Wednesday, June 23, 2010

မင်းခိုက်စိုးစန်၏ အပိုင်းအစများ (ကလေးအတွေး) - 2

(၁)


အိမ်သို့ပြန်ရောက်လာသော ကလေးငယ်က မိခင်ကို သူ့အတွေ့အကြုံပြန်ပြောပြသည်။

"မေမေ...ဒီနေ့ ဘတ်စ်ကားပေါ်မှာ အန်တီကြီးတစ်ယောက်ရဲ့ ခြေထောက်ကို သားတက်နင်းမိလိုက်တယ်။ သားက တောင်းပန်လိုက်တယ်။ ဒါနဲ့ အန်တီကြီးက သားကို ချောကလက်တစ်ခု ထုတ်ကျွေးတယ်။ "

"သားက ကျေးဇူးတင်ပါတယ်လို့ ပြောလိုက်ရောလား"

"ဟင့်အင်း....သူ့ရဲ့ နောက်ထပ် ခြေထောက်တစ်ဖက်ကို တက်နင်းလိုက်တယ်"

...............

 

(၂)


ကျွန်တော်တို့ လူမှုဆက်ဆံရေး နယ်ပယ်ထဲမှာ Handicapပေးထားရတဲ့သူတွေ ရှိပါတယ်။

Handicapဆိုတာက ပစားပေးထားတဲ့ သဘောကို ဆိုတာပါ။ ကစားပွဲတွေမှာဆိုရင်
အမှတ်ကြောပေးထားတာပေါ့။
ကိုယ်နဲ့ စစ်တုရင်ထိုးမယ့်သူဟာ ကိုယ့်အောက်နိမ့်ကျတဲ့ စွမ်းရညရှိသူဖြစ်နေရင် သူ့ရဲ့ အားနည်းချက်ကို

သက်ညှာတဲ့အနေနဲ့ ကိုယ့်ဘက်က ဘစ်ရှော့အရုပ်တစ်ရုပ်၊ဒါမှမဟုတ်.........မြင်းရုပ်တစ်ရုပ် ပွဲမစခင်ကတည်းက အကျဆုံးခံပြီး
လျှော့ကစားတာပါ။

ဒါမှ တရားမျှတမှုရှိမယ်လို့ ယုံကြည်တာကိုး ။

လူ့အသိုင်းအ၀ိုင်းထဲမှာလည်း ဒီလိုပဲ။ တချို့ လူတွေကို အကြောင်းကြောင်းကြောင့် (သနားလို့၊ အားနာလို့) ပစားပေး သက်ညှာထား တာတွေရှိပါတယ်။

ဒါပေမယ့် ခက်တာက သူတို့ထဲက တချို့လူတွေမှာ တမင်သက်ညှာမှန်းမသိကြဘူး။ ရောင့်တက်လာကြတယ်။

ကလေးဆိုးကြီးတွေလိုပဲ။

ကိုယ့်ခြေထောက်ကိုတက်နင်းပြီး တောင်းပန်လို့ ကိုယ်ကသနားအားနာတာနဲ့ချောကလက်တစ်ခု ထုတ်ကြွေးလိုက်မိပါတယ်။ သူတို့က နောက်ထပ်ခြေထောက်တစ်ဖက်ကိုထပ်ပြီးနင်းကြပြန်ရော။

ကဲ...မခက်ဘူးလား။

တချို့ အိမ်တွေ၊ တချို့ဆိုင်တွေမှာ .....

(အားနာလို့ လိုက်လျောတာ အတယ်လို့ မထင်နဲ့)ဆိုတဲ့ ဆိုင်းဘုတ်ကို တွေ့တွေ့နေရတော့ "သြော်...သူတို့လည်း ခဏခဏ ခြေထောက်နင်းခံရရှာတယ်ထင်ပါရဲ့"လို့ တွေးပြီး ပြုံးမိတယ်။

ဟုတ်တယ်လေ...။မကောင်းတတ်လို့ အလျော့ပေးနေရတာမှန်ပေမယ့် ခဏခဏဖြစ်လာတော့လည်း ဘယ်သူသည်းခံနိုင်မှာလည်း။
အားလုံးက ပုတုဇဉ်တွေပဲ မဟုတ်လား။

................
(၃)


ကျွန်တော့် မိတ်ဆွေ တစ်ယောက်ကတော့ အဲဒီဆိုင်းဘုတ်ကို တစ်မျိုးဖတ်မိရှာတယ်။

(အားနာလို့လိုက်လျောတာ "အတယ်" လို့ မထင်နဲ့တဲ့။)

သူကအဲဒီလိုဖတ်ပြီးတော့ ကျွန်တော့်ကို လာမေးနေတယ်။ "ဟေ့ကောင်...အတယ်ဆိုတာ တရုတ်လို အဖေကိုပြောတာ မဟုတ်လား...တဲ့။

သူဖတ်သလိုမျိုးဆိုရင် သူ့အဓိပါယ်နဲ့ သူတော့မဆိုးပါဘူးလို့ တွေးမိသား။

ဟုတ်တယ်လေ.........။

နောက်ထပ် ချောကလက် တစ်ခု ထပ်လိုချင်လို့ အားမနာ၊ပါးမနာ သူများခြေထောက်ထပ်နပ်နင်းတဲ့ သူရဲ့ အတွေးဟာ "ကလေးအတွေးပါ" ။ကျွန်တော် ပြောခဲ့ပြီးသားပဲ။ အဲဒီလူတွေဟာ ကလေးတွေ၊ ကလေးဆန်တဲ့ လူတွေပါ ဆိုတာ။

သူတို့ကို ဘယ်သူက ရေရှည်မှာ သည်းခံနိုင်မှာလဲ။ အလွန်ဆုံး သူ့အဖေ၊အမေပဲပေါ့။ ကျန်တဲ့သူတွေကတော့ ကြာလာတာနဲ့အမျှ စိတ်ပျက်လာမှာသေချာပါတယ်။

ဒါပေမယ့် ကလေးအတွေးဆိုတာ ခက်သားလား။

ကိုယ့် အဖေ၊အမေအပေါ် ဆိုးချင်တိုင်း ဆိုးလို့ရရုံနဲ့ကျန်တဲ့လူတွေအားလုံးအပေါ်မှာလည်း အဲသည်လို ဆိုးဖို့ "အခွင့်အရေး" ရမယ်လို့
ထင်နေတတ်တာမျိုး။
......................
(၄)


အဲသည် ကလေးစိတ်၊ကလေးဥာဉ်မျိုးတွေ့ရင် အားလုံးဝိုင်းပြီးပြုပြင်ပေးကြဖို့လိုပါတယ်။

အဲသည် အပြုပြင်ခံ သူကိုယ်တိုင်ကလည်း အမှန်တကယ် လိုလိုလားလား ပြုပြင်ချင်တဲ့ ဆန္ဒရှိဖို့လိုပါလိမ့်မယ်။

လောကမှာ အရေးကြီးဆုံးက ကိုယ့်ကိုယ်ကိုယ် အရှိ.....အရှိအတိုင်းတည့်တည့်မတ်မတ် မှန်မှန်ကန်ကန် မြင်တတ်တဲ့
"သတိ" ရှိဖို့ပါပဲ..........။ ။

မင်းခိုက်စိုးစန်

Tuesday, June 22, 2010

မင်းခိုက်စိုးစန်၏ အပိုင်းအစများ (ကလေးအတွေး)

(၁)


``သား...ကျောင်းမသွားချင်ဘူးမေမေ´´

``ဘာဖြစ်လို့လဲသားရဲ့´´

``ကျောင်းရောက်ရင် သားကို ကကြီးရေးပြပါလို့ ခိုင်းလိမ့်မယ်မေမေရဲ့´´

``ဒါများ....ဘာခက်လို့လဲ သားရယ်၊ ရေးပြလိုက်ပေါ့´´

``မေမေ ဘာသိလို့လဲ၊ ကကြီးရေးပြီးရင် သူတို့က ခခွေးပါ ဆက်ပြီးရေးခိုင်းကြဦိးမှာ.....´´


(၂)

အဲဒီဟာသထဲက ကလေးငယ်ရဲ့ စဉ်းစားပုံ စဉ်းစားနည်းဟာ လူကြီးတွေအတွက် ရယ်စရာ ဖြစ်ကောင်းဖြစ်နေမှာပါ။

ဒါပေမယ့် တစ်ဖက်က ပြန်စဉ်းစားရင် ကလေးငယ်ဟာ(သူ့ကိုယ်သူတော့)အင်မတန်မှ အမြော်အမြင် ကြီးမားစွာစဉ်င်္းစားဆုံးဖြတ် လိုက်တယ်လို့ အောက်မေ့မှာမလွဲပါဘူး။

မှန်ပါတယ်။ သူ့မှာလည်း ကလေး တစ်ယောက်ရဲ့ အတိုင်းအတာနဲ့ မြော်မြင်ဆင်ခြင်ကြည့်တဲ့ စဉ်းစားနည်း (Speculative Thinking) ရှိနေတာပဲမဟုတ်လား။

အမေ လုပ်တဲ့သူက ``ကကြီး´´ရေးခိုင်းရင် ``ကကြီး´´ရေးလိုက်၊

``ခခွေး´´ ရေးခိုင်းရင် ``ခခွေး´`ရေးလိုက်၊ ``ဂငယ်´´ ရေးခိုင်းတဲ့ အခါကျတော့လည်း ``ဂငယ်´´ရေးလိုက်ပေါ့လို့ စဉ်းစားတယ်။

အဲဒီလို တစ်ခုချင်းစီ ဖြတ်သန်းရင်းနဲ့ သူ့သားငယ်ဟာ တဖြည်းဖြည်းနဲ့စာတတ်မြောက်တဲ့သူ တစ်ယောက် ဖြစ်လာမယ် ဆိုတဲ့စိတ်နဲ့ ``နိဂုံး´`တစ်ခုကို ဆင်ခြင်ထားတယ်။


ကလေးငယ်ရဲ့ ဆင်ခြင်မှုကလည်း မမှာယွင်းပါဘူး။

``ကကြီး´´ ပြီးရင် ``ခခွေး´´၊ ``ခခွေး´` ပြီးရင် ``ဂငယ်´´ စသည်ဖြင့် မဆုံးတမ်းလာတော့မယ်ဆိုတာ သူလည်းတွေးနေမိတာပဲ။


ဒါပေမယ့် ကလေးငယ်ရဲ့ ``နိဂုံး´´ကျတော့ ``အဲသည်လိုဒုက္ခ (စာလုံးတွေ တစ်ခုပြီးတစ်ခု သင်နေရတာကို ကလေးငယ်ကတော့ ဒုက္ခ လို့ထင်မှာပေါ့) အဆင့်ဆင့် ကို ရေရှည် မခံစားရဖို့ ´´ ရည်ရွယ်ချက်ဖြစ်တယ်။ တိုတို ပြောရရင် ``သက်တေင့်သက်သာနေရရေး´´
ဖြစ်တယ်။


ဒါကြောင့် ဒီဒုက္ခကို စောစောစီးစီးလမ်းစဖြတ်တဲ့အနေနဲ့ ``ကျောင်းမသွားချင်ဘူး´´လို့ပြောလိုက်တာပါ။

(၃)

ကျွန်တော်တို့ လူကြီးတွေကကော ဘာထူးသလဲဟု တွေးမိပါတယ်။

ကျွန်တော်တို့တွေဟာ လူ့ဘ၀ကို ရပြီဆိုကတည်းက ဒုက္ခသင်ခန်းစာရဲ့ ပထမဆုံး အက္ခရာ ဖြစ်တဲ့ ``ကကြီး´`ကို စ ရေးခဲ့ရပါပြီ။ အသက်ကြီးလာတာနဲ့ အမျှ ``ခခွေး´´တွေ ``ဂငယ်´´ တွေကို ဆက်တိုက် တွေ့လာရဦးမှာပါ။ဘ၀ဆိုတာ ဒုက္ခ ဆိုတဲ့ အက္ခရာတွေကို သင်ကြားပြဌာန်းထားတဲ့ စာအုပ်ကြီးတစ်အုပ် ဖြစ်ပါတယ်။ဒါပေမယ့် ကျွန်တော်တို့တွေဟာ ဘယ်သူက ဒီဒုက္ခဆိုတဲ့ အက္ခရာကို သင်ကြားချင်ကြလို့လဲ။

ဒုက္ခတစ်ခုချင်းစီနဲ့ တွေ့ကြုံရတိုင်း မပြီးသေးဘူးလား၊ အပြီးဆုံးနိုင်သေးဘူးလားလို့ ညည်းတွားကြတာချည်းပဲ မဟုတ်လား။



(၄)
တကယ်ဆိုရင် ဒုက္ခတွေကို ရင်ဆိုင်တဲ့နည်းက သိပ် အဆန်းတကြယ်မဟုတ်ပါဘူး။ခက်ခက်ခဲခဲလည်းမဟုတ်ပါဘူး။``ကကြီး´´ဒုက္ခနဲ့ ကြုံရင် ``ကကြီးကို´´ရေးချလိုက်၊ ``ခခွေး´´ ဒုက္ခနဲ့ကြုံအခါ `ခခွေး´` ကို ရေးချလိုက်ရုံပါပဲ။

ဒီလိုပဲ ပေါ့ပေါ့ပါးပါး ဖြတ်သန်းသွားကြရအောင်။ ဒါမှ တကယ်လူကြီး အတွေးဖြစ်ပါတယ်။

(၅)
ဒါပေမယ့် ကျွန်တော်တို့အားလုံးက ညည်းတွားနေကြတယ်။  စိတ်ပျက်နေကြတယ်။ လောကဆိုတဲ့ ကျောင်းကို မတက်ချင်ဘူးဆိုပြီး ကျောင်းပြေးချင်နေကြတယ်။

ကျွန်တော်တို့ ဆင်ခြင်မှုရဲ့ ``နိဂုံး´´က ဘ၀ကို နားလည်တတ်မြောက်ဖို့မဟုတ်ပဲ ``သက်တောင့်သက်သာ နေထိုင်ဖို့´` ရည်ရွယ်ထားကြတာကိုး။

တကယ်တော့ ကျွန်တော်တို့ တတွေဟာ ......

အသက်ကြီးနေတဲ့ ကလေးငယ်တွေပါပဲ။


မင်းခိုက်စိုးစန်

Friday, June 18, 2010

ပေါ့ပေါ့ပါးပါး နားနားနေနေ

လျင်မြန်စွာတိုးတက်ပြောင်းလဲမှုတွေနှင့် တင်းကျပ်နေသော ကမ္ဘာကြီးထဲတွင် ခေတ်ကိုအမီလိုက်၍ ပြေးလွှားနေရသော နိစ္စဓူဝကိစ္စတွေကို ခဏလောက်ဖြစ်ဖြစ် ဘေးဖယ်ထားလိုက်ပါလား။ မွန်းကျပ်နေသော သင်၏ကမ္ဘာလေးထဲက ဖဲ့ထွက်ပြီး သစ်ပင်ပန်းပင်များဖြင့် စိန်းလမ်းဝေဆာနေသော နီးရာ ပန်းခြံတစ်ခုခုသို့သွားရောက်၍ အပန်းဖြေပါ။ ပင်လယ်ကမ်းခြေသို့ မသွားနိုင်သည့်တိုင် မြစ်ဘေး၊ကမ်းဘေး၊ချောင်းနံဘေးလို တိတ်ဆိတ်ငြိမ်သက်သော နေရာတစ်နေရာသို့ သွားကြည့်ပါ။ သို့မဟုတ် ကျေးလက်တောရွာများသို့ လည်ပတ်ပါ။

ဒါမှမဟုတ် ဘုရားပရိဝုဏ်ဖြစ်စေ၊ ဘုန်းကြီးကျောင်းသို့ဖြစ်စေ သွားရောက်၍ ဘာသာတရားကိုင်းရှိုင်းပါ။ မေတ္တာတရားပွား များပါ။ ငှက်ကလေးတွေကို အစာကျွေးပါ။ ဒါတွေ တစ်ခုမှအဆင်မပြေလျှင် သင့်အိမ်ဝန်းခြံထဲမှ ဒန်းလေးပေါ်တွင်လွှဲ၍ တစ် ကိုယ်တည်းအေးဆေးစွာ အနားယူပါ။ ယုတ်စွအဆုံး သင်၏ဧည့်ခန်းစားပွဲမှာ မွှေးကြိုင်လန်းဆန်းသော ပန်းအိုးလှလှလေး များထိုးထားခြင်း၊ ပန်းပင်တစ်ပင် ပြုစုပျိုးထောင်ခြင်းတို့သည်ပင် သဘာဝတရားနှင့် နီးစပ်နေကြောင်း ခံစားတွေ့ရှိရပါ လိမ့်မည်။

အတိတ်ကို အတိတ်မှာပဲထားခဲ့ပါ

လောကတွင် အကောင်းနှင့်အဆိုးသည် ဒွန်တွဲလျက်ရှိနေပါသည်။ လောကနိယာမတရားအရ အဖြူရှိလျှင် အမည်းရှိမည်။ အပူရှိလျှင် အအေးရှိမည်။ အလင်းရှိလျှင် အမှောင်ရှိမည်။ သည်အချက်ကို နားလည်သဘောပေါက်သည်နှင့် ဘ၀ခရီးကို လျှောက်လှမ်းရန် လွယ်ကူပါလိမ့်မည်။ သင်၏ အတွေးများကို အတိတ်၏လှောင်အိမ်ထဲတွင် ဖမ်းလှောင်ထားခြင်းဖြင့် အကျိုးမရှိနိုင်ပါ။ အဆင်ပြေချောမွှေ့ခြင်းမရှိခဲ့သည့် အတိတ်မှဖြစ်ရပ်များကို ပြည်ဖုံးကားချ၍ မေ့ပစ်ဖို့ကြိုးစားပါ။ သူတစ်ပါးကိုလည်း ခွင့်လွှတ်ဖို့ကြိုးစားပါ။ သည်နည်းဖြင့် ခါးသီးသောအတွေ့အကြုံများမှ ရုန်းထွက်နိုင်ပါလိမ့်မည်။

အပြုစိတ်ထား ပွားများပါ

ပုံသေရှုမြင်တွေးတောတတ်သော သင့်အမြင်သဘောထားကို ပြောင်းလဲပစ်ခြင်းဖြင့် ဘ၀၏အလင်းရောင်ကို တွေ့မြင်ထိ တွေ့ရပါလိမ့်မည်။ သင့်လုပ်ငန်းခွင်နှင့်အိမ်မှာပါ အောင်မြင်လိုသည်ဆိုပါက သင်ဖြစ်စေချင်သည့်အတိုင်း သဘာဝကျကျ ဆက်ဆံပါ။ အားလုံး အဆင်ပြေချောမွေ့လာပါလိမ့်မည်။

လူတိုင်းတွင် ဒေါသစိတ်၊ ကြောက်ရွံ့ခြင်းနှင့် အဆိုးမြင်တတ်သည့် သဘောသဘာဝရှိ တတ်ကြပါသည်။အရေးကြီးသည်မှာ ထိုသူတို့၏လွှမ်းမိုးမှုကို မခံရဖို့ပဲဖြစ်သည်။ အရာရာတိုင်းတွင် မလိုအပ်ဘဲ စိုးရိမ်ပူပန်တတ်သည့် အကျင့်စရိုက်ကိုလျှော့၍ အသက်ကို ခပ်ပြင်းပြင်းဝလင်အောင် ရှူရှိုက်လျက် သက်သောင့်သက်သာစွာ နေပစ်လိုက်ပါ။

အရှည်ကို မျှော်ကြည့်ပါ

မျက်တောင်တစ်ဖျားသာကြည့်မြင်၍ လက်တွေ့ရင်ဆိုင်နေရသော အခက်အခဲနှင့် ဘ၀ပြဿနာများကို ဆိုးဝါးလှပြီဟု မတွေးထင်ပါနှင့်။ မျက်စိတစ်ဆုံးကြည့်မြင်၍ နောင်လာမယ့်နှစ်ပေါင်းများစွာကို မျှော်ကြည့်လိုက်ပါ။ ယခုတွေ့ကြုံရသော ဘ၀ပြဿနာမှာ ဘာမျှမပြောပလောက်ကြောင်း တွေ့ရှိရပါလိမ့်မည်။

ကာယလေ့ကျင့်ခန်းလုပ်ပါ

သင့်စိတ်နှလုံး တင်းကျပ်နေပါသလား။ ဆယ်မိနစ်ခန့် လမ်းလျှောက်လိုက်ပါလေ။ တစ်ပတ်လျှင် သုံးကြိမ်လောက် လမ်း လျှောက်ထွက်ဖို့ ကြိုးစားပါ။ အေရိုးဗစ်အားကစားလေ့ကျင့်ခြင်း၊ စက်ဘီးစီးခြင်းနှင့် ရေကူးခြင်းတို့ကို မိနစ် (၃၀)မျှ လောက်လုပ်ကြည့်ဖို့ တိုက်တွန်းပါရစေ။ ပေါ့ပါးသော လေ့ကျင့်ခန်းများကို မှန်မှန်ပြုလုပ်ခြင်းဖြင့် ဦးနှောက်ကိုကြည်လင် စေပြီး ခန္ဓာကိုယ်ထဲမှ အန်ဒိုဖင်းများကို လျော့ပါးစေပါသည်။

ရယ်ရယ်မောမောနေပါ

မိတ်ဆွေများနှင့် ရယ်ရယ်မောမောနေခြင်းသည် အကောင်းဆုံး စိတ်အပန်းဖြေနည်းပင်ဖြစ်သည်။ ဟာသဇာတ်ကားများကို ကြည့်ပါ။ ဟာသ၀တ္ထုများကို ဖတ်ပါ။ သည်နည်းဖြင့် သင်၏စိတ်ဓာတ်ကို မြှင့်တင်ပေးခြင်းပြုနိုင်ပါက သင်၏ဘ၀အမော များ၊ စိတ်နှလုံးမွန်းကျပ်မှုများကို ကျော်လွှားနိုင်ပါလိမ့်မည်။

ရှုပ်တွေးပွေလီသော ကမ္ဘာလောကနှင့် အဆက်ဖြတ်လိုက်ပါ

အနိဋ္ဌာရုံများဖြင့်ပြည့်လျက်ရှိသော ကမ္ဘာပေါ်ရှိသတင်းအရပ်ရပ်ကိုင မသိချင်ပါနှင့်။ သင့်အတွက် ဘာမျှထူးခြားလာမည် မဟုတ်ပါ။ စိတ်ပန်းလူပန်းဖြစ်ရုံသာ အဖတ်တင်ပါလိမ့်မည်။ သင့်အတွက်အသုံးကျမည့် သိသင့်သိထိုက်သည်များကိုသာ ရွေးချယ်ဖတ်ရှု၍ ကြည့်မြင်နားထောင်တတ်ပါစေ။

အသက်ရှည်အောင် အသက်ရှူပေးပါ

နိစ္စဓူဝ ပြေးလွှားလှုပ်ရှားနေရသော ဘ၀အမောထဲမှ အချိန်ဇယားကို မီးခလုပ်ပိတ်သလို ခဏဖြစ်ဖြစ်ပိတ်ပြီး အေးချမ်း တိတ်ဆိတ်မှု၏ အရသာကို ခံစားပါ။ ထိုနေရာတွင် ထိုင်လျက်ဖြစ်စေ၊ လဲလျောင်း၍ဖြစ်စေ မျက်စိကိုအသာပိတ်၍ နှာသီးဝ ကို အာရုံစူးစိုက်ပြီး အသက်ရှူပါ။ စိတ်ကို ကြည်ကြည်လင်လင်ထားပါ။ သင်၏အတွေးကမ္ဘာထဲသို့ ၀င်ရောက်လာသမျှ အတွေးစများကို အသိအမှတ်ပြုပါ။ ထိုအတွေးနောက်သို့ လိုက်ပါမသွားစေဘဲ ၀င်လေ၊ ထွက်လေကိုပဲ ဆက်လက်၍ အာရုံပြုပါ။ နေ့စဉ် မိနစ်အနည်းငယ်မျှ မှန်မှန်ပြုလုပ်ခြင်းဖြင့် စိတ်၏အေးချမ်းငြိမ်သက်မှုကို ခံစားရ ပါလိမ့်မည်။

တေးဂီတသံကို ခံစားနားဆင်ပါ

ဂန္တ၀င်တေးဂီတဖြစ်စေ၊ ခေတ်ပေါ်တေးဂီတဖြစ်စေ မိမိနှစ်သက်ရာ ဂီတသံစဉ်များကို အဆိုမပါဘဲ ဂီတသံသက်သက် ခံစားကြည့်ဖို့ အချိန်ပေးပါ။ လှိုင်းကလေးများ တလိမ့်လိမ့်လူးလွန့်နေသည့် ပင်လယ်ကမ်းခြေကိုလည်းကောင်း၊ သာ ယာလှပသော တောင်ပေါ်ဒေသ ရှုခင်းသာကိုသော်လည်းကောင်း စိတ်အတွေးနှင့် အရောက်သွားလည်ပတ်ပါ။ ဤ သည်မှာ ဘ၀အမောမှ လွတ်မြောက်စေသည့် နည်းကောင်းတစ်လက်ပါပေ။

အချိန်ကို ခွဲဝေအသုံးချပါ

အချိန်မီအလုပ်ပြီးမှပြီးပါမည်လားဟု တွေးတောပူပန်ခြင်းဖြင့် ဒေါသကိုဖြစ်စေပြီး မိမိကိုယ်မိမိ အပြစ်မြင်တတ်ပါသဖြင့် မိမိ ကိုယ်မိမိ ယုံကြည်မှုများ ပျက်ပြားလာစေတတ်ပါသည်။ စိတ်ဓာတ်ကျပါက ကိုယ်ခံအားကျဆင်း၍ အအေးမိလွယ်ခြင်း၊ နှာစေးခြင်းများကို ဖြစ်စေတတ်ပါသဖြင့် မျှမျှတတနေထိုင်ပါ။ အိမ်အလုပ်များ မနိုင်မနင်းဖြစ်နေပါက တခြားအိမ်သားများ၏ အကူအညီဖြင့် ခွဲဝေလုပ်ကိုင်ပါစေ။

အစားအစာကို ဂရုစိုက်ပါ

အစာစားရာတွင် ပြီးပြီးရောသဘောမျိုးဖြင့် မြန်မြန်ဆန်ဆန်မစားပါနှင့်။ အချိန်ယူ၍ အေးချမ်းတက်ကြွစွာ မြိန်ရေရှက်ရည် စားသောက်သင့်ပါသည်။ စားသောက်ချိန်သည် သင်၏အလုပ်ချိန်ကို မထိခိုက်ရုံမျှမက သဘာဝကျကျ သက်သောင့်သက် သာ အားဖြည့်ပေးစေနိုင်သော အချိန်လေးဖြစ်ပါသည်။ စိတ်နှလုံးတည်ငြိမ်အေးချမ်းစေမှုကို အထောက်အကူပြုသော စပျစ် သီးကဲ့သို့သော သစ်သီးဝလံများ၊ နေကြာစေ့လှော်ကဲ့သို့ အခွံမာသီးများနှင့် ၊ ပင်လယ်အစားအစာများကို များများစားသုံး ပါ။

သက်နှင်းအေး

Ref: Fashion Image Magazine Vol.13 No.3 May 2010

Refreshment tips for Your mind and soul

သင့်ရဲ့ စိတ်နဲ့ ကိုယ်ခန္ဓာကို အသစ်တစ်ဖန် ပြန်လည်မွေးဖွားခြင်း

နဂိုမူလကတည်းက စိတ်ဓာတ်နဲ့ ကိုယ်ခန္ဓာအင်အား ဘယ်လောက်ပဲကောင်းမွန်သူဖြစ်ပါစေ၊ ပတ်ဝန်းကျင်အခြေအနေ တစ်ခုမှာ ကြာမြင့်စွာနေထိုင်လှုပ်ရှားနေကြရရင် တစ်ခါတစ်ရံမှာ ငြီးငွေ့ပြီးလန်းဆန်းမှုတွေ ပျောက်ဆုံးလာတတ်ပါတယ်။ ဥပမာ - နေ့စဉ်နဲ့အမျှ အလုပ်ထဲမှာ စိတ်နှစ်မြှုပ်ပြီး လုပ်ကိုင်နေသူများအနေနဲ့ စိတ်ဖိစီးမှုများပြားတဲ့ အခြေအနေများနဲ့ တွေ့ကြုံရတတ်ပါတယ်။ ဒီလိုစိတ်ညစ်ညူးနောက်ကျိမှုများပြားတဲ့ အခြေအနေတွေကို တွေ့ကြုံရဖန်များလာတဲ့အခါ ကျွန်ုပ် တို့ရဲ့ စိုးရိမ်ပူပန်စိတ်တွေဟာ ပင်ကိုလိမ္မာကျွမ်းကျင်မှုတွေကို လျော့နည်းလာစေပါတယ်။ ဒီလိုအခြေအနေမျိုးမှာ မိမိရဲ့ စိတ်ဓာတ်နဲ့ ကိုယ်ခန္ဓာအင်အားတွေကို တစ်ဖန်ပြန်လည်လတ်ဆတ်စေဖို့ လုပ်ဆောင်သင့်လှပါတယ်။ အခုဖော်ပြမယ့် Refreshment နည်းလမ်းလေးတွေဟာ သင့်ကို အသစ်အသစ်သော အသိပညာများ၊ သတင်းများ၊ သဘောထားနဲ့ ခံယူ ချက်များကို ပေးစွမ်းနိုင်ပြီး ကမ္ဘာလောကအသစ်တစ်ခုကို ဖန်တီးပေးပါလိမ့်မယ်။

Refreshment – (1)

သူငယ်ချင်းနဲ့ ထွက်တဲ့အခါ သင်ဝတ်နေကျ ပုံစံဒီဇိုင်းမဟုတ်တဲ့ အ၀တ်အစားတချို့ကို ရွေးချယ်ခိုင်းပါ။ သင်နဲ့ကြည့်ကောင်းတဲ့ အ၀တ်အစားကို ရွေးချယ်ဝယ်ယူပြီး ၀တ်ဆင်ခြင်းဟာလည်း စိတ်ရဲ့လန်းဆန်းမှုအတွက် အထောက်အကူတစ်ခုဖြစ်ပါတယ်။

Refreshment – (2)

အားကစားလေ့ကျင့်ရေးဆိုင်ရာ စာအုပ်စာစောင်များကို ရှာဖွေဖတ်ရှုပါ။ သင့်ရဲ့ကြံ့ခိုင်မှုကို တိုးတက်စေမယ့် နည်းလမ်းကောင်းများကို မှတ်သားပါ။

Refreshment – (3)

သင့်ရဲ့ ကိုပဲနားထောင်မယ့်အစား ရေဒီယိုကို နားထောင်ကြည့်ပါ။ ကဏ္ဍအသစ်တွေနဲ့ ဂီတအမျိုးအစားသစ်များက သင့်ကိုစိတ်ဝင်စားစေမှာ အသေအချာပါပဲ။

Refreshment – (4)

သင်နဲ့ခင်မင်ရင်းနှီးတဲ့ လုပ်ဖော်ကိုင်ဖက်များနဲ့ အလုပ်ချိန်ပြင်ပမှာလည်း အတူတကွ စားသောက်ကြည့်ပါ။ ဒါဟာ အလုပ်ခွင်မဟုတ်တဲ့ ပတ်ဝန်းကျင်အသစ်တစ်ခုကို ဖန်တီးနိုင်ပြီး သင့်လုပ်ဖော်ကိုင်ဖက်များရဲ့ လူမှုပတ်ဝန်းကျင်က မိတ်ဆွေသစ်များနဲ့လည်း ရင်းနှီးမှုတံခါး ဖွင့်ပြီးသားဖြစ်ပါလိမ့်မယ်။

Refreshment – (5)

သင်ပြင်ဆင်ထုံးဖွဲ့နေကျ ဆံပင်ပုံစံကနေ ခွဲထွက်ပါ။ သမားရိုးကျထုံးဖွဲ့မှုအစား လွတ်လပ်ပေါ့ပါးပြီး သွက်လက်တဲ့ သဏ္ဍာန်ကို ပေါ်လွင်စေဖို့ ပိုနီတေးပုံစံလေး စည်းနှောင်ကြည့်ပါ။

Refreshment – (6)

သင့်ရဲ့ကွန်ပျူတာ ဒါမှမဟုတ် ကို တခြားအခန်းတစ်ခုမှာ ရွှေ့ပြောင်းတပ်ဆင်ပါ။ ဒါဆိုရင် ပြောင်းလဲသွားတဲ့ ပတ်ဝန်းကျင်ကြောင့် သင့်ရဲ့အလုပ်အပေါ်မှာလည်း ကောင်းကျိုးသက်ရောက်နိုင်ပါတယ်။

Refreshment – (7)

သင်အလုပ်သွားတဲ့အခါ စီးနေကျကားမှတ်တိုင် ဒါမှမဟုတ် ရထားဘူတာရုံကို ပြောင်းလဲပါ။ ဒါဟာ ပတ်ဝန်းကျင်အသစ်နဲ့ထိတွေ့ဖို့ အကောင်းဆုံးနည်းလမ်းတစ်ခုပါ။

Refreshment – (8)

သင့်ရဲ့သူငယ်ချင်းများနဲ့ ညစာသွားစားတဲ့အခါ တစ်ဦးအတွက်တစ်ဦး အပြန်အလှန် ဟင်းမှာပေးတဲ့စနစ်ကို သုံးကြည့်ပါ။

Refreshment – (9)

သင်သွားလေ့သွားထမရှိတဲ့ ရှိုးပွဲတချို့ကို သွားကြည့်ဖို့ကြိုးစားပါ။ ဒါဟာ သင့်ရဲ့ ပုံမှန်လူနေမှုဘ၀ကနေ ခေတ္တရုန်းထွက်မှုတစ်မျိုးဖြစ်ပြီး ဆန်းသစ်တဲ့ ခံစားမှုကိုလည်း ပေးစွမ်းနိုင်ပါတယ်။

Refreshment – (10)

သင်က လေးစားရပြီး သင်နဲ့ စရိုက်လက္ခဏာမတူညီတဲ့ ဆွေမျိုးတွေဆီကို အလည်အပတ်သွားပါ။ သူတို့နဲ့ ရင်းရင်းနှီးနှီး စကားပြောဆိုပြီး သူတို့အနှစ်သက်ဆုံး စာအုပ်များကို ငှားရမ်းဖတ်ရှုပါ။

Refreshment – (11)

ဆွေမျိုးများနဲ့ အိမ်နီးချင်းများရဲ့ ကလေးငယ်လေးတွေကို ထိန်းကျောင်းပေးပါ။ ကလေးငယ်လေးများရဲ့ မျက်လုံးများမှတစ်ဆင့် လောကကြီးကို လေ့လာခြင်းအားဖြင့် သင့်ရဲ့အတွေးအမြင်ဟောင်းတွေကို ပြောင်းလဲပြင်ဆင်ပါ။

Refreshment – (12)

www.uroulette.com ကိုဝင်ရောက်ကြည့်ရှုပါ။ ဒီဝက်ဘ်ဆိုက်မှာ ကံကြမ္မာလှည်းဘီးကို ထောက်ပြီးမှ မိမိကျရောက်တဲ့ ဆိုက်ကိုဝင်ရောက်ကြည့်ရှုခွင့်ပေးပါတယ်။ဒါကြောင့် သင်ကြည့်နေကျ ဆိုက်တွေကနေခွဲထွက်ဖို့ အထောက်အကူဖြစ်ပါတယ်။

Refreshment – (13)

သင်ဖတ်နေကျမဟုတ်တဲ့ မဂ္ဂဇင်းအသစ်တစ်မျိုးကို ရှာဖွေဝယ်ယူပါ။ သင်စိတ်ဝင်စားတဲ့ အကြောင်းအရာတွေပါဖို့တော့ လိုပါလိမ့်မယ်။ ဒါဆိုရင် လတ်ဆတ်သစ်လွင်တဲ့ အတွေးအခေါ်တချို့ကို ရရှိပါလိမ့်မယ်။

Refreshment – (14)

သင်နဲ့ရင်းနှီးကျွမ်းဝင်ပြီးသား အစားအစာတွေကိုပဲ မတူညီတဲ့ ချက်ပြုတ်မှုပုံစံတွေကို အသုံးပြုပြီး ချက်ပြုတ်စားသောက်ကြည့်ပါ။

Refreshment – (15)

ရက်သတ္တပတ်တစ်ပတ်လောက် နေရာအသစ်မှာ နေ့လယ်စာ စားသုံးကြည့်ပါ။

Refreshment – (16)

သင့်ရဲ့အိမ်က ပရိဘောဂပစ္စည်းများကို ပြန်လည်နေရာချထားကြည့်ပါ။ ဒါဟာ မိမိရဲ့ အိမ်တွင်းမှာ သစ်လွင်လတ်ဆတ်တဲ့ ခံစားမှုကို ဖန်တီးရာရောက်ပါတယ်။

Refreshment – (17)

သင်အရင်က မစားဖူးတဲ့ အစားအစာတချို့ကို စမ်းသပ်ဝယ်ယူပြီး စားသောက်ကြည့်ပါ။ ဒါဟာလည်း စိတ်အပြောင်းအလဲဖြစ်စေမယ့် နည်းလမ်းတစ်ခုပါ။

Refreshment – (18)

သင်အရင်က အပန်းဖြေခရီးသွားခဲ့ဖူးတဲ့ နေရာများကို ပြန်လည်တွေးတောကြည့်ပါ။ သင့်ရဲ့ မှတ်ဥာဏ်စွမ်းအားတွေကိုသုံးပြီး ပြန်လည်စဉ်းစားပါ။ ဒါဆိုရင် အဲဒီအချိန်တုန်းက သင့်မှာရှိခဲ့တဲ့ စိတ်ခံစားမှုလေးတွေကို ပြန်လည်ရရှိပိုင်ဆိုင်နိုင်ပါလိမ့်မယ်။

Refreshment – (19)

သင့်ရဲ့ အရင်က သိဟောင်းကျွမ်းဟောင်းများကို ပြန်လည်ဆက်သွယ်ကြည့်ပါ။ သူတို့ကို အချိန်ပေးပြီး ဆက်ဆံကြည့်ပါ။

အထက်မှာပါခဲ့တဲ့ Refreshment နည်းလမ်းတွေဟာ သင့်အတွက် ရှင်းလင်းလွယ်ကူပြီး သက်သောင့်သက်သာရှိစေမှာပါ။ ဒါကြောင့် ဒီနည်းလမ်းလေးတွေနဲ့အတူ အသစ်တဖန် ပြန်လည်မွေးဖွားလိုက်ရအောင်နော်။

Ref: Fashion Image Magazine Vol.13 No.3 May 2010

Wednesday, June 16, 2010

အချစ်အက္ခရာလေးတွေ

အချစ်ဆိုတာဘာလည်း.....ချစ်တတ်တဲ့စိတ်ဆိုတာကရော ဘယ်လောက်အတိုင်းအတာထိ ခံစားပေး ခံစားကြမှာလည်း ကျွန်တော် ဘာမှမသိဘူး။ ကျွန်တော့်အတွက်တော့ အချစ်ဆိုတာ ဖြစ်ပေါ်ဖို့ အခြေခံအကြောင်းရင်း နှစ်ချက်ပဲလိုတယ် ယုံကြည်မှု နဲ့ နားလည်မှုပဲ။ လူတစ်ယောက်ကို ချစ်ဖို့ ဒါမှမဟုတ် အချစ်ခံဖို့ဆိုရင် အဲဒီ့လူကို ယုံကြည်နိုင်မှ နားလည်ပေးနိုင်မှ ပြီးတော့ ကိုယ့်ကိုယ်လည်း နားလည် ယုံကြည်မှ အချစ်ဆိုတာ ဖြစ်ပေါ်ပါတယ် ချစ်တတ်ပါတယ်....။

ကဲပါ အချစ်အဓိပ္ပာယ်လေးတွေကို စာစောင်တစ်ခုထဲမှာ ဖတ်ဖြစ်ရလို့ ထပ်ဆင့်ဖော်ပြလိုက်ပါတယ်။

Accept (လက်ခံသည်)

"လောကကြီးမှာ ခြောက်ပစ်ကင်းသူမရှိပါဘူး"

သူ့ကိုချစ်တယ်ဆိုရင် သူ့အားနည်းချက်အပါအ၀င် သူ့ရဲ့အရာအားလုံးကို လက်ခံနိုင်ရပါမယ်။

Belief (ယုံကြည်ခြင်း)

အချစ်မှာ ယုံကြည်ခြင်းတွေ လိုပါတယ်။ တစ်ဘက်သားကို မယုံကြည်ဘဲ အမြဲသံသယအမေး၊ သံသယအတွေးတွေနဲ့ အချစ်ကိုမယုံကြည်ခဲ့ရင် နောက်ဆုံးမှာ လမ်းခွဲခြင်းနဲ့ပဲ အဆုံးသတ်ရပါလိမ့်မယ်။

Care (ဂရုစိုက်ခြင်း)

တစ်ဘက်သားကို ဂရုစိုက်တယ်ဆိုတာ သူ့အပေါ်ထားတဲ့ ကိုယ့်ရဲ့အရေးပေးမှုကို ပြသနေသလိုပါပဲ။ ဖုန်းလေးတစ်ချက်နဲ့ 'အလုပ်ပင်ပန်းနေလား?' ဆိုတဲ့ ဂရုစိုက်တဲ့ အမေးလေးမေးနိုင်သလို "မိုးအေးပြီနော်...အနွေးထည်ထပ်ဝတ်ဖို့မမေ့နဲ့နော်" ဆိုတဲ့ မက်ဆေ့လေးလည်းပို့နိုင်ပါတယ်။ ဒီလိုဂရုစိုက်မှုတွေက တစ်ဘက်သားအတွက် တကယ့်အသုံးမ၀င်နိုင်ပေမယ့် အနည်းဆုံးတော့ သူ့စိတ်ကို နွေးထွေးကြည်နူးစေနိုင်ပါလိမ့်မယ်။

Devoted (သစ္စာခိုင်မြဲသည်)

လူတစ်ယောက်ကိုချစ်ပြီဆိုရင် သစ္စာခိုင်မြဲရတယ်။ လှေနံနှစ်ဖက်နင်းတာက ကိုယ်ချစ်တဲ့သူကို နာကျင်ဝမ်းနည်းစေတဲ့အပြင် နောက်ဆုံးမှာ လမ်းခွဲတာနဲ့ပဲ အဆုံးသတ်ရတတ်တယ်။

Enjoy (ကျေနပ်စွာခံစားသည်)

တစ်ဘက်သားရဲ့အရာအားလုံးကို ကျေကျေနပ်နပ်လက်ခံတဲ့အပြင် အချစ်ကြောင့်ဖြစ်လာတဲ့ ပျော်ရွှင်၊ကြည်နူးခြင်းတွေကိုလည်း ကျေကျေနပ်နပ်ခံစားသင့်ပါတယ်။ ဒါမှ ချစ်ခရီးလမ်းက ပိုတာရှည်တည်မြဲပျော်ရွှင်မှာဖြစ်တယ်။

Freedom (လွတ်လပ်မှု)

လက်ထပ်ပြီးအတူနေသည့်တိုင် တစ်ဘက်သားကို ကိုယ်ပိုင်လွတ်လပ်မှုနဲ့ လျှို့ဝှက်ချက်တချို့ ရှိစေသင့်တယ်။ ကိုယ်နဲ့အိမ်ထောင်ကျတာဟာ ထောင်ထဲရောက်သွားသလို အချုပ်အနှောင်ခံတာမျိုး တစ်ဘက်သားကို မခံစားစေချင်ဘူး။ ဒါကြောင့် သူကိုယ်ပိုင်လွတ်လပ်မှုဆိုတာ ရှိသင့်ပါတယ်။

Give (ပေးဆပ်ခြင်း)

အချစ်ဆိုတဲ့အရာက ကိုယ်ပေးဆပ်တိုင်း ပေးဆပ်သလောက် ပြန်ရမယ့်အရာမဟုတ်ပါဘူး။ ဒါပေမယ့် မပေးဆပ်ရင်တော့ လုံးဝပြန်ရဖို့ မရှိပါဘူး။ ကိုယ်ပေးဆပ်သလိုမျိုး တစ်ဘက်သားက ပြန်ပေးဆပ်ခဲ့ရင် ဒါဟာ စစ်မှန်တဲ့အချစ်လို့ ပြောနိုင်ပါတယ်။

Heart (နှလုံးသား)

အချစ်မှာ အရေးအပါဆုံးအရာက နှလုံးသားတစ်စုံပဲဖြစ်တယ်။ တစ်ဘက်သားကို နှလုံးသားနဲ့ရင်းပြီး ချစ်သင့်တယ်။ ကြင်နာနားလည်သင့်ပါတယ်။ တကယ်လို့ ချစ်ခြင်းမှာ နှလုံးသားတစ်စုံသာ မပါခဲ့ရင် အချစ်စစ်လို့မည်မှာ မဟုတ်ပါဘူး။

Independence (မမှီခို၊အားမကိုးဘူး)

စကားပြောကောင်းတဲ့ချစ်သူက "ငါဟာ မင်းအတွက်မွေးဖွားလာတာပါ" လို့ပြောတတ်ကြတယ်။ တကယ်တော့ လူတိုင်းမှာ ကိုယ်ပိုင်ရှင်သန်မှုတွေရှိကြတယ်။ တစ်ဘက်သားကို အလွန်အကျွံ မှီခို၊ အားကိုးတာက သူ့ကိုတာဝန်ပိုစေတဲ့အပြင် စိတ်ပင်ပန်းနွမ်းနယ်စေပါတယ်။

Jealousy (မနာလို၊သ၀န်တို)

သင့်တင့်တဲ့ မနာလို၊ သ၀န်တိုမှုတွေက သူဟာ ကိုယ့်အတွက် ဘယ်လောက်အရေးပါကြောင်း တစ်ဘက်သားကို ခံစားမိစေတယ်။  သ၀န်တိုဖို့ အကျိုးအကြောင်းညီမျှရမယ်ဆိုတာ မမေ့သင့်ပါဘူး။ အကျိုးအကြောင်း အဆက်အစပ်မရှိတဲ့ သ၀န်တိုမှုတွေက တစ်ဘက် သားကို မလိုလားမှုတွေ ဖြစ်ပေါ်စေပါတယ်။

Kiss (အနမ်း)

အနမ်းတစ်ပွင့်က စကားအခွန်းထောင်သောင်းထက် သာလွန်ပါသတဲ့။ ညင်သာတဲ့အနမ်းတစ်ပွင့်နဲ့ ကိုယ့်မြတ်နိုးမှု၊ ကြင်နာမှုကို ပြသနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ချစ်တဲ့သူကိုနမ်းဖို့ မတွန့်တိုသင့်ပါဘူး။

Love (ချစ်တယ်)

ချစ်တာနဲ့နှစ်သက်တာမတူပါဘူး။ ချစ်မိပြီဆိုရင် တစ်ဘက်သားအတွက်အရာရာပေးဆပ်ရဲပါတယ်။ "ချစ်တယ်" ဆိုတဲ့စကားတစ်ခွန်းက တခြားတန်ဖိုးကြီးလက်ဆောင်တွေထက် တစ်ဘက်သားရဲ့ရင်ကိုနွေးထွေးကြည်နူးစေပါတယ်။

Mature (ရင့်ကျက်)

တချို့က အချစ်ဦးနဲ့ဘာကြောင့်အလွယ်တကူ ကွေကွင်းကြရသလဲ? အကြောင်းက ငယ်ရွယ်စဉ် ရည်းစားထားချိန်မှာ ကလေးဆန် စိတ်တွေများနေခဲ့လို့ဖြစ်တယ်။ ဘယ်သူကမှ အဆင်အခြင်မရှိ စူစူအောင့်အောင့် မကြီးပြင်းတတ်တဲ့ကလေးကို အမြဲအလိုလိုက် ချစ်နိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် လူရင့်ကျက်ရင် အချစ်လည်း ရင့်ကျက်ပြီး လှပတဲ့ အဖူးအပွင့်တွေ မြန်မြန်ဆန်ဆန် ဖူးပွင့် နိုင်မှာဖြစ်တယ်။

Natural (ပင်ကို၊ပကတိ)

ချစ်စကြင်စမှာ လူတွေက ကိုယ့်အားနည်းချက်၊အနာအဆာကို သိုဝှက်ပြိးဟန်ဆောင်နေတတ်ကြတယ်။ အဲဒိအားနည်းချက်တွေက နှစ်ကြာမှ တဖြေးဖြေးပေါ်လာတတ်တယ်။ ချစ်စတည်းက ပကတိအတိုင်းချစ်မယ် ဟန်ဆောင်မူတွေကင်းခဲ့ရင် အချစ်က ပိုတာရှည် တည်မြဲမှာဖြစ်တယ်။

Observe (ဂရုတစိုက် ကြည့်ရှုမှတ်သား)

တစ်ဘက်သားရဲ့ ၀ါသနာ၊ကြိုက်နှစ်သက်တာတွေကို ဂရုစိုက်မှတ်သားခြင်းဖြင့် တစ်ဘက်သားကို ပိုနားလည်စေသလို  တစ်ခါတလေမှာ သူ့ကိုထူးဆန်းအံ့သြအောင်လုပ်နိုင်ပါတယ်။ ဥပမာ-မဂ္ဂဇင်းအတူကြည့်တုန်း စာအုပ်ထဲကနာရီကို သူသဘောကျကြောင်းပြောခဲ့ရင် သူ့မွေးနေ့မှာ သူအံ့သြ၀မ်းသာအောင် လက်ဆောင်ပေးတာမျိုးဖြစ်တယ်။ အဲဒီလို တစ်ဘက်သားရဲ့ အကြိုက်ကိုဂရုစိုက်တတ်တဲံ့စိတ်က လက်ဆောင်ပစ္စည်းတွေထက်ပိုတန်ဖိုးရှိကြောင်း တစ်ဘက်သားကို ခံစားစေနိုင်ပါတယ်။

Protect (ကာကွယ်စောင့်ရှောက်)

ယောက်ျားလေးချစ်သူက မိန်းကလေးချစ်သူကို ကာကွယ်စောင့်ရှောက်တယ်ဆိုတာသဘာဝပါ။ ဒါပေမယ့် မိန်းကလေး ချစ်သူကလည်း ယောက်ျားလေးချစ်သူရဲ့ လေးစားမှု၊ မျက်နှာသာပေးမှုကို ကာကွယ်စောက်ပေးရပါမယ်။လူတွေကြားမှာ သူ့အရှက်မရဖို့၊ ထိခိုက်နာကျင် မှုတွေ မရဖို့ သတိထားရပါမယ်။

Quarter (ခွင့်လွှတ်သည်းခံ)

ခွင့်လွှတ်သည်းခံခြင်းတွေ အချစ်မှာမရှိမဖြစ်တဲ့ အရာတွေဖြစ်တယ်။ တစ်ဘက်သားရဲ့ အမှားကို ပြည့်ဝတဲ့သဘောထားနဲ့ ခွင့်လွှတ်သင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူဟာ ကိုယ့်ရဲ့အချစ်ဆုံးသူဖြစ်နေလို့ပါပဲ။

Receive (လက်ခံ)

ကိုယ့်အတွက် ချစ်သူပေးဆပ်တဲ့အရာတိုင်းကို ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ စိတ်ပျက်သွားတဲ့အမူအရာမျိုး၊ စိတ်အနှောင့်အယှက်ဖြစ်သွားတဲ့ ပုံစံမျိုး ထုတ်မပြသင့်ပါဘူး။ အဲဒီအပြုအမူတွေက သူတို့ကို စိတ်ဓာတ်ကျအားငယ်စေပါတယ်။ ကိုယ့်အတွက် ချစ်သူပေးဆပ်တာကို ကျေနပ်ပျော်ရွှင်တဲ့အသွင်နဲ့ လက်ခံပေးသင့်ပါတယ်။ ဒါဟာ နှစ်ဦးသားရဲ့ အကြင်နာကို ပိုမိုခိုင်မြဲစေပါတယ်။

Share (မျှဝေ)

တကယ်ချစ်ကြပြီဆိုရင် ဘ၀ရဲ့ပျော်ရွှင်၊ ၀မ်းနည်းခြင်းတွေကို အတူတကွမျှဝေသင့်ပါတယ်။ ဒါဟာ ဘ၀ဖော်တစ်ဦးရဲ့ အရိုးရှင်းဆုံး ၀တ္တရားပဲဖြစ်တယ်။

Tender (နူးညံ့)

အချစ်မှာ နူးညံ့မှုတွေရှိသင့်ပါတယ်။ အချစ်မှာ နူးညံ့မှုတွေကင်းခဲ့ရင် အချစ်က ချစ်စရာမကောင်းတော့ပါဘူး။

Understand (နားလည်)

တစ်ဘက်သားရဲ့ အမူအကျင့်ကို နားမလည်နိုင်ခဲ့ရင် အချစ်ဟာ အထီးကျန်ပြီးဆက်ဆံရေးမဲ့သွားနိုင်ပါတယ်။ တစ်ဘက်သားရဲ့ ရှုထောင့်ကနေပြီး တွေးတောခံစားပေးခြင်းအားဖြင့် တစ်ဘက်သားကို ပိုနားလည်စေနိုင်ပါတယ်။

Veracity (ဖြောင့်မှန်၊မှန်ကန်ခြင်း)

အချစ်မှာ ဖြောင့်မှန်၊ မှန်ကန်ခြင်းတွေ အဆတစ်ရာလိုပါတယ်။ ကိုယ်ကလည်း ကိုယ့်ချစ်သူကို 'အပြောသမား' တစ်ယောက် မဖြစ်စေချင်သလို သူကလည်း ကိုယ့်ကိုဖြစ်စေချင်မှာ မဟုတ်ပါဘူး။ အချင်းချင်း အချစ်ညာစားသူ မဖြစ်စေချင်ကြပါဘူး။

Wait (စောင့်သည်)

အချစ်မှာ စောင့်တာက အခြေခံလိုအပ်ချက်လေးဖြစ်တယ်။ တစ်ဘက်သားနဲ့ အတူကြီးပြင်းရှင်သန်သင့်ပါတယ်။ ခရီးလမ်းဆုံးထိ တစ်ဦးကိုတစ်ဦး ဖေးမစောင့်စားသင့်ပါတယ်။ ကိုယ်အရင် ခြေလှမ်းလှမ်းပြီး တစ်ဘက်သားကို နောက်ချန်ထားရစ်ခဲ့လို့ မသင့်ပါဘူး။

X (အမြှောက်သင်္ကေတ)

ချစ်သူအပေါ်ထားတဲ့ ကိုယ့်အချစ်ကို နေ့တိုင်းဆတိုးပြီး မြှောက်သွားခဲ့ရင် အချစ်က အလိုလိုနေရင်း အဆုံးမရှိဖြစ်သွားနိုင်ပါတယ်။

Yield (အလျော့ပေး)

နှစ်ယောက်အတူနေချိန်မှာ ငြင်းခုန်မှုက ရှိစမြဲဖြစ်တယ်။ နောက်ခြေတစ်လှမ်းဆုတ် အလျော့ပေးတာက ဒေါသမုန်တိုင်းကို ငြိမ်းအေးစေပါတယ်။ နောက်ပြီး ပြဿနာကို သဲသဲကွဲကွဲ မသိခင် 'လမ်းခွဲကြရအောင်' ဆိုတဲ့စကားကို အလွယ်တကူမပြောမိဖို့ သတိထားရပါလိမ့်မယ်။ စိတ်တွေငြိမ်သွားမှ ပြဿနာရင်းမြစ်ကိုရှာပြီး ဖြေရှင်းနည်းတွေ ရှာတာဟာ အကောင်းဆုံးဖြစ်တယ်။

Zero (စမှတ်)

အိမ်ထောင်ရေးတည်မြဲပြီလို့ မှတ်ယူတာပဲဖြစ်ဖြစ်၊ အချစ်ရေးခိုင်မြဲပြီလို့ ထင်မြင်တာပဲဖြစ်ဖြစ် ချစ်နေချိန်မှာ အရင်ညားစ၊ချစ်စ၊ကြင်နာစက ခံစားချက်မျိုး၊စိတ်သဘောထားမျိုးထားဖို့ မမေ့သင့်ပါဘူး။ တည်မြဲပြီလို့ မှတ်ယူပြီး အချစ်ကို ပစ္စလက္ခမထားဘဲ၊ အနယ်မထိုင်စေဘဲ နေ့တိုင်းအချစ်ကို အသစ်အသစ်အဖြစ်နဲ့ ချစ်နိုင်၊ ခံစားနိုင်ခဲ့ရင် အချစ်ဟာ အမြဲ နုပျိုလန်းဆန်းနေမှာဖြစ်တယ်။

လူတွေက အချစ်ကို အမျိုးမျိုးဖွဲ့ဆိုကြပါတယ်။ ဖွဲ့ဆိုကြတဲ့အထဲမှာ အချစ်တာရှည်ခိုင်မြဲဖို့၊ ချစ်ခရီးလမ်းဖြောင့်ဖြူး သာယာဖို့ အဓိကထားရေးဖွဲ့ကြပါတယ်။

ဘာပဲဖြစ်ဖြစ် အချစ်အက္ခရာလေးတွေကို ဘာသာစကားအမျိုးမျိုးနဲ့ဖတ်ဖူးကြပေမယ့် ကျွန်တော်ရေးပြလိုက်တဲ့ အဲဓိပ္ပာယ်လေး တွေကတော့ ချစ်တတ်သူတိုင်းအတွက် အခြေခံစည်းမျဉ်းလေးတွေဖြစ်နိုင်ကြပါစေလို့ ဆန္ဒပြုကြောင်းပါ။

Sunday, June 6, 2010

သုတ်လွှတ်မြန်ခြင်း အကြောင်းကလေး...

ဆန့်ကျင်ဖက်လိင် တယောက်နဲ့ တယောက်ဟာ ဆွဲဆောင်စွမ်းအား အင်မတန် ကြီးမားလှတာပါ။ ဇတ်တော် တခုထဲမယ် "ဆိတ်ကွယ်ရာဆိုရင် မအေမှန်း၊ သားမှန်း မသိရင်၊ ဖေါက်ပြန်ချစ်စိတ် ဝင်တတ်ကြောင်း" မိခင်ဖြစ်သူက သားကို ပညာပေးဘူးတယ်။ ဆန့်ကျင်ဖက်လိင်လို့ ပြောတာလဲ သိပ် မတိကျသေးပြန်ဘူး။ လိင်တူချင်း စိတ်ဝင်စားမှု ဆိုတာလဲ ရှိတာကိုး။ မနေ့တနေ့ကတောင် Gay တယောက်ကို Bishop ခန့်လို့ စကားတွေ များနေကြတယ်လေ။

အသက်အရွယ်ကြီးသူများ ဆိုပါတော့။ "ဖွဲတဆုပ် နိုင်သေးရင်တောင်မှ ဒီစိတ်က ရှိနေသေးတယ်။" လို့ ပြောကြတယ်။ တချိန်က လူကြီးတဦး၊ အသက်လဲကြီးတယ်၊ ရာထူးလဲကြီးတယ်။ နယ်ကို တိုင်းခန်း လှည့်လည်တယ်ဆိုရင် (တိုင်းမှူး အစစ်လဲ ဖြစ်ပါတယ်။) (ဗီဒီယို) ခေတ်ကောင်းချိန်ကပေါ့။ ညမအိပ်ခင် ဗိုလ်တဲပေါ်မှာ ဒီဇာတ်ကားမျိုးကို တင်ဆက် ပေးရတယ်။ ဆေးပညာအရ (နော်မယ်လ်)ပါဘဲ။ လူမှုရေး အရတော့ နေရာအရွေး မှားတယ်။

"ဆွဲဆောင်နိုင်စွမ်း" ဆိုတာ လိင်ဆိုင်ရာဟော်မုန်း Sex hormones တွေကြောင့်ပါ။ Estrogen နဲ့ Androgen တွေက မျိုးပွါးခြင်းနဲ့ဆိုင်တဲ့ အင်္ဂါတွေ ကြီးထွားလာအောင်၊ အလုပ်လုပ်လာကြအောင်အပြင် အမူအယာတွေပါ အံဝင်ဂွင်ကျ ဖြစ်အောင် လုပ်ပေးကြတယ်။ လိင်တူစိတ်ဝင်စားသူများ ဖြစ်ရတာကလည်း ဒီဟော်မုန်းများ တန်ခိုးပါဘဲ။ ကျားကျား မမ၊ ဒီအမျိုးတူ ဟော်မုန်းတွေရှိတယ်။ အနည်းနဲ့ အများတော့ ကွာတယ်။ ယောက်ျား တယောက်က တနေ့ကို Testosterone ၆-၈ မီလီဂရမ် ထုတ်ရင် မိန်းမ တယောက်က ဝ့၅ မီလီဂရမ်သာ ထုတ်တယ်။ မိန်းမဟော်မုန်းဆိုတာလဲ ယောက်ျားတွေမှာလဲ ရှိလို့ အသက် ၅ဝ ကျော်ရင်၊ အတောင် ၂ဝ ဝတ်များလဲ ရင်သား ထွက်လာကြတာ ဒါ့ကြောင့်။ အချိုးအဆ ပြောင်းသွားလို့ပါ။

"ခြေဆင်း" လေးပြီးတော့ ရေးမဲ့အကြောင်း ဆက်ပါမယ်။ လိင်ပြဿနာတွေထဲမှာ အတွေ့ရဆုံးကတော့ လိင်ဆန္ဒ ပြည့်ဝခြင်းဆိုတဲ့ Orgasm ဟာ အမျိုးသားတွေမှာ အချိန်စောပြီး ဖြစ်တာနဲ့ အမျိုးသမီးများမှာ အဖြစ်နည်းတာပါ။ Orgasm စကားလုံးရဲ့ အဓိပ္ပါယ် မှန်ကတော့ ရုပ် (အင်္ဂါအစိတ်အပိုင်း ရင့်ထွား ပြည့်စုံခြင်း၊) နဲ့ စိတ် (လိုအင်ဆန္ဒ ပြည့်ဝခြင်း) လို့ နှစ်မျိုးပါတယ်။ ယောက်ျားတွေမှာ Orgasm အဖြစ်နည်းတာနဲ့ အသက်ရှည်မှု ဆက်စပ်နေတယ်လို့ British Medical Journal မှာ ၁၉၉၇ တုံးက ရေးဘူးတယ်။ နှလုံးရောဂါ နဲ့လဲ ဆက်စပ်တယ်လို့ ၂ဝဝ၁ မှာ ထပ်ရေး သေးတယ်။ ဒီစာက Orgasm အကြောင်းရေးတာ မဟုတ်လို့ ဒီမှာဘဲ ရပ်ပါရစေ။

သုတ်လွှတ်တာ စောတယ်၊ မြန်တယ်ဆိုတာ အဖြစ်များဆုံးက လူပျိုများနဲ့ အိမ်ထောင်ကျခါစ ယောက်ျားများ ဖြစ်တယ်။ အတွေ့အကြုံ နည်းသေးသူတွေပေါ့။ အတွေ့အကြုံဆိုတာကို တိတိကျကျ ပြောရရင် လိင် ဆက်ဆံဘူးတဲ့ အကြိမ် အရေအတွက် ပြောတာ။ ကာလသားများ ပြောကြတာရှိတယ် "အသက်ကြီးတော့ တနည်းသာတယ်။" ဆိုတာ။ ဒီတော့ အားပေးချင်ပါတယ်၊ အတွေ့အကြုံက သင်ပေးပါလိမ့်မယ်။

လိင်ဆက်ဆံတယ်ဆိုတာ စာသင်သလို အဆင့်ခွဲ ပြောရရင် Foreplay ဆိုတဲ့ အရှိန်ယူ၊ ပြင်ဆင်တဲ့ အဆင့်၊ နောက်မှ အင်္ဂါနှစ်ခု ထိစပ်မှု။ ပြီးမှ Orgasm ဆိုတဲ့ ကျေနပ်ပြည့်စုံမှုကို တယောက်ဖြစ်ဖြစ်၊ နှစ်ယောက်လုံး ဖြစ်ဖြစ် ရတဲ့အဆင့်။ ဒီနောက်မှာလဲ ဖုတ်ဖက်ခါ ထသွားသလို မဟုတ်ဘဲ Relaxing experience အချိန်ယူမှ ပြီးပြည့်စုံပါတယ်။

လိင်အင်္ဂါ နှစ်ခုမဟုတ်ဘဲ တခုထဲကို သုံးတာနဲ့လဲ Orgasm ရအောင်လုပ်နိုင်တယ်။ Masturbation ခေါ်တာပေါ့။ အချိန်ပိုကြာချင်ရင် ကြာအောင် လုပ်လို့ရပါတယ်။ စပြီး ဆက်ဆံရာကနေ အရှိန် တက်လာပြီး၊ နောက်ဆုံး Orgasm မရခင်၊ အတက်အကျ သိပ်မရှိဘဲ တန်းနေတဲ့ Plateau အဆင့်မှာ ထိန်းပြီး၊ အချိန်ဆွဲထားရမှာပါ။

ကျား လိင်အင်္ဂါ ခေါင်းပိုင်းအပြင်က ဖုံးပေးထားတာကို Foreskin (Prepuce) ခေါ်တယ်။ ရှုံ့လို့ ဆန့်လို့ရတဲ့ အရေပြား ၂ ထပ်ပါတယ်။ အပြင်က သာမန် အရေပြားလိုဖြစ်ပြီး၊ အထဲကတော့ ပါးစပ်တို့ မျက်ခွံ အတွင်းပိုင်း တို့မှာရှိတဲ့ အရေပြား အနုစားမျိုး ဖြစ်တယ်။ ငယ်တုံးမှာ အတွင်းက လိင်တံအဖျားပိုင်းကို ကပ်နေတယ်။ ဖုံးချီ-ဖွင့်ချီ လုပ်လာနိုင်တာက တယောက်နဲ့ တယောက်၊ တချိန်နဲ့ တချိန် မတူကြဘူး။ အရွယ်ရောက်ချိန်မှာ ဆွဲဖွင့်ရင် ပွင့်လာမှ ကောင်းတယ်။ မဟုတ်ရင် အထဲမှာ အညစ်အကြေး အောင်းနေမယ်။ ကလေးငယ်ငယ် ဆိုရင် အဆီဥလေးတွေ စဖြစ်တယ်။ အားသုံးပြီး ဆွဲလှန်ပေးတာ မလုပ်သင့်ဘူး။ နာကျင်မယ်။ ပိုးဝင်မယ်။ ထုံဆေးလေးနဲ့ အသာအယာ သန့်ရှင်း၊ ကပ်နေတဲ့ အပေါ်ဖုံး အရေပြားကို ခွါပေးသင့်တယ်။

ဆွဲလှန်လို့တော့ရပြီး အတိုင်းတိုင်းနေရင် အရေပြားဟာ လုံးလုံးဖုံးနေတဲ့ ယောက်ျား ၅ဝ%၊ တဝက်တပျက် ဖုံးနေသူ ၄၂% ရှိပြီး၊ ၈% ကတော့ ဖုံးမနေဘူး။ ကိုရီးယား လူမျိုးတွေဟာ အပေါ်ယံအရေပြား ရှည်လှတယ် လို့ဆိုတယ်။ အရေပြားကို ဆွဲလှန်ပေးလို့ မရတဲ့ မွေးရာပါ Phimosis "ပန်းငုံ" တာဆိုရင် ခွဲစိတ်ပြုပြင်ပေးမှ ကောင်းတယ်။ Islam နဲ့ Judaism ဘာသာဝင် ယောက်ျားတိုင်း လုပ်ကြရတယ်။ Male circumcision ကို "ရှင်ပြုပေးတယ်" လို့ ပြောင် ခေါ်လေ့ရှိတယ်။ လုပ်တဲ့အခါ အရေပြားကို အကုန် သွားဖြတ်မိရင် ကာကွယ်မှုနဲ့ စိုစွပ်စေတဲ့ အလုပ်ကို အနည်းနဲ့အများ ထိခိုက်မယ်။ ပိုဆိုးစေတဲ့ နောက်တခုကို ဆက်ပြောမယ်။ ပန်းငုံလို့တော့ သုတ်လွှတ်ကိစ္စ ကြောင့်ကြဘို့ မလိုပါ။

ကျားလိင်အင်္ဂါရဲ့ ထိပ်ဆုံး (အဖျား)ပိုင်းက အာရုံခံစားမှု Sensitivity အဖြစ်ဆုံးဘဲ။ ကျန်နေရာ (အတံ)က ရိုးရိုး အရေပြားနဲ့ ဖုံးထားတာမို့ သာမန် အာရုံခံစားမှုသာရှိတယ်။ သုတ်လွှတ်တာနဲ့ အများကြီးဆိုင်တဲ့ ယောက်ျား လိင်အင်္ဂါ အစိတ်အပိုင်း ၂ နေရာရှိပါတယ်။

(၁) Glans penis (Glans) ခေါ်တဲ့ ခေါင်း (ထိပ်-အဖျား)ပိုင်းဟာ Mucocutaneous (တစ်ရှူး)နဲ့ လုပ်ထားတယ်။ ဆိုလိုတာက ဖုံးပေးတဲ့ အလုပ်ရော စိုစွပ်အောင် အရည်ထုတ်ပေးတာပါ လုပ်ပေးတယ်။ ပိုအရေးကြီးတာက အာရုံခံစားမှု သိပ်ကောင်းတယ်။ ကျားလိင်အင်္ဂါ ခေါင်း နဲ့ အမျိုးသမီးများရဲ့ Clitoral glans (Clitoris) (မ-အစိ) ဟာ သဘာဝခြင်း အတူတူဘဲ။ ၂ ခုလုံးက အာရုံခံစွမ်း အရှိဆုံး နေရာတွေ ဖြစ်ကြတယ်။ အာရုံကြော အရေအတွက်ပေါင်း ကျားမှာ ၄ဝဝဝ၊ မမှာ ၈ဝဝဝ ရှိတယ်လို့ မျက်စိ ကောင်းကောင်းနဲ့ ရေတွက်ထားပါတယ်။

Corona glandis ဆိုတာက ကျားလိင်အင်္ဂါ ခေါင်းပိုင်းရဲ့ အကားဆုံးနေရာပါ။ ဒီနေရာက Sensitivity အာရုံခံမှု အကဲဆုံး ဖြစ်တယ်။ အဲဒီနေရာတွေကို ထိမိအောင်လုပ်လေ မြန်မြန် ပြီးစီးလေဖြစ်တယ်။ ဒါ့ကြောင့် သုတ်လွှတ် နှေးစေချင်ရင် အဲဒီ ၂ နေရာ Sources of distinct pleasure တွေကို မထိမိအောင် လုပ်ပါလေ။ ဘယ်လို လုပ်ရမလဲ၊ ဆက်ဖတ်ပါ။

(၂) နောက်ထပ် အရေးကြီးတဲ့နေရာ တခုကတော့ အပေါ်ဖုံးအရေပြား Foreskin ရဲ့အောက်ပိုင်း။ အလယ် တည့်တည့်မှာ လိင်တံရဲ့ ခေါင်းကို လာဆက်ထားတဲ့နေရာ၊ Frenulum လို့ခေါ်တယ်။ ဒီနေရာမှာ Meissner's corpuscles ခေါ်တဲ့ စပါယ်ရှယ် အာရုံကြောတွေ Thousands of fine touch receptors and other highly erogenous nerve endings ထောင်နဲ့ချီ ရှိတယ်။ အရေပြား ဖြတ်ပေးတာ လုပ်လိုက်ရင် ဒါမျိုးတွေ အတော် ပါသွားတတ်တယ်။ Frenulum ကို ဆွပေးရင် ပြော့နေတဲ့ ကျားအင်္ဂါက သန်မာလာစေသလို သုတ်လွှတ်တာလည်း မြန်စေတယ်။ အဲဒီချက်ကောင်း ၂ နေရာကို အထိအတွေ့ နည်းအောင် သတိထားရင် သုတ်လွှတ်နှေးစေတယ်။ ဘယ်လို သတိထားရမလဲ ဆိုတော့။

ဖတ်နေတဲ့သူကို အားတော့နာပါတယ်။ ရှင်းကနဲနေအောင် ရေးမှ ရမှာမို့ ရေးခွင့်ပြုပါ။ အမျိုးသမီးရဲ့အင်္ဂါ ဆိုတာ အဝနေရာက အကျဉ်းဆုံး ဖြစ်ပြီး၊ မွေးလမ်းကြောင်းထဲကတော့ အတွင်းရောက်လေ ကျယ်လေဖြစ်တယ်။ အဝမှာ ကြွက်သားရှိလို့လဲ အကျဉ်း-အကျယ် လုပ်ပေးတတ်အောင် လေ့ကျင့်ပေးလို့ရတယ်။ မွေးလမ်းကြောင်းကနေ ကလေးမဖွါးဘူးသူဆိုရင် အဝအောက်နုတ်ခမ်း အလည်နေရာက မိမွေးတိုင်းရှိလို့ ဆက်ဆံသူ ကျားအင်္ဂါကို ပိုပြီး ထိမိစေတာမို့ အာရုံခံစားမှု ကောင်းစေသလို အပြီးလဲ မြန်စေနိုင်တယ်။ Frenulum of the labia or Fourchette လို့ ခေါ်တဲ့နေရာ ဖြစ်တယ်။ "လှေကြီးထိုး ရိုးရိုး" ဆိုတဲ့ သမားရိုးကျ ဆက်ဆံပုံ အနေအထားမှာ ကျားရဲ့ Frenulum နဲ့ မရဲ့ Frenulum တို့ ထိမိနေကြတယ်။ နှစ်ဦးနှစ်ဝ အာရုံခံစားမှု တူကြစေတယ်။ နှေးစေချင်ရင် မထိမိအောင် ဆင်ခြင်ပြီး၊ ကိုယ်က အနစ်နာခံလိုက်ပါ။

နောက်ပြီး အဝကျဉ်းကျဉ်းကို ကျားအင်္ဂါ စဝင်ချိန်မှာ ကောင်းလွန်းတဲ့ခံစားမှုကို မသိချင်ယောင် ဆောင်လိုက်ပါ။ ဆက်ပြီး အနုတ်အသွင်း လုပ်တဲ့အခါမှာလဲ အဖေါ်ရဲ့ အကျဉ်းဆုံး အင်္ဂါအဝနဲ့ ကိုယ့်ရဲ့ ခေါင်း Glans နဲ့ရော အကားဆုံးနေရာ Corona နဲ့ပါ မထိစေမှသာ ကြာကြာ ထိန်းနိုင်တယ်။ ဒါ့ကြောင့် အကုန်ဆွဲနုတ်၊ အကုန်ပြန်သွင်း လုပ်တာမျိုး အတတ်နိုင်ဆုံး မလုပ်ပါနဲ့။ တခါ အနေအထားနဲ့ (ဒါရိုက်ရှင်)လဲ ဘယ်လိုဆိုရင် မြန်မြန်ပြီးချင်တယ်ဆိုတာ ကိုယ်တိုင် သိပါလိမ့်မယ်။ ကိုယ်ကြိုက်တဲ့ အနေအထားနဲ့ လားရာ ထက်-အောက်၊ ဘယ်-ညာ ဆိုတာမျိုးကို ဆက်ဆံနေစဉ် ရှောင်ကျဉ်ပါလေ။ သုတ်လွှတ်နေတုံးမှာ လိင်တံကို အဆုံးထိ သာမကဘဲ၊ ထိုးသွင်းနိုင်သမျှ အစွမ်းကုန် ဆိုပါတော့ ထိုးသွင်းထားကြတယ်။ အဲလိုလုပ်ရင် ကိုယ့် Frenulum ကို ဆွဲတင်း ပေးလိုက်တာမို့ သူ့မှာရှိနေတဲ့ ထောင်နဲ့ချီတဲ့ အာရုံကြောတွေ အလုပ်များစေတယ်။ ဒါ့ကြောင့် နှေးစေချင်ရင် ဆက်ဆံနေတုံးမှာ အဲလို မလုပ်ပါနဲ့။

တချို့သော အခကြေးငွေ ယူပြီး ဆက်ဆံတာ လက်ခံသူ အမျိုးသမီးတွေဟာ လိင်အထူးကု ဆရာဝန်တွေထက် တော်တယ် ပြောရမလား။ ဆက်ဆံနေတုံး ခါးအောက်ပိုင်း အနေအထား တချက်ပြင်လိုက်တာနဲ့ ဖေါက်သည်ကို မြန်မြန် ကိစ္စပြီးအောင် လုပ်ပေးရာ ရောက်စေတယ်။ Frenulum ဆိုတာတော့ ပြောတတ်မှာ မဟုတ်ဘူး။ ဒါပေမဲ့ အဲဒီနေရာကို ထိထိမိမိ ဖြစ်သွားအောင် ဆောင်ကျဉ်း လိုက်တာပါဘဲ။ ဒီတော့ သူမတို့ကို ဆရာတင်ပြီးသကာလ ကိုယ့်ပါတနာကို ငြိမ်ငြိမ်နေပါစေ။ ကိုယ်ကလည်း ဒီအပိုင်းနဲ့ အထိအတွေ့ နည်းအောင် ဂရုစိုက်ပါလေ။

အတွေ့အကြုံများရင် ကြာကြာ ထိန်းနိုင်တယ်ဆိုတာ အာရုံခံ ကောင်းလှတဲ့ နေရာတွေဟာ ကြာတော့ ထုံသလို ထူသလို ဖြစ်လာလို့ဘဲ။ ဒါ့ကြောင့် အတွေ့အကြုံ များသူများကို ဖြတ်လမ်းက လိုက်ချင်ရင် ထုံဆေး သုံးနိုင်တယ်။ နာမှန်း-ကျင်မှန်း၊ ပူမှန်း-အေးမှန်၊ ထိမှန်း-ကိုင်မှန်း၊ ကောင်းမှန်း-မကောင်းမှန်း မသိတော့ဘူး။ Sensitivity အများဆုံး ရှိတဲ့ ကျားလိင်အင်္ဂါ ထိပ်ဖျားပိုင်းကို ထုံဆေး (လိမ်းဆေး၊ ပန်းဆေး) တခုခု သုံးနိုင်တယ်။ ထိုးတာကတော့ မကောင်းလှပါ။ လိင်ဆက်ဆံလို့ နာသူများသုံးတဲ့ Xylocaine 2%, 5% (ဂျယ်လီ) ကို ဒီနေရာမှာလဲ သုံးနိုင်တယ်။ ၅-၁ဝ မိနစ် ကြိုတင်ပါ။ များသောအားဖြင့် မိနစ် ၃ဝ လောက်ခံတယ်။ အသန့်ထားပါ။ ပြီးရင် ဆေးပြစ်ပါ။ နောက်ဆို ဆေးသုံး စရာလိုမှာ မဟုတ်ပါ။

(ကွန်ဒွန်) ဆိုတာ လိင်ရောဂါ ၉၆ ပါး ကာကွယ်တယ်လို့ တင့်စားနိုင်ပါတယ်။ အဲ တချို့ ယောက်ျားများဟာ လိင်အင်္ဂါကို (ကွန်ဒွန်) စွပ်ထားရင် အင်္ဂါချင်း တိုက်ရိုက် ထိတွေ့မှု မရှိတဲ့အတွက် နှေးစေတယ်။ တချို့ကျတော့ (ကွန်ဒွန်) ကြောင့် မြန်မြန် ကိစ္စပြီးချင်တယ်။ တယောက်နဲ့ တယောက် မတူဘူး။ နောက်ဟာမျိုးဆိုရင် နှစ်ယောက်လုံးကလဲ သန့်ရှင်းတာ သေခြာနေရင်၊ (ကွန်ဒွန်) ကို သုတ်လွှတ်ခါနီးမှ စွပ်ပေါ့။ ဒါပေမဲ့ ရောဂါနဲ့ စိတ်အလို ရွေးရတာမျိုးတော့ မစွန့်စားလေနဲ့။

စိတ်ပိုင်းကတော့ အရေးပါတဲ့ နောက်အချက်ပါ။ ဒါပေမဲ့ စိတ်အထူးကုတွေနဲ့ ကုစရာမလိုပါ။ ကာမဂုဏ် ခံစားမှု ဆိုတာ အာရုံစိတ် ရှိသမျှထဲမှာ အပြင်းထန်ဆုံးပါ။ ဆက်ဆံမှုဖြစ်စဉ် မစရသေးခင်ကတည်းက စိတ်အား သိပ် ပြင်းပြနေရင် ပြီးတာ မြန်စေတယ်။ ဒါ့ကြောင့် စိတ်ကို တတ်နိုင်သ၍ ထိန်းပါလေ။ အတွေ့အကြုံ များသူတွေလဲ အဖေါ်သစ်နဲ့ ဆက်ဆံတဲ့အခါ မြန်တတ်တယ်။ စိတ်ရဲ့ အခြေအနေကြောင့်ပါ။

သုတ်လွှတ် မြန်သူတွေမှာ (ဖိုး-ပလေး) ကို ကိုယ့်အတွက် မဟုတ်ဘဲ၊ အဖေါ်မိန်းကလေးအတွက်သာ ရည်ရွယ် လုပ်သင့်တယ်။ အမျိုးသမီးများ ဦးစားပေးပါ။ သူမက အဆင့်သင့်ချိန် (သူ့အင်္ဂါ စိုစွတ်လာချိန်) မှာ ထည့်သွင်း ရတာက လွယ်တဲ့အပြင် ပွတ်တိုက်မှုလဲ နည်းမယ်။ သုတ်လွှတ် နှေးစေမယ်။ လိုအပ်မယ်ထင်ရင် (KY Jelley) ကို သုံးပါ။ စပ်မိလို့ လျှာရှည်ရရင် KY ဆိုတာ Kentucky ကလာတယ်လို့ တချို့က ပြောကြတယ်။

Orgasm ရရင် ကျေနပ် အားရသွားပြီဖြစ်လို့ ဒီစိတ်က ကုန်သွားတယ်။ ပြီးတာနဲ့ လှည့်မကြည့်ချင်တော့ဘူး။ ဒါပေမဲ့ အခိုက်အတန့်ပါ။ ပြန်ပေါ်လာတာဘဲ။ ဘယ်တော့ စိတ်ပြန်ပေါ်လဲဆိုတာ တယောက်နဲ့ တယောက်၊ အခြေအနေ တခုနဲ့တခု မတူဘူး။ စောစောက ရေးခဲ့တဲ့အတိုင်း အသက်ငယ်တုံး၊ အတွေ့အကြုံ နုတုံးမှာ သုတ်လွှတ်တာ မြန်သလို၊ စိတ်ဖြစ်တာလဲ များတယ်။ ဒါဟာ ကောင်းတဲ့အချက်ဘဲ။ လူပျိုစစ်စစ်များဟာ မိန်းကလေးရဲ့ အင်္ဂါစပ်နဲ့ ထိတယ် ဆိုရင်ဘဲ သုတ်လွှတ်ချင်လှပြီ။ ဒါ ပုံမှန်ဘဲ။ ဒီတော့ သုတ်လွှတ်ပြီးတာနဲ့ မကြာခင် နောက်တကြိမ် ဆက်ဆံလိုက်ပါ။ အချိန်ပိုကြာပါမယ်။ ဒီနောက် တကြိမ်ဆို ပိုပို ကြာပါလိမ့်မယ်။ "ငါ ယောက်ျားကောင်း ပီသပြီ" လို့ ဝင့်ကြွားလိုက်ပါ။

အရက်ဆိုတာက လိင်အင်္ဂါ တောင့်တင်းလာအောင် လုပ်ပေးဘို့မှာ ပြောင်းပြန် သတ္တိရှိပေမဲ့ "သောက်တာ မများရင်" ဆက်ဆံချိန်ကို ကြာစေနိုင်တယ်။ ဆီးအိမ်တင်းနေချိန်မှာ ဆက်ဆံရင်တော့ အချိန်တိုတတ်တယ်။ ပန်းသေ-ပန်းညှိုး တွေအတွက် သုံးတဲ့ Viagra ဆေးဟာ ကျားအင်္ဂါကို သန်မာလာစေတာ မှန်သလို ဆေးရှိန် ရှိနေတုံး ဆက်ဆံချင်စိတ်လဲ ပေါ်စေတယ်။ သုတ်လွှတ်မြန်နေသူများလဲ မြန်မြန် တခါပြီး ကြာမဲ့ နောက်တခါအတွက် ဆက်ဆံချင်စိတ် ပေါ်ဘို့ သုံးနိုင်ပါတယ်။ Viagra ဆေးလိုစွမ်းတဲ့ တခြား ဆေးတွေလဲ ရှိပါတယ်။ Vigora-50, 100 ဈေးချိုပြီး ဝယ်ရတာလဲ လွယ်တယ်။

စုံတွဲတခုဟာ "ဝါ" တူနေရင် ပိုကောင်းတယ်။ အပျိုစစ် နဲ့ လူပျိုစစ်။ အတွေ့အကြုံ နည်းသူချင်း၊ များသူချင်း ဆိုတာမျိုး။ ဖူးစာအရ မတူသူတွေ ဖြစ်နေလဲ နားလည်မှုပေးကြရင် ပြဿနာ မကြီးနိုင်ဘူး။ သူများတွေ ဘယ့်လောက် ကြာတယ်၊ ဘာရယ် ဘေးချိတ်ထားပါ။ (အင်တာနက်)က ပြတာတွေကိုလဲ အဟုတ် မထင်ပါနဲ့။ ကိုယ့်အဖေါ်နဲ့ အတူနေတာဟာ သုတ်လွှတ် ပြိုင်ပွဲဝင်နေတာ မဟုတ်ဘူး။ ဆရာဝန်က အကြံပေးပါတယ် "အရေအတွက်မှသည် အရည်အချင်းသို့။"

Dr. တင့်ဆွေကိုနတ်ဆိုးမှကျေးဇူးအထူးတင်ရှိပါတယ်...။


Ref: http://www.xmyanmarx.co.cc/blogs/102076

Friday, June 4, 2010

သရုပ်ဆောင်ထက်ထက်မိုးဦးအမှု တရားရုံးကစွဲချက်လက်ခံ

အံ့ဘုန်းမြတ် ၃ ဇွန် ၂၀၁၀

http://burmese.dvb.no/news.php?id=11078

နိုင်ငံကျော် သရုပ်ဆောင် ထက်ထက်မိုးဦးက သတင်းထောက်တဦးကို ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့တာနဲ့ ပတ်သက်ပြီး ဒီနေ့မှာ ရန်ကင်းမြို့နယ် တရားရုံးက စွဲချက်အမှုကို လက်ခံလိုက်ပါတယ်။ ကိုယ်ထိလက်ရောက် ကျူးလွန်ခံရမှုနဲ့ ဆဲဗင်းဒေးဂျာနယ် သတင်းထောက် မအေးသူစံက ရန်ကင်းမြို့နယ်တရားရုံးမှာ ဦးတိုက်လျှောက်ထားတဲ့အမှုကို တရားသူကြီးက ဒီနေ့မှာ အမှုကို လက်ခံလိုက်တာပါ။ အမှုလက်ခံတဲ့ ဆွဲချက်တွေမှာ ပါဝင်တဲ့ ဥပဒေပုဒ်မတွေနဲ့ ပတ်သက်ပြီး ဆဲဗင်းဒေးဂျာနယ် အယ်ဒီတာ မငြိမ်းငြိမ်းနိုင် ပြောပြတာကတော့

"အမှုက ထက်ထက်မိုးဦးကို စွဲချက် တင်လိုက်တာပါ၊ ပုဒ်မ ၂ ခု ရပါတယ်။ အဲဒါကတော့ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၂၃ ရယ်၊ ၅၀၆ ရယ်ပါ။ ၃၂၃ က နာကျင်စေမှု၊ ၅၀၆ ကတော့ ခြိမ်းခြောက်မှုပါ။ တရားသူကြီးက ဘယ်ပုဒ်မတွေ ရတယ်ဆိုတာကို ဒီနေ့ ဖတ်ပြတာပါ။"

ဒီဥပဒေပုဒ်မတွေမှာ ပုဒ်မ ၃၂၃ နာကျင်စေမှု ဖြစ်ပြီး ထောင်ဒဏ်အများဆုံး ၁ နှစ်ဒါမှမဟုတ် ငွေဒဏ် ၁၀၀၀ ကျပ် ဒါမှမဟုတ် ပြစ်ဒဏ်နှစ်ရပ်လုံး ကျခံစေနိုင် ပါတယ်။ ပုဒ်မ ၅၀၆ ခြိမ်းခြောက်မှုမှာ အများဆုံး ထောင်ဒဏ် ၂ နှစ် ဒါမှမဟုတ် ကန့်သတ် မထားတဲ့ ငွေဒဏ် ဒါမှမဟုတ် ပြစ်ဒဏ်နှစ်ရပ်လုံး ချမှတ်နိုင်တယ်လို့လည်း အတိုင်ပင်ခံရှေ့နေတဦးက ဆိုပါတယ်။ ဒီလို တရားစွဲဆိုရတာနဲ့ ပတ်သက်ပြီးတော့ ကာယကံရှင်သတင်းထောက် မအေးသူစံကတော့

"အခုဟာ သူ့ကို တရားရုံးကလည်း တရားသူကြီးက ပုဒ်မနဲ့ အရေးယူဆောင်ရွက် သွားမယ်ဆိုပြီးတော့ ဒီနေ့အသိပေး ပြောလိုက်တယ်။ စွဲထားလိုက်တယ်ဆိုတော့ ကျမအနေနဲ့ကတော့ တရားဥပဒေနဲ့ ဆက်ပြီး ရင်ဆိုင်သွားမယ်။ ဘာ ဖြစ်လို့လဲဆိုတော့ သူက ဒီလိုမျိုးကြားထဲကနေ အန်ဂျီအိုတွေ ညှိနှိုင်းတာကိုလည်း သူ့ဘက်က လက်မခံခဲ့ဘူး။ နောက်ဆုံးအနေနဲ့ ကျမလုပ်ချင်တာတော့ တရားဥပဒေအရပဲ ရှင်းရမှာပေါ့။ သူ့ကို ဒီလိုမျိုးတရားခံလည်း မဖြစ်စေချင်ဘူး။ ထောင်လည်း မကျစေချင်ဘူး။ ဒါပေမယ့် သူ့အနေနဲ့ တဖက်က ညှိနှိုင်းတာကို လက်မခံတဲ့အတွက် တရားဥပဒေအရ ဆက်သွားဖို့တလမ်းပဲ ရှိတော့တာပေါ့။"

ဒီလို တရားဆွဲဆိုခံရတာနဲ့ ပတ်သက်ပြီး သရုပ်ဆောင် ထက်ထက်မိုးဦး ကတော့ လွန်ခဲ့တဲ့ ရက်ပိုင်းက ဒီဗွီဘီနဲ့ အင်တာဗျူးမှာ တစုံတရာ ပြင်ဆင်ထားခြင်း မရှိဘူးလို့ ဆိုပါတယ်။ ဒီနေ့မှာတော့ ပြန်လည်ဖြေကြားခြင်းမရှိခဲ့ပါဘူး။ လက်ရှိ ဖြစ်ပေါ်နေတဲ့ကိစ္စနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံစာပေနှင့် စာနယ်ဇင်းအဖွဲ့က လွန်ခဲ့တဲ့ရက်ပိုင်းကပဲ ကြေညာချက်နှစ်စောင်ထုတ်ပြန်ပြီး ကြားဝင်စေ့စပ်မှုကို လက်ခံခြင်းမရှိတဲ့ သရုပ်ဆောင်ထက်ထက်မိုးဦးကို ရှုတ်ချကြောင်းနဲ့ မအေးသူစံအနေနဲ့လည်း စာနယ်ဇင်းကျင့်ဝတ်တွေနဲ့အညီ ကျင့်ကြံပြီး စာပေနှင့် ရုပ်ရှင်၊ ဂီတ၊ သဘင်စတဲ့ လောကသားတွေ ချစ်ခင်ရင်းနှီးမှုကို ပျက်ပြားစေနိုင်တဲ့ အပြုအမူမျိုးတွေကို ရှောင်ရှားဖို့ တိုက်တွန်းကြောင်း စာနှစ်စောင်ထုတ်ပြန်ခဲ့ပါတယ်။ ဒီလိုထုတ်ပြန်ပြီးတဲ့ နောက်ပိုင်း တရားရုံးက ဆွဲချက်လက်ခံလိုက်တာနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံစာပေနှင့်စာနယ်ဇင်းအဖွဲ့ အထွေထွေအတွင်းရေးမှူး ဦးကိုကို (စက်မှုတက္ကသိုလ်) က

"သူ့ကို ဆဲဗင်းဒေးဂျာနယ်က တိုင်တယ်။ ကျနော်တို့ ညှိတယ်။ ကျနော်တို့ အပိုင်းက Negotiate (စေ့စပ်ညှိနှိုင်း) လုပ်ပေးတဲ့ အပိုင်းက ပြီးသွားပြီ။ မင်းသမီးက ကျနော်တို့ ပြောတဲ့အတိုင်း မလိုက်နာတဲ့အတွက် ကျနော်တို့က ရှုတ်ချတယ်။ ကျနော်တို့က အန်ဂျီအို ဖြစ်တဲ့အတွက်ကြောင့် တရားစီရင်ရေးကို လွှမ်းမိုးလို့မရတဲ့အတွက် ဒီအပေါ်မှာလည်း တစုံတရာ ၀င်ရောက်စွက်ဖက်ခွင့် မရှိဘူး။ တရားစီရင်ရေးကတော့ ဥပဒေကြောင်းအရ သူတို့ဘာသာသူတို့ သွားပါလိမ့်မယ်။ စာနယ်ဇင်းကတော့ ဆက်ပတ်သက်စရာ အကြောင်းတော့ မရှိတော့ပါဘူး။"

အမှုအတွက် ရုံးချိန်းကို ဒီလ ၁၇ ရက်နေ့မှာ ကြားနာဖို့ ချိန်းဆိုထားပြီး တရားခွင်ကို တရားလိုရော တရားခံကိုပါ ခေါ်ယူစစ်ဆေးမှာ ဖြစ်ပါတယ်။

ပြိုင်တူအဖြေရှာ ဦးနှောက်ယိုစီးမှုပုစ္ဆာ

"တို့နိုင်ငံက ပညာတော်သင် ကျောင်းသားတွေ ပြီးသွားရင် ကိုယ့်တိုင်းပြည် ကိုယ်ပြန်မလာကြဘူးကွ" ဟု ဖွံ့ဖြိုးဆဲ အာဆီယံနိုင်ငံ တစ်ခုမှ သူငယ်ချင်းတစ်ဦးက ပြောဖူးပါသည်။ ပညာရေး စနစ်တွင် နာမည်ကြီးသည့် အခြားနိုင်ငံများတွင် ပညာတော်သင်ဆုရပြီး ပညာထွက် သင်ကြားကြသည့် လူငယ်၊ လူလတ်များ ဒီဘက်နှစ်ပိုင်းတွင် များလာသော်လည်း ကိုယ့်တိုင်းပြည် ကိုယ်ပြန်ပြီး ထိုပညာကို ပြန်အသုံးချသည့် ဦးရေက အချိုးကျကျ လိုက်ပြီး များပြားမလာသည့်အပေါ် သူကညည်းတွားခြင်းဖြစ်သည်။

မြန်မာနိုင်ငံ အပါအ၀င် ဖွံ့ဖြိုးဆဲ နိုင်ငံများအတွက် တိုင်းပြည်ကို ဖွံ့ဖြိုးမှု နိမ့်ပါးခြင်းမှ ဆွဲတင်ရန် မျှော်လင့်ချက်မှာ ပညာရေးသာ ဖြစ်ပါသည်။ ယနေ့ခေတ်အခါတွင် လူငယ်အတော်များများ ပြည်ပထွက် ပညာသင်ခွင့် ရလာခြင်းမှာ မှောင်မိုက်နေသော လှိုဏ်ခေါင်း၏ အဆုံးရှိ အလင်းရောင်ကို မြင်ရသလို ဖြစ်ပါသော်လည်း ပညာတော်သင် အများစု အိမ်ပြန်ရောက်မလာကြခြင်းကြေ
ာင့် အဆိုပါ အလင်းရောင်မှာ မြင်သာမြင်ပြီး မကြင်ရသည့် ဘ၀မှာသာ ရှိနေရသည်။

ပညာတော်သင်ဆု ချီးမြှင့်သည့် ကျောင်းများ၊ အဖွဲ့အစည်းများ အနေဖြင့် ပညာသင်ကာလ ပြီးဆုံးပါက မိမိနိုင်ငံသို့ မဖြစ်မနေ ပြန်ရမည်ဆိုသည့် စည်းကမ်းချက်ကို မထည့်ကြသော်လည်း ပညာတော်သင်ဆု ပေးရခြင်း၏ ရည်ရွယ်ချက် တစ်ခုမှာ ဖွံ့ဖြိုးဆဲ နိုင်ငံများအား ပညာရွှေအိုး မြှုပ်နှံနိုင်ရန် အကူအညီပေးခြင်း ဖြစ်လေရာ ပညာသင်ခွင့်ရသည့် ကျောင်းသားများ အနေဖြင့် မိမိဆည်းပူးထားသည့် ပညာရပ်များအား မိမိနိုင်ငံအတွက် ပြန်အသုံးချပေးဖို့ လိုသည်ဟုတော့ နားလည်သဘောပေါက်ရမည်သာ။


အစိုးရက ချီးမြှင့်သည်ဖြစ်စေ၊ ပြည်တွင်းပြည်ပ ပုဂ္ဂလိက အဖွဲ့အစည်း တစ်ခုခုက ထောက်ပံ့သည်ဖြစ်စေ ပညာသင်ဆု ပေးရခြင်း၏နောက်တွင် အဆိုပါ ကျောင်းသားသည် ပညာသင် ပြီးဆုံးပါက မိမိနေရပ်သို့ပြန်ပြီး ဆည်းပူးခဲ့သည့် ပညာတို့ကို ပြန်အသုံးချလိမ့်မည်ဆိုသည့် မျှော်လင့်ချက်ကတော့ အနည်းနှင့်အများ ရှိတတ်ပါသည်။ ထို့ကြောင့် ပညာသင်ဆု ပေးရန်အတွက် စိစစ်ရာတွင် လျှောက်ထားသူသည် ပညာထူးချွန်ရုံသာမက လူမှုအကျိုးပြုလုပ်ငန်း လုပ်လိုစိတ်လည်း ရှိမရှိကိုပါ ၎င်းတို့၏ ကိုယ်ရေး ရာဇ၀င်နှင့် ဘ၀ရည်မှန်းချက်အကြောင်း ရေးသားချက်များ၊ လူတွေ့မေးမြန်းခန်းများ စသည်တို့မှတစ်ဆင့် လေ့လာ အကဲခတ်တတ်ကြသည်။

သို့သော်လည်း ပညာတော်သင်ဆု ရသူတိုင်းသည်လည်း မျှော်လင့်ထားသလို မဟုတ်ဘဲ ပညာတော်သင်ဆု ရခြင်းကိုပဲ ဘ၀အတွက် အမြင့်သို့ တက်လှမ်းစရာ တုံးတစ်ခုလို ခုချင်သူများလည်း ပါဝင်နေတတ်ပါသည်။ မချမ်းသာသည့် မိသားစုမှ ပေါက်ဖွားလာသူ တစ်ဦးအတွက် ပြည်ပတွင် ပညာတော်သင်ခွင့်ရဖို့ ဆိုသည်မှာ အိပ်မက်တစ်ခုလို ဖြစ်လေရာ အဆိုပါ အခွင့်အရေးကို အသုံးချပြီး မိမိ၏ဘ၀ကို ဒီထက်မြင့်အောင် လုပ်နိုင်သည်မို့ မိမိစိတ်ထဲ ရှိတဲ့အတိုင်း မဟုတ်ဘဲ စကားလုံးလှလှများသုံးပြီး ရေးသွားပြောသွားသည့်အခါ ရွေးချယ်သူများဘက်က တကယ်ထိုက်တန်သူကို မျက်စိလျှမ်း ကျော်သွားပြီး အပြောကောင်းသူကို ရွေးမိသွားနိုင်ပါသည်။

အစိုးရ အစီအစဉ်ဖြင့် ပညာသင် သွားသူတို့မှအပ မိမိအစီအစဉ်ဖြင့် မိမိသွားရောက်ကြသူများအဖို့ ချည်နှောင်မှု မရှိခြင်းကြောင့် ပြည်တော်ပြန်လာခြင်း၊ ပြန်မလာခြင်းမှာ မိမိ၏ ကိုယ်ပိုင်ဆုံးဖြတ်ချက် ဖြစ်နေလေရာ များသောအားဖြင့် ပြန်မလာဖို့လမ်းကိုသာရွေးပြီး ရေကြည်ရာ မြက်နုရာ အခြေချကြသည်က များပါသည်။

ဒီအထဲ ငွေကြေးကြောင့်အပြင် ဘ၀အဆင့်အတန်း မြင့်မားမှုကို မက်မော၍ မပြန်ချင်ကြသူများလည်း ရှိပါသည်။ မိမိနေထိုင်ကြီးပြင်းခဲ့ရာ ဘ၀အခြေအနေထက် အဆများစွာသာသည့် နိုင်ငံရပ်ခြား ရောက်သည့်အခါ အိမ်မပြန်ချင်ပါဟု ဆိုလျှင်လည်း လူ့သဘာဝမို့ အပြစ်တင်ရန်လည်း ခက်လှပါသည်။ ရေဆိုသည်က မြင့်ရာမှ နိမ့်ရာသို့သာ စီးတတ်သော်လည်း လူဆိုသည်က နိမ့်ရာမှ မြင့်ရာသို့သာ သွားတတ်ချင်ကြသည် မဟုတ်ပါလား။

ပညာသင်ပြီးနောက် ပြန်လာခြင်း၊ ပြန်မလာခြင်းမှာ တစ်ဦးတစ်ယောက်ချင်းစီ၏ ကိုယ်ပိုင်လွတ်လပ်ခွင့်ဖြစ်သည်။ သို့ရာတွင် တစ်ဖက်က တိုင်းပြည်အနေဖြင့် ရင်ဆိုင်နေရသည့် ဦးနှောက်ယိုစီးမှု ပြဿနာကို စဉ်းစားဖို့လည်း လိုပါသည်။ တိုင်းပြည်တစ်ပြည် အနေဖြင့် တော်ပေ့ဆိုသော ကာယလုပ်သား၊ ဉာဏလုပ်သား အင်အားစုများ အထွက်သာရှိပြီး အ၀င်မရှိခဲ့လျှင် လူ့အရင်းအမြစ် အကျပ်အတည်းနှင့်ကြုံပြီး မုန့်လုံးစက္ကူကပ် သံသရာမှ ထွက်နိုင်မည် မဟုတ်ပါ။ ဖွံ့ဖြိုးပြီး နိုင်ငံကြီး တစ်ခုအတွက် အရည်အချင်းရှိသည့် ဦးနှောက်ပိုင်ရှင်များ အတိုင်းအတာ တစ်ခုအထိ ဆုံးရှုံးရုံဖြင့် တိုင်းပြည်မသိသာသွားသော်လည်း ဖွံ့ဖြိုးဆဲ နိုင်ငံတစ်ခု အတွက်မူ ပညာရှင် ခေါင်းတစ်ခေါင်း ဆုံးရှုံးလျှင်ကို သိသိသာသာ အထိနာပါသည်။ ဒီလိုနှင့် ဖွံ့ဖြိုးပြီး နိုင်ငံများနောက် အမီလိုက်ဖို့ ကြိုးစားရင်း ဖွံ့ဖြိုးဆဲ နိုင်ငံများမှာ ဒုံရင်းဒုံရင်း ဘ၀က မတက်နိုင် ဖြစ်ရတာ များပါသည်။


ပညာတော်သင် ကျောင်းသားတို့က 'ကိုယ့်တိုင်းပြည်မှာ ဒီပညာတွေကို အသုံးချစရာ ရေခံမြေခံကောင်းများ မရှိလို့ပါ'ဟု တိုင်းပြည်အပေါ် လွှဲချလေ့ ရှိသလို တိုင်းပြည်ဘက်က ကြည့်လျှင်လည်း ပညာတတ်တွေ ဆုံးရှုံးနေရလို့ တိုင်းပြည်သည် ရှေ့သို့မဆက်နိုင်ဟု လက်ညှိုးထိုး နိုင်ပါသည်။ ဒီနေရာတွင် တစ်ဖက်တည်းကိုချည်း မေးငေါ့လျှင်လည်း တရားမည် မထင်ပါ။ နှစ်ဖက်စလုံးက မှန်နေသည်ချည်း မဟုတ်ပါလား။

လူဆိုသည်မှာ ပရဟိတထက် အတ္တဟိတကို ပိုဦးစားပေးတတ်သည် မှန်သော်လည်း လူငယ်နိုင်ငံသားတို့ အနေဖြင့် အတ္တထက် ပရကို ပိုဦးစားပေးခဲ့ကြသော၊ (တစ်နည်း)မြင့်ရာမှနိမ့်ရာသို့ ပြန်လာပြခဲ့ကြဖူးသော သူရဲကောင်းတို့ကို အနည်းအကျဉ်းမျှဖြစ်စေ အတုယူ အားကျတတ်ဖို့ လိုသလို တိုင်းပြည်ဘက်ကလည်း တိုင်းပြည်၏ အဖူးအပွင့်ကလေးများ တိုင်းပြည်ကို စွန့်ခွာမသွားချင်အောင် အခွင့်အရေးများ၊ အခြေအနေကောင်းများ တတ်နိုင်သမျှ များများဖန်တီးပေးရေး ဖြစ်ပါသည်။ တိုင်းပြည်၏ ဖွံ့ဖြိုးတိုးတက်မှုဆီသွားရာ လမ်းခရီးတွင် ပိတ်ဆို့နေသော 'လူသားအရင်းအမြစ်များ ဆုံးရှုံးမှု'ဆိုသည့် ကျောက်တုံးကြီး ရွေ့စေရန် အစိုးရကရော နိုင်ငံသားများကပါ နှစ်ဘက်စလုံးက ပြိုင်တူတွန်းဖို့ လိုပါသည်။

နိုင်ငံရပ်ခြားတွင် ပညာသင်ခွင့် ရခြင်းသည် အဖိုးမဖြတ်နိုင်အောင် အကျိုးများပါသည်။ သို့ရာတွင် ထိုအကျိုးကျေးဇူးကို မိမိတစ်ဦးတည်းသာ မခံစားဘဲ မိမိလို အခွင့်အလမ်း မရသူများနှင့်ပါ မျှဝေခံစားဖို့ လိုပါသည်။ မဟုတ်လျှင် 'မရှိလို့မလှူ၊ မလှူလို့မရှိ'ဆိုသည့် စကားအတိုင်း ပညာတတ်တို့ကလည်း မိမိနိုင်ငံမှာ မက်လုံးတွေ မရှိလို့ ပြန်မလာချင်၊ ပညာတတ်တို့ ပြန်မလာသဖြင့်လည်း မိခင်နိုင်ငံတို့မှာ တိုင်းပြည်တိုးတက်အောင် မဆောင်ရွက်နိုင်ဆိုသည့် အရှုံးသံသရာသာ လည်နေလိမ့်မည် ဖြစ်ပါသည်။

ဝေယံဘုန်း

SG Cute Guy