီစပရေး၊ မုတ်ဆိတ်ရိတ်ဓား၊ တစ်ရှူး၊ လစဉ် သုံးပက် စသည်များ)


- စီးကရက်၊ ဆေးပြင်းလိပ်၊ ဆေးပေါ့လိပ်၊ အရက်၊ ဘီယာ


- အိမ်သုံးဆေးဝါးများ (ပါရာစီတမော အဖျားကျဆေး၊ ချောင်းဆိုးပျောက်ဆေး၊ အစာကြေဆေး၊ အရက်ပျံ၊ နားကြပ်ဂွမ်း၊ ကွန်ဒုံး စသည်)


- အချို့ စတိုးဆိုင်တွေမှာ ဖုန်းငွေဖြည့်ကဒ်၊ YBS ကားခပေးကဒ်၊ ထီလက်မှတ် တွေပါရောင်းချတတ် ပါတယ်။  


ဒီစတိုးဆိုင်အကြောင်းရှင်းပြနေရတဲ့ အကြောင်းရင်းက ဈေးကွက်ထိုးဖောက်ရေး သမားတွေ ဟာ မိမိ ဝင် ရောက်မယ့် ဆိုင်ရဲ့ သဘာဝကို သေသေချာချာ သိထားရင် သူတို့ဆီကို ရောင်းချတဲ့ အခါမှာ ဘယ်အချက်တွေ ပေါ်မူတည်ပြီးပြောဆို စည်းရုံးမယ်၊ ဘယ်ပစ္စည်းတွေကို ရောင်းချမယ်၊ ဘယ်အချိန်မှာ ပစ္စည်းပို့‌ဆောင်ရမယ်၊ ဆိုင်တွင်း ပစ္စည်းစီရီတဲ့ အခါမှာ မြင်ကွင်းကောင်းတဲ့ နေရာမှာ စွဲဆောင်မှုကောင်းပြီး အလွယ်တကူ ယူဆောင်နိုင်အောင် မိမိ ပစ္စည်းကို ဘယ်လို ခင်းကျင်းမလဲ၊ ဆိုင်တွင်းပရိုမိုးရှင်းလုပ်တဲ့အခါမှာ ဆိုင်အတွက်ရော စားသုံးသူ/ သုံးစွဲသူတွေ အ တွက်ပါ ထိရောက်ပြီး သူတို့လိုလားတဲ့ ဘယ်လိုပရိုမိုးရှင်းမျိုး လုပ်မလဲ၊  ဝယ်ယူတဲ့အခါ စိတ်လှုပ်ရှား အမှတ် တရဖြစ်အောင် ဘာလုပ်ပေးမလဲ စတာတွေကို စဉ်းစားပြီး ဗျူဟာဆွဲနိုင်တဲ့ အတွက် မိမိ ‌ရောင်းအားကောင်းအောင်၊ ပြိုင်ဖက် များထက်သာအောင် လုပ်ယူနိုင်မှာ ဖြစ်တဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။ 


နောက်တစ်ချက်က စတိုးဆိုင် တိုင်းဟာ သူတို့ရဲ့ နေရာအကျယ်အဝန်းအပေါ်မှာ ငွေပိုရ‌အောင် ဘယ် လိုလုပ်မလဲ ဆိုတဲ့ Space Management ကို သိပ်နားမလည်ကြပါဘူး။ ကိုယ့်ဆိုင် အကျယ်အဝန်းက အကန့်အသတ်နဲ့ရှိတဲ့ အတွက် ရောင်းကောင်း/ အရောင်းသွက်တဲ့ ပစ္စည်းတွေကို ဝယ်သူရဲ့ Eye Level & Arm Level မှာ မျက်စိပသာဒ ဖြစ်ပြီး စွဲဆောင်မှုရှိအောင်ဘယ်လို လုပ်မလဲ၊ အရောင်းနှေးတဲ့ ပစ္စည်းတွေကို ဘယ်လို စီမံမလဲ စတဲ့လုပ်နည်းတွေကို မသိကြ ပါဘူး၊ မိမိ က အဲ့ဒီအချက်ကို တိုးတက်အောင် လုပ်ပေးနိုင်ရင် သူ့ဝင်ငွေပိုကောင်းလာ တဲ့ အတွက်၊ သူ့ဆိုင်ကို ပိုလှအောင်ခင်း ကျင်းနိုင်တဲ့အတွက် မိမိ နဲ့ ခင်မင်ရင်းနှီးမှု ပိုရလာနိုင်ပါတယ်။ ဝယ်သူတွေကလည်း မိမိပစ္စည်းကို ခမ်းခမ်း နားနား လှလှပပမြင်ရတဲ့အတွက်၊ အလွယ်တကူ ဝယ်ယူတဲ့ အလေ့အကျင့်ဖြစ်လာပြီး ရေရှည်မြဲတဲ့ သစ္စာရှိ စားသုံးသူ/ သုံးစွဲသူ တွေ ဖြစ်လာမှာ မလွဲပါဘူး။


အောက်က အချက်တွေကတော့ သင့်စတိုးဆိုင် ဖောက်သည်ကို အကြံပေးရင်း နဲ့ သူရော သင်ရော ရောင်း ကောင်းကြ သလို ဝယ်သူတွေလည်း သူတို့ လိုချင်တာကို အလွယ်တကူနဲ့ ရှာတွေ့ ဝယ်ယူနိုင်တဲ့ အပြင် ဆိုင်က ဝန် ထမ်းလေးတွေလည်း သူတို့အလုပ်ကို လွယ်ကူချောမော မြန်ဆန်စွာ လုပ်နိုင်မယ့် Win-Win လုပ်ငန်းစဉ် လေးတွေ ဖြစ်ပါတယ်။


၁) ပစ္စည်းကို စနစ်တကျစီခြင်းဖြင့် မိမိနေရာကို အစွမ်းကုန် အသုံးချပါ - 


မိမိ ဆိုင်ထဲမှာ လျှောက်ဝယ်ကြတဲ့ ဝယ်သူတွေ အေးအေးလူလူ ပစ္စည်းရှာဖွေ ဝယ်ယူနိုင်အောင် ပစ္စည်းတင်စင် တွေ ကို လူဝင်လူထွက် ကောင်းအောင် ထားရှိဖို့ နဲ့ ပစ္စည်းတွေကို စနစ်တကျ စီရီတင်ထားရှိဖို့လိုပါတယ်။ ဝယ်သူတွေ အဝင်ရော အထွက်မှာပါ တွေ့မြင်ထိတွေ့နိုင်မယ့် နေရာမှာ ရောင်းအကောင်းဆုံး ပစ္စည်းတွေကို စီရီ တင်ပြထား သင့်ပါတယ်။ 

ပစ္စည်းတင်စင်တွေကို အမျိုးအစားတူပစ္စည်းတွေ အမျိုးအစားအလိုက် စီရီတင်ထားရှိခြင်း ဖြင့် ဝယ်သူတွေ သူတို့ လိုချင်တဲ့ ပစ္စည်းအမျိုးအစားဘယ်မှာ ရှိတာကို အလွယ်တကူ သိနိုင်ဝယ်ယူနိုင်စေ ပါတယ်။


၂) ပစ္စည်းတွေကို ရောင်းအားအလိုက် ဒေါင်လိုက်စီပြီး နေရာကို ပိုထိရောက်အောင် အသုံးချပါ - 


စင်တွေကို ပစ္စည်း အုပ်စုအလိုက် ခွဲခြား စီရီခင်းကျင်းတဲ့ နည်းတူ ဒေါင်လိုက်နေရာ အတွင်းမှာ ပစ္စည်းတွေကို စီတဲ့ နည်းကလည်း နေရာကို စီမံ (Space Management) ရာမှာ ပိုမိုထိရောက်အောင် လုပ်ဆောင်နိုင်ပါတယ်။


အရောင်းသွက်၊ ရောင်းအားကောင်းတဲ့ အမှတ်တံဆိပ် (Market Leader) ကို စင်ရဲ့ မျက်စေ့ အမြင်နဲ့ တတန်း တည်းနေရာ (Eye Level) နဲ့ လက်နဲ့ အလိုက်သင့်ယူနိုင်တဲ့ နေရာ (Arm Level) မှာ စီပြီး၊ သူ့လောက်ရောင်းမကောင်း တဲ့ ပစ္စည်းတွေကို ‌အပေါ် နဲ့ အောက်ဖက်တွေမှာ ရောင်းအား အလိုက် တစ်ဆင့်ခြင်း စီသွားခြင်းက နေရာမပုတ်ဘဲ ထိရောက်တဲ့ ပစ္စည်းတင်စီနည်းဖြစ်ပါတယ်။ ‌


နောက်ပြီးရောင်းအားကောင်း အရောင်းသွက်တဲ့ ပစ္စည်းတွေကို ပစ္စည်းတင်စင်ရဲ့ Facing လို့ခေါ်တဲ့ မျက်နှာ စာမှာ အရည်အတွက်များများ ဘေးတိုက်နေရာပေးပြီးစီရမှာ ဖြစ်ပါတယ်၊ ဥပမာ စင်မျက်နှာစာက ဘူးပေါင်း ၃၀ စီနိုင် တယ် ဆိုပါစို့၊ ‌အရောင်းသွက်ရောင်းအားကောင်းတဲ့ ပစ္စည်းက ၆ဘူးနဲ့ အများဆုံးနေရာယူ ထားသင့်ပြီး ကျန်တဲ့ ပစ္စည်း တွေကို ဒုတိယ၊ တတိယ ရောင်းအကောင်းဆုံးစသဖြင့် ‌ရောင်းအားအလိုက် ၂ဘူး၊ ၃ဘူး နေရာပေးစီရမှာ ဖြစ်ပါတယ်။ ဒီတော့ ရောင်းအားအကောင်းဆုံး အမှတ်တံဆိပ် ကို မျက်နှာစာ ၆ဘူး X အနောက်ကို ၄ဘူး (စုစုပေါင်း ၂၄ ဘူး) စီထား တယ်လို့ အဲ့ဒီစင်မှာ တာဝန်ကျတဲ့ ဆိုင်ဝန်ထမ်းလေးက သိထားတဲ့ အတွက်၊ ဘယ်နှစ်ဘူးရောင်းကုန်သွားပြီး ဘယ်နှစ်ဘူးပြန်ဖြည့်ရမယ် ဆိုတာကို ကြည့်ရုံနဲ့ သိနိုင် စီစဉ်နိုင်မှာ ဖြစ်ပါတယ်။ 


နောက်ပြီး ပစ္စည်း အသေးလေးတွေ၊ အထုတ်သေးလေးတွေ (ဥပမာ ခေါင်းလျှော်ရည်ထုတ်) ကိုတော့ စင်ပေါ် မှာ တင်စီမနေပဲ စင်ဘေးမှာ တွဲလွဲချိတ်ဆွဲထားတာဖြစ်ဖြစ်၊ ဘုတ်ပြားပေါ်မှာ အပေါက်ဖောက်ပြီး အပေါက်ထဲ ကနေ တွဲလွဲချိတ်ဆွဲပြီးဖြစ်ဖြစ်ထားခြင်းဖြင့် နေရာမပုတ်ဘဲ ခင်းကျင်းရောင်းချနိုင်မှာ ဖြစ်ပါတယ်။ 


၃) ပစ္စည်း သိုလှောင်ထားရှိမှုကို စနစ်တကျ စီစဉ်ပါ - 


အပေါ်မှာ ပြောခဲ့သလို စတိုးဆိုင်တွေက သိပ်မကျယ် သလို၊ နေ့စဉ်ရောင်းချရမယ့် ပစ္စည်းတွေကို ကြိုတင်ယူ ထား ပြီး သိုလှောင်တဲ့ နေရာကလည်း သိပ်မကျယ်တတ်ပါဘူး။  ဆိုင်မှာရောင်းချနေရင်း ပစ္စည်းပြတ်တာမကြုံဖို့နဲ့ ပစ္စည်းလိုတာထက်အများကြီးပို သိုလှောင်ထားမိတာမျိုးလည်း မဖြစ်ဖို့ ရောင်းအား အလိုက်လိုအပ်တဲ့ အရေအတွက်ကို ကြိုတင်မှာယူ သိုလှောင်ထားရှိဖို့လိုပါတယ်။ 

နောက်ထပ် အင်မတန် အရေးကြီးတဲ့ အချက်ကတော့ ထားရှိရောင်းချတဲ့ ပစ္စည်းတွေရော သိုလှောင်ထားတဲ့ ပစ္စည်းတွေပါ လတ်ဆတ်ပြီး သက်တမ်းမကုန်သေး၊ သက်တမ်းဝေးတဲ့ ပစ္စည်းတွေဖြစ် ဖို့ လိုပါတယ်။ ဒီအတွက် စင် ပေါ်တင်ရောင်းချတဲ့ နေရာမှာ ဒိတ်နည်းနည်းဝေးတဲ့ ပစ္စည်းတွေက အနောက်မှာထားပြီး ဒိတ်နီးတဲ့ ပစ္စည်းတွေကို အ ရှေ့မှာ ထားပြီးစီဖို့လိုပါတယ် (ဒါမှ သက်တမ်းကုန်ဖို့နီးတဲ့ ပစ္စည်းကို အရင်ဝယ်သွားမိစေမှာ ဖြစ်ပါတယ်)။ FIFO လို့ ခေါ်တဲ့ အရင်ရောက်တဲ့ ပစ္စည်းကို အရင်ရောင်းတဲ့ စနစ် (First In First Out) ထက် FEFO (First Expiry Fist Out) သက်တမ်း အရင်ကုန်မယ့်ပစ္စည်းကို အရင်ရောင်းတဲ့ စနစ်ကို ကျင့်သုံးပြီး ကိုယ်ရောင်းချမယ့် ပစ္စည်းတွေ သက်တမ်း ကောင်းပြီး အမြဲလတ်ဆတ် နေအောင် ကြိုးစားဖို့လိုပါတယ်။ အထူးသဖြင့် ပေါင်မုန့်တို့၊ ကိတ်မုန့်တို့လို သက်တမ်းအ လွန်နည်း၊ ပျက်စီးလွယ်တဲ့ စားသောက်ကုန် တွေကို အမြဲလတ်ဆတ်အောင် အထူးဂရုပြု သတိထားလဲလှယ် ဖို့လိုပါ တယ်။ 


စတိုးဆိုင်တွေရောင်းကောင်းအောင် နောက်ထပ် အကြံပေးနိုင်တဲ့ အချက်တွေကတော့- 


Cross Channel Promotion လို့ခေါ်တဲ့ တွဲဖက်ဖြစ်တဲ့ ပစ္စည်းတွေကို နီးနီးကပ်ကပ် စီထားပြီး၊ အဲ့ဒီ ပစ္စည်း တွေကို တွဲဝယ်ဖို့ လှုံ့ဆော်တဲ့နည်း၊ တွဲဝယ်ရင် ဈေးလျော့ပေးပြီးရောင်းချတဲ့နည်းတွေနဲ့ မြန်မြန်နဲ့ များများရောင်း ချ‌ အောင် စီစဉ်နိုင်ပါတယ်။


Eye Level is Buy Level ဆိုတဲ့ စကားလို များများ မြန်မြန် ရောင်းချင်တဲ့ ပစ္စည်းကို ပိုပြီးမြင်သာတဲ့ နေရာမှာ ထင်းထင်းရှင်းရှင်းမြင်အောင်သီးခြား ခင်းကျင်းစီရီထားရမှာ ဖြစ်ပါတယ်။ ပစ္စည်းထားစင်ရဲ့ end cap လို့ခေါ်တဲ့ အစွန် ဆုံးနေရာမှာ အလှအပဆင်ပြီးထားသင့်ပါတယ်။ 


အချို့ပစ္စည်းတွေက ဝယ်သူနဂိုလာတုန်းက ဝယ်ဖို့စဉ်းစားထားတဲ့ စာရင်းထဲမှာမပါဘဲ မြင်မှချက်ခြင်း ဝယ်ဖို့ သတိရစေတာမျိုး၊ ဝယ်ချင်စိတ်ပေါက်လာစေတာမျိုးဖြစ်တတ်ပါတယ်၊ အဲ့လို ပစ္စည်းတွေကို Impulse Zone (ရုတ်တ ရက်ဝယ်ယူမိစေတဲ့ ဇုန်) လို့ ခေါ်တဲ့ ငွေရှင်းကောင်တာနားမှာ ထားရှိစီရီခင်းကျင်းထားခြင်းဖြင့် ရောင်းရစေနိုင်ပါတယ်။ (ဥပမာ- စီးကရက်၊ မီးခြစ်၊ တစ်ရှုးထုတ်၊ အချိုရည်၊ ဓာတ်ခဲ၊ မုတ်ဆိတ်ရိတ်ဓား၊ သကြားလုံး၊ ပီကေ စသည်များ)

လင်းလင်းချင်းချင်းရှိခြင်းနဲ့ အလင်းပေးဆိုင်းဘုတ်တွေ (small light box, neon light, LED Light) ထားရှိတာ ကလည်း ပစ္စည်းကိုဝယ်ချင်လာအောင် စွမ်းဆောင်နိုင်ပါတယ်။ ရာသီအလိုက်၊ပွဲတော်အလိုက် ပရိုမိုးရှင်းရောင်းချတဲ့ ပစ္စည်းတွေကို မြန်မြန်နဲ့ များများ အရောင်းထွက်အောင် မီးရောင်လှလှထွန်း ထားတာမျိုး၊ မီးရောင်ပါတဲ့ ဆိုင်းဘုတ်နဲ့ ပရိုမိုးရှင်းကြော်ငြာတာမျိုးလုပ်ရင် ပိုမိုဆွဲဆောင်နိုင်ပြီး ရောင်းကောင်းစေမှာ ဖြစ်ပါတယ်။ ပစ္စည်းတွေကို Display ကောင်းကောင်း နဲ့ များများ ခင်းကျင်းစီရီပြီး၊ ခုနပြောတဲ့ အလင်းရောင် Lighting ထိုးပြပေးမယ် ဆိုရင် ကျိန်းသေပေါက် ရောင်းကောင်းမှာဖြစ်ပါတယ်။  


Convenience Store (CVS) လို့ခေါ်တဲ့ စတိုးဆိုင်တွေရဲ့  အားသာချက်တွေဖြစ်တဲ့ လူစည်တဲ့ နေရာမှာ ဖွင့် လှစ်ထားခြင်း၊ အလွယ်တကူ အဆင်ပြေပြေဝယ်ယူနိုင်တဲ့ ဆိုင်ဖြစ်လို့ ဝယ်သူတွေမကြာခဏ လာရောက်ဝယ်ယူပြီး အရောင်းသွက် ရောင်းအားကောင်းတဲ့ ဆိုင်တွေဖြစ်ခြင်း၊ Chain Store နာမည်ကြီး စတိုးဆိုင်အုပ်စု ဖြစ်ရင် ခေါင်ထိ အကုန် ဆိုသလို ရုံးချုပ်တစ်နေရာမှာ ဆွေးနွေးပြီးသဘောတူညီချက်ရတာ နဲ့ ဆိုင် ၁၀၀ ကျော်ရှိတဲ့ သူတို့ရဲ့ ဆိုင် အားလုံးမှာ မိမိ ကုန်ပစ္စည်း အမှတ်တံဆိပ်အားလုံးကို တင်ရှိရောင်းချနိုင်ခြင်း၊ စတဲ့ အားသားချက်တွေကြောင့် အား ထားသင့်တဲ့ ဆိုင်အမျိုးအစားဖြစ်လို့ အရောင်းမဟာမိတ်ဖွဲ့ပြီး ရေရှည် လက်တွဲ အလုပ်လုပ်ခြင်းဖြင့် လူသိများပြီး ရောင်းအားကောင်းတဲ့ ကုန်ပစ္စည်း အမှတ်တံဆိပ်ဖြစ်လာအောင်ဆောင်ရွက်နိုင်ကြပါစေကြောင်း ဆန္ဒပြုလိုက်ပါတယ်။

                                                                                                                              

မေတ္တာဖြင့်- 

                                                                                                                        

သက်ထွန်း (သျှမ်း)


#OpinionLeadersMedia


#Article

Thursday, July 4, 2024

တိုက်ခန်း တစ်ခန်းဝယ်ယူ ရင် Liquidity ဒီဂရီ ကောင်းမွန်စေဖို့

ဒီတစ်ခါမှာတော့ တိုက်ခန်း တစ်ခန်းဝယ်ယူ ရင် Liquidity ဒီဂရီ ကောင်းမွန်စေတဲ့ အချက်လေးတွေကို မျှဝေပေး လိုက်ပါတယ်ဗျား။ 



Liquidityဆိုတာက တော့ ပိုင်ဆိုင်မှု Asset တိုင်းမှာ ရှိတဲ့ ဒီဂရီ တစ်ခုဖြစ်ပြီး အဲဒီပိုင်ဆိုင်မှုကို ဈေးကွက်ပေါက် ဈေးအတိုင်းအမြန်ဆုံး ငွေပြန်ဖော် ရောင်းချ နိုင်ခြင်ကို ငွေဖြစ်လွယ်စွမ်း. Liquidity လို့ခေါ်ဆိုနိုင်ပါတယ်။ ဒီနေရာမှာ တစ်ခု သတိထားဖို့လိုတာက ဈေးကွက်ပေါက်ဈေးအတိုင်း ဆိုတဲ့အချက်ဖြစ်ပြီး ဝယ်ရင်းဈေးနှုန်း အတိုင်း လို့ ဆိုလိုတာမဟုတ်ပါဘူး။ ဥပမာ ပိုင်ဆိုင်မှု တစ်ခုကို သိန်း ၁၀၀ နဲ့ ဝယ်ခဲ့ ပြီး ဈေးကျသွားလို့  ဈေးကွက် ပေါက်ဈေး သိန်း ၈၀ ဖြစ်နေချိန်မှာ သိန်း ၁၀၀ ဝယ် ရင်းဈေးနဲ့ဘယ်လို မှ ပြန်ရောင်း နိုင်မှာ မဟုတ်ပါဘူး။ ဒါ့အပြင် ဈေးကွက် ပေါက်ဈေးထက်လျော့ပြီး ဗိုက်နာ ဈေးနဲ့ရောင်းထုတ်လို့ ငွေပြန်ဖြစ် တာကို လဲ ငွေဖြစ်လွယ်စွမ်း Liquidity မြင့်တယ်လို့မဆိုနိုင်ပါဘူး။ 

.

Liquidity နိမ့်တဲ့ ပိုင်ဆိုင်မှုတွေကို ဝယ်ယူမိရင် တစ်နည်း မိမိပိုင်ဆိုင်မှုတန်ဖိုး တွေ ဟာ ငွေ အဖြစ်ပြောင်း လဲ ဖို့မလွယ်ကူပဲ အရေးတကြီး ငွေ သားလိုအပ်ချိန်မှာ Cash flow ကျပ် မှုတွေ ဖြစ်ပေါ်ကာ မလိုလားအပ်တဲ့ ဆုံး ရှုံးမှုတွေ ဖြစ်လာစေပါတယ်။ 

.

ဆရာ ကောင်းဟိန်းစိုးနဲ့ အတူ မျှဝေကြမယ် ဆိုတဲ့Program မှာ တိုက်ခန်းတစ်ခန်း ရဲ့Liquidity မြင့်စေတဲ့ အချက်တွေကိုမျှဝေဖို့အရင်အပတ် က ပြောခဲ့တဲ့အတွက် ဒီပိုစ့်မှာ ဒီအကြောင်းလေးကို မျှဝေပေးလိုပါတယ်။ 

.

ရန်ကုန်မြို့ဟာ လူဦးရေ ထူထပ်တဲ့အပြင် တိုက်ခန်း တွေနဲ့နေထိုင်သူ လူဦးရေ လဲ အတော်လေး များပြား ပါတယ်။ မိမိကိုယ်တိုင်နေထိုင်ဖို့ပဲဖြစ်ဖြစ် ပြန်လည်ငှား ထားဖို့ပဲဖြစ်ဖြစ် တိုက်ခန်းတွေ ဝယ်ဖို့စုံစမ်းကြ တဲ့ အခါ မှာ ငွေပြန်လိုအပ်တဲ့အခါ အလွယ်တကူပြန်ဖော်နိုင်မယ်ဆိုရင် ပိုပြီးတော့ ကောင်းမွန်မှာဖြစ်ပါတယ်။ ဒီလိုကောင်းမွန်စေတဲ့ Liquidity Factor တွေကတော့..

.

.

(၁) နေရာ 

.

ပထမ ဆုံး အချက်ကတော့နေရာဖြစ်ပါတယ်။ လမ်းကြားထဲက တိုက် ခန်း တစ်ခန်းနဲ့လမ်းမကြီး ပေါ် က တိုက် ခန် းဈေးနှုန်းချင်း အတူတူ ဆိုရင်တောင် လမ်းမကြီးပေါ်က တိုက်ခန်းက အလွယ်တကူလေးရောင်းထွက် နိုင်မှာ ဖြစ်ပါတယ်။ ဒီတော့Liquidity factors တွေ ထဲမှာ နေရာ ဟာ ကြီးမားတဲ့ သက်ရောက်မှုအနေနဲ့ရှိနေပါတယ်။

.

(၂) တိုက်ခန်းရဲ့Quality

.

တိုက်ခန်းရဲ့ အရည်အသွေးကောင်းမွန်သလား၊ သတ်မှတ် Pile အတိုင်း ရိုက်ထားသလား၊ သုံးထားတဲ့ ဘိလပ်မြေ အချိုးအစားတွေ ကောင်းရဲ့လား၊ Safety လှေကားတွေ မိုးယိုတာတွေ၊ ရေစိမ့်တာတွေ စတာတွေ ရော ရှိလား စတဲ့အချက်တွေ ကတော့ တိုက်ခန်းရဲ့Quality ဆိုတဲ့အောက် ကနေ စဉ်းစားရမှာ ဖြစ်ပါတယ်။ Quality ကို တော့ မိမိ က အင်ဂျင်နီယာ တစ်ဦးဖြစ်မယ်ဆိုရင် သုံးသပ် သိရှိ နိုင် မှာ ဖြစ်ပေမယ့် သာမာန် လူတစ်ဦးအနေနဲ့ကတော့ မလွယ် လောက်ပါဘူး။ များသော အားဖြင့် တော့ တိုက် ခန်း အရည်အသွေးကို ဆောက်လုပ်တဲ့ ကန်ထရိုက် ရဲ့အမည်နဲ့ယေဘုယျ ယူဆ ကြတာများလေ့ရှိပါတယ်။ ဒီကန် ထရိုက်ကတော့ ပစ္စည်းကောင်းသုံး တယ် နာမည်ကောင်းတယ် ၊ ဒီ ကန်ထရိုက်ကတော့ ခိုတယ် ဘာညာ ဆိုတာမျိုးပါပဲ။ ဒါကို သက်ဆိုင်ရာ နယ်မြေက အကျိုးဆောင်တွေ ကသိရှိထားကြပါတယ်။ 

.

(၃) အလွှာ

.

နောက်ထပ် Liquidity factors တစ်ချက်ကတော့ တိုက်ခန်း အလွှာ အမြင့်ဘယ်လောက် ဆိုတာကလဲ ပါဝင်နေ ပါတယ်။ များသောအားဖြင့်တော့ ဝန်ထမ်း တွေ သူငယ်ချင်းတွေ စုနေကြတဲ့ အခါ ငါးလွှာ ခြောက်လွှာ ကပြသနာ မရှိပေမယ့် ကလေးငယ်လေးတွေ နဲ့ သက်ကြီး ရွယ်အို များပါလာတဲ့ မိသားစုများအနေနဲ့ကတော့ အလွှာမြင့်တွေကို ဝယ်ယူဖို့ မစဉ်းစားကြပါဘူး။ တကယ်လို့အလွှာမြင့် ကို ရွေးချယ်ဝယ်ယူထားရင် တော့ အထက်က မိသားစုတွေရဲ့ဝယ်လိုအား ကိုတော့ ရမှာ မဟုတ်ပါဘူး။ 

.

(၄) သွားလာရေး

.

ဒါကလဲ တိုက်ခန်း ဝယ်ယူသူတွေ ထည့်သွင်းစဉ်းစားတဲ့အချက် ဖြစ်တဲ့အတွက် Liquidity factors တစ်ခု ဖြစ်ပါတယ်။ ဥပမာ တာမွေ ကျောက်မြောင်း ၊  တာမွေ အဝိုင်း ၊ လှည်းတန်း တို့လိုနေရာ တွေ ဟာ သွား လာ ရေး အတော်လေး အဆင်ပြေပါတယ်။ တစ်မြို့ လုးံကိုရောက်နိုင်တဲ့ ဘတ်စ် ကားတွေ ရှိနေတဲ့ အတွက် အလွယ်တကူ သွားလာ နိုင်ကာ အချိန်ကုန် သက်သာစေပါတယ်။ ဒါ့အပြင် ဈေး၊ ကျောင်း၊ အပန်းဖြေနေရာတွေ၊ ဆေးရုံဆေးခန်း၊ စတဲ့ အဓိက နေရာတွေနဲ့နီးနီးနားနားဖြစ်နေရင်လဲ ဒါဟာ သွားလာရေး အဆင်ပြေစေတဲ့အချက်ဖြစ်ပါတယ်။

.

(၅) တိုက်သက်တမ်း

.

တိုက်သက်တမ်းကလဲ တိုက်ဟောင်းလား တိုက်သစ်လား ဘယ်နှစ်နှစ် ရှိပြီလဲ စသဖြင့် က တိုက်ခန်း ရဲ့သက်တမ်းကိုပါ သက်ရောက်တာကြောင့် အချက်တစ်ချက် အနေနဲ့ပါဝင်နေပါတယ်။

.

(၆) ပြန်ငှားလို့လွယ်. မလွယ်

.

အချို့ရပ်ကွက်တွေက တိုက်ခန်းတွေ မှာ စက်ရုံအလုပ်ရုံ ဝန်ထမ်းတွေ၊ အဆောင်နေကျောင်းသားတွေ ပေါမှား တာကြောင့် ဒီနေ့ကြေငြာ ညနေ အိမ်ငှားရတဲ့အထိ ငှားရလွယ်တဲ့ တိုက်ခန်း တွေ အများအပြားရှိပါတယ်။ တကယ်လို့ ကိုယ်တိုင်မနေပဲ ပြန်လည် အငှား ချဖို့ရည်ရွယ်ရင်တေ့ာ ဒီ အချက်ကိုအဓိကစဉ်းစားလေ့ ရှိပါတယ်။ အငှား လွယ် တဲ့ အတွက် ငှား ရမ်းခ ကလည်း အခြားနေရာတွေ ထက် ပိုပြီးဈေးမြင့်မြင့် ရတတ် လေ့ရှိပါတယ်။ ကိုယ်တိုင်နေပေမယ့် ပြန်ရောင်းချင်တဲ့အခါ အငှားသွက်တဲ့ တိုက်ခန်းက ပြန်ငှား စားမယ့် သူတွေ ရဲ့စိတ်ဝင်စားမှုကိုပါ ရနိုင်တာကြောင့် ပို သွက် တတ်လေ့ရှိပါတယ်။ ဒါ့အပြင် ငှားရမ်းခက ဘဏ်တိုးထက်ပို ကိုက်နိုင်မယ့် အနေအထားမျိုး ဆိုရင်တော့ အကောင်းဆုံးပါပဲ။

.

(၇) ရပ်ကွက်ကောင်း မကောင်း.

.

အိမ်ခြံမြေ ပွဲစားများ နဲ့စကားပြောကြည့်တဲ့အခါ သူတို့မှာ မြို့နယ်အလိုက် အကောင်းဆုံး ဆိုတဲ့ ရပ်ကွက် တွေကို ဦးစားပေးစီ ထားလေ့ရှိပါတယ်။ ဥပမာ ဘယ်မြို့နယ်ဆိုရင်တော့ ဘယ်ရပ်ကွက်က အကောင်းဆုံး ဒုတိယ က ဘယ် ရပ်ကွက်စသဖြင့်ဖြစ်ပါတယ်။ ရပ်ကွက်ကောင်း မကောင်း ဆိုတာကတော့ နေထိုင်ရာ ပတ်ဝန်းကျင် စရိုက်အခြေအနေ၊ခိုးဆိုး လုယက်မှုတွေ ရှိ မရှိ၊  စည်းလုံးညီညွတ်မှု၊ အုပ်ချုပ် ရေး ကောင်းမွန် မှန်ကန်မှု ၊သန့်ရှင်းသပ်ရပ်တာ၊ ဝိုင်းဝန်းကူညီတတ်ကြတာ၊ စသဖြင့် အချက်တွေ ကို ထည့်သွင်း တွက်ချက် ကြလေ့ရှိပါတယ်။

.

(၈) ဈေးနှုန်း

.

နောက် ထပ် အရေးပါတဲ့ အချက်ကတော့ တိုက်ခန်းဈေးနှုန်း ဖြစ်ပါတယ်။ သိန်း ၅၀၀ တန် တိုက်ခန်း နဲ့သိန်း ၂၀၀ တန် တိုက်ခန်း နှစ်ခန်း မှာ အကြမ်းအားဖြင့် သိန်း ၂၀၀ တန်က ပိုပြီးရောင်းထွက်နိုင် ဖို့ဖြစ်နိုင်ချေများ ပါတယ်။ ဒါပေမယ့် ဈေးနှုန်း ဆိုတာက အထက်က အချက်တွေ အားလုံးအပေါ် မူတည်ပြီး အနည်းအများ ကဖြစ်နေတာ ဖြစ်တဲ့အတွက် ဈေးတန်း တစ်ခုကတော့ ရှိနေမှာ ဖြစ်ပါတယ်။

.

(၉) Criminal Case နှင့်အရှုပ်အရှင်းများ

.

ဒါကတော့ မိမိ ဝယ်မယ့် တိုက် ခန်း က အရှုပ်အရှင်းဘာတွေ ရှိနေသလဲ ဆိုတဲ့ အချက်ပါပဲ။ တစ်ချို့အခန်း တွေ က ပေါင်ထားတာမျိုး၊ တစ်ချို့ကအမွေ ဆိုင်၊ တစ်ချို့ကနှစ်ဦး သုံးဦးရောင်းထားတာ၊ တစ်ချို့ကမြေရှင်နဲ့ ကန်ထရိုက် ပြသနာ ဖြစ်လို့ တရားရင်ဆိုင်နေတာ၊ စတဲ့ အရှုပ်အရှင်းတွေ ကိုလဲ သတိပြုဖို့လိုပါတယ်။ ဒါ့အပြင် ရာဇဝတ်မှုတွေလို  လူသတ်မှု ၊ အဆုံးစီရင်မှု တွေ ဖြစ်ထားတဲ့ တိုက် ဆိုရင်လဲ အဆင်မပြေနိုင်ပါဘူး။

.

(၁၀) BCC / ဂရံ

.

အချို့တိုက်ခန်း တွေ ကကန်ထရိုက် အပ်ပြီးခြောက်လွှာ ဆောက်ကာလူနေထိုင်ခွင့် BCC ရထားတာ တွေဖြစ် ပြီးအချို့လေး ငါးလွှာ တွေကတော့ ကိုယ်ပို်င် ဂရံ မြေ ပေါ် မှာ ကိုယ့်ဟာ ကိုယ် တိုက် ခန်းဆောက်ထားတာမျိုးတွေ ဖြစ်ပါတယ်။ ဒုတိယ ကတော့ BCC ဆိုတာမျိုးချမပေးပါဘူး။ နှစ်မျိုး လုံး ကတော့ ပိုင်ဆိုင်မှု ခိုင်မာ ပြီး ဝယ်ယူလို့ရပါတယ်။ ဒါပေမယ့် နှစ်မျိုး လုံး မဟုတ်တဲ့ ဂရံ မပေါက်တဲ့ မြေတွေ၊ ပါမစ် မြေ တွေ၊ မ တွေ လို မျိုးမှာ တိုက် ခန်း မြင့် တွေ ဆောက်ထားပြီး လူနေထိုင်ခွင့် မရှိထားရင်တော့ ဒါဟာ ပြန်လည် ရောင်းချ ဖို့ ခက် ပါလိမ့်မယ်။

.

(၁၁) အိမ်ရှင်

.

တိုက်ခန်း အများစု က မြေပိုင်ဆိုင်မှုမပါပဲ တိုက်ခန်း သီးသန့်ရောင်းချ ကြတာဖြစ်တဲ့ အတွက် မြေကို ပိုင်ထား တဲ့ မြေရှင် ဆိုတာက သက်သက်ရှိနေပါတယ်။ တကယ်တော့ မြေပဲ ပိုင်ဆိုင် တာဖြစ်ပါတယ်။ အကယ် လို့ ဘဘာဝ ဘေးတစ်ခုခုကြောင့်ဖြစ်စေ တိုက်သက်တမ်းကုန်လို့နေလို့ မရတော့တဲ့အခါ ဖြစ်စေ တိုက် ခန်း တွေ ပြို သွားရင်  တိုက်ခန်း ပိုင်ဆိုင်မှု က မရှိတော့ပါဘူး ။ဒါပေမယ့် ဥပဒေ အရ မြေရှင် ကို တိုက် သစ် ပြန် ဆောက် ရတဲ့ မိမိအ ခန်းစာ ကုန် ကျစရိတ် ကိုပေးချေပြီး တိုက် ခန်း အသစ် ပြန်လည် ရယူလို့ရပါတယ်။ ဒီလောက်ပဲ ဆိုပေမယ့် လက်ရှိမှာတော့ မြေရှင် က အရောင်းအဝယ် နဲ့အငှား များမှာပါ ပတ်သတ်လွမ်းမိုး မှုတွေ ရှိနေပါတယ်။ အရောင်းအဝယ် စာချုပ်ဆိုရင် မြေရှင်လက်မှတ် ပါမှ၊ မြေရှင်ကို အရောင်းငွေ ရဲ့၂% ကိုပေး မှ အသိအမှတ်ပြုတာ စသဖြင့် တွေ တော့ ရှိနေပါတယ်။ ဒါ့အပြင် မြေရှင်ရဲ့လစဉ် ကောက်ခံ တဲ့ ရေဖိုး၊ ပြင်ဆင်စရိတ်၊ သန့်ရှင်းရေးကြေး စတာတွေ လဲ အချို့တိုက်ခန်းတွေ မှာ ရှိတတ်ပြန်ပါတယ်။ ဒါ့အပြင် မိမိကိုယ်တိုင်ဖြစ်ဖြစ် အငှားတင်တဲ့အခါ ဖြစ်ဖြစ်မြေရှင်နဲ့ဆက်ဆံရေး မပြေ ပြစ်တဲ့အခါ တရားတဘောင် ဖြစ်ရ သည်အထိ ကြုံ ရတတ်ပြန်ပါသေးတယ်။

.

(၁၂) အတွင်းခန်း အပြင်အဆင်

.

ဒီအချက်က လဲ အရေးပါပါတယ်။ အတွင်း ခန်းမှာ အခန်းဖွဲ့ထားလား၊ ပါကေးခင်းထားတာလား ၊ဆေးအသစ်လား၊ ဆန်းရှိတ်တွေပါလား၊ ပြတင်းတံခါး သံပန်းတွေပါလား၊ စတီး ဝရံတာလား၊ သံပန်းတံခါးမကြီး၊ ထပ်ခိုး၊ ပါလား၊ အဲယားကွန်း တွေ တပ်ဆင်ထားသေလား၊ ဘိုထိုင်လား၊ မီးဖို ချောင်ကြွေပြားကပ်လား၊ စတဲ့  အတွင်းခန်း အပြင်အဆင်တွေကောင်းရင်ကောင်းသလို Liquidity မြင့်နိုင် ပြန်ပါတယ်။ ဒါပေမယ့် ဒီအချက်က တိုက်ခန်းရဲ့ဈေးနှုန်းကိုလဲ သက်ရောက် စေပါတယ်။

.

(၁၃) လမ်း သာ မှု

.

လမ်းသာတယ်ဆိုတာကတော့  ကားနှစ်စီး ရှောင်မရတဲ့ လမ်းမျိုးမဟုတ်ပဲ ကျယ်ကျယ်လွင့်လွင့် လမ်းတွေ လား၊ လမ်းကောင်းရဲ့လား၊ ရေဝင်လား စတာတွေ အပြင် ကားပါကင် ကောင်းကောင်း ရှိ နိုင်သလား၊ ကားရပ် ရအဆင်ပြေသလား၊ ပါကင်လုရတာတွေ ရှိနေမလား စတာတွေ လဲပါဝင်ပါတယ်။

.

(၁၄) Safety 

.

နောက်တစ်ချက်ကတော့ လုံခြုံရေး စနစ်တွေ ဖြစ်ပါတယ်။ အခုနောက်ပိုင်း တိုက်အသစ်တွေ မှာတော့ အစိုး ရ သပဒေ ပြဌာန်းချက်အရ တိုက် ခန်း တိုင်းရဲ့ရှေ့မှာ မီးသတ် ရေ ပိုက်ခေါင်းတွေ တပ်ဆင်လာရတာ၊ နောက်ဖက်  အရေးပေါ်ထွက်ပေါက်ကို ကွန်ကရစ် လှေကား နဲ့အခိုင်အမာ ဆောက် ထား ရတာ စတာ တွေ ပါဝင်လာပါတယ်။ 

.

(၁၅) အခြားအချက်များ

.

အခြား အချက်တွေ အနေနဲ့ကတော့ လှေကားတက်ရတာ ပြေပြေပြစ်ပြစ် ရှိသလား၊ ဘေးနား နဲ့ရှေ့မှာအထပ် မြင့်တွေ ချည်းရှိနေပြီး လေဝင်လေထွက်ပိတ်နေသလား၊ ခြောက်လွှာ ဆိုရင်အမိုး ကရေစိမ့် လား၊ လှေကားခွင်အကျဉ်းအကျယ်၊ တိုက်ခန်းနေသူတွေ ရဲ့စည်းကမ်းရှိမှု ၊ အမှိုက်ပစ်မှု၊ ဘာသာရေး လူမျိုးရေး ခွဲခြားမှု၊ အိမ်နီးချင်း ပီသမှု၊ အပေါ်ထပ် အခန်းမှာ ဆော့ကစား တတ်တဲ့ကလေး တွေရှိ မှု၊ ပတ်ဝန်းကျင် ရဲ့အနှောင့်အယှက်၊ စတဲ့ အသေးစားအချက်ကလေးတွေ ကလဲ အဆင်ပြေနေရင်တော့ အကောင်းဆုံး ပဲဖြစ်ပါတယ်။

.

အထက်ကဖော်ပြခဲ့တဲ့ အချက်တွေ ကတော့ တိုက်ခန်းတစ်ခန်း ရဲ့Liquidity ဒီဂရီမြင့်မားစေတဲ့ အချက်တွေ ဖြစ်ရုံ သာမက တိုက်ခန်းဝယ်ယူ ရာမှာ လည်းအသုံးဝင်မယ့် အချက်များဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ကတော့ သက်ဆိုင်ရာ တိုက်ခန်းများအကြောင်းကို သူ့နယ်မြေက အကျိုးဆောင်နဲ့ပွဲစား များ ကပိုပြီး နားလည် သိရှိတတ်ကြပါတယ်။ ဒီအတွက် အကျိုးဆောင်ပွဲစား များကိုလဲ အသုံးပြု ငှားရမ်းလုပ် ဆောင် တာဟာ အမှားအယွင်းနည်းပါးနိုင်ပါသေးတယ်။

.

ဒီလောက်ဆိုရင်တော့ အသိအမြင်တစ်ခု တိုးသွားလောက်ပြီလို့ယူဆပါတယ်ဗျား ။နောက်ထပ်လဲ ဘယ်လိုအကြောင်း အရာများထပ်မံမျှဝေမယ်ဆိုတာကို စောင့်မျှော် ဖတ်ရှုပေးပါဦးဗျား။

.

.

လုံလောက်တဲ့ အသိပညာ ဟာ ပြင်းထန်တဲ့ အခက်အခဲတွေကို လွယ်ကူစွာ ကျော်ဖြတ်စေနိုင်ပါတယ်။

.

Kaung Hein Soe – Strategic

Business Consultant