Showing posts with label Opinion. Show all posts
Showing posts with label Opinion. Show all posts

Tuesday, December 30, 2025

မြစ်ဆုံစီမံကိန်း စစ်ခေါင်းဆောင်ထင်သလောက် လွယ်ပါ့မလား

 မြစ်ဆုံစီမံကိန်း  စစ်ခေါင်းဆောင်ထင်သလောက် လွယ်ပါ့မလား

__________________________




■ အေးချမ်း


(အေးချမ်းသည် ISP-Myanmar ၏ China Studies Program က လူငယ်သုတေသီဖြစ်သည်)


မြစ်ဆုံစီမံကိန်းကို ငလျင်ဒဏ်ခံနိုင်တဲ့ ဒီဇိုင်းနဲ့ တည်ဆောက်ဖို့ ဆွေးနွေးနေတယ်လို့ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် စိုးဝင်းက မြစ်ကြီးနားခရီးစဉ်မှာ ပြောခဲ့ပါတယ်။ ဒီမတိုင်ခင်မှာလည်း စီမံကိန်းဦးဆောင်အဖွဲ့ ဖွဲ့တာတွေ၊ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုယ်တိုင် တရုတ်သမ္မတ ရှီကျင့်ဖျင်ကို စီမံကိန်းပြန်စဖို့ ကမ်းလှမ်းတာတွေ လုပ်ခဲ့ပါတယ်။ စစ်ခေါင်းဆောင်က စိတ်အားထက်သန်နေသလောက် လက်တွေ့မှာ စီမံကိန်းဖော်ဆောင်ဖို့ အခြေအနေပေးရဲ့လား။ စစ်ခေါင်းဆောင်က ပြန်လည်အကောင်အထည်ဖော်ချင်နေပေမဲ့ မြစ်ဆုံစီမံကိန်းကြီးဟာ  လက်ရှိအခြေအနေတွေအရ ဖြစ်လာဖို့ခက်နေတယ်ဆိုတာကို အကြောင်းအချက် သုံးချက်နဲ့ ဆွေးနွေးလိုပါတယ်။


ပထမတချက်ကတော့ စစ်ကော်မရှင်အနေနဲ့ သူ့ရဲ့ရှင်သန်ရပ်တည်ရေးဟာ တရုတ်အကျိုးစီးပွားနဲ့ တိုက်ရိုက်ဆက်စပ်နေတယ်ဆိုတဲ့ စဉ်းစားမှုပါ။ ‘စစ်ဆင်ရေး ၁၀၂၇’ နောက်ပိုင်း အဘက်ဘက်က ပြိုကျခဲ့တဲ့ စစ်ကော်မရှင်ဟာ တရုတ်အစိုးရရဲ့ ကျားကန်ပေးမှုနဲ့ ဆက်ရပ်တည်နေရတာပါ။ ဒါကြောင့် ကိုယ်အာဏာတည်မြဲဖို့ တရုတ်အကျိုးစီးပွားဖြစ်တဲ့ မြစ်ဆုံစီမံကိန်းကို ‘အကောင်အထည်ဖော်ပေးပါမယ်’လို့ အာမခံပြီး မျက်နှာချိုသွေးနေပုံရပါတယ်။ လက်တွေ့မြေပြင်မှာ ဖြစ်နိုင်ခြေ ရှိ၊ မရှိထက် တရုတ်အစိုးရ စိတ်ကျေနပ်စေဖို့ပဲ အတင်းလုပ်နေသလို ဖြစ်နေပါတယ်။ စစ်ခေါင်းဆောင်မှာ စိတ်အားထက်သန်မှုကလွဲပြီး လက်ဆုပ်လက်ကိုင်ပြစရာ ခိုင်မာတဲ့ အာမခံချက် တစုံတရာ ရှိမနေပါဘူး။ ဒါကို ဒုတိယအချက်မှာ ဆက်ဆွေးနွေးထားပါတယ်။


ဒုတိယအချက်ကတော့ အခုအထိ မြေပြင်မှာ ခိုင်ခိုင်မာမာ ဘာတခုမှမလုပ်နိုင်သေးပါဘူး။ စီမံကိန်းတခုစဖို့ အခြေခံဖြစ်တဲ့ ဘေးအန္တရာယ်အကဲဖြတ်မှု (risk assessment) လုပ်ဖို့တောင် မလွယ်ကူသေးပါဘူး။ ၂၀၀၂ ခုနှစ်ကတည်းက တည်ဆောက်ဖို့ မြေနေရာတိုင်းထွာခဲ့တာ ၂၀၁၀ ပြည့်နှစ်ရောက်မှ တည်ဆောက်ရေး အပိုင်း-၁ ကို စနိုင်ခဲ့ပါတယ်။ ဒီအထိ ရှစ်နှစ်ကြာခဲ့တာပါ။ ဒါဟာ ဦးသန်းရွှေနဲ့ ဦးသိန်းစိန်တို့လက်ထက် နိုင်ငံရေးတည်ငြိမ်ချိန်တွေမှာ ဖြစ်ပါတယ်။ အခုလို ကချင်ပြည်နယ်အပါအဝင် နိုင်ငံအနှံ့ လက်နက်ကိုင်ပဋိပက္ခဖြစ်နေတဲ့ အခြေအနေမှာဆိုရင် ဒီထက်ပိုပြီး ခက်ခဲရှည်ကြာဖို့ပဲ ရှိပါတယ်။ ဒါ့အပြင် ပြည်သူ့ခုခံမှုနဲ့ စစ်ရေးမတည်ငြိမ်မှုတွေအကြားမှာ တရုတ်နိုင်ငံအနေနဲ့ ဘီလီယံနဲ့ချီတဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို စွန့်စားလုပ်ကိုင်ဖို့ဆိုတာ လက်တွေ့မကျတဲ့ စိတ်ကူးယဉ်မှုတခုပဲ ဖြစ်နေပါတယ်။


နောက်ဆုံးအချက်ကတော့ အရေးအပါဆုံးဖြစ်ပါတယ်။ တရုတ်အစိုးရကိုယ်တိုင်က မြစ်ဆုံစီမံကိန်းကို အခုလို အကျပ်အတည်းအချိန်မှာ အကောင်အထည်ဖော်ဖို့ စိတ်အားထက်သန်တက်ကြွပုံ ပြမနေပါဘူး။ တရုတ်လို ကမ္ဘာ့အင်အားကြီးနိုင်ငံအနေနဲ့ သူ့ရဲ့ဂုဏ်သိက္ခာကို ငဲ့ကွက်ရပါတယ်။ အခုအချိန် စစ်ခေါင်းဆောင် မင်းအောင်လှိုင်လက်ထက်မှာ လုပ်မယ်ဆိုရင် တရုတ်ဟာ သူ့ရဲ့ ကမ္ဘာ့နိုင်ငံကြီးဆိုတဲ့ ဂုဏ်သိက္ခာကို စွန်းထင်းခံရမှာပါ။ လူထုထောက်ခံမှု မပြောနဲ့ တပ်တွင်းထောက်ခံမှုတောင် မနည်းလုပ်နေရတဲ့ စစ်ကော်မရှင်ကို လုံးဝပုံအောရပ်တည်လောက်တဲ့အထိတော့ တရုတ်အစိုးရဟာ အတွေးတိမ်မယ် မထင်ပါဘူး။ 


တရုတ်အစိုးရအနေနဲ့ လူထုရဲ့ သဘောထားကိုလည်း ချင့်ချိန်ကြည့်တဲ့ ဥပမာတွေလည်းရှိပါတယ်။ ဦးသိန်းစိန်ရပ်တန့်လိုက်တဲ့ စီမံကိန်းကို ဒေါ်အောင်ဆန်းစုကြည်လက်ထက်မှာမှ ပြန်စဖို့ ကြိုးပမ်းခဲ့တာကိုကြည့်ရင် ဒါကိုနားလည်နိုင်ပါတယ်။ ဒါ့အပြင် မြန်မာမှာ တရုတ်စီမံကိန်းက မြစ်ဆုံတခုတည်း မဟုတ်ပါဘူး။ ရေရှည်စဉ်းစားထားတဲ့ မဟာဗျူဟာမြောက် စီမံကိန်းတွေ၊ အစီအမံတွေ ရှိနေပါသေးတယ်။ ဒီအစီအမံတွေကို နောင်လာမယ့် အစိုးရအဆက်ဆက်နဲ့ ဆက်လုပ်ရဦးမှာပါ။ ဒါကြောင့်လည်း တရုတ်အစိုးရအနေနဲ့ မြန်မာပြည်သူတွေရဲ့အမုန်းကို ခံပြီး မြစ်ဆုံစီမံကိန်း ပြန်စဖို့ထက် ရှိပြီးသားစီမံကိန်းတွေရဲ့ လုံခြုံရေးနဲ့ တည်ငြိမ်ရေးကိုပဲ ဇောင်းပေးပြီး သတင်းစကားပါးနေတာကို သတိထားကြည့်လို့ရပါတယ်။


မြစ်ဆုံစီမံကိန်းအကြောင်း ပြောကြတဲ့အခါမှာ အာဏာသိမ်း စစ်ကော်မရှင်မှာ ဒီလိုနိုင်ငံတော်အဆင့် စီမံကိန်းမျိုးကို လုပ်ခွင့်မရှိတာ၊ ဧရာဝတီမြစ်ကို ပျက်စီးစေလို့ မလုပ်သင့်တာ စတာတွေအပြင် အပေါ်မှာပြောခဲ့တဲ့အချက်တွေကြောင့် လက်တွေ့မှာ မလုပ်နိုင်သေးဘူးလို့လည်း သုံးသပ်နိုင်ပါတယ်။ 


အရေးအကြီးဆုံးဖြစ်တဲ့ တရုတ်အစိုးရရဲ့ သဘောထားကလည်း မရေရာပါဘူး။ စစ်ကော်မရှင်ကပဲ တဖက်သတ်အချစ်ဟာ ပိုပါတယ်ဆိုသလို ဖြစ်နေပါတယ်။ စစ်ကော်မရှင်က လူထုဆန္ဒကို လွန်ဆန်ပြီး အတင်းအကျပ်လုပ်လေ လူထုက တရုတ်အစိုးရကို ပိုမုန်းလေပါပဲ။ အခုလိုမျိုး စီမံကိန်းပြန်စဖို့ အတင်းကြိုးစားနေတာက စစ်ကော်မရှင် ကိုယ်တိုင်ကပဲ တရုတ်ဆန့်ကျင်ရေးကို တဖက်လှည့်နဲ့ လုပ်နေသလားလို့တောင် ထင်စရာဖြစ်နေပါတယ်။


[ယခုဆောင်းပါးသည် ISP-Myanmar ၏ အာဘော်မဟုတ်ဘဲ စာရေးသူ၏ အာဘော်သာဖြစ်ပါသည်။ ဆောင်းပါးကို ဖတ်ရှုအပြီး ဆင်ခြင်မိသည်များ၊ ပြန်လည်ချေပလိုသည်များ ရှိပါကလည်း တုံ့ပြန်ဆောင်းပါး (rebuttal article) ရေးသားပေးပို့နိုင်ပါသည်]


#ISP_Column

Friday, December 26, 2025

ကိုယ့်ကိုယ်ကိုယ် ရင်းနှီးမြှုပ်နှံဖို့ အကောင်းဆုံးနည်းလမ်းများ

 


                                                                                                      

သင့်ရဲ့ကျွမ်းကျင်မှုတွေကို ထက်မြက်စေခြင်း၊ သင့်ရဲ့စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ပြုစုပျိုးထောင်ခြင်း သို့မဟုတ် သင့်ရဲ့ အချိန်နဲ့ ငွေကြေးနဲ့ ပိုပြီး သတိရှိရှိ ရွေးချယ်မှုတွေ ပြုလုပ်ခြင်းပဲဖြစ်ဖြစ်၊ ကိုယ့်ကိုယ်ကိုယ် ရင်းနှီးမြှုပ်နှံခြင်းဟာ သင့်ဘဝရဲ့ ကဏ္ဍတိုင်းမှာ အကျိုးဖြစ်ထွန်းစေတဲ့ ကိုယ့်ကိုယ်ကိုယ် လေး စားမှုရဲ့ လုပ်ရပ်တစ်ခုပါ။


ဒါက ပြီးပြည့်စုံမှု ဒါမှမဟုတ် ကြီးကျယ်ခမ်းနားတဲ့ ပြောင်းလဲမှုတွေအကြောင်း မဟုတ်ပါဘူး။ အချိန်ကြာ လာတာနဲ့အမျှ ပေါင်းစပ်လာတဲ့ သေးငယ်တဲ့ ခြေလှမ်းတွေနဲ့ အလေ့အကျင့်အသစ်တွေနဲ့ ပတ်သက်ပါတယ်၊ ပိုမို ဟန်ချက်ညီပြီး ကျေနပ်စရာကောင်းတဲ့ နေ့စဉ်ဘဝကို ဖန်တီးပေးပါတယ်။ လာမယ့်လတွေကို သင့်ရဲ့ ကိုယ်ရေး ကိုယ်တာ တိုးတက်မှုနဲ့ ကျန်းမာကြံ့ခိုင်မှုအတွက် ရည်စူးခြင်းအားဖြင့် သင့်ဘဝနဲ့ သင့်ပတ်ဝန်းကျင်က လူတွေရဲ့ ဘဝတွေ ဘယ်လောက် ကြွယ်ဝလာနိုင်မလဲဆိုတာကို သင် အံ့အားသင့်သွားပါလိမ့်မယ်။


🟥 ကိုယ့်ကိုယ်ကိုယ် ရင်းနှီးမြှုပ်နှံတယ်ဆိုတာ ဘာကိုဆိုလိုတာလဲ?


ကိုယ့်ကိုယ်ကိုယ် ရင်းနှီးမြှုပ်နှံခြင်းဆိုတာ ကိုယ့်ရဲ့ ကိုယ်ရည်ကိုယ်သွေး တိုးတက်မှုနဲ့ ကျန်းမာကြံ့ခိုင်မှု အ တွက်တက်ကြွစွာလုပ်ဆောင်ခြင်းပဲ ဖြစ်ပါတယ်။ ဒါက အသစ်အဆန်းတွေကို သင်ယူခြင်း၊ ကိုယ့်ရဲ့ အရည်အချင်း တွေ ကို မြှင့်တင်ခြင်း ဒါမှမဟုတ် စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာကြံ့ခိုင်မှု ရှိစေဖို့ ဖြစ်နိုင်ပါတယ်။ ကိုယ့် အတွက် အရေးကြီးတဲ့ ရည်မှန်းချက်တွေ ချမှတ်ပြီး အဲဒီရည်မှန်းချက်တွေကို တကယ်လုပ်ဆောင်ခြင်းနဲ့ ပတ်သက် ပါတယ်။ကိုယ့်ရဲ့ အကောင်းဆုံးပုံစံ ဖြစ်လာဖို့ ကတိကဝတ်တစ်ခုပါ။ ပြီးတော့ အံ့သြစရာကောင်းတာက ကိုယ့် ကိုယ်ကိုယ် ရင်းနှီးမြှုပ်နှံခြင်းအားဖြင့် ကိုယ့်ရဲ့ဘဝကို တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်နိုင်ရုံသာမက တ ခြားသူတွေအပေါ် အပြုသဘောဆောင်တဲ့ အကျိုးသက်ရောက်မှုတွေ ရှိလာစေဖို့လည်း ပိုမိုကောင်းမွန်စွာ ပြင်ဆင် ထားရာ ရောက်ခြင်းပါပဲ။ 

ဒါဟာ ဘဝက ကိုယ့်ကို ပစ်ပေါက်လာတဲ့အရာမှန်သမျှကို ကိုင်တွယ်ဖြေရှင်းပြီး အခွင့် အလမ်းတွေကို ရယူနိုင်အောင် ကူညီပေးတဲ့ ခရီးတစ်ခုဖြစ်ပြီး ပိုမိုကျေနပ်ဖွယ်ကောင်းကာ ဟန်ချက်ညီတဲ့ ဘဝတစ်ခုကို ဦးတည်စေပါတယ်။


ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ရင်းနှီးမြှုပ်နှံနိုင်တဲ့ နည်းလမ်းကောင်း ၁၂ ခုကို ဖော်ပြပေးလိုက်ပါတယ်။


၁။ တစ်သက်တာ သင်ယူမှုကို လက်ခံပါ🟩


ပညာရေးဟာ အတန်းထဲက ထွက်သွားတာနဲ့ ပြီးဆုံးသွားတာ မဟုတ်ပါဘူး၊ ကိုယ့်ရဲ့ အရည်အချင်းတွေကို တည်ဆောက်ပြီး တစ်သက်တာ သင်ယူမှုတွေနဲ့ စိတ်အားထက်သန်မှုတွေကို ဖြည့်ဆည်းပေးနိုင်ပါတယ်။ ဒီကမ္ဘာ မှာ သင်ယူစရာတွေ အများကြီး ရှိနေသေးပြီး အချက်အလက်အသစ်တွေ ရယူဖို့ နည်းလမ်းတွေ အများကြီး ရှိပါ တယ်။ အနိမ့်ဆုံးတော့ ကိုယ့်အသက်မွေးဝမ်းကျောင်းအလုပ်အကိုင်အတွက် လိုအပ်တဲ့အရည်အချင်းတွေ အဆက် မပြတ်ဖြည့်တင်းပါ။


၂။ သင့်စိတ်ကျန်းမာရေးကို ဦးစားပေးပါ🟩


လူအတော်များများက သူတို့ရဲ့ ဘဏ္ဍာရေးအခြေအနေဟာ သူတို့ရဲ့ စိတ်ကျန်းမာရေးကို အပျက်သဘော ဆောင်တဲ့ နည်းလမ်းဖြင့် သက်ရောက်မှုရှိတယ်လို့ ယုံကြည်ကြပါတယ်။ သင်ကရော အဲဒီလူတွေထဲက တစ်ဦး လား။ စိတ်ဖိစီးမှုအဆင့်တွေကို စီမံခန့်ခွဲဖို့နဲ့ ပင်ပန်းနွမ်းနယ်မှုကို ကာကွယ်ဖို့ ကိုယ့်ကိုယ်ကိုယ် ပုံမှန်စစ်ဆေး ခြင်းဖြင့် သင့်စိတ်ကျန်းမာရေးကို ဦးစားပေးပါ။ အနားယူဖို့၊ အမှားလုပ်မိဖို့နဲ့ နယ်နိမိတ်တွေ သတ်မှတ်ဖို့ သင့် ကိုယ်သင် ခွင့်ပြုချက်ပေးပါ။ သင်ယခုရောက်ရှိမယ်လို့ သင်ထင်ထားတဲ့နေရာကို တစ်နေ့ ရောက်ရှိလိမ့်မယ်လို့ နားလည်ပါ။


၃။ ရည်မှန်းချက်များ ချမှတ်ပါ🟩


ရည်မှန်းချက်တွေက ကြီးကျယ်စရာ မလိုပါဘူး။ အပြင်ထွက်စားသောက်ခြင်းကို တစ်လလျှင် တစ်ကြိမ် သာသတ်မှတ်ခြင်း သို့မဟုတ် သင့်ကိုယ်ရေးရာဇဝင်အကျဉ်းကို အပ်ဒိတ်လုပ်ချင်သလိုမျိုး ရိုးရှင်းနိုင်ပါတယ်။ 


၄။ အကြံပေးအား ရှာဖွေချဥ်းကပ်ပါ🟩


သင့်ရည်မှန်းချက်တွေဆီ ရောက်ရှိရေး ပိုမိုနီးကပ်စေဖို့အတွက်ပဲဖြစ်ဖြစ် သင့်ပြဿနာအရေးကိစ္စတွေ ဖြေရှင်းရာမှာပဲဖြစ်ဖြစ် သင့်ကို ကူညီလမ်းညွှန်ပေးမယ့် သက်ဆိုင်ရာအကြံပေးတွေကို ရှာဖွေချဥ်းကပ်ပါ။ 


၅။ ဒိုင်ယာရီ စတင်ရေးသားပါ🟩


ဆင်ခြင်သုံးသပ်ဖို့၊ စီစဉ်ဖို့၊ မြင်ယောင်ကြည့်ဖို့နဲ့ ခွင့်လွှတ်ဖို့ အကောင်းဆုံးနဲ့ ဘေးကင်းတဲ့ နေရာတစ်ခုကို ပြပါဆိုရင် ဒိုင်ယာရီစာအုပ်ပါ။ စိတ်ဖိစီးမှုကို စီမံခန့်ခွဲခြင်း၊ ပြဿနာတွေကို ဖော်ထုတ်ခြင်းနဲ့ ပြဿနာတွေကို ဖြေ ရှင်းခြင်းလိုမျိုး ဒိုင်ယာရီရေးသားခြင်းရဲ့ အကျိုးကျေးဇူးတွေ အများကြီးရှိပါတယ်။ ကျေးဇူးတင်တတ်တဲ့စိတ်ကို လေ့ကျင့်ဖို့နဲ့ ရည်မှန်းချက်တွေ ချမှတ်ဖို့လည်း အကောင်းဆုံးနေရာတစ်ခုပါပဲ။


၆။ ကျေးဇူးတင်တတ်အောင် လေ့ကျင့်ပါ🟩


သင့်မှာရှိတဲ့ အရာအားလုံးအတွက် ကျေးဇူးတင်ဖို့ ကျေးဇူးတော်ချီးမွမ်းခြင်းအထိ စောင့်စရာမလိုပါဘူး။ ဘဝမှာ အမြင်မှန်ရပြီး သက်တောင့်သက်သာရှိစေဖို့အတွက် ကျေးဇူးတင်တတ်တဲ့အကျင့်ကို ပုံမှန်လေ့ကျင့်ပါ။ 


၇။ မကောင်းတဲ့အကျင့်ကို ဖျောက်ဖျက်ပါ🟩


ကိုယ့်ရဲ မကောင်းတဲ့အကျင့်က ဘာလဲ။ စိတ်ခံစားမှုအရ ငွေဖြုန်းတီးတာ၊ ဆေးလိပ်သောက်တာ၊ စက် ပစ္စည်းတစ်ခုအတွက် အချိန်အများကြီး ဖြုန်းတာပဲဖြစ်ဖြစ်၊ သင့်မှာ တစ်ခုခုရှိတယ်ဆိုတာ ကျွန်မတို့ သိပါတယ်။ ကျွန်မတို့အားလုံးမှာ ရှိပါတယ်။ မကောင်းတဲ့အကျင့်ကို နောက်ဆုံးတော့ ဖျောက်ဖျက်ဖို့ ကြိုးစားကြရအောင်။  ဒီအကျင့်ကို ဘာကြောင့် ဖျောက်ဖျက်ချင်ရတာလဲဆိုတဲ့ အကြောင်းရင်းအားလုံး (ဥပမာ - ဒါက သင့်ရဲ့ ငွေကြေး၊ စိတ်ပိုင်းဆိုင်ရာ၊ လူမှုရေး ဒါမှမဟုတ် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ဘယ်လို သက်ရောက်မှုရှိလဲ) နဲ့ နောက် ဆုံးမှာ ဖယ်ရှားပစ်ဖို့လုပ်ဆောင်မယ့်ခြေလှမ်းအားလုံး (ဥပမာ - အပျက်သဘောဆောင်တဲ့ အကျင့်ကို အပြုသ ဘောဆောင်တဲ့ အကျင့်နဲ့ အစားထိုးတာ) စာရင်းကို သင့်ရဲ့ ဒိုင်ယာရီမှာ ရေးပါ။ 


၈။ စနစ်တကျ စီစဉ်ပါ🟩


သင့်ရဲ့ အရေးကြီးတဲ့ စာရွက်စာတမ်းတွေ ဘယ်မှာရှိလဲဆိုတာ သိလား။ သင့်ရဲ့ ဆင်းမ်ကတ် ဒါမှမဟုတ် နိုင်ငံကူးလက်မှတ်ကို ရုတ်တရက် ရှာတွေ့နိုင်လား။ သင့်ရဲ့ ငွေကြေး၊ ရုံးခန်း၊ အိမ်စတာတွေအတွက် ထိရောက်တဲ့ စနစ်တကျ စီစဉ်မှုစနစ်တစ်ခု ထူထောင်ဖို့ အချိန်ယူပါ။ အရာအားလုံးမှာ နေရာတစ်ခု ရှိသင့်ပါတယ်၊ 


၉။ ရွှေ့ဆိုင်းမှု လျှော့ချပါ🟩


ကျွန်တော်တို့အားလုံး အချိန်ရွှေ့ဆိုင်းကြပါတယ်။ ဒါပေမဲ့ နောက်ဆုံးမှာ ဘယ်သူက ဒုက္ခခံစားရမှာလဲ။ ကျွန်မတို့ ဒုက္ခခံစားရမှာပါ။ စတင်လုပ်ဆောင်ဖို့ ဒါမှမဟုတ် ပြီးမြောက်အောင်လုပ်ဖို့ ရွှေ့ဆိုင်းထားတဲ့ အရာအား လုံးကို စာရင်းပြုစုပြီး ပြီးမြောက်အောင် လုပ်ဆောင်ဖို့ အစီအစဉ်ဆွဲပါ။ ပိုလွယ်ကူတဲ့ အလုပ်တွေနဲ့ အရင်စပြီး ပိုခက်ခဲတဲ့ အလုပ်တွေကို ကိုင်တွယ်ပါ။ 


၁၀။ ရှုပ်ပွနေတဲ့ အရာတွေကို ဖယ်ရှားပါ🟩


အသစ်တစ်ဖန် စတင်ဖို့အတွက် အကောင်းဆုံး အကြံပြုချက်တစ်ခုက ဘာလဲ။ သင့်ဘဝရဲ့ ရှုပ်ပွနေတဲ့ အရာတွေကို ဖြတ်လိုက်ပါ။ 


လင်းလက်တောက်ပစေဖို့အတွက် သင့်ဘဝရဲ့ လူတွေ၊ ပစ္စည်းတွေ၊ အစားအစာတွေ၊ အလေ့အထတွေ စတာတွေကိုလည်း ရှင်းရှင်ငလင်လင်း သပ်သပ်ရပ်ရပ် ထားရှိပါ။


၁၁။ ဘတ်ဂျက်တစ်ခု ရေးဆွဲပါ🟩


ဘတ်ဂျက်တစ်ခု မရေးဆွဲရသေးဘူးဆိုရင် လက်ရှိအချိန်ထက် ပိုကောင်းတဲ့အချိန် မရှိပါဘူး။ တစ်လ လောက် အချိန်ပေးပြီး ငွေကြေးဒိုင်ယာရီမှာ သင့်ရဲ့ဘဏ္ဍာရေးကို ခြေရာခံပါ၊ သင့်ရဲ့ အသုံးစရိတ်တွေကို စာရင်း ပြုစုပါ၊ ပြီးရင် ရရှိနိုင်တဲ့ ဘတ်ဂျက်တစ်ခုနဲ့ သင့်ရဲ့ဘဏ္ဍာရေးရည်မှန်းချက်တွေကို ရောက်ရှိအောင် ကူညီပေးမယ့် ဘတ်ဂျက်တစ်ခုကို ရေးဆွဲပါ။  


(ခင်အေးချမ်း)

Ref: Ways to Invest in Yourself

Monday, December 15, 2025

ပုဂံရာဇဝင်သမိုင်းများကို ချဉ်းကပ်ကြည့်ခြင်း- မရှိမင်း၊ရှိမင်း

 ◾️ပုဂံရာဇဝင်သမိုင်းများကို ချဉ်းကပ်ကြည့်ခြင်း- မရှိမင်း၊ရှိမင်း




ရှေးဟောင်းရာဇဝင်စာအုပ်ကြီးတွေဖြစ်တဲ့ဦးကုလားမဟာရာဇဝင်၊ မှန်နန်းမဟာရာဇဝင်တော် ကြီး၊တွင်းသင်းမြန်မာရာဇဝင်သစ်၊ မုံရွေးမဟာရာဇဝင်ကျော်ဆိုတဲ့ စာအုပ်တွေထဲမှာ ဖော်ပြထားတဲ့ ပုဂံမင်း(၅၅)ဆက်မှာ (ကုလားကျမင်း) နရသူနဲ့ နရပတိစည်သူတို့ရဲ့ကြား မင်းယဉ်နရသိင်္ခဆိုတဲ့ မင်းတစ်ပါးထည့်ပြီးစိတ်ဝင်စားဖွယ်သမိုင်းရှိတာကို ရှေးသမားရိုးကျ သမိုင်းစိတ်ဝင်စားသူတွေက လက်ခံယုံကြည် ထားကြ ပါတယ်။


ဒါပေမဲ့ နောက်ထပ်အသစ်အသစ်တွေကို ကျောက်စာအထောက်အထားတွေနဲ့ ရှာဖွေတွေ့ရှိလာတဲ့အခါအဲဒီမင်းနှစ်ပါးကြားမှာ ဘာမင်းမှ မရှိဘဲ မင်းမဲ့ကာလခြောက်နှစ် ရှိနေတာကို သမိုင်းအမြင်သစ်နဲ့ မစ္စတာလုစ်တို့၊ ဒေါက်တာသန်းထွန်းတို့က ဖော်ထုတ်ရေးသားလိုက်တဲ့အခါ အဲဒီသမိုင်းရဲ့ ဝိရောဓိက ပိုပြီး စိတ်ဝင်စားဖို့ကောင်းလာပါတော့တယ်။


မရှိမင်း၊ ရှိမင်း ငြင်းကြခုံကြလို့ ပွဲဆူခဲ့တဲ့ ဒီသမိုင်းမှာ ကျွန်တော့်အယူအဆလုံး၀မပါဝင်ဘဲ ဆရာကြီး

တွေရဲ့ အယူအဆတင်ပြပုံက ဘယ်အရာက ပိုပြီး မှန်နိုင်မလဲဆိုတာကတော့ စာဖတ်သူကိုယ်တိုင် ဆုံးဖြတ်လက်ခံရမှာဖြစ်ပါတယ်။ 


အဲဒီလို ဆုံးဖြတ်ဝေဖန်စဉ်းစားရမယ့် ပုဂံသမိုင်းတွေထဲက အဖြစ်အပျက်တွေကို ရေးသားထုတ်နုတ်တင် ပြစရာတွေက အများကြီးရှိပါသေးတယ်။


တစ်ခု ကြိုပြီး တောင်းပန်ထားချင်တာကတော့ကျွန်တော့်အဆင့်က သမိုင်းသုတေသနပိုင်းမှာ မူလတန်းအဆင့်လောက်ပဲ ရှိတာမို့ သမိုင်းဆရာကြီးတွေ(Professor) ရေးခဲ့တဲ့ သမိုင်းအယူအဆတွေကို ဝေဖန်ထောက်ပြပြီး မှားတယ်၊ မှန်တယ်မပြောရဲပါဘူး။ 


ကွဲလွဲချက်အရှိကိုပဲ ရှာဖွေတင်ပြခြင်းဖြစ်ပါတယ်။ဆရာအောင်သန်း(မန္တလေး)က “ဒေါက်တာထင်အောင်၏ ပုဂံမပျက်မီ မြန်မာ့သမိုင်းကို ဘာသာပြန်ပြီး ဆရာ၏ အမှာစာမှာ လူတိုင်းလူတိုင်းလိုလိုပင် ဝင်၍ ငြင်း ခုံဝေဖန်တတ်သည့် ဘာသာရပ်ကို ပြပါဆိုလျှင်သမိုင်းဘာသာရပ်ကိုပင် ပြရပါလိမ့်မည်။ မှန်ပါသည်။


သမိုင်းသည် ငြင်း၍ ဝေဖန်၍ အကောင်းဆုံးဘာသာရပ်ပင်ဖြစ်ပါသည်” လို့ ရေးခဲ့ပါတယ်။


အသစ်မြင် မြန်မာ့သမိုင်းကို ရှာဖွေတွေ့ရှိထားသူဆရာကြီးတွေကတော့ ခေတ်ပြိုင်သမိုင်းတွေနဲ့အတူတူးဖော်တွေ့ရှိထားတဲ့ ကျောက်စာမူရင်းတွေအရ ဖြစ်နိုင်ခြေကို တွက်ချက်ပြီးပြန်လည်ဆွေးနွေး တင်ပြ ချက်ကလည်း ဘယ်လောက်ပဲ အဖိုးတန်သည်ဖြစ်ပါစေ၊ နောက်ထပ်တွေ့ရှိချက်တွေနဲ့ ကွဲလွဲမှုဖြစ်လာ ရင်လည်း ပြင်ဖို့ဝန်မလေးကြပါဘူး။ 


ဒီနေရာမှာ နိုင်ငံခြားသား သုတေသီသမိုင်းပညာရှင်ကြီး မစ္စတာဂေါဒွင်လုစ် (Luce)နဲ့ မြန်မာတိုင်းရင်းသား၊ သမိုင်းသုတေသီပညာရှင်ဆရာကြီးဒေါက်တာသန်းထွန်းတို့ရဲ့ သမိုင်းအမြင်လေးတစ်ခုကိုတင်ပြချင် ပါသေးတယ်။


လုစ်(Luce) (၁၈၈၉ ခုနှစ် ဇန်နဝါရီလ-၁၉၇၉ခုနှစ် မေ ၃ ရက်)ဟာ မြန်မာနိုင်ငံကို ၁၉၁၂ ခုနှစ်နိုဝင်ဘာ ၁ ရက်မှာရောက်ပြီး ၁၉၆၅ ခုနှစ်အထိနှစ်ပေါင်း(၅၀)ကျော် နေသွားတယ်။ ပုဂံကို နှစ်ပေါင်း(၄၀) လောက် ခေါက်တုံ့ခေါက်ပြန်သွားပြီး ခေတ်ဟောင်းမြန်မာ-ပုဂံခေတ်ဦး(Old Burma Early Pagan) ဆိုတဲ့စာအုပ်ကြီးသုံးတွဲ ရေးခဲ့တယ်။


သူတွေ့ရှိထားလို့ မှတ်တမ်းတင်စာအုပ်ထဲကအကြောင်းအရာတွေဟာ ထပ်ပြီးတွေ့ရှိထားတာ တွေနဲ့ ကွဲလွဲနေရင်လည်း အကြိမ်ကြိမ်ပြင်တယ်၊ ထပ်ဖြည့်တယ်။ ကျောက်စာ ၁၀၀၀ ကျော်ကိုကြိုးစား ဖတ်တယ်။


မြင်းကပါက ဂူပြောက်ကြီးထဲမှာ အဖိုးတန်တဲ့ ပုဂံရှေးဟောင်းပန်းချီကားတွေနဲ့ စာတွေရှိနေမှန်း မြင်းကပါရွာသားတွေတောင် မသိတာကို သူကသိလို့ နေ့စဉ်မှန်အိမ်တစ်လုံး၊ ရေတစ်ပုံးနဲ့ဝင်ပြီး ခက်ခက်ခဲခဲဖတ်တယ်၊ ဘာသာပြန်တယ်။


အဲဒီလောက် အရူးအမူးဖြစ်လောက်အောင် ကြိုးစားပြီးသွားဖတ်တဲ့ဆရာကြီးကို မြင်းကပါရွာသားတွေကအင်္ဂလိပ်အရူးကြီးလို့ခေါ်တဲ့အကြောင်း ကြားဖူးတယ်။ဆရာကြီးက ခေတ်ပြိုင်တရုတ်မှတ်တမ်းတွေနဲ့ ညှိတယ်။


အကြောင်းအကျိုးဆက်စပ်ပြီး တိမ်မြုပ်နေတဲ့ ပုဂံသမိုင်းကို ဖော်ထုတ်တယ်။အဲဒီအချိန်က ပုဂံဆိုတာ သမိုင်းပုံပြင်တစ်ခုလိုရှိနေတာကို ပကတိအရှိတရားတွေနဲ့မညီလို့ လိုတာဖြည့်၊ပိုတာနုတ် လုပ်တယ်။ ဒီစာအုပ်ကြီးကို ၁၉၆၀ ပြည့်နှစ်လောက်အထိ ပြုစုအပြီးသတ်တယ်ဆိုတော့ နှစ် (၄၀)လောက် ကြာတယ်။ 


၁၉၇၉ ခုနှစ် မဆုံးခင်မှာ ဆရာကြီးက အဲဒီစာအုပ်ကို လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်နဲ့ နှိုင်းပြီးသူရှာတွေ့တာက ကျော၊ ဝမ်း၊ ရင်၊ ခါးဖြစ်တဲ့ ကိုယ်အလယ်ပိုင်း (Torso) ဖြစ်တယ်။ ခေါင်း၊ ခြေ၊ လက်တွေကိုတော့ နောက်လူတွေဆက်ကြပါလို့ မာန်မာနကင်းပြီးရိုးသားဖြူစင်တဲ့ စိတ်နဲ့မှာခဲ့တယ်။


အဲဒီလိုပဲ ဆရာကြီးဒေါက်တာသန်းထွန်းကလည်းသူ့ဆရာ မစ္စတာလုစ်ရဲ့ ရှာဖွေတွေ့ရှိချက်ကို လက်ခံ

တယ်။ လက်မခံရင်လည်း ဆရာပေမယ့် မညှာဘူး။ ပြန်ဝေဖန်ပြီး ရေးတဲ့စာတွေလည်း ရှိတယ်။ 


ဒီတော့ သမိုင်းအယူအဆ အုပ်စုနှစ်စုကွဲသွားပြီး ရှေးဟောင်း သမားရိုးကျသမိုင်းကို လက်ခံနေသူတွေနဲ့ ခေတ်အမြင်မြန်မာ့သမိုင်း (ကျောက်စာရှာမတွေ့ရင်) ယုံကြည်စိတ်ချလို့မရဘူးဆိုတဲ့ ဆရာတွေရဲ့ အယူအဆကြောင့် နှစ်ဦးနှစ်ဖက်ကြားမှာ ပွတ်တိုက်မှုတွေဖြစ်ကုန်တယ်။ 


အခုကျွန်တော်တင်ပြမှာက အဲဒီလိုပွတ်တိုက်မှု ဝိရောဓိပုဂံသမိုင်းဖြစ်စဉ်တွေကို ရေးသားတင်ပြမှာ ဖြစ်ပါတယ်။


ပုဂံသမိုင်းမှာ နရသူလို့ခေါ်တဲ့ ကု-လားကျမင်း(၁၁၆၀-၁၁၆၅) နောက် ဆက်ခံတဲ့ မဏိစည်သူဆိုတဲ့

မင်း(၁၁၆၅-၁၂၁၀)တို့ကြားမှာ မင်းယဉ်နရသိင်္ခဆိုတဲ့မင်းတစ်ပါးရှိသေးတဲ့အကြောင်း ရှေးဟောင်းမဟာရာဇဝင်ကြီးတွေထဲမှာ လက်ခံထားတာ တူညီမှုရှိတယ်။


မင်းယဉ်နရသိင်္ခဆိုတဲ့ မင်းဟာ နရသူရဲ့ သားဖြစ်တယ်။ သူ့ညီနရပတိစည်သူက အိမ်ရှေ့မင်းဖြစ်တယ်။ အခါတစ်ပါးမှာ မြင်းစိုင်းဝက်ဝံအရပ်က ပြောဆိုတဲ့လူမျိုးတွေ တောဝင်တဲ့အခါ ဝါးပင်ကြီးထဲက သံသေဒဇသတို့သမီးငယ်ကို တွေ့ပြီး အရွယ်ရောက်တော့ မင်းယဉ်နရသိင်္ခကို ဆက်တယ်။ 


အဲဒီအမျိုးသမီးက ဝါးထဲကရလို့ဝေဠု၀တီခေါ်တာပေါ့။ ဒါပေမဲ့ ဝေဠု၀တီ မင်းသမီးဟာနားကျယ်နဲ့ ဝမ်းပျက်လိလိရှိလို့ မကြိုက်တာနဲ့ ညီတော်နရပတိစည်သူကို ပေးလိုက်တယ်။ မင်းကြီးမယ်တော်က

နားကို အနေတော်ဖြတ်တယ်။ 


ဝမ်းပျက်လိလိကြီးကိုကိုယ်လုံးကိုယ်ထည် အချိုးအဆစ်ပြေအောင် ပြုပြင်ပေးလိုက်တော့ ရုပ်ဆင်းအင်္ဂါ ရှုမက်လိုချင်စရာဖြစ်သွားတယ်။ဒီလိုလှပချောမွေ့တဲ့ ခယ်မတော်ဝေဠု၀တီကိုမြင်တော့ မင်းယဉ်နရသိင်္ခဟာ ပြန်လိုချင်တာဖြစ်ပြီးညီတော် နရပတိစည်သူကို ငဆောင်ချမ်းအရပ်ဘက်စစ်ချီလွှတ်လိုက်တယ်။ 


ပြီးတော့ ခယ်မတော်ကို သိမ်းပိုက်လိုက်တယ်။ ဒီသတင်းကိုကြားလို့ ငအောင်စွာဆိုတဲ့တပည့်ကို မင်းယဉ်နရသိင်္ခကို လုပ်ကြံဖို့ နေပြည်တော်ကိုပြန်လွှတ်လိုက်တဲ့အခါ အရေးတော်ပုံအောင်မြင်တယ်။

အဲဒီနောက် နရပတိစည်သူဟာ ပုဂံမင်းစဉ်(၄၇)ဦးမြောက် ဘုရင်ဖြစ်လာတယ်။ 


ဒီသမိုင်းထဲမှာ မြင်းခံငပြည့်ကို သတင်းပို့တာ နောက်ကျရကောင်းလားဆိုပြီးကွပ်မျက်တာတွေ၊ ငအောင်စွာ ကိုလည်း သူ့ကို မချေမငံပြန်ဆက်ဆံရသလားဆိုပြီး ကွပ်မျက်တာတွေနဲ့အပြစ်တစ်စုံတစ်ရာမရှိတဲ့ သူ့အစ်ကိုရဲ့ အထိန်းတော်သား အနန္တသူရိယအမတ်ကို ကွပ်မျက်တဲ့အခါ ဒီအမတ်ကြီးရေးဆက်ခဲ့တဲ့- 


“သူတည်းတစ်ယောက်ကောင်းဖို့ရောက်မူ” ဆိုတဲ့ မျက်ဖြေလင်္ကာတစ်ပုဒ်ကြောင့် နရပတိစည်သူမင်းကြီး နောင်တတရားရသွားပုံတွေကို အလှပဆုံး ဇာတ်ကွက်ဖော်ပြီး ရာဇဝင်ဇာတ်လမ်းတစ်ပုဒ်ကိုဦးကုလား ရာဇဝင်ကနေ စလိုက်တာတွင်းသင်းမြန်မာရာဇဝင်တို့၊ မှန်နန်းမဟာရာဇဝင်တော်ကြီးတို့လို ရှေးဟောင်း သမားရိုးကျ ရာဇဝင်ကိုလက်ခံကြတဲ့ အခြားရာဇဝင်စာအုပ်တွေ တော်တော်များများမှာ တွေ့ရပါတယ်။


ဒါပေမဲ့ ကျောက်စာအထောက်အထား၊ ခေတ်ပြိုင်သမိုင်းမှတ်တမ်းတွေနဲ့ ညှိနှိုင်းပြီး ရှာဖွေဖော်ထုတ်တဲ့မစ္စတာလုစ်တို့၊ ဆရာကြီးဒေါက်တာသန်းထွန်းတို့၊ဒေါက်တာထင်အောင်တို့ကအစ ခေတ်အမြင်၊ ခေတ်အတွေးရှိတဲ့ သမိုင်းလေ့လာထားတဲ့သူတွေက ရဲရဲဝံ့ဝံ့သမိုင်းအမှားတွေကို ထောက်ပြကြတဲ့ စာအုပ်တွေ၊စာတမ်းတွေ အများကြီးထွက်ပေါ်လာတဲ့အခါ သမိုင်းကိုသမားရိုးကျယုံကြည်သူအုပ်စုနဲ့ ခေတ်အမြင်၊ ခေတ်သမိုင်းနဲ့ အထောက်အထားမပြနိုင်ရင် မယုံကြည်ဘူးဆိုတဲ့ အုပ်စုနှစ်စုတို့ သမိုင်းဝိရောဓိတွေဖြစ်ကုန်ကြပါတော့တယ်။


ဦးကုလားတို့၊ မှန်နန်းတို့က ပုဂံခေတ်အုပ်စိုးခဲ့တဲ့မင်း(၅၅)ဆက်မှာ မင်းယဉ်နရသိင်္ခကို ထည့်သလို တွင်းသင်းမှာ မင်း(၅၆)ဆက်ထဲရှိတယ်လို့ ရေးပြီး တစ်ရက်လောက်ပဲ ဘုရင်ဖြစ်တဲ့ နရသူရဲ့အစ်ကိုမင်းရှင်စောကိုထည့်တယ်။ 


မုံရွေးမှာဆိုရင် မင်းရှင်စောရော နရသီဟပတေ့ကို လုပ်ကြံတဲ့ သားအငယ်သီဟသူကိုပါ မင်းစဉ်တွေထဲမှာ ထည့်သေးတယ်။


ဒေါက်တာသန်းထွန်းကတော့ (ဤမ်တင်သျှင်)အိမ်တော်ရှင်လို့ ခေါ်တဲ့ နရသူလုပ်ကြံခံရပြီး ၁၁၆၅ခုနှစ် နောက်မှာ မင်းမဲ့ကာလ ကိုးနှစ်ရှိပြီးမှ နရပတိစည်သူမင်းနန်းတက်တယ်လို့ ပထမပြောခဲ့ရာက နောက်တော့ မုဆိုးဖိုမှာ နရပတိစည်သူမြေလှူတဲ့ ကျောက်စာတွေလို့ အဲဒီကျောက်စာမှာပါတဲ့ သက္ကရာဇ်နဲ့ ညှိနှိုင်း တိုက်ဆိုင်ကြည့်တော့ မင်းမဲ့ကာလဟာ ခြောက်နှစ်ပဲကြာတယ်လို့ ပြင်ဆင်ခဲ့တယ်။


မစ္စတာလုစ်ကလည်း မင်းယဉ်နရသိင်္ခမင်းရှိခဲ့တယ်ဆိုတာ ကို လက်မခံဘူး။ တကယ်တော့ မင်းယဉ်နရသိင်္ခ ဆိုတာ ဥစ္စနာရဲ့သားတော်၊ နရသီဟပတေ့နဲ့ ဖအေတူမအေကွဲ။ မင်းယဉ်ဆိုတာ နန်းရအုပ်စိုးမှုက သုံးလပဲရှိလို့တိုတောင်းတယ်။ 


ပုဂံပြတိုက်မှာရှိတဲ့ ရှင်ပင်ဗောဓိဝိုင်းကရတဲ့ ကျောက်စာမှာ မင်းယဉ်က နို့ထမ်းအိပေါင်သင်ကို ကျေးဇူး ဆပ်ပုံနဲ့ မင်းယဉ်သေပြီး တရုတ်ပြေးမင်းခေါ်နရသီဟပတေ့က ၁၂၅၆ ခုနှစ်မှာ ထီးနန်းဆက်ခံပုံပါတယ်။


နရသိင်္ခဥစ္စနာဟာ ဦးကုလားကအစ ရာဇဝင်ကြီးတွေမှာမရှိဘဲ မင်းအဖြစ် အဖျောက်ခံထားရပေမယ့် ကျောက်စာသမိုင်း အထောက်အထားအရ (နားတောင်းများ)ထီးလိုမင်းလိုမင်းရဲ့ သားနှစ်ပါး ဖြစ်တဲ့ နရသိင်္ခဥစ္စနာဟာဖခင်ရှိစဉ်ကတည်းက အိမ်ရှေ့မင်းဖြစ်ပြီး သူလွန်တော့မှညီတော်ကျစွာက နန်းစံရတယ်။ 


ညီတော်ကျစွာ နတ်ရွာစံတော့ နရသိင်္ခဥစ္စနာရဲ့ သားတော် ဥစ္စနာက နန်းရတယ်။ရာဇဝင်ကြီးတွေမှာရေးသလို နရသူရဲ့သား နရပတိစည်သူဆိုတာလည်း ဘာအထောက်အထားမှ မရှိသလိုဥစ္စနာက ၁၂၄၉ ခုနှစ်မှာ ဆက်ခံပြီး နရသိင်္ခဥစ္စနာနဲ့မိဖုရားဖွားဇဝ်တို့ရဲ့သားဖြစ်တယ်။ 


မိဖုရားက ကျစွာရဲ့သမီးသမ္ဘူလဖြစ်တယ်။ ဥစ္စနာက ဆိတ်ထိန်းကမ်းဖြူသူ ဖွားစောကို ကောက်ယူတော်မူ တဲ့သမိုင်းကို ဆရာကြီးဒေါက်တာသန်းထွန်းတို့က ကျောက်စာအထောက်အထား မတွေ့လို့သမိုင်းထဲမှာ မထည့်ဘူး။ 


(အဲဒီဖွားစော ပြဿနာတွေကအများကြီး၊ နောက်မှ ‘ဖွားစောရှင်းတမ်း’ ဆိုပြီး ရေးပြပါဦးမယ်။) 


နောက် နရသိင်္ခဥစ္စနာဆိုတဲ့မင်းဟာ တကယ်ရှိခဲ့တယ်ဆိုတဲ့ အထောက်အထားအခိုင်အမာဆုံးက (သ္ခိင်ဖွာဇဝ်) နရသိင်္ခဥစ္စနာရဲ့ မိဖုရားဖွားစောရဲ့ ဆုတောင်းကျောက်စာပဲ။ (မင်းနန်သူက မင်းဝိုင်းဘုရားကျောက်စာရုံမှာ ဖွားစောကျောက်စာရှိတယ်) ကျောက်စာအတိုင်းရေးပြရရင်-


“ငါပ္လုသောကောင်မှု အက္လိုင်ကာ။ ရိယမ္ဂိယ်ခပ်သိမ်းသော အသ္ခိင်ဖ ’စ်ထသောမ္လတ်စွာ ငါလင်သ္ခိင် မင်းကြီး၊ငါသာမင်းကြီး၊ ငါမ္လယ်မင်းကြီး ဤမင်းကြီး သုံးယောက်စသော” လို့ပါတယ်။


ငါ့လင် မင်းကြီးဆိုတာ နရသိင်္ခဥစ္စနာ၊ ငါ့သားမင်းကြီးဆိုတာ ဥစ္စနာ၊ ငါ့မြေး မင်းကြီးဆိုတာ နရသီဟ

ပတေ့တို့ဖြစ်တယ်။ ကျောက်စာရေးပြီး ၁၅/၁၆ နှစ်လောက်မှာ ပုဂံပျက် တယ်။ နားတောင်းများရဲ့ အမတ်ကြီး ဇေယျသိဒ္ဓိတို့ ဇနီးမောင်နှံ ဌာပနာမှတ်တမ်းမှာ အိမ်ရှေ့မင်း နရသိင်္ခဥစ္စနာသမီး အစောလတ်ဆိုတာပါတယ်။


ဒီလိုပဲ ပုဂံသမိုင်းမှာ မရှိမင်း၊ ရှိမင်း ငြင်းခုံကြရတဲ့နရသူ (ကုလားကျ) လုပ်ကြံခံရပြီး နရပတိစည်သူမင်းနန်းတက်စဉ် ကာလခြောက်နှစ်ကို ဦးကုလားက ထိုးဇာတ်တစ်ခုအနေနဲ့ ဝေဠု၀တီနဲ့ ညီအစ်ကိုနှစ်ယောက်ရဲ့ မယားလုခန်း အရှုပ်တော်ပုံဟာ ဘုရားဟော ဇာတကတွေကယူသုံးတာလား (ဥမ္မာဒန္တီနဲ့ သိဝိမင်း၊ အဘိပါရက စစ်သူကြီးနရတို့ရဲ့ ဇာတ်တော်မျိုးလား)။ 


ဒါပေမဲ့ ဒီဇာတ်လမ်းဟာနရပတိစည်သူမင်းမှာ ဝေဠု၀တီမိဖုရားဆိုတာ တကယ်ပဲရှိခဲ့တာကြောင့် ဝေဠု၀တီဆိုတာ ဝါးထဲကရတဲ့ သံသေဒဇအဖြစ်နဲ့ ဇာတ်အိမ်တည်ပြီး ဇာတ်လမ်း ကောင်းဝတ္ထုတစ်ပုဒ်

ဆင်ခဲ့တာလားဆိုတာကတော့ အမျိုးမျိုးတွေးစရာ၊ ဝေဖန်ငြင်းခုံစရာ ကောင်းလှပါတယ်။


ဒီအကြောင်းနဲ့ပတ်သက်ပြီး အမျိုးသားတစ်သက်တာ စာပေဆု၊ အလင်္ကာကျော်စွာဘွဲ့နဲ့ စည်သူဘွဲ့၊ စာပေဆုတွေအများကြီးရခဲ့တဲ့ ဆရာမကြီး ဒေါက်တာ မတင်ဝင်းရဲ့ ‘ဇာတိနဲ့ အစဉ်အလာ’ စာအုပ်ထဲမှာ ရေးပုံ ကလည်းသဘောကျလက်ခံချင်စရာ ကောင်းပါတယ်။


ဆရာမကြီးက မင်းရှိတဲ့အချိန်မှာတောင် ပုန်ကန်မှုတွေရှိနေလို့ နှိမ်နင်းခဲ့ရတယ်ဆိုတဲ့ စာပေအထောက်အထားတွေရှိခဲ့တယ်။ ဒါတွေကို ထောက်ရှုပြီး စဉ်းစားရင်ပုဂံမှာ မင်းမဲ့ကာလဆိုတာ မရှိနိုင်ဘူး။ ရှိရင်လည်း ပုဂံဟာအစိတ်စိတ်အမြွှာမြွှာကွဲသွား နိုင်စရာရှိတယ်လို့ အယူအဆကို တင်ပြပါတယ်။ 


တကယ်လို့ ရှိတယ်ဆိုရင်တောင်မင်းမရှိဘဲ နေနိုင်တဲ့ လူမျိုး၊ အစဉ်အလာကို ထိန်းသိမ်းနိုင်တဲ့ လူမျိုးဆိုတာ ကမ္ဘာပေါ်မှာ ရှာမှရှား ဂုဏ်ယူဖွယ်ရာ ဖြစ်တယ်။ 


ဒါကြောင့် မင်းမဲ့ကာလဆိုတဲ့ အချက်ကို ထပ်မံပြီးသုတေသနပြုဖို့ လိုအပ်သလို အဲဒီအချိန်အတွင်းမှာပဲမင်းယဉ်နရသိင်္ခဆိုတဲ့ သမိုင်းကိုလည်း သူ့နေရာမှာပဲဆက်ထားသင့်တယ်လို့ယူဆတဲ့အကြောင်း ရေးပါတယ်ဆိုတာ တင်ပြလိုက်ပါတယ်။


ရေး- ရေနံ့သာဝင်းမောင်(ပုဂံချစ်သူ)

 

***စံတော်ချိန်သတင်းစာမှ ကူးယူဖော်ပြသည်။


Wednesday, December 10, 2025

“အဖေက ခရစ်ယာန်ဘာသာဝင်၊ အမေက ဗုဒ္ဓဘာသာဝင်”

ဘာသာရေးဆိုင်ရာ အမေးအဖြေတစ်ခု





(* ဘာသာရေးနဲ့ပတ်သက်သော ဝေမျှချက်ဖြစ်တာကြောင့် အမြင်မတူ၊ အယူအဆကွဲသူများ ဆက်လက်မဖတ်ရှုဘဲ ကျော်သွားပါရန် မေတ္တာရပ်ခံအပ်ပါသည်။)

အဖေက ခရစ်ယာန်ဘာသာဝင်၊ အမေက ဗုဒ္ဓဘာသာဝင်”

မေး ။ အဖေက ခရစ်ယာန်၊ အမေက ဗုဒ္ဓဘာသာဝင်ဖြစ်တာကြောင့် သူက သည်ဗုဒ္ဓဘာသာကိုရော၊ ခရစ်ယာန်ဘာသာကိုရော နှစ်ခုစလုံးကိုးကွယ်တဲ့လူတွေရှိပါတယ်။ သူတို့ကျတော့ ဘယ်လိုအကျိုး၊အပြစ်ဖြစ်နိုင်ပါသလဲဘုရား။ အကျိုးကျေးဇူးများမှာလား၊ အပြစ်ပိုပြီးတော့ များမှာလားဘုရား။

ဖြေ။ ။ ဗုဒ္ဓဘာသာဝင်ပဲဖြစ်ဖြစ်၊ ခရစ်ယာန်ဘာသာဝင်ပဲဖြစ်ဖြစ် ပါဏာတိပါတာကံ မကျူးလွန်ဘူးဆိုရင် အပြစ်မဖြစ်ဘူးဗျာ။ ကိုးကွယ်ရုံသက်သက်ကလေးနဲ့ ပါဏာတိပါတာကံ သူမလုပ်ဘူး၊ အဒိန္နာဒါနာကံ မလုပ်ဘူး၊ ကာမေသုကံ မကျူးလွန်ဘူး၊ မုသာဝါဒ၊ သုရာမေရာယ ကံတွေကို သူမလုပ်ဘူး၊ သူက ကိုယ်ကျင့်တရားကောင်းတဲ့လူကောင်းတစ်ယောက်အနေနဲ့နေတယ်။ ဘာသာတရားကလည်း ခုနလိုပဲ ကိုးကွယ်ရာတစ်ခုအနေနဲ့ထားတယ်။ ဒုစရိုက်တွေမလုပ်ဘူး။ သူက ဒါနလည်းလုပ်တယ်။ ဒါဆို သူက အပြစ်ဖြစ်စရာအကြောင်းမရှိဘူး။ ဘာအတွက်ဖြစ်နိုင်တုန်းဆိုလို့ရှိရင် ခရစ်ယာန်ကိုးကွယ်တယ် ဒီကိုးကွယ်တယ်ဆိုလို့ရှိရင် ဗုဒ္ဓဘာသာ ရဲ့ ကျင့်စဉ်ကို သူမကျင့်နိုင်ဘူး။ မကျင့်နိုင်တဲ့အတွက်ကြောင့် မြင့်မြတ်တဲ့တရားထူးတွေ အဆင့်မြင့်တဲ့တရားတွေတော့ မရနိုင်ဘူးပေါ့။ အဲဒါပဲ ဆုံးရှုံးမှာဖြစ်တယ်။

အခြေခံကတော့ ရှိကြမှာပဲလေ ကောင်းတာတွေ။ ဘယ်ဘာသာပဲဖြစ်ဖြစ် အခြေခံကောင်းတာတွေရှိတယ်။ Ethics ဆိုတဲ့ ကိုယ်ကျင့် တရားမပျက်သေးသမျှတော့ ဘယ်သူမှ သူက ခရစ်ယာန်မို့၊ သူက မူဆလင်မို့ ဘာဖြစ်တာမို့ဆိုပြီးပြောလို့တော့မရဘူး။ သူလုပ်တဲ့ လုပ်ရပ်က အကုသိုလ်တွေလား၊ ကုသိုလ်လား နော်…သူများအသက်တွေသတ်နေသလား၊ အဲသည် သတ်နေတဲ့ အကျိုးကတော့ ခံရမှာ။ မဟုတ်တာ ဗုဒ္ဓဘာသာကလည်း ငါဗုဒ္ဓဘာသာဆိုပြီးတော့ ဟိုသူများအသက်သတ်ရင် သူလည်းခံရမှာပဲ။ ကိုးကွယ်ရုံသက်သက်နဲ့တော့ ကိုးကွယ်ပါတယ်လို့ပြောရုံသက်သက်နဲ့ကတော့ ဘယ် Label ပဲတပ်ထားထား အမှတ်တံဆိပ်ဘယ်ဟာပဲ ကပ်ထားထား လုပ်ရပ်ပေါ်မှာ ပဲဆုံးဖြတ်ရမယ်။ 


မေး ။ သည်ဗုဒ္ဓဘုရားနဲ့ သည်ခရစ်ယာန်ဘာသာကို တပြိုင်နက်တည်းကိုးကွယ်ရုံနဲ့တော့ အပြစ်မဖြစ်ဘူးလို့ ဆိုချင်တာပေါ့ အရှင်ဘုရား။

ဖြေ။ ။ အပြစ်မဖြစ်ဘူးဆိုတာ ကောင်းတဲ့ဘက်ကို သူလက်ခံချင်ခံမှာပေါ့နော် (မှန်ပါ့ဘုရား)။ ဘုရားလက်ထက်တုန်းကတော့ ပရိဗိုဇ်တွေဟာ တချို့ပရိဗိုဇ်တွေက ဘုရားနဲ့တွေ့တဲ့အခါ သူတို့ဗုဒ္ဓဘာသာဝင်ဖြစ်သွားကြတယ်။ ဒါပေမယ့် ပရိဗိုဇ်မို့ သည်အတိုင်းပဲ နေကြတယ်။ (ပရိဗိုဇ်ဆိုတာ ဘာကိုဆိုလိုတာလဲဘုရား။) ပရိဗိုဇ်ဆိုတာ ဘာသာတစ်ခုပေါ့နော်။ ဘာသာတစ်ခုလို့ဆိုပါစို့။ သူက သူတို့ရဲ့အယူဝါဒတွေကိုသင်ပြီးတော့ ဟောတာပြောတာတွေလုပ်တယ်။ သူတို့အယူဝါဒတွေက ဗုဒ္ဓဘာသာနဲ့ဆန့်ကျင်တဲ့အယူဝါဒ တွေပဲ တော်တော်များများ။ သူတို့လည်း ဒါနလည်းလုပ်တယ်၊ သူတို့ရဲ့ကိုယ်ကျင့်သီလလည်း ဆောက်တည်တယ်။ တချို့ဟာတွေက အကောင်းတွေပါတယ်၊ အကောင်းအဆိုးရောနေတာပေါ့။ခုခေတ်ဘာသာတွေလည်း အကောင်းလည်းပါတယ် အဆိုးလည်းပါတယ်။ အကောင်းအဆိုးကရောနေကြတာပဲ။ သို့သော် အဆိုးလုပ်တာနဲ့ အကောင်းလုပ်တဲ့နေရာမှာ ဘာသာတရားက ညွှန်ကြားလို့ အကောင်း အဆိုးလုပ်တာလည်းရှိတယ်။ ဘာသာတရားရဲ့ညွှန်ကြားချက်မဟုတ်ဘဲနဲ့ ကိုယ်လုပ်ချင်လို့ ဝါသနာ စရိုက်အရ လုပ်တာလည်းရှိတယ်။ (မှန်ပါ့ဘုရား။)

သတ္တဝါတွေကိုသတ်ပြီးတော့ ယစ်ပူဇော်ရမယ်လို့ ဘာသာတရားကဆုံးမသည့်အတွက်ကြောင့် အဲ့လိုသတ်ပြီးပူဇော်ရင်တော့ ဒါဘာသာ တရားရဲ့အဆုံးအမလို့ခေါ်ရမှာပေါ့။ (မှန်ပါ့ဘုရား။) အားလုံးအပေါ်မှာ မေတ္တာတရားထားရမယ်လို့ ဘာသာတရားက ဆုံးမတယ်၊ ဘာသာတရားကဆုံးမသည့်အတွက် မေတ္တာထားတယ်။ အဲတော့ မေတ္တာက အကောင်း(မှန်ပါ့ဘုရား)၊ အသက်သတ်တာကျတော့ ခုန မကောင်းတာ။ (မှန်ပါ့ဘုရား) ကောင်းမကောင်းက အဆိပ်နဲ့ (ဥပမာ) အားဆေးလိုပဲ။ (မှန်ပါ့ဘုရား) ဒါက သဘာဝစစ်စစ်ပဲ။ (မှန်ပါ့ဘုရား) ဘုရားဟောတာ ပြောတာနဲ့လည်းမဆိုင်ဘူး။ (မှန်ပါ့ဘုရား) မကောင်းတာလုပ်ရင် အဆိပ်စားရင် အဆိပ်ပဲနော်။ (မှန်ပါ့ဘုရား) ကောင်းတာစားရင် ကောင်းတာပဲ။ ဒါဖြင့်မယ် ဘာသာတရားဆိုတာ အပေါ်ကခေါင်းစီးတပ်လိုက်တာ။ သို့သော် သံသရာ ဝဋ်ကလွတ်ဖို့ နိဗ္ဗာန်ရဖို့ကျင့်ကြံတဲ့အခါကျတော့ သည်စွန့်လွှတ်ရမယ့် အခြေခံကြီးတွေရှိတယ်။ အဲ့ဒါမလွတ်ရင်တော့ သူတို့က မရဘူး။ ဥပမာ - နိဗ္ဗာန်ရချင်တယ်ဆိုရင် ဘုရားသခင်တို့ ဖန်ဆင်းတယ်ဆိုတဲ့ ယုံကြည်ချက်ကြီးနဲ့လုပ်လို့မရဘူး။ (မှန်ပါ့ဘုရား) ဘုရားသခင် ဖန်ဆင်းတယ်ဆိုကတည်းက သူနိဗ္ဗာန်ရောက်အောင်လုပ်စရာမလိုဘူး ဘုရားသခင်ပဲသွားပြီးတော့ တောင်းပန်ပြီးတော့ သူ့ကိုဖန်ဆင်း ပေးပါ နိဗ္ဗာန်ရောက်အောင် အဲလိုဖြစ်မနေဘူးလား။ အဲတော့ လက်တွေ့ကျင့်ရမယ့်အကျင့်မပါတော့ဘူးလေ။ (မှန်ပါ့ဘုရား) ဆိုလိုတာက အဆင့်မြင့်….ဗုဒ္ဓဘာသာမှာလည်း အခြေခံရှိတယ်၊ အဆင့်မြင့်တွေရှိတယ်။ အခြေခံမှာ တချို့ဟာတွေတူတယ်။ တူရုံနဲ့ဒါ သည်ဟာလို့ ပြောလို့မရဘူး။ သူက  ဗုဒ္ဓဘာသာဝင်အစစ်လို့  ဗုဒ္ဓဘာသာတရားတော်ရဲ့ အဆင့်မြင့်ဖြစ်ဖို့ရာအတွက်ကျတော့ ဘာတုံးဆို ဝိပဿနာ တရား အားထုတ်ပြီးတော့ ကိလေသာကုန်အောင် လုပ်တာ၊ ဆင်းရဲဒုက္ခတွင်းကထွက်အောင်လုပ်တာ။ အဲ့ဒါမှ  ဗုဒ္ဓဘာသာက ဟို အဆင့်မြင့်ဖြစ်တာ။ (မှန်ပါ့ဘုရား။) ဘုရားပွင့်မှပေါ်တာ အဲ့ဒါ။ (မှန်ပါ့ဘုရား။) 

ဝိပဿနာတရားကျင့်ပြီး သံသရာဝဋ်ကလွတ်တာ ဘုရားပွင့်မှ။ ခုနက ဒါနတို့ သီလတို့ဆိုတာ ဟိုးရှေးတုန်းကတည်းကရှိတာ။ ဘာသာတိုင်းလည်းရှိတယ်။(မှန်ပါ့ဘုရား။) သည်ဗုဒ္ဓဘာသာရဲ့ဦးတည်ချက်ကျတော့ ခုနက နိဗ္ဗာန်ဆိုတာ ဦးတည်တာကျတော့ ဝိပဿနာတရားမပါဘဲနဲ့မရဘူး။ သမထထိအောင် တခြားဘာသာတွေမှာရှိတယ်။ ဝိပဿနာတစ်ခုပဲမရှိတာ။ ဘုရားပွင့်လို့ပေါ်တာ ဝိပဿနာတစ်ခုတည်းပဲ။ သံသရာဝဋ်ကလွတ်နိုင်တာ သည်တစ်ခုပဲ။ ကျန်တဲ့နတ်ပြည်ရောက်တာတို့ဘာတို့ နတ်ဖြစ်တာတို့က အခြားဘာသာတွေမှာလည်းရှိတယ်။


စာကြွင်း ။ ပါချုပ်ဆရာတော်ကြီး အရှင်နန္ဒမာလာ ဘိဝံသအား ဖိုးလပြည့် (ခ) နေရွှေသွေးအောင် မေးမြန်းထားမှု ဗီဒီယို Clip တစ်ခုမှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။ အမှားအယွင်းရှိပါက ကူးယူဖော်ပြသူမှာသာ ရှိပါကြောင်း။

Saturday, November 22, 2025

ဗုဒ္ဓနဲ့ လိင်တူ စုံမက်ခြင်း homosexuality အ​ပေါ် အမြင်

 ဗုဒ္ဓနဲ့ လိင်တူ စုံမက်ခြင်း homosexuality အ​ပေါ် အမြင်

......................................




IGCSE (International General Certificate of Secondary Education) ​မေးခွန်းထဲမှာ


ဘာသာ​တရားလေ့လာမှုပညာရပ် 


(Religious Studies) အတွက် ထုတ်ထားတဲ့ ​နမူနာ sample မေးခွန်း​တွေ ရှိပါတယ်။ 


အဲဒီ​မေးခွန်း​တွေထဲက စိတ်ဝင်စားစရာ​မေးခွန်းတစ်ခုက လိင်တူအချင်းချင်း ချစ်ခင်စုံမက်မှု homosexuality နဲ့ပတ်သက်တဲ့​မေးခွန်းတစ်ခုပါလာပါတယ်။ 


လိင်တူအချင်းချင်း ချစ်ခင်စုံမက်မှု homosexuality ကို ဘာသာတရား​တွေက ဘယ်လို သ​ဘောထားသလဲဆိုတဲ့​မေးခွန်းပါပဲ။ 


ဒါ​ကြောင့် IGCSE ​မေးခွန်း​တွေကို ​လေ့လာရင် ​လူမှုအဖွဲ့အစည်းရဲ့ အရှိတရားနဲ့ ကိုးကွယ်မှုဘာသာတရား​တွေရဲ့ 


ထိပ်တိုက်ကြုံ​တွေ့​နေရတဲ့ ပြဿနာကို မီး​​မောင်းထိုးပြ​နေတာပါ။ 


၂၁ ရာစု လူ့အဖွဲ့အစည်းက ကိုးကွယ်မှု ဘာသာတရားဆို​တဲ့ စည်း​ဘောင်တစ်ခုက​နေ နှိပ်ကွပ်ပစ်ပယ်လိုက်ခြင်းဟာ လူသားတစ်ဦးရဲ့ဖြစ်တည်ခွင့်​တွေကိုပါ လျစ်လျူရှု​ရာ​ရောက်​စေသလား ဆိုတဲ့ 


စဥ်းစားမှုကို ဦးတည်ပါတယ်။ 


လူမှုအဖွဲ့အစည်းရဲ့ တည်ရှိမှု​တွေနဲ့ ချိန်ကိုက်​စဥ်းစားရမယ့်  Critical question အဖြစ်​တွေ့ရပါတယ်။ 


​မေးခွန်းက


Explain why religious people have differing attitudes towards homosexuality. 


(ဘာသာ​ရေးသမား​တွေက လိင်တူဆက်ဆံ​ရေးအ​ပေါ် မှာ မတူကွဲပြားတဲ့သ​ဘောထား​တွေ ဘာ​ကြောင့်ရှိတယ်ဆိုတာ ရှင်းပြပါ)ပဲဖြစ်ပါတယ်။ 


ဒီ​​မေးခွန်း က ရပ်တည်ချက်​တွေကို ဘယ်လို အ​ကြောင်းသင့်အကျိုးသင့် မျှတချင့်ချိန် justify  လုပ်​ဖြေရမယ့်


​မေးခွန်းမျိုးမှာပါတယ်။ 


​မေးခွန်းရဲ့ အသွားအလာကို ကြည့်ရင်


ဘာသာ​ရေးသမား​တွေရဲ့ ရှု​ထောင့်ကို ​တွေကို ဆန်းစစ်ခိုင်းတာ​ပေါ်လွင်ပါတယ်။ 


​မေးခွန်းကလည်း ကွဲပြားတဲ့သ​ဘောထား ဘာ​ကြောင့်ရှိရတယ်ဆိုတာ ရှင်းပြပါဆိုပြီး ယဥ်ယဥ်​လေးနဲ့ ​မေးပါတယ်။ 


ဤ​နေရာမှာ ဘာသာတရား နဲ့ လူအဖွဲ့အစည်းကို ဘာ​တွေက ကန့်သတ်ခြားနားလိုက်သလဲဆိုတာကို ခွဲခြား​စဥ်းစား​သုံးသပ်​စေခြင်းဖြစ်ပါတယ်။ 


​မေးခွန်းကို အပိုင်းသုံးပိုင်းဆွဲထုတ်ကြည့်ရင်


၁။ ဘာသာ​ရေးပုဂ္ဂိုလ်များ


 (Religious people)


၂။ လိင်တူဆက်ဆံ​ရေး


(Homosexuality)


၃။ ကွဲပြားတဲ့ သ​ဘောထားများ


( differing attitudes)


ဆိုပြီး​​တွေ့ရမှာဖြစ်ပါတယ်။ 


ပထမဆုံး​ဆွေး​​နွေးရမှာက  ဘာသာ​ရေးပုဂ္ဂိုလ်များ (religious people) ကို ​ဆွေး​နွေးရမယ်ထင်ပါတယ်။ ညာသာ​ရေးပုဂ္ဂိုလ် ဆိုတာ ဘာသာ​ရေး အဆုံးအမ တစ်ခုခု​အောက်​တွင် လိုက်နာကျင့်ကြံသူများ လို့ ပဲဖွင့်ဆိုရပါလိမ့်မယ်။ 


ဘာသာတရားအဆုံးအမ ​တွေက လိင်တူဆက်ဆံ​ရေး အပေါ် ဘယ်လိုရှုမြင်သလဲ ဆိုတာနဲ့


ဘာသာ​ရေးပုဂ္ဂိုလ်​တွေက လိင်တူ ဆက်ဆံ​ရေးအ​ပေါ် ဘယ်လို မြင်သလဲဆိုတာပါကွဲခြားမြင်ရမယ်တူပါတယ်။ 


ဆိုလိုတာက ဓမ္မနဲ့လူပုဂ္ဂိုလ်ကို အရင်ခွဲခြားဖို့လိုပါတယ်။ 


ဓမ္မက လူ​တွေကို တ​ပြေးညီဆက်ဆံတယ်ဆို​ပေမဲ့


ဘာသာ​ရေးပုဂ္ဂိုလ်​တွေက တ​ပြေးညီဆက်ဆံနိုင်စွမ်းရှိပါသလား ဆိုတာကိုပါ ဆင်ခြင်မိဖို့ပါပဲ။


 ဒုတိယတစ်ချက်ဖြစ်တဲ့


လိင်တူဆက်ဆံ​မှု homosexuality 


အ​ပေါ် 


ဘာသာ​ရေးပုဂ္ဂိုလ်​တွေအ​နေနဲ့ လက်မခံနိုင်တဲ့ ကိစ္စရပ်တစ်ခု အဖြစ် ဒီ​မေးခွန်းကို စတည်​ဆောက်ထားပါတယ်။ 


ဒီ​မေးခွန်းဟာ ဘာသာ​ရေးပုဂ္ဂိုလ်​တွေရဲ့ အမြင်​နဲ့သ​ဘောထားတွေ ဘယ်လိုရှိတယ်ဆိုတာ  ဆန်းစစ်​စေတဲ့ ​မေးခွန်းတည်​ဆောက်မှုပုံစံလို့ သုံးသပ်ပါတယ်။ 


ဘာသာ​ရေးပုဂ္ဂိုလ်​တွေရဲ့ 


ဖြစ်နိုင်​ခြေ သ​ဘောထား​တွေကို ဆွဲထုတ်ကြည့်ရင်


၁။ သဘာဝတရားနဲ့ မ​လျော်ညီ​ဆန့်ကျင်ဖောက်ပြန်လို့


၂။ ရွံ့မုန်း ထိတ်လန့်စရာ​ကောင်းလို့


၃။ လူ့အဖွဲ့အစည်းရဲ့အများစုက လက်မခံလို့ 


၄။ ဘာသာတရားနဲ့ ​ဆန့်ကျင်​သွေဖည်​နေလို့ 


၅။ အစဥ်အလာလက်ခံမှုက​နေဖောက်ပြန်​ သွေဖည်​နေလို့  ဆိုတဲ့ 


အစသဖြင့် အချက်​တွေကို ရပါတယ်။ 


အဲဒီအချက်​တွေက​နေ လူဖြစ်ခြင်းကို


လူ​တွေကပဲ  ငြင်းပယ်​မိ​နေသလို ဖြစ်​နေသလားဆိုတာ အစဆွဲထုတ်စဥ်းစားခိုင်း တယ်လို့မြင်မိပါတယ်။ 


လိင်တူခြင်းချစ်ခင်စုံမက်မှု Homosexuality ဆိုတာ အကျင့်လား၊ လူလား ဆိုတာ ခွဲခြားဖို့ လိုလိမ့်မယ်ထင်ပါတယ်။ 


လိင်တူခြင်းချစ်ခင်စုံမက်မှုဆိုတာ လူ မဟုတ်ဘူး လူရဲ့ စိတ်နဲ့ဗီဇ​ပေါ် ခို​​အောင်း​နေတဲ့ သဘာဝတစ်ခုပါ။ 


IGCSE က ဘာသာ​တရား​တွေအ​ပေါ်


ခြုံငုံ​မေးတာဖြစ်လို့ 


ဗုဒ္ဓဘာသာအ​နေနဲ့  လိင်တူခြင်းစုံမက်မှု homosexuality ကို ဘယ်လိုသ​ဘောထားသလဲဆိုတာပါ။ 


ဗုဒ္ဓက လူ့အဖွဲ့အစည်းကို စဥ်းစာတဲ့အခါ 


ကာယကံ ၃ ပါး


ဝစီကံ ၄ ပါး


မ​​နောကံ ၃ ပါး​ပေါ်မှာပဲ ဆုံးဖြတ်ပါတယ်။ 


ဘာသာ​ရေးပုဂ္ဂိုလ်ပဲဖြစ်ဖြစ်၊ လိင်တူစက်မက်သူပဲဖြစ်ဖြစ်၊ ဆင်းရဲသားပဲဖြစ်ဖြစ်


ချမ်းသာသူပဲဖြစ်ဖြစ်၊ အလုပ်ရှင်ပဲဖြစ်ဖြစ်၊ အလုပ်သမားပဲဖြစ်ဖြစ် 


မ​ကောင်းတာကို ကျူးလွန်ရင် မ​ကောင်းတဲ့လူပါပဲ။ 


လိင်တူစုံမက်မှု homosexuality ကို


ဗုဒ္ဓက ​ပေတံ  ၁၀ ခုနဲ့တိုင်းပါတယ်။ 


အဲဒီ​  လူမှုကျင့်ဝတ် ပေတံ​ (Social Morality Criteria) တွေကို ဘယ်မှာ ​တွေ့ရသလဲဆိုရင်  မူလပဏ္ဏာသပါဠိ​တော်နဲ့ နိဒါနဝဂ္ဂသံယုတ် ပါဠိ​တော်မှာ  ဒုစရိုက်တရား ၁၀-ပါး ဆိုပြီး ​တွေ့ရပါတယ်။ 


လိင်တူစုံမက်မှု homosexuality ဆိုတာ 


(၁) သူ့အသတ်ကိုသတ်သလား


(၂) သူ့ဥစ္စာကို ခိုးယူတာလား၊ 


(၃) သူ့မယားကို သွားလာလွန်ကျူးတာလား ဆိုပြီး


အဲဒီသုံးပါးနဲ့ မကောင်းမှုကို ကိုယ်နဲ့ ပြုတဲ့  ကာယဒုစရိုက် ၃-ပါးနဲ့ ကျူးလွန်​နေတာလားဆိုတာ ဆန်းစစ်ရပါမယ်။ 


​​​နောက်ပြီး


(၄) မဟုတ် မမှန်တဲ့ စကားကို အမှန်အဟုတ် လို ​ပြော​နေတာလား 


(၅) သူနှစ်ယောက်တို့ရဲ့ အချစ်ကိုပျက်အောင် ကုန်းတိုက်​နေတာလား


(၆) အကြမ်းအတမ်း ငေါက်ငမ်းဆဲရေး​နေတာလား၊ 


(၇) အပေါ့အဖျင်း အနှစ်ကင်းတဲ့ စကားကို ပြော​နေတာလား ဆိုပြီး 


မကောင်းမှုကို နှုတ်ဖြင့်တဲ့  ဝစီဒုစရိုက် လေးပါးနဲ့ ဆန်းစစ်ရပါမယ်။ 


​နောက်ပြီး 


(၈) သူရဲ့ဥစ္စာကို ငါ့ဥစ္စာဖြစ်ရင် ကောင်းမှာပဲလို့  စိတ်ထဲမှာ အောက်မေ့​နေသလား


(၉) သူတစ်ပါးကို ငြိုးထား ရန်မက် နှိပ်စက်ရအောင် စိတ်ကကြံဆောင်​နေတာလား၊ 


(၁၀) ဝိပ္ပလ္လာသ အမြင်​တွေနဲ့ စိတ်ထား အယူမှား​နေတာလားဆိုပြီးလည်း 


မကောင်းမှုကို စိတ်နဲ့ ကြံစည်တဲ့ မနောဒုစရိုက် ၃-ပါးကို ကျူးလွန်​နေတာ လားဆိုတာ သုံးသပ်ဆုံးဖြတ်ဖို့လိုပါတယ်။ 


ဗုဒ္ဓဘာသာက ဓမ္မအ​ပေါ် ပဲရပ်တည်ပညတယ်။ လူပုဂ္ဂိုလ်​တွေအ​ပေါ်မှာမျက်နှာမလိုက်ထားပါဘူး။ 


အ​ပေါ်က ဒုစရိုက် ၁၀ ပါးဟာ လူ့အဖွဲ့အစည်းရဲ့ တည်ငြိမ်တဲ့ ဟန်ချကိကို ပျက်ယွင်း​စေပါတယ်။ 


လိင်တူစုံမက်ခြင်း homosexuality က


လူ့အဖွဲ့အစည်းရဲ့ တည်ငြိမ်မှုဟန်ချက်ကို ပျက်ယွင်း​စေတယ်ဆိုရင် ဗုဒ္ဓဘာသာက


ဒုစရိုက်လို့သတ်မှတ်ပါတယ်။ 


ဗုဒ္ဓဘာသာက လူတစ်​ယောက်ရဲ့လွတ်လပ်စွာ ဖြစ်တည်ခွင့်ကို ကန့်သတ်​နေတာမဟုတ်ဘူး။ ကိုယ်ကျင့်တရား​ဖောက်ဖျက်မှုကိုသာ ဒုစရိုက်လို့ သတ်မှတ်တာဖြစ်ပါတယ်။ 


​IGCSE ​မေးခွန်းကို ပြန်​ကောက်ရရင် 


ဘာသာ​ရေးပုဂ္ဂိုလ်​တွေက လိင်စုံမက်မှုကို ဘယ်လိုသ​ဘောထားသလဲဆိုရင် 


ဒုစရိုက် ၁၀ ပါးနဲ့ ညီမညီ ဆုံးဖြတ်သ​ဘောထားသင့်တယ်လို့ သာ​ဖြေရပါမယ်။ 


ဒုစရိုက် ၁၀ ပါးရှု​ထောင့်အရကြည့်ရင် 


လိင်တူစုံမက်ခြင်း homosexuality ကို သီးသန့်ကန့်သတ်ထားတဲ့ ဥပ​ဒေမျိုး 


ဗုဒ္ဓ ဘာသာက​နေ ထုတ်မထားဘူးဆိုတာပါပဲ။ 


ဗုဒ္ဓဝါဒအရ အကုသိုလ်ကံအရ ဖြစ်လာတဲ့ ဝဋ်ခန္ဓာကိုယ်ကို နည်းလမ်းမှန်တဲ့ညလမ်းညွန်မှုမ​ပေးပဲ ပစ်ပယ် ကန့်သတ်လိုက်မှာလားဆိုတာပါပဲ။ 


ခန္ဓာကိုယ်တည်​ဆောက်ပုံကိုပဲကြည့်ပြီး လူ့အဖွဲ့အစည်းက​နေ ပစ်ပယ်လိုက်တဲ့အရာ​ရော လူ့အဖွဲ့အစည်းတရားမျှတမှု(social justice )ကို ဘယ်​လောက်​တောင်ချိုး​​ဖောက်လိုက်တာလဲ ဆိုတာပါ 


ထည့်သွင်းစဥ်းစားဖို့ပါ။ 


ဗုဒ္ဓက လူရဲ့ဖြစ်တည်ခွင့်​တွေကို ပယ်မြစ်ကန့်သတ်ဖို့ဆိုတဲ့ အချက်က​နေ မသွားဘဲ အကျင့်သီလတည်​ဆောက်မှု အပိုင်း ကသာ လူရဲ့ဖြစ်တည်ခွင့်ကို ချဥ်းကပ်တာ​တွေ့ရပါတယ်။ 


ဒါ​ကြောင့် လူပုဂ္ဂိုလ် နဲ့ အကျင့်သီလကို ကွဲဖို့လိုပါလိမ့်မယ်။


ဘယ်လူပုဂ္ဂိုလ်ပဲ ဖြစ်ဖြစ် အကျင့်သီလ​ဖောက်ပြန်ရင် ဒုစရိုက်သမားပါပဲ။


လိင်တူစုံမက်ခြင်း homosexuality က


အထက်က ​ဖော်ပြထားတဲ့ ဒုစရိုက်တစ်ခုခုကိုသာ​ဖောက်ဖျက်ရင် 


ဒုစရိုက်သမားပါပဲ။ 


ဘာမှ မ​ဖောက်ဖျက်​သေးရင်​တော့ သူ့ကို ဒုစရိုက် သမားလို့​တော့ စွပ်စွဲခွင့် မရှိပါဘူး။ 


လိင်တူစုံမက်စိတ်ရှိ​ပေမဲ့ အဲဒီဒုစရိုက် ၁၀ ပါး​တွေကိုသာ မကျူးလွန်ပဲ 


ကိုယ်ကျင့်တရားကို ထိန်းသိမ်းထားတယ်ဆိုရင် အပြစ်တင်စွပ်စွဲခွင့်မရှိပါဘူး။ 


ဓမ္မ​ပေတံအရ  homoseuality ဆိူတဲ့ အဲဒီ​မေးခွန်း ကို ​ဖြေကြည့် ရင် အကျင့်သီလအထိုင်​ပေါ်မှာသာ ဗုဒ္ဓကရပ်တည်ထားခြင်းဖြစ်ပြီး လူပုဂ္ဂိုလ် အသွင်သဏ္ဌာန်များ​ပေါ်မှာ  မရပ်တည်ထား​ကြောင်း အ​ဖြေထွက်ပါတယ်။ 


အကျင့်သီလနဲ့လူကို ခွဲခြားမြင်ပြီး 


လူ့အဖွဲ့အစည်းရဲ့ တည်ငြိမ်တဲ့ ဟန်ချက်ကို အကျိုးသင့်အ​ကြောင်းသင့် ညီညွှတ်မျှတစွာ ဆုံးဖြတ်ခြင်း သာ ဗုဒ္ဓဝါဒဖြစ်​ကြောင်း ​​ဆွေး​နွေးပါတယ်။ 


လူကို လူလိုသာမြင်၍ 


ကိုယ်ကျင့်တရားကို ကိုယ်ကျင့်တရားဟု သာ ခွဲခြားမြင်နိုင်ပါ​စေ ​မေတ္တာရည်လျက်။ 


(အာကာမိုးသူ)


၁၀း၃၇ ည


၁၇.၉.၂၀၂၀ အိမ်

Tuesday, October 14, 2025

ဓားသွားမကြွေ၊ လှံမခွေဖို့

 


__________________________


■ စံအောင်ကျော်


(စံအောင်ကျော်သည် ဆောင်းပါးများကို အခါအားလျော်စွာ ရေးသားနေသူ ဖြစ်သည်)


ISP Column ဆောင်းပါးတွေကို တောက်လျှောက်ဖတ်လာခဲ့တာမှာ ထင်ပေါ်လာလို့ သတိထားမိတဲ့အကြောင်းအရာတခု ရှိလာတယ််။ ဒါကတော့ တော်လှန်ရေးရဲ့ အမည်းကွက်ပါ။ ကျနော်ကိုယ်တိုင်ကတော့ တော်လှန်ရေးနယ်မြေထဲမှာ ရှိနေတာမဟုတ်ပေမဲ့ တော်လှန်ရေးနယ်မြေထဲကနေ ပဲ့တင်လာထပ်တဲ့ အသံတွေကို နားထောင်ရမိတာကဖြင့် စိတ်အားလျော့ဖို့ကောင်းပါတယ်။


တော်လှန်ရေးဆိုတာဟာ အမည်းကို ဖယ်ရှားပြီး အဖြူနဲ့အစားထိုးဖို့ ကြိုးစားတဲ့ ဖြစ်စဉ်တခုလို့ ယေဘုယျမြင်ကြည့်နိုင်ပါလိမ့်မယ်။ ဒါပေမဲ့ အချိန်ကြာလာတာနဲ့အမျှ တော်လှန်စိတ်ဓာတ်နဲ့ အမူအကျင့်တချို့ဟာ အမည်းထဲမှာပဲ ပျော်ဝင်နေကြတဲ့ပုံပါပဲ။ တော်လှန်ရေးနယ်မြေထဲကနေလာတဲ့ ဆောင်းပါးတချို့ကို နမူနာထုတ်ပြကြည့်ပါ့မယ်။


“စစ်ပွဲများအကြား ကိုယ်လွတ်ရုန်း ပြေးလွှားနေရသည့် သူတို့အဖို့ လက်ထဲတွင် ခြူးတပြားမှ ပါမလာ။ ဖုန်းလိုင်းပင်မမိသော အနေအထားတရပ်နှင့် ဖုန်းဆိုလျှင် ခလုတ်ပင် ကောင်းစွာမနှိပ်တတ်သော အဘိုးအဘွားများ၏ လက်ကိုင်ဖုန်းများပါမကျန် လုံခြုံရေးအကြောင်းပြချက်ဖြင့် သိမ်းယူသွားသည်”


ကရင်နီစစ်ဘေးရှောင်တဦးဖြစ်တဲ့ ဆူးငယ်ငယ်ရဲ့ ဆောင်းပါးရဲ့ကောက်စာပါ။ ‘သိမ်းယူသွားသည်’ဆိုတဲ့စကားလုံးက သာမန်အားဖြင့် စစ်တပ်ဘက်က ကျူးလွန်မှုတွေမှာ တွေ့ရလေ့ရှိတဲ့စကားလုံးပါ။ အခုကိစ္စမှာတော့ တော်လှန်ရေးဘက်ကလူတွေက လုပ်ဆောင်တာပါ။ ဒါ့အပြင် စစ်တပ်ကလူတွေမရှိတဲ့ မြို့ရွာတွေမှာ အများပြည်သူပိုင် ဆိုင်ကယ်၊ ရွှေထည်၊ ငွေကြေးနဲ့ အိမ်ထောင်ပရိဘောဂတွေ ပျောက်ဆုံးနေတဲ့ကိစ္စကိုလည်း ဆောင်းပါးရှင်က မေးခွန်းထုတ်ထားပါသေးတယ်။


နောက်တပုဒ်ကတော့ ရခိုင်ဘက်ကအကြောင်းအရာပါ။ NLD အစိုးရလက်ထက်မှာရော၊ စစ်အာဏာသိမ်းလိုက်ချိန်မှာရော ရခိုင်ပြည်နယ်ဟာ အင်တာနက်ဖြတ်တောက်ခံခဲ့ရပါတယ်။ ဒါပေမဲ့ ရခိုင်တော်လှန်ရေးအဖွဲ့အစည်း AA က မြို့တွေ၊ ရွာတွေ၊ နယ်မြေတွေ အများအပြားသိမ်းပိုက်နိုင်ချိန်ရောက်ခဲ့ပြန်တော့လည်း ရခိုင်လူထုကတော့ ဆက်သွယ်ရေးကျိန်စာသင့်မှုထဲမှာ ဆက်ပြီးမွန်းကျပ်နေရတဲ့အကြောင်းကို ရေးထားတာပါ။ အဲဒီအချိန်မှာပဲ AA ကတော့ဆက်သွယ်ရေးလုပ်ငန်းတွေကနေ လစဉ် ကျပ်သိန်းထောင်ချီရှိမယ်လို့ ဆောင်းပါးရှင်က ခန့်မှန်းပါတယ်။


တော်လှန်ရေးနယ်မြေထဲလာတဲ့ နောက်ထပ် ဆောင်းပါးတပုဒ်ကတော့ ‘ရယ်စရာပြောတာ မရယ်လိုက်ရဘူး’ဆိုတဲ့ ခေါင်းစဉ်နဲ့ ရေးသားထားတဲ့ တော်ဝင်မောင်ရဲ့ ဆောင်းပါးဖြစ်ပါတယ်။ ဘဏ္ဍာငွေအကျပ်အတည်းတွေကြားထဲကနေ အရင်းအမြစ်နည်းပါးစွာနဲ့ တော်လှန်ရေးလုပ်ကြတယ်။ စာရေးသူက မရယ်ရဘူးဆိုပေမဲ့ သူ့ရဲ့စာတပိုဒ်ကိုဖတ်မိတော့ နာနာကျင်ကျင် ရယ်လိုက်မိပါတယ်။ ဆောင်းပါးမှာပါတဲ့အတိုင်းပဲ ဆွဲထုတ်ပြပါမယ်။


“တိုင်းရင်းသားဒေသမှာပဲ အခြေစိုက်တဲ့ တပ်ဖွဲ့တခုရဲ့ ခေါင်းဆောင်လုပ်သူဟာ တပ်ဖွဲ့ရဲဘော်တွေအတွက် ကျည်ကာဦးထုပ်ဝယ်မပေးဘဲ သူစီးတဲ့ကားကို ကျည်ကာတပ်ပါသတဲ့။ သူ့တပ်ဖွဲ့က ရဲဘော်တဦး ခေါင်းကို ကျည်ဆန်မှန်ပြီး ကျဆုံးတော့ ရဲဘော်လေးရဲ့ အသုဘအခမ်းအနားကို အဲဒီတပ်ဖွဲ့ခေါင်းဆောင်လုပ်သူက ကျည်ကာကားကြီးစီးပြီး ရောက်လာပါသတဲ့”


ဒီအကြောင်းအရာတွေကို ကြားသိရတာက တော်လှန်ရဲဘော်တွေရော၊ ပြည်သူတွေရောအတွက်တော့ မချိတင်ကဲဖြစ်စရာပါ။ လတ်တလောမှာပဲ ထွက်ရှိလာတဲ့ ဆောင်းပါးတပုဒ်ကလည်း တော်လှန်ရေးနယ်မြေထဲကပါပဲ။ လွတ်မြောက်နယ်မြေလို့ လွယ်လွယ်ခေါ်နေကြပေမဲ့ အဲဒီနယ်မြေထဲက သာမန်လူတွေအတွက် တကယ်ပဲ လွတ်မြောက်တာဟုတ်ရဲ့လားလို့ မေးခွန်းထုတ်ထားပြီး တော်လှန်ခေါင်းဆောင်တွေနဲ့ သူတို့ရဲ့အဝန်းအဝိုင်းထဲက အခွင့်ထူးခံစားရနေတဲ့ကိစ္စကို မီးမောင်းထိုးထားတာပါ။


ဒါတွေဟာ အကြောင်းအရာတချို့ပဲ ဖြစ်ပါတယ်။ တော်လှန်ရေးအတွင်းက ပုပ်လို့ပေါ်လာတဲ့ တခြားအကြောင်းအရာတွေလည်း ရှိပါသေးတယ်။ ဥပမာ လိင်အကြမ်းဖက်မှုလို၊ မူးယစ်နဲ့ လောင်းကစားလို ကိစ္စတွေ။


အခုဆို တိုင်းပြည်ဟာ အမှောင်ထဲမှာ စမ်းတဝါးဝါးနဲ့ ဒုက္ခများနေတာ ငါးနှစ်ထဲကို ဝင်လာခဲ့ပါပြီ။ အလင်းရောင်ကို ဘယ်အချိန် ပြန်ရမယ်ဆိုတာကိုလည်း ဘယ်သူမှ မပြောနိုင်ပါဘူး။ ပြီးခဲ့တဲ့ နှစ်နှစ် ‘စစ်ဆင်ရေး ၁၀၂၇’ နဲ့အတူ ရှမ်းပြည်နယ်မြောက်ပိုင်းကနေ စတင်ခဲ့တဲ့ စစ်ရေးအောင်ပွဲတွေဟာ ပြည်သူတွေအကြားမှာ ဖျက်ခနဲအလင်းရောင်တွေ လက်စေခဲ့ပါတယ်။ လူထုတွေအနေနဲ့တော့ ကိုယ့်ကို နင်းခြေဖျက်ဆီးထားတဲ့ စစ်တပ်ရဲ့ အရှက်တကွဲအကျိုးနည်းမှုတွေကို ကြည့်မြင်ခွင့်ရခဲ့ကြတာမို့ လက်ခုပ်လက်ဝါးတီးပြီး ကျေနပ်ခဲ့ရတဲ့ကာလပါပဲ။  ဒါပေမဲ့ စိတ်မကောင်းစရာပါ။ အောင်ပွဲတွေအထပ်ထပ်ရလာ၊ နယ်မြေစိုးမိုးမှုတွေ၊ သိမ်းပိုက်ထိန်းချုပ်နိုင်မှုတွေ များလာတာနဲ့အတူ တော်လှန်ရေးအုပ်စုတွေအကြား နယ်မြေအငြင်းပွားမှုတွေ၊ လူမျိုးရေး အငြိုးအတေးတွေ စတာတွေအပြင် ပြည်သူအပေါ် အနိုင်ကျင့်တဲ့ကိစ္စ ပိုပြီးကြားလာရတယ်။ ဒါ့အပြင် စစ်အောင်ပွဲတွေနဲ့အတူ တွဲပါလာတဲ့တော်လှန်အရသာချိုမြမြမှာ ယစ်မူးနေမှုတွေလည်း ရှိပါသေးတယ်။


အဲဒီအခြေအနေတွေနဲ့ပတ်သက်လို့ ဝေဖန်ထောက်ပြတာတွေလည်း ရှိပါတယ်။ ဒါပေမဲ့လည်း အဲဒီဝေဖန်ထောက်ပြမှုတွေဟာ သက်ဆိုင်ရာပုဂ္ဂိုလ်တွေရဲ့ နားထဲကို ရောက်မှ ရောက်ပါလေစပါပဲ။ လူ့သဘာဝအရမှာလည်း ထိတ်ထိတ်ကြဲအောင်မြင်နေချိန်မှာ သွားပြီးဝေဖန်တာမျိုးဟာ အရာထင်ဖို့ခက်ပါတယ်။ ဘာလို့ဆို အောင်မြင်မှုအခိုးအငွေ့တွေ ပိတ်ကာနေတတ်လို့ပါပဲ။ 


တနေ့ကပဲ အွန်လိုင်းမှာ ပျံ့နှံ့လာတဲ့ ဖြစ်ရပ်တခုကလည်း အခုအကြောင်းအရာနဲ့ ချိတ်ဆက်နေပါသေးတယ်။ ဗီဒီယိုဖိုင်ကိုရော၊ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ထုတ်ပြန်ချက်ကိုရော ကြည့်မိဖတ်မိသလောက်ကတော့ မန္တလေးတိုင်း စဉ့်ကူးမြို့နယ်ထဲမှာ တရားဥပဒေစိုးမိုးရေးဆောင်ရွက်တဲ့ အနေအထားလို့ နားလည်ရပါတယ်။ ပြည်သူလူထုနဲ့ လက်နက်ကိုင်တပ်ဖွဲ့ဝင်တချို့ စကားအချေအတင်ဖြစ်ကြတာပါ။ အိမ်ရှင်မိသားစုဘက်က မှန်တယ်လို့ မဆိုလိုပေမဲ့ စကားများတဲ့အထိ မဖြစ်စေဘဲ တစ်ဖက်က မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ ရည်ရည်မွန်မွန်နဲ့ ကိစ္စပြီးအောင် ဆောင်ရွက်နိုင်ဖို့လိုတာတော့အမှန်ပါပဲ။ လူ့သဘာဝမို့ စိတ်တိုတတ်တာဆိုပေမဲ့ လက်နက်ကိုင်အဖွဲ့ဝင်အနေနဲ့ ဒေါသကို အဆုံးစွန်ထိထိန်းထားနိုင်ဖို့ လေ့ကျင့်ထားဖို့လိုပါလိမ့်မယ်။ မတော်တဆ လက်ပါတဲ့အထိ ဖြစ်လာတဲ့အခါ အရင်ဆုံးနစ်နာရမှာက လက်နက်မဲ့ပြည်သူဖြစ်နေလို့ပါပဲ။ တဖက်မှာလည်း အခုလိုမျိုးကိစ္စတွေမှာ လက်ကိုင်ထားရမယ့် ကျင့်ဝတ်တွေ၊ လုပ်ထုံးစည်းမျဉ်းတွေကိုလည်း စနစ်တကျ လေ့ကျင့်ထားဖို့လည်း လိုပါလိမ့်မယ်။


မကြာသေးခင်ကာလမှာတော့ စစ်တပ်ဟာ ရှိသမျှခွန်အား၊ နည်းနာအစုံနဲ့ ထိုးစစ်တွေ ပြန်လုပ်လာပါတယ်။ လက်လွှတ်လိုက်ရတဲ့ နယ်မြေတချို့ကိုလည်း ပြန်ယူနေပါတယ်။ ဒီအခြေအနေဟာ တော်လှန်ရေးအင်အားစုတွေအတွက် ကြီးမားတဲ့စိန်ခေါ်မှုပါ။ ဘယ်သူနိုင်နိုင် ငါတို့ကတော့ ဘာမှမရဘူးဆိုတဲ့ အမြင်မျိုးတွေ လူတွေထဲမှာ ရှိနေမယ်ဆိုရင်တော့ လူထုအနေနဲ့ အုပ်စုနှစ်ခုဖြစ်တဲ့ စစ်ပွဲလို့သဘောထားပြီး စိတ်ပျက်စွာပဲ စောင့်ကြည့်နေရုံထက် ပိုတော့မှာမဟုတ်ပါဘူး။ အဲဒီလိုအမြင်တွေ အမြစ်တွယ်သွားမယ်ဆိုရင်တော့ ဆိုးသွားပါပြီ။ ဒီတော့လည်း လူထုကပေးအပ်ခဲ့တဲ့ ယုံကြည်မှုကို ထိန်းသိမ်းထားဖို့နဲ့ စွန်းပေနေတဲ့ အမည်းကွက်တွေကို ဆေးကြောဖို့ မဖြစ်မနေ လိုပါလိမ့်မယ်။


စစ်တက္ကသိုလ်ဆရာဟောင်းလည်းဖြစ်၊ ထင်ရှားတဲ့စာရေးဆရာလည်း ဖြစ်တဲ့ (ဦး)အောင်သင်းရဲ့ ကဗျာစာသားတချို့နဲ့ပဲ ဒီဆောင်းပါးကို အဆုံးသတ်လိုက်ပါမယ်။

“ပြည်သူ့နှလုံး၊ မသိမ်းကျုံးသော်

ပြည်သူ့ခွန်အား၊ မကိုးစားသော်

ဓားသွားကျိုးကြေ၊ လှံသွားခွေအံ့”


တော်လှန်ရေးရဲ့ တကယ့်အောင်ပွဲဆိုတာ လက်နက်အားနဲ့ နယ်မြေကို သိမ်းပိုက်ရယူခြင်းမဟုတ်ဘဲ ပြည်သူလူထုရဲ့ နှလုံးသားကို သိမ်းပိုက်ရရှိခြင်းဖြစ်တယ်ဆိုတာကို မမေ့ဖို့လိုပါမယ်။


[ယခုဆောင်းပါးသည် ISP-Myanmar ၏ အာဘော်မဟုတ်ဘဲ စာရေးသူ၏ အာဘော်သာဖြစ်ပါသည်။]


ISP_Column

Thursday, August 21, 2025

ကျွန်တော်နှင့် အလှူခံများ

🔹ကျွန်တော်နှင့် အလှူခံများ🔹




         ကျွန်တော့်သဘာဝက အလှူအတန်းလုပ်ရတာကို စိတ်မပါတတ်သော်လည်း သူများတကာအတွက် ကိုယ်တတ်နိုင်တာလေးတွေနှင့် ကူညီပေးရတာကိုတော့ စိတ်ဝင် စားသည်။ တစ်ခါတလေတော့ ကူညီရမည့်ကိစ္စအတွက် ကိုယ်မတတ်နိုင်သော်လည်း တတ်နိုင်သူကိုရှာပြီး အကူအညီတောင်းကာ အလှူ့လက်ဖက်နှင့် မျက်နှာလုပ်တာမျိုး မဟုတ်သော ကူညီပေးမိတာတချို့ရှိတတ်သည်။ အကြိမ်အရေအတွက်က မများလှသော် လည်း တစ်ဖက်သား၏ ဒုက္ခအတန်အသင့်ပြေလည်သွားသည်ဆိုလျှင် ရင်ထဲမှာ ပီတိဖြစ် ရသည်။ လူတစ်ဦးတစ်ယောက်၏ ဒုက္ခတချို့၊ အခက်အခဲတချို့ ပြေလည်သွားအောင် ကူညီဖြေရှင်းပေးလိုက်ရသောကြောင့် ရလာသော စိတ်ကျေနပ်ပီတိဖြစ်မှု၏ ရသကို ကြုံဖူး သူများသာ နားလည်ခံစားနိုင်မည် ထင်ပါသည်။ လူတစ်ဦးမှ လူတချို့အထိ၊ လူတချို့မှ လူ့အဖွဲ့အစည်းတစ်ခုအထိ တစ်ဆင့်ချင်းတစ်ဆင့်ချင်း တက်လှမ်းကာ အခက်အခဲဒုက္ခ တွေကို ပြေလည်သွားအောင် ဖြေရှင်းနိုင်စွမ်းရှိလျှင် ဘယ်လောက် ကောင်းလိုက်လေမလဲ ဟုလည်း တောင့်တစိတ်ဖြင့် ဘဝ၏ အာသာရမ္မက်ကို တပ်မက်မိတတ်ပါသေးသည်။

        ကျွန်တော် ကျောင်းသားဘဝတုန်းက နုနယ်သောစိတ်သဘောထားဖြင့် မသိမ်မွေ့ သောအမြင်အချို့ကို ဆုပ်ကိုင်ခဲ့ဖူးပါသည်။ ထိုအထဲမှ တစ်ခုမှာ ဒုက္ခိတတချို့မှ လွဲ၍ တောင်းစားသူတွေကို မပေးတတ် မကမ်းတတ်ခြင်း၊ ပေးဖို့ကမ်းဖို့ သဘောထားမရှိခြင်းပင် ဖြစ်ပါသည်။

       ၁၉၈ဝ ဝန်းကျင် နှစ်ကာလတွေတုန်းက ရန်ကုန်မြို့ပလက်ဖောင်းတွေပေါ်မှာ ထိုင်ပြီးတောင်းစားနေကြသော သူတောင်းစားတွေရှိခဲ့ဖူးသည်။ တချို့က လက်မှာ ပတ်တီးတွေစည်းပြီးတောင်းနေသော သူတောင်းစားတွေဖြစ်သည်။ တချို့က မွေးကင်းစ ကလေးလေးကို ပွေ့ချီထားပြီး တောင်းစားနေကြသူတွေဖြစ်သည်။ တချို့က သက်ကြီး ရွယ်အိုတွေဖြစ်သည်။ သားထောက်သမီးခံ စောင့်ရှောက်သူ မရှိခြင်းကြောင့် ဖြစ်ပုံရသည်။ တချို့ကတော့ အဲဒီတုန်းက လဟာပြင်ဈေးထဲမှ စားသောက်ဆိုင်များတွင် စားကြွင်း စားကျန်များကို လိုက်တောင်းစားကြသူများဖြစ်သည်။ တောင်းစားသူများထဲတွင် ဝါးဆစ် ဘူးများကို ပလက်ဖောင်းပေါ် ဆောင့်တီးပြီးထွက်လာသော ဗုံသံဖြင့် သီချင်းဆိုတောင်းသူ များလည်းပါသည်။ သူတို့ အဖွဲ့တွင် မယ်ဒလင်တွေ၊ ဂီတာတွေပါ ပါတတ်ပြီး အဆိုကောင်း၊ အတီးကောင်းသူတွေဟု ကျွန်တော်ထင်သည်။ သူတို့ကတော့ တီးမှုတ်သီဆိုပြီး တောင်း သူတွေဖြစ်သောကြောင့် သူတောင်းစားဟုပင် မသတ်မှတ်ဘဲ အလှူခံစားသူများဟုပင် ကျွန်တော်က သတ်မှတ်သည်။ သူတို့တတ်သောပညာဖြင့် ဝမ်းစာရှာသူများဟုလည်း ယူဆ သည်။ တချို့ ကျွန်တော့်သတ်မှတ်ယူဆချက်ကို သဘောတူချင်မှ တူပါလိမ့်မည်။ အသား လွတ်ထိုင်တောင်းသော၊ လိုက်တောင်းသော သူတောင်းစားများကို ပိုက်ဆံပေး(ထည့်)ဖို့ စိတ်ကူးမပေါ်ခဲ့သော်လည်း သိက္ခာရှိရှိ သီချင်းဆိုပြီး တီးပြီး အလှူခံစားကြသော ထို တီးဝိုင်းအဖွဲ့မျိုးတွေ့လျှင်တော့ အဲဒီအနားမှာ ထိုင်နားထောင်ပြီး အလှူငွေထည့်တတ် ပါသည်။ ထိုသူမျိုးတွေကို ကျွန်တော်က ကိုယ့်လုပ်အားကို အရင်းအနှီးပြုပြီး ပိုက်ဆံရှာသူ တွေဟုလည်း ထင်မှတ်ထားသောကြောင့် သူတို့အတွက် ကူညီလှူဒါန်းခြင်းဖြစ်သည်။ ကိုယ့်လုပ်အား၊ ကိုယ့်ပညာကိုရင်းပြီး ရိုးရိုးသားသားလုပ်ကိုင်စားသောက်ကြသူတိုင်း အပေါ် လေးစားတန်ဖိုးထား စိတ်ရှိသောကြောင့်လည်း ဤသို့ အလှူငွေထည့်ခဲ့ခြင်း ဖြစ်ပုံ ရပါသည်။ နောက်တစ်ခုကတော့ သူတို့တီးဝိုင်းမှ တီးသံဆိုသံက ကိုယ့်ရင်ထဲမှာ ကျေနပ် နှစ်သက်မှု အတိုင်းအတာတစ်ခုအထိ ရစေနိုင်ခဲ့သောကြောင့်လည်း ဖြစ်နိုင်ပါသည်။ အဲဒီ အသက်အရွယ်တုန်းက လောကကြီးကိုလှမ်းကြည့်ပြီး သတ်မှတ်လက်ခံထားသော အမြင် တချို့သည် စာအုပ်တွေထဲက သဘောတရား အတုံးလိုက်အတစ်လိုက်ကို ကျေညက် အောင်မချေဘဲ မျိုချထားခဲ့ရာမှ ထွက်လာသည့် မသိမ်မွေ့၊ မပျော့ပျောင်းသော အမြင်မျိုး ဖြစ်သည်ဟု ထင်ပါသည်။ အမြင်မရှင်းဘဲ ဝိုးတိုးဝါးတား စဉ်းစားတွေးမြင်မိတာကို ကိုးလိုး ကန့်လန့် သတ်မှတ်လက်ခံလိုက်တာမျိုးလည်း ပါနိုင်ပါသေးသည်။ အတွေ့အကြုံ နုနယ် သေးသောအရွယ်တွင် စာအုပ်ထဲကအမြင်ကို ကိုယ့်အတွေ့အကြုံသေးသေးကလေးဖြင့် ထင်သလို ဘာသာပြန်လက်ခံခဲ့တာတချို့လည်း ပါနိုင်ပါသည်။ သို့သော် ကိုယ်ယုံကြည် ခဲ့သော လောကနှင့် ဘဝဆိုင်ရာ ဒဿနကတော့ မှားယွင်းခဲ့ခြင်းမရှိပါဟု ယခုအချိန်အထိ အခိုင်အမာသတ်မှတ်ထားတုန်း ဖြစ်ပါသည်။

         ကျွန်တော် ဆယ်တန်းအောင်သည့်နှစ် ကာလဝန်းကျင်တွေတုန်းက မြန်မာ့ လူ့အဖွဲ့ အစည်းထဲတွင် 'အောက်ဆိုက်' ဆိုသောစကားနှင့် 'အကြံအဖန်' ဆိုသော စကားသည် ယဉ်ကျေးမှုတစ်ခုအဖြစ် အမြစ်တွယ်စပြုနေသောအချိန်ဖြစ်သည်။ အလုပ်တစ်ခုခု ဝင်လုပ်တော့မည်လူငယ်ကို သူ့ထက်ကြီးသူ သို့မဟုတ် သူနှင့်ရွယ်တူ သူငယ်ချင်း မိတ်ဆွေတွေက 'အဲဒီအလုပ်မှာ အောက်ဆိုက်ရှာလို့ရလား၊ အကြံအဖန်လုပ်လို့ရလား'ဟု မေးတတ်ကြသည်။ ဤစကားမျိုးပြောခြင်းနှင့် ဤအလုပ်မျိုးလုပ်ခြင်းသည် ကိုယ်ကျင့် တရားဆိုင်ရာ ပြစ်မှုတစ်ခုခုကို ကျူးလွန်ခြင်းဟု လူအတော်များများက သတိမပြုမိကြ တော့သောအချိန်လည်းဖြစ်သည်။ အဲဒီနှစ်ကာလတွေအတွင်းမှာ ကျွန်တော် ဆယ်တန်း အောင်ပြီး အုပ်ချုပ်ရေးရုံးတစ်ရုံးမှာ အောက်တန်းစာရေးဝင်လုပ်ဖြစ်သည်။ ကျွန်တော့် ရုံးတွင် တာဝန်ယူရသည်ကတော့ လျှောက်လွှာများရေးပေးခြင်းနှင့် ထောက်ခံစာများ ရေး ပေးခြင်းတို့ အပါအဝင် ဆက်စပ်နေသော တခြားတာဝန်တွေလည်း ပါသည်။ ရေးတတ်ရင် ဝတ္ထုဖြစ်တယ်ဟူသော စကားလိုပင် ဖန်တတ်လျှင် ပိုက်ဆံဖြစ်တယ်ဟု ပြော၍ရသော နေရာဖြစ်သည်။

         အဲဒီအလုပ်ထဲကိုဝင်တော့ ကျွန်တော်က ဒေသကောလိပ် ပထမနှစ်တက်နေတုန်း ကာလဖြစ်သည်။ ကျွန်တော် ပေါင်းသင်းနေသော မိတ်ဆွေတွေ၊ သူငယ်ချင်းတွေက စာဖတ်သူတွေ ဖြစ်သည်။ ကျွန်တော်ကလည်း စာဖတ်ဝါ သနာစွဲနေသူဖြစ်သည်။ သူတို့နှင့် ကျွန်တော် ပေါင်းမိသောအခါတွင် စာထဲကဗျာထဲသာ အာရုံရောက်သွားပြီး ကိုယ့် အလုပ် တာဝန် ကျေပွန်ဖို့ကလွဲ၍ ဘာကိုမှ စိတ်မဝင်စားဖြစ်တော့ပါ။ ဤအခြေအနေဟောင်းကို အခုနေမှာ ပြန်စဉ်းစားကြည့်သောအခါတွင် မိမိကိုယ်မိမိ ကျေနပ်စိတ်ဖြစ်မိပြီး အကြံအဖန် ရေစီးထဲမျောကာ အတန်အသင့်အဆင်ပြေ မည့်လမ်းမှ အလှမ်းကွာခဲ့၍လည်း နောင်တ မရခဲ့ဖူးပါ။ သို့သော် အဆင်မပြေသော ဘဝခရီးမှာတော့ မပြေလည်ပြီးရင်း မပြေလည်ရင်း နှင့် အဲဒီကာလမှာ လုံးလည်ချာလည် လိုက်ခဲ့ရတာကိုတော့ မှတ်မှတ်ရရ ရှိနေပါသေးသည်။

         အဲဒီကာလတုန်းမှာပဲ သူငယ်ချင်းတစ်ယောက်က ကျွန်တော်နေသော မြို့နယ်မှ တခြားမြို့နယ်တစ်ခုသို့ အိမ်ပြောင်းသွားသဖြင့် သန်းခေါင်စာရင်းပြောင်း ရွှေ့ရေးအတွက် အကူအညီတောင်းလာသည်။ သူ့ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့၏ ထောက်ခံချက်များ ယူလာပြီး ပြောခြင်းဖြစ်သည်။ ကျွန်တော်ကလည်း သူ့ကိစ္စနှင့်သက်ဆိုင်သည့် မြို့နယ်ရုံး သို့သွားပြီး အဲဒီရုံးမှ ရပ်ကွက်စုမှူးဆိုသူ၏စားပွဲသို့ သွားတင်သည်။ သူက စာရွက်စာတမ်း ပြည့်စုံမှုရှိ၊ မရှိ ကြည့်ပြီး ကျွန်တော့်ကို ရက်ခွာချိန်းလိုက်သည်။ သူချိန်းလိုက်သော ရက်သည် တကယ်လည်း ကြာနိုင်သည်ကို အလုပ်သဘောအရ သဘောပေါက်သဖြင့် ကျွန်တော်ပြန်လာခဲ့သည်။ ချိန်းထားသည့် ရက်သို့ရောက်သောအခါ မြို့နယ်ရုံးသို့ရောက် သွားပြီး ပြောင်းရွှေ့မည့်သူ၏ လျှောက်လွှာပါနာမည်ကို ပြောပြသည်။ သူက သူ့စားပွဲမှ အံဆွဲကို ဆွဲထုတ်ကြည့်ပြီးတော့ ကျွန်တော့်ကို တစ်နာရီလောက် အချိန်ခွာပြီး ထပ်ချိန်း သည်။ ကျွန်တော်က ခေါင်းညိတ်ပြုံးပြပြီး သူ့စားပွဲမှ လှည့်ထွက်လာခဲ့သည်။ ချိန်းထား သည့်အချိန်တွင် ထိုရုံးထဲသို့ ပြန်ဝင်သွားသည့်အခါ စားပွဲတိုင်းတွင် တာဝန်ခံဝန်ထမ်းတွေ အားလုံး ရှိနေကြချိန်ဖြစ်သည်။ ကျွန်တော့်အားချိန်းထားသည့်ပုဂ္ဂိုလ်၏ စားပွဲရှေ့တွင် ရပ်လိုက်သောအခါ ထိုပုဂ္ဂိုလ်က ဒီနေ့ မရနိုင်သေးကြောင်းပြောသည်။ ကျွန်တော့်စိတ်ထဲ တွင် ဖျဉ်းခနဲ ဒေါသစိတ်က ကြွလာသည်။ သူက သူ့ဘက်... အလုပ်သဘောအရ ကြာ မည့်အချိန်ကို ရက်ခွာချိန်းပြီးသား၊ အပိုရက်ပင်လျှင် ထပ်ဆောင်းပြီးချိန်းထားခဲ့မှန်း ကျွန်တော် သိနေတာကြောင့်လည်း ဒေါသစိတ်ပေါ်လာခဲ့ရတာဖြစ်သည်။ အဲဒီအချိန်မှာပဲ ကျွန်တော့်နောက်ဘက်ဆီမှ ကျွန်တော့်နာမည်ခေါ်သံ ကြားရသည်။ ကျွန်တော်လှည့် ကြည့်လိုက်တော့ အလုပ်သဘောအရရော၊ လူပုဂ္ဂိုလ်အရပါ ရင်းနှီးနေသူဖြစ်မှန်း သိလိုက် သည်။ သူကလည်း ရပ်ကွက်စုမှူးတစ်ဦးဖြစ်သည်။ ဘာလာလုပ်တာလဲဟု မေးတော့ ကျွန်တော်က သူငယ်ချင်း အကူအညီတောင်းထားသည့်ကိစ္စကို လာလုပ်တာပါဟု ဖြေ သည်။ ရပြီလားဟုမေးတော့ ကျွန်တော်က ထပ်ချိန်းနေသည့်အကြောင်း ပြောပြသည်။ ထိုအခါတွင် နှုတ်ဆက်သူ ကျွန်တော့်မိတ်ဆွေကြီးက ကျွန်တော့်လျှောက်လွှာကို တာဝန်ခံ ဆောင်ရွက်ပေးနေသူအား.....

        'သူက... ရပ်ကွက်ရုံးက စာရေးလေ၊ ကိုနောင်ကျော်တဲ့။ သူ့ရပ်ကွက်ကို အလုပ် ကိစ္စနဲ့သွားရတဲ့အခါမျိုးမှာ ရမ်းအကူအညီပေးတာဗျ။ လုပ်ငန်းကိစ္စရော၊ စားရေးသောက် ရေးပါ လိုလေသေးမရှိအောင် ကူညီပေးတဲ့သူဗျ'

 ဟု ပြောသည်။ ဒီတော့မှ ထိုပုဂ္ဂိုလ်က ပြုံးပြီး...

        'ခင်ဗျားက ရပ်ကွက်စာရေးဆိုတာ အစကတည်းက ပြောဖို့ကောင်းတာပေါ့' 

        ဟုပြောပြီး သူ့အံဆွဲကို ဆွဲထုတ်ကာ ပြောင်းရွှေ့ခွင့်စာရွက်တွေကို ကျွန်တော့်ဆီ ပေးသည်။ အဲဒီတုန်းကတော့ ဘယ်သူ့ဆီကမှ တောင်းယူဖို့ ဆန္ဒမရှိသလို ဘယ်သူ့ကိုမှ လည်း ပေးကမ်းဖို့ သဘောထားမရှိသော စိတ်အခိုင်အမာ ဖြစ်နေသောကာလမို့ မူအတိုင်း အတိအကျ လိုက်နာကျင့်သုံးခဲ့သည်ကို ဂုဏ်ယူစိတ်ဖြင့် ကျေနပ်ခဲ့ဖူးပါသည်။

          အချိန်တွေရွေ့လျားရာနောက်တွင် အသက်လည်း တဖြည်းဖြည်း ကြီးလာသည်။ အလုပ်သစ်တစ်ခုပြောင်း သည်။ အတွေ့အကြုံတွေ ပိုရလာသည်။ ဘဝတွင် လုပ်ချင်တာ လုပ်ဖို့အတွက် မလုပ်ချင်တာတချို့ကို လုပ်ရတတ်သည့်သဘောကို သိလာခဲ့သည်။ ဖြစ်ချင် တာဖြစ်ဖို့ ကြိုးစားနေချိန်တွင် မဖြစ်ချင်တာတွေ ဖြစ်လာတတ်တာကိုလည်း ကြုံခဲ့ရသည်။ ရည်မှန်းချက်ကို ခိုင်ခိုင်မာမာစိုက်ထူပြီး လက်တွေ့လုပ်ကိုင်ဆောင်ရွက်မှု နည်းလမ်း တွေကို အခြေအနေ အချိန်အခါပေါ် မူတည်ပြီး အရွှေ့အပြောင်းလုပ်ရတတ်သည့် အနေ အထားကိုလည်း သဘောပေါက်ခဲ့သည်။ ကျယ်ဝန်းလွတ်လပ်သောလွင်ပြင်နှင့် ကျဉ်းကျပ် သော တံတိုင်းတွေ၏ သဘာဝကိုလည်း ကြုံတွေ့ခံစားခဲ့သည်။ ရယ်မောရင်း မျက်ရည်ဝဲ ရသော၊ ငိုချင်စိတ်ပေါ်လာချိန်မှာ ဟားတိုက်ရယ်မောပစ်လိုက်ရသော ဘဝအကွေ့တွေ ကြားတွင် အတိတ်လွမ်းစိတ်တွေချည်း ဖိစီးထားသော ပစ္စုပ္ပန်ကာလရှည်ကြီးကပဲ တံတား တစ်စင်းဖြစ်နေတာကိုလည်း ဖြတ်လျှောက်လိုက်ဖူးသည်။ အံကြိတ်ထားသောစိတ်၏ ရောင်ပြန်ဟပ်မှုကြောင့် မျက်နှာထားတင်းမာနေတာမျိုးတွေကို မြင်ခဲ့၊ ကြုံခဲ့ရသည်။ အတွေ့အကြုံ အဖုံဖုံကြောင့် စဉ်းစားကြည့်မြင်ပုံတွေက အတန်အသင့် ရွေ့လျားသွား သည်။ ပြန်ငဲ့ကြည့်လိုက်သောအခါတွင် ငယ်ရွယ်နုနယ်သော ကျောင်းသားဘဝ ဝန်းကျင် ကာလမျိုးက စဉ်းစားဆောင်ရွက်ပုံနှင့် အတော်ကြီးကွာခြားနေတာတွေ အတော်များများ ကို မြင်လိုက်ရသည်။ အနာဂတ်ဘဝ ရည်မှန်းချက်ပန်းတိုင်ကတော့ ယိုင်လဲမသွားခဲ့ပါ။ ယုံကြည်မှုမျက်နှာစာကလည်း အိုမင်းရင့်ရော်သွားခဲ့တာမျိုး မဖြစ်ခဲ့ပါ။ အသက်အရွယ်နှင့် အတွေ့အကြုံတွေက လောကသဘာဝနှင့် သဘောထားပုံထားနည်းတွေကို နားလည် ခွင့်ပိုရစေခဲ့သည်ဟု ထင်သည်။ ဘဝမှာ လိုချင်တာတွေအတွက် ပေးရတာမျိုး၊ မလိုချင် တာတွေအတွက် ပေးရတာမျိုးတွေရှိတာကိုပါ သိနားလည်လာခဲ့သည်။ ယုံကြည်ရည်မှန်း ချက်အတွက် ချစ်သူကို စွန့်လွှတ်ပေးဆပ်ရသော ဇာတ်လမ်းဇာတ်ကွက်တွေကို ဖတ်ရ၊ ကြားရ၊ ကြည့်ရသောအခါမျိုးတွင် ရင်ခုန်သံတို့က ဒီရေလှိုင်းလို ဝုန်းဒိုင်းရိုက်ခတ်ကြပြီး မုန်တိုင်းငြိမ်ကျသွားသော ရင်ဘတ်က အရာရာကို တည်ငြိမ်သိမ်မွေ့စွာ စီးဆင်းစေပြန်ပါတော့သည်။

          အခုတော့လည်း ကျွန်တော့သဘာဝက ငယ်ငယ်တုန်းကလို အလှူအတန်း လုပ်ရ တာ စိတ်မပါသောခံစားမှုမျိုးတွေက ပြင်းပြင်းထန်ထန် မရှိတော့တာ သေချာနေပါပြီ။ အများတကာအတွက် ကိုယ်တတ်နိုင်တာလေးတွေနှင့် အကူအညီပေးရတာကိုတော့ အခု အထိ စိတ်ဝင်စားနေတုန်းဖြစ်သည်။ နောင်ဘဝအတွက် ရည်စူးပြီး အလှူအတန်းလုပ်ကာ ကောင်းမှုကုသိုလ်ပြုခြင်းမျိုး မဟုတ်သော်လည်း ပစ္စုပ္ပန်ဘဝကောင်းမှုအတွက် ရည်ရွယ် ကာ လှူဒါန်းပေးကမ်းခြင်းမျိုးတွေလုပ်ဖို့ လိုအပ်ကြောင်း အတွေ့အကြုံတွေမှ သင်ကြား ချက်တွေကို လက်ခံတတ်လာခဲ့ပါပြီ။ လှူဒါန်းပေးကမ်းခြင်းကြောင့် လူတချို့၏ စိတ်ဓာတ် ပျက်စီးမှုကို အားပေးကူညီရာရောက်သည်ဟူသော အမြင်မျိုးကိုလည်း ကာလဒေသ အခြေအနေပေါ် မူတည်ပြီး ပျော့ပျောင်းစွာ သဘောထားကျင့်သုံး ရကောင်းမှန်းလည်း သိလာခဲ့ပါပြီ။

        နှမ်းတစ်လုံးနှင့် ဆီမဖြစ်တာကို နားလည်ထားသော်လည်း ဆီဖြစ်လာနိုင်သော နှမ်းစေ့ကလေးတွေက ဟိုနားဒီနားမှာ ပြန့်ကျဲစွာရှိနေတာကိုလည်း ကြည့်တတ်မြင် တတ်ခဲ့သည်။ 'ပေးကမ်းခြင်းသည် အောင်မြင်ရာ'ဟူသော စကားမျိုးကို နားလည်ခဲ့သလို လှူဒါန်းခြင်းသည်လည်း အခက်အခဲကို အဆင်ပြေစေတတ်သည့် သဘောကိုလည်း သိတတ်နားလည်တတ်ခဲ့သည်။ လှူဒါန်းပေးကမ်းခြင်းသည် နှစ်ဦးနှစ်ဖက်စလုံးအတွက် ကောင်းမှုဖြစ်စေတတ်တာကိုလည်း မြင်တတ်၊ လက်ခံရကောင်းမှန်း သိတတ်ခဲ့သည်။ ကျွန်တော့်အမြင် အယူအဆတွေ ပြောင်းလဲ ပျက်စီးသွားခဲ့ပြီလားဟုလည်း ကိုယ့်ဘာသာ ကိုယ် မေးခွန်းထုတ်ရလွန်းသဖြင့် မေးခွန်းတွေအောက်မှာ ပိနေခဲ့ရဖူးပါသည်။

         လွန်ခဲ့သော သုံးလေးနှစ်လောက်တုန်းက ရန်ကုန်ဆေးရုံကြီးနားက ပလက်ဖောင်း တစ်ခုပေါ်မှာ လူကြီးတစ်ယောက်၊ ကလေးတစ်ယောက်က အဝတ်အစားခပ်နွမ်းနွမ်းနှင့်။ ဆွဲခြင်းတစ်ခြင်း၊ ရေပုလင်းလွတ် နှစ်လုံးသုံးလုံး၊ ထမင်းချိုင့်တစ်လုံး၊ အဝတ်အစား ထည့်သော အိတ်က ခပ်အိုအိုနှင့် နေ့ခင်းအချိန် နေပူထဲမှာ မတ်တတ်ရပ်နေကြသည်။ ကျွန်တော့်ကိုမြင်တော့ 'ဆေးရုံကဆင်းလာတာပါ။ ရွာပြန်ဖို့ စရိတ်မရှိလို့ အကူအညီ ပေးခဲ့ပါ' ဟု အောက်ကျို့သော အသံဖြင့်ပြောသည်။ သူတို့ဘေးမှာချထားသော ပစ္စည်း တွေနှင့် အဲဒီလူနှစ်ယောက်မျက်နှာကို ကြည့်ပြီးသောအခါ ကျွန်တော့် အိတ်ထဲမှ ပိုက်ဆံ နှစ်ရာတန်ကိုထုတ်ပြီး လူကြီးလက်ထဲသို့ တလေးတစားထည့်ကာ ဆက်ပြီးလမ်းလျှောက် လာခဲ့သည်။ လေးငါးဆယ်လှမ်းခန့် လှမ်းပြီးသောအခါ ကျွန်တော် ပြန်ငဲ့ကြည့်မိသည်။ သူတို့က မတ်တတ်ရပ်ပြီး နောက်တစ်ယောက်ယောက်ဆီမှာ အလှူခံဖို့ စောင့်နေကြပုံ ရသည်။ ကျွန်တော့်အိတ်ကပ်ထဲမှာ တစ်ထောင်လောက်ပဲ ကျန်တော့သည်။ နှစ်ရာတည်း ပေးခဲ့သည့်အတွက် ကျွန်တော့်စိတ်ထဲမှာ ကျေနပ်မှုမရှိခဲ့ပါ။ ဒါထက်လည်း ပိုပြီး လှူနိုင်သောအခြေအနေက ထိုနေ့မှာမရှိပါ။ သားအဖဖြစ်ပုံရသော ထိုနှစ်ယောက်လည်း ဘယ်အချိန်ကျမှ ရွာပြန်နိုင်လောက်သော လမ်းစရိတ်ရသွားကြသည်ကိုလည်း မသိပါ။ သူတို့အတွက် စိတ်မကောင်းဖြစ်မိခဲ့ ခြင်းကိုတော့ တစ်ခါတလေ အမှတ်ရတတ်ပါသည်။

        အသက်ခြောက်ဆယ်ကျော် ခုနစ်ဆယ်ဝန်းကျင် အဘိုးကြီးတွေ၊ အဘွား ကြီးတွေ အလှူခံနေကြတာကိုမြင်ရသောအခါ စိတ်မကောင်းဖြစ်တတ်ပါသည်။ သားသည် အမေ တချို့ ပိုက်ဆံတောင်းနေကြတာကို တွေ့ရသောအခါ ရင်နင့်မိတတ်ပါသည်။ လေးငါးနှစ် အရွယ် ကလေးလေးတွေ ပိုက်ဆံလိုက်တောင်းနေတတ်ကြတာကိုလည်း သတိပြုမိသော အခါ ရင်မောတတ်ပါသည်။ ရန်ကုန်မြို့ထဲက လမ်းမတွေပေါ်မှာ၊ လမ်းဘေးလက်ဖက် ရည်ဆိုင် ထိုင်ခုံတွေကြားမှာ၊ မီးပွိုင့်တွေနားမှာ၊ တစ်ခါတလေတော့လည်း ဝါးဆစ်ဗုံတီးပြီး သီချင်းဆိုရင်း အလှူခံနေသော မောင်နှမပုံစံမျိုး ကလေးသုံးယောက်လောက်၊ မယ်ဒလင်တီးပြီး သီချင်းဆိုကာ အလှူခံလေ့ရှိသော စာရွက်တွေလိုက်ဝေပြီး သူတို့ဒုက္ခ အတွက် ကူညီပေးဖို့ ဒုက္ခိတလင်မယား၊ လိုင်းကားတွေပေါ်မှာ ကွန်ပျူတာစာစီထားသော မေတ္တာရပ်ခံတောင်းပန်ပြီး အလှူခံသောကလေးငယ်များ၊ အလှူခံသော၊ တောင်းစားသော ပုံစံတွေက မျိုးစုံလှသည်။

          မဏ္ဍပ်ထိုးပြီး လော်စပီကာတပ်ကာ အလှူခံသည်။ ဟမ်းစပီကာနှင့်အော်ဟစ်ပြီး အလှူခံသည်။ အိုးစည်ဒိုးပတ်ဝိုင်းတွေနှင့် ကခုန်ပြီး အလှူခံသည်။ ရပ်ကွက်ထဲမှာ အိမ် ပေါက်စေ့လိုက်ပြီး ဖလားတွေ၊ မောင်းထောင်ခွက် (အလှူခံခွက်)တွေနှင့် အလှူခံသည်။ စားပွဲမှာထိုင်ပြီး မောက်စပီကာနှင့် ခပ်တည်တည် အလှူခံတာမျိုးလည်းရှိသည်။ လက် မှတ်ထိုးထားသောစာရွက်ကိုပေးပြီး အလှူခံတာတွေလည်း ကြုံရသည်။ ဘုရားပြင်ဖို့၊ ဘုရားတည်ဖို့၊ ကျောင်း ဆောက်ဖို့၊ ပွဲလုပ်ဖို့၊ လမ်းပြင်ဖို့၊ ဘဝပြင်ဖို့၊ ထမင်းစားဖို့၊ မသေဖို့ စသော အကြောင်းပေါင်းများစွာဖြင့် အလှူခံအရွယ်မျိုးစုံ၊ ဘဝမျိုးစုံ ရှိနေကြသည်။ တချို့ အလှူခံသူတွေအတွက် မလှူလျှင်လည်း ပြဿနာမရှိသော်လည်း တချို့အလှူခံတွေ အတွက်တော့ မလှူလျှင် ပြဿနာရှိနိုင်သည်။ အဲဒီပြဿနာက သူတို့ဘဝမှာလား၊ ကိုယ့် ဘဝဆီမှာလား စဉ်းစားရသေးသည်။

        အလှူအတန်း သို့မဟုတ် လှူဒါန်းပေးကမ်းခြင်းတွင် တစ်ဦးတစ်ဖက် တည်းအတွက် ကောင်းကျိုးဖြစ်စေခြင်းနှင့် နှစ်ဦးနှစ်ဖက် ကောင်းကျိုးဖြစ်စေခြင်းဟူ၍ ခွဲခြားကြည့်နိုင် လျှင် ရမည်ထင်သည်။ လှူဒါန်းပေးကမ်းသူတွေကတော့ ရှိနေဆဲဖြစ်သလို အလှူခံမျိုးစုံက လည်း ရှိနေဆဲဖြစ်သည်။ နောင်ဘဝ သံသရာကောင်းကျိုးအတွက် လှူကြသည်။ ပစ္စုပ္ပန် ကောင်းကျိုးအတွက် လှူရသည်။ အတိတ်အတွက်ရော လှူဒါန်းပေးကမ်းကြသူတွေပါ ရှိနေပါသေးလား။

         ကျွန်တော့်ကိုယ်ကျွန်တော် ပြန်စဉ်းစားကြည့်သည်။ အလှူခံသူလား၊ လှူဒါန်း ပေးကမ်းသူလား။ ဒါမှမဟုတ် နှစ်မျိုးစလုံး ဖြစ်နေတာလား။

        ဤစာတမ်းကို ဖတ်နေသူကိုယ်တိုင်လည်း လှူဒါန်းပေးကမ်းသူလား... အလှူခံ ပုဂ္ဂိုလ်လား... ဒါမှမဟုတ်...။

       ဘဝဆိုသည်မှာ မေးခွန်းတွေကို နည်းမျိုးစုံဖြင့် ဖြေကြားရသော၊ ဖြေရှင်းရသော ဖြစ်တည်မှုကာလတစ်ခုဟု ယူဆမိလိုက်ပါသည်။ 

နောင်ကျော်




****▪️ဝမ်းနည်းခြင်း▪️


       ပဉ္စမအကြိမ်မြောက် ရွှေအမြုတေစာပေဆုရ နိုင်ငံရေးအကျဉ်းသားဟောင်း စာရေးဆရာ နောင်ကျော် ရန်ကုန်မြို့ ဒေါပုံမြို့နယ်ရှိ နေအိမ်မှာ ဒီနေ့ နံနက်က ကွယ် လွန်သွားကြောင်း ကြားသိရပါတယ်။

      ဆရာနောင်ကျော်ဟာ ၂၀၁၀ ခုနှစ် ဖေဖော်ဝါရီလထုတ် စတိုင်သစ်မဂ္ဂဇင်းမှာ ဖော်ပြပါရှိခဲ့တဲ့ “ကျွန်တော်နှင့် အလှူခံများ” ရသစာတမ်းဖြင့် ရွှေအမြုတေစာပေဆု ရရှိခဲ့တာဖြစ်ပါတယ်။ 

      ဆရာနောင်ကျော် ကွယ်လွန်သွားခြင်းအတွက် ရွှေအသစ်ဒစ်ဂျစ်တယ်စာ မျက်နှာဝိုင်းတော်သားတွေက ဝမ်းနည်းရပါကြောင်း မှတ်တမ်းတင်ဖော်ပြလိုက်ပါတယ်။

      ဆရာ ရွှေအမြုတေစာပေဆုရခဲ့တဲ့ ရသစာတမ်းကို ဝမ်းနည်းမှတ်တမ်းနဲ့အတူ ဖော်ပြလိုက်ပါတယ်။

ဆရာ ငြိမ်းချမ်းရာအရပ်မှာ အနားယူပါ။


လေးစားစွာဖြင့်

ရွှေအသစ်ဝိုင်းတော်သားများ

Wednesday, May 28, 2025

သင် လိပ်ပြာလုံရဲ့လား??

 ဆင်းရဲတွင်းက ညစ်ညမ်းရုပ်သံ (Poverty Porn) တွေကို ကြည့်ပြီး စိတ်အာသာဖြေရတာ သင် လိပ်ပြာလုံရဲ့လား??




အွန်လိုင်းမှာ လှည့်ကြည့်လိုက်တိုင်း "ကူညီကြပါဦး"၊ "စေတနာရှင်များ" ဆိုတဲ့ ခေါင်းစဉ်လေးတွေနဲ့ ပုံတွေ၊ ဗီဒီယိုတွေက အများကြီးပဲ။ ဆင်းရဲဒုက္ခရောက်နေတဲ့သူတစ်ယောက်ရဲ့ မျက်ရည်တွေကြားက အလှူရှင်ရဲ့ ပြုံးနေတဲ့မျက်နှာကို ပြထားတဲ့ မြင်ကွင်းတွေက ကျွန်တော်တို့ရဲ့ သနားစိတ်ကို အလွယ်ဆုံး လှုပ်နှိုးနိုင်တဲ့ နည်းလမ်းတစ်ခုလို ဖြစ်နေတယ်။ Like တစ်ချက်၊ Share တစ်ချက်က "ကုသိုလ်" ဖြစ်တယ်လို့ ထင်မှတ်နေချိန်မှာ ကင်မရာနောက်ကွယ်က လူသားတစ်ယောက်ရဲ့ တကယ့်ခံစားချက်၊ သူ့ရဲ့ ပဲ့ကြွေသွားတဲ့ ဂုဏ်သိက္ခာအတွက် ကျွန်တော်တို့ တကယ်ရော အလေးအနက် စဉ်းစားမိရဲ့လား? ဒါမှမဟုတ် ကျွန်တော်တို့ဟာ "ကြည့်ကောင်းရုံ" စေတနာရဲ့ သားကောင်တွေများ ဖြစ်နေကြပြီလား?


 "ခင်ဗျား... တကယ်ရော ဘယ်လိုခံစားနေရလဲဟင်?"


ကင်မရာတစ်လုံးရှေ့မှာ အကူအညီတစ်ခု လက်ခံယူနေရတဲ့သူတစ်ယောက်ရဲ့ မျက်နှာကို အနီးကပ်ဆွဲပြီး "သူ ဘယ်လောက်သနားဖို့ကောင်းလဲ ကြည့်ပါဦး" လို့ ပြောနေကြတဲ့သူတွေ၊ ခင်ဗျားတို့ အဲဒီလူကို တစ်ခါလောက် "ခင်ဗျား အခု တကယ် ဘယ်လိုခံစားနေရလဲဟင်?" လို့ရော မေးကြည့်ခဲ့ဖူးလား?


🤫ဘာကြောင့် ဒီမေးခွန်းကို ဘယ်သူမှ ကျယ်ကျယ်လောင်လောင် မမေးရဲကြတာလဲ?


အဖြေက ရှင်းပါတယ်။ သူတို့ရဲ့ တကယ့်ခံစားချက်အမှန်က ခင်ဗျားတို့ ဖန်တီးထားတဲ့ "ကြည်နူးစရာ" အလှူဒါန ဇာတ်လမ်းကို ဖျက်ဆီးပစ်မှာ စိုးလို့မဟုတ်လား? သူတို့ရဲ့ အရှက်တရား၊ နာကျင်မှု၊ ကျေကွဲမှုတွေကို ဖော်ပြလိုက်ရင် ခင်ဗျားတို့ရဲ့ "စေတနာရှင်" ပုံရိပ်က အရောင်မှိန်သွားမှာ ကြောက်လို့လား၊ ဒါမှမဟုတ် အာဏာမမျှတမှုရဲ့ မွန်းကျပ်တဲ့အမှန်တရားကို ဖော်ထုတ်မိသွားမှာ စိုးရိမ်လို့လား? အလှူခံရတဲ့သူတွေရဲ့ ခံစားချက်အမှန်ကို ချန်လှပ်ထားတာ၊ ဒါမှမဟုတ် ပုံဖော်ချယ်လှယ်တာဟာ ကြည့်ရှုသူများများရဖို့၊ Like နဲ့ Share အတွက် တမင်ရည်ရွယ်ထားတဲ့ Content ဖန်တီးမှုရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်နေပါတယ်။


ကင်မရာနောက်ကွယ်က ဂုဏ်သိက္ခာနဲ့ ကိုယ့်တန်ဖိုးအပေါ် သက်ရောက်မှု


ကင်မရာမီးရောင်တွေ ပိတ်သွားတဲ့အခါ၊ အလှူရှင်တွေ ထွက်ခွာသွားတဲ့အခါ အဲဒီလူသားတစ်ယောက်ရဲ့ ရင်ထဲမှာ ဘယ်လိုမုန်တိုင်းတွေ ကျန်ခဲ့မလဲ?

ကိုယ့်ကိုယ်ကိုယ်လေးစားမှု ဘယ်မှာလဲ?


🔗 ဆုံးဖြတ်ပိုင်ခွင့်မဲ့ခြင်းနဲ့ ဘာမှမလုပ်နိုင်သလို ခံစားရခြင်း


 လူသားတစ်ယောက်ရဲ့ ဂုဏ်သိက္ခာဟာ ကိုယ့်ဘဝ၊ ကိုယ့်ဇာတ်လမ်းကို ကိုယ်တိုင်ထိန်းချုပ်နိုင်စွမ်းနဲ့ တိုက်ရိုက်ဆက်စပ်နေတာကြောင့် ဒီလိုပုံဖော်မှုတွေက သူတို့ရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ကို လုယူပြီး "ငါဟာ အကူအညီမပါဘဲ ဘာမှမလုပ်နိုင်တဲ့သူပါလား" ဆိုတဲ့ ခံစားချက်ကို နက်နက်ရှိုင်းရှိုင်း စိုက်ဝင်စေပါတယ်။


🏷️ ရင်ထဲမှာ စွဲကျန်ရစ်တဲ့ အရှက်တရား


လူအများက "အမြဲတမ်းအကူအညီလိုအပ်နေသူ"၊ "သနားစရာလူ" လို့ အဆက်မပြတ် တံဆိပ်ကပ်ခံရခြင်းက သူတို့ရဲ့ ကိုယ့်ကိုယ်ကိုယ်ရှုမြင်ပုံကို ပြောင်းလဲစေပြီး အချိန်ကြာလာတာနဲ့အမျှ သူတို့ကိုယ်သူတို့ အဲဒီတံဆိပ်အတိုင်းပဲ ဖြစ်နေတယ်လို့ ယုံကြည်သွားတဲ့အထိ စိတ်ပိုင်းဆိုင်ရာအရ ပုံသွင်းခံလိုက်ရပါတယ်။


💔 ပစ္စည်းတစ်ခုလို သဘောထားခံရခြင်းနဲ့ လူသားမဆန်မှု:


 ဒါဟာ သူတို့ရဲ့ လူသားတစ်ယောက်အဖြစ် ပြီးပြည့်စုံမှု၊ ရှုပ်ထွေးတဲ့ စိတ်ခံစားချက်တွေ၊ အိပ်မက်တွေကို ငြင်းပယ်ပြီး၊ ဖြေရှင်းရမယ့် "ပြဿနာ" တစ်ခု ဒါမှမဟုတ် ကြည့်ရှုခံစားဖို့သက်သက် "ပြပွဲ" တစ်ခုအဖြစ် လျှော့ချလိုက်လို့ပါပဲ။


ပြီးတော့ မှတ်ချက်များ ရေးသားတဲ့နေရာကနေ "အရမ်းစိတ်မကောင်းပါဘူး"၊ "သနားလိုက်တာ" ဆိုတဲ့ စကားလုံးတွေ။ ဟုတ်တယ်၊ သူတို့မှာလည်း စမတ်ဖုန်းတွေရှိတယ်၊ သူတို့လည်း အဲဒီ မှတ်ချက်တွေကို မြင်နိုင်တယ်။ အဲဒီအခါ သူတို့ ဘယ်လိုခံစားရမလဲ?


အနာဂတ်တစ်ခု လုယက်ခံရတဲ့ ကလေးသူငယ်တို့ရဲ့ တိတ်ဆိတ်သော ငိုရှိုက်သံ 


အဆိုးဆုံးကတော့ ကလေးတွေ။ သူတို့ရဲ့ မျက်နှာကို အကာအကွယ်မဲ့စွာ ဖော်ပြပြီး သူတို့ရဲ့ ဆင်းရဲမှုကို ကြော်ငြာနေတာ။ "ဒီကလေးလေး သနားဖို့ကောင်းလိုက်တာ" ဆိုတဲ့ ခေါင်းစဉ်အောက်မှာ သူတို့ရဲ့ အနာဂတ်ကိုရော ကျွန်တော်တို့ ထည့်စဉ်းစားမိရဲ့လား?


ကလေးတွေအတွက် ဘာကြောင့် ဒီလောက်ထိ ဆိုးရွားပြင်းထန်စွာ ထိခိုက်နစ်နာရတာလဲ?


🩹 ဖွံ့ဖြိုးဆဲအရွယ်မှာ နက်ရှိုင်းတဲ့ စိတ်ပိုင်းဆိုင်ရာဒဏ်ရာများ


 ငယ်စဉ်ကတည်းက ကြုံတွေ့ရတဲ့ အရှက်တရား၊ အထင်အမြင်သေးမှု၊ အနှိမ်ခံရခြင်းတွေက ကလေးရဲ့ ရှုမြင်ပုံနဲ့ ယုံကြည်မှုတွေကို တစ်သက်တာ ပုံသွင်းပြောင်းလဲစေနိုင်တာကြောင့် ဖြစ်ပါတယ်။ ဒါဟာ သူတို့ဘဝတစ်လျှောက်လုံး သယ်ဆောင်သွားရမယ့် နက်ရှိုင်းတဲ့ စိတ်ဒဏ်ရာတွေအဖြစ် ကျန်ရစ်စေနိုင်ပါတယ်။


🤐 ပိတ်မိနေပြီး အသံမဲ့ဖြစ်ရခြင်း


 ကလေးတွေမှာ သူတို့ရဲ့ စိတ်သောကကို ထုတ်ဖော်ပြောဖို့၊ "ကျွန်တော့်ကို ဒီလိုမလုပ်ပါနဲ့" လို့ ငြင်းဆန်ဖို့ ဒါမှမဟုတ် အခြေအနေကနေ ရုန်းထွက်ဖို့ စွမ်းအားနဲ့ နည်းလမ်းတွေ မရှိဘူး။ သူတို့ဟာ လူကြီးတွေရဲ့ "စေတနာ" လို့ ခေါင်းစဉ်တပ်ထားတဲ့ ရွေးချယ်မှုတွေအောက်က တိတ်ဆိတ်စွာ နာကျင်ခံစားနေရတဲ့ သားကောင်တွေ ဖြစ်နေရပါတယ်။


🔄 ဆိုးကျိုးသံသရာကို လည်ပတ်စေခြင်း


 အနိုင်ကျင့်ခံရတာ၊ အရှက်တရားနဲ့ စိတ်ဒဏ်ရာတွေက သူတို့ရဲ့ ပညာရေးလမ်းကြောင်း၊ လူမှုဆက်ဆံရေးနဲ့ အနာဂတ်အလားအလာတွေကို ဖျက်ဆီးပစ်နိုင်လို့ ဖြစ်ပါတယ်။ "အကူအညီ" လို့ခေါင်းစဉ်တပ်ထားတဲ့အရာက သူတို့ကို ဆင်းရဲမွဲတေမှု သံသရာထဲကနေ ဆွဲထုတ်ရမယ့်အစား၊ အဲဒီသံသရာထဲမှာပဲ ပိုပြီး နက်နက်ရှိုင်းရှိုင်း ပိတ်မိနေစေနိုင်ပါတယ်။ ဆရာသမားတွေ၊ ရပ်ရွာလူကြီးတွေကရော ဒီပုံရိပ်တွေကြောင့် သူတို့ကို ဘယ်လိုအမြင်နဲ့ ဆက်ဆံမှာလဲ?


တရားခံတွေက ဖန်တီးသူများနှင့် မီဒီယာ Page များ ပါပဲ(Engagement ဆိုတာထက် ပိုတဲ့ ပြစ်မှုများ)


"ဒါတွေအားလုံးက Social Media မှာ Engagement ရဖို့ပါ" လို့ ဆင်ခြေပေးကြမှာလား? 


Engagement အရေးပါနိုင်ပေမဲ့ ဒီလုပ်ရပ်တွေရဲ့ နောက်ကွယ်မှာ ပိုပြီး နက်ရှိုင်းပြီး စက်ဆုပ်စရာကောင်းတဲ့ အကြောင်းပြချက်တွေ ရှိနေပါတယ်။ စိတ်ပိုင်းဆိုင်ရာ အားနည်းချက်တွေကို အခွင့်ကောင်းယူပြီး  Content အတွက် ဈေးကွက်ဖန်တီးခြင်း ဖြစ်ပါတယ်။


💰 ကိုယ်ကျိုးအတွက် အမြတ်ထုတ်ခြင်းနဲ့ Social Media ပေါ်မှာ နာမည်ကြီးမှု ရရှိရေး ပန်းတိုင်ထား လုပ်ဆောင်ခြင်း


 ဒါဟာ ရိုးရိုး Engagement တက်ဖို့လောက် မဟုတ်တော့ပါဘူး။ ဒုက္ခရောက်နေတဲ့သူတွေရဲ့ အခြေအနေကို အသုံးချပြီး ကိုယ်တိုင်ငွေကြေးအကျိုးအမြတ် (ဥပမာ - ငွေကြေးဖန်တီးမှုစနစ်၊ ကုန်ပစ္စည်းကြော်ငြာ စာချုပ်များ) ရဖို့၊ အွန်လိုင်းမှာ ကိုယ့်ရဲ့နာမည်၊ Page၊ "စေတနာရှင်" ပုံရိပ်ကို တည်ဆောက်ဖို့အတွက် အကွက်ကျကျ တွက်ချက်ပြီး ကိုယ်ကျိုးရှာတဲ့ လုပ်ရပ်တစ်ခု ဖြစ်နေပါပြီ။ သူတစ်ပါးရဲ့ မျက်ရည်ဟာ ခင်ဗျားတို့ရဲ့ Content အတွက် ကုန်ကြမ်းသက်သက် ဖြစ်နေတာလား?


🎭 "ဆင်းရဲမှု ရောင်းကုန်" သဖွယ် ပုံဖော်ခြင်းဖြင့် လူသားရဲ့ ဂုဏ်သိက္ခာကို တိုက်ရိုက် စော်ကားခြင်း:


 ဒီအချက်က ပိုပြင်းထန်ပါတယ်။ ဒီလိုပုံဖော်မှုတွေဟာ လူသားတွေရဲ့ ဒုက္ခ၊ အားနည်းချက်၊ အဆိုးဆုံးအချိန်တွေကို ကြည့်ရှုမှုတွေ၊ Like တွေအတွက် "ရောင်းကုန်" တစ်ခုလို ထုပ်ပိုးရောင်းချနေတာနဲ့ ဘာမှမခြားပါဘူး။ ဒါဟာ လူသားတစ်ယောက်ရဲ့ မွေးရာပါ ဂုဏ်သိက္ခာကို တန်ဖိုးမထားဘဲ၊ အရာဝတ္ထုတစ်ခုလို သဘောထားရာရောက်ပြီး ကြီးမားတဲ့ ကိုယ်ကျင့်တရားဆိုင်ရာ ချိုးဖောက်မှု၊ လူသားဆန်မှုအပေါ် တိုက်ရိုက်စော်ကားမှုတစ်ခု ဖြစ်ပါတယ်။


📉 ရေရှည်ထိခိုက်စေနိုင်တဲ့ မှားယွင်းတဲ့ အမြင်တွေနဲ့ မှီခိုစိတ်ကို ပုံသွင်းပေးနေခြင်း


 ဒီလို Content တွေက လူတွေကို အမြဲတမ်း အကူအညီမဲ့တဲ့ အခြေအနေမှာပဲ ပုံဖော်ပြီး အပေါ်ယံကျတဲ့၊ လတ်တလော "ကယ်တင်မှု" တွေကိုပဲ အသားပေးတဲ့အတွက် ဆင်းရဲမွဲတေမှု၊ သူ့ရဲ့ အကြောင်းရင်းမှန်တွေနဲ့ တကယ့်ဖြေရှင်းနည်းတွေအပေါ်မှာ လူထုရဲ့အမြင်ကို မှားယွင်းစေပါတယ်။ ရေရှည်မှာ ကိုယ့်အားကိုယ်ကိုးလိုစိတ်ကို အားမပေးတော့ဘဲ (အကူအညီပေးခံရသူရော၊ ဆင်းရဲမွဲတေမှုကို လူ့အဖွဲ့အစည်းက ရှုမြင်ပုံရော) မှီခိုမှု သံသရာကိုပဲ အားပေးရာရောက်ပြီး၊ စစ်မှန်တဲ့ စွမ်းရည်မြှင့်တင်ရေးနဲ့ ရေရှည်တည်တံ့တဲ့ ဖြေရှင်းနည်းတွေကို အာရုံမစိုက်တော့ဘဲ မျက်ကွယ်ပြုရာ ရောက်စေပါတယ်။ ဒါဟာ လူ့အဖွဲ့အစည်းရဲ့ ပြဿနာရှုမြင်ပုံနဲ့ ဖြေရှင်းပုံကို လမ်းလွဲစေတဲ့ လုပ်ရပ်ဖြစ်တယ်။


ဘာကြောင့် ကျွန်ုပ်တို့ ဆက်ကြည့်နေကြတာလဲ? ဆင်းရဲဒုက္ခကို အလွဲသုံးစားပြုကြည့်ရှုပြီး စိတ်အာသာဖြေနေတာလဲ??


ဒါက နောက်ထပ်အရေးကြီးတဲ့ မေးခွန်းဆီကို ဦးတည်သွားပါတယ်။ 

"ဆင်းရဲဒုက္ခကို အသားပေးပြသခြင်း" ဆိုတဲ့ အသုံးအနှုန်းကို ကြားဖူးကြမှာပါ။ ပိုပြီး တိုက်ရိုက်ပြောရရင် ဒါဟာ "ဆင်းရဲဒုက္ခကို အာရုံခံစားမှုသက်သက်အတွက် အလွဲသုံးစားပြုခြင်း" တစ်မျိုးပါပဲ။ 


ဘာကြောင့်လဲ?

 ဒီ ဆင်းရဲမှု ဗီဒီယိုတွေကို ကြည့်ပြီး ကျွန်ုပ်တို့ရဲ့ စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်တစ်ခုခုကို ယာယီ ဖြည့်ဆည်းနေတာ၊ တစ်နည်းအားဖြင့် "စိတ်ပိုင်းဆိုင်ရာ တစ်ကိုယ်ရည်အာသာဖြေမှု" ပြုလုပ်နေတာ ဖြစ်နိုင်ပါတယ်။ ဒါဟာ တခြားတစ်ယောက်ရဲ့ ဆင်းရဲဒုက္ခမြင်ကွင်းကို အာရုံခံစားမှုတစ်ခုအနေနဲ့ အသုံးချပြီး၊ ကိုယ့်ရဲ့ စိတ်ခံစားမှု လိုအပ်ချက်တစ်ခုကို ယာယီဖြစ်ဖြစ် ဖြည့်ဆည်းလိုက်တာမျိုးကို ဆိုလိုတာပါ။


ဒါက သင့်စိတ်အတွက် ဘာလုပ်ပေးနေသလဲ?


🏅 ကိုယ်ကျင့်တရားအရ ကိုယ့်ကိုယ်ကိုယ် ခဏတာ အဟုတ်ထင်သွားစေတယ်:


 ဒီလို "မှန်ကန်တဲ့" စိတ်ခံစားမှုတွေကို ခံစားလိုက်ရတဲ့အတွက်၊ ကြည့်ရှုသူဟာ ခက်ခဲပင်ပန်းတဲ့ တကယ့်အနစ်နာခံမှုမျိုး လုပ်စရာမလိုဘဲ၊ "ငါဟာ စာနာတတ်သူ၊ လူကောင်းတစ်ယောက်ပဲ" လို့ ကိုယ့်ကိုယ်ကိုယ် ခဏတာ အသိအမှတ်ပြုလိုက်သလို ဖြစ်သွားစေပါတယ်။ ဒါဟာ မြန်မြန်ဆန်ဆန်ရတဲ့ ကိုယ်ကျင့်တရားဆိုင်ရာ ကျေနပ်မှုအတုအယောင်တစ်ခုပါ။


🏃💨 အာရုံလွှဲပြောင်းမှု/ အခြားကိစ္စတွေကနေ ထွက်ပြေးမှု:


 အဝေးက ပြင်းထန်တဲ့ဒုက္ခတွေကို အာရုံစိုက်ခြင်းက ကိုယ်ရေးကိုယ်တာ ပူပန်မှုတွေ၊ ငြီးငွေ့မှုတွေကနေ ခဏတာ ထွက်ပြေးရာ ဖြစ်စေနိုင်ပါတယ်။


✨ "ပြဿနာကို ဖြေရှင်းပြီးသွားသလို" ထင်ယောင်ထင်မှားဖြစ်စေခြင်း:


 ဒီဗီဒီယိုတွေဟာ အလှူပေးလိုက်တဲ့အခန်းနဲ့ အဆုံးသတ်လေ့ရှိတော့ "ပြဿနာကို မြင်တယ်၊ (အပေါ်ယံကြည့်ရင်) ပြဿနာကို ဖြေရှင်းပြီးသွားပြီ" ဆိုတဲ့ ခံစားချက်မျိုးကို ရစေပါတယ်။ ဒါဟာ အပြုသဘောဆောင်တဲ့ရလဒ်ကို (ကြည့်ရုံသက်သက်နဲ့) ရလိုက်သလို ဦးနှောက်ကနေ ခဏတာ ပျော်ရွှင်စေတဲ့ Dopamine ဟော်မုန်းကို ထွက်စေနိုင်ပါတယ်။


⚡ စိတ်ခံစားမှု ပြင်းထန်ခြင်းကကိုက လှုံ့ဆော်မှုတစ်ခုဖြစ်နေခြင်း


 ပြင်းထန်တဲ့ စိတ်ခံစားမှုတွေဟာ (ထိန်းချုပ်ထားတဲ့ အခြေအနေအောက်မှာဆိုရင်) ဝမ်းနည်းမှု၊ ဒေါသထွက်မှုလို အနှုတ်လက္ခဏာဆောင်တဲ့ ခံစားချက်တွေဖြစ်နေဦးတော့၊ ငြီးငွေ့မှုကို ချိုးဖျက်ပေးနိုင်တဲ့ စိတ်ပိုင်းဆိုင်ရာ လှုံ့ဆော်မှုတစ်ခု ဖြစ်နေတတ်ပါတယ်။ ဦးနှောက်က တစ်ခါတစ်ရံ ဒီလို လှုံ့ဆော်မှုကို တောင့်တတတ်ပါတယ်။


🛋️ ရိုးရှင်းလွယ်ကူပြီး အားထုတ်စရာမလိုခြင်း:


 ဒါဟာ တကယ့်လက်တွေ့ဘဝက ရှုပ်ထွေးမှုတွေ၊ တောင်းဆိုမှုတွေမပါဘဲ "လူမှုရေးကိစ္စကြီးတွေမှာ ငါလည်းပါဝင်နေတယ်" လို့ ခံစားရစေတဲ့ အလွယ်ကူဆုံးနည်းလမ်းတစ်ခုပါ။ ရလိုက်တဲ့ "ကောင်းတယ်ဆိုတဲ့ခံစားချက်" က တန်ဖိုးနည်းလွန်းပါတယ်။


သံသရာထဲမှာ  ဘာကြောင့် ရုန်းမထွက်နိုင်တာလဲ?


📢 Social Media Algorithm တွေရဲ့ ထပ်ဆင့်အားဖြည့်မှု:


 ဒီလို Content တွေကို သင်ကြည့်ရှု၊ တုံ့ပြန်လေ၊ Algorithm တွေက သင့်ဆီကို အလားတူ Content တွေ ပိုပိုပြီးပို့ပေးလေပါပဲ။ ဒါဟာ ဒီသံသရာကနေ ရုန်းထွက်ရခက်စေတဲ့ ပဲ့တင်သံဝန်းကျင် တစ်ခုကို ဖန်တီးလိုက်ပါတယ်။

💡❓ "ငါသိနေတယ်/ငါဂရုစိုက်နေတယ်" ဆိုတဲ့ ထင်ယောင်ထင်မှားဖြစ်မှု:


 ဒီ Content တွေကို ဆက်တိုက်ကြည့်ရှုခြင်းက လူမှုရေးပြဿနာတွေကို သိရှိနားလည်၊ ဂရုစိုက်နေတယ်လို့ မှားယွင်းစွာ ခံစားစေကာ ကြည့်ရှုမှုအလေ့အထကို မှန်ကန်ကြောင်း အကြောင်းပြနေမိတတ်ပါတယ်။


စစ်မှန်သော ကရုဏာတရားနှင့် တာဝန်ယူမှုအတွက် တောင်းဆိုခြင်း


"စေတနာ" ဆိုတဲ့ စကားလုံးက လှပါတယ်။ ဒါပေမဲ့ အဲဒီစကားလုံးနောက်ကွယ်မှာ အသုံးချခံ ဂုဏ်သိက္ခာတွေ၊ နင်းခြေခံ အနာဂတ်တွေ၊ တိတ်ဆိတ်စွာ ကျေကွဲနေရတဲ့ နှလုံးသားတွေ ရှိနေရင် စေတနာအမှန် မဟုတ်တော့ပါဘူး။


ကျွန်ုပ်တို့ တောင်းဆိုချင်တာက ရိုးရှင်းပါတယ်။

🙏 အလှူခံတဲ့သူတိုင်းရဲ့ ဂုဏ်သိက္ခာကို လေးစားကာကွယ်ပါ။ မျက်နှာ၊ ကိုယ်ရေးကိုယ်တာတွေကို Content အတွက် အလွယ်တကူ မသုံးပါနဲ့။ ကလေးသူငယ်တွေကို လုံးဝအသုံးမချပါနဲ့။


🛑 အပေါ်ယံ "ကယ်တင်ရှင်" ပုံရိပ်ဖမ်းတာတွေကို ရပ်တန်းက ရပ်ပါ။ တကယ်ကူညီချင်တယ်ဆိုရင် သူတို့ကို ရေရှည်ရပ်တည်နိုင်အောင်၊ ဘဝကို သူတို့ကိုယ်တိုင် ပိုင်ဆိုင်နိုင်အောင် စွမ်းရည်မြှင့်တင်ပေးမယ့် နည်းလမ်းတွေကို ရှာဖွေပါ။


🤔 ကြည့်ရှုသူတွေအနေနဲ့လည်း ဝေဖန်ပိုင်းခြားနိုင်စွမ်းကို မြှင့်တင်ပါ။ မျက်ရည်ကို ရောင်းကုန်လုပ်ထားတဲ့ Content တွေကို အားမပေးပါနဲ့။ တကယ့်အကျိုးပြုလုပ်ငန်းတွေကို ထောက်ပံ့ပါ။ ကျွန်ုပ်တို့ရဲ့ ကြည့်ရှုမှုတွေက ဒီလိုအန္တရာယ်ရှိတဲ့ Content တွေကို ဆက်လက်ရှင်သန်ခွင့် မပေးသင့်တော့ပါဘူး။


လူသားတစ်ယောက်ရဲ့ ဒုက္ခကို အရင်းတည်ပြီး ကိုယ်ကျိုးရှာနေတဲ့၊ Social Media ပေါ်မှာ နာမည်ကြီးအောင်လုပ်နေတဲ့ မည်သည့်လုပ်ရပ်ကိုမဆို ကျွန်တော်တို့အားလုံးက ပြင်းပြင်းထန်ထန် ဆန့်ကျင်ရှုတ်ချဖို့ အချိန်တန်ပါပြီ။ စစ်မှန်သော ကရုဏာသည် သူတစ်ပါးဂုဏ်သိက္ခာကို နင်းခြေခြင်းမဟုတ်၊ လက်တွဲထူမတ်ခြင်းသာဖြစ်ကြောင်း မမေ့ကြပါစို့။


ရေးသားမျှဝေသူ - Kyaw Tum

Tuesday, May 27, 2025

သင်လှူလိုက်တဲ့ စေတနာငွေတွေ ဘယ်သူတွေ "သုံး" နေသလဲ?

သင်လှူလိုက်တဲ့ စေတနာငွေတွေ ဘယ်သူတွေ "သုံး" နေသလဲ? 




မြန်မာ့ပရဟိတဖောင်ဒေရှင်းများကို စာရင်းစစ်ဆေးမှု ချက်ချင်းလိုအပ်နေပြီ!

ကျွန်တော်တို့ မြန်မာလူမျိုးတွေဟာ ပေးကမ်းစွန့်ကြဲမှု၊ အကူအညီပေးမှု (ဒါန) မှာ သိပ်ကို မွေ့လျော်ကြပါတယ်။ ဒါဟာ ကျွန်တော်တို့ရဲ့ ယဉ်ကျေးမှု၊ ကိုးကွယ်ယုံကြည်မှုဖြစ်တဲ့ ဗုဒ္ဓဘာသာရဲ့ အဆုံးအမတွေထဲက နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေတဲ့ အလေ့အထကောင်းတစ်ခုပါ။ ကိုယ့်မှာရှိတာလေးကို ဖဲ့ပေးတာ၊ သူများဒုက္ခရောက်နေရင် မနေနိုင်မထိုင်နိုင် ကူညီတတ်ကြတာဟာ ချီးကျူးစရာကောင်းတဲ့ စိတ်ဓာတ်တွေပါ။ ဒီလိုစေတနာတွေဟာ အင်မတန် တန်ဖိုးရှိပါတယ်။

ဒါပေမဲ့... ကျွန်တော်တို့ တစ်ခါတစ်လေ စဉ်းစားမိဖို့လိုတဲ့ အချက်လေးတွေ ရှိလာပါတယ်။ ဘာလဲဆိုတော့၊ ဒီလို သဒ္ဓါတရားထက်သန်စွာ လှူဒါန်းကြတဲ့ စေတနာတွေကို အခွင့်ကောင်းယူပြီး ကိုယ်ကျိုးရှာလိုတဲ့ လူတစ်စုက အသုံးချလာတဲ့အခါ ဘယ်လိုဖြစ်လာနိုင်မလဲ ဆိုတာပါပဲ။

ခင်ဗျားတို့ "Poverty Porn" ဆိုတဲ့ စကားလုံး ကြားဖူးကြမှာပေါ့။ တိုက်ရိုက်ဘာသာပြန်ရရင်တော့ "ဆင်းရဲမွဲတေမှုကို အရင်းတည်ပြီး လိင်ပိုင်းဆိုင်ရာဖျော်ဖြေမှုလိုမျိုး စိတ်ခံစားချက်ကိုဆွဲဆောင်ပြီး အမြတ်ထုတ်ခြင်း" လို့ ဆိုရမလိုပါပဲ။ နည်းနည်းတော့ ကြမ်းတမ်းတဲ့ အသုံးအနှုန်းပါ။ ဒါပေမဲ့ ဆိုလိုရင်းကတော့ ရှင်းပါတယ်။ သူတစ်ပါးရဲ့ ဆင်းရဲဒုက္ခကို သနားစဖွယ်ဖြစ်အောင် ပုံကြီးချဲ့ပြ၊ ဓာတ်ပုံတွေ ဗီဒီယိုတွေရိုက်၊ လူအများရဲ့ ကရုဏာသက်မှုကို အပြည့်အဝဆွဲဆောင်ပြီး အလှူငွေတွေကောက်ခံတယ်။ ပြီးတော့မှ အဲ့ဒီအလှူငွေတွေကို ကိုယ်ကျိုးအတွက်သုံးတာမျိုး၊ ဒါမှမဟုတ် အပြည့်အဝ ပွင့်လင်းမြင်သာမှုမရှိဘဲ သုံးစွဲတာမျိုးပေါ့။ ဒါဟာ စေတနာကို ခုတုံးလုပ်တာနဲ့ အတူတူပါပဲ။

နောက်ထပ် ကျွန်တော်တို့ မေးရမယ့် မေးခွန်းတစ်ခုရှိပါတယ်။ အဲ့ဒါကတော့ ကျွန်တော်တို့ရဲ့ ချွေးနည်းစာနဲ့ ရင်းပြီး လှူဒါန်းလိုက်တဲ့ အလှူငွေတွေဟာ တကယ်ပဲ လိုအပ်နေတဲ့သူတွေဆီကို ၁၀၀ ရာခိုင်နှုန်း အပြည့်အဝ ရောက်ရဲ့လား ဆိုတာပါပဲ။ ဓာတ်ပုံတွေရိုက်၊ အလှူပေးပွဲတွေလုပ်ပြီးတဲ့အခါ၊ ကင်မရာမန်းတွေ၊ အလှူရှင်တွေ ပြန်သွားတဲ့အခါ အဲ့ဒီစေတနာတွေ၊ အလှူငွေတွေရဲ့ ကံကြမ္မာက ဘယ်လိုဆက်ဖြစ်သလဲ။ အလှူခံပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေက ဒီငွေတွေကို ဘယ်လို စီမံခန့်ခွဲသလဲ။

ဒီနေရာမှာ အလှူငွေ စီမံခန့်ခွဲမှုနဲ့ ပတ်သက်ပြီး အဓိကကျတဲ့ အချက်သုံးချက်ကို ဆွေးနွေးချင်ပါတယ်။

✅ ၁။ ဝင်ငွေထွက်ငွေ တိကျစွာ မှတ်တမ်းတင်ခြင်း
ကျွန်တော်တို့ လှူလိုက်တဲ့ငွေတွေ ဘယ်ရောက်သွားတယ်၊ ဘယ်လိုသုံးစွဲတယ်ဆိုတာကို လေးလေးစားစားနဲ့ စနစ်တကျ စီမံခန့်ခွဲမှု ရှိဖို့လိုပါတယ်။ စာရင်းကိုင်နည်းစနစ်တွေကတော့ အများကြီးရှိနိုင်ပါတယ်။ ဘယ်လိုနည်းစနစ်ပဲသုံးသုံး၊ ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် အခြေခံကျတဲ့ မေးခွန်းသုံးခုကိုတော့ ရှင်းရှင်းလင်းလင်း ဖြေနိုင်ဖို့လိုပါတယ်။

👉 အကူအညီတကယ်လိုအပ်သူတွေဆီကို တိုက်ရိုက်ဘယ်လောက်ရောက်ရှိသလဲ? ဒီငွေပမာဏကို တိတိကျကျ မှတ်တမ်းတင်ထားရပါမယ်။ ဥပမာ - အလှူခံပုဂ္ဂိုလ် (သို့) အိမ်ထောင်စု တစ်ခုချင်းစီအတွက် တိုက်ရိုက်ပေးအပ်တဲ့ ငွေပမာဏ၊ ပစ္စည်းတန်ဖိုး စသဖြင့်ပေါ့။

👉 တခြားအုပ်ချုပ်မှုပိုင်းဆိုင်ရာနဲ့ အထွေထွေကုန်ကျစရိတ်တွေအတွက် ဘယ်လောက်သုံးစွဲသလဲ? ဥပမာ - ဝန်ထမ်းလစာ၊ ရုံးခန်းငှားခ၊ သယ်ယူပို့ဆောင်ရေးစရိတ်၊ ဆက်သွယ်ရေးစရိတ်၊ ဘဏ်ဝန်ဆောင်ခ စတာတွေပေါ့။ ဒါတွေကိုလည်း အတိအကျ၊ ပွင့်လင်းမြင်သာစွာ မှတ်တမ်းတင်ရပါမယ်။ ဒါမှ အလှူငွေရဲ့ ဘယ်လောက်ရာခိုင်နှုန်းက အုပ်ချုပ်မှုစရိတ်ဖြစ်ပြီး ဘယ်လောက်က တကယ်အကူအညီပေးတဲ့နေရာကို ရောက်သလဲဆိုတာ ရှင်းရှင်းလင်းလင်း သိနိုင်မှာပါ။

👉 အဓိကကတော့ အရာအားလုံးကို အသေးစိတ်ကျကျ မှတ်တမ်းတင်ထားဖို့ပါပဲ။ ဘယ်နေ့ဘယ်အချိန်မှာ ဘယ်သူ့ဆီက ငွေဘယ်လောက်ဝင်တယ်၊ ဘယ်အလှူရှင်က ဘယ်လောက်လှူတယ်၊ ဘယ်နေ့မှာ ဘယ်နေရာအတွက် ဘယ်ပစ္စည်းကို ဘယ်လောက်တန်ဖိုးနဲ့ဝယ်တယ်၊ ဘယ်သူ့ကို ဘယ်လောက်ပေးတယ် ဆိုတာကအစ ရှင်းရှင်းလင်းလင်း ပြန်စစ်လို့ရအောင် မှတ်တမ်းတင်ထားရပါမယ်။ အခုခေတ်မှာ KPay တို့လို ဒစ်ဂျစ်တယ်ငွေပေးချေမှုစနစ်တွေ၊ တခြားဘဏ်တွေရဲ့ mobile banking တွေ ကျယ်ကျယ်ပြန့်ပြန့် သုံးလာနိုင်တော့ ဒီလိုမှတ်တမ်းတင်ရတာ အရင်ကထက် အများကြီးပိုလွယ်ကူလာပါတယ်။ ဘောက်ချာတစ်ခုချင်းစီ၊ ငွေလွှဲပြေစာတစ်ခုချင်းစီကို စနစ်တကျ သိမ်းဆည်းထားဖို့ အရေးကြီးပါတယ်။

✅ ၂။ ဒါရိုက်တာအဖွဲ့၏ အခန်းကဏ္ဍနှင့် တာဝန်ခံနိုင်မှု
အလှူငွေလက်ခံတဲ့ အဖွဲ့အစည်းတွေမှာ "ဒါရိုက်တာအဖွဲ့" ဆိုတာမျိုး ရှိဖို့ အလွန်အရေးကြီးပါတယ်။ ဒီအဖွဲ့ဟာ အဖွဲ့အစည်းရဲ့ လုပ်ငန်းဆောင်တာတွေကို ကြီးကြပ်ကွပ်ကဲဖို့၊ အထူးသဖြင့် အလှူငွေတွေကို မှန်မှန်ကန်ကန် သုံးစွဲကြောင်း သေချာစေဖို့ တာဝန်ရှိပါတယ်။

👉 ဘယ်လိုလူတွေပါဝင်သင့်သလဲ? စာရင်းအင်းပညာကို ကျွမ်းကျင်နားလည်တဲ့သူတွေ (ဥပမာ - အသိအမှတ်ပြု စာရင်းကိုင်လုပ်ငန်းကြီးတွေက ပုဂ္ဂိုလ်တွေ၊ ဘဏ်လုပ်ငန်းအတွေ့အကြုံရှိသူတွေ) ပါဝင်သင့်ပါတယ်။ ဒါ့အပြင် လူမှုအသိုင်းအဝိုင်းမှာ ရိုးသားဖြောင့်မတ်မှု၊ တရားမျှတမှုနဲ့ ပတ်သက်ပြီး နာမည်ကောင်းရှိတဲ့၊ အများက လေးစားယုံကြည်ရတဲ့ ပုဂ္ဂိုလ်တွေလည်း ပါဝင်သင့်ပါတယ်။

👉 ငွေကြေးထိန်းချုပ်မှုနှင့် စာရင်းစစ်ဆေးခွင့်။ အဖွဲ့အစည်းရဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေအတွက် တာဝန်ရှိသူတွေ (ဥပမာ - CEO၊ Founder၊ စီမံခန့်ခွဲမှုအဖွဲ့) က ငွေကို ကိုင်တွယ်သုံးစွဲခွင့် ရှိမှာဖြစ်ပေမယ့်၊ ဒါရိုက်တာအဖွဲ့မှာ အဖွဲ့အစည်းရဲ့ စာရင်းစာအုပ်အားလုံးကို အချိန်မရွေး တောင်းယူကြည့်ရှုခွင့်၊ စစ်ဆေးခွင့် အပြည့်အဝရှိရပါမယ်။

👉 ပြင်ပစာရင်းစစ်အဖွဲ့။ လိုအပ်လာရင် ဒါရိုက်တာအဖွဲ့ကနေ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ ဘက်မလိုက်တဲ့ "ပြင်ပစာရင်းစစ်အဖွဲ့" (Independent External Audit Team) ကို ခေါ်ယူပြီး အဖွဲ့အစည်းရဲ့ ဘဏ္ဍာရေးရှင်းတမ်းတွေ၊ စာရင်းအင်းတွေကို အသေးစိတ်စစ်ဆေးခိုင်းနိုင်တဲ့ အခွင့်အာဏာ ရှိရပါမယ်။ အဖွဲ့အစည်းရဲ့ အတွင်းစာရင်းကိုင်အဖွဲ့ (Internal Accounting Team) ဟာ ဒီပြင်ပစာရင်းစစ်အဖွဲ့နဲ့ အပြည့်အဝ ပူးပေါင်းဆောင်ရွက်ရပါမယ်။ အရေးကြီးဆုံးကတော့ ဒီပြင်ပစာရင်းစစ်အဖွဲ့ဟာ အဖွဲ့အစည်းရဲ့ CEO တို့၊ တည်ထောင်သူတို့ဆီကို တိုက်ရိုက်အစီရင်ခံရမှာမဟုတ်ဘဲ၊ ဒါရိုက်တာအဖွဲ့ဆီကိုသာ တိုက်ရိုက်အစီရင်ခံရမှာ ဖြစ်ပါတယ်။ ဒီလိုလုပ်မှ စာရင်းစစ်ဆေးမှုဟာ သမာသမတ်ကျပြီး ဘက်လိုက်မှုကင်းမှာ ဖြစ်ပါတယ်။ ဒီလို စာရင်းစစ်ဆေးမှုကို သုံးလတစ်ကြိမ်ဖြစ်ဖြစ်၊ ခြောက်လတစ်ကြိမ်ဖြစ်ဖြစ်၊ အနည်းဆုံးတော့ တစ်နှစ်တစ်ခါ ပုံမှန်ပြုလုပ်သင့်ပါတယ်။

✅ ၃။ အလှူရှင်ကြီးများသို့ ဘဏ္ဍာရေးရှင်းတမ်းများ ပြန်လည်တင်ပြခြင်း
ပွင့်လင်းမြင်သာမှုရဲ့ အရေးကြီးတဲ့အစိတ်အပိုင်းတစ်ခုကတော့ အလှူရှင်တွေကို သူတို့ရဲ့စေတနာငွေတွေ ဘယ်လိုအသုံးချခံရတယ်ဆိုတာ ပြန်လည်ရှင်းလင်းတင်ပြတာပါပဲ။

👉 ဘယ်သူတွေကို အဓိကထားတင်ပြမလဲ? "သုံးလတစ်ကြိမ် အတိုင်းအတာဖြစ်စေ၊ တစ်နှစ်တစ်ခါဖြစ်စေ လှူဒါန်းတဲ့သူတွေကို စာရင်းစာအုပ်တွေ ပြန်ပြရပါမယ်။" ဆိုပေမယ့် "လှူဒါန်းတဲ့သူတိုင်းကို ပြစရာမလိုပါဘူး။ Privacy ကိစ္စ၊ အများကိုချပြလို့မရတဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေ ရှိနိုင်ပါတယ်။ လူတိုင်းကိုလိုက်ပြနေရတာလည်း အလုပ်ရှုပ်ပါတယ်။" ဒါကြောင့် လက်တွေ့ကျတဲ့နည်းလမ်းကတော့ "ငွေအများဆုံးလှူတဲ့သူတွေ၊ ဥပမာ - လှူဒါန်းသူ စုစုပေါင်းရဲ့ ထိပ်တန်း ၁၀% သို့မဟုတ် သတ်မှတ်ထားတဲ့ ငွေပမာဏထက် ပိုမိုလှူဒါန်းသူတွေကို အသေးစိတ် ဘဏ္ဍာရေးအစီရင်ခံစာတွေ တင်ပြသင့်ပါတယ်။"

👉 ဘာကြောင့်တင်ပြသင့်သလဲ? "နည်းနည်းပါးပါးပဲ တစ်ခါတစ်လေ လှူတဲ့သူတွေကိုတော့ အသေးစိတ်ပြနေစရာ မလိုလောက်ပါဘူး။" သူတို့အတွက်ကတော့ အဖွဲ့အစည်းရဲ့ ယေဘုယျ နှစ်ပတ်လည်အစီရင်ခံစာလိုမျိုးမှာ အကျဉ်းချုပ် ဖော်ပြပေးနိုင်ပါတယ်။ အဓိကကတော့ "ပိုက်ဆံလှူတဲ့သူတွေကို တကယ်ပဲ ဒီငွေက ဒီနေရာ၊ ဒီနေရာမှာ သုံးနေကြောင်း ပြရပါ့မယ်။" ဒါဟာ အလှူရှင်တွေရဲ့ ယုံကြည်မှုကို တည်ဆောက်ရာရောက်သလို၊ နောက်ထပ်လှူဒါန်းမှုတွေအတွက်လည်း အားပေးရာရောက်ပါတယ်။

👉 အလှူရှင်တွေရဲ့ နားလည်နိုင်စွမ်း။ "ငွေအများကြီးလှူနိုင်တဲ့သူအများစုဟာ သူတို့ကိုယ်တိုင် စီးပွားရေးလုပ်ငန်းရှင်တွေ၊ စာရင်းအင်းနဲ့ နေ့စဉ်ထိတွေ့ဆက်ဆံနေရသူတွေ ဖြစ်နိုင်တာကြောင့် အခြေခံစာရင်းအင်း ဗဟုသုတ ရှိပြီးသားပါ။ နောက်ဆုံး သူတို့ကိုယ်တိုင် နားမလည်ရင်တောင် သူတို့ရဲ့ ကိုယ်ပိုင်စာရင်းကိုင်တွေ၊ ဘဏ္ဍာရေးအတိုင်ပင်ခံတွေကို မေးမြန်းတိုင်ပင်လို့ ရပါတယ်။"

ဒါကြောင့် သူတို့ကို စာရင်းဇယားတွေ၊ ဘဏ္ဍာရေးအစီရင်ခံစာတွေ ပြရမှာ ဝန်မလေးသင့်ပါဘူး။ ဒီလိုပြခြင်းအားဖြင့် သူတို့အနေနဲ့ အလှူငွေတွေဟာ တကယ်လိုအပ်တဲ့သူတွေဆီကို ရောက်မရောက်၊ ဘယ်နေရာမှာ ဘယ်လိုအချိုးအစားနဲ့ သုံးစွဲနေတယ်ဆိုတာကို အလွယ်တကူ သုံးသပ်အကဲဖြတ်နိုင်မှာပါ။ ဒါဟာ စာရင်းအင်းပညာရဲ့ အခြေခံကျတဲ့ ပွင့်လင်းမြင်သာမှုဖြစ်ပြီး လူတိုင်းသိမြင်နိုင်ခွင့်ရှိတဲ့ အချက်လည်း ဖြစ်ပါတယ်။

ဘာကြောင့် ဒီအချက်တွေကို ဒီလောက်အထိ အရေးတကြီး ပြောနေရတာလဲ?

"ဒါကလူတွေရဲ့ ပိုက်ဆံတွေပါ။ ပိုက်ဆံရှာရတာ မလွယ်ပါဘူး။" ဟုတ်ပါတယ်။ "ပိုက်ဆံနည်းနည်းပဲရှာနိုင်တဲ့သူတွေက သူတို့ရဲ့ ကာယအင်အား၊ အချိန်တွေကို အများကြီး ပေးဆပ်ပြီးမှ ဒီငွေလေးကို စုဆောင်းလှူဒါန်းကြတာပါ။" "ပိုက်ဆံများများရှာနိုင်တဲ့သူတွေကလည်း သူတို့ရဲ့ ဉာဏအင်အား၊ ဦးနှောက်ကို အများကြီးသုံးရပါတယ်။ ဒီငွေကိုရဖို့ သူတို့လည်း တခြားသူတွေလိုပဲ ကာယအား၊ အချိန်အားတွေ မနည်းမနော ရင်းနှီးမြှုပ်နှံထားရတာပါ။"
လူတိုင်းလူတိုင်း လှူဒါန်းတဲ့အခါမှာ ဆုတောင်းမိကြတဲ့ ဆန္ဒနှစ်ခု အနည်းဆုံးရှိကြမှာပါ။

✅ "ငါလှူလိုက်တဲ့အလှူဟာ တကယ်လိုအပ်နေတဲ့သူတွေဆီကို ရောက်ပါစေ။"
✅ "အဲ့ဒီအလှူငွေကိုရပြီး သူတို့ရဲ့ အခက်အခဲတွေ တကယ်ပဲ ပြေလည်သွားပါစေ။"

ဒီစေတနာတွေ၊ ဒီဆန္ဒတွေ မှန်မှန်ကန်ကန် ပြည့်ဝဖို့အတွက် ကျွန်တော်တို့ လှူတဲ့နေရာမှာ ပွင့်လင်းမြင်သာမှု၊ တာဝန်ခံမှု၊ တာဝန်ယူမှု ရှိတဲ့ အဖွဲ့အစည်းတွေကို ရွေးချယ်လှူဒါန်းဖို့ လိုအပ်သလို၊ အလှူခံအဖွဲ့အစည်းတွေဘက်ကလည်း ဒီအချက်တွေကို အလေးထားလိုက်နာဖို့ အရေးကြီးပါတယ်။ ဒါမှ ကျွန်တော်တို့ မြန်မာ့ဒါနအစဉ်အလာဟာ ပိုပြီး သန့်စင်မြင့်မြတ်ပြီး၊ လှူတဲ့သူရော အလှူခံတဲ့သူရော နှစ်ဦးနှစ်ဖက် စိတ်ချမ်းသာမှုအပြည့်နဲ့ ကုသိုလ်တရားတွေ တိုးပွားနေမှာ ဖြစ်ပါတယ် ခင်ဗျာ။
အားလုံးပဲ စေတနာမှန်ကန်စွာနဲ့ ဒါနပြုနိုင်ကြပါစေ။

အမြင်မျှဝေသူ - Kyaw Tun

Sunday, April 20, 2025

မားကက်တင်းသမားများ နဲ့ ဈေးကွက်တွင်း စိန်ခေါ်မှုများ




မားကက်တင်းသမားတွေ ဆိုတာ မိမိကုမ္ပဏီရဲ့ ကုန်ပစ္စည်း အမှတ်တံဆိပ်တွေကို စားသုံးသူ/ သုံးစွဲသူ တွေကြားမှာ လူသိများရေပန်းစားပြီး ‌အရောင်းသွက်အောင် ဆောင်ရွက်ပေးရတဲ့ တာဝန်ရှိကြသူတွေ ဖြစ်ပါတယ်။ ဒါထက်မက မိမိ ကုန်ပစ္စည်း အမှတ်တံဆိပ်ကို အစဉ်တစိုက်အားပေး ဝယ်ယူသုံးစွဲနေသူတွေက အခြားကုန်ပစ္စည်း အမှတ်တံဆိပ်ကို ပြောင်းလဲ သုံးမသွားအောင်၊ အခြားကုန်ပစ္စည်း အမှတ်တံဆိပ်သုံးစွဲသူတွေ မိမိ ကိုပြောင်းလဲ သုံး စွဲသွားချင်လာအောင်၊ မိမိ အမှတ်တံဆိပ် အပေါ် သစ္စာရှိတဲ့ စားသုံးသူ/ သုံးစွဲသူ များသထက်များ လာအောင် ဆွဲ ဆောင်စည်းရုံးရသူတွေလည်း ဖြစ်ပါတယ်။ 


သို့သော်လည်း ဒီ သဘောတရား ကို မားကက်တင်းသမားတွေ အားလုံးက ကိုင်စွဲ လုပ်ဆောင်လာ တဲ့ အခါ၊ အသုံးပြုတဲ့ နည်းစနစ်၊ ကိရိယာ စတာတွေကလည်း အားလုံးတပြေးညီသုံးစွဲလာကြတဲ့အခါ မားကက်တင်း သမား တွေကြားမှာ ဈေးကွက်တွင်း ယှဉ်ပြိုင်မှုအလွန်များလာပြီး အားလုံး လုပ်ရကိုင်ရ ကြပ်လာတဲ့ အချိန်တစ်ခု ကို ရောက်ရှိလာကြတော့ပါတယ်။ 4Ps Marketing Mix ထဲက ဘယ် P ကို အစွမ်းကုန်ပြုပြင်မွမ်းမံ ပြီး ယှဉ်ပြိုင် ရင် သူများထက်အသာရမလဲ၊ ပိုထူးခြားမလဲ လို့ ကြံကြတဲ့ အခါမှာလည်း ပညာရှိခြင်း ဉာဏ်ချင်းထပ်ကုန်တယ် လို့ ဆိုရမလောက်အောင် ထပ်တူ မရိုးစွဲ ဖြစ်ကုန်လို့ မားကက်တင်းသမားတွေမှာ အင်္ဂလိပ်လို ညည်းရရင် ဖိနပ်ကြိုး တောင် မချည်အားဘူး။ မြန်မာလို ညည်းရရင် ယားလို့‌တောင်မကုတ်အားဘူး လို့ တင်စားရမလို ဖြစ်ပြီး အကြံ အိုက်ကုန်ကြတတ်ပါတယ်။


ဆိုတော့ သင့်မားကက်တင်း လမ်းကြောင်းမှာ မိမိ ရဲ့ ပြိုင်ဖက် (Competitors) တွေ ကို ဘယ်လိုဖြတ် ကျော် အသာရအောင် လုပ်ကြမလဲဆိုတာ ကို အကြံပြုတင်ပြမှာ ဖြစ်ပါတယ်။  


၁။ "တစ်မူထူးခြားတဲ့ အရောင်းကမ်းလှမ်းမှု" (Unique Selling Proposition - USP) 


ယှဉ်ပြိုင်မှု များလွန်းတဲ့ ဈေးကွက်ထဲ မှာ မိမိရဲ့ ကုန်ပစ္စည်း အမှတ်တံဆိပ်ကဖြစ်စေ၊ မိမိ ရဲ့ ဈေးနှုန်းက ဖြစ် စေ၊ မိမိ ရဲ့ ကုန်ပစ္စည်းခင်းကျင်းမှု/ ကြော်ငြာတင်ဆက်မှု ကဖြစ်စေ၊ အရောင်းမြှင့်တင်ရေး ဆောင်ရွက်မှု/ ကမ်းလှမ်းမှု တွေကဖြစ်စေ၊ သူများ နဲ့ မရိုးရင်းစွဲ ဖြစ်နေရင် စားသုံးသူ/ သုံးစွဲသူတွေ ရွေးချယ် ဝယ်ယူသုံးစွဲတဲ့ ကုန် ပစ္စည်း အမှတ်တံဆိပ် ဖြစ်လာမှာ မဟုတ်ပါဘူး။ မရှိသုံးလေး နေရာ ရရင်တောင် တော်လှပြီ ဆိုတဲ့ အနေ အထား ကို ရောက်သွားမှာပါ။ ဒီတော့ မိမိ မှာ သူများထက် သာတဲ့ (မိမိရည်စူး စားသုံးသူ/ သုံးစွဲသူ ကို စွဲ‌ဆောင်မှု ပိုမိုအား ကောင်းတဲ့) Unique Selling Proposition – USP ဘာရှိသလဲ၊ ဒါမှ မဟုတ် ရှိလာအောင်ဘယ်လို လုပ်မလဲ ဆို တာကို အရင်ဆုံးဖော်ထုတ် ဖို့ လိုပါတယ်။ 


ဥပမာ -  အားလုံးက အရည်အသွေးနဲ့ ဆွဲဆောင်ဖို့ကြိုးစားနေတဲ့အချိန်မှာ (အပြိုင်ကြိုးစား ကြရင်း အရည် အသွေးကလည်း တစ်ခုနဲ့ တစ်ခု ပြောပလောက်အောင် မကွာခြားတော့ပါဘူး)  သင်က **"ဈေးနှုန်းချိုသာမှု + အချိန်မီပို့ဆောင်မှု"** ကို ဦးစားပေးဖို့ ဆောင်ရွက်သင့်ပါတယ်။


- ဒါမှမဟုတ် တတ်ဆင်မှု အခမဲ့။ ရာသက်ပန် ပြင်ဆင်လက်ခ အခမဲ့။ စတာတွေနဲ့ တမူထူးခြားအောင် ဆွဲဆောင်စည်းရုံးရမှာ ဖြစ်ပါတယ်။ 


အရေးကြီးဆုံးအချက်ကတော့ ** သင်ရဲ့ USP ကို လူတွေ သိအောင် (Awareness) ဖြစ်ပါစေ။ Facebook Ad, Facebook Reel, YouTube Shorts, TikTok,  Website Banner—စားသုံးသူ/ သုံးစွဲသူတွေ အသုံးများတဲ့ Web အွန်လိုင်းပလက်ဖောင်း ဘယ်နေရာမှာမဆို မြင်အောင်လုပ်ပါ။ Unique Selling Proposition – USP မိမိ ကို ဝယ်ယူချင် အောင်စွဲဆောင်တဲ့ အချက်ကို ထပ်ခါထပ်ခါ မြင်စေ ကြားပါစေ။


၂။ "ဖောက်သည်တွေ နဲ့ ဆက်ဆံရေး ကောင်းပါစေ... ဒါမှ သူတို့က သင့်ကိုချစ်မှာ" 


ဈေးကွက်ထဲမှာ ယှဉ်ပြိုင်မှုများတဲ့အခါ **Customer Relationship**လို့ပြောကြတဲ့ ဖောက်သည်တွေနဲ့ ပေါင်းသင်း ဆက်ဆံရေးကောင်းဖို့ က အရမ်းအရေးကြီးပါတယ်။ သင်ရဲ့ ဖောက်သည်တစ်ယောက်ကို သေချာဂရု စိုက်ရင် သူက နောက်ထပ် ၁၀ ယောက်ကို သင့်ဆီပို့ပေးလိမ့်မယ်။ ဆိုတော့ ဒီအချက်ဖြစ်ပေါ်အောင် ဘယ်လို လုပ်ရမလဲ  


- **Personalized Service:** ဖောက်သည်တွေရဲ့ အကြိုက်ကို မှတ်ထားပြီး "ချစ်သောတို့ရေ... မိတ်ဆွေတို့ စိတ် ကြိုက်ဖြစ်မယ့် ပစ္စည်း အသစ်လေးတစ်ခု ရောက်ရှိလာပါပြီနော်" ဆိုတဲ့ Message ကို တစ်ဦးချင်းစီ ပို့ပေးတာမျိုး ဆောင်ရွက်ပါ။  


- **Loyalty Program:** "၅ ကြိမ်ဝယ်ရင် ၁ ကြိမ်အခမဲ့ ဒါမှမဟုတ် ၁၀ ရာခိုင်နှုန်း လျော့ဈေး" ဆိုတဲ့ သစ္စာရှိ ဖောက်သည် စည်းရုံးရေး ဆောင်ရွက်ချက် လုပ်ဆောင်ပါ။  


၃။ "အွန်လိုင်းမှာ သင့်ကိုဘယ်သူမှ မမြင်ရင် သင်မရှိသလိုပဲ" ဆိုတဲ့ စကားကို အမြဲတမ်း သတိရလိုက်နာပါ။  


ဒီခေတ်မှာ အွန်လိုင်းမားကက်တင်း လို့ သိကြတဲ့ Digital Marketing မလုပ်ဘူးဆိုရင် သင်က ဈေးကွက် ထဲ မှာ ကိုယ်ပျောက်ဝိဇ္ဇာ "Invisible Man"** ဖြစ်သွားပါလိမ့်မယ်။ ခေတ်ရေစီးက အွန်လိုင်းနည်းပညာ တွေနဲ့ အရှိန်အဟုန်ပြင်းပြင်း စီးဆင်းနေတဲ့ ယခုကာလမှာ သင်က ရေစီးနောက်မလိုက်ဘူး ဆိုရင် ကျောက်ခေတ်မှာ ပြတ်ကျန်ခဲ့မယ် ဆိုတာ အမြဲ သတိထားနေပါ။ အွန်လိုင်း ဒစ်ဂျစ်တယ် မားကက်တင်းမှာ သင်က လိုက်ပါနေတယ် ဆိုရင်တောင်မှ တစ်တော့ပေါ်ရင် တစ်တော့။ Threads@ ပေါ်ရင် ဿရက် ချက်ခြင်းလိုက်လုပ်နိုင်မှ၊ trendy ဖြစ်မှ တော်ကာကျမယ် ဆိုတာ အမြဲသတိရှိ မျက်ခြေမပြတ်ဖို့ လိုပါတယ်။ 


 အဲ့ဒီတော့ အွန်လိုင်း မားကက်တင်း လုပ်ဆောင်တဲ့အခါ-  


Search Engine Optimizing (SEO) လို့ခေါ်တဲ့ Browser ထဲမှာ ကုန်ပစ္စည်း အမှတ်တံဆိပ် နဲ့ ပတ်သက် တဲ့ Keyword အချက်အလက်နည်းနည်း ထည့်ပြီး ရိုက်ရှာတဲ့ အခါ (ဥပမာ - မိမိ က မားကက်တင်း အကြံပေး လုပ် တယ် ဆိုပါတော့ “အကြံပေး” ဒါမှမဟုတ် “မားကက်တင်း” လို့ အစပျိုး စာလုံးရိုက်ထည့်လိုက်တာနဲ့ မိမိ အကြံပေး အေဂျင်စီရဲ့ နာမည်က ထိပ်ဆုံးက တက်လာအောင် လုပ်ထားရမှာ ဖြစ်ပါတယ်။ မားကက်တင်း အကြံပေးရှာတိုင်း ရှာတိုင်း မိမိ ရဲ့ နာမည်၊ အေဂျင်စီရဲ့နာမည် ထိပ်ဆုံးက တက်လာမယ် ဆိုရင် သတိထားမိလွယ်ပြီး၊ စားသုံးသူ/ သုံး စွဲသူတို့ရဲ့ ယုံကြည်ရင်းနှီးမှု ကို ရရှိပြီး ဖြစ်လာစေနိုင်ပါတယ်။ 


         Content Marketing နည်းစနစ်ကို သုံးပါ - မိမိ ကုန်ပစ္စည်းသက်သက် ကို တိုက်ရိုက်ကြော်ငြာ တာမျိုး မဟုတ်ဘဲ ဆက်စပ်တဲ့ ဗဟုသုတ အသိပညာပေး ဗီဒီယို အတိုလေးတွေ နဲ့ ဆွဲဆောင်ကြော်ငြာ တာမျိုး Content Marketing Technic ကို အသုံးပြုပါ။ 


လူမှုကွန်ယက်ကတစ်ဆင့် ပရိသတ်နဲ့ထိတွေ့မှု များများ ရအောင်လုပ်ပါ (Social Media Engagement)- Facebook, TikTok မှာ မကြာခဏ Live ဖွင့် ပြီး သတင်းစကားပြောတာမျိုး၊ မိမိကုန်ပစ္စည်း အမှတ်တံဆိပ်နဲ့ ပတ် သက်ပြီး ပရိသတ်သိချင်သမျှကို အမေးအဖြေကဏ္ဍ (Q&A) လုပ်ပြီး ပြောပြဖြေဆိုတာမျိုး ၊ ဖောက်သည်တွေရဲ့ Comment တွေကို ချက်ခြင်းပြန်ဖြေပေးတာမျိုး လုပ်ပြီး မိမိ ကုမ္ပဏီ၊ ကုန်ပစ္စည်း အမှတ်တံဆိပ် နဲ့ ပတ်သက်ပြီး Awareness & Engagement ထိတွေ့ဆက်ဆံမှု/ အသိအမြင် တိုးပွားလာအောင် ဆောင်ရွက်ပါ။ 

 

၄။ "သူများထက် ပိုမြန်မှ အနိုင်ရမယ်" 


ဈေးကွက်ထဲမှာ လက်သွက်ခြေသွက် (နုတ်သွက်) ရှိဖို့ ကလည်း ယှဉ်ပြိုင်နိုင်ခွင့် (Competitive Advantage) တစ်ခုဖြစ်တယ်။  Trend ပြောင်းတိုင်း အသစ်လုပ်တိုင်း မိမိက ရှေ့ဆုံးက ဦးဆောင်နေနိုင်ရင် ပရိသတ်က ကိုယ့်အပေါ်မှာ အာရုံစိုက်မှု နှစ်သက်သဘောကျ ရွေးချယ်မှု ပိုများလာမှာ ဖြစ်ပါတယ်။


- အမြန်ဆုံးဝန်ဆောင်မှု :- ဥပမာ... ဖောက်သည်က "ဒီနေ့ညနေမှာ လိုချင်တယ်" ဆိုရင် သင်က Same-Day Delivery ပေးနိုင်ရင် သူများထက် သာတယ်။  


- အပြောင်းအလဲနောက် အမြန်လိုက်ရွှေ့ပါ :- Hot ဖြစ်တဲ့ လူမှုကွန်ယက်မှာ ပေါ်ပင်တစ်ခု ခေတ်ထပြီ ဆိုတာနဲ့ ၂၄ နာရီအတွင်း သင်ရဲ့  အမှတ်တံဆိပ်နဲ့ လိုက်လုပ်နိုင်အောင် အသင့်ရှိပါစေ။  တစ်ထပ်တည်း ပုံတူကူးချတာမျိုး တော့ မဖြစ်ပါစေနဲ့၊ လိုင်းတူ မှာ ကိုယ်က ပိုသာ ပိုဆန်းသစ်တဲ့ အိုင်ဒီယာ နဲ့ ဖြစ်ပါစေ။


၅။ "အရှုံးထဲက သင်ခန်းစာယူပါ.... အတုယူပါ၊ ဒါပေမယ့် နောက်လိုက် (Copycat) မဖြစ်ပါစေနဲ့"  

ပြိုင်ဘက်တွေကို လေ့လာပါ၊ သူတို့ရဲ့ အောင်မြင်မှု ကျရှုံးမှုတွေကို လေ့လာ သင်ခန်းစာယူပါ။ သူတို့ဘာ လို့ အောင်မြင်နေတာလဲဆိုတာ စိစစ်သုံးသပ်ပြီး သင့်ကိုယ်ပိုင်ဟန် Version နဲ့ ပိုကောင်းအောင်လုပ်ပါ။  


၆။ "ငွေကုန်သက်သာပြီး ထိရောက် အောင်လုပ်ပါ  


ငွေများများ သုံးတိုင်း ဒါမှမဟုတ် ငွေများများသုံးမှ အောင်မြင်တာမဟုတ်ပါ။ ကုန်ကျစာရိတ် နည်းနည်း နဲ့ ဘယ်လို လူသိများ အောင်မြင်အောင်လုပ်နိုင်သလဲ ဆိုတာ ကြည့်လိုက်ကြရအောင်ပါ။  


- လူမှုကွန်ယက် မျက်နှာဖုံးတွေ (Social Influencer) တွေရဲ့ပူးပေါင်းဆောင်ရွက်မှုကို ရယူပါ။ လူမှုကွန် ရက် မှာ လိုက်ပါကြည့်ရှူသူ (Followers) အနည်းဆုံး အယောက် တစ်သောင်း ရှိသူတွေနဲ့အလုပ်လုပ်ပါ။ သူတို့က မျက်နှာဖုံး သြဇာအတန်အသင့်ရှိသူတွေဖြစ်လို့ သူတို့ထောက်ခံတဲ့ ကုန်ပစ္စည်း အမှတ်တံဆိပ်ကို စားသုံးသူ/ သုံးစွဲ သူတွေက အလွယ်တကူ ယုံကြည်လက်ခံကြပါတယ်။  


- မိတ်ဆက် ဖိတ်ခေါ်ပေး ခြင်း အစီအစဉ် (Referral Program): လက်ရှိ ဖောက်သည်တစ်ဦးက သူ့ရဲ့ သူ ငယ်ချင်းတစ်ယောက်ကိုညွှန်းရင် ၁၀% Discount ပေးမယ် ဆိုတာမျိုး၊ မိတ်ဆက်ဖိတ်ခေါ်လိုက်တဲ့ သူငယ်ချင်းက ကုန်ပစ္စည်း အမှတ်တံဆိပ်ကို ဝယ်ယူသုံးစွဲရင်  ပွိုင့် ၁၀၀ ပေးပြီး ပွိုင့် ၁၀၀၀ ရရင် နောက်ထပ် ၁၀ရာခိုင်နှုန်း ဈေး လျော့ပေးတဲ့ အစီအစဉ်မျိုး  စတဲ့ အစီအစဉ် ဆောင်ရွက်ပါ။  


၇။ "စိတ်ရှည်ပါ... ဘယ်သူမှ နေ့တွင်းချင်း မအောင်မြင်ပါဘူး"**  


အောင်မြင်တဲ့ ကုန်ပစ္စည်း အမှတ်တံဆိပ်တိုင်းက နှစ်ရှည်လများ တစိုက်မတ်မတ် ဇွဲကောင်းကောင်းနဲ့ လုပ်ကိုင် ဆောင်ရွက်ပြီးမှ အောင်မြင်ခဲ့ကြရတာပါ။ ဒီနေ့ Post တင်ပြီး၊ ဘာမှ ထူးခြားမလာလို့ မနက်ဖြန် စိတ် မပျက်ပါနဲ့ဦး။ သင်လုပ်ရမှာက သင့် မားကက်တင်း ကြိုးပမ်းဆောင်ရွက်ချက် ကို နေ့စဉ် တိုးတက်အောင် တီထွင် ကြံဆ လုပ်ကိုင် နေရမှာ ဖြစ်ပါတယ်။  


ဈေးကွက်ယှဉ်ပြိုင်မှုဆိုတာ လမ်းပိတ်နေတာမဟုတ်ဘူး... သင့်အတွက် **အခွင့်အလမ်းတစ်ခု** ဖွင့်ပေး ထားတာပဲ လို့ ခံယူရပါမယ်။ သင့်မှာ တမူထူးခြားတဲ့ အရောင်းကမ်းလှမ်းမှု" (Unique Selling Proposition - USP ရှိရမယ်၊ ဖောက်သည်တွေနဲ့ စစ်မှန်တဲ့ ပေါင်းသင်းဆက်ဆံရေး (Good Customer Relationship) ရှိရမယ်၊ အွန်လိုင်း မားကက်တင်း နည်းပညာကိုအသုံးချရမယ်၊ ဒါဆိုရင် ဈေးကွက်တွင်း ပြင်းထန်တဲ့ ယှဉ်ပြိုင်မှုတွေက သင့်ရဲ့ တိုးတက်မှု အခွင့်အလမ်း သစ် ဖြစ်လာပါလိမ့်မယ်။ အရေးကြီးတဲ့ တစ်ခုက - ဘယ်လောက်ခက်ခဲပါစေ “ငါမဖြစ်နိုင်ဘူး" ဆိုတဲ့စကားကို ဘယ်တော့မှမပြောနဲ့။ လိုလျင်ကြံဆ နည်းလမ်းရ ဆိုတဲ့ စကားလို ကိုယ်က ကြံဆ နေဖို့၊ ‌လေ့လာသင်ယူနေဖို့၊ တိုးတက်အောင်မြင်ချင်စိတ်ဆန္ဒ ရှိဖို့ သာလိုတာပါ။   


အပေါ်ကတင်ပြခဲ့တဲ့ နည်းစနစ် ၇ ချက်ကို အခြေခံပြီး သင်ရဲ့ မားကက်တင်း ဗျူဟာတွေ ကို တမူထူးခြား အောင် တည်ဆောက်ဖန်တီး လိုက်ပါ။ အောင်မြင်မှုက သင့်ဆီကို လာပါလိမ့်မယ်။  


        နောက်ထပ်မှာ ကြားချင်တာ မားကက်တင်း လုပ်ဆောင်ရာမှာ မိမိ ကုန်ပစ္စည်းအမှတ်တံဆိပ် ရောင်းချဖို့ သာ အားစိုက်ရမှာ မဟုတ်ပါ။ အရည်အသွေးကောင်းခြင်း၊ ဈေးနှုန်းသင့်မျှခြင်း (ပေးရတဲ့ ဈေးနဲ့ ရတဲ့ တန်ဖိုး ထိုက် တန်ခြင်း) ဟာ ရောင်းကောင်းဖို့ အတွက် အရေးပါတဲ့ အချက်ဖြစ်တာ မှန်ပေမယ့် ခေတ်ကာလ ရေစီးကြောင်းအရ ပစ္စည်းထက် တန်ဖိုးကို ရရှိစေခြင်း၊ အကျိုးကျေးဇူးကိုရရှိစေခြင်း၊ စိတ်ကျေနပ်ပျော်ရွှင်မှုကို ရရှိစေခြင်း တွေက ခေတ်သစ်မားကက်တင်းရဲ့ ဦးတည်ချက်တွေ ဖြစ်ပါတယ်။ နည်းစနစ်ကောင်းတွေနဲ့ ဈေးကွက်တွင်းက ပြင်းထန် တဲ့ စိန်ခေါ်မှုတွေကို ကောင်းစွာ ကျော်ဖြတ် အောင်မြင်ပြီး စားသုံးသူ/ သုံးစွဲသူတွေက နှစ်သက်မြတ်နိုး လိုလားစွာ ဝယ်ယူ အားပေးကြတဲ့ ကုန်ပစ္စည်း အမှတ်တံဆိပ်တွေကို ထုတ်လုပ် ရောင်းချသူများ ဖြစ်ကြပါစေကြောင်း ဆန္ဒပြု လိုက်ပါတယ်။ 


မေတ္တာဖြင့် - 

သက်ထွန်း (သျှမ်း)


#OpinionLeadersMedia


#Article

Wednesday, September 25, 2024

အရည်းကြီးများနဲ့ ပန်းဦးလွှတ်ခြင်း ဆိုသော

 **ရှင်အရဟံနှင့် အနော်ရထာမင်း တွေ့ဆုံခန်း၊အရည်းကြီးများနဲ့ ပန်းဦးလွှတ်ခြင်း ဆိုသော လုပ်ဇာတ်ဒဏ္ဍာရီ**




--ကျွန်တော့်အမြင်မှာ သမိုင်းနဲ့ ဒဏ္ဍာရီ ပေါင်းစပ်ပြီးတော့ ရာဇဝင်ဆိုတာ ဖြစ်လာတယ်လို့ ထင်မိပါတယ်။ ဒါပြင် ရာဇဝင်ဟောင်းတွေကို ဖြတ် ညှပ် ကပ် ပေါင်းစပ်ပြီး ရာဇဝင်အသစ်တွေလည်း ဖြစ်လာတတ်ပါတယ်။ 


အရည်းကြီးတွေနဲ့ ပန်းဦးလွှတ်ဓလေ့တွေ၊ အနော်ရထာမင်းနဲ့ ရှင်အရဟံ တွေဆုံခန်းတွေ ဆိုတဲ့ ရာဇဝင်ထည်းကအော်ပရာဆန်ဆန် ဖြစ်ရပ်ကို ကြည့်ပါ။ ရှင်အရဟံနဲ့ အနော်ရထာမင်း တို့ဟာ သမိုင်းတင် ပုဂ္ဂိုလ်တွေ ဖြစ်ပါတယ်။ အင်း ဦးကုလား ရာဇဝင်မှာ စပြီး ပါဝင်လာခဲ့တဲ့ ယင်း ပုဂ္ဂိုလ်နှစ်ဦးရဲ့ တွေ့ဆုံပုံ အရည်းကြီးနဲ့ ပန်းဦးလွှတ် စတဲ့ ရာဇဝင်ဖြစ်ရပ်ကတော့ဖြင့် ဇာတ်ညွှန်းအဟောင်းတွေကို ဖြတ် ညှပ် ကပ် ပုံပြောင်း နေရာလွှဲ ကူးယူပြီး အသစ်ဖန်တီးထားတဲ့ ရာဇဝင် ဒဏ္ဍာရီ လုပ်ဇာတ်လို့ ဆိုချင်ပါတယ်။


အမှန်တကယ် အားမနာတမ်း ပြောရရင် ဦးကုလားဟာ မဟာရာဇဝင်ကြီးထဲမှာ အကျင့်ဆိုး တာတေလံ အရည်ကြီးတွေနဲ့ ပန်းဦးလွှတ်ဓလေ့တွေကို ထိုးဇာတ်ဆင်ပြီး ရာဇဝင်ဖြစ်ရပ် ဖြစ်သယောင် ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ အဲဒီ ဖန်တီးမှုဟာ မြန်မာယဉ်ကျေးမှုရဲ့ အချက်အချာ ထေရဝါဒဗုဒ္ဓဘာသာ ကိုးကွယ် ယုံကြည်မှုနဲ့ မြန်မာလူအဖွဲ့အစည်းရဲ့ ကိုယ်ကျင့်တရား ဂုဏ်သိက္ခာတွေကို သိမ်သိမ်မွေ့မွေ့နဲ့ အဆုံးစွန် သိက္ခာချခဲ့တာ ဖြစ်ပါတယ်။


ဦးကုလားရဲ့ ပုဂံပြည်က အရည်းကြီးနဲ့ ပန်းဦးလွှတ်ဓလေ့ဟာ "" လုပ်ဇာတ် "" သာ ဖြစ်ပါတယ်။


ယင်းဇာတ်လမ်းရဲ့ အကျဉ်းချုပ် ဇာတ်ကြောင်းကတော့ 


၁-အနော်ရထာမင်း မတိုင်ခင်ကတည်းက ပုဂံပြည်မှာ ဗုဒ္ဓသာသနာ မရှိပဲ အကျင့်ပျက် အရည်းကြီး ခြောက်သောင်းသာ ကြီးစိုးတယ်။ 


၃-မင်း မှူး မတ်ကအစ ပြည်သူတွေဟာ သား သမီးတွေကို မထိမ်းမြားမီ အရည်းကြီးတွေဆီ ပန်းဦးလွှတ်ဖို့ တစ်ညတာ ပို့ပြီးမှ ထိမ်းမြားရတယ်။


၄-ပုဂံမှာ ဘုရားသာသနာ မထွန်းကားလို့  ရှင်အရဟံဟာ ပုဂံပြည်ကို ကြွလာတယ်။ တောတစ်နေရာမှာ သီတင်းသုံးနေတုန်း မုဆိုးတစ်ဦးက တွေ့ပြီး နန်းတော်ကို ခေါ်လာတယ်။


၅-နန်းတော်ရောက်တဲ့ အခါ အနော်ရထာမင်းက သင့်လျော်ရာနေရာမှာ နေထိုင်ပါလို့ ဆိုတဲ့ အခါ နန်းပလ္လင်ပေါ်မှာ ရှင်အရဟံက ထိုင်တော်မူတယ်။ မင်းကြီးက ရှင်အရဟံရဲ့ အမျိုးအနွယ်ကို မေးလျှောက်တဲ့အခါ ဘုရားသားတော်လို့ ဖြေတော်မူတယ်။ တရားတောင်းတဲ့ အခါမှာ နိဂြောဓသာမဏေက အသောကမင်းကြီးကို ဟောကြားတော်မူခဲ့တဲ့ အပ္ပမာဒ စတဲ့ တရားတော်တွေကို ဟောတော်မူတယ်။ အဲဒီနေ့ကစပြီး အနော်ရထာမင်းဟာ ဘုရားသာသနာမှာ ယုံကြည်သက်ဝင်ခဲ့တယ်။ အရည်းကြီး ခြောက်သောင်းကို အဝတ်လဲစေတယ်၊ လို့ ဖြစ်ပါတယ်။


ဦးကုလားဟာ မဟာရာဇဝင်ကြီးကို ပြုစုတော့ ဗုဒ္ဓကျမ်းဂန်တွေ သီဟိုဠ်ရာဇဝင်၊ ဇမ္ဗူကွန်ချာ၊ သထုံရာဇဝင် အပါအဝင် ကျမ်းပေါင်း ခုနှစ်ဆယ်ကျော်ကို ကိုးကားခဲ့ပါတယ်။ ရှင်အရဟံနဲ့ အနော်ရထာမင်း တွေ့ဆုံခန်း ဖြစ်ရပ်ကို ဦးကုလားဟာ သီဟိုဠ်ရာဇဝင် ဒီပဝံသကျမ်းလာ အသောကမင်းကြီးနဲ့ နိဂြောဓသာမဏေ တွေ့ဆုံခန်း၊ သထုံရာဇဝင်လာ သထုံပြည်က ပြေးလာတဲ့ သာမဏေငယ်နဲ့ အနော်ရထာ တွေ့ဆုံပုံ၊ ဇမ္ဗူကွန်ချာကျမ်းမှာပါတဲ့ ရှင်အရဟံနဲ့ အနော်ရထာမင်းတို့  သာသနာဖွင့်ဖြိုးရေး လုပ်ဆောင်ချက်တွေကို နမူနာယူ ပေါင်းစပ် ညှိနှိုင်းပြီး ဖန်တီးထားတဲ့ သမိုင်းဒဏ္ဍာရီသာ ဖြစ်ပါလိမ့်မယ်။


ဒီသမိုင်းဒဏ္ဍာရီရဲ့ အဓိကဇာတ်ကွက် main scenario သည်ကား သမိုင်းတင် အနော်ရထာမင်းရဲ့ ကြီးကျယ်သော သမိုင်းဝင် သာသနာပြုခြင်းလုပ်ငန်းကို ဖော်ပြတာ ဖြစ်ဟန် ပုံဖော်ထားပါတယ်။ သို့ပေမဲ့ အနော်ရထာခေတ် အစောပိုင်းနဲ့ အနော်ရထာ မတိုင်မီ မင်းတွေလက်ထက်မှာ "


* ဇမ္ဗူကွန်ချာကျမ်းမှာ ပါဝင်တာကတော့ 

" မြတ်စွာဘုရား သာသနာတော် ထောင့်ခြောက်ရာ ခြောက်နှစ် ဖြစ်လေသောအခါဝယ် အရိမဒ္ဒနာ ပေါက္ကာရာမ မည်သော တမ္ပဒေသ၌ 

အနော်ရထာမင်းမြတ်သည် အရဟံ မည်ရှိသော ဆရာတော်နှင့်တကွ သာသနာတော်သုံးပါး အစီးအပွားကို ပြုတော်မူ၏" လို့ ဖြစ်ပါတယ်။


*** ဒီပဝံသကျမ်း ခရစ်နှစ် ၃ရာစုရေး မှာက

အသောကမင်းဟာ ဘိသိတ်ခံပြီး သုံးနှစ်ကြာအထိ မိစ္ဆာဒိဌိ ပါသဏ္ဍအယူကို ယူခဲ့ပြီး၊ နိဂြောဓသာမဏေနဲ့ တွေ့ဆုံ၍ အပ္ပမာဒ ဒေသနာ နာကြားရပြီးနောက်မှာမှ ဗုဒ္ဓသာသနာမှာ သက်ဝင်ယုံကြည်တယ်၊ ဗုဒ္ဓဘာသာ ခံယူပြီးတဲ့အခါမှာ တိတ္ထိခြောက်သောင်းနဲ့ အဆက်ဖြတ်ပြီး ဗုဒ္ဓရဟန်းတော် ခြောက်သောင်းကို ဆည်းကပ်တယ်လို့ ပါရှိပါတယ်။


** သထုံရာဇဝင်မှာ ပါရှိတာက


( မနူဟာ)မင်းသည်။ ဘုန်းအာဏာနိမ့်လျက်။ ကျေးလက်ရွာ ပြည်၊ မုတမ်းတ ထူထပ်၍၊ အငတ်အမွတ်ကြီးပေလျှင် အရိယာသံဃာတော်တို့လည်းလွင့်ပြားလေ၍၊ တပါးသော၊ "သာမ​ဏေ"မှာ အရိမဒ္ဒနပုရပုဂံ မြို့၏၊ နယ်ပယ်သို့ရောက်သဖြင့်၊မုဆိုး တစ်ယောက်ကတွေ့လေ၍။ထိုသာမဏေအား ၊ပုဂံနန်း(အနုရုဒ္ဓဒေဝ) မင်းသို့ဆက်လေသည်။ထိုမင်းသည်လည်း။ရတနာသုံးပါး၌ အ ထူးနှစ်သက်ပါသော်လည်း ပရိယတ္တိသာသနာတော်အမှန်ကို မကြားနာရသေး၍၊ အလဇ္ဇီ ရဟန်းတို့နှင့်သာ နေရလေသည်။  သာသနာတော်တည်မည့်အချိန်အခါ၌ သာမဏေလည်း ရောက်ထ၁ ၍၊အကြောင်းမျိုးစု ကိုဟောပြလေလျှင်" လို့ ပါရှိပါတယ်။ အနော်ရထာမင်းဟာ သာမဏေငယ်နဲ့ တွေ့ရှိ တရားနာရပြီးမှ ဗုဒ္ဓသာသနာမှာ သက်ဝင်ယုံကြည်တယ်လို့ ဆိုပါတယ်။ 


ဆိုတော့ကို သထုံရာဇဝင်နဲ့ ဦးကုလား ရာဇဝင် နှစ်ခုလုံးဟာ သီဟိုဠ်ရာဇဝင် ဒီပဝံသကျမ်းလာ အသောကမင်းနဲ့ နိဂြောဓသာမဏေ တွေ့ဆုံခန်း အဖြစ်အပျက်ကို ပုံစံခွဲပြီး အနော်ရထာမင်းနဲ့ ရဟန်း သို့ သာမဏေငယ်နဲ့ တွေ့ဆုံဟန် သံတူကြောင်းခွဲ ဇာတ်ကြောင်းဆင်ခဲ့ဟန် တူပါတယ်။ သထုံရာဇဝင်ဟာ အသောကမင်း ဇာတ်ရုပ်နေရာမှာ အနော်ရထာမင်းနဲ့ အစားထိုးပြီး နိဂြောဓသာမဏေ နေရာမှာ သထုံက သာမဏေငယ်နဲ့ အစားထိုးခဲ့ပုံ ရှိနေကြောင့် တွေးဆနိုင်ပါတယ်။


ဦးကုလား အနေနဲ့က သထုံရာဇဝင်နဲ့ ဒီပဝင်ပါ အကြောင်းအရာတွေကို အသွင်အသစ်နဲ့ ရောစပ်အသုံးချ ဖန်တီးခဲ့တာကို မြင်ရပါတယ်။  သထုံက လာတဲ့ သာမဏေငယ် နေရာမှာ ဇမ္ဗူကွန်ချာကျမ်းပါ ရှင်အရဟံနဲ့ အစားထိုး ပုံဖော်ပါတယ်။ သထုံကလာတဲ့ သာမဏေ တောထဲမှာ မုဆိုးနဲ့တွေ့တာကို  ရှင်အရဟံ တောတွင်းမှာ မုဆိုးနဲ့ တွေ့ကြောင်း အဖြစ် ဇာတ်ကွက်တူ ဇာတ်ရုပ်ပြောင်းခဲ့တာကို တွေ့မြင်ရပါတယ်။ တောထည်းမှာ မုဆိုးနဲ့တွေ့ပြီး နန်းတွင်ထည်း ရောက်လာတယ်။ သထုံရာဇဝင်မှာက သထုံက သာမဏေ။ ဦးကုလားမှာက ရှင်အရဟံ။ ဒါပါပဲ။ 


 ဆိုတော့ ဒီပဝင်နဲ့ သထုံ အဆက်အစပ်ကို

ဒီပဝင်                                သထုံရာဇဝင်

အသောကမင်း      သဏ္ဍာန်တူ   အနော်ရထာမင်း

နိဂြောဓသာမဏေ  သဏ္ဍာန်တူ    သထုံ သာမဏေ လို့ တွေ့ရပါတယ်။


သထုံနဲ့ ဦးကုလား အဆက်အစပ်ကို


သထုံရာဇဝင်                         ဦးကုလားရာဇဝင်

အနော်ရထာမင်း        =              အနော်ရထာမင်း

သထုံ သာမဏေ     ဇာတ်ရုပ်ပြောင်း  ရှင်အရဟံ 

လို့ တွေ့ရှိရပါတယ်။ 


ဦးကုလားရာဇဝင်ထက် အများကြီးစောတဲ့ ဇမ္ဗူကွန်ချာမှာ ရှင်အရဟံရဲ့ ဇစ်မြစ် မပါရှိပါ။ ဇမ္ဗူကွန်ချာကျမ်းဟာ ဝန်ဇင်းမင်းရာဇာပြုစုတယ်လို့ အဆိုရှိပါတယ်။ အဲဒီတော့ ဦးကုလားဟာ မ္ဗေူကွန်ချာနဲ့ သထုံရာဇဝင်ကို ကျမ်းညှိယူငင်လိုက်ပုံ ပေါ်ပါတယ်။ သူရဲ့ ရာဇဝင်ရေးပုံက ရှိနှင့်ပြီးသာ စာအဟောင်းတွေက အကြောင်းအရာတွေကို ညှိုနှိုင်း တည်းဖြတ်လပေါင်းထည့် ဖန်တီးပုံမျိုး ဖြစ်ပါတယ်။


ဦးကုလား ရာဇဝင်က အရည်းကြီးတွေနဲ့ ပန်းဦးလွှတ်ဓလေ့မှာ "သား သမီးတွေကို" မထိမ်းမြားမီ အရည်းကျောင်းကို တစ်ညပို့ရတယ်လို့ ဆိုထားတယ်။ အခုခေတ်မှာ အဲဒီ အရေးအသားကို ဘယ်လိုများ အဓိပ္ပါယ်ကောက်ယူကြသလဲ ဆိုတော့ အပျိုစင် မိန်းကလေးတွေကို အရည်းကြီးကျောင်းမှာ တစ်ညပို့ရပြီး အရည်းကြီးနဲ့ လိင်ဆက်ဆံပြီး အပျိုစင်ဘဝကို ပေးဆပ်ရတယ်လို့ ဖြစ်နေကြပါတယ်။ ဆိုတော့ သားယောက်ျားတွေကို ပို့ရတယ်အကြောင်းကရော ဘာလဲ။ 


အဲဒီ "သား သမီးတွေ" ဆိုတဲ့ ထူးဆန်းတဲ့အရေးအသားကို ပါဠိဘာသာ ပညာရှင် ဒေါက်တာ မာဘယ် ဘုတ်က နားဝေတိမ်တောင် ဖြစ်ရကြောင်း၊ အဲဒီထုံးစံဟာ ကမ္ဘောဒီးယားပြည်မှာ ပျံ့နှံ့ခဲ့တဲ့ ဓလေ့ ဖြစ်ကြောင်း၊ အဲဒီဓလေ့မှာ လက်ထပ်ဖို့ အရွယ်ရောက်ပြီး အပျို လူပျို (virgin = လိင်ဆက်ဆံမှု အတွေ့အကြုံ လုံးဝမရှိသူ) တွေကို ထိမ်းမြားပွဲ မတိုင်မီ ဗုဒ္ဓဘာသာဘုန်းကြီးတစ်ဦးဆီ ပို့ပေးရကြောင်း အကြောင်းအရာတွေကို အဆုံးသတ် ကောက်ချက်ဆွဲဖို့  အတားအဆီး ဖြစ်ရကြောင်း " မြန်မာပြည်မှ အစောပိုင်း သဒ္ဒါကျမ်းပြုသူများ " သုတေသနဆောင်းပါးမှာ ရေးသားခဲ့ပါတယ်။ အဲဒီပညာရှင်က ကမ္ဗောဒီးယားက ပန်းဦးလွှတ်ဓလေ့ အထောက်အထားကို ပြင်သစ်ပညာရှင် ပေါလ် ပေလီယိုရဲ့ " ခမာပြည်မှ လူများ၊ ဓလေ့ထုံးစံများ ဆိုင်ရာ အမှတ်အသားများ" စာတမ်းကို စာအကိုးအကား ပြပါတယ်။

 

#ဆရာကြီးပေလီယိုရဲ့ " ခမာပြည်မှ လူများ၊ ဓလေ့ထုံးစံများ" စာတမ်းဟာ ခရစ်နှစ် ၁၃ ရာစု တရုတ်သံတမန် ကျူးတာကွမ်းရဲ့ ခေတ်ပြိုင်မှတ်တမ်း "ကျန်း-လ-ဖန်-တု-ကျိ" ကို ဖွင့်ဆိုထားတယ် ဖြစ်ပါတယ်။ ကျူးတာကွမ်းဟာ ကမ္ဗောဒီးယားပြည်မှာ ၃ နှစ်တာ နေထိုင်ခဲ့ပြီး ကိုယ်တိုင် ကြားသိခဲ့တဲ့ ခမာထုံးစံတွေကို မှတ်တမ်းတင်ထားတာ ဖြစ်ပါတယ်။ ၁၃ ရာစု ခမာပြည်မှာ မထိမ်းမြားမီ ပန်းဦးလွှတ်တဲ့ ဓလေ့ကို မင်း အသိအမှတ်ပြုပြီး တွင်တွင်ကျယ်ကျယ်ကြီး ကျင့်သုံးတာတွေကို ကျူးတာကွမ်းရဲ့ မှတ်တမ်းအရ သိရပါတယ်။ မထိမ်းမြားမီ အပျိုစင်မိန်းကလေးကို မိဘများက ဗုဒ္ဓဘာသာဘုန်းကြီး ဒါမှမဟုတ် တာအိုဘုန်းကြီးတစ်ပါးဆီ ပို့ရပါတယ်။ ခေတ်သစ်ဖွင့်ဆိုသူတွေက တာအိုဘုန်းကြီး ဆိုတာ မဟုတ်နိုင်ပဲ ဟိန္ဒူဘုန်ကြီး ဖြစ်မယ်လို့ ဆိုကြပါတယ်။


အဲဒီမှတ်တမ်းပါ ပန်းဦးလွှတ်ပုံကလဲ အခုခေတ် မြန်မာပြည်မှာ ပေါက်လွှတ်ပဲစား ပြောနေကြသလို လိင်ဆက်ဆံတာမျိုး  ဟုတ်ဟန် မတူပါဘူး။ပန်းဦးလွှတ်ပေးသူက လက်ချောင်းကို အသုံးပြု ဆောင်ရွက်ရပါတယ်။ သွေးပေနေတဲ့ လက်ချောင်းကို အရက်ခွက်ထဲ နှစ်ပြီး သန့်စင်ကြတယ်။ အမိ အဖ ဆွေမျိုး အိမ်နီးချင်းတွေက သူတို့ နဖူးကို အဲဒီ ( သွေးစွန်းအရက်နဲ့) ရေးတို့ အမှတ်အသား ပြုကြတယ်လို့ မှတ်တမ်းမှာ တွေ့ရတယ်။


နောက် ခရစ်နှစ် ၁၅ ရာစုမှာ တရုတ်ခရီးသွား မာ့ဟွမ်း Mǎ huān ရေး တရုတ်မှတ်တမ်းတစ်ခု ဖြစ်တဲ့ ယင်း-ယ-ကျန်း-လန် မှာ ပန်းဦးလွှတ်ဓလေ့ကို ခရစ်နှစ် ၁၅ ရာစုက  ရှမ်းလိုပြည် ဆိုတဲ့ထိုင်းနိုင်ငံမှာ ပန်းဦးလွှတ်ဓလေ့ ရှိကြောင်း ပါရှိပါတယ်။ အဲဒီမှတ်တမ်းအရ ရှမ်းလိုပြည်က သတိုးသား/ သမီးတို့ကို မထိမ်းမြားမီ ပန်းဉီးလွှတ်ပုံကို 


" ထိမ်းမြားတဲ့အခါမှာ ဘုန်းကြီးတစ်ဦးကို ဖိတ်ကြားပြီး သတို့သားနဲ့အတူ သတို့သမီး မိန်းကလေးအိမ်ကို သွားကြရပါတယ်။ ထိုနောက် (သတို့သမီး) မိန်းကလေးရဲ့အိမ် ရောက်တဲ့အခါ ဘုန်းကြီးကို မိန်းကလေးရဲ့ အပျိုစင်သွေးကို ယူစေပြီး (သို့) အဲဒီမိန်းကလေးငယ်ကို ပန်းဦးလွှတ်ပြီး  deflower ( Eng),  déflore ( Fr) သတို့သားငယ်၏နဖူးကို အဲဒီသွေးနဲ့ တို့သုတ်ပြီး အမှတ်အသားပြုပါတယ်။  ဒါကို လိရှိ 利市 (မင်္ဂလာအထိမ်းအမှတ်?) လို့ ခေါ်တယ်။  အဲဒါပြုပြီးမှ ထိမ်းမြားမှု အထမြောက်ပါတယ်။ နောက် သုံးရက်မြောက်သောနေ့မှာ  ဘုန်းကြီးနှင့် မိဘတို့ဟာ သတို့သား၊ သတိုးသမီးတွေကို ကွမ်းသီးတွေနဲ့ ပြည့်နေတဲ့ အလှဆင် လှေတွေပေါ်တင်ပြီး သတိုးသားအိမ်ကို ခေါ်လာကြတယ်။ အဲဒီနောက် ထိမ်းမြားပွဲကို သေရည်၊ အတီးအမှုတ် တေးဂီတတွေနဲ့ ကျင်းပကြတယ်" လို့ ဖြစ်ပါတယ်။


ဒါပြင် ၁၆ ရာစုမှာ ကုန်ခါနီးမှာ ပြုစုပြီးခဲ့တဲ့ တရုတ်စွယ်စုံကျမ်း တစ်ခုဖြစ်တဲ့ စန်း-ချိုက်-ဟူ-ဝှေ့ရဲ့ ခမာပြည် ကဏ္ဍမှာ 

" မိန်းကလေးတစ်ယောက် အသက်အရွယ် ကိုးနှစ် အရောက်မှာ ဘုန်းကြီးတစ်ပါးကို ဖိတ်ပြီး ဂါထာမန္တန်တွေ ရွတ်ဖတ်၍ ဗြဏ္မဏထုံးစံ အစီအမံတွေကို ပြုစေတယ်။ အဲဒီနောက် လက်ချောင်းနဲ့ ပန်းဦးလွှတ်ပြီး အပျိုစင်သွေးကို မိန်းကလေးရဲ့ နဖူးမှာ သုတ်လိမ်းပေးရပါတယ်။ မိန်းကလေး မိခင်ရဲ့ နဖူးမှာလဲ သုတ်လူးပေးရပါတယ်။ အဲဒီလို ဆောင်ရွက်ခဲ့မှ မိန်းကလေးဟာ မင်္ဂလာဦးမှာ ပျော်ရွှ ချမ်းမြေ့ရပါတယ်။ အဲဒီ ထုံးစံကို လိရှီ 利市 လို့ ခေါ်တယ်။ " လို့ ပါရှိပါတယ်။


ဒေါက်ာ မာဘယ် အနေနဲ့ ကောက်ချက် မဆွဲနိုင် ဖြစ်ရတယ် ဆိုပေမဲ့ ဦးကုလားရဲ့ နောက်ရေး ရာဇဝင်နဲ့ တရုတ်ခေတ်ပြိုင်မှတ်တမ်းနှစ်ခုကို တိုက်ဆိုင်ကြည့်ရင် ကောက်ချက် ဆွဲနိုင်ပါလိမ့်မယ်။ ဦးကုလား ရာဇဝင်ဟာ ခရစ် ၁၈ ရာစုရေး ရာဇဝင် ဖြစ်ပါတယ်။  အနော်ရထာမင်းရဲ့ ခေတ်ဟာ ခရစ်နှစ် ၁၁ ရာစု ဖြစ်ပါတယ်။ နှစ်ပေါင်း ၇၀၀ ကွာပါတယ်။ အနော်ရထာမင်းနဲ့ ခေတ်ပြိုင်မှတ်တမ်း မဟုတ်ပါဘူး။ အရည်းကြီးတွေ၊ ပန်းဦးလွှတ်တာတွေကို သူကိုယ်တိုင် ပုဂံ အနော်ရထာခေတ်မှာ အသက်ရှင်နေထိုင်ခဲ့ပြီး တွေ့ကြုံပြီး ရေးခဲ့တာ မဟုတ်ပါဘူး။ ရှင်ရဟံ အနော်ရထာ တွေ့ဆုံခန်းမှာပဲ ရှေးရာဇဝင်တွေကို သူစိတ်ကူးနဲ့ ပုံပြောင်း အစားထိုး ဖန်တီးခဲ့တာ အထင်အရှား တွေ့ခဲ့ရပြီး ဖြစ်ပါတယ်။ ဒါပြင် 


ဦးကုလားရဲ့ အရည်းကြီးဆိုတာ ဒီပဝံသကျမ်းပါ တိတ္ထိတွေကို ပုဂံခေတ်က ရှိခဲ့ဟန် ပုံပြောင်း ဖော်ပြထားတာ ဖြစ်ဖို့ ရှိပါတယ်။ အနော်ရထာမင်းနဲ့ ရှင်ရဟံတို့ရဲ့ သာသနာပြုလုပ်ငန်းတွေကို ဂုဏ်တင်ဖို့ အသောကမင်းနဲ့ နိဂြောဓသာမဏေတို့ ပုံစံ mold ယူပြီးဖန်တီးထားတဲ့ အပြင် ပိုပြီး ဇာတ်နာအောင် အကျင့်ဆိုး တာတေလံ အရည်းကြီးတွေနဲ့ ပန်းဦးလွှတ်တာတွေကို ပုဂံမှာ ရှိခဲ့လေဟန် ဖန်တီးခဲ့တာသာ ဖြစ်ဖို့ များပါတယ်။ အမိဘက်က ထိုင်းယိုးဒယားပိဿနုလောက်စား သွေးပါတဲ့ ဦးကုလားဟာ ခမာနဲ့ ယိုးဒယားဖက်က ပန်းဦးလွှတ်ဓလေ့တွေကို ကြားဖူးနားဝ ရှိနေဟန် တူပါတယ်။ အရည်းကြီးနဲ့ ပန်းဦးလွှတ်ဓလေ့တွေကို ဦးကုလားဟာ ၁၈ ရာစုခေတ်ကာလမှာ စိတ်ကူးယဉ်အချိန်ယန္တယားပေါ် တင်ပြီး ၁၁ ရာစု ပုဂံပြည်ဆီ ပို့လိုက်ဟန် တူပါတယ်။ အဲဒီနည်းနဲ့ ပုဂံခေတ် မြန်မာယဉ်ကျေးမှုနဲ့ လူအဖွဲ့အစည်းကို မျိုးဆက်နဲ့ ချီပြီး သိက္ခာ ချခဲ့တာ ဖြစ်ပါတယ်။


အနော်ရထာခေတ်ကနေ ပုဂံပြည်ပျက်တဲ့ အနှစ်သုံးရာလော ကာလမှာ ရေးထိုးထားတဲ့ ခေတ်ပြိုင်ကျောက်စာတွေမှာ အကျင့်ဆိုး တာတေလံ အရည်းကြီးတွေ ကြီးစိုးကျောင်း တစ်လုံးတစ်ပါဒမှ မပါ မရှိပါ။ ပန်းဦးလွှတ်ဓလေ့ ရှိကြောင်းလည်း တစိုးတစေ့မှ မတွေ့ရပါ။ အနော်ရထာနဲ့ ( နန်းတက် ၁၀၀၂ သို့ ၁၀၄၄ - နတ်ရွာစံ ၁၀၃၆ သို့ ၁၀၇၇ ) ခေတ်ပြိုင်နီးပါး ဖြစ်တဲ့ ခရစ်နှစ် ၁၁၇၆ ရေး တရုတ်မှတ်တမ်း လင်း-ဝေ-တိုင်း-တ မှာ 

"ပုဂံပြည်သားတွေဟာ ဗုဒ္ဓဘာသာကို ကိုင်းရှိုင်းသူတွေ ဖြစ်ပြီး ပုဂံမှာ ဘုရား စေတီ ကျောင်း ရာနဲ့ချီပြီး ရှိတယ်။ ရဟန်းတွေဟာ အဝါရောင်သင်္ကန်းကို ဝတ်ရုံကြတယ်။ ယခု (စုန့်)မင်းဆက်ရဲ့king-tö ပထမနှစ် ( ခရစ်နှစ် ၁၀၀၄ ခု) မှာ ပုဂံပြည်က သံအဖွဲ့ ရောက်လာတယ် "  လို့ ပါရှိတယ်။ ပုဂံနဲ့ ခေတ်ပြိုင် စုန့်မင်းဆက်ခေတ်က အဲဒီမှတ်တမ်းမှာ အကျင့်ပျက် တာတေလံ အရည်းကြီးတွေ ကြီးစိုးတာနဲ့ ပန်းဦးလွှတ်ဓလေ့တွေ မပါရှိပဲ ပုဂံသားတွေ ဘုရားကြည်ညိုကြတာနဲ့ ရဟန်တော်တွေဟာ "အဝါရောင်သင်္ကန်း" ဝတ်ရုံကြတာတွေပဲ တွေ့ရှိရပါ။ ပြည်တွင်းခေတ်ပြိုင်မှတ်တမ်း၊ ပြည်ပခေတ်ပြိုင် မှတ်တမ်းတွေမှာ ပုဂံပြည်မှာ အရည်းကြီးကြီးစိုးပုံ မင်းနဲ့တကွ ပြည်သူတွေ တက်တက်ကြွကြွ ပါဝင်တဲ့  ပန်းဦးလွှတ်ဓလေ့တွေ ရှိပုံကို လုံးဝ လုံးဝ မတွေ့ရှိရပါ။ ဒါပေမဲ့ ခမာပြည်နဲ့ ဦးကုလား အမေ့ဘက်က အမျိုးနွယ်တွေ ရှိရာ ယိုးဒယားဘက်မှာ အဲဒီဓလေ့ ရှိခဲ့တာကို ခေတ်ပြိုင်မှတ်တမ်းတွေမှာ ထင်ထင်ရှားရှား တွေ့ရှိရပါတယ်။


ကျူးတာကွမ်းရဲ့ ကျန်း-လ-ဖန်-တု-ကျိ ( ခမာပြည်မှ လူများနှင့် ဓလေ့ထုံးတမ်းများ) ဆိုတဲ့ မှတ်တမ်းဟာ ခေတ်ပြိုင် ကိုယ်တွေ့မှတ်တမ်း ဖြစ်ပါတယ်။ ခရစ်နှစ် ၁၃ ရာစုမှာ ကျူးတာကွမ်းဟာ ယွမ်ရှိနန်းတွင်ရဲ့ သံတာဝန်နဲ့ ခမာပြည်ကို ရောက်ရှိခဲ့ရာမှ ကိုယ်တွေ့ ကြားသိခဲ့ရတာတွေကို မှတ်တမ်းတင်ထားတာ ဖြစ်တယ်။ ဆိုတော့ ပန်းဦးလွှတ်ဓလေ့ဟာ ခရစ်နှစ် ၁၃ ရာစုက ခမာပြည်မှာ တခမ်းတနား ပျံ့နှံ့တည်ရှိခဲ့တာကို အပြီးသတ် ကောက်ချက်ချနိုင်တယ်။ ၁၃ ရာစုမှာ အခိုင်အမာ ပျံ့နှံ့တည်ရှိနေပြီဆိုရင် ရှေးယခင် ကာလကြာမြင့်ချိန် ကတဲက ခမာပြည်မှာ ရှိနေခဲ့ပြီဆိုတာ မြေကြီးလက်ခပ် မလွဲ ဖြစ်ပါတယ်။ အဲဒီ ခမာပန်းဦးလွှတ်ဓလေ့ဟာ ၁၅ ရာစု ထိုင်းနိုင်ငံအထိ ဆက်လက် ပျံနှံ့ တည်ရှိနေတယ်ဆိုတာလဲ နောက်တရုတ်မှတ်တမ်းအရလဲ အခိုင်အမာ အတည်ပြုနိုင်ပါတယ်။

 

အဆုံးသတ်အနေနဲ့ ပြောရရင် 

-ရှင်ရဟံနဲ့ အနော်ရထာမင်း တွေ့ဆုံခန်း မူဟန်တွေ

-ပုဂံခေတ်မှာ အရည်းကြီးတွေ ကြီးစိုးတာတွေ

-ပန်းဦးလွှတ် ဓလေ့ ခိုင်မာ ပျံ့နှံ့ တည်ရှိခဲ့တာတွေဟာ ခိုင်မာတဲ့ ခေတ်ပြိုင်မှတ်တမ်း အထောက်အထားတွေနဲ့ ပါစင်အောင် လွဲနေတဲ့ ၁၈ ရာစုခေတ်ထွက် လုပ်ဇာတ်ရာဇဝင်ဒဏ္ဍာရီ Myth သာ ဖြစ်ပါတယ်။ ၁၈ ရာစုမှာ ဖန်တီးတဲ့ ဦးကုလားရဲ့ ၁၁ ရာစု ပုဂံပြည်အကြောင်း ဒဏ္ဍာရီဇာတ်လမ်းသာ ဖြစ်ပါတယ်။ ဆိုတော့ အဲဒီ ဒဏ္ဍာရီကို သမိုင်းအချက်အလက်များ Historical Facts အနေနဲ့ ကိုးကားလို့ ရနိုင်ဖွယ် မမြင်ပါ။ အဲဒီ အချက်တွေကို ကိုးကား ပြုစုတဲ့ စာပေတွေဟာလဲ သမိုင်းစာပေ ဖြစ်မလာပါ။ ဆင့်ပွား ဒဏ္ဍာရီ Secondary Myth များသာ ဖြစ်လာပါမယ်။


#KyawThwin_Modernist