Monday, May 12, 2014

Contraceptive Pills and Weight Gain တားဆေးကြောင့် လူကိုဝစေသလား



Mon, Feb 13, 2012 at 8:06 PM
ပြန်စာအတွက် ကျေးဇူးများစွာပါဆရာ။ ကျွန်မကအခုစပြီး ဝစပြုနေသူပါဆရာ။ အဲဒီတားဆေးတွေက လူကို ဝစေတယ်လို့ ကြားဖူးတာမှန်ပါသလား။ ဝမှာလည်းစိုးပါတယ်။ ဘော်ဒီဝိတ် မတက်အောင် လေ့ကျင့်ခန်းနဲ့ ထိန်းနေရတာပါ။ လေ့ကျင့်ခန်းတပတ်လောက်ပြတ်တာနဲ့ ဝိတ်က ၁ kg လောက်တက်လာလိုက်၊ ပြန်ချလိုက် လုပ်နေရလို့ပါ။ အဲဒီဆေးက လူဝစေတယ်ဆိုရင် တခြားဘယ်လိုနည်းများညွန်ပြပေးနိုင်မလဲဆရာ။ မဝဘူးဆိုရင်တော့ သောက်ပ့ါမယ်။
ကိုယ်ဝန်တား စားဆေးတွေရဲ့ အဓိက ဘေးထွက်-ဆိုးကျိုးတွေကတော့ ကြားရက် သွေးဆင်းတာ၊ ရင်သားတင်းတာ-နာတာ၊ ခေါင်းကိုက်တာ နဲ့ ပျို့ချင်တာတွေ ဖြစ်တယ်။ အမျိုးသမီးတချို့မှာ လူကို ဝစေတယ်။ လူတိုင်းကို အဲလိုမဖြစ်စေလို လူအများကိုလဲ အဲလိုမဖြစ်စေတာ သေခြာတယ်။ အလေးချိန်တိုးသူတွေမှာလဲ ဆေးသောက်စ လတွေမှာသာ တိုးပြီး နောက်ကြ မတိုးတော့သူတွေလဲ ရှိတယ်။

လူအများဆုံး သုံးနေကြတဲ့ ကိုယ်ဝန်တားဆေးတွေဟာ Combination pills (Estrogen + Progestin) ဟော်မုန်း ၂ မျိုးတွဲ နဲ့ Progestin-only pills တမျိုးထဲ ဆိုပြီး ၂ မျိုးရှိတယ်။ ဟော်မုန်း ၂ မျိုးတွဲဆေးကို နာမည်အမျိုးမျိုးနဲ့ လာတယ်။ ဆေးအတွဲတူ၊ Estrogen ပါတာလဲ တူပေမဲ့ Progestin ပါတာတော့ ကွာကြတယ်။ ဒါကြောင့် ဘေးထွက်-ဆိုးကျိုးတွေက မတူကြဘူး။

ဒီဆေးမျိုးပေါ်ကာစမှာ ဟော်မုန်း ၂ မျိုးလုံးထည့်တာ အလွန်များခဲ့တယ်။ နောက်ထုတ်ဆေးတွေက ဘေးထွက်-ဆိုးကျိုး အရင်လောက် မဖြစ်တော့ဘူး။ Estrogen များတာကနေ (ဆဲလ်) တွေထဲမှာ Fluid retention ခေါ်တဲ့ အရည်ပိုအောင်းခြင်း ကြောင့်ဖြစ်ရလို့ Water weight ရေအလေးချိန်လို့ ခေါ်ကြတယ်။

Estrogen နဲ့ Progestin ၂ မျိုးလုံးကြောင့် အဲလို အရည်အောင်းတာဖြစ်စေနိုင်ပါတယ်။ ဆားလျှော့စားပေးရင် သက်သာစေမယ်။ Estrogen ကြောင့် လူကို ဝစေတာအပြင် ဆေးသောက်တာကြာတဲ့ အမျိုးသမီးတွေမှာ ရင်သား၊ တင်ပါးနဲ့ ပေါင်နေရာတွေမှာပါ ပိုကြီးလာစေနိုင်သေးတယ်။ ဒါ့ပြင် ခြေခြင်းဝတ်ရောင်တာ၊ ရင်သား နာတာ နဲ့ မျက်ကပ်မှန်တပ်ရသူတွေ အဆင်မပြေတာလေးတွေလဲ ဖြစ်တတ်သေးပါတယ်။ Progestin ပိုများတဲ့ တားဆေးဆိုရင် စားချင်စိတ်များလို့ လူလဲဝစေနိုင်တယ်။

• လေ့လာမှုတခုအရ ၅-၁ဝ% ကသာ ကိုယ်အလေးချိန်တိုးတယ်။ ၅-၁ဝ% ဟာလဲ တားဆေး မသောက်ဘဲ အလေးချိန်တိုးတာတွေ့ရတယ်။
• နောက်လေ့လာမှုတခုက အရွယ်ငယ်တဲ့ မိန်းကလေးတွေကို ၂ မျိုးခွဲလေ့လာတယ်။ DeproProvera® (DMPA) ၃ လခံထိုးဆေး ထိုးထားခဲ့သူတွေမှာ ၆့၆ ပေါင် (၃ ကေဂျီ) တိုးပြီး၊ Oral contraceptives သောက်ဆေး သုံးသူတွေမှာ ၅့၃ ပေါင် (၂့၎ ကေဂျီ) တိုးတာတွေ့ရတယ်။ • ပိုအရေးပါတဲ့အချက်ကတော့ စားဆေးသုံးသူထဲက ၇% မှာ နဂို ကိုယ်အလေးချိန်ရဲ့ ၁ဝ% ပိုဝလာပြီး၊ ထိုးဆေးထိုးသူထဲက ၂၅% မှာ နဂို ကိုယ်အလေးချိန်ထက် ၁ဝ% တိုးလာတယ်။
• နောက်လေ့လာမှု အဟောင်းတခုအရ ဟော်မုန်းများတာ သုံးခဲ့ရသူတွေမှာ ၄့၎ ပေါင်တိုးသူ ၁၁့၎% ရှိပြီး၊ ၄့၎ ပေါင် ကျတာကလဲ ၁၄့၃% ရှိတယ်။
• Estrogen 50 mcgm ပါခဲ့ရာကနေ နောက်ပိုင်းမှာ 35 mcgm သာပါတော့တယ်။ နောက်ဆုံး 20 mcgm သာ ပါတဲ့ဆေးနာမည်တွေကတော့ Alesse®, Levlite®, Loestrin-Fe® နဲ့ Mircette® တွေ ဖြစ်ကြတယ်။

သတိထားစရာက အမျိုးသမီးတွေ အရင်ကထက်ပိုဝလာခြင်းဟာ တားဆေးတခုထဲကြောင့် မဟုတ်ပါ။ စားနေတဲ့ အစားအသောက်ကြောင့်လဲဖြစ်နိုင်တယ်။ ကိုယ်လက်လေ့ကျင့်ခန်း လုပ်နေကြလူက ရပ်လိုက်ရင်လဲ အလေးချိန် တိုးလာမယ်။ မေးတဲ့သူပြောတာ တကယ်မှန်ပါတယ်။ ဆေးကပ်က ဟော်မုန်း အနည်း-အများကို သေခြာဖတ်ပြီး ဆေးရွေးသုံးပါ။ အစားအစာလဲ ဆင်ခြင်၊ ကိုယ်ကာယ လေ့ကျင့်တာလဲလုပ်၊ ဆားလဲလျှော့ပါ။

၁၉-၁-၂ဝ၁၁ နေ့ထုတ် ScienceDaily သတင်းစာမှာ အမေရိကန် Oregon Health & Science University တက္ကသိုလ်က လုပ်ထားတဲ့ တားဆေးနဲ့ ကိုယ်အလေးချိန် ဆက်စပ်မှု သုတေသနကို ကိုးကားထားတယ်။

Dr. Alison Edelman ရဲ့အဆိုကတော့ Google မှာ လိုက်ရှာရင်တော့ တားဆေးက လူကိုဝစေနိုင်တာကို တွေ့ကြလိမ့်မယ်။ ဒါပေမဲ့ မငြင်းနိုင်တဲ့ အထောက်အထား တွေ့လာရပါပြီတဲ့။ လူတွေကိုစမ်းရင် တကယ်ဝစေနိုင်တဲ့ အစားအသောက်ဆိုတာကို ထိန်းခိုင်းဘို့ ခက်လှတာမို့ Rhesus monkeys (ရီးဇပ်စ်) မျောက်တွေကိုဘဲ စမ်းပါတယ်။ ဝတဲ့မျောက်အုပ်စုနဲ့ သာမန်အလေးချိန်ရှိတဲ့မျောက်အုပ်စု ၂ ခုလုံးကို အချိုးအစားမျှတဲ့ တားဆေးတွေ ၈ လကြာ ကျွေးခဲ့တယ်။

အဖြေထုတ်တော့ နဂိုက မဝတဲ့မျောက်တွေမှာ အလေးချိန်မှာ အရင်အခြေအနေနဲ့ မကွာတာတွေ့ရတယ်။ နဂိုကတည်းကဝတဲ့ မျောက်တွေမှာ ၈့၅% ကိုယ်အလေးချိန်လျှော့ပြီး၊ အဆီလဲ ၁၂% ကျသွားတယ်။ Basal metabolic rate ဇီဝဖြစ်စဉ်အတွက် အနည်းဆုံးလိုအပ်ချက်ကြောင့် အဲလိုဖြစ်တာပါ။ မျောက်တွေအားလုံး၊ အစာလဲအတူတူ၊ လှုတ်ရှားမှုလဲအတူတူ ထားခဲ့တာဖြစ်တယ်။

ဒါကြောင့် ကိုယ်ဝန်တားဆေးကြောင့် လူဝလာမှာ သိပ်မပူပါနဲ့။ နောက်ပြီး နရိုကတည်းက အလေးချိန်များသူတွေမှာ အစားအစာကို ဆင်ခြင်ရင် ကိုယ်အလေးချိန်တောင်မှ ကျစေနိုင်သေးတယ်။

Dr. တင့်ဆွေ
၁၄-၂-၂ဝ၁၂

No comments: