Monday, August 31, 2009

တနင်္ဂနွေတစ်ရက်ရဲ့ အဆက်

ကျွန်တော်ရေးသားပြခဲ့တဲ့ တနင်္ဂနွေတစ်ရက်ဆိုတဲ့ စာတိုလေးရဲ့ အဆက်အဖြစ် သူငယ်ချင်းတို့ကို ပြောပြချင်တာက အရင်စာတိုမှာ သုဘလုလင်ရဲ့ အမေး၁၀ချက်ကို မြတ်စွာဘုရားသခင်က ပြန်လည်ဖြေကြားချက်များအပေါ် ဆရာတော် အရှင်ဇနကာ ဘိဝံသ ရဲ့ အတိုချုံးရေးသားထားချက်များအားမျှဝေခဲ့ပါတယ်။ ဖတ်ဖူးမှတ်ဖူး ရင်းနှီးသူများအတွက်က တော့ လွယ်လွယ်ကူကူနားလည်သွားနိုင်ပေမယ့် အခုမှဖတ်သူများအတွက် အလွယ်တကူ နားလည်ပြီး ဖတ်ရှုရအောင် အကျယ် ချဲ့ရေးသားသွားမှာဖြစ်ပါတယ်။

လူဆိုတာ စဉ်းစားတွေးခေါ်တတ်ခြင်းက အခရာပါ။ အဲဒီလိုမစဉ်းစားဘဲ ဖြစ်နေတာဟာ ဖြစ်နေလို့ပေါ့လို့ပဲ သဘောထားရင်တော့ မပြောတတ်ဘူးပေါ့လေ။

ကျွန်တော်ရေးသားချက်များကိုသာဖတ်ကြည့်ရုံမက အကျယ်ချဲ့ပြီးစဉ်းစားမိကြပါစေကြောင်း ဆန္ဒပြုပါတယ်။

(၁) အသက်တိုတာ ဘာကြောင့်လဲ။ဒီလောကကြီးထဲမှာ ကိုယ်ကလွဲပြီး တစ်ခြားလူတွေ၊ပိုးမွှား သတ္တ၀ါတွေကို နည်းမျိုးစုံနဲ့ ရက်ရက်စက်စက် အသေသတ်တတ်ကြတဲ့လူတွေ ရှိတတ်ကြပါတယ်။
အဲဒီလူတွေသေရင် ငရဲဘုံကို ရောက်ရမှာပါ။
ကုသိုလ်ကံထောက်ပံ့လို့ လူပြန်ဖြစ်ရင်လည်း သက်တမ်းစေ့အောင် မနေရတတ်ပါဘူး။ ငယ်ငယ်လေးနဲ့ သေသွားတတ်ပါတယ်။

(၂) အသက်ရှည်တာ ဘာကြောင့်လဲ။
ဒီလောကကြီးထဲမှာ ကိုယ့်လူအချင်းချင်းပေါ်မှာရော၊ တစ်ခြား ပိုးမွှားတိရစ္ဆာန်တွေအပေါ်မှာပါ သနားကြင်နာစွာနဲ့ ပြုစုယုယစောင့်ရှောက်တတ်ကြတဲ့ လူတွေရှိတတ်ကြပါတယ်။.
အဲဒီလိုလူတွေ သေရင် နတ်ပြည်ကို ရောက်ရမှာပါ။
တကယ်လို့ လူပြန်ဖြစ်ရရင်လည်း သက်တမ်းစေ့အောင် အသက်ရှည်ရှည်နေသွားရတတ်ပါတယ်။

(၃) ဝေဒနာထူပြောတာ ဘာကြောင့်လဲ။
ဒီလောကကြီးထဲမှာ ကိုယ့်လူအချင်းချင်းအပေါ်မှာရော၊ တစ်ခြားပိုးမွှား တိရစ္ဆာန်တွေအပေါ်မှာပါ နည်းမျိုးစုံနဲ့ မသေမရှင်ဖြစ်ပြီး ဒုက္ခရောက်အောင် နှိပ်စက်တတ်တဲ့ လူတွေရှိတတ်ကြပါသေးတယ်။
အဲဒီလိုလူတွေသေရင် ငရဲဘုံကိုရောက်ရမှာပါ။
ကုသိုလ်ကံထောက်ပံ့လို့ လူပြန်ဖြစ်ရင်လည်း ကိုယ်လက်အင်္ဂါမသန်စွမ်းတာမျိုး၊ တစ်သက်လုံး အနာရောဂါဝေဒနာဆိုးတွေ ခံစားနေရတတ်တာမျိုးတွေ ဖြစ်တတ်ပါတယ်။

(၄) အနာရောဂါကင်းရှင်းတာ ဘာကြောင့်လဲ။ဒီလောကကြီးထဲမှာ ကိုယ့်လူအချင်းချင်းအပေါ်မှာရော၊ တစ်ခြား ပိုးမွှားတိရစ္ဆာန်တွေ အပေါ်မှာပါ ကြင်နာသနားစွာနဲ့ စောင့်ရှောက်တတ်ကြတဲ့လူတွေလည်း ရှိတတ်ကြပါတယ်။
အဲဒီလူတွေသေရင် နတ်ပြည်ကိုပဲရောက်ကြရမှာပါ။
တကယ်လို့ လူပြန်ဖြစ်ရင်လည်း ကိုယ်အင်္ဂါပြည့်ပြည့်စုံစုံနဲ့ အနာရောဂါကင်းကင်း ရှင်းရှင်းနဲ့ နေသွားရတတ်ပါတယ်။

(၅) ရုပ်ရည်မလှပတာ ဘာကြောင့်လဲ။ဒီလောကကြီးထဲမှာ နေထိုင်သွားလာပုံ ကြမ်းတမ်းခက်ထန်သလို၊ သူတစ်ပါးနဲ့ပြောဆို ဆက်ဆံတဲ့နေရာမှာလည်း ကြမ်းကြမ်းတမ်းတမ်း၊ ရိုင်းရိုင်းစိုင်းစိုင်း၊ ပက်ပက်စက်စက်ပြောဆိုဆက်ဆံတဲ့ ထစ်ကနဲဆို ဒေါသကြီးတဲ့လူတွေ ရှိတတ်ကြပါတယ်။
အဲဒီလိုလူတွေ သေရင် ငရဲဘုံရောက်ရမှာပါ။
ကုသိုလ်ကံထောက်ပံ့လို့ လူပြန်ဖြစ်ရင်လည်း အလွန့်ကို ရုပ်ဆိုးအကျည်းတန်တဲ့ သူတွေဖြစ်တတ်ပါတယ်။

(၆) ရုပ်ရည်လှပတာ ဘာကြောင့်လဲ။ဒီလောကကြီးထဲမှာ ကိုယ်နေဟန် သိမ်မွေ့နူးညံ့သလို သူတစ်ပါးနဲ့ ပြောဆိုဆက်ဆံတဲ့နေရာမှာလည်း သိမ်မွေ့နူးညံ့စွာနဲ့ ပြောဆိုဆက်ဆံတတ်ပြီးတော့ ၊ တစ်ခြားလူတွေက နှိပ်နှိပ်စက်စက် ရင့်ရင့်သီးသီးနဲ့ပြောသမျှဆိုသမျှတွေကိုလည်း သည်းခံခွင့်လွှတ်ပြီး ကျေနပ်နေတတ်တဲ့သူတွေလည်း ရှိတတ်ကြပါတယ်။
အဲဒီလိုလူတွေ သေရင် နတ်ပြည်ရောက်ရမှာပါ။
တကယ်လို့ လူပြန်ဖြစ်ရင်လည်း ရုပ်ဆင်းအင်္ဂါ လှပချောမွေ့ပြီး ချစ်စရာကောင်းတဲ့သူတွေဖြစ်တတ်ပါတယ်။

(၇) ဘုန်းတန်ခိုး အခြွေအရံနည်းတာ ဘာကြောင့်လဲ။
ဒီလောကကြီးထဲမှာ တစ်ခြားလူတွေ ကြီးပွားချမ်းသာပြီး အပေါင်းအသင်းတွေ အခြွေအရံတွေပေါများကြတာကို မြင်ပြီးတော့ မနာလို မရှုစိမ့်နဲ့ ငြူစူစောင်းမြောင်းပြောဆို ရှုပ်ချတတ်ကြတဲ့ လူတွေလည်းရှိတတ်ကြပါတယ်။
အဲဒီလိုလူတွေ သေရင် ငရဲပြည်ရောက်ရမှာပါ။
ကုသိုလ်ကံထောက်ပံ့လို့ လူပြန်ဖြစ်ရင်လည်း ဘုန်းတန်ခိုးနည်းပါးပြီး အခြွေအရံအားနည်းစွာနဲ့ တစ်ယောက်ထဲ အမြဲနေရတတ်ပါတယ်။

(၈) ဘုန်းတန်ခိုးကြီးမား ၊ အခြွေအရံအားကောင်းတာ ဘာကြောင့်လဲ။ဒီလောကကြီးထဲမှာ ဂုဏ်သတင်းကျော်ကြားပြီး ချမ်းသာသလောက် အခြွေအရံပေါများကြတဲ့သူတွေ ကြည့်ပြီးတော့ ကျေနပ်တဲ့စိတ်၊ အားကျတဲ့စိတ်နဲ့ ကြည်နူးဝမ်းသာနေတတ်ကြတဲ့ သူတွေလည်းရှိတတ်ပါတယ်။
အဲဒီလိုလူတွေသေရင် နတ်ပြည်ကို သေချာပြီးသားပါ။
တကယ်လို့ လူပြန်ဖြစ်ရင်လည်း ဘုန်းတန်ခိုးကြီးမားသလောက် အခြွေအရံအသိုင်းအ၀ိုင်းတွေ များတတ်ကြပါတယ်။

(၉) ဆင်းရဲနွမ်းပါးတာ ဘာကြောင့်လဲ။ဒီလောကကြီးထဲမှာ သံဃာတော်တွေ၊ သီလရှင်တွေနဲ့ တစ်ခြားအလှူခံပုဂ္ဂိုလ်တွေကို ပေးကမ်းလှူဒါန်းရင်၊ အကျိုးမရှိဘူးလို့ ယုံကြည်ယူဆထားကြတဲ့အတွက် လှူဒါန်းလေ့ပေးကမ်းစွန့်ကြဲလေ့မရှိတတ်ကြတဲ့ သူတွေရှိတတ်ကြပါတယ်။
အဲဒီလိုလူတွေသေရင် ငရဲဘုံကို ရောက်ရတတ်ပါတယ်။
ကုသိုလ်ကံထောက်ပံ့လို့ လူပြန်ဖြစ်ရင်လည်း ဆင်းရဲနွမ်းပါးချို့တဲ့သူတွေဖြစ်တတ်ကြပါတယ်။

(၁၀) ကြီးပွားချမ်းသာတာဘာကြောင့်လဲ။ဒီလောကကြီးထဲမှာ လှူဒါန်းရင် အကျိုးရှိတယ်လို့ ယုံကြည်တဲ့အတွက် တွေ့လာ၊ ကြုံလာသမျှ လှူဒါန်းပေးကမ်းစွန့်ကြဲလို့ အားမရနိုင်တဲ့သူတွေလဲ ရှိတတ်ကြပါတယ်။
အဲဒီလိုလူတွေသေရင် နည်ပြည်သို့ရောက်ရမှာပါ။
လူပြန်ဖြစ်ရင်လည်း စီးပွားဥစ္စာကြီးပွား ချမ်းသာကြွယ်ဝတဲ့သူတွေ ဖြစ်တတ်ကြပါတယ်။

(၁၁) အမျိုးအနွယ်ယုတ်ညံ့နိမ့်ကြတာ ဘာကြောင့်လဲ။
ဒီလောကကြီးထဲမှာ ကိုယ့်ကိုယ်ကို အထင်တကြီးနဲ့ မာန်မာနတွေ တလူလူတက်ပြီးတော့ ၊ ရိုသေမြတ်နိုးရှိခိုးပူဇော်ထိုက် တဲ့သူတွေကို ရှိခိုးပူဇော်ခြင်း မပြုကြတဲ့အပြင် ရိုင်းပြစွာစော်ကားတတ်ကြတဲ့သူတွေလည်း ရှိတတ်ကြပါတယ်။
ဒီလူတွေသေရင် ငရဲဘုံကို စုန်ဆင်းရမှာပါ။
ကုသိုလ်ကံထောက်ပံ့လို့ လူပြန်ဖြစ်ရင်လည်း အောက်ကျနောက်ကျနဲ့ လမ်းဘေးက လူဖြစ်ရတဲ့ဘ၀ကို ရောက်တတ်ကြပါတယ်။

(၁၂) အမျိုးအနွယ်မြင့်မြတ်ပြီး အထက်တန်းကျတာ ဘာကြောင့်လဲ။ဒီလောကကြီးထဲမှာ ကိုယ့်ကိုယ်ကို နှိမ့်ချပြီး တစ်ခြားသူတွေကို အထင်ကြီးတဲ့လေးစားတဲ့ စိတ်နဲ့ ရှိခိုးပူဇော်တတ်ကြတဲ့သူတွေလည်း ရှိတတ်ကြပါတယ်။
ဒီလူတွေသေရင် အထက်ကိုဆန်ပြီး နတ်ဘုံမှာ စံကြရမှာပါ။
လူပြန်ဖြစ်ရင်လည်း ကြီးကျယ်မြင့်မြတ်ပြီးချမ်းသာကြွယ်ဝတဲ့ အထက်တန်းလွှာ လူမျိုးတွေဖြစ်တတ်ကြပါတယ်။

(၁၃) အသိဥာဏ်ကင်းပြီး ပညာမဲ့တာ ဘာကြောင့်လဲ။
ဒီလောကကြီးထဲ ပညာရှိ ဆရာသမားတွေဆီမှာ ဆည်းပူးလေ့လာခြင်းလည်းမရှိ၊ သူတော်ကောင်းတွေညွှန်ပြတဲ့ တရားဓမ္မတွေကိုလည်း နာခံမှတ်သားခြင်းမရှိကြတဲ့အတွက် အကြောင်းအကျိုးဆက်စပ်မှုကိုမသိ၊ ကုသိုလ် အကုသိုလ်ဆိုတာကိုလည်း နားမလည်၊ ဘ၀ခရီးလမ်းမှာ ဖြစ်သလိုနေ ပျော်သလိုသွားကြတဲ့သူတွေလည်း ရှိတတ်ကြပါတယ်။
ဒီလိုလူတွေသေရင် အောက်ကိုစုန်ဆင်း ငရဲတွင်းဆီသို့ပါပဲ။
အကယ်လို့ လူပြန်ဖြစ်ရင်လည်း အသိဥာဏ်နုံနဲ့ ပညာမဲ့တဲ့ပေါတိပေါချာ လူ့ဗလာတွေဖြစ်တတ်ကြပါတယ်။

(၁၄) အသိဥာဏ်ပညာများတာ ဘာကြောင့်လဲ။
ဒီလောကကြီးထဲမှာ ပညာရှိသူတော်ကောင်း ဆရာသမားတွေရဲ့ထံပါးမှာ ချဉ်းကပ်ပြီး ဆည်းပူးလေ့လာတဲ့အတွက် အကြောင်းနဲ့အကျိုးဆက်စပ်မှု သဘောတရားကိုလည်းနားလည်ပြီး ကုသိုလ် အကုသိုလ်ဖြစ်ခြင်းကို သဘောပေါက်တဲ့ အတွက်၊ ဘ၀ရှေ့ခရီးလမ်းကို ဆင်ခြင်ပြီးတော့ ကောင်းမှုကုသိုလ်တွေနဲ့ လမ်းခင်းဖို့ရာ ကြိုးစားနေတတ်ကြတဲ့သူတွေလည်း ရှိတတ်ကြပါတယ်။
ဒီလိုလူတွေသေရင် အထက်ကိုဆန်တဲ့ နိဗ္ဗာန်ဆီသို့ရောက်ရမှာပါ။
တကယ်လို့လူပြန်ဖြစ်ရင်လည်း အသိဥာဏ်ကြွယ်ဝတဲ့ ပညာရှိသူတော်ကောင်းတွေဖြစ်တတ်ကြပါတယ်။

လူဆိုတာ အကုသိုလ်နဲ့ကင်းနိုင်ဖို့ ရှားပါတယ်။ ဒါပေမယ့် ဆင်ခြင်သုံးသပ်ပြီး အကုသိုလ်နည်းနိုင်တဲ့နည်းလမ်းတွေ အမူအကျင့်တွေနဲ့ ကျင့်ကြံနေထိုင်သွားမယ်ဆိုရင် သံသရာအတွက်ရော အခုဘ၀မှာပါ ပျော်ရွှင်ရမှာပါ။


ပျော်ရွှင်ကြပါစေ...
ဇာနည်။

နှလုံးသားကို ဓာတ်မှန်ရိုက်ကြည့်ခြင်း

အချစ်တဲ့။ ကိုယ့်ချစ်တဲ့ချစ်သူရဲ့ အချစ်စိတ်၊ ပြီးတော့ အချစ်စစ်ရဲ့ သဘာဝအကြောင်းအချို့ နှင့် ချစ်သူနှစ်ဦးအကြား ဘယ်တော့မှမပြုလုပ်မပြုမူသင့်တဲ့အချက်တစ်ချို့ကို ပြောပြချင်ပါတယ်။ ချစ်သူများပျော်ရွှင်ငြိမ်းချမ်းနေရင် မြင်ရတဲ့ ကမ္ဘာလောကကြီးက အေးချမ်းသာယာမှာအမှန်ပဲလို့ ကျွန်တော်ကတော့ထင်မြင်မိပါတယ်။

ကိုယ့်ချစ်သူရဲ့ အချစ်စိတ်ကို စမ်းသပ်ခြင်း
မိမိချစ်တဲ့သူဟာ ချစ်သင့်ချစ်ထိုက်တဲ့သူတစ်ယောက်လား၊ မိမိရဲ့ ရွှေရင်အသည်းကို ခွဲမယ့်သူလားစတာတွေကို သိနိုင်စေဖို့အတွက် ဘယ်လိုအချက်တွေဟာ ကိုယ့်အသည်းကို ခွဲဖို့ကြိုးစားနေတဲ့သူ၊ မိမိကို ကစားနေတဲ့သူဆိုတာ သိရအောင် သူတို့ရဲ့ ၀ိသေသလက္ခဏာတွေကို ဖော်ပြသွားမယ်။ ဒါမှကိုယ့်ချစ်သူဟာ Mr.Right လား၊ Ms.Right လားသိနိုင်ပြီး ကိုယ့်ရဲ့နှလုံးသားခြေလှမ်းကို အချိန်မှီ ဘရိတ်ဖမ်းသင့် မဖမ်းသင့်ပြီး မဖြစ်သင့်တဲ့အဖြစ်တွေကနေ ရှောင်ရှားနိုင်မှာဖြစ်ပါတယ်။

နောက်ကျခြင်း
ကိုယ့်ချစ်သူဟာ ကိုယ်နဲ့ချိန်းထားတာ နောက်ကျပြီးမှရောက်လာရင် တစ်ကြိမ်နှစ်ကြိမ်က နားလည်သည်းခံ ခွင့်လွှတ်နိုင် တယ်။ ဒါပေမယ့် နောက်ကျတဲ့အကြိမ်ရေက များလာပြီဆိုရင် သိပ်မဟန်တော့ပါဘူး။ ဒါ ဘာကိုပြနေသလဲဆိုရင် မိမိချစ်သူ ဟာ မိမိနဲ့တွေ့ဆုံဖို့အရေးကို စိတ်အားထက်သန်ပြင်းပြမှုမရှိဘူးဆိုတာကို ပြသနေပါတယ်။

အချစ်ရေးမှာ ချိန်းထားတာ နောက်ကျတယ်၊ အချိန်တိကျတယ်ဆိုတဲ့ အချက်တွေက တကယ့်အခြေခံအချက်တွေပဲလေ။ တစ်ကယ်လို့ ကိုယ့်ချစ်သူက ဒီလိုအမြဲနောက်ကျနေတာဆိုရင်တော့ သူ့မှာ လုံလောက်ခိုင်လုံတဲ့ အကြောင်းပြချက် ရှိ၊မရှိ စစ်ဆေး၊ မရှိဘဲနဲ့အမြဲလိုကြာ နေတာ သိရရင်တော့ အမြန်ဆုံး စဉ်းစားထားရမှာက သူဟာ ကိုယ့်အချစ်ကို ကစားနေတဲ့သူ၊ အသည်းခွဲနေတဲ့သူဆိုတာ ပါပဲ။ Mr.Right, Ms.Right မဟုတ်ဘူးဆိုတာ ဖော်ပြနေတဲ့အတွက် အမြန်ဆုံးနောက်ဆုတ်သင့်ပါတယ်။

လိုက်ဖက်မညီသော အ၀တ်အစား
ကိုယ့်ချစ်သူဝတ်တဲ့ အ၀တ်အစားကလည်း သူ့ရဲ့အချစ်ကိုစမ်းသပ်နိုင်တယ်နော်။ ကိုယ့်အနေနဲ့ ချစ်သူနဲ့တွေ့ဖို့ အကြိမ် သုံးဆယ်လောက်မှန်ကြည့်၊ အကြိမ်၂၀လောက် အ၀တ်အစားအမျိုးမျိုးပြောင်း၊ ဆံပင်ပုံစံ အမျိုးမျိုးထားပြီး မှန်ရှေ့မှာ မိမိ ရူပါ မိမိသုံးသပ်ပြီး အကောင်းဆုံး အနေအထားနဲ့ အကောင်းဆုံး Image ရဖို့ ကြိုးစားပြီး ချစ်သူနဲ့တွေ့ဖို့ ထွက်လာတဲ့ အချိန်မှာ ချစ်သူဝတ်လာတဲ့ အ၀တ်အစားက သာမန်အိမ်နေရင်း ထသွားထလာအ၀တ်အစား နဲ့ဆိုရင် ဘာကိုပြနေသလဲ ဆိုတော့ ကိုယ့်ချစ်သူဟာ ကိုယ်နဲ့သွားဖို့ကို ကိုယ့်လောက်စိတ်အားမထက်သန်လို့ မပြင်ဆင်လာဘူးဆိုတာကို ပြနေပါ တယ်။ စိတ်အားမထက်သန်ဘူးဆိုကတည်းက ကိုယ့်ကို တကယ်မချစ်လို့ဘဲပေါ့။ တကယ်မချစ်ဘူးဆိုရင် ကိုယ့်အတွက် တကယ့်အန္တရာယ်ပဲပေါ့။ ဟုတ်တယ်ဟုတ်။

သူ့အကြိုက်ကိုယ့်အကြိုက် မလိုက်ခြင်း
ချစ်သူရယ်လို့ဖြစ်လာပြီဆိုရင် သူ့အကြိုက် ကိုယ့်အကြိုက်ဟာ တူခဲ၊ကိုက်ညီခဲပါတယ်။ ဒါပေမယ့် ချစ်စကြင်စ ချစ်ဦး သက်တမ်းကာလဖြစ်တဲ့အတွက် တစ်ယောက်အကြိုက်ကို နောက်တစ်ယောက်က မကြိုက်သည်ဖြစ်စေ လိုက်လျော တတ်ကြပါတယ်။ ဒါပေမယ့် အချိန်နည်းနည်းကြာလာတာနဲ့အမျှ သူက သူ့အကြိုက်ချည်းပဲ လုပ်ပေးနေရတယ်ဆိုရင် ဒါဟာ မိမိရဲ့ဆန္ဒကို နားလည်မပေးတာထက် ဦးစားမပေးတဲ့သဘော၊ ထည့်သွင်းမစဉ်းစာားထားတဲ့သဘောကိုပြတယ်။
မိမိရဲ့ဆန္ဒ ကို ဦးစားမပေးဘူးဆိုကတည်းက စဉ်းသာစဉ်းစားကြည့်ကြ။ ကောင်းလား၊ မကောင်းလား။ မတူညီတဲ့လူသားနှစ်ဦး ပေါင်းစည်းကြတဲ့အခါမှာ မတူညီတဲ့အချက်၊အကျင့်၊ ၀ါသနာ၊ စရိုက် တွေလည်း ပေါင်းစည်းကြတာမို့ တစ်ယောက်ကို တစ်ယောက်က နားလည်ပေးဖို့၊ ညှိညှိနှိုင်းနှိုင်းလုပ်ကြဖို့ အင်မတန်လိုပါ တယ်။။ အဲလိုမှမဟုတ်ရင် အချစ်သက်တမ်းက ကိုရီးယားကားလာနေစဉ်မှာ ထုတ်လွှင့်တဲ့ကြော်ငြာတစ်ခုရဲ့ သက်တမ်း ထက် ပိုတိုတောင်းသွားမှာ ကြုံရပါလိမ့်မယ်။

အိပ်စိုက်ကြီးပဲဆိုရင်
တစ်ယောက်နဲ့တစ်ယောက် ချစ်သူတွေဖြစ်လာကြပြီဆိုတော့ ဟိုနေရာသွားမယ်၊ ဒီနေရာသွားမယ် စတာတွေဖြစ်လာ တယ်။ ဟိုနေရာပဲသွားသွား၊ ဒီနေရာပဲသွားသွား ပိုက်ပိုက်ဆိုတဲ့ ကိုယ်တော်ချော လေးမပါရင် ဘယ်မှသွားလို့မရဘူး။ အဲဒီလိုပိုက်ပါမှ အရာရာအဆင်ချောတဲ့ ဒီလောကကြီးမှာ ဘာပဲလုပ်လုပ်၊ ဘယ်ပဲသွားသွား ကိုယ်ကချည်းပဲ အိပ်စိုက်ရှင်း နေရတယ်ဆိုရင်လည်း မိမိချစ်သူဟာ မိမိအပေါ် ဝေတူမျှတူခံစားစံစားချင်စိတ်မရှိဘူးဆိုတာပြပါတယ်။ ကောင်းအတူ ဆိုးအတူဝေမျှခံစားချင်စိတ်မရှိဘူးဆိုရင် ဘယ်လာချစ်သူသွားလုပ်လို့ရတော့မလဲ။

ကိုယ်ကဘောစိဖြစ်သည်မဖြစ်သည်ထားဦး အဲဒါမျိုးတော့ ဘယ်ယောက်ျားလေး၊ ဘယ်မိန်းကလေးမှ သည်းခံနိုင်မှာ မဟုတ်ဘူးဆိုတာအမှန်ပဲ။ နောက်ပြီး မိန်းကလေးတွေဘက်က သူတို့စပြီးချိန်းတွေ့တဲ့အချိန်မှာ သူတို့ဘက်ကစပြီး ငွေရှင်းဖို့ကိစ္စကို လုံးဝမမျှော်လင့်ထားကြဘူး။ တစ်ယောက်ယောက်နဲ့ စတွေ့ချင်းချင်း အဲဒီ့အချိန်မှာ ယောက်ျားလေး ဘက်က ကိုယ်ကြိုက်တာ ကိုယ်စား၊ ကိုယ်စားတာကိုယ်ရှင်း ပေါ်လစီကျင့်သုံးခဲ့တာ တွေ့ရင်တော့ မြင်မြင်ချင်း အော့နှလုံး နာစိတ်ပေါ်လာစေတဲ့အထိ မိန်းကလေးတွေဘက်က ခံစားထင်မြင်စေပါတယ်။
ယောက်ျားလေးတွေဘက်ကလည်း ဘယ်သွားသွားကိုယ်ကချည်းပဲ အိပ်စိုက်ရှင်းနေရတယ်ဆိုရင် အချိန်ကြာလာတာနဲ့အမျှ ကိုယ့်အပေါ်မည်မျှချစ်တယ်ထားဦး အမြင်တစ်မျိုးစောင်းလာနိုင်ပါတယ်။ ဒါကြောင့် အချစ်ရေးမှာငွေရေးကြေးရေးကိစ္စကလည်း စကားပြောတယ်ဆိုတာ သတိချပ်စေချင်ပါတယ်။

ပြန်ပြောင်းပြောဆိုခြင်း
ကိုယ့်ချစ်သူကောင်လေး၊ ကောင်မလေးဟာ ကိုယ်နဲ့ရှိနေစဉ်အချိန်မှာ သူ့ရဲ့အဆက်ဟောင်းအကြောင်း ပြန်ပြောင်း ပြောဆိုနေတာဟာလည်း လက်ရှိချစ်သူကိုယ့်အပေါ် ဂရုမထားတဲ့သဘော၊ အလေးမစိုက်တဲ့သဘော ကိုပြပါတယ်။ ဓားပါးပါးလေးနဲ့ ကိုယ့်အသည်းထက်ခွဲနေသလို ခံစားရမှာ အသေအချာပါပဲ။ ဘယ်ချစ်သူမှ ကိုယ့်မျက်မှောက်ရှေ့မှာ ကိုယ့်ချစ်ရတဲ့ချစ်သူရဲ့ ကိုယ်မဟုတ်တဲ့ နောက်လူအကြောင်း မကြားချင်ကြဘူး ဟုတ်တယ်ဟုတ်။

ဒါတွေဟာ သင့်ရဲ့ချစ်သူဟာ သင့်ကိုတကယ်ချစ်မချစ်သိနိုင်တဲ့ အကျဉ်းချုံးအချက်တွေပဲဖြစ်ပါတယ်။

အချစ်စစ်ရဲ့ သက်သေ
နောက်ထပ် ပြောပြချင်တာကတော့ ကိုယ့်ရဲ့အချစ်ဟာ စစ်သလား၊ အတုလားဆိုတာ သိနိုင်တဲ့အချက်တွေကို တင်ပြ သွားမှာဖြစ်ပါတယ်။ သင့်မှာ အချစ်ရှိတယ်ဆိုရင် သင့်အချစ်ကို ခွဲစိတ်ပြီး စစ်မစစ် ဆန်းစစ်ရမှာဖြစ်ပါတယ်။ ဘယ်အချက်တွေကို ဆန်းစစ်ရမှာလဲဆိုတော့...။

အချစ်စစ်မဟုတ်သော လက္ခဏာများ
(၁) ကိုယ့်ရဲ့ ချစ်သူဟာ ပြစ်မျိုးမှဲ့မထင်ဘူး၊ ပြီးပြည့်စုံတယ်လို့ ယူဆနေရင်
(၂) ကိုယ့်လိုအင်ကိုပဲ ဦးစွာ ပထမစဉ်းစားနေရင်
(၃) ကိုယ့်ရဲ့အားလပ်ချိန် မှန်သမျှကို သူနဲ့ပဲ အချိန်ကုန်ဆုံးလိုတယ်ဆိုရင်
(၄) အလွယ်တကူ မနာလိုစိတ် ထွက်တတ်တယ်ဆိုရင်
(၅) စိတ်ဆိုးစိတ်ကောက်ပြီးတိုင်း တစ်ယောက်နဲ့တစ်ယောက်ပိုပိုဝေးသွားတယ်လို့ ခံစားလာရရင်

စတဲ့အချက်တွေဟာ အချစ်စစ်မဟုတ်တဲ့အချက်တွေကို ပြပါတယ်။ ဒါဆိုရင် အချစ်စစ်ကိုပြတဲ့ အချက်တွေကတော့
(၁) ကိုယ့်ချစ်သူရဲ့ အားနည်းချက်၊ အပြစ်အနာအဆာတွေကို နားလည်လက်ခံပေးနိုင်ရင်
(၂) ကိုယ့်ချစ်သူရဲ့ လိုအင်ဆန္ဒကိုပဲ ဦးစွာပထမစဉ်းစားပေးတတ်ရင်
(၃) တစ်ယောက်နဲ့တစ်ယောက် ဝေးကွာနေရင်လည်း နေတတ်ရင်
(၄) ကိုယ့်ချစ်သူအပေါ် လုံးဝဥဿုံအပြည့်အစုံ ယုံကြည်ထားတယ်ဆိုရင်
(၅) စိတ်ဆိုးစိတ်ကောက်ရန်ဖြစ်ပြီးသွားသော်လည်း အလွယ်တကူပြန်တည့်ပြီး အချစ်တိုးလာတယ်ဆိုရင်
ဒါကို အချစ်စစ်ရဲ့ သက်သေတွေပဲလို့ ယူဆနိုင်ပါတယ်။

ဘယ်တော့မှ မပြုလုပ်သင့်တဲ့အချက်များ
အချစ်ရေးမှာ ဘယ်တော့မှ မလုပ်သင့်တဲ့အလုပ်တွေကို မလုပ်မိစေဖို့ဘဲဖြစ်တယ်။ ဘာအလုပ်တွေလဲဆိုတော့ သင့်အချစ် ရေးကို လွယ်ကူလျှင်မြန်စွာ အဆုံးသတ်စေနိုင်တဲ့ အမူအယာ၊ အပြုအမူတွေပဲဖြစ်တယ်။ ဒီတော့ အဲဒီ့အပြုအမူ၊ အမူအယာ တွေက ဘာလဲဆိုတာ ချစ်သူတိုင်းသိသင့်တဲ့အတွက် ကြည့်လိုက်ကြရအောင်..။

(၁) ကျောက်ရုပ်နှင့် တွဲစကားပြောခြင်း
ကိုယ်ချစ်သူနဲ့ စကားပြောရတာ ကျောက်ရုပ်လို တုံ့ပြန်မှုမရှိရင်၊ နားထောင်မှုမရှိဘူးဆိုရင် တစ်ဖက်လူအနေနဲ့ များစွာ စိတ်ကသိကအောင့်ဖြစ်စေပါတယ်။ ချစ်သူဆိုတာ တစ်ယောက်နဲ့တစ်ယောက် ရင်ဘတ်ချင်း နားလည်တယ်လို့ ယုံကြည် ထားလို့ ချစ်သူအဖြစ်လက်တွဲနေတာဖြစ်တယ်။ ရင်ဘတ်ချင်း နားလည်တယ်လို့ ယုံကြည်အားကိုးရတဲ့သူကို ရင်ဖွင့်ဖို့ တစ်ဖက်က အေးစက်စက်နဲ့ မသိချင်ယောင်ဆောင်နေတာမျိုး၊ စိတ်မ၀င်စားသလိုမျိုးလုပ်နေတာတို့ဟာ ချစ်သူတိုင်းမလုပ် သင့်တဲ့ အချက်တွေပါ။ ရှောင်စေချင်ပါတယ်။

(၂) ကိုယ့်ဒုက္ခကိုယ်သိမ်းထား
လူတိုင်း သူ့အခက်အခဲနဲ့သူရှိကြပါတယ်။ အဲဒီ့အခက်အခဲတွေကနေ လူတွေကို စိတ်ဖိစီးမှုဖြစ်လာအောင်လုပ်ပါတယ်။ ဒါကိုကိုယ်က ချစ်သူနဲ့တွေ့တိုင်း ကိုယ့်ချစ်သူကို ပျော်ရွှင်စေမယ့်အကြောင်းအရာတွေမပြောဘဲ ကိုယ်ဘယ်လို အလုပ်မှာ စိတ်ညစ်ရကြောင်း၊ ဒုက္ခအခက်အခဲတွေနဲ့ ရင်ဆိုင်ရကြောင်း ပြောနေမယ်ဆိုရင် ချစ်သူလည်း မကြာခင် ကိုယ့်ဆီက စိတ်ဖိစီးမှုကို ကူးစက်ရရှိလာမှာဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်ချစ်သူကို ဘယ်တော့မှ ကိုယ့်ရဲ့အခက်အခဲဒုက္ခတွေပြောပြီး စိတ်ဆင်းရဲမှုမပေးပါနဲ့။

(၃) စိတ်ဆင်းရဲမှုမပေးပါနဲ့။
သူ့မိသားစုရှေ့မှာ ကိုယ့်ဘက်ကနေ အနေအထိုင်အပြုအမူတွေဟာ အပြုသဘောဆောင်တဲ့ အပြုအမူတွေဖြစ်သင့်ပါ တယ်။ ဆိုလိုတာက သူ့မိသားစုကို ကိုယ့်ဘက်က ချစ်ခင်နှစ်သက်တဲ့အပြုအမူတွေပြဖို့ ဆိုလိုတာဖြစ်တယ်။ သူ့ကိုချစ်ရင် သူ့မိသားစု၊ သူ့အသိုင်းအ၀ိုင်းကိုလည်း မချစ်ရင်တောင် အောင့်ကာနမ်းတတ်ရလိမ့်မယ်။ သူ့အသိုင်းအ၀ိုင်းရှေ့မှာ၊ သူ့ မိသားစု ရှေ့မှာ ကိုယ့်ဘက်က အပြုအမူဆိုးတွေ ဘယ်သောအခါမှ မပြုလုပ်မိစေနဲ့။

အထက်ပါအကြောင်းအရာတွေဟာ သင်နဲ့ သင့်ချစ်သူနှစ်ယောက်စလုံး ရှောင်သင့်ဆောင်သင့်တဲ့ အပြုအမူတွေပဲဖြစ် တယ်။ ကိုယ့်ဘက်ကမရှောင်ရင် ကိုယ့်အလွန်၊ သူ့ဘက်က မဆောင်ရင် သူ့ဘက်က အလွန်။ ဘယ်ဘက်ကပဲလွန်လွန် ၊ လွန်မိတဲ့အပြုအမူကနေ လွန်မိတဲ့နောင်တရသွားလိမ့်မယ်ဆိုတာ ကတော့ မမေ့လေနဲ့။
ကဲ...ချစ်သူကိုယ်စီ အပြုံးချင်းဖလှယ်နိုင်ကြပါစေကြောင်း ဆန္ဒပြုလိုက်ပါတယ်။

ဇာနည်။
Ref: 8 Days A week Journal (Vol.1, No.23)

Thursday, August 27, 2009

ဟူးကောင်းတောင်ကြားမှာ ဆင်ဖမ်းမယ် အချစ်

ကျွန်တော်က တစ်ခါတစ်လေ အပျင်းပြေ ၀တ္ထုလေးတွေဖတ်လေ့ရှိပါတယ်။ အခုခေတ်ဝတ္ထုလောကမှာ ဂမ္ဘီရစာပေဆိုပြီး လှိုင်ဘောလယ်ထနေတာ အများကြီးမှအများကြီးပါ။ အဲဒီထဲကမှ ကျွန်တော်ဖတ်နေကြ ကလောင်တွေထဲကမှ တစ်ချို့တွေရဲ့စာအုပ်မှာ ဖတ်ချင်မှတ်ချင်စရာလေးတွေ ပါတတ်ပါတယ်။

အခုမနေ့ညက ဖတ်ဖြစ်တဲ့ 'တြိသင်္ခ ရဲ့ ကိုးလောင်းတောင်ကြား'ဆိုတဲ့စာအုပ်ထဲမှာ ဟူးကောင်းလွင်ပြင် အကြောင်း၊ အဲဒီဒေသမှာနေထိုင်တဲ့လူတွေရဲ့ ဓလေ့စရိုက်၊ ပြီးတော့ ချစ်မှုရေးရားလေးတွေအကြောင်း စိတ်ဝင်စားဖွယ် ရေးသား ထားတာကိုတွေ့ရပါတယ်။ Data တွေရဲ့မှန်ကန်မှုကတော့ သူတည်ဆောက်တဲ့ ခေတ်ကာလနဲ့ အခုခေတ်ကာလ အနည်းငယ်တော့ကွာခြားမှာပါ။ ဒါပေမဲ့ ဗဟုသုတရမယ် အနည်းငယ်တော့ သိစရာတိုးမယ်လို့ယူဆပြီး သူငယ်ချင်းတို့ကို ပြန်လည်ပြောပြပါရစေ။
'ဟူးကောင်းလွင်ပြင်'ဒေသသည် တော်တောင်ထူထပ်သော အရပ်ဒေသတစ်ခုဖြစ်သည်။ ဟူးကောင်းလွင်ပြင်ဒေသမှာ ရှေးအခါက ပယင်းအထွက်ကောင်းသောဒေသအဖြစ် လူသိများပြီး ပယင်းဒေသဟုပင် ခေါ်ဝေါ်ခဲ့ကြလေသည်။ ဟူးကောင်း လွင်ပြင်မှာ စတုရန်းမိုင် (၅၅၈၆)စတုရန်းမိုင် ကျယ်ဝန်းသော ချိုင့်ဝှမ်းလွင်ပြင်ကြီးဖြစ်ကာ အရှေ့ဘက်၊ မြောက်ဘက်နှင့် အနောက်ဘက်များမှာ မြင့်မားလှသည့် တောင်တန်းကြီးများက ကာရံထားလေသည်။

အနောက်ဘက်၌ ကာဆီးထားသော ပတ်ကွိုင်တောင်တန်းကြီးမှာ ပေ(၈၀၀၀)ကျော် မြင့်မားပြီး ချင်းတွင်းမြစ်နှင့် အိန္ဒိယနိုင်ငံအတွင်းမှာ ရှိသော ဗြဟ္မပုတ္တရမြစ်တို့၏လက်တက်မြစ်များတို့ မြစ်ဖျားခံရာ ရေဝေကုန်းတန်းဖြစ်ပေသည်။
အရှေ့ဘက်မှာတော့ ကျော်မောင်ဘွမ်၊ ဘွမ်ဖျက်ဘွမ်၊ ပလောင်ဘွမ် အစရှိသော တောင်တန်းကြီးများရှိပြီး ၄င်းတောင် တန်းကြီးများမှာ မြန်မာနိုင်ငံ၏အသက်သွေးကြော ဖြစ်ကြသည့် ချင်းတွင်းမြစ်နှင့် ဧရာဝတီမြစ် တို့၏ မြစ်ဖျားခံရာ ရေဝေ ကုန်းတန်းများဖြစ်ကြပေသည်။

ဟူးကောင်းလွင်ပြင်၏ အရှေ့ဘက်နှင့် အနောက်ဘက်မှာ ရှိကြသော ရေဝေကုန်းတန်းကြီးများက စီးဆင်း လာကြသော မြစ်ချောင်းကြီးငယ် အသွယ်သွယ်တို့သည် ချိုင့်ဝှမ်းအလယ်သို့ စီးဆင်းလာကြပြီး နောက် ချင်းတွင်းမြစ်၏အကြီးဆုံး လက်တက်ဖြစ်သော တနိုင်းခချောင်းကျယ်ကြီးကို ဖြစ်ပေါ်စေခဲ့သည်။

တနိုင်းခသည် ချောင်းဟုသာ ဆိုရသော်လည်း မိုင်(၉၀)ခန့်ရှည်လျားလေသည်။

ဟူးကောင်းချိုင့်ဝှမ်းအတွင်း၌ ထင်ရှားသော နေရာအမှတ်အသားတစ်ခုမှာ လီဒိုလမ်းမကြီးဖြစ်ပေသည်။ လီဒိုလမ်းမကြီးမှာ (၁၉၄၇)ခုနှစ်၊ဒီဇင်ဘာလ (၁)ရက် ဒုတိယကမ္ဘာစစ်အတွင်း၌ စတင်ဖောက်လုပ်ခဲ့ ကြခြင်းဖြစ်သည်။ အိန္ဒိနိုင်ငံ အာသံပြည် နယ်နှင့် ဘင်္ဂလားနယ်ကို ဆက်သွယ်ကာ လီဒိုမြို့မှ စတင် ဖောက်လုပ်ခဲ့သဖြင့် 'လီဒိုလမ်းမကြီး'ဟု လူသိများထင်ရှားခဲ့ပေ သည်။ လီဒိုလမ်းမကြီးအား လီဒိုမြို့မှ စတင်ကာ မြန်မာနိုင်ငံအတွင်းသို့ ၀င်ရောက်လာသောအခါ ပတ်ကွိုင်တောင်တန်း၊ ရှင်ဗွေယံ၊ တနိုင်း၊ဟူးကောင်း၊မိုးကောင်း၊မြစ်ကြီးနားမှ ဧရာဝတီမြစ်ကိုဖြတ်ကာ ဗန်းမော်၊ လားရှိုးမှတဆင့် တရုတ်ပြည် ဘက်ရှိ မာကိုပိုလိုလမ်းမကြီးနှင့် ဆက်သွယ်ရန်ဖြစ်ပေသည်။
(၁၉၄၃)ခုနှစ်မှ အစပြုဖောက်လုပ်ခဲ့သော ထိုလမ်းမကြီးမှာ(၁၉၄၅)ခုနှစ်တွင် အဆုံးသတ်ခဲ့လေသည်။ လီဒိုလမ်းမကြီး ဖောက်လုပ်ရာတွင် ချွေးတပ်သားအမြောက်အမြား သေကြေပျက်စီးခဲ့ကြရပေသည်။ အရှေ့တောင်ဘက်တွင် ယိုးဒယား မြန်မာလမ်းမကြီးဖောက်လုပ်ခဲ့ရာတွင် ချွေးတပ်သားပေါင်း (၈၀၀၀၀) ကျော်သေကြေပျက်စီးခဲ့ကြောင်း မှတ်တမ်းရှိသည်။

(၁၉၄၇)ခုနှစ်၊ အောက်တိုဘာလ(၇)ရက် နေ့စွဲဖြင့်ထုတ်ပြန်ကြေငြာခဲ့သော လန်ဒန်မြို့ ဗြိတိသျှနိုင်ငံခြားရေးရုံးမှ ထုတ်ပြန် ကြေငြာချက်တွင် မြန်မာနိုင်ငံမှ ချွေးတပ်သားပေါင်း (၈၀၀၀၀)ကျော် သေကြေပျက်စီးခဲ့ကြောင်း ဖော်ပြခဲ့သော်လည်း ခန့်မှန်းချက်သာဖြစ်သည်။
၎င်းဖော်ပြချက်မှာ ယိုးဒယားနိုင်ငံဘက်၌ ယိုးဒယား၊မလေးရှား၊ အင်ဒိုနီးရှားနှင့် တရုတ်လူမျိုးတို့ သေကြေပျက်စီးမှု မပါဝင် ပေ။ ထို့ပြင် ဗြိတိသျှ စစ်သုံ့ပန်း၊သြစတြေးလျ စစ်သုံ့ပန်းနှင့် ဒတ်ခ်ျ စစ်သုံ့ပန်းတို့ မပါဝင်သေးပေ။

နာမည်ကျော် လီဒိုလမ်းမကြီးသည် ဟူးကောင်းချိုင့်ဝှမ်းသို့ ရောက်သောအခါ တနိုင်းချောင်းကို ဖြတ်သွားလေရာ အင်္ဂလိပ် အစိုးရလက်ထက်ရောက်သောအခါ ထိုနေရာတွင် ဟူးကောင်းမြို့ဖြစ်ပေါ်လာလေသည်။ နောက်ပိုင်းတွင်မှ တနိုင်းခချောင်း ကို အစွဲပြုပြီး တနိုင်းမြို့ဟု ခေါ်ဝေါ်ခဲ့ကြခြင်းဖြစ်သည်။ တနိုင်းမြို့မှာ လီဒိုလမ်းမကြီး၏အနောက်ဘက် မဝေးသောနေရာ၌ ရှိပြီး မြစ်ကြီးနားမြို့နှင့် မိုင်(၁၂၀)ခန့်ကွာဝေးလေသည်။ ဟူးကောင်းဆိုသည်မှာ ရှမ်းဘာသာစကားဖြစ်သည်။
ဟူး - ဦးခေါင်း ၊ ကောင်း - စည်တော်ဟု အဓိပ္ပါယ်ရှိရာ ဟူးကောင်း၏အဓိပ္ပါယ်မှာ 'စည်တော်ဦးခေါင်းပြုရာအရပ်' ဟုဆိုကြပေသည်။

ဟူးကောင်းဒေသကို ရှေးအခါကပင်'ပယင်းတွင်းဒေသ'ဟုခေါ်ခဲ့ကြပြီး အစောဆုံး ၀င်ရောက်နေထိုင်ကြသော လူမျိုးများမှာ 'နာဂ'လူမျိုးများဖြစ်ကြသည်။ နာဂလူမျိုးများ အများအပြား ရှိရာမှ ရွဲရိ၊ရွဲရာ၊ချောက်ရန်းဟုခေါ်သည့် နာဂလူမျိုးများ ဖြစ်ကြ သည်။ နောက်ပိုင်းတော့ နာဂလူမျိုးများ တဖြည်းဖြည်း နည်းပါးသွားကာ ရှမ်း၊ကချင်နှင့် မြန်မာလူမျိုးတို့ အများအပြား ၀င်ရောက်နေထိုင်ခဲ့ကြသည်။

ဟူးကောင်းလွင်ပြင်ဒေသသည် မြန်မာနိုင်ငံရဲ့ အမေဇုံတောဟု တင်စားခေါ်ဝေါ်ရလောက်အောင် တောင်တောင်ထူထပ် လှပြီး သားရဲတိရစ္ဆာန် ပေါများလှသောနေရာဖြစ်ပေသည်။

ထိုဒေသ၌ နေထိုင်ကြသူအများစုမှာ တောတောင်များအတွင်းသို့ လှည့်လည်သွားလာပြီး လုပ်ငန်းအမျိုးမျိုးဖြင့်အသက် မွေးဝမ်းကျောင်းသူများရာ ထိုအထဲတွင် ဆင်ရိုင်းဖမ်းသမားများလည်း ပါဝင်ပေသည်။

မြန်မာနိုင်ငံအ၀ှမ်းတွင် ဆင်ရိုင်းအကောင်ရေများစွာ ရှိသည့်အနက် ဟူးကောင်းချိုင့်ဝှမ်းဒေသ၌ အများအပြားရှိလေသည်။

ဆင်ရိုင်းဖမ်းဆီးသောအလုပ်မှာ အသက်အန္တရာယ်အလွန်များသော အလုပ်မျိုးဖြစ်ပေရာ မကျွမ်းကျင်ပါက ဆင်ရိုင်း၏ အစွယ်အောက်၊ခြေထောက်အောက်မှာ အသက်ပျောက်သွားနိုင်ပေသည်။

တောဆင်ရိုင်းသည် ခွန်အားဗလကောင်းသလို လူကဲ့သို့ အသိဥာဏ်များသော တိရစ္ဆာန်ဖြစ်သည်။

ဆင်ဖမ်းရာမှာ ကျုံးသွင်း၍ ထောင်ဖမ်းခြင်း၊ မီလာရှီကာဟု ခေါ်သော ကြိုးကွင်းစွပ်ဖမ်းခြင်းနှင့် မေ့ဆေးသေနတ် သုံး၍ ပစ်ခတ်ဖမ်းခြင်းဟူ၍ နည်းသုံးမျိုးဖြင့် ဖမ်းဆီးကြလေသည်။

မေ့ဆေးသေနတ်ဖြင့် ပစ်ဖမ်းသောနည်းကိုတော့ လူတိုင်းမသုံးကြပေ။ မေ့ဆေးသေနတ်ကို လူတိုင်းမသုံးနိုင်သည်က တစ်ကြောင်း၊ အဓိက အချက်မှာ ဆင်ကိုမေ့ဆေးသေနတ်ဖြင့် ပစ်ဖမ်းပါက ဥာဏ်ထိုင်းသည်ဟု ယူဆသောကြောင့်ဖြစ်၏။
နောက် မီလာရှီကာဟုခေါ်သော ဆင်ကိုကြိုးကွင်းစွပ်ဖမ်းဆီးသောနည်းမှာလည်း လူနည်းနည်းဖြင့် လုပ်နိုင်သည်ဆိုသော် လည်း မကျွမ်းကျင်ပါက အန္တရာယ်အလွန်များသောနည်းဖြစ်၏။

အများအားဖြင့်တော့ အသက်အန္တာရယ်လည်းကင်း၊ ဆင်ဖမ်းရာမှာလည်း အရလွယ်သော ကျုံးသွင်းဖမ်းနည်းကိုသာ အသုံးပြုမှု များလေသည်။

တောဆင်ရိုင်းများကို စနစ်တကျ ကျုံးသွင်း၍ ထောင်ဖမ်းသောနည်းမှာ အိန္ဒိယတိုင်းရင်းသားများထံမှ ဆင်းသက်လာ၍ ထိုကျုံးကို ကေဒါ (Khedda) ဟုခေါ်သည်။ ကျုံးအတွင်းသို့ ဆင်များကို မောင်းသွင်းပြီးမှ ဖမ်းဆီးသောနည်းကို ကေဒါ သို့မဟုတ် ကျုံးသွင်းခြင်းဟု ခေါ်ကြလေသည်။ သို့သော်လည်း ဆင်ကျုံးသွင်းသောအဖွဲ့မှာ လူသုံးဆယ်ကျော်ခန့် အသုံးပြု ရသောကြောင့် လူအများဆုံး အသုံးပြုရသော ဆင်ဖမ်းနည်းဖြစ်သည်။

ဆင်ကျုံးသွင်းသော လမှာ အောက်တိုဘာလဆန်းမှ စတင်လုပ်ကိုင်ကြလေသည်။ဆင်ကျုံးသွင်းမည့်သူများသည် တော အတွင်း ရောက်သည်နှင့် ဦးစွာ ဆင်များ အုပ်စုလိုက် ရှိသောနေရာများကိုလေ့လာရှာဖွေရသည်။ ဆင်အုပ်များကိုတွေ့ပါက ကျုံးသွင်းမည့်နေရာကို ရွေးချယ်ရသည်။
ဆင်ကျုံးတည်ရန်အတွက် သင့်တော်သောနေရာများမှာ - ဆင်ရိုင်းများ မကြာခဏဖြတ်သွားတတ်သောလမ်း၊ ဆင်များ ခိုအောင်းနိုင်မည့် အရိပ်အာဝါသကောင်း သည့်နေရာ၊ စမ်းချောင်း၊ရေအိုင် များရှိသောနေရာ၊ ထို့ပြင် သယ်ယူပို့ဆောင်ရေးအတွက် အခက်အခဲမရှိသောနေရာ၊ တောင်ကုန်းလည်းမကျ၊ မြေပြန့် သက်သက်လည်း မဟုတ်သောနေရာနှင့် ဆင်များ ဖမ်းမိပါက လေ့ကျင့်မှုပေးရန် ကျယ်ပြန့်သောနေရာ၊ ကျုံးဆောက်ရန် အတွက် အနီးဝန်းကျင်တ၀ိုက်မှာ သစ်ဝါးပေါသောနေရာနှင့် ဆင်ရိုင်းများ အစာရေစာ အလွယ်တကူရနိုင်မည့်နေရာ စသည်တို့ဖြစ်သည်။
ဆင်ကျုံးတည်ဆောက်ရန်အတွက် တောထဲမှ သစ်ဝါးစသည်တို့ကိုခုတ်ယူကြရသည်။ ဆင်ရိုင်းများ ထောင်ဖမ်းရန်ကျုံးမှာ တစ်ဖက်ကျယ်၊ တစ်ဖက်ကျဉ်းဖြစ်ပြီး စတုဂံပေ(၆၀)မှ (၁၀၀)အထိရှိတတ်သည်။
လိုအပ်သော သစ်ဝါးများမှာ – ဖြောင့်တန်းနေသည့် ကျုံးတံခါးတိုင်လေးလုံး၊ တိုင်တစ်လုံး၏အရှည်မှာ (၃၅)ပေဖြစ်သည်။ (၁၆)ပေအရှည်ရှိသော ကျုံးတိုင်အလုံး(၃၀)၊ (၁၆)ပေအထက်ရှည်သော မျောတန်းအလုံး (၃၀၀)တို့ဖြစ်သည်။ ကျုံးတိုင်နှင့် မျောတန်းများကို ဖြောင့်ဖြူးသော သစ်လုံးများဖြင့် အသုံးပြုကြသည်။ အကိုင်းအခက် အဖုအထစ်များ ပါလျှင်လည်း ဓါး၊ ရဲဒင်းများဖြင့် ချောအောင် ရွေထားကြသည်။ ကျုံးတစ်ခု တည်ဆောက်ရန်အတွက် အုန်းဆံကြိုး သုံးမည်ဆိုပါက ပိဿာ(၂၀၀)ခန့် ကုန်ကျမည်ဖြစ်ပြီး ကြိမ်ဖြင့် တုပ်နှောင်မည်ဆိုပါက ကြိမ်နီအပင်ပေါင်း(၅၀၀၀)ခန့် ကုန်ကျတတ်ပေသည်။

ဆင်ဖမ်းနည်းသုံးမျိုးရှိသည့်အနက် မီလာရှီကာဟုခေါ်သော ကြိုးကွင်းစွပ်ဖမ်းနည်းမှာ အန္တရာယ်များပြီး စွန့်စားရသော ဆင်ဖမ်းနည်းဖြစ်သည်။ ၄င်းမှာ ကြိုင်းကွင်းပစ်တော်သော ဆင်ဖမ်းသမားနှင့် နောက်လိုက်ကောင်းများ ရှိရန်လိုအပ်သည်။ ၄င်းအပြင် ဖန်တီစီးသောဆင်ကလည်း လိမ္မာပါးနပ်ဖို့ရန် အရေးကြီးလေသည်။ မီလာရှီကာနည်းမှာ ကုလားစကားဖြစ်ပြီး အဓိပ္ပါယ်မှာ ကြိုင်းကွင်းစွပ်ဖမ်းနည်းဖြစ်သည်။ ဆင်ဖမ်းအဖွဲ့တွင် လူက(၁၀)ယောက်ခန့် ပါရပြီး ကွန်ဂျီဟု ခေါ်သည့် ဆင်လိမ္မာက သုံးကောင်ပါသည်။ အချို့ဆင်ဖမ်းအဖွဲ့များမှာ အကူဆင်မပါဘဲ ကွန်ဂျီဟုခေါ်သည့် ဆင်ယဉ်နှစ်ကောင် ဖြင့်လည်း ဆင်ဖမ်းထွက်ကြသည်။ တောဆင်ရိုင်းကို ပစ်ဖမ်းရန် အသုံးပြုသောကြိုးကို 'ဆိုင်ဖန်း'ဟုခေါ်သည်။

ပီလောပီနံလျှော်ကို (၁၂)လွန်းတင် ကျစ်ထားသော(၃၇)တောင် (ပေ၅၀ခန့်)အရှည်ရှိသော ကြိုးကြီးကို အသုံးပြုကြသည်။

ဆင်ဖမ်းထွက်တော့မည်ဆိုလျှင် ဖန်တီဟုခေါ်သော ခေါင်းဆောင်က ကာကီဘောင်းဘီသုံးထည်၊ အင်္ကျီသုံးထည်ကို တစ်ခါ တည်း ထပ်ဝတ်ထားရသည်။ မာအွတ်ဟု ခေါ်သော ပဲ့စီးများမှာလည်း ထိုနည်းအတိုင်းပင် ထပ်ဝတ်ထားကြရသည်။ ထိုသို့ဝတ်ဆင်ရခြင်းမှာ ဆင်ရိုင်းနောက်သို့ပြေးလိုက်ရာတွင် ကြိမ်တော၊ဆူးတောများအတွင်းမှ ဖြစ်ပြေးရသည့်အခါ သစ်ကိုင်းခြစ်သည့်ဒဏ်၊ ဆူးဒဏ်များမှ ကာကွယ်ရန်အတွက်ဖြစ်သည်။ ဆင်ဦးစီးများတွင် အရှည်နှစ်ပေ၊ ဗျက်သုံးလက်မ ရှိသော ဖားမစ်ဆန် ခေါ် ခန္ဓီးရှမ်းဓါးတစ်လက်စီလည်း ဆောင်ထားရသည်။

ပြေးရင်းလွှားရင်း ရှေ့မှ သစ်ကိုင်းနှင့် ကြိမ်နွယ်များခံနေပါက ဓားဖြင့်ခုတ်ဖြတ်သွားရန်ဖြစ်သည်။ ဆင်ဖမ်းထွက်တော့မည် ဆိုလျှင် အခြားစားနပ်ရိက္ခာကိရိယာ တန်ဆာပလာများအပြင် ကြက်ဖို၊ကြက်မ နှစ်ကောင်ကိုလည်း ဆင်ပေါ်တင်ယူ သွားကြသည်။ တောထဲရောက်၍ ဆင်ခြေရာတွေ့ပြီး ဆင်နောက်လိုက်တော့မည်ဆိုပါက ယူလာသော ကြက်နှစ်ကောင်ကို အဓိဌာန်ပြုကာ လွှတ်တင်လိုက်ရသည်။

လွှတ်လိုက်သောအချိန်မှာ ကြက်များက ရွှင်ရွှင်လန်းလန်းနှင့် တွန်သံပေးပြီး တောသို့ဝင်ပါက နိမိတ်ကောင်းဟု ယူဆပြီး၊ အကယ်၍ ကြက်နှစ်ကောင် ထိုးကြ၊ ဆိတ်ကြ၊ ခွပ်နေကြလျှင် နိမိတ်မကောင်းဟု အယူရှိကြလေသည်။

တောဆင်ရိုင်းများနောက်သို့ သက်စွန့်ဆံဖျားလိုက်ရတော့မည်ဆိုလျှင် ပထမဦးစွာ ဆိုက်ဖလားဟု ခေါ်သော ၀မ်းပတ်ကြိုး ၏ ကွင်းတွင် ဆိုင်ဖန်ခေါ် ဖမ်းကြိုးတစ်စကို ထည့်ရသည်။ ပြီးမှ ဆင်ဖမ်းကြိုးခွေကို ဆင်၏ကျောကုန်းပေါ်သို့ တင်ကာ ဆိုက်သရီးခေါ် ကြိုးဖြင့် ထိန်းထားရသည်။ အားလုံးအဆင်သင့် ဖြစ်သောအခါ တောဆင်ရိုင်းအုပ်ရှိသော နေရာရောက် အောင် သွားကြရလေသည်။ ဆင်အုပ်ရှိရာသို့သွားရာတွင် လေညာအရပ်က မသွားရဘဲ လောအောက်အရပ်မှ သွားကာ ဆင်အုပ်အတွင်းမှ စိတ်ကြိုက်ဆင်တစ်ကောင်ကိုရွေးချယ်ရသည်။ ဆင်ရွေးပြီးသောအခါ ဆင်အုပ်ရှိရာသို့လေအောက် ဘက်မှနေ၍ လိမ္မာပါးနပ်စွာ ချဉ်းကပ်သွားရလေသည်။ ဖမ်းဆီးရာတွင် အများအားဖြင့် မိမိဆင်ထက်အကောင်ငယ်သော ဆင်များကိုသာ ရွေးချယ်၍ ဖမ်းဆီးကြသည်။

ဆင်မဖြစ်လျှင် ခုနစ်ပေအထိ ဖမ်းရဲကြသော်လည်း အစွယ်ရှိသော ဆင်ထီးဖြစ်ပါက ခြောက်ပေဆင်ကို ဖမ်းဆီးရာမှာပင် အထူးသတိဝီရိယထားကာ ဖမ်းဆီးကြရသည်။ တစ်ခါတစ်ရံ စွယ်စုံဆင်ရိုင်းများက မိမိတို့ စီးလာသော ဆင်ယဉ်ကို အစွယ်ဖြင့်ထိုးသတ်လေ့ရှိကြသည်။ ထိုအခါ ဆင်ရိုင်းမရသည့်အပြင် ရှိသည့်ဆင်ယဉ်ပါအသက်ဆုံးရှုံးတတ်သည်။

ထို့ကြောင့် ဖန်တီများ၏ကျွမ်းကျင်လိမ္မာမှုက အရေးကြီးလှပေ၏။ ဆင်ရိုင်းကို ဖမ်းဆီးတော့မည်ဆိုလျှင် ဖန်တီဟုခေါ်သော ဦးစီးက ဆင်၏ပုခုံးပေါ်မှာ ကားယားခွထိုင်ကာ နင်းလုံးကြိုးအတွင်းသို့ ခြေနှစ်ဖက်ကို ထိုးသွင်းထားရသည်။ ဆင်ဖမ်းကြိုး အစတစ်ဖက်ကို ကွင်းလျောပြုလုပ်ထားပြီး တစ်ဖက်ကို ၀မ်းပတ်ကြိုး၌ချည်ကာ ဆင်ကျောကုန်းပေါ်ရှိ ဖမ်းကွင်းကိုလည်း ထိန်းပြီးလိုက်ရသည်။ ပဲ့ချိတ်ဟုခေါ်သော နောက်လိုက်က ဆင်ကုန်းမြီးပေါ်တွင် ဆောင့်ကြောင့်ထိုင်ကာ မြီးဆိုင်းကြိုးကို ကိုင်ကာ လိုက်ရသည်။ ထို့နောက်တောဆင်ရိုင်းနောက်သို့ ကြိုးကွင်းဖြင့် စွပ်ဖမ်းရန် ပြေးလိုက်ရသည်။ ထိုသို့ပြေးလိုက်ရာ တွင် မိမိတို့ စီးလာသော ဆင်လိမ္မာက တောဆင်ရိုင်းကို မမှီနိုင်ဘဲ အပြေးနှေးနေလျှင် စူးဖြင့်ထိုးဆွပေးရသည်။ အကယ်၍ ဆင်ရိုင်းက ကြောက်အားလန့်အားဖြင့် ကြိမ်ပိုက်တော၊ ၀ါးတော၊ ဆူးတောအတွင်းသို့ ၀င်ပြေးပါက ဖမ်းဆင်လည်း ထပ်ကြပ်မကွာပြေးလိုက်ရသည်။

ထိုအခါ ဆင်ကျောပေါ်တွင် ပါလာသောလူတွေမှာ ဆူးမစူးစေရန်နှင့် သစ်ကိုင်းသစ်ခက်များနှင့် မရိုက်မိ၊ မထိခိုက်စေရန် ဆင်ကျောပေါ်တွင် ပြားပြားဝပ်၍သော်လည်းကောင်း၊ ဦးစီးက ဆင်နားရွက်နှင့် လည်ပင်းအောက်သို့ ရွှေ့ပြောင်း၍လိုက်ရ သလို ပွဲစီးမှာလည်း ၀မ်းပတ်ကြိုး၊ မြီးသိုင်းကြိုးများကို မြဲမြဲဆွဲကာ ဆင်၏ ၀မ်းဗိုက်ဘေးစောင်းအထိ မြှောင်ကပ်၍စီးကာ လိုက်ကြရသည်။ ဆင်လိမ္မာ မဟုတ်ဘဲ ရိုးရိုးဆင်သာဆိုလျှင် တောဆင်ကိုပြေးလိုက်ရာ၌ ဆင်ပေါ်က လူများလိမ့်ကျ ကျန်ခဲ့မည် အမှန်ဖြစ်၏။ ဤသို့ ငါးမိုင်၊ခြောက်မိုင်ထိ လိုက်ပြီးကြသောအခါ တောဆင်ရိုင်းကို ဖမ်းဆင်က မီတော့သည်။ ထိုအခါ ဦစီးဖန်တီသည် ပြေးနေသောဆင်ရိုင်း၏ ဦးခေါင်းပေါ်သို့ ကြိုးကွင်းပစ်တင်ပေးလိုက်ရ၏။ တောဆင်မှာ ကြောက် အားလန့်အားနှင့်ပြေးရာတွင် နှာမောင်းကို ခွေလိပ်ထားတတ်လေရာ မိမိဦးခေါင်းပေါ်သို့ စွပ်ကျလာသော ကြိုင်းကွင်းကို နှာမောင်းနှင့် ဖယ်ရှားပစ်လိုက်သည်နှင့် တပြိုင်နက် သူ၏လည်ပင်းကို ကြိုးကွင်းက စွပ်ပြီးသားဖြစ်သွားလေသည်။

ဤသို့ ကြိုးကွင်းစွပ် ပစ်ဖမ်းရာတွင် ဆင်ဖမ်းဖန်တီတို့၏ ကျွမ်းကျင်မှုကြောင့် များသောအားဖြင့် လွတ်ထွက်သွားခြင်းမရှိပေ။ တောဆင်ရိုင်း၏လည်ပင်းကို ကြိုးကွင်းစွပ်မိသောအခါ တောဆင်မှာ အင်အားရှိသလောက် ရုန်းကန်ပြီး ထွက်ပြေးရန် ကြိုးစားသည်။ ထိုအခါ ဆင်လိမ္မာနှင့် တောဆင်အင်အားချင်း ပြိုင်ကြဲ၍ ဖမ်းကြိုးကို လူက လျှော့ချည်တင်းချည် လုပ်ပေး ရသည်။ တောဆင်မောပန်းသွားအောင် နည်းအမျိုးမျိုးဖြင့် လုပ်ပေးရသည်။ လူကဤကဲ့သို့ ပြုလုပ်ပေးသောအခါ တော ဆင်ရိုင်းမှာ မကြာခင် ခြေကုန်လက်ပန်းကျပြီး ဆင်လိမ္မာဆွဲခေါ်ရာသို့ ယက်ကန်ယက်ကန်နှင့် ပါသွားရလေသည်။
စင်စစ် ဤသို့ အလွယ်တကူ ဖမ်းမိမှုများ နည်းပါးပြီး ဖမ်းမိထားသော တောဆင်ရိုင်းအား သူ့အုပ်ထဲမှ အခြားသော ဆင်ရိုင်းများက ပြန်လှည့်လာပြီး အကူအညီပေးခြင်း၊ အတင်းဝင်လုဆွဲခေါ်ခြင်း၊ ဆင်လိမ္မာရော လူကိုပါ အစွယ်နှင့် လိုက်ထိုးခြင်း၊ ဆင်လိမ္မာက အားသန်နေ၍ မပြိုင်ရဲလျှင် အပေါ်က လူကို နှာမောင်းနှင့် ဆွဲချခြင်း စသည်တို့ကို တွေ့ကြုံရတတ်သည်။

ထိုသို့သောအခါမျိုးတွင် ကွန်ဂျီခေါ် ဖမ်းဆင်လိမ္မာသည် အလွန်အရေးကြီး၏ လျင်မြန်ဖျက်လတ်မှု၊ရဲရင့်မှု အပြင် လူကို အကာအကွယ်ပေးတတ်မှုရှိရန် အထူးလိုအပ်လှပေသည်။ ထိုအခါများတွင် ဆင်ဖမ်းလုပ်သားများမှာ တောဆင်ရိုင်းအုပ်နှင့် သက်စွန့်ဆံဖျား အစွမ်းပြိုင်ကြရလေသည်။ ယခင်က ဤသို့အခက်အခဲများ တွေ့လာလျှင် ကျည်ဆံအစား ကြိမ်ဖူးများကို တပ်၍ တောဆင်ရိုင်းများ ခြေထောက်ကို လှမ်းပစ်၍ ခြောက်လှန့်ကြရသည်။ ယခုအခါ သေနတ်များကို သိမ်းဆည်းထား သဖြင့် ဆင်ဖမ်းလုပ်သားများမှာ အခက်ကြုံ၍ ဆင်နှင့် နီးနီးကပ်ကပ် ရင်မဆိုင်ရဲ ဖြစ်နေကြသည်။ အစစအရာရာ အဆင် ပြေပြီး မိမိတို့စိတ်ကြိုက် တောဆင်ရိုင်းများကို ကြိုးကွင်းစွပ် ဖမ်းဆီးပြီးသောအခါ အမြစ်ဆုံကောင်း၍ ခိုင်ခံ့သော သစ်ပင် တစ်ပင်ကို အနီးအနား၌ ချက်ချင်းရှာဖွေကြရသည်။ ဆင်ရိုင်းချည်ရန် သစ်ပင်မှာ အောက်ခြေရှင်းနေပြီး အကိုင်းအခက် အဖုအထစ်များ လုံးဝမရှိရပေ။

ဆင်ချည်ရန် သစ်ပင်၌ အကိုင်းအခက် အဖုအထစ်များရှိနေပါက ဆင်ရုန်းသောအခါ သစ်ကိုင်းသစ်ခက် အချွန်အတက်များ ထိခိုက်မိ၍ ဒဏ်ရာအနာတရ ရှိတတ်သည်။ ဖမ်းမိထားသော တောဆင်ရိုင်းကိုချောမွတ်သော သစ်ပင်၌ ဆင်လိမ္မာ၏ အကူအညီနှင့် ကပ်ချည်ထားရသည်။ ထို့နောက် မကြာမီ တောဆင်ကို ဆင်လိမ္မာနှင့် ပူးညှပ်ကာ ဆင်ကျင့်စခန်းသို့ ဆွဲခေါ် လာရသည်။ စခန်းသို့ရောက်သောအခါ တောဆင်၏ နားကိုဖောက်၍ကြိုးတစ်ပင်နှင့် တပ်ပေးရသည်။ ဆင်၏တစ်ကိုယ် လုံး၌ နာကျင်တတ်သောနေရာမှာ နားရွက်သည်အဓိကနေရာဖြစ်သဖြင့် နားကိုဖောက်ချည်ထားခြင်းဖြစ်သည်။ ဆင်ဦးစီး များ ဆင်ကို ဆုံးမလျှင်လည်း နားရွက်ကို ရိုက်၍ဆုံးမတတ်ကြ၏။

ဖမ်းမိထားသော တောင်ဆင်၏ ခြေလက်၊ လည်ပင်းတို့ကို ခိုင်ခံ့သော သစ်ပင်များတွင် ချည်ထားပြီး နှစ်ရက်သုံးရက်ထိ အစာရေစာ လုံးဝမကျွေးဘဲ ဒဏ်ခတ်ထားရသည်။ ထိုသို့ဒဏ်ခတ်ထားခြင်းဖြင့် တောဆင်ရိုင်းများ စိတ်ဓာတ်ကျသွား သည်။ ထိုအခါ ငှက်ပျောပင်ထဲထွင် ဆန်ဆားအနည်းငယ် လုံးထွေးပြီး ကျွေးရသည်။

ထို့နောက် ကျင့်ဆင်များဖြင့် ကြပ်မတ်ညှပ်သွင်းကာ တောဆင်ရိုင်းကိုလေ့ကျင့်သင်ကြားပေးရသည်။ ညှပ်သွင်းထားသော ဆင်ရိုင်းများယဉ်ပါးလာရန်အတွက် ညှပ်ပေါ်တွင် ကြိုးဖြင့် ကြက်ခြေခတ် ပုခက်ပြုလုပ်ပြီးလျှင် ဆင်ဖမ်းလုပ်သားများက ရှေးဦးစွာ ဆင်ကျောကုန်းပေါ်ကို နင်းစမ်း၍ လျှောက်ပေးရသည်။ ပြီးမှတစ်ဆင့် လူလွတ်တက်စီး၏။
ထို့နောက် ဆင်တစ်ကိုယ်လုံးကို နေရာလွတ် မကျန်အောင် ပွတ်သက်၍ လူသုံးလေးယောက်က သီချင်းသံပြိုင်ဆိုကာ ဆင်ကို ယဉ်ပါးလာအောင် လုပ်ကြရသည်။

'ဆော်ဘိုင်၊ ဆော်ဘိုင်လော့ ဘာဘူရယ်
ဆော်ဘိုင်၊ ဆော်ဘိုင်လော့ ဘာဘူရယ်
ဆော်ဘိုင်....၊ အီကမ်...၊ အီနွမ်ဟွိုင်ဟွိုင်...၊
ဆိုကမ်ဟွိုင်ဟွိုင် ဆိုကမ်မနူတီ
အီကမ်မကတီ အီကမ်မနူတီ အီကမ်
ဆော်ဘိုင်၊ ဆော်ဘိုင်လော့ ဘာဘူရယ်၊
ဆော်ဘိုင်.....'
အစရှိသဖြင့်ပေါ့။

ထိုသို့သင်ကြားလေ့ကျင့်နေစဉ်အတွင်း ၀ံအူ၊ ပေါက်၊ဆင်သမနွယ် စသည့်အမြစ်အခေါက်များကို ကျိုပြီး ဒဏ်ရာများကို ဖန်ရည်ဆေးပေးရသည်။ ယခုအခါ တိရစ္ဆာန်ဆေးကုဆရာများ ထားပေးသဖြင့် ခေတ်မီထိုးဆေး၊ စားဆေးများ ကျွေး၍ ကုသကြသည်။ထိုသို့ လေ့ကျင့်ပြီးသောအခါ ညှပ်မှ ထုတ်၍ တွဲဆင်နှင့်တွဲပြီး ထိန်းကျောင်းပေးရသည်။ စခန်း၌ လေ့ကျင့် နေစဉ်အတွင်း အညှော်အနံ့အသက်များ မပြုလုပ်ရ။ စားဖတ်ကြိုးများဖြင့် ဆင်ကိုမရိုက်ရ။ကြက်တည်သူများမလာရ။ လှည်းမောင်း၍ စခန်းထဲသို့မ၀င်ရ။ပုလွေ၊နှဲမမှုတ်ရချေ။

တောဆင်ရိုင်းတစ်ကောင် အတော်အသင့်ယဉ်ပါးလာရန်အတွက် အနည်းဆုံးတစ်လလောက် ကျင့်ယူရသည်ဟု သိရ သည်။ ကျွန်တော်ဖတ်သော အထက်ပါစာအုပ်တွင် တခြားသောဆင်ဖမ်းနည်း၊ ဆင်ကိုယဉ်ကျေးအောင် စခန်းသွင်း လေ့ကျင့်ပုံအချို့ကိုလည်းထည့်သွင်းရေးသားထားပါသေးသည်။ ဒါပေမဲ့ မီလာရှီကာနည်းကို ပိုမိုစိတ်ဝင်စားမည်ထင်၍ ဦးစားပေးရေးသားဖော်ပြလိုက်ခြင်းဖြစ်ပါသည်။

ဒီတစ်ခါ ဟူးကောင်းချိုင့်ဝှမ်းနယ်တကျောရှိ လူပျိုလှည့်သော ဓလေ့များနှင့် မင်္ဂလာဆောင်အခမ်း အနားများအကြောင်း အနည်းငယ်ဆက်လက်တင်ပြလိုပါသည်။
လူပျိုလှည့်ဓလေ့နှင့် မင်္ဂလာဆောင်အခမ်းအနားများမှာ တစ်နေရာနှင့် တစ်နေရာ ဒေသတစ်ခုနှင့်တစ်ခု သိပ်မကွာလှပေ။

လူပျိုလူရွယ်များက မိန်းမပျိုများကို လွတ်လပ်စွာ ပိုးပန်းနိုင်ခွင့်ရှိသလို လွတ်လပ်သော မိန်းကလေးများအား အုပ်ထိန်းသူ မိဘများထံတွင် လွတ်လပ်စွာ တောင်းရမ်းနိုင်ပေသည်။ မိန်းကလေးရှင်များထံ သွားရောက်၍စကားကမ်းလှမ်းပြီး အုပ်ထိန်း သူမိဘများက လက်ခံလျှင် မိန်းကလေးကို အသိပေးရသည်။ မိန်းကလေးက လက်ခံလျှင် လက်ထပ်ထိမ်းမြားခွင့်ရှိလေ သည်။ အကယ်၍ မိဘများချင်း ရင်းနှီးမှုရှိပါက ကြားထဲမှ အောင်သွယ်ပြောပေးနိုင်သူကို အရင်လွှတ်ပေးရသည်။

ကြားအောင်သွယ်နှင့် အဆင်ပြေပြီဆိုတော့မှ အဓိကသက်ဆိုင်သူများက သွားရလေသည်။
ဒီတစ်ခါ လူပျိုလှည့်တဲ့ဓလေ့လေးကို အကျယ်ချဲ့ပြောပြချင်ပါသေးသည်။ဟူးကောင်း ချိုင့်ဝှမ်းတွင် ဆောင်းရာသီ၌ အလွန်အေးလှပေရာ တဲအိမ်များရှေ့၌ 'နှင်းမိုးစင်' ထိုးပေးထားရသည်။ နှင်းမိုးစင်ဆိုသည် မှာ လူပျိုလှည့်သောသူ လာလျှင်နှင်းမကျစေရန် ယာယီတဲထိုးပေးထားရခြင်းဖြစ်၏။ ထိုတဲအောက်မှာ ထင်းတုံးများဖြင့် မီးဖိုပေးထားရသည်။ မိန်းမပျိုတို့က ဗိုင်းငင်ရင်းနှင့် လူပျိုလှည့်ကာ လာသူကိုစောင့်ရသည်။
'လသာတန်းဗိုင်းငင်'ဆိုသော စကားအဓိပ္ပါယ်မှာ အရွယ်ကောင်းစဉ်မှာ ဘ၀ကြင်ဖော်ရှာရမည့် အဓိပ္ပါယ်ပါတဲ့သူတို့အတွက်။ နှင်းမိုးစင်အောက်တွင် မိန်းမပျိုတစ်ဦး သို့မဟုတ် အခြားမိန်းမပျိုအဖော်တစ်ယောက်နှစ်ယောက်နှင့်အတူရှိနေတတ်သည်။

ညဦးပိုင်းအချိန် အလုပ်သိမ်း၍ပြန်လာသော လူပျိုများက မိမိတို့ နှစ်သက်သဘောကျသော မိန်းမပျိုရှိရာ နှင်းမိုးစင်အောက် သို့ လွတ်လပ်စွာ ၀င်ရောက်၍ လူပျိုလှည့်လေ့ရှိကြသည်။
မိန်းမပျိုကလေးများကလည်း လူပျိုလာလှည့်သူများထဲမှ မိမိနှစ်သက်သူကို လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ရှိသည်။ တစ်ခါတစ်ရံလည်း စိတ်ထဲမှာ ရည်စူးထားသူကို မျှော်နေလေ့ရှိသည်။ တစ်ခါတစ်ရံ မျှော်နေသူက ရောက်မလာဘဲ မလာစေချင်သူက ရောက်လာသည့် အခါမျိုးလည်းရှိသည်။ ထိုအခါ စိတ်ထဲမှာ အနှောင့်အယှက်ဖြစ်ရသော်လည်း ယဉ်ကျေးချိုသာစွာနှင့်ပင် ငြင်းပယ်ရလေသည်။

ညဥ့်ဦးယံအချိန် ရောက်လာလျှင် နှင်းမိုးစင်အောက်ရှိ ဆောင်းမီးဖိုရှိ နေရာတိုင်းမှာ လူစည်ကားနေတတ်ပါသည်။ လူပျိုနှင့် အပျိုတွေ့လျှင် ထွေရာလေးပါး စကားများပြောရင်းမှ ချစ်စကားကြိုက်စကားပြောရသည်။ ညဥ့်နက်ပိုင်းရောက်လာ လေလေ အချစ်အဓိပ္ပါယ်များက ပိုမိုကျယ်ဝန်းလာလေလေဖြစ်၏။

လူပျိုအပျိုတို့အတွက် အချစ်သည် ဘယ်ကျောင်း၊ ဘယ်ဆရာထံမှ သင်ယူရန် မလိုဘဲ တတ်မြောက်လာသော ပညာဖြစ်ရာ ဘယ်လောက်ပင် ရိုးသားနုံချာသူဖြစ်ပါစေ သက်ဆိုင်သော ချစ်စကားကိုတော့ အဆင်ပြေအောင် ပြောဆိုတတ်ကြသည်။
'ဗိုင်းငင် ချည်ငင်တာ ဘယ်လောက်ပြီးပြီလဲ' စကားစသည်။

'အတော်အသင့်ပေါ့'
'ဘာရက်မှာလဲ'
မိန်းမပျိုက အတန်ငယ် စဉ်းစားသည်။ လုလင်ပျိုကို စိတ်ထဲမှ မနှစ်သက်လျှင် တလွဲဖြေသည်။ စိတ်ထဲမှ နှစ်သက်လျှင် အံဝင်ခွင်ကျဖြေသည်။

'ပုဆိုးရက်မှာပေါ့။'
'အကွက်သေးလား အကွက်ကြီးလား'
လုလင်ပျိုက တစ်ဆင့်တက်လာခြင်းဖြစ်သည်။ သူတို့လိုချင်သောအကွက်ရောက်အောင် စကားစစ်ခင်းလာခြင်းဖြစ်၏။ မိန်းကလေးက အကွက်ကြီးဆိုလျှင် အဖေအတွက် ၊ ဘကြီး၊ ဦးကြီးအတွက်ဟု အဓိပ္ပါယ်ရသည်။ အကွက်သေးဆိုပါက ချစ်သူရည်းစားအတွက်ဖြစ်သည်။
မိန်းကလေးက...'အကွက်သေး ရက်မှာ' ဟုမပွင့်တပွင့် အမူအယာဖြင့် ဖြေလျှင် ကိုလူချောအတွက် မျှော်လင့်ချက်ရှိပြီး စကားဆက်ပြော၍ရသည်။ အဲ..မိန်းကလေးက စကားဆက်မပြောချင်ရင်တော့ 'အကွက်ကြီးရက်မှာ' ဟုစကားပိတ် ပြောလိုက်လျှင် ထိုအကြောင်းကို မစဉ်းစားချင်သေးဟု အဓိပ္ပါယ်ရက ထိုနှင်းမိုးစင်အောက်မှ မယောင်မလည်ဖြင့်ထကာ အခြားစင်သို့ ကူးရလေသည်။

အကယ်၍မိန်းကလေးက လုလင်ပျိုကို နှစ်သက်သဘောကျလျှင် အကွက်သေးရက်မှာပါဟု ရှက်သွေးဖြာသောမျက်နှာဖြင့် ပြန်ပြောလျှင် မျှော်လင့်ချက်ရှိလာပြီး နောက်တစ်ဆင့်တက်ဖို့ ကြိုးစားရသည်။

'ရစ်တံထိုးလို့ ပုဆိုးဆင် လက်ခပ်သံတွင် ရွှေခြူနဲ့လား' ဟုလုလင်ပျိုက မရဲတရဲ စကားထာဖွက်ရသည်။

လုံမပျိုက ချက်ဆိုနားခွက်က မီးတောက်သည်။ စကားထာ၏ အဓိပ္ပါယ်ကို သူမသိသည်။ အဓိပ္ပါယ်မှာ 'ချစ်စပျိုးလို့ ချစ်ကြိုးငင်၊ နှမပျိုခင် စိတ်တူရဲ့လား' ဟူ၍ဖြစ်သည်။
ရှက်သွေးဖြန်းနေသော လုံမငယ်သည် သူမမကြိုက်လျှင် ဤအဆင့်တွင်လည်း ငြင်းပယ်တတ်ကြသည်။ လုံမငယ်က ....'ဆံရစ်ခိုင်ညှာ ဆန်ပြာတုံး' ဟုစကားထာ ၀ှက်လိုက်ရာတွင် လုလင်ပျိုမှာ အတော် ဒုက္ခရောက်သွားသည်။ 'မချစ်နိုင်ပါ ပြန်ပါဦး' ဟူ၍ဆိုလိုက်ခြင်းဖြစ်သည်။

လုလင်ပျိုမှာ ရှက်ကိုးရှက်ကန်းနှင့် လာလမ်းပြန်ရုံသာရှိတော့၏။ သို့ရာတွင် လုံမပျိုက ကြည်ဖြူပါလျှင် လုလင်ပျိုကို စစ်ဆေးမေးမြန်းတော့သည်။ 'လှည်းပဒေါင်း ရေလောင်းခဲ့ရဲ့လား' ဟုလုံမပျိုက မေး၏။

ဆိုလိုရင်းမှာ 'ရည်းစားဟောင်းကို ခွင့်တောင်းခဲ့ရဲ့လား' ဟူ၍ဖြစ်သည်။ လုလင်ပျိုက သူ့မှာ ရည်းစားမရှိခဲ့ဖူးကြောင်း၊ မင်းသာ ပထမဆုံးရည်းစားဖြစ်ကြောင်း စသည်တို့ကို တတ်သမျှ မှတ်သမျှ ပြောရတော့သည်။

ထိုသို့ လုလင်ပျိုနှင့် လုံမပျိုတို့နှစ်ဦး ပြေလည်ကြပြီဆိုလျှင် နောက်ညများ၌ မီးဖိုဘေးမှာ တစ်ယောက်ချင်း ပြောခွင့်ရပြီ။ ထိုအဆင့်ထိ ရောက်ဖို့မှာလည်း အချိန်အတော်ကြာ ကြိုးစားရသည်။ ပြိုင်ဘက်များလည်း တွေ့ရသည်။

မိန်းကလေးက အချိန်ယူ စဉ်းစား၍ တစ်ဦးဦးကို လက်ခံမှသာ ညဥ့်နက်သန်းခေါင်အထိ ဆောင်းတွင်းမီးဖိုဘေးမှာ စကား ပြောခွင့်ရတော့သည်။ အခြားသော ကာလသားများသည် ညဦးပိုင်းမှသာ ထိုမီးဖိုသို့လာပြီး ညဥ့်နက်လျှင် မိမိနှင့် မဆိုင် တော့သဖြင့် စွန့်ခွသွားကြသည်။ မသတ်မှတ်ရသေးသော လုံမပျိုတို့၏ နှင်းမိုးစင်အောက်သို့ ရောက်ကြရပြန်သည်။

လုလင်ပျိုနှင့် လုံမပျိုတို့ ပြေလည်ကြသောအခါလည်း အချစ်ဦးသူများဖြစ်၍ စကားထာများဖြင့် အနုအလှရွေး၍ ပြောကြ သည်။ မေတ္တာပုလဲပန်းများ သီကြသည်။
ညဥ့်နက်၍ လုလင်ပျိုရောက်လာချိန်တွင် လုံမပျိုက 'ကျွန်းတုံးကြောင်လျှောက် ' ဟုဆိုသည်။ 'လွမ်းတုန်းမောင်ရောက်' ဟုအဓိပ္ပာယ်ရသည်။ လုလင်ပျိုမှာ များစွာကျေနပ်သွား၏။

ထိုအခါ..'အင်ကြင်းပင်ကြီး ပွင့်ကာနီး လေကြီးတိုက်မှာ စိုးလှတယ်' ဟုလုလင်ပျိုက စကားထာဝှက်၍ ဆို၏။ အဓိပ္ပါယ်မှာ 'နင်နဲ့ငါနဲ့ ချစ်ခါနီး လူကြီးဖျက်မှာ စိုးလှတယ်' ဟူ၍ဖြစ်၏။

လုံမပျိုက မစိုးရိမ်ဖို့ပြောသည်။ အဖေနှင့်အမေကို သူပြောလျှင်ပြီးပါသည်ဟု ပြောမည်။ လုံမပျိုကလည်း လုလင်ပျိုကို ပြန်၍အကျပ်ကိုင်တတ်သည်။ 'စံပယ်ခြံ ထရံကာရဲ့လား' ဟုစကားထာဖြင့်ဆိုသည်။ 'တကယ်ကြံ စရံပါရဲ့လား' ဟုမေးခြင်းဖြစ်သည်။

တစ်ဦးမေတ္တာကို တစ်ဦးက လက်ခံလိုက်သောအခါလူကြီးမိဘများ အချင်းချင်း စေ့စပ်သဘောတူကြကာ သားပျိုသမီးပျို တို့၏ လက်ထပ်မင်္ဂလာပွဲအတွက် စီစဉ်ကြရသည်။ သူတို့ ဟူးကောင်းချိုင့်ဝှမ်းဒေသတကြောရှိ ရွာများမှာ ရှေးကကဲ့သို့ပင် အတင်အသ၊ အမေ့နို့ဖိုးနှင့် ရွာဝင်ကြေးတို့ ရှိသည်။ မင်္ဂလာဆောင်မှာ ၀က်သားကျွေးနိုင်မှ ဂုဏ်ရှိသည်။ လုလင်ပျိုဖက်က တာဝန်မှာ မသေးလှပါ။

ကဲ....ဖတ်တဲ့စာအုပ်ထဲက ရလိုက်တာလေးကိုပြန်လည်ဝေမျှခြင်းဖြစ်ပါတယ်။ စိတ်ဝင်စားစွာဖတ်မိကြတယ်ဆိုရင်လည်း ၀မ်းသာရမှာဖြစ်သလို။ ပျင်းစရာကောင်းတယ်ဆိုရင်လည်း ဆောရီးပါခင်ဗျာ့။

ဇာနည်။

Monday, August 24, 2009

တို့က နိုင်ငံခြားမှာ ကျောင်းသွားတက်မှာ

နိုင်ငံခြား ကျောင်းသွားတက်ရင် ဘာတွေလေ့လာမလဲ

အခုအချိန်ဟာ အထက်တန်း စာမေးပွဲအောင်စာရင်းထွက်ပြီး တစ်လလွန်ချိန် အောင်လက်မှတ် အမှတ်စာရင်းတွေ စထုတ်ပေးနေတဲ့အချိန်ဖြစ်ပါတယ်။

ဒီအမှတ်စာရင်းတွေပေါ်မှာ အခြေခံပြီး ဒုတိယအဆင့်ဖြစ်တဲ့ ဘယ်ဘာသာ၊ ဘယ်တက္ကသိုလ်၊ဘယ်လမ်းရွေးကြမလဲဆိုတဲ့ ဘ၀အတွက် အရေးကြီးတဲ့မှန်ကန်တဲ့ ရွေးချယ်မှုကို မိဘနဲ့ သားသမီးအတူတကွ လေးလေးနက်နက်စဉ်းစား ရွေးချယ် ဖို့လိုပါတယ်။

အချိန်ကာလဆိုတာ နာရီလိုနောက်ပြန်ဆုတ်လို့ မရပါဘူး။ အချိန်ကာလနဲ့အတူ အသက်အရွယ်ကလည်း လိုက်ပြီးရွေ့ သွားပါတယ်။ ကုန်သွားတဲ့ အချိန်ကို နောင်မှ နှမြောနေမယ့်အစား အခုအချိန်မှာ လေးလေးနက်နက်တွက်ချက်ဖို့ လိုပါတယ်။

အချိန်ဆိုတာ လူတစ်ယောက်ရဲ့ဘ၀တစ်ပိုင်းတစ်စပါပဲ။ လူတစ်ယောက်ရဲ့ ဘ၀တိုးတက်မှုဟာ အချိန်ကို တန်ဖိုးရှိစွာ အသုံးချတတ်မှုပေါ်မှာ မူတည်ပါတယ်။

ကျွန်တော့်အဘိုး အမြဲပြောလေ့ရှိတာကတော့ လောကမှာ ဘာကိုမှအလေအလွင့် မဖြစ်စေနဲ့၊ လေဖြစ်စေ၊ ရေဖြစ်စေ၊ ငွေဖြစ်စေ အနည်းဆုံးစက္ကူ အစုတ်တောင်မှ အသုံးချတတ်ရင် တန်ဖိုးရှိတယ်။ အကျိုးအမြတ်ရရှိနိုင်တယ်တဲ့။

ခုန ပြောသလို အထက်တန်းကျောင်းပြီးရင် ဘာဆက်လုပ်မလဲတွေးကြတဲ့အထဲမှာ ပြည်ပမှာ ကျောင်းဆက်တက်ချင် တဲ့သူတွေပါမှာပါ။ အဲဒီလိုကျောင်းသားတွေအတွက် ဘယ်လိုကျောင်းမျိုးရွေးသင့်သလဲဆိုတာ ဒီမှာအကြံပေးလမ်းညွှန် ထားပါတယ်။

University တွေကိုဦးစားပေးရွေးသင့်ပါတယ်။ရွေးတဲ့အခါမှာလည်း Top 10 ထဲကရွေးမလား၊ အလယ်အလတ် ကိုရွေးမ လား၊ ပေါချောင်ကောင်းကိုရွေးမလား။

Top 10 ကတော့ A တန်းမှာ နေရသလိုပဲ၊ ကြိုးစားနိုင်မှ တန်ကာကျမယ်။ Dynamic ဖြစ်ရမယ်။ ပိုက်ဆံတတ်နိုင်ရမယ်။ ကျောင်းလခက တစ်နှစ်ကို ဒေါ်လာ ၂၅၀၀၀ အထက်မှာရှိတယ်။

အလယ်အလတ်ကတော့ အကောင်းဆုံးပဲ အဓိကကြည့်ရမှာက မိမိတက်မယ့်ကျောင်းက ဘွဲ့တွေကို ဘယ်အဖွဲ့အစည်း တွေက အသိအမှတ်ပြု လဲ၊ ဘယ်လိုအလုပ်မျိုး ရာထူးမျိုးရနိုင်သလဲကို ကြည့်ပါ။ အဖွဲ့အစည်းများများအသိအမှတ်ပြုလေ အလုပ်လျှောက်ရလွယ်လေပဲ။ တချို့အလယ်အလတ် စာရင်းမ၀င်တဲ့ University တွေလည်းရှိသေးတယ်။ အဲဒီ University တွေက အောင်ရင်အလုပ်မလွယ်ဘူး။

Private School and Colleges တွေကို ရွေးမယ်ဆိုရင်တော့ သိပ်သတိထားဖို့လိုပါတယ်။ အခုတလော Australia မှာ အကြီးအကျယ် ပြဿနာတက်နေတဲ့ကိစ္စက Private ကျောင်းတွေမှာ လာတက်တဲ့ နိုင်ငံခြားက ကျောင်းသားတွေနဲ့ ပဋိပက္ခဖြစ်မှုတွေပဲ။ ပုဂ္ဂလိကကျောင်းတော်တော်များများ ၉၅ရာခိုင်နှုန်းဟာ ကျောင်းကျင့်ဝတ်နဲ့ မညီပါ။ သူတို့ကြော်ငြာရဲ့ စာအုပ်ထဲမှာရေးတာနဲ့ လက်တွေ့ကတခြားစီပါ။ လိမ်တာများပါတယ်။ အခု UK မှာမြန်မာကျောင်း ၆၀ရာခိုင်နှုန်းခန့် ရှိတဲ့ကျောင်းဆိုရင် ကျောင်းလို့ ပြောလို့တောင်မရပါဘူး။ မြန်မာတွေကလည်း နိုင်ငံထဲ ရောက်ရင်ပြီးရောဆိုတော့ လိုက်ပါတယ်။ အိုးပဲ့နဲ့ စလောင်းရွဲ့လိုပါပဲ။

ဒီနေရာမှာ Agent တွေအကြောင်း နည်းနည်းအသိပေးပါရစေ။ Agent ဆိုတာ ပိုက်ဆံရဖို့ အဓိကထားတဲ့ ပွဲစားတွေပါပဲ။ သူတို့ကိုယ်တိုင် အဲဒီနိုင်ငံက ကျောင်းကိုမရောက်ထားဘူး။ ကိုယ်တိုင်လည်း ပညာရေးကို မလေ့လာဘူး၊ လုပ်စားလို့ရလို့ လုပ်နေကြတဲ့သူက များပါတယ်။

ကျောင်းသားတစ်ယောက်ကို အဲဒီနိုင်ငံရဲ့ Education System, Immigration System, Life Style ကိုသေချာမရှင်း ပြဘူး။ ရှင်းပြနိုင်တဲ့ အရည်အချင်းလည်း မရှိဘူး၊ အဓိက ကျောင်းသားရဖို့ပဲ အမျိုးသားရေးစိတ်ဓာတ်လုံးဝ မရှိတာတွေ လည်း ရှိပါတယ်။ ဒီတော့ မိဘနဲ့ကျောင်းသားတွေက သေချာစိစစ်ပြီးမှ သူတို့နဲ့ ကျောင်းလျှောက်သင့်တယ်။ ကျောင်းလျှောက်ပြီဆိုရင် ဒီကျောင်းက အောင်ချက် ဘယ်လိုရှိလဲ၊ အောင်ပြီးရင် အလုပ်ရဖို့ ဘယ်လောက်သေချာလဲ စုံစမ်းဖို့လိုတယ်။

နောက်တစ်ခုသိထားဖို့က International ထဲကနေပြီး သိတဲ့သတင်းတွေဟာ များသောအားဖြင့် အခြားသော International Students အတွက်ဖြစ်တယ်။ မြန်မာအတွက်မပါဘူး။

ဒါကြောင့် မြန်မာကျောင်းသားအတွက် ရပိုင်ခွင့်ကို သိတဲ့ပြောနိုင်တဲ့ကျောင်းက တရားဝင် အသိအမှတ်ပြုထားတဲ့ ကျောင်း ကိုယ်စားလှယ်တွေနဲ့ တိုက်ရိုက်ဆက်သွယ်ပြီး လျှောက်ခြင်းအားဖြင့် အကျိုးပိုရရှိနိုင်ပါတယ်။ တစ်ခုသိရမှာက မြန်မာနိုင်ငံ Agentအများစုဟာ ကျောင်းတွေက တိုက်ရိုက်အသိအမှတ်ပြုထားကြတာ မဟုတ်ပါဘူး၊အနည်းစုပဲရှိပါတယ်။ အများစုဟာ ယိုးဒယား၊တရုတ်၊အိန္ဒိယ၊စင်ကာပူ၊မလေးရှားစတဲ့ နိုင်ငံက Agent တွေရဲ့ Commission စားလက်အောက် ခံလေးတွေပါ။ သူတို့မှာ လုပ်ပိုင်နိုင်ခွင့် သိပ်မရှိပါဘူး။

နောက်တစ်ချက်က နိုင်ငံကြီးတွေမှာ ကျောင်းတက်နိုင်ဖို့ စင်ကာပူ၊ မလေးရှား၊ ယိုးဒယားစတဲ့ နိုင်ငံတွေက တစ်ဆင့်ခံပြီး နှစ်နှစ် သုံးနှစ်တက်ပြီး အချိန်နဲ့ငွေကုန်ခံစရာ မလိုပါဘူး။ အထူးသဖြင့် အဲဒီနိုင်ငံတွေက Private ကျောင်းအောင်လတ်မှတ် ကို နာမည်ရှိကျောင်းတွေက အသိအမှတ်မပြုပါဘူး။ မလေးရှားက အခုမြန်မာအများစုတက်တဲ့ကျောင်းနှစ်ကျောင်းက အောင်ပြီး ဒီပလိုမာကို Australia ကနာမည်ရှိတက္ကသိုလ်တွေက လုံးဝအသိအမှတ်မပြုပါဘူး။ Foundation ကပြန်စတက် ရပါတယ်။ တကယ်တော့ မြန်မာနိုင်ငံ ၁၀တန်းအောင်ရင် Foundation တိုက်ရိုက်တက်လို့ ရပြီး စင်ကာပူ Poly မှာ သုံးနှစ် အောင်ရင် တစ်နှစ်စာပဲ ရပါတယ်။ Foundation လွတ်တာပဲရှိတယ်။ သုံးနှစ်စာ ငွေနဲ့အချိန် အလဟဿဖြစ်သွားတယ်။

အခုအချိန်မှာ နီးတာဝေးတာ ပဓာန မဟုတ်ပါဘူး။ အချိန်နဲ့ငွေရင်းနှီးသလောက် အကျိုးရရှိဖို့ လိုပါတယ်။

ရွေးချယ်မှု မှန်ကန်ကြပါစေလို့။

စာကြွင်း။ ။ Now Cultural Journal Vol.5, Issue 97 မှ ဆောင်းပါးရှင်ရဲ့ အာဘော်ဖြစ်ပါတယ်။ ကျွန်တော်ကတော့ ပြည်ပထွက် ပညာရှာကြမယ့် ညီ၊ညီမငယ်များကို သတိမူမိစေလိုရင်းသာဖြစ်ကြောင်းပါ။

Active Learner

ဆရာစားချန်သောဆရာများထံက ပညာဆည်းပူးနည်း (သို့မဟုတ်) သွက်လက်သောပညာရှာသူ

ဖတ်ဖူးခဲ့သောပုံပြင်များထဲတွင် လုလင်တစ်ဦးသည် ဗျိုင်းတစ်ကောင်ထံက ပညာရဖူး၏။ ဗျိုင်းသည် ရေအောက် မှရှာဖွေမိထား သောငါးများကို ချက်ချင်းမျိုမချဘဲ အပေါ်သို့ မြှောက်ပြီးမှ နှုတ်သီးနှင့်ပြန်ဖမ်းပြီး မျိုချသည်။

ဒါကိုလုလင်တစ်ယောက်ကမြင်သဖြင့် ခဲလုံးကိုအပေါ်သို့မြှောက်၍ပါးစပ်ဖြင့်ဖမ်းကြည့်သည်။ တဖြည်းဖြည်းနှင့် ၀ါရင့်လာသော် လှံကို အပေါ်မြှောက်၍ ပါးစပ်နှင့်ကိုက်ဖမ်းနိုင်ပါ၏။ ဒါကတိရစ္ဆာန်သည် လူသား၏ဆရာဖြစ်ဖူးသည် ဟူသော ဥပမာတစ်ခုပါ။ အဲဒါကိုမြင်ဆရာဟုခေါ်သည်။ ဗျိုင်းက သင်ပေးတာတော့မဟုတ်။

လေ့လာသူ (Learn လုပ်သူ) နှစ်မျိုးရှိရာ သွက်လက်သော လေ့လာသူ (Active Learner) နှင့် မသွက်လက်သောလေ့လာသူ (Passive Learner) ဟူ၍ရှိပါ၏။

Passive Learner ကတော့ သင်ဆရာက သင်ပေးတာလောက်ပဲတတ်သည်။ မိမိဘာသာကြိုးစား၍ပညာမရှာပါ။

Active Learner ကတော့ သင်ဆရာ၊မြင်ဆရာ၊ကြားဆရာ၊လူ၊တိရစ္ဆာန်မကျန် မြင်မြင်သမျှ၊ ကြားကြားသမျှ အားလုံးထံက သင်ယူပါ၏။

တစ်ခါတုန်းကဖြစ်ပါတယ်။ ကျွန်တော်သည် ဖွံ့ဖြိုးရေးစီမံကိန်းကြီးတစ်ခုမှာ အမျိုးသားစီမံကိန်းအရာရှိ(National Project Officer)အဖြစ် တာဝန်ထမ်းဆောင်ပါသည်။

National Officer ဖြစ်သော်လည်း စီမံကိန်းတည်ဆောက်ပုံအရ နယ်မြို့တစ်ခုမှာရုံးထိုင်ပါတယ်။ ဖွံ့ဖြိုးရေးစီမံကိန်းက တော်တော်ကြီးပါတယ်။ ကျွန်တော်က ၄င်းရုံး၌ လုပ်ငန်းအဖွဲ့ဥက္ကဌ(Chairman of Working Group)ဖြစ်ပါတယ်။

၎င်းရုံး၌ Township Project Officer၁၀ယောက်လောက်ရှိပါတယ်။ သစ်တောအရာရှိ၊ ပညာရေးအရာရှိ၊ ကျန်းမာရေးစီမံချက်အရာရှိ စသဖြင့် လူတော်တော်စုံပါတယ်။ တစ်နေ့တော့ ကျန်းမာရေးလုပ်ငန်းတွေလုပ်နေတဲ့ စီမံကိန်းဆရာဝန်က အလုပ်ထွက်သွား၍ ၄င်းနေရာသို့ လူသစ်ဆရာဝန်မ အမျိုးသမီးတစ်ဦးရောက်လာပြီး သူမကကျွန်တော့်ထံသို့ သူအလုပ်ဝင်ကြောင်း သတင်းလာပိုတယ်။ ဆေးကျောင်းတုန်းက သူမကကျွန်တော့်ထက် တစ်နှစ်ငယ်တယ်။ သူက ထိုင်းနိုင်ငံ၊ မဟီဒေါတက္ကသိုလ်က ကျန်းမာရေးဆိုင်ရာ လူမှုရေးသိပ္ပံမဟာဝိဇ္ဇာဘွဲ့ (M.A. Health Social Science) ရခဲ့တယ်ဟုဆိုပါ၏။

ကျွန်တော်က Health Social Science ဘာသာရပ်ကို တော်တော်စိတ်ဝင်စားတယ်။ ဒီတော့ ကျွန်တော်သိချင်တာကို ခဏခဏမေးလေ့ရှိတယ်။ သူမကလည်းရှင်းပြပါတယ်။ တခြား Township Project Officer အမျိုးသားတစ်ဦးက ကျွန်တော့်ကို သူ့စေတနာအရ လက်တို့ပြီးပြောပါတယ်။

'ဆရာ ဦးထွန်းဝင်း၊ဆရာတို့က ဆရာဝန်အချင်းချင်းပဲ၊ ကိုယ့်ထက် ရာထူးငယ်တဲ့လူဆီက ပြန်သင်မနေပါနဲ့။ သိချင်တာရှိရင် ကျွန်တော်တို့စီမံကိန်းက နိုင်ငံခြားသားကို အကြံပေးအရာရှိ (Advisor) အဖြစ်ဒေါ်လာအများကြီး ပေးပြီးခန့်ထားတာပဲ။ မေးပေါ့။ ကျွန်တော်တော့ နိုင်ငံခြားသား Chief Technical Advisor ကလွဲရင် ဘယ်သူ့မှ ဆရာမတင်နိုင်ဘူး' ဟုလက်တို့ သတိပေးပါ၏။

သူက စေတနာနဲ့ပြောသော်လည်း သူနဲ့ကျွန်တော်နဲ့ အယူအဆချင်းမတူပါဘူး။ ကျွန်တော်ယူဆတာကတော့ ပညာဆိုတာ တိရစ္ဆာန်ဆီကတောင် ယူတတ်ရင်ရတယ်။ သူဘယ်လောက်တတ်သလဲ၊ ငါဘယ်လောက်တတ်သလဲ ပညာချင်းပြိုင်နေရန် မလို။ မသိတာရှိရင်မေး၊ သိတာရှိရင် လိုအပ်ကပြောပြ။ ကောင်းရာကောင်းကြောင်းအတွက် ပညာကို အသုံးချနိုင်ရန် ပဲဖြစ်ပါတယ်။

Active Learner ဆိုတာ ပညာရှာ ပမာသူဖုန်းစားပါပဲဟု ခံယူပါသည်။

တစ်နေ့တော့ အဲဒီမြို့ကိုပဲ သူနာပြုအရာရှိမတစ်ယောက် Tourist လာလည်တယ်။ စီမံကိန်းရုံးကိုလာပြီးလော့လာတော့ ကျွန်တော်ဧည့်ခံရတယ်။ ရင်းရင်းနှီးနှီးနဲ့ စီမံကိန်းအကြောင်း ဆွေးနွေးခဲ့ကြတယ်။ သူမကအဲဒီအချိန်မှာ သူနာပြုမဟာသိပ္ပံ M.Sc (Nursing Science) အောင်ပြီး သူနာပြုပါရဂူဒေါက်တာဘွဲ့ (Ph.D Nursing) တက်နေပါတယ်။ သြစတြေးလျမှာ ကျောင်းတက်နေတာဖြစ်၏။

ကျွန်တော်က ခေါင်းစဉ်တစ်ခုအကြောင်းကိုပြောပြတော့ ပထမသူမက ရိုးရိုးပဲ နားထောင်တယ်။ နောက်တော့ စိတ်ဝင် စားလာပြီး ကျွန်တော်ပြောကြားချက်တွေဟာ သူမရဲ့ Ph.D. Thesisအတွက် အထောက်အကူရပါတယ်ဆိုပြီး Lecture ပေးခိုင်းပါတော့တယ်။ Lecture ပေးတော့ သူမက မှတ်စုစာအုပ်နဲ့လိုက်မှတ်ပါတယ်။

နောက်ရက်ကျတော့ ရုံးကလုပ်ဖော်ကိုင်ဖက်တွေက ကျွန်တော့်ကိုပြောသည်မှာ ဆရာက Ph.D Candidate ကိုတောင် လက်ချာပေးနိုင်ပါလားလို့ပြောပါတယ်။ ကျွန်တော်က ရှင်းပြရတာတော့ ကျွန်တော်က 'တော်' တာမဟုတ်။ ၄င်းPh.D. ကျောင်းသူသည်Active Learner ဖြစ်တယ်။ Active Learnerဆိုတာ တိရစ္ဆာန်ဆီကတောင် ပညာယူတယ်လို့ ရှင်းပြ လိုက်ရပါသည်။

ဆရာတွေ ဘယ်လိုပင် ဆရာစားချန်ပေမဲ့ Active Learner တွေပညာစုံသွားပုံ ပုံပြင်တစ်ခုကိုလည်း မျှဝေပါရစေဦး။

တစ်ခါက မောင်ကောင်းမြတ်ဆိုတာရှိသည်။ သူဟာActive Learner တစ်ယောက်ပါ။ သူကတစ်ချိန်ချိန်မှာ ဒန်ပေါက် ဆိုင်ဖွင့်ချင်တယ်။ ဒီတော့ပထမ ဒန်ပေါက်ဆိုင်တစ်ခုမှာ အစေအပါးဝင်လုပ်ရင်း ပညာသင်တယ်။ ပထမဆိုင်က ခိုင်းတော့ ခိုင်းတယ်။ ဒါပေမဲ့ ပညာကုန်တော့ မပေးချင်ဘူး။ ဒန်ပေါက်မဆလာစပ်နည်းပဲပြပြီး ဒန်ပေါက်ကြက်သားကို နူးအောင်လုပ် တဲ့နည်းမပြဘူး။ ပြီးတော့ ဒန်ပေါက်ထမင်းကို ထောပတ်စပ်တဲ့နည်းမပြဘူး။ သူက Active Learner ဖြစ်၍နောက်တစ်ဆိုင် မှာ တပည့်ခံပြန် တယ်။ ဒုတိယဆိုင်က ကြက်သားကိုနူးအောင်လုပ်တဲ့နည်းပဲပြပြီး မဆလာစပ်နည်းနဲ့ ထမင်းကိုထောပတ် ရောတဲ့နည်းကို လျှိုထားပြီး ဆရာစားချန်တယ်။ ဒီတော့ Active Learner ကတတိယဆိုင်မှာ သူဖုန်းစားသဖွယ် တပည့်ခံ ပြန်တယ်။ တတိယ ဒန်ပေါက်ဆိုင် က ထမင်းကို ထောပတ်စပ်တဲ့နည်းပဲ သင်တယ်။ ကျန်နှစ်ခုကို လျှိုထားလိုက်တယ်။ ဒါပေမဲ့ သုံးဆိုင်မှာ တပည့်ခံပြီးတော့ ဒန်ပေါက်ထမင်းချက်နည်းတတ်သွားပါတယ်။

Active Learner တစ်ယောက်ရဲ့ ပညာလိုချင်စိတ်ကို ဘယ်သူမှ မတားဆီးနိုင်ပါဘူး။ တပည့်တွေက အနာဂတ်မှာ ဆရာထက်ပိုပြီးတော်နိုင်တဲ့ တစ်ခုတည်းသောနည်းလမ်းကတော့ Active Learning ပဲဖြစ်ပါတယ်။ တပည့်က ဆရာထက်သာမှသာ အနာဂတ်သည် ပစ္စုပ္ပန်ထက်သာပါလိမ့်မယ်။

ဆရာသင်သလောက်ပဲ တတ်တာမျိုးကို ခွံ့ကျွေးရတာမျိုး Passive Learningလို့ခေါ်ပါတယ်။ Spoon feeding လို့လည်း ပြောနိုင်ပါတယ်။

Active Learning ဆိုတာကတော့ ကျောင်းတက်ရုံမက စာကြည့်တိုက်သွား၊ သတင်းစာ၊ ဂျာနယ်၊ စာအုပ်မျိုးစုံ၊ အင်တာနက်၊ရေဒီယို၊တီဗီ၊ စကားဝိုင်းတွေပါမက မြင်မြင်သမျှ၊ကြားကြားသမျှ သက်ဆိုင်သောသုတကို လေ့လာနိုင်ပြီး ခွဲခြမ်းစိတ်ဖြာနိုင်သူဖြစ်ပါတယ်။

ပညာရှာ ပမာသူဖုန်းစားဟူသော စကားပုံအတိုင်း သူဖုန်းစားကဲ့သို့ မိမိကိုယ်ကိုနှိမ့်ချ၍ ပညာရှာသူဟုဆိုချင်ပါကြောင်း။

ဒေါက်တာထွန်းဝင်း
စာကြွင်း။ ။ အခွင့်အလမ်းဂျာနယ်(30/6/2009)

မိုးစက်တွေကြား အပြုံးတစ်ပွင့် ပွင့်မိသည်

သည်းသည်းထန်ထန် ရွာသွန်းနေတဲ့ မိုးတွေကိုကြည့်ပြီး ကျွန်တော့်ရဲ့ခြေလှမ်းတွေက အိမ်တံခါးဝမှာတင် တွန့်ဆုတ်ရပ်တန့်နေခဲ့ပါသည်။

ချိန်းထားတာကို ဖျက်လိုက်ရင်ပဲ ကောင်းမလား။ ဒါမှမဟုတ်.....။ မိုးစက်တွေကို ကြည့်ပြီး ကျွန်တော်ဝေခွဲလို့ မရနိုင်သေး။

အချိန်အတော်ကြာမှသာ မသိစိတ်ရဲ့ ဆွဲဆောင်မှုနဲ့ မိုးစက်တွေအကြား ကျွန်တော်စတင်ရွေ့လျားလာခဲ့မိပြီမို့ ကိုယ့်ကိုယ်ကိုတောင် မယုံကြည်နိုင်။

ဒီလိုမိုးရေတွေကြား တစ်ယောက်တည်း လမ်းမလျှောက်ဖြစ်ခဲ့တာ ကြာပြီ။ မိုးစက်တွေရဲ့အထိအတွေ့၊ အေးမြတဲ့ ခံစားမှုတွေနဲ့အတူ သူ့ကိုပါ သတိတရ ဖြစ်လာတတ်သည်မို့ ကျွန်တော် မိုးသည်းထဲ တစ်ယောက်တည်းလမ်းလျှောက်ဖြစ်တော့တာ။

ခုတော့လက်ရှိဘ၀ကို ကျွန်တော်ရင်ဆိုင်မှ ရတော့မည်။ အတိတ်နေ့ရက်တွေမှ ကျွန်တော်နိုးထရတော့မည်။ အိပ်မက်ဆိုတာ တစ်ခဏတာပင် မဟုတ်လား။ ကျွန်တော့်အတွက် အချစ်ဆိုတာ မိုးပြေးလိုပဲဆိုတာ နည်းလည်ရတော့မည်။

အပြင်က မိုးစက်တွေနဲ့အပြိုင် ကျွန်တော့်ရင်ထဲမှာ မိုးတွေရွာနေသည်။ ဒီခံစားချက်ကို လျစ်လျူရှုဖို့ ကြိုးစားရင်း မြင်မြင်သမျှ အရာအားလုံးကို အတွေးအဖြစ် ပြောင်းလဲပစ်လိုက်သည်။

လမ်းတစ်လျှောက် စိမ်းစိမ်းစိုစို သစ်ပင်တန်းလေးတွေက ကျွန်တော့်စိတ်ကို ခဏတာကြည်နူးစေပေမယ့် ကျွန်တော်နဲ့ သူ့ရဲ့အတိတ်ကိုတော့ မေ့ပစ်ဖို့ မစွမ်းဆောင်နိုင်သေး။သူနဲ့အတူ တွဲလျှောက်နေကျ ဒီလမ်းလေးက ဟိုးအရင်ကအတိုင်း ဘာဆိုဘာမှ မပြောင်းလဲ။ မြေသင်းနံ့လေးရဆဲ ခရေပန်းနံ့တို့ လွင့်ပျံနေဆဲ ဖြစ်သည်။

ပြောင်းလဲသွားတာက ကျွန်တော်တို့နှစ်ယောက်သာ။ ဆယ်ကျော်သက်အရွယ်တွေမဟုတ်ကျတော့ အသက်တွေကြီးရင့်လာခဲ့ပြီဖြစ်သလို သူ့မှာလည်း အချစ်သစ်နှင့်။ ကျွန်တော့်ပါးပြင် ပူနွေးသွားတာ ကျွန်တော်ခံစားမိလိုက်ပေမယ့် ဒါကိုလျစ်လျူရှုထားမိလိုက်သည်။ ဒီအချိန်မှာ ကျွန်တော်နဲ့အတူရှိနေတာ မိုးရေစက်တွေပဲဆိုတော့ ကျွန်တော် ဘာကိုမှ ဂရုမစိုက်ချင်။ ဘာမှဟန်ဆောင်နေစရာမလို တားဆီးစရာမလို။ လူသားဆန်ဖို့ပဲလိုသည်။

ဝတ်ထားတဲ့ အ၀တ်အစားတွေ စိုရွှဲနေပေမယ့် ရင်ထဲက အပူက ပိုကြီးနေလို့လားမသိ။ အအေးဓာတ်ကို ခုချိန်ထိ ပီပီပြင်ပြင် မခံစားရသေးပါ။

မိုးက မစဲတဲ့အပြင် ပိုလို့တောင် သည်းလာသေးသည်။ ကျွန်တော့်ရဲ့ ရှေ့ငါးလှမ်း၊ ခြောက်လှမ်းလောက်အကွာလောက်မှာတော့ ထီးမပါဘဲ မိုးတောထဲ ကြည်ကြည်နူးနူး လမ်းလျှောက်နေတဲ့ စုံတွဲလေး။ သူတို့ကိုကြည့်ပြီး ကျွန်တော်ပြုံးလိုက်မိသည်။

ကျွန်တော်တို့တုန်းကလည်း ဒီလိုပင် မိုးမမြင် လေမမြင် ချစ်ခဲ့ကြဖူးသည်။ သာယာခဲ့ဖူးသည်။ မိန့်မူးဖူးသည်ပဲ။ အချစ်ဆိုတာ ဘ၀တစ်ခုလို့တောင် ထင်မှတ်ခဲ့ဖူးသည်။

ဘာပဲပြောပြော အဲဒီအချိန်ကတော့ ကြည်နူးသည် ပြုံးပျော်ရွှင်သည်ပဲပေါ့။ ဘာရယ်ညာရယ်မဟုတ် သူ့အပြုံးလေးမြင်လိုက်ရရင်ကို ရင်မှာ ကြည်နူးခြင်းတွေ ဖူးပွင့်လို့။ ခုများတော့....။

ကျွန်တော့်ဘေးနားကဖြတ်မောင်းသွားတဲ့ ကားပေါ်က လူတချို့ကတော့ မိုးရေထဲ ဘာထွက်လုပ်နေသလည်းဆိုတဲ့အကြည့်တွေနဲ့စူးစမ်းသွားသလို သူတို့ကားတွေထဲက တစ်ခါတစ်ခါ ပျံ့လွင့်လာတဲ့ သီချင်းလေးကြောင့် ကျွန်တော့်အတွေးတွေ တဒင်္ဂရပ်ဆိုင်းသွားသည်။ မိုးသံတွေကြောင့် သီချင်းထဲက စကားလုံးတိုင်းကို သေသေချာချာ မကြားရပေမယ့် 'ငိုနေမယ် မိုးသည်ထဲမှာကွယ်'ဆိုတာလေးကိုတော့ ကြားဖြစ်အောင် ကြားလိုက်သည်။ ဟုတ်တယ် မိုးရေစက်ထဲငိုနေတာ ဘယ်သူမှ မမြင်နိုင်ကြဘူး။

တစ်ယောက်တည်းပါ.....ကျွန်တော်တစ်ယောက်တည်းပါ။ အရင်က ဒီလမ်းမပေါ်မှာ နှစ်ယောက်တွဲလျှောက်ခဲ့ပေမယ့် ခုတော့တစ်ယောက်တည်းပါ။ အရင်က ကျွန်တော့်အပေါ်ဂရုတစိုက်နဲ့ ဖေးမကူညီမယ့်.....'သူ'ရှိခဲ့ပေမယ့် ခုတော့တစ်ယောက်တည်းပါ။ ဒီမိုးတွေစိုလို့ ဖျားမှာကိုသည်းသည်းလှုပ် စိတ်ပူးပေးခဲ့ဖူးတဲ့ သူရှိပေမယ့် ခုတော့....။

ရှည်လျားလွန်းလှတဲ့ ဒီလမ်းကြီးကို တစ်ယောက်တည်း ဆက်လျှောက်ရမှာတွေးရင်း အာပဲငယ်လာသလိုလို။ ငိုပဲငိုချင်လာသလိုလို။

ကျွန်တော့်ဘ၀မှာ သူမရှိရင် မဖြစ်ဘူးဆိုတဲ့ အတွေးမျိုးကျွန်တော် မောင်းထုတ်သင့်နေပြီ။ သူ မရှိလည်း ဒီဘ၀ကြီးမှာ ကျွန်တော်ဆက်လက်ရှင်သန်နိုင်ရမည်။ ပျော်ရွှင်စွာ ရပ်တည်နိုင်ရမည်။ မိုးစက်တွေကြား သူ မပါလည်း ကျွန်တော်တစ်ယောက်တည်း လျှောက်လှမ်းနိုင်ရမည်။

ပူလောင်တဲ့ အစွဲအလမ်းတွေကို လွှင့်ပစ်လိုက်ပြီး မိုးစက်တွေဆီက ခွန်အားသစ်တွေ ကျွန်တော် ရယူရမည်။ ဒီအတွေးနဲ့တင် တဒင်္ဂ ငြိမ်းချမ်းသွားသည်။

ခပ်လှမ်းလှမ်းက မိုးရေထဲ ဆော့ကစားနေတဲ့ ကလေးတွေကို ကြည့်ရင်း သူတို့ဆီက ပျော်ရွှင်မှုတွေ ကျွန်တော့်ဆီကို ကူးစက်လာသည်။ သူတို့ရဲ့ ဟန်ဆောင်မှုကင်းတဲ့ အပြုအမူတွေကို ကျွန်တော်အားကျမိသွားသည်။

သူတို့ရဲ့ နှုတ်ခမ်းတွေမှာ အပြုံးတွေကိုယ်စီနဲ့။ မိုးရေနဲ့သူတို့ကြားမှာ ဘာအစီးအတားမှမရှိ။ လွတ်လပ်စွာ၊ ပေါ့ပါးစွာ။ မိုးစက်တွေအောက်မှာချင်းအတူတူ ပျော်ရွှင်နေတဲ့ ကလေးငယ်တွေနဲ့ အပူအပင်တွေ ထမ်းပိုးထားတဲ့ ကျွန်တော့်ကိုယ် ကျွန်တော် နှိုင်းယှဉ်ကြည့်နေမိသည်။

သူတို့လို မိုးစက်တွေကြားထဲမှာ မပျော်နိုင်ခဲ့သည်မှာ အတော်ကြာပြီပဲ။ ကျွန်တော်ပျော်ချင်သည်။ သူတို့လို အားပါးတရပြုံးကြည့်ချင်သည်။

ကျွန်တော့်လက်ထဲက ထီးကို ဖယ်ချပစ်လိုက်သည် မိုးစက်တွေက ကျွန်တော့်မျက်နှာကို တိုးဝှေ့ရင်း အလုအယက်နှုတ်ဆက်ကြသည်။ ကျွန်တော်ပြုံးလိုက်သည်..... နူးညံ့စွာ။ ဒီအပြုံးက ကျွန်တော့်ရဲ့ အူကြောင်ကြောင်လုပ်ရပ်ကို ကိုယ်စားပြုတဲ့ ရှက်ပြုံးလည်းဖြစ်နိုင်သည်။

ကျွန်တော့် ဘေးနား ဖြတ်လျှောက်သွားသူတွေတချို့ကတော့ နားမလည်နိုင်တဲ့ အကြည့်တွေနဲ့ ကျွန်တော့်ကို စောင်းငဲ့ကြည့်သွားကြသည်။

တစ်ခါတစ်လေ ဒီလိုအူကြောင်ကြောင် လုပ်ရပ်တွေကလည်း လူတွေကို ပျော်ရွှင်စေတတ်သည်ပဲ။ ဘာပဲပြောပြော ခုကျွန်တော်ပျော်နေသည်။ ဒီပျော်ရွှင်မှုက တစ်ခဏတာ ဆိုပေမယ့် တစ်ဘ၀စာပျော်ရွှင်နိုင်ဖို့ ပေါ့ပါးမှုတွေ၊ အပြောင်းအလဲအသစ်တွေ၊ မိုးစက်တွေ၊ ကျွန်တော့်အတွက် လိုအပ်တယ်ဆိုတာ ခု သိလိုက်ရပြီမို့......မိုးစက်တွေကြား ကျွန်တော် ပြုံးလိုက်မိသည်။ ပြီးတော့ ရှေ့သို့ ပေါ့ပါးသွက်လက်သည့် ခြေလှမ်းများဖြင့်........။

ဇာနည်

Ref: Now! Cultural Journal – Vol.5, Issue 98

One of my Sunday

တနင်္ဂနွေတစ်ရက်

ကျွန်တော့်အလုပ်အားရက်ဖြစ်တဲ့ ဒီနေ့မှာ လုပ်စရာကိစ္စတွေပြီးတော့ ထုံးစံအတိုင်း စာအုပ်ဖတ်၊ ဟိုတွေး ဒီတွေးပေါ့။ အလုပ်အကိုင် အစဉ်မပြေတဲ့အခါ မိမိဘာကြောင့် ချမ်းသာတဲ့ မိသားစုမှာ မမွေးရသလည်း၊ မှန်ကိုကြည့်မိတဲ့အခါ တစ်ချို့တွေကျတော့ ရုပ်ရည်လှပသည့် အပြင် ဘ၀ကံကောင်းလိုက်ကြတာ စသဖြင့်ပေါ့လေ အတွေးဝင်မိပါတယ်။

စာအုပ်တွေလျှောက်မွှေမိတော့ သင်္ကြန်ရုံးရက်ရှည်ပိတ်တုန်းက မန္တလေးပြန်ဖြစ်တော့ အမေက ဖတ်ကြည့်ပါလို့ပေးတဲ့ ' လုပ်တတ်မှ မြတ်မှာပါ(မျိုးခင် – မြတောင်)' ရဲ့ စာအုပ်ထဲမှာပါတဲ့ အချက်လေးတွေကို မှတ်စုစာအုပ်ထဲမှာ ရေးမှတ်ခဲ့မိတာ လေးကို ပြန်ပြောင်း သတိရမိတော့မှ မှတ်စုစာအုပ်လေးကိုဖွင့် သေချာဖတ်ပြီး အတွေးကနေ အဖြေထုတ်ကြည့်ရပါတော့ တယ်။

ကျွန်တော်ဖတ်မိသမျှကို တခြားလူတွေ အထူးသဖြင့် ကိုယ့်ပတ်ဝန်းကျင်ကသူငယ်ချင်းတွေကို ပြန်ပြောပြတတ်တဲ့ ကျွန်တော့်အကျင့်ကြောင့်ရော အွန်လိုင်းပေါ်ကသူငယ်ချင်းတို့လည်း ဖတ်ပြီး သိရှိစေချင်တာရောကြောင့် ပြန်လည် ဖော်ပြပါရစေ။

ဆရာ မျိုးခင်ရဲ့ စာအုပ်ထဲတွင်ပါသော သုဘလုလင်ရဲ့ အမေး(၁၀)ချက်ကို ဗုဒ္ဓမြတ်စွာက ပြန်ဖြေတဲ့ အဖြေများက ကျွန်တော့်အတွေးများအတွက် အဖြေများပါ။

သုဘလုလင်မေးတဲ့ မေးခွန်း(၁၄)ခုရဲ့ အဖြေတွေကို တိုတိုနဲ့ ရှင်းရှင်း လိုရင်းရောက်အောင် ဆရာတော် အရှင်ဇနကာ ဘိဝံသ ရေးသားထားတာကို ပြန်လည်ဖော်ပြပေးထားခြင်းဖြစ်ပါတယ်။

အဲဒါလေးတွေကို ဦးစွာဖော်ပြရရင် –

(၁) သူများအသက် ၊ သတ်သည့်အတွက် သက်ကိုယ့်မှာတို။

(၂) မသတ်ရှောင်ရှား၊ ထိုသူများ ရှည်လျား အသက်ပို။

(၃) နှိပ်စက်ကလူ၊ ညှင်းဆဲသူ ပြောထူ ရောဂါဆို။

(၄) သနားစိတ်သွင်း၊ ညှင်းဆဲကင်း ကင်းရှင်းရောဂါကို။

(၅) ပြင်းထန်ဒေါသ၊ ကြီးတတ်က အလှပျက်မည်ဆို။

(၆) ဒေါသကင်းစင်၊ မေတ္တာယှဉ် ကြည်လင်လှပသကို။

(၇) မနာလိုပြန်၊ ဣဿာထန် ခြွေရံကင်းမည်ဆို။

(၈) ဣဿာမထား၊ ၀မ်းမြောက်သွား ပေါများခြွေရံကို။

(၉) မလှူမတန်း၊ မပေးကမ်း ခြောက်ခန်းဥစ္စာဆို။

(၁၀) စွန့်ကြဲပေးကမ်း၊ ပြုပါကုန် ကုံလုံကြွယ်ဝပို။

(၁၁) မာန်မာနကြွယ်၊ ထိုသူငယ် မျိုးနွယ်တုံးမည်ဆို။

(၁၂) ထိုက်သူရိုကျိုး၊ မာန်ကိုချိုး အမျိုးမြတ်လှသကို။

(၁၃) သိဖွယ်ဟူသမျှ၊ မမေးက ဖျင်းအ ပညာဆို။

(၁၄) ကြားမြင်များအောင်၊ မေးလေ့ဆောင် ခုနောင် တတ်သိပို။

လောကကြီးထဲမှာ အကြောင်းတရားကင်းပြီး ဖြစ်ထွန်းပေါ်ပေါက်လာတဲ့ အကျိုးတရားဆိုတာမရှိခဲ့ဘူးပါဘူးဆိုတာ သတိရ ဖွယ်ပါပဲ။ ပြီးတော့ ဒီဘ၀ ဒီလိုကံတွေ ဆက်လုပ်နေခဲ့ရင် နောက်ဘ၀မှာ ဘယ်လို အကျိုးတရားတွေ ခံစားရမယ်ဆိုတာကို လည်း အဖြေရပြီးသားဖြစ်လောက် ပါပြီနော်။

'ငါနဲ့ သူနဲ့ ဘာကြောင့် မတူတာလဲ။'

'ငါသူဖြစ်သလို ဘာကြောင့် မဖြစ်ရတာလဲ။'

'သူ့ထက်ငါ ဘာကြောင့်မသာရတာလဲ။' ဆိုတဲ့ မေးခွန်းတွေနဲ့ ကိုယ့်ကိုယ်ကိုယ်နဲ့ တခြားသူများကို မကျေမနပ် တစ်ယောက်တည်းအကျဉ်း ကျနေမည့်အစား ကိုယ့်ဘာသာကိုယ် သတိထားပြီး ဆင်ခြင်နေထိုင်သွားဖို့ အကြောင်းလုံလောက်သွားပြီလို့လည်းထင်ပါသည်။

ရခဲလှတဲ့လူ့ဘ၀မှာ 'နတ်ကရာကြည့်မောနေကြ'မည့်အစား အကျိုးရှိရှိ အကုသိုလ်ကင်းကင်းနဲ့နေထိုင်သွားနိုင်ကြရင် ဘယ်လောက်ကောင်းကြမလည်း။

မဟာဗောဓိမြိုင်ဆရာတော်ကြီး ဟောကြားဆုံးမတော်မူထားတာကလည်း အံဝင်ဂွင်ကျပါပဲ။ 'ဘ၀ဆိုတာ အာရုံကို မေ့မေ့မျောမျော ခံစားနေသူများအတွက်ကတော့ အပြစ်စုဆောင်းသိုမှီးရာ ဂိုထောင်ကြီးတွေဖြစ်ပြီး၊ သတိ – အသိရှိနေသူများအတွက်ကတော့ အပြစ် သန့်စင်ရာ ဓာတ်ခွဲခန်းများပါ။' တဲ့ခင်ဗျာ့။

ဇာနည်။

စာကြွင်း။ ။ အထက်ပါအချက်(၁၄)ချက်ရဲ့ အနက်အဓိပ္ပာယ်အကျယ်ကိုလည်း ဆက်လက်တင်ပြပေးသွားဦးမှာပါ။ ကျွန်တော်ဖတ်မိစဉ်းစားမိအတွေးဝင်မိတာလေးတွေကို ပြန်လည်ဝေငှဖြစ်တာလေးပါနော်။ ဖတ်ပြီးစိတ်ဝင်စားသွားရင် ၀မ်းမြောက်မိမှာ ဖြစ်သလို စိတ်ရှုပ်သွားရင်တော့ ဆောရီးပါ။

Gtalk ကို အသုံးချပြီး တစ်ခုခု လုပ်ကြရအောင်

သူငယ်ချင်းတို့ရေ Instant messenger တွေကိုသုံးပြီး တစ်ကမ္ဘာလုံးက သူငယ်ချင်း မိတ်ဆွေ မိသားစုတွေကို ဆက်သွယ် စကားပြောကြရတာ ကိုယ်တို့နေ့စဉ်ဘ၀မှာ မရှိမဖြစ်ဖြစ်စဉ်တစ်ခုဖြစ်လာကြပြီနော်။ အခုမြန်မာပြည်မှာရော နိုင်ငံတကာမှာ ပါ သုံးလို့အဆင်ပြေလွယ်ကူတဲ့ G-talk လေးကိုသုံးပြီး အကျိုးရှိတာလေး တွေလုပ်ကြည့်ကြရအောင်လား။

တစ်ချို့တွေကတော့ ဂျာနယ်တွေကနေသိရတယ်၊ တစ်ချို့တွေကတော့ သူငယ်ချင်းတွေပို့ပေးတဲ့ မေးလ်က တစ်ဆင့် ကနေသိရတာပါ။ ဘာပဲဖြစ်ဖြစ် သုံးရင်းအလုပ်ဖြစ်တာတော့အမှန်ပဲမဟုတ်လား။ ကဲဖတ်ကြည့်ပြီးရင် လက်တွေ့အသုံးပြု ကြည့်ကြနော်။

စီးပွားရေးလုပ်ငန်းများလိပ်စာ G-talk အသုံးပြုရှာဖွေနိုင်

ရန်ကုန်၊ဇူလိုင် ၁၀

စီးပွားရေးလုပ်ငန်းများ၊ကုမ္ပဏီများ၏လိပ်စာနှင့်ဆက်သွယ်ရန်ဖုန်းနံပါတ်များကို ဂျီတော့ပ်အသုံးပြု၍ ရှာဖွေနိုင် မည်ဖြစ်ကြောင်း ယင်းသို့ရှာဖွေနိုင်ရန်အတွက် ၀န်ဆောင်မှုများ ပြုလုပ်ထားသည့် မှအမှုဆောင် အရာရှိချုပ် ဦးထူးမြင့်နောင်က ပြောကြားသည်။

G-talk မှတစ်ဆင့် gtalk@themyanmardirectory.com နှင့် mydirectory@bot.im ကို invite လုပ်ထားရမည် ဖြစ်ကြောင်း၊ အဆိုပါလိပ်စာနှစ်ခုတွင် ရှာဖွေလိုသောလုပ်ငန်းနှင့် ပတ်သက်သော လုပ်ငန်းအမည်၊ကုန်ပစ္စည်းအမည်၊ လုပ်ငန်းအမျိုးအစားတို့ကို ရိုက်ထည့်လိုက်ရုံဖြင့် အလိုအလျောက် ပြန်လည်ဖြေကြားပေးမည်ဖြစ်ကြောင်း ၄င်းကဆိုသည်။

"G-talk ကို chatting အတွက်တင် မဟုတ်ဘဲလုပ်ငန်းအတွက်ပါ အကျိုးရှိရှိသုံးနိုင်ဖို့ပါ"ဟုလည်း၎င်းကဆိုသည်။

ပြန်လည်ဖြေကြားပေးသည့်အချက်အလက်များကို မြန်မာ့စက်မှုလက်မှုနှင့် စီးပွားရေးလမ်းညွှန်၊ မြန်မာ့လေကြောင်း ခရီးစဉ်များ လမ်းညွှန်တို့ကို ထုတ်ဝေလျက်ရှိသော Novel Light Media Ltd. ကပံ့ပိုးပေးမည်ဖြစ်ကြောင်း Novel Light ၏အကြီးအကဲဖြစ်သူ ဦးစိုးပိုင်က ပြောကြားသည်။

G-Talk မှာမေးချင်တာမေးလို့ရနိုင်မယ့် ၀န်ဆောင်မှု

ဒီစနစ်ကလေးက သုံးရလွယ်ကူပါတယ်။ သူ့ကို လိပ်စာလေးတစ်ခုလို မိမိ G-Talk ထဲကနေ ဖိတ်ခေါ်လိုက်ပြီးရင် သူငယ်ချင်းတစ်ယောက်ကိုမေးရသလိုမျိုးသုံးလို့ ရပါတယ်။ Webtoim@gmail.com ကို G-talk ကနေ Invite လုပ်လို့ရမှာပါ။

ဒီလိပ်စာကလေးကို သူငယ်ချင်းတစ်ယောက်က E-mail ကနေတစ်ဆင့်ပို့လိုက်လို့ သိရတာပါ။ သူ့ကိုဖိတ်ခေါ်ပြီးတဲ့ နောက်မှာ ကိုယ်သိချင်တာလေးတွေ မေးလို့ရပါတယ်။ ဥပမာ – What time in Myanmar now? ဆိုရင် လက်ရှိ ရောက်နေတဲ့ ရက်အပြင် အချိန်တွေကိုပါ ဖော်ပြပေးပါလိမ့်မယ်။ ဒါ့အပြင် နိုင်ငံတကာက နာမည်ကြီး လူပုဂ္ဂိုလ် တွေသာမက လူသိမများသေးတဲ့ ဘောလုံးသမားတချို့ရဲ့ အကြောင်းလိုမျိုးတွေကိုပါ မေးလို့ရပါတယ်။

ဒါပေမဲ့ စာလုံးပေါင်းမှန်ဖို့ လိုအပ်တာရယ်၊ နောက်ဆုံးပေါ်အချက်အလက်များနဲ့ မြန်မာနိုင်ငံက အချက်အလက် အချို့ကိုတော့ မဖြေနိုင်သေးတာရယ်ကိုတော့ တွေ့ရပါတယ်။ မေးလိုတာတွေကို အင်္ဂလိပ်လို ရိုက်မေးရမှာမို့ မိမိရဲ့ အင်္ဂလိပ်စာအရေးအသားလည်း တိုးတက်သွားနိုင်ပါသေးတယ်။

G-Talk ကတစ်ဆင့် သီချင်းတောင်းတာ အွန်လိုင်းရေဒီယိုနားထောင်ကြရအောင်

အဖြူရောင်သံယောဇဉ်အဖွဲ့ကလွှင့်တင်ထားတဲ့ ၀န်ဆောင်မှုတစ်ခုဖြစ်ပါတယ်။ မြန်မာသီချင်း ၊ နိုင်ငံတကာသီချင်းတွေကို အလှည့်ကျဒီဂျေများက တင်ဆက်သွားမှာဖြစ်ပါတယ်။

တခြားလိပ်စာများလိုပါပဲ apytz.dj2@apytz.net ဒီလိပ်စာလေးကို G-Talk ကတစ်ဆင့် Invite လုပ်ပြီးဆက်သွယ် နိုင်ပါတယ်။ အဲဒီလိပ်စာလေးရဲ့ အကောင့်ကို ကလစ်လုပ်လိုက်ရင် မက်ဆေ့စ်ဘောက်အောက်ခြေနားမှာ ရေဒီယိုရဲ့ လင့်ခ်ကိုပေးထားသလို ဆိုဒ်ရဲ့လိပ်စာကိုလည်းဖော်ပြပေးထားပါတယ်။ ကလစ်နှိပ်လိုက်ပြီး နားဆင်နိုင်သလို သူငယ်ချင်းတွေနဲ့စကားပြောသလိုမျိုး စာရိုက်ပြီး အကြံဥာဏ်ပေးတာ သီချင်းတောင်းတာတွေလုပ်နိုင်ပါတယ်။

အွန်လိုင်းရေဒီယိုအစီအစဉ်လေးတစ်ခုပါ။

Gtalk က အင်္ဂလိပ်မြန်မာအဘိဓာန်လုပ်နည်း

ပုံမှန် Gtalk ကနေ add တဲ့နည်းအတိုင်းပဲ။ en2mm2@mmgeeks.org ကို add လိုက်ပါ။

ကိုယ် Gtalk box မှာ add လုပ်လိုက်တာလေးက မီးစိမ်းသည်ဖြစ်စေ မစိမ်းသည်ဖြစ်စေ ဖွင့်ပြီး cat, arrow, eat စသည်ဖြင့်ရိုက်ကြည့်လိုက်ပါ။ မရဘူးလား နောက်ထပ် en2mm3 ကိုထပ်အက်ပါ အဲမှာလည်းအပေါ်ကနည်းတိုင်းလုပ်ပါ အဆင်ပြေပါလိမ့်မယ်။

လိပ်စာအသစ်ပြောင်းသွားရင်လည်း သူ့အလိုလိုအသိပေးပါတယ်။

နောက်ထပ်သိရရင်လည်း ထပ်မံဖော်ပြပေးဦးမှာဖြစ်သလို သူငယ်ချင်းတို့သိတဲ့တခြားအသုံးပြုပုံလေးတွေကိုလည်း ဝေမျှပေးကြဦးနော်။

ချစ်ခြင်းများစွာဖြင့်
အဲလက်စ်

မူးယစ်အိပ်မက်မှ နိုးထလာပြီ

'ဘိန်းဘင်း ကစော် လှော်စာ သောက်စား'တဲ့ ငယ်ရွယ်စဉ်က သင်ခဲ့ဖူးသော ကဗျာလေးက စာသားလေး တစ်ခုပါ။ အပေါင်း အသင်းကြောင့်၊ စိတ်ပျက်အားငယ်မှုကြောင့်၊ စူးစမ်းလိုစိတ်၊ အကျိုးခံစားမှု ဖီလင်တစ် ခုခုလိုချင်လို့ စသဖြင့် အကြောင်း ရယ်မှ ပေါင်းစုံကြောင့် မူးယစ်ဆေးတစ်မျိုးမျိုး ကိုစမ်းသပ်သုံးစွဲရင်း မူးယစ်နွံထဲမြှုပ်သွားကြတယ်။ ဒါပေမဲ့ အချိန်ကြာလာ သည်နှင့်အမျှ အပြစ်ကိုမြင် မူးယစ်ကို မခင်ချင်ကြ တော့တဲ့အခါ မူးယစ်အိပ်မက်ကနေ နိုးထလာချင်ခဲ့ကြပြီ။

အိပ်မက်မှနိုးထပြီး အလင်းရောင်အောက်ဝင်လာသူများကို ကျွန်တော်တို့လက်ကမ်း မကြိုဆိုသင့်ဘူးလား။ ဖြစ်ခဲ့တဲ့ သူတို့ အပြုအမူဆိုးတွေပဲ မျက်လုံးထဲမြင်နေပြီး လက်မကမ်းတော့ဘဲ မျက်ကွယ်ပြုတော့မလား။ လူငယ်လူရွယ်တွေဟာ ခေတ်သစ်ကမ္ဘာရဲ့ ဦးဆောင်မဲ့သူတွေ ဒီတော့ ကိုယ့်ညီ၊ ကိုယ့်အစ်ကို မောင်နှမ အဖြစ် နွေးထွေးတဲ့ရင်ခွင်ကို အကျယ်ကြီး ဖွင့်ထားလိုက်ကြရအောင်။


နောက်ပြီး....ကျွန်တော်ဖတ်ဖြစ်တဲ့ သတင်းအင်တာဗျူးလေးကတစ်ဆင့် သူတို့ ရင်ဖွင့်ထားတာကို နားဆင် ခံစားကြည့်ကြ ဖို့ လက်ကမ်းလိုက်ပါတယ်။ သူတို့ရဲ့ ရင်ဖွင့်သံဟာ ခံစားမှုအသစ်ပေးမှာအမှန်ပါ။ ပြီးတော့ ဒီလိုရင်ဖွင့်သံတွေကို နားဆင် ပေးခြင်းဟာလည်း ကြိုဆိုခြင်းတစ်မျိုးမည်မလားပဲ။


'ဆေးသုံးနေတုန်းကဆို ကျွန်တော်လူတောမတိုးရဲဘူး၊ အခုတော့ ကျွန်တော်ဆေးဖြတ်ခဲ့ပြီးပြီ၊ ကျွန်တော့်မိသားစုလည်း လူကြားထဲမှာ မျက်နှာမငယ်တော့ဘူး။ မူးယစ်ကင်းစင်သွားတော့ ကျွန်တော် လူတွေနဲ့ အရမ်းကို စကားပြောချင်လာတယ်၊ ရင်ဖွင့်ချင်လာတယ်' လို့ မျှော်လင့်ချက်တွေနဲ့ တောက်ပနေတဲ့ မျက်လုံးအစုံပိုင်ရှင် ကိုစိုးကျော် (အမည်လွှဲပြောင်း)ကဆို ပါတယ်။


ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် တီမကျေးရွာရှိ ရွှေပြည်သစ်ပြန်လည်ပြုစုပျိုးထောင်ရေး ဌာနမှာ မူးယစ်ဆေး ဖြတ်ပြီးပြန်လာတဲ့ ကျောက်မဲ နဲ့လားရှိုးမြို့က လူငယ်တွေဟာလည်း အခုအချိန်မှာ မူးယစ်ဆေးပြတ်ပြီဆိုတော့ လူ့အသိုင်း အ၀ိုင်းထဲမှာ ပြန်လည်ဝင်ဆံ့လာပြီး ပရဟိတလုပ်ငန်းတွေမှာ ပါဝင်လုပ်ကိုင်ကြ မူးယစ်ဆေးစွဲနေသူတွေကိုလည်း ဆေးဖြတ်ဖို့ စည်းရုံးဆောင်ရွက်နေတာတွေ့ရပါသတဲ့။
'မူဆယ်ကို ခရီးသွားရင်း စူးစမ်းချင်စိတ်နဲ့ မူးယစ်ဆေးပါတဲ့ ဆေးလိပ်ကို စသောက်မိရာက စွဲသွားတာ၊ ကျောက်မဲ ပြန်လာတော့ ဆေးဆက်မသုံးဘူး။ ဒါပေမဲ့ ကိုယ်ခန္ဓာက ဆေးကိုတောင့်တပြီး ယင်းကန်တယ်၊ ဒါနဲ့ ဆေးဆက်သုံးရာက gunသုံး (ဆေးထိုးအပ်နဲ့ထိုး) တဲ့အဆင့်ထိရောက်သွားတာ' လို့ ဆေးဖြတ်ထားတဲ့ ကိုထွန်းဝင်း (အမည်လွှဲပြောင်း) ကပြောတယ်။


'မူးယစ်ဆေးရောင်းချသူတွေဟာ အစပိုင်းမှာတော့ ဆေးကိုအခမဲ့ပေးပြီးစမ်းသုံးခိုင်းတယ်၊ တကယ်စွဲသွားပြီဆိုတော့ ရောင်းတော့တာပဲ။ မသုံးရမနေနိုင်ဖြစ်လာရင်ဈေးကို မတန်တဆတင်ရောင်းတယ်'လို့ မူးယစ်ဆန့်ကျင်ရေးအသင်းဥက္ကဌ ဦးတင်မောင်သိန်းကပြောပြတယ်။


'အရင်ကတော့ ဘိန်းဖြူအစ ဆေးလိပ်ကလို့ဆိုတယ်၊ အခုတော့ ဆေးလိပ်လုံးဝမသောက်တတ်တဲ့ လူတွေလည်း ဆေးစွဲတယ်။ ပထမဆုံးဖော်မြူလာနဲ့စတယ်။ ဖော်မြူလာဆိုတာ ချောင်းဆိုးပျောက်ဆေးရည်နဲ့ ဘိန်းအဆီရော သောက်တာ နောက်တော့ တစ်ဆင့်တက်ပြီး pot ဆွဲ (ဘိန်းဖြူငွေ့ရှူ) တယ်။ မြင့်သွားရင် gun သုံးတာပဲ'လို့ တစ်ချိန်ကဆေးစွဲဖူးတဲ့ ကိုစိုးကျော်က ပြောပြပါတယ်။


'မူးယစ်ဆေးကို မစမ်းချင်ပါနဲ့ ငြိသွားရင်ဖြတ်ရသိပ်ခက်တယ်'လို့ ကိုအောင်တူး(အမည်လွှဲပြောင်း) ကဆိုပါတယ်။


ဖြတ်ဖို့စဉ်းစားမိပြီး ဖြတ်ချိန်တန်ပြီဆိုတော့ သူတို့ပြောစကားများက ဒီလိုဒီလို..။
'မနက်မိုးလင်းတာနဲ့ ဆေးဖိုးရှာရတာ မလွယ်ဘူး၊ ယင်းကန်တဲ့ ဒဏ်မခံနိုင်ဘူး၊ ပတ်ဝန်းကျင်ကလဲ ဘိန်းစားလို့မြင်တယ်။ လူချင်းတွေ့ရင် ပိုက်ဆံချေးမှာလား၊ ခိုးမှာလားဆိုတဲ့ မျက်စိနဲ့ကြည့်တာ ခံရတယ်။ ဒါနဲ့ မူးယစ်ဆေးကိုဖြတ် မှဖြစ်တော့ မယ်လို့ ဆုံးဖြတ်လိုက်တယ်။'ဆိုပြီး ကိုစိုးကျော်က ပြောပြတယ်။


'ကျွန်တော့်မှာ မိန်းမရှိတယ်၊ ကလေးလည်းရတော့မယ်၊ ကျွန်တော်မွေးလာတဲ့ ကလေးကျရင် သူများအပြောအဆို မခံရစေချင်ဘူး။ ဒါကြောင့်ရအောင်ဖြတ်တော့မယ်ဆိုပြီး ဖြတ်လိုက်တယ်။' လို့ဆေးစွဲသူတစ်ဦးဖြစ်ခဲ့တဲ့ ကိုဇော်ကို (အမည်လွှဲပြောင်း)ကပြောပါတယ်။
ဆေးဖြတ်တဲ့နေရာမှာ ကိုယ့်စိတ်နဲ့ကိုယ့်ကိုယ်ဆိုပေမဲ့ မူးယစ်သံသရာမှာတော့ တစ်ယောက်အားနဲ့ဆိုသိပ်မရချင်ပါဘူးတဲ့။


'ဆေးဖြတ်ရင် တစ်ယောက်တည်းကြိတ်ဖြတ်တာထက် အုပ်စုလိုက်ဖြတ်တာက ပိုကောင်းတယ်။ မာနထားတယ်၊ သူတောင်ရတယ် ငါဘာကြောင့်မရရမှာလဲလို့တောင့်ခံတယ်။ အုပ်စုလိုက်ဆိုတော့ ဂစ်တာတီးကြ၊ အားကစားလုပ်ကြနဲ့ တကယ်ပြတ်သွားတာ။'လို့ ကိုစိုးကျော်ကပြောတယ်။


'တစ်ယောက်တည်းဖြတ်တာဆိုရင် ယင်းကန်တဲ့ဒဏ်မခံနိုင်ဘဲ ဆေးရှာပြီးပြန်သုံးဖြစ်သွားတယ်'လို့ တစ်ယောက်တည်း အကြိမ်ကြိမ်ဖြတ်ကြည့်တာ မအောင်မြင်ခဲ့တဲ့ ကိုအောင်တူးကပြောတယ်။
'အဓိကက စိတ်ဓာတ်ပဲ၊ ကိုယ်တိုင်ဖြတ်ချင်မှ ဖြစ်တာ'လို့ ကိုအောင်တူးကဆိုပြန်တယ်။


ကျွန်တော်ပြောသလိုပါပဲ ဆေးဖြတ်ပြန်လာတဲ့သူတွေကို မိဘဆွေမျိုးတွေက အားပေးဖို့လိုတယ်။ ဘိန်းစားလိုပဲ ဖြစ်နေရင် ဆေးပြန်သုံးဖြစ်သွားတယ်။ ဆေးဖြတ်ပြန်လာသူဟာ သူငယ်ချင်း ပတ်ဝန်းကျင်ဟောင်းထဲပြန်ရောက်ရင် ပြန်သုံးဖြစ် တတ်တယ်လို့ အတွေ့အကြုံရှိသူတွေပြောပြချက်အရ သိရပါတယ်။
ဆေးဖြတ်ပြီးပြန်လာတဲ့ လူတွေဟာ ဘ၀သစ်ကိုမျှော်လင့်ချက်နဲ့မက်တဲ့ အိပ်မက်တွေ အတူတူပါပဲ။
'ဆေးဖြတ်ထားတဲ့သူတွေ ပြန်လည်ထူထောင်ရေးအတွက် နှစ်သိမ့်ဆွေးနွေးအားပေးတာ၊ စိုက်ပျိုးရေးလို လုပ်ငန်းမျိုးတွေ ထူထောင်ပေးတာမျိုးတွေ လိုအပ်တယ်၊ ဆေးဖြတ်ချင်ရင် ဘယ်ဒေသကလူကိုမဆို ကူညီမယ်၊ကြိုဆိုပါတယ်။'လို့ ၀မ်းသာ အယ်လဲ ကြိုဆိုရှာတဲ့ ဦးတင်မောင်သိန်းက မြန်မာနိုင်ငံ မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း ကျောက်မဲခရိုင် ဥက္ကဌပါ။


'အခု ကျွန်တော်တို့က လူငယ်၂၄ဦးကို ပထမအသုတ်အဖြစ် မူးယစ်ဆေးဖြတ်ဖို့ စီစဉ်ခဲ့တာပါ။ သြဂုတ် ၁၅ရက်နေ့မှာ ဒုတိယအသုတ်ကိုဆေးဖြတ်ဖို့ ပို့လိုက်ပြီး ဖြတ်ပြီးပြန်လာတဲ့ လူငယ်တွေကိုလည်း ပြန်မသုံးအောင် စောင့်ရှောက်ပေးသလို မူးယစ်ဆေးရောင်းတဲ့သူတွေကိုလည်း ရဲတပ်ဖွဲ့ ပူးပေါင်းပြီးတိုက်ဖျက်ရေးအနေနဲ့ ဖော်ထုတ်နေပါတယ်။' လို့ ဦးတင်မောင်သိန်းက ရှင်းပြပါတယ်။

ဘယ်လိုလည်း သူတို့ကတော့ အိပ်မက်က နိုးထပြီး မျှော်လင့်ချက်တွေနဲ့ ရှင်သန်နေကြပြီ "လက်ကမ်းမှာလား။"

ဇာနည်
Ref: The Modern Weekly Journal (No.172, 21 Aug 2009 Friday)