Showing posts with label Biography. Show all posts
Showing posts with label Biography. Show all posts

Thursday, July 2, 2026

လူလိမ်ဖြစ်လာသူ တရုတ်ဘီလျံနာ

 သူ့အကြောင်းကို မပြောခင်မှာ သူ့နာမည်နဲ့ အရင် စရအောင်ပါ။ 




ဒီလူက အင်မတန် နာမည် များတဲ့လူပါ။ မွေးစာရင်းထဲက နာမည်က ‘ဟိုဝမ်ကွတ်’၊ စီးပွားရေးလောကမှာတော့ ‘ဂေါ်ဝင်ကွေ့’၊ အင်္ဂလိပ်လိုကျတော့ ‘မိုင်းလ်စ်ကွတ်’ ဒါမှမဟုတ် ‘မိုင်းလ်စ်ဂေါ်’၊ သူ့ရဲ့ ရင်းနှီးတဲ့အသိုင်းအဝိုင်းထဲမှာကျတော့ ‘အစ်ကိုကြီး နံပါတ် ၇’ လို့ ခေါ်ကြပါတယ်။ သူ့ရဲ့ တကယ့်နာမည်အရင်း၊ အသက်၊ မွေးနေ့ စတဲ့ အခြေခံအချက်အလက်တွေကို ဘယ်သူမှ အတိအကျ မသိရပါဘူး။ ဒီဆောင်းပါးထဲမှာတော့ သူ့ကို မိုင်းလ််စ်ဂေါ လို့ ခေါ်ပါမယ်။ 


သူ့ကို မွေးတဲ့ ခုနှစ်က နှစ်မျိုး ဖြစ်နေပါတယ်။ ၁၉၇၀ လို့လည်း ပြောကြသလို ၁၉၆၈ လို့လည်း ဆိုတယ်။ ဆိုတော့ ခုချိန်မှာ သူက ၅၆/၅၇ လောက်တော့ ရှိပါပြီ။ ဒီလိုဖြစ်အောင် တမင်သက်သက်ကိုပဲ အချက်အလက် တိတိကျကျ ရှာမရအောင် နေထိုင်ခဲ့သူပါ။ 


မိုင်းလ်စ်ဂေါက သတ္တုတွင်းမြို့လေးတစ်မြို့မှာ ဆင်းရဲတဲ့ မိသားစုက မွေးဖွားခဲ့တယ်လို့ သိရတယ်။ ညီအစ်ကို မောင်နှမတွေ များတယ်။ ၁၉၉၀၊ ၂၀၀၀ ခုနှစ်တွေ ဆိုတာ တရုတ်နိုင်ငံရဲ့ စီးပွားရေးတံခါးစဖွင့်ချိန်ပါ။ အဲ့ဒီအချိန် သူက ကုန်ထုတ်လုပ်ငန်းလေးတစ်ခု စလုပ်ခဲ့တယ်။ 


အဲဒီနောက်မှာတော့ ဖြည်းဖြည်းချင်း အိမ်ခြံမြေလုပ်ငန်းထဲကို သူ ခြေစုံပစ်ဝင်ခဲ့ပါတယ်။ အဲ့ဒီတုန်းက တရုတ် အိမ်ခြံမြေလုပ်ငန်းဆိုတာ နိုင်ငံရဲ့ ဘီလျံနာအသစ်တွေကို မွေးထုတ်ပေးနေတဲ့ နေရာဆိုလည်း မမှားပါဘူး။ 


အသက်နှစ်ဆယ်ကျော်အရွယ်မှာတင် ဟဲနန်ပြည်နယ် ကျန်းကျိုးမြို့မှာ ပထမဆုံး အထပ်မြင့်အဆောက်အအုံကို တည်ဆောက်ခဲ့ပါတယ်။ အဲဒီကနေတစ်ဆင့် ပေကျင်းမြို့အထိ ခြေဆန့်ခဲ့ပါတယ်။ ပေကျင်းမှာတော့ သူ့ကို နာမည်ကျော်သွားစေခဲ့တဲ့ စီမံကိန်းကြီးကို လုပ်ကိုင်ခဲ့ပါတယ် — အဲဒါကတော့ အိုလံပစ်ပန်းခြံဘေးမှာ နဂါးပုံသဏ္ဍာန် အမိုးပါတဲ့ မိုးမျှော်တိုက်တန်းကြီးကို ဆောက်ခဲ့တာပါ။ ပန်ဂူပလာဇာပါပဲ။ ၂၀၁၄ ခုနှစ်မှာ ခန့်မှန်းခြေ ဒေါ်လာ ၂.၅ ဘီလီယံအထိ အသားတင်ပိုင်ဆိုင်နေပါပြီ။ တနည်းပြောရရင် တရုတ်နိုင်ငံရဲ့ အချမ်းသာဆုံးပုဂ္ဂိုလ်တွေထဲက တစ်ဦးဖြစ်လာခဲ့ပါတယ်။


ဒါပေမဲ့ တရုတ်နိုင်ငံမှာ ဘီလျံနာ တယောက်လွယ်လွယ် မဖြစ်နိုင်ပါ။ အကြီးစား ဖွံ့ဖြိုးရေးလုပ်ငန်းတိုင်းဟာ မြေယာ၊ ပါမစ်နဲ့ ဘဏ္ဍာရေး ဆိုင်ရာတွေကို ထိန်းချုပ်ထားတဲ့ အစိုးရအရာရှိကြီးတွေဆီကတစ်ဆင့် ဖြတ်သန်းရပါတယ်။ အဲဒီလုပ်ငန်းတွေကို ရဖို့အတွက် အိမ်ခြံမြေလုပ်ငန်းရှင်တစ်ယောက်အနေနဲ့ အာဏာပိုင်တွေနဲ့ မဖြစ်မနေကို ပတ်သက်ရမှာပါ။


ပန်ဂူပလာဇာ ဆောက်တော့ မြေနေရာကိစ္စနဲ့ ပတ်သက်ပြီး ပေကျင်းဒုတိယမြို့တော်ဝန်က သူ့ကို တားမြစ်ပိတ်ပင်တာတွေ ရှိခဲ့တယ်လို့ ဆိုတယ်။ အဲ့ဒီချိန်မှာ မိုင်းလ်စ်ဂေါက အဲဒီအရာရှိနဲ့ သူ့ရဲ့နောက်မြီးဆွဲအမျိုးသမီးတို့ရဲ့ လိင်ကိစ္စ ရုပ်သံဖိုင်ကို အာဏာပိုင်တွေဆီ ပေးပြီး တဖက်လှည့်နဲ့အကျပ်ကိုင်ခဲ့ပါတယ်။ နောက်တော့ ဒုမြို့တော်ဝန်လည်း အဲ့ဒီစီမံကိန်းကို ခွင့်ပြုခဲ့ရပါတယ်။


ဘေဂျင်းအစိုးရနဲ့ မိုင်းလ်စ်ဂေါကြားမှာ ငွေကြးအရှုပ်အရှင်းတွေ အများကြီး ဖြစ်ခဲ့တယ်လို့ တရုတ်သတင်းဌာနတွေက ရေးပါတယ်။ ဒါပေမဲ့ မိုင်းလ်စ်ဂေါကတော့ ငြင်းပါတယ်။ တရုတ်အစိုးရဆီက ငွေ တစ်ယွမ်တောင် မချေးခဲ့သလို သူ့ကို ပြန်အကျပ်ကိုင်လို့ရမဲ့ ကိစ္စတခုကိုမှ လက်ခံခဲ့တာမျိုး မရှိဘူးလို့ နောက်ပိုင်း အင်တာဗျူးတွေမှာ ဖြေခဲ့တယ်။​


ဒါပေမဲ့ အစိုးရထဲက အကာကွယ်တခုခု မရှိဘဲ တရုတ်ဘီလျံနာတယောက်က လွယ်လွယ်ကူကူ ဘယ်ရှင်သန်နိုင်မလဲ။ CIA နဲ့ FBI ကိုပေါင်းထားတဲ့ ပုံစံမျိုးနဲ့ တရုတ်မှာ ဝန်ကြီးဌာနတခု ရှိပါတယ်။ အမျိုးသားလုံခြုံရေးဝန်ကြီးဌာနပါ။ မိုင်းလ်စ်ဂေါက ဒီဝန်ကြီးဌာနက ဒုဝန်ကြီး မာကျန့် နဲ့ တိုက်ရိုက်အချိတ်အဆက်ရှိသူဖြစ်ပါတယ်။ မာကျန့်ဟာ ဒု ထောက်လှမ်းရေးချုပ်လည်း ဖြစ်ပါတယ်။


နောက်ပိုင်းမှာ တရုတ်အစိုးရပိုင် မီဒီယာတွေက မာကျန့်ဟာ မိုင်းလ်စ်ဂေါ ရဲ့စီးပွားရေးလုပ်ငန်းတွေအတွက် ကာကွယ်ပေးခဲ့တယ်လို့ ရေးကြပါတယ်။ ရှီကျင့်ဖျင်တက်လာပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးလှိုင်း ကြမ်းလာချိန်မှာ မာကျန့်လည်း ပါသွားခဲ့ပါတယ်။ ၂၀၁၅ ဇန်နဝါရီမှာ မာကျန့် ဖမ်းဆီးခံခဲ့ရပါတယ်။ ၂၀၁၈ မှာ တသက်တကျွန်း ထောင်ဒဏ်ချမှတ်ခံရတယ်။


ဒါပေမဲ့ မိုင်းလ်ဂေါကတော့ ၂၀၁၄ ခုနှစ်ကတည်းက တရုတ်နိုင်ငံက ထွက်ပြေးသွားခဲ့ပြီး ဖြစ်ပါတယ်။ မာကျန့်ကို ဖမ်းမှာကို ကြိုသိလို့ ပြေးတာလား၊ တခြား ဘယ်လိုပြဿနာတွေ ရှိသေးလဲ၊ ဘယ်သူမှ အတိအကျ မသိရပါဘူး။ ၂၀၁၇ ခုနှစ်မှာ တရုတ်အစိုးရရဲ့ တောင်းဆိုချက်အရ အပြည်ပြည်ဆိုင်ရာရဲတပ်ဖွဲ့ အင်တာပိုလ် က ဂေါ်ကို ဝရမ်း (Red Notice) ထုတ်ပြန်ခဲ့ပါတယ်— လာဘ်ပေးလာဘ်ယူမှု၊ ပြန်ပေးဆွဲမှု၊ မုဒိမ်းမှု စတဲ့ ပြစ်ချက်တွေနဲ့ပါ။ 


တကယ်တော့ မိုင်းလ်စ် ဂေါ်က နယူးယောက်မြို့ကို ရောက်နေခဲ့တာပါ။ တရုတ်မှာတုန်းကလို အိမ်ခြံမြေသူဌေးကြီးတစ်ဦးအနေနဲ့ မဟုတ်တော့ပါဘူး။ အဲ့ဒီမှာ ဖွင့်ချသူ (Whistleblower) တစ်ဦးအနေနဲ့ နာမည်ကြီးလာပါတယ်။ 


သူက တရုတ် ကွန်မြူနစ်ပါတီရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို ဆိုရှယ်မီဒီယာမှာ တောက်လျှောက် ပို့စ်တွေ တင်ခဲ့ပါတယ်။ သူ့ပြောဆိုချက်တွေက လူကြားထဲ မြန်မြန်ဆန်ဆန်ပဲ ပျံ့နှံ့ခဲ့ပါတယ်။ 


သူပြောဖူးတဲ့အထဲ ရှီကျင့်ဖျင်ရဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးလှုပ်ရှားမှုကို ဦးဆောင်တဲ့ လူတိုင်းကြောက်ရတဲ့ ဝမ်ကျီချန်း အကြောင်းလည်း ပါပါတယ်။ မိုင်းဂေါ်ပြောတာက ဝမ်ကျီချန်းဟာ လျှို့ဝှက်စည်းစိမ်ဥစ္စာတွေနဲ့ လျှို့ဝှက်အပျော်အပါးကိစ္စတွေ ရှိနေပါတယ်လို့ စွပ်စွဲခဲ့ပါတယ်။ 


သူ့ရဲ့ပြောကြားချက်တချို့က ဖြစ်နိုင်ခြေရှိတဲ့ပုံပေါ်ပေမဲ့ အများစုကိုတော့ ဘယ်တော့မှ အတည်မပြုနိုင်ခဲ့ပါဘူး။ တချို့ဆိုရင် စိတ်ကူးယာဉ်ဆန်ဆန် လျှောက်ရေးထားတာတွေလို့တောင် ဝေဖန်ကြပါတယ်။ သူပြောဖူးတဲ့ အင်မတန် အငြင်းပွားစရာကောင်းတဲ့ ကိစ္စတခုရှိပါတယ်။ အဲ့ဒါက တရုတ်အရာရှိတွေဟာ ကိုယ်ခန္ဓာအစိတ်အပိုင်းတွေ ခိုးယူရောင်းချတဲ့ လျှို့ဝှက်ကိစ္စတခုကို ဖုံးကွယ်ဖို့အတွက် မလေးရှားလေကြောင်းလိုင်း MH 370 ကို ပစ်ချခဲ့တာဖြစ်တယ်လို့ ပြောခဲ့တာပါ။


သူ့ပြောဆိုချက်တွေကို လူအတော်များများ ယုံခဲ့ကြပါတယ်။ တရုတ်ကလာတယ်၊ ဘီလျံနာလည်း ဖြစ်ခဲ့တယ်ဆိုတော့ သတင်းထောက်တွေကလည်း သူစွတ်စွဲတာတွေကို လိုက်ပြီး အတည်ပြုဖို့ ကြိုးပမ်းခဲ့ကြပါတယ်။ ဒါပေမဲ့ ဘာကိုမှ တိတိကျကျ ရေရေရာရာ အတည်မပြုနိုင်ခဲ့ကြပါဘူး။ ဒါပေမဲ့ ထုံးစံအတိုင်း ဆိုရှယ်မီဒီယာမှာ အသံကျယ်တော့ သူ့ကို လူတွေ ပိုစိတ်ဝင်စားလာခဲ့ကြပါတယ်။ ဖော်လိုဝါတွေ အများကြီး ရလာခဲ့ကြပါတယ်။


နောက်ပိုင်းမှတော့ သူ့ကို နောက်တဆင့်တက်စေမဲ့ လူတယောက်နဲ့ တွေ့ခဲ့ပါတယ်။ စတိဗ်ဘန်နွန် ပါပဲ။ ဒီလူက တခြားလူ မဟုတ်ပါဘူး။ ဒေါ်နယ်ထရမ့် ပထမသက်တမ်းတုန်းက သမ္မတရဲ့ အကြီးတန်းအကြံပေးလည်းဖြစ်၊ အိမ်ဖြူတော် မဟာဗျူဟာမှူးလည်း ဖြစ်ခဲ့သူပါ။ 


စတိဗ်ဘန်နွန်နဲ့ မိုင်းစ်ဂေါတို့ ပေါင်းပြီး G Media၊ GTV စတဲ့ မီဒီယာလုပ်ငန်းတွေနဲ့ နိုင်ငံရေးလောကကို စပြီး ခြေချဖို့ ကြိုးပမ်းခဲ့ကြပါတယ်။ ၂၀၂၀ ပြည့်နှစ် ဇွန်လမှာတော့ သူ့ဇိမ်ခံလျှပ်ပြေးယဉ်ပေါ်ကနေ တရုတ်ကွန်မြူနစ်ပါတီနေရာမှာ အစားထိုးမဲ့ ‘တရုတ်ပြည်ထောင်စုသစ်’ တည်ထောင်လိုက်ပြီလို့ မိုင်းလ်စ်ဂေါ်က ကြေညာခဲ့ပါတယ်။ 


အဲ့ဒီကနေ တရုတ်ပြည်ထောင်စုသစ်အတွက် ရင်းနှီးမြှုပ်နှံမှုလုပ်ကြဖို့ ခေါ်ယူခဲ့ပါတော့တယ်။ 


သူတို့နှစ်ယောက်ရဲ့ ပတ်သက်မှုက ဘယ်လောက်ထိ ရှိသလဲဆိုရင် ၂၀၂၀ တုန်းက ဖက်ဒရယ်အေးဂျင့်တွေက လိမ်လည်မှုအမှုတစ်ခုနဲ့ ထရမ့်အကြံပေးဟောင်း စတိဗ် ဘန်နွန်ကို ဖမ်းဖို့ လာတဲ့အခါ၊ မိုင်းလ်စ်ဂေါရဲ့ ဇိမ်ခံရွက်လှေပေါ်မှာ အတူတွေ့ခဲ့တာပါ။ 


မိုင်းလ်စ်ဂေါရဲ့ တရုတ်ဆန့်ကျင်ရေး သတင်းတွေရေးသားဖြန့်ဝေတဲ့ အဲ့ဒီမီဒီယာယန္တရားကြီးဟာ တခြား သတင်းမှားတွေကိုလည်း အများကြီး ဖြန့်ဝေခဲ့ပါတယ်။ ၂၀၂၁ တုန်းက ယုံကြည်ရတဲ့ မီဒီယာကြီးတွေက မိုင်းလ်စ်ဂေါရဲ့ သတင်းဌာနတွေက သတင်းအမှားတွေကို ဘယ်လို ဖြန့်ဝေနေသလဲဆိုတာကို ဖော်ထုတ်ခဲ့ကြပါတယ်။ ကိုဗစ် ကာကွယ်ဆေးတွေအကြောင်း သတင်းမှားတွေ၊ အမေရိကန်ရွေးကောက်ပွဲ မမှန်မကန်လုပ်မှုတွေနဲ့ ကျူအေနွန် (QAnon) ကိစ္စတွေနဲ့ ဆက်နွှယ်နေတဲ့ ပြောဆိုချက်တွေပဲ ဖြစ်ပါတယ်။ နောက်ကွယ်မှာ လက်မည်းကြီးရှိနေတယ်ဆိုတဲ့ Conspiracy Theory တွေများပါတယ်။ 


မီဒီယာတွေတင် မကဘဲ အကောင့်တုတွေ Page အတုတွေလည်း အများကြီးနဲ့ လုပ်ခဲ့တာပါ။ ၂၀၂၄ ခုနှစ်မှာ စင်ကာပူနိုင်ငံက မိုင်းလ်စ်ဂေါ်ရဲ့ကွန်ရက်နဲ့ ဆက်နွှယ်နေတဲ့ အကောင့်ပေါင်း တစ်ရာနီးပါးကို ပိတ်ဆို့ဖို့ လူမှုကွန်ရက်ပလက်ဖောင်းတွေကို အမိန့်ထုတ်ခဲ့ပါတယ်။ အဲဒီအကောင့်တွေဟာ စင်ကာပူနိုင်ငံအပေါ် မှားယွင်းတဲ့ သတင်းအချက်အလက် ဖြန့်ဝေနေတယ်လို့ စင်ကာပူအစိုးရက ပြောခဲ့ပါတယ်။ 


ဒါက ဂေါ်က လုပ်တဲ့ သတင်းမှားဖြန့်ချိရေးကွန်ရက်ကြီးပါ။ တဖက်မှာလည်း သူ့ကို အဲ့ဒီပုံစံအတိုင်း တရုတ်အစိုးရက လုပ်နေခဲ့တာပါပဲ။


တရုတ်အစိုးရနဲ့ ဆက်နွှယ်နေတဲ့ ဆိုရှယ်မီဒီယာ အကောင့်တွေကို လေ့လာခဲ့ကြတဲ့ သုတေသီတွေရဲ့ အဆိုအရ တရုတ်ရဲ့ ဒီ သတင်းမှားဖြန့်ချိရေး ကွန်ရက်တွေဟာ မိုင်းလ်စ်ဂေါ်ကို ပိုပြီး အပြင်းအထန် တိုက်ခိုက်ခဲ့ကြတယ်လို့ ဆိုပါတယ်။ ဟောင်ကောင် ဆန္ဒပြသူတွေထက်တောင်မှ သူ့ကို ပိုပြီး ဦးတည်တိုက်ခိုက်ခဲ့ကြတယ်လို့ ဆိုတယ်။ သူ့ကို ဦးတည်ပြီး ရေးသားခဲ့တဲ့ ပို့စ်ပေါင်း သောင်းနဲ့ချီ ရှိခဲ့ပါတယ်။ 


မိုင်းလ်ဂေါ်က တရုတ်အစိုးရကို ဒီလောက်ထိ ဆန့်ကျင်တိုက်ခိုက်နေပေမဲ့လည်း ပြည်ပရောက် တရုတ် အတိုက်အခံအသိုင်းအဝိုင်းမှာတော့ သူ့ကြောင့် နှစ်ပိုင်းကွဲနေခဲ့ပါတယ်။ 


နယူးယောက်မြို့မှာ တစ်ရက်တည်း ဒီမိုကရေစီလိုလားသူ တရုတ်တွေရဲ့ လူစုလူဝေးပွဲ နှစ်ခုကို သတ်သတ်စီ ကျင်းပခဲ့ကြပါတယ်။ တဖွဲ့က သူ့ကို ထောက်ခံအားပေးတဲ့အဖွဲ့ဖြစ်ပြီး နောက်တဖွဲ့ကတော့ သူ့ကို သတိထားကြဖို့ သတိပေးတဲ့အဖွဲ့ပါ။


ဒုတိယအုပ်စုက နောက်ပိုင်းမှာ ပိုအားကောင်းလာခဲ့ပါတယ်။ အဲ့ဒါကတော့ ရှီကျင့်ဖျင်ရဲ့ ပိုက်စိပ်တိုက် ဖမ်းဆီးမှုတွေထဲကနေ အလွယ်တကူ လွတ်မြောက်လာခဲ့တယ်။ ပြီးတော့ မိုင်းလ်စ်ဂေါရဲ့ ရန်သူတွေက ရှီကျင့်ဖျင်ရဲ့ ရန်သူတွေနဲ့ပဲ အမြဲတမ်း ထပ်တူကျနေတယ်ဆိုတာပဲ။ ဒါကြောင့်မို့ ဒီလူဟာ တရုတ် အစိုးရအတွက် အလုပ်လုပ်ပေးနေတာလည်း ဖြစ်နိုင်တယ်ဆိုတဲ့ ပြောဆိုချက်တွေပါပဲ။


ဆက်ပြီး စဉ်းစားစရာရှိတာက ဒါဆိုရင် ဒီလူချမ်းသာနေတာ ဘယ်ကငွေတွေနဲ့ ချမ်းသာနေတာလဲဆိုတာပါပဲ။​


ဒီလောက်အသံကျယ်တဲ့ လူကို FBI က ဒီအတိုင်းတော့ မထားပါဘူး။ သူ့အကြောင်း ပြောဆိုမှုတွေ တစနဲ့တစ အသံတွေ ပိုထွက်လာပါတယ်။ အဲ့ဒီနောက်မှာတော့ မိုင်းလ်စ် ဂေါကို တရားစွဲဖို့အတွက် တရားလိုပြရှေ့နေတွေက ‘G Enterprise’ လို့ နာမည်ပေးထားတဲ့ လုပ်ငန်းစုအကြောင်းကို တရားရုံးမှာ ဖော်ထုတ် တင်ပြလာခဲ့ပါတယ်။ 


G Enterprise ဆိုတာကတော့ မိုင်းလ်စ်ဂေါ တယောက် နှစ်ပေါင်းများစွာ စည်းရုံးလာခဲ့တဲ့ နောက်လိုက်ပရိသတ်တွေအပေါ် မှီခိုအမြတ်ထုတ်နေတဲ့ ကုမ္ပဏီတွေနဲ့ စီမံကိန်းတွေရဲ့ ကွန်ရက်ကြီးပါပဲ။


မိုင်းလ်စ်ဂေါက အဲဒီနောက်လိုက်တွေ ရင်းနှီးမြှုပ်နှံတဲ့ငွေတွေဟာ ကွန်မြူနစ်ပါတီကို ဖြိုချဖို့အတွက် အသုံးပြုမယ်လို့ ပြောထားခဲ့တာပါ။ ဒါပေမဲ့ စုံစမ်းစစ်ဆေးရေးမှူးတွေကတော့ ဒါဟာ နောကြေနေပြီဖြစ်တဲ့ လိမ်လည်မှုပုံစံတစ်ခုသာ ဖြစ်တယ်လို့ ဆိုပါတယ်။ 


ရင်းနှီးမြှုပ်နှံသူ ၅,၅၀၀ ကျော်ဆီကနေ ဒေါ်လာ ၄၅၂ သန်းလောက် သိမ်းသွင်းခဲ့တဲ့ GTV အထူးရှယ်ယာထုတ်ရောင်းတဲ့ အစီအစဉ်၊ ဒေါ်လာ သန်း ၂၅၀ ကျော် ရခဲ့တဲ့ ‘သီးသန့်အဖွဲ့ဝင်' အစီအစဉ်ဖြစ်တဲ့ G-CLUBS၊ ပြီးတော့ ဒေါ်လာ သန်း ၂၆၀ ကျော် ထပ်ရခဲ့တဲ့ ခရစ်ပတိုငွေကြေးလဲလှယ်မှု စီမံကိန်း အများကြီးပါပဲ။


သူ့ကို ယုံကြည်သူတွေကိုတော့ လွတ်လပ်တဲ့ တရုတ်နိုင်ငံတော်သစ်ရဲ့ အနာဂတ်မှာ ပါဝင်ရင်းနှီးမြှုပ်နှံကြတာလို့ ပြောခဲ့ပါတယ်။ လူအများစုကတော့ သူတို့ဟာ ရှယ်ယာတွေအပြင် အဲ့ဒီကနေ အမြတ်တောင် ရလာမယ်လို့ ယုံကြည်ခဲ့ကြတာပါ။ ဒါပေမဲ့ တရားလိုပြရှေ့နေတွေကတော့ အဲဒီငွေတွေဟာ ရင်းနှီးမြှုပ်နှံသူတွေကို ပြောထားတဲ့နေရာတွေဆီ မရောက်ခဲ့ဘူးလို့ ဆိုကြပါတယ်။ ဒါဆို ဒီငွေတွေ ဘယ်လောက်သွားလဲ။


ဘယ်လောက်သွားလဲဆိုရင် စတုရန်းပေ ငါးသောင်းခန့် ကျယ်ဝန်းတဲ့ စံအိမ်ကြီးတစ်လုံး၊ ဒေါ်လာ ၃.၅ သန်းတန် ဖာရာရီ (Ferrari) ပြိုင်ကားတစ်စီး၊ ဒေါ်လာ ၃၇ သန်းတန် ဇိမ်ခံလှေတစ်စင်းနဲ့ တစ်ကိုယ်စာကို ဒေါ်လာ ၃ သောင်း ၆ ထောင်စီ တန်ဖိုးရှိတဲ့ မွေ့ရာနှစ်ခုတို့ဆီ ရောက်သွားပါတယ်။ ပြောရရင်တော့ ကွန်မြူနစ်ပါတီကို ဖြိုခွဲဖို့ ရင်းနှီးမြှုပ်နှံမှုတွေခေါ်ပြီး အဲ့ဒီကရတဲ့ငွေတွေကို ကိုယ်ကျိုးအတွက် သုံးနေခဲ့တာပဲ ဖြစ်ပါတယ်။ 


၂၀၂၃ ခုနှစ် မတ်လမှာတော့ မိုင်းလ်စ်ဂေါ တည်ဆောက်လာခဲ့တဲ့ ပုံရိပ်ကြီး ပြိုလဲဖို့ စပြီး အကြောင်းဖန်လာပါတော့တယ်။ ဖက်ဒရယ်အေးဂျင့်တွေက မိုင်းလ်စ်ဂေါ်ကို ကြေးနန်းဆက်သွယ်ရေး လိမ်လည်မှု၊ ငွေကြေးသက်သေခံလက်မှတ် လိမ်လည်မှု၊ ငွေညှစ်မှု၊ ငွေကြေးခဝပ်ချမှု အပါအဝင် စွဲချက်ပေါင်း ၁၂ ခုနဲ့ နယူးယောက်မြို့မှာ ဖမ်းဆီးခဲ့ပါတယ်။ 


မိုင်းလ်စ်ဂေါ တရားခွင်က ခုနစ်ပတ် ကြာခဲ့ပါတယ်။ သူ့ရှေ့နေတွေကတော့ မိုင်းလ်စ်ဂေါ သုံးဖြုန်းဇိမ်ခံတဲ့ လူနေမှုပုံစံကို ဝန်ခံပါတယ်။ အဲဒီလို သုံးဖြုန်းပြတာဟာ ကွန်မြူနစ်ပါတီကို နာကျည်းအောင် လုပ်ပြတဲ့နည်းလမ်း ဖြစ်တယ်လို့ ဆိုပါတယ်။ 


တရားလိုပြရှေ့နေတွေဘက်ကလည်း တရုတ်အစိုးရက ဂေါ်ကို ပစ်မှတ်ထားခဲ့တယ်ဆိုတဲ့အချက်ကို သဘောတူကြပါတယ်။ ဒါပေမဲ့ အဲဒီအချက်က ငွေတွေလိမ်ယူခဲ့တာ ရှိ၊ မရှိ ဆိုတာကိုတော့ ပြောင်းလဲပစ်နိုင်မှာမဟုတ်ဘူးလို့ ဂျူရီအဖွဲ့ကို ပြောကြားခဲ့ပါတယ်။


၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်နေ့မှာတော့ ဂျူရီအဖွဲ့က စီရင်ချက်တချို့ ချမှတ်ခဲ့ပါတယ်။ မိုင်းလ်ဂေါဟာ ငွေညှစ်မှု၊ လိမ်လည်မှုနဲ့ ငွေကြေးခဝပ်ချမှု အပါအဝင် စွဲချက် ၉ ခုမှာ ပြစ်မှုထင်ရှားတယ်လို့ အမိန့်ချပါတယ်။ စွဲချက်အားလုံးတော့ မဟုတ်ပါဘူး။ 


ပြီးတော့ ၂၀၂၅ ခုနှစ်မှာ တရားရုံးက မိုင်းလ်စ်ဂေါ် ရဲ့ ပိုင်ဆိုင်မှုတွေထဲက ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံလောက်ကို နိုင်ငံပိုင် သိမ်းဆည်းဖို့ စီရင်ချက်ချမှတ်ခဲ့ပါတယ်။ 


သူ့ကို ဘရွတ်ကလင်းက ထောင်တခုထဲ အချုပ်ကျပြီး နောက်ဆုံးပြစ်ဒဏ်ချမဲ့ရက်ကို စောင့်နေခဲ့ပါတယ်။ သူ့ကို ပြစ်ဒဏ်ချမှတ်မယ့်ရက်ကို ၂၀၂၄ ခုနှစ်နှောင်းပိုင်းမှာ ပထမဆုံး သတ်မှတ်ခဲ့ပေမဲ့ ရက်ရွှေ့ဆိုင်းခဲ့ပါတယ်။ အဲဒီနောက်မှာ သူ့ ရှေ့နေအဖွဲ့ကို အစားထိုးဖို့ ကိစ္စနဲ့ပတ်သက်ပြီး အခြေအတင် အကြာကြီးအငြင်းပွားခဲ့ကြလို့ နောက်ထပ်တစ်ကြိမ် ရက်ထပ်ရွှေ့ခဲ့ရပြန်ပါတယ်။ ၂၀၂၅ ခုနှစ်ကနေ ၂၀၂၆ ခုနှစ်ကို ရောက်တဲ့အထိ တောက်လျှောက်ရက်ရွှေ့နေခဲ့တာပါ။ 


ပြီးခဲ့တဲ့ ဇွန် ၂၉ ရက်နေ့မှာတော့ သူ့ကို ထောင်ဒဏ် နှစ် ၃၀ အမိန့်ချခဲ့ပါတယ်။ ဒီကြားထဲမှာ သူ့ကို သက်ညှာပေးဖို့ ရေးသားထားတဲ့ အသနားခံစာပေါင်း တထောင်ကျော်လောက် ရောက်လာခဲ့တယ်လို့လည်း သိရပါတယ်။


မိုင်းလ်ဂေါနဲ့ ပတ်သက်ပြီး နောက်ထပ် စဉ်းစားစရာတချက်က ထောင်ကလွတ်ပြီးရင် ဘာဆက်ဖြစ်မလဲဆိုတဲ့ အချက်ပါပဲ။ သူထောင်ကလွတ်လာရင် အနည်းဆုံး အသက် ၇၀ ကျော် ၈၀ ဝန်းကျင်လောက် ရှိနေမှာပါ။ တရုတ်နိုင်ငံက သူ့ကို အခုထိ အလိုရှိနေဆဲပါပဲ။ အမေရိကန်က သူ့ကို တရုတ်နိုင်ငံဆီ ပြန်ပို့ကောင်း ပို့နိုင်တယ်ဆိုတဲ့ ယူဆချက်လည်း ရှိပါတယ်။ 


မိုင်းလ်ဂေါဟာ တရုတ်အစိုးရကို ဆန့်ကျင်တိုက်ခိုက်ပြောဆိုခဲ့တာက အမှန်ပါပဲ။ ဒါကြောင့်လည်း တရုတ်က အသေရရ အရှင်ရရ လိုချင်နေတာပါ။ အဲ့ဒီအချက်ကို အသုံးချပြီး လူတွေအများကြီးဆီမှာ ဒေါ်လာ ဘီလျံချီ လိမ်လည်ခဲ့တာလည်း အမှန်ပါပဲ။ 


လူတယောက်ဟာ အမှန်တရား ဘက်တော်သားလို့ ဘယ်လောက်ပဲ ပြောနေပါစေ၊ လူပေါင်းများစွာကို လိမ်လည်လှည့်ဖျားပြီး ကိုယ်ကျိုးစီးပွားအတွက် အသုံးချခဲ့သူဖြစ်ရင် သူ့သမိုင်း မလှနိုင်ဘူးဆိုတာပါပဲ။ 


●

မြတ်ကျော်သူ


-------------------------------

ကိုးကားစာရင်း -


၁။ "The Mystery of the Exiled Billionaire Whistle-Blower," The New York Times Magazine

၂။ DOJ / SDNY — Ho Wan Kwok a/k/a "Miles Guo" Arrested (Mar 15, 2023)

၃။ DOJ / SDNY — Statement of U.S. Attorney on the Conviction of Miles Guo

Inner City Press — SDNY live coverage (the $1.3B judgment / sentencing-scheduling filing)

၄။ Courthouse News, "Chinese dissident Guo Wengui guilty of racketeering, fraud in $1 billion scheme" (Jul 16, 2024): 

၅။ SCOTUSblog (Apr 6, 2026)

၆။ Axios, "Bannon quietly making moves toward 2028 run" (Jan 10, 2026)

၇။ CPAC 2026 speaker announcement

၈။ Britannica, "Steve Bannon"

Saturday, February 28, 2026

❝ ရွှေမင်းသား ❞

 ❝ ရွှေမင်းသား ❞



ဆက်တီခုံ ပေါ်မှာ ထိုင်နေတဲ့ ဦးမြတ်သူဝင်း ( ယခု အသက် ၄၄ နှစ် ) ရဲ့ ပုံစံက ရုပ်သေးရုပ် တစ်ရုပ်ကို ခုံပေါ် တင်ထားသလို ပြေလျော့နေတယ် ။ ဦးမြတ်သူဝင်း နဲ့ စကားစမြည် ပြောဖို့ သူ့ရုံးခန်းကို ကျွန်တော် သွားတာပါ ။ ဦးမြတ်သူဝင်း က မသန်စွမ်းသူတွေကို ကူညီစောင့်ရှောက်ပေးနေတဲ့ ရွှေမင်းသား ဖောင်ဒေးရှင်း ( မြန်မာ ) ရဲ့ ဥက္ကဋ္ဌ ဖြစ်ပါတယ် ။


သူကလည်း ကျွန်တော် လာမယ် ၊ သူ့ ဘဝနဲ့ သူ့ ဆောင်ရွက်မှုတွေ မေးမယ်ဆိုတာ သိပြီးသားပါ ။ ကျွန်တော်က ဦးမြတ်သူဝင်း မွေးဖွားရာ ဒေသနဲ့ မိဘတွေ အကြောင်းကို စမေးတယ် ။ 


“ ကျွန်တော့် မိဘများက အဖေက ဦးတင်မောင်ဝင်း ၊ ဆည်မြောင်းဦးစီးဌာန ညွှန်ကြားရေးမှူး အငြိမ်းစား ၊ ကျွန်တော့် အမေက ဒေါက်တာဒေါ်သန်းဌေး ၊ ပြည်မြို့ ဆေးရုံကြီးက ဆေးရုံအုပ်ကြီး ”


“ ကျွန်တော်တို့ မောင်နှမ သုံးယောက် ရှိပါတယ် ။ အစ်မ ကလည်း ဆရာဝန်ပါ ၊ ခုတော့ ဘရူနိုင်း မှာ ။ ညီလေး ကလည်း ဆရာဝန် ၊ နယူးဂျာစီ အမေရိကား ရောက်နေတယ် ”


“ ဦးမြတ်သူဝင်း မသန်စွမ်းတာက မွေးရာပါလား ”


“ ဟုတ်တယ်ဆရာ ။ ကျွန်တော့် ရောဂါက မြန်မာလိုတော့ သူငယ်နာအကြောတင်းပေါ့ ။ ကျွန်တော်က ဦးနှောက်ကို ထိတာ ။ ကျွန်တော့်ကို မွေးတဲ့အချိန်မှာ ဗိုက်ခွဲ မွေးတာတွေ ဘာတွေ ခေတ်မစားသေးဘူး ။ ညှပ်ဆွဲမွေးတာ ။ ညှပ်ဆွဲမွေးတော့ ရေမွန်းသွားတယ် ။ ဦးနှောက်ကို ထိတယ်ပေါ့ ။ ဒါပေမဲ့ ကျွန်တော်က ကံကောင်းပါတယ် ။ ကျွန်တော်တို့လို ကလေးတွေက ဦးနှောက်ကို ထိရင် ဉာဏ်ရည် ထိခိုက်တတ်တယ် ”


ဆက်တီခုံ ပေါ်မှာ ရုပ်ခန္ဓာက အားမရှိသလို ပြေလျော့နေပေမဲ့ သူဟာ စွမ်းရည်ထက်မြက်တဲ့သူ ဖြစ်ကြောင်း သူ့ လုပ်ရပ်တွေက သက်သေပြနေတယ် ။ ဦးမြတ်သူဝင်း ဟာ ရွှေမင်းသား အကျိုးဆောင်လုပ်ငန်းများကုမ္ပဏီလီမိတက်ရဲ့ မန်နေဂျင်းဒါရိုက်တာ ဖြစ်ပါတယ် ။ လုပ်ကိုင်နေတဲ့ လုပ်ငန်းတွေ ကတော့ ရွှေမင်းသား အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း ၊ ရွှေမင်းသား ကြော်ငြာလုပ်ငန်း ၊ ရွှေမင်းသားပုံနှိပ် လုပ်ငန်း ၊ ရွှေမင်းသား ကားလုပ်ငန်းတွေ ဖြစ်တယ် ။


“ ကိုယ်က သူများနဲ့ မတူဘူးဆိုတဲ့ ခံစားမှုကို ဘယ်အချိန်မှာ စကြုံရသလဲ ” 


ဒီမေးခွန်းကို မေးဖို့ အားနာစရာ ကောင်းပေမဲ့ ကျွန်တော် မေးလိုက်တယ် ။ ဦးမြတ်သူဝင်းရဲ့ တုံ့ပြန်ပုံက သိပ်ကောင်းတယ် ။


“ အရမ်းကောင်းတဲ့ မေးခွန်းပါ ”


ဦးမြတ်သူဝင်းက စကား ခဏရပ်တယ် ။ သူ့ နံဘေးမှာ ထိုင်နေတဲ့ ဝန်ထမ်းအမျိုးသမီး တစ်ယောက်က သူ့ပါးစပ်က သွားရည်အချို့ကို တစ်ရှူးစက္ကူနဲ့ သုတ်ပေးတယ် ။


“ ကျွန်တော့် အကြောင်း ပြောရင် အမေနဲ့ အဖေ အကြောင်းက ဆယ်ခွန်းမှာ ကိုးခွန်းပါတယ် ။ ကျွန်တော်တို့ အနေနဲ့ နယ်မြို့မှာ ဆိုတော့  ၊ ဆရာဝန်သားသမီး အရာရှိသားသမီး ဆိုတော့ ဘာပဲပြောပြော ဦးစားပေးခံရတဲ့ အနေအထားမှာ ရှိပါတယ် ။ အမေက ဘာပြောသလဲ ဆိုတော့ ကျွန်တော့်ကို မွေးလာတဲ့ အချိန်က စပြီး ပိုက်ဆံသုံးရာ ( ကျပ် ၃ဝဝ ) ရှိရင် တစ်ရာ ( ကျပ် ၁ဝဝ ) ကို အိမ်မှာ ငွေသား အတိုင်းစုတယ် ၊ နောက်တစ်ရာကို ရွှေဝယ်တယ် ။ နောက်တစ်ရာကို Saving certificate ( ငွေစုလက်မှတ် ) ဆိုပြီး စုတာ ။ ကျပ် ၁ဝဝ စုတာ ၁၂ နှစ်ကြာရင် ၃၄၆ ကျပ် ဖြစ်မယ်ဆိုပြီး စုတာ ။ အမေက အရမ်း အမြော်အမြင် ရှိတယ် ” 


ကျွန်တော့် အတွေးထဲမှာ ငွေစုလက်မှတ် တန်ဖိုးနဲ့ အင်ဖလေးရှင်းကို ချိန်ဆကြည့်နေမိတယ် ။


“ အမေက ပြောဖူးတယ် ။ ဘဏ်ထဲ အပ်ထားတဲ့ ပိုက်ဆံက Saving certificate နဲ့ ရွှေနဲ့ ကွာဟချက် များလာတယ် ။ ချက်ချင်းပဲ saving certificate တွေ ထုတ်ရောင်းပြီး ကျွန်တော့် အတွက် ရွှေဝယ်စုတယ်တဲ့ လက်တွေ့ကျတာပေါ့ ”


“ အဖေကတော့ အမျိုးသား ဖြစ်တော့ ပိုက်ဆံ ရှာမယ်ပေါ့ ။ ငါ့သား တစ်သက်စာ ပုံပေးခဲ့မယ် ဆိုတဲ့ အတွေးနဲ့ ကြိုးစားတယ် ။ အဖေနဲ့ အမေက ကျွန်တော့်အပေါ်မှာ ချဉ်းကပ်တဲ့ point of view ( ရှုထောင့် ) က မတူဘူး ။ အဖေ့ နည်းလမ်းက တစ်မျိုး ၊ အမေ့နည်းလမ်းက တစ်မျိုး ”


ကျွန်တော် မေးတဲ့ မေးခွန်းက ကိုယ်က သူများနဲ့ မတူဘူးဆိုတဲ့ ခံစားမှု အကြောင်း ။ ဦးမြတ်သူဝင်းရဲ့ အဖြေက မေးခွန်းနဲ့ တိုက်ရိုက် မဆိုင်ပေမဲ့ စိတ်ဝင်စားစရာ ကောင်းလို့ ကျွန်တော် ငြိမ်ပြီး နားထောင်နေတယ် ။


“ အမေက နှစ်လမ်းပြိုင်ပေါ့ ။ အဖေရှာဖွေတဲ့ ဥစ္စာဓန ကိုလည်း စုတယ် ။ နောက်တစ်ဖက်ကတော့ လူကြားထဲမှာ ကျွန်တော် နေတတ်ထိုင်တတ်ဖို့ ။ ဥပမာ ဆရာ ကျွန်တော့်ဆီ လာလည်တယ် ၊ လာလည်တဲ့အခါ ငါဆရာကြီးကွ ဆိုပြီး လာရင် ကျွန်တော် အနေအထိုင် ကျပ်တယ်ပေါ့ ။ တစ်ခါ အရမ်းကြီး အောက်ကျို့ပြီး လာလည်ပြန်ရင်လည်း အနေအထိုင် ကျပ်တယ် ”


ကျွန်တော့် အတွေးထဲမှာ ကိုယ့်ကိုယ်ကိုယ် ခပ်မြန်မြန် သုံးသပ် ကြည့်လိုက်တယ် ။ ဘယ်ပုံစံလဲ ။


“ ဆရာနဲ့ ကျွန်တော် ခုမှ first time ( ပထမဆုံး ) တွေ့ဖူးတယ် ။ ဒါပေမဲ့ ဆရာ့အပေါ် friendly ( မိတ်ဆွေပီသစွာ ) ရင်းနှီးမှု ရှိသွားပြီ ။ ဆိုတော့ တစ်ယောက်နဲ့ တစ်ယောက် နေတတ်ထိုင်တတ် သွားရင် လောကကြီးက နေလို့ ထိုင်လို့ သိပ်ကောင်းတာ ။ ကျွန်တော့် အမေက နေတတ်ထိုင်တတ်အောင် သင်ပေးရမယ်လို့ အမြဲပြောတယ် ”


“ ကျွန်တော် လေးတန်း ဖြေတဲ့ အချိန်မှာ သင်္ချာရည်ချွန် စာမေးပွဲဆိုတာ ရှိတယ် ” 


“ ပြည် မှာပဲလား ”


“ ပြည် မှာပဲ ။ သင်္ချာရည်ချွန် စာမေးပွဲမှာ ကျွန်တော် သင်္ချာရည်ချွန် ရတယ် ခင်ဗျ ။ အဲဒီမှာ ကျွန်တော် မသန်စွမ်းတာကို ဘယ်လို စသိသလဲဆိုတဲ့ မေးခွန်းကို ဖြေဖို့ ကြုံလာပြီ ” 


ဆက်တီခုံမှာ လျော့ရိလျော့ရဲ ထိုင်နေတဲ့ ကျွန်တော်ဟာ ခါး ပြန်မတ်သွားတယ် ။ သူ့စကားကို နားစိုက်ထောင်မိတယ် ။


“ ကျွန်တော်တို့ ပြည်မှာ နွေရာသီ ဆိုရင် တစ်တန်းစာ စာကြိုကြိုသင်တယ် ။ ဥပမာ ငါးတန်း တက်မယ်ဆိုရင် လေးတန်း အောင်တဲ့အချိန် ငါးတန်းစာကို ကြိုသင်တယ် ။ ကျွန်တော်တို့ ပြည်မြို့က ပညာရေး အလေးထားတဲ့ မြို့ပါ ။ အဲဒီမြို့မှာ လူ ဖြစ်ရတယ် ဆိုတော့ ကံကောင်းပါတယ် ။


“ ငါးတန်းစာ သင်တော့မယ် ဆိုတဲ့ အချိန်မှာ ကျွန်တော့်ကို စာသင်မဲ့ ဆရာမလေး လာတယ် ။ ကျွန်တော့် အမေက ဘာပြောသလဲ ဆိုတော့ ငါ့သားဟာ တကယ်လို့ ကွန်ပတ်စ်သာ မကိုင်နိုင်ရင် ကျွန်တော်သည် ပညာရေးကို ရပ်လိုက်ရတော့မဲ့ သဘောရှိတယ် ။ ပညာရေးသာ ရပ်လိုက်ရရင် သူ ဘယ်လောက်စိတ် ထိခိုက်မှာလဲလို့ အမေ့မှာ အတွေးရှိတယ်တဲ့ ”


ကျွန်တော်နဲ့ မျက်နှာချင်းဆိုင်မှာ ထိုင်နေတဲ့ ဦးမြတ်သူဝင်းရဲ့ လက်ချောင်းကလေးတွေရှိရာ ကျွန်တော့် မျက်စိက ရောက်သွားတယ် ။ လက်ချောင်းတွေက ပီပီပြင်ပြင် သန်သန်မာမာ မဟုတ်ဘူး ။ ငှက်ပျောပင်က ညှိုးရော်တဲ့ ငှက်ပျောသီး နုတွေလိုပဲ ပိန်လိမ်နေတယ် ။


“ ကျုရှင်ဆရာမလေး ကျွန်တော့်ကို စာသင်ပေးဖို့ လာတဲ့ အချိန်မှာ ကျွန်တော့် အဖေက ကွန်ပတ်စ်ဘူးတွေ ၊ ပေတံတွေ ၊ ခဲတံတွေ ၊ စာအုပ်တွေ ဝယ်လာတာပေါ့ ။ အမေက လိုက်ကာ ကြားထဲကနေ ကျွန်တော့်ကို ချောင်းကြည့်နေတယ် ။ သူ ချောင်းကြည့်နေခဲ့တဲ့ အကြောင်း အမေက ဒိုင်ယာရီ ရေးထားတယ် ။ အမေ့မှာ ဒိုင်ယာရီ ရေးတဲ့ အလေ့ရှိတယ် ။ အဲဒီနေ့က ရေးတဲ့ ဒိုင်ယာရီ စာအုပ်လေးကို ကျွန်တော် အသက်ကြီးလာတော့ အမေက ပြန်ပြတယ် ”


“ ဘယ်လို ရေးသလဲ ဆိုတော့ အဖေ့ကို တိုင်တည်ပြီး ရေးထားတာ ။ 


      မောင် ၊ ညိုတော့ အရမ်းစိတ်လှုပ်ရှားနေတယ် ။ အကယ်၍ သားက ကွန်ပတ်စ် မကိုင်နိုင်ခဲ့သည် ရှိသော် ညိုတို့ ဘာဆက်လုပ်မလဲ ။ မောင်ကတော့ မသိဘူး ။ ပျော်ပျော်ရွှင်ရွှင်ပဲ ။ သားဘယ်ကွန်ပတ်စ်ဘူး ကြိုက်သလဲ ၊ မကြိုက်တာ ညီလေးကို ပေးလိုက် ၊ သားက ကြိုက်တာယူ ။ ဆရာမ ကော်ဖီ သောက်ပါဦး ။ သူကတော့ ပူပင်သောကတွေ မသိဘူး ။ အဲဒီအချိန်မှာ အဖေက အမေ့ကို လှမ်းခေါ်တယ် ။ ညို အပြင်ထွက်ခဲ့ဦးလေ ။ ကျွန်တော့် အမေက အလုပ် မပြီးသေးလို့ ဆိုပြီး အပြင် ထွက်မလာဘူးတဲ့ ။


အဲဒီအချိန်ကို အမေက အသေးစိတ် ရေးထားတယ် ”


“ သားကွန်ပတ်စ်ဘူးကို ဖွင့်လိုက်ပြီ ။ ကွန်ပတ်စ်မှာ နှစ်ဖက်ချွန်နဲ့ တစ်ဖက် ချွန် ခဲတံညှပ်တဲ့ဟာ ရှိတယ် ။ ကျွန်တော်က တစ်ဖက်ချွန် ကွန်ပတ်စ်ကို ကိုင်လိုက်တယ် ။ ခဲတံညှပ်တယ် ။ ကိုင်ပြီး ခဲတံညှပ်တဲ့အထိ အမေ စိတ်လှုပ်ရှားတုန်းပဲ ။ ဆရာမက တြိဂံပုံ ဆွဲခိုင်းတာကို သားက ကွန်ပတ်စ်နဲ့ ထောက်ဆွဲလိုက်တာ မြင်ရတော့ အမေ ပျော်လွန်းလို့ အပြင်ကို ပြေးထွက်လာတယ်တဲ့ ”


“ စက်ဝိုင်း ဆွဲတာလား ၊ တြိဂံဆွဲခိုင်းတာလား ”


“ တြိဂံ ။ နှစ်လက်မ ရှိတဲ့ အနားနဲ့ တြိဂံ ဆွဲရမယ် ဆိုရင် ပေတံမှာ နှစ်လက်မကို ကွန်ပတ်စ်နဲ့ ထောက်ပြီး တိုင်းဆွဲတာ ”


“ အမေက ငိုပြီး ပြေးထွက်လာတော့ အဖေက ညို ဘာဖြစ်လို့လဲ ။ ခိုက်မိလို့လား မေးတယ် ။ အမေက စိတ်လှုပ်ရှားလွန်းလို့ပါတဲ့ ”


ဦးမြတ်သူဝင်း က ပြောရင်း ချောင်းတွေ ဆိုးပါတယ် ။ ဝန်ထမ်း အမျိုးသမီးတစ်ယောက်က ရေတစ်ဖန်ခွက် ယူလာပြီး သူ့ကို တိုက်တယ် ။


“ အမေက စိတ်ပူပန်မှု ရှိတယ်ပေါ့ ။ ဒါပေမဲ့ မှန်ကန်သော နည်းလမ်းအားဖြင့် ချဉ်းကပ်မှု ရှိတယ် ။ အမေက ငါ့များ အထင်သေးလို့ ၊ ကွန်ပတ်စ်ကို ငါ မကိုင်နိုင်မှာ ကျနေတာပဲပေါ့နော် ။ တကယ်တော့ အမေ စိတ်ပူပန်ရှာတာ ။ ဒီနေရာမှာ တစ်ချက် ကျွန်တော် ကြုံရတာပေါ့ ”


ကိုယ်က သူများနဲ့ မတူဘူး ဆိုတဲ့ ခံစားမှုနဲ့ ပတ်သက်တဲ့ ကျွန်တော်ရဲ့ မေးခွန်းကို ဦးမြတ်သူဝင်း က စိတ်ဝင်စားစရာ ကောင်းအောင် ဖြေသွားတယ် ။ အားမနာ ပါးမနာ နောက်မေးခွန်း တစ်ခု ကျွန်တော် မေးပြန်တယ် ။


“ ကလေးဘဝ ကစားကြရာမှာ ကိုယ်က သူများနဲ့ တန်းတူရည်တူ ဝင်မကစားနိုင်လို့ ဘေးက ထိုင်ကြည့်နေခဲ့ရတာမျိုး ကြုံခဲ့ဖူးလား ”


သူ့ တုံ့ပြန်မှုကတော့ အရင် တစ်ကြိမ်လိုပါပဲ ။ ရွှင်ရွှင်လန်းလန်း ပြုံးလိုက် ပြီး ' very good question ' လို့ အရင် ပြောတယ် ။


“ ကျွန်တော် ငယ်ငယ်ကလေး ကတည်းက ဦးဆောင်တဲ့ နေရာမှာ နေတယ် ။ အတန်းထဲမှာ ဆိုရင် ကျွန်တော်က မော်နီတာ ။ အတန်းခေါင်းဆောင်ပေါ့ ၊ ဆရာတွေက လုပ်ခိုင်းတယ် ။ ကျွန်တော် မျက်နှာမလိုက်ဘူး ”


“ ကျွန်တော်တို့ ငယ်ငယ်က ဘောလုံးကန်တယ် ၊ ကလေး ဆိုတော့ ဂိုးကျဉ်း ကစားတာ ။ ဘောလုံး ကန်တော့ ကျွန်တော် ကိုယ်တိုင် ဝင်ကန်တယ် ။ ဘယ်လိုလဲ ဆိုတော့ ချိုင်းထောက်နဲ့ ကျွန်တော်က ဂိုးစောင့်တယ် ။ ဂိုးကျဉ်း ဆိုတော့ စဉ်းစား ကြည့်ပေါ့ ၊ ချိုင်းထောက်နဲ့ ပိတ်လိုက်တော့ ဘယ်သူမှ ဂိုးသွင်းလို့ မရတော့ဘူး ။ ကျွန်တော် ဂိုးစောင့်တဲ့ ဘက်က နိုင်တယ် ။ အသိုင်းအဝိုင်းက ကျွန်တော့် အပေါ်မှာ အမြဲကောင်းတယ် ၊ အားလုံးတန်းတူပဲ ။ ကျွန်တော့်မှာ စိတ်ဓာတ်ရေးရာ ထိခိုက်မှ မရှိသလောက်ပါဘဲ ။ ဂိုးကျယ်တွေ ကန်ကြတော့ ကျွန်တော် ဒိုင်လူကြီး လုပ်တယ် ”

 

“ စိတ်ဓာတ် ကျတာမျိုး မဖြစ်ဖူးဘူးလား ”


“ စိတ်ဓာတ် ကျတာတွေ ဘာတွေ အင်မတန် နည်းပါတယ် ။ လူဆိုတဲ့ အတွက်ကြောင့် ခံစားချက်တော့ ရှိတာပေါ့ ။ စိတ်တိုတတ်တယ် ၊ ဝမ်းနည်းတတ်တယ် ။ ကျွန်တော်တို့က လူ ။ သွေးက မျောက်သွေးတွေ မဟုတ်ဘူး ။ ဒုက္ခိတ ဖြစ်သွားတာကို ခံစားရမယ် ။ လူကိုး ။ မဟုတ်ရင် စက်ရုပ် ဖြစ်သွားမယ် ။ ဒါပေမဲ့ အကြာကြီး မဖြစ်နဲ့ ။ အကြာကြီး ဝမ်းနည်းပူဆွေးပြီး မပြီးနိုင် မစီးနိုင် မဖြစ်စေနဲ့ ”


“ ကျွန်တော့် အဖေက အမြဲတမ်း ပြောပါတယ် ။ လက်ဝှေ့ဝိုင်းမှာ လောကဓံ နဲ့ ထိုးကြကြိတ်ကြတဲ့အခါ ကိုယ်က လဲကျမယ် ။ လဲကျမှာ မကြောက်နဲ့ ။ ဘာကြောက် ရမှာလဲ ၊ ပြန်မထနိုင်မှာပဲ ကြောက် ။ လောကဓံက တစ် ၊ နှစ် ၊ သုံး ၊ လေး ရေသွားမှာ ။ တစ်ဆယ် ပြည့်လို့မှ ပြန်မထနိုင်ရင်တော့ မင်း ရှုံးသွားပြီတဲ့ ”


“ ပြန်ထဖို့အတွက် မိတ်ဆွေကောင်းတွေ အားပေးတဲ့ လက်ခုပ်သံက အရေးကြီးသလား ”


“ ကျွန်တော့် အယူအဆ ကတော့ အရေးကြီးမယ် ထင်တယ် ။ ဒါပေမဲ့ အရေးအကြီးဆုံးက ကိုယ်ကိုယ်တိုင်ပဲ ။ လဲကျတဲ့အခါ ကိုယ့် အတွင်းအားတွေ ပြန်စုပြီး ကုန်းရုန်း ထရတယ် ။ လက်ခုပ်သံသည် အားမရှိဘူးတော့ မဟုတ်ပါဘူး ။ အကုန်လုံးတော့ ဆိုင်နေတာပဲ ”


 ••••• ••••• •••••


❝ နှလုံးသား ထက်မြက်သူ ❞


မသန်စွမ်းသူဦးရေ သုံးထောင်ကျော် ( ၃၄၆၁ ဦး ) ကို ထောက်ပံ့ကူညီ ပေးပြီးတဲ့ ရွှေမင်းသား ဖောင်ဒေးရှင်း ( မြန်မာ ) ရဲ့ ဥက္ကဋ္ဌ ဦးမြတ်သူဝင်း ကိုယ်တိုင်ကလည်း မသန်စွမ်းသူ ဖြစ်ပါတယ် ။


သူ့ကို ပြည်မြို့မှာ မွေးဖွားခဲ့ပြီး မိခင်က ပြည်ဆေးရုံအုပ်ကြီး ဒေါက်တာ ဒေါ်သန်းဌေး ၊ ဖခင်က ဆည်မြောင်း ညွှန်ကြားရေးမှူး အငြိမ်းစား ဦးတင်မောင်ဝင်း ပါ ။


ရွှေမင်းသားဖောင်ဒေရှင်း ( မြန်မာ ) ရဲ့ ပင်မရုံးခန်းကို ရန်ကုန်လမ်းမတော် မှာ ဖွင့်ထားပြီး မြန်မာနိုင်ငံ အထက်ပိုင်း ရုံးခွဲကို မန္တလေး ချမ်းအေးသာစံမြို့နယ်မှာ ဖွင့်ထားတယ် ။ သူ့ရုံးခန်းကို ကျွန်တော် ရောက်သွားပါတယ် ။ ဦးမြတ်သူဝင်း ကြိုးစား ဖြတ်သန်းခဲ့ရတဲ့ ဘဝခရီးကို ကျွန်တော် မေးတယ် ။


“ ကျွန်တော် ကြီးပြင်းတာကတော့ ပြည်မြို့မှာ ကြီးပြင်းတာပေါ့ ။ အထက ( ၁ ) ပြည်မြို့က ဆယ်တန်းအောင်ပါတယ် ။ ဆယ်တန်း အောင်စဉ်ကာလမှာ ဂုဏ်ထူး သုံးခု ။ ဆေးတက္ကသိုလ် အမှတ်ကို ကပ်မီတာ မဟုတ်ဘူး ။ ကောင်းကောင်း မီခဲ့ပါတယ် ”


“ လွတ်လွတ်ကျွတ်ကျွတ်ပေါ့ ”


“ ပဲခူးတိုင်း တစ်တိုင်းလုံးမှာ ကျွန်တော် တစ်ယောက်တည်း သင်္ချာ အမှတ်ပြည့် ၁ဝဝ ရတာ ။ ကျွန်တော်က ကျန်းမာရေး အနေအထားကြောင့် ဆေးတက္ကသိုလ် မတက်နိုင်ပေမဲ့ အဲဒီတုန်းက အာရ်အိုင်တီ ခေါ်တာပေါ့ ၊ ရန်ကုန်စက်မှုတက္ကသိုလ် တက်ရမလား စဉ်းစားသေးတယ် ”


"ဆယ်တန်း ဘယ်နှစ်က အောင်သလဲ ”


“ ၁၉၈၃ ခုနှစ်က အောင်ပါတယ် ။ ၁၉၈၇ ခုနှစ်မှာ အင်္ဂလိပ်စာမေဂျာနဲ့ ဘီအေဘွဲ့ရတယ် ။ ကျွန်တော် ကွာလီဖိုင်း ဆက်တက်တယ် ။ ကျောင်းက ပိတ်လိုက် ဖွင့်လိုက်နဲ့ ၁၉၉၂ မှာ ကျောင်းပြီးတယ် ”


“ ကျောင်းနေစဉ်က ကြုံခဲ့ရတဲ့ အတွေ့အကြုံတွေကို ပြောပြပါဦး ” 


“ ကျွန်တော် ဆယ်တန်း ဖြေခါနီးတော့ တီအီးအို အိမ်ကို လာတယ် ။ Township Education Officer ”


“ မြို့နယ်ပညာရေးမှူး ”


“ တီအီးအို ဦးကိုကိုကြီးက အိမ်လာတယ် ။ သားလေး ဆယ်တန်း ဖြေတော့မယ် ၊ သားက ပညာ သိပ်တော်တယ် ။ ကျွန်တော်တို့ ဘာလုပ်ပေးရမလဲလို့ ကျွန်တော့် မိဘတွေကို မေးတယ် ။ ကျွန်တော်က ဆရာကြီးကို စိတ်ဆိုးသွားတယ် ။ ဒါကတော့ ကျွန်တော်တို့ မသန်စွမ်းသူတွေရဲ့ ဖီလင်ပေါ့ ။ ကျွန်တော်တို့ကို သနားတယ် ဆိုရင် မကြိုက်ဘူး ။ အသနားခံဖို့ ဆိုတာ ကျွန်တော်တို့ ရာဇဝင်မှာ မရှိဘူး ”


ဦးမြတ်သူဝင်း ဟာ အမြင်အရပင် မသန်စွမ်းကြောင်း သိသာပါတယ် ။ ဒါပေမဲ့ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း ၊ ကြော်ငြာလုပ်ငန်း ၊ ပုံနှိပ်လုပ်ငန်း ၊ ကားလုပ်ငန်း ၊ စီးပွားရေးလုပ်ငန်း လေးခုကို ရွှေမင်းသား အကျိုးဆောင်လုပ်ငန်းများ ကုမ္ပဏီလီမိတက် အဖြစ် လုပ်ကိုင်နေသလို လူမှုရေးလုပ်ငန်းကိုလည်း ရွှေမင်းသားဖောင်ဒေးရှင်း ( မြန်မာ ) အဖြစ် အောင်မြင်စွာ လုပ်ဆောင်နိုင်တာမို့ စွမ်းဆောင်နိုင်စွမ်းကြီးသူဖြစ် ကြောင်း တွေ့နိုင်တယ် ။


“ သမိုင်းဆိုတဲ့ ဘာသာရပ်က မေးခွန်းကို နှစ်နာရီပဲဖြေရတယ် ။ သမိုင်းက စာတွေ အများကြီး ရေးဖြေရတာ ၊ အချိန်ပို ယူဦးမလား ဆရာကြီးက မေးတယ် ။ အချိန်ပို ယူဦးမလားဆိုတဲ့ မေးခွန်းဟာ ကျွန်တော့် စိတ်ထဲ ကျွန်တော့်ကို စော်ကားတယ်လို့ ခံစားရတယ် ။ ကလေးဆိုတော့ ဆရာတွေရဲ့ စေတနာကို သိပ်မသိဘူးပေါ့ ။ ကျွန်တော့်ကို စော်ကားတာပဲ ၊ အချိန်ပို မယူဘူးပေါ့ ”


သူ့အားမာန်နဲ့ သူ့ကိုယ်ကိုယ် ယုံကြည်မှုကို သူ့မျက်နှာပေါ်မှာ ကျွန်တော် မြင်တွေ့ နေရတယ် ။


“ ကျွန်တော့် အမေကတော့ ဆရာကြီးကို တစ်ခုတော့ တောင်းဆိုချင်ပါတယ် ။ စာမေးပွဲဖြေရင် ကန်တော့ပါရဲ့ ၊ အပေါ့အပါး သွားချင်တယ် ။ ဘာညာဆိုရင် Seating plan ( ထိုင်ခုံအနေအထား ) အရ အလယ်လောက် ရောက်နေရင် ကျွန်တော် ထွက်ရ ခက်နေမယ် ။ အဲဒီတော့ ကျွန်တော့် စားပွဲကို ရှေ့ဆုံးတန်းမှာ ထားပေးဖို့ ပြောတယ် ။ ကျွန်တော့် စိတ်ထဲမှာ ငါ့မှာ အားနည်းချက် တစ်ခုတော့ ရှိနေပါလားလို့ လက်ခံလိုက်ရတော့တာပါ ”


“ ပညာသင်ယူချိန် စိတ်လေ သွားတာမျိုး ဖြစ်ခဲ့ဖူးလား ”


“ ဆယ်တန်းမှာ ကျွန်တော်နဲ့ သူငယ်ချင်းတွေက ပထမ ၊ ဒုတိယ ၊ တတိယ လှည့်ယူနေကြတာပါ ။ ခုထိလည်း အရမ်းချစ်တဲ့ သူငယ်ချင်းတွေပါ ။ သူတို့က ရိုးရိုးသားသား ပြောတာပါ ။ မြတ်သူဝင်း မင်း ဘာဖြစ်လို့ ဒါလောက် စာကျက်နေ တာလဲ ။ ဆယ်တန်းမှာ အမှတ်တွေ အများကြီးရတော့ မင်း ဘာလုပ်မှာလဲ ။ ဆေးတက္ကသိုလ်လည်း မတက်နိုင်ဘူး ဘာဘူးပေါ့ ဆိုတော့ ကျွန်တော့် စိတ်တွေ လေသွားတယ် ။ ကလေးဆိုတော့ ဟုတ်သားပဲ ၊ ပျော်ပျော်ပဲ နေတော့မယ်ပေါ့ ” 


“ ပျော်ပျော်ပဲ နေဖြစ်သေးလား ”


“ သူငယ်ချင်းတွေနဲ့ လက်ဖက်ရည်ဆိုင် ထိုင်တယ် ။ ကျွန်တော့်အစ်မနဲ့ ကျွန်တော်က ၁၁ လပဲ ကွာတယ် ။ သူက ကျွန်တော့်ကို ကိုကို ခေါ်တယ် ၊ ကျွန်တော် က သူ့ကို မမ ခေါ်တယ် ။ ကိုကို နင် ဘာဖြစ်နေတာလဲ ၊ ဘာစိတ်ညစ်နေတာလဲ မေးတယ် ။ ကျွန်တော်က ငါဆယ်တန်းကို အမှတ်ကောင်းကောင်းနဲ့ အောင်လည်း နင်တို့လို ဆရာဝန်ဖြစ်မှာ မဟုတ်ဘူး ပြောလိုက်တယ် ။ မမက စကားတစ်ခွန်းပဲ ပြန်ပြောတယ် ။ နင် ဆရာဝန်ဖြစ်ပြီး ငါတို့က နင့်ကို ခိုင်းစားချင်လို့ မဟုတ်ဘူး ၊ ငါ့မောင်လေး ဆယ်တန်းအောင်တုန်းက အမှတ်တွေ ဘယ်လောက် ရသလဲ ဆိုတာ ဂုဏ်ယူချင်လို့တဲ့ ။ အစ်မက စကားလေး တစ်ခွန်းပဲ ဆုံးမလမ်းညွှန်လိုက်တယ် ”


သူ ဆယ်တန်းအောင်တော့ ဂုဏ်ထူး သုံးဘာသာ ၊ သင်္ချာအမှတ် ၁၀ဝပြည့် နဲ့ ဆေးကျောင်းတက်ဖို့ အမှတ်ကောင်းကောင်း မီတယ်ဆိုတာ ကျွန်တော် သတိရတယ် ။ သူ့စကားကို နားထောင်နေရင်း Forrest Gump ဆိုတဲ့ ရုပ်ရှင်ကားကို အမှတ်ရလာပါတယ် ။ ဇာတ်လိုက်က ငယ်စဉ်မှာ ခြေမသန်ဘူး ။ ကြီးပြင်းလာချိန် မှာတော့ အလွန်အပြေးမြန်တဲ့ သူတစ်ဦး ဖြစ်လာတယ် ။


“ Forrest Gump ကြည့်မိမယ်ထင်တယ် ၊ ဘယ်လိုခံစားလဲ ” 


“ ကောင်းပါတယ် ။ ဆရာ ဘယ်လိုထင်လဲ ” 


“ တော်တော် ကြိုက်ပါတယ် ”


“ ဘယ်နေရာလဲ ”


“ တစ်ကားလုံး ကြိုက်ပါတယ် ။ ဘဝကို အားမလျှော့ဘဲ ပြန်လည်ထူထောင် ပြပုံ ကြိုက်တယ် ။ ပထမ သူ မသန်စွမ်းဘူး ၊ ဒါပေမဲ့ ရအောင် ထခဲ့တယ် ။ Forrest က ခြေမသန်တော့ ဒူးအောက်ပိုင်း သံချောင်းတွေနဲ့ ထိန်းထားရတယ် ။ ကျောင်းသားလေး ဘဝမှာ လူဆိုးလေးတွေက သူ့ကို ဝိုင်းလိုက်ကြတယ် ။ လူဆိုးလေးတွေ လက်က လွတ်အောင် သေပြေးရှင်ပြေး ပြေးတဲ့အခါ သူ့ ခြေထောက်မှာ ဆိုင်းထားတဲ့ သံပြားသံချောင်းတွေ တစ်ခုချင်း ပြုတ်ထွက်ကျပြီး သူက လွတ်အောင် ပြေးသွားတဲ့ အခန်းကို မျက်စိထဲက မထွက်ဘူး ”


ဦးမြတ်သူဝင်း က ပါပီလွန် ဖတ်ဖူးသလား မေးတယ် ။ ပါပီလွန်စာအုပ်ကို ကျွန်တော် ဖတ်ဖူးကြောင်း ပြောတော့ သူက ဘယ်လို ကွာသလဲ မေးပါတယ် ။ 


“ တစ်မျိုးစီပါပဲ ။ Forrest Gump က ခြေမသန်တဲ့ ဘဝကနေ အလွန် အပြေးသန်ပြီး စစ်မြေပြင်မှာ အခြားသူတွေကို ကယ်ပေးသယ်ပေးနိုင်သူတစ်ယောက် အဖြစ် လူ့လောကထဲ တိုးဝင်လာတယ် ။ ပါပီလွန်က အကျဉ်းထောင် ထဲက လွတ်မြောက်အောင် အကြိမ်ကြိမ် ကြိုးပမ်းပြီး လွတ်မြောက်သွားတယ် ”


“ တစ်ခါတလေ လူတွေက ကိုယ့်ဒုက္ခကို အကြီးကြီးလို့ ထင်တတ်ကြတယ် ။ လူတိုင်းက အတ္တသမားတွေမို့ ကိုယ့်ပြဿနာပဲ ကြီးတယ်လို့ ထင်ထာပေါ့ ။ Forrest Gump လည်း ကျွန်တော် အရမ်း ကြိုက်တယ် ။ ပါပီလွန် ကျတော့ အနှိပ်စက်ခံရတယ် ။ ထောင်ထဲက ထွက်ပြေးဖို့ ခဏခဏ ကြိုးစားတယ် ။ ဒုက္ခသုက္ခချင်း ယှဉ်လိုက်ရင် ကျွန်တော်တို့က နတ်ပြည် ရောက်နေတဲ့ အတိုင်းပဲ ။ အဲဒါတွေနဲ့ ကျွန်တော် အားယူတာပေါ့ ။ ထဖို့အတွက် လူတိုင်း အားယူပုံချင်း မတူဘူးပေါ့ ” 


“ မသန်စွမ်းသူတွေ အတွက် မိသားစုဝင်တွေရဲ့ ဖေးမမှုက တော်တော် အရေးပါသလား ”


“ ဟာ ပါတာပေါ့ ။ မိဘတွေက လက်ဦးဆရာ ။ ကျွန်တော်တို့ မွေးကတည်းက မိဘရဲ့ သွန်သင်အားပေးမှုနဲ့ ကြီးပြင်းခဲ့တာ ။ အရမ်းဆိုင်တယ် ။ Enviroment ( ပတ်ဝန်းကျင် ) အရမ်းဆိုင်တယ် ။ ခွဲခြား ဆက်ဆံခံရရင် ဘယ်ပျော်မှာလဲ ။ အဖေရော အမေရော ကျွန်တော့် အတွက် အရမ်း ကျေးဇူးကြီးမားပါတယ် ”


“ ဦးမြတ်သူဝင်း လုပ်နေတဲ့ လုပ်ငန်းတွေက ဝန်ဆောင်မှုလုပ်ငန်းတွေ များတယ်နော် ”


“ ကျွန်တော် ထမင်းစားမယ် ၊ ရေသောက်မယ် ၊ ဘာလုပ်မယ် ညာလုပ်မယ် ဆိုတဲ့ ကိစ္စတွေအတွက် ကျွန်တော့်ကို သူများတွေက ကူညီကြတယ် ။ ကျွန်တော့်ရဲ့ မသိစိတ်က သူများကို ကူညီချင်နေတယ် ။ တစ်သိန်းရင်းပြီး တစ်သိန်းမြတ်တဲ့ လုပ်ငန်းထက် ဝန်ဆောင်မှုနဲ့ ရတဲ့ လုပ်ငန်းကို ကျွန်တော် ပိုပြီး တန်ဖိုးထားတယ် ”


“ စီးပွားရေး လုပ်ရတာ အဆင်ပြေရဲ့လား ”


“ စီးပွားရေးလောက ရောက်လာတော့ စီးပွားရေးလောက ဆိုတာ ကြမ်းတမ်း လွန်းပါတယ် ။ စိန်ခေါ်သံတွေ များလွန်းပါတယ် ။ တက္ကသိုလ်ကောလိပ်မှာတုန်းက သူငယ်ချင်းတွေ လိုတော့ မဟုတ်ဘူးပေါ့ ။ စီးပွားရေးလောကမှာ ကျွန်တော့်ကို ညှာတဲ့လူတွေ ရှိသလို ကျွန်တော့်ကို တီးတဲ့သူတွေလည်း အများကြီး ရှိတာပဲ ။ ကျွန်တော်ရဲ့ မသန်စွမ်းမှုဟာ ကျွန်တော့်ကို တွန်းအား ဖြစ်စေပါတယ် ။ ကျွန်တော် ပိုလုပ်ရမှာပါလား ၊ ကျွန်တော် ပိုကြိုးစားရမှာပါလား ၊ ကျွန်တော် ပိုရိုးသားရမှာပါလား ၊ လူတွေအပေါ်  ပိုသစ္စာ ရှိရမှာပါလား ၊ ကျွန်တော့် မသန်စွမ်းမှုကြောင့် တွန်းအား ဖြစ်စေတယ် ”


“ လူမှုရေးလုပ်ငန်းတွေ လုပ်ရာမှာကော အဆင်ပြေသလား ”


“ လူမှုရေးလုပ်ငန်း ထဲမှာလည်း ကျွန်တော့် အတွက် စိန်ခေါ်သံတွေ အများကြီးပဲ ။ ဘဝတူ မသန်စွမ်းသူတွေရဲ့အကျိုးကို အများကြီး မဟုတ်တောင် တစ်ထောင့် တစ်နေရာက လုပ်ပေးတယ် ။ မသန်စွမ်းသူတွေ အတွက် လုပ်ငန်းတွေကို ရွှေမင်းသား ဖောင်ဒေးရှင်း ( မြန်မာ ) ဆိုပြီး လုပ်တယ် ။ ၂၀၁၀ ခု မေလ ၁ဝ ရက်နေ့ အထိပေါ့ ။ ၃၄၆၁ ဦးကို ထိထိရောက်ရောက် ကူညီပံ့ပိုးမှုတွေ လုပ်နိုင်ခဲ့ပါပြီ ။ သူတို့တွေရဲ့ လိုအပ်ချက်တွေကို အကုန်လုံး မဟုတ်တောင်မှ သူတို့ဘဝကို အတိုင်းအတာ တစ်ခု အထိ ရပ်တည်နိုင်အောင် ကူညီနိုင်ခဲ့ပါပြီ ”


အနီးရှိ ဝန်ထမ်း အမျိုးသမီး တစ်ယောက်ကို ရွှေမင်းသားဖောင်ဒေးရှင်း ( မြန်မာ ) ရဲ့ ၂၀၀၉ - ၂၀၁၀ နှစ်ပတ်လည် အစီရင်ခံစာ စာအုပ်တစ်အုပ် ယူခိုင်းပြီး ကျွန်တော့်ကို ပေးတယ် ။


စာအုပ်ထဲမှာ မသန်စွမ်းသူတွေ ပညာသင်ကြားခွင့်ရအောင် ၊ အသက်မွေးဝမ်းကျောင်း အတတ်ပညာ သင်ပေးပြီး အလုပ်အကိုင် ဝင်ငွေရအောင် ၊ ကျန်းမာရေး စောင့်ရှောက်မှုကို အများနည်းတူ ရအောင် ၊ လူမှုအသိုင်းအဝိုင်း ပတ်ဝန်းကျင်မှာ ဝင်ဆံ့နိုင်အောင် ၊ စွမ်းရည် မြင့်တက်လာအောင် လုပ်ဆောင်ပေးနေပုံတွေကို ရောင်စုံ ဓာတ်ပုံတွေနဲ့ ဖော်ပြထားတယ် ။


“ ကမ္ဘာမှာ လူဦးရေရဲ့ ၁ဝ ရာခိုင်နှုန်းသည် မသန်စွမ်းလို့ သတ်မှတ်တယ် ။ မြန်မာနိုင်ငံမှာ two point three six percentage ( ၂.၃၆ ရာခိုင်နှုန်း ) သည် မသန်စွမ်းလို့ သတ်မှတ်တယ် ။ လူ ၁ဝ သိန်း ကနေ ၁၅ သိန်းကြား ရှိတယ် ။ ဒီ လူဦးရေဟာ မြို့ကလေးတစ်မြို့လောက် ။ ကျွန်တော် အဓိက လုပ်တာကတော့ မသန်စွမ်းတွေရဲ့ ကျန်းမာရေး ၊ ပညာရေး ၊ လူမှုရေး ၊ စီးပွားရေး ၊ အလုပ်အကိုင်ရရှိရေး ၊ သူတို့ကိုယ် သူတို့ ယုံကြည်ချက်တွေ ရလာအောင် ကျွန်တော်တို့ ဆောင်ရွက်တာပါ ”


သူ့ ရုံးခန်းထဲကို ကျွန်တော့် မျက်စိဝေ့ ကြည့်လိုက်တော့ မသန်စွမ်းသူ အချို့ကို မြင်မိတယ် ။


“ ကျွန်တော်ရုံးမှာ ဝန်ထမ်း ၄၄ ယောက် ရှိတယ် ။ ၁၄ ယောက် မသန်စွမ်း ။ ၃ဝ ရာခိုင်နှုန်းလောက်သည် မသန်စွမ်း ။ အသက်မွေးဝမ်းကျောင်းမှုအတွက် အလုပ်လုပ် အလုပ်လုပ်လို့သာ ပြောတယ် မလုပ်တတ်ကြဘူး ။ လုပ်တတ်တယ် ၊ လုပ်ရည်ကိုင်ရည် ရှိတယ် ။ အရင်းအနှီး မရှိဘူး ”


“ စိတ်ဓာတ်ခွန်အားကော ဖြည့်ပေးသလား ”


“ ဘဝတူ မသန်စွမ်းတွေကို နည်းနည်း ပြောချင်တယ် ။ မသန်စွမ်းဖြစ်သွားတိုင်း စိတ်ဓာတ်ကျစရာ မလိုဘူး ”


ဦးမြတ်သူဝင်း က ပြောတာ ခဏနားပြီး ရေသောက်တယ် ။


“ နီးခြင်း ဝေးခြင်း ၊ ပုခြင်း တိုခြင်း ၊ ဖြူခြင်း မည်းခြင်း ၊ အားမရှိခြင်း အားသန်ခြင်းသည် တကယ့်တကယ်တော့ နှိုင်းယှဉ်ချက်တွေပဲ ။ ကျွန်တော့်ကိုယ် ကျွန်တော် မသန်ဘူးလို့ ဘယ်တော့မှ မရှိဘူး ။ လူတိုင်းလည်း ဘယ်သူမှ မရှိကြပါနဲ့ ။ စွမ်းဆောင်နိုင်သလောက် ကြိုးစားကြရင် ကျွန်တော်တို့မှာ ကံ ဉာဏ် ဝီရိယ ဆိုတာ ရှိတယ် ။ ကံကတော့ ရှောင်လွှဲလို့ မရတာတွေ ထားလိုက်တော့ ။ ဉာဏ် ဆိုတာလည်း တစ်ယောက်နဲ့ တစ်ယောက် ကွာဟချက် သိပ်မရှိဘူး ။ ဝီရိယ ထားပြီး အားကြိုးမာန်တက် အလုပ် လုပ်ကြပါ ။ မိမိ ကိုယ်သာ အားကိုးရာလို့ မသန်စွမ်းတွေ အတွက် မှာချင်တာ ”




 ⎕ ကျော်ရင်မြင့်

📖ဘဝဇာတ်ခုံ အဖုံဖုံ

Friday, February 27, 2026

"S-1"

 "S -1"




ကျနော်တို့သက်တမ်းမှာဩဇာတိက္ကမကြီးမားပြီးကိုယ်ရောင်ကိုယ်ဝါအတောက်ပဆုံးစစ်ဗိုလ်ချုပ်ကိုပြပါဆိုရင်ဦးခင်ညွှန့်တယောက်ပဲမြင်မိသည်။ကျန်စစ်ဗိုလ်အများစုမှာဗိုက်ရွှဲရွှဲဂင်တိုတိုများသာဖြစ်ခဲ့ကြသည်။ 


၁၉၈၉ က DASSK အတွက်လန်ဒန်အိမ်ကပို့လိုက်သောပါဆယ်ပစ္စည်းစာရင်းကို MRTV မှ အသေးစိတ်ဖတ်ပြသော နဝတအတွင်းရေးမှုး (၁) ဗိုလ်ချုပ်ခင်ညွှန့်ကို TV မှာစမြင်ဖူးခဲ့သည်။တီဗွီမှာမဟုတ်ပဲ ဗိုလ်ချုပ်ကြီးခင်ညွှန့်ကိုအပြင်မှာ ၃-၄ ခါတွေ့ခဲ့ဖူးသည်။၁၉၉၄ ခုနှစ်သတ္တုတွင်းဝန်ကြီးဋ္ဌာနရိုးရာသင်္ကြန်မဏ္ဍပ်ကို S-1 ဦးခင်ညွန့်နဲ့သံတမန်များရေပက်ခံလာကြတာအနီးကပ်တခါမြင်ခဲ့ဖူးသည်။သိမ်ကြီးဈေးကုန်စည်ပြပွဲတခုမှာကျနော်တို့ကုမ္ပဏီပြခန်းရှေ့မှာ Peaked Cap ရှေ့ငိုက်ငိုက်စောင်းထားတဲ့ဒုဗိုလ်ချုပ်ကြီးခင်ညွှန့်ကိုအနီးကပ်မြင်ခဲ့ဖူးသည်။သူနဲ့ကျနော်ကြားခါးလောက်ရှိမှန်ရှိုးကေ့စ်တခုသာရှိသည်။ပါဝါမျက်မှန်အောက်ကသိမ်းငှက်မျက်လုံးကိုအနီးကပ်မြင်ဖူးခဲ့သည်။


၁၉၉၉ ကရွှေတိဂုံဘုရားမြောက်ဘက်မုဒ်စောင်းတန်းတခုမှာသူ့လက်ထောက်များကိုညွှန်ကြားနေတဲ့ဗိုလ်ချုပ်ကြီးခင်ညွှန့်ကိုအနီးကပ်မြင်ခဲ့ဖူးသည်။ဗိုလ်ချုပ်ကြီးခင်ညွှန့်အနားခစားနေကြသောအရပ်ဘက်စစ်ဘက်ပုဂ္ဂိုလ်များသည်ကေသရဇာခြင်္သေ့မင်းရှေ့ရောက်နေကြသောယုန်သူငယ်များလိုပဲဟုဘေးကကြည့်နေသူအ‌မြင်ဖြင့်ခံစားမိသည်။အချို့အရာရှိကြီးများသည်ကြောက်လွန်းလို့သေးထွက်ချင်ယောင်ဆောင်သလိုပုံစံမျိုးတောင်ဖြစ်နေကြဟန်ရှိသည်။


၂၀၀၄ အောက်တိုဘာ(၁၈) မှာ ဗိုလ်ချုပ်ကြီးခင်ညွှန့်ထိမ်းသိမ်းခံရတဲ့ နဝတ စစ်အစိုးရ သတင်းထုတ်ပြန်ခဲ့သည်။အောက်တိုဘာ (၁၈) ကိုမှတ်မိနေတာကျနော့်မွေးနေ့ကြောင့်ပါ။ဦးခင်ညွှန့်ကိုမထိမ်းသိမ်းခင်တရက်အလိုရန်ကုန်သူနာပြုတက္ကသိုလ်မှာသူမိန့်ခွန်းပြောတာ TV မှာပါခဲ့သေးတယ်။ဝန်ကြီးချုပ်ဗိုလ်ချုပ်ကြီးခင်ညွှန့်ကိုအဂတိလိုက်စားမှုနဲ့ထိမ်းသိမ်းရတဲ့အကြောင်းရင်းကိုပြည်သူသို့အသိပေးချက်အမည်ရစာအုပ်ပါး (Booklet) တအုပ်အစိုးရသတင်းစာများမှာရှားရှားပါးပါးညှပ်ထည့်ပေးဝေခဲ့ဖူးသည်။ သတင်းစာအချပ်ပိုမဟုတ်ပါ။


ကဗျာစာအုပ်အရွယ်စာမျက်နှာ ၃-၄ ဆယ်ရှိတဲ့သတင်းစာစက္ကူနှင့်ပုံနှိပ်ထားတဲ့စာအုပ်ပါးလေးဖြစ်သည်။ ဒုဗိုလ်ချုပ်ကြီးစိုးဝင်း(ကွယ်လွန်)၊ဒုဗိုလ်ချုပ်ကြီးသိန်းစိန်နဲ့ဗိုလ်ချုပ်ကြီးသူရရွှေမန်းတို့ကနယ်စပ်ကုန်သွယ်ရေးမြို့မူဆယ်မှာတပ်မတော်ထောက်လှမ်းရေး(ကက/လှမ်း) တပ်ဖွဲ့ဝင်များရဲ့အဂတိမှုများကိုပြည်သူကိုရှင်းပြအသိပေးထားတဲ့စာအုပ်ပါးလေးဖြစ်သည်။ နောက်ပိုင်း ကက(လှမ်း) ဒုညွှန်ကြားရေးမှုဗိုလ်ချုပ်ကျော်ဝင်း (စာရေးဆရာစွန်ရဲ) ကတပ်မတော်ထောက်လှမ်းရေးအဖွဲ့အစည်းကိုဘယ်လိုပယ်ဖျက်ရှင်းလင်းခဲ့တယ်ဆိုတာဗဟုသုတအကျဉ်းချုပ်ရေးထားတဲ့ဆောင်ပါးကိုမဂ္ဂဇင်းအချို့မှာဖတ်ခဲ့ရဖူးသည်။


ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့်ကို ၁၉၃၉  ခုနှစ်အောက်တိုဘာလ ၂၃ ရက်နေ့တွင်ရန်ကုန်တိုင်းကျောက်တန်းမြို့တွင်မွေးဖွားခဲ့သည်။တရုတ်နွယ်ဖွားတဦးဖြစ်‌သောဦးခင်ညွှန့်သည်ရန်ကုန်တက္ကသိုလ်မှဘွဲ့ရရှိပြီးနောက်ပေါင်းတည်မြို့တွင်အခြေခံပညာကျောင်းဆရာတစ်ဦးအဖြစ်အမှုထမ်းခဲ့သည်။ ပေါင်းတည်မြို့သို့ဗိုလ်ချုပ်ကြီးနေဝင်းကလာရောက်စဉ်ကျောင်းဆရာကိုခင်ညွှန့်ကိုတွေ့ရှိသဘောကျသဖြင့်တပ်မတော်သို့ဝင်‌ရောက်ရန်တိုက်တွန်းခဲ့သည်။ဦးခင်ညွန့်သည်ဗိုလ်လောင်းသင်တန်းအမှတ်စဉ် ၂၅ ( OTS 25) တက်ရောက်ခဲ့ပြီး ၁၉၆၀ တွင်ပြန်တမ်းဝင်အရာရှိဒုဗိုလ်ဖြစ်ခဲ့သည်။ဦးခင်ညွှန့်သည်ဆေးလိပ်မသောက်၊အရက်မသောက်၊ဂေါက်မရိုက်သောမြန်မာစစ်ဗိုလ်အနည်းစုတွင်ပါဝင်သည်။


မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (မဆလ) ကာလ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှုးဗိုလ်မှူးချုပ်တင့်ဆွေ၏ကိုယ်ရေးအရာရှိမှာဗိုလ်မှုးခင်ညွှန့်ဖြစ်သည်။ဦးတင့်ဆွေနှင့်ဦးခင်ညွှန့်မိသားစုခြင်းအလွန်ရင်းနှီးချစ်ခင်ကြပြီးဦးခင်ညွှန့်သားတယောက်ကိုဦးတင့်ဆွေမှသားအရင်းပမာမွေးစားထားသည်ဟုဆိုကြသည်။


၁၉၈၃ ရန်ကုန်မြို့အာဇာနည်ကုန်းတွင်ဖြစ်ပွားခဲ့သည့်တောင်ကိုရီးယားနိုင်ငံသမ္မတချန်ဒူဝမ်အား မြောက်ကိုရီးယားနိုင်ငံအသေခံကွန်မန်ဒိုအဖွဲ့မှလုပ်ကြံသည့် အရေးအခင်းအပြီးတွင်ဗိုလ်မှုးကြီးခင်ညွန့်အားထောက်လှမ်းရေးညွှန်းကြား‌ရေးမှုးအသစ်အဖြစ်ခန့်အပ်ခဲ့သည်။


ဗိုလ်မှုးကြီးခင်ညွှန့်သည် ၁၉၈၃ ခုနှစ်တွင်အမှတ်(၄၄)ခြေမြန်တပ်မဌာနချုပ်  နည်းဗျုဟာမှုးမှ ကက(လှမ်း) တပ်မတော်ထောက်လှမ်းရေးညွှန်ကြားရေးမှုးအဖြစ်ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။ဦးခင်ညွှန့်သည်ဦးနေဝင်း၏သမီးဒေါ်စန္ဒာဝင်းနှင့် မောင်နှမသဖွယ်အလွန်ရင်းနှီးသည့်ဆက်ဆံရေးမျိုးရှိကြသည်။၁၉၉၀ ခုနှစ်နောက်ပိုင်းအထိ ဗိုလ်ချုပ်ခင်ညွန့်အားဗိုလ်ချုပ်ကြီးဟောင်းနေဝင်းကလွှမ်းမိုးထိန်းချုပ်နေသေးသည်ဟုယူဆခဲ့ကြသည်


၁၉၈၈ (၈၈၈၈) အရေးအခင်း ကြောင့်စစ်အာဏာသိမ်းနိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ (န-ဝ-တ) ပေါ်ထွန်းလာသောအခါ ဗိုလ်မှူးကြီးခင်ညွန့်သည် န-ဝ-တ အဖွဲ့၏ အတွင်းရေးမှူး(၁) ဗိုလ်မှုးချုပ်အဖြစ်အမိန့်စာတွင်ပါရှိခဲ့သည်။ နဝတ အတွင်းရေးမှုး(၁) သည်အလွန်အရေးပါအရာရောက်ပြီးအခရာကျသောနေရာဖြစ်သည်။ ဦးခင်ညွှန့်သည် ၁၉၉၁ တွင် ဗိုလ်ချုပ်၊ ၁၉၉၃ တွင်ဒုတိယဗိုလ်ချုပ်ကြီးဖြစ်လာပြီးသူ၏ ထောက်လှမ်းရေးကွန်ယက်ကိုတိုးချဲ့တည်ဆောက်ခဲ့သည်။ဗိုလ်ချုပ်ကြီးခင်ညွှန့်ကိုပြည်သူအများက S -1 (Secretary -1) ဟုအတိုကောက်ခေါ်ခဲ့ကြသည်။


၁၉၉၅ ခုနှစ်ရန်ကုန်တက္ကသိုလ် စိန်ရတုနှင့်ရန်ကုန်မြို့မကျောင်းစိန်ရတုတွင်ဦးခင်ညွှန့် ဦးဆောင် ပါဝင်ခဲ့သည်။၁၉၉၇ တွင်တပ်မတော်ထောက်လှမ်းရေးညွှန်ကြားရေးမှူးကိုအဆင့်မြှင့်ကာတပ်မတော်ထောက်လှမ်းရေးမှူးချုပ်အဖြစ်ပြောင်းလဲခဲ့သည်။ဦးခင်ညွှန့်သည် ၂၀၀၂ တွင် ဗိုလ်ချုပ်ကြီးအဖြစ်တိုးမြှင့်ခံရကာ ၂၀၀၃ ခုနှစ်တွင်နိုင်ငံတော်ဝန်ကြီးချုပ်ဖြစ်လာခဲ့သည်။ဦးခင်ညွှန့်သည်တပ်မတော်ထောက်လှမ်းရေးမှုးချုပ်အပြင်နိုင်ငံတော်ဝန်ကြီးချုပ်ရာထူးကိုပူးတွဲထမ်းဆောင်ခဲ့သူဖြစ်သည်။၁၉၉၅ တွင်အသစ်ဖွဲစည်းသည့်စစ်မဟာဗျူဟာလေ့လာရေးဋ္ဌာနတွင်ဋ္ဌာနကြီးမှူးဖြစ်လာခဲ့သည်။၂၀၀၂ တွင် နအဖ (နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ) ဥက္ကဋ္ဌ၏စစ်ဘက်အကြံပေးအရာရှိဖြစ်လာခဲ့သည်။


မြနိမာပြည်တွင်းလူထုလူတန်းစားအလွှာအသီးသီးကြားတွင်ဗိုလ်ချုပ်ကြီးခင်ညွှန့်အနေဖြင့်အခြားစစ်အာဏာသိမ်းခေါင်းဆောင်များထက်ပိုမိုထင်ရှားလူသိများလာခြင်းမှာလူထုမြင်ကွင်းတွင်စဉ်ဆက်မပြတ်ပုံရိပ်ထင်နေခြင်း၊ဝါဒဖြန့်ချိမှုပုံစံများ ပါးနပ်သွက်လက်လျင်မြန်ထိရောက်ခြင်း၊ပြည်သူလူထု၏လိုအပ်ချက်ကို ကြိုတင်ထောက်လှမ်းစုဆောင်းပြီးအပြည့်အဝမဟုတ်သည့်တိုင်လိုဘပြည့်ကျေနပ်စေလောက်သည့်အခွင့်အရေးမျိုးဖြင့် ဖြည့်ဆည်းပေးခြင်းဟုဆိုသောလူထုဆက်ဆံရေးလူထုဆက်သွယ်ရေးနည်းနာများကိုမှန်မှန်ကန်ကန် အသုံးချတတ်ခဲ့ခြင်းကြောင့်ဖြစ်သည်။


ဦးခင်ညွှန့်သည်ဒေါက်တာဒေါ်ခင်ဝင်းရွှေ နှင့်အိမ်ထောင်ကျသည်။ သမီးဒေါ်‌သင်းမြတ်မြတ်ဝင်း၊ သားဒုတိယဗိုလ်မှူးကြီးဇော်နိုင်ဦး နှင့် Bagan Cybertech တည်ထောင်သူဒေါက်တရဲနိုင်ဝင်းတို့ထွန်းကားခဲ့ကြသည်။သမီး‌ဒေါ်သင်းမြတ်မြတ်ဝင်း၏အမျိုးသားမှာရန်ကင်းတိုက်လေးလုံးမှဖြစ်သည်။ဒေါက်တာခင်ဝင်းရွှေရဲ့အကိုအရင်းမှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)တွင်ဗဟိုအလုပ်အမှုဆောင်ဖြစ်ခဲ့သူဒေါက်တာသန်းငြိမ်းဖြစ်သည်။ဦးခင်ညွှန့်၏အကိုတယောက်မှာရဲမှုးကြီးဖြစ်သည်။


ဒေါ်အောင်ဆန်းစုကြည်လုပ်ကြံသတ်ဖြတ်ရန်ကြိုးစားခဲ့သည့် ဒီပဲယင်းအရေးအခင်းအပြီး ၂၀၀၃ ခု ဩဂုတ်လတွင် ဝန်ကြီးချုပ်အဖြစ် ဦးခင်ညွှန့်ကိုတာဝန်ပေးအပ်ခဲ့ခြင်းဖြစ်သည်။ သူတာဝန်ရယူပြီးမကြာမီအတွင်းလမ်းပြမြေပုံ ၇ ဆင့် ကိုကြေညာခဲ့သည်။ အာဆီယံ နိုင်ငံများနှင့် အနောက်နိုင်ငံများအကြားစစ်အစိုးရ ဝင်ဆံ့နိုင်ရန် ကြိုးစားဆောင်ရွက်ခဲ့သည်။ 


ဗိုလ်ချုပ်ကြီးခင်ညွှန့်အား ၂၀၀၄ ခုတွင် အဂတိလိုက်စားမှု အကြောင်းပြချက်ဖြင့် နအဖအစိုးရအဖွဲ့မှ ထုတ်ပယ်ခံခဲ့ရပြီးရုံးတင်တရားစွဲဆိုခံရကာဆိုင်းငံ့ ပြစ်ဒဏ်ဖြင့် နေအိမ်အကျယ်ချုပ် ၄၄ နှစ်ပြစ်ဒဏ်ချမှတ်ခဲ့သည်။စစ်ထောက်လှမ်းရေးအဖွဲ့ (Directorate Of Defense Service Intelligence) ကို ဖျက်သိမ်း၍ထိပ်တန်းထောက်လှမ်းရေးအရာရှိကြီး ၃၈ ဦးကို အကျင့်ပျက်ခြစားမှုများနှင့် အမှုဖွင့်ပြီး ထောင်ဒဏ် နှစ် ၂၀ မှ နှစ် ၁၀၀ ကျော်အထိ ပြစ်ဒဏ်များအသီးသီးချမှတ်ခဲ့သည်။


ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့်သည်နေအိမ်အကျယ်ချုပ်ကျခံနေရင်း ၂၀၁၂  ခုနှစ်ဇန်နဝါရီတွင် နိုင်ငံတော် သမ္မတဦးသိန်းစိန်၏ လွတိငြိမ်းချမ်းသာခွင့်ဖြင့်ရန်ကုန်မရမ်းကုန်းမြို့နယ်နဝဒေးလမ်းနေအိမ်အကျယ်ချုပ်မှလွတ်မြောက်ခဲ့သည်။ ဦးခင်ညွှန့်လွတ်မြောက်ပြီးသည်နှင့် ပြည်တွင်းပြည်ပမီဒီယာများနှင့် နာရီဝက်ခန့် တွေ့ဆုံခဲ့ပြီးနိုင်ငံရေးမလုပ်တော့ကြောင်းဦးခင်ညွှန့်ကထုတ်ဖော်ပြောကြားခဲ့သည်။နောက်ပိုင်းအင်တာဗျုးများတွင်သူကစစ်မှုထမ်းဘဝတွင်အထက်ကအမိန့်ပေးလို့လုပ်ဆောင်ခဲ့ရခြင်းသာဖြစ်ကြောင်းဖြေရှင်းခဲ့သည်။


စစ်သက် ၄၄ နှစ်ရှိသောဗိုလ်ချုပ်ကြီး‌ဟောင်းဦးခင်ညွှန့် (စာရေးဆရာမှော်ဝှန်းသားခင်ညွှန့်) တာဝန်မှအနားယူပြီးရေးသားခဲ့သောစာအုပ်များ 


- နိုင်ငံ၏ အနောက်ဘက်တံခါးပေါက်က ပြဿနာ

- ကြုံတွေ့ခဲ့ရကျွန်တော့်ဘဝအထွေထွေ

- ဥပဒေ၏အထက်မှာ သစ်လုံးတွေတောင်လိုပုံလို့

- မြန်မာတကောင်းပျူတကောင်း

- ကျွန်တော်ရယ် ထောက်လှမ်းရေးရယ် နဝတနှင့်နအဖရယ်

- မဟာမြိုင်တောရခရီးသွားမှတ်တမ်း

- မဟာမြိုင်တောကြီးအတွင်းကလေးကျွန်းရန်အောင်စေတီတော်မြတ်ကြီး ရွှေထီးတော်တင်လှူပူဇော်ပွဲ


လွင်ဦး(ရန်ကင်း)

#lwinooyankin

Tuesday, December 9, 2025

ကြာနီကန်ဆရာတော်ကြီး အကြောင်း

နိုင်ငံကျော် ဓမ္မကထိက ကြာနီကန်ဆရာတော်ကြီး အကြောင်း

++++++++++++++++++++++++++




ဦးဇဋိလ သက်တော် (၄၆)နှစ် 💐💐💐


အရှင်ဇဋိလ သည်  ဗုဒ္ဓဘာသာရဟန်းတော်တစ်ပါးဖြစ်၍ ဘွဲ့အမည်ထက် ကြာနီကန်ဆရာတော် ဟူ၍ ပိုသိရှိကြသည်။ နိုင်ငံကျော် ဓမ္မကထိကဆရာတော်တစ်ပါးဖြစ်သည်။ တရားဟောပြောရာ၌ အဆိုအငိုများဖြင့် အဟောအပြော ပိုင်နိုင်သော ရဟန်းတစ်ပါးဖြစ်သည်။ ထိုသို့ ဟောပြောခြင်းများကြောင့် ဆရာတော်ကို ဝေဖန်ကြသလို နှစ်သက်ကြသည်များလည်းရှိသည်။ သက်တော် (၄၆)နှစ်အရွယ်တွင် ကားမတော်တဆမှုဖြင့် ပျံလွန်တော်မူသည်။💫💫💫


ကြာနီကန်ဆရာတော်လောင်းလျာကို မန္တလေးတိုင်း၊မြင်းခြံခရိုင်ငါန်းဇွန်မြို့နယ်၊ ရွှေတွင်းကုန်းကျေးရွာနေ ဦးရှိန်+ဒေါ်ဒွန်းတို့မှ ၁၂၉၄ ခုနှစ် တော်သလင်းလဆန်း ၁၄ ရက် အင်္ဂါနေ့ ၈ နာရီတိတိအချိန်တွင် မွေးဖွားခဲ့သည်။ မတင်၊ မမှုန်ကြီး၊ မလှဖွေး၊ မောင်စိုးတင်၊ မောင်စိုးရှင်ဟူ၍ သားသမီးငါးဦးရှိရာ ကြာနီကန်ဆရာတော် လောင်းလျာ မောင်စိုးတင်သည် လေးဦးမြောက်ဖြစ်သည်။💐💐💐


၁၃၀၀ ပြည့် အရေးတော်ပုံကြီးပေါ်ပေါက်နေချိန်တွင် မိုးခေါင်ရေရှားမှုကြောင့် ကျွဲ၊ နွား တိရစ္ဆာန်များ သေကြေပျက်စီးကြသောကြောင့် ဦးရှိန်နှင့် ဒေါ်ဒွန်းတို့သည် သားသမီးများနှင့်အတူ ကြာနီကန်ရွာ၏ အရှေ့အရပ်ရှိ လျှော်ဖြူပင်ရွာသို့ ပြောင်းရွေ့ကာ လယ်လုပ်ခြင်း၊ ကျွဲနွား၊ သိုး၊ ဆိတ် မွေးမြူခြင်းအလုပ်ဖြင့် အသက်မွေး ဝမ်းကျောင်းကြသလို မိခင်ကြီးကလည်း ဒေသထွက်ကုန်များကို ရောင်းဝယ်ဖောက်ကားခဲ့သည်။ ထိုလျှော်ဖြူပင်ရွာသည်လည်း မကြာခဏဆိုသလို လူဆိုးဓားပြများ၏ လုယက်တိုက်ခိုက်မှုကို ခံနေရသောကြောင့် ၁၃၀၂ ခုနှစ်တွင် ကြာနီကန်ရွာသို့ ပြောင်းရွေ့ခဲ့သည်။💫💫💫


မောင်စိုးတင်နှင့် မောင်စိုးရှင်တို့အား ပညာသင်ကြားရန်အလို့ငှာ ဓမ္မကထိက ဒုတိယ တောင်ကြာနီကန်ဆရာတော် ဦးဝဏ္ဏထံ သို့ အပ်နှံလိုက်ကြသည်။ ဆရာတော်ဦးဝဏ္ဏသည် ကျမ်းဂန်ပိဋကတ် ကျွမ်းကျင်နှံ့စပ်၍ မတ္တရာ တစ္နယ္လုံးရွိ ဝိနိစ္ဆယအဆုံးအဖြတ်များကို တာဝန်ယူ ဆောင်ရွက်ပေးရသော မဟာနာယက ဆရာတော်တစ်ပါးဖြစ်သည်။ ထို့အပြင် ဗိသုကာပညာ၊ ဂဏန်းသင်္ချာပညာနှင့် ပန်းရန်အတတ်၊ ကနုတ်ပန်းအတတ်ပညာတို့ကိုပါ ကျွမ်းကျွမ်းကျင်ကျင်တတ်မြောက်ထားသလို ဘုရားတည်ဆောက်ပုံ သတ္တဌာနထားရှိပုံနှင့် နက္ခတ်ဗေဒင်ကအစ ရင်းနှီးကျွမ်းဝင်သည့် ဆရာတော်တစ်ပါးဖြစ်သည်။💐💐💐


ဆရာတော်ကြီး၏ သင်ပြမှုကြောင့် အခြေခံစာပေများကို တစ်နှစ်အတွင်း ပြီးမြောက်အောင်မြင်ခဲ့သည်။ သုံးနှစ်ခန့် သင်ကြားပြီးသောအခါ မောင်စိုးတင်သည် ကျောင်းသားကိုရင် လေးဆယ်ကျော်တို့အား ထပ်ဆင့် သင်ကြားပေးရသည့် လက်ထောက် ဆရာပေါက်စလေးတစ်ဦး ဖြစ်လာခဲ့သည်။💫💫💫


မောင်စိုးတင် ၁၂ နှစ်သားအရွယ်ရောက်သောအခါ မိဘနှစ်ပါးက သားသမီးများကို ရှင်ပြုနားသ အလှူတော်မင်္ဂလာပွဲကြီး ကျင်းပပေးလေသောကြာင့် မောင်စိုးတင်မှာ ကိုရင်ဇဋိလ အမည်ဘွဲ့တော်ဖြင့် ရှင်သာမဏေ ဝတ်ခဲ့သည်။ ထို့နောက်တွင် ကိုရင်ဇဋိလသည် သဒ္ဒါ၊ သင်္ဂြိုဟ်၊ ဇာတ်ကြီးဆယ်ဘွဲ့၊ ဋီကာ၊ ရူပသိဒ္ဓိ၊ ဝိနည်း၊ မာတိကာ၊ ဓာတုကထာ၊ ယမိုက်၊ ပဌာန်း၊ ဆန်း၊ အလင်္ကာ၊ အဘိဓာန်၊ န်ာသ၊ မောဂ္ဂလာန်၊ ဂဠုန်ပျံဝိဂြိုဟ်နှင့် ရှင်နှောင်းငယ်ပျို့တို့ကို သင်ကြားတတ်မြောက်ခဲ့သည်။ ထို့အပြင် ဆရာတော်ဦးဝဏ္ဏမှ တရားဟောပုံဟောနည်း၊ စကားပြောပုံပြောနည်း၊ အနုပညာ၊ ပန်းချီ၊ ပန်းပု၊ ရေဆေးဓာတ်ပုံပညာနှင့် စက်မှုပညာပါမကျန် သင်ကြားခွင့် ရရှိခဲ့ကြသည်။ ထို့ကြောင့် ရှင်ဇဋိလအသက် ၁၆နှစ်ကျော် ၁၇ နှစ်အရွယ်ရောက်သောအခါ ဆရာတော်ဦးဝဏ္ဏ အုပ်ချုပ်သည့် သံဃာ့ဥပုသ်ပြု ဂိုဏ်းနှစ်ခုလုံးမှာ ရှင်မွန်လှတစ်ပါး ဟု ရေပန်းစားကျော်ကြားခဲ့သည်။

💐💐💐


ဤသို့ ကျော်ကြားသလို တစ်ဖက်မှာလည်း ဆရာတော်လစ်ရင် လစ်သလို သီချင်း ခိုးခိုးဆိုတတ်သည်။ သီချင်းတစ်ပုဒ်ကို သုံးခေါက်နားထောင်ရုံနဲ့ အလွတ်ရသည်။ ထို့ကြောင့်လည်း သီချင်းအပုဒ်ရေ လေးရာကျော်အထိ အလွတ်ရသည်။ ခင်မောင်ရင်၊ ရွှေကျီးညို၊ ပဲခူးမြတို့ကတော့ သူ့အကြိုက်ဆုံး အဆိုတော်များဖြစ်ကြသည်။ ကျောင်းမှာလည်း ဓာတ်စက် တစ်လုံး အသင့်ရှိနေသည်မို့ အခွင့်သင့်လာတိုင်း သီချင်းဖွင့်လေ့ရှိသည်။ ဖွင့်သည့်အခါ ရွာထဲက လူငယ်လူရွယ်များလည်း လာရောက်နားထောင်ကြသည်။ သီချင်းဆိုနေခြင်းကြောင့် ဆရာတော်ဦးဝဏ္ဏ၏ ဒဏ်ပေးခြင်းကိုလဲ မကြာခဏခံရလေ့ရှိသည်။💫💫💫


ဘုန်းကြီးဦးဝဏ္ဏသည် ရှင်ဇဋိလအား မကြာမကြာ ဒဏ်ပေးတတ်သော်လည်း စာတော်သည့် ရှင်ဇဋိလကို အလွန်ချစ်ခင်သည်။ အားလည်းကိုးသည်။ ထို့ကြောင့် အနီးတွင် ခေါ်ထားပြီး မိမိကြွရာကိုလည်း အပါခေါ်သွားလေ့ရှိသည်။ အနီးတွင် ခေါ်ဆောင်ထားသော်လည်း တပည့်၏ တက်လမ်းကို ပိတ်ပင်ခြင်းမပြုဘဲ မန္တလေးသို့ ပညာသင်လွှတ်ရန် စီမံလေ၏။ ထိုသို့ စီမံနေဆဲတွင် ရှင်ဇဋိလ၏ ဖခင်ကြီးမှာ ကွယ်လွန်ခဲ့သည်။ ထို့ကြောင့် ဖခင်၏ လုပ်ငန်း အမွေဆက်ခံရန် အစ်ကိုဖြစ်သူ ရှင်ဇဋိလကို မိခင်ကြီးက အားကိုးတကြီးနှင့် လူထွက်ရန် တောင်းဆိုလေသည်။💐💐💐


ရှင်ဇဋိလသည် ယခင်က ကိုရင် တစ်ကြိမ်ထွက်ခဲ့ဖူးသည်။ လူအများကြား ပုဆိုးခဏခဏ ကျွတ်ကျွတ်ကျ၍ ရှက်ပြီး ကိုရင်ပြန်ဝတ်ခဲ့ရသည်။ ယခု မိခင်ကြီးက ကိုရင်ထွက်ပါဟု တောင်းဆိုလာသောအချိန်တွင်ကား ရှင်ဇဋိလသည် ဘုရားသာသနာတော်မြတ်ကြီးကို အလွန်ချစ်မြတ်နိုးနေမိပြီဖြစ်သည်။ ထို့ကြောင့် ကိုရင်မထွက်လိုဟု ငြင်းဆိုလိုက်၍ ညီဖြစ်သူ ရှင်ဝိမလမှ ကိုရင်ထွက်ပေးခဲ့ရသည်။💫💫💫


ဆရာတော်ဦးဝဏ္ဏသည် မိမိတပည့်အား မန္တလေးမြို့ စာသင်တိုက်သို့ ပို့ရန် စီစဉ်ခဲ့ရာ ခင်မကန်တိုက် အရှင်ဇဋိလ၏ ဦးရီးတော်စပ်သူ စာချဆရာတော် ဦးဇာဂရထံ အပ်နှံကာ ပညာသင်စေခဲ့သည်။💐💐💐


တစ်နေ့တွင် မြို့တွင်းသို့ ဆွမ်းခံကြွလာစဉ် ကျောင်းသူတစ်ယောက် စီးလာသော စက်ဘီးနှင့် ဝင်တိုက်မိလေသည်။ သပိတ်လွတ်ကျ၊ ဆွမ်းအစ်ခွက်တွေ မြေပေါ် ပြန့်ကျဲပြီး ရထားသမျှ ဆွမ်းနှင့် ဆွမ်းဟင်းတွေ မြေပြင်ပေါ် ကျကုန်သည်။ ကျောင်းပြန်ရောက်သောအခါ ထိုအဖြစ်အပျက်ကို ကဗျာကောက်စပ်ပြီး မန္တလေးထုတ် သတင်းစာတစ်စောင်မှာ ထည့်လိုက်ရာ ထိုကဗျာ ပါလာတော့သည်။💫💫💫


နောက်ရက် ဆွမ်းခံကြွချိန် စက်ဘီးနှင့် တိုက်ခံရသော နေရာသို့ ရောက်လာသောအခါ ရပ်စောင့်နေသည့် ကျောင်းသူလေးကို တွေ့ရသည်။ ပြီးနောက် အရှင်ဇဋိလကို တောင်းပန်ရှာသည်။ နောက် သတင်းစာထဲက ကဗျာက တပည့်တော်မကို စောင်း ရေးတာ မဟုတ်လားဘုရားဟု မေးရာ မျက်နှာပူပူဖြင့် အဲဒါ တည့်တည့်ရေးတာပဲဟု ပြန်ပြောရလေ၏။ ထိုအခါက ကျောင်းသူလေးက သူမ အိမ်သို့ ဆွမ်းခံကြွရန် လျှောက်ထားသဖြင့် ဆွမ်းခံအိမ်တစ်အိမ်တိုးခဲ့ရလေတော့သည်။ တစ်ရက်တွင်လည်း ဦးဇဋိလ ဆွမ်းခံကြွလာခဲ့သည်။ ဗမာအမျိုးသမီးနှင့် ညားထားသည့် တရုတ်ကြီး အိမ်ရှေ့ ရောက်သောအခါ ထိုအမျိုးသမီးကို မြင်လိုက်ရ၍ ဆွမ်းရပ်လိုက်သည်။ ထိုစဉ် သတင်းစာဖတ်နေသည့် တရုတ်ကြီးက အရင်မြင်ပြီး သူ့မျက်နှာကို သတင်းစာနှင့် ကွယ်သွားသည်။ တခဏအကြာ သတင်းစာရွက် နှိမ့်ပြီး လှမ်းကြည့်ရာ အရှင်ဇဋိလ မပြန်သေး၍ ပြန်ကွယ်သွားသည်။ ဗမာအမျိုးသမီးက မီးဖိုဆောင်ထဲ အလုပ်ရှုပ်နေ၍ ဦးဇဋိလ အား မတွေ့ပေ။ တရုတ်ကြီးက တတိယအကြိမ် ခိုးကြည့်ပြန်ရာ ရပ်နေဆဲ ဦးဇဋိလကို တွေ့ရ၍ စိတ်မရှည်နိုင်တော့ဘဲ ဟေ့..ဘုန်းကြီး သွား သွားဟု နှင်ထုတ်တော့သည်။💐💐💐


ဦးဇဋိလကလည်း မသွားဘဲ ပေကပ်ရပ်နေသည်။ ဟေ့..ဘုန်းကြီး သွားလို့ ပြောနေတာ မကြားဘူးလား သွားလေ ဟု ထပ်၍ နှင်ထုတ်ပြန်သည်။ ထိုအခါ ဦးဇဋိလလည်း လူပါးဝသည့် တရုတ်ကြီးအား အဟုတ်ကြီးဒေါပွားကာ သပိတ်ကတ္တရာပေါ်ချပြီး နပမ်းဝင်လုံးတော့သည်။ သည်အခါမှ မီးဖိုဆောင်ထဲက အမျိုးသမီးက အသံကြားလို့ ပြေးဝင်လာပြီး တောင်းပန်ရှာသည်။ ဦးဇဋိလအား ကျကျနနထိုင်ခိုင်းပြီး ကန်တော့သည်။ နောင် အမြဲဆွမ်းခံကြွဖို့လည်း လျှောက်ထားလေ၏။ ဦးဇဋိလမှာ နပမ်းတန်ခိုးနှင့် ဆွမ်းခံအိမ် တစ်အိမ်တိုးခဲ့ရပြန်လေ၏။ အရှင်ဇဋိလသည် ယင်းခင်မကန်တိုက်မှာပင် အငယ်တန်း၊ အလတ်တန်းနှင့် အကြီးတန်းတို့ကို မပင်မပမ်း အောင်မြင်တော်မူလေသည်။ ဦးရီးတော်က ငယ်လတ်ကြီးအတန်းတွေကို စာဝါပို့ချခိုင်းစေသောကြောင့်လည်း ပို့ချပေးရသည်။ ရဟန်းဝါ လေးဝါအရတွင် ဦးရီးတော်က စာချတန်းကို ကိုးကျမ်းလုံး နှစ်ချင်းပေါက် ပြီးစေလိုသောကြောင့် နေ့ညမအား ကြိုးစား၍ ပို့ချပြသပေးသည်။ သို့သော် ထိုအချိန်မှာ အရှင်ဇဋိလက တရားပွဲများ ဟောကြားနေရပြီမို့ ဆွမ်းကွမ်းမရှား၊ လာဘ်လာဘလေးများလည်း ရွှင်လာသည်။ ပင်ကိုက အဟောအပြော ဝါသနာကြီးလှသည်မို့ စာပေသင်ယူရေးထက် ဟောရေးကို ပိုအားသန်သလိုရှိလာသည်။ မန္တလေးမြို့နေ ကြာနီကန်ရွာသား ပွဲစားများဖြစ်ကြသည့် ဦးဘလွန်း ဒေါ်မြမေ၊ ဦးသူတော်၊ ဦးမြဲ၊ စာရေးကြီးဦးစံအေး ဒေါ်သိန်းခင် ၊ ဦးနက်-ဒေါပြိုင်၊ ဦးတင်မောင်-ဒေါ်နှင်းနွယ်၊ ဦးပေ ဒေါ်နှင်းမယ် စေသာ ရွာခံဒါယကာများက အရှင်ဇဋိလကို ပွဲထုတ်ပေးကြသည်။ ရပ်ကွက်ဓမ္မာရုံတွင်လည်း သီလပေးတရား ဥပုသ်နေ့တိုင်း ဟောရသည်။ ထို့ကြောင့် မကြာမကြာ ဝါစာနောက်ကျရသည်။ သီလပေး တရားဟောပြီးကာမှ မြင်းလှည်းနှင့် ကတိုက်ကရိုက်ရောက်လာတတ်သည်။ ထို့ကြောင့် တစ်ရက်တွင် ဦးရီးတော် ဦးဇာဂရက ဤသို့ ဩဝါဒပေးလေ၏။💫💫💫


ပညာသင်ကြားနေသူဆိုတာ ဥဒေါင်းကလေးများကဲ့သို့ ကျင့်ကြရမယ်၊ ခွေးကလေးများကဲ့သို့ မကျင့်ရဘူး။ ဥဒေါင်းဆိုတာ ငယ်စဉ်က အင်မတန် ရုပ်ဆိုးပြီး လူမုန်းတဲ့ရုပ်မျိုး ၊ ကြီးပြင်းလာတဲ့အခါကျမှ အတောင်အလက်တွေစုံပြီး အလှမျိုး စုံလာတဲ့အတွက် အများနှစ်သက်ကြတယ်။ ခွေးလေးများကျတော့ မွေးစမှာ တယ်လှကြတယ်။ ကြီးလာတဲ့ အခါကျတော့ ပုံမပြေ ရုပ်ဆိုးလာတယ်။ ဒါကြောင့် ငယ်ရွယ်စဉ် ပညာသင်ချိန်မှာ ဒေါင်းလိုနေကြ၊ ခွေးလိုမနေကြနဲ့စသည်ဖြင့် ဆုံးမသည်။ သို့သော် အရှင်ဇဋိလ၏ ဓမ္မကထိကပိုးမှာ အရိုးထဲအထိ စိမ့်ဝင်နေပြီဖြစ်ရာ ဦးရီးတော်၏ ဩဝါဒသည်လည်း မတိုးသာတော့ပေ။💐💐💐


အရှင်ဇဋိလ၏ ဓမ္မကထိက ပိုးမှာ ဗန္ဓုလဦးဆိုင်၏ တိုက်သစ်တက်ပွဲတွင် ရန်ကုန်မှ နိုင်ငံကျော် ဓမ္မကထိက ဦးဉေယျ၏ ကြိတ်ကြိတ်တိုး တရားပွဲကို သုံးညတိုင်တိုင် နာယူမိသောအခါ ပိုတိုးလို့ သွားတော့သည်။ တစ်နေ့ ငါလည်း ဦးဉေယျလို နိုင်ငံကျော် ဓမ္မကထိက ဖြစ်ရမယ်လို့ ဆုံးဖြတ်ချက် ချလိုက်သည်။💫💫💫


ထို့ကြောင့်လည်း ထိုတရားပွဲပြီးသောအခါ ဦးဉေယျထံ ဝင်ရောက်ဖူးတွေ့ပြီး ခွင့်တောင်းသည်။ တပည့်တော် ဓမ္မကထိက ဖြစ်ဖို့ ဝါသနာ ကြီးလွန်းပါတယ်ဘုရား၊ တပည့်တော် ဆရာတော်ကဲ့သို့ ဟောလို၍ ဆရာတော်နောက် လိုက်ခွင့်ပြုပါ ဟူ၍ လျှောက်ထားလေသည်။ ထိုအခါ ဆရာတော် ဦးဉေယျက ဟောချင်ရင် ငါ့လို ပရိသတ်ကြီးများလို့ လေယူလေသိမ်း ကိုက်အောင် ဆိုကြည့်စမ်းဟု စေခိုင်းရာ အရှင်ဇဋိလက ဦးဉေယျ၏ လေယူလေသိမ်း အသံအတိုင်း တူအောင် ပရိသတ်ကြီးများဟုဆိုပြလျှင် ဦးဉေယျမှာ အရှင်ဇဋိလကို စိတ်ကြိုက်တွေ့သွားသည်။ ထို့ကြောင့် ဆရာတော်က နောက်ပွဲတွေခေါ်မယ်၊ အခုတော့ ပညာပဲ ဆက်သင်ဦးဟု မိန့်ကြားသွားခဲ့သည်။ ၎င်းနောက်မှာတော့ အရှင်ဇဋိလသည် ဦးဉေယျ၏ အသံသွင်း ကြိုးခွေများကို နားထောင်ပြီး ဦးဉေယျကဲ့သို့ မတ်တတ်ရပ်၍ ဟောဟန်၊ လေယူလေသိမ်းနှင့် ပရိသတ်ကြီးများ ဟု ခေါ်ပုံကအစ အရူးအမူး လေ့ကျင့်တော့သည်။💐💐💐


ဗန္ဓုလဦးဆိုင်ထံတွင် သွင်းယူထားသည့် တရားခွေများရှိ၍ သိုသိုသိပ်သိပ်ဖွင့်သည်။ ဗန္ဓုလဦးဆိုင်သည် နံနက်လေးနာရီတွင် ဘုရားဝတ်တက်ပြီး ငါးနာရီတွင် ဆွမ်းလောင်းသည်။ ငါးနာရီနှင့် ခုနှစ်နာရီအကြား၌ ဦး‌ဉေယျ၏ တရားတော်များကို ဖွင့်လေ့ရှိသည်။ ထိုအချိန်ဆိုလျှင် အရှင်ဇဋိလသည် ၎င်းအိမ် မြက်ခင်းပြင်တွင် သပိတ် ၊ သင်္ကန်းခင်းပြီး ဖွင့်သမျှ မပြီးမချင်း နာယူသည်။ အိမ်ထဲသို့ ဝင်ခွင့်ရလျှင်လည်း ဝင်ပြီး ကျုပ် သိပ်ဝါသနာကြီးလွန်းလို့ပါဗျာ၊ ဦးဉေယျ တရားခွေတွေ ဖွင့်ပေးစမ်းပါလို့ ခခယယတောင်းပန်ပြီး မပြီးမချင်း နာယူတတ်သည်။ ဗန္ဓုလဦးဆိုင်ကလည်း တစ်ပုဒ်ဆုံးသည်နှင့် တပည့်တော်တို့ မအားသေးလို့ပါ ဘုရား၊ ဒါပဲဆိုပြီး ပိတ်လိုက်၍ အားမလို အားမရ ပြန်ခဲ့ရသည်။💫💫💫


ပြန်လာရာလမ်းတွင်လည်း ဦးဉေယျတရားဖွင့်သံကြားက ကြားတဲ့နေရာမှာ ရပ်ပြီး မဆုံးမချင်း နာယူသည်။ ဘယ်လောက်နာနာ ငြီးငွေ့သွားခြင်းမရှိသည့်အပြင် တရားဆုံးသွားမှာကိုပင် နှမျောနေသည်။ တစ်ခါတလေများဆို လမ်းမှာရပ်ပြီး တရားနာနေလို့ ဆွမ်းခံပင် မကြွလိုက်ရပေ။ ထိုအချိန်မျိုးဆိုလျှင် ဆွမ်းဒကာရင်း ပွဲစားကြီး ဦးမြဲ အိမ်သို့ ခပ်သုတ်သုတ်ကြွကာ ကျုပ် တရားနာနေလို့ နေမြင့်သွားတယ်၊ ဆွမ်းသာ လောင်းလိုက်ပါ ဟု အလှူခံပြီး ကျောင်းပြန်ခဲ့ရတာလည်း အကြိမ်ပေါင်းမနည်းပင်။ ဆရာတော် ဦးဉေယျ၏ အင်္ဂုလိမာလတရားကို နာပြီး ညတစ်နာရီထိုးချိန်ကြီးမှာ မအိပ်သေးဘဲ ဦးဉေယျ ဟန်အတိုင်း မတ်တတ်ရပ်ပြီး လေ့ကျင့်သည်။ ဦးဉေယျ၏အသံသည် မထေ့တထေ့လေးနှင့် ပရိသတ်ကြီး မှန်ရဲ့လား ဆိုပြီး လားကို မပီတပီ ဆိုလေ့ရှိသည်။ ပြီးတော့မှ ဟေ့ပရိသတ်ကြီး မှန်ကြရဲ့လားဆိုတာကို အသံမြှင့်ပြီး မင်းသားကြီးအသံနှင့် ထပ်ဆင့်တတ်သည်။ ပြီးလျှင် တစ်ဆင့်တက်ပြီး မှန်တယ် ပရိသတ္တို့ မှန်လွန်းလို့ ခက်ကုန်ပြီ ဟု ဆိုကာ ပရိသတ်ကို အပါခေါ်သွားလေ့ရှိသည်။💐💐💐


အရှင်ဇဋိလလည်း ထိုနည်းအား အတုယူကာ အင်္ဂုလိမာလ တရားကိုဟောရင်း ပရိသတ်ကြီး မှန်ရဲ့လား ဟု မေးမေးပြီး လေ့ကျင့်နေလေသည်။ ထိုစဉ်မှာပဲ အောက်ထပ်မှာ ကျိန်းနေတဲ့ ဦးရီးတော်ဘုန်းကြီးက သူတောင်းစားနှယ် သူများတွေ အိပ်နေ၊ နင်က ဘယ်သူ့ လက်နက်ချခိုင်းနေတာလဲ ဆိုသည့် ဆူသံကြီးကြားရ၍ ကပျာကယာ ထိုင်ချလိုက်ရသည်။ ထိုတစ်ညတော့ ဆက်မဟောရဲတော့ပေ။💫💫💫


နောက်ပိုင်းတွင် အရှင်ဇဋိလသည် မည်သည့်ဓမ္မကထိက ဖြစ်စေ နာတတ်လျှင် အမြတ် ဟုမွတ္ကာ တရားပွဲရှိရာ မေးမြန်းစုံစမ်းပြီး အရောက်သွားပြီး နာယူသည်။ နည်းယူလေ့လာခဲ့သော အကျော်အမော်ဆရာတော်များမှာ မင်းကွန်းတိပိဋကဓရ ဆရာတော်၊ သီတဂူဆရာတော်၏ ငယ်ဆရာ အနီးစခန်းဆရာတော်၊ ဝိဇ္ဇာ‌ဒေယဆရာတော်၊ ဆေးဝင်္ကဘာဆရာတော်၊ ကျိုက်ဝိုင်း ဦးဣန္ဒက၊ မန္တလေး ရိပ်သာဆရာတော်၊ နံယောဆရာတော် စသည်ဖြင့် မနာဖူးသည်မှာ မရှိသလောက်ပင်။ ထိုတင်မက လူပုဂ္ဂိုလ် ဓမ္မကထိက အကျော်များဖြစ်သည့် ဦးလှသိန်း၊ ရွှေပြည် ဦးဘတင်၊ ဦးဆန်းထွန်း၊ ရတနာပုံ ဆရာချစ်၊ ဦးတင်အေး၊ ဦးအောင်ဒင်၊ ဦးချစ်မောင်နှင့် အမျိုးသမီး ဓမ္မကထိက မန္တလေး မထွန်းရှင်တို့ကိုပင် အလွတ်မပေး အပြေးနာယူခဲ့သည်။ ထို့ကြောင့် အရှင်ဇဋိလ၏ ဟောပြောမှု စွမ်းရည်မှာလည်း အံ့မခန်း တိုးတက်နေလေတော့သည်။ အရှင်ဇဋိလက ဤသို့ တရားပွဲမှန်သမျှ နာယူပြီး ပြန်ရောက်သည်နှင့် လေ့ကျင့်တော့သည်။ ဒါကို ဦးရီးတော်က ပညာရေးဆုံးခန်း မတိုင်သေး၍ သဘောမကျလှပေ။ ထို့ကြောင့် အရှင်ဇဋိလမှာ နေ့စဉ်ဆိုသလို အဆူခံနေရသည်။💐💐💐💐


တစ်နေ့ ကြာနီကန်ကျောင်းတိုက်သို့ ညအိပ်ဧည့်သည်များ ရောက်ရှိလာကြသည်။ ထိုအထဲတွင် ရှင်ဇဋိလနှင့် အရွယ်တူ မိန်းမပျိုလေးတစ်ဦးလည်း ပါလေ၏။ ၁၆၊ ၁၇ ဆိုသည်မှာ စိတ် ကစားတတ်သည့်အရွယ်မို့ အရွယ်တူ မိန်းမလှလေး မြင်ရသည့်အခါ ရှင်ဇဋိလမှာ လူငယ်တို့ ဘာသာဘာဝ မြင်မြင်ချင်း ချစ်ခင်စုံမက်မိသည်။ ထိုမိန်းကလေးအား ရင်တွင်းအသည်းက စွဲမြဲစွာ ချစ်နေမိသော်လည်း သူမထံသွား၍ ဇက်ဇက်ရဲရဲ စကား မဆိုရဲ။ ဝေးရာကသာ ငေးကာကြည့်ခြင်းကသာ သူ၏ အပြောင်မြောက်ဆုံး သတ္တိ။ မြတ်နိုးစွာ ခိုးကြည့်မိတိုင်း သူမမွာ ထိုင်လျက်သာ တွေ့မြင်ရသည်မို့ ဆင်မယဉ်သာ လမ်းလျှောက်ဟန်လေးကိုလည်း မြင်ချင်စမ်းပါဘိ။💫💫💫


ရှင်ဇဋိလ ခိုးခိုးကြည့်နေတာကို ကျောင်းရှိ ဦးပဉ္ဇင်းများပင် ရိပ်မိသိရှိသွားသည်။ ထိုအခါ ဦးပဉ္ဇင်းများက ကြိုက်ရင် ခိုးကြည့်မနေနဲ့ စာပေးရတယ်ကွ ဟု စနောက် မြှောက်ပင့်ပေးကြသည်။ နောက်ဆုံးမှာတော့ အရဲစွန့်ပြီး စာပေးရန် ဆုံးဖြတ်လိုက်သည်။ ထို့ကြောင့် အမြဲထိုင်နေတတ်သည့် မိန်းမချောလေးထံသွား၍ ရေးထားသော ရည်းစားစာကို မျက်စိစုံမှိတ် ပေးလိုက်တော့သည်။ နောက်တစ်ရက်တွင် ထိုမိန်းမချောလေးက ရှင်ဇဋိလအား သူမနှင့် လာတွေ့ရန် ချိန်းဆိုသည်။ ချိန်းဆိုသည့် နေရာက လူသူကင်းရှင်းသည့် ချောင်ကျကျ နေရာမဟုတ်ဘဲ ကျောင်းထိုင်ဆရာတော်ကြီး၏ ရှေ့မှောက်တွင် ဖြစ်သည်။ မည်သို့ဖြစ်ဖြစ် မြတ်နိုးသူက ချိန်းဆိုသည်မို့ ဆရာတော့်ကျောင်းဆောင်သို့ ချိန်းထားသည့် အချိန်တွင် အရောက်လာခဲ့ရာ ဆရာတော့်ရှေ့တွင် ထိုင်လျက် ရောက်နှင့်နေသည့် သူမကို တွေ့ရသည်။ ရှင်ဇဋိလ ဝင်လာသည်အား မိန်းမချောလေး မြင်လေသောအခါ ထိုမိန်းမချောလေးက ဆရာတော်အား ဦးချ၍ ထသွားလေတော့သည်။ ထိုအခါ ရှင်ဇဋိလ မှာ အံ့အားသင့်သွားသည်။ အကြောင်းမှာ ထိုမိန်းမချောလေးသည် မွေးရာပါ ခြေမသန်စွမ်းသူ ဒုက္ခိတမလေး တစ်ဦးဖြစ်နေသောကြောင့်တည်း။ တပည့်တော်မလို ဒုက္ခိတမကြောင့် မြင့်မြတ်တဲ့ ကိုရင်ဘဝကို မစွန့်လွှတ်ချင်ပါနဲ့ ဘုရား ဟု နှုတ်နှင့် မပြောဘဲ အပြုအမူဖြင့် ပညာသားပါပါ ဆုံးမသွားခြင်း ဖြစ်ပေသည်။ ချစ်မိပြီဆိုလျှင် ကျောက ဘုကြီးတောင် မြင်နိုင်စွမ်း မရှိဟု ဆိုစကားရှိသည်။ သို့သော်လည်း မိန်းမပျိုလေးက ကောင်းကောင်းကြီး ဆုံးမသွားသည်မို့ ချစ်ပင် ချစ်ငြား ရှေ့မတိုးအားတော့ပေ။💐💐💐


သို့နှင့် ရှင်ဇဋိလမှာ အသက်နှစ်ဆယ် ပြည့်မြောက်ခဲ့လေသည်။ ထို့ကြောင့် တပည့်ရင်းမို့ သားရင်းပမာ ချစ်ခင်ရှာသည့် ဘုန်းကြီးဦးဝဏ္ဏက ကိုယ်တိုင် ရဟန်းခံပေးရန် စီစဉ်သည်။ သို့သော် ရှင်ဇဋိလ၏ မယ်တော်ကြီးက ကိုယ်တိုင် ပဉ္ဇင်းခံပေးလိုသည်ဟု အကြိမ်ကြိမ် တောင်းပန်မှုကြောင့် ကဲဒါဖြင့် မအေ ဆိုတော့ ဘယ်ငြင်းသာမလဲ ခွင့်ပြုပေးရမှာပေါ့ဟုဆိုကာ နောက်ဆုတ်ပေးလိုက်သည်။ ထို့ကြောင့် မယ်တော်ကြီး ဒေါ်ဒွန်းမှ ရှင်ဇဋိလအား ၁၃၁၄ ခုနှစ်၊ တပို့တွဲလဆန်း ၁၅ ရက်နေ့တွင် ဆရာရင်း ဦးဝဏ္ဏအား ဥပဇ္ဈာယ်ပြုလျက် ဦးဇင်းတစ်ပါးအဖြစ်သို့ ရောက်ရှိခဲ့သည်။ ထိုရဟန်းခံပွဲ ပြီးသောအခါတွင် ဆရာတော်ဦးဝဏ္ဏက မိမိတပည့်၏ ပညာအစွမ်းကို အရောင်ထင်စေလိုသောဆန္ဒနှင့် အရှင်ဇဋိလအား ပထမဆုံးအနေနှင့် တရားဟော ရေစက်ချ ခိုင်းလေသည်။ အရှင်ဇဋိလသည်လည်း ပညာရဲရင့်၍ ပွဲအလယ်တွင် တွန့်မနေဘဲ ခြောက်ပေ၊ သုံးလက်မခန့်ရှိ သူ့အရပ်ကြီးနှင့် ပရိသတ်အကြားသို့ ခြင်္သေ့တစ်ကောင်ကဲ့သို့ ရဲရင့်စွာ လှမ်းဝင်ခဲ့သည်။ ဓမ္မာသန ပလ္လင်ရင်းသို့ ရောက်သောအခါ အော်ဒါမှာစီးရသည့် ဆယ့်နှစ်လက်မခွဲခန့်ရှိ ဖိနပ်ကြီးကို ချွတ်လိုက်သည်။ ပလ္လင်ပေါ် ထိုင်လိုက်သောအခါ ၁၆၄ ပေါင်ရှိသည့် သူ့ခန္ဓာကိုယ်၏ အလေးချိန်ကြောင့် ပလ္လင်မှာ ညွှတ်သွားသည်ဟုထင်ရသည်။ ထို့နောက် စူးရွေတာက္ပေသာ မျက်လုံးများနှင့် ပရိသတ်အား အသံအားကောင်းကောင်းနှင့် နှုတ်စွမ်းပြ ဟောကြားလေသည်။ ရေစက်ချပြီးသောအခါ ပရိသတ်များက အသံကောင်း၊ အဟောကောင်း၊ အပြောကောင်းပြီး ဥပဓိရုပ် ကောင်းလှသည်ဟု ချီးကျူးကြပြီး ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ကြလေသည်။ နိုင်ငံကျော် ဓမ္မကထိကကြီးဖြစ်ပါစေဟုလည်း ဆုတွေ အထပ်ထပ် ပေးသွားကြလေသည်။ ဘုန်းကြီးဦးဝဏ္ဏသည် ကိုယ်တိုင်လည်း ဓမ္မကထိကဖြစ်ပြီး ပါဠိသက်သက်ဖြင့် သုတ္တန်အဟောတွေမှာ နာမည်ကြီးသလို တပည့်တွေကိုလည်း လက်တွေ့သင်တန်း ပေးသည့်အနေနှင့် သာရေး နာရေးများတွင် ဟောပြောစေခဲ့သည်။ အရှင်ဇဋိလကိုကား အထူးမျှော်လင့်ထားသည်။ မျှော်လင့်ထားသလို ဘုန်းကြီးဦးဝဏ္ဏတပည့် တရားဟောကောင်းသည်ဟု ထိုနယ်တဝိုက်တွင် နာမည်ကျော်ကြားလာလေသည်။💫💫💫


တစ်နေ့ အရှင်ဇဋိလ ဂါထာတစ်ပုဒ်ကို စိတ်ပါလက်ပါ ရွတ်ဆိုနေစဉ် ဦးရီးတော်ရောက်လာပြီး ဆူငေါက်လေ၏။ သည်တစ်ကြိမ်တွင် အရှင်ဇဋိလမှာ အင်မတန် ဝမ်းနည်းသွားသည်။ မကျစဖူး စိတ်ဓာတ်လည်း ကျသွားသည်။ ဓမ္မကထိက လုပ်ရန် အိပ်မက်ပင် ဝေဝါးသွားတော့သည်။ မိမိဖြစ်ချင်သည့် ဓမ္မကထိက ဖြစ်ခွင့်မရမှတော့ သာသနာ့ဘောင်မနေ၊ လူထွက်တော့မည် ဟု ဆုံးဖြတ်လိုက်သည်။ ထို့ကြောင့် လူဝတ်ကြောင် ဘဝတွင် အသက်မွေးမြူနိုင်ရန် လက်နှိပ်စက်ရိုက်ပညာ၊ နာရီပြင်ပညာ၊ ဓာတ်ပုံပညာနှင့် စက်ချုပ်ပညာများကို သင်ယူလေတော့သည်။ ထိုသတင်းကို ဦးရီးတော်ဦးဇာဂရ ကြားသိသောအခါ အရှင်ဇဋိလအား ရှေ့မှောက်သို့ခေါ်လေသည်။ ခေါ်ပြီးတဲ့အခါ ဒီနေ့ ညနေ လေးနာရီ၊ လမ်းလယ်ဘုရားမှာ သီလပေး ပင့်ထားတယ်၊ အဲဒါ မင်းလိုက်သွားပြီး တရားလေး ဘာလေး တတ်သလောက် မှတ်သလောက် ဟောခဲ့ပေါ့ကွာ ဟု ဆိုကာ ချော့မော့ စေလွှတ်လိုက်လေသည်။💐💐💐


တူတော်မောင်၏ ဝါသနာကို ဘယ်လို ထိန်းမရနိုင်သည်ကို ကောင်းကောင်း သိရေသာအခါ ဓမ္မကထိက အလုပ်ဟာလည်း သာသနာ ပြန့်ပွားရေးပါပဲ ဟု စိတ်လျှော့ကာ အရှင်ဇဋိလ၏ အိပ်မက်ကို ခွင့်ပြုပေးလိုက်ရတော့သည်။ လုပ်ချင်တာ လုပ်ခွင့်ရသွားသည့်အတွက် အရှင်ဇဋိလသည်လည်း လူထွက်မည့် အစီစဉ်ကို ပယ်ဖျက်လိုက်လေတော့သည်။ ထိုစဉ်က အရှင်ဇဋိလ လူထွက်ဖြစ်ခဲ့လျှင် ယနေ့ လူအများမှာ ကြာနီကန်တရားဆိုသည်ကို နာယူခွင့် ရကြလိမ့်မည် မဟုတ်ပေ။💫💫💫


မြစ်သားမြို့ အရှေ့ဘက် ၊ ကသဲကုန်းရွာတွင် ဆောက်လုပ်ဆဲ ဓမ္မာရုံကြီးတစ်ခုရှိသည်။ ထိုဓမ္မာရုံကြီးတွင် တရားဟောလိုလျှင် နိုင်ငံမကျော်သော်လည်း ဖြစ်ဖြစ်မြောက်မြောက် ဟောတတ်လျှင် ဟောခွင့်ပြုသည်။ တရားဟောလေ့ကျင့်ရေး စခန်းတစ်ခုဟု ဆိုလျှင် ပိုမှန်မည်ထင်သည်။ ထိုသို့ ဟောရင်းက ဦးသောင်းတင်၊ ဦးချစ်ပို၊ ဦးတင်၊ ဦးကြည်အေး တို့လို အကျိုးတော်ဆောင် ဒကာရင်းများ ပေါ်ပေါက်လာရသလို ပရိသတ်လည်း အတန်အသင့် ရရှိခဲ့လေသည်။ ဤဓမ္မာရုံကြီးသည် အရှင်ဇဋိလအား ကြာနီကန်ဆရာတော်ဟူ၍ နိုင်ငံကျော်ဖြစ်လာစေရန် များစွာ အကူအထောက်ပြုခဲ့သည်။

💐💐💐


ဤသို့ ဓမ္မကထိကဖြစ်ရန် ကြိုးစားနေသလို တစ်ဖက်မှာလည်း မောင်ညွန့်ဝေ ကလောင်အမည်နှင့် သီချင်းများကို ကိုယ်တိုင် ရေးစပ်သည်။ အရှင်ဇဋိလ ကိုယ်တိုင်ရေးသည့် ကြာနီကန် ဖိတ်ခေါ်သံသီချင်းမှာ လွန်စွာနာမည်ကြီးသည်။ ဓာတ်ပြားသီချင်းများစွာကိုလည်း ကူးယူကျက်မှတ်ခဲ့သည်။ ထိုစဉ်က နာမည်ကျော် အဆိုတော်များထဲမှ တက္ကသိုလ် မြကြီး နှင့် မေလှမြိုင်တို့ကိုလည်း အသည်းစွဲသည်။ ဘယ်လောက် အသည်းစွဲသလဲဆိုလျှင် လူချင်းတွေ့ပြီး သီချင်းဆိုပြခိုင်းသည်အထိပင်။💫💫💫


တစ်ခါက မန္တလေးကျုံးနဘေးတွင် မေလှမြိုင်၊ ရန်နိုင်စိန်နှင့် ဝေသာလီ မောင်ဖုန်းတို့ လာရောက် ဖျော်ဖြေကြသည်။ ထိုအခါ အရှင်ဇဋိလသည် ဦးဇနက ဆိုသည့် အတန်းဖော် သူငယ်ချင်းတစ်ပါးကိုခေါ်ကာ ဇာတ်ရုံနောက်ပေါက်မှဝင်၍ မေလှမြိုင်နှင့် သွားတွေ့သည်။ မေလှမြိုင်ကလည်း ရိုရိုသေသေ ဦးချပြီး စကားစမြည် မေးမြန်းလျှောက်ထားရာ အရှင်ဇဋိလက လက်စွမ်းပြချိန်အမည်ရသည့် သီချင်းကို ဆိုပြရန် တောင်းဆိုလေ၏။ မေလှမြိုင်သည် ဆိုခိုင်းသည့် သီချင်းအား ကြည်ကြည်ဖြူဖြူနှင့်ပင် မေးကလေး ထိုးကာ ဇက‌လေးငဲ့ကာနှင့် လည်ပင်းကြောထောင်ခြင်း အလျင်းမရှိဘဲ သာသာယာယာ ဆိုပြရာ အရှင်ဇဋိလမှာ နားထောင်လို့ မဝအောင်ဖြစ်ခဲ့ရသည်။ ဓမ္မကထိက ပိုးကြီးသလို သီချင်းရောဂါမှာလည်း နောက်ဆုံးအဆင့် ရောဂါသည် တစ်ယောက်ဟု ဆိုရမည့် သူပါတကား။💐💐💐


တစ်နေ့တော့ ဓမ္မကထိကရူး သီချင်းရူး အရှင်ဇဋိလထံမှာ ကျောက်ကြီးရောဂါ ပြင်းထန်စွာ စွဲကပ်လာတော့သည်။ မန်ကျီးစေ့ခန့် ကျောက်ပေါက်ခွက်တို့သည် မျက်နှာတပြင်လုံး ပြန့်နှံ့နေသည်မို့ လူတောမတိုးရဲအောင် ဆိုးဝါးလာသည်။ ရောဂါပြင်းထန်လွန်း၍ ငယ်ဆရာ ဦးဝဏ္ဏနှင့် တူရင်း ကိုကျော်သိန်း၊ မပိုက်မိ တို့က မန္တလေးအထိ လိုက်လာပြီး ကိုယ်ဖိရင်ဖိ ပြုစုပေးကြရသည်။ အနည်းငယ် သက်သာစပြုလာချိန်မှာတော့ ကြာနီကန်ရွာသို့ ပြန်ခေါ်ခဲ့ရပါတော့သည်။ နေ့စဉ်ရက်ဆက် သနပ်ခါးရွက်ကြိတ်ရည်၊ သနပ်ခါးမြစ် သွေးရည်စသည့် ဆေးအမျိုးမျိုးဖြင့် လိမ်းလည်းလိမ်း၊ တိုက်လည်းတိုက်ပြီး ကုသပေးကြရသည်။ တစ်နှစ်ခန့်ကြာမှ အရာအစင်းများပင် မရှိတော့ အောင် ကုသပေးနိုင်ခဲ့ကြပါတော့သည်။ ဤသို့ ရောဂါပျောက်သောအခါ အရှင်ဇဋိလက မန္တလေးသို့ပြန်ပြီး စာချတန်း ပြီးအောင်ဖြေဆိုဖို့ ကြံရွယ်သည်။ သို့သော်လည်း ငယ်ဆရာဦးဝဏ္ဏက မောင်ဇဋိလ ရာ အောက်ခြေသိမ်း စာပေ ကျွမ်းကျင်မှုရှိသားပဲ တော်လောက်ရော့ပေါ့၊ မင်း မယ်တော်ကြီးလည်း အသက်ကြီးပါပြီ၊ လက်ရှိ ကိုရင်တွေကို စာချကွာ၊ တရားလည်း နယ်ထဲ လှည့်ဟောပေါ့၊ ငါ့ သဘောတော့ ဒီအတိုင်း ကြိုက်တာပဲဟု မိန့်ကြားလေသောကြောင့် ဆရာ့ဆန္ဒအတိုင်း ကြာနီကန်ရွာကျောင်းရှိ ဦးဇင်း၊ ကိုရင်နှင့် ကျောင်းသားများကို စာချပေးရင်းနှင့် တရားဟောရန်အတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေပါတော့သည်။💫💫💫


ဦးဇဋိလသည် စာပေများ ပို့ချနေရင်းက တရားဟောရန် အကြောင်းဖန်လာသည်။ ဆရာတော်ဦးဝဏ္ဏ၏ ရဟန်းဒကာမိသားစုမှ ဦးအောင်ဘ၏ ခမည်းတော် ကွယ်လွန်လေရာ ထိုပွဲတွင် ဆရာတော်ဦးဝဏ္ဏက တပည့်ဇဋိလ အား တရားဟော စေလွှတ်လိုက်သည်။ ထို့ကြောင့် ဦးဇဋိလ ကြွသွားပြီး တရားပွဲများ ဟောကြားရသည်။ ဟောကြားခဲ့သော တရားတော်များမှာ နိုင်ငံကျော် လူဓမ္မကထိက ဦးလှသိန်း၏ အနန္တဂုဏ်ရည်တွင် ဧရကပတ္တ နဂါးမင်း နှင့် ဥတ္တရလုလင် တို့ ကဿပဘုရားလက်ထက်တွင် ကျွတ်တမ်းဝင်ကြပုံကို အသံတူ၊ ဟန်တူ ဟောပြောလိုက်ရာ ပရိသတ်အများမှာ လွန်စွာ အံ့အားသင့် ချီးကျူးပြောဆိုကြလေ၏။💐💐💐


ဦးဇဋိလသည် ထို့နောက်ပိုင်း ဟိုတစ္စ၊ သည်တစ်စ တရားပွဲများဟောနေရင်းက ဒကာရင်းများဖြစ်ကြသော ဦးချစ်ပို ၊ ဦးကြည်အေး၊ ဦးတင် တို့က ပင့်လျှောက်သဖြင့် မိမိ စတင်ဟောခဲ့သည့် ကသဲကုန်းသို့ ကြွကာ ပရိသတ် ၁၀၀၊ ၁၅၀ တို့အား တစ်ည တစ်ဇာတ်ထုပ်နှုန်းဖြင့် ခြောက်ညဆက်တိုက် ဟောကြားပေးခဲ့သည်။ ဟောခဲ့သောတရားများမှာ အောင်ခြင်းရှစ်ပါး၊ အရှင်သာရိပုတ္တရာ မယ်တော်ချွတ်ခန်း ၁ ၊ ၂ ၊ သုဝဏ္ဏသျှံ၊ အဂုင်္လိမာလ၊ သံယောဇ တို့ဖြစ်ကြသည်။💫💫💫


ထို ကသဲကုန်း ပြီးနောက် အင်းဝ ဥယျဉ်ရွာသို့ ကြွ၍ စာသင်ဖက် သူငယ်ချင်းတစ်ပါး၏ ဆောက်လုပ်စ သိမ်တော်ကြီးကို ပြီးစီးအောင်မြင်နိုင်အောင် သူ၏ အဟောစွမ်းရည်ဖြင့် ပြီးမြောက်အောင် ကူညီပေးခဲ့သည်။ ဤသို့နှင့် ဦးဇဋိလသည် တစ်နေရာတွင် တစ်ပွဲမှ ဆယ်ပွဲအထိ ဟောကြားလာခဲ့ရကာ မတ္တရာနယ်သူကြီး ၆၄ တစ်ခုလုံးတွင် မလပ်အောင် ဟောကြားခဲ့ပြီး ဖြစ်သည်။ တရားဟောကြားရင်း နဝကမ္မလေးလည်း အတန်အသင့် ရရှိခဲ့၍ ထိုဝတ္ထုငွေလေးနှင့် အသံချဲ့စက်တစ်လုံး ဝယ်လိုက်သည်။ အသံချဲ့စက်တွင်လည်း ရတနာပုံ ညွန့်ဝေ ဆိုပြီး အင်္ဂလိပ်ဘာသာဖြင့် ရေးထိုးလိုက်သည်။ နောက်ပိုင်းတွင် သာသနာပြု အသုံးစရိတ်အတွက် ပင့်သည့်နေရာသာမက မပင့်သည်နေရာများသို့လည်း ကြွရောက်ပြီး ဟောကြားရန် စိတ်ကူးရလာသည်။ ထို့ကြောင့် လှည်းပေါ် အသံချဲ့စက်တင်ကာ တပည့်များဖြစ်ကြသည့် ကိုဘိုနီနှင့် ကိုကြီးမောင် တို့နှင့်အတူ သာသနာပြုခရီး ထွက်ခဲ့ကြသည်။💐💐💐


သို့နှင့် ပထမဆုံး ကြွလာခဲ့သည့် ရွာမှာ သုံးဆယ်ပြေး ရွာဖြစ်သည်။ ထိုရွာလူကြီးမှာ ဘုန်းကြီးလူထွက်ဖြစ်ပြီး အိမ်ခြေ ၆၀၀ ကျော် ၇၀၀ ရှိသည့် ရွာကြီးတစ်ရွာ ဖြစ်သည်။ ထိုရွာထဲသို့ လှည်းမောင်း ဝင်ရန် အားထုတ်ရာ အဝင်မခံဘဲ သူကြီးအမိန့်ဖြင့် တားမြစ်ခံရလေသည်။ သို့သော် လွယ်လင့်တကူ ဇွဲလျော့ခြင်း မပြုဘဲ ရွာအနောက်ဖျားရှိ ကြာနီကန်ရွာသား ကိုသောကြာ၏ အိမ်ရှေ့ ကုက္ကိုလ်ပင်ပေါ် အသံချဲ့စက်တင်ပြီး ဦးလှသိန်း၏ ဥတ္တရလုလင်ဇာတ်ကို ဦးလှသိန်းအသံအတိုင်း ဟောကြားလေသည်။ ထိုအခါ သူကြီးကိုယ်တိုင် လာရောက်၍ ဆရာတော်ဦးဝဏ္ဏ၏ တပည့်မှန်း မသိ၍ တားမြစ်မိကြောင်း တောင်းပန်ပြီး ညတရားပွဲ လျှောက်ထားကာ စီစဉ်ပေးသည်။ ထိုဒုတိယည တရားပွဲတွင် ပရိသတ် ၂၀၀ ခန့်ရှိပြီး ဝတ္ထုငွေနှင့် လှူဖွယ်အစုစုတို့ကိုလည်း လှူဒါန်းကြသည်။💫💫💫


ထိုမှတဖန် ထိုရွာနှင့် သုံးလေးမိုင်ဝေးသော ဒုန်းကုန်းရွာသို့ ခရီးဆက်ခဲ့ကြလေသည်။ ထိုရွာလူကြီးသည်လည်း ရွာထဲဝင်ရန် တားမြစ်ခံရပြန်သည်။ ဤသို့ တားမြစ်ခံရ၍ ဇွဲမလျော့ ရွာထဲလည်း မဝင်ဘဲနှင့် ရွာထိပ်ရှိ ကုက္ကိုလ်ပင်ပေါ်မှာ အော်လံကို တင်၊ သေတ္တာပေါ် ပုဆိုးခင်း ၊ တင်ပလ္လင်ခွေထိုင်ကာ တစ်ကိုယ်တည်း ပရိသတ်မပါ ဗလာ တရားဟောကြားလေသည်။ ဦးဇဋိလ ဟောကြားလိုက်သော တရားအား ကြားနာလိုက်ရသောရွာသားများသည် ထွက်လာကြပြီး တောင်းပန်စကား လျှောက်ထားကြလေ၏။ ရွာထဲသို့ ပင့်ကာ ညတရားပွဲလည်း စီစဉ်ပေးကြလေ၏။ နိုင်ငံကျော် ကြာနီကန်ဆရာတော် ဟု ဖြစ်လာရန် ဤသို့သော ခါးသီးမှုများကို ကျော်လွှားခဲ့ရသည်။💐💐💐


ဦးဇဋိလသည် ထိုသို့သော အခက်အခဲ များစွာကို ကြုံတွေ့ရပြီးနောက် ကြံခင်းမြို့ ၊ ကံကြီး၊ ကံပြင်၊ မင်းဂံ၊ ဘုတ်၊ လွန်ဒေါင်း၊ စလွန်ဖြူ၊ တောင်ပြုန်း၊ ငါန်းဇွန်၊ ကသာ၊ မဘိမ်း၊ မိုးမိတ်၊ ဗန်းမော်၊ မြစ်ကြီးနားမြို့တို့တွင် ဘောလုံးကွင်းအပြည့် ပရိသတ်များကို တရားဟောကြားခဲ့ရသည်။ ထိုပွဲများကိုတော့ သာသနာပြုအသုံးစရိတ်အတွက် မဟုတ်တော့ဘဲ မိမိကျောင်းတွင် သုံးထပ်သာသနာ့ဗိမာန်ကြီး ဆောက်လုပ်ရန် ဟောကြားခဲ့ခြင်းဖြစ်သည်။ ဤဗိမာန်တည်ဆောက်ရခြင်း၏ ရည်ရွယ်ချက်မှာ မိမိဆရာဦးဝဏ္ဏအား ကျောင်းကောင်းကောင်းနှင့် သီတင်းသုံးစေလို၍ ဖြစ်သည်။💫💫💫


ဦးဇဋိလ နာမည်ရစပြုလာချိန်မှာ ပုသိမ်ကြီးမြို့နယ်၊ ဆင်ရွာကြီးရှိ ဒေါ်တင်မိသားစုမှ တစ်လတိတိ တရားပွဲပင့်ဖိတ်သဖြင့် ကြွရောက်ဟောကြားခဲ့ရာ တရားတစ်ပုဒ်မှ ထပ်ခြင်းမရှိ၍ တရားနာပရိသတ်မှာ ကြည်ညိုလေးစား အံ့အားသင့်ကြလေ၏။ သို့နှင့် မတ္တရာ၊ ပုသိမ်ကြီးတို့တွင် မဟောဖူးသည့် နေရာမရှိ ဟောပြီးသောအခါ အမရပူရ၊ မန္တလေးတို့သို့ ခြေဆန့်လာခဲ့သည်။ မန္တလေးတွင် စက်ရှင်ရပ် မီးပြဓမ္မာရုံ၊ မြို့မရုပ်ရှင်ရုံ၊ တရုတ်တန်းနှင့် ကုသိုလ်တော်ဘုရားတို့တွင် ဟောကြားခဲ့ရသည်။ သို့သော်လည်း ပရိသတ်မှာ ထောင်ဂဏန်းပင် မပြည့်ပါ။ ထိုအချိန်အထိ ကြာနီကန်ဆရာတော်ဟူ၍ ဖြစ်မလာသေးပေ။💐💐💐


ဦးဇဋိလ အောင်မြင်ရန် လမ်းစအစစ်မှာ မြင်းခြံမြို့ ၁၂ မုဒ်စေတီဟု ဆိုရမည်။ ထိုစေတီပွဲမှ နိုင်ငံကျော် ဓမ္မကထိက ဦးဇဋိလဟု ဆိုင်းဘုတ်ဆွဲကာ တစ်လခွဲတိတိ ဇာတ်ပွဲများနှင့် ယှဉ်ပြိုင်ဟောခဲ့သည်။ မြို့တော်သိန်းအောင်က ယနေ့ည ကပြမည့် ပြဇာတ်အမည်မှာ မိခင်ရွှေလက် တေးပုခက် ကြော်ငြာထားလျှင် ဦးဇဋိက မေမေနှင်ထုတ် တေးတစ်ပုဒ် အမည်ပေး၍ အငို၊ အလွမ်း၊ အလင်္ကာ ၊ ဆောင်ပုဒ်များ ညှပ်ထည့်ကာ ဝေဝေဆာဆာ ဟောသည်။ သဘင်သည် မဝင်ရ အမည်နှင့် ကပြလျှင် ဦးဇဋိလက အနုပညာရှင် ဝင်ချင်ဝင် တရားအမည်နှင့် ကြော်ငြာ၍ အမည်နှင့် လိုက်လျောညီစွာ ဟောကြားခဲ့သည်။ ထို့ကြောင့် ပရိသတ်မှာ ဇာတ်ရုံက ထွက်လျှင် တရားပွဲရောက်လာကြသည်။ ဇာတ်ပွဲများဖြစ်ကြသည့် ဝင်းဗိုလ်၊ ကနက်စိန်၊ ပန်တျာ မြဝင်း၊ ရွှေနန်းတင်၊ ငါးမည်ရ တင်သိန်းတို့ ဇာတ်သမားများ ပြောင်းသွားကြသော်လည်း ကြာနီကန်တရားပွဲက ရှိမြဲပင်။ ပရိသတ်များမှာလည်း မြင်းခြံမြို့ပေါ်က သာမက နွားထိုးကြီး၊ တောင်သာ၊ တလုတ်၊ မိတ္ထီလာ၊ တပ်ကုန်း၊ ပျဉ်းမနားတို့မှ လာကြ၍ အလင်းပေါက် တရားနာယူကြသည်။ ထို့ကြောင့် ဦးဇဋိလ၏ နာမည်ဂုဏ်သတင်းသည် အထူးကျော်ကြားလာခဲ့သည်။ တရားဟောစင်ကိုလည်း ယခင်လို ယပ်ထောင် မဟုတ်တော့ဘဲ ယပ်လှဲတရားကို ကိုယ်ပိုင်ဟန်နှင့် ပေါင်းစပ်ပြီး ကောင်းသထက် ကောင်းအောင် ဟောကြားသည်။💫💫💫


ကြာနီကန်ဟု နိုင်ငံကျော်စေရန် ဒုတိယ အကြောင်းရင်းမှာ သပြေ တေးသံသွင်းမှ တစ်ပြည်လုံးသို့ ဖြန့်ချိလိုက်ခြင်းဖြစ်သည်။ ထိုအခါ ကြာနီကန်ဆရာတော်၏ တရားဟောဟန်၊ ခေတ်နှင့်ညီသည့် ဆန်းသစ်မှုတို့ကြောင့် ဦးဇဋိလ၏ တရားများမှာ တစ်ပြည်လုံးသို့ ပြန့်နှံ့သွားသည်။ ထိုမှတစ်ဆင့် ရန်ကုန်မြို့ စူပါဟိုက်တေးသံသွင်းမှ ထပ်ဆင့်သွင်းယူ ဖြန့်ချိသောကြောင့် မြန်မာပြည် အထက်ပိုင်းနှင့် အောက်ပိုင်းတွင် တဟုန်ထိုး ကျော်ကြားသွားသည်။ နောက်ပိုင်းတွင် တေးသံသွင်းများဖြစ်ကြသည့် စေတမန်၊ အကိုင်း၊ ကရဝိတ်၊ ပုဂံ၊ တေးပုလဲ တို့ကလည်း သွင်းယူဖြန့်ချိကြရာ တစ်ပြည်လုံးသို့ လွှမ်းခြုံသွားသည်။💐💐💐


ဆရာတော်သည် အစပိုင်းတွင် ဝိပဿနာတရား ဟောကြားပြီး နောက်ပိုင်းကို ဇာတ်ထုပ်ကို ဟောလေ့ရှိသည်။ တေးသံသွင်းများက အရောင်းသွက်သည့် ဇာတ်ထုပ်ကိုသာ သွင်းယူဖြန့်ချိကြသောကြောင့် အချို့က သီချင်းဆိုပြီး ငိုနေတဲ့ ဘုန်းကြီး ဟု အထင်လွဲကြသည်။ ထို့ကြောင့် ဆရာတော်က တရားခွေများအား မိမိမသိဘဲ မဖြတ်တောက်၊ မဖြန့်ချိကြဖို့ မေတ္တာ ရပ်ခံခဲ့ရသည်။ နောင်တွင်တော့ ဆရာတော်နှင့် ဦးဝဏ္ဏတို့ တည်းဖြတ်ပေးပြီးမှသာ တစ်နိုင်ငံလုံးကို ဖြန့်ချိခွင့်ပြုခဲ့သည်။ ၎င်းနောက်မှာတော့ အထက်မြန်မာပြည် အောက်မြန်မာပြည် တရားပွဲများ အားလပ်ရက်မရှိ ဟောကြားရတော့၏။💫💫💫


ထိုသို့ တရားပွဲများ လှည့်လည် ဟောကြားနေရင်းက ဆရာဖြစ်သူ ဆရာတော် ဦးဝဏ္ဏ ပျံလွန်တော်မူသည့် သီတင်းကို စို့နင့်ကြေကွဲစွာ ကြားသိရသည်။ ထို့ကြောင့် ကြာနီကန်ရွာသို့ ချက်ခြင်း ပြန်လာခဲ့ပြီး ဦးဝဏ္ဏ၏ အန္တိမဈာပနကို ဇာတ်သဘင်၊ အငြိမ့်များဖြင့် တခမ်းတနားပြုလုပ်သည်။ အရိုးတော်များကို ရွှေလောင်းတောင်ပေါ်တွင် ဂူဘုရားအဖြစ် တည်ထားသည်။ ထို့နောက်မှာတော့ ကြာနီကန်ကျောင်းတိုက်၏ ကျောင်းထိုင်ဆရာတော်တစ်ပါး ဖြစ်လာခဲ့သည်။💐💐💐


သည့်နောက်တွင် ဆရာတော်၏ အောင်မြင်မှုမှာ အထွဋ်အထိပ်သို့ ရောက်ရှိလာခဲ့သည်။ စိန်အောင်မင်း၊ စိန်မာဒင်၊ ဒဂုန်အောင် စသည့် ဇာတ်၊ ရုပ်သေးများဖြင့် ယှဉ်ပြိုင်ဟောကြားသော်လည်း မည်သည့်အခါမှ ရှုံးလေ့မရှိဘဲ နိုင်သည်ချည်းဖြစ်သည်။ ပရိသတ်မှာလည်း တရားပွဲမို့ ငြီးငွေ့သွားသည်မရှိဘဲ ဇာတ်ရုံထရံများ ဖွင့်ပေးရသည်အထိ ကြိတ်ကြိတ်တိုး များပြားခဲ့သည်။ မြင်းခြံမြို့ ၁၂ မုဒ်စေတီတွင် ကနက်စိန်ဇာတ်နှင့် သူ့ဟွန်းသံကိုယ်ကြား၊ ကိုယ့်ဟွန်းသံ သူကြား မျက်နှာချင်းဆိုင် ဟောရသည်။ ဆရာတော် ဟောနေစဉ် ကနက္စိန္ဇာတ္ကဒက်..ဒက်ဒက် ဒုန်း ဆိုတဲ့ ပြဇာတ်တိုက်ပွဲ ပစ်ခတ်သံတွေ ဆူညံစွာထွက်လာပြီး ဇာတ်ရုံထက်သို့ မီးခိုးလုံးကြီးများ တက်တက်လာသည်။ အတိုင်းသား ကြားနေရ၍ တရားနာပရိသတ်မှာ ဟိုဘက်စိတ်ရောက်သွားကြသည်။ ဆက်ဟော၍ မဖြစ်တော့မှန်း သိလိုက်တဲ့ ဆရာတော်က ကဲ ခင်များတို့ ပြဇာတ် နားထောင်ချင် နားထောင်လိုက်ကြဦး၊ ကျုပ် မောလို့ ခဏနားဦးမယ် ဟု အချိုသပ် ရပ်ပေးလိုက်သည်။ ထိုသို့ ရပ်ပေးခြင်းမှာ အကြောင်းရှိသည်။ တဝုန်းဝုန်းနှင့် ခွဲနေသော ဗြောက်အိုးတစ်လုံးလျှင် ရှစ်ကျပ်တန်သည်။ အကုန်အကျများ၍ ကြာကြာ မပစ်နိုင်မှန်း ဆရာတော်က သိပြီးဖြစ်သောကြောင့် ခဏရပ်ပေးလိုက်ခြင်းဖြစ်သည်။ အတန်ကြာသောအခါ တွက်ထားသည့်အတိုင်း အသံတွေ ငြိမ်သက်သွားသည်။💫💫💫


ထိုအချိန်ကို စောင့်နေသည့် ဆရာတော်က တရားပွဲ ပြန်စကာ အမှောင်ဘဝ သူ့နောင်တတရားမှ မယား၏ နှင်ထုတ်ခြင်းကို ခံရရှာသည့် မောင်သံယောဇ၏ ငိုပုံအား စွဲစွဲငင်ငင် အသံအားကောင်းကောင်းနှင့် ဤသို့ ငိုလေတော့သည်။ ရှုမဝတဲ့ အခါမှာ သုတ ခင်ကညာ မယဉ်ကျေးလိုက်ပုံက နောက်မှတွေ့တဲ့ လင်ငယ်လေးကို အားရေစဖို့ လင်ကြီးမောင် ဗျာပါပွေရအောင် ဟေး.မယ်သုတရဲ့ နှင်ရက်လေအားနှင်ရက်လေအား။ ဆိုပြီး ချွဲချွဲပစ်ပစ် ငိုချင်းလေး ဟစ်လိုက်သည်ဆိုလျှင်ပဲ ဟာဟေ့ကောင်တွေ ဘုန်းကြီးလည်း ငိုသဟ ဟု ဆို၍ ဇာတ်ရုံထဲက လူတွေ အလုအယက် ပြေးထွက်လာကြရာ တရားပွဲရုံကြီးပင် ပြည့်လျှံသွားတော့သည်။ ဆရာတော်က ဆက်၍ ငိုသည်။ တွေးဆလို့ ရှု့လိုက်ပါဦး မယ်သုတရဲ့လေးဝါစု ဆိုတာဟာ အပါယ္ဘုံ ဒုဂ္ဂတိလမ်းပေမို့.ကြည့်စမ်းကွယ် ကျုပ် တကယ် သွားရမယ်တဲ့ ..အမယ် မင်း တွေးဆလို့ သနား .သနား.. ဟု ဆရာတော် ကိုယ်တိုင်ရေးငိုချင်းသံကို ကြားရသော ပရိသတ်များမှာ ငိုနေသည့်ပါးစပ်အား ကြည်လို၍ ရှေ့သို့ တိုးကာ တိုးကာတက်လာကြလေသည်။ အံ့ဖွယ်ဆရာတော်ပါပေ။ အလွမ်းဇာတ်သိမ်း မမငြိမ်း (ပဋာစာရီ) တရားကို ဟောကြားစဉ်က အလွမ်းတွေကို ပစ်စလက်ခတ်သုံးပြီး ဟောကြားရာ ပရိသတ်အလယ်က အမေကြီးတစ်ဦးသည် သားဇဋိလ ဟု အော်ခေါ်ပြီး တက်လာသည်။ ဆရာတော်လည်း မိမိဘွဲ့ခေါ်သံကြား၍ ဘာဖြစ်ပါလိမ့် အရင်ဘဝက မိခင်ဟောင်းလား ဟု တွေးကာ တရားပွဲခဏ ရပ်ပေးလိုက်ရသည်။ မေးမြန်းစုံစမ်းကြည့်ကာမှ မကြာသေးမီက ပျံလွန်တော်မူသွားသည့် သူ့သားပဉ္ဇင်း အရှင်ဇဋိလကို သတိရပြီး အလွမ်းဓာတ်ခံဖြင့် ထငိုခြင်းဖြစ်ကြောင်း သိရလေသည်။💐💐💐


ဆရာတော်သည် ဤသို့ တရားနာပရိသတ် လွမ်းအောင်၊ သနားအောင် ဆွဲဆောင် ဟောနိုင်သလို တဝေါဝေါ ပွဲကျအောင်လည်း ဟောစွမ်းနိုင်သည်။ ဆရာတော်၏ ဟောပြောမှုစွမ်းရည်ကြောင့် ပရိသတ်၏ ရယ်မောသံမှာ ဝေါကနဲ၊ ဝေါကနဲ ထွက်ထွက်လာသည့် အသံကြားပြီး ဇာတ်သဘင် အတီးသမားများမှာ ဟိုခေါက်၊ သည်တီးနှင့် အယောင်ယောင် အမှားမှားတွေ ဖြစ်နေ၍ ဟွန်းဘက်ပြောင်းပေးရန် လာတောင်းပန်ကြရသည့် ဇာတ်သမားများ အများအပြားရှိလေသည်။ တော်တန်ရုံ ဇာတ်လောက်ကတော့ ကြာနီကန်ဆရာတော်က လိမ့်ထွက်သွားအောင် ဟောနိုင်သည်။ ဆရာတော် ဟောသံကို နားထောင်ရုံဆိုလျှင် လည်ပင်းကြော ထောင်အောင် အော်နေသည် ဟု အထင်မှားတတ်ကြသော်လည်း တကယ်တမ်းမှာ မပင်မပမ်း ပါးစပ်လှုပ်ရုံသာ ဟောသည်မို့ ဘယ်လောက်ဟောဟော မောပမ်းသွားသည်မရှိပေ။💫💫💫


ထိုသို့ ဟောကြားနေရင်းက အမြင်မတူသူတို့၏ နှောက်ယှက်မှုကိုလည်း ကြုံရသည်။ တစ်ခါက အရက်၏ ဆိုးကျိုးများကို ကောင်းကောင်းကြီး ဟောကြားနေစဉ် အရက်သမားတစ်ယောက် ဝင်လာပြီး ကိုယ်နဲ့ မဆိုင်ဘဲနဲ့ သူများကို ဘာလို့ စော်ကားတာလဲဟု လက်ညှိုးထိုးလျက် ကြိမ်းလေသည်။ ရုတ်တရက်မို့ ကြာနီကန်ဆရာတော်က ရပ်လိုက်ရာ တရားပွဲမွာ တိတ်ဆိတ်သွားသည်။ လုံခြုံရေးများကို ဆွဲထုတ်၊ မောင်းနှင်ပစ်ကြဖို့လည်း ဆရာတော်က မခိုင်းဘဲ သည်တိုင်းသာ အသာကြည့်နေသည်။ အတန်ကြာသောအခါ ပရိသတ်ထဲက အမျိုးသမီးကြီးတစ်ဦး ထလာပြီး ထိုအမူးသမားအား ခေါ်ထုတ်သွားလေ၏။ ထိုအခါမှ တရားကို ဆက်ဟောခဲ့လေသည်။ နောက်တစ်ရက်တွင် ထိုအမူးသမားနှင့် သူ၏ မိခင်တို့ ဆရာတော့်ထံ လာတောင်းပန်သည်။ ငမူးမှာလည်း အမူးပြေနေပြီမို့ ဆရာတော်အား ရှိခိုးကန်တော့ကာ အရက်ကို နောင်မသောက်တော့ပါဟု လှူလေ၏။ ဆရာတော်ကလည်း ကြည်ကြည်ဖြူဖြူ ခွင့်လွှတ်ပေးခဲ့ပြီး နောင် ဤသို့ မပြုမိစေရန် ဆုံးမပေးလိုက်လေ၏။ ကြာနီကန်ဆရာတော်မှာ အရက်သမားနှင့် အကျိုးပေးသည် ဆိုရမည်။ မြင်းခြံမြို့မှ ကိုမောင်ငွေ ဆိုသော သူသည်လည်း အရက်မူးနေလျက်က ကြာနီကန်တရားကို ရှေ့ဆုံးက လာနာသည်။ ဆရာတော် ဟောသောအခါ အရက်သံနှင့် တင်ပါ့ လိုက်နေသည်မှာ တရားဆုံးသည်အထိပင်။ နောက်ရက်တွင် မူးကြောင်၊ မူးကြောင်နှင့် တင်ပါ့ လုပ်ရကောင်းလား ဟု ညီအစ်ကို၊ မောင်နှမတို့က ပြောဆိုကြရာ ရှက်လွန်းလို့ ဆိုပြီး ကြာနီကန်ဆရာတော်ထံ လာလျှောက်ကြားပြီး အရက်ကို စွန့်လှူသွားလေသည်။ ကြာနီကန်ဆရာတော်ထံတွင် ဤသို့ အရက်လာလှူသွားသူ အများအပြားရှိလေသည်။💐💐💐


ကြာနီကန်ဆရာတော်၏ တရားများသည် စာမတတ်သူနှင့် ကလေးသူငယ်တို့အတွက် အဓိကထား ဟောကြားသော တရားများဖြစ်သည်။ ထို့ကြောင့် အောက်ခြေ လှေကားထစ် ဓမ္မကထိက ဖြစ်ကြောင်း မကြာမကြာ ရိုးသားစွာ ဝန်ခံလေ့ရှိသည်။ ဘာသာခြားများပင် ကြာနီကန်တရားကို နာပြီး ဗုဒ္ဓအကြောင်း ကောင်းကောင်းသိခဲ့ရသည်။ ပြည်မြို့ ရွှေဆံတော်ခြေရင်းက လက်ဖက်ရည်ဆိုင် ပိုင်ရှင် ဦးမောင်နီဆိုသော ပေါက်ဖော်ကြီး တစ်ယောက်ရှိသည်။ ထိုပေါက်ဖော်ကြီးဆိုလျှင် ကြာနီကန်တရား မနာဖူးခင်က ဘုရားမသိ တရားမသိသလို ဘုန်းကြီးလည်း မရှိခိုးပေ။ ကြာနီကန်ဆရာတော်၏ တရားကို နာယူမိသောအခါ ကြိုက်လွန်းလို့ ရန်ကုန်အထိ တက်ပြီး တရားဇာတ်ထုပ်ပေါင်း ရှစ်ဆယ်ခန့်အထိ ဝယ်ကာ သူ့ဆိုင် လာသမျှ လူတိုင်းကို ကြာနီကန်တရား ဖွင့်ပြလေ့ရှိသည်။💫💫💫


တစ်နေ့ သူ့ဆိုင် လက်ဖက်ရည် လာသောက်သူတစ်ဦးက ဒီဆရာတော် သီချင်းဆိုပြီး ငိုနေတာ မဖွင့်ပါနဲ့ဗျာ ဟု ဆိုလာ၍ ပေါက်ဖော်ကြီးက မင်း ဝိပဿနာ တရားဆို နာမှာလားဟု မေးရာ ထိုလူက ဒီဘုန်းကြီး ဘယ်တုန်းက ဝိပဿနာ ဟောလို့လဲဟု သရော်လေသည်။ ထိုအခါ ပေါက်ဖော်ကြီးက ဒီမယ် တရားဆုံးအောင် နာရင် လက်ဖက်ရည်၊ မုန့်၊ ဆေးလိပ် အလကားတိုက်မယ် မင်း ဝိပဿနာ အခွေကို ဆုံးအောင် နာမလားဟု ပြန်မေးရာ အံမာ ဒီကိုယ်တော် ဝိပဿနာဟောရင် ဆုံးအောင် နာမယ်ဗျာဟု ဆိုလေ၏။ ထိုအခါ ပေါက်ဖော်ကြီးက ကြာနီကန်ဆရာတော် ဟောကြားထားသည့် သက္ကာယ ဒိဌိဖြုတ်ခန်း ဝိပဿနာ တရားကို ဖွင့်ပြလေ၏။ အတန်ကြာ နာယူပြီးသောအခါ ထိုလူက ကောင်းပါတယ်ဗျာ၊ ကျုပ်က ဒီလို မဟောဘူးမှတ်လို့၊ ကျုပ် အိမ်မှာ အလုပ်လေးရှိလို့ဟု ဆိုကာ ထရပ်လေသည်။ ပေါက်ဖော်ကြီးက ခင်များ ပြန်တော့မလို့လားမေးတော့ ပြန်တော့မယ်ဟု ဆိုသည်။ သည်တော့ ပေါက်ဖော်ကြီးက မုန့်ဖိုးက ဘယ်လောက်၊ လက်ဖက်ရည်ဖိုးက ဘယ်လောက်၊ ဆေးလိပ်ဖိုးက ဘယ်လောက်ဟု ပြောကာ ပိုက်ဆံတောင်းလေ၏။ ထိုလူက ခင်များပြောတော့ အလကားတိုက်မယ်ဆိုဗျဟု မေးရာ ဟုတ်တယ်လေ၊ မင်းမှ တရားဆုံးအောင် မနာတာ အဲတော့ ပိုက်ဆံပေးရမှာပေါ့ဟု ပြောကာ တောင်းယူလေ၏။ ပေါက်ဖော်ကြီး ရိပ်သာတစ်ခုသို့ တရားစခန်း ဝင်နေစဉ်ကလည်း လူကြီးတချို့က ကြာနီကန်ဆရာတော်ကို ဝေဖန်နေကြသည်ကို ပေါက်ဖော်ကြီး ကြားလိုက်ရသည်။💐💐💐


ကြာနီကန်ဆရာတော် တရားက သီချင်း ဆိုသံတွေနဲ့ ဆိုတော့ ကျုပ်တို့ ဝိပဿနာလုပ်ငန်းတွေ ခွကျကုန်တော့မှာပဲဟု ကြားသဖြင့် ပေါက်ဖော်ကြီး ဦးမောင်နီက မခံနိုင်ဘဲကြာနီကန်ဆရာတော်ကို အပြစ်မပြောကြပါနဲ့ဗျာ၊ ခင်များတို့ ရိပ်သာကို ကျုပ် တရုတ်မောင်နီရောက်လာတာ ကြာနီကန်ဆရာတော် တပ်ပေးလိုက်တဲ့ လှေကားနဲ့ ရောက်လာတာပါ၊ ကျုပ် က ဘုန်းကြီးလည်း မရှိခိုးဘူး၊ တရားလည်း မနာဘူး၊ ကြာနီကန်ဆရာတော် တရားနာပြီးမှ ဝိပဿနာ ကူးမယ်ဆိုပြီး ခင်များတို့ဆီ ရောက်လာတာ ၊ ခင်များတို့ ရိပ်သာ လူတစ်ယောက်တိုးတာ ကြာနီကန်ဆရာတော်ကြောင့်ပါ၊ ဒီလိုသာ ကြာနီကန်ဆရာတော်ကို အပြစ်ပြောနေမယ်ဆိုရင် ခင်များတို့ ရိပ်သာ လူတစ်ယောက် လျော့ပြီသာမှတ်၊ ကျုပ် ပြန်မယ် ဟု ဝင်ပြောပြီး ထပြန်မည်ပြုရာ ထိုလူတစ်စုက ဟာဗျာ ကြာနီကန်ဆရာတော်လည်း ဝိပဿနာ ဟောရင် တကယ် ကောင်းပါတယ်၊ အဆိုအငိုလေးတွေ နည်းနည်း လျှော့ရင် ကောင်းပါတယ်ဟု ပြောကာ ဝိုင်းတားကြလေ၏။💫💫💫


ကြာနီကန်ဆရာတော် ဤသို့ လျှမ်းလျှမ်းတောက် ကျော်ကြားလာသောအခါ အောင်မြင်သူတို့၏ ထုံးစံအတိုင်း မကောင်းသတင်းများ အလွှင့်ခံရသည်။ ကြာနီကန်ဆရာတော် လူထွက်သွားပြီ ဟု သတင်း အမျိုးမျိုး ထုတ်ခံရသည်။ ဇာတ်သဘင်များက ကြာနီကန်ဆရာတော်အား ပျက်လုံးများဖြင့် ထိုးဆွလာကြသည်။ ဆရာတော်အား အငြိမ့်မင်းသမီးတစ်ဦးနှင့် ပေးစား၍လည်း အပုပ်ချကြသည်။ ရန်ကုန်မြို့က သိန်းသုံးဆယ် ချမ်းသာသည့် မင်းသမီးတစ်ယောက်နှင့် ခိုးပြေးပြီ ဟုလည်း သတင်းအမှားများ ဖြန့်ကြသည်။ ထို့ပြင် ဇာတ်ရုံထဲမှာ ဖျာတစ်ချပ် သုံးဆယ်ကျပ်နှင့် ဟောစားနေသည်။ ကန်ထရိုက်တွေနှင့် လုပ်စား၊ ရိုက်စားလုပ်နေသည်ဟု အတင်းစကားအမျိုးမျိုးနှင့် ထိုးနှက် တိုက်ခိုက်ကြသည်။ သို့သော် ဆရာတော်မှာ စိတ်ဆိုးအမျက်ထွက်ခြင်း အလျင်းမရှိပေ။ မည်သူတွေ လုပ်ကြံသတင်းများ လွှင့်နေသည်ကို သိသော်လည်း အပြစ်တင်စကား မပြောကြားသလို တရားထဲ ထည့်၍လည်း ဘယ်သောအခါမှ မဟောခဲ့ပေ။ မိမိက ဘုန်းကြီးတန်နှင့် ငိုမိ၊ ဆိုမိလို့သာ အပြစ်ပြောခံရသည်ဟု နှလုံးသွင်းလျက် ခွင့်လွှတ်ပေးခဲ့သည်ချည်းဖြစ်သည်။ အသက်အားဖြင့်လည်း ၄၅ နှစ်ပြည့်ခဲ့ပြီမို့ လိုင်းပြောင်းပြီး အဆို၊ အငိုမပါ ပုံတိုပတ်စတို့ဖြင့်သာ ဟောရန် ဆုံးဖြတ်ချက် ချလိုက်သည်။💐💐💐


ဆိုတာ ငိုတာကို ကြိုက်သူနှင့် မကြိုက်သူတို့တွင် ကြိုက်သူက အပြတ်အသတ် ပိုမိုများပြားသည်။ ထိုကြိုက်သည့် အထဲတွင် မင်းကွန်းဆရာတော်ကြီးလည်း အပါအဝင်ဖြစ်သည်။ ဉာဏ်အကောင်းဆုံးသူအဖြစ် ကမ္ဘာ့မှတ်တမ်းဂင်းနစ်စံချိန်ဝင် မင်းကွန်းဆရာတော်ကြီးနှင့် မြင်းခြံမြို့တွင် တွေ့ဆုံခဲ့စဉ်က ဆရာတော်ကြီးက ဦးဇဋိလ ဆရာတော်တို့ကို အားနာပြီးတော့ မေဟာရဲ၊ မပြောရဲ မဖြစ်နဲ့၊ ဦးဇဋိလ ဟောတဲ့ တရားတွေဟာ ဓမ္မဓိဌာန်ကျပြီး လူငယ်လူရွယ်တွေအတွက် အောက်ခြေသိမ်းတွေ အများကြီးပါတယ်။ ဟောသာဟောပါ။ ဆရာတော်တို့က တိပိဋကဓရနှင့် ကိုက်ညီအောင် ပိဋကတ် တွေရွတ်ပြီး ပါဠိအတိုင်း မြန်မာပြန် ဟောနေရပေမဲ့ ပုံတိုပတ်စတွေနဲ့ ပေဒသာလို စုံနေအောင် ဟောလို့ မရပါဘူး။ ဦးဇဋိလလည်း ပါရမီထူးတဲ့ ပုဂ္ဂိုလ်ပါ။ ပါရမီထူးတဲ့အတိုင်း ရှေ့ဆက်ပြီး ဟောသာ ဟောပါ ဟု အားပေးတိုက်တွန်းခဲ့သလို ဆရာတော်၏ ဇာတိရွာသို့ပင် သုံးညဆက် တရားဟောရန် တောင်းဆို၍ လယ္တီဦးဝိလာသ က ရှေ့ပိုင်းဟောပြီး ပရိသတ်ထိန်းနိုင်သည့် ကြာနီကန်ဆရာတော်က နောက်ပိုင်းဟောအဖြစ် တာဝန်ယူ ဟောကြားပေးခဲ့ဖူးသည်။ မင်းကွန်းဆရာတော်ကြီးသည် အဆိုအငိုတို့ကို အားပေးခြင်းမဟုတ်ဘဲ ထိုအဆိုအငိုတို့ကြောင့် များစွာသော လူငယ်လူရွယ်တို့ ရတနာသုံးပါး၏ ကျေးဇူးကို သိရှိကိုးကွယ်လာရသောကြောင့် ဆိုးကျိုးထက် ကောင်းကျိုးများမှု့ကြောင့် ထိုသို့ အားပေးထောက်ခံခဲ့ခြင်း ဖြစ်ပေလိမ့်မည်။ တစ်ခါ မြင်းခြံမြို့မှာပင် ထူးကြီးဆရာတော်ကြီးနှင့် ဖူးတွေ့ရစဉ်က ဦးဇဋိလ အသံကောင်းတယ်ဆိုတာ အခုမြပဲ တွေ့ဖူးတော့တယ်။ ဘယ်နှစ်ဝါ ရှိပြီလဲ ဟု မေးသည်။ ကြာနီကန်ဆရာတော်က တပည့်တော် ဆရာတော်နှင့် တွေ့ရတာ ဝမ်းမြောက်ပါတယ်။ အသံကောင်းတယ်ဆိုပေမဲ့ တပည့်တော် ဟောနေတာတွေက ဓမ္မကထိကထဲမှာ အောက်ဆုံး လှေကားထစ်ပါဘုရား။ တရားပြဲ မလာချင်တဲ့ ကလေးတွေ တရားပြဲ ရောက်လာအောင်၊ ဘယ်တုန်းကမှ တရားမနာတဲ့ စာမတတ်တဲ့ ဒကာ၊ ဒကာမေတြ တရားပြဲ ရောက်လာအောင် ဆွဲဆောင်ပြီး ယခုလို တပည့်တော် ဟောရတာပါဘုရား။ တပည့်တော်က အရှင်ဘုရားတို့လို ပါဠိတွေကို ကျက်လည်း မကျက်နိုင်၊ ဟောလည်း မဟောနိုင်ပါဘူး ဘုရား ဟု မိမိကိုကိုယ် နှိမ့်ချစွာ လျှောက်သည်။ ထူးကြီးဆရာတော်က ဝမ်းမြောက်တယ် ဦးဇဋိလေရသာသနာကို ကိုယ်ပြုနိုင်တဲ့ဘက်က ပြုပါဗျာ။ ကျုပ်က ပါဠိတော်တွေ ကျက်ဟောနိုင်လို့ ဦးဇဋိလ မဟောနိုင်သလို ဦးဇဋိလလိုလည်း ကျုပ်က မေဟာတတ္ဘူး။ သာဓု သာဓု သာဓု ဟု သာဓုသုံးကြိမ်ခေါ်၍ ချီးကျူးတော်မူခဲ့သည်။ ပခုက္ကူမြို့တွင် အဘိဓဇမဟာရဌဂုရု ဘွဲ့တံဆိပ်တော်ရ ဘဒ္ဒန္တသုနန္ဒအား ဖူးတွေ့ရစဉ်ကလည်း ဆရာတော်ကြီးက နိုင်ငံကျော် ဓမ္မကထိက ကြာနီကန်ဆရာတော်ဆိုတာ မောင်ပဉ္ဇင်းလား ဟု မေးသည်။ တပည့်တော် ကျော်တာက ဗရွတ်ရွှတ်တ ကျော်တာပါဘုရား ဟု လျှောက်တင်သောအခါ အေးအဲလို ကျော်စောမှု တစ္ခု ရဖို့ဆိုတာ မလြယ္ဘူး။ ဘယ်နည်းနဲ့ ကျော်ကျော် ကျော်တဲ့ ပုဂ္ဂိုလ်ဟာ တော်တာပဲ။ ကျမ်းဂန်နှံ့စပ်ပေမဲ့ မောင်ပဉ္ဇင်းလို ပရိသတ်နားလည်အောင် ရေရေလည်လည် ဟောနိုင်တဲ့ ပုဂ္ဂိုလ် ရှားပါတယ်။ စာနဲ့ပတ်သက်လို့ ရှိရင် ပခုက္ကူ ဦးနေမိန္ဒ ( ဒုတိယ တိပိဋကဆရာတော်) တို့ကို အကူညီတောင်း၊ မရလို့ရှိရင်လည်း အခုဟောနေတာ သင့်ပါတယ် ဟု ထောက်ခံမိန့်ကြားသည်။

💫💫💫


ဒေသန္တရ၊ ဘာသန္တရ၊ ဂန္ထန္တရများနှင့်ပြည့်စုံတော်မူသော ရန်ကုန်မြို့၊ မြန်မာအာယုဗ္ဗေဒဆေးသိပ္ပံ၊ စေတီယင်္ဂဏ ဓမ္မာစရိယ (ဝဋံသကာ) ဘွဲ့ခံ အဌကထာပြန်အကျော် သိမ်ဖြူဆရာတော်ကြီးကလည်း ကြာနီကန်ဆရာတော်အား ဤသို့မိန့်ဖူးသည်။ ကြာနီကန်ဆရာတော်ကို အပြင်မှာ ဆုံတော့ မဆုံဖူးဘူး။ ဒါပေမဲ့ မနှစ်က ပဲခူး လိပ်ပြာကန်ဓမ္မာရုံ အလှူကြွရင်း ကြာနီကန်ဆရာတော်ရဲ့ တရားဖွင့်ထားလို့ နားထောင်ကြည့်တယ်။ ကြာနီကန်ဆရာတော်က အထက်တန်းသာသနာပြုခြင်းထက် အောက်တန်းက ကေလးသူငယ္မ်ားအား သာသနာပြုပေးခြင်းကို အလွန်အားပေးသော ပုဂ္ဂိုလ် ဖြစ်တယ်။ တနည်းအားဖြင့် အခြေခံကျကျ အုတ်မြစ်ကစပြီး သာသနာပြုတဲ့ ပုဂ္ဂိုလ် တစ်ပါးပါပဲ။ တို့လို အကြားအမြင် များပြီးသား ပုဂ္ဂိုလ်များနဲ့တော့ အံမဝင်ဘူး၊ ကလေးသူငယ်များနဲ့တော့ လြန္စြာ အံဝင်တာပေါ့။ ဒီကလေးတွေကို မုန့်ကျွေးပြီး သာသနာပြုရတယ် မဟုတ္လား။ သူကေတာ့ မုန့်မကျွေးဘူး၊ နှုတ်နဲ့ကျွေးပြီး သာသနာပြုတယ်လို့ ဆိုရမှာပေါ့။ ငါ အဲဒီလိုပဲ မှတ်ချက်ချမိတယ် ဟူ၍ ဖြစ်သည်။ မန္တလေး အနောက်ပြင် အဘယာရာမ ကျောင်းတိုက် သက်သီဟ ဓမ္မာစရိယ ဦးသီလာနန္ဒကလည်း ကြာနီကန်ဆရာတော်ဟာ တစ္ဘာသာ ထွင်ပြီး ဟောနိုင်တာ ဂုဏ်ယူပါတယ် ဟု မိန့်ကြားခဲ့ဖူးသည်။💫💫💫


ကြာနီကန်ရွာ ကျောင်းတိုက်တွင် ကြာနီကန်ဆရာတော်၏ မယ်တော်ကြီး အဘွားဒွန်း (၇၈)နှစ်သည် ဆရာတော်စီစဉ်ပေးထားသည့် သူနေထိုင်ရာ ဇရပ်ဆောင်အတွင်း၌ ဘုရားရှိခိုး၊ မေတ္တာပို့ပြီး ဘာဝနာပွားနေစဉ် သားတော်မောင် ဦးဇဋိလ၏ ဂျစ်ကားဝင်လာသံ ကြားလိုက်ရသည်။ ထို့နောက် မိမိကို ယခင်လို လာရောက် နှုတ်မဆက်ဘဲ သီတင်းသုံးရာ အဆောင်သို့ တန်းကြွသွားသံလည်း ကြားလိုက်ရသည်။ အဘွားဒွန်းလည်း ထကြည့်မနေတော့ဘဲ စိတ်မှန်းဖြင့်သာ ရှိခိုးပြီး အိပ်လိုက်တော့သည်။ ထိုည ( ၁၄.၅.၇၈ ) နံနက် အရုဏ်မကျင်းမီအချိန်တွင် ကြာနီကန်ဆရာတော် ဦးဇဋိလကိုယ်တိုင် အသံချဲ့စက်ဖြင့် ကျေးရွာရှိ သူတော်ကောင်းအပေါင်းတို့၊ အချိန်မီ နံနက်စောစော ကျောင်းတိုက်သို့ လာရောက်ကြပါရန် ဖိတ်ခေါ်အပ်သည်။ အထူးတိုင်ပင်စရာလည်း ရှိသည်။ မလာမဖြစ် လာဖြစ်အောင် လာခဲ့ကြပါရန် နှိုးဆော်အပ်သည် ဟု ကြည်လင်ပြတ်သားစွာ ဖိတ်ခေါ်လိုက်သည်။ ထိုအသံကို ရွာသူရွာသားများ ကြားရသောအခါ ဘာများ အရေးတကြီး ဖြစ်ပါလိမ့် ဟု တွေးကာ ချက်ချင်း ရောက်လာကြသည်။ ရောက်လာကြသော်လည်း ကျောင်းတော်ကြီးမှာ တိတ်ဆိတ်လျက်ရှိနေ၍ နားမလည်နိုင်အောင် ဖြစ်သွားကြသည်။ တော်တော်ကြာ ထိုင်စောင့်နေကြသော်လည်း ကျောင်းတံခါးတွေ ပွင့်မလာသေးပေ။ မစောင့်နိုင်သည့် အဆုံးကျမှ ကျောင်းတံခါးထုပြီး ဖွင့်ခိုင်းရသည်။ ဦးပဉ္ဇင်းများ နိုးလာပြီး တံခါးဖွင့်လိုက်သောအခါ လူအုပ်ကြီးကို မြင်ပြီး အံ့အားသင့်သွားသည်။💐💐💐


ဒကာကြီးတို့ ဘာဖြစ်လို့လဲ ဟင်တပည့်တော်တို့က မေးရမှာ ဘုရား၊ ဆရာတော် ပြန်ရောက်ပြီဆို၊ ဘယ်မှာလဲ။ အသံချဲ့စက်နဲ့ ရွာသားတွေ ခေါ်တာရော ဘာထူးလို့လဲ ဦးပဉ္ဇင်းများ ဘာဖြေလို့ ဘာပြောရမှန်း မသိဖြစ်သွားသည်။ လူအုပ်ကြီးက တဖြည်းဖြည်း ပိုများလာပြီး မျက်လုံးများက ဆရာတော်ကို လိုက်ရှာကြည့်နေကြသည်။ သို့သော် ဆရာတော်၏ အရိပ်အယောင်မျှ မတွေ့ရ။ ထိုစဉ် မယ်တော်ကြီး အဘွားဒွန်းက လူအုပ်ကြီးကို တွေ့ပြီး အောင်မယ်ဒီနေ့ ဥပုသ်နေ့ကိုး။ တို့ဖြင့် ရက်တောင် မေ့နေလိုက်တာ မပြောချင်ပါဘူး ဟု ဆိုလိုက်သည်။ ဆရာတော်၏ အစ်မလတ် စိတ္တဇဝေဒနာသည် ဒေါ်လှဖွေးကလည်း ဒီနေ့ ကျောင်းထဲ ပွဲရှိတဲ့ အတိုင်းပဲ၊ စည်ကားလှပါလားဟု ဆိုပြန်သည်။ ဆရာတော်ရဲ့ညီ ကိုစိုးရှင်က လူသံများကြောင့် နိုးလာပြီး ဘာဖြစ်ကြတာတုံးဗျ။ ဆူဆူပူပူနဲ့ ဘုန်းကြီးပျံပွဲ အငြိမ့်ခံနေတာကျလို့ဗျာဟု ဆိုလည်းဆို ဘုန်းကြီးဦးဝဏ္ဏ၏ ဈာပနတုန်းက မဗေဒါအငြိမ့် ဧယဉ်ကျူးခွေအား အသံချဲ့စက်မှ ဖွင့်ချလိုက်သည်။ ဥက္ကဋ္ဌ ဦးကြီးငွေ ဆူလိုက်မှ ပြန်ပိတ်သွားသည်။ လူအုပ်ကြီးက အဘွားဒွန်းထံသွား၍ မနေ့ညက ဆရာတော် ပြန်ကြွလာပြီဆို ဆိုပြီး မေးကြသည်။ ကျုပ် ဘယ်သိမလဲ၊ မောင်တို့ ဆရာတော်ကို မေးကြည့်ပေါ့။ ညက ကားနဲ့ ပြန်လာပြီပဲဟာ၊ ခုထိ ကျိန်းနေတုန်းလား။ ဒကာ၊ ဒကာမတွေ စုံလို့ ၈ နာရီ၊ ၉နာရီလောက်တောင်ရှိနေပြီ၊ နှိုးလျှောက်ကြည့်ပါလား။ ဒီအပတ် ဘာစိတ်တိုင်း မကျ ဖြစ်လာတယ် မသိပါဘူး။ ကားဝင်လာသံ ကြားပြီး သူ့ကျောင်းဆီ တိုက်ရိုက် ဝင်သွားသံ ကြားလိုက်ရတယ်။ ကျုပ်လည်း ထမကြည့်ဘဲ စိတ်ထဲက မှန်း ကန်တော့လိုက်ပါတယ်။ အနန္တငါးပါး လက်ကိုင်ထားဟောတဲ့ တော်တို့ရဲ့ နိုင်ငံကျော် ကိုယ်တော်ကြီးကလည်း စိမ်းကားတတ်လာပြီ ဟု ဆိုသဖြင့် လူအုပ်ကြီးမှာ ပို၍ အံ့အားသင့်သွားသည်။ ဆရာတော် သီးသန့် သီတင်းသုံးရာ ကျောင်းဆောင် သွားကြည့်တော့လည်း အပြင်က သော့ခတ်ထားသည်။ တစ်ခုခု ထူးခြားနေပြီမှန်း သိလာကြသည်။💫💫💫


ထိုအချိန်တွင် ကားတစ်စီး ကျောင်းထဲသို့ ဝင်လာသည်။ ကားပေါ်တွင် ဆရာတော်၏ တပည့်ရင်းများ ဖြစ်ကြသည့် ကိုဦးခင်နှင့် ကိုလှရွှေတို့ပါလာသည်။ မျက်စိမျက်နှာ မကောင်းကြဘဲ မယ်တော်ကြီးကို မြင်ရသောအခါ ချုံးပွဲချ ငိုကြတော့သည်။ ပြီးတော့ ဆရာတော် မနေ့ညနေက ချောက်အထွက် ထနောင်းသုံးခွ အရောက် ကားမှောက်ပြီး ပျံလွန်တော်မူသွားပြီဗျ။ ချောက်ဆေးရုံမှာ ခွဲစိတ်ပြုပြင်ပြီး ကားနဲ့ တပါတည်းယူလာတယ်ဟု ပြောလိုက်လျှင် ကြားရသူလူအုပ်ကြီးမှာ ငိုကျွေးကြလေ၏။ ဆရာတော်ညီ ကိုစိုးရှင်မှာ ရင်ဘတ်စည်တီး၍ အဆိုးဆုံးဖြစ်သည်။ အဘွားဒွန်းကား သားပဉ္ဇင်း၏ ဟောတရားကို အပြည့်အဝ ရထား၍ ထင်သည် လုံးဝ မငိုပေ။💐💐💐


သို့နှင့် ကြာနီကန်ဆရာတော်၏ ဈာပနသတင်းသည် ကြေးမှုံသတင်းစာတွင်ပါလာရာ တစ်ပြည်လုံး သိရှိသွားကြပြီး ရဟန်းရှင်လူအပေါင်း လွန်စွာဝမ်းနည်း နှမျောတသကြလေသည်။ ဆရာတော်အား မကြိုက်နှစ်သက်သူများပင် အဆိုအငို မဟောတော့ခါမှ ပျံလွန်တော်မူရလေခြင်းဆိုပြီး ရဟန်းရှင်လူ အားလုံးက ဝမ်းနည်းကြေကွဲမိကြလေသည်။💫💫💫


သို့နှင့် နိုင်ငံကျော် ဓမ္မကထိက ကြာနီကန်ဆရာတော် ၄၆ နှစ်၏ ရုပ်ကလာပ်တော်အား ၁၃၄၀ ပြည့်နှစ်၊ ဝါဆိုလဆန်း ၅ ရက်နေ့၊ ညေန ၃ နာရီအချိန်တွင် သုံးရက်တိုင်တိုင် နှစ်သောင်းခုနှစ်ထောင် အကုန်အကျ အခမ်းအနားကျင်းပ၍ လူတစ်သောင်းကျော်တို့ လိုက်ပါပို့ဆောင်ကာ ဆရာတော်ဦးဝဏ္ဏသင်္ဂြိုဟ်ရာ ကျောက်ကလာပ်မှာပင် ဆရာတော်ကိုယ်တိုင် မပျောက်စေနဲ့ မှာထားခဲ့သော ထင်းများဖြင့် မီးသင်္ဂြိုဟ်ခဲ့လေသည်။ အရိုးအိုးကိုကား ရွှေလောင်းတောင်ပေါ်တွင် တင်ထားလေသည်။💐💐💐


ဆရာတော်၏ ဈာပန စီစဉ်နေဆဲကာလတွင် ကားပေါ်မှ အတူပါလာသူများက လုပ်ကြံလို့ ပျံလွန်တော်မူကြောင်း သတင်းများထွက်ပေါ်လာသည်။ ဆရာတော်သည် တရားပွဲတစ်ပွဲလျှင် အလှူငွေ ထောင်ချီရသလို ဘဏ်တွင်လည်း နှစ်သိန်းကျော်အပ်ထားကြောင်း သိရသည်။ အတူလိုက်ပါလာသူများက ငွေမက်၍ ဆရာတော် ကျင်ငယ်စွန့်နေခိုက် ကားစက်နှိုးတံဖြင့် ရိုက်သတ်ပြီးနောက် ကားဖြင့် ဆရာတော်အပေါ် တက်ကြိတ်ကာ ကားမှောက်လေဟန် ဖန်တီးကြကြောင်း။ ဘယ်လိုပင် ပိရိစွာ လုပ်ဆောင်ကြသော်လည်း မျက်မြင်သက်သေ နွားကြောင်းသားတစ်ဦးက ဖော်ထုတ်၍ အမှုတစ်ခုလုံး ပေါ်လာကြောင်း။ လုပ်ကြံသူများက နွားကြောင်းသားလေးကို နှုတ်ပိတ်ခ ငွေတစ်ထောင်ပေးခဲ့ကြောင်း။ စသည်စသည်ဖြင့် သတင်းများ ပေါ်ထွက်လာသည်။💫💫💫


ထိုသတင်းများကို စုံစမ်းရန်အတွက် သရက်မြို့နယ်သတင်းထောက် ကိုမောင်မောင်ဇော်သည် ချောက်မြို့သို့ သွား၍ ဓာတ်ပုံမှတ်တမ်း ရိုက်ကူးပေးသော ချောက်မြို့ မျိုးမြန်မာဓာတ်ပုံတိုက်မှ ဦးသက်၊ ဆရာတော်အား ခွဲစိတ်စစ်ဆေးရသော ချောက်မြို့ ပြည်သူ့ဆေးရုံမှ တာဝန်ရှိသူများ။ ဆရာတော်အမှုကို စစ်ဆေးရသော ချောက်မြို့ အမှတ် (၁)ရဲစခန်းမှ စခန်းမှူးကြီး ဦးကျင်စမ်းတို့ကို တွေ့ဆုံ မေးမြန်းခွင့်ရခဲ့သည်။ စခန်းမှူး ဦးကျင်စမ်းက သူ၏ စစ်ဆေးတွေ့ရှိချက်များကို ဓာတ်ပုံ (၁၂) ပုံဖြင့် ဤသို့ရှင်းပြပေးသည်။💐💐💐


ဆရာတော်၏ ဂျစ်ကားသည် လမ်းကောင်းသဖြင့် တစ်နာရီ ၃၀ မှ ၃၅ မိုင်နှုန်းဖြင့် မောင်းနှင်လာခဲ့သည်။ ထနောင်းကွေ့သို့ ရောက်သောအခါ ကွေ့မည်အပြုတွင် ရော့တံပြုတ်ပြီး ယာဘက်သို့ အရှိန်ပြင်းပြင်းနှင့် ဆွဲဆင်းသွားသည်။ ကားဆင်းသွားသော ဘီးရာများ အထင်းသား ပေါ်သွားသည်။ ထိုသို့ ဆင်းသွားသော်လည်း မြေပြင်မှာ ညီညာနေ၍ ရှေ့မှ ချုံနွယ်များဖြင့် တိုက်မိပြီး ရပ်တန့်သွားရန်သာရှိသည်။ သို့သော် ကံဆိုးချင်တော့ အရှိန်နှင့် ပြေးလာသော ဂျစ်ကားသည် ရေမြောင်းကို ခေါင်းစိုက်ပြီး ကျွမ်းပြန်လျက် တိမ်းမှောက်သွားတော့သည်။💫💫💫


ကားမှောက်ပြီး ၁၀ မိနစ်ခန့်တွင် ခရီးသည်တင် ကားတစ်စီးရောက်လာပြီး ကားပေါ်တွင် ပါလာသော မကွေးတပ်မတော် ထောက်လှမ်းရေးမှ တပ်ကြပ်ကြီး ချစ်လှိုင်က ဦးဆောင်၍ ဆရာတော်နှင့် ဒဏ်ရာရသူများကို ချောက်မြို့ ဆေးရုံသို့ ပို့ဆောင်ပေးလေသည်။ သို့သော် ဆရာတော်သည် ဦးခေါင်းထိခိုက်မိ၍ နှာခေါင်း သွေးထွက်ပြီး ဦးနှောက်အတွင်း သွေးထွက်သည့်ဒဏ်။ နံရိုးငါးချောင်း ကျိုးသည့်ဒဏ်။ တံတောင်ဆစ် အရိုးကျိုးသည့်ဒဏ်။ ယာဘက်ပေါင် ကျိုးသည့်ဒဏ်တို့ကို ပြင်းပြင်းထန်ထန် ရရှိခဲ့တာကြောင့် လမ်းမှာပင် ပျံလွန်တော်မူခဲ့လေတော့သည်။💐💐💐


ဆေးရုံပေါ်ရောက်သောအခါ ဆရာတော်ရုပ်ကလာပ် ပြန်လည်သယ်ယူရန် ဆရာတော်မှာ ငွေတစ်ပြားမှ မပါတော့ပေ။ ထို့ကြောင့် ဆေးရုံဝန်ထမ်းများနှင့် လူနာများက စုပေါင်းလှူဒါန်းကြ၍ ၂၅၀ ကျပ်ရရှိခဲ့သည်။ ထိုငွေဖြင့် မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ ကြာနီကန်ရွာသို့ ပြန်လည် ပင့်ဆောင်ခဲ့ကြခြင်း ဖြစ်သည်။ စခန်းမှူးကြီးက ဤသို့ ဓာတ်ပုံမှတ်တမ်းထဲမှ ကားဘီးရာများနှင့်တကွ စေ့စေ့စပ်စပ် ရှင်းပြသည်။ ရိုက်ကူးထားသော ဓာတ်ပုံများကို ကြည့်၍ လုပ်ကြံခြင်း ဟုတ်မဟုတ် သဲလွန်စ သိနိုင်ကြောင်း ယခုအမှုက လုပ်ကြံခြင်း မဟုတ်ကြောင်း အခိုင်အမာ ပြောဆိုသွားသည်။ ဤသို့ဖြင့် လုပ်ကြံသတင်းများလည်း ငြိမ်သက်သွားလေတော့၏။

🌾🌾🌾🌾🌾🌾🌾🌾🌾🌾

Thursday, May 8, 2025

❝ အေးငြိမ်းသီတာ ❞

 ❝  အေးငြိမ်းသီတာ ❞ 




     အေးငြိမ်းသီတာ ဆေးဝါးထုတ်လုပ်သူ ဦးတင်မောင်ကြည်နဲ့ ရင်းနှီးခဲ့ကြတာ ၁ဝ နှစ်ကျော်ပါပြီ။ တိုင်းရင်းဆေးပညာဦးစီးဌာနမှာ တာဝန်ထမ်းဆောင်နေတဲ့ ကျွန်တော့်ညီနဲ့ပတ်သက်ပြီး သူတို့မိသားစုနဲ့ ခင်မင်သွားခဲ့တာ။ မုံရွာမြို့ကိုရောက်တဲ့အခါ တစ်ခါတစ်ရံ အေးငြိမ်းသီတာ ဆေးဝါးထုတ်လုပ်ရေးစက်ရုံကို ကျွန်တော်သွား လည်လေ့ရှိတယ်။


     ယခုတစ်ခေါက် မုံရွာကိုရောက်လို့ အေးငြိမ်းသီတာ စက်ရုံကို သွားလည်တော့ အလွန်သိသိသာသာတိုးတက် ပြောင်းလဲနေတာကိုတွေ့ရတယ်။ စက်ရုံအတွင်းထဲ အထိ ဝင်ကြည့်တဲ့အခါ သိပ္ပံရုပ်ရှင်ကားတွေထဲက ဓာတ်ခွဲခန်း တွေမြင်ရသလိုပဲ။


      စက်ရုံအတွင်းမဝင်မီ အဝတ်အစားလဲလှယ်ခန်းမှာ ဆရာဝန်တွေဝတ်တဲ့ ဂျူတီကုတ်လို အပေါ် အင်္ကျီကို ဝတ်ရတယ်။ နှာခေါင်းစည်း တပ်၊ ဆံပင်ကို ဦးထုပ်နဲ့ သိမ်းပြီးဆောင်းရတယ်။ ပြီးတော့ ပြင်ပမှာစီးလာတဲ့ ဖိနပ်ကို စက်ရုံတွင်းစီးဖိနပ်နဲ့ လဲလှယ်ပြီးစီးရတယ်။ ပုံစံ က ခွဲစိတ်ခန်းဝင်မယ့် ဆရာဝန်လိုလို။ စက်ရုံအဝင်ပေါက်ဝမှာ အခန်းလေးတစ်ခန်းထဲဝင်ရပြီး ကျွန်တော်တို့ ခန္ဓာကိုယ်မှာ ကပ်ငြိပါလာတဲ့ ဖုန်အမှုန်အမွှားတွေကို လေနဲ့ မှုတ်၊ စုပ်တယ်။ လေချိုးသန့်စင်ပြီးမှ စက်ရုံတွင်း ဝင်ရတယ်။ ဆေးဝါးစပ်ပုံ၊ ကြိတ်ပုံ၊ ရောနှောမွှေပုံ၊ ဆေးတောင့်၊ ဆေးပြားလုပ်ပုံတွေကလည်း ခေတ်မီစက်တွေနဲ့ဖြစ်နေတယ်။ စက်တွေ၊ အခန်းခန်း အဆောင်ဆောင်တွေက စတီးရောင်၊မှန်ရောင်တွေနဲ့ ဝင်းလက်နေ ပါတယ်။


      တိုင်းရင်းဆေးဝါးဆိုရင် သံဆုံကြီးတွေနဲ့ထောင်းပြီး ရောင်းတဲ့ လျှက်ဆားလောက်သာ တွေ့မြင်ဖူးသူဆိုရင် တော့ အေးငြိမ်းသီတာဆေးဝါးထုတ်လုပ်ရေးစက်ရုံကို ရောက်သွားရင် ကိုယ့်မျက်စိကို ကိုယ် ယုံမှာတောင် မဟုတ်ဘူး။ စက်ရုံတွင်းကို လှည့်လည်ကြည့်ရှုပြီးနောက် ဧည့်ခံဆောင်မှာ အတူတူထိုင်ပြီး ဆရာဦးတင်မောင်ကြည် ကြိုးပမ်းလျှောက်လှမ်းလာခဲ့ရတဲ့ ဘဝလမ်း ကြောင်းကို ပြန်ပြောင်းကြည့်ဖြစ်ကြတယ်။ ဆရာနဲ့ အတူ ဆရာကတော်ဒေါ်လှနှင်းလည်း ရှိနေတယ်။


“ မိဘတွေက တောင်သူတွေ…ကျွန်တော့်မွေးတဲ့အချိန် စစ်ကြီးပြီးစဆိုတော့ ရွာမှာဓားပြတွေတိုက်တယ်…ဒါကြောင့်မိဘတွေက မုံရွာပြောင်းလာပြီး ပွဲရုံဖွင့်တယ်…ကျွန်တော်ငယ်ငယ်က ရွာမှာကျောင်းမနေခဲ့ရဘူး…အသက်တော်တော်ကြီးမှ ကျောင်းနေရတာ…၁၉၅၄ ခုနှစ်မှာ ဆယ်တန်းအောင်တယ်…ငယ်ငယ်က ရည်မှန်း ချက်က ဆရာဝန်လုပ်ဖို့…ဆယ်တန်းအောင်တော့ ရန်ကုန်သွားပြီး တက္ကသိုလ်တက်တယ် ”


“ ဘာကြောင့် ဆရာဝန် ဖြစ်ချင်တာလဲ…ကိုယ့်ပတ်ဝန်း ကျင်မှာ…အားကျစရာရှိလို့လား ”


“ အဲဒီတုန်းကလဲ ခုခေတ်လိုပါပဲ…ဆရာဝန်လိုင်းက အကောင်းဆုံးအနေအထားမို့ပါ ”


“ ဘာကြောင့် …ဆရာဝန်မဖြစ်တာလဲ ”


“ ၁၉၅၇ခုနှစ်မှာ မုံရွာကို မီးကြီးလောင်တယ်…ကျွန်တော့်အဖေတို့ရဲ့ကုန်တွေရော ဂိုဒေါင်တွေရော ဆုံးရှုံးတာ…ဒါနဲ့ ကျောင်းဆက်မတက်နိုင်ဘဲ ပြန်ခဲ့တာ…အဲဒီ အချိန်မှာ ဒေါ်လှနှင်းနဲ့ အိမ်ထောင်ကျနေပြီ ”


"အိမ်ထောင်ကျတာ …ဘယ်နှခုနှစ်မှာလဲ"


    မေးတော့ ဦးတင်မောင်ကြည်က ပြန်စဉ်းစားတယ်။ နောက်တော့ အကူအညီတောင်းတဲ့သဘောနဲ့ နံဘေးမှာ ထိုင်နေတဲ့သူ့ဇနီးရဲ့မျက်နှာကို လှမ်းကြည့်ပါတယ်။ ကျွန်တော် က......


"ဒါမျိုး မေ့လို့မဖြစ်ဖူးနော်…အန္တရာယ်များတယ်"


လို့ ပြောတော့ ဆရာက ရယ်တယ်။ ပြီးမှ..... 


"နေဦး… ခုနှစ်နဲ့ …မမှတ်မိဘူး"


လို့ ဆိုတယ်။ ဆရာကတော် ဒေါ်လှနှင်းက......


"၁၉၅၄ ခုနှစ်မှာ အိမ်ထောင်ကျတာ…သူ ဆယ်တန်း အောင်တော့ ကျတာပဲ…သူနဲ့ကျွန်မက ဆွေမျိုးတော်တယ်…ကျွန်မက ဖြူးသူ"


ဆိုပြီး ပြောပါတယ်။ 


“ မုံရွာသားက ဒါလောက်ဝေးတဲ့ ဖြူးသူနဲ့ …ဘယ်လို ဖူးစာကြောင့် အိမ်ထောင်ကျတာလဲ ”


“ ဒေါ်လှနှင်းရဲ့ အဖေကလဲ ကျွန်တော့်ဇာတိ မင်းရွာသား ပဲ…ဦးပုရှိန် တဲ့… ဒီဘက်မှာ မိုးတွေခေါင်တော့ ဒီကလူတွေ အုပ်စုလိုက် အောက်ပိုင်းသွားအလုပ် လုပ်ကြတာ…ကျွန်တော့်အဖေ သူတို့ဆီသွားရင်းတွေ့လို့ ပေးစားတာ ”


"ရန်ကုန်ကို တက္ကသိုလ်သွားတက်ခါနီး သားကိုစိတ်မချ လို့ အဖေက မိန်းမရှာပြီး ပေးစားလိုက်တာထင်ပါတယ်"


      လို့ ကျွန်တော်ကပြောတော့ သူတို့လင်မယား ဟက် ဟက်ပက်ပက်ရယ်ကြပါတယ်။


“ အိမ်ထောင်ကျတော့ ဒေါ်လှနှင်းက မုံရွာလိုက်လာပြီး ကျွန်တော့်အဖေပွဲရုံမှာ ပွဲရုံစာရေးအဖြစ်လုပ်တယ်… ကျွန်တော်က ဆေးဘက်မှာဝါသနာပါတော့ ကျန်းမာ ရေးမှူးသင်တန်းတက်ချင်စိတ်ဖြစ်ပြီး ဝင်ဖြေလိုက်တော့ ပါသွားရော…၁၉၆၁ခုနှစ်မှာ ကျန်းမာရေးမှူးသင်တန်း တက်ပြီး ၁၉၆၂ခုနှစ် ဒီဇင်ဘာမှာ ပြီးတယ် ”


“ ဆေးပညာနဲ့ ဝါသနာ …ပြောပါဦး ”


“အချို့ကကျွန်တော့်ကိုမေးကြတယ်…မိဘက ကုန်သည် ပွဲစား…ဘယ်လိုက ဘယ်လို တိုင်းရင်းဆေးဝါး ထုတ် လုပ်သူဖြစ်လာသလဲပေါ့…gene (မျိုးစေ့ဗီဇ) ခေါ်မှာလား…ကျွန်တော့်အဘွားက သူ့ခေတ်နဲ့သူတော့ ဒေါ်မယ်မွှေးဆိုပြီး မင်းရွာမှာ တိုင်းရင်းဆေးဆရာမကြီး…သူ့ ဆေးနည်းလေးတွေ ဘာတွေ ကျွန်တော့်ကိုပေးတယ်ပေါ့”


“ ကျန်းမာရေးမှူးသင်တန်းပြီးသွားတော့ ဘယ်ဒေသတွေ မှာ တာဝန်ထမ်းဆောင်ရသလဲ ”


“ ပထမရောက်တာ စစ်ကိုင်းမြို့နယ် ခွက်ခွင်းကျေးရွာ ကျန်းမာရေးဌာန…အဲဒီကနေ ဂုံညင်းဆိပ်မှာ အာရ်အိတ်ချ်စီအသစ်ဖွင့်တော့… သွားရတယ် ”


“ အာရ်အိတ်ချ်စီ ဆိုတာ …ဘာလဲ ”


“ Rural Health Centre ကျေးလက်ကျန်းမာရေး ဌာန ပါ…ဂုံညင်းဆိပ်ကနေ ဒီပဲယင်းမြို့နယ် သစ်ရာအိုက် အာရ်အိတ်ချ်စီကို ၁၉၆၈ခုနှစ်မှာ ပြောင်းရတယ်… အဲဒီ နောက် ကသာမြို့နယ် မိုးတားကျေးရွာ ကျန်းမာရေး ဌာန…အဲဒီကနေ အဆုတ်ရောဂါကုဌာန မိုးမိတ်ကို team leader ( အဖွဲ့ခေါင်းဆောင် ) အဖြစ် ရောက်သွားတယ်"


     ကျွန်တော်တို့ စကားကောင်းနေတာ နေ့လယ် ၁၂း ဝဝ ထိုးသွားပြီ။ အဲသည်အချိန်မှာ လျှပ်စစ် မီးပြတ်သွားတယ်။ စက်ရုံက လည်ပတ်နေရတာ။ ကျွန်တော်တို့ လည်း လျှပ်စစ်မီးရောင်အောက်မှာ စကားပြောနေတာ ဖြစ်လို့ ဦးတင်မောင်ကြည်က......


"စက်မောင်းကွာ"


     လို့ ပြော လိုက်တယ်။ စက် မမောင်းရသေး ခင် မှာပဲ လျှပ်စစ်မီးကပြန်လာတော့ ဦးတင်မောင်ကြည်က....


"ကျားသားမိုးကြိုးပဲ…လန့်သွားတာပဲဗျာ"


      လို့ ပြောပြီး ရယ်တယ်။ ပြီးတော့ ပြောလက်စ သူ့ စကား ကို ဆက် ပြောပါတယ်။


“ မိုးကုတ်နဲ့နီးတော့ မိုးမိတ်က အစစအရာရာဈေးကြီးတယ်…ကျွန်တော်ရတဲ့ ဝန်ထမ်းလခနဲ့ ကလေးတွေ ကျောင်းပို့ဖို့ မလောက်ငတော့ဘူး…ဒါနဲ့ မိုးမိတ်ဈေး အဝင်ဝမှာ ဆိုင်ကလေးဆောက်ပြီး နှင်းဝတ်ရည် အထည် ဆိုင်ဆိုတဲ့နာမည်နဲ့ အမျိုးသမီးက အထည်ဆိုင် ထွက်တယ်…ဝင်း စာပေ ဆိုပြီး စာအုပ်အငှားဆိုင်လေး လဲဖွင့်တယ်…၁၉၇၇ ခုနှစ်ကျတော့ ပင်စင်ယူလိုက်တယ်”


“ ကျွန်တော့်သားအကြီး ကိုမြင့်ဇော်က မန္တလေးမှာ ကျောင်းနေတာ…အမှတ်(၉) အထကမှာ…သမီးအကြီးက အမှတ်(၈)ကျောင်းမှာ နေရတယ်…ဆိုလိုတာက မိုးမိတ်မှာ ပေနေလို့ရှိရင် ကလေးတွေ ပညာရေး အခက် အခဲရှိမယ်…စီးပွါးရေးကလဲ နောက်ကျတယ်ဆိုပါတော့…အချိန်ရှိတုန်း အပြင်ထွက်ပြီး အလုပ်လုပ်ကြမယ်လို့ လင်မယားနှစ်ယောက် တိုင်ပင်ပြီး ပင်စင်ယူလိုက်တာ ”


“ ပင်စင်ယူပြီး… မုံရွာပြန်လာခဲ့တာလား ”


“ မုံရွာ ပြန်လာခဲ့တာ…မိုးမိတ်ကပင်စင်ယူပြီးလာခဲ့တဲ့ ၁၉၇၇ ခုနှစ်က ၁၉၈ဝပြည့်နှစ်လောက်အထိ တော်တော် ရုန်းကန်ခဲ့ရတာ…လေဘေးအထည်တွေလဲ ရောင်းခဲ့ရတယ်…မန္တလေးက အထည်တွေဝယ်ပြီး မုံရွာဈေးထဲမှာ အထည်ဆိုင်ဖွင့်တယ်…စာအုပ်အငှားဆိုင်… ဗွီဒီယိုဆိုင် တွေလဲဖွင့်တယ်…မင်းရွာကဆွေမျိုးတွေနဲ့ အစုစပ်ကြာဆံစက်ထောင်တယ်… အဆင်မပြေဘူး ”


      ဆရာဦးတင်မောင်ကြည်က ပြောလက်စ စကား ကို ခဏနားပြီး သူ့အတွေးနဲ့သူ ရယ်တယ်။ ပြီးမှ စကားကို ဆက်ပြောတယ်။


“ ခွေးရူးအကိုက်ခံရမယ့်အကောင် ယောင် (သျှောင်) ကလေးနဲ့ ဆိုသလိုပဲ…ဒါ (အေးငြိမ်းသီတာ) ဖြစ်ချင်လို့နေ မှာ…ကြာဆံစက်က အဆင် မပြေတော့ အဲဒီအလုပ်ကို ဇောက်ချလုပ်လို့က မရ ၊ သူများလုပ်သလို ကူးသန်းရောင်းဝယ်တာ လိုက် လုပ်ကြည့်တယ်…ပိုဆိုးတော့ ဒီအတိုင်းဆိုရင်တော့ မဖြစ်သေးဘူးဆိုပြီး ၁၉၇၉ ခုနှစ်လောက်မှာ တိုင်းရင်းဆေး ထုတ်လုပ်တဲ့လုပ်ငန်းကို လုပ်ဖို့ စိတ်ကူးတယ် ”


    ဦးတင်မောင်ကြည်က ပြောလက်စ စကားကိုရပ်ပြီး တည်ခင်းထားတဲ့ အကြော်နဲ့ရေနွေးကြမ်းကို စားဖို့ ကျွန်တော့်ကိုပြောတယ်။ ကျွန်တော်တို့ စကားဝိုင်းကို ခဏ ရပ်ပြီး ရေနွေးကြမ်းသောက်ကြတယ်။


“ တိုင်းရင်းဆေးသိပ္ပံက ကျောင်းအုပ်ဆရာကြီး ဦးဉာဏ်ထွန်းနဲ့ ဆရာကြီးကျော်တို့က နယ်တွေဆင်းပြီး တိုင်းရင်းဆေးပညာသင်တန်းတွေ ဖွင့်ကြတယ်…သင်တန်းတက်ပြီး စာမေးပွဲဝင်ဖြေတော့ ဒ-ဘ-န -ဝ ဆိုတဲ့ တိုင်းရင်းဆေး လေးဘာသာစာမေးပွဲ အောင်တယ်… ကျွန်တော်တို့က လုပ်ငန်းလုပ်တဲ့နေရာမှာ ပညာနှစ်ရပ်နဲ့ လုပ်တော့ ပိုပြီးအဆင်ပြေတယ်…တစ်ဖက်က အနောက်တိုင်းဆေးပညာ…တစ်ဖက်က တိုင်းရင်းဆေးပညာ ”


“ ပထမဆုံးထုတ်လုပ်တဲ့ ဆေးက …ဘာဆေးလဲ ”


“ ပထမ အနောက်တိုင်းဆေးပညာအစွဲနဲ့ အာယုဗလ သွေးညှိသွေးဆေးဆိုပြီး စ,ထုတ်တယ်…အမှတ်တံဆိပ် က ခန္ဓာကိုယ်အတွင်းမှာ သွေးလှည့်လည်သွားလာပုံကို ဒီဇိုင်းလုပ်ပြီး ထုတ်တယ်…ဒါထုတ်တော့ များများ မထုတ်ရသေးဘူး…ဟိုပင်မှာ အာယုဗလဆိုတာ ထုတ်တာ နဲ့တိုက်နေတော့ သွားရော…နာမည်ချင်းတူနေတာ ကိုယ် ကအရင်သိတယ်…ကိုယ်က အရင်ရှောင်လိုက်တယ် ”


“ အေးငြိမ်းသီတာ ဖြစ်ပေါ်လာပုံကော ”


“ ဗေဒင်ယတြာကိန်းခန်းနဲ့ မတွက်ချက်လို့ ယခုလိုဖြစ်ရတာလားဆိုပြီး လယ်တီ စိတ္တသုခကျောင်း ဆရာတော် ဦးမဏ္ဍလကို အကျိုးအကြောင်းလျှောက်တော့ အမှတ်တံဆိပ်ရဲ့သင်္ကေတကို နေရဲ့အသွင်သဏ္ဍာန်ပါရမယ်ဆိုလို့ ဥဒေါင်းမင်း…အမည်ကို တနင်္ဂနွေနံစ,ပြီး စနေနံဆုံးရမယ်ဆိုလို့ အေးငြိမ်းသီတာဆိုပြီး အေးချမ်းမယ့် အတိတ်နိမိတ်နဲ့ ယူလိုက်တယ်…စစချင်းလုပ်ငန်းမတည် ရင်းနှီးငွေက နှစ်ထောင့်ငါးရာ (ကျပ်၂၅၀ဝ) နဲ့ စ,ခဲ့တာ…ဆေးလုပ်ငန်းထဲက ရတဲ့ငွေ ဆေးလုပ်ငန်းထဲပြန် ရင်းတာ…အိမ်စရိတ်ကို အမျိုးသမီးရဲ့အထည်ဆိုင်…သားသမီးတွေရဲ့ စာအုပ်ဆိုင်၊ ဗီဒီယိုဆိုင်က သုံးတယ် ”


ဆရာကတော် ဒေါ်လှနှင်း က.....


"ကျွန်မက အသန့်အရှင်းကြိုက်တယ် ....သူက သစ်ဖုတွေယူလာ…မနက်အစောကြီးထပြီး သံဆုံနဲ့ တဒုန်းဒုန်းထောင်း…ဆန်ခါနဲ့အမှုန်ချ…အစတော့ ဒီ ဆေးတွေကနံလို့ ကျွန်မက ဗျစ်တောက် ဗျစ်တောက်…နောက်ပိုင်းကျတော့ ကျွန်မပါ ဝင်ပါရတယ်"


     လို့ ပြောတယ်။ ဆရာကတော်ပြောတဲ့အချိန်မှာ ဆရာက တဟဲဟဲ ရယ်နေတယ်။ 


"သစ်ရွက်တွေရော…ဘာတွေရော အိမ်မှာ ရှုပ်ယှက်ခပ်နေတာပဲ…နောက်တော့ ကိုယ်ပါဆေးလုံးဝင်လုံးရတယ်…စ,ခါစက အပြားရိုက်စက် မဝယ်နိုင်သေးဘူး" 


လို့ ဒေါ်လှနှင်းက ဆက်ပြောတယ်။


“ ၁၉၉၅ ခုနှစ်မှာ ဆေးအပြားရိုက်စက်လေး ဝယ်တယ် …တစ်ခါရိုက်မှ တစ်ပြားပဲထွက်တာ…ဂျောက်ခနဲရိုက် …ဒေါက်ခနဲ ဆေးပြားလေးတစ်ပြားထွက်တယ်… ကျွန်တော်က မနက် ၂ ချက်…၃ နာရီထပြီး မေတ္တာပို့ အာရုံပြုရင်း ဆေးပြားရိုက်တာ…ကျွန်တော့်မိတ်ဆွေ တွေက ပြောလေ့ပြောထရှိတယ်…တစ်ဂျောက် တစ်ကျပ် ရတာတဲ့…တစ်ကျပ်ဆိုတာ တော်တော်သုံးလို့ရတဲ့ အခြေအနေ ”


“ ဘာဖြစ်လို့ မနက်အစောကြီး ထ,လုပ်ရတာလဲ ”


“ အာရုံက ဆေးထုတ်တဲ့အထဲပဲ ရှိနေတော့ အိပ်မပျော်ဘူး…စစချင်းမှာ အလုပ်သမားရယ်လို့လဲ မရှိသေးဘူး …နောက်တော့ အိမ်နားက မခင်ကောင်း လာလုပ်တယ် …သူက အခုထိရှိသေးတယ်…နောက် ကိုပြေအေး…ကျေးဇူးရှင်တွေပါပဲ…လျှပ်စစ်မီးကလဲ အဲဒီအချိန်မှ ပို အဆင်ပြေတယ်…ညမှာ စိတ်အာရုံစူးစိုက်နိုင်လို့ အလုပ် ထ,လုပ်တာ ”


ဆရာကတော်က......


"နေ့နဲ့ ည လွဲသလိုဖြစ်နေတာ" 


လို့ ပြောတော့....


"ကလေးဆိုရင်လည်း အိမ်တံစက်မြိတ်အောက်မှာ မီး ထွန်းပြီး ရေချိုးပေးလိုက်ရင် နေ့နဲ့ညလွဲတာ ပျောက်သွားမယ်"


    လို့ အရွှန်းဖောက်တော့ သူတို့လင်မယားက ဟုတ်ပါ့ ဟုတ်ပါ့လို့ ပြောပြိီး ရယ်ကြတယ်။


“ အေးငြိမ်းသီတာ အစမှာ ဘာဆေးတွေထုတ်သလဲ ”


“ သွေးညှိသွေးဆေးလဲ ထုတ်သေးတယ်…အကြော အားတိုးဆေး စ,ထုတ်တာနဲ့ပေါက်တာပဲ…အကြော အားတိုးဆေးက တမာပါတယ်…ချင်း ပါတယ်…နနွင်း ပါတယ်…ပျားရည် ပါတယ်…သူ့ထူးခြားချက်က ဒီ ဆေးကို အစမ်းထုတ်ကတည်းက သဘောကျသူများတယ်…အကြောပြေတယ်…အကြောတက်စာတွေ စားတာ အဆိပ်ဖြေသလိုဖြစ်ပြီး အကြောမတက်ဘူး… ဒီဆေးက စ,ထွက်ထွက်ချင်း ဘယ်လောက် နာမည်တအားကြီးသွားလဲဆိုရင် ရန်ကုန်မှာ တိုးဝှေ့ ဝယ်ရတဲ့အဖြစ်ကို ရောက်သွားတာ ”


“ ဘဝမှာ အလှည့်အပြောင်း ဖြစ်တဲ့အချိန်က ဘယ် အချိန် ”


“ အကြောအားတိုးဆေး တွင်ကျယ်ချိန်ပေါ့…၁၉၉၂ ခုနှစ်မှာ မုံရွာစက်မှုဇုန်မှာ မြေနေရာဝယ်ပြီး စက်ရုံသေးသေးလေး စ,ဆောက်တယ်…နောက်မှ တဖြည်းဖြည်း တိုးချဲ့လာတာ…ကျွန်တော့်ကို အကူအညီပေးနေတဲ့ ဆရာတွေရှိတယ်…ဒေါက်တာမြင့်စိန်တို့ FAME က ဒေါက်တာခင်မောင်လွင်တို့ သူတို့က ကျွန်တော့်ဆရာတွေပဲ…သူတို့က ကျွန်တော့်ကို ပြုပြင်ပေးတယ်…မသိတာရှိရင် ပြပေးတယ်…ဒါနဲ့ ဒီလိုအခြေအနေကို ရောက် လာတာပဲ ”




◾ကျော်ရင်မြင့်


📖 မော်ဒန် သတင်းဂျာနယ်  

      ၁၈ ဖေဖော်ဝါရီ ၊ ၂၀၁၁