Thursday, June 29, 2023

ကန်မြဲ ကိုအေးကျော်

 "တောင်တော်ပုပ္ပါး"လို၊ "ပန်းရည် ဘဏ်တိုက်"' လို သီချင်းမျိုးရဲ့ ဖန်တီးရှင် တေးရေးဆရာ…




ကန်မြဲ ကိုအေးကျော် 

************


(ဆရာချစ်ဦးညို)


ချီလေတဲ့ ချီလေ၊ ဤမြေမှ ထိုတောင်တန်း၊ အပြန် အပြန်လားကွယ့်၊ အသွား အသွားပါဗျို့၊ မိုးလေသာခိုက် သယ်ယူလိုက်ပါ့၊ ပန်းရည်ဘဏ်တိုက် ဆောက်ကြပါလေကုန်။

 

အကြောင်းတရားနှင့် အကျိုးတရား ဆက်စပ်မိပြီးနောက်တွင် ပန်းရည်ဘဏ်တိုက်ကို ဆိုရမည်မှာ ပါးစပ် အရသာ ရှိလာပါသည်။ နှုတ်၊ လျှာ၊ အာတွေ့ရုံမျှမက ရင်ဖြင့်လည်း တစ်ဝြကီး နှလုံးခွေ့လာပါသည်။ ဤသို့သော ထူးကဲသိမ်မွေ့ သည့်ရသကို ပေးစွမ်းနိုင်သည့် ကျေးဇူးရှင် တေးပြုဆရာ၏ ကျေးဇူးကိုလည်း ဆင်ခြင်မိလာပါသည်။

 

တေးပြုဆရာကား အထက်အညာ မြင်းခြံတစ်ဝိုက်၊ ကန်မြဲဇဂျမ်းရွာသား ဆရာကိုအေးကျော် ဖြစ်လေသည်။ ဆရာ ကိုအေးကျော်တဲ့။ နိုင်ငံကျော် နာမည်ကြီး လျှမ်းလျှမ်းတောက်သီချင်းရေးဆရာ မဟုတ်။ လူသိ မများ။ ဟိုအညာကျေးလက်တောရွာက ပုဂ္ဂိုလ်။ သူ့ရုပ်ပုံလွှာသည် မှေးမှိန်ဝေသီလွန်းလှသည်။ ပန်းရည်ဘဏ်တိုက် ကို ကျွန်တော် သိသော်လည်း သူ့ကို ကျွန်တော်မသိ။ ထိုနည်းတူ ကျွန်တော်တို့အသည်းစွဲကြိုက်ရသော သာလေစွရွှေညာမြေ (လုံမလေး)၊ ရုပ်သေးပွဲ သွားရအောင် (ခင်အုန်းမြင့်လေး)၊ မိုးဦးတေး (ကိုဘသောင်း)၊ တောင်တော်ပုပ္ပါး (ကိုဘသောင်း)၊ တေးများ၏ လက်ရာရှင် များလည်း ဆရာကိုအေးကျော်ပင်ဖြစ်ကြောင်း သိလာသောအခါ သူ့အပေါ် စိတ်၀င်စားညွတ်နူး စိတ်များက ဖြတ်ဖြတ်နိုး ကြားလာလေသည်။

 

အရိုးခံလှ ကြွယ်ဝပေသော ဤတေးများ၏လက်ရာတွင် ကိုအေးကျော်သည် မည်သူနည်း။ မည်သို့နည်း။

 

ကိုအေးကျော်သည် ဆေးရွက်ခူးသူ၊ ကွမ်းရွက်ရောင်းသူ၊ ဆေးရွက်ကွမ်းကုန်ကူးသူ။ ကုန်ကူးသည်ဟု ဆိုရငြား သီချင်းရေးဖို့ကလွဲပြီး တစ်လောကလုံးမှာ ဘာကိုမျှ စိတ်မ၀င်စားသူဖြစ်သောကြောင့် ရောင်းသမျှစျေး၊ ကူးသမျှ ကုန်ရှုံးသည် ချည်းပင်။

 

သူသွားလေရာပင် မျဉ်းကြောင်းမပါသော အကြမ်းစာအုပ်တစ်အုပ်ပါသည်။ ခဲတံတစ်ချောင်း၊ ဖယောင်းတိုင်နှင့် မီးခြစ်ဘူးပါသည်။ ရောက်သည့်စျေး၊ ရောက်သည့်ပွဲရုံတွင် ဖယောင်းတိုင်ထွန်းကာ အကြမ်းစာအုပ်တွင် ခဲတံဖြင့် သီချင်းရေးသည်။ အချိန်တိုင်းမှာလည်း သီချင်းရေးဖို့ တွေးသည်။ လောက မျက်မြင်အလှ၊မျက်ကွယ်အလှတို့ နောက်သို့ စက္ကန့်နှင့်သမျှ သူတစေ့စပ်စပ်လိုက်ကြည့်သည်။ သီချင်းစာသား၊ စကားလုံးလေးတွေ ဘယ်လို ဖန်ဆင်းမည်ဆိုတာပဲ သူ တွေးသည်။

 

သီချင်းတွေ ရေးရာတွင်လည်း သူ့မှာ ရေးချင်လို့ ရေးတာပဲ ရှိသည်။ မရေးရမနေနိုင်သောကြောင့် ရေးသော သီချင်းရေးဆရာ ဖြစ်သည်။ မြန်မာ့အသံပို့ဖို့ ဓာတ်ပြားတိုက်နှင့် ဆက်သွယ်ဖို့ အဆိုတော်တစ်ဦးဦးထံအပ်ဖို့ သူ့မှာ ရည်ရွယ်ချက်အလျင်းမရှိ။ သီချင်းရေးခ ရလိုမှု၊ နာမည်ကျော်ကြားလိုမှု သူ့ခေါင်းထဲမှာ မရှိ။ သူ့ပန်းရည် ဘဏ်တိုက်သော် မှာပင် ကဗျာဆရာကြီးတစ်ဦးက (ဦးတင်မိုး) အစီအစဉ်လုပ်ပေးသောကြောင့် တိုင်းသိပြည်သိ သီချင်းအဖြစ် ရောက်ရှိလာခြင်း ဖြစ်သည်။ ဉာဏ်ပူဇော်ခ ငွေ ၂၀၀ ကျော်ကို စာတိုက်မှတစ်ဆင့် လက်ခံရာ တွင်လည်း ငွေလွှဲစာဖြတ်ပိုင်း၌ ““အေးကျော်”” ဟူသော လက်မှတ်မှတစ်ပါး ဘာမျှမပြန်ကြား။ ရန်ကုန်သို့ ခေါ်သော်လည်း သူ မလိုက်။ သီချင်းရေးဖို့မှအပ လောကကြီးသည် သူ့အတွက် ဘာမှစိတ်၀င်စားရာမရှိသော အရာ ဖြစ်နေသည်။ သူ့အကြောင်း အတော်လေးသိသော တစ်ရွာတည်းသား ကဗျာဆရာကြီး ဆရာဂျမ်းခေါ် ဦးတင်မိုး အား ကျွန်တော် မေးကြည့်ပါသည်။ သူက တသသ ဖြေလေသည်။

 

““ကိုအေးကျော်ဟာ သီချင်းရေးဖို့ အသက်ရှင်နေတဲ့သူပဲ။ မျက်လုံးတွေကလည်း စူးစူးရှရှအရောင်တွေ တောက်နေ တယ်။ ဘာကိုမဆို အလေးအနက်ကြည့်တယ်။ ဘာပဲမြင်မြင် ကြားကြား၊ ဒါကို သီချင်းစာသား ဖြစ်အောင် ဘယ်လိုကူး ပြောင်းလိုက်ရမလဲဆိုတာကိုပဲ အမြဲတွေးနေတာ။ စီးပွားရေးဆိုတာ ဝေးရော၊ သူကိုယ်တိုင် ထမင်းစားတာတောင်မှ သူ့အစ်မကြီးက စိတ်တိုတိုနဲ့ကျွေးတဲ့ ထမင်းရော၊ ဟင်းရော ရောပုံထားတဲ့ အိုးလေးနဲ့ပဲ မညည်းမညူစားတာ၊ ဘာဆိုတာ ဘာတစ်ခုကိုမှ အားကျမရှိဘူး””

 

““ကုန်းစောင်းမှာ အိမ်ထောင်ကျဖူးတယ်၊ ဇနီးရော သားသမီးပါ ဆုံးပါးသွားကြရှာတယ်””

 

““သူ့သီချင်းတွေ မြန်မာ့အသံက ဓာတ်ပြားရပြီး လွှင့်နေတာလည်း သူမသိဘူး၊ ဘယ်သူပြိုင်လို့ လှပါတော့နိုင် ဇာတ်ကားရိုက်တော့ ဆရာမင်းကျော်နဲ့ ဆရာဦးသုခတို့ရဲ့ လိုလားချက်အရ ဒီစကားလုံးရဲ့ မူလပိုင်ရှင် ဖြစ်တဲ့ သူ့ကို ဂုဏ်ပြု ချီးမြှင့်ချင်လို့ ရန်ကုန်ကိုခေါ်တော့ သူက ငြင်းတယ်လေ””

 

““သီချင်းအဖြစ် ရောက်မလာတဲ့ သူ့စာတွေ အများကြီးရှိဦးမယ်၊ ကိုယ်တစ်ပိုင်းတစ်စ နှုတ်ရဲ့ရထားတာလေး

တစ်ခု ရှိတယ်၊ ဘယ်လောက်အတွေးစိပ်တဲ့သူလဲ၊ ဘယ်လောက်စကားလုံးနိုင်တဲ့သူလဲ စဉ်းစားကြည့်””

 

ဆရာရွတ်ပြသည်။ ကျွန်တော် ကောက်မှတ်လိုက်သည်။ တစ်ပိုင်းတစ်စ ထိုစကားလုံးမှာ “သံသရာ ဘ၀ ဓာတ်ပြားပြင်ဆီ၊ နာမ်ခန္ဓာနှစ်၀ ဇာတ်လျားအစဉ်သည်၊ ကံကြမ္မာက အပ်သွားတင်လေပြီ”

 

““သူ အခု ဘယ်မှာနေသလဲ”” ဟု မေးပါသည်။

 

““မရှိတော့ဘူးဗျာ၊ ကိုအေးကျော် ဆုံးသွားရှာပြီ၊ ဘယ်နှခုနှစ်၊ ဘယ်လ၊ ဘယ်ရက်၊ ဘယ်တုန်းက ဆုံးသွားမှန်း ဘယ်သူမှ မသိကြဘူး၊ ဘာရောဂါမှန်းလည်း မသိဘူး၊ ဆုံးတာ သုံးလေးနှစ် ရှိသွားပြီတဲ့၊ သူ့အစ်မ ဒေါ်ဆယ်တင် တောင် မမှတ်မိဘူး၊ သူ့တူလေးပြောတော့ မိုးတွေရွာနေတုန်း နွားတင်းကုပ်ထဲမှာ ခွေခွေလေး ဆုံးနေတာပဲတဲ့လေ””

 

““ “အို ဘယ့်ပျားငယ် ပျားသူငယ်ရယ် မိုးလေသာခိုက် သယ်ယူလိုက်ပါ့ ပန်းရည်ဘဏ်တိုက် ဆောက်ကြပါလေ ကုန်” တဲ့လား ကိုအေးကျော်ရယ်””

 

( ဆရာချစ်ဦးညို ရဲ့ ပန်းရည်ဘဏ်တိုက် ဆောင်းပါး)

--------------------------------------------------------

 


( ဆရာနေ၀င်းမြင့်ရဲ့ဟောပြောချက် )

 

ဒါကြောင့် ကျွန်တော်တို့ ခံစားတတ်သောနှလုံးသားနဲ့ ခံစားတတ်သောစိတ်ရှိဖို့လိုပါတယ်။ 

ပန်းရည်ဘဏ်တိုက် ကိုအေးကျော် နွားတင်းကုပ်ထဲမှာ ခဲတံလေး တံတွေးဆွတ်ပြီးရေးတာ။ သိပ်ဆင်းရဲရှာ တယ်။ တောင်တော်ရွှေပုပ္ပါး လဲသူရေးပါတယ်။ နဂါးလိန် ချော်ဆစ်က စကားဝါတောင်တော်ပန်းခိုင်… လှမ်းဆွတ်ပါ့မေရယ် ပန်းခက်က ဝေတယ်.. ဘယ်သူ ပြိုင်လို့ လှပါတော့နိုင်… ဘယ်သူပြိုင်လို့ လှပါတော့နိုင် ဆိုတဲ့ ကိုအေးကျော်ရဲ့ စာလုံးရှစ်လုံး ကို ဒါရိုက်တာဦးသုခက ( အဲဒီခေတ်က ) ငွေ၅၀၀ ပေး၀ယ်တယ်။


အင်မတန်အနုပညာမြောက်တဲ့ သီချင်းရေးဆရာ အင်မတန် ဆင်းရဲရှာတယ်။ မြင်းခြံစျေး ထဲမှာ ကွမ်းရွက် ကလေး ရောင်းရတယ်။ တစ်နေ့တော့ သီချင်းလေးတစ်ပုဒ်သူရေးတယ်။ မြင်းခြံသူလေး ရုပ်သေးပွဲ ဟိုဘက်ရွာ သွား ကြည့်မယ့် အဖြစ်ကလေးကို သူရေးတယ်။ သူတို့ရွာသူလေးတစ်ယောက် အင်မတန်ဆင်းရဲတယ်။  

ပင်ခေါင်တိုင် သပြေကိုင်းနဲ့ နေမှိုင်းလို့ ရွှေဝိုင်းတို့ ဗေထိဆော်…ရုပ်သေးပွဲက ဒီခေတ်လို ကျွန်တော်တို့က ကြော်ငြာလို့ရတာ မဟုတ်ဘူး။ လက်ကမ်းကြော်ငြာပေးလို့ရတာမဟုတ်ဘူး။ ဗေထိ..ဗေထိ..ဗေထိ..ညနေ(၄) နာရီ လောက် ဆို အသံပေးရပြီ။ ဒီအသံကြားရင် ရုပ်သေးပွဲရှိပြီ။ ဒီကနေ့မှ သွားမကြည့်ရင် နောက်(၅)နှစ် လည်း မသေချာ။ နောက်(၁၀)နှစ်လည်း မသေချာတော့ အမေ..သမီးသွားကြည့်ပါရစေ။ အမေကို ခွင့်တောင်း 

ကိုအေးကျော်က သီချင်းလေးကို ဒီလိုစတယ်.. ပင်ခေါင်တိုင် သပြေကိုင်းနဲ့ နေမှိုင်းလို့ ရွှေဝိုင်းတို့ ဗေထိဆော် တဲ့အသံကြားတော့ ရင်တွေခုန်ပြီ။ ပွဲကြည့်ချင် လို့..ရုပ်သေးပွဲကြည့်ချင်လို့..သမီးရယ် ရေလေးတော့ ခပ်ခဲ့ပါဦး။ သူမျာလှည်းနဲ့ လိုက်ရမှာ..အမေ…ရဲ့၊ ဒုက္ခပါပဲ..ရေခပ်တော့ လက်ယက်တွင်း ကလေး ကနေ စစ်စစ်ခပ်ရမှာ အမေ သမီးဘယ်မှီမှာတုန်း..။ မှီပါသယ် သမီးရယ် ကိုယ့်အစ်ကိုတွေပဲ နေပါဦးရှင်လို့.. တားထားရင်နေကြမှာပါ။ အမေက ခွင့်ပြုမယ်ဆိုတော့ စံပယ်ပန်းလေး တွေသီ… ရေစို၀တ် လေးနဲ့ အုပ်ထား။ တဘက်ကလေး ပွဲမှာခြုံဖို့..တဘက်ကလည်း ကောင်းကောင်း မရှိတော့ အဟောင်းကို ပဲ မဲနယ်ပြာနေ အောင်ဆိုးပြီး..လှမ်း.. ဒီတဘက်လေးခြုံ စံပယ်ပန်းလေးပန်ပြီးလိုက်ရမှာ..။ သနပ်ခါး ကလည်း တောသူများ ပီပီ ကျောက်ပြင်က တခြမ်းပဲ့နေတယ်။ နတ်သမီးကျွန်းထဲမှာ ပိုးလောက်လန်း က လေးငါးဆယ်ကောင်နဲ့။ သနပ်ခါး ကလည်း အပွေးမရှိ၊ ဂျစ်ဂျစ် ဂျစ်ဂျစ်နဲ့သွေး. ထွက်လာတာလေး ပါးလိမ်း.. မှန်ကလည်း ပြဒါးမပါ.. ရေအိုးလေး ကောက်ပြီး လှည်းလည်းလှမ်းကြည့်၊ ဒါလေးကိုအေးကျော်က သီချင်းကို ၀တ္ထုလေးဖြစ်အောင် ရေးတယ်။

 

သီချင်းဂီတကဗျာကို ခံစားတာ မတ်တပ်၊ ဖတ်ကာ မတ်တပ်၊ ခံစားတာမတ်တပ်မဟုတ်ပဲနဲ့ နက်နက်ဘယ်လို စပ်ခဲ့ သီခဲ့ ဖွဲ့ခဲ့ကြသလဲ အနုပညာ ကို ဘယ်လိုပေါင်းစပ်ဖော်ကျူးကြသလဲဆိုတဲ့ စိတ်ခံစားမှုမျိုးကိုပါ ကျွန်တော်တို့ သားသမီးတွေကို ကျွန်တော်တို့ သင်ပေးရ လိမ့်မယ်။ ကျွန်တော်တို့မှာ အလုပ်တွေ အများကြီးရှိပါသေးတယ်။

 

-------- -----------


( ဆရာမ နုနုရည် ) 


ကျွန်မ ပုပ္ပါးကို စရောက်ဖူးတဲ့ အချိန်ကစပြီး၊ ရောက်တဲ့ အခါတိုင်း အခါတိုင်းလဲ စိတ်ထဲမှာ ခံစားထိခိုက် ကြေကွဲနေတတ်တယ်။ ပုပ္ပါး တောင်ကြီးက စိမ်းညို့ပြာမှိုင်း.... လို့.....။ စကားစိမ်း စကားဝါ ပန်းရနံ့တွေကလဲ တတောလုံး၊ တတောင်လုံး ကြိုင်လို့ လှိုင်လို့။ ပုဂံပြည့်ရှင် နော်ရထာအတွက် ပုပ္ပါးက ကွမ်းကို ဆက်ဖို့၊ ပန်းကို ဆက်ဖို့ လာခဲ့ရတဲ့ ကိုဗျတ္တနဲ့ ပုပ္ပါးသူလေး မယ်၀ဏ္ဏတို့ရဲ့ မေတ္တာပန်းရနံ့ဟာလည်း ဟောဒီတတောလုံး တတောင်လုံးမှာ သင်းပျံ့လို့ နေပေလိမ့်မယ်လို့....။

 

ဒီနေရာလေးမှာများ ပုဂံက ချစ်သူအလာကို မယ်၀ဏ္ဏခမျာ မျှော်ရှာလေသလား၊ ဟောဟို .. စကားဝါပင်ကြီး အောက်မှာများ ချစ်သူနှစ်ဦး စကားလက်ဆုံ ပြောမကုန် ဖြစ်ခဲ့ကြသလေလားလို့လည်း ကျွန်မ လျှောက်တွေး တတ် တယ်။ အဲဒီလိုအချိန်များမှာ ပုပ္ပါးနဲ့ ပတ်သက်တဲ့ သီချင်းတွေထဲမှာ ကျွန်မ အကြိုက်ဆုံး လွမ်းစရာ အကောင်းဆုံးသီချင်း။ ကန်မြဲကိုအေးကျော်ရေးပြီး ရေဒီယိုအဆိုကျော် ကိုမြသောင်းဆိုတဲ့ တောင်တော်ပုပ္ပါး သီချင်းကိုများ သတိရမိလိုက်ရင် ဒါမှမဟုတ် ပုပ္ပါးတောင်ထိပ်ကနေ လော်စပီကာနဲ့ ဖွင့်လိုက်ရင် ကြက်သီး မွှေညင်း ထပြီး မျက်ရည်ဝဲအောင် လွမ်းရတယ်။ ကိုအေးကျော်ရဲ့ သီချင်းကလေ ဘယ်လောက်များ စကားလုံး တွေ လှလိုက်သလဲ ဆိုရင်....။

 

"xx နဂါးလိမ် ကျော်ဆစ်ကxx စကားဝါတောင်တော်ပန်း လှမ်းဆွတ်ပါ့မေရယ်xx ပန်းခက်က ဝေတယ်xx ဘယ်သူပြိုင်လို့ လှပါတော့နိုင်xx" တဲ့.....။

 

ခဲတံအတိုလေးတတို၊ ဗလာစာအုပ် အစုတ်လေးတအုပ်၊ ဖယောင်းတိုင်တို၊ မီးချစ်ဗူးလေး တဗူးထည့်ထားတဲ့ လွယ်အိတ်နွမ်းလေးလွယ်ပြီး ကန်မြဲရွာကနေ မြင်းခြံကို ဆေးရွက်ကြီးအထမ်းကြီး ထမ်းရောင်းရရှာတဲ့ သူတဦးရဲ့ ရုပ်ပုံလွှာဟာ 'ဘယ်သူပြိုင်လို့ လှပါတော့နိုင်' လို စကားလုံးမျိုးရဲ့ ဖန်တီးရှင် တေးရေးဆရာရဲ့ ရုပ်ပုံလွှာ တဲ့ လား .....။

 

ကန်မြဲရွာသား နိုင်ငံကျော်ကဗျာဆရာကြီး ဦးတင်မိုးက ပြောပြ ခဲ့ဖူးလို့။ 'တောင်တော်ပုပ္ပါး' လို၊ 'ပန်းရည် ဘဏ်တိုက်' လို သီချင်းမျိုးရဲ့ ဖန်တီးရှင် တေးရေးဆရာရဲ့ ဘ၀ ရုပ်ပုံလွှာကို ကျွန်မ သိခဲ့ရဖူးတယ်။

 

ပုပ္ပါးရောက်တိုင်း ဒီသီချင်းကို ဆိုမိမြဲ...။ ဒီသီချင်းကြောင့်လဲ ပုပ္ပါးကို ပိုပြီး ခံစားတတ်စေခဲ့တာပေါ့။

 

( ဆရာမ နုနုရည် ရဲ့ ကျေးဇူးတင်ဖူး....တင်တတ်နိုင်ပါစေ )


တောင်တော်ပုပ္ပါးကို ဓါတ်ပြားသွင်းတော့ “ရင်သပ်ရှုမောလောက်ဖွယ် ထူးမဆန်းသော စိမ့်စမ်းသွယ် ရစ်လည်ဗွေဆိုင်” ဆိုတဲ့ စာသားက ဆရာလင်းခေးလုလင်ပြင်လိုက်တာလို့ ဆရာမ နုနုရည်က ပြောပါတယ်။ 

ကန်မြဲကိုအေးကျော်ရဲ့ မူရင်းစာသားက “လူသား ကိုဗျတ္တနဲ့ ဘီလူးပန်းစား မယ်၀ဏတို့ မေတ္တာသွယ်ပြိုင်” တဲ့။ 


ပြီးတော့ ရွှေမိုးတွေ ညို့လိုညို့ရင် အပိုဒ်မှာလဲ မူရင်းက ပုပါးမှာ မိုးညို ညိုရင၊်ချောင်းသွင်သွင် ဆင်း၊ ဧရာမြစ်မင်းသို့တိုင်၊ ဦးတင့်တယ် တူသံဟိန်း၊ မိုးနတ်မောင်ချိမ်းပါလို့ တူယှဉ်ကာပြိုင်” ပါ လို့ ဆရာမ နုနုရည်က ရှင်းလင်းထားတာလည်းတွေ့ရပါတယ်။


ပန်းရည်ဘဏ်တိုက်သီချင်းနားဆင်ရန်( Link )

*********************************





ဆို - နီနီဝင်းရွှေ


 တောင်တော်ပုပ္ပါး သီချင်းနားဆင်ရန်( Link )

********************************





တေးရေးသူက ကန်မြဲ ကိုအေးကျော် ( တောင်သာ )

တေးဆိုသူက သံဖြူ ဘ သောင်း ( မြင်းခြံ )

တီးဝိုင်းက မြင်းခြံ မြို့မတီးဝိုင်း နဲ့ တစ်ချိန်က

ရေဒီယို နဲ့ဓာတ်ပြားရ " တောင်တော်ပုပ္ပါး " သီချင်း

ရဲ့အမည်အမှန်က " ဘယ်သူပြိုင်လို့ လှပါတော့နိုင် "


မူရင်းပိုင်ရှင်များအားလုံးအား ( credit ) ပေးပါတယ်ခင်ဗျာ။

#Thura_Htayaung

9 - 6 - 2018

source - ကိုဖူး

Credit.. maung maung nyo( မောင်သစ်ဆင်း)

#ကန်မြဲချစ်မင်းဝေပြန်လည်မျှဝေသည်။။

Wednesday, June 28, 2023

မွေးကင်းစကလေး ကျန်းမာရေး




 (၁) သနပ်ခါးလိမ်းခြင်း


ဘာကိုရည်ရွယ်ပြီး လိမ်းနေကျလည်း မသိပေမယ့် ကလေးအသားရည်အတွက် လုံးဝ မသင့်တော်ဖူး။ အရေပြားနုနုလေးတွေမှာ အဆင်မပြေတဲ့ သနပ်ခါးတွေ လိမ်းနေရုံနဲ့ ကလေးလည်း ထူးမလှလာသလို ဒီကအမှုန်တွေကြောင့် ရင်ကြပ်တာတွေ ချောင်းဆိုးတာတွေဖြစ်လာကျရော။ ပြီးရင် ချောင်းဆိုးပါတယ် ရင်ကြပ်ပါတယ်ဆိုပြီး ဆေးတွေလျောက်လိမ်းလျောက်လုပ်နဲ့ မုန့်လုံးစက္ကူကပ်နေကျတာပါ။ စိတ်ချပါ သနပ်ခါးလိမ်းလို့ အသားမဖြူပါဖူး။ ကိုယ့်ပဲ ကြည့်မွေးကတည်း လိမ်းလာတယ် ၁၀ တန်းအထိ ခု အသက်သာ ၃၃ ပြည့်တော့မယ် မဲတုန်းပဲ။


(၂) ရေတိုက်တာ။ 


ကိုယ်တိုင်လည်း ရေတိုက်ခံလာရတာပဲ။ ဘာဖြစ်လည်းဆို ဘာမှမဖြစ်ဖူး။ တကယ်လည်း ဘာမှမဖြစ်ဖူး အမှန်ပဲကို။ ဒါပေမယ့် ဖြစ်သွားတဲ့လူတွေရှိတယ်။ ပြသနာတွေရှိကိုရှိလို့ နောင်ပိုင်း ၆ လထိ နို့တမျိုးတည်းတိုက်ရမယ်မှာလာတာ။ ရပ်ကွက်ထဲကလို နင်တို့တုန်းကလည်း ဒီလိုပဲနဲ့ မဟုတ်ဖူး။ အဆင့်ဆင့် လူပေါင်းများစွာကို နှစ်ပေါင်းများစွာ စမ်းသပ်တယ် စစ်ဆေးတယ် လေ့လာပြီးမှ ဒီအဖြေတွေရလာတာ။ ကိုယ့်ကလေးမှ မဖြစ်ပဲ စိတ်ချတိုက်လို့ရတယ်ဆိုပြီး သူများကလေးဖြစ်နေရင် ကိုယ့်ပယောဂ မကင်းတာကို လက်ခံရမယ်။


(၃) မြန်မာဆေးတွေ 


သက်သေပြထားတာရှိရင် အဆင်ပြေရာသုံးပါ။ ဒါပေမယ့် ခေါင်းစ ခြေအဆုံး ဆေးတမျိုးတည်းနဲ့ပျောက်ရင် လိမ်တာပဲ။ မေမေတွေပြောရင် မေမေတွေလိမ်တယ်။ ရောင်းတဲ့လူပြောရင် ရောင်းတဲ့လူလိမ်တယ်။ ကျွန်တော်ပြော ကျွန်တော်လိမ်တယ်ပဲ။ ဒီလောက်ခေါင်းစခြေဆုံးပျောက်တဲ့ ဆေးကိုသိနေပြီး ကမ္ဘာမှာမြန်မာက ဘာလို့ ကျန်းမာရေး ဘိတ်ချေးဖြစ်နေလည်း။ ဒီလောက်ကောင်းပါတယ်ဆိုတဲ့ ဆေးတွေနဲ့ ၅ နှစ်အောက်ကလေးသေဆုံးမှုတွေက အများဆုံးဖြစ်နေရတာလည်း။ မေးခွန်းတွေက အများကြီးပါ။ ကိုယ်တွေတောင် ဆေးတခုပေးတော့မယ်ဆို မပေးခင် တွက်လိုက်ရတာ ပေးသင့် မသင့်စဉ်းစားရလိုက်တာ။ ဗမာဆေးအများစုက နဖူးက ခြေမထိရောဂါ အကုန်ပျောက်နေတာ မဟုတ်သေးပါဖူး။


(၄) ခြေဆန့်၊ နှာရိုးဆွဲ၊ နဖူးဖိတာတွေ


ဘယ်အရာမှ ပြင်လို့မရဖူး။ အရိုးပြင်မယ်ဆို ချိုးမှရမယ်။ အပြင်ကောငိးပြီး ကျိူးလာတာလည်း တပုံကြီး။ ကိုယ့်လည်း နဖူးတွေဖိကျတာပဲ။ ခုကောရလား မရဖူး မို့မောက်နေရော (တွေ့ဖူးတဲ့ လူတွေသိတယ်)။ 


(၅) ခေါင်းရိတ်တာ


ဘယ်ကစလိုက်တဲ့ ဂျင်းလည်းတော့မသိ ဆံပင်သန်တယ်ဆိုကြီး ကတုံးတုံးလိုက်ရတာ။ ၃ နှစ်လောက်ထိ အပြောင်ပဲ။ ကြီးလာတော့ ဆံပင်သန်လား။ ဝေးစွ နဖူးမှာ လေဆိပ်ဆောက်လို့ရတယ်။ ဒါတွေအကုန်က မျိုးရိုးအရပဲသွားမှာ။ ဘာမှပြင်လို့မရပါဖူး။


(၆) အစားရှောင်ခိုင်းတာ


သေအောင်ပြောယူရတဲ့ ကိစ္စပဲ။ စားကျပါ စားကျပါ ဘယ်လောက်ပြောပြော နောက်နေ့ဘာစားလည်း မေးကြည့် ၁၀ ယောက်မှာ ၈ ယောက်က ဟင်းခါးနဲ့ ငါးကြော်ဆိုတာကြီးပဲ။ ဒါတောင် တခြားလူတွေမဟုတ်ဖူးနော် ကိုယ်နဲ့လာမွေးတဲ့ မေမေတွေ။ စားပါ အကုန်စားပါ မေမေတွေရှောင်လို့ မေမေတွေဘာမှမဖြစ်ပါဖူး။ မေမေတွေနို့က အာဟာရမရပဲ ကလေးကဖြစ်တာပါ။ မေမေတွေခံနိုင်ပေမယ့် ကလေးတွေမခံနိုင်ပဲ beri beri တွေနဲ့ သေကျပါတယ်။ အဲ့ကျတော့လည်း သူငယ်နာတဲ့။ တကယ်ပဲ စန်းကြယ်တဲ့ မီယန်မာနိုင်ငံ နို့တိုက်ရမယ့် မေမေတွေကျ အငတ်ထားပြီး နို့ပဲသောက်ရမယ့် ကလေးတွေကျ အတင်းအစာကျွေးတဲ့နိုင်ငံ 🥴🥴


အဲ့တော့ ဘာမှလုပ်ဖို့ မလိုတာတွေကို မလုပ်ခိုင်းကျပါနဲ့။ လုပ်ပြီးမှ ကလေးတခုခုမှ ဆရာဝန်တွေဆီလာတော့ ဆရာဝန်တွေလည်း မကြိုက်တော့ဆဲရော။ အဲ့ကျ အပေါက်ဆိုးတယ်ဖြစ်ကျရော။ ကျန်းမာရေး အဆင့်ကနောက်ဆုံးရောက်နေပြီ ဆရာဝန်တွေလည်း ကြိုးစာရမှာဖြစ်သလို မေမေတွေလည်း အရာအာလုံးကို လက်ခံပြောင်းလဲဖို့လိုတယ်။ မဆုပ်ကိုင်ထားသင့်တာကို ဆက်ကိုင်နေရင်တော့ ဘာမှမထူးပါဖူး။


ရေးသားမျှဝေသူ _ ဒေါက်တာ ထူး (မိခင်နှင့် ကလေး)

Monday, June 26, 2023

ပဋိစ္စသမုပ္ပါဒ်စက်ဝိုင်းရှင်းတမ်း

 ပဋိစ္စသမုပ္ပါဒ်စက်ဝိုင်းရှင်းတမ်း

=======================




၁။ မူလနှစ်ဖြာ

(၁) အဝိဇ္ဇာ - သစ္စာမသိမှု

(၂) တဏှာ - လိုချင် နှစ်သက်မှု


၂။ သစ္စာနှစ်ခု

(၁) သမုဒယသစ္စာ - စွဲလန်းကြောင်း အမှန်

(၂) ဒုက္ခသစ္စာ - စက်ဆုတ်စရာ၊ အသုံးမကျကြောင်း အမှန်


၃။ လေးခုအလွှာ

(၁) အတိတ်အကြောင်း - ယခင်က ပြုခဲ့သော ကံ

(၂) ပစ္စုပ္ပန်အကျိုး - ယခု ရရှိနေသော ဘဝ

(၃) ပစ္စုပ္ပန်အကြောင်း - ယခု အသစ်ထပ်မံပြုလုပ်သောကံ

(၄) အနာဂတ်အကျိုး - နောင်တစ်ချိန်တွင်ရရှိမည့် ဘဝ


၄။ အင်္ဂါတစ်ဆယ့်နှစ်ပါး

(၁) အဝိဇ္ဇာ  - သစ္စာမသိမှု

(၂) သင်္ခါရ - ပြုလုပ်ခြင်း (ကာယသင်္ခါယ၊ ဝဇီသင်္ခါယ၊ စိတ္တသင်္ခါယ) (အတိတ်ကံ)

(၃) ဝိဥာဏ် - မြင်စိတ်၊ ကြားစိတ်၊ စသော ခြောက်ပါးသော ဒွါရတွင်ပေါ်သော်စိတ်များ 

  (တစ်နည်း) ပဋိသန္ဓေ စိတ်။

(၄) နာမ်ရုပ် - နာမ်- ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိဥာဏ်စသောနာမ်(ဓါတ်-၈ပါး/ နဝကလာပ်-၉ပါး)၊ 

  (နာမ်တရားဆိုတာ စေတသိတ်တွေ (ဝိဥာဏ်နဲ့ တွဲဖြစ်တယ်)

  ရုပ်- ပထဝီ၊ တေဇော စသော (ရုပ်ဓါတ်-၈ပါး)(ရုပ်တရားဆိုတာ နာမ်တရားတွေ မှီတွယ်ဖို့)

(၅) သဠာယတန - မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ မနော စသော ဒွါရ ခြောက်ပါး။

(၆) ဖဿ - မျက်စိနှင့် အဆင်းထိတွေ့ခြင်း၊ နားနှင့်အသံ ထိတွေ့ခြင်း၊ စသော 

  အာရုံ(၆)ပါးနှင့် ဒွါရ (၆)ပေါက် ထိတိုက်မိခြင်း။

(၇) ဝေဒနာ - မျက်စိ၊ နား၊ စသော ဒွါရတို့တွင်ဖဿကြောင့် ဖြစ်ပေါ်သော သုခ၊ ဒုက္ခ၊ ဥပက္ခာ၊ 

  သောမနဿ၊     ဒေါမနဿ      စသော ခံစားချက်များ။

(၈) တဏှာ - လိုချင် နှစ်သက်မှု

(၉) ဥပါဒါန် - စွဲလန်းမှု (ကြွက်ကလေးကို ကြောင်က မလွတ်တမ်း ကိုက်ထားတဲ့သဘော)

(၁၀) ကမ္ပဘဝ - စေတသိတ်တို့၏ တိုက်တွန်းမှုကြောင့် ပြုလုပ် အားထုတ်ခြင်း

(၁၁) ဇာတိ(ဥပ္ပတ္တိဘဝ) - ယခုပြုသော ကုသိုလ်၊ အကုသိုလ်ကြောင့် နောင်တွင်ရမည့် ဘဝအစ။ 

(ဥပ္ပတ္တိဘဝ သည် ဘွားကနဲပေါ်သော နတ်၊ ငရဲ စသော ဇာတိကို ဆိုလိုသည်။ (တစ်နည်း)   

 ကုသိုလ်ကံ၊ အကုသိုလ်ကံကြောင့် ကွဲပြားရသော ဘဝများ )

(၁၂) ဇရာ၊ မရဏ - အိုမင်းလာခြင်း။ သေဆုံးခြင်း။


၅။ သုံးပါးအစပ်

(၁) သင်္ခါရ နှင့် ဝိညာဏ်  - အတိတ်ကပြုခဲ့သော ကံသင်္ခါရကြောင့် ယခုရရှိထားသော ဝိဥာဏ် ဖြစ်ရသည်။

(၂) ဝေဒနာ နှင့် တဏှာ  - ယခုရရှိထားသော ဝေဒနာအပေါ်၌ နှစ်သက်စွဲလန်းမှု ဖြစ်ရသည်။

(၃) ကမ္မဘဝ နှင့် ဇာတိ - ယခုပြုလုပ်သော ကံကြောင့် နောင်အခါ ရရှိမည့် ဘဝ၏အစ။


၆။ ဝဋ် သုံးဝနှင့်

(၁) ကမ္မဝဋ်(၂)ပါး - အကြောင်းပြုလုပ်ခြင်းကြောင့် သံသရာ၌ လှည့်ပတ်ရခြင်း။

(က) သင်္ခါရ - အတိတ်ကပြုလုပ် ခဲ့သော ကုသိုလ်၊ အကုသိုလ်။

(ခ) ကမ္မဘဝ  - ယခုကြုံတွေ့ရသော လောကဓံများအပေါ်တွင် ပြန်လည်တုံ့ပြန်သော ကုသိုလ်၊ အကုသိုလ်။

(၂) ဝိပါကဝဋ် (၈)ပါး - အကျိုးရရှိခံစား ရင်း သံသရာ၌လှည့်ပတ်ခြင်း။

(က) ဝိညာဏ်  - အတိတ်ကံကြောင့်အာရုံဒွါရ တိုက်ခြင်းမှ ရရှိသော မြင်စိတ်၊ ကြားစိတ်၊ စသော 

  ခြောက်ပါးသော ဒွါရတွင်ပေါ်သော်စိတ်များ (တစ်နည်း) ပရိသန္ဓေ စိတ်။

(ခ) နာမ်ရုပ် - အတိတ်ကံကြောင့် ရရှိသော -

  နာမ်- ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိဥာဏ်စသော နာမ်(ဓါတ်-၈ပါး)၊ 

  ရုပ်- ပထဝီ၊ တေဇော စသော (ရုပ်ဓါတ်-၈ပါး+ နဝကလာပ်= ၉ပါး)

(ဂ) သဠာယတန  - အတိတ်ကံကြောင့် ရရှိသော မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ မနော စသော ဒွါရ ခြောက်ပါး။

(ဃ) ဖဿ  - အတိတ်ကံကြောင့် ရရှိသော မျက်စိနှင့်အဆင်းထိတွေ့ခြင်း၊ နားနှင့်အသံ ထိတွေ့ခြင်း၊စသော 

   အာရုံ(၆)ပါးနှင့် ဒွါရ (၆)ပေါက် ထိတိုက်မိခြင်း။

(င) ဝေဒနာ - မျက်စိ၊ နား၊ စသော ဒွါရတို့တွင်ဖဿကြောင့် ဖြစ်ပေါ်သော သုခ၊ ဒုက္ခ၊ ဥပက္ခာ၊ 

   သောမနဿ၊     ဒေါမနဿ      စသော ခံစားချက်များ။

(စ) ဇာတိ - ယခုပြုသော ကုသိုလ်၊ အကုသိုလ်ကြောင့် နောင်တွင်ရမည့် ဘဝအစ။ 

(ဆ) ဥပ္ပတ္တိဘဝ - ဥပ္ပတ္တိဘဝ သည် ဘွားကနဲပေါ်သော နတ်၊ ငရဲ စသော ဇာတိကို ဆိုလိုသည်။

(ဇ) ဇရာ ၊ မရဏ - အိုမင်းလာခြင်း၊ သေဆုံးခြင်း။

(၃)ကိလေသဝဋ်(၃)ပါး

(စ) တဏှာ - နှစ်သက်မှု၊ လိုချင်မှု

(ဆ) ဥပါဒါန် - စွဲလန်းမှု

(ဇ) အဝိဇ္ဖာ - မသိမှု


၇။ ကာလ(၃)ဖြာ

(၁) လွန်လေပြီးသော အတိတ်ကာလ 

(၂) ယခုဖြစ်ဆဲ ပစ္စုပ္ပန်ကာလ

(၃) နောက်ဖြစ်လတ္တံ့သော အနာဂါတ်ကာလ


၈။ ခြင်းရာ နှစ်ဆယ်

အတိတ်အကြောင်းချင်းရာ(၅)ပါး

(က) အဝိဇၨာ 

(ခ) သခၤါရ 

(ဂ) တဏှာ 

(ဃ) ဥပါဒါန်

(င) ဘဝ

ပစ္စုပ္ပန်အကျိုးခြင်းရာ(၅)ပါး

(က) ဝိညာဏ် 

(ခ) နာမ်ရုပ်

(ဂ) သဠာယတန 

(ဃ) ဖႆ 

(င) ဝဒေနာ

ပစ္စုပ္ပန်အကြောင်းအခြင်းအရာ (၅)ပါး

(က) တဏှာ

(ခ) ဥပါဒါန် 

(ဂ)ကမ်မ်ပဘဝ

(ဃ) အဝိဇၨာ 

(င) သင်္ခါရ

အနာဂါတ်အကျိုးအခြင်းအရာ(၅)ပါး

(က) ဝိညာဏ် 

(ခ) နာမ်ရုပ်

(ဂ) သဠာယတန 

(ဃ) ဖႆ 

(င) ဝဒေနာ


အဝိဇ္ဇာနှင့် တဏှာ အရင်းခံ ဥပါဒါန် ကံကြောင့် ရုပ်နာမ်ပေါ် အပင်မှမျိုး ၊ မျိုးမှအပင်၊ 

အမျှင်မပြတ်၊ ဆက်စပ်သည့်ဟန်၊ ကံကြောင့်နာမ်ရုပ်ကြောင့် ကံ၊ အဖန်ဖန် ပြန်နည်း အလျှော်၊ ဗြဟ္မာ - သိကြား စသည်များက ထင်ရှားပြုပြင် ၊စီရင် ဖန်ဆင်း၊ အကြောင်းရင်းကြောင့် လူနတ် များစွာ ၊ သတ္တဝါတို့ ဖြစ်လာရမှု မဟုတ်ဟု ဥာဏ်ဖြင့် ရှု ၍မျှော်။


~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~


ဝိဘင်္ဂသုတ် 

________


မြတ်စွာဘုရားကိုယ်တော်တိုင် ဟောကြားတော်မူသော ပဋိစ္စသမုပ္ပါဒ် တရားတော်။


မြတ်စွာဘုရားသည် သာဝတ္ထိပြည်၌ (သီတင်းသုံး) နေတော်မူ၏။ပ။ ရဟန်းတို့ သင်တို့အား အကြောင်းကြောင့် ဖြစ်သော ‘ပဋိစ္စသမုပ္ပါဒ်’ တရားကို ခွဲခြားဝေဖန်၍ ဟောကြားအံ့၊ ထိုပဋိစ္စသမုပ္ပါဒ်တရားကို နာကုန်လော့၊ ကောင်းစွာ နှလုံးသွင်းကုန်လော့၊ ဟောကြားအံ့ဟု မိန့်တော်မူ၏။ ”ကောင်းပါပြီ အသျှင်ဘုရား”ဟူ၍ ထို ရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထားကြကုန်၏၊ မြတ်စွာဘုရားသည် ဤတရား စကားကို ဟောတော်မူ၏-


ရဟန်းတို့ ‘ပဋိစ္စသမုပ္ပါဒ်’ဟူသည် အဘယ်နည်း။ ရဟန်းတို့ မသိမှု ‘အဝိဇ္ဇာ’ အကြောင်းခံကြောင့် ပြုစီရင်မှု ‘သင်္ခါရ’တို့ ဖြစ်ရကုန်၏၊ ပြုစီရင်မှု ‘သင်္ခါရ’ အကြောင်းခံကြောင့် သိမှု ‘ဝိညာဏ်’ ဖြစ်ရ၏၊ သိမှု ‘ဝိညာဏ်’ အကြောင်းခံကြောင့် နာမ်ရုပ် ဖြစ်ရ၏၊ နာမ်ရုပ် အကြောင်းခံကြောင့် တည်ရာ ‘အာယတန’ ခြောက်ပါး ဖြစ်ရ၏၊ တည်ရာ ‘အာယတန’ခြောက်ပါး အကြောင်းခံကြောင့် တွေ့ထိမှု ‘ဖဿ’     ဖြစ်ရ၏၊ တွေ့ထိမှု ‘ဖဿ’     အကြောင်းခံကြောင့် ခံစားမှု ‘ဝေဒနာ’ ဖြစ်ရ၏၊ ခံစားမှု ‘ဝေဒနာ’ အကြောင်းခံကြောင့် တပ်မက်မှု ‘တဏှာ’ ဖြစ်ရ၏၊ တပ်မက်မှု ‘တဏှာ’ အကြောင်းခံကြောင့် ပြင်းစွာ စွဲလမ်းမှု ‘ဥပါဒါန်’ ဖြစ်ရ၏၊ ပြင်းစွာ စွဲလမ်းမှု ‘ဥပါဒါန်’ အကြောင်းခံကြောင့် ဘဝ ဖြစ်ရ၏၊ ဘဝ အကြောင်းခံကြောင့် ပဋိသန္ဓေနေမှု ‘ဇာတိ’ ဖြစ်ရ၏၊ ဇာတိ အကြောင်းခံကြောင့် အိုမှု ‘ဇရာ’၊ သေမှု ‘မရဏ’၊ စိုးရိမ်မှု ‘သောက’၊ ငိုကြွေးမှု ‘ပရိဒေဝ’၊ ဆင်းရဲမှု ‘ဒုက္ခ’၊ နှလုံးမသာမှု ‘ဒေါမနဿ’၊ ပြင်းစွာ ပင်ပန်းမှု ‘ဥပါယာသ’တို့ ဖြစ်ကြရကုန်၏၊ ဤသို့လျှင် အလုံးစုံသော ဆင်းရဲအစု ဖြစ်ပွား၏။


ရဟန်းတို့ အိုမှု ‘ဇရာ’ သေမှု ‘မရဏ’ဟူသည် အဘယ်နည်း။ ထိုထိုသတ္တဝါတို့၏ ထိုထိုဘုံဘဝ၌ အိုမင်းခြင်း အိုမင်းသည်၏အဖြစ် သွားကျိုးခြင်း ဆံဖြူခြင်း အရေတွန့်ခြင်း အသက်၏ ယုတ်လျော့ခြင်း ဣနြေ္ဒတို့၏ ရင့်ကျက်ခြင်းဟူသော ဤသဘောတရားကို အိုမှု ‘ဇရာ’ဟု ဆိုအပ်၏။ ထိုထိုသတ္တဝါတို့၏ ထိုထိုဘုံဘဝမှ ရွေ့လျောခြင်း ရွေ့လျောသည်၏အဖြစ် ပျက်ခြင်း ကွယ်ပျောက်ခြင်း အသက်ကို စွန့်ခြင့်းသေခြင်း ဘဝအဆုံးပြုခြင်း ခန္ဓာတို့၏ ပျက်စီးခြင်း ကိုယ်ကောင်ကို ပစ်ချရခြင်းဟူသော ဤသဘောတရား ကို သေမှု ‘မရဏ’ဟူ၍ ဆိုအပ်၏။ ရဟန်းတို့ ဤကား အိုမှု ‘ဇရာ’တည်း၊ ဤကား သေမှု ‘မရဏ’တည်း၊ ရဟန်းတို့ ဤသဘောတရားကို ”ဇရာမရဏ”ဟု ဆိုအပ်၏။


ရဟန်းတို့ ပဋိသန္ဓေနေမှု ‘ဇာတိ’ဟူသည် အဘယ်နည်း။ ထိုထိုသတ္တဝါတို့၏ ထိုထိုဘုံဘဝ၌ ဖြစ်ပေါ် လာခြင်း အပြည့်အစုံဖြစ်ပေါ်လာခြင်း အမိဝမ်းသို့ ဝင်ရောက်ခြင်း ထင်ရှားဖြစ်ပေါ်ခြင်း ခန္ဓာတို့၏ ထင်ရှား ဖြစ်ခြင်း တည်ရာအာယတနတို့ကို ရခြင်းဟူသော ဤသဘောတရားကို ”ဇာတိ”ဟု ဆိုအပ်၏။


ရဟန်းတို့ ဘဝဟူသည် အဘယ်နည်း။ ရဟန်းတို့ ဘဝတို့သည် ကာမဘဝ, ရူပဘဝ, အရူပဘဝ ဤသုံးပါးတို့တည်း။ ဤတရားသုံးပါးကို ”ဘဝ”ဟု ဆိုအပ်၏။


ရဟန်းတို့ ပြင်းစွာ စွဲလမ်းမှု ‘ဥပါဒါန်’ဟူသည် အဘယ်နည်း။ ရဟန်းတို့ ပြင်းစွာ စွဲလမ်းမှု ‘ဥပါဒါန်’တို့သည် ကာမတို့ကို ပြင်းစွာ စွဲလမ်းမှု ကာမုပါဒါန်၊ အယူကို ပြင်းစွာ စွဲလမ်းမှု ဒိဋ္ဌုပါဒါန်၊ အလေ့ အကျင့်ကို ပြင်းစွာ စွဲလမ်းမှု သီလဗ္ဗတုပါဒါန်၊ အတ္တကို ပြင်းစွာ စွဲလမ်းမှု အတ္တဝါဒုပါဒါန် ဤလေးပါးတို့တည်း။ ရဟန်းတို့ ဤတရားလေးပါးကို ပြင်းစွာ စွဲလမ်းမှု ”ဥပါဒါန်”ဟု ဆိုအပ်၏။


ရဟန်းတို့ တပ်မက်မှု ”တဏှာ”ဟူသည် အဘယ်နည်း။ ရဟန်းတို့ တဏှာအပေါင်းတို့သည် အဆင်းကို တပ်မက်မှု ရူပတဏှာ၊ အသံကို တပ်မက်မှု သဒ္ဒတဏှာ၊ အနံ့ကို တပ်မက်မှု ဂန္ဓတဏှာ၊ အရသာကို တပ်မက်မှု ရသတဏှာ၊ အတွေ့ကို တပ်မက်မှု ဖောဋ္ဌဗ္ဗတဏှာ၊ သဘောကို တပ်မက်မှု ဓမ္မတဏှာ ဤခြောက်ပါးတို့တည်း။ ရဟန်းတို့ ဤတရားခြောက်ပါးကို တပ်မက်မှု ”တဏှာ”ဟု ဆိုအပ်၏။


ရဟန်းတို့ ခံစားမှု ”ဝေဒနာ”ဟူသည် အဘယ်နည်း။ ရဟန်းတို့ ဝေဒနာအပေါင်းတို့သည် မျက်စိ အတွေ့ကြောင့်ဖြစ်သော ခံစားမှု စက္ခုသမ္ဖဿ      ဇာဝေဒနာ၊ နားအတွေ့ကြောင့်ဖြစ်သော ခံစားမှု သောတ သမ္ဖဿ      ဇာဝေဒနာ၊ နှာခေါင်းအတွေ့ကြောင့်ဖြစ်သော ခံစားမှု ဃာနသမ္ဖဿ      ဇာဝေဒနာ၊ လျှာအတွေ့ကြောင့် ဖြစ်သော ခံစားမှု ဇိဝှါသမ္ဖဿ      ဇာဝေဒနာ၊ ကိုယ်အတွေ့ကြောင့်ဖြစ်သော ခံစားမှု ကာယသမ္ဖဿ       ဇာဝေဒနာ၊ စိတ်အတွေ့ကြောင့်ဖြစ်သော ခံစားမှု မနောသမ္ဖဿ      ဇာဝေဒနာ ဤခြောက်ပါးတို့တည်း။ ရဟန်းတို့ ဤ တရားခြောက်ပါးကို ခံစားမှု ”ဝေဒနာ”ဟု ဆိုအပ်၏။


ရဟန်းတို့ တွေ့ထိမှု ‘ဖဿ’     ဟူသည် အဘယ်နည်း။ ရဟန်းတို့ ဖဿ      အပေါင်းတို့သည် မျက်စိဖြင့် တွေ့ထိမှု စက္ခုသမ္ဖဿ၊     နားဖြင့် တွေ့ထိမှု သောတသမ္ဖဿ၊     နှာခေါင်းဖြင့် တွေ့ထိမှု ဃာနသမ္ဖဿ၊ လျှာဖြင့် တွေ့ထိမှု ဇိဝှါသမ္ဖဿ၊ ကိုယ်ဖြင့် တွေ့ထိမှု ကာယသမ္ဖဿ၊     စိတ်ဖြင့် တွေ့ထိမှု မနောသမ္ဖဿ      ဤခြောက်ပါးတို့တည်း။ ရဟန်းတို့ ဤတရားခြောက်ပါးကို ထိတွေ့မှု ”ဖဿ”     ဟု ဆိုအပ်၏။


ရဟန်းတို့ တည်ရာ ‘အာယတန’ ခြောက်ပါး (သဠာယတန) ဟူသည် အဘယ်နည်း။ မျက်စိ ဟူသော တည်ရာ စက္ခာယတန၊ နားဟူသော တည်ရာ သောတာယတန၊ နှာခေါင်းဟူသော တည်ရာ ဃာနာယတန၊ လျှာဟူသော တည်ရာ ဇိဝှါယတန၊ ကိုယ်ဟူသော တည်ရာ ကာယာယတန၊ စိတ်ဟူသော တည်ရာ မနာယတန ဤခြောက်ပါးတို့တည်း။ ရဟန်းတို့ ဤတရားခြောက်ပါးကို တည်ရာ ”အာယတန” ခြောက်ပါးဟု ဆိုအပ်၏။


ရဟန်းတို့ နာမ်ရုပ်ဟူသည် အဘယ်နည်း။ ခံစားမှု ဝေဒနာ၊ မှတ်သားမှု သညာ၊ စေ့ဆော်မှု စေတနာ၊ တွေ့ထိမှု ဖဿ၊     နှလုံးသွင်းမှု မနသိကာရ ဤတရားကို နာမ်ဟု ဆိုအပ်၏။ မဟာဘုတ် လေးပါးတို့လည်းကောင်း၊ မဟာဘုတ်လေးပါးတို့ကို မှီ၍ ဖြစ်သော ရုပ်လည်းကောင်း ဤတရားကို ရုပ်ဟု ဆိုအပ်၏။ ရဟန်းတို့ ဤသည်ကား နာမ်တည်း၊ ဤသည်ကား ရုပ်တည်း၊ ဤသဘောတရားကို နာမ်ရုပ်ဟု ဆိုအပ်၏။


ရဟန်းတို့ သိမှု ‘ဝိညာဏ်’ဟူသည် အဘယ်နည်း။ ရဟန်းတို့ သိမှုဝိညာဏ်အပေါင်းတို့သည် မျက်စိကို မှီ၍ သိမှု စက္ခုဝိညာဏ်၊ နားကို မှီ၍ သိမှု သောတဝိညာဏ်၊ နှာခေါင်းကို မှီ၍ သိမှု ဃာန ဝိညာဏ်၊့လျှာကို မှီ၍ သိမှု ဇိဝှါဝိညာဏ်၊ ကိုယ်ကို မှီ၍ သိမှု ကာယဝိညာဏ်၊ စိတ်ကို မှီ၍ သိမှု မနော ဝိညာဏ် ဤခြောက်ပါးတို့တည်း။ ရဟန်းတို့ ဤတရားခြောက်ပါးကို သိမှု ”ဝိညာဏ်”ဟု ဆိုအပ်၏။


ရဟန်းတို့ ပြုစီရင်မှု ”သင်္ခါရ”တို့ဟူသည် အဘယ်တို့နည်း။ ရဟန်းတို့ သင်္ခါရတို့သည် ကိုယ်ဖြင့် ပြုစီရင်မှု ကာယသင်္ခါရ၊ နှုတ်ဖြင့် ပြုစီရင်မှု ဝစီသင်္ခါရ၊ စိတ်ဖြင့် ပြုစီရင်မှု စိတ္တသင်္ခါရ ဤသုံးပါးတို့ တည်း။ ရဟန်းတို့ ဤတရားသုံးပါးကို ပြုစီရင်မှု ”သခ င်္ါရ”တို့ဟု ဆိုအပ်ကုန်၏။


ရဟန်းတို့ မသိမှု ‘အဝိဇ္ဇာ’ဟူသည် အဘယ်နည်း။ ရဟန်းတို့ ဆင်းရဲ၌ မသိမှု၊ ဆင်းရဲဖြစ်ပေါ် ကြောင်း၌ မသိမှု၊ ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) ၌ မသိမှု၊ ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်၌ မသိမှုတည်း။ ရဟန်းတို့ ဤတရားကို မသိမှု ”အဝိဇ္ဇာ”ဟု ဆိုအပ်၏။


ရဟန်းတို့ ဤသို့လျှင် မသိမှု ‘အဝိဇ္ဇာ’ အကြောင်းခံကြောင့် ပြုစီရင်မှု ‘သင်္ခါရ’တို့ ဖြစ်ကြရကုန်၏၊ ပြုစီရင်မှု ‘သင်္ခါရ’ အကြောင်းခံကြောင့် သိမှု ‘ဝိညာဏ်’ ဖြစ်ရ၏။ပ။ ဤသို့လျှင် အလုံးစုံသော ဆင်းရဲအစု ဖြစ်ပွားရ၏။ မသိမှု ‘အဝိဇ္ဇာ’၏သာလျှင် (အရဟတ္တမဂ်ဖြင့်) အကြွင်းမဲ့ ချုပ်ခြင်းကြောင့် ပြုစီရင်မှု ‘သင်္ခါရ’တို့ ချုပ်ကုန်၏၊ ပြုစီရင်မှု ‘သင်္ခါရ’တို့ ချုပ်ခြင်းကြောင့် သိမှု ‘ဝိညာဏ်’ ချုပ်၏။ပ။ ဤသို့လျှင် အလုံးစုံ သော ဆင်းရဲအစု၏ ချုပ်ပျောက်ခြင်း ဖြစ်၏ဟု (ဟောတော်မူ၏)။


(သံယုတ္တနိကာယ်၊ နိဒါနဝဂ်)


___________________________________________________


ပဋိစ္စသမုပ္ပါဒ် လည်ပုံပြတ်ပုံ တရားကို အလွယ်တကူ နားလည်သဘောပေါက်ကြစေရန်။

☘☘☘☘☘☘☘☘☘☘☘☘☘


(လင်္ကာဆောင်ပုဒ် ၁ )


အဝိဇ္ဇာနှင့်   တဏှာရင်းခံ   ဥပါဒါန်ကံကြောင့်   ရုပ်နာမ်ပေါ် အပင်မှမျိုး၊ မျိုးမှအပင် အမျှင်မပြတ် ဆက်စပ်သည့်ဟန်၊ ကံကြောင့်နာမ်ရုပ်၊ နာမ်ရုပ်ကြောင့်ကံ၊အဖန်ဖန်၊  ဖြစ်ပြန်နည်းအလျော်၊ ဗြဟ္မာသိကြား  

စသည်များက  ထင်ရှားပြုပြင်၊ စီရင်ဖန်ဆင်းအကြောင်းရင်းကြောင့် လူနတ်များစွာ၊ သတ္တဝါတို့ ဖြစ်လာရမှု၊ မဟုတ်ဟု  ဉာဏ်ဖြင့် ရှု၍မျှော်။


လူနတ်ဗြဟ္မာ၊ သတ္တဝါများသည် မသိမှု အဝိဇ္ဇာ အကြောင်းခံကြပြီးလျှင် 

လိုချင်မှု တဏှာစွဲလမ်းမှု ဥပါဒါန်၊ ပြုလုပ်အားထုတ်မှုကံ ဆိုတဲ့ အကြောင်း

အရာ ငါးပါးကို ကြိုးစားမိခဲ့ကြသောကြောင့် ရုပ်နာမ်နှစ်ပါး ဖြစ်ပေါ်ရရှိ

ကြရပါသည်။

             ဥပမာအားဖြင့်  ပြောရပါလျှင်  အပင်အမျိုးမျိုးမှ မျိုးစေ့  အသွယ်သွယ်   ကျရောက်ပေါက်ပွားကြသောအခါ၊  ၄င်းမျိုးစေ့ အသွယ်သွယ်မှ အပင်အမျိုးမျိုး

ကို   တစ်ဖန်ပေါက်ရောက်စေကြပြန်သဖြင့်  အပင်နှင့်မျိုး၊  မျိုးနှင့်အပင်များဟာ အမျှင်မပြတ်၊  တရစပ်   ဆက်ခါဆက်ခါပေါက်ရောက်စည်ကား ကြီးပွားနေကြ

သလို.......

           ထို့အတူသာလျှင်  ကံဆိုသော  အကြောင်းတရားကြောင့်  နာမ်ရုပ်တွေ  ဖြစ်လိုက်ကြနာမ်ရုပ်ပေါ်မှာ   ဖြစ်ပျက်မမြင်သောကြောင့်  ကံဆိုသော  အကြောင်းတရားတွေ   ပြန်ကြိုးစားလိုက်ကြနှင့်  သုံးဆယ့်တစ်ဘုံဆိုသော  သံသရာကြီးထဲမှာ ကံနှင့်နာမ်ရုပ်တွေဟာ  အမျှင်မပြတ်ဆက်ခါဆက်ခါဖြစ်ပွားလျက် နေကြပါသည်။


          လူနတ်ဗြဟ္မာ သတ္တဝါတွေ သုံးဆယ့်တစ်ဘုံမှာ ဖြစ်ကြရတာဟာ သိကြားဗြဟ္မာ၊ ထာ၀ရဘုရား စသည်များက ဖန်ဆင်းလို့ ဖြစ်ကြရတာ မဟုတ်ပါဘူး၊ အကြောင်းကမ္မ တရားတွေကြောင့်အကျိုးဝိပါက 

တရားတွေ ဖြစ်ပေါ်လာရတာပါပဲဟု ဉာဏ်ဖြင့် သိရမည် ဆိုလိုပါသည်။ ။


(လင်္ကာဆောင်ပုဒ် ၂ )


မူလနှစ်ဖြာ၊ သစ္စာနှစ်ခု၊ လေးခုအလွှာ၊ အင်္ဂါတစ်ဆယ့်နှစ်ပါး၊တရားကိုယ်

များနှင့်  သုံးပါးအစပ်၊  နှစ်ရပ်မူလ၊  ၀ဋ်သုံး၀နှင့်၊  ကာလသုံးဖြာ၊  ခြင်းရာ

နှစ်ဆယ်၊ဤရှစ်သွယ်ကို၊  အလွယ်ကျက်မှတ်၊  သိစေအပ်သည်၊  

သံသရာမှလွတ်ကြောင်းတည်း။


၁။ မူလနှစ်ဖြာ            == အဝိဇ္ဇာ၊ တဏှာ။

၂။ သစ္စာနှစ်ခု             ==သမုဒယသစ္စာ၊ ဒုက္ခသစ္စာ။

၃။ လေးခုအလွှာ          ==အတိတ်အကြောင်းတစ်လွှာ၊  ပစ္စုပ္ပန်အကျိုးတစ်လွှာ။

                                  ပစ္စုပ္ပန်အကြောင်းတစ်လွှာ၊  အနာဂတ်အကျိုးတစ်လွှာ။

၄။ အင်္ဂါတစ်ဆယ့်နှစ်ပါး ==အဝိဇ္ဇာ၊  သင်္ခါရ၊  ဝိညာဏ်၊  နာမ်ရုပ်၊  သဠာယတန၊  ဖဿ     ၊ ဝေဒနာ၊  တဏှာ၊  ဥပါဒါန်၊  ဘ၀၊  ဇာတိ၊  ဇရာမရဏ။

၅။ သုံးပါးအစပ်           ==သင်္ခါရနှင့် ဝိညာဏ်တစ်စပ်၊ 

                                 (အတိတ်အကြောင်းနှင့် ပစ္စုပ္ပန်အကျိုးတစ်စပ်)


 ဝေဒနာနှင့် တဏှာတစ်စပ်၊    

(ပစ္စုပ္ပန်အကျိုးနှင့်ပစ္စုပ္ပန်အကြောင်း၊   သို့မဟုတ် အနာဂတ်ဖြစ်ကြောင်းတစ်စပ်)

                                 

ကမ္မဘ၀နှင့် ဇာတိတစ်စပ်၊    

(ပစ္စုပ္ပန်အကြောင်းသို့မဟုတ်အနာဂတ် ဖြစ်ကြောင်းနှင့်အနာဂတ်အကျိုးတစ်စပ်) 

၆။ ၀ဋ်သုံး၀နှင့်             ==ကိလေသာ၀ဋ်သုံးပါး  (အဝိဇ္ဇာ၊ တဏှာ၊ ဥပါဒါန်)

                                   ကမ္မ၀ဋ်နှစ်ပါး  (သင်္ခါရ၊ ကမ္မဘ၀)

                                   ဝိပါက၀ဋ်ရှစ်ပါး(ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ 

                                   ဝဒေနာ၊ ဇာတိ၊ ဇရာ မရဏ၊ ဥပပတ်တိဘ၀)

ရ။ကာလသုံးဖြာ            ==လွန်လေပြီးသော အတိတ်ကာလ၊

                                   ယခုဖြစ်ဆဲ ပစ္စုပ္ပန်ကာလ၊

                                   နောင်ဖြစ်လတ္တံ့သော အနာဂတ်ကာလ။

၈။ ခြင်းရာနှစ်ဆယ်        ==အတိတ် အကြောင်းအခြင်းအရာ ငါးပါး၊

                                   (အဝိဇ္ဇာ၊ သင်္ခါရ၊ တဏှာ၊ ဥပါဒါန်၊ ဘ၀)

                                   ပစ္စုပ္ပန် အကျိုး အခြင်းအရာငါးပါး၊

                                   (ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊     ဝေဒနာ)

                                    ပစ္စုပ္ပန်အကြောင်း အခြင်းအရာငါးပါး၊

                                    (တဏှာ၊ဥပါဒါန်၊ ဘ၀၊ အဝိဇ္ဇာ၊ သင်္ခါရ)

                                    အနာဂတ်အကျိုး အခြင်းအရာငါးပါး၊

                                    (ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ)

    ဤရှစ်သွယ်              ==အမှတ်စဉ်(၁)မှ အမှတ်စဉ်(၈)ထိ။

.

{ကျေးဇူးတော်ရှင်မိုးကုတ်ဆရာတော်ဘုရားကြီး၏ ပဋိစ္စသမုပ္ပါဒ် စက်ဝိုင်းဒေသနာ လည်ပုံပြတ်ပုံနှင့်  ဇနိတာရာမကျောင်းတိုက်ဆရာတော်၏ ပဋိစ္စသမုပ္ပါဒ် စက်ဝိုင်းဒေသနာ အမေးနှင့်အဖြေတို့မှ ကောက်နုတ်ရေးသားပူဇော်ပါသည်၊}



Credit original uploader🌷🙏

Friday, June 23, 2023

Bagan အကြောင်း

 


ပုဂံ 🙏

ပုဂံ  (ခေါ်) တမ္ပဒီပ သည် မြန်မာနိုင်ငံ၏ ပထမဆုံးဧကရာဇ်နိုင်ငံ တည်ထောင်ရာ မြို့တော်ဟူ၍ မြန်မာတို့အတွက် အမျိုးသားရေး လက္ခဏာတစ်ရပ်အနေဖြင့်လည်းကောင်း၊ များပြားလှသည့် ရှေးဟောင်းလက်ရာ စေတီပုထိုးများကြောင့်လည်း‌ေကာင်း၊ ကမ္ဘာလှည့်ခရီးသည်တို့ကို ဆွဲဆောင်ရာနေရာအဖြစ်လည်းကောင်း ကမ္ဘာကျော်သည့် နေရာတစ်နေရာ ဖြစ်သည်။ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၆ ရက်နေ့တွင် ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသတစ်ခုလုံးကို ယူနက်စကို ကမ္ဘာ့အမွေအနှစ်နေရာအဖြစ် သတ်မှတ်ခဲ့သည်။

🟡 ဝေါဟာရရင်းမြစ်

များသောအားဖြင့် ပျူဂါမမှ ပုဂါမ၊ ပုဂါမ်မှ ပုဂံဖြစ်လာခဲ့သည်ဟု ဖော်ပြလေ့ရှိကြသည်။ ဤကဲ့သို့ ဖော်ပြခြင်းမှာ မှန်နန်းရာဇဝင်ကြီး စသည်များတွင် သရေခေတ္တရာပြည် ပျက်ပြီးနောက် သရေခေတ္တရာမှ ပျူအစုတို့သည် တောင်ညိုအရပ်၊ ၎င်းနောက် ပန်းတောင်းသက်သာအရပ်၊ ထိုမှ မင်းတုန်းအရပ်၊ တဖန် ယုန်လွှတ်ကျွန်းအရပ်သို့ အဆင့်ဆင့် အဆင့်ဆင့် ပြောင်းရွှေ့လာခဲ့ကြပြီးနောက် ထိုယုန်လွှတ်ကျွန်းအရပ် ရွာပေါင်း တစ်ဆယ့်ကိုး ရွာသားတို့နှင့် သမုဒ္ဒရာဇ်မင်းသည် အရိမဒ္ဒနာမည်သော ပုဂံပြည်ကို တည်လေသည်ဟု ပါရှိခြင်းများကို အထောက်အထားပြု၍ ဖော်ပြကြခြင်းပင် ဖြစ်ဟန်ရှိလေသည်။ တုရင်တောင်အရှေ့ ယုန်လွှတ်ကျွန်း ဒေသတွင် လာရောက်တည်ထောင်သော ပျူအမျိုးစုတို့နှင့် ရွာတစ်ဆယ့်ကိုးရွာဟူသော စကားပေါင်းစပ်၍ ပျူဂါမဟူသောအမည် ပေါ်ထွက်လာခြင်း ဖြစ်ပေသည်။

ရှေးပုဂံခေတ် ကျောက်စာများတွင် "'ပုကံ"'ဟူ၍ ရေးသားပြီး ပုဂံဟူသော အရေးအသားမှာ အလွန်နည်းပါးသည်။ ပုဂံခေတ်ကျောက်စာများတွင်သာမက ပင်းယ၊ အင်းဝ ကျောက်စာများတွင်လည်း ပုကံဟူသော အရေးအသားမှာ များပြားပါသည်။
ထီးလှိုင်ရှင် ကျန်စစ်သားမင်းကြီး (၄၄၆-၄၇၅) ရေးထိုးခဲ့သော မွန်ဘာသာ ကျောက်စာများတွင် ပုဂံအမည်ကို ပါဠိဘာသာတွင် "'ပေါကာမ"'ဟု လည်းကောင်း ၊ မွန်ဘာသာတွင် "'ပေါကာမ်"'ဟု လည်းကောင်း ပါရှိသည်။

🟡တည်နေရာ

မန္တလေးတိုင်းအတွင်းရှိ ညောင်ဦးမြို့နယ်အတွင်း ဧရာဝတီမြစ်၏ အရှေ့ဘက်ကမ်းတွင်တည်ရှိသည်။ မန္တလေးမြို့မှ အနောက်တောင်ဘက် မိုင် ၉ဝ အကွာတွင်တည်ရှိသည်။

🟡သမိုင်းကြောင်း

ပျူမြို့ပြနိုင်ငံများခေတ် ကုန်ဆုံးပြီးနောက် တကောင်းနယ်မှတစ်ဆင့် မြန်မာနိုင်ငံအလယ်ပိုင်းဒေသ အတွင်းသို့ အုပ်စုများဖွဲ့ကာ ဝင်ရောက်လာသည့် ဗမာလူမျိုးတို့သည် မူရင်းဌာနေလူမျိုးများဖြစ်သည့် ပျူ တို့ထံမှ စာပေ၊ လယ်ယာစိုက်ပျိုးခြင်း နှင့် ယဉ်ကျေးမှုများကို ဆက်ခံရယူကာ တဖြည်းဖြည်း အင်အားကောင်းသည့် အဆင့်သို့ရောက်လာသည်။ မူလအစက စစ်တိုက်ခိုက်ခြင်းဖြင့် ကျော်ကြားသော လူမျိုးသည် စည်းလုံးခြင်းဖြင့်သာ မိမိတို့၏အသက်အိုးအိမ်စည်းစိမ်များကို ကာကွယ်နိုင်မည်ဟုသော စစ်ရေးအမြင်ဖြင့် မြို့ရွာများကို စုစည်းတည်ထောင်လာကြသည်။ သို့ဖြင့် လမ်းခရီးနှင့်ဆက်သွယ်ရေး လွယ်ကူပြီး မိမိတို့ အခြေချရာ ရပ်ဝန်း၏ ဗဟိုတွင်ရှိသည့် ဒေသမှ ကျေးရွာများကို စုစည်းကာ ပုဂံမြို့အဖြစ် တည်ထောင်လိုက်ကြသည်။

ပုဂံသည် စတုတ္ထပုဂံ မင်းဆက်များ နန်းတည်သွားသော နေရာဖြစ်သည်။ ပျဉ်ပြားမင်း(၈၄၆-၈၇၆)လက်ထက်မှ စောမွန်နစ်မင်း(၁၃၂၅-၁၃၆၈)အထိ စိုးစံခဲ့ကြသည်။

🟡ပုဂံနိုင်ငံတော်

အစောပိုင်း ပုဂံမင်းဆက်များနှင့် ပတ်သက်၍ တိကျသည့် သမိုင်းအထောက်အထားများကို မတွေ့ရပဲ ပါးစပ်ရာဇဝင်များအနေဖြင့်သာ မှတ်သားလာခဲ့ကြပြီး အနော်ရထာမင်းလက်ထက်ရောက်မှသာ တိကျသည့် သမိုင်းအထောက်အထားများကို စတင်တွေ့ရှိလာကြရသည်။ အနော်ရထာ၏ သိမ်းသွင်းမှုကြောင့် ပုဂံနိုင်ငံတော်သည် ပဒေသရာဇ် အဆင့်မှ ဧကရာဇ် (အင်ပါယာ) အဆင့်တို့ တက်လှမ်းလာနိုင်ခဲ့သည်။ သူ့နောက် ဆက်ခံသည့် စောလူးမင်းလက်ထက်တွင် တိုင်းပြည်အခြေအနေဆိုးရွားသွားခဲ့သော်လည်း ကျန်စစ်သား၊ အလောင်းစည်သူ အစရှိသည့် မင်းများလက်ထက်တွင်မူ တိုင်းပြည်အင်အား ပြန်လည်ပြည့်ဝလာပြန်သည်။

🟡ပုဂံနိဂုံး

အလောင်းစည်သူနောက် နန်းတက်သည့် မင်းများလက်ထက်တွင် ပုဂံ၏ဩဇာအာဏာကျဆင်းလာသလို၊ နယ်ခြားမှ ရန်သူများ၏ လုပ်ကြံမှုကြောင့် ထီးဆောင်းမင်းတစ်ပါးကျဆုံးရသည့် အဖြစ်၊ နရသီဟပတေ့ကဲ့သို့ အစားကျူးပြီး အမျက်ဒေါသကြီးသည့်မင်း အစရှိသဖြင့် ပေါ်ပေါက်လာသည်။ ခရစ်နှစ် ၁၂၈၇ တွင် မွန်ဂိုတို့၏ ကျူးကျော်မှုကြောင့် နရသီဟပတေ့ ပုဂံကိုစွန့်ခွာထွက်ပြေးရခြင်းဖြင့် ပုဂံ၏ဩဇာမှာ လုံးဝကျဆင်းတော့သည်။ ရှင်ဒိသာပါမောက်၏ သံတမန်ရေးကျွမ်းကျင်စွာ အရေးဆိုမှုကြောင့် မွန်ဂိုဘုရင် ကူဗလိုင်ခန်က တပ်များကို ပြန်ဆုတ်စေသည်။ ထိုမှစကာ ပုဂံမင်းဆိုသည်မှာ အဆောင်အယောင်မျှသာ ဖြစ်၍ အမှန်ဩဇာကြီးသူများမှာ ရှမ်းညီနောင်သုံးဦး ဖြစ်သည်။

🟡ယနေ့ပုဂံ

ယနေ့ပုဂံမှာ ရှေးဟောင်းလက်ရာများနှင့် ပြည့်နက်နေသည့် မြို့ဟောင်းကြီးအသွင်မျှသာ ကျန်ရှိတော့သည်။ သို့သော် အဆိုပါရှေးဟောင်းလက်ရာများမှာ ပြည်တွင်း၊ ပြည်ပတို့မှ ခရီးသွားများကို ဆွဲဆောင်နိုင်သည်ဖြစ်၍ အတော်ပင်ကျော်ကြားလှပေသည်။ ကမ္ဘာလှည့်ခရီးသည်များ၏ အဓိကလှည်ပတ်ရာ နေရာတစ်ခုအဖြစ် ရပ်တည်လျက်ရှိသည်။ သို့သော် သီးခြားမြို့အဖြစ် ရပ်တည်နိုင်ခြင်းမရှိပဲ ညောင်ဦးမြို့နယ်အတွင်းတွင် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ အဖြစ်ထည့်သွင်းထားသဖြင့် အများအခေါ်တွင် ပုဂံ-ညောင်ဦး ဟူ၍ထင်ရှားသည်။ ညောင်ဦးမြို့သည် ယခင်က ရွာကြီး ၁၉ရွာစုစည်း၍ ယုန်လွှတ်ကျွန်းအရပ်၌ နန်းတည်စဉ်က ညောင်ဦးရွာဟူ၍ ယနေ့တိုင်တည်ရှိဆဲဖြစ်သည်။
၂၀၁၆ ခုနှစ်၊ ဩဂုတ်လ (၂၄)ရက်နေ့ မြန်မာစံတော်ချိန် နေ့လယ် (၅)နာရီ (၀၄)မိနစ် (၅၅)စက္ကန့်အချိန်တွင် မန္တလေး မြေငလျင် စခန်းမှ အနောက်တောင်ဘက် (၁၂၃)မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ချောက်မြို့အနောက်ဘက် (၁၂)မိုင်ခန့်အကွာ)ကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာ စကေး (၆.၈)အဆင့်ရှိ အင်အားပြင်းထန်သော မြေငလျင် တစ်ခုလှုပ်ရှားသွားသဖြင့် ပုဂံရှိ စေတီပုထိုး ၆၅ဆူခန့် ထိခိုက်ပျက်စီးခဲ့သည်။

🟡မြေမျက်နှာသွင်ပြင်

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသည် မြောက်ဘက်တွင် ညောင်ဦး နှင့် တောင်ဘက်တွင် ပုဂံမြို့သစ်တို့ တည်ရှိပြီး ဧရာဝတီမြစ်ဘေး မြန်မာနိုင်ငံအထက်ပိုင်း ကျယ်ပြောလှသော လွင်ပြင်တွင် တည်ရှိသည်။ မန္တလေးမြို့ မှ အနောက်တောင်ဘက် ကီလိုမီတာ ၂၉၀ (မိုင် ၁၈၀) ကွာဝေးပြီး ရန်ကုန်မြို့မှ မြောက်ဘက် ကီလိုမီတာ ၇၀၀ (မိုင် ၄၃၀) အကွာတွင် တည်ရှိသည်။

🟡ရာသီဥတု

ပူပြင်းခြောက်သွေ့သည့် ရာသီဥတုမျိုးဖြစ်သည်။

🟡ယဉ်ကျေးမှု

ပုဂံခေတ်ယဉ်ကျေးမှုသည် မြန်မာနိုင်ငံအတွက် ပျူ နှင့် မွန်တို့ပြီးလျှင် တိုးတက်ဖြစ်တည်လာသည့် ယဉ်ကျေးမှုဟု ဆိုရမည်ဖြစ်သည်။ ပျူတို့ထံမှ ဘာသာ၊ ကိုးကွယ်ယုံကြည်မှု နှင့် မွန်တို့ထံမှ အနုပညာ၊ လယ်ယာစိုက်ပျိုးရေး၊ စာပေအက္ခရာ အစရှိသည်တို့ကို သင်ယူခဲ့ကြသည်။ ထို့ကြောင့် နရပတိစည်သူမတိုင်မီ အထိတည်ဆောက်ခဲ့သည့် ပုဂံရှိ စေတီပုထိုးများမှာ မွန်တို့၏ ဓလေ့၊ လက်ရာနှင့် အယူအဆများလွှမ်းမိုးနေသည်ကိုတွေ့ရသည်။ သို့သော် နရပတိစည်သူမင်းလက်ထက်မှစ၍ လက်တွေ့ကျသည့် မြန်မာတို့သည် စိတ်ကူးယဉ်ဆန်သည့် မွန်တို့ထက် ပို၍တက်ကြွသည့်၊ အရပ်ဒေသနှင့် ပိုမိုကိုက်ညီမည့် လက်ရာများကို တီထွင်သုံးစွဲလာကြသည်။

🟡ပြတိုက်

ပုဂံရှေးဟောင်းသုတေသနပြတိုက်သည် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း တစ်ခုတည်းသော ရှေးဟောင်းသုတေသနပြတိုက်ဖြစ်သည်။ (၃) ထပ်အဆောက်အဦးဖြစ်ပြီး မြစေတီကျောက်စာမူရင်း အပါအဝင် ရှေးဟောင်းအမွေအနှစ်များကို ပြသထားသည်။ မြန်မာနိုင်ငံ၏ပထမဆုံးသော ပုဂံရှေးဟောင်းသုတေသန ပြတိုက်ကို ၁၉၀၄ ခုနှစ်တွင် ပုဂံမြို့ဟောင်း အာနန္ဒာဘုရား၏မြောက်ဘက်စောင်းတန်းအနီးတွင် စတင်ဖွင့်လှစ်ခဲ့သည်။ ၁၉၇၉ ခုနှစ်အောက်တိုဘာလတွင် ကန်တော့ပလ္လင်ဘုရား တောင်ဘက်၌ ရှစ်မြှောင့်ပုံသဏ္ဌာန်ရှိသော ရှေးဟောင်းသုတေသနပြတိုက်ကို ထပ်မံတည်ဆောက်ဖွင့်လှစ်ခဲ့သည်။ ယခုလက်ရှိကမ္ဘာ့အဆင့်မီ ရှေးဟောင်း သုတေသနပြတိုက်ကြီးကို ၁၉၉၈ ခုနှစ် ဧပြီလ (၁၇) ရက်နေ့တွင်ဖွင့်လှစ်ပြသနိုင်ခဲ့သည်။ ပြတိုက်ကြီးတွင် အထူးပင်မပြခန်း၊ ပုဂံခေတ်ဗိသုကာပြခန်း၊ ပုဂံခေတ်လက်မှုအနုပညာပြခန်း၊ ပုဂံခေတ်နန်းမြို့ပြခန်း၊ ပုဂံခေတ်စာပေပြခန်း၊ ပုဂံခေတ်လူနေမှုဘဝပြခန်း၊ ပုဂံခေတ်ဗုဒ္ဓအနုပညာပြခန်း၊ ပုဂံခေတ်ဗုဒ္ဓဆင်းတုတော်များပြခန်း၊ ပုဂံခေတ်ဘုရားပုထိုးပန်းချီပြခန်းနှင့် ပုဂံခေတ်နံရံဆေးရေးပန်းချီပြခန်းစသည့် ပြခန်း(၁၀)ခန်းဖြင့် ခင်းကျင်းပြသထားသည်။၂၀၁၇ခုနှစ်တွင် ကလေးများပြတိုက်ကို ပြတိုက်ကြီး၏ မြောက်ဘက်ရှိရှစ်မြှောင့်ပုံသဏ္ဌာန်အဆောက်အဦ၌ ခင်းကျင်းပြသထားသည်။

🟡နန်းတော်

အနော်ရထာမင်း နန်းတော် - ၂၀၀၃ ခုနှစ်တွင် ယခင်တည်ရှိခဲ့သော နန်းတော်ပေါ်မူတည်၍ ပြန်လည်တည်ဆောက်ခဲ့သည်။ သို့သော် မြေပြင်အထက်မှာ စိတ်ကူးသက်သက် ပြန်လည်ပုံဖော်တည်ဆောက်ထားခြင်း ဖြစ်သည်။

🟡သယ်ယူပို့ဆောင်ရေး

ပုဂံသို့ လေယာဉ်၊ ရထား၊ ကား တို့အပြင် သင်္ဘောဖြင့်ပါ လာရောက်နိုင်သည်။ လည်ပတ်စရာအနေဖြင့် e-bike ငှားရမ်းအသုံးပြုနိုင်သည်။

🟡လေကြောင်းလိုင်း

နိုင်ငံခြားသားခရီးသွား အများစုသည် လေကြောင်းလိုင်းကို အသုံးပြု၍ ပုဂံသို့ လာရောက်လည်ပတ်ကြသည်။ ညောင်ဦးလေဆိပ်မှာ ပုဂံဒေသ၏ လေကြောင်းဝင်ထွက်သွားလာရာ ဖြစ်သည်။ ပြည်တွင်းလေကြောင်းလိုင်း အများစုမှာ ပုဂံသို့ ဆင်းသက်ကြသည်။ ရန်ကုန်မြို့မှ လာပါက မိနစ် ၈၀ ခန့် ကြာမြင့်ပြီး မန္တလေးမြို့မှ လာပါက မိနစ် ၃၀ ခန့်ကြာမြင့်မည် ဖြစ်သည်။ ညောင်ဦးလေဆိပ်သည် ညောင်ဦးမြို့အပြင်ဘက်တွင် တည်ရှိပြီး ပုဂံသို့ ရောက်ရှိရန် ကားဖြင့် (၁၅) မိနစ် ခန့် ကြာမြင့်မည် ဖြစ်သည်။

🟡ရထား

ပုဂံရထားလမ်းသည် ရန်ကုန် - မန္တလေး ရထားလမ်းမှ ပျဉ်းမနား ဘူတာတွင်လမ်းခွဲပါသည်။ ယခင် ပျဉ်းမနား - ကျောက်ပန်းတောင်းရထားလမ်းမှ ဆက်ဖောက်ထားသောလမ်းဖြစ်ပြီး ယ္ခုအခါ ပခုက္ကူ နှင့် မြင်းခြံတို့ထိဆက်ထားသည်။ မြန်မာ့မီးရထားမှ နေ့စဉ် ရန်ကုန် - ပုဂံ ခရီးစဉ်ကို ပြေးဆွဲပေးလျက် ရှိသည်။ ရန်ကုန် မှ ပုဂံသို့ (၁၈) နာရီခန့် ကြာမြင့်မည် ဖြစ်သည်။ ရထားတွင် အိပ်စဉ်၊ အထက်တန်း နှင့် ရိုးရိုးတန်းတို့ ပါဝင်သည်။]မန္တလေး - ပုဂံ ရထားမှာ ၁ ရက်လျှင် ၂ ကြိမ် ပြေးဆွဲလျက် ရှိပြီး (၈) နာရီခန့် ကြာမြင့်သည်။ သို့သော် အိပ်စဉ်တွဲ မပါဝင်ဘဲ အထက်တန်း နှင့် ရိုးရိုးတန်းသာ ပါဝင်သည်။

🟡ကားလမ်း

ရန်ကုန်မှ ပုဂံသို့ ကားလမ်းမှ လာလျှင် ၉ နာရီ နှင့် ၁၀ နာရီ အသီးသီးကြာမြင့်သည်။ မန္တလေးမှ ပုဂံသို့ ကားလမ်းမှသွားလျှင် ၃ နာရီ နှင့် ၄ နာရီ ကြာမြင့်သည်။
ရေကြောင်း

မန္တလေး - ပုဂံ အသွားအပြန် သင်္ဘောများ ရှိပြီး ဧရာဝတီ မြစ်ကြောင်းတစ်လျှောက် ကီလိုမီတာ ၁၇၀ သွားလာရန် ၉ နာရီခန့် ကြာမြင့်မည် ဖြစ်သည်။ ခရီးသွားရာသီတွင် နေ့စဉ်ခရီးစဉ် ရှိပြီး တစ်ခါတစ်ရံ ညအိပ်ခရီးစဉ်များပါ ရှိသည်။

🟡ထင်ရှားသည့် ပုဂံဘုရားပုထိုးများ

• ရွှေစည်းခုံစေတီ
• အလိုတော်ပြည့်ဂူဘုရား
• ထီးလိုမင်းလိုဘုရား
• အာနန္ဒာဘုရား
• ကန်တော့ပလ္လင်ဘုရား
• သဗဗြညုဘုရား
• ဗူးဘုရား
• ရွှေဆံတော်စေတီ
• ဓမ္မရံကြီးဘုရား
• လောကထိပ်ပန်ဘုရား
• မြစေတီ
• မနူဟာဘုရား
• နန်းဘုရားကျောင်း
• လောကနန္ဒာဘုရား
• ပြဿဒါးကြီး (ပြဿဒ်ကြီး)
• သကျမုနိ
• ရှင်ပင်သာလျောင်း
• ဂူပြောက်ကြီး
• ငှက်ပစ်တောင်ဘုရား(ညောင်ဦး)
• စူဠာမဏိဘုရား
• ဘုရားသုံးဆူ(ပုဂံ)
• သမ္ဘူလဘုရား
• တရုတ်ပြေးဘုရားကြီး
• အပယ်ရတနာဘုရား
• ရွှေဂူကြီး( နန်းဦး) ဘုရား

🟡စွယ်တော်လေးဆူ

• ရွှေစည်းခုံစေတီ
• တန့်ကြည့်တောင်စေတီ
• လောကနန္ဒာစေတီ
• တုရင်တောင်စေတီ

🟡ဘုရားပုထိုးများ

• ဂူပြောက်ကြီး (ဝက်ကြီးအင်း)
• ဂူပြောက်ငယ် (ဝက်ကြီးအင်း)
• ဆပဒစေတီ
• ကျောက်ဂူဥမင်ဘုရား
• ကုန်းတော်ကြီးဂူဘုရား
• သကျမုနိဂူဘုရား
• ထီးလိုမင်းလိုဘုရား
• အာနန္ဒာဘုရား
• ရွှေဂူကြီးဘုရား
• သံတော်ကြားဘုရား
• သဗဗြညုဘုရား
• ဓမ္မရံကြီးဘုရား
• ရွှေဆံတော်စေတီ
• ရှင်ပင်သာလျောင်း
• မင်္ဂလာစေတီ
• ပုထိုးသားများဂူဘုရား
• ကန်တော့ပလ္လင်ဘုရား
• မဟာဗောဓိစေတီ
• ဗူးဘုရား
• ဂူပြောက်ကြီး (မြင်းကပါ)
• ဂူပြောက်ငယ် (မြင်းကပါ)
• မြင်းကပါစေတီ
• ပေါ်တော်မူဘုရား
• မနူဟာဘုရား
• နန်းဘုရားကျောင်း
• အပယ်ရတနာဘုရား
• နဂါးရုံဂူဘုရား
• စိမ်းညက်အစ်မဘုရား
• စိမ်းညက်ညီမဘုရား
• နန္ဒာမညာဂူဘုရား
• သမ္ဘူလဘုရား
• ဘုရားသုံးဆူ
• လေးမျက်နှာဂူဘုရား
• ဓမ်မရာဇိကဘုရား
• စူဠာမဏိဘုရား
• မြစေတီ
• ပြဿဒါးကြီး (ပြဿဒ်ကြီး)
• အလိုတော်ပြည့်ဂူဘုရား
• ရှင်မထီးဘုရား
• ငကျွဲနားတောင်းစေတီ
• လောကထိပ်ပန်ဘုရား
• စိုးမင်းကြီးစေတီ
• ဖက်လိပ်ဘုရားများ
• စေတနာကြီးဘုရား (စည်စနာ)
• ဂူပြောက် (ဗိုလ်ချိုမိဂူပြောက်)
• တရုတ်ပြေးဘုရားကြီး
• ရပ်စောက်ဂူဘုရား
• တောင်ပုံလောကနာထ ဂူဘုရား
• တိုင်းချွတ်ဂူဘုရား
• ပုတ္တလင်ပုထိုး
• မြင်းပြဂူဘုရား
• ကျဆင်းဂူဘုရား
• အဇ္ဇဂေါဏဂူဘုရား
• ငလူးဂူဘုရား
• စောလှဝန်းဂူဘုရား
• မလာဖြစ်ဂူဘုရား
• မလုံးဖြစ်ဂူဘုရား
• လက်ပွတ်ကန်ဂူဘုရား
• သင်္ကန်းရုံဂူဘုရား
• သမန်းဂူဘုရား
• ဇံသီးဂူဘုရား
• ထောက်လှော်ကားဂူဘုရား
• တပ်ခလေးဂူဘုရား
• ပိန်နဲဂူဘုရား
• ဇေယျသွတ်ဂူဘုရား
• ကဇွန်းအိုဘုရား
• သုံးနယ်ခြားဂူဘုရား
• ဆင်များရှင်ဘုရား
• ရှင်ပင်သက်ရှည်ဘုရား
• သက်တော်ရစေတီတော်
• ထီးတန်ဆောင်ဘုရား
• ငှက်ပစ်တောင်ဘုရား
• နရသီဟပတေ့မင်းကောင်းမှုဘုရား
• အိမ်ရာကျောင်းငါးမျက်နှာ
• တန်ဆောင်းဂူဘုရား
• မြေပုံသာဘုရားလှ(လောကမုနိ)
• တာမနိဘုရား
• ချောက်ဘုရားလှ
• ချောက်ဘုရားလှငယ်
• ဂူနီဘုရား

🟡အထင်ကရ နေရာများ

• ပုဂံမြို့ဟောင်း
• ပုဂံမြို့သစ်
• ပုဂံရှေးဟောင်းသုတေသနပြတိုက်
• ပုဂံနန်းတော်ရာ
• သရပါတံခါး
• ငှက်ပစ်တောင်
• မြင်းကပါ
• ဥပါလိသိမ်
• နတ်လှောင်ကျောင်း
• ရှင်အာနန္ဒာအုတ်ကျောင်း
• ကျန်စစ်သားဥမင်
• မြကန် -ပိဋကတ်တိုက်
• မီးမလောင်ကျောင်း
• စိုးမင်းကြီးကျောင်း
• အာမနာကျောင်း -ဖွားစောရွာ -မင်းနန်သူရွာ
• သူဌေးမုခ်ဂူ
• ကျောက်စာဂူ
• စာသင်ဂူ
• တုရင်တောင်
• မြကန်စက္ကူတိုက်
• တန့်ကြည့်တောင်
• သမီးဝှက်ဥမင်နှင့် မြားသဂူ
• သီရိပစ္စယာ

ကူးယူမျှဝေသူ - HT HT (ထွေးထွေး)




(စာကြွင်း။ သမိုင်းအချက်အလက် အကြောင်းအရာအချို့ မှားယွင်းကောင်း မှားယွင်းနိုင်ပါတယ်။ ထပ်ဆင့် ကူးယူမျှဝေထားတာကြောင့်ပါနော်။)

မြန်မာအမျိုးသား၀တ်စုံ ရဲ့ ရာဇဝင်..

 ခေါင်းပေါင်း။ စထရိတ်ကော်လာ(Straight Collar)(လယ်ကတုံးအင်္ကျီ)။ တိုက်ပုံ ။ ပုဆိုး(လုံချည်) နဲ့ ဖိနပ် = မြန်မာအမျိုးသား၀တ်စုံ ရဲ့ ရာဇဝင်..




ခေါင်းပေါင်း ။ ။ အိန္ဒိယ မူလ။ ကနဦး မြန်မာရောင်ထုံးကို ပတ်ထားတဲ့ အ၀တ်ရှည်စကနေ.. ပြောင်းယူလာတာပါတဲ့..။ စစ်ကြို/စစ်ပြီးမှာ.. ဘိုကေ(ဆံပင်တို) ဖြစ်လာကြတဲ့ သက္ကသိုလ်ကျောင်းသားတွေက.. ဘီအေပေါင်း.( ၁၉၂၀) နောက်.. စက္ကူစွပ်(ခံ) ခေါင်းပေါင်း(၁၉၃၅) ကနေ.. ကြိမ်ခြင်းခေါင်းပေါင်း(၁၉၃၉နောက်ပိုင်း)ကို ပြောင်းယူလာကြတာပါ..။


အခု လွှတ်တော်ထဲ.. ညာချနေကြတဲ့ခေါင်းပေါင်းက.. အဲဒီကြိမ်းခြင်းခေါင်းပေါင်း အခြေခံ ဖြစ်ပါတယ်..။


စထရိတ်ကော်လာ(Straight Collar)(လယ်ကတုံးအင်္ကျီ)။ ။ မူလ မန်ချူးတွေ အ၀တ်အစားဖြစ်ဖို့ များပါတယ်..။ သေသေချာချာ လေ့လာကြည့်တော့.. မန်ချူးတွေရဲ့ Mandarin Collar ရှပ်က.. အပေါ်ဆုံး ကော်လာပေါ်မှာ ကြယ်သီးမရှိတာမို့.. အမေရိကန်တွေရဲ့.. Grandad Collar Shirt (၁၉၂၇) နဲ့ပိုတူနေပါတယ်..။ အဲဒီလိုမျိုး အိန္ဒိယက နေရူးလည်း၀တ်ပါတယ်....တဲ့..။


တိုက်ပုံ ။ ။ ချိုင်းနားကပါ..။ ပုံတွေမှာကြည့်နိုင်ပါတယ်..။


Tangzhuang လို့ခေါ်တဲ့.. ချိုင်းနီးစ် ဂျက်ကက်ဆို အ၀တ်ကြယ်သီးစီတပ်တာ.. အင်္ကျီအိပ်ထားနေရာကအစတူပါတယ်..။ နှစ်ထောင်ချီသုံးလာတဲ့ အ၀တ်အစားဖက်ရှင်ပါ။ မြန်မာတိုက်ပုံက ကော်လာ မရှိပဲ.. သူတို့ဟာက.. ကော်လာ ခပ်တိုတိုလေးတွေ့ကြောင်း..


ပုဆိုး(လုံချည်) (Lungi/ Lungee) ။ ။ အိန္ဒိယန်းလိုအခေါ်အ‌ဝေါ်ပါတူတဲ့ တောင်ပိုင်းအိန္ဒိယ အ၀တ်အစားပါ။ ဘင်္ဂလီတွေ မူလအ၀တ်အစားဆိုပါစို့.. ။ တောင်ရှည်ပုဆိုးကနေ.. ပြောင်းယူလာကြတာဖြစ်ပါတယ်..။အမျိုးသမီးလည်း ၀တ်ပါတယ်...တဲ့..။

 မြန်မာနိုင်ငံမှာတော့ အမျိုးသမီး၀တ်ရင်... ထမီ(ထမိန်)ခေါ်သပေါ့..။ ၀တ်ပုံကတော့.. သူတို့က.. ဘုန်းကြီးတွေ.. သင်းပိုင်၀တ်သလို.. အပေါ်မှာ လိမ့်ပြီးချည်တာ များပါတယ်..။ ဗမာ‌ယောကျ်ားတွေကတေ့ာ.. ဘယ်-ညာတဖက်စီပါတ်ဖုံးပြီး.. ခါးပုံစကို.. လုံးပြီးညှပ်/ ထုံးလိုက်ပါတယ်...။ မိန်းမတွေက.. (အမှတ်မမှားရင်..) ဘယ်ဖက်ကို တဖက်ထဲဖုံးပြီး. ညှပ်ထည့်လိုက်ရပါတယ် ။ ‌ရှေ့မှာအ၀တ် ၃ထပ်ဖြစ်ရပါတယ်..။ အခုခေတ်ကတော့.. မပါတ်တော့ပဲ.. စကပ်လို၀တ်နေကြတယ်ပေါ့..။ ‌ရှေ့မှာ တလွှာ။၂လွှာ ပဲဖြစ်မလားပဲ..


ညှပ်ဖိနပ် ( Sandal) ။ မူလ မြန်မာတွေ နန်းတွင်းက ဖိနောင့်ပိတ်.. ရူးစီးပုံရပါတယ်..။ ၁၈၀၀ နှစ်နဲ့ တင်ထားတဲ့ မြန်မာအမျိုးသားပုံမှာတော့.. ညှပ်ဖိနပ် စီးထားတာမှာ ဖိ‌နောင့်မပိတ်ထားပါ.။ နောက်ပိုင်း မန္တလေးက သားရေနဲ့ ဖိနပ်တွေကို.. ကတ္တီပါဖုံးထုတ်ပါတယ်..။ နှစ်ရာဂဏန်းလောက်စီးပွားဖြစ်ထုတ်လာပြီးသကာလ..သားရေတု။ ရော်ဘာဖိနပ်တွေကို ယှဥ်နိုင်ပုံမရ..။ Business ပြုတ်လုလု ဆိုပါစို့..။




ဖိနောင့်မပိတ်ထားတာကြောင့်.. အခမ်းအနားတွေ တက်လို့မရ.. တာမို့.. စစ်ကြို/စစ်ပြီးခေတ်တွေက.. နိုင်ငံရေးသမားများဟာ.. ပုဆိုး/တိုက်ပုံနဲ့.. ရူးဖိနပ်ကို စီးပြီး ပွဲတက်ကြပါတယ်..။ (ဦးနုပုံမှာကြည့်ပါ။) ပုဆိုးမှာလည်း.. ခါးပတ်ပတ်တတ်ကြပါတယ်..။


The History of the Grandad Collar Shirt




[https://oliverspencer.co.uk/blogs/journal/the-history-of-the-grandad-shirt](https://www.burton.co.uk/blog/the-history-of-the-grandad-collar-shirt/?fbclid=IwAR3bSTCe1DwnhaTsivkTe_egK69P-s6_luhitJm_oxkYytYsJ7ee3a8Ht8w)


=


Men’s SS14 Micro-Trend: Band/Grandad Collar Shirts




[https://www.fashionbeans.com/2014/mens-ss14-micro-trend-bandgrandad-collar-shirts/](https://www.fashionbeans.com/2014/mens-ss14-micro-trend-bandgrandad-collar-shirts/?fbclid=IwAR0nFP6zwkhMSeRmBmNGzdBPXpyNbriTTnAYl716tTMdk2q_Rf54TmEqB2U)


=


What is a Mandarin collar?




[https://kirrinfinch.com/blogs/news/what-is-a-mandarin-collar](https://www.mandoclothing.com/blogs/mando/what-is-a-mandarin-collar?fbclid=IwAR1CVoP5joaHZxvscawOcHLJDFX3LG4te_tSDl-XoVlhqFzM0BSPKJhlncQ)


=



[https://en.wikipedia.org/wiki/Tangzhuang](https://en.wikipedia.org/wiki/Tangzhuang?fbclid=IwAR1muk3PwmyBhGdVOGNZJMVcJ_SAknGxeXAso7ctfR6WTyPoPXDSitxRUpI)


A tangzhuang is a kind of pseudo-traditional Chinese jacket with a straight collar. It is an updated form of the Qing magua, itself a more fashionable adaptation of the riding jacket once worn by Manchu horsemen.


====================


Lungee or Lungi




[https://www.utsavpedia.com/attires/indias-exclusive-regional-garment-lungees/]

(https://l.facebook.com/l.php?u=https%3A%2F%2Fwww.utsavpedia.com%2Fattires%2Findias-exclusive-regional-garment-lungees%2F%3Ffbclid%3DIwAR1ZlMRfnrOWZYj-E3FJIBoM0kLPEWKCcBHmkonf00drEzXygkO_ROnhyvo&h=AT2n9D4tAFPl88vZEhaWEU2IYbUDSmgz9SNTNlfiN5tcS7_M9hVcCbBkpGX2caEEJFTQalniIeZFhGOUcB6PZ2qGKCn4nXDNiTRxiRDpyAdgDGNpHekZtLBS4DEsVYdQdA&__tn__=-UK-R&c[0]=AT23HoAheA6KJP1-X95SH8jbIITMH8_ZiSoK-I6OM6t-wB9g9OPx4YFVC__aBF_cQLxfyuY5K1I_j3hOgzwvJ5wuFt_yLpUVeZe-zZYSt31XGdIjPtu8mYixhRdziUoEC9nYIqahpUqSjTizsmuSDyDrRMgxkg)


Ref:

https://www.facebook.com/ThakhinKai/posts/pfbid02B6KVVxdNKtUXhEb7VpfAushPbufED6a2KdFgfpazsnsdJNiA7UcJvR1dpTwdoD5Fl

မျှဝေသူ - သခင် ခိုင်ဘွား

Thursday, June 22, 2023

ခေတ်သစ်လူသတ်သမား (သို့) Ketamine-based Cocktail 🍹🥂

ခေတ်သစ်လူသတ်သမား (သို့) Ketamine-based Cocktail 🍹🥂




မတူညီတဲ့ တရားမဝင် မူးယစ်ဆေးဝါးတွေမှာ မတူညီတဲ့ လုပ်ဆောင်ချက်တွေ ရှိကြပါတယ်။ ဒီလိုလုပ်ဆောင်ချက်တွေမှာ  ကျန်းမာရေးကို သေစေတတ်တဲ့အထိ ဆိုးကျိုးဖြစ်စေတဲ့ အချက်တွေပါဝင်ပါတယ်။ ဒါပေမဲ့ ဒီလိုရုပ်ပိုင်း စိတ်ပိုင်းဆိုင်ရာ သက်ရောက်မှုတွေက အကြောင်းအရင်းများစွာနဲ့ တစ်ဉီးနဲ့တစ်ဉီး မတူညီနိုင်ပါဘူး။ အထူးအားဖြင့် တရားမဝင် မူးယစ်ဆေးဝါးအသစ်တွေနဲ့ ရောစပ်ထားတဲ့ မူးယစ်ဆေးများဟာ ခန့်မှန်းရခက်ပြီးတော့ အလွန်တရာမှ အန္တရာယ်ကြီးလှပါတယ်။ အခုနောက်ပိုင်းမှာ မူးယစ်ဆေးကော့တေးလို့ခေါ်တဲ့ Ketamine (လူအများသိကြတဲ့ K) နဲ့ မက်သာဖက်တမင်းရယ် (ice ရယ်)၊ ဘိန်းဖြူရယ် အိပ်ဆေးတမျိုးရယ် (အများအားဖြင့် စိတ်ကျရောဂါကုဆေးဝါး) နဲ့ အားလုံးပေါင်းစပ်ပြီးတော့ K-powdered Milk (သိုံ) “cocktail” ဆိုပြီးတော့ထွက်ပေါ်လာပါတယ်။ ဒီဆေးဝါးပေါင်းစပ်မှုက ပထမဆုံး အသုံးပြုသူများမှာပင် အသက်သေဆုံးတဲ့အထိဖြစ်ပေါ်စေပြီးတော့ များစွာသော သေဆုံးမှုတွေနဲ့ ဆက်စပ်နေတာလည်း တွေ့နိုင်ပါတယ်။


Ketamine ဆိုတာဘာလဲ

ဆေးပညာမှာတော့ Ketamine ကို စိတ်ငြိမ်ဆေးပုံစံမျိုး၊ မေ့ဆေးပေးတဲ့ နေရာမှာလိုမျိုးသုံးကြပါတယ်။ ဒီဆေးဝါးမှာ မေ့ဆေးအတွက် အသုံးပြုပြီးတော့ နာကျင်မှုကိုသက်သာစေတဲ့ အရာတွေပါဝင်ပါတယ်။ Ketamine (သို့) K ဆိုတဲ့ အရာဟာ တလွဲလုပ်မှုတွေ၊ စွဲလမ်းမှုတွေ နဲ့ သည်းခံနိုင်စွမ်း နည်းလာတာ စတာတွေကို ဖြစ်ပေါ်လာနိုင်တဲ့အတွက် ဒီဆေးဝါးကို ထိမ်းချုပ်ဆေးဝါးအနေနဲ့ သတ်မှတ်ထားကြပါတယ်။ K အသုံးပြုပြီးချိန်မှာ သီးသန့်နေချင်တာတွေ၊ အိပ်မက်မက်နေတာလိုမျိုးတွေ၊ ပျော်ရွှင်သွားတာတွေ၊ တအားကိုစိတ်အေးချမ်းပြီးတော့ ပျော်သွားသလိုတွေ စတဲ့ ခန္ဓာကိုယ်ရဲ့ ပြောင်းလဲမှုတွေကို ခံစားလာရပါတယ်။ K ကို ကာလတို အသုံးပြုတဲ့သူတွေမှာ တွေ့ရများတဲ့ အကျိုးသက်ရောက်မှုတွေက ကိုယ်တွေ့မြင်ကြားသိရတာတွေကို တလွဲတွေ တွေ့မြင်ကြားတာ၊ ယောင်ယောင်မှားမှားတွေ မြင်တတ်တာ နဲ့ ခဏတဖြုတ်လေဖြတ်တဲ့ ပုံစံမျိုး စတဲ့ အကျိုးဆက်တွေကို ခံစားကြရပါတယ်။ ရေရှည်အသုံးပြုတဲ့ သူတွေမျာဆိုရင်တော့ မှတ်ဉာဏ်ပျက်ဆီးတာ၊ ဉီးနှောက်ရဲ့လုပ်ဆောင်မှုတွေ ပုံမှန်မဟုတ်တော့တာ၊ ဉီးနှောက်ပျက်ဆီးတာ အစရှိတဲ့ အကျိုးဆက်တွေကို ခံစားကြရတာ တွေ့ရပါတယ်။ K ကို စွဲစွဲလန်းလန်း သုံးတဲ့အခြေအနေမျိုးမှာတော့ စိတ်ရောဂါဖြစ်စေတဲ့အထိ အကျိုးဆက်တွေ ခံစားကြရတာလည်း တွေ့ရပါတယ်။


K Powdered Milk

မူးယစ်ဆေးများ စုပေါင်းရောစပ်ထားတဲ့ အရောအစပ်ကို “K Powdered Milk” ဆိုတဲ့ နာမည်နဲ့ ဈေးကွက်တွေမှာ တွေ့နေရပါတယ်။ အဲ့ဒီပေါင်းစပ်မှုတွေမှာ Ketamine ရယ်၊ ဘိန်းဖြူရယ်၊ ice (သို့) ရေခဲလို့ လူသိများတဲ့ crystal meth ရယ် နဲ့ စိတ်ဖိစီးမှု လျှော့ချတဲ့ဆေး (သို့) အိပ်ဆေးတွေကို ပေါင်းစပ်ပြီးတော့ K Powdered Milk ဆိုပြီး အသုံးပြုလာကြတာ တွေ့ရပါတယ်။ အဲ့ဒီမူးယစ်ဆေး အားလုံးကို ပေါင်းစပ်ပြီးတော့ နှာခေါင်းကတဆင့် ရှုသွင်းတဲ့ပုံစံမျိုးနဲ့ အသုံးပြုနေကြပါတယ်။ ဒီလို မူးယစ်ဆေးတွေ ပေါင်းစပ်သုံးဆွဲမှုတွေဟာ ပေါင်းစပ်အကျိုးသက်ရောက်မှုတွေ ဖြစ်ပေါ်စေပါတယ်။ အထူသဖြင့်တော့ ဘိန်းဖြူရဲ့ အကျိုးသက်ရောက်မှုက ပမာဏ အများကြီးကို သုံးမိရင် ချက်ချင်းအသက်ရှုရပ်ကာ သေစေနိုင်လောက်အထိ အကျိုးသက်ရောက်မှု ဖြစ်စေပါတယ်။


Powdered Milk ရဲ့ အန္တရာယ်ရှိမှု

အထက်က ပြောထားတဲ့ မူးယစ်ဆေးကော့တေးကို သုံးပြီးသွားတဲ့အခါမှာ ပြင်းထန်တဲ့ စိတ်ဂယောင်ချောက်ခြား ဖြစ်မှုတွေ၊ ခေါင်းမူးဝေနေမှုတွေ၊ ကိုယ်ပိုင်အသိဉာဏ်နဲ့ဆုံးဖြတ်မှု မှားယွင်းတာတွေ၊ အချင်းချင်းကြားမှာ ညှိနှိုင်းလို့ မရတော့တာတွေ၊ နှုတ်ခမ်းတွေပြာလာတာတွေ နဲ့ နှာခေါင်းသွေးလျှံတာ စတဲ့ ခန္ဓာကိုယ်ရဲ့ ပြင်းထန်တဲ့ တုံ့ပြန်မှုတွေကို ခံစားလာရပါတယ်။ တကယ်လို့ အလွန်အကြွံအသုံးပြုမိရင်တော့ ပထမဆုံးအကြိမ် အသုံးပြုတဲ့အချိန်မှာတင် အသက်ရှုရပ်တာခြင်း စတဲ့ပြင်းထန်တဲ့ အခြေအနေဖြစ်ပြီးတော့ နောက်ဆုံးမှာ အသက်ဆုံးရှုံးနိုင်သည်အထိ ဖြစ်စေပါတယ်။ တကယ်လို့သာ ပေါင်းစပ်မူးယစ်ဆေးဝါးတွေနဲ့ အရက်နဲ့ အတူသုံးစွဲမိရင်တော့ သေဆုံးနိုင်ခြေနှုန်းက သိသိသာသာ မြင့်တက်နေပါတယ်။ အခုလက်ရှိအချိန် ထိုင်းနိုင်ငံရဲ့ မူးယစ်ဆေး သုံးစွဲသူတွေကြားမှာ K Powdered Milk အသုံးပြုမှုကြောင့် အသက်အန္တရာယ်အထိ ခြိမ်းခြောက်နေကြောင်း ဆက်စပ်တွေ့ရှိရပါတယ်။ ဒီလို မူးယစ်ဆေး အသုံးပြုသူတွေကို သက်အန္တရာယ်ကနေ လွတ်မြောက်ဖို့အတွက် ကယ်ဆယ်ရေးလုပ်ငန်းတွေကို လုပ်ဆောင်နိုင်ပေမယ့်လည်း ပုံမှန်ဘဝ ပြန်လည်ရောက်ဖို့အတွက် အတော့်ကို ခက်ခဲတယ်ဆိုတာလည်း တွေ့ရှိရပါတယ်။


K Powdered Milk လိုမျိုး တရားမဝင် မူးယစ်ဆေးကော့တေးတွေဟာ သုံးစွဲသူတွေကို အလွန်အမင်း စွဲလန်းမှုဖြစ်စေပြီးတော့ အဲ့ဒီသုံးစွဲသူတွေရဲ့ အသက်အန္တရာယ်ဟာလည်း အလွန်မှ များတာကို တွေ့ရှိရပါတယ်။ မည်သို့ပေဆိုစေကာမူ မူးယစ်ဆေးရဲ့ အကျိုးသက်ရောက်မှုက သုံးစွဲသူ တစ်ဉီးနဲ့ တစ်ဉီးကြားမှာ ကျယ်ပြန့်စွာ ခြားနားပါတယ်။ ပြင်းထန်မှုနဲ့ ရောဂါလက္ခဏာတွေဟာ ဘယ်လောက်ပမာဏ အသုံးပြုခဲ့လဲ၊ သုံးစွဲချိန်သက်တမ်း ဘယ်လောက်ကြာပြီလဲ၊ ဘယ်လို ပစ္စည်းတွေကို အသုံးပြုခဲ့လည်းဆိုတာ မူတည်နေပါတယ်။ ဉပမာအနေနဲ့ ဘိန်းဖြူဟာ အသက်ရှူလမ်းကြောင်းဆိုင်ရာ လုပ်ဆောင်ချက်တွေကို သိသိသာသာ ထိခိုက်စေတယ်။ K တို့ Ice တို့ရဲ့ သက်ရောက်မှုတွေမှာ အသက်သေစေနိုင်လောက်တဲ့အထိ နှလုံးရဲ့လုပ်ဆောင်မှု ပျက်သွားတာ၊ heart attack ဖြစ်စေတာ စတာတွေအပြပင် အိပ်ဆေးတွေပါ ပါဝင်တဲ့အတွက် အိပ်နေစဉ်အတွင်းမှာ အသက်ရှူမဝတာတွေ သတိလစ်တာတွေ စတဲ့ သက်ရောက်မှု တွေဖြစ်စေတတ်ပါတယ်။ အရေးအကြီးဆုံးကတော့ ကျန်းမာရေး ထိခိုက်မှုနဲ့ ပြင်းထန်မှုတွေဟာ တစ်ဉီးချင်းစီရဲ့ အခြေအနေအပေါ်မှာ သိသိသာသာ သက်ရောက်မှု ရှိတတ်ပါတယ်။


မှတ်ချက်။ Bangkok Hospital Page မှာ Dr. Surajit Suntorntham ရဲ့ "“K Powdered Milk” A New Ketamine-Based Drug Cocktail That Kills Lives" ကို ဆီလျော်စွာဘာသာပြန်ထားတာပါ။

Photo ကလည်း အဲ့ဒီဆောင်းပါးမှာ တင်ထားတဲ့ပုံကိုပဲ အသုံးပြုထားပါတယ်။

မူရင်း post link => https://www.bangkokhospital.com/en/content/ketamine-is-fatal?fbclid=IwAR2Ztte7nK-ndwuiK2asV0EFGzVDZSJBHJCwRpdflGr5E0FuB72chIgW8uU

ဘာသာပြန် မျှဝေသူ - Nay Oo Lwin

Monday, June 19, 2023

ရခိုင်သမိုင်းထဲက ထားဝယ်လူမျိုး

 ရခိုင်သမိုင်းထဲက ထားဝယ်လူမျိုး

-----------------------




ယနေ့ ပြည်ထောင်စုမြန်မာနိုင်ငံတော်၌ လူမျိုးပေါင်း (၁၃၅) မျိုးထဲတွင် ထားဝယ် လူမျိုးတစ်မျိုးသည် လည်း အပါအဝင်ဖြစ်ပါသည်။ ထားဝယ်လူမျိုးတို့သည် ယနေ့မှပေါ်ပေါက်လာကြသော လူမျိုးမဟုတ်ကြဘဲ ရှေးရာစုနှစ်ပေါင်းများစွာကပင် အခြေတည်ဆင်းသက်လာသော လူမျိုးကြီးတစ်မျိုးဖြစ်ပါသည်။ ထားဝယ်လူမျိုး တို့၌ ကိုယ်ပိုင်ဘာသာစကား ဓလေ့ထုံးစံတို့သည် တသီးတခြားတည်ရှိသည်ကို တွေ့ရပါသည်။


ထိုလူမျိုးနှင့်ပက်သက်၍ ရခိုင်ရှေးဟောင်းရာဇဝင်တို့တွင်လည်း ခိုင်မာသော အထောက်အထားများကို ပင် တွေ့ရှိရသဖြင့် လေ့လာသုံးသပ်နိုင်ကြရန် တင်ပြလိုက်ပါသည် ။


ရခိုင်သမိုင်းဖြစ်စဉ်

ထားဝယ်လူမျိုးအကြောင်းကို ဦးစွာမတင်ပြမီ

ယင်းနှင့်ဆက်စပ်လျက်ရှိသော ရခိုင်သမိုင်းအကြောင်း အကျဉ်းကို သိရှိထားသင့်ပေသည်။ ရခိုင်လူမျိုးတို့သည် လွန်ခဲ့သော နှစ်ပေါင်း (၅၀၀၀) ကျော်အကြာ ( ဘီစီ ၃၃၂၅ ) မှစ၍ ထီးနှင့်နန်းနှင့် တိုင်းပြည်တစ်ခုအဖြစ် ရပ်တည်ခဲ့သော လူမျိုးတစ်မျိုးဖြစ်ပါသည်။ ရခိုင်ပြည် တည်နေရာသည် အိန္ဒိယနိုင်ငံနှင့် နယ်နိမိတ်ချင်း ဆက်စပ်နေသည့်အလျောက် ရှေးဦးလူများသည် အိန္ဒိယနိုင်ငံ မာဂဓတိုင်းမှ ဝင်ရောက်နေထိုင် လာကြသော လူမျိုးဖြစ်ကြောင်းကို ရခိုင်ရှေးဟောင်းသမိုင်းရာဇဝင်များက အသီးသီးဖော်ပြကြပါသည် ။


ရခိုင်ပြည်၌ မာရယုမင်းသည် ရခိုင်မြို့များကိုစုပေါင်း၍ ရခိုင်ထီးဦးနန်းဦးကို ​ အစတည်ထောင်ခဲ့သောမင်း ဖြစ်သည်။ ဤမင်းသည် ဓညဝတီမြို့တော်ကို တည်ထောင်ခဲ့ပြီးနောက် ယင်းမှဆက်၍ မင်းဆက်ပေါင်း (၂၀၀) ကျော်တို့သည် ရခိုင်နိုင်ငံတော်ကို ထူထောင်လျက် နန်းစံခဲ့ကြသည်။ သို့ဖြစ်ရာကား ရခိုင်သမိုင်း၌ ခေတ်ကြီး (၄) ခေတ် ထွန်းကားခဲ့ ပါသည်။


၎င်းတို့မှာ...

၁ ။ ဓညဝတီခေတ် ( ဘီစီ ၃၃၂၅ မှ အေဒီ ၃၂၇ ထိ )

၂ ။ ဝေသာလီခေတ် ( အေဒီ ၃၂၇ မှ အေဒီ ၈၁၈ ထိ )

၃ ။ လေးမြို့ခေတ် ( အေဒီ ၈၁၈ မှ အေဒီ ၁၄၃၀ ထိ )

၄ ။ မြောက်ဦးခေတ် ( အေဒီ ၁၄၃၀ မှ အေဒီ ၁၇၈၄ ထိ)


မြောက်ဦးခေတ်သည် ရခိုင်တို့၏ နောက်ဆုံးခေတ်ဖြစ်ပြီး နှစ်ပေါင်း ၃၅၄ နှစ် ကြာမြင့်ခဲ့သည်။ မြောက်ဦးခေတ်နောက်ဆုံး ဘုရင်ဖြစ်သော မဟာသမ္မတမင်းလက်ထက် ( ရခိုင်သက္ကရာဇ် ၁၁၄၆ ခုနှစ် ၊ ခရစ်နှစ် ၁၇၈၄ ) တွင် မြန်မာမင်းဖြစ်သော ဗဒုံမင်း(ဘိုးတော်မောင်ဝိုင်း) ကလာရောက်စစ်တိုက် သိမ်းယူသဖြင့် ရခိုင်ပြည်တွင် မင်းဆက်ပြတ်ပြီး ထီးနန်းကျခဲ့လေသည်။


မြန်မာတို့သည် ရခိုင်ပြည်ကို နှစ်ပေါင်း (၄၀) အုပ်ချုပ်သိမ်းယူပြီးနောက်တွင် အင်္ဂလိပ်တို့ဝင်ရောက်လာ သဖြင့် ရခိုင်တို့သည် အင်္ဂလိပ်နယ်ချဲ့အုပ်ချုပ်မှုကို တစ်ခါ ခံခဲ့ရသည်။ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးနောက်တွင် ရခိုင်သည် သီးခြားတိုင်းပြည် ယခင်ကဲ့သို့မဖြစ်ဘဲ ယနေ့အခါ ပြည်ထောင်စုမြန်မာနိုင်ငံတွင်း၍ ဆက်လက် တည်ရှိနေသည်။


ဝေသာလီခေတ်က သမိုင်းဖြစ်ရပ်တစ်ခု

ရှေ့ကတင်ပြခဲ့သော ရခိုင်သမိုင်းခေတ်ကြီး (၄) ခေတ်ထဲတွင် ဝေသာလီ (ကျောက်လှေကား) ခေတ်ကြီး သည် ခရစ်နှစ် (၄) မှ (၈) ရာစုအထိ ရခိုင်ပြည်တွင် ထွန်းကားခဲ့ပါသည်။ ဤခေတ်တွင် မဟာတိုင်းစန္ဒြား၊ သီရိစန္ဒြား၊ ကာလစန္ဒြား အစရှိသော စန္ဒြားမင်းဆက် (၉) ဆက်တို့သည် ဝေသာလီမြို့နိုင်ငံကို ထူထောင်လျက် နှစ်ပေါင်း (၄၀၀) ခန့် စိုးစံခဲ့ကြပါသည်။ ဤမင်းလက်ထက် ခတ်နှိပ်ခဲ့သော ရွှေဒင်္ဂါး၊ ငွေဒင်္ဂါးများကို ယနေ့တိုင် မြင်တွေ့နေကြရပါသည်။ အထူးသဖြင့် ဤခေတ်သည် မြန်မာပြည် ပုဂံခေတ်မတိုင်မီကပင် ထွန်းကားခဲ့သော ခေတ်ဖြစ်ပါသည်။ ဝေသာလီခေတ်သည် ပျူတို့၏ ဗိဿနိုး၊ သရေခတ္တရာမြို့တို့နှင့် ခေတ်ပြိုင်ဖြစ်ကြခဲ့သည်။

ဤခေတ်၌ နောက်ဆုံးဘုရင်ဖြစ်သော စူဠစန္ဒြားမင်းသည် ရခိုင်သက္ကရာဇ် (၉၅) ၊ ခရစ်နှစ် (၇၃၂) တွင် နန်း တက်သည်။ ဤမင်း နန်းတက်ပြီး နှစ်(၂၀) ရှိသောအခါ မင်းကြီးတွင် (ဦးကြပ်နာ)ရောဂါ စွဲကပ်တော်မူလာ သည်။ ဤရောဂါကို ပျောက်ကင်းကုသရန်အလို့ငှာ တကောင်း သင်းတွဲပြည်သို့ ကြွချီရမည်ဖြစ်ကြောင်း ပညာရှိ ဟူးရာတတ္တို့က လျှောက်တင်ကြသည်။


ထိုသောအခါ မင်းကြီးသည် မိမိဝေဒနာ ကုသပျောက်ကင်းစေဖို့အတွက် ဆန္ဒပြင်းပြရကား ရခိုင်ပြည်မှ သင်းတွဲပြည်သို့ မော်တင်ကို လှည့်လျက် သွားရောက်ရန် ခရီးကို စီစဉ်လေသည်။ မင်းကြီးသည် ရွှေလှေ ဖောင်ပြဿာဒ်တွင် စီးတော်မူ၍ ကိုးသောင်း(၉၀၀၀၀)သော ရွှေလှေတော်ရံ တို့သည် လိုက်ပါခဲ့ရသည်။ ဤရေလမ်းခရီးကို သံတွဲစား ဓမ္မဇေယျ အမတ်က ဦးဆောင်ခဲ့သည်။ တကောင်း သင်းတွဲပြည်သို့ရောက်ရှိပြီး ယင်း၌ ဆောင်ရွက်စရာကိစ္စအသွယ်သွယ်ကို ဆောင်ရွက်ပြီးသောအခါ ခြောက်သိန်းသော ရွှေစင်တို့ဖြင့် အလှူကိုပေးသည်။ ထိုမှ မိမိရခိုင်ပြည်သို့ ပြန်လာကြရာ မော်တင် ( ယခု ပုသိမ်မော်တင်စွန်း) အလှည့်သို့ရောက်ပြီး ပင်လယ်ပြင်တွင် နတ် နဂါးမီးလျှံတို့သည် လှေတော်တို့ကို စွဲကပ် လောင်ကျွမ်းသဖြင့် မင်းကြီးနှင့်တကွ ရှစ်သောင်းသော လှေတော်ရံတို့သည် ရေနစ်မြုပ်၍ ပျက်စီးကြလေသည်။


ရခိုင်လူမျိုးမှ မြုံလူမျိုးဖြစ်ရပုံ

ထိုလှေတော်ရံကိုးသောင်းတွင် တစ်သောင်းသော လှေတော်ရံသာ ကျန်ခဲ့ပြီး ထိုလှေတော်ကို ဦးဆောင် သော သံတွဲစား ဓမ္မဇေယျအမတ်ကြီးနှင့် ခြွေရံသင်းပင်းတို့သည် ဝေသာလီမြို့တော်သို့ ပြန်လည် ရောက်လာ သည်။ ဤသတင်းကိုကြားလျှင် ဝေသာလီမြို့တော်၌ ကျန်နေခဲ့သော စူဠစန္ဒြားမင်းကြီး၏ မိဖုရားခေါင်ဖြစ်သော စန္ဒာဒေဝီမိဖုရားသည် ငါ့လင်ကိုပုန်ကန်၍ မင်းပြုရန်လာသည် ဟုဆိုချေလျက် မြို့တော်သို့ လုံးဝဝင်ခွင့် မပေးဘဲ စစ်သူကြီးများက မောင်းထုတ်လေသည်။ မိဖုရားကြီးက အထင်မှားခဲ့လေပြီ။ အမတ်ကြီးကား မထင်လွဲမှားခြင်းကို ခံခဲ့ရသည်။


ဓမ္မဇေယျအမတ်ကြီးသည် ဝေသာလီမြို့သို့ ဝင်ခွင့်မရသဖြင့် ခြွေရံတို့ကိုခေါ်ဆောင်လျက် ဂစ္ဆပနဒီ မြစ်ညာဆီသို့ဆန်တက်ကြသည်။ ဂူဝအထက် ကင်္ကာတောင်၌မြို့ရွာတည်၍ နေကြသည်။ မိဖုရားစန္ဒဒေဝီက ထိုအရပ်၌ မနေနိုင်အောင် တဖန်စစ်သူကြီးများနှင့် မောင်းထုတ်သဖြင့် မတရစ်မြစ်ဖျားသို့ ဆန်တက်ကြသည်။ ထိုအမတ်ကြီးနှင့် ခြွေရံတို့နေထိုင်ခဲ့သော နေရာကို ဥတ္တရစ်ပြည်ဟု တွင်လေသည်။ ဤသို့လျှင် အမတ်ကြီးနှင့် ခြွေရံသင်းပင်းတို့သည် ရခိုင်သား၊ ရခိုင်လူမျိုးစစ်စစ် ဖြစ်ပါလျက်နှင့် ( ရခိုင်) ဟူသော နာမည်ကို မထုတ်ဖော်ဝံ့၊ မြုံ(မျိုသိပ်) ထားကြသဖြင့် (မြုံ) လူမျိုးဟု တွင်လေသည်။ ( ထိုမြုံများနေထိုင်ရာဒေသသည် ယခုအခါ အိန္ဒိယ နိုင်ငံ တြိပူရ { Trippa } တွင် တည်ရှိသည် )


ဒသရာဇာမင်းလက်ထက်မြုံလူမျိုး

ဒသရာဇာမင်းမှာ (လေးမြို့ခေတ်)က မင်းတစ်ပါးဖြစ်သည်။ ထိုမင်းသည် ခရစ်နှစ် (၁၁၂၃ - ၁၁၃၉) တွင် ထီးနန်းစံခဲ့သည်။ ဤမင်းလက်ထက်၌ မြုံလူမျိုးများမှာ မရိတ်ချောင်းတွင်လည်း ပျံ့နှံ့နေထိုင်ကြသဖြင့် တချို့သော မရိတ်ချောင်းနေ မြုံလူမျိုးတို့သည် တစ်ရွာနှင့်တစ်ရွာ ခိုက်ရန်ဖြစ်ပြီး တိုက်ခိုက်ကြသည်။


ဒသရာဇာမင်းသည် ထိုမရိတ်ချောင်းအရပ်နေ မြုံလူမျိုးများကိုခေါ်ယူပြီး ၊ ခိုက်ရန်မဖြစ်စေရန် လူစု ခွဲလျက် ရခိုင်ပြည် မာန်အောင်ကျွန်းနှင့် အုန်းကျွန်းတို့တွင် နေရာချပေးထားလေသည်။ တစ်နှစ်ခန့်ရှိသောအခါ ထိုမြုံလူမျိုး ရခိုင်သားတို့သည် ရခိုင်ပြည်မှ ထွက်ခွါသွားကြပြီး ယိုးဒယား ( ထိုင်း ) နှင့် ပဲခူး ( မွန် ) နှစ်ပြည်ထောင်ကြားတွင် နေထိုင်ကြလေရာ (ထားဝယ်) လူမျိုးဟူ၍ တွင်လေသည် ။


မြုံမှထားဝယ်ဖြစ်ခဲ့ရပုံ

ထားဝယ်ဆိုသည်မှာ ကြိမ်များချထားရာဆိပ်ကမ်းဟု ဂဇက္တီယာက ဆိုသည်။ တချို့က သံ ၊ သတ္တု ဝယ်ရာဟူ၍လည်းကောင်း၊ မြန္ဘာသာစကား (တေဝ) တင်ပျဉ်ခွေထိုင်သည်မှ (ထားဝယ်) ဖြစ်လာသည်ဟူ၍ လည်းကောင်း၊ ရှင်ဓာတ်ဝဲစေတီ ရှိ၍လည်းကောင်း ထားဝယ်ခေါ်ဆိုကြောင်း အသီးသီး ဖွင့်ဆိုကြသည်။


ရခိုင်သမိုင်း၌ကား မြုံလူမျိုးသည် ယိုးဒယားနှင့် လည်းကောင်း၊ ဗမာ(မြန်မာ) များနှင့်လည်းကောင်း၊ မာန်အောင်ကျွန်းနှင့် အုန်းကျွန်းမှ ထွက်ခွါသွားပြီးနောက် ယိုးဒယားနှင့်ပဲခူး(မွန်) နှစ်ပြည်ထောင်ကြားတွင် နေကြစဉ် မကြာမကြာစစ်တိုက်နေကြရသည်။ အထူးသဖြင့် စစ်တိုက်ခြင်းကို ငြီးငွေ့လာပြီး ဓားလက်နက်များကို ရခိုင်စကား ( ဝဲခ်) လွှင့်ပစ်ရာမှ ( ဓားဝဲ) ( ထားဝဲ) ထားဝေ ထားဝယ်ဖြစ်လာသည်ဟု ဆိုလေသည်။


ရခိုင်စကားနှင့်ထားဝယ် တူညီနေခြင်း

ယနေ့ထားဝယ်လူမျိုးများ ပြောဆိုနေသော စကားလေယူလေသိမ်းမှာ ရခိုင်နှင့်များစွာ တူညီနေသည်။ ထားဝယ်စကားသည် ရခိုင်ထက်မြန်နေသည်။ ရန်ကုန်ရောက်သော ရခိုင်များက မြန်မာ(ဗမာ)စကားပြောကြ လျှင် (ထားဝယ်) လားဟု ဗမာများကပင်မေးကြသည်။ ရခိုင်နှင့်ထားဝယ်စကားတို့သည် တချို့နေရာ၌ များစွာတူနေသည်။ ရခိုင်ရှေးဟောင်းစကားများကို ထားဝယ်စကား၌ တွေ့နေရသည်။ အထူးသဖြင့် ဘာသာစကား ကျေးလက်တေးနှင့် တေးဂီတများက တူညီခြင်းကို သက်သေခံနေသည်။ ရခိုင်ဒုံးအက နှင့် ထားဝယ် ဒုံးအက ဒေသအလျောက် ကွဲပြားကြသော်လည်း ယိမ်းအသွင်နှင့်တူညီကြောင်း ဆိုကြသည်။ ရခိုင်တွင်တွေ့ရသော ကြိုးတပ်မိကျောင်းတူရိယာနှင့် ကြိုးနှစ်ပင်တပ် တယောမျိုးကိုလည်း ထားဝယ် နယ်တွင် တွေ့ရကြောင်းဆိုကြသည်။ ထားဝယ်ဒိန်းသာခြင်းမှာ ရခိုင်ဒုံးခြင်းနှင့်တူသည်။


သုတေသနပြုစရာများ

ယနေ့ ရခိုင်လူမျိုးတို့သည် မြန်မာနိုင်ငံ အနောက်ဘက်ကမ်းမြှောင်ဒေသတွင် နေထိုင်လျက်ရှိနေသည်။ ရခိုင်တွင် ဗုဒ္ဓဘာသာကိုးကွယ်ခြင်းနှင့်တကွ ရိုးရာယဉ်ကျေးမှုသမိုင်းတို့သည် ခိုင်ခိုင်မာမာရှိပြီးသား လူမျိုးတစ်မျိး ဖြစ်သည်။ ထားဝယ်လူမျိုးတို့ကား မြန်မာနိုင်ငံတောင်ဘက်အစွန်းတွင် နေထိုင်လျက်ရှိနေကြသော လူမျိုးတစ် မျိုး ဖြစ်ပါသည်။ ဤလူမျိုးတို့၌လည်း ကိုးကွယ်ရာဘာသာ ယဉ်ကျေးမှု၊ ထုံးတမ်းစဉ်လာနှင့် သမိုင်းရာဇဝင်တို့ သည် ရှိကြပေမည်။ ဤလူမျိုးနှစ်မျိုးတို့သည် ရှေးကပင် တစ်အူတုံဆင်း၊ မောင်နှမရင်းချာဖြစ်ကြောင်းကို ရခိုင် ရှေးဟောင်းသမိုင်းက သက်သေခံနေသသည်။


ထားဝယ်နှင့်ရခိုင်တို့၏ ဘာသာဗေဒ ၊ ဘာသာစကားကိုလည်းကောင်း၊ ယဉ်ကျေးမှု၊ ကိုးကွယ်မှု၊ ယုံကြည်မှု ထုံးတမ်းစဉ်လာ ဓလေ့များကို အပြန်အလှန် သုတေသနပြုပြီး ဖော်ထုတ်ပေးနိုင်မည်ဆိုလျှင် သမိုင်း ဖြစ်ရပ်သည် ခိုင်ခိုင်မာမာဖြစ်လာနိုင်မည်ဖြစ်ပါသည်။


ယနေ့ မည်သည့်ပညာရှင်များကလည်း ဤလူမျိုးနှစ်မျိုးကို သုတေသနပြုလုပ်ခြင်း မရှိသေးသည့် အတွက် မှုန်မှုန်ဝါးဝါးသာ ဖြစ်နေပေသည်။ သုတေသီ ပညာရှင်များ လေ့လာ၍ ကျမ်းတစ်ကျမ်းပြုလုပ်သင့်နေပြီး အပြန်အလှန် သုတေသန ပြုနိုင်ပါစေဟု နှိုးဆော်တင်ပြအပ်ပါသည် ။


မင်းပြားမင်းသိန်းဇံ

( ရခိုင်သမိုင်းသုတေသီ )


ကိုးကား....

၁ ။ ဦးစန္ဒမာလာလင်္ကာရ၊ ရခိုင်ရာဇဝင်သစ်ကျမ်း (ပ)တွဲ။

၂ ။ ဦးကဝိသာရ၊ ဓညဝတီအရေးတော်ပုံကျမ်း ။

၃ ။ သုတေသီကောသလ္လ ( ဂေဝသီ )၊ ရခိုင် ထားဝယ်နှင့် အင်းသား ။ မုနိမြေမဂ္ဂဇင်း အမှတ်(၂)

သဇင်ပန်းခိုင်ဂျာနယ် ။ အတွဲ(၂)၊ အမှတ် ( ၁၂ ) မှ ထုတ်နှုတ်တင်ပြပါသည်။

Sunday, June 18, 2023

ကော်ဖီလှော်ခြင်းအဆင့်တွေကြောင့် ကော်ဖီအရသာတွေဘယ်လိုပြောင်း

 ကော်ဖီလှော်ခြင်းအဆင့်တွေကြောင့် ကော်ဖီအရသာတွေဘယ်လိုပြောင်းလဲနိုင်သလဲ?

(Coffee Knowledge)





ဟာ..ကော်ဖီကြီးကခါးလိုက်တာ၊ချဉ်လိုက်တာ၊ခါးတူးနေရောပဲ…ဘယ်လောက်တောင်ဆိုးလိုက်တဲ့ကော်ဖီလဲကွာ။


ကျွန်တော့်မိတ်ဆွေတွေထဲမှာအချိုကြိုက်တဲ့သူတွေဟာ coffee shop တစ်ခုရောက်တဲ့အခါ ဘာမှာရမလဲမသိပဲ မှာလိုက်တဲ့ကော်ဖီတစ်ခွက်ဟာ ခါးနေရင်၊ချဉ်နေရင် မိတ်ဆွေတို့ကကော်ဖီမကောင်းဘူးလို့ယူဆကြပါလိမ့်မယ်…အဲ့လိုဆိုရင်တော့မိတ်ဆွေရဲ့ခွက်ထဲကကော်ဖီရယ် ဖျော်ပေးတဲ့baristaရယ်ကို မလေးစားရာကျပါတယ်။တကယ်တော့ကော်ဖီအရသာမကောင်းတာမဟုတ်ပါဘူး မိတ်ဆွေကကော်ဖီစစ်စစ်ကို မသောက်တတ်သေးတာပါ။


ကဲ…ဒါဆိုဘာကြောင့်ချဉ်တာလဲခါးတာလဲဆိုတာရဲ့ တစ်စိပ်တစ်ဒေသလေးကို ကျွန်တော့်စာဖတ်သူကိုပြောပြပါမယ်။


📕Coffee roasting( ကော်ဖီလှော်ခြင်း)


-ကော်ဖီလှော်တယ်ဆိုတာကတော့ ကော်ဖီစေ့ထဲမှာရှိနေတဲ့ကောင်းမွန်တဲ့အနံ့နဲ့အရသာတွေကိုပေါ်ထွက်လာအောင် ကော်ဖီစေ့တွေကို အပူပေးပြီးလှော်ခြင်းဖြစ်ပါတယ်။ဒီလိုလှော်လိုက်လို့ရလာတဲ့ကော်ဖီစေ့ကို English လို roasted bean လို့ပညာရှင်တွေကခေါ်ကြပါတယ်။

ဟုတ်တာပေါ့..မလှော်ရသေးတဲ့ကော်ဖီစေ့လေးတွေကျတော့ စိမ်းဖန့်ဖန့်အရောင်လေးတွေလေ..အဲ့လိုမလှော်ရသေးတဲ့ကော်ဖီစေ့လေးတွေကိုကျတော့ un roasted bean (or) green bean လို့လဲခေါ်ပြန်ပါသေးတယ်။

ဒီ green bean အခြေနေမှာရှိနေတဲ့ကော်ဖီစေ့တွေကတော့ ထူးခြားတဲ့ အရသာနဲ့မွှေးရနံ့ကိုရအုံးမှာမဟုတ်ပါဘူး။


ဘာလို့ coffee roasting အကြောင်းကိုအရင်ပြောပြတာလဲဆိုရင် ကော်ဖီလှော်ခြင်းကြောင့်ဖြစ်လာတတ်တဲ့ အရသာပြောင်းလဲမှု့ကိုပြောပြချင်တာမို့ပါ။ရာနှုန်းပြည့် ကော်ဖီလှော်ခြင်းအပိုင်းတစ်ခုထဲကြောင့် ဒီအရသာတွေရတာ၊ပြောင်းလဲတာမျိုးတော့မဟုတ်ပါဘူး..ကော်ဖီမျိုးစိပ်၊စိုက်ပျိုးမှု့စနစ်၊လှော်ခြင်း၊ဖျော်စပ်မှု့နည်းပညာ စတာတွေကြောင့်ကော်ဖီအရသာကလဲပြောင်းတတ်ပါသေးတယ်။


Coffee roasting မှာ level 3 မျိုးရှိတယ်လို့အကြမ်းမျဉ်းပြောလို့ရပါတယ်..အဲ့တာတွေကတော့

-Light Roast

-Medium Roast

-Dark Roast တို့ပဲဖြစ်ပါတယ်။

ဒီ roasting levels တွေကြောင့်ကော်ဖီဟာချဉ်တယ်၊ခါးတယ်ဆိုပြီးဖြစ်လာတတ်တာပါ။


📕Light Roast 


-ကော်ဖီဟာချယ်ရီသီးမျိုးစိပ်ထဲကလာတာဖြစ်တဲ့အတွက်ကြောင့် ကော်ဖီသီးရဲ့မှည့်နေတဲ့အသားနဲ့အစေ့ထဲမှာ organic acid လေးတွေပါဝင်ပြီး အချဉ်ဓာတ်လေးဟာကော်ဖီရဲ့မူလဇစ်မြစ်အရသာ (original flavour) ဖြစ်ပါတယ်။ဒါကြောင့်ကော်ဖီရဲ့မူလအရသာစစ်စစ်ကိုသောက်ချင်ရင်၊သောက်မိရင် အချဉ်ဓာတ် (sour) လေးကိုလဲခံစားမိပါလိမ့်မယ်။ 


Light roast အဆင့်ဟာကြာကြာလှော်ထားတာမဟုတ်သေးတဲ့အတွက်ကြောင့် ကော်ဖီစေ့ထဲမှာရှိတဲ့ဒြပ်ပေါင်းတွေကလည်း အများကြီးမပြောင်းလဲသေးပါဘူး။ ဒီ light roast အဆင့်မှာပဲကော်ဖီရဲ့ အနံ့ထဲကသစ်သီးရနံ့တွေ၊ဟင်းခတ်အမွှေးကြိုင်ရနံ့တွေနဲ့သကြားညိုရနံ့တွေလဲရတတ်ပါသေးတယ်။ 


Light roast ဖြစ်မဖြစ်ကို physically အရသိချင်ရင်ကော်ဖီစေ့ရဲ့အရောင်လေးကိုကြည့်တဲ့အခါ အညိုနုရောင်(သစ်ဂျပိုးခေါက်အရောင်)လေးရှိနေပါလိမ့်မယ်။Light roast ကိုတစ်နည်းအားဖြင့် cinnamon roast လိုလဲခေါ်ကြပါသေးတယ်ဗျ။ မိတ်ဆွေကအချဉ်ကိုကြိုက်တတ်တယ် ချဉ်တဲ့အသီးတွေကိုစားလေ့ရှိတယ်ဆိုရင်တော့ ကော်ဖီရဲ့ကောင်းမွန်ပြီးလန်းဆန်းစေတဲ့အချဉ်ဓာတ်လေးကိုလဲခံစားကြည့်ပါအုံး။


📕Medium Roast 


-အပေါ်မှာပြောခဲ့light roastအဆင့်မှာလှော်တာကိုမရပ်ပဲ ဆက်လှော်နေရင်တော့ ကော်ဖီစေ့လေးတွေရဲ့အရောင်ဟာ အညိုနုရောင်ထက်ပိုရင့်လာပြီး medium roast အဆင့်ကိုရောက်လာပါလိမ့်မယ်။Medium ကတော့ light roast ထက်အချိန်တစ်ခုပေးပြီးလှော်ထားတာဖြစ်တဲ့အတွက်ကြောင့် ကော်ဖီစေ့ထဲမှာရှိတဲ့ ဒြပ်ပေါင်းလေးတွေဟာ စတင်သိသာစွာအနည်းငယ်ပြောင်းလဲစပြုလာပါပြီ။


-Medium roastမှာကော်ဖီရဲ့အရသာက အချဉ်ဓာတ်(sour)ရယ် အခါးဓာတ်(bitter) ရယ်အရသာနှစ်မျိုးဟာညီမျှသွားပြီး နူးညံ့ပြီးသောက်လို့ကောင်းတဲ့ လှော်ခြင်းအဆင့်တစ်ခုဖြစ်လာပါတယ်။ဒီအဆင့်မှာဆိုရင်ဘယ်ရီသီးရနံ့၊ပန်းရနံ့နဲ့သကြားမီးသင်းရနံ့လေးတွေရတတ်ပါတယ်။Medium roast ကိုနောက်တစ်မျိုး city roast လို့လဲခေါ်ပါတယ်။ 


-Medium roast ဟာ light roastလို အချဉ်မစူးတာကြောင့် ပုံမှန်ကော်ဖီသောက်နေတဲ့သူတွေအတွက် ကော်ဖီရဲ့အချဉ်ဓာတ်နဲ့မိတ်ဆက်ပေးခွင့်ရလို့ Roaster များနဲ့ speciality coffee (အထူးတန်းဝင်ကော်ဖီ)ထုတ်လုပ်သူများက သဘောတွေ့ကြတဲ့လှော်ခြင်းအဆင့်တစ်မျိုးလဲဖြစ်ပါတယ်။သူက ဒြပ်ပေါင်းတွေပြောင်းလဲပေမဲ့လဲ အများကြီးမပြောင်းလဲသေးတာကြောင့် ကော်ဖီရဲ့မူလအရသာကိုခံစားနေရအုံးမှာပါ။


ကျွန်တော့်စာဖတ်သူကဒီစာကိုဖတ်ပြီးကော်ဖီရဲ့အချဉ်ကိုစမြည်းစမ်းကြည့်ချင်တယ်ဆိုရင်တော့ medium roast levelရှိတဲ့ကော်ဖီဟာ မိတ်ဆွေကို ကောင်းမွန်တဲ့အချဉ်ဓာတ်လေးနဲ့ ကောင်းကောင်းမိတ်ဆက်ပေးပါလိမ့်မယ်။


📕Dark Roast 


-အချိန်ပိုကြာကြာလှော်လာရင်တော့ကော်ဖီဟာ dark roast အဆင့်ကိုရောက်သွားပြီ။ဒီအဆင့်ကိုရောက်သွားတဲ့ကော်ဖီဟာ အစေ့ရဲ့မျက်နှာပြင်ပေါ်မှာအဆီပျံနေပြီး dark roast ကနေ အချဉ်ဓာတ်မပေးနိုင်တော့ပဲ ပါးစပ်ထဲစွဲနေစေမယ့်အခါးဓာတ်ပြင်းပြင်းကိုခံစားမိပါလိမ့်မယ်။


-Dark roast အဆင့်ကိုရောက်သွားတဲ့ကော်ဖီကမီးခိုးနံ့သင်းနေတတ်ပါတယ်။ဒါပေမဲ့ဒါကိုမကောင်းဘူးလို့လဲပြောလို့မရဘူးဗျ..ဘာလို့လဲဆိုတော့တစ်ချို့ကော်ဖီမျိုးစိပ်တွေက သူတို့ရဲ့မူလအရသာတွေပြောင်းလဲသွားပေမဲ့လဲ အဲ့အချိန်မှာချောကလက်၊အစေ့အဆံနဲ့သကြားမီးသင်းတဲ့အရသာကောင်းမျိုးကို ရရှိတတ်ပါသေးတယ်။

အထူးတန်းဝင်ကော်ဖီထုတ်လုပ်လုပ်သူတွေကတော့ မူလဇစ်မြစ်အရသာလုံးဝပြောင်းလဲသွားတာဖြစ်တဲ့အတွက်ကြောင့် dark roast level ကိုအသုံးနည်းတာတွေ့ပါတယ်။ 

Dark roast ကို Vienna roast လို့လဲခေါ်ပါတယ်။

Roasting level 3ခုလုံးရဲ့အရောင်တွေကို မြင်ဖူးအောင်အောက်မှာပုံလေးထည့်ပေးထားပါတယ်။


ဒီလောက်ဖတ်ပြီးရင်တော့ လှော်ခြင်းအဆင့်တွေဟာမိတ်ဆွေရဲ့ကော်ဖီအရသာကို ဘယ်လိုအကျိုးသက်ရောက်မှု့ရှိလဲဆိုတာကို အကြမ်းမျဉ်းတော့နားလည်သွားပါပြီ။သို့ပေမဲ့လဲ လှော်သားဘယ်လောက်ကောင်းကောင်း စနစ်ကျတဲ့ brewing methods တွေကိုနားမလည်ဘူးဆိုရင်တော့ ကောင်းမွန်တဲ့ကော်ဖီရဲ့အရသာအပြည့်အဝကို ကော်ဖီမှုန့်တွေထဲကနေမိတ်ဆွေ ဆွဲထုတ်ဖျော်စပ်သောက်သုံးနိုင်အုံးမှာမဟုတ်ပါဘူး။


ဒါကြောင့် ကော်ဖီရဲ့ထူးခြားတဲ့အနံ့အရသာတွေကို နည်းစနစ်တကျဖျော်တတ်ဖို့ စာရေးသူဖွင့်ထားတဲ့ “Story Of Espresso” barista training center မှာ coffee brewing training တွေလာ join လို့ရပါတယ်။လစဉ်အပတ်စဉ်တိုင်းမှာ group sections, private sections တွေလဲရှိလို့ page မှာမေးပြီးတက်လို့ရပါတယ်။2023 June လထဲမှာဖွင့်မယ့် Basic Barista classလေးကိုလဲ join ဖို့မှီသေးတယ်နော်။


ကျွန်တော်မျှဝေပေးထားတာကတော့ coffeeပညာရဲ့ တစ်စိပ်တစ်ပိုင်းလေးကို မိတ်ဆွေတို့နားလည်လွယ်အောင်ရေးသားပေးထားတာဖြစ်တာမို့ ကြိုက်နှစ်သက်ရင် ကိုယ်သိလိုက်ရသလို မိတ်ဆွေတို့ရဲ့သူငယ်ချင်းတွေပါသိအောင် ပြန်လည်မျှဝေပေးပါအုံးနော်။”မျှဝေခြင်းဟာမင်္ဂလာတစ်ပါး”ဖြစ်ကြောင်းမှာကြားရင် ကျွန်တော့်စာလေးကို ဒီမှာနိဂုံးချုပ်လိုက်ပပါတယ်။


(စာဖတ်သူရှု့ထောင့်ကနေနားလည်လွယ်အောင်လိုတိုရှင်းရေးပြထားတာဖြစ်တဲ့အတွက် လိုအပ်ချက်များရှိရင် professional roaster များကဖြည့်တွေးနားလည်ပေးစေလိုကြောင်း မေတ္တာရပ်ခံပါတယ်)


Brew with love….☕️🤎


Written by Nay Min Myat (Story of Espresso)


(ဤစာစုအားမိမိတို့အကျိုးစီးပွါးအတွက်copyယူမည်ဆိုပါက စာရေးသူအား လူ့ကျင့်ဝတ်အရ credit ပေးပါရန်)


Story of Espresso” Professional Barista Training Center


☎️ Phone-09 798244663

                   09 964570777.


#storyofespresso

#coffeetrainingschool

#baristatraining

#trainingcenter

#coffeeknowledge

#ကော်ဖီသင်တန်းကျောင်း

Thursday, June 15, 2023

💢 ခြင်းလုံး 💢

 💢 ခြင်းလုံး 💢




ခြင်းလုံးကစားနည်း သည် မြန်မာလူမျိုးများ သာမက အချို့ နိုင်ငံခြားသားများပါ စိတ်ဝင်စားသော ရိုးရာ အားကစားနည်း ဖြစ်သည်။ ပျူခေတ်မှ စတင်၍ ကစားခဲ့ကြသည် ဟု ယုံကြည်ရသည်။ ခြင်းလုံးကစားနည်း ၏ထူးခြားချက် မှာ တယောက်နှင့် တယောက် တဖက်နင့်တဖက် ယှဉ်ပြိုင်ရသည် မဟုတ်ပဲ ခြင်းလုံးကိုမြေသို့မကျအောင် ကစားဖော်များကစုပေါင်း အားထုတ်ရသော ကစားနည်းဖြစ်သည်။


♻ ခြင်းလုံး ကစားခြင်း.....


ခြင်းလုံး ကစားခြင်းသည် မြန်မာ့ရိုးရာ ကစားနည်း တစ်ရပ်ဖြစ်သည်။ ကြိမ်နှင့်ယက်လုပ်ထားပြီး အလုံးသဏ္ဌာန်ရှိသော အရာကို ခြင်းလုံးဟုခေါ်၍ ခြင်းလုံးကို ခြေထောက်၊ ဒူး၊ဦးခေါင်း၊ပခုံး စသည်တို့ဖြင့် ခတ်ကစားရသော ကစားနည်း ဖြစ်သည်။


မြန်မာနိုင်ငံ၌ ခြင်းလုံးကစားခြင်း သည် ရိုးရာမူဟန်မပျက် ကျန်နေရစ်ပြီး အထူးစိတ်ဝင်စားဖွယ် ရှားပါးကစားနည်း တစ်မျိုး ဖြစ်နေပါသည်။ ညင်သာသည့်၊ ခြေခတ် ပညာမျိုးစုံဖြင့် ကြွယ်ဝလှသည့်၊ လူကြီးလူငယ်မရွေး၊ ကျား-မ မရွေး ကစားနိုင်သည့်၊ ပူးပေါင်းကစားနိုင်ကြသည့် ကစားနည်းတစ်ခု ဖြစ်ပါသည်။ ဤကစားနည်းသည် ပူးပေါင်းဆောင်ရွက်မှုမျိုး၊ အပြန်အလှန် အပေးအယူရှိမှုနှင့် ဒီမိုကရေစီ သဘောလည်း ပါဝင်ဖွဲ့စည်းနေသည်။


ဝိုင်း ခြင်းခတ်ဖို့ အကောင်းဆုံးမှာ ခြောက်ပင်ချည် ကြိမ်ခြင်းလုံး ဖြစ်ပါသည်။ ထိုခြင်းလုံး၏ ကြိမ်တွေအကြားမှာ ဝါးကလေးတွေကို သပ်ရိုက်ထည့်သည်။ ပြီးမှ ခြင်းလုံးကို အိုးတစ်လုံးထဲတွင် မန်ကျည်းရွက် နှင့်အတူ ထည့်ပြုတ်ပြီး နေပူလှမ်းထားရသည်။ ထိုကဲ့သို့ စီမံထား သော ခြင်းလုံးက ဝိုင်းခြင်းခတ်ဖို့ အထူးကောင်းမွန်လှ၏။ ခြင်းလုံးနှင့် ခြေထောက် ထိလိုက်သည်နှင့် “ထပ်” “ထပ်” ဟု အသံမြည်ပြီး တက်သွားသည်။ ယခုနောက်ပိုင်း အခတ်များသော ကော်ခြင်းလုံးတွေနှင့် တခြားစီပင် ဖြစ်သည်။


♻ စတင်ပေါ်ပေါက်လာပုံ.....




ခြင်းလုံး စတင်ပေါ်ပေါက်လာပုံနှင့် ပတ်သက်၍ မြန်မာများ အကြား၌ပင် ငြင်းခုန်နေကြဆဲ ဖြစ်သည်။ အချို့က ဤကစား နည်းသည် နှစ်ပေါင်း ၂, ၅၀ဝ ကျော် ကြာမြင့်ခဲ့ပြီဟု ဆိုနိုင်ပြီး အေဒီ ၇ ရာစု ရှေးဟောင်းပျူခေတ်ကာလကပင် ရှိခဲ့သည်ဟု ပြောဆိုမှုများလည်း ရှိနေသည်။ အချို့က ပို၍ နောက်ပိုင်းကျသည့် ၁၉ ရာစု နှောင်းပိုင်း ပုဂံမင်းလက်ထက်တွင်မှ စတင်တွေ့ရပြီး နန်းတော်ရှိ မင်းဆွေမင်းမျိုး ပရိသတ်များ ကြည့်ရှုရန် ဖျော်ဖြေတင်ဆက်ခဲ့သည်ဟု ဆိုသည်။


အထောက်အထား အနေဖြင့် မြန်မာနိုင်ငံ ရှေးဟောင်း သုတေသနဌာန မှ ကျောက်စာဝန် ပြင်သစ်လူမျိုး ချားစ်ဒရွိုင်ဇယ်၏ ၁၉၂၆-၂၇ ခုနှစ်အတွင်း နှစ်ပတ်လည် အစီရင်ခံစာ၊စာမျက် နှာ ၁၇၁ ပါစာပိုဒ်ဖြစ်သည်။ထိုစာပိုဒ်အရ ပြည်မြို့အပိုင်၊ မှော်စာရွာအနီး၊ ကုလားကန်ကုန်းရွာ မလှမ်းမကမ်း ၌ ဦးခင်ဘ ဆိုသူ ၏ယာမြေရှိ၏။ထိုယာ ကုန်းမြေအောက် အုတ်တိုက်ကို တူးဖော်ရာ ဗုဒ္ဓ ရုပ်ပွားတော်များ၊ လက် ဝတ်ရတနာ များ၊ ရုပ်တုများ တူးဖော်ရရှိ ခဲ့ပါသည်။ ထို အုတ်တိုက်ထဲမှ တူးဖော် ရရှိသော ပစ္စည်းများမှ ထူးခြားသော ပစ္စည်းတစ်ခု ပါရှိခဲ့လေ သည်။ ထို အရာ ဝတ္ထုမှာ နှစ်လက်မ မတ်တင်းအချင်းရှိသော သေးငယ် သည့် ငွေခြင်းလုံးလေး တစ်လုံးဖြစ်ပါသည်။ထိုသို့ တူးဖော်ရသော ပစ္စည်း များ ခေတ်အခါနှင့် သက်တမ်းကို သုတေသနပြုရာ၌ ခရစ်နှစ် ၇ ရာစုခန့် ဟု သိရှိရပေသည်။ တစ်နည်းမှန်းဆရသော် လွန်ခဲ့သော နှစ်ပေါင်း ၁,၅၀၀ ကျော်မှ ဟု ဆိုပါသည်။


ထိုခေတ်အချိန်မှာ ပျူတို့ခေတ်အနေ ဖြစ်သည်ဟု ဆိုပါသည်။ ထို့ပြင် ရှေးဟောင်းပစ္စည်းများ၊ ဌာပနာများကို စောင့်ရှောက်ထိန်းသိမ်း ခြင်း ဆိုင်ရာနှင့် ဆက်စပ်သော ကထိက ဦးသက်တင် ကလည်း အိန္ဒိယနိုင်ငံ တောင်ပိုင်းမှာ အေဒီ ၅ ရာစုအတွင်း ရေးထိုးကြသောက ဒဗ္ဗ တို့ ခေတ်ဦးပိုင်း စာလုကြ တို့၏ တေလဂူ၊ ကနရ အက္ခရာရေးပုံမျိုးသည် မှော်စာရွာ ဦးခင်ဘ ယာကုန်းမှ ရသော ရွှေပေလွှာ အက္ခရာ ရေးသားပုံ နှင့်တူ သဖြင့် ပျူခေတ် အထောက်အထား မှန်ကန်တိကျကြောင်း အဆိုရှိပါသည်။ အိန္ဒိယ အက္ခရာပါရဂူ တို့၏ အေဒီ ၅ ရာစု ခေတ်အဆိုအရ လည်း သေဉ်လည်ကြောင်၊ ကြောင်ဒူရစ်၊ သည်ကန် သူရဲ စသော ပုဂံမင်းများခေတ်ဖြစ်ပေ သည်။ ထိုခေတ် ကာလ ရွှေပေလွှာ အက္ခရာပုံမျိုးထပ်တူမရှိ၊ သို့သော် ထပ်တူရှိသည် ဆိုပါသည်။ သို့ပါ၍ ပျူခေတ်၊ ပုဂံမင်းများလက်အောက်ခံ မှော်ဇာပျူမင်း ဗရဗော(ခ) တြီပြတူဝန်မ နှင့် မိဖုရားတြီပြတူဒေဝီတို့က ရွှေပေလွှာ ရေးသားစေပြီး ဦးခင်ဘကုန်း အုတ်တိုက်အတွင်း ဌာပနာပြု ထည့်သွင်း လှူဒန်း ခဲ့သည်ဟု မှတ်တမ်းများအရ သိရှိရပါသည်။


တရုတ်စာပေ ဟန်ရာဇဝင်တွင် ဟိုဟန်ရှုဆိုသူ ရေးသားသည်မှာ ခရစ်သက္ကရာဇ် ၉၇ခုနှစ်က အီဂျစ်ပြည်မှ လာသောဟန်နှင့် ချစ်ကြည် ရေးအဖွဲ့ ဝင်များ တရုတ်ပြည်သို့ သွားရောက်၊ ဘုရင့်ထံအခစားဝင်ခဲ့လေသည်။ ထိုအဖွဲ့တွင် အစိမ်းတိုက်ပညာသည်များ၊ မျက်လှည့် ပြသူများ၊ တူရိယာတီးမှုတ် ပညာသည်များ၊ အလုံးသဏ္ဌာန်ညှပ် ကစားပြသူများလည်း ပါရှိသည်ဟု ရေးသားထားပါသည်။ ထိုအလုံး ကိရိယာ ၁၀ လုံးကို နိုင်နင်းစွာကိုယ်ခန္တာ ပေါ်တင် ညှပ်ကစားသူဟုဆိုပါသည်။အဖွဲ့လိုက်မဟုတ်သည်ကတစ်ကြောင်း၊ ခြင်းလုံးခတ် အားကစား ခေတ်ဦးပိုင်းက မြန်မာနိုင်ငံတွင် တစ်ကိုယ်ရေအတတ် ပြ၊ ခြင်းလုံးအတင်၊ အညှပ် ကစားသူများ ရှိခဲ့ရာ ထိုအလုံးမှာ ခြင်း လုံးဖြစ်ပြီး ကစားသူမှာလည်း မြန်မာပြည်ကပင် ဖြစ်မည်ဟု ခြင်းလုံးသုတေသီတစ်ဦးက မှတ်ချက်ပြုထားပါသည်။


ယင်းနှင့်ပတ်သက်၍ အထောက် အထားမှာ အီဂျစ်နိုင်ငံ မစ္စတာဟန်တို့ အဖွဲ့သည်တရုတ်ပြည်အသွား မြန်မာနိုင်ငံမြောက်ဖျားမှ ဖြတ် သန်းစဉ်ခရီးတစ်ထောက်နားခိုက် ထိုအလုံးများတင်၊ညှပ်ကစားပြသူကို၎င်းတို့အဖွဲ့က ခေါ်ယူသွားခြင်းဖြစ်နိုင်သည်ဟု ယူဆရသည်။ ယခုအချိန်တိုင် အီဂျစ်နိုင်ငံတစ်ဝန်းခြင်းလုံးကစားမှုရှိသည်ဟု ကြားပင် မကြားဖူးခဲ့ပေ။ ယင်းကြောင့် မြန်မာ နိုင်ငံမှဟု ထိုအလုံးကစား သူကို မှတ်ယူခြင်း ဖြစ်သည်ဟု သုတေသီများက အဆိုရှိသည်။


စာရေးဆရာ လှသမိန်က စာပေဗိမာန် မဂ္ဂဇင်း အတွဲ (၁)၊ အမှတ်(၅) တွင် ကုန်းဘောင်ခေတ် ကဟု ယူဆ ရေးသားခဲ့ပါသည်။


စာရေးဆရာ တက္ကသိုလ်ချစ်ဆွေ ကလည်း ယဉ်ကျေးမှုစာစောင်တွင် ကုန်းဘောင်ခေတ် က ဟု ရေးသားထားပါသည်။ ညောင်လေးပင်မြို့၊ အောင်သပြေ ဦးအေးမောင် (ခြင်းတော်သား လက်စွဲ စာအုပ်ရေးသားသူ) ကတော့ ပုဂံမင်းလက်ထက်က စတင်၍ ခြင်းလုံး ပေါ် ပေါက်သည်ဟု ရေးသားထားခဲ့ပါ သည်။


တစ်ဖန် ယိုးဒယား ပန်းပုသမားတစ်ဦးကလည်း သက္ကရာဇ် ၁၂၀၈ ခုနှစ် တွင် နန်းတက်သော ပုဂံမင်းထံ ဆင်စွယ်ဖြင့် ပြုလုပ်သည့် ခြင်းလုံး ပုံသဏ္ဌာန် တစ်ခု ကို ဆက်သရာ ပုဂံမင်း သဘောကျပြီး ထိုခြင်း လုံး ပုံသဏ္ဌာန်ကို ကြိမ် ဖြင့် ထိုးယက်စေကာ နန်းတွင်းမှူးမတ် တို့၏ သားတော်များ၊ လူပျိုတော်သား များ ကို ခတ်ကစားစေသည် ဟု ဆိုပါသည်။ ယခုထိ မြန်မာပြည်မှာကြိမ်ဖြင့် ထိုးယက်ကစားနေသ ဖြင့် ပုဂံခေတ်မှပင် ခြင်းလုံးပေါ်ပေါက်ရုံမက ခြင်းလုံးခတ် ကစားနေသည်ကို မှတ်ယူ ရပါမည်။ မြန်မာ့စွယ်စုံကျမ်း အတွဲ (၂) တွင် မှတ်တမ်းပြု ရေးသားထားသည်မှာ သရေခေတ္တရာ မြို့ဟောင်း ဒွတ္တဘောင်မင်းကြီး တည်ထားခဲ့သော ဘောဘောကြီး စေတီ ဌာပနာ တိုက်ထဲ မှ ငွေသားခြင်းလုံးငယ်တစ်လုံးကို တူးဖော်ရရှိခဲ့သည်ဟု ရေးသားဖော်ပြ ထားခဲ့သည်။


ခရစ်သက္ကရာဇ် ၁၇၈၂ ခုနှစ်တွင် မြန်မာနိုင်ငံအင်းဝနေပြည်တော် သို့ သာသနာပြု လုပ်ငန်းအတွက် ရောက်ရှိ လာသော အီတလီနိုင်ငံမှ ဗရင်ဂျီ ဘုန်းတော်ကြီး စန်ဂါမနို၏ မှတ်တမ်း တွင် မြန်မာပြည်တွင်၎င်းနေထိုင်စဉ် တွေ့ရသော ကစားမှုများမှာ ခုံညင်းထိုး ခြင်း၊ ဆင် စွယ်ဖဲချပ်ဖြင့်ဖဲကစားခြင်း၊ကြက်တိုက်ခြင်း၊ ဝါးကိုပါးလွှာစွာလှီးပြီး ထိုးယက်သော အလုံးကို လက်ဖြင့် မပုတ်ပဲ လူငယ်လူရွယ်များ စုပေါင်းကာ အချိန် ကြာမြင့်စွာ ခြေဖြင့် ကစားခြင်းကို တွေ့ရသည်ဟု ရေးထားပါသည်။


ခရစ်သက္ကရာဇ် ၁၈၇၄-၇၅ ခုနှစ်တွင် မြန်မာနိုင်ငံ သို့ ရောက်လာသည့် အင်္ဂလန်နိုင်ငံမှ ခွဲစိတ်ကုဆရာဝန်ကြီး စီအေဂေါ်ဒွန်၏ ကျွန်ှပ် မြန်မာပြည် သို့ ခရီးထွက်ခြင်း စာအုပ်တွင် မြန်မာပြည် ၌ ခြင်းလုံး ကစားနေသည် ကို တွေ့ခဲ့ရကြောင်း ရေးသား ခဲ့ပါသည်။


မင်းတုန်းမင်း လက်ထက် ကောက်စိုက် သမများသီဆိုသော တေးသီချင်းတစ်ပိုဒ်မှာ သူ့သား သူ့အမေနှိမ်တယ်၊ ဆိုးချိန်မို့လေး၊ ညနေ ခတ်ခြေလုံးနှင့် ပျော်တုန်းမို့လေး ဟု ရေးသားထား သည်ကို မြန်မာ့စွယ်စုံကျမ်းအတွဲ(၂)၌ တွေ့ရပါသည်။


အချုပ်အားဖြင့် သက္ကရာဇ် ၁၁၄၅ ခုနှစ် အမရပူရ မြို့တည်၊ နန်းတည်၊ ဗဒုံ မင်းခေါ် ဘိုးတော်မင်း နှင့် မိဖုရားခေါင် ကြီးတို့ ကိုးကွယ် သော မင်းအိုဆရာ တော်ဘုရားကြီး သက္ကရာဇ် ၁၁၅၃ ခုနှစ်၊ သက်တော် ၈၃ နှစ်၊ ဝါတော် ၆၃ဝါ အရ မင်းအိုတိုက် အောင်မြေဘုံကျော် ကျောင်းကြီး တွင် ပျံလွန်တော်မူလေသည်။ ဘိုးတော်မင်းကြီးက ဘုန်းကြီးပျံ ပွဲတော် ကျင်းပရန် အမိန့်တော် ချမှတ်ရာ၌ ပြာဿာဒ်၊တလား၊ ရထား၊ စည်ကြီး၊ ခရာ၊ ပတ်သာ၊ ဒုံမင်း၊ ခရုသင်း၊ နှဲ၊ ပုလွေ [[တူရိယာ] အထွေထွေ တီးမှုတ် စုံလင် ခင်းကျင်းစေပြီး ကြိုးတန်းလျှောက်ပွဲ၊ ကျွမ်းပွဲ၊ ခြင်းပွဲ၊ မီးပွဲ မလပ်စေရေး စီစဉ်ကြ အမိန့်တော် မြတ်မှတ်ရာ၌ ခြင်းပွဲ ပါရှိသဖြင့် ထင်ရှားသော ခိုင်လုံသည့် အထောက်အထား ဖြစ်ပါသည်။ 


♻ ပြန်လည်ထွန်းကားခြင်း.....




ခြင်းပညာ၏ ခြေကွက်များ ပေါ်လွင်စေရန် ပုဆိုးကို ခါးတောင်းမြောင်အောင် ကြိုက်၍ ကစားခဲ့ကြသည်ဟု ဆိုသည်။ ဤကစားနည်းမှာ နောက်ပိုင်း သာမန် ပြည်သူ အများကြား တွင်လည်း ခေတ်စားလာခဲ့ပြီး၊ ညနေစောင်း နေအေးချိန်၌ ဖြစ်စေ၊ သစ်ပင်ရိပ်အောက်၌ ဖြစ်စေ လူအများ ခတ်ကစားလေ့ ရှိကြပါသည်။


ကမ္ဘာ့ အနောက်နိုင်ငံများရှိ တဘက်နှင့် တဘက်ပြိုင်ဆိုင်ကစားကြရသည့် ကစားနည်းများ အနက်မှ ခြင်းလုံးနှင့် ဆင်ဆင် တူသည့် အားကစားနည်းကို ပြောရမည်ဆိုလျှင် အလှပြ စကိတ်စီး ကစားနည်းပင် ဖြစ်ပါလိမ့်မည်။ ဤကစားနည်း ၂-ခုလုံး က လျှင်မြန် ဖြတ်လပ်မှု၊ ကိုယ်ခန္ဓာဟန်ချက် ထိန်းသိမ်းနိုင်မှု၊ ကျွမ်းကျင်မှုနှင့် ကစားသူများ အချင်းချင်းအကြား ရင်းနှီး ဆက်ဆံ အပေးအယူ ပြုမှုများ ပါဝင်ကြပါသည်။ ဤကစာနည်း ၂-ခုလုံးကို တေးဂီတ နှင့် တွဲဖက်တင်ဆက်ကြပြီး၊ သူတို့၏ အနုပညာ မြောက်စွာ တင်ဆက် နိုင်မှု အပေါ် ချီးမွမ်းဂုဏ်ပြုလေ့ ရှိကြပါသည်။ ခြင်းလုံးကစားနည်းတွင်လည်း မြန်မာ့ဂီတနှင့် ဆက်စပ်နေပြီး တီးခတ်နေကြသည့် ဆိုင်းဆရာ ၏ ဘေးတွင် ခတ်ပြ၍ ကစားလေ့ရှိကြပါသည်။ အတီးကောင်း ဆိုင်းဆရာကလည်း ခြင်းကစားမှုကို ကြွစေကြောင်း ဆိုထားပါသည်။


မြန်မာနိုင်ငံ ကိုလိုနီလက်အောက် ကျရောက်စဉ်ကာလ (၁၈၈၅-၁၉၄၈) က ခြင်းလုံးကိုလည်း အမျိုးသားရေး လက္ခဏာ တရပ်အဖြစ် အရူးအမူး အားပေးမြှင့်တင်ခဲ့ကြပါသည်။ ၁၉၁၈ ခုနှစ်တွင် ခြင်းလုံးဆရာဖြစ် သင်တန်းကို စတင်ခဲ့ပြီး မြန်မာနိုင်ငံ အနှံ့အပြားတွင်လည်း ခြင်းလုံးအသင်း များ ပေါ်ပေါက် လာခဲ့ပါသည်။ မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးနောက် ခြင်းလုံးကစားနည်း က အမျိုးသားအားကစား ဖြစ်လာခဲ့သည်။ ၁၉၅ဝ ခုနှစ် များနှင့် ၁၉၆ဝ ခုနှစ် အစောပိုင်းကာလများတွင် မြန်မာနိုင်ငံ အပျော်တမ်း ခြင်းလုံးအသင်းက ခြင်းလုံးခတ် ကစားနည်းကို ပြည်တွင်းတွင် မြှင့်တင်အားပေးခဲ့သလို၊ ဥရောပသို့လည်း သွားရောက် ပြသခဲ့ပါသည်။


♻ ခြင်းအခေါ်အဝေါ်များ......




    ခြင်းရိုး (ခြင်းအခေါ်အဝေါ်)၊

    ခြင်းလတ် (ခြင်းအခေါ်အဝေါ်)၊

    ဝိုင်းခြင်းခတ်ပွဲ၊

    ဘေးဖနောင့် (ခြင်းအခေါ်အဝေါ်)၊

    နှစ်ထပ်ခြေဖျား (ခြင်းအခေါ်အဝေါ်)၊

    နှစ်ထပ်ခြေခွင် (ခြင်းအခေါ်အဝေါ်)၊

    ဖီလာဖနောင့် (ခြင်းအခေါ်အဝေါ်)၊

    ခြေခွင် (ခြင်းအခေါ်အဝေါ်)၊

    ခြေဖျား (ခြင်းအခေါ်အဝေါ်)၊

    ဒူး (ခြင်းအခေါ်အဝေါ်)၊

    ဖဝါး (ခြင်းအခေါ်အဝေါ်)တို့ပဲ ဖြစ်ကြသည်။


ခြင်းယိုင်အလှခတ်များ ဖြစ်သော


    စလွယ် (ခြင်းအခေါ်အဝေါ်)၊

    မဟာ (ခြင်းအခေါ်အဝေါ်)၊

    မဟာညွန့် (ခြင်းအခေါ်အဝေါ်)၊

    ဂုမ္ဘာဏ် (ခြင်းအခေါ်အဝေါ်) အစရှိသည်တို့ကို တွေ့ရသည်။


ခြင်းခတ်ကစားခြင်းကို ကျွမ်းကျင်အောင်ခတ်ကစားနိုင်သူကို ခြင်းဝိဇ္ဖာ ဟုခေါ်သည်။ ခြင်းအလှခတ်နိုင်သော သူကို ခြင်းမင်းသားဟု ခေါ်သည်။ ခြင်းလုံးကို ဘေးမရောက်အောင် ဆယ်ပေးပြီး ခြင်းဆင်ပေးနိုင်သော သူကို ခြင်းထောက်ဟု ခေါ်သည်။




♻ ခြင်းကြီး ၁ဝ မျိုး..... 


ခြင်းကြီး ၁ဝ မျိုးကတော့


    မဟာ (ခြင်းအခေါ်အဝေါ်)၊

    မဟာဒူး၊ ဂုမ္ဘာဏ် (ခြင်းအခေါ်အဝေါ်)၊

    ဝိုက်ကြီး (ခြင်းအခေါ်အဝေါ်)၊

    စလွယ်ကြီး (ခြင်းအခေါ်အဝေါ်)၊

    တည့် ဖဝါး (ခြင်းအခေါ်အဝေါ်)၊

    တည့်ဖနောင့် (ခြင်းအခေါ်အဝေါ်)၊

    မဟာညွန့် (ခြင်းအခေါ်အဝေါ်)၊

    ညွန့်ဒူး (ခြင်းအခေါ်အဝေါ်)၊

    နဂါးပတ်ဖဝါး (ခြင်းအခေါ်အဝေါ်)၊

    နဂါးပတ်ဖနောင့် (ခြင်းအခေါ်အဝေါ်) တို့ ဖြစ်သည်။


ခေတ်ဆန်းခြင်း ပေါက်များမှာ


    သမင်လည်ပြန် ဖနောင့် (ခြင်းအခေါ်အဝေါ်)၊

    မြင်းစီးဖနောင့် (ခြင်းအခေါ်အဝေါ်)၊

    လျှပ်ဒူး (ခြင်းအခေါ်အဝေါ်)၊

    မန္တလာခြေဖျား (ခြင်းအခေါ်အဝေါ်)၊

    လေဝဲ (ခြင်းအခေါ်အဝေါ်) စသည်တို့ဖြစ်သည်။


♻ ပညာရှင်များ.......


မြန်မာအမျိုးသား ခြင်းအကျော် ဝိဇ္ဇာသန်း က “ခတ်ကွက် ဆိုသည်မှာ ခေါင်း၊ ခါး၊ ခြေ၊ လက်ကိုသုံး၍ ပုံအကျ ခတ်ပြ နိုင်မှသာရင် လှပသည့် ခြင်းခတ်ကွက်ကို ရလိမ့်မည်” ဟုဆိုခဲ့သည်။ မြန်မာအမျိုးသမီးများ ထဲတွင်လည်း ခြင်းပညာရှင် ရှိသည်။ ထိုအထဲမှ တစ်ဦးမှာ စုစုလှိုင် ဖြစ်သည်။ မြန်မာအမျိုးသမီးများ၏ စွမ်းပကားကိုလည်း ထင်ဟပ်ဖော်ကျူးနေပေသည်။


-

ကျမ်းကိုး.....


    ↑ ခြင်းလုံးအစ မြန်မာက (အထောက်အဆယ် -အောင်ကြွယ်) အတွဲအမှတ် (၂၄၊ အမှတ် ၄၆၃)။ ၂၀၁၁-၁၁-၁၅ တွင် ပြန်စစ်ပြီး။

( #Wikipedia )