Wednesday, April 25, 2012

သတင်းအချို့....အချို့သော သတင်း


3D Fund မှ ရောဂါကြီး ၃ မျိုး အတွက် ဒေါ်လာ ၁၀၅ သန်း ထောက်ပံ့ ပေးထားပြီးဖြစ်

မြန်မာနိုင်ငံရှိ အဓိက ရောဂါကြီး ၃ မျိုး တိုက်ဖျက်ရေး လုပ်ငန်း 3D Fand မှ မြန်မာနိုင်ငံမှာ ဖြစ်ပွားတဲ့ ရောဂါကြီး ၃ မျိုးအတွက် အမေရိကန် ဒေါ်လာ ၁၀၅သန်းကို ထောက်ပံ ပေးအပ် ခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီလို ထောက်ပံရာမှာ HIV ရောဂါ အတွက် ဒေါ်လာ ၆၁ သန်း၊ တီဘီရောဂါ အတွက် ဒေါ်လာ ၁၆ သန်း၊ ငှက်ဖျား ရောဂါ အတွက် ဒေါ်လာ ၂၈ သန်း စုစုပေါင်း ဒေါ်လာ ၁၀၅ သန်းကို ပြည်တွင်းမှာ ထောက်ပံ့ပေး ခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် အခြားရောဂါ နှစ်မျိုးနဲ့ အထက် အတွက်လည်း ဒေါ်လာ ၈သန်း ထောက်ပံ့ပေးခဲ့ တယ်လို့ သိရပါတယ်။

အဆိုပါ သရီးဒီဖန်နဲ့ သက်ဆိုင်တဲ့ အဖွဲ့တွေဟာHIV ကို တားဆီးနိုင်ဖို့ condom ၅၁ သန်းကျော်နဲ့ ဆေးထိုးအပ် ၁၁ သန်း နီးပါးကိုလည်း ပြည်တွင်းမှာ ဖြန့်ဖြူးပေး ခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ အဖွဲ့အစည်းမှ တီဘီ ရောဂါသည် တစ်သိန်း ခြောက်သောင်း နီးပါး ကိုလည်း အထောက်အပံ့ ပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် လူပေါင်း ၁.၇ သန်းရဲ့ငှက်ဖျား ရောဂါကို ကုသမှု ဆောင်ရွက်ပေးခဲ့သလို ငှက်ဖျား ရောဂါကနေ ကာကွယ် နိုင်အောင် မိသားစု တွေကို ခြင်ထောင် ၁.၉ သန်း ဝေငှပေး ခဲ့တယ်လို့ သိရပါတယ်။

ယခု ဆိုရင်တော့ အဆိုပါ 3D Fand ဟာ ၅ နှစ် သက်တမ်း ကုန်ဆုံး သွားပြီတဲ့ အတွက် ကျန်ရှိနေတဲ့ လုပ်ငန်းတွေ ကိုလည်း ယခုနှစ် ဇွန်လမှာ အဆုံးသတ်မှာ ဖြစ်တယ်လို့ သိရပါတယ်။ အခုလို 3D Fand ရဲ့ ၅နှစ်တာ ကာလပြီးဆုံး သွားပြီ ဖြစ်သဖြင့် ရှေ့ဆက်ပြီး ရောဂါ တိုက်ဖျက်ရေး လုပ်ငန်းများကို 3MDG လုပ်ငန်းစဉ်နဲ့ ဆက်စပ်ပြီး ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။

MRTV-4 - 3D Fund မှ ရောဂါကြီး ၃ မျိုး အတွက် ဒေါ်လာ ၁၀၅ သန်း ထောက်ပံ့ ပေးထားပြီးဖြစ် 

အသက် ၉ နှစ်အရွယ်မှစ၍ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးသင့်

သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်မှုအား ပိုမိုထိရောက်မှုရှိရန် လိင်ဆက်ဆံမှုမရှိသေးသည့် အသက် ၉ နှစ် အရွယ်ကတည်းက အမျိုးသမီးတိုင်း ထိုးနှံထားသင့်ကြောင်း သားဖွားနှင့်မီးယပ် အထူးကု ဆရာဝန်ကြီး ဒေါက်တာမင်းကျော်က ပြောသည်။

သားအိမ်ခေါင်းကင်ဆာသည် ကမ္ဘာပေါ်ရှိ အမျိုးသမီးတိုင်းတွင် ဒုတိယအဖြစ် အများဆုံးရောဂါတစ်ခု ဖြစ်ပြီး၊ နှစ်စဉ်လူပေါင်း နှစ်သိန်း သုံးသောင်း သည် အဆိုပါရောဂါ ကြောင့် သေဆုံးနေကြရကြောင်း WHO ၏ ထုတ်ပြန်ချက်များအရ သိရသည်။

”ဒီရောဂါ ကာကွယ်ဆေးကို အသက် ၉ နှစ်နောက်ပိုင်း ထိုးတာ အကောင်းဆုံးဖြစ်တယ်။ အကျိုး သက်ရောက်မှုလည်း အများဆုံးဖြစ် စေတယ်။ တချို့က ဒီအရွယ်ဟာ ငယ်သေးတယ်၊ လိင်ဆက်ဆံမှု မရှိဘူး၊ ထိုးစရာမလိုဘူးလို့ ထင်တယ်။ တကယ်က ခုခံစွမ်းအား အကောင်းဆုံးဖြစ်တဲ့ အချိန်မှာ ထိုးတာကောင်းတယ်၊ ကာကွယ်မှုနှုန်းကလည်း ပိုများတယ်”ဟု အထက်ပါဆရာဝန်က ပြောသသည်။ အဆိုပါ သားအိမ်ခေါင်း ကင်ဆာ ရောဂါကာကွယ်ဆေးကို အမျိုးသမီးများသာမက၊ အမျိုးသားများလည်း ထိုးနိုင်ကြောင်း ၄င်းက ပြောသည်။

”အမျိုးသားတွေ အနေနဲ့လည်း သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး ထိုးထားရင် လိင်အင်္ဂါမှာ ကြွက်နို့ဖြစ်တာကိုလည်း ကာကွယ်နိုင် တယ်”ဟု အထက်ပါ ဆရာဝန်က ဆက်လက် ပြောသည်။
သားအိမ်ခေါင်း ကင်ဆာရောဂါ ၏ ၈ဝ ရာခိုင်နှုန်းသည် HPV ဟု ခေါ်သော ဗိုင်းရပ်(စ်)ပိုးတစ်မျိုး ကြောင့် ဖြစ်ပြီး၊ မဖြစ်မီ ကြိုတင် စစ်ဆေးမှုပြုခြင်း၊ ကာကွယ်ဆေးထိုး ခြင်းသည် ထိုရောဂါဖြစ်ပွားမှုကို ၁ဝဝ ရာခိုင်နှုန်း ဟန့်တားစေနိုင်မည်ဟု ဆိုသည်။

”ပိုးရှိ၊ မရှိကိုသားအိမ်ရဲ့ အသား စတစ်ခုကိုယူပြီး သားအိမ်ခေါင်းနဲ့ သက်ဆိုင်တဲ့ ဆဲလ်လေးတွေယူပြီး ဓာတ်ခွဲပညာရှင်က စမ်းသပ်မှုပြုလုပ် မယ်ဆိုရင် ပိုပြီး တိကျတဲ့အဖြေရ နိုင်တယ်။ ဒီနည်းလမ်းတွေကို သုံး တာ ကောင်းတယ်။ နောက်တစ်ခု က ကာကွယ်ဆေးကြိုထိုးထားလို့ ရတယ်”ဟု ၄င်းက ထပ်မံပြောသည်။

ဖွံ့ဖြိုးပြီးနိုင်ငံများတွင် ယင်းကဲ့သို့ သားအိမ်ခေါင်းအသားစယူပြီး စစ်ဆေးစမ်းသပ်ကြည့်ကာ စောစောကုသနိုင်သည့် အတွက် သားအိမ်ခေါင်း ကင်ဆာကြောင့် သေဆုံး မှုကို သိသိသာသာလျော့ကျသွားခဲ့ကြောင်း သုတေသီများ၏ လေ့လာချက်များအရ သိရသည်။

”သားအိမ်ထဲမှာ ကင်ဆာမဟုတ်ဘဲ တခြားအသားလုံးတွေကလည်း ကင်ဆာအဖြစ်ကို မပြောင်းနိုင်ပါဘူး၊ ပြောင်းနိုင်တဲ့ အဆင့်ကလည်း အရမ်း နည်းပါတယ်၊ ဝ ဒသမ ၃ ရာခိုင်နှုန်းပဲ ရှိပါတယ်”ဟု အထက်ပါ ဆရာဝန်က ပြောသည်။

အဆိုပါ သားအိမ်ခေါင်း ကင်ဆာရောဂါ ကာကွယ်ဆေးထိုးရန် အကောင်းဆုံးအရွယ်မှာ အသက် ၉ နှစ်မှ ၂၆ နှစ်အထိ ဖြစ်ပြီး၊ အသက် ၅ဝ အရွယ်ထိ ထိုးနှံနိုင်ကြောင်း ၄င်းက ဆိုသည်။

ချစ်ဆုဆွေ

Popularmyanmar - အသက် ၉ နှစ်အရွယ်မှစ၍ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးသင့်

သုခရိပ်မြုံ လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ

မိဘနှစ်ဦးစလုံးက AIDS ရောဂါကြောင့် သေဆုံးသွားခဲ့ပြီး မိဘမှတဆင့် HIV ပိုး ကူးစက်ခံခဲ့ရကာ မိဘမဲ့ဖြစ်နေသော ကလေးများကို ထိန်းသိမ်းစောင့်ရှောက်ရန် ဖွင့်လှစ်ထားသည့် ပရဟိတ ဂေဟာဖြစ်သည်။ အစိုးရ၏ လူမှုဝန်ထမ်းဦးစီးဌာနက ဖွင့်လှစ်ထားသော မိဘမဲ့ကလေးများ ပြုစုစောင့်ရှောက်ရေးဂေဟာများ နှင့် အခြားအဖွဲ့အစည်းများက ဖွင့်လှစ်ထားသည့် ဂေဟာများရှိသော်လည်း ၎င်းတို့၏ သတ်မှတ်ချက်များနှင့် မကိုက်ညီ၍ ငြင်းပယ်ခံရသော ကလေးများဖြစ်သည်။

သုခရိပ်မြုံ ဂေဟာသည် ထိုကလေးငယ်များကို အသက်ရှည်အောင်ပြုစုစောင့်ရှောက်ပြီး မိသားစုပုံစံဖြင့် ကြင်နာမှုများပေးရန် ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်လိုက်သည့် ရိပ်မြုံဖြစ်ပြီး ‘သုခရိပ်မြုံ လူမှုထောက်ပံ့ရေး စီမံချက်’ အရ ဖွင့်လှစ်ထားခြင်းဖြစ်သည်။ စတင်စိတ်ကူးခဲ့သူများမှာ စာရေးဆရာမ သန်းမြင့်အောင်၊ ဆရာဝန် စာရေးဆရာမ ဂျူး၊ ဆရာဝန်  စာရေးဆရာမ စုထား၊ ဒေါက်တာ ဒေါ်ခင်မေစု၊ ဒေါ်ရွှေဇီးကွက် နှင့် ဒေါ်ကလျာတို့ ဖြစ်ပြီး စီမံချက်ကို ၂၀၀၅ ခုနှစ်က စတင်ခဲ့သည်။

စတင်စဉ်က ဒေါ်ရွှေဇီးကွက်၏ မိတ်ဆွေ ဒေါ်မိုးသူလေးတို့ မိသားစုက ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့ နွယ်နီလမ်းရှိ ၎င်းတို့၏ တစ်ထပ်တိုက်လေးကို ယာယီ အသုံးပြုခွင့်ပေးသဖြင့် ကလေးငယ် ၁၃ ယောက်ကို စတင် ပြုစုစောင့်ရှောက်ပေးခဲ့သည်။ နောက် ၁ နှစ်ခန့်အကြာတွင် အလှူရှင်များနှင့် ရုပ်ရှင် ဂီတ စာပေအနုပညာရှင်များ ပါဝင်သော ‘အဖြူရောင်သက်တံ့’ ကဗျာရွတ်ဆိုပြိုင်ပွဲ ပြုလုပ်ကာ ရန်ပုံငွေရှာခဲ့သည်။

ထိုရန်ပုံငွေဖြင့် စီမံချက်ပါ အဖွဲ့ဝင်များ၊ အလှူရှင်များ စုပေါင်း၍ အမှတ် ၉၇၈-၉၈၂ တပင်ရွှေထီးလမ်း၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်တွင် ပေ ၄၀ x ပေ ၆၀ မြေကွက်လေးဝယ်ယူကာ အဆောက်အဦး တဖြည်းဖြည်း ဆောက်လုပ်ခဲ့ရာ ၂၀၀၇ ခုနှစ် ဇန်န၀ါရီလ ၄ ရက်နေ့၌ ဆောက်လုပ်ပြီးစီးခဲ့သည်။ ၀င်းအတွင်း တစ်ထပ်အဆောက်အအုံ ၂ ခု နှင့် ၂ ထပ်အဆောက်အအုံတစ်ခု ဆောက်လုပ်ထားသည်။

သုခရိပ်မြုံဂေဟာတွင် အသက် ၁ နှစ်မှ ၁၂ နှစ်အရွယ်ရှိ ကလေးများကို လက်ခံလျက်ရှိပြီး အထူးသဖြင့် မိဘ နှစ်ဦးစလုံးမရှိတော့သော HIV ပိုး ရှိနေသူကလေးများ၊ မိဘ တဦးဦး ရှိနေသော်လည်း ဝေဒနာ ခံစားနေရသဖြင့် ကလေးအား ပြုစုစောင့်ရှောက်နိုင်သည့် အခြေအနေမရှိသော HIV ပိုးရှိသည့် ကလေးများနှင့် အခြားသော အခြေအနေအရပ်ရပ်ကို ထောက်ရှုကာ ပြုစုပျိုးထောင်ရန်လိုအပ်သည့် မိဘမဲ့ မဟုတ်သည့် HIV ပိုးရှိသည့် ကလေးများကို လက်ခံထားသည်။ လက်ရှိအချိန်တွင် သုခရိပ်မြုံ၌ ကလေးငယ် ၇၃ ဦးကို ထိန်းသိမ်းစောင့်ရှောက်ထားသည်။

သုခရိပ်မြုံတွင်  အုပ်ချုပ်ရေးမှူး၊ အဆောင်မှူး၊ စာသင်သည့်ဆရာမများနှင့် ကလေးပြုစု စောင့်ရှောက်သူများရှိပြီး မိသားစုပုံစံ နွေးထွေးစွာ မေတ္တာဖြင့် စောင့်ရှောက်ပေးကြောင်း သိရသည်။ ကလေးငယ်များတွေကို ပါကေးခင်းထားသော ကြမ်းပြင်တွင် အိပ်ရာများဖြင့် သိပ်ပြီး ကလေးကြီးများကို ခုတင်ဖြင့် အိပ်စေကြောင်း သိရသည်။

အဆောင်တစ်ဆောင်တွင် ၎င်းတို့အား ပြုစုပေးမည့်သူ (သူနာပြု၊ ကလေးထိန်း) ၃ ယောက်ခန့် ထားရှိပေးထားပြီး ကလေးများအား ပြုစုစောင့်ရှောက်ပေးသူများ၊ နေ့ရောညပါ အတူနေသူများကို ကလေးပြု စုစောင့်ရှောက်မှု၊ ကလေးများ၏ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှု၊ ကလေးသူငယ်ဆိုင်ရာ အခွင့်အရေးသင်တန်းများ မကြာခဏ ပြုလုပ်သင်ကြားပို့ချပေးလျက်ရှိသည်။

ကလေးများ၏ ကျန်းမာရေးကိုလည်း ကျန်းမာရေးဆိုင်ရာဝန်ထမ်းများက အခါမလပ် စစ်ဆေးမှုများ ပြုလုပ်ပေးလျက်ရှိသည်။ အဖွဲ့ဝင် ဆရာဝန်များနှင့် နိုင်ငံတော်ပိုင် ဆေးရုံများဖြစ်သော ဝေဘာဂီ ကူးစက်ဆေးရုံကြီး၊ အထူးကုဆေးရုံကြီး (မင်္ဂလာဒုံ) တို့အပြင် AZG က ဖွင့်ထားသည့် သဇင်ဆေးခန်း၊ သုခ ကုသိုလ်ဖြစ်ဆေးခန်းများမှ ဆရာဝန်များက အခမဲ့ ကြည့်ရှုပေးလျက်ရှိသည်။ ကလေးများအတွက် ART ဆေး (HIV ပိုးပွားများမှု ဟန့်တားသည့်ဆေး) ပေးရန် လိုအပ်လာလျှင် အထက်ဖော်ပြပါဆေးရုံ၊ ဆေးခန်းများက ပေးကြောင်း သိရသည်။

ပုံမှန်လှုပ်ရှားမှုအနေဖြင့် ကလေးများထဲမှ ခေါင်းဆောင်ကိုယ်စားလှယ် ရွေးချယ်ခန့်ထားပေးပြီး လစဉ် ၎င်းတို့၏ ဆန္ဒဖော်ထုတ်ခွင့် ပေးကာ လိုအပ်ချက်များ ဖြည့်ဆည်းပေးခြင်း၊ နှစ်စဉ်ကလေးသူငယ် အခွင့်အရေးနေ့ အခမ်းအနားများ တက်ရောက်စေခြင်းနှင့် အခြားသော ပျော်ပွဲရွှင်ပွဲများ ပြုလုပ်ပေးခြင်း၊ အခါအားလျော်စွာ စာရေးဆရာ ကဗျာဆရာ ရုပ်ရှင်ဂီတ အနုပညာရှင်များက မွေးနေ့ပွဲ အလှူအတန်းများ လာရောက်ပြုလုပ်ကြပြီး ကလေးများနှင့် ပျော်ရွှင်စွာ တွေ့ဆုံကြခြင်း၊ နှစ်စဉ် ကလေးများ၏ ဆန္ဒအလျောက် သီလရှင်ဝတ်ပွဲ ရှင်ပြုပွဲများ ကျင်းပပေးခြင်းတို့ ပြုလုပ်ပေးလျက်ရှိသည်။

သုခရိပ်မြုံရှိ ကလေးငယ်များ အသက် ၁၈ နှစ် ကျော်ပါက Group Home များလုပ်ကာ သီးခြားခွဲထားရန် စီစဉ်ထားပြီး ၎င်းတို့ဘ၀တလျောက်လုံး ပညာရေး ကျန်းမာရေး နှင့် ၀ါသနာပါရာ လုပ်ငန်းများ၊ အသက်မွေးဝမ်းကျောင်းမှုများကို လိုအပ်သလိုထိန်းကျောင်းပြီး ကလေးငယ်များ၏ အနာဂတ်အတွက် အကောင်းဆုံးတည်ဆောက်ပေးရန် ရည်ရွယ်ထားကြောင်းလည်း သိရသည်။

နောက်ပိုင်းတွင် ကလေးဦးရေနှင့်အညီ အလှူငွေပေါ်မူတည်ကာ အဆောက်အဦးများ ထပ်မံတိုးချဲ့သွားမည်ဖြစ်ပြီး အထက်မြန်မာနိုင်ငံတွင်လည်း သုခရိပ်မြုံဂေဟာခွဲတစ်ခု ဖွင့်လှစ်ရန် ရည်ရွယ် ထားကြောင်း၊ မြေနေရာကို မန္တလေး ရေတံခွန် တောင်ခြေရှိ သစ္စဝေဒဂူကျောင်းမှ ဆရာတော်က လှူဒါန်းထားကြောင်း သိရသည်။ အဆိုပါ ဂေဟာကို မန္တလေးမြို့ရှိ စာပေအသိုင်းအ၀ိုင်း၊ ပရဟိတအဖွဲ့များ၊ ဆေးပညာရှင်များ၊ လူမှုရေးလုပ်ဖော်ကိုင်ဖက်များ၊ အလှူရှင်များ၏ စီမံပံ့ပိုးမှုများဖြင့် ဖွင့်လှစ်မည်ဖြစ်ပြီး ‘သစ္စဝေဒဂူ သုခရိပ်မြုံ’ အမည်ဖြင့် ဖွင့်လှစ်မည်ဖြစ်သည်။

သုခရိပ်မြုံ လူမှုထောက်ပံ့ရေးစီမံချက်ကို ဆက်သွယ်လှူဒါန်းလိုပါက သုခရိပ်မြုံဂေဟာ ဖုန်း ၀၁-၅၈၁၉၅၅ ၊ ဒေါ်သန်းမြင့်အောင် ဖုန်း - ၀၉၅၀၇၈၄၁၈၊ ၀၁၂၀၅၄၅၁၊ ဒေါက်တာထားထား ဖုန်း ၀၉၂၀၁၇၉၆၁၊ ဒေါ်မြင့်မြင့်ခင်ဖေ (ရွှေဇီးကွက်) ဖုန်း ၀၉၅၁၂၇၀၀၅၊ ဒေါက်တာတင်တင်ဝင်း(ဂျူး) ၀၉၅၀၀၉၆၀၀ တို့သို့ ဆက်သွယ်လှူဒါန်းနိုင်ပါသည်။

ပြည်သူ့ဂုဏ်ရည် - သုခရိပ်မြုံ လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ

No comments: