Friday, April 26, 2024

မေရီမြင့် (၁၉၂၉- ၁၉၅၇) 👼👑

 



မေရီမြင့်သည် တစ်ခါက မြန်မာ့ရုပ်ရှင်​လောကတွင် ထင်ရှား​​​​သော ဂန္ထဝင်ရုပ်ရှင်သရုပ်​ဆောင် တစ်ဦး ဖြစ်ခဲ့သည်။ ပြဇာတ် ၃၀ နှင့် ရုပ်ရှင် ၄၇ ကားတွင် သရုပ်ဆောင်ခဲ့သည်။ သူမသည် ၁၉၅၀ ခုနှစ်များဝန်းကျင်တွင်ကျော်ကြားခဲ့သည်။ (ဒေါ်)တင်တင်မူ သီဆိုသည့် နာမည်ကြီး 'ရွှေလည်တိုင်' သီချင်း၏ မူရင်းသီဆိုခဲ့သူလည်း ဖြစ်သည်။ ကမ္ဘာတစ်ပတ် လည်ပတ်ခဲ့ပြီး ဟောလိဝုဒ်ကို ရောက်ဖူးသည်။ ယုဝတီကလောင်ရှင်များ အဖွဲ့ဝင်ဖြစ်ကာ ဝတ္ထုတို၊ ဝတ္ထုရှည်များရေးသားခဲ့သည်။ ကိုယ်တိုင်ရေး ဝတ္ထုရှည်ကို ကိုယ်တိုင်ဒါရိုက်တာလုပ်ပြီး ရုပ်ရှင်တစ်ကား ရိုက်ကူးဖူးသည်။ ဒါရိုက်တာ ရွှေဒုံးဘီအောင်၏ 'ဒေါက်တာအောင်ကျော်ဦး' (၁၉၅၇) (တွဲဖက် သရုပ်ဆောင် မောင်မောင်တာ၊ မေသစ်) တို့ကို ရိုက်ကူးခဲ့သည်။ 'ဒေါက်တာအောင်ကျော်ဦး' ကားသည် ၁၉၅၇ ခုနှစ် အတွက် အမျိုးသမီး ဇာတ်ပို့ ထူးချွန်ဆုကို မေရီမြင့် ရရှိလိမ့်မည်ဟု ရွှေဒုံးဘီအောင်နှင့် တွေ့ဆုံ ဆွေးနွေးခန်း မြန်မာ့အသံ အင်တာဗျူးတွင် ဒါရိုက်တာ ရွှေဒုံးဘီအောင် ပြောကြားချက်ကို မှတ်သားရပေသည်။


မွေးဖွား

မသိန်းရှင်(ခ)အဲစန်

၅ မတ်၊ ၁၉၂၉

နမ့်ခမ်းမြို့၊ ရှမ်းပြည်နယ်၊ ဗြိတိသျှဘားမား


ကွယ်လွန်

၆ မေ၊ ၁၉၅၇ (အသက် ၂၈)

ရန်ကုန်မြို့၊ မြန်မာနိုင်ငံ


အလုပ်အကိုင်

ရုပ်ရှင်မင်းသမီး၊ပြဇာတ်မင်းသမီး၊ အဆို​တော်၊စာ​ရေးဆရာ


ကျော်ကြားမှုအရင်းခံ

ဖာတလုံးခေါင်းကျား ဒေါက်တာအောင်ကျော်ဦး (၁၉၅၇)


အိမ်ထောင်ဖက်(များ)

ဗိုလ်မင်းဦး(ခ)ကိုလှကြည်


မိဘ(များ)

ဦးစိုင်းလုံခမ်းဟိန် + ​ဒေါ်နန်းဆွယ်ခက်ခမ်း


ရရှိသည့်ဆုများ

ရှန်ဟဲမယ်(၁၉၄၇)


#ငယ်စဉ်ဘဝ



အဖ ဦးစိုင်းလုံခမ်းဟိန်၊ အမိ ဒေါ်နန်းဆွယ်ခက်ခမ်းတို့မှ ၁၉၂၉ ခု၊ မတ်လ ၅ ရက်၌ ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့တွင် မွေးသည်။ မွေးချင်း ၃ ယောက်အနက် အထွေးဆုံးဖြစ်သည်။ နန်းရွှေဝင်းနှင့် စိုင်းအိုက်ထွန်း ဟူသော အစ်ကိုအစ်မများ ရှိသည်။ ငယ်အမည် မသိန်းရှင်၊ ရှမ်းအမည် အဲစန် ဖြစ်သည်။

ကုန်သည်မိဘများက နမ္မတူမြို့ကို ပြောင်းရွှေ့အခြေစိုက်သောအခါ တစ်ရပ်ကွက်တည်းနေ မခင်ဖုန်းတင့် (နောင် ယုဝတီဂျင်းဖောမယ်) နှင့် ရင်းနှီးကာ စာပေဘက် လိုက်စားလာသည်။


ဆရာမြို့၏ တိုင်းရင်းမြန်မာအလယ်တန်းကျောင်းတွင် တက်ကာ အင်္ဂလိပ်စာကို သူငယ်တန်းမှ အခြေခံရခဲ့သည်။ သတ္တမတန်းအထိ ကျောင်းတစ်ဖက်ဖြင့် ကျောင်းကပွဲ၊ ရပ်ရွာကပွဲများတွင် ကပြလေ့ရှိသည်။ မိဘများကလည်း အားပေးသည်။

၁၉၄၃ ခု၊ စစ်ဖြစ်လာသောအခါ နမ္မတူမှ ၁၄ မိုင်အကွာ မန်ဆန်ရွာသို့ စစ်ပြေးကြသည်။ မေရီမြင့်အဒေါ် ဒေါ်ခွန်နန်းနွယ်၏ ခင်ပွန်းမှာ နမ္မတူသတ္တုတွင်းမန်နေဂျာ အေဘား ဂျက် ဆိုသော နိုင်ငံခြားသားဖြစ်သည်။ ၁၉၄၅ ခုတွင် အဒေါ် ဒေါ်ခွန်နန်းနွယ်နှင့် တရုတ်နိုင်ငံ၊ ရှန်ဟဲမြို့သို့ သွားနေသည်။


#ရှန်ဟဲမယ် မေရီမြင့်




ရှန်ဟဲတွင် မိတ်ကပ်၊ ဆံပင်ပြုပြင်ရေးသင်တန်း တက်သည်။ ကိုရီးယားများ တည်ထောင်ထားသော အနောက်တိုင်း အဆိုအကသင်တန်းကောလိပ်လည်း တက်ရောက်ရာ ကျောင်းဆင်းဒီပလိုမာလက်မှတ် ရခဲ့သည်။

ကိုရီးယားဆရာမ၏ တိုက်တွန်းချက်ကြောင့် ၁၉၄၇ ခုနှစ်၊ ရှန်ဟဲအလှမယ်ပြိုင်ပွဲ ဝင်ရာ အလှမယ်ဘွဲ့ ရသည်။ ရှန်ဟဲ၌ ၁၉၄၉ ခုအထိ နေထိုင်ခဲ့သည်။


#အနုပညာလောကအစ




ရှန်ဟဲမှ နမ္မတူသို့ ပြန်ရောက်သော် အနုပညာလောကသို့ ဝင်ရန် ရန်ကုန်သို့ ဆင်းလာသည်။ ရန်ကုန်တွင် အစ်မနှယ်ခင်သည့် ဒေါ်ခင်ဘုန်းတင့်အိမ်တွင် တည်းရင်း အေဝမ်းရုပ်ရှင်ကုမ္ပဏီသို့ မင်းသမီး လျှောက်သည်။ မြန်မာစကားပြော အသံဝဲရာ အသံထွက်ကားအတွက် လက်မခံခဲ့ပေ။


#ပြဇာတ်မင်းသမီး မေရီမြင့်


ဆရာ ရွှေဒုံးဘီအောင် မှတဆင့် ဝင်းဝင်းပြဇာတ်ရုံလောကနှင့် ဆက်မိသည်။ သစ္စာပန်းနှစ်ခိုင် ပြဇာတ်တွင် ရှန်ဟဲမယ်မေဝမ်း အမည်ဖြင့် သရုပ်ဆောင်ခဲ့သည်။ ယင်းပြဇာတ်တွင် တက္ကသိုလ်မျိုးချစ်က ရေတပ်ဗိုလ်၊ ခင်အုန်းမြင့်က အိန္ဒိယသူအဖြစ် သရုပ်ဆောင်ပြီး ရှန်ဟဲမယ်မေဝမ်းက တရုတ်မလေးအဖြစ် ပါဝင်သည်။


၎င်းနောက် ရှန်ဟဲမယ် ခင်စန်းမြင့်၊ ရွှေဒုံးဘီအောင် ရွေးပေးသည့် မေရီမြင့် စသဖြင့် အမည် ပြောင်းသုံးသည်။ အေဝမ်းမင်းသမီး မေမြင့် နှင့် ရုပ်ဆင်သည့်အတွက် ရှန်ဟဲမယ်မေရီမြင့် သာ အတည်ဖြစ်လာသည်။ ပြဇာတ်ပေါင်း ၃၀ ကပြခဲ့သည်။ စကားဝဲသည်ကို အပြင်းအထန်လေ့ကျင့်၍ မြန်မာလို ပီပီသသပြောနိုင်လာသည်။ အလင်္ကာကျော်စွာ ရွှေပြည်အေး ရေးစပ်သည့် 'ရွှေလည်တိုင်' သီချင်းမှာ အောင်သပြေရုပ်ရှင်မှ ကိုယ်တိုင်ရေး၊ ကိုယ်တိုင်ဇာတ်ညွှန်းခွဲ၊ ကိုယ်တိုင်ဒါရိုက်တာ၊ ကိုယ်တိုင်သရုပ်ဆောင်လုပ်ခဲ့တဲ့ 'ပင်မြင့်မာလာ' ဇာတ်ကားတွင် မေရီမြင့်ကိုယ်တိုင် သီဆိုခဲ့ခြင်း ဖြစ်သည်။ ကြည်ကြည်ဌေး သီဆိုခဲ့ဖူးပြီး ဝင်းဦး၏ 'မုန်းမေ့ပါနိုင်' ဇာတ်ကားတွင် တင်တင်မူ နောက်ဆုံးသီဆို ဓာတ်ပြားသွင်းခဲ့သည်။


#ကပြခဲ့သော ပြဇာတ်များ



1. သစ္စာပန်းနှစ်ခိုင် ၁၉၄၉ ရွှေဒုံး ဘီအောင် တက္ကသိုလ်မျိုးချစ်၊ ခင်အုန်းမြင့်၊ ရှန်ဟဲမယ် မေဝမ်း ဝင်းဝင်း ရုံ 

2. ဝမ်းနဲ့မလွယ် သားမမယ် 

3. တီးတီးတို့ ဦးဘဇင် ဝင်းဝင်း ရုံ 

4. မိန်းမလိမ္မာ ရွှေဒုံး ဘီအောင် ကာဌေး ရုံ 

5. အသွင်မတူ ရွှေဒုံး ဘီအောင် ကာဌေး ရုံ 

6. ချစ်ကြွေး ရန်ကုန် ဘဆွေ 

7. မုန်းရခက်တယ် ဒဂုန် ဆရာတင် ဝင်းဝင်း ရုံ 

8. ချစ်နိုင်ငံ ဦးသုခ 


#ရိုက်ကူးခဲ့သော ဇာတ်ကားများ


ပြဇာတ်လောကမှ ရုပ်ရှင်လောကကို တက်လှမ်းခဲ့ရာတွင်လည်း အောင်မြင်မှုရရှိခဲ့သည်။ ၁၉၅၁ မှ ၁၉၅၇ ခုနှစ်အတွင်း ရုပ်ရှင်ကား ၄၇ ကားရိုက်ကူးခဲ့ရသည်။


ကျိုက်ထီးရိုးသမိုင်း မျိုးအောင် တက်နေဝင်း ရုပ်ရှင် 


ရွှေနန်းကျင် မျိုးအောင် တက်နေဝင်း ရုပ်ရှင် 


လူရမ်းကား အေးမြင့် 


မဲဇာတောင်ခြေ ခင်မောင်ညွန့် 


ဖာတလုံးခေါင်းကျား ရွှေညာမောင် 

ဆည်တော်သခင်မ ဦးဘဇင် 


ဥမ္မာဒန္ဓီ


ကျားဗဟိန်း ဦးတင်ညွန့် 


မိုက်ဧကရီ ဦးမြမောင် 


ချစ်သံသရာ 


မိမွေဘမွေ မောင်လှတင် (ဒဂုန် ဆရာတင်-ဇာတ်ညွန်း) ဇေယျ၊ မျိုးချစ်၊ မြင့်မြင့်ဌေး၊ မေရီမြင့် 


ချမ်းမြေ့ရိပ်မြုံ 


နှစ်ဖက်ချွန် တက္ကသိုလ် ဝင်းဖေ ရွှေဘ၊ ကျော်ဖေ၊ မေရီမြင့် 


၅၂၈ ဦးညီပု မြင့်အောင်၊ ကြည်ကြည်ဌေး၊ ဘသစ်၊ ဘချစ်၊ မေရီမြင့် မရိုးဆန်း ဖလင် 

ဒေါက်တာ အောင်ကျော်ဦး ၁၉၅၇ ရွှေဒုံး ဘီအောင် မောင်မောင်တာ၊ မေသစ်၊ မေရီမြင့် ဗြိတိသျှဘားမား ရုပ်ရှင် 


ပင်မြင့်မာလာ မေရီမြင့် အောင်သပြေ ရုပ်ရှင် 


ဆူးနဲ့မာလာ 


လူ တင်ညွန့်၊ မေမြင့်၊ မေရီမြင့်၊ အေးငွေကြီး၊ ညွန့်မောင်ကြီး၊ စန်းဟံကြီး၊ ဦးကျော်သောင်း 


မုန်းပါနဲ့ မေရယ် 


ဗိုလ်တကာ့ ဘုရင် 


ဘွေသီဟာ 


ချစ်ရိပ်သာ 


မေ

(ဇာတ်ကားအမည်၊ ဒါရိုက်တာ၊ သရုပ်ဆောင်၊ ဇာတ်ညွန်း၊ ထုတ်လုပ်သူကို ပေါင်းရေးထားသည်)

 

#ရီမြင့်၏ ဖြေရှင်းချက်


နာမည်တက်လာရာ ကောလဟာလများ ထွက်ပေါ်လာ၍ ဗမာ့ခေတ်သတင်းစာ၌ အောက်ပါအတိုင်း ရှင်းချက်ထုတ်ခဲ့ကြောင်း တွေ့ရသည်။[၁] လွန်ခဲ့သည့် (၆)လ၊ (၇)လ အချိန်မှစ၍ ယခုအချိန်အထိ ကျွန်မအပေါ်တွင် မလိုမုန်းထားရှိသူအချို့က မဟုတ်မမှန်သတင်းများကို လွှင့်ခဲ့သည်။ ထိုသတင်းမှာ ငွေသုံးထောင်ကို လက်ခံပြီး ဝတ်လစ်စလစ် ရုပ်သေရုပ်ရှင်ကားများ အရိုက်ခံသည်ဟု မမှန်သတင်း လွှင့်ခဲ့ကြရာ ၎င်းမမှန်သတင်းကြောင့် ကျွန်မ မေရီမြင့်တွင် ပေါင်းသင်းဆက်ဆံရေးနှင့် ဂုဏ်သရေထိခိုက်နေပါသဖြင့် အဆိုပါဝတ်လစ်စလစ်နှင့် ရုပ်ရှင်အရိုက်ခံခြင်းကို ခိုင်လုံစွာဖြစ်စေ၊ တစ်စိတ်တစ်ဒေသဖြစ်စေ သက်သေအထောက်အထားနှင့် ပြနိုင်သူအား ကျွန်မ မေရီမြင့်က ဆုငွေ (၃၀၀)ကျပ်တိတိကို အချိန်မရွေး ချီးမြှင့်မည်ဖြစ်ပါကြောင်း ဤသတင်းစာမှ ကြေညာအပ်သည်။


#ဒဂုန်ခင်ခင်လေး ကျေးဇူး




နမ္မတူမြို့တွင် ဆရာမလုပ်ခဲ့ဖူးသော စောမုံညင်းနှင့် ခင်မင်ရာမှ စာရေးခြင်းကို တတ်မြောက်ခဲ့သည်။ ရန်ကုန်မြို့တွင် ဝမ်းကွဲညီမ နန်းခမ်းဖုန်းနှင့်အတူ အိမ်ငှားနေထိုင်ရင်း ဝတ္ထုတိုများရေးခဲ့သည်။ စောရှင်မွန် ကလောင်အမည်ကို ယူ၍ ရှမ်းဌာနီက ချယ်ရီတစ်ပွင့်၊ မျှော်လျက်မျှော်ဆဲ၊ ကြွေလွင့်ချယ်ရီ၊ မန်းရွှေနွယ်ဝေရီ စသည့် ဝတ္ထုတိုများကို ဒဂုန်ခင်ခင်လေး ထုတ်ဝေသော ယုဝတီဂျာနယ်သို့ ပို့သည်။ ဝတ္ထုရှည် ပင်မြင့်မာလာ ကို ရေးခဲ့ပြီး ကိုယ်တိုင်ဒါရိုက်တာလုပ်၍ မင်းသား ဇေယျ၊ ရွှေကို တို့နှင့် ရိုက်ကူးခဲ့သည်။


ယုဝတီကလောင်ရှင်အသင်းဝင် မေရီမြင့်ကို ဆရာမကြီး ဒဂုန်ခင်ခင်လေးက မြို့ထဲတွင် တိုက်ခန်းငှားနေသည်ကို စိုးရိမ်ပူပန်သည့်အတွက် သူမ၏ ဗမာ့ခေတ်သတင်းစာတိုက်ကြီးပေါ်တွင် သီးသန့်အခန်းပေး၍ စောင့်ရှောက်ထားသည်။ စာရေးရာတွင်လည်း စိတ်ရွှင်လန်းအောင်ထားခဲ့သည်။ အသက်ငယ်ငယ်နှင့် သရုပ်ဆောင်ကြေးအများအပြားရရှိနေသော မေရီမြင့်တို့ညီအစ်မကို ဒဂုန်ခင်ခင်လေးက ငွေစုခိုင်း၍ ကြည့်မြင်တိုင်နှင် ဗဟန်း ဝင်ဒါမီယာလမ်းပေါ်တွင် မြေတစ်ကွက်စီ ဝယ်ယူစေသည်။ မေရီမြင့်သည် ကနဦးသရုပ်ဆောင်ကြေး ၃၀၀၀ သာရသော်လည်း နောင်အခါ ၁၅၀၀၀ အထိ ရလာသည်။ ကြည်ကြည်ဌေး၊ မေသစ်၊ မြင့်မြင့်ခင် တို့၏ အနုပညာကြေးမျိုးအထိ ရရှိလာသည်။ ၁၉၆၀ ဝန်းကျင်က ထိပ်တန်းမင်းသား၊ မင်းသမီးတို့၏ သရုပ်ဆောင်ကြေးသည် ၂၀၀၀၀ သာ ဖြစ်သည်။ မင်းသမီးဖြစ်၍ သရုပ်ဆောင်ကြေးလျော့ရသည်ဟူ၍ မရှိပေ။


#ကမ္ဘာတစ်ပတ်ခရီး


၁၉၅၄ နှစ်ဦးတွင် ဗမာ့ခေတ် ဦးအုန်းခင်၊ ဒဂုန်ခင်ခင်လေးတို့နှင့်အတူ ဥရောပခရီးစဉ်ထွက်ခဲ့သည်။ လန်ဒန်မှ ကွင်းမေရီ သင်္ဘောဖြင့် အမေရိကန်နိုင်ငံသို့ သွားသည်။ ဟောလိဝုဒ်ကို လေ့လာသည်။ ဒါရိုက်တာပညာရပ်ကိုလည်း လေ့လာသည်။ ဟောလိဝုဒ်မင်းသမီးဖြစ်ရန် ရည်မှန်းချက် ထားခဲ့သည်။

အပြန်ခရီး ၁၉၅၄ ခု၊ နိုဝင်ဘာတွင် ဂျပန်မှ အာရှနိုင်ငံများကိုလည်း ဝင်ခဲ့သည်။ ၆-လ ကြာ ခရီးစဉ်တွင် အီတလီ၊ ပြင်သစ်၊ ဆွစ်ဇာလန်၊ နော်ဝေ၊ ဆွီဒင်၊ လန်ဒန် ဟူသော ဥရောပနိုင်ငံများ၊ နယူးယောက်၊ ဆန်ဖရန်စ္စကို၊ ဟိုနိုလူလူ ကဲ့သို့ အမေရိကားရှိ မြို့နှင့် တိုကျို၊ ဟောင်ကောင်၊ ဘန်ကောက် သို့သော အာရှမြို့ကြီးများသို့ ရောက်သည်။


မိမိ၏စုဆောင်းငွေဖြင့် ကမ္ဘာတစ်ပတ် ခရီးထွက်ခဲ့ခြင်းဖြစ်သည်။ ကမ္ဘာတစ်ပတ်ခရီးစဉ်ကို စာအုပ်ရေးရန် ရည်ရွယ်ခဲ့သော်လည်း အကောင်အထည် မဖော်နိုင်ခဲ့ပေ။


#အချစ်ရေး



၁၉၄၉ ခု သစ္စာပန်းနှစ်ခိုင် ပြဇာတ်ကစဉ် ပရိသတ်ဖြစ်သူ ဗိုလ်ကြီးမြလှိုင်နှင့် တွေ့ဆုံခဲ့ပြီး ရည်းစားအဖြစ်ရောက်ရှိခဲ့သည်။


ဗိုလ်ကြီးမြလှိုင်နှင့် မေတ္တာဇာတ်လမ်းဆုံးပြီး ၁၉၅၁ ခု ပြဇာတ်လောကသို့ဝင်လာသော မင်းသားခင်မောင်ကြည်နှင့် မေတ္တာမျှသည်။ သို့သော် ကိုခင်မောင်ကြည်သည် သက်ဆိုးမရှည်ခဲ့ပေ။ မေရီမြင့်အဖို့ လောကဓံတရားကို ပထမဆုံးရင်ဆိုင်ရခြင်းဖြစ်သည်။


၁၉၅၃ ခုတွင် ဝင်းဝင်းပြဇာတ်ရုံတွင် ပွဲကြည့်ပရိသတ် ဗိုလ်ကြီးမင်းဦးနှင့် သိကျွမ်းခဲ့ရပြီး ချစ်သူဘဝ ရောက်ခဲ့ကြသည်။ ဗိုလ်ကြီးမင်းဦးသည် တပ်မတော်ရေ(ပုသိမ်) တွင် တာဝန်ထမ်းဆောင်နေသည်။ ၁၉၅၅ ခု၊ ဧပြီလ ၂၃ ရက်တွင် လက်ထပ်ပြီး စမ်းချောင်းမြို့နယ် ရွှေလဝင်းလမ်းသို့ ပြောင်းနေကြသည်။


#ဘဝနောက်ဆုံးအချိန်



အိမ်ထောင်သက် ၂ နှစ်အကြာတွင် နေရာလွဲ သန္ဓေတည်ရောဂါ (သားဥပြွန်တွင် သန္ဓေတည်ခြင်း) ကို ခံစားရပြီး ၁၉၅၇ ခု၊ ဧပြီလ ၂၅ ရက်တွင် စံပြ သားဖွားခန်းသို့ တက်ရောက်ကာ ခွဲစိပ်ကု ခံခဲ့ရသည်။ သက်သာဟန်ပြလာ၍ ဆေးရုံမှဆင်းဟန်ပြန်စဉ် ၁၉၅၇ ခု၊ မေလ ၆ ရက်တွင် မွန်းလွဲ၌ အမောဖောက်ပြီး ညနေ ၃ နာရီခွဲတွင် အဆုတ်ရောင်ရောဂါနှင့် ကွယ်လွန်သည်။


ကွယ်လွန်ကြောင်းကို မြန်မာ့အလင်းသတင်းစာက အောက်ပါအတိုင်း ဖော်ပြခဲ့သည်။ 


ရုပ်ရှင်မင်းသမီး မေရီမြင့် ကွယ်လွန်သွားရပုံ

သားအိမ်တွင်သန္ဓေမတည်ဘဲ အူတွင် ထူးဆန်းစွာသန္ဓေတည်သဖြင့် ဧပြီလ၊ (၂၅) ရက်နေ့က စံပြသားဖွားခန်းသို့ တက်ရောက်ပြီး ဒေါက်တာကြည်ပေါနှင့် ခွဲစိပ်ကုသခဲ့သော နာမည်ကျော် ရုပ်ရှင်မင်းသမီး မေရီမြင့်သည် မေလ၊ (၆)ရက်နေ့၊ ညနေ(၃)နာရီခွဲ အချိန်က ကွယ်လွန် အနိစ္စ ရောက်သွားရှာပြီ ဖြစ်ကြောင်း။


မေရီမြင့်သည် စံပြသားဖွားခန်းတွင် ကုသနေခဲ့ရာမှ သက်သာလာပြီး လူတွဲ၍ လမ်းပင် အနည်းငယ် လျှောက်နိုင်ပြီဖြစ်ရာ ဧပြီလ (၂၇) ရက်နေ့၌ ဆေးရုံမှ ဆင်းသက်နိုင်ရန် ဖြစ်သည်ဆိုကြောင်း။ သို့ရာတွင်မေလ၊ (၆)ရက်နေ့၊ နံနက် (၁၀) နာရီ အချိန်အထိ အခြေအနေ ကောင်းမွန်လျက် ရှိနေခဲ့သော်လည်း မွန်းလွဲပိုင်းလောက်၌ နမိုးနီးယား အဖျားဝင်လာခဲ့သဖြင့် အမောဖောက်၍ လာခဲ့ပြီး ညနေ (၃) နာရီခွဲလောက်တွင် ဘဝတစ်ပါးသို့ ပြောင်းသွားတော့ကြောင်း။ မေရီမြင့်၏ ရုပ်ကလာပ်ကို ရေတပ်မတော်၏ ကားဖြင့် ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်လျက် ရေခဲတိုက်တွင် ထားရှိပြီး မပုပ်မသိုးရန် ဆေးထိုးထားကြောင်း။


ရုပ်ရှင်ပြဇာတ် အစည်းအရုံးမှ မေရီမြင့်၏ ရုပ်ကလာပ်ကို မေလ (၇) ရက်နေ့ နံနက်တွင် ဆေးရုံကြီးမှ ထုတ်ဆောင်လျက် ရန်ကုန်၊ သရက်တော ကျောင်းတိုက် အုတ်လှေကားကျောင်းတွင် နိုင်ငံတော် ရုပ်ရှင်နှင့် ပြဇာတ် အစည်းအရုံးမှ အလောင်းကို ပြင်ဆင်ထားရှိပြီး မေလ၊ (၈) ရက်နေ့တွင် ကြံတော သုသာန်သို့ သင်္ဂြိုဟ်ရန် ပို့ဆောင်မည်ဟု သိရကြောင်း။

ပဒေသာဖလင်မှ ဒါရိုက်တာဉာဏ၏ မာယာကြာခြည် ဇာတ်ကားကို ရိုက်ဆဲဖြစ်သည်။

ဒေါက်တာအောင်ကျော်ဦး ရုပ်ရှင်ဇာတ်ကားကြီး ပြသရန် ၄ ရက်အလိုတွင် ဖြစ်သည်။ ကွယ်လွန်ချိန်တွင် အသက် ၂၈ နှစ်သာ ရှိသေးသည်။ [၃]


အကိုးအကား


↑ "ဗမာ့ခေတ် သတင်းစာ"။ ၁၉၅၃၊ မေ ၂၈။

↑ "မြန်မာ့အလင်း သတင်းစာ"။ ၁၉၅၇၊ မေ ၇။

↑ မိုးမြင့်ဝင်း (အနုပညာဒီပလိုမာ) ၏ ရှမ်းပြည်ကရွှေမင်းသမီးကလေး ရှန်ဟဲမယ် မေရီမြင့် The First Music and News Journal, no.391, 1st July 2014, page 24


(Wikipedia) 


*** ဆိုင်း၊ အငြိမ့်၊ သီချင်းနှင့်ဟာသများ စာမျက်နှာမှကူးယူဖော်ပြသည်။

Sunday, April 14, 2024

နိုင်ငံရေးဆောင်းပါးတွေကို ဘယ်လိုရေးမလဲ ?

  



စာရေးတာက သင်လို့ ရသလား။ သင်လို့ ရတယ်။ ဒါပေမယ့် သင်တိုင်း မတတ်ဘူး။ တတ်အောင်က ကိုယ်တိုင် လုပ်ရတာ။ အဲသည့်လို ကိုယ်တိုင် လုပ်ဖို့အတွက် ရှေ့သွား နိုင်ငံရေးဆောင်းပါးဆရာတွေက ဘယ်လိုများ ရေးလေ့ရှိသတုန်း။ ဒါကို နည်းနည်း နားလည်ရင်၊ ကိုယ်ကိုယ်တိုင်က အစဆွဲမိတာတွေ ပိုများလာမယ်။ အစဆွဲမိတာများလေလေ၊ နင်းမိတာများလေလေ ဖြစ်မယ်။ ဒါဆိုရင်တော့ လမ်းက ပိုဖြောင့်၊ ပိုလွယ်၊ ပိုလျှောက်ရ ကောင်းသွားတာပေါ့။ ဒါ့ကြောင့် သူများနဲ့ ကိုယ်ကိုယ်တိုင်က ထပ်တူ မကျပေမယ့်၊ သူများတွေ ဘယ်လိုလုပ်သလဲဆိုတာကို လေ့လာကြည့်ရင်၊ ကိုယ့်ကျရင် ဘယ်လိုလုပ်မလဲဆိုတာ ပိုသဘောပေါက်မယ်။ ဒါ့ကြောင့် နိုင်ငံရေးဆောင်းပါး ရေးတဲ့အခါမှာ ဘယ်လိုတွေ ရေးမလဲဆိုတာကို ယေဘုယျ တင်ပြချင်တယ်။ 


 ဗျုပ္ပတ်


နိုင်ငံရေးဆောင်းပါးတစ်ပုဒ်ကို ရေးဖို့အတွက်၊ ရှုဒေါင့်ပေါင်းစုံကနေ ရေးလို့ ရတယ်။ ဒါ့ကြောင့် ကိုယ်က နိုင်ငံရေးကွင်းပြင်ကို ကြည့်တဲ့အခါ၊ ဘယ်ဒေါင့်ကနေ ဘယ်လိုကြည့်မလဲဆိုတာကို သေချာ ပြတ်ပြတ်သားသား ရှင်းရှင်းလင်းလင်းဖြစ်ထားဖို့ လိုတယ်။ ဘယ်လို ချည်းကပ်ပုံတွေ ရှိတာလဲ၊ ဘယ်လိုအမြင်မျိုးတွေ ရှိထားတာလဲ၊ ဘယ်လိုမှန်ပြောင်းကို သုံးနိုင်သလဲဆိုတာကို သေချာ ဂ-ဃ-န-ဏ နားလည်သဘောပေါက်ဖို့ လိုတယ်။ နိုင်ငံရေးအခင်းအကျင်းကို ကြည့်တဲ့အခါ၊ အကြမ်းဖျင်းကတော့ ပြည်တွင်းနိုင်ငံရေးကို ရေးမှာလား၊ ပြည်ပနိုင်ငံရေးအခင်းအကျင်းကို ရေးမှာလား ဆိုတာ သေချာပိုင်းဖြတ်ရတယ်။ ဒါ့အပြင် အစိုးရအဖွဲ့အစည်းတွေကို ကြည့်မလား၊ နိုင်ငံရေးပါတီတွေကို ကြည့်မှာလား၊ လူထုသဘောထားအမြင်ကို ကြည့်မှာလား၊ မူဝါဒတွေ / ပေါ်လစီတွေကို ကြည့်မှာလား၊ လူမှု-စီးပွား အခြေအနေတွေကို ကြည့်မှာလား၊ သမိုင်းဆိုင်ရာကိစ္စတွေကို ကြည့်မှာလား၊ ဖွံ့ဖြိုးရေးကို ကြည့်မှာလား၊ ပဋိပက္ခတွေကို ကြည့်မလား စသည်ဖြင့် ကိုယ်ကြည့်မယ့် ဧရိယာကို ပြတ်ပြတ်သားသား ပိုင်းဖြတ်ထားရမယ်။ ဒါ့အပြင် အဲသည့်ဧရိယာကို ကြည့်တဲ့အခါ ဘယ်ဒေါင့်ကနေ ကြည့်မှာလဲ၊ ဘယ်မှန်ပြောင်းနဲ့ ကြည့်မှာလဲဆိုတာ ရှင်းလင်းရတယ်။ ဒါက အခြေခံယေဘုယျနားလည်သဘောပေါက်ထားရမယ့် အချက်ဖြစ်တယ်။ 


 ၁။ ကွင်းထဲက အဓိက ကစားသမားတွေကို သိရမယ်။  


နိုင်ငံရေးဟာ ဘောလုံးပွဲတစ်ပွဲနဲ့ တူပါတယ်။ ဘယ်သူတွေက အဓိက ကစားသမားတွေလဲ။ ရှေ့တန်းက ဘယ်သူတွေလဲ။ နောက်တန်းက ဘယ်သူတွေလဲ။ ကွင်းလယ်ကစားသမားက ဘယ်သူလဲ။ နည်းပြက ဘယ်သူလဲ။ ဘယ်အသင်းနဲ့ ဘယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြတာလဲ။ ကစားပွဲစည်းမျဉ်းက ဘာလဲ။ ဒိုင်လူကြီးက ဘယ်သူတွေလဲ။ ဘယ်ပရိသတ်က ဘယ်သူ့ကို အားပေးတာလဲ။ အရံလူတွေက ဘယ်သူတွေလဲ။ လူလဲကစားတာတွေက ဘယ်သို့ ဘယ်ပုံလဲ။ ဘယ်သူက ဘယ်ခြေရှိသလဲ။ ဘယ်အသင်းရဲ့ တိုက်စစ်ဗျူဟာ ဘာလဲ။ သူတို့ ဘယ်လို အပေးအယူ လုပ်ပြီး ကစားနေကြသလဲ။ ဘယ်ဘက်က အသာစီးရနေတာလဲ။ ယခင်က ယှဉ်ပြိုင်ခဲ့ဖူးရင်၊ ဘယ်အသင်းက ဘယ်လောက် အရှုံးအနိုင်ရှိခဲ့သလဲ။


တကယ်တော့ နိုင်ငံရေးဟာ တကယ့်ကစားပွဲကြီးပါပဲ။ အသင်းပေါင်းစုံ ဝင်ရောက် ကစားကြတဲ့ အဆင့်အဆင့်ပြိုင်ဆိုင်ရတဲ့ ကစားပွဲကြီးတစ်ခုနဲ့ တူပါတယ်။ အထူးသဖြင့် အာဏာနိုင်ငံရေးဟာ အစုအဖွဲ့တွေနဲ့ ဇာတ်ကောင်တွေ၊ ကစားသမားတွေဟာ များပြားစုံလင်လှပါတယ်။ နိုင်ငံရေးဆောင်းပါးရေးဖို့အတွက်ဆိုရင်၊ နိုင်ငံရေးကစားကွင်းထဲမှာ ရှိတဲ့ အဓိက ကစားသမားတွေကို ကောင်းကောင်း သိနားလည်ဖို့ လိုပါတယ်။ အဲသည့်အထဲမှာ နိုင်ငံရေးအစုအဖွဲ့တွေလည်း ပါနိုင်တယ်။ လက်နက်ကိုင်အဖွဲ့အစည်းတွေလည်း ပါနိုင်တယ်။ အစိုးရတို့၊ ပါတီတို့၊ စစ်တပ်တို့၊ အရပ်ဘက်အဖွဲ့အစည်းနဲ့ လူထုအပေါ် ဩဇာတိက္ကမကြီးတဲ့သူတွေလည်း ပါနိုင်တယ်။ ခေါင်းဆောင်တွေ၊ အမတ်တွေ၊ ဝန်ကြီးတွေ၊ စစ်ဗိုလ်ချုပ်တွေ. စသည်ဖြင့် ပါနေတတ်တယ်။ ကိုယ်လေ့လာတဲ့ ဧရိယာအတွင်းမှာ ဘယ်သူတွေနဲ့ ဘယ်အဖွဲ့တွေဟာ အဓိက ကစားသမားတွေလဲဆိုတာကို သိနားလည်ဖို့ လိုတယ်။ သူတို့ကို သရုပ်ခွဲစိစစ်နိုင်ဖို့လိုတယ်။ ပြီးတော့ တစ်ဦးချင်း၊ တစ်ဖွဲ့ချင်းကို ခွဲခြမ်းစိတ်ဖြာနိုင်ဖို့ လိုတယ်။ ဒါဟာ နိုင်ငံရေးဆောင်းပါးတစ်ပုဒ်ရေးတဲ့အခါ၊ အဓိက နားလည်ရမယ့် ပထမဆုံးသော အခြေခံအချက်ဖြစ်တယ်။ [identify the key players and institutions]


 ၂။ လက်ရှိ ဖြစ်နေတဲ့ နိုင်ငံရေးခေတ်ရေစီးကို နားလည်ရမယ်။ 


လက်ရှိ ဖြစ်ပျက်နေတဲ့ မျက်မှောက်ရေးရာတွေကို သေချာ ဂ-ဃ-န-ဏ သိနားလည်ဖို့ လိုတယ်။ အရင်က ဖြစ်နေတာတွေကိုချည်းပဲ သိနေရုံနဲ့ မရဘူး။ အတိတ်နဲ့ ပစ္စုပ္ပန်ကို ချိတ်ဆက်နိုင်ဖို့လိုတယ်။ ဒါ့ကြောင့် အတိတ်ကိုလည်း နားလည်ရုံနဲ့ မပြီးဘူး။ လက်ရှိ မျက်မှောက်မှာ ဖြစ်နေတဲ့ နိုင်ငံရေးရေစီးကြောင်းကို နားလည်သဘောပေါက်ရမယ်။ ဒါကိုနားလည်မှ၊ နိုင်ငံရေးဆောင်းပါးတစ်ပုဒ်ကို ပီပီပြင်ပြင် ရေးနိုင်လိမ့်မယ်။ လက်ရှိ မျက်မှောက်ရေးရာတွေကို နားလည်ဖို့အတွက် ဘာလုပ်ရမလဲ။ သတင်းတွေကို ဖတ်ရမယ်။ အစိုးရ အစီရင်ခံစာတွေ၊ မူဝါဒအကျဉ်းတွေကို လေ့လာရမယ်။ လတ်တလော ထွက်ရှိလာတဲ့ သုတေသနစာတမ်းတွေ၊ သုတေသနအစီရင်ခံစာတွေကိုလည်း လေ့လာရမယ်။ သဘောထားကြေညာချက်တွေ၊ ထုတ်ပြန်ချက်တွေ၊ သတင်းစာ ရှင်းလင်းပွဲတွေနဲ့ လက်ရှိ ကာလထဲမှာ ထူးခြားနိုင်ငံရေးဖြစ်စဉ် ဇယားတွေကို ကောင်းကောင်း နားလည်သဘောပေါက်ဖို့ လိုတယ်။ ဒီကာလထဲမှာ ရွေးကောက်ပွဲ ကျင်းပဖို့ ရှိသလား။ သို့မဟုတ် ဘယ်ဥပဒေကို အသစ်ပြဋ္ဌာန်းလိုက်တာပဲ ဆိုတာမျိုးတွေ သိရမယ်။ လက်ရှိ ပစ္စုပ္ပန်ကာလထဲမှာ ဖြစ်ပျက်နေတဲ့ မျက်မှောက်ရေးရာနိုင်ငံရေးအဖြစ်အပျက်တွေကို ကောင်းကောင်း နားလည်သဘောပေါက်မှ၊ နိုင်ငံရေးဆောင်းပါးတစ်ပုဒ်ကို ပီပီပြင်ပြင်ရေးနိုင်လိမ့်မယ်။ [Monitor Current Events and Affairs]


 ၃။ နောက်ကွယ်က ဒဿနတွန်းအားကို လေ့လာရမယ်။ 


နိုင်ငံရေးပါတီတစ်ခုပဲ ဖြစ်ဖြစ်၊ အစိုးရတစ်ရပ်ပဲဖြစ်ဖြစ်၊ စစ်တပ်တစ်ခုပဲဖြစ်ဖြစ်၊ လက်နက်ကိုင်တပ်ဖွဲ့တစ်ခုပဲဖြစ်ဖြစ်၊ လူမျိုးစုအဖွဲ့အစည်းတစ်ခုပဲ ဖြစ်ဖြစ်၊ အမျိုးသားရေးအသင်းအဖွဲ့တစ်ခုပဲဖြစ်ဖြစ် နောက်ကွယ်ကနေ ဒေါက်နဲ့ ထားထားသလို တွန်းကန်ပေးထားတဲ့ ဒဿနတစ်ခုခု၊ အတွေးအခေါ်တစ်ခုခု ရှိနေတတ်ပါတယ်။ နိုင်ငံရေးလေ့လာသုံးသပ်တဲ့သူဟာ သူတို့နောက်ကွယ်က ဒဿနတွန်းအားကို သေချာနားလည်သဘောပေါက်အောင် လုပ်ရပါတယ်။ နောက်ကွယ်က ဘယ်ဒဿန အတွေးအခေါ်၊ ဘယ်လို နှုန်းစံ တန်ဖိုးမျိုးကို အဓိကထားပြီး တည်ဆောက် ဖွဲ့စည်းထားသလဲဆိုတာကို နားလည်အောင် လုပ်ရမယ်။ နောက်ပြီးတော့ အဲသည့်လို သိလာတဲ့ ဒဿနအတွေးအခေါ်ရဲ့ အခြေခံသဘောတရားကိုလည်း ကြေကြေလည်လည် သဘောပေါက်ဖို့ လိုသေးတယ်။ အမျိုးသားရေးဝါဒဆိုတာကို သိပေမယ့်၊ အဲသည့်အမျိုးသားရေးဝါဒဆိုတာ ဘာလဲ၊ ဘယ်လိုလဲ၊ ဘာ့ကြောင့်လဲဆိုတာကို နားမလည်ရင် မရဘူး။ ဆိုရှယ်လစ်ဝါဒလို့ သိပေမယ့်၊ အဲသည့် ဆိုရှယ်လစ်ဝါဒဟာ ဘာလဲ၊ ဘယ်လိုလဲ၊ ဘာ့ကြောင့်လဲဆိုတာကို နားမလည်ရင် မရဘူး။ ဒါ့ကြောင့် နောက်ကွယ်က ထောက်ထားတဲ့ ဒဿနတွန်းအားကို နားလည်သဘောပေါက်မှသာ၊ နိုင်ငံရေးဆောင်းပါးတစ်ပုဒ်ရေးတဲ့အခါမှာ ဒေါင်းဒေါင်းပြေး တင်ပြ ဆွေးနွေးပြီး သုံးသပ်နိုင်စွမ်း ရှိမယ်။ [Analyze ideologies and ideas]


 ၄။ လူထုရဲ့ သဘောထားအမြင်ကို သဘောပေါက်ထားရမယ်။ 


နိုင်ငံရေးဆိုတာ အများနဲ့ လုပ်ရတဲ့ကိစ္စပဲ။ နိုင်ငံရေးဆိုတာ လူထုကိစ္စပဲ။ ဒီတော့ ကြိုက်သော်ရှိ ၊ မကြိုက်သော်ရှိ။ လူထုရဲ့ သဘောထား၊ လူအများစုရဲ့ ဆန္ဒအမြင်ဆိုတာတွေကို နားစွင့်ရမယ်။ အမှုမဲ့အမှတ်မဲ့မနေရဘူး။ ဒါပေမယ့် လူထုဆိုတဲ့သဘောက သိပ်ကို ယေဘုယျဖြစ်လွန်းတယ်။ လူအများရဲ့ သဘောထားဟာ တစ်ဦးချင်းအနေနဲ့တော့ ကွဲလွဲချက်တွေ ရှိနိုင်တယ်။ ဒါပေမယ့် အများစုက ယေဘုယျအားဖြင့် ဘယ်လိုသဘောထားမျိုး၊ ဘယ်လိုအမြင်မျိုး ရှိသလဲဆိုတာကို နိုင်ငံရေးဆောင်းပါးရေးတဲ့အခါ သိနားလည်ဖို့ လိုတယ်။ ခေတ်သစ်နိုင်ငံတွေမှာတော့ လူထုသဘောထားစစ်တမ်းမျိုးတွေကို သုတေသနနည်းအားဖြင့် လုပ်လာနိုင်ကြပါပြီ။ ဒီလို လူထုစစ်တမ်းတွေက အကန့်အသတ် ရှိပေမယ့် ယုံကြည်ရလောက်တဲ့ အချက်အလက်တွေဖြစ်ဖို့ များပါတယ်။ လူထုသဘောထားစစ်တမ်းတိုင်းက လုံးဝ ဥဿုံမှန်ကန်နေတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် အကြောင်းအကျိုးညီညီနဲ့ နားလည်လက်ခံနိုင်ဖွယ်ရာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် စစ်တမ်းတွေ၊ လေ့လာဆန်းစစ်ချက်တွေ၊ လူမှုကွန်ယက်စာမျက်နှာပေါ်က ဆွေးနွေး ငြင်းခုန်မှုတွေကို သတိထားပြီး ကြည့်ရှုရမယ်၊ နားစွင့်ရမယ်။ လူထူသဘောထားအမြင်တွေက ဘယ်ဘက်ကို ဘယ်လိုမျိုး တိမ်းညွှတ်နေသလဲဆိုတာကို ကောင်းကောင်း နားလည်သဘောပေါက်မှသာ၊ နိုင်ငံရေးဆောင်းပါးတွေ ရေးတဲ့အခါ ကျယ်ကျယ်ပြန့်ပြန့် သုံးသပ်နိုင်စွမ်း ရှိလိမ့်မယ်။ [Assess Public Opinion]


 ၅။ မူဝါဒရေးရာ အငြင်းအခုန်တွေကို လေ့လာဆန်းစစ်ရမယ်။ 


ပေါ်လစီဒီဘိတ်တွေလို့ ပြောရမှာပေါ့။ ပေါ်လစီဒီဘိတ်တွေက ဘာတွေလဲဆိုတာ နားလည်အောင် လုပ်ရမယ်။ မူဝါဒရေးရာတွေကို ဆွေးနွေး ငြင်းခုန်နေသူတွေဟာ ဘယ်လို အထိုင်မျိုးကနေ ချည်းကပ်ပြီး ပြောနေတာလဲ။ ဘာကို ဦးတည် ရည်ရွယ်တာလဲ။ ဘယ်လို နေရာမျိုးမှာ မဟာဗျူဟာ ကွဲလွဲချက်တွေ ရှိနေတာလဲ။ ဘယ်လိုကိစ္စမျိုးကတော့ ဝိဝါဒ ကွဲစရာတွေဖြစ်နေတယ်၊ ဘယ်လိုအချက်မျိုးကတော့ အကျိုးစီးပွားချင်း ထိပ်တိုက်တိုးနေတယ်။ ဘယ်ကိစ္စကတော့ ကျဉ်းထဲကျပ်ထဲရောက်နေပြီး ရှေ့မတိုးသာ နောက်မဆုတ်သာ ဖြစ်နေတယ်။ ဘယ်လိုကိစ္စမျိုးကတော့ နှစ်ဖက်စလုံးက လက်မခံနိုင်စရာကိစ္စဖြစ်နေတယ်။ ဒီမူဝါဒကို အကောင်အထည်ဖော်ခဲ့စဉ်တုန်းက ဘယ်လို ဘေးထွက်ဆိုးကျိုးမျိုးတွေဖြစ်ခဲ့တယ်။ မူက ကောင်းပေမယ့် လူက မကောင်းတဲ့အခါ ဘယ်လို ကျရှုံးခဲ့ရတယ်. စတာတွေကို မေးခွန်းထုတ်ပြီး၊ မူဝါဒ အငြင်းအခုန်တွေကို နားလည်သဘောပေါက်အောင် လုပ်ရမယ်။ ပေါ်လစီတွေကို အခြေအတင်း ငြင်းခုန်နေကြတာဟာ စကားလုံး တစ္ဆေအခြောက်ခံနေရတာလား။ သို့တည်းမဟုတ် အခြေခံမူတွေမှာ ကွဲလွဲချက်ရှိနေတာလား။ သို့မဟုတ် အကျိုးစီးပွားချင်း ထိပ်တိုက်တိုးနေတာလား။ ဒါမှမဟုတ် ရှင်းရှင်းလင်းလင်း နားမလည်ဘဲ စကားများ ရန်ဖြစ်နေတာလား။ စတာတွေကို မေးနိုင်ရမယ်။ ဒီလိုနားလည်သဘောပေါက်မှသာလျှင်၊ နိုင်ငံရေးဆောင်းပါးတစ်ပုဒ် ရေးတဲ့အခါမှာ နိုင်ငံရေးမြင်ကွင်းကို အပေါ်ယံထက် ပိုပြီး နက်အောင် တူးနိုင်ဆွနိုင်လိမ့်မယ်။ သို့မဟုတ်ရင်တော့ အပေါ်ယံ ရှပ်ပါးလေးပဲ ရေးနိုင်တဲ့ ခပ်တိမ်တိမ် ဆောင်းပါးမျိုးပဲဖြစ်မယ်။ [Examine Policy Debates]


 ၆။ လူမှု-စီးပွားအခြေအနေတွေကို လေ့လာသုံးသပ်ရမယ်။ 


လူမှုစီးပွားအခြေအနေအောက်မှာ ဘယ်လိုအကြောင်းအရာတွေကို နားလည်ဖို့ လိုမလဲ။ နိုင်ငံရေးဆောင်းပါးတစ်ပုဒ်ဟာ ကိုယ်ရွေးချယ်တဲ့ အကြောင်းအရာကို မူတည်ပြီးတော့ လူမှု-စီးပွားရေးရာတွေနဲ့ တိုက်ရိုက်ပတ်သက်တာမျိုးဖြစ်ချင်မှဖြစ်မယ်။ ဒါပေမယ့် တိုက်ရိုက် ပတ်သက်သက် မပတ်သက်သက်၊ နိုင်ငံအတွင်းမှာ ဖြစ်ပျက်နေတဲ့ လူမှုစီးပွားအခြေအနေကို နားလည်သဘောပေါက်ရမယ်။ စီးပွားရေးက တက်နေလား၊ ကျနေလား။ ကုန်ထုတ်လုပ်ရေးအခြေအနေတွေ ဘယ်လို ရှိသလဲ။ လူတွေရဲ့ အလုပ်အကိုင်အခွင့်အလမ်းက ဘယ်သို့ ဘယ်ပုံဖြစ်နေသလဲ၊ လူတွေရဲ့ နေ့စဉ် စားဝတ်နေမှု အခြေအနေတွေနဲ့ ဝင်ငွေ ရပေါက်ရလမ်းတွေက ဘယ်လို အနေအထားမျိုးမှာဖြစ်နေသလဲ။ လူတွေရဲ့ နေ့စဉ် ပညာရေး၊ ကျန်းမာရေး အခြေအနေတွေက ဘယ်လို ဖြစ်နေသလဲ။ လူတွေရဲ့ နေထိုင် သွားလာ ရွှေ့ပြောင်းမှု ပုံစံတွေက အကြမ်းဖျင်းအားဖြင့် ဘယ်သို့ ဘယ်ပုံဖြစ်နေသလဲဆိုတာကို နားလည်ရမယ်။ ဒီလို လူမှုစီးပွား အခြေအနေတွေဟာ နိုင်ငံရေးအရ လွှမ်းမိုးတာကြောင့်လည်းဖြစ်နိုင်သလို၊ အစိုးရရဲ့ ပေါ်လစီအတိမ်းအညွှတ်တွေကြောင့်လည်းဖြစ်နိုင်တယ်၊ ပဋိပက္ခတွေကြောင့်လည်းဖြစ်နိုင်ပါတယ်။ ဒါတွေဟာ ဘာလို အကြောင်းအကျိုးတွေနဲ့ ချိတ်ဆက်ပြီးဖြစ်နေသလဲဆိုတာကို နားလည်သဘောပေါက်ဖို့ လိုတယ်။ ဒါမှ နိုင်ငံရေးဆောင်းပါးတစ်ပုဒ်ရေးတဲ့အခါမှာ နောက်ခံအသိဗဟုသုတဟာ ကြွယ်ကြွယ်ဝဝဖြစ်မယ်။ [Evaluate Socio-Economic Factors]


 ၇။ နိုင်ငံရေး တည်ငြိမ်မှုနဲ့ အုပ်ချုပ်စီမံမှု စနစ်ကို စနည်းနာပါ။ 


များသောအားဖြင့်တော့ နိုင်ငံရေးအရ တည်ငြိမ်လား၊ အုပ်ချုပ်ရေးအရ တည်ငြိမ်လား၊ မူဝါဒအရ တည်ငြိမ်လားဆိုတာတွေကို လေ့လာကြည့်ရတာပါ။ အုပ်ချုပ်စီမံမှု စနစ်က ထိရောက်ရဲ့လား။ အားရှိပါးရှိ ဖြစ်ရဲ့လား။ နိုင်ငံရေးတွေမှာ အစွန်းနှစ်ဖက် အားပြိုင် လွန်ဆွဲမှုတွေ သိပ်ကို ပြင်းထန်နေသလား။ ခြစားမှု လာဘ်စားမှု အဂတိလိုက်မှုတွေက ဘယ်သို့ ဘယ်ပုံဖြစ်နေသလဲ။ တရားဥပဒေ စိုးမိုးမှု အတိုင်းအတာက ဘယ်လောက်အထိ ရှိသလဲ။ အစိုးရရဲ့ အုပ်ချုပ်ရေးစွမ်းရည်က ဘယ်လောက် စမတ်ကျကျ ဖြစ်သလဲ။ ဒါတွေကို ခြုံငုံလေ့လာထားရတာပါ။ အဲသည့်လို ပြောတဲ့နေရာမှာလည်း ဗဟိုအစိုးရ၊ ပြည်နယ်အစိုးရနဲ့ ဒေသန္တရအစိုးရအလွှာတွေမှာ အလွှာအလိုက် ဆင်းပြီး ကြည့်သင့်က ကြည့်ရပါတယ်။ ဒေသအဆင့်မှာပဲ နားလည်နေမျိုး မဖြစ်ရသလို၊ ဗဟိုအဆင့်မှာပဲ တစ်ပြီး အောက်ကို ဆင်းမကြည့်နိုင်တာမျိုးလည်း မဖြစ်ရဘူး။ နိုင်ငံရေးတည်ငြိမ်မှုနဲ့ အုပ်ချုပ်ရေးစနစ်တွေကို နားလည်သဘောပေါက်ထားဖို့ လိုတယ်။ ဒါမှသာ နိုင်ငံရေးဆောင်းပါးတစ်ပုဒ်ရေးတဲ့အခါ အခြေအနေကို ကောင်းကောင်းနားလည်သဘောပေါက်ပြီး စနစ်တကျ ခွဲခြမ်းစိတ်ဖြာ သုံးသပ်နိုင်စွမ်း ရှိလိမ့်မယ်။ [Assess Political Stability and Governance]


 ၈။ နိုင်ငံတကာ ဆက်ဆံရေးအခြေအနေကို စဉ်းစားပါ။ 


နိုင်ငံရေးကိစ္စတွေကို ရေးတဲ့အခါမှာ၊ နိုင်ငံတွေဟာ သူ့ချည်းသီးသန့် သီးခြားနေထိုင် ရပ်တည်ကြရတာမျိုး မဟုတ်ဘူးဆိုတာ နားလည်ပါ။ နိုင်ငံတွေဟာ နိုင်ငံအချင်းချင်း ကူးလူးဆက်ဆံမှုတွေ ရှိတယ်။ နိုင်ငံရေးအရ၊ စီးပွားရေးအရ၊ စစ်ရေးအရ၊ သံခင်းတမန်ခင်းအရ ဆက်ဆံမှုတွေ ရှိတယ်။ အထူးသဖြင့် အိမ်နီးချင်းနိုင်ငံတွေနဲ့ ဒေသတွင်းနိုင်ငံတွေက နိုင်ငံတကာဆက်ဆံရေးမှာ ဒွေးရောယှက်တင်ဖြစ်နေတတ်တယ်။ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေရဲ့ လွှမ်းမိုးမှု ဩဇာကလည်း ရှိနေတယ်။ ဒါတွေကို အကြမ်းဖျင်းနားလည်သဘောပေါက်ရမယ်။ နိုင်ငံတကာဆက်ဆံရေးလို့ ပြောရင် နိုင်ငံခြားရေးမူဝါဒတွေ ပါလာပြီ။ သံတမန်ဆက်ဆံရေး အခြေအနေတွေ ပါလာပြီ။ မဟာမိတ်ဖွဲ့တာတွေ၊ စစ်ရေးစာချုပ်၊ စီးပွားရေး - ကုန်သွယ်ရေး စာချုပ်တွေ ပါလာပြီ။ ကမ္ဘာ့နိုင်ငံတကာဇာတ်ခုံမှာ ပါဝင်ကပြရတာတွေ ပါလာပြီ။ ဒါ့အပြင် နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ပေါင်းစည်းဆက်ဆံမှုတွေ ပါလာပါပြီ။ ဒါတွေကို သေချာ နားလည်သဘောပေါက်ဖို့ လိုတယ်။ ပြည်တွင်းနိုင်ငံရေးဟာ နိုင်ငံတကာဆက်ဆံရေးအခြေအနေတွေနဲ့ တနည်းမဟုတ် တနည်း ပက်သက်ဆက်နွှယ်နေတယ်။ [Consider International Relations]


 ၉။ ဖြစ်တန်ချေ လားရာနဲ့ စိန်ခေါ်ချက်တွေကို သရုပ်ခွဲပါ။ 


နိုင်ငံရေးဆောင်းပါးတစ်ပုဒ်က အတိတ်က အကြောင်းကို ရေးတာလည်းဖြစ်ချင်ဖြစ်မယ်။ လက်ရှိ ပစ္စုပ္ပန်ကို မူတည်ပြီး ရေးတာလည်းဖြစ်မယ်။ အတိတ်နဲ့ ပစ္စုပ္ပန်ကို ချိတ်ဆက်ပြီး ရေးတာလည်းဖြစ်ကောင်းဖြစ်မယ်။ အမျိုးမျိုးဖြစ်နိုင်တယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် အနာဂတ်ကို မျှော်ကြည့်ပြီး ဖြစ်တန်ချေတချို့ကို နားလည်သဘောပေါက်ဖို့ လိုတယ်။ ဒါ့အပြင် လက်ရှိ ကြုံတွေ့နေရတဲ့စိန်ခေါ်ချက်တွေက ဘာတွေလဲ။ ဥပမာအားဖြင့် ပြည်တွင်းနိုင်ငံရေးကို သက်ရောက်နိုင်တဲ့ အချက်တွေထဲမှာ နည်းပညာကိစ္စ၊ လူဦးရေ အရွှေ့အပြောင်းကိစ္စ၊ သဘာဝပတ်ဝန်းကျင်ကိစ္စနဲ့ ပထဝီနိုင်ငံရေးအခြေအနေတွေဟာ စုပေါင်းသက်ရောက်နေတာပဲဖြစ်တယ်။ ဒါတွေရဲ့ ဖြစ်တန်ချေ၊ ဖြစ်နိုင်ချေ၊ ဖြစ်လာနိုင်မယ့် လားရာတွေကို တွက်ဆဖို့ လိုတယ်။ ဘယ်လို စိန်ခေါ်ချက်တွေရှိနေသလဲဆိုတာလည်း အကဲဖြတ်နိုင်ရမယ်။ နိုင်ငံရေးဆောင်းပါးတစ်ပုဒ်ရေးတဲ့ နောက်ကွယ်မှာ အသိနဲ့ နားလည်မှု ထုထည်ကို ဖြည့်ထားရသလို၊ ခွဲခြမ်းစိတ်ဖြာနိုင်စွမ်းကိုလည်း ဒီဂရီမြှင့်ထားရတယ်။ [Analyze Challenges]


မှတ်ချက်။။ နိုင်ငံရေးဆောင်းပါးတစ်ပုဒ်ဟာ [Evidence-based Article] တစ်ပုဒ်လည်းဖြစ်ချင်ဖြစ်မယ်၊ [Opinion Article] တစ်ပုဒ်လည်းဖြစ်ချင်ဖြစ်မယ်၊ [Analytical Article] တစ်ပုဒ်လည်းဖြစ်ချင်ဖြစ်မယ်။ ဘယ်လိုပဲ ဖြစ်နေပါစေ အခု ကျနော် တင်ပြခဲ့တဲ့ ကိစ္စတွေကိုတော့ တိုက်ရိုက် သုံးသည်ဖြစ်စေ၊ တိုက်ရိုက် မသုံးသည်ဖြစ်စေ --- နားလည်သဘောပေါက်ပြီး လေ့လာဆန်းစစ်ထားနိုင်ရပါလိမ့်မယ်။ စာဖြစ်အောင် ရေးဖို့အတွက် နိုင်ငံရေးဆောင်းပါးတစ်ပုဒ်ကို အားထုတ်ရာမှာ ဒီလောက် လိုချင်မှ လိုပါလိမ့်မယ်။ ဒါပေမယ့် ကိုယ်ကိုယ်တိုင်က နိုင်ငံရေးဆောင်းပါးပေါင်း ရာချီရေးဖို့ ရည်ရွယ်ချက်ထားတယ်ဆိုရင်တော့ အခု ကျနော် တင်ပြတဲ့အချက်တွေဟာ မဖြစ်မနေ နားလည်သဘောပေါက်ထားရမယ့် အချက်တွေဖြစ်တယ်။ 


မင်းသေ့ 

၁၁ ၊ ဧပြီ ၂၀၂၄