Thursday, May 29, 2014

အွန်လိုင်းမှာ MBA အခမဲ့ ....Skype ဘာသာပြန်ထောက်ကူမူ ...စမတ် သတိပေးခြင်းတွေ ပါဝင်လာ



အွန်လိုင်းမှာ MBA အခမဲ့ တက်နိုင်မယ့် ဝဘ်ဆိုဒ် 


www.themuse.com
အထက်ပါ လခ့် ဖြစ်ပါတယ်။ အွန်လိုင်းကနေ MBA လျှောက်ထား တက် ရောက်ခွင့်ရတဲ့ ဝဘ်ဆိုဒ်တွေထဲ မြန်မာပြည်က လူသိနည်းနေသေးတဲ့ ဝဘ်ဆိုဒ်ပါ။ အမေရိကန် အခြေဆိုက် တက္ကသိုလ် တစ်ခု ဖြစ်ပါတယ်။
ကမ္ဘာ့ စီးပွားရေး လုပ်ငန်း ကုမ္မဏီပေါင်း များစွာနဲ့ ပါတနာဖွဲ့ပြီး အွန်လိုင်း ပညာသင်ကြားရေးစနစ် ပြုလုပ်နေတဲ့ ဝဘ်ဆိုဒ် ဖြစ်ပါတယ်။ တကယ်အခမဲ့ ပါ။ အားသာချက်ကတော့ ကျောင်းပြီးရင် ရနိုင်မယ့် အလုပ်ပါ တစ်ခါတည်း ချိတ်ဆက်ပေးခြင်း ဖြစ်ပါတယ်။ The Muse မှ တရားဝင် ပြောကြားထားတဲ့ အချက်ပါ။
ဝဘ်ဆိုဒ်ပေါ်က Course တွေကို လေ့လာ သင်ကြားဖို့အတွက် ငွေကြေး တစ်ပြားတစ်ချပ်မှမကုန်ကျတဲ့အပြင် အလုပ်ပါ တစ်ခါတည်း ရှာဖွေပေး မှာ ဖြစ်ပါတယ်။ လောလောဆယ်ကတော့ အခမဲ့အနေနဲ့သာ ပြုလုပ် ထားခြင်းဖြစ်ပြီး နောက်ပိုင်းဆိုရင် Paid feature နဲ့ သီးသန့်သင်မယ့် Course တွေလည်း ပါဝင်လာမယ်လို့ ဆိုပါတယ်။

ဒီတော့ ကျောင်းတက်ဖို့အတွက် မိမိမှာ အင်တာနက် ရဖို့လိုပါတယ်။ ကွန်ပြူတာမရှိရင်တောင် အင်တာနက်ဆိုင်မှာ ထိုင်ပြီး သင်ယူ နိုင်ပါ တယ်။ ကျောင်းတက်ဖို့အတွက် Sign up လုပ်ရပါမယ်။ ပြီးရင် Management 101 ကုဒ်နံပါတ်ရှိတဲ့ Course ကို ပထမဦးဆုံး လေ့လာ သင်ကြားရမှာပါ။ ပေးအပ်တဲ့ Assignment တွေကိုတော့ ပြီးမြောက်အောင် လုပ်ဖို့ လိုအပ်ပါတယ်။
Management 101 က တစ်လပဲ ကြာမြင့်မှာပါ။ ပြီးရင် MBA က Course အတိုင်း ဆက်လေ့လာ ရမှာ ဖြစ်ပါတယ်။ MBA တင်မကပဲ အခြား ယူနိုင်သေးတဲ့ ဘာသာရပ်များလည်း ရှိသေးပြီး မိမိနှစ်သက်ရာကို Specialize လုပ်နိုင် ပါသေးတယ်။ များသော အားဖြင့်က လုပ်ငန်းခွင့မှာ လက်တွေ့ အသုံးချဖို့ လိုအပ်တဲ့ Course များ ဖြစ်ပါတယ်။ အသေးစိတ် အတွက် www.themuse.com/classes မှာ ဝင်ရောက် ကြည့်ရှု နိုင်ပါတယ်။

ဒါကြောင့် လက်ရှိမြန်မာပြည်ကနေ MBA ကို ငွေကုန်ကြေးကျ လုံးဝ မရှိပဲ တက်ရောက်နိုင်ဖို့ ဝဘ်ဆိုဒ်ကောင်းလေးတစ်ခုကို မျှဝေ ပေးလိုက်ရပါတယ်။

Skype ဘာသာပြန်ထောက်ကူမူ ဒီနှစ်ကုန်တွင် ရရှိနိင်တော့မည်

လူတစ်ယောက်နဲ့ တစ်ယောက် ဘာသာစကား ခြားနားမူ ဘောင်တွေကို ကျော်ဖြတ်ပေးတဲ့ အလွန် ကောင်းမွန် အသုံးဝင်လှတဲ့ ၀န်ဆောင်မူလေးပါပဲ။ ကိုယ်နဲ့ ဘာသာစကား မတူတဲ့ ကမ္ဘာ့ပေါ်မှာ ရှိတဲ့ နိင်ငံပေါင်းစုံက လူတွေနဲ့ အဆင်ပြေပြေ စကားပြောနိင်လာတော့မှာ ဖြစ်ပါတယ်။ Skype Translator လို့ခေါ်တဲ့ ဒီဝန်ဆောင်မူလေးကို မနေ့မေလ ၂၇ ရက်နေ့ညကကျင်းပခဲ့တဲ့ Code conference မှာ ကြေငြာမိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။ ဘာသာစကား ခြားနားတဲ့ မည်သူကိုမဆို ခေါ်ဆိုပြောကြားနိင်ပြီး ကွန်ပျူတာ Screen ပေါ်က အောက်ခြေမှာ ပြန်ဆိုမူတွေကို ပြန်ကြားပေးကာ တစ်ဖက်လူကို မြင်တွေ့စေပါမယ်။ နားကလည်း ကိုယ် ရွေးချယ်ထားတဲ့ ဘာသာရပ် အလိုက် ကြားနေနိင်မှာ ဖြစ်ပြီး အတော်ကို ပြည့်စုံတဲ့ ၀န်ဆောင်မူလေးပါပဲ။ အခြားလူရဲ့ ပြောကြားခြင်း စကားဆုံးအောင်တော့ စောင့်ဆိုင်းဖို့ လိုမှာဖြစ်ပါတယ်။ ထောက်ပံပေးထားတဲ့ ဘာသာစကားတွေအတွက်တော့ ကုမ္ပဏီက ပြောကြားခြင်း မရှိသေးရကာ အကောင်းဆုံး ၀န်ဆောင်မူတစ်ခုဖြစ်မည်လို့ မျှော်လင့်ရပါတယ်။


စမတ် သတိပေးခြင်းတွေ ပါဝင်လာတဲ့ LG G3

မနေ့က လန်ဒန်မှာ ကျင်းပခဲ့တဲ့ LG ပွဲမှ အချက်အလက် တစ်ချို့ဖြစ်ပါတယ်။ မကြာခင်က သိရှိခဲ့ကြ ပြီးသည့်အတိုင်း G3 ဟာ
၅.၅ လက်မ ရှိတဲ့ HD မျက်နှာပြင်တွေနဲ့ လာခဲ့တာဖြစ်ပြီး မြန်နှုန်း 2.5 တွင် Snapdragon 801 ချိပ်စ်နဲ့လာခဲ့တာ ဖြစ်ပါတယ်။ Android 4.4 KitKat , RAM 2GB နဲ့ဖြစ်ပြီး နဂိုပါပြီးသား အတွင်း မှတ်ဥာဏ်ကတော့ 16 GB ဖြစ်ပါတယ်။ ၀ိုင်ယာလစ် အားသွင်းမူ၊ SD ကဒ် ထောက်ပံမူတွေနဲ့ ဘတ္တရီက 3,000 mAh သုံးပါ။ မိန်းကင်မရာရဲ့ megapixel ကတော့ 13 megaoixel ဖြစ်ပြီး လေဆာ အော်တို Focus တွေပါ, ပါလာတယ်လို့ သတင်းစကားတွေက ဆိုထားပါသေးတယ်။


ဖုန်းကို တစ်ခြားဘာနဲ့မှ မရောထားတဲ့ သတ္တုတွေနဲ့ ပြုလုပ်ထားပြီး ခြစ်ရာ မထင်စေပါဘူး။ သို့ပေမဲ့ G flex ကဲ့သို့တော့ အပြည့်အ၀ မဟုတ်ပါဘူး။ အရောင်တွေ အနေနဲ့ သတ္တုအမည်းရောင်၊ ရွှေရောင်တောက်တောက်၊ ခရမ်းရောင်အဖျော့နဲ့ ပိုးဖြူရောင် ၊ အနီ တို့ကိုရွေးနိင်မှာ ဖြစ်ပြီး လက်ဗွေရာ စနစ်နဲ့ ဒီဇိုင်းပိုင်းမှာ နည်းနည်း G2 ထက်လျော့နေတယ်လို့ ဆိုပါတယ်။ UI က ပြောင်းလဲ တိုးတက်ထားပြီး Google Now နဲ့ Smart Notice ကို ပါဝင်ထားပါတယ်။ စမတ်သတိပေးမူဟာ ဆိုရင်တော့ ဖုန်း Miss call တွေကို မေ့လျော့နေခြင်း မရှိအောင် သတိပေးပေးမှာ ဖြစ်ပြီး အသံနဲ့ မတ်ဆေ့ပို့နိင်ခြင်းတွေကိုပါ ပြုလုပ်နိင်ကာ တစ်ခါတစ်လေ ခေါ်လာတဲ့ ဖုန်းတွေကို contact စာရင်းထဲမှာ မှတ်ဖို့ အသိပေးခြင်းကဲ့သို့ နည်းပညာတွေ ပါဝင်လာတယ်လို့ သိရပါတယ်။ ဈေးနှုန်းနဲ့ ရရှိနိင်တဲ့ နေရာတွေကိုတော့ မသိရှိရသေးကာ ထွက်မယ်ဆိုလျှင်တော့ ကိုးရီးယားကို အရင် ရောက်မှာ ဖြစ်ပါတယ်။  

Tuesday, May 27, 2014

အိတ်ခ်ျအိုင်ဗွီပိုး ရှိနေရင်




မေး။    ။ သွေးစစ်ကြည့်ပြီး အိတ်ခ်ျအိုင်ဗွီပိုး ရှိနေတာ သိရင် ဘာဆက်လုပ်ရပါမလဲ။

ဖြေ။    ။ အိတ်ခ်ျအိုင်ဗွီပိုး ရှိနေပြီလို့ သိလိုက်တာနဲ့ ထိတ်လန့်မသွားပါနဲ့။ မကြာခင် သေရတော့မှာပဲလို့ တွေးပြီး စိတ်ဓါတ်မကျပါနဲ့။ အိတ်ခ်ျအိုင်ဗွီပိုး ရှိတာနဲ့ ချက်ချင်း အေအိုင်ဒီအက်စ် မဖြစ်ပါဘူး။ ရောဂါပိုး ရှိနေတာကို လူတကာ ပြောပြဖို့လည်း မလိုပါဘူး။ မိသားစုထဲက ဖြစ်ဖြစ်၊ မိတ်ဆွေအပေါင်းအသင်းထဲက ဖြစ်ဖြစ် ယုံကြည်စိတ်ချရတဲ့ သူတစ်ယောက်ကို ရင်ဖွင့်ပါ။ ဆွေးနွေးတိုင်ပင်ပါ။ သူရဲ့ နှစ်သိမ့်အားမေးမှုကို ခံယူပါ။ ဆရာဝန် ဆရာမတွေနဲ့ ဆွေးနွေးတိုင်ပင်ပါ။ အိတ်ခ်ျအိုင်ဗွီ အေအိုင်ဒီအက်စ် ရောဂါအကြောင်း ပိုနားလည်အောင် ကြိုးစားပါ။

မေး။    ။ အိတ်ခ်ျအိုင်ဗွီပိုး ရှိတဲ့သူကို အေအိုင်ဒီအက်စ် ရောဂါဖြစ်နေပြီလို့ ပြောလို့ရပါသလား။

ဖြေ။    ။ အိတ်ခ်ျအိုင်ဗွီပိုး ရှိတဲ့သူကို အေအိုင်ဒီအက်စ် ရောဂါဖြစ်နေပြီလို့ ပြောလို့ မရသေးပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ လူရဲ့ ခန္ဓာကိုယ်ထဲမှာ အိတ်ခ်ျအိုင်ဗွီပိုး ရှိနေပေမယ့် ရောဂါလက္ခဏာ မပြသေးတော့ လူကောင်း တစ်ယောက်လိုပါပဲ။ ဖျားတဲ့နာတဲ့ လက္ခဏာ လုံးဝမရှိပဲ သာမန်လူကောင်း တစ်ယောက်လို သွားလာလှုပ်ရှား အလုပ်လုပ်နိုင်ပါတယ်။ ဒါပေမယ့် အိတ်ခ်ျအိုင်ဗွီပိုး ရှိနေတဲ့ အတွက် သူကနေ တဆင့် ရောဂါပိုးတွေ ကူးနိုင်ပါတယ်။

အဲဒီလူကို “အိတ်ခ်ျအိုင်ဗွီပိုး ရှိသူ” ဒါမှမဟုတ် “အိတ်ခ်ျအိုင်ဗွီပိုး သယ်ဆောင်သူ” လို့ ခေါ်ပါတယ်။ အိတ်ခ်ျအိုင်ဗွီပိုး ရှိနေပေမယ့် ချက်ချင်း အေအိုင်ဒီအက်စ် မဖြစ်ပါဘူး။ ပိုးဝင်ပြီး နှစ်တော်တော်ကြာမှ သွေးဖြူဥတွေ ပျက်ပြီး၊ ကိုယ်ခံအားတွေ ကျဆင်းလာပြီး တခြားရောဂါပိုးတွေ ခန္ဓာကိုယ်ကို ဝက်ရောက် ဒုက္ခပေးတဲ့ အခါကျမှသာ ရောဂါလက္ခဏာတွေ ပေါ်လာပါတယ်။ အဲဒီ အဆင့်ကို ရောက်မှသာ “အေအိုင်ဒီအက်စ်” လို့ ခေါ်ပါတယ်။

ကျန်းမာရေး ဦးစီးဌာနနှင့် ကမ္ဘာ့ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (မြန်မာ) တို့ ပူးပေါင်းထုတ်ဝေသော “HIV/AIDS အမေးအဖြေများ” ဟု အမည်ရသော စာအုပ်မှ ပြန်လည် ရေးသား ဖော်ပြထားခြင်း ဖြစ်ပါသည်။

DNA test for HIV infection
 • စမ်းသပ်နေကြနည်းထက် စောပြီး သိမယ်။

• ပိုးကသွေးထဲ ဝင်လာတာနဲ့ ‘အင်တီဘော်ဒီ’ တွေ စထုတ်မယ်။ ဒါပေမဲ့ ဒီ ‘အင်တီဘော်ဒီ’ တွေက ပိုးကိုခံမချနိုင်ဘူး။ ရောဂါရှာဖွေရေး အတွက်သာ အသုံးဝင်သလိုဖြစ်နေတယ်။


• HIV antibody test ‘အင်တီဘော်ဒီ’ စမ်းနည်းကို ELISA or EIA နည်းလို့ခေါ်တယ်။ စံချိန်ကိုက်စမ်းနည်း ဖြစ်တယ်။ ဗိုင်းရပ်စ်ပိုးကို လိုက်ရှာတာ မဟုတ်ပါ။


• DNA test နည်းကို NAAT = Nucleic acid amplification testing လို့ခေါ်တယ်။ ပိုးကိုလိုက်စမ်းတဲ့နည်း ဖြစ်တယ်။ 

အင်တီဘော်ဒီနည်းထက် စောသိမယ်။ ART ဆေးပေးနေသူတွေကို စောင်ကြည့်ရာမှလုပ်ရတဲ့ Viral load test နည်းနဲ့ ဆင်တယ်။

• အားနည်းချက်တွေ ရှိတယ်။ သိပ်အထိမခံသလိုဖြစ်လို့ မှားပြီး အပေါင်းပြတတ်တယ်။ ဒါကြောင့် ဒီနည်းမှာ အပေါင်းပြသူတိုင်းကို စံချိန်ကိုက် စမ်းနည်းဆက်လုပ်ရမယ်။ နေရာတိုင်းမှာ DNA test စမ်းနည်းမလုပ်ပါ။


• ပိုးဝင်ပြီး ၆ ရက် ကနေစပြီး စမ်းနိုင်ပြီ။ ၂၁ ရက်မှာစမ်းတာ ပိုသင့်တယ်လို့ ညွှန်ကြားချက်ထုတ်ထားတယ်။


• ၁ဝဝ% တိကျတယ်လို့တော့ ပြောမရပါ။


ဒေါက်တာတင့်ဆွေ (၂၄-၅-၂ဝ၁၄)
ဒေါက်တာတင့်ဆွေ - DNA test for HIV infection

HIV, ART နှင့် ကာကွယ်ဆေးများ (အမေးအဖြေ)

မေး။    ။ ART စားနေရတဲ့ HIV Positive သမားဟာ အသည်းရောင် အသားဝါ ဘီကာကွယ်ဆေးထိုးလို့ ရပါသလား ခင်ဗျာ။ ဘယ်လိုကာကွယ်ဆေးတွေ ထိုးလို့ရပြီး ဘယ်ကာကွယ်ဆေးတွေ ထိုးလို့ မရဘူးဆိုတာ သိပါရစေ။

ဖြေ။    ။ HIV ပိုးရှိသူဟာ အသည်းရောင်အသားဝါ ဘီကာကွယ်ဆေး ထိုးလို့ရပါတယ်။ ဆေးမထိုးခင်မှာ လက်တလော အသည်းရောင်နေသလားဆိုတာကိုတော့ ဆရာဝန်နဲ့ သေသေချာချာ စစ်ဆေးသင့်ပါတယ်။

HIV ပိုးရှိသူတွေ ထိုးထားသင့်တဲ့ ကာကွယ်ဆေးတွေကတော့ -
၁) အသည်းရောင် အသားဝါဘီပိုး Hepatiits B vaccine
၂) မေးခိုင်၊ ဆုံဆို့ပိုး Tetanus, Diptheria, vaccine
၃) လိင်အင်္ဂါ ကြွက်နို့ပိုး Human Papilloma vaccine
၎) အဆုတ်ရောင်ပိုး Pneumococal vaccine
၅) ပါးချိန်ရောင်၊ ၀က်သက်၊ ဂျိုက်သိုးပိုး Measles, Mumps, Rubella vaccine
၆) တုတ်ကွေးပိုး Influenza vaccine
၇) ဦးနှောက် အမှေးရောင်ပိုး Meningococcal vaccine

ဒါတွေအားလုံးကို မထိုးခင်မှာ သက်ဆိုင်ရာ ဆ၇ာဝန်နဲ့ စနစ်တကျ ပြသရပါမယ်။

မထိုးသင့်တဲ့ ကာကွယ်ဆေးတွေကတော့ -
၁) Anthrax vaccine ထောင့်သန်းရောဂါပိုး
၂) Smallpox vaccine ကျောက်ပေါက်မှန်ပိုး စတာတွေပါ။


မေး။    ။ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ် ART ဆေးပေနေတဲ့ လိပ်စာသိချင်ပါတယ်။ ဖုံးနံပါတ်ပါ သိချင်ပါတယ်။

ဖြေ။    ။ လောလောဆယ်တော့ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်ရှိ အစိုးရ ပြည်သူ့ဆေးရုံတွေမှာ ART ပေးနေပါတယ်။ ကာလသားရောဂါ တိုက်ဖျက်ရေး ဌာနလို့ ခေါ်ပါတယ်။ ဖုန်းနံပါတ်တော့ မရနိုင်သေးပါဘူးခင်ဗျာ။ တခြား NGO တွေကို စုံစမ်းပြီး ထပ်ပြောပေးပါ့မယ်။
မဲဆောက်မှာတော့ IOM အဖွဲ့ရှိပါတယ်။ အရင်က သံဖြူဇရပ်နဲ့ မုဒုံမှာလည်း IOM ရှိပါတယ်။ အခုတော့ ရှိသေးလား မသေချာပါဘူး။

လမင်းကို

Friday, May 23, 2014

လူ့တန်ဖိုးမေ့လျော့ခံရခြင်း


အကြောင်းအမျိုးမျိုးဖြင့် လူသားတစ်ယောက် သေဆုံး (သို့မဟုတ်) ဒဏ်ရာရခဲ့သည့် မှုခင်းများ အနက် အလုပ်သမားများ လုပ်ငန်းခွင် အတွင်း မတော်တဆ မှုနှင့် ပေါ့လျော့မှုကြောင့်ဖြစ်ပွားသည့် မှုခင်းများမှာ အများဆုံးပါဝင်နေပါသည်။ လက်ရှိအခြေအနေများအရ ကျွမ်းကျင်လုပ်သား ရှားပါးခြင်း၊ အလုပ်သမားများ လုပ်ငန်းအတွေ့အကြုံနည်းပါးခြင်းတို့အပြင် လုပ်ငန်းရှင်သူဌေး ကိုယ်တိုင်က အလုပ်သမားများ၏ လုပ်ငန်းခွင်ဆိုင်ရာ ဘေးအန္တရာယ်ကင်းရေးအတွက် တာဝန်ယူမှု၊ တာဝန်ခံမှုနည်းပါးခြင်းက အဓိကအကြောင်းရင်း ဖြစ်နေပါသည်။

အမှုကြီးဆယ်မျိုး အပါအ၀င် မြန်မာတစ်နိုင်ငံ လုံးတွင် ဖြစ်ပွားသည့် မှုခင်းအားလုံးအနက် လုပ်ငန်းခွင် မတော်တဆမှုနှင့် ပေါ့လျော့မှု တို့ကြောင့်ဖြစ်ပေါ်သည့် သေဆုံး၊ ဒဏ်ရာရမှုမှာ ပျမ်းမျှအားဖြင့် နှစ်စဉ် ၂၅ ရာခိုင်နှုန်းခန့်အထိရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၏ မှုခင်းနှစ်ချုပ်စာရင်းများအရ သိရသည်။ ကာယကံရှင်အလုပ်သမား၏ လုပ်ငန်းပိုင်းဆိုင်ရာ အသိပညာနည်းပါးမှု၊ လုပ်ငန်းရှင်၏ နည်းပညာဆိုင်ရာ အထောက်အပံ့အားနည်းမှုနှင့် လုပ်ငန်းခွင်အတွင်း ကြိုတင်ပြင်ဆင်မှု အားနည်းခြင်းတို့ကြောင့် လူသေဆုံး၊ ဒဏ်ရာရမှုဖြစ်စဉ်၏ နောက်ကွယ်တွင် သက်ဆိုင်ရာမိသားစုဝင်များ နေ့စဉ် စားဝတ်နေရေးအတွက် ဒုက္ခပင်လယ်ဝေကြရသည်။ ထို့ကြောင့် ယင်းအခြေ အနေကို စနစ်တကျထိန်းသိမ်း ကာကွယ်ရန် အရေးတကြီးလိုအပ်နေကြောင်း လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ပတ်သက်၍ Global Enchanting Eduction Center မှ လုံခြုံရေးဆိုင်ရာ အရည်အသွေးစစ်ဆေးရေးအရာရှိ ဦးအောင်ကိုကပြောသည်။

‘‘လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးက ဘယ်လောက်အရေးပါလဲဆိုရင် အလုပ်သမားတစ်ယောက်သေတာနဲ့ သူ့နောက်က မိသားစုဝင်တွေလည်း ဒုက္ခရောက်ကြတာပဲ။ လူကိုလူလိုမြင်ရင် သူဌေးတို့၊ အင်ဂျင်နီယာတို့ကိုတင် တန်ဖိုးထား အရေးပေးနေရမှာ မဟုတ်ပါဘူး။ အလုပ်သမားလည်း လူပါပဲ’’ဟု ဦးအောင်ကိုက ပြောသည်။

‘‘တန်ရာတန်ကြေးနဲ့ အလုပ်ပေးထားတယ်ဆိုပြီး မျက်နှာလွှဲခဲပစ်မလုပ်ဘဲ ကိုယ်ချင်းစာစိတ်နဲ့ လုပ်ငန်းခွင်ထဲက အလုပ်သမားတွေရဲ့ မတော်တဆထိခိုက်မှုတွေ လျော့နည်းအောင် လုပ်ငန်းရှင်တွေအနေနဲ့ ကာကွယ်ပေးသင့်ပါတယ်’’ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ အငြိမ်းစားရဲမှူးကြီးညွန့်လှိုင်ကပြောသည်။ မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာနှင့် ဖြစ်သမျှ မှုခင်းဖြစ်စဉ်များအနက် လုပ်ငန်းခွင်မတော်တဆမှုကြောင့်ဖြစ်သည့် လူသေဆုံး၊ ဒဏ်ရာရမှုမှာ အများဆုံးဖြစ်နေခြင်းကို ရည်ရွယ်၍ အငြိမ်းစားရဲမှူးကြီးက ပြောခြင်းဖြစ်ပါသည်။ ယခုနှစ်အတွင်း သိသာထင်ရှားသော လုပ်ငန်းခွင်မတော်တဆမှုအဖြစ် ဧပြီလက ရန်ကုန်တိုင်းဒေသကြီး အလုံမြို့တွင် ဖြိုလက်စအဆောက်အအုံပြိုကျသောကြောင့် ဆောက်လုပ်ရေးအလုပ်သမားသုံးဦး သေဆုံးခဲ့သည်။

ဥပဒေအရ လုပ်ငန်းရှင်တွင် တာဝန်အပြည့်အ၀ရှိသော်လည်း အဆိုပါအမှုမျိုးမှာ ကရုဏာကြေးဟု ခေါင်းစဉ်တပ်ထားသည့် လျော်ကြေးနှင့်ပင် အမှုပိတ်သိမ်းလေ့ရှိသောကြောင့် ဥပဒေအရ အားနည်းချက်များရှိကြောင်း အလုပ်သမားအရေးဆောင်ရွက်သူ ရှေ့နေဦးမြင့်ဦးကပြောသည်။ ထို့အပြင် သတ္တုတူးဖော်ခြင်းလုပ်ငန်းများစွာရှိနေသည့် ဖားကန့်၊ ရမည်းသင်းနှင့် သပိတ်ကျင်းမြို့နယ်ကဲ့သို့ ဒေသများတွင်လည်း လုပ်ငန်းခွင်မတော်တဆမှုကြောင့် အလုပ်သမားသေဆုံးမှု မကြာခဏဖြစ်ပွားနေပြီး လုပ်ငန်းရှင်များအား ထိရောက်သောအရေးယူမှုမျိုး မရှိခဲ့ကြောင်း ဦးမြင့်ဦးကပြောသည်။

‘‘ကျွန်တော်တို့က ကန်ထရိုက်ကတစ်ဆင့် နေ့စားဝင်လုပ်ရတာဆိုတော့ သူတို့ကိုယ်ပိုင်အလုပ်သမားတွေဝတ်တဲ့ ၀တ်စုံတွေမရပါဘူး။ တောင်းတော့ မင်းတို့အတွက်မပါဘူးလို့ အလုပ်သမားခေါင်းကပြောတယ်။ လုပ်နိုင်ရင်လုပ်၊ မလုပ်နိုင်ရင်ထွက်လို့ပြောတော့လည်း ဒီလိုပဲလုပ်နေရတာပေါ့’’ဟု ဘုရင့်နောင်ပွဲရုံအနီး ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှ အသက်(၁၈)နှစ်အရွယ် ဆောက်လုပ်ရေးအလုပ်သမား ဝေလွင်ကပြောသည်။ လုပ်ငန်းခွင်အတွင်း အလုပ်သမားတစ်ယောက် သေဆုံး၊ ဒဏ်ရာရပါက ကျန်ရစ်သူမိသားစုကို လုပ်ငန်းရှင်ကပေးသည့် လျော်ကြေးငွေ သိန်းဆယ်ဂဏန်းခန့် ငွေကြေးပမာဏမှာ ကာယကံရှင်မိသားစုအတွက် အလွန်များသည့် ငွေကြေးအဖြစ် ထင်မှတ်နေခြင်းကလည်း အရေးယူမှုအပိုင်းအားနည်းရခြင်း၏ အကြောင်းရင်းတစ်ရပ်ဖြစ်ကြောင်း ဦးမြင့်ဦးက သုံးသပ်သည်။

‘‘မိသားစုဝင်တွေက တစ်ခါမှမရဖူးတဲ့ ငွေကြေးကိုယူပြီး ပြန်သွားတယ်။ ကုန်လည်းကုန်ရော ဒုက္ခတွေရောက်ကုန်ကြတယ်။ ငွေရရေးအတွက် အမြန်ကျေအေးလိုက်တော့လည်း အရေးယူတဲ့အပိုင်း မထိရောက်တော့ဘူးပေါ့’’ဟု ဆိုပါသည်။ ဆောက်လုပ်ရေးလုပ်ငန်းများစွာရှိနေသည့် ရန်ကုန်မြို့တွင် လုပ်ငန်းခွင်တော်တော်များများ၌ Safety First ဟူသည့် ဗီနိုင်းများ ဟိတ်ဟန်ကြီးကြီး ထားရှိကြသော်လည်း အမှန်တကယ်တွင်မူ လိုက်နာမှုများနည်းကြောင်း စမ်းချောင်းမြို့နယ် ကျွန်တောလမ်းရှိ ကားပါကင်ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ နေ့စားအလုပ်သမား ဦးလှစိုးက ပြောသည်။ ‘‘ကုမ္ပဏီတွေက သူတို့ကိုယ်ပိုင်အလုပ်သမားတွေကိုပဲ လုပ်ငန်းသုံးဝတ်စုံပေးတာ။ ကျွန်တော်တို့လို ကန်ထရိုက်ကခေါ်လို့ လာလုပ်တဲ့သူတွေကို မပေးဘူး။ ဒီအတိုင်းပဲ လုပ်နေရတာပဲ။ တစ်ခါတစ်လေ အမြင့်တွေတက်ရင်တောင် ပုဆိုးကွင်းသိုင်းပြီး တက်ရတာ’’ဟု ဆိုသည်။

‘‘အလုပ်သမားအများစုက ဗဟုသုတနည်းသလို လုပ်ငန်းရှင်ကလည်း တာဝန်ယူမှုအားနည်းတယ်။ အလုပ်သမားကိုယ်တိုင်က အမြင့်တက်ရင် လိုအပ်တဲ့လုံခြုံရေးဝတ်စုံလိုချင်ရင်တောင် အလုပ်ပိုင်ရှင်က ထုတ်မပေးတာမျိုးရှိတယ်။ ဒီမှာလက်ရှိသုံးနေတဲ့ ၀တ်စုံတွေကလည်း အရည်အသွေးညံ့ပါတယ်။ လိုအပ်ချက်တွေကတော့ အများကြီးပါ’’ဟု Global Enchanting Eduction Center မှ အတိုင်ပင်ခံ ဦးဝေဖြိုးဦးကပြောသည်။ လုပ်ငန်းခွင်အန္တရာယ် အများဆုံးရင်ဆိုင်နေရသည့် လုပ်ငန်းများမှာ ဆောက်လုပ်ရေး၊ သင်္ဘောကျင်း၊ သတ္တုနှင့် ရေနံတူးဖော်သည့် လုပ်ငန်းများအပြင် အမျိုးသမီးအများစု အလုပ်လုပ်နေသည့် အထည်ချုပ်ကဲ့သို့ စက်ရုံများဖြစ်နေပြီး ကျွမ်းကျင်လုပ်သားရှားပါးခြင်းကလည်း မတော်တဆဖြစ်ပွားမှုများခြင်း၏ အကြောင်းအရင်းတစ်ရပ်ဖြစ်ကြောင်း Hertz ElectriGroup အမည်ဖြင့် ဆောက်လုပ်ရေးလုပ်သားများအား လျှပ်စစ်ဝိုင်ယာရိန်းတပ်ဆင်နည်း သင်တန်းပေးနေသည့် မန္တလေးမြို့မှ ကိုတင်မောင်လတ်ကပြောသည်။

‘‘အများစုက လုပ်ရင်းနဲ့တတ်လာတာ။ ဒါပေမဲ့ နည်းပညာက တိုးတက်လာတော့ တချို့အပိုင်းတွေမှာ လိုအပ်ချက်တွေရှိတယ်။ စာတွေ့မရှိကြတော့ ပညာရပ်ပိုင်းဆိုင်ရာ အခက်အခဲရှိကြတယ်။ ဆောက်လုပ်ရေးပိုင်းမှာဖြစ်ဖြစ် ၀ိုင်ယာရိန်းပိုင်းမှာဖြစ်ဖြစ် ကျွမ်းကျင်လုပ်သားတွေသုံးဖို့ လိုသလို အရည်အသွေးမီတဲ့ အကာအကွယ်ပစ္စည်းတွေ ထုတ်ပေးနိုင်ဖို့ လိုတယ်။ ဒီအလုပ်တွေက တစ်ချက်အမှားမခံဘူးလေ’’ဟု ကိုတင်မောင်လတ်ကပြောသည်။ ‘‘အလုပ်ရှင်တွေကလည်း အလုပ်သမားတွေ လုပ်ငန်းခွင်ထဲ ထိခိုက်မှုဖြစ်လာရင် ကုမ္ပဏီနာမည်မပျက်ဖို့ပဲ ဦးစားပေးဖြေရှင်းကြတာ။ အရည်အသွေးညံ့ပြီး တကယ့်ကို အကာအကွယ်မပေးနိုင်တဲ့ ပစ္စည်းတွေဝယ်ပေးထားတာကိုက အဓိပ္ပာယ်မရှိပါဘူး။

အလုပ်ရှင်တွေဘက်က တော်တော်လေးစိတ်ဝင်စားမှုနည်းပါးတယ်။ ကျွန်တော် အကြံပြုချင်တာကတော့ ကျွန်တော်တို့အပြင် အစိုးရကိုယ်စားလှယ်တာဝန်ရှိသူတွေက စည်းကမ်းချက်တွေ တင်းတင်းကျပ်ကျပ်ထုတ်ပြန်ပြီး သတိပေးဖို့လိုနေပါပြီ’’ဟု ဦးအောင်ကိုက အကြံပြုသည်။
လုပ်ငန်းခွင်မတော်တဆမှုဖြစ်ပြီး လူသေဆုံး/ဒဏ်ရာရမှုများအနက် ဆောက်လုပ်ရေးလုပ်ငန်းများတွင် လူသေမှုအများဆုံးဖြစ်နေကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန၊ အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

‘‘ဆိုက်မှာတော့ safety First တွေ ဘာတွေ လာပြောမနေနဲ့။ ဘာမှကို ပြင်ဆင်မှုမရှိတာ။ နေပူပူ၊ မိုးရွာရွာ တစ်ချိန်လုံး အင်အားအကုန်သုံးပြီး လုပ်ရတာ။ ဒီကြားထဲ အလုပ်သမားခေါင်းက နေ့စားခကို ဖြတ်ယူတာ ခံရသေးတာ။ ဒီနားမှာတော့ အလုပ်သမားရပိုင်ခွင့်တွေ၊ အခွင့်အရေးတွေ အားလုံးနီးပါးမသိကြပါဘူး။ ကိုယ်ဖြစ်ကိုယ်ခံပဲ’’ဟု ဆင်မလိုက်သင်္ဘောကျင်းတွင် အလုပ်လုပ်နေသည့် ကိုဖိုးဝကပြောသည်။ လုပ်ငန်းခွင်အတွင်း မတော်တဆမှုများကြောင့် ထိခိုက်သေဆုံးမှုလျော့ကျရေးအတွက် လုပ်ငန်းခွင်သုံးပစ္စည်းများ သုံးစွဲလုပ်ကိုင်စဉ် ထိခိုက်သေဆုံးမှုဖြစ်ပါက သက်ဆိုင်ရာကုမ္ပဏီနှင့် စစ်ဆေးကြီးကြပ်သူတို့ကို တရားစွဲဆိုသွားမည်ဖြစ်ကြောင်း အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးက သတင်းစာရှင်းလင်းပွဲပြုလုပ်၍ ပြောကြားခဲ့သည်။

ထို့အပြင် မြန်မာနိုင်ငံ၌ လုပ်ငန်းခွင်အတွင်း အသုံးပြုနေသည့် လုံခြုံရေးပစ္စည်းများမှာ အလုပ်သမားများအတွက် လုံခြုံရေးအာမခံမရှိဘဲ အသုံးပြုနေသဖြင့် မကြာမီထွက်ရှိမည့် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာနည်းဥပဒေတွင် လုံခြုံရေးပစ္စည်းများ စစ်ဆေးသည့် အဖွဲ့ဖွဲ့၍ အရေးယူနိုင်ရေး ဥပဒေရေးဆွဲသွားမည်ဖြစ်ကြောင်း အဆိုပါဝန်ကြီးဌာနမှ သတင်းရရှိသည်။ အလုပ်သမားများ၏ လုပ်ငန်းခွင်အန္တရာယ်ထိခိုက်မှုအတွက် အကာအကွယ်ပေးသောဥပဒေများ ထုတ်ပြန်ပေးမည်ကို မျှော်လင့်သော်လည်း အမှန်တကယ် အန္တရာယ်ကင်းရှင်းရေးမှာ လိုအပ်ချက်များစွာရှိနေကြောင်း အလုပ်သမားအရေးဆောင်ရွက်သူ ရှေ့နေဦးနေ၀င်းက ထောက်ပြပြောဆိုသည်။ ‘‘အလုပ်ရှင်တွေကိုယ်တိုင် အလုပ်သမားတွေရဲ့လုံခြုံရေးအတွက် အာရုံစိုက်မှုအားနည်းတယ်။ အကျိုးအမြတ်ကိုပဲ ဦးစားပေးတာမျိုးဖြစ်နေတယ်။

အလုပ်သမားဆိုတာလည်း စီးပွားဖက်ချင်းပဲလေ။ အလုပ်သမားတစ်ယောက် ထိခိုက်သွားရင် နောက်က သူတို့မိသားစုပါ ဒုက္ခရောက်တာ။ ၀န်ကြီးဌာနအနေနဲ့ အရေးယူမှုအပိုင်းမှာ လက်တွေ့ပါဖို့တော့ လိုတယ်’’ဟု ပြောသည်။ ‘‘လုပ်ငန်းရှင်တွေ၊ အလုပ်သမားတွေနဲ့ သက်ဆိုင်ရာဌာနတာဝန်ရှိသူတွေ လက်တွဲညီညီနဲ့ ၀ိုင်းဝန်းဖြေရှင်းရင်တော့ ရဲတပ်ဖွဲ့ရဲ့ မှုခင်းစာရင်းမှာလည်း မတော်တဆမှုကြောင့် အပြစ်မဲ့သူတွေသေတဲ့နှုန်း လျော့သွားမယ်လို့ မျှော်လင့်ပါတယ်’’ဟု အငြိမ်းစားရဲမှူးကြီးညွန့်လှိုင်ကပြောပါသည်။

Credit: 7 Days News Journal

Thursday, May 22, 2014

ရာသီလာချိန် အမျိုးသမီးတွေ တွေးလေ့ရှိတဲ့ အရာများ


အမျိုးသမီးတွေဟာ ဓမ္မတာရက် အတွင်းမှာ စိတ်အလိုမကျဖြစ်တာမျိုးတွေ၊ အကြောင်းမရှိ ၀မ်းနည်းတတ်တာမျိုးတွေ၊ အလုပ်မှာ အဆင်မပြေတာမျိုးတွေ ရှိတတ်ကြပါတယ်။ တစ်လမှာတစ်ခါ စိတ်ချုပ်တည်းမှုတွေ၊ နာကျင်ကိုက်ခဲမှုတွေ ကြုံတွေ့ရမြဲဖြစ်တဲ့ အမျိုးသမီးတွေရဲ့ ရာသီလာချိန်ခံစားရဲ့ ဖီလင်နဲ့ အတွေးတွေကတော့ တူညီနေတတ်ပါတယ်။ ဒါ့ကြောင့် သူတို့ဒီလိုခံစားမှုတွေ ရှိနေချိန် ဘေးနားက လူတွေရဲ့ နားလည်မှုနဲ့ အားပေးမှုကို လိုအပ်ကြပါတယ်။ ဒီလိုအချိန်တွေမှာ သူတို့တွေးလေ့၊ ခံစားရလေ့ရှိတဲ့ အရာတွေကတော့ -

၁။ ကြည့် ဒီလိုနေ့မျိုးမှ ရာသီလာရသလား။ ခရီးသွားမယ့်ရက်နဲ့တော့ တိုက်ပါပြီ။
ခရီးတစ်ခုခု သွားတော့မယ်ဆို အဲ့ဒီရက်က ရာသီလာမယ့်အချိန်နဲ့မှ လွတ်ရဲ့လား။ ကွက်တိဖြစ်နေပြီလား ဆိုတာလည်း စဉ်းစားရတာအမောပါ။ ရက်တိုက်ပြီဆိုရင်တော့ အမျိုးသမီးတွေအတွက် စိတ်ပျက်ရပြီပေါ့။

၂။ ရာသီလာရမယ့်နေ့ဖြစ်နေပြီ။ ရက်တွေနောက်ကျသွားတာလား ဒါမှမဟုတ် ကိုယ်ဝန်တွေ ဘာတွေများရှိနေပြီလား။
ရည်းစားချစ်သူရှိတဲ့သူ၊ ကိုယ့်ရည်းစားနဲ့ အတူနေပြီးသွားတဲ့ မိန်းကလေးတွေရဲ့ ဆိုက်ကိုပါပဲ။ လာမယ့်ရက်ထက် နောက်ကျနေပြီဆို ခေါင်းခြောက်စရာကိစ္စတွေ ဖြစ်လာပြီပေါ့။

၃။ ဗိုက်တွေ တစ်ချိန်လုံးအောင့်ပြီး နေလို့မကောင်းဘူး။ ဘယ်လိုလုပ်ရပါ့မလဲ။
သူငယ်ချင်းတွေနဲ့ ပါတီလား၊ နိုး မသွားနိုင်ပါဘူး။ မွေးနေ့ပွဲလား။ ဖြစ်နိုင်ရင် မလာပါရစေနဲ့။ ဗိုက်တွေက တစ်ချက်ချက်ထိုးအောင့်လာတာ မခံစားနိုင်ဘူး ဆိုတာမျိုးကလည်း အမျိုးသမီးတွေ ဓမ္မတာအတွင်း ခံစားရတဲ့ ဝေဒနာပေါ့။

၎။ စားရတာလည်း ဘာမှအရသာမရှိတော့သလိုပါပဲလား။
တစ်ခုခု စားမိတိုင်းလည်း အရသာမရှိသလိုလို၊ စားချင်စိတ် မရှိသလိုလိုနဲ့ စိတ်ကအလိုလို ထိုင်းမှိုင်းနေတတ်ပါတယ်။

၅။ ဘာဝတ်ဝတ် တစ်ခုမှ အဆင်မပြေဘူး။ ၀တ်စရာလည်း မရှိတော့ဘူး။
အပြင်သွားခါနီး ဘာအင်္ကျီဝတ်ရမှန်း မသိတာမျိုး၊ ၀တ်တိုင်းလည်း အဆင်ပြေတယ်လို့ မခံစားမိတာမျိုးတွေကြောင့် စိတ်ရှုပ်ရတာမျိုးတွေ ဖြစ်တတ်ပြန်ရော။

၆။ ကြည့်လိုက်တိုင်း ဇာတ်ကားတွေကလည်း စိတ်မကောင်းစရာချည်းပဲ။ ငိုပဲငိုနေရတော့တာပဲ။
ဓမ္မတာရက်အတွင်း မိန်းကလေးတွေဟာ စိတ်အားငယ်တာ၊ ၀မ်းနည်းနေတတ်တာမျိုးတွေ ဖြစ်နေတတ်တာမို့ အရင်တုန်းက အားငယ်စရာလို့ မခံစားမိတဲ့ အရာတွေကိုတောင် ၀မ်းနည်းစရာလို့ မြင်နေတတ်ပါတယ်။

၇။ GYM ဘယ်လို့သွားဆော့ရတော့မှာလဲ။
ဒီလိုအချိန်မှာ ဘယ်သူက လေ့ကျင့်ခန်းလုပ်ချင်မှာလဲနော်။

၈။ ရာသီလာတာ ရပ်သွားပြီလို့ ထင်တာဟာ မပြီးသေးဘူး။ သေချင်တယ်။
ကိုယ်က ရာသီပြီးသွားပြီအမှတ်နဲ့ အေးဆေးနေလိုက်ကာမှ မပြီးသေးမှန်းသိသွားရလို့ စိတ်ပျက်သွားရတာမျိုးကလည်း အာရုံနောက်စရာ တစ်မျိုးပါပဲ။

၉။ ခုတော့ လွတ်လပ်သွားပြီ။ ပျော်စရာကြီး။
ဓမ္မတာပြီးသွားတဲ့အချိန် ခံစားရတဲ့ လွတ်လပ်ပျော်ရွှင်မှုဟာ အမျိုးသမီးတွေအတွက်တော့ တကယ့်ကို အဖိုးမဖြတ်နိုင်တဲ့ အရာပါပဲ။
၁၀။ ဟာ ရက်ကနီးလာပြီ။ ဆောင်စရာရှိတာတွေ ဘယ်သွားသွားယူသွားမှဖြစ်မယ်။

စိုးရိမ် ပူပန်စရာတွေထဲမှာ ရာသီလာခါနီး ဘယ်သွားသွား စိတ်မဖြောင့်တာမျိုးကလည်း တစ်ခု အပါအ၀င်ပေါ့။ ဘယ်သွားသွား အမျိုးသမီးသုံးပစ္စည်းတွေ ထည့်သယ်သယ်သွားနေရတာကိုက အာရုံနောက်စရာပေါ့။

Ref:womenshealthmag.com

Trend Myanmar - ရာသီလာချိန် အမျိုးသမီးတွေ တွေးလေ့ရှိတဲ့ အရာများ 

HIV ပိုး ဆန့်ကျင်နိုင်သော ပရိုတင်းများကို သြစတေးလျ သန္တာကျောက်တန်းများတွင် တွေ့ရှိခဲ့
 HIV ဗိုင်းရပ်ကို ခုခံအား T ဆဲလ်တွေထဲကို ၀င်ရောက်ခြင်းမှ ကာကွယ်ပေးနိုင်သော ပရိုတင်း အမျိုးအစားများကို သြစတေးလျနိုင်ငံရဲ့ ကမ်းလွန် သန္တာကျောက်တန်းတွေမှာ ရှာဖွေတွေ့ ရှိခဲ့ပါတယ်။ ဒီသန္တာကျောက်တန်းကရတဲ့ ပရိုတင်းတွေကို လိင်ကိစ္စတွေမှာ အသုံးပြုတဲ့ ချောဆီ၊ ကွန်ဒုံးတွေမှာ ထည့်သွင်း အသုံးပြုခြင်းအားဖြင့် HIV ပိုး ကူးစက်ခြင်းကို ရာခိုင်နှုန်း တစ်ခုအထိ လျှော့ချနိုင်မယ်လို့ ဆေးပညာ သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။ သုတေသီ Barry O Keefe က ဒီလို အာနိသင်ရှိတဲ့ ပရိုတင်းကို တွေ့ရှိတာ ပထမဆုံးအကြိမ် ဖြစ်ကြောင်းနဲ့ ယခု သန္တာကျောက်တန်းမှရတဲ့ ပရိုတင်းကို cnidarins လို့ခေါ်ဆိုကြောင်း ရှင်းပြ ခဲ့ပါတယ်။

သြစတေးလျနိုင်ငံမြောက်ပိုင်း ကမ်းရိုးတန်းလွန်ဒေသမှာ တွေ့ရှိရတဲ့ cnidarins မှာ အဲဒီလို အာနိသင်ရှိကြောင်းကို သြစတေးလျနိုင်ငံ၊ အမျိုး သားကင်ဆာနဲ့ ဗိုင်းရပ်ပိုးဆိုင်ရာ အင်စတီကျုက သူ့မှာပါဝင်တဲ့ ထောင်နဲ့ချီတဲ့ သဘာဝ ပစ္စည်းတွေကို စစ်ဆေးသုံးသပ်ပြီးမှ ယခုလိုကြေညာနိုင်ခြင်း ဖြစ်ပါတယ်။ ဒီပရိုတင်းက HIV ပိုး ကူးစက်ခြင်းနဲ့ ခုခံအားစနစ်ကို ထိုးဖောက်ဝင်ရောက်ခြင်းမှ ကာကွယ် နိုင်မှုတွေကြောင့် ကာကွယ်ဆေးများမှာလည်း အသုံးပြုနိုင်ချေ ရှိမရှိကို ဆက်လက် လေ့လာနေကြပါတယ်။

မေလ ၁၉ ရက် ၂၀၁၄ ခုနှစ်
Health Updates Journal


ရောဂါသုံးမျိုး တိုက်ဖျက်ရေး အမေရိကန်ဒေါ်လာ ၉၁ သန်း 3MDG ထောက်ပံ့မည်

 မြန်မာနိုင်ငံတွင် HIV/AIDS၊ တီဘီနှင့် ငှက်ဖျားရောဂါ တိုက်ဖျက်ရေး လုပ်ငန်းများ တိုးမြှင့်လုပ်ဆောင်ရန် အမေရိကန်ဒေါ်လာ ၉၁ သန်းကို ထောင်စုနှစ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက် သုံးမျိုး ရန်ပုံငွေအဖွဲ့ (3MDG) က သုံးနှစ် စီမံကိန်းချ ထောက်ပံ့သွားမည် ဖြစ်ကြောင်း မေလ ၂၁ ရက်နေ့တွင် 3MDG က ထုတ်ပြန်သည်။
စီမံကိန်းအားလုံးကို ကျန်းမာရေး ဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီချက် ရရှိထားပြီး ဆင်းရဲနွမ်းပါးပြီး သွားလာရ ခက်ခဲသော ဒေသများကို ဦးစားပေး ဆောင်ရွက်ရန် ရည်ရွယ်ကြောင်း၊ 3MDG က ရွေးချယ်ထားသော စီမံချက်မြို့များကို ယခုနှစ် ဧပြီလမှ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလအထိ ထောက်ပံ့သွားမည် ဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရောဂါကြီး သုံးမျိုးထဲမှ ရွှေ့ပြောင်းလုပ်သားများကို ခြိမ်းခြောက်နေသော ငှက်ဖျားရောဂါအတွက် အသုံးစရိတ် အများဆုံးအဖြစ် အမေရိကန်ဒေါ်လာ ၄၂ သန်းကျော် ချထားပြီး HIV/AIDS အတွက် အမေရိကန်ဒေါ်လာ ၂၇ သန်းကျော် သုံးစွဲမည် ဖြစ်ကြောင်း 3MDG က စုံစမ်းသိရှိရသည်။

ယင်းအပြင် သွားလာရ ခက်ခဲသော ဒေသများတွင် တီဘီရောဂါ စစ်ဆေးမှု ဆောင်ရွက်ရန် ကျန်းမာရေး ဝန်ကြီးဌာနသို့ အမေရိကန်ဒေါ်လာ သုံးသန်းကျော် ကူညီပံ့ပိုးရန် သဘောတူညီပြီး ဖြစ်ကြောင်း၊ နိုင်ငံတစ်ဝန်း မြို့နယ် ၇၅ ခုတွင် တီဘီရောဂါ ရွေ့လျားစစ်ဆေးမှု အစီအစဉ်များ ဆောင်ရွက်မည် ဖြစ်ကြောင်း မေလ ၂၁ ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဆေးယဉ်ပါး ငှက်ဖျားတိုက်ဖျက်ရေးနှင့် ပြင်းထန်သော ငှက်ဖျားရောဂါရှင်များကို ဆေးရုံ၊ ဆေးပေးခန်းများသို့ လွှဲပြောင်း ပို့ဆောင်သော လုပ်ငန်းအတွက် အမေရိကန်ဒေါ်လာ ၁၃ သန်းကျော်ကို မြို့နယ် ၅၄ ခုတွင် ကျန်းမာရေး ဝန်ကြီးဌာနနှင့် ပူးပေါင်းလုပ်ကိုင်ရန် သဘောတူညီချက် ရရှိပြီးကြောင်း 3MDG ပြန်ကြားရေး တာဝန်ရှိသူများထံမှ သိရသည်။
HIV/AIDS ရောဂါတိုက်ဖျက်ရေးအတွက် မူးယစ်ဆေး သုံးစွဲသူ လေးသောင်းကျော်နှင့် ၎င်းမိသားစုဝင်များကို အသိပညာပေး အစီအစဉ်များ၊ တစ်ခါသုံး ဆေးထိုးအပ်နှင့် ကွန်ဒုံးများ ဖြန့်ဝေရန် စီစဉ်ထားကြောင်း ၎င်းတို့က ဆိုသည်။
3MDG ရန်ပုံငွေ အဖွဲ့ကို ဥရောပသမဂ္ဂနှင့် နိုင်ငံ ခုနစ်နိုင်ငံက ရန်ပုံငွေ ထောက်ပံ့ထားပြီး မြန်မာနိုင်ငံတွင် မိခင်နှင့်ကလေး ကျန်းမာရေး စောင့်ရှောက်ရေးနှင့် ရောဂါသုံးမျိုး တိုက်ဖျက်ရေး စီမံကိန်းများ ဆောင်ရွက်သွားမည် ဖြစ်သည်။

ရန်ကုန်၊ မေ ၂၁

Wednesday, May 21, 2014

HIV FAQ မေးလေ့ရှိတဲ့ မေးခွန်းများ




• အစောဆုံး ဘယ်တော့ သွေးစစ်ရမလဲ
HIV ပိုးရှိသူနဲ့ ဆက်စပ်မှု တနည်းနည်းရှိလို့ ကိုယ့်ကို ကူးသလား အစောဆုံး သိနိုင်အောင် သွေးစစ်ဘို့ အဲဒီအချိန်ကနေ နောက် ၆ ပါတ်ကနေ ၃ လ စောင့်ရမယ်။ ၃ လစောင့်ရင် မှားပြီးအနုတ်ပြတာ မဖြစ်နိုင်ဘူး။ ၆ လ ထက်တော့ စောင့်စရာ မလိုပါ။ HIV Antibodies (အင်တီဘော်ဒီ) ခုခံပေးမဲ့ဓါတ်တွေ စမ်းလို့ရတဲ့အတိ များလာအောင် စောင့်ရတာဖြစ်တယ်။ Window period လို့ခေါ်ကြတယ်။ ဒီကြားထဲမှာ နောက်ထပ် ကူးစက်လာမှာမျိုးကို ရှောင်ကျဉ်ပါ။ HIV PCR test က ပိုးဝင်အပြီး ၃ ပါတ်အတွင်းမှာ သိနိုင်တယ်။

• HIV antibody test ဆိုတာဘာလဲ
အများဆုံး လုပ်တဲ့နည်း ဖြစ်တယ်။ သွေးထုတ်စစ်နည်းနဲ့ ပါးစပ်က သွားရည်ယူ စစ်နည်းတွေရှိတယ်။ ပိုးဝင်ထားလို့ ကိုယ်ခန္ဓာကနေ ခုခံပေးမဲ့ ဓါတ်တွေရှိနေတာကို စမ်းတာဖြစ်တယ်။ ချွင်းချက်ရှိတာက HIV အပေါင်းပြနေတဲ့ မိခင်ကနေ မွေးလာတဲ့ကလေးမှာလဲ ဒီ Antibodies (အင်တီဘော်ဒီ) တွေ လအတော်ကြာထိ ရှိနေမယ်။


- Rapid HIV test အမြန်နည်းဆိုတာ Antibody test ခုခံပေးမဲ့ဓါတ် ရှိ-မရှိစစ်နည်းဖြစ်တယ်။ မိနစ် ၃ဝ သာကြာတယ်။


- p24 antigen test ဆိုတာ Antigens ကို စမ်းရတာဖြစ်တယ်။ ရောဂါပိုးနဲ့ဆင်တူတဲ့ ဒီဓါတ်ကနေ ကိုယ်ထဲဝင်ရင် Antibodies (အင်တီဘော်ဒီ) တွေကို ထွက်လာစေနိုင်တယ်။ နေရာတိုင်းမှာ မသုံးပါ။ P-24 Antigen test နဲ့ Antibody test နှစ်မျိုးလုံးတွဲပြီး ၃ လအတွင်းမှာ လုပ်ကြတာလဲရှိတယ်။


- NAT, DNA, RNA and PCR tests ဆိုတာတွေက HIV ပိုးရဲ့ Genetic material မျိုးဗီဇကိုစမ်းတာဖြစ်တယ်။ စောစောကနည်းတွေလို Antibodies နဲ့ Antigens ကိုစမ်းတာ မဟုတ်ဘူး။ Polymerase Chain Reaction (PCR) tests လို့ခေါ်တယ်။ HIV ပိုးရဲ့ မျိုးဗီဇကို ထုတ်ယူ-ပွါးစေပြီးတော့ စမ်းတယ်။ Nucleic-acid Amplification Testing or NAT ခေါ်တယ်။ ဒါမှာ ပုံစံ ၂ မျိုးရှိတယ်။ DNA PCR tests နဲ့ RNA PCR tests တွေဖြစ်တယ်။ RNA PCR tests နည်းကို သွေးလှူမဲ့သူတွေကို စမ်းတယ်။ DNA PCR tests နည်းကို ပိုးရှိတဲ့ မိခင်ကနေမွေးလာတဲ့ကလေးကို စမ်းတယ်။ ၂ မျိုးလုံးကနေ ပိုးတွေ ဘယ်လောက်များများ ရှိနေသလဲ သိနိုင်တယ်။ ဒါကြောင့် Viral load tests လို့ခေါ်တယ်။ NAT နည်းက မြန်တယ်။ RNA PCR test နဲ့ DNA PCR test က ၂-၃ ပါတ် စောင့်ရတယ်။ Instant tests ဆိုပြီး (အင်တာနက်) ကနေ ကြော်ညာတာတွေက အသိအမှတ်ပြု မထားတာတွေဖြစ်တယ်။


• HIV negative အနုတ်ပြနေခြင်း
အနုတ်ပြတိုင်းလဲ လုံးဝကင်းတယ်လို့ ပြောမရသေးပြန်ပါ။ ကိုယ့်မှာဖြစ်ဖြစ်၊ ကိုယ့်အဖေါ်မှာဖြစ်ဖြစ် ပိုးမရှိနေတာတော့ ဟုတ်တယ်။ ဒါပေမဲ့ HIV ပိုးက လိင်ဆက်ဆံမှုတိုင်းကနေ ကူးချင်မှ ကူးပါမယ်။


- False positive မှားတဲ့ အပေါင်းပြခြင်း Flu vaccinations တုပ်ကွေး-ကာကွယ်ဆေးထိုးတာနဲ့ Multiple pregnancies အမွှာကိုယ်ဝန်ကြောင့်လဲ မှားတဲ့ အပေါင်း ပြနိုင်တယ်။ Western blot နည်းနဲ့ သေခြာအောင် လုပ်နိုင်တယ်။ ဒီနည်းက စမ်းသပ်မှု ၂ သိန်းခွဲလုပ်မှ တယောက်သာ မှားတဲ့ အပေါင်းပြနိုင်တယ်။


• Pregnancy ကိုယ်ဝန်ဆောင်
ကိုယ်ဝန်ဆောင်တိုင်း စစ်သင့်တယ်။ မိခင်လောင်းမှာ အပေါင်းပြနေရင် ကလေးကို ကူးဘို့များတယ်။ မွေးတုံးမှာဖြစ်ဖြစ် နို့တိုက်နေရင်းဖြစ်ဖြစ် ကူးနိုင်တယ်။ ကလေးကိုမကူးစေချင်ရင် လုပ်နိုင်တာတွေရှိတယ်။ ကိုယ်ဝန်ဆောင်နေတုံးမှာ Antiretroviral drugs ဆေးသောက်ပါ။ မွေးနေတုံးမှာ Antiretroviral drugs ဆေးသောက်ပါ။ LSCS ဗိုက်ခွဲမွေးပါ။ မွေးပြီးပြီးချင်း ကလေးကို Antiretroviral drugs ရက်တိုဆေးကုပါ။ နို့မတိုက်ပါနဲ့။


• Newborn baby မွေးကာစကလေးကို Antibodies စမ်းရင် ပေါင်းပြမယ်။ ကြားထဲမှာ ကလေးကို ပိုးမကူးစက်ရင်တော့ ၁၈ လနေရင် HIV antibody test က အနုတ်ပြနေမယ်။ ၃ လအရွယ်ကလေးကို ပိုးကူး-မကူးသိအောင် DNA PCR test လုပ်နိုင်တယ်။

• HIV ပိုးအသက်
HIV ဗိုင်းရပ်စ်ပိုးဟာ တခြားဗိုင်းရပ်စ်တွေနဲ့ မတူတဲ့ အချက်တခုကတော့ ကိုယ်အပြင်မှာ ကြာကြာမနေနိုင်ဘူး။ ဓါတ်ခွဲခန်းမှာ စမ်းဘို့ထားချင်ရင်လဲ လူ့အပူချိန်အတိုင်း၊ ၉၈.၆ ဒီဂရီမှာသာ ထားရတယ်။ အဲလို လုပ်ပေးမထားရင် မိနစ်နည်းနည်းသာ ရှင်မယ်။ လူ့ကိုယ်ထဲကထွက်ရင် နာရီပိုင်းသရှင်တယ်။ တချို့ပိုးတွေလို အကာအဖုံး (စပိုး) လိုလဲ မလုပ်နိုင်ပါ။ ဒါကြောင့် နှုပ်ခမ်းခြင်း စုပ်နမ်းတာတို့ ပွေ့ဖက်မှုလုပ်တာနဲ့ ပိုးမကူးနိုင်ပါ။ သွေးထဲကို တနည်းနည်းနဲ့ဝင်မှ ဥပမာ လိင်ဆက်ဆံတာနဲ့ သွေးကြောထဲ ဆေးထိုးတာတွေကနေသာ ကူးတယ်။ အပူချိန်၊ အောက်စီဂျင်တွေကို နဲနဲပြောင်းလဲတာကို မခံနိုင်ဘူး။ အသေအခြာ ပြုပြင် စီမံထားတဲ့ ဓါတ်ခွဲခန်းထဲမှာ မိနစ် အနည်းငယ်သာ ရှင်နိုင်တယ်။ ၂-၃ မိနစ်လောက်သာ ဖြစ်တယ်။ ဆေးထိုးအပ်ထဲမှာတော့ ရက်အနည်းငယ်အထိ ရှင်တာတွေ့ရတယ်။ ဘာလို့လဲဆိုတော့ ဆေးထိုးအပ်ထဲမှာ သွေး ကျန်တောက ပိုးအတွက် အသက်ဆက်ရှင်စေနိုင်လို့ဖြစ်တယ်။


၂၅ နှစ်တာ လေ့လာမှုအရ အခုထိတော့ ကိုယ်ချင်းထိတွေရယုံ၊ ပတ်ဝန်းကျင် ပစ္စည်းနဲ့ ထိတွေ့မှုတွေက HIV ကူးရတယ် ဆိုတာ မရှိသေးပါ။ HIV ပိုးရှိနေခဲ့သူ ကွယ်လွန်သွားရင် ဘယ်လို ကိုင်တွယ်ရမလဲဆိုတာမှာ HIV တခုထဲ ကိုသာမက ကြည့်ရမှာတွေထဲမှာ အခွင့်ကောင်းယူပြီး ကူးစက်နေခဲ့တဲ့ ရောဂါဘယတွေကိုလဲ သတိထားရမယ်။ သေဆုံးနေတာ ဘယ်လောက်ကြာပြီလဲဆိုတာ ဒီလောက်အရေးမကြီးပါ။ လက်အိပ်သုံးပြီးသာ ကိုင်တွယ်ပါ။ ရင်ခွဲရုံမှာ ခွဲစိတ်စစ်ဆေးရရင် မျက်စိ အကာအကွယ်လဲလိုတယ်။ သေခြာတာက တခြားရောဂါပိုးတွေက HIV ထက်ပိုပြီး ရှင်နေနိုင်ကြတယ်။ ဥပမာ TB ပိုး။
အခြေခံဥပဒေသ မှတ်ရမှာက HIV ပိုးရှင်နေရေးမှာ သွေးရှိနေဘို့လိုပါတယ်။ သွေးခြောက်သွားရင် ပိုးလဲ အသက်ပျောက်သွားမယ်။ သွေးသာမက နေရာမှာ ရေဓါတ်ခြောက်သွေ့ရင်လဲ ပိုးအသက်ဆက်ရှင်ဘို့ ခက်တယ်။ အခွင့်အလမ်းက နည်းနည်းလေးပေမဲ့ သတိထားသင့်တယ်။ HIV ပိုးဟာ သက်မဲ့အရာတွေမှာ ရှင်နေဘို့ မဖြစ်သလောက် ခက်ခဲတယ်။ စိုနေတဲ့နေရာတွေမှာ ကူးစက်နိုင်တယ်လို့သာ မှတ်ပါ။

HIV Acute infection ချက်ချင်းဖြစ်လာသော ကူးစက်ရောဂါများ http://dts-medicaleducation-adult.blogspot.in/2013/01/hiv-acute-infection.html

HIV screening tests စမ်းသပ်နည်းများ http://dts-medicaleducation-adult.blogspot.in/2012/11/hiv-screening-tests.html


HIV Tests (1) စမ်းသပ်နည်းများ (၁) http://dts-medicaleducation-adult.blogspot.in/2013/01/hiv-tests-1.html


HIV Tests (2) စမ်းသပ်နည်းများ (၂) http://dts-medicaleducation-adult.blogspot.in/2013/01/hiv-tests-2.html


HIV Tests (3) (အိတ်ခ်ျအိုင်ဗွီ) စစ်ဆေးနည်းများ http://dts-medicaleducation.blogspot.com/2011/03/hiv-tests.html


HIV-AIDS နဲ့ပတ်သက်ပြီး စုံစမ်းနိုင်သော လိပ်စာများနှင့် ဖုန်းနံပါတ်များ http://dts-medicaleducation-adult.blogspot.in/2013/01/hiv-aids.html


ဒေါက်တာတင့်ဆွေ (၇-၃-၂ဝ၁၂/၂၈-၈-၂ဝ၁၃/၁၉-၅-၂၀၁၄)

ဒေါက်တာတင့်ဆွေ - HIV FAQ မေးလေ့ရှိတဲ့ မေးခွန်းများ