Showing posts with label ဆောင်းပါး. Show all posts
Showing posts with label ဆောင်းပါး. Show all posts

Tuesday, December 30, 2025

မြစ်ဆုံစီမံကိန်း စစ်ခေါင်းဆောင်ထင်သလောက် လွယ်ပါ့မလား

 မြစ်ဆုံစီမံကိန်း  စစ်ခေါင်းဆောင်ထင်သလောက် လွယ်ပါ့မလား

__________________________




■ အေးချမ်း


(အေးချမ်းသည် ISP-Myanmar ၏ China Studies Program က လူငယ်သုတေသီဖြစ်သည်)


မြစ်ဆုံစီမံကိန်းကို ငလျင်ဒဏ်ခံနိုင်တဲ့ ဒီဇိုင်းနဲ့ တည်ဆောက်ဖို့ ဆွေးနွေးနေတယ်လို့ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် စိုးဝင်းက မြစ်ကြီးနားခရီးစဉ်မှာ ပြောခဲ့ပါတယ်။ ဒီမတိုင်ခင်မှာလည်း စီမံကိန်းဦးဆောင်အဖွဲ့ ဖွဲ့တာတွေ၊ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုယ်တိုင် တရုတ်သမ္မတ ရှီကျင့်ဖျင်ကို စီမံကိန်းပြန်စဖို့ ကမ်းလှမ်းတာတွေ လုပ်ခဲ့ပါတယ်။ စစ်ခေါင်းဆောင်က စိတ်အားထက်သန်နေသလောက် လက်တွေ့မှာ စီမံကိန်းဖော်ဆောင်ဖို့ အခြေအနေပေးရဲ့လား။ စစ်ခေါင်းဆောင်က ပြန်လည်အကောင်အထည်ဖော်ချင်နေပေမဲ့ မြစ်ဆုံစီမံကိန်းကြီးဟာ  လက်ရှိအခြေအနေတွေအရ ဖြစ်လာဖို့ခက်နေတယ်ဆိုတာကို အကြောင်းအချက် သုံးချက်နဲ့ ဆွေးနွေးလိုပါတယ်။


ပထမတချက်ကတော့ စစ်ကော်မရှင်အနေနဲ့ သူ့ရဲ့ရှင်သန်ရပ်တည်ရေးဟာ တရုတ်အကျိုးစီးပွားနဲ့ တိုက်ရိုက်ဆက်စပ်နေတယ်ဆိုတဲ့ စဉ်းစားမှုပါ။ ‘စစ်ဆင်ရေး ၁၀၂၇’ နောက်ပိုင်း အဘက်ဘက်က ပြိုကျခဲ့တဲ့ စစ်ကော်မရှင်ဟာ တရုတ်အစိုးရရဲ့ ကျားကန်ပေးမှုနဲ့ ဆက်ရပ်တည်နေရတာပါ။ ဒါကြောင့် ကိုယ်အာဏာတည်မြဲဖို့ တရုတ်အကျိုးစီးပွားဖြစ်တဲ့ မြစ်ဆုံစီမံကိန်းကို ‘အကောင်အထည်ဖော်ပေးပါမယ်’လို့ အာမခံပြီး မျက်နှာချိုသွေးနေပုံရပါတယ်။ လက်တွေ့မြေပြင်မှာ ဖြစ်နိုင်ခြေ ရှိ၊ မရှိထက် တရုတ်အစိုးရ စိတ်ကျေနပ်စေဖို့ပဲ အတင်းလုပ်နေသလို ဖြစ်နေပါတယ်။ စစ်ခေါင်းဆောင်မှာ စိတ်အားထက်သန်မှုကလွဲပြီး လက်ဆုပ်လက်ကိုင်ပြစရာ ခိုင်မာတဲ့ အာမခံချက် တစုံတရာ ရှိမနေပါဘူး။ ဒါကို ဒုတိယအချက်မှာ ဆက်ဆွေးနွေးထားပါတယ်။


ဒုတိယအချက်ကတော့ အခုအထိ မြေပြင်မှာ ခိုင်ခိုင်မာမာ ဘာတခုမှမလုပ်နိုင်သေးပါဘူး။ စီမံကိန်းတခုစဖို့ အခြေခံဖြစ်တဲ့ ဘေးအန္တရာယ်အကဲဖြတ်မှု (risk assessment) လုပ်ဖို့တောင် မလွယ်ကူသေးပါဘူး။ ၂၀၀၂ ခုနှစ်ကတည်းက တည်ဆောက်ဖို့ မြေနေရာတိုင်းထွာခဲ့တာ ၂၀၁၀ ပြည့်နှစ်ရောက်မှ တည်ဆောက်ရေး အပိုင်း-၁ ကို စနိုင်ခဲ့ပါတယ်။ ဒီအထိ ရှစ်နှစ်ကြာခဲ့တာပါ။ ဒါဟာ ဦးသန်းရွှေနဲ့ ဦးသိန်းစိန်တို့လက်ထက် နိုင်ငံရေးတည်ငြိမ်ချိန်တွေမှာ ဖြစ်ပါတယ်။ အခုလို ကချင်ပြည်နယ်အပါအဝင် နိုင်ငံအနှံ့ လက်နက်ကိုင်ပဋိပက္ခဖြစ်နေတဲ့ အခြေအနေမှာဆိုရင် ဒီထက်ပိုပြီး ခက်ခဲရှည်ကြာဖို့ပဲ ရှိပါတယ်။ ဒါ့အပြင် ပြည်သူ့ခုခံမှုနဲ့ စစ်ရေးမတည်ငြိမ်မှုတွေအကြားမှာ တရုတ်နိုင်ငံအနေနဲ့ ဘီလီယံနဲ့ချီတဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို စွန့်စားလုပ်ကိုင်ဖို့ဆိုတာ လက်တွေ့မကျတဲ့ စိတ်ကူးယဉ်မှုတခုပဲ ဖြစ်နေပါတယ်။


နောက်ဆုံးအချက်ကတော့ အရေးအပါဆုံးဖြစ်ပါတယ်။ တရုတ်အစိုးရကိုယ်တိုင်က မြစ်ဆုံစီမံကိန်းကို အခုလို အကျပ်အတည်းအချိန်မှာ အကောင်အထည်ဖော်ဖို့ စိတ်အားထက်သန်တက်ကြွပုံ ပြမနေပါဘူး။ တရုတ်လို ကမ္ဘာ့အင်အားကြီးနိုင်ငံအနေနဲ့ သူ့ရဲ့ဂုဏ်သိက္ခာကို ငဲ့ကွက်ရပါတယ်။ အခုအချိန် စစ်ခေါင်းဆောင် မင်းအောင်လှိုင်လက်ထက်မှာ လုပ်မယ်ဆိုရင် တရုတ်ဟာ သူ့ရဲ့ ကမ္ဘာ့နိုင်ငံကြီးဆိုတဲ့ ဂုဏ်သိက္ခာကို စွန်းထင်းခံရမှာပါ။ လူထုထောက်ခံမှု မပြောနဲ့ တပ်တွင်းထောက်ခံမှုတောင် မနည်းလုပ်နေရတဲ့ စစ်ကော်မရှင်ကို လုံးဝပုံအောရပ်တည်လောက်တဲ့အထိတော့ တရုတ်အစိုးရဟာ အတွေးတိမ်မယ် မထင်ပါဘူး။ 


တရုတ်အစိုးရအနေနဲ့ လူထုရဲ့ သဘောထားကိုလည်း ချင့်ချိန်ကြည့်တဲ့ ဥပမာတွေလည်းရှိပါတယ်။ ဦးသိန်းစိန်ရပ်တန့်လိုက်တဲ့ စီမံကိန်းကို ဒေါ်အောင်ဆန်းစုကြည်လက်ထက်မှာမှ ပြန်စဖို့ ကြိုးပမ်းခဲ့တာကိုကြည့်ရင် ဒါကိုနားလည်နိုင်ပါတယ်။ ဒါ့အပြင် မြန်မာမှာ တရုတ်စီမံကိန်းက မြစ်ဆုံတခုတည်း မဟုတ်ပါဘူး။ ရေရှည်စဉ်းစားထားတဲ့ မဟာဗျူဟာမြောက် စီမံကိန်းတွေ၊ အစီအမံတွေ ရှိနေပါသေးတယ်။ ဒီအစီအမံတွေကို နောင်လာမယ့် အစိုးရအဆက်ဆက်နဲ့ ဆက်လုပ်ရဦးမှာပါ။ ဒါကြောင့်လည်း တရုတ်အစိုးရအနေနဲ့ မြန်မာပြည်သူတွေရဲ့အမုန်းကို ခံပြီး မြစ်ဆုံစီမံကိန်း ပြန်စဖို့ထက် ရှိပြီးသားစီမံကိန်းတွေရဲ့ လုံခြုံရေးနဲ့ တည်ငြိမ်ရေးကိုပဲ ဇောင်းပေးပြီး သတင်းစကားပါးနေတာကို သတိထားကြည့်လို့ရပါတယ်။


မြစ်ဆုံစီမံကိန်းအကြောင်း ပြောကြတဲ့အခါမှာ အာဏာသိမ်း စစ်ကော်မရှင်မှာ ဒီလိုနိုင်ငံတော်အဆင့် စီမံကိန်းမျိုးကို လုပ်ခွင့်မရှိတာ၊ ဧရာဝတီမြစ်ကို ပျက်စီးစေလို့ မလုပ်သင့်တာ စတာတွေအပြင် အပေါ်မှာပြောခဲ့တဲ့အချက်တွေကြောင့် လက်တွေ့မှာ မလုပ်နိုင်သေးဘူးလို့လည်း သုံးသပ်နိုင်ပါတယ်။ 


အရေးအကြီးဆုံးဖြစ်တဲ့ တရုတ်အစိုးရရဲ့ သဘောထားကလည်း မရေရာပါဘူး။ စစ်ကော်မရှင်ကပဲ တဖက်သတ်အချစ်ဟာ ပိုပါတယ်ဆိုသလို ဖြစ်နေပါတယ်။ စစ်ကော်မရှင်က လူထုဆန္ဒကို လွန်ဆန်ပြီး အတင်းအကျပ်လုပ်လေ လူထုက တရုတ်အစိုးရကို ပိုမုန်းလေပါပဲ။ အခုလိုမျိုး စီမံကိန်းပြန်စဖို့ အတင်းကြိုးစားနေတာက စစ်ကော်မရှင် ကိုယ်တိုင်ကပဲ တရုတ်ဆန့်ကျင်ရေးကို တဖက်လှည့်နဲ့ လုပ်နေသလားလို့တောင် ထင်စရာဖြစ်နေပါတယ်။


[ယခုဆောင်းပါးသည် ISP-Myanmar ၏ အာဘော်မဟုတ်ဘဲ စာရေးသူ၏ အာဘော်သာဖြစ်ပါသည်။ ဆောင်းပါးကို ဖတ်ရှုအပြီး ဆင်ခြင်မိသည်များ၊ ပြန်လည်ချေပလိုသည်များ ရှိပါကလည်း တုံ့ပြန်ဆောင်းပါး (rebuttal article) ရေးသားပေးပို့နိုင်ပါသည်]


#ISP_Column

Monday, December 1, 2025

နတ်တော်လပြည့် စစ်ကိုင်း မုန့်ပေါင်းပွဲနေ့

 ◾️လွမ်းမိသေးတော့ နတ်တော်လပြည့် စစ်ကိုင်း မုန့်ပေါင်းပွဲနေ့




လွန်ခဲ့တဲ့ အချိန်တစ်ခုက နတ်တော်လပြည့်နေ့နားနီးလာရင် မန္တလေးမြို့ကသတင်းမီဒီယာသမားတချို့ ကျွန်တော့်ဆီကိုဖုန်းဆက်ကြတယ်။ နတ်တော်လပြည့်နေ့ကစစ်ကိုင်းမြို့မှာ ထူးထူးခြားခြားကျင်းပတဲ့ ဒေသရိုးရာမုန့်ပေါင်းပွဲရှိတယ် မဟုတ်လား။


မုန့်ပေါင်းပွဲကို အကြောင်းပြုပြီး မန္တလေးသတင်းသမားတွေ ဆက်သွယ်တဲ့ ဖုန်းတွေပေါ့။မန္တလေး သတင်းသမားတချို့ကစစ်ကိုင်းနဲ့ ပတ်သက်တဲ့ သတင်းရှိရင် အခုလိုပဲဖုန်းဆက်တတ်ကြတယ်။ 


စစ်ကိုင်းမှာက ရာသီပွဲနဲ့ ရိုးရာပွဲလေးတွေရှိတာမို့ စစ်ကိုင်းမုန့်ပေါင်းပွဲကို သတင်းခရီးလာကြမလို့တဲ့။

ကျွန်တော့်ဆီ ဖုန်းဆက်တဲ့အထဲမှာဒီနှစ် မုန့်ပေါင်းပွဲ လုပ်ဖြစ်မှာလား။ ဘယ်အချိန်လာရင် အဆင်ပြေမှာလဲ။ ကျွန်တော်၊ ကျွန်မတို့လာရင် မုန့်ပေါင်းပွဲလိုက်ပို့ပေးဦး။


မုန့်ပေါင်းဝယ်ကျွေးရမှာနော် စသည် စသည်များနဲ့ပေါ့။စစ်ကိုင်းမှာက ရိုးရာဓလေ့အနေနဲ့နှစ်စဉ်ကျင်းပတာ မုန့်ပေါင်းပွဲတစ်ပွဲတည်းပဲလားဆိုတော့ ဘယ်ဟုတ်လိမ့်မလဲ။ နယုန်လမှာ စစ်ကိုင်းအနောက်တာက သာဒွန်းရွာမှာကျင်းပတဲ့ ရွာတော်ရှင်ကို ဝက်သားနဲ့တင်တဲ့ဗြုန်းစပ်ပွဲရှိတယ်။


သီတင်းကျွတ်လနဲ့ တန်ဆောင်မုန်းလတွေမှာ စစ်ကိုင်းမြို့အထင်ကရ ရာဇမဏိစူဠာ ကောင်းမှုတော် ဘုရားကြီး မုန့်ဖက်ထုပ်ပွဲနဲ့မုန့်ဆီကြော်ပွဲရှိတယ်။ တပို့တွဲလမှာ ကျင်းပတဲ့ကြေးဘုရားကြီးပွဲက ဘဲဥထုပွဲဆိုတာ ရှိသေးတယ်။ 


ဒီပွဲတွေရှိတော့ ပွဲရက်နီးလာရင် အခုလိုပဲ ဖုန်းဆက်မေးမြန်းကြပါတယ်။စစ်ကိုင်းမြို့မှာ ကျင်းပတဲ့ ဒေသဓလေ့ပွဲတွေက ရှေးအစဉ်အဆက်ကတည်းက ရှိခဲ့တဲ့ရိုးရာဓလေ့တွေပါ။ စစ်ကိုင်းမြို့ရဲ့ သမိုင်းကိုပြန်ကြည့်ရင် စစ်ကိုင်းကို အသင်္ခယာစောယွန်းက သက္ကရာဇ် ၆၇၇ ခုနှစ်မှာ မင်းနေပြည်တော်အဖြစ် တည်ခဲ့တယ်။ 


မင်းဆက် ခုနစ်ဆက် အုပ်ချုပ်ခဲ့တဲ့ ရာဇဝင်ထဲက မြို့တစ်မြို့ ဖြစ်တယ်။ဒါတွေအပြင် စာထဲမှာတွေ့ရတဲ့စစ်ကိုင်းအကြောင်းလည်း အထင်အရှား ရှိပါသေးတယ်။ အသင်္ခယာစောယွန်း တည်ခဲ့တဲ့ စစ်ကိုင်းမြို့ ထက်တောင် စစ်ကိုင်းဆိုတဲ့ အမည်က စောပါလိမ့်ဦးမယ်။ 


ဒါကလည်း ရာဇဝင်နဲ့လာခဲ့တယ်လို့ ဆိုရမှာပါ။တကောင်း အဘိရာဇာမင်းလက်ထက်သားတော် စူဠာသမ္ဘ၀၊ မဟာသမ္ဘ၀ မျက်မမြင်ညီနောင်မင်းသားနှစ်ပါးကို ဖောင်ပေါ်တင်ပြီးရိက္ခာအပြည့်အစုံနဲ့ဧရာ၀တီမြစ်အတွင်းမျှောချလိုက်သတဲ့။ 


ညီနောင်နှစ်ပါး လိုက်ပါလာတဲ့ ဖောင်တော်က အခုစစ်ကိုင်းဆိုတဲ့အရပ်ရောက်တော့ ဧရာ၀တီ မြစ်ကမ်းမှာပေါက်နေတဲ့စစ်ပင်ကြီးရဲ့ ညွှတ်ကျနေတဲ့ အကိုင်းကြီးတစ်ခုနဲ့ ငြိပါလေရော။


ဖောင်ငြိတဲ့နေရာနဲ့ မနီးမဝေးမှာ အဲဒီအချိန်က နေထိုင်သူတွေ ရှိနေပြီဆိုကိုး။ အဲဒီအရပ်မှာက စစ်ပင်ကြီးကိုင်းနေတာကိုအကြောင်းပြုပြီး စစ်ကိုင်းလို့ ခေါ်ကြဆိုကိုး။အဲဒါလည်း စစ်ကိုင်းရဲ့ ရာဇဝင်လို့ပြောရမလား၊ဒဏ္ဍာရီလို့ပြောရမလား၊ မှတ်တမ်းတစ်ခု၊သင်္ကေတတစ်ခုပေါ့။ ထားတော့။


မင်းနေပြည်တော်မြို့ဖြစ်ခဲ့တဲ့ စစ်ကိုင်းမှာ ရှေးကတည်းက လူသားတွေ နေထိုင်ခဲ့တာဆိုတော့ ဒေသ အငွေ့အသက်မကင်းတဲ့ မြန်မာရနံ့ရိုးရာဓလေ့လေးတွေလည်း ရှေးကတည်းကရှိခဲ့ပေမပေါ့။


ရှေးကတည်းက ဆိုပေမယ့် ဘယ်ခေတ်၊ဘယ်ကာလက ရိုးရာဓလေ့ပွဲတွေ စတင်ခဲ့တယ်ဆိုတဲ့ သမိုင်းအထောက်အထားတော့မတွေ့မိပါဘူး။ အစဉ်အဆက် မှတ်သားလာခဲ့တဲ့ သမိုင်းစကားလောက်ပဲ ရှိခဲ့တာမို့ အစဉ်အဆက်ပြောစကားတွေကိုပဲ ရိုးရာပွဲများရဲ့သမိုင်းလို့ မှတ်ယူရမယ်ထင်ပါတယ်။


စစ်ကိုင်းဓလေ့ ရိုးရာပွဲတွေရဲ့ ထူးခြားမှုက တခြားဒေသမှာ မရှိတဲ့ ပွဲမျိုးတွေမို့ဆန်းတော့ အဆန်းသား။ အခု မုန့်ပေါင်းပွဲကျင်းပမယ့် နတ်တော်လပြည့်နေ့မှာ မန္တလေးဘက်က သတင်းသမားတွေ စစ်ကိုင်းကို လာကြမယ်။


လာမယ့်သူတွေက ကျွန်တော်နဲ့ ဘ၀တူသတင်းလောကထဲက လုပ်ဖော်ကိုင်ဖက်တွေပါ။ သတင်း သမားတွေက ရုပ်သံရော၊ ပုံနှိပ်မီဒီယာများမှာ ထုတ်လွှင့်ရေးသားနေကြသူတွေမို့ လိုင်းစုံပါပါတယ်။


ကျွန်တော်က ဒေသခံဖြစ်နေတော့ရုပ်သံသမားအတွက် အင်တာဗျူးကိစ္စ အဆင်ပြေအောင် စီစဉ်ပေးရမယ်။ ဂျာနယ်နဲ့ သတင်းစာများမှာ ရေးသားမယ့် သတင်းသမား များကိုသတင်းဓာတ်ပုံရိုက်ယူနိုင်ဖို့ မုန့်ပေါင်းပွဲအကြောင်း မေးမြန်းစရာရှိတာ မေးမြန်းနိုင်ဖို့အကူအညီပေးရမယ်။ 


ဒီကိစ္စတွေလုပ်ရင်းကိုယ်တိုင်လည်း သတင်းသမားဖြစ်နေတော့ကျွဲကူးရေပါဆိုသလို သတင်းယူရ ဦးမယ်လေ။နှစ်စဉ်နတ်တော်လပြည့်နေ့မှာ ရိုးရာပွဲအဖြစ် ကျင်းပတဲ့ မုန့်ပေါင်းပွဲက မုန့်ပေါင်းပွဲလို့

အလွတ်သဘောခေါ်ကြပေမယ့် တကယ်တော့အဲဒီနေ့မှာ မုန့်ပေါင်းလုပ်ရောင်းတဲ့သူတွေ ခင်းကျင်း ရောင်းချတဲ့ ဈေးတန်းလေးတစ်ခုသာပါ။ 


ကြည့်ချင်ပွဲတို့၊ သီဆိုကပြဖျော်ဖြေတာတို့မပါတဲ့ ပွဲမျိုးပါ။ သို့ပေမယ့် စစ်ကိုင်းမှာတော့ ဒီလိုခင်းကျင်း ရောင်းချတာကိုပဲ မုန့်ပေါင်းပွဲလို့အသိအမှတ်ပြုကြပါတယ်။စစ်ကိုင်းမြို့မှာ ရိုးရာဓလေ့အနေနဲ့ကျင်းပတဲ့ပွဲတွေကို မြို့ခံတချို့ကလွဲရင်လူတော်တော်များများ မသိကြပါဘူး။ 


ရပ်ပွဲ၊ရွာပွဲလို ဖြစ်နေတော့ တစ်မြို့လုံးဆိုတာထက်သက်ဆိုင်ရာ ရပ်ကွက်နဲ့ ဆက်စပ်ရပ်ကွက်တွေ

လောက်ပဲ သိကြတာပါ။ သတင်းမီဒီယာသမားတွေ သတင်းလာယူကြ၊ ဂျာနယ်တွေမှာရေးသားကြရာကနေ သတင်းစီးဆင်းမှုကြောင့်လူသိပိုများလာတယ်ဆိုရင် မှားမယ်မထင်ပါဘူး။


စစ်ကိုင်းမှာက သီတင်းကျွတ်လမှာကျင်းပတဲ့ ရာဇမဏိစူဠာ ကောင်းမှုတော်ဘုရားကြီး မုန့်ဖက်ထုပ် ဆွမ်းလောင်းပွဲရှိတယ်။ ဒါကကောင်းမှုတော်ဘုရားကြီးအနီးက ရွာတွေနဲ့ပဲကတိုးရွာရဲ့ မုန့်ဖက်ထုပ်နဲ့ လောင်းလှူတဲ့ဆွမ်းလောင်းပွဲပါ။


တန်ဆောင်မုန်းလထဲမှာ ကောင်းမှုတော်ဘုရားပွဲနဲ့အတူ မန်ကျည်းစင်ရပ်ကားလမ်းမကြီးဘေးမှာ မုန့်ဆီကြော်သည်တွေမုန့်ဆီကြော် လုပ်ရောင်းကြတယ်။ အဲဒါကိုနှစ်စဉ်ဓလေ့တစ်ခုအနေနဲ့ မုန့်ဆီကြော်ပွဲလို့ခေါ်ကြပါတယ်။


ပြာသိုလထဲမှာ ဧမြ၀တီရပ် ကြေးဘုရားကြီး ဗုဒ္ဓပူဇနိယပွဲတော်မှာ ညပိုင်းမှာ ကျင်းပတဲ့ဘဲဥထုပွဲရှိတယ်။ ရှေးဘုရင်များလက်ထက်ကတည်းက ရှိခဲ့တဲ့ပွဲလို့ သိရပါတယ်။ နယုန်လထဲမှာ သာဒွန်းရွာက ရွာတော်ရှင်ကို ပူဇော်တဲ့အနေနဲ့ ဝက်သားနဲ့တင်တဲ့ ဗြုန်းစပ်တင်ပွဲဆိုတာ ရှိတယ်။


နတ်ကို ဝက်သားနဲ့တင်တာ ရှားပေမယ့်သာဒွန်းရွာက ရွာတော်ရှင် ဘိုးဘိုးကြီးနန်းမှာ ဝက်သားနဲ့ တင်တဲ့ပွဲ ကလည်း ထူးခြားတဲ့ဓလေ့တစ်ခုပါပဲ။ နတ်တော်လမှာ ငါးထပ်ကြီးဘုရားရှေ့လမ်းမတန်းမှာ ရောင်းချတဲ့ မုန့်ပေါင်းဈေးရောင်းပွဲ ရှိပါတယ်။


ဒီပွဲတွေက တစ်မြို့လုံးနဲ့ဆိုင်တဲ့ ပွဲကြီးတွေ မဟုတ်ပေမယ့် အများစုက ရွာဓလေ့၊ရပ်ဓလေ့အဖြစ်နဲ့ အစဉ်အလာမပျက် ကျင်းပလာခဲ့တဲ့ ရိုးရာပွဲတွေပဲ ဖြစ်ပါတယ်။နတ်တော်လပြည့်နေ့မှာ စစ်ကိုင်း

ဝေဠုဝန် ငါးထပ်ကြီးဘုရားလမ်းမှာ ကျင်းပတဲ့မုန့်ပေါင်းဈေးရောင်းပွဲ၊ ခေတ်ကာလအခေါ်မုန့်ပေါင်းပွဲက ဟိုရှေးရှေးက ကျင်းပလာခဲ့တဲ့ပွဲတော့ ဟုတ်ဟန်မတူပါဘူး။


နောက်ပိုင်းမှပေါ်လာတဲ့ပွဲလို့ သိရပေမယ့် မုန့်ပေါင်းအရောင်းဈေးတန်းလေးကို အကြောင်းပြုပြီး

ပွဲကျင်းပလာတာ အခုဆိုရင် နှစ်စဉ်ကျင်းပနေတဲ့ ရပ်ဓလေ့၊ ရွာဓလေ့ ရိုးရာပွဲတစ်ခုဖြစ်နေပြီမို့ ဒီပွဲကလည်း ဝေဠုဝန်ငါးထပ်ကြီးဘုရားရဲ့ ဒုတိယမြောက်ပွဲတစ်ခုအဖြစ် သတ်မှတ်ထားကြပါပြီ။


စစ်ကိုင်း မုန့်ပေါင်းပွဲနဲ့ပတ်သက်လို့ဝေဠုဝန်ငါးထပ်ကြီးဘုရား တောင်ဘက်မှာသီတင်းသုံးတဲ့ ငါးထပ်ကြီးဘုရားအကျိုးတော်ဆောင် ဩဝါဒါစရိယ မဟာခိုနန်းကျောင်းဆရာတော်ကြီး ဦကေလာသက သူကိုယ်တိုင်သိထားတာလေး ကျွန်တော့်ကို လွန်ခဲ့တဲ့နှစ် (၂၀) ကျော်က မိန့်ကြားဖူးတယ်။ 


ဆရာတော်ကြီးဆီက ကြားသိခဲ့ရတဲ့ မုန့်ပေါင်းပွဲဖြစ်ပေါ်လာပုံအကြောင်းကို လက်ဆင့်ကမ်းတဲ့

အနေနဲ့ မှတ်သားမိသမျှ ပြန်လည်မျှဝေပါ့မယ်။တစ်ချိန်တုန်းက စစ်ကိုင်း ဝေဠုဝန်ငါးထပ်ကြီးဘုရားအခြေ အရှေ့တောင်ထောင့်ဘာရားကွင်းထဲမှာ ဥပုသ်ဇရပ်တွေ ရှိခဲ့သတဲ့။


ငါးထပ်ကြီးဝန်းကျင် ရပ်ကွက်နဲ့ ဘုရားအနောက်ဘက်ရွာတွေက ဆောက်လုပ်လှူဒါန်းခဲ့တဲ့ အများကောင်းမှု ဇရပ်တွေ၊တစ်ဦးတည်းအလှူရှင်များ ဆောက်လုပ်ထားတဲ့ ဇရပ်ကလေးတွေလို့ ဆိုပါတယ်။


အနောက်တာရွာတွေက ဝေဠုဝန်ငါးထပ်ကြီးဘုရားကို ဥပုသ်သီတင်းလာရောက်ဆောက်တည်ကြတဲ့အခါ ဇရပ်တွေမှာ ဘုရားရိပ်လာရောက်ခိုလှုံရင်း ဘုရားကို ပန်း၊ ရေချမ်း၊ဆီမီး ကပ်လှူပူဇော်ကြတယ်။ တရားထိုင်၊တရားဆွေးနွေး၊ ဥပုသ်သီလ ဆောက်တည်ကြပြီး ညအိပ်ညဉ့်နေ နေကြတဲ့သူတွေရှိခဲ့တယ်။


အဖိတ်နေ့နဲ့ ဥပုသ်နေ့တွေဆိုရင်ငါးထပ်ကြီးဘုရားဝင်းထဲက ဇရပ်တွေမှာညနေကစပြီး စည်စည်ကားကား ရှိခဲ့သတဲ့။ဇရပ်တွေမှာ ဥပုသ်သည်တွေ ဥပုသ်ဆောက်တည် ဘုရားဖူးရင်း ညအိပ်ညဉ့်နေလာကြတဲ့အခါ မိသားစုဝင်တွေက နံနက်စာထမင်း၊ ရေနွေးကြမ်း၊ မုန့်ပဲသရေစာ ပို့တာရှိတယ်။ 


အနီးဝန်းကျင်ရပ်ကွက်အလှူရှင်တွေကလည်း အလှူဒါနလာရောက်ပြုတာရှိတယ်။ညင်းနဲ့ တစ်ယောက်နဲ့တစ်ယောက် အသိမိတ်ပိုင်းကျရင် အဖျော်ရည်တို့၊ ညချင်းသုပ်တို့၊ရှောက်သီးသုပ်တို့ လာပို့တာတွေပါ ရှိလာတယ်။


ကိုယ့်ဥပုသ်သည်၊ သူ့ဥပုသ်သည်တွေအတွက် ညပိုင်းလာပို့သူတွေက ဇရပ်တွေလာရဆွေဖြစ်ကြ၊ ခင်မင်ရင်းနှီးမှု ဖြစ်လာကြရာက ကိုယ့်ဇရပ်၊ သူ့ဇရပ် ဖိတ်ခေါ်ပြီး ဧည့်ခံကျွေးမွေးတာတွေအထိ ရှိလာတယ်။


ညပိုင်းမှာ ဥပုသ်ဇရပ်တွေကို လာရောက်သူတွေရှိလာတော့ အနီးဝန်းကျင် ထားဝယ်ဈေးရပ်ကွက်ထဲက မုန့်ပေါင်းဈေးသည်တစ်ဦးစ၊ နှစ်ဦးစလည်း ညနေပိုင်းကစလို့ငါးထပ်ကြီးဘုရားလမ်းမှာ မုန့်ပေါင်း လာရောင်းကြတယ်။ 


ညပိုင်းမှာ ဥပုသ်ဇရပ်လာသူတွေကမုန့်ပေါင်းဝယ်ပြီး ဇရပ်တစ်ခုနဲ့တစ်ခု ဧည့်ခံကြသလို အနီးအနား ရပ်ကွက်တွေကပါလာဝယ်ကြတာကြောင့် မုန့်ပေါင်းလုပ်ရောင်းသူတွေ ဈေးကွက်တစ်ခု ရလာတာပေါ့။


ငါးထပ်ကြီးဘုရား ဇရပ်တန်းမှာ ဝါတွင်းကာလသာမက ဝါပမှာပါ ဥပုသ်သည်တွေရှိနေပြီဆိုတော့ မုန့်ပေါင်းဈေးသည်တွေလည်း ပုံမှန်လိုရှိလာတော့တာပေါ့။


ဒီကစလို့ ငါးထပ်ကြီးဘုရားလမ်းမှာမုန့်ပေါင်းလုပ်ရောင်းသူတွေ ရှိလာရာကနေဆောင်းတွင်းကာလမှာ မုန့်ပေါင်းဈေးတန်းကိုလာရောက်ရောင်းချတဲ့ အကြော်သည်တွေပါရှိလာလို့ မုန့်ပေါင်းဈေးတန်းမှာ မုန့်ပေါင်းနဲ့တွဲဖက်စားနိုင်တဲ့ အကြော်ရောင်းသူပါ ရှိလာတယ်။


နတ်တော်လပြည့်နေ့ကို ညပိုင်းမှာဝေဠုဝန်ငါးထပ်ကြီး လာရောက်တဲ့ ဘုရားဖူးသူတွေ များတယ်။ မုန့်ပေါင်းဈေးတန်းမှာပွဲတစ်ခုအသွင်ဆောင်ကာ ပိုမိုစည်ကားမှုပါရှိလာတာလို့ ဆရာတော်ကြီး မိန့်ကြားချက်အရသိရပါတယ်။


ဒါ စစ်ကိုင်း မုန့်ပေါင်းပွဲလို့ခေါ်တဲ့မုန့်ပေါင်းရောင်းတဲ့ ဈေးတန်းလေးရဲ့အစပါပဲ။နောက်တစ်ခုက နတ်တော်လပြည့်နေ့ညလုပ်တဲ့ ငါးထပ်ကြီးမုန့်ပေါင်းဈေးတန်းကမုန့်ပေါင်းကိုစားရင် ကျန်းမာရေး ကောင်းမွန်တယ်ဆိုတဲ့ အယူအဆပါ။ 


စစ်ကိုင်းဒေသခံတချို့က ငါးထပ်ကြီးဘုရားလမ်းမှာ နတ်တော်လပြည့်နေ့ညလုပ်ရောင်းတဲ့ မုန့်ပေါင်းကိုစားရင် ကျန်းမာရေးကောင်းတယ်ဆိုတဲ့ အစွဲရှိတာမို့ နတ်တော်လပြည့်နေ့ညမှာလုပ်တဲ့မုန့်ပေါင်းကို ဆေးဝါးအဖြစ် ဝယ်ယူစားသုံးကြတာရှိပါတယ်။ ဒေသရဲ့ ထူးခြားမှုလို့ ဆိုရမှာပါပဲ။


မျက်မှောက်ခေတ်မှာ နတ်တော်လပြည့်နေ့ မရောက်ခင် အဖိတ်နေ့ညကစလို့မုန့်ပေါင်းဈေးသည်တွေ လာရောက်ခင်းကျင်းရောင်းချကြပါပြီ။ နတ်တော်လပြည့်နေ့ ညမှာမုန့်ပေါင်း လာရောက်ဝယ်တဲ့သူများတော့

ငါးထပ်ကြီးဘုရားအနီးက ထားဝယ်ဈေးရပ်၊ဧမြ၀တီရပ်နဲ့ ဘော်ဂါရပ်က မုန့်ပေါင်းလုပ် ရောင်းတဲ့သူတွေ နဲ့အတူ မုန့်ပေါင်းဈေးသည်မဟုတ်တဲ့ ရပ်ကွက်သူတွေကပါ မုန့်ပေါင်းလာရောက်ရောင်းချမှု ရှိလာတာမို့ ရောင်းတဲ့သူပိုများပါတယ်။


ပုံမှန်ရက်တွေမှာ ညနေ ၅ နာရီလောက်ဆို မုန့်ပေါင်းရပြီဖြစ်ပေမယ့် နတ်တော်လပြည့်နေ့မှာတော့ ညနေ ၃ နာရီလောက်ကစလို့ သံဖြူပုံးတွေနဲ့လုပ်ထားတဲ့ မုန့်ပေါင်းအိုးတွေလာတည်၊ အရှိန်ရတာနဲ့ မုန့်ပေါင်းလုပ်ရောင်းကြတာတွေ ရှိနေပါပြီ။


တခြားနေ့တွေမှာ မုန့်ပေါင်းရောင်းတဲ့ဈေးသည် သုံး၊ လေးဦးသာ ရှိပေမယ့် နတ်တော်လပြည့်နေ့မှာတော့ ဝယ်ယူသူများတာမို့မုန့်ပေါင်းဈေးသည် ၅၀ ကျော်အထိ ရှိတယ်လို့သိရသလို မုန့်ပေါင်းဈေးသည် တစ်ဦးအနေနဲ့ကုန်ကြမ်းဖြစ်တဲ့ ဆန်ရှစ်ပြည်ကနေ ၁၆ ပြည်အထိ ကုန်အောင် လုပ်ရောင်းတဲ့သူ ရှိတယ်လို့သိရတယ်။


မုန့်ပေါင်းလုပ်ရောင်းတဲ့ မုန့်ပေါင်းကုန်ကြမ်းမကုန်မချင်းရောင်းတာမို့ အဲဒီနေ့မှာ နံနက်၂ နာရီကျော်တဲ့အထိ မုန့်ပေါင်းဈေးတန်းမှာဈေးဝယ်လာသူမပြတ်ဖူးလို့ သိရပါတယ်။နတ်တော်လပြည့်နေ့ကျရင် ကျွန်တော်တို့သတင်းသမားတွေ ညနေ ၄ နာရီလောက်မှာ မုန့်ပေါင်းဈေးတန်းကို ရောက်နေကြပါပြီ။


အညာဆောင်းက ညနေပိုင်းနေကျလို့အေးလာချိန် မုန့်ပေါင်းဈေးတန်းက မီးခိုးလုံးတွေ ထနေချိန်မှာ ကျွန်တော်တို့တစ်တွေမေးသူကမေး၊ ငေးသူကငေး၊ သတင်းဓာတ်ပုံရိုက်သူကရိုက်ဆိုတော့ မုန်ပေါင်းဈေးတန်းလေးလည်း သက်ဝင်လှုပ်ရှားလို့ပါပဲ။


ဒီအထဲမှာ အဓိက သတင်းပေးစရာတစ်ခု ရှိပါသေးတယ်။ အဲဒါကတော့ ၂၀၁၉ကိုဗစ်ကာလကစလို့ မုန့်ပေါင်းပွဲဈေးတန်းလေးအရင်ကလို စည်စည်ကားကား မရှိတော့တာပါ။ ရပ်ကွက်ထဲက မုန့်ပေါင်းလုပ်ရောင်းတဲ့သူတဖြည်းဖြည်းချင်း နည်းလာရာက အခုဆိုရင်စတိသဘောကလေးလောက်ပဲ ရှိပါတော့တယ်။ 


ဒါတောင် အရင်ကလို ညပိုင်းမရောင်းနိုင်တော့ပါဘူး။ ညနေ ၄ နာရီမှာစရောင်း၊၅ နာရီထိုးတာနဲ့ အိမ်အရောက်ပြန်ပါပြီ။စစ်ကိုင်းမှာ မုန့်ပေါင်းပွဲသာ အခုလိုဖြစ်နေတာလားဆိုတော့ မဟုတ်ပါဘူး။ စစ်ကိုင်းမြို့ရဲ့ ရိုးရာပွဲကြီး၊ ပွဲငယ်မှန်သမျှ ဘယ်ပွဲမှမရှိသလောက် ဖြစ်နေပါပြီ။


ကျွန်တော်တို့ သတင်းသမားတွေလည်းသတင်းဂျာနယ်တွေရပ်၊ ပုဂ္ဂလိကသတင်းစာတွေရပ်နားကုန်ပြီမို့ သတင်းလုပ်ငန်းက အနားယူသူတွေ များသွားပါပြီ။ အခုဆိုရင် နတ်တော်လပြည့် စစ်ကိုင်းမုန့်ပေါင်းပွဲနေ့မှာ သတင်းရယူမယ့် သတင်းထောက်တွေ ကျွန်တော့်ဆီကို ဘယ်သူမှ ဖုန်းမဆက်ကြတော့ဘူး။


နတ်တော်လပြည့် စစ်ကိုင်းမုန့်ပေါင်းပွဲနေ့လေးနီးလာရင် ကျွန်တော့်ဆီ ဖုန်းဆက်တဲ့သတင်းသမားတွေကို သတိရနေသလိုစစ်ကိုင်းမုန့်ပေါင်းပွဲလေးကိုလည်း လွမ်းမိပါရဲ့။


ရေး-အောင်မြင့်မြင့်


Thursday, November 20, 2025

ပန်းချီဆရာဝင်းဖေမြင့် (WPM) နှင့် တွေ့ဆုံမေးမြန်းခြင်း

 


ပန်းချီဆရာဝင်းဖေမြင့် (WPM) နှင့် တွေ့ဆုံမေးမြန်းခြင်း

◾️ပန်းချီကို ဘယ်အချိန်လောက်ကတည်းက စိတ်ပါဝင်စားခဲ့တာလဲဆရာ၊ ပြောပြပေးပါဦး။

ကျွန်တော်က ပန်းချီကို မူလတန်း ကျောင်းသားဘ၀ကတည်းက စိတ်ပါဝင်စားတယ်။ ကျွန်တော် မှတ်မိသရွေ့လေးတန်းမှာ ဖတ်စာအုပ်ထဲက ပန်းချီပုံတွေ ကူးရေးတယ်။အလယ်တန်းရောက်တော့လည်း ဆရာမရှိဘူး။ ကိုယ့်ဘာသာကိုယ်လျှောက်ရေးတယ်။

မှတ်မိတာတော့ အထက်တန်းကျောင်းရောက်တော့ ရှုမ၀မဂ္ဂဇင်း၊ သွေးသောက်၊ မြ၀တီ မဂ္ဂဇင်းတွေထဲက ပန်းချီပုံတွေ ကူးရေးတယ်။ ဦးသောင်းဟန်၊ ဦးကိုလေး၊ ဦးစန်းလွင်တို့ရဲ့ပန်းချီကားတွေကို ကူးရေးတာ။ ၁၀ တန်း အောင်တော့ကျွန်တော် မကွေးကောလိပ်ရောက်တယ်၊ ကောလိပ်ရောက်တော့လည်း ဆရာမရှိသေးဘူး။ ကိုယ့်ဘာသာကိုယ် ရေးနေတာ။

Second  Year အောင်တော့ ရန်ကုန်တက္ကသိုလ်ရောက်လာတယ်။အဲဒီမှာ ဆရာ ဦးလွန်းကြွယ်က တက္ကသိုလ် ပန်းချီသင်တန်း ဖွင့်တယ်။ အဲဒီမှာ သင်တန်းစတက်တယ်။ ၁၉၆၈-၁၉၇၀ ပြည့်နှစ်အထိပေါ့။ ဦးလွန်းကြွယ်ဆီက အခြေခံပန်းချီပညာကို ရတာပေါ့။

ဘွဲ့ရပြီးတော့ ပန်းချီတွေ ရေးနေတယ်၊ ဆီဆေးမရေးသေးဘူး။ကျွန်တော့်သူငယ်ချင်းတွေဖြစ်တဲ့ ကိုတင်ဝင်း၊ ကိုဖေညွန့်ဝေတို့က မန္တလေး ပန်းချီကျောင်းဆင်းတွေ။ သူတို့က ပန်းချီပြပွဲတွေလုပ်နေတော့ အားကျတာပေါ့။ သူတို့က ဆီဆေးတွေရေးတယ်။

ကျွန်တော် ဆီဆေးမရေးသေးဘူး၊ အားကျတယ်။ ငါလဲရေးမယ်၊ပြပွဲတွေလုပ်မယ်ဆိုတဲ့ စိတ်ရှိတယ်။ ၁၉၇၂ ခုနှစ်မှာ ကျွန်တော့်အိမ်က ပိုက်ဆံတောင်းပြီး ပိတ်တွေ၊ ဆီဆေးတွေ ဝယ်ပြီး ဆီဆေးစရေးတယ်။ ၁၉၇၃ ခုနှစ်မှာ ဆရာဦးနန်းဝေ ဦးဆောင်တဲ့တပေါင်းပန်းချီပြပွဲမှာ ပထမဆုံးစပါတယ်။

တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူတွေနဲ့ တက္ကသိုလ်ဆရာ ဦးနန်းဝေနဲ့ အတူပြတာ။ကျွန်တော်က ကျောင်းသားဟောင်းအနေနဲ့ ဝင်ပြတယ်။ပန်းချီပြပွဲတွေကို နှစ်စဉ်ပြတယ်။ ဦးကြီးမြင့်စော၊ အောင်

ကျော်မိုး၊ စံမင်း၊ မောင်သိဒ္ဓိ၊ တင်မောင်ဦးတို့နဲ့အတူ အုပ်စုပွဲတွေပြတယ်။

များသောအားဖြင့် တက္ကသိုလ်ကလိပ်ခုံးခန်းမမှာပြတာများတယ်။ ၁၉၈၄ ခုနှစ်မှာ ဆရာကြီးဦးသိန်းဟံဆီမှာဆီဆေးရေးနည်း သင်တယ်။ မောင်ဩ၊ ကိုလှိုင်ဘွားတို့ရဲ့ဆရာပေါ့။ ဆရာဦးသိန်းဟံဆီမှာ ဆီဆေးရေးနည်း ပညာကိုသင်ခဲ့တယ်၊ အလင်းနဲ့ အမှောင် အကြောင်းလည်း သူ့ဆီမှာသင်ခဲ့တယ်။

နောက် ဆရာပေါ်ဦးသက်နဲ့ တွေ့တယ်။ သူကလည်းပန်းချီသင်တန်းဖွင့်တော့ ကျွန်တော် တက်သေးတယ်။ ရန်ကုန်ပန်းချီကျောင်းက သင်တာက မျက်စိနဲ့ မြင်တာကို တူအောင်ရေးတဲ့နည်း၊ မန္တလေးကျောင်းက စိတ်အမြင်နဲ့ ဖွဲ့စည်းတည်ဆောက်တာ မတူ ဘူးပေါ့နော်။

ဆရာဦးပေါ်ဆီက စိတ်အမြင်နဲ့ ရေးတာကိုကျွန်တော် ရလိုက်တယ်ပေါ့နော်။ ၁၉၇၉ ခုနှစ်မှာ တစ်ကိုယ်တော်ပြပွဲလုပ်တယ်။ ဆီဆေးတွေနဲ့ပဲပြတယ်။ ပန်းချီကား သုံးကားရောင်းရတယ်။ ကား ၃၀ ကျော် ပြတယ်။ကျွန်တော် အဲဒီပန်းချီပြပွဲပြပြီး ရှက်သွားတယ်။

အဲဒီတုန်းကဘာတွေရေးလဲဆို မြန်မာမှု၊ ကျောင်းကန်ဘုရား၊ လယ်ယာလုပ်ငန်း၊ မင်းသမီးကတာ၊ တိုင်းရင်းသားပုံတွေ၊ ရွှေတိဂုံစေတီပုံတို့ရောင်းရမယ့် အကြောင်းအရာတွေပဲ ရေးပြတယ်။ ကျွန်တော်ပန်းချီစာအုပ်တွေလည်း ဖတ်တယ်။

အထူးသဖြင့် အမေရိကန်ထုတ် The Artist Magazine ၊ International Artist ၊ Arts Newsစာအုပ်တွေကို မိတ်ဆွေတွေက အမေရိကားက ပို့ပေးတယ်။တစ်ကိုယ်တော်ပြပွဲ ပြတယ်ဆိုတာ ကိုယ်ဘာတွေတွေ့ထားလဲ၊ သိထားလဲ ဆိုတာကို ထုတ်ပြရတယ်။

ကျွန်တော့်ပထမဆုံးပြပွဲက ရောင်းတမ်းတွေ ရေးပြခဲ့တာဖြစ်နေတော့ ရှက်သွားတယ်။ ပန်းချီကားသုံးကားပဲ ရောင်းရတယ်။ ကိုယ်ဘာမှသိပ်မသိသေးဘဲနဲ့ ရောင်းရနိုင်လောက်တဲ့ အကြောင်းအရာတွေ၊ တိုင်းရင်းသားတွေ၊ မြန်မာမှုတွေ၊ ရှုခင်းတွေကို ရေးပြီး ပြတာဆိုတော့လေကျွန်တော် ရှက်သွားတယ်။

ရှက်ပြီးတော့ တစ်ကိုယ်တော်ပြပွဲကိုမပြဖြစ်တာ နှစ်ပေါင်း(၂၀)ကြာသွားတယ်။ အုပ်စုပွဲတွေကိုတော့ အခါအားလျော်စွာ ဝင်ပြတယ်။၁၉၇၉ ခုနှစ် ပထမအကြိမ် တစ်ကိုယ် တော်ပြပွဲပြီးကတည်းက နှစ်(၂၀)တိတိ တစ်ကိုယ်တော်ပြပွဲ မပြရဲတော့ဘူး။

ကျွန်တော် သဘာ၀ကြီးကို လေ့လာတယ်။ ဆီဆေး အကြောင်းကိုနှံ့နှံ့စပ်စပ် လေ့လာတယ်။ ရေးနည်းတွေ အမျိုးမျိုးရေးကြည့်၊စမ်းကြည့်တယ်။ Sketch ပုံကြမ်းတွေ အများကြီး လုပ်တယ်။မိုးကောင်းကင်ကို ကြည့်ရေးတယ်၊ လယ်ကွင်းတွေ ကြည့်ရေးတယ်၊ဈေးတွေ ကြည့်ရေးတယ်၊ ကော်ဖီပန်းကန်ကြည့်ရေးတယ်၊ကိုယ်စီးတဲ့ဖိနပ်ကို ကြည့်ရေးတယ်။

မျက်စိထဲ တွေ့ရာ စိတ်ထဲငြိနေတာတွေကို ပုံကြမ်းတွေ ရေးမှတ်တယ်။ ဖောင်တိန်၊ ခဲတံ၊ မင်၊Pastel ၊ ရေဆေး၊ ဆော့ပင်၊ ဆီဆေးနဲ့ ရေးတဲ့ ပုံကြမ်း Sketch တွေအများကြီးရှိတယ်။ ၁၉၉၇ ခုနှစ်မှာ ငါ့ပုံကြမ်းတွေ အများကြီးရှိတယ်။ ပုံကြမ်းတွေပြမယ်ဆိုပြီး ပုံ ၁၀၀ ကို လောကနတ်ပန်းချီပြခန်းမှာ ဒုတိယတစ်ကိုယ်တော်ပွဲ ပြတယ်။

လူတွေက အရမ်းသဘောကျတယ်။ အများကြီး ဝယ်ယူအားပေးတာလည်းရှိတယ်။နှစ်(၂၀)ကျော်ကြာမှ နောက်ထပ် တစ်ကိုယ်တော်ပြပွဲမှာကိုယ်လေ့လာမှတ်သားထားတာကို ပြဖြစ်သွားတယ်။ ကျွန်တော့်ဘ၀မှာ ထူးခြားချက်တစ်ခု၊ အမှတ်တရတစ်ခုလို့ ပြောလို့ရတယ်။

ဆီဆေးမီဒီယံကို ဘယ်လိုကြောင့် အရေးများတာလဲဆိုတာပြောပြပေးပါဦး ဆရာ။

ရေဆေးကတော့ အခါအားလျော်စွာ ရေးတယ်။ အခရိုင်းလစ်ကို ရေးကြည့်တယ်။သူက မီဒီယံကတော့ အခြောက်မြန်တယ်၊ကျွန်တော် သဘောမတွေ့ဘူး၊ သိပ်မရေးတတ်ဘူး။ ဆီဆေးကတော့ ကျွန်တော် တော်တော် ရေးတတ်တယ်။

အဲဒီလို ရေးနေရင်းနဲ့ကျွန်တော်က မိုးကောင်းကင်ကြီးကို စိတ်ဝင်စားတယ်၊ နေ့တိုင်းကြည့်တယ်၊ ရာသီမရွေးကြည့်တယ်။ ကြည့်ရင်းနဲ့ မိုးကောင်းကင်ကြီးကို ပန်းချီဆွဲဖြစ်တာပေါ့။ မိုးကောင်းကင်ကြီးက တိမ်ရှိမှကြည့်လှတာပေါ့။ တိမ်ပန်းချီကားတွေ အများကြီးရလာတယ်။

ရန်ကုန်မြို့ရဲ့တိမ်၊ ရှမ်းပြည်ကတိမ်၊ ပုဂံကတိမ်၊ တိမ်တွေကမတူဘူး။ ရန်ကုန်မြို့က တိမ်က ပင်လယ်နဲ့ နီးတော့နိမ့်တယ်။အညာပုဂံကျတော့ တိမ်တွေက မြင့်တယ်။ မိုးကောင်းကင်အရောင်ကလည်း ရန်ကုန်က ကောင်းကင်အပြာနဲ့ ပုဂံကကောင်းကင်အပြာ၊ တောင်ကြီး၊ ကလောက ကောင်းကင်အပြာမတူဘူး။

တောင်ကြီး၊ ကလောက ကောင်းကင်ပြာက အေးတဲ့အပြာ။ ပုဂံက ပူတဲ့အပြာ။ ရန်ကုန်က ကောင်းကင်က မပူတဲ့အပြာ။အရောင်နာမည်နဲ့ ပြောရရင် ရန်ကုန်ကောင်းကင်က Cobalt blue ။ ရှမ်းပြည်ရဲ့ ကောင်းကင်အပြာက Cerulean blue၊ ပုဂံကောင်းကင်အပြာက Ultramarine blueပေါ့။

ကောင်းကင်က အပြာမှာတောင်ကောင်းကင်အပြာချင်း မတူတာ သိလာတယ်။တိမ်တောင်၊ တိမ်လိပ်တွေ တိမ်မျှင်တွေ တိမ်ရဲ့နေ့ ၊ ည ပြောင်းတဲ့ အရောင်အမျိုးမျိုး တွေ့လာတယ်။ မိုးကောင်းကင်ကိုကြည့်ပြီး ကျွန်တော်ပန်းချီတွေရေးဖြစ်တာ အများကြီးဖြစ်လာတယ်။

တိမ်တွေရဲ့အလှတွေကို ပန်းချီကားအဖြစ် ရေးဖွဲ့ပြီး တိမ်ပြာဆိုပြီး ပြပွဲကို ၂၀၀၀ပြည့်နှစ်မှာ ပြတယ်။ ဒါကလည်း အမှတ်တရပါပဲ။

ကျွန်တော်က portrait တွေ ရေးခဲတယ်။ အပျော်ပဲရေးတာ။ များသောအားဖြင့်ပန်းချီအသိုင်းအဝိုင်းက သူငယ်ချင်းတွေကိုပုံကြည့်ရေးပေးတယ်။ ရေဆေး၊ pastel၊charcoal ၊ ဆီဆေးနဲ့ ရေးတယ်။ နောက်ရင်းနှီးတဲ့လူတွေက portrait အပ်တော့ နည်းနည်းပါးပါး ရေးပေးတယ်။

portrait ရေးတာလက်ဝင်တယ်၊ ခက်တယ်၊ တာဝန်ကြီးတယ်။ဒါပေမဲ့ ဘာလို့လဲမသိဘူး  portrait တွေ ရေးမိ သွားတယ်။ ပန်းချီအသိုင်းအဝိုင်းက လူတွေရဲ့ portrait  တွေ အပ်တာက လေး၊ ငါးပုံလောက်ပဲရှိတာ။ ရေးရင်းနဲ့ များလာတော့ ကျွန်တော် portrait  (၁၀၀) ပြပွဲလုပ်တယ်။

ကျွန်တော့်ဘ၀မှာ အထူးခြားဆုံး အမှတ်တရ ပန်းချီပြပွဲသုံးပွဲပါပဲ။

◾️ဆရာ့ရဲ့ (၂၆) ကြိမ်မြောက်မှာ Abstract လက်ရာတွေ ချပြဖြစ်ပုံကိုလည်း ပြောပေးပါဦး။

ဒီပွဲကလည်း အင်မတန် ထူးခြားတယ်ပြောလို့ရတယ်။ တစ်ခါတလေ စိတ်လိုလက်ရရှိမှ တစ်ကားစ၊ နှစ်ကားစလောက်ပဲ ရေးတော့တယ်။  Abstractပန်းချီက ဘယ်ကပေါ်လာလဲ၊ ဘယ်ကစဖြစ်လဲဆိုတာ လေ့လာတယ်၊စာတွေဖတ်တယ်။

Abstract ပန်းချီက ရုရှားပန်းချီဆရာ Kandinsky က စတယ်လို့ ပြောရင် ဖြစ်တယ်။ ရုရှားပန်းချီဆရာ Kandinskyက ဂျာမနီပန်းချီဆရာတွေနဲ့ ပေါင်းပြီး ပန်းချီလာရေးတယ်။ သူက Vincent Van Gogh တို့ကို အားကျပြီး ခပ်ကြမ်းကြမ်းနဲ့ စုတ်ချက်ကြမ်းကြမ်းတွေ ရေးဟန်၊ expressionism တွေ ရေးတာပေါ့။

တစ်ရက် သူက ပန်းချီရေးနေရင်းနဲ့လမ်းလျှောက်ထွက်သွားတယ်။ ပြန်လာတော့ခုနက ရေးခဲ့တဲ့ ပန်းချီကား မရှိတော့ဘဲ ပန်းချီကားအသစ်တစ်ချပ် ရောက်နေတယ်။သူကြည့်ရင်းနဲ့ တော်တော်ကြည့်ကောင်းတဲ့ပန်းချီကားဖြစ်နေတယ်။

ဒီပန်းချီကား ဘယ်သူလာရေးသွားလဲမေးတော့ တစ်ယောက်မှမလာဘူးပေါ့။ ကြည့်ရင်းနဲ့ သူရေးတဲ့ကားကဇောက်ထိုးဖြစ်နေတာ။ တစ်ယောက်ယောက်က ကြည့်ပြီး ဇောက်ထိုးထားသွားတာ။ သူကအံ့ဩသွားပြီး သဘောကျသွားတယ်။ ခုနကသူရေးထားတဲ့ကား ဇောက်ထိုးထားတာ ဘာမှမသိဘဲ ပန်းချီကားအဖြစ် သူသဘောကျနေတယ်။

ပန်းချီကားဆိုတာ တိုက်ဖြစ်မှလား၊ အိမ်ဖြစ်မှလား၊ ဘုရားကျောင်းဖြစ်မှလား၊ သစ်ပင်ဖြစ်မှလား၊ တိမ်ဖြစ်မှ ပန်းချီကားလားဆိုပြီး သူတွေးရင်းနဲ့ ပန်းချီကားဆိုတာ ရုပ်ဝတ္ထုပစ္စည်းတွေရေးမှ မဟုတ်ဘူး၊ မတူတဲ့ အရောင်တွေဆန်းကြယ်စွာ ပေါင်းစပ်နေလည်း ပန်းချီကားဖြစ်တယ်ဆိုတာ အတွေးပေါက်သွားတယ်၊စဉ်းစားမိသွားတယ်။

ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ပန်းချီဆရာ ဦးခင်မောင်ရင်ဆိုတာ တစ်သက်လုံး Abstractရေးသွားတဲ့ ပန်းချီဆရာကြီး။နောက်ဦးဝင်းဖေလည်း Abstract ပန်းချီဆရာအနေနဲ့ နာမည်ကြီးတယ်။ ဦးခင်မောင်ရင်ကအင်္ဂလိပ်စာ အတော်ဖတ်တယ်။ သူက Abstract မှာ နှစ်မျိုးပဲရှိတယ်။ Soft Edge နဲ့Hard Edge တဲ့။

အနား၀နဲ့ အနားဖြတ်ပေါ့။

အနား၀ဆိုတာ စုတ်နဲ့ရေးတယ်၊ ဆေးတွေလောင်းတယ်။ အနားဖြတ်ဆိုတာကတော့တိတိကျကျ ရေးတာပေါ့။ အနားတွေကို ပြတ်ပြတ်သားသား ရေးတာမျိုးပေါ့။ ဦးခင်မောင်ရင်က အနား၀ကိုရေးတယ်။ ဦးဝင်းဖေက အနားဖြတ် ရေးတယ်။ မတူကြဘူးပေါ့။ မရောဘူး။

ကျွန်တော်ကလည်း Square ကို သဘောကျတော့ ဆီဆေးကိုလည်း ပိုနားလည်တယ်ဆိုတော့ ဆေးတွေ လောင်းချတယ်၊ ဖြန့်တယ်၊စီးဆင်းရာစီးတယ်။ ဒါက ကျွန်တော် လုပ်တာမဟုတ်ဘူး၊ သူ့အလိုလိုဖြစ်တာ။ အဲဒီထဲမှာမှ Square တွေကို ကြိုက်တဲ့ နေရာလေးကိုထည့်တယ်။

ပထမတော့ ရေဆေးနဲ့ လုပ်တယ်၊ နောက်တော့ ဆီဆေးနဲ့ လုပ်တယ်။ နိုဝင်ဘာလမှာတစ်ကိုယ်တော်ပွဲ လုပ်ဖို့ရှိတယ်။ ရက်ကလည်းနှစ်လ၊ သုံးလလောက်ပဲ လိုတော့တယ်။ ဒီနည်းကိုပဲ ရေးမယ်ဆိုပြီး ဆေးတွေလောင်းတယ်၊ ခြောက်အောင်ထားတယ်။

ပြီးတော့ Square လေးတွေကို ကြည့်ကောင်းအောင်နေရာချတယ်။ တစ်လအတွင်းမှာ ပန်းချီ ကား၅၀ ကျော် ရေးပြီးတယ်။ Abstract ကို ရေးရတာ ပိုပြီးစိတ်ပျော်ပြီးလွတ်လပ်မှုကို ပိုခံစားရတယ်။

◾️ရှေ့ဆက်ရော ဆရာ WPM အနေနဲ့ အနုပညာဖန်တီးမှုအပိုင်းမှာ ဘယ်လိုမျိုးဖန်တီးသွားဖို့တွေရှိပါသလဲ။

နောက်ဆို ကျွန်တော် Abstract ရေးနည်းကို သဘောကျတယ်။ အခုကတော့ Soft Edge နဲ့Hard Edge ပေါင်းပြီး ရေးတာပေါ့နော်။ ဒါနဲ့မတူတဲ့ နောက်ဖန်တီးမှုကို စဉ်းစားနေတယ်။ ရလာလို့ရှိရင်လည်း ဖန်တီးမှုအသစ်တွေကို ထပ်ရေးဖို့ရှိတယ်။

အရင်နဲ့ မတူတဲ့ပထမဆုံးအကြိမ် အနုပညာဖန်တီးမှုမှာ ကိုယ်လုပ်ချင်ရာလုပ်တဲ့ဟာကို သဘောကျပြီး ဝယ်ယူအားပေးလို့ ကြည်နူးဝမ်းသာပီတိ ဖြစ်ရပါတယ်။ ဘာနဲ့မှလည်းလဲလို့မရဘူး၊ နှိုင်းယှဉ်လို့မရဘူး။ ကျွန်တော် ထင်တယ် အနုပညာသမားတွေ အများကြီး ရှိတယ်။

စာပေ၊ ဂီတ၊ရုပ်ရှင်တွေ၊ အနုပညာဖန်တီးရှင် အမျိုးမျိုးထဲမှာ ပန်းချီဆရာတွေက ပီတိကို ခံစားမှုအရ

ဆုံး အနုပညာရှင်လို့ထင်တယ်။

◾️ပန်းချီကားဖန်တီးမှုတွေနဲ့ ပတ်သက်ပြီး လူငယ်အနုပညာရှင်ကို မျှဝေအကြံပေးလိုတာမျိုးလည်း ဖြည့်စွက် ပြောပါဦး။

ကျွန်တော်ပြောချင်တာက နံပါတ် (၁)သဘာ၀တရားကို နားလည်အောင်ကြိုးစားပါ၊၊သဘာ၀ကြီးကို ကျေကျေ ညက်ညက် သိအောင်လေ့လာပါ။ (၂) သဘာ၀ကို လေ့လာပြီးရင်ကိုယ်ရေးမယ့် ဆေးအကြောင်းကို ကောင်းကောင်းနားလည်အောင် ကြိုးစားပါ။

ဆီဆေး၊ရေဆေး၊ Pastel ပေါ့ ကောင်းကောင်းသိအောင်စမ်းသပ်ပါ။ (၃) ပြီးရင်တော့ ငါဘာတွေ ဖန်တီး ရေးဆွဲမလဲ၊ ကိုယ် ရေးမယ့် အကြောင်းအရာက ကိုယ်တကယ်နားလည်ထိတွေ့ ခံစားမှုရှိဖို့လိုတယ်။ နားလည်ဖို့ အရေးကြီးတယ်။ ကိုယ်ကိုင်စွဲမယ့် မီဒီယံကိုလည်း တကယ်နားလည်တတ်ကျွမ်းအောင် အမြဲကြိုးစားအားထုတ်နေပါလို့ ပြောချင်တယ်။

လူတွေက အသံဂီတကို ခံစားနားလည်လွယ်တတ်တယ်။ အစားအသောက်တွေလည်း ပါးစပ်အရသာ ခံစားတတ်တယ်။ မျက်စိအရသာကျတော့ ခံစားတာအားနည်းတယ်။အဲဒီတော့ ပန်းချီကားတွေ၊ ဓာတ်ပုံတွေ၊ သဘာ၀ကြီးကို များများကြည့်ပေးပါလို့ပြောချင်တယ်။

စုရတနာ-တွေ့ဆုံမေးမြန်းသည်။

***စံတော်ချိန်သတင်းစာမျက်နှာမှကူးယူဖော်ပြသည်။

Thursday, August 21, 2025

ကျွန်တော်နှင့် အလှူခံများ

🔹ကျွန်တော်နှင့် အလှူခံများ🔹




         ကျွန်တော့်သဘာဝက အလှူအတန်းလုပ်ရတာကို စိတ်မပါတတ်သော်လည်း သူများတကာအတွက် ကိုယ်တတ်နိုင်တာလေးတွေနှင့် ကူညီပေးရတာကိုတော့ စိတ်ဝင် စားသည်။ တစ်ခါတလေတော့ ကူညီရမည့်ကိစ္စအတွက် ကိုယ်မတတ်နိုင်သော်လည်း တတ်နိုင်သူကိုရှာပြီး အကူအညီတောင်းကာ အလှူ့လက်ဖက်နှင့် မျက်နှာလုပ်တာမျိုး မဟုတ်သော ကူညီပေးမိတာတချို့ရှိတတ်သည်။ အကြိမ်အရေအတွက်က မများလှသော် လည်း တစ်ဖက်သား၏ ဒုက္ခအတန်အသင့်ပြေလည်သွားသည်ဆိုလျှင် ရင်ထဲမှာ ပီတိဖြစ် ရသည်။ လူတစ်ဦးတစ်ယောက်၏ ဒုက္ခတချို့၊ အခက်အခဲတချို့ ပြေလည်သွားအောင် ကူညီဖြေရှင်းပေးလိုက်ရသောကြောင့် ရလာသော စိတ်ကျေနပ်ပီတိဖြစ်မှု၏ ရသကို ကြုံဖူး သူများသာ နားလည်ခံစားနိုင်မည် ထင်ပါသည်။ လူတစ်ဦးမှ လူတချို့အထိ၊ လူတချို့မှ လူ့အဖွဲ့အစည်းတစ်ခုအထိ တစ်ဆင့်ချင်းတစ်ဆင့်ချင်း တက်လှမ်းကာ အခက်အခဲဒုက္ခ တွေကို ပြေလည်သွားအောင် ဖြေရှင်းနိုင်စွမ်းရှိလျှင် ဘယ်လောက် ကောင်းလိုက်လေမလဲ ဟုလည်း တောင့်တစိတ်ဖြင့် ဘဝ၏ အာသာရမ္မက်ကို တပ်မက်မိတတ်ပါသေးသည်။

        ကျွန်တော် ကျောင်းသားဘဝတုန်းက နုနယ်သောစိတ်သဘောထားဖြင့် မသိမ်မွေ့ သောအမြင်အချို့ကို ဆုပ်ကိုင်ခဲ့ဖူးပါသည်။ ထိုအထဲမှ တစ်ခုမှာ ဒုက္ခိတတချို့မှ လွဲ၍ တောင်းစားသူတွေကို မပေးတတ် မကမ်းတတ်ခြင်း၊ ပေးဖို့ကမ်းဖို့ သဘောထားမရှိခြင်းပင် ဖြစ်ပါသည်။

       ၁၉၈ဝ ဝန်းကျင် နှစ်ကာလတွေတုန်းက ရန်ကုန်မြို့ပလက်ဖောင်းတွေပေါ်မှာ ထိုင်ပြီးတောင်းစားနေကြသော သူတောင်းစားတွေရှိခဲ့ဖူးသည်။ တချို့က လက်မှာ ပတ်တီးတွေစည်းပြီးတောင်းနေသော သူတောင်းစားတွေဖြစ်သည်။ တချို့က မွေးကင်းစ ကလေးလေးကို ပွေ့ချီထားပြီး တောင်းစားနေကြသူတွေဖြစ်သည်။ တချို့က သက်ကြီး ရွယ်အိုတွေဖြစ်သည်။ သားထောက်သမီးခံ စောင့်ရှောက်သူ မရှိခြင်းကြောင့် ဖြစ်ပုံရသည်။ တချို့ကတော့ အဲဒီတုန်းက လဟာပြင်ဈေးထဲမှ စားသောက်ဆိုင်များတွင် စားကြွင်း စားကျန်များကို လိုက်တောင်းစားကြသူများဖြစ်သည်။ တောင်းစားသူများထဲတွင် ဝါးဆစ် ဘူးများကို ပလက်ဖောင်းပေါ် ဆောင့်တီးပြီးထွက်လာသော ဗုံသံဖြင့် သီချင်းဆိုတောင်းသူ များလည်းပါသည်။ သူတို့ အဖွဲ့တွင် မယ်ဒလင်တွေ၊ ဂီတာတွေပါ ပါတတ်ပြီး အဆိုကောင်း၊ အတီးကောင်းသူတွေဟု ကျွန်တော်ထင်သည်။ သူတို့ကတော့ တီးမှုတ်သီဆိုပြီး တောင်း သူတွေဖြစ်သောကြောင့် သူတောင်းစားဟုပင် မသတ်မှတ်ဘဲ အလှူခံစားသူများဟုပင် ကျွန်တော်က သတ်မှတ်သည်။ သူတို့တတ်သောပညာဖြင့် ဝမ်းစာရှာသူများဟုလည်း ယူဆ သည်။ တချို့ ကျွန်တော့်သတ်မှတ်ယူဆချက်ကို သဘောတူချင်မှ တူပါလိမ့်မည်။ အသား လွတ်ထိုင်တောင်းသော၊ လိုက်တောင်းသော သူတောင်းစားများကို ပိုက်ဆံပေး(ထည့်)ဖို့ စိတ်ကူးမပေါ်ခဲ့သော်လည်း သိက္ခာရှိရှိ သီချင်းဆိုပြီး တီးပြီး အလှူခံစားကြသော ထို တီးဝိုင်းအဖွဲ့မျိုးတွေ့လျှင်တော့ အဲဒီအနားမှာ ထိုင်နားထောင်ပြီး အလှူငွေထည့်တတ် ပါသည်။ ထိုသူမျိုးတွေကို ကျွန်တော်က ကိုယ့်လုပ်အားကို အရင်းအနှီးပြုပြီး ပိုက်ဆံရှာသူ တွေဟုလည်း ထင်မှတ်ထားသောကြောင့် သူတို့အတွက် ကူညီလှူဒါန်းခြင်းဖြစ်သည်။ ကိုယ့်လုပ်အား၊ ကိုယ့်ပညာကိုရင်းပြီး ရိုးရိုးသားသားလုပ်ကိုင်စားသောက်ကြသူတိုင်း အပေါ် လေးစားတန်ဖိုးထား စိတ်ရှိသောကြောင့်လည်း ဤသို့ အလှူငွေထည့်ခဲ့ခြင်း ဖြစ်ပုံ ရပါသည်။ နောက်တစ်ခုကတော့ သူတို့တီးဝိုင်းမှ တီးသံဆိုသံက ကိုယ့်ရင်ထဲမှာ ကျေနပ် နှစ်သက်မှု အတိုင်းအတာတစ်ခုအထိ ရစေနိုင်ခဲ့သောကြောင့်လည်း ဖြစ်နိုင်ပါသည်။ အဲဒီ အသက်အရွယ်တုန်းက လောကကြီးကိုလှမ်းကြည့်ပြီး သတ်မှတ်လက်ခံထားသော အမြင် တချို့သည် စာအုပ်တွေထဲက သဘောတရား အတုံးလိုက်အတစ်လိုက်ကို ကျေညက် အောင်မချေဘဲ မျိုချထားခဲ့ရာမှ ထွက်လာသည့် မသိမ်မွေ့၊ မပျော့ပျောင်းသော အမြင်မျိုး ဖြစ်သည်ဟု ထင်ပါသည်။ အမြင်မရှင်းဘဲ ဝိုးတိုးဝါးတား စဉ်းစားတွေးမြင်မိတာကို ကိုးလိုး ကန့်လန့် သတ်မှတ်လက်ခံလိုက်တာမျိုးလည်း ပါနိုင်ပါသေးသည်။ အတွေ့အကြုံ နုနယ် သေးသောအရွယ်တွင် စာအုပ်ထဲကအမြင်ကို ကိုယ့်အတွေ့အကြုံသေးသေးကလေးဖြင့် ထင်သလို ဘာသာပြန်လက်ခံခဲ့တာတချို့လည်း ပါနိုင်ပါသည်။ သို့သော် ကိုယ်ယုံကြည် ခဲ့သော လောကနှင့် ဘဝဆိုင်ရာ ဒဿနကတော့ မှားယွင်းခဲ့ခြင်းမရှိပါဟု ယခုအချိန်အထိ အခိုင်အမာသတ်မှတ်ထားတုန်း ဖြစ်ပါသည်။

         ကျွန်တော် ဆယ်တန်းအောင်သည့်နှစ် ကာလဝန်းကျင်တွေတုန်းက မြန်မာ့ လူ့အဖွဲ့ အစည်းထဲတွင် 'အောက်ဆိုက်' ဆိုသောစကားနှင့် 'အကြံအဖန်' ဆိုသော စကားသည် ယဉ်ကျေးမှုတစ်ခုအဖြစ် အမြစ်တွယ်စပြုနေသောအချိန်ဖြစ်သည်။ အလုပ်တစ်ခုခု ဝင်လုပ်တော့မည်လူငယ်ကို သူ့ထက်ကြီးသူ သို့မဟုတ် သူနှင့်ရွယ်တူ သူငယ်ချင်း မိတ်ဆွေတွေက 'အဲဒီအလုပ်မှာ အောက်ဆိုက်ရှာလို့ရလား၊ အကြံအဖန်လုပ်လို့ရလား'ဟု မေးတတ်ကြသည်။ ဤစကားမျိုးပြောခြင်းနှင့် ဤအလုပ်မျိုးလုပ်ခြင်းသည် ကိုယ်ကျင့် တရားဆိုင်ရာ ပြစ်မှုတစ်ခုခုကို ကျူးလွန်ခြင်းဟု လူအတော်များများက သတိမပြုမိကြ တော့သောအချိန်လည်းဖြစ်သည်။ အဲဒီနှစ်ကာလတွေအတွင်းမှာ ကျွန်တော် ဆယ်တန်း အောင်ပြီး အုပ်ချုပ်ရေးရုံးတစ်ရုံးမှာ အောက်တန်းစာရေးဝင်လုပ်ဖြစ်သည်။ ကျွန်တော့် ရုံးတွင် တာဝန်ယူရသည်ကတော့ လျှောက်လွှာများရေးပေးခြင်းနှင့် ထောက်ခံစာများ ရေး ပေးခြင်းတို့ အပါအဝင် ဆက်စပ်နေသော တခြားတာဝန်တွေလည်း ပါသည်။ ရေးတတ်ရင် ဝတ္ထုဖြစ်တယ်ဟူသော စကားလိုပင် ဖန်တတ်လျှင် ပိုက်ဆံဖြစ်တယ်ဟု ပြော၍ရသော နေရာဖြစ်သည်။

         အဲဒီအလုပ်ထဲကိုဝင်တော့ ကျွန်တော်က ဒေသကောလိပ် ပထမနှစ်တက်နေတုန်း ကာလဖြစ်သည်။ ကျွန်တော် ပေါင်းသင်းနေသော မိတ်ဆွေတွေ၊ သူငယ်ချင်းတွေက စာဖတ်သူတွေ ဖြစ်သည်။ ကျွန်တော်ကလည်း စာဖတ်ဝါ သနာစွဲနေသူဖြစ်သည်။ သူတို့နှင့် ကျွန်တော် ပေါင်းမိသောအခါတွင် စာထဲကဗျာထဲသာ အာရုံရောက်သွားပြီး ကိုယ့် အလုပ် တာဝန် ကျေပွန်ဖို့ကလွဲ၍ ဘာကိုမှ စိတ်မဝင်စားဖြစ်တော့ပါ။ ဤအခြေအနေဟောင်းကို အခုနေမှာ ပြန်စဉ်းစားကြည့်သောအခါတွင် မိမိကိုယ်မိမိ ကျေနပ်စိတ်ဖြစ်မိပြီး အကြံအဖန် ရေစီးထဲမျောကာ အတန်အသင့်အဆင်ပြေ မည့်လမ်းမှ အလှမ်းကွာခဲ့၍လည်း နောင်တ မရခဲ့ဖူးပါ။ သို့သော် အဆင်မပြေသော ဘဝခရီးမှာတော့ မပြေလည်ပြီးရင်း မပြေလည်ရင်း နှင့် အဲဒီကာလမှာ လုံးလည်ချာလည် လိုက်ခဲ့ရတာကိုတော့ မှတ်မှတ်ရရ ရှိနေပါသေးသည်။

         အဲဒီကာလတုန်းမှာပဲ သူငယ်ချင်းတစ်ယောက်က ကျွန်တော်နေသော မြို့နယ်မှ တခြားမြို့နယ်တစ်ခုသို့ အိမ်ပြောင်းသွားသဖြင့် သန်းခေါင်စာရင်းပြောင်း ရွှေ့ရေးအတွက် အကူအညီတောင်းလာသည်။ သူ့ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့၏ ထောက်ခံချက်များ ယူလာပြီး ပြောခြင်းဖြစ်သည်။ ကျွန်တော်ကလည်း သူ့ကိစ္စနှင့်သက်ဆိုင်သည့် မြို့နယ်ရုံး သို့သွားပြီး အဲဒီရုံးမှ ရပ်ကွက်စုမှူးဆိုသူ၏စားပွဲသို့ သွားတင်သည်။ သူက စာရွက်စာတမ်း ပြည့်စုံမှုရှိ၊ မရှိ ကြည့်ပြီး ကျွန်တော့်ကို ရက်ခွာချိန်းလိုက်သည်။ သူချိန်းလိုက်သော ရက်သည် တကယ်လည်း ကြာနိုင်သည်ကို အလုပ်သဘောအရ သဘောပေါက်သဖြင့် ကျွန်တော်ပြန်လာခဲ့သည်။ ချိန်းထားသည့် ရက်သို့ရောက်သောအခါ မြို့နယ်ရုံးသို့ရောက် သွားပြီး ပြောင်းရွှေ့မည့်သူ၏ လျှောက်လွှာပါနာမည်ကို ပြောပြသည်။ သူက သူ့စားပွဲမှ အံဆွဲကို ဆွဲထုတ်ကြည့်ပြီးတော့ ကျွန်တော့်ကို တစ်နာရီလောက် အချိန်ခွာပြီး ထပ်ချိန်း သည်။ ကျွန်တော်က ခေါင်းညိတ်ပြုံးပြပြီး သူ့စားပွဲမှ လှည့်ထွက်လာခဲ့သည်။ ချိန်းထား သည့်အချိန်တွင် ထိုရုံးထဲသို့ ပြန်ဝင်သွားသည့်အခါ စားပွဲတိုင်းတွင် တာဝန်ခံဝန်ထမ်းတွေ အားလုံး ရှိနေကြချိန်ဖြစ်သည်။ ကျွန်တော့်အားချိန်းထားသည့်ပုဂ္ဂိုလ်၏ စားပွဲရှေ့တွင် ရပ်လိုက်သောအခါ ထိုပုဂ္ဂိုလ်က ဒီနေ့ မရနိုင်သေးကြောင်းပြောသည်။ ကျွန်တော့်စိတ်ထဲ တွင် ဖျဉ်းခနဲ ဒေါသစိတ်က ကြွလာသည်။ သူက သူ့ဘက်... အလုပ်သဘောအရ ကြာ မည့်အချိန်ကို ရက်ခွာချိန်းပြီးသား၊ အပိုရက်ပင်လျှင် ထပ်ဆောင်းပြီးချိန်းထားခဲ့မှန်း ကျွန်တော် သိနေတာကြောင့်လည်း ဒေါသစိတ်ပေါ်လာခဲ့ရတာဖြစ်သည်။ အဲဒီအချိန်မှာပဲ ကျွန်တော့်နောက်ဘက်ဆီမှ ကျွန်တော့်နာမည်ခေါ်သံ ကြားရသည်။ ကျွန်တော်လှည့် ကြည့်လိုက်တော့ အလုပ်သဘောအရရော၊ လူပုဂ္ဂိုလ်အရပါ ရင်းနှီးနေသူဖြစ်မှန်း သိလိုက် သည်။ သူကလည်း ရပ်ကွက်စုမှူးတစ်ဦးဖြစ်သည်။ ဘာလာလုပ်တာလဲဟု မေးတော့ ကျွန်တော်က သူငယ်ချင်း အကူအညီတောင်းထားသည့်ကိစ္စကို လာလုပ်တာပါဟု ဖြေ သည်။ ရပြီလားဟုမေးတော့ ကျွန်တော်က ထပ်ချိန်းနေသည့်အကြောင်း ပြောပြသည်။ ထိုအခါတွင် နှုတ်ဆက်သူ ကျွန်တော့်မိတ်ဆွေကြီးက ကျွန်တော့်လျှောက်လွှာကို တာဝန်ခံ ဆောင်ရွက်ပေးနေသူအား.....

        'သူက... ရပ်ကွက်ရုံးက စာရေးလေ၊ ကိုနောင်ကျော်တဲ့။ သူ့ရပ်ကွက်ကို အလုပ် ကိစ္စနဲ့သွားရတဲ့အခါမျိုးမှာ ရမ်းအကူအညီပေးတာဗျ။ လုပ်ငန်းကိစ္စရော၊ စားရေးသောက် ရေးပါ လိုလေသေးမရှိအောင် ကူညီပေးတဲ့သူဗျ'

 ဟု ပြောသည်။ ဒီတော့မှ ထိုပုဂ္ဂိုလ်က ပြုံးပြီး...

        'ခင်ဗျားက ရပ်ကွက်စာရေးဆိုတာ အစကတည်းက ပြောဖို့ကောင်းတာပေါ့' 

        ဟုပြောပြီး သူ့အံဆွဲကို ဆွဲထုတ်ကာ ပြောင်းရွှေ့ခွင့်စာရွက်တွေကို ကျွန်တော့်ဆီ ပေးသည်။ အဲဒီတုန်းကတော့ ဘယ်သူ့ဆီကမှ တောင်းယူဖို့ ဆန္ဒမရှိသလို ဘယ်သူ့ကိုမှ လည်း ပေးကမ်းဖို့ သဘောထားမရှိသော စိတ်အခိုင်အမာ ဖြစ်နေသောကာလမို့ မူအတိုင်း အတိအကျ လိုက်နာကျင့်သုံးခဲ့သည်ကို ဂုဏ်ယူစိတ်ဖြင့် ကျေနပ်ခဲ့ဖူးပါသည်။

          အချိန်တွေရွေ့လျားရာနောက်တွင် အသက်လည်း တဖြည်းဖြည်း ကြီးလာသည်။ အလုပ်သစ်တစ်ခုပြောင်း သည်။ အတွေ့အကြုံတွေ ပိုရလာသည်။ ဘဝတွင် လုပ်ချင်တာ လုပ်ဖို့အတွက် မလုပ်ချင်တာတချို့ကို လုပ်ရတတ်သည့်သဘောကို သိလာခဲ့သည်။ ဖြစ်ချင် တာဖြစ်ဖို့ ကြိုးစားနေချိန်တွင် မဖြစ်ချင်တာတွေ ဖြစ်လာတတ်တာကိုလည်း ကြုံခဲ့ရသည်။ ရည်မှန်းချက်ကို ခိုင်ခိုင်မာမာစိုက်ထူပြီး လက်တွေ့လုပ်ကိုင်ဆောင်ရွက်မှု နည်းလမ်း တွေကို အခြေအနေ အချိန်အခါပေါ် မူတည်ပြီး အရွှေ့အပြောင်းလုပ်ရတတ်သည့် အနေ အထားကိုလည်း သဘောပေါက်ခဲ့သည်။ ကျယ်ဝန်းလွတ်လပ်သောလွင်ပြင်နှင့် ကျဉ်းကျပ် သော တံတိုင်းတွေ၏ သဘာဝကိုလည်း ကြုံတွေ့ခံစားခဲ့သည်။ ရယ်မောရင်း မျက်ရည်ဝဲ ရသော၊ ငိုချင်စိတ်ပေါ်လာချိန်မှာ ဟားတိုက်ရယ်မောပစ်လိုက်ရသော ဘဝအကွေ့တွေ ကြားတွင် အတိတ်လွမ်းစိတ်တွေချည်း ဖိစီးထားသော ပစ္စုပ္ပန်ကာလရှည်ကြီးကပဲ တံတား တစ်စင်းဖြစ်နေတာကိုလည်း ဖြတ်လျှောက်လိုက်ဖူးသည်။ အံကြိတ်ထားသောစိတ်၏ ရောင်ပြန်ဟပ်မှုကြောင့် မျက်နှာထားတင်းမာနေတာမျိုးတွေကို မြင်ခဲ့၊ ကြုံခဲ့ရသည်။ အတွေ့အကြုံ အဖုံဖုံကြောင့် စဉ်းစားကြည့်မြင်ပုံတွေက အတန်အသင့် ရွေ့လျားသွား သည်။ ပြန်ငဲ့ကြည့်လိုက်သောအခါတွင် ငယ်ရွယ်နုနယ်သော ကျောင်းသားဘဝ ဝန်းကျင် ကာလမျိုးက စဉ်းစားဆောင်ရွက်ပုံနှင့် အတော်ကြီးကွာခြားနေတာတွေ အတော်များများ ကို မြင်လိုက်ရသည်။ အနာဂတ်ဘဝ ရည်မှန်းချက်ပန်းတိုင်ကတော့ ယိုင်လဲမသွားခဲ့ပါ။ ယုံကြည်မှုမျက်နှာစာကလည်း အိုမင်းရင့်ရော်သွားခဲ့တာမျိုး မဖြစ်ခဲ့ပါ။ အသက်အရွယ်နှင့် အတွေ့အကြုံတွေက လောကသဘာဝနှင့် သဘောထားပုံထားနည်းတွေကို နားလည် ခွင့်ပိုရစေခဲ့သည်ဟု ထင်သည်။ ဘဝမှာ လိုချင်တာတွေအတွက် ပေးရတာမျိုး၊ မလိုချင် တာတွေအတွက် ပေးရတာမျိုးတွေရှိတာကိုပါ သိနားလည်လာခဲ့သည်။ ယုံကြည်ရည်မှန်း ချက်အတွက် ချစ်သူကို စွန့်လွှတ်ပေးဆပ်ရသော ဇာတ်လမ်းဇာတ်ကွက်တွေကို ဖတ်ရ၊ ကြားရ၊ ကြည့်ရသောအခါမျိုးတွင် ရင်ခုန်သံတို့က ဒီရေလှိုင်းလို ဝုန်းဒိုင်းရိုက်ခတ်ကြပြီး မုန်တိုင်းငြိမ်ကျသွားသော ရင်ဘတ်က အရာရာကို တည်ငြိမ်သိမ်မွေ့စွာ စီးဆင်းစေပြန်ပါတော့သည်။

          အခုတော့လည်း ကျွန်တော့သဘာဝက ငယ်ငယ်တုန်းကလို အလှူအတန်း လုပ်ရ တာ စိတ်မပါသောခံစားမှုမျိုးတွေက ပြင်းပြင်းထန်ထန် မရှိတော့တာ သေချာနေပါပြီ။ အများတကာအတွက် ကိုယ်တတ်နိုင်တာလေးတွေနှင့် အကူအညီပေးရတာကိုတော့ အခု အထိ စိတ်ဝင်စားနေတုန်းဖြစ်သည်။ နောင်ဘဝအတွက် ရည်စူးပြီး အလှူအတန်းလုပ်ကာ ကောင်းမှုကုသိုလ်ပြုခြင်းမျိုး မဟုတ်သော်လည်း ပစ္စုပ္ပန်ဘဝကောင်းမှုအတွက် ရည်ရွယ် ကာ လှူဒါန်းပေးကမ်းခြင်းမျိုးတွေလုပ်ဖို့ လိုအပ်ကြောင်း အတွေ့အကြုံတွေမှ သင်ကြား ချက်တွေကို လက်ခံတတ်လာခဲ့ပါပြီ။ လှူဒါန်းပေးကမ်းခြင်းကြောင့် လူတချို့၏ စိတ်ဓာတ် ပျက်စီးမှုကို အားပေးကူညီရာရောက်သည်ဟူသော အမြင်မျိုးကိုလည်း ကာလဒေသ အခြေအနေပေါ် မူတည်ပြီး ပျော့ပျောင်းစွာ သဘောထားကျင့်သုံး ရကောင်းမှန်းလည်း သိလာခဲ့ပါပြီ။

        နှမ်းတစ်လုံးနှင့် ဆီမဖြစ်တာကို နားလည်ထားသော်လည်း ဆီဖြစ်လာနိုင်သော နှမ်းစေ့ကလေးတွေက ဟိုနားဒီနားမှာ ပြန့်ကျဲစွာရှိနေတာကိုလည်း ကြည့်တတ်မြင် တတ်ခဲ့သည်။ 'ပေးကမ်းခြင်းသည် အောင်မြင်ရာ'ဟူသော စကားမျိုးကို နားလည်ခဲ့သလို လှူဒါန်းခြင်းသည်လည်း အခက်အခဲကို အဆင်ပြေစေတတ်သည့် သဘောကိုလည်း သိတတ်နားလည်တတ်ခဲ့သည်။ လှူဒါန်းပေးကမ်းခြင်းသည် နှစ်ဦးနှစ်ဖက်စလုံးအတွက် ကောင်းမှုဖြစ်စေတတ်တာကိုလည်း မြင်တတ်၊ လက်ခံရကောင်းမှန်း သိတတ်ခဲ့သည်။ ကျွန်တော့်အမြင် အယူအဆတွေ ပြောင်းလဲ ပျက်စီးသွားခဲ့ပြီလားဟုလည်း ကိုယ့်ဘာသာ ကိုယ် မေးခွန်းထုတ်ရလွန်းသဖြင့် မေးခွန်းတွေအောက်မှာ ပိနေခဲ့ရဖူးပါသည်။

         လွန်ခဲ့သော သုံးလေးနှစ်လောက်တုန်းက ရန်ကုန်ဆေးရုံကြီးနားက ပလက်ဖောင်း တစ်ခုပေါ်မှာ လူကြီးတစ်ယောက်၊ ကလေးတစ်ယောက်က အဝတ်အစားခပ်နွမ်းနွမ်းနှင့်။ ဆွဲခြင်းတစ်ခြင်း၊ ရေပုလင်းလွတ် နှစ်လုံးသုံးလုံး၊ ထမင်းချိုင့်တစ်လုံး၊ အဝတ်အစား ထည့်သော အိတ်က ခပ်အိုအိုနှင့် နေ့ခင်းအချိန် နေပူထဲမှာ မတ်တတ်ရပ်နေကြသည်။ ကျွန်တော့်ကိုမြင်တော့ 'ဆေးရုံကဆင်းလာတာပါ။ ရွာပြန်ဖို့ စရိတ်မရှိလို့ အကူအညီ ပေးခဲ့ပါ' ဟု အောက်ကျို့သော အသံဖြင့်ပြောသည်။ သူတို့ဘေးမှာချထားသော ပစ္စည်း တွေနှင့် အဲဒီလူနှစ်ယောက်မျက်နှာကို ကြည့်ပြီးသောအခါ ကျွန်တော့် အိတ်ထဲမှ ပိုက်ဆံ နှစ်ရာတန်ကိုထုတ်ပြီး လူကြီးလက်ထဲသို့ တလေးတစားထည့်ကာ ဆက်ပြီးလမ်းလျှောက် လာခဲ့သည်။ လေးငါးဆယ်လှမ်းခန့် လှမ်းပြီးသောအခါ ကျွန်တော် ပြန်ငဲ့ကြည့်မိသည်။ သူတို့က မတ်တတ်ရပ်ပြီး နောက်တစ်ယောက်ယောက်ဆီမှာ အလှူခံဖို့ စောင့်နေကြပုံ ရသည်။ ကျွန်တော့်အိတ်ကပ်ထဲမှာ တစ်ထောင်လောက်ပဲ ကျန်တော့သည်။ နှစ်ရာတည်း ပေးခဲ့သည့်အတွက် ကျွန်တော့်စိတ်ထဲမှာ ကျေနပ်မှုမရှိခဲ့ပါ။ ဒါထက်လည်း ပိုပြီး လှူနိုင်သောအခြေအနေက ထိုနေ့မှာမရှိပါ။ သားအဖဖြစ်ပုံရသော ထိုနှစ်ယောက်လည်း ဘယ်အချိန်ကျမှ ရွာပြန်နိုင်လောက်သော လမ်းစရိတ်ရသွားကြသည်ကိုလည်း မသိပါ။ သူတို့အတွက် စိတ်မကောင်းဖြစ်မိခဲ့ ခြင်းကိုတော့ တစ်ခါတလေ အမှတ်ရတတ်ပါသည်။

        အသက်ခြောက်ဆယ်ကျော် ခုနစ်ဆယ်ဝန်းကျင် အဘိုးကြီးတွေ၊ အဘွား ကြီးတွေ အလှူခံနေကြတာကိုမြင်ရသောအခါ စိတ်မကောင်းဖြစ်တတ်ပါသည်။ သားသည် အမေ တချို့ ပိုက်ဆံတောင်းနေကြတာကို တွေ့ရသောအခါ ရင်နင့်မိတတ်ပါသည်။ လေးငါးနှစ် အရွယ် ကလေးလေးတွေ ပိုက်ဆံလိုက်တောင်းနေတတ်ကြတာကိုလည်း သတိပြုမိသော အခါ ရင်မောတတ်ပါသည်။ ရန်ကုန်မြို့ထဲက လမ်းမတွေပေါ်မှာ၊ လမ်းဘေးလက်ဖက် ရည်ဆိုင် ထိုင်ခုံတွေကြားမှာ၊ မီးပွိုင့်တွေနားမှာ၊ တစ်ခါတလေတော့လည်း ဝါးဆစ်ဗုံတီးပြီး သီချင်းဆိုရင်း အလှူခံနေသော မောင်နှမပုံစံမျိုး ကလေးသုံးယောက်လောက်၊ မယ်ဒလင်တီးပြီး သီချင်းဆိုကာ အလှူခံလေ့ရှိသော စာရွက်တွေလိုက်ဝေပြီး သူတို့ဒုက္ခ အတွက် ကူညီပေးဖို့ ဒုက္ခိတလင်မယား၊ လိုင်းကားတွေပေါ်မှာ ကွန်ပျူတာစာစီထားသော မေတ္တာရပ်ခံတောင်းပန်ပြီး အလှူခံသောကလေးငယ်များ၊ အလှူခံသော၊ တောင်းစားသော ပုံစံတွေက မျိုးစုံလှသည်။

          မဏ္ဍပ်ထိုးပြီး လော်စပီကာတပ်ကာ အလှူခံသည်။ ဟမ်းစပီကာနှင့်အော်ဟစ်ပြီး အလှူခံသည်။ အိုးစည်ဒိုးပတ်ဝိုင်းတွေနှင့် ကခုန်ပြီး အလှူခံသည်။ ရပ်ကွက်ထဲမှာ အိမ် ပေါက်စေ့လိုက်ပြီး ဖလားတွေ၊ မောင်းထောင်ခွက် (အလှူခံခွက်)တွေနှင့် အလှူခံသည်။ စားပွဲမှာထိုင်ပြီး မောက်စပီကာနှင့် ခပ်တည်တည် အလှူခံတာမျိုးလည်းရှိသည်။ လက် မှတ်ထိုးထားသောစာရွက်ကိုပေးပြီး အလှူခံတာတွေလည်း ကြုံရသည်။ ဘုရားပြင်ဖို့၊ ဘုရားတည်ဖို့၊ ကျောင်း ဆောက်ဖို့၊ ပွဲလုပ်ဖို့၊ လမ်းပြင်ဖို့၊ ဘဝပြင်ဖို့၊ ထမင်းစားဖို့၊ မသေဖို့ စသော အကြောင်းပေါင်းများစွာဖြင့် အလှူခံအရွယ်မျိုးစုံ၊ ဘဝမျိုးစုံ ရှိနေကြသည်။ တချို့ အလှူခံသူတွေအတွက် မလှူလျှင်လည်း ပြဿနာမရှိသော်လည်း တချို့အလှူခံတွေ အတွက်တော့ မလှူလျှင် ပြဿနာရှိနိုင်သည်။ အဲဒီပြဿနာက သူတို့ဘဝမှာလား၊ ကိုယ့် ဘဝဆီမှာလား စဉ်းစားရသေးသည်။

        အလှူအတန်း သို့မဟုတ် လှူဒါန်းပေးကမ်းခြင်းတွင် တစ်ဦးတစ်ဖက် တည်းအတွက် ကောင်းကျိုးဖြစ်စေခြင်းနှင့် နှစ်ဦးနှစ်ဖက် ကောင်းကျိုးဖြစ်စေခြင်းဟူ၍ ခွဲခြားကြည့်နိုင် လျှင် ရမည်ထင်သည်။ လှူဒါန်းပေးကမ်းသူတွေကတော့ ရှိနေဆဲဖြစ်သလို အလှူခံမျိုးစုံက လည်း ရှိနေဆဲဖြစ်သည်။ နောင်ဘဝ သံသရာကောင်းကျိုးအတွက် လှူကြသည်။ ပစ္စုပ္ပန် ကောင်းကျိုးအတွက် လှူရသည်။ အတိတ်အတွက်ရော လှူဒါန်းပေးကမ်းကြသူတွေပါ ရှိနေပါသေးလား။

         ကျွန်တော့်ကိုယ်ကျွန်တော် ပြန်စဉ်းစားကြည့်သည်။ အလှူခံသူလား၊ လှူဒါန်း ပေးကမ်းသူလား။ ဒါမှမဟုတ် နှစ်မျိုးစလုံး ဖြစ်နေတာလား။

        ဤစာတမ်းကို ဖတ်နေသူကိုယ်တိုင်လည်း လှူဒါန်းပေးကမ်းသူလား... အလှူခံ ပုဂ္ဂိုလ်လား... ဒါမှမဟုတ်...။

       ဘဝဆိုသည်မှာ မေးခွန်းတွေကို နည်းမျိုးစုံဖြင့် ဖြေကြားရသော၊ ဖြေရှင်းရသော ဖြစ်တည်မှုကာလတစ်ခုဟု ယူဆမိလိုက်ပါသည်။ 

နောင်ကျော်




****▪️ဝမ်းနည်းခြင်း▪️


       ပဉ္စမအကြိမ်မြောက် ရွှေအမြုတေစာပေဆုရ နိုင်ငံရေးအကျဉ်းသားဟောင်း စာရေးဆရာ နောင်ကျော် ရန်ကုန်မြို့ ဒေါပုံမြို့နယ်ရှိ နေအိမ်မှာ ဒီနေ့ နံနက်က ကွယ် လွန်သွားကြောင်း ကြားသိရပါတယ်။

      ဆရာနောင်ကျော်ဟာ ၂၀၁၀ ခုနှစ် ဖေဖော်ဝါရီလထုတ် စတိုင်သစ်မဂ္ဂဇင်းမှာ ဖော်ပြပါရှိခဲ့တဲ့ “ကျွန်တော်နှင့် အလှူခံများ” ရသစာတမ်းဖြင့် ရွှေအမြုတေစာပေဆု ရရှိခဲ့တာဖြစ်ပါတယ်။ 

      ဆရာနောင်ကျော် ကွယ်လွန်သွားခြင်းအတွက် ရွှေအသစ်ဒစ်ဂျစ်တယ်စာ မျက်နှာဝိုင်းတော်သားတွေက ဝမ်းနည်းရပါကြောင်း မှတ်တမ်းတင်ဖော်ပြလိုက်ပါတယ်။

      ဆရာ ရွှေအမြုတေစာပေဆုရခဲ့တဲ့ ရသစာတမ်းကို ဝမ်းနည်းမှတ်တမ်းနဲ့အတူ ဖော်ပြလိုက်ပါတယ်။

ဆရာ ငြိမ်းချမ်းရာအရပ်မှာ အနားယူပါ။


လေးစားစွာဖြင့်

ရွှေအသစ်ဝိုင်းတော်သားများ

Monday, June 9, 2025

"ပေါ်ပြူလာဖြစ်ချင်တဲ့ စိတ်ဝေဒနာ"

"ပေါ်ပြူလာဖြစ်ချင်တဲ့ စိတ်ဝေဒနာ" 




နေရာတကာမှာ သူပဲ ပေါ်ပြူလာဖြစ်ချင်၊ ထင်ပေါ်ချင်၊ အာရုံစိုက်ခံချင်တဲ့သူတွေကို ကြုံဖူးပါသလား။


ဒီလိုလူတွေ တွေ့ရတဲ့အခါ စိတ်ထဲ စနိုးစနောင့်ဖြစ်မိ၊ ဘဝင်မတွေ့စရာ ဖြစ်မိနိုင်ပေမဲ့ ဒီလိုအကျင့်စရိုက်ရှိသူ အချို့တွေဟာ Histrionic personality disorder (HPD) လို့ခေါ်တဲ့ စိတ်ရောဂါတစ်မျိုးကို ခံစားနေရတာဖြစ်နိုင်ပါတယ်တဲ့နော်။ 


Historic ဆိုတာက အင်္ဂလိပ်ဆို dramatic ၊ မြန်မာလိုဆို မူရာမာယာပိုတာ အကဲပိုတာကို ဆိုလိုပါတယ်။ Histrionic personality disorder (HPD) ဆိုတာကတော့ ပြင်းပြင်းထန်ထန် စိတ်ခံစားချက် မတည်မငြိမ်ဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ် လူအများအာရုံစိုက်ခံရအောင်၊ ပေါ်ပြူလာဖြစ်အောင် အတင်းပုံသွင်းလုပ်ယူနေမိတဲ့ စိတ်ရောဂါပဲ ဖြစ်ပါတယ်။ Cluster B လို့ခေါ်တဲ့ "စရိုက်လက္ခဏာဆိုင်ရာ စိတ်ရောဂါများ" အုပ်စုမှာ ပါဝင်ပါတယ်။


ဒီရောဂါရှိသူတွေဟာ ကိုယ်တိုင်ယုံကြည်မှုမရှိတော့ဘဲ တခြားသူများရဲ့ ကိုယ့်အပေါ်ထင်မြင်ယူဆချက်ကိုသာ အတည်မှတ်ယူနေတတ်ကြပါတယ်။ ဒါကြောင့် လူတွေသတိထားမိ‌စေဖို့အတွက် လုပ်သင့်တယ်/မလုပ်သင့်ဘူး မစဉ်းစားနိုင်တော့ဘဲ အာရုံစိုက်ခံရမယ့် အရာမှန်သမျှကို လုပ်ပြတော့တာပဲ ဖြစ်ပါတယ်။ အတွေးအခေါ်အယူအဆတွေကအစ မှားယွင်းလာပြီး ကိုယ့်ရဲ့အကျင့်စရိုက်အမှန်တွေပါ ပျောက်ဆုံးသွားပါတော့တယ်။

..

..


ဒီစိတ်ရောဂါက များသောအားဖြင့် ဆယ်ကျော်သက်ဘဝကို ကုန်လွန်ခါနီးအရွယ်နဲ့ အသက် (၂၀) ဝင်ခါစအရွယ်တွေမှာ အဖြစ်များပါတယ်။ အမျိုးသမီးများနဲ့ မွေးဖွားစဉ်က အမျိုးသမီးအဖြစ် သတ်မှတ်ထားခံရသူများက အမျိုးသားများနဲ့ မွေးဖွားစဉ်က အမျိုးသားအဖြစ် သတ်မှတ်ထားခံရသူများထက်စာရင် ပိုအဖြစ်များပါတယ်။ လူဦးရေရဲ့ (၁) ရာခိုင်နှုန်းလောက်မှာသာ ဖြစ်တတ်တဲ့ ရှားပါးစိတ်ရောဂါလည်း ဖြစ်ပါတယ်။ 


အဓိကရောဂါလက္ခဏာက အာရုံစိုက်ခံရဖို့အတွက် တစ်ခုခုဆို အကဲပိုပြတာ၊ စိတ်ခံစားချက်ကို လိုတာထက် ပိုပြတာ၊ လိင်ပိုင်းဆိုင်ရာအရ ဆွဲဆောင်မှုမရှိရှိအောင် နေတာတွေပဲ ဖြစ်ပါတယ်။ 


ဒါတွေအပြင်....


- အာရုံစိုက်မခံရတော့တဲ့အခါ စိတ်ဓာတ်ကျဆင်းပြီး အချစ်မခံရသလို၊ တန်ဖိုးထားမခံရသလို၊ အသိအမှတ်ပြုမခံရသလို ခံစားသွားခြင်း


- စိတ်ခံစားချက် အပြောင်းအလဲမြန်လွန်းခြင်း


- မိမိအာရုံစိုက်ခံရဖို့ဆို မိသားစုနဲ့ သူငယ်ချင်းများကို အရှက်ရစေတဲ့အပြုအမူများ၊ အရှက်ခွဲခြင်းများပါ ပြုလုပ်မိလာခြင်း 


- မိမိကိုယ်ကို အရာရာထက် အရေးပါတယ်လို့ သတ်မှတ်ထားခြင်း 


- ချစ်ချင်ကြိုက်ချင်စရာ အလွန်ကောင်းပုံနဲ့ အမြဲတမ်း သူတစ်ပါးကို ပရော်ပရည်လုပ်မိနေခြင်း (ခေတ်အခေါ် Flirt မိနေခြင်း)


- အပြင်ပန်းရုပ်ရည်သွင်ပြင်ကိုသာ အာရုံစိုက်နေခြင်း


- ဆွဲဆောင်မှုရှိပုံပေါ်တဲ့ အဝတ်အစားများကိုသာ ဝတ်ချင်ပြီး၊ ဝတ်ပြီးပါကလည်း အများကကြည့်တာကို ခံယူလိုခြင်း


- လိင်ပိုင်းဆိုင်ရာ ဆွဲဆောင်မှုရှိအောင် အတင်းလုပ်ယူနေမိခြင်း


- အခြားသူက ထောက်ပြပြောဆိုမှုများကို အသေးအဖွဲဖြစ်ပါစေ အာရုံစိုက်မိနေခြင်း


- မိမိရဲ့မိသားစု၊ သူငယ်ချင်း၊ ချစ်သူ စတဲ့ အပြန်အလှန် ပေါင်းသင်းဆက်ဆံမှုများကသာ အခြားသူများထက် သာလွန်ခိုင်မာတယ်ဟု ထင်နေခြင်း၊ လက်တွေ့မှာတော့ မိသားစုကအစ မည်သူနဲ့မဆို ဆက်ဆံရေးပြေလည်အောင် ထိန်းနိုင်ဖို့ရာ ခက်နေခြင်း


- အမြဲလိုလို သူတစ်ပါးရဲ့ အားပေးထောက်ခံမှုကို တောင့်တနေမိခြင်းတို့ပဲ ဖြစ်ပါတယ်။

..

..


HPD စိတ်ရောဂါကို ခံစားရတဲ့အကြောင်းရင်းများက...


- မျိုးရိုးလိုက်ခြင်း


- ကလေးဘဝက စိတ်ဒဏ်ရာရရှိခြင်း၊ အကြမ်းဖက်ခံရခြင်း


- မိဘအုပ်ထိန်းမှုမှားယွင်းခြင်းတို့ကြောင့် ဖြစ်ပါတယ်။

..

..


HPD ဖြစ်နေသူအများစုက ကိုယ်တိုင်သတိမထားမိကြဘဲ အာရုံစိုက်မှုမရတော့လို့ စိတ်ဓာတ်အလွန်အမင်းကျဆင်းလာကြတဲ့အချိန်၊ သူတို့ရဲ့အပြုအမူကြောင့် အလုပ်၊ ချစ်သူ၊ မိသားစု၊ သူငယ်ချင်းတွေကို ဆုံးရှုံးသွားတဲ့အချိန်မှ စိတ်ရောဂါခံစားနေရမှန်း သိသွားကြပါတယ်။ 


ဒါပေမဲ့ ကိုယ့်စိတ်ခံစားချက် မှားယွင်းနေမှန်း လက်မခံတတ်ကြသေးတာကြောင့် ကုသတဲ့အခါ ဆေးဝါးနဲ့ အခြားစိတ်ကျန်းမာရေးဆိုင်ရာ ကုသမှုတွေအစား "နားလည်လာအောင် ဆွေးနွေးပြောဆိုကုသခြင်း" (Psychotherapy) သုံးပြီး ကုသရပါတယ်။ 

.


မိမိရဲ့မိသားစုဝင်၊ သူငယ်ချင်း၊ အပေါင်းအသင်းတွေထဲမှာဖြစ်ဖြစ်၊ ကိုယ်တိုင်ဖြစ်ဖြစ် သာမန်ထက်လွန်ကဲတဲ့ အပြုအမူ၊ စိတ်ထား၊ အကျင့်လက္ခဏာတွေကြုံတွေ့ရတဲ့အခါ တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်းမှာ လာရောက်တိုင်ပင်ဆွေးနွေးနိုင်ကြောင်းလည်း နောက်ဆုံးပိတ်အနေနဲ့ သတင်းပါးပါရစေနော်။ 


(ကိုးကား) Reference : 📖

https:// my. clevelandclinic. org /health/diseases/9743-histrionic-personality-disorder

Wednesday, May 28, 2025

သင် လိပ်ပြာလုံရဲ့လား??

 ဆင်းရဲတွင်းက ညစ်ညမ်းရုပ်သံ (Poverty Porn) တွေကို ကြည့်ပြီး စိတ်အာသာဖြေရတာ သင် လိပ်ပြာလုံရဲ့လား??




အွန်လိုင်းမှာ လှည့်ကြည့်လိုက်တိုင်း "ကူညီကြပါဦး"၊ "စေတနာရှင်များ" ဆိုတဲ့ ခေါင်းစဉ်လေးတွေနဲ့ ပုံတွေ၊ ဗီဒီယိုတွေက အများကြီးပဲ။ ဆင်းရဲဒုက္ခရောက်နေတဲ့သူတစ်ယောက်ရဲ့ မျက်ရည်တွေကြားက အလှူရှင်ရဲ့ ပြုံးနေတဲ့မျက်နှာကို ပြထားတဲ့ မြင်ကွင်းတွေက ကျွန်တော်တို့ရဲ့ သနားစိတ်ကို အလွယ်ဆုံး လှုပ်နှိုးနိုင်တဲ့ နည်းလမ်းတစ်ခုလို ဖြစ်နေတယ်။ Like တစ်ချက်၊ Share တစ်ချက်က "ကုသိုလ်" ဖြစ်တယ်လို့ ထင်မှတ်နေချိန်မှာ ကင်မရာနောက်ကွယ်က လူသားတစ်ယောက်ရဲ့ တကယ့်ခံစားချက်၊ သူ့ရဲ့ ပဲ့ကြွေသွားတဲ့ ဂုဏ်သိက္ခာအတွက် ကျွန်တော်တို့ တကယ်ရော အလေးအနက် စဉ်းစားမိရဲ့လား? ဒါမှမဟုတ် ကျွန်တော်တို့ဟာ "ကြည့်ကောင်းရုံ" စေတနာရဲ့ သားကောင်တွေများ ဖြစ်နေကြပြီလား?


 "ခင်ဗျား... တကယ်ရော ဘယ်လိုခံစားနေရလဲဟင်?"


ကင်မရာတစ်လုံးရှေ့မှာ အကူအညီတစ်ခု လက်ခံယူနေရတဲ့သူတစ်ယောက်ရဲ့ မျက်နှာကို အနီးကပ်ဆွဲပြီး "သူ ဘယ်လောက်သနားဖို့ကောင်းလဲ ကြည့်ပါဦး" လို့ ပြောနေကြတဲ့သူတွေ၊ ခင်ဗျားတို့ အဲဒီလူကို တစ်ခါလောက် "ခင်ဗျား အခု တကယ် ဘယ်လိုခံစားနေရလဲဟင်?" လို့ရော မေးကြည့်ခဲ့ဖူးလား?


🤫ဘာကြောင့် ဒီမေးခွန်းကို ဘယ်သူမှ ကျယ်ကျယ်လောင်လောင် မမေးရဲကြတာလဲ?


အဖြေက ရှင်းပါတယ်။ သူတို့ရဲ့ တကယ့်ခံစားချက်အမှန်က ခင်ဗျားတို့ ဖန်တီးထားတဲ့ "ကြည်နူးစရာ" အလှူဒါန ဇာတ်လမ်းကို ဖျက်ဆီးပစ်မှာ စိုးလို့မဟုတ်လား? သူတို့ရဲ့ အရှက်တရား၊ နာကျင်မှု၊ ကျေကွဲမှုတွေကို ဖော်ပြလိုက်ရင် ခင်ဗျားတို့ရဲ့ "စေတနာရှင်" ပုံရိပ်က အရောင်မှိန်သွားမှာ ကြောက်လို့လား၊ ဒါမှမဟုတ် အာဏာမမျှတမှုရဲ့ မွန်းကျပ်တဲ့အမှန်တရားကို ဖော်ထုတ်မိသွားမှာ စိုးရိမ်လို့လား? အလှူခံရတဲ့သူတွေရဲ့ ခံစားချက်အမှန်ကို ချန်လှပ်ထားတာ၊ ဒါမှမဟုတ် ပုံဖော်ချယ်လှယ်တာဟာ ကြည့်ရှုသူများများရဖို့၊ Like နဲ့ Share အတွက် တမင်ရည်ရွယ်ထားတဲ့ Content ဖန်တီးမှုရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်နေပါတယ်။


ကင်မရာနောက်ကွယ်က ဂုဏ်သိက္ခာနဲ့ ကိုယ့်တန်ဖိုးအပေါ် သက်ရောက်မှု


ကင်မရာမီးရောင်တွေ ပိတ်သွားတဲ့အခါ၊ အလှူရှင်တွေ ထွက်ခွာသွားတဲ့အခါ အဲဒီလူသားတစ်ယောက်ရဲ့ ရင်ထဲမှာ ဘယ်လိုမုန်တိုင်းတွေ ကျန်ခဲ့မလဲ?

ကိုယ့်ကိုယ်ကိုယ်လေးစားမှု ဘယ်မှာလဲ?


🔗 ဆုံးဖြတ်ပိုင်ခွင့်မဲ့ခြင်းနဲ့ ဘာမှမလုပ်နိုင်သလို ခံစားရခြင်း


 လူသားတစ်ယောက်ရဲ့ ဂုဏ်သိက္ခာဟာ ကိုယ့်ဘဝ၊ ကိုယ့်ဇာတ်လမ်းကို ကိုယ်တိုင်ထိန်းချုပ်နိုင်စွမ်းနဲ့ တိုက်ရိုက်ဆက်စပ်နေတာကြောင့် ဒီလိုပုံဖော်မှုတွေက သူတို့ရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ကို လုယူပြီး "ငါဟာ အကူအညီမပါဘဲ ဘာမှမလုပ်နိုင်တဲ့သူပါလား" ဆိုတဲ့ ခံစားချက်ကို နက်နက်ရှိုင်းရှိုင်း စိုက်ဝင်စေပါတယ်။


🏷️ ရင်ထဲမှာ စွဲကျန်ရစ်တဲ့ အရှက်တရား


လူအများက "အမြဲတမ်းအကူအညီလိုအပ်နေသူ"၊ "သနားစရာလူ" လို့ အဆက်မပြတ် တံဆိပ်ကပ်ခံရခြင်းက သူတို့ရဲ့ ကိုယ့်ကိုယ်ကိုယ်ရှုမြင်ပုံကို ပြောင်းလဲစေပြီး အချိန်ကြာလာတာနဲ့အမျှ သူတို့ကိုယ်သူတို့ အဲဒီတံဆိပ်အတိုင်းပဲ ဖြစ်နေတယ်လို့ ယုံကြည်သွားတဲ့အထိ စိတ်ပိုင်းဆိုင်ရာအရ ပုံသွင်းခံလိုက်ရပါတယ်။


💔 ပစ္စည်းတစ်ခုလို သဘောထားခံရခြင်းနဲ့ လူသားမဆန်မှု:


 ဒါဟာ သူတို့ရဲ့ လူသားတစ်ယောက်အဖြစ် ပြီးပြည့်စုံမှု၊ ရှုပ်ထွေးတဲ့ စိတ်ခံစားချက်တွေ၊ အိပ်မက်တွေကို ငြင်းပယ်ပြီး၊ ဖြေရှင်းရမယ့် "ပြဿနာ" တစ်ခု ဒါမှမဟုတ် ကြည့်ရှုခံစားဖို့သက်သက် "ပြပွဲ" တစ်ခုအဖြစ် လျှော့ချလိုက်လို့ပါပဲ။


ပြီးတော့ မှတ်ချက်များ ရေးသားတဲ့နေရာကနေ "အရမ်းစိတ်မကောင်းပါဘူး"၊ "သနားလိုက်တာ" ဆိုတဲ့ စကားလုံးတွေ။ ဟုတ်တယ်၊ သူတို့မှာလည်း စမတ်ဖုန်းတွေရှိတယ်၊ သူတို့လည်း အဲဒီ မှတ်ချက်တွေကို မြင်နိုင်တယ်။ အဲဒီအခါ သူတို့ ဘယ်လိုခံစားရမလဲ?


အနာဂတ်တစ်ခု လုယက်ခံရတဲ့ ကလေးသူငယ်တို့ရဲ့ တိတ်ဆိတ်သော ငိုရှိုက်သံ 


အဆိုးဆုံးကတော့ ကလေးတွေ။ သူတို့ရဲ့ မျက်နှာကို အကာအကွယ်မဲ့စွာ ဖော်ပြပြီး သူတို့ရဲ့ ဆင်းရဲမှုကို ကြော်ငြာနေတာ။ "ဒီကလေးလေး သနားဖို့ကောင်းလိုက်တာ" ဆိုတဲ့ ခေါင်းစဉ်အောက်မှာ သူတို့ရဲ့ အနာဂတ်ကိုရော ကျွန်တော်တို့ ထည့်စဉ်းစားမိရဲ့လား?


ကလေးတွေအတွက် ဘာကြောင့် ဒီလောက်ထိ ဆိုးရွားပြင်းထန်စွာ ထိခိုက်နစ်နာရတာလဲ?


🩹 ဖွံ့ဖြိုးဆဲအရွယ်မှာ နက်ရှိုင်းတဲ့ စိတ်ပိုင်းဆိုင်ရာဒဏ်ရာများ


 ငယ်စဉ်ကတည်းက ကြုံတွေ့ရတဲ့ အရှက်တရား၊ အထင်အမြင်သေးမှု၊ အနှိမ်ခံရခြင်းတွေက ကလေးရဲ့ ရှုမြင်ပုံနဲ့ ယုံကြည်မှုတွေကို တစ်သက်တာ ပုံသွင်းပြောင်းလဲစေနိုင်တာကြောင့် ဖြစ်ပါတယ်။ ဒါဟာ သူတို့ဘဝတစ်လျှောက်လုံး သယ်ဆောင်သွားရမယ့် နက်ရှိုင်းတဲ့ စိတ်ဒဏ်ရာတွေအဖြစ် ကျန်ရစ်စေနိုင်ပါတယ်။


🤐 ပိတ်မိနေပြီး အသံမဲ့ဖြစ်ရခြင်း


 ကလေးတွေမှာ သူတို့ရဲ့ စိတ်သောကကို ထုတ်ဖော်ပြောဖို့၊ "ကျွန်တော့်ကို ဒီလိုမလုပ်ပါနဲ့" လို့ ငြင်းဆန်ဖို့ ဒါမှမဟုတ် အခြေအနေကနေ ရုန်းထွက်ဖို့ စွမ်းအားနဲ့ နည်းလမ်းတွေ မရှိဘူး။ သူတို့ဟာ လူကြီးတွေရဲ့ "စေတနာ" လို့ ခေါင်းစဉ်တပ်ထားတဲ့ ရွေးချယ်မှုတွေအောက်က တိတ်ဆိတ်စွာ နာကျင်ခံစားနေရတဲ့ သားကောင်တွေ ဖြစ်နေရပါတယ်။


🔄 ဆိုးကျိုးသံသရာကို လည်ပတ်စေခြင်း


 အနိုင်ကျင့်ခံရတာ၊ အရှက်တရားနဲ့ စိတ်ဒဏ်ရာတွေက သူတို့ရဲ့ ပညာရေးလမ်းကြောင်း၊ လူမှုဆက်ဆံရေးနဲ့ အနာဂတ်အလားအလာတွေကို ဖျက်ဆီးပစ်နိုင်လို့ ဖြစ်ပါတယ်။ "အကူအညီ" လို့ခေါင်းစဉ်တပ်ထားတဲ့အရာက သူတို့ကို ဆင်းရဲမွဲတေမှု သံသရာထဲကနေ ဆွဲထုတ်ရမယ့်အစား၊ အဲဒီသံသရာထဲမှာပဲ ပိုပြီး နက်နက်ရှိုင်းရှိုင်း ပိတ်မိနေစေနိုင်ပါတယ်။ ဆရာသမားတွေ၊ ရပ်ရွာလူကြီးတွေကရော ဒီပုံရိပ်တွေကြောင့် သူတို့ကို ဘယ်လိုအမြင်နဲ့ ဆက်ဆံမှာလဲ?


တရားခံတွေက ဖန်တီးသူများနှင့် မီဒီယာ Page များ ပါပဲ(Engagement ဆိုတာထက် ပိုတဲ့ ပြစ်မှုများ)


"ဒါတွေအားလုံးက Social Media မှာ Engagement ရဖို့ပါ" လို့ ဆင်ခြေပေးကြမှာလား? 


Engagement အရေးပါနိုင်ပေမဲ့ ဒီလုပ်ရပ်တွေရဲ့ နောက်ကွယ်မှာ ပိုပြီး နက်ရှိုင်းပြီး စက်ဆုပ်စရာကောင်းတဲ့ အကြောင်းပြချက်တွေ ရှိနေပါတယ်။ စိတ်ပိုင်းဆိုင်ရာ အားနည်းချက်တွေကို အခွင့်ကောင်းယူပြီး  Content အတွက် ဈေးကွက်ဖန်တီးခြင်း ဖြစ်ပါတယ်။


💰 ကိုယ်ကျိုးအတွက် အမြတ်ထုတ်ခြင်းနဲ့ Social Media ပေါ်မှာ နာမည်ကြီးမှု ရရှိရေး ပန်းတိုင်ထား လုပ်ဆောင်ခြင်း


 ဒါဟာ ရိုးရိုး Engagement တက်ဖို့လောက် မဟုတ်တော့ပါဘူး။ ဒုက္ခရောက်နေတဲ့သူတွေရဲ့ အခြေအနေကို အသုံးချပြီး ကိုယ်တိုင်ငွေကြေးအကျိုးအမြတ် (ဥပမာ - ငွေကြေးဖန်တီးမှုစနစ်၊ ကုန်ပစ္စည်းကြော်ငြာ စာချုပ်များ) ရဖို့၊ အွန်လိုင်းမှာ ကိုယ့်ရဲ့နာမည်၊ Page၊ "စေတနာရှင်" ပုံရိပ်ကို တည်ဆောက်ဖို့အတွက် အကွက်ကျကျ တွက်ချက်ပြီး ကိုယ်ကျိုးရှာတဲ့ လုပ်ရပ်တစ်ခု ဖြစ်နေပါပြီ။ သူတစ်ပါးရဲ့ မျက်ရည်ဟာ ခင်ဗျားတို့ရဲ့ Content အတွက် ကုန်ကြမ်းသက်သက် ဖြစ်နေတာလား?


🎭 "ဆင်းရဲမှု ရောင်းကုန်" သဖွယ် ပုံဖော်ခြင်းဖြင့် လူသားရဲ့ ဂုဏ်သိက္ခာကို တိုက်ရိုက် စော်ကားခြင်း:


 ဒီအချက်က ပိုပြင်းထန်ပါတယ်။ ဒီလိုပုံဖော်မှုတွေဟာ လူသားတွေရဲ့ ဒုက္ခ၊ အားနည်းချက်၊ အဆိုးဆုံးအချိန်တွေကို ကြည့်ရှုမှုတွေ၊ Like တွေအတွက် "ရောင်းကုန်" တစ်ခုလို ထုပ်ပိုးရောင်းချနေတာနဲ့ ဘာမှမခြားပါဘူး။ ဒါဟာ လူသားတစ်ယောက်ရဲ့ မွေးရာပါ ဂုဏ်သိက္ခာကို တန်ဖိုးမထားဘဲ၊ အရာဝတ္ထုတစ်ခုလို သဘောထားရာရောက်ပြီး ကြီးမားတဲ့ ကိုယ်ကျင့်တရားဆိုင်ရာ ချိုးဖောက်မှု၊ လူသားဆန်မှုအပေါ် တိုက်ရိုက်စော်ကားမှုတစ်ခု ဖြစ်ပါတယ်။


📉 ရေရှည်ထိခိုက်စေနိုင်တဲ့ မှားယွင်းတဲ့ အမြင်တွေနဲ့ မှီခိုစိတ်ကို ပုံသွင်းပေးနေခြင်း


 ဒီလို Content တွေက လူတွေကို အမြဲတမ်း အကူအညီမဲ့တဲ့ အခြေအနေမှာပဲ ပုံဖော်ပြီး အပေါ်ယံကျတဲ့၊ လတ်တလော "ကယ်တင်မှု" တွေကိုပဲ အသားပေးတဲ့အတွက် ဆင်းရဲမွဲတေမှု၊ သူ့ရဲ့ အကြောင်းရင်းမှန်တွေနဲ့ တကယ့်ဖြေရှင်းနည်းတွေအပေါ်မှာ လူထုရဲ့အမြင်ကို မှားယွင်းစေပါတယ်။ ရေရှည်မှာ ကိုယ့်အားကိုယ်ကိုးလိုစိတ်ကို အားမပေးတော့ဘဲ (အကူအညီပေးခံရသူရော၊ ဆင်းရဲမွဲတေမှုကို လူ့အဖွဲ့အစည်းက ရှုမြင်ပုံရော) မှီခိုမှု သံသရာကိုပဲ အားပေးရာရောက်ပြီး၊ စစ်မှန်တဲ့ စွမ်းရည်မြှင့်တင်ရေးနဲ့ ရေရှည်တည်တံ့တဲ့ ဖြေရှင်းနည်းတွေကို အာရုံမစိုက်တော့ဘဲ မျက်ကွယ်ပြုရာ ရောက်စေပါတယ်။ ဒါဟာ လူ့အဖွဲ့အစည်းရဲ့ ပြဿနာရှုမြင်ပုံနဲ့ ဖြေရှင်းပုံကို လမ်းလွဲစေတဲ့ လုပ်ရပ်ဖြစ်တယ်။


ဘာကြောင့် ကျွန်ုပ်တို့ ဆက်ကြည့်နေကြတာလဲ? ဆင်းရဲဒုက္ခကို အလွဲသုံးစားပြုကြည့်ရှုပြီး စိတ်အာသာဖြေနေတာလဲ??


ဒါက နောက်ထပ်အရေးကြီးတဲ့ မေးခွန်းဆီကို ဦးတည်သွားပါတယ်။ 

"ဆင်းရဲဒုက္ခကို အသားပေးပြသခြင်း" ဆိုတဲ့ အသုံးအနှုန်းကို ကြားဖူးကြမှာပါ။ ပိုပြီး တိုက်ရိုက်ပြောရရင် ဒါဟာ "ဆင်းရဲဒုက္ခကို အာရုံခံစားမှုသက်သက်အတွက် အလွဲသုံးစားပြုခြင်း" တစ်မျိုးပါပဲ။ 


ဘာကြောင့်လဲ?

 ဒီ ဆင်းရဲမှု ဗီဒီယိုတွေကို ကြည့်ပြီး ကျွန်ုပ်တို့ရဲ့ စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်တစ်ခုခုကို ယာယီ ဖြည့်ဆည်းနေတာ၊ တစ်နည်းအားဖြင့် "စိတ်ပိုင်းဆိုင်ရာ တစ်ကိုယ်ရည်အာသာဖြေမှု" ပြုလုပ်နေတာ ဖြစ်နိုင်ပါတယ်။ ဒါဟာ တခြားတစ်ယောက်ရဲ့ ဆင်းရဲဒုက္ခမြင်ကွင်းကို အာရုံခံစားမှုတစ်ခုအနေနဲ့ အသုံးချပြီး၊ ကိုယ့်ရဲ့ စိတ်ခံစားမှု လိုအပ်ချက်တစ်ခုကို ယာယီဖြစ်ဖြစ် ဖြည့်ဆည်းလိုက်တာမျိုးကို ဆိုလိုတာပါ။


ဒါက သင့်စိတ်အတွက် ဘာလုပ်ပေးနေသလဲ?


🏅 ကိုယ်ကျင့်တရားအရ ကိုယ့်ကိုယ်ကိုယ် ခဏတာ အဟုတ်ထင်သွားစေတယ်:


 ဒီလို "မှန်ကန်တဲ့" စိတ်ခံစားမှုတွေကို ခံစားလိုက်ရတဲ့အတွက်၊ ကြည့်ရှုသူဟာ ခက်ခဲပင်ပန်းတဲ့ တကယ့်အနစ်နာခံမှုမျိုး လုပ်စရာမလိုဘဲ၊ "ငါဟာ စာနာတတ်သူ၊ လူကောင်းတစ်ယောက်ပဲ" လို့ ကိုယ့်ကိုယ်ကိုယ် ခဏတာ အသိအမှတ်ပြုလိုက်သလို ဖြစ်သွားစေပါတယ်။ ဒါဟာ မြန်မြန်ဆန်ဆန်ရတဲ့ ကိုယ်ကျင့်တရားဆိုင်ရာ ကျေနပ်မှုအတုအယောင်တစ်ခုပါ။


🏃💨 အာရုံလွှဲပြောင်းမှု/ အခြားကိစ္စတွေကနေ ထွက်ပြေးမှု:


 အဝေးက ပြင်းထန်တဲ့ဒုက္ခတွေကို အာရုံစိုက်ခြင်းက ကိုယ်ရေးကိုယ်တာ ပူပန်မှုတွေ၊ ငြီးငွေ့မှုတွေကနေ ခဏတာ ထွက်ပြေးရာ ဖြစ်စေနိုင်ပါတယ်။


✨ "ပြဿနာကို ဖြေရှင်းပြီးသွားသလို" ထင်ယောင်ထင်မှားဖြစ်စေခြင်း:


 ဒီဗီဒီယိုတွေဟာ အလှူပေးလိုက်တဲ့အခန်းနဲ့ အဆုံးသတ်လေ့ရှိတော့ "ပြဿနာကို မြင်တယ်၊ (အပေါ်ယံကြည့်ရင်) ပြဿနာကို ဖြေရှင်းပြီးသွားပြီ" ဆိုတဲ့ ခံစားချက်မျိုးကို ရစေပါတယ်။ ဒါဟာ အပြုသဘောဆောင်တဲ့ရလဒ်ကို (ကြည့်ရုံသက်သက်နဲ့) ရလိုက်သလို ဦးနှောက်ကနေ ခဏတာ ပျော်ရွှင်စေတဲ့ Dopamine ဟော်မုန်းကို ထွက်စေနိုင်ပါတယ်။


⚡ စိတ်ခံစားမှု ပြင်းထန်ခြင်းကကိုက လှုံ့ဆော်မှုတစ်ခုဖြစ်နေခြင်း


 ပြင်းထန်တဲ့ စိတ်ခံစားမှုတွေဟာ (ထိန်းချုပ်ထားတဲ့ အခြေအနေအောက်မှာဆိုရင်) ဝမ်းနည်းမှု၊ ဒေါသထွက်မှုလို အနှုတ်လက္ခဏာဆောင်တဲ့ ခံစားချက်တွေဖြစ်နေဦးတော့၊ ငြီးငွေ့မှုကို ချိုးဖျက်ပေးနိုင်တဲ့ စိတ်ပိုင်းဆိုင်ရာ လှုံ့ဆော်မှုတစ်ခု ဖြစ်နေတတ်ပါတယ်။ ဦးနှောက်က တစ်ခါတစ်ရံ ဒီလို လှုံ့ဆော်မှုကို တောင့်တတတ်ပါတယ်။


🛋️ ရိုးရှင်းလွယ်ကူပြီး အားထုတ်စရာမလိုခြင်း:


 ဒါဟာ တကယ့်လက်တွေ့ဘဝက ရှုပ်ထွေးမှုတွေ၊ တောင်းဆိုမှုတွေမပါဘဲ "လူမှုရေးကိစ္စကြီးတွေမှာ ငါလည်းပါဝင်နေတယ်" လို့ ခံစားရစေတဲ့ အလွယ်ကူဆုံးနည်းလမ်းတစ်ခုပါ။ ရလိုက်တဲ့ "ကောင်းတယ်ဆိုတဲ့ခံစားချက်" က တန်ဖိုးနည်းလွန်းပါတယ်။


သံသရာထဲမှာ  ဘာကြောင့် ရုန်းမထွက်နိုင်တာလဲ?


📢 Social Media Algorithm တွေရဲ့ ထပ်ဆင့်အားဖြည့်မှု:


 ဒီလို Content တွေကို သင်ကြည့်ရှု၊ တုံ့ပြန်လေ၊ Algorithm တွေက သင့်ဆီကို အလားတူ Content တွေ ပိုပိုပြီးပို့ပေးလေပါပဲ။ ဒါဟာ ဒီသံသရာကနေ ရုန်းထွက်ရခက်စေတဲ့ ပဲ့တင်သံဝန်းကျင် တစ်ခုကို ဖန်တီးလိုက်ပါတယ်။

💡❓ "ငါသိနေတယ်/ငါဂရုစိုက်နေတယ်" ဆိုတဲ့ ထင်ယောင်ထင်မှားဖြစ်မှု:


 ဒီ Content တွေကို ဆက်တိုက်ကြည့်ရှုခြင်းက လူမှုရေးပြဿနာတွေကို သိရှိနားလည်၊ ဂရုစိုက်နေတယ်လို့ မှားယွင်းစွာ ခံစားစေကာ ကြည့်ရှုမှုအလေ့အထကို မှန်ကန်ကြောင်း အကြောင်းပြနေမိတတ်ပါတယ်။


စစ်မှန်သော ကရုဏာတရားနှင့် တာဝန်ယူမှုအတွက် တောင်းဆိုခြင်း


"စေတနာ" ဆိုတဲ့ စကားလုံးက လှပါတယ်။ ဒါပေမဲ့ အဲဒီစကားလုံးနောက်ကွယ်မှာ အသုံးချခံ ဂုဏ်သိက္ခာတွေ၊ နင်းခြေခံ အနာဂတ်တွေ၊ တိတ်ဆိတ်စွာ ကျေကွဲနေရတဲ့ နှလုံးသားတွေ ရှိနေရင် စေတနာအမှန် မဟုတ်တော့ပါဘူး။


ကျွန်ုပ်တို့ တောင်းဆိုချင်တာက ရိုးရှင်းပါတယ်။

🙏 အလှူခံတဲ့သူတိုင်းရဲ့ ဂုဏ်သိက္ခာကို လေးစားကာကွယ်ပါ။ မျက်နှာ၊ ကိုယ်ရေးကိုယ်တာတွေကို Content အတွက် အလွယ်တကူ မသုံးပါနဲ့။ ကလေးသူငယ်တွေကို လုံးဝအသုံးမချပါနဲ့။


🛑 အပေါ်ယံ "ကယ်တင်ရှင်" ပုံရိပ်ဖမ်းတာတွေကို ရပ်တန်းက ရပ်ပါ။ တကယ်ကူညီချင်တယ်ဆိုရင် သူတို့ကို ရေရှည်ရပ်တည်နိုင်အောင်၊ ဘဝကို သူတို့ကိုယ်တိုင် ပိုင်ဆိုင်နိုင်အောင် စွမ်းရည်မြှင့်တင်ပေးမယ့် နည်းလမ်းတွေကို ရှာဖွေပါ။


🤔 ကြည့်ရှုသူတွေအနေနဲ့လည်း ဝေဖန်ပိုင်းခြားနိုင်စွမ်းကို မြှင့်တင်ပါ။ မျက်ရည်ကို ရောင်းကုန်လုပ်ထားတဲ့ Content တွေကို အားမပေးပါနဲ့။ တကယ့်အကျိုးပြုလုပ်ငန်းတွေကို ထောက်ပံ့ပါ။ ကျွန်ုပ်တို့ရဲ့ ကြည့်ရှုမှုတွေက ဒီလိုအန္တရာယ်ရှိတဲ့ Content တွေကို ဆက်လက်ရှင်သန်ခွင့် မပေးသင့်တော့ပါဘူး။


လူသားတစ်ယောက်ရဲ့ ဒုက္ခကို အရင်းတည်ပြီး ကိုယ်ကျိုးရှာနေတဲ့၊ Social Media ပေါ်မှာ နာမည်ကြီးအောင်လုပ်နေတဲ့ မည်သည့်လုပ်ရပ်ကိုမဆို ကျွန်တော်တို့အားလုံးက ပြင်းပြင်းထန်ထန် ဆန့်ကျင်ရှုတ်ချဖို့ အချိန်တန်ပါပြီ။ စစ်မှန်သော ကရုဏာသည် သူတစ်ပါးဂုဏ်သိက္ခာကို နင်းခြေခြင်းမဟုတ်၊ လက်တွဲထူမတ်ခြင်းသာဖြစ်ကြောင်း မမေ့ကြပါစို့။


ရေးသားမျှဝေသူ - Kyaw Tum

Tuesday, May 27, 2025

သင်လှူလိုက်တဲ့ စေတနာငွေတွေ ဘယ်သူတွေ "သုံး" နေသလဲ?

သင်လှူလိုက်တဲ့ စေတနာငွေတွေ ဘယ်သူတွေ "သုံး" နေသလဲ? 




မြန်မာ့ပရဟိတဖောင်ဒေရှင်းများကို စာရင်းစစ်ဆေးမှု ချက်ချင်းလိုအပ်နေပြီ!

ကျွန်တော်တို့ မြန်မာလူမျိုးတွေဟာ ပေးကမ်းစွန့်ကြဲမှု၊ အကူအညီပေးမှု (ဒါန) မှာ သိပ်ကို မွေ့လျော်ကြပါတယ်။ ဒါဟာ ကျွန်တော်တို့ရဲ့ ယဉ်ကျေးမှု၊ ကိုးကွယ်ယုံကြည်မှုဖြစ်တဲ့ ဗုဒ္ဓဘာသာရဲ့ အဆုံးအမတွေထဲက နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေတဲ့ အလေ့အထကောင်းတစ်ခုပါ။ ကိုယ့်မှာရှိတာလေးကို ဖဲ့ပေးတာ၊ သူများဒုက္ခရောက်နေရင် မနေနိုင်မထိုင်နိုင် ကူညီတတ်ကြတာဟာ ချီးကျူးစရာကောင်းတဲ့ စိတ်ဓာတ်တွေပါ။ ဒီလိုစေတနာတွေဟာ အင်မတန် တန်ဖိုးရှိပါတယ်။

ဒါပေမဲ့... ကျွန်တော်တို့ တစ်ခါတစ်လေ စဉ်းစားမိဖို့လိုတဲ့ အချက်လေးတွေ ရှိလာပါတယ်။ ဘာလဲဆိုတော့၊ ဒီလို သဒ္ဓါတရားထက်သန်စွာ လှူဒါန်းကြတဲ့ စေတနာတွေကို အခွင့်ကောင်းယူပြီး ကိုယ်ကျိုးရှာလိုတဲ့ လူတစ်စုက အသုံးချလာတဲ့အခါ ဘယ်လိုဖြစ်လာနိုင်မလဲ ဆိုတာပါပဲ။

ခင်ဗျားတို့ "Poverty Porn" ဆိုတဲ့ စကားလုံး ကြားဖူးကြမှာပေါ့။ တိုက်ရိုက်ဘာသာပြန်ရရင်တော့ "ဆင်းရဲမွဲတေမှုကို အရင်းတည်ပြီး လိင်ပိုင်းဆိုင်ရာဖျော်ဖြေမှုလိုမျိုး စိတ်ခံစားချက်ကိုဆွဲဆောင်ပြီး အမြတ်ထုတ်ခြင်း" လို့ ဆိုရမလိုပါပဲ။ နည်းနည်းတော့ ကြမ်းတမ်းတဲ့ အသုံးအနှုန်းပါ။ ဒါပေမဲ့ ဆိုလိုရင်းကတော့ ရှင်းပါတယ်။ သူတစ်ပါးရဲ့ ဆင်းရဲဒုက္ခကို သနားစဖွယ်ဖြစ်အောင် ပုံကြီးချဲ့ပြ၊ ဓာတ်ပုံတွေ ဗီဒီယိုတွေရိုက်၊ လူအများရဲ့ ကရုဏာသက်မှုကို အပြည့်အဝဆွဲဆောင်ပြီး အလှူငွေတွေကောက်ခံတယ်။ ပြီးတော့မှ အဲ့ဒီအလှူငွေတွေကို ကိုယ်ကျိုးအတွက်သုံးတာမျိုး၊ ဒါမှမဟုတ် အပြည့်အဝ ပွင့်လင်းမြင်သာမှုမရှိဘဲ သုံးစွဲတာမျိုးပေါ့။ ဒါဟာ စေတနာကို ခုတုံးလုပ်တာနဲ့ အတူတူပါပဲ။

နောက်ထပ် ကျွန်တော်တို့ မေးရမယ့် မေးခွန်းတစ်ခုရှိပါတယ်။ အဲ့ဒါကတော့ ကျွန်တော်တို့ရဲ့ ချွေးနည်းစာနဲ့ ရင်းပြီး လှူဒါန်းလိုက်တဲ့ အလှူငွေတွေဟာ တကယ်ပဲ လိုအပ်နေတဲ့သူတွေဆီကို ၁၀၀ ရာခိုင်နှုန်း အပြည့်အဝ ရောက်ရဲ့လား ဆိုတာပါပဲ။ ဓာတ်ပုံတွေရိုက်၊ အလှူပေးပွဲတွေလုပ်ပြီးတဲ့အခါ၊ ကင်မရာမန်းတွေ၊ အလှူရှင်တွေ ပြန်သွားတဲ့အခါ အဲ့ဒီစေတနာတွေ၊ အလှူငွေတွေရဲ့ ကံကြမ္မာက ဘယ်လိုဆက်ဖြစ်သလဲ။ အလှူခံပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေက ဒီငွေတွေကို ဘယ်လို စီမံခန့်ခွဲသလဲ။

ဒီနေရာမှာ အလှူငွေ စီမံခန့်ခွဲမှုနဲ့ ပတ်သက်ပြီး အဓိကကျတဲ့ အချက်သုံးချက်ကို ဆွေးနွေးချင်ပါတယ်။

✅ ၁။ ဝင်ငွေထွက်ငွေ တိကျစွာ မှတ်တမ်းတင်ခြင်း
ကျွန်တော်တို့ လှူလိုက်တဲ့ငွေတွေ ဘယ်ရောက်သွားတယ်၊ ဘယ်လိုသုံးစွဲတယ်ဆိုတာကို လေးလေးစားစားနဲ့ စနစ်တကျ စီမံခန့်ခွဲမှု ရှိဖို့လိုပါတယ်။ စာရင်းကိုင်နည်းစနစ်တွေကတော့ အများကြီးရှိနိုင်ပါတယ်။ ဘယ်လိုနည်းစနစ်ပဲသုံးသုံး၊ ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် အခြေခံကျတဲ့ မေးခွန်းသုံးခုကိုတော့ ရှင်းရှင်းလင်းလင်း ဖြေနိုင်ဖို့လိုပါတယ်။

👉 အကူအညီတကယ်လိုအပ်သူတွေဆီကို တိုက်ရိုက်ဘယ်လောက်ရောက်ရှိသလဲ? ဒီငွေပမာဏကို တိတိကျကျ မှတ်တမ်းတင်ထားရပါမယ်။ ဥပမာ - အလှူခံပုဂ္ဂိုလ် (သို့) အိမ်ထောင်စု တစ်ခုချင်းစီအတွက် တိုက်ရိုက်ပေးအပ်တဲ့ ငွေပမာဏ၊ ပစ္စည်းတန်ဖိုး စသဖြင့်ပေါ့။

👉 တခြားအုပ်ချုပ်မှုပိုင်းဆိုင်ရာနဲ့ အထွေထွေကုန်ကျစရိတ်တွေအတွက် ဘယ်လောက်သုံးစွဲသလဲ? ဥပမာ - ဝန်ထမ်းလစာ၊ ရုံးခန်းငှားခ၊ သယ်ယူပို့ဆောင်ရေးစရိတ်၊ ဆက်သွယ်ရေးစရိတ်၊ ဘဏ်ဝန်ဆောင်ခ စတာတွေပေါ့။ ဒါတွေကိုလည်း အတိအကျ၊ ပွင့်လင်းမြင်သာစွာ မှတ်တမ်းတင်ရပါမယ်။ ဒါမှ အလှူငွေရဲ့ ဘယ်လောက်ရာခိုင်နှုန်းက အုပ်ချုပ်မှုစရိတ်ဖြစ်ပြီး ဘယ်လောက်က တကယ်အကူအညီပေးတဲ့နေရာကို ရောက်သလဲဆိုတာ ရှင်းရှင်းလင်းလင်း သိနိုင်မှာပါ။

👉 အဓိကကတော့ အရာအားလုံးကို အသေးစိတ်ကျကျ မှတ်တမ်းတင်ထားဖို့ပါပဲ။ ဘယ်နေ့ဘယ်အချိန်မှာ ဘယ်သူ့ဆီက ငွေဘယ်လောက်ဝင်တယ်၊ ဘယ်အလှူရှင်က ဘယ်လောက်လှူတယ်၊ ဘယ်နေ့မှာ ဘယ်နေရာအတွက် ဘယ်ပစ္စည်းကို ဘယ်လောက်တန်ဖိုးနဲ့ဝယ်တယ်၊ ဘယ်သူ့ကို ဘယ်လောက်ပေးတယ် ဆိုတာကအစ ရှင်းရှင်းလင်းလင်း ပြန်စစ်လို့ရအောင် မှတ်တမ်းတင်ထားရပါမယ်။ အခုခေတ်မှာ KPay တို့လို ဒစ်ဂျစ်တယ်ငွေပေးချေမှုစနစ်တွေ၊ တခြားဘဏ်တွေရဲ့ mobile banking တွေ ကျယ်ကျယ်ပြန့်ပြန့် သုံးလာနိုင်တော့ ဒီလိုမှတ်တမ်းတင်ရတာ အရင်ကထက် အများကြီးပိုလွယ်ကူလာပါတယ်။ ဘောက်ချာတစ်ခုချင်းစီ၊ ငွေလွှဲပြေစာတစ်ခုချင်းစီကို စနစ်တကျ သိမ်းဆည်းထားဖို့ အရေးကြီးပါတယ်။

✅ ၂။ ဒါရိုက်တာအဖွဲ့၏ အခန်းကဏ္ဍနှင့် တာဝန်ခံနိုင်မှု
အလှူငွေလက်ခံတဲ့ အဖွဲ့အစည်းတွေမှာ "ဒါရိုက်တာအဖွဲ့" ဆိုတာမျိုး ရှိဖို့ အလွန်အရေးကြီးပါတယ်။ ဒီအဖွဲ့ဟာ အဖွဲ့အစည်းရဲ့ လုပ်ငန်းဆောင်တာတွေကို ကြီးကြပ်ကွပ်ကဲဖို့၊ အထူးသဖြင့် အလှူငွေတွေကို မှန်မှန်ကန်ကန် သုံးစွဲကြောင်း သေချာစေဖို့ တာဝန်ရှိပါတယ်။

👉 ဘယ်လိုလူတွေပါဝင်သင့်သလဲ? စာရင်းအင်းပညာကို ကျွမ်းကျင်နားလည်တဲ့သူတွေ (ဥပမာ - အသိအမှတ်ပြု စာရင်းကိုင်လုပ်ငန်းကြီးတွေက ပုဂ္ဂိုလ်တွေ၊ ဘဏ်လုပ်ငန်းအတွေ့အကြုံရှိသူတွေ) ပါဝင်သင့်ပါတယ်။ ဒါ့အပြင် လူမှုအသိုင်းအဝိုင်းမှာ ရိုးသားဖြောင့်မတ်မှု၊ တရားမျှတမှုနဲ့ ပတ်သက်ပြီး နာမည်ကောင်းရှိတဲ့၊ အများက လေးစားယုံကြည်ရတဲ့ ပုဂ္ဂိုလ်တွေလည်း ပါဝင်သင့်ပါတယ်။

👉 ငွေကြေးထိန်းချုပ်မှုနှင့် စာရင်းစစ်ဆေးခွင့်။ အဖွဲ့အစည်းရဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေအတွက် တာဝန်ရှိသူတွေ (ဥပမာ - CEO၊ Founder၊ စီမံခန့်ခွဲမှုအဖွဲ့) က ငွေကို ကိုင်တွယ်သုံးစွဲခွင့် ရှိမှာဖြစ်ပေမယ့်၊ ဒါရိုက်တာအဖွဲ့မှာ အဖွဲ့အစည်းရဲ့ စာရင်းစာအုပ်အားလုံးကို အချိန်မရွေး တောင်းယူကြည့်ရှုခွင့်၊ စစ်ဆေးခွင့် အပြည့်အဝရှိရပါမယ်။

👉 ပြင်ပစာရင်းစစ်အဖွဲ့။ လိုအပ်လာရင် ဒါရိုက်တာအဖွဲ့ကနေ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ ဘက်မလိုက်တဲ့ "ပြင်ပစာရင်းစစ်အဖွဲ့" (Independent External Audit Team) ကို ခေါ်ယူပြီး အဖွဲ့အစည်းရဲ့ ဘဏ္ဍာရေးရှင်းတမ်းတွေ၊ စာရင်းအင်းတွေကို အသေးစိတ်စစ်ဆေးခိုင်းနိုင်တဲ့ အခွင့်အာဏာ ရှိရပါမယ်။ အဖွဲ့အစည်းရဲ့ အတွင်းစာရင်းကိုင်အဖွဲ့ (Internal Accounting Team) ဟာ ဒီပြင်ပစာရင်းစစ်အဖွဲ့နဲ့ အပြည့်အဝ ပူးပေါင်းဆောင်ရွက်ရပါမယ်။ အရေးကြီးဆုံးကတော့ ဒီပြင်ပစာရင်းစစ်အဖွဲ့ဟာ အဖွဲ့အစည်းရဲ့ CEO တို့၊ တည်ထောင်သူတို့ဆီကို တိုက်ရိုက်အစီရင်ခံရမှာမဟုတ်ဘဲ၊ ဒါရိုက်တာအဖွဲ့ဆီကိုသာ တိုက်ရိုက်အစီရင်ခံရမှာ ဖြစ်ပါတယ်။ ဒီလိုလုပ်မှ စာရင်းစစ်ဆေးမှုဟာ သမာသမတ်ကျပြီး ဘက်လိုက်မှုကင်းမှာ ဖြစ်ပါတယ်။ ဒီလို စာရင်းစစ်ဆေးမှုကို သုံးလတစ်ကြိမ်ဖြစ်ဖြစ်၊ ခြောက်လတစ်ကြိမ်ဖြစ်ဖြစ်၊ အနည်းဆုံးတော့ တစ်နှစ်တစ်ခါ ပုံမှန်ပြုလုပ်သင့်ပါတယ်။

✅ ၃။ အလှူရှင်ကြီးများသို့ ဘဏ္ဍာရေးရှင်းတမ်းများ ပြန်လည်တင်ပြခြင်း
ပွင့်လင်းမြင်သာမှုရဲ့ အရေးကြီးတဲ့အစိတ်အပိုင်းတစ်ခုကတော့ အလှူရှင်တွေကို သူတို့ရဲ့စေတနာငွေတွေ ဘယ်လိုအသုံးချခံရတယ်ဆိုတာ ပြန်လည်ရှင်းလင်းတင်ပြတာပါပဲ။

👉 ဘယ်သူတွေကို အဓိကထားတင်ပြမလဲ? "သုံးလတစ်ကြိမ် အတိုင်းအတာဖြစ်စေ၊ တစ်နှစ်တစ်ခါဖြစ်စေ လှူဒါန်းတဲ့သူတွေကို စာရင်းစာအုပ်တွေ ပြန်ပြရပါမယ်။" ဆိုပေမယ့် "လှူဒါန်းတဲ့သူတိုင်းကို ပြစရာမလိုပါဘူး။ Privacy ကိစ္စ၊ အများကိုချပြလို့မရတဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေ ရှိနိုင်ပါတယ်။ လူတိုင်းကိုလိုက်ပြနေရတာလည်း အလုပ်ရှုပ်ပါတယ်။" ဒါကြောင့် လက်တွေ့ကျတဲ့နည်းလမ်းကတော့ "ငွေအများဆုံးလှူတဲ့သူတွေ၊ ဥပမာ - လှူဒါန်းသူ စုစုပေါင်းရဲ့ ထိပ်တန်း ၁၀% သို့မဟုတ် သတ်မှတ်ထားတဲ့ ငွေပမာဏထက် ပိုမိုလှူဒါန်းသူတွေကို အသေးစိတ် ဘဏ္ဍာရေးအစီရင်ခံစာတွေ တင်ပြသင့်ပါတယ်။"

👉 ဘာကြောင့်တင်ပြသင့်သလဲ? "နည်းနည်းပါးပါးပဲ တစ်ခါတစ်လေ လှူတဲ့သူတွေကိုတော့ အသေးစိတ်ပြနေစရာ မလိုလောက်ပါဘူး။" သူတို့အတွက်ကတော့ အဖွဲ့အစည်းရဲ့ ယေဘုယျ နှစ်ပတ်လည်အစီရင်ခံစာလိုမျိုးမှာ အကျဉ်းချုပ် ဖော်ပြပေးနိုင်ပါတယ်။ အဓိကကတော့ "ပိုက်ဆံလှူတဲ့သူတွေကို တကယ်ပဲ ဒီငွေက ဒီနေရာ၊ ဒီနေရာမှာ သုံးနေကြောင်း ပြရပါ့မယ်။" ဒါဟာ အလှူရှင်တွေရဲ့ ယုံကြည်မှုကို တည်ဆောက်ရာရောက်သလို၊ နောက်ထပ်လှူဒါန်းမှုတွေအတွက်လည်း အားပေးရာရောက်ပါတယ်။

👉 အလှူရှင်တွေရဲ့ နားလည်နိုင်စွမ်း။ "ငွေအများကြီးလှူနိုင်တဲ့သူအများစုဟာ သူတို့ကိုယ်တိုင် စီးပွားရေးလုပ်ငန်းရှင်တွေ၊ စာရင်းအင်းနဲ့ နေ့စဉ်ထိတွေ့ဆက်ဆံနေရသူတွေ ဖြစ်နိုင်တာကြောင့် အခြေခံစာရင်းအင်း ဗဟုသုတ ရှိပြီးသားပါ။ နောက်ဆုံး သူတို့ကိုယ်တိုင် နားမလည်ရင်တောင် သူတို့ရဲ့ ကိုယ်ပိုင်စာရင်းကိုင်တွေ၊ ဘဏ္ဍာရေးအတိုင်ပင်ခံတွေကို မေးမြန်းတိုင်ပင်လို့ ရပါတယ်။"

ဒါကြောင့် သူတို့ကို စာရင်းဇယားတွေ၊ ဘဏ္ဍာရေးအစီရင်ခံစာတွေ ပြရမှာ ဝန်မလေးသင့်ပါဘူး။ ဒီလိုပြခြင်းအားဖြင့် သူတို့အနေနဲ့ အလှူငွေတွေဟာ တကယ်လိုအပ်တဲ့သူတွေဆီကို ရောက်မရောက်၊ ဘယ်နေရာမှာ ဘယ်လိုအချိုးအစားနဲ့ သုံးစွဲနေတယ်ဆိုတာကို အလွယ်တကူ သုံးသပ်အကဲဖြတ်နိုင်မှာပါ။ ဒါဟာ စာရင်းအင်းပညာရဲ့ အခြေခံကျတဲ့ ပွင့်လင်းမြင်သာမှုဖြစ်ပြီး လူတိုင်းသိမြင်နိုင်ခွင့်ရှိတဲ့ အချက်လည်း ဖြစ်ပါတယ်။

ဘာကြောင့် ဒီအချက်တွေကို ဒီလောက်အထိ အရေးတကြီး ပြောနေရတာလဲ?

"ဒါကလူတွေရဲ့ ပိုက်ဆံတွေပါ။ ပိုက်ဆံရှာရတာ မလွယ်ပါဘူး။" ဟုတ်ပါတယ်။ "ပိုက်ဆံနည်းနည်းပဲရှာနိုင်တဲ့သူတွေက သူတို့ရဲ့ ကာယအင်အား၊ အချိန်တွေကို အများကြီး ပေးဆပ်ပြီးမှ ဒီငွေလေးကို စုဆောင်းလှူဒါန်းကြတာပါ။" "ပိုက်ဆံများများရှာနိုင်တဲ့သူတွေကလည်း သူတို့ရဲ့ ဉာဏအင်အား၊ ဦးနှောက်ကို အများကြီးသုံးရပါတယ်။ ဒီငွေကိုရဖို့ သူတို့လည်း တခြားသူတွေလိုပဲ ကာယအား၊ အချိန်အားတွေ မနည်းမနော ရင်းနှီးမြှုပ်နှံထားရတာပါ။"
လူတိုင်းလူတိုင်း လှူဒါန်းတဲ့အခါမှာ ဆုတောင်းမိကြတဲ့ ဆန္ဒနှစ်ခု အနည်းဆုံးရှိကြမှာပါ။

✅ "ငါလှူလိုက်တဲ့အလှူဟာ တကယ်လိုအပ်နေတဲ့သူတွေဆီကို ရောက်ပါစေ။"
✅ "အဲ့ဒီအလှူငွေကိုရပြီး သူတို့ရဲ့ အခက်အခဲတွေ တကယ်ပဲ ပြေလည်သွားပါစေ။"

ဒီစေတနာတွေ၊ ဒီဆန္ဒတွေ မှန်မှန်ကန်ကန် ပြည့်ဝဖို့အတွက် ကျွန်တော်တို့ လှူတဲ့နေရာမှာ ပွင့်လင်းမြင်သာမှု၊ တာဝန်ခံမှု၊ တာဝန်ယူမှု ရှိတဲ့ အဖွဲ့အစည်းတွေကို ရွေးချယ်လှူဒါန်းဖို့ လိုအပ်သလို၊ အလှူခံအဖွဲ့အစည်းတွေဘက်ကလည်း ဒီအချက်တွေကို အလေးထားလိုက်နာဖို့ အရေးကြီးပါတယ်။ ဒါမှ ကျွန်တော်တို့ မြန်မာ့ဒါနအစဉ်အလာဟာ ပိုပြီး သန့်စင်မြင့်မြတ်ပြီး၊ လှူတဲ့သူရော အလှူခံတဲ့သူရော နှစ်ဦးနှစ်ဖက် စိတ်ချမ်းသာမှုအပြည့်နဲ့ ကုသိုလ်တရားတွေ တိုးပွားနေမှာ ဖြစ်ပါတယ် ခင်ဗျာ။
အားလုံးပဲ စေတနာမှန်ကန်စွာနဲ့ ဒါနပြုနိုင်ကြပါစေ။

အမြင်မျှဝေသူ - Kyaw Tun

Monday, April 21, 2025

မိုးရာသီမှာ ခရီးသွားတဲ့အခါ ဘာတွေဂရုစိုက်သင့်သလဲ

 


Htet Htet Zaw Win မှ ရေးသားပါသည်။


နွေရာသီလိုမျိုး ပူပြင်းတာလည်းမရှိ၊ ဆောင်းတွင်းလိုမျိုး ခရီးသွားတွေ ပြည့်ကျပ်နေတာမျိုးလည်း မရှိတဲ့အတွက် မိုးရာသီမှာ ခရီးသွားရတာ အင်မတန် စိတ်အေးချမ်းရပါတယ်။ ဒါပေမဲ့လည်း မိုး‌ရေတစိုစိုနဲ့ ခရီးသွားရတာ ဖြစ်တဲ့အပြင် ရောဂါပိုးတွေလည်း များတဲ့ရာသီဆိုတော့ မိုးရာသီမှာ ခရီးသွားတဲ့အခါ ဂရုစိုက်ရမယ့် အချက်လေးတွေ ရှိပါတယ်။


မိုးရာသီမှာ ခရီးသွားတဲ့အခါ ဘာတွေဂရုစိုက်သင့်သလဲ


မိုးရာသီမှာ ခရီးသွားတဲ့အခါ ဒီလိုကျန်းမာရေးပြဿနာတွေကို မျှော်လင့်ထားပါ

မိုးရာသီမှာခရီးသွားတဲ့အခါ ကိုယ့်ကိုယ်ကို ဂရုစိုက်နိုင်မှ တော်ကာကျမှာပါ။ မဟုတ်ရင် ခုလို ကျန်းမာရေးပြဿနာတွေ ကြုံရမှာ ဖြစ်ပါတယ်။


ရာသီတုပ်ကွေး

ဝမ်းပျက်ဝမ်းလျှော

အရေပြားပြဿနာ

ထိခိုက်ရှနာ

အင်းဆက်နဲ့ ပိုးကောင်တွေ ကိုက်တာ စတာတွေပဲ ဖြစ်ပါတယ်။


မိုးရာသီမှာခရီးသွားတဲ့အခါ ဘာတွေဂရုစိုက်သင့်သလဲ

မိုးရာသီမှာ ခရီးသွားတဲ့အခါ ကျန်းမာရေးမထိခိုက်ဘဲ ပျော်ရွှင်စရာကောင်းတဲ့ ခရီးစဉ်လေး ဖြစ်ဖို့ဆိုရင်



လိုအပ်တဲ့ ဆေးဝါးများဆောင်ထားပါ 

သာမန်ဖျားနာကိုက်ခဲအတွက်ကစလို့ ထိခိုက်ရှနာအတွက် လိမ်းဆေးတွေ၊ ပုံမှန်သောက်နေကျ ဆေးဝါးတွေ အကုန်လုံးကို စုံစုံလင်လင် ယူသွားပါ။ ကိုယ်နဲ့ မရင်းနှီးတဲ့နေရာမှာ ဆေးဝါးတွေ ရှာရခက်နေရင် ဒုက္ခဖြစ်နိုင်ပါတယ်။


အဝတ်အစားတွေ ပိုထည့်သွားပါ

ခရီးသွားမယ့်ရက်တွေအပြင် မိုးရေစိုမှာကိုပါ ထည့်တွေးပြီး အဝတ်အစားတွေ ပိုထည့်ပါ။  နွေးနွေးထွေးထွေး ဖြစ်စေမယ့် အဝတ်အစားတွေအပြင် မိုးကာ၊ ဦးထုပ်၊ ထီး စတာတွေပါ ထည့်သွားဖို့ လိုပါတယ်။


လမ်းဘေးစာနဲ့ အသီးအနှံတွေကို ဂရုစိုက်ပြီး စားပါ

ခရီးသွားတုန်း ဝမ်းပျက်ဝမ်းလျှော မဖြစ်စေဖို့ တတ်နိုင်သမျှ လမ်းဘေးစာတွေ၊ ကိုယ်စားနေကျ မဟုတ်တဲ့ အစားအစာတွေကို ရှောင်ပါ။ အသီးအနှံတွေ စားမယ်ဆိုရင်လည်း ရေသေချာဆေးပြီး အပြင်ခွံကို ခွာပြီးမှ စားပါ။


ခြင်နဲ့ အင်းဆက်တွေ အကိုက်မခံရစေဖို့ သတိပြုပါ

အထူးသဖြင့် Camping, Trekking သွားတဲ့အခါ အင်းဆက်ဒဏ်တွေ မခံရစေဖို့ လိုအပ်တဲ့ လိမ်းဆေး၊ လူးဆေးတွေ အစုံထည့်သွားသင့်ပါတယ်။  


တစ်ကိုယ်ရည်သန့်ရှင်းရေးကို ပိုပြီးဂရုစိုက်ပါ

မိုးရေတစိုစိုနဲ့ဆို အရေပြားရောဂါတွေ ဖြစ်လွယ်တာကြောင့် တစ်ကိုယ်ရည် သန့်ရှင်းရေးကို ဂရုစိုက်ပါ။ ခရီးသွားနေတဲ့တလျှောက် နေ့စဉ်ရေချိုးပါ။ မကြာခဏ လက်ဆေးပါ။ ရေမရှိနိုင်တဲ့နေရာတွေ သွားတဲ့အခါ ရေမလိုလက်သန့်‌ဆေးရည် ဆောင်ထားပါ။ အစာမစားခင်နဲ့ အိမ်သာက ထွက်လာတိုင်း လက်ဆေးပါ။ အပြင်က ပြန်လာတိုင်း မိုးရေစိုနေတဲ့ ခြေထောက်တွေကို ဆေးကြောပါ။


အဆာပြေစားစရာနဲ့ ဓာတ်ဆားအားဖြည့်ဖျော်ရည်တွေ ဆောင်ထားပါ

သွားရင်းလာရင်း စားစရာမရှိတဲ့နေရာရောက်တဲ့အခါ အဆာပြေစားနိုင်ဖို့ ပေါ့ပေါ့ပါးပါး မုန့်တွေနဲ့ ရေသန့်၊ ဓာတ်ဆားအားဖြည့်ဖျော်ရည်တွေ ဆောင်ထားပါ။ မိုးရာသီဆိုပေမယ့် Trekking သွားတဲ့အချိန်၊ တောင်တက်တဲ့အချိန်၊ ခြေလျင်လည်ပတ်တဲ့အချိန်မှာဆိုရင် ချွေးထွက်ပြီး ရေနဲ့ ဓာတ်ဆား ဆုံးရှုံးတတ်တော့ ဓာတ်ဆားအားဖြည့်ဖျော်ရည်တွေ ဆောင်ထားတာ ပိုပြီးသင့်တော်ပါတယ်။


မိုးရေထဲ အကြာကြီး မနေပါနဲ့

မိုးရာသီမှာ ခရီးသွားတဲ့အခါ မိုးရေစိုမှာမှန်ပေမယ့် မိုးရေနဲ့ အကြာကြီးထိတွေ့တဲ့အခါ ခန္ဓာကိုယ် အပူချိန်ကျပြီး ကိုယ်ခံအား ထိခိုက်တာကြောင့် ဖျားနာလွယ်ပါတယ်။ ဒါကြောင့် မိုးရေထဲ အကြာကြီး မနေသင့်သလို မိုးမိပြီဆိုရင်လည်း မြန်မြန်ခြောက်အောင် သုတ်ပြီး နွေးနွေးထွေးထွေး နေသင့်ပါတယ်။


အိပ်ချိန်စားချိန် မှန်အောင် ဂရုစိုက်ပါ

ခရီးသွားတဲ့အခါ ကိုယ့်ရဲ့ ပုံမှန် Scheduleကနေ လွတ်နေနိုင်ပေမယ့် အိပ်ချိန် စားချိန်တော့ မှန်အောင် ဂရုစိုက်သင့်ပါတယ်။ အိပ်ရေးဝဝအိပ်ပြီး အာာဟာရပြည့်အောင် စားမှ ခရီးစဉ်တလျှောက် ကျန်းကျန်းမာမာနဲ့ လည်ပတ်နိုင်မှာ ဖြစ်ပါတယ်။


မိုးရာသီမှာခရီးသွားရတာက အေး‌အေးလူလူရှိပြီး ရှုခင်းတွေကလည်း လှပပါတယ်။ ဒါပေမဲ့ တစ်ဖက်မှာလည်း မိုးရာသီမှာ ဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာလေးတွေ ရှိတတ်တော့ ဒီအချက်တွေကို  ကြိုတင်ပြင်ဆင်သွားမယ်ဆိုရင် ပျော်ရွှင်စရာကောင်းတဲ့ ခရီးစဉ်လေး ဖြစ်မှာပါ။

***Hello ဆရာဝန် စာမျက်နှာမှ ကူးယူဖော်ပြသည်။ 

Saturday, April 12, 2025

အရေးပေါ်အခြေအနေတွင် လူသေအလောင်းများအား စီမံခန့်ခွဲခြင်း

 အရေးပေါ်အခြေအနေတွင် လူသေအလောင်းများအား စီမံခန့်ခွဲခြင်း (ဧပြီလ၊ ၂၀၂၅ ခုနှစ်)




❓ လူသေအလောင်းများကြောင့် ကပ်ရောဂါများ ဖြစ်စေနိုင်ပါသလား။


မဖြစ်စေနိုင်ပါ။ သဘာဝဘေးအန္တရာယ်များကြောင့် သေဆုံးရသော လူသေအလောင်းများသည် ယေဘုယျအားဖြင့် ကပ်ရောဂါများကို မဖြစ်စေနိုင်ပါ။ သဘာဝဘေးများကြောင့် သေဆုံးရသူများသည် ထိခိုက်ဒဏ်ရာ၊ ရေနစ်ခြင်း (သို့) မီးလောင်ကျွမ်းခြင်း စသည်တို့ကြောင့် သေဆုံးရခြင်းဖြစ်ပြီး ကပ်ရောဂါများဖြစ်စေသော ပိုးမွှားများကို ပုံမှန်အားဖြင့် မသယ်ဆောင်ထားသောကြောင့် ဖြစ်သည်။


ခြွင်းချက်အနေဖြင့် သေဆုံးရခြင်းများသည် အီဘိုလာ၊ လတ်စ်ဆာရောဂါ၊ ကာလဝမ်းရောဂါ ကဲ့သို့သော ကူးစက်မြန်ရောဂါများကြောင့် ဖြစ်ပါက (သို့မဟုတ်)  ဤကဲ့သို့သော ကူးစက်မြန်ရောဂါများ ဖြစ်ပွားနိုင်သည့် ဒေသများတွင် ဖြစ်ပွားပါက လူသေအလောင်းများမှ ရောဂါများ ကူးစက်ပြန့်ပွါးနိုင်ခြေ ရှိပါသည်။


❓ ပြည်သူများအပေါ်တွင် ကျန်းမာရေးအန္တရာယ် ဘာရှိသလဲ။ 


ကူးစက်မြန်ရောဂါများကြောင့် သေဆုံးရခြင်းမဟုတ်ပါက အများပြည်သူအတွက် အန္တရာယ်ဖြစ်နိုင်ခြေမှာ  အလွန် နည်းပါးပါသည်။  သို့ရာတွင် လူသေအလောင်းများမှ ထွက်လာသော မစင်များဖြင့် ညစ်ညမ်းနေသော ရေကို သောက်ရာမှ ဝမ်းပျက်ဝမ်းလျှောဖြစ်နိုင်ခြေ ရှိပါသည်။ သောက်ရေကို ပုံမှန် ပိုးသတ်ခြင်းဖြင့် ရေကြောင့်ဖြစ်ပွားသော ရောဂါများကို ကာကွယ်ရန် လုံလောက်ပါသည်။ 


❓ လူသေအလောင်းများကြောင့် ရေညစ်ညမ်းစေပါသလား။


ညစ်ညမ်းစေပါသည်။ သက်ရှိများ ရေကို ညစ်ညမ်းစေသကဲ့သို့ လူသေအလောင်းများလည်း ရေကို ညစ်ညမ်းစေပါသည်။ လူသေအလောင်းများမှ မစင်များ မကြာခဏ စိမ့်ထွက်နိုင်ပြီး မြစ်များ၊ ရေအရင်းအမြစ်များကို ညစ်ညမ်းစေကာ ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွါးစေနိုင်ပါသည်။ ရေကို လုံလုံလောက်လောက် သန့်စင်ပါက ဤရောဂါများဖြစ်ပွားမှုကို ကာကွယ်နိုင်ပါသည်။


❓ လူသေအလောင်းများကို ပိုးသတ်ဆေး (သို့မဟုတ်) ထုံးမှုန့် ဖြန်းခြင်းက အသုံးဝင်ပါသလား။


ထုံးမှုန့်သည် လူသေအလောင်းများ ကို လျင်မြန်စွာ မပုပ်သိုးအောင် ထိန်းပေးနိုင်ပါသည်။ လူသေအလောင်းများသည် ယေဘုယျအားဖြင့် ပိုးကူးစက်နိုင်‌ခြေမရှိသောကြောင့် ပိုးသတ်ဆေးဖြန်းရန် မလိုအပ်ပါ။ 


❓ လူသေအလောင်းများမှ လူထုအတွက် ရောဂါဖြစ်ပွါးနိုင်ခြေ ရှိသည်ဟု ဒေသအာဏာပိုင်များနှင့် သတင်းထောက်များက ပြောကြသည်။ သူတို့ မှန်ပါသလား။


သဘာဝဘေးအန္တရာယ်ကြောင့် သေဆုံးရသော လူသေအလောင်းများထံမှ အန္တရာယ်ကို အချို့သော ကျွမ်းကျင်ပညာရှင်များနှင့် မီဒီယာများက နားလည်မှု လွဲနေကြသည်။ ပြည်တွင်း၊ ပြည်ပရှိ ကျန်းမာရေးဝန်ထမ်းများပင်လျှင် သတင်းအချက်အလက် အမှန်မရရှိဘဲ ရောဂါများ၊ ကပ်ရောဂါများနှင့်ပတ်သက်၍ အခြေအမြစ်မရှိသော ကောလဟလများ ပျံံ့နှံ့ရာတွင် ပါဝင်မိလျက်သား ဖြစ်နေတတ်ပါသည်။  သဘာဝဘေးအန္တရာယ်ကြောင့် သေဆုံးရသော လူသေအလောင်းများထံမှ ကပ်ရောဂါများ မဖြစ်ပွားနိုင်ပါ။ ကူးစက်မြန်ရောဂါများကြောင့် သေဆုံးခြင်း (သို့) ကူးစက်ရောဂါ ကပ်ရောဂါသဖွယ်ဖြစ်နေသော ဒေသတွင် သေဆုံးခြင်း ဖြစ်မှသာ ရောဂါဖြစ်ပွါးနိုင်ခြေ အမှန်တကယ် ရှိနိုင်ပါသည်။  ဤသို့ဖြစ်လျှင်ပင် လေ့ကျင့်သင်ကြားထားသော လူသေအလောင်းကိုင်တွယ်သူများကို ရောဂါ ကူးစက်နိုင်ခြေသည် နည်းပါးပါသည်။


❓ လူသေအလောင်း ကိုင်တွယ်သူများအတွက် အန္တရာယ် တစ်စုံတစ်ရာ ရှိနိုင်ပါသလား။


အကယ်၍ ကူးစက်မြန်ရောဂါများကြောင့် သေဆုံးခြင်းဖြစ်ပါက ကယ်ဆယ်ရေးသမားများ၊ ရင်ခွဲရုံအလုပ်သမားများ စသည့် လူသေအလောင်းများကို ကိုင်တွယ်သူများအတွက် အန္တရာယ်ရှိနိုင်ပါသည်။ ကူးစက်နိုင်သော ပိုးမွှားများသည် သေဆုံးပြီး အချိန်ကာလတစ်ခုအထိ ကြာရှည်ခံသည်။ သေဆုံးပြီး အချိန်ကာလအတာ်ကြာသည်အထိ ရှင်သန်နိုင်သော တီဘီကဲ့သို့ ပိုးမွှားများ ခိုအောင်းနေနိုင်သည့် ကိုယ်တွင်းအင်္ဂါများကို ရင်ခွဲသည့်အခါ လေ့ကျင့်ထားသော ကျွမ်းကျင်ပုဂ္ဂိုလ်များက ကိုင်တွယ်လေ့ရှိသည်။ လူသေအလောင်းများကို ကိုင်တွယ်သူများအား အလုပ်မှတစ်ဆင့် စိိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားနိုင်သည့် သက်ရောက်မှုများကို ကိုင်တွယ်ဖြေရှင်းရန် အကူအညီပေးလုပ်ငန်းစဉ်များ ရှိသင့်ပါသည်။ 


❓ အလုပ်သမားများ နှာခေါင်းစည်း (mask) တပ်သင့်ပါသလား။


လူသေအလောင်းများမှ ထွက်သောအနံ့များသည် မနှစ်မြို့ဖွယ်ဖြစ်သော်လည်း လေကောင်းလေသန့်ရသော နေရာတွင် ထိုအနံ့များကြောင့် ကျန်းမာရေးအန္တရာယ်မဖြစ်စေသကဲ့သို့ နှာခေါင်းစည်းတပ်ရန် ယေဘုယျအားဖြင့် မလိုအပ်ပေ။ သို့ရာတွင် အဆိပ်ငွေ့များ၊ မီးခိုးငွေ့များ၊ အမှုန်အမွှားများ ရှိပါက ကျန်းမာရေးနှင့် လုံခြုံဘေးကင်းရေးအတွက် အထူးပြုလုပ်ထားသော နှာခေါင်းစည်း (special mask) များ လိုအပ်နိုင်ပါသည်။


❓ လူသေအလောင်းများနှင့် ပတ်သက်၍ ရေတိုအချိန်တွင် အာဏာပိုင်များ မည်သို့ လုပ်ဆောင်သင့်သနည်း။


ဖြစ်နိုင်ပါက လူသေအလောင်းများကို အအေးခန်း ကွန်တိန်နာများ အသုံးပြု၍ စုစည်းသိမ်းဆည်းခြင်း (သို့) ယာယီင်္သဂြိုဟ်ခြင်း ပြုသင့်ပါသည်။  လူသေအလောင်းများကို ရှာဖွေဖော်ထုတ်ရာတွင် အကူအညီဖြစ်စေရန် ရိုးရှင်းသောနည်းလမ်းများကို လုပ်ဆောင်သင့်သည်။ လူသေအလောင်းတစ်ခုချင်းစီကို  ဓါတ်ပုံများရိုက်ယူထားသင့်ပြီး သက်ဆိုင်ရာအချက်အလက်များကို ရေးမှတ်ကာ မှတ်တမ်းထားရှိသင့်သည်။ နောင်တစ်ချိန်တွင် မှုခင်းဆေးပညာဆိုင်ရာ စစ်ဆေးခြင်းများ ပြုလုပ်နိုင်သည့်အတွက် လူသေအလောင်းများမှ အကြွင်းအကျန်များကို သိမ်းဆည်းထားခြင်း (သို့) ယာယီ မြှုပ်နှံထားခြင်း ပြုသင့်ပါသည်။  


❓ လူသေအလောင်းများ ဖယ်ရှားစွန့်ပစ်ခြင်းကို မြန်စေရန် အစုလိုက်အပြုံလိုက် သင်္ဂြိုဟ် မြှုပ်နှံ သင့်ပါသလား။


မြန်မြန်ဆန်ဆန် အစုလိုက် သင်္ဂြိုဟ်မြှုပ်နှံခြင်းသည်  ပြည်သူ့ကျန်းမာရေး ရှုထောင့်အရ မှန်ကန်သော လုပ်ရပ်မဟုတ်ပါ။ မှတ်တမ်းဓာတ်ပုံ မရိုက်ယူဘဲ၊  သက်ဆိုင်ရာ အချက်အလက်များ လုံလောက်စွာ မရယူဘဲ၊  မည်သည့်နေရာမှ အလောင်းရှာတွေ့ကြောင်း ဖော်ပြခြင်းမရှိဘဲ အလောင်းများကို အလျင်စလို စွန့်ပစ်ခြင်းသည် မိသားစုဝင်များနှင့် ရပ်ရွာလူထုအသိုင်းအဝိုင်းကို စိတ်ထိခိုက်ဒဏ်ရာရစေသည်။ လူသေအလောင်းများကို မည်သူဖြစ်ကြောင်း ဖော်ထုတ်နိုင်ရန် ရိုးရှင်းလွယ်ကူသော ဤအခြေခံ အဆင့်များကို လုပ်ဆောင်ပါက မိသားစုဝင်များအပေါ် လူမှုရေးနှင့် ဥပဒေဆိုင်ရာ ပြင်းထန်သော အကျိုးဆက်များ သက်ရောက်ခြင်းမှ ရှောင်လွှဲနိုင်ပါသည်။ ခြွင်းချက်အနေဖြင့် လူသေအလောင်းများကို ရရှိထားသော အချက်အလက်များအရ အလွယ်တကူ ခြေရာခံနိုင်ရှာဖွေနိုင်အောင်၊ လုံခြုံရေးအရ စိတ်ချရအောင် သေချာ စီမံခန့်ခွဲနိုင်ပါက အများပိုင် သင်္ချိုင်းများတွင် ထားရှိခြင်းကို လက်သင့်ခံနိုင်သည်။


❓ လူသေအလောင်းများ မည်မျှ မြန်မြန် ကောက်ယူဖို့  အရေးကြီးပါသလဲ။


လူသေအလောင်းများ ကောက်ယူစုစည်းခြင်းသည် သဘာဝဘေးဖြစ်ပြီးပါက အရေးအကြီးဆုံး ဦးစားပေး အလုပ်မဟုတ်ပေ။ ဦးစားပေးအလုပ်မှာ ရှင်ကျန်ရစ်သူများကို ကယ်ထုတ်ရန်နှင့် ဂရုစိုက်ပြုစုရန် ဖြစ်သည်။ မည်သို့ပင်ဆိုစေ လူသေအလောင်းများကို ပုပ်သိုးမသွားခင် တတ်နိုင်သမျှ ကောက်ယူ စုစည်းပြီး ဓါတ်ပုံရိုက်ယူထားသင့်သည်။ အခြေခံအချက်အလက်များကို စုဆောင်းမှတ်တမ်းတင်ထားသင့်သည်။ အလောင်းများကို သက်ဆိုင်ရာ ကုဒ်များဖြင့် အတိအကျ မှတ်ထားသင့်သည်။  မည်သူမည်ဝါဖြစ်ကြောင်း ဖော်ထုတ်ရန် အလောင်းများကို ယာယီသိမ်းဆည်းထားသင့်သည်။ ၎င်းတို့ကို စောစီးစွာလုပ်နိုင်လေ သေဆုံးသူမည်သူဖြစ်ကြောင်း မြန်မြန်ဖော်ထုတ်နိုင်လေဖြစ်သည်။ ကူးစက်မြန်ရောဂါဖြစ်ပွားမှု ရှိနေပါက လေ့ကျင့်ထားသော ဝန်ထမ်းများက လူသေအလောင်းများကို ကောက်ယူစုစည်းပြီး စနစ်တကျစီမံခန့်ခွဲခြင်းသည် အရေးတကြီးလုပ်ရမည့် ဦးစားပေးအရာဖြစ်သည်။


❓ လူသေအလောင်းများကို မြန်မြန်ဖော်ထုတ်ရန် အနိမ့်ဆုံးလိုအပ်သော အဆင့်များမှာ အဘယ်နည်း။


ဘေးအန္တရာယ်ကျရောက်ပြီး လူသေအလောင်းများ ဖော်ထုတ်သတ်မှတ်ခြင်းသည် ရှုပ်ထွေးပေသည်။ သက်ဆိုင်ရာ အဆင့်များစွာရှိပြီး လိုက်နာရမည့် လက်စွဲစာအုပ်ပါ ရှိပါသည်။ 


ယေဘုယျအားဖြင့် အသက်ရှင်စဉ်က ရခဲ့သောအချက်အလက်များနှင့် နှိုင်းယှဉ်ကာ လူသေအလောင်းကို ခွဲခြားသတ်မှတ်ကာ ဖော်ထုတ်ခြင်းလုပ်သည်။ ထို့ကြောင့် ပျောက်ဆုံးစာရင်း နှင့် ခန့်မှန်း သေဆုံးစာရင်းတွင် မှတ်တမ်းတင်ထားသည့် အချက်အလက်များကို လိုအပ်သည်။ (ပျောက်ဆုံးစာရင်းနှင့် ပျောက်ဆုံးနေသူတစ်ဦးချင်းစီ၏ သီးခြားအချက်အလက်) လူသေအလောင်းနှင့် ပတ်သက်သည့် သတင်းအချက်အလက်များလည်း လိုအပ်ပေသည်။ (ပုပ်သိုးဆွေးမြေ့မသွားခင် ရယူထားနိုင်သော ဓါတ်ပုံများ၊ အချက်အလက်များ၊ အဝတ်အစားများ စသည်) ဤအချက်အလက်များကို တောက်လျှောက် ခြေရာခံမှတ်သားထားနိုင်ရန် လူသေအလောင်းကို သီးသန့်ကုဒ်ပေးထားပြီး ဓါတ်ပုံအားလုံး၊ စုဆောင်းထားရှိသော အချက်အလက်များအားလုံးတွင် ကုဒ်ကို မှတ်သားထားပြီး အလောင်းနှင့် အလောင်းထည့်ထားသော အိတ်၊ မြှုပ်နှံထားသော နေရာတို့တွင် တွဲလျက်ထားရှိိရမည်။ သို့မှသာ လူသေအလောင်း၏ တည်နေရာကို မှတ်ထားနိုင်ပြီး မည်သည့်အချိန်တွင်မဆို ပြန်လည်ထုတ်ယူနိုင်မည်ဖြစ်သည်။ စံအနေဖြင့် အကောင်းဆုံးမှာ မှုခင်ဆေးပညာ ကျွမ်းကျင်ပညာရှင်များ ပါဝင်သင့်ပြီး ဤအခြေအနေမှာ အမြဲတမ်း မဖြစ်နိုင်ပေ။


❓ ကျန်ရစ်သူများအတွက် ဖြစ်နိုင်ခြေရှိသည့် စိတ်ကျန်းမာရေးပြဿနာများမှာ အဘယ်နည်း။ 


မည်သည့်ဘာသာတရားနှင့် ဓလေ့ထုံးတမ်းတွင်မဆို ကျန်ရစ်ဆွေမျိုးသားချင်းများ၏ အပြင်းပြဆုံး ဆန္ဒမှာ  ၎င်းတို့ ချစ်မြတ်နိုးရသူများကို ရှာဖွေဖော်ထုတ်နိုင်ရေးပင်ဖြစ်သည်။ အလောင်း/ခန္ဓာကိုယ်ကို ပြန်လည်ရှာဖွေနိုင်ရန် ကြိုးစားမှုအားလုံးသည် သူတို့ကို ကူညီရာ ရောက်ပေသည်။ သက်ဆိုင်ရာ ဘာသာရေးအရ၊ ဓလေ့ထုံးတမ်းအရ နာရေးပြုလုပ်ခြင်း၊ ထုံးတမ်းစဉ်လာ သင်္ဂြိုဟ်မှု ပြုလုပ်နိုင်ခြင်း တို့သည် စိတ်သက်သာရာရစေရန်နှင့် ပြန်လည်ကုစားနိုင်ရန် အရေးကြီးသော အချက်များဖြစ်သည်။ ကပ်ရောဂါဖြစ်ပွားသော အခြေအနေများတွင်မူ ထုံးတမ်းအရ ရိုးရာသင်္ဂြိုဟ်မှုများသည် ကျန်းမာရေးဆိုင်ရာ အန္တရာယ်ရှိသည့်အတွက် သင့်လျော်ခြင်းမရှိပေ။ ထို့အတွက်ကြောင့် ကပ်ရောဂါဖြစ်ပွါးပါက ထိုသို့ ခွင့်မပြုခြင်းကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်နာကျင်မှုများဖြစ်ပေါ်လာခြင်းကို ထည့်သွင်းစဉ်းစားရန် လိုအပ်သည်။


❓ နိုင်ငံခြားသားများ၏ အလောင်းများကို မည်ကဲ့သို့ စီမံခန့်ခွဲမည်နည်း။


နိုင်ငံရပ်ခြားရှိ မိသားစုဆွေမျိုးများသည်လည်း ဒေသခံမိသားစုဝင်များကဲ့သို့ပင် သူတို့၏ ချစ်ခင်မြတ်နိုးရသူများကို မည်သူဖြစ်ကြောင်း အတည်ပြုဖော်ထုတ်ပြီး အလောင်း/ခန္ဓာကိုယ်ကို ၎င်းတို့ထံသို့ ပြန်လည်ပေးပို့မည်ကို မျှော်လင့်ကြသည်။ သေဆုံးသူ မည်သူမည်ဝါဖြစ်ကြောင်း သေသေချာချာ ခွဲခြားဖော်ထုတ်ခြင်းများသည် မိသားစု၊ လူမှုရေး၊ စီးပွားရေး နှင့် သံတမန်ရေး ဆိုင်ရာ သက်ရောက်မှုများ ရှိပေသည်။ သီးသန်းကုဒ်များ သတ်မှတ်ထားရှိခြင်း၊ ဓါတ်ပုံများ၊ လူသေအလောင်းများမှ အချက်အလက်ဒေတာများ စုဆောင်းသိမ်းဆည်းထားခြင်း စသည့် ရိုးရှင်းသော လုပ်ငန်းအဆင့်များဖြင့် နိုင်ငံခြားသား အလောင်းများကို  တိတိကျကျ များများ ရှာဖွေဖော်ထုတ်နိုင်စေသည်။ နိုင်ငံခြားကောင်စစ်ဝန်ရုံးများ နှင့် သံရုံးများ ကို ဆက်သွယ်အကြောင်းကြားသင့်ပြီး အကူအညီအတွက် အခြား သက်ဆိုင်ရာ အဖွဲ့အစည်းများ (နိုင်ငံတကာကြက်ခြေနီ (အိုင်စီအာရ်စီ) နှင့် အင်တာပိုလ် စသည်) ကို ဆက်သွယ်သင့်သည်။ 


❓ Volunteer စေတနာ့ဝန်ထမ်းတစ်ယောက်ဖြစ်ပါက လုပ်ဆောင်နိုင်သည်များ


လူသေအလောင်းများကို စီမံခန့်ခွဲခြင်းနှင့် လိုအပ်သော သတင်းအချက်အလက်များ မှတ်တမ်းတင်ခြင်းတို့ကို လုပ်ဆောင်နိုင်သည်။ သက်ဆိုင်ရာကြီးကြပ်ညွှန်ကြားမှုအောက်တွင် လူသေအလောင်းများ မြှုပ်နှံ/သင်္ဂြိုဟ်ရေးတွင် ပါဝင်ကူညီနိုင်သည်။ သို့ရာတွင် ရှေးဦးစွာ ထိုအလုပ်အတွက် သက်ဆိုင်ရာ ကျွမ်းကျင်သူများမှ အကျဉ်းချုံးရှင်းပြခြင်း၊ အကြံပေးညွှန်ကြားခြင်း၊ လေ့ကျင့်သင်ကြားပေးခြင်းနှင့် လိုအပ်သည်များ ဖြည့်ဆည်းပေးခြင်းများ လိုအပ်သည်။ 


❓ အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့အစည်းတစ်ခုကို ကိုယ်စားပြုပါက လုပ်ဆောင်နိုင်သည်များ


သက်ဆိုင်ရာအာဏာပိုင်များနှင့် ပေါင်းစပ်လုပ်ကိုင်ပြီး သတင်းအချက်အလက်များကောက်ယူခြင်း နှင့် မိသားစုများကို ကူညီထောက်ပံ့ခြင်းသည် ရှင်သန်ကျန်ရစ်သော ဆွေမျိုးသားချင်းများကို အကောင်းဆုံးကူညီရာရောက်ပေသည်။  လူသေအလောင်းစီမံခန့်ခွဲခြင်း လမ်းညွှန်ကို ဖြန့်ဖြူးပေးခြင်းဖြင့် လူသေအလောင်း ခွဲခြားသတ်မှတ်ခြင်းနှင့် ရှာဖွေဖော်ထုတ်ခြင်းလုပ်ဆောင်မှုများကို လျင်မြန်အောင် ကူညီပေးနိုင်သည်။ သက်ဆိုင်ရာအာဏာပိုင်များ၏ ကြီးကြပ်မှုအောက်တွင် လေ့ကျင့်သင်ကြားခြင်းမရှိဘဲ လူသေအလောင်းများကို တိုက်ရိုက် စီမံခန့်ခွဲခြင်း မပြုသင့်ပါ။ 


❓ ကျန်းမာရေးပညာရှင်တစ်ယောက်ဖြစ်ပါက လုပ်ဆောင်နိုင်သည်များ


သေဆုံးပြီးသူထက် ရှင်သန်ကျန်ရစ်သူများအတွက် ကျန်းမာရေးပညာရှင်များ အဓိက ပိုလိုအပ်ပါသည်။  လူသေအလောင်းများက ဖြစ်စေသော ကပ်ရောဂါများနှင့် ပတ်သက်သည့် ယုံတမ်းစကားများကို တိုက်ဖျက်ရန်အတွက်မူ မည်သည့်ပညာရှင်မဆို ကူညီနိုင်ပေသည်။ လုပ်ဖော်ကိုင်ဖက်များနှင့် မီဒီယာသမားများကို သက်ဆိုင်ရာ အလောင်းစီမံခန့်ခွဲမှု လမ်းညွှန်များအပေါ် အခြေခံ၍ အသိပညာပေးပါ။ 


❓ သတင်းထောက်တစ်ယောက်ဖြစ်ပါက လုပ်ဆောင်နိုင်သည်များ


ကပ်ရောဂါကို ရှောင်ရှားရန် လူသေအလောင်းများကို မီးရှို့ဖျက်ဆီးရန် (သို့) အစုလိုက်မြှုပ်နှံရန် လိုအပ်သည်ဟူသော မှတ်ချက်များ သတင်းများ ကြားပါက ဤသတင်းများကို စိန်ခေါ်ကာ မှန်ကန်သော သတင်းအချက်အလက်များ တင်ပြ၍ ဖြေရှင်းပါ။ စာရေးသားရာတွင်၊ အစီရင်ခံစာများတွင် လူသေအလောင်း စီမံခန့်ခွဲမှု လမ်းညွှန် ပါအချက်အလက်များကို မှီငြမ်း၍ အသိပညာပေးမြှင့်တင်ပါ။ လိုအပ်ပါက ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီတို့ကို ဆက်သွယ်ရန် ဝန်မလေးပါနှင့်။


#ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ


Source

https://www. who. int/news-room/questions-and-answers/item/emergencies-management-of-dead-bodies


***ကျန်းမာရေးဝန်ကြီးဌာန(အမျိုးသားညီညွတ်ရေးအစိုးရ) စာမျက်နှာမှကူးယူဖော်ပြသည်။

Tuesday, April 8, 2025

သဘာဝဘေးအန္တရာယ်များနှင့် ကျန်းမာရေးပြဿနာများ


◼ သဘာဝဘေးအန္တရာယ်များနှင့် ကျန်းမာရေးပြဿနာများ


သဘာဝဘေးအန္တရာယ်များသည် နိုင်ငံတစ်နိုင်ငံသို့မဟုတ် အသိုင်းအဝိုင်းတစ်ခု၏ လူများ၊ပိုင်ဆိုင်မှုများနှင့် လူမှုအသိုက်အဝန်းများကို သိသိသာသာ ထိခိုက်ပျက်စီးစေသည့် ရုတ်တရက် အဖြစ်အပျက်များဖြစ်သည်။ သဘာဝ ဘေးအန္တရာယ်သည် ကြီးမားသောပျက်စီးဆုံးရှုံးမှုနှင့် အသေအပျောက်များကိုဖြစ်စေသည့်မထင်မှတ်နိုင်သော၊ အန္တရာယ်ရှိသော ဖြစ်ရပ်တစ်ခုဖြစ်သည်။


ဆိုင်ကလုန်းမုန်တိုင်း၊ မီးတောင်ပေါက်ကွဲခြင်း၊ ငလျင်လှုပ်ခြင်း၊ ရေကြီးခြင်း၊ ရေလွှမ်းခြင်း၊ မြေပြိုခြင်း၊ တောင်ပြိုခြင်း၊ လေဆင်နှာမောင်းတိုက်ခတ်ခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ အပူလှိုင်း၊ အအေးလှိုင်းဖြတ်ခြင်း၊ မိုးခေါင်ရေရှားခြင်း၊ မိုးကြိုးပစ်ခြင်း၊ မိုးသီးကြွေခြင်းနှင့် တောမီးလောင်ခြင်းသည် သဘာဝဘေးအန္တရာယ်များ ဖြစ်သည်။


တစ်ကမ္ဘာလုံးတွင် သိပ္ပံပညာရှင်များသည် နောက်တစ်ကြိမ် ငလျင်၊ ဆူနာမီ၊ မီးတောင်ပေါက်ကွဲမှု သို့မဟုတ် အခြားသဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လာမည်ကို မည်သည့်အချိန်တွင်၊ မည်သည့်နေရာတွင်၊ မည်မျှပြင်းထန်မည်ကို ကြိုတင်ခန့်မှန်းနိုင်ရန် ကူညီပေးမည့် ပဏာမတွက်ချက်မှုအချို့ကို တီထွင်လျက်ရှိသည်။ သို့သော်လက်ရှိကမ္ဘာကြီးတွင် တိကျသောနည်းပညာများ လုံးဝ မရှိပေ။


သဘာဝဘေးအန္တရာယ်များကြောင့် လူအများထိခိုက်ဒဏ်ရာရခြင်းနှင့် သေဆုံးခြင်းများ ဖြစ်တတ်သည်။ ထို့ပြင် ကျန်းမာရေးအဆောက်အအုံများ ပျက်စီးခြင်း၊ ကျန်းမာရေးဝန်ထမ်းများကိုယ်တိုင် သဘာဝဘေးအန္တရာယ်ဒဏ်ခံရနိုင်ခြင်း စသည်တို့ကြောင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ယာယီရပ်ဆိုင်းသွားနိုင်သည်။


၁။ သဘာဝဘေးအန္တရာယ်ဆိုသည်မှာ


သဘာဝဘေးအန္တရာယ်ဆိုသည်မှာ“လူတို့၏အားထုတ်မှုကြောင့် မဟုတ်ဘဲ သဘာဝတရားကြောင့်ဖြစ်ပွားသော ဘေးအန္တရာယ်များ”ကိုဆိုလိုသည်။ ဥပမာ- မုန်တိုင်းတိုက်ခြင်း၊ငလျင်လှုပ်ခြင်း ခြင်းနှင့် ဆူနာမီများဖြစ်ပေါ်ခြင်းတို့ ဖြစ်သည်။


၂။ သဘာဝဘေးအန္တရာယ်များ၏ အကြောင်းရင်း


သဘာဝဘေးအန္တရာယ်များ၏ အဓိကအကြောင်းရင်းများမှာ တိမ်ထုအပြောင်းအရွေ့၊ လ၏လုပ်ဆောင်မှု၊ သစ်တောပြုန်းတီးမှု၊ မြေဆီလွှာတိုက်စားမှု၊ လေဖိအားနည်းရပ်ဝန်း၊ သမုဒ္ဒရာရေစီးကြောင်းများ၊ ညစ်ညမ်းမှု၊ ကမ္ဘာကြီးပူနွေးလာမှု၊ သတ္တုတူးဖော်မှု၊ ငလျင်လှိုင်း စသည်တို့ကြောင့်ဖြစ်သည်။ လယ်ယာလုပ်ငန်း၊ သတ္တုတူးဖော်ခြင်း၊ သစ်တောပြုန်းတီးခြင်း စသည်တို့ကြောင့် မြေပြိုမှုများဖြစ်ပေါ်နိုင်သည်။ တောမီးကြောင့် အပင်နှင့် တိရစ္ဆာန်များ ပျက်စီးနိုင်သည်။


၃။ သဘာဝဘေးအန္တရာယ်အချို့


အချို့သော သဘာဝဘေးဆိုးများကိုပုံစံအမျိုးမျိုးဖြင့် ခွဲခြားနိုင်ပါသည်။ ဘူမိဗေဒဆိုင်ရာဘေးအန္တရာယ်များ၊ ဇလဗေဒဆိုင်ရာ ဘေးအန္တရာယ်များ၊ မိုးလေဝသဆိုင်ရာ ဘေးအန္တရာယ်များနှင့် ဇီဝဗေဒဆိုင်ရာဘေးအန္တရာယ်များ ဖြစ်သည်။ ဘူမိဗေဒဆိုင်ရာ ဘေးအန္တရာယ်များသည် မျက်နှာပြင်အထက်သို့မဟုတ် မြေမျက်နှာပြင်အောက်တွင် ပြောင်းလဲမှုများမှဖြစ်ပေါ်လာသော၊ ထိန်းချုပ်မရသော ဖြစ်ရပ်များဖြစ်သည်။


ဥပမာ- ငလျင်လှုပ်ခြင်း၊ တောမီးလောင်ခြင်း၊ ဆူနာမီရေလှိုင်းနှင့် ရေလွှမ်းမိုးခြင်း၊ မြေနိမ့်ဒေသများရေလွှမ်းမိုးခြင်း၊ ကမ်းရိုးတန်းဒေသ ပင်လယ်ဒီရေလွှမ်းမိုးခြင်း၊ မီးတောင်ပေါက်ကွဲခြင်း၊ တောင်ပေါ်မှနှင်းထု၊ ရေခဲထုနှင့်ကျောက်တုံးများ တစ်ဟုန်ထိုး လျှောကျခြင်း၊ မြေပြိုခြင်းနှင့် မြေကြီးတွင်ရေစားသဖြင့် ဖြစ်ပေါ်နေသော တွင်းများ စသည်တို့ဖြစ်သည်။ ဇလဗေဒဆိုင်ရာ ဘေးအန္တရာယ်ဟု လူသိများသောရုတ်တရက်ပြင်းထန်သည့် ဖြစ်ရပ်တစ်ခုသည် မျက်နှာပြင် သို့မဟုတ် လေထုအောက်ရှိရေများ၏ အရည်အသွေး၊ ဖြန့်ဖြူးမှုသို့မဟုတ် ရွေ့လျားမှုမှဖြစ်ပေါ်လာသည့် အခြေအနေတစ်ခုဖြစ်သည်။ ဥပမာ-ဆူနာမီ၊ ရေလွှမ်းမိုးခြင်းနှင့် မြေပြိုခြင်းစသည်တို့ဖြစ်သည်။


မိုးလေဝသဆိုင်ရာဘေးအန္တရာယ်များသည် မိုး၊နှင်း သို့မဟုတ် မိုးခေါင်ခြင်းကဲ့သို့ ပြင်းထန်သောရာသီဥတု အခြေအနေများဖြစ်ပြီး ၎င်းတို့သည်ရာသီဥတုနှင့် ကမ္ဘာ့လေထုဖွဲ့စည်းမှုအပေါ် သက်ရောက်မှုရှိသည်။ ဥပမာ- ဆိုင်ကလုန်းမုန်တိုင်းများ၊ မိုးခေါင်ရေရှားခြင်း၊ အအေးလှိုင်း၊ အပူလှိုင်းများဖြတ်ခြင်း၊ နှင်းမုန်တိုင်း များ၊ လေပြင်းတိုက်ခတ်ခြင်း၊ လေဆင်နှာမောင်းများ တိုက်ခတ်ခြင်းနှင့် မိုးသီးကြွေခြင်းစသည်တို့ဖြစ်သည်။ ဇီဝဗေဒဆိုင်ရာဘေးအန္တရာယ်များသည် အဏုဇီဝသက်ရှိများ (ဗက်တီးရီးယား သို့မဟုတ် ဗိုင်းရပ်စ်များ)၊ အဆိပ်အတောက်များ သို့မဟုတ် အခြားဇီဝဓာတုပစ္စည်းများကြောင့်ကြီးမားသော ထိခိုက်မှုဖြစ်စေသည့် သဘာဝဖြစ်ရပ်များဖြစ်သည်။ ဇီဝဗေဒဆိုင်ရာ ဘေးအန္တရာယ်များတွင် ကူးစက်ရောဂါ၊ ကပ်ရောဂါအသွင်ဖြစ်ပွားခြင်း၊ အင်းဆက် ပိုးမွှားများကျရောက်ခြင်းနှင့်ဇီဝလက်နက်များ ပါဝင်သည်။ ဥပမာ- ပလိပ်ရောဂါ၊ ကာလဝမ်းရောဂါ၊ ကျောက်ရောဂါ၊ အီဘိုလာရောဂါ၊ ဇီကာဗိုင်းရပ်စ်၊ ကိုဗစ်(၁၉) စသည်တို့ ဖြစ်သည်။


၄။ သဘာဝဘေးအန္တရာယ်များနှင့် ကျန်းမာရေးပြဿနာများ


လူအများထိခိုက်ဒဏ်ရာရရှိခြင်းနှင့် သေဆုံးခြင်းမှာ သဘာဝဘေးအန္တရာယ်များကြောင့် တိုက်ရိုက်ခံစားရနိုင်သော ကျန်းမာရေးပြဿနာများဖြစ်သည်။ ကာလကြာရှည်သော သဘာဝဘေးအန္တရာယ်များ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အချိန်မီဆောင်ရွက်ရန် ခက်ခဲသောအခြေအနေများနှင့် ယာယီကယ်ဆယ်ရေးစခန်းတွင် လူအများခိုလှုံနေရသောအခြေအနေများ၌ နောက်ဆက်တွဲကျန်းမာရေးပြဿနာများ ဆက်လက်ဖြစ်ပေါ်လာနိုင်သည်။ သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ ဆီးချို၊ သွေးချိုရောဂါ အစရှိသည့် နာတာရှည်ရောဂါခံစားနေရသူများ၊ ဆေးပြတ်လပ် ခြင်း၊ ဆေးကုသမှုမရရှိနိုင်ခြင်းတို့ကြောင့် ရောဂါများ ပိုမိုဆိုးရွားလာစေသည်။


ကူးစက်ရောဂါများ (ဥပမာ- ဝမ်းပျက်ဝမ်းလျှောရောဂါ၊ ကာလဝမ်းရောဂါ၊ အစာအဆိပ်သင့်ရောဂါ၊ တီဘီရောဂါ၊ အသက်ရှူလမ်းကြောင်း ကူးစက်ရောဂါများ၊ ဝက်သက်ရောဂါ၊ အရေပြားယားနာရောဂါများ၊ ခြင်မှတစ်ဆင့်ကူးစက်တတ်သည့်ငှက်ဖျားရောဂါ၊ သွေးလွန်တုပ်ကွေးရောဂါစသည်များ) ပိုမိုကူးစက်ဖြစ်ပွားနိုင်ခြင်းနှင့် ကပ်အသွင်ဖြစ်ပွားနိုင်စေသည်။ ထို့ပြင် ပုံမှန်သုံးစွဲနေကျ ပဋိသန္ဓေတားဆေးထိုးနှံ၊ သောက်သုံးခြင်းများ ပြတ်လပ်သွား၍ မလိုလားဘဲကိုယ်ဝန်ရရှိနိုင်ခြင်း၊ လုံခြုံမှုမရှိ၍ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံရမှုများနှင့် လိင်မှတစ်ဆင့် ကူးစက်ရောဂါများ ပိုမိုဖြစ်ပွားစေနိုင်သည်။


၅။ သဘာဝဘေးအန္တရာယ်များကြောင့် စိတ်ကျန်းမာရေးအပေါ်သက်ရောက်မှု


သဘာဝဘေးအန္တရာယ်များသည် လူတစ်ဦးချင်း၊ မိသားစုများနှင့် လူမှုအသိုင်းအဝိုင်းတစ်ခုလုံးအပေါ် ရေရှည်အကျိုးသက်ရောက်မှုများ ဖြစ်ပေါ်စေနိုင်သည်။ ရုပ်ပိုင်းဆိုင်ရာပျက်စီးမှုကို မြင်နိုင်သော်လည်း စိတ်ကျန်းမာရေးဆိုင်ရာသက်ရောက်မှုများမှာ သိသာထင်ရှားမည် မဟုတ်ပေ။ ပျက်စီးခြင်းနှင့် အသက်ဆုံးရှုံးခြင်းအဆင့် အပါအဝင်သဘာဝဘေးအန္တရာယ်၏ ပြင်းထန်မှုသည် စိတ်ကျန်းမာရေးဆိုင်ရာ ရလဒ်များကိုသိသိသာသာ သက်ရောက်မှုရှိနိုင်သည်။ ထို့ကြောင့်ရေတိုနှင့် ရေရှည် စိတ်ကျန်းမာရေးဆိုင်ရာ သက်ရောက်မှုများကို သိရှိထားစေချင်သည်။


ရေတိုစိတ်ကျန်းမာရေးဆိုင်ရာသက်ရောက်မှုများတွင် ကနဦး ရှော့ရခြင်းနှင့် စိတ်ရှုပ်ထွေးခြင်း (Disorien-tation) ဖြစ်တတ်ပြီး သဘာဝဘေးအန္တရာယ်တစ်ခုပြီး နောက်တွင်လူများသည် တုန်လှုပ်ချောက်ချားမှုနှင့် တုန်လှုပ်ချောက်ချားဖွယ်ဖြစ်ရပ်ကို စီမံဆောင်ရွက်ရန် ခက်ခဲသည့်ခံစားချက်များ ကြုံတွေ့ရတတ်သည်။ အဖြစ်များသော စိတ်ပိုင်းဆိုင်ရာတုံ့ပြန်မှုများတွင် ကြောက်ရွံ့မှု၊ စိုးရိမ်မှု၊ ဝမ်းနည်းမှု၊ ဒေါသနှင့်ဝမ်းနည်းမှုတို့ ပါဝင်သည်။


ထို့ပြင် သဘာဝဘေးအန္တရာယ်များသည် အိပ်စက်ခြင်းပုံစံများနှင့် အစာစားချင်စိတ်ကို အနှောင့်အယှက်ဖြစ်စေနိုင်ပြီး အိပ်မပျော်ခြင်းနှင့် စားသောက်မှုအလေ့အထကို ပြောင်းလဲစေနိုင်သည်။ အချို့သောလူများသည် နိုးနိုးကြားကြားဖြစ်လာပြီး အလွယ်တကူ လန့်ဖျပ်သွားကာစိတ်တိုဒေါသထွက်မှုများ တိုးလာနိုင်သည်။ အချို့သောကိစ္စများတွင် လူတစ်ဦးချင်းစီသည် စိတ်ဖိစီးမှုနှင့် စိတ်ဒဏ်ရာများကိုရင်ဆိုင်ဖြေရှင်းရန် နည်းလမ်းအဖြစ် အရက် သို့မဟုတ် မူးယစ်ဆေးဝါးကိုသုံးစွဲကြပြီး မူးယစ်ဆေးဝါးသုံးစွဲမှု ပြဿနာများကို ဖြစ်ပေါ်စေသည်။


ရေရှည်စိတ်ကျန်းမာရေးဆိုင်ရာသက်ရောက်မှုများတွင် သဘာဝဘေးဒဏ်ကို ထိတွေ့မိခြင်းသည် စိတ်အနှောင့်အယှက်ဖြစ်စေသော အမှတ်တရများ၊ အိပ်မက်ဆိုးများနှင့်ရှောင်ရှားခြင်းအပြုအမူများ၏ လက္ခဏာရပ်ဖြစ်သော စိတ်ဒဏ်ရာလွန်စိတ်ဖိစီးမှုရောဂါ (Post Traumatic Stress Disorder - PTSD) ဖွံ့ဖြိုးတိုးတက်မှုကို ဖြစ်ပေါ်စေနိုင်သည်။ စိုးရိမ်ပူပန်မှုနှင့်စိတ်ဓာတ်ကျရောဂါများလည်း ပိုမိုဆိုးရွားလာစေနိုင်သည်။ အချို့သော လူများသည် အသက်ရှင်ကျန်ရစ်သူ၏အဖြစ်ကို ကြုံတွေ့ရနိုင်ပြီး အခြားသူများ၏ ဆုံးရှုံးမှုအတွက်တာဝန်ရှိသည်ဟု ခံစားလာရ ခြင်း သို့မဟုတ် ၎င်းတို့၏ရှင်သန်မှုကို မေးခွန်းထုတ်ခြင်းများ ကြုံတွေ့ရနိုင်သည်။


ထို့ပြင်အိုးအိမ်များ၊ ချစ်ရသူများနှင့်ရင်းနှီးသော အခြေအနေများကို ဆုံးရှုံးခြင်းသည် ကြာရှည်သောဝမ်းနည်းပူဆွေးမှုကို ဖြစ်စေပြီး သဘာဝဘေးအန္တရာယ်ပြီးနောက် ပတ်ဝန်းကျင်တွင် လိုက်လျောညီထွေဖြစ်စေရန် ခက်ခဲစေသည်။ နဂိုရှိပြီးသား စိတ်ကျန်းမာရေး အခြေအနေရှိသူသို့မဟုတ် သိသာထင်ရှားစွာ ဆုံးရှုံးခဲ့ရသူများသည် ဘေးအန္တရာယ်ကြုံတွေ့ပြီးနောက် မိမိကိုယ်ကို သတ်သေနိုင်ခြေကို တိုးမြင့်စေနိုင်သည်။


ထို့​ကြောင့် သဘာဝဘေးအန္တရာယ်များသည် စိတ်ကျန်းမာရေးအား မည်ကဲ့သို့အကျိုးသက်ရောက်သည်ကို နားလည်ခြင်းသည် လူများကိုပြင်ဆင်ခြင်း၊ ရင်ဆိုင်ခြင်းနှင့် ပြန်လည်ကောင်းမွန်လာစေရန် ပိုမိုထိရောက်စွာ ကူညီပေးနိုင်ပါသည်။


၆။ ဦးစားပေးလိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းများ


မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သည့် မိုးလေဝသသတင်းများနှင့် သတိပေးချက်များ၊ ကျန်းမာရေးအဆင့်ဆင့်မှ ထုတ်ပြန်သည့်သတိပေးချက်နှင့် ညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ရမည်။ သဘာဝဘေးအန္တရာယ်ဖြစ်စဉ်များတွင် ရပ်ကွက်၊ကျေးရွာအတွင်းနှင့် ယာယီကယ်ဆယ်ရေးစခန်းများ၌ ယာယီဆေးခန်းများ၊ ရွေ့လျားဆေးခန်းများဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးရမည်။ ကူးစက်ရောဂါနှင့် အခြားကျန်းမာရေးပြဿနာဖြစ်ပွားမှုများကို စောင့်ကြပ်ကြည့်ရှု၍ အထက်အဆင့်ဆင့်သို့ အချိန်နှင့်တစ်ပြေးညီ သတင်းပို့ရမည်။ ပုံမှန်ကာကွယ်ဆေးတိုက်ကျွေး၊ ထိုးနှံနေသည့် မိမိဒေသမှ ကလေးငယ်များ ရောက်ရှိနေနိုင်သည့်နေရာများကို စုံစမ်း၍ ကာကွယ်ဆေးတိုက်ကျွေး၊ ထိုးနှံနိုင်ရေး စီစဉ်ဆောင်ရွက်ရန်နှင့် ယာယီကယ်ဆယ်ရေးစခန်းအပါအဝင် မိမိရပ်ကွက်၊ ကျေးရွာ အတွင်း ကာကွယ်ဆေးထိုးလုပ်ငန်းများ ဆောင်ရွက်ရမည်။


တီဘီရောဂါကုဆေးသောက်သုံးနေသူများနှင့်အေအာတီ(ART) ဆေးဝါးသောက်သုံးနေသူများ ရောက်ရှိနေသည့်နေရာများကိုစုံစမ်း၍ ဆေးဝါးပြတ်လပ်မှုမရှိစေရေး စီစဉ်ဆောင်ရွက်ပေးရမည်။ ရေကောင်းရေသန့်ရရှိရေ ယင်လုံအိမ်သာသုံးစွဲရေး၊ ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် ခြင်နှင့် ခြင်လောက်လမ်း နှိမ်နင်းရေး စသည့်ပြည်သူ့ကျန်းမာရေးနှင့် ရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်းများအား ဒေသခံအုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ ဌာနဆိုင်ရာ များ၊ ပြည်သူများနှင့်ပူးပေါင်းဆောင်ရွက်ရမည်။


ထို့ပြင် ကျန်းမာရေးကဏ္ဍထိခိုက်ပျက်စီးမှု စာရင်းများကို ကနဦးသတင်း၊ နောက်ဆက်တွဲသတင်းနှင့် အပြီးသတ်သတင်းများဖြင့် အချိန်နှင့်တစ်ပြေးညီ အဆင့်ဆင့်တင်ပြရန်၊ သဘာဝဘေးအန္တရာယ် ကျရောက်သောဒေသများရှိ ပြည်သူများအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကျန်းမာရေးသတိပေးနှိုးဆော်ချက်များအတိုင်း ကျန်းမာရေးအသိပညာများ ဖြန့်ဝေပေးရပါမည်။


၇။ သဘာဝဘေးအန္တရာယ်များကို ကြိုတင်ခန့်မှန်းခြင်း


သဘာဝဘေးအန္တရာယ်ဆိုသည်မှာ ကြီးမားသော ပျက်စီးဆုံးရှုံးမှုနှင့် အသေအပျောက်များကို ဖြစ်ပေါ်စေသည့် မမျှော်လင့်ထားသော ကြောက်မက်ဖွယ်ဖြစ်ရပ်တစ်ခုဖြစ်သည်။ သဘာဝဘေးအန္တရာယ်များ၏ ဥပမာအချို့မှာဆိုင်ကလုန်းများ၊ မီးတောင်များ၊ ငလျင်များ၊ ရေကြီးမှုနှင့်မြေပြိုမှုများဖြစ်သည်။ မြစ်ရေပမာဏပေါ်မူတည်၍ ရေကြီးနိုင်သည်ဟု ခန့်မှန်းနိုင်သည်။ ရေကြီးခြင်းနှင့် လေဆင်နှာမောင်းတိုက်ခတ်နိုင်သည်ဟု ခန့်မှန်းရပါသည်။


သိပ္ပံနည်းကျအထောက်အထားများကို အခြေခံ၍ လေဆင်နှာမောင်းများကို ခန့်မှန်းနိုင်သည်။ မှတ်တမ်းများတွင် သမိုင်းဝင်ပုံစံများကို အခြေခံ၍မည်သည့်အချိန်နှင့် မည်သည့်နေရာတွင် ဖြစ်ပျက်မည်ကို ကျွန်ုပ်တို့ခန့်မှန်းနိုင်ပါသည်။ ငလျင်နှင့် မီးတောင်ပေါက်ကွဲမှုကဲ့သို့သော အခြားသောသဘာဝဘေးအန္တရာယ်များကို ခန့်မှန်းရန်မဖြစ်နိုင်ပေ။


သဘာဝဘေးအန္တရာယ်များတွင် ကြိုတင်ခန့်မှန်းနိုင်သော ဘေးအန္တရာယ်များရှိသကဲ့သို့ ကြိုတင်ခန့်မှန်းရန် ခက်ခဲသော ဘေးအန္တရာယ်များရှိသည်။ ဆိုင်ကလုန်းမုန်တိုင်းနှင့် ရေလွှမ်းမိုးခြင်းကဲ့သို့သော အချို့သောသဘာဝဘေးအန္တရာယ်များမှာ ကြိုတင်ခန့်မှန်း၍ ရနိုင်သည်။


သို့ရာတွင်ငလျင်လှုပ်ခြင်းနှင့် လေဆင်နှာမောင်းတိုက်ခတ်ခြင်း ကဲ့သို့သော ဘေးအန္တရာယ်များမှာ ကြိုတင်ခန့်မှန်းရန်ခက်ခဲသည်။ ကြိုတင်ခန့်မှန်း၍ရနိုင်သော ဆိုင်ကလုန်းမုန်တိုင်းကဲ့သို့ ဘေးအန္တရာယ်များအတွက် မိုးလေဝသသတင်းများကို အမြဲနားထောင်သင့်သည်။


မြန်မာနိုင်ငံတွင် မိုးလေဝသသတင်းများကို မိုးလေဝသနှင့် နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သတိပေးချက်များနှင့်အတူ အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ပေးလျက်ရှိသဖြင့် အဆိုပါ မိုးလေဝသသတင်းများကို အမြဲမပြတ်နားထောင်ပြီး သဘာဝဘေးအန္တရာယ်သတိပေးချက်များကို လိုက်နာဆောင်ရွက်ရမည် ဖြစ်ပါသည်။


ထို့ပြင် မိမိဒေသအတွင်းဘေးအန္တရာယ်စီမံခန့်ခွဲမှု လုပ်ငန်းများကို ဦးစီးဆောင်ရွက်နေသော ဒေသခံအုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနနှင့် အခြားဌာနဆိုင်ရာ အဖွဲ့အစည်းများနှင့်လည်း ပူးပေါင်းဆောင်ရွက်ရမည်။


၈။ သဘာဝဘေးဒဏ်ကို လျှော့ချခြင်း


အချို့သောသဘာဝဘေးအန္တရာယ်များကို မကာကွယ်နိုင်ပါ။ ၎င်းတို့ကို ဖြစ်စေသောသဘာဝအကြောင်းရင်းများကြောင့် လူတို့သည် ထိန်းချုပ်၍မရခြင်းဖြစ်သည်။ သို့သော် သဘာဝဘေးအန္တရာယ်အတွက် စီစဉ်ခြင်း၊ ဖြစ်နိုင်လျှင်ကြိုတင်ကာကွယ်ခြင်းနှင့် လူတို့ကိုမည်ကဲ့သို့ အကျိုးသက်ရောက်စေသည်ကို လျှော့ချခြင်းအပါအဝင် ၎င်းတို့၏အကျိုးဆက်များကို လျှော့ချရန် မဟာဗျူဟာများစွာရှိပါသည်။


သဘာဝဘေးအန္တရာယ်များ၏ သက်ရောက်မှုများကို လျှော့ချရန် အခြေခံနည်းလမ်းနှစ်ခုရှိသည်။ သဘာဝဘေးအန္တရာယ်တစ်ခုအား သတိပေးစနစ်များဖြင့် ကြိုတင်ခန့်မှန်းနိုင်ပြီး ၎င်းကြောင့်ဖြစ်ပေါ်လာသော အခက်အခဲများကို ကယ်ဆယ်ရေးအဖွဲ့အစည်းများ၏ အကူအညီဖြင့်ဖြေရှင်းနိုင်ပါသည်။ သဘာဝဘေးအန္တရာယ်ကြောင့် သေဆုံးမှုများကိုသေချာစွာ စီစဉ်ဆောင်ရွက်ခြင်းဖြင့် ရှောင်ရှားနိုင်မည်ဖြစ်သည်။


ဥပမာ- မီးတောင်များ၊ ငလျင်ဇုန်များ သို့မဟုတ် ရေလွှမ်းလွင်ပြင်များ အနီးတွင်လူများသည် မြို့များကိုမဆောက်လုပ်ရန် ဆုံးဖြတ်သင့်သည်။


၉။ သဘာဝဘေးအန္တရာယ်များကို ကြိုတင်ကာကွယ်ခြင်း


ထိရောက်သောသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုတွင် အန္တရာယ်အကဲဖြတ်ခြင်း၊ ကြိုတင်သတိပေးစနစ်များနှင့် ရပ်ရွာအသိပညာပေးခြင်း အပါအဝင် ထိရောက်သောအစီအမံများ လိုအပ်ပါသည်။

ဘေးလွတ်ရာသို့ရွှေ့ပြောင်းလေ့ကျင့်မှုများ၊ အရေးပေါ်အစီအမံများနှင့် မရှိမဖြစ်လိုအပ်သောထောက်ပံ့ရေးပစ္စည်းများ သိုလှောင်ခြင်းကဲ့သို့သော ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများသည် ဘေးအန္တရာယ်၏သက်ရောက်မှုကို လျှော့ချရန်အတွက် အရေးကြီးပါသည်။


နည်းပညာသည် သဘာဝဘေးအန္တရာယ်များကိုကြိုတင်ဟောကိန်းထုတ်ရာတွင် အရှိန်အဟုန်ကြီးမားလာခဲ့သည်။ သို့ရာတွင် ၎င်းကပ်ဆိုးများကြောင့်ဖြစ်ပေါ်လာသော ထိခိုက်မှုများကို ရပ်တန့်ရန်မဖြစ်နိုင်ပါ။ ထို့ကြောင့် မတူညီသော သဘာဝဘေးအန္တရာယ်အမျိုးမျိုးနှင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု နည်းပညာများကို စေ့စေ့စပ်စပ်နားလည်သဘောပေါက်ခြင်းသည် လူတစ်ဦး ချင်းစီအား ၎င်းအခြေအနေများကို ပိုမိုကောင်းမွန်စွာ ရင်ဆိုင်ဖြေရှင်းနိုင်စေရန် ကူညီပေးပါသည်။


မိုးလေဝသတင်းများ၊ သဘာဝဘေးအန္တရာယ် သတိပေးချက်များနှင့် ကျန်းမာရေးသတိပေးနှိုးဆော်ချက်များကို လိုက်နာဆောင်ရွက်ရမည်။ သဘာဝဘေးအန္တရာယ် မကျမီအချိန်ကတည်းက အစားအစာ၊ သောက်သုံးရေနှင့် ပုံမှန်သောက်သုံးနေကျဖြစ်သည့် ဆေးဝါးများ၊ ပဋိသန္ဓေတားဆေးများ စသည်တို့ကို အသင့်ကြိုတင်စုဆောင်းထားရမည်ဖြစ်ပြီး ဆေးဝါးပြတ်လပ်မှုရှိပါက ကျန်းမာရေးဌာနနှင့်ဆက်သွယ်၍ ဆေးကုသမှုခံယူရပါမည်။


တာဝန်ရှိသူများ၏ ညွှန်ကြားချက်များအတိုင်းမိုးဒဏ်၊ လေဒဏ်ခံနိုင်သော အဆောက်အအုံတွင်နေထိုင်ရမည်။ ရာသီဥတုနှင့်လျော်ညီပြီး ကျန်းမာရေးနှင့်ညီညွတ်အောင် ဝတ်စားဆင်ယင်ရပါမည်။ ရေမျောစာများ၊ အမှည့်လွန်အစာများ၊ ယင်နားစာများ မစားရပါ။ အစားအစာများ ယင်မနားစေရန် ဖုံးအုပ်ထားသင့်သည်။ ရေသန့်ဆေးထုပ်၊ ကလိုရင်းဆေးခတ်ထားသောရေ သို့မဟုတ် ကျိုချက်ထားသော ရေကိုသာသောက်သုံးရမည်။


ယင်လုံအိမ်သာကို စနစ်တကျသုံးစွဲပြီး တစ်ကိုယ်ရေသန့်ရှင်းရေးကို အလေးထားဆောင်ရွက်ရမည်။ အစာမစားမီ၊ အစားအစာချက်ပြုတ်ပြင်ဆင်ခြင်း မပြုမီ၊ အိမ်သာသွားပြီးတိုင်းနှင့် အညစ်အကြေးကိုင်တွယ်ပြီးတိုင်း လက်ကိုဆပ်ပြာနှင့် စင်ကြယ်စွာ ဆေးကြောရမည်။ အမှိုက်များကိုမြေမြှုပ်ခြင်း၊ မီးရှို့ခြင်း၊ အမှိုက်ပုံကို ထုံးဖြူးခြင်းစသည်ဖြင့် အမှိုက်သရိုက်များကို စနစ်တကျစွန့်ပစ်ရမည်။ ခြင်ကိုက်မခံရအောင် ဂရုပြုနေထိုင်ရမည်ဖြစ်ပြီး မည်သည့်အချိန်တွင်မဆိုခြင်ထောင်ဖြင့်သာ အိပ်စက်သင့်သည်။ ပိုးလောက်လမ်း၊ ခြင်နှိမ်နင်းရေးလုပ်ငန်း များ (ဖုံး၊ သွန်၊ လဲ၊ စစ်) တွင် ပူးပေါင်းပါဝင်ဆောင်ရွက်ရမည်။


မြွေဆိုးအန္တရာယ်၊ လျှပ်စစ်ဓာတ်လိုက်မှုအန္တရာယ်နှင့် ထိခိုက်ဒဏ်ရာရရှိမှု အန္တရာယ်များအားဂရုပြုနေထိုင်ရမည်။ သဘာဝဘေးအန္တရာယ် ကျရောက်ရာဒေသများ၌ ကျန်းမာရေးဝန်ထမ်းများမှ ကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်သူလူထုက ပူးပေါင်းဆောင်ရွက်ရမည်။ သဘာဝဘေးအန္တရာယ် ကျရောက်ပြီးနောက် အဆုတ်ရောဂါ၊ ဝမ်းပျက်ဝမ်းလျှောရောဂါ၊ မြွေဆိုးအန္တရာယ်၊ ထိခိုက်ဒဏ်ရာရရှိမှုစသည့် ကျန်းမာရေးပြဿနာများ ဖြစ်ပွားနိုင်ပြီးဖြစ်ပွားပါက နီးစပ်ရာဆေးရုံ၊ ကျန်းမာရေးဌာနနှင့် ကျန်းမာရေးဝန်ထမ်းများထံ ပြသရမည်။


၁ဝ။ အကြံပြုချက်


မိုးလေဝသသတင်းများနှင့် သဘာဝဘေးအန္တရာယ်သတိပေးချက်များကို သတိပြုလိုက်နာရမည်။ ကျန်းမာရေးအသိပညာများ၊ ကျန်းမာရေးသတိပေးနှိုးဆော်ချက်များကို ဂရုပြုလိုက်နာဆောင်ရွက်ရမည်။ သဘာဝဘေးအန္တရာယ် မကျရောက်မီကတည်းက အရေးပေါ်ဆေးသေတ္တာ၊ အစားအစာ၊ သောက်သုံး ရေနှင့် အခြားလိုအပ်သည်များကို ကြိုတင်စုဆောင်းပြင်ဆင်ထားရှိရမည်။ သန့်ရှင်းသောသောက်သုံးရေနှင့် အစားအစာများကိုသာ စားသုံးပြီး တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးကို ဂရုပြုဆောင်ရွက်ရမည်။


သဘာဝဘေးအန္တရာယ်ကျရောက်ရာဒေသများ၌ ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း ပူးပေါင်းကူညီရပါမည်။ သဘာဝဘေးအန္တရာယ်အခြေအနေများ၌ ပြည်သူများအားအရေးပေါ်ကျန်းမာရေး စောင့်ရှောက်မှုပေးရန်မှာ အရေးကြီးသကဲ့သို့ ကျန်းမာရေးဝန်ထမ်းများ ဘေးကင်းလုံခြုံရေးမှာလည်းပိုမိုအရေးကြီးသဖြင့် ဘေးကင်းလုံခြုံရေးကို ဂရုပြုရမည်ဖြစ်ကြောင်းအကြံပြုအပ်ပါသည်။


Reference:

1. What Causes Natural Disasters/Learn Important Terms and Concepts

2. Mental Health Effects of Natural Disasters

3. Standard Health Message (Ministry of Health)


ရေးသူ - ဒေါက်တာမြင့်သန်းထွန်း