Monday, April 30, 2012
လူပျိုကြီးဖြစ်ခါစ ဒုက္ခများ
အင်း... ခေါင်းစဉ်ကြည့်တာနဲ့တင် ဘာရေးတော့မယ်ဆိုတာ ရိပ်မိလောက်ရောပေါ့နော့်။ ဘ၀ကံခေလေသူမို့ ရုပ်ရည်လေးသနားကမားရှိတာတောင် မစွံ့နိုင်ရှာသေးသူလေးပါခင်ဗျာ။ တကယ်ပါ၊ အရင်ကတည်းက ကလေးလိုလိုခွေးလိုလို မလောက်လေးမလောက်စား ဘ၀ကို ဖြတ်သန်းနေတတ်သူဆိုလေတော့ လူကြီးတို့ဘာသာဘာဝ ချစ်ကြင်ထိမ်းမြားလက်ထပ်... အိမ်ထောင်တည်သားမွေးဆိုတာ ခေါင်းထဲတောင် ထည့်ခဲ့တာမဟုတ်ဘူးလေ။ မေးကြပါလိမ့်မယ်၊ ဒါဆို ရည်းစားစကားတွေ ပြောတုန်းက အတည်မကြံပဲ အပျော်ကြံတာလားပေါ့။ မဟုတ်ရေးချ မဟုတ်ရပါခင်ဗျ။ အဲဒီအချိန် အဲဒီတုန်း(တွေ)ကတော့ ချစ်ချစ်ချစ်ချစ်နဲ့ ဓာတ်ဆီဆိုင်ရှေ့ဖြတ်မလျှောက်ရဲလောက်အောင် ဒိန်းတလိန်းနတ်မီးတွေ ဟုန်းဟုန်းတောက်နေခဲ့သကိုး။
ဆိုတော့ကာ... ခေါင်းစဉ်ကို ပြန်ကောက်ပါဦးမယ်။ အသက်ကလေးကလည်း နှစ်ဆယ်ကျော် အစိတ်ပိုင်းထဲ ဝင်လာပြီးမဟုတ်လား။ ကိုရွာသားတို့ ကိုလင်းဒီပတို့အမှူးပြုတဲ့ လူပျိုသိုးအုပ်စုကြီးထဲကို ဝင်မJoinလောက်သေးပေမယ့် အများအမြင်မတော့ လူပျိုကြီးတပိုင်းဖြစ်လာပြီပေါ့လေ။ တကယ်ပါ၊ ကိုယ့်ကိုယ်ကို လူပျိုကြီးနေနေသာသာ လူပျိုလေးလို့တောင် သတ်မှတ်ချင်သေးတာမဟုတ်ဘူးရယ်။ ခုထိ ပေါ့ပေါ့နေ ပေါ့ပေါ့စားလို့ ၁၀တန်းအောင်ခါစကောင်လေးတစ်ယောက်လိုပဲ ခံစားနေရတုန်းပဲလေ။ အရင်ကဆို အိမ်ထောင်ကျသွားတဲ့ သူငယ်ချင်းတစ်ယောက်များလာရင် ကျွန်တော်တို့အုပ်လိုက် ဝိုင်းတွယ်နေကျပေါ့။ ခုတော့ ရွာထဲမှာလည်း ဂျိုထောင်မရှိသလောက်ဖြစ်ကုန်ပါပြီလေ။
ကိုယ့်ဖာသာမသတ်မှတ်ချင်သေးပေမယ့် ပတ်ဝန်းကျင်ဆိုတာကြီးက သတ်မှတ်ပေးလိုက်တော့လည်း ခံယုံပဲပေါ့။ အိမ်ထောင်ကျ ရည်းစားရတာ ဘယ်လိုနေလဲဆိုတာတော့ တခါမှမကြုံဘူးလို့ ဘာမှပြောနိုင်မှာမဟုတ်ပါဘူး။ တခါတလေ အချစ်ဝတ္ထုလေးရေးဖို့တောင် ကုန်ကြမ်းစိတ်ကူး ဖမ်းရတာမဟုတ်။ အဲ.. လူပျိုကြီးဖြစ်ရတဲ့ ဒုက္ခတွေကိုတော့ တော်တော်ပြောနိုင်ပါလိမ့်မယ်။ အကြီးဆုံးနဲ့ ခဏခဏ ကသိကအောက်ဖြစ်ရတာက ရည်းစားမရသေးဘူးလားလို့ အမေးခံရတာပါပဲ။ ရည်းစားမထားဖူးတာကိုပဲ လူဖြစ်ရှုံးသလိုလို၊ တခုခုပဲ ချို့ယွင်းနေသလိုလို အထင်ခံရသဗျို့။ ခဏခဏအမေးခံရတော့လည်း ကိုယ့်ဖာသာကိုယ်တောင် သံသယ ဝင်ဝင်လာလို့ မနည်းအားတင်းထားရသဗျာ။
ဒီထဲမှာ အောင်သွယ်လာလုပ်ပေးသူတွေလည်း ရှိသဗျ။ ကိုကြီးရေ ဒီကောင်မလေးတော့ လွတ်နေသေးတယ်၊ ဖမ်းထားလိုက်.. ရော့ သူ့အကောင့်ဆိုတဲ့ပို့လုံးတွေ၊ သူငယ်ချင်းအချင်းချင်းပဲကွာ လွတ်နေသူချင်း ဖိနပ်တိုက်ဆေးနဲ့ သွားပွတ်တံ တွဲရောင်းလဲ ဖြစ်တာပါပဲဆိုတဲ့ချွန်လုံးတွေ၊ အများကြီးပေါ့လေ။ တခြားလူတွေတော့မသိဘူး။ ကျွန်တော့် အဲလိုလာလုပ်ရင်တော့ ကုသိုလ်လုပ်တယ်လို့ပဲ သဘောထားပါတယ်။ နားရှုပ်သွားလားမသိဘူး။ ဒီလိုလေဗျာ။ ကျောင်းမှာကတည်းက ဟိုကောင်မလေး မိုက်သဟဆို နောက်နေ့ ခြင်းဆွဲပေးတဲ့လူနဲ့၊ ဒီတယောက်တော့ အေးအေးလေးဟေ့ဆို သတင်းစာထဲ စေ့စပ်ကြောင်းလမ်းတာ တလအတွင်းပါလာတာတို့ ဖြစ်ခဲ့တာကိုး။ (အံမယ်... မယုံမရှိနဲ့ ခုထိမှန်တုန်း ) ဖိုးသင်္ကြန်ကြီး ချိန်ပြန်ပဟေ့ဆို ဝိုင်းအုံလိုက်လိုက်ကြတာများဗျာ။ ကျွန်တော့်မှာတော့ ထိုးလိုက်တဲ့လက်ညိုးရာတွေသာ အဖတ်တင်တယ်။ နံမည်ကတော့ ကြီးပြီးရင်းကြီးရင်းပေါ့လေ။ မတော် လမ်းမှာပြန်တွေ့ရင်တောင် အဲဒါ မင်းချိန်ခဲ့တဲ့ တယောက်လေကွာတဲ့... ကြည့်၊ ဖြစ်ပုံများပြောပါတယ်။
နောက်တခုက အထင်မှားခံရတာပါ။ ကိုယ့်ဖာသာ အကြောင်းတခုခုနဲ့ မိန်းကလေးတယောက်ယောက်ကို မိတ်ဖွဲ့မိရင်တောင် ဒီကောင်ကြီးတော့ လုံးပြီဟေ့လို့ ထင်ကြပြန်ရော။ ပတ်ဝန်းကျင်က ထင်ယုံဆိုတော်သေး။ ကာယကံရှင်ကပါ တဖက်သက်ကြီးစိတ်ကူးတွေယဉ်လိုက်ပြီဆိုရင်တော့ ဆက်ဆံရေးတွေက ကမောက်ကမတွေဖြစ်ကုန်တာပေါ့။ ဒါမျိုးတွေဆို ဘဝတူ အပျိုကြီးတွေက ပိုများတယ်။ သူတို့နဲ့စကားပြောရင် သတိထားနေရတယ်။ ခပ်ငယ်ငယ်လေးတွေကျပြန်တော့လည်း ဘေးက ဝိုင်းနောက်တာနဲ့ ကြောက်ကန် ကန်ကုန်ကြရော။ ဒါပဲလားဆိုတော့ မဟုတ်သေးဘူး။ မိန်းကလေးတွေနဲ့ အပေါင်းအသင်းမလုပ်ဘူးကွာ၊ စိတ်တူကိုယ်တူ ဘော်ဒါတွေနဲ့ပဲ ဟေးလားဟားလား နေမယ်ဆိုပြန်တော့လည်း Gay ဖြစ်သွားပြီလို့ သရိုးသရီလုပ်ကြပြန်ရော။ အဲလောက်ဆိုးတဲ့ ဘဝပါခင်ဗျာ။
ရှိပါသေးတယ်။ သာမန်လူတစ်ယောက် ပြုမူလှုပ်ရှားပုံနဲ့ လူပျိုကြီးလို့ အသတ်မှတ်ခံလိုက်ရသူ လှုပ်ရှားပုံ တန်ဖိုးဖြတ်ပုံချင်းလည်း မတူတော့ဘူးဗျ။ ကိုယ့်အဖေအမေဖို့ရှာတာတောင် ကျိတ်စုနေတာတဲ့။ ကိုယ့်ဖာသာမူးပြန်တော့လည်း အဆက်ဟောင်းကို သတိရလို့တဲ့။ သီချင်းလေးညည်းပြန်တော့ တခုခုတော့ တခုခုပဲတဲ့။ ပိုသီပတ်သီနေတော့ လူပျိုသိုးကြီးမို့ ဒီလို၊ သန့်သန့်ပြန့်ပြန့်နေပြန်တော့ လမ်းကြောင်းရှာပြန်ပြီ.. တဲ့။
မင်းတို့အပြောတော့ မခံဘူးဟေ့၊ ထမင်းထုပ်ထမ်းပြီးရှာမယ်ဆိုရအောင်ကလည်း နဖူးပေါ်က ချွန်းရာတွေကြောင့် ဗျည်းနွဲ့မြင် သတ်ချင်နေတော့တာနဲ့ပဲ အဆင်ကိုမပြေပါဘူးလေ။ လူပျိုကြီးဖြစ်တာ အားငယ်နေတာမဟုတ်ပါ။ လူတွေထဲမှာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ လူလိုနေ နေသူတွေသာ ဖြစ်ပါတယ်ခင်ဗျာ။ များသောအားဖြင့် ကျွန်တော်တို့ဟာ အများထင်ကြသလို လူ့မလွန်မသားတွေ မဟုတ်ရပါ။ ခံဖူးတဲ့သင်ခန်းစာတွေကြောင့် သို့မဟုတ် တွေးကြောက်မိတဲ့ ထောင်အချုပ်တွေကြောင့် သို့မဟုတ် ဖူးစာမှင်ရေခမ်းနေကြတာကြောင့်သာ အေးအေးဆေးဆေး နေနေကြသေးသူတွေပါ။ ဒီစာတွေရေးနေလို့ စာဖတ်သူတို့ ကျွန်တော်တို့လူသိုက်ကို သနားလာမယ်လို့ မမျှော်လင့်ပါဘူး။ စာနာပေးရင်ပဲ ကျေနပ်ပါပြီ။ နောက်နောင်များ လူပျိုကြီးများတွေ့ရင် ကျေးဇူးပြု၍ ကျွန်တော်တို့ရဲ့ လွတ်လပ်သော နေထိုင်မှုကြီးများကို မနှောင့်ယှက်ကြပါနဲ့၊ မယိုးစွတ်ကြပါနဲ့လို့ တောင်းပန်ရင်းနဲ့ပဲ....
Sunday, April 29, 2012
ဘာကြောင့် NLD က ကျမ်းကျိန်စာသားပြင်ခိုင်းနေရတာလဲ?
ပြီးခဲ့တဲ့ နှစ်က  အစိုးရအဖွဲ့ရဲ့ ဖိတ်ကြားချက်အရ ဒေါ်အောင်ဆန်းစုကြည်ဟာ စိမ်းလဲ့ ကန်သာ အစိုးရဧည့်ဂေဟာမှာ အလုပ်သမားဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်
 နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်အား စက်တင်ဘာ ၃၀ ရက် မွန်းလွဲ ၁ နာရီမှ ၂ နာရီ ၁၇ မိနစ်အထိ သွားရောက်တွေ့ဆုံပြီး ပူးတွဲ သတင်းထုတ်ပြန်ရာမှာ ဥပဒေနဲ့အညီ မှတ်ပုံတင်ပြီးပါက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) နဲ့အတူ လက်တွဲဆောင်ရွက်ဖို့ ကြိုဆိုလျှက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည် က သတင်းစာ ဆရာတစ်ဦးရဲ့ မေးမြန်းချက် ကို ဖြေကြားပါတယ်။
အဲဒီ သတင်းစာရှင်းလင်းပွဲမှာ ရိုက်တာ သတင်းဌာနက ဦးအောင်သန်းထွန်းက “ဒေါ်အောင်ဆန်းစုကြည် ပါလီမန်ထဲကို ဝင်လာဖို့ နည်းစနစ် (Technically) အရ အဆင်မပြေဘူး ဖြစ်နေပါတယ်။ အစိုးရဖက်က အဲဒါကို အဆင်ပြေအောင် လုပ်ပေးနိုင်ပါသလား” လို့ ပြည်ထောင်စုဝန်ကြီးကို မေးမြန်းခဲ့တာပါ။ အဲဒါအပြင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို မှတ်ပုံတင်ပြီး လာမယ့် ရွေးကောက်ပွဲအမှီ ဝင်ဖို့ရှိပါသလား၊ ကိုယ်တိုင် ရွေးကောက်ပွဲဝင်ဖို့ ရှိပါသလားလို့ ဆက်လက် မေးမြန်းပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က “ကျွန်မတို့က ရွေးကောက်ပွဲကို မူအရ ဆန့်ကျင်တာ မဟုတ်ပါဘူး။ ဒီမိုကရေစီစနစ်ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်တယ်ဆိုတာ ကျွန်မတို့ လက်ခံထားပြီးသားပါ။ ဒီလို ရွေးကောက်ပွဲ ဝင်ပုံဝင်နည်း အခြေအနေ၊ အခင်းအကျင်းတွေကိုပဲ ကျွန်မတို့က ကြည့်မှာဖြစ်ပါတယ်” လို့ ပြန်လည် ဖြေကြားပါတယ်။ အဲဒါအပြင် ၎င်းရွေးကောက်ပွဲ ဝင်ဖို့အတွက် ကိစ္စမှာ အလုပ်အမှုဆောင်အဖွဲ့ကို တင်ပြရဦးမှာ ဖြစ်ကြောင်း၊ အဲဒီလို တင်ပြပြီးမှသာ ဘယ်လိုဖြေရမယ်ဆိုတာ သိမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)  ရွေးကောက်ပွဲဝင်ဖို့ တောင်းဆိုတဲ့အချက်တွေကို ဦးအောင်ကြည်က အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော် နဲ့ ညှိတဲ့ကိစ္စမှာ လွှတ်တော် နှစ်ရပ်စလုံးက သေသေချာချာ မလေ့လာဘဲ လက်ခံပေးလိုက်တဲ့ ကိစ္စမှာ ကျမ်းကျိန်တာပြင်ပေးတာလဲပါတယ်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)  ရွေးကောက်ပွဲဝင်ဖို့ တောင်းဆိုတဲ့အချက်တွေလိုက်လျောပေးရာ မှာ သမ္မတဦးသိန်းစိန် အစိုးအဖွဲ့ တဖက်ထဲက လိုက်လျောပေးလိုက်တာမဟုတ်ပါဘူး၊ အဲ့ဒီကိစ္စကို ဦးအောင်ကြည်က အမျိုးသား လွှတ်တော်နဲ့ညှိ၊ အမျိုးသား လွှတ်တော် ကအတည်ပြု့ပေးပြီး ၊ ပြည်သူ့လွှတ်တော်က ထပ်စိစစ်အတည်ပြု့ပေးလိုက်တာဖြစ်ပါတယ်။ ဒုတိယအကြိမ်လွှတ်တော်မှတ်တမ်းမှာပါ ပါလာမှာဖြစ်လို့တရားဝင်မဝင်စဉ်းစားကြည့်လို့ရပါတယ်။
ဒါကြောင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)  က ဥပဒေကြောင်းအရ မလိမ့်တပါတ်လုပ်ထားတဲ့ ပြည့်ခိုင်ဖြိုးအစိုးရနဲ့ လွှတ်တော်ကို ရစ်နေတာပါ။
ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည် ကို အဲ့ဒီကိစ္စ မေးတဲ့ video clip တခုမှာဒေါ်စုက ဒါ ဥပဒေကြောင်းအရ issue ၊ ဥပဒေပညာရှင်ဖြစ်တဲ့ ဦးဥာဏ်ဝင်းနဲ့ပိုဆိုင်တယ်၊ ၊ဦးဥာဏ်ဝင်း ကိုမေးပါလို့ ပြုံးပြုံး ပြုံးပြုံး နဲ့ ပြောသွားတာကို တွေ့ ရမှာပါ NLD လွှတ်တော်မတက်တဲ့ပြသာနာ ရဲ့ rootcause က စကားလုံးဆိုင်ရာ ပြဿနာမဟုတ်ဘူး၊ ပြင်ပေးပါမယ်လို့ လွှတ်တော် နှစ်ရပ်စလုံးက တရားဝင်လက်ခံပေးလိုက်တဲ့ကိစ္စကို မပြင်ပေးနိုင်တော့လို့ ဥပဒေကြောင်း အရ ထောက်တာပါ။
ဥပဒေပြု့မဏ္ဍိုင်လွှတ်တော်ရဲ့ ပြီးစလွယ်တရားဝင်အတည်ပြု့လိုက်တဲ့အမှားကိုထောက်တာ။ လွှတ်တော် နှစ်ရပ်စလုံးက တရားဝင်လက်ခံပေးလိုက်တာ တရားဝင်ဖြစ်လို့ Rule of law အပိုင်းနဲ့လဲဆိုင်ပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၂၆ ရက်နေ့  နံနက် ၉ နာရီခွဲမှာ အီတလီနိုင်ငံခြားရေးဝန်ကြီး Mr. Giulio Terzi di Sant' Agata နှင့် တစ်နာရီကျော်ကြာ တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာလည်း ဒေါ်အောင်ဆန်းစုကြည် က ----
ဖွဲ့စည်းပုံတွင်ပါရှိသော စကားလုံးများ တသမတ်တည်း မဖြစ်သည့်အခက်အခဲဖြစ်ကြောင်း၊ ဖွဲ့စည်းပုံ၏ အစီအစဉ်နှင့် ရွေးကောက်ပွဲဥပဒေ၊ နိုင်ငံရေးပါတီ များမှတ်ပုံတင်ခြင်းဥပဒေ စသည် တို့တွင်ပါရှိသည့် စကားလုံးများမညီညွတ်သည့် လုပ်ထုံးလုပ်နည်း ပြဿနာတစ်ခုဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီက ၂၀၁၀ ရွေးကောက်ပွဲ တွင် မပါဝင်ခဲ့သည့်အကြောင်းရင်းများထဲမှာ ယခုစကားလုံး၏ ပြဿနာသည် အဓိကပြဿနာတစ်ခု အဖြစ် ပါဝင်ခဲ့သည်ဟုလည်း ပြောကြားသွားပါတယ်။၂၀၁၀ ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေတွင်ပါရှိသည့် အခြေခံဥပဒေကို ထိန်းသိမ်းစောင့်ရှောက်ရ မည်ဟု ပါသောကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ရွေးကောက်ပွဲမ၀င်ခဲ့ခြင်းဖြစ်ပြီး ထိုဥပဒေကို ပြင်ဆင်ပြီးနောက် အဆိုပါစာသားသည် ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ လွှတ်တော် ကိုယ်စားလှယ်များ ကျမ်းကျိန်ရ မည့်စာသားတွင်ပါရှိနေသေးခြင်း ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က ယခုပြဿနာကို ဖြေရှင်းရန် အစိုးရနှင့် ပူးပေါင်းဆောင်ရွက်နေပြီး သူမတို့သည် သမ္မတ၏ ရိုးသားသောသဘောထား အပြုအမူများကြောင့် ယုံကြည်ကြောင်းပြောကြားခဲ့တယ်။ သမ္မတက မြန်မာနိုင်ငံကို တိုးတက်သော ချမ်းသာသောနိုင်ငံတစ်ခုအဖြစ် ပြုပြင်ပြောင်းလဲနေသော ရလဒ်များကို ယုံကြည်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအနေဖြင့်လည်း မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုများတွင် သမ္မတနှင့်အတူတွဲ၍ ပူးပေါင်းဆောင်ရွက်သွားမည်ဟု လည်းပြောကြားခဲ့တာကို တွေ့ရပါတယ်။
သစ်ထူးလွင်
ပါးစပ်နဲ့ လိင်အင်္ဂါ ထိတွေ့ရာက ရောဂါပိုး ကူးနိုင်ပါတယ်
အမေး။          ။အမျိုးသားနဲ့အမျိုးသမီး လိင်ဆက်ဆံရာမှာ လိင်အင်္ဂါနဲ့ ပါးစပ် ထိတွေ့ခဲ့ပါက ရောဂါကူးနိုင်ပါသလား။ ကူးနိုင်တယ်ဆိုခဲ့လျှင်လည်း နှစ်ဦးစလုံး အပြန်အလှန် ကူးနိုင်ပါသလား။ ကျွန်တော်ကြားဖူးတာတွေ အမျိုးမျိုးဖြစ်နေလို့ ဘယ်စကားကို ယုံရမှန်းမသိ ဖြစ်နေလို့ပါ။ နောက်တစ်ချက်က ကလေး မရှိသေးသူ အမျိုးသမီးရဲ့ သားမြတ်မှတစ်ဆင့် ရောဂါကူးနိုင်ပါသလား။
အဖြေ။           ။ ဟုတ်ကဲ့ဗျာ။ အတိအလင်း တစ်ခွန်းတည်း ပြောရရင်တော့ လိင်အင်္ဂါနဲ့ ပါးစပ် ထိတွေ့ရင် ရောဂါ ကူးနိုင်ပါတယ်။ အသေးစိတ် ဖြေရမယ်ဆိုရင်တော့…
HIV
ပုံမှန် လိင်ဆက်ဆံတာ၊ ဓမ္မတာမဟုတ်တဲ့ နည်းနဲ့ လိင်ဆက်ဆံတာ (စအိုကိုအသုံးပြုတာ)များနဲ့ နှိုင်းယှဉ်ရင် ပါစပ်နဲ့ လိင်အင်္ဂါထိတွေ့မှုကြောင့် HIV ပိုး ကူးစက်ဖို့ အန္တရာယ် မများလှဘူးလို့ ဆိုနိုင်ပေမယ့် HIV ပိုး မကူးနိုင်ဘူးလို့ ဘယ်သူမှ ယတိပြတ် မပြောနိုင်ပါဘူး။ ကူးနိုင်တယ်ပေါ့ဗျာ။ အထူးသဖြင့် ခံတွင်းထဲမှာ  (သွားဖုံးပေါက်နေတာမျိုးလို၊ သွေးစိမ့်နေတာမျိုးလို) အကွဲအရှတွေ ရှိနေတဲ့အခါမှာဖြစ်စေ၊ ခံတွင်းထဲမှာ သုက်လွှတ်မိတဲ့အခါမှာ ဖြစ်စေ၊ လိင်အင်္ဂါပိုင်ရှင် (၀ါ) ထိတွေ့မှု ခံယူသူမှာ တခြား လိင်မှတစ်ဆင့် ကူးစက်တဲ့ ရောဂါတွေ ရှိနေတဲ့အခါမှာဖြစ်စေ ပါးစပ်ရှင် (၀ါ) ထိတွေ့မှု ပေးအပ်သူမှာ HIV ပိုး ကူးနိုင်ချေက ပိုများလာပါတယ်။ သည်လို ကူးစက်နိုင်ရာမှာ ဆောင်ရွက်သူမှာ ပိုးကူးလာဖို့ ပိုများပါတယ်၊ ခံယူသူမှာ ပိုးကူးနိုင်ချေ နည်းပါတယ်။ တစ်ခုတော့ ရှိသပေါ့။ ဆောင်ရွက်သူရဲ့ ခံတွင်းမှာ သွားနုတ်ထားတာမျိုး၊ ခံတွင်းပိုင်း ခွဲစိတ်ထားတာမျိုးကြောင့် သွေးတော်တော် ထွက်နေတယ်ဆိုရင်တော့လည်း ခံယူသူမှာ ပိုးကူနိုင်ချေ များလာပါလိမ့်မယ်။
ရေယုန်
လိင်အင်္ဂါမှာ ပေါက်တဲ့ ရေယုန်နဲ့ ခံတွင်းတ၀ိုက်မှာ ပေါက်တဲ့ ရေယုန်က ပိုးမျိုးစိတ်ချင်း မတူပေမယ့်လည်း တစ်မျိုးက တစ်မျိုးဆီကို ပါးစပ်နဲ့ လိင်အင်္ဂါ ထိတွေ့ရာက အလွယ်တကူ ကူးစက်နိုင်ပါတယ်။ သည်မှာတော့ အပြန်အလှန်ပါ။ ဆောင်ရွက်သူရော၊ ခံယူသူပါ ကူးစက်နိုင်ချေ ရှိပါတယ်။ သတိထားသင့်တာက ရေယုန် ပေါက်နေတာကို မမြင်ရသည့်တိုင် ပိုးကတော့ ရှိနေနိုင်သလို ကူးလည်း ကူးနိုင်တယ်ဆိုတဲ့ အချက် ပါပဲ။ နောက် တစ်ချက်က ရေယုန် ဗှိုင်းရပ်(စ်)ပိုးဟာ အရေပြားချင်း ထိမိရုံနဲ့ ကူးတတ်တာမျိုးမို့ ကွန်ဒုံး သုံးရင်တောင်မှ စိတ်မချရဘူးဆိုတာပါပဲ။
Human Papilloma Virus (HPV)
ခံတွင်းနဲ့ လည်ချောင်းကင်ဆာဖြစ်စေတယ်လို့ ယူဆ ယုံကြည်ထားကြတဲ့ ဗှိုင်းရပ်(စ်)ပါ။ မြန်မာတွေ သိပ်တောင် မသိကြသေးပါဘူး။ ဒါကလည်း ရေယုန်လိုပါပဲ၊ အပြန်အလှန်ကူးစက်နိုင်သလို အရေပြားချင်း ထိမိရုံနဲ့ ကူးစက်နိုင်တဲ့ ဗှိုင်းရပ်(စ်)ပိုးဖြစ်ပါတယ်။ HPV ဟာ မိခင်ကနေ ကလေးကို ကူးစက်လာရာက ခံတွင်းထဲမှာ ရှိနေနိုင်တာမို့ ခံတွင်းမှ လိင်အင်္ဂါကို ကူးနိုင်သလို လိင်အင်္ဂါမှလည်း ခံတွင်းကို အပြန်အလှန် ကူးစက်နိုင် ပါတယ်။
ဆီးပူညောင်းကျ ဂနိုရောဂါ
လူတွေ အတတ်ဆန်းထွင်ကြရာက ကုရ ခက်တဲ့ လည်ချောင်း ဂနိုရောဂါ (gonorrheal throat infection) ဆိုတာတောင် ပေါ်နေပါပြီ။ ဖိုအင်္ဂါနဲ့ ပါးစပ် ထိတွေ့တဲ့အခါမှာ ဆောင်ရွက်သူရော၊ ခံယူသူမှာပါ ကူးစက်နိုင်ပါတယ်။ မအင်္ဂါနဲ့ ထိတွေ့မယ်ဆိုရင်တော့ ဆောင်ရွက်သူမှာ ရောဂါပိုးရှိနေရင် ခံယူသူမှာ ကူးစက်နိုင်သော်လည်းပဲ ခံယူသူမှာ ပိုးရှိနေရင်တော့ ဆောင်ရွက်သူဆီ ကူးစက်နိုင်ချေ နည်းတယ်လို့ ဆိုနိုင် ပါလိမ့်မယ်။ ဒါလည်း ယတိပြတ်တော့ ပြောလို့ မရသေးပါဘူး။ နောက်ဆုံးပေါ် ရောဂါဆန်းတစ်မျိုးဖြစ်နေတာမို့ သုတေသနပိုင်းမှာ သိပ်မကျယ်ပြန့်လှသေးလို့ပါ။
ခလာမစ်ဒစ်ယား (Chlamydia)
ဒါကလည်း အထက်က ဆီးပူညောင်းကျ ရောဂါလိုပါပဲ။ ဖိုအင်္ဂါနဲ့ ထိတွေ့ရင် နှစ်ဖက် အပြန်အလှန် ကူးစက်နိုင်ပြီး မအင်္ဂါနဲ့ ထိတွေ့မိပြီး ဆောင်ရွက်သူမှာ ရောဂါပိုး ရှိနေရင် ခံယူသူမှာ ကူးစက်နိုင်သော်လည်းပဲ ခံယူသူမှာ ပိုးရှိနေရင်တော့ ဆောင်ရွက်သူဆီ ကူးစက်နိုင်ချေ နည်းတယ်လို့ ဆိုနိုင်ပါလိမ့်မယ်။
ဆစ်ဖလစ် ကာလသားရောဂါ
လိင်အင်္ဂါနဲ့ ပါးစပ်ထိတွေ့မိရင် အပြန်အလှန် အကူးစက်နိုင်ဆုံး ရောဂါကတော့ ဆစ်ဖလစ် ကာလသားရောဂါပါပဲ။
အသည်းရောင် အသားဝါ ရောဂါ ဘီပိုး (Hepatitis B)
လိင်အင်္ဂါနဲ့ ပါးစပ် တွေ့ထိမှုကြောင့် ဘီပိုး ကူးတယ် မကူးဘူးဆိုတာနဲ့ ပတ်သက်တဲ့ သုတေသနက ကျယ်ကျယ်ပြန့်ပြန့် မရှိသေးပေမယ့် (လိင်ဆက်ဆံရင်တော့ ကူးနိုင်တယ်နော်) ပါးစပ်နဲ့ စအိုနဲ့ ထိတွေ့မိရင်တော့ ဘီပိုးသာမက အေပိုးပါ ကူးစက်နိုင်ပါတယ်။ အသည်းရောင် အသားဝါ အေပိုးရော၊ ဘီပိုးပါ ကာကွယ်ဆေး ကြိုထိုးထားလို့ ရနေတာကတော့ အားသာချက်တစ်ခုလို့ ဆိုနိုင်ပါလိမ့်မယ်။
အဲတော့ကာ…
လိင်ဆက်ဆံတာပဲဖြစ်ဖြစ်၊ ပါးစပ်နဲ့ လိင်အင်္ဂါထိတွေ့စေတဲ့အဆင့်အထိပဲဖြစ်ဖြစ် ကိုယ့်ဇနီး ခင်ပွန်း မဟုတ်သေးသူများနဲ့ လက်လွတ်စပယ် မလုပ်သင့်ပါဘူး။  HIV တစ်မျိုးတည်းတင် ကူးစက်နိုင်တာ မဟုတ်ဘဲ တခြား လိင်မှ တစ်ဆင့် ကူးစက်နိုင်တဲ့ ရောဂါတွေလည်း ရှိတာမို့ ကိုယ်နဲ့ လက်မထပ်ခင် ကိုယ့်ရည်းစား အရင်းခေါက်ခေါက်ကြီးပင် ဖြစ်လင့်ကစား စိတ်ချ လက်ချ အကာအကွယ်မဲ့ မပတ်သက်သင့်ကြောင်း ထပ်လောင်း နှိုးဆော်လိုက်ချင်ပါတယ်ခင်ဗျား။
အဲ… နောက်မေးခွန်းဖြစ်တဲ့ “ကလေး မရှိသေးသူ အမျိုးသမီးရဲ့ သားမြတ်မှတစ်ဆင့် ရောဂါကူးနိုင်ပါသလား”  ဆိုတာကတော့ ဘယ်လို ဖြေရမှန်းတောင် မသိဘူး။ သားမြတ်ကနေ လိင်မှတစ်ဆင့် ကူးစက် ရောဂါပိုး ကူးတယ်လို့တော့ တစ်ခါမှ မဖတ်ဖူး၊ မကြားဖူးတာ အမှန်ပါပဲခင်ဗျ။ စိတ်ထဲ သံသယ ရှိတယ်ဆိုရင်တော့လည်း နားလည်တတ်ကျွမ်းသူ ဆရာဝန်များနဲ့ ပြသကြည့်သင့်တယ်လို့သာ ဖြေရတော့မှာပါ။ အလကားနေရင်း စိတ်ပူပြီး စိတ်ဆင်းရဲနေရတာစာရင် အဖြေတစ်ခု တိတိပပ သိလိုက်ရတော့လည်း စိတ်ရှင်းသွားတာပေါ့။
ATK - ပါးစပ်နဲ့ လိင်အင်္ဂါ ထိတွေ့ရာက ရောဂါပိုး ကူးနိုင်ပါတယ်
Saturday, April 28, 2012
HIV/AIDS ကင်းစင် ပပျောက်ရေးကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိ
HIV/AIDS ကင်းစင် ပပျောက်ရေးကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိ
ကျန်းမာရေး ၀န်ကြီး ဌာန၊ ကျန်းမာရေး ဦးစီးဌာန ခုခံကျ/ကာလသား ရောဂါ တိုက်ဖျက်ရေး စီမံချက်၊ ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေ အဖွဲ့ UNFPA နဲ့ ကုလသမဂ္ဂ ကလေးများရန်ပုံငွေ အဖွဲ့ UNICEF တို့ ပူးပေါင်းပြီး HIV/AIDS ရောဂါကင်းစင် ပပျောက်ရေး အတွက် ဆက်သွယ် ပညာပေး ဆိုင်ရာ မဟာ ဗျူဟာနဲ့ ၂၀၁၂-၂၀၁၅ လုပ်ငန်း အစီအစဉ်များကို ရေးဆွဲ အကောင်အထည် ဖော်ဆောင်ရွက်ဖို့ ဆွေးနွေးခြင်း ဆိုင်ရာ လုပ်ငန်းများကို ပြုလုပ် ဆောင်ရွက် နေတာကို သိရပါတယ်။
အဆိုပါ ဆွေးနွေး ပွဲမှာတော့ HIV/AIDS ရောဂါ ကာကွယ်မှု၊ ကုသမှုနဲ့ စောင့်ရှောက်မှု များနဲ့ ပတ်သက်ပြီး ဆွေးနွေး လျက်ရှိတာ ဖြစ်ပါတယ်။ အဲ့ဒီ HIV/AIDS ဆိုင်ရာ ဆွေးနွေးပွဲ ကိုတော့ ဧပြီလ၂၆ ရက်နေ့မှ ၂၇ ရက်နေ့ အထိ ပြုလုပ် သွားမှာ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။
MRTV-4 - HIV/AIDS ကင်းစင် ပပျောက်ရေးကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိ
၂၀၁၂ ခုနှစ် HIV/AIDS လုပ်ငန်း စီမံချက်များ အတွက် အဖွဲ့အစည်း အသီးသီး ပူးပေါင်း ဆွေးနွေး
အခု ၂၀၁၂ ခုနှစ်မှာ HIV/ AIDS လျော့နည်း ပပျောက်ရေး လုပ်ငန်း စီမံချက်တွေနဲ့ ပတ်သက်လို့ သက်ဆိုင်ရာ အဖွဲ့အစည်း အသီးသီးရဲ့ ပူးပေါင်း ဆွေးနွေးမှု တစ်ခုကို ဧပြီလ ၂၆ ရက်နေ့နဲ့ ၂၇ ရက်နေ့ တို့မှာ နှစ်ရက်တာ ကျင်းပလျက် ရှိပါတယ်။ အဲ့ဒီ ဆွေးနွေးပွဲမှာ ကျန်းမာရေး ၀န်ကြီးဌာန၊ ကျန်းမာရေး ဦးစီးဌာနနဲ့ ပြည်တွင်းရှိ NGO/ INGO အဖွဲ့အစည်းတွေ၊ မီဒီယာ သမားတွေ တက်ရောက်ကာ ၀ိုင်းဝန်း ဆွေးနွေးလျက် ရှိကြတာ ဖြစ်ပါတယ်။
အဆိုပါ ဆွေးနွေးပွဲမှာ အဖွဲ့အစည်း တစ်ခုစီ အလိုက် ဆောင်ရွက် လျက်ရှိတဲ့ HIV/AIDS လုပ်ငန်း စီမံချက် ဆိုင်ရာ အချက်အလက်တွေ ဆောင်ရွက်ပြီး ဖြစ်တဲ့ လုပ်ငန်းတွေနဲ့ ရှေ့ဆက် လုပ်ဆောင်မယ့် လုပ်ငန်း ကိစ္စရပ်တွေနဲ့ ပတ်သက်လို့ ဆွေးနွေး ကြတာ ဖြစ်ပါတယ်။ ဒီလို အဖွဲ့အစည်း တစ်ခုစီရဲ့ ရရှိတဲ့ အကျိုး ရလဒ်တွေ၊ လိုအပ်ချက်တွေ အပေါ် မူတည်ပြီး အခု ၂၀၁၂ ခုနှစ်ရဲ့ ဆောင်ရွက်မယ့် လုပ်ငန်း အစီအစဉ်တွေကို ပူးပေါင်း ဆွေးနွေးလျက် ရှိတာ ဖြစ်တယ်လို့ သိရပါတယ်။
အဲ့ဒီမှာ အဖွဲ့အစည်း အသီးသီးရဲ့ လုပ်ငန်း ဆောင်ရွက် လုပ်ကိုင်မှု အလိုက် ပူးပေါင်း ဆောင်ရွက်မှု တွေပြုလုပ်ဖို့နဲ့ HIV/AIDS ရောဂါနဲ့ ပတ်သက်လို့ လိုအပ်ချက် တွေကို ကဏ္ဍအလိုက် ခွဲခြားကာ အစီအစဉ် ရေး ဆွဲမှုတွေကိုလည်း ဆောင်ရွက်ခဲ့ ကြတယ်လို့ သိရပါတယ်။
MRTV-4 - ၂၀၁၂ ခုနှစ် HIV/AIDS လုပ်ငန်း စီမံချက်များ အတွက် အဖွဲ့အစည်း အသီးသီး ပူးပေါင်း ဆွေးနွေး
HIV ကလေးငယ်များကို စောင့်ရှောက်ပေးမည့် လူငယ်ဖွံ့ဖြိုးရေး ပရဟိတ ဂေဟာ ဖွင့်မည်
HIV ကလေးငယ် များကို လက်ခံ စောင့်ရှောက် ပေးမည့် သုခရိပ်မြုံ (မန္တလေး) လူငယ်ဖွံ့ဖြိုးရေး ပရဟိတ ဂေဟာ ရုံးခန်း ဖွင့်လှစ်ခြင်း နှင့် အလှူငွေများ ပေးအပ်ခြင်းကို ဖေဖော်ဝါရီ ၈ ရက်က ရုံးခန်း တည်ရှိရာ မန္တလေးမြို့ ၆၁ × ၆၂ လမ်းကြား ၃၂ လမ်း တောင်စလင်း တိုက်သစ်ဝင်း၌ ပြုလုပ်သည်။
အဆိုပါ သုခရိပ်မြုံ (မန္တလေး)ကို ပြည်ကြီး တံခွန်မြို့နယ်၊ ၆၂(ပန်းခြံ) လမ်း၊ ဘုံပျံတောရမြဝတီမင်းကြီးကျောင်းတိုက်ဝင်း၌ ဆောက်လုပ်သွားမည်ဖြစ်ကြောင်း၊ ယခု ဖွင့်လှစ် လိုက်သည့် ရုံးခန်း မှာ အလှူရှင်များ ဆက်သွယ်မှု လွယ်ကူစေရန်ဖြစ်ကြောင်း လူငယ် ဖွံ့ဖြိုးရေး ပရဟိတ ဖြစ်မြောက်ရေးအဖွဲ့မှ ကိုတင်သစ်က ပြော သည်။
HIV ကလေးငယ် ၂၀-ဦးခန့် နေထိုင်နိုင်သည့် ပေ ၂၀ × ပေ ၄၀ အဆောက်အအုံ များနှင့် ထမင်းစားဆောင် ဆောက်လုပ် သွားမည်ဖြစ်၍ လှူဒါန်း လိုသူ များသည် တောင်စလင်း တိုက်သစ်ဝင်း ဖုန်း-ဝ၉-၂၀၃၄၇၄၀ သို့ ဆက်သွယ်နိုင်သည်။
ရိုးရာလေး - HIV ကလေးငယ်များကို စောင့်ရှောက်ပေးမည့် လူငယ်ဖွံ့ဖြိုးရေး ပရဟိတ ဂေဟာ ဖွင့်မည်
Thursday, April 26, 2012
ရေသောက်နည်း အထိုင်များသော နေ့စဉ်ဘ၀နှင့် ဆီးကျောက်တည်ရောဂါ
ဆီးကျောက်ဆိုတာ (urethral stone)
ဆီးကျောက်တည်ခြင်းဆိုတာ ဆီးထဲမှာပါတဲ့ သတ္ထုဓာတ်ဆားတွေစုဖွဲ့ပြီး ကျောက်ခဲသေးသေးလေးတွေအဖြစ် အနည်ကျဖြစ်ပေါ်လာတာဖြစ်ပါတယ်။ သဲမှုန့်လောက်ကနေ ဂေါက်သီးလုံးလောက်အရွယ်အထိ အမျိုးမျိုးရှိနိုင်ပါတယ်။ ကျောက်ကပ်ထဲမှာ (သို့)ဆီးလမ်းကြောင်းထဲမှာ ရှိနေနိုင်ပါတယ်။
ရောဂါလက္ခဏာများ
ကျောက်ကပ်ထဲမှာ ဖြစ်လာတဲ့ ဆီးကျောက်ဟာ ကျောက်ကပ်ထဲမှာပဲ ဆက်ရှိနေတယ် (သို့) အရမ်းသေးတယ်ဆိုရင် နာကျင်တဲ့ဝေဒနာ များသောအားဖြင့် မပေါ်ပါဘူး။ ဆီးစွန့်ထုတ်တဲ့ ဆီးပြွန်လမ်းကြောင်း တစ်နေရာရာမှာ ရှိနေတယ်၊ နည်းနည်းလည်းကြီးတယ်ဆိုရင်တော့ ပြင်းထန်တဲ့နာကျင်မှုတစ်ရပ် ခါး၊ နံပါး၊ ၀မ်းဗိုက်၊ ပေါင်ကြားနဲ့ လိင်အင်္ဂါစတဲ့ နေရာအနှံ့မှာ ရုတ်တရက်ပေါ်ပေါက်လာတတ်ပါတယ်။ အရမ်းကိုနာတာပဲ၊ တစ်ခါမှ မခံစားဖူးဘူးလို့ လူနာအများစုက ပြောဆိုစမှတ်ရှိတာတွေ့ရပါတယ်။ အစာအိမ်နေရာလောက်ကပါ အောင့်သလိုလို၊ ပျို့ချင် အန်ချင်သလိုလိုပါ ခံစားရတတ်ပါတယ်။
ဆီးသွားရင် သွေးပါလာတတ်တယ်။ ဆီးဟာ သွေးပါရင် သွေးနီရောင်ဖြစ်နိုင်သလို မီးခိုးရောင်၊ နီညိုရင့်ရောင်ဆီးလည်း ဖြစ်နိုင်တာကို သတိပြုရပါမယ်။ ပြီးတော့ ဆီးသွားရင် နာတတ်တယ်။ ခဏခဏလည်း သွားချင်မယ်။ ဒီလိုခံစားရတာဟာ ဆီးအိမ်(သို့) ဆီးစွန့်ပြွန်ထဲမှာ ကျောက်ရောက်လာလို့ဖြစ်နိုင်သလို အဲဒီကျောက်ရှိနေလို့ နောက်ဆက်တွဲအနေနဲ့ ဆီးလမ်းကြောင်း ပိုးဝင်ရောဂါခံစားရတာလည်း ဖြစ်နိုင်ပါတယ်။ အဲဒီအချိန်မှာဖြစ်တဲ့ဝေဒနာတွေဟာ အူအတက်ရောင်ခြင်း၊ အူကျ အူကျွံခြင်း၊ နေရာမှားပြီး သန္ဓေတည်ခြင်း၊ အမျိုးသားဆီးကျိတ်ရောင်ခြင်းစတဲ့ ရောဂါများရဲ့ လက္ခဏာတွေနဲ့သွားတူနေတတ်တာ သတိပြုရပါမယ်။
ဆီးကျောက်တည်စေတဲ့အကြောင်းများ
ဆီးကျောက်တည်စေတဲ့ နောက်ခံအကြောင်းတရား အတော်များများရှိပါတယ်။ ၄င်းတို့ကိုကျွန်တော်တို့ ထိန်းချုပ်နိုင်သော အကြောင်းတရားများနဲ့မထိန်းချုပ်နိုင်သောအကြောင်းတရားများရယ်လို့ နှစ်မျိုးခွဲခြားနိုင်ပါတယ်။
ထိန်းချုပ်နိုင်တာတွေကတော့
(၁) နေ့စဉ်ရေသောက်သော ရေပမာဏ - ဆီးကျောက်တည်ခြင်းရဲ့ အဖြစ်ရဆုံး အကြောင်းတရားကတော့ နေ့စဉ်လုံလောက်တဲ့ ရေပမာဏဖြစ်အောင် မသောက်ခြင်းကြောင့် ဓာတ်ဆားတွေ စုဖွဲ့ကာကျောက်ဖြစ်သွားခြင်းပါပဲ။ ဆီးအရောင်ဟာ အ၀ါဖျော့ဖျော့ (သို့)ရေလို ကြည်လင်နေလောက်အောင် တစ်နေ့ကို ရေဖန်ခွက်နဲ့ ဂခွက်ကနေ ၁၀ခွက်ခန့်သောက်ပေးရပါမယ်။ ထို့အတူ ဆီးအောင့်ထားပြီး အလုပ်ဆက်လုပ်နေတာမျိုး၊ ဆီးသွားဖို့ မေ့နေတတ်တာမျိုး မရှိရလေအောင် ဆီးကို သတိပြုပြီး သွားပေးတဲ့အကျင့် မွေးမြူပါ။
(၂) နေ့စဉ်အစားအစာ - အသားများများ၊ အငန်များများ အစားအစာတွေ၊ အောက်ဆဲလိတ် (Oxalate) ဒြပ်ပေါင်းကြွယ်ဝတဲ့ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တွေနဲ့ မြေပဲစတဲ့ စားစရာတွေနေ့တိုင်းနီးပါးစားရင် အရွယ်ရလာချိန်မှာ ကျောက်တည်ဖို့ အတော်လေးနီးစပ်ပါတယ်။
(၃) အ၀လွန်နေခြင်း - အ၀လွန်ရင် အင်ဆူလင်ဟော်မုန်း အာနိသင်လျော့့ကျခြင်း (Insulin Resistance) နဲ့ဆီးထဲမှာ ကယ်လိစီယမ်ခေါ် ထုံးဓာတ်တွေများနေခြင်း ဖြစ်လာစေပါတယ်။ ဒီနှစ်ခုပေါင်းရင် ဆီးကျောက်တည်ဖို့ အတော်လေးနီးစပ်ပါတယ်။(အ၀လွန်သူတွေဟာ ဆီးကျောက်သာမက သည်းခြေကျောက်ပါ တည်နိုင်ပါတယ်)
မထိန်းချုပ်နိုင်တာတွေကတော့....
(၁) အသက်အရွယ် - အသက်ကြီးလာလေလေ ဆီးကျောက်ဖြစ်ဖို့ နီးစပ်လေဖြစ်ပါတယ်။ ဒါဟာ ၁၀၀%တားဆီးလို့ မရနိုင်ပါ။
(၂) ကျား/မ ကွာခြားမှု - အသက်၃၀နဲ့ ၅၀ကြားအမျိုးသားတွေဟာ ဆီးကျောက်တည်ဖို့ အနီးစပ်ဆုံးသူများဖြစ်ပါတယ်။ အမျိုးသမီးတွေကျတော့ သွေးဆုံးပြီးလို့ မဟော်မုန်း အီစထရိုဂျင်နည်းလာတော့မှ နီးစပ်ပါတယ်။ အသက်ငယ်ငယ်ပေမဲ့ ရောဂါတစ်ခုခုကြောင့် သားဥအိမ်တစ်ဖက်(သို့)နှစ်ဖက်စလုံး ထုတ်ပစ်လိုက်ရသူတွေလည်း ဆီးကျောက်တည်ခြင်း အန္တရာယ်ရှိပါတယ်။
(၃) မျိုးရိုး - မိဘမျိုးရိုးမှာ ဆီးကျောက်တည်ဖူးသူတွေဟာလည်း ခံစားရဖို့သူများတွေထက်စာရင် ပိုနီးစပ်ပါတယ်။
(၄) ဆီးလမ်းကြောင်းပိုးဝင်ရောဂါ - ခဏခဏ ဆီးပူ၊ ဆီးအောင့်၊ဆီးကျင်ဖြစ်ရသူတွေဟာ ဆီးကျောက်တည်ခြင်း ၀င်လာနိုင်ပါတယ်။ ဒါဟာထိန်းချုပ်လို့ရတဲ့ အချက်လို့ပြောရင်လည်း ရတာပါပဲ။
(၅) ရောဂါအချို့ရှိနေခြင်း - ကူးစက်ရောဂါမဟုတ်ဘဲ ကိုယ်ထဲကဖြစ်တဲ့ ရောဂါတွေဟာ ဖြစ်လာပြီးရင် မပျောက်တော့ဘဲ ဆီးကျောက်တည်ခြင်းကို သွယ်ဝိုက်အားပေးပါတယ်။ ဥပမာ Crohn ရောဂါ ပါရာသွိုင်းရွိုက်ဟော်မုန်းများသော ရောဂါ၊ ဂေါက် ခေါ် ဒူလာရောဂါ၊ ဆီးချိုရောဂါ စသဖြင့်ပေါ့။
(၆) အစာအိမ်နှင့် အူလမ်းကြောင်း ခွဲစိတ်မှုလုပ်ထားခြင်း - ရောဂါတစ်ခုခုကြောင့် အစာအိမ်နှင့်အူလမ်းကြောင်းတစ်နေရာရာမှာ မဖြစ် မနေခွဲစိတ်မှု ခံယူလိုက်ရသူများ ဆီးကျောက်ကို ပုံမှန်လူတွေထက် ပိုသတိထားရပါမယ်။
ဘယ်အခြေအနေမှာ ဆရာဝန်ပြရမလဲ....
အောက်ပါ လက္ခဏာတွေဟာ ဆီးကျောက်တည်နေပြီလို့ အကြမ်းဖျဉ်း ညွှန်ပြနေတဲ့အတွက် တစ်ခုခု စပေါ်လာပြီဆိုတာနဲ့ အမြန်ဆုံးဆရာဝန်ပြပါ။
- ခါးနဲ့ ခါးပတ်လည်၊ ၀မ်းဗိုက်၊ပေါင်ခြံ၊ လိင်အင်္ဂါ(ဆီြး့ပွန်) စသည်တို့မှာ ရုတ်တရက် ပြင်းထန်စွာ နာကျင်မှု ပေါ်လာခြင်း
- ဆီးထဲသွေး(သို့) သွေး၏နောက်ဆက်တွဲဟု သံသယဖြစ်ဖွယ်ရှိသည့် မီးခိုးရင့်ရောင်၊ အရောင်မှိုင်းမှိုင်း အနှစ်များ ပါလာတတ်ခြင်း
- ဆီးပူ၊ဆီးအောင့်၊ ဆီးကျင်ခြင်း
ဆီးကျောက်ရှိကြောင်း စမ်းသပ်စစ်ဆေး သိရှိပြီးသူတွေကျတော့.....
- အလွန်အမင်း ပျို့ခြင်း၊ အန်ခြင်း
- ချမ်းတုန်ဖျားခြင်း
- ခါးနှင့်ပတ်လည်မှာ မခံမရပ်နိုင်အောင်နာကျင်ခြင်းစတဲ့ ဝေဒနာတွေပေါ်လာရင်ချက်ချင်း ဆရာဝန်ပြန်ပြပါ။
အချို့ကျတော့ ဘယ်လိုဝေဒနာမျိုးမှ မရှိခဲ့ဘဲ ဆီးသွားရင်းကျောက်ပါလာတာမျိုး ဖြစ်တတ်ပါတယ်။ ဒါဆိုရင် ကျောက်ကိုသိမ်းထားပြီး ဆရာဝန်ပြပါ။ ဝေဒနာမပေါ်တဲ့ ကျောက်အမျိုးအစားတွေရှိတတ်လို့ မပေါ့သင့်ပါ။
ဆီးကျောက်ဟုတ်မဟုတ် ဘယ်လိုစစ်ဆေးမလဲ....
ဝမ်းဗိုက်ဓာတ်မှန် (KUB X-ray) ရိုက်ခြင်း၊ အာထရာဆောင်း (Ultrasound) ခေါ် တယ်လီဗေးရှင်းဓာတ်မှန်ရိုက်ခြင်း၊ CT Scan ကို ခါးတစ်ပတ်လှည့်ရိုက်ခြင်း၊ ကျောက်ရဲ့အရွယ်အစား၊ ပုံသဏ္ဌာန်၊တည်နေရာ တိတိကျကျ သိနိုင်ဖို့ ဆေးထိုးပြီးရိုက်တဲ့ IVP ၊ ကျောက် အမျိုးအစားသိရဖို့ သွေးဓာတုအဖြေ စစ်ဆေးခြင်း၊ ၁၄နာရီ ဆီးခံယူစစ်ဆေးခြင်း၊ ဆီးကို ဓာတ်ခွဲစစ်ဆေးခြင်း စတဲ့စစ်ဆေးမှုတွေ အဆင်ပြေသလို လိုအပ်သလိုလုပ်ရပါတယ်။
ဘယ်လို ကုသမလဲ....
ကုသမှုအနေနဲ့ကတော့ အရမ်းသေးတဲ့ဆီးကျောက်ဟာ ဘာနည်းနဲ့မှကုစရာမလိုဘဲ နာကျင်မှုသက်သာတဲ့ဆေးတွေပေးပြီး အရည် များများသောက်စေကာ ကျသွားအောင် ကုသပါတယ်။ ဒါကတော့ အနည်းစုမှာပဲ အဆင်ပြေတာတွေ့ရပါတယ်။ အကိုက်အခဲပျောက် ဆေးခေါ် စတီးရွိုက်မဟုတ်တဲ့ အရောင်ကျဆေးများပေးပြီး အနာသက်သာစေရင်း အရည်များများသောက်စေတဲ့နည်းဖြစ်ပါတယ်။
ကျောက်က အရွယ်ကြီးနေပြီး ဆီးလမ်းကြောင်းမှာ အနှောင့်အယှက်ဖြစ်နေလို့ နာကျင်မှုဆိုးတယ်၊ ပိုးခဏခဏ၀င်နေတယ်ဆိုရင်တော့ Lithotripsy ခေါ် ခွဲစိတ်မှုလုပ်ဖို့ ဆရာဝန်ကအချက်တွေအများကြီးအပေါ် အခြေခံပြီး စဉ်းစားပါလိမ့်မယ်။ အခုခေတ်စားနေတဲ့ နည်းက တော့ ESWL (Extracorporeal Shock Wave Lithotripsy) ခေါ် စက်နဲ့ကျောက်ချေတဲ့နည်းပါပဲ။ သူကတော့ ကျောက်အရွယ်အစားသေး မှ လုပ်လို့ရတဲ့ ကန့်သတ်ချက်ရှိပါတယ်။ သတ်မှတ်ထားတဲ့ အရွယ်အစားထက်ကြီးနေရင် စက်နဲ့ချေလို့မရဘဲ ခွဲစိတ်ဖို့ဦးစားပေးစဉ်စား ရပါမယ်။ Ueteroscopy ခေါ် စက်နဲ့ကြည့်ပြီး ချေတဲ့၊ဖယ်ရှားတဲ့နည်း လည်းသုံးနိုင်ပါတယ်။
ဘယ်လိုကာကွယ်မလဲ....
အထက်မှာဖော်ပြခဲ့တဲ့ ရေများများသောက်ခြင်း၊ ဆီးအောင့်အညောင်းထိုင်ခြင်းကို လျှော့ချ၍ဆီးသွားပေးခြင်း၊ နေ့စဉ်အစားအသောက်၌ အသားလျှော့စားခြင်း၊ ဆီးကျောက်တည်ရောဂါဝင်လာစေမယ့် ရောဂါတွေရှိရင် စနစ်တကျကုသထိန်းချုပ်ခြင်းအားဖြင့် ကာကွယ်နိုင်ပါတယ်။
ဆက်ပိုင်လင်းခန့် (ဆေး ၂ )
Credit: www.people.com.mm
Wednesday, April 25, 2012
. . . မ ရည် ရွယ် ပါ ဘူး . . .
မရည်ရွယ်ပါဘူး ..
သူ့ profile ကို
နေ့စဉ် ၀င်ဝင် ကြည့်နေမိခဲ့တာတွေ ..
မရည်ရွယ်ပါဘူး ..
သူ့ သူငယ်ချင်းတွေနဲ့ ဘာတွေ ပြောသလဲဆိုတာ
comments လေးတွေက အစ လိုက်ကြည့်မိတာတွေ ..
မရည်ရွယ်ပါဘူး ..
သူ့ အကြောင်းဆို ကကြီးကနေ အ အထိ
အစအဆုံး အကုန် သိနေချင်ခဲ့မိတာတွေ ..
မရည်ရွယ်ပါဘူး ..
သူ ခင်တဲ့ သူငယ်ချင်းတွေနဲ့
ခင်မင်ခွင့်ကိုပါ လိုချင်နေမိခဲ့တာတွေ ...
မရည်ရွယ်ပါဘူး ..
သူနဲ့ close ဖြစ်တယ်လို့ ထင်တဲ့ သူတွေ အကုန်လုံးကို
အလကားနေရင်း ကြည့်မရဖြစ်ပြီး မနာလိုခဲ့မိတာတွေ ..
မရည်ရွယ်ပါဘူး ..
သူနဲ့ တွေ့ပြီး ဘာရယ် မဟုတ်
Chatting ထိုင်မိတဲ့ အချိန်လေးတွေကို တမ်းတမက်မောမိတတ်ခဲ့တာတွေ ..
မရည်ရွယ်ပါဘူး ..
ဘုရား တက်ဖြစ်တိုင်း
သူ့ မွေးနံထောင့်မှာ ဆုတောင်းမိဖြစ်ခဲ့တာတွေ ..
မရည်ရွယ်ပါဘူး ..
သူ နှစ်သက်တဲ့ အစားအစာတွေကို
တခုတ်တရ လိုက်ပြီး စားတတ်နေမိတာတွေ ..
မရည်ရွယ်ပါဘူး ..
သူ ကြိုက်တယ်ဆိုတဲ့ သီချင်းလေးတွေကို
မက်မက်မောမော လိုက်နားထောင်နေမိတတ်တာတွေ ..
မရည်ရွယ်ပါဘူး ..
သူ စိတ်ဆိုးချိန်တွေမှာ ကိုယ်ပါ ငရဲကျနေပြီး
သူ ပျော်နေချိန်မှာ .. လိုက်ပါ ရယ်မောမိနေတတ်ခဲ့တာတွေ ..
မရည်ရွယ်ပါဘူး ..
သူ့စိတ်ဓာတ် သူ့ အကြောင်းတွေ အကုန် သိရဲ့နဲ့ကို
ဘယ်လိုမှ မေ့ပျောက်လို့ မရခဲ့ပဲ တရှိုက်မက်မက် တွေးနေမိခဲ့တာတွေ ..
မရည်ရွယ်ပါဘူး ..
တယောက်တည်း ကျော်ဖြတ်နေရတဲ့ ဆည်းဆာ ညနေတွေမှာ
အဆွေးသီချင်းတွေ ဖွင့်ဖြစ်တတ်ခဲ့တာတွေ ..
မရည်ရွယ်ပါဘူး ..
ကိုယ်နဲ့ ဘာမှ မဆိုင်ပေမယ့် "Come back to me" သီချင်းကို
နားထောင်မိလိုက်တိုင်း နင့်နင့်သီးသီး ခံစားတတ်ခဲ့မိတာတွေ ..
မရည်ရွယ်ပါဘူး ..
သူ ပျော်နေမယ်ဆိုရင်
ဘာမဆို အားလုံးကို ဖြည့်စွမ်းပေးချင်နေမိခဲ့တာတွေ ..
မရည်ရွယ်ပါဘူး ..
သူ စိတ်ရှုပ်စေမယ့် ကိစ္စမှန်သမျှကို
သေစေတတ်တဲ့ အဆိပ်ခွက်လို ရှောင်ကြဉ်ခဲ့မိတာတွေ ..
မရည်ရွယ်ပါဘူး ..
ခုလို အေးစက်တဲ့ ညတွေမှာ
သူ့အတွက် ကဗျာ တစ်ပုဒ်ရေးဖို့ကိုလဲ မရည်ရွယ်ခဲ့မိပါဘူး ...
- စိုး သူ ရ -
စာကြွင်း။ ။ ကျွန်တော့်သူငယ်ချင်း ကဗျာတွေရေးရေးနေတဲ့ အူဝဲဆိုတဲ့ဘော်ဒါလေးရဲ့ကဗျာတစ်ပုဒ် Facebook မှာတင်လိုက်တာကိုချက်ခြင်းကျွန်တော်ပြန်ကူးတင်လိုက်တာပါ။ ခံစားချက်အချို့တိုက်ဆိုင်တာလည်းပါပါတယ်။
သတင်းအချို့....အချို့သော သတင်း
3D Fund မှ ရောဂါကြီး ၃ မျိုး အတွက် ဒေါ်လာ ၁၀၅ သန်း ထောက်ပံ့ ပေးထားပြီးဖြစ်
မြန်မာနိုင်ငံရှိ အဓိက ရောဂါကြီး ၃ မျိုး တိုက်ဖျက်ရေး လုပ်ငန်း 3D Fand မှ မြန်မာနိုင်ငံမှာ ဖြစ်ပွားတဲ့ ရောဂါကြီး ၃ မျိုးအတွက် အမေရိကန် ဒေါ်လာ ၁၀၅သန်းကို ထောက်ပံ ပေးအပ် ခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီလို ထောက်ပံရာမှာ HIV ရောဂါ အတွက် ဒေါ်လာ ၆၁ သန်း၊ တီဘီရောဂါ အတွက် ဒေါ်လာ ၁၆ သန်း၊ ငှက်ဖျား ရောဂါ အတွက် ဒေါ်လာ ၂၈ သန်း စုစုပေါင်း ဒေါ်လာ ၁၀၅ သန်းကို ပြည်တွင်းမှာ ထောက်ပံ့ပေး ခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် အခြားရောဂါ နှစ်မျိုးနဲ့ အထက် အတွက်လည်း ဒေါ်လာ ၈သန်း ထောက်ပံ့ပေးခဲ့ တယ်လို့ သိရပါတယ်။
အဆိုပါ သရီးဒီဖန်နဲ့ သက်ဆိုင်တဲ့ အဖွဲ့တွေဟာHIV ကို တားဆီးနိုင်ဖို့ condom ၅၁ သန်းကျော်နဲ့ ဆေးထိုးအပ် ၁၁ သန်း နီးပါးကိုလည်း ပြည်တွင်းမှာ ဖြန့်ဖြူးပေး ခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ အဖွဲ့အစည်းမှ တီဘီ ရောဂါသည် တစ်သိန်း ခြောက်သောင်း နီးပါး ကိုလည်း အထောက်အပံ့ ပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် လူပေါင်း ၁.၇ သန်းရဲ့ငှက်ဖျား ရောဂါကို ကုသမှု ဆောင်ရွက်ပေးခဲ့သလို ငှက်ဖျား ရောဂါကနေ ကာကွယ် နိုင်အောင် မိသားစု တွေကို ခြင်ထောင် ၁.၉ သန်း ဝေငှပေး ခဲ့တယ်လို့ သိရပါတယ်။
ယခု ဆိုရင်တော့ အဆိုပါ 3D Fand ဟာ ၅ နှစ် သက်တမ်း ကုန်ဆုံး သွားပြီတဲ့ အတွက် ကျန်ရှိနေတဲ့ လုပ်ငန်းတွေ ကိုလည်း ယခုနှစ် ဇွန်လမှာ အဆုံးသတ်မှာ ဖြစ်တယ်လို့ သိရပါတယ်။ အခုလို 3D Fand ရဲ့ ၅နှစ်တာ ကာလပြီးဆုံး သွားပြီ ဖြစ်သဖြင့် ရှေ့ဆက်ပြီး ရောဂါ တိုက်ဖျက်ရေး လုပ်ငန်းများကို 3MDG လုပ်ငန်းစဉ်နဲ့ ဆက်စပ်ပြီး ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။
MRTV-4 - 3D Fund မှ ရောဂါကြီး ၃ မျိုး အတွက် ဒေါ်လာ ၁၀၅ သန်း ထောက်ပံ့ ပေးထားပြီးဖြစ် 
အသက် ၉ နှစ်အရွယ်မှစ၍ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးသင့်
သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်မှုအား ပိုမိုထိရောက်မှုရှိရန် လိင်ဆက်ဆံမှုမရှိသေးသည့် အသက် ၉ နှစ် အရွယ်ကတည်းက အမျိုးသမီးတိုင်း ထိုးနှံထားသင့်ကြောင်း သားဖွားနှင့်မီးယပ် အထူးကု ဆရာဝန်ကြီး ဒေါက်တာမင်းကျော်က ပြောသည်။
သားအိမ်ခေါင်းကင်ဆာသည် ကမ္ဘာပေါ်ရှိ အမျိုးသမီးတိုင်းတွင် ဒုတိယအဖြစ် အများဆုံးရောဂါတစ်ခု ဖြစ်ပြီး၊ နှစ်စဉ်လူပေါင်း နှစ်သိန်း သုံးသောင်း သည် အဆိုပါရောဂါ ကြောင့် သေဆုံးနေကြရကြောင်း WHO ၏ ထုတ်ပြန်ချက်များအရ သိရသည်။
”ဒီရောဂါ ကာကွယ်ဆေးကို အသက် ၉ နှစ်နောက်ပိုင်း ထိုးတာ အကောင်းဆုံးဖြစ်တယ်။ အကျိုး သက်ရောက်မှုလည်း အများဆုံးဖြစ် စေတယ်။ တချို့က ဒီအရွယ်ဟာ ငယ်သေးတယ်၊ လိင်ဆက်ဆံမှု မရှိဘူး၊ ထိုးစရာမလိုဘူးလို့ ထင်တယ်။ တကယ်က ခုခံစွမ်းအား အကောင်းဆုံးဖြစ်တဲ့ အချိန်မှာ ထိုးတာကောင်းတယ်၊ ကာကွယ်မှုနှုန်းကလည်း ပိုများတယ်”ဟု အထက်ပါဆရာဝန်က ပြောသသည်။ အဆိုပါ သားအိမ်ခေါင်း ကင်ဆာ ရောဂါကာကွယ်ဆေးကို အမျိုးသမီးများသာမက၊ အမျိုးသားများလည်း ထိုးနိုင်ကြောင်း ၄င်းက ပြောသည်။
”အမျိုးသားတွေ အနေနဲ့လည်း သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး ထိုးထားရင် လိင်အင်္ဂါမှာ ကြွက်နို့ဖြစ်တာကိုလည်း ကာကွယ်နိုင် တယ်”ဟု အထက်ပါ ဆရာဝန်က ဆက်လက် ပြောသည်။
သားအိမ်ခေါင်း ကင်ဆာရောဂါ ၏ ၈ဝ ရာခိုင်နှုန်းသည် HPV ဟု ခေါ်သော ဗိုင်းရပ်(စ်)ပိုးတစ်မျိုး ကြောင့် ဖြစ်ပြီး၊ မဖြစ်မီ ကြိုတင် စစ်ဆေးမှုပြုခြင်း၊ ကာကွယ်ဆေးထိုး ခြင်းသည် ထိုရောဂါဖြစ်ပွားမှုကို ၁ဝဝ ရာခိုင်နှုန်း ဟန့်တားစေနိုင်မည်ဟု ဆိုသည်။
”ပိုးရှိ၊ မရှိကိုသားအိမ်ရဲ့ အသား စတစ်ခုကိုယူပြီး သားအိမ်ခေါင်းနဲ့ သက်ဆိုင်တဲ့ ဆဲလ်လေးတွေယူပြီး ဓာတ်ခွဲပညာရှင်က စမ်းသပ်မှုပြုလုပ် မယ်ဆိုရင် ပိုပြီး တိကျတဲ့အဖြေရ နိုင်တယ်။ ဒီနည်းလမ်းတွေကို သုံး တာ ကောင်းတယ်။ နောက်တစ်ခု က ကာကွယ်ဆေးကြိုထိုးထားလို့ ရတယ်”ဟု ၄င်းက ထပ်မံပြောသည်။
ဖွံ့ဖြိုးပြီးနိုင်ငံများတွင် ယင်းကဲ့သို့ သားအိမ်ခေါင်းအသားစယူပြီး စစ်ဆေးစမ်းသပ်ကြည့်ကာ စောစောကုသနိုင်သည့် အတွက် သားအိမ်ခေါင်း ကင်ဆာကြောင့် သေဆုံး မှုကို သိသိသာသာလျော့ကျသွားခဲ့ကြောင်း သုတေသီများ၏ လေ့လာချက်များအရ သိရသည်။
”သားအိမ်ထဲမှာ ကင်ဆာမဟုတ်ဘဲ တခြားအသားလုံးတွေကလည်း ကင်ဆာအဖြစ်ကို မပြောင်းနိုင်ပါဘူး၊ ပြောင်းနိုင်တဲ့ အဆင့်ကလည်း အရမ်း နည်းပါတယ်၊ ဝ ဒသမ ၃ ရာခိုင်နှုန်းပဲ ရှိပါတယ်”ဟု အထက်ပါ ဆရာဝန်က ပြောသည်။
အဆိုပါ သားအိမ်ခေါင်း ကင်ဆာရောဂါ ကာကွယ်ဆေးထိုးရန် အကောင်းဆုံးအရွယ်မှာ အသက် ၉ နှစ်မှ ၂၆ နှစ်အထိ ဖြစ်ပြီး၊ အသက် ၅ဝ အရွယ်ထိ ထိုးနှံနိုင်ကြောင်း ၄င်းက ဆိုသည်။
ချစ်ဆုဆွေ
Popularmyanmar - အသက် ၉ နှစ်အရွယ်မှစ၍ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးသင့်
သုခရိပ်မြုံ လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ
မိဘနှစ်ဦးစလုံးက AIDS ရောဂါကြောင့် သေဆုံးသွားခဲ့ပြီး မိဘမှတဆင့် HIV ပိုး ကူးစက်ခံခဲ့ရကာ မိဘမဲ့ဖြစ်နေသော ကလေးများကို ထိန်းသိမ်းစောင့်ရှောက်ရန် ဖွင့်လှစ်ထားသည့် ပရဟိတ ဂေဟာဖြစ်သည်။ အစိုးရ၏ လူမှုဝန်ထမ်းဦးစီးဌာနက ဖွင့်လှစ်ထားသော မိဘမဲ့ကလေးများ ပြုစုစောင့်ရှောက်ရေးဂေဟာများ နှင့် အခြားအဖွဲ့အစည်းများက ဖွင့်လှစ်ထားသည့် ဂေဟာများရှိသော်လည်း ၎င်းတို့၏ သတ်မှတ်ချက်များနှင့် မကိုက်ညီ၍ ငြင်းပယ်ခံရသော ကလေးများဖြစ်သည်။
သုခရိပ်မြုံ ဂေဟာသည် ထိုကလေးငယ်များကို အသက်ရှည်အောင်ပြုစုစောင့်ရှောက်ပြီး မိသားစုပုံစံဖြင့် ကြင်နာမှုများပေးရန် ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်လိုက်သည့် ရိပ်မြုံဖြစ်ပြီး ‘သုခရိပ်မြုံ လူမှုထောက်ပံ့ရေး စီမံချက်’ အရ ဖွင့်လှစ်ထားခြင်းဖြစ်သည်။ စတင်စိတ်ကူးခဲ့သူများမှာ စာရေးဆရာမ သန်းမြင့်အောင်၊ ဆရာဝန် စာရေးဆရာမ ဂျူး၊ ဆရာဝန်  စာရေးဆရာမ စုထား၊ ဒေါက်တာ ဒေါ်ခင်မေစု၊ ဒေါ်ရွှေဇီးကွက် နှင့် ဒေါ်ကလျာတို့ ဖြစ်ပြီး စီမံချက်ကို ၂၀၀၅ ခုနှစ်က စတင်ခဲ့သည်။
စတင်စဉ်က ဒေါ်ရွှေဇီးကွက်၏ မိတ်ဆွေ ဒေါ်မိုးသူလေးတို့ မိသားစုက ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့ နွယ်နီလမ်းရှိ ၎င်းတို့၏ တစ်ထပ်တိုက်လေးကို ယာယီ အသုံးပြုခွင့်ပေးသဖြင့် ကလေးငယ် ၁၃ ယောက်ကို စတင် ပြုစုစောင့်ရှောက်ပေးခဲ့သည်။ နောက် ၁ နှစ်ခန့်အကြာတွင် အလှူရှင်များနှင့် ရုပ်ရှင် ဂီတ စာပေအနုပညာရှင်များ ပါဝင်သော ‘အဖြူရောင်သက်တံ့’ ကဗျာရွတ်ဆိုပြိုင်ပွဲ ပြုလုပ်ကာ ရန်ပုံငွေရှာခဲ့သည်။
ထိုရန်ပုံငွေဖြင့် စီမံချက်ပါ အဖွဲ့ဝင်များ၊ အလှူရှင်များ စုပေါင်း၍ အမှတ် ၉၇၈-၉၈၂ တပင်ရွှေထီးလမ်း၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်တွင် ပေ ၄၀ x ပေ ၆၀ မြေကွက်လေးဝယ်ယူကာ အဆောက်အဦး တဖြည်းဖြည်း ဆောက်လုပ်ခဲ့ရာ ၂၀၀၇ ခုနှစ် ဇန်န၀ါရီလ ၄ ရက်နေ့၌ ဆောက်လုပ်ပြီးစီးခဲ့သည်။ ၀င်းအတွင်း တစ်ထပ်အဆောက်အအုံ ၂ ခု နှင့် ၂ ထပ်အဆောက်အအုံတစ်ခု ဆောက်လုပ်ထားသည်။
သုခရိပ်မြုံဂေဟာတွင် အသက် ၁ နှစ်မှ ၁၂ နှစ်အရွယ်ရှိ ကလေးများကို လက်ခံလျက်ရှိပြီး အထူးသဖြင့် မိဘ နှစ်ဦးစလုံးမရှိတော့သော HIV ပိုး ရှိနေသူကလေးများ၊ မိဘ တဦးဦး ရှိနေသော်လည်း ဝေဒနာ ခံစားနေရသဖြင့် ကလေးအား ပြုစုစောင့်ရှောက်နိုင်သည့် အခြေအနေမရှိသော HIV ပိုးရှိသည့် ကလေးများနှင့် အခြားသော အခြေအနေအရပ်ရပ်ကို ထောက်ရှုကာ ပြုစုပျိုးထောင်ရန်လိုအပ်သည့် မိဘမဲ့ မဟုတ်သည့် HIV ပိုးရှိသည့် ကလေးများကို လက်ခံထားသည်။ လက်ရှိအချိန်တွင် သုခရိပ်မြုံ၌ ကလေးငယ် ၇၃ ဦးကို ထိန်းသိမ်းစောင့်ရှောက်ထားသည်။
သုခရိပ်မြုံတွင်  အုပ်ချုပ်ရေးမှူး၊ အဆောင်မှူး၊ စာသင်သည့်ဆရာမများနှင့် ကလေးပြုစု စောင့်ရှောက်သူများရှိပြီး မိသားစုပုံစံ နွေးထွေးစွာ မေတ္တာဖြင့် စောင့်ရှောက်ပေးကြောင်း သိရသည်။ ကလေးငယ်များတွေကို ပါကေးခင်းထားသော ကြမ်းပြင်တွင် အိပ်ရာများဖြင့် သိပ်ပြီး ကလေးကြီးများကို ခုတင်ဖြင့် အိပ်စေကြောင်း သိရသည်။
အဆောင်တစ်ဆောင်တွင် ၎င်းတို့အား ပြုစုပေးမည့်သူ (သူနာပြု၊ ကလေးထိန်း) ၃ ယောက်ခန့် ထားရှိပေးထားပြီး ကလေးများအား ပြုစုစောင့်ရှောက်ပေးသူများ၊ နေ့ရောညပါ အတူနေသူများကို ကလေးပြု စုစောင့်ရှောက်မှု၊ ကလေးများ၏ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှု၊ ကလေးသူငယ်ဆိုင်ရာ အခွင့်အရေးသင်တန်းများ မကြာခဏ ပြုလုပ်သင်ကြားပို့ချပေးလျက်ရှိသည်။
ကလေးများ၏ ကျန်းမာရေးကိုလည်း ကျန်းမာရေးဆိုင်ရာဝန်ထမ်းများက အခါမလပ် စစ်ဆေးမှုများ ပြုလုပ်ပေးလျက်ရှိသည်။ အဖွဲ့ဝင် ဆရာဝန်များနှင့် နိုင်ငံတော်ပိုင် ဆေးရုံများဖြစ်သော ဝေဘာဂီ ကူးစက်ဆေးရုံကြီး၊ အထူးကုဆေးရုံကြီး (မင်္ဂလာဒုံ) တို့အပြင် AZG က ဖွင့်ထားသည့် သဇင်ဆေးခန်း၊ သုခ ကုသိုလ်ဖြစ်ဆေးခန်းများမှ ဆရာဝန်များက အခမဲ့ ကြည့်ရှုပေးလျက်ရှိသည်။ ကလေးများအတွက် ART ဆေး (HIV ပိုးပွားများမှု ဟန့်တားသည့်ဆေး) ပေးရန် လိုအပ်လာလျှင် အထက်ဖော်ပြပါဆေးရုံ၊ ဆေးခန်းများက ပေးကြောင်း သိရသည်။
ပုံမှန်လှုပ်ရှားမှုအနေဖြင့် ကလေးများထဲမှ ခေါင်းဆောင်ကိုယ်စားလှယ် ရွေးချယ်ခန့်ထားပေးပြီး လစဉ် ၎င်းတို့၏ ဆန္ဒဖော်ထုတ်ခွင့် ပေးကာ လိုအပ်ချက်များ ဖြည့်ဆည်းပေးခြင်း၊ နှစ်စဉ်ကလေးသူငယ် အခွင့်အရေးနေ့ အခမ်းအနားများ တက်ရောက်စေခြင်းနှင့် အခြားသော ပျော်ပွဲရွှင်ပွဲများ ပြုလုပ်ပေးခြင်း၊ အခါအားလျော်စွာ စာရေးဆရာ ကဗျာဆရာ ရုပ်ရှင်ဂီတ အနုပညာရှင်များက မွေးနေ့ပွဲ အလှူအတန်းများ လာရောက်ပြုလုပ်ကြပြီး ကလေးများနှင့် ပျော်ရွှင်စွာ တွေ့ဆုံကြခြင်း၊ နှစ်စဉ် ကလေးများ၏ ဆန္ဒအလျောက် သီလရှင်ဝတ်ပွဲ ရှင်ပြုပွဲများ ကျင်းပပေးခြင်းတို့ ပြုလုပ်ပေးလျက်ရှိသည်။
သုခရိပ်မြုံရှိ ကလေးငယ်များ အသက် ၁၈ နှစ် ကျော်ပါက Group Home များလုပ်ကာ သီးခြားခွဲထားရန် စီစဉ်ထားပြီး ၎င်းတို့ဘ၀တလျောက်လုံး ပညာရေး ကျန်းမာရေး နှင့် ၀ါသနာပါရာ လုပ်ငန်းများ၊ အသက်မွေးဝမ်းကျောင်းမှုများကို လိုအပ်သလိုထိန်းကျောင်းပြီး ကလေးငယ်များ၏ အနာဂတ်အတွက် အကောင်းဆုံးတည်ဆောက်ပေးရန် ရည်ရွယ်ထားကြောင်းလည်း သိရသည်။
နောက်ပိုင်းတွင် ကလေးဦးရေနှင့်အညီ အလှူငွေပေါ်မူတည်ကာ အဆောက်အဦးများ ထပ်မံတိုးချဲ့သွားမည်ဖြစ်ပြီး အထက်မြန်မာနိုင်ငံတွင်လည်း သုခရိပ်မြုံဂေဟာခွဲတစ်ခု ဖွင့်လှစ်ရန် ရည်ရွယ် ထားကြောင်း၊ မြေနေရာကို မန္တလေး ရေတံခွန် တောင်ခြေရှိ သစ္စဝေဒဂူကျောင်းမှ ဆရာတော်က လှူဒါန်းထားကြောင်း သိရသည်။ အဆိုပါ ဂေဟာကို မန္တလေးမြို့ရှိ စာပေအသိုင်းအ၀ိုင်း၊ ပရဟိတအဖွဲ့များ၊ ဆေးပညာရှင်များ၊ လူမှုရေးလုပ်ဖော်ကိုင်ဖက်များ၊ အလှူရှင်များ၏ စီမံပံ့ပိုးမှုများဖြင့် ဖွင့်လှစ်မည်ဖြစ်ပြီး ‘သစ္စဝေဒဂူ သုခရိပ်မြုံ’ အမည်ဖြင့် ဖွင့်လှစ်မည်ဖြစ်သည်။
သုခရိပ်မြုံ လူမှုထောက်ပံ့ရေးစီမံချက်ကို ဆက်သွယ်လှူဒါန်းလိုပါက သုခရိပ်မြုံဂေဟာ ဖုန်း ၀၁-၅၈၁၉၅၅ ၊ ဒေါ်သန်းမြင့်အောင် ဖုန်း - ၀၉၅၀၇၈၄၁၈၊ ၀၁၂၀၅၄၅၁၊ ဒေါက်တာထားထား ဖုန်း ၀၉၂၀၁၇၉၆၁၊ ဒေါ်မြင့်မြင့်ခင်ဖေ (ရွှေဇီးကွက်) ဖုန်း ၀၉၅၁၂၇၀၀၅၊ ဒေါက်တာတင်တင်ဝင်း(ဂျူး) ၀၉၅၀၀၉၆၀၀ တို့သို့ ဆက်သွယ်လှူဒါန်းနိုင်ပါသည်။
ပြည်သူ့ဂုဏ်ရည် - သုခရိပ်မြုံ လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ
Tuesday, April 24, 2012
Circumcision - လိင်တံထိပ်အရေပြား ဖြတ်တောက်ခြင်း
လိင်တံထိပ်ဖျားမှ အရေပြားကို ဖြတ်တောက်ခြင်း Circumcision ကို ကမ္ဘာတစ်ဝန်းက အမျိုးသားဦးရေရဲ့ ၅ပုံ ၁ပုံခန့် ပြုလုပ်ကြပါတယ်။ အများစုကတော့ ဘာသာရေးဆိုင်ရာ၊ ဒါမှမဟုတ် ယဉ်ကျေးမှုဆိုင်ရာ သတ်မှတ်ချက်အရ ပြုလုပ်ကြတာဖြစ်ပြီး မွေးကင်းစကလေးမှ လူပျို ဖော်ဝင်ခါနီးအရွယ်အတွင်းမှာပြုလုပ်တာများပါတယ်။ လူကြီးများကတော့ ကျန်းမာရေးကိစ္စအတွက် Circumcision လုပ်တာက ပိုများ ပါတယ်။
လိင်တံထိပ်ဖျားက အရေပြားလေးနောက်ကိုဆွဲလှန်လို့ မရခြင်း(ငုံခြင်း)ကို တစ်နှစ်သားယောက်ျားလေးများရဲ့ ၅၀ရာခိုင်နှုန်း၊ ဆယ်နှစ် သားယောက်ျားလေးရဲ့ ၅ရာခိုင်နှုန်းမှာတွေ့ရပါတယ်။ အရွယ်ရောက်ပြီးသူတွေမှာ ရာခိုင်နှုန်းနည်းနည်းသာ ငုံခြင်းကိုတွေ့ရပါတယ်။ ဒါပေမယ့် Circumcision လုပ်ခြင်းရဲ့အကြောင်းပြချက်က ငုံခြင်းတစ်ခုတည်းကြောင့်မို့မဟုတ်ပါဘူး။ အကြောင်းပြချက်တွေကတော့ ကျန်းမာရေး ဆိုင်ရာလိုအပ်ချက်ကြောင့်မှသည် နောက်ဖြစ်လာမယ့်ရောဂါများ ကာကွယ်ဖို့၊ ဘာသာရေးအယူအဆ စသည်တို့ ဖြစ် ပါတယ်။
Phimosis
လိင်တံထိပ်ဖျား အရေပြားအ၀ကျဉ်းခြင်းကြောင့် နောက်သို့ဆွဲလှန်လို့မရခြင်းကို Phimosis လို့ခေါ်ပြီး ၁၇နှစ်အရွယ် ယောက်ျား လေးများရဲ့ ၁ရာခိုင်နှုန်း - ၁.၅ ရာခိုင်နှုန်းမှာတွေ့ရတယ်။ လက္ခဏာရပ်တွေက လိင်တံထိပ်အရေပြား အနေရအထိုင်ရခက်ခြင်း၊ သွေးထွက်ခြင်း(အထူးသဖြင့် လိင်ဆက်ဆံစဉ်နှင့် Masturbation ပြုလုပ်စဉ်)၊ ဆီးသွားစဉ် တင်းကျပ်ခြင်း၊ နာကျင်ခြင်း၊ လိင်ထံထိပ် ဖျားအရေပြားအပေါက်ဝ အရမ်းကျဉ်းလွန်းလျှင် ဆီးစွန့်ထုတ်၍မရခြင်း။ အဲဒီလိုအခြေအနေမျိုးတွေမှာ Circumcision ပြုလုပ်ဖို့ အကြံ ဉာဏ်ပေးလေ့ရှိပါတယ်။
Acute Balanoposthitis
လိင်တံထိပ်ဖျား အရေပြား နီရဲပြီးရောင်ရမ်းကာ လိင်တံနှင့် လိင်တံအရေပြားအကြားမှာ အဖြူရောင်အဖတ်များတွေ့ရတဲ့ အခြေအနေ ဖြစ်ပါတယ်။ Balanoposthitis ဟာ ဆီးချိုသွေးချိုရောဂါရှိတဲ့ လက္ခဏာလည်း ဖြစ်လေ့ရှိပါတယ်။ အဲဒီလိုနောက်ကွယ်က ရောဂါမရှိရင် တော့ ရိုးရိုးလေးပဲ တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုစိုက်ခြင်း၊ အကိုက်အခဲပျောက်ဆေးအပျော့စားများပေးခြင်း၊ လိင်တံအရေပြားကို ထိ တွေ့ကိုင်တွယ်မှုရှောင်ရှားခြင်းတို့ ပြုလုပ်ရုံနှင့် ရပါတယ်။ အဲဒီလိုအဖြစ်မျိုး မကြာခဏထပ်ခါတလဲလဲ ပြန်ပြန်ဖြစ်ရင်သာ Circumcision ပြုလုပ်ပေးပါတယ်။
လိင်တံကင်ဆာ
လိင်တံကင်ဆာဟာ အလွန်အဖြစ်နည်းပါးတဲ့ကင်ဆာရောဂါဖြစ်တယ်။ ကလေးဘ၀မှာ Circumcision ပြုလုပ်ထားရင် လိင်တံကင်ဆာ ဖြစ်ပွားမှုနည်းပါးတယ်ဆိုတဲ့ သက်သေပြမှုအချို့ရှိပေမယ့် လူကြီးဘ၀မှာပြုလုပ်ရင်တော့ မကာကွယ်နိုင်ပါဘူး။ တစ်ကိုယ်ရေသန့်ရှင်းရေး ညံ့ဖျင်းခြင်း၊ ဆေးလိပ်သောက်ခြင်း၊ လိင်တံကြွက်နို့ဗိုင်းရပ်စ်ပိုးဝင်ခြင်းစသည်တို့ဟာလည်း လိင်တံကင်ဆာဖြစ်စေနိုင်တဲ့အကြောင်းရင်း တွေဖြစ်တယ်။ လိင်တံအရေပြားဖြတ်ထားတဲ့သူဟာ ဖြတ်မထားတဲ့သူထက် လိင်အင်္ဂါကြွက်နို့ဖြစ်ဖို့ အခွင့်အလမ်းပိုများပါတယ်။ ဒါကြောင့် Circumcision လုပ်ခြင်းဟာ Penile Cancer လိင်တံကင်ဆာကို ကာကွယ်နိုင်တယ်လို့ပြောလို့မရကြောင်းတွေ့ရပါတယ်။
လိင်မှတစ်ဆင့်ကူးစက်တတ်သောရောဂါများ
ဆစ်ဖလစ်၊ ရှန်ကာ၊ရေယုန်စတဲ့ လိင်အင်္ဂါမှာ အနာဖြစ်စေတဲ့ ရောဂါပိုးတွေဟာ Circumcision လုပ်မထားတဲ့သူတွေမှာ ပိုများတာ တွေ့ရပါတယ်။ ဒါပေမယ့် ဂနိုရောဂါနဲ့ ဂနိုကြောင့်မဟုတ်တဲ့ ဆီးလမ်းကြောင်းရောင်ရမ်းခြင်းတွေကတော့ Circumcision လုပ် ထားသူတွေမှာ ပိုတွေ့ရပါတယ်။ Yeast Infection ကတော့ ဖြတ်ထားတဲ့ရော ဖြတ်မထားတဲ့သူမှာပါ အတူတူတွေ့ရပါတယ်။ ဒီရောဂါတွေ ကူးစက်ပျံ့ပွားမှုကို ကာကွယ်ဖို့ ကွန်ဒုံးသုံးခြင်း၊ လုံခြုံစိတ်ချရသော လိင်မှုကိစ္စအလေ့အထများပြုလုပ်ခြင်းဖြင့်သာ ကာကွယ်နိုင်ပြီး STDs ရောဂါများကို ကာကွယ်ဖို့ Circumcision ကိုထောက်ခံချက်ပေး၍ မရနိုင်ပါ။
HIV
Circumcision ပြုလုပ်ခြင်းဟာ HIV ကူးစက်မှုကိုဟန့်တားမှုပြုတဲ့အခါကူညီပေးနိုင်ခြင်းရှိ၊ မရှိကိုလည်း အငြင်းပွားနေပါတယ်။ လက်ရှိ သက်သေပြချက်တွေအရတော့ Circumcision ပြုလုပ်ခြင်းဖြင့် HIV ကူးစက်ပျံ့ပွားမှုနှေးကွေးနိုင်စေတယ်ဆိုတဲ့ သက်သေပြုမှုဟာ လုံလောက်မှုမရှိသေးပါဘူး။ အလားတူပင် Cervical Cancer ကို Circumcision လုပ်ခြင်းဖြင့် လျှော့ချနိုင်ကြောင်း လုံလောက်သည့် သက်သေ ပြချက်များ မရှိသေးပါ။ ဆီးလမ်းကြောင်းပိုးဝင်သည့်ရောဂါ Urinary Tract Infection (UTI) ဟာ Circumcision လုပ်ထား တဲ့လူနာများမှာ ၁၀ဆခန့်ပိုနည်းပါးတယ်ဆိုပေမယ့် UTI ဟာ ပြင်းထန်တဲ့ရောဂါမဟုတ်တဲ့အတွက် လုပ်ဖို့ လုံလောက်တဲ့ အကြောင်း ပြချက် မဟုတ်ပါ။
ဘာသာရေးယုံကြည်မှုနှင့် Circumcision
အစ္စလာမ်ဘာသာနှင့် Judaism ဘာသာဝင် အမျိုးသားများဟာ ဘာသာရေးအရ Circumcision ပြုလုပ်ကြပါတယ်။
Circumcision လုပ်သင့်သလား
တကယ်တော့ လိင်တံကို ဖုံးအုပ်ထားတဲ့ အရေပြား Foreskin ဟာ အချည်းနှီးတည်ရှိနေတာမဟုတ်ပါဘူး။ လိင်ဆက်ဆံစဉ် လိင်ထံထိပ် အရေပြား ပွတ်တိုက်မှု အတိုး၊ အလျှော့လုပ်တဲ့အခါ ကောင်းမွန်တဲ့ ခံစားမှုကို ဖြစ်ပေါ်စေပါတယ်။
Circumcision ပြုလုပ်ခြင်း
ဆေးရုံတက်စရာမလိုတဲ့ ခွဲစိတ်မှုအသေးစားဖြစ်ပါတယ်။ နောက်ဆက်တွဲရှုပ်ထွေးမှုလည်း နည်းပါးပါတယ်။ တချို့မှာတော့ လိင်တံ ရောင်ရမ်းခြင်း၊ သွေးထွက်ခြင်း၊ ရောဂါပိုးဝင်ရောက်ခြင်း၊ လိင်တံ၏ ထိတွေ့ခံစားမှု Sensation လျော့ပါးသွားခြင်း၊ အမာရွတ်က နာ ကျင်ခြင်းစသည်တို့ ဖြစ်တတ်ပါတယ်။
Credit: Health Digest Journal – Vol. (9), No.23 (25-4-2012)
Monday, April 23, 2012
The Book of Love
The book of love is long and boring
and no one can lift the damn thing
it's full of charts and fats and figures
and instructions for dancing
but I, I love it when you read to me
and you, You can read me anything
The book of love has music in it
in feet that's where music comes from
some of it's just transcendental
some of it's just really dumb
but I, I love it when you sing to me
and you, you can sing me anything
the book of love is long and boring
and written very long ago
it's full of flowers and heart-shaped boxes
and things we're all too young to know
but I, I love it when you give me things
and you, you ought to give me
wedding rings
(Word Music, Peter Gabriel)
(From Shall we Dance?)
အချစ်စာအုပ်
အချစ်စာအုပ်ဆိုတာ ရှည်လျားပြီး ငြီးငွေ့ဖွယ်ရာ
ဘယ်သူမှ ပိုင်နိုင်စွာ မသယ်မနိုင်တဲ့အရာ
စာရင်းဇယား၊ အချက်အလက်နဲ့ ပုံစံတွေချ
ကနည်းလမ်းညွှန်တွေတောင် သူ့အထဲမှာ ရေးကာပြ
ဒါပေမဲ့ မင်းဖတ်ပြတဲ့ အချိန်မှာကျ
ငါ့ရင်ထဲမှာ နှစ်သက်စွာ မြတ်နိုးရ
မင်းတစ်ယောက်တည်းသာ
တစ်ကြောင်းမကျန် ဖတ်ပြနိုင်ခဲ့တာ
အချစ်စာအုပ်ဆိုတာ သူ့အထဲမှာ ဂီတသံလည်းပါ
အမှန်တကယ်က သူကိုယ်တိုင် ဂီတသံထွက်ပေါ်ရာ
တချို့အရာတွေက ဆန်းကြယ်လွန်းလို့ ဉာဏ်မမီနိုင်စရာ
တချို့အရာတွေကျတော့လည်း
ရိုးစင်းလွန်းလို့ လှောင်ရယ်စရာ
ဒါပေမဲ့ မင်းဆိုပြတဲ့ အချိန်မှာကျ
ငါ့ရင်ထဲမှာ နှစ်သက်စွာ မြတ်နိုးရ
မင်းတစ်ယောက်တည်းသာ
တစ်ပိုဒ်မကျန် ဆိုပြနိုင်ခဲ့တာ
အချစ်စာအုပ်ဆိုတာ ရှည်လျားပြီး ငြီးငွေ့ဖွယ်ရာ
ကမ္ဘာဦးအစကတည်းက ရေးသားထားပြီးတဲ့အရာ
အသည်းပုံသေတ္တာနဲ့ ပန်းပွင့်တွေများစွာ
ဘယ်သူမဆို သိမြင်တတ်မြောက်ဖို့ ငယ်ရွယ်နေမြဲသာ
ဒါပေမဲ့ မင်းပေးအပ်လာတဲ့ အချိန်မှာကျ
ငါ့ရင်ထဲမှာ နှစ်သက်စွာ မြတ်နိုးရ
မင်းတစ်ယောက်တည်းသာ
လက်ထပ်လက်စွပ်ချင်း လဲရမယ့်သူပါ
(ပီတာ ဂါဘရီရယ်)
(Shall We Dance ရုပ်ရှင်မှ)