Tuesday, June 16, 2026

ဘာသာရေးနဲ့ နိုင်ငံရေးကို ဘာကြောင့် ခွဲခြားထားသင့်တာလဲ?


ကျွန်တော်တို့ လူ့အဖွဲ့အစည်းမှာ လောကဝတ် နဲ့ ဓမ္မဝတ်ကို ခွဲခြားနားလည်ဖို့ ကြိုးစားတဲ့အခါ Secularism ဒါမှမဟုတ် လောကီသီးသန့်ဝါဒ ဆိုတဲ့ စကားလုံးဟာ အမြဲတမ်း ဝေဖန်ကန့်ကွက်မှုတွေနဲ့ ရင်ဆိုင်ရလေ့ရှိပါတယ်။ 


ဘာသာရေးနဲ့ နိုင်ငံရေးကို သီးခြားစီ ခွဲထုတ်ထားခြင်း-Secularism ဆိုတာ ဘာသာမဲ့ဖြစ်သွားတာ၊ ဘာသာတရားကို ပစ်ပယ်တာမဟုတ်သလို ဘာသာတရားကို ရိုသေလွန်းလို့ သီးသန့်နေရာပေးထားတာလဲ မဟုတ်ပါဘူး။ ဘာသာတရားတွေ တစ်ဦးချင်းရဲ့ ကိုးကွယ်ယုံကြည်မှုတွေကို အဖက်မလုပ်၊ အရေးမထား၊ အရာမသွင်းပဲ လွတ်လပ်ခွင့်ပေးထားသာ ဖြစ်ပါတယ်။ ဒါဟာ လူ့အဖွဲ့အစည်းတစ်ခု ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်ဖို့အတွက် အရေးအပါဆုံးသော အကာအကွယ် တစ်ခုပါ။ ဘာသာရေးဆိုတာ အာဏာနဲ့ ပေါင်းစပ်မိတာနဲ့ တစ်ပြိုင်နက် လူ့အဖွဲ့အစည်းကို ဖျက်ဆီးမယ့် လက်နက်တစ်ခု ဖြစ်သွားတတ်လို့ အကာအကွယ် လုပ်ထားရတာ ဖြစ်ပါတယ်။

ဒီတော့ ဘာကြောင့် ဒီဘာသာရေးနဲ့ နိုင်ငံရေးကို ခွဲခြားထားဖို့လိုအပ်သလဲ၊ ဘာသာရေးဆိုတဲ့အရာကို နိုင်ငံရေးထဲ ဘာကြောင့် တစိုးတစိတောင် ပါဝင်ပက်သတ်ခွင့် မပေးသင့်သလဲ ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြည့်ရအောင်ပါ။


ပထမဆုံးအနေနဲ့ ယုံကြည်မှုဆိုတာကို ဥပဒေအဖြစ် အတင်းအကျပ် သတ်မှတ်ခြင်း အန္တရာယ်ကို ကြည့်ရပါမယ်။ ဘာသာရေးနဲ့ နိုင်ငံရေးကို ရောနှောလိုက်တဲ့အခါ နိုင်ငံတော်က ဘာသာရေးတစ်ခုခုကို အသာပေးတဲ့ စနစ်မျိုး ဖြစ်လာတတ်ပါတယ်။ ဒါဟာ အခြားသော လူနည်းစု ဘာသာဝင်တွေနဲ့ ဘာသာမဲ့တွေအတွက် ခွဲခြားဆက်ဆံမှုရဲ့ အစပြုခြင်းပါပဲ။ သမိုင်းကို ပြန်ကြည့်ရင် အလယ်ခေတ် ဥရောပမှာ ခရစ်ယာန်အသင်းတော်က နိုင်ငံရေးအာဏာကို ချုပ်ကိုင်ထားစဉ်က Inquisition လို့ခေါ်တဲ့ ဘာသာရေးခုံရုံးတွေနဲ့ သူတို့အယူအဆကို မထောက်ခံသူတွေကို အရှင်လတ်လတ် မီးရှို့သတ်ခဲ့ကြပါတယ်။ ဒီလို ဘာသာရေးက အာဏာရလာတဲ့အခါ ဘာသာခြားဖြစ်နေခြင်း၊ အယူအဆမတူခြင်း အကြောင်းပြချက်သက်သက်နဲ့တင် အုပ်စုလိုက် သတ်ဖြတ်ခဲ့တာတွေ သမိုင်းမှာမနည်းမနောပါပဲ။ ဒါ့အပြင် ဘာသာရေးအာဏာရှင်တွေဟာ သူတို့ရဲ့ ကျမ်းစာပါ အယူအဆတွေကို စိန်ခေါ်တဲ့ ပညာရှင်တွေကိုလဲ ရန်သူလို သတ်မှတ်ခဲ့ပါတယ်။ အရေအတွက်အတိအကျကိုပြောဖို့ခက်ပေမဲ့ လူပေါင်းများစွာဟာ ခရစ်ယာန်အသင်းတော်ကြောင့် အသေသတ်ခံရတာ၊ ထောင်ချခံရတာနဲ့ နယ်နှင်ခံရတာတွေ ကြုံခဲ့ရပါတယ်။ 


ဒုတိယအချက်က ဘာသာရေးကို နိုင်ငံရေးကစားကွက်အဖြစ် အသုံးချပြီး အမုန်းတရားပွားများစေခြင်းပါပဲ။ ဒါက ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ အခြေအနေကို ကြည့်ရင် တော်တော်သိသာပါတယ်။ ဘာသာရေးကို နိုင်ငံရေးထဲ ဆွဲသွင်းခဲ့လို့ ဖြစ်ပေါ်လာတဲ့ အကျိုးဆက်တွေပေါ့။ ဦးနုလက်ထက်က ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် သတ်မှတ်ဖို့ ကြိုးစားခဲ့တာဟာ တိုင်းရင်းသား စည်းလုံးညီညွတ်မှုကို စတင်ဖျက်ဆီးလိုက်တဲ့ လုပ်ရပ်ပါပဲ။ လက်ရှိမှာလည်း သင်္ကန်းဝတ်ထားသူ လူ့မိစ္ဆာတချို့ဟာ အမုန်းတရားတွေကို ဟောပြောပြီး လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေ ဖြစ်အောင် လှုံ့ဆော်နေတာ၊ အာဏာရှင်တွေကို အကာအကွယ်ပေးနေတာအပြင် ပညာရေးနဲ့ သိမှုအဆင့်အတန်းနိမ့်ကျတဲ့ မြန်မာလူထုကို ဦးနှောက်ဆေးမှိုင်းတိုက်နေတာတွေဟာ ဘာသာရေးလက်ထဲကို အာဏာထည့်ပေးထားခြင်းရဲ့ အနိဋ္ဌာရုံတွေပါပဲ။ ဒီလုပ်ရပ်ဟာ လူတွေကို ငြိမ်းချမ်းစေဖို့ထက် "ငါ့ဘာသာ၊ ငါ့လူမျိုး" ဆိုတဲ့ ကျဉ်းမြောင်းတဲ့ အစွန်းရောက်စိတ်တွေကို မွေးဖွားပေးပြီး အမုန်းတရားတွေ၊ သတ်ဖြတ်မှုတွေဖြစ်အောင် လောင်စာထည့်ပေးနေတာကို ကျွန်တော်တို့ ငြင်းလို့မရပါဘူး။


တတိယအချက်ကတော့ ခေတ်နောက်ပြန်ဆွဲခြင်းဖြစ်ပါတယ်။ နိုင်ငံရေးဟာ သိပ္ပံ၊ စီးပွားရေးနဲ့ လူမှုရေး ပြောင်းလဲမှုတွေအရ ရှေ့ကို အမြဲတမ်း တိုးတက်ရွေ့လျားနေရမှာပါ။ ဘာသာရေးကတော့ ရှေးဟောင်းကျမ်းစာတွေ၊ ခေတ်ဟောင်းအယူအဆတွေထဲမှာပဲ ပိတ်မိနေတာ ဖြစ်လို့ နိုင်ငံရေးနဲ့ ရောလိုက်တဲ့အခါ တိုင်းပြည်ရဲ့ တိုးတက်မှုကို အမြဲတမ်း နောက်ကနေ ဆွဲထားတတ်ပါတယ်။ မျက်မှောက်ခေတ် ဥပမာအနေနဲ့ အာဖဂန်နစ္စတန်က တာလီဘန်တွေကို ကြည့်ပါ။ ဘာသာရေးအစွန်းရောက်တွေ နိုင်ငံရေးအာဏာ ရလာတဲ့အခါ ပထမဆုံးလုပ်တာဟာ လူဦးရေရဲ့ ထက်ဝက်ဖြစ်တဲ့ အမျိုးသမီးတွေကို လူရာမသွင်းဘဲ တိုက်ပိတ်လိုက်တာပါပဲ။ ခြောက်တန်းအထက် ပညာသင်ကြားခွင့်ကို ပိတ်ပင်တယ်၊ တက္ကသိုလ်တက်ခွင့် မပေးဘူး၊ ကုလသမဂ္ဂအပါအဝင် ဘယ်အဖွဲ့အစည်းမှာမှ အလုပ်လုပ်ခွင့်မရှိအောင် တားမြစ်ပြီး အမျိုးသမီးတွေကို အိမ်တွင်းပုန်း သက်ရှိရုပ်သေးတွေအဖြစ် ပြောင်းလဲပစ်ခဲ့ပါတယ်။ ဥပဒေဆိုတာလည်း ကျမ်းစာလာ ပြစ်ဒဏ်တွေအတိုင်း လူမြင်ကွင်းမှာ ကြိမ်ဒဏ်ပေးတာ၊ ခဲနဲ့ပေါက်သတ်တာ၊ လက်ခြေဖြတ်တာတွေကို တရားဝင် ပြန်လုပ်လာကြပါတယ်။ ဒါဟာ ဘာသာရေးကို နိုင်ငံတော်အာဏာအဖြစ် သုံးပြီး လူ့အဖွဲ့အစည်းတစ်ခုလုံးကို ၂၁ ရာစုကနေ အလယ်ခေတ် အမှောင်ကမ္ဘာထဲ အတင်းအကျပ် မောင်းနှင်သွင်းလိုက်တာ ဖြစ်ပါတယ်။ အဲ့လိုပဲ.. အီရန်နိုင်ငံကို ကြည့်ရင်လည်း ဘာသာရေးခေါင်းဆောင်က သမ္မတနဲ့ စစ်တပ်အထက်မှာ ရှိနေတဲ့ သီအိုကရက်တစ်​-Theocratic ဘာသာရေးအာဏာရှင်စနစ်ရဲ့ ဆိုးကျိုးကို အထင်အရှား မြင်နိုင်ပါတယ်။ သူတို့ဆီမှာ 'ဘာသာရေးကျင့်ဝတ်ထိန်းသိမ်းရေးရဲတပ်ဖွဲ့' ဆိုတာ ရှိပြီး လူတွေရဲ့ နေ့စဉ်ဘဝ၊ အတွေးအခေါ်နဲ့ ဝတ်စားဆင်ယင်မှုကိုအဆုံး သေနတ်ပြောင်းဝအောက်မှာ ကန့်သတ်ထားပါတယ်။ ဟီဂျာဘ် (ဦးခေါင်းခြုံထည်) ကို စနစ်တကျ မဝတ်ဆင်ရုံမျှနဲ့ မာဆာအာမီနီ-Mahsa Amini ဆိုတဲ့ မိန်းကလေးကို ရိုက်နှက်သတ်ဖြတ်ခဲ့သလို၊ ဒါကို မကျေနပ်လို့ လမ်းပေါ်ထွက် ဆန္ဒပြတဲ့ လူငယ်တွေကိုလည်း အစ္စလာမ်ဘာသာကို ဆန့်ကျင်ပုန်ကန်သူ ရန်သူတွေအဖြစ် သတ်မှတ်ပြီး လူမြင်ကွင်းမှာ ကြိုးပေးသတ်ဖြတ်ခဲ့ပါတယ်။ ဘာသာရေးက အုပ်ချုပ်ရေးနေရာကို ရသွားတဲ့အခါ နိုင်ငံသားတွေဟာ လွတ်လပ်စွာ တွေးခေါ်ခွင့် ဆုံးရှုံးရုံတင်မကဘဲ သူတို့ရဲ့ အသက်ရှင်ခွင့်ဟာပါ ဘာသာရေးအာဏာပိုင်တွေရဲ့ စိတ်ကြိုက် သတ်ဖြတ်နိုင်တဲ့ လက်နက်တစ်ခု ဖြစ်သွားရပါတယ်။ ဒီဖြစ်ရပ်တွေက ဘာသာရေးကို အခြေခံတဲ့ ဥပဒေတွေဟာ ခေတ်စနစ်ရဲ့ လိုအပ်ချက်တွေကို မဖြေရှင်းနိုင်တဲ့အပြင်၊ ကမ္ဘာ့အဆင့်မီ သိပ္ပံနဲ့ နည်းပညာ တိုးတက်မှုတွေ၊ လူ့အခွင့်အရေး တန်ဖိုးတွေကို ရန်သူလို သတ်မှတ်ပြီး လူ့အဖွဲ့အစည်းကို ဉာဏ်ပညာအမှောင်ဖုံးအောင် ဘယ်လောက်အထိ နှောင့်ယှက် ဖျက်ဆီးတတ်သလဲဆိုတာကို ပြနေတဲ့ ထင်ရှားတဲ့ သမိုင်းသင်ခန်းစာတွေပဲ ဖြစ်ပါတယ်။


ဒါတွေကိုကြည့်ရင် နိုင်ငံတော်ဆိုတာ လူတိုင်းရဲ့ အခွင့်အရေးကို တန်းတူညီမျှ ကာကွယ်ပေးရမယ့် ယန္တရားဖြစ်ပြီး၊ ဘာသာရေးဆိုတာကတော့ လူတစ်ဦးချင်းစီရဲ့ အိမ်ထဲမှာပဲ ထားရှိရမယ့် ပုဂ္ဂိုလ်ရေး ယုံကြည်မှုသာ ဖြစ်ရပါမယ်။ နိုင်ငံတော်ရဲ့ ဥပဒေယန္တရားထဲကို တစိုးတစိတောင် ဝင်ရောက်စွက်ဖက်ခွင့် မရှိသင့်ဘူးဆိုတာ ဒီအကြောင်းအရင်းတွေကြောင့်ပဲဖြစ်ပါတယ်။


ဒီတော့ ဘာသာရေးနဲ့ နိုင်ငံရေးကို သံမဏိနံရံခြားပြီး ပြတ်ပြတ်သားသား ခွဲခြားလိုက်ရင် ဘာတွေဖြစ်လာမလဲ။ ဘယ်လို အကျိုးရလဒ်တွေကို ခံစားရမှာလဲ ဆိုရင်တော့ ပထမဆုံးအနေနဲ့ လူ့အခွင့်အရေးနဲ့ တစ်ဦးချင်းလွတ်လပ်ခွင့်ကို အပြည့်အဝ ရရှိမှာ ဖြစ်ပါတယ်။ ဥပမာအနေနဲ့ ပြင်သစ်ရဲ့ Laïcité လို့ခေါ်တဲ့ ပြတ်သားတဲ့ Secularism မူဝါဒကို ကြည့်ပါ။ နိုင်ငံတော်ဟာ ဘာသာရေးအဖွဲ့အစည်းတွေကို ငွေကြေးထောက်ပံ့ခြင်း မပြုသလို၊ နိုင်ငံရေးနဲ့ အများပြည်သူဆိုင်ရာ နယ်ပယ်တွေမှာ ဘာသာရေးရဲ့ လွှမ်းမိုးမှုကို လုံးဝ ခွင့်မပြုပါဘူး။ ဒီလို ခွဲခြားလိုက်တဲ့အတွက် ဘာသာပေါင်းစုံက လူတွေဟာ နိုင်ငံသားဆိုတဲ့ ခေါင်းစဉ်အောက်မှာ တန်းတူညီမျှ နေထိုင်နိုင်ကြပြီး ဘာသာရေးအစွန်းရောက်မှုတွေကို ဥပဒေနဲ့ အခြေအနေတစ်ခုအထိ လျော့ချနိုင်ခဲ့တယ်။


ဒုတိယအချက်က အသိဉာဏ်ပညာနဲ့ လူနေမှုအဆင့်အတန်း မြင့်မားလာခြင်းပါ။ ကမ္ဘာပေါ်မှာ လူနေမှုအဆင့်အတန်း အမြင့်ဆုံးနဲ့ အပျော်ရွှင်ဆုံးလို့ သတ်မှတ်ခံထားရတဲ့ စကင်ဒီနေးဗီးယန်းနိုင်ငံတွေဖြစ်တဲ့ နော်ဝေး၊ ဆွီဒင်၊ ဒိန်းမတ်တို့လို နိုင်ငံတွေကို ကြည့်ပါ။ ဒီနိုင်ငံတွေဟာ ဘာသာရေးအဖွဲ့အစည်းတွေရဲ့ နိုင်ငံရေးအာဏာကို လုံးဝ ရုပ်သိမ်းထားတဲ့ Secular society တွေ ဖြစ်ပါတယ်။ ဘာသာရေးကို ပုဂ္ဂိုလ်ရေးယုံကြည်မှုသက်သက်အဖြစ်ပဲ ထားရှိပြီး၊ နိုင်ငံတော်ရဲ့ မူဝါဒတွေကိုတော့ သိပ္ပံနည်းကျ ဆန်းစစ်ချက်တွေ၊ လူ့အခွင့်အရေး စံနှုန်းတွေနဲ့ပဲ တည်ဆောက်ပါတယ်။ ရလဒ်အနေနဲ့ ပညာရေး၊ ကျန်းမာရေးနဲ့ လူမှုဖူလုံရေး ကဏ္ဍတွေမှာ ကမ္ဘာ့ထိပ်တန်းကို ရောက်ရှိလာပါတယ်။


နောက်ဆုံးအချက်က နိုင်ငံရေးတည်ငြိမ်မှုနဲ့ အစွန်းရောက်မှု ကင်းစင်ခြင်းပါပဲ။ အာရှမှာဆိုရင် စင်ကာပူနိုင်ငံ ကို ကြည့်ပါ။ စင်ကာပူဟာ ဘာသာရေးပေါင်းစုံ ရောနှောနေပေမဲ့ နိုင်ငံရေးထဲကို ဘာသာရေး အစွန်းအထွက်တစ်ခုတောင် ပေးမဝင်ပါဘူး။ ဘယ်ဘာသာရေးခေါင်းဆောင်မှ နိုင်ငံရေးမှာ ဝင်ရောက်စွက်ဖက်ခွင့်၊ မှိုင်းတိုက်ခွင့် မရှိအောင် ဥပဒေနဲ့ တင်းတင်းကျပ်ကျပ် တားမြစ်ထားပါတယ်။ ဒီလို Secular ဆန်ဆန် အုပ်ချုပ်လို့သာ ဘာသာရေး ပဋိပက္ခတွေ ကင်းဝေးပြီး စီးပွားရေးအရ အံ့မခန်း တိုးတက်လာတာ ဖြစ်ပါတယ်။


ခြုံငုံပြောရရင်တော့ ကျွန်တော်တို့ဟာ ခေတ်မီတိုးတက်တဲ့ လူ့အဖွဲ့အစည်းတစ်ခုကို တကယ်တည်ဆောက်ချင်တယ်ဆိုရင် ဘာသာရေးအယူအဆတွေနဲ့ ဘာသာရေးခေါင်းဆောင်တွေကို သူတို့နဲ့သက်ဆိုင်ရာ နေရာတွေဖြစ်တဲ့ ကျမ်းစာအုပ်တွေ၊ ဘုရားစင်တွေနဲ့ ဘုန်းကြီးကျောင်း၊ ဗလီ၊ ချာ့ချ်တွေမှာပဲ ကန့်သတ်ထားရှိရပါမယ်။ အဲဒီအရာတွေကို နိုင်ငံတော်ရဲ့ ဥပဒေပြုရေး၊ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်တွေနဲ့ အများပြည်သူဆိုင်ရာ တရားမျှတမှုတွေထဲမှာ မည်သည့်နည်းနဲ့မျှ၊ တစိုးတစိမျှ ပါဝင်ပတ်သက်ခွင့် မပေးသင့်ပါဘူး။


ကျွန်တော်တို့ဟာ "ငါ့ဘာသာ၊ ငါ့လူမျိုးအတွက်သာ" ဆိုတဲ့ ကျဉ်းမြောင်းပြီး ရွံရှာဖွယ်ကောင်းတဲ့ တရားမျှတမှုအတုတွေနောက်ကို မလိုက်ဘဲ၊ စစ်မှန်တဲ့ တရားမျှတမှုနဲ့ ခေတ်မီတဲ့ လူ့အဖွဲ့အစည်းကို တည်ဆောက်ချင်တယ်ဆိုရင်၊ အာဏာရှင်တွေနဲ့ လူ့မိစ္ဆာတွေရဲ့ ဘာသာရေးမှိုင်းကနေ ရုန်းထွက်ချင်တယ်ဆိုရင်တော့ Secularism ဆိုတဲ့ လမ်းစဉ်ကို မလွဲမသွေ ရွေးချယ်ရပါလိမ့်မယ်။


— William Abramson

15 June 2026


References:

• Wikipedia — Secularism; Laïcité; Mahsa Amini protests

• John Stuart Mill, On Liberty (1859)


Copyright © 2026 Burmese - ဗဟုသုတ


#Secularism #PoliticsAndReligion #HumanRights #CriticalThinking #Burmeseဗဟုသုတ #နိုင်ငံရေး #ဘာသာရေး #မြန်မာ့နိုင်ငံရေး #ဗဟုသုတ

Friday, May 29, 2026

ကင်နာဘစ် Cannabis (သို့မဟုတ်) ဆေးခြောက်ဆိုတဲ့ အကောင်

 ကင်နာဘစ် Cannabis (သို့မဟုတ်) ဆေးခြောက်ဆိုတဲ့ အကောင် (အပိုင်း - ၁)




​(၁) ဆေးခြောက်ဆိုတာ ဘာလဲ။


​လောကကြီးမှာ လူတချို့က နာမည်ကောင်းနဲ့ သမိုင်းတွင်သလို တချို့ကျတော့လည်း နာမည်ဆိုးနဲ့ ကျော်ကြားတတ်ကြပါတယ်။ ပစ္စည်းတွေ၊ အပင်တွေမှာလည်း ဒီသဘောတရား ရှိတာပါပဲ။ အခုပြောပြမယ့် အကြောင်းအရာကတော့ နာမည်ဆိုးရော၊ နာမည်ကောင်းပါ ရထားတဲ့ အပင်တစ်ပင်အကြောင်း ဖြစ်ပါတယ်။ အရပ်စကားနဲ့ ပြောရရင်တော့ 'ဆေးခြောက်' ပေါ့ဗျာ။ အင်္ဂလိပ်လိုကတော့ မာရီဝါးနား (Marijuana)၊ ကင်နားဘစ် (Cannabis)၊ ဝိ (Weed)၊ ပေါ့တ် (Pot) စသဖြင့် စသဖြင့် နာမည်မျိုးစုံနဲ့ ခေါ်ကြပါတယ်။ အလွယ်ဆုံး ပြောရရင်တော့ Cannabis လို့ခေါ်တဲ့ အပင်ရဲ့ ပန်းပွင့်၊ အရွက်၊ ရိုးတံနဲ့ အစေ့တွေကို အခြောက်လှန်းထားတဲ့ အရာကို ဆေးခြောက်လို့ ခေါ်တာပါပဲ။


​ဒီအပင်က မနေ့တစ်နေ့ကမှ ပေါ်လာတာ မဟုတ်ပါဘူး။ ရှေးခေတ်ကတည်းက ဘာသာရေးအရ တရားအားထုတ်တဲ့ နေရာတွေမှာပဲ ဖြစ်ဖြစ်၊ ရိုးရာ ဆေးဝါးအဖြစ်ပဲ ဖြစ်ဖြစ်၊ အပျော်အပါးသက်သက်အတွက်ပဲ ဖြစ်ဖြစ် သုံးလာခဲ့ကြတာ ဒီနေ့ထက်ထိပါပဲ။ ဒါပေမယ့် ခေတ်တွေ ပြောင်းလာတာနဲ့အမျှ သူ့ကို ရှုမြင်သုံးသပ်ပုံတွေကလည်း ပြောင်းလဲလာပါတယ်။ အရင်ကတော့ လူဆိုးဂိုဏ်းတွေ၊ မူးယစ်ဆေးသမားတွေပဲ သုံးတဲ့အရာလို့ သတ်မှတ်ခဲ့ကြပေမယ့် ဒီဘက်ခေတ် သိပ္ပံပညာနဲ့ ဆေးပညာတွေ တိုးတက်လာတဲ့အခါမှာတော့ ဒီအပင်ထဲမှာပါတဲ့ ဓာတ်ပေါင်းတွေရဲ့ အံ့မခန်း အစွမ်းသတ္တိတွေကို စတင်တွေ့ရှိလာကြပါပြီ။

...


​(၂) ဆေးခြောက်ထဲက ဇာတ်လိုက်ကျော် နှစ်ကောင်။


​ဒီ Cannabis အပင်ကြီးထဲမှာ ဓာတ်ပေါင်းပေါင်း ၅၀၀ ကျော်လောက် ရှိပါတယ်။ ဒါပေမယ့် အဲဒီအထဲကမှ ဆရာကြီးကျတဲ့ ပွဲတိုင်းကျော် ဇာတ်လိုက်နှစ်ကောင် ရှိပါတယ်။ အဲဒါကတော့ THC နဲ့ CBD ပါပဲ။ သူတို့နှစ်ကောင်က ခန္ဓာကိုယ်ထဲကို ဝင်သွားရင် ဘယ်လိုတွေ အလုပ်လုပ်သလဲဆိုတာ သေသေချာချာ သိဖို့ဆိုရင် ကျွန်တော်တို့ ခန္ဓာကိုယ်ထဲမှာ သဘာဝအလျောက် ရှိနှင့်ပြီးသားဖြစ်တဲ့ အလွန်နက်နဲလှတဲ့ စနစ်ကြီးတစ်ခု အကြောင်းကို အရင်နားလည်ဖို့ လိုပါတယ်။ အဲဒီစနစ်ကို ဆေးပညာအရ Endocannabinoid System (ECS) လို့ ခေါ်ပါတယ်။


​ဒီ ECS စနစ်ကြီးက ကျွန်တော်တို့ ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေ မျှတနေအောင် ထိန်းကျောင်းပေးတဲ့ နေရာမှာ အဓိက အလုပ်လုပ်ပါတယ်။ ဥပမာ - အိပ်စက်ခြင်း၊ စိတ်ခံစားမှု၊ အစာစားချင်စိတ်၊ မှတ်ဉာဏ်၊ မျိုးပွားခြင်းနဲ့ နာကျင်မှုတွေကို သိရှိခံစားရခြင်း စတာတွေကို ထိန်းညှိပေးတာပါ။ ကျွန်တော်တို့ ခန္ဓာကိုယ်ကလည်း သဘာဝအလျောက် Endocannabinoids လို့ခေါ်တဲ့ ဓာတ်တွေကို ထုတ်လုပ်ပေးပါတယ်။ အဲဒီအထဲက အထင်ရှားဆုံးကတော့ Anandamide လို့ခေါ်တဲ့ "Bliss Molecule" (ပျော်ရွှင်ချမ်းမြေ့စေတဲ့ မော်လီကျူး) ပဲ ဖြစ်ပါတယ်။ ဒီစနစ်ကြီး ချောချောမွေ့မွေ့ လည်ပတ်နေမှ ကျွန်တော်တို့လည်း ကျန်းကျန်းမာမာ၊ ပျော်ပျော်ရွှင်ရွှင် နေနိုင်တာကိုး။


​ကဲ... ဒီတော့ ဆေးခြောက်ထဲက ဇာတ်လိုက်ကြီး THC (Tetrahydrocannabinol) အကြောင်း အရင်ပြောရအောင်။


​ဒီကောင်က လူကို "ဟိုင်း" စေတဲ့ အဓိကတရားခံဗျ။ သူ့ရဲ့ဓာတုဖွဲ့စည်းပုံက ခုနကပြောခဲ့တဲ့ ခန္ဓာကိုယ်က သဘာဝအတိုင်းထုတ်တဲ့ Anandamide နဲ့ သွားပြီး ခပ်ဆင်ဆင် တူနေတယ်။ တူရုံတင် မကဘူး၊ ပိုပြီးတော့တောင် အစွမ်းထက်သေးတယ်။


• ဦးနှောက်ရဲ့ ​ဆုပေးတဲ့စနစ်


THC က ဦးနှောက်ကို သွားပြီးဆွပေးလိုက်တဲ့အခါ ဒိုပါမင်းဆိုတဲ့ ပျော်ရွှင်မှုဟော်မုန်းတွေ အလုံးအရင်းနဲ့ ထွက်လာပါတော့တယ်။ ဒါကြောင့် ဆေးခြောက်သုံးလိုက်ရင် လူက လွင့်နေသလို၊ အလွန်အမင်း ပျော်ရွှင်နေသလို၊ သာယာနေသလို ခံစားရတာပါ။


• ​မှတ်ဉာဏ်ထိန်းချုပ်ရာနေရာ


ဒီနေရာက အသစ်အသစ်သော မှတ်ဉာဏ်တွေကို သိမ်းဆည်းပေးတဲ့ နေရာပါ။ THC က ဒီနေရာကို သွားနှောင့်ယှက်လိုက်တော့ ကာလတိုမှတ်ဉာဏ်တွေ ပျောက်ကုန်ရော။ စကားပြောနေရင်း တစ်ဝက်လောက်မှာ "ငါ ခုနက ဘာပြောလိုက်တာလဲ" ဆိုပြီး မေ့သွားတာမျိုးတွေ ဖြစ်လာတတ်တယ်။


​• လှုပ်ရှားမှု ထိန်းချုပ်ရနေရာ


ဒီနေရာတွေက လူရဲ့ ဟန်ချက်ညီမှု၊ ကိုယ်ဟန်အနေအထားနဲ့ တုံ့ပြန်မှုတွေကို ထိန်းချုပ်ပေးတာပါ။ ဒီနေရာတွေကို သွားထိလိုက်တဲ့အခါ လူက ယိုင်တိယိုင်တိုင် ဖြစ်လာမယ်။ လှုပ်ရှားမှုတွေ နှေးကွေးသွားမယ်။ ဒါကြောင့် ဆေးခြောက်သုံးပြီး ကားမောင်းတာ၊ စက်ပစ္စည်းတွေ ကိုင်တွယ်တာက အင်မတန် အန္တရာယ်များပါတယ်။


​• စိတ်ခံစားမှု ထိန်းချုပ်ရနေရာ


ဒီနေရာက ကြောက်ရွံ့မှုနဲ့ စိုးရိမ်ပူပန်မှုတွေကို စီမံတဲ့ နေရာပါ။ ပမာဏ နည်းနည်းလောက်ဆိုရင်တော့ စိတ်ကို တည်ငြိမ်စေပေမယ့် ဆေးပြင်းသွားရင် သို့မဟုတ် အများကြီးသုံးမိရင်တော့ ဒီနေရာကို အလွန်အကျွံ လှုံ့ဆော်သလို ဖြစ်သွားပြီး ရုတ်တရက် ထိတ်လန့်ကြောက်ရွံ့တာ (Panic attacks) တွေ၊ ယုံမှားသံသယ လွန်ကဲတာတွေ ဖြစ်လာတတ်ပါတယ်။ အချို့ဆို ကိုယ့်ကိုလူသတ်သမား လိုက်နေသလိုလို ဘာလိုလိုနဲ့ ကြောက်လန့်နေတတ်ကြတယ်။

...


​နောက် ဇာတ်လိုက်တစ်ကောင်ကတော့ CBD (Cannabidiol) ပါ။


​သူကတော့ THC နဲ့ လုံးဝ ပြောင်းပြန်ဗျ။ လူကိုလည်း မမူးယစ်စေဘူး၊ ဦးနှောက်ကိုလည်း တိုက်ရိုက် သွားမချိတ်ဘူး။ သူက သွယ်ဝိုက်တဲ့ နည်းလမ်းနဲ့ အလုပ်လုပ်တာဗျ။


• ​သဘာဝ ဓာတ်တွေကို မြှင့်တင်ပေးခြင်း


စောစောက ပြောခဲ့တဲ့ Anandamide (ပျော်ရွှင်စေတဲ့ ဓာတ်) ကို ခန္ဓာကိုယ်ထဲမှာ ပိုပြီးကြာကြာ နေနိုင်သွားစေပါတယ်။ အဲဒီအကျိုးဆက်ကြောင့် သဘာဝအတိုင်း စိတ်ကို ပျော်ရွှင်စေတယ်၊ နာကျင်မှုတွေကို အချိန်အကြာကြီး သက်သာနေစေတယ်။


• ​တခြားသော စနစ်များနဲ့ ချိတ်ဆက်ခြင်း


CBD က ခန္ဓာကိုယ်တွင်းမှာရှိတဲ့ Serotonin Receptors တွေကို တိုက်ရိုက် လှုံ့ဆော်ပေးတဲ့အတွက် စိုးရိမ်ပူပန်မှုနဲ့ စိတ်ကျရောဂါတွေကို သိသိသာသာ သက်သာစေပါတယ်။ ဒါ့အပြင် ဦးနှောက်ရဲ့ ဘရိတ်လို့ တင်စားရမယ့် GABA ကိုလည်း အားဖြည့်ပေးလို့ အာရုံကြောတွေကို ငြိမ်ကျစေပြီး အိပ်ပျော်စေပါတယ်။ နာကျင်မှုနဲ့ ရောင်ရမ်းမှုကို ထိန်းချုပ်တဲ့ TRPV1 Receptors တွေကိုလည်း သွားချိတ်ဆက်ပြီး နာကျင်မှုကို လျှော့ချပေးပါတယ်။

.


​ဒီကောင်နှစ်ကောင်ကို ဥပမာပေးရရင် အသံချဲ့စက်တစ်ခုမှာ THC က လူဆိုးလိုပဲ။ အသံတွေရော၊ ဘေ့စ် (Bass) တွေရော အကုန်လုံးကို အဆုံးထိ တင်ပစ်လိုက်တဲ့ကောင်။ ချက်ချင်း ခံစားရတယ်။ အရှိန်ပြင်းတယ်။ တစ်ခါတလေ နားကွဲမတတ် ဆူညံသွားတယ်။ CBD ကတော့ ကျွမ်းကျင်တဲ့ အသံဖမ်းသမား တစ်ယောက်လိုပဲ။ လိုအပ်တဲ့ နေရာလေးတွေကို နည်းနည်းချင်း လိုက်ညှိပေးတယ်။ နောက်ခံက ဆူညံသံတွေကို ဖျောက်ပေးတယ်။ အသံထွက်ကို အကောင်းဆုံးနဲ့ အငြိမ့်ညောင်းဆုံး ဖြစ်အောင် ချိန်ညှိပေးတယ်။ သူက စိတ်ကို မပြောင်းလဲစေဘဲ ခန္ဓာကိုယ်ရဲ့ ဟန်ချက်ညီမှုကို ပြန်လည်တည်ဆောက်ပေးတာပါ။

...


(​၃) ကုသမှုနယ်ပယ်တွင် အသုံးပြုမှု


​ဒီလို အံ့မခန်းအစွမ်းသတ္တိတွေ ရှိတဲ့အတွက် ဆေးလောကမှာ Medical Marijuana (ဆေးဖက်ဝင် ဆေးခြောက်) ဆိုပြီး ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာကြပါပြီ။ အပျော်သုံးတာ မဟုတ်ဘဲ ရောဂါဝေဒနာ ခံစားနေရသူတွေအတွက် ဆေးဝါးအဖြစ် သုံးတာပါ။ အထူးသဖြင့် THC နဲ့ CBD ရဲ့အချိုးအစားကို သေချာ ချိန်ဆပြီး ထုတ်လုပ်ထားတဲ့ ဆေးဝါးတွေ ဖြစ်ပါတယ်။


• ​နာတာရှည် နာကျင်မှုများ


ဒါကတော့ ဆေးခြောက်ကို အများဆုံးသုံးတဲ့ နေရာပါ။ အထူးသဖြင့် သာမန် အကိုက်အခဲပျောက်ဆေးတွေ၊ ဘိန်းပါတဲ့ ဆေးပြင်းတွေနဲ့တောင် မတိုးတော့တဲ့ အာရုံကြောနာကျင်မှုတွေမှာ အလွန်အသုံးတည့်ပါတယ်။ အရိုးအဆစ် ရောင်ရမ်းနာ (Rheumatoid arthritis) နဲ့ ကြွက်သားတွေ နာကျင်ကိုက်ခဲတဲ့ (Fibromyalgia) ရောဂါတွေမှာလည်း သိသိသာသာ သက်သာစေပါတယ်။


• ​ပျို့အန်ခြင်းကို သက်သာစေခြင်း


ကင်ဆာရောဂါအတွက် ကင်ဆာဆေးသွင်းရတဲ့အခါ လူနာတွေက အလွန်အမင်း ပျို့အန်တတ်ပါတယ်။ သာမန် ပျို့အန်ပျောက်ဆေးတွေ သုံးလို့မရတဲ့အခါ ဆေးခြောက်နဲ့တူတဲ့ Synthetic THC (တုပပြုလုပ်ထားသော THC) ဆေးဝါးတွေကို FDA က တရားဝင် ခွင့်ပြုပြီး သုံးစွဲနေကြပါတယ်။


• ​အတက်ရောဂါနှင့် ဝက်ရူးပြန်ရောဂါ


ဆေးခြောက်သမိုင်းမှာ အကြီးမားဆုံး အောင်မြင်မှု တစ်ခုကတော့ ကလေးတွေမှာ ဖြစ်တတ်တဲ့ အလွန် ဆိုးရွားပြီး ကုသရခက်တဲ့ အတက်ရောဂါတွေကို ကုသနိုင်ခဲ့တာပါပဲ။ 


• ​ကြွက်သား တောင့်တင်းခြင်း (Multiple Sclerosis)


MS ရောဂါသည်တွေဟာ ကြွက်သားတွေ အကြောဆွဲတာ၊ တောင့်တင်းတာ၊ နာကျင်တာတွေကို ပြင်းပြင်းထန်ထန် ခံစားရပါတယ်။ THC နဲ့ CBD အချိုးမျှတစွာပါဝင်တဲ့ ဆေးဝါးတွေက ကြွက်သားတွေကို ပြေလျော့စေပြီး အိပ်ရေးဝဝ အိပ်ပျော်စေဖို့ ကူညီပေးပါတယ်။


​• အစာစားချင်စိတ် ပျောက်ဆုံးခြင်း


THC က ဦးနှောက်ထဲက အစာစားချင်စိတ်ကို ထိန်းချုပ်တဲ့နေရာကို တိုက်ရိုက် လှုံ့ဆော်ပေးတဲ့အတွက် ဗိုက်ပြည့်နေရင်တောင်မှ အစားအသောက်တွေရဲ့ အနံ့အရသာကို ပိုခံစားရစေပြီး "အငမ်းမရ" စားချင်စိတ်ကို ဖြစ်ပေါ်စေပါတယ်။


• ​ရေတိမ်ရောဂါနဲ့ စိတ်ပိုင်းဆိုင်ရာ ရောဂါများ


ဆေးခြောက်က မျက်လုံးတွင်းဖိအားကို ခေတ္တခဏ ကျဆင်းစေနိုင်လို့ ရေတိမ်ရောဂါအတွက် သုံးကြပေမယ့် ဆေးအာနိသင်က နာရီပိုင်းလောက်ပဲ ခံတာမို့ တစ်နေကုန် ဆေးသုံးနေရမယ့် ပြဿနာ ရှိပါတယ်။ စိတ်ပိုင်းဆိုင်ရာမှာတော့ စိတ်ဒဏ်ရာရလွန်ရောဂါ (PTSD) နဲ့ ပြင်းထန်တဲ့ စိုးရိမ်ပူပန်မှုတွေမှာ သုံးကြပါတယ်။

.


ဒီနေရာမှာ နောက်ဆုံး သိထားရမှာက ဆေးဖက်ဝင် အနေနဲ့ သုံးတဲ့အခါ ဆေးလိပ်သောက်သလို မီးရှို့ပြီး ဖွာတာမျိုး သိပ်မလုပ်ကြပါဘူး။ မီးခိုးငွေ့မှာ ပါတဲ့ ဆိုးကျိုးတွေက အဆုတ်ကို ဒုက္ခပေးနိုင်လို့ပါ။ အဲဒီအစား ဆေးပမာဏကို တိတိကျကျ တွက်ချက်လို့ရတဲ့ လျှာအောက်အစက်ချရတဲ့ ဆေးရည်တွေ၊ သောက်ဆေးတောင့်တွေ၊ အစားအသောက်ထဲ ထည့်ထားတာတွေ၊ အရေပြားပေါ် လိမ်းရတဲ့ ဆေးဆီတွေအနေနဲ့သာ စနစ်တကျ အသုံးပြုကြတာ ဖြစ်ပါတယ်ခင်ဗျာ....။


​(အပိုင်း - ၂ မှာတော့ ရေတိုဆိုးကျိုးများ၊ ရေရှည်ဆိုးကျိုးများနဲ့ စွဲလမ်းခြင်းများအကြောင်းတွေကို ဆက်လက် တင်ဆက်ပေးပါမယ်)


စေတနာဖြင့်

အဓိပတိ



ကင်နာဘစ် Cannabis (သို့မဟုတ်) ဆေးခြောက်ဆိုတဲ့ အကောင် (အပိုင်း - ၂)


​✳ ချက်ချင်းလက်ငင်း ခံစားရမည့် လက္ခဏာများ


​ဆေးခြောက်သုံးလိုက်ရင် ခံစားရမယ့် အာနိသင်က ဆေးပြင်းအား၊ သုံးတဲ့နည်းလမ်းနဲ့ ခန္ဓာကိုယ် တုံ့ပြန်နိုင်စွမ်းအပေါ် မူတည်ပါတယ်။ ယေဘုယျအားဖြင့် စသုံးလိုက်တာနဲ့ "ဟိုက်" ဖြစ်သွားကာ စိတ်တွေ လွတ်လပ်ပေါ့ပါးပြီး ပြုံးစိစိဖြစ်လာမယ်။ ဒါက ဦးနှောက်ထဲက (ဆုလက်ဆောင်ပေးတဲ့စနစ်လို့ တင်စားခေါ်ဝေါ်ကြတဲ့) Reward System ကို THC က ဆွလိုက်လို့ ဒိုပါမင်းတွေ ဒလဟောထွက်လာတဲ့ အကျိုးပါ။


​လောကကြီးတစ်ခုလုံး ပြောင်းလဲသွားသလို ခံစားရပြီး မြင်ရတဲ့အရောင်တွေ ပိုတောက်ကာ ကြားရတဲ့အသံတွေ ပိုကြည်လင်လာတတ်ပါတယ်။ အဆိုးဆုံးကတော့ အချိန်အာရုံလွဲမှားခြင်းပါပဲ။ လက်တွေ့မှာ ငါးမိနစ်ပဲ ကြာသေးပေမယ့် စိတ်ထဲမှာ နာရီဝက်လောက် ကြာသွားသလို ထင်နေတတ်တယ်။


​မှတ်ဉာဏ်ပိုင်းမှာလည်း THC က ဦးနှောက်ရဲ့ မှတ်ဉာဏ်ထိန်းချုပ်ရာနေရာကို နှောင့်ယှက်လို့ ကာလတို မှတ်ဉာဏ်တွေ ကမောက်ကမ ဖြစ်ကုန်ပါတယ်။ စကားပြောရင်း "ငါ ခုနက ဘာပြောနေတာလဲ" ဆိုပြီး ကြောင်တောင်တောင် ဖြစ်သွားတတ်သလို စဉ်းစားဆင်ခြင်ဉာဏ်နဲ့ အာရုံစူးစိုက်မှုတွေလည်း ကျဆင်းသွားပါတယ်။


​ခန္ဓာကိုယ်ပိုင်းမှာ မိနစ်ပိုင်းအတွင်း နှလုံးခုန်နှုန်းက တစ်မိနစ်ကို အချက် (၂၀) ကနေ (၅၀) အထိ ရုတ်တရက် မြန်လာပါတယ်။ နှလုံးအပြင်းအထန် အလုပ်လုပ်ရလို့ သွေးကြောတွေကျယ်လာပြီး သွေးပေါင်ကျတတ်ပါတယ်။ မျက်လုံးသွေးကြောတွေ ဖောင်းလာလို့ မျက်လုံးနီရဲလာသလို၊ တံတွေးဂလင်းတွေ ပိတ်သွားတဲ့အတွက် ပါးစပ်နဲ့အာခေါင် ခြောက်ကပ်ကပ်ဖြစ်လာတဲ့ "Cottonmouth" လည်း ခံစားရပါတယ်။


​နောက်ထပ်ပြဿနာက "The Munchies"လို့ ခေါ် တဲ့ အငမ်းမရ ဗိုက်ဆာလာခြင်းပါ။ THC က အစာစားချင်စိတ် ထိန်းချုပ်ရာနေရာနဲ့ အနံ့ခံအာရုံကြောကို လှည့်စားလိုက်လို့ ဗိုက်ပြည့်နေရင်တောင် အငမ်းမရ စားပစ်လိုက်တဲ့အထိ ဖြစ်သွားတတ်ပါတယ်။ စားလိုက်တဲ့ အစာတိုင်းကလည်း အနံ့အရသာနဲ့ ပြည့်စုံလွန်းနေတော့တာကိုး။


​THC ပြင်းအားများလွန်းရင် (သို့) အတွေ့အကြုံမရှိဘဲ သုံးမိရင်တော့ "Bad Trip" ဆိုတဲ့ အလွန်တရာမှ ဆိုးဝါးလှတဲ့ လက္ခဏာတွေနဲ့ ရင်ဆိုင်ရတတ်ပါတယ်။ ဦးနှောက်ရဲ့ အကြောက်တရား ထိန်းချုပ်ရာနေရာကို အလွန်အကျွံ ဆွလိုက်မိသလိုဖြစ်ပြီး ရုတ်တရက် ထိတ်လန့်တာ (Panic attacks)၊ ယုံမှားသံသယ လွန်ကဲတာတွေ ဝင်လာတတ်ပါတယ်။ သွေးပေါင်ကျလို့ မတ်တတ်ရပ်လိုက်ရင် မျက်လုံးတွေပြာဝေပြီး ခေါင်းမူးတတ်ပါတယ်။


ပမာဏများလွန်းရင် ကယောင်ကတမ်းဖြစ်တာ (Acute Psychosis) အထိပါ ဖြစ်နိုင်ပါတယ်။


​သုံးစွဲနည်းအရ အခိုးအငွေ့ရှူတာက မိနစ်ပိုင်းအတွင်း ချက်ချင်းအာနိသင်ပြပြီး (၁) နာရီမှ (၃) နာရီအတွင်း ပြယ်ပါတယ်။ ဒါပေမယ့် အစားအသောက်ထဲ ထည့်လုပ်ထားတဲ့ (Edibles) တွေက အာနိသင်ပြဖို့ နာရီဝက်ကနေ နှစ်နာရီလောက် ကြာတတ်လို့ ဘာမှမဖြစ်သေးဘူးဆိုပြီး ထပ်စားမိရင် (၄) နာရီမှ (၈) နာရီအထိ ရှည်လျားစွာ ဒုက္ခပေးတတ်ပါတယ်။

...


✳ ​အချိန်ကြာလာတဲ့အခါ ခံစားရမယ့် လက္ခဏာများ


​ရေရှည်သုံးလာရင် ခန္ဓာကိုယ်နဲ့ ဦးနှောက်က ပေးဆပ်ရမယ့်တန်ဖိုး ကြီးမားလာပြီး ဆယ်ကျော်သက်အရွယ်မှာ စသုံးမိရင် ပိုဆိုးပါတယ်။


​ဦးနှောက်ဟာ အသက် (၂၅) နှစ်ဝန်းကျင်အထိ ဖွံ့ဖြိုးနေဆဲဖြစ်ရာ အဲဒီအရွယ်မတိုင်ခင် THC တွေ အဆက်မပြတ် ဝင်လာရင် ဦးနှောက်တည်ဆောက်ပုံနဲ့ အလုပ်လုပ်ပုံပါ ပြောင်းလဲသွားပါတယ်။ ဆယ်ကျော်သက်ကတည်းက အလွန်အကျွံ သုံးစွဲလာခဲ့သူတစ်ယောက်က ဉာဏ်ရည် (IQ) ၈ မှတ်လောက် ကျဆင်းတတ်ပြီး ဆေးဖြတ်ရင်တောင် ပြန်မတက်တော့ပါဘူး။ သင်ယူနိုင်စွမ်းကျဆင်းကာ ဘာမှကြိုးစားချင်စိတ်မရှိတော့တဲ့ "Amotivational Syndrome" ဖြစ်လာတတ်ပါတယ်။


​စိတ်ပိုင်းဆိုင်ရာမှာလည်း မျိုးရိုးထဲဖြစ်ဖို့ စိတ်ရောဂါအခံရှိသူတွေဟာ စိတ်ကစဉ့်ကလျားရောဂါ (Schizophrenia) အလားအလာ များပါတယ်။ စိတ်ဓာတ်ကျတာနဲ့ စိုးရိမ်ပူပန်မှုကို သက်သာအောင် သုံးတတ်ကြပေမယ့် ရေရှည်မှာတော့ ရောဂါကို ပိုဆိုးစေပါတယ်။


​ခန္ဓာကိုယ်မှာ အဆုတ်ကို အရင်ဆုံးထိပါတယ်။ မီးခိုးငွေ့ရှူရလို့ ဆေးလိပ်လိုပဲ အဆိပ်အတောက်တွေ ပါဝင်ပြီး ရေရှည်သုံးရင် ချောင်းနာတာရှည်ဆိုးမယ်၊ သလိပ်ထွက်မယ်၊ အဆုတ်ပြွန်ရောင်မယ်။ ဒါပေမယ့် ဆေးခြောက်ကြောင့် အဆုတ်ကင်ဆာ ဖြစ်စေတယ်ဆိုတဲ့ ခိုင်လုံတဲ့ အထောက်အထားတော့ မတွေ့ရသေးပါဘူး။


​နောက်ထပ် ရှားပါးရောဂါကတော့ Cannabinoid Hyperemesis Syndrome (CHS) ပါ။ ဆေးခြောက် အလွန်အကျွံသုံးစွဲသူတချို့မှာ ဖြစ်တတ်ပြီး ရုတ်တရက် အပြင်းအထန် ပျို့အန်တာပါ။ အဲလိုဖြစ်ရင် သက်သာစေတဲ့ဆေးတော့ မရှိသေးပါဘူး။


​ရေရှည်မှာ နှလုံးရောဂါနဲ့ လေဖြတ်ခြင်းဖြစ်နိုင်ခြေ ပိုများတယ်လို့ လေ့လာမှုတချို့က ဆိုပါတယ်။ ကိုယ်ဝန်ဆောင်မိခင်တွေ သုံးရင် ကလေးဆီ THC ရောက်ပြီး ကလေး ပေါင်ချိန်မပြည့်တာ၊ လမစေ့ဘဲမွေးတာနဲ့ အာရုံစူးစိုက်မှု အားနည်းတာတွေ ဖြစ်လာနိုင်ပါတယ်။

...


✳ ​"ငါမစွဲပါဘူးကွာ" ဆိုတဲ့ လိမ်ဆင်


​"သဘာဝအပင်မို့ လုံးဝ မစွဲဘူး" ဆိုတာ ခေတ်သစ် သိပ္ပံပညာအရ လုံးဝ မှားယွင်းပါတယ်။ ဆေးခြောက်က စွဲပြီး သုံးစွဲသူ ၃၀ ရာခိုင်နှုန်းလောက်ဟာ ဆေးစွဲခြင်း (Cannabis Use Disorder - CUD) ကို ခံစားရတတ်ပါတယ်။


​စွဲလမ်းခြင်းကို နားလည်ဖို့ ဦးနှောက်အစိတ်အပိုင်း သုံးခုကို ကြည့်ရပါမယ်။


• ​Basal Ganglia (Reward circuit)

ဆေးသုံးတိုင်း ဒိုပါမင်း ထုတ်ပေးလို့ ကြိမ်ဖန်များလာရင် ဆေးမပါဘဲ သာယာမှု မခံစားနိုင်တော့ပါဘူး။


• ​Extended Amygdala

စိတ်ဖိစီးမှု ထိန်းချုပ်တဲ့နေရာပါ။ ဆေးစွဲလာရင် အကဲဆတ်လာပြီး ဆေးအရှိန်ပြယ်တာနဲ့ စိုးရိမ်စိတ်၊ ဒေါသတွေ ထုတ်လွှတ်ပါတယ်။ ဒါကြောင့် ဒုက္ခတွေကို မခံစားနိုင်လို့ ဆေးပြန်သုံးရတဲ့ သံသရာထဲ ရောက်သွားပါတယ်။


​• Prefrontal Cortex

ဆင်ခြင်တုံတရားနဲ့ ဆုံးဖြတ်ချက်ချတဲ့ နေရာဖြစ်ပြီး ရေရှည်မှာ အားနည်းသွားလို့ မှားမှန်းသိလျက်နဲ့ ဆေးသုံးချင်စိတ်ကို မထိန်းချုပ်နိုင်တော့ပါဘူး။


​စွဲလမ်းရတဲ့ အကြောင်းရင်းကတော့ ပိုများများသုံးမှ အရင်လို ခံစားချက်ရတဲ့ "ဆေးမတိုးတော့ခြင်း" ကနေစပြီး ဆေးမရှိရင် ခန္ဓာကိုယ် ပုံမှန်အလုပ်မလုပ်နိုင်တော့တဲ့ "မှီခိုလာခြင်း" အဆင့် ရောက်သွားပါတယ်။


​ဆေးရုတ်တရက်ဖြတ်ရင် "ဆေးဖြတ်လက္ခဏာများ" ကို ခံစားရပါတယ်။ အသက်အန္တရာယ် မရှိလောက်ပေမယ့် စိတ်တိုလွယ်မယ်၊ အိပ်မပျော်ဘူး၊ အိပ်မက်ဆိုးမက်မယ်၊ စိတ်ဓာတ်ကျပြီး အစားစားချင်စိတ် မရှိတော့ပါဘူး။ ဒါတွေကို မခံစားနိုင်လို့ ဆေးပြန်သုံးမိကြတာပါ။


​အသက် ၁၈ နှစ်မတိုင်ခင် စသုံးခဲ့သူတွေဟာ လူကြီးဖြစ်မှ စသုံးသူတွေထက် ဆေးစွဲဖို့ (၄) ဆမှ (၇) ဆအထိ ပိုများပါတယ်။ THC ပြင်းအားများတဲ့ ပစ္စည်းသုံးသူတွေ ပိုလျင်မြန်စွာ ဆေးစွဲတတ်ပါတယ်။ မျိုးရိုးထဲ မူးယစ်ဆေးပြဿနာရှိသူ၊ စိတ်ဒဏ်ရာ ရထားသူ၊ ဆေးသုံးတာကို လက်ခံတဲ့ အသိုက်အဝန်းကလာသူတွေနဲ့ ADHD လို စိတ်ကျန်းမာရေးဝေဒနာ အခံရှိသူတွေဟာ ဆေးစွဲသွားဖို့ အလွန်လွယ်ကူပါတယ်။


​(နောက်ဆုံးပိုင်းဖြစ်တဲ့ အပိုင်း - ၃ မှာ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများကို အသေးစိတ် ပြောပြသွားပါမယ်။)


စေတနာဖြင့်

အဓိပတိ


ကင်နာဘစ် Cannabis (သို့မဟုတ်) ဆေးခြောက်ဆိုတဲ့ အကောင် (အပိုင်း - ၃)


​ဆေးခြောက်အပင်ကပေးတဲ့ သာယာမှု၊ ဆေးစွမ်းထက်မှုတွေကို အမွှမ်းတင်ပြီးရင်တော့ လောကကြီးရဲ့ နိယာမအတိုင်း အကောင်းနဲ့အဆိုး ဒွန်တွဲနေတဲ့ သဘောတရားကိုလည်း မျက်ကွယ်ပြုထားလို့ မရပြန်ပါဘူး။ "အကြွေးယူရင် ပြန်ဆပ်ရမယ်" ဆိုတဲ့ စကားလိုပါပဲ။ ဆေးခြောက်ကို ရေရှည် အလွန်အကျွံ သုံးစွဲလာတဲ့အခါ ကိုယ့်ရဲ့ခန္ဓာကိုယ်နဲ့ စိတ်ပိုင်းဆိုင်ရာက ဘယ်လို အကြွေးတွေ ပြန်ဆပ်ရမလဲဆိုတာကို ဆက်ပြောပြပါမယ်။


✳ ခန္ဓာကိုယ်ကြီးအပေါ် ရေရှည်ပေးဆပ်ရမယ့် အကြွေးများ


​လူတော်တော်များများက ဆေးခြောက်ကို သဘာဝအပင်ပဲလေဆိုပြီး ပေါ့ပေါ့တန်တန် တွေးတတ်ကြပါတယ်။ ဟုတ်ပါတယ်။ သဘာဝကလာတိုင်း အန္တရာယ်ကင်းတယ်လို့ ယူဆရင် မှားသွားပါလိမ့်မယ်။ ဆေးခြောက်ကို ရေရှည်သုံးစွဲလာတဲ့အခါ အောက်ပါ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ဖြစ်လာနိုင်ပါတယ်။


• ​အဆုတ်ကို ဒုက္ခပေးခြင်း


ဆေးခြောက်ကို အများဆုံးသုံးစွဲတဲ့ နည်းလမ်းက မီးရှို့သောက်တာ (Smoking) ပါပဲ။ "မီးခိုးဆိုတာ မီးခိုးပါပဲ"။ သစ်ရွက်ကို မီးရှို့လို့ ထွက်လာတဲ့ မီးခိုးငွေ့တိုင်းမှာ အဆုတ်ကို ဒုက္ခပေးနိုင်တဲ့ ကာဗွန်မိုနောက်ဆိုဒ်တွေ၊ ကတ္တရာတွေနဲ့ ကင်ဆာဖြစ်စေနိုင်တဲ့ ဓာတ်ပစ္စည်းတွေ ပါဝင်နေစမြဲပါ။ ဆေးခြောက်ကို နေ့စဉ်ရက်ဆက် ဖွာနေတဲ့ သူတစ်ယောက်ရဲ့ အဆုတ်ဟာ ဆေးလိပ်သမား တစ်ယောက်ရဲ့ အဆုတ်လိုပဲ ယိုယွင်းလာပြီး နောက်ဆုံးတော့ နာတာရှည် လေပြွန်ရောင်ရောဂါကြီး စွဲကပ်သွားတတ်ပါတယ်။


• ​နှလုံးနဲ့ သွေးကြောများကို ဝန်ပိစေခြင်း


THC ဓာတ် သွေးကြောထဲ ရောက်တာနဲ့ နှလုံးခုန်နှုန်းက တစ်မိနစ်ကို အချက် (၂၀) ကနေ (၅၀) အထိ မြန်သွားပါတယ်။ သွေးကြောတွေ ကျယ်လာပြီး သွေးပေါင်ချိန် ရုတ်တရက် ထိုးကျသွားရာကနေ၊ အဲဒီလို ကျသွားတာကို ကာဗာလုပ်ဖို့ နှလုံးက အပြင်းအထန် အလုပ်လုပ်ရတဲ့အခါ သွေးပေါင်က ပြန်ပြီး ထိုးတက်သွားတတ်ပြန်ရော။ ဒါဟာ နှလုံးရောဂါ အခံရှိတဲ့သူတွေမှာ ရုတ်တရက် နှလုံးသွေးကြောပိတ်တာနဲ့ လေဖြတ်တာမျိုးတွေ ဖြစ်နိုင်ခြေ သာမန်လူတွေထက် အဆပေါင်းများစွာ မြင့်မားသွားပါတယ်။


• ​အစာအိမ်နဲ့ အူလမ်းကြောင်း ပြဿနာ


ပျို့အန်တာကို သက်သာစေတဲ့ ဆေးခြောက်ကို အရမ်းအများကြီး နှစ်ပေါက်အောင် သုံးတဲ့သူတချို့မှာ စနစ်ပြောင်းပြန်လှန်ထွက်ပြီး အလွန်အမင်း ပျို့အန်ပါတော့တယ်။ ဆေးရုံသွားပြီး ဆေးထိုးလည်း မရပါဘူး။ ထူးဆန်းတာက ရေလေးနဲ့ ရေချိုးလိုက်ရင် ခဏတာ သက်သာစေပြီး ရေချိုးခန်းထဲက ထွက်တာနဲ့ ပြန်အန်ပါတယ်။ လုံးဝ သက်သာချင်ရင်တော့ ဆေးခြောက် သုံးစွဲနေတာကို ဘဝတစ်သက်တာလုံး ရပ်လိုက်ဖို့ပဲ ဖြစ်ပါတယ်။


​• ကိုယ်ဝန်ဆောင်များနှင့် သန္ဓေသား အန္တရာယ်


THC ဓာတ်ဟာ အချင်းကို အလွယ်တကူ ဖြတ်သန်းသွားနိုင်တဲ့အတွက် ဗိုက်ထဲက ကြီးထွားဆဲ သန္ဓေသားလေးဆီကို တိုက်ရိုက် ရောက်သွားပါတယ်။ ကလေးက ပုံမှန်မဖွံ့ဖြိုးတော့ဘဲ လမစေ့ဘဲ မွေးတာ၊ ပေါင်ချိန် မပြည့်တာတွေ ဖြစ်လာတဲ့အပြင် ကလေးကြီးလာတဲ့အခါမှာလည်း အာရုံစူးစိုက်လို့ မရတာ၊ မှတ်ဉာဏ် အားနည်းတာ၊ ပြဿနာဖြေရှင်းနိုင်စွမ်း ညံ့ဖျင်းတာစတဲ့ ဦးနှောက်ပိုင်းဆိုင်ရာ ချို့ယွင်းချက်တွေ တစ်သက်လုံး ပါသွားတတ်ပါတယ်။

...


​✳ စိတ်နဲ့ ဦးနှောက်ပေါ် သက်ရောက်တဲ့ ဆိုးကျိုးများ


​ဦးနှောက်ဆိုတာ အသက် (၂၅) နှစ်လောက်အထိကို ရွှံ့စေးပျော့ပျော့လေးတစ်ခုလို ပုံသွင်းလို့ ရနေသေးတဲ့ အနေအထားမှာ ရှိပါတယ်။ အဲဒီလို ဖွံ့ဖြိုးဆဲ ဆယ်ကျော်သက်အရွယ်မှာ THC ဓာတ်တွေ အဆက်မပြတ် ဝင်လာတဲ့အခါ ဦးနှောက်ရဲ့ တည်ဆောက်ပုံကြီးတစ်ခုလုံး ကမောက်ကမ ဖြစ်သွားပါတော့တယ်။


• ​ဉာဏ်ရည်ကျဆင်းခြင်း


ဆယ်ကျော်သက်အရွယ်ကတည်းက အမြဲတမ်း သုံးစွဲလာတဲ့ ကလေးတွေဟာ စာသင်ခန်းထဲမှာ အာရုံစူးစိုက်နိုင်စွမ်း ကျဆင်းလာပါတယ်။ သိပ္ပံပညာရှင်တွေရဲ့ လေ့လာချက်တွေအရ အဲဒီကလေးတွေ အရွယ်ရောက်လာတဲ့အခါမှာ မူလရှိသင့်တဲ့ ဉာဏ်ရည် (IQ) ထဲကနေ ပျမ်းမျှ ၈ မှတ်လောက်အထိ ထာဝရ ဆုံးရှုံးသွားပြီး လူကြီးဖြစ်မှ ဆေးဖြတ်လိုက်ရင်တောင် ပြန်တက်မလာတော့ပါဘူး။


• ​စိတ်ကစဉ့်ကလျားရောဂါ


စိတ်ကျန်းမာရေးဝေဒနာ ဖြစ်နိုင်တဲ့ မျိုးရိုးဗီဇလေး အနည်းငယ် ရှိနေသူတွေမှာ ဆေးခြောက်ကို ရေရှည် သုံးလိုက်တဲ့အခါ THC ဓာတ်က အဆင်းကို ဘီးတပ်ပေးလိုက်သလို ဖြစ်တတ်ပါတယ်။ စိတ်ဝေဒနာကို မြန်မြန်ခံစားရအောင် လုပ်လိုက်သလိုပဲပေါ့။ အခုခေတ်မှာ THC ပြင်းအားက အရင်ခေတ်တွေထက် ဆယ်ဆလောက် ပိုများနေလို့ ပြင်းအားများတဲ့ ဆေးခြောက်တွေကြောင့် ရုတ်တရက် ထင်ယောင်ထင်မှား ဖြစ်တာ၊ ကယောင်ကတမ်း ဖြစ်တာတွေ ချက်ချင်း ဖြစ်ပေါ်တတ်ပါတယ်။


• ​စိုးရိမ်ပူပန်မှုနှင့် စိတ်ဓာတ်ကျခြင်း


စိတ်ဖိစီးမှုတွေ၊ စိုးရိမ်ပူပန်မှုတွေများလို့ ကိုယ့်သဘောနဲ့ကိုယ် ဆရာကြီးလုပ်ပြီး သုံးတတ်ကြပါတယ်။ ခဏတဖြုတ်တော့ ရင်ထဲက အပူတွေ ငြိမ်းသွားသလို ခံစားရပေမယ့် ဒါဟာ အတုအယောင် သက်သက်ပါ။ ဟော်မုန်းစနစ်ကို ဆေးက ဝင်ထိန်းချုပ်လိုက်လို့ ဆေးအရှိန် ပြယ်သွားတာနဲ့ ပုံမှန်ထက်ပိုပြီး စိုးရိမ်ပူပန်လာတယ်။ စိတ်ဓာတ်ကျလာပါတယ်။ သက်သာအောင် ဆေးထပ်သုံးရင်း ပြယ်သွားရင် ပိုဆိုးလာကာ ဘယ်လိုမှ ရုန်းထွက်လို့မရတဲ့ သံသရာကြီးထဲမှာ ပိတ်မိသွားပါတော့တယ်။


​• ရည်မှန်းချက်များ ပျောက်ဆုံးခြင်း


THC က ဦးနှောက်ရဲ့ ဆုချီးမြှင့်တဲ့စနစ်ကို အပြီးအပိုင် ဖျက်ဆီးပစ်လိုက်လို့ပါ။ သူတို့ရဲ့ နေ့စဉ်ဘဝကြီးက အိပ်ရာပေါ်မှာ လှဲနေမယ်၊ ဆေးလိပ်ဖွာမယ်၊ ဗိုက်ဆာရင် မှာစားမယ်၊ မျက်နှာကျက်ကိုကြည့်ပြီး ငေးနေမယ်ဆိုတာလောက်နဲ့ ကျေနပ်နေတတ်ပါတယ်။ အလုပ်ကြိုးစားချင်စိတ်၊ ဘဝတိုးတက်အောင် လုပ်ချင်စိတ်တွေ လုံးဝ ပျောက်ဆုံးသွားပြီး လူ့အသိုက်အဝန်းကနေ တဖြည်းဖြည်း သီးခြား ကင်းကွာသွားတတ်ကြပါတယ်။

...


​ဒီအပင်ကြီးဟာ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ ဆိုးကျိုးတွေ အများကြီး ရှိသလို၊ တခြားဆေးဝါးတွေနဲ့ မတိုးတော့တဲ့ ရောဂါဝေဒနာရှင်တွေအတွက်တော့ မျှော်လင့်ချက် ရောင်ခြည် တစ်ခုလည်း ဖြစ်နေပြန်ပါတယ်။


​နိုင်ငံတကာက ဥပဒေပြောင်းလဲမှုအနေနဲ့ အမေရိကန် နိုင်ငံမှာဆိုရင် အရင်က ဆေးခြောက်ကို တားမြစ်ဆေးဝါးအဆင့် (၁) သတ်မှတ်ထားရာကနေ မကြာသေးမီက ၂၀၂၄ ခုနှစ်၊ ဧပြီလနဲ့ မေလလောက်မှာပဲ DEA က တရားဝင် အသိအမှတ်ပြုထားတဲ့ ဆေးဖက်ဝင် ဆေးခြောက် (Medical Marijuana) တွေကို တားမြစ်ဆေးဝါး အဆင့် (၃) အဖြစ် လျှော့ချ သတ်မှတ်ပေးလိုက်ပါပြီ။ ဒါဟာ သေချာစနစ်တကျ သုံးရင် ဆေးဖက်ဝင်တယ်ဆိုတာကို အစိုးရကိုယ်တိုင်က တရားဝင်လက်ခံလိုက်တဲ့ သဘောပါပဲ။


​ဒါပေမယ့် သူငယ်ချင်းတွေ မြှောက်ပေးလို့ဖြစ်ဖြစ်၊ ဖက်ရှင်အနေနဲ့ဖြစ်ဖြစ် စိတ်ဖိစီးမှုတွေကို ခဏတာ မေ့ပျောက်ချင်လို့ အပျော်အပါးသက်သက် သုံးစွဲနေတယ် ဆိုရင်တော့ သင့်ရဲ့တန်ဖိုးရှိတဲ့ ဦးနှောက်ဆဲလ်တွေ၊ မှတ်ဉာဏ်တွေ၊ အဆုတ်တွေနဲ့ အနာဂတ်ရည်မှန်းချက်တွေကို မီးခိုးငွေ့တွေနဲ့အတူ လောင်ကျွမ်း အဆုံးရှုံးခံမလားဆိုတာ သေချာဆင်ခြင်ဖို့ လိုပါတယ်။


​လောကကြီးမှာ အရာရာတိုင်းက အကောင်းနဲ့အဆိုး ဒွန်တွဲလို့ နေပါတယ်။ ဓားတစ်လက်ဟာ ဆရာဝန် လက်ထဲရောက်ရင် လူ့အသက်ကို ကယ်တင်နိုင်တဲ့ ခွဲစိတ်ဓား ဖြစ်လာနိုင်သလို လူမိုက်လက်ထဲ ရောက်ရင်တော့ လူ့ အသက်ကို သေစေနိုင်တဲ့လက်နက် ဖြစ်သွားမှာ အသေအချာပါပဲ.....။


(လူယုတ်မာလက်ထဲ အာဏာရောက်သွားတော့ လူကောင်းတွေ ဘယ်လောက်တောင်မှ ပေးဆပ်လိုက်ရတယ်ဆိုတာ အားလုံးသိကြတဲ့ အတိုင်းပါပဲ)


စေတနာဖြင့်

အဓိပတိ




***Telekyanmar - တယ်လီကျန်းမာ စာမျက်နှာမှကူးယူဖော်ပြသည်။ 


Wednesday, May 27, 2026

အရေးကြီးပြီ” သီချင်း ဖြစ်ပေါ်လာ

 ‎❝ ထူးအိမ်သင် ရေးခဲ့သော “အရေးကြီးပြီ” သီချင်း ဖြစ်ပေါ်လာပုံ ❞




[ သန်းဝင်း (၈၈) မျိုးဆက် ]


 ၁၉၈၈ စက်တင်ဘာလ ၁၈ ရက် စစ်တပ်မှ အာဏာသိမ်းပြီးနောက် ကျနော်သည် ပြည်တွင်းတွင် နေထိုင်ရန်အခြေအနေ မပေးတော့သောကြောင့် ၁၉၈၈ စက်တင်ဘာလ ၁၉ ရက်နေ့တွင် ရန်ကုန်တက္ကသိုလ် ကျောင်းသား (၇) ယောက်နှင့်အတူ ရန်ကုန်မှ မော်လမြိုင် သို့ စတင်ထွက်ခွာခဲ့ ပါတယ်၊ မော်လမြိုင်တွင် သူတို့ အစီအစဥ် နှင့် လာခဲ့ကြသော ကိုမွန်းအောင်၊ ထူးအိမ်သင်တို့နှင့် သီးခြားစီ ဆုံကြပါတယ်။


 ကျနော်တို့ နယ်စပ်ကို အတူတူ သွားကြရန် စီစဥ်ခဲ့ကြသော်လည်း လမ်းပြစီစဥ်သူ၏ အစီအစဥ်ကြောင့် ထူးအိမ်သင်တို့က တသုတ်၊ကိုမွန်းအောင်၊ ဘစောထွန်း၊ ကျနော်တို့ အုပ်စုနဲ့က တစ်သုတ် ဖြစ်သွားခဲ့ကြပါတယ်၊ နောက် နယ်စပ် ဘုရားသုံးဆူမှာ အားလုံး ပြန်လည် ဆုံတွေ့ခဲ့ကြပါတယ်။ ထို့နောက် ၁၉၈၈ နိုဝင်ဘာလတွင် ကရင်နယ်မြေ ဝမ်ခ (‌ကော့မူးရာ) စခန်းတွင် ကျင်းပသော ABSDF ညီလာခံ တက်‌ရောက်ရန် သွားခဲ့ကြရာတွင် ကျနော်နှင့်အတူ ကိုမွန်းအောင်၊ ထူးအိမ်သင် တို့ အတူလိုက်ပါခဲ့ကြပါတယ်။ ညီလာခံမှာ သူတို့က လေ့လာသူတွေအဖြစ်သာ တက်ရောက်ခဲ့ပါတယ်၊ ညီလာခံပြီး နောက်တရက် မှာ နိုဝင်ဘာလ ၆ ရက်နေ့မှာ ရခိုင် ALP ရုံးရှေ့တွင် TIME မဂ္ဂဇင်းမှ ကျနော်တို့ကို အင်တာဗျူးလုပ်ဖို့ ပြောလာခဲ့အခါ ကျနော် က ထူးအိမ်သင်ကို အင်တာဗျူးလုပ်ဖို့ ပြောတယ်။


 ကျနော်က အင်တာဗျူးလုပ်ဖို့ အတွက် ငှက်ကြီးကိုကျောင်းသား တီရှပ်တစ်ထည် ပေးတဲ့အခါမှာ ငှက်ကြီးက ကျနော်ကို “သန်းဝင်း..အခု အင်တာဗျူးကြောင့် ငါ့ကို ထိခိုက်တာကို ငါဂရုမစိုက်ဘူး…ငါ့ အမေ အဖမ်းခံရမယ်ဆိုရင် ငါ ဒီအင်တာဗျူးကို မလုပ်ချင်ဘူး” လို့ ပြောပါတယ်။ ကျနော်က “ဘာမှ မဖြစ်ပါဘူး သူငယ်ချင်းရာ သူတို့ ဒီလိုသာ ဖမ်းကြကြေးဆိုရင် အခု တောခိုလာကြတဲ့ ရဲဘော်တိုင်းမှာ အမေရှိကြတာပဲ” သူတို့ ဖမ်းလို့ ဘယ်ကုန်ပါ့မလဲ လို့ ပြောလိုက်တော့ ငှက်ကြီးဟာ သူ့အမေကို ချစ်တဲ့စိတ်ကြောင့် ဖြစ်ပေါ်လာသော စိုးရိမ်မှု ပြေလျှော့သွားပြီး အင်တာဗျူးကို ဆက်လုပ်ခဲ့ပါတယ်။


 ကျနော် ဆိုလိုချင်တာက ငှက်ကြီးဟာ အမေကို ဘယ်လောက်ချစ်သလဲ ဆိုတာ သိသာစေချင်တာပါ။ နောက်ကျနော်တို့နဲ့အတူ နယ်စပ်မှာ အတူနေကြရင်း သူ့ အမေကို လွမ်းကြောင်း ခဏခဏ ကျနော့် ကို ပြောပါတယ်။ သူ နှင့်အတူ ကျနော်တို့ အမေနဲ့ ဝေးကွာခဲ့ရ‌သော ဘဝတူများကို ကိုယ်ချင်းစာ ပြီး ရင်ထဲက ထွက်လာသော ခံစားချက်များကို နောက်ပိုင်း သူ ရေးသား သီဆိုခဲ့သော အမေစီးရီးဟာ ကျနော်တို့ အလွမ်းဖြေရသော သီချင်းများ ဖြစ်ခဲ့ပါတယ်။ ငှက်ကြီးကို ကျေးဇူးတင်ရပါတယ်…။


 ထို့နောက် နိုဝင်ဘာလ ၁၄ ရက်နေ့ တွင် မယ်တလေ (ခရော့ဒေး) စခန်းတွင် ကျင်းပသော DAB ရဲ့ ပထမညီလာခံသို့ တက်ရောက် ခဲ့ရာတွင် ကိုမွန်းအောင်၊ ထူးအိမ်သင်၊ ကျနော်နှင့်အတူ လိုက်ပါခဲ့ပါတယ်… ဒီအေဘီ ညီလာခံမှာ ကျနော့်ကို ကျောင်းသား ကိုယ်စားလှယ်အဖြစ် ဒီအေဘီ ဗဟို တွဲဖက် အထွေထွေအတွင်းရေးမှူး ရွေးချယ်ခဲ့ပါတယ်။ ဒီအေဘီ ညီလာခံအပြီး ဒီအေဘီ ယာယီရုံးကို မယ်တလေ (ခရော့ဒေး) စခန်းမှာ ရုံးဖွင့်ခဲ့ပါတယ်၊ အဲဒီ ရုံးမှာ ကျနော် က အခန်းတစ်ခန်းရခဲ့ပါတယ်။ အဲဒီအခန်းမှာ ကျနော်၊ ကိုမွန်းအောင်၊ ထူးအိမ်သင် အတူနေခဲ့ကြပါတယ်။ ကျနော် တို့ အခန်းထဲမှာ ဂစ်တာတစ်လုံးရယ်၊ ကက်ဆက်တစ်လုံးရယ် ဒါဘဲ ရှိပါတယ်။ 


 ဒီလိုနေထိုင်ရင်းနှင့် တနေ့မှာ ကျနော် ရက်ကိုတော့ အတိအကျ မမှတ်မိတော့ပါ။ ကိုမွန်းအောင် နှင့် ကျနော် သောင်ရင်းမြစ်သို့ ရေချိုးရန် ပြင်ဆင်နေချိန်တွင် ကျနော်က ငှက်ကြီးကို လှမ်းမေးလိုက်တယ် “ဟေ့ကောင်…ရေချိုး မလိုက်ဘူးလား ဆိုတော့ မလိုက်တော့ဘူးကွာ မင်းတို့ ပြန်လာရင် ငါ တော်လှန်ရေးအတွက် လက်ဆောင် ပေးစရာရှိတယ် ဒါပေမဲ့ အလကား မရဘူး ငါ့ကို လက်ဖက်ရည် တိုက်ရမယ်” လို့ ပြောတယ်။


 ကျနော်က တော်လှန်ရေးအတွက် ဆိုရင်တော့ တိုက်ရမှာပေါ့ကွာ ဟု ပြောပြီး ကျနော် နှင့် ကိုမွန်းအောင် ရေချိုးထွက်သွားကြပါတယ်။ ကျနော့်အထင် မိနစ် ၄၀ လောက်အကြာမှာ ကျနော်တို့ အခန်းကို ပြန်ရောက်ခဲ့ကြတယ်၊ ရောက်ရောက်ချင်း ငှက်ကြီးက မင်းတို့ အဆင်သင့်ဖြစ်ရင်ပြော လို့ ပြောတယ်၊ ကျနော်တို့ အဝတ်အစား လဲပြီးနောက် ကိုမွန်းအောင်၊ ကျနော်၊ ငှက်ကြီး အတူ ထိုင်ကြပြီး ငှက်ကြီးက ဂစ်တာကို ဆွဲကိုင်ပြီး အခု အများ သိကြတဲ့ “အရေးကြီးပြီ” သီချင်းကို တီး၊ ဆို ပြတော့တယ်၊ ဆိုပြီး ကြိုက်လား လို့ မေးတော့ ကိုမွန်းအောင်က ကြိုက်တယ်လို့ ဖြေတယ်၊ ကျနော်က စာသားတွေ ပြင်စရာ ရှိသေးလား၊ မရှိရင် ABSDF ရဲဘော်များကို စတင်တိုက်ပေးချင်တယ် လို့ပြောတော့ မရှိတော့ဘူး အဆင်သင့်ပဲ လို့ သူကပြောတယ်။ ပြီးတော့ လက်ဖက်ရည်ဆိုင်ကို သွားကြပြီး လက်ဖက်ရည်သောက်နေတဲ့ အချိန်မှာ ကျနော်က သူ့ကိုမေးတယ် မင်း ဒီသီချင်းကို ဘယ်တုန်းက စပ်ခဲ့သလဲလို့ မေးတော့ မနေ့ညက စဥ်းစားပြီး ဒီမနက်မှ ရေးတယ်လို့ ပြောတယ်။


 ဒါနဲ့ ကျနော်တို့က ညမှာ မိတ္တူတွေ အများကြီး ကူးပြီး ဒီအေဘီရုံးနှင့် အနီးဆုံးဖြစ်တဲ့ ABSDF တပ်ရင်း ၂၀၇ မှ ရဲဘော် များကို စတင် တိုက်ပေးမယ်လို့ စဥ်းစားပြီး တပ်ရင်း ၂၀၇ မှ ရဲဘော်များကို ဘောလုံးကွင်းတွင်အားလုံးကို စုစေခဲ့ပြီး ရဲဘော်များ အားလုံးကို မိတ္တူတွေ ပေးပြီး ထူးအိမ်သင်၊ ကိုမွန်းအောင်၊ ကျနော်တို့က ရှေ့မှာနေပြီး အကြိမ်ကြိမ် တိုက်ပေးခဲ့ကြပါတယ်။ ၂၀၇ ရဲဘော်များ အားလုံး မှတ်မိကြလိမ့်မယ် ထင်တယ်…။ ဒီသီချင်းကို ထူးအိမ်သင် ကိုယ်တိုင် ၂၀၇ ရဲဘော်များ ကို စ တိုက်ပေးခဲ့တယ် ဆိုတဲ့ သမိုင်းကို ဖော်ထုတ်ပေးလိုသော သဘောပါ။ နောက်ပိုင်း ကိုမွန်းအောင် မှ သွေးမုန်တိုင်း စီးရီးထဲမှာ ထည့်သွင်း သီဆို လို့ အများက သိခဲ့ကြတာ ဖြစ်ပါတယ်၊ ဒါဟာ အများ သိတဲ့ အရေးကြီးပြီ ဆိုတဲ့ သီချင်း ပေါက်ဖွားလာတဲ့သမိုင်း အမှန်ပင်ဖြစ်ပါတယ်။ သူငယ်ချင်း ငှက်ကြီး ကောင်းရာသုဂတိ လားပါစေ…။


#အရေးကြီးပြီ

#ထူးအိမ်သင်

#မွန်းအောင်

#ABSDF 

#ဆီသို့ 

#Towards

-------------------------------------

Subscribe to us on; 

Telegram >>> https://t.me/towardsweeklynews

SoundCloud >>> https://soundcloud.com/towards-podcast

YouTube >>> https://www.youtube.com/@SiTho-Towards-Media

Wednesday, May 20, 2026

မဟာယာနထွန်းကားပြန့်ပွါးလာပုံ။




မူရင်းရေးသားသူ- အမေရီကန် ဘိက္ခူနီ သုဘ်တန် ချိုဒွန်။(Thubten Chodron)


ဗောဓိသတ္တကျင့်စဉ်ကို အဓိကဦးတည်တဲ့ မဟာယာနသုတ္တန်တွေဟာ ခရစ်တော်မပေါ်မီ ဘီစီ (၁) ရာစုခန့်က အိန္ဒိယပြည်မှာ လူသိထင်ရှား စတင် ပေါ်ပေါက်လာတာခြင်းဖြစ်ပါတယ်။ ထိုမှတစ်ဆင့် အချို့သုတ္တန်တွေ ဗဟိုအာရှဘက်ကို ပျံ့နှံ့သွားခဲ့တယ်။ တကယ်တော့ ဗုဒ္ဓဘာသာဟာ ဘီစီ (၃) ရာစုကတည်းက ဗဟိုအာရှကို ရောက်နှင့်နေပြီး ရာစုနှစ်ပေါင်းများစွာ ထွန်းကားခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက် ဗဟိုအာရှကနေ တရုတ်ပြည်ကြီးဆီ သာသနာဆက်ပြန့်သွားပြီး ခရစ်သက္ကရာဇ်အေဒီ (၂) ရာစုအရောက်မှာတော့ ဒီမဟာယာနကျမ်းစာတွေကို တရုတ်ဘာသာဆီ ပြန်ဆိုခဲ့ကြပါတယ်။


 တရုတ်ပိဋကတ်တော်ထဲမှာ သိမ်းဆည်းထားတဲ့ အဂ္ဂမကျမ်းများ (Āgamas) လို့ခေါ်တဲ့ အစောပိုင်းသုတ္တန်တွေဟာ ယနေ့ခေတ် ဖတ်နေတဲ့ ပါဠိနိကာယ်လာ သုတ္တန်တွေနဲ့ တစ်ထေရာတည်းနီးပါး တူနေတာကို တွေ့ရတယ်။ လတ်တလောမှာလည်း အစောပိုင်းကာလ ဝိနည်းကျမ်းစာတွေနဲ့ အခြားသုတ္တန်ကျမ်းဂန်အသစ်တွေကို ထပ်မံတူးဖော်တွေ့ရှိခဲ့ကြသေးတယ်။ ဒါကြောင့် ရှေးဦးဗုဒ္ဓဘာသာသမိုင်းမှာ ပါဠိပိဋကတ်တော်တစ်ခုတည်းပဲ ရှိခဲ့တာမဟုတ်ကြောင်း ပိုထင်ရှားလာတာပေါ့။ ဒါပေမဲ့လည်း အိန္ဒိယနွယ်ဖွား မူလဘာသာစကား နဲ့ တစ်စုတစ်စည်းတည်း မပျောက်မပျက်ဘဲ ကာလရှည်ကြာ တည်တံ့ကျန်ရစ်ခဲ့တဲ့ တစ်ခုတည်းသော ပိဋကတ်တော်ကတော့ ပါဠိပိဋကတ်တော်ပဲ ဖြစ်ပါတယ်။


 ခေတ်သစ်သုတေသီတွေနဲ့ ပါဠိထေရဝါဒ အစဉ်အလာကို သက်ဝင်ယုံကြည်သူတွေကတော့ မဟာယာနသုတ္တန်တွေရဲ့ စစ်မှန်မှုကို သံသယရှိခဲ့ကြတယ်။ ဒီကျမ်းစာတွေဟာ မြတ်စွာဘုရားရှင် ကိုယ်တော်တိုင် ဟောကြားခဲ့တာမဟုတ်ဘဲ နောင်ခေတ်အဆက်ဆက် ရာစုနှစ်ပေါင်းများစွာ ကြာမှ နောက်လူတွေ ရေးသားခဲ့တာလို့ ယူဆကြလို့ပါ။ ဒီလိုယူဆရတဲ့ အဓိကအကြောင်းရင်းကတော့ အစောပိုင်းရာစုနှစ်တွေမှာ ပါဠိသုတ္တန်တွေကပဲ မဟာယာနသုတ္တန်တွေထက် လူထုကြား ပိုပြီးကျယ်ကျယ်ပြန့်ပြန့် ထင်ရှားနေခဲ့လို့ပါပဲ။


 ဒါပေမဲ့လည်း လွန်ခဲ့တဲ့ ဆယ်စုနှစ်အနည်းငယ်အတွင်း ပါကစ္စတန်နဲ့ အာဖဂန်နစ္စတန်တို့မှာ ဘီစီ (၁) ရာစုကုန်ခန့်က ရှေးဟောင်းဗုဒ္ဓဘာသာ လက်ရေးစာမူ ကျမ်းအမြောက်အမြားကို မထင်မှတ်ဘဲ တူးဖော်တွေ့ရှိခဲ့ရတယ်။ ဒီရှာဖွေတွေ့ရှိမှုက မဟာယာနအပေါ် ပညာရှင်တွေရဲ့ အမြင်ကို တစ်ဆစ်ချိုး ပြောင်းလဲစေခဲ့တာပေါ့။ အဘယ်ကြောင့်လဲဆိုတော့ ဂန္ဓာရီပြကရစ်ဘာသာစကား နဲ့ ရေးထားတဲ့ အဲဒီကျမ်းမူအသစ်တွေဟာ ယခင်ရှာဖွေထားတဲ့ကျမ်းတွေထက်စောနေလို့ဖြစ်ပါတယ်။


 အသစ်ရှာဖွေတွေ့ရှိတဲ့ လက်ရေးစာမူ အတော်များများဟာ ဓမ္မဂုတ္တကနွယ်ဝင် တွေဆီကဖြစ်ပြီး၊ အချို့ကတော့ မဟာယာနသုတ္တန်တွေ ဖြစ်ကြပါတယ်။ ဒီကျမ်းစာအချို့ကို "အစောပိုင်းမဟာယာန" လို့ ခေါ်ဆိုကြပေမဲ့လည်း၊ သူတို့ရဲ့ ဗောဓိသတ္တကျင့်စဉ်အပေါ် ထားရှိတဲ့ အယူအဆနဲ့ တင်ပြပုံတွေကတော့ တော်တော်လေးကို ခိုင်မာနေပြီလို့ ပြောရမှာပါ။ မြတ်စွာဘုရားရှင်ရဲ့ သက်တော်ထင်ရှားကာလ သမိုင်းရက်စွဲတွေကို ယခင်ကထက် ပိုမိုနောက်ကျနိုင်ကြောင်း ပြင်ဆင်သတ်မှတ်လာကြတာရယ်၊ ပိုပြီးရှေးကျတဲ့ မဟာယာနကျမ်းစာတွေကို ထပ်မံတွေ့ရှိလာရတာရယ်ကြောင့် ခေတ်သစ်သုတေသီတွေဟာ မဟာယာနသုတ္တန်တွေအပေါ် ထားရှိတဲ့ သူတို့ရဲ့အမြင်ကို ပြန်လည်သုံးသပ်လာကြပါတယ်။


အရင်က လူထုကြားထဲမရောက်ရှိသေးတဲ့ ဗောဓိသတ္တသုတ္တန်တွေ လူထုကြား ပထမဆုံး စတင်ပေါ်ပေါက်လာပြီးနောက် ရာစုနှစ်ပေါင်းများစွာ ကြာတဲ့အထိ မဟာယာနဟာ ဗုဒ္ဓဘာသာထဲမှာ သီးသန့်ဂိုဏ်းခွဲကြီးတစ်ခုအနေနဲ့ ပေါ်ပေါ်ထင်ထင် ကွဲထွက်မသွားခဲ့ပါဘူး။ အစပိုင်းတုန်းက "မဟာယာန" ဆိုတဲ့ ဝေါဟာရဟာ အစောပိုင်းသုတ္တန်တွေမှာ ခေတ်စားခဲ့တဲ့ ရဟန္တာဖြစ်ဖို့ ကျင့်ကြံခြင်းထက် မဟာယာနလမ်းစဉ်ရဲ့ ပန်းတိုင်ဖြစ်တဲ့ "ဗုဒ္ဓအဖြစ်ရအောင်ကျင့်ကြံခြင်း" ကိုသာ ရည်ညွှန်းခဲ့တာပါ။ အချိန်တွေ ကုန်လွန်လာတာနဲ့အမျှ မဟာယာနဆိုတာ ကျမ်းဂန်စာပေစုကြီးတစ်ခုကို ရည်ညွှန်းလာပြီး အေဒီ (၄)ရာစုအရောက်မှာတော့ အရှင်အသင်္ဂ က ဗောဓိသတ္တကျင့်စဉ်ကို ရှင်းလင်းထားတဲ့ ကျမ်းစာတွေကို ညွှန်ပြဖို့အတွက် ဒီဝေါဟာရကို အသုံးပြုခဲ့ပါတယ်။ အေဒီ(၆)ရာစုကို ရောက်တဲ့အခါမှာတော့ လူတွေဟာ မိမိကိုယ်ကိုယ် "မဟာယာနအယူဝါဒီ" တွေလို့ ခေါ်ဝေါ်လာကြပြီး သီးခြားဗုဒ္ဓဘာသာအစုအဖွဲ့တစ်ခုအနေနဲ့ သတ်မှတ်လာကြတာရှိပါတယ်။ 


 ဒါပေမဲ့ မဟာယာနကျမ်းစာ အရေအတွက်ကလည်း အင်မတန်များပြားပြီး ပျံ့နှံ့သွားတဲ့ နယ်မြေဒေသကလည်း ကျယ်ပြောလွန်းတာကြောင့် အိန္ဒိယပြည်က မဟာယာနသမားတွေဟာ တစ်စုတစ်စည်းတည်းဖြစ်တဲ့ အဖွဲ့အစည်းတစ်ခုအသွင် ပြောင်းလဲမသွားခဲ့သလို ကျွန်မတို့ သိရသလောက်တော့ အိန္ဒိယပြည်မှာ မဟာယာနသီးသန့် ပိဋကတ်တော်ရယ်လို့ တစ်စုတစ်စည်းတည်း ပြုစုတည်းဖြတ်ခဲ့ခြင်းလည်း မရှိခဲ့ပါဘူး။


မဟာယာနဆိုတာ သီးခြားဘာသာရေးတစ်ခု မဟုတ်ခဲ့သလို သီးသန့်အဖွဲ့အစည်းအဆောက်အအုံတွေလည်း မရှိခဲ့ပါဘူး။ မဟာယာနဂိုဏ်း အဓိကလွှမ်းမိုးထားတဲ့ သီးခြားပထဝီဝင်နယ်မြေရယ်လို့လည်း မရှိခဲ့ပါဘူး။ သာဝကယာန(ထေရဝါဒ) ကို လိုက်နာတဲ့ သံဃာတော်တွေနဲ့ ဗောဓိသတ္တယာန ကို လိုက်နာတဲ့ သံဃာတော်တွေဟာ တစ်ကျောင်းတည်းမှာ အတူတကွ သီတင်းသုံးခဲ့ကြပြီး ရဟန်းသံဃာတို့ လိုက်နာရမယ့် ဝိနည်းစည်းကမ်းတွေဖြစ်တဲ့ "ပါတိမောက်" ကိုလည်း အတူတူပင် ရွတ်ဆိုသရဇ္ဈာယ်ခဲ့ကြပါတယ်။ အေဒီ(၅)ရာစုကနေ (၁၂)ရာစု အထိ ဗုဒ္ဓသာသနာ အလွန်ထွန်းကားခဲ့တဲ့ နာလန္ဒာ ၊ ဝိကြမသီလာ နဲ့ ဩဒန္တပူရီ စတဲ့ တက္ကသိုလ်ကြီးတွေမှာလည်း ကွဲပြားခြားနားတဲ့ ဗုဒ္ဓဘာသာဂိုဏ်းအသီးသီးက ရဟန်းသံဃာတွေနဲ့ လူပုဂ္ဂိုလ်တွေ အတူတကွ မှီတင်းနေထိုင်ခဲ့ကြပါတယ်။ သူတို့ဟာ ဘုရားရှင်ရဲ့ တရားတော်များကို အတူတကွ လေ့လာဆွေးနွေး ငြင်းခုံခဲ့ကြပြီး အပြန်အလှန် သင်ယူလေ့လာခဲ့ကြတာပဲဖြစ်ပါတယ်။


 မဟာယာနကျမ်းစာတွေထဲမှာ ဒဿနပိုင်းဆိုင်ရာ အယူအဆတွေနဲ့ ကျင့်စဉ်တွေ ပေါင်းစုံပါဝင်နေတာကြောင့် ဒါကို တစ်သွေးတစ်သံတည်းဖြစ်တဲ့ အယူဝါဒစနစ်ကြီးတစ်ခုလို့ ပြောလို့မရပါဘူး။ ဒါပေမဲ့ မိမိကိုယ်ကိုယ် မဟာယာနသမားလို့ ခံယူထားသူတိုင်းကတော့ ဗောဓိသတ္တကျင့်စဉ်နဲ့ လမ်းစဉ်တွေလိုမျိုးတွေကို တူညီတဲ့ သက်ဝင်ယုံကြည်မှုတွေ ရှိကြပါတယ်။ အစောပိုင်း မဟာယာနကျမ်းစာတွေကို ဘာသာစကားတစ်ခုတည်းနဲ့ပဲ ကန့်သတ်ရေးသားခဲ့တာ မဟုတ်ပါဘူး။ စပ်ကြားသက္ကတဘာသာ (Buddhist Hybrid Sanskrit)၊ ဗုဒ္ဓဘာသာသက္ကတဘာသာ (Buddhist Sanskrit)၊ ဂန္ဓာရီဘာသာ (Gāndhārī) နဲ့ ရှေးဟောင်းသက္ကတဘာသာ (Classical Sanskrit) တို့နဲ့ ရေးသားခဲ့ကြတာပါ။ 


 မဟာယာနကျမ်းစာ အတော်များများဟာ သက္ကတဘာသာနဲ့ ဖြစ်ပေမဲ့လည်း၊ သက္ကတဘာသာနဲ့ ရေးထားတဲ့ကျမ်းတိုင်းဟာ မဟာယာနကျမ်းစာတွေ မဟုတ်ကြပါဘူး။ အချို့ဆိုရင် သာဝကယာန(ထေရဝါဒ)တရားတွေကိုပဲ သွန်သင်ထားတာ ဖြစ်ပါတယ်။


 မဟာယာနဟာ သာဝကယာန(ထေရဝါဒ)ရဲ့ ကျမ်းစာတွေနဲ့ အဆုံးအမတွေကို ပယ်ချခဲ့ခြင်း မရှိပါဘူး။ အမှန်တော့ ဗောဓိသတ္တကျင့်စဉ်ဆိုတာ သာဝကယာနရဲ့ တရားတော်တွေကို အသေအချာ နက်နက်နဲနဲ နားလည်သဘောပေါက်ခြင်းအပေါ်မှာ အခြေခံထားတာ ဖြစ်ကြောင်းကိုသာ ဟောကြားပြသခဲ့တာ ဖြစ်ပါတယ်။  


 သစ္စာလေးပါး၊ ဗောဓိပက္ခိယတရား ၃၇ ပါး၊ သိက္ခာသုံးပါး၊ ဗြဟ္မစိုရ်တရားလေးပါး၊ သမထနဲ့ ဝိပဿနာ စတဲ့ တရားတော်အမြောက်အမြားဟာ သာဝကယာနနဲ့ မဟာယာန နှစ်ဖက်စလုံးမှာ အတူတူပဲ ရှိကြတာပါ။ ဒါ့အပြင် ဘယ်ဂိုဏ်း၊ ဘယ်အစဉ်အလာကပဲဖြစ်ဖြစ် ဗုဒ္ဓဘာသာဝင်မှန်သမျှဟာ ရတနာသုံးပါးကိုပဲ အသက်ထက်ဆုံး ကိုးကွယ်ဆည်းကပ်ကြတာ ဖြစ်ပါတယ်။

မဟာယာနသုတ္တန်အများစုဟာ ပါဠိသုတ္တန်တွေ နောက်ပိုင်းမှ လူသိထင်ရှား ပေါ်လာတာမှန်ပေမဲ့ အချို့ကျမ်းစာတွေက ပါဠိပိဋကတ်တော်ထဲက ကျမ်းအချို့ထက်တောင် စောပြီးပေါ်ခဲ့တာမျိုး ရှိပါတယ်။ 


 ပါဠိပိဋကတ်တော်ဆိုတာ ဘုရားရှင်လက်ထက်ကစလို့ နောက်ပိုင်း ရာစုနှစ်ပေါင်း တစ်ဆယ်လောက်ကြာမှ ကျမ်းစာပိတ် (ထပ်မံဖြည့်စွက်ခြင်းမပြုဘဲ အဆုံးသတ်) တာမျိုးဖြစ်လို့ အဲ့ဒိကြားကအချိန်ကာလများစွာက ကျမ်းစာတွေ စုံလင်စွာ ပါဝင်နေပါတယ်။ ပါဠိပိဋကတ်တော်ရဲ့ အဋ္ဌကထာ အချို့ဆိုရင် မဟာယာနကျမ်းပြုဆရာတော်ကြီးတွေဖြစ်တဲ့ အရှင်နာဂါရုဇုန၊ အရှင်ဝသုဗန္ဓု နဲ့ အရှင်ဗုဒ္ဓပါလိတ တို့ရဲ့ မဟာယာနကျမ်းစာတွေ အဖွင့်ကျမ်းတွေထက်တောင် နောက်ကျပြီးမှ ရေးသားခဲ့တာ ဖြစ်ပါတယ်။ လတ်တလော ပါကစ္စတန်နဲ့ အာဖဂန်နစ္စတန်တို့မှာ ရှာဖွေတွေ့ရှိခဲ့တဲ့ အစောဆုံး ရှေးဟောင်းဗုဒ္ဓဘာသာ လက်ရေးစာမူတွေထဲမှာ သာဝကယာနရော မဟာယာနကျမ်းစာတွေပါ တွေ့ရတယ်။ 


 အတိုချုပ်ပြောရရင် ဗုဒ္ဓဘာသာဂိုဏ်းအသီးသီးဟာ အချိန်အကြာကြီး ယူပြီးမှ တဖြည်းဖြည်း တိုးတက်ထွန်းကားလာခဲ့တာပါ။ သူတို့မှာ ထပ်တူကျတဲ့ အယူအဆတွေရော၊ သီးသန့်ကွဲပြားတဲ့ ဝါဒတွေနဲ့ ကျမ်းစာတွေပါ ရှိခဲ့ကြတယ်။ ဗုဒ္ဓဓမ္မဆိုတာ အတိတ်ကရော အခုအထိပါ အမြဲတမ်း ရှင်သန်ပြောင်းလဲနေတဲ့ လမ်းစဉ်တစ်ခု ဖြစ်ပါတယ်။


 မဟာယာနဆိုတာ သီးသန့်ရဟန်းခံတဲ့စနစ် ဒါမှမဟုတ် ဂိုဏ်းကြီးတစ်ခု မဟုတ်ပါဘူး။ "မဟာယာနဝိနည်း" ဒါမှမဟုတ် "မဟာယာနနည်းအရ ရဟန်းခံခြင်း" ဆိုတာမျိုး လုံးဝမရှိပါဘူး။ ရှေးခေတ်ကနေ အခုအချိန်အထိ မဟာယာနကျင့်ကြံသူတွေဟာ ရှေးဦးဗုဒ္ဓဘာသာဂိုဏ်းကြီး ၁၈ ဂိုဏ်းရဲ့ ဝိနည်းအတိုင်းပဲ ရဟန်းခံခဲ့ကြတာပါ။ ဥပမာ- အရှင်အသင်္ဂဟာ သဗ္ဗတ္ထိဝါဒဂိုဏ်းရဲ့ ဝိနည်းအတိုင်း ရဟန်းပြုခဲ့ပြီး၊ အရှင်ဝိမုတ္တိသေနက သမ္မိတိယဂိုဏ်း၊ အရှင်အတိဿ ကတော့ မဟာသံဃိကဂိုဏ်း ရဲ့ ဝိနည်းအတိုင်း ရဟန်းခံခဲ့ကြတာမျိုးပေါ့။ ရှေးခေတ်ကတရုတ်ဘုရားဖူးရဟန်းတော်တွေရဲ့ မှတ်တမ်းမှာလည်း သူတို့ခေတ်က ကျောင်းတိုက်အချို့ကို "မဟာယာန-ထေရဝါဒကျောင်း" လို့ ရေးသားခဲ့ကြဖူးတယ်။ 


 အဲဒီဝေါဟာရရဲ့ တိကျတဲ့အဓိပ္ပာယ်ကို ကျွန်မတို့ သေချာမသိရသေးပေမဲ့၊ အခုခေတ် ထေရဝါဒလိုမျိုး သထဝီရဝိနည်းနဒ့ရဟန်းခံပြီး မဟာယာနတရားကို ကျင့်ကြံတဲ့ သံဃာတော်တွေကို ရည်ညွှန်းတာ ဖြစ်နိုင်ပါတယ်။ မဟာယာနရဟန်းတော်တွေဟာ ဝိနည်းကျောင်းတော်တွေမှာ သီတင်းသုံးပြီး၊ ဝိနည်းက သတ်မှတ်ထားတဲ့ အကျင့်သီလတွေကို စောင့်ထိန်းကာ ဝိနည်းကံတွေကို ဆောင်ရွက်ကြပါတယ်။ ဗောဓိသတ္တလမ်းစဉ်ကို လျှောက်လှမ်းတယ်ဆိုတာ သီလပိုင်းကို ပေါ့လျော့ပစ်လိုက်တာ မဟုတ်ပါဘူး။ အမှန်တော့ မဟာယာနကျင့်ကြံသူတွေဟာ လူဝတ်ကြောင် ငါးပါးသီလ၊ ရဟန်းဝိနည်း ပါတိမောက်သီလတွေအပြင်၊ ဗောဓိသတ္တသီလ တွေကိုပါ ထပ်ဆင့်ပြီး ဆောက်တည်ကြတာ ဖြစ်ပါတယ်။


 ထေရဝါဒဗုဒ္ဓဘာသာကို "ပင်မဗုဒ္ဓဘာသာ" လို့ ခေါ်ဝေါ်တာမျိုးဟာ မမှန်ကန်သလို ရှုပ်ထွေးမှုလည်း ဖြစ်စေပါတယ်။ ခေတ်အဆက်ဆက် နယ်မြေဒေသတစ်ခုစီမှာ တစ်ဂိုဏ်းမဟုတ် တစ်ဂိုဏ်းက ပိုပြီးတော့ အခြေခိုင် ထွန်းကားနေတတ်တာမျိုးရှိပါတယ်။ သမိုင်းမှာ အနည်းဆုံး ဗုဒ္ဓဘာသာဂိုဏ်း ၁၈ ဂိုဏ်းလောက် ရှိခဲ့ပြီး အားလုံးက မိမိတို့ကိုယ်ကိုယ် ပင်မဗုဒ္ဓဘာသာလို့ပဲ သတ်မှတ်ခဲ့ကြတာ ဖြစ်ပါတယ်။ မဟာယာနကတော့ အိန္ဒိယနဲ့ ဗဟိုအာရှတစ်ခွင်မှာ လူကြိုက်များပြီး အလွန်ထွန်းကားခဲ့သလို၊ အရှေ့အာရှ၊ သီရိလင်္ကာ၊ တောင်အာရှနဲ့ အင်ဒိုနီးရှားတို့ဆီအထိ ပျံ့နှံ့သွားခဲ့ပါတယ်။ လူနည်းစုပဲ ပါဝင်တဲ့လှုပ်ရှားမှုတစ်ခု ဖြစ်ခဲ့မယ့်အစား ပင်မရေစီးကြောင်းကြီးတစ်ခုလို ဖြစ်လာခဲ့တာပါ။ 


 မဟာယာနရော သာဝကယာန လမ်းစဉ်နှစ်ခုစလုံးမှာပဲ ဝတ်ပြုဆုတောင်းတာ၊ ဂါထာရွတ်တာ၊ မန္တန်တွေနဲ့ ဓါရဏီပရိတ်တော်တွေ ရွတ်ဆိုတာမျိုးတွေ ပါဝင်ပါတယ်။ လမ်းစဉ်နှစ်ခုစလုံးကပဲ စေတီပုထိုးတွေ၊ ဆင်းတုတော်တွေ၊ ပန်းချီကားတွေနဲ့ ဓါတ်တော်မွေတော်တွေကို ရိုသေပူဇော်ကြတာချင်း တူတူပါပဲ။ ဒါပေမဲ့ မဟာယာနသုတ္တန်တွေမှာ ဒီကျမ်းစာတွေကို ကူးရေးမှတ်ခြင်းရဲ့ အရေးပါပုံကို ပိုပြီးအလေးပေး ဖော်ပြထားတဲ့အတွက် မဟာယာနကျင့်ကြံသူတွေဟာ ကျမ်းစာတွေကို ကူးယူပူဇော်တဲ့အလုပ်မှာ ပိုပြီးတော့ ပါဝင်ခဲ့ကြပါတယ်။


 အိန္ဒိယပြည်မှာ၊ တစ်ခါတလေ သီရိလင်္ကာမှာလည်း ၁၂ ရာစုမတိုင်ခင်အထိ သာဝကယာနနဲ့ မဟာယာနဟာ အတူတကွ ပူးတွဲထွန်းကားခဲ့တာ ဖြစ်ပါတယ်။ လမ်းစဉ်နှစ်ခုစလုံးက ကျင့်ကြံသူတွေဟာ ကျောင်းတိုက်တစ်ခုတည်းမှာ အတူတူနေထိုင်လေ့ရှိကြပြီး တစ်ဦးနဲ့တစ်ဦး ဝိနည်းဂိုဏ်းတူတူပဲ ရဟန်းခံခဲ့ကြသလို ဝိနည်းကံတွေကိုလည်း အတူတူဆောင်ရွက်ခဲ့ကြတယ်။ ပြီးတော့ တူညီတဲ့ ကျမ်းစာတွေ၊ အယူအဆတွေကို မျှဝေလေ့လာခဲ့ကြပြီး မိမိတို့ရဲ့ ထူးခြားတဲ့အမြင်တွေကို အပြန်အလှန် ဆွေးနွေးငြင်းခုံခဲ့ကြတာပါ။ ဖွင့်ဆိုပုံ ဖွင့်ဆိုနည်းချင်း ကွဲပြားတာမျိုးတွေ ရှိခဲ့ပေမဲ့ အဋ္ဌကထာ အစဉ်အလာတွေကိုလည်း အတူတူပဲ ပြုစုပျိုးထောင်ခဲ့ကြပါတယ်။ ဒီလမ်းစဉ်နှစ်ခုကြားမှာ အချို့သောအချက်တွေ ကွဲပြားမှု ရှိခဲ့တာတော့ မှန်ပါတယ်။ ဥပမာ- သူတို့ အဓိကလေ့လာတဲ့ ပင်မသုတ္တန်ကျမ်းစာတွေ မတူတာ၊ ကျင့်ကြံခြင်းရဲ့ ရည်ရွယ်ချက်၊ လျှောက်လှမ်းတဲ့ လမ်းစဉ်နဲ့ ရရှိမယ့် ရလဒ်တွေအပေါ် ရှုမြင်ပုံချင်း ကွဲပြားတာမျိုးတွေပါ။


 ဒါပေမဲ့ အိန္ဒိယပြည်က သာဝကယာနဂိုဏ်း အတော်များများဟာ အခြေအနေအမျိုးမျိုးကြောင့် အချိန်နဲ့အမျှ တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်သွားခဲ့ရပါတယ်။ ဗြဟ္မဏခေတ် ပြန်လည်ဦးမော့လာတာ၊ အုပ်ချုပ်ရေးအာဏာစနစ် ပြောင်းလဲသွားတာ၊ ဟိန္ဒူဘာသာ ပိုပြီးခေတ်စားလာတာရယ်၊ ရဟန်းသံဃာတွေက လူထုရဲ့နေ့စဉ်ဘဝထဲမှာ ပါဝင်ပတ်သက်မှု နည်းပါးလာတာတွေကြောင့် ဖြစ်ပါတယ်။ နောက်ပိုင်းမှာ ဒီလိုအကြောင်းရင်းတွေကပဲ မဟာယာနအစုအဖွဲ့တွေကိုပါ ရိုက်ခတ်မှု ရှိလာခဲ့ပါတယ်။ ၁၃ ရာစုအစောပိုင်းရောက်တဲ့အခါမှာတော့ ဗုဒ္ဓဘာသာဟာ အိန္ဒိယပြည်မှာ လုံးဝနီးပါး ကွယ်ပျောက်သွားခဲ့ပေမဲ့ သက္ကတနဲ့ ပါဠိစာပေ အစဉ်အလာနှစ်ခုစလုံးကတော့ အာရှတစ်ခွင်နဲ့ အခြားနယ်မြေတွေဆီအထိ ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့သွားခဲ့ပြီး ဖြစ်ပါတယ်။

Tuesday, May 19, 2026

အန်ဂျီအိုတွေက ဘယ်သူ့ကို တာဝန်ခံတာလဲ


(USAID ပါကစ္စတန် တွင် ဖွံ့ဖြိုးရေးဆိုင်ရာ အဆင့်မြင့် ကျွမ်းကျင်သူအဖြစ် လုပ်ကိုင်ခဲ့သူ ‘မိုဟာမက် အလ်တပ်ဖ် အာဖရီဒီ’ ၏ဆောင်းပါးကို ဘာသာပြန်ထားပါတယ်။)


ဆောင်းပါးရှင် - Mratt Kyaw Thu (May 18, 2026)


အဲ့ဒီနေ့က သြဂုတ်လထဲဆိုတော့ အတော် အိုက်စပ်စပ် ရှိတယ်။ ပျက်သွားတဲ့ကားကို ပြင်ဖို့ အစ္စလာမာဘတ်ဈေးထဲက ဝပ်ရှေ့ဆိုင်ကို ကျနော်ရောက်နေတာ။ စက်ပြင်ဆရာ မရောက်သေးလို့ ထိုင်စောင့်နေရတယ်။ ဈေးနဲ့ ခပ်လှမ်းလှမ်းမှာတော့ အဲကွန်းအငြိမ့်သားနဲ့ အမေရိကန်သံရုံး ရှိတယ်။


ဒီလောက် ပူကြွပ်နေတာတောင်မှ ဈေးထဲမှာ လူတွေ လှုပ်လှုပ်ရွရွဖြစ်နေတာ သတိထားမိတယ်။ အဲ့ဒါနဲ့ ဝပ်ရှော့ထဲက စက်ပြင်ဆရာတပည့်ကို လှမ်းမေးကြည့်တော့ “ဒီနေ့ ကျနော်တို့ ဆိုင်ရှင်များအသင်း အမှုဆောင် ရွေးတဲ့နေ့လေ” လို့ ပြန်ပြောတယ်။ ကျနော်လည်း စိတ်ဝင်စားသွားတော့ ဝပ်ရှော့ထဲကထွက်ပြီး ဟိုဟိုဒီဒီ စ နည်းနာကြည့်တယ်။


ဈေးထဲမှာ ဟိုနားလူတစု ဒီနားလူတစုနဲ့ အတော်ကို တက်တက်ကြွကြွ ဆွေးနွေးနေကြတာ မြင်ရတယ်။ ကြားရတဲ့ အကြောင်းအရာတွေက အစ္စလာမာဘတ်ဈေးထဲ ဆိုင်ရှင်တွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေ၊ အစိုးရက လျစ်လျူရှုထားတာတွေ၊ ပြီးတော့ မြို့ထဲက ဝပ်ရှေ့တွေကို ညစ်ပတ်လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ မြို့ပြင်ကို ရွှေ့ပစ်မယ်ဆိုလို့ စီးပွားပျက်မယ့်ကိစ္စတွေ၊ အစုံပဲ။


သူတို့ အမှုဆောင်ရွေးတာက ကြမ်းတယ်။ ပိုစတာတွေ ချိတ်၊ စာတန်းတွေထိုး၊ ဆွေးနွေးနေတဲ့ ပုံစံတွေကြည့်ရတာလည်း ပြင်းထန်တယ်။ နှိုင်းပြောရရင် တော်ရုံနိုင်ငံတော်အဆင့် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးတွေလောက်တော့ သနားတယ်လို့ ပြောရလိမ့်မယ်။ ကျနော် ဘာတွေးမိလဲဆိုတော့ “ဒါကမှ အခြေခံလူတန်စားတွေရဲ့ တကယ့် လူမှုအဖွဲ့အစည်း လှုပ်ရှားမှု” ဆိုတာပါပဲ။


ကျနော် ဖွံ့ဖြိုးရေးကဏ္ဍမှာ ၂၅ နှစ် အလုပ်လုပ်ခဲ့ပါတယ်။ အရပ်ဘက် အဖွဲ့အစည်းတွေအတွက်ပေးတဲ့ သန်းနဲ့ချီတဲ့ ဒေါ်လာငွေတွေကို စီမံခန့်ခွဲခဲ့ဖူးပါတယ်။ ဒါပေမဲ့ ဘယ်အလှူရှင်အဖွဲ့အစည်းကမှ အစ္စလာမာဘတ်ဈေးထဲက ‘ဆိုင်ရှင်များအသင်း’ လိုအဖွဲ့မျိုးတွေကို ရန်ပုံငွေ ထောက်ပံ့ပေးတာ တခါမှ မမြင်ဖူးပါ။


ဒါကဘာကို ပြနေတာလဲဆိုတော့ ရန်ပုံငွေ စိုက်ထုတ်ပေးလိုက်တာနဲ့ အမှန်တကယ် လက်တွေ့မြေပြင်မှာ လိုအပ်နေတာတွေနဲ့ ကွာခြားချက်ကြီးကြီးမားမား ရှိနေတယ် ဆိုတာပဲ။ နိုင်ငံတကာက ပေးတဲ့ အကူအညီတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေကြားမှာ ဘာတွေလွဲနေလဲဆိုတာကို မြင်သာစေတဲ့အချက်လည်း ဖြစ်ပြန်ပါတယ်။


အခုဆိုရင် အမေရိကန် အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးအေဂျင်စီ (USAID) လည်း ဖျက်သိမ်းခံလိုက်ရပြီ။ အနောက်နိုင်ငံတွေရဲ့ ဖွံ့ဖြိုးရေး ရန်ပုံငွေတွေ ဘယ်လိုရှိခဲ့နေခဲ့သလဲဆိုတာကိုလည်း မေးခွန်းထုတ် စစ်ဆေးနေကြပြီ။ ဒါကြောင့် ဒီမေးခွန်းဟာ အခုအချိန်မှာ အရေးတကြီး ဖြေရှင်းရမယ့်ကိစ္စ ဖြစ်လာပါတယ်။


နိုင်ငံတကာ အကူအညီတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေကြားမှာ ဘာတွေလွဲနေသလဲ။

ပွင့်ပွင့်လင်းလင်းပြောရရင် ကျနော်တို့က လက်တွေ့မြေပြင်မှာ ဘယ်သူ့ကိုမှ တာဝန်ခံစရာမလိုဘဲ ဝါရှင်တန် ဒါမှမဟုတ် လန်ဒန်က အလှူရှင်တွေကိုပဲ တာဝန်ခံရတဲ့ အသက်မွေးဝမ်းကျောင်း အန်ဂျီအိုတွေနဲ့ သီးသန့် ကမ္ဘာတစ်ခုကို ဖန်တီးခဲ့ကြတာပဲ။


တကယ်က အရပ်ဘက် လူမှုအဖွဲ့အစည်း ဆိုတာ အစိုးရနဲ့ ဈေးကွက်စီးပွားရေးကြားက လစ်ဟာနေတဲ့ ကွက်လပ်ကို ဖြည့်ဆည်းပေးရတာ ဖြစ်ပါတယ်။ အစိုးရကလည်း မလုပ်ပေး၊ စီးပွားရေးသမားတွေကလည်း မလုပ်တဲ့အရာတွေကို စိတ်တူကိုယ်တူရှိတဲ့ လူတွေ စုပေါင်းပြီး လုပ်ကြတာမျိုးပါ။ ပြောရရင်တော့ တကယ့် စိတ်ရင်းစေတနာအမှန်နဲ့ အဖွဲ့ဝင်တွေအပေါ်မှာ အခြေခံထားပြီး တာဝန်ခံမှု ရှိရှိလုပ်ကြရတာမျိုး။


ကျနော် တွေ့ခဲ့ရတဲ့ အစ္စလာမာဘတ်ဈေးထဲက ‘ဆိုင်ရှင်များအသင်း’ ဆိုတာ အတိအကျ ပြောရရင် အဲဒီလို အဖွဲ့အစည်းမျိုးပဲ။ အစိုးရကလည်း မဖြေရှင်းပေးနိုင်၊ ဈေးကွက်ကလည်း မတတ်နိုင်တဲ့ ပြဿနာတွေကို ဖြေရှင်းဖို့နဲ့ သူတို့ ခေါင်းဆောင်ပိုင်းကို ရွေးကောက်တင်မြှောက်ဖို့ ဈေးသူဈေးသားတွေက သူတို့မှာရှိတဲ့ အရင်းအမြစ်တွေကို စုပေါင်းပြီး လုပ်ကြတယ်။


ပါကစ္စတန်နိုင်ငံက ကိုလိုနီလက်အောက်က ထွက်လာရတာဖြစ်လို့ စစ်တပ်က အင်အားကောင်းတယ်။ ပြီးတော့ ဗျူရိုကရေစီယန္တရားကလည်း ခိုင်မာတယ်။ ဒါပေမဲ့ အရပ်ဘက် လူမှုအဖွဲ့အစည်းကျတော့ အားနည်းတယ်။ ကိုလိုနီဆိုတာကတော့ ဘယ်တော့မှ စုစည်းညီညွတ်မှုကို လိုလားခဲ့တာ မဟုတ်ဘူး။ ဒါပေမဲ့ လူ့အဖွဲ့အစည်းဆိုတာက ကိုယ့်ဘာသာ စုစုစည်းစည်းနဲ့ ရှင်သန်နိုင်မဲ့ နည်းလမ်းတွေ ရှာကြံခဲ့ကြရတာပါပဲ။


ဈေးသည်များအသင်း၊ ဘာသာရေး လူမှုကူညီရေး ကွန်ရက်တွေ၊ သက်မွေးဝမ်းကျောင်း အသင်းတွေ၊ ရပ်ကွက်အသင်းအပင်းတွေ စတာတွေဟာ ပါကစ္စတန်မှာ နေရာတိုင်းရှိကြတယ်။ ကိုယ့်အားကိုယ်ကိုးပြီး ရန်ပုံငွေ မတည်တယ်၊ ပြီးတော့ ကိုယ်စားပြုတဲ့ အသိုက်အဝန်းအတွက် အလုပ်လုပ်ကြတယ်။


ဘာကြောင့်လဲတော့ မပြောတတ်ဘူး။ နိုင်ငံတကာ အလှူရှင်တွေဟာ ဒီလို အသင်းအပင်း အဖွဲ့အစည်းတွေကို ဘယ်တော့မှ မတွေ့ကြဘူး။ မတွေ့ကြတာပဲလား ကပ်ကျော်သွားတာပဲလား။ ဒီလိုအဖွဲ့တွေအစား နိုင်ငံတကာအလှူရှင်တွေ ရက်ရက်ရောရော ငွေစိုက်ထုတ်ပေးကြတာ ဘယ်လိုအဖွဲ့တွေလိုဆိုတော့ ဒီလိုနိုင်ငံတကာအဖွဲ့တွေဆီက ငွေရဖို့ သီးသန့်ထောင်ထားကြတဲ့ အဖွဲ့တွေပဲ။ အချိန်လုနေရတာတွေ၊ ရထားတဲ့ ထောက်ပံ့ငွေတွေ အမြန်သုံးဖို့ လောနေရတာတွေနဲ့ ပရိုပိုဆယ်အပေါ် အခြေခံထားတဲ့ အဲ့ဒီလိုအဖွဲ့တွေရဲ့ ငွေသုံးစွဲမှုတွေကိုကြည့်ရင် အရပ်ဘက်အဖွဲ့အစည်းနဲ့မတူတော့ဘဲ ကန်ထရိုက်ဆွဲပြီး အလုပ်လုပ်ကြတာနဲ့ တူနေပါတော့တယ်။ ပြောရရင် ကန်ထရိုက်ဆွဲပြီး အသက်မွေးဝမ်းကျောင်း ပြုနေတဲ့ အန်ဂျီအို ဂေဟစနစ်ကြီးကို ဖန်တီးပေးလိုက်သလို ဖြစ်သွားပါတယ်။


ဘာဖြစ်ရမယ်၊ ဘယ်လိုရလဒ်မျိုးထွက်ရမယ်ဆိုတဲ့ သတ်မှတ်ချက်လည်းမရှိသလို တာဝန်ယူမှုလည်း မရှိ၊ ရည်မှန်းချက်လည်း ရှိကြပုံ မရဘူး။ ကိုယ့်အဖွဲ့ဝင်တွေအပေါ်မှာလည်း တာဝန်ခံမှု မရှိကြဘူး။ သူတို့ အဓိက တာဝန်ခံကြတာက အလှူရှင်တွေပဲ။


ဒီနှစ် အမျိုးသမီး စွမ်းဆောင်ရည်မြှင့်တင်ရေး လုပ်နေတဲ့ အဖွဲ့အစည်းက နောက်နှစ်ကျရင် သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးဘက်ကို ပြောင်းသွားတတ်တယ်။ ဒါက အဲ့ဒီဘက်မှာ သူတို့ ကျွမ်းကျင်လို့ ဒါမှမဟုတ် အဲ့ဒီဘက်ကို ပိုပြီး စိတ်အားထက်သန်လို့ မဟုတ်ဘူး၊ အဲ့ဒီခေါင်းစဉ်က ပိုက်ဆံပိုရလို့ပါ။


နိုင်ငံတကာ အလှူရှင်တွေရဲ့ မျက်စိအောက်ကို တကယ်အလုပ်လုပ်နေတဲ့ အရပ်ဘက် အဖွဲ့အစည်းတွေ ဘယ်တုန်းကမှ မရောက်ခဲ့ကြဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့မှာ အလှူရှင်တွေ တန်ဖိုးထားတဲ့ အရည်အချင်းတစ်ခု မရှိလို့ပါပဲ။ တခြားတော့ မဟုတ်ဘူး၊ ‘အလန်းစား အင်္ဂလိပ်စာနဲ့ ပရိုပိုဆယ် ရေးနိုင်စွမ်း’ မရှိကြတာပါ။


ဒီထက်ပိုဆိုးတဲ့ကိစ္စကတော့ တာဝန်ခံမှုအပိုင်း။ ကျနော့်အတွေ့အကြုံအရဆိုရင် အလှူရှင်တွေဟာ အစိုးရ အသုံးစရိတ်တွေကိုဆိုရင် ပြေစာတွေ၊ ရသုံးစာရင်းတွေ၊ ဘတ်ဂျက်ခေါင်းစဉ်တွေ အားလုံးကို တခုမကျန် စေ့စေ့စပ်စပ်နဲ့ စစ်ဆေးတတ်ကြတယ်။ ဒါပေမဲ့ အန်ဂျီအိုတွေနဲ့ ပတ်သက်လာရင်တော့ အမြဲတမ်းနီးပါး အထာ ထားပေးကြတယ်။


အစိုးရတွေကို ကျနော်တို့ ဝေဖန်နေကျ ပြဿနာတွေဖြစ်တဲ့ ခြစားမှုတွေ၊ ရန်ပုံငွေ အလွဲသုံးစားလုပ်တာတွေနဲ့ နိုင်ငံရေးသြဇာလွှမ်းမိုးတာတွေက တကယ်တော့ အန်ဂျီအိုလောကမှာ အတူတူပဲ။ ဒါမျိုးတွေဖြစ်နေတယ်ဆိုတာ အထောက်အထားတွေ ရှိနေတာတောင် အလှူရှင်တွေက မသိချင်ယောင် ဆောင်ကြတယ်။


ဒီလိုမျိုး သက်သက်ညှာညှာစဉ်းစားပေးတဲ့ အကြောင်းရင်းက အတွေးအခေါ်ပိုင်းဆိုင်ရာ အယူအဆကြောင့်လို့ ကျနော်ထင်တယ်။ ဘာလဲဆိုတော့ အရပ်ဘက်အဖွဲ့အစည်းတွေဆိုတာ အစိုးရထက် ပိုပြီးရိုးသားဖြူစင်ကြတယ်လို့ မြင်ကြတာကိုး။


ပိုပြီးလက်တွေ့ကျတဲ့ နောက်ထပ် အကြောင်းအရင်းတခု ရှိသေးတယ်။ တကယ်လို့ အန်ဂျီအိုတွေကိုသာ အစိုးရလို စံနှုန်းတွေနဲ့ လိုက်စစ်လိုက်မယ်ဆိုရင် အားလုံးမှီခိုနေရတဲ့ ရန်ပုံငွေ ခွဲဝေသုံးစွဲရေး ယန္တရားကြီးတခုလုံး ရပ်ဆိုင်းသွားနိုင်တာကြောင့်ပါပဲ။


လူပြောနည်းတဲ့ ကိစ္စတခုလည်း ရှိသေးတယ်။ ဝါရှင်တန် ဒါမှမဟုတ် လန်ဒန်က စီနီယာကြီးတွေလာရင် ‘အရပ်ဘက်အဖွဲ့အစည်းတွေကို ကိုယ်စားပြုတဲ့လူတွေ’ နဲ့ တွေ့ဆုံပွဲတွေကို USAID နဲ့ သံရုံးဘက်ကနေ စီစဉ်ပေးရလေ့ရှိတယ်။ ကျနော်ကိုယ်တိုင်လည်း နှစ်ပေါင်းများစွာ ပါခဲ့ဖူးတယ်။


အဲ့ဒီလိုပွဲမျိုးကျရင် အရပ်ဘက် အဖွဲ့အစည်းဆိုတာ ဘာလဲဆိုတာကို နိုင်ငံခြားသားတွေရှေ့မှာ ဘယ်လိုပုံဖော်ပြရမလဲဆိုတဲ့ ချက်ကောင်းကို ကောင်းကောင်းသိ၊ စကားပြောကောင်းပြီး အင်္ဂလိပ်စာလည်း အင်မတန်သွက်၊ ပြီးတော့ နိုင်ငံတကာ အချိတ်အဆက်တွေလည်း ရှိတဲ့ အဖွဲ့အစည်းဟောင်းတွေကိုပဲ ဖန်တရာတေအောင် ကျနော်တို့ ပွဲသွင်းခဲ့ကြတာချည်းပဲ။


‘တွေ့နေကျ လူဟောင်းတွေ’ လို့တောင် အချင်းချင်း နောက်ပြောင်ပြီး ခေါ်ကြပါတယ်။ သူတို့နဲ့ကျတော့ နိုင်ငံတကာကလာတဲ့ အကြီးပိုင်း စီနီယာတွေ စိတ်အနှောင့်အယှက်ဖြစ်စရာ စိတ်ပူစရာမလိုဘူး။ တကယ်ဖြစ်နေတာတွေ ကြားသွားမှာလည်း စိုးရိမ်စရာမရှိဘူး မဟုတ်လား။


တကယ်အလုပ်လုပ်နေတဲ့ အရပ်ဘက် အဖွဲ့အစည်းက လူတွေနဲ့သာ ဆိုရင်တော့ ဇာတ်တိုက်ထားသလို ဘယ်ဖြစ်တော့မလဲ။ ထိန်းဖို့ကလည်း ခက်၊ ကြိုတင်ပြင်ဆင်မထားဘဲ တုတ်ထိုးအိုးပေါက် တဲ့တိုးတွေ ပြောရင် အလှူရှင်တွေရော၊ သံရုံးဝန်ထမ်းတွေပါ အားလုံး ပြဿနာ တက်ကုန်မှာပေါ့။



အဲဒီလို တွေ့ဆုံဆွေးနွေးပွဲတွေမှာ အစ္စလာမာဘတ်ဈေးထဲက ဆိုင်ရှင်များအသင်းလို အဖွဲ့မျိုးထဲက လူတွေ ပါခွင့်မရကြပါဘူး။ ပြီးတော့ သူတို့က အလှူရှင်တွေ နားဝင်မယ့် ကိန်းကြီးခန်းကြီး စကားလုံးတွေ မသုံးတတ်ကြဘူး မဟုတ်လား။


ဒီအကျိုးဆက်ကို ကျနော်တို့ မြင်နေကြရပါပြီ။ အကူအညီတွေ ယူနေတဲ့ တခြားနိုင်ငံတွေမှာလိုပဲ ပါကစ္စတန်မှာလည်း အန်ဂျီအိုတခုကို ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းလိုမျိုး သဘောထားပြီး အန်ဂျီအို ‘ပိုင်ရှင်’ ဆိုတဲ့ အသုံးအနှုန်းမျိုး ခဏခဏကြားရပါတယ်။ ဘုတ်အဖွဲ့ ဆိုတာတွေကလည်း စာရွက်ပေါ်မှာပဲ ရှိတာပါ။


အန်ဂျီအိုထဲက ထိပ်ပိုင်းရာထူးတွေကို ကြည့်လိုက်ရင်လည်း ဒီလူတွေပဲ၊ ဒါမှမဟုတ် သူ့ဆွေမျိုး အသိုင်းအဝိုင်းထဲက လူတွေချည်းပဲ။


လူထုနဲ့ အစိုးရကြားမှာ ပေါင်းကူးပေးရမဲ့ အဖွဲ့အစည်းတွေဟာ သူတို့ကိုယ်တိုင် ပြည်တွင်းက အဖွဲ့ဝင်တွေကို တာဝန်ခံရမယ့်အစား ပြင်ပက အလှူရှင်တွေကိုပဲ ပြန်ကြည့်နေရတဲ့ ပြိုင်ဘက် လုပ်ငန်းခွင် ယန္တရားတစ်ခုလို ဖြစ်နေပါပြီ။


ဒီလိုမျိုး ဖြစ်ပါစေတော့ဆိုတဲ့ ရည်ရွယ်ချက်တော့ မရှိလောက်ပါဘူး။ အလှူရှင်တွေကတော့ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေကို ရန်ပုံငွေ ထောက်ပံ့ပေးတာက ဒီမိုကရေစီကို အားကောင်းစေပြီး အစိုးရတွေကို တာဝန်ခံမှု ရှိလာစေလိမ့်မယ်လို့ ယုံကြည်ကြပါတယ်။


ပြဿနာက သူတို့ ဖန်တီးပေးလိုက်တဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်း ဆိုတာကြီးက သူတို့ တကယ်တမ်း အားကောင်းမောင်းသန် ဖြစ်စေချင်တာမျိုး ဖြစ်မနေတာပါပဲ။ မေးစရာရှိတာက ဒါဆို ဘယ်လိုလုပ်ရင် အဆင်ပြေနိုင်မလဲ။


နိုင်ငံတကာ အလှူရှင်တွေအနေနဲ့ ဘယ်အဖွဲ့အစည်းကို ရန်ပုံငွေ ပေးမလဲဆိုတာ မဆုံးဖြတ်ခင်မှာ အနည်းဆုံးတော့ လက်တွေ့မြေပြင်မှာ ဘယ်လို အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ တကယ် ရှိနေသလဲဆိုတာကို အရင်ဆုံး လေ့လာပြီးနားလည်အောင် လုပ်သင့်ပါတယ်။


အင်္ဂလိပ်လို ပရိုပိုဆယ် ကောင်းကောင်း မရေးတတ်ပေမဲ့ လူထုကြားမှာ အမှန်တကယ် အလုပ်လုပ်နေတဲ့ အဖွဲ့အစည်းတွေဆီ ရောက်ရှိနိုင်မယ့် နည်းလမ်းတွေကို (ဘယ်လောက်ပဲ အားနည်းချက် ရှိနေပါစေဦးတော့) ရှာဖွေသင့်ပါတယ်။ ပြီးတော့ အစိုးရတွေကို လုပ်သလိုမျိုး တာဝန်ခံမှု တာဝန်ယူမှု စံနှုန်းမျိုးအတိုင်း အန်ဂျီအိုတွေကိုလည်း အတူတူပဲ ကျင့်သုံးရပါမယ်။


နောက်တခုကတော့ ထောက်ပံ့ငွေနဲ့ လည်ပတ်နေတဲ့ ‘စီမံချက်တွေကို အကောင်အထည်ဖော်တဲ့ အဖွဲ့အစည်း’ နဲ့ ‘တကယ့် အရပ်ဘက် လူမှုအဖွဲ့အစည်း’ တို့ရဲ့ ကြားက ကွာခြားချက် ဘာလဲဆိုတာကို ရိုးရိုးသားသားဝန်ခံကြဖို့ လိုပါတယ်။


အစ္စလာမာဘတ်ဈေးထဲက ဆိုင်ရှင်များအသင်းမှာ အလှူရှင်အကြိုက် လိုက်လုပ်ရမယ်ဆိုတာတွေ ဒါမှမဟုတ် ပရောဂျက်သတ်မှတ်ချက်အတိုင်း ပြီးအောင်လုပ်ရမယ်ဆိုတာတွေ ဘယ်သူမှ တွေးမနေကြပါဘူး။ သူတို့အသင်းကို ဘယ်သူက ဦးဆောင်သင့်လဲ၊ ဘာကြောင့်လဲ ဆိုတာကိုပဲ ငြင်းခုံနေကြတာပါ။


ဆူညံပွက်လောရိုက်နေပေမဲ့ အဲ့ဒါမျိုးကမှ တကယ့်အစစ်အမှန်ပါ။ အရပ်ဘက်လူမှုအဖွဲ့အစည်းဆိုတာတွေ တကယ်တမ်း ရှိရမှာက အဲ့ဒီ ဆိုင်ရှင်များအသင်းလို အလုပ်လုပ်ပုံမျိုးပဲ။


အလှူရှင်တွေက သူတို့ကို ရန်ပုံငွေ တစ်ခါမှ မပေးခဲ့ဖူးပါဘူး။ ပြန်တွေးကြည့်ရင်တော့ အဲ့လိုမပေးခဲ့လို့ပဲ သူတို့အတွက် ပိုကောင်းနေတာများလားလို့လည်း တွေးမိသေးတယ်။ အလှူရှင်တွေရဲ့ ပိုက်ဆံဆိုတာ ကိုင်မိရင် ကိုင်မိတဲ့လူတွေရဲ့စိတ်ကို ပြောင်းလဲပစ်နိုင်တာကိုး။ ပြီးတော့ အလှူငွေဆိုတာ အဖွဲ့အစည်းတွေကို ပရိုပိုဆယ်တွေပေါ်မှာ အားကိုးစေပြီးတော့ ကိုယ့်ကို ပိုက်ဆံပေးတဲ့ အလှူရှင်တွေအကြိုက်ပဲ လိုက်စေပါလိမ့်မယ်။


ပါကစ္စတန်လို နိုင်ငံတွေမှာ နိုင်ငံတကာ အလှူရှင်တွေ မြင်ဖူးခဲ့တာထက် အမှန်တကယ် စေတနာအရင်းခံနဲ့အလုပ်လုပ်တဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ အများကြီး ရှိနေနိုင်ပါတယ်။ အခုအချိန်မှာ သူတို့ကို ပေးသင့်တဲ့ အကူအညီကတော့ သူတို့ဘာသာ လွတ်လွတ်လပ်လပ် ထားလိုက်တာကပဲ အကောင်းဆုံးဖြစ်ပါလိမ့်မယ်။


****စာရေးသူ ‘မိုဟာမက် အလ်တပ်ဖ် အာဖရီဒီ’ သည် USAID-ပါကစ္စတန် တွင် ဖွံ့ဖြိုးရေးဆိုင်ရာ အဆင့်မြင့် ကျွမ်းကျင်သူအဖြစ် လုပ်ကိုင်ခဲ့သူ ဖြစ်သည်။


The Guardian သတင်းဌာနမှာ ဖော်ပြခဲ့တဲ့ Mohammad Altaf Afridi ရဲ့

I ran aid programmes for 25 years – getting my car fixed at an Islamabad market taught me why they don’t work ကို ဘာသာပြန်ထားပါတယ်။


ဘာသာပြန်ရေးသားသူ - Mratt Kyaw Thu

Monday, May 18, 2026

ညှို့ဓါတ် Sex appeal

 



Sex appeal ဆိုသည်မှာ လူတစ်ဦး၏ အခြားသူများကို ဆွဲဆောင်နိုင်ပြီး ရိုမန်းတစ်ဆန်ဆန် သို့မဟုတ် လိင်ပိုင်းဆိုင်ရာအရ စိတ်လှုပ်ရှားတက်ကြွလာအောင် ပြုလုပ်နိုင်သည့် မွေးရာပါ စွမ်းရည် ဖြစ်သည်။ 


၎င်းသည် ရိုးရာအစဉ်အလာ သတ်မှတ်ထားသည့် ရုပ်ပိုင်းဆိုင်ရာ အလှအပနှင့် ကွဲပြားခြားနားပြီး လူမှုဆက်ဆံရေးအရ ဆွဲဆောင်နိုင်မှု ပိုမိုကျယ်ပြန့်ကာ ကိုယ်ရည်ကိုယ်သွေး၊ ယုံကြည်မှု၊ အသံနှင့် ကိုယ်ပိုင်စတိုင်လ်တို့ ပါဝင်သည်။


Sex Appeal ၏ အဓိက အစိတ်အပိုင်းများ


ရုပ်ပိုင်းဆိုင်ရာ physical beauty - တစ်ခုတည်းသော အချက်မဟုတ်သော်လည်း ရုပ်ပိုင်းဆိုင်ရာ အလှအပ၊ မျက်နှာအချိုးအစား ညီညာမှုနှင့် ခန္ဓာကိုယ်လှုပ်ရှားမှု ဘာသာစကားတို့သည် စတင်ဆွဲဆောင်မှုအတွက် များစွာ အထောက်အကူပြုသည်။


ယုံကြည်မှု Confidence - မိမိကိုယ်ကိုယ် ယုံကြည်မှုရှိခြင်း၊ ဟာသဉာဏ်ရှိခြင်းနှင့် မိမိကိုယ်ကိုယ် တန်ဖိုးထားမှု မြင့်မားခြင်းတို့သည် အလွန်ဆွဲဆောင်မှုရှိသော အရည်အချင်းများအဖြစ် ကျယ်ကျယ်ပြန့်ပြန့် သတ်မှတ်ကြသည်။


ကိုယ်ရည်ကိုယ်သွေး Charisma - ပတ်ဝန်းကျင်ကို လွှမ်းမိုးနိုင်စွမ်း၊ စိတ်ဝင်စားစရာကောင်းအောင် စကားပြောဆိုနိုင်စွမ်းနှင့် နွေးထွေးမှု သို့မဟုတ် ညှို့ဓာတ်ကို ထုတ်ဖော်ပြသနိုင်စွမ်း ဖြစ်သည်။


ဇီဝဗေဒ - အနံ့ scent (ဖာရိုမုန်း pheromones) နှင့် အသံနေအသံထားကဲ့သို့သော မသိစိတ်မှ ပေးပို့သည့် အချက်ပြမှုများသည်လည်း ဆင့်ကဲပြောင်းလဲမှုဆိုင်ရာ ဆွဲဆောင်မှုတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်သည်။


အသုံးပြုပုံနှင့် ပိုမိုကျယ်ပြန့်သော အဓိပ္ပာယ်


လူသားချင်း ဆွဲဆောင်မှုအပြင် ဤစကားစုကို သက်မဲ့ဝတ္ထုပစ္စည်းများ၊ ခေတ်ရေစီးကြောင်းများ သို့မဟုတ် မီဒီယာများ၏ ဆွဲဆောင်မှုရှိသော သို့မဟုတ် စိတ်လှုပ်ရှားဖွယ်ရာ အရည်အသွေးများကို ဖော်ပြရန်အတွက်လည်း မကြာခဏ အသုံးပြုလေ့ရှိသည် (ဥပမာ - "ဒီပြိုင်ကားအသစ်က တကယ့်ကို sex appeal ရှိတယ်" သို့မဟုတ် "ဒီစျေးကွက်ရှာဖွေရေး ကမ်ပိန်းက sex appeal အားနည်းတယ်")။


.


"ဤအမျိုးသမီး သို့မဟုတ် ဤအမျိုးသားသည် sex appeal ရှိသည်" ဟု ပြောဆိုခြင်းသည် ထိုသူတွင် ရုပ်ရည်ချောမောလှပရုံတင်မကဘဲ အခြားသူများကို အထူးတလည် စွဲမက်သွားစေသည့်၊ ညှို့ဓာတ်ပြင်းသည့် ဆွဲဆောင်မှုမျိုး ရှိသည်ကို ရည်ညွှန်းခြင်း ဖြစ်သည်။


ပိုမိုရှင်းလင်းအောင် ပြောရလျှင် အောက်ပါအချက်များနှင့် ပြည့်စုံနေခြင်းကို ဆိုလိုခြင်း ဖြစ်ပါသည် -


၁။ မျက်စိပသာဒတင်မကဘဲ စိတ်ကိုပါ ဆွဲဆောင်နိုင်ခြင်း

ရိုးရိုးအလှအပ (Classical Beauty) သည် ကြည့်ကောင်းသည်၊ ချောသည်၊ လှသည်ဟု ခံစားရုံသာ ဖြစ်သော်လည်း sex appeal ရှိသူသည် ဘေးလူကို စိတ်ပိုင်းဆိုင်ရာ သို့မဟုတ် ရိုမန်းတစ်ဆန်ဆန် စိတ်လှုပ်ရှားတက်ကြွလာအောင် ဆွဲဆောင်နိုင်သည့် လျှို့ဝှက်ဆန်းကြယ်သော ညှို့ဓာတ် ရှိနေခြင်းကို ဆိုလိုသည်။


၂။ ကိုယ်ရည်ကိုယ်သွေးနှင့် စတိုင်လ် ထူးခြားခြင်း

ရုပ်ရည်တစ်ခုတည်းကြောင့် မဟုတ်ဘဲ ထိုသူ၏ ယုံကြည်မှုအပြည့်ရှိသော အမူအရာ၊ ဆွဲဆောင်မှုရှိသော စကားပြောဆိုပုံ၊ ထွက်ပေါ်လာသည့် အသံနေအသံထားနှင့် ၎င်း၏ ကိုယ်ပိုင်ဖက်ရှင်စတိုင်လ်တို့ ပေါင်းစပ်ပြီး ပတ်ဝန်းကျင်ကို ဖမ်းစားထားနိုင်ခြင်း ဖြစ်သည်။


၃။ မသိစိတ်က တုံ့ပြန်ရသော ဆွဲဆောင်မှုရှိခြင်း

ဇီဝဗေဒအရ ထိုသူ၏ ခန္ဓာကိုယ်လှုပ်ရှားမှု (Body Language)၊ အကြည့်အရှု၊ သို့မဟုတ် တစ်ပါးသူအပေါ် သက်ရောက်စေသည့် စွဲမက်ဖွယ်အရှိန်အဝါ (Aura) ကြောင့် ဘေးလူများက မသိစိတ်ထဲကနေ သဘောကျနှစ်သက်ပြီး ရင်ခုန်စိတ်လှုပ်ရှားသွားရခြင်းကို ဆိုလိုသည်။


ထို့ကြောင့် ၎င်းသည် "ရုပ်ရည်ချောမောခြင်း" ထက် ပိုမိုနက်ရှိုင်းပြီး လူတစ်ဦး၏ အရှိန်အဝါ၊ ညှို့ဓာတ်နှင့် အခြားသူများကို ဆွဲဆောင်နိုင်စွမ်း မြင့်မားခြင်းကို ပေါင်းစည်း၍ ဖော်ပြခြင်း ဖြစ်ပါသည်။


.


Sexy ကျသည်


အမျိုးသမီးတစ်ဦးကို "Sexy ကျသည်" ဟု ပြောဆိုရာတွင် သူမ၏ ရုပ်ပိုင်းဆိုင်ရာ အချိုးအစား ပြေပြစ်လှပမှုအပြင်၊ ကြည့်လိုက်ရုံဖြင့် စွဲမက်ဖွယ်ကောင်းပြီး ရိုမန်းတစ်ဆန်ဆန် သို့မဟုတ် လိင်ပိုင်းဆိုင်ရာအရ ဆွဲဆောင်နိုင်စွမ်း မြင့်မားခြင်းကို ရည်ညွှန်းခြင်း ဖြစ်သည်။


"Sex appeal ရှိသည်" ဟူသော စကားရပ်နှင့် အဓိပ္ပာယ်ချင်း ဆင်တူသော်လည်း "Sexy ကျသည်" ဟု သုံးနှုန်းရာတွင် အောက်ပါအချက်များကို ပိုမိုဦးတည်ပြီး ရည်ညွှန်းလေ့ရှိပါသည် -


၁။ ခန္ဓာကိုယ်အချိုးအစားနှင့် အလှအပ ပေါ်လွင်ခြင်း

သူမ၏ ခန္ဓာကိုယ်အချိုးအစား (Body Shape)၊ ဖွံ့ဖြိုးမှု၊ အသားအရေ သို့မဟုတ် ရုပ်ပိုင်းဆိုင်ရာ ဆွဲဆောင်မှုများက သိသိသာသာ ပေါ်လွင်ထင်ရှားနေခြင်းကို ဆိုလိုသည်။


၂။ ဝတ်စားဆင်ယင်မှုနှင့် စတိုင်လ်

သူမ၏ ခန္ဓာကိုယ်အလှကို ပိုမိုပေါ်လွင်စေသော၊ သို့မဟုတ် ခေတ်မီပြီး ဆွဲဆောင်မှုရှိသော ဖက်ရှင်များကို ယုံကြည်မှုအပြည့်ဖြင့် ဝတ်ဆင်တတ်ခြင်းကို ရည်ညွှန်းသည်။


၃။ ညှို့ဓာတ်ရှိသော အမူအရာနှင့် ကိုယ်ဟန်ပြောင်းလဲမှု (Body Language)

သူမ၏ အကြည့်၊ အပြုံး၊ လမ်းလျှောက်ဟန် သို့မဟုတ် ကိုယ်နေဟန်ထားတို့က ဘေးလူကို ရင်ခုန်သွားအောင် သို့မဟုတ် စွဲမက်သွားအောင် ညှို့ယူနိုင်ခြင်း ဖြစ်သည်။


၄။ မိမိကိုယ်ကိုယ် ယုံကြည်မှုရှိခြင်း (Confidence)

ခေတ်သစ်အမြင်အရ Sexy ကျခြင်းသည် အဝတ်အစား သို့မဟုတ် ရုပ်ရည်တစ်ခုတည်းကြောင့် မဟုတ်ဘဲ မိမိကိုယ်ကိုယ် ယုံကြည်မှုအပြည့်ရှိခြင်း၊ မိမိ၏ ဆွဲဆောင်မှုကို မိမိသိရှိပြီး ရဲရဲဝံ့ဝံ့ ထုတ်ဖော်ပြသရဲခြင်းဟူသော စိတ်နေစိတ်ထားကိုပါ ပေါင်းစပ်ရည်ညွှန်းခြင်း ဖြစ်သည်။


အမျိုးသမီးတစ်ဦး Sexy ကျသည်ဟု ဆိုခြင်းသည် သူမ၏ ရုပ်ပိုင်းဆိုင်ရာအလှ၊ ဝတ်စားဆင်ယင်မှုစတိုင်လ်နှင့် ညှို့ဓာတ်ရှိသော အမူအရာတို့ ပေါင်းစပ်ကာ အခြားသူများကို စိတ်လှုပ်ရှား ရင်ခုန်သွားစေနိုင်လောက်အောင် ဆွဲဆောင်မှု ပြင်းထန်နေခြင်းကို ဆိုလိုခြင်း ဖြစ်ပါသည်။


.


Free Sex Show


မြန်မာ့ယဉ်ကျေးမှုနှင့် လူမှုပတ်ဝန်းကျင် ရှုထောင့်အရ ဖုံးကွယ်အပ်သည်ဟု သတ်မှတ်ထားသော ရင်သား၊ တင်ပါး၊ ပေါင်၊ ခြေသလုံးနှင့် ဝမ်းဗိုက်တို့ကို ရည်ရွယ်ချက်ရှိရှိ ဖော်ပြပြီး ဖြားယောင်းဆွဲဆောင်ခြင်းကို အောက်ပါအတိုင်း ခေါ်ဆိုနိုင်ပါသည်။


 

ရည်ရွယ်ချက်ရှိရှိ ခန္ဓာကိုယ်ကို လှစ်ဟပြသခြင်း Seductive Exposure / Sexual Allurement

လိင်ပိုင်းဆိုင်ရာ ဆွဲဆောင်မှု သို့မဟုတ် ရင်ခုန်စိတ်လှုပ်ရှားမှုကို ဖြစ်ပေါ်စေရန် ရည်ရွယ်ချက်ရှိရှိ ခန္ဓာကိုယ်ကို လှစ်ဟပြသခြင်း။


နှိုးဆွပေးသောဝတ်စားဆင်ယင်မှု Provocative Dressing

ဘေးလူကို စိတ်လှုပ်ရှားလာအောင် သို့မဟုတ် စိတ်ဆွပေးသလိုဖြစ်အောင် ဆွဆွပေးပေး ဝတ်စားဆင်ယင်ခြင်း။


 

အာရုံစိုက်မှု၊ ချီးမွမ်းမှုနှင့် စွဲမက်မှုကို ရယူရန် Thirst Trapping

အထူးသဖြင့် ခေတ်သစ် Social Media လောကတွင် ခန္ဓာကိုယ်အလှကို ဖော်ပြပြီး အခြားသူများ၏ အာရုံစိုက်မှု၊ ချီးမွမ်းမှုနှင့် စွဲမက်မှုကို ရယူရန် တမင်တကာ ပုံ သို့မဟုတ် ဗီဒီယို တင်ခြင်းကို ခေါ်ဆိုသော အသုံးအနှုန်း ဖြစ်သည်။


.


ကိုယ်ခန္ဓာကို လှစ်ဟပြသသူတို့၏ စိတ်ပညာ (Psychology)


ငွေကြေး၊ ထင်ပေါ်ကျော်ကြားမှု သို့မဟုတ် နာမည်ဂုဏ်သတင်းအတွက် ခန္ဓာကိုယ်ကို ဖော်ပြပြီး ဆွဲဆောင်လေ့ရှိသူများ၏ နောက်ကွယ်တွင် ရှုပ်ထွေးသော လူမှု-စိတ်ပညာဆိုင်ရာ အကြောင်းအရင်းများစွာ ရှိနေတတ်ပါသည်။ စိတ်ပညာရှုထောင့်အရ အဓိကအချက်များကို အောက်ပါအတိုင်း ခွဲခြားလေ့လာနိုင်ပါသည်။


၁။ လူမှုစီးပွားရေးဆိုင်ရာ လှုံ့ဆော်မှု (Socio-Economic Incentives)


ခေတ်သစ် စီးပွားရေးစနစ် (အထူးသဖြင့် Digital Economy) တွင် အာရုံစိုက်မှုကို ငွေကြေးအဖြစ် ပြောင်းလဲနိုင်သော ခေတ် (Attention Economy) ဖြစ်လာသည်။ စိတ်ပညာအရ လူသည် အနည်းဆုံး ရုန်းကန်ရမှုဖြင့် အများဆုံး ရလဒ် (ငွေကြေး သို့မဟုတ် အခွင့်အလမ်း) ကို ရရှိနိုင်မည့် လမ်းကြောင်းကို ရွေးချယ်တတ်သည့် သဘောရှိသည်။ ခန္ဓာကိုယ်အလှကို ထုတ်ပြခြင်းသည် ရှည်လျားနက်နဲသော စွမ်းရည်တစ်ခုကို လေ့လာဆည်းပူးရခြင်းထက် လူအများ၏ အာရုံစိုက်မှုကို အမြန်ဆုံးနှင့် အလွယ်ကူဆုံး ရရှိစေသည့်အတွက် ၎င်းကို ကုန်စည်တစ်ခုကဲ့သို့ အသုံးချကြခြင်း ဖြစ်သည်။


၂။ အသိအမှတ်ပြုခံချင်စိတ် မြင့်မားခြင်း (Validation and Approval Seeking)


လူသားတိုင်းတွင် အခြားသူများ၏ ချီးမွမ်းမှုကို လိုလားသော အခြေခံစိတ် ရှိကြသော်လည်း၊ ဤသို့ ဖော်ပြသူများတွင် ထိုစိတ်သည် ပိုမိုပြင်းထန်တတ်သည်။ Social Media ပေါ်မှ "Likes", "Comments" နှင့် "Views" များသည် ဦးနှောက်အတွင်းရှိ ပျော်ရွှင်မှုကို ပေးသော ဒိုပါမင်း (Dopamine) ဓာတ်ကို ထွက်စေသည်။ ထို့ကြောင့် မိမိကိုယ်ကို ယုံကြည်မှု (Self-esteem) ကို အတွင်းစိတ် တည်ငြိမ်မှုမှ မရှာဖွေဘဲ၊ ပြင်ပလူများ၏ အကြည့်နှင့် ချီးမွမ်းမှုများအပေါ်တွင် အလွန်အကျွံ အမှီပြုမိသွားသည့် အလေ့အထ (External Validation) ဖြစ်သွားတတ်ပါသည်။


၃။ မိမိကိုယ်ကို ကုန်စည်ပြုလုပ်ခြင်း စိတ်ဒဏ်ရာ (Self-Objectification)


စိတ်ပညာအရ အချို့သောသူများသည် ပတ်ဝန်းကျင်၏ ရိုက်သွင်းမှုကြောင့်ဖြစ်စေ၊ ငယ်စဉ်က ကြုံတွေ့ခဲ့ရသော အခြေအနေများကြောင့်ဖြစ်စေ "ငါ့ရဲ့ တန်ဖိုးဟာ ငါ့ရဲ့ ခန္ဓာကိုယ်အလှအပပဲ" ဟု မှားယွင်းစွာ ယူဆမိသွားတတ်ကြသည်။ မိမိကိုယ်ကို လူသားတစ်ယောက်အနေဖြင့် မရှုမြင်တော့ဘဲ အခြားသူများ ကြည့်ရှုခံစားရန် "အလှပြပစ္စည်း" သို့မဟုတ် "ကုန်စည်" တစ်ခုအဖြစ် (Objectify) အသွင်ပြောင်းလဲလိုက်ခြင်း ဖြစ်သည်။ ၎င်းသည် ရေရှည်တွင် မိမိကိုယ်ကိုယ် တလေးတစား တန်ဖိုးထားမှုကို ကျဆင်းစေတတ်ပါသည်။


၄။ အနုပညာ အတ္တနှင့် စရိုက်လက္ခဏာ (Narcissism and Exhibitionism)


အချို့သောသူများတွင် မိမိကိုယ်ကို အလွန်အကျွံ အထင်ကြီးခြင်း၊ အမြဲတမ်း အချက်အချာကျကျ အာရုံစိုက်ခံချင်ခြင်း (Narcissistic traits) ရှိတတ်ကြသည်။ ထို့ပြင် မိမိ၏ ခန္ဓာကိုယ်ကို သူတစ်ပါးအား ပြသရခြင်းတွင် ပျော်မွေ့သော စိတ်အခံ (Exhibitionistic tendencies) လည်း ပါဝင်နေတတ်သည်။ ၎င်းတို့သည် အများပြည်သူ၏ စံနှုန်းများ သို့မဟုတ် ယဉ်ကျေးမှု ထိန်းသိမ်းမှုများထက် မိမိ၏ ထင်ပေါ်လိုမှုကိုသာ ဦးစားပေးတတ်ကြသည်။


၅။ စနစ်၏ ပျက်ပြားမှုနှင့် တုံ့ပြန်မှု (Systemic Influences)


လူတစ်ဦးချင်းစီ၏ စိတ်ပညာအပြင် လူမှုအဖွဲ့အစည်း စနစ်တစ်ခုလုံး၏ အားပေးမှုကလည်း အဓိကကျသည်။ Algorithm များက ထိုသို့သော အကြောင်းအရာများကို ပိုမို တွန်းပို့ပေးခြင်း၊ လူအများစုကလည်း ထိုသို့သော အရာများကို ပိုမို အားပေးကြည့်ရှုခြင်းတို့ကြောင့် "ဤနည်းလမ်းသည်သာ အောင်မြင်မှုကို အမြန်ဆုံး ပေးနိုင်သည်" ဟူသော အတွေးမျိုး ဝင်လာကာ ယဉ်ကျေးမှုစံနှုန်းများ ပျက်ပြားပြီး လိုက်ပါလုပ်ဆောင်လာကြခြင်း ဖြစ်ပါသည်။


.


Dr. Myint Thein @ 18 May 2026

Tuesday, May 12, 2026

"အောင်မြင်သူတို့၏ လျှို့ဝှက်စိတ်နေသဘောထား ၁၀ ချက်"

 “တရုတ်သမိုင်းတစ်လျှောက် အောင်မြင်သူတို့၏ လျှို့ဝှက်စိတ်နေသဘောထား ၁၀ ချက်” 



ခေတ်သစ်၏ အလျင်အမြန် ပြောင်းလဲနေမှုများ၊ အလုပ်အကိုင်နှင့် လူမှုရေးဆိုင်ရာ စိန်ခေါ်မှုများကို ဖြတ်သန်းရာ၌ အဆင်ပြေနိုင်စေရန် သမိုင်းထဲက ပုဂ္ဂိုလ်များထံမှ ရရှိသော နည်းဗျူဟာဆိုင်ရာ အကြံပြုချက်များကို တင်ပေးလိုက်ပါတယ်။ နယ်ပယ်တစ်ခုတွင် အောင်မြင်ရန်အတွက် ကြိုးစားအားထုတ်မှုတစ်ခုတည်းဖြင့် မလုံလောက်ဘဲ၊ လူ့သဘောသဘာဝကို နားလည်ရန်နှင့် မိမိကိုယ်ကို ကာကွယ်ရန်လည်း လိုအပ်ကြောင်း အလေးပေးထားပါတယ်။ 


နည်းဗျူဟာဆိုင်ရာထားရှိရမည့် စိတ်နေသဘောထား ၁၀ ချက်


၁။ မိမိရဲ့ ရည်မှန်းချက်ကို ဖုံးကွယ်ထားပါ


ကိုယ့်ရဲ့ အမှန်တကယ် ရည်ရွယ်ချက်ကို အစောကတည်းက မဖော်ပြပါနဲ့။ မဟုတ်ရင် အကြံတူ အခြားသူတွေရဲ့ ပစ်မှတ်ဖြစ်သွားနိုင်ပါတယ်။ ကျူးယွမ်ကျန်း (朱元璋) လိုပဲ တခြားလူတွေက နာမည်ကျော်ကြားဖို့ ရုန်းကန်တိုက်ခိုက်နေချိန်မှာ သူကတော့ တိတ်တဆိတ် မိမိရဲ့အင်အားကို တည်ဆောက်နေခဲ့ပါတယ်။ ဒါ့ကြောင့် သင့်အနေနဲ့ အရေးကြီးတဲ့ခြေလှမ်းကို မလှမ်းရသေးခင်၊ ကိုယ့်ရဲ့ အခြေခံစွမ်းရည်တွေကို အရင်ဦးဆုံး တည်ဆောက်ထားသင့်ပါတယ်။


၂။ စိတ်ခံစားချက်ကို ထိန်းချုပ်ပါ


"သင့်စိတ်ခံစားချက်ကို မျက်နှာပေါ်တွင် မဖော်ပြပါနှင့်" ဆိုတဲ့ စကားအတိုင်း ကိုယ့်စိတ်ထဲရှိသမျှကို အပြင်ကို ထုတ်မပြပါနဲ့။ မင်မင်းဆက်ခေတ်က အရာရှိ ရွှီ့ကျဲ (徐階) ဟာ မိမိ၏ ရန်သူကို မုန်းတီးနေပေမယ့်လည်း၊ သူ၏ ဒေါသကို ဖုံးကွယ်ကာ သက်သေအထောက်အထား ရတဲ့အထိ ယဉ်ကျေးဖော်ရွေစွာ ဆက်ဆံခဲ့ပါတယ်။ အလုပ်ခွင်ထဲမှာ အချင်းချင်း ထိတွေ့ဆက်ဆံရတဲ့အခါ လူမှုဆက်ဆံရေးကို စိတ်ခံစားချက်ထက် ယုတ္တိဗေဒဂိမ်းတစ်ခုလို မြင်သင့်ပါတယ်။


၃။ ကျင့်ဝတ်ကို လိုက်လျောညီထွေရှိအောင် ကျင့်သုံးပါ


မိမိ၏ ကျင့်ဝတ်နှင့် ပတ်သတ်လာလျှင် အလွန်အမင်း တင်းကျပ်လွန်းခြင်း မပြုပါနှင့်။ စစ်သူကြီး ချီကျိကွမ်း (戚繼光) ဟာ သူ့စစ်တပ်အတွက် ရန်ပုံငွေရရှိနိုင်စေဖို့ အကျင့်ပျက် အရာရှိတွေနဲ့ ဆက်ဆံရေးကောင်းအောင် ငွေကြေးသုံးစွဲခဲ့ရပါတယ်။ ရံဖန်ရံခါ နည်းလမ်းထက် အဓိကရည်ရွယ်ချက်ကို ပိုအာရုံစိုက်သင့်ပါတယ်။


၄။ မိတ်ဖက်ဆက်ဆံရေးကို စည်းမျဉ်းနဲ့ အကျိုးစီးပွားပေါ် တည်ဆောက်ပါ၊ ခံစားချက်ဖြင့် မဟုတ်ပါ


စိတ်ခံစားချက်တွေက ပြောင်းလဲတတ်ပေမယ့် အကျိုးစီးပွားနဲ့ စည်းမျဉ်းတွေကတော့ မပြောင်းလဲတတ်ပဲ ပိုတည်ငြိမ်မှု ရှိပါတယ်။ ကောကျစ့်ရိ (郭子儀) နှင့် လီကွမ်းပိ (李光弼) တို့ဟာ ပြိုင်ဘက်တွေဖြစ်ပေမယ့် ရှင်သန်ရေးအတွက် လိုအပ်ချက်ကြောင့် ပူးပေါင်းခဲ့ကြပါတယ်။ စီးပွားရေးမှာ “ခင်မင်မှု” ဆိုတဲ့ ခံစားချက်ထက် လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မှုနဲ့ စာချုပ်စာတမ်းပါ အချက်အလက်များ မှန်ကန်တိကျ ရှင်းလင်းမှုကို ဦးစားပေးသင့်ပါတယ်။


၅။ နည်းဗျူဟာအရ အားနည်းချက်ကို ပြသပေးလိုက်ပါ


တစ်ခါတလေ မိမိရန်သူအား မိမိ၏ အားနည်းချက်ကိုပြသပေးတာက ရန်သူကို သတိပေါ့လျော့သွားစေနိုင်သည့် အားသာချက်လည်း ဖြစ်လာနိုင်ပါတယ်။ လျိုပန်းဟာ ဟုန်မန်စားသောက်ပွဲ (鴻門宴) မှာ ရှန့်ယွီရဲ့ သတိကို လျော့ပေါ့စေဖို့ မိမိကိုယ်မိမိ အနှိမ်ခံကာ နှိမ့်ချခဲ့ပါတယ်။ တစ်ခါတစ်ရံမှာ ကိုယ်က အဖြေသိပြီးသား ဖြစ်နေရင်တောင်မှ တစ်ဖက်လူဆီက အကြံဉာဏ်တောင်းတာမျိုးက တစ်ဖက်လူကိုလည်း စိတ်ချစေပြီး ထိုသူတို့ စိတ်ထဲတွင် မိမိက မခြိမ်းခြောက်သလို ခံစားရစေနိုင်ပါတယ်။ (တစ်ဖက်လူကို သူ့လို စောင်တုံးပဲလို့ ကိုယ့်ကို ထင်သွားလေ ကောင်းလေပါပဲ။)


၆။ အရေးကြီးတဲ့ အကျိုးစီးပွားကိစ္စတွေမှာ ဆုံးဖြတ်ချက်ပြတ်သားပါ


အရေးကြီးတဲ့အချိန်တွေမှာ စိတ်ပျော့မနေပါနဲ့။ ထူမုအရေးအခင်း (土木堡之變) အတွင်း အမတ်ကြီး ယွီချမ်း (於謙) ဟာ ဖမ်းဆီးခံထားရတဲ့ ဧကရာဇ်ရဲ့ အသက်ထက်၊ မင်နိုင်ငံလုံခြုံရေးကို ဦးစားပေးခဲ့ပါတယ်။ ဘဝမှာလည်း မအောင်မြင်တော့တဲ့ Project တွေ၊ အဆိပ်အတောက်လိုဖြစ်နေတဲ့ ဆက်ဆံရေးတွေကို ချီတုံချတုံလုပ်မနေဘဲ မတွန့်မဆုတ် ဖြတ်တောက်ပစ်သင့်ပါတယ်။


၇။ ခေတ်ရဲ့အရှိန်ကို စီးနင်းလိုက်ပါသွားပါ


အင်အားချည်းသက်သက် မကိုးစားပါနဲ့။ ခေတ်အခြေအနေကို လေကြောင်းသင့်သလို အသုံးချပါ။ ကျူးယွမ်ကျန်း (朱元璋) ဟာ ဖော့ရန်ရေကန်တိုက်ပွဲ (鄱陽之戰) မှာ မီးနဲ့တိုက်ခိုက်ရန်အလို့ငှာ လေတိုက်ခတ်ရာဦးတည်ချက်ကို စောင့်ဆိုင်းပြီးမှ အနိုင်ရခဲ့ပါတယ်။ ကိုယ့်ကြိုးစားမှုကို စျေးကွက်လမ်းကြောင်းနဲ့ platform အပြောင်းအလဲတွေနဲ့ ကိုက်ညီပြီး လိုက်လျောညီထွေဖြစ်အောင် လုပ်သင့်ပါတယ်။


၈။ မိမိ၏ အကောင်းဆုံးကတ်ကို ဖုံးကွယ်ထားပြီး အားနည်းသော ချို့ယွင်းချက်အနည်းငယ်ကို ထုတ်ပြပါ


လူတွေဟာ “ပြီးပြည့်စုံလွန်းသူ” ကို ကြောက်တတ်ပါတယ်။ ရှောင်းဟယ် (蕭何) ဟာ သူ့ကို ဟန့်ကောင်းကျုဧကရာဇ် လျိုပန်းက နိုင်ငံရေးအရ ခြိမ်းခြောက်မှုအဖြစ် မရှုမြင်စေရန်နှင့် မသင်္ကာမှုမှ ကင်းဝေးစေရန်အလို့ငှာ မြေတွေကို ဈေးပေါပေါနဲ့ အချိုအချောင်လိုက်ဝယ်ပြီး မိမိရဲ့ဂုဏ်သတင်းကို တမင်တကာ ထိခိုက်စေခဲ့ပါတယ်။ ကုမ္ပဏီထဲမှာဆိုရင်လည်း အထက်လူကြီးကို ကိုယ့်ရဲ့ အမှားသေးသေးလေး တစ်ခုလောက်ကို ပြင်ဆင်ခွင့်ပေးလိုက်တာက မိမိကို သူ့အနေဖြင့် ထိန်းချုပ်ထားနိုင်တယ်လို့ ခံစားရစေပါတယ်။


၉။ အခြားသူတွေအတွက် ထွက်ပေါက်ချန်ထားပါ


လူတစ်ယောက်ကို လမ်းဆုံးထိရောက်အောင် မတွန်းပို့မိပါစေနဲ့။ သူ့အတွက် နောက်ဆုတ်ပြေးဖို့ ထွက်ပေါက်တစ်ခုတော့ ချန်ထားပေးပါ။ ချူဘုရင် ကျွမ်း (楚莊王) ဟာ တစ်ကြိမ်က သူ့မိဖုရားကို ရိုင်းစိုင်းစော်ကားခဲ့တဲ့ အရာရှိကို ခွင့်လွှတ်ပေးခဲ့ပြီး၊ နောက်ပိုင်း အဲ့ဒီအရာရှိက စစ်ပွဲမှာ ချူဘုရင်ရဲ့ အသက်ကို ကယ်တင်ခဲ့ပါတယ်။ ကိုယ်အသာစီးရနေချိန်မှာတောင် တစ်ဖက်လူကို ဂုဏ်သိက္ခာရှိရှိ ထွက်ခွာသွားနိုင်တဲ့ လမ်းတော့ ချန်ထားပေးသင့်ပါတယ်။


၁၀။ အိမ်နိမ့်စံအချိန် (ကျရှုံးနေချိန်) မှာ သည်းခံပြီး မိမိကိုယ်ကို ပြန်တည်ဆောက်ပါ


ကျရှုံးမှုကို စိတ်ဓာတ်ခွန်အား တိုးတက်လာမယ့် အချိန်အဖြစ် အသုံးချပါ။ ဝမ်ရန်မင် (王陽明) ဟာ ပြည်နှင်ဒဏ်ခံနေရချိန်မှာပဲ “နှလုံးသားဒဿန” (心学) အတွေးအခေါ်ပညာကို တည်ထောင်ခဲ့ပါတယ်။ သစ္စာဖောက်ခံရတာ၊ ဒေဝါလီခံရတာတွေနဲ့ ရင်ဆိုင်ကြုံတွေ့ရတဲ့အခါမျိုးမှာ အပြင်က ဆူညံသံတွေကို ဂရုမစိုက်ဘဲ ကိုယ့်ရဲ့ အဓိကယှဉ်ပြိုင်နိုင်စွမ်းကို ထက်မြက်လာအောင် မြှင့်တင်သင့်ပါတယ်။


အနှစ်ချုပ်


ကမ္ဘာကြီးထဲမှာ မယိမ်းယိုင်ဘဲ ရပ်တည်နိုင်ဖို့ လျှို့ဝှက်ချက်ကို အကျဉ်းချုပ်ပြောရမယ်ဆိုရင် 


* ကိုယ့်ရည်မှန်းချက်ကို ဖုံးကွယ်ထားရမယ်

* စိတ်ခံစားချက်ကို ထိန်းချုပ်နိုင်ရမယ်

* လိုက်လျောညီထွေဖြစ်အောင် နေရမယ်

* ဘယ်အချိန်မှာ သည်းခံရမယ်၊ ဘယ်အချိန်မှာ ပြတ်သားရမယ်ဆိုတာကို သိနားလည်ရမယ် 


ဒါပါပဲ 


#林圛朙「天下第一」

Wednesday, April 29, 2026

သိုးမည်း‌ဟောင်းနှင့်တွေ့ဆုံခြင်း


 သိုးမည်းဟောင်းနှင့်တွေ့ဆုံခြင်း လို့ အမည်ပေးထားတဲ့  ဗဒင်နဲ့  မေတ္တာတမန်မဂ္ဂဇင်းတို့ ရဲ့ အမေးအဖြေကို  ဗဒင်ပရိတ်သတ်များအတွက် တင်ဆက်ပေးလိုက်ပါတယ်။ ခရစ်ယာန်မဂ္ဂဇင်းမှ တွေ့ဆုံမေးမြန်းထားတာဖြစ်လို့ ဗဒင်ရဲ့  ဘုရားသခင်ပေါ် ကိုးစားမှုကို အလေးထားဖော်ပြထားပါတယ်။  အချိန်ကာလ အနေနဲ့ ၁၉၉၆/၁၉၉၇ ဝန်းကျင်ခန့်ကလို့ ယူဆနိုင်ပါတယ်။ (မောင်ညို)


ချွေးတွေ တဒီးဒီးကျအောင် ပူအိုက်နေတဲ့ ဇွန်လရဲ့ နေ့တစ်နေ့မှာ “သိုးမည်းဟောင်း”သီချင်း လူတိုင်းရဲ့ အကြားအာရုံကို ပဲ့တင်ထပ်စေခဲ့တဲ့ အဆိုတော် “ဗဒင်”နဲ့ တွေ့ဆုံမေးမြန်းခွင့်ရခဲ့ပါတယ်။ 

ကျွန်မတို့အဖွဲ့ ရောက်တဲ့အချိန်မှာ “ထော့မဲပါ” ခြံက ပြန်လာတာမကြာသေးတဲ့အတွက် အကြောဆေးသွင်းအပြီးမှာ ချက်ချင်းပဲ ကျွန်မတို့ရဲ့ မေးခွန်းတွေကို မညည်းမညူ ဖြေကြားပေးတဲ့  နိုင်ငံကျော် အဆိုတော် "ဗဒင်"ရဲ့ ခံယူချက်များကို မေတ္တာတမန် စာဖတ်ပရိသတ်အားလုံးသိစေဖို့ ဖော်ပြလိုက်ပါတယ်။


• အခုလို ကိုဗဒင်နဲ့ တွေ့ဆုံမေးမြန်းခွင့် ပြောဆိုခွင့်ရတာ ဘုရားသခင်ရဲ့ ကျေးဇူးတော်ပါပဲ။ ကိုဗဒင်ရဲ့ မွေးရပ်၊ ဇာတိနဲ့ မိသားစု ဘယ်နှစ်ယောက်ရှိတယ် ဆိုတာသိခွင့်ပြုပါနော်။


ကျွန်တော်ရဲ့ မွေးရပ်ဇာတိက ရန်ကုန်ပါ။ မိသားစု အားလုံး(၆)ယောက်ပါ။ မောင်နှမ(၅)ယောက်နဲ့ အဖေတစ်ယောက်ပါ။ အမေက မရှိတော့ပါဘူး။ မွေးသက္ကရာဇ်က ၆၄ နိုဝင်ဘာပါ။ 

မိဘအမည်က အဖက ဦးညွန့်ဒင်နှင့် အမိ ဒေါကြူကြူပါ။


• လူမျိုး။ 

မြန်မာလူမျိုးပါ။


• ကိုဗဒင်ရဲ့ မိခင်အသင်းတော်နဲ့ ယခုလက်ရှိ မိတ်သဟာယဖွဲ့ပြီး ပါဝင်ဆက်ကပ်နေတဲ့ အသင်းတော်ကို ပြောပြပါဦး။ 

ရွာမအသင်းတော်ပါ။


• Love Song ဆိုတာ ဘယ်နှစ်ခွေရှိပါပြီလဲ။ ဘယ်လို သီချင်းခွေအသစ်တွေထုတ်ဖို့ အစီအစဉ် ရှိထားပါသလဲ။

Love Song အခွေသုံးခွေ ထုတ်ပြီးပါပြီ။ ကြားထဲက လေးယောက်တွဲတွေ၊ သုံးယောက်တွဲဆိုဖို့ အစီအစဉ် ရှိပါတယ်။


• အဲဒီ လေးယောက်တွဲ၊ သုံးယောက်တွဲ အစီအစဉ်လေး ပြောပြပါဦး။

သုံးယောက်တွဲတော့ မလုပ်ဖြစ်သေးပါဘူး။ လေးယောက်တွဲကတော့ ဂျေမောင်မောင်၊ စိုးလွင်လွင်၊ ကိုမှိုးတို့နဲ့ပါ။ 


• သီချင်းခေါင်းစဉ်က။ 

ချစ်အက္ခရာပါ။  (1996 တွင်ထွက်ခဲ့ပါသည်။)


• နောက်တတိယစီးရီးက။

နောက်တတိယစီးရီးက “အရှိအတိုင်း”။ 


• ဘယ်တော့လောက် ထွက်မှာလဲ။ 

ရှေ့လလောက် ထွက်မှာပါ။ (1997 တွင်ထွက်ခဲ့ပါသည်။)


• Gospel Song ဘယ်နှစ်ခွေ ဆိုခဲ့သလဲ။ 

Gospel Song သိပ်မဆိုဘူး။ 


• ဆိုတော့ဆိုတာပေါ့။

ဟုတ်ကဲ့။ ဆိုတော့ဆိုပါတယ်။ ကျွန်တော်သွင်းထားတာတော့ Invisible, Exodus,  အရူပအရာများ ဖြစ်ပါတယ်။ ထွက်တော့မထွက်သေးပါဘူး။ 

(အလှဆင်သူ၊ အသစ်သောအသက်တာ၊ ခရစ်တော် စသည့် သီချင်းများ ပါဝင်ခဲ့ပါသည်။ Exodus-5 အရူပ (Full Album) Myanmar Gospel Songs 

လို့ YouTube မှာ ရှာကြည့်ပါ၊)


•  ရှေ့ဆက်ပြီး ဓမ္မသီချင်းဆိုဖို့ရှိသလား။ 

အများကြီးရှိပါတယ်။ အပြည့်အ၀ရှိပါတယ်။ 


• ကြိုးစားပြင်ဆင်ထားတာ။

ကျွန်တော် "Pre-Gospel" ကို ပိုနှစ်သက်တယ်။ “သိုးမည်း”စကားလုံးတွေ၊ “Shalom” ဆိုတဲ့ စကားလုံးတွေ၊ “ချစ်မေတ္တာထမ်းထုတ်သွားခဲ့တယ်“ ဆိုတဲ့ စကားလုံးလေးတွေပေါ့။ 

အရာရာဟာ ငါ့ကို ထနိုးစေခဲ့တယ်။ ချစ်မေတ္တာဟာ ငါ့ကို ထနိုးစေခဲ့ တယ်ဆိုတဲ့ စကားလုံးမျိုးလေ။ ကျွန်တော်က လမ်းဘေး အယူအဆတွေကို နှစ်သက်တယ်။

သူတို့မှာ ဘဝရှိတယ်။ အဲဒီဘဝထဲမှာ စကားလုံးလေးတွေ ပြထားတယ်။


• ဒီနေ့ Love Song တွေထဲမှာ Gospel Song တွေပါနေတာ ဘယ်လို ခံယူပါသလဲ။

အဲဒါ နဂိုကတည်းက ပြင်ဆင်ပြီးသားပါ။ အကြောင်းမဲ့ အကျိုးမဲ့တော့ မဟုတ်ပါဘူး။ 


• အခုလို အောင်မြင်မှုမရသေးခင်မှာ ဖြတ်သန်းခဲ့ရတဲ့ အခြေအနေတွေကို ယုံကြည်သူ ပရိသတ်တွေကို လက်ဆင့်ကမ်း ဝေမျှပါလား။

 ကျွန်တော်က သိပ်မကြိုးစားဘူး။ ကိုးစားတယ်။ ကြိုးစားလို့ ရတာမဟုတ်ဘူး။ ကိုးစားလို့ ပိုရတယ်။ 


• ခုလို အောင်မြင်မှုရလာဖို့ ဘုရားသခင်ဆီမှာ တောင်းခံခဲ့ဘူးလား။   ဘယ်လို ကိုးစားခဲ့ရသလဲ ဆိုတာ မေတ္တာတမန်ပရိသတ်ကို ပြောပြပါဦး။ 

အပြည့်အဝရှိပါတယ်။ ရိုးရိုးလေး ယုံကြည်ပြီး ရိုးရိုးလေး တောင်းခံခဲ့တာပါ။ 

ဥပမာ-ဘောင်းဘီလိုချင်ရင် ဘောင်းဘီ၊ ဖိနပ်လိုချင် ရင်ဖိနပ်၊ အရောင်ကအစ ထည့်ထောင်းခဲ့တာပါ။ ရလည်းရခဲ့ပါတယ်။ ကျွန်တော်က အမျိုးအစားအရ အတိအကျ ထည့်တောင်းပါတယ်။


• “သိုးမည်းဟောင်း” သီချင်းဟာ ကျွန်မတို့ စိတ် နှလုံးကို ထိတွေ့စေခဲ့ပါတယ်။ ကိုဗဒင်အနေနဲ့ ဒီ သီချင်းကို ရေးစပ်တဲ့အခါ ဘယ်လို ခံစားရပါသလဲ။ 


ဒုတိယအခွေမှာလည်း ဒီလိုပါပဲ။ ဘယ်လို ကြီး ပါဝင်တယ်။ အဲဒီထဲမှာ အနုပညာရှင်တွေ လည်း အများကြီးပါဝင်တယ်။ အထူးသဖြင့် အမျိုးသမီးတွေပေါ့။ 

ဟိုမှာက တစ်နေ့ကို သိန်းနဲ့ချီ ဖြုန်းနိုင်တဲ့သူရှိတာပေါ့။ ရှေ့ဆက်ပြီးတော့ လည်း ကျွန်တော့်ဘက်က Request လုပ်ချင်တယ်။ ဒီလူတွေကို ကျွန်တော်တို့ အသင်းတော်က ဘာလုပ်ပေးနိုင်သလဲ။ ဘယ်လို စုစည်းနိုင်မလဲ၊ ဒါမှမဟုတ် သီးသန့်လူတန်းစားအနေနဲ့ စုစည် ပေးမလား။ရကောရနိုင်မလား၊ သို့တည်းမဟုတ် မရဘူးလား။ အဲဒီမှာတွင် ခသ - ၂ဝဝဝ ရောက်ရင် ဖားတစ်ပိုင်း ငါးတစ်ပိုင်းခရစ်ယာန်တွေ အများကြီး ထွက်လာနိုင်တယ်။ အဲဒါတွေကို လက်ရှိမြင်နေရတယ်၊ ကြားနေရတယ်။ အဲဒါမျိုးနဲ့ ပတ်သက်ပြီးပေါ့လေ။ 


ရည်ရွယ်ချက်က Shalom ပါ။ အဲဒီ အဓိပ္ပာယ်ကို ကျွန်တော်မသိပေမယ့် အဲဒီစကားလုံးဟာ ကျွန်တော့်ရင်ထဲမှာ စွဲနေပါတယ်။ အဲဒီစကားလုံးကို လေထဲမှာ ပဲ့တင်ထပ်စေချင်တယ်။ အဲဒီစကားလုံးဟာ သာမန် စကားလုံးမဟုတ်ဘူး။ (Shalom) မှာ အနှစ်သာရအများကြီးရှိတယ်။ မြန်မာတစ်ပြည်လုံးမှာ အဲဒီစကားလုံးကို တစ်ယောက်ကသိချင်လို့ နှိုက်နှိုက်ချွတ်ချွတ် လေ့လာတော့ ခရစ်တော်ကို တွေ့ ရှိခဲ့တယ်။


• ဘဝအသက်တာအတွက် ဘယ်လို ရည်မှန်းချက် တွေ ရှိသလဲ။

ရည်ရွက်ချက်ကတော့ သီချင်းတွေထဲမှာ လမ်းဘေး ဆိုင်ရာဆိုင်ရာ၊ ပြီးတော့ ကျမ်းစာထဲက အသုံးအနှုန်းတွေ အဲဒီစကားလုံးပါအောင် အမြဲတမ်းရွေးသုံးတယ်။


• အသက်တာကို ခွန်အားပေးနေတဲ့ ကျမ်းပိုဒ်ကို ပြောပြပါဦး။

ကျမ်းပိုဒ်တွေကတော့ ဘယ်ကျမ်းပိုဒ်ကြည့်ကြည့်  ကလေးတွေ သီချင်းမှာပါတဲ့ ကျမ်းပိုဒ်လေးတွေပဲဖြစ်ဖြစ် ခွန်အားရစေပါတယ်။ 


• အိမ်တောင်ရေးနဲ့ ပတ်သက်ပြီး ကြိုတင်ပြင်ဆင်မှုတွေ ရှိနေပြီလား။ ဘယ်လို ရူပါရုံများရှိပါသလဲ။ 

မရှိပါဘူး။ ကျွန်တော် သိပ်စိတ်မဝင်စားဘူး။ ကျွန်တော် စိတ်ဝင်စားတာ လမ်းဘေးက ဘဝတွေပဲ။ လမ်းဘေးက အယူအဆတွေကို စိတ်ဝင်စားတယ်။ အဲဒီမှာ လူတွေမသိတာတွေ အများကြီးရှိတယ်။

အခုဆိုရင် လုပ်ငန်းခွင်တွေ ပိုလမ်းပွင့်လာတယ်။ ပိုပြီးစိတ်ဝင်စားစရာတွေ ပြည့်တယ်။ ဒီလိုပဲ ဆေးရုံ တွေ၊ မျက်မမြင်ကျောင်းတွေ၊ အမျိုးသမီး ပြန်လည် ထူထောင်ရေး၊ ဖွံ့ဖြိုးရေးတွေ အဲဒါတွေ ကို စိတ်ဝင်စားတယ်။ 

စိတ်ဝင်စားစရာ အကောင်းဆုံးကတော့ ဝိညာဥ်တစ်ခုရဖို့ဆိုတာ မလွယ်ဘူး။ အဲဒီမှာ လုပ်နေတဲ့ ဘုရားသခင်နဲ့ တကယ်မှန်ကန်တဲ့ လူတွေ၊  ဓမ္မအမှုတော်ဆောင်တွေမကပဲ ဘုရားသခင်နဲ့ မှန်ကန်တဲ့ လူတွေအားလုံးကို ကျွန်တော်လေးစားတယ်။

အားလုံးကို ခရစ်တော်နဲ့တစ်လုံးတစ်ဝတည်း ရှိတယ်လို့ ကျွန်တော်ယုံကြည်တယ်။  ဘုရားသခင်ရဲ့ သားသမီးတွေဟာ ဘုရားသခင်နဲ့အတူ ရှိတယ်လို့ မျှော်လင့်တယ်။ 


• ကျွန်မတို့ မေတ္တာတမန်မဂ္ဂဇင်းအပေါ် ထင်မြင် ယူဆချက်လေးကို ပြောပြပါဦးလား။

သိပ်ကောင်းပါတယ်။ ဒီလိုမဂ္ဂဇင်းတွေဟာ ပြည်သူတွေကြား ပိုမိုစိမ့်ဝင်ဖို့၊ အခြေခံလူတန်းစားထဲပျံ့နှံ့ သွားဖို့ လိုအပ်ပါတယ်။


• မဂ္ဂဇင်းပရိသတ်များကို ဂီတနဲ့ ပတ်သက်တဲ့ ခံယူချက်များ ဝေမျှပါဦး။ 

ကျွန်တော်က အနုပညာကို ချစ်တယ်။ အနုပညာဟာ ကျွန်တော့်ဘဝပဲ။ အနုပညာဟာ ကျယ်ပြန့်တယ်။


• နောက်ထပ် ဘာပြောချင်သလဲ။ 

ဒါကတော့ ခရစ်တော်၌ တစ်လုံးတစ်ဝတည်းရှိဖို့ လိုအပ်ပါတယ်။ မေတ္တာတရားဟာ အဓိကပါ။ သခင်ခရစ်တော်ရဲ့ ပညတ်တရားဖြစ်တဲ့ “သင်၏ ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံး အကြွင်းမဲ့ ဉာဏ်ရှိသမျှ အစွမ်းသတ္တိ၊ ရှိသမျှ အကြွင်းမဲ့ ချစ်ပြလော့။ 

ထိုမှတစ်ပါး ကိုယ်နဲ့ စပ်ဆိုင်သောသူကို   ကိုယ်နဲ့အမျှ ချစ်လော့”လို့ ပြောပါတယ်။ ပညတ်တော်အားလုံးနဲ့အတူတူပဲ ပြောပါတယ်။ အားလုံးတစ်လုံးတစ်ဝတည်းရှိဖို့နဲ့ မေတ္တာတရား အဓိကထားဖို့ဖြစ်ပါတယ်။


• ကိုဗဒင်ကို မဂ္ဂဇင်းပရိသတ်များ ဆက်သွယ်ချင်ရ ဘယ်လို ဆက်သွယ်ရမလဲ။ 

- မ/၈ ဒေါနလမ်း၊ ရွာမ၊ အင်းစိန်။ 


• အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

 ဟုတ်ကဲ့၊ ကျွန်တော်လည်း ကျေးဇူးတင်ပါတယ်။


မေတ္တာတမန်မဂ္ဂဇင်း

1996/7 ဝန်းကျင်


***Special thanks to ဂီတအကြောင်းသောင်းပြောင်းထွေလာ and Za Pung Lian.



Sunday, April 26, 2026

၃၀ တောင် မကျော်သေးဘဲ ရုပ်ရင့်နေသူတွေ ဖတ်ဖို့

၃၀ တောင် မကျော်သေးဘဲ ရုပ်ရင့်နေသူတွေ ဖတ်ဖို့



(Hello Sayarwon Panelမှ ဆေးစစ်ထားပါသည်

Yun Sandi Nan Mon မှ ရေးသားသည်။ )


ရှိတယ်နော်၊ ရှိတယ်။ ဒီတိုင်းနေတာ အကောင်းသား၊ အသက် မေးလိုက်မှ “ဟယ်…မထင်ရဘူးနော်၊ ငယ်သေးတာပဲ” လို့ ပြောခံလိုက်ရတာမျိုး။ နဂိုရှိတဲ့ အသက်ထက် လူက ပိုရင့်နေတာမျိုးက ရွယ်တူတွေကြားမှာ နည်းနည်းတော့ ဘူနေမှာပေါ့။


၃၀ တောင် မကျော်သေးဘဲ ရုပ်ရင့်နေသူတွေ ဖတ်ဖို့

အရွယ်ကောင်း လို့ခေါ်ကြတဲ့ အသက် ၃၀ အရွယ်ကိုတောင် မရောက်သေးဘဲ ကိုယ့်ကို အသက်ကြီးတယ် ထင်နေကြတာကို ဝမ်းသာမယ့်သူတော့ ရှိမယ်မထင်ပါဘူး။


ဘာကြောင့် ရုပ်ရင့် နေရတာလဲ

လူ့ခန္ဓာကိုယ်မှာ အိုမင်းရင့်ရော်မှု ရဲ့ လက္ခဏာကို အရင်ဆုံး ပြလာတာက အရေပြား ပါ။ အသက်အရွယ် ကြောင့် အပြင် အသားအရေ ကို အရွယ်မတိုင်မီ ရင့်ရော်စေတဲ့ တခြားအကြောင်းရင်းတွေက အများကြီး ရှိပါတယ်။


စိတ်ဖိစီးမှု၊ ဆေးလိပ် သောက်ခြင်း၊ အရက်သောက်ခြင်း၊ အအေးဒဏ်၊ နေပူဒဏ် စတဲ့ ပတ်ဝန်းကျင် အကြောင်းရင်းတွေ၊ အစားအသောက်၊ ကိုယ်အလေးချိန်၊ သောက်သုံးနေတဲ့ ဆေးဝါး၊ အသားအရေ မထိန်းသိမ်းခြင်း စတဲ့ အကြောင်းရင်းတွေ ပါဝင်တာပေါ့။


အရွယ်မတိုင်မီ မရင့်ရော်စေဖို့ ဘာလုပ်ရမလဲ

အပေါ်ယံ အရေပြားလေးပါပဲ လို့ ပြောကြပေမယ့် အဲဒီအရေပြားလေးက လူတစ်ယောက်ရဲ့ သွင်ပြင်လက္ခဏာ နဲ့ ခန္ဓာကိုယ် ကျန်းမာရေးအပြင် လူမှုဆက်ဆံရေးနဲ့ ကိုယ့်ရဲ့စိတ်ကျန်းမာရေး တို့ကိုပါ သက်ရောက်မှု မသေးတာ သတိပြုသင့်ပါတယ်။


အသားအရေ ကျန်းမာ၊ နုပျို တဲ့သူတွေဟာ ရုပ်မလှတောင် ကြည့်ကောင်းမယ်၊ အရေပြားကင်ဆာ လို ရောဂါတွေ ကာကွယ်နိုင်မယ်၊ လူမှုဆက်ဆံရေးမှာ အဆင်ပြေမယ်၊ ရင့်ရော်မှုနဲ့ ပတ်သက်လို့ ဆိုက်ကိုဝင်စရာမလိုဘူး စတဲ့ အကျိုးကျေးဇူးတွေ ရှိနေတယ်လေ။ စိတ်ကျန်းမာတော့ လူလည်း ကျန်းမာနိုင်မှာပါပဲ။


ဒါ့ကြောင့် အသားအရေ ထိန်းသိမ်းချင်ရင် အာဟာရ ပြည့်တဲ့ အသီးအနှံ၊ အသီးအရွက်တွေ များများစားပါ၊ ရေသောက်ပါ၊ ကျန်းမာရေးနဲ့ မညီတဲ့ အမူအကျင့်တွေကို ရှောင်ပါ။


ပိုအသေးစိတ်တဲ့ အသားအရေ ထိန်းသိမ်းစောင့်ရှောက်မှု အတွက်တော့ –


(၁) နေရောင်ခြည် ကို အံမတုပါနဲ့

နေလောင်ဒဏ် ကို ကာကွယ်တာက အသားအရေ ထိန်းသိမ်းမှု နဲ့ ရင့်ရော်မှုကို တားဆီးနိုင်ဖို့ အတွက် အခြေခံ အချက် ပါပဲ။ နေရောင်ခြည်က အသားအရေကို ပိုပြီး မြန်မြန်ရင့်ရော်စေပါတယ်။ ဒါ့ကြောင့် နေပူမရှောင်၊ ထီးမဆောင်း၊ ဦးထုပ်မပါဘဲ အပြင်ထွက်လေ့ ရှိကြတဲ့ ယောကျာ်းလေးတွေ ပိုသတိထားသင့်တဲ့ အချက်ပါ။


နေရောင်ခြည် နဲ့ ခရမ်းလွန် UV rays တို့ ဒဏ်က ကာကွယ်နိုင်ဖို့ နေအပြင်းဆုံးအချိန်ဖြစ်တဲ့ မနက် ၁၀ နာရီကနေ နေ့လည် ၂ နာရီအတွင်း အမိုးအကာအောက်မှာ နေပါ။ သွားစရာရှိရင် ထီး အမြဲယူသွားဖို့ မမေ့ပါနဲ့။ sunscreen လိမ်းပါ။


(၂) sunscreen လိမ်းပါ

ကိုယ့်အသားအရေကို ကာကွယ်နိုင်ဖို့ နေရောင်နဲ့ တိုက်ရိုက် ထိတွေ့နိုင်တဲ့ အရေပြား အစိတ်အပိုင်း မှန်သမျှကို sunscreen လိမ်းပါ။ SPF ပါဝင်မှု 30 ထက် များတဲ့ sunscreen ကို ရွေးချယ်ပါ။ ရုပ်ရင့် စေတဲ့ အကြောင်းရင်းတွေထဲ နေပူထဲ အကာအကွယ် မပါဘဲ အမြဲသွားနေတဲ့ အချက်က ရှေ့ဆုံးက ပါဝင်ပါတယ်။


(၃) အစိုဓာတ် ထိန်းဖို့ မမေ့ပါနဲ့

အသက်ကြီးလာတာနဲ့အမျှ အသားအရေကို ရေဓာတ် ထိန်းသိမ်းဖို့၊ ဖြည့်တင်းဖို့ လိုအပ်လာပါတယ်။ အသားအရေ အစိုဓာတ် နည်းပါးတဲ့အခါ ခြောက်သွေ့လာတယ်၊ အရေးအကြောင်းတွေ ဖြစ်လာတတ်တယ်၊ အသားအရောင် မွဲခြောက်လာမယ်၊ ပိုရင့်ရော်စေတာပေါ့။ moisturizer က အရေပြားထဲမှာ ရေဓာတ် ကို ထိန်းပေးထားလို့ အသားအရေ ကို စိုပြေစေပြီး နုပျိုတဲ့ အသွင်ကို ဆောင်စေပါတယ်။


(၄) မျက်နှာ ကို ပုံမှန် သန့်စင်ပေးပါ

မျက်နှာသစ်တဲ့ အခါမှာလည်း သစ်ပုံသစ်နည်းက တော်တော်စကားပြောပါတယ်။ သိပ်မပြင်းတဲ့ မျက်နှာသစ်ဆေးကို ရွေးချယ်ပြီး သုံးပါ။ မျက်နှာ ကို အရမ်းပွတ်တိုက်ပြီး မသစ်မိအောင် သတိထားပါ။ မနက်နဲ့ ညအိပ်ရာဝင် တစ်နေ့ နှစ်ကြိမ် သန့်စင်ပေးပါ။


မိန်းကလေးတွေ ဆိုရင် မိတ်ကပ် ဖျက်ဖို့ အဆင့်တစ်ဆင့် လိုအပ်ပါဦးမယ်။ မိတ်ကပ် သို့မဟုတ် မျက်နှာမှာ လိမ်းထားသမျှကို makeup remover သို့မဟုတ် micellar water သုံးပြီး ဖျက်မှ အဆင်ပြေပါလိမ့်မယ်။


အရွယ် ငယ်ငယ်နဲ့ ရုပ်မရင့်စေဖို့ သို့မဟုတ် အသက်ကြီးလာလည်း အရွယ်တင် နုပျိုစေဖို့ ဒီအခြေခံအချက်တွေ ဂရုစိုက်လိုက်ရုံနဲ့ အဆင်ပြေပါတယ်နော်။ ဖြစ်နိုင်ရင်တော့ မကြာမကြာလည်း ပေါင်းတင်တာ၊ ဆိုင်မှာ treatment လုပ်တာမျိုး လုပ်ပေးရင် ပိုကောင်းတာပေါ့။


Hello ဆရာဝန် ပရိသတ်တို့ ဘယ်အသက် ဘယ်အရွယ်ဖြစ်ဖြစ် အမြဲ နုပျိုလှပ နိုင်ကြစေဖို့ ရည်ရွယ် အကြံပြု ပေးလိုက်ပါတယ်။



***Helloဆရာဝန် စာမျက်နှာမှကူးယူဖော်ပြသည်။ 

Tuesday, April 21, 2026

ဗမာတို့ရဲ့ ကိုးကွယ်မှုထုံးဓလေ့



▂▂


ဗမာတို့ရဲ့ အကျင့်ဓလေ့မှာ၊ အလှူအတန်း လုပ်တဲ့ အလေ့အထက တောရောမြို့မှာပါ တွေ့ရပါတယ်။ ရှေးဗမာတို့မှာလည်း တွေ့ရသလို၊ ခေတ်သစ်ဗမာတို့မှာလည်း တွေ့ရပါတယ်။ အလှူအတန်း လုပ်တယ်ဆိုတာ၊ ဗုဒ္ဓသွန်သင်ချက်အရ ဒါနပါရမီဖြည့်ကျင့်တယ်လို့ ဆိုပါတယ်။ ဗမာတို့ရဲ့ လူမှုဓလေ့တွေမှာ ၊ ဗုဒ္ဓဘာသာထုံးဓလေ့တွေ လွှမ်းမိုးကြီးကျယ်ပါတယ်။ ဗမာတို့ဟာ ဒါန၊ သီလ၊ ဘာဝနာလို့ တွဲပြီး မှတ်ထားလေ့ရှိပါတယ်။ ပညာတတ်ဗမာဘုန်းတော်ကြီး တချို့ဟာ၊ ဗမာတရားနာပရိသတ်ကို “ဒါနနဲ့ပဲ လမ်းမဆုံးစေကြနဲ့” လို့၊ ဟောပြောဆုံးမလေ့ရှိပါတယ်။ ဒါပေမယ့် ဗမာတို့ဟာ သီလစခန်းကို တော်ရုံနဲ့ မရောက်နိုင်သလို၊ ဘာဝနာကျင့်ကြံပွားများတဲ့အဆင့်ကိုလည်း မသွားနိုင်ကြတာများပါတယ်။ မြန်မာပြည်တွင်းမှာ၊ ဘာဝနာအလုပ်ကို လုပ်နိုင်ဖို့ တရားစခန်းပေါင်းမြောက်မြားစွာ ရှိပေမယ့်၊ တိုင်းပြည်နဲ့ လူ့အဖွဲ့အစည်းအတွင်း မတည်ငြိမ်မှု၊ မငြိမ်းချမ်းမှုနဲ့ အထွေထွေသော စစ်ရေး - လူမှုရေးပဋိပက္ခတွေဟာ၊ ဗမာတို့ရဲ့ ကိုယ်တွင်းဘာဝနာပွားများမှု စစ်မှန်ခြင်း - မစစ်မှန်ခြင်းကို လက်တွေ့သက်သေပြနေဟန်ရှိပါတယ်။ ဗမာတို့ရဲ့ သီလစခန်းဟာ၊ ဥပုသ်နေ့တွေမှာ၊ ရပ်ကွက်ဓမ္မာရုံသွားပြီး သီလယူရုံအဆင့်လောက်ပဲ ရှိပါတယ်။ ဒါပေမယ့် ခေတ်သစ်ဗမာတို့ရဲ့ အလေ့အထတွေမှာ၊ ဓမ္မာရုံတွေလည်း မွဲခြောက်ခြောက်ဖြစ်လာလို့၊ အိမ်ရှေ့ ဘုရားစင်မှာ သီလယူ၊ ဘုရားရှိခိုးအဆင့်လောက်တော့ ကျန်သေးတယ်လို့ ပြောနိုင်ပါတယ်။ 


■ မျက်မှောက်ခေတ် သာသနာ


ဗမာအများစုဟာ ဒါန လုပ်တဲ့ အဆင့်မှာတင်၊ ကျေနပ်တင်းတိမ်နေကြတာများပါတယ်။ အဲသည့်လို ဒါန (အလှူအတန်း) လုပ်တဲ့နေရာမှာလည်း၊ မှန်မှန်ကန်ကန်နဲ့ နည်းမှန်လမ်းမှန် လှူတတ်တန်းတတ်ဖို့ အကျင့်အကြံလည်း နည်းပါးတာတွေ့ရပါတယ်။ သဒ္ဓါတရား အားကောင်းပေမယ့်၊ အသိအားမကောင်းတာကြောင့် ဗမာတို့ဟာ အလှူအတန်းများသလောက် လူ့အဖွဲ့အစည်းအတွင်းမှာ အကျိုးမကြီးတာ တွေ့ရပါတယ်။ ဒါတွေကို သိမြင်လို့၊ ရွှေဘိုနယ် သရိုင်ရွာသား ဖြစ်တဲ့ အညာသား ပညာတတ် အကျော်အမော်ဘုန်းတော်ကြီး တစ်ပါးဖြစ်တဲ့ မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသက ၊ သူ့ရဲ့ အနာဂတ်သာသနာရေးကျမ်းစာမှာ၊ ဗမာတို့အတွက် ပြင်သင့်ပြင်ထိုက်တဲ့ သာသနာရေး အလွဲအမှားတွေကို ရဲရဲဝံ့ဝံ့ ရေးသားခဲ့ဖူးပါတယ်။ လွတ်လပ်ပြီးခေတ် မြန်မာပြည်ရဲ့ သာသနာရေးအလွဲအမှားတွေကို အမြော်အမြင်ရှိရှိ ဆင်ခြင်ပြုပြင်နိုင်ဖို့အတွက် အရှင်ဇနကာဘိဝံသက အနာဂတ်သာသနာရေးကျမ်းကို ရေးသားခဲ့တာ (၇၇) နှစ်ရှိပြီဖြစ်ပါတယ်။ အရှင်ဇနကာဘိဝံသလို၊ သာသနာရေးမှာ စိတ်အားထက်သန်တဲ့ ဘုန်းတော်ကြီးတွေ ယနေ့ အချိန်မှာ ရှိကောင်းရှိနိုင်ပေမယ့်၊ မြန်မာပြည်သာသနာရေးလောကကတော့၊ ရှေးယခင်ကနဲ့မတူ၊ တစ်မူမက ထူးခြားတဲ့ အပြုအမူတွေကို ဆရာတွေဘက်ကရော၊ ဒကာတွေဘက်မှာ အုံလိုက်ကျင်းလိုက် တွေ့နေရဆဲဖြစ်ပါတယ်။ 


ရဟန်း လူလိုကျင့်တာအပြင်၊ ဘုန်းကြီးကျောင်းဟာ အိမ်နဲ့ တူလာတာ၊ ဘုန်းကြီးနဲ့ လူ တူလာတာတွေဟာ အတော်ကြီး ခြောက်ခြားစရာကောင်းလှပါတယ်။ အဲသည့်ထဲမှာ၊ ဗမာတို့ရဲ့ အလှူအတန်းနဲ့ ပတ်သက်ပြီး၊ လုပ်သင့်လုပ်ထိုက်တဲ့ အကျင့်ဓလေ့တွေကို လုပ်ကြဖို့ အရှင်ဇနကာဘိဝံသက တိုက်တွန်းသလို၊ ပြုပြင်သင့်တဲ့ အမူအကျင့်တွေကိုလည်း ပြုပြင်ကြဖို့ သွန်သင်ထားတာတွေ့ရပါတယ်။ ဗမာတို့ရဲ့ သဒ္ဓါတရား လွန်ကဲပုံက၊ တစ်ချိန်က ပုဂံပြည်ကြီးမှာတောင် လှည်းဝင်ရိုးသံ၊ တညံညံ ပုဂံဘုရားပေါင်းလို့ ပြောစမှတ်ပြုရလောက်အောင်၊ စေတီပုထိုးပေါင်း - လေးသန်း လေးသိန်း ခြောက်သောင်း ခြောက်ထောင် ခုနစ်ရာ သုံးဆယ်သုံးဆူ အထိ များပြားခဲ့တယ်လို့ အနာဂတ်သာသနာရေးကျမ်းမှာ ရေးပါတယ်။ ဒီပမာဏဟာ ဘယ်လို ရေတွက်ပြီး၊ ပြောစမှတ်ပြုတယ်လို့ မသိပေမယ့်၊ ဗမာတို့ဟာ စေတီပုထိုးတည်တဲ့နေရာတွေမှာ အလှူအတန်း ရက်ရောတယ်လို့ ထင်ရှားစွာ သိနိုင်ပါတယ်။


■ သဒ္ဓါလွန်ကဲ - ပညာနည်း


ဗမာဘုန်းတော်ကြီးများဟာ တရားပလ္လင်ထက်မှာ၊ ဒါနကထာကိုပဲ ဦးစားပေးဟောပြောကြတာများလွန်းလို့၊ ဓမ္မကထိက ဆရာတော် အချင်းချင်းက ထောက်ပြဝေဖန်ကြတာလည်း တွေ့ရပါတယ်။ ဒါနကထာထက် သီလကထာကို ပိုမို ဟောပြောကြဖို့၊ ဗမာဓမ္မကထိက ဆရာတော်တွေအကြား တိုက်တွန်းလှုံ့ဆော်တာကို တွေ့ရပါတယ်။ ဓမ္မစေတီဆရာတော်လို့ နာမည်ကြီးတဲ့ ဦးကောသလ္လက၊ ထေရဝါဒနဲ့ သရဏဂုဏ် ဟောပြောချက်မှာ၊ “သဒ္ဓါလွန်ကဲ၊ ပညာနည်း - အလွဲ ကြည်ညို၏” လို့၊ စာချိုးစပ်ပြီး ဟောပြောတာတွေ့ရပါတယ်။ ယုံကြည်မှုလွန်ကဲပြီး၊ ပညာနည်းပါးတဲ့အခါမှာ ကိုးကွယ်ကြည်ညိုမှုတွေ အလွဲအမှားဖြစ်ရတယ်လို့ ဆိုလိုတာဖြစ်ပါတယ်။


ဗမာ့ခေတ်ဟောင်းသမိုင်းစာတွေကို လေ့လာကြည့်ရင်၊ ပုဂံမှာ သာသနာတော် ထွန်းကားစည်ပင်ခဲ့တဲ့ အကြောင်း အများဆုံး ထောက်ပြရေးသားကြတာတွေ့ရပါတယ်။ ပုဂံခေတ်မှာ၊ မင်းနဲ့ ပြည်သူတွေဟာ ရဟန်းသံဃာအပေါ်မှာ သဒ္ဓါတရား တိုးပွားကြတဲ့အပြင်၊ ကိုယ့်မင်းကိုယ်ချင်းဖြစ်ပြီး သာယာဝပြောတာကြောင့်၊ ဘာသာရေးမှာ ပညာနဲ့ နှစ်နှစ်ကာကာ စဉ်းစားဆင်ခြင်တာထက် သဒ္ဓါ (ယုံကြည်မှု) ကို အရင်းပြုပြီး သူ့ထက်ငါ သာလွန်အောင် ဒါနမှုတွေ လွှမ်းမိုးလာဟန် ရှိတယ်လို့ အရှင်ဇနကာဘိဝံသက၊ အနာဂတ်သာသနာရေးကျမ်းစာမှာ ရေးသားပါတယ်။ ဘုရားစေတီတည်တာဟာ ကုသိုလ်ရတာ မှန်ပေမယ့် အကျိုးရသင့်သလောက် ပြည့်ပြည့်စုံစုံရဖို့ စဉ်းစဉ်းစားစား တည်သင့်တယ်လို့ အရှင်ဇနကာဘိဝံသက ထောက်ပြပါတယ်။ ဗမာပြည်မှာ စေတီတော်တွေ အများအပြား တည်ထားပေမယ့်၊ စိတ်ကြည်နူးအောင် ကိုးကွယ်ထားသည်ကို မတွေ့ရဘူးလို့၊ သူ့ခေတ်သူ့အခါက အခြေအနေကို ကြည့်ပြီး အရှင်ဇနကာဘိဝံသက ဝေဖန်ထောက်ပြတာတွေ့ရပါတယ်။ မဟာမြတ်မုနိနဲ့ ရွှေတိဂုံလို စေတီတော်တွေမှာတောင် ရင်ပြင်တော်ပေါ်မှာ လူများရဲ့ ခြေရာတွေနဲ့၊ ခွေးမစင်တွေ၊ ပန်းအမှိုက်တွေ တွေ့ရသေးတယ်လို့ ထောက်ပြဝေဖန်ခဲ့ဖူးပါတယ်။ သည်နေရာမှာ ဖြစ်ချင်တိုင်းဖြစ်နေတာက၊ တချို့စေတီတော်ဝင်းတွေအတွင်းမှာ စေတီအငယ်တွေ၊ ဆင်းတုတော်အငယ်တွေ အများအပြားရှိနေတာကို တွေ့ရတယ်လို့ ရေးပါတယ်။ ဒါ့ကြောင့် တစ်ဖက်ကို လှည့်ပြီး ဦးချနေချိန်မှာ၊ တစ်ခြားတစ်ဖက်မှာတော့ များစွာသော စေတီဆင်းတုတော်တွေကို ကျောပေးထားရာ ရောက်နေတယ်လို့ ဆိုပါတယ်။ ဗမာတို့ တည်ထားကိုးကွယ်တဲ့ ဘုရားစေတီတွေမှာ၊ ထင်ရှားတဲ့ စေတီဆင်းတုတော်ရှေ့မှာတော့ ပန်းတွေ ဝေဆာပေမယ့် ဘုရားငယ်၊ စေတီငယ်နဲ့ ဆင်းတုငယ်တွေရှေ့မှာတော့ ပန်းတစ်ပွင့်မျှတောင် မရှိဘူးလို့ အရှင်ဇနကာဘိဝံသက ရေးသားဖော်ထုတ်ပါတယ်။ ဒါ့အပြင် ကျေးရွာတွေမှာ၊ ဘိုးဘွားအစဉ်အဆက် တည်ထားတဲ့ စေတီအများအပြားလည်း ရှိနေကြောင်း ရေးပါတယ်။ ဒီလို ဘိုးစဉ်ဘောင်ဆက်တည်ထားတဲ့ စေတီတွေဟာ သားစဉ်မြေးဆက် စီးပွားတက်ချိန်မှာတော့ စေတီတော်တွေဟာ တန်ခိုးတော်ကြီးမားပြီး၊ သားစဉ်မြေးဆက် ဆုတ်ယုတ်တဲ့အခါမှာတော့ ဘိုးဘပိုင်စေတီတွေလည်း ညိုမည်း ခြောက်သွေ့ပြီး အရှိန်အဝါ မတောက်ပနိုင်ကြတော့ဘူးလို့ ပွင့်ပွင့်လင်းလင်း ထောက်ပြရေးသားတာကို တွေ့ရပါတယ်။ ဗမာပြည်မှာ၊ တည်ထားတဲ့ စေတီပုထိုးတွေဟာ ဘုရားဒကာရဲ့ ဘုန်းရှိန်အတိုင်း ဖြစ်ပျက်ပြောင်းလဲနေကြရတယ်လို့ ယူဆနိုင်ပါတယ်။ 


■ ဥစ္စာစောင့်ပုံပြင်များ


ဗမာပြည်မှာ စေတီပုထိုးပျက်တွေကို ဗမာတို့ ပြန့်နှံ့နေထိုင်ရာ နေရာဒေသ အတော်များများမှာ တွေ့နိုင်ပါတယ်။ တောမှာလည်း တောအလျောက်၊ မြို့မှာလည်း မြို့အလျောက်၊ ဘုရားပျက်တွေ၊ စေတီအိုတွေ ရှိနေတတ်ပါတယ်။ တချို့လည်း ကာလအတော်ကြာနေပြီဖြစ်တာကြောင့်၊ မြက်သစ်ပင်တွေ ပေါက်ရောက်ပြီး အုတ်ပုံဘဝမှာ စံမြန်းကြရတဲ့ စေတီပုထိုးတွေလည်း အမြောက်အမြားရှိပါတယ်။ ခေတ်ကာလမကောင်းချိန်မှာ၊ စေတီပုထိုးတွေဟာ ဌာပနာအဖောက်ခံရပြီး၊ အုတ်တွေကို ဗမာတို့ဟာ လိုသလို ယူငင်အသုံးပြုကြတာတွေ့ရပါတယ်။ အညာဒေသဘက်က တောရွာတချို့မှာဆိုရင်၊ ဘုရားပျက်က အုတ်ခဲရိုးကို အိမ်မှာ ဖိုခနောက်လုပ်ဖို့ ယူငင်သုံးစွဲတာကိုလည်း ကြားဖူးတွေ့ဖူးခဲ့ပါတယ်။ ဒါ့ကြောင့် ဗမာအချင်းချင်းအကြား ထိန်းသိမ်းတဲ့အနေနဲ့ ဘုရားစေတီတွေကို လိုသလို မဖျက်စီးနိုင်အောင်၊ ရှေးဘုရားတွေမှာ ဥစ္စာစောင့်ရှိတယ်ဆိုတဲ့ နှုတ်ပြောပုံပြင်တွေကို အများအပြားဖန်တီးထားတာတွေ့ရပါတယ်။ ဗမာအညာကျေးရွာတွေမှာ၊ ဘုရားစေတီဟောင်းနဲ့ ပတ်သက်ပြီး ဥစ္စာစောင့်ရှိတယ် ဆိုတဲ့ စတိုရီဟာ နေရာတိုင်းလိုလိုမှာ၊ ပုံစံအမျိုးမျိုးနဲ့ တွေ့ရပါတယ်။ 


ဗမာတို့ဟာ သူတို့ တည်ထားတဲ့ စေတီဘုရားတွေကို အစဉ်အမြဲ မစောင့်ရှောက်နိုင်ကြပါဘူး။ အစဉ်အမြဲ ပူဇော်ဆည်းကပ်တာလည်း မလုပ်နိုင်ကြပါဘူး။ တခါတရံလည်း ခေတ်အခြေအနေအရ၊ ပဋိပက္ခတွေ၊ စစ်ပွဲတွေနဲ့ စီးပွားပျက်ကပ်တွေ ကြုံတာကြောင့်၊ တည်ထားတဲ့ စေတီပုထိုးတွေလည်း ခြောက်ခြောက်သွေ့သွေ့ ငြိုးငြိုးရော်ရော်နဲ့ နေထိုင်ကြရပါတယ်။ စေတီပုထိုးတွေ တည်တဲ့နေရာမှာ၊ ဘုရားဒကာ/ ဘုရားဒကာမတို့ဟာ မိမိတို့ တန်ဖိုးကြီး ပစ္စည်းဥစ္စာနဲ့ လက်ဝတ်ရတနာတွေကို ဌာပနာတည်ထားပြီး ကိုးကွယ်တည်ဆောက်တာကြောင့်၊ ဘုရားဒကာတို့ သေဆုံးတဲ့အခါ တခါတရံလည်း နတ်ပြည်မရောက်ဘဲ၊ စွဲလမ်းမှုကြောင့် ဥစ္စာစောင့်ဘဝနဲ့ ဖြစ်တည်ကြရတယ်လို့ ဗမာတို့ ပြောလေ့ရှိတဲ့ ဥစ္စာစောင့်ပုံပြင်တွေမှာ အကြားရများပါတယ်။ ပုဂံခေတ်ကလို ရှေးဘုရားတွေမှာတော့၊ ဘုရားဒကာတို့ဟာ ဘုရားကျွန်တွေကို ထားပြီး လှူခဲ့တာကြောင့်၊ ဒီလို ဘုရားကျွန်တွေက သေလွန်တဲ့အခါ ဥစ္စာစောင့်ဘဝနဲ့ ၎င်းဘုရားစေတီကို ပြန်လည်စောင့်ရှောက်နေကြရတယ်လို့ နှုတ်ပြောပုံပြင်တွေမှာ ကြားဖူးပါတယ်။ 


■ လူနာမည်နဲ့ ဘုရားတွေ


ဗမာတို့ဟာ ဘုရားစေတီကိုတောင်၊ အစွဲကင်းကင်းနဲ့ မကြည့်မြင်နိုင်ဘဲနဲ့ ဘုရားတည်တဲ့ လူပုဂ္ဂိုလ်နဲ့ ဘုရားကို တွဲဖက်မှတ်ယူလေ့ရှိတာကို တွေ့ရပါတယ်။ ဒါ့ကြောင့် ဘုရားစေတီတွေရဲ့ အမည်နာမတွေမှာ၊ လူအမည်နာမည်တွေ ပါဝင်နေတာတွေ့ရပါတယ်။ မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ကျွန်းလုံးဥသျှောင်ရပ်ကွက်ရှိ ဒက္ခိဏရာမကျောင်းတိုက် (ဘုရားကြီးတိုက်) တောင်ဘက်မှာ ပုဂံမင်းလက်ထက် (၁၈၄၇ ခုနှစ်ခန့်)က ကျီဝန်၊ အတွင်းဝန်၊ သတိုးမင်းကြီး မဟာသက်တော်ရှည် ဦးပွား တည်ထားခဲ့သော သမိုင်းဝင်ဆုတောင်းပြည့်စေတီတော်တစ်ဆူ ရှိပါတယ်။ ဦးပွားဆိုတဲ့ လူပုဂ္ဂိုလ်တည်တဲ့ ဘုရားဖြစ်တာကြောင့်၊ ဦးပွားဘုရားလို့ ရပ်ထဲ ရွာထဲမှာ ခေါ်ကြပါတယ်။ ဒါဟာ ဘုရားနာမည်ပျောက်ပြီး၊ လူနာမည်တွင်တဲ့ ဘုရားဖြစ်သွားတယ်လို့ မှတ်ယူနိုင်ပါတယ်။ လူနာမည်တွင်တဲ့ ဘုရားစေတီပုထိုးတွေက မြန်မာပြည်နေရာ အနှံ့မှာ ခပ်များများ ရှိပါတယ်။ ဗမာတို့ဟာ ဘုရားစေတီကို၊ ဘုရားတည်တဲ့ ဒါယကာ - ဒါယကာမအမည်တွေနဲ့ ပူးတွဲမှတ်ယူလေ့ရှိတယ်ဆိုတာကို တွေ့ရပါတယ်။ 


■  မင်းနဲ့ သာသနာ


ဗမာဘုရင်မင်းအဆက်ဆက်ဟာ၊ သူတို့ တန်ခိုးအာဏာထက်ချိန်မှာ စေတီတည်ထားကိုးကွယ်တာကို လုပ်ဆောင်လေ့ရှိပါတယ်။ အနော်ရထာ၊ ကျန်စစ်သားနဲ့ အလောင်းစည်သူတို့က စပြီး စေတီဘုရားတည်ထားမှုကို၊ လုပ်ခဲ့ပါတယ်။ ဒါ့ကြောင့် ပုဂံသွားရင်၊ ဒါက အနော်ရထာ တည်တဲ့ ဘုရား။ ဒါက ကျန်စစ်သားမင်း တည်တဲ့ ဘုရား။ ဒါက အလောင်းစည်သူမင်း တည်တဲ့ ဘုရား…လို့ ခေါ်ကြပါတယ်။ ကုန်းဘောင်မင်းဆက်မှာလည်း ဒါက ဘကြီးတော်မင်း တည်တဲ့ ဘုရား။ ဒါက မင်းတုန်းမင်း တည်တဲ့ ဘုရား။ ဒါက သီပေါမင်း တည်တဲ့ဘုရား… ရယ်လို့၊ ဗမာဘုရင်တွေကို သူတို့ တည်တဲ့ ဘုရားတွေနဲ့ ပူးတွဲပြီး သမိုင်းမှတ်တမ်းမှာ တွေ့ရှိရပါတယ်။ ရန်ကုန်မှာ ဗိုလ်ချုပ်ကြီးနေဝင်း တည်တဲ့ ဘုရား ရှိပါတယ်။ ရွှေတိဂုံဘုရားတောင်ဘက်မုဒ်က မဟာဝိဇယစေတီဟာ ဗိုလ်ချုပ်ကြီးနေဝင်း တည်ထားတဲ့ ဘုရားလို့ ဆိုပါတယ်။ ဒါ့ကြောင့် မဟာဝိဇယစေတီကို နေဝင်းဘုရားလို့ ခေါ်ကြောင်း၊ ဧရာဝတီနဲ့ ဒီဗွီဘီသတင်းဌာနတို့က ရေးပါတယ်။ ရန်ကုန်ကနေ ပျဉ်းမနားမှာ၊ နေပြည်တော်အဖြစ် ရွှေ့ပြောင်းတည်တော့ ရွှေတိဂုံနဲ့ ပုံစံတူ၊ လှိုဏ်ဂူပါတဲ့ ဥပ္ပါတသန္တိ စေတီကို၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ တည်ပါတယ်။ ဒါ့ကြောင့် ဥပ္ပါတသန္ဓိကို သန်းရွှေဘုရားလို့ ခေါ်တာတွေ့ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အာဏာရလာချိန်မှာ၊ ဒေါ်အောင်ဆန်းစုကြည်က နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ် မှာ၊ ထာဝရငြိမ်းချမ်းရေးစေတီကို တည်ပါတယ်။ ၂၀၁၈ ခုနှစ် ဇွန်လ ၁၉ ရက်နေ့၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၃ နှစ်ပြည့် မွေးနေ့မှာ နေပြည်တော်က ထာဝရငြိမ်းချမ်းရေး စေတီတော်ရဲ့ မူလဌာပနာပိတ်ပွဲ ကျင်းပခဲ့ပါတယ်။ ငြိမ်းချမ်းရေးနဲ့ သာယာဝပြောရေးကို ရည်စူးပြီး မွေးနေ့ရှင် ဒေါ်အောင်ဆန်းစုကြည်က ပတ္တမြားတပြည် မြတပြည် ကျောက်စိမ်းတပြည်နဲ့ နီလာတပြည်စီ၊ မြေသားနဲ့ပြုလုပ်ထားတဲ့ မညှိုးပန်းတွေကို ဌာပနာတော် အတွက် လှူခဲ့တယ်လို့ ဘုရားဂေါပကတဦးရဲ့ ပြောစကားကို ဘီဘီစီသတင်းဌာနက ဖော်ပြပါတယ်။ ၂၀၂၁ မှာ စစ်အာဏာသိမ်းပြီး နိုင်ငံတော်အာဏာကို ရယူခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နေပြည်တော်မှာ မာရဝိဇယလို့ အမည်တွင်တဲ့ ကမ္ဘာ့အကြီးဆုံးသော ကျောက်ဆစ်ရုပ်ပွားတော်ကြီးကို ၂၀၂၃ ခုနှစ်မှာ အပြီးသတ်တည်ထားပါတယ်။ ဒါ့ကြောင့် မင်းအောင်လှိုင်ဘုရားလို့ စစ်အာဏာရှင်ဆန့်ကျင်ရေးအသိုင်းအဝိုင်းက ပြောလေ့ရှိပါတယ်။ 


ဗမာတို့ရဲ့ အာဏာဓလေ့ဟာ ဗုဒ္ဓဘာသာနဲ့ တွဲချည်သတ်မှတ်တဲ့အလေ့ရှိပါတယ်။ အနောက်တိုင်းပညာတတ်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်တောင်မှ၊ သူ အာဏာရလာချိန်မှာ၊ ဗမာ့ဓလေ့ကို ကျော်ပြီး လျစ်လျှူမရှုနိုင်တာကို တွေ့ရပါတယ်။ ဗမာ့လူ့အဖွဲ့အစည်းအတွင်းမှာ၊ အာဏာနဲ့ သာသနာရဲ့ ဆက်စပ်မှုက တုပ်နှောင်မှု အင်မတန် ခိုင်မာပါတယ်။ ဘုရင်တွေ၊ မင်းတွေ၊ အစိုးရတွေ၊ ခေါင်းဆောင်တွေ တည်ထားတဲ့ မည်ကဲ့သို့သော စေတီဘုရားဖြစ်ပါစေ၊ အမှန်တကယ်မှာက “သူကြီးဘုရား - ရွာသားကောင်းမှု” ဖြစ်ပါတယ်။ ဗမာတို့ဟာ အစဉ်အလာဓလေ့ကို စွဲမြဲတဲ့ အကျင့်ရှိကြောင်း၊ ဒေါက်တာသန်းထွန်းက မြန်မာ့ဓလေ့စာတမ်းမှာ ရေးခဲ့ဖူးပါတယ်။ အထူးသဖြင့် ဗမာတို့ဟာ၊ ဘာသာရေးအဆုံးအမကနေ ဆင်းသက်လာတဲ့ ဗုဒ္ဓဘာသာဓလေ့ထုံးစံတွေရဲ့ လွှမ်းမိုးမှုရှိတယ်ဆိုတာတွေ့ရပါတယ်။ 


အာဏာရှင်အစိုးရမင်းတွေ ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ ဗမာလူထုဟာ အာဏာရှင်အစိုးရမင်းတွေ တည်ထားကိုးကွယ်တဲ့ စေတီဘုရားတွေကိုပါ၊ တရားဝင်မှု မပေးချင်တဲ့ စိတ်ဆန္ဒဟာ “သင်တို့ဘုရား၊ ငါမဖူး” ဆိုတဲ့ ကဗျာစာသားရဲ့ ပေါ်ပြူလာဖြစ်မှုနဲ့ ညွှန်းဆိုဖော်ပြနိုင်ပါတယ်။ အစိုးရတွေအပေါ် ပြည်သူလူထု ကြိုက်နှစ်သက်မှု ဒီဂရီညွှန်းကိန်းကို ကိုးကွယ်ယုံကြည်မှုနယ်ပယ်မှာလည်း နိုင်ငံရေးဇာတ်သွင်းပြီး ကြည့်မြင်ရှုမြင်လေ့ရှိတဲ့ အလေ့မှာ ထင်ထင်ရှားရှားတွေ့နိုင်ပါတယ်။ 


■  အမျိုးသမီးမတက်ရ


အသိပညာကြီးရင့်တဲ့ ဘုန်းတော်ကြီးတွေကိုယ်တိုင်ကတောင်၊ ဗုဒ္ဓဘာသာဓလေ့ထုံးတမ်းတွေထဲမှာ ဗုဒ္ဓအဆုံးအမ တိုက်ရိုက် မဟုတ်တဲ့ အလေ့အထတွေဟာ ပါဠိပိဋကတ်ထဲမှာ မပါပေမယ့်၊ ဒါဟာ ဗမာတို့ရဲ့ ထုံးစံဓလေ့လို့ မှတ်ယူပြီး၊ ဆက်လက်လိုက်နာကျင့်သုံးကြတဲ့ အမူအကျင့်တွေ ရှိတာတွေ့ရပါတယ်။ နာမည်ကြီး စေတီဘုရားတွေမှာ “အမျိုးသမီးမတက်ရ” ဆိုတဲ့ ဆိုင်းဘုတ်တွေကို တွေ့ရလေ့ရှိပါတယ်။ ခေတ်ပညာတတ် အဘိဓမ္မာပိဋကတ်ကျွမ်းကျင်တဲ့ ပါမောက္ခချုပ် ဆရာတော် ဒေါက်တာနန္ဒမာလဘိဝံသက၊ ဒါဟာ ဗုဒ္ဓဝါဒ မဟုတ်ပေမယ့်၊ ဗမာတို့ ဓလေ့ထုံးစံဖြစ်ကြောင်း - ကြောင်းကျိုးပြ ဟောပြောတာကို တွေ့ရပါတယ်။ ဗုဒ္ဓအဟော မဟုတ်ပေမယ့်၊ တိုင်းပြည်ရဲ့ ကိုးကွယ်ယုံကြည်မှုဓလေ့အရ ဖြစ်ပေါ်လာတဲ့ ကြောင်းကျိုး မညီညွတ်မှုတွေကို ပညာတတ်ဘုန်းတော်ကြီးတွေကိုယ်တိုင်၊ ပြုပြင်ဖို့ မကြိုးစားဘဲ ဓလေ့ဆိုတဲ့ ဆင်ခြေနဲ့ နားလည်လက်ခံပြီး သာသနာပြုအလုပ်တွေ လုပ်ကြရတယ်လို့ တွေးတော ဆင်ခြင်ဖွယ်ရာဖြစ်ပါတယ်။ 


မင်းသေ့ 

၁၉၊ ဧပြီ၊ ၂၀၂၆


***စာရေးသူ၏ အာဘော်သာဖြစ်ပြီး တွေးစရာ သိစရာ ဗဟုသုတ ရရှိဖို့ ကူးယူဖော်ပြသည်။