Monday, October 28, 2013

လိင်မှတဆင့် ကူးစက်သောရောဂါများ၊ လက္ခဏာများနှင့် ဆေးနည်းများ(၃)


၁။ Urethral discharge ဆီးလမ်းက တခုခုဆင်းခြင်း
၂။ Persistent urethral discharge ဆီးလမ်းကနေ အရည်တောက်လျှောက် ဆင်းနေခြင်း
၃ Genital herpes လိင်လမ်း ရေယုံ
၎။ Vaginal discharge ဗဂျိုင်းနာက အရည်ဆင်းခြင်း
၅။ Anorectal discharge စအိုလမ်းက အရည်ဆင်းခြင်း
၆။ Lower abdominal pain ဗိုက်အောက်ပိုင်းနာခြင်း
၇။ Scrotal swelling ကျား ကပ်ပယ်အိတ်ရောင်ခြင်း
၈။ Inguinal bubo ပေါင်ခြံအကျိတ်
၉။ Neonatal conjunctivitis မွေးစကလေး မျက်စိနာခြင်း
၁ဝ။ Genital warts လိင်လမ်း ကြွက်နို့

၁။ Urethral discharge ဆီးလမ်းက တခုခုဆင်းခြင်း
အများဆုံး ဖြစ်စေနိုင်တဲ့ပိုးတွေက (၁) Neisseria gonorrhoeae (နိုက်ဆီးရီးယား-ဂနိုးရီးယေး) နဲ့ (၂) Chlamydia trachomatis (ကလာမိုင်ဒီးယား-ထွိုက်ကိုမားတစ်) ပိုးတွေဖြစ်တယ်။ ပိုး ၂ မျိုးတွဲ ဖြစ်တာလဲ မနည်းဘူး။ ဆေးကုရင်လဲ ဒီ ပိုး ၂ မျိုးလုံးကျိုနိုင်တာ ပေးရမယ်။ ပိုး ၂ မျိုးလုံးကနေလဲ နောက်ဆက်တွဲ ဖြစ်လာစေနိုင်တာတွေလဲ ရှိတယ်။ HIV (အိတ်ခ်ျအိုင်ဗွီ) ဝင်လာစေဘို့ လမ်းကြောင်းပေးသလို ဖြစ်သေးတယ်။ 
 
• Gonococcal infection (ဂနိုးရီးယား) ပိုးအတွက် Cefixime 400 mg တခါတည်းသောက်ပါ။ ဒါမှမဟုတ် Ceftriaxone 250 mg တခါတည်းထိုးပါ။
• Chlamydial infection (ကလာမိုင်းဒီးယား) ပိုးအတွက် Doxycycline 100 mg တခါသောက် ၁ ပြား၊ တနေ့ ၂ ကြိမ်၊ ၇ ရက်သောက်ပါ။ ဒါမှမဟုတ် Azithromycin 1 g တခါတည်းသောက်ပါ။
• Azithromycin ဆေးကို Gonorrhoea (ဂနိုးရီးယား) ပိုး အတွက် တမျိုးတည်းပေးရင် ဆေးယဉ်လာတာမြန်လို့ မညွှန်တော့ဘူး။ မတတ်သာရင် Azithromycin 2 g ပေးရတယ်။ ဘေးထွက်-ဆိုးကျိုး အစာလမ်းမှာဖြစ်နိုင်တယ်။
• N. gonorrhoeae ပိုးအတွက် Quinolones ဆေးတွေကို ခုနောက်ပိုင်း ပိုးတွေကခံနိုင်ရည်ရှိလာနေတယ်။ အရှေ့တောင် အာရှမှာ ၇ဝ% မက ဆေးမတိုးတော့ဘူး။ ဒါကြောင့် Ciprofloxacin ဆေးကို ၂ဝ၁၁ နောက်ပိုင်းမှာ မသုံးတော့ဘူး။
• တခြားပိုးတွေက (၃) Trichomonas vaginalis နဲ့ (၄) Mycoplasma genitalium တွေဖြစ်တယ်။ ယောက်ျား ဆီးအောင့်တယ်ဆိုရင် ဒီပိုးစစ်သင့်တယ်။

၂။ Persistent urethral discharge ဆီးလမ်းကနေ အရည်တောက်လျှောက် ဆင်းနေခြင်း
ဆီးလမ်းကနေ အရည်တွေ တောက်လျှောက်ဖြစ်ဖြစ်၊ ပြန်ဖြစ်တာဖြစ်ဖြစ် ဆင်းနေရင် ဆေးယဉ်တဲ့ ဆီးသွားလမ်း ရောင်တာ ဖြစ်မယ်။ တချို့မှာ T. vaginalis နဲ့ M. genitalium တွေ တခုချင်းရော တွဲပြီးရောဖြစ်နေနိုင်တယ်။ N. gonorrhoeae ပိုးက Cefixime နဲ့ Ceftriaxone ဆေးတွေကို ယဉ်လာလို့ဖြစ်မယ်။
• T. vaginalis infection ကိုကုသဘို့ Metronidazole 400 mg တနေ့ ၂ ခါ၊ ၇ ရက်သောက်ပါ။ ဒါမှမဟုတ် Tinidazole 500 mg တနေ့ ၂ ခါ၊ ၅ ရက်သောက်ပါ။ တွဲပေးရမဲ့ဆေးကတော့
• M. genitalium အတွက် Azithromycin 500 mg တခါတည်းသောက်ပြီး 250 mg တနေ့ ၁ ခါ ၄-၆ ရက် သောက်ပါ။

၃ (က)။ Genital herpes လိင်လမ်း ရေယုံ
Herpes simplex virus (ဟားပိစ်-ဆင်းပလက်စ်) ဗိုင်းရပ်စ် (HSV-2) နဲ့ HSV-1 တွေကနေဖြစ်စေတယ်။ HSV-2 က ပိုများတယ်။ နာတဲ့ အရည်ကြည်ဖုလေးတွေ အများအပြားဖြစ်နေမယ်။ ပိုးကိုနိုင်တဲ့ဆေး မရှိသေးပါ။ ဒါပေမဲ့ ရောဂါ လက္ခဏာတွေကို အများကြီး သက်သာစေနိုင်တဲ့ဆေးတွေတော့ ရှိတယ်။ Acyclovir နဲ့ အလားတူဆေးတွေဖြစ်တယ်။ လိမ်းဆေးက သိပ်တော့ မထိရောက်ဘူး။
• Acyclovir 400 mg တနေ့ ၃ ကြိမ်၊ ၇ ရက်သောက်ပါ။ ဒါမှမဟုတ်
• Acyclovir 200 mg တနေ့ ၅ ခါ၊ ၇ ရက်သောက်ပါ။ ဒါမှမဟုတ်
• Valaciclovir 1 g တနေ့ ၂ ခါ၊ ၇ ရက်သောက်ပါ။ ဒါမှမဟုတ်
• Famciclovir 250 mg တနေ့ ၃ ကြိမ်၊ ၇ ရက်သောက်ပါ။ ဒါမှမဟုတ်
• Acyclovir 5—10 mg/kg IV တနေ့ ၃ ခါ၊ ၅-၇ ရက် ထိုးပါ။

၃ (ခ)။ Recurrent genital herpes လိင်လမ်းရေယုံက တခါဖြစ်ဘူးရင် ပြန်ဖြစ်တတ်တယ်။ သိပ်တော့ မဆိုးလှဘူး။ သူ့ဖါသူလဲ ပျောက်တယ်။
• Acyclovir 400 mg တနေ့ ၃ ကြိမ်၊ ၅ ရက်သောက်ပါ။ ဒါမှမဟုတ်
• Acyclovir 200 mg တနေ့ ၅ ကြိမ်၊ ၅ ရက်သောက်ပါ။ ဒါမှမဟုတ်
• Valaciclovir 500 mg တနေ့ ၂ ကြိမ်၊ ၅ ရက်သောက်ပါ။ ဒါမှမဟုတ်
• Famciclovir 125 mg orally တနေ့ ၂ ကြိမ်၊ ၅ ရက်သောက်ပါ။

၃ (၈)။ Suppressive therapy for recurrent genital herpes လိင်လမ်းရေယုံက ပြန်ဖြစ်တာကို နှိမ်နည်း
• Acyclovir 400 mg တနေ့ ၂ ကြိမ်၊ ၁ နှစ်သောက်ပါ။ ဒါမှမဟုတ်
• Valaciclovir 500 mg တနေ့ ၁ ကြိမ်၊ ၁ နှစ်သောက်ပါ။ ဒါမှမဟုတ်
• Famciclovir 250 mg တနေ့ ၂ ကြိမ်၊ ၁ နှစ်သောက်ပါ။

၃ (ဃ)။ Herpes Simples Virus (ဟားပိစ်-ဆင်းပလက်စ်) ဗိုင်းရပ်စ် နဲ့ HIV (အိတ်ခ်ျအိုင်ဗွီ) တွဲဖြစ်ခြင်း
ရေယုံအနာတွေက မပျောက်နိုင်ဖြစ်နေမယ်။ Antiviral therapy ဗိုင်းရပ်စ်ဆေး ပေးတာ သက်သာနိုင်တယ်။
• Acyclovir 5–10 mg/kg IV တနေ့ ၃ ခါ၊ ၅-၇ ရက်ထိုးပါ။

၃ (င)။ Syphilis (ဆစ်ဖလစ်)
• Primary syphilis မူလ ဆစ်ဖလစ် ဆိုတာ ကူးစက်ခံရတဲ့နေရာမှာ Ulcer အနာ၊ Chancre (ရှန်ကာ) ဖြစ်တယ်။
• Secondary syphilis ဒုတိယ (ဆစ်ဖလစ်) ဖြစ်လာရင် Skin rash အရေပြားအနီကွက်၊ Condylomata lata အရေပြားမှာ စွပ်စိုတဲ့ အသားမာ-အနာ ဖြစ်တာ၊ Mucocutaneous lesions အဖုံးလွှာပါးမှာဖြစ်တာ နဲ့ တက်စေ့ ရောင်တာတွေ ဖြစ်မယ်။
• Latent syphilis (လေးတင့်-ဆစ်ဖလစ်) ဆိုတာ လက္ခဏာမပြသေးဘဲ ငုပ်နေတာ။ ၂ နှစ်နီးပါး ကြာနိုင်တယ်။ ၂ နှစ်နောက်ကို Late latent syphilis နောက်ပိုင်း (ဆစ်ဖလစ်) ခေါ်တယ်။ WHO ကနေ ဒီလိုခွဲခြားထားတာက ဆေးကုသနည်းအတွက် အသုံးကျတယ်။ သိတာစောလေလေ ဆေးက နိုင်လေဖြစ်တယ်။

Primary ပဌမ၊ Secondary ဒုတိယ နဲ့ Early latent syphilis နောက်ဖြစ်-အစပိုင်း (ဆစ်ဖလစ်) တွေကို ကုသနည်း
• Benzathine benzylpenicillin G 2.4 million IU IM တလုံးထဲ တခါတည်းထိုးပါ။ ဒါမှမဟုတ်
• Procaine benzylpenicillin 1.2 million IU IM တနေ့ တခါ၊ ၁ဝ ရက်ဆက်ထိုးပါ။ ဒါမှမဟုတ်
• Azithromycin 2 g တခါတည်းသောက်ပါ။ (မှတ်ချက်။ Azithromycin ဆေးက ထိရောက်ပေမဲ့ ဆေးယဉ်တာ သတိထားရမယ်။)
• (ပနယ်စလင်) နဲ့ မတည့်သူ၊ ကိုယ်ဝန်မဆောင်သူတွေအတွက် Azithromycin 2 g တခါတတည်းသောက်ပါ။ ဒါမှမဟုတ် Doxycycline 100 mg တနေ့ ၂ ကြိမ်၊ ၁၄ ရက်သောက်ပါ။

Late latent syphilis နောက်ပိုင်း ငုပ်နေတဲ့ (ဆစ်ဖလစ်)
• Benzathine benzylpenicillin 2.4 million IU တပတ် ၁ ခါ၊ ၃ ပတ်ပြည့်အောင် ဆက်ထိုးပါ။ ဒါမှမဟုတ်
• Procaine benzylpenicillin 1.2 million IU တနေ့ ၁ ခါ၊ ၂၁ ရက်ဆက်ထိုးပါ။
• (ပနယ်စလင်) နဲ့ မတည့်သူ၊ ကိုယ်ဝန်မဆောင်သူတွေအတွက် Doxycycline 100 mg တနေ့ ၂ ကြိမ်၊ ၃ဝ ရက်သောက်ပါ။ ဒါမှမဟုတ် Tetracycline 500 mg တနေ့ ၄ ကြိမ်၊ ၃ဝ ရက်သောက်ပါ။

Syphilis in pregnancy ကိုယ်ဝန်ဆောင် (ဆစ်ဖလစ်)
ကိုယ်ဝန်ဆောင်မှာ (ဆစ်ဖလစ်) ရှိရင် ကုသမှုပေးပြီး၊ ပြန်ဖြစ်လာသေးလား ကြည့်ရမယ်။ သူ့ခင်ပွန်းကိုလည်း ဆေး ကုရမယ်။ ဆေးမတည့်တာ မရှိရင် အကောင်းဆုံးက Penicillin ဖြစ်တယ်။ ဆေးမတည့်သူတွေကို
• Azithromycin 2 g တခါတည်းသောက်ပါ။ ဒါမှမဟုတ်
• Erythromycin (Ethyl succinate or stearate) 500 mg တနေ့ ၄ ကြိမ်၊ ၁၄ ရက်သောက်ပါ။ (Erythromycin estolate ကို ကိုယ်ဝန်မှာ မပေးသင့်ပါ။)

Syphilis လူနာကို ၆ လမှာ တခါ နဲ့ ၁၂ လမှာ တခါစစ်သင့်တယ်။ တနှစ်အတွင်း ပြန်ဖြစ်-မဖြစ်ကြည့်ရမယ်။ (ဆစ်ဖလစ်) နဲ့ HIV တွဲနေရင် Primary ပဌမဖြစ်တာ နဲ့ Secondary ဒုတိယဖြစ်တာတွေမှာ ဖြစ်နေကြပုံစံနဲ့ မတူတာတွေ လာဖြစ်မယ်။

၃ (စ)။ Chancroid (ရှန်ကာရွိုက်)
Haemophilus ducreyi ခေါ်တဲ့ Gram-negative bacillus ပိုးကနေဖြစ်တယ်။ နာတဲ့ အနာဖြစ်မယ်။ Inguinal lymph-adenopathy ပေါင်ခြံတက်စေ့ ရောင်တာရော မရောင်တာပါဖြစ်နိုင်တယ်။
• Azithromycin 1 g တခါတည်းသောက်ပါ။ ဒါမှမဟုတ်
• Ceftriaxone 250 mg တခါတည်းထိုးပါ။ ဒါမှမဟုတ်
• Ciprofloxacin 500 mg တနေ့ ၂ ကြိမ်၊ ၃ ရက်သောက်ပါ။ ဒါမှမဟုတ်
• Erythromycin base 500 mg တနေ့ ၄ ကြိမ်၊ ၇ ရက်သောက်ပါ။

၃ (ဆ)။ Granuloma inguinale (ဂရင်နူလိုးမား-အင်ဂွိုင်နယ်လေ)
Donovanosis လို့လဲခေါ်တယ်။ Klebsiella granulomatis (Calymmatobacterium granulomatis) ခေါ်တဲ့ Gram-negative bacterium ပိုးကနေကူးစက်တယ်။ မနာတဲ့ အနာတွေပေါက်မယ်။ အနာက ကျယ်ကျယ်လာမယ်။ ပေါင်ခြံမှာ တက်စေ့ မရောင်ဘူး။ သွေးထွက်လွယ်တယ်။ ဆေးတွေကို အနာပျောက်တဲ့အထိ သောက်ရမယ်။
• Azithromycin, 1 g ပဌမနေ့သောက်ပါ။ နောက်မှာ 500 mg တနေ့ ၁ ကြိမ်ဆက်သောက်ပါ၊ ဒါမှမဟုတ်
• Doxycycline 100 mg orally, twice daily ဒါမှမဟုတ်
• Erythromycin 500 mg တနေ့ ၄ ကြိမ်၊ ဒါမှမဟုတ်
• Tetracycline 500 mg တနေ့ ၄ ကြိမ်၊ ဒါမှမဟုတ်
• Trimethoprim 80 mg/sulfamethoxazole 400 mg တခါသောက် ၂ ပြား၊ တနေ့ ၂ ကြိမ်၊

၃ (ဇ)။ Lymphogranuloma venereum (LGV) (လင်ဖိုဂရင်နူလိုးမား-ဗနီရီယမ်)
Chlamydia trachomatis serovars L1, L2 နဲ့ L3 ပိုးတွေကနေ ဖြစ်စေတယ်။ ပေါင်ခြံမှာ တက်စေ့တွေ ရောင်တယ်။ နာမယ်။ တဘက်တည်းဖြစ်တာ များတယ်။ တခါတလေ ပိုးဝင်ခံရတဲ့နေရာမှာ Genital ulcer or papule လိင်လမ်းအနာ ပေါက်တယ်။
• Doxycycline 100 mg တနေ့ ၂ ကြိမ်၊ ၁၄ ရက်သောက်ပါ။ ဒါမှမဟုတ်
• Erythromycin 500 mg တနေ့ ၄ ကြိမ်၊ ၁၄ ရက်သောက်ပါ။ ဒါမှမဟုတ်
• Tetracycline 500 mg တနေ့ ၄ ကြိမ်၊ ၁၄ ရက်သောက်ပါ။

၎။ Vaginal discharge ဗဂျိုင်းနာက အရည်ဆင်းခြင်း
များဆုံးက Vaginitis (ဗဂျိုင်းနား) ရောင်တာဖြစ်တယ်။ Cervicitis သားအိမ်ဝရောင်တာလဲ ဖြစ်နိုင်တယ်။ ခွဲခြားဘို့တော့ ခက်တယ်။ Trichomonas vaginalis (TV), Bacterial vaginosis (BV) နဲ့ Candida albicans ပိုးတွေကနေ ဖြစ်စေတယ်။ Neisseria gonorrhoeae (NG) နဲ့ Chlamydia trachomatis (CT) တွေလဲ ဖြစ်တယ်။ တွဲဖြစ်တာလဲ ရှိတယ်။ ခွဲခြားဘို့ ခက်ရင် (TV) နဲ့ (BV) ဆေးတွေဘဲ ပေးသင့်တယ်။ ယောက်ျားတွေမှာလဲ ဘာမှမခံစားရပေမဲ့ (TV) ဖြစ်နေတတ်တယ်။ ဒါကြောင့် အမျိုးသမီးမှာ ဗဂျိုင်းနားက ဆင်းတာဖြစ်နေရင် သူ့ခင်ပွန်း (အဖေါ်) မှာ ဘာမှမခံစားရပေမဲ့ ဆေးပေးရမယ်။

၎ (က)။ Trichomonasiasis (ထွိုင်ကို-မိုနီယေးဆစ်)
T. vaginalis ပိုးကနေ ကူးစက်တယ်။ အမျိုးသမီး အတော်များများမှာ ဒီပိုးဝင်ခံထားရပေမဲ့ ရောဂါလက္ခဏာ မပြတတ်ဘူး။ ပြရင် ခပ်ဝါဝါ၊ ဝါစိမ်းစိမ်း၊ အနံ့ဆိုးတဲ့အရည် ဆင်းတယ်။ ယားမယ်၊ များတယ်။ ယောက်ျားတွေလဲ ရောဂါလက္ခဏာမပြဘဲ နေတတ်ပြီး ဖြစ်လာရင် ဆီးလမ်းက အရည်ဆင်းတာ ဖြစ်မယ်။ နှစ်ယောက်လုံးကို ဆေးကုပါ။

၎ (ခ)။ Bacterial vaginosis (BV) (ဗက်တီရီရယ်-ဗဂျိုင်နိုးဆစ်) လိင်ကတဆင့် ကူးစက်တာ မဟုတ်ဘူး။ သူ့အဖေါ်ကို ဆေးကုစရာ မလိုတတ်ဘူး။ မွေးလမ်းကြောင်းသုံး ပိုးသေဆေးပါတဲ့ သန့်ရှင်းရေး ဆေးရည်တွေ မသုံးသင့်ဘူး။
• Metronidazole 500 mg တနေ့ ၂ ကြိမ်၊ ၇ ရက်သောက်ပါ။
• Metronidazole gel 0.75% မွေးလမ်းကြောင်းထဲ တညတခါ၊ ၅ ရက်ထည့်ပါ။
• Clindamycin cream 2% မွေးလမ်းကြောင်းထဲ တညတခါ၊ ၇ ရက်ထည့်ပါ။
• Clindamycin 300 mg တနေ့ ၂ ကြိမ်၊ ၇ ရက်သောက်ပါ။
• Clindamycin ovules 100 mg တည တကြိမ် ၃ ခါ သွေးပြန်ကြောထဲထိုးပါ။
• Tinidazole 500 mg တနေ့ ၂ ကြိမ်၊ ၅ ရက်သောက်ပါ။

၎ (ဂ)။ Candidiasis (ကင်ဒီဒိုင်ယေးဆစ်) မှိုပိုးဝင်ခြင်း
Vulvovaginal candidiasis မိန်းမကိုယ်နဲ့ မွေးလမ်းမှာဖြစ်တဲ့ ဒီရောဂါက Candida albicans ပိုးကနေဖြစ်တယ်။ အမျိုးသမီး ၅ ယောက်မှာ ၁ ယောက်က ရောဂါလက္ခဏာ မပြဘူး။ ပြရင် ယားယံမယ်၊ နာမယ်၊ အရည်ဆင်းမယ်၊ အဖတ်တွေ ဆင်းမယ်။ စစ်ဆေးရင် Vulval erythema မိန်းမကိုယ် နီရဲနေမယ်။ ကုပ်ရာကနေ ရောင်နေမယ်။ ယောက်ျား အဖေါ်မှာ Balanitis လိင်တံရောင်ခြင်း Balanoposthitis ပန်းအဖျား အရေပြားရောင်ခြင်းတွေ ရှိနေနိုင်တယ်။ လိင်ကနေကူးတာ မဟုတ်တာလဲ ဖြစ်နိုင်တယ်။

• Fluconazole 150-mg တခါတည်းသောက်ပါ။
• Butoconazole 2% cream မွေးလမ်းကြောင်းထဲ ၃ ရက်ထည့်ပါ။
• Clotrimazole 1% cream မွေးလမ်းကြောင်းထဲ ၇-၁၄ ရက်ထည့်ပါ။
• Miconazole 2% cream မွေးလမ်းကြောင်းထဲ ၇ ရက်ထည့်ပါ။
• Miconazole 1200 mg vaginal suppository မွေးလမ်းကြောင်းထဲ တခါတည်းထည့်ပါ။
• Tioconazole 6.5% ointment မွေးလမ်းကြောင်းထဲ တခါတည်းထည့်ပါ။
• Miconazole ဒါမှမဟုတ် Clotrimazole 200 mg vaginal pessaries မွေးလမ်းကြောင်းထဲ တနေ့ ၁ ခါ၊ ၃ ရက် ထည့်ပါ။
• Clotrimazole 500 mg vaginal pessaries တခါတည်း မွေးလမ်းထဲထည့်ပါ။ ဒါမှမဟုတ်
• Nystatin vaginal pessaries 100 000 IU တနေ့ ၁ ခါ၊ မွေးလမ်းထဲ ၁၄ ရက် ထည့်ပါ။ ဒါမှမဟုတ်

Cervicitis (NG and CT) သားအိမ်ဝရောင်ခြင်းအတွက် -
• Cefixime 400 mg တခါတည်းသောက်ပါ။ ဒါမှမဟုတ်
• Ceftriaxone 250 mg တခါတည်းထိုးပါ၊ + Doxycycline 100 mg တနေ့ ၂ ကြိမ်၊ ၇ ရက်သောက်ပါ။ ဒါမှမဟုတ်
• Azithromycin 1 g တခါတည်းသောက်ပါ။ ဒါမှမဟုတ်
• Erythromycin 500 mg တနေ့ ၄ ကြိမ်၊ ၇ ရက်သောက်ပါ။

မှတ်ချက်။ Doxycyclines ကို ကိုယ်ဝန်ဆောင်တွေမပေးရ။ Metronidazole ဆေးနဲ့ အရက်တွဲမသောက်ရ။

Physiological discharge ရောဂါမရှိဘဲ ဗဂျိုင်းနာ စိုခြင်း
ကျန်းမာတဲ့ အမျိုးသမီးတွေမှာ ကြည်လင်ပြီး၊ အနံဆိုးမရှိ၊ မယားတဲ့အရည် ဆင်းနိုင်တယ်။ ရာသီမလာခင်နဲ့ လာအပြီး နဲနဲပိုများနိုင်တယ်။ လလည်ရက်မှာ ပိုပြီးကျဲတယ်။ ကိုယ်ဝန်ဆောင်ရင်၊ တားဆေးသောက်ရင်၊ (IUD) ကိုယ်ဝန်တားပစ္စည်း ထည့်ထားရင် ဆင်းနိုင်တယ်။ ဆေးကုစရာ မလိုပါ။

၅။ Anorectal discharge စအိုလမ်းက အရည်ဆင်းခြင်း
ယောက်ျား-မိန်းမ စအိုလမ်းကို အကာကွယ်မပါဘဲ ဆက်ဆံရာမှာသုံးရင် ကူးစက်ရောဂါတွေ ရနိုင်တယ်။ ပိုးတွေရှိနေပမဲ့ ရောဂါလက္ခဏာ ရှိတာရော၊ မရှိတာရော ဖြစ်နိုင်တယ်။ N. gonorrhoeae, C. trachomatis, T. pallidum နဲ့ HSV တွေက အဖြစ်များတယ်။ Proctitis စအိုရောင်တာ ဖြစ်စေတယ်။

Acute proctitis ရက်တို စအိုရောင်တာဖြစ်ရင် နာမယ်၊ ဝမ်းသွားရင်နာမယ်၊ အကျိအချွဲဆင်းမယ်၊ သွေးဆင်းမယ်၊ ဝမ်းချုပ်မယ်၊ စအိုမှာ ပြည့်နေသလို၊ ဝမ်းသွားတာ မကုန်သေးသလိုနေမယ်၊ စအိုဘေးမှာလဲ နာမယ်။ LGV ကြောင့် Chronic proctitis နာတာရှည် စအိုရောင်တာဖြစ်ရင် ဝမ်းထဲ အကျိအချွဲပါမယ်။ ဝမ်းချုပ်မယ်၊ စအိုမှာ ပြည့်နေသလို၊ ဝမ်းသွားတာ မကုန်သေးသလိုနေမယ်။

စအိုနေရာ စစ်ဆေးရင် အစာဟောင်းအိမ်မှာ အကျိအချွဲနဲ့ ပြည်တွေ့မယ်၊ အထဲမှာ ရောင်နေတာ တွေ့မယ်၊ Gonococcal နဲ့ Chlamydial ကြောင့်ဖြစ်တာဆိုရင် စမ်းတဲ့အခါ သွေးထွက်မယ်။ Syphilis, Herpes နဲ့ LGV ကြောင့်ဆိုရင် အထဲမှာ အနာ မြင်ရမယ်။ LGV ကြောင့်ဆိုရင် အထဲမှာ အသားနုလို တက်နေတာတွေ့မယ်။

Gonococcal rectal infection (ဂနိုးရီးယား) ကြောင့် စအိုရောင်ခြင်းအတွက်
• Ceftriaxone 250 mg တခါတည်းထိုးပါ။ ဒါမှမဟုတ်
• Cefixime 400 mg တခါတည်းသောက်ပါ။

Chlamydial rectal infection (ကလာမိုင်ဒီယား) ကြောင့် စအိုရောင်ခြင်းအတွက်
• Doxycycline 100 mg တနေ့ ၂ ကြိမ်၊ ၇ ရက်သောက်ပါ။ ဒါမှမဟုတ်
• Azithromycin 1 g တခါတည်းသောက်ပါ။

Herpetic proctitis ရေယုံပိုးကြောင့် စအိုရောင်ခြင်းအတွက်
• Acyclovir, 400 mg တနေ့ ၃ ကြိမ်၊ ၇ ရက်သောက်ပါ။ ဒါမှမဟုတ်
• Acyclovir, 200 mg တနေ့ ၅ ကြိမ်၊ ၇ ရက်သောက်ပါ။ ဒါမှမဟုတ်
• Valaciclovir, 1 g တနေ့ ၂ ကြိမ်၊ ၇ ရက်သောက်ပါ။ ဒါမှမဟုတ်
• Famciclovir, 250 mg တနေ့ ၃ ကြိမ်၊ ၇ ရက်သောက်ပါ။

Proctitis due to syphilis (ဆစ်ဖလစ်) ကြောင့် စအိုရောင်ခြင်းအတွက်
• Benzathine benzylpenicillin G 2.4 million IU တခါတည်းထိုးပါ။ ဒါမှမဟုတ်
• Azithromycin 2 g တခါတည်းသောက်ပါ။ ဒါမှမဟုတ်
• Azithromycin 500 mg ၁ဝ ရက်သောက်ပါ။ ဒါမှမဟုတ်
• Procaine benzylpenicillin 1.2 million units ၁ဝ ရက်ဆက်ထိုးပါ။ Penicillin (ပနယ်စလင်) မတည့်သူ ကိုယ်ဝန်မရှိသူတွေကို
• Doxycycline 100 mg တနေ့ ၂ ကြိမ်၊ ၁၄ ရက်သောက်ပါ။ ဒါမှမဟုတ်
• Azithromycin 2 g တခါတည်းသောက်ပါ။ ဒါမှမဟုတ်
• Azithromycin 500 mg daily ၁ဝ ရက်ဆက်သောက်ပါ။ Penicillin (ပနယ်စလင်) မတည့်သူ ကိုယ်ဝန်ဆောင်တွေကို
• Erythromycin 500 mg တနေ့ ၄ ကြိမ်၊ ၁၄ ရက်သောက်ပါ။ (Erythromycin estolate ကို ကိုယ်ဝန်ဆောင်အားမပေးရ)

Proctitis due to LGV ကြောင့် စအိုရောင်ခြင်းအတွက်
• Doxycycline 100 mg တနေ့ ၂ ကြိမ်၊ ၂၁ ရက်သောက်ပါ။

၆။ Lower abdominal pain ဗိုက်အောက်ပိုင်းနာခြင်း
အမျိုးသမီးတွေ ဗိုက်အောက်ပိုင်းမှာ နာနေတယ်ဆိုတာ Pelvic inflammatory disease (PID) တင်ပါးဆုံတွင်း အင်္ဂါတွေ ရောင်လို့ ဖြစ်မယ်။ PID ဆိုတာထဲမှာ Endometritis သားအိမ်အတွင်းလွှာရောင်တာ၊ Salpingitis သားအိမ်ပြွန်ရောင်တာ၊ Tubo-ovarian abscess ပြွန်နဲ့ မျိုးဥအိမ်အနာ နဲ့ Pelvic peritonitis တင်ပါးဆုံအတွင်းဖုံးလွှာ ရောင်တာတွေ ပါတယ်။ Cervix သားအိမ်ဝကို NG နဲ့ CT အပြင် Anaerobic bacteria ပိုးတွေဝင်ရာကနေ လာတယ်။ ဒါကြောင့် ဆေးကုရင် ဒီ ပိုး ၃ မျိုး အတွက် ပေးရမယ်။ Mycoplasma hominis ကနေဖြစ်တာလဲရှိနိုင်တယ်။

ဗိုက်နာတာအပြင် Dyspareunia လိင်ဆက်ဆံတဲ့အခါနာမယ်၊ Vaginal discharge ဗဂျိုင်းနားက အရည်ဆင်းမယ်၊ Menometrorrhagia ရာသီဆင်းတာ ရက်ရော-သွေးပါ များမယ်၊ ဆီးအောင့်မယ်၊ ရာသီဆင်းရင်နာမယ်၊ ဖျားမယ်၊ ပျို့-အန်ချင်တာတွေ ခံစားရနိုင်တယ်။ PID အဆင့်ကနေ Infertility ကလေးမရနိုင်တာ နဲ့ Ectopic pregnancy သားအိမ်ပြင်ပ သန္ဓေ တည်တာတွေ ဖြစ်စေနိုင်တယ်။

(Gonococcal အတွက် Ceftriaxone 250 mg တခါတည်းထိုးပါ။ ဒါမှမဟုတ် Cefoxitin 2 g တခါတည်းထိုးပါ။) + (Chlamydial အတွက် Doxycycline 100 mg တနေ့ ၂ ကြိမ်၊ ၁၄ ရက်သောက်ပါ။ ဒါမှမဟုတ် Erythromycin 500 mg တနေ့ ၄ ကြိမ်၊ ၁၄ ရက်သောက်ပါ။) + (Anaerobic infection အတွက် Metronidazole 400 mg တနေ့ ၂ ကြိမ်၊ ၁၄ ရက် သောက်ပါ။)

၇။ Scrotal swelling ကျား ကပ်ပယ်အိတ်ရောင်ခြင်း
ကျားအစိထိပ်နေရာ ရောင်တာကို Epididymitis ခေါ်တယ်။ တဖက်သာ ဖြစ်တာများတယ်။ ရုတ်တရက် နာမယ်။ နဲနဲ ရောင်နေမယ်။ Epididymis ကျားအစိထိပ် နဲ့ vas deferens သုက်ပြွန်တွေ ရောင်-နာနေမယ်။ Testis ရောင်နေတာကို Orchitis ခေါ်တယ်။ နှစ်ခုလုံးရောင်ရင် Epididymo-orchitis ခေါ်တယ်။ N. gonorrhoeae နဲ့ C. trachomatis တွေကနေ Epidiymitis ဖြစ်စေတာ များတယ်။ ဆေးသေခြာမကုလို့ အမာရွတ်ဖြစ်စဉ်ကြောင့် ကလေးမရတာ ဖြစ်သွားနိုင်တယ်။ Epididymitis ဖြစ်စေမဲ့ တခြားပိုးတွေကတော့ Tuberculosis တီဘီ၊ Filariasis ဆင်ခြေထောက်၊ E coli, Klebsiella spp., Pseudomonas aeruginosa ပိုးတွေဖြစ်တယ်။

လူရွယ်တွေမှာ ကပ်ပယ်အိတ်နေရာနာတိုင်း ဒီရောဂါမဟုတ်ပါ။ Testicular torsion အစိလိမ်ရောဂါဆိုတာ ဖြစ်နေ-မနေ စစ်ရမယ်။ ရုတ်တရက် တအားနာမယ်။ ခွဲစိတ်ကုသရတာမျိုးဖြစ်တယ်။ Trauma ထိခိုက်မိတာ နဲ့ Tumour ကင်ဆာကိုလဲ ထည့်စဉ်းစားရမယ်။ Hydrocele မုတ်ရောဂါ၊ Hernia အူကျတာ နဲ့ Varicocele အကျောထုံးတာတွေလဲ စစ်ရမယ်။

(Gonococcal infection အတွက် Ceftriaxone 250 mg တခါတည်းထိုးပါ။) + (Chlamydial infection အတွက် Doxycycline 100 mg တနေ့ ၂ ကြိမ်၊ ၁ဝ ရက်သောက်ပါ။) + (လူနာကို အနားခိုင်းရမယ်။ အနာ သက်သာဆေးတွေလဲ ပေးရမယ်။)

၈။ Inguinal bubo ပေါင်ခြံအကျိတ်
ပေါင်ခြံအကျိတ်တွေက နာမယ်၊ ပြော့စိစိနေမယ်၊ LGV နဲ့ Chancroid တွေကြောင့်ဖြစ်တာများတယ်။ Chancroid ဆိုရင် အနာပါ ဖြစ်နိုင်တယ်။ လိင်ကတဆင့်ကူးတာမဟုတ်တဲ့ ခြေထောက်အနာကြောင့် တက်စိရောင်တာနဲ့ Tuberculous lymphadenopathy တီဘီပိုးကြောင့်ဖြစ်တာတွေနဲ့ ခွဲခြားရမယ်။ အကျိတ်က ပေါက်ထွက်နိုင်တယ်။ Sinus မပျောက်နိုင်တဲ့ တလမ်းသွားအနာ ဖြစ်လာနိုင်တယ်။ ပြည်ထွက်နေမယ်။ တော်တော်နဲ့ မပျောက်ဘူး။
• Chancroid အတွက် Azithromycin 1 g တခါတည်းသောက်ပါ။ ဒါမှမဟုတ် Ciprofloxacin 500 mg တနေ့ ၂ ကြိမ်၊ ၃ ရက်သောက်ပါ။
• LGV အတွက် Doxycycline 100 mg တနေ့ ၂ ကြိမ်၊ ၁၄ ရက်သောက်ပါ။ ဒါမှမဟုတ် Erythromycin 500 mg တနေ့ ၄ ကြိမ်၊ ၁၄ ရက်သောက်ပါ။
• မှတ်ချက်။ တချို့ကို ၁၄ ရက်မကပေးရနိုင်တယ်။ ပြောစိစိအကျိတ်ကို ဆေးထိုးအပ်နဲ့ စုပ်ထုတ်နိုင်တယ်။ အနာလိုခွဲတာ ပျောက်ဘို့ ကြာနိုင်တယ်။ တော်တော်နဲ့ မပျောက်ရင် အသားဖြတ်ယူစစ်ဆေးတာ လုပ်ရမယ်။

၉။ Neonatal conjunctivitis မွေးစကလေး မျက်စိနာခြင်း
Ophthalmia neonatorum လို့လဲခေါ်တယ်။ မွေးပြီး ၄ ပတ်အတွင်းမှာ မျက်စိနီရဲနေမယ်။ မျက်ခွံရောင်နေမယ်။ မျက်ဝတ် (ပြည်) ထွက်လို့ Purulent conjunctivitis ခေါ်သေးတယ်။ တဖက်ထဲရော နှစ်ဖက်လုံးပါ ဖြစ်နိုင်တယ်။ N. gonorrhoeae နဲ့ C. trachomatis ပိုးတွေကနေဖြစ်တာ များတယ်။ ဆေးသေခြာမကုရင် N. gonorrhoeae ကြောင့်ကနေ မျက်စိ ကွယ်သွားနိုင်တယ်။ C. trachomatis ကနေ မျက်စိအားနည်းသွားမယ်။

(Gonococcal conjunctivitis အတွက် Ceftriaxone 50 mg/kg တလုံးထိုးပါ။ 125 mg ထက်မများစေရ။ ဒါမှမဟုတ် Kanamycin 25 mg/kg တလုံးထိုးပါ။ 75 mg ထက်မများစေရ။ ဒါမှမဟုတ် Spectinomycin 25 mg/kg တလုံးထိုးပါ။ 75 mg ထက်မများစေရ။) + Chlamydial conjunctivitis အတွက် Erythromycin syrup 50 mg/kg ကို တနေ့ ၄ ခါခွဲပြီး ၁၄ ရက် တိုက်ပါ။)

မှတ်ချက်။
• ကလေးမျက်စိမှာ ပြည်ထွက်နေရင် မျက်စိအတွင်းဘက်နေ ဘေးဘက်ဆီဦးတည်တဲ့ တလမ်းသွားနည်းနဲ့ ရေကြက်အေးဆွတ်ထားတဲ့ ဂွမ်းစလေးသုံးပြီး သန့်ရှင်းပေးပါ။ Sterile saline ဆေးထိုး မိုးရေ (ဆားရည်) ကိုလဲ သုံးနိုင်တယ်။
• Ceftriaxone နဲ့ Kanamycin တခါသုံးတာနဲ့ပျောက်တယ်။ Tetracycline eye ointment သုံးဘို့ မလိုပါ။
• Chlamydial infection ဖြစ်နေရင် ပိုးသေဆေး မျက်စဉ်းနဲ့ မရပါ။ Chlamydial pneumonia နူမိုးနီးယား ဖြစ်လာမှာကို သတိထားပါ။
• မွေးလာတဲ့ကလေးမှာ Gonococcal နဲ့ Chlamydial conjunctivitis ရှိနေရင် မအေကိုရော သူ့ယောက်ျား (အဖေါ်) ကိုပါ ဆေးကုပါ။

၁ဝ။ Genital warts လိင်လမ်း ကြွက်နို့
Anogenital warts စအိုနဲ့လိင်လမ်းက ကြွက်နို့ကို Condylomata acuminata လို့ခေါ်တယ်။ Human papillomavirus (HPV) အမျိုမျိုးကနေဖြစ်စေတယ်။ HPV types 6 နဲ့ 11 တွေက ကင်ဆာမဟုတ်ဘဲ၊ HPV types 16 နဲ့ 18 တွေက ကင်ဆာ ဖြစ်နိုင်တယ်။ လိင်လမ်း ကြွက်နို့ အများစုဟာ လိင်ကတဆင့် ကူးစက်တာ ဖြစ်တယ်။ မအေကနေ ကလေး ကူးတာလဲ ဖြစ်နိုင်တယ်။ ကြွက်နို့ တလုံးထဲရော အများရောဖြစ်နိုင်တယ်။ Soft ခပ်ပြော့ပြော၊ Nonkeratinized အရောင်နု ကြွက်နို့က ပူနွေးစိုစွပ်တဲ့ အမွှေးမပေါက်ရာ နေရာတွေမှာ ပေါက်တယ်။ Firm မာတဲ့ Keratinized warts အရောင်ရင့် ကြွက်နို့က ခြောက်သွေ့တဲ့ ကိုယ်မွှေးပေါက်တဲ့ အရေပြားမှာ ပေါက်တယ်။

အကောင်းဆုံး ကုသနည်း မရှိသေးပါ။ တယောက်မှာ ထိရောက်ပေမဲ့ နောက်တယောက်မှာ အဲလောက်မဟုတ်ဘူး။ ပြန်ဖြစ်တာလဲ ရှိမယ်။
(၁) Chemical methods ဓါတုဆေးနည်း
a) Podophyllin 25% in compound tincture of benzoin ဆေးကို ဆရာ-ဆရာမကနေ ထည့်ပေးရတယ်။ ကောင်းတဲ့အရေပြားကို မထိစေရဘူး။ ၄-၆ နာရီအကြာမှာ ဆေးပြစ်ရမယ်။ နောက် တပတ်မှာတခါထပ်လုပ်ပါ။ ၆-၈ ခါဆေးထည့်လို့မှ ဒီဆေးနဲ့မတိုးဘူးလို့ ဆိုနိုင်တယ်။
b) Podophyllotoxin 0.5% solution/gel ဆေးကို ဂွမ်းစလေးနဲ့ ကိုယ်တိုင် လိမ်းနိုင်တယ်။ တနေ့ ၂ ကြိမ်၊ ၃ ရက် လိမ်းပါ။ ၄ ရက် နားထားပါ။ အဲလို ပုံစံအတိုင်း ၄-၅ ကြိမ်လုပ်ပါ။ ကိုယ်ဝန်ဆောင် နဲ့ ကလေး နို့တိုက်နေသူတွေကို မသုံးသင့်ပါ။
c) 80—90% trichloroacetic acid (TCA) ဆေးကို ဆရာ-ဆရာမကနေ ထည့်ပေးရတယ်။ ကောင်းတဲ့အရေပြားကို မထိစေရဘူး။ ဆေးပေါ်မှာ Talc or Sodium bicarbonate ပေါင်ဒါထည့်ပေးရင် ဆေး (အက်စစ်) အပိုတွေကို ဓါတ်ပျယ်စေမယ်။ တပတ်မှာ တခါလုပ်ပါ။ TCA ဆေးက ချက်ချင်း စားသွားတာတွေ့မယ်။ ကိုယ်ဝန်ဆောင်တွေကို သုံးနိုင်တယ်။ ၂ လနဲ့မပျောက်ရင် ဒီနည်းနဲ့မရဘူးလို့ ပြောနိုင်တယ်။
d) Imiquimod 5% cream ဆေးကို လက်နဲ့ဖြစ်ဖြစ် ဂါမ်းစနဲ့ဖြစ်ဖြစ် ညမအိပ်ခင်မှာ ထည့်ပေးနိုင်တယ်။ တပတ်မှာ ၃ ခါလုပ်ပါ။ နောက်မှာ တရက်ခြားလုပ်ပါ။ ၁၆ ပတ်အထိလုပ်ပါ။ နောက်နေ့မနက်မှာ (၆-၁ဝ နာရီအကြာမှာ) ဆပ်ပြာသုံးပြီးဆေးပါ။ ကိုယ်ဝန်ဆောင်သုံးတာ အန္တရာယ် ပေး-မပေး မသေခြာပါ။

(၂) Physical methods တခြားနည်းများ
a. Cryotherapy အေးခဲစေနည်း။ Liquid nitrogen, Solid carbon dioxide or Cryoprobe တခုခုကို သုံးတယ်။ တပတ် တခါ၊ နှစ်ပတ် တခါ။ မေ့ဆေးမလိုပါ။ အမာရွတ်မထင်ပါ။
b. Electrosurgery လျှပ်စစ်နည်း၊
c. Surgical removal ခွဲစိတ်နည်း။

Dr. တင့်ဆွေ

Sunday, October 27, 2013

စည်းကမ်းနှင့် နည်းလမ်း

ကျွန်တော်တို့ လူသားတွေဟာ အမှုမဲ့ အမှတ်မဲ့ ကုန်ဆုံးနေတဲ့ အချိန်တွေအောက်မှာ ဘ၀တွေကို ဖြတ်သန်းပြီး လောကကြီး အတွင်းမှာ ကျင်လည်ကျက်စား နေကြရတာပါ။ တစ်နှစ်ဆိုတဲ့ အချိန်အတိုင်း အတာဟာ မျက်စိတစ်မှိတ် လျှပ်တစ်ပြက်လို တစ်ခဏတာ အချိန်တိုတွင်းမှာပဲ ကုန်ဆုံးသွားခဲ့ကြပြီး ဆယ်စုနှစ်တစ်စု ဆိုတာဟာလည်း ဘာမှမကြာလိုက် သလိုဘဲ ကုန်ဆုံးလျက် ရှိနေပါတယ်။ ပြောင်းလဲသွားတဲ့ အချိန်တွေ၊ ရက်တွေ၊ လတွေ၊ နှစ်တွေအပေါ်မှာ ပြန်လည် ဆန်းစစ်ကြပြီး မိမိဘ၀၊ မိမိပတ်ဝန်းကျင်၊ မိမိနိုင်ငံ ဘာတွေတိုးတက် ပြောင်းလဲခဲ့ပြီလဲ။ ရှေ့ဆက်ပြီး ပြောင်းလဲဖို့ အလားအလာတွေ မြင်နေရပြီလား။ ဘာကြောင့် မပြောင်းလဲ မတိုးတက်ခဲ့ ကြသလဲ။ ပြန်လည် ဆန်းစစ်ကာ စည်းကမ်း နည်းလမ်းကောင်းတွေ ရှာဖို့လိုနေပြီ ဖြစ်ပါတယ်။

လူတစ်ဦးဖြစ်စေ၊ မိသားစုတစ်စု ဖြစ်စေ၊ အဖွဲ့အစည်း တစ်ခုဖြစ်စေ ကြီးပွားတိုးတက် နေတယ်ဆိုတာ နည်းလမ်းနဲ့ စည်းကမ်းတွေ ကောင်းနေကြလို့ပါ။ စည်းစနစ်ကျတဲ့ လူ့ဘောင်တစ်ခုကို တည်ဆောက်နိုင်ခဲ့ရင် ဘိုးစဉ်ဘောင်ဆက် ထူထောင်နိုင်ခဲ့ရင် အဲဒီမိသားစု အဖွဲ့အစည်းတွေဟာ အမြဲတမ်း ရှင်သန်နေမှာပါပဲ။ ကမ္ဘာပေါ်မှာ သြဇာကြီးမားခဲ့တဲ့ ကမ္ဘာ့ခေါင်းဆောင်တွေရဲ့ မျိုးဆက်တွေ၊ နိုင်ငံရေး ခေါင်းဆောင်မျိုးဆက်တွေ၊ ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်ကြီးတွေရဲ့ မျိုးဆက်သစ်တွေ၊ အစဉ်အလာ ကြီးမားနေတဲ့ ကမ္ဘာ့စီးပွားရေး ကုမ္ပဏီကြီးတွေ လူတိုင်းအားကျ နေရတဲ့ အနုပညာရှင် မျိုးဆက်တွေဟာ သူတို့ဘိုးဘွားတွေက စည်းစနစ်တွေနဲ့ ဘ၀တွေကို တည်ဆောက် ပေးခဲ့ကြလို့ နည်းလမ်းကောင်းတွေ ညွှန်ပြပေးခဲ့ကြလို့ မျိုးရိုးစဉ်ဆက် အစဉ်အလာ ကောင်းတွေကို ထိန်းသိမ်းခဲ့ကြလို့ ဒီနေ့ ဒီအချိန်ထိ ကမ္ဘာ့အလယ်မှာ ဂုဏ်ယူဝံ့ကြွားစွာ ရပ်တည်ရှင်သန် နိုင်နေတယ်ဆိုတာ ထင်ရှားတဲ့ သာဓကတွေအဖြစ် တည်ရှိနေကြပါတယ်။

ကျွန်တော်တို့ တိုင်းပြည်ဟာ ဖွံ့ဖြိုးမှု အနည်းဆုံးနဲ့ အဆင်းရဲဆုံး ဘာကြောင့် ဖြစ်နေသလဲဆိုရင် အုပ်ချုပ်သူ လူတန်းစားတွေက ခေတ်အဆက်ဆက် ခိုင်မာတိကျတဲ့ နည်းလမ်းကောင်းတွေကို မချမှတ် နိုင်ခဲ့ကြဘဲ 'အချိန်ကာလ အပိုင်းအခြားဟာ ကြိုးစားသူတွေအတွက် မြင့်တက်လာနိုင်သလို တန်ဖိုးမထား သူတွေအတွက် နိမ့်ကျသွား နိုင်တယ်ဆိုတယ်'။ အုပ်ချုပ်သူ လူကြီးမင်းများရော ပြည်သူတွေပါ သတိမူဖို့ လိုအပ်ပါတယ်။

ဗမာတွေ စည်းကမ်းဖောက်လို့ ထီးနန်းပျောက်ခဲ့ပြီဆိုတဲ့ အချုပ်တန်း ဆရာဖေရဲ့ ညွှန်းဆိုမှုဟာ စည်းကမ်းနဲ့ ပတ်သက်ပြီး မြန်မာ့သမိုင်းကြောင်းကို ထင်ဟပ်ရုံမကဘဲ ယနေ့လက်ရှိ အနေအထားထိ တိုင်အောင်ပင် မြန်မာလူမျိုးတွေ အနေနဲ့ ပေါ့ပေါ့တန်တန် မနေကြဘဲ အလေးအနက် ထားကြဖို့ ညွှန်ပြနေသလိုပါပဲ။ သက်ဦးဆံပိုင် ဘုရင်စနစ်မှာ အတွေးအခေါ်တွေ နိမ့်ပါးကာ စည်းဖောက်ခဲ့လို့ ကျွန်ဘ၀ ရောက်ခဲ့ကြတာ မဆန်းပေမယ့် ပွင့်လင်းထင်သာမြင်သာ ရှိလာတဲ့ ယနေ့အချိန်အခါမှာ စည်းကမ်းမဲ့ပြီး နည်းလမ်းတွေ မကောင်းခဲ့ရင် ကိုယ့်လူမျိုးတွေ တဖြည်းဖြည်း ဘေးရောက်ပြီး ဘုံပျောက်နိုင်မှုများအပေါ် အစိုးရ တာဝန်ရှိသူများ အနေနဲ့ အလေးအနက်ထား ဖြေရှင်းပေးဖို့ လိုအပ်နေပြီ ဖြစ်ပါတယ်။


လူတစ်ဦးဖြစ်စေ၊ မိသားစုတစ်စု ဖြစ်စေ၊ အဖွဲ့အစည်း တစ်ခုဖြစ်စေ ကြီးပွားတိုးတက် နေတယ်ဆိုတာ နည်းလမ်းနဲ့ စည်းကမ်းတွေ ကောင်းနေကြလို့ပါ။ စည်းစနစ်ကျတဲ့ လူ့ဘောင်တစ်ခုကို တည်ဆောက်နိုင်ခဲ့ရင် ဘိုးစဉ်ဘောင်ဆက် ထူထောင်နိုင်ခဲ့ရင် အဲဒီမိသားစု အဖွဲ့အစည်းတွေဟာ အမြဲတမ်း ရှင်သန်နေမှာပါပဲ...



ယနေ့အချိန် အခါမှာ ရွှေဆိုင်၊ စားသောက်ဆိုင်နဲ့ လူသုံးကုန်ပစ္စည်း စက်ရုံတွေ ဆောက်လုပ်ရေးလုပ်ငန်း၊ အိမ်ဆောက်ပစ္စည်းနဲ့ လျှပ်စစ်ပစ္စည်း ဆိုင်တွေကို ပိုင်ဆိုင်နေကြတာ လူမျိုးခြားတွေ ဖြစ်နေကြတယ်ဆိုတာ ကျွန်တော်တို့တွေ သတိမူကြဖို့ လိုနေပြီ ထင်ပါတယ်။ စနစ်တကျ စည်းကမ်းရှိစွာနေထိုင် စားသောက်မှုများနဲ့ နည်းလမ်းတကျ ချွေတာစုဆောင်းမှုများဟာ ဘ၀ရဲ့ အောင်မြင်မှု၊ တိုးတက်မှု၊ ကြီးမားမှု လမ်းစများအဖြစ် စွဲမြဲမှတ်ယူပြီး လိုက်နာကျင့်သုံး သွားကြမှသာလျှင် ခိုင်မာတဲ့ ဘ၀တွေကို တည်ဆောက်နိုင်ကြ ပါလိမ့်မယ်။ ဒီလိုမှမဟုတ်ဘဲ စည်းကမ်းမဲ့စွာ ဖြစ်သလိုနေ၊ ဖြစ်သလိုစား၊ ဖြစ်သလို စခန်းသွားနေ ကြဦးမယ် ဆိုရင်တော့ လူမျိုးခြားတွေရဲ့ လက်ဝေခံ ဘ၀ကနေ လွတ်မြောက်နိုင်ကြမှာ မဟုတ်ပါဘူး။

ကြုံကြိုက်လို့ စာရေးသူ ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံလေး တစ်ခုကို ဖောက်သည် ချပြချင်ပါတယ်။ စာရေးသူဟာ ၀န်ထမ်း ၁၀၀ နီးပါးလောက်နဲ့ စားသောက်ဆိုင်လုပ်ငန်း တစ်ခုကို ဦးစီးပြီး လုပ်ခဲ့ဖူးပါတယ်။ အဲဒီအချိန်က စီးပွားရေးတွေ ပြေလည်လို့ လူတွေ စားနိုင်သောက်နိုင်ပြီး အရောင်းအ၀ယ်တွေလည်း ကောင်းခဲ့ပါတယ်။ နေ့စဉ် အဘက်ဘက်က ၀င်ငွေဟာ ကောင်းခဲ့ပေမယ့် စာရေးသူဟာ ဖြစ်တည်လာမယ့် အနာဂတ်ကို အလေးမထားဘဲ စည်းကမ်းမဲ့စွာ နေ့စဉ်သောက်စားပြီး နည်းလမ်းတကျ ချွေတာစုဆောင်းမှုတွေ မပြုလုပ်နိုင်ခဲ့မှုကြောင့် နှစ်တွေသာ တစ်နှစ်ပြီးတစ်နှစ် ကုန်သွားတယ်။ ဘာတစ်ခုမှ အကျိုးအမြတ် မဖြစ်ထွန်း ခဲ့ပါဘူး။ နောက်ဆုံး စိတ်ဓာတ်ပျက်စီးကာ ဆိုင်ပိတ်သိမ်း လိုက်ရတဲ့ အခြေအနေထိ ဆိုးရွားသွားခဲ့ ရပါတယ်။ သို့သော်လည်း စာရေးသူဟာ မှားခဲ့တဲ့ အမှားတွေကို သင်ခန်းစာယူပြီး ဘ၀ကိုပြုပြင် တည်ဆောက်ကာ စည်းကမ်းတကျနဲ့ နေထိုင်စားသောက်ပြီး နည်းလမ်းတကျ ချွေတာစုဆောင်း ခဲ့မှုတွေကြောင့် အထိုက်အလျောက် တည်ငြိမ်တဲ့ ဘ၀ကို ဖြတ်သန်းနိုင်ခဲ့ပါတယ်။ စည်းကမ်းတကျ စားသောက်နေထိုင်မှုနဲ့ နည်းလမ်းတကျ ချွေတာစုဆောင်း နိုင်မှုတွေဟာ တည်ငြိမ်တဲ့ ဘ၀ကို ဖြတ်သန်းနိုင်ခဲ့လို့ ယနေ့လူငယ် လူရွယ်များ အနေနဲ့ မိမိတို့ရဲ့ အနာဂတ်ဘ၀တွေအတွက် အပျော်အပါး အသောက်အစားတွေ လျှော့ပြီး အဓိပ္ပာယ်ရှိရှိ ဖြတ်သန်းသွားဖို့ လိုအပ်လှပါတယ်။

သို့ဖြစ်၍လည်း ပြည်သူများ အနေနဲ့ စည်းစနစ်တွေနဲ့ ဘ၀တွေကို တည်ဆောက်သွားကြဖို့ လိုအပ်လှသလို အုပ်ချုပ်သူ တာဝန်ရှိသူများ အပိုင်းကလည်း လွယ်လွယ်နဲ့ ကတိပေး လွယ်လွယ်နဲ့ ကတိတွေ ဖျက်တတ်တဲ့ နည်းလမ်းမကျတဲ့ အကျင့်စရိုက်တွေကို ပြုပြင်သင့်ပါပြီ။ အခြေခံပညာရေး စနစ်တွေကအစ တရားဥပဒေများအဆုံး တိကျသေချာတဲ့ နည်းစနစ်များ မထားရှိဘဲ တစ်ဦးတက် နည်းစနစ်ခေတ်ခါပြောင်း၊ တစ်ဦးတက် ဥပဒေတစ်ခါထုတ်နဲ့ လိုရင်လိုသလို ပြောင်းလဲမှုတွေ မပြုလုပ်သင့်တော့ပါဘူး။

အထူးသဖြင့် ပြည်သူတွေရဲ့ မျက်နှာမကြည့်ဘဲ တစ်ဦးတစ်ယောက်ရဲ့ မျက်နှာကိုသာကြည့်ကာ မိမိအခွင့်အရေးအတွက် နည်းလမ်းတကျ စည်းစနစ်ကျစွာ မဆောင်ရွက်ကြဘဲ တစ်ပွဲထိုးလက်ပူတိုက် စနစ်မျိုးတွေကိုလည်း ကျင့်သုံးရမယ့်အချိန် မဟုတ်တော့ပါဘူး။ ဘယ်နယ်ပယ်မှာပဲဖြစ်ဖြစ် အခွင့်အရေးတွေအတွက် မျက်နှာကြီးရာ ဟင်းဖတ်ပါကာ မိမိတို့နဲ့ နီးစပ်ရာ အသိုင်းအ၀ိုင်းလောက်သာ ဦးစားမပေး သင့်တော့ဘဲ မျက်နှာကြီးငယ် မရွေး၊ လူမျိုးဘာသာမရွေး သာတူညီမျှကို အကောင်အထည်ဖော်ပေးပြီး အများပြည်သူ အကျိုးစီးပွားကို ရှေးရှုသင့်ပါပြီ။

မည်သို့ပင် ဆိုစေကာမူ 'လုပ်ဖော်ကိုင်ဖက် လူသားတွေရဲ့ အကျိုးစီးပွားကို သယ်ပိုးနိုင်စွမ်း ရှိသလောက် လူဟာကြီးကျယ် မြင့်မြတ်မှာပဲ' ဆိုတဲ့ ဂန္ဒီရဲ့ အဆိုအမိန့်ကို နှလုံးမူပြီး ပြည်သူတွေ လက်ရှိကြုံတွေ့ နေကြရတဲ့ အခက်အခဲ အကျပ်အတည်း ပေါင်းစုံကို စည်းကမ်းတကျ နည်းလမ်းကောင်းများဖြင့် တရားမျှတစွာ ဖြေရှင်းပေးသွား မှသာလျှင် နောင်အနာဂတ် မျိုးဆက်တွေဟာ စည်းစနစ်ကောင်းတဲ့ အနာဂတ် လူ့ဘောင်သစ်တွေမှာ ရပ်တည်ရှင်သန်နိုင်မှာ ဖြစ်သလို နိုင်ငံတကာ အလယ်မှာလည်း သိမ်ငယ်စရာ ဘ၀မျိုးတွေကနေ ရုန်းထွက်လွတ်မြောက် နိုင်မှာဖြစ်ပါကြောင်း တိုက်တွန်းရေးသား လိုက်ပါတယ်။

Written by ကိုသိန်း (ကျောက်ကြီး) 

ဌာနေပျောက် တိုင်းရင်းသား နဲ့ တီးတိန်ဇိုမီး (Tedim Zomi) လူမျိုးတို့၏ ဓလေ့လေးမျိုး


(၁) ဌာနေပျောက် တိုင်းရင်းသား


''ကယန်းဆိုတာ 'ကန်'နဲ့ 'ယန်း'နဲ့ ပေါင်း စပ်ထားတာ။ 'ကန်'ဆိုတာ ပိုင်နက်နယ်မြေ၊ 'ယန်း'ဆိုတာလူမျိုး။ပိုင်နက်နယ်မြေရှိတဲ့လူမျိုး''
မြန်မာနိုင်ငံ၏ တိုင်းဒေသကြီးနှင့်ပြည်နယ် လေးခု၏အစွန်ဒေသများ၌
နေထိုင်လျက်ရှိသည့် ကယန်းလူမျိုးများအကြောင်းကို ၁၉၉၇ခုနှစ်မှ ယနေ့အထိ လေ့လာသုတေသနပြုစုနေသူ ရန်ကုန်တက္ကသိုလ် မနုဿဗေဒဌာနမှ ကထိက ဒေါ်မိုးသီတာထွေးက ပြောသည်။

ကယန်းလူမျိုးများသည် ယခင်ကအနောက် ကရင်ပြည်နယ်ဟု လူသိများသောဒေသ၌နေထိုင် ကြသော်လည်း နယ်ချဲ့အင်္ဂလိပ်ကို တော်လှန် တိုက်ခိုက်ခဲ့သောကြောင့်
အနောက်ကရင်ပြည်နယ် ကို ၁၈၉၃ခုနှစ်တွင် အင်္ဂလိပ်တို့က လေးပိုင်း ပိုင်းပြီး အုပ်ချုပ်ခဲ့ကြသည်။

ထို့ကြောင့် ကရင်နီနယ်ဟုလူသိများသော ထိုဒေသသည် ကယားပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီးတို့၏ အစွန်အဖျားဒေသများ၊ အစွန်အဖျားမြို့နယ်များ အဖြစ် သတ်မှတ်ခဲ့သောကြောင့် ကယန်းလူမျိုး များသည်လည်း ပျံ့နှံ့သွားခဲ့ကြသည်။
ထိုတိုင်းရင်းသားများသည် မြန်မာနိုင်ငံသို့ လွန်ခဲ့သောနှစ်ပေါင်း ထောင်ချီကတည်းက နေထိုင်လာခဲ့ကြပြီးတိဗက်မြန်မာအုပ်စုမှဆင်းသက် လာပြီး တိဗက်တရုတ်နွယ်ဝင် ကရင်ဘာသာ စကားပြောဆိုသူများဖြစ်သည်။

၁၉၆၉ခုနှစ်တွင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီက တက္ကသိုလ် ဆရာ ဆရာမများအား ကွင်းဆင်းလေ့လာစေပြီးနောက် ကြေးပတ်သည့် ပဒေါင်လူမျိုးများက ကယန်းလူမျိုးဟုဆိုသည့် အတွက် ထိုခေတ်စာအုပ်များထဲ၌ စတင်သုံးစွဲခဲ့ ပြီး ပဒေါင်ကို ကယန်းလူမျိုးအဖြစ် လူသိများခဲ့ ကြသည်။

ကယန်းတိုင်းရင်းသားများတွင် မျိုးနွယ် လေးမျိုးရှိပြီး လည်ပင်းနှင့် ခြေထောက်တို့တွင် ကြေးခွေများရစ်ပတ်ဝတ်ဆင်လေ့ရှိသည့် ကယန်း ပဒေါင်၊ လည်ပင်းတွင် ငွေပြားများချိတ်ဆွဲဝတ် ဆင်လေ့ရှိသည့် ယင်းဘော်(ခေါ်)ကယန်းကငံ၊ တောင်ပေါ်ဒေသများတွင်အနေများသည့် ကေခို၊ ကေဘား(ခေါ်)ကယန်းကေခိုနှင့် ကျောက်တုံး ကျောက်စိုင်များကြားတွင် အိမ်များဆောက်ကာ နေထိုင်ပြီး အမျိုးသားများက ကတုံးတုံးသည့် ဓလေ့ရှိသော ဇရိမ်(ခေါ်)ကယန်းလထာတို့ဖြစ် ကြသည်။

လည်ပင်းနှင့် ခြေထောက်တို့တွင် ကြေးခွေ များ ရစ်ပတ်ဝတ်ဆင်လေ့ရှိသည့် ကယန်းပဒေါင် လူမျိုးများကိုသာ ကယန်းတိုင်းရင်းသားများ အဖြစ် သိရှိထားကြသော်လည်း အမှန်တကယ်၌ မူ မျိုးနွယ်စုလေးမျိုးဖြစ်ပြီး ဂေဘားဟူသော မျိုးနွယ်တစ်စုကို ကယန်းမျိုးနွယ်ထဲ၌ထည့်သွင်း ရန်မှာ မနုဿဗေဒပညာရှင်များ ဝိဝါဒကွဲပြား လျက်ရှိသည်။

အင်္ဂလိပ်နယ်ချဲ့၏ ခွဲခြားအုပ်ချုပ်မှုကြောင့် ကယားပြည်နယ် ဒီမောဆိုးမြို့နယ်၊ ရှမ်းပြည်နယ် ဖယ်ခုံမြို့နယ်၊ ကရင်ပြည်နယ် သံတောင်မြို့နယ် နှင့် မန္တလေးတိုင်းဒေသကြီး ပျဉ်းမနားမြို့နယ် တို့တွင် နေထိုင်ကြသည့် ကယန်းတိုင်းရင်းသား များ၏ လူဦးရေသည် ၂၅ဝဝဝဝ မှ ၃ဝဝဝဝဝ အထိ ရှိနေကြောင်း ကယန်းအဖွဲ့အစည်းများက ခန့်မှန်းကြသည်။

သို့သော်လည်း ကယားပြည်နယ်အတွင်းရှိ မြို့နယ် ခုနစ်မြို့နယ်၌ နေထိုင်သော ကယန်း ပဒေါင်မျိုးနွယ်တစ်ခုတည်း၏ လူဦးရေသည် ၂၅ဝဝဝ ကျော်ခန့်ရှိကြောင်း သုတေသနပြုစုနေ သူ မနုဿဗေဒမှ ကထိကဒေါ်မိုးသီတာထွေးက ပြောသည်။

ဒေသလေးခု၌ ပျံ့နှံ့နေထိုင်သည့်အတွက် ၄င်းတို့၏မှတ်ပုံတင်၌ ကယန်းလူမျိုးဟုဖော်ပြမှု မရှိဘဲ နီးစပ်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်တို့၏ လူမျိုးများဖြစ်သွားကြကြောင်း၊ တစ်ဖန် ထိုအချိန် က တိုင်းရင်းသားတို့ ပညာရေးနိမ့်ပါးမှုကြောင့် လည်းဖြစ်နိုင်ကြောင်း၊ ထို့အပြင် ဘာသာစကား မှားယွင်းမှုကြောင့်လည်း မှတ်ပုံတင်၌ တိုင်းရင်း သားလူမျိုးမှားယွင်းရခြင်းများ ဖြစ်နိုင်သည်ဟု ၄င်းကသုံးသပ်သည်။

၂ဝ၁၄ခုနှစ် သန်းခေါင်စာရင်းကောက်ယူ ရာတွင် ကယန်းလူမျိုးအမှန်ဖြစ်စေရန်အတွက် ကယန်းအဖွဲ့အစည်းများက ကူညီဆောင်ရွက်ပေး မည်ဖြစ်ပြီး လူမျိုးအမှန်အဖြစ် ပြန်လည်ဖော်ပြ ခွင့်ရပါက ကယန်းတိုင်းရင်းသားများသည် ငါးသိန်းမှ
ခြောက်သိန်းကြားရှိမည်ဟု ကယန်း အမျိုးသားပါတီ အတွင်းရေးမှူး ဦးနန်းရီက ခန့်မှန်းသည်။

ပါတီအနေဖြင့် ပျံ့နှံ့နေသော ကယန်းတိုင်း ရင်းသားများအား စုစည်းကာ ကယားပြည်နယ် အတွင်း၌ပါရှိသည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အဖြစ် ထူထောင်ချင်သော်လည်း လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေအရ မဖြစ်နိုင်ကြောင်း ၄င်းက ပြောသည်။

ကယန်းတိုင်းရင်းသားများသည် မိမိတို့ဖြစ် ပေါ်လာပုံကို 'ကာကောင်း'ဟုခေါ်သော လင်္ကာ ရှည်ကြီးများဖြင့် ဘိုးစဉ်ဘောင်ဆက်နှုတ်တိုက် ရွတ်ဆိုမှတ်သားလာခဲ့ကြကာ စကားထာ၊ စကား ဝှက်၊ ကဗျာ၊ သံပေါက

ရဲထွဋ် - The Union Daily

(၂) တီးတိန်ဇိုမီး (Tedim Zomi) လူမျိုးတို့၏ ဓလေ့လေးမျိုး
မန်မာနိုင်ငံရှိ ထင်ရှားသောနေရာများ၊ သမိုင်းဝင်နေရာများ၊ အများစု စိတ်ဝင်တစား သွားရောက်လေ့ ရှိသည့် နေရာများ၊ သိမှတ်ဖွယ် အကြောင်းအရာများနှင့် ယဉ်ကျေးမှုဆိုင်ရာ အကြောင်းအရာများကို The Voice Daily သတင်းစာတွင် တနင်္ဂနွေနေ့တိုင်း တစ်ပတ်ခြား ဖော်ပြသွားမည် ဖြစ်ပါသည်။

ချင်းပြည်နယ် တီးတိန်နယ်အတွင်း နေထိုင်ကြသော ချင်းမျိုးနွယ် တီးတိန်ဇိုမီး (Tedim Zomi) လူမျိုးများ၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံများကို လေ့လာတင်ပြရလျှင် လူနေမှုစရိုက်ပုံစံ (Nisim Nuntakna) မှာ မျိုးသားဦးစားပေးဖြစ်သည်ဟု ဆိုနိုင်သည်။

ယောက်ျားမှန်လျှင် အမဲလိုက်ကာ သားကောင်ဖမ်းဖူးရမည်ဟု ယူဆပြီး ဖမ်းမိသည့်အကောင်ရေကို မူတည်ကာ နေထိုင်ရာ အရပ်ဒေသတွင် အရှိန်သြဇာကြီးမားသည်။
မိမိတို့နေအိမ်တွင်လည်း ဖမ်းဆီးထားသော တိရစ္ဆာန်၏ ဦးခေါင်းခွံများကို ဂုဏ်ယူစွာ ချိတ်ဆွဲလေ့ရှိသည်။

အမျိုးသမီးများမှာမူ လူလွတ်ဖြစ်လျှင် ခေါင်ရည်ကောင်းစွာ ပြုလုပ်တတ်သူ၊ အိမ်ထောင်သည်ဖြစ်လျှင် သားယောက်ျား များများမွေးဖွားသူမှာ မြင့်မြတ်ဂုဏ် ရှိလေသည်။ မျိုးနွယ်စုအမည် မှည့်ခေါ်ပုံကို လေ့လာလျှင်လည်း အမျိုးသားဦးစားပေး ဖြစ်သည်ကို တွေ့နိုင်သည်။ ၄င်းတို့၏ လူမှုဘဝ အတွင်းမှ ရိုးရာဓလေ့လေးမျိုးကို ဖော်ပြလိုက်ပါသည်။

အမဲလိုက်ခြင်း (Sa Beng)

အမဲလိုက်ခြင်း နှစ်မျိုးရှိသည်။ သမားရိုးကျ နေ့စဉ်အမဲလိုက်ခြင်းနှင့် သာရေး၊ နာရေးကိစ္စများ အတွက် အမဲလိုက်ခြင်း ဖြစ်သည်။ သာရေးကိစ္စများတွင် အကောင်ကြီးငယ်မရွေး ရရာလိုက်လေ့ရှိပြီး နာရေး ကိစ္စများတွင်မူ ကွယ်လွန်သွားသူအား မည်မျှ ချစ်ခင်သည်ကို ပြသသည့်အနေနှင့် အကောင်ကြီးများ (ဥပမာ-ဆင်၊ ကျား) ကို ရွေးချယ် လိုက်လေ့ရှိကြသည်။ တစ်ခါတစ်ရံ တောတောင်ထဲတွင် တစ်လကိုးသီတင်း သွားရောက်ကာ သားကောင် ရှာလေ့ရှိသည်။ ၄င်းတို့ အမဲလိုက်ရာတွင် ရရှိလာသော သားကောင်အားဖျက်ကာ တစ်ရွာလုံးသို့ ဝေငှကြသည်။ ပွဲလမ်းသဘင်များ အတွက် စုပေါင်းအမဲလိုက်ကြပြီး ပျော်ရွှင်စွာ စားသောက်ကြသည်။
ယခုခေတ်အခါတွင်မူ အဆိုပါ သားကောင်များကို ဝယ်ယူ၍သာ ပြုလုပ်လေ့ရှိသည်။

မင်္ဂလာဆောင်ဓလေ့ (Mo Pawi)

မင်္ဂလာဆောင်ဓလေ့တွင် လူငယ်ချင်း ချစ်ကြိုက်သည်ထက် မိဘများက ပေးစားသူ ကိုသာ လက်ထပ်တတ်ကြသည်။ နားဖောက်ရာတွင် သတို့သားဘက်မှ ခေါင်ရည်အိုးဖြင့် လာရောက်ကာ စကားကြောင်းလမ်းရပြီး သဘောတူပါက ခေါင်ရည်အတူသောက်ကာ စကားလက်ခံ ပြောရသည်။ သဘောမတူလျှင် သတို့သမီး ဘက်မှ ခေါင်ရည်အိုး ပြန်တည်ပေးရသည်။ နောက်တစ်နေ့မှ သတို့သားအိမ်သို့ ခေါင်ရည်အိုးဖြင့် သွားရောက် စကားပြောခြင်းဖြင့်လည်း လက်မခံကြောင်း ပြသနိုင်သည်။ သဘောတူ လက်ခံပါက နေ့ရက်အချိန် ရွေးကြသည်။

မင်္ဂလာပွဲပြုလုပ်ရာတွင် ထာမန် (Tha Man) ခေါ် ရွှေလမ်းငွေလမ်း ခင်းပေးသူတို့အတွက် ပူးမန် (Pu Man) ခေါ် သတို့သမီး၏ ဖခင်ဘက်မှ အဘိုးအတွက် (၄င်းမှာ သတို့သမီး အိမ်ထောင်မပြုခင် သေဆုံးခဲ့လျှင် ကောင်းချီး ဆုတောင်းပေးရမည့်သူ ဖြစ်ပြီး ယခု အိမ်ထောင်ကျသွားသည့် အတွက် နှုတ်ဆက်သည့်အနေနှင့် ပေးရခြင်း ဖြစ်သည်) မန်ပီး (Man Pi) ခေါ် တင်တောင်းစရိတ် (၄င်းကို အကြွေးထား၍ ရသည်။ ထိုအကြွေးမပေးဘဲ သတို့သမီး သေဆုံးခဲ့လျှင် အလောင်းအား သတို့သမီး၏ ဆွေမျိုးများမှ ပြန်ယူနိုင်သည်) ဘန်ကွာ့မန် (Bang Kua Man) ခေါ် မျိုးနွယ်စုကြေး (ထိုကြေးမှာ မိဘကို ပေးရသည် ဖြစ်သော်လည်း ၄င်းတို့မျိုးနွယ်စု တာဝန်ခံက ရရှိသည်)၊ မင်မန် (Min Man) ခေါ် နာမည်ကြေး သတို့သမီးမှ နာမည်ယူ မှည့်ခေါ်ထားသော သက်ကြီးပုဂ္ဂိုလ်အား ပေးရသည်။ မွာလ်ခုပ် (Mual Khup) ခေါ် နယ်ပြောင်းကြေး (ရပ်ခြားဒေသမှ ပုဂ္ဂိုလ်နှင့် အိမ်ထောင်ကျလျှင် သတို့သားဘက်က ပေးရခြင်းဖြစ်သည်၊ မိမိရပ်ရွာဒေသတွင် နေထိုင်သူနှင့် အိမ်ထောင်ကျလျှင် ပေးစရာမလို) နူးမန် (Nu Man) ခေါ် အမေကြေး (မိခင်၏ မေတ္တာကို အောက်မေ့ကာ ပေးရခြင်းဖြစ်သည်။) တို့ကို ပေးရသည်။

ယင်းတို့အားလုံးကို သတို့သားဘက်က ပေးရပြီး နွားနောက်၊ ဝက်၊ စောင်၊ တဘက် စသည်တို့ကို ပေးနိုင်သည်။ သတို့သမီးဘက်မှ ပြန်ပေးသည်လည်း ရှိသည်။ ပလိုင်း၊ ပေါက်တူး၊ ပေါက်ပြား၊ ရေအိုး စသဖြင့် အမျိုးသမီး အသုံးအဆောင် ပစ္စည်းများကို သတို့သားအိမ်ရောက်လျှင် ထပ်မလိုစေရန် ပေးခြင်းဖြစ်သည်။
ယနေ့ခေတ်တွင်မူ နွားနောက်အစား အခြားပစ္စည်း (ဥပမာ-ငွေစက္ကူ) ဖြင့် အစားထိုးကြသည်။

အမွေခွဲဓလေ့ (Gamh Cuah)

အမွေဆက်ခံခြင်းတွင် ဆက်ခံသူက ပိုင်ဆိုင်မှုနှင့်အတူ တာဝန်ယူမှုကိုပါ ပူးတွဲလက်ခံရသည်။ အမွေဆက်ခံရာတွင် အကြီးဆုံးသားမှ လက်ခံခြင်းနှင့် အငယ်ဆုံးသားမှ လက်ခံခြင်း နှစ်မျိုးရှိပြီး တီးတိန်ဇိုမီးများတွင် အကြီးဆုံးသားမှ ဆက်ခံသည်က များသည်။

အကြီးဆုံးသားမှာ ဖခင်၏ နေရာကို ဆက်ခံရပြီး ဖခင်သေဆုံးလျှင် ပိုင်ဆိုင်မှု ပစ္စည်းအမွေကို ၄င်းက လက်ခံရသည်။ သူ့အောက်ရှိ ညီ၊ ညီမများ၏ ဝေယျာဝစ္စကို ၄င်းက လုပ်ပေးရသည်။ အမွေနှင့်အတူ တာဝန်ယူမှု၊ တာဝန်ခံမှုကို ယူရသည်။ အမွေဆိုရာတွင် ရုပ်ဝတ္ထု အမွေရှိသလို အကြွေးအမွေလည်း ရှိသည်။ ဖခင်မဆပ်နိုင်သော အကြွေးကိုလည်း ဆပ်ရသည်။ မျိုးနွယ်စုထဲရှိ အမျိုးသမီးများ၏ ကိစ္စအဝဝကိုလည်း ၄င်းက တာဝန်ယူပေးရသည်။

အငယ်ဆုံးသား မှာလည်း ဖခင်နှင့် နေရပြီး ဖခင်ကိစ္စရပ်များကို လုပ်ဆောင်ပေးရသဖြင့် အမွေကို ဆက်ခံရသည်။ တာဝန်ယူမှု အပိုင်းမှာမူ အတူတူပင်ဖြစ်သည်။

အမွေဆက်ခံရာတွင် သမီးမိန်းကလေးက မရရှိသော်လည်း သူ၏ကိစ္စအဝဝကို အမွေဆက်ခံသူက တာဝန်ယူပေးရသည်။ မိမိ၏ မိသားစုဘက်က အမွေမရရှိသော်လည်း မိမိခင်ပွန်းဘက်က အမွေရရှိနိုင်သည်။ ယောက်ျားနှင့် ကွဲကွာခဲ့လျှင်လည်း အမွေဆက်ခံသူက ဆက်လက် တာဝန်ယူ ရသည်။ သမီးမိန်းကလေးချည်းပဲ မွေးဖွားခဲ့လျှင်လည်း မျိုးနွယ်စုတာဝန်ခံက အမွေဖြင့် တာဝန်ယူပေးရသည်။

ရိုးရာပွဲတော်(ခွါဒိုပွဲ) (Khua Do)

တီးတိန်ဇိုမီး လူမျိုးများ၏ ရိုးရာပွဲများစွာ ရှိသည့်အနက် အထင်ရှားဆုံးမှာ ခွါဒိုပွဲပင် ဖြစ်သည်။
ယင်းပွဲမှာ အေဒီ ၁၄ ရာစုနှစ်ခန့်မှ စတင်ပေါ်ပေါက်ခဲ့ပြီး ကောက်သစ်စား နှစ်သစ်ကူးပွဲတော် ဖြစ်သည်။ ခွါဒို၏ အဓိပ္ပာယ်မှာ ခွါ (Khua) လူပြည့်လူရွာ၊ ဒို (Do) တစ်ဦးနှင့်တစ်ဦး ဖော်ရွေပျူငှာစွာ ကျွေးမွေးဧည့်ခံခြင်း(သို့) တိုက်ခိုက်၊ နှင်ထုတ်၊ ချေမှုန်းခြင်းဟု အဓိပ္ပာယ်ရသည်။ ကျန်းမာရေး၊ စီးပွားရေးများ ကောင်းမွန်စေရန် နတ်ကောင်းနတ်မြတ်များအား ပူဇော်ပသခြင်းနှင့် ဘေးဒုက္ခပေးတတ်သော နတ်ဆိုးများအား နှင်ထုတ်ချေမှုန်းကာ ရပ်ရွာသန့်ရှင်းစေခြင်း၊ ကွယ်လွန်ပြီးသော မိဘဘိုးဘွားများ၏ ဝိညာဉ်အတွက် အလှူ မင်္ဂလာဆုတောင်းပွဲ ကျင်းပခြင်း ဖြစ်သည်။

ယခင်က ခွါဒိုပွဲကို တောင်ယာသီးနှံများ ရိတ်သိမ်းပြီးသော အချိန်တွင် ကျင်းပလေ့ရှိပြီး စိုက်ပျိုးသည့် သီးနှံအမျိုးအစားနှင့် ရာသီဥတု သဘာဝကိုလိုက်၍ ဒေသတစ်ခုနှင့်တစ်ခု ကျင်းပချိန် မတူညီပေ။ ကျင်းပမည့်ရက်ကို တူးလ်ပီး (Thlpi) ခေါ် နတ်ဆရာက သတ်မှတ်ပေးသည့် မင်္ဂလာနေ့ရက် သို့မဟုတ် ရွာလူကြီးက သတ်မှတ်ပေးသည့် နေ့ရက်တွင် ကျင်းပပြီး အနည်းဆုံး သုံးရက်မှ ခုနစ်ရက်ထိ ကျင်းပတတ်သည်။

များသောအားဖြင့် ပွဲတော်ကာလမှာ စက်တင်ဘာနှင့် အောက်တိုဘာလများတွင် ကျင်းပတတ်ပြီး ၁၉၆၄ ခုနှစ် တော်လှန်ရေးကောင်စီ အစိုးရလက်ထက်တွင် ချင်းရေးရာ ဦးစီးအဖွဲ့မှ ချင်းလူမျိုးများ၏ ရိုးရာ ယဉ်ကျေးမှု ဓလေ့အရ ခွါဒိုပွဲတော်အား အခါကြီးရက်ကြီးအဖြစ် သတ်မှတ်ကာ ကျင်းပမည့် နေ့ရက်ကို နှစ်စဉ် သီတင်းကျွတ် လဆန်း ၁၄ ရက်၊ လပြည့်နေ့၊ လဆုတ် ၁ ရက်နေ့တို့တွင် ကျင်းပရန် သတ်မှတ်ခဲ့သည်။

ခွါဒိုပွဲတော် ကျင်းပမည့်နေ့ နံနက်တွင် ကျေးရွာအတွင်းရှိ လူငယ်များမှ ခေါင်ရည်အိုးများဖြင့် ဘိုးဘွားများအား လိုက်လံကန်တော့ကြသည်။ ဘိုးဘွားများမှ ဆုမွန်ကောင်းများ တောင်းပေးပြီး လက်ဆောင်ပစ္စည်းများ ပြန်ပေးသည်။ ပွဲတော်ရက်အတွင်း ဆွေမျိုးစုလိုက် လက်ဆုံထမင်း စားပွဲများပြုလုပ်သည်။

သင်္ချိုင်းသို့သွားကာ ကွယ်လွန်ပြီးသော ဘိုးဘေးများ၏ဝိညာဉ်ကို ခေါင်ရည်၊ ဟင်းမျိုးစုံတို့ဖြင့် ဆက်သကြသည်။ ပွဲတော် စတင်ကျင်းပသော ပထမနေ့ ညနေတွင် နတ်ဆရာ၏ နေအိမ်မှ စတင်ကာ တစ်အိမ်ပြီး တစ်အိမ် နတ်ဆိုး နှင်ထုတ်ပွဲ ပြုလုပ်ကြသည်။ ယင်းနှင်ထုတ်ပွဲကို နတ်ဆရာနှင့် ရွာလူကြီးများက ဦးဆောင်သည်။

ညနေ မှောင်ရီပျိုးစ အချိန်တွင် နတ်ဆရာအပါအဝင် တစ်ရွာလုံးမှ အိမ်ထောင်ဦးစီးများက ပေါက်တူးရိုးများအား လက်တွင် ကိုင်ဆောင်ထားကြသည်။ ငှက်ပျောဖက်များ ပေါ်တွင် ထင်းရှူးချောင်းများ ထိုးစိုက်ထားသည်။ နတ်ဆရာမှ အချိန်ကျပြီဟုဆိုကာ အိမ်ပေါက်ဝမှ အိမ်ပတ်လည်နံရံများကို ကိုင်ထားသော ပေါက်တူးရိုးဖြင့် လိုက်လံရိုက်ပုတ်သည်။ နှုတ်မှလည်း လိပ်ပြာဆိုးတွေပြေးပါ၊ လိပ်ပြာဆိုးတွေ ပြေးပါဟု အဓိပ္ပာယ်ရသော စကားအား ရွတ်ဆိုရသည်။ ယင်းကဲ့သို့ ရွတ်ဆိုကာ တစ်အိမ်လုံးရိုက်ပြီးပါက ငှက်ပျောဖက်ပေါ်တွင် စိုက်ထားသော ထင်းရှူးချောင်းများကို မီးထွန်းညှိရသည်။

ခွါဒိုပွဲ၏ အဓိက လက္ခဏာဖြစ်သော ပျားအုံဖွပ်ခြင်းနှင့် ပျားအုံ နိမိတ်ဖတ်ခြင်းကို ဒုတိယနေ့တွင် ပြုလုပ်ကြသည်။ နံနက် စောစောတွင် ရွာမှ လူကြီးလူငယ်များမှာ မွာလ် (Mual) ခေါ် ရွာအဝင်လမ်းမှ ဖွပ်ကာ ယူဆောင်လာသော ပျားအုံကို အတီးအမှုတ်များဖြင့် သယ်ဆောင်ပြီး ရွာအတွင်းသို့ ဝင်လာကြသည်။ အမျိုးသမီးများမှ ခေါင်ရည်အိုးများဖြင့် စောင့်ကြိုပြီး တပျော်တပါး သောက်သုံးကြသည်။ ယင်းနောက် နတ်ဆရာနှင့် သက်ကြီးရွယ်အိုတို့မှ ပျားအုံကို ခွဲဖျက်ကာ လာမည့်နှစ်သစ် အတွက် နိမိတ်ဖတ်ပေးကြသည်။
ပျားအုံတွင် ပျားသလက်ကောင်များ ကွက်လပ်မရှိ ပြည့်နေမည်၊ ညီညီ ညာညာဖြစ်နေမည် ဆိုပါက လာမည့်နှစ်တွင် ရပ်ရွာ အေးချမ်းသာယာပြီး ရောဂါ ကင်းဝေးမည်။ အသီးအနှံ ဖြစ်ထွန်းပြီး စားနပ် ရိက္ခာဖူလုံမည်ဟု ယုံကြည်ကြသည်။

အကယ်၍ ပျားသလောက်ကောင်များ မပြည့်ဘဲ မညီမညာဖြစ်မည်၊ သေကျေ ပျက်စီးနေမည်ဆိုပါက အသီးအနှံ အထွက်တိုးမည်၊ အနာရောဂါများ ကျရောက်ပြီး ရပ်ရွာတွင် အသေအပျောက် များမည်၊ တိုင်းပြည် မငြိမ်မသက်ဖြစ်မည်ဟု ယုံကြည် ကြသည်။

ပွဲတော် နောက်ဆုံးနေ့တွင် နတ်ကွန်းများကို သန့်ရှင်းရေးပြုလုပ်ခြင်း၊ ဆွေမျိုးစုလိုက်၊ မိသားစုလိုက်၊ အိမ်နီးချင်းလိုက် ဝိုင်းဖွဲ့ပြီး လက်ရည်တစ်ပြင်တည်း စားသောက်ကြခြင်း၊ စတုဒိသာ ကျွေးမွေးခြင်းများ ပြုလုပ်ကြသည်။ အချို့ဒေသများတွင် စစ်ရေးလေ့ကျင့်ခြင်းပါ ပြုလုပ်ကြကြောင်း သိရသည်။

ပွဲတော်ပြီး နောက်တစ်ရက်တွင် နှစ်သစ်ကူး(သို့) နှစ်ဆန်းတစ်ရက်နေ့ဟု သတ်မှတ်ကာ အိမ်တွင်းတွင် အနားယူကြသည်။ တောင်ယာသွား၊ ခရီးထွက်ခြင်းများ လုံးဝ ရှောင်ကြဉ်ရကာ သွားမိ၊ လုပ်မိလျှင် ကျိန်စာသင့်သည်ဟု ယူဆကြသည်။ ကျိန်စာသင့်သည် ဆိုရာတွင် လမ်းခရီးတွင် ဒုက္ခရောက်ခြင်း၊ အလုပ်အကိုင်အဆင် မပြေဖြစ်ခြင်း၊ မကျန်းမမာဖြစ်ခြင်းတို့ ဖြစ်ပေါ်နိုင်သည်ဟု ယုံကြည်ကြသည်။

မြတ်(ကလေး)

The Voice Weekly

Friday, October 25, 2013

သင်းကွဲကြယ်


သင်းကွဲကြယ်
..................
တချို့အတွေးတွေက
ဆေးခြယ်လည်း မလှနိုင်တော့
ဒီလိုပဲ ဘေးဖယ်ထားလိုက်ရတယ် ...
 
လူတွေအများကြီးအလယ်မှာ
ကိုယ်ဟာ အလိုလိုနေရင်းတစ်ယောက်ထဲ
ဒါပေမယ့် ...
 
ဘယ်တော့မှ မျက်ရည်မ၀ဲတဲ့ သင်းကွဲငှက် ...
ဒီလိုနဲ့ ...
 
လောကဓံကို ဒီထက်ပိုပြီး မကြည်ဖြူနိုင်တော့ဘူး ...
 
အချစ်ကို ဒီထက်ပိုပြီး မပူဇော်နိုင်တော့ဘူး ...
 
ဝေဒနာတွေကိုလည်း ဒီထက်ပိုပြီး မခင်တွယ်နိုင်တော့ဘူး ...
 
ဒီလောက် အရောင်တွေ အများကြီးစုံနေတဲ့
ရန်ကုန်မြို့ရဲ့ ကောင်းကင်မျက်နှာကြက်မှာ
ကိုယ်ဟာ ဘာအရောင်မှမလင်းလက်နိုင်တဲ့ ကြယ် ...
 
တွေးမိတယ် ဒီလိုပဲ ...
 
အထီးကျန်တဲ့ ခံစားချက်ဆိုတာ
မြို့ကြီးပြကြီးမှာ ခေတ်စားနေတဲ့ဖက်ရှင်လား ... 
 
ပေါ့ပေါ့ပါးပါးတစ်ခါလောက် ရယ်မောပါရစေ
ဘယ်သူမှ မသိအောင် တိတ်တိတ်ကလေး မကြွေခင် ...

Soe Thu Ra (24-10-2013)