ကျွန်တော်က တစ်ခါတစ်လေ အပျင်းပြေ ၀တ္ထုလေးတွေဖတ်လေ့ရှိပါတယ်။ အခုခေတ်ဝတ္ထုလောကမှာ ဂမ္ဘီရစာပေဆိုပြီး လှိုင်ဘောလယ်ထနေတာ အများကြီးမှအများကြီးပါ။ အဲဒီထဲကမှ ကျွန်တော်ဖတ်နေကြ ကလောင်တွေထဲကမှ တစ်ချို့တွေရဲ့စာအုပ်မှာ ဖတ်ချင်မှတ်ချင်စရာလေးတွေ ပါတတ်ပါတယ်။
အခုမနေ့ညက ဖတ်ဖြစ်တဲ့ 'တြိသင်္ခ ရဲ့ ကိုးလောင်းတောင်ကြား'ဆိုတဲ့စာအုပ်ထဲမှာ ဟူးကောင်းလွင်ပြင် အကြောင်း၊ အဲဒီဒေသမှာနေထိုင်တဲ့လူတွေရဲ့ ဓလေ့စရိုက်၊ ပြီးတော့ ချစ်မှုရေးရားလေးတွေအကြောင်း စိတ်ဝင်စားဖွယ် ရေးသား ထားတာကိုတွေ့ရပါတယ်။ Data တွေရဲ့မှန်ကန်မှုကတော့ သူတည်ဆောက်တဲ့ ခေတ်ကာလနဲ့ အခုခေတ်ကာလ အနည်းငယ်တော့ကွာခြားမှာပါ။ ဒါပေမဲ့ ဗဟုသုတရမယ် အနည်းငယ်တော့ သိစရာတိုးမယ်လို့ယူဆပြီး သူငယ်ချင်းတို့ကို ပြန်လည်ပြောပြပါရစေ။
'ဟူးကောင်းလွင်ပြင်'ဒေသသည် တော်တောင်ထူထပ်သော အရပ်ဒေသတစ်ခုဖြစ်သည်။ ဟူးကောင်းလွင်ပြင်ဒေသမှာ ရှေးအခါက ပယင်းအထွက်ကောင်းသောဒေသအဖြစ် လူသိများပြီး ပယင်းဒေသဟုပင် ခေါ်ဝေါ်ခဲ့ကြလေသည်။ ဟူးကောင်း လွင်ပြင်မှာ စတုရန်းမိုင် (၅၅၈၆)စတုရန်းမိုင် ကျယ်ဝန်းသော ချိုင့်ဝှမ်းလွင်ပြင်ကြီးဖြစ်ကာ အရှေ့ဘက်၊ မြောက်ဘက်နှင့် အနောက်ဘက်များမှာ မြင့်မားလှသည့် တောင်တန်းကြီးများက ကာရံထားလေသည်။
အနောက်ဘက်၌ ကာဆီးထားသော ပတ်ကွိုင်တောင်တန်းကြီးမှာ ပေ(၈၀၀၀)ကျော် မြင့်မားပြီး ချင်းတွင်းမြစ်နှင့် အိန္ဒိယနိုင်ငံအတွင်းမှာ ရှိသော ဗြဟ္မပုတ္တရမြစ်တို့၏လက်တက်မြစ်များတို့ မြစ်ဖျားခံရာ ရေဝေကုန်းတန်းဖြစ်ပေသည်။
အရှေ့ဘက်မှာတော့ ကျော်မောင်ဘွမ်၊ ဘွမ်ဖျက်ဘွမ်၊ ပလောင်ဘွမ် အစရှိသော တောင်တန်းကြီးများရှိပြီး ၄င်းတောင် တန်းကြီးများမှာ မြန်မာနိုင်ငံ၏အသက်သွေးကြော ဖြစ်ကြသည့် ချင်းတွင်းမြစ်နှင့် ဧရာဝတီမြစ် တို့၏ မြစ်ဖျားခံရာ ရေဝေ ကုန်းတန်းများဖြစ်ကြပေသည်။
ဟူးကောင်းလွင်ပြင်၏ အရှေ့ဘက်နှင့် အနောက်ဘက်မှာ ရှိကြသော ရေဝေကုန်းတန်းကြီးများက စီးဆင်း လာကြသော မြစ်ချောင်းကြီးငယ် အသွယ်သွယ်တို့သည် ချိုင့်ဝှမ်းအလယ်သို့ စီးဆင်းလာကြပြီး နောက် ချင်းတွင်းမြစ်၏အကြီးဆုံး လက်တက်ဖြစ်သော တနိုင်းခချောင်းကျယ်ကြီးကို ဖြစ်ပေါ်စေခဲ့သည်။
တနိုင်းခသည် ချောင်းဟုသာ ဆိုရသော်လည်း မိုင်(၉၀)ခန့်ရှည်လျားလေသည်။
ဟူးကောင်းချိုင့်ဝှမ်းအတွင်း၌ ထင်ရှားသော နေရာအမှတ်အသားတစ်ခုမှာ လီဒိုလမ်းမကြီးဖြစ်ပေသည်။ လီဒိုလမ်းမကြီးမှာ (၁၉၄၇)ခုနှစ်၊ဒီဇင်ဘာလ (၁)ရက် ဒုတိယကမ္ဘာစစ်အတွင်း၌ စတင်ဖောက်လုပ်ခဲ့ ကြခြင်းဖြစ်သည်။ အိန္ဒိနိုင်ငံ အာသံပြည် နယ်နှင့် ဘင်္ဂလားနယ်ကို ဆက်သွယ်ကာ လီဒိုမြို့မှ စတင် ဖောက်လုပ်ခဲ့သဖြင့် 'လီဒိုလမ်းမကြီး'ဟု လူသိများထင်ရှားခဲ့ပေ သည်။ လီဒိုလမ်းမကြီးအား လီဒိုမြို့မှ စတင်ကာ မြန်မာနိုင်ငံအတွင်းသို့ ၀င်ရောက်လာသောအခါ ပတ်ကွိုင်တောင်တန်း၊ ရှင်ဗွေယံ၊ တနိုင်း၊ဟူးကောင်း၊မိုးကောင်း၊မြစ်ကြီးနားမှ ဧရာဝတီမြစ်ကိုဖြတ်ကာ ဗန်းမော်၊ လားရှိုးမှတဆင့် တရုတ်ပြည် ဘက်ရှိ မာကိုပိုလိုလမ်းမကြီးနှင့် ဆက်သွယ်ရန်ဖြစ်ပေသည်။
(၁၉၄၃)ခုနှစ်မှ အစပြုဖောက်လုပ်ခဲ့သော ထိုလမ်းမကြီးမှာ(၁၉၄၅)ခုနှစ်တွင် အဆုံးသတ်ခဲ့လေသည်။ လီဒိုလမ်းမကြီး ဖောက်လုပ်ရာတွင် ချွေးတပ်သားအမြောက်အမြား သေကြေပျက်စီးခဲ့ကြရပေသည်။ အရှေ့တောင်ဘက်တွင် ယိုးဒယား မြန်မာလမ်းမကြီးဖောက်လုပ်ခဲ့ရာတွင် ချွေးတပ်သားပေါင်း (၈၀၀၀၀) ကျော်သေကြေပျက်စီးခဲ့ကြောင်း မှတ်တမ်းရှိသည်။
(၁၉၄၇)ခုနှစ်၊ အောက်တိုဘာလ(၇)ရက် နေ့စွဲဖြင့်ထုတ်ပြန်ကြေငြာခဲ့သော လန်ဒန်မြို့ ဗြိတိသျှနိုင်ငံခြားရေးရုံးမှ ထုတ်ပြန် ကြေငြာချက်တွင် မြန်မာနိုင်ငံမှ ချွေးတပ်သားပေါင်း (၈၀၀၀၀)ကျော် သေကြေပျက်စီးခဲ့ကြောင်း ဖော်ပြခဲ့သော်လည်း ခန့်မှန်းချက်သာဖြစ်သည်။
၎င်းဖော်ပြချက်မှာ ယိုးဒယားနိုင်ငံဘက်၌ ယိုးဒယား၊မလေးရှား၊ အင်ဒိုနီးရှားနှင့် တရုတ်လူမျိုးတို့ သေကြေပျက်စီးမှု မပါဝင် ပေ။ ထို့ပြင် ဗြိတိသျှ စစ်သုံ့ပန်း၊သြစတြေးလျ စစ်သုံ့ပန်းနှင့် ဒတ်ခ်ျ စစ်သုံ့ပန်းတို့ မပါဝင်သေးပေ။
နာမည်ကျော် လီဒိုလမ်းမကြီးသည် ဟူးကောင်းချိုင့်ဝှမ်းသို့ ရောက်သောအခါ တနိုင်းချောင်းကို ဖြတ်သွားလေရာ အင်္ဂလိပ် အစိုးရလက်ထက်ရောက်သောအခါ ထိုနေရာတွင် ဟူးကောင်းမြို့ဖြစ်ပေါ်လာလေသည်။ နောက်ပိုင်းတွင်မှ တနိုင်းခချောင်း ကို အစွဲပြုပြီး တနိုင်းမြို့ဟု ခေါ်ဝေါ်ခဲ့ကြခြင်းဖြစ်သည်။ တနိုင်းမြို့မှာ လီဒိုလမ်းမကြီး၏အနောက်ဘက် မဝေးသောနေရာ၌ ရှိပြီး မြစ်ကြီးနားမြို့နှင့် မိုင်(၁၂၀)ခန့်ကွာဝေးလေသည်။ ဟူးကောင်းဆိုသည်မှာ ရှမ်းဘာသာစကားဖြစ်သည်။
ဟူး - ဦးခေါင်း ၊ ကောင်း - စည်တော်ဟု အဓိပ္ပါယ်ရှိရာ ဟူးကောင်း၏အဓိပ္ပါယ်မှာ 'စည်တော်ဦးခေါင်းပြုရာအရပ်' ဟုဆိုကြပေသည်။
ဟူးကောင်းဒေသကို ရှေးအခါကပင်'ပယင်းတွင်းဒေသ'ဟုခေါ်ခဲ့ကြပြီး အစောဆုံး ၀င်ရောက်နေထိုင်ကြသော လူမျိုးများမှာ 'နာဂ'လူမျိုးများဖြစ်ကြသည်။ နာဂလူမျိုးများ အများအပြား ရှိရာမှ ရွဲရိ၊ရွဲရာ၊ချောက်ရန်းဟုခေါ်သည့် နာဂလူမျိုးများ ဖြစ်ကြ သည်။ နောက်ပိုင်းတော့ နာဂလူမျိုးများ တဖြည်းဖြည်း နည်းပါးသွားကာ ရှမ်း၊ကချင်နှင့် မြန်မာလူမျိုးတို့ အများအပြား ၀င်ရောက်နေထိုင်ခဲ့ကြသည်။
ဟူးကောင်းလွင်ပြင်ဒေသသည် မြန်မာနိုင်ငံရဲ့ အမေဇုံတောဟု တင်စားခေါ်ဝေါ်ရလောက်အောင် တောင်တောင်ထူထပ် လှပြီး သားရဲတိရစ္ဆာန် ပေါများလှသောနေရာဖြစ်ပေသည်။
ထိုဒေသ၌ နေထိုင်ကြသူအများစုမှာ တောတောင်များအတွင်းသို့ လှည့်လည်သွားလာပြီး လုပ်ငန်းအမျိုးမျိုးဖြင့်အသက် မွေးဝမ်းကျောင်းသူများရာ ထိုအထဲတွင် ဆင်ရိုင်းဖမ်းသမားများလည်း ပါဝင်ပေသည်။
မြန်မာနိုင်ငံအ၀ှမ်းတွင် ဆင်ရိုင်းအကောင်ရေများစွာ ရှိသည့်အနက် ဟူးကောင်းချိုင့်ဝှမ်းဒေသ၌ အများအပြားရှိလေသည်။
ဆင်ရိုင်းဖမ်းဆီးသောအလုပ်မှာ အသက်အန္တရာယ်အလွန်များသော အလုပ်မျိုးဖြစ်ပေရာ မကျွမ်းကျင်ပါက ဆင်ရိုင်း၏ အစွယ်အောက်၊ခြေထောက်အောက်မှာ အသက်ပျောက်သွားနိုင်ပေသည်။
တောဆင်ရိုင်းသည် ခွန်အားဗလကောင်းသလို လူကဲ့သို့ အသိဥာဏ်များသော တိရစ္ဆာန်ဖြစ်သည်။
ဆင်ဖမ်းရာမှာ ကျုံးသွင်း၍ ထောင်ဖမ်းခြင်း၊ မီလာရှီကာဟု ခေါ်သော ကြိုးကွင်းစွပ်ဖမ်းခြင်းနှင့် မေ့ဆေးသေနတ် သုံး၍ ပစ်ခတ်ဖမ်းခြင်းဟူ၍ နည်းသုံးမျိုးဖြင့် ဖမ်းဆီးကြလေသည်။
မေ့ဆေးသေနတ်ဖြင့် ပစ်ဖမ်းသောနည်းကိုတော့ လူတိုင်းမသုံးကြပေ။ မေ့ဆေးသေနတ်ကို လူတိုင်းမသုံးနိုင်သည်က တစ်ကြောင်း၊ အဓိက အချက်မှာ ဆင်ကိုမေ့ဆေးသေနတ်ဖြင့် ပစ်ဖမ်းပါက ဥာဏ်ထိုင်းသည်ဟု ယူဆသောကြောင့်ဖြစ်၏။
နောက် မီလာရှီကာဟုခေါ်သော ဆင်ကိုကြိုးကွင်းစွပ်ဖမ်းဆီးသောနည်းမှာလည်း လူနည်းနည်းဖြင့် လုပ်နိုင်သည်ဆိုသော် လည်း မကျွမ်းကျင်ပါက အန္တရာယ်အလွန်များသောနည်းဖြစ်၏။
အများအားဖြင့်တော့ အသက်အန္တာရယ်လည်းကင်း၊ ဆင်ဖမ်းရာမှာလည်း အရလွယ်သော ကျုံးသွင်းဖမ်းနည်းကိုသာ အသုံးပြုမှု များလေသည်။
တောဆင်ရိုင်းများကို စနစ်တကျ ကျုံးသွင်း၍ ထောင်ဖမ်းသောနည်းမှာ အိန္ဒိယတိုင်းရင်းသားများထံမှ ဆင်းသက်လာ၍ ထိုကျုံးကို ကေဒါ (Khedda) ဟုခေါ်သည်။ ကျုံးအတွင်းသို့ ဆင်များကို မောင်းသွင်းပြီးမှ ဖမ်းဆီးသောနည်းကို ကေဒါ သို့မဟုတ် ကျုံးသွင်းခြင်းဟု ခေါ်ကြလေသည်။ သို့သော်လည်း ဆင်ကျုံးသွင်းသောအဖွဲ့မှာ လူသုံးဆယ်ကျော်ခန့် အသုံးပြု ရသောကြောင့် လူအများဆုံး အသုံးပြုရသော ဆင်ဖမ်းနည်းဖြစ်သည်။
ဆင်ကျုံးသွင်းသော လမှာ အောက်တိုဘာလဆန်းမှ စတင်လုပ်ကိုင်ကြလေသည်။ဆင်ကျုံးသွင်းမည့်သူများသည် တော အတွင်း ရောက်သည်နှင့် ဦးစွာ ဆင်များ အုပ်စုလိုက် ရှိသောနေရာများကိုလေ့လာရှာဖွေရသည်။ ဆင်အုပ်များကိုတွေ့ပါက ကျုံးသွင်းမည့်နေရာကို ရွေးချယ်ရသည်။
ဆင်ကျုံးတည်ရန်အတွက် သင့်တော်သောနေရာများမှာ - ဆင်ရိုင်းများ မကြာခဏဖြတ်သွားတတ်သောလမ်း၊ ဆင်များ ခိုအောင်းနိုင်မည့် အရိပ်အာဝါသကောင်း သည့်နေရာ၊ စမ်းချောင်း၊ရေအိုင် များရှိသောနေရာ၊ ထို့ပြင် သယ်ယူပို့ဆောင်ရေးအတွက် အခက်အခဲမရှိသောနေရာ၊ တောင်ကုန်းလည်းမကျ၊ မြေပြန့် သက်သက်လည်း မဟုတ်သောနေရာနှင့် ဆင်များ ဖမ်းမိပါက လေ့ကျင့်မှုပေးရန် ကျယ်ပြန့်သောနေရာ၊ ကျုံးဆောက်ရန် အတွက် အနီးဝန်းကျင်တ၀ိုက်မှာ သစ်ဝါးပေါသောနေရာနှင့် ဆင်ရိုင်းများ အစာရေစာ အလွယ်တကူရနိုင်မည့်နေရာ စသည်တို့ဖြစ်သည်။
ဆင်ကျုံးတည်ဆောက်ရန်အတွက် တောထဲမှ သစ်ဝါးစသည်တို့ကိုခုတ်ယူကြရသည်။ ဆင်ရိုင်းများ ထောင်ဖမ်းရန်ကျုံးမှာ တစ်ဖက်ကျယ်၊ တစ်ဖက်ကျဉ်းဖြစ်ပြီး စတုဂံပေ(၆၀)မှ (၁၀၀)အထိရှိတတ်သည်။
ဆင်ကျုံးတည်ဆောက်ရန်အတွက် တောထဲမှ သစ်ဝါးစသည်တို့ကိုခုတ်ယူကြရသည်။ ဆင်ရိုင်းများ ထောင်ဖမ်းရန်ကျုံးမှာ တစ်ဖက်ကျယ်၊ တစ်ဖက်ကျဉ်းဖြစ်ပြီး စတုဂံပေ(၆၀)မှ (၁၀၀)အထိရှိတတ်သည်။
လိုအပ်သော သစ်ဝါးများမှာ – ဖြောင့်တန်းနေသည့် ကျုံးတံခါးတိုင်လေးလုံး၊ တိုင်တစ်လုံး၏အရှည်မှာ (၃၅)ပေဖြစ်သည်။ (၁၆)ပေအရှည်ရှိသော ကျုံးတိုင်အလုံး(၃၀)၊ (၁၆)ပေအထက်ရှည်သော မျောတန်းအလုံး (၃၀၀)တို့ဖြစ်သည်။ ကျုံးတိုင်နှင့် မျောတန်းများကို ဖြောင့်ဖြူးသော သစ်လုံးများဖြင့် အသုံးပြုကြသည်။ အကိုင်းအခက် အဖုအထစ်များ ပါလျှင်လည်း ဓါး၊ ရဲဒင်းများဖြင့် ချောအောင် ရွေထားကြသည်။ ကျုံးတစ်ခု တည်ဆောက်ရန်အတွက် အုန်းဆံကြိုး သုံးမည်ဆိုပါက ပိဿာ(၂၀၀)ခန့် ကုန်ကျမည်ဖြစ်ပြီး ကြိမ်ဖြင့် တုပ်နှောင်မည်ဆိုပါက ကြိမ်နီအပင်ပေါင်း(၅၀၀၀)ခန့် ကုန်ကျတတ်ပေသည်။
ဆင်ဖမ်းနည်းသုံးမျိုးရှိသည့်အနက် မီလာရှီကာဟုခေါ်သော ကြိုးကွင်းစွပ်ဖမ်းနည်းမှာ အန္တရာယ်များပြီး စွန့်စားရသော ဆင်ဖမ်းနည်းဖြစ်သည်။ ၄င်းမှာ ကြိုင်းကွင်းပစ်တော်သော ဆင်ဖမ်းသမားနှင့် နောက်လိုက်ကောင်းများ ရှိရန်လိုအပ်သည်။ ၄င်းအပြင် ဖန်တီစီးသောဆင်ကလည်း လိမ္မာပါးနပ်ဖို့ရန် အရေးကြီးလေသည်။ မီလာရှီကာနည်းမှာ ကုလားစကားဖြစ်ပြီး အဓိပ္ပါယ်မှာ ကြိုင်းကွင်းစွပ်ဖမ်းနည်းဖြစ်သည်။ ဆင်ဖမ်းအဖွဲ့တွင် လူက(၁၀)ယောက်ခန့် ပါရပြီး ကွန်ဂျီဟု ခေါ်သည့် ဆင်လိမ္မာက သုံးကောင်ပါသည်။ အချို့ဆင်ဖမ်းအဖွဲ့များမှာ အကူဆင်မပါဘဲ ကွန်ဂျီဟုခေါ်သည့် ဆင်ယဉ်နှစ်ကောင် ဖြင့်လည်း ဆင်ဖမ်းထွက်ကြသည်။ တောဆင်ရိုင်းကို ပစ်ဖမ်းရန် အသုံးပြုသောကြိုးကို 'ဆိုင်ဖန်း'ဟုခေါ်သည်။
ပီလောပီနံလျှော်ကို (၁၂)လွန်းတင် ကျစ်ထားသော(၃၇)တောင် (ပေ၅၀ခန့်)အရှည်ရှိသော ကြိုးကြီးကို အသုံးပြုကြသည်။
ဆင်ဖမ်းထွက်တော့မည်ဆိုလျှင် ဖန်တီဟုခေါ်သော ခေါင်းဆောင်က ကာကီဘောင်းဘီသုံးထည်၊ အင်္ကျီသုံးထည်ကို တစ်ခါ တည်း ထပ်ဝတ်ထားရသည်။ မာအွတ်ဟု ခေါ်သော ပဲ့စီးများမှာလည်း ထိုနည်းအတိုင်းပင် ထပ်ဝတ်ထားကြရသည်။ ထိုသို့ဝတ်ဆင်ရခြင်းမှာ ဆင်ရိုင်းနောက်သို့ပြေးလိုက်ရာတွင် ကြိမ်တော၊ဆူးတောများအတွင်းမှ ဖြစ်ပြေးရသည့်အခါ သစ်ကိုင်းခြစ်သည့်ဒဏ်၊ ဆူးဒဏ်များမှ ကာကွယ်ရန်အတွက်ဖြစ်သည်။ ဆင်ဦးစီးများတွင် အရှည်နှစ်ပေ၊ ဗျက်သုံးလက်မ ရှိသော ဖားမစ်ဆန် ခေါ် ခန္ဓီးရှမ်းဓါးတစ်လက်စီလည်း ဆောင်ထားရသည်။
ပြေးရင်းလွှားရင်း ရှေ့မှ သစ်ကိုင်းနှင့် ကြိမ်နွယ်များခံနေပါက ဓားဖြင့်ခုတ်ဖြတ်သွားရန်ဖြစ်သည်။ ဆင်ဖမ်းထွက်တော့မည် ဆိုလျှင် အခြားစားနပ်ရိက္ခာကိရိယာ တန်ဆာပလာများအပြင် ကြက်ဖို၊ကြက်မ နှစ်ကောင်ကိုလည်း ဆင်ပေါ်တင်ယူ သွားကြသည်။ တောထဲရောက်၍ ဆင်ခြေရာတွေ့ပြီး ဆင်နောက်လိုက်တော့မည်ဆိုပါက ယူလာသော ကြက်နှစ်ကောင်ကို အဓိဌာန်ပြုကာ လွှတ်တင်လိုက်ရသည်။
လွှတ်လိုက်သောအချိန်မှာ ကြက်များက ရွှင်ရွှင်လန်းလန်းနှင့် တွန်သံပေးပြီး တောသို့ဝင်ပါက နိမိတ်ကောင်းဟု ယူဆပြီး၊ အကယ်၍ ကြက်နှစ်ကောင် ထိုးကြ၊ ဆိတ်ကြ၊ ခွပ်နေကြလျှင် နိမိတ်မကောင်းဟု အယူရှိကြလေသည်။
တောဆင်ရိုင်းများနောက်သို့ သက်စွန့်ဆံဖျားလိုက်ရတော့မည်ဆိုလျှင် ပထမဦးစွာ ဆိုက်ဖလားဟု ခေါ်သော ၀မ်းပတ်ကြိုး ၏ ကွင်းတွင် ဆိုင်ဖန်ခေါ် ဖမ်းကြိုးတစ်စကို ထည့်ရသည်။ ပြီးမှ ဆင်ဖမ်းကြိုးခွေကို ဆင်၏ကျောကုန်းပေါ်သို့ တင်ကာ ဆိုက်သရီးခေါ် ကြိုးဖြင့် ထိန်းထားရသည်။ အားလုံးအဆင်သင့် ဖြစ်သောအခါ တောဆင်ရိုင်းအုပ်ရှိသော နေရာရောက် အောင် သွားကြရလေသည်။ ဆင်အုပ်ရှိရာသို့သွားရာတွင် လေညာအရပ်က မသွားရဘဲ လောအောက်အရပ်မှ သွားကာ ဆင်အုပ်အတွင်းမှ စိတ်ကြိုက်ဆင်တစ်ကောင်ကိုရွေးချယ်ရသည်။ ဆင်ရွေးပြီးသောအခါ ဆင်အုပ်ရှိရာသို့လေအောက် ဘက်မှနေ၍ လိမ္မာပါးနပ်စွာ ချဉ်းကပ်သွားရလေသည်။ ဖမ်းဆီးရာတွင် အများအားဖြင့် မိမိဆင်ထက်အကောင်ငယ်သော ဆင်များကိုသာ ရွေးချယ်၍ ဖမ်းဆီးကြသည်။
ဆင်မဖြစ်လျှင် ခုနစ်ပေအထိ ဖမ်းရဲကြသော်လည်း အစွယ်ရှိသော ဆင်ထီးဖြစ်ပါက ခြောက်ပေဆင်ကို ဖမ်းဆီးရာမှာပင် အထူးသတိဝီရိယထားကာ ဖမ်းဆီးကြရသည်။ တစ်ခါတစ်ရံ စွယ်စုံဆင်ရိုင်းများက မိမိတို့ စီးလာသော ဆင်ယဉ်ကို အစွယ်ဖြင့်ထိုးသတ်လေ့ရှိကြသည်။ ထိုအခါ ဆင်ရိုင်းမရသည့်အပြင် ရှိသည့်ဆင်ယဉ်ပါအသက်ဆုံးရှုံးတတ်သည်။
ထို့ကြောင့် ဖန်တီများ၏ကျွမ်းကျင်လိမ္မာမှုက အရေးကြီးလှပေ၏။ ဆင်ရိုင်းကို ဖမ်းဆီးတော့မည်ဆိုလျှင် ဖန်တီဟုခေါ်သော ဦးစီးက ဆင်၏ပုခုံးပေါ်မှာ ကားယားခွထိုင်ကာ နင်းလုံးကြိုးအတွင်းသို့ ခြေနှစ်ဖက်ကို ထိုးသွင်းထားရသည်။ ဆင်ဖမ်းကြိုး အစတစ်ဖက်ကို ကွင်းလျောပြုလုပ်ထားပြီး တစ်ဖက်ကို ၀မ်းပတ်ကြိုး၌ချည်ကာ ဆင်ကျောကုန်းပေါ်ရှိ ဖမ်းကွင်းကိုလည်း ထိန်းပြီးလိုက်ရသည်။ ပဲ့ချိတ်ဟုခေါ်သော နောက်လိုက်က ဆင်ကုန်းမြီးပေါ်တွင် ဆောင့်ကြောင့်ထိုင်ကာ မြီးဆိုင်းကြိုးကို ကိုင်ကာ လိုက်ရသည်။ ထို့နောက်တောဆင်ရိုင်းနောက်သို့ ကြိုးကွင်းဖြင့် စွပ်ဖမ်းရန် ပြေးလိုက်ရသည်။ ထိုသို့ပြေးလိုက်ရာ တွင် မိမိတို့ စီးလာသော ဆင်လိမ္မာက တောဆင်ရိုင်းကို မမှီနိုင်ဘဲ အပြေးနှေးနေလျှင် စူးဖြင့်ထိုးဆွပေးရသည်။ အကယ်၍ ဆင်ရိုင်းက ကြောက်အားလန့်အားဖြင့် ကြိမ်ပိုက်တော၊ ၀ါးတော၊ ဆူးတောအတွင်းသို့ ၀င်ပြေးပါက ဖမ်းဆင်လည်း ထပ်ကြပ်မကွာပြေးလိုက်ရသည်။
ထိုအခါ ဆင်ကျောပေါ်တွင် ပါလာသောလူတွေမှာ ဆူးမစူးစေရန်နှင့် သစ်ကိုင်းသစ်ခက်များနှင့် မရိုက်မိ၊ မထိခိုက်စေရန် ဆင်ကျောပေါ်တွင် ပြားပြားဝပ်၍သော်လည်းကောင်း၊ ဦးစီးက ဆင်နားရွက်နှင့် လည်ပင်းအောက်သို့ ရွှေ့ပြောင်း၍လိုက်ရ သလို ပွဲစီးမှာလည်း ၀မ်းပတ်ကြိုး၊ မြီးသိုင်းကြိုးများကို မြဲမြဲဆွဲကာ ဆင်၏ ၀မ်းဗိုက်ဘေးစောင်းအထိ မြှောင်ကပ်၍စီးကာ လိုက်ကြရသည်။ ဆင်လိမ္မာ မဟုတ်ဘဲ ရိုးရိုးဆင်သာဆိုလျှင် တောဆင်ကိုပြေးလိုက်ရာ၌ ဆင်ပေါ်က လူများလိမ့်ကျ ကျန်ခဲ့မည် အမှန်ဖြစ်၏။ ဤသို့ ငါးမိုင်၊ခြောက်မိုင်ထိ လိုက်ပြီးကြသောအခါ တောဆင်ရိုင်းကို ဖမ်းဆင်က မီတော့သည်။ ထိုအခါ ဦစီးဖန်တီသည် ပြေးနေသောဆင်ရိုင်း၏ ဦးခေါင်းပေါ်သို့ ကြိုးကွင်းပစ်တင်ပေးလိုက်ရ၏။ တောဆင်မှာ ကြောက် အားလန့်အားနှင့်ပြေးရာတွင် နှာမောင်းကို ခွေလိပ်ထားတတ်လေရာ မိမိဦးခေါင်းပေါ်သို့ စွပ်ကျလာသော ကြိုင်းကွင်းကို နှာမောင်းနှင့် ဖယ်ရှားပစ်လိုက်သည်နှင့် တပြိုင်နက် သူ၏လည်ပင်းကို ကြိုးကွင်းက စွပ်ပြီးသားဖြစ်သွားလေသည်။
ဤသို့ ကြိုးကွင်းစွပ် ပစ်ဖမ်းရာတွင် ဆင်ဖမ်းဖန်တီတို့၏ ကျွမ်းကျင်မှုကြောင့် များသောအားဖြင့် လွတ်ထွက်သွားခြင်းမရှိပေ။ တောဆင်ရိုင်း၏လည်ပင်းကို ကြိုးကွင်းစွပ်မိသောအခါ တောဆင်မှာ အင်အားရှိသလောက် ရုန်းကန်ပြီး ထွက်ပြေးရန် ကြိုးစားသည်။ ထိုအခါ ဆင်လိမ္မာနှင့် တောဆင်အင်အားချင်း ပြိုင်ကြဲ၍ ဖမ်းကြိုးကို လူက လျှော့ချည်တင်းချည် လုပ်ပေး ရသည်။ တောဆင်မောပန်းသွားအောင် နည်းအမျိုးမျိုးဖြင့် လုပ်ပေးရသည်။ လူကဤကဲ့သို့ ပြုလုပ်ပေးသောအခါ တော ဆင်ရိုင်းမှာ မကြာခင် ခြေကုန်လက်ပန်းကျပြီး ဆင်လိမ္မာဆွဲခေါ်ရာသို့ ယက်ကန်ယက်ကန်နှင့် ပါသွားရလေသည်။
စင်စစ် ဤသို့ အလွယ်တကူ ဖမ်းမိမှုများ နည်းပါးပြီး ဖမ်းမိထားသော တောဆင်ရိုင်းအား သူ့အုပ်ထဲမှ အခြားသော ဆင်ရိုင်းများက ပြန်လှည့်လာပြီး အကူအညီပေးခြင်း၊ အတင်းဝင်လုဆွဲခေါ်ခြင်း၊ ဆင်လိမ္မာရော လူကိုပါ အစွယ်နှင့် လိုက်ထိုးခြင်း၊ ဆင်လိမ္မာက အားသန်နေ၍ မပြိုင်ရဲလျှင် အပေါ်က လူကို နှာမောင်းနှင့် ဆွဲချခြင်း စသည်တို့ကို တွေ့ကြုံရတတ်သည်။
ထိုသို့သောအခါမျိုးတွင် ကွန်ဂျီခေါ် ဖမ်းဆင်လိမ္မာသည် အလွန်အရေးကြီး၏ လျင်မြန်ဖျက်လတ်မှု၊ရဲရင့်မှု အပြင် လူကို အကာအကွယ်ပေးတတ်မှုရှိရန် အထူးလိုအပ်လှပေသည်။ ထိုအခါများတွင် ဆင်ဖမ်းလုပ်သားများမှာ တောဆင်ရိုင်းအုပ်နှင့် သက်စွန့်ဆံဖျား အစွမ်းပြိုင်ကြရလေသည်။ ယခင်က ဤသို့အခက်အခဲများ တွေ့လာလျှင် ကျည်ဆံအစား ကြိမ်ဖူးများကို တပ်၍ တောဆင်ရိုင်းများ ခြေထောက်ကို လှမ်းပစ်၍ ခြောက်လှန့်ကြရသည်။ ယခုအခါ သေနတ်များကို သိမ်းဆည်းထား သဖြင့် ဆင်ဖမ်းလုပ်သားများမှာ အခက်ကြုံ၍ ဆင်နှင့် နီးနီးကပ်ကပ် ရင်မဆိုင်ရဲ ဖြစ်နေကြသည်။ အစစအရာရာ အဆင် ပြေပြီး မိမိတို့စိတ်ကြိုက် တောဆင်ရိုင်းများကို ကြိုးကွင်းစွပ် ဖမ်းဆီးပြီးသောအခါ အမြစ်ဆုံကောင်း၍ ခိုင်ခံ့သော သစ်ပင် တစ်ပင်ကို အနီးအနား၌ ချက်ချင်းရှာဖွေကြရသည်။ ဆင်ရိုင်းချည်ရန် သစ်ပင်မှာ အောက်ခြေရှင်းနေပြီး အကိုင်းအခက် အဖုအထစ်များ လုံးဝမရှိရပေ။
ဆင်ချည်ရန် သစ်ပင်၌ အကိုင်းအခက် အဖုအထစ်များရှိနေပါက ဆင်ရုန်းသောအခါ သစ်ကိုင်းသစ်ခက် အချွန်အတက်များ ထိခိုက်မိ၍ ဒဏ်ရာအနာတရ ရှိတတ်သည်။ ဖမ်းမိထားသော တောဆင်ရိုင်းကိုချောမွတ်သော သစ်ပင်၌ ဆင်လိမ္မာ၏ အကူအညီနှင့် ကပ်ချည်ထားရသည်။ ထို့နောက် မကြာမီ တောဆင်ကို ဆင်လိမ္မာနှင့် ပူးညှပ်ကာ ဆင်ကျင့်စခန်းသို့ ဆွဲခေါ် လာရသည်။ စခန်းသို့ရောက်သောအခါ တောဆင်၏ နားကိုဖောက်၍ကြိုးတစ်ပင်နှင့် တပ်ပေးရသည်။ ဆင်၏တစ်ကိုယ် လုံး၌ နာကျင်တတ်သောနေရာမှာ နားရွက်သည်အဓိကနေရာဖြစ်သဖြင့် နားကိုဖောက်ချည်ထားခြင်းဖြစ်သည်။ ဆင်ဦးစီး များ ဆင်ကို ဆုံးမလျှင်လည်း နားရွက်ကို ရိုက်၍ဆုံးမတတ်ကြ၏။
ဖမ်းမိထားသော တောင်ဆင်၏ ခြေလက်၊ လည်ပင်းတို့ကို ခိုင်ခံ့သော သစ်ပင်များတွင် ချည်ထားပြီး နှစ်ရက်သုံးရက်ထိ အစာရေစာ လုံးဝမကျွေးဘဲ ဒဏ်ခတ်ထားရသည်။ ထိုသို့ဒဏ်ခတ်ထားခြင်းဖြင့် တောဆင်ရိုင်းများ စိတ်ဓာတ်ကျသွား သည်။ ထိုအခါ ငှက်ပျောပင်ထဲထွင် ဆန်ဆားအနည်းငယ် လုံးထွေးပြီး ကျွေးရသည်။
ထို့နောက် ကျင့်ဆင်များဖြင့် ကြပ်မတ်ညှပ်သွင်းကာ တောဆင်ရိုင်းကိုလေ့ကျင့်သင်ကြားပေးရသည်။ ညှပ်သွင်းထားသော ဆင်ရိုင်းများယဉ်ပါးလာရန်အတွက် ညှပ်ပေါ်တွင် ကြိုးဖြင့် ကြက်ခြေခတ် ပုခက်ပြုလုပ်ပြီးလျှင် ဆင်ဖမ်းလုပ်သားများက ရှေးဦးစွာ ဆင်ကျောကုန်းပေါ်ကို နင်းစမ်း၍ လျှောက်ပေးရသည်။ ပြီးမှတစ်ဆင့် လူလွတ်တက်စီး၏။
ထို့နောက် ဆင်တစ်ကိုယ်လုံးကို နေရာလွတ် မကျန်အောင် ပွတ်သက်၍ လူသုံးလေးယောက်က သီချင်းသံပြိုင်ဆိုကာ ဆင်ကို ယဉ်ပါးလာအောင် လုပ်ကြရသည်။
'ဆော်ဘိုင်၊ ဆော်ဘိုင်လော့ ဘာဘူရယ်
ဆော်ဘိုင်၊ ဆော်ဘိုင်လော့ ဘာဘူရယ်
ဆော်ဘိုင်....၊ အီကမ်...၊ အီနွမ်ဟွိုင်ဟွိုင်...၊
ဆိုကမ်ဟွိုင်ဟွိုင် ဆိုကမ်မနူတီ
အီကမ်မကတီ အီကမ်မနူတီ အီကမ်
ဆော်ဘိုင်၊ ဆော်ဘိုင်လော့ ဘာဘူရယ်၊
ဆော်ဘိုင်.....' အစရှိသဖြင့်ပေါ့။
ထိုသို့သင်ကြားလေ့ကျင့်နေစဉ်အတွင်း ၀ံအူ၊ ပေါက်၊ဆင်သမနွယ် စသည့်အမြစ်အခေါက်များကို ကျိုပြီး ဒဏ်ရာများကို ဖန်ရည်ဆေးပေးရသည်။ ယခုအခါ တိရစ္ဆာန်ဆေးကုဆရာများ ထားပေးသဖြင့် ခေတ်မီထိုးဆေး၊ စားဆေးများ ကျွေး၍ ကုသကြသည်။ထိုသို့ လေ့ကျင့်ပြီးသောအခါ ညှပ်မှ ထုတ်၍ တွဲဆင်နှင့်တွဲပြီး ထိန်းကျောင်းပေးရသည်။ စခန်း၌ လေ့ကျင့် နေစဉ်အတွင်း အညှော်အနံ့အသက်များ မပြုလုပ်ရ။ စားဖတ်ကြိုးများဖြင့် ဆင်ကိုမရိုက်ရ။ကြက်တည်သူများမလာရ။ လှည်းမောင်း၍ စခန်းထဲသို့မ၀င်ရ။ပုလွေ၊နှဲမမှုတ်ရချေ။
တောဆင်ရိုင်းတစ်ကောင် အတော်အသင့်ယဉ်ပါးလာရန်အတွက် အနည်းဆုံးတစ်လလောက် ကျင့်ယူရသည်ဟု သိရ သည်။ ကျွန်တော်ဖတ်သော အထက်ပါစာအုပ်တွင် တခြားသောဆင်ဖမ်းနည်း၊ ဆင်ကိုယဉ်ကျေးအောင် စခန်းသွင်း လေ့ကျင့်ပုံအချို့ကိုလည်းထည့်သွင်းရေးသားထားပါသေးသည်။ ဒါပေမဲ့ မီလာရှီကာနည်းကို ပိုမိုစိတ်ဝင်စားမည်ထင်၍ ဦးစားပေးရေးသားဖော်ပြလိုက်ခြင်းဖြစ်ပါသည်။
ဒီတစ်ခါ ဟူးကောင်းချိုင့်ဝှမ်းနယ်တကျောရှိ လူပျိုလှည့်သော ဓလေ့များနှင့် မင်္ဂလာဆောင်အခမ်း အနားများအကြောင်း အနည်းငယ်ဆက်လက်တင်ပြလိုပါသည်။
လူပျိုလှည့်ဓလေ့နှင့် မင်္ဂလာဆောင်အခမ်းအနားများမှာ တစ်နေရာနှင့် တစ်နေရာ ဒေသတစ်ခုနှင့်တစ်ခု သိပ်မကွာလှပေ။
လူပျိုလူရွယ်များက မိန်းမပျိုများကို လွတ်လပ်စွာ ပိုးပန်းနိုင်ခွင့်ရှိသလို လွတ်လပ်သော မိန်းကလေးများအား အုပ်ထိန်းသူ မိဘများထံတွင် လွတ်လပ်စွာ တောင်းရမ်းနိုင်ပေသည်။ မိန်းကလေးရှင်များထံ သွားရောက်၍စကားကမ်းလှမ်းပြီး အုပ်ထိန်း သူမိဘများက လက်ခံလျှင် မိန်းကလေးကို အသိပေးရသည်။ မိန်းကလေးက လက်ခံလျှင် လက်ထပ်ထိမ်းမြားခွင့်ရှိလေ သည်။ အကယ်၍ မိဘများချင်း ရင်းနှီးမှုရှိပါက ကြားထဲမှ အောင်သွယ်ပြောပေးနိုင်သူကို အရင်လွှတ်ပေးရသည်။
ကြားအောင်သွယ်နှင့် အဆင်ပြေပြီဆိုတော့မှ အဓိကသက်ဆိုင်သူများက သွားရလေသည်။
ဒီတစ်ခါ လူပျိုလှည့်တဲ့ဓလေ့လေးကို အကျယ်ချဲ့ပြောပြချင်ပါသေးသည်။ဟူးကောင်း ချိုင့်ဝှမ်းတွင် ဆောင်းရာသီ၌ အလွန်အေးလှပေရာ တဲအိမ်များရှေ့၌ 'နှင်းမိုးစင်' ထိုးပေးထားရသည်။ နှင်းမိုးစင်ဆိုသည် မှာ လူပျိုလှည့်သောသူ လာလျှင်နှင်းမကျစေရန် ယာယီတဲထိုးပေးထားရခြင်းဖြစ်၏။ ထိုတဲအောက်မှာ ထင်းတုံးများဖြင့် မီးဖိုပေးထားရသည်။ မိန်းမပျိုတို့က ဗိုင်းငင်ရင်းနှင့် လူပျိုလှည့်ကာ လာသူကိုစောင့်ရသည်။
'လသာတန်းဗိုင်းငင်'ဆိုသော စကားအဓိပ္ပါယ်မှာ အရွယ်ကောင်းစဉ်မှာ ဘ၀ကြင်ဖော်ရှာရမည့် အဓိပ္ပါယ်ပါတဲ့သူတို့အတွက်။ နှင်းမိုးစင်အောက်တွင် မိန်းမပျိုတစ်ဦး သို့မဟုတ် အခြားမိန်းမပျိုအဖော်တစ်ယောက်နှစ်ယောက်နှင့်အတူရှိနေတတ်သည်။
ညဦးပိုင်းအချိန် အလုပ်သိမ်း၍ပြန်လာသော လူပျိုများက မိမိတို့ နှစ်သက်သဘောကျသော မိန်းမပျိုရှိရာ နှင်းမိုးစင်အောက် သို့ လွတ်လပ်စွာ ၀င်ရောက်၍ လူပျိုလှည့်လေ့ရှိကြသည်။
မိန်းမပျိုကလေးများကလည်း လူပျိုလာလှည့်သူများထဲမှ မိမိနှစ်သက်သူကို လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ရှိသည်။ တစ်ခါတစ်ရံလည်း စိတ်ထဲမှာ ရည်စူးထားသူကို မျှော်နေလေ့ရှိသည်။ တစ်ခါတစ်ရံ မျှော်နေသူက ရောက်မလာဘဲ မလာစေချင်သူက ရောက်လာသည့် အခါမျိုးလည်းရှိသည်။ ထိုအခါ စိတ်ထဲမှာ အနှောင့်အယှက်ဖြစ်ရသော်လည်း ယဉ်ကျေးချိုသာစွာနှင့်ပင် ငြင်းပယ်ရလေသည်။
ညဥ့်ဦးယံအချိန် ရောက်လာလျှင် နှင်းမိုးစင်အောက်ရှိ ဆောင်းမီးဖိုရှိ နေရာတိုင်းမှာ လူစည်ကားနေတတ်ပါသည်။ လူပျိုနှင့် အပျိုတွေ့လျှင် ထွေရာလေးပါး စကားများပြောရင်းမှ ချစ်စကားကြိုက်စကားပြောရသည်။ ညဥ့်နက်ပိုင်းရောက်လာ လေလေ အချစ်အဓိပ္ပါယ်များက ပိုမိုကျယ်ဝန်းလာလေလေဖြစ်၏။
လူပျိုအပျိုတို့အတွက် အချစ်သည် ဘယ်ကျောင်း၊ ဘယ်ဆရာထံမှ သင်ယူရန် မလိုဘဲ တတ်မြောက်လာသော ပညာဖြစ်ရာ ဘယ်လောက်ပင် ရိုးသားနုံချာသူဖြစ်ပါစေ သက်ဆိုင်သော ချစ်စကားကိုတော့ အဆင်ပြေအောင် ပြောဆိုတတ်ကြသည်။
'ဗိုင်းငင် ချည်ငင်တာ ဘယ်လောက်ပြီးပြီလဲ' စကားစသည်။
'အတော်အသင့်ပေါ့'
'ဘာရက်မှာလဲ'
မိန်းမပျိုက အတန်ငယ် စဉ်းစားသည်။ လုလင်ပျိုကို စိတ်ထဲမှ မနှစ်သက်လျှင် တလွဲဖြေသည်။ စိတ်ထဲမှ နှစ်သက်လျှင် အံဝင်ခွင်ကျဖြေသည်။
'ပုဆိုးရက်မှာပေါ့။'
'အကွက်သေးလား အကွက်ကြီးလား'
လုလင်ပျိုက တစ်ဆင့်တက်လာခြင်းဖြစ်သည်။ သူတို့လိုချင်သောအကွက်ရောက်အောင် စကားစစ်ခင်းလာခြင်းဖြစ်၏။ မိန်းကလေးက အကွက်ကြီးဆိုလျှင် အဖေအတွက် ၊ ဘကြီး၊ ဦးကြီးအတွက်ဟု အဓိပ္ပါယ်ရသည်။ အကွက်သေးဆိုပါက ချစ်သူရည်းစားအတွက်ဖြစ်သည်။
မိန်းကလေးက...'အကွက်သေး ရက်မှာ' ဟုမပွင့်တပွင့် အမူအယာဖြင့် ဖြေလျှင် ကိုလူချောအတွက် မျှော်လင့်ချက်ရှိပြီး စကားဆက်ပြော၍ရသည်။ အဲ..မိန်းကလေးက စကားဆက်မပြောချင်ရင်တော့ 'အကွက်ကြီးရက်မှာ' ဟုစကားပိတ် ပြောလိုက်လျှင် ထိုအကြောင်းကို မစဉ်းစားချင်သေးဟု အဓိပ္ပါယ်ရက ထိုနှင်းမိုးစင်အောက်မှ မယောင်မလည်ဖြင့်ထကာ အခြားစင်သို့ ကူးရလေသည်။
အကယ်၍မိန်းကလေးက လုလင်ပျိုကို နှစ်သက်သဘောကျလျှင် အကွက်သေးရက်မှာပါဟု ရှက်သွေးဖြာသောမျက်နှာဖြင့် ပြန်ပြောလျှင် မျှော်လင့်ချက်ရှိလာပြီး နောက်တစ်ဆင့်တက်ဖို့ ကြိုးစားရသည်။
'ရစ်တံထိုးလို့ ပုဆိုးဆင် လက်ခပ်သံတွင် ရွှေခြူနဲ့လား' ဟုလုလင်ပျိုက မရဲတရဲ စကားထာဖွက်ရသည်။
လုံမပျိုက ချက်ဆိုနားခွက်က မီးတောက်သည်။ စကားထာ၏ အဓိပ္ပါယ်ကို သူမသိသည်။ အဓိပ္ပါယ်မှာ 'ချစ်စပျိုးလို့ ချစ်ကြိုးငင်၊ နှမပျိုခင် စိတ်တူရဲ့လား' ဟူ၍ဖြစ်သည်။
ရှက်သွေးဖြန်းနေသော လုံမငယ်သည် သူမမကြိုက်လျှင် ဤအဆင့်တွင်လည်း ငြင်းပယ်တတ်ကြသည်။ လုံမငယ်က ....'ဆံရစ်ခိုင်ညှာ ဆန်ပြာတုံး' ဟုစကားထာ ၀ှက်လိုက်ရာတွင် လုလင်ပျိုမှာ အတော် ဒုက္ခရောက်သွားသည်။ 'မချစ်နိုင်ပါ ပြန်ပါဦး' ဟူ၍ဆိုလိုက်ခြင်းဖြစ်သည်။
လုလင်ပျိုမှာ ရှက်ကိုးရှက်ကန်းနှင့် လာလမ်းပြန်ရုံသာရှိတော့၏။ သို့ရာတွင် လုံမပျိုက ကြည်ဖြူပါလျှင် လုလင်ပျိုကို စစ်ဆေးမေးမြန်းတော့သည်။ 'လှည်းပဒေါင်း ရေလောင်းခဲ့ရဲ့လား' ဟုလုံမပျိုက မေး၏။
ဆိုလိုရင်းမှာ 'ရည်းစားဟောင်းကို ခွင့်တောင်းခဲ့ရဲ့လား' ဟူ၍ဖြစ်သည်။ လုလင်ပျိုက သူ့မှာ ရည်းစားမရှိခဲ့ဖူးကြောင်း၊ မင်းသာ ပထမဆုံးရည်းစားဖြစ်ကြောင်း စသည်တို့ကို တတ်သမျှ မှတ်သမျှ ပြောရတော့သည်။
ထိုသို့ လုလင်ပျိုနှင့် လုံမပျိုတို့နှစ်ဦး ပြေလည်ကြပြီဆိုလျှင် နောက်ညများ၌ မီးဖိုဘေးမှာ တစ်ယောက်ချင်း ပြောခွင့်ရပြီ။ ထိုအဆင့်ထိ ရောက်ဖို့မှာလည်း အချိန်အတော်ကြာ ကြိုးစားရသည်။ ပြိုင်ဘက်များလည်း တွေ့ရသည်။
မိန်းကလေးက အချိန်ယူ စဉ်းစား၍ တစ်ဦးဦးကို လက်ခံမှသာ ညဥ့်နက်သန်းခေါင်အထိ ဆောင်းတွင်းမီးဖိုဘေးမှာ စကား ပြောခွင့်ရတော့သည်။ အခြားသော ကာလသားများသည် ညဦးပိုင်းမှသာ ထိုမီးဖိုသို့လာပြီး ညဥ့်နက်လျှင် မိမိနှင့် မဆိုင် တော့သဖြင့် စွန့်ခွသွားကြသည်။ မသတ်မှတ်ရသေးသော လုံမပျိုတို့၏ နှင်းမိုးစင်အောက်သို့ ရောက်ကြရပြန်သည်။
လုလင်ပျိုနှင့် လုံမပျိုတို့ ပြေလည်ကြသောအခါလည်း အချစ်ဦးသူများဖြစ်၍ စကားထာများဖြင့် အနုအလှရွေး၍ ပြောကြ သည်။ မေတ္တာပုလဲပန်းများ သီကြသည်။
ညဥ့်နက်၍ လုလင်ပျိုရောက်လာချိန်တွင် လုံမပျိုက 'ကျွန်းတုံးကြောင်လျှောက် ' ဟုဆိုသည်။ 'လွမ်းတုန်းမောင်ရောက်' ဟုအဓိပ္ပာယ်ရသည်။ လုလင်ပျိုမှာ များစွာကျေနပ်သွား၏။
ထိုအခါ..'အင်ကြင်းပင်ကြီး ပွင့်ကာနီး လေကြီးတိုက်မှာ စိုးလှတယ်' ဟုလုလင်ပျိုက စကားထာဝှက်၍ ဆို၏။ အဓိပ္ပါယ်မှာ 'နင်နဲ့ငါနဲ့ ချစ်ခါနီး လူကြီးဖျက်မှာ စိုးလှတယ်' ဟူ၍ဖြစ်၏။
လုံမပျိုက မစိုးရိမ်ဖို့ပြောသည်။ အဖေနှင့်အမေကို သူပြောလျှင်ပြီးပါသည်ဟု ပြောမည်။ လုံမပျိုကလည်း လုလင်ပျိုကို ပြန်၍အကျပ်ကိုင်တတ်သည်။ 'စံပယ်ခြံ ထရံကာရဲ့လား' ဟုစကားထာဖြင့်ဆိုသည်။ 'တကယ်ကြံ စရံပါရဲ့လား' ဟုမေးခြင်းဖြစ်သည်။
တစ်ဦးမေတ္တာကို တစ်ဦးက လက်ခံလိုက်သောအခါလူကြီးမိဘများ အချင်းချင်း စေ့စပ်သဘောတူကြကာ သားပျိုသမီးပျို တို့၏ လက်ထပ်မင်္ဂလာပွဲအတွက် စီစဉ်ကြရသည်။ သူတို့ ဟူးကောင်းချိုင့်ဝှမ်းဒေသတကြောရှိ ရွာများမှာ ရှေးကကဲ့သို့ပင် အတင်အသ၊ အမေ့နို့ဖိုးနှင့် ရွာဝင်ကြေးတို့ ရှိသည်။ မင်္ဂလာဆောင်မှာ ၀က်သားကျွေးနိုင်မှ ဂုဏ်ရှိသည်။ လုလင်ပျိုဖက်က တာဝန်မှာ မသေးလှပါ။
ကဲ....ဖတ်တဲ့စာအုပ်ထဲက ရလိုက်တာလေးကိုပြန်လည်ဝေမျှခြင်းဖြစ်ပါတယ်။ စိတ်ဝင်စားစွာဖတ်မိကြတယ်ဆိုရင်လည်း ၀မ်းသာရမှာဖြစ်သလို။ ပျင်းစရာကောင်းတယ်ဆိုရင်လည်း ဆောရီးပါခင်ဗျာ့။
ဇာနည်။
No comments:
Post a Comment